“စုန်းထီးကြီးဦးဘသာနှင့် အလှူဗြောသံ”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် အလှူဗြောသံ”(စ/ဆုံး)
————————————————————–
အတွဲ(၄) စာစဉ်(၂၁)

(၁)

အညာအလှူအကြောင်းပြောရရင်တော့ ပြောစရာအတော်များသဗျ၊ အလှူတစ်ခုဖြစ်ဖို့ဆိုတာ ကျုပ်တို့ခေတ်တုန်းက လွယ်တာမဟုတ်ဘူးဗျ၊ အလှူဆိုတာ တစ်ဦးတစ်ယောက်တည်းရဲ့အလှူဆိုတာ ရှားတယ်၊ တောသူဌေးတွေ၊ တတ်နိုင်တဲ့သူတွေပဲ တစ်ဦးတစ်ယောက်မတည်ပြီး လှူနိုင်တာဗျ၊ ကျန်တဲ့အလှူတွေကတော့ ဆွေမျိုးသားချင်းတွေ၊ ရပ်ဆွေရပ်မျိုးတွေ ဝိုင်းလှူကြတဲ့အလှူများပါတယ်။ အခု ကွေးကောက်ရွာဆိုတာက ဆင်းရဲသား တံငါသည်များတယ်ဆိုတော့ အလှူဆိုတာ ရှားတယ်တဲ့ဗျာ၊ ရွာမှာအလှူမဖြစ်တာ သုံးနှစ်ကျော်ပြီတဲ့ဗျ၊ အခုအလှူတောင်မှ လူကြီးတစ်ယောက်က ငွေပင်ငွေရင်းစိုက်ပေးပြီးတော့ ရွာသားတွေပေါင်းစုထည့်ပြီး လုပ်တဲ့အလှူတဲ့ဗျာ။

အညာအလှူမှာ ကူတဲ့ဓလေ့ဆိုတာလည်း ရှိသေးတယ်ဗျ၊ တစ်ချို့လူတွေအတွက်တော့ ဆန်းနေမယ်ထင်ပေမယ့် ကျုပ်တို့အညာသားတွေအတွက်မဆန်းပါဘူးဗျာ၊ အကူဆိုတာ ကူငွေလက်ခံတာကိုပြောတာဗျ၊ အလှူကိုလာတဲ့သူတွေက ကူငွေအဖြစ်နဲ့ ငွေကြေးစိုက်ထည့်ကြတာကိုပြောတာပါ၊ အကူလက်ခံတဲ့အလှူဆိုရင် မဏ္ဍပ်အဝင်မှာ ကူငွေထည့်တဲ့လူရဲ့ နာမည်၊ ငွေကြေးတွေကို စာအုပ်တစ်အုပ်နဲ့ရေးမှတ်ထားကြတယ်၊ ကိုယ့်အလှူမှာ သူဘယ်လောက်ကူသလဲဆိုတာကြည့်ပြီး သူ့အလှူကျရင်လည်း ကိုယ်တွေက အဲဒီငွေကြေးထက်မနည်းတဲ့ပမာဏကို ပြန်ကူကြတဲ့ထုံးစံပါ၊ ကူငွေလက်မခံတဲ့အလှူဆိုရင်တော့ အလှူဖိတ်ကတည်းက အကူလက်မခံဘူးလို့ ပြောထားကြတယ်၊ ချမ်းသာတဲ့လူ၊ ငွေကြေးရတတ်ရှင်တွေနဲ့ သူဌေးတွေလောက်ပဲ အကူမခံဘဲလှူနိုင်တာ၊ ကျန်တဲ့အလှူတော်တော်များများကတော့ ရွာကဝိုင်းကူကြတာပါပဲ။

အလှူတစ်ခုစပြီဆိုတာနဲ့ အလှူမှာကျွေးဖို့အတွက် အရေးအကြီးဆုံးဖြစ်တဲ့ စပါးကိုစပြီးစုရတယ်ဗျ၊ ကျုပ်တို့ခေတ်က ဆန်ဆိုတာ ဒီအတိုင်းဝယ်မရဘူးကိုး၊ စပါးတွေစုပြီးရင် လှည်းနဲ့တိုက်ပြီးတော့ ဆန်စက်တွေမှာ သွားကြိတ်ရတယ်၊ ကြိတ်ပြီးရလာတဲ့ဆန်တွေကို မိန်းကလေးတွေ၊ ကာလသမီးတွေက စုပြီးတော့ ဆန်တွေစင်ရတယ်ဗျာ၊ ဆန်စင်တယ်ဆိုတာကတော့ စင်ကြယ်သွားအောင်လုပ်တာပါ၊ အရင်ခေတ်က ဆန်စက်တွေက စပါးလုံးတွေစင်အောင်မဖွပ်နိုင်ဘူး၊ ဒီတော့ ဆန်ထဲမှာ စပါးလုံးတွေ၊ မြက်သီးတွေ၊ စပါးခွံတွေ၊ ဖွဲကြမ်း၊ ဖွဲနုတွေပါတတ်တာကိုးဗျ၊ အိမ်မှာစားရင်သာ ဖြစ်သလိုစားပေမယ့် အလှူကျွေးတဲ့ထမင်းကျတော့ စပါးလုံးပါရင်မကောင်းဘူးမဟုတ်လား၊ ဒါကြောင့် ဆန်စင်ရတာပေါ့ဗျာ။

အလှူမစခင်ကတည်းက မိန်းကလေးတွေ၊ သက်ကြီးရွယ်အိုအမေကြီးတွေက အလှူမှာကမ်းဖို့ ဆေးလိပ်လိပ်ကြတယ်၊ အဲဒီခေတ်တုန်းက ဆေးလိပ်က မပါမဖြစ်ကိုး၊ ကျုပ်တို့ငယ်ငယ်တုန်းကတော့ ပြောင်းဖူးဖက်ဆေးလိပ်တွေ လိပ်ကြတာများတယ်၊ နောက်ပိုင်းကျတော့ သနပ်ဖက်ပြောင်းလိပ်တယ်၊ တစ်ချို့လည်း ဆေးခါးလိပ်တွေ၊ ဆေးပေါ့လိပ်တွေ ဝယ်ပြီးကမ်းကြတယ်၊ ဒါပေမယ့် ဝယ်ပြီးကမ်းတာက အကုန်အကျများလို့ ကိုယ့်ဖာသာလိပ်ကြတာများပါတယ်။

ရွာလူကြီးရဲ့တာဝန်ကတော့ အလှူအတွက် အဖွဲ့တွေဖွဲ့ပေးရတာပါပဲ၊ အလှူမှာချက်ပြုတ်ဖို့အတွက် အိုးသူကြီးအဖွဲ့၊ ကျွေးမွေးဖို့အတွက် ကျွေးမွေးရေးအဖွဲ့၊ ဧည့်ခံဖို့အဖွဲ့၊ နောက်ပြီးတော့ ပန်းကန်ဆေးထင်းခွဲ လက်တိုလက်တောင်းအဖွဲ့ဆိုပြီး ဖွဲ့ပေးရတယ်ဗျ၊ အိုးသူကြီးအဖွဲ့ကတော့ ချက်ရေးပြုတ်ရေးမှာ အရေးအကြီးဆုံးပဲဗျို့၊ အလှူကျတော့ သာမန်အိုးသေးချက်သလို ချက်လို့မရဘူးကိုးဗျ၊ အိုးသူကြီးက ဟင်းချက်တော်မှ ဟင်းတွေကလည်းစားလို့ကောင်းတာ၊ ရွာတစ်ရွာမှာ အိုးသူကြီးတစ်ယောက်တော့ရှိတတ်စမြဲပဲဗျ၊ မရှိရင် တခြားရွာက လိုက်ငှားပြီး ပင့်ကြရတယ်၊ အိုးသူကြီးအတွက် ကန်တော့ပွဲတစ်ပွဲနဲ့ကို ရိုရိုသေသေပင့်ရတာဗျ၊ အိုးကြီးချက်က မချက်တတ် ချက်တတ်နဲ့သွားလုပ်လို့မရဘူး၊ အလှူရောက်မှ စားမကောင်းရင် တစ်ရွာလုံးရဲ့အပြောအဆိုတင်မက အနီးပတ်ဝန်းကျင်က ရွာတွေအထိပါ သတင်းဆိုးက ပြန့်ရောပဲဗျ။

ဧည့်ခံရေးအဖွဲ့ကတော့ မိန်းကလေးတွေ၊ ကာလသမီးတွေများတယ်၊ ကွမ်းတောင်၊ ပန်းတောင်ကိုင်ထဲ မပါတဲ့လူတွေလုပ်ကြတာပေါ့ဗျာ၊ ဘယ်ရွာကလာတဲ့လူလည်း၊ ဘယ်သူ့ဆွေမျိုးလည်းဆိုတာ မေးမြန်းပြီးတော့ သူတို့နဲ့သက်ဆိုင်တဲ့စားပွဲဝိုင်းမှာ နေရာချပေးရတာပေါ့ဗျာ၊ ဧည့်ခံတဲ့အဖွဲ့ကလည်း ထောင့်စေ့ဖို့အရေးကြီးတယ်ဗျ၊ ဧည့်ခံအဖွဲ့က နေရာချပြီးတာနဲ့ ကျွေးမွေးအဖွဲ့တာဝန်ဖြစ်သွားပြီပေါ့ဗျာ၊ ဘယ်ဝိုင်းမှာ ဘယ်နှယောက်စားမယ်၊ ထမင်းပန်းကန်ဘယ်လောက်လိုတယ် အဲဒီလိုကအစ ကျွေးမွေးဖို့အတွက် လိုလေသေးမရှိ လုပ်ကြရတာပေါ့ဗျာ၊ အဖွဲ့တစ်ခုနဲ့တစ်ခုက အချိတ်အဆက်လည်းလိုသဗျ၊ ဒါမှ ဧည့်ဘယ်လောက်ဝင်တယ်၊ ဘယ်လောက်ကျွေးရမယ်၊ အိုးသူကြီးအဖွဲ့ကရော ဘယ်လောက်လိုတယ်၊ ဘယ်လောက်ထပ်ချက်မယ်ဆိုပြီး စီစဉ်ရတာကိုးဗျာ။

အဲ အလှူအကြောင်းတွေပြောရင်း တော်တော်ရှည်နေပြီ၊ ကျုပ်လည်း ကြုံတုန်းပြောပြရတာဗျ၊ အခု ကွေးကောက်ရွာက အလှူက ကျုပ်တို့အလှူမဟုတ်ဘူးဆိုတော့ ကျုပ်တို့တွေ သိပ်ပြီးထွေထွေထူးထူးကူညီပေးစရာမလိုဘူးပေါ့ဗျာ၊ ညမအိပ်ခင် ဆိုင်းအဖွဲ့ကို ထမင်းတွေဘာတွေကျွေးပြီး ဧည့်ခံတယ်ဗျ၊ ဦးလူလှက ရွာလူကြီးနဲ့ရင်းနှီးပုံရတယ်။

“စားကြဗျာ၊ ဆိုင်းကလည်း သိပ်ကောင်း၊ ဦးလူလှသမီးကလည်း ကတာသိပ်ကောင်းတာပဲဗျာ၊ ကျုပ်တို့တော့ ဖြစ်နိုင်ရင် ဒီအငြိမ့်ကို မိုးလင်းပေါက်တောင်ကြည့်ချင်တာဗျ”

“အင်းဗျာ၊ အလှူရှင်တွေ ကျေနပ်တယ်ဆိုတော့ ကျုပ်တို့လည်း ကျေနပ်ပါတယ်၊ ဒါနဲ့ အလှူရှင်က ဘယ်သူတုန်းဗျ”

ရွာလူကြီး ဦးဖော့က ဟိုဟိုဒီဒီကြည့်ရင်း

“အလှူရှင်တွေ ပြန်သွားပြီထင်ပါ့၊ အလှူရှင်နာမည်က ကိုချစ်ချောတဲ့ဗျ”

“သြော်၊ ဒီလောက်အလှူကို လှူနိုင်တာ သာဓုခေါ်စရာပဲဗျာ”

“ပြောရရင်တော့ ခင်ဗျားတို့ယုံချင်မှယုံမယ် ဦးလူလှရေ၊ ချစ်ချောဆိုတဲ့လူက တံငါသည်ဗျ၊ တစ်သက်လုံးငါးပဲဖမ်းစားလာတာ”

ကျုပ်ဖြင့် ထမင်းစားရင်း အံ့သြသွားတယ်။

“ဗျာ၊ တံငါသည်က ဒီလောက်အလှူကို လှူနိုင်တယ်တဲ့လား”

“ဒါကြောင့် ပြောတာပေါ့ဗျ၊ ချစ်ချောဆိုတဲ့လူက အချိန်ပြည့်ငါးဖမ်း၊ ငါးထောင်၊ ပြီးရင် အရက်သောက်တယ်၊ မူးတယ်၊ မိန်းမကိုလည်း အမြဲနှိပ်စက်နေတဲ့လူဗျ၊ ဘာသာရေးဆိုတာလည်း ဘာမှန်းတောင်သိတဲ့လူမဟုတ်ဘူး”

ဦးဘသာက ခေါင်းညိတ်ရင်း

“ဒီလူဘယ်လိုများပြောင်းလဲသွားပါလိမ့်ဗျာ”

“ဒီလူအသက်ငါးဆယ်ပြည့်တဲ့နေ့မှာ အင်းထဲရေနစ်ပါရောဗျာ၊ ရေနစ်တော့ ရေအောက်မှာပရလောကသားတွေ၊ ပြိတ္တာတွေ မြင်ခဲ့ရတယ်တဲ့ဗျ၊ နောက်တော့ သူ့အဖေနဲ့တွေ့တယ်၊ သူ့အဖေကလည်း တစ်ဘဝလုံးဘာမှမလုပ်ခဲ့လို့ ရေအောက်မှာ သရဲကြီးဖြစ်နေတယ်လို့ ပြောပြီး သူ့ကိုရေထဲကနေ ကုန်းပေါ်ပြန်တင်ပေးခဲ့တယ်ဆိုတာပဲဗျ”

“နေပါအုံး၊ သူ့အဖေက ဘယ်သူမို့လဲ”

“သူ့အဖေက တစ်ပွဲစား ဦးသံခဲပေါ့ဗျ၊ ဒါနဲ့ ချစ်ချောက သေရွာပြန်လာတယ်ဆိုပါတော့ဗျာ၊ အဲဒီမှာ အသိတရားရပြီး ဘုရားတရားတွေစလုပ်တောာ့တာပဲ၊ သုံးနှစ်လောက်ကြာတော့ အလှူပေးချင်တဲ့စိတ်ဖြစ်တယ်တဲ့ဗျာ၊ သူ့သားကိုလည်း ရှင်ပြုပေးချင်တယ်၊ ချစ်ချောက အသက်ကြီးမှ အိမ်ထောင်ကျပြီး သားသမီးရတာဆိုတော့ သူ့သားက ငယ်သေးတယ်၊ အဲဒီမှာ ထူးဆန်းတာဖြစ်တာပဲဗျာ၊ တစ်နေ့ ငါးကြီးတစ်ကောင် အင်းထဲကမိပြီး ဝမ်းကိုခွဲကြည့်တော့ ဝမ်းဗိုက်ထဲကနေ လောက်စာလုံးလောက်ရှိတဲ့ ကျောက်အပြာကြီးတွေ့သတဲ့ဗျာ”

“ဟာဗျာ၊ ထူးဆန်းလိုက်တာ”

“အဲဒီကျောက်အပြာကြီးကို မြိုင်သာက သူဌေးတစ်ယောက်ဆင်းဝယ်သွားတယ်၊ အဲဒီက ရတဲ့ပိုက်ဆံတစ်ဝက်ကို အခုအလှူလုပ်တာပဲဗျာ၊ ကျန်တဲ့ပိုက်ဆံတွေကိုတော့ သူတို့လင်မယား ယာလုပ်စားဖို့အတွက် ယာခင်းဝယ်လိုက်တယ်၊ အကုသိုလ်များတဲ့ တံငါအလုပ်ကို စွန့်လွတ်လိုက်ပြီဆိုပဲဗျ”

“ကောင်းလိုက်တာဗျာ၊ ကြားရတာ ကျက်သရေရှိလိုက်တာ၊ သာဓုပါဗျာ”

(၂)

အလှူနေ့ကြီးစပြီဆိုရင်ဖြင့် ဆိုင်းဆရာက လာတဲ့ဧည့်သည်တွေကို ဆိုင်းနဲ့ဧည့်ခံရတော့တာပဲဗျာ၊ ဆိုင်းအဖွဲ့က ညတုန်းက ညနက်မှ အိပ်ရပေမယ့် မနက်ကျတော့လည်း အစောကြီးကတည်းက ထရတာဗျ။ ဧည့်သည်တွေက မဏ္ဍပ်ထဲထိုင်ပြီး ဆိုင်းကြည့်ကြတာပေါ့၊ ထမင်းစားမယ့်သူကတော့ ထမင်းကျွေးရုံတွေဆီသွားပြီး ထမင်းစားကြတယ်၊ ပြီးရင် မဏ္ဍပ်ထဲဝင် ဆိုင်းလက်သံနားထောင်ပြီး ကွမ်းစား၊ ဆေးသောက်၊ လက်ဖက်ဝါးကြတာပေါ့ဗျာ။

“ဂျိန်း . . . ဂျလိမ်း”

အလှူက မစရသေးဘူးဗျာ၊ မိုးရိပ်လေရိပ်တွေ တက်လာတယ်ဗျာ၊ ကွေးကောက်အင်းကြီးထဲမှာ တိမ်မည်းတွေစုနေတယ်ဗျ၊ ရွာလူကြီးနဲ့ အလှူဦးစီးတဲ့လူတွေ ခေါင်းချင်းဆိုင်ကုန်ကြတာပေါ့ဗျာ၊

“မိုးသာရွာရင် မလွယ်ဘူးဗျို့”

“ဟုတ်ပါရဲ့ဗျာ၊ မဏ္ဍပ်ကလည်း စက္ကူတွေ၊ ပိတ်တွေနဲ့ဆောက်ထားတာဆိုတော့ မိုးရွာရင်ပျက်မှာပဲ၊ ထမင်းကျွေးရုံကလည်း အရိပ်ရအောင်ထန်းလက်တွေ တင်ထားတာပဲရှိတာ၊ မိုးလုံမှာမဟုတ်ဘူး”

“ဘာထူးလဲဗျာ၊ ထမင်းချက်တဲ့နေရာကလည်း ကွင်းကြီးထဲမှာ မိုးရွာရင် အကုန်ပျက်မှာဗျို့”

ရွာလူကြီးတွေက တိမ်တိုက်ကြီးကိုကြည့်ပြီးတော့ ပူပန်နေကြတာပေါ့ဗျာ။ ဦးလူလှက ပတ်လုံးတွေကိုပတ်စာတပ်ရင်းတော့

“ခင်ဗျားတို့ မိုးမတားဘူးလားဗျ၊ ကိုဖော့ရ”

“အိုဗျာ၊ ဒီလိုရာသီမှာ မိုးမရွာဘူးထင်လို့ပေါ့ဗျ၊ ခုတော့ မိုးတားရတော့မှာပေါ့”

ကိုဖော့ဆိုတာ ကွေးကောက်ရွာသူကြီးဗျ၊ ဒါနဲ့ မိုးတားဖို့လုပ်ကြတယ်၊ ပွဲတစ်ပွဲပေးပြီးတော့ ကြွေပန်းကန်ထဲ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး မိုးတားဖို့စီစဉ်တာပေါ့ဗျာ၊ ရွာထဲက သက်ကြီးဝါကြီး ဦးလေးကြီးတစ်ယောက်က မိုးတားနေကျဆိုတော့ သူကလုပ်ပေးမယ်ဆိုပဲ၊ မိုးတားတဲ့အခါ အဲဒီပန်းကန်ပြားထဲက ဖယောင်းတိုင်ကို မငြိမ်းအောင်ထားရတယ်၊ ဖယောင်းတိုင်ကို စောင့်ကြည့်နေပြီးတော့ တစ်တိုင်ပြီးတစ်တိုင် မီးမသေစေဘဲ လဲလှယ်ပေးရတယ်ဆိုပဲဗျ။

အဲဒီဦးလေးကြီးက ရွတ်ဖတ်ပြီးမိုးတားနေတဲ့အချိန်မှာပဲ အင်းထဲက လေကြမ်းတွေတိုက်လာပါရောဗျာ၊ လေဘယ်လောက်ကြမ်းသလဲဆိုရင် မိုးတားဖို့လုပ်ထားတဲ့ ကန်တော့ပွဲကြီးတောင်မှ လွင့်ထွက်သွားပါရော၊ ဒါပေမယ့် ထူးဆန်းတာက မဏ္ဍပ်မှာဆင်ထားတဲ့ ဖော့တွေနဲ့ ထမင်းကျွေးရုံက အကောင်းအတိုင်းပဲဗျ၊ လေက မိုးတားတဲ့အနားကိုပဲ ပတ်ကြမ်းတိုက်သွားတာ။

“ဟာ၊ ဒါမကောင်းဘူး၊ ကျုပ်တို့အလှူတော့ အဖျက်ဝင်ပြီဗျ”

“ဘယ်လိုလုပ်ကြမလဲဗျာ၊ တစ်ခုခုလုပ်ကြပါအုံး”

“တစ်ခုခုများ မှားသလားဗျာ၊ ခင်ဗျားတို့ လုပ်ကြစမ်းပါအုံး”

ရွာခံလူကြီးတွေ ခေါင်းချင်းဆိုင်ပြီးတိုင်ပင်ကြတယ်၊ ကျုပ်လည်း မဏ္ဍပ်ထဲ ရေနွေးထိုင်သောက်နေတဲ့ ဦးဘသာအနားကိုကပ်ပြီးတော့

“ဦးဘသာ၊ တစ်ခုခုတော့ဖြစ်နေပြီဗျ”

“အေး၊ မှားတော့မှားနေပြီကွ၊ တစ်ယောက်ယောက်ကတော့ မကျေမနပ်ဖြစ်နေပြီဟေ့”

ရွာလူကြီးတွေက အလှူကိုဟန်မပျက်ဆက်လုပ်ဖို့ ဆုံးဖြတ်တယ်၊ ဒါနဲ့ ဦးလူလှတို့က ဆိုင်းကိုတီးတော့တာပေါ့ဗျာ၊ ရွာခံတွေလည်း မိုးအခြေအနေမကောင်းပေမယ့် အလှူကိုတဖွဲဖွဲရောက်လာကုန်ကြတာပေါ့၊ ဦးဘသာက မတ်တပ်ရပ်ပြီးတော့

“အင်းထဲဖြစ်တာဆိုတော့ ဦးသံခဲအသိဆုံးဖြစ်မှာကွ၊ သူ့မေးကြည့်မှရမယ်”

ဒါနဲ့ ဦးဘသာနဲ့ကျုပ်လည်း အင်းစပ် လှေဆိပ်ကိုဆင်းလာခဲ့ကြတယ်၊ အင်းအစပ်နားရောက်တော့ လေတွေတဝူးဝူးနဲ့တိုက်ပြီး မိုးတွေလည်းမှောင်လို့ဗျ၊ တိမ်တိုက်ကြီးတွေကြားထဲမှာ လျှပ်စီးတွေလက်ရင်း တဂျိန်းဂျိန်းနဲ့အသံပေးနေပါရော၊ ရွာလူကြီးတွေ ပူလည်း ပူရှာမှာပေါ့ဗျာ။ လှေဆိပ်မှာလူရှင်းနေတယ်ဗျ၊ ဦးဘသာက ဆိပ်ကမ်းတစ်ခုမှာရပ်ရင်း ရေထဲကိုကြည့်ပြီးတော့

“ကဲ၊ တစ်ပွဲစား ဦးသံခဲ၊ ဒီကိုကြွလာစမ်းပါအုံးဗျာ”

မကြာခင် ဦးဘသာအရှေ့က ရေပြင်က ပွက်ခနဲထပွက်ပြီးတော့ ဦးသံခဲက ရေထဲပေါ်လာတာပဲဗျ၊ ရေထဲကနေ ကိုယ်တစ်ပိုင်းပေါ်လာပြီး ရပ်နေတယ်။

“ဒီမိုးတိမ်တိုက်တွေက ခင်ဗျားလုပ်တာလား”

ဦးသံခဲက ခေါင်းခါပြီးတော့

“ကျုပ်လုပ်တာမဟုတ်ဘူး”

“ခင်ဗျား အင်းအပေါ်မှာဖြစ်နေတာကို ခင်ဗျားမသိဘူးလား”

“ကျုပ်ဘာမှမသိဘူး၊ သူ့အလိုလိုဖြစ်လာတာပဲဗျ၊ ဒါပေမယ့် ထူးတော့ထူးဆန်းတယ်”

ဦးဘသာက မျက်မှောင်ကြုတ်ပြီးတော့

“ခင်ဗျားမသိဘူးဆိုတော့ ခင်ဗျားထက် တန်ခိုးရှိတဲ့လူက လုပ်တာနေမှာ”

ဦးဘသာက တိမ်တိုက်တွေကို သေသေချာချာစိုက်ကြည့်တယ်၊ ပြီးတော့ မျက်လုံးမှိတ်ပြီး အင်းကိုဖြတ်တိုက်တဲ့ လေတွေကို ရှူရှိုက်လိုက်တယ်ဗျ။

“စုန်းနံ့ရတယ်၊ မှော်နံ့ရတယ်”

“ဟာ၊ ဒါဆို စုန်းတစ်ယောက်ယောက်ကများ ဝင်နှောင့်နေတာများလား”

ဦးဘသာက ခေါင်းညိတ်တယ်။

“ဒါပေမယ့် စုန်းတွေက ဒီလိုမျိုးမိုးတိမ်တိုက်တွေလုပ်နိုင်လို့လား ဦးဘသာ”

“အဆင့်မြင့်တဲ့စုန်းတွေဆိုရင် လုပ်နိုင်တာပေါ့ကွ၊ သူတို့ရဲ့ပညာနဲ့ တိမ်တွေရွေ့လာအောင်၊ မိုးရွာကျလာအောင် လုပ်နိုင်တယ်၊ အလားတူပဲ မိုးခေါင်အောင်၊ နှင်းခါးကျအောင်လုပ်ပြီး ဒုက္ခပေးနိုင်သေးတယ်”

ဦးဘသာက မုတ်ဆိတ်မွှေးတွေကို ပွတ်လိုက်ပြီး

“ဦးသံခဲ၊ အင်းထဲမှာ စုန်းတွေဘာတွေရှိသလား”

ဦးသံခဲက ခေါင်းညိတ်တယ်ဗျ။

“ဟောဒီအင်းထဲက ညောင်ခြေထောက်ကျွန်းမှာ စုန်းမကြီးတစ်ယောက်ရှိတယ်”

ဦးဘသာလည်းခေါင်းညိတ်ပြီး

“ဒါဖြင့် ကျုပ်တို့ကိုအဲဒီကိုရောက်အောင် ပို့ပေးစမ်းဗျာ”

ဦးသံခဲက ရေထဲပြန်ဆင်းသွားတယ်ဗျ၊ ပြီးတော့ ကျုပ်တို့အရှေ့မှာ ရေအောက်ကနေ လှေကလေးတစ်စင်းဘွားခနဲပေါ်လာတယ်၊ ရေအောက်က ပေါ်လာတယ်ဆိုပေမယ့် လှေက ရေမစိုဘူးဗျ၊ ဦးဘသာက လှေပေါ်တက်ထိုင်လိုက်တော့ ကျုပ်လည်း လိုက်တက်ထိုင်ရတာပေါ့ဗျာ၊ ကျုပ်တို့ထိုင်ပြီးတာနဲ့ ဦးသံခဲက လှေပဲ့ပိုင်းမှာပေါ်လာတယ်ဗျ။

“သေသေချာချာကိုင်ထားကြနော်”

ကျုပ်လည်း လှေနံရံကိုကိုင်ထားလိုက်တယ်၊ ဦးသံခဲက ရေမျက်နှာပြင်ကို သူ့လက်နဲ့ထိလိုက်တာနဲ့ လှေက စက်တပ်ထားသလို ဦးမော့ပြီး ပြေးတော့တာပဲဗျာ၊ အင်းကြီးတစ်ခုလုံးလည်း လူသူရှင်းလို့ဗျ၊ အလှူနေ့မို့ အကုသိုလ်အလုပ်တွေ မလုပ်ဘူးထင်ပါ့၊ ကုက္ကိုကျွန်းကိုကျော်တော့ ကျွန်းပေါ်က ကိုဘသိန်းတို့ အရက်ဆိုင်ကလေးတောင်မှ ပိတ်ထားလို့ဗျို့၊ ကျုပ်အထင် ကိုဘသိန်းတို့လင်မယား အငြိမ့်ကိုက်ပြီး ရွာထဲက အိမ်မှာပဲအိပ်ဖြစ်တယ်ထင်တာပဲ။

မိုးတိမ်တွေအနားရောက်လာတာနဲ့ ပတ်ဝန်းကျင်က မှောင်အတိကျသွားတယ်ဗျ။ ဟိုးအရှေ့ ခပ်လှမ်းလှမ်းမှာ ကျွန်းကလေးတစ်ကျွန်းမြင်ရတယ်၊ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကလေးပေါ့ဗျာ၊ ကျွန်းပေါ်မှာတော့ ထန်းပင်ကြီးတစ်ပင်ရှိတယ်၊ ဒါပေမယ့် အဲဒီထန်းပင်ရဲ့ခါးလည်လောက်ကနေ ညောင်ပင်တစ်ပင်ပေါက်ပြီးတော့ ထောင်တက်နေတာဗျ၊ ဦးသံခဲက အဲဒီကျွန်းကိုလက်ညှိုးထိုးပြပြီးတော့

“အဲဒါ ညောင်ခြေထောက်ကျွန်းပဲ”

ပြောနေရင်း ကျွန်းအနားရောက်လာတာပဲဗျာ၊ ထန်းပင်အောက်နားမှာ တဲကုပ်ကလေးတစ်လုံးရှိတယ်၊ တဲကုပ်အရှေ့ မြေပြောင်ပြောင်မှာ အဘွားကြီးတစ်ယောက်က ခါးထောက်ရပ်နေပြီးတော့ မိုးပေါ်ကို မော့ကြည့်နေတာပဲဗျာ၊ ကျွန်းအနားမှာ ကျုပ်တို့လှေကလေးက တန့်ခနဲရပ်သွားတာပဲ၊ ဦးသံခဲလည်း မတွေ့တော့ဘူးဗျ၊ ဦးဘသာက အဘွားကြီးကိုလှမ်းကြည့်ပြီးတော့

“ဟေ့ မင်းလုပ်နေတာတွေ ရပ်တန်းကရပ်လိုက်”

ဦးဘသာအော်တော့မှ အဘွားကြီးက မိုးပေါ်ကိုမကြည့်တော့ဘဲ ဦးဘသာကိုလှမ်းကြည့်တယ်ဗျ၊ အဘွားကြီးက ဆံပင်တွေတစ်ခေါင်းလုံးဖြူနေတာပဲဗျာ၊ ဘီးဆံပတ်ကြီးပတ်ထားလို့ဗျ၊ အပေါ်က ချည်ထည်အပါးနဲ့ အောက်က ချည်ထမီကွက်ကြားကိုဝတ်ထားတယ်၊ ဦးဘသာကို စူးစူးစိုက်စိုက်ကြည့်ပြီးတော့

“အောင်မာ၊ ဟဲ့ကောင်၊ နင်လည်းပညာသည်၊ ငါလည်းပညာသည်ပဲ ကိုယ့်လမ်းကိုယ်သွား၊ ဝင်မရှုပ်နဲ့”

ဦးဘသာကလည်း လှေပေါ်ကနေပြန်အော်တယ်။

“ရွာထဲမှာ အလှူရှိတာ မင်းမသိဘူးလားကွ၊ သူများတကာ ကောင်းရာကောင်းမှုလုပ်နေတာကို မင်းကဘာလို့ ဖျက်ဆီးချင်နေရတာလဲ”

အဘွားကြီးက ခပ်ထေ့ထ့ရယ်တယ်ဗျ။

“အဟင်း၊ ဟင်း၊ ကောင်းရာကောင်းမှုလုပ်တာကို ဖျက်ရမှာ ကျုပ်တာဝန်ပဲလေတော့၊ ကျုပ်အလုပ်ကျုပ်လုပ်တာဆန်းသလား”

ဦးဘသာက တော်တော်ဒေါသထွက်ထွက်နဲ့ တောက်ခေါက်လိုက်တယ်။

“တောက်၊ ဒီကောင်မ အဖျက်မပဲ”

ပြီးတော့ အဘွားကြီးကိုလက်ညှိုးထိုးရင်း

“အေး၊ ကောင်းမှုလုပ်နေတာကို ဖျက်ရမှာက မင်းရဲ့အလုပ်ကို၊ မင်းလုပ်နေတဲ့ မကောင်းမှုကို တားဆီးရမှာကလည်း ငါ့အလုပ်ပဲဟေ့”

“တားစမ်း၊ တားစမ်း၊ တော် တားနိုင်ရင်တားစမ်း”

အဘွားကြီးက ကောင်းကင်ကိုပြန်မော့ကြည့်တယ်ဗျ၊ သူမော့ကြည့်လိုက်တော့ ကောင်းကင်ကြီးက တဖြည်းဖြည်းပိုမည်းလာပြီးတော့ ပိုမှောင်လာတယ်၊ နောက်ပြီး လေပြင်းတွေလည်း တဝူးဝူးနဲ့တိုက်လာတာပဲဗျာ၊ ဦးဘသာကလည်း လှေပေါ်မှာ မတ်တပ်ကောက်ရပ်လိုက်ပြီးတော့ ခါးထောက်ရင်း တိမ်တိုက်ကြီးကို စိုက်ကြည့်တယ်ဗျ။

လျှပ်စီးတွေ တဝုန်းဝုန်းလက်ပြီး ထစ်ချုန်းနေတဲ့ တိမ်တိုက်ကြီးက တဖြည်းဖြည်းကြီးထွားလာလိုက်၊ နောက်ပြီးတော့ တိမ်စိုင်တွေက ပြန်ပြီးကျုံ့ဝင်သွားလိုက်နဲ့ဖြစ်နေတယ်၊ ဒါကိုကြည့်ရတာ ဦးဘသာနဲ့ ဒီအဘွားကြီး ပညာပြိုင်နေတဲ့ပုံပဲဗျ၊ တိမ်တိုက်ကြီးက တဖြည်းဖြည်းနဲ့သေးသွားတယ်ဗျ၊ အဘွားကြီးက ဦးဘသာကိုတစ်ချက်လှည့်ကြည့်ပြီးတော့ တိမ်တိုက်ကိုပြန်စိုက်ကြည့်တယ်၊ ဒီတစ်ခါတော့ လက်ညှိုးနှစ်ချောင်းနဲ့ပါ ထိုးပြီး စိုက်ကြည့်တာပဲ၊ ဦးဘသာလုပ်လို့ သေးသွားတဲ့တိမ်တိုက်ကြီးက တစ်ခါပြန်ပြီးကြီးထွားလာပြန်ရောဗျို့၊ တိမ်တိုက်ကြီးက တဖြည်းဖြည်းကြီးလာပြီး သေးမသွားဘူးဆိုတော့ ဦးဘသာတစ်ယောက် မဟန်တဲ့ပုံစံပဲဗျ၊ တိမ်တိုက်က နောက်ဆုံးတော်တော်ကြီးလာပြီးတော့ မိုးတွေရွာချတော့တာပဲဗျာ၊ အဘွားကြီးက ဒေါသထွက်ထွက်နဲ့ မြေကြီးကိုဖနောင့်နဲ့ပေါက်နေတာပဲ။

“နင်တော်တော်ရှုပ်တဲ့အကောင်၊ နင်ငါ့အကြောင်းသိရမယ်”

ဦးဘသာကတော့ ပြီတီတီပဲဗျ။

“ဦးဘသာ၊ ဦးဘသာ ဘာလုပ်လိုက်တာလဲ”

“သြော်၊ သူ့တိမ်ကိုသေးအောင်လုပ်မရတော့ ပိုကြီးအောင်လုပ်ပေးလိုက်တာပေါ့ဗျာ”

မိုးစက်မိုးပေါက်တွေက ကျုပ်တို့ကိုလာမှန်တယ်ဗျ၊

“တိမ်တိုက်အရမ်းကြီးသွားရင် မိုးရွာတာမဆန်းပါဘူးကွာ၊ မိုးရွာရင် ဒီတိမ်တိုက်ကို သူလိုတဲ့နေရာကို ရွေ့မရတော့ဘူးကွ”

“သြော်၊ ဒါ့ကြောင့် ဘွားတော်ကြီး တော်တော်စိတ်ဆိုးသွားတာကိုး”

အဘွားကြီးက ခါးထောက်ရင်း

“ရွှေ့လို့မရတော့ဘူးလို့ ဘယ်သူပြောသလဲဟေ့”

ပြီးတော့ လေကိုတစ်ချက် ၀၀ရှူသွင်းလိုက်ပြီးတော့ ခါးကိုကုန်းပြီး တိမ်တိုက်ကြီးကို ရွာဘက်ကိုမှုတ်ထုတ်တော့တာပဲဗျာ၊ တိမ်တိုက်ကြီးက တဖြည်းဖြည်းနဲ့ရွေ့သွားတယ်ဗျ၊ ဒီတိမ်တိုက်ကြီးသာ ရွာဘက်ရောက်သွားလို့ကတော့ အလှူပျက်မှာ ကြိမ်းသေတယ်ဗျာ၊ ဦးဘသာက ညာဘက်လက်ဝါးကို ဖြန့်လိုက်ပြီးတော့ “ဟိတ်” ခနဲအသံပေးရင်း မိုးပေါ်က တိမ်ကိုလှမ်းဖမ်းတဲ့ဟန်လုပ်လိုက်တာနဲ့ မိုးတွေရွာချနေတဲ့ တိမ်တိုက်မည်းမည်းကြီးက ယူပြစ်လိုက်သလို ပျောက်သွားတော့တာပဲဗျာ၊ အံ့သြပါရဲ့၊ တိမ်တိုက်ကြီးပျောက်သွားတာနဲ့ နေက ပြဲနေအောင်ပူပါရော၊ ဒီတော့မှ အဘွားကြီးက နည်းနည်းမျက်နှာပျက်သွားတယ်။

“ဟဲ့ကောင်၊ နင်ဘယ်လောက်တတ်လို့လဲ၊ နင်နဲ့ငါနဲ့ ပြိုင်မလားဟဲ့”

ဦးဘသာက တဟင်းဟင်းနဲ့ရယ်မောရင်း

“လာစမ်းပါ၊ သာဒင်တို့က အချိန်မရွေး နေရာမရွေးဘူးဟေ့”

ပြောရင်းဆိုရင် ဦးဘသာက လှေပေါ်ကနေ ရေထဲကိုခြေထောက်လှမ်းချတယ်ဗျာ၊ ကျုပ်လည်း ဦးဘသာရေနစ်သွားမှာစိုးတာနဲ့ လှမ်းတားလိုက်သေးတယ်၊ ဦးဘသာ ခြေထောက်တစ်ဖက်က ရေမျက်နှာပြင်ပေါ်ကိုကျတယ်ဗျ၊ ဒါပေမယ့် ရေလုံးဝမစိုတဲ့အပြင် ရေအောက်ကိုလည်း နစ်ဝင်မသွားဘူးဗျို့၊ ကျုပ်ဖြင့်အံံ့သြလို့ ပါးစပ်တောင်မပိတ်နိုင်ဘူးဗျာ၊ ဦးဘသာက ခြေထောက်နှစ်ဖက်စလုံး ရေမျက်နှာပြင်ပေါ်ကိုချပြီးတော့ ရေပေါ်မှာ မတ်တပ်ရပ်ပြတယ်၊ ပြီးတော့ ရေပေါ်မှာ ခြေလှမ်းလှမ်းပြတယ်ဗျာ၊ မသိရင် ရေမျက်နှာပြင်က ကြမ်းပြင်ကြီးလိုဖြစ်နေတာပဲ၊ ကျုပ်လည်း ဦးဘသာများ ရေကိုတစ်ခုခုလုပ်ထားသလားဆိုပြီး ရေထဲလက်နှစ်ကြည့်တာ ကျုပ်လက်က ရေအောက်ကိုနစ်ဝင်သွားတယ်ဗျာ။

ဦးဘသာက ရေထဲမှာ ဘယ်ပြန်ညာပြန်လျှောက်ပြရင်း

“ကဲ မင်းငါ့လောက်အစွမ်းရှိလို့လား၊ ငါ့လို ရေထဲလမ်းလျှောက်နိုင်လို့လား”

အဘွားကြီးက လက်ခုပ်လက်ဝါးတီးရင်း

“စိန်လိုက်လေ၊ ဟောဒီကလည်း စိန်ခေါ်ရင် တိမ်ပေါ်အထိလိုက်မယ့် မိချောတဲ့ဟေ့”

အဘွားကြီးက ရေထဲကိုဆင်းတယ်ဗျ၊ သူဆင်းတာလည်း ဦးဘသာလိုပဲဗျာ၊ ရေမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်ပြီး ဦးဘသာအနားကို ဘောက်ဆတ်ဘောက်ဆတ်နဲ့ရောက်သွားပါရော။ ဦးဘသာနဲ့ တစ်လံလောက်အကွာရောက်တော့ ဦးဘသာကို ခါးခါးသီးသီးနဲ့ စိုက်ကြည့်တယ်။ မျက်နှာပေးကတော့ နင်လျှောက်သလို ငါလည်းလျှောက်တတ်တယ်ဆိုတဲ့ မျက်နှာပေးနဲ့ပေါ့ဗျာ။

ဦးဘသာက ပြီတီတီနဲ့ကြည့်ရင်း

“ရေပေါ်လမ်းလျှောက်ရတာ လွယ်ပါတယ်ကွ၊ လူတစ်ယောက်ကို ရေထဲကျအောင်လုပ်ရတာက ခက်တာ”

အဘွားကြီးက မဲ့ရွဲ့ပြီးတော့

“ဘာခက်လည်း၊ ဘာများခက်လို့လဲတော့”

အဲဒီလိုပြောရုံရှိသေးတယ်၊ အဘွားကြီးက ရေထဲကိုဝုန်းခနဲနစ်ကျသွားပါရောဗျာ၊ ရေထဲနစ်သွားတော့ ယက်ကန်ယက်ကန်နဲ့ ကူးနေရှာတယ်၊ ဦးဘသာကတော့ မတ်တပ်ရပ်လျှက်ပဲဗျ၊

“တွေ့လား၊ မင်းကိုရေထဲကျအောင်ငါလုပ်လိုက်ပြီ၊ မင်းအစွမ်းရှိရင် ငါ့ကိုရေထဲကျအောင်လုပ်စမ်းပါ”

အဘွားကြီးက ရေထဲနစ်လိုက်ပေါ်လိုက်ဖြစ်နေပါရောဗျာ၊ ဦးဘသာက ရေထဲကိုတစ်ချက်ကြည့်ရင်း

“ကဲ ဦးသံခဲရေ၊ ဒီမိန်းမ ရေထဲရောက်ပြီဆိုတော့ ခင်ဗျားပိုင်တဲ့အပိုင်းဖြစ်သွားပြီ၊ ကျန်တာ ခင်ဗျားဆက်လုပ်လိုက်တော့”

အဘွားကြီးက ဆဲဆိုနေရင်း တစ်ယောက်ယောက်က ဆွဲချလိုက်သလိုမျိုး ရေအောက်ထဲကို ဝုန်းခနဲနစ်ကျသွားပြီးတော့ ပြန်မပေါ်လာတော့ဘူးဗျ၊ ဦးဘသာက လှေဆီကိုလမ်းလျှောက်လာပြီးတော့ လှေပေါ်ပြန်တက်တယ်၊ ပြီးတာနဲ့ လှေကသူ့အလိုလိုကွေ့ပြီးတော့ စွေ့ခနဲရွေ့ပြီးသွားတာပဲဗျာ၊ အချိန်သိပ်မကြာလိုက်ခင်မှာပဲ ကျုပ်တို့ ဆိပ်ကမ်းဆီကိုပြန်ရောက်ခဲ့သဗျ၊ ကျုပ်နဲ့ဦးဘသာလည်း အလှူဆီကိုပြေးလာခဲ့ကြတာပေါ့ဗျာ။

(၃)

အလှူရှင်တွေက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီးပြီဆိုတော့ ရှင်လောင်းလှည့်ဖို့အချိန်ပဲဗျ၊ တခြားအရပ်မှာတော့ ရှင်လောင်းလှည့််တယ်လို့ ခေါ်ပေမယ့် ကျုပ်တို့အရပ်မှာတော့ နတ်ပြတယ်လို့ခေါ်ကြတာများတယ်၊ နတ်ပြဖို့ဆိုရင် အရင်ဆုံး ရှေ့က ကာလသားနှစ်ယောက်က မောင်းကြီးထမ်းပြီးထွက်ရတယ်၊ အဲဒီအနောက်က အဘိုးကြီး၊ အဘွားကြီးတွေလိုက်ကြတယ်၊ အဘိုးကြီး အဘွားကြီးတွေအနောက်က မိန်းမတွေက ကန်တော့ပွဲတွေရွက်ကြတယ်၊ နတ်အတွက်ပြင်ထားတဲ့ ပွဲတွေရွက်ပြီးတော့ တန်းစီကြရတယ်၊ သူတို့အနောက်ကမှ ကွမ်းတောင်၊ ပန်းတောင်ကိုင်ထားတဲ့ ရွာကအချောဆုံးအလှဆုံး ကာလသမီးတွေက စီတန်းပြီးလိုက်ကြတယ်၊ ကွမ်းတောင်ပန်းတောင်ကိုင်တွေပြီးရင် သပိတ်လွယ်၊ သင်္ကန်းပိုက်ထားတဲ့ မောင်ရင်လောင်းမိဘတွေလိုက်ကြတယ်၊ ဒီအလှူက စုပေါင်းရှင်ပြုဆိုတော့ မောင်ရင်လောင်းမိဘတွေ တော်တော်များတာပေါ့ဗျာ။

အဲဒီနောက်ကမှ မောင်ရင်လောင်းတွေတင်ထားတဲ့ လှည်းတွေလိုက်ကြပါတယ်၊ တောရွာအလှူဆိုတော့ မြင်းတွေဘာတွေ မငှားနိုင်ကြသလို၊ မောင်ရင်လောင်းတွေကိုလည်း ရှင်ဘုရင်တွေလို လှလှပပမပြင်ဆင်ပေးနိုင်ကြပါဘူူး၊ သနပ်ခါးဝိုင်းဝိုင်းလူး၊ ပန်းပန်တာလောက်ပဲလုပ်ကြတာပေါ့၊ နောက်ပိုင်းခေတ်ကျတော့မှ မောင်ရင်လောင်းတွေကို မင်းလောင်းလိုပြင်ကြဆင်ကြ၊ မြင်းတွေငှားကြနဲ့ ချဲ့ကားလာခဲ့ကြတာ၊ နောက်တော့ ဆင်တွေဘာတွေနဲ့တောင် ငှားပြီးလှည့်ကြသေးတယ်။

မောင်ရင်လောင်းတွေနောက်မှာတော့ နှဲဆရာကိုမြကြီးရယ်၊ မောင်းဆိုင်းတီးတဲ့ ဘကြီးနောင်ရယ်၊ ကိုဗလက ခြောက်လုံးပတ်နဲ့၊ ငသောင်းက လင်းကွင်းတီးပြီးတော့ လှည်းတစ်စီးနဲ့ အတီးအမှုတ်လှည်းလိုက်တယ်ဗျ၊ အရင်ဆုံး ကွေးကောက်ရွာကို တစ်ပတ်ပြည့်အောင်ပတ်ကြတာပေါ့ဗျာ၊ ရွာကိုပတ်ပြီးတော့ ရွာထိပ်က အင်းအစပ်နားမှာ ဆောက်ထားတဲ့ နတ်ကွန်းရှေ့မှာ နတ်ပြကြမှာပေါ့ဗျာ။

“ဟာ၊ ကိုအလတ်ကောင် ဘယ်ရောက်နေတာလဲ”

ချိုတူးက ကျုပ်ကိုလှမ်းပြီးဆွဲခေါ်တယ်ဗျ၊ ခုနက မိုးတွေရွာထားတာဆိုတော့ ကျုပ်အဝတ်အစားတွေက စိုရွှဲလို့ပေါ့ဗျာ။

“ဟောဗျာ၊ အဝတ်အစားတွေလည်း ရေတွေရွှဲလို့ပါလား၊ မဟုတ်မှလွဲရော အင်းထဲမှာများ ရေဆင်းကူးခဲ့သလား”

ကျုပ်လည်း ဘာပြောရမှန်းမသိတော့ဘူး။

“အေးအေး၊ ရာသီဥတုက နည်းနည်းပူလို့ပါကွ”

ကျုပ်ဖြေတာကိုနားထောင်ပြီးတော့ ချိုတူးတစ်ယောက် ခေါင်းကုပ်လို့ဗျ၊ မောင်ရင်လောင်းလှည့််မယ်ဆိုတော့ ကျုပ်တို့လို လူပျိုတွေအဖို့ စိတ်ဝင်စားတာကတော့ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်တဲ့ အပျိုတွေပဲပေါ့ဗျာ၊ ကျုပ်လည်း ကွေးကောက်ရွာက အပျိုတွေချောမချောသိရအောင်လို့ ကွမ်းတောင်ကိုင်တွေအနားကိုအပြေးလာခဲ့တာပေါ့။

ဟောဗျာ၊ အနားကိုရောက်တော့မှ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲကြတာပဲဗျာ၊ ကွမ်းတောင်ကိုင်တွေကလည်း သွားခေါတဲ့လူနဲ့၊ ဗီုက်ပူဖင်ကောက်လူနဲ့၊ ဝါးခြမ်းပြားကို အဝတ်စပတ်ထားသလို ပိန်ချောင်နေတဲ့လူနဲ့၊ မျက်နှာမှာ ကျောက်ပေါက်မာဗလပွထ နေတဲ့သူ၊ မျက်လုံးပြူးပြူးနဲ့လူ၊ ဒီကြားထဲ မပြင်တတ်မဆင်တတ်နဲ့ နှုတ်ခမ်းနီကြီးကို ရဲလန်နေအောင်ဆိုး၊ မိတ်ကပ်တွေ ပြာနှမ်းနေအောင်ရိုက်ထားတဲ့သူနဲ့ အစုံပါပဲဗျာ၊ ကျုပ်နဲ့ချိုတူးလည်း အပျိုတွေကိုကြည့်ပြီးတော့ မှတ်ချက်တွေပေးကြ၊ ရယ်လိုက်မောလိုက်နဲ့ပေါ့ဗျာ၊ အပျိုတွေကလည်း ကျုပ်တို့ကို မျက်စောင်းတထိုးထိုးနဲ့ဗျ။

ဟော ရွာထိပ်ရောက်တာနဲ့ နတ်စင်အရှေ့မှာ ဖျာတွေခင်းပြီးတော့ ပါလာတဲ့ကန်တော့ပွဲတွေ၊ ပန်းအိုး၊ အမွေးရည်ခွက်၊ ကွမ်းတောင်၊ ပန်းတောင်တွေကိုချတယ်ဗျ၊ ပြီးတော့ မောင်ရင်လောင်းတွေကိုလည်း ဖျာတစ်ချပ်မှာ ထိုင်ခိုင်းပြီး နတ်ပြတာပေါ့ဗျာ၊ ရှင်လောင်းထိန်းက နတ်ပင့်ဖို့လုပ်တော့ ကိုဗလက ဒိုးပတ်တီး၊ ကိုမြကြီးက နှဲမှုတ်ပြီး နတ်ပင့်ကြတယ်။

ဒီအချိန်မှာပဲ အရပ်လေးမျက်နှာကနေ လေတွေတိုက်လာတယ်ဗျ၊ လေတွေမှ တော်တော်ကြမ်းကြမ်းကိုတိုက်တာပါ၊ ကွမ်းတောင်၊ ပန်းတောင်တွေဆိုရင် လေတိုက်ပြီးတော့ လဲကျကုန်တယ်၊ ရှင်လောင်းထိန်းဆို ဘာလုပ်ရမှန်းမသိတော့ဘူး၊ နတ်များမကျေနပ်တာလားဆိုပြီး နတ်စင်ကိုဖင်ကုန်းပြီး ကန်တော့တာပဲဗျို့၊

နောက်တော့ ရေစပ်ကနေ အဘွားကြီးတစ်ယောက် တက်လာတယ်ဗျ၊ တစ်ကိုယ်လုံးလည်း ရေတွေစိုရွှဲလို့ပေါ့ဗျာ၊ ဒီအဘွားကြီးကို သေချာကြည့်တော့မှ ခုနက မိချောဆိုတဲ့စုန်းမကြီးဖြစ်နေသဗျ၊ ကျုပ်လည်း ပြဿနာတော့တက်ပြီဆိုပြီး ဦးဘသာကြီးကို တနေမိတာပေါ့ဗျာ၊ တစ်ရွာလုံးက လူတွေကလည်း အဘွားကြီးကိုလှမ်းကြည့်ပြီးတော့ ကြောက်လန့်ကြတယ်။

“ဟာ၊ ဒေါ်မိချောကြီး”

“ဟာ၊ ဘွားမိချောကြီးလာတယ်ဟေ့”

မောင်ရင်လောင်းလှည့်လာတဲ့လူမှန်သမျှ ကြောက်လန့်ကုန်တာကိုကြည့်ရတာ ဒီဘွားတော်ကြီးက သိပ်ဆိုးပုံရတယ်ဗျ၊ သူကခါးထောက်ပြီးတော့ အလှူ့ရှင် ဦးချစ်ချောကိုပြောတယ်။

“ဟေ့ကောင်၊ ဒီအလှူကို ငါမကျေနပ်ဘူး၊ ဒီအလှူကို ငါခွင့်မပြုနိုင်ဘူး၊ ငါကန့်ကွက်တယ်”

ကျုပ်လည်း ဦးဘသာကိုကြည့်လိုက်တော့ ဦးဘသာက ခပ်အေးအေးပဲ ကြည့်နေသဗျ၊ အလှူရှင် ဦးချစ်ချောက မတ်တပ်ထရပ်ပြီးတော့ မျက်ရည်တွေစီးကျလာတယ်။

“အမေ၊ သားအလှူလုပ်တာကို မတားပါနဲ့ဗျာ၊ သား ကောင်းမှုကုသိုလ်လုပ်တာကို မတားပါနဲ့”

“တားရမယ်၊ တားရမယ်၊ နင်ဒီလို ဘုရားတရားတွေလုပ်မနေပါနဲ့သားရယ်၊ အရင်လို သောက်သောက်စားစားနေစမ်းပါ၊ ငါ့သားငါးလိုရင် အမေ့ဆီလာတောင်းပေါ့၊ အမေပေးမယ်လေ”

“တိတ်စမ်း”

အသံနက်ကြီးတစ်ခုကြားလိုက်ရလို့ လူတွေအကုန်လှမ်းကြည့်လိုက်တော့ ရေစပ်မှာ ဦးသံခဲက မတ်တပ်ရပ်နေသဗျ၊ ရေက ဒူးလောက်နက်တဲ့နေရာမှာပေါ့ဗျာ။ ဦးသံခဲက ဒေါ်မိချောကို လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့

“မိချော၊ နင်ငါ့ကို ပြိတ္တာဖြစ်အောင်လုပ်တာ မဝသေးလို့၊ ငါ့သားကိုပါ ငရဲပြည်ဆွဲချမလို့လား”

ဒေါ်မိချောတွေဝေသွားတယ်။ ဦးသံခဲကဆက်လက်ပြီးတော့

“ငါသေပြီးတော့မှ ကန်စောင့်နတ်နဲ့တွေ့ပြီး ငါအသိတရားရတယ်၊ တစ်သက်လုံး ငါကောင်းမှုတစ်ခုမှ မလုပ်ခဲ့တာကို နောင်တရလို့မဆုံးဘူး၊ နင် သွန်သင်မဆံုံးမခဲ့လို့ ငါ့သားတစ်ယောက် ငါ့လိုအဖြစ်နဲ့ အပါယ်သွားရမှာကို ငါမလိုလားဘူး၊ ဒါကြောင့်မို့ ငါဒီကောင့်ကို အသိတရားရအောင်လုပ်ခဲ့တာပဲ”

ဒေါ်မိချော မျက်လုံးကြီးပြူးပြီး

“ဒါဆို ရှင် . . . ရှင်”

“ဟုတ်တယ်၊ ချစ်ချောကို ရေနစ်အောင်လို့ လှေပေါ်က ဆွဲချတာငါပဲ၊ ပြီးတော့ ရေကန်ထဲမှာ ကျင်လည်နေကြရတဲ့ မကျွတ်မလွတ်တဲ့ ပြိတ္တာဘုံသားတွေကို ငါလိုက်ပြခဲ့တယ်၊ ဒီကောင်ကြောက်တတ်ပြီးတော့ အသိတရားရသွားအောင် ငါလုပ်ခဲ့တယ်”

ဦးချစ်ချောက ငိုတော့တာပဲဗျာ၊

“သူအလှူလုပ်ချင်တာသိလို့ ငါးဖမ်းတဲ့အခါ သူရတဲ့ငါးရဲ့ ပါးစပ်ထဲကို ကျောက်ပြာနီလာ ထည့်ပေးခဲ့တာလည်းငါပဲ၊ တကယ်တော့ အဲဒီကျောက်က ကန်တော်ရှင်နတ်ဆီက ငါကအလှူအတန်းလုပ်ဖို့အတွက်ဆိုပြီး တောင်းပေးခဲ့တာပဲ”

တစ်ရွာလုံးလည်း အံ့သြနေတာပေါ့ဗျာ။

“မိဘဆိုတာ သားသမီးကို မွေးထားရုံနဲ့မပြီးဘူးကွ၊ သားသမီးကို သွန်သင်ဆုံးမပြီး လမ်းမှန်ပြဖို့လည်း အရေးကြီးခဲ့တယ်၊ ငါတို့က အဲဒီလိုမိဘနဲ့ဝေးခဲ့တော့ ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုတာကို မသိခဲ့ရဘူး၊ သွန်သင်ဆုံးမမှုဆိုတာ မရရှိခဲ့ဘူး၊ ဒီတော့ အခုလို . . . အခုလို အင်းထဲမှာကပ်ပြီးနေရတဲ့ ပြိတ္တာသရဲကြီးဘဝကို ရောက်ခဲ့ရတာပဲ”

ဦးသံခဲပြောရင်း အသံတွေဆို့နင့်လာတယ်ဗျ။

“ဒီတော့ ငါ့သားကို ငါ့လို ပြိတ္တာမဖြစ်စေချင်ဘူး၊ နင့်လိုလည်း ငရဲအိုးဇောက်ထိုးကျမယ့်အဖြစ်ကို မဖြစ်စေချင်ဘူး၊ ငါ့သားသမီးကို ကောင်းရာကောင်းကြောင်း လုပ်ကိုင်စေချင်တယ်၊ ကောင်းရာမွန်ရာ ရောက်စေချင်တယ်၊ အဲဒါကြောင့် ငါသူ့အတွက်စီစဉ်ပေးခဲ့တယ်၊ အဲဒါ ငါမှားသလား မိချော”

ဒေါ်မိချောဘာမှမပြောနိုင်တော့ဘူးဗျာ၊

“မိချော၊ နင့်သားကို နင်ကောင်းစားစေချင်တယ်ဆိုရင် ဒီအလှူကို နင်မတားနဲ့၊ နင်ဝင်မရှုပ်နဲ့”

ဒေါ်မိချောကြီးက ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားတယ်ဗျ၊ ဒေါ်မိချောကို ကျုပ်တို့လိုက်ကြည့်နေတုန်း ဦးသံခဲကြီးလည်း ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ ဒီတော့မှ မောင်ရင်လောင်းတွေကို နတ်ပြပြီး ထမင်းခွံ့ကြတယ်၊ ပြီးတော့ ခပ်မြန်မြန်ပဲ ဘုန်းကြီးကျောင်းကိုဝင်ပြီးတော့ ငါးပါးသီလခံပြီး မဏ္ဍပ်ဆီကိုပြန်ခဲ့တာပေါ့ဗျာ၊

နေ့တစ်ဝက်လည်းကျိုးနေပြီဆိုတော့ မဏ္ဍပ်ရောက်တော့ အလှူကိုရေစက်ချတရားနာကြတာပေါ့၊ အလှူရှင် ဦးချစ်ချောတစ်ယောက် ရေစက်ခွက်ကိုင်ပြီး ငိုလို့မဆုံးပါဘူးဗျာ၊

“ကျုပ်လုပ်တဲ့ကုသိုလ်ကောင်းမှုကို အဖေနဲ့အမေ သာဓုခေါ်ပါဗျာ၊ သာဓုခေါ်နိုင်ပါစေဗျာ”

ဦးချစ်ချောကိုကြည့်ပြီး တစ်ရွာလုံးကလည်း မျက်ရည်တွေကျကြတော့တာပဲဗျာ၊ အလှူပြီးပြီဆိုတော့ ဆိုင်းအဖွဲ့က ဗြောတီးပြီး အလှူကိုအဆုံးသတ်ပေးလိုက်ပါတော့တယ်ဗျာ၊ မောင်ရင်လောင်းတွေကို ကျောင်းကိုပို့ကြတဲ့အချိန်မှာ ဦးလူလှတို့ ဆိုင်းအဖွဲ့ကတော့ ဆိုင်းပစ္စည်းတွေ သိမ်းဆည်းပြီးတော့ ဖြုတ်သိမ်းနေကြတာပေါ့ဗျာ။

ဆိုင်းအဖွဲ့မပြန်ခင် နောက်ဆုံးအနေနဲ့ မဏ္ဍပ်ထဲမှာပဲ စားပွဲခင်းပြီး ထမင်းကျွေးတယ်ဗျ၊

“ကဲ ကိုဘသာ၊ ကျုပ်တို့လည်း ဒီရွာကလှည်းတွေငှားပြီး နိဗ္ဗာန်ရွာပြန်တော့မယ်၊ ခင်ဗျားတို့ မလိုက်တော့ဘူးမဟုတ်လား”

“ဒါပေါ့ လူလှရာ၊ ကျုပ်တို့ မြကြီးပြောတဲ့ ရွှေတဆင်ရိုးလမ်းကနေ ပေတောရွာကို ဖြတ်တက်ကြမယ်”

ထမင်းစားနေရင်း တန့်သွားတာကတော့ ချိုတူးပဲဗျ၊ နောက်တော့ မျက်ရည်တွေပါကျလာတယ်။ ကျုပ်လည်း ခွဲရတော့မယ်ဆိုတော့ စိတ်ထဲတစ်မျိုးကြီးပဲဗျ။ ဒါပေမယ့်လည်း ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း

“ထမင်းဝိုင်းမှာ ငိုမနေပါနဲ့ချိုတူးရာ၊ တို့တွေက အဝေးကြီးသွားတာမဟုတ်ပါဘူးကွ၊ မင်းလည်းငါတို့ရွာကိုသိသားနဲ့၊ အချိန်ရရင် လာလည်ပေါ့ကွ”

ချိုတူးက ဘာမှမပြောတော့ဘူးဗျ၊ မျက်ရည်ပေါက်ကြီးငယ်ကျပြီးတော့ ငိုနေတော့တာပဲ။ ကိုမြကြီးက ထမင်းစားရင်း

“ဦးဘသာတို့ သွားမယ်ဆိုရင်လည်း မြန်မြန်သွားမှဗျ၊ ခုချိန်သွားရင်တောင် ပေတောရွာကို မိုးချုပ်လောက်မှ ဝင်နိုင်မှာဗျ”

“အေးအေး၊ ထမင်းစားပြီးတော့ သွားတာပေါ့ကွာ”

ကျုပ်လည်း ထမင်းဆက်မစားနိုင်တော့ပါဘူးဗျာ၊ စားနေတဲ့ထမင်းက အရသာမရှိတော့သလိုပဲ၊ ငညိုက ကလေးဆိုတော့ ဘာမှမသိဘူးဗျ၊ ခက်တာက ချိုတူးပဲ။

စားသောက်ပြီးတော့ မဏ္ဍပ်ထဲမှာလည်း သိမ်းတဲ့သူတွေကသိမ်းနေပြီဗျ၊ ဦးလူလှတို့ကတော့ လှည်းတွေစောင့်နေပုံရတယ်၊ ဦးဘသာက ရွာထဲအပ်ထားတဲ့ နွားဆယ်ကောင် ဆွဲယူလာခဲ့တယ်၊ ဦးလူလှက ကျုပ်တို့အနားကိုကပ်လာတော့ ဦးဘသာက ပြုံးရင်း

“ချိုတူးလေးကို သေသေချာချာကြည့်ရှုပေးပါကွာ၊ ဒီကောင်က လူကောင်သာကြီးပေမယ့် ကလေးစိတ်ဗျ၊ နောက်ပြီးတော့ ငညိုကလေးလည်းရှိသေးတယ်၊ ငညိုကတော့ လိမ်မာပါတယ်”

“စိတ်ချပါ ကိုဘသာရာ၊ ချိုတူးက ညကအငြိမ့်ထွက်တော့ သိပ်သင်စရာမလိုဘူးမဟုတ်လား၊ ငညိုကိုလည်း ကျုပ်ဆိုင်းပညာတစ်ခုခုသင်ပေးပြီးတော့ ပျိုးထောင်ပေးလိုက်ပါ့မယ်၊ စိတ်ချစမ်းပါဗျ”

“အေးကွာ၊ ဘာပဲပြောပြော သူတို့ကို ကျွေးမွေးပေးတာနဲ့တင် မင်းကိုကျေးဇူးတင်နေပါပြီ လူလှရာ”

“ရပါတယ် ကိုဘသာရာ၊ နောက်တော့ နိဗ္ဗာန်ရွာရောက်ရင် ဝင်ခဲ့ပေါ့ကွ၊ အလတ်ကောင်၊ မင်းလည်း အားရင်တို့ရွာကိုလာခဲ့ပေါ့”

ကျုပ်စိတ်ထဲ ငိုချင်သလိုလိုကြီးဖြစ်နေလို့ ဘာမှပြန်မပြောဘဲ ခေါင်းပဲညိတ်ပြလိုက်တယ်၊ ချိုတူးက မဏ္ဍပ်ထဲကနေထွက်လာပြီးတော့ ကျုပ်တို့ကိုကြည့်နေတယ်၊ နောက်တော့ ကျုပ်ဆီပြေးလာပြီး

“ကိုအလတ်ကောင်၊ ကျုပ်ကိုမထားခဲ့ပါနဲ့ဗျာ၊ ကျုပ်ကိုအလတ်ကောင်တို့ဆီကိုလိုက်ခဲ့မယ်”

ကျုပ်လည်း ချိုတူးကိုတွန်းထုတ်ရင်း

“သွားစမ်းပါကွာ၊ တို့အိမ်မှာလူများတယ်ကွ၊ မင်းအတွက်နေရာမရှိဘူး”

“အိုဗျာ၊ နေရာမရှိဘူးဆိုရင်လည်း ခွေးကတက်မှာဖြစ်ဖြစ် နေပါ့မယ်၊ ကျုပ်လိုက်ခဲ့မယ်”

“ဟေ့ကောင်ချိုတူး၊ မင်းငါတို့နဲ့လိုက်လို့ ဘာမှမဖြစ်လာမှာမဟုတ်ဘူးကွ၊ ငါတို့လို့ နွားတွေနဲ့ရွံ့ထဲဗွက်ထဲဖက်ရုန်းရတဲ့ တောင်သူလောက်ပဲဖြစ်မှာ၊ ဦးလူလှနဲ့နေရင် မင်းမှာတက်လမ်းအများကြီးရှိပါတယ်ကွ၊ နောက်ပြီး မင်းရဲ့ဝါသနာနဲ့ အံကိုက်ပဲမဟုတ်လား၊ ဦးလူလှတို့နဲ့ နေခဲ့နော်ကွ”

“မရဘူး၊ ကျုပ်လိုက်ခဲ့မယ်”

ကျုပ်လည်း ချိုတူးကိုဆောင့်တွန်းရင်း

“ဟေ့ကောင်၊ ထပ်လိုက်မလာနဲ့နော်၊ ထပ်လိုက်လာရင် မင်းကိုငါထိုးမှာနော်”

“ထိုးဗျာ၊ ထိုးဗျာ၊ လိုက်မှာပဲ”

ချိုတူးက အရှေ့တက်လာတော့ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ချိုတူးမျက်နှာကိုလက်သီးနဲ့ပိတ်ထိုးလို်က်တယ်ဗျာ၊ ကျုပ်လက်သီး အားပြင်းသလားမပြင်းလား ချိုတူးဆိုရင် တစ်ပတ်လည်ထွက်သွားပြီးတော့ မြေပေါ်ကိုခွေခနဲကျသွားတာဗျ၊ ကိုဗလက ပြေးဆွဲပေလို့သာပေါ့၊ ကျုပ်လည်း ဘာမှမပြောတော့ဘဲ နွားတွေကိုဆွဲရင်း မဏ္ဍပ်ရှေ့ကနေ ခြေလှမ်းကျဲကြီးနဲ့ထွက်လာခဲ့တယ်၊ အနောက်ကိုလှည့်မကြည့်တော့ဘူးဗျာ၊ ကျုပ်လှည့်ကြည့်လို့လည်းမဖြစ်ဘူးဗျ၊ လှည့််ကြည့်ရင် ကျုပ်မပြတ်သားကြောင်းပြသလိုဖြစ်သွားမယ်၊ ဟိုကောင်ချိုတူးက ကျုပ်အနောက်ကို ထပ်ပြေးလိုက်လာနေမှာဗျ၊ ကျုပ်အဝေးမရောက်ခင် ချိုတူးရဲ့ အသံပြဲကြီးနဲ့ သံကုန်ဟစ်ငိုတဲ့အသံကြိး ကြားလိုက်ရတယ်ဗျာ။

“ဟေ့ကောင်ခင်မောင်၊ မင်းလှည့်မကြည့်နဲ့၊ မင်းလှည့်မကြည့်စမ်းနဲ့၊ မင်းဆုံးဖြတ်တာမှန်တယ်”

ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ဖြေနှစ်သိမ့်ရင်း ဆက်လျှောက်လာခဲ့တာပေါ့ဗျာ။

သူများဘဝကောင်းစားစေချင်လို့ လက်သီးနဲ့ထိုးတယ်လို့ပြောရင် ခင်ဗျားတို့ယုံမလားဗျာ၊ အဲဒီလက်သီးချက်က ကျုပ်ဘဝမှာ အခံရအခက်ဆုံးလက်သီးချက်ပဲ၊ သူများကိုထိုးတယ်ဆိုပေမယ့် ထိုးတဲ့ကျုပ်က ပိုနာရတယ်ဗျ၊ လက်သီးထိပ်မှာ နာရတာမဟုတ်ဘဲ၊ ကျုပ်ရဲ့နှလုံးသားထဲမှာ တဆစ်ဆစ်နဲ့ နာကျင်နေရတာကိုပြောတာပါ။ ချိုတူးအကြောင်းပြန်တွေးလိုက်မိတိုင်း အဲဒီခံစားချက်၊ အဲဒီနာကျင်မှုကို ကျုပ်ပြန်သတိရနေတုန်းပါပဲ။

ချိုတူးက နောက်ပိုင်းတော့ နာမည်ကြီးတဲ့လူရွှင်တော်တစ်ယောက်ဖြစ်သွားတယ်ဗျ၊ လူရွှွင်တော်ချိုတူးဆိုတဲ့ နာမည်နဲ့ပါပဲ၊ ကွေးကောက်ရွာက ထွက်လာပြီးတော့ ကျုပ်တို့ထပ်မတွေ့ဖြစ်ခဲ့ကြတာ၊ နောက်ဆုံး ချိုတူးနဲ့ ရွှေမိ မင်္ဂလာဆောင်တော့မှပဲ တွေ့ဖြစ်ခဲ့ကြတယ်၊ ငညိုကလေးဆိုရင် ကျုုပ်တို့ကိုတောင် သေသေချာချာ မမှတ်မိချင်ဘူးဗျ။

ခုဆိုရင်တော့ နှစ်တွေတော်တော်ကြာခဲ့ပြီ၊ ငညိုကတော့ ဆိုင်းဆရာကြိးတစ်ယောက်ဖြစ်နေပြီ၊ ဦးလူလှရဲ့ အနုပညာအမွေကို ရခဲ့တယ်လို့ပဲ ပြောရမယ်ထင်ပါရဲ့ဗျာ၊ ချိုတူးရဲ့သားလေးကတော့ ဇာတ်အဖွဲ့ထောင်ထားတယ်၊ သူလည်း သူ့ပရိသတ်နဲ့သူပါပဲ၊ ချိုတူးကတော့ မရှိတော့ပါဘူး၊ သူက ကျုပ်ထက်အရင်သွားနှင့်ပြီလေ၊ သေသောသူကြာရင်မေ့ဆိုပေမယ့် ကျုပ်မေ့မရတဲ့အထဲမှာ ချိုတူးတစ်ယောက်လည်း ပါပါတယ်၊ ခုချိန်ထိ ကျုပ်မှာ ဆိုင်းသံဗုံသံကြားရင် တစ်ချိန်က သဒိုးဖြစ်ခဲ့တဲ့ ချိုတူးနဲ့ သူ့တူ ငညိုကို သတိရနေတုန်းပါပဲဗျာ။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ အလႉေျဗာသံ”(စ/ဆုံး)
————————————————————–
အတြဲ(၄) စာစဥ္(၂၁)

(၁)

အညာအလႉအေၾကာင္းေျပာရရင္ေတာ့ ေျပာစရာအေတာ္မ်ားသဗ်၊ အလႉတစ္ခုျဖစ္ဖို႔ဆိုတာ က်ဳပ္တို႔ေခတ္တုန္းက လြယ္တာမဟုတ္ဘူးဗ်၊ အလႉဆိုတာ တစ္ဦးတစ္ေယာက္တည္းရဲ႕အလႉဆိုတာ ရွားတယ္၊ ေတာသူေဌးေတြ၊ တတ္ႏိုင္တဲ့သူေတြပဲ တစ္ဦးတစ္ေယာက္မတည္ၿပီး လႉႏိုင္တာဗ်၊ က်န္တဲ့အလႉေတြကေတာ့ ေဆြမ်ိဳးသားခ်င္းေတြ၊ ရပ္ေဆြရပ္မ်ိဳးေတြ ဝိုင္းလႉၾကတဲ့အလႉမ်ားပါတယ္။ အခု ေကြးေကာက္႐ြာဆိုတာက ဆင္းရဲသား တံငါသည္မ်ားတယ္ဆိုေတာ့ အလႉဆိုတာ ရွားတယ္တဲ့ဗ်ာ၊ ႐ြာမွာအလႉမျဖစ္တာ သုံးႏွစ္ေက်ာ္ၿပီတဲ့ဗ်၊ အခုအလႉေတာင္မွ လူႀကီးတစ္ေယာက္က ေငြပင္ေငြရင္းစိုက္ေပးၿပီးေတာ့ ႐ြာသားေတြေပါင္းစုထည့္ၿပီး လုပ္တဲ့အလႉတဲ့ဗ်ာ။

အညာအလႉမွာ ကူတဲ့ဓေလ့ဆိုတာလည္း ရွိေသးတယ္ဗ်၊ တစ္ခ်ိဳ႕လူေတြအတြက္ေတာ့ ဆန္းေနမယ္ထင္ေပမယ့္ က်ဳပ္တို႔အညာသားေတြအတြက္မဆန္းပါဘူးဗ်ာ၊ အကူဆိုတာ ကူေငြလက္ခံတာကိုေျပာတာဗ်၊ အလႉကိုလာတဲ့သူေတြက ကူေငြအျဖစ္နဲ႔ ေငြေၾကးစိုက္ထည့္ၾကတာကိုေျပာတာပါ၊ အကူလက္ခံတဲ့အလႉဆိုရင္ မ႑ပ္အဝင္မွာ ကူေငြထည့္တဲ့လူရဲ႕ နာမည္၊ ေငြေၾကးေတြကို စာအုပ္တစ္အုပ္နဲ႔ေရးမွတ္ထားၾကတယ္၊ ကိုယ့္အလႉမွာ သူဘယ္ေလာက္ကူသလဲဆိုတာၾကည့္ၿပီး သူ႔အလႉက်ရင္လည္း ကိုယ္ေတြက အဲဒီေငြေၾကးထက္မနည္းတဲ့ပမာဏကို ျပန္ကူၾကတဲ့ထုံးစံပါ၊ ကူေငြလက္မခံတဲ့အလႉဆိုရင္ေတာ့ အလႉဖိတ္ကတည္းက အကူလက္မခံဘူးလို႔ ေျပာထားၾကတယ္၊ ခ်မ္းသာတဲ့လူ၊ ေငြေၾကးရတတ္ရွင္ေတြနဲ႔ သူေဌးေတြေလာက္ပဲ အကူမခံဘဲလႉႏိုင္တာ၊ က်န္တဲ့အလႉေတာ္ေတာ္မ်ားမ်ားကေတာ့ ႐ြာကဝိုင္းကူၾကတာပါပဲ။

အလႉတစ္ခုစၿပီဆိုတာနဲ႔ အလႉမွာေကြၽးဖို႔အတြက္ အေရးအႀကီးဆုံးျဖစ္တဲ့ စပါးကိုစၿပီးစုရတယ္ဗ်၊ က်ဳပ္တို႔ေခတ္က ဆန္ဆိုတာ ဒီအတိုင္းဝယ္မရဘူးကိုး၊ စပါးေတြစုၿပီးရင္ လွည္းနဲ႔တိုက္ၿပီးေတာ့ ဆန္စက္ေတြမွာ သြားႀကိတ္ရတယ္၊ ႀကိတ္ၿပီးရလာတဲ့ဆန္ေတြကို မိန္းကေလးေတြ၊ ကာလသမီးေတြက စုၿပီးေတာ့ ဆန္ေတြစင္ရတယ္ဗ်ာ၊ ဆန္စင္တယ္ဆိုတာကေတာ့ စင္ၾကယ္သြားေအာင္လုပ္တာပါ၊ အရင္ေခတ္က ဆန္စက္ေတြက စပါးလုံးေတြစင္ေအာင္မဖြပ္ႏိုင္ဘူး၊ ဒီေတာ့ ဆန္ထဲမွာ စပါးလုံးေတြ၊ ျမက္သီးေတြ၊ စပါးခြံေတြ၊ ဖြဲၾကမ္း၊ ဖြဲႏုေတြပါတတ္တာကိုးဗ်၊ အိမ္မွာစားရင္သာ ျဖစ္သလိုစားေပမယ့္ အလႉေကြၽးတဲ့ထမင္းက်ေတာ့ စပါးလုံးပါရင္မေကာင္းဘူးမဟုတ္လား၊ ဒါေၾကာင့္ ဆန္စင္ရတာေပါ့ဗ်ာ။

အလႉမစခင္ကတည္းက မိန္းကေလးေတြ၊ သက္ႀကီး႐ြယ္အိုအေမႀကီးေတြက အလႉမွာကမ္းဖို႔ ေဆးလိပ္လိပ္ၾကတယ္၊ အဲဒီေခတ္တုန္းက ေဆးလိပ္က မပါမျဖစ္ကိုး၊ က်ဳပ္တို႔ငယ္ငယ္တုန္းကေတာ့ ေျပာင္းဖူးဖက္ေဆးလိပ္ေတြ လိပ္ၾကတာမ်ားတယ္၊ ေနာက္ပိုင္းက်ေတာ့ သနပ္ဖက္ေျပာင္းလိပ္တယ္၊ တစ္ခ်ိဳ႕လည္း ေဆးခါးလိပ္ေတြ၊ ေဆးေပါ့လိပ္ေတြ ဝယ္ၿပီးကမ္းၾကတယ္၊ ဒါေပမယ့္ ဝယ္ၿပီးကမ္းတာက အကုန္အက်မ်ားလို႔ ကိုယ့္ဖာသာလိပ္ၾကတာမ်ားပါတယ္။

႐ြာလူႀကီးရဲ႕တာဝန္ကေတာ့ အလႉအတြက္ အဖြဲ႕ေတြဖြဲ႕ေပးရတာပါပဲ၊ အလႉမွာခ်က္ျပဳတ္ဖို႔အတြက္ အိုးသူႀကီးအဖြဲ႕၊ ေကြၽးေမြးဖို႔အတြက္ ေကြၽးေမြးေရးအဖြဲ႕၊ ဧည့္ခံဖို႔အဖြဲ႕၊ ေနာက္ၿပီးေတာ့ ပန္းကန္ေဆးထင္းခြဲ လက္တိုလက္ေတာင္းအဖြဲ႕ဆိုၿပီး ဖြဲ႕ေပးရတယ္ဗ်၊ အိုးသူႀကီးအဖြဲ႕ကေတာ့ ခ်က္ေရးျပဳတ္ေရးမွာ အေရးအႀကီးဆုံးပဲဗ်ိဳ႕၊ အလႉက်ေတာ့ သာမန္အိုးေသးခ်က္သလို ခ်က္လို႔မရဘူးကိုးဗ်၊ အိုးသူႀကီးက ဟင္းခ်က္ေတာ္မွ ဟင္းေတြကလည္းစားလို႔ေကာင္းတာ၊ ႐ြာတစ္႐ြာမွာ အိုးသူႀကီးတစ္ေယာက္ေတာ့ရွိတတ္စၿမဲပဲဗ်၊ မရွိရင္ တျခား႐ြာက လိုက္ငွားၿပီး ပင့္ၾကရတယ္၊ အိုးသူႀကီးအတြက္ ကန္ေတာ့ပြဲတစ္ပြဲနဲ႔ကို ႐ို႐ိုေသေသပင့္ရတာဗ်၊ အိုးႀကီးခ်က္က မခ်က္တတ္ ခ်က္တတ္နဲ႔သြားလုပ္လို႔မရဘူး၊ အလႉေရာက္မွ စားမေကာင္းရင္ တစ္႐ြာလုံးရဲ႕အေျပာအဆိုတင္မက အနီးပတ္ဝန္းက်င္က ႐ြာေတြအထိပါ သတင္းဆိုးက ျပန႔္ေရာပဲဗ်။

ဧည့္ခံေရးအဖြဲ႕ကေတာ့ မိန္းကေလးေတြ၊ ကာလသမီးေတြမ်ားတယ္၊ ကြမ္းေတာင္၊ ပန္းေတာင္ကိုင္ထဲ မပါတဲ့လူေတြလုပ္ၾကတာေပါ့ဗ်ာ၊ ဘယ္႐ြာကလာတဲ့လူလည္း၊ ဘယ္သူ႔ေဆြမ်ိဳးလည္းဆိုတာ ေမးျမန္းၿပီးေတာ့ သူတို႔နဲ႔သက္ဆိုင္တဲ့စားပြဲဝိုင္းမွာ ေနရာခ်ေပးရတာေပါ့ဗ်ာ၊ ဧည့္ခံတဲ့အဖြဲ႕ကလည္း ေထာင့္ေစ့ဖို႔အေရးႀကီးတယ္ဗ်၊ ဧည့္ခံအဖြဲ႕က ေနရာခ်ၿပီးတာနဲ႔ ေကြၽးေမြးအဖြဲ႕တာဝန္ျဖစ္သြားၿပီေပါ့ဗ်ာ၊ ဘယ္ဝိုင္းမွာ ဘယ္ႏွေယာက္စားမယ္၊ ထမင္းပန္းကန္ဘယ္ေလာက္လိုတယ္ အဲဒီလိုကအစ ေကြၽးေမြးဖို႔အတြက္ လိုေလေသးမရွိ လုပ္ၾကရတာေပါ့ဗ်ာ၊ အဖြဲ႕တစ္ခုနဲ႔တစ္ခုက အခ်ိတ္အဆက္လည္းလိုသဗ်၊ ဒါမွ ဧည့္ဘယ္ေလာက္ဝင္တယ္၊ ဘယ္ေလာက္ေကြၽးရမယ္၊ အိုးသူႀကီးအဖြဲ႕ကေရာ ဘယ္ေလာက္လိုတယ္၊ ဘယ္ေလာက္ထပ္ခ်က္မယ္ဆိုၿပီး စီစဥ္ရတာကိုးဗ်ာ။

အဲ အလႉအေၾကာင္းေတြေျပာရင္း ေတာ္ေတာ္ရွည္ေနၿပီ၊ က်ဳပ္လည္း ႀကဳံတုန္းေျပာျပရတာဗ်၊ အခု ေကြးေကာက္႐ြာက အလႉက က်ဳပ္တို႔အလႉမဟုတ္ဘူးဆိုေတာ့ က်ဳပ္တို႔ေတြ သိပ္ၿပီးေထြေထြထူးထူးကူညီေပးစရာမလိုဘူးေပါ့ဗ်ာ၊ ညမအိပ္ခင္ ဆိုင္းအဖြဲ႕ကို ထမင္းေတြဘာေတြေကြၽးၿပီး ဧည့္ခံတယ္ဗ်၊ ဦးလူလွက ႐ြာလူႀကီးနဲ႔ရင္းႏွီးပုံရတယ္။

“စားၾကဗ်ာ၊ ဆိုင္းကလည္း သိပ္ေကာင္း၊ ဦးလူလွသမီးကလည္း ကတာသိပ္ေကာင္းတာပဲဗ်ာ၊ က်ဳပ္တို႔ေတာ့ ျဖစ္ႏိုင္ရင္ ဒီအၿငိမ့္ကို မိုးလင္းေပါက္ေတာင္ၾကည့္ခ်င္တာဗ်”

“အင္းဗ်ာ၊ အလႉရွင္ေတြ ေက်နပ္တယ္ဆိုေတာ့ က်ဳပ္တို႔လည္း ေက်နပ္ပါတယ္၊ ဒါနဲ႔ အလႉရွင္က ဘယ္သူတုန္းဗ်”

႐ြာလူႀကီး ဦးေဖာ့က ဟိုဟိုဒီဒီၾကည့္ရင္း

“အလႉရွင္ေတြ ျပန္သြားၿပီထင္ပါ့၊ အလႉရွင္နာမည္က ကိုခ်စ္ေခ်ာတဲ့ဗ်”

“ေၾသာ္၊ ဒီေလာက္အလႉကို လႉႏိုင္တာ သာဓုေခၚစရာပဲဗ်ာ”

“ေျပာရရင္ေတာ့ ခင္ဗ်ားတို႔ယုံခ်င္မွယုံမယ္ ဦးလူလွေရ၊ ခ်စ္ေခ်ာဆိုတဲ့လူက တံငါသည္ဗ်၊ တစ္သက္လုံးငါးပဲဖမ္းစားလာတာ”

က်ဳပ္ျဖင့္ ထမင္းစားရင္း အံ့ၾသသြားတယ္။

“ဗ်ာ၊ တံငါသည္က ဒီေလာက္အလႉကို လႉႏိုင္တယ္တဲ့လား”

“ဒါေၾကာင့္ ေျပာတာေပါ့ဗ်၊ ခ်စ္ေခ်ာဆိုတဲ့လူက အခ်ိန္ျပည့္ငါးဖမ္း၊ ငါးေထာင္၊ ၿပီးရင္ အရက္ေသာက္တယ္၊ မူးတယ္၊ မိန္းမကိုလည္း အၿမဲႏွိပ္စက္ေနတဲ့လူဗ်၊ ဘာသာေရးဆိုတာလည္း ဘာမွန္းေတာင္သိတဲ့လူမဟုတ္ဘူး”

ဦးဘသာက ေခါင္းညိတ္ရင္း

“ဒီလူဘယ္လိုမ်ားေျပာင္းလဲသြားပါလိမ့္ဗ်ာ”

“ဒီလူအသက္ငါးဆယ္ျပည့္တဲ့ေန႔မွာ အင္းထဲေရနစ္ပါေရာဗ်ာ၊ ေရနစ္ေတာ့ ေရေအာက္မွာပရေလာကသားေတြ၊ ၿပိတၱာေတြ ျမင္ခဲ့ရတယ္တဲ့ဗ်၊ ေနာက္ေတာ့ သူ႔အေဖနဲ႔ေတြ႕တယ္၊ သူ႔အေဖကလည္း တစ္ဘဝလုံးဘာမွမလုပ္ခဲ့လို႔ ေရေအာက္မွာ သရဲႀကီးျဖစ္ေနတယ္လို႔ ေျပာၿပီး သူ႔ကိုေရထဲကေန ကုန္းေပၚျပန္တင္ေပးခဲ့တယ္ဆိုတာပဲဗ်”

“ေနပါအုံး၊ သူ႔အေဖက ဘယ္သူမို႔လဲ”

“သူ႔အေဖက တစ္ပြဲစား ဦးသံခဲေပါ့ဗ်၊ ဒါနဲ႔ ခ်စ္ေခ်ာက ေသ႐ြာျပန္လာတယ္ဆိုပါေတာ့ဗ်ာ၊ အဲဒီမွာ အသိတရားရၿပီး ဘုရားတရားေတြစလုပ္ေတာာ့တာပဲ၊ သုံးႏွစ္ေလာက္ၾကာေတာ့ အလႉေပးခ်င္တဲ့စိတ္ျဖစ္တယ္တဲ့ဗ်ာ၊ သူ႔သားကိုလည္း ရွင္ျပဳေပးခ်င္တယ္၊ ခ်စ္ေခ်ာက အသက္ႀကီးမွ အိမ္ေထာင္က်ၿပီး သားသမီးရတာဆိုေတာ့ သူ႔သားက ငယ္ေသးတယ္၊ အဲဒီမွာ ထူးဆန္းတာျဖစ္တာပဲဗ်ာ၊ တစ္ေန႔ ငါးႀကီးတစ္ေကာင္ အင္းထဲကမိၿပီး ဝမ္းကိုခြဲၾကည့္ေတာ့ ဝမ္းဗိုက္ထဲကေန ေလာက္စာလုံးေလာက္ရွိတဲ့ ေက်ာက္အျပာႀကီးေတြ႕သတဲ့ဗ်ာ”

“ဟာဗ်ာ၊ ထူးဆန္းလိုက္တာ”

“အဲဒီေက်ာက္အျပာႀကီးကို ၿမိဳင္သာက သူေဌးတစ္ေယာက္ဆင္းဝယ္သြားတယ္၊ အဲဒီက ရတဲ့ပိုက္ဆံတစ္ဝက္ကို အခုအလႉလုပ္တာပဲဗ်ာ၊ က်န္တဲ့ပိုက္ဆံေတြကိုေတာ့ သူတို႔လင္မယား ယာလုပ္စားဖို႔အတြက္ ယာခင္းဝယ္လိုက္တယ္၊ အကုသိုလ္မ်ားတဲ့ တံငါအလုပ္ကို စြန႔္လြတ္လိုက္ၿပီဆိုပဲဗ်”

“ေကာင္းလိုက္တာဗ်ာ၊ ၾကားရတာ က်က္သေရရွိလိုက္တာ၊ သာဓုပါဗ်ာ”

(၂)

အလႉေန႔ႀကီးစၿပီဆိုရင္ျဖင့္ ဆိုင္းဆရာက လာတဲ့ဧည့္သည္ေတြကို ဆိုင္းနဲ႔ဧည့္ခံရေတာ့တာပဲဗ်ာ၊ ဆိုင္းအဖြဲ႕က ညတုန္းက ညနက္မွ အိပ္ရေပမယ့္ မနက္က်ေတာ့လည္း အေစာႀကီးကတည္းက ထရတာဗ်။ ဧည့္သည္ေတြက မ႑ပ္ထဲထိုင္ၿပီး ဆိုင္းၾကည့္ၾကတာေပါ့၊ ထမင္းစားမယ့္သူကေတာ့ ထမင္းေကြၽး႐ုံေတြဆီသြားၿပီး ထမင္းစားၾကတယ္၊ ၿပီးရင္ မ႑ပ္ထဲဝင္ ဆိုင္းလက္သံနားေထာင္ၿပီး ကြမ္းစား၊ ေဆးေသာက္၊ လက္ဖက္ဝါးၾကတာေပါ့ဗ်ာ။

“ဂ်ိန္း . . . ဂ်လိမ္း”

အလႉက မစရေသးဘူးဗ်ာ၊ မိုးရိပ္ေလရိပ္ေတြ တက္လာတယ္ဗ်ာ၊ ေကြးေကာက္အင္းႀကီးထဲမွာ တိမ္မည္းေတြစုေနတယ္ဗ်၊ ႐ြာလူႀကီးနဲ႔ အလႉဦးစီးတဲ့လူေတြ ေခါင္းခ်င္းဆိုင္ကုန္ၾကတာေပါ့ဗ်ာ၊

“မိုးသာ႐ြာရင္ မလြယ္ဘူးဗ်ိဳ႕”

“ဟုတ္ပါရဲ႕ဗ်ာ၊ မ႑ပ္ကလည္း စကၠဴေတြ၊ ပိတ္ေတြနဲ႔ေဆာက္ထားတာဆိုေတာ့ မိုး႐ြာရင္ပ်က္မွာပဲ၊ ထမင္းေကြၽး႐ုံကလည္း အရိပ္ရေအာင္ထန္းလက္ေတြ တင္ထားတာပဲရွိတာ၊ မိုးလုံမွာမဟုတ္ဘူး”

“ဘာထူးလဲဗ်ာ၊ ထမင္းခ်က္တဲ့ေနရာကလည္း ကြင္းႀကီးထဲမွာ မိုး႐ြာရင္ အကုန္ပ်က္မွာဗ်ိဳ႕”

႐ြာလူႀကီးေတြက တိမ္တိုက္ႀကီးကိုၾကည့္ၿပီးေတာ့ ပူပန္ေနၾကတာေပါ့ဗ်ာ။ ဦးလူလွက ပတ္လုံးေတြကိုပတ္စာတပ္ရင္းေတာ့

“ခင္ဗ်ားတို႔ မိုးမတားဘူးလားဗ်၊ ကိုေဖာ့ရ”

“အိုဗ်ာ၊ ဒီလိုရာသီမွာ မိုးမ႐ြာဘူးထင္လို႔ေပါ့ဗ်၊ ခုေတာ့ မိုးတားရေတာ့မွာေပါ့”

ကိုေဖာ့ဆိုတာ ေကြးေကာက္႐ြာသူႀကီးဗ်၊ ဒါနဲ႔ မိုးတားဖို႔လုပ္ၾကတယ္၊ ပြဲတစ္ပြဲေပးၿပီးေတာ့ ေႂကြပန္းကန္ထဲ ဖေယာင္းတိုင္တစ္တိုင္ထြန္းၿပီး မိုးတားဖို႔စီစဥ္တာေပါ့ဗ်ာ၊ ႐ြာထဲက သက္ႀကီးဝါႀကီး ဦးေလးႀကီးတစ္ေယာက္က မိုးတားေနက်ဆိုေတာ့ သူကလုပ္ေပးမယ္ဆိုပဲ၊ မိုးတားတဲ့အခါ အဲဒီပန္းကန္ျပားထဲက ဖေယာင္းတိုင္ကို မၿငိမ္းေအာင္ထားရတယ္၊ ဖေယာင္းတိုင္ကို ေစာင့္ၾကည့္ေနၿပီးေတာ့ တစ္တိုင္ၿပီးတစ္တိုင္ မီးမေသေစဘဲ လဲလွယ္ေပးရတယ္ဆိုပဲဗ်။

အဲဒီဦးေလးႀကီးက ႐ြတ္ဖတ္ၿပီးမိုးတားေနတဲ့အခ်ိန္မွာပဲ အင္းထဲက ေလၾကမ္းေတြတိုက္လာပါေရာဗ်ာ၊ ေလဘယ္ေလာက္ၾကမ္းသလဲဆိုရင္ မိုးတားဖို႔လုပ္ထားတဲ့ ကန္ေတာ့ပြဲႀကီးေတာင္မွ လြင့္ထြက္သြားပါေရာ၊ ဒါေပမယ့္ ထူးဆန္းတာက မ႑ပ္မွာဆင္ထားတဲ့ ေဖာ့ေတြနဲ႔ ထမင္းေကြၽး႐ုံက အေကာင္းအတိုင္းပဲဗ်၊ ေလက မိုးတားတဲ့အနားကိုပဲ ပတ္ၾကမ္းတိုက္သြားတာ။

“ဟာ၊ ဒါမေကာင္းဘူး၊ က်ဳပ္တို႔အလႉေတာ့ အဖ်က္ဝင္ၿပီဗ်”

“ဘယ္လိုလုပ္ၾကမလဲဗ်ာ၊ တစ္ခုခုလုပ္ၾကပါအုံး”

“တစ္ခုခုမ်ား မွားသလားဗ်ာ၊ ခင္ဗ်ားတို႔ လုပ္ၾကစမ္းပါအုံး”

႐ြာခံလူႀကီးေတြ ေခါင္းခ်င္းဆိုင္ၿပီးတိုင္ပင္ၾကတယ္၊ က်ဳပ္လည္း မ႑ပ္ထဲ ေရေႏြးထိုင္ေသာက္ေနတဲ့ ဦးဘသာအနားကိုကပ္ၿပီးေတာ့

“ဦးဘသာ၊ တစ္ခုခုေတာ့ျဖစ္ေနၿပီဗ်”

“ေအး၊ မွားေတာ့မွားေနၿပီကြ၊ တစ္ေယာက္ေယာက္ကေတာ့ မေက်မနပ္ျဖစ္ေနၿပီေဟ့”

႐ြာလူႀကီးေတြက အလႉကိုဟန္မပ်က္ဆက္လုပ္ဖို႔ ဆုံးျဖတ္တယ္၊ ဒါနဲ႔ ဦးလူလွတို႔က ဆိုင္းကိုတီးေတာ့တာေပါ့ဗ်ာ၊ ႐ြာခံေတြလည္း မိုးအေျခအေနမေကာင္းေပမယ့္ အလႉကိုတဖြဲဖြဲေရာက္လာကုန္ၾကတာေပါ့၊ ဦးဘသာက မတ္တပ္ရပ္ၿပီးေတာ့

“အင္းထဲျဖစ္တာဆိုေတာ့ ဦးသံခဲအသိဆုံးျဖစ္မွာကြ၊ သူ႔ေမးၾကည့္မွရမယ္”

ဒါနဲ႔ ဦးဘသာနဲ႔က်ဳပ္လည္း အင္းစပ္ ေလွဆိပ္ကိုဆင္းလာခဲ့ၾကတယ္၊ အင္းအစပ္နားေရာက္ေတာ့ ေလေတြတဝူးဝူးနဲ႔တိုက္ၿပီး မိုးေတြလည္းေမွာင္လို႔ဗ်၊ တိမ္တိုက္ႀကီးေတြၾကားထဲမွာ လွ်ပ္စီးေတြလက္ရင္း တဂ်ိန္းဂ်ိန္းနဲ႔အသံေပးေနပါေရာ၊ ႐ြာလူႀကီးေတြ ပူလည္း ပူရွာမွာေပါ့ဗ်ာ။ ေလွဆိပ္မွာလူရွင္းေနတယ္ဗ်၊ ဦးဘသာက ဆိပ္ကမ္းတစ္ခုမွာရပ္ရင္း ေရထဲကိုၾကည့္ၿပီးေတာ့

“ကဲ၊ တစ္ပြဲစား ဦးသံခဲ၊ ဒီကိုႂကြလာစမ္းပါအုံးဗ်ာ”

မၾကာခင္ ဦးဘသာအေရွ႕က ေရျပင္က ပြက္ခနဲထပြက္ၿပီးေတာ့ ဦးသံခဲက ေရထဲေပၚလာတာပဲဗ်၊ ေရထဲကေန ကိုယ္တစ္ပိုင္းေပၚလာၿပီး ရပ္ေနတယ္။

“ဒီမိုးတိမ္တိုက္ေတြက ခင္ဗ်ားလုပ္တာလား”

ဦးသံခဲက ေခါင္းခါၿပီးေတာ့

“က်ဳပ္လုပ္တာမဟုတ္ဘူး”

“ခင္ဗ်ား အင္းအေပၚမွာျဖစ္ေနတာကို ခင္ဗ်ားမသိဘူးလား”

“က်ဳပ္ဘာမွမသိဘူး၊ သူ႔အလိုလိုျဖစ္လာတာပဲဗ်၊ ဒါေပမယ့္ ထူးေတာ့ထူးဆန္းတယ္”

ဦးဘသာက မ်က္ေမွာင္ၾကဳတ္ၿပီးေတာ့

“ခင္ဗ်ားမသိဘူးဆိုေတာ့ ခင္ဗ်ားထက္ တန္ခိုးရွိတဲ့လူက လုပ္တာေနမွာ”

ဦးဘသာက တိမ္တိုက္ေတြကို ေသေသခ်ာခ်ာစိုက္ၾကည့္တယ္၊ ၿပီးေတာ့ မ်က္လုံးမွိတ္ၿပီး အင္းကိုျဖတ္တိုက္တဲ့ ေလေတြကို ရႉရႈိက္လိုက္တယ္ဗ်။

“စုန္းနံ႔ရတယ္၊ ေမွာ္နံ႔ရတယ္”

“ဟာ၊ ဒါဆို စုန္းတစ္ေယာက္ေယာက္ကမ်ား ဝင္ေႏွာင့္ေနတာမ်ားလား”

ဦးဘသာက ေခါင္းညိတ္တယ္။

“ဒါေပမယ့္ စုန္းေတြက ဒီလိုမ်ိဳးမိုးတိမ္တိုက္ေတြလုပ္ႏိုင္လို႔လား ဦးဘသာ”

“အဆင့္ျမင့္တဲ့စုန္းေတြဆိုရင္ လုပ္ႏိုင္တာေပါ့ကြ၊ သူတို႔ရဲ႕ပညာနဲ႔ တိမ္ေတြေ႐ြ႕လာေအာင္၊ မိုး႐ြာက်လာေအာင္ လုပ္ႏိုင္တယ္၊ အလားတူပဲ မိုးေခါင္ေအာင္၊ ႏွင္းခါးက်ေအာင္လုပ္ၿပီး ဒုကၡေပးႏိုင္ေသးတယ္”

ဦးဘသာက မုတ္ဆိတ္ေမႊးေတြကို ပြတ္လိုက္ၿပီး

“ဦးသံခဲ၊ အင္းထဲမွာ စုန္းေတြဘာေတြရွိသလား”

ဦးသံခဲက ေခါင္းညိတ္တယ္ဗ်။

“ေဟာဒီအင္းထဲက ေညာင္ေျခေထာက္ကြၽန္းမွာ စုန္းမႀကီးတစ္ေယာက္ရွိတယ္”

ဦးဘသာလည္းေခါင္းညိတ္ၿပီး

“ဒါျဖင့္ က်ဳပ္တို႔ကိုအဲဒီကိုေရာက္ေအာင္ ပို႔ေပးစမ္းဗ်ာ”

ဦးသံခဲက ေရထဲျပန္ဆင္းသြားတယ္ဗ်၊ ၿပီးေတာ့ က်ဳပ္တို႔အေရွ႕မွာ ေရေအာက္ကေန ေလွကေလးတစ္စင္းဘြားခနဲေပၚလာတယ္၊ ေရေအာက္က ေပၚလာတယ္ဆိုေပမယ့္ ေလွက ေရမစိုဘူးဗ်၊ ဦးဘသာက ေလွေပၚတက္ထိုင္လိုက္ေတာ့ က်ဳပ္လည္း လိုက္တက္ထိုင္ရတာေပါ့ဗ်ာ၊ က်ဳပ္တို႔ထိုင္ၿပီးတာနဲ႔ ဦးသံခဲက ေလွပဲ့ပိုင္းမွာေပၚလာတယ္ဗ်။

“ေသေသခ်ာခ်ာကိုင္ထားၾကေနာ္”

က်ဳပ္လည္း ေလွနံရံကိုကိုင္ထားလိုက္တယ္၊ ဦးသံခဲက ေရမ်က္ႏွာျပင္ကို သူ႔လက္နဲ႔ထိလိုက္တာနဲ႔ ေလွက စက္တပ္ထားသလို ဦးေမာ့ၿပီး ေျပးေတာ့တာပဲဗ်ာ၊ အင္းႀကီးတစ္ခုလုံးလည္း လူသူရွင္းလို႔ဗ်၊ အလႉေန႔မို႔ အကုသိုလ္အလုပ္ေတြ မလုပ္ဘူးထင္ပါ့၊ ကုကၠိဳကြၽန္းကိုေက်ာ္ေတာ့ ကြၽန္းေပၚက ကိုဘသိန္းတို႔ အရက္ဆိုင္ကေလးေတာင္မွ ပိတ္ထားလို႔ဗ်ိဳ႕၊ က်ဳပ္အထင္ ကိုဘသိန္းတို႔လင္မယား အၿငိမ့္ကိုက္ၿပီး ႐ြာထဲက အိမ္မွာပဲအိပ္ျဖစ္တယ္ထင္တာပဲ။

မိုးတိမ္ေတြအနားေရာက္လာတာနဲ႔ ပတ္ဝန္းက်င္က ေမွာင္အတိက်သြားတယ္ဗ်။ ဟိုးအေရွ႕ ခပ္လွမ္းလွမ္းမွာ ကြၽန္းကေလးတစ္ကြၽန္းျမင္ရတယ္၊ ေရပတ္လည္ဝိုင္းေနတဲ့ ကြၽန္းကေလးေပါ့ဗ်ာ၊ ကြၽန္းေပၚမွာေတာ့ ထန္းပင္ႀကီးတစ္ပင္ရွိတယ္၊ ဒါေပမယ့္ အဲဒီထန္းပင္ရဲ႕ခါးလည္ေလာက္ကေန ေညာင္ပင္တစ္ပင္ေပါက္ၿပီးေတာ့ ေထာင္တက္ေနတာဗ်၊ ဦးသံခဲက အဲဒီကြၽန္းကိုလက္ညႇိဳးထိုးျပၿပီးေတာ့

“အဲဒါ ေညာင္ေျခေထာက္ကြၽန္းပဲ”

ေျပာေနရင္း ကြၽန္းအနားေရာက္လာတာပဲဗ်ာ၊ ထန္းပင္ေအာက္နားမွာ တဲကုပ္ကေလးတစ္လုံးရွိတယ္၊ တဲကုပ္အေရွ႕ ေျမေျပာင္ေျပာင္မွာ အဘြားႀကီးတစ္ေယာက္က ခါးေထာက္ရပ္ေနၿပီးေတာ့ မိုးေပၚကို ေမာ့ၾကည့္ေနတာပဲဗ်ာ၊ ကြၽန္းအနားမွာ က်ဳပ္တို႔ေလွကေလးက တန႔္ခနဲရပ္သြားတာပဲ၊ ဦးသံခဲလည္း မေတြ႕ေတာ့ဘူးဗ်၊ ဦးဘသာက အဘြားႀကီးကိုလွမ္းၾကည့္ၿပီးေတာ့

“ေဟ့ မင္းလုပ္ေနတာေတြ ရပ္တန္းကရပ္လိုက္”

ဦးဘသာေအာ္ေတာ့မွ အဘြားႀကီးက မိုးေပၚကိုမၾကည့္ေတာ့ဘဲ ဦးဘသာကိုလွမ္းၾကည့္တယ္ဗ်၊ အဘြားႀကီးက ဆံပင္ေတြတစ္ေခါင္းလုံးျဖဴေနတာပဲဗ်ာ၊ ဘီးဆံပတ္ႀကီးပတ္ထားလို႔ဗ်၊ အေပၚက ခ်ည္ထည္အပါးနဲ႔ ေအာက္က ခ်ည္ထမီကြက္ၾကားကိုဝတ္ထားတယ္၊ ဦးဘသာကို စူးစူးစိုက္စိုက္ၾကည့္ၿပီးေတာ့

“ေအာင္မာ၊ ဟဲ့ေကာင္၊ နင္လည္းပညာသည္၊ ငါလည္းပညာသည္ပဲ ကိုယ့္လမ္းကိုယ္သြား၊ ဝင္မရႈပ္နဲ႔”

ဦးဘသာကလည္း ေလွေပၚကေနျပန္ေအာ္တယ္။

“႐ြာထဲမွာ အလႉရွိတာ မင္းမသိဘူးလားကြ၊ သူမ်ားတကာ ေကာင္းရာေကာင္းမႈလုပ္ေနတာကို မင္းကဘာလို႔ ဖ်က္ဆီးခ်င္ေနရတာလဲ”

အဘြားႀကီးက ခပ္ေထ့ထ့ရယ္တယ္ဗ်။

“အဟင္း၊ ဟင္း၊ ေကာင္းရာေကာင္းမႈလုပ္တာကို ဖ်က္ရမွာ က်ဳပ္တာဝန္ပဲေလေတာ့၊ က်ဳပ္အလုပ္က်ဳပ္လုပ္တာဆန္းသလား”

ဦးဘသာက ေတာ္ေတာ္ေဒါသထြက္ထြက္နဲ႔ ေတာက္ေခါက္လိုက္တယ္။

“ေတာက္၊ ဒီေကာင္မ အဖ်က္မပဲ”

ၿပီးေတာ့ အဘြားႀကီးကိုလက္ညႇိဳးထိုးရင္း

“ေအး၊ ေကာင္းမႈလုပ္ေနတာကို ဖ်က္ရမွာက မင္းရဲ႕အလုပ္ကို၊ မင္းလုပ္ေနတဲ့ မေကာင္းမႈကို တားဆီးရမွာကလည္း ငါ့အလုပ္ပဲေဟ့”

“တားစမ္း၊ တားစမ္း၊ ေတာ္ တားႏိုင္ရင္တားစမ္း”

အဘြားႀကီးက ေကာင္းကင္ကိုျပန္ေမာ့ၾကည့္တယ္ဗ်၊ သူေမာ့ၾကည့္လိုက္ေတာ့ ေကာင္းကင္ႀကီးက တျဖည္းျဖည္းပိုမည္းလာၿပီးေတာ့ ပိုေမွာင္လာတယ္၊ ေနာက္ၿပီး ေလျပင္းေတြလည္း တဝူးဝူးနဲ႔တိုက္လာတာပဲဗ်ာ၊ ဦးဘသာကလည္း ေလွေပၚမွာ မတ္တပ္ေကာက္ရပ္လိုက္ၿပီးေတာ့ ခါးေထာက္ရင္း တိမ္တိုက္ႀကီးကို စိုက္ၾကည့္တယ္ဗ်။

လွ်ပ္စီးေတြ တဝုန္းဝုန္းလက္ၿပီး ထစ္ခ်ဳန္းေနတဲ့ တိမ္တိုက္ႀကီးက တျဖည္းျဖည္းႀကီးထြားလာလိုက္၊ ေနာက္ၿပီးေတာ့ တိမ္စိုင္ေတြက ျပန္ၿပီးက်ဳံ႕ဝင္သြားလိုက္နဲ႔ျဖစ္ေနတယ္၊ ဒါကိုၾကည့္ရတာ ဦးဘသာနဲ႔ ဒီအဘြားႀကီး ပညာၿပိဳင္ေနတဲ့ပုံပဲဗ်၊ တိမ္တိုက္ႀကီးက တျဖည္းျဖည္းနဲ႔ေသးသြားတယ္ဗ်၊ အဘြားႀကီးက ဦးဘသာကိုတစ္ခ်က္လွည့္ၾကည့္ၿပီးေတာ့ တိမ္တိုက္ကိုျပန္စိုက္ၾကည့္တယ္၊ ဒီတစ္ခါေတာ့ လက္ညႇိဳးႏွစ္ေခ်ာင္းနဲ႔ပါ ထိုးၿပီး စိုက္ၾကည့္တာပဲ၊ ဦးဘသာလုပ္လို႔ ေသးသြားတဲ့တိမ္တိုက္ႀကီးက တစ္ခါျပန္ၿပီးႀကီးထြားလာျပန္ေရာဗ်ိဳ႕၊ တိမ္တိုက္ႀကီးက တျဖည္းျဖည္းႀကီးလာၿပီး ေသးမသြားဘူးဆိုေတာ့ ဦးဘသာတစ္ေယာက္ မဟန္တဲ့ပုံစံပဲဗ်၊ တိမ္တိုက္က ေနာက္ဆုံးေတာ္ေတာ္ႀကီးလာၿပီးေတာ့ မိုးေတြ႐ြာခ်ေတာ့တာပဲဗ်ာ၊ အဘြားႀကီးက ေဒါသထြက္ထြက္နဲ႔ ေျမႀကီးကိုဖေနာင့္နဲ႔ေပါက္ေနတာပဲ။

“နင္ေတာ္ေတာ္ရႈပ္တဲ့အေကာင္၊ နင္ငါ့အေၾကာင္းသိရမယ္”

ဦးဘသာကေတာ့ ၿပီတီတီပဲဗ်။

“ဦးဘသာ၊ ဦးဘသာ ဘာလုပ္လိုက္တာလဲ”

“ေၾသာ္၊ သူ႔တိမ္ကိုေသးေအာင္လုပ္မရေတာ့ ပိုႀကီးေအာင္လုပ္ေပးလိုက္တာေပါ့ဗ်ာ”

မိုးစက္မိုးေပါက္ေတြက က်ဳပ္တို႔ကိုလာမွန္တယ္ဗ်၊

“တိမ္တိုက္အရမ္းႀကီးသြားရင္ မိုး႐ြာတာမဆန္းပါဘူးကြာ၊ မိုး႐ြာရင္ ဒီတိမ္တိုက္ကို သူလိုတဲ့ေနရာကို ေ႐ြ႕မရေတာ့ဘူးကြ”

“ေၾသာ္၊ ဒါ့ေၾကာင့္ ဘြားေတာ္ႀကီး ေတာ္ေတာ္စိတ္ဆိုးသြားတာကိုး”

အဘြားႀကီးက ခါးေထာက္ရင္း

“ေ႐ႊ႕လို႔မရေတာ့ဘူးလို႔ ဘယ္သူေျပာသလဲေဟ့”

ၿပီးေတာ့ ေလကိုတစ္ခ်က္ ၀၀ရႉသြင္းလိုက္ၿပီးေတာ့ ခါးကိုကုန္းၿပီး တိမ္တိုက္ႀကီးကို ႐ြာဘက္ကိုမႈတ္ထုတ္ေတာ့တာပဲဗ်ာ၊ တိမ္တိုက္ႀကီးက တျဖည္းျဖည္းနဲ႔ေ႐ြ႕သြားတယ္ဗ်၊ ဒီတိမ္တိုက္ႀကီးသာ ႐ြာဘက္ေရာက္သြားလို႔ကေတာ့ အလႉပ်က္မွာ ႀကိမ္းေသတယ္ဗ်ာ၊ ဦးဘသာက ညာဘက္လက္ဝါးကို ျဖန႔္လိုက္ၿပီးေတာ့ “ဟိတ္” ခနဲအသံေပးရင္း မိုးေပၚက တိမ္ကိုလွမ္းဖမ္းတဲ့ဟန္လုပ္လိုက္တာနဲ႔ မိုးေတြ႐ြာခ်ေနတဲ့ တိမ္တိုက္မည္းမည္းႀကီးက ယူျပစ္လိုက္သလို ေပ်ာက္သြားေတာ့တာပဲဗ်ာ၊ အံ့ၾသပါရဲ႕၊ တိမ္တိုက္ႀကီးေပ်ာက္သြားတာနဲ႔ ေနက ၿပဲေနေအာင္ပူပါေရာ၊ ဒီေတာ့မွ အဘြားႀကီးက နည္းနည္းမ်က္ႏွာပ်က္သြားတယ္။

“ဟဲ့ေကာင္၊ နင္ဘယ္ေလာက္တတ္လို႔လဲ၊ နင္နဲ႔ငါနဲ႔ ၿပိဳင္မလားဟဲ့”

ဦးဘသာက တဟင္းဟင္းနဲ႔ရယ္ေမာရင္း

“လာစမ္းပါ၊ သာဒင္တို႔က အခ်ိန္မေ႐ြး ေနရာမေ႐ြးဘူးေဟ့”

ေျပာရင္းဆိုရင္ ဦးဘသာက ေလွေပၚကေန ေရထဲကိုေျခေထာက္လွမ္းခ်တယ္ဗ်ာ၊ က်ဳပ္လည္း ဦးဘသာေရနစ္သြားမွာစိုးတာနဲ႔ လွမ္းတားလိုက္ေသးတယ္၊ ဦးဘသာ ေျခေထာက္တစ္ဖက္က ေရမ်က္ႏွာျပင္ေပၚကိုက်တယ္ဗ်၊ ဒါေပမယ့္ ေရလုံးဝမစိုတဲ့အျပင္ ေရေအာက္ကိုလည္း နစ္ဝင္မသြားဘူးဗ်ိဳ႕၊ က်ဳပ္ျဖင့္အံံ့ၾသလို႔ ပါးစပ္ေတာင္မပိတ္ႏိုင္ဘူးဗ်ာ၊ ဦးဘသာက ေျခေထာက္ႏွစ္ဖက္စလုံး ေရမ်က္ႏွာျပင္ေပၚကိုခ်ၿပီးေတာ့ ေရေပၚမွာ မတ္တပ္ရပ္ျပတယ္၊ ၿပီးေတာ့ ေရေပၚမွာ ေျခလွမ္းလွမ္းျပတယ္ဗ်ာ၊ မသိရင္ ေရမ်က္ႏွာျပင္က ၾကမ္းျပင္ႀကီးလိုျဖစ္ေနတာပဲ၊ က်ဳပ္လည္း ဦးဘသာမ်ား ေရကိုတစ္ခုခုလုပ္ထားသလားဆိုၿပီး ေရထဲလက္ႏွစ္ၾကည့္တာ က်ဳပ္လက္က ေရေအာက္ကိုနစ္ဝင္သြားတယ္ဗ်ာ။

ဦးဘသာက ေရထဲမွာ ဘယ္ျပန္ညာျပန္ေလွ်ာက္ျပရင္း

“ကဲ မင္းငါ့ေလာက္အစြမ္းရွိလို႔လား၊ ငါ့လို ေရထဲလမ္းေလွ်ာက္ႏိုင္လို႔လား”

အဘြားႀကီးက လက္ခုပ္လက္ဝါးတီးရင္း

“စိန္လိုက္ေလ၊ ေဟာဒီကလည္း စိန္ေခၚရင္ တိမ္ေပၚအထိလိုက္မယ့္ မိေခ်ာတဲ့ေဟ့”

အဘြားႀကီးက ေရထဲကိုဆင္းတယ္ဗ်၊ သူဆင္းတာလည္း ဦးဘသာလိုပဲဗ်ာ၊ ေရမ်က္ႏွာျပင္ေပၚမွာ လမ္းေလွ်ာက္ၿပီး ဦးဘသာအနားကို ေဘာက္ဆတ္ေဘာက္ဆတ္နဲ႔ေရာက္သြားပါေရာ။ ဦးဘသာနဲ႔ တစ္လံေလာက္အကြာေရာက္ေတာ့ ဦးဘသာကို ခါးခါးသီးသီးနဲ႔ စိုက္ၾကည့္တယ္။ မ်က္ႏွာေပးကေတာ့ နင္ေလွ်ာက္သလို ငါလည္းေလွ်ာက္တတ္တယ္ဆိုတဲ့ မ်က္ႏွာေပးနဲ႔ေပါ့ဗ်ာ။

ဦးဘသာက ၿပီတီတီနဲ႔ၾကည့္ရင္း

“ေရေပၚလမ္းေလွ်ာက္ရတာ လြယ္ပါတယ္ကြ၊ လူတစ္ေယာက္ကို ေရထဲက်ေအာင္လုပ္ရတာက ခက္တာ”

အဘြားႀကီးက မဲ့႐ြဲ႕ၿပီးေတာ့

“ဘာခက္လည္း၊ ဘာမ်ားခက္လို႔လဲေတာ့”

အဲဒီလိုေျပာ႐ုံရွိေသးတယ္၊ အဘြားႀကီးက ေရထဲကိုဝုန္းခနဲနစ္က်သြားပါေရာဗ်ာ၊ ေရထဲနစ္သြားေတာ့ ယက္ကန္ယက္ကန္နဲ႔ ကူးေနရွာတယ္၊ ဦးဘသာကေတာ့ မတ္တပ္ရပ္လွ်က္ပဲဗ်၊

“ေတြ႕လား၊ မင္းကိုေရထဲက်ေအာင္ငါလုပ္လိုက္ၿပီ၊ မင္းအစြမ္းရွိရင္ ငါ့ကိုေရထဲက်ေအာင္လုပ္စမ္းပါ”

အဘြားႀကီးက ေရထဲနစ္လိုက္ေပၚလိုက္ျဖစ္ေနပါေရာဗ်ာ၊ ဦးဘသာက ေရထဲကိုတစ္ခ်က္ၾကည့္ရင္း

“ကဲ ဦးသံခဲေရ၊ ဒီမိန္းမ ေရထဲေရာက္ၿပီဆိုေတာ့ ခင္ဗ်ားပိုင္တဲ့အပိုင္းျဖစ္သြားၿပီ၊ က်န္တာ ခင္ဗ်ားဆက္လုပ္လိုက္ေတာ့”

အဘြားႀကီးက ဆဲဆိုေနရင္း တစ္ေယာက္ေယာက္က ဆြဲခ်လိုက္သလိုမ်ိဳး ေရေအာက္ထဲကို ဝုန္းခနဲနစ္က်သြားၿပီးေတာ့ ျပန္မေပၚလာေတာ့ဘူးဗ်၊ ဦးဘသာက ေလွဆီကိုလမ္းေလွ်ာက္လာၿပီးေတာ့ ေလွေပၚျပန္တက္တယ္၊ ၿပီးတာနဲ႔ ေလွကသူ႔အလိုလိုေကြ႕ၿပီးေတာ့ ေစြ႕ခနဲေ႐ြ႕ၿပီးသြားတာပဲဗ်ာ၊ အခ်ိန္သိပ္မၾကာလိုက္ခင္မွာပဲ က်ဳပ္တို႔ ဆိပ္ကမ္းဆီကိုျပန္ေရာက္ခဲ့သဗ်၊ က်ဳပ္နဲ႔ဦးဘသာလည္း အလႉဆီကိုေျပးလာခဲ့ၾကတာေပါ့ဗ်ာ။

(၃)

အလႉရွင္ေတြက ဘုန္းႀကီးေက်ာင္းမွာ ဆြမ္းကပ္ၿပီးၿပီဆိုေတာ့ ရွင္ေလာင္းလွည့္ဖို႔အခ်ိန္ပဲဗ်၊ တျခားအရပ္မွာေတာ့ ရွင္ေလာင္းလွည့္္တယ္လို႔ ေခၚေပမယ့္ က်ဳပ္တို႔အရပ္မွာေတာ့ နတ္ျပတယ္လို႔ေခၚၾကတာမ်ားတယ္၊ နတ္ျပဖို႔ဆိုရင္ အရင္ဆုံး ေရွ႕က ကာလသားႏွစ္ေယာက္က ေမာင္းႀကီးထမ္းၿပီးထြက္ရတယ္၊ အဲဒီအေနာက္က အဘိုးႀကီး၊ အဘြားႀကီးေတြလိုက္ၾကတယ္၊ အဘိုးႀကီး အဘြားႀကီးေတြအေနာက္က မိန္းမေတြက ကန္ေတာ့ပြဲေတြ႐ြက္ၾကတယ္၊ နတ္အတြက္ျပင္ထားတဲ့ ပြဲေတြ႐ြက္ၿပီးေတာ့ တန္းစီၾကရတယ္၊ သူတို႔အေနာက္ကမွ ကြမ္းေတာင္၊ ပန္းေတာင္ကိုင္ထားတဲ့ ႐ြာကအေခ်ာဆုံးအလွဆုံး ကာလသမီးေတြက စီတန္းၿပီးလိုက္ၾကတယ္၊ ကြမ္းေတာင္ပန္းေတာင္ကိုင္ေတြၿပီးရင္ သပိတ္လြယ္၊ သကၤန္းပိုက္ထားတဲ့ ေမာင္ရင္ေလာင္းမိဘေတြလိုက္ၾကတယ္၊ ဒီအလႉက စုေပါင္းရွင္ျပဳဆိုေတာ့ ေမာင္ရင္ေလာင္းမိဘေတြ ေတာ္ေတာ္မ်ားတာေပါ့ဗ်ာ။

အဲဒီေနာက္ကမွ ေမာင္ရင္ေလာင္းေတြတင္ထားတဲ့ လွည္းေတြလိုက္ၾကပါတယ္၊ ေတာ႐ြာအလႉဆိုေတာ့ ျမင္းေတြဘာေတြ မငွားႏိုင္ၾကသလို၊ ေမာင္ရင္ေလာင္းေတြကိုလည္း ရွင္ဘုရင္ေတြလို လွလွပပမျပင္ဆင္ေပးႏိုင္ၾကပါဘူူး၊ သနပ္ခါးဝိုင္းဝိုင္းလူး၊ ပန္းပန္တာေလာက္ပဲလုပ္ၾကတာေပါ့၊ ေနာက္ပိုင္းေခတ္က်ေတာ့မွ ေမာင္ရင္ေလာင္းေတြကို မင္းေလာင္းလိုျပင္ၾကဆင္ၾက၊ ျမင္းေတြငွားၾကနဲ႔ ခ်ဲ႕ကားလာခဲ့ၾကတာ၊ ေနာက္ေတာ့ ဆင္ေတြဘာေတြနဲ႔ေတာင္ ငွားၿပီးလွည့္ၾကေသးတယ္။

ေမာင္ရင္ေလာင္းေတြေနာက္မွာေတာ့ ႏွဲဆရာကိုျမႀကီးရယ္၊ ေမာင္းဆိုင္းတီးတဲ့ ဘႀကီးေနာင္ရယ္၊ ကိုဗလက ေျခာက္လုံးပတ္နဲ႔၊ ငေသာင္းက လင္းကြင္းတီးၿပီးေတာ့ လွည္းတစ္စီးနဲ႔ အတီးအမႈတ္လွည္းလိုက္တယ္ဗ်၊ အရင္ဆုံး ေကြးေကာက္႐ြာကို တစ္ပတ္ျပည့္ေအာင္ပတ္ၾကတာေပါ့ဗ်ာ၊ ႐ြာကိုပတ္ၿပီးေတာ့ ႐ြာထိပ္က အင္းအစပ္နားမွာ ေဆာက္ထားတဲ့ နတ္ကြန္းေရွ႕မွာ နတ္ျပၾကမွာေပါ့ဗ်ာ။

“ဟာ၊ ကိုအလတ္ေကာင္ ဘယ္ေရာက္ေနတာလဲ”

ခ်ိဳတူးက က်ဳပ္ကိုလွမ္းၿပီးဆြဲေခၚတယ္ဗ်၊ ခုနက မိုးေတြ႐ြာထားတာဆိုေတာ့ က်ဳပ္အဝတ္အစားေတြက စို႐ႊဲလို႔ေပါ့ဗ်ာ။

“ေဟာဗ်ာ၊ အဝတ္အစားေတြလည္း ေရေတြ႐ႊဲလို႔ပါလား၊ မဟုတ္မွလြဲေရာ အင္းထဲမွာမ်ား ေရဆင္းကူးခဲ့သလား”

က်ဳပ္လည္း ဘာေျပာရမွန္းမသိေတာ့ဘူး။

“ေအးေအး၊ ရာသီဥတုက နည္းနည္းပူလို႔ပါကြ”

က်ဳပ္ေျဖတာကိုနားေထာင္ၿပီးေတာ့ ခ်ိဳတူးတစ္ေယာက္ ေခါင္းကုပ္လို႔ဗ်၊ ေမာင္ရင္ေလာင္းလွည့္္မယ္ဆိုေတာ့ က်ဳပ္တို႔လို လူပ်ိဳေတြအဖို႔ စိတ္ဝင္စားတာကေတာ့ ကြမ္းေတာင္ကိုင္၊ ပန္းေတာင္ကိုင္တဲ့ အပ်ိဳေတြပဲေပါ့ဗ်ာ၊ က်ဳပ္လည္း ေကြးေကာက္႐ြာက အပ်ိဳေတြေခ်ာမေခ်ာသိရေအာင္လို႔ ကြမ္းေတာင္ကိုင္ေတြအနားကိုအေျပးလာခဲ့တာေပါ့။

ေဟာဗ်ာ၊ အနားကိုေရာက္ေတာ့မွ အထင္နဲ႔အျမင္ တက္တက္စင္ေအာင္လြဲၾကတာပဲဗ်ာ၊ ကြမ္းေတာင္ကိုင္ေတြကလည္း သြားေခါတဲ့လူနဲ႔၊ ဗီုက္ပူဖင္ေကာက္လူနဲ႔၊ ဝါးျခမ္းျပားကို အဝတ္စပတ္ထားသလို ပိန္ေခ်ာင္ေနတဲ့လူနဲ႔၊ မ်က္ႏွာမွာ ေက်ာက္ေပါက္မာဗလပြထ ေနတဲ့သူ၊ မ်က္လုံးျပဴးျပဴးနဲ႔လူ၊ ဒီၾကားထဲ မျပင္တတ္မဆင္တတ္နဲ႔ ႏႈတ္ခမ္းနီႀကီးကို ရဲလန္ေနေအာင္ဆိုး၊ မိတ္ကပ္ေတြ ျပာႏွမ္းေနေအာင္႐ိုက္ထားတဲ့သူနဲ႔ အစုံပါပဲဗ်ာ၊ က်ဳပ္နဲ႔ခ်ိဳတူးလည္း အပ်ိဳေတြကိုၾကည့္ၿပီးေတာ့ မွတ္ခ်က္ေတြေပးၾက၊ ရယ္လိုက္ေမာလိုက္နဲ႔ေပါ့ဗ်ာ၊ အပ်ိဳေတြကလည္း က်ဳပ္တို႔ကို မ်က္ေစာင္းတထိုးထိုးနဲ႔ဗ်။

ေဟာ ႐ြာထိပ္ေရာက္တာနဲ႔ နတ္စင္အေရွ႕မွာ ဖ်ာေတြခင္းၿပီးေတာ့ ပါလာတဲ့ကန္ေတာ့ပြဲေတြ၊ ပန္းအိုး၊ အေမြးရည္ခြက္၊ ကြမ္းေတာင္၊ ပန္းေတာင္ေတြကိုခ်တယ္ဗ်၊ ၿပီးေတာ့ ေမာင္ရင္ေလာင္းေတြကိုလည္း ဖ်ာတစ္ခ်ပ္မွာ ထိုင္ခိုင္းၿပီး နတ္ျပတာေပါ့ဗ်ာ၊ ရွင္ေလာင္းထိန္းက နတ္ပင့္ဖို႔လုပ္ေတာ့ ကိုဗလက ဒိုးပတ္တီး၊ ကိုျမႀကီးက ႏွဲမႈတ္ၿပီး နတ္ပင့္ၾကတယ္။

ဒီအခ်ိန္မွာပဲ အရပ္ေလးမ်က္ႏွာကေန ေလေတြတိုက္လာတယ္ဗ်၊ ေလေတြမွ ေတာ္ေတာ္ၾကမ္းၾကမ္းကိုတိုက္တာပါ၊ ကြမ္းေတာင္၊ ပန္းေတာင္ေတြဆိုရင္ ေလတိုက္ၿပီးေတာ့ လဲက်ကုန္တယ္၊ ရွင္ေလာင္းထိန္းဆို ဘာလုပ္ရမွန္းမသိေတာ့ဘူး၊ နတ္မ်ားမေက်နပ္တာလားဆိုၿပီး နတ္စင္ကိုဖင္ကုန္းၿပီး ကန္ေတာ့တာပဲဗ်ိဳ႕၊

ေနာက္ေတာ့ ေရစပ္ကေန အဘြားႀကီးတစ္ေယာက္ တက္လာတယ္ဗ်၊ တစ္ကိုယ္လုံးလည္း ေရေတြစို႐ႊဲလို႔ေပါ့ဗ်ာ၊ ဒီအဘြားႀကီးကို ေသခ်ာၾကည့္ေတာ့မွ ခုနက မိေခ်ာဆိုတဲ့စုန္းမႀကီးျဖစ္ေနသဗ်၊ က်ဳပ္လည္း ျပႆနာေတာ့တက္ၿပီဆိုၿပီး ဦးဘသာႀကီးကို တေနမိတာေပါ့ဗ်ာ၊ တစ္႐ြာလုံးက လူေတြကလည္း အဘြားႀကီးကိုလွမ္းၾကည့္ၿပီးေတာ့ ေၾကာက္လန႔္ၾကတယ္။

“ဟာ၊ ေဒၚမိေခ်ာႀကီး”

“ဟာ၊ ဘြားမိေခ်ာႀကီးလာတယ္ေဟ့”

ေမာင္ရင္ေလာင္းလွည့္လာတဲ့လူမွန္သမွ် ေၾကာက္လန႔္ကုန္တာကိုၾကည့္ရတာ ဒီဘြားေတာ္ႀကီးက သိပ္ဆိုးပုံရတယ္ဗ်၊ သူကခါးေထာက္ၿပီးေတာ့ အလႉ႔ရွင္ ဦးခ်စ္ေခ်ာကိုေျပာတယ္။

“ေဟ့ေကာင္၊ ဒီအလႉကို ငါမေက်နပ္ဘူး၊ ဒီအလႉကို ငါခြင့္မျပဳႏိုင္ဘူး၊ ငါကန႔္ကြက္တယ္”

က်ဳပ္လည္း ဦးဘသာကိုၾကည့္လိုက္ေတာ့ ဦးဘသာက ခပ္ေအးေအးပဲ ၾကည့္ေနသဗ်၊ အလႉရွင္ ဦးခ်စ္ေခ်ာက မတ္တပ္ထရပ္ၿပီးေတာ့ မ်က္ရည္ေတြစီးက်လာတယ္။

“အေမ၊ သားအလႉလုပ္တာကို မတားပါနဲ႔ဗ်ာ၊ သား ေကာင္းမႈကုသိုလ္လုပ္တာကို မတားပါနဲ႔”

“တားရမယ္၊ တားရမယ္၊ နင္ဒီလို ဘုရားတရားေတြလုပ္မေနပါနဲ႔သားရယ္၊ အရင္လို ေသာက္ေသာက္စားစားေနစမ္းပါ၊ ငါ့သားငါးလိုရင္ အေမ့ဆီလာေတာင္းေပါ့၊ အေမေပးမယ္ေလ”

“တိတ္စမ္း”

အသံနက္ႀကီးတစ္ခုၾကားလိုက္ရလို႔ လူေတြအကုန္လွမ္းၾကည့္လိုက္ေတာ့ ေရစပ္မွာ ဦးသံခဲက မတ္တပ္ရပ္ေနသဗ်၊ ေရက ဒူးေလာက္နက္တဲ့ေနရာမွာေပါ့ဗ်ာ။ ဦးသံခဲက ေဒၚမိေခ်ာကို လက္ညႇိဳးေငါက္ေငါက္ထိုးၿပီးေတာ့

“မိေခ်ာ၊ နင္ငါ့ကို ၿပိတၱာျဖစ္ေအာင္လုပ္တာ မဝေသးလို႔၊ ငါ့သားကိုပါ ငရဲျပည္ဆြဲခ်မလို႔လား”

ေဒၚမိေခ်ာေတြေဝသြားတယ္။ ဦးသံခဲကဆက္လက္ၿပီးေတာ့

“ငါေသၿပီးေတာ့မွ ကန္ေစာင့္နတ္နဲ႔ေတြ႕ၿပီး ငါအသိတရားရတယ္၊ တစ္သက္လုံး ငါေကာင္းမႈတစ္ခုမွ မလုပ္ခဲ့တာကို ေနာင္တရလို႔မဆုံးဘူး၊ နင္ သြန္သင္မဆံုံးမခဲ့လို႔ ငါ့သားတစ္ေယာက္ ငါ့လိုအျဖစ္နဲ႔ အပါယ္သြားရမွာကို ငါမလိုလားဘူး၊ ဒါေၾကာင့္မို႔ ငါဒီေကာင့္ကို အသိတရားရေအာင္လုပ္ခဲ့တာပဲ”

ေဒၚမိေခ်ာ မ်က္လုံးႀကီးျပဴးၿပီး

“ဒါဆို ရွင္ . . . ရွင္”

“ဟုတ္တယ္၊ ခ်စ္ေခ်ာကို ေရနစ္ေအာင္လို႔ ေလွေပၚက ဆြဲခ်တာငါပဲ၊ ၿပီးေတာ့ ေရကန္ထဲမွာ က်င္လည္ေနၾကရတဲ့ မကြၽတ္မလြတ္တဲ့ ၿပိတၱာဘုံသားေတြကို ငါလိုက္ျပခဲ့တယ္၊ ဒီေကာင္ေၾကာက္တတ္ၿပီးေတာ့ အသိတရားရသြားေအာင္ ငါလုပ္ခဲ့တယ္”

ဦးခ်စ္ေခ်ာက ငိုေတာ့တာပဲဗ်ာ၊

“သူအလႉလုပ္ခ်င္တာသိလို႔ ငါးဖမ္းတဲ့အခါ သူရတဲ့ငါးရဲ႕ ပါးစပ္ထဲကို ေက်ာက္ျပာနီလာ ထည့္ေပးခဲ့တာလည္းငါပဲ၊ တကယ္ေတာ့ အဲဒီေက်ာက္က ကန္ေတာ္ရွင္နတ္ဆီက ငါကအလႉအတန္းလုပ္ဖို႔အတြက္ဆိုၿပီး ေတာင္းေပးခဲ့တာပဲ”

တစ္႐ြာလုံးလည္း အံ့ၾသေနတာေပါ့ဗ်ာ။

“မိဘဆိုတာ သားသမီးကို ေမြးထား႐ုံနဲ႔မၿပီးဘူးကြ၊ သားသမီးကို သြန္သင္ဆုံးမၿပီး လမ္းမွန္ျပဖို႔လည္း အေရးႀကီးခဲ့တယ္၊ ငါတို႔က အဲဒီလိုမိဘနဲ႔ေဝးခဲ့ေတာ့ ဘယ္ဟာအမွန္၊ ဘယ္ဟာအမွားဆိုတာကို မသိခဲ့ရဘူး၊ သြန္သင္ဆုံးမမႈဆိုတာ မရရွိခဲ့ဘူး၊ ဒီေတာ့ အခုလို . . . အခုလို အင္းထဲမွာကပ္ၿပီးေနရတဲ့ ၿပိတၱာသရဲႀကီးဘဝကို ေရာက္ခဲ့ရတာပဲ”

ဦးသံခဲေျပာရင္း အသံေတြဆို႔နင့္လာတယ္ဗ်။

“ဒီေတာ့ ငါ့သားကို ငါ့လို ၿပိတၱာမျဖစ္ေစခ်င္ဘူး၊ နင့္လိုလည္း ငရဲအိုးေဇာက္ထိုးက်မယ့္အျဖစ္ကို မျဖစ္ေစခ်င္ဘူး၊ ငါ့သားသမီးကို ေကာင္းရာေကာင္းေၾကာင္း လုပ္ကိုင္ေစခ်င္တယ္၊ ေကာင္းရာမြန္ရာ ေရာက္ေစခ်င္တယ္၊ အဲဒါေၾကာင့္ ငါသူ႔အတြက္စီစဥ္ေပးခဲ့တယ္၊ အဲဒါ ငါမွားသလား မိေခ်ာ”

ေဒၚမိေခ်ာဘာမွမေျပာႏိုင္ေတာ့ဘူးဗ်ာ၊

“မိေခ်ာ၊ နင့္သားကို နင္ေကာင္းစားေစခ်င္တယ္ဆိုရင္ ဒီအလႉကို နင္မတားနဲ႔၊ နင္ဝင္မရႈပ္နဲ႔”

ေဒၚမိေခ်ာႀကီးက ဘာမွမေျပာေတာ့ဘဲ လွည့္ထြက္သြားတယ္ဗ်၊ ေဒၚမိေခ်ာကို က်ဳပ္တို႔လိုက္ၾကည့္ေနတုန္း ဦးသံခဲႀကီးလည္း ဘယ္ေရာက္သြားမွန္းမသိေတာ့ဘူး။ ဒီေတာ့မွ ေမာင္ရင္ေလာင္းေတြကို နတ္ျပၿပီး ထမင္းခြံ႕ၾကတယ္၊ ၿပီးေတာ့ ခပ္ျမန္ျမန္ပဲ ဘုန္းႀကီးေက်ာင္းကိုဝင္ၿပီးေတာ့ ငါးပါးသီလခံၿပီး မ႑ပ္ဆီကိုျပန္ခဲ့တာေပါ့ဗ်ာ၊

ေန႔တစ္ဝက္လည္းက်ိဳးေနၿပီဆိုေတာ့ မ႑ပ္ေရာက္ေတာ့ အလႉကိုေရစက္ခ်တရားနာၾကတာေပါ့၊ အလႉရွင္ ဦးခ်စ္ေခ်ာတစ္ေယာက္ ေရစက္ခြက္ကိုင္ၿပီး ငိုလို႔မဆုံးပါဘူးဗ်ာ၊

“က်ဳပ္လုပ္တဲ့ကုသိုလ္ေကာင္းမႈကို အေဖနဲ႔အေမ သာဓုေခၚပါဗ်ာ၊ သာဓုေခၚႏိုင္ပါေစဗ်ာ”

ဦးခ်စ္ေခ်ာကိုၾကည့္ၿပီး တစ္႐ြာလုံးကလည္း မ်က္ရည္ေတြက်ၾကေတာ့တာပဲဗ်ာ၊ အလႉၿပီးၿပီဆိုေတာ့ ဆိုင္းအဖြဲ႕က ေျဗာတီးၿပီး အလႉကိုအဆုံးသတ္ေပးလိုက္ပါေတာ့တယ္ဗ်ာ၊ ေမာင္ရင္ေလာင္းေတြကို ေက်ာင္းကိုပို႔ၾကတဲ့အခ်ိန္မွာ ဦးလူလွတို႔ ဆိုင္းအဖြဲ႕ကေတာ့ ဆိုင္းပစၥည္းေတြ သိမ္းဆည္းၿပီးေတာ့ ျဖဳတ္သိမ္းေနၾကတာေပါ့ဗ်ာ။

ဆိုင္းအဖြဲ႕မျပန္ခင္ ေနာက္ဆုံးအေနနဲ႔ မ႑ပ္ထဲမွာပဲ စားပြဲခင္းၿပီး ထမင္းေကြၽးတယ္ဗ်၊

“ကဲ ကိုဘသာ၊ က်ဳပ္တို႔လည္း ဒီ႐ြာကလွည္းေတြငွားၿပီး နိဗၺာန္႐ြာျပန္ေတာ့မယ္၊ ခင္ဗ်ားတို႔ မလိုက္ေတာ့ဘူးမဟုတ္လား”

“ဒါေပါ့ လူလွရာ၊ က်ဳပ္တို႔ ျမႀကီးေျပာတဲ့ ေ႐ႊတဆင္႐ိုးလမ္းကေန ေပေတာ႐ြာကို ျဖတ္တက္ၾကမယ္”

ထမင္းစားေနရင္း တန႔္သြားတာကေတာ့ ခ်ိဳတူးပဲဗ်၊ ေနာက္ေတာ့ မ်က္ရည္ေတြပါက်လာတယ္။ က်ဳပ္လည္း ခြဲရေတာ့မယ္ဆိုေတာ့ စိတ္ထဲတစ္မ်ိဳးႀကီးပဲဗ်။ ဒါေပမယ့္လည္း ဘာမွမျဖစ္သလိုဟန္ေဆာင္ရင္း

“ထမင္းဝိုင္းမွာ ငိုမေနပါနဲ႔ခ်ိဳတူးရာ၊ တို႔ေတြက အေဝးႀကီးသြားတာမဟုတ္ပါဘူးကြ၊ မင္းလည္းငါတို႔႐ြာကိုသိသားနဲ႔၊ အခ်ိန္ရရင္ လာလည္ေပါ့ကြ”

ခ်ိဳတူးက ဘာမွမေျပာေတာ့ဘူးဗ်၊ မ်က္ရည္ေပါက္ႀကီးငယ္က်ၿပီးေတာ့ ငိုေနေတာ့တာပဲ။ ကိုျမႀကီးက ထမင္းစားရင္း

“ဦးဘသာတို႔ သြားမယ္ဆိုရင္လည္း ျမန္ျမန္သြားမွဗ်၊ ခုခ်ိန္သြားရင္ေတာင္ ေပေတာ႐ြာကို မိုးခ်ဳပ္ေလာက္မွ ဝင္ႏိုင္မွာဗ်”

“ေအးေအး၊ ထမင္းစားၿပီးေတာ့ သြားတာေပါ့ကြာ”

က်ဳပ္လည္း ထမင္းဆက္မစားႏိုင္ေတာ့ပါဘူးဗ်ာ၊ စားေနတဲ့ထမင္းက အရသာမရွိေတာ့သလိုပဲ၊ ငညိဳက ကေလးဆိုေတာ့ ဘာမွမသိဘူးဗ်၊ ခက္တာက ခ်ိဳတူးပဲ။

စားေသာက္ၿပီးေတာ့ မ႑ပ္ထဲမွာလည္း သိမ္းတဲ့သူေတြကသိမ္းေနၿပီဗ်၊ ဦးလူလွတို႔ကေတာ့ လွည္းေတြေစာင့္ေနပုံရတယ္၊ ဦးဘသာက ႐ြာထဲအပ္ထားတဲ့ ႏြားဆယ္ေကာင္ ဆြဲယူလာခဲ့တယ္၊ ဦးလူလွက က်ဳပ္တို႔အနားကိုကပ္လာေတာ့ ဦးဘသာက ၿပဳံးရင္း

“ခ်ိဳတူးေလးကို ေသေသခ်ာခ်ာၾကည့္ရႈေပးပါကြာ၊ ဒီေကာင္က လူေကာင္သာႀကီးေပမယ့္ ကေလးစိတ္ဗ်၊ ေနာက္ၿပီးေတာ့ ငညိဳကေလးလည္းရွိေသးတယ္၊ ငညိဳကေတာ့ လိမ္မာပါတယ္”

“စိတ္ခ်ပါ ကိုဘသာရာ၊ ခ်ိဳတူးက ညကအၿငိမ့္ထြက္ေတာ့ သိပ္သင္စရာမလိုဘူးမဟုတ္လား၊ ငညိဳကိုလည္း က်ဳပ္ဆိုင္းပညာတစ္ခုခုသင္ေပးၿပီးေတာ့ ပ်ိဳးေထာင္ေပးလိုက္ပါ့မယ္၊ စိတ္ခ်စမ္းပါဗ်”

“ေအးကြာ၊ ဘာပဲေျပာေျပာ သူတို႔ကို ေကြၽးေမြးေပးတာနဲ႔တင္ မင္းကိုေက်းဇူးတင္ေနပါၿပီ လူလွရာ”

“ရပါတယ္ ကိုဘသာရာ၊ ေနာက္ေတာ့ နိဗၺာန္႐ြာေရာက္ရင္ ဝင္ခဲ့ေပါ့ကြ၊ အလတ္ေကာင္၊ မင္းလည္း အားရင္တို႔႐ြာကိုလာခဲ့ေပါ့”

က်ဳပ္စိတ္ထဲ ငိုခ်င္သလိုလိုႀကီးျဖစ္ေနလို႔ ဘာမွျပန္မေျပာဘဲ ေခါင္းပဲညိတ္ျပလိုက္တယ္၊ ခ်ိဳတူးက မ႑ပ္ထဲကေနထြက္လာၿပီးေတာ့ က်ဳပ္တို႔ကိုၾကည့္ေနတယ္၊ ေနာက္ေတာ့ က်ဳပ္ဆီေျပးလာၿပီး

“ကိုအလတ္ေကာင္၊ က်ဳပ္ကိုမထားခဲ့ပါနဲ႔ဗ်ာ၊ က်ဳပ္ကိုအလတ္ေကာင္တို႔ဆီကိုလိုက္ခဲ့မယ္”

က်ဳပ္လည္း ခ်ိဳတူးကိုတြန္းထုတ္ရင္း

“သြားစမ္းပါကြာ၊ တို႔အိမ္မွာလူမ်ားတယ္ကြ၊ မင္းအတြက္ေနရာမရွိဘူး”

“အိုဗ်ာ၊ ေနရာမရွိဘူးဆိုရင္လည္း ေခြးကတက္မွာျဖစ္ျဖစ္ ေနပါ့မယ္၊ က်ဳပ္လိုက္ခဲ့မယ္”

“ေဟ့ေကာင္ခ်ိဳတူး၊ မင္းငါတို႔နဲ႔လိုက္လို႔ ဘာမွမျဖစ္လာမွာမဟုတ္ဘူးကြ၊ ငါတို႔လို႔ ႏြားေတြနဲ႔႐ြံ႕ထဲဗြက္ထဲဖက္႐ုန္းရတဲ့ ေတာင္သူေလာက္ပဲျဖစ္မွာ၊ ဦးလူလွနဲ႔ေနရင္ မင္းမွာတက္လမ္းအမ်ားႀကီးရွိပါတယ္ကြ၊ ေနာက္ၿပီး မင္းရဲ႕ဝါသနာနဲ႔ အံကိုက္ပဲမဟုတ္လား၊ ဦးလူလွတို႔နဲ႔ ေနခဲ့ေနာ္ကြ”

“မရဘူး၊ က်ဳပ္လိုက္ခဲ့မယ္”

က်ဳပ္လည္း ခ်ိဳတူးကိုေဆာင့္တြန္းရင္း

“ေဟ့ေကာင္၊ ထပ္လိုက္မလာနဲ႔ေနာ္၊ ထပ္လိုက္လာရင္ မင္းကိုငါထိုးမွာေနာ္”

“ထိုးဗ်ာ၊ ထိုးဗ်ာ၊ လိုက္မွာပဲ”

ခ်ိဳတူးက အေရွ႕တက္လာေတာ့ က်ဳပ္လည္း ဘာလုပ္ရမွန္းမသိတာနဲ႔ ခ်ိဳတူးမ်က္ႏွာကိုလက္သီးနဲ႔ပိတ္ထိုးလို္က္တယ္ဗ်ာ၊ က်ဳပ္လက္သီး အားျပင္းသလားမျပင္းလား ခ်ိဳတူးဆိုရင္ တစ္ပတ္လည္ထြက္သြားၿပီးေတာ့ ေျမေပၚကိုေခြခနဲက်သြားတာဗ်၊ ကိုဗလက ေျပးဆြဲေပလို႔သာေပါ့၊ က်ဳပ္လည္း ဘာမွမေျပာေတာ့ဘဲ ႏြားေတြကိုဆြဲရင္း မ႑ပ္ေရွ႕ကေန ေျခလွမ္းက်ဲႀကီးနဲ႔ထြက္လာခဲ့တယ္၊ အေနာက္ကိုလွည့္မၾကည့္ေတာ့ဘူးဗ်ာ၊ က်ဳပ္လွည့္ၾကည့္လို႔လည္းမျဖစ္ဘူးဗ်၊ လွည့္္ၾကည့္ရင္ က်ဳပ္မျပတ္သားေၾကာင္းျပသလိုျဖစ္သြားမယ္၊ ဟိုေကာင္ခ်ိဳတူးက က်ဳပ္အေနာက္ကို ထပ္ေျပးလိုက္လာေနမွာဗ်၊ က်ဳပ္အေဝးမေရာက္ခင္ ခ်ိဳတူးရဲ႕ အသံၿပဲႀကီးနဲ႔ သံကုန္ဟစ္ငိုတဲ့အသံႀကိး ၾကားလိုက္ရတယ္ဗ်ာ။

“ေဟ့ေကာင္ခင္ေမာင္၊ မင္းလွည့္မၾကည့္နဲ႔၊ မင္းလွည့္မၾကည့္စမ္းနဲ႔၊ မင္းဆုံးျဖတ္တာမွန္တယ္”

က်ဳပ္လည္း ကိုယ့္ကိုယ္ကိုယ္ စိတ္ေျဖႏွစ္သိမ့္ရင္း ဆက္ေလွ်ာက္လာခဲ့တာေပါ့ဗ်ာ။

သူမ်ားဘဝေကာင္းစားေစခ်င္လို႔ လက္သီးနဲ႔ထိုးတယ္လို႔ေျပာရင္ ခင္ဗ်ားတို႔ယုံမလားဗ်ာ၊ အဲဒီလက္သီးခ်က္က က်ဳပ္ဘဝမွာ အခံရအခက္ဆုံးလက္သီးခ်က္ပဲ၊ သူမ်ားကိုထိုးတယ္ဆိုေပမယ့္ ထိုးတဲ့က်ဳပ္က ပိုနာရတယ္ဗ်၊ လက္သီးထိပ္မွာ နာရတာမဟုတ္ဘဲ၊ က်ဳပ္ရဲ႕ႏွလုံးသားထဲမွာ တဆစ္ဆစ္နဲ႔ နာက်င္ေနရတာကိုေျပာတာပါ။ ခ်ိဳတူးအေၾကာင္းျပန္ေတြးလိုက္မိတိုင္း အဲဒီခံစားခ်က္၊ အဲဒီနာက်င္မႈကို က်ဳပ္ျပန္သတိရေနတုန္းပါပဲ။

ခ်ိဳတူးက ေနာက္ပိုင္းေတာ့ နာမည္ႀကီးတဲ့လူ႐ႊင္ေတာ္တစ္ေယာက္ျဖစ္သြားတယ္ဗ်၊ လူ႐ႊြင္ေတာ္ခ်ိဳတူးဆိုတဲ့ နာမည္နဲ႔ပါပဲ၊ ေကြးေကာက္႐ြာက ထြက္လာၿပီးေတာ့ က်ဳပ္တို႔ထပ္မေတြ႕ျဖစ္ခဲ့ၾကတာ၊ ေနာက္ဆုံး ခ်ိဳတူးနဲ႔ ေ႐ႊမိ မဂၤလာေဆာင္ေတာ့မွပဲ ေတြ႕ျဖစ္ခဲ့ၾကတယ္၊ ငညိဳကေလးဆိုရင္ က်ဳုပ္တို႔ကိုေတာင္ ေသေသခ်ာခ်ာ မမွတ္မိခ်င္ဘူးဗ်။

ခုဆိုရင္ေတာ့ ႏွစ္ေတြေတာ္ေတာ္ၾကာခဲ့ၿပီ၊ ငညိဳကေတာ့ ဆိုင္းဆရာႀကိးတစ္ေယာက္ျဖစ္ေနၿပီ၊ ဦးလူလွရဲ႕ အႏုပညာအေမြကို ရခဲ့တယ္လို႔ပဲ ေျပာရမယ္ထင္ပါရဲ႕ဗ်ာ၊ ခ်ိဳတူးရဲ႕သားေလးကေတာ့ ဇာတ္အဖြဲ႕ေထာင္ထားတယ္၊ သူလည္း သူ႔ပရိသတ္နဲ႔သူပါပဲ၊ ခ်ိဳတူးကေတာ့ မရွိေတာ့ပါဘူး၊ သူက က်ဳပ္ထက္အရင္သြားႏွင့္ၿပီေလ၊ ေသေသာသူၾကာရင္ေမ့ဆိုေပမယ့္ က်ဳပ္ေမ့မရတဲ့အထဲမွာ ခ်ိဳတူးတစ္ေယာက္လည္း ပါပါတယ္၊ ခုခ်ိန္ထိ က်ဳပ္မွာ ဆိုင္းသံဗုံသံၾကားရင္ တစ္ခ်ိန္က သဒိုးျဖစ္ခဲ့တဲ့ ခ်ိဳတူးနဲ႔ သူ႔တူ ငညိဳကို သတိရေနတုန္းပါပဲဗ်ာ။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ