စုန်းမကြီးဒေါ်မယ်ဆုံ

*  စုန်းမကြီးဒေါ်မယ်ဆုံ *📖📖📖

********************************

           သုဿာန်ထဲရှိ ဇရပ်အိုကြီးက အမှောင်ထဲ၌သဘက်ကြီးတစ်ကောင်ထိုင်နေသယောင်။ လရောင်အောက်ရှိ သုဿာန်မြေသည် မြေပုံမို့မို့တို့ဖြင့် ခြောက်ခြားစရာကောင်းလှ၏။ မြေပုံမို့မို့ပေါ်မှ ထိုးစိုက်ထားသော မှတ်တိုင်ပေါ်မှ နာမည်တို့ကား ရာသီဥတုဒဏ်ကြောင့်ပေါ်တစ်စပျောက်တဝက်။

” အူး….ဝူး…..ဝူး….”

” အူး…ဝူး…ဝူး….”

” အာ့…အာ့…အာ့….”

သူဿာန်ဝန်းကျင်မှတောခွေးတို့၏ ဆွဲဆွဲငင်ငင်အူသံနှင့်အတူ တောကျီးကန်းတစ်ကောင်၏ အာသံက သူ့နားထဲသို့ရောက်လာခဲ့၏။ မျက်စိကိုအသာဖွင့်ပြီး ပတ်ဝန်းကျင်ကို အသာနားစွင့်ကြည့်၏။ ​ကျီးကန်းဟူသည် ညည့်ငှက်မဟုတ်သဖြင့် ညအချိန်ထွက်လာမည်မဟုတ်။ သတိကြီးစွာထားရင်း ဖလပ်ဖလပ်မြည်သံကြောင့် ​​မနေ့မှလာမြုပ်ထားသော မြေပုံဆီသို့အကြည့်ရောက်သွားသည်။

” မနှင်းကြည် အသက်( ၃၀ )နှစ် “

ဟူသောမှတ်တိုင်ပေါ်သို့ တောကျီးကန်းတစ်ကောင်လာနားသည်ကိုတွေ့လိုက်ရ၏။ ထိုခန၌ကျီးကန်းသည် လူတစ်ယောက်အသွင်ပြောင်းသွားပြီး မြေပုံကိုစူးစူးရဲရဲကြည့်ကာ သုံးပတ်ပြည့်အောင်လှည့်လိုက်၏။ ထိုအဖြစ်ကိုသူက မမှိတ်မသုန်ကြည့်ကာ အနည်းငယ်ပြုံးလိုက်၏။ ထိုမိန်းမကြီးကား သူ့ကိုမြင်သည့်ပုံမပေါ်။ ခန၌ထိုမိန်းမက ဟိုဟိုသည်သည်ကြည့်ပြီး ​မြေပုံကို လက်ဖြင့်စတင်ယက်ထုတ်တော့သည်။ ဘယ်လောက်မှပင်မကြာလိုက်။ မြေပုံထဲမှအခေါင်းသည်ဘွားခနဲပေါ်လာ၏။

” ဟင်းဟင်းဟင်း…. အနံ့လေးကသင်းနေရောအေ့….မယ်ဆုံတို့တော့ကံကောင်းတာဘဲ မီးတွင်းသားစားရကံကြုံသေးတာပေါ့… “

ထိုအမျိုးသမီးက ထိုစကားဆိုပြီးအခေါင်းဖုံး၌ရိုက်ထားသောသံကိုလက်ဖြင့်အသာလေးကလော်ထုတ်လိုက်၏။

” ကျွီ.. ကျွီ….ကျွီ….”

” ဝုန်း…. “

တကျွီကျွီအသံမြည်သွားပြီး အခေါင်းဖုံးမှာဝုန်းခနဲပွင့်သွားသလို အလောင်းကောင်မှာလဲ မျက်လုံးများနီရဲကာ ဝုန်းခနဲထထိုင်သဖြင့် အမျိုးသမီးမှာ လန့်ဖြတ်သွား၏။

” ကောင်မ! အေးဆေးသေနေစမ်း….မယ်ဆုံအကြောင်းမသိလို့စမ်းချင်နေတာလားအေ့…ကဲ…”

” ဖြန်း…”

မိန်းမကြီးကထိုသို့ပြောပြီး အလောင်းကောင်၏ငယ်ထိပ်တည့်တည့်ကို ဖြန်းခနဲရိုက်ထည့်လိုက်ရာ အလောင်းကောင်မှာချက်ချင်း အခေါင်းထဲလှဲလျှက်သားပြန်ဖြစ်သွား၏။

” ဒီလိုမှပေါ့ဟဲ့…နင်ကသေပြီးပြီ ​မြေဩဇာဖြစ်ရုံကလွဲပြီးဘာမှအကျိုးမရှိဘူး…အဲဒီတော့ နင်ကုသိုလ်လေးဘာလေးရအောင် ငါနင့်အသားကိုပွဲတော်အုပ်တည်မယ်ဟုတ်ပြီလား….ဟင်းဟင်းဟင်း…. “

ဆိုကာအမျိုးသမီးသည် အလောင်းကောင်၏ လက်တစ်ဖက်အားဖြုတ်ယူကာ ကြက်ပေါင်ကိုက်သလို အားပါးတရကိုက်စားလိုက်၏။

” အူး…ဝူး….ဝူး….”

” ဝုတ်….ဝုတ်….ဝုတ်….”

” ဝူး..ဝူး….”

ခွေးအူသံတို့လည်း နဂိုကထက်ပို၍ဆူညံသွားတော့၏။ သူလည်းအမျိုးသမီးရှိရာ နေရာသို့လွှားခနဲလွှားခနဲခုန်သွားလိုက်၏။ အမျိုးသမီးသည် သူ့အနားသို့လူတစ်ယောက်ရောက်နေသည့်တိုင် ဂရုမပြုမိဘဲ မီးနေသည်အသားကိုသာ အားပါးတရ ကိုက်ဆွဲ၍စားနေ၏။

” ဖြေးဖြေးစားပါ…နင်နေအုံးမယ်….”

” ဟင်…ဘယ်သေနာလဲ…ငါ့အလုပ်လာရှူပ်တာ….”

သူ့စကားကြောင့်အမျိုးသမီးသည် စားလက်စ လက်ဖျံရိုးကိုပစ်ချလိုက်ပြီး အနောက်သို့လှည့်ကာ ဆဲဆိုလိုက်၏။ သို့သော် သူ့အားမြင်ပုံမရ။ အကြောင်းကား သူသည် ကဝေအတတ်ဖြင့် ကိုယ်ဖျောက်ထားသောကြောင့်ပင်။

” ဟဲ့ငါမေးနေတယ်လေ…ဘယ်သူတောင်းစားလဲ….ထွက်ခဲ့စမ်း…သတ္တိရှိရင်ပုန်းလျှိုးကွယ်လျှိုးလုပ်မနေနဲ့အေ့… “

အမျိုးသမီးကထပ်မံဆဲဆိုပြန်၏။

” ဟားဟားဟား….. “

တချက်ရယ်မောကာ သူလည်းအမျိုးသမီးမြင်သာအောင်ကိုယ်ထင်ပြလိုက်၏။

” ဟား….ဘယ်သူများလဲအောက်မေ့တယ်….အမှောင်လောကမှာ လူပြောများနေတဲ့ ကဝေကြီးမြမောင်ပါလားဟေ့….ဟင်းဟင်းဟင်း… ရုပ်ဆိုးလိုက်လေစွ….”

သူ့ကိုမြင်သည်နှင့် အမျိုးသမီးကြီးကမထီထင်သည့်အပြုံးမျိုးဖြင့် ကဲ့ရဲ့လှောင်ပြောင်လိုက်၏။ ထိုအမျိုးသမီးစကားကြောင့် သူစိတ်တိုသွားပြီး

” တောက်! မလောက်လေးမလောက်စား စုန်းမကများ ငါ့ကိုလှောင်ရဲတယ်ပေါ့…ငါ့အ​ကြောင်းမသိသေးလို့ထင်..”

” သိပါ့တော်.. သိပါ့…စုန်းလောကမှာကဝေမြမောင်ဆိုတာ လူတိုင်းပြောနေကြလို့ ကျုပ်ကဖြင့်အဆင့်မြင့်မြင့်ကဝေတစ်ကောင်ထင်နေတာ…ဘယ်ဟုတ်မလဲ….ကဝေကျင့်စဥ်မအောင်လို့ ပါးတခြမ်းမီးဟပ်ထားတဲ့ မျိုးမမှန်ကဝေပါအေ….ဟားဟားဟား…. “

” တောက်! မလောက်လေးမလောက်စားစုန်းမကများ…သေစမ်းကွာ…”

ကဝေမြင့်မောင်က စုန်းမကြီးစကားကြောင့်ဒေါသူပုန်ထသွားပြီး အနက်ရောင်ကဝေစက်ကိုစုန်းမကြီးထံပစ်လွှတ်လိုက်၏။

” ဖြောင်း…​ဖြောင်း….”

” ဝုန်း…. “

စုန်းမလည်းခေသူမဟုတ်။ ကဝေကောင်၏စက်ကို လက်ဝါးစောင်းဖြင့် အသာရိုက်ချလိုက်ကာ ပြန်လည်ခုခံလိုက်၏။ ကဝေစက်မှာလွဲသွားပြီး နံဘေးရှိသစ်ပင်တို့ကိုသွားမှန်ကာ ပင်စည်မှာဖွာလန်ကြဲသွား၏။

” သိပ်စွမ်းနေတယ်ပေါ့ဟုတ်လား…”

စုန်းမကြီးက ကဝေစက်ကိုရှောင်နိူင်သဖြင့် အသာကလေးပြုံးနေ၏။ ကဝေမြင့်မောင်လည်း သူ့အားမထီမဲ့မြင်ပြုရမလားဆိုကာ မြေပုံမို့မို့ဆီလက်ညိုးထိုးပြီး အလောင်းကောင်များအား အသက်သွင်းလိုက်၏။ ခဏ၌ မြေပုံအားလုံးဆီမှ အလောင်းကောင်အရိုးစုတို့ကိုယ်စီထလာပြီး စုန်းမကြီးရှိရာသို့ဦးတည်လာကြ၏။

” ဟားဟားဟား…. ကလေးအကွက်တွေမသုံးစမ်းပါနဲ့ကဝေကောင်ရာ…ဒီအလောင်းကောင်လောက်တော့ မယ်ဆုံဆိုတဲ့ကျုပ်က ဟောသလိုဟောသလို လုပ်ပစ်လိုက်မှာ…”

ဆိုကာ ပါးစပ်၌တတွတ်တွတ်ရွတ်ပြီး လက်ဝေ့ယမ်းလိုက်ရာ အရိုးစုတို့မှာ မြေကြီးပေါ်သို့ လဲကျကာတစစီဖြစ်သွားကုန်၏။

” ဟားဟားဟား…. ဟားဟားဟား “

” နင့်ကိုငါက ပညာသည်အချင်းချင်းမို့ညှာနေတာကို နင်က ကန်းတက်တယ်ပေါ့…သေစမ်းကောင်မ….”

ဆိုကာကဝေမြင့်မောင်သည် ကိုယ်ဖျောက်ပြီး စုန်းမကြီး၏ နောက်ကျောကို ကဝေစက်​ဖြင့်ဘုန်းခနဲရိုက်ထည့်လိုက်၏။

” အား..”

” ဝေါ့….”

ကဝေကောင်လက်ချက်ကြောင့် စုန်းမကြီးမယ်ဆုံမှာ မြေပေါ်မှောက်ကျသွားပြီး စားထားသောအသားများပြန်အန်ကျလာကုန်၏။

” နင်နင်….သိပ်ကောက်ကျစ်တာဘဲ….မိန်းမ တစ်ယောက်ကိုအလစ်ဝင်တိုက်ရတယ်လို့….”

” နင်လျှာမရှည်နဲ့ ကောင်မ…နင့်တို့လိုစုန်းတွေကိုငါသတ်လာတာမနည်းဘူး…..ပေးစမ်းနင်ပညာဘူးတွေ…”

” မပေးနိူင်ဘူး….အား….အု…အု….”

” အတော်ရှည်တဲ့လျှာ….”

စုန်းမကြီးပြော၍ပင်မပြီးသေး ကဝေကောင်သည်စုန်းမကြီး၏လျှာကို ဆွဲထုတ်ကာ ခါးမှတံစူးဝါးဓားမြှောင်ဖြင့်တိခနဲဖြတ်ချပြီး ဝါးစားပစ်လိုက်၏။

” အား……ဆွေး…ဆွေး…ဆောင်…”

” ဟားဟားဟား…. ပေးစမ်း…နင့်ပညာဘူးတွေ….နင့်ပညာဘူးတွေရမှ ငါ့မျက်နှာကအနာရွတ်တွေကုနိူင်မှာပေးစမ်း…”

လျှာပြတ်သွားသဖြင့် စုန်းမကြီးမှာစကားပြော၍မပီတော့ချေ။ ခွေးကောင်ဟုဆဲချင်သော်လည်း စကားမပီတော့ဘဲ ဆွေးဆောင်ဟုသာထွက်သွားလေ၏။

” ဥုံ…. “

ကဝေကောင်က တဟားဟားရယ်မောပြီး စုန်းမကြီး၏ ခေါင်းကိုကိုင်ကာ ပညာဘူးနူတ်ယူရန်လုပ်၏။

” ဝ…ဝ…ဝုတ်..နဲ့….”

” ဝေါင်း…ဝေါင်း…ဝန်…ဝါ…ဝယ်…”

ထိုစဥ် စုန်းမကြီးက ကဝေကောင်၏ခြေထောက်ကိုဖက်ပြီး ဝူးဝူးဝါးဝါးပြောဆိုနေသဖြင့် မန္တာန်ကိုရပ်လိုက်ကာ

” ဘလဲကောင်မ….နင်ဘာပြောချင်တာလဲ….နင့်ရဲ့နောက်ဆုံးဆန္ဒကိုငါဖြည့်ဆည်းပေးမယ်….ပြောစမ်း….”

” ဝါ့….ဝါ့…စီဝျာဝို…. “

” ဟာ….​ပီအောင်ပြောစမ်း..နင့်နူတ်ကနေမ​ပြောနဲ့…. စိတ်ထဲကနေပြောစမ်း… “

မပီကလာစကားကြောင့်ကဝေကြီးမှာစိတ်မရှည်တော့ဘဲ ပါးစပ်ကိုအာစေးထဲ့လိုက်ကာ စိတ်ထဲမှပြောစေ၏။ စုန်းမကြီးလည်း စိတ်ထဲမှ

” ငါ့…ငါ့ပညာဘူးကိုမယူပါနဲ့….ငါ့ပညာမရှိရင် စုန်းလောက ကလူတွေငါ့ကိုအနိူင်ကျင့်ကြလိမ့်မယ်….ချမ်းသာပေးပါ….”

” ဪ…ဒါပြောချင်တာလား…ဟားဟားဟား… အလကားတော့ဘယ်ရမလဲကွ… နင်ငါ့ကိုဘာပြန်ပေးမလဲ…နင့်အသက်အတွက်အလဲအထပ်သဘောပေါ့…..”

” နင်ခိုင်းတာအကုန်ငါလုပ်ပေးပါ့မယ်…..”

” ဟား….ကြိုက်ပြီ…ငါကြိုက်ပြီ…ဒါဆိုရင် နင်ငါ့အတွက်တစ်ခုလုပ်ပေးရမယ်….”

” ငါ့ပညာဘူးဖြစ်တဲ့ငါ့အသက်ကိုချမ်းသာပေးရင်ဘာမဆိုလုပ်ပေးပါ့မယ်….”

” အေးဒါဆို ငါ့ကိုလူကိုးယောက်ရဲ့အဆီအသွေးတွေကိုငါ့ကိုယူလာပေး…အဲဒီကိုးယောက်ဟာနေ့နံမတူတဲ့ အရွယ်သုံးပါးထဲကဖြစ်ရမယ်….ဘယ်လိုလဲနင်လုပ်နိူင်လား….. “

ကဝေကြီးစကားကြောင့်စုန်းမမှာ ခေတ္တတိတ်ဆိတ်သွား၏။

” ဘာလဲ.. နင်မလုပ်နိူင်ဘူးမလား….ဒါဆိုလည်း နင့်ရဲ့ရွေးချယ်မှုဘဲပေါ့….”

ဆိုကာစုန်းမ၏ခေါင်းကိုထပ်မံကိုင်ပြီး ဂါထာမန္တာန်ရွတ်ရန်ပြင်၏။ စုန်းမကြီးလည်း ထိတ်လန့်သွားကာ

” လုပ်….လုပ်ပေးပါ့မယ်….ဒါပေမဲ့ ကျုပ်ကစကားပြောလို့မရတော့ဘူးဆိုတော့ ကျုပ်ကို ဟိုကောင်မရဲ့ဝိဉာဥ်ချုပ်ပြီး ကျုပ်ရဲ့အစောင့်အဖြစ်ထားခွင့်ပေးပါ….”

” အေးရတယ်….စောစောကမီးနေသည်မကိုလိုချင်တာမလား….ရတယ်…..ဟိုကောင်မလာခဲ့စမ်း “

ကဝေကောင်ကထိုသို့ခေါ်လိုက်ရာ မီးနေသည် သရဲမမှာသူတို့အနားသို့ရှပ်တိုက်ပြီးလွှင့်လာ၏။

” ဘာလဲ ငါ့ကိုခေါ်တာ…”

” လျှာမရှည်နဲ့ ငါဖြတ်ရိုက်လိုက်လို့ နောက်တစ်ခါထပ်သေ သွားမယ်…နင်ဒီကောင်မနောက်ကိုလိုက်စမ်း….သူခိုင်းတာအကုန်လုပ်ပေးလိုက်ကြားလား… “

” မလုပ်ပေးနိူင်ဘူး…ဒီကောင်မက ငါ့ကိုလည်းရိုက်သေးတယ်…ငါ့အသားလည်းစားသေးတယ်….”

” တယ်….ငါလုပ်ထဲ့လိုက်ရ….ငါကလိုက်ဆိုလိုက်သွား….”

ကဝေကောင်ကိုကြောက်ရသဖြင့် မီးနေသည်သရဲမမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းငြိမ့်လိုက်ရ၏။ ကဝေကောင်လည်း မီးနေသည်ကလောင်းထံမှ ဆံပင်နှင့် လက်သန်းရိုးကိုယူကာ မီးနေသည်ထဘီစနှင့်ပတ်လိုက်ပြီး စုန်းမကြီးကိုပေးလိုက်၏။

” နင့်ကတိတည်ပါစေ….နင့်ကတိတည်ရင် ငါ့ကိစ္စပြီးတာနဲ့နင်လိုရာသွားလို့ရပြီ….ဒီလိုမှမဟုတ်ဘဲ ငါ့ကိုသစ္စာဖောက်လို့ကတော့ နင့်ကိုခုနှစ်ဘဝ ခုနှစ်ကြိမ်တိတိငါသတ်မှာ…ကြားလား…”

” ဟုတ်…ဟုတ်ကဲ့…”

” သွားတော့….”

ကဝေကသွားခွင့်ပြုလိုက်သည်နှင့် စုန်းမကြီးလည်း ထဘီကိုခြုံကာ တောကျီးကန်းအဖြစ်ပြောင်းပြီး ပျံပြေးသွားတော့၏။

” ဟားဟားဟား…. ဟားဟားဟား…”

ကဝေကောင်မှာတဟားဟားရယ်ရင်း သုဿန်ထဲ၌ကျန်ရစ်ခဲ့၏။

          သူရိန်နေမင်းကြီးသည် မိမိ၏တာဝန်ကိုထမ်းဆောင်ရန်အတွက်အရှေ့ဘက်ကောင်းကင်ကြီးကိုထိုးဖောက်လာကာ ခပ်ပျော့ပျော့နေရောင်ခြည်နွေးနွေးတို့ဖြင့် လောက ကိုအလင်းရောင်ဖြန့်ကျက်ပေးနေသည်။ သစ်ပင်ကြီးငယ်ပေါ်ရှိ တေးသီငှက်ကလေးတို့ကား နေမင်းကြီးကိုကြိုဆိုတွန်ကြူးလျှက် ဟိုဟိုသည်သည် ကူးလူးပျံသန်းနေကြသည်။

” နောင်….ဝေဝေ….နောင်ဝေဝေ….”

” အူးဝူး…ဝုတ်…ဝုတ်…”

” ဆွမ်းတော်ဗျို့….နောင်ဝေဝေ…. “

ရွာလမ်းမကြီးထက်မှ ကြေးစည်သံနှင့်အတူ ဆွမ်းတော်ဗျို့ဟူသော ကိုရင်ငယ်၏ဆော်ဩသံတို့သည် ကျေးရွာအတွင်းပျံ့လွှင့်လာခဲ့၏။ သံဃာတန်းရှည်ကြီးသည် နေရောင်ခြည်အောက်၌ ကျက်သရေရှိကာ ကြည်ညိုဖွယ်ကောင်းနေ၏။ သံဃာတန်းနောက်၌ကား ခွေးသုံးလေးကောင်တို့လိုက်လာကာ အူနေကြ၏။

       ကြေးစည်သံကြားသည်နှင့် အိမ်ရှင်မတို့သည် ဟိုအိမ်သည်အိမ်မှဆွမ်းပန်းကန်ကိုယ်စီကိုင်ထွက်လာကြပြီး ဆွမ်းလောင်းရန်အလို့ငှာစောင့်ဆိုင်းနေကြ၏။ အမျိုးသားတို့ကား လယ်ထဲကိုင်းထဲဆင်းဖို့ရန် နွားများ၊ကျွဲများကိုအစာရေစာဝလင်အောင် ကျွေးနေကြ၏။

ဘမောင်သည် တစ်အိမ်လုံးအတွက်ချက်ပြုတ်ပြီး နွားစာစဥ်းကာနွားသုံးကောင်ကိုအစာကျွေးလိုက်၏။ မိခင်မှာနေမကောင်းသဖြင့် အိပ်ယာမှထမလာသေးချေ။

” အမေ…အမေ…သက်သာရဲ့လား…ဘယ်လိုဖြစ်ရတာလဲဗျ..မနေ့ညကမှအကောင်းကြီးရှိသေးတယ်….”

ထမင်းစားရန်အလို့ငှာ မိခင်ဖြစ်သူအားဝင်နိူးလိုက်၏။ ဒေါ်မယ်ဆုံမှာ အင်းအဲလုပ်ရင်း

” ဝါး…ဝါးဝေး….”

” ဟင်…ဘာ….ဘာပြောတာလဲအမေ…”

သားလေးဟုခေါ်သော်လည်းစကားမပီတော့သဖြင့် ညကကိစ္စကိုပြန်လည်သတိရသွား၏။ စိတ်ထဲ၌လည်းကဝေကြီးကိုမကျေမနပ်ဖြစ်သွား၏။

” အမေ…အမေ…”

ဝူးဝူးဝါးဝါးအသံကြောင့် မိခင်ဖြစ်သူကိုလေဖြတ်သွား၍လားဟုအတွေးဝင်သွား၏။

” အမေ…အမေစကားတွေမပီတော့ဘူးဗျ….အမေအအေးပတ်ပြီး လေဖြန်းသွားပြီထင်တယ်…မျိုးမောင်ရေ…မျိုးမောင် လာအုံးဟေး…အမေ့ကိုဆေးမှူးဆီပို့ရအောင်…”

” ဝဝါးဝူး…ဝဝါးဝူး… “

” ဟင်…ဘာပြောတာလဲအမေ.. .”

သူမ၏စကားကိုသားဖြစ်သူက နားမလည်သဖြင့် ခြေဟန်လက်ဟန်ပြကာ ဆေးမှူးဆီမသွားချင်ကြောင်းပြော၏။ သားနှစ်ယောက်လည်း ဘယ်လိုမှနားချ၍မရတော့သည့်အဆုံး ဆေးများကိုဝယ်ကာ တိုက်ရတော့သည်။ ဒေါ်မယ်ဆုံသည် သားနှစ်ယောက်နှင့် ရွာသူရွာသားများအား လေဖြတ်ပြီးတ​ခြမ်းသေကာ စကားလည်းပီပီသသမပြောနိူင်တော့သည့်ပုံစံ အဖြစ်ဟန်ဆောင်ထား၏။ ဘာမှမသိရှာသောသားနှစ်ယောက်မှာ မိခင်လိမ်ထားသမျှယုံကြည်နေကြ၏။ မီးနေသည်ထဘီနဲ့ ထုတ်ထားသော အထုပ်သေးသေးလေးကို အိမ်အနောက်ရှိ ပိန္နဲပင်ကြီးအောက်၌ သားနှစ်ယောက်မသိအောင်မြုပ်နှံထား၏။

           တစ်နေ့သ၌သားဖြစ်သူတို့မရှိခိုက် အိမ်နောက်ဖေးသို့သွားကာ  ပိန္နဲပင်အောက်၌ရပ်လိုက်ပြီး မြေကြီးကိုသုံးချက်​ပုတ်လိုက်၏။ ထိုခန၌ပုတ်အဲ့အဲ့အနံ့ထွက်လာပြီး ပိန္နဲပင်သည် လေမတိုက်ဘဲ ယိမ်းထိုးကာအရွက်များတ​ဖျောဖျောကြွေကျ၏။ ဒေါ်မယ်ဆုံက မနောစိတ်ဖြင့်

” ဟဲ့  နှင်းကြည်မ…ခုညရွာထဲကိုသွားပြီး အသက်အကြီးဆုံးစနေသားရဲ့ဝိဉာဥ်ကိုခေါ်ခဲ့ချေ….မသေစေနဲ့နော်….”

” မလုပ်နိူင်ဘူး….”

”  ဟဲ့ကောင်မ…ငါ့ကိုအာခံတာလား…ကဲဟယ်….”

” အား…ပူတယ်…ပူတယ်…မရွတ်နဲ့တော့….ပူတယ်…. “

ဒေါ်မယ်ဆုံကစုန်းဂါထာတစ်ပုဒ်ကိုရွတ်လိုက်သဖြင့် သရဲမနှင်းကြည်ခမျာတီကောင်ဆားတို့သလိုလူးလွန့်နေရ၏။

” နောက်ဆို…ငါ့ကိုအာမခံနဲ့… နောက်တစ်ဘဝထပ်ပြောင်းသွားမယ်မှတ်…ငါခိုင်းတာအောင်မြင်အောင်လုပ်ခဲ့….”

” ဟုတ်…ဟုတ်….”

          လရောင်သည်ပျောက်တိပျောက်ကျားဖြင့် ကမ္ဘာမြေပေါ်သို့ဖြန့်ကျက်ပေးနေ၏။ လဆုတ်ညဖြစ်သောကြောင့် လကွေးကွေးလေးသာရှိပြီး ကြယ်တို့မှာလကွေးကွေးလေးကိုဝန်းရံကာမှိတ်တုတ်မှိတ်တုတ်လင်းနေ၏။

” အူး….ဝူး…..”

” ဝူး….ဝူး…….”

” ဝုတ်….ဝူး….ဝူး….”

ရွာအစွန်ဘက်မှခွေးအူသံတို့ကရွာထဲသို့ပျံ့လွှင့်လာခဲ့၏။ သက်မောင်၏အိမ်ရှိဖဲသမားလေးငါးယောက်မှအပ ကျန်သည့်သူများ အိပ်ပျော်နေကြချေပြီ။ သက်မောင်ကား ကွယ်လွန်လေသူဇနီးသည်မနှင်းကြည်ကို မျှော်ဆွေးတမ်းတ လွမ်းဆွတ်နေ၏။ မွေးကင်းစသားငယ်လေးမှာ ညီမဖြစ်သူ၏အနား၌ငြိမ်သက်စွာအိပ်ပျော်နေ၏။

” ဒီညကျမှခွေးတွေအူလှခြည်လားဟ….”

” ခွေးဘဲကွာ.. သူ့ဟာသူအူချင်ဟောင်ချင်တဲ့အချိန် အူမှာဟောင်မှာပေါ့….မင်းစကားလမ်းကြောင်းမလွှဲနဲ့ငအွပ်….မင်းဖဲလိမ်ချင်နေတာငါသိတယ်….”

” တော်စမ်းပါကွာ….ရော့…”

ဖဲသမားအချင်းချင်းချောင်းမြောင်းနေကြ၏။

” အူး….ဝူး….ဝူး….”

” အူး…ဝူး…ဝူး….”

ခွေးအူသံမှာရွာထဲသို့တဖြည်းဖြည်းရောက်လာ၏။ ဖဲသမားတို့မှာအချင်းချင်းကြည့်လိုက်ကြပြီး

” နောက်ဆုံးညမို့ နှင်းကြည်လာခြောက်တော့မှာလားမသိဘူးနော် “

” မဖြစ်နိူင်ပါဘူးကွာ…နှင်းကြည်ဆုံးသွားတာကနေ့နဲ့ဆို ခုနှစ်ရက်မြောက်ပြီလေ….သူခြောက်ချင်ရင် အစထဲကခြောက်မှာပေါ့ဟ….”

” ရှူး…တိုးတိုးပြောပါကွာ….သက်မောင်ကြားလို့ မင်းကိုဓားမနဲ့ခုတ်နေပါအုံးမယ်…”

သက်မောင်မှာသူ့မိန်းမ မနှင်းကြည်ကိုအလွန်ချစ်သူဖြစ်သဖြင့် သူ့မိန်းမမကောင်းကြောင်းပြော၍မရချေ။
ခွေးအူသံမှာဖဲသမားထင်သလို သက်မောင်၏အိမ်ရှေ့တွင်မရပ်ဘဲ ရွာထဲလှည့်ပတ်ကာ အူနေခြင်းဖြစ်၏။

          ညနှစ်ချက်တီးအချိန်၌ ဘိုးသာမောင်းသည် အပေါ့သွားချင်သဖြင့် ကျားခေါင်းတံဆိပ်ဓာတ်မီးကိ​ုယူကာ အိမ်အောက်ထပ်သို့ဆင်းလာခဲ့၏။ ဘိုးသာမောင်း၏အိမ်မှာခြေတံရှည်နှစ်ထပ်အိမ်ဖြစ်ပြီး အိမ်အောက်ထပ်၌အကာအရံမရှိ။ လင်းအားသိပ်မကောင်းတော့သော ဓာတ်မီးကိုအားပြုကာ အိမ်နောက်ဘေးရှိ နှင်းဆီရုံကြီးနံဘေး၌ အခင်းသွားရန်ပြု၏။ ထိုစဥ် လေတချက်ဝေ့လာပြီး ပုပ်အဲ့အဲ့အနံ့ကြီးသည် ဘိုးသာမောင်း၏နှာဝသို့ဝင်လာခဲ့၏။ ထိုအနံ့ကြောင့် ဘိုးသာမောင်းသည် ဓာတ်မီးဖြင့် နှင်းဆီရုံအောက်သို့ဟိုဟိုသည်သည်ထိုးကြည့်နေ၏။

” ထွီး….ဆိုးလိုက်တဲ့အနံ့ကွာ….နှင်းဆီရုံအောက်မှာ အကောင်တွေသေထားပြီနဲ့တူတယ်….အဖွားကြီးကလည်း ဒီနှင်းဆီရုံရှင်းမယ်ဆိုမရဘူး….အလကားသက်သက် အကောင်တွေခိုအောင်းမဲ့ဟာတွေ….ဘာဘဲဖြစ်ဖြစ်မနက်ဖြန်ကျရင်တော့ ဒီနှင်းဆီရုံကြီးကိုရှင်းပစ်မှရမယ်…အကောင်ရှည်တွေအောင်းနေမှဖြင့်အခက်တွေ့နေမယ်….”

ဓာတ်မီးဖြင့်ဟိုဟိုသည်သည်ထိုးရှာကြည့်သော်လည်းဘာမှမတွေ့သဖြင့် အခင်းသွားလိုက်၏။ ထိုစဥ် နှင်းဆီရုံကြီးသည် လှုပ်ယမ်းသွားပြီး ကြောင်တစ်ကောင်ခုန်ထွက်လာ၏။

” ညောဝ်း….ညောဝ်း….”

” ဟ…ငယိုးမကြောင်….လန့်တာကွာ…”

နှင်းဆီရုံထဲမှ ကြောင်တစ်ကောင်ခုန်ထွက်လာသဖြင့် ဘိုးသာမောင်းလန့်သွားပြီးအယုတ်တအန္တဆဲဆိုနေတော့၏။

” ညောဝ်း…ညောဝ်း….”

ဓာတ်မီးနှင့်ထိုးထားသည့်တိုင်ကြောင်ကြီးသည် လူကိုမကြောက်ဘဲအနားသို့တဖြည်းဖြည်းတိုးလာနေ၏။

” ဟ…ဒီကောင်…ဘယ်သူ့အိမ်ကအကောင်လဲဟ… ဒီလောက်လူယဥ်တာ…ရှူး….သွားသွား….”

ဘိုးသာမောင်းကပြောပြောဆိုဆို သူ့ဆီတဖြည်းဖြည်းကပ်လာသောကြောင်ကြီးကို မီးရောင်ဖြင့်ဝေ့ယမ်းကာမောင်းထုတ်နေ၏။ သို့သော်ကြောင်ကြီးမှာ ထွက်မပြေးသည့်အပြင် အညောင်ညောင်အော်ကာ မျက်လုံးအရောင်ပြောင်းပြီး တဖြည်းဖြည်းကပ်လာနေဆဲ။

” ဟာ…ဒီကောင်ဘာလဲဟ….ရှူး…ရှူး….သွားစမ်း….”

ဘိုးသာမောင်းကဓာတ်မီးကို​မြှောက်ကာ ပစ်ပေါက်မည့်ဟန်ပြု၏။

” ညောဝ်း…..”

” အား……”

ထိုစဥ်ကြောင်ကြီးမှာ ဘိုးသာမောင်းကိုခုန်အုပ်လိုက်ရာ ရုတ်တရက်မို့ဟန်ချက်ပျက်သွားပြီး အားခနဲအော်ကာ ဘိုးသာမောင်းတစ်ယောက်အနောက်သို့လှဲကျသွားတော့၏။ ဓာတ်မီးလည်းဘယ်ဆီကျသွားမှန်းမသိ။ သူ့ရင်ဘတ်ပေါ်၌ကား ကြောင်ကြီးသည် ရှိနေမြဲ။ လရောင်ဝိုးတဝါးအောက်၌ ကြောင်ကြီးသည် တဖြည်းဖြည်းပုံစံပြောင်းလာကာ ကြောက်စရာအသွင်ဖြင့် သရဲတစ်ကောင်ဖြစ်သွား၏။ ထိုမြင်ကွင်းကြောင့်ဘိုးသာမောင်းသည်မျက်လုံးမျက်ဆံပြူးပြီး ကြောက်အားလန့်အားဖြင့် အော်ဟစ်ရန်ပြု၏။ သို့သော်အသံမှာလည်ချောင်းဝ၌သာတစ်နေပြီး အသက်ရှူမြန်လာကာ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့၏။

” ဟင်းဟင်း… ဟင်းဟင်း… “

” အူး…ဝူး….ဝူး……”

ခွေးအူသံကြီးမှာဆူညံသွားပြီး ရွာပြင်ဘက်သို့ထွက်သွားကြကုန်၏။

         နံနက်ဝေလီဝေလင်းအချိန်၌ ရွာထဲရုတ်ရုတ်သဲသဲဖြစ်နေကြ၏။

” မိလှ ….ကျုပ်ဘိုးသာမောင်းတို့အိမ်ဘက်သွားလိုက်အုံးမယ်….”

နွားစာစဥ်းနေသောလှမြင့်က ဇနီးဖြစ်သူကိုလှမ်းပြော၏။

” ဘာကိစ္စလဲကိုမြင့်ရ….”

” ဘိုးသာမောင်းဆုံးပြီတဲ့ကွ…ကျုပ်လည်းခုဘဲဖိုးလုံးပြောလို့သိရတာ….”

” ဟောတော် ….အကောင်းကြီးကနေဘယ်လိုဖြစ်သွားရတာတုံးအေ့….”

ထမင်းရည်ငှဲ့ရင်း မိလှကလှမ်းမေး၏။

” မသိဘူးအစ်မရေ….ညကအပေါ့သွားရင်း တော်တော်နဲ့ပြန်တက်မလာလို့ ဘွားဝိုင်းကစိတ်ပူပြီးလိုက်ကြည့်တာ အိမ်နောက်ဘေးတံစက်မြိတ်အောက်မှာ ပြူးပြူးကြီးဖြစ်နေပြီး ခေါ်လို့မရတော့တာတဲ့…”

” ဟောတော်…ဘယ်လိုဖြစ်ရတာပါလိမ့်….”

ဖိုးလုံးနှင့်လှမြင့်လည်း ဦးသာမောင်းအိမ်ရှိရာသို့သွားလိုက်ကြ၏။ ဦးသာမောင်း၏ဇနီးဒေါ်ဝိုင်းက အလောင်းဘေး၌တရှုံ့ရှုံ့ငိုလျှက်။ ဆွေမျိုးတော်စပ်သူအမျိုးသမီးတချို့က ​ဒေါ်ဝိုင်းကိုဖြေသိမ့်ပေးကြ၏။

” မနေ့ကဖြင့် ဘိုးသာမောင်းတစ်ယောက် ရွာပြင်စားကျက်မှာနွားတွေသွားလွှတ်သေးတာ….ကနေ့ကျဘယ်လိုဖြစ်ပြီးချက်ချင်းဆုံးသွားရတာလဲ….”

” ဘွားဝိုင်းပြောပုံအရဆို…. ဘိုးသာမောင်းမဆုံးခင် လန့်စရာတစ်ခုခုမြင်သွားပုံရတယ်….”

” ဖြစ်နိူင်တယ်…မနေ့ညကထူးထူးဆန်းဆန်းခွေးတွေအတော်အူသဟ….”

” မပြောကြပါနဲ့တော့ဗျာ…ဖွားဝိုင်းပိုပြီးစိတ်မကောင်းဖြစ်နေရော့မယ်…”

ရွာသူရွာသားများတစ်ယောက်တစ်ပေါက်ပြောပြီး ဘွားဝိုင်းပိုပြီးစိတ်မကောင်းဖြစ်မည်စိုးသဖြင့် စကားလက်စဖြတ်ကာ ဝိုင်းဝန်းကူညီပေးလိုက်ကြ၏။

         မြေပုံမို့မို့ပေါ်ရှိကမ္ဗည်းမှတ်တိုင်ကား

” ဦးသာမောင်း အသက်(၇၉) နှစ်”

ဟုရေးထိုးထား၏။ ထိုမြေပုံမို့မို့အနားသို့ လူတစ်ယောက်သည် တရွေ့ရွေ့တိုးလာပြီး မြေပုံကိုအခေါင်းပေါ်သည်အထိယက်ထုတ်လိုက်၏။
တအောင့်၌အခေါင်းပေါ်လာပြီး အခေါင်းဖုံးရိုက်ထားသောသံကိုကလော်ထုတ်လိုက်၏။ အလောင်းပေါ်လာသော် ထိုလူသည်အလောင်း၏မျက်နှာပြင်ကို လက်ဖြင့်သပ်ချလိုက်၏။

” ဟောဟဲ…ဟောဟဲ….ရေ…ရေဆာတယ်.. ရေပေးပါ…”

အမှန်စင်စစ် ဦးသာမောင်းသည် သေဆုံးသွားခြင်းမဟုတ်လိပ်ပြာသိပ်ခံရခြင်းသာတည်း။ သတိပြန်လည်လာသည်နှင့်ဟောဟဲရှိုက်ကာ ရေသာငမ်းငမ်းတောင်းနေတော့၏။ ထိုအခါဘေးနားရပ်နေသောမျက်နှာတစ်ခြမ်းမဲကြီးက ဦးသာမောင်းကိုကြည့်ပြီး

” ဟားဟားဟား…. အဖိုးကြီး….ရေတောင်းရအောင်ဒါနင့်အိမ်မှာများမှတ်နေသလားကွ….ဘေးဘီကိုသေချာကြည့်စမ်း…မင်းရောက်နေတာဘယ်နေရာလဲလို့…ဟားဟားဟား… “

ထိုလူစကားကြောင့်ဦးသာမောင်းလည်း သတိရသွားပြီး ပက်လက်အနေအထားမှထရန်ပြင်လိုက်ရာ လက်မနှစ်ခုပူးချည်ထားသည်ကိုသိလိုက်ရ၏။

” ဟ…ငါ့လက်ကိုဘာအတွက်ချည်ထားကြတာလဲ…မယ်ဝိုင်းရေ…မယ်ဝိုင်း….”

ပတ်ဝန်းကျင်တစ်ခုလုံးမဲမှောင်နေသည့်အပြင်လူရိပ်လူသံလည်းမကြားရမမြင်ရသဖြင့် ဦးသာမောင်းထိတ်ခနဲဖြစ်သွား၏။

” အော်မနေနဲ့အဖိုးကြီး…မင်းကသေလူဖြစ်သွားပြီ…မင်းကိုသေပြီအထင်နဲ့သုဿာန်မှာလာမြုပ်သွားကြပြီ….ဟားဟားဟား…. “

” သား..လူကလေး…အဖိုးကိုကယ်ပါအုံးကွာ….”

ကြံရာမရသည့်အဆုံးဘိုးသာမောင်းလည်း ထိုလူအားအကူညီတောင်းလိုက်၏။ သို့သော်ထိုလူမှာ ဘိုးသာမောင်းစကားကိုနားမဝင်ဘဲ

” တော်စမ်း…ပါးစပ်ပိတ်ထား….မင်းကိုငါအညင်သာဆုံး အဆုံးသတ်ပေးမယ်….”

ဆိုကာ ဝတ်ရုံမဲကြီးအောင်မှ လက်ထနေသောဓားမြောင်ကိုထုတ်ယူလိုက်ပြီး ဦးသာမောင်း၏ လည်ဇလုတ်တည့်တည့်ကိုထိုးချလိုက်၏။

” အား……..”

နာကျင်လွန်းလှသဖြင့် ဦးသာမောင်းမှာ အားခနဲအော်ပြီး မျက်ဖြူလှန်ကာ အသက်ငင်နေရရှာ၏။ အသက်ငင်လိုက်တိုင်း လည်ဇလုတ်မှသွေးတို့ကအလုအယက်ပန်းထွက်လာကကြကုန်၏။

” ဥုံ…ဒေဝါယက္ခံ……..”

ပါးမဲကြီးသည် ဥုံဒေဝါယက္ခံအစချီသော ဂါထာကို ဋ္ဌာန်ဂရိုဏ်းကျကျရွတ်ဆိုရင်း လက်မှလည်း ဦးဘမောင်း၏လည်ချောင်းသွေးကိုခံယူကာ မိမိ၏မျက်နှာပြင်ထက်သို့သုတ်လိမ်းလိုက်၏။

” အား…………”

” ဖလပ်…ဖလပ်…”

ထိုသို့သုတ်လိမ်းလိုက်ရာ မီးလောင်ဒဏ်ရာကဲသို့ဖြစ်နေသည့်ပါးတခြမ်းမှာ တဖျစ်ဖျစ်မြည်သွားပြီး အလွန်တရာနာကျင်သွားကာ အားခနဲအော်လိုက်၏။ အိပ်တန်းတက်နေသောငှက်တို့သည် ပါးမဲကြီး၏အော်သံကြောင့် လန့်ဖြတ်ကာထပျံကုန်၏။ သွေးတို့ထိတွေ့လိုက်သည်နှင့် မဲခြိမ့်ကာအလွန်ရုပ်ဆိုးလှသောပါးတခြမ်းနှင့် ကွယ်နေသောမျက်လုံးတစ်ဖက်မှာ ဖြတ်ခနဲပြန်မြင်လာ၏။ သို့သော်ခနမျှသာ။

” တောက်! ဒီအတိုင်းဆိုအရွယ်သုံးပါး ကိုးယောက်မပြည့်မချင်း ငါ့မျက်လုံးနှင့်မျက်နှာကအကောင်းတိုင်းပြန်ဖြစ်အုံးမှာမဟုတ်ဘူး….”

ပါးမဲကြီးသည်ထိုသို့ရေရွတ်လိုက်ပြီး
ဦးဘမောင်းအလောင်းကိုပြန်မြုပ်လိုက်၏။ ဓားပေါ်ကျန်နေသောသွေးကိုလျှာဖြင့်သပ်လိုက်၏။

         ဒေါ်မယ်ဆုံသည်သင်းကွဲစုန်းဖြစ်သည့်အလျှောက် စုန်းသဘင်အစည်းအဝေးသို့ မတက်ချင်လည်းရ၏။ ကဝေကောင်ကိုရှုံးနှိမ့်ထားသဖြင့် တခြားစုန်းများအထင်သေးမည်စိုးကာ စုန်းသဘင်သို့မသွားဘဲ တစ်ယောက်တည်းသာတောက်စားနေ၏။ ယခုမူလူသားမစားရသည်မှာ ကြာပြီဖြစ်သဖြင့် ​အားအလွန်နည်းလေရာ စုန်းပညာလည်းကြာကြာထုတ်မသုံးနိူင်​ချေ။

” တောက်! ဟိုအကောင်က ငါ့ပိုင်နက်ကိုလုထားတော့ ငါ့အတွက်စားပေါက်ပိတ်နေတယ်…ဒီတိုင်းဆိုအသွေးအသားမမှီဝဲရဘဲ ငါသေ သွားရတော့မှာ….မဖြစ်ဘူးကြံမှ…”

တစ်ယောက်ထဲတွေးပြီး အကြံထုတ်နေ၏။

          ထင်းရှူးပင်ရွာ၏ သူကြီးအိမ်ရှေ့၌ကနားဖျင်းထိုးထား၏။ လူသူအပေါင်းလည်း အလုပ်ရှုပ်နေကြ၏။ အမှန်စင်စစ်ကား သူကြီးကတော်ဆုံးသွားသောကြောင့်ပင်။ အလောင်းမှာသုံးရက်ထားသဖြင့် မြေမချသေးဘဲအိမ်ရှေ့၌အလောင်းစင်ထားကာ ကာလသားအချို့ကစောင့်နေကြ၏။
နေမင်းကြီးသည် အနောက်ဂေါရာကျွန်းသို့ဝင်သွားပြီဖြစ်ရာ ပွဲလာပရိတ်သတ်တို့လည်းစဲစပြုလာရာ မသာအိမ်၌ ဆွေမျိုးအနည်းငယ်နှင့် ဖဲသမားတို့သာကျန်ခဲ့၏။

         ဖဲသမားတို့ကအလောင်းစောင့်ရင်း အလောင်းစင်အောက်၌ဖဲက နေကြ၏။ ညသည်နက်သထက်နက်လာ၏။ ဖဲဝိုင်းရှိလူတို့မှာ မျက်လုံးကိုမနဲပြူးပြဲထားရ၏။ အလောင်းစင်မှချိတ်ထားသော မီးအိမ်သည်လေမတိုက်ဘဲငြိမ်းသွားလေရာ ဖဲသမားတစ်စုရုတ်ရုတ်သဲသဲဖြစ်သွား၏။

” ဟ…မီးငြိမ်းသွားပြီ….လုပ်ကြအုံးဟ….”

” ဓာတ်မီးပါလားစံတင့်….”

” မပါဘူးကွ….”

” အရေးထဲကွာ….မီးခြစ် ခြစ်စမ်းချိုမွေး….”

” ချက်….ချက်…ချက်….”

စမ်းတဝါးဝါးဖြင့် ချိုမွေးဆိုသူကအိပ်ကပ်ထဲမီးခြစ်နိုက်ကာ တချောက်ချောက်ခြစ်သော်လည်း မီးတောက်ကထမလာ။

” သောက်….အရေးထဲကွာ…”

” ချောက်… ချောက်…ချောက်….”

စိုးမောင်ကစိတ်မရှည်စွာ ချိုမွေးလက်မှမီးခြစ်ကို ယူ၍ခြစ်လိုက်၏။
မီးခြစ်မှာတချောက်ချောက်မြည်ရင်း မီးတောက်သွား၏။

” ဟ….ဘာကြီးတုံး….”

မီးခြစ်အလင်းရောင်ကြောင့်မြင်လိုက်ရသောမြင်ကွင်းအား စိုးမောင်လန့်သွား၏။ အရဲစွန့်ကာမီးအိမ်ယူပြီးမီးညှိလိုက်၏။

” ဟ….အမလေး…..အလောင်းမှာ ခေါင်းမရှိတော့ဘူးဟ….”

” ဟာ….အကောင်လာဆွဲသွားပြီ…ဟိုမှာဟိုမှာ….လိုက်ကြဟေ့…လိုက်ကြ…”

” မလွှတ်စေနဲ့ လိုက်ကြဟ….”

   လရောင်ဝိုးတဝါးအောက်တွင်မြင်လိုက်ရသော သူကြီးကတော်၏ခေါင်းကိုကိုက်ချီသွားသည့် ကုန်းကုန်းကွကွအကောင်ကြီးနောက်သို့ ဖဲသမားများတုတ်ဓားဆွဲကာ လိုက်ကြ၏။ ကျန်သောအလောင်းမှာမြေပေါ်မှောက်ကျလျှက်သားဖြစ်နေ၏။ ရုတ်ရုတ်သဲသဲဖြစ်သွားသောကြောင့် သူကြီးပါနိူးလာပြီး ဇနီးသည်၏အဖြစ်ဆိုးကိုကြည့်ကာစိတ်မကောင်းဖြစ်နေ၏။ အလောင်းကောင်၏ခေါင်းကိုကားပြန်မရတော့ဘဲ အခေါင်းကိုအလုံပိတ်ကာသံဖြင့်ရိုက်ထားရတော့၏။
ထိုအဖြစ်ဆိုးကြီးသည် တစ်ရွာလုံးပြန့်သွားပြီး ပြော၍မဆုံးတော့​ချေ။

    မခင်ဦးတစ်ယောက်မြက်ရိုက်ရင်းလက်ကိုတံစဥ်းရှသွား၏။

” အားကျွတ်…ကျွတ်… “

ထိုဒဏ်ရာအားမြေမှုန့်သိပ်လိုက်သော်လည်းသွေးမှာအတော်နှင့်မတိတ်ချေ။ မခင်ဦးက သွေးတိတ်စေရန်သစ်ရွက်အချို့ကိုယူပြီးချေလိုက်ကာအရည်ကိုဒဏ်ရာပေါ်ညှစ်လိုက်၏။

” အား…အမလေး…စပ်လိုက်တာအေ…”

ထို့နောက်ထဘီအောက်စကိုအနည်းငယ်ဖြတ်လိုက်ကာအနာကိုစည်းထားလိုက်၏။ နောက်နေ့၌မခင်ဦးတစ်ယောက် အနာပိုးဝင်သည်ဆိုကာ အပြင်းဖျားတော့၏။

” ခင်ဦး…မသက်သာဘူးလား…”

” သုံးရ​က်ရှိပြီ…အဖျားကတက်ဘဲတက်နေတာ…ဆေးမှူးကထိုးဆေးစားဆေးပေးထားလည်းမသက်သာလာသလိုဘဲဟ…. “

” အေးကွာ…အညှော်မမိစေနဲ့…အနာကရင်းလာလို့ထင်တယ်ယောင်ကိုင်းပြီး အရည်တွေကျနေတာ….”

” ဟုတ်တယ်…ငါပြောတယ်မြက်ရိုက်တာငါလုပ်လိုက်မယ်ဆိုတာပြောမရဘူးလေ…ခုတော့….”

” ဒါနဲ့မနေ့က ဒေါ်မယ်ဆုံနင့်အိမ်လာသွားသေးတယ်ဆို…လေဖြတ်နေတဲ့သူကဘယ်လိုလာတာလဲ…ဘာကိစ္စလဲ… “

” ဟုတ်တယ်…. ခင်ဦးကသူနဲ့အမျိုးတော်တယ်လေကွာ….ဒီတော့လူနာသတင်းလာမေးတယ်နေမှာ….ဘယ်လိုလာသလဲတော့ကျုပ်လဲသတိမထားမိဘူးဟ…”

” အေးကွ….မင်းစိတ်တော့မဆိုးနဲ့ပေါ့…ဒေါ်မယ်ဆုံက ဟိုဟိုလိုလိုဒီလိုလို ပညာတွေတတ်တယ်တဲ့ကွ….”

” ဟာ…ကပေါက်တိကပေါက်ရှာကွာ….ဒေါ်မယ်ဆုံကြီးက အရင်ကရင်းကျုပ်တို့အိမ်ကိုအဝင်အထွက်ရှိပါတယ်…”

” အေးပါသူငယ်ချင်းရာ…ငါကမင်းမိန်းမအတွက်စိတ်ပူလို့ ပြောကြည့်တာပါ….ဒါဘဲသူငယ်ချင်း ငါသွားလိုက်အုံးမယ်….”

” အေး…”

ဖိုးထောင်စကားကြောင့် လှအောင်စိတ်ထဲအနည်းငယ်ခံပြင်းသွား၏။ မဆီမဆိုင် ခင်ဦးလက်တံစဥ်းထိသည့်ကိစ္စသည် ဒေါ်မယ်ဆုံနဲ့ဘာမှမဆိုင်ချေ။ ခင်ဦးသည် လက်ကအနာရှိန်​ကြောင့်ငါးရက်မြှောက်သောနေ့၌ သတိကောင်းကောင်းမရတော့ချေ။ လှအောင်ကခင်ဦးကိုအသာပွေ့ထား၏။

” ကို…ကိုလှအောင်….ခင်…ခင်ဦးကို…ဒေါ်မယ်….ဒေါ်မယ်ဆုံကပြော…ပြောတယ်…”

” ဟင်…ခင်ဦး…ဘာပြောတာလဲ….”

ခင်ဦး၏အသံမှာတိုးညှင်းလှသောကြောင့် လှအောင်မှာ သဲသဲကွဲကွဲမကြားရချေ။ သို့ကြောင့် ခင်ဦး၏ပါးစပ်နားအထိနားကိုတိုးကပ်သွားပြီး နားထောင်နေ၏။ ခင်ဦးက အသံကိုဖြည်းဖြည်းမှန်မှန်ရှူရင်း

” ခင်…ခင်ဦးကို…ဒေါ်မယ်ဆုံက ပြောတယ်…ညည်းကိုကျုပ်ဒီထက်ကောင်းတဲ့ဘုံကိုပို့ပေးမယ်တဲ့….”

” ဘာ….ဘာကိုဆိုလိုတာလဲခင်ဦး….”

” ခင်…ခင်ဦးမသိဘူး ….သူကခင်ဦးလက်အနာကိုကိုင်ပြီး တံထွေးသုံးချက်ထွေးသွားတယ်….”

” တောက်! ဒါဆိုဟိုကောင်ပြောသလို နင့်အဒေါ် ကြီး ဒေါ်မယ်ဆုံက နင့်ကိုပြုစားသွားတယ်ပေါ့….စုန်းမကြီး ငါနဲ့တွေ့မယ်…”

ဆိုကာဓားမကြီးကိုဆွဲပြီး ဒေါ်မယ်ဆုံ၏အိမ်သို့လာခဲ့၏။

” ဒေါ်မယ်ဆုံ….ဒေါ်မယ်ဆုံ….အိမ်ထဲမှာပုန်းမနေနဲ့ ထွက်ခဲ့စမ်းကွ….မင်းငါ့မိန်းမလက်အနာကို တံတွေးသုံးချက်ထွေးပြီး ကောင်းရာဘုံဝပို့ပေးမယ်လို့ ပြောခဲ့တယ်ဆို….ထွက်ခဲ့စမ်းခု…ငါ့မိန်းမကိုမပို့ပေးခင် မင်းကိုငါအရင်ပို့မေးမယ်စုန်းမကြီး….”

လှအောင်၏အော်သံကြောင့် ဒေါ်မယ်ဆုံ၏သားနှစ်ယောက်မှာအိမ်ထဲမှထွက်လာခဲ့၏။

” ဘာအတွက်အော်ကြီးဟစ်ကျယ်လုပ်နေရတာလဲလှအောင် “

” ဘာအတွက်ရမှာလဲ….မင်းတို့အမေစုန်းမကြီးဘယ်မှာလဲကွ…ငါ့မိန်းမကိုဘာကြောင့်ပြုစားရတာလဲ….”

” မင်းတရားလွန်နေပြီနော်လှအောင်….အိပ်ယာထဲလှဲနေတဲ့ငါ့အမေကို ဘာအတွက်စုန်းအဖြစ်စွပ်စွဲနေရတာလဲ….”

” ဟား…ဟားဟားဟား…. အိပ်ယာထဲလှဲနေတာဟုတ်လား….အိပ်ယာထဲမထနိူင်တဲ့လူနာကငါ့အိမ်ဘာလာလုပ်တာလဲ….”

” ဘာပြောတယ်ကွ….ငါ့အမေကနောက်ဖေးသွားရင်တောင်ငါတို့ကပို့ပေးနေရတာကွ…ဘယ်လိုလုပ်နင်တို့အိမ်ကိုလာရမှာလဲ….”

” ကြာတယ်ကွာ…ငါရှင်းပြဖို့အချိန်မရှိဘူး… မင်းတို့အမေစုန်းမကြီးကိုခေါ်ခဲ့စမ်းကွာ…ဟေ့ဒေါ်မယ်ဆုံ…ဆင်းလာခဲ့စမ်း…မင်းဟန်ဆောင်မနေနဲ့….ငါ့မိန်းမကိုဘာလို့ပြုစားထားရတာလဲ….”

” ရော့ကွာ…သေစမ်း…ငါ့အမေကိုစော်ကားမော်ကားပြုတဲ့ကောင်…”

” ခွပ်… “

ဒေါ်မယ်ဆုံသားအကြီးကောင်ကလှ​​​​ အောင်အားလက်သီးဖြင့်ထိုးချလိုက်၏။ သုံးယောက်သားလုံးထွေးနေကြစဥ် ခြံဝိုင်းထဲသို့ လှအောင်၏ယောက်ဖတော်သူ ​သိန်းတန်ကအမောတကောရောက်လာပြီး

” ကိုလှအောင်… ကိုလှအောင် အစ်…အစ်မ…ခင်…ခင်ဦးဆုံးပြီကွ…”

” ဘာ! …”

ခင်ဦးဆုံးပြီဆိုသောစကားကြောင့် လှအောင်မှာ ဦးခေါင်းကို မိုးကြိုးပစ်သကဲ့သို့ဖြစ်သွားပြီး ကုန်းရုန်းထကာ အိမ်သို့တချိုးတည်းပြေးလေ၏။

” တောက်! “

” ဒီကောင်သာမပြန်ရင် ငါသတ်မိတော့မှာ…ရာရာစစငါ့အမေကို စုန်းလို့သမုတ်ရတယ်လို့….”

အိမ်တလင်းပြင်၌ကျန်နေခဲ့သောညီအစ်ကိုနှစ်ယောက်က မကျေမနပ်ရေရွတ်နေ၏။ အကြောင်းစုံကို ကြားနေရသောဒေါ်မယ်ဆုံကား
တဟားဟားရယ်လျှက်ရှိနေ၏။

” ဟားဟားဟား… ဟားဟားဟား…”

             ဒေါ်မယ်ဆုံသည် ဂတိပေးထားသည့်အတိုင်း အရွယ်သုံးပါးဖြစ်သည့်လူကိုးယောက်ကို သရဲမ နှင်းကြည်အားသတ်ခိုင်း၍လည်းကောင်း၊သူကိုယ်တိုင်ပြုစား၍လည်းကောင်း ကဝေကြီးအား မှန်မှန်ဆက်သရလေ၏။ မကြာမကြာဆိုသလို ရွာရှိလူများ ရောဂါမရှိဘဲသေ သွားကြသဖြင့် ရွာသူရွာသားတို့မှာထိတ်လန့်နေကြချေပြီ။

” အေးဘုံ… အထုပ်အပိုးတွေပြင်ပြီး ဘယ်သွားကြမလို့လဲအေ့ ….”

” အမေတို့ရွာကို ပြောင်းမလို့အေ….ဒီရွာမှာလည်းခုတလောဘာတွေကံဆိုးမိုးမှောင်ကျနေတယ်မသိဘူး….လူတွေသေနေကြတာ တဖြုတ်ဖြုတ်ဘဲဟေ့….. ငါတို့အလှည့်ဘယ်နေ့လာမလဲတွေးပြီးကြောက်နေရတာ….အလုပ်အကိုင်လည်းပျက်….ကျီးလန့်စာစားနေရသလိုဘဲ….”

” အဲဒါပြောတာအေ….ငါကတော့ ဒီရွာမှာဘဲခေါင်းချမှာ…ဘယ်မှမပြောင်းဘူး….ကံတရားအတိုင်းပေါ့…နတ်ကောင်းနတ်မြတ်တွေတော့ဒီတိုင်းကြည့်မနေနိူင်ဘူး…”

” အေးပါမိလုံးရယ်…ငါလည်းကလေးတွေရဲ့နောင်ရေးရှိသေးတယ်မလား….ငါ့ကလေးတွေတော့ဘာမှအဖြစ်မခံနိူင်ဘူးအေ….”

” အေးပါအေးပါ….ဂရုစိုက်သွားကြ…”

မအေးဘုံတို့သားအမိသားအဖလေးယောက် လှည်းကိုတကျွီကျွီမောင်းရင်း ရွာကိုလှည့်ကြည့်လှည့်ကြည့်ဖြင့် ရွာထဲမှထွက်သွားကြလေ၏။

         ဒေါ်မယ်ဆုံသည် ကဝေကောင်အားဂတိပေးထားသည့်အတိုင်း အရွယ်သုံးပါးရှိသည့် လူရှစ်ယောက်ကိုဆက်သပြီး​ဖြစ်၏။ နောက်ဆုံးတစ်ယောက်ကား လသားအရွယ် ရာဟုသားအလှည့်ဖြစ်၏။

” တောက်! လသားအရွယ်ကလေးရှာရတာလဲ အမှိုက်ပုံထဲအပ်ရှာနေရသလိုဘဲရှာရခက်လိုက်တာ…”

” ဟဲ့ကောင်မ နှင်းကြည်လာစမ်း…”

” ရောက်ပါပြီသခင်မ….နှင်းကြည်ဘာလုပ်ပေးရမလဲ…”

” ဘာလုပ်ရမလဲနင်မသိဘူးလား…နင့်ပထွေးကိုဆက်သဖို့ လသားအရွယ်ရာဟုကလေးတစ်ယောက်ကျန်နေသေးတယ်လေ…အဲဒါနင်ရှာလို့တွေ့ပြီလား….”

” မ….မတွေ့သေးပါဘူး…သခင်မ…”

” ဟ…မတွေ့သေးလို့ရမလား…နောက်ခုနှစ်ရက်နေလို့မှ မတွေ့ရင်နင်ရောငါပါ သေရမှာဟ…”

” သိ…သိပါတယ်သခင်မ….”

” သိရင်သွားတော့…မနာချင်ရင် မနက်ဖြန်မတိုင်ခင် လသားအရွယ်ရာဟုသားကိုရအောင်ရှာခဲ့….”

ဒေါ်မယ်ဆုံက မိမိ၏စုန်းပညာအစွမ်းဖြင့် ရွာထဲရှိလသားအရွယ်ကလေးများ၏ဇာတာနှင့် မွေးနေ့တို့ကိုလိုက်ကြည့်နေ၏။ ခန၌ ဒေါ်မယ်ဆုံ၏မျက်လုံးသည်အရောင်လက်သွားပြီး

” ဟာ….နှင်းကြည်ရဲ့သားလေးက…. နှင်းကြည်ရဲ့သားက…ဟား…ဟားဟားဟား…. “

ဒေါ်မယ်ဆုံတစ်ယောက်ဝမ်းသာအားရအော်ရယ်လိုက်၏။

         သက်မောင်သည် ပြောင်းစိုက်ရန်အတွက်ယာခင်းရှင်းနေရာ ရုတ်ရက်ထိန်းမရအောင်တဝါးဝါးသမ်းကာ အိပ်ချင်သွား၏။ ထို့ကြောင့်ယာတဲထဲသွားကာတရေးတမောအိပ်လိုက်၏။

” ကိုမောင်…ကိုမောင်….”

” ဟင်…ဟင်…နှင်း…နှင်းကြည်…မင်း…နှင်းကြည်မလား…”

မြင်ကွင်းကနဂိုလိုမဟုတ်။ မြူနှင်းများထနေ၏။ နှင်းကြည်လည်း အသားဝါဝါဖြစ်နေကာ မျက်နှာမသာမယာရှိနေ၏။ နှင်းကြည်ကသူ့အနားလာထိုင်ပြီး

” ကိုမောင်…သားလေးကိုခေါ်ပြီး ဒီရွာကနေထွက်သွားပါတော့နော်…သားလေးကိုခေါ်ပြီးအမြန်ထွက်သွားတော့….”

” ဘာ…ဘာဖြစ်လို့လဲနှင်းကြည်…”

” သားလေးအတွက် အန္တရာယ်ရှိတယ်ကိုမောင်….အချိန်မရှိတော့ဘူး…သွား…သွားတော့သားလေးကိုခေါ်ပြီး ဒီရွာကနေထွက်သွားတော့…”

” နှင်းကြည်… နှင်းကြည်…. “

နှင်းကြည်ကထိုသို့ပြောပြီးမြူတွေထဲဝင်ရောက်ပျောက်ကွယ်သွား၏။
သက်မောင်လည်းနှင်းကြည်ကိုခေါ်ရင်း လန့်နိူးလာ၏။ အိပ်မက်မှန်းသိပြီး သင်ပြင်းချကာ အလုပ်ကိုသာဆက်လုပ်၍နေ၏။

         ညရောက်သော်ကလေးငယ်သည် စူးစူးဝါးဝါးငိုနေ၏။ သက်မောင်၏ညီမဖြစ်သူက နို့ဖျော်ပြီးတိုက်သော်လည်း ကလေးမှာအငိုမတိတ်ဘဲ သည်း၍သာငိုနေတော့၏။

” အစ်ကိုရယ်…ဘကြီးမိုးဆီသွားပြီး  ကလေးကိုမာတရာနတ်ဖမ်းစားနေသလား သွားကြည့်ပေးစမ်းပါ…ကျုပ်တူလေးဒီလောက်တစ်ခါမှသည်းကြီးမည်းကြီးမငိုဖူးဘူးဟ….”

” အေး…အေးပါကွာ….”

သက်မောင်လည်းကလေးအဖို့စိတ်ပူသွားပြီး ဓာတ်မီးယူကာ ဘကြီးမိုးအိမ်သို့သွားလိုက်၏။

” သီတာ…သီတာ….”

” ဟင်.. ကျုပ်…ကျုပ်ကိုဘယ်သူခေါ်တာလဲ….”

” ငါခေါ်တာဟဲ့….ညည်းတူကို ခေါ်ပြီးဒီရွာကနေချက်ချင်းထွက်သွားတော့ဟေ့….”

” ရှင်!….”

ရုပ်မမြင်ရသော်လည်း ထိုအသံသည် မည်သူ့အသံဖြစ်မှန်းသီတာရိပ်မိ၏။ သည်အိမ်တွင် မောင်နှမနှစ်ယောက်နှင့်ကလေးကလွဲပြီးမည်သူမျှမရှိချေ။ ထိုအတွေးကြောင့် သီတာမှာကြက်သီးဖြန်းဖြန်းထသွားပြီးကလေးကိုခပ်တင်းတင်းပွေ့ထားလိုက်၏။ ခန၌အစ်ကိုဖြစ်သူပြန်ရောက်လာပြီး

” မာတရာနတ်လည်းမဖမ်းစားဘူးညီမလေး…”

အစ်ကိုဖြစ်သူကိုမြင်သည်နှင့် သီတာသည်အစ်ကိုဖြစ်သူနားတိုးသွားပြီး

” အစ်…အစ်ကို….”

” ညီမလေး…ဘာဖြစ်တာလဲ… “

” မ…မရီး…သူလာသွားတယ်…”

” သီတာ…ညီမလေး…စိတ်ထိန်းပါအုံးကွ…မင်းမရီးကမရှိတော့ဘူးလေကွာ…”

” သူရှိသေးတယ်အစ်ကို…သူ…သူလာပြောသွားတယ်….တူလေးကိုခေါ်ပြီးဒီရွာကနေအမြန်ထွက်သွားတော့တဲ့….”

” ဘာ…ဘာပြောတယ်ညီမလေး….”

သက်မောင်မှာ မိမိ၏အိပ်မက်အကြောင်းအရာနှင့်ဆက်စပ်တွေးမိသွားပြီး

” အကြောင်းမဲ့တော့မဟုတ်လောက်ဘူး….ညီမလေး…ကလေးအတွက်လိုအပ်မဲ့ဟာအကုန်ယူခဲ့ကွာ….အစ်ကိုတို့ဒီကနေထွက်သွားကြမယ်….”

” ဖြစ်….ဖြစ်ပါ့မလားအစ်ကိုရယ်….”

” သားငယ်တစ်ခုခုဖြစ်တော့မှာကြိုသိနေလို့ နှင်းကြည်ကသတိပေးတာဖြစ်နိူင်တယ်ညီမလေး….အချိန်ရှိသေးတယ်….သိပ်ညည့်မနက်ခင်သွားကြရအောင်….”

ညချင်းတွင်ပင် မောင်နှမနှစ်ယောက် အထုပ်အပိုးများပြင်ဆင်ပြီး လှည်းပေါ်တင်ကာ ရွာမှတိတ်တဆိတ်ထွက်သွားကြရန်ပြု၏။ သို့သော်အခြေနေမပေး၍လားမသိ။ မိုးနှင့်လေတို့သည် သည်းကြီးမဲကြီးရွာချလာပြီး မောင်နှမနှစ်ယောက်၏အကြံအစည်ကိုဖျ​က်ဆီးပစ်လိုက်သည်။

         မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်သည် ခရီးတစ်ထောက်နားရန်အတွက်လင်းလေရွာထဲသို့ရောက်လာခဲ့ကြသည်။ ရွာသူကြီး၏အိမ်တွင်အခွင့်တောင်းပြီး တည်းနေကြစဥ် ရွာထဲ၌မကောင်းသောအငွေ့အသက်ကိုရလိုက်သဖြင့် တီးမိခေါက်မိရှိအောင်မေးကြည့်သော် ထိုရွာရှိသူကြီးအပါအဝင်ရွာသူရွာသားတို့သည် စုန်းကဝေပညာ၊အောက်လမ်းပညာ၊အထက်လမ်းပညာတို့ကိုအယုံအကြည်မရှိကြောင်းသိရ၏။

ဒေါ်မယ်ဆုံသည် လသားအရွယ်ရာဟုသားဆက်သရမည့်ရက်ကနီးကပ်လာပြီဖြစ်သဖြင့် သရဲမနှင်းကြည်အား အနားသို့ခေါ်လိုက်သည်။ ဒေါ်မယ်ဆုံနှင့်သရဲမနှင်းကြည်တို့စကားပြောဆိုရာတွင် ဒေါ်မယ်ဆုံကမနောဖြင့်သာပြော၏။

” နှင်းကြည်မ….”

” ရောက်…ရောက်ပါပြီသခင်မ…”

” နင့်တာဝန်ကဘာလဲဆိုတာ နင်သိတယ်နော်….”

” သိ….သိပါတယ်သခင်မ… “

” အေး…လသားအရွယ်ရာဟုသား ဘယ်မှာရှိသလဲ နင်သိပြီလား….”

” မ.. မသိသေးဘူး သခင်မ…ရှာ…ရှာနေဆဲပါ….”

” ဟင်းဟင်း… နှင်းကြည်မ… နှင်းကြည်မ…. နင်မညာတတ်ဘဲမညာပါနဲ့….နင့်သားကိုနင်မစတေးချင်လို့ ဒီကနေထွက်သွားခိုင်းတာ ငါမသိဘူးများထင်လားဟမ်….”

” ရှင်!….”

” ဘာလဲ…သိပ်အံ့ဩသွားသလားနှင်းကြည်မ…မနေ့တနေ့ကမှသရဲဖြစ်လာတဲ့နင့်အကြောင်း ငါမသိဘဲနေမလား…နင်ဘယ်လိုတားတား နင့်သားကိုစတေးရမှာဘဲ…ဟားဟားဟား…. “

” မ…မလုပ်ပါနဲ့သခင်မရယ်….ကျွန်မသားလေးကိုမသတ်ပါနဲ့….တောင်းပန်ပါတယ်…. “

” မိခင်စိတ်အတော်ရှိနေတယ်ဟုတ်လားကောင်မ…သေစမ်း….”

” အား…….ပူတယ်….ပူတယ်…နာတယ်….”

ဒေါ်မယ်ဆုံက သူမ၏စုန်းပညာဖြင့်သရဲမနှင်းကြည်အားအမျိုးမျိုးညည်းဆဲနေ၏။ သရဲမခမျာ ဘာမှပြန်မလုပ်နိူင်ရှာဘဲ အနာခံနေရ ရှာ၏။

         လကွယ်နေ့တစ်နေ့၌ အသက်လတ်ပိုင်းအမျိုးသားတစ်ယောက်သည် အနှီးထုပ်ကလေးပိုက်လျှက် မငိုမိအောင်အံကိုတင်းတင်းကြိတ်ထား၏။ ထိုသူ၏အနောက်၌အမျိုးသမီးသည် အဝတ်အစားထုတ်နှင့်ကလေးကစားစရာပစ္စည်းများအားပွေ့ပိုက်လျှက်ငိုယိုကာလိုက်ပါလာခဲ့၏။ ထိုသူတို့၏အနောပ်၌ကား ယောကျာ်း၊မိန်းမ လေးငါးဦးခန့်ပါလာ၏။

မောင်ရေခဲတို့လည်းထိုမြင်ကွင်းကိုကြည့်ပြီး အကြောင်းစုံသိရအောင်အရှေ့သို့တိုးသွားကြ ကာလမ်းကိုပိတ်ရပ်ထားလိုက်၏။
လူတစ်စုသည်မောင်ရေခဲတို့နားရောက်လာသော် ဘာမှမပြောဘဲ လွှတ်ရာနေရာမှရှောင်သွားကြရန်ပြု၏။ မောင်ရေခဲက

” နေကြပါအုံးဗျ….အစ်ကို့လက်ထဲက ကလေးက မသေ သေးဘဲသွားမြုပ်ကြမလို့လားဗျ….”

” ဘာကွ! ဒါနောက်စရာမဟုတ်ဘူးကိုယ့်လူ…ဒါငါ့သားလေးကွ…”

မောင်ရေခဲ စကားကြောင့်ကလေးငယ်ကိုပွေ့ချီထားသောလူမှာအနည်းငယ်ဒေါသထွက်သွားပြီး ထိုသို့ပြန်ပြော၏။

” ကျုပ်နောက်နေတာမဟုတ်ဘူးဗျ…ကလေးကတကယ်မသေသေးဘူး….လိပ်ပြာသိပ်ခံထားရတာ…”

” ရှင်! ….အစ်ကို…အစ်ကိုတကယ်ပြောတာလားဟင်….”

” တကယ်ပြောတာညီမရဲ့….ကလေးကမသေဘူးသေငယ်စောဖြစ်နေတာ…လိပ်ပြာသိပ်ခံထားရတာ…”

ထိုစကားကြောင့်သီတာမှာ ရေနှစ်နေသူ မြက်ပင်ဆုပ်မိသကဲ့သို့ ဖြစ်သွားပြီး အားကိုးတကြီးဖြင့်

” ဒါ…ဒါဖြင့်လေအစ်ကိုရယ်…ကျုပ်…ကျုပ်တူလေးကို ကယ်ပေးပါအုံးရှင်… ရှိကြီးခိုးပါရဲ့….”

ထိုအခါမှကျန်လးများလည်း

” ဟုတ်ပါတယ်ဗျာ…ကလေးမသေသေးဘူးဆိုရင်လည်း ကူညီပြီးလိပ်ပြာပြန်ခေါ်ပေးပါအုံးဗျာ…”

” လုပ်ပါဗျာ…ကျုပ်သားကိုပြန်ခေါ်ပေးပါ…”

ဆိုပြီးကလေးငယ်ကိုပွေ့ချီထားသူလည်းပြောလာသဖြင့်မောင်ရေခဲလည်း

” လမ်းမှာကြီးဗျ…ဒီလိုလုပ်ပါလား…ခင်ဗျားတို့အားလုံး…သူကြီးအိမ်ကိုလိုက်ခဲ့ကြ…ကျုပ်အဲဒီမှာတည်းနေတာ…”

” ဒါဆိုသွားကြစို့ဗျာ…”

မောင်ရေခဲ ပြောသည့်အတိုင်း သူကြီးအိမ်သို့လိုက်ခဲ့ကြ၏။ ရောက်သည်နှင့်သူကြီးကိုအကျိုးအကြောင်းရှင်းပြရာသူကြီးလည်းခွင့်ပြုလိုက်၏။ မောင်ရေခဲလည်းဘုရားကျောင်းဆောင်ရှိရာအိမ်အပေါ်ထပ်သို့ ကလေးကိုခေါ်သွားပြီး ဘုရားရှိခိုးခြင်း၊အဘဆရာများကိုဝတ်ပြုတိုင်တည်ခြင်းများလုပ်ကာ ကလေးကိုချထားလိုက်ပြီး လိပ်ပြာချုပ်ကာပြန်ခေါ်ပေးလိုက်ရာ ကလေးငယ်မှာ ထငိုတော့၏။

” အူဝူ…အူဝဲ….အူဝဲ…”

” ဟာ…သား…သားလေး…သားလေးမသေဘူး….”

” ကျုပ်တူ…တူလေးမသေဘူးတော့…ကျုပ်တူလေးမသေဘူး…”

” ဟာ….ကလေးကတကယ်မသေဘူးဟ…ဘုရားသိကြားမပေလို့ပေါ့…ဒီကဧည့်သည်တွေနဲ့သာမတွေ့ရင်ကလေးကိုသေပြီထင်ပြီးသွားမြုပ်ကြမှာ…”

” ဟုတ်ပါ့ရှင်….”

သူကြီး၏အိမ်၌တစ်စတစ်စ လူများလာခဲ့၏။ ဒေါ်မယ်ဆုံ၏သားနှစ်ယောက်လည်း အလုပ်သွားမည်လုပ်ပြီး သူကြီးအိမ်၌လူများစုရုံးနေသောကြောင့် အလုပ်မသွားသေးဘဲ ဝင်ရောက်ကြည့်ရှူနေ၏။  သေပြီဟုယူဆထားသောကလေးမှာ မသေဘဲအသက်ပြန်ရှင်လာသဖြင့် အားလုံးကမောင်ရေခဲတို့ကို တန်ခိုးရှင်သဖွယ်ကြည့်နေကြ၏။ မောင်ရေခဲက ကလေးငယ်အတွက်လွယ်အိတ်ထဲမှ ချည်ကြိုးနီတစ်ချောင်းထုတ်ကာလက်ျာရစ်သုံးပတ်စီအထုံးငါးထုံးလုပ်ပြီး ကလေးငယ်၏လည်ပင်းသို့ချည်ပေးလိုက်၏။ ထိုသို့ပြုလုပ်ပေးနေစဥ် ကလေး၏အဒေါ်သည် တဆတ်ဆတ်တုန်ရီလာကာ

” ကယ်…ကယ်ပေးပါ…ကျုပ်သားလေးကိုကယ်ပေးပါ….”

” ဟင်…”

” ဟာ…”

သီတာ့စကားကြောင့်ကြည့်နေသူများ အာမေဋိတ်သံပြုသွားကြ၏။ မောင်ရေခဲက ရိပ်မိသွားသဖြင့်

” ကဲ…နင်ဘယ်သူလဲ….ဘာလို့လာရောက်ပူးကပ်ရတာလဲ….”

” ငါ…ငါ….အား………”

သီတာကပြောမည်အပြု ဘာသံမှမထွက်တော့ဘဲ အားခနဲအော်ကာကြမ်းပေါ်သို့မှောက်လှဲကျသွား၏။ မောင်ရေခဲလည်း ထိုအမျိုးသမီး၏အချုပ်အနှောင်စက်များပြတ်စေရန်

” အနှောင့်အယှက်စက်တွေပြတ်စမ်း….အချုပ်အနှောင်တွေမှန်သမျှအကုန်လွှတ်စမ်း….”

ဟုအမိန့်ပေးလိုက်ရာ ထိုအမျိုးသမီးပြန်ထလာ၏။

” ငါ… ငါ…နှင်းကြည်ဘဲ…ငါ့…ငါ့သားကိုကယ်ပေးပါ…”

” ဟယ်…နှင်းကြည်တဲ့ဟေ့…”

” နှင်းကြည်ဆုံးတာ…ငါးလရှိပြီလေ…”

နှင်းကြည်ဆိုသောကြောင့်ကြည့်နေသူများထပ်မံအံ့ဩသွားရပြန်၏။
မောင်ရေခဲကလည်း ထိုအမျိုးသမီးအားကြည့်ကာ

” နင်ဆုံးတာငါးလရှိပြီဆို….မကျွတ်မလွတ်သေးဘူးလား….ကျန်တဲ့သူတွေကနင့်ကိုရည်စူးပြီး အမျှအတမ်းမပေးလို့လား….”

” ပေးတယ်…ငါ့သာဓုခေါ်လို့မရခဲ့တာ…ငါ့ကိုသာဓုခေါ်လို့မရအောင်လုပ်ထားကြတာ…”

” ဆရာရှိတယ်ပေါ့ဒါဆို…”

” ရှိ…ရှိပါတယ်…”

သီတာကဘေးဘီဝဲယာကိုကြည့်ပြီး ကြောက်သလိုလန့်သလိုလုပ်ကာဖြေ၏။

” မကြောက်နဲ့ ဒီစည်းထဲဘယ်သူမှလာလို့မရဘူး…နင့်ကိုသူကဖမ်းထားတာလား…”

” ဟုတ်တယ်… ဖမ်းပြီးခိုင်းစားတယ်…မလုပ်ပေးရင် နှိပ်စက်ညည်းဆဲတယ်…”

” ငါသိပြီ…ငါသိပြီ…နင်ဟောဟိုကအပင်မှာခေတ္တနေပါ…ကိစ္စတွေပြီးသွားတာနဲ့ နင့်အတွက်ရည်စူးပြီးကုသိုလ်အမျှအတမ်းလုပ်ပေးမယ်…”

” ငါ့…ငါ့ကိုထပ်ပြီးနှိပ်စက်ကြမှာ…ငါ့ပိုင်တဲ့အရာတွေသူ့အိမ်ရဲ့ပိန္နဲပင်အောက်မှာမြုပ်ထားတယ်…”

” စိတ်ချ…နင့်ကိုငါ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှထိခွင့်မရှိဘူး…နင်ပိုင်တဲ့အရာလည်းဖော်ခိုင်းပြီး မီးရှို့ဖျက်ဆီးပေးမယ်…”

” ကျေး…ကျေးဇူးတင်ပါတယ်ရှင်…”

နှင်းကြည်ထွက်သွားသည်နှင့် သီတာမှာဘာမှမသိသလိုဖြင့် နံဘေးရှိလူများကိုလည်းကောင်း၊မောင်ရေခဲကိုလည်းကောင်း ကြောင်ပြီးကြည့်နေ၏။

” ညီမဘာဖြစ်သွားလဲသိလား…”

” မသိပါဘူးအစ်ကို…ညီမဘာဖြစ်သွားတာလဲ….”

” ဘာမှမဖြစ်ပါဘူး အသိစိတ်ခနလွှတ်သွားတာ…ကဲခနအနားယူလိုက်အုံး ညီမကိုမှီပြီး အစ်ကိုလုပ်စရာရှိသေးတယ်…”

” ဟုတ်…”

သီတာက မသေကောင်းမပျောက်ကောင်းဖြင့်ကံကောင်းထောက်မစွာအသက်ပြန်ရှင်လာသည့်တူလေးကို တင်းကြပ်စွာထွေးပွေ့ထားလိုက်၏။ နာရီဝက်ခန့်ကြာသော် မောင်ရေခဲက
သီတာကိုခေါ်ပြီး ဘုရားကိုရှိခိုးခိုင်းကာ ဆံပင်ကိုလည်းဖားလျားချခိုင်းထား၏။

” စိတ်ကိုလျှော့ထားညီမလေး…ဘာမှမကြောက်နဲ့ အစ်ကိုရှိတယ်….”

” ဟုတ် အစ်ကို…”

” ကဲ…ပဋ္ဌမံဆရာကြီးအဘအောင်အားအမှူးထား၍ လက်ဝဲကိုးသိန်းလကျာ်ကိုးသိန်းသော ဝိဇ္ဇာအပေါင်းတို့သည် သားတော်လူဆရာ၏ဦးခေါင်းထက်၌တည်ပါစေသား….အဘဆရာတို့၏အမိန့်အာဏာသည် သားတော်လူဆရာ၏ အမိန့်အာဏာအဖြစ်လွဲပြောင်းပေးပါစေသား….ဟောဒီရာဟုသားလေးကိုပြုစားနှောင့်ယှက်ထားသော အစွဲရှင်သည် မကြာချက်ချင်းဤမီးစက်အတွင်းသို့ရောက်ပါစေသား….”

ထိုသို့အမိန့်ပေးပြီးသည်နှင့် သီတာသည် ဆတ်ခနဲခေါင်းထောင်လာပြီး

” ကလေကဝအုတ်ကြားမြက်ပေါက်၊ခြေသလုံးအိမ်တိုင်လုပ်နေတဲ့ကောင်တွေကများ ငါ့နယ်ထဲဝင်ပြီး ဆရာလာလုပ်ရတယ်လို့….ကြားလို့တောင်မကောင်းဘူးဟင်းဟင်း…”

” ရာရာစစနင်ကများ…ဘုရားရှိခိုးစမ်း….”

” မရှိခိုးနိူင်ဘူး….ကလေကဝေစကားကိုငါက ခွေးဟောင်သံလောက်တောင်တန်ဖိုးမထားဘူး…”

” အံမယ်ရာရာစစကွာ…ကဲ..ဆိုင်ရာတွေ…ဆွဲချုပ်စမ်း….တုပ်ထားစမ်း…ခန္ဓာရှင်တစ်စုံတစ်ရာမထိစေရ…တုပ်စမ်း…ဘုရားဦးတိုက်ခိုင်းစမ်း.. “

ထိုသို့ပြောလိုက်သည်နှင့်အစွဲသည်မောင်ရေခဲကို မျက်ထောင့်နီကြီးဖြင့်ကြည့်ပြီး ဘုရားကိုမရှိခိုးချင် ရှိခိုးချင်ဖြင့် ဦးချနေ၏။

” ကောင်မ….လူပါးဝလို့….ပြောစမ်း…နင်ကလူတွေကိုလိုက်ပြီးဒုက္ခပေးနေတာ…ဘယ်နှစ်ယောက်တောင်ရှိနေပြီလဲ…အပြစ်မဲ့တဲ့ကလေးတောင်နင်မချန်ဘူး….”

” နင်နဲ့ဆိုင်သလား….”

” ငါနဲ့မဆိုင်ပေမဲ့ လူသားတွေကိုအပြစ်မဲ့သတ်နေတာတော့ငါအသားလွှတ်ထိုင်ကြည့်မနေနိုင်ဘူးကွ…နင်နားလည်ထား….”

” ဟားဟားဟား..နားရှိလို့သာကြားရတာ….ကလေကဝကများ နတ်စကားတွေသိပ်ဆိုတာဘဲ…ထွီး….အထင်ကိုမကြီးတာ….”

” ကဲကွာ….စော်ကားချင်အုံး…စော်ကားချင်အုံး….ဒါကဗုဒ္ဓစက်တဲ့ဟေ့….ဒါကဓမ္မစက်တဲ့ဟေ့…”

ပြောကာသောက်တော်ရေတစ်ခွက်စွန့်ပြီး ခေါင်းကို တောက်လိုက်ရာ

” အား…ပူတယ်….ပူတယ်….အား…ဝူး….ဝါး….”

” မှတ်ပြီလား…ကိုယ်တိုင်ကလျှာပြတ်နေလို့စကားတောင်ပီအောင်မပြောနိုင်ဘဲ…ငါ့ကိုစော်ကားမော်ကားနဲ့… နင့်အရှိတိုင်းပြောစမ်းကွာ အမှီခန္ဓာရဲ့အသံနှင့်ပြောမနေနဲ့….”

” ဝွတ်..ဝေး…ဝေး…ဝေါင်”

” သိပ်ပြီးအတင့်ရဲနေတယ်ဟုတ်လား…အပြစ်မဲ့တဲ့လူတွေကိုသိပ်ပြီးသတ်ချင်တယ်ဟုတ်လား…သိပ်ပြီးအသားစားကြူးတယ်ဟုတ်လား….လာစမ်းကွာ စိတ်ဝိဉာဥ်နဲ့မလာနဲ့ မင်းရဲ့ခန္ဓာအစစ်နဲ့ဘဲ ဖိနပ်စုတ်ကိုကိုက်ပြီးခွေးလိုလာခဲ့စမ်း….”

မောင်ရေခဲကထိုသို့မိန့်လိုက်သည်နှင့်သီတာသည်ကြမ်းပေါ်သို့သတိလစ်မေ့မျောသွား၏။

         ခန၌ ဒေါ်မယ်ဆုံသည်နေအိမ်မှ ရွာလယ်လမ်းမကြီးအတိုင်း ဖိနပ်တစ်ဖက်ကိုက်ပြီး ခွေးတစ်ကောင်ကဲ့သို့ ပြုမူကာသူကြီးအိမ်သို့လာခဲ့ကြ၏။

” ဟင်…ဒေါ်…ဒေါ်မယ်ဆုံကြီး…”

” ဟ…ဒေါ်မယ်ဆုံကြီးက ဖိနပ်ကိုက်ပြီးဘာလာလုပ်တာလဲ….”

” ဟာ…အ…အမေ….”

” အ…အမေ…ဘယ်လိုလုပ်ပြီး ဒီ….ဒီကိုရောက်လာတာလဲ…”

” ဒါ…ဒါဆို… ဒေါ်….ဒေါ်မယ်ဆုံက…. စုန်း….စုန်းမကြီးပေါ့….”

” ဒေါ်မယ်ဆုံက စုန်းမကြီးဟေ့….”

” တို့ရွာသားတွေသေတာသူ့ကြောင့်ကွ….မောင်းထုတ်ကြ…စုန်းမကြီးကိုရွာထဲကနေမောင်းထုတ်ကြ….”

” စုန်းမကြီးရဲ့ သားနှစ်ယောက်ပါ မောင်းထုတ်ကြဟေ့….”

ရွာသူရွာသားတို့ကကျောက်တုံးကျောက်ခဲများယူကာ ဒေါ်မယ်ဆုံအား ထုနှက်ကြ၏။ ဒေါ်မယ်ဆုံသားနှစ်ယောက်ကိုလည်း ပစ်ပေါက်ကြ၏။ မိခင်၏အဖြစ်ကြောင့်ရှက်လွန်းသောသားကြီးသည် ခါးစောင်းမှထိုးထားသော ယာခုတ်ဓားအား ထုတ်ကာ

” စုန်းမကြီး….ငါတို့အမေမဟုတ်ဘူး…နင်ကစုန်းမကြီး….”

ဆိုကာ ဓားဖြင့်ဒေါ်မယ်ဆုံ၏ လည်ပင်းအား အားကုန်ခုတ်ချလိုက်၏။ သားဖြစ်သူ၏ဓားချက်ကြောင့် ဒေါ်မယ်ဆုံမှာ ခေါင်းတခြားကိုယ်တခြားဖြစ်သွားပြီး ဇီဝန်ချုပ်သွားတော့၏။ ထို့နောက်ရှက်လွန်းသဖြင့် လူပုံအလယ်မှ ညီအစ်ကိုနှစ်ယောက်စလုံး ထွက်ပြေးသွားတော့၏။ ရွာသူရွာသားတို့လည်း မောင်ရေခဲတို့အား ကျေးဇူးတင်စကားပြောကာ စုန်းမကြီး၏အလောင်းအားရွာပြင်သို့သယ်သွားပြီး မီးရှိူ့ပစ်လိုက်ကြ၏။ ကိစ္စပြီးသည်နှင့် နှင်းကြည်အတွက်အမျှအတမ်းလုပ်ပေးရန်မှာခဲ့ပြီး ထိုရွာမှထွက်သွားတော့၏။

        ဆရာတပည့်နှစ်ယောက်လုံး ထိုရွာမှထွက်သွားကြပြီး ဇရပ်တစ်ခု၌တည်းနေကြ၏။ မောင်ရေခဲသည် တရားမှတ်နေရင်း ခန္ဓာကိုယ်သည်လေဟာနယ်ထဲသို့ရောက်ရှိသွား၏။ မျက်လုံးအစုံဖွင့်ကြည့်သော် သူ့ဘေးပတ်ပတ်လည်၌ ဆရာသခင်ကြီးများနှင့်အတူ ရဟန်းဝိဇ္ဇာ၊လူဝိဇ္ဇာအပေါင်းတို့ကိုတွေ့လိုက်ရ၏။

” ရောက်လာပြီလားလူကလေး….”

” ဟုတ်ကဲ့အဘဆရာသခင်များ….”

” အေး…လူလေးကိုယ့်အပြစ်ကိုသိသလား….”

” သိပါတယ်အဘဆရာသခင်များ…”

” အေးကွဲ့….ကိုယ့်ရဲ့ဒေါသစိတ်တစ်ခုဟာ တစ်ပါးသူရဲ့အသက်ဇီဝိန်ကိုကြွေသွားစေတယ်ဆိုတာသိပြီလား…”

” သိပါပြီဆရာသခင်တို့ဘုရား….”

” အေးဒီအတွက်လူလေးမှာအပြစ်ရှိတယ်…ရှေ့တိုးလာချေ….”

မောင်ရေခဲသည် ဖိုးသူတော်ကြီး၏ရှေ့သို့တိုးလာပြီး မျက်လုံးအစုံမှိတ်ထားလိုက်၏။ ဖိုးသူတော်ကြီးသည် မောင်ရေခဲ၏ဦးခေါင်းကိုသုံးခါပွတ်လိုက်၏။

” ပြန်ပေတော့လူလေး…နောင်များမှာ ကိုယ့်စိတ်ကိုနိူင်အောင်သတ်နိုင်ပါစေ….”

” ဟုတ်ကဲ့ပါ ဆရာသခင်….”

ဆရာဖြစ်သူကို ဦးသုံးကြိမ်ချပြီး မျက်စိဖွင့်လိုက်ရာ မူလနေရာဇရပ်သို့ပြန်လည်ရောက်ရှိနေ၏။

          ယခုမူကားမောင်ရေခဲသည် မွေးရာပါသရဲတစ္ဆေမြင်နိူင်သည့်အစွမ်းအားလည်းကောင်း၊ လျှာပေါ်ရှိအာစက်လျှာစက်ဖြစ်သည့်မှဲ့စိမ်းကလေးသည်လည်းကောင်း၊နတ်ဆေးလုံးသည်လည်းကောင်း တစ်ခုမှမရှိတော့လေပြီတည်း။…….။

နောက်အပိုင်းကား မောင်ရေခဲနှင့်ကဝေမြမောင်တို့တွေ့ကြမည့်အပိုင်းတည်း။

( အဘဆရာသခင်တို့အားဦးထိပ်ပန်ဆင်လျှက်)

# ရေခဲလေးသနားပါတယ်။ ရေးနေရင်းငိုချင်သွားသလိုဘဲ။

# ပြီး

# ခွန်း