ထောင်မှူးကြီးသိန်းဝင်း
တောမှောက်ခြင်း
ယနေ့ ကျွန်ုပ်၏ တပည့်ကျော် မုဆိုးအောင်သန်းနှင့် တင်သောင်းတို့ မအူပင်ဆိပ်စခန်းသို့ စာပို့သွားရန်ရှိသဖြင့် ကျွန်ုပ်တို့ မနက်စောစော ထကြရသည်။
ကျွန်ုပ်က မလိုက်သော်လည်း မှာစရာများ ရှိ၍ဖြစ်သည်။
“အောင်သန်းရေ၊ ဝရမ်းကိစ္စနဲ့ လချုပ်စာရင်းပေးပြီးရင် အသားစို၊ ရိက္ခာ ကိစ္စကို ပြောပြပါ။ ရိက္ခာလက်ကျန်စာရင်းလည်း ပေးလိုက်တယ်။ လိုတာတွေ မိုးမကျမီ ပို့ပေးဖို့ ပြောရမယ်။
နောက်ပြီး အရက်ပုလင်းလည်း ပြတ်ပြီ။ ARMY Rum စစ်စစ်ရအောင်ရှာခဲ့ပါ။ မအူပင်ဆိပ် (ဇောင်းတူ)မှာ တပ်ရင်းရှိတော့ ရနိုင်လောက်ပါတယ်။ လေးငါးပုလင်း ဆွဲခဲ့ပြီးတော့ ညမအိပ်နဲ့နော်၊ အမြန်ပြန်ခဲ့ကြ။ မင်းတို့ပြန်မလာရင် ငါအတွက် ညစာခက်နေလိမ့်မယ်”
“စိတ်ချပါ ဆရာရယ်၊ တပည့်တို့ မုဆိုးခြေထောက်ပဲ သိလျက်သားနဲ့။ မနက်စာ ထမင်းကြော်နဲ့ ငါးကလေးကြော်ရှိတယ်။ နေ့လယ်စားရင် ကြက်ဟင်းနဲ့ ဖလံတောင်ဝှေးကြော်၊ စင်ပြွန်းသီးချဉ်ရည်ဟင်းရှိတယ်။ ညစာကို ကျွန်တော်တို့ နောက်ကျရင် ချက်ပေးဖို့ ဖိုကြီးက ဖိုခေါင်း ဦးတင်ငြိမ်းကို အပြည့်အစုံမှာပြီးပါပြီ။ ကျွန်တော်တို့လည်း ညမအိပ်ပါဘူး။ အဲ့ဒီစခန်းကို နေ့လယ်စာ စားအမီသွားပြီး မိုးမချုပ်ခင် ပြန်ပြေးလာမှာပါ။
ဆရာ စိတ်ချလက်ချသာ စောင့်နေပါ။ ဟင်းချက်စရာလည်း ဆွဲခဲ့ပါ့မယ်။ ကျွန်တော်တို့မှာ လေးခွကိုယ်စီနဲ့ လက်နှိပ်ဓာတ်မီး၊ ဓားမြှောင်ကိုယ်စီ ပါပါတယ်။ မပူပါနဲ့ ဆရာရယ်”
“အေး… အေး၊ မင်းတို့နှစ်ယောက်က မုဆိုးတွေဆိုတော့ တောလမ်းခရီးကိုတော့ စိတ်ချပါတယ်။ ဒါပေမဲ့ မအူပင်ဆိပ်ထောင်ပိုင်က ရစ်နေမှာစိုးလို့ပါ”
“ဆရာဦးကျော်ထင်ကို ကျွန်တော် ပိုင်ပါတယ်ဆရာရယ်။ ဟော့သည်မှာ ဆရာဦးကျော်ထင်အတွက် ပျားရည်တစ်ပုလင်းတောင် လက်ဆောင်ပါသေးတယ်”
“ကဲ … စားသောက်ပြီး သွားကြတော့။ ခရီးက အသွားအပြန် မိုင် (၃ဝ) လောက်ရှိတယ်။ တောကောင်တွေကိုလည်း သတိထား။ မြန်မြန်သွား၊ မြန်မြန်ပြန်လာကြ။
ငါတော့ ဒီနေ့ တစ်ယောက်တည်း စခန်းပတ်ဝန်းကျင်တစ်ဝိုက်ကို အပျင်းပြေ တောလည်လိုက်ဦးမယ်”
ကျွန်ုပ်တို့ ထမင်းကြော်အတူစားပြီး တပည့်နှစ်ဦးအား စခန်းအဝင်ထိပ်အထိ လိုက်ပို့လိုက်ပါသည်။
ကျွန်ုပ်တို့ စခန်းအား အမှတ် (၉)စခန်း သို့မဟုတ် လျှော်တုန်းရဲဘက်စခန်းဟု ခေါ်သည်။ လျှော်တုန်းချောင်းကမ်းပါးအနီး ကျွန်းတောကြီးထဲ၌ ဆောက်လုပ်ထားခြင်းဖြစ်သည်။
ရဲဘက်အိပ်ဆောင် ဘားတိုက်များနှင့် လျှော်တုန်းချောင်းကမ်းပါးစပ်၊ ဖိုကြီးအလယ် တောင်ကုန်းကလေးပေါ်၌ စခန်းရုံးကိုဆောက်လုပ်ထားသည်။
ရေချောင်းဖြင့်နီးပြီး ကျွန်းတောကြီးအလယ်ခေါင်၌ စခန်းဆောက်လုပ်ထားခြင်းဖြစ်၍ အလွန်အေးချမ်း သည်။ သို့သော် ရေဖြင့်နီးသဖြင့် သုံးစွဲချက်ပြုတ်ရန် အဆင်ပြေသော်လည်း ခြင်က အလွန်များသည်။
ဤစခန်းတာဝန်ခံ ထောင်မှူးကြီး ဦးကျော်သူ ငှက် ဖျားရောဂါဖြင့် ဆေးရုံတက်ရသဖြင့် ကျွန်ုပ်က အရေးပေါ် လျှော်တုန်းစခန်းတာဝန်ခံအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရခြင်း ဖြစ်ပေသည်။
စခန်းအရှေ့ဘက် ဝန်ထမ်းနှင့် ရဲဘက်များ သစ်ခုတ် ဝါးခုတ်သောနေရာတွင် လမ်းခွဲကြပြီး ကျွန်ုပ် စခန်းအား လက်ဝဲရစ်ပတ်ပြီး ပြန်ခဲ့သည်။
လျှော်တုန်းချောင်းအနီးသို့အရောက် ကညင်ပင်ကြီးအပေါ်မှ တတောက်တောက်အသံ ကြားရသဖြင့် မော့ကြည့်ရာ လင်သက် (ရှဉ့်အကြီးစား)ကြီးတစ်ကောင်အား သစ်ကိုင်းခွဆုံတွင် တွေ့ရသည်။
တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး ရင်ဘတ်တွင် အဖြူကွက်ကြီး ရှိသည်။ အလွန်မြင့်မားသော ကညင်ပင်ကြီးပေါ်တွင် ရှိနေသဖြင့် ကျွန်ုပ်အား ထီ မထီဟန် ငုံ့ကြည့်နေသည်။
လင်သက်ကြီးမှာ တပိဿာကျော်ခန့်တော့ ရှိသည်။ သို့သော် ကျွန်ုပ်တွင် ပါလာသော ဒသမ ၃ဝ၃ အမေရိကန်ရိုင်ဖယ်ကြီးဖြင့်တော့ မတန်မရာ ဖြစ်နေသည်။
ကျွန်ုပ် ကညင်ပင်ကြီးအောက် တောင်ကမူကလေးပေါ်တွင် ခေတ္တနား၍ ရေဘူးကို မော့သောက်နေ၍ လင်သက်ကြီးထံမှ တကွပ်ကွပ်အသံကို ကြားရပြီး၊ကျွန်ုပ် မော့ကြည့်ရာ အမြီးကြီးထောင်၍ ကျွန်ုပ်ကိုအသံပေးနေခြင်း ဖြစ်သည်။
“ကွပ်… ကွပ်… ကွပ်”
“ဒိုင်း”
ပေတစ်ရာကျော် ကွာလှမ်းပြီး ကညင်ပင်ကိုင်းကြီးအား ကပ်တွယ်ထားသော လင်သက်ကြီးမှာ ကျည်ဆန်ပွတ်ပြီး ရှပ်မှန်သဖြင့် ပြုတ်မကျပါဘဲ ကညင်ပင်ခွဆုံကိုင်းကြီးပေါ်သို့ လျှောက်ပြေးနေသည်။
လင်သက်ကြီး၏ နံဘေးတွင်တော့ သွေးစို့နေသည်ကို တွေ့ရသဖြင့် ကျွန်ုပ်လည်း လက်စသိမ်းရန် လိုက်ပစ်ရတော့သည်။
“ဒိုင်း”
ဒုတိယအချက်လည်း မမှန်ပါ။ သေးမွှား၍ လှုပ်ရှားနေသော ပစ်မှတ်ကို ရိုင်ဖယ်ကြီးဖြင့် ပစ်ခတ်ရသည်မှာ အတော်အဆင်မပြေပါ။
ထို့ကြောင့် လင်သက်ကြီး လှုပ်ရှားမှု ရပ်တန့်ချိန်ကိုစောင့်၍ပစ်ရာ၊ ကိုင်းခွဆုံမှ အပေါ်သို့တက်ရန် အကူးတွင် ကျွန်ုပ် သေချာပေါက် ပစ်မှတ်ကို အသေအချာ စောင့်ဆိုင်းချိန်ရွယ်၍ ပစ်ခတ်နိုင်တော့သည်။
“ဒိုင်း … ဖောက်”
လင်သက်ကြီးမှာ ကညင်ပင်အောက်ရှိ ဝါးရုံပေါ်သို့ပြုတ်ကျသွားသည်။ ကျွန်ုပ်၏ လက်၌လည်း စီးစီးပိုးပိုး ဖြစ်သွားသဖြင့် အသေအချာမှန်ကြောင်း ကျွန်ုပ် သိလိုက်ပါသည်။
ယခင်အခါများက တပည့်ကျော်များ ပါသဖြင့် သားကောင်အား ကျွန်ုပ် လိုက်ကောက်စရာ မလိုပေ။ ယခုတော့ တစ်ကိုယ်တည်းဖြစ်၍ ကျွန်ုပ်ကိုယ်တိုင်ပင် တောင်ကုန်းပေါ်က ဆင်း၍ ဝါးရုံတောအတွင်း လင်သက်အသေကောင်အား ရှာရတော့သည်။
ဝါးရုံတောမှာ မိုးတွင်းကာလဖြစ်၍ မျှစ်စို့များထွက်ပြီး သိပ်သည်းနေသည်။ တစ်ပိဿာကျော်ခန့်သာရှိပြီး အနက်ရောင် လင်သက်အသေကောင်ကို ရှာဖွေရန် မလွယ်ကူပါ။
ထို့ကြောင့် ကျွန်ုပ် ဝါးရုံပင်အောက်၌ ထိုင်နားရင်း၊ ရေဘူးကိုမော့၍ လေ့လာစမ်းစစ်နေမိသည်။
ဝါးရုံပင်ခြေအောက်၌တော့ ဝါးရွက်ခြောက်များမှလွဲ၍ ရှင်းလင်းနေသည်။
ဝါရုံပင် ညာဘက်တွင်တော့ မြရာချုံတောက ထူထပ်လှသည်။ ကျွန်ုပ် လင်သက်ကြီး ကျသွားခဲ့သော ကညင်ပင်ကိုင်းကြီးနှင့် ကျနိုင်လောက်သည့် ဝါးရုံတော မြရာပင်ချုံတို့ကို လေ့လာနေမိပြန်သည်။
ထိုစဉ် ဝါးရုံပင်ခြေအသိုက်အတွင်းမှ တောကြက်မတစ်ကောင် ကတော်၍ ပျံပြေးသွားသည်။ တောကြက်မ ဝပ်နေဟန် တူသည်။
ကျွန်ုပ် ဝါးရုံတောအောက်ခြေအား သွားကြည့်ရာ တောကြက်ဥ (၆)လုံးအား တွေ့ရသည်။
တပည့်ကျော် မုဆိုးများအား သတိရလိုက်မိသည်။ ၎င်းတို့ ပါလာလျှင်တော့ အလွတ်ပေးမည် မဟုတ်ပါ။ ကျွန်ုပ်အနေဖြင့်တော့ တောကြက်မကြီးအား သနားသဖြင့် ၎င်း၏ ဝပ်လက်စ ဥများအား မတို့မထိမိပါ။
ကျွန်ုပ် သင်္ကာမင်းဖြစ်နေသည်မှာ မြရာချုံတောဖြစ်သည်။ ကျည်ဆန်အရှိန်ကြောင့် လင်သက်ကြီးမှာ ဝါးရုံပေါ် မတင်ဘဲ မြရာပင်ချုံတောထဲသို့ ကျသွားနိုင်ပေသည်။
ထို့ကြောင့် သေနတ်ကြီးကို မောင်းတင်၍ မြရာပင်ချုံတောဘက်သို့ တစ်ရွေ့ရွေ့လှမ်းခဲ့သည်။
ထိုစဉ် ချုံတောအတွင်းမှ ဆတ်ကြီးနှစ်ကောင် ချိုကားရားဖြင့် မတ်တတ်ထရပ်လိုက်ရာ ကျွန်ုပ်နှင့် လေးငါးပေသာ ကွာသဖြင့် ကျွန်ုပ်လည်း အံ့ဩလွန်း၍ နောက်သို့ ခုန်ဆုတ်ပြီး သေနတ်ဖြင့် လက်တန်းထိုး ပစ်ချလိုက်ရတော့သည်။
“ဒိုင်း”
“အူး … ဗုန်း”
ဆတ်ဖိုကြီး လဲသဖြင့် ဆတ်မက ကြောက်လန့်တကြား ထအပြေး ကျွန်ုပ် ရိုင်ဖယ်သေနတ်ကြီးအားအရေးပေါ် မောင်းတင်၍ ပစ်ရန်အလုပ် ဆတ်မကြီးမှာ ဝဖီးလွန်းပြီး ဗိုက်ကြီးဖောင်းနေသဖြင့် သေနတ်အား လွှဲလိုက်ရတော့သည်။ ဆတ်မကြီးမှာ တစ်ချက်ပြေးပြီး ကညင်ပင်ခြေတောင်ကုန်းအတက်
တွင် ကျွန်ုပ်အား ပြန်ငေး၍ လည်ပြန်ကြည့်နေပြန်သည်။
အလွန်ကောင်းမွန်သော မုဆိုးအတွက် ပစ်ကွင်းကောင်းဖြစ်ပါသည်။ ကျွန်ုပ် မပစ်တော့ပါ။
ဆတ်မကြီးကိုယ်ဝန်နှင့် ဆတ်ဖားကြီးအား တွဲမြင်လိုက်ရလျှင်ပင် ကျွန်ုပ် ဆတ်ဖိုကြီးအားလည်း ပစ်ခတ်မည် မဟုတ်ပါ။ ယခုတော့လည်း ရုတ်တရက်ဖြစ်၍ လက်လွန်သွားချေပြီ။ စိတ်မကောင်းတော့ ဖြစ်မိသည်။
တပည့်မုဆိုးများပါလျှင်တော့ မြေမနင်းသားစားချင်သည်ဟု ပြောကြမှာ အမှန်ပင်။
ကျွန်ုပ် ဝါးရုံပင်ရိပ်တွင် နားခိုရင်း ရေဘူးအားမော့၍ သောက်နေမိပြန် သည်။
တပည့်မုဆိုးများနှင့် တောတိုး၍ ရှာဖွေသော်လည်း တွေ့နိုင်ခဲသော ဆတ်ဖို၊ ဆတ်မက ယခုတော့ အလွယ်တကူပင် စခန်းအနီး၌ တွေ့ရှိပစ်ခတ်နိုင်ခြင်းဖြစ်သည်။
လင်သက်ပစ်ရာတွင် မတန်မရာ ကုန်သွားသော ကျည်ဆန် (၃)တောင့်အတွက် ယခုတော့ ပိဿာချိန် (၁ဝဝ)ခန့်ရှိသော ဆတ်ဖိုကြီးကို တစ်ချက်တည်း ရရှိသဖြင့် လွန်စွာတန်သွားပြီ ဖြစ်ချေသည်။
သို့သော် တပည့်များကလည်း မရှိ၊ စခန်းကိုလည်းမမှာဖြစ်ခဲ့သဖြင့် သယ်ဆောင်ရန် အခက်အခဲ တွေ့နေရပြီဖြစ်တော့သည်။
ကျွန်ုပ် အနားယူပြီးနောက် လင်သက်ကြီးကို သတိရမိပြန်သည်။ လင်သက်အသားမှာ ရှဉ့်အသားလိုပင် မာကျောသော်လည်း ဆေးဘက်ဝင်သည်။ သူကလည်း သစ်သီးမျိုးစုံစားသော သတ္တဝါမျိုးဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ် သေနတ်ကြီးကို ဝါးရုံပင်တွင် ထောင်ခဲ့ပြီး အမဲလိုက်ဓားမြှောင်ကို ကိုင်ကာ မြ ရာချုံတောဘက်သို့ လှမ်းခဲ့သည်။
မြရာချုံတောအတွင်း၍ (၆)စထောင် ချိုကားကြီးဖြင့် ဆတ်ဖိုကြီးအား တွေ့ရသော်လည်း မြရာချုံကိုင်းများက ဖုံးအုပ်ထားသည်။ ထို့ကြောင့် ကျွန်ုပ် အမဲလိုက်ဓားဖြင့် ရှင်းရတော့သည်။
မြရာပင်မှာ ပင်ထောင်အမျိုးအစား ဖြစ်သော်လည်းအောက်ခြေမှစ၍ ကိုင်းလက်ကိုင်းတက် ဝေလွန်းသဖြင့် ချုံသဖွယ် ဖြစ်နေသည်။
ကျွန်ုပ် မြရာချုံကို ရှင်းလင်းလိုက်တော့မှ အထက်မြရာကိုင်းကြားတွင် လင်သက်အသေကောင်ကို တွေ့ရတော့သည်။ ၁ဝ ပေကျော်အမြင့်ဖြစ်၍ ကျွန်ုပ် အလှမ်းမမီသောကြောင့် မြရာပင်မကြီးအား ခုတ်ချရတော့သည်။
ကိုင်းနုများက ပျော့သော်လည်း မြရာပင်စည်က အတော်မာကျောသည်။ အမဲလိုက်ဓားမြှောင်ဖြင့်သာ ခုတ်ရခြင်းဖြစ်၍ အချက်ပေါင်းများစွာခုတ်မှ ပင်စည် ပြိုလဲသည်။ ပင်စည်မှာ ထွာဆိုင်ခန့်သာ ရှိပါသည်။
ကျွန်ုပ် လင်သက်အသေကောင်အား ရှာဖွေကောက်ယူခဲ့ပြီး စခန်းသို့ပြန်ခဲ့သည်။ စခန်းမှာ ကျွန်ုပ် ဆတ်ဖိုကြီးအား ပစ်ခတ်သည့်နေရာနှင့် ကိုက် လေး၊ ငါးရာခန့်သာ ဝေးပါလိမ့်မည်။ ထို့ကြောင့် လျှော်ကုန်းချောင်းအတိုင်းလိုက်၍ အောက်သို့ဆင်းခဲ့သည်။
ကျွန်ုပ် လမ်းလျှောက်ရင်း နာရီကိုကြည့်မိတော့ နေ့လယ် (၁၂)နာရီပင် ထိုးလုပြီဖြစ်သည်။ ကိုက်၅ဝဝ ခန့်သာဝေးသော စခန်းအပြန်ခရီးကို ကျွန်ုပ် တစ်နာရီခန့် လျှောက်သော်လည်း မရောက်ပါ။
လျှော်တုန်းချောင်းကမ်းဘေးမှာ ကျွန်ုပ်တို့ မကြာခဏ အမဲလည်ရင်း လျှောက်နေကျဖြစ်သော်လည်း ယခုပတ်ဝန်းကျင်မှာ ကျွန်ုပ်နှင့် အလွန်စိမ်းနေသည်။
ချောင်းကမ်းစပ်တွင် ဝါးရုံတောနှင့် ခံတက်ပင်များသာ အများစုပေါက်ရောက်တတ်သော်လည်း ယခုတော့ ဆောက်ချုံနှင့် ကင်ပွန်းချုံများကိုသာ တိုး၍ ခုတ်ထွင်နေရသည်။
လူချည်းမဟုတ်မူဘဲ ဒသမ ၃၀၃ ရိုင်ဖယ်ကြီးပါ လွယ်ထားရသဖြင့် မလွတ်မလပ် တောတိုးရခြင်းဖြစ်၍ ခရီးက မတွင်ကျယ်လှပါ။
နေ့လယ်စာ စားချိန်ရောက်၍ ဗိုက်ကလည်း တဂွီဂွီမြည်လာသည်။ ထို့ကြောင့် ကမ်းပါးစပ် ဝါးရုံတောအောက်တွင် ခေတ္တထိုင်အနားယူရင်း ရေဘူးအားမော့လိုက်စဉ် အနီးရှိ ဝါးရုံပင်ခြေမှ တောကြက်ဥ(၅)လုံးအား တွေ့လိုက်သည်။ ထို့ကြောင့် ဘာမျှ စဉ်းစားမနေတော့ဘဲ တောကြက်ဥ (၅)လုံးကို ယူ၍ အစိမ်းဖောက်သောက်လိုက်သည်။
ယခင်က ကျွန်ုပ် ရှောင်ခဲ့သော်လည်း ယခု အနားယူပြီး နာရီကြည့်တော့ ငါ့ဝမ်းပူဆာမနေသာ၍ မစောင့်ထိန်းနိုင်တော့။
အနားယူပြီးတော့ နာရီကြည့်မိတော့ မွန်းလွဲတစ်နာရီပင် ထိုးချေပြီ။ ဘယ်လိုဖြစ်၍ လမ်းမှားသည်ကို မသိ။ သေချာတာကတော့ ကျွန်ုပ် တောမာယာ၏ အလှည့်စားခံနေရပြီ ဖြစ်သည်ကို သတိပြုမိတော့သည်။
ထို့ကြောင့် ကျွန်ုပ် နောက်ကြောင်းပြန်လှည့်ရန် တာစူမိလိုက်တော့သည်။ အပြန်လမ်းကတော့ မှားနိုင်မည် မဟုတ်တော့။
ကျွန်ုပ် တစ်လမ်းလုံး ရှင်းလင်းခုတ်ထွင်လာခဲ့သော ဓားရာများက လမ်းပြနေပေလိမ့်မည်။
ထိုစဉ် အပုပ်နံ့က ထောင်းခနဲထပါသည်။ ဝေးဝေးကလာသော အနံ့မဟုတ်။ ကျွန်ုပ် အနီးပတ်ဝန်းကျင်အား လိုက်ရှာမိသည်။ ဘာမျှမတွေ့။
ထို့ကြောင့် ဘေးစစ်လွယ်အိတ်အား ဖွင့်ကြည့်တော့မှ ကျွန်ုပ်ထည့်ထားသော လင်သက် အသေကောင်က အနံ့ထွက်နေခြင်း ဖြစ်သည်။ ကျွန်ုပ်ထုတ်ယူ၍ ချောင်းထဲသို့ လွှင့်ပစ်လိုက်သည်။
မနက်(၉)နာရီ ပတ်ဝန်းကျင်က ပစ်ခတ်ရရှိခဲ့သော လင်သက်အသေကောင်က အပုပ်မြန်လှသည်။
အသားနုလွန်း၍ ပုပ်သည်လော၊ မဖြစ်နိုင်ပါ။
သူ့ထက် အသားနုသည့် တောကြက်၊ ရစ်ကြက်များကိုပင် ယခင်က ဘေးလွတ်အိတ်ထဲထည့်ထားပြီး ညနေစောင်း စခန်းပြန်ရောက်မှ ချက်ပြုတ်စားသော်လည်း အကောင်းအတိုင်းပင်။ ယနေ့မှ ဘာဖြစ်မှန်းမသိပါ။
သို့သော် ဘေးလွယ်အိတ်မှာ ပေါ့သွားပြီ။ အပုပ်နံ့လည်း မရတော့သဖြင့် ကျွန်ုပ် လျင်မြန်စွာ လမ်းလျှောက်နိုင်ပါသည်။
ယခုမှ ကျွန်ုပ် သတိထားမိပြန်သည်။ စခန်းကအထွက်တွင် ရိုင်ဖယ်ကျည် ဆန်(၅)တောင့်သာ ထည့်လာခဲ့သဖြင့် လင်သက်နှင့် ဆတ်ဖိုကြီးကိုပစ်စဉ်က (၄)တောင့်ကုန်ခဲ့သဖြင့် ပြောင်းရင်းထဲ၍ ကျည်ဆန်တစ်တောင့်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။
ကျွန်ုပ် လမ်းလျှောက်ရင်း တဖြည်းဖြည်း ညနေစောင်းလာသည်။ နာရီကိုကြည့်မိတော့ ညနေစောင်း (၄)နာရီသာ ရှိပါသေးသည်။
တောကြက်ဥ(၅)လုံးကို အစိမ်းသောက်ထားသဖြင့် ဗိုက်ကတော့ မဆာတော့ပါ။
ညနေ (၄)နာရီဆိုသော်လည်း တောရိပ်၊ တောင်ရိပ်ကြောင့် မှောင်စပြုလာခြင်းဖြစ်ပေမည်။
တစ်ခု ထူးဆန်းနေပြန်သည်မှာ ယခင်က တောထဲ ရောက်လျှင် အနည်းဆုံး တောကြက်နှင့် ဒေါင်းတွန်သံ၊ မျောက်များအော်သံ၊ ချေဟောက်သံများကိုတော့ ကြားရစမြဲ။
သို့သော် ယနေ့ ထူးခြားနေသည်မှာ တောကောင်များကို မမြင်ရရုံသာမက အော်သံများကိုပင် မကြားရခြင်းဖြစ်သည်။ တောမှာ တိတ်ဆိတ်လွန်းနေသည်။
မကြာမီ တစ်ဖက်ကမ်းမှ မီးရောင်များနှင့် စကားပြောသံများကို ကြားရသဖြင့် ကျွန်ုပ် ဇဝေဇဝါဖြစ်သွားသည်။ အသေအချာကြည့်မှ ကျွန်ုပ်တို့၏ ရဲ ဘက်စခန်းဖြစ်နေသည်။
ကျွန်ုပ် အလွန်အံ့ဩမိပါသည်။ ကျွန်ုပ် လျှော်တုန်း ချောင်းကို ဖြတ်မကူးခဲ့ပါ။ အဘယ်ကြောင့် ကျွန်ုပ်တစ်ဖက်ကမ်းသို့ ရောက်နေမှန်းလည်း စဉ်းစား၍ မရပါ။
ထို့ကြောင့် တောလှည့်စားသည်လားဟု ကျွန်ုပ် အသေအချာကြည့်မိတော့မှ လူအုပ်စုကြီးက မီးတုတ်များထွန်းညှိနေကြခြင်း ဖြစ်သည်။
ထိုမှ ကျွန်ုပ် သဘောပေါက်လိုက်တော့သည်။ တပည့်အောင်သန်းနှင့် တင်သောင်းတို့ မအူပင်ဆိပ်စခန်းမှ ပြန်လည်ရောက်ရှိကြပြီး၊ ကျွန်ုပ် ပျောက်ဆုံးနေသည်ကို သိကြသဖြင့် လိုက်ရှာဖွေရန် မီးတုတ်ထွန်းပြီး လူစုနေခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် လူအုပ်မလွဲစေရန် ကျွန်ုပ်၏ နောက်ဆုံးသက်စောင့်ကျန်ရှိသော ကျည်ဆန်တစ်တောင့်အားဖောက်၍ အချက်ပေးလိုက်ရတော့သည်။ နှုတ်မှလည်း …
“ဟေး … ဟေး … ဟေး၊ ငါ ဒီဘက်ကမ်းမှာဟေ့”
ဟု အော်လိုက်ရာ မကြာမီ တပည့်ကျော်မုဆိုးအောင်သန်းနှင့် တင်သောင်းတို့ လျှော်တုန်းချောင်းအား ဖြတ်ကူးလာကြသည်။
တစ်ဖက်ကမ်းရောက်တော့ ကျွန်တော်ကို တွေ့သည်နှင့် –
“တော်ပါသေးရဲ့ ဆရာရယ်၊ ဆရာ့ကို ကျားဆွဲသွားပြီမှတ်တာ။ အခုပဲ မီးတုတ်ထွန်းပြီး လိုက်ရှာကြမလို့။ တစ်ယောက်တည်း ဘာဖြစ်လို့ အဝေးကြီး သွားရတာလဲ ဆရာရယ်။ ဒီစခန်းပတ်ဝန်းကျင်က ကျားပေါတယ်”
“အေး ငါလည်း သိပါတယ်။ ငါ အဝေးကြီး မသွားပါဘူး။ မင်းတို့နဲ့ မနက်က လမ်းခွဲပြီး စခန်းအရှေ့ဘက်မှာ လင်သက်တစ်ကောင်နဲ့ ဆတ်ဖိုကြီးတစ်ကောင်ကို ပစ်တယ်။ စခန်းက သေနတ်သံ မကြားရဘူးလား”
“ဘာသံမျှ မကြားရဘူးတဲ့ ဆရာ။ ဖိုခေါင်းက နေ့လယ် ရုံးလာကြည့်တော့ ဆရာ ထမင်းပြန်မစားတာ သိသွားတယ်။ ကျွန်တော်တို့မရှိတော့ သူလည်း မလိုက်တတ်ဘူး။ အခု ကျွန်တော်တို့ရောက်မှ ရောက်ရောက်ချင်း ပြောတာ”
“အေးကွာ … ငါတော့ တစ်ခါဖူးမှ မဖြစ်ဖူးပါဘူး။ တောခြောက် တောမှောက်ခံရတာ ထင်ပါရဲ့။ ကဲ … ပြန်ကြစို့၊ စခန်းက စိတ်ပူနေကြလိမ့်မယ်”
ကျွန်ုပ်တို့ လျှော်တုန်းချောင်းအား ဖြတ်ကူး၍ စခန်းပြန်ရောက်တော့ အားလုံးက စိတ်ပူနေကြသည်။ ထို့ကြောင့် ကျွန်ုပ်က ဖြစ်ပျက်ပုံကို ရှင်းပြရသည်။
သူတို့ အလွန်အံ့ဩကြသည်။ ထို့အပြင် ထူးခြားချက်တစ်ခုမှာ ကျွန်ုပ် လင်သက်နှင့် ဆတ်ဖိုကြီးအား ပစ်သော သေနတ်သံ (၄)ချက်ကို စခန်းမှ လူတစ်ဦးတစ်ယောက်မျှ မကြားမိကြခြင်း ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ် စခန်းတွင် ခေတ္တနား၍ သေနတ်အားကျည်ဆန်(၅) တောင့် ထပ်မံဖြည့်ပြီး စခန်းမှအသင့်လုပ်ကိုင်ထားသော မီးတုတ်များနှင့် ဝန်ထမ်း၊ ရဲဘက်များကိုခေါ်ကာ စခန်းအရှေ့ဘက် ကညင်ပင်ကြီးရှိရာသို့ ဖြတ်လမ်းမှ ထွက်ခဲ့ကြသည်။
ကညင်ပင်ကြီးအောက် ဝါးရုံတောအနီး မြရာချုံထဲ၌ (၆)စထောင် ချိုကားကြီးဖြင့် ဆတ်ဖိုအသေကောင်ကြီးအား တွေ့ရတော့ သူတို့ အလွန်ဝမ်းသာကြသည်။ အလွန်လည်း အံ့ဩကြသည်။
တကယ်တမ်းက ဆတ်ပစ်သော နေရာမှာ စခန်းနှင့် ကိုက် (၂ဝဝ)ခန့်သာ ဝေးသည်။ အဘယ်ကြောင့် စခန်းက သေနတ်သံ မကြားရသနည်း။
ကျွန်ုပ် မတွေးတတ်တော့ပါ။ တောမှောက်ခြင်းမှာ ဤသို့ပါလားဟု ကျွန်ုပ် စဉ်းစားနေမိသည်။
ထိုညက မိုးလေလည်းကင်းစင်သည်။ စခန်းတစ်ခုလုံး မီးပုံပွဲလုပ်၍ ဆတ်သားအား ချက်ပြုတ်စားကြသည်မှာ ပျော်စရာအလွန်ကောင်းသည်။
ကျွန်ုပ်ကတော့ စားရင်းသောက်ရင်း ကျွန်ုပ်တစ်ဦးတည်း တောမှောက်ခြင်းခံရသည်ကို ပြော၍ မဆုံးတော့ပါ။
ကျွန်ုပ် ဘာအမှားလုပ်မိသည်ကိုလည်း ယနေ့အချိန် အထိ စဉ်းစား၍ မရပါ။
– ပြီး –
စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ