ဇော်ဂျီ နှင့် သူယောင်

*ဇော်ဂျီ နှင့် သူယောင်*📖📖📖

***************************************

တောကြီးမျက်မည်း တစ်နေရာ။ တဖြောင်းဖြောင်း တောခုတ်သံ၊ တရှဲရှဲ တောတိုးသံများစွာက အပေါ်ရော အောက်ခြေပါ ရှုပ်ထွေး စိမ်းမြနေသည့် စိမ့်တောကြီးအတွင်း၌ မှန်မှန်ထွက်ပေါ်နေ၏ ။ ရှင်းလင်းလာကြသူများကား ဘီလူးတပ်သားများဟု လူသိများသော ကင်းတပ်တစ်တပ် ဖြစ်သည်။
လူ ၅၀ ကျော်ပါသော ယင်းတပ်သည် နောက်တပ်များနှင့် တစ်စခန်းမျှ ကွာသည်အထိ နယ်ကျွံနေခဲ့ကြ၏ ။ ပဲခူးရိုးမ မှ အဆင်း တောကြီးအတွင်း လမ်းပျောက်ကာ မျက်စိလည်နေကြခြင်းလည်း ဖြစ်သည်။ သို့ရာတွင် သူတို့သည် တောကို ခုတ်ထွင်ရှင်းလင်းကာ တည့်တည့်သွားနေကြပြီး မူလလမ်းကြောင်းအား ပြန်တွေ့ရလျင် ခရီးတိုသွားလိမ့်မည်ဟု မျှော်လင့်ထားကြ၏ ။
ရုတ်တရက် ရှေ့ဆုံးမှ ခုတ်ထွင်နေသူ ရပ်တန့်သွားသလို အနောက်မှ ပါလာသူများလည်း တစ်ယောက်ပြီးတစ်ယောက် အသံတိတ်သွားကြလေသည်။ သူတို့ရှေ့ဝယ် ကွင်းပြင်တစ်ခု၊ ချုံနွယ်ထူထပ်စေးပျစ်လှသော ဤနေရာမျိုး၌ သဘာဝကွက်လပ်မဟုတ်သော ​ကွင်းပြင်တစ်ခု တည်ရှိနေ၏ ။ စိမ်းလန်းသော မြက်ပင်များကြားမှ ကျောက်တုံး ကျောက်တိုင်များကထိုးထိုးထောင်ထောင် ပြာပြာမှိုင်းမှိုင်း။
သူတို့သည် မြေကွက်လပ်ကို မြင်၍ ရပ်သွားကြခြင်းမဟုတ်၊ မြေကွက်လပ်အလယ်မှ လူတစ်ဦးကို မြင်လိုက်ကြရသဖြင့် တိတ်ဆိတ်ငြိမ်သက်သွားကြခြင်း ဖြစ်လေသည်။ ထိုသူသည် သင်္ချိုင်းဟောင်းတစ်ခုဟု ယူဆရသည့် မြေကွက်လပ်၏ အလယ်၌ ခြေထောက်တစ်ချောင်းကို ထောက်လျက်၊ အခြားခြေက ထောက်ထားသည့် ဒူးကို ကန်လျက် အနေအထားဖြင့် မတ်တပ်ရပ်နေ၏ ။
အညိုရင့်ရင့် အဝတ်စနှစ်ခုဖြင့် ခန္ဓာကိုယ်ကို သိုင်းပတ်ထားပြီး ကျောက်တိုင်တစ်ခုပေါ် မတ်မတ်ရပ်ကာ နေကို ရှိခိုးနေခြင်းလည်း ဖြစ်သည်။ ထူးခြားလှသော မြင်ကွင်းကြောင့် ရဲမက်အားလုံး ကြောင်ငေးနေကြလေသည်။
“အသင် ဘယ်သူလဲ”
စစ်သည်များကြားမှ အသံထွက်လာသည်။ နေကို ရှိခိုးနေသူက စောင်းငဲ့ကြည့်ရာ တုတ်ရှည်ကိုင်စွဲထားသူတစ်ဦး ခမောက်ချွတ်လိုက်သည်ကို မြင်ရ၏ ။
“ငါ ယောဂီ ဖြစ်သည်”
“ဘာယောဂီလဲ”
“ဂန္ဓာရီယောဂီ”
“သြော်”
ဇော်ဂျီဖြစ်သည်ဟု ဆိုလိုကြောင်း မေးသည့်စစ်သည် သဘောပေါက်လိုက်၏ ။
“စူဠဂန္ဓာရီလား”
“မှန်၏”
စစ်သည်က ရှေ့တိုးကာ မြေကွက်လပ်ထဲ ဝင်မည်ပြုသည်။ နေကို ရှိခိုးနေသူ၏ လက်မှ သံလျက်တစ်လက် ရုတ်တရက် ပေါ်လာပြီး သူ့ဘက် ညွှန်ကာ
“သင် မဝင်နှင့်။ မည်သူမျှ ဝင်ခွင့်မရှိ”
ဟု ဆိုလိုက်သည်။ စစ်သည်က လက်နှစ်ဖက် ဖြန့်ပြကာ သူ့လူများကို လှည့်ကြည့်သည်။ ထို့နောက် ဘေးမှ ပတ်သွားကြရန် လက်ဟန်ပြလိုက်ပြီး သူကိုယ်တိုင်လည်း မြေကွက်လပ်ကို ကွင်းရှောင်ကာ ချုံပင်များကို နင်း၍ ပတ်သွားနေသည်။ သုဿာန်မြေဟောင်းအား ကျောခိုင်းမိကြစဥ်
“အသင် လက်ျာဘီလူး”
စစ်သည် လှည့်ကြည့်ရာ နေဘက် မျက်နှာမူ လက်အုပ်ချီထားသူသည် သူ့ကို လှမ်းကြည့်နေပြီး
“သင်တို့ ငါ့ကို မြင်ခဲ့ပြီ။ ငါ့တွင် အန္တရာယ်ကျရောက်လာနိုင်သည်။ ဤနေရာကို မြင်ခဲ့ကြောင်း မည်သူတစ်ဦးတစ်ယောက်မှ မသိစေရဟု ကတိပေးပါ”
လက်ျာဘီလူးက သူ့လူများကို ဝေ့ကြည့်သည်။ အားလုံး ရပ်တန့်လျက် သူတို့ကို ပြန်ကြည့်နေကြ၏ ။ လူ ငါးကျိပ်ကျော်၏ နှုတ်ကို သူ အာမမခံနိုင်၊ ထို့ကြောင့် ဘာမှ မပြောတော့ဘဲ လှည့်ထွက်သွားသည်။
“သယ်”
ဇော်ဂျီထံမှ ပြင်းထန်ကျယ်လောင်သော အသံ ထွက်လာသည်နှင့် သူ့လူများသည် ဝုန်းခနဲ စုဝေးရောက်ရှိလာကြပြီး ဓားလှံတင်ကျည်းတုတ် လက်နက်များကိုလည်း အသင့်ကိုင်ဆောင်ကာ သူတို့ခေါင်းဆောင်ကို ကာပြီး ဖြစ်နေသည်။ ဇော်ဂျီသည် လက်ျာဘီလူးအား သန်လျက်ဖြင့် ညွှန်ထားလျက်
“သင်တို့ ဘေးတွေ့တော့မည်၊ နောက်တစ်နေ့ မလွန်မီပင်…”
စကားမဆုံးမီ လက်ျာဘီလူး လက်ထဲမှ နှစ်ဖက်ချွန် တင်ကျည်းတုတ်ရှည်က ပျံထွက်လာသဖြင့် ဇော်ဂျီသည် သန်လျက်ကို အပေါ်ထောင်ကာ မြောက်တက်သွား၏ ။ လေထဲမှ နေရင်း
“ငါ့ကို ကျူးလွန်စော်ကားရဲသပေါ့”
လက်ျာဘီလူးက နောက်ထပ် တုတ်ရှည်တစ်ချောင်း ဆွဲယူလိုက်သလို တပ်သားများထံမှလည်း လှံလျင်တင်ကျည်းများ လွင့်ဝဲလာသဖြင့် ဇော်ဂျီ ပျံတက်သွားရသည်။ သစ်ပင်များနှင့် ကွယ်နေ၍ မည်သည့်အရပ်သို့ ရောက်သွားသည်ကိုမူ မမြင်ရ။ လက်ျာဘီလူးက သူ့လူများအား သတိဝီရိယ မပြတ်စေရန် မှာကြားထားလိုက်လေသည်။
ထိုညက တောကြီးအတွင်း ညီညာပြန့်ပြူးသော တစ်နေရာ၌ စခန်းချကြ၏ ။ ထောင့် လေးထောင့်တွင် မီးပုံကြီးလေးပုံ ဖိုကာ တပ်သား ၄ ယောက်စီ အလှည့်ကျ စောင့်ကြပ်နေစေ၏ ။ ကျန်သူများလည်း လက်နက်ကို ကိုယ်နှင့် မကွာစေရ၊ အစောင့်များမှာ လောက်လေးတစ်လက်စီကိုင်ကာ ပစ်ခတ်ရန် အသင့် ဖြစ်နေရသည်။
အားလုံး နေရာကျသွားသောအခါ မအိပ်မီ တပ်သားများက မေးကြ၏ ။
“တပ်မှူး.. ယောဂီ ဆိုတာ ဝိဇ္ဇာဓိုရ်ကို ပြောတာလား”
“ဇော်ဂျီ လို့ ပြောတာကွ၊ ကျင့်ကြံအားထုတ်ဆဲပေါ့။ ဝိဇ္ဇာဓရ ပေါက်မြောက်ကျွမ်းကျင်အောင်မြင်သူ မဖြစ်သေးဘူး ထင်တယ်”
“တပ်မှူးက ဘယ်လိုလုပ် သိလဲ”
“ငယ်ငယ်က ပေမူတစ်ထုပ်မှာ ဖတ်ဖူးတာပဲ။ ဝေဒဝိဇ္ဇာ( ဗေဒင် ၄-မျိုး တတ်ကျွမ်းသူ )၊ မန္တဝိဇ္ဇာ (လက္ခဏာကျမ်း၊ နိမိတ်ကျမ်း၊ ဂါထာ မန္တရား၊ ဆေး အမျိုးမျိုး တတ်ကျွမ်းသူ)၊ ဂန္ဓာရီ ဝိဇ္ဇာ (သိဒ္ဓိ အမျိုးမျိုးပေါက်သော ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာ အမျိုးမျိုး)၊ လောကိယဝိဇ္ဇာ (လောကီစျာန်ရ ပုဂ္ဂိုလ်)၊ အရိယာဝိဇ္ဇာ (အရိယာပုဂ္ဂိုလ် ၈-မျိုး ) ဆိုပြီး ဝိဇ္ဇာငါးမျိုး ရှိတဲ့အထဲမှာ ပထမသုံးမျိုးက လောကီ၊ နောက် နှစ်မျိုးက လောကုတ္တရာ ဝိဇ္ဇာဓရပုဂ္ဂိုလ်တွေပေါ့ကွာ။
လောကီဝိဇ္ဇာတွေထဲမှာ ဂန္ဓာရတိုင်းသားတွေ ကျင့်တဲ့အတတ်တွေ ပေါက်မြောက်သူတွေကို ဂန္ဓာရီဝိဇ္ဇာ လို့ ခေါ်တာ။ လောကီဝိဇ္ဇာတွေကို စူဠဂန္ဓာရီ၊ လောကုတ်ကို မဟာ လို့ ခေါ်ကြတယ်။ သူက အဲဒီ လောကီလမ်း လိုက်နေသူတစ်ယောက်ပဲ”
“ပြဒါးဝိဇ္ဇာလား ဆေးဝိဇ္ဇာလား.. သူ့ပုံက”
“သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ ထင်တာပဲ။ ပြဒါးကို သိဒ္ဓိသွင်းတဲ့ ပြဒါးဝိဇ္ဇာလည်း ဖြစ်ချင်ဖြစ်မယ်။ သေချာတာကတော့ သူက သန်လျက်ဝိဇ္ဇာပဲ။ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာ အမျိုးအစားတော့ မဟုတ်နိုင်ဘူး”
“ကျုပ်တို့ကို အန္တရာယ်ပြုလိမ့်မယ် ထင်တယ်”
“အင်း၊ သတိမလွတ်စေကြနဲ့။ ကိုင်း.. အိပ်စို့”
လူခွဲ အိပ်ရာဝင်လိုက်ကြ၏ ။ လက်ျာဘီလူး တစ်ရေးနိုးလာသောအခါ သူ့လူများ သိသိသာသာ လျော့နေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ မအိပ်မီ ပဋ္ဌာန်းရွတ်၍ အိပ်ခဲ့သော်လည်း ယခုမူ မည်သည့် အသံမှ မကြားရဘဲ လူပေါင်းများစွာ ပျောက်နေ၍ သူ အံ့သြသွား၏ ။ ထောင့်လေးထောင့်မှ အစောင့်များလည်း တစ်ဦးတစ်ယောက်မှ မရှိကြတော့။
မီးပုံများသည် သေလုလု၊ မီးကျီး နီနီရဲရဲများသာ မြင်နေရလေပြီ။ အသံမကြားလိုက်ရဘဲ စစ်သည်များ မည်သို့ ပျောက်သွားကြသနည်း။ သူသည် ကျန်သည့် လူအနည်းငယ်ကို နှိုးကာ မီးထည့်စေပြီး ပျောက်သောသူများအား ရှာရန် စီစဥ်ရတော့သည်။
“လူတိုင်းစေ့ မီးတုတ်နဲ့ လက်နက် ကိုင်ပြီး သတိကြီးကြီးထား ရှာကြရမယ်။ မနက်အထိ မစောင့်နိုင်ဘူး၊ သူတို့ ဘေးတွေ့နေလောက်ပြီ။ နှစ်စုခွဲပြီး နှစ်ဘက် ရှာကြမယ်”
သူတို့ တကြော်ကြော် အော်ခေါ်၍ တောနင်းခဲ့ကြရာ မကြာမီ သစ်ပင်ကြီးတစ်ပင်အောက်တွင် အဝတ်အစား ဖရိုဖရဲနှင့် အသိစိတ် ပျောက်နေကြသော တပ်သား ၅ ဦးအား ထိတ်လန့်ဖွယ် တွေ့ကြရသည်။ သူတို့သည် အမှောင်ထဲတွင် တစ်စုံတစ်ခု ပြုလုပ်ကြရန် ကြံစည်နေကြဟန် တူ၏ ။
“ဟာ.. တပ်မှူး”
သူနှင့်အတူ ပါလာသော တပ်သားမှာ ဤတစ်ချက်သာ အော်နိုင်သည်။ မြင်လိုက်ရသော မြင်ကွင်းကို ကြည့်ရင်း ကြက်သေသေသွား၏ ။ သစ်ပင်ကြီးအနောက်မှ မိန်းမတစ်ဦး ထွက်လာခြင်းကြောင့် ဖြစ်သည်။ ထိုမိန်းမသည်လည်း ကပိုကရိုနှင့် ကနွဲ့ကလျ ရှိလှ၏ ။ ကိုယ်ဟန်သွင်ပြင်မှာ မျက်နှာလွှဲဖွယ်ရာ မရှိ။ အမှောင်ထဲ၌ပင် ဝင်းဝါစိုပြေသော အသားအရေနှင့် လှပတင့်တယ်လွန်းသည့် ကိုယ်ကို အားလုံး မင်သက်သွားကြရသည်။
ယောက်ျားသားများ အားလုံးသည် ထိုမိန်းမ၏ အဆင်းမှ အကြည့်မဖယ်နိုင်ဘဲ ညှို့ငင်ဖမ်းစားခံလိုက်ရသလို ဖြစ်နေကြသည်။ မည်သူမှ မလှုပ်ရှားနိုင်၊ ရုပ်သေးရုပ်များကဲ့သို့ ဖြစ်သွားကြ၏ ။ ထိုအခိုက် လက်ျာဘီလူး၏ နှုတ်မှ စကားသံထွက်လာသည်။
“စက္ခု ရူပေန သံဝါသာ – စက္ခုနှင့် ရူပါရုံ ပေါင်းဆုံထိပါး ကြည့်မိမှားသောကြောင့်၊ ရာဂ ပုတ္တံ –
ရာဂ ဟူသော သားကို၊ ဝိဇာယတိ – ဖွားမြင်၏”
စင်စစ် ရာဟုလောဝါဒသုတ္တံ လာ ဒေသနာတော်ဖြစ်လေသည်။ သတိလွတ်အံ့ဆဲဆဲ ဖြစ်နေသော လက်ျာဘီလူးသည် ယင်းဂါထာကို ရေရွတ်ရင်း ဓားကို ဝင့်လိုက်သည်။
“အားးး”
ဆွဲဆောင်ဖျားယောင်းနေသည့် မိန်းမမှာ ခေါင်းနှင့်ကိုယ် ကွဲကွာသွားပြီး ခန္ဓာသည် ရှည်မျောမျောသစ်သီးတစ်လုံး၏ အောက်ပိုင်း ဖြစ်သွား၏ ။
ထိုအခါမှ အသိစိတ် ပျောက်အံ့မူးမူး ဖြစ်နေသူများ အသိဝင်လာကြပြီး တစ္ဆေသရဲများကဲ့သို့ ငူငူငိုင်ငိုင် ဖြစ်နေကြသော တပ်သား ငါးယောက်အား စခန်းဆီ တွဲခေါ်သွားကြသည်။ လက်ျာဘီလူးကတော့ မီးတုတ်ကို တစ်ဖက်မှ ကိုင်ကာ တစ်ဖက်က ဓားလွတ် ဆွဲလျက် နောက်လိုက်အနည်းငယ်ဖြင့် တောတွင်းသို့ ခုန်လွှားပြေးဝင်သွားလေပြီ။
သူတို့လူများမှာ ဝေးဝေးလံလံ ရောက်မနေကြ၍ တော်တော့၏ ။ လိုက်ရှာရသူများမှာ ချွေးများ ရွှဲနစ်နေကြသည်။ မိုးမသောက်မီ အားလုံးနီးပါး စခန်း၌ ပြန်စုမိကြပြီး တစ်ဝက်ကျော်မှာ မိန်းမူးမေ့မျောနေကြဆဲ ဖြစ်သည်။ နောက်ဆုံး အစောင့်လေးဦးအား လက်ျာဘီလူး တစ်ယောက်တည်း လှည့်လည် ရှာဖွေနေရာ အရုဏ်ကျင်း၍ ရောင်နီပင် ပျိုးခဲ့ပြီ။
နောက်ဆုံး ချောက်တစ်ခုအတွင်း သစ်ရွက်ခြောက်များထဲ လဲကျနေသူတစ်ဦးကို တွေ့ရ၍ လျှောချ ခုန်ဆင်းလာခဲ့ရာ လေးဦးစလုံးကို သတိလစ်လျက် တွေ့ရလေသည်။
“ဟားဟားဟားဟား.. အသင် လက်ျာဘီလူး၊ ငါ့ကို အာခံဝံ့သေးရဲ့လား”
သစ်ပင်တစ်ပင်၏ အကိုင်း၌ မဇ္စျိမတိုင်းသား ဇော်ဂျီက သူ့အား မခိုးမခန့် ရယ်မောနေရာ
“ယောက်ျားဆို ဆင်းခဲ့ပြီး ယှဥ်ကြည့်စမ်းပ”
လက်ျာဘီလူးက ရဲရဲဝံ့ဝံ့ စိန်ခေါ်၏ ။ ဇော်ဂျီက အော်ဟစ်ရယ်မောကာ အလွန်မြင့်သော အကိုင်းမှ ကြောင်တစ်ကောင်လို ခုန်ချလာ၏ ။ သန်လျက်လည်း လက်ထဲ လှစ်ခနဲ ပေါ်လာသည်။ လက်ျာဘီလူးက ဓားကို လက်နှစ်ဖက်နှင့် ကျစ်နေအောင် ကိုင်ကာ ရှေ့သို့ ထောင်၍ အသင့်ပြင်ထားလိုက်သည်။
ရုတ်တရက် ဇော်ဂျီ၏ နားထဲ၌ စူးစူးဝါးဝါး အော်ဟစ်သံများ ကြားလိုက်ရသောကြောင့် လန့်ကာ ဘေးဘီထက်ဝန်းကျင်သို့ မော့ကြည့်လေသည်။ တောခြောက်သံကဲ့သို့ ညည်းညူ ကြိမ်းမောင်း ကြုံးဝါးသံများစွာမှာ ပဲ့တင်ထပ်မျှ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေသော်လည်း မည်သည့်အရာမျှ မမြင်ရ။ ဇော်ဂျီ ထိတ်လန့်တကြား ရှာဖွေနေသည်ကို လက်ျာဘီလူးကလည်း နားမလည်ဘဲ ရပ်နေ၏ ။
“ဘာဖြစ်နေတာလဲ… လာလေကွာ”
ခြောက်ခြားဖွယ် အသံကြီးများအကြားမှ လက်ျာဘီလူးအသံအား မိုးခြိမ်းလိုက်သကဲ့သို့ ကြားရသဖြင့် ဇော်ဂျီ တုန်လှုပ်သွားပြီး သူ့ကို ကြည့်သည်။ ထိုအခါ အသံများ၏ ဇစ်မြစ်ကို သိလိုက်ရ၏ ။ သူ့ဘက်တည့်တည့် ချိန်ထားသော ဓားဆီမှ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။
ဇော်ဂျီသည် ဓားအား အံ့သြစွာ စိုက်ကြည့်နေသည်။ ဓားဆီမှ မည်းနက်ပျစ်ခဲသည့် သွေးရည်များ စီးကျနေပြီး အောက်သို့ တဖျောဖျော ကျလာသည်ကို မြင်ရသည်။ မြေအပြင်သည်လည်း သွေးများစိမ့်ဝင် မည်းမှောင်ကာ အရိပ်မည်းကြီးမှာ သူ့ဘက်သို့ ကျယ်ပြန့်လာနေသည်။
“အသင်.. သင်သည်လည်း..”
စကားမဆက်နိုင်မီ လိုက်ရှာကြသော စစ်သည်များ သူ၏ ကျောဘက်အမြင့်မှ ရောက်လာကြ၍ ဇော်ဂျီမှာ ပျံတက်ပြေးရန် ကြိုးစားတော့သည်။
“ပစ်လိုက်.. ပစ်လိုက်”
လက်ျာဘီလူးက သူ့လူများကို ဟစ်၏ ။ နွယ်ကြိုးများဖြင့် တွဲထားသည့် လှံလျင်များစွာ ပျံဝဲလာကြပြီး သန်လျက်အား မိုးသို့ထောင်ကာ ပျံတက်သွားသော ဇော်ဂျီ၏ ပေါင်နှင့် ခြေထောက်ကို သုံးချောင်းခန့် စူးစိုက်မိသွားသည်။ ဇော်ဂျီမှာ နာကျင်စွာ အော်ဟစ်လျက် ရုန်းပြေးရန် ကြိုးစားနေသည်။
“ဟိတ်.. မပြေးနဲ့၊ သန်လျက်နဲ့ ကြိုးကို ခုတ်တာနဲ့ နောက်ထပ် လှံအစင်းပေါင်းများစွာ ထပ်ရောက်လာမယ်”
လက်ထဲသို့ ကြိုးတပ်လှံတိုတစ်စင်း ရောက်ရှိနေပြီဖြစ်သည့် လက်ျာဘီလူးက ချိန်ရွယ်ထားရင်း အော်ဟစ်သတိပေး၏ ။ အများနှင့်တစ်ယောက် အဝိုင်းခံထားရပြီး မလွတ်နိုင်တော့သော ဇော်ဂျီမှာ အဖမ်းခံလိုက်ရလေတော့သည်။
“မင်း ဝိဇ္ဇာဓိုရ် မဖြစ်သေးဘူး မဟုတ်လား”
မဖြေ၊ ဘုကြည့်ကြည့်သည်။
“ငါ့လူတွေကို ဘာလုပ်လိုက်သလဲ။ မှန်မှန်ဖြေ”
နာကျင်လှသည့် ကြားမှ လဲလျောင်းနေသော ဇော်ဂျီက ဟက်ခနဲ တစ်ချက် ရယ်ကာ
“အနည်းဆုံးတော့ သည်အတိုင်း ခြောက်လခန့် မိန်းမူးနေကြလိမ့်မည်”
ပြော၍ တဟားဟား ရယ်ပြန်သည်။
“သူတို့ကို ပကတိ ပြန်ကောင်းအောင် ကုပေးပါ”
ရယ်မြဲ ရယ်နေသဖြင့် လည်ပေါ် ဓားတင်လိုက်မှ ရပ်သွား၏ ။
“သင့်ဓားဖယ်ပါ၊ ကျွန်ုပ် နားမခံနိုင်”
လက်ျာဘီလူးနှင့် သူ့လူများ နားမလည်၊ သို့သော် မဖယ်ဘဲ
” ငါ့လူတွေကို ကုပေးရင် ပြန်လွှတ်ပေးမယ်”
“အနာသည်းခဲ့၏ ၊ မျှော်လင့်ချက်မရှိပြီ”
“သန်လျက် ပေးပါ အသင်ဇော်ဂျီ”
ဇော်ဂျီသည် မိန်းမောနေရာမှ သတိဝင်ကာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သန်လျက်ကို ဖျောက်ရန် ပြင်လိုက်သည်။ နှုတ်ခမ်းရှေ့သို့ လက်မရောက်မီ လက်ျာဘီလူး၏ ဓားက လက်ကောက်ဝတ်ကို ခုတ်ဖြတ်မိလိုက်၏ ။ ဇော်ဂျီ မချိမဆံ့ ညည်းတွားကာ တဆတ်ဆတ် တုန်နေလေသည်။
“ဟိုကောင်တွေကို အဲဒီသန်လျက် ပြကြည့်၊ မရရင် ထိုးကြည့်၊ သပ်ကြည့်၊ တစ်နည်းနည်း စမ်းကြည့်ကြစမ်း”
တပ်သားတစ်ဦးက သန်လျက် ယူသွားရာ ဇော်ဂျီက လိုက်ကြည့်နေ၏ ။ လက်ျာဘီလူးကမူ ဇော်ဂျီ၏ လှုပ်ရှားမှုကို သတိထား စောင့်ကြည့်နေလေသည်။
“ရပြီ တပ်မှူး၊ အချွန်နဲ့ ထိုးကြည့်တာ သူငယ်အိမ် လည်လာတယ်။ ဟော.. ဟော၊ သတိဝင်လာပြီ”
“ကောင်းတယ်၊ အကုန်လုံး သတိရရင် အဲဒီ သန်လျက်ကို ထုချေ ဖျက်ဆီးပစ်ကြစမ်းကွာ”
“မလုပ်နဲ့၊ မလုပ်ပါနဲ့”
တပ်သားတစ်စု ဝိုင်းဝန်းဖျက်ဆီးလိုက်ကြရာ ဝုန်းခနဲအသံနှင့်အတူ ပေါက်ကွဲ၍ အရာဝတ္ထုတစ်ခု ကောင်းကင်သို့ ပျံတက်သွားသည်ကို တွေ့လိုက်ကြရသည်။
“အား”
ဇော်ဂျီသည်လည်း အရူးတစ်ပိုင်း အော်ဟစ်နေရာမှ တဖြည်းဖြည်း ငြိမ်သွားသည်။ ပေါင်မှ သွေးများမှာ အိုင်ထွန်းနေလေပြီ။ လက်ျာဘီလူး လှံကို ဆွဲနှုတ်သည်ကိုပင် လှုပ်ရုံသာ လှုပ်တော့သည်။ မကြာမီ အံကြိတ်၍ တောက်တစ်ချက်ခေါက်ကာ မျောသွားလေတော့၏ ။
“ဘယ်လိုလုပ်ကြမလဲ တပ်မှူး”
“ဒီအကြောင်းကို ဘယ်သူ့မှ မပြောကြနဲ့။ ပြောရင် လောဘ ဒေါသ မောဟတွေကြောင့် မင်းတို့ရော ငါတို့အားလုံးပါ ပျက်စီးကြရလိမ့်မယ်။ ဇော်ဂျီရဲ့ အကောင်ကိုတော့…”
ပြောရင်း စကားသံ ရပ်သွားပြီး ကျုံ့ဝင်သေးငယ်နေသော ဇော်ဂျီရုပ်အလောင်းအား ငေးကြည့်နေလေသည်။ အကောင်မှာ တဖြည်းဖြည်း ခြောက်ကပ်ညိုမွဲကာ ကလေးငယ်အရွယ်အထိ ဖြစ်သွား၏ ။
“အဲဒါ ဇော်ဂျီဖိုဝင်သွားတာများလား”
“ဖိုဝင်တယ် ဆိုတာ ဘဝသစ်တစ်ခု ကူးပြောင်းပြီး အစွမ်းထက် သိဒ္ဓိတိုးသွားတာမျိုးကွ။ သူက သေသွားတာ။ ဒါကို စားမိရင်တော့ ရာဇဝင်ထဲကလို အစွမ်းရချင် ရမှာပေါ့လေ။ မင်းတို့ လူသား စားဝံ့ကြသလား”
တပ်သားများ ငြိမ်နေကြ၏ ။ မျက်စိရှေ့တွင်ပင် သေသွားသော အကောင်မို့ ရွံရှာခြင်းလည်း ဖြစ်နေကြမည်မှာ မုချ။ ဤအခိုက်အတန့်ကလေးအား လက်ျာဘီလူးက အမိအရ အသုံးချသည်။ ရွံရှာခြင်းကြောင့် လောဘမတက်သေးမီ
“တကယ်တော့ ငါတို့ဟာ ဇော်ဂျီဖိုဝင်သား စားစရာ မလိုပါဘူးကွာ၊ တို့အားလုံး အစွမ်းထက်ပြီးသားပါ။ လူလူချင်းမှာ အဆရာထောင်ကို ယှဥ်ဝံ့ကြရုံမက ဇော်ဂျီကိုတောင် အနိုင်ယူနိုင်ခဲ့ကြတာပဲ မဟုတ်လား”
“ဟုတ်တယ်” “မှန်တယ်” “ဟုတ်ပါတယ် တပ်မှူး”
“ဟော.. ကြည့်၊ ဟိုဟာလည်း လူခြောက်ကလေးလောက်ပဲ ကျန်တော့တယ်။ ဘာအသားမှ မရှိတော့ဘူး။ ဒါကို လောဘမဖြစ်စေဘဲ သတိနဲ့ ထိန်းရမယ်။ ငါ သတိမရှိခဲ့ရင် တို့အားလုံး ဇော်ဂျီပြုသမျှ ခံနေကြရမှာကို သင်ခန်းစာယူပြီး နောင်မှာ အရေးမမှားကြစေနဲ့။ ကဲ.. ဒီအကောင်ကို လိုချင်သူ ရှိသေးလား”
“မရှိပါဘူး”
သတိကောင်းစွာ ရနေသူများက သံပြိုင် အော်လိုက်ကြသည်။
“ကောင်းတယ်၊ ဒါဆို ယုံကြည်စိတ်ချရတဲ့သူ ရွေးပြီး ဒီအကောင်ကို အပ်မယ်။ ဒီသတင်း ပေါက်ကြားခဲ့ရင် မြန်မာတပ်သားတွေ မယူနိုင်အောင် ဟံသာဝတီမြို့တွင်း တစ်နေရာအထိ ဘယ်သူ သွားမြှပ်မလဲ”
အားလုံး မင်သက်သွားကြ၏ ။ အသက်အကြီးဆုံးနှင့် လောဘအနည်းဆုံး လူရိုးကြီး ငမျှင်က မဆိုင်းမတွ ဖြေလိုက်သည်။
“သည်ဥစ္စာကတော့ ယုံကြည်စိတ်ချရသူမှ ဖြစ်မယ့်အပြင် ဟိုဒင်းအန္တရာယ်လည်း များလွန်းလို့ ကျုပ်ပဲ သွားပါရစေ တပ်မှူး။ အကယ်၍ ယခု အသက်ဘေးနဲ့ မကြုံခဲ့ရင်တောင် လောဘသားတွေ ဟိုဒင်းပြုလာကြတဲ့အခါ ကျုပ်အသက်အရွယ်က သေပျော်နေပါပြီလေ”
“အဘမျှင်ကိုတော့ ကျွန်တော် ယုံကြည်ပါတယ်။ အရိပ်အခြည် ကြည့်ပြီး မသင်္ကာရင် အကောင်ကို ကြိုတင်ဖျက်ဆီးပစ်လိုက်ပါ အဘမျှင်”
သို့နှင့် အသေအချာထုပ်ပိုး၍ ငမျှင်လက်သို့ အပ်လိုက်သည်။ သူတို့အားလုံး ဒဂုံအရပ်ဆီ ခရီးဆက်ရန် ပြင်ကြချိန်ဝယ် မုဆိုးကြီး ငမျှင်မှာ ဇော်ဂျီခြောက်ကလေးကို ကျောတွင် လွယ်ကာ တင်ကျည်းတုတ်တစ်ချောင်းနှင့် ဟံသာဝတီနေပြည်တော်ဘက်သို့ ထွက်ခွာသွားလေတော့သည်။
*
#သင်္ခရာဇာ