“စုန်းထီးကြီး ဦးဘသာနှင့် ခြံရှေ့နားက ကိုးခမ်းအင်း”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီး ဦးဘသာနှင့် ခြံရှေ့နားက ကိုးခမ်းအင်း”(စ/ဆုံး)
———————————————————————————
အတွဲ(၃) စာစဉ်(၄)

(၁)

ဦးဘသာ နေမကောင်းသလို၊ ကျုပ်တို့အမေလည်း တော်တော်မမာဘူးဗျာ၊ ကောက်ကာငင်ကာကြီး ထပြီးဖျားတာဗျ၊ နွေအကုန် မိုးအကူးဆိုတော့ ရာသီဥတုအကူးပြောင်းကြောင့် ဖျားတယ်လို့ထင်တာပေါ့ဗျာ၊ အမေဖျားပြီဆိုတော့ ကျုပ်တို့တစ်အိမ်လုံး နေရထိုင်ရ စားရသောက်ရတာ အဆင်မပြေတော့ဘူးပေါ့။

အရင်ကဆို အမေက မနက်အစောကြီးထပြီး ချက်ပြုတ်တယ်၊ ကျုပ်တို့စားဖို့ မနက်စာပြင်ပေးတယ်၊ လယ်ထဲမဆင်းခင် ကျုပ်တို့လည်းထမင်းစားသောက်ပြီးတော့ အေးအေးလူလူဆင်းကြတယ်၊ နေ့လည်ပိုင်းကျရင်တော့ အမေလာပို့တဲ့ ထမင်းနဲ့ဟင်းကို လယ်ထဲမှာ အဆင်သင့်စားရုံပဲပေါ့။

အခုက အမေမရှိတော့ ချက်မယ့်ပြုတ်မယ့်လူက မရှိတော့ဘူး၊ အကိုကြီးရဲ့မိန်းမဆိုတာကလည်း ကလေးတစ်ဖက်နဲ့မို့ မနက်အစောမထနိုင်ဘူးလေ၊ နို့ညှာ ညီမနဲ့ အငယ်မဆိုတာကလည်း မနက်မိုးလင်းရင် အမေက ပါးစပ်အမြှောက်ပစ်နှိုးတော့မှ ကုန်းရုန်းထကြတဲ့သူတွေမဟုတ်လား၊ ဒီတော့ နောက်ဆုံး ချက်ဖို့ပြုတ်ဖို့တာဝန်က ကျုပ်ပုခုံးအပေါ်ကို ရောက်လာတာပေါ့ဗျာ။

“အလတ်ကောင်ရေ၊ ထတော့ဟ”

အမေက အိပ်ရာထဲကနေလှမ်းအော်တယ်၊ သူကိုယ်တိုင်လည်း ထဖို့လုပ်တယ်၊ ဒါပေမယ့် ဖျားနေပြီးအားမရှိတော့ မထနိုင်ဘူးပေါ့ဗျာ၊ ကျုပ်လည်း အိပ်ရာကနေထလိုက်ရတယ်၊ မနက်လေးနာရီကျော်နေပြီပေါ့ဗျာ။

ထပြီးတော့ မျက်နှာမသစ်နိုင်သေးဘူး မီးဖိုချောင်ထဲအရင်ဝင်ရတယ်၊ မီးမွှေးပြီးတော့ ထမင်းအိုးထဲကို ဆန်ထည့်ဆေးပြီး ထမင်းတစ်အိုးကောက်တင်ရတယ်၊ မီးကနည်းနေတယ်လို့ ထင်တာနဲ့ ထင်းတုံးများများကောက်ထည့်လိုက်တာပေါ့ဗျာ။

ပြီးတော့မှ မျက်နှာသစ်ရတယ်၊ ဆားလက်တစ်ဆုပ်လောက်နဲ့ သွားကိုသေသေချာချာကျကျနနတိုက်ပြီးတော့ မျက်နှာကိုဆပ်ပြာနဲ့ပွတ်နေတုန်း မီးဖိုခန်းထဲကနေ တရှဲရှဲနဲ့အသံတွေကြားနေရပြီဗျ၊ ကျုပ်လည်း လန့်ပြီးတော့ မီးဖိုချောင်ထဲကို ပြေးဝင်လိုက်တော့ ထမင်းအိုးက ဝေကျနေပြီးတော့ တရှဲရှဲနဲ့ အသံတွေမြည်နေပြီဗျ၊ ကမန်းကတန်းနဲ့ ဒန်အိုးဖုံးကိုလက်နဲ့ပြေးကိုင်လိုက်တော့ ဒန်အိုးဖုံးကလည်း ပူလိုက်တာဗျာ၊ လက်ပူရင် နားရွက်ကိုကိုင်ရတယ်ဆိုလို့ လန့်ပြီး နားရွက်ကိုကိုင်လိုက်တော့ အဲဒီဒန်အိုးဖုံးက ကျုပ်ခြေမပေါ်ကို ဒေါင်လိုက်ပြုတ်ကျတာပဲ။ အဲဒီခေတ်က ဒန်အိုးတွေဆိုတာ ဒန်အသားအထူကြီးတွေဗျ၊ ခုခေတ်လို ပါးပါးလှပ်လှပ်ကလေးတွေမဟုတ်ဘူးဆိုတော့ ကျုပ်ဘယ်လောက်နာမယ်ဆိုတာ ခင်ဗျားတို့ပဲ စဉ်းစားသာကြည့်တော့ဗျာ။ မီးဖိုချောင်ထဲမှာ ကျုပ်တစ်ယောက်တည်း နားရွက်ကိုင်ရင်း ခြေထောက်တစ်ဖက် လေပေါ်မြှောက်ရင်းခုန်နေတဲ့ ကျုပ်ရဲ့အဖြစ်ကို ခင်ဗျားတို့မြင်မိရင် ရယ်မိမှာ အသေအချာပဲဗျာ။

ဒီလိုနဲ့ ထမင်းဟင်းချက်ပြုတ်ရင်း မနက်ခြောက်နာရီခွဲလောက်ကျတော့ အားလုံးပြီးစီးသွားပြီပေါ့၊ ဟင်းကတော့ လွယ်တဲ့ ကြက်ဥကြော်ရယ်၊ ခရမ်းချဉ်သီးငါးပိချက်ကတော့ မပါမဖြစ်ပေါ့ဗျာ၊ အမေမရှိတော့ ဟင်းကတော့ ဘယ်စုံမလဲ၊ ဒီလိုပဲဖြစ်သလိုစားရတာပေါ့ဗျာ။

အဖေနဲ့အကိုကြီးက မျက်နှာတွေဘာတွေသစ်ပြီးတော့ ခုံတန်းမှာထိုင်တယ်၊ လယ်ထဲအတူတူဆင်းမယ့် နို့ညှာညီမနဲ့ ညီမငယ်လည်း လာထိုင်တာပေါ့ဗျာ။ နောက်ဆုံးအငယ်ကောင်က မျက်နှာကမန်းကတမ်းသစ်ပြီး ထမင်းစားပွဲမှာထိုင်လိုက်တော့ အားလုံးလူစုံပြီပေါ့။ ကျုပ်လည်း ဟင်းခွက်တွေကို ချပေးလိုက်တယ်၊ ကြက်ဥကြော်ကို ပန်းကန်ပြားတစ်ချပ်ထဲ ကြော်ပြီးတော့ ချတယ်၊ ကြက်ဥငါးလုံးတောင်ကြော်ထားတာမို့လို့ ကြက်ဥကြော်က ကြီးကြီး ဝိုင်းဝိုင်းကြီးပေါ့၊ ပြီးတော့ ခရမ်းချဉ်သီးငါးပိချက်ပန်းကန်ချတယ်။ ပြီးတာနဲ့ အမေကြော်ထားတဲ့ မြေပဲဆန်ကြော်လေးတစ်ခွက်ချပေးလိုက်တော့ ဟင်းတွေက အဆင်သင့်ဖြစ်သွားပြီပေါ့ဗျာ၊ ထမင်းတွေကိုလည်း ပန်းကန်ထဲထည့်ပြီးတော့ အားလုံးရဲ့အရှေ့ကိုချပေးလိုက်တယ်၊ အဖေက ကျုပ်ချပေးတဲ့ထမင်းပန်းကန်ကို သေသေချာချာကြည့်နေတယ်။

“အလတ်ကောင်၊ မင်းဟာက ထမင်းလား၊ မုန့်စိမ်းပေါင်းကြီးလား”

ထမင်းတွေ အပွက်လွန်ပြီး စေးကပ်သွားတာဆိုတော့ ထမင်းစေ့တွေပျောက်ပြီးတော့ ထမင်းက မုန့်စိမ်းပေါင်းတုံးကြီးလိုဖြစ်နေပါရောဗျာ၊ ထမင်းကိုယောက်မနဲ့ခူးထားတော့ ပန်းကန်ထဲမှာ အတုံးလေးတွေဖြစ်နေတာပေါ့။

“ဟာ အဖေကလည်းဗျာ၊ အတုံးလေးတွေဆိုတော့ နယ်ဖတ်စရာမလိုတော့ဘူးပေါ့၊ လက်နဲ့ကိုင်ပြီးတော့ ဟင်းနဲ့တို့ပြီး စားရုံပဲ”

အဖေ့မျက်နှာက ရှုံ့မဲ့သွားတယ်၊ ဒါပေမယ့် ကျုပ်ကိုဘာမှတော့မပြောဘူးဗျ၊ အကိုကြီးကတော့ ဟင်းချေးမများတက်ဘူးဗျ၊ ကျုပ်ကြော်ထားတဲ့ ကြက်ဥကြော်ကို တစ်ဖဲ့ဖဲ့လိုက်ပြီးတော့ ပါးစပ်ထဲကိုပစ်ထည့်ပြီး ဝါးလိုက်တာပဲ။

“အား . . . ခါးလိုက်တာ ထွီ”

အကိုကြီးက သုံးလေးချက်ဝါးပြီးတာနဲ့ တခြားဘက်ကိုလှည့်ပြီးထွေးထုတ်လိုက်တာပဲဗျာ၊ နောက်တော့ ကျုပ်ကိုလှည့်ကြည့်တယ်။

“အလတ်ကောင်၊ ကြက်ဥကို ဘယ်လိုကြော်ထားတာလဲ”

ကျုပ်ကတော့ ကိုယ့်အကြောင်းကိုယ်သိတာမို့ ဘာမှမပြောဘဲနဲ့ ရယ်ကျဲကျဲနဲ့ကြည့်နေတာပေါ့ဗျာ၊ အကိုကြီးက ပန်းကန်ပေါ်က ကြက်ဥကြော်အချပ်ကြီးကို လက်နဲ့ကိုင်ပြီး တစ်ဖက်ကိုဆွဲလှန်လိုက်တယ်ဆိုရင်ဘဲ မည်းတူးပြီးချပ်ပြားကြီးဖြစ်နေတဲ့ ကြက်ဥကြော်တစ်ဖက်ခြမ်းကို တွေ့သွားပါရော။

“ဟဲ့ကောင်ရာ၊ ဟိုဘက်အခြမ်းက ဒယ်အိုးဖင်ကြီးလိုဖြစ်နေပါရောလားကွ”

“ဟဲ . . . ဟဲ၊ မီးပြင်းသွားတော့ ကြက်ဥကြော်တွေ တူးသွားတာအကိုကြီးရ၊ ဒါပေမယ့်မပူပါနဲ့၊ ဒီဘက်အခြမ်းကို ဟောဒီလိုအပေါ်ယံကလေး လက်နဲ့ခြစ်ယူပြီး စားလို့ရပါတယ်”

ကျုပ်လည်း ကြက်ဥရဲ့မကျက်တကျက်ဖြစ်နေတဲ့အခြမ်းကို လက်ချောင်းလေးတွေနဲ့ခြစ်ပြီးတော့ ကလော်စားပြလိုက်သေးတာပေါ့၊ လက်ချောင်းနဲ့ခြစ်ရင်း တူးနေတဲ့အပိုင်းအစတွေပါလာလို့ ပါးစပ်ထဲမှာ ခါးသွားတာပဲဗျာ၊ ချက်ချင်းထွေးထုတ်ချင်ပေမယ့် ကိုယ်ချက်ထားတဲ့လက်ရာဆိုတော့လည်း ဘာမှမပြောတော့ဘဲ ကြိတ်မှိတ်ပြီးမြိုချလိုက်တာပေါ့ဗျာ။

အငယ်မက အတုံးလိုက်ဖြစ်နေတဲ့ ထမင်းတုံးပေါ်ကို ခရမ်းချဉ်သီးငါးပိချက် တစ်ဇွန်းခပ်ပြီး ဆမ်းလိုက်တယ်၊ ပြီးတော့ ထမင်းတုံးလေးကို လက်နှစ်ချောင်းနဲ့ကိုင်ပြီး အသာကိုက်ဝါးလိုက်တယ်ဗျ။

“အောင်မယ်လေး၊ ငန်လိုက်တာ ထွီ . . . ထွီ”

တစ်အိမ်လုံးက ကျုပ်ကိုဝိုင်းကြည့်တာပေါ့ဗျာ၊ ကျုပ်လည်း ခရမ်းချဉ်သီးငါးပိချက်ကို လက်ညိုးနဲ့တို့ပြီးတော့ ပါးစပ်ထဲထည့်လိုက်တယ်။

“မဆိုးပါဘူးအငယ်မရ၊ ငါးပိချက်ချက်နေရင်း ဆားကိုထည့်ပြီးပြီလား၊ မထည့်ရသေးဘူးလားဆိုတာ မသေချာတာနဲ့ နှစ်ခါထည့်လိုက်မိတာ၊ မဆိုစလောက်လေးငန်တာပါ၊ ထမင်းနဲ့တွဲစားရင်အတော်ပဲ”

မဆိုစလောက်ငန်တယ်သာပြောတာ ကျုပ်လက်ရာကိုကျုပ်သိနေပြီ၊ ခရမ်းချဉ်သီးငါးပိချက်က ငန်လွန်းလို့ လည်ချောင်းထဲကိုမြိုချလိုက်တာတောင် အာခေါင်ခြောက်ပြီးတော့ ရေကချက်ချင်းဆာလာတာဗျာ၊ သူတို့မရိပ်မိအောင်လို့ မသိမသာလေးထပြီးတော့ ရေအိုးကနေ ရေသုံးခွက်လောက် ဆက်တိုက်သောက်ချလိုက်မှာပဲ ရေငတ်ပြေသွားတော့တယ်၊ နောက်တော့အငယ်မ ထမင်းပန်းကန်ကိုင်ပြီးတော့ မတ်တပ်ရပ်လိုက်တယ်။ အဖေက အငယ်မကိုကြည့်ပြီး

“ဟဲ့ အငယ်မ၊ ဘယ်သွားမလို့လဲ”

“ဘယ်သွားရမလဲအဖေရ၊ အကိုလတ်ချက်တဲ့ဟင်းတွေက စားလို့မှမရတာ၊ ဒီတော့ ဒီထမင်းပြဲပြဲလေးကိုပဲ ဆီနဲ့ဆားနဲ့နယ်ပြီး မြေပဲဆန်ကြော်လေးနဲ့ပဲ စားတော့မယ်”

အဖေက ခေါင်းညိတ်ပြီးတော့

“အေးကောင်းတယ်၊ ရော့၊ ငါ့လဲနယ်ပေးစမ်း”

အဖေကပါ သူ့ထမင်းပန်ကန်ကို အငယ်မကိုလှမ်းပေးလိုက်တယ်၊ နို့ညှာညီမကတော့ ကျုပ်ချက်ထားတဲ့ ထမင်းတုံးကို ဒီအတိုင်းကိုက်စားနေတယ်။ ပြီးတော့ ကျုပ်ကိုကြည့်ပြီး

“နောက်ဆို ထမင်းအိုး အပြဲလွန်သွားရင် အိုးကြီးကြီးနဲ့လှယ်ပြီး ဆန်ပြုတ်သာပြုတ်လိုက် အကိုလတ်ရေ၊ ဆန်ပြုတ်ဖြစ်သွားရင်တောင် ဒီထက်စားကောင်းအုံးမယ်”

ကျုပ်လည်းအကြံရသွားတာပေါ့။

“အေးဟ၊ ဆန်ပြုတ်ဆိုရင် ဟင်းချက်စရာလည်းမလိုတော့ဘူး၊ ဆားခတ်သောက်ရုံပဲ၊ အေး . . . နင်ပြောတဲ့အကြံကောင်းတယ်”

ကျုပ်ပြောနေတုန်းရှိသေးတယ် အဖေ့အရှေ့နားက ရေနွေးကြမ်းပန်းကန်လုံးက ကျုပ်ဆီကိုပျံထွက်လာတာပေါ့ဗျာ၊ ကျုပ်လည်း အရှောင်အတိမ်းက ကျွမ်းပြီးသားဆိုတော့ ချက်ချင်းငုံ့ရှောင်လိုက်တာပေါ့။ အဖေက ဒေါ်သထွက်ထွက်နဲ့

“ဟေ့ကောင်၊ အဲဒါမင်းကို တမင်ရွဲ့ပြောနေတာကွ”

“ဟာ အဖေကလည်း၊ တစ်ခါတစ်လေတော့ အဆင်မပြေတာလေးတွေ ရှိမှာပေါ့ဗျ၊ မပူနဲ့၊ ညစာကိုတော့ အဖေတို့စိတ်တိုင်းကျ စပါယ်ရှယ် . . .”

“တော်စမ်း၊ နောက်ဆို မင်းထမင်းချက်ဖို့မပြောနဲ့ မီးဖိုနားတောင်မသီနဲ့ကွာ၊ ချက်ဖို့ပြုတ်ဖို့ကို အရီးပြုံးကို အကူအညီတောင်းလိုက်မယ် . . . မင်းချက်တာသာ ဆက်စားလို့ကတော့ ငါတော့ သွေးတိုးပြီးသေမှာပဲ”

အဖေက ဒေါသထွက်ထွက်နဲ့ ထမင်းဝိုင်းက ထထွက်သွားတယ်ဗျ၊ ဒီလိုနဲ့ ကျုပ်လည်း တစ်မနက်နဲ့တင် အိမ်ရဲ့စားဖိုမှူးရာထူးကနေ ပြုတ်သွားပါရောလားဗျာ။

(၂)

“စုန်းတွေက ဖျားတတ်တယ်လား၊ ကျုပ်ကြားဖူးတာကတော့ စုန်းဆိုတာ မဖျားဘူး၊ မနာဘူးဆို”

ကျုပ်မေးလိုက်တော့ ဦးဘသာက ကျုပ်ကိုမျက်စေ့မှေးပြီးကြည့်တယ်ဗျ။

“မင်းကတော့ ဘယ်က ပုံပြင်တွေဖတ်မိပြန်ပြီလဲမသိပါဘူးကွာ၊ မှတ်ထားကွာ၊ စုန်းဆိုတာလည်း အသွေးအသားနဲ့ဖွဲ့စည်းထားတာပဲ၊ ခန္ဓာရှိရင် ဝေဒနာရှိတယ်ကွ၊ စုန်းမပြောနဲ့ မင်းတို့ဘုရားတောင်မှ ကိုးဆယ့်ခြောက်ပါးရောဂါနဲ့ မကင်းလို့ သမားတော်ဇီဝက က စောင့်ရှောက်ပေးရတယ်ဆို”

ဦးဘသာက ကျုပ်ကိုခပ်ပြတ်ပြတ်ပဲပြောတာ၊ သူလည်း နေမကောင်းဖြစ်နေတာကိုးဗျ၊ ကျုပ်လည်း သူ့ကိုမျက်နှာလုပ်ချင်တော့ ကျုပ်ချက်ထားတဲ့ ထမင်းဟင်းလေးတွေပို့ပေးတာပေါ့၊ တစ်ယောက်တည်းနေတဲ့လူက ဖျားနေတာဆိုတော့ ဘယ်ချက်ပြုတ်စားနိုင်ပါ့မလဲဗျာ။ အိမ်မှာလည်း စားတဲ့လူမှ မရှိတာကိုး။

“ဒါနဲ့ မင်းအမေရာ မမာဘူးဆိုကွ”

“ဟုတ်ပါ့ဦးဘသာရာ၊ အမေလည်း သွေးနဲ့သားနဲ့တည်ဆောက်ထားတာမို့ ဖြစ်မှာပေါ့”

“အေးအေး၊ ငါအိပ်လိုက်အုံးမယ်၊ မင်းပြန်တော့”

ဦးဘသာက ကျုပ်ကိုအတင်းနှင်လွတ်တယ်ဗျ၊ ကျုပ်လည်း သူ့ကိုမျက်စောင်းထိုးကြည့်လိုက်တော့ ဦးဘသာက

“မင်း ငါ့အနားရှိနေရင် ငါစကားတွေအများကြီး ပြောရလွန်းလို့ပါကွာ၊ ငါတောင်းပန်ပါတယ်၊ သွားပါတော့”

ကျုပ်ကိုတောင်းတောင်းပန်ပန်နဲ့ ပြောနေတော့တာပဲ၊ ကျုပ်လည်း သူ့ကိုသနားသွားတာနဲ့ ထမင်းခွက်၊ ဟင်းခွက်တွေချပေးခဲ့ပြီးတော့ ထသွားတာပေါ့ဗျာ။

(၃)

“ချမ်းတယ် . . . ချမ်းတယ်”

ညနေငါးနာရီလောက်ရောက်တော့ အမေက တုန်နေတာပဲဗျ၊ ကျုပ်တို့လယ်ထဲက ပြန်လာတဲ့အချိန်ပေါ့၊ အငယ်မကတော့ အမေ့ကိုအနီးကပ်ပြုစုနေတယ်၊ ကျုပ်အိမ်ပေါ်တက်ပြီး အမေ့ကိုကြည့်လိုက်တော့ အမေက အတော်ကိုချောင်ကျနေတာပဲဗျာ၊ မျက်လုံးကိုပြူးထွက်နေတာပဲ၊ သုံးလေးရက်အတွင်း အမေအတော်ကျသွားတာပဲ။ တစ်ကိုယ်လုံးကတော့ ကျသွားပေမယ့် အမေ့ဗိုက်က ပူလို့ဗျ။

“ဟဲ့အငယ်မ၊ အမေ့ကိုဆေးတိုက်ပြီးပြီလား”

“တိုက်တော့တိုက်တယ်၊ အမေက ဘာမှစားလို့ သောက်လို့မရဘူး၊ ရေတိုက်ရင်တောင် အန်အန်ထွက်နေတာ”

ဒီအချိန်မှာပဲ အမေ့ဘက်က အမျိုးတော်တဲ့ အရီးပြုံးက အိမ်ပေါ်ကိုတက်လာခဲ့တယ်ဗျ၊ လက်ထဲမှာလည်း ဆန်ပြုတ်တစ်ခွက်ကိုင်လို့ပေါ့ဗျာ။ ပြီးတော့ အမေ့ရှေ့မှာဝင်ထိုင်တယ်။

“အစားတစ်ခုခုတော့ ဝင်အောင်စားလိုက်မသန်း၊ အစာမဝင်ရင် နင်လဲသွားမှာပေါ့”

အရီးပြုံးက ဆန်ပြုတ်တစ်ဇွန်းခပ်လိုက်ပြီးတော့ တဖူးဖူးမှုတ်လိုက်တယ်၊ ဆန်ပြုတ်က ကြက်သားနဲ့ပြုတ်ထားတာမို့လို့ အဆီလေးတွေဝေ့ပြီးတော့ မွှေးနေတာပဲဗျာ၊ အပေါ်ကနေ ဆီချက်မွှေးမွှေးကလေးလည်း ဆမ်းထားတာကိုး။ နောက်တော့ အရီးပြုံးက ဆန်ပြုတ်ဇွန်းကို အမေ့ကိုလှမ်းခွံ့တယ်၊ အမေက ပါးစပ်ကိုယဲ့ယဲ့ကလေးဟပြီးတော့ ဆန်ပြုတ်ကိုရှူးခနဲသောက်လိုက်တယ်ဗျ။

“ကောင်းလိုက်တာ အရီးပြုံးရယ်”

“ကောင်းရင်များများသောက်၊ ဒီတစ်ပန်းကန်တော့ ဝင်အောင်သောက်”

အရီးပြုံးက ဆန်ပြုတ်နောက်တစ်ခွက်ခပ်နေတုန်းရှိသေးတယ် အမေက ဝေါ့ခနဲပျို့တက်လာပြီး ဆန်ပြုတ်တွေကို ပြန်အန်ထုတ်လိုက်တာပဲဗျာ။ ဆန်ပြုတ်တွေရော၊ ရေတွေရောပါတယ်၊ အရီးပြုံးလဲ ပေကျံကုန်တာပေါ့။ အငယ်မက ရေတစ်ခွက်ယူလာပြီး အမေ့ကိုတိုက်တယ်။ အမေက ရေတစ်ကျိုက်မော့သောက်လိုက်ပြီးတော့ ခုနကအတိုင်း ပြန်အန်ထုတ်ပါရောဗျာ။

“ဟဲ့မသန်း၊ ညည်းမစားနိုင်ဘူးလား”

“ဆာတော့ဆာတယ် အရီးပြုံးရယ်၊ ဒါပေမယ့် စားတိုင်းအန်၊ သောက်တိုင်းအန်နေတာဆိုတော့ မစားချင်၊ မသောက်ချင်တော့ပါဘူးရှင်၊ အန်ရတာလည်း ပင်ပန်းလိုက်တာ”

အမေ့အန်ဖတ်တွေပေသွားတဲ့ အဝတ်အစားတွေကိုလဲပေးပြီးတော့ အမေလည်းပြန်လှဲပြီးအိပ်သွားတာပေါ့ဗျာ၊ ကျုပ်ဖြင့် အမေ့ကိုကြည့်ပြီး စိတ်တောင်မကောင်းဘူး၊ အမေ့လက်ကလေးတွေဆိုလည်း ပိန်ပိန်ကလေးပဲရှိတော့တာ၊ ဒါတောင်မှ ဖျားတာက သုံးရက်လောက်ရှိသေးတာဗျ။

ကျုပ်လည်းစိတ်ညစ်ညစ်နဲ့ အိမ်ပေါ်ကဆင်းလာတော့ ဆန်ပြုတ်အနံ့ကမွှေးနေတာပဲဗျာ၊ ဘေးဘီကိုကြည့်လိုက်တော့ လူလည်းရှင်းနေတာနဲ့ မီးဖိုချောင်ထဲဝင်ပြီးတော့ တစ်လုံးချိုင့်ကလေးထဲကို ဆန်ပြုတ်တွေခပ်ထည့်တာပေါ့ဗျာ၊ ဘယ်သူ့အတွက်လဲ ဆိုတာတော့ ခင်ဗျားတို့လည်းသိမှာပါ။ ပြီးတာနဲ့ ဆန်ပြုတ်ချိုင့်ကလေးကို အသာဖွက်ကိုင်ပြီးတော့ အိမ်ထဲကနေ အပြေးထွက်ခဲ့တာပေါ့၊ ကျုပ်ခြံထဲကနေထွက်တော့ အရီးပြုံးက လှေကားကနေဆင်းလာတယ်။ ကျုပ်လည်း မျက်နှာပူတာနဲ့ ခြံထဲကနေ အမြန်ပြေးခဲ့တာပေါ့ဗျာ။

“ရော့ ဦးဘသာစားဖို့ ကျုပ်ပြုတ်လာခဲ့တာ”

ဦးဘသာက လှဲနေရာကနေ ငုတ်တုတ်ထိုင်လိုက်တယ်ဗျ၊ နောက်တော့ ကျုပ်ကိုင်လာတဲ့ တစ်လုံးချိုင့်ကလေးကိုကြည့်တယ်။

“မင်းချက်လာတာဆိုရင်တော့ မစားတော့ပါဘူးကွာ”

“ဟာ၊ ဦးဘသာကတော့ စားစမ်းပါဗျ”

“တော်စမ်းပါကွာ၊ မနက်ကလည်း ထမင်းဟင်းတွေချက်လာတယ်ဆိုလို့ ငါ့မှာ ဗိုက်ဆာဆာနဲ့စားလိုက်တာ၊ မြိုလို့တောင်မရဘူးကွာ၊ ဒါနဲ့ ပန်းကန်ပြားစုတ်ထဲထည့်ပြီး ဂုတ်ကျားကိုကျွေးတာ ငတ်ပြတ်နေတဲ့ ဂုတ်ကျားတောင်မှ မင်းထမင်းကိုမစားဘူးကွ”

ကျုပ်လည်း ရယ်ကျဲကျဲပဲ လုပ်ရတာပေါ့ဗျာ။

“ဦးဘသာကလည်း ကျုပ်က စားစေချင်လို့ပေးတာပါဗျ၊ ရော့ ဒီမှာဆန်ပြုတ်ဗျာ”

ဆန်ပြုတ်ချိုင့်ကိုဖွင့်လိုက်တော့ အနံ့ကမွှေးထွက်လာတာဗျ၊ ဦးဘသာလည်း နှုတ်ခမ်းသပ်ပြီးတော့ ဆန်ပြုတ်ချိုင့်ကိုငေးကြည့်တယ်။

“ဒီလောက်မွှေးကြိုင်နေတာဆိုတော့ သေချာပေါက် မင်းလက်ရာမဖြစ်နိုင်ဘူး”

“ဟီး၊ ဒါက အရီးပြုံးလက်ရာ”

ဦးဘသာက ဇွန်းတစ်ချောင်းသွားယူပြီးတော့ ဆန်ပြုတ်တွေကို အားရပါးရခပ်သောက်တာပဲဗျာ၊ သူ့ပုံစံကြည့်ရတာ အနှစ်နှစ်အလလက ငတ်ပြတ်နေတဲ့လူလိုပဲ၊ တစ်လုံးချိုင့်ထဲက ဆန်ပြုတ်တွေ အကုန်ကုန်အောင်ကို သောက်ထည့်လိုက်တာ၊ ဆန်ပြုတ်ကုန်သွားတော့ ချိုင့်ထဲကို ရေထည့်ပြီးတော့ ရေနဲ့ကျင်းပြီး သောက်လိုက်သေးသဗျ။

“ကောင်းလိုက်တာ၊ မပြုံးလက်ရာ ဒီလောက်ကောင်းမှန်း ငါမသိခဲ့ဘူး”

“စားပါ၊ စားပါ၊ ဒီဆန်ပြုတ်က အမှန်တော့ အမေ့အတွက်ပြုတ်ထားတာ၊ အမေက ဆန်ပြုတ်မပြောနဲ့ ရေတောင်မြိုချမရဘူးဗျာ”

ဦးဘသာက တစ်ချက်တွေးသွားတယ်ဗျ။

“ရေတောင်မြိုမရဘူးတဲ့လား”

ကျုပ်ကိုပြန်မေးတော့ ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်။

“ဒါပေါ့၊ ဆန်ပြုတ်တစ်ဇွန်းစားရင်လည်းအန်၊ ရေတစ်ကျိုက်လောက် သောက်ရင်လည်းအန်၊ ဆေးတောင်သောက်လို့ မရဘူးတဲ့ဗျာ”

“မင်းဟာက ရိုးရဲ့လားကွ”

ကျုပ်လည်း ဦးဘသာကို မျက်စောင်းထိုးလိုက်ပြီး

“ဦးဘသာက ပြောလိုက်ရင်တော့ အမြဲတမ်း၊ ရိုးရဲ့လား၊ ရိုးရဲ့လားနဲ့”

“အေး၊ ငါကလည်း ထူးဆန်းလို့မေးကြည့်တာပါကွာ၊ ဒါနဲ့အခုရက်ပိုင်းမှာ မင်းအမေဘာတွေဖြစ်ခဲ့သေးသလဲ”

ကျုပ်လည်းခေါင်းခါလိုက်ပြီးတော့

“မဖြစ်ပါဘူး၊ အေးဆေးပါပဲ၊ ကဲ ဦးဘသာ ကျုပ်သွားတော့မယ်၊ ဦးဘသာသာ ဆေးကုတတ်လို့ကတော့ ကျုပ်အမေကို ဦးဘသာနဲ့ပဲ ကုပစ်လိုက်ချင်တယ်၊ ခက်တာ ဦးဘသာက ကိုယ့်ဟာကိုယ်တောင် အဖျားကိုမကုနိုင်ဘူးမဟုတ်လား”

ကျုပ်လည်း တမင်ခနဲ့ပြောပြီးတော့ တစ်လုံးချိုင့်ကလေးကိုင်ပြီး ဦးဘသာခြံထဲကနေထွက်လာခဲ့တာပေါ့ဗျာ။

(၄)

“အိမ်မှာထူးဆန်းတာတွေ ဖြစ်နေပြီ”

ကျုပ်ခြံထဲဝင်လိုက်တော့ အရီးပြုံးက အိမ်ရှေ့ခန်းမှာပြောနေတယ်ဗျ၊ အဖေကလည်း သူ့ကိုကြည့်လို့ပေါ့။

“ဘာတွေဖြစ်နေတာလဲဗျ”

“ဘာဖြစ်ရမလဲ သူကြီးရဲ့၊ ညနေက ကျုပ်ဆန်ပြုတ်တွေ တစ်အိုးကြီးပြုတ်ထားတာ၊ အခု တစ်ဝက်လောက်ပဲကျန်တော့တယ်”

“တစ်ယောက်ယောက်သောက်သွားတာဖြစ်မှာပေါ့ဗျာ”

အရီးပြုံးက မယုံချင်ဘူးဗျ။

“မဖြစ်နိုင်ပါဘူး သူကြီးရယ်၊ ဒီအိမ်မှာ ကျုပ်တို့အမြဲရှိနေတာပဲ၊ သေချာပါတယ်၊ ဒါသရဲတွေဘာတွေ သောက်သွားတာဖြစ်မှာ”

“သရဲသောက်တာမဟုတ်ဘူးဗျို့၊ စုန်းသောက်တာဗျ”

ကျုပ်လည်း ချိုင့်ကလေးဆွဲပြီး အဖေ့ရှေ့က ခုံမှာဝင်ထိုင်လိုက်တော့ အရီးပြုံးက တအံ့တဩနဲ့

“ဟယ်၊ စုန်းတဲ့လား၊ ပြောစမ်း ဘယ်ကစုန်းလဲ”

“ဦးဘသာပေါ့ဗျာ၊ သူလည်းဖျားနေတယ်မဟုတ်လား၊ ဒါနဲ့ ကျုပ်လည်း ဆန်ပြုတ်ခပ်ပြီး သူ့ကိုသွားပို့လိုက်တာ၊ ကဲ ရှင်းပြီလား”

ကျုပ်ပြောတော့မှ အရီးပြုံးက ကျုပ်ကိုမျက်စောင်းထိုးတယ်၊ နဂိုကတည်းက အဖေက အရီးပြုံးနဲ့ သိပ်စကားကြောမတည့်ဘူးမဟုတ်လား၊ ဒါနဲ့ အဖေက ကျုပ်ကိုကြည့်ပြီးတော့

“ဦးဘသာအတွက် ပို့မယ်လို့ပြောရင် ငါတို့က တားမလားကွ၊ တကယ်ဆိုရင်တော့ မင်းဆန်ပြုတ်သွားပို့မယ်ဆိုတာကို တစ်ယောက်ယောက်ကိုတော့ ပြောသင့်တာပေါ့၊ အခုတော့ တစ်ချို့တွေက ထင်ချင်ရာတွေ ထင်ကုန်ပြီမဟုတ်လား”

အဖေက အရီးပြုံးကိုစောင်းငဲ့ကြည့်ပြီးပြောလိုက်တော့ အရီးပြုံးက အဖေ့ကိုမျက်စောင်းလှမ်းထိုးပြီးတော့ အိမ်ပေါ်တက်သွားတာပဲဗျာ။

“ဒါနဲ့အဖေ၊ အမေ မသက်သာရင် ဘယ်လိုဆက်လုပ်မလဲ၊ အစားမဝင်၊ ရေမဝင်နဲ့ဆိုတော့”

အဖေက သက်ပြင်းချပြီး

“အေး၊ ငါအားလုံးတွေးထားပြီးသားပါ၊ မနက်ဖြန်မှ အခြေအနေမဟန်လို့ကတော့ ဆေးရုံတင်ရမယ်ကွ”

ကျုပ်လည်းခေါင်းညိတ်ပြီး ထိုင်ခုံကနေထဖို့လုပ်လိုက်တယ်။ ဒါပေမယ့် ကျုပ်ခေါင်းထဲ သတိတစ်ခုရလိုက်တယ်။

“ဪ၊ ဒါနဲ့အဖေ၊ အမေက အခုရက်ပိုင်းအတွင်း ဘာတွေထူးခြားသေးသလဲ”

အဖေက တစ်ချက်စဉ်းစားပြီးတော့

“ဘာထူးခြားသလဲဆိုတော့ . . . .၊ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတော့ ဒေါ်ကြွယ်တို့သားအမိတွေနဲ့ ရန်ဖြစ်ကြသေးတယ်ကွ”

“ဟင်၊ ကျုပ်လည်းမသိရပါလား”

“မင်းက အဲဒီတုန်းက ပြန်မှမရောက်သေးတာ”

“ဘာလို့ဖြစ်တာလဲဗျ”

“သူ့ကြောင့်တော့မဟုတ်ပါဘူး၊ သူ့တူမက ဒေါ်ကြွယ်တို့သားအမိကို ပိုက်ဆံချေးတယ်တဲ့ကွာ၊ ပိုက်ဆံပြန်တောင်းတော့ သမီးကလည်း အမေလိုလို၊ အမေကလည်း သမီးလုပ်တာလိုလို လွှဲချနေတာတဲ့၊ ဒါနဲ့ မင်းအမေက သူ့တူမကိုယ်စား လူမိုက်သွားလုပ်ပေးတာပဲဟေ့၊ အဲဒီမှာ ဆဲကြဆိုကြနဲ့ ရန်တွေဖြစ်ကြတာပေါ့”

ဒီအချိန်မှာပဲ အိမ်ပေါ်ထပ်က အော်သံတွေကြားရတယ်ဗျ၊ ပြီးတော့ အရီးပြုံးက ကြောက်လန့်တကြားနဲ့ အိမ်ပေါ်ကနေပြေးဆင်းလာတယ်။

“မသန်းက အပမှီနေတာ သူကြီး၊ သူ့ကို ပယောဂ ဝင်နေတာဖြစ်မယ်”

အဖေနဲ့ကျုပ်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တာပေါ့ဗျာ၊ အရီးပြုံးကဆက်ပြီး

“ဒါမျိုးကတော့ မှတ်ကြီးက ကျွမ်းတယ်ဟဲ့၊ မှတ်ကြီးကို သွားပင့်ချေ”

ကျုပ်က ဦးမှတ်ကြီးအကြောင်းသိနေတာဆိုတော့ သွားမပင့်ချင်ဘူးဗျာ၊ ဒါနဲ့ အဖေ့ကိုကြည့်လိုက်တယ်၊ အဖေကလည်း ကျုပ်အကြည့်ကိုနားလည်မှာပါ၊ ဒါပေမယ့် အဖေက စကားများများမပြောချင်လို့ထင်ပါတယ်။

“အလတ်ကောင်၊ ဦးမှတ်ကြီးကို သွားပင့်ကွာ”

အဖေ့စကားကြားတော့ ကျုပ်လည်း မငြင်းသာတော့ဘဲ ဦးမှတ်ကြီးအိမ်ကို အမြန်ပြေးခဲ့ရတာပေါ့ဗျာ။

“ဦးမှတ်ကြီး . . .ကျုပ် . . . ကျုပ်အမေ အပမှီနေလို့ဗျ”

ကျုပ်လည်း ဦးမှတ်ကြီးအိမ်ထဲကိုပြေးဝင်လိုက်ပြီးတော့ အမောတကောနဲ့ ပြောလိုက်တော့ ဦးမှတ်ကြီး က ရေနွေးသောက်မပျက်ဘူးဗျာ။

“မင်းတို့ ဘသာကို သွားမခေါ်ဘူးလား”

“ဦးဘသာကြီးက နေမကောင်းဘူးဗျ”

ဦးမှတ်ကြီးလည်း အဲဒီတော့မှ ပုဆိုးပြင်ဝတ်ပြီးတော့ နံရံမှာအသင့်ချိတ်ထားတဲ့ သူ့ရဲ့ဆေးကုတဲ့လွယ်အိတ်ကိုဖြုတ်လိုက်ပြီးတော့ ဘုရားကျောင်းဆောင်ပေါ်က ကြိမ်လုံးတစ်လုံးကိုဆွဲရင်း ကျုပ်နောက်ကိုလိုက်ခဲ့တာပေါ့ဗျာ၊ မတတ်တခေါက်တတ်တဲ့ ဦးမှတ်ကြီးကို ဆရာတင်ပြီး ပြေးခေါ်ရတာက အောက်ကျမှန်းတော့သိပေမယ့် ကျုပ်မှာလည်းအဖေ့အမိန့်အရမဟုတ်လား၊ နောက်ပြီး ကိုယ့်အမေဖြစ်နေတာဆိုတော့လည်း သူ့ကိုမျက်နှာငယ်နဲ့သွားခေါ်ရတာပေါ့ဗျာ။

ကျုပ်လည်း ပြန်လာရင်း ဦးဘသာအိမ်ရှေ့ရောက်တော့ ဦးဘသာအိမ်ထဲမှာ မီးလင်းနေတာတွေ့တာနဲ့ အိမ်ကိုမပြန်တော့ဘဲ ဦးဘသာအိမ်ကိုဝင်လိုက်တာပေါ့ဗျာ၊ ပယောဂဆိုရင် ဦးမှတ်ကြီးက နိုင်မှမနိုင်တာ၊ ဦးဘသာကပဲ လုပ်ပေးနေကျဆိုတော့ ကျုပ်လည်း သူ့ကိုအားကိုးမိတာပေါ့။

“ဦးဘသာ . . . ဦးဘသာ”

“အလတ်ကောင်ပါလား၊ အမောတကောနဲ့ ဘာဖြစ်လာတာလဲ”

“ကျုပ်အမေကို အပမှီတယ်ဆိုလို့ဗျ”

ဦးဘသာအိမ်ပေါ်တက်လိုက်တော့ ဦးဘသာက အိပ်မလို့ပြင်နေတယ်တူပါရဲ့ဗျာ၊ အချိန်ကတော့ စောသေးတယ်ဗျ၊ ခြောက်နာရီကျော်လောက်ပဲရှိအုံးမယ်။

“မင်းပြောတော့ ရိုးပါတယ်ဆို”

“အခုတော့ မရိုးဘူးဗျ၊ အမေက ဘာစားစား ဘာသောက်သောက်မဝင်ဘူး၊ နောက်ပြီး အခုတော့ သရဲပူးသလိုလို ကပ်သလိုလိုဖြစ်နေတယ်တဲ့၊ ပြီးတော့လည်း လွန်ခဲ့တဲ့နှစ်ပတ်လောက်က မြောက်ပိုင်းက ဒေါ်ကြွယ်တို့သားအမိနဲ့ ရန်တွေဖြစ်ကြတယ်ဆိုပဲ။

ကျုပ်ပြောလိုက်တာနဲ့ ဦးဘသာက ချက်ချင်းခေါင်းထောင်လာပြီးတော့ ငုတ်တုတ်ထိုင်ချလိုက်တာပဲ။

“အခုမင်းတို့ဘယ်လိုလုပ်ကြမလဲ”

“အရီးပြုံးနဲ့ အဖေက ဦးမှတ်ကြီးကို ပြေးခေါ်ခိုင်းတာနဲ့ ကျုပ်လည်းအခုပြေးခေါ်ပြီး ပြန်လာတာ”

ဦးဘသာက မျက်နှာမဲ့လိုက်ပြီး

“မှတ်ကြီးက မကြွယ်ကို ဘယ်နိုင်မှာလဲကွ”

ကျုပ်လည်း မျက်လုံးပြူးသွားတယ်။

“ဒါဆို မကြွယ်က စုန်းလား”

ဦးဘသာ မျက်နှာတစ်ချက်ပျက်သွားတယ်ဗျ၊ သူ့ပါးစပ်က လွတ်ခနဲထွက်သွားတာကိုး၊ နောက်တော့ သူလည်းခေါင်းညိတ်လိုက်တယ်။

“မင်းကိုငါတစ်ခါပြောဖူးသားပဲ၊ တို့ရွာမှာ စုန်းအတတ်တွေတတ်ပေမယ့် စုန်းလို့လူသိမခံတဲ့လူတွေ အများကြီးရှိတယ်ဆိုတာလေကွာ”

ကျုပ်လည်း ဦးဘသာအနားကို ပြေးထိုင်လိုက်တယ်။

“ဟာ၊ ဒါဆို မကြွယ်ကစုန်းမကြီးပေါ့၊ လုပ်စမ်းပါဗျာ၊ ကျုပ်အမေကို ကယ်ပေးပါ”

“အေးပြီးရော၊ မင်းအိမ်မှာ မှတ်ကြီးရှီတယ်ဆိုတော့ ငါမလိုက်တော့ဘူး၊ ငါလည်းနေမကောင်းဘူးဆိုတော့ ဒီကနေလှမ်းကုပေးမယ်၊ လာ ဒီနားထိုင်၊ ဟိုဖက်ကိုလှည့်စမ်း”

ကျုပ်လည်း သူထိုင်နေတဲ့ဖျာပေါ်ကိုတက်ထိုင်ပြီးတော့ သူလှည့်ခိုင်းတဲ့အတိုင်း သူ့ကိုမျက်နှာမမူဘဲနဲ့ လမ်းပေါ်ကိုမျက်နှာမူပြီး ထိုင်လိုက်တယ်၊ သူနဲ့ဆိုဘေးစောင်း အနေအထားဖြစ်နေတာပေါ့ဗျာ၊ ဦးဘသာက ကျုပ်နဖူးကို သူ့လက်ဝါးနဲ့အုပ်ပြီးတော့

“မင်းကို အောက်ဝိဇ္ဇာ၊ ကဝေဝိဇ္ဇာ တွေရဲ့ အမြင်ဓါတ်ဖွင့်ပေးမယ်နော်၊ မင်းမျက်လုံးကိုမှိတ်ထား၊ ပြီးရင် မင်းတို့အိမ်ကို အာရုံပြုထား”

ကျုပ်လည်းခေါင်းညိတ်ပြီးတော့ မျက်လုံးမှိတ်ထားလိုက်တယ်၊ ဦးဘသာက ကျုပ်နဖူးကိုလက်နဲ့ခပ်ဖွဖွအုပ်ထားရင်း

“ကာကနီလေးဖော်၊ ဇော်ဂနီလေးပါး၊ ကတော်ကိုးပါးနှင့် ခုနစ်ထွေကဝေမျိုးတို့ အမြင်ဓါတ်ဖွင့်ပေးပါ၊ အမြင်ဓါတ်ဖွင့်ပေးပါ၊ အမြင်ဓါတ်ကိုဖွင့်ပေးကြပါ”

ဥိးဘသာက အဲဒီလိုပြောလိုက်ပြီးတော့ ကျုပ်နဖူးကိုလက်ဝါးနဲ့ ဖြန်းခနဲရိုက်လိုက်တယ်ဆိုရင်ပဲ ကျုပ်ကိုယ်လုံးကြီးက လေပေါ်လွင့်ထွက်သွားသလိုလို၊ ရေထဲမှာ မြောနေသလိုလိုကြီးဖြစ်သွားတယ်။ ကျုပ်မျက်လုံးထဲမှာလည်း မြို့ကြီးတွေရော၊ တောင်ကြီးတွေ၊ သစ်တောကြီးတွေ၊ နောက်ပြီးတော့ လူတွေရော အစုံပဲမြင်တွေ့နေရတယ်ဗျ။

“အာရုံပြုထား၊ မင်းရဲ့အိမ်ကို အာရုံပြုထား”

ကျုပ်လည်း အိမ်အကြောင်းကိုစဉ်းစားလိုက်တာနဲ့ ပတ်ဝန်းကျင်က မြင်ကွင်းတွေက အကုန်လုံးပြောင်းလဲသွားပြီးတော့ ကျုပ်တို့ခြံရှေ့ကိုရောက်သွားတယ်ဗျ။

“မင်းအမေကိုကြည့်ဟေ့”

ကျုပ်လည်း ခြံထဲကနေပြီး အိမ်ထဲကိုဆက်သွားလိုက်တယ်၊ လမ်းလျှောက်သွားရတာနဲ့မတူဘဲ လေပေါ်မှာလွင့်သွားသလိုလို ရွေ့ပြီးရောက်သွားတာဗျ၊ အိမ်ပေါ်ကိုလှမ်းတက်မယ်လုပ်တော့ လှေကားရင်းမှာ လူကြီးတစ်ယောက်မတ်တပ်ရပ်နေတယ်။

“ဟေ့ကောင်လေး နေအုံး”

ကျုပ်ကိုအော်လိုက်တော့ ကျုပ်အရှေ့ဆက်သွားမရဘဲ တစ်ခုခုနဲ့တိုက်နေသလို တစ်နေတယ်ဗျ၊ ဒီလူကြီးက ကျုပ်ကိုအသေအချာကြည့်တယ်၊

“ဪ၊ မင်းက ဒီအိမ်ကပဲ”

အဲဒီလိုပြောပြီး ပျောက်သွားတာဗျာ၊ မျက်စိရှေ့တင်ပဲ ဘယ်ရောက်သွားမှန်းမသိဘူး၊ နောက်တော့ ကျုပ်လည်း လှေကားအတိုင်းအိမ်ပေါ်တက်လိုက်တယ်၊ အိမ်ဦးခန်းမှာ ဦးမှတ်ကြီးကထိုင်နေတယ်၊ အမေ့ကို လူတွေဝိုင်းထားတာတွေ့တယ်။

“မင်းအမေကိုသေချာကြည့်စမ်း ဘာမြင်လဲ”

ကျုပ်လည်း အမေ့ကိုသေသေချာချာစိုက်ကြည့်လိုက်တယ်ဗျ။

“မြင်တယ်၊ မြင်တယ် ဦးဘသာ၊ အမေ့ရဲ့လည်ပင်းနားမှာ အနက်ရောင်တွေတွေ့တယ်၊ နောက်ပြီးတော့ ခြေထောက်မှာလည်းတွေ့တယ်”

ဒီအချိန်မှာ ဦးမှတ်ကြီးက အမေ့ဗိုက်ကြီးကိုလှန်ပြီးကြည့်လိုက်တာပဲဗျာ၊ ကျုပ်ကြည့်လိုက်တော့ အမေ့ဗိုက်ထဲမှာလည်း အနက်ရောင်အမှုန်လေးတွေလိုလို အရာတွေက စုနေတာပဲ။

“ဗိုက်ထဲမှာတွေ့တယ်၊ အနက်ရောင်အမှုန်လေးတွေဦးဘသာ၊ မသိရင် ခဲတံကို ဓါးနဲ့ခြစ်လိုက်တဲ့အခါ ကျလာတဲ့အမှုန်မျိုးလေးတွေ”

“အဲဒါ မင်းအမေကို တိုက်ထားတာပဲကွ၊ အစာပိတ်၊ သွေးပိတ်၊ လေပိတ်လုပ်တယ်လို့ခေါ်တယ်၊ ဒါကြောင့် မင်းအမေက ဘာမှစားလို့သောက်လို့မရတာပေါ့ကွာ”

“ဟုတ် . . . ဟုတ်မယ်ဗျ”

“မျက်လုံးမဖွင့်နဲ့အုံးအလတ်ကောင်၊ ဒါဆိုရင် မင်းခြံထဲမှာ တစ်ခုခုတော့ရှိလောက်တယ်၊ မင်းခြံထဲကို သေသေချာချာကြည့်စမ်းကွာ”

ကျုပ်လည်း လိုက်ကြည့်တာပေါ့ဗျာ၊ အိမ်ပေါ်မှာတော့ ဦးမှတ်ကြီးနဲ့ အမေတို့က အလုပ်တွေရှုပ်နေတယ်၊ ကျုပ်ခြံထဲကိုဆင်းလာပြီး အိမ်ရှေ့တွေ အိမ်နောက်တွေကို သေသေချာချာကြည့်တယ်ဗျ။ ဒါပေမယ့် ဘာမှထူးခြားတာကိုမတွေ့ရဘူး၊ ဒါပေမယ့် ခြံတံခါးနားရောက်တော့ ထူးခြားတာတစ်ခုတွေ့လိုက်ရတယ်ဗျ။ ခြံတံခါးအဝင်အထွက်နားလောက်မှာ ခုနကမြင်ရတဲ့ အနက်ရောင်အမှုန်လေးတွေ အများကြီးစုနေပါရော။

“တွေ့ပြီ၊ ဦးဘသာ၊ တွေ့ပြီ၊ ခြံတံခါးအောက်နားမှာ ခုနကလို အနက်ရောင်အမှုန်တွေ အများကြီးပဲ”

“အေး၊ အဲဒီနေရာကို သေသေချာချာမှတ်ထားနော်”

“ဦးဘသာ ကျုပ် . . ကျုပ်တခြားနေရာတွေကို သွားကြည့်ချင်သေးတယ်”

“တော်စမ်းပါကွာ၊ အမြင်ဓါတ်ရတယ်ဆိုတိုင်း လျှောက်မကြည့်ရဘူးကွ၊ မြင်တာတွေများရင် မကောင်းဘူး၊ ကဲ ငါမင်းကိုအမြင်ဓါတ်ထုတ်ပေးပြီဟေ့”

ဦးဘသာက ပြောပြောဆိုဆိုနဲ့ ကျုပ်ရဲ့နဖူးကိုထိထားတဲ့လက်ဖဝါးကို ဖြုတ်လိုက်ပြီးတော့ ကျုပ်နောက်စေ့ကို လက်ဖဝါးနဲ့ဖြန်းကနဲရိုက်ချလိုက်တာပဲဗျာ၊ ကျုပ်ကိုယ်လုံးက အရှေ့ကိုကိုင်းကျသွားပြီးတော့ ကျုပ်နဖူးက ဖျာနဲ့ထိသွားတယ်၊ ကျုပ်ကိုတစ်ယောက်ယောက်က ဆောင့်တွန်းလိုက်သလိုဖြစ်ပြီးတော့ ကျုပ်လည်းမျက်လုံးတွေပွင့်သွားတာပေါ့ဗျာ၊

ထိုင်မယ်လို့လုပ်ပေမယ့် ကျုပ်ကိုယ်ကျုပ် သိပ်ပြီးထိန်းချုပ်မရသေးဘူးဗျ။ ကျုပ်လက်တွေကိုလည်း ခံစားလို့မရသေးဘူး၊ ဦးဘသာက ကျုပ်ပုခုံးကိုအသာဆွဲထူတယ်။ ဒီတော့မှ ကျုပ်လည်း ပြန်ပြီးလှုပ်ရှားလို့ရတယ်ဗျ။

“မင်းအခုလုပ်ရမှာက အိမ်ကိုပြန်ပြီး အဲဒီနေရာကို တူးသာကြည့်တော့ကွာ၊ ငါကတော့ မကြွယ်နဲ့ရှင်းလိုက်မယ်”

“ဒါနဲ့ ခုနက ကျုပ်ဘာဖြစ်နေတာလဲ၊ ကျုပ်ကိုယ်ကျုပ် ထိန်းလို့မရတော့ဘူး”

“ဘဝင်ကျသွားတာကွ၊ နတ်ပဲဖြစ်ဖြစ်၊ စုန်းပဲဖြစ်ဖြစ် လူတစ်ယောက်ကိုပူးချင်ကပ်ချင်တယ်ဆိုရင် အဲဒီလူရဲ့အသိစိတ်ကို ဘဝင်ထဲကျသွားအောင်အရင်လုပ်ရတယ်၊ ဘဝင်ကျသွားတော့မှ ဝင်ကပ်ပြီး အဲဒီလူကို စေခိုင်းလို့ရတာကွ”

“ဘဝင်ကျတယ်ဆိုတာဘာလဲဗျ”

“မင်းကလည်း စကားရှည်လိုက်တာကွာ၊ အဲဒီအကြောင်းတွေ နောက်တော့မင်းကိုပြောပြပါ့မယ်၊ အခုက အရေးကြီးတယ်၊ မှတ်ကြီးက မင်းအမေကို ကြိမ်လုံးနဲ့သိမ်းကြုံးမရိုက်ခင်၊ မင်းက အိမ်ကိုပြန်ပြီး ခုနက မင်းမှတ်ထားတဲ့နေရာကို အသေအချာတူးပေတော့”

ကျုပ်လည်း ဦးဘသာအိမ်ကနေပြေးဆင်းခဲ့တယ်ဗျ၊ ကျုပ်တို့ခြံထဲကိုပြေးဝင်လိုက်ပြီး အိမ်ခြေရင်းမှာထောင်ထားတဲ့ တူရွင်းငန်းပြားကိုဆွဲယူလိုက်တယ်၊ အိမ်ကလူတွေကတော့ အိမ်အပေါ်ထပ်မှာ စုနေကြတယ်ထင်ပါရဲ့၊ ကျုပ်လည်းခြံရှေ့ကိုလာပြီးတော့ ခုနက ကျုပ်တွေ့ထားတဲ့နေရာကို အသေအချာတူးတော့တာပဲဗျာ၊ မိုးရာသီဆိုတော့ မြေကနည်းနည်းပျော့နေတာဆိုတော့ တူးရတာတော့ သိပ်မခက်ဘူးဗျ၊ တူးရင်းနဲ့ တစ်ထွာလောက်နက်တော့ မြေကြီးထဲမှာ ခိုးလိုးခုလုဖြစ်နေတာနဲ့ ကျုပ်လည်း လက်နဲ့နှိုက်လိုက်တယ်၊ ပန်းကန်ကွဲလိုမျိုး အနက်ရောင်အကွဲစလေးတစ်ခုဗျ၊ အနက်ရောင်ကတော့ ပြောင်နေတာပဲဗျာ၊ အဲဒီအကွဲJစလေးမှာလည်း တစ်ခုခုနဲ့ခြစ်ထားသလိုပဲ၊ အဖြူရောင်လေးတွေလည်းတွေ့တယ်၊ ကျုပ်အထင်တော့ အင်းတစ်မျိုးပဲဖြစ်မယ်ဗျ။

ဒါနဲ့ ကျုပ်လည်း တူရွင်းငန်းပြားကိုချထားပြီးတော့ အဲဒီအပြားလေးကိုင်ပြီး ဦးဘသာအိမ်ကိုပြေးခဲ့တာပေါ့ဗျာ၊ ဦးဘသာအိမ်ကိုရောက်တော့ ဦးဘသာက ငုတ်တုတ်ထိုင်နေတယ်ဗျ၊ ကျုပ်လည်း သူ့အနားသွားလိုက်ပြီး

“ဦးဘသာ၊ ဟောဒီမှာကြည့် ဘာလေးလဲမသိဘူး”

ဦးဘသာက ကျုပ်ဆီက အပြားလေးကိုလှမ်းယူပြီးတော့ ဆီမီးခွက်အလင်းရောင်နဲ့ သေသေချာချာကြည့်တယ်။

“ဟောဒါက သိမ်ဝင်သပိတ်ကွဲပေါ့၊ အဲဒီအပေါ်မှာ သံစူးနဲ့ခြစ်ပြီး အင်းချထားတာပဲ၊ ပြီးတော့ အင်းကို ထုံးနဲ့ပွတ်လိုက်တော့ အခုလိုမျိုးဖြူဖြူစာလုံးလေးတွေဖြစ်သွားတာပေါ့ကွာ၊ အင်းကတော့ အမြင့်စားပဲကွ၊ ဒီအင်းကို ကိုးခမ်းအင်းလို့ခေါ်တယ်”

“ကိုးခမ်းအင်းတဲ့လား”

“အလွယ်ပြောရရင် ကိုးရက်မြောက်တဲ့နေ့မှာ အရာအားလုံးခမ်းခြောက်ပြီး သေဆုံးသွားစေတဲ့အင်းပေါ့ကွာ”

“ဘုရား . . . ဘုရား၊ အခု အမေက သုံးရက်လောက်ရှိပြီ”

“မကြွယ်လက်ချက်ပေါ့ကွာ၊ ခုနကပဲ ငါသူနဲ့စကားပြောပြီးပြီ၊ သူက မင်းအမေကို မကျေနပ်လို့ လုပ်လိုက်တာတဲ့၊ မင်းအမေက သိပ်ဆဲတော့ သူ့ကိုရွာထဲပတ်ဆဲတာကို မကျေနပ်တာတဲ့ကွာ၊ ငါထင်ပါတယ်၊ မင်းအမေ မသန်းက စကားသိပ်ကြမ်းတာဆိုတော့ တစ်နေ့သူများလုပ်တာခံရအုံးမယ်လို့”

“ဟုတ် . . . ဟုတ်ကဲ့”

“မကြွယ်က ငါ့ကိုမနိုင်မှန်းသိတော့ လျှောချသွားတယ်၊ ငါ့အထင် ခေါစာလောက်နဲ့ ပြီးသွားလိမ့်မယ်ထင်တယ်၊ ဒါပေမယ့် ဒီအင်းကတော့ မကြွယ်လုပ်တာမဖြစ်နိုင်ဘူးကွ၊ အဆင့်မြင့်တဲ့အောက်လမ်းဆရာတစ်ယောက် လုပ်ထားတာပဲနေမှာ”

“ဒါဆို ဦးဘသာဘယ်လိုလုပ်မလဲ”

ဦးဘသာက ပြုံးရင်းကျုပ်ကိုကြည့်တယ်။

“မင်းအမေအတွက် မင်းလက်တုံ့မပြန်ချင်ဘူးလား”

ကျုပ်လည်း ခေါင်းညိတ်လိုက်တာပေါ့၊ ဦးဘသာက ကျုပ်ကိုသူ့အိမ်ကြွက်လျှောက်ပေါ်တင်ထားတဲ့ ဘူးတစ်ခုထဲက သံချောင်းတစ်ချောင်းယူခိုင်းလိုက်တယ်ဗျ၊ အဲဒီဘူးထဲမှာ အိမ်ရိုက်သံတွေ ဆိုဒ်စုံ သိမ်းထားတာပဲ၊ ကျုပ်လည်း နှစ်လက်မသံတစ်ချောင်းယူပေးလိုက်တယ်၊ ဦးဘသာက အဲဒီသပိတ်ကွဲလေးကို ပြောင်းပြန်လှန်ပြီးတော့ အင်းတွေမရေးထားတဲ့ဘက်မှာ အင်းတစ်ကွက်ကို သံချောင်းနဲ့ခြစ်ပြီးဆွဲတယ်ဗျ၊ ပြီးတော့ ကွမ်းအစ်ထဲက ထုံးဘူးဖွင့်ပြီး အင်းကွက်ကို ထုံးနဲ့ပွတ်တယ်၊ နောက်တော့ သူ့အင်္ကျီစနဲ့ ထုံးတွေကိုပွတ်လိုက်တော့ သံကြောင်းခြစ်ထား အခြစ်ရာတွေထဲ ထုံးတွေဝင်ပြီးတော့ အင်းက ထင်းသွားတာပေါ့ဗျာ၊ ဦးဘသာက သပိတ်ကွဲကို လက်ပြန်ကိုင်ပြီးတော့ မန်းမှုတ်ပြီး လက်ပြန်လက်ဝါးနဲ့ တဖန်းဖန်းရိုက်တယ်၊ ပြီးတော့ ကျုပ်ကို အဲဒီသပိတ်ကွဲကိုလက်ပြန်ပေးတယ်။

“အဲဒီသပိတ်ကွဲကို ရေစိမ်ရင် လုပ်တဲ့လူ စိုတယ်၊ မီးနဲ့ပြရင် လုပ်တဲ့လူပူတယ်ကွ၊ မင်းအမေကိုလုပ်ထားတဲ့လူကို မင်းနည်းနည်းပါးပါးလုပ်ပြလိုက်စမ်းကွာ၊ နှိပ်စက်ပြီးပြီဆိုရင်တော့ သပိတ်ကွဲကို ရွာအပြင်က ရိုးချောင်းထဲကိုဖြစ်ဖြစ် စွန့်ပစ်လိုက်ပေါ့”

ကျုပ်လည်းပျော်သွားတာပေါ့ဗျာ၊ ဒီလိုယုတ်မာတဲ့လူကို နိုင်မယ့်နည်းလမ်းရပြီမဟုတ်လားဗျ၊ ဒါနဲ့ အဲဒီသပိတ်ကွဲကို ကိုင်ပြီးအိမ်ကိုပြန်လာခဲ့တာပေါ့ဗျာ၊ အိမ်ရောက်တော့ ရေဖလားနဲ့ရေတစ်ခွက်ခပ်ပြီးတော့ သိမ်ဝင်သပိတ်ကို ရေဖလားထဲနှစ်တယ်ဗျ၊ တစ်ဖက်က လူယုတ်မာ ဖြစ်သွားမယ့်ရုပ်ကိုကြည့်ပြီး စိတ်ထဲပျော်နေတာပေါ့ဗျာ။

“စိုစမ်း၊ စိုစမ်း၊ အေးစမ်းကွာ”

ကျုပ်လည်း ပျော်ပျော်ရွှင်ရွင်နဲ့ သပိတ်ကွဲကို ရေထဲနှစ်လိုက်၊ ပြန်ဆယ်လိုက်လုပ်နေတယ်၊ ပြီးတော့ မီးကင်သွားဖို့ အကြံရတာနဲ့ သပိတ်ကွဲကို ယူပြီး မီးဖိုချောင်ထဲပြေးဝင်ခဲ့တာပေါ့ဗျာ။

မီးဖိုထဲကို ထင်းတုံးသုံးလေးတုံးထည့်လိုက်တယ်ဗျ၊ မီးက ဟုန်းခနဲတောက်လာတယ်ဆိုရင်ပဲ သပိတ်ကွဲကို မီးညှပ်နဲ့ကိုင်ပြီးတော့ မီးတောက်အပေါ်ကိုတင်ပြီး မီးကင်တာပေါ့ဗျာ။

“ဟား၊ ဟား သေစမ်း၊ သူများကိုမကောင်းကြံတဲ့ကောင်၊ သေစမ်း”

ကျုပ်ရယ်နေတဲ့အချိန်မှာပဲ အရီးပြုံးက မီးဖိုခန်းထဲ ဗြုန်းစားကြီးဝင်လာတယ်။

“ဟဲ့ အလတ်ကောင်၊ ဘာလုပ်နေတာလဲ”

ကျုပ်လည်း လန့်လန့်နဲ့ မီးညှပ်ကိုချလိုက်တော့ သပိတ်ကွဲက ထင်းမီးထဲကို ကျသွားတာပေါ့ဗျာ။

“ဟို . . . ဟိုလေ”

ကျုပ်လည်းပြန်ကောက်ဖို့လုပ်နေတယ်၊ ဒါပေမယ့် အရီးပြုံးက ကျုပ်ကိုတွန်းဖယ်ပြီးတော့

“ဘာမှမလုပ်ရင်လည်း ဖယ်စမ်းဟာ၊ နင့်အမေကိုဖမ်းစားတဲ့စုန်းက အမဲသားတောင်းတာ၊ အမဲသားမရှိဘူးဆိုတော့ ကြက်ဖို၊ ကြက်မနဲ့ အခုချက်ခြင်း ခေါ်စာချပေးရမယ်ဆိုလို့ ငါချက်ရအုံးမယ်၊ ကဲ လက်စနဲ့၊ နင်အိမ်နောက်ဖေးဝင်ပြီး ကြက်ဖိုတစ်ကောင်၊ ကြက်မတစ်ကောင် ဆွဲခဲ့ဟာ”

ကျုပ်လည်း ငြင်းမရတော့ဘဲ အိမ်နောက်ဖေးကိုဝင်လိုက်တယ်၊ အိပ်တန်းတက်နေတဲ့ ကြက်ဖနဲ့ ကြက်မတစ်ကောင်ကိုဆွဲပြီးတော့ ဘ၀ပြောင်းပေးလိုက်တာပေါ့ဗျာ၊ နောက်တော့ ရေနွေးနဲ့အမွှေးနှုတ်ပေးလိုက်တယ်၊ ကြက်ဖို၊ ကြက်မကို ကလီစာတွေမထုတ်ဘဲနဲ့ မကျက်တကျက်ဖြစ်အောင် မီးမြှိုက်ပေးရတယ်၊ အရီးပြုံး မီးမြှိုက်ပြီးတော့ ကျုပ်လည်း ထင်းမီးဖိုထဲသွားပြီး သိမ်ဝင်သပိတ်ကွဲကိုရှာပေမယ့် မတွေ့တော့ပါဘူးဗျာ။

ခေါပန်းတောင်းထဲကို ဖက်ခင်းပြီးတော့ ထမင်းထည့်ဖို့လုပ်တယ်၊ ကျုပ်လည်းအကြံရသွားတာနဲ့။

“အရီးပြုံး မနက်က ကျုပ်ချက်ထားတဲ့ ထမင်းတွေရှိသေးတယ်မဟုတ်လား”

“ရှိပါ့အေ၊ ဘယ်သူမှစားမရတော့ အိုးလိုက်ကြီးကို ကျန်နေသေးတာ”

“ဒါဆိုအတော်ပဲဗျာ၊ စားမရမယ့်အတူတူ အဲဒီထမင်းတွေကို ခေါ်စာပစ်လိုက်ရအောင်”

အရီးပြုံးကလည်း ခေါင်းညိတ်ပြီးတော့ ကျုပ်ချက်ထားတဲ့ မုန့်စိမ်းပေါင်းနဲ့တူတဲ့ ထမင်းခဲကြီးကို ခေါပန်းတောင်းထဲထည့်ပြီးတော့ အပေါ်က ကြက်ဖို၊ ကြက်မ မီးမြှိုက်ထားတာတင်ပြီးတော့ ကျုပ်ကိုလှမ်းပေးတယ်။

“ဗျာ၊ ကျုပ်သွားရမှလား”

“အေးပေါ့၊ နင်က ယောက်ျားလေးပဲ၊ ဒီခေါပန်းတောင်းကို ပုစိုးစနဲ့အုပ်သွား၊ ရွာအဝင်လမ်းလေးခွဆုံမှာ ချထားခဲ့၊ ဟုတ်ပြီလား”

“ကျုပ်လည်း ခေါပန်းတောင်းရွက်ပြီးတော့ ခြံထဲကနေထွက်ခဲ့တာပေါ့ဗျာ၊ ခြံကအထွက်မှာ ကျုပ်တူးထားတဲ့ မြေကျင်းကြီးကို မနည်းရှောင်ခဲ့ရသေးတယ်၊ ညက တော်တော်မှောင်နေပြီဗျ၊ ခုနစ်နာရီကျော်နေလောက်ပြီပေါ့၊ ရွာလမ်းမှာ လူသူမရှိတော့ဘူး၊ ကျုပ်လည်း ခေါပန်းတောင်းရွက်ပြီးတော့ ရွာထိပ်ကိုလာခဲ့တယ်၊ ရွာတော်ရှင်နန်းမှာ ဆီမီးခွက်ကလေးသုံးခွက်ထွန်းထားတယ်ဗျ၊ ကျုပ်လည်း လမ်းလေးခွဆုံမှာ ခေါပန်းတောင်းကြီးချခဲ့ပြီးတော့ ပြန်လှည့်ပြေးတာပေါ့။

ဒါပေမယ့် ဒီခေါပန်းတောင်းကို ဘယ်သူလာစားမလဲဆိုတာလည်း ကျုပ်သိချင်သေးတယ်၊ ဒါနဲ့ ဝေးဝေးကိုမသွားဘဲနဲ့ ရွာတော်ရှင်နတ်နန်းအနောက်က ချုံထဲမှာ ပုဆိုးခြုံပြီးပုန်းနေလိုက်တာပေါ့ဗျာ။ နတ်နန်းအနောက်က မှောင်ရိပ်ကျနေပေမယ့် လမ်းလေးခွဆုံနေရာကတော့ ဆီမီးအလင်းရောင်နဲ့ အတိုင်းသားမြင်နေရပါတယ်။

မကြာပါဘူးဗျာ၊ ခွေးကြီးတစ်ကောင် ရွာထဲကနေထွက်လာတယ်၊ ကျုပ်တို့မြင်ဖူးတဲ့ ခွေးပုံစံမဟုတ်ဘူးဗျ၊ လူကြီးခါးစောင်းလောက်ရှိတဲ့ခွေးကြီးက တစ်ကိုယ်လုံးကို မဲနက်နေတာပဲဗျာ၊ နောက်တော့ ခေါပန်းတောင်းကိုနမ်းကြည့်တယ်၊ အပေါ်မှာတင်ထားတဲ့ ကြက်ဖို၊ ကြက်မကို ကိုက်ကိုက်ပြီး ဝါးစားတာ မြန်လိုက်တာဗျ၊ ကြက်တစ်ကောင်လုံးကို ကိုက်စားတာ သုံးမိနစ်တောင်မကြာပါဘူး၊ ကြက်နှစ်ကောင်လုံးစားပြီးတော့ ထမင်းတုံးကြီးကို တစ်ချက်ကြည့်ပြီး အနံ့ခံတယ်ဗျ၊ ပြီးတော့ အဲဒီထမင်းတုံးကြီးကို ကိုက်ဝါးကြည့်တယ်၊ သုံးလေးချက်လောက်ဝါးပြီးတော့ ထမင်းတုံးကို ထွီခနဲ ထွေးချပြီးတော့ ရွာထဲကို အေးအေးလူလူလမ်းလျှောက်ပြီး ပြန်ဝင်သွားတော့တာပါပဲဗျာ။ ကျုပ်လည်း ခွေးကြီးကိုကြည့်ပြီး ရယ်ချင်နေတာ မနည်းအောင့်ထားရတယ်။ ဒါဆိုရင်တော့ ဦးဘသာပြောတာမှန်တယ်ဗျ၊ ကျုပ်ချက်တဲ့ထမင်းကို ခွေးကျွေးတာတောင် မစားဘူးလို့ပြောတယ်မဟုတ်လားဗျာ။

ကျုပ်လည်း အားလုံးရှင်းသွားတော့မှ ရွာထဲကိုပြန်ဝင်လာခဲ့တယ်၊ ကျုပ်ခြံထဲကိုဝင်ခဲ့ပြီး ခြေလက်ဆေးနေတဲ့အချိန်မှာ အိမ်ပေါ်ကနေ ဆေ းဆရာဦးမှတ်ကြီးနဲ့ အဖေကဆင်းလာတယ်ဗျ၊ အမေက ချက်ချင်းသက်သာသွားတယ်ဆိုပဲ၊ ဦးမှတ်ကြီးကတော့ သူကုပေးခဲ့တာဆိုပြီးတော့ စကားတွေကြွယ်နေတာပေါ့ဗျာ၊ အဖေကလည်း ဦးမှတ်ကြီးကို ဆေးဖိုးငွေတွေကန်တော့လိုက်သေးတယ်ဗျ။

ဒါနဲ့ ဦးမှတ်ကြီးက အဖေတို့ကို နှုတ်ဆက်ပြီးတော့ ခြံထဲကနေထွက်သွားတယ်ဗျ၊ ဒါပေမယ့် ခြံတံခါး၀မှာ ကျုပ်တူးထားတဲ့မြေကျင်းကြီးကို မမြင်မစမ်းနဲ့နင်းမိပြီးတော့ ခြေခေါက်ပြီး မှောက်ခုံကြီးလဲပါရောလား။ ကျုပ်လည်း ရယ်ချင်တာနဲ့ တဟားဟားနဲ့ရယ်ချလိုက်တာဗျာ၊ ဦးမှတ်ကြီးကတော့ အမြန်ပြန်ကုန်းထတယ်။

“ဟင်း၊ ဒီစုန်းကတော့ ငါ့ကိုစိမ်ခေါ်နေပြီ၊ ငါ့ကိုစိန်ခေါ်နေပြီကွ”

အဲဒီလိုကြိမ်းမောင်းပြီးတော့ ခြေထောက်ထော့ကျိုးထော့ကျိုးနဲ့ ရွာလမ်းအတိုင်းလျှောက်သွားတော့တာပဲဗျာ၊ တစ်ထွာလောက်နက်တဲ့ကျင်းထဲကျတာဆိုတော့ သူ့ခြေထောက်တော့ တော်တော်နာသွားမှာပဲဗျာ။

အမေက ချက်ချင်းပြန်ကောင်းသွားတယ်၊ ဦးဘသာပြောသလို အစာပိတ်၊ သွေးပိတ်၊ လေပိတ်တွေ မရှိတော့လို့ ဆန်ပြုတ်တွေစားတာ မနည်းဘူးဗျာ၊ အမေစားတာတွေ့တော့ ကျုပ်တို့လည်းစိတ်ချမ်းသာရတာပေါ့။

ညရောက်တော့ အိပ်မက်ထဲမှာ လူကြီးတစ်ယောက်က ကျုပ်ဆီကိုလမ်းလျှောက်လာတယ်ဗျ၊ တစ်ကိုယ်လုံးလည်း အရေပြားတွေက ပျော်ကျနေပြီး မီးတွေလဲကျွမ်းနေတာ ကြောက်စရာကြီးဗျာ၊ ဆံပင်တွေ၊ မျက်ခုံးမွှေးတွေမရှိတော့ဘဲ မျက်နှာက ပြောင်ကြီးဖြစ်နေတာဗျ။ ကျုပ်ကိုလည်း မျက်လုံးကြီးပြူးပြီးကြည့်နေတော့တာ။

“ငါ့ကို မီးရှို့သတ်တဲ့ကောင်၊ မင်းကိုငါ အရှင်မထားဘူး၊ ငါလာနေပြီ၊ မင်းဆီကိုငါလာနေပြီကွ”

ပြောရင်းဆိုရင်း သူ့ကိုယ်လုံးမှာ မီးတွေလောင်လာတယ်ဗျ၊ နောက်တော့ အဲဒီလူကြီးက မီးတောက်မီးလျှံတွေကြားမှာ လူးလွန့်ရင်း အသံနက်ကြီးနဲ့ အော်ဟစ်နေတာပဲဗျာ။ အဲဒီလူကြီးမီးလောင်နေတာကိုကြည့်ရင်း ကျုပ်လည်းကြောက်ကြောက်နဲ့ လန့်နိုးသွားပါရော။

“ဘုရား . . . ဘုရား”

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီး ဦးဘသာႏွင့္ ၿခံေရွ႕နားက ကိုးခမ္းအင္း”(စ/ဆုံး)
———————————————————————————
အတြဲ(၃) စာစဥ္(၄)

(၁)

ဦးဘသာ ေနမေကာင္းသလို၊ က်ဳပ္တို႔အေမလည္း ေတာ္ေတာ္မမာဘူးဗ်ာ၊ ေကာက္ကာငင္ကာႀကီး ထၿပီးဖ်ားတာဗ်၊ ေႏြအကုန္ မိုးအကူးဆိုေတာ့ ရာသီဥတုအကူးေျပာင္းေၾကာင့္ ဖ်ားတယ္လို႔ထင္တာေပါ့ဗ်ာ၊ အေမဖ်ားၿပီဆိုေတာ့ က်ဳပ္တို႔တစ္အိမ္လုံး ေနရထိုင္ရ စားရေသာက္ရတာ အဆင္မေျပေတာ့ဘူးေပါ့။

အရင္ကဆို အေမက မနက္အေစာႀကီးထၿပီး ခ်က္ျပဳတ္တယ္၊ က်ဳပ္တို႔စားဖို႔ မနက္စာျပင္ေပးတယ္၊ လယ္ထဲမဆင္းခင္ က်ဳပ္တို႔လည္းထမင္းစားေသာက္ၿပီးေတာ့ ေအးေအးလူလူဆင္းၾကတယ္၊ ေန႔လည္ပိုင္းက်ရင္ေတာ့ အေမလာပို႔တဲ့ ထမင္းနဲ႔ဟင္းကို လယ္ထဲမွာ အဆင္သင့္စား႐ုံပဲေပါ့။

အခုက အေမမရွိေတာ့ ခ်က္မယ့္ျပဳတ္မယ့္လူက မရွိေတာ့ဘူး၊ အကိုႀကီးရဲ႕မိန္းမဆိုတာကလည္း ကေလးတစ္ဖက္နဲ႔မို႔ မနက္အေစာမထႏိုင္ဘူးေလ၊ ႏို႔ညႇာ ညီမနဲ႔ အငယ္မဆိုတာကလည္း မနက္မိုးလင္းရင္ အေမက ပါးစပ္အေျမႇာက္ပစ္ႏႈိးေတာ့မွ ကုန္း႐ုန္းထၾကတဲ့သူေတြမဟုတ္လား၊ ဒီေတာ့ ေနာက္ဆုံး ခ်က္ဖို႔ျပဳတ္ဖို႔တာဝန္က က်ဳပ္ပုခုံးအေပၚကို ေရာက္လာတာေပါ့ဗ်ာ။

“အလတ္ေကာင္ေရ၊ ထေတာ့ဟ”

အေမက အိပ္ရာထဲကေနလွမ္းေအာ္တယ္၊ သူကိုယ္တိုင္လည္း ထဖို႔လုပ္တယ္၊ ဒါေပမယ့္ ဖ်ားေနၿပီးအားမရွိေတာ့ မထႏိုင္ဘူးေပါ့ဗ်ာ၊ က်ဳပ္လည္း အိပ္ရာကေနထလိုက္ရတယ္၊ မနက္ေလးနာရီေက်ာ္ေနၿပီေပါ့ဗ်ာ။

ထၿပီးေတာ့ မ်က္ႏွာမသစ္ႏိုင္ေသးဘူး မီးဖိုေခ်ာင္ထဲအရင္ဝင္ရတယ္၊ မီးေမႊးၿပီးေတာ့ ထမင္းအိုးထဲကို ဆန္ထည့္ေဆးၿပီး ထမင္းတစ္အိုးေကာက္တင္ရတယ္၊ မီးကနည္းေနတယ္လို႔ ထင္တာနဲ႔ ထင္းတုံးမ်ားမ်ားေကာက္ထည့္လိုက္တာေပါ့ဗ်ာ။

ၿပီးေတာ့မွ မ်က္ႏွာသစ္ရတယ္၊ ဆားလက္တစ္ဆုပ္ေလာက္နဲ႔ သြားကိုေသေသခ်ာခ်ာက်က်နနတိုက္ၿပီးေတာ့ မ်က္ႏွာကိုဆပ္ျပာနဲ႔ပြတ္ေနတုန္း မီးဖိုခန္းထဲကေန တရွဲရွဲနဲ႔အသံေတြၾကားေနရၿပီဗ်၊ က်ဳပ္လည္း လန႔္ၿပီးေတာ့ မီးဖိုေခ်ာင္ထဲကို ေျပးဝင္လိုက္ေတာ့ ထမင္းအိုးက ေဝက်ေနၿပီးေတာ့ တရွဲရွဲနဲ႔ အသံေတြျမည္ေနၿပီဗ်၊ ကမန္းကတန္းနဲ႔ ဒန္အိုးဖုံးကိုလက္နဲ႔ေျပးကိုင္လိုက္ေတာ့ ဒန္အိုးဖုံးကလည္း ပူလိုက္တာဗ်ာ၊ လက္ပူရင္ နား႐ြက္ကိုကိုင္ရတယ္ဆိုလို႔ လန႔္ၿပီး နား႐ြက္ကိုကိုင္လိုက္ေတာ့ အဲဒီဒန္အိုးဖုံးက က်ဳပ္ေျခမေပၚကို ေဒါင္လိုက္ျပဳတ္က်တာပဲ။ အဲဒီေခတ္က ဒန္အိုးေတြဆိုတာ ဒန္အသားအထူႀကီးေတြဗ်၊ ခုေခတ္လို ပါးပါးလွပ္လွပ္ကေလးေတြမဟုတ္ဘူးဆိုေတာ့ က်ဳပ္ဘယ္ေလာက္နာမယ္ဆိုတာ ခင္ဗ်ားတို႔ပဲ စဥ္းစားသာၾကည့္ေတာ့ဗ်ာ။ မီးဖိုေခ်ာင္ထဲမွာ က်ဳပ္တစ္ေယာက္တည္း နား႐ြက္ကိုင္ရင္း ေျခေထာက္တစ္ဖက္ ေလေပၚေျမႇာက္ရင္းခုန္ေနတဲ့ က်ဳပ္ရဲ႕အျဖစ္ကို ခင္ဗ်ားတို႔ျမင္မိရင္ ရယ္မိမွာ အေသအခ်ာပဲဗ်ာ။

ဒီလိုနဲ႔ ထမင္းဟင္းခ်က္ျပဳတ္ရင္း မနက္ေျခာက္နာရီခြဲေလာက္က်ေတာ့ အားလုံးၿပီးစီးသြားၿပီေပါ့၊ ဟင္းကေတာ့ လြယ္တဲ့ ၾကက္ဥေၾကာ္ရယ္၊ ခရမ္းခ်ဥ္သီးငါးပိခ်က္ကေတာ့ မပါမျဖစ္ေပါ့ဗ်ာ၊ အေမမရွိေတာ့ ဟင္းကေတာ့ ဘယ္စုံမလဲ၊ ဒီလိုပဲျဖစ္သလိုစားရတာေပါ့ဗ်ာ။

အေဖနဲ႔အကိုႀကီးက မ်က္ႏွာေတြဘာေတြသစ္ၿပီးေတာ့ ခုံတန္းမွာထိုင္တယ္၊ လယ္ထဲအတူတူဆင္းမယ့္ ႏို႔ညႇာညီမနဲ႔ ညီမငယ္လည္း လာထိုင္တာေပါ့ဗ်ာ။ ေနာက္ဆုံးအငယ္ေကာင္က မ်က္ႏွာကမန္းကတမ္းသစ္ၿပီး ထမင္းစားပြဲမွာထိုင္လိုက္ေတာ့ အားလုံးလူစုံၿပီေပါ့။ က်ဳပ္လည္း ဟင္းခြက္ေတြကို ခ်ေပးလိုက္တယ္၊ ၾကက္ဥေၾကာ္ကို ပန္းကန္ျပားတစ္ခ်ပ္ထဲ ေၾကာ္ၿပီးေတာ့ ခ်တယ္၊ ၾကက္ဥငါးလုံးေတာင္ေၾကာ္ထားတာမို႔လို႔ ၾကက္ဥေၾကာ္က ႀကီးႀကီး ဝိုင္းဝိုင္းႀကီးေပါ့၊ ၿပီးေတာ့ ခရမ္းခ်ဥ္သီးငါးပိခ်က္ပန္းကန္ခ်တယ္။ ၿပီးတာနဲ႔ အေမေၾကာ္ထားတဲ့ ေျမပဲဆန္ေၾကာ္ေလးတစ္ခြက္ခ်ေပးလိုက္ေတာ့ ဟင္းေတြက အဆင္သင့္ျဖစ္သြားၿပီေပါ့ဗ်ာ၊ ထမင္းေတြကိုလည္း ပန္းကန္ထဲထည့္ၿပီးေတာ့ အားလုံးရဲ႕အေရွ႕ကိုခ်ေပးလိုက္တယ္၊ အေဖက က်ဳပ္ခ်ေပးတဲ့ထမင္းပန္းကန္ကို ေသေသခ်ာခ်ာၾကည့္ေနတယ္။

“အလတ္ေကာင္၊ မင္းဟာက ထမင္းလား၊ မုန႔္စိမ္းေပါင္းႀကီးလား”

ထမင္းေတြ အပြက္လြန္ၿပီး ေစးကပ္သြားတာဆိုေတာ့ ထမင္းေစ့ေတြေပ်ာက္ၿပီးေတာ့ ထမင္းက မုန႔္စိမ္းေပါင္းတုံးႀကီးလိုျဖစ္ေနပါေရာဗ်ာ၊ ထမင္းကိုေယာက္မနဲ႔ခူးထားေတာ့ ပန္းကန္ထဲမွာ အတုံးေလးေတြျဖစ္ေနတာေပါ့။

“ဟာ အေဖကလည္းဗ်ာ၊ အတုံးေလးေတြဆိုေတာ့ နယ္ဖတ္စရာမလိုေတာ့ဘူးေပါ့၊ လက္နဲ႔ကိုင္ၿပီးေတာ့ ဟင္းနဲ႔တို႔ၿပီး စား႐ုံပဲ”

အေဖ့မ်က္ႏွာက ရႈံ႕မဲ့သြားတယ္၊ ဒါေပမယ့္ က်ဳပ္ကိုဘာမွေတာ့မေျပာဘူးဗ်၊ အကိုႀကီးကေတာ့ ဟင္းေခ်းမမ်ားတက္ဘူးဗ်၊ က်ဳပ္ေၾကာ္ထားတဲ့ ၾကက္ဥေၾကာ္ကို တစ္ဖဲ့ဖဲ့လိုက္ၿပီးေတာ့ ပါးစပ္ထဲကိုပစ္ထည့္ၿပီး ဝါးလိုက္တာပဲ။

“အား . . . ခါးလိုက္တာ ထြီ”

အကိုႀကီးက သုံးေလးခ်က္ဝါးၿပီးတာနဲ႔ တျခားဘက္ကိုလွည့္ၿပီးေထြးထုတ္လိုက္တာပဲဗ်ာ၊ ေနာက္ေတာ့ က်ဳပ္ကိုလွည့္ၾကည့္တယ္။

“အလတ္ေကာင္၊ ၾကက္ဥကို ဘယ္လိုေၾကာ္ထားတာလဲ”

က်ဳပ္ကေတာ့ ကိုယ့္အေၾကာင္းကိုယ္သိတာမို႔ ဘာမွမေျပာဘဲနဲ႔ ရယ္က်ဲက်ဲနဲ႔ၾကည့္ေနတာေပါ့ဗ်ာ၊ အကိုႀကီးက ပန္းကန္ေပၚက ၾကက္ဥေၾကာ္အခ်ပ္ႀကီးကို လက္နဲ႔ကိုင္ၿပီး တစ္ဖက္ကိုဆြဲလွန္လိုက္တယ္ဆိုရင္ဘဲ မည္းတူးၿပီးခ်ပ္ျပားႀကီးျဖစ္ေနတဲ့ ၾကက္ဥေၾကာ္တစ္ဖက္ျခမ္းကို ေတြ႕သြားပါေရာ။

“ဟဲ့ေကာင္ရာ၊ ဟိုဘက္အျခမ္းက ဒယ္အိုးဖင္ႀကီးလိုျဖစ္ေနပါေရာလားကြ”

“ဟဲ . . . ဟဲ၊ မီးျပင္းသြားေတာ့ ၾကက္ဥေၾကာ္ေတြ တူးသြားတာအကိုႀကီးရ၊ ဒါေပမယ့္မပူပါနဲ႔၊ ဒီဘက္အျခမ္းကို ေဟာဒီလိုအေပၚယံကေလး လက္နဲ႔ျခစ္ယူၿပီး စားလို႔ရပါတယ္”

က်ဳပ္လည္း ၾကက္ဥရဲ႕မက်က္တက်က္ျဖစ္ေနတဲ့အျခမ္းကို လက္ေခ်ာင္းေလးေတြနဲ႔ျခစ္ၿပီးေတာ့ ကေလာ္စားျပလိုက္ေသးတာေပါ့၊ လက္ေခ်ာင္းနဲ႔ျခစ္ရင္း တူးေနတဲ့အပိုင္းအစေတြပါလာလို႔ ပါးစပ္ထဲမွာ ခါးသြားတာပဲဗ်ာ၊ ခ်က္ခ်င္းေထြးထုတ္ခ်င္ေပမယ့္ ကိုယ္ခ်က္ထားတဲ့လက္ရာဆိုေတာ့လည္း ဘာမွမေျပာေတာ့ဘဲ ႀကိတ္မွိတ္ၿပီးၿမိဳခ်လိုက္တာေပါ့ဗ်ာ။

အငယ္မက အတုံးလိုက္ျဖစ္ေနတဲ့ ထမင္းတုံးေပၚကို ခရမ္းခ်ဥ္သီးငါးပိခ်က္ တစ္ဇြန္းခပ္ၿပီး ဆမ္းလိုက္တယ္၊ ၿပီးေတာ့ ထမင္းတုံးေလးကို လက္ႏွစ္ေခ်ာင္းနဲ႔ကိုင္ၿပီး အသာကိုက္ဝါးလိုက္တယ္ဗ်။

“ေအာင္မယ္ေလး၊ ငန္လိုက္တာ ထြီ . . . ထြီ”

တစ္အိမ္လုံးက က်ဳပ္ကိုဝိုင္းၾကည့္တာေပါ့ဗ်ာ၊ က်ဳပ္လည္း ခရမ္းခ်ဥ္သီးငါးပိခ်က္ကို လက္ညိဳးနဲ႔တို႔ၿပီးေတာ့ ပါးစပ္ထဲထည့္လိုက္တယ္။

“မဆိုးပါဘူးအငယ္မရ၊ ငါးပိခ်က္ခ်က္ေနရင္း ဆားကိုထည့္ၿပီးၿပီလား၊ မထည့္ရေသးဘူးလားဆိုတာ မေသခ်ာတာနဲ႔ ႏွစ္ခါထည့္လိုက္မိတာ၊ မဆိုစေလာက္ေလးငန္တာပါ၊ ထမင္းနဲ႔တြဲစားရင္အေတာ္ပဲ”

မဆိုစေလာက္ငန္တယ္သာေျပာတာ က်ဳပ္လက္ရာကိုက်ဳပ္သိေနၿပီ၊ ခရမ္းခ်ဥ္သီးငါးပိခ်က္က ငန္လြန္းလို႔ လည္ေခ်ာင္းထဲကိုၿမိဳခ်လိုက္တာေတာင္ အာေခါင္ေျခာက္ၿပီးေတာ့ ေရကခ်က္ခ်င္းဆာလာတာဗ်ာ၊ သူတို႔မရိပ္မိေအာင္လို႔ မသိမသာေလးထၿပီးေတာ့ ေရအိုးကေန ေရသုံးခြက္ေလာက္ ဆက္တိုက္ေသာက္ခ်လိုက္မွာပဲ ေရငတ္ေျပသြားေတာ့တယ္၊ ေနာက္ေတာ့အငယ္မ ထမင္းပန္းကန္ကိုင္ၿပီးေတာ့ မတ္တပ္ရပ္လိုက္တယ္။ အေဖက အငယ္မကိုၾကည့္ၿပီး

“ဟဲ့ အငယ္မ၊ ဘယ္သြားမလို႔လဲ”

“ဘယ္သြားရမလဲအေဖရ၊ အကိုလတ္ခ်က္တဲ့ဟင္းေတြက စားလို႔မွမရတာ၊ ဒီေတာ့ ဒီထမင္းၿပဲၿပဲေလးကိုပဲ ဆီနဲ႔ဆားနဲ႔နယ္ၿပီး ေျမပဲဆန္ေၾကာ္ေလးနဲ႔ပဲ စားေတာ့မယ္”

အေဖက ေခါင္းညိတ္ၿပီးေတာ့

“ေအးေကာင္းတယ္၊ ေရာ့၊ ငါ့လဲနယ္ေပးစမ္း”

အေဖကပါ သူ႔ထမင္းပန္ကန္ကို အငယ္မကိုလွမ္းေပးလိုက္တယ္၊ ႏို႔ညႇာညီမကေတာ့ က်ဳပ္ခ်က္ထားတဲ့ ထမင္းတုံးကို ဒီအတိုင္းကိုက္စားေနတယ္။ ၿပီးေတာ့ က်ဳပ္ကိုၾကည့္ၿပီး

“ေနာက္ဆို ထမင္းအိုး အၿပဲလြန္သြားရင္ အိုးႀကီးႀကီးနဲ႔လွယ္ၿပီး ဆန္ျပဳတ္သာျပဳတ္လိုက္ အကိုလတ္ေရ၊ ဆန္ျပဳတ္ျဖစ္သြားရင္ေတာင္ ဒီထက္စားေကာင္းအုံးမယ္”

က်ဳပ္လည္းအႀကံရသြားတာေပါ့။

“ေအးဟ၊ ဆန္ျပဳတ္ဆိုရင္ ဟင္းခ်က္စရာလည္းမလိုေတာ့ဘူး၊ ဆားခတ္ေသာက္႐ုံပဲ၊ ေအး . . . နင္ေျပာတဲ့အႀကံေကာင္းတယ္”

က်ဳပ္ေျပာေနတုန္းရွိေသးတယ္ အေဖ့အေရွ႕နားက ေရေႏြးၾကမ္းပန္းကန္လုံးက က်ဳပ္ဆီကိုပ်ံထြက္လာတာေပါ့ဗ်ာ၊ က်ဳပ္လည္း အေရွာင္အတိမ္းက ကြၽမ္းၿပီးသားဆိုေတာ့ ခ်က္ခ်င္းငုံ႔ေရွာင္လိုက္တာေပါ့။ အေဖက ေဒၚသထြက္ထြက္နဲ႔

“ေဟ့ေကာင္၊ အဲဒါမင္းကို တမင္႐ြဲ႕ေျပာေနတာကြ”

“ဟာ အေဖကလည္း၊ တစ္ခါတစ္ေလေတာ့ အဆင္မေျပတာေလးေတြ ရွိမွာေပါ့ဗ်၊ မပူနဲ႔၊ ညစာကိုေတာ့ အေဖတို႔စိတ္တိုင္းက် စပါယ္ရွယ္ . . .”

“ေတာ္စမ္း၊ ေနာက္ဆို မင္းထမင္းခ်က္ဖို႔မေျပာနဲ႔ မီးဖိုနားေတာင္မသီနဲ႔ကြာ၊ ခ်က္ဖို႔ျပဳတ္ဖို႔ကို အရီးၿပဳံးကို အကူအညီေတာင္းလိုက္မယ္ . . . မင္းခ်က္တာသာ ဆက္စားလို႔ကေတာ့ ငါေတာ့ ေသြးတိုးၿပီးေသမွာပဲ”

အေဖက ေဒါသထြက္ထြက္နဲ႔ ထမင္းဝိုင္းက ထထြက္သြားတယ္ဗ်၊ ဒီလိုနဲ႔ က်ဳပ္လည္း တစ္မနက္နဲ႔တင္ အိမ္ရဲ႕စားဖိုမႉးရာထူးကေန ျပဳတ္သြားပါေရာလားဗ်ာ။

(၂)

“စုန္းေတြက ဖ်ားတတ္တယ္လား၊ က်ဳပ္ၾကားဖူးတာကေတာ့ စုန္းဆိုတာ မဖ်ားဘူး၊ မနာဘူးဆို”

က်ဳပ္ေမးလိုက္ေတာ့ ဦးဘသာက က်ဳပ္ကိုမ်က္ေစ့ေမွးၿပီးၾကည့္တယ္ဗ်။

“မင္းကေတာ့ ဘယ္က ပုံျပင္ေတြဖတ္မိျပန္ၿပီလဲမသိပါဘူးကြာ၊ မွတ္ထားကြာ၊ စုန္းဆိုတာလည္း အေသြးအသားနဲ႔ဖြဲ႕စည္းထားတာပဲ၊ ခႏၶာရွိရင္ ေဝဒနာရွိတယ္ကြ၊ စုန္းမေျပာနဲ႔ မင္းတို႔ဘုရားေတာင္မွ ကိုးဆယ့္ေျခာက္ပါးေရာဂါနဲ႔ မကင္းလို႔ သမားေတာ္ဇီဝက က ေစာင့္ေရွာက္ေပးရတယ္ဆို”

ဦးဘသာက က်ဳပ္ကိုခပ္ျပတ္ျပတ္ပဲေျပာတာ၊ သူလည္း ေနမေကာင္းျဖစ္ေနတာကိုးဗ်၊ က်ဳပ္လည္း သူ႔ကိုမ်က္ႏွာလုပ္ခ်င္ေတာ့ က်ဳပ္ခ်က္ထားတဲ့ ထမင္းဟင္းေလးေတြပို႔ေပးတာေပါ့၊ တစ္ေယာက္တည္းေနတဲ့လူက ဖ်ားေနတာဆိုေတာ့ ဘယ္ခ်က္ျပဳတ္စားႏိုင္ပါ့မလဲဗ်ာ။ အိမ္မွာလည္း စားတဲ့လူမွ မရွိတာကိုး။

“ဒါနဲ႔ မင္းအေမရာ မမာဘူးဆိုကြ”

“ဟုတ္ပါ့ဦးဘသာရာ၊ အေမလည္း ေသြးနဲ႔သားနဲ႔တည္ေဆာက္ထားတာမို႔ ျဖစ္မွာေပါ့”

“ေအးေအး၊ ငါအိပ္လိုက္အုံးမယ္၊ မင္းျပန္ေတာ့”

ဦးဘသာက က်ဳပ္ကိုအတင္းႏွင္လြတ္တယ္ဗ်၊ က်ဳပ္လည္း သူ႔ကိုမ်က္ေစာင္းထိုးၾကည့္လိုက္ေတာ့ ဦးဘသာက

“မင္း ငါ့အနားရွိေနရင္ ငါစကားေတြအမ်ားႀကီး ေျပာရလြန္းလို႔ပါကြာ၊ ငါေတာင္းပန္ပါတယ္၊ သြားပါေတာ့”

က်ဳပ္ကိုေတာင္းေတာင္းပန္ပန္နဲ႔ ေျပာေနေတာ့တာပဲ၊ က်ဳပ္လည္း သူ႔ကိုသနားသြားတာနဲ႔ ထမင္းခြက္၊ ဟင္းခြက္ေတြခ်ေပးခဲ့ၿပီးေတာ့ ထသြားတာေပါ့ဗ်ာ။

(၃)

“ခ်မ္းတယ္ . . . ခ်မ္းတယ္”

ညေနငါးနာရီေလာက္ေရာက္ေတာ့ အေမက တုန္ေနတာပဲဗ်၊ က်ဳပ္တို႔လယ္ထဲက ျပန္လာတဲ့အခ်ိန္ေပါ့၊ အငယ္မကေတာ့ အေမ့ကိုအနီးကပ္ျပဳစုေနတယ္၊ က်ဳပ္အိမ္ေပၚတက္ၿပီး အေမ့ကိုၾကည့္လိုက္ေတာ့ အေမက အေတာ္ကိုေခ်ာင္က်ေနတာပဲဗ်ာ၊ မ်က္လုံးကိုျပဴးထြက္ေနတာပဲ၊ သုံးေလးရက္အတြင္း အေမအေတာ္က်သြားတာပဲ။ တစ္ကိုယ္လုံးကေတာ့ က်သြားေပမယ့္ အေမ့ဗိုက္က ပူလို႔ဗ်။

“ဟဲ့အငယ္မ၊ အေမ့ကိုေဆးတိုက္ၿပီးၿပီလား”

“တိုက္ေတာ့တိုက္တယ္၊ အေမက ဘာမွစားလို႔ ေသာက္လို႔မရဘူး၊ ေရတိုက္ရင္ေတာင္ အန္အန္ထြက္ေနတာ”

ဒီအခ်ိန္မွာပဲ အေမ့ဘက္က အမ်ိဳးေတာ္တဲ့ အရီးၿပဳံးက အိမ္ေပၚကိုတက္လာခဲ့တယ္ဗ်၊ လက္ထဲမွာလည္း ဆန္ျပဳတ္တစ္ခြက္ကိုင္လို႔ေပါ့ဗ်ာ။ ၿပီးေတာ့ အေမ့ေရွ႕မွာဝင္ထိုင္တယ္။

“အစားတစ္ခုခုေတာ့ ဝင္ေအာင္စားလိုက္မသန္း၊ အစာမဝင္ရင္ နင္လဲသြားမွာေပါ့”

အရီးၿပဳံးက ဆန္ျပဳတ္တစ္ဇြန္းခပ္လိုက္ၿပီးေတာ့ တဖူးဖူးမႈတ္လိုက္တယ္၊ ဆန္ျပဳတ္က ၾကက္သားနဲ႔ျပဳတ္ထားတာမို႔လို႔ အဆီေလးေတြေဝ့ၿပီးေတာ့ ေမႊးေနတာပဲဗ်ာ၊ အေပၚကေန ဆီခ်က္ေမႊးေမႊးကေလးလည္း ဆမ္းထားတာကိုး။ ေနာက္ေတာ့ အရီးၿပဳံးက ဆန္ျပဳတ္ဇြန္းကို အေမ့ကိုလွမ္းခြံ႕တယ္၊ အေမက ပါးစပ္ကိုယဲ့ယဲ့ကေလးဟၿပီးေတာ့ ဆန္ျပဳတ္ကိုရႉးခနဲေသာက္လိုက္တယ္ဗ်။

“ေကာင္းလိုက္တာ အရီးၿပဳံးရယ္”

“ေကာင္းရင္မ်ားမ်ားေသာက္၊ ဒီတစ္ပန္းကန္ေတာ့ ဝင္ေအာင္ေသာက္”

အရီးၿပဳံးက ဆန္ျပဳတ္ေနာက္တစ္ခြက္ခပ္ေနတုန္းရွိေသးတယ္ အေမက ေဝါ့ခနဲပ်ိဳ႕တက္လာၿပီး ဆန္ျပဳတ္ေတြကို ျပန္အန္ထုတ္လိုက္တာပဲဗ်ာ။ ဆန္ျပဳတ္ေတြေရာ၊ ေရေတြေရာပါတယ္၊ အရီးၿပဳံးလဲ ေပက်ံကုန္တာေပါ့။ အငယ္မက ေရတစ္ခြက္ယူလာၿပီး အေမ့ကိုတိုက္တယ္။ အေမက ေရတစ္က်ိဳက္ေမာ့ေသာက္လိုက္ၿပီးေတာ့ ခုနကအတိုင္း ျပန္အန္ထုတ္ပါေရာဗ်ာ။

“ဟဲ့မသန္း၊ ညည္းမစားႏိုင္ဘူးလား”

“ဆာေတာ့ဆာတယ္ အရီးၿပဳံးရယ္၊ ဒါေပမယ့္ စားတိုင္းအန္၊ ေသာက္တိုင္းအန္ေနတာဆိုေတာ့ မစားခ်င္၊ မေသာက္ခ်င္ေတာ့ပါဘူးရွင္၊ အန္ရတာလည္း ပင္ပန္းလိုက္တာ”

အေမ့အန္ဖတ္ေတြေပသြားတဲ့ အဝတ္အစားေတြကိုလဲေပးၿပီးေတာ့ အေမလည္းျပန္လွဲၿပီးအိပ္သြားတာေပါ့ဗ်ာ၊ က်ဳပ္ျဖင့္ အေမ့ကိုၾကည့္ၿပီး စိတ္ေတာင္မေကာင္းဘူး၊ အေမ့လက္ကေလးေတြဆိုလည္း ပိန္ပိန္ကေလးပဲရွိေတာ့တာ၊ ဒါေတာင္မွ ဖ်ားတာက သုံးရက္ေလာက္ရွိေသးတာဗ်။

က်ဳပ္လည္းစိတ္ညစ္ညစ္နဲ႔ အိမ္ေပၚကဆင္းလာေတာ့ ဆန္ျပဳတ္အနံ႔ကေမႊးေနတာပဲဗ်ာ၊ ေဘးဘီကိုၾကည့္လိုက္ေတာ့ လူလည္းရွင္းေနတာနဲ႔ မီးဖိုေခ်ာင္ထဲဝင္ၿပီးေတာ့ တစ္လုံးခ်ိဳင့္ကေလးထဲကို ဆန္ျပဳတ္ေတြခပ္ထည့္တာေပါ့ဗ်ာ၊ ဘယ္သူ႔အတြက္လဲ ဆိုတာေတာ့ ခင္ဗ်ားတို႔လည္းသိမွာပါ။ ၿပီးတာနဲ႔ ဆန္ျပဳတ္ခ်ိဳင့္ကေလးကို အသာဖြက္ကိုင္ၿပီးေတာ့ အိမ္ထဲကေန အေျပးထြက္ခဲ့တာေပါ့၊ က်ဳပ္ၿခံထဲကေနထြက္ေတာ့ အရီးၿပဳံးက ေလွကားကေနဆင္းလာတယ္။ က်ဳပ္လည္း မ်က္ႏွာပူတာနဲ႔ ၿခံထဲကေန အျမန္ေျပးခဲ့တာေပါ့ဗ်ာ။

“ေရာ့ ဦးဘသာစားဖို႔ က်ဳပ္ျပဳတ္လာခဲ့တာ”

ဦးဘသာက လွဲေနရာကေန ငုတ္တုတ္ထိုင္လိုက္တယ္ဗ်၊ ေနာက္ေတာ့ က်ဳပ္ကိုင္လာတဲ့ တစ္လုံးခ်ိဳင့္ကေလးကိုၾကည့္တယ္။

“မင္းခ်က္လာတာဆိုရင္ေတာ့ မစားေတာ့ပါဘူးကြာ”

“ဟာ၊ ဦးဘသာကေတာ့ စားစမ္းပါဗ်”

“ေတာ္စမ္းပါကြာ၊ မနက္ကလည္း ထမင္းဟင္းေတြခ်က္လာတယ္ဆိုလို႔ ငါ့မွာ ဗိုက္ဆာဆာနဲ႔စားလိုက္တာ၊ ၿမိဳလို႔ေတာင္မရဘူးကြာ၊ ဒါနဲ႔ ပန္းကန္ျပားစုတ္ထဲထည့္ၿပီး ဂုတ္က်ားကိုေကြၽးတာ ငတ္ျပတ္ေနတဲ့ ဂုတ္က်ားေတာင္မွ မင္းထမင္းကိုမစားဘူးကြ”

က်ဳပ္လည္း ရယ္က်ဲက်ဲပဲ လုပ္ရတာေပါ့ဗ်ာ။

“ဦးဘသာကလည္း က်ဳပ္က စားေစခ်င္လို႔ေပးတာပါဗ်၊ ေရာ့ ဒီမွာဆန္ျပဳတ္ဗ်ာ”

ဆန္ျပဳတ္ခ်ိဳင့္ကိုဖြင့္လိုက္ေတာ့ အနံ႔ကေမႊးထြက္လာတာဗ်၊ ဦးဘသာလည္း ႏႈတ္ခမ္းသပ္ၿပီးေတာ့ ဆန္ျပဳတ္ခ်ိဳင့္ကိုေငးၾကည့္တယ္။

“ဒီေလာက္ေမႊးႀကိဳင္ေနတာဆိုေတာ့ ေသခ်ာေပါက္ မင္းလက္ရာမျဖစ္ႏိုင္ဘူး”

“ဟီး၊ ဒါက အရီးၿပဳံးလက္ရာ”

ဦးဘသာက ဇြန္းတစ္ေခ်ာင္းသြားယူၿပီးေတာ့ ဆန္ျပဳတ္ေတြကို အားရပါးရခပ္ေသာက္တာပဲဗ်ာ၊ သူ႔ပုံစံၾကည့္ရတာ အႏွစ္ႏွစ္အလလက ငတ္ျပတ္ေနတဲ့လူလိုပဲ၊ တစ္လုံးခ်ိဳင့္ထဲက ဆန္ျပဳတ္ေတြ အကုန္ကုန္ေအာင္ကို ေသာက္ထည့္လိုက္တာ၊ ဆန္ျပဳတ္ကုန္သြားေတာ့ ခ်ိဳင့္ထဲကို ေရထည့္ၿပီးေတာ့ ေရနဲ႔က်င္းၿပီး ေသာက္လိုက္ေသးသဗ်။

“ေကာင္းလိုက္တာ၊ မၿပဳံးလက္ရာ ဒီေလာက္ေကာင္းမွန္း ငါမသိခဲ့ဘူး”

“စားပါ၊ စားပါ၊ ဒီဆန္ျပဳတ္က အမွန္ေတာ့ အေမ့အတြက္ျပဳတ္ထားတာ၊ အေမက ဆန္ျပဳတ္မေျပာနဲ႔ ေရေတာင္ၿမိဳခ်မရဘူးဗ်ာ”

ဦးဘသာက တစ္ခ်က္ေတြးသြားတယ္ဗ်။

“ေရေတာင္ၿမိဳမရဘူးတဲ့လား”

က်ဳပ္ကိုျပန္ေမးေတာ့ က်ဳပ္လည္း ေခါင္းညိတ္လိုက္တယ္။

“ဒါေပါ့၊ ဆန္ျပဳတ္တစ္ဇြန္းစားရင္လည္းအန္၊ ေရတစ္က်ိဳက္ေလာက္ ေသာက္ရင္လည္းအန္၊ ေဆးေတာင္ေသာက္လို႔ မရဘူးတဲ့ဗ်ာ”

“မင္းဟာက ႐ိုးရဲ႕လားကြ”

က်ဳပ္လည္း ဦးဘသာကို မ်က္ေစာင္းထိုးလိုက္ၿပီး

“ဦးဘသာက ေျပာလိုက္ရင္ေတာ့ အၿမဲတမ္း၊ ႐ိုးရဲ႕လား၊ ႐ိုးရဲ႕လားနဲ႔”

“ေအး၊ ငါကလည္း ထူးဆန္းလို႔ေမးၾကည့္တာပါကြာ၊ ဒါနဲ႔အခုရက္ပိုင္းမွာ မင္းအေမဘာေတြျဖစ္ခဲ့ေသးသလဲ”

က်ဳပ္လည္းေခါင္းခါလိုက္ၿပီးေတာ့

“မျဖစ္ပါဘူး၊ ေအးေဆးပါပဲ၊ ကဲ ဦးဘသာ က်ဳပ္သြားေတာ့မယ္၊ ဦးဘသာသာ ေဆးကုတတ္လို႔ကေတာ့ က်ဳပ္အေမကို ဦးဘသာနဲ႔ပဲ ကုပစ္လိုက္ခ်င္တယ္၊ ခက္တာ ဦးဘသာက ကိုယ့္ဟာကိုယ္ေတာင္ အဖ်ားကိုမကုႏိုင္ဘူးမဟုတ္လား”

က်ဳပ္လည္း တမင္ခနဲ႔ေျပာၿပီးေတာ့ တစ္လုံးခ်ိဳင့္ကေလးကိုင္ၿပီး ဦးဘသာၿခံထဲကေနထြက္လာခဲ့တာေပါ့ဗ်ာ။

(၄)

“အိမ္မွာထူးဆန္းတာေတြ ျဖစ္ေနၿပီ”

က်ဳပ္ၿခံထဲဝင္လိုက္ေတာ့ အရီးၿပဳံးက အိမ္ေရွ႕ခန္းမွာေျပာေနတယ္ဗ်၊ အေဖကလည္း သူ႔ကိုၾကည့္လို႔ေပါ့။

“ဘာေတြျဖစ္ေနတာလဲဗ်”

“ဘာျဖစ္ရမလဲ သူႀကီးရဲ႕၊ ညေနက က်ဳပ္ဆန္ျပဳတ္ေတြ တစ္အိုးႀကီးျပဳတ္ထားတာ၊ အခု တစ္ဝက္ေလာက္ပဲက်န္ေတာ့တယ္”

“တစ္ေယာက္ေယာက္ေသာက္သြားတာျဖစ္မွာေပါ့ဗ်ာ”

အရီးၿပဳံးက မယုံခ်င္ဘူးဗ်။

“မျဖစ္ႏိုင္ပါဘူး သူႀကီးရယ္၊ ဒီအိမ္မွာ က်ဳပ္တို႔အၿမဲရွိေနတာပဲ၊ ေသခ်ာပါတယ္၊ ဒါသရဲေတြဘာေတြ ေသာက္သြားတာျဖစ္မွာ”

“သရဲေသာက္တာမဟုတ္ဘူးဗ်ိဳ႕၊ စုန္းေသာက္တာဗ်”

က်ဳပ္လည္း ခ်ိဳင့္ကေလးဆြဲၿပီး အေဖ့ေရွ႕က ခုံမွာဝင္ထိုင္လိုက္ေတာ့ အရီးၿပဳံးက တအံ့တဩနဲ႔

“ဟယ္၊ စုန္းတဲ့လား၊ ေျပာစမ္း ဘယ္ကစုန္းလဲ”

“ဦးဘသာေပါ့ဗ်ာ၊ သူလည္းဖ်ားေနတယ္မဟုတ္လား၊ ဒါနဲ႔ က်ဳပ္လည္း ဆန္ျပဳတ္ခပ္ၿပီး သူ႔ကိုသြားပို႔လိုက္တာ၊ ကဲ ရွင္းၿပီလား”

က်ဳပ္ေျပာေတာ့မွ အရီးၿပဳံးက က်ဳပ္ကိုမ်က္ေစာင္းထိုးတယ္၊ နဂိုကတည္းက အေဖက အရီးၿပဳံးနဲ႔ သိပ္စကားေၾကာမတည့္ဘူးမဟုတ္လား၊ ဒါနဲ႔ အေဖက က်ဳပ္ကိုၾကည့္ၿပီးေတာ့

“ဦးဘသာအတြက္ ပို႔မယ္လို႔ေျပာရင္ ငါတို႔က တားမလားကြ၊ တကယ္ဆိုရင္ေတာ့ မင္းဆန္ျပဳတ္သြားပို႔မယ္ဆိုတာကို တစ္ေယာက္ေယာက္ကိုေတာ့ ေျပာသင့္တာေပါ့၊ အခုေတာ့ တစ္ခ်ိဳ႕ေတြက ထင္ခ်င္ရာေတြ ထင္ကုန္ၿပီမဟုတ္လား”

အေဖက အရီးၿပဳံးကိုေစာင္းငဲ့ၾကည့္ၿပီးေျပာလိုက္ေတာ့ အရီးၿပဳံးက အေဖ့ကိုမ်က္ေစာင္းလွမ္းထိုးၿပီးေတာ့ အိမ္ေပၚတက္သြားတာပဲဗ်ာ။

“ဒါနဲ႔အေဖ၊ အေမ မသက္သာရင္ ဘယ္လိုဆက္လုပ္မလဲ၊ အစားမဝင္၊ ေရမဝင္နဲ႔ဆိုေတာ့”

အေဖက သက္ျပင္းခ်ၿပီး

“ေအး၊ ငါအားလုံးေတြးထားၿပီးသားပါ၊ မနက္ျဖန္မွ အေျခအေနမဟန္လို႔ကေတာ့ ေဆး႐ုံတင္ရမယ္ကြ”

က်ဳပ္လည္းေခါင္းညိတ္ၿပီး ထိုင္ခုံကေနထဖို႔လုပ္လိုက္တယ္။ ဒါေပမယ့္ က်ဳပ္ေခါင္းထဲ သတိတစ္ခုရလိုက္တယ္။

“ဪ၊ ဒါနဲ႔အေဖ၊ အေမက အခုရက္ပိုင္းအတြင္း ဘာေတြထူးျခားေသးသလဲ”

အေဖက တစ္ခ်က္စဥ္းစားၿပီးေတာ့

“ဘာထူးျခားသလဲဆိုေတာ့ . . . .၊ လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္ကေတာ့ ေဒၚႂကြယ္တို႔သားအမိေတြနဲ႔ ရန္ျဖစ္ၾကေသးတယ္ကြ”

“ဟင္၊ က်ဳပ္လည္းမသိရပါလား”

“မင္းက အဲဒီတုန္းက ျပန္မွမေရာက္ေသးတာ”

“ဘာလို႔ျဖစ္တာလဲဗ်”

“သူ႔ေၾကာင့္ေတာ့မဟုတ္ပါဘူး၊ သူ႔တူမက ေဒၚႂကြယ္တို႔သားအမိကို ပိုက္ဆံေခ်းတယ္တဲ့ကြာ၊ ပိုက္ဆံျပန္ေတာင္းေတာ့ သမီးကလည္း အေမလိုလို၊ အေမကလည္း သမီးလုပ္တာလိုလို လႊဲခ်ေနတာတဲ့၊ ဒါနဲ႔ မင္းအေမက သူ႔တူမကိုယ္စား လူမိုက္သြားလုပ္ေပးတာပဲေဟ့၊ အဲဒီမွာ ဆဲၾကဆိုၾကနဲ႔ ရန္ေတြျဖစ္ၾကတာေပါ့”

ဒီအခ်ိန္မွာပဲ အိမ္ေပၚထပ္က ေအာ္သံေတြၾကားရတယ္ဗ်၊ ၿပီးေတာ့ အရီးၿပဳံးက ေၾကာက္လန႔္တၾကားနဲ႔ အိမ္ေပၚကေနေျပးဆင္းလာတယ္။

“မသန္းက အပမွီေနတာ သူႀကီး၊ သူ႔ကို ပေယာဂ ဝင္ေနတာျဖစ္မယ္”

အေဖနဲ႔က်ဳပ္လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္တာေပါ့ဗ်ာ၊ အရီးၿပဳံးကဆက္ၿပီး

“ဒါမ်ိဳးကေတာ့ မွတ္ႀကီးက ကြၽမ္းတယ္ဟဲ့၊ မွတ္ႀကီးကို သြားပင့္ေခ်”

က်ဳပ္က ဦးမွတ္ႀကီးအေၾကာင္းသိေနတာဆိုေတာ့ သြားမပင့္ခ်င္ဘူးဗ်ာ၊ ဒါနဲ႔ အေဖ့ကိုၾကည့္လိုက္တယ္၊ အေဖကလည္း က်ဳပ္အၾကည့္ကိုနားလည္မွာပါ၊ ဒါေပမယ့္ အေဖက စကားမ်ားမ်ားမေျပာခ်င္လို႔ထင္ပါတယ္။

“အလတ္ေကာင္၊ ဦးမွတ္ႀကီးကို သြားပင့္ကြာ”

အေဖ့စကားၾကားေတာ့ က်ဳပ္လည္း မျငင္းသာေတာ့ဘဲ ဦးမွတ္ႀကီးအိမ္ကို အျမန္ေျပးခဲ့ရတာေပါ့ဗ်ာ။

“ဦးမွတ္ႀကီး . . .က်ဳပ္ . . . က်ဳပ္အေမ အပမွီေနလို႔ဗ်”

က်ဳပ္လည္း ဦးမွတ္ႀကီးအိမ္ထဲကိုေျပးဝင္လိုက္ၿပီးေတာ့ အေမာတေကာနဲ႔ ေျပာလိုက္ေတာ့ ဦးမွတ္ႀကီး က ေရေႏြးေသာက္မပ်က္ဘူးဗ်ာ။

“မင္းတို႔ ဘသာကို သြားမေခၚဘူးလား”

“ဦးဘသာႀကီးက ေနမေကာင္းဘူးဗ်”

ဦးမွတ္ႀကီးလည္း အဲဒီေတာ့မွ ပုဆိုးျပင္ဝတ္ၿပီးေတာ့ နံရံမွာအသင့္ခ်ိတ္ထားတဲ့ သူ႔ရဲ႕ေဆးကုတဲ့လြယ္အိတ္ကိုျဖဳတ္လိုက္ၿပီးေတာ့ ဘုရားေက်ာင္းေဆာင္ေပၚက ႀကိမ္လုံးတစ္လုံးကိုဆြဲရင္း က်ဳပ္ေနာက္ကိုလိုက္ခဲ့တာေပါ့ဗ်ာ၊ မတတ္တေခါက္တတ္တဲ့ ဦးမွတ္ႀကီးကို ဆရာတင္ၿပီး ေျပးေခၚရတာက ေအာက္က်မွန္းေတာ့သိေပမယ့္ က်ဳပ္မွာလည္းအေဖ့အမိန႔္အရမဟုတ္လား၊ ေနာက္ၿပီး ကိုယ့္အေမျဖစ္ေနတာဆိုေတာ့လည္း သူ႔ကိုမ်က္ႏွာငယ္နဲ႔သြားေခၚရတာေပါ့ဗ်ာ။

က်ဳပ္လည္း ျပန္လာရင္း ဦးဘသာအိမ္ေရွ႕ေရာက္ေတာ့ ဦးဘသာအိမ္ထဲမွာ မီးလင္းေနတာေတြ႕တာနဲ႔ အိမ္ကိုမျပန္ေတာ့ဘဲ ဦးဘသာအိမ္ကိုဝင္လိုက္တာေပါ့ဗ်ာ၊ ပေယာဂဆိုရင္ ဦးမွတ္ႀကီးက ႏိုင္မွမႏိုင္တာ၊ ဦးဘသာကပဲ လုပ္ေပးေနက်ဆိုေတာ့ က်ဳပ္လည္း သူ႔ကိုအားကိုးမိတာေပါ့။

“ဦးဘသာ . . . ဦးဘသာ”

“အလတ္ေကာင္ပါလား၊ အေမာတေကာနဲ႔ ဘာျဖစ္လာတာလဲ”

“က်ဳပ္အေမကို အပမွီတယ္ဆိုလို႔ဗ်”

ဦးဘသာအိမ္ေပၚတက္လိုက္ေတာ့ ဦးဘသာက အိပ္မလို႔ျပင္ေနတယ္တူပါရဲ႕ဗ်ာ၊ အခ်ိန္ကေတာ့ ေစာေသးတယ္ဗ်၊ ေျခာက္နာရီေက်ာ္ေလာက္ပဲရွိအုံးမယ္။

“မင္းေျပာေတာ့ ႐ိုးပါတယ္ဆို”

“အခုေတာ့ မ႐ိုးဘူးဗ်၊ အေမက ဘာစားစား ဘာေသာက္ေသာက္မဝင္ဘူး၊ ေနာက္ၿပီး အခုေတာ့ သရဲပူးသလိုလို ကပ္သလိုလိုျဖစ္ေနတယ္တဲ့၊ ၿပီးေတာ့လည္း လြန္ခဲ့တဲ့ႏွစ္ပတ္ေလာက္က ေျမာက္ပိုင္းက ေဒၚႂကြယ္တို႔သားအမိနဲ႔ ရန္ေတြျဖစ္ၾကတယ္ဆိုပဲ။

က်ဳပ္ေျပာလိုက္တာနဲ႔ ဦးဘသာက ခ်က္ခ်င္းေခါင္းေထာင္လာၿပီးေတာ့ ငုတ္တုတ္ထိုင္ခ်လိုက္တာပဲ။

“အခုမင္းတို႔ဘယ္လိုလုပ္ၾကမလဲ”

“အရီးၿပဳံးနဲ႔ အေဖက ဦးမွတ္ႀကီးကို ေျပးေခၚခိုင္းတာနဲ႔ က်ဳပ္လည္းအခုေျပးေခၚၿပီး ျပန္လာတာ”

ဦးဘသာက မ်က္ႏွာမဲ့လိုက္ၿပီး

“မွတ္ႀကီးက မႂကြယ္ကို ဘယ္ႏိုင္မွာလဲကြ”

က်ဳပ္လည္း မ်က္လုံးျပဴးသြားတယ္။

“ဒါဆို မႂကြယ္က စုန္းလား”

ဦးဘသာ မ်က္ႏွာတစ္ခ်က္ပ်က္သြားတယ္ဗ်၊ သူ႔ပါးစပ္က လြတ္ခနဲထြက္သြားတာကိုး၊ ေနာက္ေတာ့ သူလည္းေခါင္းညိတ္လိုက္တယ္။

“မင္းကိုငါတစ္ခါေျပာဖူးသားပဲ၊ တို႔႐ြာမွာ စုန္းအတတ္ေတြတတ္ေပမယ့္ စုန္းလို႔လူသိမခံတဲ့လူေတြ အမ်ားႀကီးရွိတယ္ဆိုတာေလကြာ”

က်ဳပ္လည္း ဦးဘသာအနားကို ေျပးထိုင္လိုက္တယ္။

“ဟာ၊ ဒါဆို မႂကြယ္ကစုန္းမႀကီးေပါ့၊ လုပ္စမ္းပါဗ်ာ၊ က်ဳပ္အေမကို ကယ္ေပးပါ”

“ေအးၿပီးေရာ၊ မင္းအိမ္မွာ မွတ္ႀကီးရွီတယ္ဆိုေတာ့ ငါမလိုက္ေတာ့ဘူး၊ ငါလည္းေနမေကာင္းဘူးဆိုေတာ့ ဒီကေနလွမ္းကုေပးမယ္၊ လာ ဒီနားထိုင္၊ ဟိုဖက္ကိုလွည့္စမ္း”

က်ဳပ္လည္း သူထိုင္ေနတဲ့ဖ်ာေပၚကိုတက္ထိုင္ၿပီးေတာ့ သူလွည့္ခိုင္းတဲ့အတိုင္း သူ႔ကိုမ်က္ႏွာမမူဘဲနဲ႔ လမ္းေပၚကိုမ်က္ႏွာမူၿပီး ထိုင္လိုက္တယ္၊ သူနဲ႔ဆိုေဘးေစာင္း အေနအထားျဖစ္ေနတာေပါ့ဗ်ာ၊ ဦးဘသာက က်ဳပ္နဖူးကို သူ႔လက္ဝါးနဲ႔အုပ္ၿပီးေတာ့

“မင္းကို ေအာက္ဝိဇၨာ၊ ကေဝဝိဇၨာ ေတြရဲ႕ အျမင္ဓါတ္ဖြင့္ေပးမယ္ေနာ္၊ မင္းမ်က္လုံးကိုမွိတ္ထား၊ ၿပီးရင္ မင္းတို႔အိမ္ကို အာ႐ုံျပဳထား”

က်ဳပ္လည္းေခါင္းညိတ္ၿပီးေတာ့ မ်က္လုံးမွိတ္ထားလိုက္တယ္၊ ဦးဘသာက က်ဳပ္နဖူးကိုလက္နဲ႔ခပ္ဖြဖြအုပ္ထားရင္း

“ကာကနီေလးေဖာ္၊ ေဇာ္ဂနီေလးပါး၊ ကေတာ္ကိုးပါးႏွင့္ ခုနစ္ေထြကေဝမ်ိဳးတို႔ အျမင္ဓါတ္ဖြင့္ေပးပါ၊ အျမင္ဓါတ္ဖြင့္ေပးပါ၊ အျမင္ဓါတ္ကိုဖြင့္ေပးၾကပါ”

ဥိးဘသာက အဲဒီလိုေျပာလိုက္ၿပီးေတာ့ က်ဳပ္နဖူးကိုလက္ဝါးနဲ႔ ျဖန္းခနဲ႐ိုက္လိုက္တယ္ဆိုရင္ပဲ က်ဳပ္ကိုယ္လုံးႀကီးက ေလေပၚလြင့္ထြက္သြားသလိုလို၊ ေရထဲမွာ ေျမာေနသလိုလိုႀကီးျဖစ္သြားတယ္။ က်ဳပ္မ်က္လုံးထဲမွာလည္း ၿမိဳ႕ႀကီးေတြေရာ၊ ေတာင္ႀကီးေတြ၊ သစ္ေတာႀကီးေတြ၊ ေနာက္ၿပီးေတာ့ လူေတြေရာ အစုံပဲျမင္ေတြ႕ေနရတယ္ဗ်။

“အာ႐ုံျပဳထား၊ မင္းရဲ႕အိမ္ကို အာ႐ုံျပဳထား”

က်ဳပ္လည္း အိမ္အေၾကာင္းကိုစဥ္းစားလိုက္တာနဲ႔ ပတ္ဝန္းက်င္က ျမင္ကြင္းေတြက အကုန္လုံးေျပာင္းလဲသြားၿပီးေတာ့ က်ဳပ္တို႔ၿခံေရွ႕ကိုေရာက္သြားတယ္ဗ်။

“မင္းအေမကိုၾကည့္ေဟ့”

က်ဳပ္လည္း ၿခံထဲကေနၿပီး အိမ္ထဲကိုဆက္သြားလိုက္တယ္၊ လမ္းေလွ်ာက္သြားရတာနဲ႔မတူဘဲ ေလေပၚမွာလြင့္သြားသလိုလို ေ႐ြ႕ၿပီးေရာက္သြားတာဗ်၊ အိမ္ေပၚကိုလွမ္းတက္မယ္လုပ္ေတာ့ ေလွကားရင္းမွာ လူႀကီးတစ္ေယာက္မတ္တပ္ရပ္ေနတယ္။

“ေဟ့ေကာင္ေလး ေနအုံး”

က်ဳပ္ကိုေအာ္လိုက္ေတာ့ က်ဳပ္အေရွ႕ဆက္သြားမရဘဲ တစ္ခုခုနဲ႔တိုက္ေနသလို တစ္ေနတယ္ဗ်၊ ဒီလူႀကီးက က်ဳပ္ကိုအေသအခ်ာၾကည့္တယ္၊

“ဪ၊ မင္းက ဒီအိမ္ကပဲ”

အဲဒီလိုေျပာၿပီး ေပ်ာက္သြားတာဗ်ာ၊ မ်က္စိေရွ႕တင္ပဲ ဘယ္ေရာက္သြားမွန္းမသိဘူး၊ ေနာက္ေတာ့ က်ဳပ္လည္း ေလွကားအတိုင္းအိမ္ေပၚတက္လိုက္တယ္၊ အိမ္ဦးခန္းမွာ ဦးမွတ္ႀကီးကထိုင္ေနတယ္၊ အေမ့ကို လူေတြဝိုင္းထားတာေတြ႕တယ္။

“မင္းအေမကိုေသခ်ာၾကည့္စမ္း ဘာျမင္လဲ”

က်ဳပ္လည္း အေမ့ကိုေသေသခ်ာခ်ာစိုက္ၾကည့္လိုက္တယ္ဗ်။

“ျမင္တယ္၊ ျမင္တယ္ ဦးဘသာ၊ အေမ့ရဲ႕လည္ပင္းနားမွာ အနက္ေရာင္ေတြေတြ႕တယ္၊ ေနာက္ၿပီးေတာ့ ေျခေထာက္မွာလည္းေတြ႕တယ္”

ဒီအခ်ိန္မွာ ဦးမွတ္ႀကီးက အေမ့ဗိုက္ႀကီးကိုလွန္ၿပီးၾကည့္လိုက္တာပဲဗ်ာ၊ က်ဳပ္ၾကည့္လိုက္ေတာ့ အေမ့ဗိုက္ထဲမွာလည္း အနက္ေရာင္အမႈန္ေလးေတြလိုလို အရာေတြက စုေနတာပဲ။

“ဗိုက္ထဲမွာေတြ႕တယ္၊ အနက္ေရာင္အမႈန္ေလးေတြဦးဘသာ၊ မသိရင္ ခဲတံကို ဓါးနဲ႔ျခစ္လိုက္တဲ့အခါ က်လာတဲ့အမႈန္မ်ိဳးေလးေတြ”

“အဲဒါ မင္းအေမကို တိုက္ထားတာပဲကြ၊ အစာပိတ္၊ ေသြးပိတ္၊ ေလပိတ္လုပ္တယ္လို႔ေခၚတယ္၊ ဒါေၾကာင့္ မင္းအေမက ဘာမွစားလို႔ေသာက္လို႔မရတာေပါ့ကြာ”

“ဟုတ္ . . . ဟုတ္မယ္ဗ်”

“မ်က္လုံးမဖြင့္နဲ႔အုံးအလတ္ေကာင္၊ ဒါဆိုရင္ မင္းၿခံထဲမွာ တစ္ခုခုေတာ့ရွိေလာက္တယ္၊ မင္းၿခံထဲကို ေသေသခ်ာခ်ာၾကည့္စမ္းကြာ”

က်ဳပ္လည္း လိုက္ၾကည့္တာေပါ့ဗ်ာ၊ အိမ္ေပၚမွာေတာ့ ဦးမွတ္ႀကီးနဲ႔ အေမတို႔က အလုပ္ေတြရႈပ္ေနတယ္၊ က်ဳပ္ၿခံထဲကိုဆင္းလာၿပီး အိမ္ေရွ႕ေတြ အိမ္ေနာက္ေတြကို ေသေသခ်ာခ်ာၾကည့္တယ္ဗ်။ ဒါေပမယ့္ ဘာမွထူးျခားတာကိုမေတြ႕ရဘူး၊ ဒါေပမယ့္ ၿခံတံခါးနားေရာက္ေတာ့ ထူးျခားတာတစ္ခုေတြ႕လိုက္ရတယ္ဗ်။ ၿခံတံခါးအဝင္အထြက္နားေလာက္မွာ ခုနကျမင္ရတဲ့ အနက္ေရာင္အမႈန္ေလးေတြ အမ်ားႀကီးစုေနပါေရာ။

“ေတြ႕ၿပီ၊ ဦးဘသာ၊ ေတြ႕ၿပီ၊ ၿခံတံခါးေအာက္နားမွာ ခုနကလို အနက္ေရာင္အမႈန္ေတြ အမ်ားႀကီးပဲ”

“ေအး၊ အဲဒီေနရာကို ေသေသခ်ာခ်ာမွတ္ထားေနာ္”

“ဦးဘသာ က်ဳပ္ . . က်ဳပ္တျခားေနရာေတြကို သြားၾကည့္ခ်င္ေသးတယ္”

“ေတာ္စမ္းပါကြာ၊ အျမင္ဓါတ္ရတယ္ဆိုတိုင္း ေလွ်ာက္မၾကည့္ရဘူးကြ၊ ျမင္တာေတြမ်ားရင္ မေကာင္းဘူး၊ ကဲ ငါမင္းကိုအျမင္ဓါတ္ထုတ္ေပးၿပီေဟ့”

ဦးဘသာက ေျပာေျပာဆိုဆိုနဲ႔ က်ဳပ္ရဲ႕နဖူးကိုထိထားတဲ့လက္ဖဝါးကို ျဖဳတ္လိုက္ၿပီးေတာ့ က်ဳပ္ေနာက္ေစ့ကို လက္ဖဝါးနဲ႔ျဖန္းကနဲ႐ိုက္ခ်လိုက္တာပဲဗ်ာ၊ က်ဳပ္ကိုယ္လုံးက အေရွ႕ကိုကိုင္းက်သြားၿပီးေတာ့ က်ဳပ္နဖူးက ဖ်ာနဲ႔ထိသြားတယ္၊ က်ဳပ္ကိုတစ္ေယာက္ေယာက္က ေဆာင့္တြန္းလိုက္သလိုျဖစ္ၿပီးေတာ့ က်ဳပ္လည္းမ်က္လုံးေတြပြင့္သြားတာေပါ့ဗ်ာ၊

ထိုင္မယ္လို႔လုပ္ေပမယ့္ က်ဳပ္ကိုယ္က်ဳပ္ သိပ္ၿပီးထိန္းခ်ဳပ္မရေသးဘူးဗ်။ က်ဳပ္လက္ေတြကိုလည္း ခံစားလို႔မရေသးဘူး၊ ဦးဘသာက က်ဳပ္ပုခုံးကိုအသာဆြဲထူတယ္။ ဒီေတာ့မွ က်ဳပ္လည္း ျပန္ၿပီးလႈပ္ရွားလို႔ရတယ္ဗ်။

“မင္းအခုလုပ္ရမွာက အိမ္ကိုျပန္ၿပီး အဲဒီေနရာကို တူးသာၾကည့္ေတာ့ကြာ၊ ငါကေတာ့ မႂကြယ္နဲ႔ရွင္းလိုက္မယ္”

“ဒါနဲ႔ ခုနက က်ဳပ္ဘာျဖစ္ေနတာလဲ၊ က်ဳပ္ကိုယ္က်ဳပ္ ထိန္းလို႔မရေတာ့ဘူး”

“ဘဝင္က်သြားတာကြ၊ နတ္ပဲျဖစ္ျဖစ္၊ စုန္းပဲျဖစ္ျဖစ္ လူတစ္ေယာက္ကိုပူးခ်င္ကပ္ခ်င္တယ္ဆိုရင္ အဲဒီလူရဲ႕အသိစိတ္ကို ဘဝင္ထဲက်သြားေအာင္အရင္လုပ္ရတယ္၊ ဘဝင္က်သြားေတာ့မွ ဝင္ကပ္ၿပီး အဲဒီလူကို ေစခိုင္းလို႔ရတာကြ”

“ဘဝင္က်တယ္ဆိုတာဘာလဲဗ်”

“မင္းကလည္း စကားရွည္လိုက္တာကြာ၊ အဲဒီအေၾကာင္းေတြ ေနာက္ေတာ့မင္းကိုေျပာျပပါ့မယ္၊ အခုက အေရးႀကီးတယ္၊ မွတ္ႀကီးက မင္းအေမကို ႀကိမ္လုံးနဲ႔သိမ္းႀကဳံးမ႐ိုက္ခင္၊ မင္းက အိမ္ကိုျပန္ၿပီး ခုနက မင္းမွတ္ထားတဲ့ေနရာကို အေသအခ်ာတူးေပေတာ့”

က်ဳပ္လည္း ဦးဘသာအိမ္ကေနေျပးဆင္းခဲ့တယ္ဗ်၊ က်ဳပ္တို႔ၿခံထဲကိုေျပးဝင္လိုက္ၿပီး အိမ္ေျခရင္းမွာေထာင္ထားတဲ့ တူ႐ြင္းငန္းျပားကိုဆြဲယူလိုက္တယ္၊ အိမ္ကလူေတြကေတာ့ အိမ္အေပၚထပ္မွာ စုေနၾကတယ္ထင္ပါရဲ႕၊ က်ဳပ္လည္းၿခံေရွ႕ကိုလာၿပီးေတာ့ ခုနက က်ဳပ္ေတြ႕ထားတဲ့ေနရာကို အေသအခ်ာတူးေတာ့တာပဲဗ်ာ၊ မိုးရာသီဆိုေတာ့ ေျမကနည္းနည္းေပ်ာ့ေနတာဆိုေတာ့ တူးရတာေတာ့ သိပ္မခက္ဘူးဗ်၊ တူးရင္းနဲ႔ တစ္ထြာေလာက္နက္ေတာ့ ေျမႀကီးထဲမွာ ခိုးလိုးခုလုျဖစ္ေနတာနဲ႔ က်ဳပ္လည္း လက္နဲ႔ႏႈိက္လိုက္တယ္၊ ပန္းကန္ကြဲလိုမ်ိဳး အနက္ေရာင္အကြဲစေလးတစ္ခုဗ်၊ အနက္ေရာင္ကေတာ့ ေျပာင္ေနတာပဲဗ်ာ၊ အဲဒီအကြဲJစေလးမွာလည္း တစ္ခုခုနဲ႔ျခစ္ထားသလိုပဲ၊ အျဖဴေရာင္ေလးေတြလည္းေတြ႕တယ္၊ က်ဳပ္အထင္ေတာ့ အင္းတစ္မ်ိဳးပဲျဖစ္မယ္ဗ်။

ဒါနဲ႔ က်ဳပ္လည္း တူ႐ြင္းငန္းျပားကိုခ်ထားၿပီးေတာ့ အဲဒီအျပားေလးကိုင္ၿပီး ဦးဘသာအိမ္ကိုေျပးခဲ့တာေပါ့ဗ်ာ၊ ဦးဘသာအိမ္ကိုေရာက္ေတာ့ ဦးဘသာက ငုတ္တုတ္ထိုင္ေနတယ္ဗ်၊ က်ဳပ္လည္း သူ႔အနားသြားလိုက္ၿပီး

“ဦးဘသာ၊ ေဟာဒီမွာၾကည့္ ဘာေလးလဲမသိဘူး”

ဦးဘသာက က်ဳပ္ဆီက အျပားေလးကိုလွမ္းယူၿပီးေတာ့ ဆီမီးခြက္အလင္းေရာင္နဲ႔ ေသေသခ်ာခ်ာၾကည့္တယ္။

“ေဟာဒါက သိမ္ဝင္သပိတ္ကြဲေပါ့၊ အဲဒီအေပၚမွာ သံစူးနဲ႔ျခစ္ၿပီး အင္းခ်ထားတာပဲ၊ ၿပီးေတာ့ အင္းကို ထုံးနဲ႔ပြတ္လိုက္ေတာ့ အခုလိုမ်ိဳးျဖဴျဖဴစာလုံးေလးေတြျဖစ္သြားတာေပါ့ကြာ၊ အင္းကေတာ့ အျမင့္စားပဲကြ၊ ဒီအင္းကို ကိုးခမ္းအင္းလို႔ေခၚတယ္”

“ကိုးခမ္းအင္းတဲ့လား”

“အလြယ္ေျပာရရင္ ကိုးရက္ေျမာက္တဲ့ေန႔မွာ အရာအားလုံးခမ္းေျခာက္ၿပီး ေသဆုံးသြားေစတဲ့အင္းေပါ့ကြာ”

“ဘုရား . . . ဘုရား၊ အခု အေမက သုံးရက္ေလာက္ရွိၿပီ”

“မႂကြယ္လက္ခ်က္ေပါ့ကြာ၊ ခုနကပဲ ငါသူနဲ႔စကားေျပာၿပီးၿပီ၊ သူက မင္းအေမကို မေက်နပ္လို႔ လုပ္လိုက္တာတဲ့၊ မင္းအေမက သိပ္ဆဲေတာ့ သူ႔ကို႐ြာထဲပတ္ဆဲတာကို မေက်နပ္တာတဲ့ကြာ၊ ငါထင္ပါတယ္၊ မင္းအေမ မသန္းက စကားသိပ္ၾကမ္းတာဆိုေတာ့ တစ္ေန႔သူမ်ားလုပ္တာခံရအုံးမယ္လို႔”

“ဟုတ္ . . . ဟုတ္ကဲ့”

“မႂကြယ္က ငါ့ကိုမႏိုင္မွန္းသိေတာ့ ေလွ်ာခ်သြားတယ္၊ ငါ့အထင္ ေခါစာေလာက္နဲ႔ ၿပီးသြားလိမ့္မယ္ထင္တယ္၊ ဒါေပမယ့္ ဒီအင္းကေတာ့ မႂကြယ္လုပ္တာမျဖစ္ႏိုင္ဘူးကြ၊ အဆင့္ျမင့္တဲ့ေအာက္လမ္းဆရာတစ္ေယာက္ လုပ္ထားတာပဲေနမွာ”

“ဒါဆို ဦးဘသာဘယ္လိုလုပ္မလဲ”

ဦးဘသာက ၿပဳံးရင္းက်ဳပ္ကိုၾကည့္တယ္။

“မင္းအေမအတြက္ မင္းလက္တုံ႔မျပန္ခ်င္ဘူးလား”

က်ဳပ္လည္း ေခါင္းညိတ္လိုက္တာေပါ့၊ ဦးဘသာက က်ဳပ္ကိုသူ႔အိမ္ႂကြက္ေလွ်ာက္ေပၚတင္ထားတဲ့ ဘူးတစ္ခုထဲက သံေခ်ာင္းတစ္ေခ်ာင္းယူခိုင္းလိုက္တယ္ဗ်၊ အဲဒီဘူးထဲမွာ အိမ္႐ိုက္သံေတြ ဆိုဒ္စုံ သိမ္းထားတာပဲ၊ က်ဳပ္လည္း ႏွစ္လက္မသံတစ္ေခ်ာင္းယူေပးလိုက္တယ္၊ ဦးဘသာက အဲဒီသပိတ္ကြဲေလးကို ေျပာင္းျပန္လွန္ၿပီးေတာ့ အင္းေတြမေရးထားတဲ့ဘက္မွာ အင္းတစ္ကြက္ကို သံေခ်ာင္းနဲ႔ျခစ္ၿပီးဆြဲတယ္ဗ်၊ ၿပီးေတာ့ ကြမ္းအစ္ထဲက ထုံးဘူးဖြင့္ၿပီး အင္းကြက္ကို ထုံးနဲ႔ပြတ္တယ္၊ ေနာက္ေတာ့ သူ႔အက်ႌစနဲ႔ ထုံးေတြကိုပြတ္လိုက္ေတာ့ သံေၾကာင္းျခစ္ထား အျခစ္ရာေတြထဲ ထုံးေတြဝင္ၿပီးေတာ့ အင္းက ထင္းသြားတာေပါ့ဗ်ာ၊ ဦးဘသာက သပိတ္ကြဲကို လက္ျပန္ကိုင္ၿပီးေတာ့ မန္းမႈတ္ၿပီး လက္ျပန္လက္ဝါးနဲ႔ တဖန္းဖန္း႐ိုက္တယ္၊ ၿပီးေတာ့ က်ဳပ္ကို အဲဒီသပိတ္ကြဲကိုလက္ျပန္ေပးတယ္။

“အဲဒီသပိတ္ကြဲကို ေရစိမ္ရင္ လုပ္တဲ့လူ စိုတယ္၊ မီးနဲ႔ျပရင္ လုပ္တဲ့လူပူတယ္ကြ၊ မင္းအေမကိုလုပ္ထားတဲ့လူကို မင္းနည္းနည္းပါးပါးလုပ္ျပလိုက္စမ္းကြာ၊ ႏွိပ္စက္ၿပီးၿပီဆိုရင္ေတာ့ သပိတ္ကြဲကို ႐ြာအျပင္က ႐ိုးေခ်ာင္းထဲကိုျဖစ္ျဖစ္ စြန႔္ပစ္လိုက္ေပါ့”

က်ဳပ္လည္းေပ်ာ္သြားတာေပါ့ဗ်ာ၊ ဒီလိုယုတ္မာတဲ့လူကို ႏိုင္မယ့္နည္းလမ္းရၿပီမဟုတ္လားဗ်၊ ဒါနဲ႔ အဲဒီသပိတ္ကြဲကို ကိုင္ၿပီးအိမ္ကိုျပန္လာခဲ့တာေပါ့ဗ်ာ၊ အိမ္ေရာက္ေတာ့ ေရဖလားနဲ႔ေရတစ္ခြက္ခပ္ၿပီးေတာ့ သိမ္ဝင္သပိတ္ကို ေရဖလားထဲႏွစ္တယ္ဗ်၊ တစ္ဖက္က လူယုတ္မာ ျဖစ္သြားမယ့္႐ုပ္ကိုၾကည့္ၿပီး စိတ္ထဲေပ်ာ္ေနတာေပါ့ဗ်ာ။

“စိုစမ္း၊ စိုစမ္း၊ ေအးစမ္းကြာ”

က်ဳပ္လည္း ေပ်ာ္ေပ်ာ္႐ႊင္႐ြင္နဲ႔ သပိတ္ကြဲကို ေရထဲႏွစ္လိုက္၊ ျပန္ဆယ္လိုက္လုပ္ေနတယ္၊ ၿပီးေတာ့ မီးကင္သြားဖို႔ အႀကံရတာနဲ႔ သပိတ္ကြဲကို ယူၿပီး မီးဖိုေခ်ာင္ထဲေျပးဝင္ခဲ့တာေပါ့ဗ်ာ။

မီးဖိုထဲကို ထင္းတုံးသုံးေလးတုံးထည့္လိုက္တယ္ဗ်၊ မီးက ဟုန္းခနဲေတာက္လာတယ္ဆိုရင္ပဲ သပိတ္ကြဲကို မီးညႇပ္နဲ႔ကိုင္ၿပီးေတာ့ မီးေတာက္အေပၚကိုတင္ၿပီး မီးကင္တာေပါ့ဗ်ာ။

“ဟား၊ ဟား ေသစမ္း၊ သူမ်ားကိုမေကာင္းႀကံတဲ့ေကာင္၊ ေသစမ္း”

က်ဳပ္ရယ္ေနတဲ့အခ်ိန္မွာပဲ အရီးၿပဳံးက မီးဖိုခန္းထဲ ျဗဳန္းစားႀကီးဝင္လာတယ္။

“ဟဲ့ အလတ္ေကာင္၊ ဘာလုပ္ေနတာလဲ”

က်ဳပ္လည္း လန႔္လန႔္နဲ႔ မီးညႇပ္ကိုခ်လိုက္ေတာ့ သပိတ္ကြဲက ထင္းမီးထဲကို က်သြားတာေပါ့ဗ်ာ။

“ဟို . . . ဟိုေလ”

က်ဳပ္လည္းျပန္ေကာက္ဖို႔လုပ္ေနတယ္၊ ဒါေပမယ့္ အရီးၿပဳံးက က်ဳပ္ကိုတြန္းဖယ္ၿပီးေတာ့

“ဘာမွမလုပ္ရင္လည္း ဖယ္စမ္းဟာ၊ နင့္အေမကိုဖမ္းစားတဲ့စုန္းက အမဲသားေတာင္းတာ၊ အမဲသားမရွိဘူးဆိုေတာ့ ၾကက္ဖို၊ ၾကက္မနဲ႔ အခုခ်က္ျခင္း ေခၚစာခ်ေပးရမယ္ဆိုလို႔ ငါခ်က္ရအုံးမယ္၊ ကဲ လက္စနဲ႔၊ နင္အိမ္ေနာက္ေဖးဝင္ၿပီး ၾကက္ဖိုတစ္ေကာင္၊ ၾကက္မတစ္ေကာင္ ဆြဲခဲ့ဟာ”

က်ဳပ္လည္း ျငင္းမရေတာ့ဘဲ အိမ္ေနာက္ေဖးကိုဝင္လိုက္တယ္၊ အိပ္တန္းတက္ေနတဲ့ ၾကက္ဖနဲ႔ ၾကက္မတစ္ေကာင္ကိုဆြဲၿပီးေတာ့ ဘ၀ေျပာင္းေပးလိုက္တာေပါ့ဗ်ာ၊ ေနာက္ေတာ့ ေရေႏြးနဲ႔အေမႊးႏႈတ္ေပးလိုက္တယ္၊ ၾကက္ဖို၊ ၾကက္မကို ကလီစာေတြမထုတ္ဘဲနဲ႔ မက်က္တက်က္ျဖစ္ေအာင္ မီးျမႇိဳက္ေပးရတယ္၊ အရီးၿပဳံး မီးျမႇိဳက္ၿပီးေတာ့ က်ဳပ္လည္း ထင္းမီးဖိုထဲသြားၿပီး သိမ္ဝင္သပိတ္ကြဲကိုရွာေပမယ့္ မေတြ႕ေတာ့ပါဘူးဗ်ာ။

ေခါပန္းေတာင္းထဲကို ဖက္ခင္းၿပီးေတာ့ ထမင္းထည့္ဖို႔လုပ္တယ္၊ က်ဳပ္လည္းအႀကံရသြားတာနဲ႔။

“အရီးၿပဳံး မနက္က က်ဳပ္ခ်က္ထားတဲ့ ထမင္းေတြရွိေသးတယ္မဟုတ္လား”

“ရွိပါ့ေအ၊ ဘယ္သူမွစားမရေတာ့ အိုးလိုက္ႀကီးကို က်န္ေနေသးတာ”

“ဒါဆိုအေတာ္ပဲဗ်ာ၊ စားမရမယ့္အတူတူ အဲဒီထမင္းေတြကို ေခၚစာပစ္လိုက္ရေအာင္”

အရီးၿပဳံးကလည္း ေခါင္းညိတ္ၿပီးေတာ့ က်ဳပ္ခ်က္ထားတဲ့ မုန႔္စိမ္းေပါင္းနဲ႔တူတဲ့ ထမင္းခဲႀကီးကို ေခါပန္းေတာင္းထဲထည့္ၿပီးေတာ့ အေပၚက ၾကက္ဖို၊ ၾကက္မ မီးျမႇိဳက္ထားတာတင္ၿပီးေတာ့ က်ဳပ္ကိုလွမ္းေပးတယ္။

“ဗ်ာ၊ က်ဳပ္သြားရမွလား”

“ေအးေပါ့၊ နင္က ေယာက္်ားေလးပဲ၊ ဒီေခါပန္းေတာင္းကို ပုစိုးစနဲ႔အုပ္သြား၊ ႐ြာအဝင္လမ္းေလးခြဆုံမွာ ခ်ထားခဲ့၊ ဟုတ္ၿပီလား”

“က်ဳပ္လည္း ေခါပန္းေတာင္း႐ြက္ၿပီးေတာ့ ၿခံထဲကေနထြက္ခဲ့တာေပါ့ဗ်ာ၊ ၿခံကအထြက္မွာ က်ဳပ္တူးထားတဲ့ ေျမက်င္းႀကီးကို မနည္းေရွာင္ခဲ့ရေသးတယ္၊ ညက ေတာ္ေတာ္ေမွာင္ေနၿပီဗ်၊ ခုနစ္နာရီေက်ာ္ေနေလာက္ၿပီေပါ့၊ ႐ြာလမ္းမွာ လူသူမရွိေတာ့ဘူး၊ က်ဳပ္လည္း ေခါပန္းေတာင္း႐ြက္ၿပီးေတာ့ ႐ြာထိပ္ကိုလာခဲ့တယ္၊ ႐ြာေတာ္ရွင္နန္းမွာ ဆီမီးခြက္ကေလးသုံးခြက္ထြန္းထားတယ္ဗ်၊ က်ဳပ္လည္း လမ္းေလးခြဆုံမွာ ေခါပန္းေတာင္းႀကီးခ်ခဲ့ၿပီးေတာ့ ျပန္လွည့္ေျပးတာေပါ့။

ဒါေပမယ့္ ဒီေခါပန္းေတာင္းကို ဘယ္သူလာစားမလဲဆိုတာလည္း က်ဳပ္သိခ်င္ေသးတယ္၊ ဒါနဲ႔ ေဝးေဝးကိုမသြားဘဲနဲ႔ ႐ြာေတာ္ရွင္နတ္နန္းအေနာက္က ခ်ဳံထဲမွာ ပုဆိုးၿခဳံၿပီးပုန္းေနလိုက္တာေပါ့ဗ်ာ။ နတ္နန္းအေနာက္က ေမွာင္ရိပ္က်ေနေပမယ့္ လမ္းေလးခြဆုံေနရာကေတာ့ ဆီမီးအလင္းေရာင္နဲ႔ အတိုင္းသားျမင္ေနရပါတယ္။

မၾကာပါဘူးဗ်ာ၊ ေခြးႀကီးတစ္ေကာင္ ႐ြာထဲကေနထြက္လာတယ္၊ က်ဳပ္တို႔ျမင္ဖူးတဲ့ ေခြးပုံစံမဟုတ္ဘူးဗ်၊ လူႀကီးခါးေစာင္းေလာက္ရွိတဲ့ေခြးႀကီးက တစ္ကိုယ္လုံးကို မဲနက္ေနတာပဲဗ်ာ၊ ေနာက္ေတာ့ ေခါပန္းေတာင္းကိုနမ္းၾကည့္တယ္၊ အေပၚမွာတင္ထားတဲ့ ၾကက္ဖို၊ ၾကက္မကို ကိုက္ကိုက္ၿပီး ဝါးစားတာ ျမန္လိုက္တာဗ်၊ ၾကက္တစ္ေကာင္လုံးကို ကိုက္စားတာ သုံးမိနစ္ေတာင္မၾကာပါဘူး၊ ၾကက္ႏွစ္ေကာင္လုံးစားၿပီးေတာ့ ထမင္းတုံးႀကီးကို တစ္ခ်က္ၾကည့္ၿပီး အနံ႔ခံတယ္ဗ်၊ ၿပီးေတာ့ အဲဒီထမင္းတုံးႀကီးကို ကိုက္ဝါးၾကည့္တယ္၊ သုံးေလးခ်က္ေလာက္ဝါးၿပီးေတာ့ ထမင္းတုံးကို ထြီခနဲ ေထြးခ်ၿပီးေတာ့ ႐ြာထဲကို ေအးေအးလူလူလမ္းေလွ်ာက္ၿပီး ျပန္ဝင္သြားေတာ့တာပါပဲဗ်ာ။ က်ဳပ္လည္း ေခြးႀကီးကိုၾကည့္ၿပီး ရယ္ခ်င္ေနတာ မနည္းေအာင့္ထားရတယ္။ ဒါဆိုရင္ေတာ့ ဦးဘသာေျပာတာမွန္တယ္ဗ်၊ က်ဳပ္ခ်က္တဲ့ထမင္းကို ေခြးေကြၽးတာေတာင္ မစားဘူးလို႔ေျပာတယ္မဟုတ္လားဗ်ာ။

က်ဳပ္လည္း အားလုံးရွင္းသြားေတာ့မွ ႐ြာထဲကိုျပန္ဝင္လာခဲ့တယ္၊ က်ဳပ္ၿခံထဲကိုဝင္ခဲ့ၿပီး ေျခလက္ေဆးေနတဲ့အခ်ိန္မွာ အိမ္ေပၚကေန ေဆ းဆရာဦးမွတ္ႀကီးနဲ႔ အေဖကဆင္းလာတယ္ဗ်၊ အေမက ခ်က္ခ်င္းသက္သာသြားတယ္ဆိုပဲ၊ ဦးမွတ္ႀကီးကေတာ့ သူကုေပးခဲ့တာဆိုၿပီးေတာ့ စကားေတြႂကြယ္ေနတာေပါ့ဗ်ာ၊ အေဖကလည္း ဦးမွတ္ႀကီးကို ေဆးဖိုးေငြေတြကန္ေတာ့လိုက္ေသးတယ္ဗ်။

ဒါနဲ႔ ဦးမွတ္ႀကီးက အေဖတို႔ကို ႏႈတ္ဆက္ၿပီးေတာ့ ၿခံထဲကေနထြက္သြားတယ္ဗ်၊ ဒါေပမယ့္ ၿခံတံခါး၀မွာ က်ဳပ္တူးထားတဲ့ေျမက်င္းႀကီးကို မျမင္မစမ္းနဲ႔နင္းမိၿပီးေတာ့ ေျခေခါက္ၿပီး ေမွာက္ခုံႀကီးလဲပါေရာလား။ က်ဳပ္လည္း ရယ္ခ်င္တာနဲ႔ တဟားဟားနဲ႔ရယ္ခ်လိုက္တာဗ်ာ၊ ဦးမွတ္ႀကီးကေတာ့ အျမန္ျပန္ကုန္းထတယ္။

“ဟင္း၊ ဒီစုန္းကေတာ့ ငါ့ကိုစိမ္ေခၚေနၿပီ၊ ငါ့ကိုစိန္ေခၚေနၿပီကြ”

အဲဒီလိုႀကိမ္းေမာင္းၿပီးေတာ့ ေျခေထာက္ေထာ့က်ိဳးေထာ့က်ိဳးနဲ႔ ႐ြာလမ္းအတိုင္းေလွ်ာက္သြားေတာ့တာပဲဗ်ာ၊ တစ္ထြာေလာက္နက္တဲ့က်င္းထဲက်တာဆိုေတာ့ သူ႔ေျခေထာက္ေတာ့ ေတာ္ေတာ္နာသြားမွာပဲဗ်ာ။

အေမက ခ်က္ခ်င္းျပန္ေကာင္းသြားတယ္၊ ဦးဘသာေျပာသလို အစာပိတ္၊ ေသြးပိတ္၊ ေလပိတ္ေတြ မရွိေတာ့လို႔ ဆန္ျပဳတ္ေတြစားတာ မနည္းဘူးဗ်ာ၊ အေမစားတာေတြ႕ေတာ့ က်ဳပ္တို႔လည္းစိတ္ခ်မ္းသာရတာေပါ့။

ညေရာက္ေတာ့ အိပ္မက္ထဲမွာ လူႀကီးတစ္ေယာက္က က်ဳပ္ဆီကိုလမ္းေလွ်ာက္လာတယ္ဗ်၊ တစ္ကိုယ္လုံးလည္း အေရျပားေတြက ေပ်ာ္က်ေနၿပီး မီးေတြလဲကြၽမ္းေနတာ ေၾကာက္စရာႀကီးဗ်ာ၊ ဆံပင္ေတြ၊ မ်က္ခုံးေမႊးေတြမရွိေတာ့ဘဲ မ်က္ႏွာက ေျပာင္ႀကီးျဖစ္ေနတာဗ်။ က်ဳပ္ကိုလည္း မ်က္လုံးႀကီးျပဴးၿပီးၾကည့္ေနေတာ့တာ။

“ငါ့ကို မီးရႈိ႕သတ္တဲ့ေကာင္၊ မင္းကိုငါ အရွင္မထားဘူး၊ ငါလာေနၿပီ၊ မင္းဆီကိုငါလာေနၿပီကြ”

ေျပာရင္းဆိုရင္း သူ႔ကိုယ္လုံးမွာ မီးေတြေလာင္လာတယ္ဗ်၊ ေနာက္ေတာ့ အဲဒီလူႀကီးက မီးေတာက္မီးလွ်ံေတြၾကားမွာ လူးလြန႔္ရင္း အသံနက္ႀကီးနဲ႔ ေအာ္ဟစ္ေနတာပဲဗ်ာ။ အဲဒီလူႀကီးမီးေလာင္ေနတာကိုၾကည့္ရင္း က်ဳပ္လည္းေၾကာက္ေၾကာက္နဲ႔ လန႔္ႏိုးသြားပါေရာ။

“ဘုရား . . . ဘုရား”

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ