ဆွမ်းစားပင့်သော ဝိဥာဉ်(စ-ဆုံး)
================
“အကြော်စုံ ပူပူလေး..”
“အကြော်စုံတွေ ရမယ် ငှက်ပျောကြော်၊ပုစွန်ကြော်၊ဗူးသီးကြော်၊မုန့်ဆီကြော်…ပူပူလေးတွေနော်….”
အေးကြည်မ တစ်ယောက် မနက်စောစော ရွာထဲလှည့်၍ အကြော်ရောင်းနေလေပြီ…..
မရောင်းလို့ကလည်း မဖြစ်။
ကလေးသုံးယောက်က ရှိသေးသည်။
အကြီးဆုံးမှ ကိုးနှစ်သားအရွယ်သာ ရှိသေး၍ အားကိုး၍ မရသေး
ယောင်္ကျားဖြစ်သူမှာလည်း အမြဲသောက်စား မူရူးနေ၍ သူရှာစာနှင့် သူပင်မလောက်ငှချေ။
မိသားစုကိုသာ ရှာမကျွေးတာ မူးပြီးအိမ်ပြန်လာလျင် ရစ်ချင်သေးသည်။
ဒါမျိုးတော့ ဘယ်ရမလည်း
အေးကြည့်မပဲ။
ရစ်လို့ကတော့ နရင်းတွေလိမ့်တီးတာ။ပြန်ခံလုပ်ရင် ဖက်လုံးပြီး အောင်လ ကိုင်နည်းကိုင်ပစ်တာ။
ခုတော့ မူးလာလည်း အရင်လို မရမ်းရဲတော့။
အေးကြည်မ အစကတည်းက ခပ်စွာစွာရယ်။
လူကလည်း ထွားထွားကျိုင်းကျိုင်း အားကလည်းသန်ပ။ယောင်္ကျားတွေနဲ့ ယှဉ်ပြီး စပါးထမ်းလာတာ။
သဘောကလည်းကောင်းသလားမမေးနဲ့။ဆင်းရဲတာက ဆင်းရဲတာပဲ။လမ်းကြုံလာလို့ ကြိုက်တဲ့သူ ထမင်းဝင်စား ။သူငတ်ရင် ငတ်ပါစေ စေတနာ အပြည့်နဲ့အကုန်ချကြွေးတာ။
အဲလိုမျိုးဗျ
အကြော်ရောင်းတော့လည်း ကြိုက်သလောက် အကြွေးစား။ပေးပြီးသားပဲ။ဒါပေမယ့် ချိန်းတဲ့နေ့တော့ သူအကြွေးကိုပေး၊ မပေးလို့ကတော့ အေးကြည်မတို့ ပွဲကြမ်းပြီသာမှတ်။ပါးစပ်ကလည်းကြမ်းသလားမမေးနဲ့။
လူတိုင်းက သူကို ချစ်ကြသလို သနားလည်း သနားကြတယ်။အဲ…သူပါးစပ်ကို ကြောက်ကြတယ်။အပြောကြမ်းတာကိုးဗျ။
ဒါကြောင့် သူ့ကို ဘယ်သူမှ မဟုတ်တာ မလုပ်ရဲဘူး။သူကလည်း ဝတ်တာစားတာ နေတာထိုင်တာ ခပ်ကြမ်းကြမ်းရယ်။
အမြဲတမ်း ဖြစ်ကတတ်စမ်း နေတတ်တယ်။
ဟင်းချက်ကတော့ တကယ်ကောင်းတာနော်။
သူ့အကြော်တွေများ ကြွပ်ရွပြီး စားကောင်းတာ တစ်ရွာလုံးကြိုက်ကြတယ်။
ခုလည်းကြည့်ဦး အကြော်ထွက်ရောင်းနေတာ။
“ဒေါ်လေးရေ အကြော်စုံ၊ဦးလေး အကြော်စုံပါတယ်လေ အရီးသန်း အကြော်စုံ စားပါဦး”
“အေးဟဲ့..အေးကြည်မ လာပါဦး..ဘာကြော်တွေပါလည်း”
“အစုံပဲ အရီးသန်းရေ ကြိုက်တာသာ စားပေတော့”
“ငါ့ကို ငှက်ပျောကြော တစ်ခုပေးဟယ်”
“တစ်ခုထဲလား အရီးသန်းရဲ့”
“အေးလေဟယ် ငါ့မှာ ပိုက်ဆံရှိတာမဟုတ်ဘူး အဲဒီ အကြော်တစ်ခုဖိုးပဲ ရှိတာ”
“အရီးသန်းကလည်း ပြောရမယ့်သူတွေ ကျနေတာပဲ ယူထားလိုက် ကလေးတွေ အလုပ်က ပြန်လာမှပေး”
“ရပါတယ်ဟာ ငါလည်းနင့်အားနာတယ်”
“ရပါတယ် အရီးသန်းကလည်း စားချင်တာသာ ယူထား ဟုတ်ပြီလား”
“အေးပါဟယ် အဲဒါဆိုလည်း အစုံသာထည့်ပေး ညနေ ကလေးတွေ အလုပ်ကပြန်လာရင် သွားပေးခိုင်းလိုက်မယ်”
“ဟုတ်ကဲ့ပါ အရီးသန်းရယ် ပြောရမယ့်လူတွေ ကျနေတာပဲ ဒီမှာတစ်ခု အပိုပေးထားတယ်”
“အေး အေး ကျေးဇူးပါပဲဟယ်”
“ကဲ သွားမယ် အရီးသန်းရေ “
အဲလိုမျိုး အေးကြည်မဆိုတာက…….
ယောင်္ကျားက အားမကိုးရတော့ သူတစ်ယောက်ထဲ သားသမီးတွေကို အကြော်ရောင်းကျွေး၊လယ်ထဲမှာ ကောက်စိုက်ချိန်၊ကောက်ရိတ်ချိန်တွေဆို နေ့စားလိုက် ပင်ပင်ပန်းပန်း ရှာကျွေးနေတာ။
ကြာတော့ သူလည်း ဘာသားနဲ့ ထုထားတာမှတ်လို့။
စိတ်က မာပေမယ့် လူကတော့ မတတ်နိုင်တော့ဘူး။
အချိန်ပြည့် ပင်ပန်းနေတော့ ကျန်းမာရေးက ဖိစီးလာရော။
သူဖြစ်တာက ဘယ်လို ပြောရမလည်းတော့ မသိဘူး။အစားအသောက် အမှန်လို့ပဲလား ပင်းပန်းလွန်းလို့ပဲလားတော့မသိဘူး။
အစပိုင်းမှာ ဗိုက်ထဲက အောင့်တောင့်တောင့်ဖြစ်တယ်။
အဲတာလည်း ပေကပ်ပြီး အလုပ်လုပ်နေတာပဲ။ဟိုဆေးလေး သောက်လိုက် ဒီဆေးလေးသောက်လိုက်ပေါ့။
နောက်တော့ မသက်သာတဲ့အပြင် ဗိုက်ကပါ ပူလာတာ။
ကြုံရာဆေးမြီးတိုလေးတွေနဲ့ ကုနေရင်း ပိုပိုဆိုးလာပြီး အိပ်ရာထဲကကို မထနိုင်တော့ဘူး။
အဲဒီတော့ သူ့ယောင်္ကျားက သူမမိဘတွေဆီ ပြန်ပို့ပေးတယ်။
အေးကြည်မရဲ့ အဖေက ပယောဂဆရာ ဆရာတိ။
သူက ပယောဂသာ နိုင်တာ။ ဆေးဝါးအကြောင်းတော့ သိပ်မကျွမ်းကျင်လှဘူး။
သူသမီးကို တတ်သလောက် မှတ်သလောက်တော့ ကုပေးတာပဲ။
နောက်ဆုံးတော့ မရတော့ဘူး။ဆေးရုံ ဆေးခန်းပို့ဖို့ပြင်ရတော့တယ်။မြို့နဲ့ကလည်းဝေးပြီး လှေတွေတက်တွေနဲ့ သွားရမှာ။
အဲလိုနဲ့ ညီကိုမောင်နှ အမျိုးတွေစု တိုင်ပင်ပြီး မြို့ဆေးခန်းသွားပြကြတယ်။
ဆရာဝန်က စမ်းသပ်ပြီး ဆေးထိုးပေးတယ်။ပြီးတော့ စားဆေးနည်းနည်းပေးပြီး ပြန်ခေါ်သွားခိုင်းတယ်။
တခြားဘာမှ တော့မပြောတော့ဘူး။
ဆရာဝန်က ပြန်ခေါ်ဆိုတော့လည်း ပြန်ခေါ်လာကြတာပေါ့။
ရွာပြန်ရောက်တော့ ညနေစောင်းနေပြီ။အေးကြည်မကတော့ မသက်သာတဲ့အပြင် ပိုပိုဆိုးလာတယ်။
အဲဒီည မှာပဲ အေးကြည်မတစ်ယောက် ဆုံးပါးသွားခဲ့တယ်လေ။
အားလုံး ဝမ်းနည်းပူဆွေး ငိုကြွေးကြတာပေါ့။
ဆရာတိကတော့ ဆရာပီပီပဲ ဆရာပီသတယ်။
ရင်ထဲဝမ်းနည်းတာကို အပြင်ထုတ်မပြဘူး။
ခပ်တည်တည်ပဲ။ပူဆွေးနေလို့လည်း သေသူက ပြန်ရှင်လာမှာမှမဟုတ်ပဲ။
နာရေးကိစ္စ လုပ်ကိုင်ဖို့ ရှိသေးတယ် မဟုတ်လား။
အဲဒါနဲ့ ရွာထဲကလူကြီးတွေနဲ့ လုပ်ကိုင်ရမယ့် ကိစ္စတွေတိုင်ပင်ကြတယ်။
“ကိုတင်ရွှေရေ သမီးနာရေးအတွက် သက်ပျောက်ဆွမ်းကပ်ဖို့ ဆရာတော်တွေ သွားပင့်ရဦးမယ် မနက်တော့ ရွာကဆရာတော် ပင့်ပြီး သက်ပျောက်ဆွမ်း ကပ်ကြတာပေါ့ နောက်ရက်တွေလည်း နေ့တိုင်း ဆွမ်းကပ်တရားနာကြမယ်အဲဒီတော့ ဒီကလူတွေက ရွာကျောင်း ဆရာတော်ကို သွားလျှောက်ကြပါစေ…
ကျွန်တော်နဲ့ ကိုတင်ရွှေက ကကရံကျောင်း ဆရာတော်ကို သွားပင့်ကြမယ်”
“အေး ရတယ်လေ အတိ မင်းနဲ့ငါ မနက် ကကရံကို လှေနဲ့သွားပြီး ဆရာတော်ကို သွားပင့့်ကြမယ် လှေလှော်ဖို့ ကောင်လေးတစ်ယောက်လောက် ခေါ်သွားတာပေါ့”
“ဟုတ်ကဲ့ ကိုတင်ရွှေ သားငယ်ပဲ ခေါ်သွားလိုက်မယ်”
“အေး အဲဒါဆိုလည်း စီစဉ်စရာ ရှိတာတွေ စီစဉ်ထားရအောင်”
ဆရာတိ တစ်ယောက် ယောက်ဖ အကြီးဆုံးဖြစ်သူ ကိုတင်ရွှေနဲ့ တိုင်ပင်ပြီး မနက် ကကရံကျောင်းဆရာတော်ကို သွားပင့်ဖို့ စီစဉ်လိုက်တယ်။
မနက်ရောက်တော့ သူရယ်၊သူ့ယောက်ဖရယ်၊သူ့သားငယ် သန်းဇော်ရယ် သုံးယောက် လှေတစ်စီးနဲ့ ဘုန်းကြီးပင့်ဖို့ထွက်လာကြတယ်။
ရွာနဲ့ ကကရံဆိုတာက တော်တော်လေး လှမ်းသား လှေနဲ့ဆို အနည်းဆုံး ၂ နာရီလောက်သွားရမယ်။
ဟိုရောက်တော့ လှေကို ကျောင်းဆိပ်မှာကပ်ပြီး ကျောင်းပေါ်တက်လာကြတယ်။
ဆရာတော်က တရားစာအုပ်ဖတ်ရင်း သူတို့ကိုမြင်တော့မော့ကြည့်တယ်။
ဆရာတိကို သူသိတယ်လေ။ဆရာတိကလည်း အဲနယ်တကြောနာမည် ကြီးမဟုတ်လား။
“ေဩာ် ဆရာတိလည်း ထပ်လာပြန်ပြီလား..ကျုပ်မမေ့ပါဘူးဗျ….သတိရပါတယ်”
ခရီးရောက်မဆိုက် ဆရာတော်ပြောလိုက်တဲ့ စကားကြောင့် သူတို့ကြောင်သွားတယ်။ပြီးတော့မှ ဆရာတော်က ဆက်ပြောတယ်…
“အေးကြည်မ ဆိုတာ ဆရာတိ သမီးမဟုတ်လား”
“တင်ပါ့ ဘုရား”
အေးကြည်မ ဆုံးတာ ဆရာတော်ဘယ်လိုသိတာပါလိမ့်လို့ စဉ်းစားနေမိတယ် ခုလာပင့့်တာကို ကြိုသိနေသလို့ပဲ။အေးကြည်မကလည်း ညကမှဆုံးသွားတာရယ်။ဆရာတော် အကြားအမြင်တွေများ ရနေပြီလားလို့ တွေးလိုက်မိတယ်။
“အေးလေ ဆရာတိရဲ့ မနေ့ကပဲ အေးကြည်မက သူ့အဖေ ဆရာတိ အိမ်ကို ဆွမ်းစားကြွဖို့ လာပင့်သွားတယ်လေ..ခုဘာဖြစ်လို့တုန်း….သူကတောင် ပြောသွားသေးတယ် ဆရာတော် အရမ်းကြိုက်တဲ့ မုန်ဟင်းခါးဆွမ်း ကပ်မှာပါတဲ့”
“တင်ပါဘုရား ဆရာတော်ကိုတော့ လာပင့်တာပါပဲ ဒါပေမယ့် ဆွမ်းကပ်ရုံ လာပင်တာမဟုတ်ဘူး ဘုရား အဲဒီ အေးကြည်မရဲ့ နာရေးအတွက် လာပင့်တာပါ ဘုရား”
“ဟေ……..”
ဆရာတော် အံ့သြပြီး လက်ထဲက တရားစာအုပ်တောင် လွတ်ကျကာနီးပဲ….
“ဘယ်လို ဒကာကြီး အေးကြည်မ ဆုံးသွားတာလား ဘယ်လိုဖြစ်တာတုန်း မနေ့က ဆွမ်းစားလာပင့်တုန်းကတောင် အကောင်းကြီးရယ်”
“သူ မကျန်းမာတာ ကြာပါပြီဘုရား အိပ်ရာထဲကကို မထနိုင်တာပါ မနေ့က မြို့ဆေးခန်းသွားပြီး ပြန်လာတော့ ညက ဆုံးသွားတာပါဘုရား”
“ဟေ……..”
ဆရာတော် အံ့ဩလွန်းလို့ “ဟေ”တစ်ခွန်းပဲ ပြောနိုင်တော့တယ်….
“အဲဒါ မနက်ကို ဆရာတော် ကြွခဲ့ဖို့ လာပင့်ကြတာပါဘုရား”
ဆရာတော် လည်းကြောင်သွားတာလားမသိ ဘာမှပြန်မပြော ခဏနေမှ….
“ေဩာ်…အေ..အေ… ကြွလာရမှာပေါ့”
“တင်ပါ့ဘုရား…အဲဒါဆို တပည့်တော်ပြန်ပါဦးမယ်ဘုရား…အိမ်မှာလည်း စီစဉ်စရာလေးတွေ ရှိသေးလို့ပါဘုရား”
“အေးအေး ဒကာကြီး ကောင်းပြီ”
ဆရာတိတို့ သုံးယောက် အတွေးကိုယ်စီနဲ့ပြန်လာခဲ့ကြတယ်။
အေးကြည့်မက ဆရာတော်ကို မနေ့က ဆွမ်းစားသွားပင့်တယ်ဆို့တော့……
မနေ့က မြို့မှာ အေးကြည့်မ ဆေးသွားပြတဲ့အချိန်ပဲ။
ဒါ ဘယ်လိုဖြစ်တာလည်း ဆရာတော်ကတော့ လိမ်ပြောမှာမဟုတ်ဘူး။
သူ့ဝိဥာဉ် သူမသေသေးပဲ လွင့်သွားပြီး ဆရာတော်ကို ဆွမ်းစားသွားပင့်တာလား။
သူ ဘယ်လိုမှ စဉ်းစားလို့မရတော့။
ရွာအမြန်ပြန်ပြီး သူ့သမီးအေးကြည့်မ ဆရာတော်ကို ပြောခဲ့သလို့ မုန့်ဟင်းခါးဆွမ်းကပ်ဖို့ အမြန်စီစဉ်ရဦးမယ် မဟုတ်လား။
ပြီးပါပြီ
===========