စုန်းမကြီးဒေါ်သူဇာ

*အောက်လမ်းဘိုးထင် နှင့် စုန်းမကြီးဒေါ်သူဇာ*📖📖📖

*********************************************
အခန်း (၁)
တောတောင်တနေရာရှိ သစ်ပင်ချုံနွယ်များထူထပ်နေသည့်လူသွားလမ်းလေးတခုတွင် မိန်းမပျိုလေးတယောက် လမ်းလျှောက်နေသည်။သူမ၏မျက်နှာတွင် စိုးရိမ်မှုသောကများကြောင့် မသာမယာဖြစ်လို့နေသည်။တခါတရံ၌ သူမသည် လာရာလမ်းအ‌နောက်ဖက်သို့ ပြန်လှည့်ကြည့်နေသေးသည်။မည်မျှကြာမြင့်အောင်လမ်းလျှောက်လာသည် မဆိုနိုင်။သူမ၏မျက်နှာတွင် ချွေးသီးချွေးပေါက်တို့က ခိုတွဲလျက်ရှိပြီး ခေါင်းတွင်ပေါင်းထားသည့် တဘက်နှင့် မကြာခဏသုတ်နေ၏ ။ထိုစဉ် အလွန်အင်မတန်အရပ်ပုသော လူပုလေးတယောက်သည် အပေါ်ပိုင်းဗလာနှင့် အောက်ပိုင်းတွင်ပုဆိုးကွက်ထောက်ကို ဝတ်ထားပြီး လမ်းရှေ့တွင် ပိတ်ရပ်လာသည်။မိန်းမပျိုလေးသည် ထိုလူပုလေးကို မြင်သည်နှင့် သက်ပြင်းတချက်ချလိုက် ကာ
“ကိုတက်ပု အမေကြီးရှိလား”
“အေး ရှိတယ် နင့်ကို စောင့်နေတာ”
“အဲ့တာဆိုရင် အမေကြီးဆီ သွားကြရအောင် ”
“နင် အမေကြီးဆီရောက်ရင် အပြောအဆိုဆင်ခြင် ဟိုက စိတ်ဆိုးနေတယ် ကြားလား ”
“ဟုတ်ကဲ့ ကိုတက်ပု”
ထို့နောက် တက်ပုဟုအမည်ရသော လူပုလေးသည် ရှေ့မှဦး ဆောင်၍ မိန်းမပျိုလေးအား ခေါ်ဆောင်သွားသည်။သူတို့သည် သစ်ပင်များအုံ့ဆိုင်းနေသော တောအုပ်ထဲကို ဝင်သွားကြသည်။ထိုတောအုပ်ထဲရောက်သည်နှင့် ချက်ခြင်းပင် အမှောင်ထုက ကြီးစိုးသွားပြီး နေရောင်မမြင်ရတော့ပဲ ညို့မှိုင်းမှိုင်းဖြစ်သွားသည်။တောအုပ်ထဲကလမ်းလေးအတိုင်းသွားကြရာ မကြာမီကျွန်းပျဉ်ထောင်အိမ်မဲကြီးတလုံးကို တွေ့လိုက်ရသည်။အိမ်ကြီးသည် မဲနက်နေပြီး ကြည့်ရုံနှင့်ပင် ကြောက်စရာကောင်း သည် သာမာန်လူများ အတွေး၀င်နိုင်သည်။တက်ပုနှင့် မိန်းမပျိုလေးသည် ထိုအိမ်ကြီးဆီ ရောက်ရှိသွားချိန်၌ ကျီးကန်းမဲများမှာ အိမ်ကြီး‌၏ခေါင်မိုးပေါ်မှနေ၍ တအားအားဖြင့် အော်ကာ ပျံထွက်သွားကြပါလေတော့သည်။
အခန်း (၂)
“ဝေမာ”
“ရှင် အမေကြီး”
“နင့်အပြစ်ကို နင် သိလား”
“သိပါတယ် အမေကြီး ”
“ဘာလဲ ပြောစမ်း”
“ကျမ နှုတ်မလုံတာနဲ့ ခင်မြင့် ဟိုကိစ္စသိသွားရတာပါ ”
“အေး နင့်အပြစ်နင်သိရင် ငါ ပြောတာကို လက်ခံရမယ် ”
“ရှင် ကျမက ဘာ ဘာကို လက်ခံရမှာလဲ”
“နင့်အမှားက တခြားသူတွေ အကုန်သိသွားတာပဲ အဲ့တော့ ငါလည်း အသက်ကြီးပြီ နင် ငါ့ပညာတွေကို လက်ဆင့်ကမ်းရမယ် ဘယ်လိုလဲ”
“ကျ ကျမ ”
ပုထိုးလေးရွာမှ ဝေမာဟုအမည်ရသော မိန်းမပျိုလေးမှာ သူမ၏ရှေ့ရှိ စုန်းမကြီးဒေါ်သူဇာ၏ပြောစကားများကို နားထောင်ပြီး မည်သို့လုပ်ရမည်မသိဖြစ်လို့နေသည်။အတန် ကြာသည်အထိ စဉ်းစားတွေဝေနေသော ဝေမာအား စုန်းမကြီးဒေါ်သူဇာမှ စူးစိုက်ကြည့်လိုက်ပြီး ခပ်မာမာစကားဆိုလေသည် ။
“ဝေမာ နင့်စပါးတစီးတိုက်စာက ငါ့အတွက် ဘာမှမဟုတ်ဘူး နင့်ကို စကူညီကတည်းက ငါ ကတိတောင်းထားတယ်နော် နှုတ်မဖွာနဲ့လို့ နှုတ်ဖွာရင် ဘာဖြစ်မယ်ဆိုတာပါ ပြောပြီးသားနော် ”
“ဟုတ်ပါတယ် ဟိုကောင်မရူးသွားတော့ ကျမ ဝမ်းသာပြီး ခင်မြင့်ကို ပြောလိုက်မိတာပါ အဲ့ကောင်မကလည်း ကျမနဲ့တွေ့ရင် ဟိုကောင်မ မကောင်းကြောင်းတွေချည်းပြောနေတော့ ယုံရမယ်ထင်ပြီး ပြောမိသွားတာပါ”
“အေး အဲ့ဒီကောင်မက အခု ဟိုကလေကချေလေးတွေကို ပြောလိုက်ပြီ ”
“ရှင်”
“အေး နင်လုပ်ခိုင်းတယ်ဆိုတာ ဟိုကောင်လေးတွေသိသွားပြီ ဒီကောင်လေးတွေ ငါ့ဆီ အနှေးနဲ့အမြန် ရောက်လာမှာပဲ ”
“သူတို့လာလည်း ဘာဖြစ်လဲ အမေကြီးက သူတို့လောက်ကို မှု့နေတာလား”
“မသာမ မသိပဲ လျှောက်မပြောနဲ့ ငါ့အဆင့်ဆိုတာ တော်ရုံအထက်လမ်းဆရာကိုပဲ ရှောင်ကွင်းလို့ရတာ ”
“အဲ့တာဆို သူ‌တို့က အထက်လမ်းဆရာကြီးတွေလား အမေကြီး”
“နင့်လင်တွေက အထက်လမ်း မဟုတ်ဘူးဟဲ့ အောက်လမ်း အောက်လမ်း ”
စုန်မကြီးသည် ပုံပန်းသဏ္ဍန်နှင့်လိုက်အောင် အပြောအဆို အတော်ဆိုးသည်။မိန်းမပျိုလေးတယောက်ကို မကြားဝံ့မနာ သာများထည့်ပြောနေ၍ ဝေမာတယောက် ရှက်လည်း ရှက်၊ကြောက်လည်း ကြောက်နှင့် နားထောင်နေရသည်။ထို့နောက် စုန်းမကြီးသည် သက်ပြင်းတချက်ကိုချရင်း
“ကဲ ကောင်မ နင် ငါ့ပညာအမွေကိုဆက်ခံ နင့်လိုသောက်ကျင့်မကောင်းတဲ့ကောင်မက ဒီပညာတွေ အသင်မြန်ပါတယ်အေ ”
“ကျမ လက်မခံလို့”
“တော်စမ်း ကောင်မ ငါက နင့်ကြောင့် သေမလားရှင်မလား မသိသေးဘူး နင်က သစ္စာဖောက်ချင်တာလား ငါ့ပညာလက်မခံလို့ကတော့ တက်ပုကို နင် တမ်းတမ်းစွဲဖြစ်အောင်လုပ်ပြီးပေးစားပစ်မယ် နင်ကြိုက်နေတဲ့ ဝတ်လုံနဲ့လည်း တသက်လုံးဝေးစမ်း အေးတာပဲ”
စုန်းမကြီး၏စကားကြောင့် တက်ပုဟုအမည်ရသော လူပုလေးသည် ပြုံးဖြီးဖြီးနှင့် ဝေမာကိုကြည့်လာရာ ဝေမာတယောက် အတော်စိတ်ညစ်သွားရသည်။ဝတ်လုံနှင့်မညားက နောက်တယောက်ရနိုင်သေးသည်။ယခု တက်ပုကို တမ်းတမ်းစွဲ ဖြစ်ရမည်ဟုတွေးမိသောအခါ သေသည်ထက်ပင် ပို၍ကြောက်မိသည်။ရွာထဲက တော်ရုံကာလာသားများကိုပင် သူနှင့် တူသည် တန်သည်မထင်ထားသော ဝေမာတယောက် တက်ပုနှင့်သာ ညားမည်ဆိုပါက ငရဲကျသည်ထက်ဆိုးမည်ဟု တွေးနေလေရာ အလျင်အမြန်ပင် စုန်းမကြီး ဒေါ်သူဇာ၏စကားကို လက်ခံလိုက်ပါလေတော့သည် ။
အခန်း (၃)
စုန်းမကြီးဒေါ်သူဇာ၏အိမ်မှပြန်လာသော ဝေမာအား တက်ပုမှ တောအုပ်အပြင်ဘက် လိုက်ပို့လေသည်။တက်ပုသည် ဝေမာကို ကြည့်ပြီးပြုံးဖြီးဖြီးလုပ်နေလေရာ ဝေမာသည် မကျေမနပ်ဖြင့် စကားဆိုနေသည်။
“တက်ပု နင့်မျက်နှာက ဘာဖြစ်နေတာလဲ”
“ဘာဖြစ်လို့လဲဟ”
“နင် ငါ့ကိုကြည့်ပြီး ဘာလို့ပြုံးနေတာလဲ”
“ငါ့ဘာသာ ရယ်ချင်လို့ပါဟာ”
“နင် စိတ်ထဲကနေ ငါ့ကိုပြစ်မှားနေတာ မဟုတ်လား”
“ဟာ နင်ကလည်း ငါ့ကိုအဲ့လိိုကြီးတော့ မပြောပါနဲ့”
တက်ပုသည် ရှက်‌သွားသဖြင့် ဝေမာအား မကြည့်ဝံတော့ပဲ ထိုသို့သာ ပြန်ပြောလိုက်လေသည်။ထို့နောက် ဝေမာသည် တက်ပုကို စိုက်ကြည့်ကာ
“ငါ အခုလို ပညာတွေယူရတာ နင့်ကြောင့်”
“ငါနဲ့ ဘာဆိုင်လို့လဲဟ”
“ဆိုင်တာ‌ပေါ့ နင်က ငါမကြိုက်တဲ့ ဂျပုဖြစ်‌နေတာကိုး နင်သာ ကြည့်ကောင်းရင် ဒီလိုမကောင်းတဲ့ပညာတွေကို လက်မခံဘူး နင့်ကို ယူလိုက်မှာ အခုတော့ နင်က”
ဝေမာသည် စကားကို ထိုမျှနှင့်သာ ရပ်လိုက်၏။သူမ၏ စကား‌ကြောင့် စိတ်မကောင်းဖြစ်သွားသော တက်ပုသည် ခေါင်းကိုမော့လိုက်ပြီး လယ်ကွင်းပြင်‌တွင်ပေါက်‌နေသော ထန်းပင်ကြီးကိုကြည့်လိုက်ကာ
“ပြောပါဟာ နောက်ဆို ထန်းပင်တွေကိုမြင်တိုင်း နင့်ကို ငါ သတိရ‌နေမှာပါဟာ”
တောအုပ်အပြင်‌ရောက်ပြီမို့ တက်ပုသည် တယောက်တည်းထွက်သွားသောဝေမာကို ငေး၍ကြည့်နေလေသည်။သူ၏စိတ်ထဲတွင်တော့ ဒေါ်သူဇာ၏စကားကို ယခုအချိန်အထိ နားထဲက မထွက်သေးပဲ ရှိနေသည်။ထိုစကားသည်ကား သူ့အား ဝေမာ စွဲလမ်းအောင်လုပ်ပစ်မည်ဆိုသောစကားဖြစ်သည်။ယခုတော့ ထိုကိစ္စ မဖြစ်နိုင်တော့ပေ။အကြောင်းမှာ ဝေမာသည် ‌ဒေါ်သူဇာ ၏ပညာများကို လက်ဆင့်ကမ်းရန် လက်ခံလိုက်ခြင်းကြောင့်ပင်ဖြစ်သည်။တက်ပုသည် အတန်ကြာသည်အထိ ကျောခိုင်းထွက်ခွါသွားသော ဝေမာကို ငေးနေမိစဥ်
“ငါ့အကို ငေးလှချည်လားဗျ”
“ဟင်”
“မင်းတို့က ဘယ်သူတွေလဲ ဒီတောအုပ်နားကို ဘာလာလုပ်တာလဲ ”
“ကျုပ်တို့က ပုထိုးလေးရွာသားတွေပါဗျာ ငှက်ပစ်ရင်း ထင်းလာခွေတာ ဒီကို မျက်စိလည်လမ်းမှားပြီး ရောက်လာတာဗျ”
“ငါ ပုထိုးလေးရွာကို အမြဲရောက်ပါတယ် မင်းတို့ကိုတော့ မမြင်ဖူးဘူးနော် ”
“ဟောဗျာ အကိုကြီးက မော့မကြည့်လို့ မတွေ့တာနေမှာ”
“ဟေ့ကောင် ဘာစကားပြောတာလဲ ငါ့ကို စော်ကားတာလား”
“မဟုတ်ရပါဘူးဗျာ ပုထိုးလေးရွာအနောက်ဖက်ခြမ်းမှာ တောင်ကုန်းလေးရှိတယ်လေ အဲ့ဒီအပိုင်းမှာနေတာ ကျုပ်တို့အိမ်တွေကို အကိုကြီး ‌မော့မကြည့်လို့ မမြင်တာလို့ ပြောတာ ”
ကလေးသာသာလူငယ်သုံးယောက်သည်် လွယ်အိတ်ကိုယ်စီလွယ်ထားရင်းနှင့်ပင် တက်ပုနှင့် စကားပြောနေခြင်းဖြစ်သည်။ ထိုနောက် တက်ပုသည် မည်သည့်စကားမှမပြောပြတော့ပဲ တောအုပ်ထဲဝင်မည်ပြင်စဥ် ကောင်လေးတယောက်မှ လက်ကိုဆွဲထားလိုက်ပြီး အလန့်တကြားနှင့် စကားဆိုလေသည်။
“အကိုကြီး အဲ့ထဲမသွားနဲ့ဗျာ ကျုပ်တို့မိဘတွေက မှာလိုက်တယ် ဒီညို့မှိုင်းနေတဲ့တောအုပ်ထဲ မဝင်နဲ့တဲ့ အကိုကြီးလည်း မဝင်နဲ့ဗျာ ”
ကောင်လေးတယောက်၏စကားကြောင့် တက်ပုတယောက် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး
“ဒီမှာ ငါက တောပဲကွ”
“ဗျာ တကယ် ”
“တကယ်ပေါ့ကွာ ”
“သတ္တိရှိလိုက်တာဗျာ ဘယ်သူမှ မဝင်ရဲတဲ့တောထဲမှာ နေတယ်ဆိုတော့ အကိုကြီးက တော်တော်သတ္တိရှိတာပဲဗျ ကျုပ်တို့က အဲ့လိုသတ္တိရှိတဲ့လူမျိုးကို သိပ်လေးစားတာဗျ”
“ဟုတ်တယ်ကွ တို့ပုထိုးလေးရွာသားတွေနဲ့များ တခြားစီပဲ ”
“တို့ရွာက ကာလသားတွေက အလကားပါကွာ ဒီအကိုကြီး လောက်တောင် သတ္တိမရှိကြဘူး”
တက်ပုသည် ကောင်လေးများ၏စကားကြောင့် အတော်သဘောကျ‌သွားကာ တောအုပ်ထဲ မဝင်သေးပဲ လက်ပိုက်လို့ရပ်နေလေသည်။ထိုသို့ လက်ပိုက်ပြီးရပ်နေသည်ကို ကောင်လေးတယောက်မှ သေချာကြည့်ကာ
“ဟေ့ကောင်တွေ ကြည့်စမ်း ”
“ဘာလဲကွ ”
“အကိုကြီးကို ကြည့်ကြစမ်းကွာ တို့တွေ စာအုပ်ထဲမှာ ဖတ်ခဲ့ရတဲ့ ဘုရင့်နောင်ဆိုတဲ့ ဘုရင်ကြီးနဲ့ မတူဘူးလား”
“မင်းပြောမှ ငါ သတိထားမိတယ် ဘိုးထင်ရ တော်တော်တူတာကွ သတ္တိဗျတ္တိရှိတဲ့သူဆိုတာ မျက်နှာမှာပေါ်တယ် အရပ်အမောင်းနဲ့ မဆိုင်ဘူးဆိုတာ အကိုကြီးကိုတွေ့မှပဲ ယုံတော့တယ်”
ကောင်လေးသုံးယောက်၏မြှောက်လုံးများကြားတွင် ကိုတက်ပုတယောက် မနေတတ်မထိုင်တတ်ဖြစ်လာပြီး ကျွန်းပင်တပင်၏အောက်ခြေတွင်ထိုင်ချကာ လက်ကြီးပိုက်ထားလေသည်။ကောင်လေးသုံးယောက်သည် ထိုမျှနှင့် မရပ်သေးပဲ ထပ်မံစကားဆိုလေသည် ။
“ဟေ့ကောင်သာအေး တို့ရွာက အမဝေမာပြောတာကို မှတ်မိလား”
“မှတ်မိတာပေါ့ကွာ သူက သတ္တိရှိတဲ့သူဆို သိပ်သဘောကျတာတဲ့ကွ”
ကောင်လေးနှစ်ယောက်၏ ထိုပြောစကားကြောင့် တက်ပု လှုပ်လှုပ်ရွရွဖြစ်သွားကာ
“မင်းတို့က ဝေမာကို သိတယ် ”
“သိတာ‌ပေါ့‌ဗျာ တရွာတည်းသားတွေပဲကိုး အကိိုကြီးက သိလို့လား”
“သိတာပါ့ကွာ”
“ကျုပ်တို့ရွာက မဝေမာက သတ္တိရှိတဲ့သူတွေကို သိပ်သဘော ကျတာ ဘယ်လောက်တောင် သဘောကျလဲဆို အုန်းပင်တက်နိုင်တဲ့ ကာလသားတွေကိုတောင် ငေးကြည့်နေတတ်တာမျိုးဗျ ”
“မင်းတို့နဲ့ အတော်ခင်လား ”
“ခင်တာပေါ့ဗျာ အကိုကြီးပုံကြည့်ရတာ အမဝေမာကို သဘောကျနေတယ် ထင်တယ်”
“ဟာ မင်းတို့ကလည်းကွာ ”
“ရှက်မ‌နေပါနဲ့ဗျာ ကျုပ်တို့ ပြောပေးရမလား ”
“ငါ ရှက်တယ်ကွာ မင်းတို့ လမ်း‌ပျောက်နေရင် ငါ လိုက်ပြပေးပါ့မယ်”
“တက်ပုသည် ရှက်ရှက်နှင့် ခေါင်းကြီးငုံ့နေကာ အရှေ့မှ လမ်းလျှောက်သွားရင်း ‌ကောင်လေးသုံးယောက်ကို လမ်းပြပေး သည်။အနောက်မှ လမ်းလျှောက်နေသော ကောင်လေးသုံးယောက်မှာလည်း တယောက်ကိုတယောက်ကြည့်ပြီး ပြုံးပြနေ သည်ကို တက်ပု မမြင်နိုင်ပေ။ထို့နောက် ကောင်လေးများအား တက်ပုသည် နှုတ်ဆက်ရင်းစကားဆိုလေသည် ။
“ညီလေးတို့ နောက်‌နေ့တွေလည်း လာခဲ့ကြနော် အကို ငှက်နဲ့ ထင်းပေါတဲ့နေရာတွေကို လိုက်ပြ‌ပေးမယ် ”
“လာမှာ စိတ်ချ ဒါနဲ့ ကျုပ်တို့ အမဝေမာကိုပြောပေးရမလား”
“ငါ့ကိုပြန်ကြိုက်မှာ မဟုတ်ပါဘူးကွာ သူ့ကို ဒီအတိုင်းလေး မြင်နေရတာကိုပဲ ‌ကျေနပ်နေပါပြီ ညီလေးတို့ သွားကြတော့ အကိုလည်း သွားတော့မယ် အကို့ဘဝက သူများခိုင်းတာလုပ် ပေးတာစား နေရပြီး လူစဥ်မမှီတဲ့ဘဝပါကွာ ”
တက်ပုသည် ပြောပြာဆိုဆိုလမ်းပြပြီးနောက် နောက်သို့ လှည့်ကြည့်ပြီး တောအုပ်အတွင်းသို့ ၀င်သွားလေသည် ။ ထိုအခါ ကောင်လေးများသည် တယောက်ကိုတယောက်ကြည့်လိုက်ကာ
“ပေတူးရေ စုန်းမကြီးကို ဆုံးမဖို့က သိပ်မခက်ဘူး စကားမစပ် ငါတို့တွေ ဝတ်လုံကြိုက်တဲ့ မဝေမာနဲ့ ကိုတက်ပုကို ပေးစားလိုက်ရင် မကောင်းဘူးလား”
“မင်းက ဘယ်လိုစဥ်းစားထားလို့လဲ ဘိုးထင် ”
“လွယ်ပါတယ်ကွာ ဦးကဲတို့လင်မယားကို မနက်ဖြန် မရတုဆီခေါ်သွားပြီး ရှင်းပြမယ် ဦးကဲဆီက အဖိုးအခအနေနဲ့ ပီယဆေးလေး တောင်းကြတာပေါ့ကွာ”
“ဘိုးထင်တို့က ကလိမ်ကကျစ်ဉာဏ်ဆို သိပ်ထွက်ပဲဟေ့”
“မင်းမေကြီးတော် ကလိမ်ကကျစ်လား အကျင့်မကောင်းတဲ့ မဝေမာကိုလည်း အပြစ်ပေး ဟိုသနားစရာကိုတက်ပုကိုလည်း သူ့အချစ်လေး ပေး မဟုတ်ဘူးလားကွာ ဟား ဟား”
ငှက်ပစ်၊ထင်းခုတ်သူပုံစံလုပ်‌နေကြသော မောင်ဘိုးထင်တို့ သည် ဝေမာ၏နောက်မှ တိတ်တဆိတ်လိုက်ချောင်းရင်း ကိုတက်ပုနှင့်တွေ့ကာ သူတို့၏အကြံအစည်တခုပြောပြလိုက်ပြီး သဘောကျစွာရယ်မောလိုက်ကြပါတော့သည်။
အခန်း (၄)
ရတုမေ၏ဖခင်ကြီးနှင့် ဦးလေးဖြစ်သူတို့မှာ မောင်ဘိုးထင်တို့နှင့်အတူ ရေအိုးစင်ရွာသို့ ရောက်ရှိလာကြသည်။သူတို့အဖွဲ့ ထဲတွင် ဖိုးထွေးနှင့် သာရသည် ပုထိုးလေးရွာတွင် ‌ကျန်နေခဲ့လေသည်။ယခု မောင်ဘိုးထင်တို့၏ကောင်းမှုကြောင့် ဒေါ်ဝင်းနှင့် ဦးကဲတို့လင်မယား တယောက်နှင့်တယောက်ပြန်အဆင်ပြေသွားပြီး ဦးကဲ၏အိမ်သို့ ဒေါ်ဝင်းတယောက် ပြန်ရောက်နေပြီဖြစ်သည်။ဒေါ်ဝင်းသည် ဧည့်သည်များစားဖို့ရာ ထမင်း၊ဟင်းချက်နေသည်ကို မောင်ဘိုးထင်တို့မှ ထင်းခွဲ၊ရေခပ် ကူညီပေးလေသည်။ရတုမေမှာ စိတ်ပုံမှန်မဟုတ်သေးသော်လည်း မောင်ဘိုးထင်တို့အား အတော်ခင်မင်သဖြင့် သူတို့နှင့်အတူ ရေခပ်၊ထင်းခွဲရာတွင် ကူညီပေးလေသည်။သနားကြင်နာတတ်သော ဒေါ်ဝင်းတယောက် ရတုမေ၏အကြောင်းကို သိသွားသောအခါ အတော်သနားသွားပြီး သမီးဟု ပါးစပ်ကမချဘဲ ရတုမေစားချင်သည်များကို ချက်ပြုတ်ပေးဖို့ရာ မေးမြန်းနေသည်။မောင်ဘိုးထင်တို့သည် ဧည့်သည်များနှင့် စကားပြောနေသော ဦးကဲကို‌ခေါ်ကာ လေသံတိုးတိုးနှင့် ပီယဆေးတောင်းနေလေသည်။
“ဦးကြီး ဒါတော့ ကူညီဗျာ ကျုပ်တို့လည်း ဦးကဲကို ကူညီထားတာနော် ”
“အေးပါကွာ ငါ ပေးလိုက်ပါ့မယ် မင်းတို့ ကံကောင်းသွားတယ် မင်းတို့က ရက်တွေကြာနေတော့ မကူညီတော့ဘူးထင်ပြီး ငါ ပီယဆေးလေးဖော်ထားတာ မှန်သွားတယ် ”
“ကောင်းတာပေါ့ ဦးကဲရာ ရေကန်အသင့် ကြာအသင့်ပါပဲ”
“မင်းတို့ ရောင်းစားမှာတော့ မဟုတ်ပါဘူး‌နော် ”
“မရောင်းပါဘူးဗျာ ‌ကောင်းကျိုးအတွက်ပဲအသုံးပြုမှာပါ”
“ပြီးတာပဲ မင်းတို့‌ကောင်တွေကို ငါ ယုံတယ်”
ဤသို့ဖြင့် ပီယဆေးကိစ္စအဆင်‌ပြေသွားပြီမို့ မောင်ဘိုးထင်တို့သည် ထမင်းစားသောက်ပြီးလျှင် ပုထိုးလေးဆီရွာသို့ ပြန်ခဲ့ကြပါလေတော့သည်။
အခန်း (၅)
“တက်ပု ”
“ဗျာ သခင်မကြီးး”
“နက်ကျော်ကို ထမင်းကျွေးလိုက်ဦး”
“ဟုတ်ကဲ့ ”
“ငါ့အတွက် ကြက်ကြော်ထားလား”
“‌ကြော်ထားပါတယ် ”
“အေး နက်ကျော်ကျွေးမဲ့အထဲက အမဲသားတဖတ် ယူစား တဖတ်ပဲ‌နော် ငါပြောတာ ကြားလား'”
“ဟုတ်ကဲ့ပါ သခင်မကြီး”
တက်ပုအား အိမ်ကြီးပေါ်တွင် ထိုင်နေသောစုန်းမကြီးမှ ပက်လက်ထိုင်ခုံတွင်ထိုင်ရင်းမှ ‌ပြော‌နေခြင်းဖြစ်သည်။တက်ပုတယောက် အိမ်အောက်သို့ဆင်းသွားပြီး ကြက်ကြော်ကို ပန်းကန်နှင့်ထည့်ကာ ဒေါ်သူဇာအားသွားပို့ပြီးနောက် နက်ကျော်ဟုအမည်ရသော ခွေးကြီးတကောင်အတွက် ချက်ထားသော ဟင်းအိုးထဲမှ အမဲသားတဖက်ကိုထည့်ပြီး ထမင်းစားလိုက်သည်။ပို၍လည်း မစားရဲပေ။အဘယ့်ကြောင်ဆိုသော် ပိုစားမိက ဗိုက်များ အဆမတန်အောင့်ကာ ‌သွေးများအတောင့်လိုက်အန်သော‌ကြောင့်ဖြစ်သည်။တက်ပုသည် ထမင်းပန်းကန်လေးကိုဘေးချကာ ခွေးနက်ကျော်အတွက် အမဲသားနှင့် ထမင်းများကို ပန်းကန်တခုတွင်ထည့်ပြီး ကျွေးလိုက်ရင်း သူသည်လည်း ‌ခွေးကြီးနှင့် မလှမ်းမကမ်းတွင် ထမင်းစား‌နေရင်းမှ မျက်ရည်များ စီးကျလာသည်။သူ မွေးလာကတည်းက ဘီလူးဆိုပြီး သူ့အားမိဘများမှ စွန့်သွားရာ စုန်းမကြီးဒေါ်သူဇာမှ မွေးထားပြီး လမ်းလျှောက်တတ်သည့်အချိန်ကစ၍ ကျွန်တယောက်ကဲ့သို့ ခြိမ်းချောက်ပြီး ခိုင်းလေသည်။မသေဟင်းမသေထမင်းသာစားပြီး နေလာခဲ့ရာ ပုထိုးလေးရွာမှ ‌ကောင်လေးသုံးယောက်နှင့်တွေ့သောအခါမှာသာ အနည်းငယ်ရယ်‌ရမောရလေသည် ။ယခုလည်း ထမင်းစားပြီးသွား၍ တောအုပ်အပြင်ထွက်ရန် ကြက်ကြော်စားနေသော စုန်းမကြီးဒေါ်သူဇာအား ခွင့်တောင်းလိုက်လေသည် ။
“အမေကြီး”
“ပြော တက်ပု ”
“ကျုပ် တောအုပ်အပြင်ခဏသွားဦးမယ် ”
“အေး သွား ရွာထဲတော့ လျှောက်မသွားနဲ့နော် ငါလွှတ်မှ သွားကြားလား”
“ဟုတ်ကဲ့ မသွားရဲပါဘူး အမေကြီး”
“အေး အေး သွားသွား”
တက်ပုသည် စုန်းမကြီးဒေါ်သူဇာ၏ရှေ့တွင် ခါးလေးကုန်းပြီး နောက်သို့တဖြည်းဖြည်းဆုတ်ကာ အိမ်ပေါ်မှဆင်းပြီး သူနှင့် အပေါင်းအသင်းဖြစ်နေသော ပုထိုးလေးရွာမှ ကောင်လေးတသိုက်ဆီသို့ သွားလိုက်ပါတော့သည် ။
အခန်း (၆)
ငှက်ပျောရွက်များခင်းထားသော အပေါ်တွင် ကြည်လဲလဲ့ထန်းရည်ချိုနှင့် ကြက်ကြော်တကောင်အပြင် စစ်သုံးဟန်းကောချိုင့်ထဲတွင် ထည့်ထားသည့် သစ်သားဇွန်းတပ်ထားသော ကြက်သားကာလသားဟင်းတို့နှင့် လူလေးယောက်တို့ ကျွန်ပင်ကြီး၏အရိပ်အောက်တွင် ဝိုင်းဖွဲ့နေလေသည်။ထိုလူလေးယောက်တို့မှာ စုန်းမကြီးနှင့်အတူနေထိုင်သော တက်ပု၊ ပုထိုးလေးရွာတွင်နေသော မောင်ဘိုးထင်တို့ဖြစ်သည်။တက်ပုသည် ငှက်ပျောဖက်ပေါ်မှစားစရာသောက်စရာများကို မျက်လုံး မခွာနိုင်အောင်ရှိနေလေသည်။ထို့ကြောင့် ပေတူးသည် တက်ပုကိုကြည့်ကာ
“ကိုတက်ပု ဘာကြည့်နေတာလဲ စားလေဗျာ ခင်ဗျားက ကျုပ်တို့ထဲမှာ အကြီးဆုံး အရင်စား”
“ငါ ငါ စားရမှာလား”
တက်ပု မရဲတရဲနှင့်မေးလာ၍ ‌ပေတူးမှာ ကြက်ပေါင်တဖက်ကိုဖဲ့လိုက်ပြီး သူ့အား ပေးလိုက်ကာ
“ရော့ ကိုတက်ပု လွေးဗျာ ထန်းရည်ချိုလေးသောက်ရင်း စား ဒီချိုင့်ထဲက ကြက်ကာလသားချက်ခပ်စပ်စပ်လေးလည်း စားဗျာ ”
“ငါ ငါ ယူစားပြီနော် ”
“စားစမ်းပါဗျာ ခင်ဗျားအတွက်ပဲ ယူလာတာ ”
မောင်ဘိုးထင်တို့ ကောင်းမွန်စွာလောကွပ်ပြုခြင်းကြောင့် ‌တက်ပုသည် ကြက်ပေါင်အား အားရပါးရကိုက်စားလိုက်ရာ နင်မလိုဖြစ်သွား၍ သာအေးမှာ ထန်းရည်ချိုလေးတခွက်အား ကမ်းပေးရင်း
“ဖြည်းဖြည်းစားပါ ကိုတက်ပု ”
“အေး အေး”
တက်ပု အားရပါးရစားနေသည်ကိုကြည့်ကာ မောင်ဘိုးထင်တို့ကြည့်၍ ပျော်နေကြသည်။အတန်ကြာအောင် အားရပါးရစားပြီးသောအခါ တက်ပုသည် သူ၏ပုဆိုးကွက်ထောက်လေးဖြင့် ပါးစပ်ကိုသုတ်လိုက်ပြီး
“ကောင်းလိုက်တာ ကောင်လေးတို့ရာ ဒေါ်သူဇာကို နေ့တိုင်း ကြက်ကြော်ပေးရပေမဲ့ တခါမှ မစားရဘူး”
“ဘာလို့လဲဗျ ”
“အမေကြီးက သူပဲစားတာ ငါ့ကိုဆို ခွေးကျွေးတဲ့ထဲက ဟင်းလေးတဖက်ပဲ စားခိုင်းတာ ဟင်း‌တဖတ်တောင် အသေးဆုံးပဲ ယူစားရတာကွ ”
“ခိုးစားပေါ့ဗျာ ”
“ခိုးစားဖူးတာပေါ့ကွာ အမေကြီးက ပညာသည်ဆို‌တော့ ငါစားတိုင်း သွေးအန်တယ်ကွ နောက်တော့ မစားရဲတော့ပါဘူးကွာ ”
“ခင်ဗျားအပေါ် ဒီလောက်ဆိုးတာတောင် ခင်ဗျားက ဘာလို့ နေ နေသေးလဲ”
“ငါလို လူစဉ်မမှီတဲ့ကောင်က ဘယ်ကိုသွားရမှာလဲကွာ ပြီးတော့ အမေကြီးကိုလည်း ကြောက်တယ်”
တက်ပုစကားပြောပြီးသောအခါ မောင်ဘိုးထင်တို့သည် တယောက်ကိုတယောက်အချက်ပြလိုက်ပြီး မောင်ဘိုးထင်မှ စတင်၍ စကားဆိုလေသည် ။
“ကိုတက်ပု သေမြေကြီး ရှင်ရွှေထီးဆိုတာ ကြားဖူးလား”
“ကြားဖူးတယ်လေ ”
“ပြီးတော့ ကြောက်တဲ့လူနှစ်ခါသေရတယ်ဆိုတာရော ”
“သိတယ်လေ ”
“ရှင်းရှင်းပြောမယ် ကိုတက်ပုရာ ခင်ဗျား မဝေမာကိုရော လိုချင်လား”
ပေတူး၏တဲ့တိုးအမေးကြောင့် တက်ပုတယောက် မောင်ဘိုးထင်တို့အား ဝေ့ကြည့်လိုက်ပြီး
“မင်းတို့က ဘာလို့အဲ့လိုပြောတာလဲ”
“ကျုပ်မေးတာပဲ ဖြေပါ လိုချင်လား မလိုချင်ဘူးလား”
“ဘယ်လိုပြောလိုက်တာလဲကွာ လိုချင်တာပေါ့”
“ကောင်းတယ် ကျုပ်တို့အမှန်အတိုင်းပြောမယ် ကျုပ်တို့က မဝေမာပြုစားခိုင်းလို့ ဒေါ်သူဇာပြုစားထားတဲ့ မရတုမေအိမ်မှာရောက်နေတဲ့သူတွေပဲ ”
“ဘာ မင်း မင်းတို့ ငါ့ကို ”
တက်ပုသည် ထိုင်နေရာမှထကာ ပြာပြာသလဲ နောက်သို့ဆုတ်လိုက်သည်။သူ ထင်လိုက်သည်မှာ မောင်ဘိုးထင်တို့သည်သူ့အား အကောက်ကြံလိုက်ပြီဖြစ်သည်။ကမန်းကတန်းနောက်ဆုတ်သွားသော သူ့အား မောင်ဘိုးထင်တို့ ထိုင်ရာမှပင် မထပဲ စူးစိုက်ကြည့်ကာ စကားဆိုလေသည်။
“ကိုတက်ပု ကျုပ်တို့ပြောတာ နားထောင်ဦး ကျုပ်တို့တွေက ခင်ဗျားကို ဘာဒုက္ခမှ မပေးဘူး ခဏနေရင် ကျုပ်တို့တွေ ဒေါ်သူဇာဆီသွားမှာ ကျုပ်တို့ကို ဘယ်သူမှ မတားနိုင်ဘူး ခင်ဗျား အပါအဝင်ပေါ့ အခု ကျုပ်တို့က ခင်ဗျားကိုသနားလို့ ကူညီဖို့လုပ်နေတာ ကျုပ်တို့လက်လှမ်းတုန်း ခင်ဗျား ကမ်းလိုက်နော် တိရိစ္ဆန်တကောင်လိုဆက်ဆံတဲ့သူကို ခင်ဗျားက ကာကွယ်ပေးဦးမလို့လား”
“ဟုတ်တယ် ကိုတက်ပု ကျုပ်တို့စေတနာကို နားလည်စမ်းပါ ”
မောင်ဘိုးထင်တို့၏တယောက်တခွန်းစကားများကြောင့် တက်ပု တွေဝေသွားသည်။သူတို့ပြောတာ ဟုတ်သည်ဟုလည်းတွေးနေမိသည်။မသေထမင်း မသေဟင်းကျွေးပြီး ကျွန်တ‌ယောက်ပမာ ခိုကပ်နေရသည်မှာလည်း သူ စိတ်ကုန်နေပြီဖြစ်သည်။ထို့ကြောင့် သက်ပြင်းအရှည်ကြီးချလိုက်ကာ
“ငါ မင်းတို့ရဲ့မျက်လုံးတွေကိုကြည့်ပြီး မင်းတို့ ငါ့ကို တကယ်စေတနာရှိတယ်ဆိုတာ ငါ ယုံတယ် ကြောက်နေရင်တော့ တသက်လုံး ‌ကျွန်ဘဝနဲ့နေရမှာပဲ ‌မင်းတို့ကောင်တွေ ခိုင်းချင်တာခိုင်းကွာ ငါသေရင် သေပါစေ အကုန်လုပ်မယ် ”
တက်ပုသည် သူ၏ဘဝကိုတွေးမိပြီး ဒေါ်သူဇာဆိုသည့် စုန်းမအိုကြီးကို စိတ်နာလာသည်။ခေါ်မွေးသည်ဆိုတာ ကျွန်ပြုဖို့အတွက်သက်သက်ဟု သူ တွေးမိသည်မှာကြာပြီဖြစ်သည်။သို့ပေမဲ့ အကြောက်တရားကြောင့်သာ မလွန်ဆန်နိုင်ခြင်းဖြစ် ၏။ယခုတော့ သူ၏ရှေ့တွင် စူးရှသောမျက်ဝန်းပိုင်ရှင်လူငယ်လေးသုံးယောက်တို့ကြောင့် သူ ကြောက်စိတ်များကင်းလာပြီး ထိုသို့ပြောလိုက်ခြင်းဖြစ်၏။ထိုအခါ မောင်ဘိုးထင်တို့သည် ပြုံးရွှင်စွာ မတ်တတ်ရပ်လိုက်ပြီးနောက် ပေတူးမှ စကားဆိုလိုက်သည် ။
“ကိုတက်ပုရာ ခင်ဗျား အသက်ပေးစရာမလိုပါဘူး ဘဝပဲ ပေးရမယ် ”
“ဘယ်လိုကြီးလဲကွ”
“ခင်ဗျားရဲ့လူပျိုဘဝလေးကို မဝေမာဆီပေးရမယ်လို့ပြောတာဗျာ ”
“ဟာကွာ မင်းတို့က အဲ့လောက်တောင်သေချာနေတာလား ”
“လာ ကျုပ်ပြောပြမယ် ”
မောင်ဘိုးထင်တို့သုံးယောက်မှာ သူတို့၏အစီအစဉ်များကို ကိုတက်ပုအား ပြောပြနေရော ကိုတက်ပုခင်ဗျာ မျက်နှာကြီးပြုံးဖြီးပြီး ခေါင်းတညိတ်ညိတ်နှင့် သဘောကျနေပါလေတော့ သည်။
အခန်း (၇)
စုန်းမကြီး ဒေါ်သူဇာမှာ ညစ်ထေးထေးအဝတ်စားတို့ကို၀တ်ဆင်ကာ ညစ်ပတ်သောမိန်းမအိုကြီးဖြစ်သည်။သူမသည် ကျင်ကြီးကျင်ငယ်ကိုပင် အိမ်ပေါ်၌ အိုးဖြင့် စွန့်သူဖြစ်ပြီး တက်ပုအား အစေခံတယောက်ပမာ ခိုင်းစေသူလည်းဖြစ်၏။ယခု တက်ပုသည် ဒေါ်သူဇာ၏အိမ်ကြီးပေါ်သို့ တက်လာရာ ပက်လက်ထိုင်ခုံတွင်ထိုင်နေသော ဒေါ်သူဇာမြင်ပြီး ခက်ထန် သောလေသံဖြင့် စကားဆိုလေ၏ ။
“တက်ပု ငါမခေါ်ပဲ ဘာလို့ရောက်လာတာလဲ ရောက်လက်စနဲ့တော့ ဟိုအိုးလေးသယ်ပြီး ရေဆေးခဲ့စမ်း”
“ထွီး စုန်းမအိုကြီး ညစ်ပတ်လိုက်တာ ခင်ဗျားဟာတွေ ခင်ဗျားဘာသာ သွားသွန် မသွန်ချင်ရင် မော့သောက်ပစ်လိုက် ခင်ဗျားက စုန်းဆိုတော့ အဲ့တာတွေ ကြိုက်ရင်ကြိုက်မှာ ”
တက်ပု၏ခပ်ရွဲ့ရွဲ့စကားကြောင့် ဒေါ်သူဇာ မျက်လုံးများ နီရဲ လာကာ တက်ပုအားကြည့်ပြီး
“ခွေးပစ်တဲ့ဒုတ်လောက်အကောင်က ငါ့ကို အာခံနေတယ် နင့် လိုကောင်ကို အစိမ်းလိုက်ဝါးစားပစ်လိုက်ရ”
“လာစားလေ မစားနိုင်ရင် အရိုးမပါတဲ့ဟာနဲ့ ခင်ဗျားကို ထိုးမှာနော် ”
“နင် နင် တော်တော် မိုက်ရိုင်းပါလား”
“ရိုင်းတယ်ဗျာ ရိုင်းတော့”
တက်ပု ကြမ်းချေပြီတကား စုန်းမကြီး ဒေါ်သူဇာအား ငါနဲ့ကိုင်တုတ်နေပြီဖြစ်၏။ဆဲရေးတိုင်းထွာရာနေရာ အရပ်နှင့်မလိုက်အောင် ပျစ်ပျစ်နစ်နစ်ဆဲဆိုနေသောတက်ပုအား အိမ်ကြီး ၏အပေါက်ဝမှရပ်ကြည့်ရင်း မောင်ဘိုးထင်တို့တယောက်နှင့် တယောက် အသံခပ်တိုးတိုးနဲ့ စကားပြောနေကြ၏ ။
“ဘိုးထင် တက်ပုက စုန်းမကြီးကိုကြောက်ခဲ့လို့သာပဲ မကြောက်များမကြောက်လို့ကတော့ စုန်းမကြီးကို ဝါးစားပစ်မလားပဲ ”
“ရင်တွင်းဖြစ်တွေလေကွာ သူကြိတ်ပြီး ခံစားခဲ့ရသမျှ အကုန်အံထွက်လာပြီး ငါနဲ့ကိုင်တုတ်နေတာ ”
“နေပါဦး အရိုးမပါတဲ့ဟာဆိုတာက ဘာပြောတာတုန်းကွ”
သာအေးမှ သူတွေးနေသည်ကို မောင်ဘိုးထင်နှင့် ပေတူးအားမေးလိုက်ရာ သူတို့နှစ်ယောက်‌လည်း သာအေးကိုသေချာကြည့်ကာ
“ခွီးတဲ့မှာပဲ မင်းဆိုတဲ့ကောင်က ကြက်ပဲ မွေးတဲ့ကောင် ဘာဖြစ်ဖြစ်ပေါ့ ကိုတက်ပု အိမ်ပေါ်ကို ဆဲပြီးတက်သွားတာ ဟိုက ဂုတ်ချိုးပစ်မှဖြင့် ခက်နေဦးမယ် ”
မောင်ဘိုးထင်တို့သည် ပြောပြောဆိုဆိုအိမ်ပေါ်သို့ တက်လိုက်ကာ တက်ပု၏အနောက်တွင်ရပ်လိုက်ကြသည်။ထိုအခါမှ ဒေါသအလိပ်လိပ်ထွက်နေသော ဒေါ်သူဇာသည် မောင်ဘိုးထင်ကိုကြည့်ကာ လေသံမာမာနှင့် ပြောလေသည်။
“ဪ ငါ့ကျွန် ပြန်ခံကိုက်နေတာ ထူးဆန်းနေလို့ နင်တို့ မြှောက်ထားတာကိုး ကဲ တက်ပု နင့်ဒဏ်နင်ခံစမ်းဟဲ့ ”
ဒေါ်သူဇာသည် တက်ပုကိုကြည့်ကာ ကြမ်းပြင်အား ဖနောင့်နှင့် ပေါက်လေသည်။တချက်ပေါက်သည်နှင့် တက်ပုသည် ကြမ်းပြင်တွင် ခွေကျသွားသည်။ထိုအခါ ဒေါ်သူ‌ဇာမှ ဟားတိုက်ရယ်မောလိုက်ပြီး
“သေစမ်း တက်ပု ခွေးပစ်တဲ့တုတ်လောက်ကောင်က ငါ့ကို”
သူမ၏စကားမဆုံးသေးခင် တက်ပုသည် ပြုံးထေ့‌ထေ့ဖြင့် မတ်တတ်ထရပ်လာကာ
“ခွေးမကြီး ဝမ်းသာအောင် လေလည်ပြလိုက်တာ ဒါနဲ့ တယ်ပျော်နေပါလား”
“နင် နင်ဘာမှ မဖြစ်ဘူး ”
“ဖြစ်မလား ကျုပ်ကောင်တွေက ခင်ဗျားထည့်ထားတဲ့ အပင်းကို ထုတ်ပေးပြီးပြီ ”
“ဟင် နင် နင် ”
တက်ပုသည် အောင်နိုင်သူတယောက်ပမာ မြောက်ကြွမြောက်ကြွဖြင့်ရင်ကော့လမ်းလျှောက်ပြီး စုန်းမကြီးဒေါ်သူဇာအနား တိုးကပ်သွားလေသည်။ထိုအခါ မောင်ဘိုးထင်မှ အသံတိုးတိုးဖြင့်
“ကိုတက်ပုက‌တော့ လုပ်ပြီ ဟိုက ပညာနဲ့သာမလုပ်နိုင်တာ ကိုင်ပေါက်လိုက်လို့ ဇက်ကျိုးနေမှ ဒုက္ခ ”
“အဲ့တာဆိုလည်း မြန်မြန်သွားဆွဲလေကွာ ”
တက်ပုအား ဆွဲရန်မှီတော့ပါ။အဘယ်ကြောင့်ဆိုသော် တက်ပုသည် စုန်းမကြီးအနီးရောက်သွားပြီး စုန်းမကြီး၏တံကောက် ကွေးအား သူ၏ခြေထောက်တိုလေးများဖြင့် ကန်နေသော ကြောင့်ဖြစ်၏။စုန်းမကြီးဒေါ်သူဇာသည်လည်း တက်ပုအား ပြန်လည်တိုက်ခိုက်ခြင်းမရှိပါ။အကြောင်းမှာ သူမ၏ပညာအမြင့်ဆုံးဖြင့်ထည့်ထားသောအပင်း အနှုတ်ခံရခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့် ဝေမာတယောက် အခကြေးငွေပေးပြီး ရူးအောင်ပြုစားထားသော ရတုမေအား အရှေ့တွင်ရှိသော ကောင်လေးများက ကုနိုင်ပေလိမ့်မယ် ဒီအထိရောက်အောင် လာသည် မှာ သူမအားဆုံးမဖို့သာ ဖြစ်လိမ့်မည်ဟုတွေးပြီး ပြန်လည်တိုက်ခိုက်ဖို့မလုပ်ပဲ တက်ပုတိုက်ခိုက်သည်ကို ငြိမ်ခံနေလိုက်တော့သည်။တက်ပုသည် ဒူးထောက်ကျသွားသောဒေါ်သူဇာကို စိုက်ကြည့်ပြီး
“ကဲ စုန်းမကြီး ကျုပ် ခင်ဗျားဆီမှာ မနေတော့ဘူး”
“မဟုတ်ဘူး ကိုတက်ပု ခင်ဗျား ဒီမှာနေရမယ် ”
တက်ပုသည် အနောက်မှ မောင်ဘိုးထင်၏စကားကြောင့် နားမလည်ဖြစ်ကာ နောက်သို့လှည့်ကြည့်လိုက်လေသည်။ထိုအခါ ‌ မောင်ဘိုးထင်သည် ‌ဒေါ်သူဇာကိုကြည့်ပြီး လေးလေးနက်နက် ဖြင့် စကားဆိုလေသည်။
“အမေကြီး အသက်လည်းကြီးပြီ မကောင်းတာတွေ မလုပ်ပါတော့နဲ့ ”
“ငါ ဒါမလုပ်ရင် ဘာနဲ့စားရမှာလဲ ပြော ”
“အမေကြီးသဘောတူမယ်ဆိုရင် ကဝေမြောက်စုန်းဒေါ်ညွန့်တို့နေတဲ့ ကဝေရွာကို ကျုပ် လမ်းပြမယ် ”
“ဒေါ်ညွန့်တို့နေတဲ့ကဝေရွာ ဟုတ်လား”
ကဝေရွာဟုပြောလိုက်သောအခါ စိတ်ညစ်နေသောဒေါ်သူဇာမှာ စိတ်လှုပ်ရှားလာလေသည် ။
“ဟုတ်တယ် အမေကြီးသွားမယ်ဆိုရင် ကျုပ် လမ်းပြပေးပါ့မယ် ”
“သွားချင်တာပေါ့ ဒါပေမဲ့ ငါ့ကို လက်ခံပါ့မလား”
“ဘိုးထင်က လွှတ်လိုက်တယ်သာပြော အရီးက လက်ခံလိမ့်မယ် ”
“အဲ့တာဆို ငါ သွားချင်တယ် ”
“သွားပါ ကျုပ်တို့ လမ်းညွှန်လိုက်မယ် ဒီအိမ်နဲ့ဒီနေရာကို ကိုတက်ပုကို ပေးခဲ့စေချင်တယ် ”
“ငါ့အတွက်လည်း အသုံးမလို‌တော့ပါဘူး ‌ပြီးတော့ တက်ပုကို ငါ‌ အတော်လေး နှိပ်စက်ခဲ့မိတယ် သူပဲ ရထိုက်ပါတယ် ဟိုက‌လေးမကိုပြုစားထားတာ ငါ ထုတ်ပေးဖို့ လိုမယ်မထင်ဘူး ”
“ရတယ် ဘယ်သူမှမရိပ်မိခင် ကျုပ် ထုတ်နိုင်တယ် ”
“အဲ့တာဆို ငါ သွား‌တော့မယ် ငါ့ကို လမ်းပြပါ”
ထို့နောက် မောင်ဘိုးထင်သည် သေချာ လမ်းညွှန်ပေးလိုက် ၏။လမ်းညွှန်ပြီးသွားသောအခါ ‌စုန်းမကြီးဒေါ်သူဇာသည် အိမ်ပြတင်းပေါက်မှ လွှားခနဲခုန်ချလိုက်ပြီး လင်းတကြီးအဖြစ်အသွင်ပြောင်းကာ ပျံထွက်သွားပါလေတော့သည် ။
အခန်း (၈)
မောင်ဘိုးထင်တို့သည် မင်္ဂလာဆောင်တခုတက်ရောက်နေ သည်။မောင်ဘိုးထင်တို့ဝိုင်းသို့ သတိုးသားဖြစ်သူကိုယ်တိုင် ဟင်းပွဲများချပေးနေ၍ ဖိုးထွေးမှာ မနည်းတားယူရသည်။သတို့သားမှာ ကိုတက်ပုဖြစ်ပြီး သတို့သမီးမှာ မဝေမာ ဖြစ် သည်။သူတို့နှစ်ယောက်သည် အတော်ပျော်ရွှင်နေကြရာ မောင်ဘိုးထင်တို့အဖွဲ့မှလွဲပြီး ကျန်သောသူများ အတော်အံ့ဩနေကြသည်။အများစုမှာ ကွမ်းတောင်ကိုင်လေးဝေမာသည် သူမ၏ ခါးလောက်ပင်မရှိသော ပုကွကွကိုတက်ပုကို မရပါက ရွာထိပ် ရိုးထဲခုန်ချပြီးသတ်သေမည်ပြု၍ သူမ၏မိဘများမှ ရှေ့မျက်နှာနောက်ထားပြီး မိန်းကလေးဖက်မှအကုန်ကျခံကာ မင်္ဂလာဆောင်ပေးလိုက်ခြင်းဖြစ်သည်။ရတုမေသည်လည်း လူကောင်းတယောက်ပြန်ဖြစ်သွားပြီးနောက် သူမအပေါ် မည်သို့ပင် မကောင်းကြံသော သူငယ်ချင်းဖြစ်ပါစေ အပြစ်မမြင်ဘဲ မင်္ဂလာဆောင်၌ အားကျိုးမာန်တက်ကူညီပေးလေသည် ။ထိုသို့ဖြစ်အောင်ပြုလုပ်ပေးကြသူများမှာ မောင်ဘိုးထင်တို့သာဖြစ်သည်။ပညာများလက်ဆင့်မကမ်းရသေးဘဲ သဘောတူရုံ တူထားသော ဝေမာသည် သူမအား ပညာလက်ဆင့်ကမ်းပေးမည့်ရက်ရောက်သောအခါ ဒေါ်သူဇာနေထိုင်သော တောအုပ်ဆီသို့ပြန်လာလေသည်။ဒေါ်သူဇာမရှိတော့သည်ကိုမသိသေးသောသူမအား မောင်ဘိုးထင်တို့သည် ငှက်ပျောသီးတွင် ပီယဆေးခပ်လိုက်ပြီး ဒေါ်သူဇာကျွေးခိုင်းသည်ဟုပြောကာ ကိုတက်ပု ငှက်ပျောသီးကျွေးလိုက်ရာမှ ယခုကဲ့သို့ ဖြစ်ပျက်ကုန်ခြင်းဖြစ်သည်။ဦးကဲသည် ယခုပီယဆေးကို အဆင့်မြှင့်ပြီး ထုတ်ထားသည့်အတွက် တခါခပ်ဆယ်နှစ် သတ်တမ်းရှည်မည်ဖြစ်ပြီး မောင်ဘိုးထင်တို့သည် ကိုတက်ပုအား ပီယဆေးအား နှစ်တရာစာ ပေးထားလိုက်လေသည်။ထို့အတွက် ကိုတက်ပုတယောက် ကျေးဇူးရှင်များကို တိုက်ပုံကြီးတကားကားနှင့်ပင် ဝက်သားဟင်းများကိုယ်တိုင် ခပ်ထည့်ပေးနေခြင်းဖြစ်သည်။ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် ကိုတက်ပုနှင့် ဝေမာတို့၏ မင်္ဂလာဆောင်တွင်ရှိနေကြစဉ် ပေပင်ရွာမှ နွားပွဲစားကြီးဦးသိန်းမြင့်သည် သူတို့ဆီလာပြီး စကားဆိုလေသည် ။
“မင်းတို့ကောင်တွေကတော့ နေရာတကာ ရောက်တာပဲ ”
“ဦးလေးသိန်းမြင့် မင်္ဂလာဆောင်လာတာလား”
“အေးလေကွာ ဒီအိမ်ကို ငါက နွားလဲပေးနေကြပဲ သူ့သမီးမင်္ဂလာဆောင်ဖိတ်လို့လာတာ သတို့သားကို သတိုးသမီးက တော်တော်ချစ်တာပဲကွ ဟိုမှာ ကြည့်ပါလား ချီတောင် ချီထားတာ ”
နွားပွဲစားဦးသိန်းမြင့်ပြောမှ သူတို့လည်း ကြည့်မိလိုက်ရာ ဟုတ်ပေသည်။ဝေမာမှ တက်ပုအား ချီထားလေသည်။ထိုအချင်းအရာကြောင့် ဝေမာ၏မိဘနှစ်ပါးမှာ အတော်ရှက်နေကြဟန်ရှိ၏။သူတို့ တပြုံးပြုံးနှင့် ကြည့်နေစဉ် ဦးသိန်းမြင့်မှ ထပ်မံစကားဆိုလာသည် ။
“ဟေ့ကောင်တွေ ရွာကို ပြန်ခဲ့ကြဦး ရွာမှာ နွားတွေ ပျောက်နေတာ သုံးကောင်ရှိနေပြီ သာရ မင်းတို့ နွားတကောင်လည်းပါသွားတယ်နော် ”
“ဗျာ ”
ဦးသိန်းမြင့်သည် ထိုသို့ပြောပြီး ဝေမာ၏မိဘများဆီသို့ ထွက်သွားလေသည်။ထိုအခါ မောင်ဘိုးထင်တို့သည် တယောက်မျက်နှာတယောက်ကြည့်ကာ
“နွားသူခိုး ဖမ်းစို့” ဟု ပြိုင်တူနီးပါးပြောလိုက်ကြပါလေတော့သည်”
အောက်လမ်းဘိုးထင်နှင့် စုန်းမကြီးဒေါ်သူဇာသည်ကား ဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင်နှင့် နွားသူခိုး အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
ကျ‌‌ေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်