စည်းဖောက်၍အသက်ပျောက်ရသောကျားနက်ကြီး

*စည်းဖောက်၍ အသက်ပျောက်ရသောကျားနက်ကြီး*📖📖📖

********************************************************

  ဒီအချိန်၊ ဒီရာသီရောက်တိုင်း သူတို့တစ်တွေကိုသတိရနေမိသည်။သူတို့ဆိုသည်မှာ မုဆိုးဝါသနာရှင်၊သွားဖော်လာဖက်၊အပေါင်းအသင်းများဖြစ်ကြသည့် မန္တလေးမြို့ဒါးတန်းရပ် “ထင်ပေါ်”စက်မှု့လက်မှု့မှ မန်နေဂျာ “သာကွန့်”၊တွင်ဆရာ“ ရဲမြင့်“၊ကားအင်ဂျင်ပြင်ဆရာ မှုံကြီး၊ကျော်ညွှန့် တို့အပြင် ခေတ်ဆန်းပုံနှိပ်တိုက်ပိုင်ရှင် “ဦးတင်“နှင့်ကျောင်းဆရာလေး တင်မောင်ညွှန့် တို့တစ်တွေဖြစ်ကြသည်။

အခုတော့သူတို့တစ်တွေက မရှိကြတော့။လောကကြီးကိုခြေစုန်ကန်၍မရဏမင်းထံ သစ္စာအပ်နှင်းသွားကြပေပြီ။ကျွန်တော်တစ်ယောက်သာ လောကဝယ် ယောင်လည်လည်နှင့်ကျန်ရစ်ခဲ့ပေသည်။

သူတို့သက်ရှိထင်ရှားရှိခဲ့စဥ်က အတူသွားခဲ့လာခဲ့ကြသည်များကို ယနေ့ထက်တိုင်မေ့ပျောက်၍ မရသေး။အထူးသဖြင့် သူတိူ့နှင့်ကျွန်တော် ရေဦးကလေးလမ်းဝရှိ မဟာမြိုင်တောကြီးသို့ ပျော်ပျော်ပျော်ပါးပါး စွန့်စွန့်စားစား အမဲပစ်ခဲ့ကြပုံ များကို စိတ်တွင်အစဥ် မြင်ယောင်နေမိပါသေးသည်။

၁၉၆၆ ခုနှစ်လောက်ကဖြစ်သည်။ဆောင်းနှောင်းကာလ ဖေဖော်ဝါရီလ ပင်ဖြစ်လင့်ကစား မြင်ကွင်းရူ့ကွက်၊ခံစားချက်တို့က မှိုင်းပြာရီမှုန် ခိုက်ခိုက်တုန်အောင်ပင် အအေးဓာတ်က ကျန်ရှိနေသေးတော့သည်။

မန္တလေးမုဆိုးအဖွဲ့ဖြစ်သော ကျွန်တော်၊တင်မောင်ညွှန့်၊ဦးတင်၊သာကွန့်၊ရဲမြင့်၊မှုံကြီး နှင့် ကျော်ညွှန့်တို့တစ်တတွေ ဂျစ်ကားတစ်စီးနှင့် ရေဦးကလေးလမ်းဝရှိ မဟာမြိုင်တောကြီးသို့ အမဲပစ်ထွက်ခဲ့ကြခြင်းဖြစ်သည်။

မန္တလေး ပတ်ဝန်းကျင်ရှိ ဆည်တော်လေးတိုက်တန်း၊ထုံးဘို၊ဆည်တော်ကြီးဂွေးချောင်း၊လက်ပန်လှ၊စဥ့်ကူး၊သပိတ်ကျင်း၊မိုးကုတ်၊မိုးမိတ်အစရှိသော နေရာဒေသ၊တောတောင်များကိုအထပ်ထပ်အခါခါ သွားခဲ့လာခဲ့ အမဲပစ်ခဲ့ကြရသဖြင့် ရိုးအီလာသောကြောင့် နယ်ပယ်သစ်၊ခရီးလမ်းသစ် မိုင် 200ကျော်အကွာဝေးရှိသည့် မဟာမြိုင်တောသို့ လက်နက်ရိက္ခာအစုံအလင်ဖြင့် စွန့်စွန့်စားစား ထွက်လာကြခြင်းပင်တည်း။

ခရီးစဥ်မှာ မန္တလေးမှစစ်ကိုင်း၊အုံးတော၊ရွှေဘို၊ခင်ဦး၊ရေဦး-တန့်ဆည်..ကဒူးမ၊တောကျင်-သစ်ဖြူတောင်..ပျဥ်းကိုင်း၊သက်ကယ်ကျင်းတို့ဖြစ်ကြသည်။သက်ကယ်ကျင်းမှာ မဟာမြိုင်တောအဝ စခန်းအစရွာကလေးသာဖြစ်ပြီး၊တောလည်မည့် မုဆိုးအဖွဲ့မှန်သမျှ  သက်ကယ်ကျင်းရွာတွင် စခန်းချလျက် (၂၂)မိုင်မျှဝေးသော ခေါင်နန်း လမ်းတစ်လျှောက်ကို လည်ရခြင်းဖြစ်သည်။ခေါင်နန်းလမ်းမှာ မဟာမြိုင်တောကြီးကို အလယ်မှဖြတ်၍ သက်ကယ်ကျင်းရွာနှင့်ဆက်သွယ်ထားသော တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။

ကျွန်တော်တို့အဖွဲ့ မန္တလေးမှ ကဒူးမရွာ၊ရေပြာအိုင်စခန်းတို့ကို ညနေ ၅နာရီအချိန်၌ ရောက်ကြသည်။ရေပြာအိုင်စခန်းမှ လမ်းလုပ်သားကြီး ဦးရိုက် တို့စခန်းတွင် ကျွန်တော်တို့အဖွဲ့ဝင်ရောက်တည်းခိုကြသည်။မုံရွာ၊ရေဦးမှ မဟာမြိုင်သွားမုဆိုးအဖွဲ့မှန်သမျှ ဦးရိုက် ၏ စခန်းကို မဝင်တဲ့မနားတဲ့အဖွဲ့မရှိဟုသိရသည်။ဦးရိုက်ကလည်း မုဆိုးဝါသနာအိုးကြီးတစ်ယောက်ပင်ဖြစ်သည်။

တကယ်တော့လည်း ယုန်၊ကြောင်၊ဂျီ၊သမင်လောက်သာ ပစ်ချင်သော မုဆိုးများအဖို့ မဟာမြိုင်တောအထိ သွားစရာမလို၊ရေပြာအိုင် အနီးမှ ပင်ဖောခြင်း၊သောခြင်းပစ်ခတ်၍ ရနိူင်ပေ၏။

ဦးရိုက်၏ တဲစခန်းမှာပင် ကျွန်​တော်တို့အဖွဲ့ ညစာစားသောက်ကြပြီး၊ညမှောင်သည်နှင့် သေနတ်၊ယမ်းတောင့်ကျည်ဆန်များ၊မီးဆလိုက်များ ကိုပြင်ဆင်၍ မဟာမြိုင်တောသို့ ခရီးဆက်ခဲ့ကြပြန်၏။သေနတ်များကိုတော့ ကျွန်တော်၊တင်မောင်ညွှန့်၊တင်ဦးတို့က တစ်လက်စီကိုင်ထားကြသည်။

ကျွန်တော်က ၁၂ဘို့ တစ်လုံးထိုးသေနတ်ကို ကိုင်ဆောင်၍ ဦးတင်က (. ၄၂၃)ရိုင်ဖယ်ကြီး၊တင်မောင်ညွှန့်က နှစ်လုံးပြူးသေနတ်၊တင်ဦးက (. ၃၀.၀၆)ရိုင်ဖယ်နှင့် မှုံကြီးက ပွိုင့်တူးတူးဘရူနိလ် သေနတ်တို့ကို ကိုင်ဆောင်ထားကြသည်။

စခန်းကစထွက်၍ တစ်ဖာလုံလောက်ရောက်လျှင် ကြပ်တည်းပြင်၊အင်တိုင်းအစ ရောက်လာကြ၍ မီးရှာသူက နေရာလပ်မကျန်အောင် စေ့စေ့စပ်စပ်ရှာနေရာ ကား၏ ရှေ့ကိုက် ၇၀လောက်မှ ဖြတ်သွားသည့် သမင်သားအမိနှစ်ကောင်ကို တွေ့လိုက်ရသဖြင့် ကားသမားကို မြန်မြန်မောင်းရန် အချက်ပြလိုက်သလို သေနတ်သမားများကိုလည်း အရံသင့်ပစ်ခတ်နိူင်ရန် တီးတိုးအချက်ပြလိုက်သည်။

သူတိူ့ကို အချက်ပြသလို ကျွန်တော်ကလည်း တစ်လုံးထိုးသေနတ်ကို အသင့်ပြင်ထားလိုက်သည်။

သမင်နှစ်ကောင်ဖြတ်သွားသည့် နေရာရောက်၍ကားရပ်လိုက်ကာ မီးရှာလိုက်သည်။
အင်ပင်ပေါက်တော၏ အလယ်ကိုက်၃၀လောက်တွင် သမင်သားအမိကို ကျွန်တော်တို့တွေ့လိုက်ရသည်။မီးထိုးနေသော ကျော်ညွှန့်ကို ခေါင်းဆတ်၍ အချက်ပြလိုက်သောအခါ ကျော်ညွှန့်က သမင်အကြီးကို မီးစိုက်၍ ထိုးထားလေ၏။

“ဒိုင်း”. …..။
ကျွန်တော်၏ တစ်လုံးထိုးသေနတ်မှမြည်ဟီးသံနှင့်အတူ သမင်မ မှာ နေရာတွင်ပင် လဲကျသွားသဖြင့် တင်မောင်ညွှန့်က သူ၏ သေနတ်ကို စလွယ်သိုင်းလိုက်ကာ ခါးမှ ဓားမြှောင်ကိုထုတ်၍ ဟာလာလုပ်ရန် သမင်ကောင်ဆီသို့ ပြေးသွားလေ၏။

ကျွန်တော်တို့အဖွဲ့ ပွဲဦးထွက်လာဘ်ဦးကောင်းသဖြင့် ပျော်ရွှင်ဝမ်းသာသွားကြသည်။သမင်အသေကောင်ကို ဂျစ်ကားပေါ်သို့တင်၍ ဆက်၍ ထွက်ခဲ့ကြပြန်သည်။

ကားကဖြေးဖြေးမှန်မှန်အရှိန်ဖြင့်သွားနေသဖြင့် မီးရှာသမားက သားကောင်တွေ့ရန် စေ့စေ့စပ်စပ်ရှာဖွေနိုင်၏။

နောက်ထပ်တစ်ဖာလုံလောက်အရောက်တွင် ကားရှေ့တည့်တည့်မှ ယုန်တစ်ကောင်က ကားလမ်းအတိုင်းစုန်၍ ပြေးရာ သာကွန့်၏ လက်အတွင်းမှ နှစ်လုံးပြူသေနတ်က ဒိုင်းခနဲ့ မြည်ဟည်းသွားပြန်သည်။ယုန်ကောင်ခမျာ သနားစရာ ပလက်လန် ကျွမ်းပြန်သွားလေ၏။

တောကျင်စခန်းနားနီးလာသဖြင့် အင်တိုင်တောက တဖြည်းဖြည်း ပါးလာ၏။တစ်ချက်တစ်ချက် သစ်ဖြူတောင်ဘက်မှ တိုက်ခတ်လာသော ဆောင်းလေအေးက ကျွန်တော်တို့မုဆိုးများ၏ ရင်ကိုအေးမြသွားသလို လူများလည်း လန်းဆန်းသွားသည်။

ကျွမ်းကျင်သော ကားဆရာ၏ ဖြေးဖြေးမှန်မှန်မောင်းနေသော ကားက ရုတ်တရက်ရပ်လိုက်သဖြင့် မီးစိုက်၍ ပတ်ဝန်းကျင်ကို ရှာဖွေလိုက်ကြပြန်သည်။တွေ့ချေပြီ။ကြောင်ဘားကြီးတစ်ကောင်မလှန်းမကမ်း တောစပ်၌ ငုတ်တုတ်ထိုင်၍ မီးရောင်ကို စူးစမ်းလေ့လာနေဟန်ရှိသည်။

ဒီတစ်ခါဦးတင်၏ အလှည့်ဖြစ်သဖြင့် သူ၏ (. ၄၂၃)ရိုင်ဖယ်ကြီးအစား ကျူပ်၏ တစ်လုံးထိုးသေနတ်ကို ပေးလိုက်သည်။

“ဒိုင်း….”

ကျယ်လောင်သော ကော်ဒိုက်ယမ်း၏ ပေါက်ကွဲသံနှင့်အတူ တောစပ်၌ထိုင်နေသော ကြောင်ဘားကြီးမှာ “ဆွေ့ခနဲ” နောက်သို့ လှန်ကျသွားသည်။

ကြောင်ကြီးမှာ အရွယ်အစားက ခွေးနီးနီး ကြီးမားလေရာ တွန့်လိမ်၍ အကြောဆွဲကာ ခဏအကြာမှ သေဆုံးသွားလေ၏။
သစ်ဖြူတောင်မှာ မြေတောင်ဖြစ်ပြီး စတက်..တက်ခြင်းမှာ အကွေ့အကောက်များကြောင့် အတော်ခက်ခက်ခဲခဲတက်ယူကြရသည်။တောင်ပေါ်သို့ရောက်သွားသောအခါ မြေပြန့်ကဲ့သို့ ဖြစ်သွားပြီး အောက်တုန်းကလို အင်ပင်ပေါက်တောမဟုတ်တော့ဘဲ ဝါးတော၊အသားတောနှင့်အင်တိုင်းတောကြီးသာဖြစ်သဖြင့် မီးရှာရသည်မှာ အားတက်ဖွယ်ရာပင်။

တစ်နေရာအရောက်တွင် တောင်ပြိုထားသဖြင့် လမ်းကျဥ်းနေပြီး ချောက်ဖြစ်နေသောကြောင့် လူများဆင်းကာ ကားကိုခဲရာခဲဆစ် မောင်းယူရသည်။လမ်းပေါ်တစ်လျှောက်မီးဖြင့်ထိုးကြည့်ရာ ဂျီ၊ဆတ်၊နှင့်စိုင်ခြေရာများကို တွေ့ရ၏။

တောကောင်းသဖြင့် ရဲမြင့်ထံမှ ရှာမီးကို ကျွန်တော်ကတောင်းယူလိုက်ကာ ကျွန်တော်ကိုင်ထားသော (. ၄၂၃)သေနတ်ကို တင်မောင်ညွှန့်လက်သို့ပြောင်း၍ ပေးလိုက်သလို သူကိုင်ထားသော စိုင်ပေါင်နှစ်လုံးပြူးကို ရဲမြင့်အားပေး၍ ကိုင်စေလိုက်သည်။အကောင်ကြီးများတွေ့က လက်မနှေးစေရန်နှင့်ရိုင်ဖယ်နဲ့သာ ပစ်ရန်အသေအချာမှာကြားသတိပေးပြီး မီးကို နေရာအလွတ်ကွက်လက်များမကျန် အကြိုကြားထိစေ့စေ့စပ်စပ်ထိုး၍ ရှာဖွေနေမိတော့သည်။

သို့သော် ဆတ်ရော၊စိုင်ပါ တစ်ကောင်မှမတွေ့။ပျဥ်းကိုင်း စခန်းရောက်ခါနီးမှ လမ်းဘေးမလှမ်းမကမ်းဂျီတစ်ကောင်တွေ့သဖြင့် ရဲမြင့်အားပစ်စေရာ နှစ်ချက်ဆက်၍ ပစ်မှ ရရှိလေ၏။

ကားပေါ်တွင်အကောင်အတော်စုံသဖြင့် ကျွန်တော်တို့မုဆိုးအဖွဲ့မှာ ခပ်ကြွားကြွားမျက်နှာထားများနှင့် ပျဥ်းကိုင်း ပလက စခန်းသိူ့ ခေတ္တဝင်ရောက် နားခိုကြရင်း ကားဆီဖြည့်သလို လူဆီလည်း ဖြည့်ကြပြီးနောက် ဆက်၍ ထွက်ခဲ့ကြပြန်သည်။

ပျဥ်းကိုင်းလွန်လာသည်နှင့် တောင်အတက်လုံးဝမရှိ။အဆင်းနှင့်သဲချောင်း၊မြေပြန့်များသာရှိလေသည်။

စီဗလုံး(ဝါ)စည်တစ်လုံး… ချောင်းသို့ရောက်သောအခါ ရေလုံးဝမတွေ့ရ။သဲအတိဖြစ်နေပြီး ချောင်းကအတော်ကျယ်သဖြင့် ကားကို အတော်ဟဲ၍ မောင်းနှင်ရသည်။

တောမှာလည်း မြေပြန့်တော့၊ချုံပုတ်များဖြစ်လာသည်မို့ ထူပြီးပိတ်နေသည်။မီးလောင်ချိန်၊ရွက်ကျချိန်မဟုတ်၍ ရှာမီးကမတိုး၊၊ပိုဆိုးသည်မှာ ည ၁၂နာရီကျော်ပြီး အလင်းပိုင်းရောက်လာသည်နှင့် နှင်းပွင့်များ၊မြူခိုးများက တဖွဲဖွဲကျလာ၍ ရှာမီးများက အဝေးမရောက်၊မပေါက်တော့ပေ။

မုဆိုးများမှာအစောကတက်ကြွရှင်မြူးနေသလောက် အခုတော့အပုတ်ချိန်လည်းရောက်၊အအေးဓာတ်နှင့်မြူနှင်းများနှောက်လာသော အခါ ကားသမားနှင့်မီးရှာသမားကလွဲလို့ အားလုံးကုပ်ကျသွားသည်။မီးရှာသမားမှာလည်း လက်အိတ်၊ခေါင်းစွပ်များ ဝတ်ဆင်ထားသည့်ကြားမှပင် လေဒဏ်၊နှင်းဒဏ်ကြောင့် နှာရည်၊မျက်ရည်များ တွေတွေကျလာပြီး ခြေလက်များထုံကျင်လာသဖြင့် လက်လျှော့ပြီး ထိုင်ချလိုက်ရလေတော့သည်။

××××× ×××××× ××××××

နံနက်ဝေလီဝေလင်းမှ သက်ကယ်ကျင်းရွာ၊မဟာမြိုင်အဝသို့ ရောက်ကြပြီး လမ်းဘေးအိမ်တစ်အိမ်တွင် အကူညီတောင်း၍ စတည်းချလိုက်ကြသည်။

သက်ကယ်ကျင်းရွာတွင် ညမီးလည်ရန်ဘတောကျွမ်းလမ်းသိသော မုဆိုးရှာသော်လည်း တစ်ယောက်မှ မရ။တောသိသော်လည်း ညတောလည်ရာတွင် ကျားနှင့်ဆင် ကြောက်သဖြင့် မည်သူမျှမလိုက်လိုကြ။

ကျွန်တော်တို့တွင် အမဲကြီးပစ်ရိုင်ဖယ်သေနတ်ပါသည်ဟု ပြောသော်လည်း ခေါ်၍မရ။နောက်ဆုံးလူမလိုက်၍ တောကောင်အခြေနေနှင့်လမ်းကို ပြောပြရန် တောင်းပန်မှ…..

“တောကတော့ ဆရာတို့မြင်တဲ့အတိုင်းပဲ နေပျောက်မထိုးတဲ့တောကြီးမျက်မည်းပဲ။လမ်းပန်းကတော့ ဒီမဟာမြိုင်တောကြီးရဲ့ အလယ်ကြောမှာ ဖောက်ထားတဲ့ ခေါင်နန်းလမ်းတစ်ခုပဲ ရှိတာ”ဟုပြောလေသည်။

ကျွန်တော်က…”ဘေးဘီ ဖောက်ဝင်တဲ့ စခန်းလမ်းခွဲတွေရောမရှိဖူးလား”ဟု မေးရပြန်သည်။

“မရှိဘူး…ခေါင်နန်းရွာအထိ တစ်လမ်းပဲ ရှိတယ်”ဟု ရွာခံမုဆိုးက ပြန်၍ ပြောပြန်သည်။

“ဒါဆို တောတွင်းမှာ ညအိပ်ညနေ သစ်ခုတ်၊ဝါးခုတ်စခန်းတွေရောမရှိဖူးလား”

“အာ…မရှိဖူး….။ညအိပ်ညနေ ဘယ်သူမှ သစ်ဝါးမခုတ်ရဲကြဘူး….ကျားဆွဲ ဆင်နင်းမှာ ကြောက်ကြတယ်”

ဦးတင်က “ဒီလောက်တောင်ပဲ ကျားနဲ့ဆင်ပေါသလား”ဟု ဝင်မေးပြန်သည်။

ဟာ..ဆရာကြီးကလည်း ကျားနဲ့ဆင်တင်မဟုတ်ဘူး။ဝံ၊ဝက်၊ကျားသစ်၊ကျားကျူတ်၊ပြောင် အကုန်ပေါတယ်။ဒါကြောင့်လဲ ဘယ်သူမှ တောထဲကို ညအိပ် ညနေမသွားရဲ ကြတာ။ဆရာကြီးတို့သွားရင် တွေ့ကြရပါလိမ့်မယ်။ဒီရာသီမှာ ဆင်မတွေ့တောင် ကျားနဲ့ ကျားသစ်တော့ သေချာပေါက်တွေ့ကြမှာပဲ။သတိတော့ ထားဗျို့။

ပြောသူက ပူပန်စိုးရွံ့စွာပြောနေသလောက် ကျွန်တော်တို့ မုဆိုးအဖွဲ့က မင်္ဂလာစကားကြားရသကဲ့သို့ ဝမ်းသာပိတိဖြစ်နေကြပါတော့သည်။တကယ်လည်း ကျွန်တော်တို့အဖွဲ့က ကျား၊ကျားသစ်၊ဝံ၊ပြောင်၊ဆတ် စသည့် အမဲကြီးများကို စွန့်စွန့်စားစား ပစ်ခတ်လို၍ တကူးတက မဝါမြိုင်တောကြီးဆီသို့ လာခဲ့ကြသည်ပင် မဟုတ်ပါလား။

~~~~~~

ကျွန်တော်တို့လည်း ညစာစားပြီးသည်နှင့်တောလည်ရန် ပြင်ဆင်ကြတော့သည်။မုဆိုးအားလုံး ဒီည တောကောင်အသေးများမပစ်ကြရန် ဆုံးဖြတ်သဘောတူလိုက်ကြပြန်သည်။

သက်ကယ်ကျင်းစခန်းမှ ခေါင်နန်းသို့ ည ၈နာရီအချိန်လောက်ကစ၍ ထွက်ခဲ့ကြတော့သည်။
တောအခြေနေမှာ စကတည်းက အားရစရာကောင်းလှသည်။

ဒီညတွင် ကားကို ကျော်ညွှန့်ကမောင်းပြီး ကျွန်တော်က မီးရှာမည်။တင်မောင်ညွှန့်က နှစ်လုံးပြူး၊ရဲမြင့်က တစ်လုံးထိုးသေနတ်နှင့်သာကွန့်က(. ၄၂၃)ရိုင်ဖယ်ကြီးကို အသီးသီးကိုင်ထားကြသည်။သားကောင်တွေ့ရင် အပိုင်အနိူင်ပစ်ခတ်နိူင်ရန်လသတိပေးပြီး ကားကိုလည်း ဖြေးဖြေးမှန်မှန် မောင်းစေလိုက်သည်။

ရွာမှစထွက်ပြီး မိုင်ဝက်လောက်ရောက်သည်နှင့်မျက်လုံးဝင်းဝင်း တစ်စုံက ကျွန်တော်တို့ အဖွဲ့ကို စည်းကြို၍ နူတ်ဆက်လေသည်။သို့သော် ဂျီ မို့မပစ်ကြ။လမ်းမှာ လှည်းလမ်း၊မြေလမ်း ဖြစ်သော်လည်း ရွှံ့၊ဗွက်၊ခယောင်းများမရှိသဖြင့် ကောင်းသည်ဟု ဆိုရပေမည်။တောက တစ်ဖြေးဖြေးပို၍ နက်လာသည်။

ဂျီဟောက်သံ၊ဆတ်တိန်သံ၊ကျားဟိန်းသံတို့က အတွီတွီအော်မြည်နေသော ပုစဥ်းရင်ကွဲသံများကြားမှ မကြာခဏကြားနေသဖြင့် မီးရှာသူရော သေနတ်သမားများ အတွက် အားတက်ဖွယ်ရာပင်ကောင်းနေပေသည်။

တစ်ခုသော ဝါးပင်ပေါက်တော နားရောက်သောအခါ ဂျီဖို၊ဂျီမနှစ်ကောင်ကို အနီးကပ်တွေ့ရာ ကျွန်တော်က မီးထောက်ပြလိုက်သဖြင့် ရဲမြင့်က သေနတ်ဖြင့်ထိုးချိန်လိုက်သည်။

ကျွန်တော်က ပစ်လိုက်မည်ဆိုးသဖြင့် မီးဖျောက်ပစ်လိုက်ရာ ရဲမြင့်ထံမှ မကျေမချမ်းသက်ပြင်း “ဟင်း”ချသံကြားလိုက်ရသည်။

“စိတ်လျှော့…စိတ်လျှော့”ဟု မတိုးမကျယ်ပြောလိုက်ရသည်။

ကားက ဖြေးဖြေးမောင်းနေရာမှ ဂီယာချိန်း၍ လီဘာနင်းလိုက်သည်။လမ်းက မြေလမ်းမှ သဲလမ်းဖြစ်သွားသောကြောင့်ဖြစ်သည်။သဲလမ်းကို ကိုက်တစ်ရာခန့်မောင်းမိသောအခါ လမ်း၏ညာဘက်ဝါးဘိုးတောကြီးထဲတွင် မီးခဲပမာရဲနေသော မျက်လုံးတစ်စံကို တွေ့လိုက်သဖြင့် ကျွန်တော်က တင်မောင်ညွှန့်ကို ခြေနှင့်တို့ကာ အချက်ပေးလိုက်သည်။ကားသမားကိုလည်း မြင်ကွင်းရှင်းသော နေရာအရောက်တွင်ကားကို ရပ်ရန်အချက်ပေးလိုက်ကာ သားကောင်ကြီးကို မီးစိုက်၍ ထိုးပေးထားလိုက်သည်။

ကိုက် ၃၀အကွာအဝေးလောက်တွင် ရဲရဲတောက်မျက်လုံးပိုင်ရှင်ကျားကြီးကို ထိပ်တိုက်တွေ့နေရသည်။

တင်မောင်ညွှန့်မှာ မမျှော်လင့်ထားဘဲ ကျားကြီးနှင့်ထိပ်တိုက် မျက်ဝါးထင်ထင်တွေ့လိုက်ရသဖြင့် အံ့အားသင့်ပြီး မပစ်ပဲ ကြောင်အမ်းအမ်းဖြစ်နေရာ ကျွန်တော်က လေသံနှင့်…..”ဟင်းမျိုးကြီးကွ..စိတ်အေးအေးထား…သေချာချိန်ပစ်”ဟု သတိပေးလိုက်မှ တင်မောင်ညွှန့်က သေနတ်ကို ပခုံးတွင်ထောက်၍ ပစ်ကွင်းကို သေချာချိန်ကာ မောင်ခလုပ်ကို အသာယာဖြုတ်ချလိုက်ရာ…”ဒိုင်း”ခနဲ မြည်သံထွက်သွားလေသည်။

သို့သော်ရိုင်ဖယ်ကိုင်ထားသော သာကွန့်က ကျွန်တော်၏ ဟင်းမျိုးကြီးကွ ဆိုသည့်စကားကို ကြားလိုက်ပြီး ပစ်ရန် အထနှင့် တင်မောင်ညွှန့် ခလုပ်အဖြုတ်တို့ တစ်ပြိုင်နက်ဖြစ်သွားကာ ကားမှ လှုပ်သွားသဖြင့် ကျည်ဆန်များက ကျားကြီး၏ ခေါင်းပေါ်မှ ရှပ်ကာ သွားကာ တောကောင်ကြီးက ဝါးဘိုးတောနောက်ဖက်သို့ ဂျွမ်းပစ်ကာ ပျောက်ကွယ်သွားလေတော့သည်။

အကွာအဝေးက အနေတော် အသေအချာ။အသေကောင်ကြီးလို ပစ်ရပါလျက်နှင့် မရလိုက်သောကြောင့် အဖွဲ့သားများက တင်မောင်ညွှန့်ကို ဝိုင်း၍ အပစ်တင်လိုက်ကြသည်။

“ဆရာကိုတင်မောင်ညွှန့်ရာ ဒီလောက်အကောင်အကြီးကို အပိုင်ပစ်ရ ပါရဲ့နဲ့ ဘယ်လိုဖြစ်တာတုန်းဗျာ”

“ဒီလောက် နီးနီးလေးကို လွဲတာတော့ နာသဗျို့…နောက်တစ်ခါဒီလိုပစ်ရဖို့ဆိုတာ မလွယ်ဘူး”

ဒီတစ်ခါ ကျား၊ကျားသစ်တွေ့ရင် ကိုဘမင်းနဲ့ကိုတင်မောင်ညွှန့်ပါ နှစ်ယောက်လုံး တစ်ပြိုင်နက်ဆော်ကြဗျာ။ဒါမှ သေချာမှာ။
အဖွဲ့သားများ၏ မှတ်ချက်စကားများကြောင့်ညကျွန်တော်ပြုံးလိုက်မိသည်။

ဒီကြားထဲ ကားက သဲတောထဲ နစ်သွား၍ ကျွန်တော်တို့မုဆိုးအဖွဲ့သားများ ဝိုင်း၍ တွန်းကြရပြန်သည်။

သဲတောအလွန်ရောက်သောအခါ သက်ကယ်တောကြီးအစသို့ ရောက်သွားသော အခါ သာကွန့်က သူကိုင်ထားသော (. ၄၂၃)သေနတ်ကို ကျွန်တော်လက်သို့ အပ်လိုက်ပြန်သည်။ကျွန်တော်က (. ၄၂၃)ရိုင်ဖယ်ကြီး၏ ဘိုး(BOLT)ကို ဆွဲလှန်၍ ကျည်အပျော့တစ်တောင့်ကို ပြောင်းရင်းထဲသို့ ထိုးကာ မောင်းတစ်ဝက်(Half cock)တင်၍ အရန်သင့်လုပ်ထားလိုက်သည်။

တောက တဖြေးဖြေးအခြေနေ ပြောင်းလာပြန်သည်။သက်ကယ်တောအလွန် ချောင်းရိုးကလေးတစ်ခု ဆင်းပြီးသည်နှင့်ညတကယ့်အဓိပတိသစ်ကြီးများပေါက်ရောက်သည့် အောက်ခြေရှင်းသော မြိုင်တောကြီး ထဲသို့ ကျွန်တော်တို့ ရောက်ရှိလာကြသည်။

တချို့သစ်ပင်ကြီးများမှာ လူသုံးဖေက်မက ကြီးမား၍ အမြင့်မှာ မိုးထိနေသလားပင် အောက်မေ့ရသည်။ပေါင်လုံးခန့်တုတ်ခိုင်သည့် နွယ်ပင်ကြီးများကလည်း မြင့်မားသော သစ်ပင်ကြီးများ၏ ခေါင်ဖျားမှ တန်းလန်းကျနေသည်က တစ်မျိုး၊ပင်စည်ကြီးများကို ယှက်နွယ်ရစ်ပတ်နေသည်ကတစ်ဖုံ၊မျိုးစုံအောင်မြင်တွေ့ကြရသည်။

မည်းမှောင်နေသော မဟာမြိုင်တောကြီးအလယ်တွင် ၆ဗို့ ဆလိုက်မီးရောင်က အထင်းသား၊အရှင်းသားလင်းအားကောင်းကောင်းဖြင့် တောက်ပနေသည်။

မကြာခင် ကိုက်တစ်ရာခန့်အကွာ သစ်ပင်ကြီးများကြားမှ မျက်လုံးဝင်းဝင်းကြီးတစ်စုံက ဘွားခနဲ ပေါ်လာလေရာ စိုင်လား၊ပြောင်လား ဝေခွဲမရဖြစ်နေကြသည်။အသေအချာမီးကစားကြည့်မှ လှုပ်ရှားမှုက ဆတ်ဖားကြီးတစ်ကောင် ဖြစ်ကြောင်းတွေ့ရပြီး ကားကို စက်သတ်၍ ရပ်ခိုင်းလိုက်သည်။

နှစ်လုံးပြူး၊တစ်လုံးထိုးသေနတ်များ လက်လှမ်းမမှီနိူင်သောကြောင့် ရိုင်ဖယ်ကို ကိုင်ထားသော ကျွန်တော်က ထိုးချိန်လိုက်သည်။

ဆတ်ဖားကြီးမှာ မီးကိုတွေ့ဖူးပုံမပေါ်။မျက်လုံးများကို မြင့်ချည်နိမ့်ချည် ​လုပ်ကာ ခေါင်းကိုရမ်း၍ မီးရောင်ကို ကြည့်နေ၏။

ဒါကြောင့် ကိုယ်လုံးမည်းမည်းကြီးကိုသာ အဓိကထား၍ ရိုင်ဖယ်ကို ချိန်လိုက်ကာ ရှေ့ချိန်သီး၊နောက်ဒိုင်ကွက် နှင့် သားကောင်ကြီး၏ ခန္ဓာကိုယ်တစ်တန်းထဲကြသည်နှင့် ကျွန်တော်လည်း အသက်ကိုအောင့်ပြီး မောင်းခလုပ်ကို အညင်သာဆုံးညှစ်ဆွဲလေးဖြုတ်ချလိုက်သည်။

“ဒိန်း…..”

(. ၄၂၃)ရိုင်ဖယ်၏ ကျည်ဆန်ပေါက်ကွဲသံသည် မဟာမြိုင်တောကြီးထဲ၌ ပဲ့တင်ထပ်သွားသလို မြည်ဟီးသွားကာ ဆတ်ဖားကြီးမှာလည်း ခြေလှမ်းလေးငါးလှမ်းခန့် ပြေးပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

ဆတ်ကြီးလဲကျရာသို့ ကျွန်တော်နှင့်တင်မောင်ညွှန့်တို့ က အားရဝမ်းသာပြေးသွား၍ ဒခေါက်ကြောလျော့၊ဟာလာလုပ်ပြီးမှ အဖွဲ့သားများကို ခေါ်ယူ၍ ဆတ်သေကြီးကို ကားရှိရာသို့ ဆွဲယူလာခဲ့ကြသည်။

ကားနှင့် ကိုက် ၂၀အကွာရောက်မှ ဆတ်သေကြီးကို နားရွက်ဖြတ်၊အမှတ်အသားလုပ်ကာ ထားခဲဲပြီး အမဲပစ်ခရီးဆက်ခဲ့ကြသည်။

သေနတ်သံကြောင့်ပေလာမသိ။ဂျီတစ်ကောင်မှ လွဲ၍ ကျန်သည့် သားကောင်ကို မတွေ့ရတော့ပေ။
ကျွန်တော်လည်း နာရီကို ကြည့်လိုက်ရာ လက်တံတိုက ၁ဂဏန်းကို ညွှန်ပြနေပြီဖြစ်ရာ ကားကိုနောက်ပြန်ခေါက်၍ ခဏရပ်ကာ ဆယ်ငါးမိနစ်ခန့် အနားယူလိုက်ကြသည်။

နှစ်နာရီထိုးခါနီးတွင် ကားကိုနောက်ကြောင်းသို့ ဖြေးညှင်းစွာ ပြန်၍ မောင်းခိုင်းလိုက်သည်။

ထုံးစံအတိုင်း လင်းအားကြီးလေ အအေးဓာတ်ပိုလေဖြစ်သောကြောင့် ကျွန်တော်တို့ မုဆိုးအဖွဲ့လည်း ကားသမားနှင့်မီးရှာသူမှ လွဲ၍ ကားပေါ်၌ ထိုင်ကာ ကွေး၍ လိုက်ပါလာကြသည်။

ရုတ်တရက်…ကားက ဗြုန်းခနဲရပ်သွား၍ မီးရှာသမားက ကျွန်တော့အား ဖြေဖြင့်တို့၍ သတိပေးလိုက်သဖြင့် ကျွန်တော်လည်း ကပြာကရာ ထလိုက်ရသည်။

“ဘာကောင်ကြီးလဲမသိဘူး….မျက်လုံးရဲရဲ ကိုယ်လုံးမည်းမည်းကြီး ငါတို့ပစ်ထားတဲ့ ဆတ်သေနားမှာတွေ့တယ်”

မီးရှာသမား မှုံကြီးက ကျွန်တော်နားသို့ကပ်၍ ပြောလိုက်သည်။

ကျွန်တော်လည်း မှုံဝါးဖန်တွ နေသည့်မျက်လုံးအစုံကို လက်ခုံဖြင့် ပွတ်သတ်ကာ ထိုသတ္တဝါကြီးထံသို့ မီးထိုးထားရန်ပြောလိုက်သည်။

ထိုအချိန်တွင် တင်မောင်ညွှန့်လည်း သေနတ်ကို ဆွဲကိုင်၍ ထလာကာ “ဝက်ဝံကြီး ဆတ်သွေးတွေလျက်နေတာ ဖြစ်မယ်ကိုမင်းရ” ဟု မှတ်ချက်ပြုလိုက်ပြန်သည်။

ကျွန်တော်က ဝံမထင်…အလျားက ရှည်ပြီး မျက်လုံးတစ်စုံက ရဲတွတ်နေသော ကြောင့် ကျားပင်ဖြစ်မည်ဟု ထင်လိုက်သည်။သို့သော် ခန္ဓာကိုယ်ကြီးက မည်းနေသောကြောင့် စဥ်းစားရခက်နေပြန်သည်။

ဘာပဲဖစ်ဖစ် တွေ့တဲ့ အကောင်ပစ်ရပေမည်။
ထို့ကြောင့် ကားကို စက်ပြန်နိုးခိုင်းကာ ထို သတ္တဝါထံသို့ ဖြေးညှင်းစွာ မောင်း၍ တိုးကပ်ခိုင်းလိုက်သည်။သေနတ်ကိုလည်း မောင်းတင်ကာ ကျန်သေနတ်သမားများကိုလည်း အဆင်သင့်သတိပေးထားရပြန်သည်။

ကားရှေ့တိုးလိုက်သည်နှင့် ကားစက်သံကြောင့်လားမသိ စောစောက ကုန်းကုန်းကွကွ သတ္တဝါကြီးမှ မီးရောင်အောက်တွင် ထလာကာ ကားဆီသို့ ​စိုက်ကြည့်နေသည်။

“ဟာ…ကျား..ကျား….ကျားနက်ကြီးဟ..ပစ်ပစ်”

ကျွန်တော်၏ ပြောဆိုသံနှင့်အတူ ကျွန်တော့်၏ ရိုင်ဖယ်သေနတ်ရော၊တင်မောင်ညွှန့်၏ နှစ်လုံးပြူးသေနတ်ကပါ…. “ဒိန်း…ဒိုင်း…”ဟု သေနတ်သံများ တစ်ပြိုင်နက်ပေါ်လာလေတော့သည်။

“ဝါး….ဝူး….ဂီးဂါး”ဟု ကျယ်လောင်စွာ အော်သံကြီးနှင့်အတူ ကျားနက်ကြီးမှာ ဝေါခနဲ ခုန်လိုက်ရာ ကနှင့်မလှမ်းမကမ်းသို့ ကျလာလေသည်။

တင်မောင်ညွှန့်နှစ်လုံးပြူး၏ ကျန် ဘယ်ဘက်ပြောင်းမှ မီးပွင့်သွားကာ ကျားနက်ကြီးလည်း မြေပေါ်သို့ ပစ်လဲကျသွားသည်။

ကျွန်တော်ကလည်း သေနတ်ပြောင်းရင်းထဲသို့ ကျည်တစ်တောင့်ကို ထပ်ထိုးလိုက်ကာ မောင်းကို ဆွဲတင်လိုက်သည်။လှုပ်ရှားအန္တာရာယ်ပြုလာပါက ပွဲသိမ်းပစ်ခတ်ရန်ပင်ဖြစ်သည်။

သိူ့သော် ကျားနက်ကြီးက မလှုပ်တော့။

ထိုအခါ ကျွန်တော်တို့အဖွဲ့ လည်း မီးကို ကျားသေကြီးပေါ်သို့ စိုက်ထိုးကြကာ ကားပေါ်မှဆင်း၍ ကျားနက်ကြီးကို သေချာစွာဆင်းကြည့်ကြသည်။

ကျားနက်(ကျားသစ်နက်)ကား ရှားပါးသတ္တဝါဖြစ်ပြီးတွေ့ရခဲ၊မြင်ရခဲ၊ပစ်ရခဲသော သားကောင်ပင်ဖြစ်သည်။ပုံသဏ္ဌာန်အနေထားမှာ.ကျား၊ကျားသစ်များနှင့်တစ်ထေရာထဲတူပြီး အရောင်အသွေးမှာ တစ်ကိုယ်လုံးအနက်ရောင်ဖြစ်သည်။သေချာကြည့်မှ အနက်ပေါ်တွင် ပို၍ နက်သည့် အကွက်အပျောက်ကလေးတို့ ကိုမြင်တွေ့ရသည်။

ယခုပစ်ရသည်မှာ သူ့ဘက်မှ စည်းဖောက်သောကြောင့်ပင်ဟု ဆိုရပေလိမ့်မည်။လူမုဆိုးနှင့်ကျားမုဆိုး စည်းမစောင့်ဘဲ လူမုဆိုးပစ်ထားသော အမဲကောင်ကို အချောင်ဝင်စားခြင်းဖြင့် စည်းဖောက်ရာ ရောက်ပြီး အသက်ပျောက်ခဲ့ရခြင်းပင်ဖြစ်ပေတော့သည်။

အချူပ်အားဖြင့်ဆိုသော် ကျွန်တော်တို့ မုဆိုးအဖွဲ့ မဟာမြိုင်တောကြီးမှ ကျားနက်(ကျားသစ်နက်)တစ်ကောင်၊ချိုကားကားနှင့်ဆတ်ဖားကြီးတစ်ကောင်အပြင် ဂျီ(၃)ကောင်ပါ ထပ်ရသဖြင့် ပျော်မဆုံးမော်မဆုံး တစ်ပြုံးပြုံးသာ ရှိနေကြပါတော့သတည်း။

စာရေးသူ~~~မန္တလာသား

စာစီစာရိုက်~~မောင်နတ်ဆေး(မင်းလှ)