စုန်းထီးကြီးဦးဘသာနှင့် တစ်ပွဲစားသံခဲ(စ/ဆုံး)

Unicode Version

စုန်းထီးကြီးဦးဘသာနှင့် တစ်ပွဲစားသံခဲ(စ/ဆုံး)
———————————-
“ဟာ၊ ကိုဘသာတို့ နွားဝယ်ထွက်တာ နွားချော၊ နွားကောင်းတွေချည်း ရလာတယ်ထင်ပါ့”
ကျုပ်နဲ့ဦးဘသာ ဦးလူလှတို့ခြံဝိုင်းထဲကိုဝင်လိုက်တာနဲ့ ကွပ်ပျစ်ပေါ်မှာထိုင်နေတဲ့ ဦးလူလှက ပြောလိုက်တာပဲဗျာ၊
“ဒါနဲ့ ဒီနွားတွေ ဘယ်ကသွားဝယ်လာတာလဲ ကိုဘသာ”
“ရွာတောင်ပိုင်းက ဆန်နီရဲ့ခြံကနေ ဝယ်လာတာပါကွ”
ဦးလူလှက အထိတ်တလန့်နဲ့
“ဗျာ၊ ဆန်နီက သူ့နွားတွေကိုဖောဖောသီသီထုတ်ရောင်းသတဲ့လား၊ ရောင်းလိုက်တာမှလည်း ဆယ်ကောင်တောင်ဆိုတော့ မနည်းဘူးဗျို့၊ ဒီလောက်ခြစ်ကုပ်တဲ့ ဆန်နီဆီက နွားရအောင်ဝယ်လာတယ်ဆိုတော့ ကိုဘသာရဲ့အစွမ်းက မသေးဘူးဗျို့”

ဦးဘသာက နွားငါးရှဉ်းဆွဲပြီး ခြံဝင်းထဲကိုဝင်ခဲ့တယ်ဗျ၊ ကျုပ်လည်း သူ့အနောက်ကနေလိုက်ခဲ့တာပေါ့ဗျာ။ ဦးလူလှက ကျုပ်ကိုကြည့်ပြီး
“ဟောဗျာ၊ အလတ်ကောင်တစ်ယောက် ဘာဖြစ်လာပြန်တာလဲ၊ တစ်ကိုယ်လုံးလည်း ရွံ့တွေဗွက်တွေ ပေကျံနေတာပါလား”
ဦးဘသာက ကျုပ်ကိုပြုံးကြည့်ရင်း
“မင်းတို့ နိဗ္ဗာန်ရွာကရေ အေးမအေးသိရအောင်လို့ ရေကန်ထဲ ရေဆင်းချိုးတာတဲ့ကွာ”
အဲဒီလိုပြောပြီးတော့ ခြံထဲဝင်သွားတာပါပဲ၊ ဦးလူလှကတော့ ကျုပ်ကိုအထူးအဆန်းနဲ့လိုက်ကြည့်နေတယ်၊ ဦးလူလှတို့ခြံကအကျယ်ကြီးဆိုတော့ ဦးဘသာက နွားတွေကို ခြံခြေရင်းဘက်က မန်ကျည်းပင်တွေအောက်မှာ ချည်ထားလိုက်တာပေါ့ဗျာ၊ ကျုပ်ကတော့ ရေအိုးတွေအနားသွားပြီးတော့ ရေတွေလောင်းချိုးလိုက်ရတော့တာပေါ့။
ဦးလူလှတို့ဆိုင်းကို ကွေးကောက်ရွာက ငှားထားတယ်ဆိုတော့ ဦးလူလှတို့အိမ်မှာလည်း လူတွေတရုံးရုံးနဲ့ပေါ့ဗျာ၊ အရင်က ဆိုင်းအဖွဲ့မှာပါတဲ့လူတွေပြန်ခေါ်ပြီးတော့ ဆိုင်းနဲ့ပတ်သက်တဲ့ ပစ္စည်းပစ္စယတွေကို ဆေးကြောသုတ်သင်ကြတာပေါ့ဗျာ၊ ဟိုကောင်ချိုတူးလည်း ဆိုတာ တော်တော်ပိုင်နေပြီဗျ၊ ဒီကောင်က အရှေ့ကနေအသံပြဲနဲ့အော်ဆိုရင် အနောက်က ကိုမြကြီးက နှဲနဲ့လိုက်ထောက်ပေးသဗျ၊ ဒီလိုဆိုတော့လည်း တစ်မျိုးနားထောင်ကောင်းသားပဲဗျ။
နေ့လည်စာ စားသောက်ပြီး ရေနွေးဝိုင်းဖွဲ့တော့ ဦးဘသာက ထပြောတယ်ဗျ။
“လူလှရေ၊ ငါတို့လည်း နွားတွေရခဲ့ပြီဆိုတော့ ကြာကြာမနေတော့ပါဘူးကွာ၊ မင်းတို့လည်း ဆိုင်းလိုက်ရအုံးမှာဆိုတော့ ငါတို့ ဒီညနေပဲ ပြန်တော့မယ်ကွ”
“ဟောဗျာ၊ ဗြုန်းစားကြီးပါလား ကိုဘသာရဲ့၊ ကျုပ်တို့မရှိလည်း နေလို့ရပါတယ်”
“နေပါစေကွာ၊ ဒါနဲ့ မင်းတို့ ကွေးကောက်ရွာကို ဘယ်တော့သွားကြမှာလဲ”
“အခုလှည်းတွေဆင်ပြီးရင် ညနေမစောင်းခင်ထွက်မယ်ဗျာ၊ ကွေးကောက်ရွာနဲ့က သိပ်မဝေးဘူးဆိုတော့ ဟိုကို ညမိုးမချုပ်ခင် ရောက်မယ်ထင်တယ်”
အမှန်အတိုင်းပြောရရင် ကျုပ်လည်း မပြန်ချင်သေးဘူးဗျ၊ ဒါပေမယ့် ဒီခရီးမှာ ဦးဘသာကခေါင်းဆောင်တာဆိုတော့ သူကပြန်မယ်ဆိုတော့လည်း သူ့အနောက်လိုက်ရမှာပေါ့ဗျာ။ ငညိုနဲ့ချိုတူးကတော့ မျက်နှာမကောင်းဘူးဗျ။ ချိုတူးက ကျုပ်အနားကပ်လာပြီးတော့
“မပြန်ပါနဲ့အုံးလား၊ ကိုအလတ်ကောင်ရာ၊ ကွေးကောက်ပွဲမှာ ကျုပ်ခွန်းထောက်သဖြန်ဆိုတာလေး ကြည့်သွားပါအုံးလား”
“မရတော့ဘူး ချိုတူးရဲ့ ဦးဘသာက ပြန်မယ်လို့ပြောနေပြီမဟုတ်လား”
“ဦးဘသာပြန်ရင်လည်း ပြန်ပါစေပေါ့ဗျာ၊ ကိုအလတ်ကောင်မပါရင် ကျုပ်အားမရှိဘူး”
ချိုတူးကတော့ ရတဲ့နည်းနဲ့တားနေတာပဲ၊ ကျုပ်လည်း ဘာမှမပြောတော့ဘဲ ဦးဘသာကိုမေးငေါ့ပြလိုက်တယ်၊ ချိုတူးက ဦးဘသာကိုတော့ ကပ်မပြောရဲဘူးဗျ၊ ဦးလူလှက ဒါကိုရိပ်စားမိတယ်။
“အချိန်ရတယ်ဆိုရင်ဖြင့် ကျုပ်တို့နဲ့ကွေးကောက်ရွာလိုက်ခဲ့ပါလား ကိုဘသာရာ၊ ကွေးကောက်မှာ ကျုပ်တို့ဆိုင်းတီးတာကြည့်သွားပေါ့၊ ဆိုင်းတို့ ပွဲတို့ဆိုတာ ကြည့်ရခဲတယ်မဟုတ်လားဗျ၊ ရောက်တုန်းရောက်ခိုက် လိုက်ခဲ့စမ်းပါ”
ဦးဘသာက တစ်ချက်စဉ်းစားပြီးတော့
“လိုက်တော့လိုက်ချင်ပါတယ်ဗျာ၊ ဒါပေမယ့် နွားတွေကလည်းရှိသေးတယ်မဟုတ်လား၊ တို့ကလည်း ဇီးကုန်းပြန်ရမှာကိုး”
ဦးဘသာပြောတော့ နှဲမှုတ်တဲ့ကိုမြကြီးက
“ဇီးကုန်းဆိုတော့ ပေတောရွာအနားက ဇီးကုန်းကိုပြောတာမဟုတ်လား”
“ဟုတ်တာပေါ့”
“ဟာ၊ ဒါဆိုလည်း နွားတွေတစ်ခါတည်းသယ်ခဲ့ပေါ့ဗျာ၊ ကွေးကောက်အင်းကနေ အနောက်ဘက်တောင်ရိုးကိုဖြတ်လိုက်ပြီး ရွှေတဆင်ရိုးကိုကျော်လိုက်ရင် ပေတောရွာအခြေကိုရောက်တာပေါ့ဗျ”
ဦးဘသာက မျက်မှောင်ကြုတ်ပြီး
“ရွှေတဆင်ရိုးက လူသွားသေးလို့လားကွ”
“သွားတာပေါ့ဗျာ၊ ကျုပ်တို့ ဒီကနေ ပေတောသွားမယ်ဆိုရင် အဲဒီရွှေတဆင်ရိုးဘက်ကပဲ ဖြတ်ကြတာ၊ လမ်းကလည်းမဆိုးပါဘူး လှည်းတစ်စီးကောင်းကောင်းသွားနိုင်တယ်၊ တောင်ရိုးအဖြတ်မှာ လမ်းမတ်တယ်ဆိုပေမယ့် သိပ်ပူစရာမလိုပါဘူးဗျာ”
ကျုပ်လည်း ဦးဘသာကိုမျက်ခုံးပင့်ပြီးကြည့်လိုက်တော့ ဦးဘသာက စဉ်းစားနေပုံပဲ၊ ဒါနဲ့ ဦးလူလှက ထပြောပါရော။
“ဒါဆိုရင်လည်း နွားတွေပါယူခဲ့ပေါ့ ကိုဘသာရာ၊ လမ်းခရီးမှာ ခရီးထောက်စရာ ရွာမရှိဘူးဆိုရင်ဖြင့် ကွေးကောက်က ကျုပ်တို့အပြန် ဦးဘသာတို့က ပေတောရွာဘက်ကို ဖောက်တက်ကြပေါ့ဗျ”
“လမ်းခရီးမှာတော့ ခရီးထောက်စရာ မရှိပါဘူးကွာ၊ အေးလေ၊ လမ်းကောင်းတယ်ဆိုရင်ဖြင့် ကျုပ်တို့လည်းလိုက်ခဲ့တာပေါ့”
ဦးဘသာပြောလိုက်တော့ ကျုပ်မှာပျော်လိုက်တာဗျာ၊ ကျုပ်ထက်ပျော်တာကတော့ ဟိုကောင်ချိုတူးပဲဗျ၊
“ဟေး၊ ဦးဘသာတို့ပါ လိုက်မယ်တဲ့ဟေ့”
လက်ခုပ်လက်ဝါးတီးပြီး ခြံထဲသုံးလေးပတ်လောက် ပတ်ပြီးကနေလိုက်သေးတာဗျ၊ ကျုပ်တို့မှာ ချိုတူးကိုကြည့်ရင်း မပြုံးဘဲ ဝါးလုံးကွဲအောင်ရယ်လိုက်ကြတာပေါ့ဗျာ။
နေ့လည် နှစ်နာရီလောက်နေတော့ ခြံထဲကို လှည်းတွေဝင်လာပါရောဗျာ၊ လှည်းကြီးငါးစီးဗျ၊ ဆိုင်းအဖွဲ့သားတွေက စုစုပေါင်း ဆယ်ယောက်လောက်တော့ရှိမယ်၊ အရင်ဆုံး ဆိုင်းဝိုင်းမှာသုံးမယ့် ပစ္စည်းတွေကို လှည်းပေါ်ကို စီတင်ပြီးတော့ ကြိုးတွေနဲ့တုပ်ကြတယ်ဗျ၊ ကိုမြကြီးတို့၊ ဆိုင်းနောက်ထ ငသောင်းတို့ဆိုရင် လုပ်နေကြမို့လို့ သိပ်ပြီးမြန်သဗျ၊ ဘယ်အချပ်ကိုဘယ်မှာထည့်မယ်၊ ဝက်ခြေတုပ်လို့ခေါ်တဲ့ တိုင်တွေကို ဘယ်မှာထည့်၊ ပဉ္စရူပရုပ်ကို ဘယ်နားမှာတင်ဆိုပြီး သူ့အစီအစဉ်နဲ့သူထည့်ကြတာပေါ့ဗျာ၊ ဆိုင်းပစ္စည်းတွေပြီးတော့ ဗုံတွေ၊ မောင်းတွေ၊ တူရိယာပစ္စည်းတွေတင်ရတယ်ဗျာ၊ နှဲလို၊ ဝါးလက်ခုပ်လို ပစ္စည်းမျိုးက ကိစ္စမရှိပေမယ့် ပတ်မကြီး၊ ခြောက်လုံးပတ်နဲ့ ပတ်လုံးတွေကတော့ နေရာယူသဗျ၊ သေသေချာချာမထည့်တတ်လို့ကတော့ လှည်းတစ်စီးကို ဘယ်လောက်မှဝင်ဆန့်မယ်မထင်ဘူးဗျာ။ သူတို့ကလုပ်နေကြဆိုတော့ သူ့နေရာနဲ့သူ ကွက်တိပဲဗျ။
အဲဒီခေတ်တုန်းကတော့ ဆိုင်းငှားရင် ဆိုင်းကရွာရောက်အောင်လာဖို့ တာဝန်ယူရတာကိုးဗျ၊ ရွာခြင်းနီးတာလည်း ပါမှာပေါ့၊ လှည်းကြီးသုံးစီးနဲ့ ဆိုင်းပစ္စည်းတွေတင်၊ အရှေ့ဆုံးလှည်းမှာတော့ ဦးလူလှနဲ့ ရွှေမိတို့တက်တာပေါ့ဗျာ၊ ဦးဘသာကိုလည်း အဲဒီလှည်းပေါ်ကိုတင်တယ်၊ ကျုပ်နဲ့ချိုတူးတို့ လှည်းပေါ်တက်တော့ ဦးလူလှက ကျုပ်တို့ကိုငေါက်တယ်ဗျ။
“ဟေ့ကောင်တွေ၊ ဆိုင်းဆရာလှည်းကို မင်းတို့စီးလို့မရဘူး၊ မင်းတို့က နောက်လိုက်ဆိုတော့ နောက်ဆုံးလှည်းက လိုက်ခဲ့ကြ”
နောက်ဆုံးလှည်းမှာတော့ ကျန်တဲ့ယောက်ျားလေးတွေလိုက်လာခဲ့ကြတယ်ဗျ၊ လှည်းကြီးဆိုတော့ ခုနစ်ယောက်လိုက်ခဲ့တယ်၊ လှည်းမောင်းတာက ငသောင်းဆိုတော့ ရှစ်ယောက်ပေါ့ဗျာ၊ အဲဒီလှည်းအနောက်မှာ ကျုပ်တို့ဝယ်ထားတဲ့ နွားတွေကိုဆွဲခဲ့သဗျ၊ နောက်ဆုံးလှည်းဆိုတော့လည်း အေးအေးဆေးဆေးမောင်းကြတာပေါ့ဗျာ၊ ကျုပ်ကတော့ ရှေ့ဆုံးလှည်းမလိုက်ရလို့ သိပ်တော့မကျေနပ်ဘူး။
“ရှေ့ဆုံးလှည်းကို ကျုပ်တို့ဘာလို့မစီးရတာလဲ”
ငသောင်းက
“မင်းတို့စီးလို့ရမလားဟ၊ ဆိုင်းဆရာနဲ့ မင်းသမီးစီးတဲ့လှည်းကွ၊ ရွာနားရောက်လို့ လှည်းတန်းမြင်တာနဲ့ အလှူရှင်တွေက လှည်းယဉ်လွှတ်ပြီး မင်းသမီးနဲ့ဆိုင်းဆရာကြိုခိုင်းမှာလေကွာ၊ တစ်ရွာသားတွေက မင်းတို့လိုကောင်တွေကို ကြိုချင်မလားကွ၊ မင်းသမီးလောက်ကြိုချင်ကြတာပေါ့”
ကျုပ်တို့လှည်းမှာ ကျုပ်ရယ်၊ ချိုတူးရယ်၊ နောက်ပြီးတော့ နှဲဆရာကိုမြကြီး၊ ပတ်မထိန်းတဲ့ ကိုဗလ၊ နောက် လူရွှင်တော် ရွှေတိုးနဲ့ ငွေတိုးဆိုတဲ့သူကနှစ်ယောက် ငသောင်းကလှည်းမောင်းတယ်၊ ငညိုလည်းပါသေးတယ်ဆိုတော့ ရှစ်ယောက်ပေါ့ဗျာ။ ကိုမြကြီးနဲ့ ကိုဗလက ဘေးချင်းကပ်ထိုင်ပြီးတော့ တစ်ယောက်လက်ကိုတစ်ယောက်တို့နေကြတယ်၊ ပြီးတော့ လွယ်အိတ်ထဲက ပုလင်းလေးကို နှိုက်နှိုက်ပြီးကစ်နေတာပေါ့ဗျာ၊ ငသောင်းကလည်း ဒါကိုမြင်သွားတယ်ဗျ။
“ဟာ၊ ကိုမြကြီးအချင်းချင်းတွေ ဒီလိုမလုပ်သင့်ပါဘူးဗျာ၊ တစ်ဖွဲ့ထဲသားချင်းတွေပဲ”
ကိုမြကြီးက ကျုပ်ကိုကြည့်ရင်း
“မဟုတ်ပါဘူးကွာ၊ တို့အဖွဲ့မှာ ဧည့်သည်တွေပါနေတယ်မဟုတ်လားကွ၊ တော်ကြာ ငါတို့တစ်ခွက်တစ်ဖလားသောက်နေတာမြင်ပြီးတော့ ဆိုင်းသမားတွေအကုန်လုံး ယစ်ထုပ်ကြီးတွေလို့ ထင်သွားမှာစိုးလို့ပါကွာ”
“ဟာဗျာ၊ မထင်ပါဘူးဗျ”
ကိုမြကြီးက ပြုံးလိုက်ရင်း
“ကဲကဲ၊ ဒါဆိုရင်လည်း ထုံးစံအတိုင်းပေါ့ကွာ၊ ငသောင်းရေ မင်းတစ်လုံးယူ၊ ကျန်တဲ့တစ်လုံးကို ငါတို့အတူတူမျှသောက်တာပေါ့”
ကျုပ်တို့ယောက်ျားတွေလည်း အရက်တစ်ပုလင်းကို တစ်ယောက်တစ်ငုံ့နဲ့လက်ပြောင်းသောက်ပြီးတော့ ပျော်ပျော်ပါးပါးရယ်မောရင်းလာခဲ့ကြတာပေါ့ဗျာ၊ အရက်ကလည်း တောအရက်ဆိုတော့ ပြင်းသဗျ၊ အရက်သောက်ပြီးတော့ ငသောင်းကလည်း ပျော်လာတော့ သီချင်းတွေအော်ဆိုတယ်၊ ကိုမြကြိးကလည်း လွယ်အိတ်ထဲက ပုလွေကလေးထုတ်ပြီးမှုတ်တယ်၊ ကျုပ်တို့ရတဲ့သီချင်းဆို ကျုပ်တို့ကလည်း သံပြိုင်ဆိုနဲ့ နောက်ဆုံးကနေ အေးအေးဆေးဆေးလိုက်လာခဲ့ကြတာပေါ့ဗျာ။
ကွေးကောက်ရွာက နိဗ္ဗာန်ရွာနဲ့ဆို သိပ်မဝေးဘူးဗျ၊ နှစ်နာရီလောက် မောင်းတော့ရောက်လာပါရော၊ ကုန်းတက်တစ်ခုကိုတက်လိုက်တော့ ရှေ့မှာရေပြင်ကျယ်ကြီးကိုမြင်လိုက်ရတယ်ဗျာ၊ ကျုပ်ဖြင့် လန့်သွားတာပဲ။
“ဟာ၊ ဟေ့လူတွေ၊ ရှေ့မှာ ပင်လယ်ကြီးလားဗျ”
“မင်းကတော့ တော်တော်မူးနေပြီထင်တယ်အလတ်ကောင်၊ ဘယ်ကလာပင်လယ်ကမှာလဲကွ၊ အဲဒါ ကွေးကောက်အင်းကွ”
“ဗျာ၊ အင်းဆိုတာ ဒါလားဗျာ၊ အကြီးကြီးပဲဗျ၊ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ကြီးတဲ့ရေကန်ကြီး မမြင်ဖူးဘူးဗျာ”
ကိုဗလက ခေါင်းညိတ်ပြီးတော့
“အေးပေါ့ကွ၊ ကန်ကြီးရင် အင်းလို့ခေါ်သကွ၊ ဒါတောင်မှ ဒီအချိန်က ရေနည်းနည်းခမ်းစပြုနေလို့၊ မိုးတွင်းဆိုရင် ဒါ့ထက်ကျယ်တယ်ကွ”
ကျုပ်တို့အနားမှာ ဒီလောက်ကြီးတဲ့ရေမျိုးမရှိဘူးဆိုတော့ ကျုပ်ဖြင့်အံ့သြတာတော့အမှန်ပဲဗျာ၊ ရွာနားရောက်တော့ ရွာထိပ်မှာ လှည်းယာဉ်ကလေးရပ်ထားတယ်ဗျ၊ လှည်းယာဉ်ဆိုတာ လှည်းအပေါ့မျိုးဗျ၊ ကနုတ်ပန်းတွေ၊ ပွတ်လုံးတွေနဲ့ သေသေချာချာဆင်ထားတဲ့ဟာပေါ့ဗျာ၊ လူကလည်း လေးယောက်လောက်ပဲထိုင်လို့ရတယ်ဗျ၊ လှည်းယဉ်က ဦးလူလှနဲ့ ရွှေမိကိုကြိုသွားပါရောဗျာ၊ ဦးလူလှက လှည်းယာဉ်မထွက်ခင်
“ခြောက်နာရီစမယ်ဟေ့၊ အားလုံးအသင့်ပြင်ထားနော်”
“ဟုတ်ကဲ့ပါ ဆရာကြီး”
ပြီးတာနဲ့ လှည်းယာဉ်က ရွာကိုတကြော့ကြော့နဲ့ပြေးတော့တာပဲဗျာ၊ ရွာအဝင်မှာကတည်းက အိမ်ထဲကလူတွေက ကျုပ်တို့ကိုထွက်ကြည့်ကြသဗျာ။
“ဆိုင်းရောက်လာပြီ၊ ဆိုင်းရောက်လာပြီဟေ့”
ကလေးတွေဆိုရင် လှည်းအနောက်ကိုပြေးလိုက်လာကြတာဗျ၊ ရွာတစ်ဖက်ထိပ်၊ တလင်းပြင်ကြီးမှာတော့ မဏ္ဍာပ်ကြီးဆောက်ထားတာ ဟီးနေတာပဲဗျာ၊ ရောင်စုံစက္ကူတွေ၊ ကနုတ်ပန်းဆိုင်းတွေနဲ့ တကယ်ကိုခမ်းခမ်းနားနားဆောက်ထားတာပဲ၊ မဏ္ဍာပ်နဲ့ခပ်လှမ်းလှမ်းမှာတော့ ထမင်းကျွေးရုံတွေကို အတန်းလိုက်ထိုးထားတယ်ဗျာ။
အညာအလှူဆိုရင် ဆိုင်းလေးကလည်း ပါမှကောင်းတာကိုးဗျ၊ တကယ်ဆိုရင်တော့ အလှူက နှစ်ရက်တည်းရယ်ပါ၊ အလှူမတိုင်ခင်ရက်ကို အလှူဝင်ရက်လို့ခေါ်ပြီး နောက်ရက်ကျတော့ အလှူပေးတဲ့ရက်ပေါ့ဗျာ၊ အလှူက နှစ်ရက်တည်းဆိုပေမယ့် အလှူပေးမယ့်လူက တစ်နှစ်ပတ်လုံးအားခဲထားပြီး ကြိုးစားရတာပါ၊ တချို့ဆို အလှူတစ်ပွဲဖြစ်ဖို့ သုံးနှစ်လောက် အားထုတ်ရပါတယ်၊ အလှူဖြစ်တော့လည်း ဆိုင်းလေးထည့်ချင်တာကိုးဗျ၊ အလှူရှိမှ ဆိုင်းသံဗုံသံကြားရတယ်မဟုတ်လား၊ အရင်ခေတ်တုန်းက ခုလို တီဗွီဆိုတာလည်းမပေါ်သေး၊ ဗွီဒီယိုဆိုတာလည်း ဝေလာဝေးဆိုတော့ ပွဲရှိ၊ အလှူရှိမှ၊ ဇာတ်တို့၊ ဆိုင်းတို့ကြည့်ပြီး အပန်းဖြေရတယ်မဟုတ်လားဗျာ။
ပုံမှန်ဆိုရင်တော့ အလှူဝင်ညမှာ ဆိုင်းတီးတယ်၊ နောက်တော့ ညည့်နည်းနည်းနက်လာရင် အငြိမ့်ကကြလေ့ရှိပါတယ်၊ အလှူနေ့ကျတော့ ဘိသိက်ပါရင် ဘိသိက်သွန်းတယ်၊ ဘိသိက်မပါရင်တော့ ဆိုင်းတီးဧည့်ခံရုံပေါ့ဗျာ၊ ဆိုင်းဆိုတာကလည်း အလှူရှိမှနားထောင်ရ၊ အငြိမ့်ဆိုတာလည်း အလှူရှိမှ ကြည့်ရတာမို့လို့ ရွာခံလူတွေကလည်း တစ်ညလုံးပေါက်ချင်ပေါက်ပါစေ ဆိုင်းနဲ့အငြိမ့်ကိုထိုင်ကြည့်ကြတယ်ဗျာ၊ ဒါပေမယ့် ညအရမ်းနက်ပြီဆိုရင်တော့ အငြိမ့်ဝိုင်းသိမ်းရပါတယ်၊ ညလုံးပေါက်တော့ ဘယ်တတ်နိုင်မလဲဗျ၊ နောက်နေ့လည်း တီးရအုံးမယ်မဟုတ်လား။
ဆိုင်းဝိုင်းတွေဆင်ပြီးတော့ ကိုဗလတို့က စလာပြီဗျာ၊ ညနေ ဆိုင်းစချိန်လိုသေးတယ်ပေါ့၊ အခုမှ လေးနာရီကျော်ပဲရှိသေးတာဆိုတော့ အင်းထဲပတ်ကြည့်ကြမယ်တဲ့ဗျာ၊ ကျုပ်ကလည်း ဒီအင်းထဲမရောက်ဖူးတာနဲ့ သူတို့နဲ့အတူတူပါသွားတော့တာပါပဲ၊ လှေဆိပ်ဆင်းတော့ လှေသမားတွေမရှိတော့ဘူးဗျ၊ အလှူရှိတော့ ဆိုင်းကြည့်မယ်ဆိုပြီး အိမ်ပြန်ရေမိုးချိုးကုန်ကြသတဲ့၊ ဆယ့်လေးနှစ်အရွယ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်ပဲရှိတော့တယ်၊ ဒါနဲ့ သူ့ကိုပဲချောဆွဲပြီး အင်းထဲဆင်းခဲ့တာပေါ့ဗျာ။ လှေကလေးပေါ်မှာ ကျုပ်ရယ်၊ ကိုမြကြီး၊ ကိုဗလ သုံးယောက်ပဲပါတယ်၊ ချိုတူးနဲ့ ငညိုက ထမင်းစားရင်းကျန်ခဲ့သဗျ။

“ဟေ့ကောင်လေး၊ မင်းနာမည်ဘယ်လိုခေါ်သလဲ”
“ကျုပ်နာမည် ငတုံးလို့ခေါ်တယ်ဗျ”
“ဟား၊ ဟား မင်းနာမည်ကလဲကွာ၊ ဒါနဲ့ မင်းအခုဒီမှာဘာလုပ်နေတာလဲ”
“ကျုပ်မိဘတွေက တံငါဗျ၊ ကျုပ်လည်း ပိုက်ဆင်းချမယ်ဆိုပြီးထွက်လာတာ”
“ပိုက်က ညမှချတာလားကွ”

“ဒါပေါ့ဗျာ၊ ငါးက ညကျမှ မြူူးတာကိုး၊ ဒီနေ့က အလှူရှိတော့ တခြားတံငါတွေ ပိုက်မချကြဘူးထင်တယ်၊ ဒါနဲ့ ကျုပ်တစ်ယောက်တည်း ပိုက်ချမလို့ထွက်လာတာ”
ကိုမြကြီးက
“ဟေ့ကောင်လေး၊ ဒါနဲ့ ဒီအင်းလယ်နားက ကျွန်းမှာ အရင်တုန်းက အရက်ဆိုင်ကလေးရှိတယ်မဟုတ်လား”
“ရှိတယ်”
“ရှိရင် ငါတို့ကိုအဲဒီကိုပို့ပေးစမ်းကွာ”
အခုမှကျုပ်လည်းသိတယ်၊ လတ်စသတ်တော့ ဒီလူတွေအင်းထဲဆင်းတာ အကြံနဲ့ကိုးဗျ၊ ကိုမြကြိးနဲ့ ကိုဗလက အရက်သိပ်ကြိုက်တဲ့လူတွေဗျ၊ အခုလည်း ဆိုင်းမတီးခင် သူတို့သောက်ချင်လို့ အင်းထဲဆင်းလေ့လာမယ်ဘာညာအကြောင်းပြပြီး ထွက်လာခဲ့ကြတာကိုး။ တစ်နေရာရောက်တော့ ကမ်းနားမှာပေါက်နေတဲ့ ညောင်ပင်လိုအပင်ကြီးတစ်ပင်အနားရောက်လာသဗျ၊ ဒီကောင်လေးက လှေကိုအဲဒီအပင်နားကိုကပ်လိုက်ပြီးတော့ ကုန်းပေါ်ပြေးတက်သွားတယ်။

“ဦးလေးတို့ ဒီမှာနေအုံးနော်၊ ကျုပ် အဘိုးကိုသွားပြောလိုက်အုံးမယ်”
“အေးအေး၊ ငါတို့လည်း ဆင်းကြည့်မယ်ဟေ့”
ကိုဗလတို့လည်းဆင်းတော့ ကျုပ်လည်းဆင်းခဲ့တာပေါ့ဗျာ၊ ကျုပ်က ငတုံးအနောက်ကိုလိုက်လာခဲ့တာပေါ့၊ ငတုံးက သစ်ပင်ကြီးတစ်ဖက်ကိုဝင်သွားတယ်ဗျ၊ အဲဒီနေရာမှာတော့ လူသေအခေါင်းကြီးတစ်လုံးရှိတယ်၊ ငတုံးက အခေါင်းကြီးရှေ့မှာထိုင်ချရင်း

“အဘိုး၊ အဘိုး၊ ဒီနေ့ကျွန်တော့်ကို ငါးကောင်း၊ ငါးကြီးတွေ ပေးသနားတော်မူပါ၊ ငါးများများရတဲ့နေရာကိုလည်း အဘိုးလမ်းညွှန်ပေးတော်မူပါ၊ အဘိုး”
ငတုံးက ဦးသုံးကြိမ်ချတယ်၊ ကျုပ်လည်း ဘေးနားကကြည့်ရင်း
“ဟေ့ကောင်လေး၊ အဲဒါမင်းအဘိုးမို့လို့လားကွ”
“ဘယ်ကလာကျုပ်အဘိုးရမှာလဲ၊ ဒီအဘိုးက ဒီအင်းကိုပိုင်တဲ့အဘိုးဗျ”
“ဒါဆိုအင်းပိုင်ဘိုးဘိုးကြီးပေါ့”
“မဟုတ်ဘူးဗျ၊ ဒီအဘိုးက တစ်ပွဲစား”
“တစ်ပွဲစားတဲ့လား”
ကျုပ်လည်း တစ်ပွဲစားဆိုတဲ့စကားကိုကြားဖူးတာကြားပြီ၊ ငယ်ငယ်က စာအုပ်တွေဘာတွေဖတ်တော့လည်း တစ်ပွဲစားဦးစံမှဲ့တို့ဘာတို့ ဖတ်ရတယ်မဟုတ်လား၊ ဒါပေမယ့် တစ်ပွဲစားဆိုတာ ဘာကိုဆိုလိုမှန်းးတော့ သေသေချာချာမသိတာအမှန်ပါ။
“နေပါအုံးကွ၊ သူ့ကိုဘာလို့ တစ်ပွဲစားလို့ခေါ်တာလဲ”
ငတုံးက ခေါင်းခါရင်း
“အဲဒါတော့ ကျုပ်လည်းမသိဘူးဗျ၊ ဒါပေမယ့် ဒီအဘိုးနာမည်ကတော့ ဦးသံခဲလို့ခေါ်တယ်၊ ကျုပ်တို့ရွာမှာပဲနေတာတဲ့၊ တစ်သက်လုံးတံငါအလုပ်နဲ့ ငါးဖမ်းလာတဲ့သူပေါ့ဗျာ၊ ဦးသံခဲက ရွာထဲမှာ အိမ်ရှိတယ်ဆိုပေမယ့် အိမ်မှာမနေဘဲ လှေတစ်စီးနဲ့ အင်းထဲမှာပဲ နေ့နေ့ညညနေတတ်တယ်ဆိုပဲဗျ”
“ဒါနဲ့ပဲ တစ်ပွဲစားဖြစ်ရောလားကွ”
“မဟုတ်ဘူးဗျ၊ ဦးသံခဲက ဘယ်နားမှာ ငါးတွေနေတယ်၊ ဘယ်နားမှာ ဘယ်ငါးတွေရှိတယ်ဆိုတာကို အတော်သိသတဲ့ဗျ၊ သူအသက်ရှင်စဉ်တုန်းကဆိုရင် သူ့ကိုတွေ့တဲ့တံငါတွေက အဘိုးရယ် ဘယ်ငါးလိုချင်လို့ပါ၊ ဘယ်နှပိဿာလိုချင်လို့ပါလို့ ပြောရင် ဦးသံခဲက လမ်းညွှန်ပေးလိုက်တယ်တဲ့ဗျ၊ သူလမ်းညွှန်ပေးတဲ့အတိုင်းသွားရှာရင် တကယ်ပဲ အဲဒီငါးမျိုးတွေ့တယ်ဆိုပဲ”
“ဟ၊ ဒါဆိုနိပ်တာပေါ့၊ ငါသာတံငါဆို သူ့ကိုပဲလိုက်မေးပြီး ငါးတောင်းတော့မှာ”
“ဟာ၊ ဦးလေးကလည်း ဦးသံခဲနဲ့တွေ့ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးဗျ၊ သူက လှေတစ်စင်းနဲ့ ဒီအင်းကြီးတစ်ခွင် လှည့်ပတ်သွားလာနေတာဆိုတော့ သူ့ကိုတွေ့ဖို့တော်တော်ခက်တယ်ဆိုပဲ၊ ကံကောင်းတဲ့သူမှ တွေ့ရတာတဲ့ဗျ”
“ဒါဆိုရင် သူကတော်တော်စွမ်းတာပဲနော်”
“စွမ်းတာပေါ့ဗျာ၊ အဖေနဲ့တောင် တစ်ခါတွေ့ဖူးသေးတယ်”
“ဟေ၊ ပြောစမ်းပါအုံးကွာ”
“အဖေက ညဘက်ငါးဆင်းထောင်ပါရော၊ အဲဒီမှာ လှေကလေးတစ်စီးသူ့အနားလာကပ်တယ်တဲ့ဗျ၊ လှေကိုလှော်တဲ့လူမပါဘဲနဲ့ လှေကသူ့အလိုလိုရွေ့နေတယ်ဆိုပဲ၊ လှေဦးထိပ်မှာ ဦးသံခဲက တင်ပလ္လင်ခွေထိုင်ပြီး လိုက်လာတာတဲ့ဗျာ၊ အဖေနဲ့တွေ့တော့ အဖေကလည်း ရိုရိုသေသေနဲ့ ပြောတယ်၊ အဘိုးရယ် ငါးဘတ်ကြီးတွေ ဈေးသိပ်ကောင်းတယ်၊ ကျုပ်ကို ငါးဘတ်ကျမယ့်နေရာပြောပါဆိုတော့ ဦးသံခဲက ရေကိုလက်နဲ့ခပ်ပြီး အနံ့ခံတယ်တဲ့ဗျ၊ ပြီးတော့ ကုက္ကိုကျွန်းနားကို ငါးသွားထောင်ခိုင်းတယ်ဆိုပဲ”
“ကုက္ကိုကျွန်းက ဘယ်နားလဲကွ”
“ခုသွားမယ့်နေရာပေါ့ဗျာ၊ အဲဒီကုက္ကိုကျွန်းပေါ်မှာ အရက်ဆိုင်ဖွင့်ထားတယ်၊ လူလည်းစုံတာပေါ့၊ ဒါနဲ့အဖေက မဖြစ်နိုင်ဘူးလို့ပဲထင်တာ၊ ညနက်လို့သွားကြည့်တော့ အရက်ဆိုင်လည်းပိတ်ထားပြီ၊ ဒီတော့မှ အရက်ဆိုင်နောက်ဘက်မှာ ငါးဘတ်ကြီးနှစ်ကောင်တဲ့ဗျာ၊ အရက်ဆိုင်ကနေစွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်တွေ၊ ပဲကြီးလှော်တွေ ရေထဲမြောနေတာကို လိုက်ဆယ်စားနေတာတဲ့၊ အဖေလည်း ငါးဘတ်နှစ်ကောင်ကိုဖမ်းမိခဲ့တာပေါ့”
“ဟာ၊ ဒါဆိုတကယ်ထူးတာပေါ့ကွ”

“ဒါပေါ့ဗျာ၊ ကဲ၊ အချိန်တော်အတော်နှောင်းနေပြီ၊ ကျုပ်တို့ ကုက္ကိုကျွန်းကို သွားကြစို့”
ကျုပ်တို့ပြန်လာခဲ့တော့ ကိုမြကြီးတို့က လှေပေါ်ရောက်နေပြီဗျ၊ ငတုံးကလှေကိုဆက်လှော်ခတ်လာတယ်၊ ညနေခင်း ရေပြင်ကိုဖြတ်တိုက်တဲ့ လေလေးတွေက အေးနေတာပဲဗျာ၊ လေတဝူးဝူးနဲ့ဆိုတော့ စိတ်အပန်းပြေတာပေါ့။ မကြာပါဘူး ကုက္ကိုကျွန်းဆိုတဲ့နေရာကိုရောက်လာတယ်ဗျ။ အင်းရေပြင်ထဲကို ချွန်ထွက်ပြီးတော့ ကျွန်းပုံစံကလေးဖြစ်နေတာဗျ၊ တကယ်တော့ ရေပတ်လည်ဝိုင်းနေတာမဟုတ်ပါဘူး၊ တစ်ဖက်စွန်းက ကုန်းနဲ့တစ်ဆက်တည်းဗျ၊ အဲဒီအပေါ်မှာ ကုက္ကိုပင်ကြီးနှစ်ပင်ပေါက်နေတယ်၊ ဒါကိုအစွဲပြုပြီးတော့ ကုက္ကိုကျွန်းလို့ခေါ်တာဖြစ်မယ်ဗျ။
ကုက္ကိုပင်ကြီးနှစ်ပင်အောက်မှာတော့ တဲကလေးတစ်လုံးတွေ့တယ်ဗျ၊ အဲဒီတဲကလေးအနားမှာ လှေကပ်လို့ရတဲ့ ဆိပ်ကမ်းကလေးတစ်ခုရှိတယ်၊ အဲဒီမှာ ငတုံးက လှေကိုကပ်လိုက်ပြီးတော့ ငုတ်မှာကြိုးနဲ့ချည်လိုက်တာပေါ့ဗျာ၊ အရက်သိပ်သောက်ချင်နေတဲ့ ကိုမြကြီးနဲ့ ကိုဗလလည်း ကျွန်းပေါ်အမြန်ပြေးတက်သွားကြတယ်ဗျ၊ ဟိုရောက်တော့ အရက်ဆိုင်ကလေးက သိမ်းတောင်နေပါပြီဗျာ၊ အိုးတွေခွက်တွေမှောက်နေကြတယ်၊

“ဟာ၊ ခင်ဗျားတို့က ဆိုင်တောင်သိမ်းတော့မလို့လား”

“ဟုတ်တယ်လေ၊ ရွာမှာအလှူရှိတယ်၊ ဆိုင်းရှိတယ်ဆိုတော့ ဒီနေ့အင်းထဲဆင်းတဲ့လူတောင် မရှိဘူးမဟုတ်လား၊ ငါတို့လည်း ဆိုင်သိမ်းပြီးတော့ ရွာဘက်ကူးတော့မလို့”

“ဒီလိုတော့မလုပ်ပါနဲ့ဗျာ၊ ကျုပ်တို့သောက်ချင်သေးတယ်ဗျ”

လက်တစ်ဖက်ပြတ်နဲ့ဦးလေးကြီးက

“မရောင်းတော့ပါဘူးဆိုကွာ”
“ခင်ဗျားတို့မရောင်းရင် ဆိုင်းလည်းနားထောင်ရမယ်လို့မထင်နဲ့ဗျ”

ကိုဗလက အကြပ်ကိုင်လိုက်တယ်။ ဆိုင်ထဲမှာ လက်တစ်ဖက်ပြတ်နဲ့ဦးလေးကြီးရယ်၊ သူ့မိန်းမလို့ယူဆရတဲ့ ပိန်ပိန်သေးသေးအဒေါ်ကြီးတစ်ယောက်ရယ်ပဲရှိတော့တယ်ဗျ၊ လက်တစ်ဖက်ပြတ်နဲ့ဦးလေးကြီးက သူ့ခါးမှာချိတ်ထားတဲ့ ဓါးကိုပုတ်ပြပြီးတော့

“ဟေ့ကောင်တွေ၊ ငါ့နာမည်ဘသိန်းကွ၊ မင်းတို့ထက်မိုက်လို့ ဒီကျွန်းပေါ်မှာ အရက်ဆိုင်ဖွင့်ရောင်းတာကွ၊ မင်းတို့ရန်ဖြစ်ချင်လို့လား”

ကိုဗလက မှင်သေသေနဲ့

“ကျုပ်က ပတ်မကြီးတီးတဲ့လူ၊ ဟောဟိုက နှဲဆရာဗျ၊ ဆိုင်းဝိုင်းတစ်ခုမှ ကျုပ်တို့မပါရင် လုံးဝနားထောင်လို့မကောင်းဘူးဆိုတာ ခင်ဗျားမသိဘူးလား”

လက်တစ်ဖက်ပြတ်နဲ့ဘသိန်းက အံ့သြသွားပြီးတော့

“မင်းတို့ဒီလိုကြိုပြောပေါ့ကွာ၊ နေပါအုံး မင်းတို့က မူးနေတော့ ဆိုင်းတီးနိုင်ပါ့မလားကွ”

ပြောရင်းဆိုရင်း စားပွဲခုံပေါ်တင်ပြီးမှောက်ထားတဲ့ ခွေးခြေခုံကလေးတွေကို ချခင်းပေးတယ်၊ ကိုမြကြီးနဲ့ ကိုဗလလည်း အဲဒီမှာဝင်ထိုင်တာပေါ့ဗျာ၊ ကျုပ်နဲ့ ငတုံးလည်း လိုက်ထိုင်ရတာပေါ့။

“ဒါနဲ့နေပါအုံးကွ၊ မင်းတို့က အရက်မူးနေတော့ ဆိုင်းရောမှန်မှန်တီးနိုင်၊ မှုတ်နိုင်ကြပါ့မလား”

“မပူစမ်းပါနဲ့ဗျာ၊ ကျုပ်တို့က ရေချိန်ကိုက်မှ လက်ရည်တက်တာဗျ၊ အလာကတည်းက ကျုပ်တို့အတွက် အရက်ထည့်လာခဲ့ပြီးသား၊ ဒါပေမယ့် လမ်းမှာ ဒီကောင်တွေကိုခွဲတိုက်လိုက်ရလို့ အခု မတက်မကျဖြစ်နေတယ်ဗျာ၊ ဒီခံစားချက်ကို ခင်ဗျားလည်းနားလည်မှာပေါ့၊ ဒါကြောင့် ရွာရောက်တာနဲ့ အရက်ရမယ့် ဒီနေရာကိုလာခဲ့တာပဲဗျာ”
ဦးဘသိန်းက ပြုံးရင်း

“အေးအေး၊ သိတာပေါ့ကွာ၊ အရက်မဝတဲ့ခံစားချက်က သိပ်ခံရခက်တာမဟုတ်လား”

ဦးဘသိန်းက အရက်နှစ်ပုလင်းချပေးပြီးတော့ ရေတစ်ပုလင်းနဲ့ ပဲကြီးလှော်၊ ပဲခြမ်းကြော်တွေချပေးတယ်ဗျ၊ ကိုမြကြီးက အရက်တစ်ခွက်ကိုခပ်မြန်မြန်မော့သောက်လိုက်တယ်၊ ကိုဗလက အမြည်းတွေကိုကြည့်ပြီး
“ဟာ၊ ခင်ဗျား အမြည်းက ဒါပဲလား”
“ဆိုင်ပိတ်ပြီကွ၊ ဒါပဲရှိတော့မှာပေါ့”
“ရေလယ်ခေါင်လာရမှတော့ဗျာ၊ ငါးကြော်လေးဘာလေးတော့ စားချင်သပေါ့ဗျ”
“ဘယ်လိုလုပ်မလဲကွ၊ ငါတို့မှာမှမရှိတော့တာ”

ကိုဗလက ကိုမြကြီးကိုကြည့်ပြီး ရယ်မောရင်း

“သိတာပေါ့ဗျာ၊ ဒါကြောင့်ကျုပ်တို့ စီစဉ်လာခဲ့ပြီးသားပါ”

အဲဒီလိုပြောပြီး ကိုမြကြီးက သူ့လွယ်အိတ်ထဲကနေ ငါးရံ့နှစ်ကောင်ထုတ်ပေးလိုက်တယ်ဗျ၊ ငါးရံ့က တစ်ထွာကျော်ကျော်လောက်တော့ရှိမယ်ထင်တယ်၊ ကိုဘသိန်းလည်း မြက်ထုံးနဲ့တွယ်ထားတဲ့ ငါးရံ့နှစ်ကောင်ကိုလှမ်းယူပြီးတော့ ဟိုအဒေါ်ကြီးကိုပေးလိုက်တယ်၊ အဒေါ်ကြီးက ငါးနှစ်ကောင်ကိုယူသွားပြီးတော့ ဆိုင်နောက်ဝင်သွားတာပဲ၊ မကြာပါဘူး၊ ရှဲခနဲဆီကြော်တဲ့အသံကိုကြားလိုက်ရတာပါပဲဗျာ။

ကျုပ်ကတော့ တစ်ခွက်တစ်လေပါပဲဗျာ၊ ငတုံးကိုအရက်ခွက် ကမ်းပေးတော့ ငတုံးက ပြာပြာသလဲနဲ့

“ကျုပ်အရက်သောက်တာကို အဖေသိရင် ကျုပ်ကိုအသေသတ်မှာဗျ၊ မသောက်ချင်ပါဘူးဗျာ”

ဟုတ်လည်းဟုတ်တယ်၊ ကျုပ်က ကလေးသာသာရှိသေးတဲ့ငတုံးကို အရက်တိုက်တာကိုးဗျ၊ ဦးဘသိန်းကလည်း ကျုပ်တို့ဝိုင်းအနားမှာထိုင်နေတယ်။ ညနေငါးနာရီလောက်ရှိပြီဆိုတော့ မှောင်တော့မှောင်လာပြီပေါ့ဗျာ၊ ကုက္ကိုပင်အရိပ်ဆိုတော့လည်း ပိုမှောင်သဗျ။ ကျုပ်လည်း ငတုံးဘက်လှည့်ပြီး

“အဲဒီ ဦးသံခဲအကြောင်း ပြောစမ်းပါအုံးကွာ”

“အဲဒါဆက်ပြောမလို့ဗျ၊ ဦးသံခဲက အင်းထဲမှာတစ်ယောက်တည်း လေလွင့်နေရင်း ဘယ်လိုသေသွားမှန်းမသိကြဘူးတဲ့၊ ဦးသံခဲသေသွားပြီးတော့မှ လှေကလေးမြောနေတာတွေ့တယ်တဲ့ဗျာ၊ လှေဝမ်းထဲမှာ ဦးသံခဲက တောင့်တောင့်ကြီးသေလို့ဗျ၊ အလောင်းက အင်းထဲမှာဆိုတော့ မပုပ်မသိုးဘဲ ခြောက်နေသတဲ့ဗျာ၊ အဲဒါနဲ့ရွာကလူတွေကတွေ့တော့ လှေကိုဆယ်ပြီးတော့ ရေထဲကနေတင်တာပေါ့၊ ဟောဟိုအနောက်ဘက်က သချိုင်းကုန်းမှာ မြှုပ်ပေးမယ်ဆိုပြီး လှေကိုဆွဲလာကြတာတဲ့၊ ဒါပေမယ့် သူ့လှေကလေးကို ရေထဲကနေတင်လို့မရဘူးတဲ့ဗျ၊ ဆယ်တောင်လောက်ရှိတဲ့လှေကလေးကို ယောက်ျားသားဆယ်ယောက်လောက် ဝိုင်းဆွဲတာ ဆွဲမရဘူးတဲ့ဗျာ”
“ဟာ၊ တော်တော်ထူးဆန်းတာပဲဟေ့”
“ဒါ့ထက်ထူးသေးတယ်ဗျ၊ ဒီရွာက အထက်လမ်းဆရာကြီးက ကူညီမှ ရေပေါ်တင်လို့ရတယ်တဲ့ဗျာ၊ ဒါနဲ့ သူ့ကိုအခေါင်းသွင်းပြီးတော့ သချိုင်းကုန်းမှာ မြှုပ်လိုက်တာပေါ့၊ မြှုပ်တဲ့ညပဲ အဲဒီဆရာကြီးကို အိပ်မက်ပေးသတဲ့ဗျာ၊ သူ့ကိုလှေပေါ်တင်ပြီး ပြန်မျှောပေးပါ၊ မမျှောရင် အင်းထဲက သရဲကြီးတွေ စိတ်ဆိုးလိမ့်မယ်ဆိုပြီး ပြောသတဲ့”
“ဒါနဲ့ပဲ ပြန်မျှောလိုက်ရောလားကွာ”
“အဲဒီဆရာကြီးက အိပ်မက်ကို ဘယ်သူ့ကိုမှမပြောဘူူးဗျ၊ ဟုတ်ချင်မှဟုတ်မယ်ဆိုပြီးထင်နေတာပေါ့ဗျာ၊ နောက်တစ်နေ့ညရောက်တော့ အင်းကြီးထဲက အော်သံကြီးတွေကြားတယ်ဗျ၊ ပြီးတော့ ရေထဲကသရဲကြီးတွေက အော်သံတွေပေးပြီးတော့ တက်လာကြတယ်၊ တံငါသည်တွေဆိုရင် တော်တော်ကြောက်ကုန်ကြတာပဲဗျို့၊ ပြီးတော့ နွေခေါင်ခေါင်ကြီး အင်းရေပြင်အပေါ်မှာ တိမ်တွေစုပြီး မိုးတွေထစ်ချုန်းနေတာတဲ့ဗျာ”

“သူလုပ်ခိုင်းတဲ့အတိုင်းမလုပ်လို့များလားမသိဘူးနော်”

“ဒါပေါ့ဗျ၊ ဒီလိုနဲ့ရွာကလူတွေကြောက်လန့်ကုန်တော့မှ ဆရာကြီးကထုတ်ပြောတာ၊ ဒါနဲ့ညတွင်းချင်းပဲ သူ့အလောင်းကိုပြန်ဖော်ပြီးတော့ အဲဒီညောင်ပင်ကြီးနားမှာ မြှုပ်ပေးတာ၊ ဒါလည်းမရဘူးတဲ့ဗျာ၊ အဲဒါနဲ့ အခေါင်းထဲက အလောင်းကိုထုတ်ပြီးတော့ သူ့လှေပေါ်တင်ပြီး အင်းထဲပြန်ချပေးရတယ်၊ ဒီတော့မှ ပုံမှန်အတိုင်းပြန်ဖြစ်သွားတာဗျ”

“ငါသိပြီ၊ ဒါဆိုရင် တစ်ပွဲစားကြီး ဦးသံခဲက သေပြီးတော့ အင်းစောင့်ကြီးများဖြစ်သွားတာလား”

“ရွာကလူတွေကတော့ အဲဒီလိုပြောတာပဲ၊ ကျုပ်တို့တံငါတွေလည်း အင်းထဲငါးရှာဖားရှာတဲ့အခါကျရင် အဲဒီသစ်ပင်နားက အခေါင်းကြီးကို သွားပြီးတိုင်တယ်ကြတယ်ဗျ၊ တိုင်တည်တဲ့အတိုင်း ငါးတွေရလာပြီဆိုရင်လည်း ကိုယ်ရတဲ့ငါးထဲက ငါးနည်းနည်းကို ညောင်ပင်ကြီးအောက်မှာ ဆက်ခဲ့ရတယ်”

“မဆက်ဘူးဆိုရင် ဘာဖြစ်တတ်သလဲ”

ဒီတော့ ကျုပ်တို့ဘေးနားမှာထိုင်နေတဲ့ ဦးဘသိန်းက

“မဆက်ဘူးဆိုရင် ဒီလိုဖြစ်မှာပေါ့ကွာ”
အဲဒီလိုပြောပြီးတော့ သူ့လက်ပြတ်ကြီးကို မြှောက်ပြတယ်ဗျ၊ လက်က လက်တံတောင်ဆစ်နားကနေပြတ်နေတာဗျ၊ ကျုပ်ဖြင့် လက်ပြတ်ကြီးကိုကြည့်ပြီး ကျောထဲစိမ့်သွားတာပဲဗျာ။

“ကျုပ်မသိလို့မေးတာနော် ဦးဘသိန်း၊ အဲဒီလက်က ဘယ်လိုပြတ်သွားတာလဲ”
“အေး၊ ငါလည်း ငါနဲ့ကြုံကြိုက်တဲ့လူတိုင်းကို ငါ့လက်အကြောင်းပြောပြနေကြကွ၊ တစ်ပွဲစားကြီး ဦးသံခဲဆိုတာ နောင်ပြောင်လို့ကောင်းတဲ့လူမဟုတ်ဘူးကွ၊ မယုံမရှိနဲ့ ငါ့ကိုယ်တွေ့ပဲ”

ဦးဘသိန်းကပြောရင်းဆိုရင်း အရက်တစ်ခွက်ကိုယူပြီးမော့သောက်လိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ ငါးရံ့ကြော်နှစ်ကောင်ကို သူ့မိန်းမက ပန်းကန်ထဲထည့်လာပြီးတော့ ကျုပ်တို့ဝိုင်းမှာလာချပေးတယ်၊ ကိုဗလကတော့ ငါးရံ့ကြော်ပူပူလောင်လောင်ကိုတစ်ဖဲ့လှမ်းဖဲ့ပြီး ပါးစပ်ထဲပစ်ထည့်လိုက်တယ်ဗျ။
“ကောင်းမှကောင်းပဲဗျာ၊ ငါးကလတ်လို့လားမသိဘူး ချိုနေတာပဲ”
ဦးဘသိန်းက
“ခင်ဗျားတို့သောက်ရင်လည်း မြန်မြန်သောက်နော်ဗျ၊ တော်ကြာဆိုင်းနောက်ကျနေလို့ ကျုပ်တို့အပြစ်ဖြစ်နေအုံးမယ်”

“ရပါတယ်ဗျာ၊ ဒီနှစ်လုံးကုန်ရင် ပြန်ကြတာပေါ့”
ဦးဘသိန်းက ခေါင်းညိတ်ပြီးတော့မှ
“သြော်၊ အေး၊ မင်းကိုပြောပြမလို့တောင် မေ့သွားတယ်၊ ဒီလိုကွ”
“လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းကပေါ့ကွာ၊ ငါက ဟိုဘက်ထောက်ရှာရွာသားကွ၊ ငါ့မိန်းမက ဒီရွာသူ၊ ငါ့မိန်းမနဲ့ညားပြီးတော့ ဒီကျွန်းပေါ်မှာ အရက်ဆိုင်ဖွင့်မယ်လို့ကြံဖြစ်တာပေါ့၊ ရွာထဲမှာအရက်ဆိုင်ဖွင့်ပေမယ့် မရောင်းရဘူးကွ၊ ဘာလို့လဲဆိုတော့ တစ်ရွာလုံးက တံငါတွေချည်းဆိုတော့ ရွာထဲကပ်တယ်လို့မှမရှိတာ၊ ဒါနဲ့ ဒီကျွန်းပေါ်မှာ ဆိုင်လာဖွင့်တာပေါ့ကွာ”
“ဆိုင်ဖွင့်တာ အဆင်ပြေတယ်ပြောရမယ်ကွ၊ တံငါတွေက ငါးထောင်၊ ပိုက်ထောင်ပြီးတဲ့အခါ ငါ့ဆိုင်မှာလာပြီးနားခိုနေကြတာကိုး၊ အဲဒီမှာ သူတို့က တစ်ပွဲစားကြီး ဦးသံခဲအကြောင်းကို အမြဲပြောကြတယ်၊ ငါဆိုတဲ့ကောင်ကလည်း တစ္ဆေတွေ သရဲတွေကို သိပ်ယုံတဲ့ကောင်မဟုတ်ဘူး၊ ဒါနဲ့ တံငါတွေနဲ့ အလောင်းအစားလုပ်ကြတာပေါ့ကွာ”
“ဘယ်လိုလုပ်သလဲဗျ”
“ငါကလည်း အင်းစပ်ကိုဆင်းပြီးတော့ ဦးသံခဲကိုပြောတာပဲ၊ ဆုတောင်းတာပေါ့ကွာ၊ ကျုပ်မိချောင်းလိုချင်တယ်၊ မိချောင်းတစ်ကောင်ရရင် ငါးကြီးကြီးနဲ့ အရက်နှစ်လုံးနဲ့ ဆက်သမယ်ဆိုပြီးပြောတာပေါ့ကွာ”
“ဟာဗျာ၊ အညာမှာ မိချောင်းရှိမလားဗျ”
“အေးလေ၊ ငါကလည်း မရှိတာဆုတောင်းတာ၊ တကယ်လို့ မိချောင်းနဲ့ငါနဲ့မတွေ့ရင် တစ်ပွဲစား ဦးသံခဲက မစွမ်းဘူးပေါ့ကွာ၊ ငါကတော့ ငါ့အကြံနဲ့ငါ တွေးပြီးပျော်နေတာပေါ့ကွာ၊ တံငါတွေကလည်း ဟုတ်မဟုတ်စောင့်ကြည့်နေကြတာပေါ့ကွာ”
“ဒါဆို မိချောင်းနဲ့တကယ်တွေ့ခဲ့တာလား”
“တွေ့တာမှ နေ့မကူးဘူးဟေ့၊ ညနေပိုင်းဆိုရင် ငါတို့ဆိုင်က အရက်သိပ်ရောင်းရတာကွ၊ တစ်နေ့လုံးငါးဖမ်းတဲ့တံငါလည်း ပြန်ချိန်၊ တစ်ညလုံး ငါးဖမ်းထွက်မယ့် တံငါကလည်း ရဲဆေးတင်ချိန်ဆိုတော့ လူတွေစုံတာပေါ့ကွာ၊ ဒီလိုနဲ့အရက်ပြတ်သွားရင် ရွာထဲက ငါတို့အိမ်မှာအရက်သွားယူရတယ်ကွ၊ အဲဒီနေ့ကလည်း အရက်ပြတ်သွားလို့ ငါတစ်ယောက်တည်း လှေလှော်ပြီးတော့ သွားယူတာကွာ၊ အရက်တွေထည့်ထားတဲ့ စည်ပိုင်းသယ်ပြီးပြန်လာရင်း ဒီကျွန်းနားရောက်တော့ ရေထဲမှာသစ်တုံးကြီးတစ်တုံးမြောလာတာကွ၊ ငါလည်း ဘယ်လိုဖြစ်မှန်းမသိဘူး၊ အဲဒီသစ်တုံးကြီးဆယ်ပြီးထင်းစိုက်ရင်ကောင်းမှာပဲဆိုပြီးတော့ သစ်တုံးအနားကိုလှေကပ်လိုက်တာကွ၊ အနားရောက်တော့မှ သစ်တုံးမဟုတ်ဘဲ မိချောင်းကြီးတစ်ကောင် ရေပေါ်မှာခေါင်းဖော်ပြီးတော့ မြောနေတာဟေ့”

“ဟာဗျာ၊ ထူးဆန်းလိုက်တာ”

ကျုပ်လည်း ငါးကြော်ပန်းကန်ကို လက်လှမ်းလိုက်ရော ငါးရံ့ကြော်က ကုန်တောင်နေပြီဗျ၊ ဒီလူတွေတော်တော်လက်မြန်တဲ့လူတွေပဲဗျာ၊ ဦးဘသိန်းကဆက်ပြောတယ်။

“ဟုတ်တယ်၊ ငါလည်း လက်လှမ်းလိုက်ပြီးမှသိတာကွ၊ မိချောင်းက ဘာမပြောညာမပြောနဲ့ ငါ့လက်ကို ဆတ်ခနဲလှမ်းကိုက်ပြီး ဆွဲလှိမ့်လိုက်တာပဲကွာ၊ ငါလည်းရေထဲကို အားလွန်ပြီးကျသွားတာပေါ့၊ ငါ့အဖြစ်ကို ဒီဆိုင်မှာထိုင်နေကြတဲ့ တံငါတွေအကုန်မြင်လိုက်ကြရတယ်၊ မိချောင်းက ငါ့လက်ကိုဆွဲပြီးရေအောက်ကိုဆင်းပြေးတာပဲဟေ့၊ ငါလည်း ကြောက်အားလန့်အားနဲ့ အတင်းရုန်းကန်ရာကနေ မိချောင်းက ငါ့လက်ကိုကိုက်ဖြတ်ပြီး ရေနက်ထဲဆင်းသွားတာပဲ၊ တံငါတွေပြေးဆင်းလာပြီး ငါ့ကိုဆယ်ကြလို့ ငါမသေတာကွ”

“အဲဒီမိချောင်းကြီး ဘယ်ရောက်သွားသလဲဗျ”

“ဒါလည်းထူးဆန်းတယ်၊ ဒီအင်းကြီးထဲမှာ တစ်သက်နဲ့တစ်ကိုယ် မိချောင်းကို အဲဒီတစ်ခါပဲမြင်ဖူးကြတာဆိုပဲကွ၊ အခုထိ မိချောင်းကိုမမြင်ကြတော့ဘူး၊ ငါလည်း တော်တော်မှတ်သွားတယ်ကွာ၊ အဲဒါကြောင့် အဲဒီနေ့ကစပြီး တစ်ပွဲစားကြီးကိုတောင်းပန်ပြီးတော့ အခုထိ ယုံယုံကြည်ကြည်နဲ့ ပူဇော်ပသနေတာပဲဟေ့”
“ထူးလည်းထူးသလို၊ ကြောက်ဖို့လည်းကောင်းပါရဲ့ဗျာ”

“အေးပေါ့ကွ၊ မင်းတို့အပြင်လူတွေသတိထားနော်၊ ဒီအင်းထဲမှာဆိုရင် ဦးသံခဲကို မလေးမစားမလုပ်မိနဲ့ကွ”

ဦးဘသိန်းကပြောပြီးတော့

“ဟော၊ တော်တော်မှောင်လာပြီကွ၊ မင်းတို့တွေမသွားရင်နေ၊ ငါသွားတော့မယ်”

ကိုမြကြီးနဲ့ ကိုဗလလည်း ရေချိန်ကိုက်နေပြီဆိုတော့ ကျုပ်တို့ထခဲ့ကြတာပေါ့ဗျာ၊ အရက်ဖိုးငွေပေးပေမယ့် ဦးဘသိန်းက မယူပါဘူး၊ ဆိုင်းဆရာတွေမို့လို့ အလကားတိုက်လိုက်တာတဲ့ဗျာ၊ ဒီလိုဆိုတော့လည်း ဆိုင်းဆရာဖြစ်ရတာ ကောင်းတယ်လို့တွေးမိတယ်။ ဦးဘသိန်းတို့ လင်မယားက ဆိုင်တွေသိမ်းဖြုတ်နေတုန်း ကျုပ်တို့လည်းပြန်ခဲ့တာပေါ့ဗျာ၊ ငတုံးက ရွာအထိပြန်လိုက်ပို့မယ်ပြောတာကိုး။ ညအတော်မှောင်တော့ အင်းရေပြင်က သိသိသာသာအေးလာတယ်ဗျ၊ ကိုမြကြီးတို့ကတော့ မူးမူးနဲ့လေညှင်းခံနေကြတာပေါ့ဗျာ။

လှော်ရင်းလှော်ရင်းနဲ့ လှေအနားမှာ မြူထူတွေကျလာပါရောဗျာ၊ မြူတွေဘယ်လောက်ကျသလဲဆို ရွာကိုတောင်လှမ်းမမြင်ရတော့ဘူးဗျ၊ ကျုပ်လည်း ငတုံးကိုလှည့်ကြည့်လိုက်တော့ ငတုံးက မျက်စိမျက်နှာပျက်နေတယ်။

“ငတုံးရေ ဘာဖြစ်တာလဲ”

“မြူတွေဗျ၊ ကျုပ်လည်း တစ်ခါမှ မကြုံဖူးဘူးနော်”

“ငါတို့ပြန်လို့ရပါ့မလား”

“မြူကျပေမယ့် လမ်းကြောင်းကိုကျုပ်သိပါတယ်၊ ကျုပ်ပြန်တတ်ပါတယ်”
ငတုံးကဆက်လှော်လာတယ်ဗျ၊ သိပ်မကြာပါဘူး၊ ကျုပ်တို့အရှေ့မှာ လှေကလေးတစ်စီးမျောလာတယ်၊ ကျုပ်လည်း မြူထူတွေထဲမှာ တခြားလှေတွေ့ပြီဆိုတော့ အားကိုးရှိပြီဆိုပြီး ပျော်သွားတာပေါ့ဗျာ၊ ဒါပေမယ့် လှေကိုကြည့်လိုက်တော့ လှေပေါ်မှာထိုင်နေတဲ့လူမတွေ့ဘူးဗျ၊ ကျုပ်စိတ်ထဲမှာ လေးလံလာတယ်၊ ကျုပ်ထင်တာက တစ်ပွဲစားကြီးရဲ့ လှေများလားပေါ့။

ထင်တဲ့အတိုင်းပါပဲဗျာ၊ လှေရဲ့ပဲ့မှာထိုင်နေတဲ့ ငတုံးက လက်အုပ်တွေဘာတွေချီနေပြီဗျ၊ ကျုပ်လည်း ယောင်ယမ်းပြီးလက်အုပ်ချီလိုက်ရတယ်၊ လှော်တဲ့သူမရှိတော့တဲ့ကျုပ်တို့လှေက အဲဒီလှေကလေးအနားကို တဖြည်းဖြည်းနဲ့သွားကပ်တယ်ဗျာ၊ ဒီတော့မှ လှေထဲမှာလှဲအိပ်နေတဲ့ လူကြီးတစ်ယောက်က ငေါက်ခနဲကောက်ထိုင်တယ်။

လူပုံက အသက်ကြီးကြီး အဘိုးကြီးပုံစံပါဗျာ။ မျက်တွင်းတွေကျနေပြီးတော့ ခေါင်းတုံးကလည်းပြောင်နေတာပဲ၊ မသိရင်လူအရိုးခေါင်းကြီးနဲ့တောင်တူနေသေးတာဗျ၊ အဘိုးကြီးက ကျုပ်တို့ကိုကြည့်ပြီးတော့

“အနောက်က နှစ်ယောက် ပြန်လို့ရတယ်၊ အရှေ့က နှစ်ယောက်ကတော့ ငါနဲ့လိုက်ခဲ့ရမယ်”

အဲဒီလိုပြောပြီး လှေနံရံကိုလှမ်းဆွဲတာပဲဗျာ၊ အနောက်မှာထိုင်နေတာက ကျုပ်ရယ်၊ ငတုံးရယ်၊ အရှေ့မှာကျတော့ ကိုမြကြီးနဲ့ ကိုဗလထိုင်နေတာမဟုတ်လား၊ ကိုမြကြီးတို့လည်း တော်တော်ကြောက်နေတဲ့ပုံပဲဗျ၊ ကျုပ်လည်း လက်အုပ်ချီရင်း

“မလုပ်ပါနဲ့ တစ်ပွဲစားကြီးရယ်၊ ကျုပ်တို့အားလုံးကို သွားခွင့်ပေးပါဗျ”
“မင်းတို့နှစ်ယောက်က အပြစ်မရှိပေမယ့် ဒီအပြစ်သားနှစ်ယောက်ကို ငါခွင့်မလွှတ်ဘူး”

“ဗျာ . . . ဗျာ၊ သူတို့မှာ ဘာအပြစ်ရှိလို့လဲ”

တစ်ပွဲစား ဦးသံခဲမျက်လုံးက မီးတောက်တွေလို လင်းထိန်လာတယ်ဗျာ၊ ပြီးတော့ ကိုမြကြီးတို့ကိုကြည့်ရင်း

“ဒီကောင်တွေအသိဆုံးဖြစ်မှာပေါ့ကွ”

ကိုမြကြီးလည်း ကြောက်ကြောက်နဲ့

“ကျုပ်၊ ကျုပ်တို့ဘာမှမလုပ်ပါဘူးဗျာ”

“ဟား၊ ဟား အခုမှဗြောင်မငြင်းနဲ့ကွ၊ မင်းတို့နှစ်ကောင် င့ါရဲ့ညောင်ပင်အောက်မှာ သေးလာပေါက်သွားတယ်မဟုတ်လား”

ကျုပ်လည်းအခုမှ စဉ်းစားမိတာ၊ ညနေက ငတုံးကညောင်ပင်အောက်မှာ လှေကိုကပ်လိုက်တော့ ကိုမြကြီးနဲ့ ကိုဗလက ပြေးဆင်းသွားကြတာဗျ၊ လက်စသတ်တော့ သူတို့က အပေါ့သွားချင်လို့ ပြေးဆင်းသွားကြတာကိုး။ ကိုမြကြီးက လက်အုပ်ချီပြီး
“ဒါက ကျုပ်တို့မအောင့်နိုင်တော့လို့ သွားမိတာပါဗျာ၊ ခွင့်လွှတ်ပါ”

“အေးပါ၊ ငါက အစကတော့ မသိနားမလည်တဲ့သူတွေမို့ ခွင့်လွှတ်မလို့ပါပဲ၊ ဒါပေမယ့် မင်းတို့က ဒီထက်ဆိုးတဲ့အပြစ်ကို ကျူးလွန်ခဲ့ကြတယ်”

ကိုဗလက ခေါင်းကုပ်နေတယ်ဗျ၊ ကျုပ်လည်း ကိုဗလကိုကြည့်ပြိး

“ကိုဗလ၊ ဘာလုပ်ခဲ့တာလဲ”

“ဘာမှမလုပ်ပါဘူးကွာ၊ ဟို . . . ဟို၊ ညောင်ပင်အောက်ခြေမှာ ဖက်နဲ့တင်ထားတဲ့ ငါးရံ့နှစ်ကောင်ကို အိတ်ထဲကောက်ထည့်ခဲ့ရုံပါ”

ကျုပ်မျက်လုံးတွေပြူးသွားတယ်။

“ဒါ၊ ဒါဆို ခုနက စားတဲ့ငါးရံ့နှစ်ကောင်က အဲဒီငါးရံ့ပေါ့၊ ဟုတ်လား”
ဦးသံခဲက အသံနက်ကြီးနဲ့

“ငါစားမယ့်အစာ၊ ငါ့အတွက်မြှောက်ထားတာကို လုစားတာလောက် အပြစ်ကြီးတာမရှိဘူး၊ မင်းတို့မသိလို့ အပေါ့သွားတာကို ခွင့်လွှတ်လို့ရပေမယ့်၊ ဒါကတော့ တမင်သက်သက်ငါ့ကိုစိန်ခေါ်တယ်လို့ပဲမြင်တယ်”

“နေ၊ နေပါအုံး တစ်ပွဲစားကြီးရယ်”

ကျုပ်ပြောနေတုန်း တစ်ပွဲစားကြီးက ကျုပ်တို့လှေနံရံကို သူ့လက်နဲ့လှမ်းဆွဲလိုက်တော့ လှေဦးမှာထိုင်နေတဲ့ ကိုမြကြီးနဲ့ ကိုဗလက ရေထဲကိုဒိုင်ဗင်ထိုးပြီး ခုန်ဆင်းသွားကြတာပဲဗျာ၊ လှေကြီးရမ်းခါလို့ ပြုတ်ကျရတယ်ဆိုရင်လည်း ကျုပ်တို့ပါကျရမှာပေါ့ဗျာ၊ အခုက ရှေ့မှာထိုင်နေတဲ့နှစ်ယောက်ပဲ ကျသွားတာ၊ ကျုပ်လည်းဘာလုပ်ရမှန်းမသိတာနဲ့ ရေထဲကိုခုန်ဆင်းလိုက်တာပေါ့ဗျာ၊ ရေထဲမှာ ကိုမြကြီးတို့နှစ်ယောက် လူးလွန့်နေတယ်ဗျ၊ လက်ကားယားခြေကားယားနဲ့ ဆွဲမိဆွဲရာ ဆွဲတာပေါ့ဗျာ၊ ကျုပ်လည်းသူတို့အနားရောက်တော့ သူတို့က ကျုပ်ကိုဝိုင်းဆွဲတာဗျ၊ သူတို့နဲ့အတူတူကျုပ်ပါ အောက်ကိုတဖြည်းဖြည်းနဲ့ ဆွဲကျသွားတာပေ့ါဗျာ၊ ဒီအတိုင်းဆိုရင် သူတို့နဲ့အတူတူ ကျုပ်ပါရေနစ်သေမှာဗျ၊ ကျုပ်လည်း ကြံရာမရတာနဲ့ ဦးဘသာကို တမိတော့တာပဲ။
“ဦးဘသာကယ်ပါ”
ရေအောက်မှာဆိုတော့ အသံမထွက်ဘူးပေါ့ဗျာ၊ ကျုပ်ပါးစပ်ထဲက နောက်ဆုံးလေပူဖောင်းတွေထွက်သွားတော့ ကျုပ်ဖြင့် အသက်ရှူတွေကြပ်လာပြီး မျက်လုံးတွေပြာဝေလာတယ်ဗျ၊ ရင်ဘတ်တွေတစ်ဆို့ဆို့ကြီးဖြစ်လာပြီးတော့ တစ်မျိုးကြီးပဲဗျာ၊ ကျုပ်တို့အရှေ့မှာကတော့ တစ်ပွဲစားကြီး ဦးသံခဲဗျ၊ သူက ရေထဲမှာကူးစရာမလိုဘဲ လွင့်နေတဲ့ပုံပဲ။
ခဏနေတော့ ကျုပ်ပြန်အသက်ရှူလာနိုင်တယ်ဗျ၊ ကျုပ်နှာခေါင်းထဲကို လေတွေဝင်နေသလိုပဲ၊ ကျုပ်ဖြင့်သေသွားပြီလားလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတာဗျာ၊ နောက်တော့ ရေအောက်ထဲမှာ ဦးဘသာကြီးဗျ၊ ဦးဘသာက ကျုပ်ဆီကိုရေကူးလာပြီးတော့ ကျုပ်ရင်ဘတ်ကိုတွန်းလိုက်တာနဲ့ ကျုပ်လည်း ရေပေါ်ကိုထိုးတက်သွားပြီးတော့ ရေမျက်နှာပြင်ပေါ်မှာ ဘွားခနဲပေါ်သွားတာပဲဗျာ၊ အပေါ်ရောက်တော့ ငတုံးက ကျုပ်ကိုတက်တစ်ချောင်းလှမ်းပေးတာနဲ့ ကျုပ်လည်း တက်ကိုလှမ်းဆွဲပြီး လှေပေါ်ကိုအတင်းလုတက်ရတာပေါ့၊

ကျုပ်ပြန်တက်လာပြီးမကြာဘူး၊ ကိုမြကြီးနဲ့ ကိုဗလလည်း လှေအနားမှာ ပေါ်လာတယ်ဗျ၊ ကျုပ်လည်း သူတို့ကိုလှေပေါ်ကိုဆွဲတင်တာပေါ့ဗျာ။ ကိုမြကြီးတို့ကြည့်ရတာ တော်တော်ကြောက်နေတဲ့ပုံပဲဗျာ၊ ဒီအချိန်မှာ အသံနက်ကြီးနဲ့ရယ်တဲ့အသံကိုကြားတယ်ဗျ။

“မင်း၊ မင်းကဘာကောင်မို့လို့ ငါ့အလုပ်ကိုဝင်ရှုပ်တာလဲ”

ကျုပ်တို့လှေရဲ့ လှေဦးမှာ ဦးသံခဲက ပေါ်လာတယ်ဗျ၊ ကိုမြကြီးတို့ဆိုရင်ကြောက်လို့ လှေပဲ့ပိုင်းကိုပြေးလာကြတယ်၊ ဦးဘသာကတော့ လှေပဲ့ပိုင်းအစွန်းမှာ မတ်တပ်ရပ်နေတယ်။

“ငါလည်း ငါ့အလုပ်ငါလုပ်တာကွ၊ ဒီလူတွေက ရွာထဲက ရှင်ပြုအလှူအတွက် ဆိုင်းနဲ့ဖျော်ဖြေမယ့် ဆိုင်းသမားတွေ၊ သူတို့တစ်ခုခုဖြစ်ရင် အလှူနှောင့်နှေးသွားလိမ့်မယ်၊ အလှူရှင်တွေလည်း စိတ်မကောင်းဖြစ်ရမယ်ကွ”
“မသိဘူး၊ အဲဒါတွေငါမသိဘူး၊ ဒီကောင်တွေက ငါ့ကိုစော်ကားတယ်၊ ဒီအတွက် ဒီကောင်တွေသေရမယ်၊ ဒီကောင်တွေ ရေသရဲတွေဖြစ်ကုန်မှ ဒီကောင်တွေကို ငါစိတ်ကြိုက်ခိုင်းစားမယ်”

ဦးသံခဲက ပြောရင်း လှေပေါ်ကိုတက်လာတယ်၊ သူ့တစ်ကိုယ်လုံး အကျိအခွျှဲတွေနဲ့ဗျာ၊ လက်တွေမှာလည်း ငါးအကြေးခွံလို အကြေးခွံတွေနဲ့ဗျ၊ လက်တွေကလည်း ဖားလက်လိုလက်ကြီးတွေ၊ လက်သည်းရှည်ရှည်ချွန်ချွန်ကြီးတွေနဲ့ လက်ချောင်းတစ်ချောင်းနဲ့တစ်ချောင်းရဲ့ ကြားထဲမှာလည်း အမြေးပါးလေးတွေပါတယ်ဗျ၊ ပိုဆိုးတာက အမြီးကြီးပဲဗျာ၊ ငါးရံ့ကိုယ်လုံးလို အမြီးကြီးက အရှည်ကြီးပဲဗျ၊ အမြီးထိပ်မှာတော့ ငါးကြင်းမြီးလို ရေယက်တောင်ကြီးပါတယ်၊ ဦးသံခဲက ကိုဗလတို့အနားမှာ ပါးစပ်ကြီးဖြဲပြီးအော်လိုက်တော့ ပါးစပ်ထဲကနေ ရေမှုန်ရေမွှားတွေနဲ့အတူတူ ရေညှိရေမှော်တွေပါ ထွက်လာတာဗျာ၊ ကျုပ်တို့မျက်နှာကိုတောင် လာစင်သေးတယ်။
“ဟေ့ငါးလူသား၊ မင်းမနာချင်ရင် အနောက်ဆုတ်ကွနော်”
ဦးဘသာက သတိပေးပေမယ့် ဦးသံခဲက ကျုပ်တို့အပေါ်ကိုခုန်အုပ်လိုက်တာပဲဗျာ၊ ဒါပေမယ့် ကျုပ်တို့ကိုမအုပ်မိခင်လေပေါ်မှာတန့်နေတယ်ဗျ၊ ပြီးတော့ ခပ်ဝေးဝေးကိုလွင့်ထွက်သွားပြီးတော့ ရေထဲကိုကျတယ်။ ရေပွက်ကြီးဆိုတာ အကြီးကြီးပဲဗျာ၊ ဦးသံခဲက ရေအောက်ကိုငုပ်သွားပြီးတော့ လှေကိုအမြီးနဲ့ပုတ်တယ်ဗျ၊ ဘက်ဘက်ကပုတ်လိုက်ရင် လှေကညာဘက်ကိုစောင်းသွားတာပေါ့ဗျာ၊ ဦးဘသာက သေသေချာချာကြည့်နေတယ်၊ နောက်တော့ လှေရဲ့ညာဘက်ကနေ အမြီးကြီးထွက်လာတော့ ဦးဘသာက အမြီးကိုလက်ညှိုးနဲ့ထိုးပြီး မိုးပေါ်ဆွဲတင်လိုက်တယ်၊ ဦးသံခဲတစ်ယောက် မိုးပေါ်မှာဇောက်ထိုးကြီးဗျာ၊ ပုတ်သင်ညိုကြီးကို အမြီးကဆွဲထားသလို တွန့်လိမ်တွန့်လိမ်နဲ့ပေါ့ဗျာ၊

“ငါ့ကိုလွှတ်ပေး၊ ငါမင်းတို့ကိုအကုန်သတ်ပစ်မယ်၊ မင်းတို့ကိုမသတ်ရရင် ဒီအင်းထဲကိုဆင်းတဲ့လူမှန်သမျှကိုသတ်ပစ်မယ်”

ဦးဘသာက စုတ်သပ်ရင်း

“ကျွတ်၊ ကျွတ်၊ မင်းကလူ့ဘဝကတောင် ကုသိုလ်ကောင်းမှုဘာမှမရှိဘဲ၊ ငါးတွေဖမ်းပြီး အစိမ်းစားနေလို့ အရှင်လတ်လတ်ပြိတ္တာ ဘဝရောက်သွားတာတောင်မှ၊ မကောင်းမှုတွေဆက်လုပ်ချင်နေသေးတာပါလား၊ ငါတစ်ခုပဲတောင်းဆိုမယ်၊ သူတို့ကိုခွင့်လွှတ်လိုက်ပါ၊ တံငါတွေကိုလည်း မင်းဘာမှမလုပ်ပါနဲ့”

“လုပ်မယ်၊ ငါလုပ်ချင်တာလုပ်မယ်၊ ဒီအင်းကငါ့အင်း၊ ငါ့အင်းထဲမှာ ငါလုပ်ချင်သလိုလုပ်မယ်”

ဦးဘသာ မျက်မှောင်ကြုတ်သွားတယ်ဗျ။

“အေးလေ၊ အလွယ်နည်းနဲ့ပြောမရတော့လည်း ပညာနည်းနည်းပြရသေးတာပေါ့ကွာ”

ဦးဘသာက လက်ညိုးကိုမိုးပေါ်ထောင်လိုက်တာနဲ့ ဦးသံခဲကြီးတစ်ယောက် ဟိုးမိုးပေါ်အမြင့်ကြိးကို ရောက်သွားတာပေါ့ဗျာ၊ ဘယ်လောက်မြင့်သလဲဆို ကျုပ်တို့တောင်မမြင်ရတော့ဘူးဗျ။

“ဦးဘသာ ဘာလုပ်လိုက်တာလဲ”

“ဘာမှမဟုတ်ပါဘူးကွာ၊ ဒီကောင့်ကို တိမ်ပေါ်ရောက်ဖူးတယ်ရှိအောင် ပို့လိုက်တာပါ”

ပြီးတော့ အော်သံနက်ကြီးနဲ့အတူ ဦးသံခဲကြီးပြုတ်ကျလာတာပဲဗျာ၊ ရေမျက်နှာပြင်ကိုကျတော့ ဝုန်းဆိုတဲ့အသံကြီးနဲ့အတူ ရေတွေလည်းကျုပ်တို့ကိုလာစင်ပါရော၊ ရေထဲကျပြီးတာနဲ့ တစ်ခါ မိုးပေါ်ကိုပျံတက်သွားပြန်ပါရော၊ နောက်တော့ တစ်ခါ အမြင့်ကြီးကနေ ပြန်ပြုတ်ကျရောဗျာ၊ သုံးခါလောက်ဖြစ်ပြီးတော့ ဦးသံခဲမနေနိုင်တော့ဘူးထင်ပါရဲ့။

“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့တော့၊ ကျုပ်ကိုမလုပ်ပါနဲ့တော့”

“ဒါဆို ငါတောင်းဆိုတာ လက်ခံမလား”

“လက်၊ လက်ခံပါတယ်”
“သူတို့ကိုခွင့်လွှတ်လိုက်ပြီလား”

“ခွင့်၊ ခွင့်လွတ်လိုက်ပါပြီ”
“တံငါတွေကိုရော ရန်ပြုအုံးမလား”
“မလုပ်တော့ပါဘူး”
ဦးဘသာက ဒီတော့မှကျေနပ်သွားပြီးတော့
“အေး၊ မင်းကတိနဲ့မင်းပဲနော်၊ မင်းကတိမတည်လို့ကတော့ နောက်တစ်ခါ မိုးပေါ်ထပ်တက်ရအုံးမယ်လို့မှတ်ထားလိုက်၊ ဒီတစ်ခါတော့ သုံးကြိမ်လောက်နဲ့မရတော့ဘူး၊ မင်းကိုသုံးရက်လောက် မိုးပေါ်ပို့ပေးလိုက်မယ်၊ ကြားလား”

ဦးသံခဲက တုန်တုန်ယင်ယင်နဲ့
“ကြား၊ ကြားပါတယ်”
“အေး၊ ဒါဆိုငါတို့သွားတော့မယ်”
“နေ၊ နေပါအုံး၊ ကျုပ်လည်း တစ်ခုလောက်တောင်းဆိုပါရစေ”
ဦးဘသာက မျက်မှောင်ကြုတ်ပြီး

“ပြော၊ မင်းဘာလိုချင်သလဲ”
“ကျုပ်၊ ကျုပ်ရေသရဲဖြစ်သွားကတည်းက ကုန်းပေါ်တက်လို့မရတော့ပါဘူး၊ အခုလည်း ကျုပ်သူတို့တီးတဲ့ဆိုင်းကိုနားထောင်ချင်တယ်၊ အငြိမ့်ကြည့်ချင်တယ်၊ ကျုပ်ကိုကုန်းပေါ်တက်လို့ရအောင် ကူညီလို့ရရင် ကူညီပါဗျာ”

ဦးဘသာက ခေါင်းညိတ်ပြီး

“ရတယ်၊ ဒါပေမယ့် တစ်ညပဲရမယ်၊ မနက်မိုးမလင်းခင် မင်းရေထဲဆင်းမှဖြစ်မယ်၊ ဟုတ်ပြီလား”

ဦးသံခဲက ပျာပျာသလဲနဲ့ ခေါင်းညိတ်ရှာတယ်ဗျ။ ဦးဘသာက ဦးသံခဲကိုလွှတ်ပေးလိုက်ပြီး

“ကဲ အချိန်မရှိတော့ဘူး၊ သွားတော့မယ်၊ တစ်ပွဲစားကြီး လှေဦးကိုကိုင်ထား၊ ကျန်တဲ့လူတွေလည်း လှေကိုသေသေချာချာကိုင်ထားနော်၊ နည်းနည်းတော့ ကြမ်းလိမ့်မယ်”

ကျုပ်တို့လည်း လှေနံနှစ်ဖက်ကိုလက်နဲ့သေသေချာချာကိုင်ထားလိုက်တာပေါ့ဗျာ၊ ဦးသံခဲလည်း လှေဦးမှာထိုင်ရင်း လှေကိုကိုင်ထားတယ်ဗျ၊ ဦးဘသာက မျက်လုံးနှစ်ဖက်မှိတ်ပြီး သေသေချာချာအာရုံခံနေတယ်၊ ပြီးတော့ လက်ကိုဆန့်တန်းပြီး လက်ခုပ်တစ်ချက်တီးလိုက်တော့တာပါပဲဗျာ၊ လက်ခုပ်ဖြတ်ခနဲတီးလိုက်တာနဲ့ ကျုပ်တို့လှေကြီးမိုးပေါ်မြောက်သွားသလို ခံစားရတယ်ဗျ၊ နောက်တော့ ချက်ချင်းပဲ မြေကြီးပေါ်ကိုကျတယ်၊ လှေကမြေပေါ်ကိုကျတာဆိုတော့ ဝုန်းခနဲဆောင့်သွားတာပေါ့ဗျာ၊ ကျုပ်တို့လည်း အော်လိုက်ကြတာ ငယ်သံကိုပါလို့၊ လှေရပ်သွားမှကြည့်လိုက်တော့ ကျုပ်တို့က ရွာထိပ်နားရောက်နေသဗျ၊ ခပ်လှမ်းလှမ်းမှာ မီးတွေထိန်ထိန်လင်းနေတဲ့ မဏ္ဍပ်ကြီးကိုမြင်လိုက်ရပြီ၊ မကြာခင် ဦးလူလှက ပတ်လုံးတွေကို စမ်းတဲ့အသံကြားလိုက်ရပြီဗျာ။
“ဟေ့ကောင်တွေ၊ သွားကြလေ၊ မြန်မြန်၊ ဆိုင်းကစရတော့မယ်”
ဦးဘသာအော်ငေါက်လိုက်တော့မှ ကိုမြကြီးနဲ့ကိုဗလက မဏ္ဍပ်ဆီကိုပြေးကြတယ်ဗျ၊ ကျုပ်နဲ့ ငတုံးလည်း လှေပေါ်ကဆင်းခဲ့တော့ လှေဦးမှာ အဘိုးကြီးတစ်ယောက်ရပ်နေသဗျ၊ အဲဒီအဘိုးကြီးက ဦးသံခဲပေါ့ဗျာ၊ ကျုပ်တို့လည်း အလှူမဏ္ဍပ်ဆီကိုပြေးခဲ့တော့ အလှူက ဆိုင်းအစီအစဉ်စပြီပေါ့ဗျာ၊ ဆိုင်းအဖွဲ့နဲ့ပါလာတဲ့လူဆိုတော့ ကျုပ်တို့က အရှေ့နားမှာနေရာရတာပေါ့၊ ကျုပ်တို့ဘေးမှာ ဦးသံခဲကြီးထိုင်သဗျ၊ ဦးသံခဲကလည်း ဆိုင်းကိုမျက်လုံးကြီးပြူးပြီးတော့ကိုကြည့်တာဗျာ၊ မဏ္ဍပ်ထဲ လူပြည့်လူလျှံပေါ့ဗျာ၊ ဦးလူလှဆိုင်းလက်ရာက မကြာခင်စတော့တယ်၊ ဦးသံခဲဆို ပျော်လို့ထင်ပါရဲ့ မျက်ရည်တွေစီးကျနေတယ်ဗျာ၊ တစ်သက်လုံးရေထဲမှာနေရတဲ့ ဦးသံခဲကြီး ကုန်းပေါ်ရောက်ပြီး သူနားထောင်ချင်တဲ့ ဆိုင်းကိုနားထောင်ရတယ်ဆိုတော့ ဘယ်လောက်တောင်များ ပျော်လိုက်မလဲဗျာ။

ဆိုင်းအရှေ့ပိုင်းကတော့ ဆိုင်းဆရာကို ရွာကလူတွေက သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်တောင်းလိုက်ကြ၊ ဆုချလိုက်ကြနဲ့ပေါ့ဗျာ၊ ညဘက်နည်းနည်းနက်တော့ အငြိမ့်ထွက်တယ်ဗျ၊ လူရွှင်တော်က လေးယောက်၊ ဆိုင်းနောက်ထငသောင်းရယ်၊ ရွှေတိုး၊ ငွေတိုးနဲ့ ချိုတူးပေါ့ဗျာ၊ ချိုတူးက ပွဲဦးထွက်မို့ ခွန်းတောက်ဆိုတာ ထစ်တစ်တစ်ရယ်ဗျ၊ ဒါပေမယ့် ကျန်တဲ့လူတွေက သဘာကျနေပြီမို့ ချိုတူးခွန်းထောက်ဆိုတာကိုပဲ ပြက်လုံးတွေပြက်ကြတော့ ကျုပ်တို့ပရိသတ်တွေ ရယ်လိုက်ရတာ မျက်ရည်တောင်ကျသဗျာ၊ ကျုပ်ဘေးမှာထိုင်နေတဲ့ ဦးသံခဲဆိုလည်း ရယ်လိုက်တာ ပါးစပ်ကြီးနားရွက်တက်ချိတ်တော့မယ့်အတိုင်းပဲ။

မင်းသမီးထွက်တော့ ရွှေမိဗျ၊ အိမ်မှာတုန်းကတော့ စုတ်စုတ်ပြတ်ပြတ်ဆိုပေမယ့် လိမ်းထားပြင်ထားတော့လည်း ကြည့်ကောင်းသဗျ၊ ရွှေမိကလည်း အကကောင်းသဗျို့၊ တစ်ရွာလုံးကလည်း အငြိမ့်ကိုအားပေးကြတာများ ညတစ်နာရီကျော်တာတောင် ပရိသတ်က မလျော့ဘူးဗျာ၊ နောက်ဆုံးတော့ ဦးလူလှကပဲ အငြိမ့်ပိတ်တဲ့ဆိုင်းနဲ့ပဲ ဆိုင်းတီးတာကိုနားလိုက်ရတယ်၊ ဒီတော့မှ ရွာကလူတွေ တဝေါဝေါနဲ့ထပြန်သွားကြတာပဲ၊ ကျုပ်သတိထားမိလို့ လှည့်ကြည့်လိုက်တော့ ဦးသံခဲမရှိတော့ဘူးဗျာ၊ ဘယ်တုန်းကပြန်သွားသလဲတောင် မသိပါဘူး။
ပြီးပါပြီ။
အဂ္ဂေဇာ်