” စုန်းထီးကြီးဦးဘသာနှင့် ဂမုန်းသူယောင် “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီးဦးဘသာနှင့် ဂမုန်းသူယောင် “(စ/ဆုံး)
—————————————————————-
အတွဲ(၄) စာစဉ်(၁၅)

(၁)

နိဗ္ဗာန်ရွာ ဆိုတာရွာကြီးတစ်ရွာဗျ၊ အိမ်ခြေတင် တစ်ထောင်နီးနီးလောက်ရှိမယ်ထင်တယ်၊ ကျုပ်တို့ရောက်သွားတော့ ညနေအတော်စောင်းပေါ့ဗျာ၊ ရွာအဝင်အထွက်မှာ တံခါးပေါက်တစ်ခုရှိပြီးတော့ အဲဒီမှာ ကာလသားတွေက စောင့်ကြပ်နေလေရဲ့၊ ကျုပ်ထင်တာကတော့ အခုတလော ဓါးပြတိုက်တာ ခပ်စိပ်စိပ်ဖြစ်နေလို့ ရပ်ရွာလုံခြုံရေးဖွဲ့ထားပုံရတယ်ဗျ၊ ရွာဘေးနားပတ်ပတ်လည်ကိုတော့ ဝါးခြမ်းတွေ၊ ဝါးချွန်တွေနဲ့ ကာထားတယ်။ ကျုပ်တို့ရွာလမ်းမကြီးအတိုင်းလာခဲ့တော့ လမ်းမှာလူသူမရှိတော့ဘူးဗျ၊ ရွာတံခါးရောက်တော့ ရွာသားတစ်ယောက်က ကျုပ်တို့ကိုစစ်မေးပါရော၊

“ဘယ်သူတွေလဲ၊ ဘယ်ကလာတာလဲ”

“ဇီးကုန်းရွာကနေ နွားဝယ်ဖို့လာတာပါ”

ဒီလူတွေက ကျုပ်တို့ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီးတော့

“ခင်ဗျားတို့လာတာ အချိန်မတော်ကြီးနော်၊ ကဲ ထားပါတော့ ခင်ဗျားတို့နာမည်တွေဘယ်လိုခေါ်သလဲ”

ကျုပ်ဖြေဖို့လုပ်နေတဲ့အချိန် ဦးဘသာက အရှေ့နားကိုတိုးလာပြီးတော့

“ကျုပ်နာမည်က သာစံပါ၊ ဟောဒါကတော့ ခင်မောင်လို့ခေါ်ပါတယ်၊ ကျုပ်တူကျုပ်သားပါပဲ၊ ဒီကတော့ ချိုတူး၊ ဟောဟိုကောင်လေးကတော့ ငညိုပါ”

ဒီတော့မှ ဒီလူတွေက ခေါင်းညိတ်ပြီးတော့

“ဝင်တော့၊ ခင်ဗျားတို့ကံကောင်းသွားတယ်မှတ်၊ နေဝင်သွားရင် ခင်ဗျားတို့ကို ဝင်ခွင့်မပေးတော့ဘူး”

ဒီလူတွေက ဓါးတွေလှံတွေကိုင်ထားတယ်ဗျ၊ ကျုပ်လည်း သိချင်လာတာနဲ့ စပ်စုကြည့်ပါရော။

“နေပါအုံးဗျ၊ ခင်ဗျားတို့က ဘာဖြစ်လို့ရွာကိုစောင့််ကြပ်နေကြတာလဲ”

ဒီတော့ ခေါင်းဆောင်လိုလူက ကျုပ်ကိုဘုကြည့်ကြည့်ပြီး

“ငါတို့ဘာလုပ်လုပ် မင်းအပူမပါဘူး၊ သွားစရာရှိတာသွား၊ လေရှည်မနေနဲ့”

ကျုပ်လည်း နည်းနည်းတော့ခံပြင်းသွားတာပေါ့ဗျာ၊ ဦးဘသာက အဲဒီလူအနားကပ်ပြီး

“ဒါနဲ့မောင်ရင်၊ ဦးလူလှတို့အိမ်က ဘယ်နားလေးလဲကွ”

“ရှေ့တည့်တည့်ဆက်သွား၊ လမ်းလေးခွဆုံရောက်ရင် မြောက်ဘက်ကိုကွေ့လိုက်၊ အဲဒီနားမှာ မေးလိုက်ရင် ဦးလူလှဆို လူတိုင်းသိပါတယ်”

“အေးကွယ်၊ ကျေးဇူးပါ”

ဦးဘသာက ရွာထဲဝင်ခဲ့တော့တယ်၊ ကျုပ်တို့လည်း ဦးဘသာအနောက်ကိုလိုက်ခဲ့တာပေါ့ဗျာ၊ ကျုပ်ကတော့ မကျေမချမ်းနဲ့ပေါ့။

“လူတွေက ဆက်ဆံရေးညံ့ဖျင်းလိုက်တာဗျာ၊ ဘယ်လိုလူတွေလဲမသိဘူး”

“သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့ကွာ”

“ဒါနဲ့ ဦးဘသာ၊ အရင်တုန်းကရော နိဗ္ဗာန်ရွာက ဒီလိုမျိုးပဲလားဗျ”

ဦးဘသာက ခေါင်းခါပြရင်း

“အရင်ကတော့ ဒီလိုမဟုတ်ပါဘူးကွ၊ ရွာကြီးက စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနဲ့ပါ၊ အခုတော့ ဘယ်လိုဖြစ်တယ်မသိဘူး”

ပိုပြီးထူးခြားတာကတော့ အိမ်ခြေထောင်ကျော်ရှိတဲ့ရွာကြီးမှာ လူသူအရိပ်အခြေကိုမတွေ့ရတာပါပဲဗျာ၊ ရွာလမ်းမကြီးဆိုရင်လည်း ရှင်းလို့ဗျ၊ လူမပြောနဲ့ ခွေးလေခွေးလွင့်တစ်ကောင်တောင်မရှိဘူးဗျို့၊ ဘေးကိုကြည့်လိုက်တော့လည်း ခြံစည်းရိုးတွေကာရံထားတဲ့ အိမ်တွေက တိတ်ဆိတ်လို့ဗျ၊ တစ်ချို့အိမ်တွေကတော့ မီးခွက်အလင်းရောင်လေးတွေ မြင်နေရသားပဲ၊ ကျုပ်တို့လည်း ရွာလယ်အတိုင်းလျှောက်လာရင်း ရွာလယ်မှာ ရွာသားတစ်သိုက်နဲ့တွေ့ကြပါရောဗျာ၊ ဒီရွာသားတွေလည်း ဓါးတွေလှံတွေနဲ့ကို စောင့်နေတာဗျ။ ဦးဘသာက အနားကိုကပ်သွားပြီးတော့

“လူလေးတို့၊ ဒီရွာမှာ ဦးလူလှအိမ်က ဘယ်အိမ်များလဲ”

ဒီလူတွေက ကျုပ်တို့ကိုစိမ်းစိမ်းကြီးစိုက်ကြည့်တယ်ဗျ။

“ခင်ဗျားတို့ကို မမြင်ဖူးပါလား၊ ခင်ဗျားတို့ ဘယ်ကလာတာလဲ”

“ဇီးကုန်းရွာကနေ လာခဲ့ကြတာပါ”

ဒီတော့ အခြားလူတစ်ယောက်က

“ဦးလူလှဆီလာတာဆိုတော့ ဆိုင်းလာငှားတဲ့ပုံပဲ”

သူတို့အချင်းချင်းပြောရင်း ခေါင်းညိတ်လိုက်ပြီး

“မြောက်ဘက်ကိုကွေ့သွားလိုက်ဗျာ၊ အဲဒီမှာ ဦးလူလှအိမ်ရှိတယ်၊ ခင်ဗျားတို့မြင်ရင်တွေ့လိမ့်မယ်၊ မှားစရာမရှိပါဘူး”

ကျုပ်တို့လည်းသူတို့ညွှန်တဲ့အတိုင်းဆက်လာရင်း မကြာပါဘူးဗျာ၊ အိမ်ကြီးတစ်အိမ်ရှေ့ကိုရောက်သွားပါရော၊ ခြံစည်းရိုးနားမှာ ဆိုင်းဘုတ်တစ်ခုထောင်ထားတယ်ဗျ၊ သွပ်ပြားပေါ်မှာ သင်္ဘောဆေးနဲ့စာလုံးတွေလှလှရေးထားတယ်၊ ချိုတူးက ဆိုင်းဘုတ်ကိုသေသေချာချာကြည့်လိုက်ပြီးတော့

“ဆေးဆရာကြီး ဦးလူးလှ ဆိုပါလား”

ကျုပ်လည်း ချိုတူးခေါင်းကို ဒေါက်ခနဲခေါက်လိုက်ပြီး

“မင့်မေလွှား ဆေးဆရာလားကွ၊ ဆလိမ်ကို လုံးကြီးတင် တစ်ချောင်းငင်လေကွာ၊ ပြီးတော့ ငသတ်၊ ဝစ္စပေါက်နဲ့ဆိုတော့ ဆေးဖြစ်မလား၊ ဆိုင်းပေါ့ကွ”

ချိုတူးက ခေါင်းကုပ်ပြီးတော့ပြုံးဖြီးဖြီးနဲ့

“မသိဘူးလေကိုအလတ်ကောင်ရာ၊ ကျုပ်က အတန်းပညာမှသင်ခဲ့ရတာမဟုတ်တာ၊ စာတောင်မှ တစ်လုံးချင်းပေါင်းဖတ်ရတာဗျ”

ကျုပ်လည်း ချိုတူးကိုဒေါသထွက်နေရင်း သနားမိသွားတယ်၊ တစ်သက်လုံး သဒိုးလုပ်လာခဲ့ရတော့ စာတွေဘာတွေ သေချာတတ်ပုံမရဘူးဗျ၊ ဒါနဲ့ ကျုပ်က ခြံတံခါးမှာရေးထားတဲ့ ဆိုင်းဘုတ်ကလေးတစ်ခုကို ထိုးပြလိုက်တယ်။

“ရော့၊ အဲဒါရော သေချာဖတ်”

ချိုတူးလည်း သေသေချာချာစာလုံးပေါင်းကြည့်ပြီးတော့ အသံအကျယ်ကြီးနဲ့

“ဆေး၊ အဲ . . . မဟုတ်ပါဘူး၊ ဆိုင်းမလိုးပါ”

ဒီကောင်ဖတ်တော့ ကျုပ်တို့တွေလည်းရယ်လိုက်ကြတာပေါ့ဗျာ။ ကျုပ်လည်း ချိုတူးဇက်ပိုးကိုအုပ်ရင်း

“ချိုတူးကွာ မင်းကတော့ ဘယ့်နှယ့်ဆိုင်းမလိုးပါလဲကွ၊ ဆိုင်းမလိုက်ပါလို့ရေးထားတာကွ”

“အိုဗျာ၊ သိမှမသိဘဲ”

ဦးဘသာက ရယ်မောရင်း

“အလတ်ကောင်ရေ၊ ခြံထဲလည်းလူမတွေ့ အိမ်ကြီးကလည်း မှောင်ကျလို့ပါလားကွ၊ ခေါ်ကြည့်ပါအုံးကွာ”

ကျုပ်လည်း ပါးစပ်နားမှာ လက်ဝါးနှစ်ဖက်ကပ်လိုက်ရင်း

“ဗျိုး၊ ဆိုင်းဆရာကြီး၊ ဦးလူလှ”

ကျုပ်ခပ်ကျယ်ကျယ်အော်လိုက်တော့ နှစ်ထပ်အိမ်ကြီးရဲ့ အပေါ်ထပ်က သစ်သားတံခါးတစ်ချပ်က ပွင့်သွားတယ်ဗျ၊ အထဲကနေ မိန်းကလေးတစ်ယောက်က ကျုပ်တို့ကိုလှမ်းကြည့်တယ်။

“ရှင်တို့စာမဖတ်တတ်ဘူးလား၊ ဆိုင်းမလိုက်ပါဘူးလို့ ရေးထားတယ်လေ”

မိန်းကလေးအသံက ခပ်စွာစွာပဲဗျ။

“ဖတ်တတ်ပါ့ဗျာ၊ ကျုပ်တို့က ဆိုင်းငှားဖို့လာတာမဟုတ်ဘူးဗျ၊ ဒီအိမ်မှာတည်းခိုဖို့လာတာ”

“အောင်မယ်၊ တည်းခိုချင်ရအောင် ကျွန်မတို့အိမ်က သာလာယံဇရပ်မဟုတ်ဘူးရှင့်၊ သွားကြစမ်းပါ၊ တခြားအိမ်သွားတည်းကြပါ”

ဒီတော့ ဦးဘသာက အရှေ့ကိုထွက်လာပြီး

“မဟုတ်ပါဘူးကလေးမရာ၊ ဦးလေးတို့ကို တစ်မျိုးမထင်ပါနဲ့၊ ဦးလေးတို့ကို ကျတ်ကွင်းရွာက ဦးလူဝက ဒီမှာတည်းဆိုပြီး ပြောလိုက်လို့ပါ”

ဒီတော့ မိန်းကလေးက ကျုပ်ကိုမျက်စောင်းထိုးပြီးတော့

“တကယ်ပဲ ရှုပ်ရှုပ်ယှက်ယှက်တွေ၊ ဘာတွေလဲမသိဘူး”

အဲဒီလိုရေရွတ်ရင်း ပြတင်းပေါက်တံခါးကိုဝုန်းခနဲဆွဲပိတ်လိုက်တယ်ဗျ၊ ပြီးတော့ အိမ်တံခါးကြီးပွင့်သွားပြီးတော့ လှေကားကနေဆင်းလာတယ်၊ ကျုပ်တို့ဖက်မှာ နှစ်ထပ်အိမ်ဆိုရင် အိမ်ထဲကနေ လှေကားမဖွဲ့ဘဲနဲ့ အခုလိုမျိုး အိမ်အပြင်ကနေ လှေကားတက်ထားလေ့ရှိတယ်ဗျ၊ ဒီမိန်းကလေးက ကျုပ်တို့ဆီကိုလျှောက်လာပြီး ခြံတံခါးမှာခတ်ထားတဲ့ သံကြိုးကိုဖွင့်ပေးတယ်၊ ကျုပ်ကိုလည်းမျက်စောင်းတစ်ချက်ထိုးလို့ဗျာ၊ ကျုပ်လည်း ဒီမိန်းကလေးလာရင် ရန်တွေ့ပစ်လိုက်အုံးမယ်ဆိုပြီး ခဲထားသမျှ သူ့မျက်စောင်းအောက်မှာ အရည်ပျော်ကျသွားတာပဲဗျာ၊ မိန်းကလေးက သိပ်ချောတာဗျ။

“လာလာ၊ အိမ်ထဲဝင်ကြ၊ အချိန်မတော်အချိန်တော်ကြီး”

အားလုံးက ဝင်သွားပေမယ့် ကျုပ်ကတော့ ဒီမိန်းကလေးရဲ့အလှမှာ နစ်မြောနေရင်း ငေါင်ငေါင်ကြီးရပ်နေမိတယ်ဗျာ၊ မိန်းကလေးက ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်၊ အရပ်က မနိမ့်မမြင့်ကလေးဗျ၊ မျက်ဝန်းကလေးတွေကလည်းနက်လို့၊ ပါးမှာလည်း ပါးချိုင့်နှစ်ဖက်လုံးပါသေးတယ်ဗျာ၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင် ခုခေတ် ရုပ်ရှင်မင်းသမီး အေးမြတ်သူလိုရုပ်မျိုးပေါ့။ ကျုပ်ငေါင်ပြီးတစ်ယောက်တည်းကျန်နေတော့ ဒီမိန်းကလေးက ကျုပ်ကိုမျက်စောင်းလှမ်းထိုးတယ်။

“ကဲ၊ ရှင်က နေခဲ့ချင်လို့လား၊ နေခဲ့ချင်တယ်ဆိုရင်လည်း နေခဲ့တော့၊ ကျွန်မတော့ တံခါးပိတ်ပြီ”

ဒီတော့မှ ကျုပ်လည်း အသိစိတ်ကပ်ပြီးတော့

“နေ၊ နေပါအုံး၊ ကျုပ်လည်းဝင်ပါရစေ”

ကျုပ်လည်းခြံထဲကိုပြေးအဝင် ခြံတံခါးအောက်ဘက်ဘောင်နားကိုသေချာမကြည့်မိတော့ ခြေထောက်နဲ့တိုက်ပြီး မှောက်လျှက်လဲသွားတာပေါ့ဗျာ၊ လဲတာမှ လက်လွတ်ခွက်ကျွတ်ကိုလဲတာ၊ ဒါနဲ့ အားကိုးစရာအဖြစ် မီရာမီကြောင်းလှမ်းဆွဲလိုက်တော့ အရှေ့မှာရပ်နေတဲ့ ချိုတူးရဲ့ပုဆိုးကို ဆွဲမိပါရောဗျာ၊ လဲကျတဲ့အရှိန်နဲ့ဆိုတော့ ချိုတူးရဲ့ပုဆိုးက ကွင်းလုံးကျွတ်ပြီး ကျုပ်လက်ထဲပါလာတာပေါ့၊ ချိုတူးလည်းလှည့်ကြည့်တော့ ဟိုမိန်းကလေးက ကျုပ်တို့နှစ်ယောက်ကိုကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်လို့ဗျ၊ ချိုတူးလည်း ရှက်ရှက်နဲ့အိမ်အောက်ကိုဝင်ပြေးတာပဲဗျာ။ ကျုပ်ကတော့ နာတဲ့ကြားက ကုန်းထရင်း ဒီမိန်းကလေးရယ်တာကိုကြည့်နေမိတယ်၊ ကျုပ်ကြည့်မှန်းသိတော့ ဒီကောင်မလေးက မရယ်တော့ဘူးဗျ၊ ဒါပေမယ့် မျက်နှာက ပြုံးလို့ပေါ့၊ ပါးချိုင့်လေးနှစ်ဖက် ခွက်နေအောင်ပြုံးတာလေးကိုကြည့်ရတာ အမောကိုပြေသွားတာပဲဗျာ။

“တကယ်ပဲ၊ ဘယ်လိုလူတွေလည်းမသိဘူး”

မိန်းကလေးက ရေရွတ်ပြီးတော့ ခြံတံခါးကိုသံကြိုးပြန်ခတ်နေပါရောဗျာ၊ ကျုပ်လည်း လှေကားကလှမ်းတက်တော့ ချိုတူးက လှေကားအကွယ်ကနေလှမ်းအော်တယ်။

“ကိုအလတ်ကောင်၊ ကျုပ်ပုဆိုးပေးလေဗျာ”

ကျုပ်လည်း ဒီတော့မှ လက်ထဲကပုဆိုးကိုသတိထားမိတာဗျ၊ ဒါနဲ့ ချိုတူးဆီကိုပုဆိုးပစ်ပေးရင်း အိမ်ပေါ်ကိုတက်ခဲ့တာပေါ့ဗျာ။

(၂)

အိမ်ပေါ်မှာ ပက်လက်ကုလားထိုင်နဲ့လူကြီးတစ်ဦးထိုင်နေတယ်ဗျ၊ ရေနံဆီမီးခွက်တွေ ထိန်နေအောင်ထွန်းထားသေးရဲ့ဗျာ၊ အဲဒီလူကြီးရဲ့အရှေ့ကြမ်းပြင်မှာပဲ ဦးဘသာက ခွေခွေကလေးဝင်ထိုင်တာနဲ့ ကျုပ်တို့လည်းထိုင်လိုက်တာပေါ့ဗျာ၊ ဒီလူကြီးက ဦးလူဝရဲ့ညီ ဦးလူလှဖြစ်မယ်ဗျ၊ အသက်ကတော့ ငါးဆယ်ဝန်းကျင်လောက်ပဲရှိမယ်ထင်တယ်၊ လူလှဆိုတဲ့အတိုင်း မျက်လုံးမျက်ဖန်ကောင်းကောင်း၊ မျက်ခုံးကောင်းကောင်းနဲ့ ခန့်ခန့်ကြီးဗျ။

“ကျုပ်တို့က ပေတော၊ ဇီးကုန်းဘက်ကနေလာခဲ့တာပါ၊ နွားကြည့်ရအောင်လာခဲ့ရင်း ကျတ်ကွင်းရောက်တော့ လူဝနဲ့တွေ့လို့ လူဝက နိဗ္ဗာန်ရွာရောက်ရင် သူ့ညီဆီမှာတည်းခိုလို့ရတယ်လို့ပြောလို့လာခဲ့ကြတာပါ”

ဦးဘသာက ရိုရိုသေသေပြောတယ်ဗျ၊ ဒီလူကြီးကတော့ ခေါင်းတစ်ချက်ညိတ်ရင်း

“အင်းပါ၊ လူဝလွတ်လိုက်တာဆိုတော့လည်း လက်ခံရမှာပေါ့”

ဒီလူကြီးက စကားကိုခပ်ပြတ်ပြတ်ပဲပြောတာဗျ၊ ပြီးတော့ ဘာမှလည်းဆက်မပြောတော့ဘူး၊ ကျုပ်ကတော့ မျက်လုံးကိုဝေ့ပြီးတစ်ချက်ကြည့်လိုက်တယ်၊ အိမ်ပေါ်မှာ တူရိယာပစ္စည်းတွေစုံလို့ဗျ၊ အိမ်ထောင့်မှာတော့ လူတစ်ရပ်လောက်နီးပါးမြင့်တဲ့ ရှမ်းအိုးစည်ကြီးထောင်ထားပါရော၊ အိမ်နံရံတွေမှာတော့ ဝါးလက်ခုပ်တို့၊ လင်းကွင်းတို့ကိုချိတ်ထားတယ်၊ ဗုံတွေ၊ မောင်းတွေပုံထားတာလည်း အများကြီးပါပဲ၊ ကြည့်လိုက်တာနဲ့ ဆိုင်းဆရာအိမ်မှန်း တန်းသိပါတယ်။

ဒါပေမယ့် ဦးလူဝက သဘောမနောကောင်းပြီး ဖော်ရွေသလောက် ဦးလူလှကြီးကတော့ ခပ်တည်တည်ကြီးဗျ၊ ကျုပ်တို့ကိုလည်း ခပ်စိမ်းစိမ်းပဲ၊ နောက်တော့ စားပွဲပေါ်တင်ထားတဲ့ စာအုပ်တစ်အုပ်ကိုယူပြီးတော့ ရေနံဆီမီးအလင်းရောင်နဲ့ဖတ်နေလေရဲ့ဗျာ၊ ကျုပ်တို့ဧည့်သည်တွေကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ကိုမထင်တာဗျ။ နောက်တော့ အောက်ထပ်ကနေ ခုနက မိန်းကလေးတက်လာတယ်၊ လက်ထဲမှာလည်း ရေနွေးအိုးနဲ့ ထန်းလျက်ထည့်ထားတဲ့ ဗန်းကိုင်လာတယ်ဗျ၊ ပြီးတော့ ကျုပ်တို့အနားလာချပေးရင်း

“ဦးကြီးတို့ မောကြရောပေါ့၊ ရော့ ရေနွေးသောက်၊ ထန်းလျက်ကလေးစားပါအုံး”

“ကျေးဇူးပါ ကလေးမရယ်”

ဦးဘသာက ရေနွေးငှဲ့တယ်ဗျ၊

“ဒါနဲ့ ဦးကြီးတို့က ရွာကိုဘာလာလုပ်ကြတာလဲ”

“နွားချော၊ နွားကောင်းရှာဝယ်ဖို့လာခဲ့ကြတာပါ”

ဦးလူလှကြီး မဖော်ရွေသလောက် ဒီမိန်းကလေးကတော့ ဖော်ရွေသားဗျ။

“ဒါနဲ့ ဘကြီးနဲ့အသိတွေလား”

“သိတာပေါ့၊ ငါနိဗ္ဗာန်ရွာမှာ နေတုန်းကဆိုရင် နင်တို့အဘိုး ဦးဘိုးလူအိမ်က စားအိမ်သောက်အိမ်ပဲလေ၊ နင့်ဘကြီးလူဝက ငါနဲ့ရွယ်တူပေါ့၊ အဲဒီတုန်းကတော့ နင့်အဖေ လူလှကခပ်ငယ်ငယ်ပဲ၊ ဆယ်နှစ်လောက်ပဲရှိအုံးမှာ”

“သြော်၊ ဒါဆို အဘိုးကိုမီတာပေါ့၊ ဒါနဲ့အဖေ့ကိုရော မမှတ်မိဘူးလား ဦးကြီးရဲ့”

“ငယ်ငယ်တုန်းက တွေ့ဖူးတာဆိုတော့ ငယ်ရုပ်မနည်းပြန်ဖမ်းရတယ်၊ အသက်ကြီးလာတော့လည်း သိပ်မမှတ်မိတော့ပါဘူး ကလေးမရယ်”

မိန်းကလေးက သူ့အဖေဘက်လှည့်ပြီးတော့

“အဖေရော ဒီကဦးကြီးတို့ကို မမှတ်မိဘူးလား”

စာဖတ်နေတဲ့ ဦးလူလှက ဦးဘသာကိုလှမ်းကြည့်ရင်း

“မသိပါဘူး”

တစ်ခွန်းတည်းပြောပြီး စာဆက်ဖတ်နေတာဗျာ၊ အံမယ် ခြေထောက်ကိုတောင်ချိတ်ထားလိုက်သေးတာ။ ကျုပ်တို့မြန်မာ့ဓလေ့အရ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေထက် မြင့်တဲ့နေရာမှာ ထိုင်တယ်ဆိုတာက ရိုင်းတယ်မဟုတ်လားဗျာ၊ ဦးဘသာက သူ့ထက်အသက်အများကြီးကြီးတာကို သူကတော့ ထိုင်ခုံပေါ်မှာ အေးအေးလူလူထိုင်လို့ဗျ၊ ကျုပ်ဖြင့် ပြောဆိုလိုက်ချင်တာ ပါးစပ်တွေကို ယားနေတာပါပဲဗျာ။ မိန်းကလေးကတော့ အားနာသွားပုံရတယ်။

“ဒါနဲ့ ဦးကြီးနာမည်ဘယ်လိုခေါ်သလဲရှင့်”

“ဦးကြီးနာမည် သာဒင်ပါ၊ ဒါပေမယ့် လူအများကတော့ ဦးဘသာလို့ခေါ်တယ်”

ဦးဘသာနာမည်ကိုကြားပြီးတော့ မိန်းကလေးက လန့်သွားတယ်ဗျ၊ ဒါနဲ့ကျုပ်အလှည့်ရောက်ပါရော။

“ကျုပ်နာမည်ကတော့ ခင်မောင်ပါ၊ ဟောဒါက ချိုတူး၊ ဒီကလေးကတော့ ငညိုလို့ခေါ်ပါတယ်”

မိန်းကလေးက ခေါင်းပဲညိတ်ပြတယ်ဗျ၊ ဦးလူလှက စာအုပ်ကိုစားပွဲပေါ် ဝုန်းခနဲပစ်ချပြီးတော့ အိမ်ခန်းထဲကို ဝင်သွားတော့တာပါပဲ၊ မိန်းကလေးလည်း မတ်တပ်ရပ်ပြီး

“ကျွန်မ ဦးကြီးတို့ အိပ်ဖို့အတွက်ပြင်ဆင်ပေးမယ်နော်၊ ခါတိုင်း ဧည့်သည်ဆောင်သည်တွေ၊ အဖေ့တပည့်တွေလာရင် အောက်ထပ်မှာအိပ်တဲ့အခန်းရှိတယ်၊ အဲဒီအခန်းကို လှဲကျင်းပေးမယ်”

ကျုပ်လည်း မတ်တပ်ရပ်လိုက်ပြီး

“ခင်ဗျားတစ်ယောက်ထဲဆို ပင်ပန်းနေပါအုံးမယ်၊ ကျုပ်လည်းကူပေးမယ်လေ”

မိန်းကလေးက ခေါင်းညိတ်ပြီးအောက်ဆင်းသွားတာနဲ့ ကျုပ်လည်း သူ့အနောက်ကနေ လိုက်ခဲ့တာပေါ့ဗျာ၊ လှေကားနားရောက်တော့မှ

“ဒါနဲ့ အမိနာမည်ဘယ်လိုခေါ်သလဲ”

“ရှင်ပဲ ခုနက ခေါ်လိုက်တယ်မဟုတ်လား”

“ဘယ်လိုဗျ၊ ကျုပ်ဘာမှ မခေါ်ရသေးပါဘူး”

“ရှင်ပဲ ခုနက အမိလို့ခေါ်လိုက်တယ်မဟုတ်လား”

“ဟာဗျာ၊ အဲဒါကတော့ နာမည်မသိတဲ့မိန်းကလေးတွေဆိုရင် ဒီလိုပဲတင်စားခေါ်တာ”

“အဲဒီထဲမှာ ကျွန်မနာမည်ပါပြီးသားပါတော့”

“ဟင်၊ ဒါဆို ခင်ဗျားနာမည်က အမိလား”

မိန်းကလေးက ကျုပ်ကိုလှည့်ကြည့်ရင်း

“ရှင်တော်တော်ဒုံးဝေးတာပဲ၊ ဘယ်သူက နာမည်ကိုအမိလို့မှည့်မလဲ၊ ကျွန်မနာမည် ရွှေမိ၊ မရွှေမိ၊ ဟုတ်ပြီလား”

“စောစောက ပြောရောပေါ့ အမိရာ၊ အဲ . . . ရွှေမိရာ၊ ဒါနဲ့ ခင်ဗျားအသက်ကရော”

“ရှင့်အသက်ကိုပြောကြည့်လေ”

“နှစ်ဆယ်ကို သုံးနှစ်လောက်ပဲကျော်သေးတာဗျ”

“ဒါဆို ကျွန်မက ရှင့်ထက်ငယ်တာပေါ့”

အိမ်ကြီးရဲ့အောက်ဘက်အရှေ့ခြမ်းကို ဘာမှမကာထားဘူးဗျ၊ အိမ်အောက်မှာ သစ်သားနဲ့ဆင့်တွေထိုးပြီးတော့ မှန်စီရွှေချထားတဲ့ ဆိုင်းဝိုင်းအကာတွေ၊ ဆိုင်းအသုံးအဆောင်တွေကို ထပ်ထားတယ်၊ အနောက်ဘက်ခြမ်းမှာတော့ ထရံနဲ့ကာထားတဲ့အခန်းနှစ်ခုရှိတယ်ဗျ၊ အခန်းတံခါးတွေကိုတော့ ပိတ်ထားတယ်၊ ကျုပ်လည်း အခန်းတံခါးတစ်ခုကိုသွားဖွင့်ဖို့လုပ်တော့ ရွှေမိက ကျုပ်ကို အလန့်တကြားနဲ့လှမ်းအော်တယ်။

“အဲဒီအခန်းကိုမဖွင့်နဲ့”

အသည်းအသန်အော်လို့ ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊

“ဖြည်းဖြည်းအော်ပါ အမိရာ၊ ကျုပ်ဖြင့်လန့်လိုက်တာ”

ရွှေမိက ဘာမှမပြောတော့ဘဲ ခြေရင်းခန်းတံခါးကိုဖွင့်လိုက်တယ်ဗျ၊ လူမနေတာကြာလို့လားမသိဘူးအခန်းထဲက ဖုန်တွေလိမ့်ပြီးထွက်လာတာ၊ ပြီးတော့ မှိုနံ့လိုလို အောက်သက်သက်အနံ့ကလည်းဆိုးလိုက်တာဗျာ၊ ရွှေမိက အခန်းတံခါးတွေဖွင့်ပြီးတော့ တံမြက်စည်းတစ်ချောင်းနဲ့လှဲကျင်းပါရော၊ ကျုပ်လည်း ဖုန်တွေကို ပုဆိုးစုတ်တစ်ခုနဲ့ လိုက်ခါတာပေါ့ဗျာ၊ အခန်းထဲမှာ ဘာပစ္စည်းမှ ကြီးကြီးမားမားမရှိပါဘူး၊ အခန်းက ဟောတိုက်ကြီးပါ၊ လှဲကျင်းပြီးတော့ ရွှေမိက ထန်းချောဖျာတွေယူလာပြီး ခင်းလိုက်တယ်။

“ကဲ၊ ကိုယ့်အိမ်ကိုယ့်ရာလိုသာ သဘောထားပြီး နားကြပေါ့ှရှင်”

“အဟုတ်ပေါ့ဗျာ၊ ကျုပ်လည်း ဒီအိမ်ကို ကိုယ့်အိမ်လိုသဘောထားချင်တာ”

“ဘာရှင့်”

“ဟီး၊ ဟီး စတာပါဗျာ၊ အမိကလည်း စိတ်ချည်းပဲ”

ရွှေမိက ကျုပ်ကိုမျက်စောင်းထိုးပြီးထွက်သွားတယ်ဗျ၊ ကျုပ်လည်း အခန်းရပြီဆိုတော့ ဦးဘသာတို့ကိုတက်ခေါ်တာပေါ့ဗျာ၊ အခန်းထဲမှာ နေရာချထားပြီးတော့ ရွှေမိက ခြင်ထောင်တွေ၊ ခေါင်းအုံးတွေပွေ့ပြီးဝင်လာတယ်၊

“ကျုပ်တို့ ခရီးဝေးကလာရတော့ ညစာမစားရသေးဘူးအမိ”

“မတတ်နိုင်ဘူးရှင် ကျွန်မတို့လည်းစားပြီးပြီဆိုတော့၊ ရှင်တို့စားချင်ရင်တော့ မီးဖိုထဲမှာ ဆန်ရှိတယ်၊ ငရုတ်ကြက်သွန်ရှိတယ်၊ ကိုယ့်ဖာသာချက်ပြုတ်စားပေတော့”

“တတ်လည်း တတ်နိုင်တဲ့အမိပါလား”

ကျုပ်စိတ်ထဲက ရေရွတ်နေတုန်း ရွှေမိကထွက်သွားပါရောဗျာ၊ ကျုပ်ဖြင့် ထူးဆန်းတာရွာအဝင်ကတည်းကပဲ၊ ကျုပ်တို့အညာသူအညာသားတွေဆိုတာ ဧည့်သည်ကိုသိပ်တန်ဖိုးထားတာဗျ၊ ကိုယ့််အိမ်ကို ဧည့်လာရင် အိမ်ရှင်တာဝန်ကျေအောင် မရှိရှိတာလေးနဲ့ ဧည့်ဝတ်ပြုချင်ကြတာ သဘာဝပဲ၊ အခုကတော့ ပြောင်းပြန်ဗျာ၊ ဧည့်ဝတ်ကျေဖို့ နေနေသာသာ ထမင်းတောင် ကိုယ့်ဟာကိုယ်ချက်စားတဲ့လေ။

“ကဲ မထူးတော့ဘူးဗျာ၊ ကျုပ်တော့ဗိုက်ဆာတယ်၊ ဦးဘသာကတော့ နားနေလိုက်ပါ၊ ချိုတူး မင်းကငါနဲ့လိုက်ခဲ့၊ မင်းနဲ့ငါ ထမင်းသွားချက်စားမယ်”

ကျုပ်ခေါ်တော့ ချိုတူးလည်းထလိုက်လာတာပေါ့ဗျာ၊ ခြံနောက်ဖက်မှာ မီးဖိုချောင်အဖြစ် တဲကလေးတစ်လုံးဆောက်ထားတယ်၊ အဲဒီခေတ်တုန်းက ထင်းပဲသုံးတာဆိုတော့ သစ်သားအိမ်တွေဆိုရင် ပျက်စီးမှာစိုးလို့ မီးဖိုကိုအိမ်ထဲမထားဘူးဗျ၊ အခုလိုမျျိုးအိမ်နောက်တစ်နေရာမှာ မီးဖိုတဲထိုးပြီးချက်ကြတာ၊ မီးဖိုတဲကလေးဘေးနားမှာတော့ တဲကလေးတစ်လုံးရှိသေးတယ်ဗျ၊ ထရံနဲ့အလုံပိတ်ပြီး ဆောက်ထားတာ၊ ဝင်ထွက်ဖို့ တံခါးတစ်ပေါက်ပဲရှိတယ်။

“ကိုအလတ်ကောင်ရာ ခုနက မိန်းမကတော့ စကားပြောရတာ အချိုးမပြေပါဘူး”

“အေးကွ၊ ဒီရွာကတစ်မျိုးပဲကွနော်၊ ငါဖြင့် တစ်သက်မှာတစ်ခါ ဧည့်သည်က ကိုယ့်ဖာသာ ချက်ပြုတ်စားရတယ်ဆိုတာ မကြုံဖူးပါဘူးကွာ”

ကျုပ်လည်း အိုးတွေလိုက်လှန်လှောကြည့်ရင်း

“ဟော၊ ဒီအိုးထဲမှာ ဆန်ကွ၊ ချိုတူးရေ မီးမွှေးပြီးတော့ ဆန်လေး သုံးဗူးလောက် ချက်လိုက်စမ်းကွာ”

ချိုတူးကလည်း ကျုပ်ပြောသမျှလုပ်ပါတယ်၊ ထင်းပေါက်တွေနဲ့ မီးမွှေးပြီးတော့ မြေအိုးထဲ ဆန်တွေခပ်ထည့်ပြီးတော့ ထမင်းအိုးတည်တယ်ဗျ၊ ကျုပ်က ချက်တတ်သလိုလို ဘာလိုလိုနဲ့ လုပ်ပြနေရတာပေါ့ဗျာ၊ ကျုပ်ချက်ရင်တော့ သိတယ်မဟုတ်လား၊ ခွေးတောင်မစားဘူးလေဗျာ၊ ဒါနဲ့ ဟိုလှန် ဒီလှန်နဲ့လိုက်လှန်တော့ အုပ်ဆောင်းကလေးတစ်ခုနဲ့အုပ်ထားတဲ့ ကြက်ဥသုံးလုံးကို တွေ့ပါရောဗျာ။

“သူတို့က စားပြီးပြီဆိုတော့၊ ကျန်တဲ့ကြက်ဥသုံးလုံးကို ငါတို့ပဲ စားလိုက်ကြစို့ကွာ၊ ကြက်သွန်နီကလေးပါးပါးလှီး၊ ဆနွင်းလေးဖြူးပြီးတော့ ကျော်လိုက်စမ်းကွာ ချိုတူးရာ”

“ဟုတ်ကဲ့ ကိုအလတ်ကောင်”

“အေး၊ ငါတော့ ခြေလက်သွားဆေးအုံးမယ်ဟေ့”

ကျုပ်လည်း အိမ်ဘေးနားက ရာဝင်အိုးနှစ်လုံးချထားတဲ့နေရာဆီလာခဲ့တာပေါ့ဗျာ၊ တခြားလူတော့မသိဘူး ကျုပ်ကတော့ တော်တော်ညစ်ပတ်နေတာဗျ၊ ဗျဂ္ဃလေးနဲ့လည်း တစ်ပွဲတစ်လမ်းနွဲထားတယ်ဆိုတော့ တစ်ကိုယ်လုံးချွေးတွေ၊ဖုန်တွေ ပေလို့ပေါ့ဗျာ။ ကျုပ်လက်ဆေးခြေဆေးနေတုန်း မီးဖိုဘက်မှာ ချိုတူးအော်သံကြားတယ်ဗျ၊ ဒီကောင်ဘာဖြစ်သလဲဆိုပြီး ကျုပ်လည်းအမြန်ပြေးလာတာပေါ့ဗျာ၊ ချိုတူးက မီးဖိုချောင်မြေပြင်ပေါ်မှာ ဖင်ထိုင်လျက်သားလဲလို့ဗျ။

“ချိုတူး၊ ဘာဖြစ်တာလဲကွ”

“သရဲ၊ သရဲ”

“မဟုတ်တာကွ၊ ဘာတွေ့လို့လည်း”

“သရဲကြီးဗျ၊ ကျုပ်လည်း ကြက်ဥတွေကိုဖောက်ပြီး မွှေနေတုန်း အနောက်မှာ လူတစ်ယောက်လာရပ်တယ်လို့ခံစားလိုက်ရတယ်၊ ဒါနဲ့ ကိုအလတ်ကောင်ထင်လို့ လှည့်မကြည့်ဘဲ စကားတောင်ပြောနေသေးတာဗျ၊ ပြောနေတုန်း ကျုပ်ခါးကိုလက်တစ်ဖက်က လာဖက်တယ်၊ ကျုပ်သေချာငုံ့ကြည့်လိုက်တော့ မိန်းကလေးလက်ဗျာ၊၊ ဒါနဲ့လှည့််ကြည့်လိုက်တော့ အဝတ်အစားမပါတဲ့ မိန်းမတစ်ယောက်ဖြစ်နေတယ်၊ ကျုပ်လည်း သူ့ကိုတွန်းလိုက်ရင်း လဲကျသွားတာပဲဗျာ၊ သူက ပြေးတာမြန်လိုက်တာဗျ”

ချိုတူးပြောတာ နားထောင်ပြီး ကျုပ်တောင်နည်းနည်းကျောချမ်းချင်သလိုဖြစ်သွားတယ်၊ ဒါနဲ့ ဘေးဘီကိုကြည့်ပြီးတော့

“မင်းစိတ်ထင်တာဖြစ်မှာပါ ချိုတူးရာ”

“ဟာ၊ မဟုတ်ဘူးကိုအလတ်ကောင်၊ ကျုပ်သတိကောင်းပါသေးတယ်ဗျ”

“အေးအေး၊ ထားလိုက်စမ်းပါကွာ၊ ဒီတစ်ခါ အဲဒီမိန်းမ လာပါစေအုံး၊ အဝတ်အစားမပါဘူးဆိုတော့ ငါ့အကြိုက်ပဲ၊ ငါသာမင်းနေရာမှာဆိုရင် သရဲမကိုဖက်ပြီး မွှေးမွှေးပေးလိုက်မှာကွ၊ ဟား၊ ဟား”

ကျုပ်က ချိုတူးကြောက်မှာစိုးလို့ တမင်ရယ်ကျဲကျဲနဲ့ပြောလိုက်တာဗျ၊ ချိုတူးလည်း နည်းနည်းကြောက်စိတ်ပြေသွားပုံရတယ်။

“ကိုအလတ်ကောင် မွှေးမွှေးပေးရင် ကျုပ်လည်း မွှေးမွှေးပေးမှာ”

“ပေးပေး၊ လာရဲလာကြည့်စမ်းသရဲမ၊ လူပျိုလက်ဘယ်လောက်မြန်တယ်ဆိုတာ သိသွားအောင်ပြထည့်လိုက်မယ်”

ထင်းမီးကလည်း ကောင်းတယ်ဆိုတော့ ထမင်းတစ်အိုး၊ ကြက်ဥကြော်က ခဏလေးပါပဲဗျာ၊ ချက်ပြုတ်ပြီးတော့ ထမင်းအိုးဟင်းအိုးတွေနဲ့ ပန်းကန်တွေယူပြီးတော့ ကျုပ်တို့တည်းတဲ့အခန်းကို ပြန်လာကြတာပေါ့ဗျာ၊ အဲဒီရောက်တော့ ဦးဘသာတို့ဖို့ ထမင်းတွေခူးခပ်ပေးပြီး ကျုပ်တို့လည်း စားကြတာပေါ့၊ ဆာနေလို့လားတော့မသိဘူး၊ ထမင်းက စားကောင်းချက်ဗျာ၊ ကြက်သွန်နီပါးပါးလှီးထည့်ထားတဲ့ ကြက်ဥသုံးလုံးကြော်ရယ်၊ ပြီးတော့ ချိုတူးလက်ရာ ငရုတ်သီးခြောက်ကို၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဥနဲ့ ဆားလေးနည်းနည်းထည့်ပြီး ထောင်းထားတဲ့ ငရုတ်သီးဆားထောင်းလေးကလည်း ကောင်းသဗျာ၊ ကျုပ်တို့ ဆာဆာနဲ့ ခေါင်းမဖော်တမ်းစားနေတုန်း မီးဖိုချောင်ထဲမှာ ဟိုလှန်၊ ဒီလှန်လုပ်သံကြားရတယ်ဗျ။

ချိုတူးက ကျုပ်ပေါင်ကိုအသာတို့တယ်၊ သူပြောချင်တာကတော့ သရဲမလှန်တယ်လို့ပြောချင်ပုံပဲ၊ ကျုပ်လည်း သူ့ကိုခေါင်းပြန်ညိတ်ပြလိုက်တယ်၊ နောက်တော့ မီးဖိုချောင်ဘက်ကနေ ကျုပ်တို့အခန်းဆီကို လမ်းလျှောက်လာတဲ့အသံ တဖုတ်ဖုတ်ကြားရသဗျ၊ လမ်းလျှောက်တာတောင်မှ ဒေါသတကြီးနဲ့ ခြေဆောင့်လျှောက်တဲ့အသံမျိုး၊ ကျုပ်တို့လည်း လန့်ပြီးကြည့်နေတုန်း အခန်းတံခါးဝမှာ ဦးလူလှက ဘွားခနဲပေါ်လာပါရော။

“ငါ့၊ ငါ့ကြက်ဥတွေ မင်းတို့စားလိုက်တာလားကွ”

ဒေါသတကြီးနဲ့ အော်ဟစ်ပြီးကိုမေးတာဗျ၊ ကျုပ်တို့လည်းခေါင်းညိတ်တာပေါ့၊ ဦးဘသာက ဦးလူလှကို

“ဟင်းမရှိလို့ စားလိုက်မိတာပါ လူလှရာ၊ မင်းမကြိုက်မှန်းသိရင် ငါတို့မစားပါဘူး”

“ခင်ဗျားတို့က ဘာတွေလဲဗျာ၊ သူများအိမ်လည်း လာအိပ်သေးတယ်၊ သူများစားစရာကိုလည်း ခိုးစားသေးတယ်”

ကျုပ်စိတ်ထဲ ထောင်းခနဲဖြစ်သွားတာနဲ့

“ဟေ့လူကြီး၊ ခင်ဗျားဘာပြောတာလဲဗျ၊ ကျုပ်တို့ခိုးစားတာမဟုတ်ဘူး ခင်ဗျားသမီးကိုယ်တိုင် ချက်ပြုတ်စားဆိုပြီးပြောသွားတာ၊ ပြီးတော့ ခင်ဗျားတို့ကလည်း စားပြီးပြီလို့ပြောတာကိုးဗျ၊ ဒီကြက်ဥလေးသုံးလုံးနဲ့ ခင်ဗျားဘာဖြစ်သွားလို့လဲ၊ ကျုပ်တို့မနက်ကျတော့ သုံးလုံးမဟုတ်ဘူး ခြောက်လုံးပြန်ဝယ်ပြီးပေးမယ် ဟုတ်ပြီလား”

ကျုပ်ထပြောပေမယ့်လည်း ဦးလူလှက တော်တော်စိတ်တိုနေတဲ့ပုံပဲ၊

“မနက်ရောက်တော့ ငါကအဲဒီဥတွေကိုဘာလုပ်ရမှာလဲ၊ ငါအခုလိုချင်တာကွ၊ အခုလိုချင်တာ”

ဦးလူလှ ရှူးရှူးရှဲရှဲဖြစ်နေတုန်း ဦးဘသာက သူ့လွယ်အိတ်ထဲကိုလက်နှိုက်လိုက်ပြီးတော့ ကြက်ဥသုံးလုံးကိုဆွဲထုတ်လိုက်တယ်ဗျ၊

“ရော့ရော့ လူလှရေ၊ ငါလည်းမေ့လို့ဟေ့၊ တို့ကို လူဝက လမ်းမှာစားဖို့ဆိုပြီး ကြက်ဥသုံးလုံးပေးလိုက်သားကွ”

ဦးလူလှက ကျုပ်တို့ကိုကျော်ခွပြီးတော့ ဦးဘသာလက်ထဲက ကြက်ဥသုံးလုံးကိုလှမ်းယူပြီး သေချာကြည့်နေသေးတယ်။

“ကြက်ဥက အစိမ်းလား”

“အစိမ်းပေါ့ကွ”

ဒီတော့မှ ဘာမှမပြောဘဲနဲ့ အခန်းထဲကနေ ခြေလှမ်းကျဲကြီးနဲ့ထွက်သွားပါရောဗျာ၊ ကျုပ်တို့လည်း ဦးလူလှကိုကြည့်ရင်း

“တကယ်ပဲ ဘယ်လိုလူလဲမသိဘူး”

“ဟုတ်ပါ့ဗျာ၊ ရုပ်နဲ့မလိုက်အောင် တော်တော်ပုပ်စပ်တဲ့လူကြီးပဲ”

ဦးဘသာက ကျုပ်နဲ့ချိုတူးကိုဟန့်တယ်။

“ဟေ့ကောင်တွေ၊ သူများအိမ်တည်းပြီး သူများကိုမကောင်းမပြောရဘူးကွ၊ ဘာပဲပြောပြော ငါတို့က သူ့ဧည့်သည်မဟုတ်လား”

“ဒါနဲ့ ဦးဘသာ၊ ခုနက ကြက်ဥက ဦးလူဝက တကယ်ပေးလိုက်တာလား”

“မင်းကွာ၊ ကြက်ဥအစိမ်းကို ဘယ်သူကပေးလိုက်မှာလဲကွ၊ လူလှမခံမရပ်နိုင်ဖြစ်နေလို့ စိတ်ပြေပါစေတော့ဆိုပြီး ငါကပညာနဲ့ဖန်တီးပြီးပေးလိုက်တာ၊ တကယ်တော့အဲဒီကြက်ဥက ငါ့လွယ်အိတ်ထဲက စက္ကူသုံးစကွ”

ကျုပ်လည်းခုမှသဘောပေါက်တော့တယ်၊ အင်းလေ၊ ဒီလိုလုပ်လိုက်တာလည်း ခပ်ကောင်းကောင်းပဲမဟုတ်လား၊ မဟုတ်ရင် ဦးလူလှရုပ်က ကျုပ်တို့ဗိုက်ထဲကိုရောက်သွားတဲ့ ကြက်ဥတောင် ပြန်နှိုက်ယူမယ့် သဘောရှိတယ်ဗျ။

(၃)

စားသောက်ပြီးတော့ အိပ်ကြတာပေါ့ဗျာ၊ ခရီးပန်းလာတာဆိုတော့ အိပ်လို့လည်းတယ်ကောင်းဗျာ၊ ခြင်ထောင်က နှစ်လုံးထဲရယ်ဗျ၊ ဒီတော့ ဦးဘသာနဲ့ ငညိုနဲ့ကိုအတူအိပ်ခိုင်းရတယ်၊ ကျုပ်တို့လူပျိုနှစ်ယောက်ကတော့ ခြင်ထောင်တစ်လုံးပေါ့ဗျာ၊ တစ်နေ့လုံး ပင်ပန်းခဲ့တာဆိုတော့ ခေါင်းချလိုက်ပြီး မကြာဘူး အိပ်ပျော်သွားတော့တာပါပဲ။

အိပ်နေရင်း မျက်လုံးထဲ အရောင်စူးစူးရှရှတွေမြင်တော့ ကျုပ်လည်း မျက်လုံးဖွင့်ကြည့်လိုက်တာပေါ့ဗျာ။ ကျုပ်မျက်လုံးကိုကျုပ် အံ့သြသွားတယ်၊ ကျုပ်ရောက်နေတာ တောအုပ်တစ်ခုထဲရောက်နေတာဗျ၊ မိုးကလည်း စင်စင်လင်းပြီဗျာ၊ တောအုပ်ဆိုပေမယ့် သစ်ပင်ကခပ်ကျဲကျဲပါ၊ အောက်ကမြေပြင်မှာလည်း တောပန်းကလေးတွေက အရောင်အသွေးစုံ၊ ပုံစံစုံဖူးပွင့်နေကြသေးတယ်ဗျာ၊ သစ်ပင်ပေါ်မှာလည်း ငှက်ကလေးတွေက တကျီကျီနဲ့ သာယာနာပျော်ဖွယ်ကောင်းအောင် အော်နေပါရောဗျာ၊ အဲဒီသစ်ပင်တွေရဲ့အလယ်လောက်မှာ နွယ်ကြိုးကြီးတစ်ခုက ဒန်းကြီးလို ကွေးကွေးကြီးကျနေတယ်၊ နွယ်ကြိုးမှာလည်း အဖြူရောင်၊ ခရမ်းရောင် ပန်းကလေးတွေပွင့်နေတာ လှချက်ဗျာ။

အဲ၊ နွယ်ကြိုးပေါ်မှာတော့ မိန်းကလေးတစ်ယောက်က နွယ်ကြိုးကို ဒန်းလိုထိုင်စီးနေတယ်၊ ကျုပ်ဖြင့်ကောင်မလေးကို မျက်လုံးကျွတ်ကျမတတ်အောင်ကို ကြည့်တာပဲဗျာ၊ ကောင်မလေးက အဝတ်အစားမပါဘူးဗျ၊ အသားအရေက ရှမ်းမ၊ တရုတ်မတွေလို ဖွေးပြီးဝင်းနေတာပဲဗျာ၊ ဆံပင်ရှည်ကြီးဆိုတာလည်း နက်မှောင်လို့၊ မိန်းမအင်္ဂါတွေဆိုတာလည်း တော်တော်ကောင်းကောင်းဗျ၊ ကျုပ်ဆို သူ့ဆီကနေ အကြည့်တောင်မခွာနိုင်ဘူးဗျို့။

“လာလေ၊ မောင်ကြီးရဲ့”

မိန်းကလေးက ကျုပ်ကိုလက်ယပ်ပြီးခေါ်တယ်၊ ကျုပ်လည်း သေချာသွားအောင် ကိုယ့်ကိုယ်ကိုယ်လက်ညှိုးထိုးပြလိုက်တော့ မိန်းကလေးက ခေါင်းကိုအသာညိတ်ပြပြီးတော့ ရယ်ကျဲကျဲနဲ့ဗျာ၊ ကျုပ်လည်း မဆိုင်းမတွဘဲ သူ့ဆီပြေးသွားလိုက်တာပေါ့။ မိန်းကလေးက ကျုပ်ရှေ့မှာမတ်တပ်ရပ်လိုက်ပြီး ကျုပ်လက်မောင်းတွေ၊ ရင်အုပ်တွေကို သူ့လက်နုနုကလေးနဲ့ပွတ်တယ်ဗျ၊ ကျုပ်စိတ်တွေ ဘယ်လိုဖြစ်သွားတယ်မသိပါဘူးဗျာ၊ သွေးခုန်နှုန်းတွေမြန်လာပြီးတော့ လူတစ်ကိုယ်လုံးလည်း ဖိန်းတိန်းရှိန်းတိန်းနဲ့ရယ်ဗျ၊ ဒါနဲ့ ဒီမိန်းကလေးရဲ့ကိုယ်လုံးကို အားရပါးရ ဖက်လိုက်တာပေါ့ဗျာ၊ ပြီးတော့ သူ့လည်တိုင်ကလေးကို အသာဖွဖွကလေးနမ်းမိတယ်၊ လည်တိုင်ကလေးက မွေးနေတာပဲဗျာ၊ မိန်းကလေးကလည်း တခစ်ခစ်နဲ့ရယ်တယ်ဗျ။

ကျုပ်လည်း လည်တိုင်တစ်လျှောက်ကိုနမ်းနေတုန်း မိန်းကလေးရဲ့ ပုခုံးပေါ်ကို နှုတ်ခမ်းတစ်ခုက လာကျတယ်ဗျ၊ နှုတ်ခမ်းမဲမဲကြိးကို စူပြီးနမ်းနေတာများ ဘဲနှုတ်သီးကြီးကျနေတာပဲဗျာ၊ ကျုပ်လည်း အဲဒီလူကိုကြည့်လိုက်တော့ ချိုတူးဖြစ်နေတယ်ဗျ။

“ဟေ့ကောင်ချိုတူး၊ မင်းဘာလုပ်တာလဲ”

“ဟာဗျာ၊ ကိုအလတ်ကောင်က ဒါမျိုးကျတော့ လျိုသဗျ၊ ကျုပ်လည်း နမ်းမှာပေါ့”

“ဟေ့ကောင်ချိုတူး၊ ဒါငါ့ဟာကွ၊ သွားစမ်း၊ မင်းသွားတော့”

“ဟာဗျာ၊ ညနေကပြောတော့ အတူတူနမ်းမယ်ဆို”

ကျုပ်နဲ့ချိုတူးလည်း ပြောဆိုရင်း ဒေါသတွေထွက်လာပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ရန်စောင်ကြပါရော၊ ဒီတော့ မိန်းကလေးက ကျုပ်တို့နှစ်ယောက်ကို ကျောသပ်ပြီးတော့ ချော့တယ်၊ သူချော့လိုက်တာနဲ့ ကျုပ်တို့နှစ်ယောက်လည်း တွေေ၀ မိန်းမောသွားကြပါရောဗျာ။ ဒါနဲ့ ဒီမိန်းကလေးကို နှစ်ယောက်သား ပွတ်သပ်နေတာပေါ့။

“ဟေ့ကောင်တွေ၊ ကောင်မလေးကို လွှတ်လိုက်”

အသံကြားတဲ့နေရာကိုကြည့်လိုက်တော့ ဦးလူလှကြီးဗျ၊ သူက တောအုပ်ရဲ့တစ်ဖက်နားကနေကျုပ်တို့ဆီကိုပြေးလာတယ်။

“မင်းတို့ ငါ့မိန်းမကိုမထိနဲ့၊ ငါ့မိန်းမကိုလွှွတ်လိုက်”

ကျုပ်တို့နှစ်ယောက်လည်း ကြောင်အမ်းအမ်းနဲ့ဖြစ်သွားတာပေါ့ဗျာ၊ အဲဒီမိန်းကလေးကို ဆက်ပဲဖက်ရမလို၊ လွှတ်ပဲလွှတ်ချရမလိုဖြစ်နေတာပေါ့၊ ဒီအချိန်မှာ အဲဒီမိန်းကလေးက ရယ်တယ်ဗျ။

“ဟား၊ ဟား ကျွန်မအခုရှင့်ကိုမလိုအပ်တော့ဘူးအဘိုးကြီးရဲ့၊ ကျွန်မ သူတို့ကိုပဲ လိုချင်တော့တယ်၊ ရှင်က ဘာမှသုံးစားမရတဲ့ သက်ကြားအိုကြီးတစ်ယောက်ဖြစ်နေပြီ၊ သူတို့ကတော့ ပျိုပျိုနုနု လူပျိုလေးတွေပဲ”

“ဟဲ့ သူယောင်မ၊ နင့်ကိုငါ တစ်နှစ်တိတိနေ့တိုင်း ကျွေးလာမွေးလာခဲ့တာကိုမှ နင်ကမထောက်၊ ငါ့ကိုဖောက်ပြန်ဝံ့သလား”

“တစ်နှစ်တိတိ ကျွေးခဲ့တယ်ဆိုပေမယ့် ညက ကျွန်မကိုကျွေးတာကတော့ ဘာမှအရသာမရှိတဲ့ ဝါးဖတ်ကြီးပဲ”

ဦးလူလှကြီး အံ့သြသွားတော့သည်။

“ဘာပဲပြောပြော ကျွန်မရှင့်ကိုစွန့်လွှတ်လိုက်ပြီအဘိုးကြီး၊ ရှင်သွားလို့ရပြီ”

အဲဒီမိန်းကလေးက ပြောဆိုရင်း ဦးလူလှကြီးဆီကို သစ်ရွက်တွေပစ်လွှတ်လိုက်တယ်ဗျ၊ သစ်ရွက်တွေက သေးသေးချွန်ချွန်ကလေးတွေပါပဲဗျာ၊ ဦးလူလှကြီးဆီကို သစ်ရွက်တွေက တရွှီးရွှီးအော်ပြီးသွားနေတုန်း ဗြျုန်းဆို ဦးဘသာကြီးပေါ်လာပြီးတော့ သစ်ရွက်တွေကိုလက်ညှိုးနဲ့ထိုးလိုက်တာ သစ်ရွက်တွေအကုန် မီးလောင်သွားပါရောလား။

ဒီမိန်းကလေးက ဦးဘသာကိုတွေ့တော့ လန့်သွားတယ်ဗျ၊ ဒါနဲ့ သူ့ပါးစပ်ကြီးကိုဟလိုက်တော့ အထဲကနေ မြွေလျှာလိုလို လျှာနှစ်ခွကြီးထွက်လာတယ်ဗျာ၊ ပြီးတော့ ကျုပ်နဲ့ ချိုတူးတို့ကို အဲဒီလျှာကြီးနဲ့ နဖူးကိုပွတ်ပါရော၊ လျှာရဲ့အထိအတွေ့ကလည်း တစ်မျိုးကြီးဗျ၊ ကျုပ်လည်းစိတ်ထဲတစ်မျိုးကြီးဖြစ်သွားတာ။

“ကဲ၊ ကောင်လေးတွေ၊ ဟိုအဘိုးကြီးနှစ်ယောက်ကို မောင်းထုတ်လိုက်ကြစမ်း”

ကျုပ်တို့ကိုပြောတော့ ကျုပ်တို့လည်းခေါင်းညိတ်လိုက်တယ်၊ သူပြောတဲ့စကားကို နားထောင်ရတာက တစ်မျိုးပဲဗျ၊ အမိန့်အာဏာသံလို ခက်ထန်ကြမ်းတမ်းတာမဟုတ်ပေမယ့် နားဝင်လွယ်တယ်ပြောရမှာပဲ၊ ကျုပ်နဲ့ချိုတူးလည်း အဲဒီမိန်းကလေးအနားက ထပြီး မတ်တပ်ရပ်လိုက်တယ်၊ အဲဒီမိန်းကလေးက ဦးဘသာကိုလက်ညှိုးထိုးလိုက်တာနဲ့ ကျုပ်တို့နှစ်ကောင်လည်း ဦးဘသာဆီပြေးဝင်သွားပြီးတော့ ဦးဘသာကိုလက်သီးနဲ့ပိတ်ထိုးကြတာပေါ့ဗျာ၊

ကျုပ်လည်း ဦးဘသာမျက်နှာကိုချိန်ပြီး လက်သီးနဲ့အားကုန်ထိုးထည့်လိုက်တာပဲ၊ ဒါပေမယ့် ဦးဘသာကိုမထိဘူးဗျ၊ ဦးဘသာက ကျုပ်တို့အရှေ့မှာပဲ ဖြုတ်ခနဲပျောက်သွားတာ၊ နောက်တော့ ကျုပ်ဇက်ပိုးကို လက်ဝါးနဲ့တစ်ချက် ဖြောင်းခနဲအုပ်တာခံလိုက်ရတယ်၊ ကျုပ်မျက်လုံးထဲလည်း နီနီအရောင်တွေ၊ ပြာပြာအရောင်တွေ မြင်လိုက်ရတာပဲ။

“အား၊ နာ၊ နာတယ်ဗျ”

ဦးဘသာက ကျုပ်နဲ့ ချိုတူးနဲ့ကို ဇက်ပိုးကိုအုပ်ထည့်လိုက်တာဗျ၊ ပြီးတော့

“ဟေ့ကောင်တွေ၊ တဏှာရူးတွေ၊ မင်းတို့ကောင်မကို မင်းတို့ကြည့်လိုက်ကြစမ်း”

ဒီတော့မှ ကျုပ်နဲ့ချိုတူးလည်း အနောက်ကိုလှည့်ကြည့်လိုက်တာပေါ့ဗျာ၊

အလိုလေးဗျာ၊ ခုနက ချောမောလှပတဲ့မိန်းကလေးက အခုတော့ သစ်မြစ်ကြီးလို စိမ်းစိမ်းဖြူဖြူကြီးဖြစ်နေပါလား၊ တစ်ကိုယ်လုံးမှာလည်း အထစ်အထစ်၊ အပိန့်အပိန့်တွေနဲ့ဗျ၊ မျက်နှာကြီးဆိုရင်လည်း ကြောက်စရာသရဲမျက်နှာကြီးဗျာ၊ မျက်လုံးတွေတင် ခြောက်လုံးလောက်ပါတယ်၊ ခေါင်းမှာလည်း ဆံပင်မရှိဘဲနဲ့ သစ်ရွက်ဖားဖားကြီးတွေဗျ။

“အောင်မယ်လေး၊ သရဲ၊ သရဲ”

ဦးဘသာက ကျုပ်တို့ကိုခါးထောက်ကြည့်ရင်း

“ခုမှဘာသရဲလဲကွ၊ ခုနကတော့ မင်းတို့ပဲ သူ့ကိုချစ်လှပါချည်ရဲ့၊ ကြိုက်လှပါချည်ရဲ့ဆိုပြီး ပွတ်သပ်ရင်း မွှေးမွှေးပေးနေတာလေကွာ”

“ဦး၊ ဦးဘသာ အဲဒါဘာကြီးလဲဗျာ”

“အဲဒါ ဂမုန်းသူယောင်ပဲကွ”

“ဗျာ၊ ဂမုန်းသူယောင်တဲ့လား”

“ဟုတ်တယ်၊ မင်းသူယောင်မယ်ဆိုတာကို ကြားဖူးမှာပေါ့”

“ကြားဖူးတာပေါ့ဗျာ၊ ဇော်ဂျီတွေ ရမ္မက်ထန်လာတဲ့အခါကျတော့ သူယောင်သီးတွေကို ဆေးကြိမ်လုံးနဲ့တို့လိုက်ရင် မိန်းကလေးတွေဖြစ်သွားတယ်ဆိုတာမဟုတ်လား”

“အေးဟုတ်တယ်၊ တကယ်တော့ သူယောင်ဆိုတဲ့စကားက ကျယ်ပြန့်တယ်ကွ၊ လူပုံစံအယောင်ဆောင်လို့ရသမျှကို သူယောင်လို့ခေါ်တယ်၊ အခုလည်း ဂမုန်းပင်တစ်ပင်က လူယောင်ဖန်ဆင်းနိုင်လို့ ဂမုန်းသူယောင်လို့ခေါ်တာကွ”

“ဒါဆို ဒီမိန်းမက သစ်ပင်ကြီးပေါ့”

“ဒီဂမုန်းက မိန်းမပုံစံ ပြောင်းလဲနိုင်တယ်၊ ပြီးတော့ ကာမစပ်ယှက်နိုင်တယ်ကွ၊ ကာမစပ်ယှက်တဲ့အခါ ကာယကံမြောက်တော့ စပ်ယှက်မရဘူးပေ့ါ၊ အခုလို အိပ်မက်ထဲမှာ၊ စိတ်ကူးထဲမှာ လွင့်မြောရင်းစပ်ယှက်တာပေါ့ကွာ၊ ဒါပေမယ့် ဒီဂမုန်းနဲ့စပ်ယှက်ပြီးတဲ့သူဟာ တန်းတန်းစွဲသွားသတဲ့ကွ၊ ငါ့အထင် ကာမအထိအတွေ့ကို စွဲလမ်းသွားတာဖြစ်မယ်၊ ဒါကြောင့် တခြားအရာတွေကို သတိမရတော့ဘဲ၊ စားလည်း၊ ဒီစိတ်၊ သွားလည်း ဒီစိတ်နဲ့ဖြစ်ပြီးတော့ အလုပ်အကိုင်တွေပျက်လာတတ်တာပေါ့ကွာ”

“ဟီး၊ ဟီး”

ဂမုန်းသူယောင်က ရယ်တယ်ဗျ။ ပြီးတော့ ကျုပ်တို့ကိုသူ့ရဲ့သစ်ချောင်းလက်တွေနဲ့ လက်ညှိုးထိုးရင်း

“ဘာပဲဖြစ်ဖြစ်၊ နင်တို့ကိုငါဖမ်းစားမယ်၊ နင်တို့ကိုဖမ်းစားမယ်”

ဦးဘသာက မျက်နှာမဲ့လိုက်ပြီး

“စိတ်ကူးမယဉ်နဲ့ သူယောင်မရဲ့”

အဲဒီလိုပြောပြီးတာနဲ့ ဦးဘသာက ပါးစပ်ထဲကနေ လေတွေမှုတ်ထုတ်တယ်ဗျ၊ လေတွေမှုတ်ထုတ်ရင်း အဝါရောင်အခိုးအငွေ့တွေပါထွက်လာတာဗျာ၊ ပတ်ဝန်းကျင်တစ်ခုလုံးကို အဲဒီအဝါရောင်အခိုးအငွေ့တွေက လွှမ်းသွားသဗျ၊ ဦးဘသာက ဒီတော့မှ ကျုပ်ပုခုံးကိုပုတ်ရင်း

“အလတ်ကောင် ထတော့”

အဲဒီလိုပြောလိုက်တာနဲ့ ကျုပ်လည်းဝုန်းခနဲကောက်ထထိုင်လိုက်တာပဲဗျာ၊ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ခြင်ထောင်ထဲမှာဗျ၊ ကျုပ်ထပြီးမကြာဘူး ဘေးနားမှာအိပ်နေတဲ့ ချိုတူးကလည်း မျက်လုံးတွေပြူးကြောင်ပြီးတော့ ငူငူကြီးထလာတယ်၊ ကျုပ်နဲ့ချိုတူး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိတယ်ဗျ။

“ကျုပ်၊ ကျုပ်တို့”

“ကျုပ်တို့အိပ်မက်တစ်ခုထဲ အတူမက်နေကြတာလား”

ဒီအချိန် ဦးဘသာက သူ့ခြင်ထောင်ထဲက ထလာပြီးတော့

“အမှန်ပေါ့ကွာ၊ မင်းတို့ကို ဂမုန်းသူယောင်က အိပ်မွေ့ချပြီးတော့ အိပ်မက်ထဲမှာ ပျော်ပါးဖို့ကြံစည်နေတာကွ၊ မင်းတို့သေသေချာချာ အနံ့ခံကြည့်ကြစမ်းဟေ”

ကျုပ်နဲ့ချိုတူးလည်း အခန်းထဲမှာ နှာခေါင်းတရှုံ့ရှုံ့နဲ့ အနံ့ခံကြည့်လိုက်တော့ ရေမွေးနံ့လိုလို၊ ပန်းနံ့လိုလို ရနံ့သင်းသင်းကလေးတစ်ခုရတယ်ဗျာ၊ ဒါနဲ့ ဦးဘသာက ထထွက်သွားပြီး အခန်းတံခါးကိုဖွင့်လိုက်ပါရော၊ ကျုပ်တို့နှစ်ယောက်လည်း ဦးဘသာအနောက်ကို လိုက်ခဲ့တာပေါ့။ ဦးဘသာက မီးဖိုချောင်နံဘေးနားက တဲကလေးဆီကိုသွားတယ်ဗျ၊ တဲက ထရံနဲ့အလုံပိတ်ကာထားတဲ့တဲဗျ၊ တဲတံခါးကိုတော့ အထဲကနေချက်ချပြီးပိတ်ထားတယ်၊ ဦးဘသာက တံခါးကိုလက်ညှိုးထိုးလိုက်တာနဲ့ တံခါးက လူတစ်ယောက်ဖွင့်လိုက်သလိုမျိုး သူ့အလိုလိုပွင့်သွားပါရော။

“ဟာ၊ ဦးလူလှကြီး”

ဟုတ်တယ်ဗျ၊ တဲထဲမှာ ဦးလူလှတစ်ယောက် ငူငူကြီးထိုင်နေတယ်၊ သူ့အရှေ့မှာလည်း ပန်းအိုးကြီးတစ်လုံးဗျ၊ ပန်းအိုးထဲမှာတော့ တစ်တောင်လောက်ရှိမယ့် သစ်ပင်တစ်ပင်ရှိတယ်၊ သေချာကြည့်တော့မှ ဂမုန်းပင်ဗျ၊ အရွက်တွေကလည်းဝေလို့ဗျာ၊ တစ်ပင်လုံးလည်း စိမ်းနေတာပဲ၊ ဥအနားမှာတော့ ဖြူဖြူအထစ်လေးတွေပါတယ်ဗျ။

“ကဲ လူလှ၊ ခင်ဗျားအခုတော့ အမှန်မြင်ပြီမဟုတ်လား”

ဦးဘသာမေးတော့ ဦးလူလှက ခေါင်းညိတ်တယ်ဗျ။

“ဒါဆို ခုနက ဂမုန်းသူယောင်ဆိုတာ ဒီအပင်ပေါ့”

ကျုပ်မေးလိုက်တော့ ဦးဘသာက ခေါင်းညိတ်ပြီး

“အစစ်ပေါ့ကွာ၊ ဟိုမှာကြည့်စမ်း တဲခေါင်မိုးပေါ်မှာ အပေါက်ကြီးတွေ့တယ်မဟုတ်လား၊ ဂမုန်းသူယောင်ဆိုတာ လရောင်ထိမှလန်းတယ်ကွ၊ သူ့ကိုရေလောင်းရတယ်၊ အစာကျွေးတဲ့အခါကျရင်လည်း ကြက်ဥအစိမ်းတွေဖောက်ကျွေးရတယ်ကွ၊ ဒီအနံ့ကတော့ သူ့အရွက်တွေက မွှေးနေတာပေါ့ကွာ၊ အဲဒီအနံ့နဲ့ လူတွေကိုအိပ်မွှေ့ချပြီး အိပ်မက်ထဲမှာ ကာမစပ်ယှက်တာပဲဟေ့၊ မင်းတို့ကောင်တွေ အခုမအိပ်ချင်ဘူးဆိုတာက ငါခုနက မှုတ်ထားတဲ့ အခိုးအငွေ့တွေကို ရှူထားမိလို့ပေါ့”

“ကျုပ်နားလည်ပြီဦးဘသာ၊ ဦးလူလှက တစ်နှစ်တိတိအစာကျွေးခဲ့ပေမယ့်၊ ဒီညကျတော့ သူဂမုန်းသူယောင်ကိုကျွေးမယ့် ကြက်ဥတွေကို ကျုပ်တို့ကစားလိုက်တယ်မဟုတ်လား၊ နောက်တော့ ဦးဘသာက ပညာနဲ့ စက္ကူစတွေကို ကြက်ဥဖြစ်အောင်လုပ်ပေးလိုက်တာကိုး၊ ဦးလူလှက မသိပေမယ့် ဂမုန်းပင်ကတော့ သိတာပေါ့၊ ဒါကြောင့် ဝါးဖတ်ကြီးလို့ပြောတာကိုး”

ကျုပ်လည်း ဦးလူလှကိုကြည့်လိုက်ပြီး

“ဒီလောက် အန္တရာယ်များတဲ့ ဂမုန်းကို ခင်ဗျားဘာဖြစ်လို့ စိုက်ထားတာလဲ ဦးလူလှ”

ဦးလူလှက ကြေကွဲနေသလိုပဲဗျ။

“ဒီလိုပါကွာ၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ငါဆိုင်းအဖွဲ့နဲ့သွားရင်း လုပ်ဖော်ကိုင်ဖက် ဆိုင်းဆရာတစ်ယောက်က ဒီဂမုန်းပင်လက်ဆောင်ပေးတယ်၊ သူယောင်ဂမုန်းတဲ့၊ အိမ်မှာစိုက်ထားရင် လူချစ်လူခင်ပေါတယ်၊ စီးပွားတက်တယ်၊ အထူးသဖြင့် တို့လိုအနုပညာနဲ့ အသက်မွေးတဲ့သူတွေ စိုက်သင့်တယ်ဆိုပြီးတော့ ပေးလိုက်တယ်၊ ညဘက်လရောင်ခံပေးဖို့၊ နေ့ဘက် နေအလင်းရောင်မထိဖို့နဲ့ တစ်နေ့ကိုကြက်ဥသုံးလုံးဖောက်ကျွေးဖို့မှာလိုက်တာပေါ့၊ ငါလည်း အိမ်ရောက်တော့ ဒီလိုစမ်းလုပ်ကြည့်ရင်း သူ့ကိုချစ်ကြိုက်သွားမိတယ်ဆိုပါတော့ကွာ”

“ဟာဗျာ၊ လူမဟုတ်တာကိုများ ချစ်မိရတယ်လို့ဗျာ”

ဦးဘသာက ကျုပ်လက်ကိုဆွဲရင်း

“မင်းမသိဘဲ အပြစ်တင်မစောနဲ့အလတ်ကောင်၊ ဦးလူလှနေရာမှာ မင်းဆိုရင်လည်း ဒီလိုပဲလုပ်မိမှာပဲ၊ ဂမုန်းသူယောင်နဲ့ တစ်ခါ ကာမဂုဏ်ခံစားလိုက်ရင် အပြင်ကရိုးရိုးလူနဲ့ အကြိမ်တစ်ရာလောက် ကာမဂုဏ်ခံစားရသလိုမျိုး ကျေနပ်ပီတိဖြစ်တယ်ဆိုပဲကွ၊ ငါကတော့ လူလှကိုအပြစ်မတင်ပါဘူးကွာ”

ဦးဘသာက ဦးလူလှပုခုံးကိုပုတ်ရင်း

“လူလှရေ၊ အဲဒါ မင်းရဲ့စီးပွားပြိုင်ဖက်က မင်းကိုစည်းစိမ်ပျက်အောင်လုပ်တာကွ၊ မင်း ဂမုန်းသူယောင်နဲ့တဏှာကြောမှ ငြိတွယ်ပြီးတော့ အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး စီးပွားထိခိုက်အောင်လုပ်တာ၊ ဒီထက်ပိုကြာရင် ကျန်းမာရေးပါထိခိုက်ပြီး မင်းလုံးပါးပါးပြီးသေမှာဟေ့၊ ကံကောင်းတာက မင်းရဲ့သမီးကလေးရှိနေလို့”

“ဟာ၊ ဦးဘသာကလည်း ရွှေမိနဲ့ဘာဆိုင်လို့လဲဗျ”

“ဆိုင်တာပေါ့ ဟကောင်ရ၊ အိမ်မှာအချိန်ပြည့်လူရှိနေတော့ ညအချိန်လောက်ပဲ ဂမုန်းသူယောင်နဲ့ ပျော်မြူးနိုင်တာပေါ့ကွာ၊ ငါကြားဖူးတာကတော့ တောထဲမှာ မုဆိုးတွေ ဂမုန်းသူယောင်နဲ့တွေ့ရင် နေ့နေ့ညညပျော်မွေ့ပြီးတော့ နှစ်ခြိုက်နေလို့ နောက်ဆုံးအစားအသောက်ပျက်၊ အာဟာရပြတ်ပြီး သေသွားကြတယ်တဲ့”

“ကြောက်စရာကောင်းလိုက်တာဗျာ၊ ဒီလူ တော်တော်ယုတ်မာတဲ့လူပဲ”

ကျုပ်ပြောလိုက်တော့ ဦးလူလှလည်း ဒေါသထွက်သွားပုံပဲဗျ။

“တောက်၊ ဒီကောင်ဒါဆို ငါ့ကိုတမင်သက်သက်လုပ်တာ၊ ငါ့ကိုတမင်ခြောက်တွန်းတာပဲ”

“ထားလိုက်ပါတော့ လူလှရာ၊ အသိပညာဗဟုသုတဆိုတာက သမုဒ္ဒရာရေလိုပဲ ကျယ်ပြန့်တယ်ကွ၊ မင်းမသိလို့လုပ်မိတာပဲ၊ တစ်ဖက်သားကိုရန်သွားမူနေရင် မင်းပဲထိခိုက်မှာပေါ့ကွာ”

“ကျုပ်နားလည်ပါပြီး အကိုဘသာရာ၊ ဒီအပင်က မကောင်းမှန်းကျုပ်သိပါပြီ၊ ဒီမကောင်းတဲ့အပင်ကို ကျုပ်ကိုယ်တိုင် စွန့်လွတ်ပါတော့မယ်”

“အေးကွာ၊ ကောင်းတာပေါ့၊ မကောင်းတာကို မကောင်းမှန်းသိတယ်ဆိုတာ ကောင်းဖို့အတွက်လမ်းစပဲတဲ့ကွ၊ အဲဒီမကောင်းတာကို ဆက်မလုပ်ဖြစ်တော့အောင် ကျင့်ကြံနိုင်တယ်ဆိုတာ အောင်မြင်ချင်းတစ်မျိုးပေါ့ လူလှရာ”

“ဒါဆို ဒီဂမုန်းကို ဘယ်လိုလုပ်ကြမလဲ ဦးဘသာ”

“သူကြောက်တာဘာလဲကွ”

ကျုပ်လည်း စဥ်းစားရင်း

“ခုနက ပြောတာတော့ နေမထိရဘူးဆိုလားပဲ”

“အေးပေါ့ကွ၊ ဒီတော့ မနက်နေထွက်တဲ့အခါ နေရောင်အောက်မှာ ခံပေးလိုက်ပေါ့ကွာ၊ လွယ်လွယ်ကလေးပဲ”

ဒါပေမယ့် ဦးလူလှကတော့ ဒီဂမုန်းပင်ကို လှည့်ကြည့် လှည့်ကြည့်နဲ့ဗျ၊ သူ့ကြည့်ရတာ သံယောဇဉ်ပြတ်ပုံမရဘူး၊ အင်းလေ၊ ကာမဂုဏ်ဆိုတာ သောက်လေ သောက်လေ ငတ်မပြေတဲ့ ပင်လယ်ရေဆိုသလိုပေါ့၊ ဘာပဲပြောပြော တစ်နှစ်တောင်နေထိုင်ခဲ့တယ်ဆိုတော့ လွယ်လွယ်နဲ့တော့ ဘယ်မေ့နိုင်ပါ့မလဲဗျာ။

ကျုပ်တို့ဖြင့် တစ်ညလုံးအိပ်လို့မပျော်တော့ဘူးဗျာ၊ ဦးလူလှနဲ့ထိုင်ရင်း စကားစမြည်ပြောနေကြတာ၊ အခုကျတော့မှ ဦးလူလှသရုပ်မှန်ပေါ်လာတယ်ဗျာ၊ ဦးလူလှဖော်ရွှေတာကို ဦးလူ၀ ဘယ်လိုက်မီပါ့မလဲဗျ၊ ပြီးတော့ ဆိုင်းဆရာဆိုတော့ စကားပြောကလည်း သိပ်ကောင်းတာဗျ။ ကျုပ်တို့နဲ့ စကားတွေပြောနေကြရင်း မိုးကိုလင်းသွားရောဗျို့။

မနက်ခင်းနေရောင်ခြည်က ခြံအနောက်ဘက်ကို တိုက်ရိုက်ကျတယ်ဗျ၊ ကျုပ်တို့လည်း တဲကလေးဆီကိုသွားပြီးတော့ တဲတံခါးကိုဖွင့်ထားလိုက်တယ်၊ တဲခေါင်မိုးက အပေါက်ကြီးက အထဲကနေ ပိတ်လို့ဖွင့်လို့ရအောင်လုပ်ထားတာဆိုတော့ အဲဒီအပေါက်ကိုလည်းဖွင့်ပေးလိုက်တာပေါ့ဗျာ၊ မကြာပါဘူး နေရောင်ခြည်တွေက တဲတံခါးပေါက်ကနေ ဝင်လာပါတော့တယ်၊ အဲဒီနေရာင်ခြည်တွေ ဂမုန်းပင်အပေါ်ကိုကျတာနဲ့ ဂမုန်းပင်က ဝေဆာစိမ်းလန်းနေတဲ့အရွက်တွေက တဖြည်းဖြည်းညှိုးလျှော်နွမ်းလျပြီး ကွေးညွှတ်ကျသွားတာပဲဗျာ၊

ဂမုန်းပင်ရဲ့ ပင်စည်က တရှဲရှဲနဲ့အသံတွေမြည်ပြီးတော့ သူ့အလိုလိုအချပ်လိုက် အချပ်လိုက်ကွာကျနေတာဗျ၊ အတွင်းသားတွေကိုနေထိတော့ ဂမုန်းပင်က တဆတ်ဆတ်တုန်ခါရင်းနဲ့ မိန်းကလေးအော်သံလို အသံသဲ့သဲ့နဲ့အော်ပါလေရောဗျာ၊ အပင်က ယိမ်းထိုးနေပြီး နောက်ဆုံးတော့ ညှိုးကျသွားတော့တယ်၊ ကျုပ်လည်း ပိုပြီးသေချာအောင်လို့ ပန်းအိုးကိုမယူခဲ့ပြီးတော့ အိမ်ရှေ့က အရိပ်လွတ်တဲ့နေရမှာ ချထားလိုက်တာပေါ့ဗျာ၊

ရွှေမိတစ်ယောက် တဝါးဝါးသမ်းရင်း နိုးလာတယ်ဗျ၊ မြေပြင်အလွတ်မှာချထားတဲ့ ပန်းအိုးကို ကျုပ်တို့ဝိုင်းကြည့်နေတာမြင်တော့ သူလည်းအံ့သြသွားပုံရတယ်။

“အဖေ၊ ဦးကြီးတို့ ဘာတွေကြည့်နေကြတာလဲ”

လှေကားပေါ်ကနေအောက်ဆင်းလာရင်း

“ဟင်၊ အပင်ကလေးတစ်ပင်ပါလား၊ ရေမလောင်းလို့ထင်တယ် ညှိုးနေတာပဲနော်”

“ရေမလောင်းနဲ့တော့သမီးရေ၊ ဒီအပင်လေးကို ဒီနေရာမှာပဲ ထားလိုက်တော့”

ဦးလူလှက အိမ်ပေါ်တက်သွားတယ်ဗျ၊ ကျုပ်တို့လည်း လုပ်စရာရှိတာလုပ်ကြတာပေါ့ဗျာ၊ နေ့လည်နေမွန်းတည့်ချိန်ရောက်လို့ ကျုပ်က သတိရပြီး ဂမုန်းပင်ကိုပြေးကြည့်တော့ ဂမုန်းပင်က သစ်မြစ်ခြောက်တစ်ခုလို ခြောက်ကပ်နေတာပဲဗျာ၊ ကျုပ်လက်နဲ့ထိလိုက်တော့ ပြာမှုန်တွေလို တဖွားဖွားနဲ့ ကြွေကျသွားပါရောလား။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီးဦးဘသာႏွင့္ ဂမုန္းသူေယာင္ “(စ/ဆုံး)
—————————————————————-
အတြဲ(၄) စာစဥ္(၁၅)

(၁)

နိဗၺာန္႐ြာ ဆိုတာ႐ြာႀကီးတစ္႐ြာဗ်၊ အိမ္ေျခတင္ တစ္ေထာင္နီးနီးေလာက္ရွိမယ္ထင္တယ္၊ က်ဳပ္တို႔ေရာက္သြားေတာ့ ညေနအေတာ္ေစာင္းေပါ့ဗ်ာ၊ ႐ြာအဝင္အထြက္မွာ တံခါးေပါက္တစ္ခုရွိၿပီးေတာ့ အဲဒီမွာ ကာလသားေတြက ေစာင့္ၾကပ္ေနေလရဲ႕၊ က်ဳပ္ထင္တာကေတာ့ အခုတေလာ ဓါးျပတိုက္တာ ခပ္စိပ္စိပ္ျဖစ္ေနလို႔ ရပ္႐ြာလုံၿခဳံေရးဖြဲ႕ထားပုံရတယ္ဗ်၊ ႐ြာေဘးနားပတ္ပတ္လည္ကိုေတာ့ ဝါးျခမ္းေတြ၊ ဝါးခြၽန္ေတြနဲ႔ ကာထားတယ္။ က်ဳပ္တို႔႐ြာလမ္းမႀကီးအတိုင္းလာခဲ့ေတာ့ လမ္းမွာလူသူမရွိေတာ့ဘူးဗ်၊ ႐ြာတံခါးေရာက္ေတာ့ ႐ြာသားတစ္ေယာက္က က်ဳပ္တို႔ကိုစစ္ေမးပါေရာ၊

“ဘယ္သူေတြလဲ၊ ဘယ္ကလာတာလဲ”

“ဇီးကုန္း႐ြာကေန ႏြားဝယ္ဖို႔လာတာပါ”

ဒီလူေတြက က်ဳပ္တို႔ကိုေျခဆုံးေခါင္းဆုံးၾကည့္ၿပီးေတာ့

“ခင္ဗ်ားတို႔လာတာ အခ်ိန္မေတာ္ႀကီးေနာ္၊ ကဲ ထားပါေတာ့ ခင္ဗ်ားတို႔နာမည္ေတြဘယ္လိုေခၚသလဲ”

က်ဳပ္ေျဖဖို႔လုပ္ေနတဲ့အခ်ိန္ ဦးဘသာက အေရွ႕နားကိုတိုးလာၿပီးေတာ့

“က်ဳပ္နာမည္က သာစံပါ၊ ေဟာဒါကေတာ့ ခင္ေမာင္လို႔ေခၚပါတယ္၊ က်ဳပ္တူက်ဳပ္သားပါပဲ၊ ဒီကေတာ့ ခ်ိဳတူး၊ ေဟာဟိုေကာင္ေလးကေတာ့ ငညိဳပါ”

ဒီေတာ့မွ ဒီလူေတြက ေခါင္းညိတ္ၿပီးေတာ့

“ဝင္ေတာ့၊ ခင္ဗ်ားတို႔ကံေကာင္းသြားတယ္မွတ္၊ ေနဝင္သြားရင္ ခင္ဗ်ားတို႔ကို ဝင္ခြင့္မေပးေတာ့ဘူး”

ဒီလူေတြက ဓါးေတြလွံေတြကိုင္ထားတယ္ဗ်၊ က်ဳပ္လည္း သိခ်င္လာတာနဲ႔ စပ္စုၾကည့္ပါေရာ။

“ေနပါအုံးဗ်၊ ခင္ဗ်ားတို႔က ဘာျဖစ္လို႔႐ြာကိုေစာင့္္ၾကပ္ေနၾကတာလဲ”

ဒီေတာ့ ေခါင္းေဆာင္လိုလူက က်ဳပ္ကိုဘုၾကည့္ၾကည့္ၿပီး

“ငါတို႔ဘာလုပ္လုပ္ မင္းအပူမပါဘူး၊ သြားစရာရွိတာသြား၊ ေလရွည္မေနနဲ႔”

က်ဳပ္လည္း နည္းနည္းေတာ့ခံျပင္းသြားတာေပါ့ဗ်ာ၊ ဦးဘသာက အဲဒီလူအနားကပ္ၿပီး

“ဒါနဲ႔ေမာင္ရင္၊ ဦးလူလွတို႔အိမ္က ဘယ္နားေလးလဲကြ”

“ေရွ႕တည့္တည့္ဆက္သြား၊ လမ္းေလးခြဆုံေရာက္ရင္ ေျမာက္ဘက္ကိုေကြ႕လိုက္၊ အဲဒီနားမွာ ေမးလိုက္ရင္ ဦးလူလွဆို လူတိုင္းသိပါတယ္”

“ေအးကြယ္၊ ေက်းဇူးပါ”

ဦးဘသာက ႐ြာထဲဝင္ခဲ့ေတာ့တယ္၊ က်ဳပ္တို႔လည္း ဦးဘသာအေနာက္ကိုလိုက္ခဲ့တာေပါ့ဗ်ာ၊ က်ဳပ္ကေတာ့ မေက်မခ်မ္းနဲ႔ေပါ့။

“လူေတြက ဆက္ဆံေရးညံ့ဖ်င္းလိုက္တာဗ်ာ၊ ဘယ္လိုလူေတြလဲမသိဘူး”

“သူ႔အရပ္နဲ႔ သူ႔ဇာတ္ေပါ့ကြာ”

“ဒါနဲ႔ ဦးဘသာ၊ အရင္တုန္းကေရာ နိဗၺာန္႐ြာက ဒီလိုမ်ိဳးပဲလားဗ်”

ဦးဘသာက ေခါင္းခါျပရင္း

“အရင္ကေတာ့ ဒီလိုမဟုတ္ပါဘူးကြ၊ ႐ြာႀကီးက စည္စည္ကားကား သိုက္သိုက္ဝန္းဝန္းနဲ႔ပါ၊ အခုေတာ့ ဘယ္လိုျဖစ္တယ္မသိဘူး”

ပိုၿပီးထူးျခားတာကေတာ့ အိမ္ေျခေထာင္ေက်ာ္ရွိတဲ့႐ြာႀကီးမွာ လူသူအရိပ္အေျခကိုမေတြ႕ရတာပါပဲဗ်ာ၊ ႐ြာလမ္းမႀကီးဆိုရင္လည္း ရွင္းလို႔ဗ်၊ လူမေျပာနဲ႔ ေခြးေလေခြးလြင့္တစ္ေကာင္ေတာင္မရွိဘူးဗ်ိဳ႕၊ ေဘးကိုၾကည့္လိုက္ေတာ့လည္း ၿခံစည္း႐ိုးေတြကာရံထားတဲ့ အိမ္ေတြက တိတ္ဆိတ္လို႔ဗ်၊ တစ္ခ်ိဳ႕အိမ္ေတြကေတာ့ မီးခြက္အလင္းေရာင္ေလးေတြ ျမင္ေနရသားပဲ၊ က်ဳပ္တို႔လည္း ႐ြာလယ္အတိုင္းေလွ်ာက္လာရင္း ႐ြာလယ္မွာ ႐ြာသားတစ္သိုက္နဲ႔ေတြ႕ၾကပါေရာဗ်ာ၊ ဒီ႐ြာသားေတြလည္း ဓါးေတြလွံေတြနဲ႔ကို ေစာင့္ေနတာဗ်။ ဦးဘသာက အနားကိုကပ္သြားၿပီးေတာ့

“လူေလးတို႔၊ ဒီ႐ြာမွာ ဦးလူလွအိမ္က ဘယ္အိမ္မ်ားလဲ”

ဒီလူေတြက က်ဳပ္တို႔ကိုစိမ္းစိမ္းႀကီးစိုက္ၾကည့္တယ္ဗ်။

“ခင္ဗ်ားတို႔ကို မျမင္ဖူးပါလား၊ ခင္ဗ်ားတို႔ ဘယ္ကလာတာလဲ”

“ဇီးကုန္း႐ြာကေန လာခဲ့ၾကတာပါ”

ဒီေတာ့ အျခားလူတစ္ေယာက္က

“ဦးလူလွဆီလာတာဆိုေတာ့ ဆိုင္းလာငွားတဲ့ပုံပဲ”

သူတို႔အခ်င္းခ်င္းေျပာရင္း ေခါင္းညိတ္လိုက္ၿပီး

“ေျမာက္ဘက္ကိုေကြ႕သြားလိုက္ဗ်ာ၊ အဲဒီမွာ ဦးလူလွအိမ္ရွိတယ္၊ ခင္ဗ်ားတို႔ျမင္ရင္ေတြ႕လိမ့္မယ္၊ မွားစရာမရွိပါဘူး”

က်ဳပ္တို႔လည္းသူတို႔ၫႊန္တဲ့အတိုင္းဆက္လာရင္း မၾကာပါဘူးဗ်ာ၊ အိမ္ႀကီးတစ္အိမ္ေရွ႕ကိုေရာက္သြားပါေရာ၊ ၿခံစည္း႐ိုးနားမွာ ဆိုင္းဘုတ္တစ္ခုေထာင္ထားတယ္ဗ်၊ သြပ္ျပားေပၚမွာ သေဘၤာေဆးနဲ႔စာလုံးေတြလွလွေရးထားတယ္၊ ခ်ိဳတူးက ဆိုင္းဘုတ္ကိုေသေသခ်ာခ်ာၾကည့္လိုက္ၿပီးေတာ့

“ေဆးဆရာႀကီး ဦးလူးလွ ဆိုပါလား”

က်ဳပ္လည္း ခ်ိဳတူးေခါင္းကို ေဒါက္ခနဲေခါက္လိုက္ၿပီး

“မင့္ေမလႊား ေဆးဆရာလားကြ၊ ဆလိမ္ကို လုံးႀကီးတင္ တစ္ေခ်ာင္းငင္ေလကြာ၊ ၿပီးေတာ့ ငသတ္၊ ဝစၥေပါက္နဲ႔ဆိုေတာ့ ေဆးျဖစ္မလား၊ ဆိုင္းေပါ့ကြ”

ခ်ိဳတူးက ေခါင္းကုပ္ၿပီးေတာ့ၿပဳံးၿဖီးၿဖီးနဲ႔

“မသိဘူးေလကိုအလတ္ေကာင္ရာ၊ က်ဳပ္က အတန္းပညာမွသင္ခဲ့ရတာမဟုတ္တာ၊ စာေတာင္မွ တစ္လုံးခ်င္းေပါင္းဖတ္ရတာဗ်”

က်ဳပ္လည္း ခ်ိဳတူးကိုေဒါသထြက္ေနရင္း သနားမိသြားတယ္၊ တစ္သက္လုံး သဒိုးလုပ္လာခဲ့ရေတာ့ စာေတြဘာေတြ ေသခ်ာတတ္ပုံမရဘူးဗ်၊ ဒါနဲ႔ က်ဳပ္က ၿခံတံခါးမွာေရးထားတဲ့ ဆိုင္းဘုတ္ကေလးတစ္ခုကို ထိုးျပလိုက္တယ္။

“ေရာ့၊ အဲဒါေရာ ေသခ်ာဖတ္”

ခ်ိဳတူးလည္း ေသေသခ်ာခ်ာစာလုံးေပါင္းၾကည့္ၿပီးေတာ့ အသံအက်ယ္ႀကီးနဲ႔

“ေဆး၊ အဲ . . . မဟုတ္ပါဘူး၊ ဆိုင္းမလိုးပါ”

ဒီေကာင္ဖတ္ေတာ့ က်ဳပ္တို႔ေတြလည္းရယ္လိုက္ၾကတာေပါ့ဗ်ာ။ က်ဳပ္လည္း ခ်ိဳတူးဇက္ပိုးကိုအုပ္ရင္း

“ခ်ိဳတူးကြာ မင္းကေတာ့ ဘယ့္ႏွယ့္ဆိုင္းမလိုးပါလဲကြ၊ ဆိုင္းမလိုက္ပါလို႔ေရးထားတာကြ”

“အိုဗ်ာ၊ သိမွမသိဘဲ”

ဦးဘသာက ရယ္ေမာရင္း

“အလတ္ေကာင္ေရ၊ ၿခံထဲလည္းလူမေတြ႕ အိမ္ႀကီးကလည္း ေမွာင္က်လို႔ပါလားကြ၊ ေခၚၾကည့္ပါအုံးကြာ”

က်ဳပ္လည္း ပါးစပ္နားမွာ လက္ဝါးႏွစ္ဖက္ကပ္လိုက္ရင္း

“ဗ်ိဳး၊ ဆိုင္းဆရာႀကီး၊ ဦးလူလွ”

က်ဳပ္ခပ္က်ယ္က်ယ္ေအာ္လိုက္ေတာ့ ႏွစ္ထပ္အိမ္ႀကီးရဲ႕ အေပၚထပ္က သစ္သားတံခါးတစ္ခ်ပ္က ပြင့္သြားတယ္ဗ်၊ အထဲကေန မိန္းကေလးတစ္ေယာက္က က်ဳပ္တို႔ကိုလွမ္းၾကည့္တယ္။

“ရွင္တို႔စာမဖတ္တတ္ဘူးလား၊ ဆိုင္းမလိုက္ပါဘူးလို႔ ေရးထားတယ္ေလ”

မိန္းကေလးအသံက ခပ္စြာစြာပဲဗ်။

“ဖတ္တတ္ပါ့ဗ်ာ၊ က်ဳပ္တို႔က ဆိုင္းငွားဖို႔လာတာမဟုတ္ဘူးဗ်၊ ဒီအိမ္မွာတည္းခိုဖို႔လာတာ”

“ေအာင္မယ္၊ တည္းခိုခ်င္ရေအာင္ ကြၽန္မတို႔အိမ္က သာလာယံဇရပ္မဟုတ္ဘူးရွင့္၊ သြားၾကစမ္းပါ၊ တျခားအိမ္သြားတည္းၾကပါ”

ဒီေတာ့ ဦးဘသာက အေရွ႕ကိုထြက္လာၿပီး

“မဟုတ္ပါဘူးကေလးမရာ၊ ဦးေလးတို႔ကို တစ္မ်ိဳးမထင္ပါနဲ႔၊ ဦးေလးတို႔ကို က်တ္ကြင္း႐ြာက ဦးလူဝက ဒီမွာတည္းဆိုၿပီး ေျပာလိုက္လို႔ပါ”

ဒီေတာ့ မိန္းကေလးက က်ဳပ္ကိုမ်က္ေစာင္းထိုးၿပီးေတာ့

“တကယ္ပဲ ရႈပ္ရႈပ္ယွက္ယွက္ေတြ၊ ဘာေတြလဲမသိဘူး”

အဲဒီလိုေရ႐ြတ္ရင္း ျပတင္းေပါက္တံခါးကိုဝုန္းခနဲဆြဲပိတ္လိုက္တယ္ဗ်၊ ၿပီးေတာ့ အိမ္တံခါးႀကီးပြင့္သြားၿပီးေတာ့ ေလွကားကေနဆင္းလာတယ္၊ က်ဳပ္တို႔ဖက္မွာ ႏွစ္ထပ္အိမ္ဆိုရင္ အိမ္ထဲကေန ေလွကားမဖြဲ႕ဘဲနဲ႔ အခုလိုမ်ိဳး အိမ္အျပင္ကေန ေလွကားတက္ထားေလ့ရွိတယ္ဗ်၊ ဒီမိန္းကေလးက က်ဳပ္တို႔ဆီကိုေလွ်ာက္လာၿပီး ၿခံတံခါးမွာခတ္ထားတဲ့ သံႀကိဳးကိုဖြင့္ေပးတယ္၊ က်ဳပ္ကိုလည္းမ်က္ေစာင္းတစ္ခ်က္ထိုးလို႔ဗ်ာ၊ က်ဳပ္လည္း ဒီမိန္းကေလးလာရင္ ရန္ေတြ႕ပစ္လိုက္အုံးမယ္ဆိုၿပီး ခဲထားသမွ် သူ႔မ်က္ေစာင္းေအာက္မွာ အရည္ေပ်ာ္က်သြားတာပဲဗ်ာ၊ မိန္းကေလးက သိပ္ေခ်ာတာဗ်။

“လာလာ၊ အိမ္ထဲဝင္ၾက၊ အခ်ိန္မေတာ္အခ်ိန္ေတာ္ႀကီး”

အားလုံးက ဝင္သြားေပမယ့္ က်ဳပ္ကေတာ့ ဒီမိန္းကေလးရဲ႕အလွမွာ နစ္ေျမာေနရင္း ေငါင္ေငါင္ႀကီးရပ္ေနမိတယ္ဗ်ာ၊ မိန္းကေလးက ကိုယ္လုံးကိုယ္ေပါက္ေတာင့္ေတာင့္၊ အရပ္က မနိမ့္မျမင့္ကေလးဗ်၊ မ်က္ဝန္းကေလးေတြကလည္းနက္လို႔၊ ပါးမွာလည္း ပါးခ်ိဳင့္ႏွစ္ဖက္လုံးပါေသးတယ္ဗ်ာ၊ ခင္ဗ်ားတို႔ျမင္သာေအာင္ေျပာရရင္ ခုေခတ္ ႐ုပ္ရွင္မင္းသမီး ေအးျမတ္သူလို႐ုပ္မ်ိဳးေပါ့။ က်ဳပ္ေငါင္ၿပီးတစ္ေယာက္တည္းက်န္ေနေတာ့ ဒီမိန္းကေလးက က်ဳပ္ကိုမ်က္ေစာင္းလွမ္းထိုးတယ္။

“ကဲ၊ ရွင္က ေနခဲ့ခ်င္လို႔လား၊ ေနခဲ့ခ်င္တယ္ဆိုရင္လည္း ေနခဲ့ေတာ့၊ ကြၽန္မေတာ့ တံခါးပိတ္ၿပီ”

ဒီေတာ့မွ က်ဳပ္လည္း အသိစိတ္ကပ္ၿပီးေတာ့

“ေန၊ ေနပါအုံး၊ က်ဳပ္လည္းဝင္ပါရေစ”

က်ဳပ္လည္းၿခံထဲကိုေျပးအဝင္ ၿခံတံခါးေအာက္ဘက္ေဘာင္နားကိုေသခ်ာမၾကည့္မိေတာ့ ေျခေထာက္နဲ႔တိုက္ၿပီး ေမွာက္လွ်က္လဲသြားတာေပါ့ဗ်ာ၊ လဲတာမွ လက္လြတ္ခြက္ကြၽတ္ကိုလဲတာ၊ ဒါနဲ႔ အားကိုးစရာအျဖစ္ မီရာမီေၾကာင္းလွမ္းဆြဲလိုက္ေတာ့ အေရွ႕မွာရပ္ေနတဲ့ ခ်ိဳတူးရဲ႕ပုဆိုးကို ဆြဲမိပါေရာဗ်ာ၊ လဲက်တဲ့အရွိန္နဲ႔ဆိုေတာ့ ခ်ိဳတူးရဲ႕ပုဆိုးက ကြင္းလုံးကြၽတ္ၿပီး က်ဳပ္လက္ထဲပါလာတာေပါ့၊ ခ်ိဳတူးလည္းလွည့္ၾကည့္ေတာ့ ဟိုမိန္းကေလးက က်ဳပ္တို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး ခြက္ထိုးခြက္လန္ရယ္လို႔ဗ်၊ ခ်ိဳတူးလည္း ရွက္ရွက္နဲ႔အိမ္ေအာက္ကိုဝင္ေျပးတာပဲဗ်ာ။ က်ဳပ္ကေတာ့ နာတဲ့ၾကားက ကုန္းထရင္း ဒီမိန္းကေလးရယ္တာကိုၾကည့္ေနမိတယ္၊ က်ဳပ္ၾကည့္မွန္းသိေတာ့ ဒီေကာင္မေလးက မရယ္ေတာ့ဘူးဗ်၊ ဒါေပမယ့္ မ်က္ႏွာက ၿပဳံးလို႔ေပါ့၊ ပါးခ်ိဳင့္ေလးႏွစ္ဖက္ ခြက္ေနေအာင္ၿပဳံးတာေလးကိုၾကည့္ရတာ အေမာကိုေျပသြားတာပဲဗ်ာ။

“တကယ္ပဲ၊ ဘယ္လိုလူေတြလည္းမသိဘူး”

မိန္းကေလးက ေရ႐ြတ္ၿပီးေတာ့ ၿခံတံခါးကိုသံႀကိဳးျပန္ခတ္ေနပါေရာဗ်ာ၊ က်ဳပ္လည္း ေလွကားကလွမ္းတက္ေတာ့ ခ်ိဳတူးက ေလွကားအကြယ္ကေနလွမ္းေအာ္တယ္။

“ကိုအလတ္ေကာင္၊ က်ဳပ္ပုဆိုးေပးေလဗ်ာ”

က်ဳပ္လည္း ဒီေတာ့မွ လက္ထဲကပုဆိုးကိုသတိထားမိတာဗ်၊ ဒါနဲ႔ ခ်ိဳတူးဆီကိုပုဆိုးပစ္ေပးရင္း အိမ္ေပၚကိုတက္ခဲ့တာေပါ့ဗ်ာ။

(၂)

အိမ္ေပၚမွာ ပက္လက္ကုလားထိုင္နဲ႔လူႀကီးတစ္ဦးထိုင္ေနတယ္ဗ်၊ ေရနံဆီမီးခြက္ေတြ ထိန္ေနေအာင္ထြန္းထားေသးရဲ႕ဗ်ာ၊ အဲဒီလူႀကီးရဲ႕အေရွ႕ၾကမ္းျပင္မွာပဲ ဦးဘသာက ေခြေခြကေလးဝင္ထိုင္တာနဲ႔ က်ဳပ္တို႔လည္းထိုင္လိုက္တာေပါ့ဗ်ာ၊ ဒီလူႀကီးက ဦးလူဝရဲ႕ညီ ဦးလူလွျဖစ္မယ္ဗ်၊ အသက္ကေတာ့ ငါးဆယ္ဝန္းက်င္ေလာက္ပဲရွိမယ္ထင္တယ္၊ လူလွဆိုတဲ့အတိုင္း မ်က္လုံးမ်က္ဖန္ေကာင္းေကာင္း၊ မ်က္ခုံးေကာင္းေကာင္းနဲ႔ ခန႔္ခန႔္ႀကီးဗ်။

“က်ဳပ္တို႔က ေပေတာ၊ ဇီးကုန္းဘက္ကေနလာခဲ့တာပါ၊ ႏြားၾကည့္ရေအာင္လာခဲ့ရင္း က်တ္ကြင္းေရာက္ေတာ့ လူဝနဲ႔ေတြ႕လို႔ လူဝက နိဗၺာန္႐ြာေရာက္ရင္ သူ႔ညီဆီမွာတည္းခိုလို႔ရတယ္လို႔ေျပာလို႔လာခဲ့ၾကတာပါ”

ဦးဘသာက ႐ို႐ိုေသေသေျပာတယ္ဗ်၊ ဒီလူႀကီးကေတာ့ ေခါင္းတစ္ခ်က္ညိတ္ရင္း

“အင္းပါ၊ လူဝလြတ္လိုက္တာဆိုေတာ့လည္း လက္ခံရမွာေပါ့”

ဒီလူႀကီးက စကားကိုခပ္ျပတ္ျပတ္ပဲေျပာတာဗ်၊ ၿပီးေတာ့ ဘာမွလည္းဆက္မေျပာေတာ့ဘူး၊ က်ဳပ္ကေတာ့ မ်က္လုံးကိုေဝ့ၿပီးတစ္ခ်က္ၾကည့္လိုက္တယ္၊ အိမ္ေပၚမွာ တူရိယာပစၥည္းေတြစုံလို႔ဗ်၊ အိမ္ေထာင့္မွာေတာ့ လူတစ္ရပ္ေလာက္နီးပါးျမင့္တဲ့ ရွမ္းအိုးစည္ႀကီးေထာင္ထားပါေရာ၊ အိမ္နံရံေတြမွာေတာ့ ဝါးလက္ခုပ္တို႔၊ လင္းကြင္းတို႔ကိုခ်ိတ္ထားတယ္၊ ဗုံေတြ၊ ေမာင္းေတြပုံထားတာလည္း အမ်ားႀကီးပါပဲ၊ ၾကည့္လိုက္တာနဲ႔ ဆိုင္းဆရာအိမ္မွန္း တန္းသိပါတယ္။

ဒါေပမယ့္ ဦးလူဝက သေဘာမေနာေကာင္းၿပီး ေဖာ္ေ႐ြသေလာက္ ဦးလူလွႀကီးကေတာ့ ခပ္တည္တည္ႀကီးဗ်၊ က်ဳပ္တို႔ကိုလည္း ခပ္စိမ္းစိမ္းပဲ၊ ေနာက္ေတာ့ စားပြဲေပၚတင္ထားတဲ့ စာအုပ္တစ္အုပ္ကိုယူၿပီးေတာ့ ေရနံဆီမီးအလင္းေရာင္နဲ႔ဖတ္ေနေလရဲ႕ဗ်ာ၊ က်ဳပ္တို႔ဧည့္သည္ေတြကို ဖုတ္ေလတဲ့ငါးပိ ရွိတယ္လို႔ကိုမထင္တာဗ်။ ေနာက္ေတာ့ ေအာက္ထပ္ကေန ခုနက မိန္းကေလးတက္လာတယ္၊ လက္ထဲမွာလည္း ေရေႏြးအိုးနဲ႔ ထန္းလ်က္ထည့္ထားတဲ့ ဗန္းကိုင္လာတယ္ဗ်၊ ၿပီးေတာ့ က်ဳပ္တို႔အနားလာခ်ေပးရင္း

“ဦးႀကီးတို႔ ေမာၾကေရာေပါ့၊ ေရာ့ ေရေႏြးေသာက္၊ ထန္းလ်က္ကေလးစားပါအုံး”

“ေက်းဇူးပါ ကေလးမရယ္”

ဦးဘသာက ေရေႏြးငွဲ႔တယ္ဗ်၊

“ဒါနဲ႔ ဦးႀကီးတို႔က ႐ြာကိုဘာလာလုပ္ၾကတာလဲ”

“ႏြားေခ်ာ၊ ႏြားေကာင္းရွာဝယ္ဖို႔လာခဲ့ၾကတာပါ”

ဦးလူလွႀကီး မေဖာ္ေ႐ြသေလာက္ ဒီမိန္းကေလးကေတာ့ ေဖာ္ေ႐ြသားဗ်။

“ဒါနဲ႔ ဘႀကီးနဲ႔အသိေတြလား”

“သိတာေပါ့၊ ငါနိဗၺာန္႐ြာမွာ ေနတုန္းကဆိုရင္ နင္တို႔အဘိုး ဦးဘိုးလူအိမ္က စားအိမ္ေသာက္အိမ္ပဲေလ၊ နင့္ဘႀကီးလူဝက ငါနဲ႔႐ြယ္တူေပါ့၊ အဲဒီတုန္းကေတာ့ နင့္အေဖ လူလွကခပ္ငယ္ငယ္ပဲ၊ ဆယ္ႏွစ္ေလာက္ပဲရွိအုံးမွာ”

“ေၾသာ္၊ ဒါဆို အဘိုးကိုမီတာေပါ့၊ ဒါနဲ႔အေဖ့ကိုေရာ မမွတ္မိဘူးလား ဦးႀကီးရဲ႕”

“ငယ္ငယ္တုန္းက ေတြ႕ဖူးတာဆိုေတာ့ ငယ္႐ုပ္မနည္းျပန္ဖမ္းရတယ္၊ အသက္ႀကီးလာေတာ့လည္း သိပ္မမွတ္မိေတာ့ပါဘူး ကေလးမရယ္”

မိန္းကေလးက သူ႔အေဖဘက္လွည့္ၿပီးေတာ့

“အေဖေရာ ဒီကဦးႀကီးတို႔ကို မမွတ္မိဘူးလား”

စာဖတ္ေနတဲ့ ဦးလူလွက ဦးဘသာကိုလွမ္းၾကည့္ရင္း

“မသိပါဘူး”

တစ္ခြန္းတည္းေျပာၿပီး စာဆက္ဖတ္ေနတာဗ်ာ၊ အံမယ္ ေျခေထာက္ကိုေတာင္ခ်ိတ္ထားလိုက္ေသးတာ။ က်ဳပ္တို႔ျမန္မာ့ဓေလ့အရ ကိုယ့္ထက္အသက္ႀကီးတဲ့လူေတြထက္ ျမင့္တဲ့ေနရာမွာ ထိုင္တယ္ဆိုတာက ႐ိုင္းတယ္မဟုတ္လားဗ်ာ၊ ဦးဘသာက သူ႔ထက္အသက္အမ်ားႀကီးႀကီးတာကို သူကေတာ့ ထိုင္ခုံေပၚမွာ ေအးေအးလူလူထိုင္လို႔ဗ်၊ က်ဳပ္ျဖင့္ ေျပာဆိုလိုက္ခ်င္တာ ပါးစပ္ေတြကို ယားေနတာပါပဲဗ်ာ။ မိန္းကေလးကေတာ့ အားနာသြားပုံရတယ္။

“ဒါနဲ႔ ဦးႀကီးနာမည္ဘယ္လိုေခၚသလဲရွင့္”

“ဦးႀကီးနာမည္ သာဒင္ပါ၊ ဒါေပမယ့္ လူအမ်ားကေတာ့ ဦးဘသာလို႔ေခၚတယ္”

ဦးဘသာနာမည္ကိုၾကားၿပီးေတာ့ မိန္းကေလးက လန႔္သြားတယ္ဗ်၊ ဒါနဲ႔က်ဳပ္အလွည့္ေရာက္ပါေရာ။

“က်ဳပ္နာမည္ကေတာ့ ခင္ေမာင္ပါ၊ ေဟာဒါက ခ်ိဳတူး၊ ဒီကေလးကေတာ့ ငညိဳလို႔ေခၚပါတယ္”

မိန္းကေလးက ေခါင္းပဲညိတ္ျပတယ္ဗ်၊ ဦးလူလွက စာအုပ္ကိုစားပြဲေပၚ ဝုန္းခနဲပစ္ခ်ၿပီးေတာ့ အိမ္ခန္းထဲကို ဝင္သြားေတာ့တာပါပဲ၊ မိန္းကေလးလည္း မတ္တပ္ရပ္ၿပီး

“ကြၽန္မ ဦးႀကီးတို႔ အိပ္ဖို႔အတြက္ျပင္ဆင္ေပးမယ္ေနာ္၊ ခါတိုင္း ဧည့္သည္ေဆာင္သည္ေတြ၊ အေဖ့တပည့္ေတြလာရင္ ေအာက္ထပ္မွာအိပ္တဲ့အခန္းရွိတယ္၊ အဲဒီအခန္းကို လွဲက်င္းေပးမယ္”

က်ဳပ္လည္း မတ္တပ္ရပ္လိုက္ၿပီး

“ခင္ဗ်ားတစ္ေယာက္ထဲဆို ပင္ပန္းေနပါအုံးမယ္၊ က်ဳပ္လည္းကူေပးမယ္ေလ”

မိန္းကေလးက ေခါင္းညိတ္ၿပီးေအာက္ဆင္းသြားတာနဲ႔ က်ဳပ္လည္း သူ႔အေနာက္ကေန လိုက္ခဲ့တာေပါ့ဗ်ာ၊ ေလွကားနားေရာက္ေတာ့မွ

“ဒါနဲ႔ အမိနာမည္ဘယ္လိုေခၚသလဲ”

“ရွင္ပဲ ခုနက ေခၚလိုက္တယ္မဟုတ္လား”

“ဘယ္လိုဗ်၊ က်ဳပ္ဘာမွ မေခၚရေသးပါဘူး”

“ရွင္ပဲ ခုနက အမိလို႔ေခၚလိုက္တယ္မဟုတ္လား”

“ဟာဗ်ာ၊ အဲဒါကေတာ့ နာမည္မသိတဲ့မိန္းကေလးေတြဆိုရင္ ဒီလိုပဲတင္စားေခၚတာ”

“အဲဒီထဲမွာ ကြၽန္မနာမည္ပါၿပီးသားပါေတာ့”

“ဟင္၊ ဒါဆို ခင္ဗ်ားနာမည္က အမိလား”

မိန္းကေလးက က်ဳပ္ကိုလွည့္ၾကည့္ရင္း

“ရွင္ေတာ္ေတာ္ဒုံးေဝးတာပဲ၊ ဘယ္သူက နာမည္ကိုအမိလို႔မွည့္မလဲ၊ ကြၽန္မနာမည္ ေ႐ႊမိ၊ မေ႐ႊမိ၊ ဟုတ္ၿပီလား”

“ေစာေစာက ေျပာေရာေပါ့ အမိရာ၊ အဲ . . . ေ႐ႊမိရာ၊ ဒါနဲ႔ ခင္ဗ်ားအသက္ကေရာ”

“ရွင့္အသက္ကိုေျပာၾကည့္ေလ”

“ႏွစ္ဆယ္ကို သုံးႏွစ္ေလာက္ပဲေက်ာ္ေသးတာဗ်”

“ဒါဆို ကြၽန္မက ရွင့္ထက္ငယ္တာေပါ့”

အိမ္ႀကီးရဲ႕ေအာက္ဘက္အေရွ႕ျခမ္းကို ဘာမွမကာထားဘူးဗ်၊ အိမ္ေအာက္မွာ သစ္သားနဲ႔ဆင့္ေတြထိုးၿပီးေတာ့ မွန္စီေ႐ႊခ်ထားတဲ့ ဆိုင္းဝိုင္းအကာေတြ၊ ဆိုင္းအသုံးအေဆာင္ေတြကို ထပ္ထားတယ္၊ အေနာက္ဘက္ျခမ္းမွာေတာ့ ထရံနဲ႔ကာထားတဲ့အခန္းႏွစ္ခုရွိတယ္ဗ်၊ အခန္းတံခါးေတြကိုေတာ့ ပိတ္ထားတယ္၊ က်ဳပ္လည္း အခန္းတံခါးတစ္ခုကိုသြားဖြင့္ဖို႔လုပ္ေတာ့ ေ႐ႊမိက က်ဳပ္ကို အလန႔္တၾကားနဲ႔လွမ္းေအာ္တယ္။

“အဲဒီအခန္းကိုမဖြင့္နဲ႔”

အသည္းအသန္ေအာ္လို႔ က်ဳပ္ျဖင့္လန႔္သြားတာပဲဗ်ာ၊

“ျဖည္းျဖည္းေအာ္ပါ အမိရာ၊ က်ဳပ္ျဖင့္လန႔္လိုက္တာ”

ေ႐ႊမိက ဘာမွမေျပာေတာ့ဘဲ ေျခရင္းခန္းတံခါးကိုဖြင့္လိုက္တယ္ဗ်၊ လူမေနတာၾကာလို႔လားမသိဘူးအခန္းထဲက ဖုန္ေတြလိမ့္ၿပီးထြက္လာတာ၊ ၿပီးေတာ့ မႈိနံ႔လိုလို ေအာက္သက္သက္အနံ႔ကလည္းဆိုးလိုက္တာဗ်ာ၊ ေ႐ႊမိက အခန္းတံခါးေတြဖြင့္ၿပီးေတာ့ တံျမက္စည္းတစ္ေခ်ာင္းနဲ႔လွဲက်င္းပါေရာ၊ က်ဳပ္လည္း ဖုန္ေတြကို ပုဆိုးစုတ္တစ္ခုနဲ႔ လိုက္ခါတာေပါ့ဗ်ာ၊ အခန္းထဲမွာ ဘာပစၥည္းမွ ႀကီးႀကီးမားမားမရွိပါဘူး၊ အခန္းက ေဟာတိုက္ႀကီးပါ၊ လွဲက်င္းၿပီးေတာ့ ေ႐ႊမိက ထန္းေခ်ာဖ်ာေတြယူလာၿပီး ခင္းလိုက္တယ္။

“ကဲ၊ ကိုယ့္အိမ္ကိုယ့္ရာလိုသာ သေဘာထားၿပီး နားၾကေပါ့ွရွင္”

“အဟုတ္ေပါ့ဗ်ာ၊ က်ဳပ္လည္း ဒီအိမ္ကို ကိုယ့္အိမ္လိုသေဘာထားခ်င္တာ”

“ဘာရွင့္”

“ဟီး၊ ဟီး စတာပါဗ်ာ၊ အမိကလည္း စိတ္ခ်ည္းပဲ”

ေ႐ႊမိက က်ဳပ္ကိုမ်က္ေစာင္းထိုးၿပီးထြက္သြားတယ္ဗ်၊ က်ဳပ္လည္း အခန္းရၿပီဆိုေတာ့ ဦးဘသာတို႔ကိုတက္ေခၚတာေပါ့ဗ်ာ၊ အခန္းထဲမွာ ေနရာခ်ထားၿပီးေတာ့ ေ႐ႊမိက ျခင္ေထာင္ေတြ၊ ေခါင္းအုံးေတြေပြ႕ၿပီးဝင္လာတယ္၊

“က်ဳပ္တို႔ ခရီးေဝးကလာရေတာ့ ညစာမစားရေသးဘူးအမိ”

“မတတ္ႏိုင္ဘူးရွင္ ကြၽန္မတို႔လည္းစားၿပီးၿပီဆိုေတာ့၊ ရွင္တို႔စားခ်င္ရင္ေတာ့ မီးဖိုထဲမွာ ဆန္ရွိတယ္၊ င႐ုတ္ၾကက္သြန္ရွိတယ္၊ ကိုယ့္ဖာသာခ်က္ျပဳတ္စားေပေတာ့”

“တတ္လည္း တတ္ႏိုင္တဲ့အမိပါလား”

က်ဳပ္စိတ္ထဲက ေရ႐ြတ္ေနတုန္း ေ႐ႊမိကထြက္သြားပါေရာဗ်ာ၊ က်ဳပ္ျဖင့္ ထူးဆန္းတာ႐ြာအဝင္ကတည္းကပဲ၊ က်ဳပ္တို႔အညာသူအညာသားေတြဆိုတာ ဧည့္သည္ကိုသိပ္တန္ဖိုးထားတာဗ်၊ ကိုယ့္္အိမ္ကို ဧည့္လာရင္ အိမ္ရွင္တာဝန္ေက်ေအာင္ မရွိရွိတာေလးနဲ႔ ဧည့္ဝတ္ျပဳခ်င္ၾကတာ သဘာဝပဲ၊ အခုကေတာ့ ေျပာင္းျပန္ဗ်ာ၊ ဧည့္ဝတ္ေက်ဖို႔ ေနေနသာသာ ထမင္းေတာင္ ကိုယ့္ဟာကိုယ္ခ်က္စားတဲ့ေလ။

“ကဲ မထူးေတာ့ဘူးဗ်ာ၊ က်ဳပ္ေတာ့ဗိုက္ဆာတယ္၊ ဦးဘသာကေတာ့ နားေနလိုက္ပါ၊ ခ်ိဳတူး မင္းကငါနဲ႔လိုက္ခဲ့၊ မင္းနဲ႔ငါ ထမင္းသြားခ်က္စားမယ္”

က်ဳပ္ေခၚေတာ့ ခ်ိဳတူးလည္းထလိုက္လာတာေပါ့ဗ်ာ၊ ၿခံေနာက္ဖက္မွာ မီးဖိုေခ်ာင္အျဖစ္ တဲကေလးတစ္လုံးေဆာက္ထားတယ္၊ အဲဒီေခတ္တုန္းက ထင္းပဲသုံးတာဆိုေတာ့ သစ္သားအိမ္ေတြဆိုရင္ ပ်က္စီးမွာစိုးလို႔ မီးဖိုကိုအိမ္ထဲမထားဘူးဗ်၊ အခုလိုမ််ိဳးအိမ္ေနာက္တစ္ေနရာမွာ မီးဖိုတဲထိုးၿပီးခ်က္ၾကတာ၊ မီးဖိုတဲကေလးေဘးနားမွာေတာ့ တဲကေလးတစ္လုံးရွိေသးတယ္ဗ်၊ ထရံနဲ႔အလုံပိတ္ၿပီး ေဆာက္ထားတာ၊ ဝင္ထြက္ဖို႔ တံခါးတစ္ေပါက္ပဲရွိတယ္။

“ကိုအလတ္ေကာင္ရာ ခုနက မိန္းမကေတာ့ စကားေျပာရတာ အခ်ိဳးမေျပပါဘူး”

“ေအးကြ၊ ဒီ႐ြာကတစ္မ်ိဳးပဲကြေနာ္၊ ငါျဖင့္ တစ္သက္မွာတစ္ခါ ဧည့္သည္က ကိုယ့္ဖာသာ ခ်က္ျပဳတ္စားရတယ္ဆိုတာ မႀကဳံဖူးပါဘူးကြာ”

က်ဳပ္လည္း အိုးေတြလိုက္လွန္ေလွာၾကည့္ရင္း

“ေဟာ၊ ဒီအိုးထဲမွာ ဆန္ကြ၊ ခ်ိဳတူးေရ မီးေမႊးၿပီးေတာ့ ဆန္ေလး သုံးဗူးေလာက္ ခ်က္လိုက္စမ္းကြာ”

ခ်ိဳတူးကလည္း က်ဳပ္ေျပာသမွ်လုပ္ပါတယ္၊ ထင္းေပါက္ေတြနဲ႔ မီးေမႊးၿပီးေတာ့ ေျမအိုးထဲ ဆန္ေတြခပ္ထည့္ၿပီးေတာ့ ထမင္းအိုးတည္တယ္ဗ်၊ က်ဳပ္က ခ်က္တတ္သလိုလို ဘာလိုလိုနဲ႔ လုပ္ျပေနရတာေပါ့ဗ်ာ၊ က်ဳပ္ခ်က္ရင္ေတာ့ သိတယ္မဟုတ္လား၊ ေခြးေတာင္မစားဘူးေလဗ်ာ၊ ဒါနဲ႔ ဟိုလွန္ ဒီလွန္နဲ႔လိုက္လွန္ေတာ့ အုပ္ေဆာင္းကေလးတစ္ခုနဲ႔အုပ္ထားတဲ့ ၾကက္ဥသုံးလုံးကို ေတြ႕ပါေရာဗ်ာ။

“သူတို႔က စားၿပီးၿပီဆိုေတာ့၊ က်န္တဲ့ၾကက္ဥသုံးလုံးကို ငါတို႔ပဲ စားလိုက္ၾကစို႔ကြာ၊ ၾကက္သြန္နီကေလးပါးပါးလွီး၊ ဆႏြင္းေလးျဖဴးၿပီးေတာ့ ေက်ာ္လိုက္စမ္းကြာ ခ်ိဳတူးရာ”

“ဟုတ္ကဲ့ ကိုအလတ္ေကာင္”

“ေအး၊ ငါေတာ့ ေျခလက္သြားေဆးအုံးမယ္ေဟ့”

က်ဳပ္လည္း အိမ္ေဘးနားက ရာဝင္အိုးႏွစ္လုံးခ်ထားတဲ့ေနရာဆီလာခဲ့တာေပါ့ဗ်ာ၊ တျခားလူေတာ့မသိဘူး က်ဳပ္ကေတာ့ ေတာ္ေတာ္ညစ္ပတ္ေနတာဗ်၊ ဗ်ဂၣေလးနဲ႔လည္း တစ္ပြဲတစ္လမ္းႏြဲထားတယ္ဆိုေတာ့ တစ္ကိုယ္လုံးေခြၽးေတြ၊ဖုန္ေတြ ေပလို႔ေပါ့ဗ်ာ။ က်ဳပ္လက္ေဆးေျခေဆးေနတုန္း မီးဖိုဘက္မွာ ခ်ိဳတူးေအာ္သံၾကားတယ္ဗ်၊ ဒီေကာင္ဘာျဖစ္သလဲဆိုၿပီး က်ဳပ္လည္းအျမန္ေျပးလာတာေပါ့ဗ်ာ၊ ခ်ိဳတူးက မီးဖိုေခ်ာင္ေျမျပင္ေပၚမွာ ဖင္ထိုင္လ်က္သားလဲလို႔ဗ်။

“ခ်ိဳတူး၊ ဘာျဖစ္တာလဲကြ”

“သရဲ၊ သရဲ”

“မဟုတ္တာကြ၊ ဘာေတြ႕လို႔လည္း”

“သရဲႀကီးဗ်၊ က်ဳပ္လည္း ၾကက္ဥေတြကိုေဖာက္ၿပီး ေမႊေနတုန္း အေနာက္မွာ လူတစ္ေယာက္လာရပ္တယ္လို႔ခံစားလိုက္ရတယ္၊ ဒါနဲ႔ ကိုအလတ္ေကာင္ထင္လို႔ လွည့္မၾကည့္ဘဲ စကားေတာင္ေျပာေနေသးတာဗ်၊ ေျပာေနတုန္း က်ဳပ္ခါးကိုလက္တစ္ဖက္က လာဖက္တယ္၊ က်ဳပ္ေသခ်ာငုံ႔ၾကည့္လိုက္ေတာ့ မိန္းကေလးလက္ဗ်ာ၊၊ ဒါနဲ႔လွည့္္ၾကည့္လိုက္ေတာ့ အဝတ္အစားမပါတဲ့ မိန္းမတစ္ေယာက္ျဖစ္ေနတယ္၊ က်ဳပ္လည္း သူ႔ကိုတြန္းလိုက္ရင္း လဲက်သြားတာပဲဗ်ာ၊ သူက ေျပးတာျမန္လိုက္တာဗ်”

ခ်ိဳတူးေျပာတာ နားေထာင္ၿပီး က်ဳပ္ေတာင္နည္းနည္းေက်ာခ်မ္းခ်င္သလိုျဖစ္သြားတယ္၊ ဒါနဲ႔ ေဘးဘီကိုၾကည့္ၿပီးေတာ့

“မင္းစိတ္ထင္တာျဖစ္မွာပါ ခ်ိဳတူးရာ”

“ဟာ၊ မဟုတ္ဘူးကိုအလတ္ေကာင္၊ က်ဳပ္သတိေကာင္းပါေသးတယ္ဗ်”

“ေအးေအး၊ ထားလိုက္စမ္းပါကြာ၊ ဒီတစ္ခါ အဲဒီမိန္းမ လာပါေစအုံး၊ အဝတ္အစားမပါဘူးဆိုေတာ့ ငါ့အႀကိဳက္ပဲ၊ ငါသာမင္းေနရာမွာဆိုရင္ သရဲမကိုဖက္ၿပီး ေမႊးေမႊးေပးလိုက္မွာကြ၊ ဟား၊ ဟား”

က်ဳပ္က ခ်ိဳတူးေၾကာက္မွာစိုးလို႔ တမင္ရယ္က်ဲက်ဲနဲ႔ေျပာလိုက္တာဗ်၊ ခ်ိဳတူးလည္း နည္းနည္းေၾကာက္စိတ္ေျပသြားပုံရတယ္။

“ကိုအလတ္ေကာင္ ေမႊးေမႊးေပးရင္ က်ဳပ္လည္း ေမႊးေမႊးေပးမွာ”

“ေပးေပး၊ လာရဲလာၾကည့္စမ္းသရဲမ၊ လူပ်ိဳလက္ဘယ္ေလာက္ျမန္တယ္ဆိုတာ သိသြားေအာင္ျပထည့္လိုက္မယ္”

ထင္းမီးကလည္း ေကာင္းတယ္ဆိုေတာ့ ထမင္းတစ္အိုး၊ ၾကက္ဥေၾကာ္က ခဏေလးပါပဲဗ်ာ၊ ခ်က္ျပဳတ္ၿပီးေတာ့ ထမင္းအိုးဟင္းအိုးေတြနဲ႔ ပန္းကန္ေတြယူၿပီးေတာ့ က်ဳပ္တို႔တည္းတဲ့အခန္းကို ျပန္လာၾကတာေပါ့ဗ်ာ၊ အဲဒီေရာက္ေတာ့ ဦးဘသာတို႔ဖို႔ ထမင္းေတြခူးခပ္ေပးၿပီး က်ဳပ္တို႔လည္း စားၾကတာေပါ့၊ ဆာေနလို႔လားေတာ့မသိဘူး၊ ထမင္းက စားေကာင္းခ်က္ဗ်ာ၊ ၾကက္သြန္နီပါးပါးလွီးထည့္ထားတဲ့ ၾကက္ဥသုံးလုံးေၾကာ္ရယ္၊ ၿပီးေတာ့ ခ်ိဳတူးလက္ရာ င႐ုတ္သီးေျခာက္ကို၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴဥနဲ႔ ဆားေလးနည္းနည္းထည့္ၿပီး ေထာင္းထားတဲ့ င႐ုတ္သီးဆားေထာင္းေလးကလည္း ေကာင္းသဗ်ာ၊ က်ဳပ္တို႔ ဆာဆာနဲ႔ ေခါင္းမေဖာ္တမ္းစားေနတုန္း မီးဖိုေခ်ာင္ထဲမွာ ဟိုလွန္၊ ဒီလွန္လုပ္သံၾကားရတယ္ဗ်။

ခ်ိဳတူးက က်ဳပ္ေပါင္ကိုအသာတို႔တယ္၊ သူေျပာခ်င္တာကေတာ့ သရဲမလွန္တယ္လို႔ေျပာခ်င္ပုံပဲ၊ က်ဳပ္လည္း သူ႔ကိုေခါင္းျပန္ညိတ္ျပလိုက္တယ္၊ ေနာက္ေတာ့ မီးဖိုေခ်ာင္ဘက္ကေန က်ဳပ္တို႔အခန္းဆီကို လမ္းေလွ်ာက္လာတဲ့အသံ တဖုတ္ဖုတ္ၾကားရသဗ်၊ လမ္းေလွ်ာက္တာေတာင္မွ ေဒါသတႀကီးနဲ႔ ေျခေဆာင့္ေလွ်ာက္တဲ့အသံမ်ိဳး၊ က်ဳပ္တို႔လည္း လန႔္ၿပီးၾကည့္ေနတုန္း အခန္းတံခါးဝမွာ ဦးလူလွက ဘြားခနဲေပၚလာပါေရာ။

“ငါ့၊ ငါ့ၾကက္ဥေတြ မင္းတို႔စားလိုက္တာလားကြ”

ေဒါသတႀကီးနဲ႔ ေအာ္ဟစ္ၿပီးကိုေမးတာဗ်၊ က်ဳပ္တို႔လည္းေခါင္းညိတ္တာေပါ့၊ ဦးဘသာက ဦးလူလွကို

“ဟင္းမရွိလို႔ စားလိုက္မိတာပါ လူလွရာ၊ မင္းမႀကိဳက္မွန္းသိရင္ ငါတို႔မစားပါဘူး”

“ခင္ဗ်ားတို႔က ဘာေတြလဲဗ်ာ၊ သူမ်ားအိမ္လည္း လာအိပ္ေသးတယ္၊ သူမ်ားစားစရာကိုလည္း ခိုးစားေသးတယ္”

က်ဳပ္စိတ္ထဲ ေထာင္းခနဲျဖစ္သြားတာနဲ႔

“ေဟ့လူႀကီး၊ ခင္ဗ်ားဘာေျပာတာလဲဗ်၊ က်ဳပ္တို႔ခိုးစားတာမဟုတ္ဘူး ခင္ဗ်ားသမီးကိုယ္တိုင္ ခ်က္ျပဳတ္စားဆိုၿပီးေျပာသြားတာ၊ ၿပီးေတာ့ ခင္ဗ်ားတို႔ကလည္း စားၿပီးၿပီလို႔ေျပာတာကိုးဗ်၊ ဒီၾကက္ဥေလးသုံးလုံးနဲ႔ ခင္ဗ်ားဘာျဖစ္သြားလို႔လဲ၊ က်ဳပ္တို႔မနက္က်ေတာ့ သုံးလုံးမဟုတ္ဘူး ေျခာက္လုံးျပန္ဝယ္ၿပီးေပးမယ္ ဟုတ္ၿပီလား”

က်ဳပ္ထေျပာေပမယ့္လည္း ဦးလူလွက ေတာ္ေတာ္စိတ္တိုေနတဲ့ပုံပဲ၊

“မနက္ေရာက္ေတာ့ ငါကအဲဒီဥေတြကိုဘာလုပ္ရမွာလဲ၊ ငါအခုလိုခ်င္တာကြ၊ အခုလိုခ်င္တာ”

ဦးလူလွ ရႉးရႉးရွဲရွဲျဖစ္ေနတုန္း ဦးဘသာက သူ႔လြယ္အိတ္ထဲကိုလက္ႏႈိက္လိုက္ၿပီးေတာ့ ၾကက္ဥသုံးလုံးကိုဆြဲထုတ္လိုက္တယ္ဗ်၊

“ေရာ့ေရာ့ လူလွေရ၊ ငါလည္းေမ့လို႔ေဟ့၊ တို႔ကို လူဝက လမ္းမွာစားဖို႔ဆိုၿပီး ၾကက္ဥသုံးလုံးေပးလိုက္သားကြ”

ဦးလူလွက က်ဳပ္တို႔ကိုေက်ာ္ခြၿပီးေတာ့ ဦးဘသာလက္ထဲက ၾကက္ဥသုံးလုံးကိုလွမ္းယူၿပီး ေသခ်ာၾကည့္ေနေသးတယ္။

“ၾကက္ဥက အစိမ္းလား”

“အစိမ္းေပါ့ကြ”

ဒီေတာ့မွ ဘာမွမေျပာဘဲနဲ႔ အခန္းထဲကေန ေျခလွမ္းက်ဲႀကီးနဲ႔ထြက္သြားပါေရာဗ်ာ၊ က်ဳပ္တို႔လည္း ဦးလူလွကိုၾကည့္ရင္း

“တကယ္ပဲ ဘယ္လိုလူလဲမသိဘူး”

“ဟုတ္ပါ့ဗ်ာ၊ ႐ုပ္နဲ႔မလိုက္ေအာင္ ေတာ္ေတာ္ပုပ္စပ္တဲ့လူႀကီးပဲ”

ဦးဘသာက က်ဳပ္နဲ႔ခ်ိဳတူးကိုဟန႔္တယ္။

“ေဟ့ေကာင္ေတြ၊ သူမ်ားအိမ္တည္းၿပီး သူမ်ားကိုမေကာင္းမေျပာရဘူးကြ၊ ဘာပဲေျပာေျပာ ငါတို႔က သူ႔ဧည့္သည္မဟုတ္လား”

“ဒါနဲ႔ ဦးဘသာ၊ ခုနက ၾကက္ဥက ဦးလူဝက တကယ္ေပးလိုက္တာလား”

“မင္းကြာ၊ ၾကက္ဥအစိမ္းကို ဘယ္သူကေပးလိုက္မွာလဲကြ၊ လူလွမခံမရပ္ႏိုင္ျဖစ္ေနလို႔ စိတ္ေျပပါေစေတာ့ဆိုၿပီး ငါကပညာနဲ႔ဖန္တီးၿပီးေပးလိုက္တာ၊ တကယ္ေတာ့အဲဒီၾကက္ဥက ငါ့လြယ္အိတ္ထဲက စကၠဴသုံးစကြ”

က်ဳပ္လည္းခုမွသေဘာေပါက္ေတာ့တယ္၊ အင္းေလ၊ ဒီလိုလုပ္လိုက္တာလည္း ခပ္ေကာင္းေကာင္းပဲမဟုတ္လား၊ မဟုတ္ရင္ ဦးလူလွ႐ုပ္က က်ဳပ္တို႔ဗိုက္ထဲကိုေရာက္သြားတဲ့ ၾကက္ဥေတာင္ ျပန္ႏႈိက္ယူမယ့္ သေဘာရွိတယ္ဗ်။

(၃)

စားေသာက္ၿပီးေတာ့ အိပ္ၾကတာေပါ့ဗ်ာ၊ ခရီးပန္းလာတာဆိုေတာ့ အိပ္လို႔လည္းတယ္ေကာင္းဗ်ာ၊ ျခင္ေထာင္က ႏွစ္လုံးထဲရယ္ဗ်၊ ဒီေတာ့ ဦးဘသာနဲ႔ ငညိဳနဲ႔ကိုအတူအိပ္ခိုင္းရတယ္၊ က်ဳပ္တို႔လူပ်ိဳႏွစ္ေယာက္ကေတာ့ ျခင္ေထာင္တစ္လုံးေပါ့ဗ်ာ၊ တစ္ေန႔လုံး ပင္ပန္းခဲ့တာဆိုေတာ့ ေခါင္းခ်လိုက္ၿပီး မၾကာဘူး အိပ္ေပ်ာ္သြားေတာ့တာပါပဲ။

အိပ္ေနရင္း မ်က္လုံးထဲ အေရာင္စူးစူးရွရွေတြျမင္ေတာ့ က်ဳပ္လည္း မ်က္လုံးဖြင့္ၾကည့္လိုက္တာေပါ့ဗ်ာ။ က်ဳပ္မ်က္လုံးကိုက်ဳပ္ အံ့ၾသသြားတယ္၊ က်ဳပ္ေရာက္ေနတာ ေတာအုပ္တစ္ခုထဲေရာက္ေနတာဗ်၊ မိုးကလည္း စင္စင္လင္းၿပီဗ်ာ၊ ေတာအုပ္ဆိုေပမယ့္ သစ္ပင္ကခပ္က်ဲက်ဲပါ၊ ေအာက္ကေျမျပင္မွာလည္း ေတာပန္းကေလးေတြက အေရာင္အေသြးစုံ၊ ပုံစံစုံဖူးပြင့္ေနၾကေသးတယ္ဗ်ာ၊ သစ္ပင္ေပၚမွာလည္း ငွက္ကေလးေတြက တက်ီက်ီနဲ႔ သာယာနာေပ်ာ္ဖြယ္ေကာင္းေအာင္ ေအာ္ေနပါေရာဗ်ာ၊ အဲဒီသစ္ပင္ေတြရဲ႕အလယ္ေလာက္မွာ ႏြယ္ႀကိဳးႀကီးတစ္ခုက ဒန္းႀကီးလို ေကြးေကြးႀကီးက်ေနတယ္၊ ႏြယ္ႀကိဳးမွာလည္း အျဖဴေရာင္၊ ခရမ္းေရာင္ ပန္းကေလးေတြပြင့္ေနတာ လွခ်က္ဗ်ာ။

အဲ၊ ႏြယ္ႀကိဳးေပၚမွာေတာ့ မိန္းကေလးတစ္ေယာက္က ႏြယ္ႀကိဳးကို ဒန္းလိုထိုင္စီးေနတယ္၊ က်ဳပ္ျဖင့္ေကာင္မေလးကို မ်က္လုံးကြၽတ္က်မတတ္ေအာင္ကို ၾကည့္တာပဲဗ်ာ၊ ေကာင္မေလးက အဝတ္အစားမပါဘူးဗ်၊ အသားအေရက ရွမ္းမ၊ တ႐ုတ္မေတြလို ေဖြးၿပီးဝင္းေနတာပဲဗ်ာ၊ ဆံပင္ရွည္ႀကီးဆိုတာလည္း နက္ေမွာင္လို႔၊ မိန္းမအဂၤါေတြဆိုတာလည္း ေတာ္ေတာ္ေကာင္းေကာင္းဗ်၊ က်ဳပ္ဆို သူ႔ဆီကေန အၾကည့္ေတာင္မခြာႏိုင္ဘူးဗ်ိဳ႕။

“လာေလ၊ ေမာင္ႀကီးရဲ႕”

မိန္းကေလးက က်ဳပ္ကိုလက္ယပ္ၿပီးေခၚတယ္၊ က်ဳပ္လည္း ေသခ်ာသြားေအာင္ ကိုယ့္ကိုယ္ကိုယ္လက္ညႇိဳးထိုးျပလိုက္ေတာ့ မိန္းကေလးက ေခါင္းကိုအသာညိတ္ျပၿပီးေတာ့ ရယ္က်ဲက်ဲနဲ႔ဗ်ာ၊ က်ဳပ္လည္း မဆိုင္းမတြဘဲ သူ႔ဆီေျပးသြားလိုက္တာေပါ့။ မိန္းကေလးက က်ဳပ္ေရွ႕မွာမတ္တပ္ရပ္လိုက္ၿပီး က်ဳပ္လက္ေမာင္းေတြ၊ ရင္အုပ္ေတြကို သူ႔လက္ႏုႏုကေလးနဲ႔ပြတ္တယ္ဗ်၊ က်ဳပ္စိတ္ေတြ ဘယ္လိုျဖစ္သြားတယ္မသိပါဘူးဗ်ာ၊ ေသြးခုန္ႏႈန္းေတြျမန္လာၿပီးေတာ့ လူတစ္ကိုယ္လုံးလည္း ဖိန္းတိန္းရွိန္းတိန္းနဲ႔ရယ္ဗ်၊ ဒါနဲ႔ ဒီမိန္းကေလးရဲ႕ကိုယ္လုံးကို အားရပါးရ ဖက္လိုက္တာေပါ့ဗ်ာ၊ ၿပီးေတာ့ သူ႔လည္တိုင္ကေလးကို အသာဖြဖြကေလးနမ္းမိတယ္၊ လည္တိုင္ကေလးက ေမြးေနတာပဲဗ်ာ၊ မိန္းကေလးကလည္း တခစ္ခစ္နဲ႔ရယ္တယ္ဗ်။

က်ဳပ္လည္း လည္တိုင္တစ္ေလွ်ာက္ကိုနမ္းေနတုန္း မိန္းကေလးရဲ႕ ပုခုံးေပၚကို ႏႈတ္ခမ္းတစ္ခုက လာက်တယ္ဗ်၊ ႏႈတ္ခမ္းမဲမဲႀကိးကို စူၿပီးနမ္းေနတာမ်ား ဘဲႏႈတ္သီးႀကီးက်ေနတာပဲဗ်ာ၊ က်ဳပ္လည္း အဲဒီလူကိုၾကည့္လိုက္ေတာ့ ခ်ိဳတူးျဖစ္ေနတယ္ဗ်။

“ေဟ့ေကာင္ခ်ိဳတူး၊ မင္းဘာလုပ္တာလဲ”

“ဟာဗ်ာ၊ ကိုအလတ္ေကာင္က ဒါမ်ိဳးက်ေတာ့ လ်ိဳသဗ်၊ က်ဳပ္လည္း နမ္းမွာေပါ့”

“ေဟ့ေကာင္ခ်ိဳတူး၊ ဒါငါ့ဟာကြ၊ သြားစမ္း၊ မင္းသြားေတာ့”

“ဟာဗ်ာ၊ ညေနကေျပာေတာ့ အတူတူနမ္းမယ္ဆို”

က်ဳပ္နဲ႔ခ်ိဳတူးလည္း ေျပာဆိုရင္း ေဒါသေတြထြက္လာၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ေစာင္ၾကပါေရာ၊ ဒီေတာ့ မိန္းကေလးက က်ဳပ္တို႔ႏွစ္ေယာက္ကို ေက်ာသပ္ၿပီးေတာ့ ေခ်ာ့တယ္၊ သူေခ်ာ့လိုက္တာနဲ႔ က်ဳပ္တို႔ႏွစ္ေယာက္လည္း ေတြေ၀ မိန္းေမာသြားၾကပါေရာဗ်ာ။ ဒါနဲ႔ ဒီမိန္းကေလးကို ႏွစ္ေယာက္သား ပြတ္သပ္ေနတာေပါ့။

“ေဟ့ေကာင္ေတြ၊ ေကာင္မေလးကို လႊတ္လိုက္”

အသံၾကားတဲ့ေနရာကိုၾကည့္လိုက္ေတာ့ ဦးလူလွႀကီးဗ်၊ သူက ေတာအုပ္ရဲ႕တစ္ဖက္နားကေနက်ဳပ္တို႔ဆီကိုေျပးလာတယ္။

“မင္းတို႔ ငါ့မိန္းမကိုမထိနဲ႔၊ ငါ့မိန္းမကိုလႊြတ္လိုက္”

က်ဳပ္တို႔ႏွစ္ေယာက္လည္း ေၾကာင္အမ္းအမ္းနဲ႔ျဖစ္သြားတာေပါ့ဗ်ာ၊ အဲဒီမိန္းကေလးကို ဆက္ပဲဖက္ရမလို၊ လႊတ္ပဲလႊတ္ခ်ရမလိုျဖစ္ေနတာေပါ့၊ ဒီအခ်ိန္မွာ အဲဒီမိန္းကေလးက ရယ္တယ္ဗ်။

“ဟား၊ ဟား ကြၽန္မအခုရွင့္ကိုမလိုအပ္ေတာ့ဘူးအဘိုးႀကီးရဲ႕၊ ကြၽန္မ သူတို႔ကိုပဲ လိုခ်င္ေတာ့တယ္၊ ရွင္က ဘာမွသုံးစားမရတဲ့ သက္ၾကားအိုႀကီးတစ္ေယာက္ျဖစ္ေနၿပီ၊ သူတို႔ကေတာ့ ပ်ိဳပ်ိဳႏုႏု လူပ်ိဳေလးေတြပဲ”

“ဟဲ့ သူေယာင္မ၊ နင့္ကိုငါ တစ္ႏွစ္တိတိေန႔တိုင္း ေကြၽးလာေမြးလာခဲ့တာကိုမွ နင္ကမေထာက္၊ ငါ့ကိုေဖာက္ျပန္ဝံ့သလား”

“တစ္ႏွစ္တိတိ ေကြၽးခဲ့တယ္ဆိုေပမယ့္ ညက ကြၽန္မကိုေကြၽးတာကေတာ့ ဘာမွအရသာမရွိတဲ့ ဝါးဖတ္ႀကီးပဲ”

ဦးလူလွႀကီး အံ့ၾသသြားေတာ့သည္။

“ဘာပဲေျပာေျပာ ကြၽန္မရွင့္ကိုစြန႔္လႊတ္လိုက္ၿပီအဘိုးႀကီး၊ ရွင္သြားလို႔ရၿပီ”

အဲဒီမိန္းကေလးက ေျပာဆိုရင္း ဦးလူလွႀကီးဆီကို သစ္႐ြက္ေတြပစ္လႊတ္လိုက္တယ္ဗ်၊ သစ္႐ြက္ေတြက ေသးေသးခြၽန္ခြၽန္ကေလးေတြပါပဲဗ်ာ၊ ဦးလူလွႀကီးဆီကို သစ္႐ြက္ေတြက တ႐ႊီး႐ႊီးေအာ္ၿပီးသြားေနတုန္း ျဗ်ဳန္းဆို ဦးဘသာႀကီးေပၚလာၿပီးေတာ့ သစ္႐ြက္ေတြကိုလက္ညႇိဳးနဲ႔ထိုးလိုက္တာ သစ္႐ြက္ေတြအကုန္ မီးေလာင္သြားပါေရာလား။

ဒီမိန္းကေလးက ဦးဘသာကိုေတြ႕ေတာ့ လန႔္သြားတယ္ဗ်၊ ဒါနဲ႔ သူ႔ပါးစပ္ႀကီးကိုဟလိုက္ေတာ့ အထဲကေန ေႁမြလွ်ာလိုလို လွ်ာႏွစ္ခြႀကီးထြက္လာတယ္ဗ်ာ၊ ၿပီးေတာ့ က်ဳပ္နဲ႔ ခ်ိဳတူးတို႔ကို အဲဒီလွ်ာႀကီးနဲ႔ နဖူးကိုပြတ္ပါေရာ၊ လွ်ာရဲ႕အထိအေတြ႕ကလည္း တစ္မ်ိဳးႀကီးဗ်၊ က်ဳပ္လည္းစိတ္ထဲတစ္မ်ိဳးႀကီးျဖစ္သြားတာ။

“ကဲ၊ ေကာင္ေလးေတြ၊ ဟိုအဘိုးႀကီးႏွစ္ေယာက္ကို ေမာင္းထုတ္လိုက္ၾကစမ္း”

က်ဳပ္တို႔ကိုေျပာေတာ့ က်ဳပ္တို႔လည္းေခါင္းညိတ္လိုက္တယ္၊ သူေျပာတဲ့စကားကို နားေထာင္ရတာက တစ္မ်ိဳးပဲဗ်၊ အမိန႔္အာဏာသံလို ခက္ထန္ၾကမ္းတမ္းတာမဟုတ္ေပမယ့္ နားဝင္လြယ္တယ္ေျပာရမွာပဲ၊ က်ဳပ္နဲ႔ခ်ိဳတူးလည္း အဲဒီမိန္းကေလးအနားက ထၿပီး မတ္တပ္ရပ္လိုက္တယ္၊ အဲဒီမိန္းကေလးက ဦးဘသာကိုလက္ညႇိဳးထိုးလိုက္တာနဲ႔ က်ဳပ္တို႔ႏွစ္ေကာင္လည္း ဦးဘသာဆီေျပးဝင္သြားၿပီးေတာ့ ဦးဘသာကိုလက္သီးနဲ႔ပိတ္ထိုးၾကတာေပါ့ဗ်ာ၊

က်ဳပ္လည္း ဦးဘသာမ်က္ႏွာကိုခ်ိန္ၿပီး လက္သီးနဲ႔အားကုန္ထိုးထည့္လိုက္တာပဲ၊ ဒါေပမယ့္ ဦးဘသာကိုမထိဘူးဗ်၊ ဦးဘသာက က်ဳပ္တို႔အေရွ႕မွာပဲ ျဖဳတ္ခနဲေပ်ာက္သြားတာ၊ ေနာက္ေတာ့ က်ဳပ္ဇက္ပိုးကို လက္ဝါးနဲ႔တစ္ခ်က္ ေျဖာင္းခနဲအုပ္တာခံလိုက္ရတယ္၊ က်ဳပ္မ်က္လုံးထဲလည္း နီနီအေရာင္ေတြ၊ ျပာျပာအေရာင္ေတြ ျမင္လိုက္ရတာပဲ။

“အား၊ နာ၊ နာတယ္ဗ်”

ဦးဘသာက က်ဳပ္နဲ႔ ခ်ိဳတူးနဲ႔ကို ဇက္ပိုးကိုအုပ္ထည့္လိုက္တာဗ်၊ ၿပီးေတာ့

“ေဟ့ေကာင္ေတြ၊ တဏွာ႐ူးေတြ၊ မင္းတို႔ေကာင္မကို မင္းတို႔ၾကည့္လိုက္ၾကစမ္း”

ဒီေတာ့မွ က်ဳပ္နဲ႔ခ်ိဳတူးလည္း အေနာက္ကိုလွည့္ၾကည့္လိုက္တာေပါ့ဗ်ာ၊

အလိုေလးဗ်ာ၊ ခုနက ေခ်ာေမာလွပတဲ့မိန္းကေလးက အခုေတာ့ သစ္ျမစ္ႀကီးလို စိမ္းစိမ္းျဖဴျဖဴႀကီးျဖစ္ေနပါလား၊ တစ္ကိုယ္လုံးမွာလည္း အထစ္အထစ္၊ အပိန႔္အပိန႔္ေတြနဲ႔ဗ်၊ မ်က္ႏွာႀကီးဆိုရင္လည္း ေၾကာက္စရာသရဲမ်က္ႏွာႀကီးဗ်ာ၊ မ်က္လုံးေတြတင္ ေျခာက္လုံးေလာက္ပါတယ္၊ ေခါင္းမွာလည္း ဆံပင္မရွိဘဲနဲ႔ သစ္႐ြက္ဖားဖားႀကီးေတြဗ်။

“ေအာင္မယ္ေလး၊ သရဲ၊ သရဲ”

ဦးဘသာက က်ဳပ္တို႔ကိုခါးေထာက္ၾကည့္ရင္း

“ခုမွဘာသရဲလဲကြ၊ ခုနကေတာ့ မင္းတို႔ပဲ သူ႔ကိုခ်စ္လွပါခ်ည္ရဲ႕၊ ႀကိဳက္လွပါခ်ည္ရဲ႕ဆိုၿပီး ပြတ္သပ္ရင္း ေမႊးေမႊးေပးေနတာေလကြာ”

“ဦး၊ ဦးဘသာ အဲဒါဘာႀကီးလဲဗ်ာ”

“အဲဒါ ဂမုန္းသူေယာင္ပဲကြ”

“ဗ်ာ၊ ဂမုန္းသူေယာင္တဲ့လား”

“ဟုတ္တယ္၊ မင္းသူေယာင္မယ္ဆိုတာကို ၾကားဖူးမွာေပါ့”

“ၾကားဖူးတာေပါ့ဗ်ာ၊ ေဇာ္ဂ်ီေတြ ရမၼက္ထန္လာတဲ့အခါက်ေတာ့ သူေယာင္သီးေတြကို ေဆးႀကိမ္လုံးနဲ႔တို႔လိုက္ရင္ မိန္းကေလးေတြျဖစ္သြားတယ္ဆိုတာမဟုတ္လား”

“ေအးဟုတ္တယ္၊ တကယ္ေတာ့ သူေယာင္ဆိုတဲ့စကားက က်ယ္ျပန႔္တယ္ကြ၊ လူပုံစံအေယာင္ေဆာင္လို႔ရသမွ်ကို သူေယာင္လို႔ေခၚတယ္၊ အခုလည္း ဂမုန္းပင္တစ္ပင္က လူေယာင္ဖန္ဆင္းႏိုင္လို႔ ဂမုန္းသူေယာင္လို႔ေခၚတာကြ”

“ဒါဆို ဒီမိန္းမက သစ္ပင္ႀကီးေပါ့”

“ဒီဂမုန္းက မိန္းမပုံစံ ေျပာင္းလဲႏိုင္တယ္၊ ၿပီးေတာ့ ကာမစပ္ယွက္ႏိုင္တယ္ကြ၊ ကာမစပ္ယွက္တဲ့အခါ ကာယကံေျမာက္ေတာ့ စပ္ယွက္မရဘူးေပ့ါ၊ အခုလို အိပ္မက္ထဲမွာ၊ စိတ္ကူးထဲမွာ လြင့္ေျမာရင္းစပ္ယွက္တာေပါ့ကြာ၊ ဒါေပမယ့္ ဒီဂမုန္းနဲ႔စပ္ယွက္ၿပီးတဲ့သူဟာ တန္းတန္းစြဲသြားသတဲ့ကြ၊ ငါ့အထင္ ကာမအထိအေတြ႕ကို စြဲလမ္းသြားတာျဖစ္မယ္၊ ဒါေၾကာင့္ တျခားအရာေတြကို သတိမရေတာ့ဘဲ၊ စားလည္း၊ ဒီစိတ္၊ သြားလည္း ဒီစိတ္နဲ႔ျဖစ္ၿပီးေတာ့ အလုပ္အကိုင္ေတြပ်က္လာတတ္တာေပါ့ကြာ”

“ဟီး၊ ဟီး”

ဂမုန္းသူေယာင္က ရယ္တယ္ဗ်။ ၿပီးေတာ့ က်ဳပ္တို႔ကိုသူ႔ရဲ႕သစ္ေခ်ာင္းလက္ေတြနဲ႔ လက္ညႇိဳးထိုးရင္း

“ဘာပဲျဖစ္ျဖစ္၊ နင္တို႔ကိုငါဖမ္းစားမယ္၊ နင္တို႔ကိုဖမ္းစားမယ္”

ဦးဘသာက မ်က္ႏွာမဲ့လိုက္ၿပီး

“စိတ္ကူးမယဥ္နဲ႔ သူေယာင္မရဲ႕”

အဲဒီလိုေျပာၿပီးတာနဲ႔ ဦးဘသာက ပါးစပ္ထဲကေန ေလေတြမႈတ္ထုတ္တယ္ဗ်၊ ေလေတြမႈတ္ထုတ္ရင္း အဝါေရာင္အခိုးအေငြ႕ေတြပါထြက္လာတာဗ်ာ၊ ပတ္ဝန္းက်င္တစ္ခုလုံးကို အဲဒီအဝါေရာင္အခိုးအေငြ႕ေတြက လႊမ္းသြားသဗ်၊ ဦးဘသာက ဒီေတာ့မွ က်ဳပ္ပုခုံးကိုပုတ္ရင္း

“အလတ္ေကာင္ ထေတာ့”

အဲဒီလိုေျပာလိုက္တာနဲ႔ က်ဳပ္လည္းဝုန္းခနဲေကာက္ထထိုင္လိုက္တာပဲဗ်ာ၊ ေဘးပတ္ဝန္းက်င္ကိုၾကည့္လိုက္ေတာ့ ျခင္ေထာင္ထဲမွာဗ်၊ က်ဳပ္ထၿပီးမၾကာဘူး ေဘးနားမွာအိပ္ေနတဲ့ ခ်ိဳတူးကလည္း မ်က္လုံးေတြျပဴးေၾကာင္ၿပီးေတာ့ ငူငူႀကီးထလာတယ္၊ က်ဳပ္နဲ႔ခ်ိဳတူး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္မိတယ္ဗ်။

“က်ဳပ္၊ က်ဳပ္တို႔”

“က်ဳပ္တို႔အိပ္မက္တစ္ခုထဲ အတူမက္ေနၾကတာလား”

ဒီအခ်ိန္ ဦးဘသာက သူ႔ျခင္ေထာင္ထဲက ထလာၿပီးေတာ့

“အမွန္ေပါ့ကြာ၊ မင္းတို႔ကို ဂမုန္းသူေယာင္က အိပ္ေမြ႕ခ်ၿပီးေတာ့ အိပ္မက္ထဲမွာ ေပ်ာ္ပါးဖို႔ႀကံစည္ေနတာကြ၊ မင္းတို႔ေသေသခ်ာခ်ာ အနံ႔ခံၾကည့္ၾကစမ္းေဟ”

က်ဳပ္နဲ႔ခ်ိဳတူးလည္း အခန္းထဲမွာ ႏွာေခါင္းတရႈံ႕ရႈံ႕နဲ႔ အနံ႔ခံၾကည့္လိုက္ေတာ့ ေရေမြးနံ႔လိုလို၊ ပန္းနံ႔လိုလို ရနံ႔သင္းသင္းကေလးတစ္ခုရတယ္ဗ်ာ၊ ဒါနဲ႔ ဦးဘသာက ထထြက္သြားၿပီး အခန္းတံခါးကိုဖြင့္လိုက္ပါေရာ၊ က်ဳပ္တို႔ႏွစ္ေယာက္လည္း ဦးဘသာအေနာက္ကို လိုက္ခဲ့တာေပါ့။ ဦးဘသာက မီးဖိုေခ်ာင္နံေဘးနားက တဲကေလးဆီကိုသြားတယ္ဗ်၊ တဲက ထရံနဲ႔အလုံပိတ္ကာထားတဲ့တဲဗ်၊ တဲတံခါးကိုေတာ့ အထဲကေနခ်က္ခ်ၿပီးပိတ္ထားတယ္၊ ဦးဘသာက တံခါးကိုလက္ညႇိဳးထိုးလိုက္တာနဲ႔ တံခါးက လူတစ္ေယာက္ဖြင့္လိုက္သလိုမ်ိဳး သူ႔အလိုလိုပြင့္သြားပါေရာ။

“ဟာ၊ ဦးလူလွႀကီး”

ဟုတ္တယ္ဗ်၊ တဲထဲမွာ ဦးလူလွတစ္ေယာက္ ငူငူႀကီးထိုင္ေနတယ္၊ သူ႔အေရွ႕မွာလည္း ပန္းအိုးႀကီးတစ္လုံးဗ်၊ ပန္းအိုးထဲမွာေတာ့ တစ္ေတာင္ေလာက္ရွိမယ့္ သစ္ပင္တစ္ပင္ရွိတယ္၊ ေသခ်ာၾကည့္ေတာ့မွ ဂမုန္းပင္ဗ်၊ အ႐ြက္ေတြကလည္းေဝလို႔ဗ်ာ၊ တစ္ပင္လုံးလည္း စိမ္းေနတာပဲ၊ ဥအနားမွာေတာ့ ျဖဴျဖဴအထစ္ေလးေတြပါတယ္ဗ်။

“ကဲ လူလွ၊ ခင္ဗ်ားအခုေတာ့ အမွန္ျမင္ၿပီမဟုတ္လား”

ဦးဘသာေမးေတာ့ ဦးလူလွက ေခါင္းညိတ္တယ္ဗ်။

“ဒါဆို ခုနက ဂမုန္းသူေယာင္ဆိုတာ ဒီအပင္ေပါ့”

က်ဳပ္ေမးလိုက္ေတာ့ ဦးဘသာက ေခါင္းညိတ္ၿပီး

“အစစ္ေပါ့ကြာ၊ ဟိုမွာၾကည့္စမ္း တဲေခါင္မိုးေပၚမွာ အေပါက္ႀကီးေတြ႕တယ္မဟုတ္လား၊ ဂမုန္းသူေယာင္ဆိုတာ လေရာင္ထိမွလန္းတယ္ကြ၊ သူ႔ကိုေရေလာင္းရတယ္၊ အစာေကြၽးတဲ့အခါက်ရင္လည္း ၾကက္ဥအစိမ္းေတြေဖာက္ေကြၽးရတယ္ကြ၊ ဒီအနံ႔ကေတာ့ သူ႔အ႐ြက္ေတြက ေမႊးေနတာေပါ့ကြာ၊ အဲဒီအနံ႔နဲ႔ လူေတြကိုအိပ္ေမႊ႕ခ်ၿပီး အိပ္မက္ထဲမွာ ကာမစပ္ယွက္တာပဲေဟ့၊ မင္းတို႔ေကာင္ေတြ အခုမအိပ္ခ်င္ဘူးဆိုတာက ငါခုနက မႈတ္ထားတဲ့ အခိုးအေငြ႕ေတြကို ရႉထားမိလို႔ေပါ့”

“က်ဳပ္နားလည္ၿပီဦးဘသာ၊ ဦးလူလွက တစ္ႏွစ္တိတိအစာေကြၽးခဲ့ေပမယ့္၊ ဒီညက်ေတာ့ သူဂမုန္းသူေယာင္ကိုေကြၽးမယ့္ ၾကက္ဥေတြကို က်ဳပ္တို႔ကစားလိုက္တယ္မဟုတ္လား၊ ေနာက္ေတာ့ ဦးဘသာက ပညာနဲ႔ စကၠဴစေတြကို ၾကက္ဥျဖစ္ေအာင္လုပ္ေပးလိုက္တာကိုး၊ ဦးလူလွက မသိေပမယ့္ ဂမုန္းပင္ကေတာ့ သိတာေပါ့၊ ဒါေၾကာင့္ ဝါးဖတ္ႀကီးလို႔ေျပာတာကိုး”

က်ဳပ္လည္း ဦးလူလွကိုၾကည့္လိုက္ၿပီး

“ဒီေလာက္ အႏၲရာယ္မ်ားတဲ့ ဂမုန္းကို ခင္ဗ်ားဘာျဖစ္လို႔ စိုက္ထားတာလဲ ဦးလူလွ”

ဦးလူလွက ေၾကကြဲေနသလိုပဲဗ်။

“ဒီလိုပါကြာ၊ လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္က ငါဆိုင္းအဖြဲ႕နဲ႔သြားရင္း လုပ္ေဖာ္ကိုင္ဖက္ ဆိုင္းဆရာတစ္ေယာက္က ဒီဂမုန္းပင္လက္ေဆာင္ေပးတယ္၊ သူေယာင္ဂမုန္းတဲ့၊ အိမ္မွာစိုက္ထားရင္ လူခ်စ္လူခင္ေပါတယ္၊ စီးပြားတက္တယ္၊ အထူးသျဖင့္ တို႔လိုအႏုပညာနဲ႔ အသက္ေမြးတဲ့သူေတြ စိုက္သင့္တယ္ဆိုၿပီးေတာ့ ေပးလိုက္တယ္၊ ညဘက္လေရာင္ခံေပးဖို႔၊ ေန႔ဘက္ ေနအလင္းေရာင္မထိဖို႔နဲ႔ တစ္ေန႔ကိုၾကက္ဥသုံးလုံးေဖာက္ေကြၽးဖို႔မွာလိုက္တာေပါ့၊ ငါလည္း အိမ္ေရာက္ေတာ့ ဒီလိုစမ္းလုပ္ၾကည့္ရင္း သူ႔ကိုခ်စ္ႀကိဳက္သြားမိတယ္ဆိုပါေတာ့ကြာ”

“ဟာဗ်ာ၊ လူမဟုတ္တာကိုမ်ား ခ်စ္မိရတယ္လို႔ဗ်ာ”

ဦးဘသာက က်ဳပ္လက္ကိုဆြဲရင္း

“မင္းမသိဘဲ အျပစ္တင္မေစာနဲ႔အလတ္ေကာင္၊ ဦးလူလွေနရာမွာ မင္းဆိုရင္လည္း ဒီလိုပဲလုပ္မိမွာပဲ၊ ဂမုန္းသူေယာင္နဲ႔ တစ္ခါ ကာမဂုဏ္ခံစားလိုက္ရင္ အျပင္က႐ိုး႐ိုးလူနဲ႔ အႀကိမ္တစ္ရာေလာက္ ကာမဂုဏ္ခံစားရသလိုမ်ိဳး ေက်နပ္ပီတိျဖစ္တယ္ဆိုပဲကြ၊ ငါကေတာ့ လူလွကိုအျပစ္မတင္ပါဘူးကြာ”

ဦးဘသာက ဦးလူလွပုခုံးကိုပုတ္ရင္း

“လူလွေရ၊ အဲဒါ မင္းရဲ႕စီးပြားၿပိဳင္ဖက္က မင္းကိုစည္းစိမ္ပ်က္ေအာင္လုပ္တာကြ၊ မင္း ဂမုန္းသူေယာင္နဲ႔တဏွာေၾကာမွ ၿငိတြယ္ၿပီးေတာ့ အလုပ္ပ်က္အကိုင္ပ်က္ျဖစ္ၿပီး စီးပြားထိခိုက္ေအာင္လုပ္တာ၊ ဒီထက္ပိုၾကာရင္ က်န္းမာေရးပါထိခိုက္ၿပီး မင္းလုံးပါးပါးၿပီးေသမွာေဟ့၊ ကံေကာင္းတာက မင္းရဲ႕သမီးကေလးရွိေနလို႔”

“ဟာ၊ ဦးဘသာကလည္း ေ႐ႊမိနဲ႔ဘာဆိုင္လို႔လဲဗ်”

“ဆိုင္တာေပါ့ ဟေကာင္ရ၊ အိမ္မွာအခ်ိန္ျပည့္လူရွိေနေတာ့ ညအခ်ိန္ေလာက္ပဲ ဂမုန္းသူေယာင္နဲ႔ ေပ်ာ္ျမဴးႏိုင္တာေပါ့ကြာ၊ ငါၾကားဖူးတာကေတာ့ ေတာထဲမွာ မုဆိုးေတြ ဂမုန္းသူေယာင္နဲ႔ေတြ႕ရင္ ေန႔ေန႔ညညေပ်ာ္ေမြ႕ၿပီးေတာ့ ႏွစ္ၿခိဳက္ေနလို႔ ေနာက္ဆုံးအစားအေသာက္ပ်က္၊ အာဟာရျပတ္ၿပီး ေသသြားၾကတယ္တဲ့”

“ေၾကာက္စရာေကာင္းလိုက္တာဗ်ာ၊ ဒီလူ ေတာ္ေတာ္ယုတ္မာတဲ့လူပဲ”

က်ဳပ္ေျပာလိုက္ေတာ့ ဦးလူလွလည္း ေဒါသထြက္သြားပုံပဲဗ်။

“ေတာက္၊ ဒီေကာင္ဒါဆို ငါ့ကိုတမင္သက္သက္လုပ္တာ၊ ငါ့ကိုတမင္ေျခာက္တြန္းတာပဲ”

“ထားလိုက္ပါေတာ့ လူလွရာ၊ အသိပညာဗဟုသုတဆိုတာက သမုဒၵရာေရလိုပဲ က်ယ္ျပန႔္တယ္ကြ၊ မင္းမသိလို႔လုပ္မိတာပဲ၊ တစ္ဖက္သားကိုရန္သြားမူေနရင္ မင္းပဲထိခိုက္မွာေပါ့ကြာ”

“က်ဳပ္နားလည္ပါၿပီး အကိုဘသာရာ၊ ဒီအပင္က မေကာင္းမွန္းက်ဳပ္သိပါၿပီ၊ ဒီမေကာင္းတဲ့အပင္ကို က်ဳပ္ကိုယ္တိုင္ စြန႔္လြတ္ပါေတာ့မယ္”

“ေအးကြာ၊ ေကာင္းတာေပါ့၊ မေကာင္းတာကို မေကာင္းမွန္းသိတယ္ဆိုတာ ေကာင္းဖို႔အတြက္လမ္းစပဲတဲ့ကြ၊ အဲဒီမေကာင္းတာကို ဆက္မလုပ္ျဖစ္ေတာ့ေအာင္ က်င့္ႀကံႏိုင္တယ္ဆိုတာ ေအာင္ျမင္ခ်င္းတစ္မ်ိဳးေပါ့ လူလွရာ”

“ဒါဆို ဒီဂမုန္းကို ဘယ္လိုလုပ္ၾကမလဲ ဦးဘသာ”

“သူေၾကာက္တာဘာလဲကြ”

က်ဳပ္လည္း စဥ္းစားရင္း

“ခုနက ေျပာတာေတာ့ ေနမထိရဘူးဆိုလားပဲ”

“ေအးေပါ့ကြ၊ ဒီေတာ့ မနက္ေနထြက္တဲ့အခါ ေနေရာင္ေအာက္မွာ ခံေပးလိုက္ေပါ့ကြာ၊ လြယ္လြယ္ကေလးပဲ”

ဒါေပမယ့္ ဦးလူလွကေတာ့ ဒီဂမုန္းပင္ကို လွည့္ၾကည့္ လွည့္ၾကည့္နဲ႔ဗ်၊ သူ႔ၾကည့္ရတာ သံေယာဇဥ္ျပတ္ပုံမရဘူး၊ အင္းေလ၊ ကာမဂုဏ္ဆိုတာ ေသာက္ေလ ေသာက္ေလ ငတ္မေျပတဲ့ ပင္လယ္ေရဆိုသလိုေပါ့၊ ဘာပဲေျပာေျပာ တစ္ႏွစ္ေတာင္ေနထိုင္ခဲ့တယ္ဆိုေတာ့ လြယ္လြယ္နဲ႔ေတာ့ ဘယ္ေမ့ႏိုင္ပါ့မလဲဗ်ာ။

က်ဳပ္တို႔ျဖင့္ တစ္ညလုံးအိပ္လို႔မေပ်ာ္ေတာ့ဘူးဗ်ာ၊ ဦးလူလွနဲ႔ထိုင္ရင္း စကားစျမည္ေျပာေနၾကတာ၊ အခုက်ေတာ့မွ ဦးလူလွသ႐ုပ္မွန္ေပၚလာတယ္ဗ်ာ၊ ဦးလူလွေဖာ္ေ႐ႊတာကို ဦးလူ၀ ဘယ္လိုက္မီပါ့မလဲဗ်၊ ၿပီးေတာ့ ဆိုင္းဆရာဆိုေတာ့ စကားေျပာကလည္း သိပ္ေကာင္းတာဗ်။ က်ဳပ္တို႔နဲ႔ စကားေတြေျပာေနၾကရင္း မိုးကိုလင္းသြားေရာဗ်ိဳ႕။

မနက္ခင္းေနေရာင္ျခည္က ၿခံအေနာက္ဘက္ကို တိုက္႐ိုက္က်တယ္ဗ်၊ က်ဳပ္တို႔လည္း တဲကေလးဆီကိုသြားၿပီးေတာ့ တဲတံခါးကိုဖြင့္ထားလိုက္တယ္၊ တဲေခါင္မိုးက အေပါက္ႀကီးက အထဲကေန ပိတ္လို႔ဖြင့္လို႔ရေအာင္လုပ္ထားတာဆိုေတာ့ အဲဒီအေပါက္ကိုလည္းဖြင့္ေပးလိုက္တာေပါ့ဗ်ာ၊ မၾကာပါဘူး ေနေရာင္ျခည္ေတြက တဲတံခါးေပါက္ကေန ဝင္လာပါေတာ့တယ္၊ အဲဒီေနရာင္ျခည္ေတြ ဂမုန္းပင္အေပၚကိုက်တာနဲ႔ ဂမုန္းပင္က ေဝဆာစိမ္းလန္းေနတဲ့အ႐ြက္ေတြက တျဖည္းျဖည္းညႇိဳးေလွ်ာ္ႏြမ္းလ်ၿပီး ေကြးၫႊတ္က်သြားတာပဲဗ်ာ၊

ဂမုန္းပင္ရဲ႕ ပင္စည္က တရွဲရွဲနဲ႔အသံေတြျမည္ၿပီးေတာ့ သူ႔အလိုလိုအခ်ပ္လိုက္ အခ်ပ္လိုက္ကြာက်ေနတာဗ်၊ အတြင္းသားေတြကိုေနထိေတာ့ ဂမုန္းပင္က တဆတ္ဆတ္တုန္ခါရင္းနဲ႔ မိန္းကေလးေအာ္သံလို အသံသဲ့သဲ့နဲ႔ေအာ္ပါေလေရာဗ်ာ၊ အပင္က ယိမ္းထိုးေနၿပီး ေနာက္ဆုံးေတာ့ ညႇိဳးက်သြားေတာ့တယ္၊ က်ဳပ္လည္း ပိုၿပီးေသခ်ာေအာင္လို႔ ပန္းအိုးကိုမယူခဲ့ၿပီးေတာ့ အိမ္ေရွ႕က အရိပ္လြတ္တဲ့ေနရမွာ ခ်ထားလိုက္တာေပါ့ဗ်ာ၊

ေ႐ႊမိတစ္ေယာက္ တဝါးဝါးသမ္းရင္း ႏိုးလာတယ္ဗ်၊ ေျမျပင္အလြတ္မွာခ်ထားတဲ့ ပန္းအိုးကို က်ဳပ္တို႔ဝိုင္းၾကည့္ေနတာျမင္ေတာ့ သူလည္းအံ့ၾသသြားပုံရတယ္။

“အေဖ၊ ဦးႀကီးတို႔ ဘာေတြၾကည့္ေနၾကတာလဲ”

ေလွကားေပၚကေနေအာက္ဆင္းလာရင္း

“ဟင္၊ အပင္ကေလးတစ္ပင္ပါလား၊ ေရမေလာင္းလို႔ထင္တယ္ ညႇိဳးေနတာပဲေနာ္”

“ေရမေလာင္းနဲ႔ေတာ့သမီးေရ၊ ဒီအပင္ေလးကို ဒီေနရာမွာပဲ ထားလိုက္ေတာ့”

ဦးလူလွက အိမ္ေပၚတက္သြားတယ္ဗ်၊ က်ဳပ္တို႔လည္း လုပ္စရာရွိတာလုပ္ၾကတာေပါ့ဗ်ာ၊ ေန႔လည္ေနမြန္းတည့္ခ်ိန္ေရာက္လို႔ က်ဳပ္က သတိရၿပီး ဂမုန္းပင္ကိုေျပးၾကည့္ေတာ့ ဂမုန္းပင္က သစ္ျမစ္ေျခာက္တစ္ခုလို ေျခာက္ကပ္ေနတာပဲဗ်ာ၊ က်ဳပ္လက္နဲ႔ထိလိုက္ေတာ့ ျပာမႈန္ေတြလို တဖြားဖြားနဲ႔ ေႂကြက်သြားပါေရာလား။

ၿပီးပါၿပီ။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ