တမလွန်မိုင်တိုင်အမှတ်၁၅၀၀

တမလွန်မိုင်တိုင်အမှတ်၁၅၀၀(စ/ဆုံး)

————————————

ကိုယ့်အနားမှာ သူရှိနေသလိုပါပဲ…တကယ်တမ်းရှိသလားမေးတော့လည်း အကောင်အထည်ပြရလောက်အောင် ရှိမနေပြန်ဘူး..။သူကိုယ့်ကိုခွဲခွာသွားခဲ့ပြီလားဆိုတော့ ဟုတ်သလိုလို မဟုတ်သလိုလိုပါပဲ…။ဒါပေမယ့် ကိုယ့်အနားမှာ သူရှိနေတယ်ဆိုတဲ့စိတ်က မလွမ်းရအောင်ကန့်သတ်ထားတဲ့ အစိတ်အပိုင်းငယ်လေးတစ်ခုလိုပါပဲ။

“ကို တောထဲတောင်ထဲမှာ ဂရုစိုက်အုံးနော်..သီတာ လိုက်ချင်နေတာကို ကိုက မခေါ်ဘူး…”

နှုတ်ခမ်းကလေးထော်ကာဖြင့် ပြောဆိုနေသော ချစ်ရတဲ့မယားရဲ့ ပါးကလေးနှစ်ဖက်ကိုလက်ကလေးနဲ့ ဆွဲညှစ်လို့

“မိုးတွေတအားရွာနေလို့ မခေါ်တာပါ မိန်းမရာ..ပြီးတော့ တောထဲမှာ စိုစိုစွတ်စွတ်နဲ့ဆို ငါ့မိန်းမပဲ စိတ်ညစ်ရမှာ… မိုးတွေရွာနေတော့ ငါ့မိန်းမအဆုတ်ပွတတ်တာနဲ့ မလိုက်တာဘဲ ကောင်းပါတယ်ကွာ…အိမ်မှာသာ လိမ်လိမ်မာမာနဲ့ကျန်ခဲ့နော်…ကို က မကြာပါဘူး…ကွမ်းပင်တစ်ထောင်လောက်ပျိုးတာရယ် ဥယျာဥ်လေးနည်းနည်းလောက်ပြန်ရှင်းတာနဲ့ဆို သုံးရက်လောက်ပဲကြာမှာပါ…ကဲ ကိုသွားပြီနော်…”

ဟုဆိုကာ သီတာ့ပါးလေးတစ်ဖက်ကို နမ်းရင်း ကိုသူရ တစ်ယောက် တောတက်ဖို့ရာအတွက် အိမ်မှထွက်သွားလေသည်။သီတာကတော့ ကိုသူရကို သူမမြင်ကွင်းထဲက ပျောက်သွားသည်အထိ တံခါးဝမှာရပ်ရင်း ကြည့်နေလေသည်။အတန်ကြာမှ အိမ်ထဲကိုဝင်ခဲ့ပြီး လှည်းကျင်းသိမ်းဆည်းချက်ပြုတ်ဖို့ပြင်ဆင်နေလေသည်။သီတာတို့အိမ်ထောင်သက်က ခုမှတစ်နှစ်ကျော်ကျော်ဆိုပေမယ့်လည်း တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာ နားလည်မှုကိုယ်ချင်းစာတရားတွေနဲ့ တည်ဆောက်ထားတာမို့ သာယာပျော်ရွှင်ဖွယ်ကောင်းလှ၏။တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတာမို့ ရွာထဲရှိ လူတိုင်းက အားကျကြရလေသည်။ကိုသူရမှာလည်း ရိုးသားကြိုးစားသူဖြစ်လေရာ သီတာ၏ အားကိုးရဆုံးသော လက်တွဲဖော်ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လေတော့သည်။ပုံမှန်ဆို ကိုသူရ သွားလေရာ သီတာပါတတ်သော်လည်း ယခုတစ်ခေါက်မှာ မိုးတွေက သည်းလွန်းနေတာမို့ သီတာကျန်နေခဲ့ရလေသည်။ဟုတ်လည်းဟုတ်ပါသည်။တောထဲတောင်ထဲမှာက ဆောင်းရာသီနှင့် နွေရာသီလောက်သာ ရာသီဥတု ကြည်ကြည်လင်လင်နှင့် နေလို့ကောင်းသော်လည်း မိုးရာသီဆိုလျှင်ပေါလိုက်သည့်ခြင်၊ဖြုတ်တွေကလည်း ကိုက်သေးသည်။ဘယ်နေရာကြည့်ကြည့် စိုစီစီနှင့်မို့ နေချင်စရာတော့သိပ်မကောင်းလှ။ဒီကြားထဲ ကျွတ်လိုအကောင်မျိုးတွေကလည်း မြက်ခင်းတွေကြားထဲ ရှိတတ်သေးသည်။သီတာက မိန်းကလေးပီပီ ကျွတ်တွေ၊မျှော့တွေကို ရွံလည်းရွံ ကြောက်လည်းကြောက်သေးသည်။ဒါကြောင့်လည်း ကိုသူရက မယားဖြစ်သူ စိတ်ညစ်နေမှာစိုးလို့ တမင်မခေါ်ဘဲ ထားရစ်ခဲ့လေသည်။ကိုသူရ၏ ဥယျာဥ်ခုတ်ထွင်စိုက်ပျိုးခွင့်က ဒီနှစ်မှ ကျတာမို့ လက်မနှေးဘဲ စိုက်စရာရှိသည့် ကွမ်းမျိုးတစ်ထောင်ကို ဝင်ပျိုးထားခြင်းဖြစ်သည်။မိုးဦးကျမှာ အပင်တွေပျိုးထားမှ ရေဝပြီး မျိုးသန်မှာမို့ အချိန်မဆိုင်းဘဲ ဝင်လိုက်ရခြင်းဖြစ်သည်။ဥယျာဥ်ဆိုပေမယ့်လည်း ကာလရှည်ကြာပေါက်ရောက်နေတဲ့ အသုံးမဝင်တဲ့ အပင်တွေက များလှသမို့ ရှင်းလင်းမီးရှို့ရသေးသည်။သစ်ပင်ကြီးများ၏ လောင်းရိပ်မိမမိကိုလည်းကြည့်ရသေးသည်။အကယ်၍ အပင်စိုက်မယ့်နေရာမှာ သစ်ပင်ကြီး ရှိနေလျှင်လည်း ခုတ်လှဲပစ်ရသည်က ထုံးစံပင်။ယခုလည်း ကိုသူရ ကွမ်းပျိုးမည့်နေရာတွေမှာ သစ်ပင်သုံးပင်က ဖိုခုံလောက်ဆိုင်ပေါက်နေကြသည်။ပုဆိန်နဲ့ ခုတ်လှဲရန်မှာလည်း သစ်ပင်တွေက လူတစ်ဖက်စာ ကျော်ကျော် ကြီးကြသည်မို့ ဖြတ်စက်နှင့်တိုက်လှဲမှ ရပေမည်။ထို့ကြောင့် ဥယျာဥ်ထဲရောက်ရောက်ခြင်း သစ်ပင်လှဲဖို့အရင်လုပ်ရမည်မို့ ဖြတ်စက်ရှိတဲ့ သူ့မိတ်ဆွေတွေ တဲဆီကို အရောက်လှမ်းခဲ့ရလေသည်။ရိုးမတောကြီးမို့ အတော်လေးကိုအလှမ်းကျယ်လေသည်။ရှိသမျှလူတွေကလည်း တောတောင်ဥယျာဥ်အလုပ်ကိုပဲ အားထားကြတာမို့ တဲတွေကတော့ မနည်းလှပါ။သိပ်မကြာလိုက်ပါ။ဆယ့်ငါးမိနစ်မျှ သွားပြီးသည်နှင့် ရော်ဘာတောအကျော်လောက်တွင်ရှိနေသော တဲရှေ့တွင်ရပ်ကာ

“ဗျို့ ကိုသန်းလှ ရှိလား…”

“ဟေ့ အရှေ့က သူရ မှတ်တယ်.. ဝင်လာကွာ..”.

အထဲက အသံပြန်ပေးသည်နှင့် ဝင်သွားလိုက်တော့ကိုသန်းလှဆိုသူက ထမင်းထိုင်စားနေသည်နှင့်ကြုံလေ၏။

“လာကွာ သူရ ထမင်းတစ်ခါထဲဝင်စားချည်…မနေ့က ဖွတ်သွားလိုက်လာတာ နှစ်ကောင်ရလာလို့ကွာ..တစ်ကောင်ကတော့ မီးကင်လျက်သားပဲ..တစ်ကောင်ကတော့ ဒီဟင်းပန်ကန်ထဲမှာဟေ့…”

ဟုဆိုကာ ဇလုံကြီးကိုမြှောက်ကာဖြင့် ထမင်းလုတ်တွေကို အားရပါးရထိုးထည့်စားနေလေ၏။

“နေပါစေဗျာ…ကျွန်တော့်တဲမှာ ထမင်းချက်ခဲ့ပါတယ်…ခုလာတာက ကိုသန်းလှဆီမှာ ဖြတ်စက်ခဏလောက်လာငှားတာဗျ…ဥယျာဥ်ထဲမှာ လောင်းရိပ်ပင်တွေရှိနေလို့ လှဲချမလို့ အပင်တွေက ကြီးတော့ ပုဆိန်နဲ့မရဘူးဗျ..”

“နေပါအုံး…မင်းဥယျာဥ်ထဲမှာ ရှိတဲ့အပင်ဆိုလို့ ဖိုခုံလောက်ဆိုင်ပေါက်နေတဲ့ ကညင်သုံးပင်ပဲရှိတာမဟုတ်လား…”

“ဟုတ်တယ်ဗျာ. ကညင်တွေက မြေဆီစုပ်ယူတာကတစ်ကြောင်း.. လောင်းရိပ်ကြီးတာရော​ကြောင့် လှဲပစ်မလို့ဗျ”

“ဟာ..ဟာ..မင်း အရမ်းသွားမလုပ်နဲ့…အဲဒီ ကညင်သုံးပင်က နာမည်ကြီးကွ..မင်းကွာ တခြားလွတ်လွတ်လပ်လပ်မှာ ပြောင်းစိုက်ပါ…”

“မရဘူးဗျ…ကျန်တာတွေက တောင်စောင်းတွေ ဖြစ်နေတယ်.. ချုံတွေလည်း ရှင်းရအုံးမှာ…မြေပြန့်မှာ ရှင်းထားပြီးသားမို့ အရင်စိုက်ထားချင်တာ…အဲဒီကညင်ပင်တွေခံနေလို့..ပြီးတော့ ဒါမျိုးတွေလည်းအယုံအကြည်မရှိပါဘူးဗျာ…ပါးစပ်ပြောရှိတာပါ..”

“မလုပ်နဲ့ကိုယ့်လူ…ကိုယ်မကြုံတိုင်း အယုံအကြည်မရှိရင် မှားသွားမယ်နော်…အရင်အဆက်ဆက်က ကညင်သုံးပင်မှာ နတ်ကွန်းဆောက်ခဲ့ကြတာ… ဟိုတလောက သွေးအန်ပြီးသေတဲ့ မောင်ငြိမ်းကိုကြည့်.. သူဘာလို့အကောင်းကြီးကနေ သွေးအန်တယ်မှတ်လဲ…မူးမူးရူးရူးနဲ့ ကညင်ပင်အောက်က နတ်ကွန်းသွားဖျက်လို့ကွ…..”

“မဆိုင်ပါဘူးဗျာ..မောင်ငြိမ်းသေတာ အရက်သောက်လွန်းလို့ အသည်းထိပြီးသေတာပါ…ကျုပ်ကိုဖြတ်စက်သာငှားလိုက်စမ်းပါဗျာ…မြန်မြန်အလုပ်ပြီးရင် အိမ်မြန်မြန်ပြန်ရလေကောင်းလေပဲ..အိမ်မှာ မိန်းမကတစ်ယောက်ထဲကျန်ခဲ့တာ…”

ကိုသူရ အပြောကြောင့် ကိုသန်းလှမှာ အားရအောင်ရယ်မောရင်း..

“ဟားဟား..သူရ..သူရ..မင်းကွာ..အိမ်ထောင်ကျပြီးတာပဲ နှစ်နှစ်ပြည့်တော့မယ်..ခုထိ အဖြစ်သည်းတုံးလား…”

“အလိုဗျာ..ကိုယ်ချစ်လို့ယူထားတဲ့မိန်းမပဲဗျ…ဘယ်လောက်ကြာကြာ ချစ်တာကချစ်တာပဲပေါ့..ခင်ဗျားကလည်း..”

“အေးပါ ဟုတ်ပါပြီ…မင်းကိုပြောမရမှတော့လဲ မင်းလိုတဲ့ဖြတ်စက်ယူသွားပေါ့…အယုံအကြည်မရှိလည်း သတိလေးတော့ထားအုံး…”

“မပူပါနဲ့ဗျာ…ဒီနားကဟာလေးမဟုတ်လား..ယူသွားပြီနော်…”

ဟုဆိုကာ တဲထောင့်မှာအဆင်သင့်ရှိနေသော ဖြတ်စက်လွှကို သယ်ယူသွားလေတော့သည်။

“ဂျိမ်း…ဂျလိမ်း…”

မိုးတွေကလည်း တော်တော်ကိုသည်းလာသည်။ကိုသန်းလှတစ်ယောက် ထမင်းစားပြီးသည်နှင့် တဲအောက်ဆင်းဖို့အလုပ် သည်းကြီးမည်းကြီးရွာချလာသော မိုးကြောင့် ခြေလှမ်းကိုတန့်လိုက်ရသည်။လေရောမိုးရောမို့ အေးစိမ့်စိမ့်နှင့်သည်းထန်လွန်းလှသည်။ဘယ်အငြှိုးနဲ့များရွာချနေသည်တော့မသိပါ။မိုးဦးကျမိုးက ထိုမျှ သည်းလွန်းနေပါက ဒီမိုးတွင်းတစ်တွင်းလုံး ဘယ်ကဲ့သို့ လုပ်ကိုင်စားသောက်နေရတော့မည်နည်း။

(၂)

“ဝေါ…ဝေါ..ဝရော…”
ညနေ မှောင်ရီပျိုးစမှာ လေရောမိုးရောကြမ်းသည်က ပြတင်းပေါက်တံခါးတွေ အဖွင့်အပိတ်ကြမ်းလွန်းနေသည်မို့ သီတာတစ်ယောက် ပြတင်းတံခါးတွေ လိုက်ပိတ်နေရသည်။တစ်ဆက်တည်းမှာပင် တောတောင်ထဲ အလုပ်ဝင်သွားသော ကိုသူရအတွက်လည်း စိုးရိမ်သွားရလေသည်။

“ဘုရားတပည့်တော်မ၏ ခင်ပွန်း အန္တရာယ်ကင်းလို့ဘေးရှင်းပါစေ…”

“ဒေါက်…ဒေါက်…ဒေါက်…သီတာရေ..တံခါးဖွင့်ပါအုံး…”

တံခါးမဆီမှ ကိုသူရ၏ အသံကြားတော့ သီတာ အလျင်အမြန်သွား၍ တံခါးပြေးဖွင့်လိုက်လေသည်။

“ဟင်…ကိုပြောတော့ သုံးရက်လောက်ကြာမှာဆို..ဘာလို့ ညကြီးပြန်လာတာလဲ..”

“မိုးတွေ ရွာလွန်းလို့ အလုပ်မတွင်လို့ပါကွာ…ပြီးတော့ မိန်းမတစ်ယောက်ထဲကျန်ခဲ့တာ ကို့မိန်းမ ကြောက်နေမှာစိုးလို့..အိမ်ထဲ အမြန်ဝင်ရအောင် ချမ်းလှပြီ…”

ဟုဆိုကာ ကိုသူရက သီတာ့ပုခုံးလေးကိုဖက်ရင်း အိမ်ထဲဝင်လာခဲ့လေသည်။သီတာ့နှာခေါင်းထဲမှာတော့ စိမ်းရွှေရွှေအနံ့လိုလို ပုပ်နံ့လိုလို တစ်မျိုးရလိုက်သည်မို့ နှာခေါင်းလေးကိုပိတ်လိုက်ရင်း

“အိမ်ထဲမှာ ကြွက်တွေ ဘာတွေများသေနေပြန်ပြီလားမသိဘူးကို သီတာ့နှာခေါင်းထဲ ပုပ်နံ့ရနေတယ်..”

“ဟင်..ဟုတ်လား..ကိုတော့ ဘာနံ့မှမရပါဘူး..လေပေါက်နေတော့ အပြင်ကဝင်လာတာနေမှာပါ…ကို အဝတ်အစားလဲဖို့ယူပေးပါအုံး…”

“ဟင်း…ကိုကတော့နော် ပြန်လာတာနဲ့ မိန်းမကိုခိုင်းစားတော့တာပဲ..သူ့မှာလက်တွေခြေတွေမပါတာကျလို့…”

“အော်ကဲ..ဒီမိန်းမလေး ဂရုစိုက်တာခံချင်လို့ပါနော်…မိန်းမကိုခိုင်းတာမဟုတ်ရပါဘူး…”

ပြောရင်းနှင့်ပင် သီတာ့ခေါင်းကလေးကို ခပ်ဖွဖွလေးပွတ်လိုက်လေသည်။အေးစက်မှုကို သီတာခံစားလိုက်ရသည့်အလျောက် ကျောထဲထိလည်း စိမ့်ချမ်းသွားရသည်။

“ကိုတော်တော်အေးနေလား…သီတာတောင် ချမ်းသွားသလိုပဲ…”

“အဲလောက်လည်းမအေးပါဘူး..အဝတ်အစားသာထုတ်ပေးပါ..ပြီးတော့ ထမင်းတူတူစားရအောင်လေ…ဗိုက်လည်းဆာလှပြီ…”

“အမလေး..အခုမှ အဖြစ်လာသည်းနေတယ်နော်…”

ပြီးနောက် လင်မယားနှစ်ယောက် ထမင်းလက်ဆုံစားရင်း စကားစမြည်ပြောကြဆိုကြရယ်ကြမောကြနှင့်…အပြင်မှာတော့ မိုးတွေလေတွေက သည်းသည်ထက်သည်းလို့နေလေသည်။
အိပ်ရာထဲမှာ သီတာက ချမ်းလွန်းလို့ ခင်ပွန်းဖြစ်သူအနားတိုးသွားပေမယ့် အေးစက်သောအထိအတွေ့က ကြက်သီးတွေဖျန်းခနဲ ထသွားရသည်အထိပင်။

“ကို့ ကိုယ်ကြီးကလည်း အေးစက်နေလိုက်တာ..ရေခဲတုံးကျနေတာပဲ…ဘယ်လိုဖြစ်လို့ဒီလောက်တောင်အေးနေရတာလဲ…”

“မိုးမိလာလို့နေမှာပါ…အိပ်တော့မိန်းမ..ကိုမနက်ကျ မိုးစဲသွားရင် အလုပ်ပြန်ဝင်မယ်…”

သီတာ့ကိုစောင်ခြုံပေးရင်း နဖူးလေးကိုလည်း ခပ်ဖွဖွနမ်းလိုက်ပါသေးသည်။

“ချစ်တယ်နော်..မိန်းမ…”
…………….
(၃)

မနက်လင်းတော့ မိုးက ညကလောက်မကြီးတော့ဘဲ မိုးစက်ဖွဲဖွဲလေးသာ ကျနေလေသည်။သီတာ အိပ်ရာကနိုးလာတော့ ကိုသူရကဘေးမှာရှိမနေပါ။

“ဟင်…ကို ဘယ်တွေများသွားတာလဲ..”

အိမ်ထဲမှာ တွေ့လိုတွေ့ငြားလိုက်ရှာသော်လည်း မတွေ့ရ…။

“ဟင်း..ကိုကတော့ အစောကြီးမနက်စာမစားဘဲ အလုပ်ဝင်သွားပြီနေမယ်..မိန်းမနိုးတာတောင်မစောင့်ဘူး…”

သီတာ အိပ်ရာကောက်သိမ်းပြီး မျက်နှာသစ် သွားတိုက်နေတုန်းမှာပဲ…

“သီတာရေ…သီတာ..ငါ့ညီမရေ…ခဏလောက်ထွက်ခဲ့ပါအုံး..”

အိမ်ရှေ့က ခေါ်သံတွေကြောင့် မျက်နှာအမြန်သစ်ပလုတ်ကျင်းပြီး တံခါးဝဆီသွားပြီး တံခါးဖွင့်ပေးလိုက်တော့ အိမ်ရှေ့မှာ ကိုသန်းလှနှင့်ရွာလူကြီးအ
ပါအဝင်ယောကျ်ားသုံးလေးယောက်..နောက်ကနှစ်ယောက်က ပုခက်ထဲမှာ တစ်ယောက်ယောက်ကိုထည့်ထမ်းထားလေသည်။အရပ်ထဲက မိန်းမကြီးတွေလည်းပါသည်။

“လူတွေလည်းအများကြီးနဲ့…ဘာကိစ္စများရှိလို့လဲဟင်”

“ပြောရမှာတော့အားနာတယ်..ငါ့ညီမရယ်”

ဟုကိုသန်းလှက စကားကိုအားယူနေ၏။ကျန်လူတွေမျက်နှာလည်း မကောင်းကြပါ။

“သူရ မနေ့က တောထဲမှာ သစ်ပင်ပိလို့ ဆုံးပြီကွယ်”

“ရှင်….ကိုသန်းလှ လာနောက်နေတာလား..ကိုသူရက မနေ့ညကပဲ ကျွန်မဆီပြန်လာသေးတာလေ…တစ်ညလုံးလည်းကျွန်မအနားမှာပဲ…ဒီမနက် မိုးစဲရင်အလုပ်ပြန်ဝင်မယ်လို့တောင်ပြောခဲ့သေးတာ..စောစောစီးစီး လာမနောက်ပါနဲ့..”

ထိုစ​ကားကြောင့် ပါလာတဲ့မိန်းမတွေ တစ်ယောက်အနားတစ်ယောက်တိုးကပ်ကာ ကြက်သီးမွှေးညှင်းမ​ျားထကုန်ကြလေ၏။
ကိုသန်းလှက လက်တွေ့ပြမှရမယ်ဆိုတဲ့မျက်နှာထားမျိုးနဲ့ နောက်ကပုခက်ထမ်းထားတဲ့နှစ်ယောက်ကို ရှေ့ကိုလာခိုင်းလိုက်လေသည်။

“ကဲ..ငါ့ညီမ မယုံသေးရင် ဒီမှာကြည့်ပါကွယ်…”

ဟုဆိုကာ ပုခက်စကို လှပ်ပြလေတော့…သီတာ့မျက်နှာ သွေးမရှိတော့တဲ့အတိုင်းဖြူလျော်သွားပြီး နှုတ်မှာလည်းအံအားသင့်မှုများနှင့် ဆွံအလို့နေသည်။တုန်ယင်နေသောလက်အစုံက ပုခက်ထဲရှိ ကိုသူရ အလောင်းဆီသို့တိုးသွားရင်း ခေါင်းကလည်း တွင်တွင်ခါယမ်းကာ

“မဖြစ်နိုင်ဘူး…ညကပဲ ပြန်လာသေးတယ်လေ…အခုဒီမှာ ဘယ်လိုဖြစ်လို့လှဲနေတာလဲ…ကို..ကို.. မိန်းမခေါ်နေတာ ကြားလား…ကိုပဲ ညက သီတာနဲ့တူတူထမင်းစားခဲ့သေးတာလေ…ကိုပဲ သီတာ့ကိုစောင်ခြုံပေးခဲ့သေးတာလေ…ကို..ထပါအုံး…”

ပုခက်ထဲရှိ ကိုသူရမှာတော့
သစ်ပင်ပိထားသည့် ဒဏ်ရာတွေကြောင့် တစ်ကိုယ်လုံး အညိုအမည်းစွဲနေလေသည်။

“မနေ့က သူငါ့ဆီက ဖြတ်စက်ငှားပြီး သွားတော့ တစ်နေ့လုံးမိုးတွေကြီးနေတာ…ဒီမနက်စောစော မိုးစဲသွားတော့ ငါနဲ့အဖော်နှစ်ယောက်တောင်ပေါ်တက်ဖို့လုပ်ရင်း လမ်းမှာလဲနေတဲ့သစ်ပင်နဲ့အတူ သူရကိုတွေ့တာပဲ…တို့တွေမနည်းဆွဲထုတ်ခဲ့ရတာ..ပြီးတာနဲ့ ရွာလူကြီးကိုအကြောင်းကြားပြိး သယ်ထုတ်လာခဲ့ရတာပါ…ငါလည်း နင့်ကို မပြောချင်ပါဘူး ငါ့ညီမရယ်….နင်လည်းခံစားနေရမယ်ဆိုတာ ငါနားလည်ပါတယ်…လုပ်သင့်လုပ်ထိုက်တာတွေကို ငါတို့အားလုံးဝိုင်းကူမှာပါ…နင်ဘာမှအားမငယ်နဲ့..”

“ဟုတ်တယ် သီတာ..နင်အားမငယ်နဲ့နော်..ငါတို့မိန်းမကြီးအဖွဲ့လည်းရှိတာပဲ…နင်လိုအပ်တာ​ပြောပါ…”
.သီတာကတော့ တုတ်တုတ်မျှမလှုပ်၊ငိုလည်းမငိုပါ…အားလုံးကိုလည်း မသိနားမလည်သလို အကြောင်သားလေးငေးကြည့်နေ၏။အားလုံးက သီတာ့ကို ဝိုင်းအားပေးကြပေမယ့်လည်း ဘာမှမဖြစ်သလိုပါပဲ။အိမ်ထဲမှာ အလောင်းတင်ဖို့ကုတင်ရိုက်ပြီးတော့ သီတာက ကိုသူရကိုအဝတ်အစားတွေလဲပေးနေ၏။အားလုံးကလည်း သူစိတ်ချမ်းသာပါစေဆိုပြီး လွှတ်ထားပေးကြရင်း နာရေးအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ကြဆင်ကြ၏။
သီတာက စန့်စန့်ကြီးလဲလျောင်းနေတဲ့ ကိုသူရလက်ကလေးကိုသူမပါးမှာအပ်ရင်း စကားတွေထိုင်ပြောနေ၏။သူမ ဘာပြောနေလဲ ဘယ်သူမှ မကြားသလို အခြေအနေကိုတော့ အကဲခတ်ကြည့်နေကြပါ၏။ပုဝါလေးနဲ့ ကိုသူရနဖူးလေးတွေ ပါးလေးတွေသုတ်ပေးလိုက် ၊ကိုသူရနဖူးကလေးကိုဖွဖွကလေးနမ်းလိုက်၊ရယ်လိုက်ပြုံးလိုက်နှင့် သီတာ့စိတ်ထဲမှာ ကိုသူရဆုံးသည်ဟုမထင် နေမကောင်း၍လှဲနေသူနှင့်စကားပြောနေသည့်နှယ် ပုံမှန်အတိုင်းပဲဖြစ်လေသည်။အစိမ်းသေသည်ကတစ်ကြောင်း အပြင်မှာတစ်ညအိပ်ပြီဖြစ်တာကတစ်ကြောင်းကြောင့် အခေါင်းရိုက်ပြီးတာနှင့်ချက်ချင်း ကိုသူရကိုအပြင်သို့သယ်ထုတ်ဖို့ လာကြလေ၏။

“ကဲ သီတာ..တို့တွေ သူရကိုခေါ်သွားမလို့နော် ..”

“ဘယ်ကိုခေါ်သွားမှာလဲ…ကိုသူရက ကျွန်မယောကျ်ားလေ..ကျွန်မနားမှာပဲနေမှာပေါ့..သူမှနေမကောင်းသေးတာ…ဘယ်မှမခေါ်ရဘူး..”

ဟုဆိုကာ ကိုသူရနားမှာပဲ ကာ၍နေလေ၏။

“မဟုတ်ဘူးလေ..သမီး…နင့်ယောကျ်ားကအသက်မှမရှိတော့ဘဲ.. ဒါကြောင့် သူ့ကိုသုဿာန်မှာမြှုပ်ဖို့ ယူသွားရမှာ..ခွင့်ပြုလိုက်ပါ..”

”ဖွ..ဖွ..ဖွ..ဘယ်ကသေရမှာလဲ ဥက္ကဌရယ်..နိမိတ်မရှိတာ..ဥက္ကဌက အသက်ကြီးပြီ..သေချင်းသေ ဦးလေးအရင်သေမှာ…ကျွန်မယောကျ်ား နေမကောင်းပါဘူးဆို..လူနာမေးပြီးရင်းလည်း ပြန်ကြတော့…”

တော်ရုံနှင့်ခေါ်လို့ရမည့်ပုံမပေါ်တော့… အချိန်ကလည်းလွန်တော့မည်။တစ်ရက်ကြာလေ တစ်ရက်ပိုပုပ်လာလေပဲ ဖြစ်မည်။ဘယ်သူလာခေါ်ခေါ် သီတာက ရန်တွေ့လွှတ်နေသည်။ကိုသူရ နေမကောင်းဘူးဘဲ ပြောလွှတ်နေသည်။နောက်ဆုံးတော့ ဆရာတော်ကိုလျှောက်၍ နားချဖျောင်းဖျဖို့နည်းသာကျန်တော့သည်။ဆရာတော် ကြွလာတော့လည်း သီတာက ကန်တော့ပါ၏။

“အရှင်ဘုရား…ကိုသူရ နေမကောင်းတာ လာကြည့်တာလားဘုရား…အရှင်ဘုရားရဲ့ပရိတ်လေးနဲ့ မန်းပေးပါအုံးဘုရား…သူဒီလိုလှဲနေတာ တပည့်တော်မမြင်ရက်ဘူးဘုရား…”

“သွားလေသူက သွားနှင့်ပြီ ဒကာမလေး….ကျန်နေသူက ဘာကြောင့်များအစွဲအလန်းတွေနဲ့ ဆွဲထားချင်ရသေးတာတုံး…ဒကာမလေးခုလိုလုပ်တော့ရော ဒကာသူရက ဘဝကူးကောင်းနိုင်မှာတဲ့လား…”

“အရှင်ဘုရား ကိုသူရကနေမကောင်းဖြစ်နေတာပါဘုရား…သေတာမဟုတ်ပါဘူး..”

“ကိုယ့်ကိုယ်ကို မလိမ်ချင်စမ်းပါနဲ့ ဒကာမလေးရယ်…သူများကိုလိမ်တာထက် ကိုယ့်ကိုယ်ကို လိမ်တာက ပိုပြီးပင်ပန်းဆင်းရဲပူလောင်ရတယ်မဟုတ်လား…သွားလေသူကို နောက်ဆံမတင်းဘဲ သွားခွင့်ပြုလိုက်ပါကွယ်…တမလွန်မှာ သူငြိမ်းချမ်းသွားတာကို ဒကာမလေးမလိုချင်ဘူးလား…မဟုတ်ရင် ဒကာမလေးလည်းပင်ပန်းတယ်..တမလွန်ကဒကာမလေးခင်ပွန်းလည်း ဆင်းရဲဒုက္ခရောက်ရလိမ့်မယ်..လူတစ်ယောက်ကိုချစ်ရင် တစ်ဖက်လူကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲမဖြစ်စေရဘူးဒကာမလေး…”

ဆရာတော်၏ တရားချဖျောင်းဖျမှုအဆုံးမှာ သီတာမျက်ရည်တွေကျလို့နေ၏။ခေါင်းတညိတ်ညိတ်လုပ်ပြီး ဆရာတော်ကို ဦးချကန်တော့ပြီးသည့်နောက်….

“သီတာ…သီတာ…ညီမ…သတိထားအုံးလေ…သီတာ….”

ကိုသူရချစ်သော မသီတာဟာ အသက်မရှိတော့ပါ။တမလွန်မိုင်တိုင်မှာစောင့်ဆိုင်းနေမည်ဖြစ်သော ကိုသူရနောက်ကိုပဲ ကောက်ကောက်ပါအောင်လိုက်သွားလေသည်မှာ သေချာသလောက်ရှိမည်ထင်ပါသည်။

ချစ်သောသူတိုင်းပေါင်းဖက်နိုင်ပါစေ။
#နွေးနွေးအေးချမ်း