ငါးစိမ်းသည် မိဂျမ်း

ငါးစိမ်းသည် မိဂျမ်း(စ/ဆုံး)

—————————-

မိဂျမ်းဟေ့ ဆိုလျှင် ကြုံတော ရွာ တစ်ရွာလုံး မသိသူမရှိ။ နာမည်နှင့်လိုက်အောင် အပြောအဆို ကြမ်းတမ်းလှသည်။ မိဂျမ်းသည် မိဘများ ရှိစဥ်ကတည်း က ငါးစိမ်းရောင်းသော အလုပ်ကို လုပ်ကိုင်လေသည်။

ကြုံတောရွာအပြင် တခြားရွာတွေကိုပါ လှည့်လည်ရောင်းချ၏။ ကြုံတော ရွာမှ တစ်နာရီခန့်သွားရသော မြို့တွင် ငါးများကို ဖောက်သည်စျေးဖြင့် ဝယ်ယူပြီး ကြုံတောရွာ နှင့် တခြားရွာများသို့ လိုက်ရောင်း၏။ မိဂျမ်းသည် ငါးများကို ရောင်းချရာတွင် အလေးချိန်ကို ခိုးယူလေ့ရှိ၏။ အလေးချိန်ခိုးရာတွင် ချိန်ခွင်နှစ်ဖက်အား အမှတ်အသား လုပ်ထား၏။

ငါးထည့်မည့် ခွက်ကို အမှတ်အသား လုပ်ထားပီး ချိန်ခွင် အောက်ဖက်တွင် ပွဲလျက် (စေးကပ်ကပ်ရှိသော အရာတစ်မျိုး) ကပ်ထားလေ့ရှိ၏ ။ ထိုဘက်မှ ငါးထည့်သောအခါ ပွဲလျက်ကြောင့် လေးပြီး အလေးများများ ထည့်ရပြီး ငါးနည်းနည်းပဲ ပေးရသောကြောင့် မိဂျမ်းအမြတ်ပိုကျန်အောင် လုပ်ခြင်းဖြစ်၏။ ဝယ်သူက ငါးအရှင်မလိုချင်လျှင် သတ်ပေးသေး၏။

မိဂျမ်းတွင် လေဖြတ်နေသော ယောကျ်ားနဲ့ သားတစ်ယောက် သမီးတစ်ယောက် ရှိ၏။ သားနှင့်သမီးကလည်း အရွယ်မရောက်သေးတော့ တစ်မိသားစုလုံး အတွက် မိဂျမ်းရှာရသည်။
ထိုနေ့က မြို့တွင် ငါးသွားယူရန်အတွက် မိဂျမ်းစောစောထပြီး လမ်းလျှောက်ကာ သွား၏။

ကားဖြင့်သွားလျှင် မြန်သော်လည်း ကားခကုန်မည်စိုး၍ လမ်းလျှောက်သွားခြင်းဖြစ်၏။ လမ်းတွင်ရေဆာလျှင်သောက်ရန်အတွက် ရေတစ်ဗူးလည်း ထည့်လာခဲ့သေးသည်။ တစ်နာရီ ခွဲလောက် လမ်းလျှောက်လိုက်ရပြီးနောက် ငါးဒိုင်သို့ ရောက်လာပြီး ငါးများကို ဝယ်ယူတော့သည်။ အကုသိုလ် အလုပ်လုပ်​ေနပေမယ့် မိဂျမ်းသည် အလှူအတန်းမလုပ် ၊ ကုသိုလ်ဆိုတာ ဘာမှန်းမသိ၊ လှူတယ်ဆိုတာကိုလည်း လက်မခံပေ။

မိဂျမ်းစိတ်ထဲတွင်တော့ ပေးရင်ကုန်မယ် ၊ လှူရင်မွဲမယ် ဟု တွေးထားသူဖြစ်၏။ ငါးအရှင်များကို စိတ်ကြိုက်ရွေးယူပြီးနောက် ပိုက်ဆံရှင်းကာ အိမ်ပြန်လာခဲ့သည်။ လမ်းရောက်တော့…

“ဒကာမ ကြီး…ရေပါရင် ဘုန်းဘုန်းကို လှူပေးခဲ့ပါလား ”

ဘုန်ကြီး တစ်ပါး ရေဆာနေသည့် အတွက် မိဂျမ်းဆီက အလှူခံနေခြင်းပင်။

“အိုတော်…ရှုပ်ရှုပ်ယှက်ယှက် ကျုပ်မှာ ဘာရေမှမပါဘူး… တခြားလူဆီက သွားတောင်း…ဘယ်နှယ့်တော် ကတုံးတုန်းပြီး ဒီအဝါရောင် ခြုံထားတာနဲ့ပဲ ကိုယ့်သာကို ရှာမစားတော့ပဲ လိုက်ပဲတောင်းနေတော့တာ ”

ထိုသို့ပြောပြီး မိဂျမ်းထွက်လာခဲ့သည်။ မိမိတွင်ပါသော ရေကိုလည်း မလှူခဲ့ပေ။ အိမ်ပြန်ရောက်သောအခါ ငါးအရှင်တစ်ကောင်အား ယူ၍ ခေါင်းအား အုတ်နီခဲ အသေးဖြင့် ထုလိုက်၏။ လက်မှန်သည်ဟု ပြောရမလားမသိ တစ်ချက်ထုလိုက်တော့ ငါးမှာ ခဏမျှ လူးလွန့်သွားပြီး ငြိမ်ကျသွားတော့၏။

ငါး၏ အကြေးခွံများကို သေချာထိုး၍ အပိုင်း အတုံးများ တုံး၍ ချက်တော့၏။ မိဂျမ်းသည်း တခြားဟင်းများမစား ၊ ငါးတစ်မျိုးတည်းသာ စား၏။ ထမင်းဟင်းချက်ပြီးသည်နှင့် မိဂျမ်း ငါးရောင်းထွက်တော့၏။

“ဟောဒီက ငါးတွေ ရမယ်နော်… လတ်လတ်ဆက်ဆက် တွေနော်… အလေးမှန် စျေးမှန်တဲ့ မိဂျမ်းနော်… ယူကြဦးမလား ”

“ဘာငါးတွေပါလဲ မိဂျမ်းရေ ”

” ငါးကတော့ အစုံပဲ အမရေ… ငါးရံ့၊ ငါးခူ၊ ငါးပြေမ ၊ငါးမွေတိုး… ငါးကြင်း ၊ ငါးသလောက် အစုံပဲ ”

“ငါးခူ ဘယ်စျေးလဲ ”

“တစ်ဆယ်သားကို ၈၀၀ လေ အမ ”

“စျေးကြီးလိုက်တာ မိဂျမ်းရယ် ”

“အမရယ်… မိဂျမ်းလည်း သိပ်မမြတ်ပါဘူးရှင် အလေးမှန် စျေးမှန် မိဂျမ်း ပါ ”

မိဂျမ်း မုသား သုံးလိုက်ခြင်းပါ။ ငါးချိန်တော့လည်း မိဂျမ်းက ချိန်ခွင်တွင် အလေးခိုး၏။ စျေးလည်းတင်ထား၏။

“ငါးတွေက အရှင်တွေ မိဂျမ်းရယ်… လုပ်ပေးပါဦး “.

မိဂျမ်းလည်း ငါးတွေကို မြေကြီးပေါ် ချပြီး အလေးဖြင့် ထုလိုက်၏။ ငါးတွေခေါင်းမှာ ကြေသွားပြီး သွေးများ မြေကြီးပေါ် ကျလာ၏။ ထိုသို့လုပ်နေရသည်ကို မိဂျမ်းကျေနပ်နေသည့်အလားပင် ပြုံး၍ ကြည့်နေ၏။

သူမဆီမှ ငါးဝယ်သူများကို သူမကိုယ်တိုင် သတ်ပေး၏။ အသက် ဆယ်နှစ်သမီး အရွယ်မှစ၍ ထိုအလုပ်လုပ်ကိုင်ခဲ့သည်မှာ ယခုပင် မိဂျမ်းအသက် ၃၀ ကျော်နေချေပြီ။ ကုသိုလ် အလုပ် မိဂျမ်းဘာမှမလုပ်ပေ။ အိမ်ရှေ့ ဆွမ်းခံကြွလာလျှင်လည်း ဆွမ်းမလောင်းတဲ့ အပြင် ဆဲလွှတ်သေး၏။

သူမမိဘများကလည်း ငါးစိမ်းရောင်းတဲ့အလုပ်ကို လုပ်သည်မို့ သူမ ငယ်ငယ်လေးထဲက ငါးဟင်းတစ်မျိုးပဲစားသည်။ အခုအရွယ်ထိ တခြား ဟင်းမယ်များမစားပဲ ငါးဟင်းအလွန်ကြိုက်သူဖြစ်၏ ။

“အမေရယ်…သားတို့ ဒီငါးဟင်းမစားချင်တော့ဘူး… အမေ့ကိုလည်း ပြန်နမ်းကြည့်ဦး…ညှီစော်တွေနံနေပြီ ”

“လျှာမရှည်နဲ့… စားစရာရှိတာစား… ငါထလုပ်လိုက်ရ သေဦးမယ် ”

မိဂျမ်းက လက်သွက်သည်။ ပါးစပ်က ပြောကာရှိသေး လက်ကခေါက်နှင့်ပြီးဖြစ်၏။ မိဂျမ်းသားလေးမှာ ဘာမှ မပြောတော့ပဲ ခေါင်းလေး ပွတ်ကာ ထမင်းစားနေတော့သည်။

“ရှင် က ဘာဖြစ်လို့ မစားတာလဲ ”

” ညှီစော်နံနေလို့ပါကွာ ”

“ရှင့်မလည်းနော်…သောက် လုပ်မလုပ်နိုင်ပဲ ထိုင်မျိုနေရတာတောင် သောက်ချည်း များနေသေးတယ်။ မမျိိုနိုင်ရင်လဲ မမျိုနဲ့တော်ရေ…ရှင်လည်း မသေနိုင်ဘူး
မြန်မြန်သေမှ အေးမှာ…. တကတည်း…”

လင်ယောကျ်ားကိုလည်း ရိုသေလေးစားရမှန်း မိဂျမ်းမသိ နေ့စဥ်နေ့တိုင်း ပြောဆို ဆူပူနေ၏။ မိဂျမ်းသည် လက်ရဲဇက်ရဲ ရှိ၏ ။ ပြောရဲဆိုရဲ နှုတ်ကြမ်း၏။

“ဟဲ့… မိဂျမ်း… မိဂျမ်း…ထွက်ခဲ့စမ်း ”

“သြော်…မျိုးကြည်မ… ဘာကိစ္စ လဲ… ငါ့အိမ်လာပြီး အော်ဟစ်နေရအောင် ဒါနင့်အမေလင်အိမ်မဟုတ်ဘူး ”

“နင့်ဆီလာမှတော့ ဘာကိစ္စ ရမှာလဲ ပိုက်ဆံကိစ္စပေါ့
အတိတ်မေ့သလိုလို ရွှေပျောက်သလိုလို လုပ်မနေနဲ့ ”

“ဒီမှာ…နင့်ပိုက်ဆံကို မရှိလို့မဟူတ်ဘူး သောက်မြင်ကပ်လွန်းလို့ကို မပေးတာ… ဘယ်နှယ့်ဟယ် သူများတွေ ၈ကျပ်တိုး… ရှင်က ၁၂ကျပ်တိုးတောင် အခုလည်း ၃လမပြည့်သေးဘူးလေ… ပြည့်ရင်ပေးမှာပေါ့… ”

ရွာထဲမှ လူများ မိဂျမ်းတို့ရန်ဖြစ် တာကို ဝိုင်းအုံပြီး လာကြည့်ကြ၏။ ကပ်စေးနဲ ပြီး အမြတ်ကြီးစားနေတဲ့ မျိုးကြည်မ နဲ့ နှုတ်ကြမ်းတဲ့ ငါးစိမ်းသည်မိဂျမ်း တို့ ကြည့်ကောင်းသော ပွဲပင်ဖြစ်ချေတော့၏ ။

“နင် သူများကိုပဲ အပုတ်ချမနေနဲ့… နင်ကိုယ်တိုင်ကရော ငါးတွေကို စျေးသက်သက်သာသာဝယ်ပြီး အမြတ်ကြီးနဲ်ပြန်ရောင်းတဲ့အပြင် အလေးကလည်း ခိုးသေးတယ် ”

“နင်မြင်လား ကောင်မ… ငါအလေးခိုးတာ နင့်သောက်လုံး မြင်လို့လား ”

“မြင်စရာမလိုပါဘူး နင်နေ့ချင်းညချင်း ပိုက်ဆံ ရှ်လာတာ အလေးခိုးပြီး အမြတ်တင်ရောင်းလို့ပေါ့ဟဲ့ ”

“နင်မဟုတ်တာ မပြောနဲ့နော် ”

“ဒါဆို နင်ကျိန်ပြလေ… နင်အလေးမခိုးဘူးဆိုတာ ”

ထိုစကားကြောင့် မိဂျမ်း တုန်လှုပ်သွား၏ ။ မကျိန်ပြလျှင်လည်း သူမအလေးခိုးတာ လူအများသိသွားပါက ငါးဆက်ရောင်းလို့ရမည်မဟုတ်ပေ။

“ကျိန်တယ်ဟာ…တကယ်လို့ ငါသာ အလေးခိုးခဲ့ရင် ငါလုပ်ခဲ့တဲ့ အကုသိုလ် ကြောင့် ဒုက္ခ ဝေဒနာ ကြီးစွာခံစားရပြီး အသေဆိုးနဲ့ သေပါစေ ”

ထိုသို့ကျိန်လိုက်တော့ လူများ လည်း မိဂျမ်း ကို ယုံကြည် သွားကြ၏။ မျိုးကြည်မ လည်း ပြန်သွားတော့သည်။ မိဂျမ်းကတော့ ကျိန်တာကဘာမှမဖြစ်နိုင်ပါဘူးဟု ပေါ့ပေါ့ တန်တန် တွေးထားပြီး အရင်လုပ်နေကြအလုပ်မျိုးကို ပဲ ဆက်လုပ်နေတော့၏။

ဒီလိုနဲ့ နှစ်တွေကြာလာသည်နှင့်အမျှ မိဂျမ်းအသက်ပင် ၅၀ပြည့်လို့ ဒေါ်မိဂျမ်း ပင် ဖြစ်နေပီ ။ ငါးရောင်းသောအလုပ်ကိုပင် မစွန့်လွှတ်သေး။ အလေးခိုးတဲ့ အကျင့်ကို မပြင်သေး။ ငါးဟင်းတစ်မျိုးပဲ စားသော အကျင့်သည်လည်း မပျောက်သေးပေ။ မိဂျမ်းအမျိုးသားကတော့ ဆုံးသွားခဲ့ပြီး သားသမီးတွေက အပျို၊လူပျိုတွေပင် ဖြစ်နေချေ၏။

တစ်နေ့တွင်တော့ မိဂျမ်းနေမကောင်း၍ အိပ်ယာထဲလဲတော့၏ ။ လမ်းလည်းမလျှောက်နိုင်တော့သလို စကားလည်း မပြောနိုင်တော့ပေ ။ တချိန်က အာကြမ်း နှုတ်ကြမ်းမိသော မိဂျမ်းတစ်ယောက် စကားမပြောနိုင်တော့ပေ။ သားသမီးများက လုပ်ပေးသော်လည်း မိဂျမ်းပြန်မကောင်းတော့ချေ။

နောက်တော့ တဖြည်းဖြည်းနဲ့ မိဂျမ်းကိုယ်မှ ငါးကြေးခွံလို အရာများ ထွက်လာ၏ ။ ပူလွန်းလို့လည်း မအော်နိုင် ၊ လမ်းလည်း မလျှောက်နိုင်၍ လူးလွန့်နေရပြီး ပူလောင်သော ဝေဒနာကို ခံစားရလေ၏။ တစ်နေရာနဲ့တစ်နေရာကို ဝမ်းလျားမှောက်သွားရသော ဘဝကိုရောက်သွားတော့၏။ အကုသိုလ် ကြီးတဲ့မိဂျမ်းတစ်ယောက် ဝေဒနာ များကို လူးလွန့်ခံစားနေရရင်းနဲ့ပင် မိုးကြိုးပစ်ခံရကာ သေဆုံးသွားတော့၏ ။

“ကျိန်တယ်ဟာ…တကယ်လို့ ငါသာ အလေးခိုးခဲ့ရင် ငါလုပ်ခဲ့တဲ့ အကုသိုလ် ကြောင့် ဒုက္ခ ဝေဒနာ ကြီးစွာခံစားရပြီး အသေဆိုးနဲ့ သေပါစေ ”

တစ်ချိန်က ကျိန်ခဲ့ပြီး နှုတ်ကြမ်းလျှာကြမ်းခဲ့သော မိဂျမ်း၏ နောက်ဆုံး ထွက်သက်သည် ဘဝကူးမကောင်းခဲ့ပေ ။ နောင်သံသရာ တွင်လည်း မိဂျမ်း ဘယ်ချိန်ထိ ဆက်ခံနေရဦးမည်ကို မည်သူမျှ မသိတော့ပေ ။

ရေးသားသူ =ကြွေရုပ်လွှာ (Daw Lay Khin)
#credit