“စုန်းထီးကြီး ဦးဘသာနှင့် ယာခင်းထဲကနဂါး”(စ/ဆုံး)

“စုန်းထီးကြီး ဦးဘသာနှင့် ယာခင်းထဲကနဂါး”(စ/ဆုံး)
=================================

(၁)

ဖရုံဆိုတာလည်း ကျုပ်တို့အညာသားတွေနဲ့မကင်းတဲ့အပင်တစ်ခုဗျ၊ ဖရုံပင်က အညာမြေယာတောတွေမှာတော့ မပါမဖြစ်တဲ့အပင်တစ်ခုပဲဗျာ၊ ဖရုံမှာလည်း အမျိုးအများကြီးရှိပေမယ့် ကျုပ်တို့ဖရုံလို့ခေါ်တဲ့အရာကတော့ ရွှေဖရုံပဲဗျ၊ ဒါ့အပြင်ကျောက်ဖရုံတို့၊ ဘူးဖရုံ၊ သခွားဖရုံဆိုတာလည်းရှိတတ်ကြသေးတယ်ဗျာ၊ ဒါပေမယ့် ဒီအတိုင်းဖရုံလို့ပြောလိုက်တာနဲ့ ရွှေဖရုံသီးမှန်း တန်းသိကြပါတယ်ဗျာ။

အညာက ယာခင်းတွေကျဲတဲ့အခါ ဖရုံမျိုးစေ့တွေပါ ရောကျဲလေ့ရှိတယ်ဗျ။ ယာတစ်ခင်းကျဲရင် ဖရုံလေးငါးပင်လောက်တော့ အနည်းဆုံးကျဲထားတာပဲဗျာ၊ မိုးဦးကျပြီး ဝါဆိုဝါခေါင်လောက်ရောက်ပြီဆိုရင် ယာခင်းပြောင်းခင်းတွေထဲမှာ ဖရုံပင်လေးတွေပေါက်လာပြီး ခေါင်(ဂေါင်)ညွန့်ခူးလို့ရတဲ့အချိန်ဖြစ်နေလောက်ပြီပေါ့ဗျာ၊ ယာခင်းထဲ ဖရုံပင်သုံးလေးပင်ရှိရင် ဟင်းအတွက်ကတော့ ပူစရာမလိုဘူးဗျ၊ ဖရုံတစ်ပင်လုံးက ဘယ်အချိန်ချိန်စားစားဟင်းဖြစ်တာကိုး၊

ဖရုံညွန့်ကိုတော့ ချက်လို့တစ်မျိုး၊ ကြော်လို့တစ်ဖုံစားကြတယ်ဗျ၊ အများဆုံးကတော့ ဟင်းချိုပေါ့ဗျာ၊ ပြောင်းဖူးဟင်းချိုထဲ ဖရုံညွန့်ခပ်တယ်၊ ပီလောဟင်းချိုဆိုရင်လည်း ဖရုံညွန့်ကလေးတွေထည့်လိုက်ရင် အချွဲထိန်းပြီးတော့ စားရတာကောင်းတာပဲ၊ ဖရုံညွန့်ကို မျှစ်ဆတ်၊ ရုံးပတီသီးလေးနဲ့ အရည်သောက်ကလေးချက်စားရင် ထမင်းစားသိပ်မြိန်တာပေါ့ဗျာ၊ ဖရုံပွင့်ကိုတော့ အချဉ်ဟင်းထဲထည့်ချက်စားကြတာများတယ်၊ ဖရုံငုံဖရုံပွင့် များများရရင်တော့ သူ့ချည်းကိုပဲ မန်ကျည်းသီးနဲ့ခပ်စပ်စပ်ကလေးချက်စားရင်သိပ်ကောင်းတာပေ့ါဗျာ၊ ငယ်ငယ်ကဆို အမေဖရုံပွင့်သင်ရင် ဖရုံပွင့်အလယ်က အဝါရောင်ဝတ်ဆံကလေးတွေကို တုတ်တံနဲ့သီထိုးပြီး မီးဖိုမှာမီးဖုတ်စားရင် ဆိမ့်ဆိမ့်ကလေးနဲ့အတော်စားကောင်းတယ်ဗျ။

ဖရုံပွင့်တွေရင့်အာပြီးလို့ ဖင်မှာအလုံးကလေးတွေပေါ်လာပြီဆိုရင် အဲဒီဖရုံသီးနုနုကလေးတွေကို ခူးပြီး ဓါးနဲ့ပါးပါးလှီးပြီးကြော်စားရင်လည်း တစ်မျိုးစားကောင်းတာပဲဗျာ၊ ဒီကနေ နည်းနည်းရင့်လာလို့ ဖရုံသီးပြာပက်လို့ခေါ်တဲ့ အနေအထားရောက်လာပြီဆိုရင် သူ့ချည်းပဲဟင်းချိုချက်စားလို့ကောင်းတယ်ဗျ၊ ပြာပက်ဆိုတာက ဖရုံသီးပေါ်မှာ အမှေးလေးတွေတက်နေပြီး မသိရင် ပြာနဲ့ပက်ထားသလိုထင်ရလို့ ပြာပက်လို့ခေါ်တာပါ။ နောက်ပြီးတော့ ပဲငရှန်တို့ ဟင်းစားပဲတို့ အဲဒီပဲသီးလေးတွေနဲ့ထည့်ချက်စားရင်လည်းကောင်းတာပဲ၊ ဖရုံသီးက ခပ်ချိုချို အရသာကခပ်ပိန်းပိန်းဆိုတော့ သူ့ချည်းစားတာထက် ချဉ်ချဉ်စပ်စပ် မန်ကျီးသီးစိမ်းထောင်းတို့၊ မန်ကျည်းသီးချက်တို့နဲ့စားရင် သိပ်ထမင်းမြိန်တာပေါ့ဗျာ။

ဖရုံသီးပြာပက်အနေကနေ နည်းနည်းရင့်ပြီးလို့ မနုမရင့်လေးဖြစ်လာပြီဆိုရင်တော့ ဖရုံသီးကိုခွဲ အစေ့ထုတ်၊ အခွံသင်ပြီးတော့ နုပ်နုပ်စဉ်းပြီး ကောက်ညှင်းဆန်နဲ့ဖရုံသီးမနှဲထိုးစားရင်လည်း ကောင်းတာပဲဗျာ၊ ကျုပ်တို့ဆီမှာ ဖရုံသီးတွေပေါပြီဆိုရင် အမေက ဖရုံသီးလေးငါးလုံးလောက်ကိုခွဲပြီးတော့ ကောက်ညှင်းဆန်လေးဗူးလောက်နဲ့ ဖရုံသီးမနှဲထိုးကျွေးတာပါပဲဗျာ၊ တစ်အိမ်လုံးဗိုက်ရိုက်စားပေတော့ပဲ၊ သူက ဟင်းလဲမလိုဘူးလေဗျ၊ ဆားလေးဖြူးပြီး ပဲဆီလေးဆမ်းစားရင် ဆိမ့်ဆိမ့်ချိုချိုနဲ့အရသာရှိသဗျ။

နောက်ဖရုံသီးကို ဘူးသီးကြော်လိုမျိုး ဓါးနဲ့ပါးပါးလှီးပြီး မုန့်နှစ်နဲ့ကြော်စားရင်လည်း စားကောင်းတာပဲဗျ၊ ဖရုံသီးက ပိုပြီးချိုတယ်၊ မန်ကျည်းမှည့်အချဉ်လေးနဲ့စားလိုက်လို့ကတော့ ဆွေမျိုးပါမေ့သွားမယ်ဗျာ၊ ဖရုံသီးမှည့်ပြီဆိုရင်တော့ အမျိုးမျိုးလုပ်စားလို့ရပြီပေါ့ဗျာ၊ အသားဟင်းနဲ့တွဲချက်မလား၊ သူ့ချည်းပဲစားမလား၊ ပြီးတော့ ဖရုံသီးကိုရှစ်စိတ်ခွဲပြီး အခွံပါထည့်ပြုတ်ပြီး နေ့လည်နေ့ခင်းအဆာပြေစားလို့ကောင်းတယ်ဗျ၊ ဆီထဲကို ဆားကလေးထည့်ဖျော်ပြီး တို့စားရင် ကန်စွန်းဥပြုတ်လို ဆိမ့်ဆိမ့်ကလေးနဲ့ဗျာ၊ နောက်ဆုံးကျန်တဲ့ဖရုံစေ့တွေကိုတော့ နောက်နှစ်အတွက်မျိုးချန်ထားကြလေ့ရှိတယ်၊ မျိုးချန်လို့ ကျန်တဲ့ဟာကိုတော့ အိုးကင်းပူထဲထည့်လှော်ပြီး ဖရုံစေ့လှော်ဆိမ့်ဆိမ့်ကလေးစားကြသေးသဗျာ၊ နောက်ဆုံးကျန်တဲ့ ဖရုံသီးအညှာရင့်ရင့်ကြီးတွေကိုတော့ ဆီပုလင်းတွေဘာတွေပိတ်ဖို့သုံးတယ်ဗျ၊ ဖရုံဆိုတာ ကျုပ်ပြောခဲ့သလို တစ်ခုမှလွင့်ပစ်စရာမလိုဘဲ အသုံးဝင်တဲ့အပင်ဆိုတော့ ကျုပ်တို့အညာသားတွေနဲ့ မိတ်ဆွေလို့တောင် တင်စားလို့ရပါတယ်ဗျာ။

ဒီနေ့လည်း ကျုပ်တို့ညီအကိုတွေ လယ်ထဲဆင်းလာကြတယ်ဗျာ၊ လယ်ထဲမှာတစ်မနက်ခင်းလုံး ပေါင်းသင်ပြီးတဲ့အချိန် နေ့လည်ထမင်းစားဖို့ရောက်လာပါရော၊ ထုံးစံအတိုင်း ဦးဘသာလယ်စောင့်တဲက ကျုပ်တို့လယ်စောင့်တဲနဲ့ ကပ်နေတာဆိုတော့ ဦးဘသာပါ ထမင်းထည့်တဲ့ချိုင့်ကလေးကိုင်ပြီး ကျုပ်တို့နဲ့ ထမင်းအတူစားဖို့ ကူးလာပါရောဗျာ။

“အလတ်ကောင်ရေ၊ ဘာဟင်းချက်သလဲကွ”

“ဒီနေ့တော့ ဟင်းကောင်းတယ်ဗျ၊ ဖရုံညွန့််နဲ့ မျှစ်ဆတ်ဟင်းချက်တယ်၊ မန်ကျည်းသီးစိမ်းလေးတွေ ကို စပ်စပ်ကလေးထောင်းထားတယ်ဗျာ”

“အောင်မာ၊ မင်းပြောတာနဲ့တင် သွားရေကျလာပြီကွ၊ မှန်းစမ်း၊ မင်းအမေလက်ရာ စားကြည့်ရအောင်”

ဖရုံရွက်နဲ့မျှစ်ဆတ်ဆိုတာ ဒီအချိန်ဒီကာလမှာ စားလို့အကောင်းဆုံးဟင်းပေါ့ဗျာ၊ အခုလိုမိုးလယ်ကာလဆိုရင် အနောက်ဘက်တောင်ရိုးပေါ်မှာ မျှစ်တွေလှိုင်လှိုင်ပေါပြီမဟုတ်လား၊ မိုးဦးကတည်းက ပျိုးထားတဲ့ဖရုံပင်တွေဆိုရင်လည်း အညွန့်တလူလူ၊ အရွက်တဖားဖားနဲ့သန်စွမ်းနေပြီပေါ့ဗျာ၊ ဒီနှစ်မျိုးကိုပေါင်းချက်လိုက်လို့ကတော့ အဲဒီနေ့ကျုပ်တို့အိမ်မှာ ထမင်းမလောက်တဲ့နေ့ပါပဲဗျာ၊ မျှစ်ဆတ်ဆိုတာကတော့ တောင်ရိုးပေါ်က ချိုးလာတဲ့မျှစ်ကို ရေနဲ့တစ်ညလောက်စိမ်လိုက်တဲ့အခါ ကျွတ်ဆတ်ဆတ်ကလေးဖြစ်သွားတယ်ဗျ၊ အဲဒီကျွတ်ဆတ်တယ်ဆိုတဲ့ ဆတ်ကိုယူပြီး မျှစ်နဲ့တွဲလိုက်တော့ မျှစ်ဆတ်ဆိုပြီးခေါ်ကြတာ၊ ငရုတ်သီးစပ်တဲ့ စပ်တာကိုပြောတာမဟုတ်ဘူးဗျ၊ သဘာဝအတိုင်းရတဲ့ မျှစ်နုနုကလေးတွေဆိုတော့ ချိုလိုက်တာလည်းပြောမနေပါနဲ့တော့ဗျာ၊ ဖရုံရွက်နဲ့ မျှစ်ဆတ်ကိုအရည်ကလေးနဲ့ချက်ထားတဲ့ဟင်းက ဆီမပါပေမယ့် သိပ်စားကောင်းတဲ့ဟင်းပါပဲဗျာ၊ ထမင်းကြမ်းကြမ်းအပေါ် ဖရုံရွက်ဟင်းရည်ကလေးဆမ်းပြီး မန်ကျည်းသီးစိမ်းထောင်းကလေး လက်တစ်ကော်တင်ပြီး ထမင်းတွေပါးစပ်ထဲပစ်ထည့်ရတဲ့အရသာက ဘာနဲ့မှမလဲနိုင်တဲ့ နတ်သုဒ္ဓါလိုပဲပေ့ါဗျာ။

ကျုပ်တို့ညီအကိုတွေလည်း စားနိုင်တဲ့အရွယ်တွေဆိုတော့ စားလိုက်ကြတာများ၊ အမေထည့်ပေးလိုက်တဲ့ ဆန်လေးဗူးချက်က လောက်တောင်မလောက်ပါဘူးဗျာ၊ ကျုပ်တို့နဲ့အတူတူ ဦးဘသာကြီးကလည်း ခေါင်းမဖော်တမ်းစားသဗျ၊ ဦးဘသာက တော်ရုံဆိုရင် သိပ်စားတာမဟုတ်ဘူးဗျ၊ ဒီနေ့မှ ကျုပ်တို့နဲ့အပြိုင်စားနေပုံထောက်တော့ အမေ့လက်ရာကို တော်တော်ကြိုက်နေတဲ့ပုံပဲ၊ စားသောက်ပြီးတော့ အလုပ်တန်းမလုပ်သေးဘဲ ရေနွေးကြမ်းအိုးချပြီး ထန်းလျက်ခဲကလေးကိုယ်စီကိုက်ရင်း စကားထိုင်ပြောရတာကလည်း ဇိမ်တစ်မျိုးပဲဗျ။

“ဦးဘသာကြီး ဒီနေ့ဆွဲလှချည်လားဗျာ၊ တန်တော့ အမေ့မျှစ်ဆတ်ဟင်းကို ကြိုက်သွားပြီထင်တယ်ဗျ”

ကျုပ်မေးလိုက်တော့ ဦးဘသာက ခပ်ပြုံးပြုံးနဲ့

“အေးကွ၊ မင်းတို့ညီအကိုတွေစားတာတွေ့လို့ ငါလည်းလိုက်စားကြည့်တာ၊ စားလို့တော့အတော်ကောင်းသားကွနော်၊ မျှစ်ကလည်းချို၊ ဖရုံရွက်ကလည်း ချိုတယ်မဟုတ်လား၊ ဒီကြားထဲ မန်ကျည်းသီးစိမ်းထောင်းက ချဉ်ချဉ်ဖန်ဖန်စပ်စပ်ကလေးဆိုတော့ ဆွေမျိုးတောင်မေ့သွားတာပဲဟေ့”

“အိမ်မှာတော့ ဒီအချိန်၊ ဒီဟင်းအကောင်းဆုံးပဲပေါ့ ဦးဘသာရာ၊ ဒါနဲ့ ညနေလယ်ထဲကအပြန်ကျရင် ဖရုံရွက်ခူးသွားပါအုံးလား”

“ဟ၊ ဖရုံရွက်က ဘယ်ကရတာလဲကွ”

အကိုကြီးက ရေနွေးတစ်ကျိုက်သောက်ပြီး

“ကျုပ်လယ်အစပ်၊ ယာကမူကလေးပေါ်မှာ ဖရုံတွေကျဲထားတာ အများကြီးပဲဦးဘသာ၊ ဖရုံပင်တွေလည်း သိပ်သန်တာပဲဗျာ၊ ဦးဘသာတစ်ယောက်စာမပြောနဲ့ ကျုပ်တို့တစ်ဆွေလုံးတစ်မျိုးလုံး ဖရုံခင်းထဲအညွန့်ခူးတာတောင်မှ ခူးမနိုင်ဘူးဗျ”

“ဟေ၊ ဒါဆိုရင်တော့ ငါလည်းခူးအုံးမှပါပဲကွာ၊ ညနေအိမ်ရောက်တော့ ဖရုံရွက်ကို ကြော်ချက်လေး လုပ်စားရမယ်ကွ”

ခဏတစ်ဖြုတ်နားပြုပြီးတော့ ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြရတာပါပဲဗျာ၊ ညနေစောင်းတော့ အနောက်တောင်အရပ်ကနေ မိုးသားတိမ်လိပ်တွေကလည်း တလိပ်လိပ်နဲ့တက်လာပါရောဗျာ၊ အညာသားက နေပူစပ်ခါးတော့ မကြောက်ပေမယ့် အဲဒီလိုမိုးတွေတက်လာရင်တော့ ခပ်ကြောက်ကြောက်ဗျ၊ ဒါနဲ့စောစောစီးစီး လယ်ထဲကပြန်ဖို့တာစူကြတယ်၊ အငယ်ကောင်နဲ့အငယ်မတို့က လယ်တဲထဲက သိမ်းစရာရှိတာတွေသိမ်းပြီး ပြန်ကုန်ကြပြီဗျာ၊ အကိုကြီးကတော့ သူ့လယ်ဆီသွားတယ်၊ ကျုပ်နဲ့ဦးဘသာကတော့ ဖရုံရွက်ခူးဖို့ အကိုကြီးရဲ့လယ်ရှိရာကို လျှောက်လာခဲ့ကြတယ်ဆိုပါတော့ဗျာ။

အကိုကြီးအိမ်ထောင်ကျပြီးတော့ အဖေကလယ်တွေခွဲပေးထားတယ်မဟုတ်လား၊ ကျုပ်တို့လယ်ခင်းတွေရဲ့အစွန်ဘက် လယ်ရိုင်းတွေကိုပေးထားတာဆိုတော့ လယ်ကွင်းတစ်ခွင်မှာ အကိုကြီးလယ်က အစွန်ဆုံးပဲဗျ၊ သူ့လယ်ဘေးနားမှာတော့ ခင်တန်းကလေးတစ်ခုရှိသဗျ၊ အဲဒီခင်တန်းနဲ့ လယ်ကွက်အကြားမှာ ယာတစ်ခင်းစာလောက် ကမူကလေးတစ်ခုရှိနေပါရော၊ အကိုကြီးက လယ်လုပ်ရင်း အဲဒီကမူကလေးကို ရှင်းလင်းပြီးတော့ ယာတွေကျဲထားတယ်၊ မြေဆီကောင်းတော့လည်း ယာခင်းကဖြစ်တယ်ဗျ၊ လယ်တွေလည်းရှိတယ်ဆိုတော့ အဲဒီယာကမူကလေးပေါ်မှာ ယာထွက်သီးနှံကြီးကြီးမားမားမစိုက်ဘဲ အိမ်စားဖို့လောက်ပဲ သီးနှံလေးတွေစိုက်ထားတာများပါတယ်၊ ပြောင်း၊ ဖရုံ၊ ငရုတ်၊ ပင်စိမ်းတွေပေါ့ဗျာ။ အဲဒီယာခင်းကလေးက တစ်ခုထူးတာက ဖရုံစိုက်ရင် သိပ်သန်တာပဲဗျ။

ကျုပ်နဲ့ဦးဘသာနဲ့ စကားတပြောပြောနဲ့လျှောက်လာခဲ့ကြတာ မကြာခင် အကိုကြီးရဲ့ယာကမူကလေးကို လှမ်းမြင်လိုက်ရပါတယ်ဗျာ၊ အဝေးကလှမ်းကြည့်တာနဲ့တင် ယာခင်းကလေးက စိမ်းလို့သန်လို့ရယ်ဗျ၊ လယ်စောင့်တဲကလေးကိုကြည့်လိုက်တော့ အကိုကြီးကိုမတွေ့တော့ဘူး၊ ဒီအတိုင်းဆိုရင် အကိုကြီးလည်းမိုးကြောက်လို့ ပြန်ပြေးပြီထင်ပါ့ဗျာ။

“ခူးခူး၊ ဦးဘသာရေ၊ စိတ်ကြိုက်သာခူးပေတော့”

ကျုပ်အရှေ့ကပြောသလို ဖရုံပင်တွေသန်လိုက်တာများပြောမနေပါနဲ့တော့ဗျာ၊ ကျုပ်တို့အညာဘက်မှာတော့ ဖရုံပင်ကိုစင်နဲ့မစိုက်ကြဘူးဗျ၊ ဖရုံကိုဒီအတိုင်းမြေလျှောက်စိုက်တာများတယ်၊ ကျောက်ဖရုံလို နွယ်တက်တဲ့အပင်မျိုးကျတော့ နွားတင်းကုပ်ခေါင်မိုးပေါ်ဖြစ်ဖြစ်၊ ဝါးရုံပင်ပေါ်ဖြစ်ဖြစ်တင်ပေးလိုက်ရင် သူ့အလိုလိုတက်သွားတာပဲဗျာ၊ အခုလည်း ဒီအတိုင်းမြေလျှောက်စိုက်တာဆိုတော့ ဖရုံပင်တွေက မြေကြီးပေါ်မှာအတန်းလိုက်ပေါက်နေရင်း ယာခင်းမြေမမြင်ရလောက်အောင် အရွက်တွေက ဖုံးအုပ်နေသဗျ။

ဦးဘသာခူးနေတော့ ကျုပ်လည်းမနေနိုင်ဘူးပေါ့ဗျာ၊ ဒါနဲ့ဖရုံရွက်တွေ ဝင်ခူးပေးပါရော၊ ဖရုံရွက်တွေကြားကနေ ဖရုံငုံ ဖရုံပွင့်တွေတောင်မှ ပွင့်လို့ရယ်ဗျ။

“ဦးဘသာ ဖရုံပွင့်စားပါလား”

“ရလို့လားအလတ်ကောင်ရာ၊ တော်ကြာမင်းအကိုကြီးပြောနေပါအုံးမယ်”

“စောစောစီးစီးထွက်တဲ့အငုံက အသီးမတင်လောက်သေးပါဘူးဗျာ၊ ပြီးတော့ လက်ကြားပွင့်တွေကလည်း တင်မယ့်ပုံမရပါဘူး”

“အေးကွာ၊ ဒါဆိုရင်လည်း အပွင့်လေးရရင်ပိုကောင်းသကွ၊ ဖရုံပွင့်လေးကို မန်ကျည်းသီးစိမ်းနဲ့ ခပ်စပ်စပ်လေးကြော်စားလည်း ကောင်းတာပဲ”

ဦးဘသာက ပြောရင်း ယာခင်းဟိုဘက်ကိုထွက်သွားတယ်ဗျ၊ ကျုပ်လည်း ဖရုံပွင့်လိုက်ရှာရင်းနဲ့ ခင်တန်းကလေးဘက်နားကိုရောက်မှန်းမသိရောက်သွားပါရောဗျာ၊ အဝါရောင်ဖရုံပွင့်ဖားဖားတွေခူးနေတုန်းမှာကျုပ်အနောက်က တရှဲရှဲနဲ့အသံကြီးကိုကြားရသဗျာ၊ အစကတော့ ကျုပ်ကအပင်တွေလေတိုက်လို့မြည်တဲ့အသံလားလို့မှတ်နေတာ၊ နောက်တော့မှ တစ်ခုခုက မြေကြီးနဲ့ပွတ်နေတဲ့အသံမှန်းသိလိုက်ရတယ်၊ ဘာရယ်မဟုတ် ကျုပ်အနောက်ကိုလှည့်ကြည့်လိုက်ရော ဖရုံပင်တွေကြားထဲက စိမ်းရှည်ရှည်အကောင်ကြီးထွက်လာသဗျာ၊ ဖရုံရွက်တွေအတိုင်းပဲ သူ့ကိုယ်လုံးက စိမ်းစိမ်းကြီးဗျ၊ ရးခနဲအသံမြည်ပြီးတော့ ဖရုံပင်တွေကြားကနေ ခေါင်းကြီးထောင်တက်လာတာဗျာ၊ အလုံးအတုတ်ကတော့ လူကြီးပေါင်လုံးနီးနီးပဲဗျ၊ ခေါင်းမှာလည်း အကွန့်တွေအမောက်တွေနဲ့၊ မျက်လုံးကြီးကတော့ ဖရုံပွင့်တွေလို ဝါဝါကြီးပေါ့ဗျာ။

“ဟာ၊ နဂါးကြီး၊ နဂါးကြီးဗျ”

ကျုပ်လည်း အသံကုန်ဟစ်ပြီးတော့ အော်လိုက်မိပါရောဗျာ၊ ခြေထောက်ကလည်း တိုင်ပင်စရာမလိုဘဲ အဲဒီနဂါးကြီးကိုခုန်ကျော်ခွပြီး ယာခင်းတစ်ဘက်ဆီကို အော်တိုပြေးပြီးသားပဲဗျ၊ ဒီအချိန် ကျုပ်အရှေ့မှာ ဦးဘသာကြီးပေါ်လာတယ်။

“အလတ်ကောင်၊ ဘာတွေအော်နေတာလဲကွ”

ကျုပ်လည်း အမောတကောနဲ့ ဦးဘသာအနားပြေးသွားလိုက်ပြီးတော့

“နဂါးကြီး၊ နဂါးကြီးဗျ၊ ဖရုံပင်တွေကြားမှာ နဂါးစိမ်းကြီး”

ဦးဘသာက ကျုပ်ပြတဲ့နေရာကိုသေချာကြည့်လိုက်ပြီးတော့

“အလတ်ကောင်ကတော့ကွာ၊ နောက်တာလည်းကြည့်နောက်ပေါ့ကွ၊ ဘယ်မှာလဲနဂါး”

ကျုပ်လည်း ဖရုံခင်းကြီးကိုတစ်ချက်ငေးကြည့်နေမိတယ်ဗျ၊ မိုးသက်လေတွေတိုက်လာတာဆိုတော့ ဖရုံရွက်တွေကလည်း ယိမ်းထိုးလို့ပေါ့ဗျာ၊ မိုးပေါ်ထောင်တက်နေတဲ့ ဖရုံညွန့််တွေဆိုရင်လည်း ဘယ်ညာယိမ်းခါပြီးတော့လှုပ်ရှားနေတယ်။

“ဟုတ်ပါရဲ့ဗျာ၊ ဘယ်ရောက်သွားသလဲမသိပါဘူး”

“ရူးပါ့ကွာ၊ မင်းနှယ်၊ ဖရုံပင်တွေကိုလေတိုက်ပြီးတော့ လှုပ်တာပါကွ၊ အလတ်ကောင်ရာ၊ မင်းကတော့ ကြောက်စရာမရှိ၊ ဖရုံပင်လည်း နဂါးဆိုပြီးတွေးကြောက်တာပဲလားကွ”

“မဟုတ်ပါဘူးဗျာ၊ ကျုပ်မြင်တာ နဂါးကြီးပါ”

“မင်းအမြင်တွေအားနည်းနေပြီအလတ်ကောင်၊ အိမ်ပြန်ပြီးတော့ နားလိုက်တော့၊ ငါလည်း ဖရုံညွန့်တွေခူးပြီးပြီ၊ မိုးကလည်းလာပြီဆိုတော့ သွားကြပါစို့ကွာ”

ဦးဘသာဆွဲခေါ်တာနဲ့ ကျုပ်လည်း ဦးဘသာအနောက်ကိုလိုက်လာခဲ့ရတယ်ဗျ၊ စိတ်ထဲမှာတော့ မကျေမချမ်းသေးဘူးဗျ၊ ကျုပ်မျက်လုံးကိုယ် ကျုပ်ယုံပါတယ်ဗျာ၊ ဖရုံပင်နဲ့နဂါး အသိသာကြီးပဲဗျ၊ မှားစရာလား။

(၂)

ဒီကိစ္စက ဒီလိုနဲ့ပြီးသွားတယ်ဆိုပါတော့ဗျာ၊ တစ်ပတ်လောက်ကြာပြီးတဲ့အခါ ကျုပ်တို့နေ့ခင်းကြီး လယ်ထဲရှိနေတုန်း လယ်သမားတွေက ရုံးစုရုံးစုဖြစ်နေတယ်ဗျ၊ နောက်တော့ တစ်ယောက်ယောက်ကိုပွေ့ချီပြီး ကန်သင်းရိုးအတိုင်းပြေးလာကြပါရောဗျာ၊ စပ်စုတတ်တဲ့ကျုပ်ကလည်း သူတို့လူအုပ်တွေ့တာနဲ့ ပြေးပြီးသားပဲပေါ့ဗျာ၊ လယ်သမားတစ်ချို့က ကောင်မလေးတစ်ယောက်ကို ပွေ့လာကြသဗျ၊၊ အနီးကပ်သွားကြည့်တော့မှ မာလာရီဆိုတဲ့မိန်းကလေးဖြစ်နေတယ်ဗျာ။

“ဟာ၊ ဟေ့လူတွေ၊ မာလာရီတစ်ယောက် ဘာဖြစ်လာတာလဲဗျ”

မာလာရီက ကျုပ်တို့နဲ့မောင်နှမဝမ်းကွဲ တော်တယ်ဗျ၊ အသက်ကတော့ ကျုပ်တို့ထက်ငယ်တယ်၊ အိမ်က နို့ညှာမနဲ့ရွယ်တူလောက်ပေါ့ဗျာ၊ ဆယ့်လေး ဆယ့်ငါးဝန်းကျင်ပေါ့။ လူတွေပွေ့လာကြတော့ မာလာရီက တောင့်တောင့််ကြီးပါလာသဗျ။

“ဘာဖြစ်ကြတာလဲဗျာ”

လူကြီးတစ်ယောက်က

“အေးကွာ၊ မာလာရီတစ်ယောက် မင်းအကိုကြီးယာထဲ ဖရုံညွန့်ခူးမယ်ဆိုပြီးဆင်းသွားတာပဲကွ၊ သူ့အကိုက ပြန်မလာ ပြန်မလာနဲ့မို့ ယာထဲလိုက်သွားတော့ ဖရုံပင်တွေကြားမှာ ငုတ်တုတ်ကြီးမေ့နေတာပဲကွာ”

ကျုပ်ကြည့်လိုက်တော့မှ မာလာရီက ဆောင့်ကြောင့်ထိုင်လျက်သားကြီးဗျ၊ မျက်လုံးကြီးတွေပွင့်နေပြီးတော့ တကယ်ကိုငုတ်တုတ်မေ့နေတာပါဗျာ၊ ခြေတွေလက်တွေတောင် ချိုးမရဘဲ တန်းတန်းကြီးဖြစ်နေသဗျ၊ ဒီလူတွေက မာလာရီကိုရွာထဲဆွဲခေါ်သွားကြတယ်၊ လူအုပ်ကြီးကိုကြည့်ပြီး ကျုပ်လည်း လယ်တဲကိုပြန်လာခဲ့တော့ ဦးဘသာက ကျုပ်ကိုခါးထောက်ရင်းကြည့်နေသဗျ။

“ဟိုကောင်တွေ ဘာဖြစ်ကြတာလဲဗျ”

“ဘာဖြစ်ရမလဲဦးဘသာရာ၊ မာလာရီတစ်ယောက် ငုတ်တုတ်မေ့သွားလို့တဲ့ဗျ”

ဦးဘသာက မျက်မှောင်ကြုတ်ရင်း

“ဟေ၊ ဘယ်လိုဖြစ်တာလဲကွ”

“သူ့အကိုကတော့ ဖရုံညွန့်ဆင်းခူးတယ်ပြောတာပါပဲဗျာ၊ သိတော့မသိဘူးဗျ၊ အကိုကြီးလည်း ဒီနေ့လယ်ထဲမဆင်းဘဲ တောင်ရိုးပေါ်တက်ပြီး ဝါးသွားခုတ်တယ်မဟုတ်လားဗျာ၊ ဘာဖြစ်မှန်းတော့ မသိပါဘူး”

“ကြံကြီးစည်ရာကွာ”

ဦးဘသာက ဒီလိုပဲပြောတယ်ဗျ၊ ကျုပ်တို့လည်း အလုပ်ဆက်လုပ်ပြီး ညနေစောင်းရွာထဲပြန်ဝင်ခဲ့တော့ ရွာမှာတော်တော်ပွဲဆူနေပြီဗျ၊ အိမ်ထဲလှမ်းဝင်လိုက်တော့ အိမ်အောက်ထပ်မှာ လူကြီးတွေကိုတွေ့ရတယ်၊ ဒီလိုလူကြီးတွေစုနေရင် ကိစ္စတစ်ခုခုဖြစ်နေလို့ပဲဗျာ၊ အဖေနဲ့လာပြီးတိုင်ပင်ကြတာ။ ကျုုပ်လည်း သူတို့အနားမယောင်မလည်သွားရင်း

“ဘာဖြစ်ကြတာလဲအဖေ”

“မာလာရီအကြောင်း မင်းကြားပြီးပြီလားအလတ်ကောင်”

ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီးတော့

“ကြားပြီးတာကြာပေါ့အဖေရာ၊ သူယာထဲဆင်းရင်း ငုတ်တုတ်မေ့သွားတယ်ဆိုဗျ”

“အေးကွ၊ အခုထိလည်း သတိမလည်သေးဘူးဖြစ်နေတယ်”

မာလာရီထွက်သွားတုန်းကအချိန်နဲ့ အခုအချိန်နဲ့ဆို လေးနာရီလောက်တောင်ကြာနေပြီပေါ့ဗျာ။ ကျုပ်လည်း နည်းနည်းတော့ ထူးဆန်းသွားတာပေါ့။

“ဦးမှတ်ကြီးက ကုမပေးဘူးလား”

“ကုတော့ကုပေးတာပဲကွ၊ ဒါပေမယ့် ဘာမှကိုမထူးသေးတာ၊ သူပြောတာတော့ သည်းခြေပျက်သွားတာဖြစ်မယ်တဲ့ကွ၊ အသက်ရှုနေပေမယ့် လူကအတောင့်လိုက်ကြီးဖြစ်နေတာခက်တယ်၊ ပယောဂတွေဘာတွေစစ်ကြည့်တော့လည်း ဘာမှမတွေ့ဘူးတဲ့ကွ”

“စဉ်းစားစရာပဲပေါ့အဖေရာ”

လူကြီးတစ်ယောက်က

“ဒီကိစ္စကို သူကြီးဘယ်လိုဆက်လုပ်မလဲ”

အဖေက ခေါင်းတစ်ချက်ညိတ်ရင်း

“ညရောက်နေပြီပဲဗျာ၊ ဒီတစ်ညတော့ ဒီလိုပဲစောင့်ကြည့်ရမှာပေါ့၊ မနက်မိုးလင်းလို့မှ မသက်သာရင်တော့ တစ်ခုခုထပ်ကြံကြတာပေါ့ဗျာ”

အဖေ့အပြောကို အားလုံးကလက်ခံကြတယ်ဗျ၊ လက်မခံလို့လည်းမရဘူး၊ မိုးကချုပ်နေပြီလေဗျာ၊ မီးမရှိဘာမရှိနဲ့ဆိုတော့ ဒီလိုအချိန်မှာ ဘာသွားလုပ်လို့ရတော့မှာလည်း။ အဖေကတော့ မနက်ဖြန်မနက်မသက်သာဘူးဆိုရင် မြိုင်သာဆေးရုံကို သွားပြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

နောက်တစ်နေ့မနက်တော့ ကျုပ်တို့မာလာရီဆီကိုသွားကြည့်ကြတယ်ဗျ၊ မာလာရီရဲ့ခြေလက်တွေက အေးစက်ပြီးတော့ အသားတွေကလည်း ကျစ်နေပါရောဗျာ၊ လူအသားကိုကိုင်ရတာနဲ့မတူဘဲ မသိရင် ကျောက်တုံးကြီး၊ မြေစာခဲကြီး ကိုင်ရသလိုပဲ၊ သူတို့အိမ်ရှေ့ခန်းမှာ ဆောင့်ကြောင့်ထိုင်လျှက်သားကြီးဗျ၊ လက်တစ်ဖက်က မြေကြီးအနားမှာ တစ်ခုခုကိုနှုတ်နေတဲ့ပုံဗျ၊ နောက်လက်တစ်ဖက်ကတော့ မြေပေါ်ကိုထောက်ထားတယ်၊ ထူးခြားတာကတော့ ခေါင်းပဲဗျ၊ ခေါင်းက တစ်ခုခုကိုမော့ကြည့်နေတဲ့ပုံစံမျိုးဗျာ၊ အဖေတို့လူကြီးတွေက ခေါင်းချင်းရိုက်ပြီးတော့ တိုင်ပင်နေကြတယ်၊ ကျုပ်ကတော့ မာလာရီကိုအနီးကပ်လေ့လာနေမိတယ်၊ သူ့မျက်လုံးတွေက ဝါဖန့်ဖန့်ကြီးဖြစ်နေသဗျာ၊ မသိရင် အသည်းရောင်အသားဝါဖြစ်နေတဲ့လူလိုပဲဗျ။

အဖေက ဆေးရုံပြဖို့ပြောပေမယ့် ရှေးရိုးဆန်တဲ့ မာလာရီမိဘတွေက ဆေးရုံမသွားချင်ဘူးတဲ့ဗျာ၊ သူတို့က ပေတောရွာက သမားတော်ကြီး ဦးဖိုးခွေးကို ပင့်ကြမယ်တဲ့၊ မိုးတွင်းဆိုတာ အလုပ်နဲ့လက်နဲ့မပြတ်တဲ့အချိန်ဆိုတော့လည်း လူကြီးတွေလုပ်စရာရှိတာလုပ်ကြပေါ့၊ ကျုပ်တို့ကတော့ လယ်ထဲဆင်းခဲ့ရတာပေါ့ဗျာ။

အကိုကြီးက မနက်ပိုင်းဆိုရင် သူ့လယ်ထဲသူဆင်းလေ့ရှိတယ်ဗျ၊ နေ့လည်ထမင်းစားချိန်လောက်ရောက်တော့မှ ကျုပ်တို့လယ်တဲကိုရောက်လာပြီး ထမင်းအတူတူစားကြတာ၊ ကျုပ်တို့ဆီလာတာကလည်း မရီးကအဲဒီတုန်းက ဗိုက်နဲ့ဗျ၊ အကိုကြီးလယ်က အတော်လှမ်းတာဆိုတော့ အဲဒီအထိတကူးတက ထမင်းလိုက်မပို့ပေးနိုင်ဘူးလေဗျာ၊ ဒီတော့ အငယ်မလာပို့တဲ့အိမ်ကထမင်းးကိုပဲ အကိုကြီးက စောင့်ပြီးစားရတယ်။

နေ့လည်ရောက်တော့ ဦးဘသာက ထမင်းဇလုံကိုင်ပြီး ကျုပ်တို့လယ်တဲထဲကိုဝင်လာပါရောဗျာ။ ကျုပ်တို့ကိုမြင်တာနဲ့

“ဟ၊ အလတ်ကောင် မင်းတို့ထမင်းမစားကြသေးဘူးလားကွ၊ ဘာလဲ ထမင်းလာမပို့သေးလို့လား”

“ထမင်းကရောက်ပြီဗျ၊ အကိုကြီးမလာသေးလို့စောင့်နေတာ”

“အလုပ်နဲ့လက်နဲ့ မပြတ်သေးလို့နေမှာပေါ့ကွာ၊ မလာသေးရင် သွားခေါ်ပေါ့ကွ”

ကျုပ်လည်း ထမင်းလာပို့တဲ့ နို့ညှာမကိုကြည့်လိုက်ရင်း

“အငယ်မ၊ အကိုကြီးလယ်ကိုသွားပြီး လိုက်ခေါ်ဟာ”

အငယ်မက သွားတော့မသွားချင်ဘူးဗျ၊ ဒါပေမယ့် ကျုပ်အမိန့်ဆိုတော့လည်း မထချင်ထချင်နဲ့ထပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ထွက်သွားတော့တယ်၊ ကျုပ်ကတော့ လယ်တဲထဲက မီးဖိုကို ထင်းချောင်းတွေထပ်ထည့်ပြီး ရေနွေးတစ်အိုးကျိုနေလိုက်တာပေါ့ဗျာ၊ ၏

“အကိုလတ်ရေ . . . အကိုလတ်”

မကြာပါဘူးဗျာ၊ အငယ်မတစ်ယောက် အသံရှည်ဆွဲအော်ရင်း ပြေးလာတာပါပဲ၊ ကျုပ်လည်း လယ်တဲအပြင်ကိုထွက်လိုက်ပြီးတော့

“ဟဲ့ အငယ်မ၊ အော်ကျယ်အော်ကျယ်နဲ့ဘာဖြစ်လာတာလဲ”

အငယ်မက အမောတကောနဲ့

“အကိုကြီး . . . အကိုကြီး တောင့်နေပြီ”

“ဟေ၊ ဘာတောင့်တာလဲဟ၊ နင့်စကားကလည်း”

“မသိဘူး၊ အကိုကြီးက တောင့်တောင့်ကြီးဖြစ်နေပြီ”

ကျုပ်လည်း စိတ်ပူပြီးထလိုက်သွားတော့ အကိုကြီးတို့လယ်နီးချင်းတွေက အကိုကြီးကိုဝိုင်းပြီးထမ်းလာကြသဗျာ၊ အနားရောက်တော့ ကျုပ်လည်းအကိုကြီးကိုပြေးကြည့်လိုက်မိတယ်။

“အကိုကြီး . . . အကိုကြီး၊ ဟာ ဘာဖြစ်လာကြတာလဲဗျာ”

“မင်းညီမအော်သံကြားလို့သွားကြည့်တော့ မင်းအကိုကြီးက ဒီအတိုင်းဖြစ်နေတာပဲဟေ့”

အကိုကြီးက မတ်တပ်ရပ်လို့ရယ်ဗျ၊ လက်တစ်ဖက်က လက်ညှိုးထိုးထားပြီးတော့ မျက်လုံးအပြူးသား၊ ပါးစပ်ဟောင်းလောင်းကြီးနဲ့ဗျာ၊ တစ်ကိုယ်လုံးကလည်း တောင့်တင်းအေးစက်နေပါရောလား။ ဖြစ်ပုံကတော့ မနေ့က မာလာရီဖြစ်တဲ့ပုံစံနဲ့တူတူပဲဗျ။ ကျုပ်ဖြင့်အံ့သြပြီး စကားတောင်ပြောမထွက်တော့ဘူးဗျ၊

“အိမ်ကိုခေါ်သွားမှကောင်းမယ်ကွ”

လူကြီးတွေက အကိုကြီးကိုဆက်ထမ်းသွားကြတယ်၊ ကျုပ်လည်း သူ့အနောက်ကနေပြေးလိုက်လာခဲ့တယ်၊ လယ်တဲအနားရောက်တော့ အငယ်ကောင်တို့ဘာတို့ကိုခေါ်ပြီး အိမ်ကိုအမြန်ပြန်ခဲ့ရတာပေါ့ဗျာ။

အိမ်ရောက်တော့ အိမ်ကလူတွေအကုန်လုံး လန့်သွားကြတယ်၊ ဖြစ်တာကလည်း ဆန်းတာကိုးဗျ၊ မရီးဆိုရင် ဗိုက်ကြီးနဲ့မေ့တောင်လဲတယ်ဗျာ၊ ဦးမှတ်ကြီးက အကိုကြီးကိုစမ်းသပ်ပြီးတော့ ခေါင်းခါပြတယ်။ အဖေက အနားတိုးပြီးတော့

“ဘယ်လိုလဲဦးမှတ်ကြီး”

“အဖြစ်ကတော့ မနေ့က ကလေးအဖြစ်နဲ့တူတူပဲဗျ၊ ဘာဖြစ်တယ်ဆိုတာတော့ ကျုပ်လည်းသေသေချာချာမပြောတတ်ဘူး၊ ဒီလိုအဖြစ်မျိုးကို ကုလည်းမကုဖူးသလို တစ်သက်နဲ့တစ်ကိုယ် တွေ့လဲမတွေ့ဖူးပါဘူးဗျာ”

အမေဆိုရင် ငုတ်တုတ်ကြီးကိုထိုင်ကျသွားတာဗျ၊ ကျုပ်လည်းဘာလုပ်ရမှန်းမသိတော့ဘူး၊ အဖေက ကာလသားတွေကိုခေါ်ပြီး လှည်းပြင်ခိုင်းနေပြီဗျာ၊ မြိုင်သာကိုလှည်းနဲ့တက်ပြီး ဆေးရုံမှာပြကြည့်ဖို့ပေါ့။ ဒီအချိန် ရပ်ရွာထဲက လူကြီးတွေက အကိုကြီးကိုသေချာကြည့်ပြီးတော့

“မရိုးဘူးကွ၊ ဒါမရိုးသားဘူး”

ဦးမှတ်ကြီးကလည်း သူပယောဂစစ်ဆေးထားတဲ့အကြောင်းပြန်ပြောတယ်ဗျ၊ ကျုပ်လည်းအခုမှသိလိုက်တော့တယ်။

“ဟုတ်တယ်၊ ဒါမရိုးဘူး၊ ဒါမရိုးဘူးဗျာ”

ဒီလိုရေရွတ်ပြီးတာနဲ့ ကျုပ်လည်း ဦးဘသာဆီကိုပြေးထွက်လာခဲ့တယ်ဆိုပါတော့ဗျာ။

(၃)

“မင်းပြောတာမှန်တယ်အလတ်ကောင်၊ ဒါမရိုးဘူးကွ”

ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တော့ ဦးဘသာက သူပြောနေကျအတိုင်း မရိုးဘူးလို့ မှတ်ချက်ပေးသဗျ။

“မရိုးတာသိပြီဆိုတော့ အခုဘာလုပ်ကြမလဲ”

“မင်းအကိုကြီးကို ငါလိုက်ကြည့်မယ်ကွာ၊ ငါစိတ်ထဲထင့်နေတာတစ်ခုရှိတယ်ကွ”

“ဘာကိုလဲဦးဘသာ”

“မင်းဟိုတစ်နေ့က တွေ့လိုက်တဲ့နဂါးဆိုတာ သေချာသလား အလတ်ကောင်”

“သေချာပါတယ်ဦးဘသာ ကျုပ်မျက်စိမှားတာမဟုတ်ပါဘူးဗျ၊ နဂါးမှ နဂါးအစစ်”

“မင်းတွေ့ခဲ့တာ သေချာတယ်ဆိုရင်တော့ တို့ရွာတော့ ပြဿနာတက်ပြီကွ”

“ဗျာ၊ ဘာဖြစ်လို့လဲ”

“မင်းတို့ယာခင်းထဲမှာ နဂါးကြီးတစ်ကောင်ရောက်နေပြီကွ၊ သူလုပ်လို့ ဒီလူတွေဒီလိုဖြစ်ရတာ၊ မင်းတွေးကြည့်ပေါ့ကွာ၊ မာလာရီဘာကြောင့်ဒီလိုဖြစ်သွားသလဲ၊ ပြီးတော့ မင်းအကိုကြီးဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ”

စေ့စေ့တွေးတော့ ရေးရေးပေါ်ဆိုသလို အခုမှပေါ်လာသဗျ၊ ဟုတ်တယ်ဗျာ၊ မာလာရီက အကိုကြီးယာခင်းထဲ ဖရုံညွန့်ဝင်ခူးရင်းဖြစ်သွားတာမဟုတ်လား၊ အခုအကိုကြီးလည်းဒီလိုဖြစ်တယ်ဆိုတော့ ဧကန္တယာခင်းကြောင့်လည်းဖြစ်နိုင်တာပဲဗျာ။

“ဒါဆိုဘယ်လိုလုပ်ကြမလဲ ဦးဘသာ”

“ယာခင်းထဲက ကိစ္စကိုအသာထားကွာ၊ အခုမင်းအကိုကြီးဆီကို အရင်သွားကြည့်ကြတာပေါ့”

ဦးဘသာက အိမ်ပေါ်ကနေဆင်းသွားတာနဲ့ ကျုပ်လည်း သူ့အနောက်ကိုလိုက်ခဲ့ရပါရောဗျာ၊ ကျုပ်တို့ရောက်တာ အချိန်မီကလေးပဲဗျ၊ အဖေက အကိုကြီးကိုလှည်းပေါ်တင်ပြီးတော့ အိမ်ကနေထွက်မလို့လုပ်နေတာ ခြံဝကိုတောင်ရောက်နေပြီဗျာ၊ ဦးဘသာက ခြံထဲဝင်သွားရင်း

“သူကြီး၊ ကျုပ် အကြီးကောင်ကို နည်းနည်းကြည့်ချင်တယ်”

အဖေကခေါင်းညိတ်လိုက်တော့ ဦးဘသာက လှည်းအောက်ကနေပြီးတော့ အကိုကြီးူကို ကိုင်တွယ်ကြည့်တယ်၊ လှည်းပေါ်ကလူတွေရော အိမ်ကလူတွေပါ ဦးဘသာဘာပြောမလဲဆိုပြီးတော့ စိတ်ဝင်စားမိနေတယ်ဗျာ။ ဦးဘသာက မေးစေ့ကိုပွတ်နေရင်း

“ကျုပ်ကုနိုင်ပါတယ်”

အဖေ့မျက်နှာမှာ မျှော်လင့်ချက်သန်းသွားတာကိုတွေ့လိုက်ရတယ်ဗျ။

“ဘယ်လိုဖြစ်တာလဲဦးဘသာ”

“ရောဂါဇစ်မြစ်ကိုပြောဖို့ကတော့ ခက်သဗျ၊ ဒါပေမယ့် ကုနည်းကတော့လွယ်ပါတယ်၊ သူကြီး ကျောက်ကွဲရွက်ကို သိတယ်မဟုတ်လား”

အဖေက ခေါင်းညိတ်လိုက်တယ်၊ ကျောက်ကွဲရွက်ဆိုတာ ချုံပင်တစ်မျိုးပဲဗျ၊ အရွက်ဝိုင်းဝိုင်းကလေးတွေရှိတယ်၊ သူ့နာမည်ကိုက ကျောက်ကွဲပင်လို့ခေါ်ကြတယ်၊ ခင်တန်းတွေ၊ တောတန်းတွေထဲမှာအလေ့ကျပေါက်တဲ့အပင်ပေါ့ဗျာ။ တစ်ချို့လည်း ဆေးသုံးကြတာရှိတယ်ဗျ။

“အဲဒီကျောက်ကွဲပင်ကို ပဉ္စငါးပါးခူးဗျာ၊ လက်ငါးဆုပ်လောက်ကို ရေမတ်ခွက်ငါးခွက်နဲ့ကြိုရမယ်၊ သိပ်ပြီးကျစရာမလိုပါဘူး၊ ပြီးရင် ကွမ်းရွက်ငါးရွက်ထည့်၊ ငရုတ်ကောင်းလေးငါးစေ့လောက်ထည့်ပြီး ရောပြုတ်ရမယ်၊ ပြီးရင်အအေးခံပြီး ကြက်သီးနွေးလောက်အရွယ်အပူအနေအထားမှာ သူကြီးသားကို ခေါင်းကနေစပြီး တစ်ကိုယ်လုံးကိုသာ နှံအောင်လောင်းပေးဗျာ၊ တစ်အိုးလုံးကုန်အောင်လောင်းရင် ထူးခြားလိမ့်မယ်”

အဖေက ကျုပ်ကိုလှမ်းကြည့်တယ်ဗျ၊ ကျုပ်လည်း ကျောက်ကွဲရွက်ခူးဖို့လုပ်တော့ ဦးဘသာက

“အလတ်ကောင် မင်းကတော့ ဓါးထက်ထက်ယူပြီး ငါ့အနောက်ကိုသာလိုက်ခဲ့ဟေ့”

ကျုပ်လည်း အိမ်ထဲကိုပြေးဝင်လိုက်တယ်၊ အိမ်နံရံမှာချိတ်ထားတဲ့ အဖေ့ရဲ့ငှက်ကြီးတောင်ဓါးကြီးကို ဆွဲယူလိုက်ပြီးတော့ ခြံအပြင်ရောက်နေတဲ့ဦးဘသာအနောက်ကို အပြေးလိုက်ခဲ့တာပေါ့ဗျာ။ ဦးဘသာက ရွာလယ်လမ်းမကြီးအတိုင်း ခပ်သုပ်သုပ်သွားနေသဗျ။ ကျုပ်လည်းသူ့အနောက်အမီလိုက်ရင်း

“ဦးဘသာ ဘယ်ကိုသွားနေတာလဲဗျ”

“မင်းအကိုကြီးယာခင်းကိုပေါ့ကွာ၊ မင်းပြောတဲ့ နဂါးစိမ်းကြီးကို ရှင်းပစ်ဖို့ပေါ့ကွ”

“ဗျာ၊ နဂါးကို ဒီဓါးလောက်နဲ့ရှင်းလို့ရမယ်တဲ့လား”

“ရတယ်ကွ၊ ရတယ်၊ ငါ့အထင်တော့ ဒီနဂါးက တခြားမဟုတ်ဘူးကွ၊ ဖရုံနဂါးပဲနေမှာ”

ကျုပ်ဖြင့် အခုမှပဲကြားဖူးတော့တယ်ဗျာ။

“နဂါးတွေထဲမှာ ဖရုံနဂါးဆိုတာလည်း ရှိတာပဲလားဦးဘသာရာ”

“ရှိတာပေါ့ကွ၊ ဖရုံနဂါး ယာမှာမထားနဲ့ဆိုတဲ့ စာဆိုတောင်ရှိသေးတယ်၊ တစ်ချို့ကလည်း ဖရုံနဂါး ရွာမှာမထားနဲ့တဲ့ကွ”

“နေပါအုံးဦးဘသာရာ၊ အဲဒီနဂါးကြီးက ဘယ်လိုလုပ်ပြီးဖရုံပင်မှာလာနေတာလဲဗျ”

“မဟုတ်ဘူးအလတ်ကောင်ရ၊ ဖရုံနဂါးဆိုတာက ဖရုံမျိုးစေ့တွေထဲမှာ သူ့အလိုလိုပါလာပြီးသားကွ၊ သူ့အပင်က သိပ်သန်တယ်၊ အသီးမတင်တတ်ဘူးကွ၊ အရွက်တွေတော့ဖားဖားကြီးပေါ့ကွာ၊ ပြီးတော့ အပင်ရဲ့ထိပ်အညွန့်ဖျားက နဂါးကြီးအမောက်ထောင်သလို တထောင်ထောင်နဲ့ကွ”

“ဒါဆို အဲဒီဖရုံမျိုးစေ့ကိုစိုက်မိရင် နဂါးကြီးဖြစ်သွားတာလားဗျာ”

“ဒီလိုမဟုတ်ဘူးကွ၊ ဖရုံနဂါးတိုင်းလည်း နဂါးမဖြစ်တတ်ဘူးကွ၊ ဒါပေမယ့် ယာစိုက်တဲ့လူတွေက သူတို့အခင်းမှာ ဖရုံနဂါးပါလာရင် တစ်ခါတည်းသတ်ပြစ်လိုက်ကြတာများတယ်၊ ဖရုံနဂါးပေါက်ရင် ခိုက်တယ်လို့အယူရှိတာကိုးကွာ”

“ဒါဆို အခုနဂါးကြီးက ဘယ်လိုဖြစ်တာလဲဗျာ”

“ဖရုံနဂါးဖြစ်တဲ့ဖို့အတွက်က အဲဒီဖရုံပင်ကြီးက အသက်ဝင်ဖို့လိုတယ်ကွ၊ ကောင်းကင်မှာ နက္ခတ်တွေရှိတယ်၊ ဖရုံနဂါးဖြစ်ဖို့က အရင်ဆုံး ဇေဋ္ဌနက္ခတ်လို့ခေါ်တဲ့ နဂါးချက်မ နက္ခတ်နဲ့ယှဉ်သွားရတယ်၊ ဒီနက္ခတ်စန်းတဲ့အချိန်မှာ ဖရုံနဂါးက အသက်ဝင်တတ်တယ်၊ အနုရာဓနက္ခတ်လို့ခေါ်တဲ့ နဂါးလည်ဆစ်နက္ခတ်နဲ့ယှဉ်တဲ့အခါ နဂါးက ခေါင်းပိုင်းအသက်ဝင်တယ်၊ မူလနက္ခတ်လို့ခေါ်တဲ့နက္ခတ်ကျတော့ နဂါးအမြီးကွက်တဲ့ကွ၊ အဲဒီနက္ခတ်နဲ့ယှဉ်ရင် နဂါးအမြီးပိုင်းက အသက်ဝင်တယ်”

“ဒါဆိုအခုနဂါးကြီးက ဘယ်နက္ခတ်နဲ့ယှဉ်လို့များ ဘာဖြစ်သွားတာလဲဗျာ”

“မင်းနဂါးကိုဘယ်အပိုင်းတွေ့လိုက်ရတာလဲကွ”

“ကျုပ်တွေ့တာကတော့ ခေါင်းကြီးဗျ၊ အဲ ပြီးတော့ ကိုယ်လုံးအရှည်ကြီးလည်းပါတယ်”

“ဒါဆိုရင်တော့ ဖြစ်နိုင်တာက နဂါးခေါင်းပိုင်းအသက်ဝင်နေတာကွ၊ တစ်ကိုယ်လုံးအသက်ဝင်နေတယ်ဆိုရင် ဒီနဂါးကြီးက ယာခင်းထဲကနေထွက်လာမှာပဲ၊ တန်တော့ နဂါးအမြှီးက အသက်မဝင်သေးလို့သာ အပြင်ကိုမထွက်နိုင်တာကွ”

ပြောရင်းဆိုရင်း အကိုကြီးတို့ယာခင်းနားကို ရောက်လာခဲ့ပြီပေါ့ဗျာ၊ ဦးဘသာက ယာခင်းအစပ်မှာရပ်နေရင်း

“ဖရုံနဂါးဆိုတာ မြေကဖြစ်တာဆိုတော့ ဘုမ္မိယနဂါးတစ်မျိုးပဲကွ၊ သူ့ရဲ့မျက်စောင်း၊ ဒါမှမဟုတ် သူ့ရဲ့အခိုးအငွေ့တွေနဲ့ထိမိတဲ့လူဟာ မြေကြီးကျောက်သားလို စိုင်ဖွဲ့သွားပုံရတယ်အလတ်ကောင်၊ ဒါကြောင့် မာလာရီရော၊ မင်းအကိုကြီးရောက ကျောက်ဖြစ်သလိုဖြစ်သွားတယ်မဟုတ်လား၊ ဖရုံနဂါးက သူ့ကိုထိတာမကြိုက်ဘူးဆိုတော့ ငါ့အထင် သူတို့တွေက ဖရုံနဂါးအညွန့်တွေကို သွားထိမိလို့ဖြစ်မယ်ကွ”

ကျုပ်တော်တော်လန့်နေမိတယ်ဗျ၊ ဦးဘသာက ကျုပ်ပခုံးကိုကိုင်ပြီးတော့

“ဘာမှကြောက်မနေပါနဲ့အလတ်ကောင်ရာ၊ လုပ်ရမှာက လွယ်လွယ်လေးပါကွ၊ ငါဒီနဂါးကြီးကို ဒေါသထွက်အောင်လုပ်ပြီး ဖျားယောင်းထားလိုက်မယ်၊ မင်းက ဒီအချိန်သူ့ရဲ့အမြစ်ပိုင်းကို ဓါးနဲ့သာပိုင်းထည့်ပေတော့၊ ဟုတ်ပြီလား”

ကျုပ်လည်း ခေါင်းညိတ်ပြီးတော့ ဓါးကိုဓါးအိမ်ထဲကနေဆွဲထုတ်လိုက်ပြီး လက်နှစ်ဖက်နဲ့ကျစ်ကျစ်ပါအောင်ကိုင်ထားလိုက်တယ်၊ ဦးဘသာက ယာခင်းထဲကိုဝင်သွားပြီးတော့ တုတ်တစ်ချောင်းနဲ့ ဖရုံပင်တွေကို လိုက်ရိုက်နေသဗျ၊ အချိန်ကလည်း ညနေစောင်းနေပြီ၊ မိုးကလည်း ခပ်အုံ့အုံ့ဆိုတော့ မှောင်တော့မှောင်နေပြီပေါ့ဗျာ။

“ဟေ့၊ နဂါးကြီး၊ ထွက်ခဲ့လေကွာ၊ မင်းနဲ့ငါဘယ်သူစွမ်းတယ်ဆိုတာ ပြိုင်ကြစို့”

ဦးဘသာက ဖရုံရွက်ဖားဖားကြီးတွေကို တုတ်နဲ့လိုက်ရိုက်နေတယ်ဗျာ၊ တစ်နေရာရောက်တော့ ရွှီးခနဲအသံကြီးနဲ့အတူ နဂါးခေါင်းကြီးက ထောင်တက်လာသဗျ၊ ကျုပ်တောင်လန့်ပြီးတော့ အနောက်ကိုဆုတ်လိုက်မိတယ်။ နဂါးကြီးက ဆယ်ပေလောက်တော့ရှိမယ်ဗျ၊ ဘုရားကနဂါးတွေလို အကြေးခွံနဲ့မဟုတ်ဘဲ သူ့ကိုယ်လုံးက ဖရုံနွယ်တွေ အထပ်ထပ်ရစ်ပတ်ထားသလို အရစ်အရစ်တွေဗျာ၊ မျက်လုံးက ဖရုံသီးမှည့်လို ဝါဝါကြီးနဲ့ဗျ။

ဦးဘသာကြီးကိုတွေ့တာနဲ့ နဂါးကြီးက စိုက်ကြည့်နေတယ်၊ ဦးဘသာက အလန့်တကြားနဲ့သူ့မျက်လုံးတွေကိုပိတ်လိုက်ပြီးတော့

“အလတ်ကောင်ရေ၊ ဖရုံနဂါးကြီးရဲ့ အမြစ်ကိုရှာဟေ့”

ကျုပ်လည်းကြည့်လိုက်မိတော့ ယာခင်းအလယ်လောက်မှာ သူ့ကိုယ်လုံးကလပ်နေသဗျ၊ ဒါဆိုရင် အဲဒီနေရာမှာ အမြစ်ရှိလောက်မယ့်ပုံပဲ၊ ကျုပ်လည်းနေရာကိုသိလိုက်တာနဲ့ နဂါးကြီးဆီကိုဓါးလွှဲပြီးပြေးလာလိုက်တယ်ဗျ၊ ဒီအခါ ဦးဘသာက ထအော်တယ်။

“လခွမ်း၊ ငါ့ခြေထောက်တွေလှုပ်မရတော့ဘူးဟ၊ အလတ်ကောင်ရေ နဂါးကြီးရဲ့မျက်လုံးကိုမကြည့်နဲ့ကွ”

ဦးဘသာပြောနေတုန်းရှိသေးတယ်၊ နဂါးကြီးက ကျုပ်အရှေ့မှာ ဘွားခနဲပေါ်လာသဗျ၊ ပါးစပ်ကြီးကိုဖြဲပြီးတော့ ကျုပ်ကိုကြည့်နေတယ်၊ ကျုပ်လည်း ဦးဘသာပြောထားတာကြောင့်မို့လို့ မျက်လုံးကိုပိတ်ချလိုက်တော့တယ်၊ ပြေးနေရင်းမျက်စိပိတ်လိုက်တာဆိုတော့ ဘာမှမမြင်ရတော့ဘူးပေါ့ဗျာ၊ ဒီအခါ ဖရုံခင်းထဲက ဖရုံနွယ်တစ်ခုနဲ့ခြေထောက်နဲ့တိုက်မိပြီးတော့ ကျုပ်လည်းချော်လဲကျသွားပါရော။ လက်ထဲကဓါးလည်း ဘယ်ရောက်သွားမှန်းမသိဘူးဗျ။

“အာ၊ အလတ်ကောင်တို့ကတော့ လုပ်ပြန်ပြီဟေ့”

ကျုပ်လည်း လေးဖက်ကုန်းရင်း မြေကြီးမှာ ဓါးကိုလိုက်စမ်းနေမိတယ်ဗျ၊ မျက်လုံးလည်းမဖွင့်ရဲဘူးလေဗျာ၊ နဂါးကြီးက ကျုပ်အနားမှာ တရှဲရှဲနဲ့သွားနေပါရော။

“ဦးဘသာလုပ်ပါအုံး၊ ကျုပ်ဓါးဘယ်ရောက်သွားသလဲမသိဘူးဗျ”

“မင်းကတော့ အရာရာနဲ့အကြောင်းကြောင်းပဲကွာ၊ ဒီလိုလုပ် ငါနဂါးကြီးကို အာရုံလွှဲထားလိုက်မယ်၊ သူငါ့ဖက်ကြည့်နေတုန်း မင်းက ဓါးကိုရှာစမ်း”

ဦးဘသာက ပြောပြီးတော့ ဟေးခနဲအော်လိုက်တယ်ဗျ၊ ပြီးတော့ တဝုန်းဝုန်းနဲ့ပေါက်ကွဲသံတွေကြားလိုက်ရတယ်၊ နဂါးကြီးက ကျုပ်အရှေ့ကနေ ဦးဘသာဆီကိုလျှောခနဲပြေးပါရောဗျာ၊ လျှောတိုက်သွားတဲ့အသံကြားလိုက်တော့မှ ကျုပ်လည်း မျက်လုံးဖွင့်လိုက်ပြီး ဓါးကိုရှာတော့ ဓါးက ကျုပ်အရှေ့တစ်လံလောက်မှာ ကျနေပါရောဗျာ၊ ကျုပ်လည်း ဓါးကိုကောက်ရင်း နဂါးကြီးကိုတစ်ချက်ကြည့်လိုက်တယ်၊ နဂါးကြီးက ဦးဘသာကို အခိုးအငွေ့တွေနဲ့မတ်နေပါရောဗျာ၊ နဂါးကိုယ်မှာလည်း မီးတွေကျွမ်းလို့ဗျ၊ ဦးဘသာ ပညာနဲ့ရှို့ထားတာဖြစ်မယ်၊ ဦးဘသာက မျက်လုံးမှိတ်ထားရင်း

“အလတ်ကောင် မြန်မြန်လုပ်ဟ”

ကျုပ်လည်း ဓါးကိုင်ပြီး နဂါးကြီးရဲ့မူရင်းအမြစ်အနားကိုပြေးလိုက်တယ်၊ အဲဒီနားမှာတော့ ဖရုံပင်တစ်ပိုင်း နဂါးကိုယ်တစ်ပိုင်းဖြစ်နေတဲ့ အပင်ကိုတွေ့လိုက်ရတယ်ဗျာ၊ ကျုပ်လည်း ဖရုံပင်နွယ်ကို ဓါးနဲ့လွှဲပြီးခုတ်ထည့်လိုက်ပါရောဗျာ။ ဖရုံပင်စည်ကို ဓါးကထိတော့ ဒုတ်ခနဲအသံကြီးနဲ့အတူ ဓါးကပြန်ကန်ထွက်လာသဗျာ၊ နဂါးကြီးက ရွှီးခနဲတစ်ချက်အော်ပြီး ကျုုပ်ဆီကိုပြေးလာပြန်ပါရော၊ ကျုပ်အနားရောက်တော့ ပါးစပ်ကိုဖြဲပြီး ရေငွေ့တွေမှုှုတ်ထုတ်ပါရောဗျာ၊ ကျုပ်လည်း မျက်စိအမြန်ပိတ်လိုက်ရတယ်။

ရေငွေ့တွေက အနံ့တစ်မျိုးပါတယ်ဗျ၊ ဖရုံအနံ့ပဲ၊ ဖရုံညွန့် ဖရုံဖူးခူးရင် ထွက်လာတတ်တဲ့ စိမ်းရွှေရွှေဖရုံနဲ့ဗျ၊ ဒီအချိန် ဦးဘသာက လှမ်းအော်တယ်။

“အလတ်ကောင်ရေ၊ ယောင်ပြီးတော့တောင် မျက်လုံးမဖွင့်လိုက်နဲ့နော်၊ ဒီအခိုးတွေ မင်းမျက်လုံးကိုရိုက်မိရင် မင်းပါကျောက်ရုပ်ဖြစ်သွားမယ်ကွ”

ကျုပ်လည်း ဓါးကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးတော့ မျက်လုံးကိုတင်းတင်းပိတ်ပြီး နားကိုစွင့်ထားမိတယ်၊ နဂါးကြီးသွားရင် တရှဲရှဲနဲ့အသံတွေမြည်သဗျ၊ ဦးဘသာက

“အလတ်ကောင်၊ မင်းငြိမ်ငြိမ်နေစမ်းနော်၊ ဒီကောင်ကြီးသွားရင် အသံမြည်သကွ၊ ငါအဲဒီအသံကိုမှန်းပြီးတော့ မီးလုံးနဲ့ပစ်ထည့်ကြည့်စမ်းမယ်”

ကျုပ်လည်းသေသေချာချာရပ်ပြီးတော့ အသံကိုနားထောင်နေမိတယ်ဗျ၊ နောက်တော့ ဝှီးခနဲအသံကြီးတစ်ခုကိုကြားလိုက်ရတယ်ဗျာ၊ အဲဒီအသံက ကျုပ်ခေါင်းပေါ်ကနေကျော်ထွက်သွားပြီးတော့ ကျုပ်အနောက်ဘက်နားမှာ ဝုန်းခနဲပေါက်ထွက်သွားတာဗျ၊ ပူလိုက်တာလည်းပြောမနေပါနဲ့ဗျာ၊ နဂါးကြီးရဲ့ ရွှီးခနဲအော်သံကိုလည်းကြားလိုက်ရတယ်၊ ဦးဘသာက နဂါးကြီးကိုဆော်ထည့်လိုက်ပြီနေမှာဗျ၊ ဒါနဲ့ကျုပ်လည်း အနောက်ကိုလှည့်လိုက်ပြီးတော့ လက်ထဲကဓါးနဲ့ဝှေ့ပြီးခုတ်ထည့်လိုက်ပါရောဗျာ။ မျက်လုံးတော့ မဖွင့်ရဲဘူးဗျ၊ ဒါပေမယ့် ကျုပ်ဓါးကတစ်ခုခုကိုခုတ်မိသွားတဲ့အထိအတွေ့ကိုခံစားရတယ်၊ ဒါနဲ့ကျုပ်လည်း ဓါးကိုလွှဲလွှဲပြီးတော့ ကျုပ်အရှေ့ကိုခုတ်ထည့်တာပဲဗျာ။

တစ်ချက်မှာတော့ နဂါးကိုယ်လုံးကြီးနဲ့ ကျုပ်ခြေထောက်နဲ့တိုက်မိပြီးတော့ ကျုပ်လည်းပက်လက်လန်လဲကျသွားတော့တယ်၊ ကျုပ်အနားက မြေကြီးတွေမှာ တဝေါဝေါနဲ့ဗြောင်းဆန်နေတဲ့အသံကိုကြားရတယ်ဗျ၊ ခဏကြာတော့ ငြိမ်သက်သွားတော့တယ်။ မိုးတွေကလည်း တဖွဲဖွဲရွာလာပါရောဗျာ။

“အလတ်ကောင်ရေ၊ ရပြီ၊ မျက်လုံးဖွင့်လို့ရပြီကွ”

ကျုပ်မျက်စိဖွင့်လိုက်တော့ ကျုပ်အရှေ့ယာခင်းက မွစာကျဲနေတာပဲဗျာ၊ ဖရုံနဂါးကြီးက စင်းစင်းကြီးသေနေပါရော၊ နဂါးခေါင်းက မီးတွေလောင်ပြီးတော့ အစအနတွေဖြစ်နေတယ်၊ ဦးဘသာပစ်ချက်က ခေါင်းတည့်တည့်မှန်သွားပုံရတယ်ဗျာ၊ ကျုပ်တို့မျက်စိရှေ့မှာပဲ ဖရုံနဂါးပင်ကြီးက အရွက်တွေတဖြည်းဖြည်းဝါလိုက်လာပြီးတော့ ညှိုးနွမ်းခြောက်သွေ့ကုန်တယ်ဗျ၊ တစ်ထပ်ပြီးတစ်ထပ် ရစ်ပတ်ထားတဲ့ဖရုံနွယ်တွေကလည်း သူ့အလိုလိုပြေကျပြီးတော့ ခြောက်ကျသွားတော့တယ်၊ ဒီတော့မှ ကျုပ်လည်း ဦးဘသာဆီကိုပြေးလိုက်မိတယ်။

“ဦးဘသာ၊ ရရဲ့လား”

ဦးဘသာက ခြေထောက်ကိုမြှောက်ကြည့်တယ်ဗျ။

“ဟာ၊ ရသွားပြီ၊ ရသွားပြီကွ၊ ငါ့အထင် ဖရုံနဂါးကြီးသေသွားတော့ သူဖမ်းစားထားတဲ့အစွမ်းတွေအကုန် လွင့်ပါးသွားတဲ့ပုံပဲကွ”

ကျုပ်လည်း ဖရုံနဂါးအပင်ကြီးဆီသွားပြီးတော့ အမြစ်ကိုမြေလှန်ပြီး နုပ်နုပ်ပါစဉ်းနေမိတယ်ဗျာ၊ ပါးစပ်ကလည်း

“သေစမ်း၊ သေစမ်း၊ ကောင်းကျိုးမပေးတဲ့အပင် သေစမ်း”

ဖရုံပင်လည်း နွားစာစဉ်းသလို မှုန့်မှုန့်ညက်ညက်ကြေသွားတော့မှ ကျုပ်နဲ့ဦးဘသာလည်း ရွာထဲပြန်ဝင်လာခဲ့တော့တယ်၊ အိမ်ရောက်တော့ အကိုကြီးက ထမင်းတောင်ထိုင်စားနေပြီဗျ၊ ကျုပ်လည်း ဓါးကိုဆေးကြောပြီးနံရံချိတ်လိုက်တော့ အမေက

“အလတ်ကောင် တစ်ခါတည်းထမင်းဝင်စားလိုက်ပါလား”

“ဘာဟင်းချက်လဲအမေရ”

“နင်တို့အကြိုက် ဖရုံညွန့်နဲ့မျှစ်ဆတ်နဲ့ချက်တယ်၊ ပြီးတော့ ဖရုံသီးကင်းလေးတွေ ပါးပါးလှီးပြီးကြော်ထားတယ်၊ ငါးပိကောင်မီးဖုတ်နဲ့ မန်ကျည်းသီးထောင်းပေါ့”

ကျုပ်ဖြင့် ဟင်ခနဲရေရွတ်ပြီး ထမင်းဝိုင်းမှာ ငိုင်ကျသွားခဲ့တာပေါ့ဗျာ၊ ဖရုံဆိုတော်ပါပြီဆိုပြီး ကြောက်ကိုသွားတော့တာဗျ။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ