” စုန်းထီးကြီးဦးဘသာနှင့် တစ်ပွဲစားသံခဲ “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီးဦးဘသာနှင့် တစ်ပွဲစားသံခဲ “(စ/ဆုံး)
————————————————————-
အတွဲ(၄) စာစဉ်(၂၀)

(၁)

“ဟာ၊ ကိုဘသာတို့ နွားဝယ်ထွက်တာ နွားချော၊ နွားကောင်းတွေချည်း ရလာတယ်ထင်ပါ့”

ကျုပ်နဲ့ဦးဘသာ ဦးလူလှတို့ခြံဝိုင်းထဲကိုဝင်လိုက်တာနဲ့ ကွပ်ပျစ်ပေါ်မှာထိုင်နေတဲ့ ဦးလူလှက ပြောလိုက်တာပဲဗျာ၊

“ဒါနဲ့ ဒီနွားတွေ ဘယ်ကသွားဝယ်လာတာလဲ ကိုဘသာ”

“ရွာတောင်ပိုင်းက ဆန်နီရဲ့ခြံကနေ ဝယ်လာတာပါကွ”

ဦးလူလှက အထိတ်တလန့်နဲ့

“ဗျာ၊ ဆန်နီက သူ့နွားတွေကိုဖောဖောသီသီထုတ်ရောင်းသတဲ့လား၊ ရောင်းလိုက်တာမှလည်း ဆယ်ကောင်တောင်ဆိုတော့ မနည်းဘူးဗျို့၊ ဒီလောက်ခြစ်ကုပ်တဲ့ ဆန်နီဆီက နွားရအောင်ဝယ်လာတယ်ဆိုတော့ ကိုဘသာရဲ့အစွမ်းက မသေးဘူးဗျို့”

ဦးဘသာက နွားငါးရှဉ်းဆွဲပြီး ခြံဝင်းထဲကိုဝင်ခဲ့တယ်ဗျ၊ ကျုပ်လည်း သူ့အနောက်ကနေလိုက်ခဲ့တာပေါ့ဗျာ။ ဦးလူလှက ကျုပ်ကိုကြည့်ပြီး

“ဟောဗျာ၊ အလတ်ကောင်တစ်ယောက် ဘာဖြစ်လာပြန်တာလဲ၊ တစ်ကိုယ်လုံးလည်း ရွံ့တွေဗွက်တွေ ပေကျံနေတာပါလား”

ဦးဘသာက ကျုပ်ကိုပြုံးကြည့်ရင်း

“မင်းတို့ နိဗ္ဗာန်ရွာကရေ အေးမအေးသိရအောင်လို့ ရေကန်ထဲ ရေဆင်းချိုးတာတဲ့ကွာ”

အဲဒီလိုပြောပြီးတော့ ခြံထဲဝင်သွားတာပါပဲ၊ ဦးလူလှကတော့ ကျုပ်ကိုအထူးအဆန်းနဲ့လိုက်ကြည့်နေတယ်၊ ဦးလူလှတို့ခြံကအကျယ်ကြီးဆိုတော့ ဦးဘသာက နွားတွေကို ခြံခြေရင်းဘက်က မန်ကျည်းပင်တွေအောက်မှာ ချည်ထားလိုက်တာပေါ့ဗျာ၊ ကျုပ်ကတော့ ရေအိုးတွေအနားသွားပြီးတော့ ရေတွေလောင်းချိုးလိုက်ရတော့တာပေါ့။

ဦးလူလှတို့ဆိုင်းကို ကွေးကောက်ရွာက ငှားထားတယ်ဆိုတော့ ဦးလူလှတို့အိမ်မှာလည်း လူတွေတရုံးရုံးနဲ့ပေါ့ဗျာ၊ အရင်က ဆိုင်းအဖွဲ့မှာပါတဲ့လူတွေပြန်ခေါ်ပြီးတော့ ဆိုင်းနဲ့ပတ်သက်တဲ့ ပစ္စည်းပစ္စယတွေကို ဆေးကြောသုတ်သင်ကြတာပေါ့ဗျာ၊ ဟိုကောင်ချိုတူးလည်း ဆိုတာ တော်တော်ပိုင်နေပြီဗျ၊ ဒီကောင်က အရှေ့ကနေအသံပြဲနဲ့အော်ဆိုရင် အနောက်က ကိုမြကြီးက နှဲနဲ့လိုက်ထောက်ပေးသဗျ၊ ဒီလိုဆိုတော့လည်း တစ်မျိုးနားထောင်ကောင်းသားပဲဗျ။

နေ့လည်စာ စားသောက်ပြီး ရေနွေးဝိုင်းဖွဲ့တော့ ဦးဘသာက ထပြောတယ်ဗျ။

“လူလှရေ၊ ငါတို့လည်း နွားတွေရခဲ့ပြီဆိုတော့ ကြာကြာမနေတော့ပါဘူးကွာ၊ မင်းတို့လည်း ဆိုင်းလိုက်ရအုံးမှာဆိုတော့ ငါတို့ ဒီညနေပဲ ပြန်တော့မယ်ကွ”

“ဟောဗျာ၊ ဗြုန်းစားကြီးပါလား ကိုဘသာရဲ့၊ ကျုပ်တို့မရှိလည်း နေလို့ရပါတယ်”

“နေပါစေကွာ၊ ဒါနဲ့ မင်းတို့ ကွေးကောက်ရွာကို ဘယ်တော့သွားကြမှာလဲ”

“အခုလှည်းတွေဆင်ပြီးရင် ညနေမစောင်းခင်ထွက်မယ်ဗျာ၊ ကွေးကောက်ရွာနဲ့က သိပ်မဝေးဘူးဆိုတော့ ဟိုကို ညမိုးမချုပ်ခင် ရောက်မယ်ထင်တယ်”

အမှန်အတိုင်းပြောရရင် ကျုပ်လည်း မပြန်ချင်သေးဘူးဗျ၊ ဒါပေမယ့် ဒီခရီးမှာ ဦးဘသာကခေါင်းဆောင်တာဆိုတော့ သူကပြန်မယ်ဆိုတော့လည်း သူ့အနောက်လိုက်ရမှာပေါ့ဗျာ။ ငညိုနဲ့ချိုတူးကတော့ မျက်နှာမကောင်းဘူးဗျ။ ချိုတူးက ကျုပ်အနားကပ်လာပြီးတော့

“မပြန်ပါနဲ့အုံးလား၊ ကိုအလတ်ကောင်ရာ၊ ကွေးကောက်ပွဲမှာ ကျုပ်ခွန်းထောက်သဖြန်ဆိုတာလေး ကြည့်သွားပါအုံးလား”

“မရတော့ဘူး ချိုတူးရဲ့ ဦးဘသာက ပြန်မယ်လို့ပြောနေပြီမဟုတ်လား”

“ဦးဘသာပြန်ရင်လည်း ပြန်ပါစေပေါ့ဗျာ၊ ကိုအလတ်ကောင်မပါရင် ကျုပ်အားမရှိဘူး”

ချိုတူးကတော့ ရတဲ့နည်းနဲ့တားနေတာပဲ၊ ကျုပ်လည်း ဘာမှမပြောတော့ဘဲ ဦးဘသာကိုမေးငေါ့ပြလိုက်တယ်၊ ချိုတူးက ဦးဘသာကိုတော့ ကပ်မပြောရဲဘူးဗျ၊ ဦးလူလှက ဒါကိုရိပ်စားမိတယ်။

“အချိန်ရတယ်ဆိုရင်ဖြင့် ကျုပ်တို့နဲ့ကွေးကောက်ရွာလိုက်ခဲ့ပါလား ကိုဘသာရာ၊ ကွေးကောက်မှာ ကျုပ်တို့ဆိုင်းတီးတာကြည့်သွားပေါ့၊ ဆိုင်းတို့ ပွဲတို့ဆိုတာ ကြည့်ရခဲတယ်မဟုတ်လားဗျ၊ ရောက်တုန်းရောက်ခိုက် လိုက်ခဲ့စမ်းပါ”

ဦးဘသာက တစ်ချက်စဉ်းစားပြီးတော့

“လိုက်တော့လိုက်ချင်ပါတယ်ဗျာ၊ ဒါပေမယ့် နွားတွေကလည်းရှိသေးတယ်မဟုတ်လား၊ တို့ကလည်း ဇီးကုန်းပြန်ရမှာကိုး”

ဦးဘသာပြောတော့ နှဲမှုတ်တဲ့ကိုမြကြီးက

“ဇီးကုန်းဆိုတော့ ပေတောရွာအနားက ဇီးကုန်းကိုပြောတာမဟုတ်လား”

“ဟုတ်တာပေါ့”

“ဟာ၊ ဒါဆိုလည်း နွားတွေတစ်ခါတည်းသယ်ခဲ့ပေါ့ဗျာ၊ ကွေးကောက်အင်းကနေ အနောက်ဘက်တောင်ရိုးကိုဖြတ်လိုက်ပြီး ရွှေတဆင်ရိုးကိုကျော်လိုက်ရင် ပေတောရွာအခြေကိုရောက်တာပေါ့ဗျ”

ဦးဘသာက မျက်မှောင်ကြုတ်ပြီး

“ရွှေတဆင်ရိုးက လူသွားသေးလို့လားကွ”

“သွားတာပေါ့ဗျာ၊ ကျုပ်တို့ ဒီကနေ ပေတောသွားမယ်ဆိုရင် အဲဒီရွှေတဆင်ရိုးဘက်ကပဲ ဖြတ်ကြတာ၊ လမ်းကလည်းမဆိုးပါဘူး လှည်းတစ်စီးကောင်းကောင်းသွားနိုင်တယ်၊ တောင်ရိုးအဖြတ်မှာ လမ်းမတ်တယ်ဆိုပေမယ့် သိပ်ပူစရာမလိုပါဘူးဗျာ”

ကျုပ်လည်း ဦးဘသာကိုမျက်ခုံးပင့်ပြီးကြည့်လိုက်တော့ ဦးဘသာက စဉ်းစားနေပုံပဲ၊ ဒါနဲ့ ဦးလူလှက ထပြောပါရော။

“ဒါဆိုရင်လည်း နွားတွေပါယူခဲ့ပေါ့ ကိုဘသာရာ၊ လမ်းခရီးမှာ ခရီးထောက်စရာ ရွာမရှိဘူးဆိုရင်ဖြင့် ကွေးကောက်က ကျုပ်တို့အပြန် ဦးဘသာတို့က ပေတောရွာဘက်ကို ဖောက်တက်ကြပေါ့ဗျ”

“လမ်းခရီးမှာတော့ ခရီးထောက်စရာ မရှိပါဘူးကွာ၊ အေးလေ၊ လမ်းကောင်းတယ်ဆိုရင်ဖြင့် ကျုပ်တို့လည်းလိုက်ခဲ့တာပေါ့”

ဦးဘသာပြောလိုက်တော့ ကျုပ်မှာပျော်လိုက်တာဗျာ၊ ကျုပ်ထက်ပျော်တာကတော့ ဟိုကောင်ချိုတူးပဲဗျ၊

“ဟေး၊ ဦးဘသာတို့ပါ လိုက်မယ်တဲ့ဟေ့”

လက်ခုပ်လက်ဝါးတီးပြီး ခြံထဲသုံးလေးပတ်လောက် ပတ်ပြီးကနေလိုက်သေးတာဗျ၊ ကျုပ်တို့မှာ ချိုတူးကိုကြည့်ရင်း မပြုံုးဘဲ ဝါးလုံးကွဲအောင်ရယ်လိုက်ကြတာပေါ့ဗျာ။

(၂)

နေ့လည် နှစ်နာရီလောက်နေတော့ ခြံထဲကို လှည်းတွေဝင်လာပါရောဗျာ၊ လှည်းကြီးငါးစီးဗျ၊ ဆိုင်းအဖွဲ့သားတွေက စုစုပေါင်း ဆယ်ယောက်လောက်တော့ရှိမယ်၊ အရင်ဆုံး ဆိုင်းဝိုင်းမှာသုံးမယ့် ပစ္စည်းတွေကို လှည်းပေါ်ကို စီတင်ပြီးတော့ ကြိုးတွေနဲ့တုပ်ကြတယ်ဗျ၊ ကိုမြကြီးတို့၊ ဆိုင်းနောက်ထ ငသောင်းတို့ဆိုရင် လုပ်နေကြမို့လို့ သိပ်ပြီးမြန်သဗျ၊ ဘယ်အချပ်ကိုဘယ်မှာထည့်မယ်၊ ဝက်ခြေတုပ်လို့ခေါ်တဲ့ တိုင်တွေကို ဘယ်မှာထည့်၊ ပဉ္စရူပရုပ်ကို ဘယ်နားမှာတင်ဆိုပြီး သူ့အစီအစဉ်နဲ့သူထည့်ကြတာပေါ့ဗျာ၊ ဆိုင်းပစ္စည်းတွေပြီးတော့ ဗုံတွေ၊ မောင်းတွေ၊ တူရိယာပစ္စည်းတွေတင်ရတယ်ဗျာ၊ နှဲလို၊ ဝါးလက်ခုပ်လို ပစ္စည်းမျိုးက ကိစ္စမရှိပေမယ့် ပတ်မကြီး၊ ခြောက်လုံးပတ်နဲ့ ပတ်လုံးတွေကတော့ နေရာယူသဗျ၊ သေသေချာချာမထည့်တတ်လို့ကတော့ လှည်းတစ်စီးကို ဘယ်လောက်မှဝင်ဆန့်မယ်မထင်ဘူးဗျာ။ သူတို့ကလုပ်နေကြဆိုတော့ သူ့နေရာနဲ့သူ ကွက်တိပဲဗျ။

အဲဒီခေတ်တုန်းကတော့ ဆိုင်းငှားရင် ဆိုင်းကရွာရောက်အောင်လာဖို့ တာဝန်ယူရတာကိုးဗျ၊ ရွာခြင်းနီးတာလည်း ပါမှာပေါ့၊ လှည်းကြီးသုံးစီးနဲ့ ဆိုင်းပစ္စည်းတွေတင်၊ အရှေ့ဆုံးလှည်းမှာတော့ ဦးလူလှနဲ့ ရွှေမိတို့တက်တာပေါ့ဗျာ၊ ဦးဘသာကိုလည်း အဲဒီလှည်းပေါ်ကိုတင်တယ်၊ ကျုပ်နဲ့ချိုတူးတို့ လှည်းပေါ်တက်တော့ ဦးလူလှက ကျုပ်တို့ကိုငေါက်တယ်ဗျ။

“ဟေ့ကောင်တွေ၊ ဆိုင်းဆရာလှည်းကို မင်းတို့စီးလို့မရဘူး၊ မင်းတို့က နောက်လိုက်ဆိုတော့ နောက်ဆုံးလှည်းက လိုက်ခဲ့ကြ”

နောက်ဆုံးလှည်းမှာတော့ ကျန်တဲ့ယောက်ျားလေးတွေလိုက်လာခဲ့ကြတယ်ဗျ၊ လှည်းကြီးဆိုတော့ ခုနစ်ယောက်လိုက်ခဲ့တယ်၊ လှည်းမောင်းတာက ငသောင်းဆိုတော့ ရှစ်ယောက်ပေါ့ဗျာ၊ အဲဒီလှည်းအနောက်မှာ ကျုပ်တို့ဝယ်ထားတဲ့ နွားတွေကိုဆွဲခဲ့သဗျ၊ နောက်ဆုံးလှည်းဆိုတော့လည်း အေးအေးဆေးဆေးမောင်းကြတာပေါ့ဗျာ၊ ကျုပ်ကတော့ ရှေ့ဆုံးလှည်းမလိုက်ရလို့ သိပ်တော့မကျေနပ်ဘူး။

“ရှေ့ဆုံးလှည်းကို ကျုပ်တို့ဘာလို့မစီးရတာလဲ”

ငသောင်းက

“မင်းတို့စီးလို့ရမလားဟ၊ ဆိုင်းဆရာနဲ့ မင်းသမီးစီးတဲ့လှည်းကွ၊ ရွာနားရောက်လို့ လှည်းတန်းမြင်တာနဲ့ အလှူရှင်တွေက လှည်းယဉ်လွှတ်ပြီး မင်းသမီးနဲ့ဆိုင်းဆရာကြိုခိုင်းမှာလေကွာ၊ တစ်ရွာသားတွေက မင်းတို့လိုကောင်တွေကို ကြိုချင်မလားကွ၊ မင်းသမီးလောက်ကြိုချင်ကြတာပေါ့”

ကျုပ်တို့လှည်းမှာ ကျုပ်ရယ်၊ ချိုတူးရယ်၊ နောက်ပြီးတော့ နှဲဆရာကိုမြကြီး၊ ပတ်မထိန်းတဲ့ ကိုဗလ၊ နောက် လူရွှင်တော် ရွှေတိုးနဲ့ ငွေတိုးဆိုတဲ့သူကနှစ်ယောက် ငသောင်းကလှည်းမောင်းတယ်၊ ငညိုလည်းပါသေးတယ်ဆိုတော့ ရှစ်ယောက်ပေါ့ဗျာ။ ကိုမြကြီးနဲ့ ကိုဗလက ဘေးချင်းကပ်ထိုင်ပြီးတော့ တစ်ယောက်လက်ကိုတစ်ယောက်တို့နေကြတယ်၊ ပြီးတော့ လွယ်အိတ်ထဲက ပုလင်းလေးကို နှိုက်နှိုက်ပြီးကစ်နေတာပေါ့ဗျာ၊ ငသောင်းကလည်း ဒါကိုမြင်သွားတယ်ဗျ။

“ဟာ၊ ကိုမြကြီးအချင်းချင်းတွေ ဒီလိုမလုပ်သင့်ပါဘူးဗျာ၊ တစ်ဖွဲ့ထဲသားချင်းတွေပဲ”

ကိုမြကြီးက ကျုပ်ကိုကြည့်ရင်း

“မဟုတ်ပါဘူးကွာ၊ တို့အဖွဲ့မှာ ဧည့်သည်တွေပါနေတယ်မဟုတ်လားကွ၊ တော်ကြာ ငါတို့တစ်ခွက်တစ်ဖလားသောက်နေတာမြင်ပြီးတော့ ဆိုင်းသမားတွေအကုန်လုံး ယစ်ထုပ်ကြီးတွေလို့ ထင်သွားမှာစိုးလို့ပါကွာ”

“ဟာဗျာ၊ မထင်ပါဘူးဗျ”

ကိုမြကြီးက ပြုံးလိုက်ရင်း

“ကဲကဲ၊ ဒါဆိုရင်လည်း ထုံးစံအတိုင်းပေါ့ကွာ၊ ငသောင်းရေ မင်းတစ်လုံးယူ၊ ကျန်တဲ့တစ်လုံးကို ငါတို့အတူတူမျှသောက်တာပေါ့”

ကျုပ်တို့ယောက်ျားတွေလည်း အရက်တစ်ပုလင်းကို တစ်ယောက်တစ်ငုံ့နဲ့လက်ပြောင်းသောက်ပြီးတော့ ပျော်ပျော်ပါးပါးရယ်မောရင်းလာခဲ့ကြတာပေါ့ဗျာ၊ အရက်ကလည်း တောအရက်ဆိုတော့ ပြင်းသဗျ၊ အရက်သောက်ပြီးတော့ ငသောင်းကလည်း ပျော်လာတော့ သီချင်းတွေအော်ဆိုတယ်၊ ကိုမြကြိးကလည်း လွယ်အိတ်ထဲက ပုလွေကလေးထုတ်ပြီးမှုတ်တယ်၊ ကျုပ်တို့ရတဲ့သီချင်းဆို ကျုပ်တို့ကလည်း သံပြိုင်ဆိုနဲ့ နောက်ဆုံးကနေ အေးအေးဆေးဆေးလိုက်လာခဲ့ကြတာပေါ့ဗျာ။

ကွေးကောက်ရွာက နိဗ္ဗာန်ရွာနဲ့ဆို သိပ်မဝေးဘူးဗျ၊ နှစ်နာရီလောက် မောင်းတော့ရောက်လာပါရော၊ ကုန်းတက်တစ်ခုကိုတက်လိုက်တော့ ရှေ့မှာရေပြင်ကျယ်ကြီးကိုမြင်လိုက်ရတယ်ဗျာ၊ ကျုပ်ဖြင့် လန့်သွားတာပဲ။

“ဟာ၊ ဟေ့လူတွေ၊ ရှေ့မှာ ပင်လယ်ကြီးလားဗျ”

“မင်းကတော့ တော်တော်မူးနေပြီထင်တယ်အလတ်ကောင်၊ ဘယ်ကလာပင်လယ်ကမှာလဲကွ၊ အဲဒါ ကွေးကောက်အင်းကွ”

“ဗျာ၊ အင်းဆိုတာ ဒါလားဗျာ၊ အကြီးကြီးပဲဗျ၊ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ကြီးတဲ့ရေကန်ကြီး မမြင်ဖူးဘူးဗျာ”

ကိုဗလက ခေါင်းညိတ်ပြီးတော့

“အေးပေါ့ကွ၊ ကန်ကြီးရင် အင်းလို့ခေါ်သကွ၊ ဒါတောင်မှ ဒီအချိန်က ရေနည်းနည်းခမ်းစပြုနေလို့၊ မိုးတွင်းဆိုရင် ဒါ့ထက်ကျယ်တယ်ကွ”

ကျုပ်တို့အနားမှာ ဒီလောက်ကြီးတဲ့ရေမျိုးမရှိဘူးဆိုတော့ ကျုပ်ဖြင့်အံ့သြတာတော့အမှန်ပဲဗျာ၊ ရွာနားရောက်တော့ ရွာထိပ်မှာ လှည်းယာဉ်ကလေးရပ်ထားတယ်ဗျ၊ လှည်းယာဉ်ဆိုတာ လှည်းအပေါ့မျိုးဗျ၊ ကနုတ်ပန်းတွေ၊ ပွတ်လုံးတွေနဲ့ သေသေချာချာဆင်ထားတဲ့ဟာပေါ့ဗျာ၊ လူကလည်း လေးယောက်လောက်ပဲထိုင်လို့ရတယ်ဗျ၊ လှည်းယဉ်က ဦးလူလှနဲ့ ရွှေမိကိုကြိုသွားပါရောဗျာ၊ ဦးလူလှက လှည်းယာဉ်မထွက်ခင်

“ခြောက်နာရီစမယ်ဟေ့၊ အားလုံးအသင့်ပြင်ထားနော်”

“ဟုတ်ကဲ့ပါ ဆရာကြီး”

ပြီးတာနဲ့ လှည်းယာဉ်က ရွာကိုတကြော့ကြော့နဲ့ပြေးတော့တာပဲဗျာ၊ ရွာအဝင်မှာကတည်းက အိမ်ထဲကလူတွေက ကျုပ်တို့ကိုထွက်ကြည့်ကြသဗျာ။

“ဆိုင်းရောက်လာပြီ၊ ဆိုင်းရောက်လာပြီဟေ့”

ကလေးတွေဆိုရင် လှည်းအနောက်ကိုပြေးလိုက်လာကြတာဗျ၊ ရွာတစ်ဖက်ထိပ်၊ တလင်းပြင်ကြီးမှာတော့ မဏ္ဍာပ်ကြီးဆောက်ထားတာ ဟီးနေတာပဲဗျာ၊ ရောင်စုံစက္ကူတွေ၊ ကနုတ်ပန်းဆိုင်းတွေနဲ့ တကယ်ကိုခမ်းခမ်းနားနားဆောက်ထားတာပဲ၊ မဏ္ဍာပ်နဲ့ခပ်လှမ်းလှမ်းမှာတော့ ထမင်းကျွေးရုံတွေကို အတန်းလိုက်ထိုးထားတယ်ဗျာ။

အညာအလှူဆိုရင် ဆိုင်းလေးကလည်း ပါမှကောင်းတာကိုးဗျ၊ တကယ်ဆိုရင်တော့ အလှူက နှစ်ရက်တည်းရယ်ပါ၊ အလှူမတိုင်ခင်ရက်ကို အလှူဝင်ရက်လို့ခေါ်ပြီး နောက်ရက်ကျတော့ အလှူပေးတဲ့ရက်ပေါ့ဗျာ၊ အလှူက နှစ်ရက်တည်းဆိုပေမယ့် အလှူပေးမယ့်လူက တစ်နှစ်ပတ်လုံးအားခဲထားပြီး ကြိုးစားရတာပါ၊ တချို့ဆို အလှူတစ်ပွဲဖြစ်ဖို့ သုံးနှစ်လောက် အားထုတ်ရပါတယ်၊ အလှူဖြစ်တော့လည်း ဆိုင်းလေးထည့်ချင်တာကိုးဗျ၊ အလှူရှိမှ ဆိုင်းသံဗုံသံကြားရတယ်မဟုတ်လား၊ အရင်ခေတ်တုန်းက ခုလို တီဗွီဆိုတာလည်းမပေါ်သေး၊ ဗွီဒီယိုဆိုတာလည်း ဝေလာဝေးဆိုတော့ ပွဲရှိ၊ အလှူရှိမှ၊ ဇာတ်တို့၊ ဆိုင်းတို့ကြည့်ပြီး အပန်းဖြေရတယ်မဟုတ်လားဗျာ။

ပုံမှန်ဆိုရင်တော့ အလှူဝင်ညမှာ ဆိုင်းတီးတယ်၊ နောက်တော့ ညည့်နည်းနည်းနက်လာရင် အငြိမ့်ကကြလေ့ရှိပါတယ်၊ အလှူနေ့ကျတော့ ဘိသိက်ပါရင် ဘိသိက်သွန်းတယ်၊ ဘိသိက်မပါရင်တော့ ဆိုင်းတီးဧည့်ခံရုံပေါ့ဗျာ၊ ဆိုင်းဆိုတာကလည်း အလှူရှိမှနားထောင်ရ၊ အငြိမ့်ဆိုတာလည်း အလှူရှိမှ ကြည့်ရတာမို့လို့ ရွာခံလူတွေကလည်း တစ်ညလုံးပေါက်ချင်ပေါက်ပါစေ ဆိုင်းနဲ့အငြိမ့်ကိုထိုင်ကြည့်ကြတယ်ဗျာ၊ ဒါပေမယ့် ညအရမ်းနက်ပြီဆိုရင်တော့ အငြိမ့်ဝိုင်းသိမ်းရပါတယ်၊ ညလုံးပေါက်တော့ ဘယ်တတ်နိုင်မလဲဗျ၊ နောက်နေ့လည်း တီးရအုံးမယ်မဟုတ်လား။

(၃)

ဆိုင်းဝိုင်းတွေဆင်ပြီးတော့ ကိုဗလတို့က စလာပြီဗျာ၊ ညနေ ဆိုင်းစချိန်လိုသေးတယ်ပေါ့၊ အခုမှ လေးနာရီကျော်ပဲရှိသေးတာဆိုတော့ အင်းထဲပတ်ကြည့်ကြမယ်တဲ့ဗျာ၊ ကျုပ်ကလည်း ဒီအင်းထဲမရောက်ဖူးတာနဲ့ သူတို့နဲ့အတူတူပါသွားတော့တာပါပဲ၊ လှေဆိပ်ဆင်းတော့ လှေသမားတွေမရှိတော့ဘူးဗျ၊ အလှူရှိတော့ ဆိုင်းကြည့်မယ်ဆိုပြီး အိမ်ပြန်ရေမိုးချိုးကုန်ကြသတဲ့၊ ဆယ့်လေးနှစ်အရွယ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်ပဲရှိတော့တယ်၊ ဒါနဲ့ သူ့ကိုပဲချောဆွဲပြီး အင်းထဲဆင်းခဲ့တာပေါ့ဗျာ။ လှေကလေးပေါ်မှာ ကျုပ်ရယ်၊ ကိုမြကြီး၊ ကိုဗလ သုံးယောက်ပဲပါတယ်၊ ချိုတူးနဲ့ ငညိုက ထမင်းစားရင်းကျန်ခဲ့သဗျ။

“ဟေ့ကောင်လေး၊ မင်းနာမည်ဘယ်လိုခေါ်သလဲ”

“ကျုပ်နာမည် ငတုံးလို့ခေါ်တယ်ဗျ”

“ဟား၊ ဟား မင်းနာမည်ကလဲကွာ၊ ဒါနဲ့ မင်းအခုဒီမှာဘာလုပ်နေတာလဲ”

“ကျုပ်မိဘတွေက တံငါဗျ၊ ကျုပ်လည်း ပိုက်ဆင်းချမယ်ဆိုပြီးထွက်လာတာ”

“ပိုက်က ညမှချတာလားကွ”

“ဒါပေါ့ဗျာ၊ ငါးက ညကျမှ မြူူးတာကိုး၊ ဒီနေ့က အလှူရှိတော့ တခြားတံငါတွေ ပိုက်မချကြဘူးထင်တယ်၊ ဒါနဲ့ ကျုပ်တစ်ယောက်တည်း ပိုက်ချမလို့ထွက်လာတာ”

ကိုမြကြီးက

“ဟေ့ကောင်လေး၊ ဒါနဲ့ ဒီအင်းလယ်နားက ကျွန်းမှာ အရင်တုန်းက အရက်ဆိုင်ကလေးရှိတယ်မဟုတ်လား”

“ရှိတယ်”

“ရှိရင် ငါတို့ကိုအဲဒီကိုပို့ပေးစမ်းကွာ”

အခုမှကျုပ်လည်းသိတယ်၊ လတ်စသတ်တော့ ဒီလူတွေအင်းထဲဆင်းတာ အကြံနဲ့ကိုးဗျ၊ ကိုမြကြိးနဲ့ ကိုဗလက အရက်သိပ်ကြိုက်တဲ့လူတွေဗျ၊ အခုလည်း ဆိုင်းမတီးခင် သူတို့သောက်ချင်လို့ အင်းထဲဆင်းလေ့လာမယ်ဘာညာအကြောင်းပြပြီး ထွက်လာခဲ့ကြတာကိုး။ တစ်နေရာရောက်တော့ ကမ်းနားမှာပေါက်နေတဲ့ ညောင်ပင်လိုအပင်ကြီးတစ်ပင်အနားရောက်လာသဗျ၊ ဒီကောင်လေးက လှေကိုအဲဒီအပင်နားကိုကပ်လိုက်ပြီးတော့ ကုန်းပေါ်ပြေးတက်သွားတယ်။

“ဦးလေးတို့ ဒီမှာနေအုံးနော်၊ ကျုပ် အဘိုးကိုသွားပြောလိုက်အုံးမယ်”

“အေးအေး၊ ငါတို့လည်း ဆင်းကြည့်မယ်ဟေ့”

ကိုဗလတို့လည်းဆင်းတော့ ကျုပ်လည်းဆင်းခဲ့တာပေါ့ဗျာ၊ ကျုပ်က ငတုံးအနောက်ကိုလိုက်လာခဲ့တာပေါ့၊ ငတုံးက သစ်ပင်ကြီးတစ်ဖက်ကိုဝင်သွားတယ်ဗျ၊ အဲဒီနေရာမှာတော့ လူသေအခေါင်းကြီးတစ်လုံးရှိတယ်၊ ငတုံးက အခေါင်းကြီးရှေ့မှာထိုင်ချရင်း

“အဘိုး၊ အဘိုး၊ ဒီနေ့ကျွန်တော့်ကို ငါးကောင်း၊ ငါးကြီးတွေ ပေးသနားတော်မူပါ၊ ငါးများများရတဲ့နေရာကိုလည်း အဘိုးလမ်းညွှန်ပေးတော်မူပါ၊ အဘိုး”

ငတုံးက ဦးသုံးကြိမ်ချတယ်၊ ကျုပ်လည်း ဘေးနားကကြည့်ရင်း

“ဟေ့ကောင်လေး၊ အဲဒါမင်းအဘိုးမို့လို့လားကွ”

“ဘယ်ကလာကျုပ်အဘိုးရမှာလဲ၊ ဒီအဘိုးက ဒီအင်းကိုပိုင်တဲ့အဘိုးဗျ”

“ဒါဆိုအင်းပိုင်ဘိုးဘိုးကြီးပေါ့”

“မဟုတ်ဘူးဗျ၊ ဒီအဘိုးက တစ်ပွဲစား”

“တစ်ပွဲစားတဲ့လား”

ကျုပ်လည်း တစ်ပွဲစားဆိုတဲ့စကားကိုကြားဖူးတာကြားပြီ၊ ငယ်ငယ်က စာအုပ်တွေဘာတွေဖတ်တော့လည်း တစ်ပွဲစားဦးစံမှဲ့တို့ဘာတို့ ဖတ်ရတယ်မဟုတ်လား၊ ဒါပေမယ့် တစ်ပွဲစားဆိုတာ ဘာကိုဆိုလိုမှန်းးတော့ သေသေချာချာမသိတာအမှန်ပါ။

“နေပါအုံးကွ၊ သူ့ကိုဘာလို့ တစ်ပွဲစားလို့ခေါ်တာလဲ”

ငတုံးက ခေါင်းခါရင်း

“အဲဒါတော့ ကျုပ်လည်းမသိဘူးဗျ၊ ဒါပေမယ့် ဒီအဘိုးနာမည်ကတော့ ဦးသံခဲလို့ခေါ်တယ်၊ ကျုပ်တို့ရွာမှာပဲနေတာတဲ့၊ တစ်သက်လုံးတံငါအလုပ်နဲ့ ငါးဖမ်းလာတဲ့သူပေါ့ဗျာ၊ ဦးသံခဲက ရွာထဲမှာ အိမ်ရှိတယ်ဆိုပေမယ့် အိမ်မှာမနေဘဲ လှေတစ်စီးနဲ့ အင်းထဲမှာပဲ နေ့နေ့ညညနေတတ်တယ်ဆိုပဲဗျ”

“ဒါနဲ့ပဲ တစ်ပွဲစားဖြစ်ရောလားကွ”

“မဟုတ်ဘူးဗျ၊ ဦးသံခဲက ဘယ်နားမှာ ငါးတွေနေတယ်၊ ဘယ်နားမှာ ဘယ်ငါးတွေရှိတယ်ဆိုတာကို အတော်သိသတဲ့ဗျ၊ သူအသက်ရှင်စဉ်တုန်းကဆိုရင် သူ့ကိုတွေ့တဲ့တံငါတွေက အဘိုးရယ် ဘယ်ငါးလိုချင်လို့ပါ၊ ဘယ်နှပိဿာလိုချင်လို့ပါလို့ ပြောရင် ဦးသံခဲက လမ်းညွှန်ပေးလိုက်တယ်တဲ့ဗျ၊ သူလမ်းညွှန်ပေးတဲ့အတိုင်းသွားရှာရင် တကယ်ပဲ အဲဒီငါးမျိုးတွေ့တယ်ဆိုပဲ”

“ဟ၊ ဒါဆိုနိပ်တာပေါ့၊ ငါသာတံငါဆို သူ့ကိုပဲလိုက်မေးပြီး ငါးတောင်းတော့မှာ”

“ဟာ၊ ဦးလေးကလည်း ဦးသံခဲနဲ့တွေ့ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးဗျ၊ သူက လှေတစ်စင်းနဲ့ ဒီအင်းကြီးတစ်ခွင် လှည့်ပတ်သွားလာနေတာဆိုတော့ သူ့ကိုတွေ့ဖို့တော်တော်ခက်တယ်ဆိုပဲ၊ ကံကောင်းတဲ့သူမှ တွေ့ရတာတဲ့ဗျ”

“ဒါဆိုရင် သူကတော်တော်စွမ်းတာပဲနော်”

“စွမ်းတာပေါ့ဗျာ၊ အဖေနဲ့တောင် တစ်ခါတွေ့ဖူးသေးတယ်”

“ဟေ၊ ပြောစမ်းပါအုံးကွာ”

“အဖေက ညဘက်ငါးဆင်းထောင်ပါရော၊ အဲဒီမှာ လှေကလေးတစ်စီးသူ့အနားလာကပ်တယ်တဲ့ဗျ၊ လှေကိုလှော်တဲ့လူမပါဘဲနဲ့ လှေကသူ့အလိုလိုရွေ့နေတယ်ဆိုပဲ၊ လှေဦးထိပ်မှာ ဦးသံခဲက တင်ပလ္လင်ခွေထိုင်ပြီး လိုက်လာတာတဲ့ဗျာ၊ အဖေနဲ့တွေ့တော့ အဖေကလည်း ရိုရိုသေသေနဲ့ ပြောတယ်၊ အဘိုးရယ် ငါးဘတ်ကြီးတွေ ဈေးသိပ်ကောင်းတယ်၊ ကျုပ်ကို ငါးဘတ်ကျမယ့်နေရာပြောပါဆိုတော့ ဦးသံခဲက ရေကိုလက်နဲ့ခပ်ပြီး အနံ့ခံတယ်တဲ့ဗျ၊ ပြီးတော့ ကုက္ကိုကျွန်းနားကို ငါးသွားထောင်ခိုင်းတယ်ဆိုပဲ”

“ကုက္ကိုကျွန်းက ဘယ်နားလဲကွ”

“ခုသွားမယ့်နေရာပေါ့ဗျာ၊ အဲဒီကုက္ကိုကျွန်းပေါ်မှာ အရက်ဆိုင်ဖွင့်ထားတယ်၊ လူလည်းစုံတာပေါ့၊ ဒါနဲ့အဖေက မဖြစ်နိုင်ဘူးလို့ပဲထင်တာ၊ ညနက်လို့သွားကြည့်တော့ အရက်ဆိုင်လည်းပိတ်ထားပြီ၊ ဒီတော့မှ အရက်ဆိုင်နောက်ဘက်မှာ ငါးဘတ်ကြီးနှစ်ကောင်တဲ့ဗျာ၊ အရက်ဆိုင်ကနေစွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်တွေ၊ ပဲကြီးလှော်တွေ ရေထဲမြောနေတာကို လိုက်ဆယ်စားနေတာတဲ့၊ အဖေလည်း ငါးဘတ်နှစ်ကောင်ကိုဖမ်းမိခဲ့တာပေါ့”

“ဟာ၊ ဒါဆိုတကယ်ထူးတာပေါ့ကွ”

“ဒါပေါ့ဗျာ၊ ကဲ၊ အချိန်တော်အတော်နှောင်းနေပြီ၊ ကျုပ်တို့ ကုက္ကိုကျွန်းကို သွားကြစို့”

ကျုပ်တို့ပြန်လာခဲ့တော့ ကိုမြကြီးတို့က လှေပေါ်ရောက်နေပြီဗျ၊ ငတုံးကလှေကိုဆက်လှော်ခတ်လာတယ်၊ ညနေခင်း ရေပြင်ကိုဖြတ်တိုက်တဲ့ လေလေးတွေက အေးနေတာပဲဗျာ၊ လေတဝူးဝူးနဲ့ဆိုတော့ စိတ်အပန်းပြေတာပေါ့။ မကြာပါဘူး ကုက္ကိုကျွန်းဆိုတဲ့နေရာကိုရောက်လာတယ်ဗျ။ အင်းရေပြင်ထဲကို ချွန်ထွက်ပြီးတော့ ကျွန်းပုံစံကလေးဖြစ်နေတာဗျ၊ တကယ်တော့ ရေပတ်လည်ဝိုင်းနေတာမဟုတ်ပါဘူး၊ တစ်ဖက်စွန်းက ကုန်းနဲ့တစ်ဆက်တည်းဗျ၊ အဲဒီအပေါ်မှာ ကုက္ကိုပင်ကြီးနှစ်ပင်ပေါက်နေတယ်၊ ဒါကိုအစွဲပြုပြီးတော့ ကုက္ကိုကျွန်းလို့ခေါ်တာဖြစ်မယ်ဗျ။

ကုက္ကိုပင်ကြီးနှစ်ပင်အောက်မှာတော့ တဲကလေးတစ်လုံးတွေ့တယ်ဗျ၊ အဲဒီတဲကလေးအနားမှာ လှေကပ်လို့ရတဲ့ ဆိပ်ကမ်းကလေးတစ်ခုရှိတယ်၊ အဲဒီမှာ ငတုံးက လှေကိုကပ်လိုက်ပြီးတော့ ငုတ်မှာကြိုးနဲ့ချည်လိုက်တာပေါ့ဗျာ၊ အရက်သိပ်သောက်ချင်နေတဲ့ ကိုမြကြီးနဲ့ ကိုဗလလည်း ကျွန်းပေါ်အမြန်ပြေးတက်သွားကြတယ်ဗျ၊ ဟိုရောက်တော့ အရက်ဆိုင်ကလေးက သိမ်းတောင်နေပါပြီဗျာ၊ အိုးတွေခွက်တွေမှောက်နေကြတယ်၊

“ဟာ၊ ခင်ဗျားတို့က ဆိုင်တောင်သိမ်းတော့မလို့လား”

“ဟုတ်တယ်လေ၊ ရွာမှာအလှူရှိတယ်၊ ဆိုင်းရှိတယ်ဆိုတော့ ဒီနေ့အင်းထဲဆင်းတဲ့လူတောင် မရှိဘူးမဟုတ်လား၊ ငါတို့လည်း ဆိုင်သိမ်းပြီးတော့ ရွာဘက်ကူးတော့မလို့”

“ဒီလိုတော့မလုပ်ပါနဲ့ဗျာ၊ ကျုပ်တို့သောက်ချင်သေးတယ်ဗျ”

လက်တစ်ဖက်ပြတ်နဲ့ဦးလေးကြီးက

“မရောင်းတော့ပါဘူးဆိုကွာ”

“ခင်ဗျားတို့မရောင်းရင် ဆိုင်းလည်းနားထောင်ရမယ်လို့မထင်နဲ့ဗျ”

ကိုဗလက အကြပ်ကိုင်လိုက်တယ်။ ဆိုင်ထဲမှာ လက်တစ်ဖက်ပြတ်နဲ့ဦးလေးကြီးရယ်၊ သူ့မိန်းမလို့ယူဆရတဲ့ ပိန်ပိန်သေးသေးအဒေါ်ကြီးတစ်ယောက်ရယ်ပဲရှိတော့တယ်ဗျ၊ လက်တစ်ဖက်ပြတ်နဲ့ဦးလေးကြီးက သူ့ခါးမှာချိတ်ထားတဲ့ ဓါးကိုပုတ်ပြပြီးတော့

“ဟေ့ကောင်တွေ၊ ငါ့နာမည်ဘသိန်းကွ၊ မင်းတို့ထက်မိုက်လို့ ဒီကျွန်းပေါ်မှာ အရက်ဆိုင်ဖွင့်ရောင်းတာကွ၊ မင်းတို့ရန်ဖြစ်ချင်လို့လား”

ကိုဗလက မှင်သေသေနဲ့

“ကျုပ်က ပတ်မကြီးတီးတဲ့လူ၊ ဟောဟိုက နှဲဆရာဗျ၊ ဆိုင်းဝိုင်းတစ်ခုမှ ကျုပ်တို့မပါရင် လုံးဝနားထောင်လို့မကောင်းဘူးဆိုတာ ခင်ဗျားမသိဘူးလား”

လက်တစ်ဖက်ပြတ်နဲ့ဘသိန်းက အံ့သြသွားပြီးတော့

“မင်းတို့ဒီလိုကြိုပြောပေါ့ကွာ၊ နေပါအုံး မင်းတို့က မူးနေတော့ ဆိုင်းတီးနိုင်ပါ့မလားကွ”

ပြောရင်းဆိုရင်း စားပွဲခုံပေါ်တင်ပြီးမှောက်ထားတဲ့ ခွေးခြေခုံကလေးတွေကို ချခင်းပေးတယ်၊ ကိုမြကြီးနဲ့ ကိုဗလလည်း အဲဒီမှာဝင်ထိုင်တာပေါ့ဗျာ၊ ကျုပ်နဲ့ ငတုံးလည်း လိုက်ထိုင်ရတာပေါ့။

“ဒါနဲ့နေပါအုံးကွ၊ မင်းတို့က အရက်မူးနေတော့ ဆိုင်းရောမှန်မှန်တီးနိုင်၊ မှုတ်နိုင်ကြပါ့မလား”

“မပူစမ်းပါနဲ့ဗျာ၊ ကျုပ်တို့က ရေချိန်ကိုက်မှ လက်ရည်တက်တာဗျ၊ အလာကတည်းက ကျုပ်တို့အတွက် အရက်ထည့်လာခဲ့ပြီးသား၊ ဒါပေမယ့် လမ်းမှာ ဒီကောင်တွေကိုခွဲတိုက်လိုက်ရလို့ အခု မတက်မကျဖြစ်နေတယ်ဗျာ၊ ဒီခံစားချက်ကို ခင်ဗျားလည်းနားလည်မှာပေါ့၊ ဒါကြောင့် ရွာရောက်တာနဲ့ အရက်ရမယ့် ဒီနေရာကိုလာခဲ့တာပဲဗျာ”

ဦးဘသိန်းက ပြုံးရင်း

“အေးအေး၊ သိတာပေါ့ကွာ၊ အရက်မဝတဲ့ခံစားချက်က သိပ်ခံရခက်တာမဟုတ်လား”

ဦးဘသိန်းက အရက်နှစ်ပုလင်းချပေးပြီးတော့ ရေတစ်ပုလင်းနဲ့ ပဲကြီးလှော်၊ ပဲခြမ်းကြော်တွေချပေးတယ်ဗျ၊ ကိုမြကြီးက အရက်တစ်ခွက်ကိုခပ်မြန်မြန်မော့သောက်လိုက်တယ်၊ ကိုဗလက အမြည်းတွေကိုကြည့်ပြီး

“ဟာ၊ ခင်ဗျား အမြည်းက ဒါပဲလား”

“ဆိုင်ပိတ်ပြီကွ၊ ဒါပဲရှိတော့မှာပေါ့”

“ရေလယ်ခေါင်လာရမှတော့ဗျာ၊ ငါးကြော်လေးဘာလေးတော့ စားချင်သပေါ့ဗျ”

“ဘယ်လိုလုပ်မလဲကွ၊ ငါတို့မှာမှမရှိတော့တာ”

ကိုဗလက ကိုမြကြီးကိုကြည့်ပြီး ရယ်မောရင်း

“သိတာပေါ့ဗျာ၊ ဒါကြောင့်ကျုပ်တို့ စီစဉ်လာခဲ့ပြီးသားပါ”

အဲဒီလိုပြောပြီး ကိုမြကြီးက သူ့လွယ်အိတ်ထဲကနေ ငါးရံ့နှစ်ကောင်ထုတ်ပေးလိုက်တယ်ဗျ၊ ငါးရံ့က တစ်ထွာကျော်ကျော်လောက်တော့ရှိမယ်ထင်တယ်၊ ကိုဘသိန်းလည်း မြက်ထုံးနဲ့တွယ်ထားတဲ့ ငါးရံ့နှစ်ကောင်ကိုလှမ်းယူပြီးတော့ ဟိုအဒေါ်ကြီးကိုပေးလိုက်တယ်၊ အဒေါ်ကြီးက ငါးနှစ်ကောင်ကိုယူသွားပြီးတော့ ဆိုင်နောက်ဝင်သွားတာပဲ၊ မကြာပါဘူး၊ ရှဲခနဲဆီကြော်တဲ့အသံကိုကြားလိုက်ရတာပါပဲဗျာ။

ကျုပ်ကတော့ တစ်ခွက်တစ်လေပါပဲဗျာ၊ ငတုံးကိုအရက်ခွက် ကမ်းပေးတော့ ငတုံးက ပြာပြာသလဲနဲ့

“ကျုပ်အရက်သောက်တာကို အဖေသိရင် ကျုပ်ကိုအသေသတ်မှာဗျ၊ မသောက်ချင်ပါဘူးဗျာ”

ဟုတ်လည်းဟုတ်တယ်၊ ကျုပ်က ကလေးသာသာရှိသေးတဲ့ငတုံးကို အရက်တိုက်တာကိုးဗျ၊ ဦးဘသိန်းကလည်း ကျုပ်တို့ဝိုင်းအနားမှာထိုင်နေတယ်။ ညနေငါးနာရီလောက်ရှိပြီဆိုတော့ မှောင်တော့မှောင်လာပြီပေါ့ဗျာ၊ ကုက္ကိုပင်အရိပ်ဆိုတော့လည်း ပိုမှောင်သဗျ။ ကျုပ်လည်း ငတုံးဘက်လှည့်ပြီး

“အဲဒီ ဦးသံခဲအကြောင်း ပြောစမ်းပါအုံးကွာ”

“အဲဒါဆက်ပြောမလို့ဗျ၊ ဦးသံခဲက အင်းထဲမှာတစ်ယောက်တည်း လေလွင့်နေရင်း ဘယ်လိုသေသွားမှန်းမသိကြဘူးတဲ့၊ ဦးသံခဲသေသွားပြီးတော့မှ လှေကလေးမြောနေတာတွေ့တယ်တဲ့ဗျာ၊ လှေဝမ်းထဲမှာ ဦးသံခဲက တောင့််တောင့်ကြီးသေလို့ဗျ၊ အလောင်းက အင်းထဲမှာဆိုတော့ မပုပ်မသိုးဘဲ ခြောက်နေသတဲ့ဗျာ၊ အဲဒါနဲ့ရွာကလူတွေကတွေ့တော့ လှေကိုဆယ်ပြီးတော့ ရေထဲကနေတင်တာပေါ့၊ ဟောဟိုအနောက်ဘက်က သချိုင်းကုန်းမှာ မြှုပ်ပေးမယ်ဆိုပြီး လှေကိုဆွဲလာကြတာတဲ့၊ ဒါပေမယ့် သူ့လှေကလေးကို ရေထဲကနေတင်လို့မရဘူးတဲ့ဗျ၊ ဆယ်တောင်လောက်ရှိတဲ့လှေကလေးကို ယောက်ျားသားဆယ်ယောက်လောက် ဝိုင်းဆွဲတာ ဆွဲမရဘူးတဲ့ဗျာ”

“ဟာ၊ တော်တော်ထူးဆန်းတာပဲဟေ့”

“ဒါ့ထက်ထူးသေးတယ်ဗျ၊ ဒီရွာက အထက်လမ်းဆရာကြီးက ကူညီမှ ရေပေါ်တင်လို့ရတယ်တဲ့ဗျာ၊ ဒါနဲ့ သူ့ကိုအခေါင်းသွင်းပြီးတော့ သချိုင်းကုန်းမှာ မြှုပ်လိုက်တာပေါ့၊ မြှုပ်တဲ့ညပဲ အဲဒီဆရာကြီးကို အိပ်မက်ပေးသတဲ့ဗျာ၊ သူ့ကိုလှေပေါ်တင်ပြီး ပြန်မျှောပေးပါ၊ မမျှောရင် အင်းထဲက သရဲကြီးတွေ စိတ်ဆိုးလိမ့်မယ်ဆိုပြီး ပြောသတဲ့”

“ဒါနဲ့ပဲ ပြန်မျှောလိုက်ရောလားကွာ”

“အဲဒီဆရာကြီးက အိပ်မက်ကို ဘယ်သူ့ကိုမှမပြောဘူူးဗျ၊ ဟုတ်ချင်မှဟုတ်မယ်ဆိုပြီးထင်နေတာပေါ့ဗျာ၊ နောက်တစ်နေ့ညရောက်တော့ အင်းကြီးထဲက အော်သံကြီးတွေကြားတယ်ဗျ၊ ပြီးတော့ ရေထဲကသရဲကြီးတွေက အော်သံတွေပေးပြီးတော့ တက်လာကြတယ်၊ တံငါသည်တွေဆိုရင် တော်တော်ကြောက်ကုန်ကြတာပဲဗျို့၊ ပြီးတော့ နွေခေါင်ခေါင်ကြီး အင်းရေပြင်အပေါ်မှာ တိမ်တွေစုပြီး မိုးတွေထစ်ချုန်းနေတာတဲ့ဗျာ”

“သူလုပ်ခိုင်းတဲ့အတိုင်းမလုပ်လို့များလားမသိဘူးနော်”

“ဒါပေါ့ဗျ၊ ဒီလိုနဲ့ရွာကလူတွေကြောက်လန့်ကုန်တော့မှ ဆရာကြီးကထုတ်ပြောတာ၊ ဒါနဲ့ညတွင်းချင်းပဲ သူ့အလောင်းကိုပြန်ဖော်ပြီးတော့ အဲဒီညောင်ပင်ကြီးနားမှာ မြှုပ်ပေးတာ၊ ဒါလည်းမရဘူးတဲ့ဗျာ၊ အဲဒါနဲ့ အခေါင်းထဲက အလောင်းကိုထုတ်ပြီးတော့ သူ့လှေပေါ်တင်ပြီး အင်းထဲပြန်ချပေးရတယ်၊ ဒီတော့မှ ပုံမှန်အတိုင်းပြန်ဖြစ်သွားတာဗျ”

“ငါသိပြီ၊ ဒါဆိုရင် တစ်ပွဲစားကြီး ဦးသံခဲက သေပြီးတော့ အင်းစောင့်ကြီးများဖြစ်သွားတာလား”

“ရွာကလူတွေကတော့ အဲဒီလိုပြောတာပဲ၊ ကျုပ်တို့တံငါတွေလည်း အင်းထဲငါးရှာဖားရှာတဲ့အခါကျရင် အဲဒီသစ်ပင်နားက အခေါင်းကြီးကို သွားပြီးတိုင်တယ်ကြတယ်ဗျ၊ တိုင်တည်တဲ့အတိုင်း ငါးတွေရလာပြီဆိုရင်လည်း ကိုယ်ရတဲ့ငါးထဲက ငါးနည်းနည်းကို ညောင်ပင်ကြီးအောက်မှာ ဆက်ခဲ့ရတယ်”

“မဆက်ဘူးဆိုရင် ဘာဖြစ်တတ်သလဲ”

ဒီတော့ ကျုပ်တို့ဘေးနားမှာထိုင်နေတဲ့ ဦးဘသိန်းက

“မဆက်ဘူးဆိုရင် ဒီလိုဖြစ်မှာပေါ့ကွာ”

အဲဒီလိုပြောပြီးတော့ သူ့လက်ပြတ်ကြီးကို မြှောက်ပြတယ်ဗျ၊ လက်က လက်တံတောင်ဆစ်နားကနေပြတ်နေတာဗျ၊ ကျုပ်ဖြင့် လက်ပြတ်ကြီးကိုကြည့်ပြီး ကျောထဲစိမ့်သွားတာပဲဗျာ။

“ကျုပ်မသိလို့မေးတာနော် ဦးဘသိန်း၊ အဲဒီလက်က ဘယ်လိုပြတ်သွားတာလဲ”

“အေး၊ ငါလည်း ငါနဲ့ကြုံကြိုက်တဲ့လူတိုင်းကို ငါ့လက်အကြောင်းပြောပြနေကြကွ၊ တစ်ပွဲစားကြီး ဦးသံခဲဆိုတာ နောင်ပြောင်လို့ကောင်းတဲ့လူမဟုတ်ဘူးကွ၊ မယုံမရှိနဲ့ ငါ့ကိုယ်တွေ့ပဲ”

ဦးဘသိန်းကပြောရင်းဆိုရင်း အရက်တစ်ခွက်ကိုယူပြီးမော့သောက်လိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ ငါးရံ့ကြော်နှစ်ကောင်ကို သူ့မိန်းမက ပန်းကန်ထဲထည့်လာပြီးတော့ ကျုပ်တို့ဝိုင်းမှာလာချပေးတယ်၊ ကိုဗလကတော့ ငါးရံ့ကြော်ပူပူလောင်လောင်ကိုတစ်ဖဲ့လှမ်းဖဲ့ပြီး ပါးစပ်ထဲပစ်ထည့်လိုက်တယ်ဗျ။

“ကောင်းမှကောင်းပဲဗျာ၊ ငါးကလတ်လို့လားမသိဘူး ချိုနေတာပဲ”

ဦးဘသိန်းက

“ခင်ဗျားတို့သောက်ရင်လည်း မြန်မြန်သောက်နော်ဗျ၊ တော်ကြာဆိုင်းနောက်ကျနေလို့ ကျုပ်တို့အပြစ်ဖြစ်နေအုံးမယ်”

“ရပါတယ်ဗျာ၊ ဒီနှစ်လုံးကုန်ရင် ပြန်ကြတာပေါ့”

ဦးဘသိန်းက ခေါင်းညိတ်ပြီးတော့မှ

“သြော်၊ အေး၊ မင်းကိုပြောပြမလို့တောင် မေ့သွားတယ်၊ ဒီလိုကွ”

(၄)

“လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းကပေါ့ကွာ၊ ငါက ဟိုဘက်ထောက်ရှာရွာသားကွ၊ ငါ့မိန်းမက ဒီရွာသူ၊ ငါ့မိန်းမနဲ့ညားပြီးတော့ ဒီကျွန်းပေါ်မှာ အရက်ဆိုင်ဖွင့်မယ်လို့ကြံဖြစ်တာပေါ့၊ ရွာထဲမှာအရက်ဆိုင်ဖွင့်ပေမယ့် မရောင်းရဘူးကွ၊ ဘာလို့လဲဆိုတော့ တစ်ရွာလုံးက တံငါတွေချည်းဆိုတော့ ရွာထဲကပ်တယ်လို့မှမရှိတာ၊ ဒါနဲ့ ဒီကျွန်းပေါ်မှာ ဆိုင်လာဖွင့်တာပေါ့ကွာ”

“ဆိုင်ဖွင့်တာ အဆင်ပြေတယ်ပြောရမယ်ကွ၊ တံငါတွေက ငါးထောင်၊ ပိုက်ထောင်ပြီးတဲ့အခါ ငါ့ဆိုင်မှာလာပြီးနားခိုနေကြတာကိုး၊ အဲဒီမှာ သူတို့က တစ်ပွဲစားကြီး ဦးသံခဲအကြောင်းကို အမြဲပြောကြတယ်၊ ငါဆိုတဲ့ကောင်ကလည်း တစ္ဆေတွေ သရဲတွေကို သိပ်ယုံတဲ့ကောင်မဟုတ်ဘူး၊ ဒါနဲ့ တံငါတွေနဲ့ အလောင်းအစားလုပ်ကြတာပေါ့ကွာ”

“ဘယ်လိုလုပ်သလဲဗျ”

“ငါကလည်း အင်းစပ်ကိုဆင်းပြီးတော့ ဦးသံခဲကိုပြောတာပဲ၊ ဆုတောင်းတာပေါ့ကွာ၊ ကျုပ်မိချောင်းလိုချင်တယ်၊ မိချောင်းတစ်ကောင်ရရင် ငါးကြီးကြီးနဲ့ အရက်နှစ်လုံးနဲ့ ဆက်သမယ်ဆိုပြီးပြောတာပေါ့ကွာ”

“ဟာဗျာ၊ အညာမှာ မိချောင်းရှိမလားဗျ”

“အေးလေ၊ ငါကလည်း မရှိတာဆုတောင်းတာ၊ တကယ်လို့ မိချောင်းနဲ့ငါနဲ့မတွေ့ရင် တစ်ပွဲစား ဦးသံခဲက မစွမ်းဘူးပေါ့ကွာ၊ ငါကတော့ ငါ့အကြံနဲ့ငါ တွေးပြီးပျော်နေတာပေါ့ကွာ၊ တံငါတွေကလည်း ဟုတ်မဟုတ်စောင့်ကြည့်နေကြတာပေါ့ကွာ”

“ဒါဆို မိချောင်းနဲ့တကယ်တွေ့ခဲ့တာလား”

“တွေ့တာမှ နေ့မကူးဘူးဟေ့၊ ညနေပိုင်းဆိုရင် ငါတို့ဆိုင်က အရက်သိပ်ရောင်းရတာကွ၊ တစ်နေ့လုံးငါးဖမ်းတဲ့တံငါလည်း ပြန်ချိန်၊ တစ်ညလုံး ငါးဖမ်းထွက်မယ့် တံငါကလည်း ရဲဆေးတင်ချိန်ဆိုတော့ လူတွေစုံတာပေါ့ကွာ၊ ဒီလိုနဲ့အရက်ပြတ်သွားရင် ရွာထဲက ငါတို့အိမ်မှာအရက်သွားယူရတယ်ကွ၊ အဲဒီနေ့ကလည်း အရက်ပြတ်သွားလို့ ငါတစ်ယောက်တည်း လှေလှော်ပြီးတော့ သွားယူတာကွာ၊ အရက်တွေထည့်ထားတဲ့ စည်ပိုင်းသယ်ပြီးပြန်လာရင်း ဒီကျွန်းနားရောက်တော့ ရေထဲမှာသစ်တုံးကြီးတစ်တုံးမြောလာတာကွ၊ ငါလည်း ဘယ်လိုဖြစ်မှန်းမသိဘူး၊ အဲဒီသစ်တုံးကြီးဆယ်ပြီးထင်းစိုက်ရင်ကောင်းမှာပဲဆိုပြီးတော့ သစ်တုံးအနားကိုလှေကပ်လိုက်တာကွ၊ အနားရောက်တော့မှ သစ်တုံးမဟုတ်ဘဲ မိချောင်းကြီးတစ်ကောင် ရေပေါ်မှာခေါင်းဖော်ပြီးတော့ မြောနေတာဟေ့”

“ဟာဗျာ၊ ထူးဆန်းလိုက်တာ”

ကျုပ်လည်း ငါးကြော်ပန်းကန်ကို လက်လှမ်းလိုက်ရော ငါးရံ့ကြော်က ကုန်တောင်နေပြီဗျ၊ ဒီလူတွေတော်တော်လက်မြန်တဲ့လူတွေပဲဗျာ၊ ဦးဘသိန်းကဆက်ပြောတယ်။

“ဟုတ်တယ်၊ ငါလည်း လက်လှမ်းလိုက်ပြီးမှသိတာကွ၊ မိချောင်းက ဘာမပြောညာမပြောနဲ့ ငါ့လက်ကို ဆတ်ခနဲလှမ်းကိုက်ပြီး ဆွဲလှိမ့်လိုက်တာပဲကွာ၊ ငါလည်းရေထဲကို အားလွန်ပြီးကျသွားတာပေါ့၊ ငါ့အဖြစ်ကို ဒီဆိုင်မှာထိုင်နေကြတဲ့ တံငါတွေအကုန်မြင်လိုက်ကြရတယ်၊ မိချောင်းက ငါ့လက်ကိုဆွဲပြီးရေအောက်ကိုဆင်းပြေးတာပဲဟေ့၊ ငါလည်း ကြောက်အားလန့်အားနဲ့ အတင်းရုန်းကန်ရာကနေ မိချောင်းက ငါ့လက်ကိုကိုက်ဖြတ်ပြီး ရေနက်ထဲဆင်းသွားတာပဲ၊ တံငါတွေပြေးဆင်းလာပြီး ငါ့ကိုဆယ်ကြလို့ ငါမသေတာကွ”

“အဲဒီမိချောင်းကြီး ဘယ်ရောက်သွားသလဲဗျ”

“ဒါလည်းထူးဆန်းတယ်၊ ဒီအင်းကြီးထဲမှာ တစ်သက်နဲ့တစ်ကိုယ် မိချောင်းကို အဲဒီတစ်ခါပဲမြင်ဖူးကြတာဆိုပဲကွ၊ အခုထိ မိချောင်းကိုမမြင်ကြတော့ဘူး၊ ငါလည်း တော်တော်မှတ်သွားတယ်ကွာ၊ အဲဒါကြောင့်် အဲဒီနေ့ကစပြီး တစ်ပွဲစားကြီးကိုတောင်းပန်ပြီးတော့ အခုထိ ယုံယုံကြည်ကြည်နဲ့ ပူဇော်ပသနေတာပဲဟေ့”

“ထူးလည်းထူးသလို၊ ကြောက်ဖို့လည်းကောင်းပါရဲ့ဗျာ”

“အေးပေါ့ကွ၊ မင်းတို့အပြင်လူတွေသတိထားနော်၊ ဒီအင်းထဲမှာဆိုရင် ဦးသံခဲကို မလေးမစားမလုပ်မိနဲ့ကွ”

ဦးဘသိန်းကပြောပြီးတော့

“ဟော၊ တော်တော်မှောင်လာပြီကွ၊ မင်းတို့တွေမသွားရင်နေ၊ ငါသွားတော့မယ်”

ကိုမြကြီးနဲ့ ကိုဗလလည်း ရေချိန်ကိုက်နေပြီဆိုတော့ ကျုပ်တို့ထခဲ့ကြတာပေါ့ဗျာ၊ အရက်ဖိုးငွေပေးပေမယ့် ဦးဘသိန်းက မယူပါဘူး၊ ဆိုင်းဆရာတွေမို့လို့ အလကားတိုက်လိုက်တာတဲ့ဗျာ၊ ဒီလိုဆိုတော့လည်း ဆိုင်းဆရာဖြစ်ရတာ ကောင်းတယ်လို့တွေးမိတယ်။ ဦးဘသိန်းတို့ လင်မယားက ဆိုင်တွေသိမ်းဖြုတ်နေတုန်း ကျုပ်တို့လည်းပြန်ခဲ့တာပေါ့ဗျာ၊ ငတုံးက ရွာအထိပြန်လိုက်ပို့မယ်ပြောတာကိုး။ ညအတော်မှောင်တော့ အင်းရေပြင်က သိသိသာသာအေးလာတယ်ဗျ၊ ကိုမြကြီးတို့ကတော့ မူးမူးနဲ့လေညှင်းခံနေကြတာပေါ့ဗျာ။

လှော်ရင်းလှော်ရင်းနဲ့ လှေအနားမှာ မြူထူတွေကျလာပါရောဗျာ၊ မြူတွေဘယ်လောက်ကျသလဲဆို ရွာကိုတောင်လှမ်းမမြင်ရတော့ဘူးဗျ၊ ကျုပ်လည်း ငတုံးကိုလှည့်ကြည့်လိုက်တော့ ငတုံးက မျက်စိမျက်နှာပျက်နေတယ်။

“ငတုံးရေ ဘာဖြစ်တာလဲ”

“မြူတွေဗျ၊ ကျုပ်လည်း တစ်ခါမှ မကြုံဖူးဘူးနော်”

“ငါတို့ပြန်လို့ရပါ့မလား”

“မြူကျပေမယ့် လမ်းကြောင်းကိုကျုပ်သိပါတယ်၊ ကျုပ်ပြန်တတ်ပါတယ်”

ငတုံးကဆက်လှော်လာတယ်ဗျ၊ သိပ်မကြာပါဘူး၊ ကျုပ်တို့အရှေ့မှာ လှေကလေးတစ်စီးမျောလာတယ်၊ ကျုပ်လည်း မြူထူတွေထဲမှာ တခြားလှေတွေ့ပြီဆိုတော့ အားကိုးရှိပြီဆိုပြီး ပျော်သွားတာပေါ့ဗျာ၊ ဒါပေမယ့် လှေကိုကြည့်လိုက်တော့ လှေပေါ်မှာထိုင်နေတဲ့လူမတွေ့ဘူးဗျ၊ ကျုပ်စိတ်ထဲမှာ လေးလံလာတယ်၊ ကျုပ်ထင်တာက တစ်ပွဲစားကြီးရဲ့ လှေများလားပေါ့။

ထင်တဲ့အတိုင်းပါပဲဗျာ၊ လှေရဲ့ပဲ့မှာထိုင်နေတဲ့ ငတုံးက လက်အုပ်တွေဘာတွေချီနေပြီဗျ၊ ကျုပ်လည်း ယောင်ယမ်းပြီးလက်အုပ်ချီလိုက်ရတယ်၊ လှော်တဲ့သူမရှိတော့တဲ့ကျုပ်တို့လှေက အဲဒီလှေကလေးအနားကို တဖြည်းဖြည်းနဲ့သွားကပ်တယ်ဗျာ၊ ဒီတော့မှ လှေထဲမှာလှဲအိပ်နေတဲ့ လူကြီးတစ်ယောက်က ငေါက်ခနဲကောက်ထိုင်တယ်။

လူပုံက အသက်ကြီးကြီး အဘိုးကြီးပုံစံပါဗျာ။ မျက်တွင်းတွေကျနေပြီးတော့ ခေါင်းတုံးကလည်းပြောင်နေတာပဲ၊ မသိရင်လူအရိုးခေါင်းကြီးနဲ့တောင်တူနေသေးတာဗျ၊ အဘိုးကြီးက ကျုပ်တို့ကိုကြည့်ပြီးတော့

“အနောက်က နှစ်ယောက် ပြန်လို့ရတယ်၊ အရှေ့က နှစ်ယောက်ကတော့ ငါနဲ့လိုက်ခဲ့ရမယ်”

အဲဒီလိုပြောပြီး လှေနံရံကိုလှမ်းဆွဲတာပဲဗျာ၊ အနောက်မှာထိုင်နေတာက ကျုပ်ရယ်၊ ငတုံးရယ်၊ အရှေ့မှာကျတော့ ကိုမြကြီးနဲ့ ကိုဗလထိုင်နေတာမဟုတ်လား၊ ကိုမြကြီးတို့လည်း တော်တော်ကြောက်နေတဲ့ပုံပဲဗျ၊ ကျုပ်လည်း လက်အုပ်ချီရင်း

“မလုပ်ပါနဲ့ တစ်ပွဲစားကြီးရယ်၊ ကျုပ်တို့အားလုံးကို သွားခွင့်ပေးပါဗျ”

“မင်းတို့နှစ်ယောက်က အပြစ်မရှိပေမယ့် ဒီအပြစ်သားနှစ်ယောက်ကို ငါခွင့်မလွှတ်ဘူး”

“ဗျာ . . . ဗျာ၊ သူတို့မှာ ဘာအပြစ်ရှိလို့လဲ”

တစ်ပွဲစား ဦးသံခဲမျက်လုံးက မီးတောက်တွေလို လင်းထိန်လာတယ်ဗျာ၊ ပြီးတော့ ကိုမြကြီးတို့ကိုကြည့်ရင်း

“ဒီကောင်တွေအသိဆုံးဖြစ်မှာပေါ့ကွ”

ကိုမြကြီးလည်း ကြောက်ကြောက်နဲ့

“ကျုပ်၊ ကျုပ်တို့ဘာမှမလုပ်ပါဘူးဗျာ”

“ဟား၊ ဟား အခုမှဗြောင်မငြင်းနဲ့ကွ၊ မင်းတို့နှစ်ကောင် င့ါရဲ့ညောင်ပင်အောက်မှာ သေးလာပေါက်သွားတယ်မဟုတ်လား”

ကျုပ်လည်းအခုမှ စဉ်းစားမိတာ၊ ညနေက ငတုံးကညောင်ပင်အောက်မှာ လှေကိုကပ်လိုက်တော့ ကိုမြကြီးနဲ့ ကိုဗလက ပြေးဆင်းသွားကြတာဗျ၊ လက်စသတ်တော့ သူတို့က အပေါ့သွားချင်လို့ ပြေးဆင်းသွားကြတာကိုး။ ကိုမြကြီးက လက်အုပ်ချီပြီး

“ဒါက ကျုပ်တို့မအောင့်နိုင်တော့လို့ သွားမိတာပါဗျာ၊ ခွင့်လွှတ်ပါ”

“အေးပါ၊ ငါက အစကတော့ မသိနားမလည်တဲ့သူတွေမို့ ခွင့်လွှတ်မလို့ပါပဲ၊ ဒါပေမယ့် မင်းတို့က ဒီထက်ဆိုးတဲ့အပြစ်ကို ကျူးလွန်ခဲ့ကြတယ်”

ကိုဗလက ခေါင်းကုပ်နေတယ်ဗျ၊ ကျုပ်လည်း ကိုဗလကိုကြည့်ပြိး

“ကိုဗလ၊ ဘာလုပ်ခဲ့တာလဲ”

“ဘာမှမလုပ်ပါဘူးကွာ၊ ဟို . . . ဟို၊ ညောင်ပင်အောက်ခြေမှာ ဖက်နဲ့တင်ထားတဲ့ ငါးရံ့နှစ်ကောင်ကို အိတ်ထဲကောက်ထည့်ခဲ့ရုံပါ”

ကျုပ်မျက်လုံးတွေပြူးသွားတယ်။

“ဒါ၊ ဒါဆို ခုနက စားတဲ့ငါးရံ့နှစ်ကောင်က အဲဒီငါးရံ့ပေါ့၊ ဟုတ်လား”

ဦးသံခဲက အသံနက်ကြီးနဲ့

“ငါစားမယ့်အစာ၊ ငါ့အတွက်မြှောက်ထားတာကို လုစားတာလောက် အပြစ်ကြီးတာမရှိဘူး၊ မင်းတို့မသိလို့ အပေါ့သွားတာကို ခွင့်လွှတ်လို့ရပေမယ့်၊ ဒါကတော့ တမင်သက်သက်ငါ့ကိုစိန်ခေါ်တယ်လို့ပဲမြင်တယ်”

“နေ၊ နေပါအုံး တစ်ပွဲစားကြီးရယ်”

ကျုပ်ပြောနေတုန်း တစ်ပွဲစားကြီးက ကျုပ်တို့လှေနံရံကို သူ့လက်နဲ့လှမ်းဆွဲလိုက်တော့ လှေဦးမှာထိုင်နေတဲ့ ကိုမြကြီးနဲ့ ကိုဗလက ရေထဲကိုဒိုင်ဗင်ထိုးပြီး ခုန်ဆင်းသွားကြတာပဲဗျာ၊ လှေကြီးရမ်းခါလို့ ပြုတ်ကျရတယ်ဆိုရင်လည်း ကျုပ်တို့ပါကျရမှာပေါ့ဗျာ၊ အခုက ရှေ့မှာထိုင်နေတဲ့နှစ်ယောက်ပဲ ကျသွားတာ၊ ကျုပ်လည်းဘာလုပ်ရမှန်းမသိတာနဲ့ ရေထဲကိုခုန်ဆင်းလိုက်တာပေါ့ဗျာ၊ ရေထဲမှာ ကိုမြကြီးတို့နှစ်ယောက် လူးလွန့်နေတယ်ဗျ၊ လက်ကားယားခြေကားယားနဲ့ ဆွဲမိဆွဲရာ ဆွဲတာပေါ့ဗျာ၊ ကျုပ်လည်းသူတို့အနားရောက်တော့ သူတို့က ကျုပ်ကိုဝိုင်းဆွဲတာဗျ၊ သူတို့နဲ့အတူတူကျုပ်ပါ အောက်ကိုတဖြည်းဖြည်းနဲ့ ဆွဲကျသွားတာပေ့ါဗျာ၊ ဒီအတိုင်းဆိုရင် သူတို့နဲ့အတူတူ ကျုပ်ပါရေနစ်သေမှာဗျ၊ ကျုပ်လည်း ကြံရာမရတာနဲ့ ဦးဘသာကို တမိတော့တာပဲ။

“ဦးဘသာကယ်ပါ”

ရေအောက်မှာဆိုတော့ အသံမထွက်ဘူးပေါ့ဗျာ၊ ကျုပ်ပါးစပ်ထဲက နောက်ဆုံးလေပူဖောင်းတွေထွက်သွားတော့ ကျုပ်ဖြင့် အသက်ရှူတွေကြပ်လာပြီး မျက်လုံးတွေပြာဝေလာတယ်ဗျ၊ ရင်ဘတ်တွေတစ်ဆို့ဆို့ကြီးဖြစ်လာပြီးတော့ တစ်မျိုးကြီးပဲဗျာ၊ ကျုပ်တို့အရှေ့မှာကတော့ တစ်ပွဲစားကြီး ဦးသံခဲဗျ၊ သူက ရေထဲမှာကူးစရာမလိုဘဲ လွင့်နေတဲ့ပုံပဲ။

ခဏနေတော့ ကျုပ်ပြန်အသက်ရှူလာနိုင်တယ်ဗျ၊ ကျုပ်နှာခေါင်းထဲကို လေတွေဝင်နေသလိုပဲ၊ ကျုပ်ဖြင့်သေသွားပြီလားလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတာဗျာ၊ နောက်တော့ ရေအောက်ထဲမှာ ဦးဘသာကြီးဗျ၊ ဦးဘသာက ကျုပ်ဆီကိုရေကူးလာပြီးတော့ ကျုပ်ရင်ဘတ်ကိုတွန်းလိုက်တာနဲ့ ကျုပ်လည်း ရေပေါ်ကိုထိုးတက်သွားပြီးတော့ ရေမျက်နှာပြင်ပေါ်မှာ ဘွားခနဲပေါ်သွားတာပဲဗျာ၊ အပေါ်ရောက်တော့ ငတုံးက ကျုပ်ကိုတက်တစ်ချောင်းလှမ်းပေးတာနဲ့ ကျုပ်လည်း တက်ကိုလှမ်းဆွဲပြီး လှေပေါ်ကိုအတင်းလုတက်ရတာပေါ့၊

ကျုပ်ပြန်တက်လာပြီးမကြာဘူး၊ ကိုမြကြီးနဲ့ ကိုဗလလည်း လှေအနားမှာ ပေါ်လာတယ်ဗျ၊ ကျုပ်လည်း သူတို့ကိုလှေပေါ်ကိုဆွဲတင်တာပေါ့ဗျာ။ ကိုမြကြီးတို့ကြည့်ရတာ တော်တော်ကြောက်နေတဲ့ပုံပဲဗျာ၊ ဒီအချိန်မှာ အသံနက်ကြီးနဲ့ရယ်တဲ့အသံကိုကြားတယ်ဗျ။

“မင်း၊ မင်းကဘာကောင်မို့လို့ ငါ့အလုပ်ကိုဝင်ရှုပ်တာလဲ”

ကျုပ်တို့လှေရဲ့ လှေဦးမှာ ဦးသံခဲက ပေါ်လာတယ်ဗျ၊ ကိုမြကြီးတို့ဆိုရင်ကြောက်လို့ လှေပဲ့ပိုင်းကိုပြေးလာကြတယ်၊ ဦးဘသာကတော့ လှေပဲ့ပိုင်းအစွန်းမှာ မတ်တပ်ရပ်နေတယ်။

“ငါလည်း ငါ့အလုပ်ငါလုပ်တာကွ၊ ဒီလူတွေက ရွာထဲက ရှင်ပြုအလှူအတွက် ဆိုင်းနဲ့ဖျော်ဖြေမယ့် ဆိုင်းသမားတွေ၊ သူတို့တစ်ခုခုဖြစ်ရင် အလှူနှောင့်နှေးသွားလိမ့်မယ်၊ အလှူရှင်တွေလည်း စိတ်မကောင်းဖြစ်ရမယ်ကွ”

“မသိဘူး၊ အဲဒါတွေငါမသိဘူး၊ ဒီကောင်တွေက ငါ့ကိုစော်ကားတယ်၊ ဒီအတွက် ဒီကောင်တွေသေရမယ်၊ ဒီကောင်တွေ ရေသရဲတွေဖြစ်ကုန်မှ ဒီကောင်တွေကို ငါစိတ်ကြိုက်ခိုင်းစားမယ်”

ဦးသံခဲက ပြောရင်း လှေပေါ်ကိုတက်လာတယ်၊ သူ့တစ်ကိုယ်လုံး အကျိအချွှဲတွေနဲ့ဗျာ၊ လက်တွေမှာလည်း ငါးအကြေးခွံလို အကြေးခွံတွေနဲ့ဗျ၊ လက်တွေကလည်း ဖားလက်လိုလက်ကြီးတွေ၊ လက်သည်းရှည်ရှည်ချွန်ချွန်ကြီးတွေနဲ့ လက်ချောင်းတစ်ချောင်းနဲ့တစ်ချောင်းရဲ့ ကြားထဲမှာလည်း အမြေးပါးလေးတွေပါတယ်ဗျ၊ ပိုဆိုးတာက အမြီးကြီးပဲဗျာ၊ ငါးရံ့ကိုယ်လုံးလို အမြီးကြီးက အရှည်ကြီးပဲဗျ၊ အမြီးထိပ်မှာတော့ ငါးကြင်းမြီးလို ရေယက်တောင်ကြီးပါတယ်၊ ဦးသံခဲက ကိုဗလတို့အနားမှာ ပါးစပ်ကြီးဖြဲပြီးအော်လိုက်တော့ ပါးစပ်ထဲကနေ ရေမှုန်ရေမွှားတွေနဲ့အတူတူ ရေညှိရေမှော်တွေပါ ထွက်လာတာဗျာ၊ ကျုပ်တို့မျက်နှာကိုတောင် လာစင်သေးတယ်။

“ဟေ့ငါးလူသား၊ မင်းမနာချင်ရင် အနောက်ဆုတ်ကွနော်”

ဦးဘသာက သတိပေးပေမယ့် ဦးသံခဲက ကျုပ်တို့အပေါ်ကိုခုန်အုပ်လိုက်တာပဲဗျာ၊ ဒါပေမယ့် ကျုပ်တို့ကိုမအုပ်မိခင်လေပေါ်မှာတန့်နေတယ်ဗျ၊ ပြီးတော့ ခပ်ဝေးဝေးကိုလွင့်ထွက်သွားပြီးတော့ ရေထဲကိုကျတယ်။ ရေပွက်ကြီးဆိုတာ အကြီးကြီးပဲဗျာ၊ ဦးသံခဲက ရေအောက်ကိုငုပ်သွားပြီးတော့ လှေကိုအမြီးနဲ့ပုတ်တယ်ဗျ၊ ဘက်ဘက်ကပုတ်လိုက်ရင် လှေကညာဘက်ကိုစောင်းသွားတာပေါ့ဗျာ၊ ဦးဘသာက သေသေချာချာကြည့်နေတယ်၊ နောက်တော့ လှေရဲ့ညာဘက်ကနေ အမြီးကြီးထွက်လာတော့ ဦးဘသာက အမြီးကိုလက်ညှိုးနဲ့ထိုးပြီး မိုးပေါ်ဆွဲတင်လိုက်တယ်၊ ဦးသံခဲတစ်ယောက် မိုးပေါ်မှာဇောက်ထိုးကြီးဗျာ၊ ပုတ်သင်ညိုကြီးကို အမြီးကဆွဲထားသလို တွန့်လိမ်တွန့်လိမ်နဲ့ပေါ့ဗျာ၊

“ငါ့ကိုလွှတ်ပေး၊ ငါမင်းတို့ကိုအကုန်သတ်ပစ်မယ်၊ မင်းတို့ကိုမသတ်ရရင် ဒီအင်းထဲကိုဆင်းတဲ့လူမှန်သမျှကိုသတ်ပစ်မယ်”

ဦးဘသာက စုတ်သပ်ရင်း

“ကျွတ်၊ ကျွတ်၊ မင်းကလူ့ဘဝကတောင် ကုသိုလ်ကောင်းမှုဘာမှမရှိဘဲ၊ ငါးတွေဖမ်းပြီး အစိမ်းစားနေလို့ အရှင်လတ်လတ်ပြိတ္တာ ဘဝရောက်သွားတာတောင်မှ၊ မကောင်းမှုတွေဆက်လုပ်ချင်နေသေးတာပါလား၊ ငါတစ်ခုပဲတောင်းဆိုမယ်၊ သူတို့ကိုခွင့်လွှတ်လိုက်ပါ၊ တံငါတွေကိုလည်း မင်းဘာမှမလုပ်ပါနဲ့”

“လုပ်မယ်၊ ငါလုပ်ချင်တာလုပ်မယ်၊ ဒီအင်းကငါ့အင်း၊ ငါ့အင်းထဲမှာ ငါလုပ်ချင်သလိုလုပ်မယ်”

ဦးဘသာ မျက်မှောင်ကြုတ်သွားတယ်ဗျ။

“အေးလေ၊ အလွယ်နည်းနဲ့ပြောမရတော့လည်း ပညာနည်းနည်းပြရသေးတာပေါ့ကွာ”

ဦးဘသာက လက်ညိုးကိုမိုးပေါ်ထောင်လိုက်တာနဲ့ ဦးသံခဲကြီးတစ်ယောက် ဟိုးမိုးပေါ်အမြင့်ကြိးကို ရောက်သွားတာပေါ့ဗျာ၊ ဘယ်လောက်မြင့်သလဲဆို ကျုပ်တို့တောင်မမြင်ရတော့ဘူးဗျ။

“ဦးဘသာ ဘာလုပ်လိုက်တာလဲ”

“ဘာမှမဟုတ်ပါဘူးကွာ၊ ဒီကောင့်ကို တိမ်ပေါ်ရောက်ဖူးတယ်ရှိအောင် ပို့လိုက်တာပါ”

ပြီးတော့ အော်သံနက်ကြီးနဲ့အတူ ဦးသံခဲကြီးပြုတ်ကျလာတာပဲဗျာ၊ ရေမျက်နှာပြင်ကိုကျတော့ ဝုန်းဆိုတဲ့အသံကြီးနဲ့အတူ ရေတွေလည်းကျုပ်တို့ကိုလာစင်ပါရော၊ ရေထဲကျပြီးတာနဲ့ တစ်ခါ မိုးပေါ်ကိုပျံတက်သွားပြန်ပါရော၊ နောက်တော့ တစ်ခါ အမြင့်ကြီးကနေ ပြန်ပြုတ်ကျရောဗျာ၊ သုံးခါလောက်ဖြစ်ပြီးတော့ ဦးသံခဲမနေနိုင်တော့ဘူးထင်ပါရဲ့။

“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့တော့၊ ကျုပ်ကိုမလုပ်ပါနဲ့တော့”

“ဒါဆို ငါတောင်းဆိုတာ လက်ခံမလား”

“လက်၊ လက်ခံပါတယ်”

“သူတို့ကိုခွင့်လွှတ်လိုက်ပြီလား”

“ခွင့်၊ ခွင့်လွတ်လိုက်ပါပြီ”

“တံငါတွေကိုရော ရန်ပြုအုံးမလား”

“မလုပ်တော့ပါဘူး”

ဦးဘသာက ဒီတော့မှကျေနပ်သွားပြီးတော့

“အေး၊ မင်းကတိနဲ့မင်းပဲနော်၊ မင်းကတိမတည်လို့ကတော့ နောက်တစ်ခါ မိုးပေါ်ထပ်တက်ရအုံးမယ်လို့မှတ်ထားလိုက်၊ ဒီတစ်ခါတော့ သုံးကြိမ်လောက်နဲ့မရတော့ဘူး၊ မင်းကိုသုံးရက်လောက် မိုးပေါ်ပို့ပေးလိုက်မယ်၊ ကြားလား”

ဦးသံခဲက တုန်တုန်ယင်ယင်နဲ့

“ကြား၊ ကြားပါတယ်”

“အေး၊ ဒါဆိုငါတို့သွားတော့မယ်”

“နေ၊ နေပါအုံး၊ ကျုပ်လည်း တစ်ခုလောက်တောင်းဆိုပါရစေ”

ဦးဘသာက မျက်မှောင်ကြုတ်ပြီး

“ပြော၊ မင်းဘာလိုချင်သလဲ”

“ကျုပ်၊ ကျုပ်ရေသရဲဖြစ်သွားကတည်းက ကုန်းပေါ်တက်လို့မရတော့ပါဘူး၊ အခုလည်း ကျုပ်သူတို့တီးတဲ့ဆိုင်းကိုနားထောင်ချင်တယ်၊ အငြိမ့်ကြည့်ချင်တယ်၊ ကျုပ်ကိုကုန်းပေါ်တက်လို့ရအောင် ကူညီလို့ရရင် ကူညီပါဗျာ”

ဦးဘသာက ခေါင်းညိတ်ပြီး

“ရတယ်၊ ဒါပေမယ့် တစ်ညပဲရမယ်၊ မနက်မိုးမလင်းခင် မင်းရေထဲဆင်းမှဖြစ်မယ်၊ ဟုတ်ပြီလား”

ဦးသံခဲက ပျာပျာသလဲနဲ့ ခေါင်းညိတ်ရှာတယ်ဗျ။ ဦးဘသာက ဦးသံခဲကိုလွှတ်ပေးလိုက်ပြီး

“ကဲ အချိန်မရှိတော့ဘူး၊ သွားတော့မယ်၊ တစ်ပွဲစားကြီး လှေဦးကိုကိုင်ထား၊ ကျန်တဲ့လူတွေလည်း လှေကိုသေသေချာချာကိုင်ထားနော်၊ နည်းနည်းတော့ ကြမ်းလိမ့်မယ်”

ကျုပ်တို့လည်း လှေနံနှစ်ဖက်ကိုလက်နဲ့သေသေချာချာကိုင်ထားလိုက်တာပေါ့ဗျာ၊ ဦးသံခဲလည်း လှေဦးမှာထိုင်ရင်း လှေကိုကိုင်ထားတယ်ဗျ၊ ဦးဘသာက မျက်လုံးနှစ်ဖက်မှိတ်ပြီး သေသေချာချာအာရုံခံနေတယ်၊ ပြီးတော့ လက်ကိုဆန့်တန်းပြီး လက်ခုပ်တစ်ချက်တီးလိုက်တော့တာပါပဲဗျာ၊ လက်ခုပ်ဖြတ်ခနဲတီးလိုက်တာနဲ့ ကျုပ်တို့လှေကြီးမိုးပေါ်မြောက်သွားသလို ခံစားရတယ်ဗျ၊ နောက်တော့ ချက်ချင်းပဲ မြေကြီးပေါ်ကိုကျတယ်၊ လှေကမြေပေါ်ကိုကျတာဆိုတော့ ဝုန်းခနဲဆောင့်သွားတာပေါ့ဗျာ၊ ကျုပ်တို့လည်း အော်လိုက်ကြတာ ငယ်သံကိုပါလို့၊ လှေရပ်သွားမှကြည့်လိုက်တော့ ကျုပ်တို့က ရွာထိပ်နားရောက်နေသဗျ၊ ခပ်လှမ်းလှမ်းမှာ မီးတွေထိန်ထိန်လင်းနေတဲ့ မဏ္ဍပ်ကြီးကိုမြင်လိုက်ရပြီ၊ မကြာခင် ဦးလူလှက ပတ်လုံးတွေကို စမ်းတဲ့အသံကြားလိုက်ရပြီဗျာ။

“ဟေ့ကောင်တွေ၊ သွားကြလေ၊ မြန်မြန်၊ ဆိုင်းကစရတော့မယ်”

ဦးဘသာအော်ငေါက်လိုက်တော့မှ ကိုမြကြီးနဲ့ကိုဗလက မဏ္ဍပ်ဆီကိုပြေးကြတယ်ဗျ၊ ကျုပ်နဲ့ ငတုံးလည်း လှေပေါ်ကဆင်းခဲ့တော့ လှေဦးမှာ အဘိုးကြီးတစ်ယောက်ရပ်နေသဗျ၊ အဲဒီအဘိုးကြီးက ဦးသံခဲပေါ့ဗျာ၊ ကျုပ်တို့လည်း အလှူမဏ္ဍပ်ဆီကိုပြေးခဲ့တော့ အလှူက ဆိုင်းအစီအစဉ်စပြီပေါ့ဗျာ၊ ဆိုင်းအဖွဲ့နဲ့ပါလာတဲ့လူဆိုတော့ ကျုပ်တို့က အရှေ့နားမှာနေရာရတာပေါ့၊ ကျုပ်တို့ဘေးမှာ ဦးသံခဲကြီးထိုင်သဗျ၊ ဦးသံခဲကလည်း ဆိုင်းကိုမျက်လုံးကြီးပြူးပြီးတော့ကိုကြည့်တာဗျာ၊ မဏ္ဍပ်ထဲ လူပြည့်လူလျှံပေါ့ဗျာ၊ ဦးလူလှဆိုင်းလက်ရာက မကြာခင်စတော့တယ်၊ ဦးသံခဲဆို ပျော်လို့ထင်ပါရဲ့ မျက်ရည်တွေစီးကျနေတယ်ဗျာ၊ တစ်သက်လုံးရေထဲမှာနေရတဲ့ ဦးသံခဲကြီး ကုန်းပေါ်ရောက်ပြီး သူနားထောင်ချင်တဲ့ ဆိုင်းကိုနားထောင်ရတယ်ဆိုတော့ ဘယ်လောက်တောင်များ ပျော်လိုက်မလဲဗျာ။

ဆိုင်းအရှေ့ပိုင်းကတော့ ဆိုင်းဆရာကို ရွာကလူတွေက သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်တောင်းလိုက်ကြ၊ ဆုချလိုက်ကြနဲ့ပေါ့ဗျာ၊ ညဘက်နည်းနည်းနက်တော့ အငြိမ့်ထွက်တယ်ဗျ၊ လူရွှင်တော်က လေးယောက်၊ ဆိုင်းနောက်ထငသောင်းရယ်၊ ရွှေတိုး၊ ငွေတိုးနဲ့ ချိုတူးပေါ့ဗျာ၊ ချိုတူးက ပွဲဦးထွက်မို့ ခွန်းတောက်ဆိုတာ ထစ်တစ်တစ်ရယ်ဗျ၊ ဒါပေမယ့် ကျန်တဲ့လူတွေက သဘာကျနေပြီမို့ ချိုတူးခွန်းထောက်ဆိုတာကိုပဲ ပြက်လုံးတွေပြက်ကြတော့ ကျုပ်တို့ပရိသတ်တွေ ရယ်လိုက်ရတာ မျက်ရည်တောင်ကျသဗျာ၊ ကျုပ်ဘေးမှာထိုင်နေတဲ့ ဦးသံခဲဆိုလည်း ရယ်လိုက်တာ ပါးစပ်ကြီးနားရွက်တက်ချိတ်တော့မယ့်အတိုင်းပဲ။

မင်းသမီးထွက်တော့ ရွှေမိဗျ၊ အိမ်မှာတုန်းကတော့ စုတ်စုတ်ပြတ်ပြတ်ဆိုပေမယ့် လိမ်းထားပြင်ထားတော့လည်း ကြည့်ကောင်းသဗျ၊ ရွှေမိကလည်း အကကောင်းသဗျို့၊ တစ်ရွာလုံးကလည်း အငြိမ့်ကိုအားပေးကြတာများ ညတစ်နာရီကျော်တာတောင် ပရိသတ်က မလျော့ဘူးဗျာ၊ နောက်ဆုံးတော့ ဦးလူလှကပဲ အငြိမ့်ပိတ်တဲ့ဆိုင်းနဲ့ပဲ ဆိုင်းတီးတာကိုနားလိုက်ရတယ်၊ ဒီတော့မှ ရွာကလူတွေ တဝေါဝေါနဲ့ထပြန်သွားကြတာပဲ၊ ကျုပ်သတိထားမိလို့ လှည့်ကြည့်လိုက်တော့ ဦးသံခဲမရှိတော့ဘူးဗျာ၊ ဘယ်တုန်းကပြန်သွားသလဲတောင် မသိပါဘူး။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #သရဲ #စုန်း

Zawgyi Version

” စုန္းထီးႀကီးဦးဘသာႏွင့္ တစ္ပြဲစားသံခဲ “(စ/ဆုံး)
————————————————————-
အတြဲ(၄) စာစဥ္(၂၀)

(၁)

“ဟာ၊ ကိုဘသာတို႔ ႏြားဝယ္ထြက္တာ ႏြားေခ်ာ၊ ႏြားေကာင္းေတြခ်ည္း ရလာတယ္ထင္ပါ့”

က်ဳပ္နဲ႔ဦးဘသာ ဦးလူလွတို႔ၿခံဝိုင္းထဲကိုဝင္လိုက္တာနဲ႔ ကြပ္ပ်စ္ေပၚမွာထိုင္ေနတဲ့ ဦးလူလွက ေျပာလိုက္တာပဲဗ်ာ၊

“ဒါနဲ႔ ဒီႏြားေတြ ဘယ္ကသြားဝယ္လာတာလဲ ကိုဘသာ”

“႐ြာေတာင္ပိုင္းက ဆန္နီရဲ႕ၿခံကေန ဝယ္လာတာပါကြ”

ဦးလူလွက အထိတ္တလန႔္နဲ႔

“ဗ်ာ၊ ဆန္နီက သူ႔ႏြားေတြကိုေဖာေဖာသီသီထုတ္ေရာင္းသတဲ့လား၊ ေရာင္းလိုက္တာမွလည္း ဆယ္ေကာင္ေတာင္ဆိုေတာ့ မနည္းဘူးဗ်ိဳ႕၊ ဒီေလာက္ျခစ္ကုပ္တဲ့ ဆန္နီဆီက ႏြားရေအာင္ဝယ္လာတယ္ဆိုေတာ့ ကိုဘသာရဲ႕အစြမ္းက မေသးဘူးဗ်ိဳ႕”

ဦးဘသာက ႏြားငါးရွဥ္းဆြဲၿပီး ၿခံဝင္းထဲကိုဝင္ခဲ့တယ္ဗ်၊ က်ဳပ္လည္း သူ႔အေနာက္ကေနလိုက္ခဲ့တာေပါ့ဗ်ာ။ ဦးလူလွက က်ဳပ္ကိုၾကည့္ၿပီး

“ေဟာဗ်ာ၊ အလတ္ေကာင္တစ္ေယာက္ ဘာျဖစ္လာျပန္တာလဲ၊ တစ္ကိုယ္လုံးလည္း ႐ြံ႕ေတြဗြက္ေတြ ေပက်ံေနတာပါလား”

ဦးဘသာက က်ဳပ္ကိုၿပဳံးၾကည့္ရင္း

“မင္းတို႔ နိဗၺာန္႐ြာကေရ ေအးမေအးသိရေအာင္လို႔ ေရကန္ထဲ ေရဆင္းခ်ိဳးတာတဲ့ကြာ”

အဲဒီလိုေျပာၿပီးေတာ့ ၿခံထဲဝင္သြားတာပါပဲ၊ ဦးလူလွကေတာ့ က်ဳပ္ကိုအထူးအဆန္းနဲ႔လိုက္ၾကည့္ေနတယ္၊ ဦးလူလွတို႔ၿခံကအက်ယ္ႀကီးဆိုေတာ့ ဦးဘသာက ႏြားေတြကို ၿခံေျခရင္းဘက္က မန္က်ည္းပင္ေတြေအာက္မွာ ခ်ည္ထားလိုက္တာေပါ့ဗ်ာ၊ က်ဳပ္ကေတာ့ ေရအိုးေတြအနားသြားၿပီးေတာ့ ေရေတြေလာင္းခ်ိဳးလိုက္ရေတာ့တာေပါ့။

ဦးလူလွတို႔ဆိုင္းကို ေကြးေကာက္႐ြာက ငွားထားတယ္ဆိုေတာ့ ဦးလူလွတို႔အိမ္မွာလည္း လူေတြတ႐ုံး႐ုံးနဲ႔ေပါ့ဗ်ာ၊ အရင္က ဆိုင္းအဖြဲ႕မွာပါတဲ့လူေတြျပန္ေခၚၿပီးေတာ့ ဆိုင္းနဲ႔ပတ္သက္တဲ့ ပစၥည္းပစၥယေတြကို ေဆးေၾကာသုတ္သင္ၾကတာေပါ့ဗ်ာ၊ ဟိုေကာင္ခ်ိဳတူးလည္း ဆိုတာ ေတာ္ေတာ္ပိုင္ေနၿပီဗ်၊ ဒီေကာင္က အေရွ႕ကေနအသံၿပဲနဲ႔ေအာ္ဆိုရင္ အေနာက္က ကိုျမႀကီးက ႏွဲနဲ႔လိုက္ေထာက္ေပးသဗ်၊ ဒီလိုဆိုေတာ့လည္း တစ္မ်ိဳးနားေထာင္ေကာင္းသားပဲဗ်။

ေန႔လည္စာ စားေသာက္ၿပီး ေရေႏြးဝိုင္းဖြဲ႕ေတာ့ ဦးဘသာက ထေျပာတယ္ဗ်။

“လူလွေရ၊ ငါတို႔လည္း ႏြားေတြရခဲ့ၿပီဆိုေတာ့ ၾကာၾကာမေနေတာ့ပါဘူးကြာ၊ မင္းတို႔လည္း ဆိုင္းလိုက္ရအုံးမွာဆိုေတာ့ ငါတို႔ ဒီညေနပဲ ျပန္ေတာ့မယ္ကြ”

“ေဟာဗ်ာ၊ ျဗဳန္းစားႀကီးပါလား ကိုဘသာရဲ႕၊ က်ဳပ္တို႔မရွိလည္း ေနလို႔ရပါတယ္”

“ေနပါေစကြာ၊ ဒါနဲ႔ မင္းတို႔ ေကြးေကာက္႐ြာကို ဘယ္ေတာ့သြားၾကမွာလဲ”

“အခုလွည္းေတြဆင္ၿပီးရင္ ညေနမေစာင္းခင္ထြက္မယ္ဗ်ာ၊ ေကြးေကာက္႐ြာနဲ႔က သိပ္မေဝးဘူးဆိုေတာ့ ဟိုကို ညမိုးမခ်ဳပ္ခင္ ေရာက္မယ္ထင္တယ္”

အမွန္အတိုင္းေျပာရရင္ က်ဳပ္လည္း မျပန္ခ်င္ေသးဘူးဗ်၊ ဒါေပမယ့္ ဒီခရီးမွာ ဦးဘသာကေခါင္းေဆာင္တာဆိုေတာ့ သူကျပန္မယ္ဆိုေတာ့လည္း သူ႔အေနာက္လိုက္ရမွာေပါ့ဗ်ာ။ ငညိဳနဲ႔ခ်ိဳတူးကေတာ့ မ်က္ႏွာမေကာင္းဘူးဗ်။ ခ်ိဳတူးက က်ဳပ္အနားကပ္လာၿပီးေတာ့

“မျပန္ပါနဲ႔အုံးလား၊ ကိုအလတ္ေကာင္ရာ၊ ေကြးေကာက္ပြဲမွာ က်ဳပ္ခြန္းေထာက္သျဖန္ဆိုတာေလး ၾကည့္သြားပါအုံးလား”

“မရေတာ့ဘူး ခ်ိဳတူးရဲ႕ ဦးဘသာက ျပန္မယ္လို႔ေျပာေနၿပီမဟုတ္လား”

“ဦးဘသာျပန္ရင္လည္း ျပန္ပါေစေပါ့ဗ်ာ၊ ကိုအလတ္ေကာင္မပါရင္ က်ဳပ္အားမရွိဘူး”

ခ်ိဳတူးကေတာ့ ရတဲ့နည္းနဲ႔တားေနတာပဲ၊ က်ဳပ္လည္း ဘာမွမေျပာေတာ့ဘဲ ဦးဘသာကိုေမးေငါ့ျပလိုက္တယ္၊ ခ်ိဳတူးက ဦးဘသာကိုေတာ့ ကပ္မေျပာရဲဘူးဗ်၊ ဦးလူလွက ဒါကိုရိပ္စားမိတယ္။

“အခ်ိန္ရတယ္ဆိုရင္ျဖင့္ က်ဳပ္တို႔နဲ႔ေကြးေကာက္႐ြာလိုက္ခဲ့ပါလား ကိုဘသာရာ၊ ေကြးေကာက္မွာ က်ဳပ္တို႔ဆိုင္းတီးတာၾကည့္သြားေပါ့၊ ဆိုင္းတို႔ ပြဲတို႔ဆိုတာ ၾကည့္ရခဲတယ္မဟုတ္လားဗ်၊ ေရာက္တုန္းေရာက္ခိုက္ လိုက္ခဲ့စမ္းပါ”

ဦးဘသာက တစ္ခ်က္စဥ္းစားၿပီးေတာ့

“လိုက္ေတာ့လိုက္ခ်င္ပါတယ္ဗ်ာ၊ ဒါေပမယ့္ ႏြားေတြကလည္းရွိေသးတယ္မဟုတ္လား၊ တို႔ကလည္း ဇီးကုန္းျပန္ရမွာကိုး”

ဦးဘသာေျပာေတာ့ ႏွဲမႈတ္တဲ့ကိုျမႀကီးက

“ဇီးကုန္းဆိုေတာ့ ေပေတာ႐ြာအနားက ဇီးကုန္းကိုေျပာတာမဟုတ္လား”

“ဟုတ္တာေပါ့”

“ဟာ၊ ဒါဆိုလည္း ႏြားေတြတစ္ခါတည္းသယ္ခဲ့ေပါ့ဗ်ာ၊ ေကြးေကာက္အင္းကေန အေနာက္ဘက္ေတာင္႐ိုးကိုျဖတ္လိုက္ၿပီး ေ႐ႊတဆင္႐ိုးကိုေက်ာ္လိုက္ရင္ ေပေတာ႐ြာအေျခကိုေရာက္တာေပါ့ဗ်”

ဦးဘသာက မ်က္ေမွာင္ၾကဳတ္ၿပီး

“ေ႐ႊတဆင္႐ိုးက လူသြားေသးလို႔လားကြ”

“သြားတာေပါ့ဗ်ာ၊ က်ဳပ္တို႔ ဒီကေန ေပေတာသြားမယ္ဆိုရင္ အဲဒီေ႐ႊတဆင္႐ိုးဘက္ကပဲ ျဖတ္ၾကတာ၊ လမ္းကလည္းမဆိုးပါဘူး လွည္းတစ္စီးေကာင္းေကာင္းသြားႏိုင္တယ္၊ ေတာင္႐ိုးအျဖတ္မွာ လမ္းမတ္တယ္ဆိုေပမယ့္ သိပ္ပူစရာမလိုပါဘူးဗ်ာ”

က်ဳပ္လည္း ဦးဘသာကိုမ်က္ခုံးပင့္ၿပီးၾကည့္လိုက္ေတာ့ ဦးဘသာက စဥ္းစားေနပုံပဲ၊ ဒါနဲ႔ ဦးလူလွက ထေျပာပါေရာ။

“ဒါဆိုရင္လည္း ႏြားေတြပါယူခဲ့ေပါ့ ကိုဘသာရာ၊ လမ္းခရီးမွာ ခရီးေထာက္စရာ ႐ြာမရွိဘူးဆိုရင္ျဖင့္ ေကြးေကာက္က က်ဳပ္တို႔အျပန္ ဦးဘသာတို႔က ေပေတာ႐ြာဘက္ကို ေဖာက္တက္ၾကေပါ့ဗ်”

“လမ္းခရီးမွာေတာ့ ခရီးေထာက္စရာ မရွိပါဘူးကြာ၊ ေအးေလ၊ လမ္းေကာင္းတယ္ဆိုရင္ျဖင့္ က်ဳပ္တို႔လည္းလိုက္ခဲ့တာေပါ့”

ဦးဘသာေျပာလိုက္ေတာ့ က်ဳပ္မွာေပ်ာ္လိုက္တာဗ်ာ၊ က်ဳပ္ထက္ေပ်ာ္တာကေတာ့ ဟိုေကာင္ခ်ိဳတူးပဲဗ်၊

“ေဟး၊ ဦးဘသာတို႔ပါ လိုက္မယ္တဲ့ေဟ့”

လက္ခုပ္လက္ဝါးတီးၿပီး ၿခံထဲသုံးေလးပတ္ေလာက္ ပတ္ၿပီးကေနလိုက္ေသးတာဗ်၊ က်ဳပ္တို႔မွာ ခ်ိဳတူးကိုၾကည့္ရင္း မၿပဳံုးဘဲ ဝါးလုံးကြဲေအာင္ရယ္လိုက္ၾကတာေပါ့ဗ်ာ။

(၂)

ေန႔လည္ ႏွစ္နာရီေလာက္ေနေတာ့ ၿခံထဲကို လွည္းေတြဝင္လာပါေရာဗ်ာ၊ လွည္းႀကီးငါးစီးဗ်၊ ဆိုင္းအဖြဲ႕သားေတြက စုစုေပါင္း ဆယ္ေယာက္ေလာက္ေတာ့ရွိမယ္၊ အရင္ဆုံး ဆိုင္းဝိုင္းမွာသုံးမယ့္ ပစၥည္းေတြကို လွည္းေပၚကို စီတင္ၿပီးေတာ့ ႀကိဳးေတြနဲ႔တုပ္ၾကတယ္ဗ်၊ ကိုျမႀကီးတို႔၊ ဆိုင္းေနာက္ထ ငေသာင္းတို႔ဆိုရင္ လုပ္ေနၾကမို႔လို႔ သိပ္ၿပီးျမန္သဗ်၊ ဘယ္အခ်ပ္ကိုဘယ္မွာထည့္မယ္၊ ဝက္ေျခတုပ္လို႔ေခၚတဲ့ တိုင္ေတြကို ဘယ္မွာထည့္၊ ပၪၥ႐ူပ႐ုပ္ကို ဘယ္နားမွာတင္ဆိုၿပီး သူ႔အစီအစဥ္နဲ႔သူထည့္ၾကတာေပါ့ဗ်ာ၊ ဆိုင္းပစၥည္းေတြၿပီးေတာ့ ဗုံေတြ၊ ေမာင္းေတြ၊ တူရိယာပစၥည္းေတြတင္ရတယ္ဗ်ာ၊ ႏွဲလို၊ ဝါးလက္ခုပ္လို ပစၥည္းမ်ိဳးက ကိစၥမရွိေပမယ့္ ပတ္မႀကီး၊ ေျခာက္လုံးပတ္နဲ႔ ပတ္လုံးေတြကေတာ့ ေနရာယူသဗ်၊ ေသေသခ်ာခ်ာမထည့္တတ္လို႔ကေတာ့ လွည္းတစ္စီးကို ဘယ္ေလာက္မွဝင္ဆန႔္မယ္မထင္ဘူးဗ်ာ။ သူတို႔ကလုပ္ေနၾကဆိုေတာ့ သူ႔ေနရာနဲ႔သူ ကြက္တိပဲဗ်။

အဲဒီေခတ္တုန္းကေတာ့ ဆိုင္းငွားရင္ ဆိုင္းက႐ြာေရာက္ေအာင္လာဖို႔ တာဝန္ယူရတာကိုးဗ်၊ ႐ြာျခင္းနီးတာလည္း ပါမွာေပါ့၊ လွည္းႀကီးသုံးစီးနဲ႔ ဆိုင္းပစၥည္းေတြတင္၊ အေရွ႕ဆုံးလွည္းမွာေတာ့ ဦးလူလွနဲ႔ ေ႐ႊမိတို႔တက္တာေပါ့ဗ်ာ၊ ဦးဘသာကိုလည္း အဲဒီလွည္းေပၚကိုတင္တယ္၊ က်ဳပ္နဲ႔ခ်ိဳတူးတို႔ လွည္းေပၚတက္ေတာ့ ဦးလူလွက က်ဳပ္တို႔ကိုေငါက္တယ္ဗ်။

“ေဟ့ေကာင္ေတြ၊ ဆိုင္းဆရာလွည္းကို မင္းတို႔စီးလို႔မရဘူး၊ မင္းတို႔က ေနာက္လိုက္ဆိုေတာ့ ေနာက္ဆုံးလွည္းက လိုက္ခဲ့ၾက”

ေနာက္ဆုံးလွည္းမွာေတာ့ က်န္တဲ့ေယာက္်ားေလးေတြလိုက္လာခဲ့ၾကတယ္ဗ်၊ လွည္းႀကီးဆိုေတာ့ ခုနစ္ေယာက္လိုက္ခဲ့တယ္၊ လွည္းေမာင္းတာက ငေသာင္းဆိုေတာ့ ရွစ္ေယာက္ေပါ့ဗ်ာ၊ အဲဒီလွည္းအေနာက္မွာ က်ဳပ္တို႔ဝယ္ထားတဲ့ ႏြားေတြကိုဆြဲခဲ့သဗ်၊ ေနာက္ဆုံးလွည္းဆိုေတာ့လည္း ေအးေအးေဆးေဆးေမာင္းၾကတာေပါ့ဗ်ာ၊ က်ဳပ္ကေတာ့ ေရွ႕ဆုံးလွည္းမလိုက္ရလို႔ သိပ္ေတာ့မေက်နပ္ဘူး။

“ေရွ႕ဆုံးလွည္းကို က်ဳပ္တို႔ဘာလို႔မစီးရတာလဲ”

ငေသာင္းက

“မင္းတို႔စီးလို႔ရမလားဟ၊ ဆိုင္းဆရာနဲ႔ မင္းသမီးစီးတဲ့လွည္းကြ၊ ႐ြာနားေရာက္လို႔ လွည္းတန္းျမင္တာနဲ႔ အလႉရွင္ေတြက လွည္းယဥ္လႊတ္ၿပီး မင္းသမီးနဲ႔ဆိုင္းဆရာႀကိဳခိုင္းမွာေလကြာ၊ တစ္႐ြာသားေတြက မင္းတို႔လိုေကာင္ေတြကို ႀကိဳခ်င္မလားကြ၊ မင္းသမီးေလာက္ႀကိဳခ်င္ၾကတာေပါ့”

က်ဳပ္တို႔လွည္းမွာ က်ဳပ္ရယ္၊ ခ်ိဳတူးရယ္၊ ေနာက္ၿပီးေတာ့ ႏွဲဆရာကိုျမႀကီး၊ ပတ္မထိန္းတဲ့ ကိုဗလ၊ ေနာက္ လူ႐ႊင္ေတာ္ ေ႐ႊတိုးနဲ႔ ေငြတိုးဆိုတဲ့သူကႏွစ္ေယာက္ ငေသာင္းကလွည္းေမာင္းတယ္၊ ငညိဳလည္းပါေသးတယ္ဆိုေတာ့ ရွစ္ေယာက္ေပါ့ဗ်ာ။ ကိုျမႀကီးနဲ႔ ကိုဗလက ေဘးခ်င္းကပ္ထိုင္ၿပီးေတာ့ တစ္ေယာက္လက္ကိုတစ္ေယာက္တို႔ေနၾကတယ္၊ ၿပီးေတာ့ လြယ္အိတ္ထဲက ပုလင္းေလးကို ႏႈိက္ႏႈိက္ၿပီးကစ္ေနတာေပါ့ဗ်ာ၊ ငေသာင္းကလည္း ဒါကိုျမင္သြားတယ္ဗ်။

“ဟာ၊ ကိုျမႀကီးအခ်င္းခ်င္းေတြ ဒီလိုမလုပ္သင့္ပါဘူးဗ်ာ၊ တစ္ဖြဲ႕ထဲသားခ်င္းေတြပဲ”

ကိုျမႀကီးက က်ဳပ္ကိုၾကည့္ရင္း

“မဟုတ္ပါဘူးကြာ၊ တို႔အဖြဲ႕မွာ ဧည့္သည္ေတြပါေနတယ္မဟုတ္လားကြ၊ ေတာ္ၾကာ ငါတို႔တစ္ခြက္တစ္ဖလားေသာက္ေနတာျမင္ၿပီးေတာ့ ဆိုင္းသမားေတြအကုန္လုံး ယစ္ထုပ္ႀကီးေတြလို႔ ထင္သြားမွာစိုးလို႔ပါကြာ”

“ဟာဗ်ာ၊ မထင္ပါဘူးဗ်”

ကိုျမႀကီးက ၿပဳံးလိုက္ရင္း

“ကဲကဲ၊ ဒါဆိုရင္လည္း ထုံးစံအတိုင္းေပါ့ကြာ၊ ငေသာင္းေရ မင္းတစ္လုံးယူ၊ က်န္တဲ့တစ္လုံးကို ငါတို႔အတူတူမွ်ေသာက္တာေပါ့”

က်ဳပ္တို႔ေယာက္်ားေတြလည္း အရက္တစ္ပုလင္းကို တစ္ေယာက္တစ္ငုံ႔နဲ႔လက္ေျပာင္းေသာက္ၿပီးေတာ့ ေပ်ာ္ေပ်ာ္ပါးပါးရယ္ေမာရင္းလာခဲ့ၾကတာေပါ့ဗ်ာ၊ အရက္ကလည္း ေတာအရက္ဆိုေတာ့ ျပင္းသဗ်၊ အရက္ေသာက္ၿပီးေတာ့ ငေသာင္းကလည္း ေပ်ာ္လာေတာ့ သီခ်င္းေတြေအာ္ဆိုတယ္၊ ကိုျမႀကိးကလည္း လြယ္အိတ္ထဲက ပုေလြကေလးထုတ္ၿပီးမႈတ္တယ္၊ က်ဳပ္တို႔ရတဲ့သီခ်င္းဆို က်ဳပ္တို႔ကလည္း သံၿပိဳင္ဆိုနဲ႔ ေနာက္ဆုံးကေန ေအးေအးေဆးေဆးလိုက္လာခဲ့ၾကတာေပါ့ဗ်ာ။

ေကြးေကာက္႐ြာက နိဗၺာန္႐ြာနဲ႔ဆို သိပ္မေဝးဘူးဗ်၊ ႏွစ္နာရီေလာက္ ေမာင္းေတာ့ေရာက္လာပါေရာ၊ ကုန္းတက္တစ္ခုကိုတက္လိုက္ေတာ့ ေရွ႕မွာေရျပင္က်ယ္ႀကီးကိုျမင္လိုက္ရတယ္ဗ်ာ၊ က်ဳပ္ျဖင့္ လန႔္သြားတာပဲ။

“ဟာ၊ ေဟ့လူေတြ၊ ေရွ႕မွာ ပင္လယ္ႀကီးလားဗ်”

“မင္းကေတာ့ ေတာ္ေတာ္မူးေနၿပီထင္တယ္အလတ္ေကာင္၊ ဘယ္ကလာပင္လယ္ကမွာလဲကြ၊ အဲဒါ ေကြးေကာက္အင္းကြ”

“ဗ်ာ၊ အင္းဆိုတာ ဒါလားဗ်ာ၊ အႀကီးႀကီးပဲဗ်၊ တစ္သက္နဲ႔တစ္ကိုယ္ ဒီေလာက္ႀကီးတဲ့ေရကန္ႀကီး မျမင္ဖူးဘူးဗ်ာ”

ကိုဗလက ေခါင္းညိတ္ၿပီးေတာ့

“ေအးေပါ့ကြ၊ ကန္ႀကီးရင္ အင္းလို႔ေခၚသကြ၊ ဒါေတာင္မွ ဒီအခ်ိန္က ေရနည္းနည္းခမ္းစျပဳေနလို႔၊ မိုးတြင္းဆိုရင္ ဒါ့ထက္က်ယ္တယ္ကြ”

က်ဳပ္တို႔အနားမွာ ဒီေလာက္ႀကီးတဲ့ေရမ်ိဳးမရွိဘူးဆိုေတာ့ က်ဳပ္ျဖင့္အံ့ၾသတာေတာ့အမွန္ပဲဗ်ာ၊ ႐ြာနားေရာက္ေတာ့ ႐ြာထိပ္မွာ လွည္းယာဥ္ကေလးရပ္ထားတယ္ဗ်၊ လွည္းယာဥ္ဆိုတာ လွည္းအေပါ့မ်ိဳးဗ်၊ ကႏုတ္ပန္းေတြ၊ ပြတ္လုံးေတြနဲ႔ ေသေသခ်ာခ်ာဆင္ထားတဲ့ဟာေပါ့ဗ်ာ၊ လူကလည္း ေလးေယာက္ေလာက္ပဲထိုင္လို႔ရတယ္ဗ်၊ လွည္းယဥ္က ဦးလူလွနဲ႔ ေ႐ႊမိကိုႀကိဳသြားပါေရာဗ်ာ၊ ဦးလူလွက လွည္းယာဥ္မထြက္ခင္

“ေျခာက္နာရီစမယ္ေဟ့၊ အားလုံးအသင့္ျပင္ထားေနာ္”

“ဟုတ္ကဲ့ပါ ဆရာႀကီး”

ၿပီးတာနဲ႔ လွည္းယာဥ္က ႐ြာကိုတေၾကာ့ေၾကာ့နဲ႔ေျပးေတာ့တာပဲဗ်ာ၊ ႐ြာအဝင္မွာကတည္းက အိမ္ထဲကလူေတြက က်ဳပ္တို႔ကိုထြက္ၾကည့္ၾကသဗ်ာ။

“ဆိုင္းေရာက္လာၿပီ၊ ဆိုင္းေရာက္လာၿပီေဟ့”

ကေလးေတြဆိုရင္ လွည္းအေနာက္ကိုေျပးလိုက္လာၾကတာဗ်၊ ႐ြာတစ္ဖက္ထိပ္၊ တလင္းျပင္ႀကီးမွာေတာ့ မ႑ာပ္ႀကီးေဆာက္ထားတာ ဟီးေနတာပဲဗ်ာ၊ ေရာင္စုံစကၠဴေတြ၊ ကႏုတ္ပန္းဆိုင္းေတြနဲ႔ တကယ္ကိုခမ္းခမ္းနားနားေဆာက္ထားတာပဲ၊ မ႑ာပ္နဲ႔ခပ္လွမ္းလွမ္းမွာေတာ့ ထမင္းေကြၽး႐ုံေတြကို အတန္းလိုက္ထိုးထားတယ္ဗ်ာ။

အညာအလႉဆိုရင္ ဆိုင္းေလးကလည္း ပါမွေကာင္းတာကိုးဗ်၊ တကယ္ဆိုရင္ေတာ့ အလႉက ႏွစ္ရက္တည္းရယ္ပါ၊ အလႉမတိုင္ခင္ရက္ကို အလႉဝင္ရက္လို႔ေခၚၿပီး ေနာက္ရက္က်ေတာ့ အလႉေပးတဲ့ရက္ေပါ့ဗ်ာ၊ အလႉက ႏွစ္ရက္တည္းဆိုေပမယ့္ အလႉေပးမယ့္လူက တစ္ႏွစ္ပတ္လုံးအားခဲထားၿပီး ႀကိဳးစားရတာပါ၊ တခ်ိဳ႕ဆို အလႉတစ္ပြဲျဖစ္ဖို႔ သုံးႏွစ္ေလာက္ အားထုတ္ရပါတယ္၊ အလႉျဖစ္ေတာ့လည္း ဆိုင္းေလးထည့္ခ်င္တာကိုးဗ်၊ အလႉရွိမွ ဆိုင္းသံဗုံသံၾကားရတယ္မဟုတ္လား၊ အရင္ေခတ္တုန္းက ခုလို တီဗြီဆိုတာလည္းမေပၚေသး၊ ဗြီဒီယိုဆိုတာလည္း ေဝလာေဝးဆိုေတာ့ ပြဲရွိ၊ အလႉရွိမွ၊ ဇာတ္တို႔၊ ဆိုင္းတို႔ၾကည့္ၿပီး အပန္းေျဖရတယ္မဟုတ္လားဗ်ာ။

ပုံမွန္ဆိုရင္ေတာ့ အလႉဝင္ညမွာ ဆိုင္းတီးတယ္၊ ေနာက္ေတာ့ ညည့္နည္းနည္းနက္လာရင္ အၿငိမ့္ကၾကေလ့ရွိပါတယ္၊ အလႉေန႔က်ေတာ့ ဘိသိက္ပါရင္ ဘိသိက္သြန္းတယ္၊ ဘိသိက္မပါရင္ေတာ့ ဆိုင္းတီးဧည့္ခံ႐ုံေပါ့ဗ်ာ၊ ဆိုင္းဆိုတာကလည္း အလႉရွိမွနားေထာင္ရ၊ အၿငိမ့္ဆိုတာလည္း အလႉရွိမွ ၾကည့္ရတာမို႔လို႔ ႐ြာခံလူေတြကလည္း တစ္ညလုံးေပါက္ခ်င္ေပါက္ပါေစ ဆိုင္းနဲ႔အၿငိမ့္ကိုထိုင္ၾကည့္ၾကတယ္ဗ်ာ၊ ဒါေပမယ့္ ညအရမ္းနက္ၿပီဆိုရင္ေတာ့ အၿငိမ့္ဝိုင္းသိမ္းရပါတယ္၊ ညလုံးေပါက္ေတာ့ ဘယ္တတ္ႏိုင္မလဲဗ်၊ ေနာက္ေန႔လည္း တီးရအုံးမယ္မဟုတ္လား။

(၃)

ဆိုင္းဝိုင္းေတြဆင္ၿပီးေတာ့ ကိုဗလတို႔က စလာၿပီဗ်ာ၊ ညေန ဆိုင္းစခ်ိန္လိုေသးတယ္ေပါ့၊ အခုမွ ေလးနာရီေက်ာ္ပဲရွိေသးတာဆိုေတာ့ အင္းထဲပတ္ၾကည့္ၾကမယ္တဲ့ဗ်ာ၊ က်ဳပ္ကလည္း ဒီအင္းထဲမေရာက္ဖူးတာနဲ႔ သူတို႔နဲ႔အတူတူပါသြားေတာ့တာပါပဲ၊ ေလွဆိပ္ဆင္းေတာ့ ေလွသမားေတြမရွိေတာ့ဘူးဗ်၊ အလႉရွိေတာ့ ဆိုင္းၾကည့္မယ္ဆိုၿပီး အိမ္ျပန္ေရမိုးခ်ိဳးကုန္ၾကသတဲ့၊ ဆယ့္ေလးႏွစ္အ႐ြယ္ေလာက္ရွိတဲ့ ေကာင္ေလးတစ္ေယာက္ပဲရွိေတာ့တယ္၊ ဒါနဲ႔ သူ႔ကိုပဲေခ်ာဆြဲၿပီး အင္းထဲဆင္းခဲ့တာေပါ့ဗ်ာ။ ေလွကေလးေပၚမွာ က်ဳပ္ရယ္၊ ကိုျမႀကီး၊ ကိုဗလ သုံးေယာက္ပဲပါတယ္၊ ခ်ိဳတူးနဲ႔ ငညိဳက ထမင္းစားရင္းက်န္ခဲ့သဗ်။

“ေဟ့ေကာင္ေလး၊ မင္းနာမည္ဘယ္လိုေခၚသလဲ”

“က်ဳပ္နာမည္ ငတုံးလို႔ေခၚတယ္ဗ်”

“ဟား၊ ဟား မင္းနာမည္ကလဲကြာ၊ ဒါနဲ႔ မင္းအခုဒီမွာဘာလုပ္ေနတာလဲ”

“က်ဳပ္မိဘေတြက တံငါဗ်၊ က်ဳပ္လည္း ပိုက္ဆင္းခ်မယ္ဆိုၿပီးထြက္လာတာ”

“ပိုက္က ညမွခ်တာလားကြ”

“ဒါေပါ့ဗ်ာ၊ ငါးက ညက်မွ ျမဴူးတာကိုး၊ ဒီေန႔က အလႉရွိေတာ့ တျခားတံငါေတြ ပိုက္မခ်ၾကဘူးထင္တယ္၊ ဒါနဲ႔ က်ဳပ္တစ္ေယာက္တည္း ပိုက္ခ်မလို႔ထြက္လာတာ”

ကိုျမႀကီးက

“ေဟ့ေကာင္ေလး၊ ဒါနဲ႔ ဒီအင္းလယ္နားက ကြၽန္းမွာ အရင္တုန္းက အရက္ဆိုင္ကေလးရွိတယ္မဟုတ္လား”

“ရွိတယ္”

“ရွိရင္ ငါတို႔ကိုအဲဒီကိုပို႔ေပးစမ္းကြာ”

အခုမွက်ဳပ္လည္းသိတယ္၊ လတ္စသတ္ေတာ့ ဒီလူေတြအင္းထဲဆင္းတာ အႀကံနဲ႔ကိုးဗ်၊ ကိုျမႀကိးနဲ႔ ကိုဗလက အရက္သိပ္ႀကိဳက္တဲ့လူေတြဗ်၊ အခုလည္း ဆိုင္းမတီးခင္ သူတို႔ေသာက္ခ်င္လို႔ အင္းထဲဆင္းေလ့လာမယ္ဘာညာအေၾကာင္းျပၿပီး ထြက္လာခဲ့ၾကတာကိုး။ တစ္ေနရာေရာက္ေတာ့ ကမ္းနားမွာေပါက္ေနတဲ့ ေညာင္ပင္လိုအပင္ႀကီးတစ္ပင္အနားေရာက္လာသဗ်၊ ဒီေကာင္ေလးက ေလွကိုအဲဒီအပင္နားကိုကပ္လိုက္ၿပီးေတာ့ ကုန္းေပၚေျပးတက္သြားတယ္။

“ဦးေလးတို႔ ဒီမွာေနအုံးေနာ္၊ က်ဳပ္ အဘိုးကိုသြားေျပာလိုက္အုံးမယ္”

“ေအးေအး၊ ငါတို႔လည္း ဆင္းၾကည့္မယ္ေဟ့”

ကိုဗလတို႔လည္းဆင္းေတာ့ က်ဳပ္လည္းဆင္းခဲ့တာေပါ့ဗ်ာ၊ က်ဳပ္က ငတုံးအေနာက္ကိုလိုက္လာခဲ့တာေပါ့၊ ငတုံးက သစ္ပင္ႀကီးတစ္ဖက္ကိုဝင္သြားတယ္ဗ်၊ အဲဒီေနရာမွာေတာ့ လူေသအေခါင္းႀကီးတစ္လုံးရွိတယ္၊ ငတုံးက အေခါင္းႀကီးေရွ႕မွာထိုင္ခ်ရင္း

“အဘိုး၊ အဘိုး၊ ဒီေန႔ကြၽန္ေတာ့္ကို ငါးေကာင္း၊ ငါးႀကီးေတြ ေပးသနားေတာ္မူပါ၊ ငါးမ်ားမ်ားရတဲ့ေနရာကိုလည္း အဘိုးလမ္းၫႊန္ေပးေတာ္မူပါ၊ အဘိုး”

ငတုံးက ဦးသုံးႀကိမ္ခ်တယ္၊ က်ဳပ္လည္း ေဘးနားကၾကည့္ရင္း

“ေဟ့ေကာင္ေလး၊ အဲဒါမင္းအဘိုးမို႔လို႔လားကြ”

“ဘယ္ကလာက်ဳပ္အဘိုးရမွာလဲ၊ ဒီအဘိုးက ဒီအင္းကိုပိုင္တဲ့အဘိုးဗ်”

“ဒါဆိုအင္းပိုင္ဘိုးဘိုးႀကီးေပါ့”

“မဟုတ္ဘူးဗ်၊ ဒီအဘိုးက တစ္ပြဲစား”

“တစ္ပြဲစားတဲ့လား”

က်ဳပ္လည္း တစ္ပြဲစားဆိုတဲ့စကားကိုၾကားဖူးတာၾကားၿပီ၊ ငယ္ငယ္က စာအုပ္ေတြဘာေတြဖတ္ေတာ့လည္း တစ္ပြဲစားဦးစံမွဲ႔တို႔ဘာတို႔ ဖတ္ရတယ္မဟုတ္လား၊ ဒါေပမယ့္ တစ္ပြဲစားဆိုတာ ဘာကိုဆိုလိုမွန္းးေတာ့ ေသေသခ်ာခ်ာမသိတာအမွန္ပါ။

“ေနပါအုံးကြ၊ သူ႔ကိုဘာလို႔ တစ္ပြဲစားလို႔ေခၚတာလဲ”

ငတုံးက ေခါင္းခါရင္း

“အဲဒါေတာ့ က်ဳပ္လည္းမသိဘူးဗ်၊ ဒါေပမယ့္ ဒီအဘိုးနာမည္ကေတာ့ ဦးသံခဲလို႔ေခၚတယ္၊ က်ဳပ္တို႔႐ြာမွာပဲေနတာတဲ့၊ တစ္သက္လုံးတံငါအလုပ္နဲ႔ ငါးဖမ္းလာတဲ့သူေပါ့ဗ်ာ၊ ဦးသံခဲက ႐ြာထဲမွာ အိမ္ရွိတယ္ဆိုေပမယ့္ အိမ္မွာမေနဘဲ ေလွတစ္စီးနဲ႔ အင္းထဲမွာပဲ ေန႔ေန႔ညညေနတတ္တယ္ဆိုပဲဗ်”

“ဒါနဲ႔ပဲ တစ္ပြဲစားျဖစ္ေရာလားကြ”

“မဟုတ္ဘူးဗ်၊ ဦးသံခဲက ဘယ္နားမွာ ငါးေတြေနတယ္၊ ဘယ္နားမွာ ဘယ္ငါးေတြရွိတယ္ဆိုတာကို အေတာ္သိသတဲ့ဗ်၊ သူအသက္ရွင္စဥ္တုန္းကဆိုရင္ သူ႔ကိုေတြ႕တဲ့တံငါေတြက အဘိုးရယ္ ဘယ္ငါးလိုခ်င္လို႔ပါ၊ ဘယ္ႏွပိႆာလိုခ်င္လို႔ပါလို႔ ေျပာရင္ ဦးသံခဲက လမ္းၫႊန္ေပးလိုက္တယ္တဲ့ဗ်၊ သူလမ္းၫႊန္ေပးတဲ့အတိုင္းသြားရွာရင္ တကယ္ပဲ အဲဒီငါးမ်ိဳးေတြ႕တယ္ဆိုပဲ”

“ဟ၊ ဒါဆိုနိပ္တာေပါ့၊ ငါသာတံငါဆို သူ႔ကိုပဲလိုက္ေမးၿပီး ငါးေတာင္းေတာ့မွာ”

“ဟာ၊ ဦးေလးကလည္း ဦးသံခဲနဲ႔ေတြ႕ဖို႔ဆိုတာ ထင္သေလာက္မလြယ္ဘူးဗ်၊ သူက ေလွတစ္စင္းနဲ႔ ဒီအင္းႀကီးတစ္ခြင္ လွည့္ပတ္သြားလာေနတာဆိုေတာ့ သူ႔ကိုေတြ႕ဖို႔ေတာ္ေတာ္ခက္တယ္ဆိုပဲ၊ ကံေကာင္းတဲ့သူမွ ေတြ႕ရတာတဲ့ဗ်”

“ဒါဆိုရင္ သူကေတာ္ေတာ္စြမ္းတာပဲေနာ္”

“စြမ္းတာေပါ့ဗ်ာ၊ အေဖနဲ႔ေတာင္ တစ္ခါေတြ႕ဖူးေသးတယ္”

“ေဟ၊ ေျပာစမ္းပါအုံးကြာ”

“အေဖက ညဘက္ငါးဆင္းေထာင္ပါေရာ၊ အဲဒီမွာ ေလွကေလးတစ္စီးသူ႔အနားလာကပ္တယ္တဲ့ဗ်၊ ေလွကိုေလွာ္တဲ့လူမပါဘဲနဲ႔ ေလွကသူ႔အလိုလိုေ႐ြ႕ေနတယ္ဆိုပဲ၊ ေလွဦးထိပ္မွာ ဦးသံခဲက တင္ပလႅင္ေခြထိုင္ၿပီး လိုက္လာတာတဲ့ဗ်ာ၊ အေဖနဲ႔ေတြ႕ေတာ့ အေဖကလည္း ႐ို႐ိုေသေသနဲ႔ ေျပာတယ္၊ အဘိုးရယ္ ငါးဘတ္ႀကီးေတြ ေဈးသိပ္ေကာင္းတယ္၊ က်ဳပ္ကို ငါးဘတ္က်မယ့္ေနရာေျပာပါဆိုေတာ့ ဦးသံခဲက ေရကိုလက္နဲ႔ခပ္ၿပီး အနံ႔ခံတယ္တဲ့ဗ်၊ ၿပီးေတာ့ ကုကၠိဳကြၽန္းနားကို ငါးသြားေထာင္ခိုင္းတယ္ဆိုပဲ”

“ကုကၠိဳကြၽန္းက ဘယ္နားလဲကြ”

“ခုသြားမယ့္ေနရာေပါ့ဗ်ာ၊ အဲဒီကုကၠိဳကြၽန္းေပၚမွာ အရက္ဆိုင္ဖြင့္ထားတယ္၊ လူလည္းစုံတာေပါ့၊ ဒါနဲ႔အေဖက မျဖစ္ႏိုင္ဘူးလို႔ပဲထင္တာ၊ ညနက္လို႔သြားၾကည့္ေတာ့ အရက္ဆိုင္လည္းပိတ္ထားၿပီ၊ ဒီေတာ့မွ အရက္ဆိုင္ေနာက္ဘက္မွာ ငါးဘတ္ႀကီးႏွစ္ေကာင္တဲ့ဗ်ာ၊ အရက္ဆိုင္ကေနစြန႔္ပစ္ထားတဲ့ စားႂကြင္းစားက်န္ေတြ၊ ပဲႀကီးေလွာ္ေတြ ေရထဲေျမာေနတာကို လိုက္ဆယ္စားေနတာတဲ့၊ အေဖလည္း ငါးဘတ္ႏွစ္ေကာင္ကိုဖမ္းမိခဲ့တာေပါ့”

“ဟာ၊ ဒါဆိုတကယ္ထူးတာေပါ့ကြ”

“ဒါေပါ့ဗ်ာ၊ ကဲ၊ အခ်ိန္ေတာ္အေတာ္ေႏွာင္းေနၿပီ၊ က်ဳပ္တို႔ ကုကၠိဳကြၽန္းကို သြားၾကစို႔”

က်ဳပ္တို႔ျပန္လာခဲ့ေတာ့ ကိုျမႀကီးတို႔က ေလွေပၚေရာက္ေနၿပီဗ်၊ ငတုံးကေလွကိုဆက္ေလွာ္ခတ္လာတယ္၊ ညေနခင္း ေရျပင္ကိုျဖတ္တိုက္တဲ့ ေလေလးေတြက ေအးေနတာပဲဗ်ာ၊ ေလတဝူးဝူးနဲ႔ဆိုေတာ့ စိတ္အပန္းေျပတာေပါ့။ မၾကာပါဘူး ကုကၠိဳကြၽန္းဆိုတဲ့ေနရာကိုေရာက္လာတယ္ဗ်။ အင္းေရျပင္ထဲကို ခြၽန္ထြက္ၿပီးေတာ့ ကြၽန္းပုံစံကေလးျဖစ္ေနတာဗ်၊ တကယ္ေတာ့ ေရပတ္လည္ဝိုင္းေနတာမဟုတ္ပါဘူး၊ တစ္ဖက္စြန္းက ကုန္းနဲ႔တစ္ဆက္တည္းဗ်၊ အဲဒီအေပၚမွာ ကုကၠိဳပင္ႀကီးႏွစ္ပင္ေပါက္ေနတယ္၊ ဒါကိုအစြဲျပဳၿပီးေတာ့ ကုကၠိဳကြၽန္းလို႔ေခၚတာျဖစ္မယ္ဗ်။

ကုကၠိဳပင္ႀကီးႏွစ္ပင္ေအာက္မွာေတာ့ တဲကေလးတစ္လုံးေတြ႕တယ္ဗ်၊ အဲဒီတဲကေလးအနားမွာ ေလွကပ္လို႔ရတဲ့ ဆိပ္ကမ္းကေလးတစ္ခုရွိတယ္၊ အဲဒီမွာ ငတုံးက ေလွကိုကပ္လိုက္ၿပီးေတာ့ ငုတ္မွာႀကိဳးနဲ႔ခ်ည္လိုက္တာေပါ့ဗ်ာ၊ အရက္သိပ္ေသာက္ခ်င္ေနတဲ့ ကိုျမႀကီးနဲ႔ ကိုဗလလည္း ကြၽန္းေပၚအျမန္ေျပးတက္သြားၾကတယ္ဗ်၊ ဟိုေရာက္ေတာ့ အရက္ဆိုင္ကေလးက သိမ္းေတာင္ေနပါၿပီဗ်ာ၊ အိုးေတြခြက္ေတြေမွာက္ေနၾကတယ္၊

“ဟာ၊ ခင္ဗ်ားတို႔က ဆိုင္ေတာင္သိမ္းေတာ့မလို႔လား”

“ဟုတ္တယ္ေလ၊ ႐ြာမွာအလႉရွိတယ္၊ ဆိုင္းရွိတယ္ဆိုေတာ့ ဒီေန႔အင္းထဲဆင္းတဲ့လူေတာင္ မရွိဘူးမဟုတ္လား၊ ငါတို႔လည္း ဆိုင္သိမ္းၿပီးေတာ့ ႐ြာဘက္ကူးေတာ့မလို႔”

“ဒီလိုေတာ့မလုပ္ပါနဲ႔ဗ်ာ၊ က်ဳပ္တို႔ေသာက္ခ်င္ေသးတယ္ဗ်”

လက္တစ္ဖက္ျပတ္နဲ႔ဦးေလးႀကီးက

“မေရာင္းေတာ့ပါဘူးဆိုကြာ”

“ခင္ဗ်ားတို႔မေရာင္းရင္ ဆိုင္းလည္းနားေထာင္ရမယ္လို႔မထင္နဲ႔ဗ်”

ကိုဗလက အၾကပ္ကိုင္လိုက္တယ္။ ဆိုင္ထဲမွာ လက္တစ္ဖက္ျပတ္နဲ႔ဦးေလးႀကီးရယ္၊ သူ႔မိန္းမလို႔ယူဆရတဲ့ ပိန္ပိန္ေသးေသးအေဒၚႀကီးတစ္ေယာက္ရယ္ပဲရွိေတာ့တယ္ဗ်၊ လက္တစ္ဖက္ျပတ္နဲ႔ဦးေလးႀကီးက သူ႔ခါးမွာခ်ိတ္ထားတဲ့ ဓါးကိုပုတ္ျပၿပီးေတာ့

“ေဟ့ေကာင္ေတြ၊ ငါ့နာမည္ဘသိန္းကြ၊ မင္းတို႔ထက္မိုက္လို႔ ဒီကြၽန္းေပၚမွာ အရက္ဆိုင္ဖြင့္ေရာင္းတာကြ၊ မင္းတို႔ရန္ျဖစ္ခ်င္လို႔လား”

ကိုဗလက မွင္ေသေသနဲ႔

“က်ဳပ္က ပတ္မႀကီးတီးတဲ့လူ၊ ေဟာဟိုက ႏွဲဆရာဗ်၊ ဆိုင္းဝိုင္းတစ္ခုမွ က်ဳပ္တို႔မပါရင္ လုံးဝနားေထာင္လို႔မေကာင္းဘူးဆိုတာ ခင္ဗ်ားမသိဘူးလား”

လက္တစ္ဖက္ျပတ္နဲ႔ဘသိန္းက အံ့ၾသသြားၿပီးေတာ့

“မင္းတို႔ဒီလိုႀကိဳေျပာေပါ့ကြာ၊ ေနပါအုံး မင္းတို႔က မူးေနေတာ့ ဆိုင္းတီးႏိုင္ပါ့မလားကြ”

ေျပာရင္းဆိုရင္း စားပြဲခုံေပၚတင္ၿပီးေမွာက္ထားတဲ့ ေခြးေျခခုံကေလးေတြကို ခ်ခင္းေပးတယ္၊ ကိုျမႀကီးနဲ႔ ကိုဗလလည္း အဲဒီမွာဝင္ထိုင္တာေပါ့ဗ်ာ၊ က်ဳပ္နဲ႔ ငတုံးလည္း လိုက္ထိုင္ရတာေပါ့။

“ဒါနဲ႔ေနပါအုံးကြ၊ မင္းတို႔က အရက္မူးေနေတာ့ ဆိုင္းေရာမွန္မွန္တီးႏိုင္၊ မႈတ္ႏိုင္ၾကပါ့မလား”

“မပူစမ္းပါနဲ႔ဗ်ာ၊ က်ဳပ္တို႔က ေရခ်ိန္ကိုက္မွ လက္ရည္တက္တာဗ်၊ အလာကတည္းက က်ဳပ္တို႔အတြက္ အရက္ထည့္လာခဲ့ၿပီးသား၊ ဒါေပမယ့္ လမ္းမွာ ဒီေကာင္ေတြကိုခြဲတိုက္လိုက္ရလို႔ အခု မတက္မက်ျဖစ္ေနတယ္ဗ်ာ၊ ဒီခံစားခ်က္ကို ခင္ဗ်ားလည္းနားလည္မွာေပါ့၊ ဒါေၾကာင့္ ႐ြာေရာက္တာနဲ႔ အရက္ရမယ့္ ဒီေနရာကိုလာခဲ့တာပဲဗ်ာ”

ဦးဘသိန္းက ၿပဳံးရင္း

“ေအးေအး၊ သိတာေပါ့ကြာ၊ အရက္မဝတဲ့ခံစားခ်က္က သိပ္ခံရခက္တာမဟုတ္လား”

ဦးဘသိန္းက အရက္ႏွစ္ပုလင္းခ်ေပးၿပီးေတာ့ ေရတစ္ပုလင္းနဲ႔ ပဲႀကီးေလွာ္၊ ပဲျခမ္းေၾကာ္ေတြခ်ေပးတယ္ဗ်၊ ကိုျမႀကီးက အရက္တစ္ခြက္ကိုခပ္ျမန္ျမန္ေမာ့ေသာက္လိုက္တယ္၊ ကိုဗလက အျမည္းေတြကိုၾကည့္ၿပီး

“ဟာ၊ ခင္ဗ်ား အျမည္းက ဒါပဲလား”

“ဆိုင္ပိတ္ၿပီကြ၊ ဒါပဲရွိေတာ့မွာေပါ့”

“ေရလယ္ေခါင္လာရမွေတာ့ဗ်ာ၊ ငါးေၾကာ္ေလးဘာေလးေတာ့ စားခ်င္သေပါ့ဗ်”

“ဘယ္လိုလုပ္မလဲကြ၊ ငါတို႔မွာမွမရွိေတာ့တာ”

ကိုဗလက ကိုျမႀကီးကိုၾကည့္ၿပီး ရယ္ေမာရင္း

“သိတာေပါ့ဗ်ာ၊ ဒါေၾကာင့္က်ဳပ္တို႔ စီစဥ္လာခဲ့ၿပီးသားပါ”

အဲဒီလိုေျပာၿပီး ကိုျမႀကီးက သူ႔လြယ္အိတ္ထဲကေန ငါးရံ႕ႏွစ္ေကာင္ထုတ္ေပးလိုက္တယ္ဗ်၊ ငါးရံ႕က တစ္ထြာေက်ာ္ေက်ာ္ေလာက္ေတာ့ရွိမယ္ထင္တယ္၊ ကိုဘသိန္းလည္း ျမက္ထုံးနဲ႔တြယ္ထားတဲ့ ငါးရံ႕ႏွစ္ေကာင္ကိုလွမ္းယူၿပီးေတာ့ ဟိုအေဒၚႀကီးကိုေပးလိုက္တယ္၊ အေဒၚႀကီးက ငါးႏွစ္ေကာင္ကိုယူသြားၿပီးေတာ့ ဆိုင္ေနာက္ဝင္သြားတာပဲ၊ မၾကာပါဘူး၊ ရွဲခနဲဆီေၾကာ္တဲ့အသံကိုၾကားလိုက္ရတာပါပဲဗ်ာ။

က်ဳပ္ကေတာ့ တစ္ခြက္တစ္ေလပါပဲဗ်ာ၊ ငတုံးကိုအရက္ခြက္ ကမ္းေပးေတာ့ ငတုံးက ျပာျပာသလဲနဲ႔

“က်ဳပ္အရက္ေသာက္တာကို အေဖသိရင္ က်ဳပ္ကိုအေသသတ္မွာဗ်၊ မေသာက္ခ်င္ပါဘူးဗ်ာ”

ဟုတ္လည္းဟုတ္တယ္၊ က်ဳပ္က ကေလးသာသာရွိေသးတဲ့ငတုံးကို အရက္တိုက္တာကိုးဗ်၊ ဦးဘသိန္းကလည္း က်ဳပ္တို႔ဝိုင္းအနားမွာထိုင္ေနတယ္။ ညေနငါးနာရီေလာက္ရွိၿပီဆိုေတာ့ ေမွာင္ေတာ့ေမွာင္လာၿပီေပါ့ဗ်ာ၊ ကုကၠိဳပင္အရိပ္ဆိုေတာ့လည္း ပိုေမွာင္သဗ်။ က်ဳပ္လည္း ငတုံးဘက္လွည့္ၿပီး

“အဲဒီ ဦးသံခဲအေၾကာင္း ေျပာစမ္းပါအုံးကြာ”

“အဲဒါဆက္ေျပာမလို႔ဗ်၊ ဦးသံခဲက အင္းထဲမွာတစ္ေယာက္တည္း ေလလြင့္ေနရင္း ဘယ္လိုေသသြားမွန္းမသိၾကဘူးတဲ့၊ ဦးသံခဲေသသြားၿပီးေတာ့မွ ေလွကေလးေျမာေနတာေတြ႕တယ္တဲ့ဗ်ာ၊ ေလွဝမ္းထဲမွာ ဦးသံခဲက ေတာင့္္ေတာင့္ႀကီးေသလို႔ဗ်၊ အေလာင္းက အင္းထဲမွာဆိုေတာ့ မပုပ္မသိုးဘဲ ေျခာက္ေနသတဲ့ဗ်ာ၊ အဲဒါနဲ႔႐ြာကလူေတြကေတြ႕ေတာ့ ေလွကိုဆယ္ၿပီးေတာ့ ေရထဲကေနတင္တာေပါ့၊ ေဟာဟိုအေနာက္ဘက္က သခ်ိဳင္းကုန္းမွာ ျမႇဳပ္ေပးမယ္ဆိုၿပီး ေလွကိုဆြဲလာၾကတာတဲ့၊ ဒါေပမယ့္ သူ႔ေလွကေလးကို ေရထဲကေနတင္လို႔မရဘူးတဲ့ဗ်၊ ဆယ္ေတာင္ေလာက္ရွိတဲ့ေလွကေလးကို ေယာက္်ားသားဆယ္ေယာက္ေလာက္ ဝိုင္းဆြဲတာ ဆြဲမရဘူးတဲ့ဗ်ာ”

“ဟာ၊ ေတာ္ေတာ္ထူးဆန္းတာပဲေဟ့”

“ဒါ့ထက္ထူးေသးတယ္ဗ်၊ ဒီ႐ြာက အထက္လမ္းဆရာႀကီးက ကူညီမွ ေရေပၚတင္လို႔ရတယ္တဲ့ဗ်ာ၊ ဒါနဲ႔ သူ႔ကိုအေခါင္းသြင္းၿပီးေတာ့ သခ်ိဳင္းကုန္းမွာ ျမႇဳပ္လိုက္တာေပါ့၊ ျမႇဳပ္တဲ့ညပဲ အဲဒီဆရာႀကီးကို အိပ္မက္ေပးသတဲ့ဗ်ာ၊ သူ႔ကိုေလွေပၚတင္ၿပီး ျပန္ေမွ်ာေပးပါ၊ မေမွ်ာရင္ အင္းထဲက သရဲႀကီးေတြ စိတ္ဆိုးလိမ့္မယ္ဆိုၿပီး ေျပာသတဲ့”

“ဒါနဲ႔ပဲ ျပန္ေမွ်ာလိုက္ေရာလားကြာ”

“အဲဒီဆရာႀကီးက အိပ္မက္ကို ဘယ္သူ႔ကိုမွမေျပာဘူူးဗ်၊ ဟုတ္ခ်င္မွဟုတ္မယ္ဆိုၿပီးထင္ေနတာေပါ့ဗ်ာ၊ ေနာက္တစ္ေန႔ညေရာက္ေတာ့ အင္းႀကီးထဲက ေအာ္သံႀကီးေတြၾကားတယ္ဗ်၊ ၿပီးေတာ့ ေရထဲကသရဲႀကီးေတြက ေအာ္သံေတြေပးၿပီးေတာ့ တက္လာၾကတယ္၊ တံငါသည္ေတြဆိုရင္ ေတာ္ေတာ္ေၾကာက္ကုန္ၾကတာပဲဗ်ိဳ႕၊ ၿပီးေတာ့ ေႏြေခါင္ေခါင္ႀကီး အင္းေရျပင္အေပၚမွာ တိမ္ေတြစုၿပီး မိုးေတြထစ္ခ်ဳန္းေနတာတဲ့ဗ်ာ”

“သူလုပ္ခိုင္းတဲ့အတိုင္းမလုပ္လို႔မ်ားလားမသိဘူးေနာ္”

“ဒါေပါ့ဗ်၊ ဒီလိုနဲ႔႐ြာကလူေတြေၾကာက္လန႔္ကုန္ေတာ့မွ ဆရာႀကီးကထုတ္ေျပာတာ၊ ဒါနဲ႔ညတြင္းခ်င္းပဲ သူ႔အေလာင္းကိုျပန္ေဖာ္ၿပီးေတာ့ အဲဒီေညာင္ပင္ႀကီးနားမွာ ျမႇဳပ္ေပးတာ၊ ဒါလည္းမရဘူးတဲ့ဗ်ာ၊ အဲဒါနဲ႔ အေခါင္းထဲက အေလာင္းကိုထုတ္ၿပီးေတာ့ သူ႔ေလွေပၚတင္ၿပီး အင္းထဲျပန္ခ်ေပးရတယ္၊ ဒီေတာ့မွ ပုံမွန္အတိုင္းျပန္ျဖစ္သြားတာဗ်”

“ငါသိၿပီ၊ ဒါဆိုရင္ တစ္ပြဲစားႀကီး ဦးသံခဲက ေသၿပီးေတာ့ အင္းေစာင့္ႀကီးမ်ားျဖစ္သြားတာလား”

“႐ြာကလူေတြကေတာ့ အဲဒီလိုေျပာတာပဲ၊ က်ဳပ္တို႔တံငါေတြလည္း အင္းထဲငါးရွာဖားရွာတဲ့အခါက်ရင္ အဲဒီသစ္ပင္နားက အေခါင္းႀကီးကို သြားၿပီးတိုင္တယ္ၾကတယ္ဗ်၊ တိုင္တည္တဲ့အတိုင္း ငါးေတြရလာၿပီဆိုရင္လည္း ကိုယ္ရတဲ့ငါးထဲက ငါးနည္းနည္းကို ေညာင္ပင္ႀကီးေအာက္မွာ ဆက္ခဲ့ရတယ္”

“မဆက္ဘူးဆိုရင္ ဘာျဖစ္တတ္သလဲ”

ဒီေတာ့ က်ဳပ္တို႔ေဘးနားမွာထိုင္ေနတဲ့ ဦးဘသိန္းက

“မဆက္ဘူးဆိုရင္ ဒီလိုျဖစ္မွာေပါ့ကြာ”

အဲဒီလိုေျပာၿပီးေတာ့ သူ႔လက္ျပတ္ႀကီးကို ေျမႇာက္ျပတယ္ဗ်၊ လက္က လက္တံေတာင္ဆစ္နားကေနျပတ္ေနတာဗ်၊ က်ဳပ္ျဖင့္ လက္ျပတ္ႀကီးကိုၾကည့္ၿပီး ေက်ာထဲစိမ့္သြားတာပဲဗ်ာ။

“က်ဳပ္မသိလို႔ေမးတာေနာ္ ဦးဘသိန္း၊ အဲဒီလက္က ဘယ္လိုျပတ္သြားတာလဲ”

“ေအး၊ ငါလည္း ငါနဲ႔ႀကဳံႀကိဳက္တဲ့လူတိုင္းကို ငါ့လက္အေၾကာင္းေျပာျပေနၾကကြ၊ တစ္ပြဲစားႀကီး ဦးသံခဲဆိုတာ ေနာင္ေျပာင္လို႔ေကာင္းတဲ့လူမဟုတ္ဘူးကြ၊ မယုံမရွိနဲ႔ ငါ့ကိုယ္ေတြ႕ပဲ”

ဦးဘသိန္းကေျပာရင္းဆိုရင္း အရက္တစ္ခြက္ကိုယူၿပီးေမာ့ေသာက္လိုက္တယ္ဗ်၊ ဒီအခ်ိန္မွာပဲ ငါးရံ႕ေၾကာ္ႏွစ္ေကာင္ကို သူ႔မိန္းမက ပန္းကန္ထဲထည့္လာၿပီးေတာ့ က်ဳပ္တို႔ဝိုင္းမွာလာခ်ေပးတယ္၊ ကိုဗလကေတာ့ ငါးရံ႕ေၾကာ္ပူပူေလာင္ေလာင္ကိုတစ္ဖဲ့လွမ္းဖဲ့ၿပီး ပါးစပ္ထဲပစ္ထည့္လိုက္တယ္ဗ်။

“ေကာင္းမွေကာင္းပဲဗ်ာ၊ ငါးကလတ္လို႔လားမသိဘူး ခ်ိဳေနတာပဲ”

ဦးဘသိန္းက

“ခင္ဗ်ားတို႔ေသာက္ရင္လည္း ျမန္ျမန္ေသာက္ေနာ္ဗ်၊ ေတာ္ၾကာဆိုင္းေနာက္က်ေနလို႔ က်ဳပ္တို႔အျပစ္ျဖစ္ေနအုံးမယ္”

“ရပါတယ္ဗ်ာ၊ ဒီႏွစ္လုံးကုန္ရင္ ျပန္ၾကတာေပါ့”

ဦးဘသိန္းက ေခါင္းညိတ္ၿပီးေတာ့မွ

“ေၾသာ္၊ ေအး၊ မင္းကိုေျပာျပမလို႔ေတာင္ ေမ့သြားတယ္၊ ဒီလိုကြ”

(၄)

“လြန္ခဲ့တဲ့ဆယ္ႏွစ္ေလာက္တုန္းကေပါ့ကြာ၊ ငါက ဟိုဘက္ေထာက္ရွာ႐ြာသားကြ၊ ငါ့မိန္းမက ဒီ႐ြာသူ၊ ငါ့မိန္းမနဲ႔ညားၿပီးေတာ့ ဒီကြၽန္းေပၚမွာ အရက္ဆိုင္ဖြင့္မယ္လို႔ႀကံျဖစ္တာေပါ့၊ ႐ြာထဲမွာအရက္ဆိုင္ဖြင့္ေပမယ့္ မေရာင္းရဘူးကြ၊ ဘာလို႔လဲဆိုေတာ့ တစ္႐ြာလုံးက တံငါေတြခ်ည္းဆိုေတာ့ ႐ြာထဲကပ္တယ္လို႔မွမရွိတာ၊ ဒါနဲ႔ ဒီကြၽန္းေပၚမွာ ဆိုင္လာဖြင့္တာေပါ့ကြာ”

“ဆိုင္ဖြင့္တာ အဆင္ေျပတယ္ေျပာရမယ္ကြ၊ တံငါေတြက ငါးေထာင္၊ ပိုက္ေထာင္ၿပီးတဲ့အခါ ငါ့ဆိုင္မွာလာၿပီးနားခိုေနၾကတာကိုး၊ အဲဒီမွာ သူတို႔က တစ္ပြဲစားႀကီး ဦးသံခဲအေၾကာင္းကို အၿမဲေျပာၾကတယ္၊ ငါဆိုတဲ့ေကာင္ကလည္း တေစၦေတြ သရဲေတြကို သိပ္ယုံတဲ့ေကာင္မဟုတ္ဘူး၊ ဒါနဲ႔ တံငါေတြနဲ႔ အေလာင္းအစားလုပ္ၾကတာေပါ့ကြာ”

“ဘယ္လိုလုပ္သလဲဗ်”

“ငါကလည္း အင္းစပ္ကိုဆင္းၿပီးေတာ့ ဦးသံခဲကိုေျပာတာပဲ၊ ဆုေတာင္းတာေပါ့ကြာ၊ က်ဳပ္မိေခ်ာင္းလိုခ်င္တယ္၊ မိေခ်ာင္းတစ္ေကာင္ရရင္ ငါးႀကီးႀကီးနဲ႔ အရက္ႏွစ္လုံးနဲ႔ ဆက္သမယ္ဆိုၿပီးေျပာတာေပါ့ကြာ”

“ဟာဗ်ာ၊ အညာမွာ မိေခ်ာင္းရွိမလားဗ်”

“ေအးေလ၊ ငါကလည္း မရွိတာဆုေတာင္းတာ၊ တကယ္လို႔ မိေခ်ာင္းနဲ႔ငါနဲ႔မေတြ႕ရင္ တစ္ပြဲစား ဦးသံခဲက မစြမ္းဘူးေပါ့ကြာ၊ ငါကေတာ့ ငါ့အႀကံနဲ႔ငါ ေတြးၿပီးေပ်ာ္ေနတာေပါ့ကြာ၊ တံငါေတြကလည္း ဟုတ္မဟုတ္ေစာင့္ၾကည့္ေနၾကတာေပါ့ကြာ”

“ဒါဆို မိေခ်ာင္းနဲ႔တကယ္ေတြ႕ခဲ့တာလား”

“ေတြ႕တာမွ ေန႔မကူးဘူးေဟ့၊ ညေနပိုင္းဆိုရင္ ငါတို႔ဆိုင္က အရက္သိပ္ေရာင္းရတာကြ၊ တစ္ေန႔လုံးငါးဖမ္းတဲ့တံငါလည္း ျပန္ခ်ိန္၊ တစ္ညလုံး ငါးဖမ္းထြက္မယ့္ တံငါကလည္း ရဲေဆးတင္ခ်ိန္ဆိုေတာ့ လူေတြစုံတာေပါ့ကြာ၊ ဒီလိုနဲ႔အရက္ျပတ္သြားရင္ ႐ြာထဲက ငါတို႔အိမ္မွာအရက္သြားယူရတယ္ကြ၊ အဲဒီေန႔ကလည္း အရက္ျပတ္သြားလို႔ ငါတစ္ေယာက္တည္း ေလွေလွာ္ၿပီးေတာ့ သြားယူတာကြာ၊ အရက္ေတြထည့္ထားတဲ့ စည္ပိုင္းသယ္ၿပီးျပန္လာရင္း ဒီကြၽန္းနားေရာက္ေတာ့ ေရထဲမွာသစ္တုံးႀကီးတစ္တုံးေျမာလာတာကြ၊ ငါလည္း ဘယ္လိုျဖစ္မွန္းမသိဘူး၊ အဲဒီသစ္တုံးႀကီးဆယ္ၿပီးထင္းစိုက္ရင္ေကာင္းမွာပဲဆိုၿပီးေတာ့ သစ္တုံးအနားကိုေလွကပ္လိုက္တာကြ၊ အနားေရာက္ေတာ့မွ သစ္တုံးမဟုတ္ဘဲ မိေခ်ာင္းႀကီးတစ္ေကာင္ ေရေပၚမွာေခါင္းေဖာ္ၿပီးေတာ့ ေျမာေနတာေဟ့”

“ဟာဗ်ာ၊ ထူးဆန္းလိုက္တာ”

က်ဳပ္လည္း ငါးေၾကာ္ပန္းကန္ကို လက္လွမ္းလိုက္ေရာ ငါးရံ႕ေၾကာ္က ကုန္ေတာင္ေနၿပီဗ်၊ ဒီလူေတြေတာ္ေတာ္လက္ျမန္တဲ့လူေတြပဲဗ်ာ၊ ဦးဘသိန္းကဆက္ေျပာတယ္။

“ဟုတ္တယ္၊ ငါလည္း လက္လွမ္းလိုက္ၿပီးမွသိတာကြ၊ မိေခ်ာင္းက ဘာမေျပာညာမေျပာနဲ႔ ငါ့လက္ကို ဆတ္ခနဲလွမ္းကိုက္ၿပီး ဆြဲလွိမ့္လိုက္တာပဲကြာ၊ ငါလည္းေရထဲကို အားလြန္ၿပီးက်သြားတာေပါ့၊ ငါ့အျဖစ္ကို ဒီဆိုင္မွာထိုင္ေနၾကတဲ့ တံငါေတြအကုန္ျမင္လိုက္ၾကရတယ္၊ မိေခ်ာင္းက ငါ့လက္ကိုဆြဲၿပီးေရေအာက္ကိုဆင္းေျပးတာပဲေဟ့၊ ငါလည္း ေၾကာက္အားလန႔္အားနဲ႔ အတင္း႐ုန္းကန္ရာကေန မိေခ်ာင္းက ငါ့လက္ကိုကိုက္ျဖတ္ၿပီး ေရနက္ထဲဆင္းသြားတာပဲ၊ တံငါေတြေျပးဆင္းလာၿပီး ငါ့ကိုဆယ္ၾကလို႔ ငါမေသတာကြ”

“အဲဒီမိေခ်ာင္းႀကီး ဘယ္ေရာက္သြားသလဲဗ်”

“ဒါလည္းထူးဆန္းတယ္၊ ဒီအင္းႀကီးထဲမွာ တစ္သက္နဲ႔တစ္ကိုယ္ မိေခ်ာင္းကို အဲဒီတစ္ခါပဲျမင္ဖူးၾကတာဆိုပဲကြ၊ အခုထိ မိေခ်ာင္းကိုမျမင္ၾကေတာ့ဘူး၊ ငါလည္း ေတာ္ေတာ္မွတ္သြားတယ္ကြာ၊ အဲဒါေၾကာင့္္ အဲဒီေန႔ကစၿပီး တစ္ပြဲစားႀကီးကိုေတာင္းပန္ၿပီးေတာ့ အခုထိ ယုံယုံၾကည္ၾကည္နဲ႔ ပူေဇာ္ပသေနတာပဲေဟ့”

“ထူးလည္းထူးသလို၊ ေၾကာက္ဖို႔လည္းေကာင္းပါရဲ႕ဗ်ာ”

“ေအးေပါ့ကြ၊ မင္းတို႔အျပင္လူေတြသတိထားေနာ္၊ ဒီအင္းထဲမွာဆိုရင္ ဦးသံခဲကို မေလးမစားမလုပ္မိနဲ႔ကြ”

ဦးဘသိန္းကေျပာၿပီးေတာ့

“ေဟာ၊ ေတာ္ေတာ္ေမွာင္လာၿပီကြ၊ မင္းတို႔ေတြမသြားရင္ေန၊ ငါသြားေတာ့မယ္”

ကိုျမႀကီးနဲ႔ ကိုဗလလည္း ေရခ်ိန္ကိုက္ေနၿပီဆိုေတာ့ က်ဳပ္တို႔ထခဲ့ၾကတာေပါ့ဗ်ာ၊ အရက္ဖိုးေငြေပးေပမယ့္ ဦးဘသိန္းက မယူပါဘူး၊ ဆိုင္းဆရာေတြမို႔လို႔ အလကားတိုက္လိုက္တာတဲ့ဗ်ာ၊ ဒီလိုဆိုေတာ့လည္း ဆိုင္းဆရာျဖစ္ရတာ ေကာင္းတယ္လို႔ေတြးမိတယ္။ ဦးဘသိန္းတို႔ လင္မယားက ဆိုင္ေတြသိမ္းျဖဳတ္ေနတုန္း က်ဳပ္တို႔လည္းျပန္ခဲ့တာေပါ့ဗ်ာ၊ ငတုံးက ႐ြာအထိျပန္လိုက္ပို႔မယ္ေျပာတာကိုး။ ညအေတာ္ေမွာင္ေတာ့ အင္းေရျပင္က သိသိသာသာေအးလာတယ္ဗ်၊ ကိုျမႀကီးတို႔ကေတာ့ မူးမူးနဲ႔ေလညႇင္းခံေနၾကတာေပါ့ဗ်ာ။

ေလွာ္ရင္းေလွာ္ရင္းနဲ႔ ေလွအနားမွာ ျမဴထူေတြက်လာပါေရာဗ်ာ၊ ျမဴေတြဘယ္ေလာက္က်သလဲဆို ႐ြာကိုေတာင္လွမ္းမျမင္ရေတာ့ဘူးဗ်၊ က်ဳပ္လည္း ငတုံးကိုလွည့္ၾကည့္လိုက္ေတာ့ ငတုံးက မ်က္စိမ်က္ႏွာပ်က္ေနတယ္။

“ငတုံးေရ ဘာျဖစ္တာလဲ”

“ျမဴေတြဗ်၊ က်ဳပ္လည္း တစ္ခါမွ မႀကဳံဖူးဘူးေနာ္”

“ငါတို႔ျပန္လို႔ရပါ့မလား”

“ျမဴက်ေပမယ့္ လမ္းေၾကာင္းကိုက်ဳပ္သိပါတယ္၊ က်ဳပ္ျပန္တတ္ပါတယ္”

ငတုံးကဆက္ေလွာ္လာတယ္ဗ်၊ သိပ္မၾကာပါဘူး၊ က်ဳပ္တို႔အေရွ႕မွာ ေလွကေလးတစ္စီးေမ်ာလာတယ္၊ က်ဳပ္လည္း ျမဴထူေတြထဲမွာ တျခားေလွေတြ႕ၿပီဆိုေတာ့ အားကိုးရွိၿပီဆိုၿပီး ေပ်ာ္သြားတာေပါ့ဗ်ာ၊ ဒါေပမယ့္ ေလွကိုၾကည့္လိုက္ေတာ့ ေလွေပၚမွာထိုင္ေနတဲ့လူမေတြ႕ဘူးဗ်၊ က်ဳပ္စိတ္ထဲမွာ ေလးလံလာတယ္၊ က်ဳပ္ထင္တာက တစ္ပြဲစားႀကီးရဲ႕ ေလွမ်ားလားေပါ့။

ထင္တဲ့အတိုင္းပါပဲဗ်ာ၊ ေလွရဲ႕ပဲ့မွာထိုင္ေနတဲ့ ငတုံးက လက္အုပ္ေတြဘာေတြခ်ီေနၿပီဗ်၊ က်ဳပ္လည္း ေယာင္ယမ္းၿပီးလက္အုပ္ခ်ီလိုက္ရတယ္၊ ေလွာ္တဲ့သူမရွိေတာ့တဲ့က်ဳပ္တို႔ေလွက အဲဒီေလွကေလးအနားကို တျဖည္းျဖည္းနဲ႔သြားကပ္တယ္ဗ်ာ၊ ဒီေတာ့မွ ေလွထဲမွာလွဲအိပ္ေနတဲ့ လူႀကီးတစ္ေယာက္က ေငါက္ခနဲေကာက္ထိုင္တယ္။

လူပုံက အသက္ႀကီးႀကီး အဘိုးႀကီးပုံစံပါဗ်ာ။ မ်က္တြင္းေတြက်ေနၿပီးေတာ့ ေခါင္းတုံးကလည္းေျပာင္ေနတာပဲ၊ မသိရင္လူအ႐ိုးေခါင္းႀကီးနဲ႔ေတာင္တူေနေသးတာဗ်၊ အဘိုးႀကီးက က်ဳပ္တို႔ကိုၾကည့္ၿပီးေတာ့

“အေနာက္က ႏွစ္ေယာက္ ျပန္လို႔ရတယ္၊ အေရွ႕က ႏွစ္ေယာက္ကေတာ့ ငါနဲ႔လိုက္ခဲ့ရမယ္”

အဲဒီလိုေျပာၿပီး ေလွနံရံကိုလွမ္းဆြဲတာပဲဗ်ာ၊ အေနာက္မွာထိုင္ေနတာက က်ဳပ္ရယ္၊ ငတုံးရယ္၊ အေရွ႕မွာက်ေတာ့ ကိုျမႀကီးနဲ႔ ကိုဗလထိုင္ေနတာမဟုတ္လား၊ ကိုျမႀကီးတို႔လည္း ေတာ္ေတာ္ေၾကာက္ေနတဲ့ပုံပဲဗ်၊ က်ဳပ္လည္း လက္အုပ္ခ်ီရင္း

“မလုပ္ပါနဲ႔ တစ္ပြဲစားႀကီးရယ္၊ က်ဳပ္တို႔အားလုံးကို သြားခြင့္ေပးပါဗ်”

“မင္းတို႔ႏွစ္ေယာက္က အျပစ္မရွိေပမယ့္ ဒီအျပစ္သားႏွစ္ေယာက္ကို ငါခြင့္မလႊတ္ဘူး”

“ဗ်ာ . . . ဗ်ာ၊ သူတို႔မွာ ဘာအျပစ္ရွိလို႔လဲ”

တစ္ပြဲစား ဦးသံခဲမ်က္လုံးက မီးေတာက္ေတြလို လင္းထိန္လာတယ္ဗ်ာ၊ ၿပီးေတာ့ ကိုျမႀကီးတို႔ကိုၾကည့္ရင္း

“ဒီေကာင္ေတြအသိဆုံးျဖစ္မွာေပါ့ကြ”

ကိုျမႀကီးလည္း ေၾကာက္ေၾကာက္နဲ႔

“က်ဳပ္၊ က်ဳပ္တို႔ဘာမွမလုပ္ပါဘူးဗ်ာ”

“ဟား၊ ဟား အခုမွေျဗာင္မျငင္းနဲ႔ကြ၊ မင္းတို႔ႏွစ္ေကာင္ င့ါရဲ႕ေညာင္ပင္ေအာက္မွာ ေသးလာေပါက္သြားတယ္မဟုတ္လား”

က်ဳပ္လည္းအခုမွ စဥ္းစားမိတာ၊ ညေနက ငတုံးကေညာင္ပင္ေအာက္မွာ ေလွကိုကပ္လိုက္ေတာ့ ကိုျမႀကီးနဲ႔ ကိုဗလက ေျပးဆင္းသြားၾကတာဗ်၊ လက္စသတ္ေတာ့ သူတို႔က အေပါ့သြားခ်င္လို႔ ေျပးဆင္းသြားၾကတာကိုး။ ကိုျမႀကီးက လက္အုပ္ခ်ီၿပီး

“ဒါက က်ဳပ္တို႔မေအာင့္ႏိုင္ေတာ့လို႔ သြားမိတာပါဗ်ာ၊ ခြင့္လႊတ္ပါ”

“ေအးပါ၊ ငါက အစကေတာ့ မသိနားမလည္တဲ့သူေတြမို႔ ခြင့္လႊတ္မလို႔ပါပဲ၊ ဒါေပမယ့္ မင္းတို႔က ဒီထက္ဆိုးတဲ့အျပစ္ကို က်ဴးလြန္ခဲ့ၾကတယ္”

ကိုဗလက ေခါင္းကုပ္ေနတယ္ဗ်၊ က်ဳပ္လည္း ကိုဗလကိုၾကည့္ၿပိး

“ကိုဗလ၊ ဘာလုပ္ခဲ့တာလဲ”

“ဘာမွမလုပ္ပါဘူးကြာ၊ ဟို . . . ဟို၊ ေညာင္ပင္ေအာက္ေျခမွာ ဖက္နဲ႔တင္ထားတဲ့ ငါးရံ႕ႏွစ္ေကာင္ကို အိတ္ထဲေကာက္ထည့္ခဲ့႐ုံပါ”

က်ဳပ္မ်က္လုံးေတြျပဴးသြားတယ္။

“ဒါ၊ ဒါဆို ခုနက စားတဲ့ငါးရံ႕ႏွစ္ေကာင္က အဲဒီငါးရံ႕ေပါ့၊ ဟုတ္လား”

ဦးသံခဲက အသံနက္ႀကီးနဲ႔

“ငါစားမယ့္အစာ၊ ငါ့အတြက္ေျမႇာက္ထားတာကို လုစားတာေလာက္ အျပစ္ႀကီးတာမရွိဘူး၊ မင္းတို႔မသိလို႔ အေပါ့သြားတာကို ခြင့္လႊတ္လို႔ရေပမယ့္၊ ဒါကေတာ့ တမင္သက္သက္ငါ့ကိုစိန္ေခၚတယ္လို႔ပဲျမင္တယ္”

“ေန၊ ေနပါအုံး တစ္ပြဲစားႀကီးရယ္”

က်ဳပ္ေျပာေနတုန္း တစ္ပြဲစားႀကီးက က်ဳပ္တို႔ေလွနံရံကို သူ႔လက္နဲ႔လွမ္းဆြဲလိုက္ေတာ့ ေလွဦးမွာထိုင္ေနတဲ့ ကိုျမႀကီးနဲ႔ ကိုဗလက ေရထဲကိုဒိုင္ဗင္ထိုးၿပီး ခုန္ဆင္းသြားၾကတာပဲဗ်ာ၊ ေလွႀကီးရမ္းခါလို႔ ျပဳတ္က်ရတယ္ဆိုရင္လည္း က်ဳပ္တို႔ပါက်ရမွာေပါ့ဗ်ာ၊ အခုက ေရွ႕မွာထိုင္ေနတဲ့ႏွစ္ေယာက္ပဲ က်သြားတာ၊ က်ဳပ္လည္းဘာလုပ္ရမွန္းမသိတာနဲ႔ ေရထဲကိုခုန္ဆင္းလိုက္တာေပါ့ဗ်ာ၊ ေရထဲမွာ ကိုျမႀကီးတို႔ႏွစ္ေယာက္ လူးလြန႔္ေနတယ္ဗ်၊ လက္ကားယားေျခကားယားနဲ႔ ဆြဲမိဆြဲရာ ဆြဲတာေပါ့ဗ်ာ၊ က်ဳပ္လည္းသူတို႔အနားေရာက္ေတာ့ သူတို႔က က်ဳပ္ကိုဝိုင္းဆြဲတာဗ်၊ သူတို႔နဲ႔အတူတူက်ဳပ္ပါ ေအာက္ကိုတျဖည္းျဖည္းနဲ႔ ဆြဲက်သြားတာေပ့ါဗ်ာ၊ ဒီအတိုင္းဆိုရင္ သူတို႔နဲ႔အတူတူ က်ဳပ္ပါေရနစ္ေသမွာဗ်၊ က်ဳပ္လည္း ႀကံရာမရတာနဲ႔ ဦးဘသာကို တမိေတာ့တာပဲ။

“ဦးဘသာကယ္ပါ”

ေရေအာက္မွာဆိုေတာ့ အသံမထြက္ဘူးေပါ့ဗ်ာ၊ က်ဳပ္ပါးစပ္ထဲက ေနာက္ဆုံးေလပူေဖာင္းေတြထြက္သြားေတာ့ က်ဳပ္ျဖင့္ အသက္ရႉေတြၾကပ္လာၿပီး မ်က္လုံးေတြျပာေဝလာတယ္ဗ်၊ ရင္ဘတ္ေတြတစ္ဆို႔ဆို႔ႀကီးျဖစ္လာၿပီးေတာ့ တစ္မ်ိဳးႀကီးပဲဗ်ာ၊ က်ဳပ္တို႔အေရွ႕မွာကေတာ့ တစ္ပြဲစားႀကီး ဦးသံခဲဗ်၊ သူက ေရထဲမွာကူးစရာမလိုဘဲ လြင့္ေနတဲ့ပုံပဲ။

ခဏေနေတာ့ က်ဳပ္ျပန္အသက္ရႉလာႏိုင္တယ္ဗ်၊ က်ဳပ္ႏွာေခါင္းထဲကို ေလေတြဝင္ေနသလိုပဲ၊ က်ဳပ္ျဖင့္ေသသြားၿပီလားလို႔ ကိုယ့္ကိုယ္ကိုယ္ထင္ေနတာဗ်ာ၊ ေနာက္ေတာ့ ေရေအာက္ထဲမွာ ဦးဘသာႀကီးဗ်၊ ဦးဘသာက က်ဳပ္ဆီကိုေရကူးလာၿပီးေတာ့ က်ဳပ္ရင္ဘတ္ကိုတြန္းလိုက္တာနဲ႔ က်ဳပ္လည္း ေရေပၚကိုထိုးတက္သြားၿပီးေတာ့ ေရမ်က္ႏွာျပင္ေပၚမွာ ဘြားခနဲေပၚသြားတာပဲဗ်ာ၊ အေပၚေရာက္ေတာ့ ငတုံးက က်ဳပ္ကိုတက္တစ္ေခ်ာင္းလွမ္းေပးတာနဲ႔ က်ဳပ္လည္း တက္ကိုလွမ္းဆြဲၿပီး ေလွေပၚကိုအတင္းလုတက္ရတာေပါ့၊

က်ဳပ္ျပန္တက္လာၿပီးမၾကာဘူး၊ ကိုျမႀကီးနဲ႔ ကိုဗလလည္း ေလွအနားမွာ ေပၚလာတယ္ဗ်၊ က်ဳပ္လည္း သူတို႔ကိုေလွေပၚကိုဆြဲတင္တာေပါ့ဗ်ာ။ ကိုျမႀကီးတို႔ၾကည့္ရတာ ေတာ္ေတာ္ေၾကာက္ေနတဲ့ပုံပဲဗ်ာ၊ ဒီအခ်ိန္မွာ အသံနက္ႀကီးနဲ႔ရယ္တဲ့အသံကိုၾကားတယ္ဗ်။

“မင္း၊ မင္းကဘာေကာင္မို႔လို႔ ငါ့အလုပ္ကိုဝင္ရႈပ္တာလဲ”

က်ဳပ္တို႔ေလွရဲ႕ ေလွဦးမွာ ဦးသံခဲက ေပၚလာတယ္ဗ်၊ ကိုျမႀကီးတို႔ဆိုရင္ေၾကာက္လို႔ ေလွပဲ့ပိုင္းကိုေျပးလာၾကတယ္၊ ဦးဘသာကေတာ့ ေလွပဲ့ပိုင္းအစြန္းမွာ မတ္တပ္ရပ္ေနတယ္။

“ငါလည္း ငါ့အလုပ္ငါလုပ္တာကြ၊ ဒီလူေတြက ႐ြာထဲက ရွင္ျပဳအလႉအတြက္ ဆိုင္းနဲ႔ေဖ်ာ္ေျဖမယ့္ ဆိုင္းသမားေတြ၊ သူတို႔တစ္ခုခုျဖစ္ရင္ အလႉေႏွာင့္ေႏွးသြားလိမ့္မယ္၊ အလႉရွင္ေတြလည္း စိတ္မေကာင္းျဖစ္ရမယ္ကြ”

“မသိဘူး၊ အဲဒါေတြငါမသိဘူး၊ ဒီေကာင္ေတြက ငါ့ကိုေစာ္ကားတယ္၊ ဒီအတြက္ ဒီေကာင္ေတြေသရမယ္၊ ဒီေကာင္ေတြ ေရသရဲေတြျဖစ္ကုန္မွ ဒီေကာင္ေတြကို ငါစိတ္ႀကိဳက္ခိုင္းစားမယ္”

ဦးသံခဲက ေျပာရင္း ေလွေပၚကိုတက္လာတယ္၊ သူ႔တစ္ကိုယ္လုံး အက်ိအခႊၽဲေတြနဲ႔ဗ်ာ၊ လက္ေတြမွာလည္း ငါးအေၾကးခြံလို အေၾကးခြံေတြနဲ႔ဗ်၊ လက္ေတြကလည္း ဖားလက္လိုလက္ႀကီးေတြ၊ လက္သည္းရွည္ရွည္ခြၽန္ခြၽန္ႀကီးေတြနဲ႔ လက္ေခ်ာင္းတစ္ေခ်ာင္းနဲ႔တစ္ေခ်ာင္းရဲ႕ ၾကားထဲမွာလည္း အေျမးပါးေလးေတြပါတယ္ဗ်၊ ပိုဆိုးတာက အၿမီးႀကီးပဲဗ်ာ၊ ငါးရံ႕ကိုယ္လုံးလို အၿမီးႀကီးက အရွည္ႀကီးပဲဗ်၊ အၿမီးထိပ္မွာေတာ့ ငါးၾကင္းၿမီးလို ေရယက္ေတာင္ႀကီးပါတယ္၊ ဦးသံခဲက ကိုဗလတို႔အနားမွာ ပါးစပ္ႀကီးၿဖဲၿပီးေအာ္လိုက္ေတာ့ ပါးစပ္ထဲကေန ေရမႈန္ေရမႊားေတြနဲ႔အတူတူ ေရညႇိေရေမွာ္ေတြပါ ထြက္လာတာဗ်ာ၊ က်ဳပ္တို႔မ်က္ႏွာကိုေတာင္ လာစင္ေသးတယ္။

“ေဟ့ငါးလူသား၊ မင္းမနာခ်င္ရင္ အေနာက္ဆုတ္ကြေနာ္”

ဦးဘသာက သတိေပးေပမယ့္ ဦးသံခဲက က်ဳပ္တို႔အေပၚကိုခုန္အုပ္လိုက္တာပဲဗ်ာ၊ ဒါေပမယ့္ က်ဳပ္တို႔ကိုမအုပ္မိခင္ေလေပၚမွာတန႔္ေနတယ္ဗ်၊ ၿပီးေတာ့ ခပ္ေဝးေဝးကိုလြင့္ထြက္သြားၿပီးေတာ့ ေရထဲကိုက်တယ္။ ေရပြက္ႀကီးဆိုတာ အႀကီးႀကီးပဲဗ်ာ၊ ဦးသံခဲက ေရေအာက္ကိုငုပ္သြားၿပီးေတာ့ ေလွကိုအၿမီးနဲ႔ပုတ္တယ္ဗ်၊ ဘက္ဘက္ကပုတ္လိုက္ရင္ ေလွကညာဘက္ကိုေစာင္းသြားတာေပါ့ဗ်ာ၊ ဦးဘသာက ေသေသခ်ာခ်ာၾကည့္ေနတယ္၊ ေနာက္ေတာ့ ေလွရဲ႕ညာဘက္ကေန အၿမီးႀကီးထြက္လာေတာ့ ဦးဘသာက အၿမီးကိုလက္ညႇိဳးနဲ႔ထိုးၿပီး မိုးေပၚဆြဲတင္လိုက္တယ္၊ ဦးသံခဲတစ္ေယာက္ မိုးေပၚမွာေဇာက္ထိုးႀကီးဗ်ာ၊ ပုတ္သင္ညိဳႀကီးကို အၿမီးကဆြဲထားသလို တြန႔္လိမ္တြန႔္လိမ္နဲ႔ေပါ့ဗ်ာ၊

“ငါ့ကိုလႊတ္ေပး၊ ငါမင္းတို႔ကိုအကုန္သတ္ပစ္မယ္၊ မင္းတို႔ကိုမသတ္ရရင္ ဒီအင္းထဲကိုဆင္းတဲ့လူမွန္သမွ်ကိုသတ္ပစ္မယ္”

ဦးဘသာက စုတ္သပ္ရင္း

“ကြၽတ္၊ ကြၽတ္၊ မင္းကလူ႔ဘဝကေတာင္ ကုသိုလ္ေကာင္းမႈဘာမွမရွိဘဲ၊ ငါးေတြဖမ္းၿပီး အစိမ္းစားေနလို႔ အရွင္လတ္လတ္ၿပိတၱာ ဘဝေရာက္သြားတာေတာင္မွ၊ မေကာင္းမႈေတြဆက္လုပ္ခ်င္ေနေသးတာပါလား၊ ငါတစ္ခုပဲေတာင္းဆိုမယ္၊ သူတို႔ကိုခြင့္လႊတ္လိုက္ပါ၊ တံငါေတြကိုလည္း မင္းဘာမွမလုပ္ပါနဲ႔”

“လုပ္မယ္၊ ငါလုပ္ခ်င္တာလုပ္မယ္၊ ဒီအင္းကငါ့အင္း၊ ငါ့အင္းထဲမွာ ငါလုပ္ခ်င္သလိုလုပ္မယ္”

ဦးဘသာ မ်က္ေမွာင္ၾကဳတ္သြားတယ္ဗ်။

“ေအးေလ၊ အလြယ္နည္းနဲ႔ေျပာမရေတာ့လည္း ပညာနည္းနည္းျပရေသးတာေပါ့ကြာ”

ဦးဘသာက လက္ညိဳးကိုမိုးေပၚေထာင္လိုက္တာနဲ႔ ဦးသံခဲႀကီးတစ္ေယာက္ ဟိုးမိုးေပၚအျမင့္ႀကိးကို ေရာက္သြားတာေပါ့ဗ်ာ၊ ဘယ္ေလာက္ျမင့္သလဲဆို က်ဳပ္တို႔ေတာင္မျမင္ရေတာ့ဘူးဗ်။

“ဦးဘသာ ဘာလုပ္လိုက္တာလဲ”

“ဘာမွမဟုတ္ပါဘူးကြာ၊ ဒီေကာင့္ကို တိမ္ေပၚေရာက္ဖူးတယ္ရွိေအာင္ ပို႔လိုက္တာပါ”

ၿပီးေတာ့ ေအာ္သံနက္ႀကီးနဲ႔အတူ ဦးသံခဲႀကီးျပဳတ္က်လာတာပဲဗ်ာ၊ ေရမ်က္ႏွာျပင္ကိုက်ေတာ့ ဝုန္းဆိုတဲ့အသံႀကီးနဲ႔အတူ ေရေတြလည္းက်ဳပ္တို႔ကိုလာစင္ပါေရာ၊ ေရထဲက်ၿပီးတာနဲ႔ တစ္ခါ မိုးေပၚကိုပ်ံတက္သြားျပန္ပါေရာ၊ ေနာက္ေတာ့ တစ္ခါ အျမင့္ႀကီးကေန ျပန္ျပဳတ္က်ေရာဗ်ာ၊ သုံးခါေလာက္ျဖစ္ၿပီးေတာ့ ဦးသံခဲမေနႏိုင္ေတာ့ဘူးထင္ပါရဲ႕။

“မလုပ္ပါနဲ႔၊ မလုပ္ပါနဲ႔ေတာ့၊ က်ဳပ္ကိုမလုပ္ပါနဲ႔ေတာ့”

“ဒါဆို ငါေတာင္းဆိုတာ လက္ခံမလား”

“လက္၊ လက္ခံပါတယ္”

“သူတို႔ကိုခြင့္လႊတ္လိုက္ၿပီလား”

“ခြင့္၊ ခြင့္လြတ္လိုက္ပါၿပီ”

“တံငါေတြကိုေရာ ရန္ျပဳအုံးမလား”

“မလုပ္ေတာ့ပါဘူး”

ဦးဘသာက ဒီေတာ့မွေက်နပ္သြားၿပီးေတာ့

“ေအး၊ မင္းကတိနဲ႔မင္းပဲေနာ္၊ မင္းကတိမတည္လို႔ကေတာ့ ေနာက္တစ္ခါ မိုးေပၚထပ္တက္ရအုံးမယ္လို႔မွတ္ထားလိုက္၊ ဒီတစ္ခါေတာ့ သုံးႀကိမ္ေလာက္နဲ႔မရေတာ့ဘူး၊ မင္းကိုသုံးရက္ေလာက္ မိုးေပၚပို႔ေပးလိုက္မယ္၊ ၾကားလား”

ဦးသံခဲက တုန္တုန္ယင္ယင္နဲ႔

“ၾကား၊ ၾကားပါတယ္”

“ေအး၊ ဒါဆိုငါတို႔သြားေတာ့မယ္”

“ေန၊ ေနပါအုံး၊ က်ဳပ္လည္း တစ္ခုေလာက္ေတာင္းဆိုပါရေစ”

ဦးဘသာက မ်က္ေမွာင္ၾကဳတ္ၿပီး

“ေျပာ၊ မင္းဘာလိုခ်င္သလဲ”

“က်ဳပ္၊ က်ဳပ္ေရသရဲျဖစ္သြားကတည္းက ကုန္းေပၚတက္လို႔မရေတာ့ပါဘူး၊ အခုလည္း က်ဳပ္သူတို႔တီးတဲ့ဆိုင္းကိုနားေထာင္ခ်င္တယ္၊ အၿငိမ့္ၾကည့္ခ်င္တယ္၊ က်ဳပ္ကိုကုန္းေပၚတက္လို႔ရေအာင္ ကူညီလို႔ရရင္ ကူညီပါဗ်ာ”

ဦးဘသာက ေခါင္းညိတ္ၿပီး

“ရတယ္၊ ဒါေပမယ့္ တစ္ညပဲရမယ္၊ မနက္မိုးမလင္းခင္ မင္းေရထဲဆင္းမွျဖစ္မယ္၊ ဟုတ္ၿပီလား”

ဦးသံခဲက ပ်ာပ်ာသလဲနဲ႔ ေခါင္းညိတ္ရွာတယ္ဗ်။ ဦးဘသာက ဦးသံခဲကိုလႊတ္ေပးလိုက္ၿပီး

“ကဲ အခ်ိန္မရွိေတာ့ဘူး၊ သြားေတာ့မယ္၊ တစ္ပြဲစားႀကီး ေလွဦးကိုကိုင္ထား၊ က်န္တဲ့လူေတြလည္း ေလွကိုေသေသခ်ာခ်ာကိုင္ထားေနာ္၊ နည္းနည္းေတာ့ ၾကမ္းလိမ့္မယ္”

က်ဳပ္တို႔လည္း ေလွနံႏွစ္ဖက္ကိုလက္နဲ႔ေသေသခ်ာခ်ာကိုင္ထားလိုက္တာေပါ့ဗ်ာ၊ ဦးသံခဲလည္း ေလွဦးမွာထိုင္ရင္း ေလွကိုကိုင္ထားတယ္ဗ်၊ ဦးဘသာက မ်က္လုံးႏွစ္ဖက္မွိတ္ၿပီး ေသေသခ်ာခ်ာအာ႐ုံခံေနတယ္၊ ၿပီးေတာ့ လက္ကိုဆန႔္တန္းၿပီး လက္ခုပ္တစ္ခ်က္တီးလိုက္ေတာ့တာပါပဲဗ်ာ၊ လက္ခုပ္ျဖတ္ခနဲတီးလိုက္တာနဲ႔ က်ဳပ္တို႔ေလွႀကီးမိုးေပၚေျမာက္သြားသလို ခံစားရတယ္ဗ်၊ ေနာက္ေတာ့ ခ်က္ခ်င္းပဲ ေျမႀကီးေပၚကိုက်တယ္၊ ေလွကေျမေပၚကိုက်တာဆိုေတာ့ ဝုန္းခနဲေဆာင့္သြားတာေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း ေအာ္လိုက္ၾကတာ ငယ္သံကိုပါလို႔၊ ေလွရပ္သြားမွၾကည့္လိုက္ေတာ့ က်ဳပ္တို႔က ႐ြာထိပ္နားေရာက္ေနသဗ်၊ ခပ္လွမ္းလွမ္းမွာ မီးေတြထိန္ထိန္လင္းေနတဲ့ မ႑ပ္ႀကီးကိုျမင္လိုက္ရၿပီ၊ မၾကာခင္ ဦးလူလွက ပတ္လုံးေတြကို စမ္းတဲ့အသံၾကားလိုက္ရၿပီဗ်ာ။

“ေဟ့ေကာင္ေတြ၊ သြားၾကေလ၊ ျမန္ျမန္၊ ဆိုင္းကစရေတာ့မယ္”

ဦးဘသာေအာ္ေငါက္လိုက္ေတာ့မွ ကိုျမႀကီးနဲ႔ကိုဗလက မ႑ပ္ဆီကိုေျပးၾကတယ္ဗ်၊ က်ဳပ္နဲ႔ ငတုံးလည္း ေလွေပၚကဆင္းခဲ့ေတာ့ ေလွဦးမွာ အဘိုးႀကီးတစ္ေယာက္ရပ္ေနသဗ်၊ အဲဒီအဘိုးႀကီးက ဦးသံခဲေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း အလႉမ႑ပ္ဆီကိုေျပးခဲ့ေတာ့ အလႉက ဆိုင္းအစီအစဥ္စၿပီေပါ့ဗ်ာ၊ ဆိုင္းအဖြဲ႕နဲ႔ပါလာတဲ့လူဆိုေတာ့ က်ဳပ္တို႔က အေရွ႕နားမွာေနရာရတာေပါ့၊ က်ဳပ္တို႔ေဘးမွာ ဦးသံခဲႀကီးထိုင္သဗ်၊ ဦးသံခဲကလည္း ဆိုင္းကိုမ်က္လုံးႀကီးျပဴးၿပီးေတာ့ကိုၾကည့္တာဗ်ာ၊ မ႑ပ္ထဲ လူျပည့္လူလွ်ံေပါ့ဗ်ာ၊ ဦးလူလွဆိုင္းလက္ရာက မၾကာခင္စေတာ့တယ္၊ ဦးသံခဲဆို ေပ်ာ္လို႔ထင္ပါရဲ႕ မ်က္ရည္ေတြစီးက်ေနတယ္ဗ်ာ၊ တစ္သက္လုံးေရထဲမွာေနရတဲ့ ဦးသံခဲႀကီး ကုန္းေပၚေရာက္ၿပီး သူနားေထာင္ခ်င္တဲ့ ဆိုင္းကိုနားေထာင္ရတယ္ဆိုေတာ့ ဘယ္ေလာက္ေတာင္မ်ား ေပ်ာ္လိုက္မလဲဗ်ာ။

ဆိုင္းအေရွ႕ပိုင္းကေတာ့ ဆိုင္းဆရာကို ႐ြာကလူေတြက သီခ်င္းေတြတစ္ပုဒ္ၿပီးတစ္ပုဒ္ေတာင္းလိုက္ၾက၊ ဆုခ်လိုက္ၾကနဲ႔ေပါ့ဗ်ာ၊ ညဘက္နည္းနည္းနက္ေတာ့ အၿငိမ့္ထြက္တယ္ဗ်၊ လူ႐ႊင္ေတာ္က ေလးေယာက္၊ ဆိုင္းေနာက္ထငေသာင္းရယ္၊ ေ႐ႊတိုး၊ ေငြတိုးနဲ႔ ခ်ိဳတူးေပါ့ဗ်ာ၊ ခ်ိဳတူးက ပြဲဦးထြက္မို႔ ခြန္းေတာက္ဆိုတာ ထစ္တစ္တစ္ရယ္ဗ်၊ ဒါေပမယ့္ က်န္တဲ့လူေတြက သဘာက်ေနၿပီမို႔ ခ်ိဳတူးခြန္းေထာက္ဆိုတာကိုပဲ ျပက္လုံးေတြျပက္ၾကေတာ့ က်ဳပ္တို႔ပရိသတ္ေတြ ရယ္လိုက္ရတာ မ်က္ရည္ေတာင္က်သဗ်ာ၊ က်ဳပ္ေဘးမွာထိုင္ေနတဲ့ ဦးသံခဲဆိုလည္း ရယ္လိုက္တာ ပါးစပ္ႀကီးနား႐ြက္တက္ခ်ိတ္ေတာ့မယ့္အတိုင္းပဲ။

မင္းသမီးထြက္ေတာ့ ေ႐ႊမိဗ်၊ အိမ္မွာတုန္းကေတာ့ စုတ္စုတ္ျပတ္ျပတ္ဆိုေပမယ့္ လိမ္းထားျပင္ထားေတာ့လည္း ၾကည့္ေကာင္းသဗ်၊ ေ႐ႊမိကလည္း အကေကာင္းသဗ်ိဳ႕၊ တစ္႐ြာလုံးကလည္း အၿငိမ့္ကိုအားေပးၾကတာမ်ား ညတစ္နာရီေက်ာ္တာေတာင္ ပရိသတ္က မေလ်ာ့ဘူးဗ်ာ၊ ေနာက္ဆုံးေတာ့ ဦးလူလွကပဲ အၿငိမ့္ပိတ္တဲ့ဆိုင္းနဲ႔ပဲ ဆိုင္းတီးတာကိုနားလိုက္ရတယ္၊ ဒီေတာ့မွ ႐ြာကလူေတြ တေဝါေဝါနဲ႔ထျပန္သြားၾကတာပဲ၊ က်ဳပ္သတိထားမိလို႔ လွည့္ၾကည့္လိုက္ေတာ့ ဦးသံခဲမရွိေတာ့ဘူးဗ်ာ၊ ဘယ္တုန္းကျပန္သြားသလဲေတာင္ မသိပါဘူး။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #သရဲ #စုန္း