တရွတ်ဆွဲ … ခိုင်မြဲ(စ/ဆုံး)
————————
အိမ်အရှေ့ ကံ့ကော်ပင်အောက်မှာ သူစာဖတ်နေသည်။ ခွက်နှစ်ခွက်ကို ကိုင်၍ သူ့ဆီသို့ ဒေါ်လေးနိုင် လျှောက်လာခဲ့သည်။ ခြံပေါက်ဝအနားသို့ရောက်သောအခါ သူလှည့်ကြည့်လိုက်မိသည်။ ဒေါ်လေးနိုင်ကို မြင်၍ ဖတ်လက်စ စာအုပ်ကို အသာချပြီး ပြေးလာကာ ခြံတံခါးကို “ဝုန်းခနဲ” ဆွဲဖွင့်လိုက်သည်။
“ခိုင်မြဲအတွက် ထမင်း သွားကျွေးပေးဦး”
လို့ပြောပြီး သူ့ထံသို့ ခွက်နှစ်ခွက်ပေးလိုက်သည်။ တစ်ခွက်ထဲတွင် ထမင်းနှင့်ကြက်သားဟင်းကို သမအောင်နှယ်ထားပြီး နောက်တစ်ခွက်တွင် ရေကို သုံးပုံတစ်ပုံဖြည့်ထားသည်။ ထိုခွက်နှစ်ခုသည် ခွေးစာဟုပင် ဆိုရက်ဖွယ်မရှိ။ ထမင်းထည့်ထားသော ခွက်သည် လူသားတစ်ဉ်ီးအတွက် နှယ်ထားသည်ဟုပင်ထင်နိုင်ပြီး ရေခွက်သည်လည်း အရှင်းပကတိသန့်ရှင်း၍နေ၏။
သို့နှင့် ခွက်နှစ်ခုကို ကိုင်ပြီး ခိုင်မြဲရှိသည့် နေရာသို့ လျှောက်လာခဲ့သည်။ သူတို့အိမ်နှင့် ခိုင်မြဲရှိသည့်နေရာသည် လမ်းမကလေးတစ်ခုသာ ခြားသည်။ ဂိုဒေါင်အပေါက်ဝသို့ ရောက်သည်နှင့် ညာဘက်လက်မှ ခွက်ကို ဘယ်ဘက်ရှိခွက်ပေါ်သို့ ထပ်တင်လိုက်ပြီး ညာဘက်ဖြင့် တံခါးကို အားယူပြီး ဆွဲဖွင့်လိုက်ရသည်။
“ခိုင်မြဲ … ခိုင်မြဲ … အို့အို့အို့ …”
ဂိုဒေါင်အထဲသို့ရောက်သည်နှင့် ဆီပေပါသိုလှောင်ထားသော ဂိုဒေါင်သို့ ကြည့်မိသည်။ ထို့နောက် စားသောက်ကုန်များ သိုလှောင်ထားသည့် ဂိုဒေါင်ကိုကြည့်သည်။ သို့သော်မတွေ့။ ဆီးပင်ရှိရာသို့ လျှောက်လာပြီး ရှာသော်လည်းမတွေ့ရ။ တစ်ဖန် ဂိုဒေါင်အနောက်ဘက် သို့အရောက် —
“ခိုင်မြဲ၊ ခိုင်မြဲ … အို့အို့အို့”
ဟုအော်လိုက်ချိန် သူ့နားထဲ အရာတစ်ခုခုလှုပ်ရှားသွားသည်ကို သတိထားမိသောကြောင့် အိမ်စီးကားတစ်စီးအောက်သို့ ငုံ့ကြည့်မိလိုက်သည်။ ခိုင်မြဲသည် သူ့ကို စိန်းစိန်းကြည့်နေသည်။ ကားအောက်မှ ထွက်လာစေရန် သူကြိုးစား၍ ခေါ်ကြည့်ပါသေးသည်။ အဓိက သူလာသည့် ကိစ္စမှာ ဒေါ်လေးနိုင်ပေးလာသည့် စားစရာ ခိုင်မြဲစားရသောက်ရဖို့အရေးပင်။ ထို့ကြောင့် ကားအောက်ထဲသို့ ထမင်းခွက်နှင့်ရေခွက်ကို ထိုးတည့်ပေးလိုက်သည်။
“ဂီးးးးးး”
ထမင်းခွက်နှင့်ခိုင်မြဲထိမိသွားသောကြောင့် သူအမာန်ခံလိုက်ရသေးသည်။
ထမင်းရှိသောခွက်ကို အရင်အနံ့ခံကြည့်သည်။ ထို့နောက်ဦးမော့လာပြီး ပါးစပ်ကိုဟ၍ လျှာကိုသပ်လိုက်သေးသည်။ ခိုင်မြဲစားပါသည်။ သူယူလာသောထမင်းကို အားရပါးရစားပါသည်။ ထမင်းမကုန်သေးခင် ရေခွက်ကိုလည်း လျှာနှင့်လျက်ပါသည်။ နောက်တစ်ကြိမ်ထမင်းကို ဆက်စားပါသည်။ ခိုင်မြဲစားနေပုံမှာ ငမ်းငမ်းတက်။ သည်လို အရသာမျိုး ခိုင်မြဲမတွေ့ဘူးသေးသလိုလို။ ထမင်းကုန်သွားချိန် ဘေးနှုတ်ခမ်းပတ်ပတ်လည်ကို လျှာဖြင့် လျက်ပါသေးသည်။ တမင်းကုန်သွားချိန် ရေကိုအားရပါးရပြန်လျက်ပါသည်။
ဗိုက်ပြည့်သွားချိန် ကားအောက်မှ ခိုင်မြဲထွက်သွားသည်။ အစားကျွေးသော သူ့ကို တစ်ချက်မျှ စောင်း၍ကြည့်သွားပါသေးသည်။ ထမင်းကိုတော့ ကုန်အောင်စားသည်။ ရေကိုတော့ ကုန်အောင်မသောက်ပါ။ ကျန်နေသောရေကို ဘေးနားရှိ သဲပုံသို့ သွန်ပစ်လိုက်သည်။ ထို့နောက် ခွက်လွတ်နှစ်ခုကို ယူကာ ဂိုဒေါင်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ အပြင်ဘက်သို့မရောက်မီ သူလည်း ခိုင်မြဲကို လှည့်ကြည့်မိပါသေးသည်။ အောက်ပိုင်း တရွတ်တိုက်ဖြင့် ဆီးပင်အောက်သို့ ဝင်သွားသည်ကို သူမြင်ခဲ့၏။
ခါးအောက်ပိုင်း ဒရွတ်တိုက်ဖြင့် အသက်ဆက်နေရသော ခိုင်မြဲအကြောင်း သူကောင်းကောင်းမသိသေးပါ။ အိမ်သို့ပြန်ရောက်သည်နှင့် ဒေါ်လေးနိုင်ကို သူမေးပါသည်။
“ဒေါ်လေး … ခိုင်မြဲက ဘယ်လိုဖြစ်ပြီး အောက်ပိုင်းတရွတ်ဆွဲဖြစ်သွားတာလဲ”
ရေစင်တွင် ဒေါ်လေးနိုင် အိုးပွတ်နေပါသည်။ သူလည်းယူလာသည့် ခွက်အလွတ်နှစ်ခုအား အိုးတွန်းပိုက်ဖြင့်ဆေးရင်းနေသည်။
“ခါတိုင်း ခိုင်မြဲက ဒီလိုမဟုတ်ဘူး … ဒီအိမ်ကခွေးတွေနဲ့ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်တွေလေ … ဂိုဒေါင်အဝင်အတွက် သုံးဘီးပဲကြိတ်မိသလား … ထော်လာဂျီပဲကြိတ်မိသလား … ဒါမှမဟုတ် ဆိုင်ကယ်နဲ့ပဲကြိတ်မိသလားမပြောတတ်ပါဘူး … ဂိုဒေါင်စောင့်တွေကို မေးတာလဲ မသိဘူးဘဲပြောတာ … တစ်အူအူနဲ့ဖြစ်နေလို့ သွားကြည့်တော့ တရွတ်တိုက်ဖြစ်နေပြီတဲ့လေ … ”
ဒေါ်လေးနိုင်မွေးထားသည့် ခွေးများကို အစာကျွေးရင်း ခိုင်မြဲအတွက်ပါ ပိုလုပ်ပေးခဲ့ခြင်းမျိုး။ ဒေါ်လေးနိုင်သည် ခွေးများကို ကောင်းကောင်းကျွေး၍ ကောင်းကောင်းမွေးသောကြောင့် ခန္ဓာကိုယ်သည် သူများခွေးထက် ပိုကြီးသည်။
“မွေးရာပါမဟုတ်ရင်တော့ ကုလို့ရနိုင်လောက်တယ်နော့်”
“ဒေါ်လေးလည်း ဆေးကုပေးချင်နေတာ … ကုစရာမရှိရင်တော့ အကြောဆေးလေးဘာလေးနဲ့ လိမ်းပေးရင် သက်သာလာနိုင်တယ် … ခက်တာက သူ့ကို မကိုင်ရဲဘူးလေ … သူတို့သခင်တွေကလည်း အလုပ်ရှုပ်နေတော့ သူ့ကို မပြုစုနိုင်ဘူး … ထမင်းတောင် မိုးချုပ်မှ စားရတာ”
သူဆိုသည်မှာ ဒေါ်လေးနိုင်အစ်မ၏သား ဟိန်းအောင်။ ကျောင်းတက်လာရင်း ဒေါ်လေးနိုင်အိမ်မှာ နေခြင်းဖြစ်၏။
တစ်ရက်ကို နှစ်ကြိမ် ခိုင်မြဲကို ထမင်းသွားကျွေးရသည်။ ပထမအကြိမ်လောက် သူ့ကို ရန်မဖီတော့ပါ။ ဂိုဒေါင်ထဲတွင်လည်း တကူးတကရှာစရာမလိုတော့ပါ။ ဂိုဒေါင်တံခါးကို သူဖွင့်သည်နှင့် တရွတ်ဆွဲ၍ ပြေးပြေးလာတတ်သည်။
တရွတ်ဆွဲသွားသည့် ဒဏ်ကြောင့် ခိုင်မြဲ၏ တင်ပါးတစ်ခုလုံး အသားနီလှန်ပြီး သွေးရည်ကြည်များရှိနေတတ်သည်။ ရှိနေသည့်အနာကို သိရအောင် သူ့ကိုကိုင်ခွင့်ပြုပေပြီ။ ခိုင်မြဲသည် မွေးသည့်သခင်ထက် ကျွေးနေသည့် သူ့ကို သံယောဇဉ်တွယ်လာခဲ့ပြီ။ ထမင်းခွက်ကို လျက်သကဲ့သို့ သူ့လက်ကိုလည်း လျက်ပေးသည်။ ခေါင်းကို အသာပွတ်ပေးသည့်အခါ သူ့ကိုသာ ငေး၍ ကြည့်နေတတ်သည်။
ခိုင်မြဲကို ဟိုဟိုသည်သည်မသွားစေချင်။ သွားပါက ပို၍ ဆိုးလာပေမည်။
တစ်နေ့ဟိန်းအောင် နားထဲ ခိုင်မြဲ၏ အူသံကို ကြားနေသည်။ ခဏအကြာ ပြန်တိတ်သွားသည်။ ဆက်၍ အူပြန်သည်။ ဟိန်းအောင်နားထဲ ခိုင်မြဲက အကူအညီတောင်းနေသယောင်။ သို့နှင့် ဂိုဒေါင်သို့ ပြေးသွားသည်။ ဂိုဒေါင်အထဲသို့ရောက်ချိန် အူသံတိတ်သွားသည်။ ဂိုဒေါင်တစ်ခုလုံး နှံ့အောင် လိုက်ရှာသော်လည်းမတွေ့ရ။ သူရှာနေစဉ် ခိုင်မြဲအသံပေးခဲ့ဖို့ကောင်းပါသည်။ အခုတော့ ရှာနေသူမှာ လမ်းပျောက်နေပေပြီ။
ဂိုဒေါင်နှင့်ကပ်လျက်တွင် အိမ်တစ်အိမ်ရှိသေးသည်။ အိမ်နှင့်ဂိုဒေါင်သည် ခြံစည်းရိုးကာထားခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ထိုအိမ်နှင့်ထိုဂိုဒေါင် နှစ်အိမ့်တစ်အိမ်ဖြစ်နေသောကြောင့်ပင်တည်း။ ထို့ကြောင့် အိမ်အရှေ့လမ်းမဘက်သို့ ဟိန်းအောင်ထွက်ကြည့်သည်။ ထိုအချိန်မှ ခိုင်မြဲအသံထွက်လာသည်။
“အူး အူး”
ပါးစပ်မှလည်းအော်နေသည်။ ရှေ့လက်နှစ်ချောင်းအကူအညီဖြင့်လည်း တရွတ်ဆွဲ၍ သွားနေသည်။ မြို့လယ်ခေါင်လမ်းမကြီးကြောင့် လမ်းသွားလမ်းလာများက ကရုဏာသက်စွာ ခိုင်မြဲကို ကြည့်သွားကြသေးသည်။ ခိုင်မြဲဆီသို့ အပြေးလာသူက ဟိန်းအောင်။ ခိုင်မြဲအနားဟိန်းအောင်ရောက်သွားချိန် မြေကြီးတွင် ကျနေသော အမြီးက တစ်ဘုတ်ဘုတ်။ ဟိန်းအောင် ကြည့်နေရင်းပင် ရှေ့သို့ ခိုင်မြဲလျှောက်သည်။ ခိုင်မြဲ၏ ဒုက္ခကို ဟိန်းအောင် မကြည့်ဝံ့တော့။ သို့နှင့် ခါးကိုသိုင်း၍ ဖက်ကာ မ,လိုက်သည်။
“ဟိန်းအောင် … ဘယ်သွားတာလဲ”
ခိုင်မြဲကို စျေးဆိုင်သို့ပို့ပြီး အိမ်သို့အရောက် ဒေါ်လေးနိုင်က လှမ်းမေးလိုက်ခြင်းဖြစ်သည်။
“ခိုင်မြဲ အော်သံကြားလို့ ဘာများဖြစ်သလဲလို့ သွားရှာတာ … လမ်းဘေးမှာအော်နေတယ်လေ”
“သူတို့ဆိုင်ကို ပို့ပေးထားတာလား”
“ဟုတ်တယ်ဒေါ်လေး”
ဂိုဒေါင်ကနေ အိမ်ဆိုင်ကို သွားခဲ့ခြင်းဖြစ်သည်။
“သူ့ကိုပွေ့တော့ မကိုက်ဘူးလား”
“ဟဲ ဟဲ … သူက သားကိုချစ်နေပြီ ဒေါ်လေးရ … အခုပွေ့ပေးတာ ကိုက်ဖို့နေနေသာသာ သဘောတွေကျလို့ပဲ”
“သူ့ကိုကိုင်လို့ ရပြီဆိုတော့ ဆေးလိမ်းပေးရအောင် … ညနေကျ ဒေါ်လေးပါ လိုက်ခဲ့မယ်”
ညနေထမင်းကျွေးချိန်အမီ ခိုင်မြဲရောက်လာသည်။ ထမင်းဇလုံထဲတွင်လည်း ဒေါ်လေးသောက်သည့် အားဆေးတောင့် (Omega- 369) ကို ကတ်ကြေးဖြင့်ညှပ်ပြီး အဆီညစ်ထည့်ပေးထားသည်။ ထမင်းစားနေချိန် အနာရှိရာ နေရာများသို့ ဆေးဝါရည် (Septidine) ထည့်ပေးသည်။ ထို့နောက် မန်းဆေးအမှုန့်များကို လက်ဖြင့်ယူ၍ ဟိန်းအောင်သိပ်ပေးသည်။ ဒေါ်လေးနိုင်က ဘေးမှ ညွှန်ကြားနေ၏။
နောက်ပိုင်း ထမင်းကျွေးသည့် အခါတိုင်း ခိုင်မြဲကို မတ်တတ်ရပ်ခိုင်းသည်။ ပထမအကြိမ်တွင် ခဏမျှသာရပ်ပြီး ခွေခွေကျသွားသည်။ တစ်ခါတစ်ခါ လက်ဖြင့်ထိန်းပေးထားသည်။ ခြေထောက်နှစ်ချောင်းကို ကား၍ ရပ်ခိုင်းထားသည်။
အကြောများ ပြန်လည်အလုပ်လုပ်လာစေရင် ကချင်ဆေးများ၊ ထွန်းရွှေဝါ၊ ဗော(လ်)တက်(စ်) (VOLTEX) များကို ပေါင်ရင်းမှနေ၍ ခြေဖျားအထိ ဆွဲချ၍ လိမ်းပေးသည်။ တင်ပါးမှ ပွန်းရှနေသည့် ဒဏ်ရာများသည်လည်း အနည်းငယ်ကျက်စပြုလာပြီ။ ခက်သည်က အငြိမ်မနေဘဲ တရွတ်ဆွဲ၍ သွားနေသောကြောင့် ကျက်နေသည့် အနာဖေးများကွာ၍ အနာသစ်ဖြစ်ဖြစ်သွားတတ်သည်။
ဆောင်းတွင်း ညတစ်ညတွင် ခိုင်မြဲအတွက် စောင်တစ်ထည်ကို ဟိန်းအောင်ယူလာသည်။ ဒေါ်လေးနိုင်ကတစ်ဆင့် ပေးခဲ့ခြင်းဖြစ်သည်။ ခိုင်မြဲချမ်းနေသည်။ အလုပ်သမားများကလည်း ကွေးကွေးလေးအိပ်နေကြသည်။ ခိုင်မြဲနိုးမည်စိုး၍ ခန္ဓာကိုယ်ပေါ်သို့ အသာလေးလွှားပေးလိုက်သည်။ အေးစက်နေသည့်ကြား အနွေးဓာတ်ကြောင့် ခိုင်မြဲနိုးလာသည်။ သူ့ကြောင့်နိုးသည့်ခိုင်မြဲကို ကျောကိုပွတ်၍ ချော့သိပ်ခဲ့ရပါသေးသည်။ ခဏမျှ ခိုင်မြဲမှေးသွားချိန် ဟိန်းအောင် ပြန်ခဲ့ပါသည်။
ထိုစဉ် တံခါးဝထိ ခိုင်မြဲလိုက်ခဲ့ရာ —
“သွားအိပ်တော့နော် … မနက်တော့ ပြန်လာမယ်”
ဟုပြောလိုက်ရာ အမြီးကိုနန့်ပြသေးသည်။ တံခါးပိတ်သွားမှ သူ့အိပ်ရာသို့ ခိုင်မြဲပြန်သွားသည်။ အိပ်ရာအရောက် စောင်ကိုအသာနမ်း၍ ဝင်အိပ်လိုက်ပါတော့သည်။
ခိုင်မြဲကို မနက်စာအကျွေးလာရင်း ဟိန်းအောင် တွေးလာသည်။ ငယ်ငယ်တုန်းက ကလေးများလမ်းလျှောက်သင်တာကို မြင်ယောင်လာသည်။ အက်စီးဒင့် တစ်ခုခုဖြစ်ပြီး အောက်ပိုင်းသေသွားသည့် သူများကိုပြုစုသည့်နည်းကိုလည်း လေ့လာခဲ့ပေပြီ။ သည်တစ်ခါတွင် ဂိုင်ဒေါင်တံခါးသည် အဆင်သင့်ပွင့်နေသည်ကိုပင် ကျေးဇူးတင်ရမည်။ ကိုယ်တိုင်ဆွဲဖွင့်ရပါက အသံကိုကြားပြီး သူ့ဆီသို့ ခိုင်မြဲပြေးလာပေမည်။ ထို့ကြောင့်အသာလျှောက်၍ ထမင်းခွက်နှင့်ရေခွက်ကို ချလိုက်သည်။
“ခိုင်မြဲ ခိုင်မြဲ”
သူ့ခေါ်သံကြားသည်နှင့် မမြင်ရသောနေရာမှ မြင်ရသောနေရာသို့ တရွတ်ဆွဲ၍ ပြေးထွက်လာသည်။ ခိုင်မြဲဆီသို့ ဟိန်းအောင်ပြေးသွားပြီး တင်ပါးကို မ,ပေးလိုက်သည်။ အံ့ဩစရာကောင်းသည်က တရွတ်မဆွဲဘဲ နှစ်လှမ်းခန့် လှမ်းသွားသည်။ ဤသို့ဖြင့် ဆက်ခါဆက်ခါ လေ့ကျင့်ပေးသော အခါ မျှော်လင့်ထားသကဲ့သို့ လမ်းစ မြင်လာရပြီ။
ထိုင်နေရာမှ ထလာဖို့ မက်လုံးပေးရန်လိုသည်။ တစ်နေ့ ထမင်းကျွေးလာချိန် ကိတ်မုန့်ကို ယူလာပြီး ကျွေးကြည့်သည်။ ဒုတိယအကြိမ်မြောက် သူတပ်မက်သွားပေပြီ။ နောက်နေ့ တစ်ခါတည်း မကျွေးဘဲ နည်းနည်းခြင်းကျွေး၍ လမ်းလျှောက်စေသည်။ ထိုအချိန်ခိုင်မြဲကို သူအလိုမလိုက်ပါ။ တရွတ်ဆွဲလာလျှင် မုန့်ကိုမကျွေးဘဲ ကြိုးစား၍ လမ်းလျှောက်လာလျှင်မုန့်ကျွေးသည်။ ခိုင်မြဲကြိုးစား၍ လမ်းလျှောက်သည်။ ခိုင်မြဲခွေကျကာ ဒရွတ်ဆွဲ၍ လမ်းလျှောက်သည်။
အဆုံးစွန် ခိုင်မြဲနားလည်သွားသည်မှာ လမ်းလျှောက်ရန် ကြိုးစားလာလျှင် သူကြိုက်တာ စားရမည်ဟူသောအချက်။ ထိုကဲ့သို့ လိုအင်ကိုပြပြီး စွဲဆောင်သကဲ့သို့ လိမ်းဆေးနှင့် သောက်ဆေးကိုလည်း မပျက်လိမ်းပေး၊ တိုက်ပေးသည်။ ဂျင်းစိမ်းနှင့်မိဿလင်ကို အမှုန့်ကြိတ်ပြီး အရက်ဦးရည်ဖြင့်နှယ်က ခိုင်မြဲ၏ ခန္ဓာကိုယ်အောက်ပိုင်းအား လိမ်းနှယ်ပေးသည်။
ဟိန်းအောင် တံခါးဖွင့်သံကြားလျှင်ပင် အဝေးမှနေ၍ အသံပေးသည်။ ဟိန်းအောင်အနောက်သို့ တစ်ခါတစ်ခါပြေးလိုက်သည်။
ထိုသို့ပြေးလိုက်လာတိုင်း —
“ခိုင်မြဲ ငါ့နောက်မလိုက်နဲ့တော့လေကွာ … မတွေ့တဲ့မယ့်သူတွေကျနေတာပဲ … နေနေတော့နော် … ငါ့ကိုစိတ်မကောင်းအောင်မလုပ်နဲ့ … ညနေကျ မင်းအတွက် အသားများများလေးယူပေးခဲ့မယ် ဟုတ်ပြီလား”
ဟုပြောတိုင်း ဟိန်းအောင် ကိုသာ ငူငူကြီး ကြည့်ကြည့်နေတတ်၏။
ဟိန်းအောင်၏ တံခါးဖွင့်သံမကြားသည်မှာ ရက်ပေါင်းအတော်ကြာပြီ။ ကြာဆို စာမေးပွဲကြီးပြီး၍ သူတို့နေရပ်ကို ပြန်သွားသောကြောင့်ဖြစ်သည်။ ဂိုဒေါင်အပေါက်ဝတွင် အမြဲနေ၍ ဟိန်းအောင်ကို မျှော်သည်။ ဟိန်းအောင်ရှိသည့် အိမ်ဘက်သို့သာ အမြဲငေးကြည့်နေတတ်သည်။ လမ်းကို တရွတ်မဆွဲဘဲ ဒယိမ်းဒယိုင်နှင့်ပင်လျှောက်နေချေပြီ။ မောလျှင် ဖင်ထိုင်ချပြီး တရွတ်ဆွဲသွားသည်။ ဒယိမ်းဒယိုင်နှင့် ခိုင်မြဲလမ်းလျှောက်သည်ကို မြင်ပြီး ဟိန်းအောင် ကျေနပ်သွားခဲ့ရသည်။
ဟိန်းအောင် ရှိနေပါလျှက် သူ့ကိုလာမတွေ့ရကောင်းလားဟု တွေးထင်နေပုံရသည်။ သူတို့သခင်ကျွေးသော ထမင်းဖြူထုပ်သည် ဟိန်းအောင်ကျွေးသော ထမင်းထုပ်လောက် မစွဲဆောင်။ သူတို့ကျွေးသော ဝက်သားဟင်းသည် ဟိန်းအောင်ကျွေးသော ငါးဇင်စပ်လောက် အရသာမရှိသလို။
နေ့စဉ်နေ့တိုင်း ဂိုဒေါင်ပေါက်ဝဘေးရှိ အုတ်တံတိုင်းအောက် မြေကြီးကို သူ့လက်နှစ်ဖက်ဖြင့် အားကုန်ယက်သည်။ ထမင်းစားချိန်လည်း ထိုကျင်းကိုသာယက်သည်။ အိပ်ချိန်တွင်လည်း ထိုကျင်းကိုသာ ယက်သည်။ စားချိန်မေ့ အိပ်ချိန်မေ့၍ ဂိုဒေါင်အပြင်ဘက် ဟိန်းအောင်တို့၏ နေအိမ်သို့ သွားနိုင်ရန် ကြိုးစားသည်။ ကျင်းသည် တဖြည်းဖြည်းနက်လာပေပြီ။ ကျင်းနက်လေလေ အားဖြစ်လေလေ။ အစားမဝင်သည့် ဒဏ်ကြောင့် ခန္ဓာကိုယ်သည် ပိန်လှီလာပေပြီ။ နံရိုးများပင် ကား၍ ဘေးသို့ ထွက်လာပြီ။
အကြိမ်တစ်တောင် ထုရမည့်ကျောက်ဆောင်ကျောက်သားသည် ကိုးရာကိုးဆယ့်ကိုးကြိမ်မြောက်ရောက်သကဲ့သို့ ခိုင်မြဲသည် နောက်ဆုံးမြေကြီးကို လက်နှစ်ဖက်ဖြင့် အားကုန်ယက်သည်။ ခိုင်မြဲ၏ ကြိုးပမ်းမှုကြောင့် အုတ်တံတိုင်းအောက် လှိုဏ်ခေါင်းဖြစ်သွားချေပြီ။ လမ်းအပြင်ဘက် အလင်းရောင်ကြောင့် ကုန်ဆုံးသွားသော အားအင်အသစ်များ ပြန်ရလာသကဲ့သို့။
တွင်းနှုတ်ခမ်းဝမှ အားယူ၍ ဟိန်းအောင်နေသည့် အိမ်ဘက်သို့ ပြေးထွက်လာသည်။ အရှိန်ဖြင့်ပြေးသည်။ ခွေလဲသည်။ ဆက်ပြေးသည်။ ဟိန်းအောင်၏ အဒေါ် ဒေါ်လေးနိုင်၏ အိမ်ပေါက်ဝရှိတံခါးသည် ပွင့်နေသည်။ အမြီးကို ကုပ်၍ခြံဝင်းထဲသို့ ကျီးကန်းတောင်းမှောက်ကြည့်သည်။ မတွေ့ရသောကြောင့် အူသံပေးလိုက်သည်။
ခိုင်မြဲ၏ အူသံကြောင့် ခြံထွက်မှာ ခွေးငါးကောင် အရှိန်ဖြင့်ပြေးထွက်လာခဲ့သည်။ မျှော်လင့်ထားသည်က ကျွေးကျေးဇူးရှင်။ ရောက်လာသည်က သူ့ထက် ခွန်အားဗလကြီးမားသူများ။ ခိုင်မြဲပြေးသည်။ အစွမ်းကုန်ပြေးပါသည်။ ယခင်က အောက်ပိုင်းသေခဲ့ဖူးသည့် ဒဏ်ကြောင့် သူမပြေးနိုင်။
မပြေးနိုင်သော်လည်း ပြေးနိုင်အောင် ကြိုးစား၍ ပြေးပါသေးသည်။ နီးသောခရီး ပြေးသည့်အချိန်မှ ဝေးနေသယောင်။ ပြေးရင်း အနောက်သို့လှည့်ကြည့်စဉ် ခန္ဓာကိုယ်ပေါ်သို့ ခွေးငါးကောင် အပြိုင်အဆိုင် အုပ်လိုက်ပါတော့သည်။
ခိုင်မြဲအူသည်။ သူအကူအညီတောင်းသည်။ သို့သော် မည်သူမျှရောက်မလာ။ နံရိုးအမြောင်းမြောင်းထနေသော ဗိုက် အကိုက်ခံနေရသည့်ဒဏ်ကြောင့် ဆူးထိုးခံလိုက်ရသည့် ပူစီဖောင်းပမာ။ နောက်ဆုံးအကြိမ် သူအော်ပါသေးတယ်။ ဟိန်းအောင်ကိုလည်း တချင်တနေပေလိမ့်မည်။ ဒေါ်လေးနိုင်ကိုလည်း ခေါ်ချင်ခေါ်နေပေလိမ့်မည်။ သူ့ကို ခေါ်မွေးခဲ့သော ဂိုဒေါင်ပိုင်ရှင်၏ သားကိုလည်း လာစေချင်လိမ့်မည်။ သူအော်ပါသည်။ လျှာသည် ပါးစပ်ဝတွင် တွဲလောင်းဖြစ်နေပါပြီ။ ခွေးငါးကောင်သည်လည်း ပြန်သွားကြပါပြီ။ မမှိတ်ချင်သေးသည့် မျက်စိကို လောကပါလနတ်မင်းကြီးက ဆွဲမှိတ်လိုက်၏။
သူမျက်လုံးမမှိတ်ခင်ရောက်စေချင်သည့်သူများ ရောက်လာကြပါပြီ။ သို့သော်ဟိန်းအောင်မပါ။ ဒေါ်လေးနိုင်ပါ၏။ ဂိုဒေါင်အလုပ်သမားများပါ၏။ အားလုံး၏ မျက်နှာသည် ဝမ်းနည်းမှုများဖြစ်ပေါ်နေသည်။ သူ့ကို လမ်းမှာတွေ့ပြီး ကားတင်ခေါ်လာသည့် အလုပ်ရှင်၏ စကားကြောင့် ခိုင်မြဲ မြေကြီးထဲရောက်သွားပါပြီ။
“သူတူးထားသည့် အုတ်တံတိုင်းအောက်က ကျင်းမှာ သူ့ကို မြှုပ်လိုက်တော့ … ရော့ဒီမှာ ခိုင်မြဲအတွက် ကူးတို့ခ တစ်ထောင်ထည့်ပေးလိုက်ဦး … နောက်ဘဝဒီလိုအဖြစ်မျိုးနဲ့ဝေးပါစေခိုင်မြဲ”
ပြီးပါပြီ
မေတ္တာထား၍ရေးဖွဲ့သည်
သိုက်(ရွှေကူ)