ထောင်အတွင်းမှပရလောကသားများ

အင်းစိန်ထောင်မှ ပရလောကသားများ(စ/ဆုံး)

———————————————

“အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ အဆိုအရ မိန်းဂျေးလ်ကနေ ထောင်ဗူး၀ကို လွတ်မြောက်သွားတဲ့ အကျဉ်းသားဟာ နောက်ပြန်လှည့်ကြည့်ပြီး ဒီဘုရားလေးကိုဖူးရင် နောက်တစ်ခေါက် ပြန်ရောက်လာတတ်တယ် ဆိုတဲ့ ယုံကြည်စွဲလမ်းမှုတစ်ခု ရှိပါတယ်။ ဒါကြောင့် လွတ်သွားတဲ့ အကျဉ်းသားတွေဟာ မိန်းဂျေးလ်လမ်း ပေါ်ရောက်ရင် နောက်ကို ဘယ်တော့မှ လှည့်ကြည့်လေ့မရှိပါဘူး”
——————————————————————-

ထောင်အတွင်းက ပရလောကသားများအကြောင်းကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ သဘောတူသူရော၊ သဘောမတူသူရော မိတ်ဆွေတွေထဲမှာ ပေါ်ပေါက်လာပါတယ်။ တကယ်တော့ ဒီအကြောင်းအရာဟာ အင်မတန် ငြင်းခုန်စရာကောင်းတဲ့ ခေါင်းစဉ်ဖြစ်နေလို့ပါပဲ။ ခေတ်စနစ်တွေ ပြောင်းလဲမှုနဲ့အတူ လူတွေရဲ့ ယုံကြည်သက်၀င်မှုတွေဟာ လှိုင်းအမျိုးမျိုး သက်ရောက်ခံရပြီးတဲ့ နောက်မှာ အားပျော့သွားပါတယ်။ လူငယ် ခေတ်ပညာ တတ်တွေကတော့ ဒီခေါင်းစဉ်ကို သဘောတူဖို့ ခဲယဉ်းပါလိမ့်မယ်။ ကျွန်တော်လည်း ၂၁ နှစ်သား ထောင်ထဲရောက်ခါစမှာ ဒီအမြင်ကို စွဲကိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံရေး လှိုင်းတံပိုးတွေကြောင့် သေဒဏ်အပါအ၀င် ထောင်သုံးကြိမ်ကျပြီး ထောင် လေးထောင်ထဲမှာ ၁၁ နှစ်၊ ခြောက်လ ၁၁ ရက် နေပြီးတဲ့ နောက်မှာတော့ ကျွန်တော့်ရဲ့ ယုံကြည်ချက်တချို့ ပြောင်းလဲသွားပါတယ်။ မြန်မာနိုင်ငံရဲ့ ထောင်တွေသမိုင်းဟာ အင်္ဂလိပ်လက်ထက် ကတည်းက စတင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းရာကျော် ရာဇ၀င် ရှိနေခဲ့ပါတယ်။ အရှေ့တောင်အာရှရဲ့ ကျယ်ပြောတဲ့နယ်မြေနဲ့ ခမ်းနားတဲ့ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားတဲ့ တိုင်းပြည်တစ်ခုမှာ ထူးဆန်းစွာပဲ နေရာအနှံ့ ထောင်တွေအများကြီး တည်ရှိနေခဲ့ပါတယ်။ လက်ရှိ အကျဉ်းထောင်ပေါင်း ၄၅ ထောင်ရှိပြီး က၊ ခ၊ ဂ အဆင့်လိုက် ခွဲခြားထားပါတယ်။ ဒီထောင်တွေထဲမှာ အင်းစိန်ထောင်၊ စစ်တွေထောင်၊ မော်လမြိုင်ထောင်၊ မြိတ်ထောင်နဲ့ ပုသိမ်ထောင်တွေဟာ သက်တမ်းရင့်ထောင်တွေ ဖြစ်ပါတယ်။ ဒီထောင်တွေဟာ (က) အဆင့် ထောင်တွေဖြစ်တဲ့အတွက် ကြိုးတိုက်နဲ့ ကြိုးစင် တည်ရှိတဲ့ထောင်တွေ ဖြစ်ပါတယ်။ ဒီကြိုးစင်တွေဟာ ကျွန်တော်တို့ ထောင်ထဲရောက်တဲ့ အချိန်မှာ ဟောင်းနွမ်း ဆွေးမြေ့ သံချေးကိုက်နေပေမယ့် တစ်ချိန်က ရာဇ၀တ်သားတွေကို ကြိုးပေးကွပ် မျက်ခဲ့တယ်ဆိုတဲ့ အချက်ကတော့ ဖုံးကွယ်ထားလို့ မရပါဘူး။

မြန်မာနိုင်ငံကို နယ်ချဲ့သိမ်းပိုက်ခဲ့တဲ့ အင်္ဂလိပ်တွေဟာ သူတို့ရဲ့အုပ်စိုးမှု ရှည်ကြာခိုင်မြဲစေရေးအတွက် ဦးစားပေး တည်ဆောက်ခဲ့တာကတော့ အထွေထွေ အုပ်ချုပ်ရေးရုံး၊ ရဲစခန်းနဲ့ အကျဉ်းထောင်တွေပဲ ဖြစ်ပါတယ်။ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးခါစမှာ ဗြိတိသျှ နေမ၀င်အင်ပါယာ ခိုင်မြဲစေဖို့အတွက် ၁၈၆၁ ခုနှစ်မှာ ရန်ကုန်ထောင်ကြီးကို အရင်ဆောက်လုပ်ခဲ့တာပါ။ ၁၈၅၃ ခုနှစ်၊ ပုဂံမင်းလက်ထက် အင်္ဂလိပ်-မြန်မာဒုတိယ စစ်ပွဲပြီးချိန်မှာ ရန်ကုန်ဟာ ဗြိတိသျှလက်အောက်ကို ကျရောက်သွားပါတယ်။ အညံ့မခံချင်တဲ့ မြန်မာလူမျိုးတွေဟာ အင်္ဂလိပ်ကို ပြန်လည်တော်လှန် တိုက်ခိုက်တဲ့အတွက် ငြိမ်၀ပ်ပိပြားစေဖို့ အကျဉ်းထောင်ဟာ အင်္ဂလိပ်အစိုးရအတွက် အများကြီး အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။ မြန်မာ တော်လှန်ရေးသမားတွေကို ထိန်းသိမ်းထားဖို့အတွက် ထောင်သမိုင်းအရ ၁၈၆၄ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက အကျဉ်းထောင်ဌာနကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အကျဉ်းထောင်ဌာနမှာရှိတဲ့ အကျဉ်းသားတွေက စည်ပင်သာယာ အလုပ်တွေလို့ ပြောရမယ့် မြို့ရွာသန့်ရှင်းရေးကို ဆောင်ရွက် ရပါတယ်။ အဓိကကတော့ လူတွေမလုပ်ချင်တဲ့ မိလ္လာအညစ်အကြေးတွေကို သန့်ရှင်းရတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ သီပေါမင်းတရားကြီး ပါတော်မူ သွားပြီးတဲ့နောက် လေးနှစ်အကြာ ၁၈၈၉ ခုနှစ် အရောက် အရှေ့တောင်အာရှမှာ အကြီးဆုံးလို့ ဆိုနိုင်မယ့် အင်းစိန်အကျဉ်းထောင်ကြီးကို တိုင်ကပ်နာရီ ပုံစံအတိုင်း ဆောက်လုပ်ခဲ့ပါတယ်။

အင်းစိန်ထောင် မဆောက်ခင်က အင်းစိန်ဟာ မြို့မဖြစ်သေးဘဲ ရွာမ(အင်းစိန်ရွာမ) ဆိုတဲ့ ရွာတစ်ရွာပဲ ရှိပါတယ်။ ဒီရွာကြီးမှာ သစ်တောတွေ ဖုံးလွှမ်းနေပြီး မင်္ဂလာဒုံတောနဲ့ ဆက်စပ်နေခဲ့ပါတယ်။ အင်းစိန်ထောင်ကို သုံးနှစ်ကြာ တည်ဆောက်ခဲ့ရပြီး ၁၈၉၂ ခု၊ ဇူလိုင်လမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အခုဆိုရင် အင်းစိန်ထောင်ဟာ ၁၂၆ နှစ် သက်တမ်းရှိနေခဲ့ပါပြီ။ အင်းစိန်ထောင်ကို ရန်ကုန်ထောင်က ကျသစ်လို့ခေါ်တဲ့ အကျဉ်းသား ၄၀၀ ကို ခေါ်ယူပြီး ဆောက်လုပ်ရေး လုပ်သားအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ထောင်ရဲ့ အရှေ့ဘက်မှာ ၀န်ထမ်းတန်းလျားတွေ ဆောက်ပြီး ပလိပ်တွေကို စောင့်ကြပ်စေခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်က ထောင်အလုပ်လုပ်တဲ့ လူမျိုးက အိနိ်္ဒယက ရောက်လာတဲ့ ဟိန္ဒူလူမျိုး တွေသာဖြစ်ပါတယ်။ အင်းစိန်ထောင်ဟာ အုတ်ရိုး နှစ်ထပ်ရှိပြီး အပြင်အုတ်ရိုးက ၁၈ ပေ၊ အတွင်း အုတ်ရိုးက ၇ ပေ မြင့်ပါတယ်။ အတွင်းအုတ်ရိုးနဲ့ အပြင်အုတ်ရိုးကြားမှာ ပေ ၂၀၀ လောက် ခြားထားပြီး အကျဉ်းသားတွေ စားဖို့အတွက် မုံညှင်း၊ ချဉ်ပေါင်၊ မုန်လာ၊ ခရမ်း၊ ဟင်းနုနွယ် စတာတွေ စိုက်ပါတယ်။ ညဘက်မှာ အုတ်ရိုးနှစ်ခုကြားကို ထောင်ဝါဒါတွေနဲ့ လေ့ကျင့်မွေးမြူထားတဲ့ စစ်ခွေးတွေက နာရီခြားအလိုက် ကင်းလှည့်လေ့ရှိပါတယ်။ ရှေးဟောင်း တိုင်ကပ်နာရီရဲ့ ဒိုင်ခွက်ပုံစံထဲမှာ အကျဉ်းသားအိပ်ဆောင်တွေကို နှစ်ထပ်တိုက်ပုံစံ တည်ဆောက်ထားပါတယ်။ အိပ်ဆောင်တွေရဲ့ အလယ်တည့်တည့်မှာ မိန်းဂျေးလ်လို့ခေါ်တဲ့ ထောင်အုပ်ချုပ်ရေး ရုံးခန်းနဲ့ အတူ ၆၃ ပေ မြင့်တဲ့ ကင်းမျှော်စင်ကြီး ရှိပါတယ်။

ကင်းမျှော်စင် ကြီးပေါ်မှာ မောင်းပြန်သေနတ် ကိုင်ဆောင်ထားတဲ့ ထောင်ဝါဒါတွေဟာ အလှည့်ကျကင်းစောင့်ပြီး အားကောင်းတဲ့ မီးမောင်းကြီးတွေနဲ့လည်း ထောင်အုတ်ရိုးတွေကို စစ်ဆေးရပါတယ်။ ယခင်က ကင်းမျှော်စင်ကိုပတ်ပြီး အကျဉ်းသားတွေ စားဖို့ စားဖိုဆောင် တည်ဆောက်ထားပါတယ်။ ဘေးပတ်လည်မှာရှိတဲ့ အဆောင်တွေက အကျဉ်းသား၊ အချုပ်သားတွေဟာ ထမင်းစားချိန်မှာ တစ်ဆောင်ချင်းဆီထွက်ပြီး မိန်းဂျေးလ်မျှော်စင်အောက်မှာ ထမင်းပုံစံတွေ တန်းစီယူဖို့ စီစဉ်ထားပါတယ်။ နောက်တော့ အကျဉ်းသားတွေကို ချက်ကျွေးရတာ နေရာကျဉ်းတဲ့အတွက် ထောင်ဆေးရုံနဲ့ ၅ ဆောင်ကြားက မြေကွက်လပ်ကို ပြောင်းရွှေ့သွားပါတယ်။ မိန်းဂျေးလ်မျှော်စင် ပထမထပ်လောက်မှာ ဘုရားအသေးတစ်ဆူ တည်ထားပါတယ်။ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ အဆိုအရ မိန်းဂျေးလ်ကနေ ထောင်ဗူး၀ကို လွတ်မြောက်သွားတဲ့ အကျဉ်းသားဟာ နောက်ပြန်လှည့်ကြည့်ပြီး ဒီဘုရားလေးကိုဖူးရင် နောက်တစ်ခေါက် ပြန်ရောက်လာတတ်တယ် ဆိုတဲ့ ယုံကြည်စွဲလမ်းမှုတစ်ခု ရှိပါတယ်။

ဒါကြောင့် လွတ်သွားတဲ့ အကျဉ်းသားတွေဟာ မိန်းဂျေးလ်လမ်း ပေါ်ရောက်ရင် နောက်ကို ဘယ်တော့မှ လှည့်ကြည့်လေ့မရှိပါဘူး။
ထောင်ဗူး၀ကနေ မိမိ နေရမယ့် အဆောင်တွေကို သွားရောက်ရာမှာ တံခါးအဆင့်ဆင့်ကို ဖြတ်ရပါတယ်။ အိပ်ဆောင်တွေ တစ်ဆောင်နဲ့ တစ်ဆောင်ကြားမှာ အလွယ်တကူကျော်ပြီး မသွားနိုင်အောင်လို့ တစ်ဆောင်နဲ့ တစ်ဆောင်ကြားမှာ ၇ ပေ မြင့်တဲ့ အုတ်ရိုးတွေကို ကာရံထားပါတယ်။ ဗူးတံခါးမှာ တံခါးမကြီး နှစ်ချပ်ရှိပေမယ့် ထောင်ပိုင်ကြီးနဲ့ အကျဉ်းထောင် အရာရှိကြီးတွေ လာမှသာ ဖွင့်ပေးလေ့ရှိပါတယ်။ ကျန်တဲ့သူတွေကတော့ လူတစ်ကိုယ်စာ တံခါးပေါက်လေးကနေ ခေါင်းငုံ့၀င်ရပါတယ်။ အကျဉ်းထောင်ထဲက တံခါးတွေဟာ သာမန်လူတစ်ယောက် ချောင်ချောင်ချိချိ ၀င်လို့ရတာထက် ပိုကျဉ်းအောင် တည်ဆောက်ထားပါတယ်။ အမြင့်ကိုလည်း အောက်ဘက် အတော်နိမ့်ထားပါတယ်။ ဒါကြောင့် တံခါးတစ်ပေါက်ဖြတ်တိုင်း အကျဉ်းသားတွေဟာ ခေါင်းငုံ့ပြီး ၀င်ရလေ့ရှိပါတယ်။ ထောင်ဗူး၀ကနေ မိမိအိပ်ဆောင်အထိ ဘယ်အပေါက်က ၀င်၀င် တံခါးကိုးပေါက်ကို ဖြတ်ပြီးမှ ရောက်ကြရတာချည်းပါပဲ။ ထောင်သမ္ဘာတွေရဲ့ အဆိုအရ ဒီလိုမျိုးဖြစ်အောင် အင်္ဂလိပ်တွေက အင်း၊ အိုင်၊ မန္တန်၊ ဂါထာ၊ ယန္တရားတွေနဲ့ အစီအမံတွေနဲ့ တမင်လုပ်ထားတာလို့ သိရပါတယ်။

ထောင်ထဲကို ၀င်လာလာချင်း တံခါးအုတ်ရိုးတွေမှာ အင်းတွေမြှုပ်ထားပြီး ခေါင်းငုံ့၀င်ရတိုင်း မိမိမှာရှိတဲ့ ဘုန်း၊ သမ္ဘာတွေ ယုတ်လျော့သွားအောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ထောင်ကျအကျဉ်းသားတွေဟာ ကိုယ်ရေးရာဇ၀င် မှတ်ပုံတင်တဲ့ အခါမှာလည်း ကိုယ့်နာမည်ကိုယ် ဦးတွေ၊ ဒေါ်တွေ၊ မောင်တွေ၊ မတွေ တပ်မခေါ်ရပါဘူး။ ထောင်ဝါဒါတွေကလည်း မည်သည့်အကျဉ်းသားမဆို အသက်ငယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ဦးတွေမောင်တွေ တပ်ခေါ်လေ့မရှိပါဘူး။ ထောင်ထဲကို ရောက်စက ဒီလို ခေါ်ပြောဆက်ဆံပုံဟာ ရိုင်းတယ်လို့ ထင်ပေမယ့် အင်္ဂလိပ်လက်ထက် ကတည်းက အစွမ်းရှိတဲ့မြန်မာနယ်ချဲ့ တော်လှန်ရေးသမားတွေကို တမင်နံနှိမ်ပြီး ခေါ်တာလို့ သိရပါတယ်။ ခေတ်သမိုင်းအဆက်ဆက် အင်းစိန်ထောင်အတွင်းက အုတ်ရိုးကျော်ပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ အကျဉ်းသားတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပထမ အုတ်ရိုးကိုသာ အလွယ်တကူ ကျော်နိုင်ပြီး ၁၈ ပေမြင့်တဲ့ ဒုတိယ အုတ်ရိုးရောက်လာရင် အကုန်လှန်ပြီး နောက်ပြန်ကျတာပဲလို့ သိရပါတယ်။

တစ်ခါက စောင်ကို ရေစွတ် ပြီး အုတ်ရိုးကို ကပ်ကျော်တက် ဖို့ ကြိုးစားတဲ့ အကျဉ်းသားနှစ် ယောက်ဟာ ဒုတိယအုတ်ရိုး အပေါ်ရောက်မှ လက်ဆုပ်လက်ကိုင် မမြင်ရတဲ့ တစ်စုံတစ်ရာက ပြန်တွန်းချလို့ အုတ်ရိုးပေါ်က အုတ်ခဲတွေ ပြိုကျပြီး ထောင်ဝါဒါတွေ မိသွားခဲ့တဲ့ အဖြစ်အပျက် တစ်ခုရှိခဲ့ပါတယ်။ ဒီလို အံ့သြစရာ ထူးခြားမှုတွေနဲ့ ပြည့်နှက်နေတဲ့ အင်းစိန် အကျဉ်းထောင်ကြီးမှာ ကိုယ်တွေ့ ပရလောကသားတွေရဲ့ အကျီစားခံ အနှောက်အယှက်ခံခဲ့ရတဲ့ အကျဉ်းသားတွေလည်း ရှိခဲ့ပါတယ်။ သူတို့တွေ ပြောပြခဲ့တဲ့ ထောင်အတွင်းက လျှို့ဝှက်ဆန်း ကြယ်သော အဖြစ်အပျက်ပေါင်း များစွာထဲမှာ “ဂန္တ၀င်စိမ်း” ဆို တဲ့ အဖြစ်အပျက်လေးကတော့ အခုဆိုရင် နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်သွားပြီဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်၊ ဇူလိုင်လမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးပြီး ဆူပူလှုံ့ဆော်မှုတွေ ပြုလုပ်တယ်လို့ စွပ်စွဲကာ စစ်ထောက်လှမ်းရေးက ကျွန်တော့်ကို ကြည့်မြင်တိုင်မှာ လာဖမ်းသွားခဲ့ပါတယ်။

ကားပေါ်ရောက်ရောက်ချင်း မျက်လုံးကို အ၀တ်နဲ့အုပ်ပြီးခေါ်သွားတဲ့အတွက် ဘယ်နေရာမှာ စစ်ကြောရေးလုပ်တယ်ဆိုတာ မသိရပါဘူး။ စစ်ကြောရေးမှာ ခုနစ်ရက် လောက် မအိပ်မနေ နှိပ်စက်စစ်ဆေးပြီးတဲ့ နောက်မှာ ကျွန်တော့်ကို ကားတစ်စီးပေါ် တင်ပြီး မျက်လုံးပိတ် ခေါ်သွားခဲ့ပါတယ်။ တစ်နေရာရောက်လို့ ခေါင်းစွပ်ကို ချွတ်လိုက်တော့ အကျဉ်းထောင် တစ်ခုရဲ့တံခါးမကြီးအရှေ့ကို ရောက်နေတာ တွေ့လိုက်ရတယ်။ ထောင်ရဲ့ရှေ့မှာ “ဗဟို စံပြ အင်းစိန်အကျဉ်းထောင်” လို့ ရေးသားထားတယ်။
ရုပ်ရှင်တွေ စာအုပ်တွေထဲမှာ တွေ့ဖူး၊ ဖတ်ဖူးတဲ့ အင်းစိန်ထောင်ကြီးကို မြင်လိုက်ရတဲ့အချိန်မှာ ဒူးတွေ ညွှတ်ခွေကျသွားပြီး ရင်တွေပန်းတွေတုန်သွားပါတယ်။ ထောင်ဗူးဝရှေ့က ကြီးမားတဲ့တံခါးကြီးကို ရောက်တဲ့အခါမှာ လူတစ်ကိုယ်စာ တံခါးလေး တစ်ခုကို ဖွင့်ပေးပါတယ်။ တံခါးဖွင့်ပေးတဲ့ ထောင်ဝါဒါရဲ့ လက်ထဲမှာတော့ သံကြိုးတွေနဲ့ သော့တွဲတွေ အများကြီးပါပဲ။ ထောင်ဗူးထဲကို ၀င်သွားတဲ့အခါမှာတော့ ထူထဲတဲ့ နံရံတွေကြောင့် အေးစိမ့်နေပါတယ်။ ထောင်ဗူးထဲမှာ အရာရှိတစ်ယောက်က သမံတလင်းမှာ ဖိနပ်ချွတ်ပြီး ငုတ်တုတ်ထိုင်ခိုင်းထားပါတယ်။ အဲဒီနောက် တံခါးတာ၀န်ကျ ၀န်ထမ်းက မှတ်ပုံတင်ပါတယ်။ ကျွန်တော့်ကို မှတ်ပုံတင်တဲ့ အချိန်မှာ ကြိုရောက်နေတဲ့ ငါးယောက်တွဲ တစ်သုတ်ကို ခေါင်းစွပ်တွေစွပ်ပြီး ခေါ်သွားပါတယ်။ ကျွန်တော့်ကို မှတ်ပုံတင်ပြီးတဲ့အခါမှာတော့ ထောင်ထဲပို့ဖို့လုပ်ပါတယ်။ ဒါပေမဲ့ ထောင်အ၀င်တွေများလို့ ကျွန်တော့်အတွက် ခေါင်းစွပ်မရှိတော့ဘူးလို့ ၀န်ထမ်းက ပြောသံကြားလိုက်ရတယ်။

“ဒါဆိုလည်း စောင်အုပ်ခေါ်သွားကွာ” လို့ တံခါးထောင်မှူးက အမိန့်ပေးပြီးတဲ့နောက် အင်းစိန်ထောင်ထဲကို၀င်ဖို့ တံခါး အသေးတစ်ချပ်ကို ထပ်ဖွင့်ပေးလိုက်ပါ တယ်။ အင်းစိန်ထောင် အတွင်းထဲကို ပထမဦးဆုံး ခြေချမိတဲ့ အချိန်မှာပဲ ကျောထဲမှာ စိမ့်ခနဲဖြစ်သွားပါတယ်။ ထောင်ထဲ မှာ အကျဉ်းသားတချို့ဟာ အဖြူရောင် အထက်အောက်၀တ်ထားပြီး တောင်ယာ ရေလောင်းသူ လောင်း၊ ထမင်းပုံး ပို့သူပို့၊ နီညိုရောင် အုတ်နီခဲမှုန့်နဲ့ ဖျော်ထားတဲ့ ဆေးနဲ့ နံရံကိုသုတ်သူသုတ်နဲ့ ကိုယ်စီအလုပ် ရှုပ်နေတာကို စောင်ကြားကနေ မြင်နေရပါတယ်။ ထောင်ဗူးတံခါးကနေ တစ်ဖြောင့်တည်း ဖောက်ထားတဲ့လမ်းမကြီးရဲ့ အဆုံးမှာ မြင့်မားတဲ့ ကင်းမျှော်စင်ကြီး တစ်ခုကိုလည်း လှမ်းမြင်နေရပါတယ်။ လမ်းမပေါ်ကနေ လျှောက်သွားဖို့ ဟန်ပြင်လိုက်စဉ် မှာပဲ ဘေးမှာကပ်ပါလာတဲ့ ၀န်ထမ်းက လက်မောင်းကို ဆောင့်ဆွဲလိုက်ပါတယ်။

“ဒီမိန်းဂျေးလ်လမ်းက မင်းတို့လို အကျဉ်းသားတွေ လျှောက်ဖို့မဟုတ်ဘူး။ ထောင်ကလူကြီးတွေ လျှောက်ဖို့လုပ်ထားတာ။ နောက်ကို မြဲမြဲမှတ်ထား”

သူ့စကား ဆုံးဆုံးချင်း လမ်းဘေးကို ဆင်းလျှောက်ရပါတယ်။ ကိုယ့်လိုပဲအကျဉ်းသားတွေဟာ မိန်းဂျေးလ်လမ်းမရဲ့ ဟိုဘက်ဒီဘက် ကျဉ်းမြောင်းတဲ့ လူသွားလမ်းလေးမှာ လျှောက်နေကြတာကိုလည်း သတိထားမိလိုက်ပါတယ်။ မိန်းဂျေးလ်မျှော်စင်နဲ့ တဖြည်းဖြည်းနီးလာတော့ မျှော်စင်ပထမထပ်မှာ တည်ထားတဲ့ ဘုရားသေးသေးလေး တစ်ဆူကိုလည်းတွေ့လိုက်ရပါတယ်။ လမ်း ရဲ့ညာဘက်မှာ နှစ်ထပ်ဆောက်လုပ်ထားတဲ့ ဆေးရုံကိုလည်း တွေ့လိုက်ရပါတယ်။ မိန်း ဂျေးလ်မျှော်စင်အနားကို ရောက်လာတော့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ရုံးခန်းတစ်ခုထဲကို ၀င်လိုက်ရပါတယ်။ ဒီရုံးခန်းမှာတော့ ပခုံးမှာ အပွင့်သုံးပွင့်တင်ထားတဲ့ ထောင်ပိုင်လေးဆိုတဲ့ အရာရှိတစ်ယောက် ရုံးထိုင်နေ ပါတယ်။ လိုက်ပို့တဲ့ ဒုတပ်ကြပ်က ထောင်ပိုင်လေးကို သတင်းပို့ပြီးတဲ့နောက် အချုပ်သားစာရင်းမှာ ထပ်ပြီးဖြည့်စွက် ရပြန်ပါတယ်။ နိုင်ငံတော် ဆူပူလှုံ့ဆော်အောင် ကြံရွယ်လို့ ပုဒ်မ ၅ည နဲ့ စွပ်စွဲထားတာကို ဖတ်ရှုပြီး ထောင်ပိုင်လေးက ဘေးက ထောင်မှူးကို လှမ်းပြီးအမိန့်ပေးလိုက်ပါ တယ်။

“ဒီကောင့်ကို တိုက်ထဲပို့လိုက်ကွာ”
“၅ တိုက်ကော၊ ၆ တိုက်ကော ကျောင်း သားတွေနဲ့ ပြည့်နေပြီဆရာ”

ထောင်ပိုင်လေးလည်း ခေတ်္တစဉ်းစား လိုက်ပြီး ကျွန်တော့်ကို စူးစိုက်ကြည့်ကာ ထပ်ပြောလိုက်ပါတယ်။
“ဒီကောင်တွေက ၅ ည ဆိုတော့ အဆောင်ပို့လို့မဖြစ်ဘူးကွ။ ထားစရာမရှိလည်း ကြိုးတိုက်ထဲထည့်လိုက်လို့ ထောင်မှူးကြီးကို ပြောလိုက်”
ထောင်ပိုင်လေး စကားဆုံးဆုံးချင်း နားရင်း ပါးရင်းတွေ ထူပူပြီး ဆံပင်တွေ ထောင်သွားလောက်အောင် စိုးရိမ်သွားပါတယ်။ နိုင်ငံရေးပုဒ်မနဲ့ အင်းစိန်ထောင်ကို ရောက်လာပေမယ့် ကြိုးတိုက်ကို သွားရ မယ်ဆိုတော့ ဘယ်လူသားမဆို တုန်လှုပ် မှာပါပဲ။ ကြိုးတိုက်မှာရှိတဲ့ အကျဉ်းသား တွေဆိုတာက အရမ်းရက်စက်တဲ့ ပြစ်မှုမျိုး တွေကို ကျူးလွန်ခဲ့လို့ သေဒဏ်အပြစ်ပေး ခံထားရတဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။ သူတို့တွေနဲ့အတူ သွားနေရမှာ ဆိုတော့ သွေးတွေ တဒိန်းဒိန်းတိုးလာပြီး ခြေလှမ်းတွေတောင် မမှန်ချင်တော့ပါဘူး။
ဗူး၀ကနေ ခေါ်လာတဲ့ ဒုတပ်ကြပ်က ကျွန်တော့်ကို စောင်မအုပ်တော့ဘဲ မိန်းဂျေးလ်မျှော်စင်ရဲ့ ဘယ်ဘက်မှာရှိတဲ့ တံခါး ပေါက်တစ်ပေါက်ဆီ ခေါ်သွားပြန်ပါတယ်။ တံခါးကို နီညိုရောင် သင်္ဘောဆေး သုတ်ထားပြီး နံရံကိုတော့ ဖြူဖွေးနေတဲ့ထုံးတွေကို ခပ်ထူထူသုတ်ထားပါတယ်။

အနီရောင်တံခါးကို ခေါက်လိုက်တဲ့အခါမှာတော့ တိုက်အတွင်းကနေ အကျဉ်းသား တစ်ယောက်က ချောင်းကြည့်ပေါက်ကနေ ကြည့်ပြီး ဖွင့်ပေးလိုက်ပါတယ်။
“ဆရာခင်၀င်းတို့ကတော့ လုပ်ချ လိုက်ပြန်ပြီ။ လူတွေ ကျပ်နေပါတယ်ဆိုမှ နေ့တိုင်း ဧည့်သည်တွေ ခေါ်ခေါ်လာတယ်။

အဆောင်တော့ မပို့ဘူး”
“မင်းအဘက အမိန့်ပေးလိုက်တာဟေ့။ အိပ်စရာမရှိရင် ကြိုးတိုက်ထဲ ထားလိုက်လို့ မှာလိုက်တယ်”

သူ့စကားဆုံးတော့ အဲဒီ အကျဉ်းသားက ရယ်မောနေပါတယ်။ ကျွန်တော်ကတော့ မရယ်နိုင်ဘဲ လက်တွေ ချွေးစေးပြန်နေပါတယ်။ ကျွန်တော့်ကို ဗာဒံပင်ကြီးအောက် မှာရှိတဲ့ တိုက်ရုံးခန်းကို ထပ်ခေါ်သွားပြန်ပါတယ်။ ရုံးခန်းထဲမှာ ပခုံးမှာ အပွင့်နှစ်ပွင့် တင်ထားတဲ့ တိုက်တာ၀န်ခံ ထောင်မှူးကြီးက ရုံးထိုင်နေပါတယ်။ ကျွန်တော့်ကို လိုက်ပို့တဲ့ ၀န်ထမ်းက ထောင်မှူးကြီး စားပွဲရှေ့ကို ပို့လိုက်ပါတယ်။ ထောင်မှူးကြီးက မျက်မှန်ကိုကျော်ပြီး ကျွန်တော့်ကို လှမ်းကြည့်ပါတယ်။ ပြီးတော့ သူ့တပည့်တပ်ကြပ်ကို လှမ်းပြောပါတယ်။

“တိုက်မှာ ထားစရာနေရာ မရှိတော့ဘူးကွ။ အပြင်မှာ လူဖမ်းပွဲက မပြီးတော့ ဘူးလားမသိဘူး”

စကားဆုံးတော့ ထုံးစံအတိုင်း ကျွန်တော့်ရဲ့ မိဘအမည်၊ ကျွန်တော့် အမည်၊ အလုပ်အကိုင်၊ စွပ်စွဲခံရတဲ့ပုဒ်မ စတာတွေကို ရေးသွင်းမှတ်တမ်းတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကိုလှမ်းကြည့်ပြီး အမိန့်ပေးလိုက်ပါတယ်။

“မင်းကို လောလောဆယ် ထောင်ပိုင် လေးပြောသလို ကြိုးတိုက်ထဲပဲ ပို့ထားရမှာပဲ။ အဲဒီမှာ ဘယ်လိုနေရမယ် ထိုင်ရမယ်ဆိုတာကို တိုက်တန်းစီးက လာသင်ပေးလိမ့်မယ်။ ကဲခေါ်သွားတော့”

တိုက်တံခါးကို လာဖွင့်ပေးတဲ့ အကျဉ်းသားကပဲ ကျွန်တော့်ကို ကြိုးစင်တိုက်ရှိရာ ခေါ်သွားပါတယ်။ ကျွန်တော့်ကိုလိုက်ပို့တဲ့ တပ်ကြပ်ကတော့ ပြန်သွားပါပြီ။ ပထမဦးဆုံးအကြိမ် ကျွန်တော့်ရင်ထဲမှာ ဟာပြီး ၀မ်းနည်းကြေကွဲမှုတွေ ခံစားလာရပါတယ်။ တစ်သက်နဲ့တစ်ကိုယ် ကြိုးတိုက်မှာ လာနေရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ အခုတော့ ကိုယ်နဲ့တစ်ခါမှ မတွေ့မမြင်ဖူး တဲ့သူတွေ၊ မတစ်ထောင်သားတွေနဲ့ အတူ နေရတော့မှာပါ။ အမှုကလည်း နိုင်ငံရေး အမှုဆိုတော့ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်သွားဖို့ဆိုတာ လက်တွေ့ကျကျ စဉ်းစားရင် မဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါင်ကျကျ ပြားကျကျ ဒီအကျဉ်းထောင်ထဲမှာ နေထိုင်ရတော့မှာဖြစ်လို့ ကြိုးစားပြီး အားတင်းထားလိုက်ပါတယ်။ တိုက်ရုံးခန်းကနေ အနောက်ဘက်ကို လျှောက်လာတဲ့အခါ ဘေးတစ်ဖက် တစ်ချက်မှာ ဂေါ်ဖီခင်းတွေကို တွေ့ရပါတယ်။

တိုက်တစ်တိုက်နဲ့တစ်တိုက်ကြားမှာ အလွယ်တကူ သွားလို့မရအောင် ရင်စို့လောက်ရှိတဲ့ အုတ်နံရံ အသေးလေးတွေ ကာရံထားပါတယ်။ အထဲကို မမြင်ရဘဲ တိုက်တန်းလျားတွေရဲ့ အနီရောင်ခေါင်မိုးတွေကိုပဲ မြင်ရပါတယ်။ လေးမိနစ်လောက် လမ်းလျှောက်ပြီးတဲ့အခါမှာ (၂) တိုက်လို့ ရေးထားတဲ့ တိုက်တစ်ခုရှေ့ကို ရောက်လာပါတယ်။
တိုက်ရှေ့မှာ အကျဉ်းသားတချို့လမ်းလျှောက်နေသလို တိုက်ဘေးက ရေကန်မှာ ရေချိုးနေတဲ့ အကျဉ်းသားတချို့ကိုလည်း တွေ့ရပါတယ်။ ကျွန်တော့်ကို လိုက်ပို့တဲ့ အကျဉ်းသားက (၂) တိုက်တာ၀န်ကျ ၀န်ထမ်းကို လွှဲပြောင်းပေးလိုက်ပါတယ်။ အသက်ကြီးပြီး ခါးကိုင်းနေတဲ့ ဝါဒါကြီးက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး ကွမ်းငုံထားတဲ့အသံနဲ့ ဗလုံးဗထွေး ပြောလိုက်ပါတယ်။

“မင်းက အချုပ်ဆိုတော့ ဒီကလူတွေနဲ့ တစ်ခန်းထဲ ထားလို့မရဘူး။ ဘ၀ပျက်သွား မယ်။ သိလား”
သူ ဘာကိုဆိုလိုတယ်ဆိုတာ ကျွန် တော်နားမလည်ပါဘူး။ သူက သော့တွဲကြီး ကိုင်ပြီး လှုပ်လီလှုပ်လဲ့နဲ့ ရှေ့ကထွက်သွား ပါတယ်။ သူ့နောက်က အထုပ်အပိုးလေး ဆွဲပြီး လိုက်သွားရပါတယ်။ ကြိုးစင်တိုက်ထဲ ကို ၀င်လိုက်တာနဲ့ အလင်းရောင် မရှိတော့ဘဲ အောက်သိုးသိုးအနံ့ကို ရလိုက်ပါတယ်။ ကြိုးစင်တိုက်က အခန်းတွေကို မျက်နှာချင်း ဆိုင်ဆောက်ထားတဲ့ ရင်ကွဲတိုက်ဖြစ်ပါတယ်။ ကြိုးသမားတချို့ကတော့ ကျွန်တော့်ကို အကဲခတ်နေကြပါတယ်။ တချို့ ကြိုးသမားတွေက အကျီကိုယ်ချွတ်တွေနဲ့ လက်မောင်းမှာ၊ ရင်ဘတ်မှာ တက်တူး တွေနဲ့ မြင်ရရုံတင် အတော်ထိတ်လန့်ဖို့ ကောင်းပါတယ်။ တပ်ကြပ်ကြီးက အခန်း နံပါတ် ၁၃ ရှေ့ကိုရောက်တဲ့အခါ ရပ်လိုက် ပြီး သံတံခါးသော့ကို ဖွင့်လိုက်ပါတယ်။

“ကဲ ..အနားယူပေတော့ မင်းသားရေ”

ကျွန်တော် အထဲကိုရောက်သွားတော့ အခန်းကို လေ့လာကြည့်လိုက်ပါတယ်။ သမံတလင်းပေါ်မှာ ဖျာတစ်ချပ်နဲ့ မိလ္လာ သွားဖို့ ဂန်ဖလားတစ်လုံး ထားပေးထားတယ်။ ဂန်ဖလားဘေးမှာ ဖွဲပြာတွေကို ကြွပ်ကြွပ်အိတ်တစ်လုံးနဲ့ ချထားတာ တွေ့ပါတယ်။ ကျန်တာကတော့ ဘာဆိုဘာမှမရှိ ပါဘူး။ ရေသောက်ချင်ရင် အခန်းအပြင်ဘက် သံတိုင်ဘေးမှာ သောက်ရေအိုး တစ်လုံးနဲ့ တွန့်လိမ်နေတဲ့ ဒန်ရေခွက်တစ်ခွက် ရှိပါတယ်။ အခြေအနေအားလုံးကို စိတ်ပျက်လက်ပျက်ကြည့်ရင်း ဖျာပေါ်ကိုအရုပ် ကြိုးပြတ် ထိုင်ချလိုက်ပါတယ်။
အခုထောက်လှမ်းရေး လက်က လွတ်ခဲ့ပေမယ့် ထိတ်လန့်ချောက်ချားစရာတွေ အပြည့်ရှိခဲ့တဲ့ အင်းစိန်ထောင်ရဲ့ ကြိုးတိုက်ထဲကို ရောက်ရှိနေပြီဖြစ်လို့ ထူးထူးခြားခြား ၀မ်းမသာနိုင်ပါဘူး။ မကြာခင်မှာပဲ အခန်းရှေ့မှာ ခြေသံ တရှပ်ရှပ်ကြားရလို့ ကြည့်လိုက်တဲ့အခါမှာ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါ တယ် ။ သူက အသံသြဇာအပြည့်နဲ့ ကျွန်တော့်ကို လှမ်းမေးပါတယ်။

“မင်းက အခုရောက်လာတဲ့ အချုပ်သားလား”
“ဟုတ်ကဲ့”
“အေး … ငါက ဒီထောင်ရဲ့ တိုက် တန်းစီး မောင်လွင်ပဲ”

တိုက်တန်းစီးဆိုလို့ စိတ်ထဲက မသိမသာ ထိတ်လန့်နေပေမယ့် နဖူးတွေ့ ဒူးတွေ့ တွေ့လိုက်တဲ့အခါမှာတော့ သူ့ရဲ့ ဖော်ရွေတဲ့ အပြုံးကြောင့် စိတ်သက်သာရာ ရသွားပါတယ်။ သူက ကျွန်တော့်ကို အကဲခပ်ပြီး ဆက်မေးပါတယ်။

“မင်းက ဘယ်အပိုင်သားလဲ”
“ကျွန်တော်က ကြည့်မြင်တိုင်က”
“အေး ငါက လမ်း ၂၀ သားကွ… မင်း ငါ့ကိုသိလား”

ကျွန်တော် ဘာမှပြန်မဖြေနိုင်ခင်မှာပဲ သူက ရယ်လိုက်တယ်။

“မင်းငါ့ကို မသိပါဘူးကွာ။ ဒါပေမဲ့ ငါ့ညီကိုတော့ မင်းတို့သိတယ်။ ငါ့ညီက ရုပ်ရှင်မင်းသား ဇင်ဝုိင်းပဲ”

ဒီတော့မှ သတိထားမိတာ။ သူ့အသံက ရုပ်ရှင်မင်းသား ဇင်ဝုိင်း အသံအတိုင်းပါပဲ။ သူက လမ်းမတော်သား၊ ကျွန်တော်က ကြည့်မြင်တိုင်သားဆိုတော့ ချက်ချင်း အဖွဲ့ကျသွားတယ်။ သူက ထောင်ထဲမှာ ထောင်အရာရှိတွေလာရင် နေထိုင်ရမယ့် “ပုံစံ”ကို ပြပေးတယ်။
“ရှေ့ကြည့်” လို့ အော်ရင် ထောင်ပိုင်၊ ထောင်မှူးရောက်လာ လို့ သတိပေးတာဖြစ်ပြီး ရောက်တဲ့နေရာ မှာ ငုတ်တုတ်ထိုင်လိုက်ရမှာ ဖြစ်ပါတယ်။ ထောင်အရာရှိက “အေးစေ” ပေးမှ ကိုယ်လုပ်လက်စ အလုပ်တွေကို ဆက်လုပ်နိုင်ပါတယ်။ တန်းစီးမောင်လွင်ကတော့ ရန်ကုန်သား စစ်စစ်ဖြစ်တဲ့အတွက် ပျော့ပျောင်းပြီး ယဉ်ကျေးပါတယ်။ အခက်အခဲရှိရင်လည်း သူ့ကိုပြောလို့ အားပေးပါတယ်။

ကိုလွင် ပြန်သွားတော့ ညနေစာ ထမင်းဘုတ် ရောက်လာတယ်။ ထမင်းမစားချင်ပေမယ့် တာ၀န်အရ ယူထားလိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ထောင်ရဲ့ အသားစားနေ့ ဖြစ်တဲ့အတွက် အကျဉ်းသားတစ်ယောက်ကို ၀က်သားတစ်တုံးရတယ်။ ၀က်သားမစားတဲ့သူက ဘဲဥပြုတ်နှစ်လုံးရတယ်။ ၀က်သားတွေက အသားမပါသလောက် အခေါက်က ကိုက်လို့မရအောင် မာနေပါတယ်။ ဒါပေမဲ့ ဘာမှ ရွေးချယ်ခွင့်မရှိဘဲ ပေးတဲ့အတုံးကို ယူရတာပါ။ ၀က်သားက စားမရတော့ ပုံစံ ပန်းကန်ထဲမှာပဲထည့်ထားပြီး ၀က်ရည်ကို ထမင်းနဲ့ဖျော်ပြီး စားလိုက်ရတယ်။ ပြီးတော့ အခန်းထောင့်မှာ သိမ်းထားလိုက်တယ်။

ကြိုးတိုက်ရဲ့ ထူးခြားချက်က အခန်းထဲမှာ မီးမရှိတာပါပဲ။ သေဒဏ်ကျ အကျဉ်းသားတွေက ကိုယ့်ကိုယ်ကိုယ် လျှပ်စစ်မီးနဲ့ သတ်သေမှာစိုးလို့ တမင်မပေးထားတာ ဆိုတာလို့ ပြောပါတယ်။ ကော်ရစ်ဒါမှာပဲ ဝါကျင့်ကျင့် မီးလုံးလေးတွေ ထွန်းထားပါ တယ်။ ဒါကြောင့် ညမှောင်တာနဲ့ ကြိုးတိုက်ကတော့ မှောင်မည်းနေတာပါပဲ။ ပထမဦးဆုံး ကြိုးတိုက်မှာအိပ်ရတဲ့ည ဆိုတော့ အိပ်လို့လည်း မပျော်ဘူး။ ဘေးခန်းတွေကလည်း ဘယ်သူတွေမှန်း မသိသေးတာကြောင့် မိတ်မဖွဲ့ဖြစ်ဘူး။ သူတို့ကလည်း ထောင်မှူးက မှာထားလို့ လူသစ်ကို စကား မပြောရဲသေးဘူး။ သေချာတာက ကျွန်တော်နေတဲ့ အခန်းမှာ ကြိုးပေးအသတ်ခံလိုက်ရတဲ့ သေဒဏ်ကျ အကျဉ်းသားတွေ နေခဲ့ဖူးတယ်ဆိုတာကတော့ အရမ်း သေချာပါတယ်။ ဒီလိုနဲ့ ထိတ်လန့်ချောက်ချားစရာ ညကို ဖြတ်သန်းရပါတယ်။
ည ၉ နာရီမှာ တာ၀န်ကျ၀န်ထမ်းက “အိပ်ချိန်”လို့ အော်လိုက်တဲ့အခါမှာ ကြိုးတိုက်တစ်ခုလုံး မီးကိုရေနဲ့ငြှိမ်းလိုက်သလို ငြိမ်ကျသွားတယ်။

တစ်ထောင်လုံးလည်း တိတ်ဆိတ်သွားပြီး ထောင်ဗူးကင်းမျှော်စင်ကနေ အိပ်ချိန်ပေးတဲ့ ခရာသံ ထွက်လာပါတယ်။ ကျွန်တော်ကတော့ ဘာမှမမြင် ရတဲ့ မျက်နှာကြက်ကို လှမ်းကြည့်ရင်း ရှေ့လျှောက် ရင်ဆိုင်ရမယ့် ခရောင်းလမ်းကို တွေးနေမိပါတယ်။ တိုင်းပြည်ရဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေး လုပ်လိုက်တာ လောလောဆယ် အင်းစိန်ထောင်ကြိုးတိုက်ထဲ ရောက်နေရပြီ။ စွပ်စွဲခံထားရတဲ့အမှုကို စစ်ခုံရုံးမှာ ရင်ဆိုင်ရဦးမှာဖြစ်လို့ ဥပဒေအရ တရားသဖြင့် ခုခံလျှောက်လဲခွင့်လည်းရမှာ မဟုတ်ပါဘူး။ အခုအချိန်ထိ မိသားစုနဲ့လည်း အဆက်အသွယ် မရသေးပါဘူး။ ယုတ်စွအဆုံး ကျွန်တော် အင်းစိန်ထောင် ရောက်နေတယ် ဆိုတာကိုတောင် အိမ်က သိပုံမပေါ်သေးပါဘူး။ ဒါတွေ ခေါင်းထဲ ရောက်လာတော့ အိပ်လို့မရဘဲ မျက်လုံးတွေ ကြောင်နေတယ်။ ကော်ရစ်ဒါမှာတော့ ညဦးပိုင်းမှာ တာ၀န်ကျ ဝါဒါက ကင်းလှည့်နေသေးတယ်။ ညည့်နက်လာတော့ သူ့ခြေသံလည်း မကြားရတော့ဘူး။ အားလုံး တိတ်ဆိတ်သွားတယ်။

ညသန်းခေါင်ယံရောက်လို့ မှေးလု မှေးခင်ဖြစ်ခါစမှာပဲ နေရာတစ်နေရာကနေ အသံနက်ကြီးနဲ့ အော်သံတစ်ခုကို ကြားလိုက်ရတယ်။ ဒီအော်သံအဆုံးမှာပဲ အော်သံတွေ ဆက်သွားပြီး လူအုပ်စုကြီးရဲ့အော်သံတွေ ဆက်တိုက်ဆိုသလို ကြားလိုက်ရတယ်။ ဘာတွေဖြစ်ပါလိမ့်ဆိုပြီး အလန့်တကြား ထထိုင်မိတယ်။ တစ်ကိုယ်လုံးလည်း တုန်ရင်နေတယ်။ ဒီအော်သံတွေကြောင့် ဘေးခန်းက အကျဉ်းသားတွေလည်း နိုးလာကြတယ်။ ဘာတွေဖြစ်နေသလဲဆိုတာ ရေရေရာရာ မသိသေးခင် တိုက်ထဲမှာပဲ ကြိုးတိုက်ကို ထောင်ဝါဒါ လေးငါးယောက်လောက် ပြေးလာသံကို ကြားလိုက်ရတယ်။ ပြီးတော့ သံတိုင်တွေကို ဝါးစစ်ပိတ်နဲ့ရိုက်ပြီး အော်ကြဟစ်ကြပါတော့တယ်။

“အားလုံး ခေါင်းချထား”
“ထထိုင်တဲ့ကောင် ခေါင်းရိုက်ခွဲစမ်း”
“မဆိုင်ရင်ထွက်သွားနော်”
“မင်းအမိန့်ကွ”

၀ါးဆစ်ပိတ်နဲ့ သံတိုင်ထိခတ်သံတွေ၊ သတိပေးအော်ဟစ်သံတွေက ညကြီးမင်းကြီး ငရဲပွက်တမျှ ဆူညံနေပါတယ်။

ကြိုးတိုက်ထဲမှာ ဆူညံပွက်လောရိုက်နေသလို တစ်ထောင်လုံးလည်း ဆူညံပွက်လောရိုက်နေပါတယ်။ တိုက်ဘေးက ညောင်ပင်မှာရှိတဲ့ ကျီးတွေကလည်း လန့်ပြီးအော်နေကြပါတယ်။ ကျွန်တော့် တစ်ကိုယ် လုံး တဆတ်ဆတ်တုန်ယင် ချောက်ချားနေပါတယ်။ ယောင်ပြီး ထထိုင်လိုက်တဲ့အချိန်မှာပဲ ဝါဒါတစ် ယောက်က ဝါးဆစ်ပိတ်ကိုင်ပြီးပြေးလာတယ်။

“ ဟိတ်ကောင် ..ဘာလို့ ထထိုင် တာလဲ။ ခေါင်းချထားစမ်း”

၀ါဒါတွေရဲ့နောက်မှာ တိုက်တာ၀န် ကျထောင်မှူးလည်းရောက်လာတယ်။ သူက တစ်တိုက်လုံးကို လှမ်းအော်လိုက်တယ်။

“ အားလုံး အသံမထွက်နဲ့။ အသံ ကြားတဲ့အခန်းကို ၀င်ပြီးရိုက်”

ထောင်မှူးရဲ့ စကားဆုံးတဲ့ အချိန်မှာပဲ ကြိုးတိုက်တစ်တိုက်လုံး အသံတိတ် သွားပါတယ်။ တပ် ကြပ်ကြီးတစ်ယောက်က အခြေအနေအားလုံးငြိမ်သွားတဲ့ အချိန်မှာ အကျဉ်းသားတွေကို အမိန့်ပေး လိုက်တယ်။

“ ပုံစံ ”

သူ့စကားဆုံးဆုံးချင်း အကျဉ်းသား တွေအားလုံး အိပ်ရာပေါ်ကထပြီး ပုံစံထိုင် လိုက်တယ်။ တာ၀န်ကျ ၀န်ထမ်းက တစ်ခန်းချင်းလူလိုက်စစ်တယ်။ အခန်းအရေ အတွက်နဲ့ အကျဉ်းသားအရေအတွက်ကိုက် တဲ့ အချိန်မှာ ထောင်မှူးကို သတင်းပို့လိုက်တယ်။

“ တိုက်ဆောင် အမှတ်-၂ ကြိုးတိုက် အခန်းအရေအတွက် ၄၀၊ အကျဉ်းသား အရေအတွက် ၅၇ အားလုံးကောင်း”

“ အေးစေ “

စကားဆုံးတဲ့အချိန်မှာ ထောင်မှူးနဲ့ ဝါဒါတွေအားလုံး ပြန်ထွက်ခွာသွားကြတယ်။ တစ်ထောင်လုံးလည်း တိတ် ဆိတ်သွားတယ်။ အကျဉ်းသားတွေက တော့ ချက်ချင်းမအိပ်နိုင်သေးဘဲ တစ် ယောက်နဲ့တစ် ယောက် ကြောင်တောင်တောင် ကြည့်နေကြတယ်။ နောက် တစ်နေ့မနက် ၅ နာရီမှာ အိပ်ရာပေါ် မှာတင် ဘုရားရှိခိုးရတယ်။ ၆ နာရီရောက် မှ တန်းဖြုတ်သံချောင်းခေါက် သံကြားရပြီး အကျဉ်းသား တွေ စားဖို့ ဆန်ပြုတ်ပုံးတွေ ရောက်လာ တယ်။

ငါးခန်း တစ်သုတ်တံခါးဖွင့် ပေးပြီးမှ မျက်နှာသွား သစ်ရတာပါ။ ကျွန်တော်လည်း အင်းစိန်ထောင်ရဲ့ ပထမဆုံးညကို ချောက်ချောက် ချားချား ဖြတ်သန်း ခဲ့ပြီး တဲ့နောက် ကြိုးတိုက်မှာ ဘယ်သူနဲ့ မိတ်ဆွေဖွဲ့ရမှန်း မသိသေးဘဲ ယောင်နန ဖြစ်နေပါတယ်။ မျက်နှာသစ်ဖို့ အလှည့်ရောက်တဲ့အခါမှာ သွားတိုက်ဆေး နဲ့ ဆပ်ပြာဘာမှပါ မလာတဲ့အတွက် ရေနဲ့ပဲခပ်မြန်မြန်သစ်လိုက်တယ်။ ဒါပေမဲ့ ရေကန်ပေါ် ရောက်နေတဲ့ ကြိုးသမား တစ်ယောက်က သူ့ရဲ့ဆပ်ပြာကို လှမ်းပေး လိုက်တယ်။ ကျွန်တော်လည်း ဟန်မဆောင် နိုင်ဘဲ ယူပြီးမျက်နှာအား ပါးတရ သစ် လိုက်ပါတယ်။

ထောင်ကပေးတဲ့ ပုံစံပန်းကန်ထဲက ဆန်ပြုတ်ကို သောက်ကြည့်တော့ ဆီမပါ၊ ဆားမပါနဲ့ ဘယ်လိုမှ သောက်မရပါဘူး။ ဒါနဲ့ အခန်းအပြင်ကို တောင်တောင်အီအီ လိုက်ကြည့်လိုက်တော့ ကျွန်တော့်အခက် အခဲကို နားလည်ပုံရတဲ့ အသားဖြူဖြူ ခပ် ပိန်ပိန်လူတစ်ယောက်က ဆားဘူးတစ်ဘူး လာပေးတယ်။

“ ရော့။ ဒီဆားဘူး ယူထားလိုက်”

“ ကျေးဇူးပဲဗျာ”

မနေ့က ကြိုးတိုက်ကို ပို့မယ်ဆိုတော့ ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စိတ်ဟာကြိုး သမားတွေရဲ့ နွေးနွေး ထွေးထွေးကြိုဆိုမှု ကြောင့် အနည်းငယ်လျော့ပါးသွားခဲ့ရ တယ်။ အချိန်အနည်းငယ် အတွင်းမှာပဲ အခန်းဘေးက အကျဉ်းသားတွေနဲ့ မြန်မြန် ဆန်ဆန် မိတ်ဆွေဖြစ်သွားပါတယ်။

ကျွန်တော့် ကို ရေကန် မှာ ဆပ်ပြာပေးသုံးတဲ့ ညိုညို ကျစ်ကျစ် အကျဉ်းသားကလည်း ကျွန်တော့် ကို ဆေးလိပ်သောက် တတ်လားမေးပြီး ကျားမသန်းဌေးဆေးလိပ် တစ်လိပ်လာ ပေးတယ်။ စစ်ကြောရေးကတည်းက ဆေး လိပ်ငတ်ခဲ့တော့ ကျွန်တော့်အတွက် ဘ၀မှာ အရသာအရှိဆုံး ဆေးလိပ်တစ်လိပ် ဖြစ်ခဲ့ပါတယ်။

အဲဒီတော့မှကျွန်တော်ထောင်ကို စရောက်ရောက်ချင်းညက အဖြစ်အပျက် တွေအကြောင်း မေးကြည့်မိပါတယ်။ သူတို့ပြောတာကတော့ အင်းစိန်ထောင် ဟာ နှစ်တစ်ရာကျော် သက်တမ်းရှိပြီး မလွတ်မကျွတ်တဲ့ ဝိညာဉ်တွေ၊ အမျှ အတမ်းမဝေရသေးတဲ့ ပရလောကသား တွေ အများကြီးရှိနေ သေးတယ်လို့ ဆိုပါ တယ်။ ဒါကြောင့် ထောင်မှာ အသားစား ကျွေးတဲ့နေ့ရက်တွေဆိုရင် “ ထောင်စီး” တတ်တယ်လို့ဆိုတယ်။ ဒီစကားလုံးဟာ ကျွန်တော့်အတွက်တော့ အသစ်အဆန်း ပါပဲ။

“ ထောင်စီး တယ်ဆိုတာ ဝိညာဉ်တွေ ပူးပြီး အော်ကြဟစ်ကြတာပါပဲကွာ။ ၀န်ထမ်းတွေ ၀င်ရိုက်မှ သူတို့က ထွက်သွား တော့ ၀င်စီးခံရတဲ့အကျဉ်းသား ခမျာ ခပ်မြော့မြော့ပဲ ကျန်ရစ်ခဲ့တာ။ ဒါကြောင့် ဘယ်သူကမှတော့ တမင်လုပ်ကြံပြီး အော် ကြဟစ်ကြတာ မဟုတ်ဘူး။ ငါ့တို့အတွက် တော့ ရိုးနေပါပြီကွာ” လို့ ဆေးလိပ်လာ ပေးတဲ့ ကြိုးသမားက ရှင်းပြပါတယ်။

ကျွန်တော့်ကို ရှင်းပြတဲ့သူကတော့ အင်းစိန်ထောင်မှ ဂန္ထ၀င်လူမိုက်ကြီး စာအုပ်မှာ ပါတဲ့ ဇာတ်လိုက်ကျော် ကိုစိန်ကုလားဆိုတာ နောက်မှသိရပါတယ်။ သူက တာမွေကောင်စီလူကြီးကို သတ်ခဲ့လို့ သေဒဏ်ကျခဲ့တာ ဖြစ်ပါတယ်။

သူပြောလို့ သိရတာက ကျွန်တော့်ကို ဆားဘူးပေးတဲ့အကျဉ်းသားဟာ ၁၉၈၀ ကျော်လောက်က အမွေမှုကြောင့် မောင် နှမအချင်းချင်းသတ်ပြီး အလောင်းကို ကျွန်းသေတ္တာထဲထည့်ကာ ဗိုလ်ချုပ်စျေး မှာချထားခဲ့တဲ့ နာမည်ကျော် လူသတ်မှုရဲ့ တရားခံကြီး ဖြစ်ပါတယ်။

ကျွန်တော်နဲ့တွေ့ တဲ့ အချိန်မှာ တော့ နိုင်ငံတော်ငြိမ်၀ပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ကြောင့် သေဒဏ်က လွတ်ပြီး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ နောက် တစ်ယောက်ကတော့ မွန်မွန်ရည်ရည်နဲ့ ဘိုကလေးက ကျောင်းဆရာတစ်ယောက် ပါ။ ဖဲရှုံးလို့ ကျန်ရာမရဘဲ လှေပေါ်မှာပါ လာတဲ့ ကလေးမလေးကို လှော်တက်နဲ့ ရိုက်ပြီး နားကပ်ကို ချွတ်ယူခဲ့တာကြောင့် သေဒဏ်အပြစ်ပေးခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပဲပါတဲ့ မြခေါင်တို့၊ ဘုန်းကြီးကိုသတ်ပြီး ကထိန်မှာကပ်ထားတဲ့ ငွေစက်္ကူတွေကို ခိုးတဲ့အငယ်လေးနဲ့ နာနီ၊ အိမ်နီနားချင်း အချင်းချင်းမတည့်လို့ ဘေးအိမ်က ကလေးလေးကို မုန့်ကျွေး သတ်ပြီး အိမ်သာကျင်းထဲမှာထည့်ပြီး အလောင်းဖျောက်ခဲ့တဲ့ သားအဖသုံး ယောက်လည်း ကြိုးလွှတ်ကာစပဲ ရှိပါသေး တယ်။

ကျွန်တော့်အပေါ် အစစအရာရာ ကူညီတဲ့ လူသုံးယောက်ကတော့ မြန်မာ့ အသံကို ဗုံးနဲ့ပစ်ဖို့ စီစဉ်ခဲ့တဲ့ မန်းငွေ အောင် ရဲ့ အမှုတွဲ ရစ်ကီ၊ ရစ်ချက်၊ တွတ်ကီ ဆိုတဲ့ ကရင်လေးတွေပါပဲ။ သူတို့ လည်း ၁၉၈၈ အရေးအခင်းကြောင့် သေ ဒဏ်ကြိုးလွှတ် ခဲ့ရတာဖြစ်ပါတယ်။ သူတို့ ထဲမှာ ကြိုးတိုက်ထဲမှာအနေအကြာဆုံး ကြိုးသမား တစ်ယောက်က ကျွန်တော့်ကို ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သုံး ညလောက် အိပ်မပျော်ဖြစ်ခဲ့ရတာလည်း မှတ်တမ်းတစ်ခုပါပဲ။ မှန်၊ မမှန် သက်သေ မပြနိုင်ပေမယ့် သူက ကျွန်တော်အိပ်တဲ့ အခန်းဟာ တစ်ချိန်က မြန်မာတစ်နိုင်ငံ လုံး တုန်လှုပ်ခဲ့ရတဲ့ လူသားစားဘုန်းကြီး ဦးလာဘနေခဲ့တဲ့အခန်းလို့ ပြောလိုက်လို့ ဖြစ်ပါတယ်။ ကျွန်တော်က သူ့စကား ကြောင့် အခန်းပြောင်းဖို့ တင်ပြပေမယ့် ထောင်အာဏာပိုင်တွေကတော့ မလိုက် လျောခဲ့ပါဘူး။ နောက်တော့လည်း ဒီ အခန်းမှာ အသားကျသွားပါတယ်။

ကျွန်တော်က အချုပ်ပဲရှိ သေးလို့ အိမ်နဲ့ တွေ့ခွင့် မရသေးတဲ့အချိန်မှာ ကိုစိန်ကု လား တို့၊ ရစ်ချက် တို့က စောင့်ရှောက် ထားပါတယ်။ ကိုစိန်ကုလားက သေဒဏ် ကြိုးလွှတ်ဆိုပေမယ့် ဆေးရုံစာရတော့ ကျွန်တော့်ကို နေ့စဉ် ကြက်ဥပြုတ် နှစ်လုံး လာလာပေးတယ်။ ဒီလိုနဲ့ ကြိုးတိုက်မှာ အသားကျသွားပြီး ဒီမှာနေတဲ့ သေဒဏ်ကျ အကျဉ်းသားတွေ၊ ကြိုးလွှတ် အကျဉ်းသား တွေ အားလုံးနဲ့ ခင်မင်သွားပါတယ်။ သူတို့ဆီကလည်း သေဒဏ်ပေးခံလိုက်ရ တဲ့ သူတွေအကြောင်း၊ ကြိုးတိုက်မှာနေ သွားတဲ့ နာမည်ကြီးအကျဉ်းသားတွေ အကြောင်း ဒဏ္ဍာရီပုံပြင်လို နားထောင်ရ ပါတယ်။

သူတို့ပြော စကားအရ ထောင်မှာ သေဒဏ်ကျအကျဉ်းသားကို ကြိုးပေးတော့ မယ်ဆိုရင် ကြိုးတိုက်ကနေ ကြိုးစင်ကို တိုက်ရိုက် ထုတ်မသွားပါဘူး။ တိုက်တွေရဲ့ ဖွဲ့စည်းပုံအရ အင်းစိန်ထောင်ထဲမှာ တိုက် ခြောက် တိုက်ရှိပါတယ်။ ဒီတိုက်တွေထဲမှာ ကြိုးသမားတွေကိုထားတဲ့ ၂ တိုက်သာ ရင်ကွဲတိုက်ဖြစ်ပြီး ကျန်တာတွေက တိုက် တန်းလျားတွေ ဖြစ်ပါတယ်။

ဒီအထဲမှာ လေးတိုက်က အရှည်ဆုံးမို့ ၄တိုနဲ့ ၄ရှည် ဆိုပြီး ခွဲခြားထားတယ်။ ၄ တိုက်ရဲ့ မျက်နှာချင်း ဆိုင်မှာ ၅ တိုက်ရှိပြီး ၅ တိုက်ရဲ့ ကျောဘက်မှာတော့ ကြိုး စင် ရှိပါတယ်။ ကြိုးစင်ကိုသွားတဲ့ တံခါး ပေါက်ကို ၅ တိုက်ဘေးနားမှာ ဖောက် ပေးထားပါတယ်။

ဒါကြောင့် ကြိုးပေး မယ့်အကျဉ်းသားကို ကြိုးမပေးခင် နောက် ဆုံးညမှာ ကြိုးတိုက်ကနေ ၅ တိုက်ကို ရွှေ့ပါတယ်။ ၅ တိုက်ရဲ့ နောက် ဆုံး ခန်းဖြစ်တဲ့ အခန်းနံပါတ် ၂၂ မှာ သူ့ကို ထားပြီး ညဘက်မှာပဲ ဘုန်းကြီးတွေပင့် ကာ သရဏဂုံတင်ပါတယ်။ မနက် ၄နာရီ ထိုးမှ အခန်း ၂၂က ထုတ်ပြီး ၅ တိုက် ဘေးမှာရှိတဲ့ ကြိုးတံခါးက ထွက်လို့ ကြိုး စင်ဆီသွားရတာ ဖြစ်ပါတယ်။

ကြိုးသမား တစ်ယောက်ကို ကြိုးပေးမယ်ဆိုရင် သူ့ရဲ့ ကိုယ်အလေးချိန်ကို လာတိုင်းပြီး ထောင် အတွင်းထဲမှာ အကျဉ်းသားတွေက ကြိုး ကျစ်ပေးရပါတယ်။ ကြိုးကို သေဒဏ်ပေး မယ့် အကျဉ်းသား ရဲ့ အခန်းရှေ့မှာပဲ တစ် ရက်အတွင်း အပြီးကျစ်ပေးရတယ်လို့ ဆို ပါတယ်။ ဘိုကလေးက ကျောင်း ဆရာ ရဲ့ အပြောအရကတော့ သေဒဏ်ပေးမယ့် ချည်ကြိုးကို ဓားနဲ့ဖြတ်ကြည့်ရင် သွေးထွက် တယ်လို့လည်းပြောပါတယ်။ ဒါကတော့ ယုံချင်ယုံ၊ မယုံချင်ရင်နေ ပုံပြင်ပါပဲ။

ကြိုးသမားတွေမှာပဲ သေဒဏ်ပေး ထားပေမယ့် လူသားတစ်ယောက်ရဲ့ အခွင့် အရေးတွေတော့ ရှိပါတယ်။ ဒါကတော့ ကြိုးမပေးခင်မှာ မိမိမိသားစုနဲ့ ထောင်၀င် စာတွေ့ခွင့်ပေးပြီး သံဆန်ခါ နှစ်ထပ်ခြား နေတဲ့ ထောင်၀င်စာခန်းမှာ မဟုတ်ဘဲ ထောင်ပိုင်ကြီး ရုံးခန်းမှာနောက်ဆုံးအကြိမ် လွတ်လွတ်လပ် လပ်တွေ့ခွင့်ပြုထားပါ တယ်။

ကြိုးကျအကျဉ်းသားဟာ ကြိုးပေး မခံရခင် နောက်ဆုံးနေ့မှာ မိမိစားချင်တဲ့ အစားအစာကိုလည်း တောင်းဆိုပိုင်ခွင့် ရှိပါတယ်။ ကြိုးပေးတဲ့အချိန်ကတော့ နံနက်ထောင် မဖွင့်ခင် အပြီးပေးရတာ ဖြစ်ပြီး ကြိုးစင်မှာ ဒေါက်ဖြုတ်တဲ့ သူဟာ အကျဉ်းဦးစီး ၀န်ထမ်းဆိုရင်ရာထူး တစ် ဆင့်တိုးပေးရသလို အကျဉ်းသားဆိုရင် ဆုမှတ်ရက် ၄၄ရက် ပေးရပါတယ်။ ထောင် မှာက အကျဉ်းသားအတွက် ဆုမှတ်ရက် ပေးရင်အလုပ်မလုပ် နိုင်တဲ့သူတွေအတွက် ၃လတစ်ကြိမ် ကတုံးရက်လို့ခေါ်တဲ့ ၂၂ရက် သာရပြီး မိလ်္လာအညစ်အကြေး တွေကို သန့်ရှင်းရေးလုပ်ကိုင်ရတဲ့ အကျဉ်း သားတွေကတော့ ဆုမှတ်ရက် ၃၃ ရက်ရ ပါတယ်။

အရင်ကတော့ ထောင်မှာ ကြိုးပေး ရင် ဒေါက်ဖြုတ်အုန်းမောင်ဆိုတဲ့ အကျဉ်း သားက ပင်တိုင်တာ၀န်ယူလေ့ရှိပါ တယ်။ ကြိုးသမားကို ကြိုးစင်ပေါ် မတက်ခင်မှာ ထောင်ညွှန်ကြား ရေးမှူးအဆင့်တစ်ဦး၊ ထောင် ဆရာ၀န်တစ်ဦးနဲ့ တာ၀န်ကျ ထောင်၀န်ထမ်းတွေ အားလုံးက တာ၀န်ယူ ဆောင်ရွက်ရပါတယ်။

ကြိုးစင်ရဲ့ ကြမ်းခင်း မှာ သံပြားနှစ်ချပ်ကို ဆက်ထားပြီး ဒေါက်ဖြုတ်လိုက်တဲ့အခါ လူရဲ့ခန်္ဓာ ကိုယ် က အောက်ကိုပြုတ်ကျ ဇိဝိန်ချုပ် ငြိမ်းသွား တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံထူးတဲ့ အကျဉ်းသားဟာ ဒေါက်ဖြုတ်လိုက်ပေ မယ့် အသက်မသေဘဲ ငွေ့ငွေ့ကျန်သေးရင် တစ်ကြိုးပြစ်ဒဏ်ဆိုရင် လွတ်ငြိမ်းချမ်း သာခွင့်ပြုပါတယ်။

နှစ်ကြိုးပြစ်ဒဏ် ဒါမှမဟုတ် မသေမချင်းကြိုးကွင်းစွပ် သတ်စေအမိန့်ပါရင်တော့ စိတ်မကောင်း စွာနဲ့ပဲ ကြိုးပြန်ပေးရတာဖြစ်ပါတယ်။ ဒီလို ကြိုးပေးတဲ့နေ့မှာ ကြိုးစင်နဲ့ ၁ ဆောင်ကြား မှာရှိတဲ့ ညောင်ပင်ကြီးပေါ်က ကျီးတွေပြို လေ့ရှိပြီး မနက်မလင်းခင် ကျီးပြိုသံ တွေကြားရင် ဒါဟာ သေဒဏ်အကျဉ်းသား တစ်ယောက်ကို ကြိုးပေးလိုက်ပြီဆိုတဲ့ သင်္ကေတပါပဲ။

ဒါကြောင့် ရာဇ၀င်တွေ၊ ဒဏ္ဍာရီ တွေ ပြည့်နေတဲ့ အင်းစိန်ထောင်က ကြိုးစင်ဟာ စိတ်၀င်စားစရာ ကောင်း လွန်းနေပါတယ်။ ကြိုးတိုက်က ကြိုး သမားတွေဆိုတာကလည်း လွတ်ငြိမ်း ချမ်းသာခွင့် မလာသရွေ့ ငါ ကြိုးစင်သွား ရမယ်ဆိုတာကို တစ်နေ့တစ်ခါ တွေးမိ နေတာ ဖြစ်ပါတယ်။

သူတို့ပြောတဲ့ ကြိုးသမား တွေထဲက ကြိုးပေးခံလိုက်ရတဲ့ လူတစ်ယောက် ပြောသွားတဲ့ စကားကတော့ ကြိုးတိုက် ထဲမှာ ယနေ့အထိ ပြောစမှတ်တွေ ကျန် ရစ်ခဲ့ပါတယ်။

ပြောတဲ့သူကတော့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ဗုံးခွဲလို့ကြိုးပေးခံလိုက်ရတဲ့ “ ပြည်ပြေးညွန့်တင်” မသေခင်သူပြော လိုက်တာက….

 

“မနက်ဖြန် ကြိုးပေးတော့မယ့် သေဒဏ် အကျဉ်းသား တစ်ယောက်နဲ့ ကျားထိုးဖို့ ၀န်လေးနေကြပါတယ်”

မဆလ အစိုးရက “ပြည်ပြေး” လို့ ခေါ်ဝေါ်ခဲ့တဲ့ PDP က ကိုညွန့်တင်ဟာ ရန်ကုန်မြို့၊ သမိုင်းဇာတိ ဖြစ်ပါတယ်။ သူဟာ ဖဆပလ ၀န်ကြီးချုပ်ဟောင်း ဦးနုက ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီကို နိုင်ငံရေးအရ အန်တုဖို့ ဖွဲ့စည်းလိုက်တဲ့ ပါလီမန် ဒီမိုကရေစီပါတီ (PDP) အဖွဲ့၀င် တစ်ဦးဖြစ်ခဲ့ပါတယ်။ အဲဒီနောက် မှာတော့ ထိုင်းနိုင်ငံမှာ ဦးထွေးမြင့် ဥက္ကဋ္ဌအဖြစ် တာ၀န်ယူထားတဲ့ ပြည်ချစ်လူငယ်တပ်ပေါင်းစုကို ရောက်ရှိလာပြီး မြန်မာပြည်တွင်း မှာ နိုင်ငံရေးအရ လှုပ်ရှားမှုများ ပြုလုပ်ဖို့ တာ၀န်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရရှိပြီးတဲ့နောက် လက်ဝဲလက်ယာ နိုင်ငံရေးအောက်မှာ လှိုင်းကြီး လေထန် ဖြစ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တပ်မတော်က အာဏာသိမ်းယူခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဖဆပလ အစိုးရရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ ၀န်ကြီးချုပ် ဦးနုနဲ့ အစိုးရအဖွဲ့၀င်တွေ ပါ၀င်သွားခဲ့ပါတယ်။

အဲဒီနောက် ၁၉၆၆ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ဦးနုဟာ ထောင်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဦးနေ၀င်း အပေါ်မှာ အခဲမကျေဖြစ်နေတဲ့ ဦးနုက ဖဆပလ နိုင်ငံရေးသမား ဟောင်းကြီးတွေနဲ့ အတူ ပါတီစုံ စနစ်ကို ပြန်လည် ရှင်သန်ဖို့နဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းကို ဖြုတ်ချဖို့ အခွင့်အရေးတွေ ရှာဖွေနေခဲ့ပါတယ်။ အဲဒီအချိန်မှာ တည်မြဲနဲ့ သန့်ရှင်း ကွဲခဲ့တဲ့ ဖဆပလခေါင်းဆောင်တွေ ပြန်လည် ပေါင်းစည်းမိနေပါပြီ။

 

၁၉၆၇ မှာတော့ ဦးနု က တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်နေ၀င်းထံကို “ဗုဒ္ဓဂါယာသို့ ဘုရားဖူး သွားလိုကြောင်း” ဇာတ်လမ်းဆင်ပြီး တင်ပြခဲ့ပါတယ်။ ဦးနေ၀င်းက ယုံကြည်ပြီး ခွင့်ပြုလိုက်တဲ့အတွက် ဦးနုတို့ ဇနီးမောင်နှံဟာ အိနိ်္ဒယကို ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီကနေ မဆလအစိုးရ ဖြုတ်ချမယ့် အစီအမံတွေ ရေးဆွဲပြီး အိနိ်္ဒယအစိုးရရဲ့ အကူအညီနဲ့ အမေရိကန် နိုင်ငံကို ထွက်ခွာလာခဲ့ပါတယ်။ အမေရိကန်ကို ရောက်တဲ့အခါ နိုင်ငံရေး လုပ်ဖော် ကိုင်ဘက်တွေဖြစ်တဲ့ ဦးလောရုံ၊ ရဲဘော်သုံးကျိပ်၀င် ဗိုလ်လက်ျာ၊ ဗိုလ်ချုပ်ဒီကလစ်၊ ဗိုလ်ချုပ်စောကြာဒိုး၊ ဗိုလ်ချုပ်ရန်နိုင်၊ ဗိုလ်မှူးကြီး ဇာလီမော်၊ ဗိုလ်ချုပ်သွင်၊ ဗိုလ်မှူးကြီးကျော်ဒင်၊ ဗိုလ်မှူးကြီးလှမောင်၊ ဂျင်မီယန်း၊ ဗိုလ်မောင်ကလေး၊ ဗိုလ်အောင်ကြီး၊ ဗိုလ်အောင်မြင့်၊ ဗိုလ်တက်ထွန်းတို့နဲ့ ပါလီမန် ဒီမိုကရေစီ ပါတီကို ၁၉၆၉ ခုနှစ်မှာ ဖွဲ့စည်းလိုက်ပါတယ်။

 

ဒီလို ဖွဲ့စည်းလိုက်တဲ့အ ကြောင်း ကုလသမဂ္ဂ အဆောက်အအုံထဲက ရုံးခန်းကို အသုံးပြုပြီး မြန်မာနိုင်ငံကို အာဏာရှင်စနစ်က လွတ်မြောက်စေဖို့ လက်နက်ကိုင် တော်လှန်ရေး လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ (ဒီလို UN အဆောက်အအုံကို ဦးနု အသုံးပြု နိုင်တာဟာ UN အထွေထွေ အတွင်းရေးမှူး ဦးသန့်ကြောင့် ဆိုပြီး ဦးနေ၀င်းကလည်း အထင်လွဲခဲ့ပါတယ်)။ အဲဒီနောက် ဦးနုဟာ ထိုင်းနိုင်ငံကို သွားရောက် အခြေစိုက်ကာ ၁၉၆၈ ခုနှစ်မှာ ပါလီမန်ဒီမိုကရေစီပါတီ (PDP)ကို ဖွဲ့စည်းခဲ့ပါတယ်။ ထိုင်းကို သွားရောက်ခဲ့တာဟာ နေးရှင်း သတင်းစာပိုင်ရှင် ဦးလောရုံရဲ့ အားပေးထောက်ခံမှုတွေနဲ့ ကေအင်န်ယူ၊ မွန်ပြည်သစ်ပါတီတို့ရဲ့ ဖိတ်ခေါ်မှုတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို အခြေစိုက်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီနောက် ပါတီရှိပြီး လက်နက်ကိုင်တပ် ရှိမယ်ဆိုတဲ့ အယူအဆကြောင့် ၁၉၇၀ မှာ ဘီဘီစီသတင်းဌာနမှာ အလုပ် ၀င်ရောက် လုပ်ကိုင်နေတဲ့ ဦးကျော်ငြိမ်းရဲ့ ညီအစ်ကို၀မ်းကွဲ ဦးထွေးမြင့်ကို ခေါ်ယူကာ ပြည်ချစ်လူငယ် တပ်ပေါင်း စုကို ဖွဲ့ စည်းပြီး ဥက္ကဋ္ဌအဖြစ် တာ၀န်ပေးခဲ့ပါတယ်။ ဦးထွေးမြင့်ကလည်း ပြည်တွင်းမှာရှိတဲ့ လူတချို့ကို လှမ်းခေါ်ပြီး ပြည်တွင်းထဲမှာ ဆူပူလှုပ်ရှားမှုတွေလုပ်ဖို့ စီမံချက် ရေးဆွဲခဲ့ပါတယ်။ အဲဒီအချိန်က ရန်ကုန်မြို့ထဲကို ဗကပ မြေအောက် UG တွေရော၊ PDP UG တွေရော စိမ့်၀င်နေတဲ့ကာလ ဖြစ်ပါတယ်။

 

သူတို့တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာလည်း ဗုံးကွဲမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ မဆလအစိုးရရဲ့ ဝါဒဖြန့်ချိရေး သတင်းစာဖြစ်တဲ့ (လုပ်သား ပြည်သူ့နေ့စဉ်) သတင်းစာတိုက် မှာ ဗုံးကွဲခဲ့သလို လူစည်ကားရာ နေရာဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီး ပင်မ ၀င်ပေါက်ဂိတ်မှာလည်း ဗုံးကွဲခဲ့ပါတယ်။ အထူးသဖြင့် အဲဒီအချိန်က မဆလအစိုးရ ပြည်ထဲရေး ၀န်ကြီးဌာန အတွင်း၀န်ဖြစ်တဲ့ ဦးကိုကိုရဲ့အိမ်မှာ ဗုံးပေါက်ကွဲခဲ့ ပြီးတဲ့ နောက်မှာတော့ ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ ဒေါသဟာ အထွတ် အထိပ် ရောက်သွားပါတယ်။

 

ဒါကြောင့် တပ်မတော် ထောက်လှမ်းရေးကို အပြည့်အ၀ အသုံးချပြီး ပြည်တွင်းထဲကို စိမ့်၀င်နေတဲ့ UG တွေကို ရှာဖွေဖော်ထုတ် ဖမ်းဆီးခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဆလိုင်း တင်မောင်ဦးကို လက်ပစ်ဗုံး နှစ်လုံး၊ သေနတ်တစ်လက်နဲ့ ဖမ်းဆီးမိခဲ့သလို ပြည်တွင်းမှာ စည်းရုံးရေးလုပ်ဖို့ တိတ်တဆိတ် ၀င်ရောက်လာတဲ့ ဦးထွေးမြင့်ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

 

အဲဒီကနေ တစ်ဆင့် ပြည်ချစ်လူငယ် တပ်ပေါင်းစု အဖွဲ့၀င်တွေဖြစ်တဲ့ ကိုညွန့်တင်၊ ကိုတင်အောင်၊ စောလှ၀င်းနဲ့ ဘဆွေလေးတို့ကို ဆက်တိုက်ဆိုသလို ဖမ်းဆီး ရမိခဲ့ပါတယ်။ ဒီလူတွေအားလုံးကို ဦးနေ၀င်းက နိုင်ငံတော် ပုန်ကန်မှုပုဒ်မတွေနဲ့ သေဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ပြည်ပြေးညွန့်တင် ဟာ ရန်ကုန်ဆေးရုံကြီးမှာ ဗုံး ထောင်ခဲ့တဲ့အတွက် ၁၉၇၄ ခုနှစ် မှာ သေဒဏ်အမိန့် ချမှတ်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ နိုင်ငံ တော်သမ္မတက အသနားခံစာကို ပယ်ချပြီးတဲ့ နောက်မှာတော့ သူ့ကိုကြိုးပေးဖို့ အကျဉ်းဦးစီးဌာနက စီမံခဲ့ပါတယ်။

 

ကိုညွန့်တင်ဟာ အရပ်ပု ပျပ်ပျပ် ခပ်ကျစ်ကျစ် ကိုယ်လုံး ရှိပါတယ်။ အနေအေးပြီး ကျားထိုး အင်မတန်တော်ပါတယ်။ သူ့ကို ကြိုးပေးဖို့ အတည်ပြုပြီးတဲ့ အချိန်မှာ ကိုယ်အလေးချိန်နဲ့ အရပ်လာတိုင်းပါတယ်။

အဲဒီနောက်မှာတော့ ထောင်အလုပ်ကြီး၀င်း ရက်ကန်းဌာနက လက်ရွေးစင်အကျဉ်းသားတွေကို ရွေးထုတ်ပြီး ကြိုးတိုက်မှာပဲ ကြိုးကျစ်စေခဲ့ပါတယ်။ ကြိုးပေးမယ့်နေ့ မရောက်ခင် တစ်ရက်အလိုမှာတော့ ကိုညွန့်တင်ကို ကြိုးစင်နဲ့ အနီးဆုံးနေရာဖြစ်တဲ့ ၅ တိုက်၊ အခန်း ၂၂ ကို ပြောင်းရွှေ့လိုက်ပါတယ်။

 

အဲဒီနေ့က ကိုညွန့်တင်ရဲ့ အခန်းကို တခြား အကျဉ်းသားတွေ မမြင်အောင် ဖျာတွေနဲ့ ကာရံထားခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးသမား တစ်ယောက်ရဲ့ အခွင့်အရေး အဖြစ် မိသားစုနဲ့ တွေ့ခွင့်ရပါတယ်။ ကိုညွန့်တင်က သူ့ရဲ့ဇနီးထံကို သူကြိုက်နှစ်သက်တဲ့ ရမ် အရက်တစ်ပုလင်း ယူလာခိုင်းပါ တယ်။ ညနေ ၅ နာရီအချိန်လောက် ထောင်ပိုင်ကြီး ရုံးခန်းမှာ ဇနီးသည်နဲ့ လွတ်လွတ်လပ်လပ် တွေ့ခွင့်ရပါတယ်။ ကိုညွန့်တင်က အလွန်အေးဆေး တည်ငြိမ်နေပြီး မိန်းမဖြစ်သူကို “မနက်ဖြန် ငါ အိမ်ပြန်လာခဲ့မယ်” လို့တောင်မှာ သွားသေးပါတယ်။

 

အဲဒီနောက် ၅ တိုက်ကို ပြန်ရောက်ပြီး ထောင်က သူစားချင်တာကို မှာကြားနိုင်ကြောင်း တိုက်တာ၀န်ခံ ထောင်မှူးကြီးက အကြောင်းကြားလာပါတယ်။ ကိုညွန့်တင်ကလည်း ငါးသုံးလုံး စီးကရက် တစ်ဘူးနဲ့ ရေခဲမုန့် တစ်ပွဲ မှာကြားပါတယ်။ တာ၀န် ကျ၀န်ထမ်းတစ်ဦးလာပို့တဲ့ ရေခဲမုန့်ကို စားပြီးတဲ့နောက် ထောင်ပရ၀ဏ်ထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းက ဘုန်းကြီးသုံးပါး ကြွလာပါတယ်။ ကိုညွန့်တင်ကလည်း တိုက်ခန်း ၂၂ ထဲမှာ သရဏဂုံ တင်ပေးတာကို အေးအေးဆေးဆေး နာကြားပါတယ်။

 

အခန်း ၂၂ ဟာ ကြိုးပေးမယ့် အကျဉ်းသားတွေကို နောက်ဆုံးညထားတဲ့ အခန်းမို့လို့လား မသိဘူး။ ခြောက်လန့်မှုတွေ ရှိတယ်လို့ ညဘက် တာ၀န်ကျတဲ့ အကျဉ်း၀န်ထမ်း တချို့က ပြောဖူးပါတယ်။ တစ်ခါတုန်းက နယ်ကပြောင်းရွှေ့လာတဲ့ ဒုတပ်ကြပ် တစ်ယောက်ဟာ အင်းစိန်ထောင်ကို ရောက်ရောက် ချင်းပဲ ၅ တိုက်မှာ တာ၀န်ကျပါ တယ်။ တာ၀န်ချိန်ဟာလည်း ည ၆၊ မနက် ၆ ပါ။ ညဘက် ၅ တိုက် ကို ၀င်ပြီးလူစစ်တော့ လူမရှိတဲ့ အခန်း ၂၂ ဟာ မှောင်မည်းနေ တာ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ၀န်ထမ်းက အခန်းရှေ့မှာ လှမ်းအော်ပြောပါတယ်။

 

“မီးပျက်နေတာလား။ လူမရှိတာလားဟေ့”

 

အဲဒီအချိန်မှာပဲ အခန်းထဲက ပြန်ဖြေသံကို ကြားခဲ့ရပါတယ်။

 

“ငါရှိတယ်ကွ”

 

ဒုတပ်ကြပ်ကလည်း အထဲက ပြန်ဖြေသံကြောင့် ၅ တိုက် လူစာရင်းထဲမှာ ၂၂ က တစ်ယောက်ပါ ပေါင်းပြီး ထောင်ပိတ် စာရင်းပေးလိုက်တယ်။ ထောင်က လူပေါင်းစစ်တဲ့အခါ တစ်ယောက် ပိုနေတယ်။ ဒီတော့ ၀န်ထမ်းတွေကို ပြန်စစ်ခိုင်းလိုက်တယ်။ ဒုတပ်ကြပ် လူစစ်တော့ အခန်း ၂၂ က အရင်အတိုင်းပဲ ပြန်ဖြေတယ်။ နောက်ဆုံး မသင်္ကာလို့ ဓာတ်မီးနဲ့ ထိုးကြည့်တော့မှ လူတစ်ယောက်မှ မရှိတာကို တွေ့ရပြီး အကျဉ်းဦးစီး ဒုတပ်ကြပ်လည်း အတော်ထိတ်လန့်သွားတယ်လို့ ကြားခဲ့ဖူးပါတယ်။

 

ကိုညွန့်တင်ကို ကြိုးပေးမယ့် ညကတော့ အကျဉ်းဦးစီး ၀န်ထမ်းတွေကတော့ အရေးကြီးတဲ့အချိန် ဖြစ်လို့ အားလုံးကို Stand By လုပ်ပြီး တပ်လှန့်ထားပါတယ်။ ညဦးပိုင်း ရောက်တဲ့အခါမှာတော့ ကိုညွန့်တင်က ၀န်ထမ်းကို လှမ်းခေါ်ပြီး သူ ကျားထိုးချင်ကြောင်း ပြောပါတယ်။ တာ၀န်ကျ ၀န်ထမ်းတွေကတော့ မနက်ဖြန် ကြိုးပေးတော့မယ့် သေဒဏ် အကျဉ်းသား တစ်ယောက်နဲ့ ကျားထိုးဖို့ ၀န်လေးနေကြပါတယ်။ ဘယ်သူမှ ခိုင်းလို့မရပါဘူး။ နောက်ဆုံး တိုက်တာ၀န်ကျ ထောင်မှူးက ထောင်ပိုင်ကို အချိန်မတော် သွားသတင်းပို့ရင် အဆဲခံရမှာ စိုးတဲ့အတွက် သူကိုယ်တိုင်ပဲ ကိုညွန့်တင်နဲ့ ကျားထိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

 

ဒါကြောင့် ကိုညွန့်တင်ရဲ့အခန်းက ဖျာတွေကို ဖယ်ရှားပြီး သံတိုင် ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းထိုင်ပြီး ကျားထိုးကြပါတယ်။ ကိုညွန့်တင်က သူတောင်းဆိုလို့ ရထားတဲ့ ငါးသုံးလုံး စီးကရက်ဘူးနဲ့ ထောင်မှူးကို ပြန်ဧည့်ခံပါတယ်။

ကျားထိုးတဲ့အခါ သူက အရမ်းကောင်းတော့ ထောင်မှူးက ပွဲတိုင်းရှုံးနေတယ်။ နောက်ဆုံး ဘေးက ရပ်ကြည့်နေတဲ့ ထောင်ဝါဒါတွေထဲက ကျားထိုးကောင်းတဲ့သူကို ကိုညွန့်တင်က ဖိတ်ခေါ်တယ်။ ၀န်ထမ်းတွေလည်း အကြောက်အလန့် လျော့သွားပြီး ကိုညွန့်တင်နဲ့ကျား ထိုးကြည့်ပါတယ်။ ဒါပေမဲ့ ဘယ်သူနဲ့ပဲ ထိုးထိုး သူကပဲ အနိုင်ယူသွားပါတယ်။ ကိုညွန့်တင်ကို ကြည့်ရတာ ကျားထိုးလိုက်၊ ဆေးလိပ်လေး သောက်လိုက်နဲ့ ခပ်အေးအေးပါပဲ။ ဒီလိုနဲ့ တဖြည်းဖြည်း ညနက်လာပါတယ်။

 

“ဒေါင် .. ဒေါင် ..”

ထောင်ဗူး၀ဂတ်ကြီးက နံနက် ၂ နာရီ သံချောင်းခေါက်သံ ကြားလိုက်ရပါတယ်။ အဲဒီတော့မှ ကို ညွန့်တင်က ခါးဆန့်ပြီး ထောင်မှူးကို လှမ်းပြောပါတယ်။

 

“ကဲ..ညဉ့်နက်ပြီ။ တစ်ရေး တမောလောက်တော့ အိပ်ရေး၀၀ အိပ်လိုက်ဦးမယ်။ မနက်ကျလည်း အစောကြီးထပြီး ကြိုးပေးခံရဦး မှာ …”

 

ကိုညွန့်တင်ရဲ့ စကားကြောင့် အကျဉ်းဦးစီး ၀န်ထမ်းအားလုံး အံ့သြမှင်တက်သွားပါတယ်။ သေခြင်းတရားကို ရင်ဆိုင်ရတဲ့ ကြိုးသမားတွေကို သူတို့လည်း ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြည်ပြေး ညွန့်တင်လောက် သေခြင်းတရားကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တဲ့သူ မတွေ့ဖူးသေးပါဘူး။ ကိုညွန့်တင်ကတော့ တကယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး နောက်တစ်နေ့ မနက် ၃ နာရီခွဲမှာ ကြိုးပေးဖို့အတွက် လာနှိုးမှ နိုးပါတယ်။

 

မနက် ထောင်မဖွင့်ခင်မှာ ပြည်ပြေးညွန့်တင်ကို ကြိုးပေးလိုက်ပေမယ့် ထူးထူးခြားခြား ကျီးပြိုသံတောင် လူတွေ သတိမထားလိုက်မိပါဘူး။ အရာအားလုံး တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ဒါကြောင့် နိုင်ငံရေး အာဃာတတွေနဲ့ လူတစ်ယောက် ကြိုးပေးသတ်ခံလိုက်ရတာကိုလည်း သတိထားမိတဲ့ အကျဉ်းသား အတော်နည်းတယ်လို့ သိလိုက်ရပါတယ်။

 

ဒါကတော့ သူတို့ပြောတဲ့ ကြိုးတိုက်အတွင်း သေဒဏ်ပေးခံလိုက်ရတဲ့ ပြည်ပြေးညွန့်တင်ရဲ့ အဖြစ်အပျက်တစ်ခုပါပဲ။

နောက်တစ်ခုကတော့ ..။

 

“အဘွားကြီးက ရုပ်အတော်ဆိုးလို့ သူ့ကိုကြည့်ရင်းနဲ့တောင် ကြက်သီးမွေးညင်းတွေ ထသွားတယ်။ သူက အားလုံးကို ထိုင်ခိုင်းထားတယ်။ ပြီးတော့ အသံမထွက်ဘဲ ရွတ်ဖတ်နေတယ်။ သိပ်မကြာပါဘူး။ လေချွန်သံ သဲ့သဲ့လေးကို ကြားလိုက်ရတယ်။ လေချွန်သံကလည်း လူစကားပြောသံနဲ့ နည်းနည်းတူတယ်”

==================================

 

ကြိုးမပေးခင် ထူးထူးဆန်းဆန်း တောင်းဆိုသွားတဲ့ နောက်ထပ် ကြိုးသမား တစ်ယောက်လည်း ရှိခဲ့ပါတယ်။ သူ့ကို အားလုံးက နာမည် အရင်း မခေါ်ဘဲ “တာ၀” လို့ပဲ ခေါ် ပါတယ်။ တာ၀ဆိုတာ သန်လျင်ဘက်က ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဖွင့်လှစ်ထားတဲ့ နေရာ ဖြစ်ပါတယ်။ ၁၉၈၀ ကျော်လောက်က အထက်တန်း ကျောင်းသူလေး တစ်ယောက်ကို ရည်းစားစကား လိုက်ပြောတာ လက်မခံဘဲ ငြင်းပယ်တဲ့ အတွက် ရေစင်အောက်နားမှာတွေ့တဲ့ ဝါးရင်းတုတ်ကို ယူပြီး ကောင်မလေးကို မသေမချင်း ရိုက်သတ်ခဲ့လို့ သေဒဏ် အပြစ်ပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ အင်းစိန်ထောင် ကြိုးစင်မှာ နောက်ဆုံး ကြိုးပေးခံရတဲ့ ကြိုးသမားလို့လည်း ပြောကြပါတယ်။ တချို့ကလည်း နောက်ဆုံးကြိုးပေးခံရတဲ့ သူဟာ ဓားပြတိုက်ပြီး လူသတ်၊ မုဒိမ်းကျင့်ခဲ့တဲ့ ဓားပြ “သာနု” လို့လည်း ပြောကြပါတယ်။ ဘာပဲပြောပြော တာ၀ကတော့ သူ့ကို ကြိုးမပေးခင် “အချစ်ရှုံးသမား ဒဿဂီရိ” သီချင်းကို ဖွင့်ပြဖို့ တောင်းဆိုခဲ့တာပါပဲ။ ပြီးတော့လည်း ကြိုးစင်ပေါ်ကို အေးအေးဆေးဆေး တက်သွားတယ်လို့ သိရပါတယ်။

 

တာ၀ကို ကြိုးပေးခဲ့တဲ့ သူဟာ ထောင်မှူး ဦးမောင်မောင်ကြီးလို့ သိရပြီး အဲဒီအချိန်က ကြိုးစင်ဒေါက်ဖြုတ်ခ ၂၅ ကျပ် နိုင်ငံတော်က ချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။ ကြိုးသမားတွေကို ကြိုးပေးပြီးတဲ့နောက် အသုံးပြုခဲ့တဲ့ကြိုးကို သေဆုံးသူရဲ့ ထောင်၀င်နံပါတ် ချိတ်ပြီး စနစ်တကျ ခေါက်သိမ်းကာ အလုပ်ကြီး၀င်းထဲက ဗီရိုမှာ သိမ်းဆည်းထားခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ရှိမရှိ မသိရ တော့ပါဘူး။ အတိတ်ဇာတ်လမ်းတွေ အများကြီးရှိတဲ့ အင်းစိန်ထောင်က ကြိုးစင်အကြောင်းနဲ့ ခြောက်လန့်ခဲ့တဲ့ အဖြစ်အပျက်တွေ ရေးရင် ကုန်မှာ မဟုတ်ပါဘူး။ အမှန်တကယ် ရေးချင်တာက အင်းစိန်ထောင်က ဂန္ထ၀င်စိမ်း ဇာတ်လမ်းကို ရေးချင်တာဖြစ်ပါ တယ်။ ဒါကြောင့် ကြိုးတိုက်နဲ့ ကြိုး စင်အကြောင်းကို ဒီမှာပဲ နိဂုံးချုပ်ပါ ရစေ။

 

ဂန္ထ၀င်စိမ်း ဆိုတာကတော့ အဆိုတော် ဇော်၀င်းထွဋ်ရဲ့ သီချင်းအမည်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဖြစ်အပျက်အစကို ပြောရရင် ကျွန်တော့်ကို စစ်ခုံရုံးက အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ ညနဲ့ ထောင်ဒဏ် ငါးနှစ် အပြစ်ပေးလိုက်ရာက စပါတယ်။ အချုပ်သားဘ၀က အစောပိုင်း ဖော်ပြခဲ့သလို ကြိုးတိုက်လို့ ခေါ်တဲ့ (၂) တိုက်မှာ နေထိုင်ခဲ့ရပေမယ့် ထောင်ကျ အကျဉ်းသား ဖြစ်သွားတဲ့နောက် အဆောင်ကို ရောက်သွားပါတယ်။ အဆောင်မှာ ကိုယ်လိုသူလို နိုင်ငံရေး အကျဉ်းသား တချို့နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူတို့တွေကတော့ သာကေတ NLD က သံချပ်အဖွဲ့တွေနဲ့ သန်လျင်သံချပ် အဖွဲ့တွေပါပဲ။ အဆောင်မှာ နိုင်ငံရေး အကျဉ်းသားတွေဟာ အခြား အကျဉ်းသားတွေနဲ့ မရောထွေးဘဲ စုစုဝေးဝေး နေထိုင်ကြတယ်။ အချင်းချင်း စုမိတော့မှ တိုက်ထဲမှာနေရသလို စိတ်ညစ်ညူး မနေတော့ဘဲ အတော် ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ အပြင်မှာလည်း လူဖမ်းပွဲကြီး စနေတော့ ထောင်ထဲကို နေ့တိုင်း နိုင်ငံရေးသမားတွေ တဖွဲဖွဲ ၀င်လာတယ်။ ဒါကြောင့် ထောင်အာဏာပိုင်တွေက ထောင်ကျပြီးသား နိုင်ငံရေးသမားတွေကို လူစုခွဲတဲ့အနေနဲ့ တခြားထောင်တွေ ရွှေ့ပစ်တယ်။ အရင်ဆုံး ရွှေ့တဲ့ ထောင်ကတော့ အင်းစိန်ထောင်နဲ့ အနီးဆုံး သာယာ၀တီ ထောင်ပါပဲ။

 

သာယာ၀တီထောင်ကို လူအတော်များများ ပြောင်းရွှေ့သွားတော့ အဆောင်မှာ ခြောက်သွေ့ပြီး ကျန်ရစ်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ

အချုပ်ကျနေတဲ့ ကျောင်းသားတွေ ထောင်ကျသွားပြီး အဆောင်ကို အုံနဲ့ကျင်းနဲ့ ရောက်လာကြပြန်တယ်။ ဒီလိုနဲ့ လူစုမိလိုက်၊ လူပြန်ချဲ လိုက်၊ သံသရာလည်နေတယ်။ ထောင်က နားလည် သဘောပေါက်သွားလို့ နိုင်/ကျဉ်းတွေကို အရင်လို စုမထားတော့ဘူး။ ကြို တင် လူစုခွဲတဲ့ အနေနဲ့ တခြားအဆောင်တွေနဲ့ တိုက်တွေကို ခွဲခွဲပို့ပစ်လိုက်တယ်။ ထောင်ရဲ့စနစ်က တစ်နေရာကို ပြောင်းရွှေ့ပြီး တစ်လအကြာမှာပဲ တခြားတစ်နေရာကို ပြောင်းရွှေ့ရတာပါ။ သဘောကတော့ တစ်နေရာတည်းမှာ အကြာကြီးထားရင် နိုင်ငံရေး အကျဉ်းသားတွေက ရိုးရိုးအကျဉ်းသားတွေကို စည်းရုံးပြီး ထောင်ဆူအောင် လုပ်မှာစိုးလို့လို့ သိရပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်လည်း ဟိုအဆောင် ရောက်လိုက်၊ ဒီတိုက်ရောက်လိုက်နဲ့ ယောက်ယက်ခတ်နေပါတယ်။ နောက်ဆုံးတော့ ရွှေ့တဲ့နေရာတွေ အကုန်နေဖူးသွားလို့ ကျွန်တော့်ကို ဘယ်နေရာထားရမှန်း မသိတော့ဘူး။ မိန်းဂျေးလ် ထောင်မှူးကြီးက ထူးထူးဆန်းဆန်း ကျွန်တော့်ကို သေချာကြည့်ပြီး “ဒီ ကောင့်ကို (၅) တိုက်၊ အခန်း ၂၂ ပို့လိုက်” လို့ အမိန့်ပေးလိုက်တဲ့အခါ ကျောထဲမှာ စိမ့်သွားတယ်။

 

ထားစရာ နေရာရှားလို့ ကြိုးသမားတွေ မသတ်ခင် နောက်ဆုံးနေရတဲ့အခန်းကိုမှ ပို့ရတယ်ဆိုပြီး ချောက်ချားသွားတယ်။ ဒါဟာ သဘောရိုးတော့ မဖြစ်နိုင်ဘူး။ အပြင်က ထောက်လှမ်းရေးတွေက လှမ်းပြီး ဒုက္ခပေးသလား မသိဘူးဆိုပြီး စိတ်ထဲမှာ စိုးရိမ်သောကတွေ ဖြစ်လာပါတယ်။ တာ၀န်ကျ ဝါဒါတစ်ယောက်က ကျွန်တော့်ကို ခေါင်းစွပ်အုပ်ပြီး (၅) တိုက်၊ အခန်း ၂၂ ကို လိုက်ပို့တယ်။ အခန်း၀ ရောက်မှ ခေါင်းစွပ်ကို ခွာလိုက်တယ်။ ကျွန်တော် စတွေ့ရတဲ့ မြင်ကွင်းကတော့ အခန်း ၂၂ ထဲကနေ နှုတ်ခမ်းမွေးနဲ့ လူကြီးတစ်ယောက်က ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်နေတာပဲ။ ကျွန်တော် အခန်းထဲရောက်ပြီးတဲ့အခါ သူ့ကို မဝံ့မရဲနဲ့ မိတ်ဆက်လိုက်တယ်။

 

“အစ်ကိုကြီးက ဘယ်သူလဲ”

“ဘာမှမစိုးရိမ်ပါနဲ့ကွာ။ ငါလည်း နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့ ရှေ့နေ တစ်ယောက်ပါပဲ”

 

ကျွန်တော်တုိ့နှစ်ယောက် အပြန်အလှန် မိတ်ဆက်နေစဉ်မှာပဲ ထောင်၀န်ထမ်း တစ်ယောက်က ခေါင်းစွပ်အုပ်ထားတဲ့ လူတစ်ယောက်ကို ထပ်ခေါ်လာတယ်။ ခေါင်းစွပ် ခွာလိုက်တော့ အသားဖြူဖြူ၊ ဒေါင်ကောင်းကောင်း ချာတိတ်လေးတစ်ယောက် ဖြစ်နေတယ်။ အခန်းထဲရောက်မှ အကျိုး အကြောင်းမေးကြည့်တော့ ပဲခူး ကျောင်းသားတစ်ယောက် ဖြစ်နေတယ်။ သူက တပ်ဦးကိစ္စနဲ့နွှယ်ပြီး ထောင်ကျလာတာပါ။ ဒီလိုနဲ့ (၅)တိုက်၊ အခန်း ၂၂ မှာ ကျွန်တော်ရယ်၊ ရှေ့နေကြီးရယ်၊ ပဲခူးကျောင်းသားရယ် သုံးယောက် ဖြစ်သွားတယ်။ တစ်ယောက် အမှုကို တစ်ယောက် မေးမြန်းရင်း အချိန်တိုတို အတွင်းမှာ နွေးနွေးထွေးထွေးနဲ့ ခင်မင်သွားကြတယ်။ အပြင်မှာတော့ ကျွန် တော်တို့လူမျိုးတွေဟာ အဖွဲ့အစည်းစိတ်၊ ဂိုဏ်းဂဃစိတ် အရမ်းကြီးတယ်။ ကျောင်းသားတွေထဲမှာ ဗကသ၊ မကသ ရှိတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေထဲမှာလည်း ရကသဆိုတာ ရှိတယ်။ အခြေခံ ပညာအထက်တန်း ကျောင်းသားတွေဟာလည်း အကသဆိုပြီး အဖွဲ့ရှိတယ်။ တပ်ဦးတွေ ရှိတယ်။ တကယ့်တကယ် ထောင်ကျ ပြီး အတူနေကြရတော့ ဗတွေ၊ မတွေ၊ တပ်ဦးတွေ မရှိတော့ပါဘူး။ တကယ့် ညီအစ်ကိုရင်းတွေလို ဖြစ်သွားပြီ။ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အလံတစ်ခုပဲ ရှိတော့တယ်။

 

ကျွန်တော်တို့သုံးယောက်စလုံးဟာ တစ်လတစ်ကြိမ် သံသရာလည်နေရာကနေ နောက်ဆုံး ဘယ်သူမှ မနေချင်တဲ့ ၅ တိုက်၊ အခန်း ၂၂ ကို ရောက်လာရတာ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း အခန်း ၂၂ ဆိုတာ ကြိုးသမားတွေကို မသတ်ခင် သရဏဂုံ တင်ပေးရတဲ့ အခန်းဖြစ်နေတော့ ကျောချမ်းတာပေါ့ဗျာ။ ဒါပေမဲ့ ကိုယ်နဲ့ အတူနေရတဲ့ ရှေ့နေကြီးကို ကြည့်လိုက်တော့ အတော်အားရှိသွားတယ်။ ရှေ့နေကြီးက ဥပုသ်စောင့်တာ ၁၇ နှစ်ရှိပြီလို့ သိရတယ်။ နေ့ည မခွဲခြားနိုင်တဲ့ စစ်ကြောရေး အခန်းမှာတောင် ရှေ့နေကြီးက ဥပုသ်ရအောင် စောင့်ခဲ့တာဖြစ်ပါတယ်။ စစ်ကြောရေးဆိုတာ အခန်းတစ်ခုထဲမှာ မျက်လုံးကို အကာတစ်ခုနဲ့ပိတ်ပြီး နေရတာ ဖြစ်လို့ နေ့နဲ့ည ခွဲခြားဖို့ခက်သွားပါတယ်။ နိုင်ငံရေး အကျဉ်းသားတစ်ယောက်ကို စစ်ကြောနေစဉ်မှာ မှန်ကာထားတာကြောင့် အပြင်ဘက်က အထဲကို အားလုံးမြင်နိုင်ပေမယ့် အထဲကတော့ အပြင်ကို မမြင်နိုင်ပါဘူး။ ငှက်သံ၊ ကားသံတွေကို ကြည့်ပြီး နေ့ ညခွဲရပါတယ်။ ရှေ့နေကြီးက နေ့ည သူ့ဟာသူခွဲပြီး ဥပုသ်စောင့်ပါတယ်။ ထောက်လှမ်းရေးက ဥပုသ်စောင့် မှန်းသိလို့ မနက်ပိုင်း ထမင်းမကျွေးဘဲ ညမှ လာကျွေးတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ သူက သတ်မှတ်သိနဲ့ ဆင်ခြင်ပြီး ထမင်းမစားဘဲ ထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ ထောက်လှမ်းရေးက အမှန်တကယ် ဘာသာရေးသမားမှန်း သိသွားလို့ သေချာအချိန် ပြောပြီး ကျွေးခဲ့တယ်လို့ ဆိုပါတယ်။

 

ကျွန်တော်တို့သုံးယောက် အခန်း ၂၂ မှာ ရေချိုးချချိန်၊ လမ်းလျှောက်ချိန်က လွဲပြီး အခန်းထဲမှာပဲ နေရတယ်။ တခြား အခန်းက လူတွေနဲ့ စကားသွားပြောရင် ရေချိုးပိတ်၊ လမ်းလျှောက်ပိတ်တယ်။ ဒီလိုနဲ့ တစ်ယောက်အကြောင်း တစ်ယောက် ပြောဖြစ်ကြတာပေါ့။ ပဲခူးကျောင်းသားက ပဲခူးမှာ အဖမ်းခံရတာ ဆိုပေမယ့် ကြို့ပင်ကောက်ဇာတိလို့ သိရတယ်။ သူက လူငယ်ပေမယ့် စကားပြောတဲ့အခါမှာ အတော် သိုသိုသိပ်သိပ် နိုင်တဲ့သူဖြစ်ပါတယ်။ ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ်သမား ဖြစ်တာကြောင့် တစ်ညမှာ သရဲတစ္ဆေတွေ အကြောင်း၊ နာနာဘာဝတွေအကြောင်း ပြောဖြစ်ကြတယ်။ ပြောရင်းနဲ့ ပဲခူးကျောင်းသားက ကြို့ပင်ကောက်ဇာတိဆိုတော့ အဲဒီအချိန်က နာမည်ကြီးနေတဲ့ ကြို့ပင်ကောက်က “လေချွန်နတ်” ကို သိလားလို့ ကျွန်တော်မေးလိုက်တော့ သူ ရုတ်တရက် တုန်လှုပ်သွားတယ်။ နောက်တော့မှ မဖြေချင့် ဖြေချင်နဲ့ ဖြေတယ်။

 

“အဲဒီ လေချွန်နတ်က ကျွန်တော့် အဘွားတော်ပါတယ်”

 

သူ့စကားဆုံးတော့ ကျွန်တော်မျက်လုံး ပြူးသွားတယ်။ ဘာလို့လဲဆိုတော့ ဒီ လေချွန်နတ်ဟာ ကျွန်တော့်ဘ၀မှာ အရေးကြီးတဲ့ အမှတ်ရစရာတွေကို ဖြစ်စေခဲ့လို့ပါ။ နောက်တော့ ပဲခူးကျောင်းသားရဲ့အဘွား လေချွန်နတ်နဲ့ ကျွန်တော်တို့ မိသားစု ပတ်သက်ခဲ့ပုံကို ပြောပြလိုက်ရတယ်။

 

“ပြောရရင် ကျွန်တော် ရှစ်တန်း ကျောင်းသားဘ၀မှာ ကျွန်တော့်အဖေ ဆုံးသွားတယ်။ အဖေဆုံးသွားပြီး ခြောက်လလောက် အကြာမှာတော့ အိမ်ကို စာတစ်စောင် ရောက်လာတယ်။ စာထဲမှာ အဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်က မော်လမြိုင်မှာ စပ်တူလုပ်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုက အဖေ့ရဲ့ရှယ်ယာတွေ ရဖို့ရှိလို့ လာခဲ့ပါလို့ခေါ်တဲ့ စာတစ်စောင် ဖြစ်နေတယ်။ ဒီစာကိုဖတ်ပြီး အိမ်သားထဲမှာ သဘောထား ကွဲကုန်တယ်။ အမေနဲ့ အစ်မတွေက ဒီစာဟာ လိမ်ပြီးခေါ်တယ်လို့ ထင်တယ်။ အစ်ကိုတွေကတော့ အဖေ့ရဲ့ ရသင့်ရထိုက်တဲ့ ဝေစုကို သွားယူသင့်တယ်လို့ ပြောကြတယ်။ နောက်ဆုံး အစ်မကြီးက အဖေလည်း မော်လမြိုင်မှာ ကုန်ကူးခဲ့ဖူးတော့ ဖြစ်နိုင်လောက်တယ်။ လေချွန် နတ်မေးပြီးမှ သွားရင် မကောင်းဘူးလားလို့ အကြံပေးတယ်။ မိသားစုအားလုံးက သဘောတူသွားကြတယ်။ အဲဒီအချိန်က ကြို့ပင်ကောက်က လေချွန်နတ်ကလည်း အရမ်းနာမည်ကြီးနေတယ်လေ။ သေဆုံးတဲ့သူတွေကို ခေါ်ပြီး မေးနိုင်တဲ့အထိ အစွမ်းအစရှိတယ်။ ဒီတော့ တစ်မိသားစုလုံး လေချွန်နတ် သွားမေးကြတယ်။

 

ကြို့ပင်ကောက် ရောက်တော့ လေချွန်နတ် မေးတဲ့သူတွေ အများကြီးနဲ့ တိုးတော့တာပါပဲ။ လေချွန် နတ်မေးတဲ့ အဘွားက အမည်းရောင် ကန့်လန့်ကာကြီးကာပြီး အဲ့ဒီရှေ့မှာ ပွဲတွေထိုးထားတယ်။ လေချွန်နတ် မေးမယ့်သူတွေ က သီးခြားအဆောင်တစ်ခုမှာ နေရတယ်။ နာမည်ခေါ်မှ အဘွားကြီးရှိတဲ့ အဆောင်ကို သွားကြရတယ်။ မေးမယ့်သူ လာမှ အဘွားကြီးက ထွက်လာတယ်။ အဘွားကြီးက ရုပ်အတော်ဆိုးလို့ သူ့ကိုကြည့်ရင်းနဲ့တောင် ကြက်သီးမွေးညင်းတွေ ထသွားတယ်။ သူက အားလုံးကို ထိုင်ခိုင်းထားတယ်။ ပြီးတော့ အသံမထွက်ဘဲ ရွတ်ဖတ်နေတယ်။ သိပ်မကြာပါဘူး။ လေချွန်သံ သဲ့သဲ့လေးကို ကြားလိုက်ရတယ်။ လေချွန်သံကလည်း လူစကားပြောသံနဲ့ နည်းနည်းတူတယ်။

 

အဘွားကြီးက ရောက်လာတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းတစ်ချက် ညိတ်ပြပြီး ထိုင်နေတဲ့ ကျွန်တော့်အစ်ကို ကြီးကို မေးတစ်ချက် ဆတ်လိုက်ပြီး “ဒါ ဘယ်သူလဲ” လို့ လှမ်းမေးတယ်။ ကန့်လန့်ကာအမည်း နေရာတစ်နေရာကနေ သားလို့ ပြန်ဖြေတယ်။ “နာမည်ပြော” လို့ ဆက်မေးတော့ “မောင်မောင်လတ်” လို့ ဖြေတယ်။ ဒီမှာတင် အဘွားကြီးက အစ်ကို့ကို ကြည့်ပြီး “အဲဒါ မင်းအဖေပဲ” လို့ ပြော လိုက်တယ်။ လေချွန်နတ်မေးတဲ့ အချိန်မှာ လိုက်နာရတဲ့ စည်းကမ်းတွေ ရှိပါတယ်။ အဲဒီစည်းကမ်းတွေကတော့ ကိုယ့်ရဲ့ ကွယ်လွန်သွားတဲ့ မိသားစု၀င်လာရင် မငိုရဘူး။ ထမပြေးရဘူးဆိုတဲ့ စည်းကမ်း

ချက်တွေပါပဲ။

 

အချုပ်ပြောရရင်တော့ အဖေက မိသားစုတွေကို ကျွန်တော်တို့နေ တဲ့ ရပ်ကွက်ရဲ့ ကမ်းနားလမ်းက ညောင်ပင်ကြီးမှာ ရုက်္ခစိုး ဖြစ်နေတယ်လို့ ပြော တယ်။ နောက်ဆုံး မော်လမြိုင်က ငွေရေး ကြေးရေးကိစ္စအတွက် စာရောက်လာတယ်လို့ ပြောတော့

 

“ဒါ သက်သက်လိမ်တာ”လို့ ပြောတယ်။

 

လေချွန်နတ် ပြန်မထွက်ခင် ကျွန်တော့်ကို ကျောင်းမတက်ဘဲ သူ ရုက္ခစိုး လုပ်တဲ့ အပင်အောက်မှာ လာလာဆော့နေတယ်လို့ ပြောတော့ တော်တော် ကြက်သီးထသွားတယ်။ ဘာလို့လဲဆိုတော့ လေချွန်နတ်ပြောနေတာ အမှန်တွေဖြစ်လို့ပါပဲ။ ကျွန်တော်ပြောတာတွေ အားလုံးကို ပဲခူး ကျောင်းသားရော၊ ရှေ့နေကြီးရော ယုံကြည်လက်ခံတဲ့ပုံနဲ့ စူးစိုက်နားထောင်နေပါတယ်။ နှစ်တွေကြာတော့ အဖေလည်း ရုက္ခစိုးဘ၀က ကျွတ်သွားတယ်လို့ အမေက ပြောတယ်။

 

ရက်အနည်းငယ် အကြာမှာတော့ ကျွန်တော်တို့ အခန်း ၂၂ ကို နောက်ထပ် အခြေခံကျောင်းသားသမဂ္ဂ (အကသ) က ကျောင်းသား တစ်ယောက် ထပ်ရောက်လာ ပြန်ပါတယ်။ သူကတော့ စမ်းချောင်းသား ဖြစ်ပြီး အခြေခံကျောင်းသား သပိတ်မှာ ဦးဆောင်ခဲ့တဲ့အတွက် ထောင်ကျလာတာ ဖြစ်ပါတယ်။ နိုင်/ကျဉ်းတွေဟာ စာမဖတ်ရ၊ သီချင်းနားမထောင်ရတဲ့အတွက် အပြင်လောကနဲ့ အဆက်ပြတ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နောက် လေးငါးဆယ်လကြာမှ အထဲရောက်လာတဲ့ စမ်းချောင်းသားကြောင့် အခန်းဟာ ချက်ချင်းဆိုသလို စိုပြည်သွားပါတယ်။ သူက လူငယ်ဆိုတော့ နောက်ဆုံး နိုင်ငံရေး သတင်းလည်း ပြောပြတယ်။ သီချင်းတွေ ဆိုသလို သီချင်းအတော်များများကိုလည်း ရပါတယ်။

 

သူရောက်တဲ့ညကတော့ အပြင်မှာ ခေတ်စားနေတယ်ဆိုတဲ့ “ဂန္ထ၀င်စိမ်း” သီချင်းကို ဆိုပြတယ်။ စာသားကလည်း ထူးဆန်း၊ သံစဉ်ကလည်း ထူးဆန်းနေတော့ အတော် နားထောင်လို့ ကောင်းတယ်။ ဥပုသ်စောင့်တဲ့ ရှေ့နေကြီးတောင် သီချင်း သံစဉ်ထဲမှာ နစ်မျောနေတယ်။ ကျွန်တော်တို့ကလည်း အဆောင်မှာ တခြားအကျဉ်းသားတွေ လုပ်တဲ့အတိုင်း ပုံစံပန်းကန်ပြားကို မှောက် စိပ်ပုတီးတင်ပြီး ဒရမ်တီးတာပေါ့ဗျာ။ ဘေးအခန်းတွေကလည်း “ဂန္ထ၀င်စိမ်း” ကို အတော်အားပေးကြတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ လေးယောက်ဟာ အင်းစိန်ထောင်ရဲ့ ကြောက်စရာ အကောင်းဆုံး (၅) တိုက်၊ အခန်း ၂၂ မှာနေရပေမယ့် ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ အခန်း ၂၂ ကို ကြောက်ပေမယ့် ဘယ်လိုသရဲ တစ္ဆေကမှ မခြောက်လန့်ခဲ့သလို အရိပ် အယောင်တွေတောင် မပြခဲ့ပါဘူး။

 

ဒါပေမဲ့ တစ်နေ့တော့ ကျွန်တော်တို့ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင် ဖြစ်နေတာကို ဖျက်ဆီးမယ့် ပျက်စီးရာ ပျက်စီးကြောင်း တစ်ခု ပေါ်ပေါက်လာတယ်။ အဲ ဒါကတော့ တစ်ယောက်ကိုတစ်ယောက် စနေနောက်နေတာကနေ ဖြစ်လာတာပေါ့ ဗျာ။ ဘယ်ကစဖြစ်လဲဆိုတော့ စမ်းချောင်း (အကသ) ကျောင်းသားက ပရလောက အကြောင်း၊ ဝိညာဉ်လောကအကြောင်း ညဘက် ပြောပြနေတဲ့ ပဲခူးကျောင်းသား ပြောတာတွေကို “မယုံဘူး” ဆိုတာက စတာပါပဲ။ သူ့ဘ၀မှာ တစ်ခါမှ သရဲခြောက်တာ၊ ကိုယ်ထင်ပြတာ မကြုံဖူးတဲ့အတွက် ဒါတွေဟာ ထင်ရာမြင်ရာ လျှောက်ပြောနေတာလို့ ထင်တယ်။ ပြီးတော့ ကျွန်တော်တို့ မကြာခဏ ကြားဖူးနေတဲ့ ကြံတောသင်္ချိုင်းထဲက ထွက်ထွက်လာတတ်တဲ့ မိန်းမတစ်ယောက်ဟာ ပြည်လမ်းမှာ ဆိုက်ကားငှား စီးပြီး ဆိုက်ကားသမားက ပိုက်ဆံတောင်းဖို့ လှည့်ကြည့်လိုက်ရင် ဝါထိန်နေတဲ့ နနွင်းတွေနဲ့ ပါးစပ်ထဲကနေ ဖူးခနဲ မျက်နှာကို ထွေးထုတ်လိုက်တယ် ဆိုတဲ့အကြောင်းတွေဟာ လုပ်ကြံပုံပြင်တွေအဖြစ် ရိုးအီနေပြီလို့ သိရပါတယ်။

 

ဒါပေမဲ့ ပဲခူးကျောင်းသားက “တစ္ဆေတွေ ရှိတယ်ဆိုတာ မင်းမယုံဘူးလား” လို့ ပြန်မေးတော့ သူက “မယုံလို့၊ ခင်ဗျားကို စိန်ခေါ်နေတာပေါ့ဗျာ” လို့ ဖြေ တယ်။ ရှေ့နေကြီးကတော့ “ကောင်လေး၊ ပရလောကသားတွေ တကယ်ရှိတယ်။ သွားမလုပ်နဲ့” လို့ လှမ်းဟန့်သေးတယ်။ ဒါပေမဲ့ နှစ်ယောက်သား အရှိန်တက်နေတော့ တားလို့မရတော့ဘူး။ ပဲခူးကျောင်းသားက “အဲဒါဆို မင်းကို ငါခေါ်ပြမယ်။

အင်းစိန်ထောင်မှာ ကြာသပတေးနေ့တိုင်း အသားကျွေးတယ်။ ဒါပေမဲ့ ၀က်သားနဲ့ ဘဲဥဆိုတော့ သူတို့က မကြိုက်ဘူး။ အမဲသားကျွေးတဲ့ တစ်နေရာတော့ ရှိတယ်။ အဲဒါက ဒီထောင်ဆေးရုံပဲ။ ဆေးရုံစာဝေတဲ့ ငပျော့ဆီက အမဲသားတောင်းလို့ရတဲ့ တစ်နေ့ မင်းကို ငါခေါ်ပြမယ်” လို့ ပြော လိုက်တယ်။ သရဲတစ္ဆေ တကယ်ရှိမရှိ စိန်ခေါ်ပွဲ ကတော့စပြီ။

ထောင်ထဲမှာ ပရလောကသားတွေ တကယ် ရှိမရှိ စမ်းသပ်မယ့်ပွဲမှာ ဆေးရုံဖိုကြီးက ငပျော့ဟာ အရေး ပါလာခဲ့ပါတယ်။ တစ်ရက်တော့ ၅ တိုက်မှာ သွေးတိုးနေတဲ့ အကျဉ်းသား တစ်ယောက်အတွက် ဆန်ပြုတ်လာပို့တဲ့ ငပျော့နဲ့ စမ်းချောင်းသားတွေ့ပြီး အပေးအယူ လုပ်ကြတယ်။ စမ်းချောင်းသားက သူလိုချင်တဲ့ အမဲသားရဖို့ အသားစားရက်မှာ သူရမယ့် ၀က်သားတုံးအပြင် ထောင်ထဲမှာ ရွှေလို ရှားပါး အဖိုးတန်တဲ့ မကျင်လှ နွားဆေးလိပ်နှစ်လိပ်ပါ ပေးမယ်လို့ ငပျော့ကို ကမ်းလှမ်းတယ်။ ငပျော့အတွက် အမဲသားနဲ့ ၀က်သားတုံးလဲတာ ဘာမှ အပန်းမကြီးဘူး။ သူတကယ်မက်တာက မကျင်လှ နွားဆေး လိပ်ပဲ။

အဲဒီအချိန်က နွားဆေးလိပ် တစ်လိပ် တန်ဖိုးဟာ အဆောင်မှာဆိုရင် မာဆပ် (Massage) တစ်နာရီ အနှိပ်ခံလို့ရတယ်။ နှစ်လိပ်ဆိုတော့ နှစ်နာရီ စာပေါ့။ အဆောင်မှာ ညဘက် ကိုးနာရီ အိပ်ချိန် မရောက်ခင် နွားဆေးလိပ် နှစ်လိပ် ပေးလိုက်ရင် ည ၇ နာရီကနေ ၉ နာရီအထိ ကျသစ်တို့၊ ဘောက်ဆင်းတို့ အသေနှိပ်ပေရော့ပဲ။ ထောင်အခေါ် နှစ်နာရီဆိုရင် အကွက်စုံ နှိပ်လို့ရတယ်။ အဆောင်မှာ သက်ကြီးပိုင်းတွေ၊ ဘောက်ချာတွေဆိုရင် ချမ်းသာတဲ့ အတွက်ကြောင့် နွားဆေးလိပ်ကို မသောက်ကြဘူး။ နွားဆေးလိပ်ပေးပြီး ညဘက် အနှိပ်ခံတယ်။ နှိပ်ပေးတဲ့အကျဉ်းသားက ထောင်၀င်စာ မလာတဲ့သူတွေဆိုတော့ ထောင်အခေါ် “ပုန်းကြောင်” တယ်။ ဒီတော့ ညဘက် နှိပ်ခ ရတဲ့ နွားဆေးလိပ်လေးတွေကို မနက်ရောက်တဲ့အခါ တောင်ယာသွားပြီး ကိုက်လံတို့ မုန်လာဥတို့နဲ့ လဲစားရတယ်။ ဒါကြောင့် ထောင်မှာ မကျင်လှ နွားဆေးလိပ်ဟာ ငွေစက္ကူတစ်မျိုး ဖြစ်နေတာပေါ့။

ဘာပဲပြောပြော ဆေးလိပ် နှစ်လိပ် အလကားရမယ်ဆိုတော့ ငပျော့က စဉ်း စားမနေတော့ဘဲ သဘောတူတယ်။ နောက် တစ်နေ့ရောက်တော့ ဆေးရုံစာ အမဲသားတုံးကို လာပို့တယ်။ စမ်းချောင်း အကသ ကျောင်းသားက အမဲသားတုံး ရရချင်းပဲ ပဲခူးသားကို စိန်ခေါ်လိုက်တယ်။

“ကဲ ခင်ဗျားပြောတဲ့အတိုင်း အမဲသား ရအောင် ကျွန်တော်လုပ်ပြီးပြီ။ သက်သေ ပြဖို့ကတော့ ခင်ဗျားအပိုင်းပဲ”

ပဲခူးသားနဲ့ စမ်းချောင်းသား အတည်ပေါက် လုပ်နေတာတွေကို ကြည့်ပြီး ကျွန်တော် ရင်တွေ တုန်လာတယ်။ အခန်းဖော်ဖြစ်တဲ့ ရှေ့နေကြီးကလည်း ကြားထဲက ခေါင်းကျိန်းလာတယ်။ သူက လူကြီးဖြစ်တော့ ကြားထဲကနေ ဖျန်ဖြေရတာပေါ့။

“ဟိတ်ကောင်လေးတွေ မင်းတို့ဟာက တကယ် လုပ်နေကြတာလား။ ကြည့်လုပ်ကြပါဦးကွာ။ ဒါမျိုးဆိုတာ အလောင်းအစား မလုပ်သင့်ဘူး။ ရှေးအယူအဆရှိတယ်”

ရှေ့နေကြီး ကြား၀င် ဖျောင်းဖျပေမယ့် နှစ်ယောက်လုံးက အရှိန်တက်နေကြပါပြီ။ ဘယ်သူကမှ နောက်ဆုတ်မယ့်ပုံ မပေါ်တော့ဘူး။ ပဲခူးကျောင်းသားကတော့ နောက်ဆုံး စကားကုန်အောင် ပြောတယ်။

“ငါပြောမယ်နော်။ ဒီအလောင်းအစားမှာ တစ်ခုခုဖြစ်ရင် တစ်ယောက်နဲ့ တစ်ယောက် စိတ်မဆိုးကြေး။ ငါ့ကို ခွင့်လွှတ်ပေးရမယ်။ အခု သရဲခေါ်မယ့် ကိစ္စကလည်း သူမယုံလို့ ကျွန်တော်လုပ်ပြမှာ။ လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး”

“ရတယ်။ ကျွန်တော့်ဘ၀မှာ သရဲ ရှိ မရှိ ဒါကိုပဲ သိချင်နေတာ။ သရဲခေါ်တဲ့ကိစ္စကို ခင်ဗျား လုပ်နိုင်တယ်ဆိုရင် ကျွန်တော့် ကို ပြ။ ကျွန်တော် ဘာပဲဖြစ်သွားဖြစ်သွား ခင်ဗျားကိုခွင့်လွှတ်တယ်”
ပဲခူးသားကလည်း ခေါင်းညိတ်ပြတယ်။

“အေး မင်းပြောတဲ့အတိုင်း ဒီည ငါ ခေါ်မယ်”

သူတို့နှစ်ယောက်ရဲ့ ပြင်းထန်လှတဲ့ စိတ်အဟုန်တွေကြောင့် အခန်းဖော်တွေဖြစ်တဲ့ ကျွန်တော်နဲ့ ရှေ့နေကြီးက ဘာမှ မပြောသာတော့ဘူး။ ရှေ့နေကြီးကလည်း စိပ်ပုတီး တချောက်ချောက်စိပ်ပြီး မျက်နှာ လွှဲလိုက်တယ်။ ငပျော့ယူလာတဲ့ အမဲသား တုံးကတော့ အခန်းထောင့်က ပုံစံပန်းကန် ပြားထဲမှာ ရှိနေတယ်။ အမဲသားတုံးကလည်း အရွတ်နဲ့ အသားတွဲနေတဲ့ အတုံးကြီးပါ။ ငါးကျပ်သားလောက်တော့ရှိမှာပေါ့။ သူတို့ အလောင်းအစား လုပ်ပြီးသွားတဲ့နောက် ထူးထူးခြားခြား တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်။ အရင်နေ့ကလို တစ်ယောက်နဲ့ တစ်ယောက် ဟေးလားဝါးလား၊ စကား စမြည်ပြောတာ မရှိတော့ဘူး။ ညနေထမင်း စားပြီးတော့ အားလုံး ငြိမ်နေကြတယ်။ တဖြည်းဖြည်း ညနေစောင်းပြီး နေလည်း၀င်သွားရော။ မှောင်ရိပ်လည်း သန်းလာတယ်။

ဒီအချိန်မှာပဲ ပဲခူးကျောင်းသားက ပုံစံခွက်ထဲက အမဲသားတုံးကိုယူပြီး အခန်းအ၀င်၀ သံတိုင်ပေါင်ပေါ် တင်ထားလိုက်တယ်။ စမ်းချောင်းသားကတော့ သရဲတစ္ဆေဆိုတာ မယုံကြည်ပုံနဲ့ သံတိုင်မှီပြီး အရင်ညတွေကလို ဂန္ထ၀င်စိမ်းသီချင်းကို ကောက်ခါငင်ကာ ထဆိုလိုက်တယ်။ ကျွန်တော်က သူတို့နှစ်ယောက်ကြား ဘာထဖြစ်မလဲဆိုပြီး အလန့်တကြားကြည့်လိုက်ပေမယ့် ပဲခူးသားကတော့ အေးအေးဆေးဆေးပဲ။ ည ၈ နာရီခွဲလောက်ကျတော့ ထောင်ကအသံတွေနဲ့ တဖြည်းဖြည်း တိုးတိတ်သွားတယ်။

အဲဒီတော့မှ ပဲခူးကျောင်းသားက အမဲသားတုံး တင်ထားတဲ့ သံတိုင်ရှေ့သွားပြီး ဂါထာရွတ်တော့တာပဲ။ ည ၉ နာရီ အိပ်ချိန်မပေးခင် သူ ဂါထာရွတ်တာ ပြီးသွားပေမယ့် ဘာမှ ထူးခြားတာ မရှိပါဘူး။ အားလုံး အေးအေးဆေးဆေးပါပဲ။ ည ၉ နာရီရောက်တော့ ထောင်ဗူးတံခါး ဂတ်ကြီးကနေ အိပ်ချိန် သံချောင်းခေါက်တယ်။ “အိပ်ချိန်” ဆိုတဲ့ အသံတွေ အဆောင်အသီးသီးက ဆက်တိုက်ပေါ်လာပြီး အကျဉ်းသားတွေရဲ့ အသံတွေလည်း လုံး၀တိတ်ဆိတ်သွားတယ်။
ကျွန်တော်တို့ အခန်းက လူလေးယောက် အိပ်ရတာဆိုတော့ နည်းနည်းကျဉ်းတယ်လို့ ဆိုရမှာပေါ့။ ဒီတော့ အားလုံး အလျားလိုက်ပဲ အိပ်ကြတယ်။ သံတိုင် အပေါက်၀မှာ အိပ်တာက ရှေ့နေကြီး၊ ရှေ့နေကြီးဘေးမှာ ပဲခူးကျောင်းသား၊ ပဲခူး ကျောင်းသားဘေးမှာ ကျွန်တော်၊ ကျွန်တော့်ဘေးမှာ စမ်းချောင်းသား၊ အဲဒီလို အိပ်ကြရပါတယ်။ စမ်းချောင်းသားရဲ့ ခြေရင်းမှာတော့ အလေးအပေါ့သွားဖို့ ဖွဲပြာ အိတ်တစ်အိတ်နဲ့ ဂန်ဖလားတစ်လုံး ရှိတယ်။

အိပ်ချိန်ပေးလို့ အတန်ကြာတဲ့အခါမှာ ဘေးခန်းက တရှူးရှူးနဲ့ ဟောက်သံတွေတောင် ကြားရပြီ။ ကျွန်တော်တို့အခန်းကတော့ အမဲသားတစ်တုံးနဲ့ လူလေးယောက် အတွေးကိုယ်စီနဲ့ မအိပ်နိုင်ကြသေးဘူး။ တဖြည်းဖြည်း အချိန်တွေ ကုန်ဆုံးလာပေမယ့် ကျွန်တော်တို့အခန်းထဲမှာ ဘာထူးခြားမှုမှ မဖြစ်ပါဘူး။ ကျွန်တော်လည်း ဒီပြိုင်ပွဲမှာ ပဲခူးကျောင်းသားတော့ အပြောကြီးပြီး ရှုံးတော့မယ်လို့ တွေးနေပါတယ်။ ဒီအလောင်းအစားမှာ ကြားလူဖြစ်တဲ့ ကျွန်တော်က အိပ်မပျော်နိုင်သေးပေမယ့် ကျွန်တော့်ဘေးက စမ်းချောင်းသားကတော့ အသက်ရှူသံ မှန်မှန်ထွက်နေလို့ အိပ်ပျော်သွားပြီလား ထင်ရပါတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း မှေးလုမှေးခင် ဖြစ်နေတုန်းမှာပဲ ညည်းသံတစ်သံ ကြားလိုက်ရတယ်။ ဒီအသံက စမ်းချောင်းကျောင်းသားလေးဆီက ထွက်လာတာပါ။ အဲဒီနောက် သူ့ခြေရင်းက ဒုန်းခနဲ အသံတစ်သံ ထွက်လာတယ်။ ဒီအသံကြောင့် အနီးဆုံးမှာရှိတဲ့ ကျွန်တော် ငုတ်တုတ်ထထိုင်လိုက်တယ်။ ကျွန်တော့်လိုပဲ ဒီဘက်ဘေးက ရှေ့နေကြီးရော၊ ပဲခူးကျောင်းသားရော ထိုင်လိုက်တာ တွေ့ရတယ်။ ရှေ့နေကြီးက စမ်းချောင်းသားကို ကြည့်ပြီး ခပ်တိုးတိုး လှမ်းပြောတယ်။

“ဟာ သွားပြီ သွားပြီ”

သူ့စကားမဆုံးခင်မှာပဲ အိပ်ရင်း ညည်းနေတဲ့ စမ်းချောင်းသားရဲ့ မျက်နှာက ပြောင်းသွားတယ်။ ညိုနေတဲ့ အသားက မည်းပြာသွားတယ်။ ပြီးတော့ မျက်လုံးပွင့်လာပြီး ကျွန်တော်တို့ကို လှမ်းကြည့်တယ်။ သူ့မျက်လုံးတွေက ၀တ်ဆံပျောက်သွားပြီး မူမမှန်တဲ့ပုံနဲ့ ကျွန်တော်တို့ကို စိုက်ကြည့်နေတယ်။ ညည်းသံကလည်း ပိုကျယ်လာတယ်။ ရှေ့နေကြီးက သူ့ခေါင်းရင်းမှာရှိတဲ့ ရေခွက်ကိုကိုင်ပြီး ရေနဲ့ သူ့မျက်နှာကို လှမ်းတောက်လိုက်တယ်။ သူက အသံပိုထွက်လာပြီး ရှေ့နေကြီးကို ရန်လုပ်ချင်တဲ့ အမူ အရာတွေ ပြတယ်။ ရှေ့နေကြီးက ကျွန်တော်တို့ကို လှမ်းပြောတယ်။

“ဒီကောင့်ကို သရဲစီးနေပြီကွ။ ပြန်ထုတ်မှဖြစ်မယ်။ မင်းလည်းကူဦး”
ပဲခူးကျောင်းသားလည်း နည်းနည်းတော့ စိုးရိမ်သွားပုံရတယ်။
“ကျွန်တော်လည်း ဒီလောက် ကြမ်းကြမ်းကြီး ပြမယ်မထင်ဘူး။ မသိမသာပဲ ပြမယ်ထင်တာ”

စမ်းချောင်းသားကတော့ အိပ်ရာထဲမှာပဲ လူးလိမ့်ရင်း အသံပိုကျယ်လာတယ်။ ဘယ်လောက်တောင် ကျယ်လာလဲဆိုရင် ဘေးခန်းကလူတွေတောင် နိုးသွားပြီ။ သူတို့က ညဘက်၀န်ထမ်း မကြားအောင် အသံခပ်အုပ်အုပ်နဲ့ လှမ်းမေးတယ်။ ကျွန်တော်လည်း ၀န်ထမ်းတွေ ရောက်လာမှာစိုးလို့ “အိပ်ရင်း ယောင်နေတာ” လို့ လှမ်းဖြေလိုက်တယ်။ ကောင်လေးကတော့ အခြေအနေ တော်တော်ဆိုးနေပြီ။ ရှေ့နေကြီးက ဘုရားစာရွတ်ပြီး ရေမန်းမန်းတယ်။ အဲဒီ ရေမန်းနဲ့ သူ့မျက်နှာကို တောက်တယ်။ ပဲခူးသားကလည်း သံတိုင်ပေါ်တင်ထားတဲ့ အမဲသားတုံးကို လွှင့်ပစ်လိုက်ပြီး အန္တရာယ် ကင်းဂါထာတွေရွတ်တယ်။ အဲ့လို ဝုိင်းလုပ်လိုက်လို့လား မသိဘူး။ စမ်းချောင်းသားဆီက ဘာသံမှ မကြားရတော့ဘူး။
ပဲခူးသားကတော့ သူ့မျက်နှာကို အကဲခပ်ရင်း
“အင်း ထွက်သွားပြီ။ ထွက်သွားပြီ” လို့ လှမ်းပြောတယ်။

စမ်းချောင်းသား မျက်နှာကတော့ နဂိုပုံပြန်ဖြစ်သွားပြီး ဖြူဖပ်ဖြူရော်ဖြစ်နေတယ်။ ကျွန်တော်လည်း ဒီဘ၀မှာ အခု အချိန်အထိ သရဲပူးတယ်ဆိုတာ မမြင်ဖူးဘူး။ အခု လက်တွေ့မြင်ရတာ ပထမဦးဆုံးပါပဲ။ အားလုံး သက်ပြင်းချပြီး ကိုယ့်အိပ်ရာမှာကိုယ် ခေါင်းချလိုက်တယ်။ စိုးရိမ်ထိတ် လန့်နေလို့ ဘယ်သူမှတော့ အိပ်မပျော်ပါဘူး။ ဒီလိုနဲ့ နာရီ၀က်လောက် အကြာမှာ ကျွန်တော့်ဘေးက အော်သံကြီး ပြန်ထွက်လာပြန်တယ်။ ကျွန်တော် ထကြည့်တော့ စမ်းချောင်းသားကို ပြန်စီးနေပြန်ပြီ။ ကျွန်တော်လည်း ကြောက်လန့်နေတဲ့အတွက် နေစရာမရှိတော့ဘူး။ ရှေ့နေကြီးနဲ့ ပဲခူးသားကို အကူအညီ တောင်းလိုက်ရတယ်။

“ပြန်၀င်လာပြန်ပြီ။ ကြည့်လုပ်ကြပါ ဦးဗျ”

သူတို့လည်း ထောင်အာဏာပိုင်တွေ မသိအောင် ကျိတ်လုပ်ကြရပြန်တယ်။ ရှေ့နေကြီးက ရေမန်းနဲ့ တောက်ရုံမကတော့ဘူး။ သူအမြဲစိပ်နေတဲ့ စိပ်ပုတီးကို ဒီကောင့်လည်ပင်း ဆွဲပေးလိုက်တယ်။ ဒီပုတီးက ၂၂၇ သွယ်သော သိက္ခာပုဒ်ကို ရည်စူးပြီး သိမ်အထပ်ထပ်၀င်ထားတဲ့ ပုတီး။ သူကလည်း ခေသူမဟုတ်။ စိတ်ဆိုးမာန်ဆိုးနဲ့ စိပ်ပုတီးကို လည်ပင်းကနေ ပြန်ချွတ်တယ်။ နံရံတွေကို ခြေထောက်နဲ့ ပိတ်ကန်တယ်။

ရှေ့နေကြီးလည်း ခြေထောက် ပြေးကိုင်လိုက်၊ ခေါင်းပြေးကိုင်လိုက်နဲ့ ဘာလုပ်ရမှန်း မသိတော့ဘူး။ ကျွန်တော်တို့သုံးယောက် အခန်းထဲမှာ ဘယ်လိုပဲကျိတ်ပြီး လုပ်နေကြပေမယ့် စမ်းချောင်းသားရဲ့ အော်သံ ညည်းသံ ရုန်းကန်သံတွေကြောင့် ဘေးခန်းတွေက စမ်းချောင်းသား ယောင်တာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားပြီ။ ဒါပေမဲ့ သူတို့လည်း အော်ကြီးဟစ်ကျယ် မမေးရဲဘူး။ တာ၀န်ကျဝါဒါ ရောက်လာရင် တစ်ခန်းလုံး ထုတ်ပြီး အရိုက်ခံရမှာကိုး။

ထောင်မှာက သရဲ၀င်စီးတယ်လို့ ပြောလည်း ထုတ်ပြီးတော့ အရိုက်ခံရမှာပဲ။ ရိုက်ရုံနဲ့ မပြီးဘူး။ ရိုက်ပြီးရင် ပြစ်ဒဏ်တိုက်ထဲမှာ ပိတ်ပြီး တစ်ခါထားတယ်။ ပြစ်ဒဏ်တိုက်က ထွက်ရင်လည်း ဆေးရုံကိုထပ်ပို့တယ်။ ဒီကြားထဲမှာ အော်တယ်ဟစ်တယ် ဆိုရင်လည်း ထပ်ရိုက်ခံရတယ်။ ဒီတော့ အလောင်းအစား ဘယ်လောက်ပဲ လုပ်လုပ် နိုင်ငံရေးအကျဉ်းသား အချင်းချင်းဖြစ်နေတော့ ကြားက ဝါဒါတွေ မစားအောင် ကာကွယ်စောင့်ရှောက်ရမှာပဲ။ သုံးယောက်သား ဘုရားစာတွေ၊ ပရိတ်တွေရွတ်၊ ရေမန်းတွေတိုက်၊ စိပ်ပုတီးနဲ့ခြောက် မျိုးစုံလုပ်နေရတယ်။

သူလည်း ပရလောကသား ပြန်ထွက်သွားတဲ့အချိန် မောပြီး သတိလည်လာလိုက်၊ ပြီးတော့ သရဲပြန်စီးပြီး ညည်းလိုက်နဲ့ တစ်ညလုံး မအိပ်ရဘူး။ ခပ်မျော့မျော့ပဲ ကျန်တော့တယ်။ သတိလည်လာရင်လည်း စကားတောင် မပြောနိုင်ဘူး။ မနက်မိုးလင်းတော့ သူ့အခြေအနေက မဟန်တော့ဘူး။ ဝေဒနာတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ပုံ ဖြစ်လာတယ်။ ကျွန်တော်လည်း ပဲခူး ကျောင်းသားကို မဲမိတယ်။

“ဟေ့ကောင် မင်းစတဲ့ဇာတ် မင်းပြီးအောင် ပြန်ငြှိမ်းလေကွာ”

“ကျွန်တော်လည်း တတ်သမျှ မှတ်သမျှ လုပ်ကြည့်တာပဲ။ ဒါပေမဲ့ ၀င်ပူးတဲ့ ကောင်က ဝါရင့်သမ္ဘာရင့်ပဲ။ ကျွန်တော်တို့လောက်ကို မမှုဘူးဖြစ်နေတယ်”

၁၇ နှစ်လုံးလုံး ဥပုသ်စောင့်လာတဲ့ ရှေ့နေကြီးလည်း မေတ္တာတွေပို့၊ ဘုရားစာတွေရွတ် မျိုးစုံ လုပ်တာပဲ။ ဒါပေမဲ့ အခန်းထဲကနေ ပရလောကသားက အလွတ်အကျွတ် မထွက်သွားသေးဘူး ဖြစ်နေတယ်။ အစီးခံရတဲ့အတွက် သူ့အခြေအနေက စိုးရိမ်ရတဲ့ အနေအထားကို ရောက်နေပြီ။ နောက်ဆုံး သုံးယောက်သား တိုင်ပင်လိုက်တယ်။ နောက်ဆုံး တစ်ခန်းလုံး ထုတ်ရိုက်ချင်လည်း ရိုက်တော့။ သူ့ကို ဒီအတိုင်း လက်ပိုက်ကြည့် မနေနိုင်တော့ဘူး။ ဖြစ်ချင်ရာဖြစ် ရင်ဆိုင်မယ်ဆိုပြီး တာ၀န်ကျ အမှုထမ်းကို အော်ခေါ်ရတော့တယ်။

“တာ၀န်ကျဆရာ၊ ဗျို့ တာ၀န်ကျ ဆရာ၊ ၅ တိုက်၊ အခန်း ၂၂ က အရေးပေါ် ခေါ်ပါတယ်”

ကျွန်တော်တို့ရဲ့ အော်သံတွေကြောင့် အမှုထမ်းကလည်း အိပ်မှုန်စုံမွှားနဲ့ ရောက်လာတယ်။ ကျွန်တော်တို့ကလည်း စမ်းချောင်း အကသကျောင်းသား အရမ်း နေထိုင် မကောင်းဖြစ်နေတယ်ဆိုပြီး သတင်း ပို့လိုက်တယ်။ အမှုထမ်းကလည်း ညတာ၀န်ကျ ထောင်မှူးကို ဆက်သတင်းပို့တယ်။ တာ၀န် ကျထောင်မှူး ရောက်လာပြီး အကျိုးအကြောင်း မေးတယ်။ ကျွန်တော်တို့က လဲနေတဲ့ ကျောင်းသားကိုပြပြီး အသည်းအသန်ဖြစ်နေလို့ ဆေးရုံတင်မှဖြစ်မယ်လို့ ပြောလိုက်တယ်။ ထောင်မှူးက မယုံသင်္ကာနဲ့ အခြေအနေကို အကဲခပ်နေတယ်။

“မင်းတို့ကွာ အစောကြီးရှိသေးတယ်။ ထောင်ဖွင့်ပြီးမှ ပို့လို့မဖြစ်ဘူးလား”

ပဲခူးသားက သူ့ပယောဂကြောင့် တစ်ခုခုဖြစ်သွားမှာစိုးလို့ ထောင်မှူးကို အသည်းအသန် ထပ်ပြောတယ်။

“မဖြစ်ဘူးဆရာ။ သူ့အခြေအနေက စိုးရိမ်ရတယ်။ ကျွန်တော်တို့လည်း တစ်ညလုံး မအိပ်ရဘူး။ အခု ဖြစ်နိုင်ရင် သူ့ကို ဆေးရုံအမြန်ပို့ပေးမှဖြစ်မယ်”

နောက်ဆုံး ထောင်မှူးက သူ့ကိုဆေးရုံ ပို့ဖို့ သဘောတူလိုက်တယ်။

‘အေး ဒါဆို ဂတ်ကြီးမှာ ငါ သော့သွားယူပြီး သတင်းပို့လိုက်ဦးမယ်။ မင်းတို့က သူ့အိပ်ရာနဲ့ အ၀တ်အစားတွေ စုပြီး ထုတ်ပေးထား”
ထောင်မှူးထွက်သွားတော့ ကျွန်တော်တို့လည်း စမ်းချောင်းသားရဲ့ အ၀တ်အစားတွေ၊ ပစ္စည်းပစ္စယတွေကို ဝုိင်းကူ ထုပ်ပေးလိုက်တယ်။ သိပ်မကြာခင် ထောင်မှူးနဲ့ တိုက်တာ၀န်ကျ ၀န်ထမ်းတွေ ၀င်လာတယ်။

“ပုံစံ”

အော်သံကြောင့် ၅ တိုက်မှာရှိတဲ့ အခန်းအားလုံးက အိပ်နေရာက ထထိုင်လိုက်သံကို ကြားလိုက်ရပါတယ်။ အကျဉ်းသားတစ်ယောက် အခန်းထဲက ထုတ်မယ်ဆိုရင် အမှုထမ်းတွေနဲ့ အကျဉ်းသားတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်မှာ စိုးတာကြောင့် အကျဉ်းသားအားလုံးဟာ ပုံစံထိုင်ရပါတယ်။ အားလုံး ပုံစံထိုင်ပြီးတဲ့ အချိန်ရောက်မှ အခန်းတံခါးကို ဖွင့်ရတာဖြစ်ပါတယ်။ စမ်းချောင်းသားလည်း တုန်တုန်ချိချိနဲ့ ယောင်တိယောင်န ဖြစ်နေတယ်။ ရှေ့နေကြီးကတော့ သူစိပ်နေကျ ပုတီးကို စမ်းချောင်းသားလက်မှာ ပတ်ပေးလိုက်တယ်။

“ဒီပုတီးရှိလို့ ဒီကောင်သက်သာသွားတာ”

အခန်းအပြင်ကိုထွက်တော့ သူ့လက်ထဲက ပုတီးကြီး တန်းလန်းဖြစ်နေတယ်။ ထောင်အမှုထမ်းတစ်ယောက်က “ဒီပုတီး ပြန်သိမ်းထား” ဆိုပြီး ပုတီးကိုယူကာ ရှေ့နေကြီးကို ပြန်ပေးလိုက်တယ်။ ပြီးတော့ တစ်ကိုယ်လုံးတုန်နေတဲ့ စမ်းချောင်းသားကို ပခုံးဖက်ပြီး ခေါ်သွားကြတယ်။ ဒါပေမဲ့ စမ်းချောင်းသားက ဆေးရုံမသွားခင် ပုံစံထိုင်နေတဲ့ ကျွန်တော်တို့ သုံးယောက်ကို နောက်ပြန်လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ လိပ်ပြာလွင့်မတတ် ချောက်ချား သွားပါတယ်။

“ဟာ”

ဘာလို့လဲဆိုတော့ သူ့မျက်လုံးနှစ်လုံးလုံးက သွေးချင်းချင်း နီနေပြီး ကျွန်တော် တို့ကို ၀င်း၀င်းတောက် ကြည့်နေလို့ပါပဲ။

အမေကိုယ်၀န်သည် ထောင်ကျပြီး ထောင်ထဲရောက်မှ မွေးတဲ့ကလေး ရှိသလို အပြင်ဘက်မှာ ပြုစုစောင့်ရှောက်မယ့်သူ မရှိလို့ ထောင်ကျမိခင်က ရင်ခွင်ပိုက်ကလေးတွေ ထောင်ထဲခေါ်လာရတဲ့ အဖြစ်မျိုးတွေ ရှိပါတယ်။
===========================

စမ်းချောင်းသားကို ၀န်ထမ်းတွေ ခေါ်သွားစဉ်မှာပဲ တိုက်နံရံကို နံပါတ်တုတ်နဲ့ “ဖြောင်းခနဲ” ရိုက်သံတစ်ခု ကြားလိုက်ရပြန်ပါတယ်။ မရှေးမနှောင်းမှာပဲ စမ်းချောင်းသား မြေပြင်ပေါ်ကို ခွေကျသွားပါတယ်။

“ဘာဖြစ်တာလဲကွ” ဆိုတဲ့ အသံနဲ့ အတူ ၅ တိုက်အပေါက်၀ကို တိုက်ထောင် မှူးကြီးမောင်ပြုံး ရောက်လာပါတယ်။ သူက အခြေအနေကို အကဲခတ်ပြီး လက်ထဲက တုတ်နဲ့ ၅ တိုက်ရှေ့က နံရံကို တဖြောင်းဖြောင်း ဆက်ရိုက်လိုက်တယ်။ ပါးစပ်က လည်း “လာမစမ်းနဲ့ကွ …လာမစမ်းနဲ့ ကွ” ဆိုပြီး အော်လိုက်တယ်။

ထောင်မှူးကြီး အဲဒီလိုလုပ်နေတဲ့အချိန်မှာ စမ်းချောင်း သားက မြေပြင်ပေါ်မှာ လူးလှိမ့်နေတယ်။ နောက်မှ ၀န်ထမ်းတွေက စမ်းချောင်းသားကို ရှေ့နောက်ပွေ့ချီပြီး ဆေးရုံခေါ်သွားတယ်။ ကျွန်တော်က ထောင်မှူးကြီးမောင်ပြုံးကို နည်းနည်း အထင်ကြီးမိသွားတယ်။ စမ်းချောင်းသား ဘာဖြစ်နေတယ်ဆိုတာကို မမေးဘဲ ထောင်မှူးကြီး ရိပ်မိနေလို့ပါပဲ။ ထောင်ထဲမှာ မကောင်းတဲ့ ဝိညာဉ်တွေ ပူးကပ်နှောင့်ယှက်ရင် ထောင်မှူးတွေ၊ ဝါဒါတွေက မင်းအမိန့်သုံးပြီး နှင်တာကို ကျွန်တော် သေဒဏ်တိုက်မှာ ကတည်းက ကြုံခဲ့ပြီးပါပြီ။ အခုလည်း တိုက်ထောင်မှူးကြီးက စမ်းချောင်းသား တကယ်နေကောင်း မကောင်း၊ စမ်းသပ်ကြည့်လိုက်တာ ဖြစ်ပါတယ်။

ထောင်ဖွင့်တော့ ကျွန်တော်တို့ သုံးယောက် ဘာစကားမှမပြောဘဲ ငြိမ်နေကြတယ်။ ဒါပေမဲ့ ဘေးခန်းတွေက ညကအသံ တွေကြောင့်လားမသိ လာမေးကြ စပ်စုကြတယ်။ ရှေ့နေကြီးကတော့ အိမ်မက်ဆိုးတွေ မက်ပြီး ကယောင်ကတမ်း ထအော်တာဆိုပြီး ထိန်းထိန်းသိမ်းသိမ်း ပြောပါတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ရှင်းရှင်းလင်းလင်းတော့ မဖြစ်သေးဘူး။ အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော်တို့ သုံးယောက်လုံး စိတ်ထဲမှာ စမ်းချောင်းသားကို စိုးရိမ်ရတာ တစ်ဖက်၊ အခန်းထဲမှာ ဘာမှထပ်မဖြစ်ဖို့ ပူပန်ရတာတစ်ဖက်နဲ့ သောကရောက်နေပါ တယ်။ ဒီစိတ်ကြောင့် ထမင်းလည်း ကောင်းကောင်း မစားဖြစ်ပါဘူး။

မွန်းတည့် ၁၂ နာရီရောက်တော့ ထုံးစံအတိုင်း ထောင်က အိပ်ချိန်ပေးတယ်။ ကျွန်တော်တို့အခန်းက ရေချိုးချတာ နောက်ကျတော့ ထမင်းစား ပြီးမှ ကျွန်တော်လည်း အသားမပတ်အောင် အိမ်ကပေးလိုက်တဲ့ သနပ်ခါးခဲလေးကို ရေဖျော်ပြီး လိမ်းလိုက်တယ်။ ရှေ့နေကြီးနဲ့ ပဲခူးသားကတော့ ထမင်းစားပြီး အိပ်ရာ ပေါ်မှာ လဲလျောင်းနေတယ်။ ကျွန်တော်က သနပ်ခါးလိမ်းပြီးတော့ ရေစိုနေတဲ့ သနပ် ခါးခဲ မြန်မြန်ခြောက်အောင် သံတိုင်ပေါင် ပေါ် အမှတ်တမဲ့တင်ထားလိုက်တယ်။ ပြီး တော့မှ ကိုယ့်အိပ်ရာကို သွားပြီးလှဲလိုက်တယ်။ သုံးယောက်လုံး အိပ်မပျော်ပေမယ့် စကားလည်း မပြောဖြစ်ကြဘူး။ အဲဒီအချိန် မှာပဲ ခြေရင်းကနေ “ဂလောက်” ဆိုတဲ့ အသံကြားလို့ ခေါင်းထောင်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကိုကြည့်ပြီး ဘုရားတလိုက်မိတယ်။ ဘာလို့လဲဆိုတော့ အသားထည့်တဲ့ ပုံစံ ပန်းကန်ခွက်ထဲကို ကျွန်တော် အခြောက်ခံထားတဲ့ သနပ်ခါးခဲ ရောက်နေလို့ပါပဲ။ ကျွန်တော်ရဲ့ အလန့်တကြား အမူအရာကြောင့် ရှေ့နေကြီးနဲ့ ပဲခူးသားလည်း ထပြီးကြည့်လိုက်တယ်။

“ဟိုမှာ …ဟိုမှာ ကျွန်တော့်သနပ် ခါးခဲ”

ပုံစံပန်းကန်ခွက်က လည်နေတယ်။ သူတို့လည်း ချက်ချင်းသဘောပေါက်သွားတယ်။ ပဲခူးသားက အော်လိုက်တယ်။

“ကဲ ပြောစမ်း၊ ဘာဖြစ်ချင်လို့လဲ”။

ပဲခူးသား စကားဆုံးတဲ့အချိန်မှာ ရှေ့နေကြီးက ခြေမြန်လက်မြန်နဲ့ ခွက်ကို မှောက်လိုက်ပြီး သနပ်ခါးခဲကို အခန်းအပြင်ဘက် ပစ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ထောင်၀င်စာ ငါးပိကြော်ထည့်တဲ့ ဗူးတွေ အကုန်မှောက် ကုန်တယ်။ ရှေ့နေကြီးက ပဲခူးသားကို လှမ်း သတိပေးတယ်။

“ဟေ့ကောင်၊ မင်း အေး အေးဆေးဆေး ပြောစမ်းပါကွာ၊ အကြမ်းမဖက်နဲ့”

ပြီးတော့ ပါးစပ်က တတွတ်တွတ် ရွတ်ပြီး မေတ္တာပို့တော့တာပဲ။

“အေးအေးဆေးဆေး သွားကြပါ။ မေတ္တာပို့ပါတယ်။ မင်းတို့ကို ဘာမှအနှောင့် အယှက်မပေးပါဘူး”

ရှေ့နေကြီးက သူ့ရဲ့ပုတီးကို ခေါင်းအုံး အောက်ထည့်လိုက်ပြီး အိပ်ရာကိုလိပ်သိမ်း လိုက်တယ်။

“ငါတို့အပေါ်လည်း ဗွေမယူနဲ့။ မင်းတို့အပေါ်လည်း ဘယ်လိုမှ သဘောမထားဘူး။ သွားကြ …သွားကြ”

ရှေ့နေကြီးက အပေါက်၀မှာ ပိတ်သလိုဖြစ်နေတဲ့ ကျွန်တော့်ကို ဘေးလှမ်းတွန်း လိုက်တယ်။ သူလုပ်နေပုံက အခန်းထဲ တစ်စုံတစ်ရာ အပြင်ကိုအလွယ်တကူ သွားလို့ရအောင် လုပ်ပေးနေပုံပါပဲ။ ကျွန်တော်ကတော့ ခြေထောက်တွေ တဆတ်ဆတ် တုန်နေတယ်။ ခေါင်းတွေလည်း မူးချင်သလိုလို ဖြစ်နေတယ်။ ရှေ့နေကြီး မေတ္တာပို့အပြီး အခန်းထဲမှာတော့ ပြန်ငြိမ်သက်သွားပြီ။ ရှေ့နေကြီးက မျက်လုံးမှိတ် အာရုံပြုရင်း ကျွန်တော်တို့ကို လှမ်းပြောတယ်။

“သူတို့တွေက တို့အခန်းထဲကနေ မထွက်ချင်ဘူး ဖြစ်နေတယ်”

ကျွန်တော်က တုန်ယင်နေတဲ့စိတ်ကို ထိန်းချုပ်ရင်း သူ့ကိုလှမ်းမေးလိုက်တယ်။

“ရှေ့နေကြီး မြင်ရလို့လား”

“မမြင်ရပေမယ့် အာရုံသိ သိနေတယ်။ ၈၈ အရေးအခင်းမှာ ထောင်ဆူပူမှုဖြစ်တော့ ဒီနေရာမှာ အုတ်ရိုးဂတ်ကြီးပေါ်က ပစ်လို့ သေသွားတဲ့သူတွေ အများကြီးရှိခဲ့တယ်။ သူတို့တွေအားလုံး မီးရှို့ခံခဲ့ရတယ်။ သရဏဂုံ မတင်ခဲ့ရတဲ့အတွက် အခု မကျွတ်သေးဘူး။ ဒါကြောင့် မင်းလည်း သူတို့ကို မေတ္တာပို့ အမျှဝေပေးလိုက်ပါ”

ရှေ့နေကြီးစကား ဆုံးတဲ့အခါမှာ ကျွန်တော်လည်း မကျွတ်မလွတ်သော သတ္တဝါ အပေါင်းကို ရည်မှန်းပြီး မေတ္တာပို့ အမျှဝေ လိုက်တယ်။ ကျွန်တော်တို့ အခန်းထဲမှာ အနှောင့်အယှက်တွေရှိလို့ ကျွမ်းပြန်နေသလို ဆေးရုံရောက်သွားတဲ့ စမ်းချောင်း သားလည်း ထိတ်လန့်ချောက်ချားစရာတွေ ဆက်တိုက်ကြုံနေရပါတယ်။ ဆေးရုံဆိုတာက လူကောင်းတွေ မရှိပေမယ့် လက်ပရို ဆီလို့ ခေါ်တဲ့ လက်ပါးတွေ၊ HIV ဝေဒနာ ရှင်တွေနဲ့ အရူးတွေကို လက်ခံထားရတာ ဖြစ်ပါတယ်။

အင်းစိန်ထောင်ကို ရောက်လာကြတဲ့ အကျဉ်းသား အချုပ်သားတွေ မှတ်ပုံတင်တဲ့ အခါမှာ 30 D လို့ခေါ်တဲ့ လမ်းဘေးမှောင်ရိပ်ခိုမှုနဲ့ ဖမ်းလာတဲ့သူတွေ၊ နောက် ၁၅၁ လို့ ခေါ်တဲ့ လမ်းပိတ်ဆို့မှုနဲ့ ဖမ်းလာတဲ့သူ တွေဆိုပြီး နေ့စဉ်ရှိပါတယ်။ ဒီလို လမ်းပေါ်ကလူပေါင်းစုံကို ဖမ်းလာတာဆိုတော့ စိတ်ပေါသွပ် ရူးနှမ်းနေတဲ့သူတွေ ပါလာတယ်။ အရက်ကြောင် ကြောင်နေတဲ့ သူတွေ ပါလာတယ်။ ရသေ့၀တ်စုံ၀တ်ပြီး အလှူခံနေတဲ့ သူတွေကိုတောင် ၁၅၁ နဲ့ ဆွဲလာတာတွေ ရှိပါတယ်။ ဒီအထဲက မူမမှန်တဲ့သူမှန် သမျှအကုန်လုံး ဆေးရုံပို့ရတာပါ။ အချုပ်သား အကျဉ်းသားတွေထဲက ဆေးရုံကို သွားသင့် မသွားသင့် ထောင်သမိုင်းမှာ နာမည်ကြီးတဲ့ အိနိ်္ဒယလူမျိုး ထောင်ပိုင်ကြီး မကန္နားရဲ့သား ဆေးမှူးမင်းဝေ (ယခု လက်ရှိထောင်ပိုင်ကြီး) က စစ်ဆေးရတာ ဖြစ်ပါတယ်။

ထောင်ဆေးရုံ၀င်းထဲမှာ လက်ပါးတွေကိုထားဖို့ အခန်း ၁၀ ခန်းပါ တဲ့ တိုက်ခန်းတွဲတစ်ခု ရှိပါတယ်။ အဲဒီ အခန်းတွေမှာ အကျဉ်းထောင်လက်စွဲ ဥပဒေအရ လက်ပါးတွေ၊ HIV ဝေဒနာရှင်တွေနဲ့ ရူးနှမ်းနေသူတွေကို ထားရပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ငွေကြေးတတ်နိုင်တဲ့ အကျဉ်းသားတွေဟာ ထောင်ဆေးရုံအုပ်ကြီးကို ဘောက်ချာ၀င်ပြီး လက်ပါးတိုက်မှာ သက်သောင့်သက်သာ သွားနေကြပါတယ်။ သူတို့တွေကို ထောင်အလုပ် ဘာမှမလုပ်တဲ့ အတွက် “လက်ကောက်” လို့ ထောင်စကားနဲ့ ခေါ်ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံ မှာ HIV, AIDS ရောဂါ စတင်ပြန့်ပွားလာတဲ့ အချိန်ပါ။

ထောင်ဆေးရုံကို ရောက်လာတဲ့ HIV ဝေဒနာရှင် အများစုဟာ မူးယစ်ဆေး သုံးစွဲလို့ ရောဂါဖြစ်လာကြသူတွေ များပါတယ်။ ဘိန်းဖြူထိုးတဲ့ ဆေးထိုးအပ်ကို တစ်ယောက်တစ်လှည့် ထိုးရင်း AIDS ရောဂါ ကူးစက်သွားကြတာ များပါတယ်။ ကျွန်တော့် ကိုယ်တွေ့အရ လူငယ်တစ်ယောက်ဆိုရင် ထောင်ဆေးရုံရောက်မှ သူ့ မှာ HIV ပိုး ရှိမှန်း သိသွားတယ်။ အင်းစိန်ထောင် မရောက်ခင် ရက်ပိုင်းကမှ သူ့ရည်းစားနဲ့အတူ အပ်တစ်ချောင်းတည်းနဲ့ နားဖောက်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ အကျိုးအကြောင်းသိရပြီး စိတ်ပူလို့ သူ့ ရည်းစားကို သွေးစစ်ခိုင်းတဲ့အခါမှာ သူ့ လိုပဲ HIV ရောဂါ ကူးစက်နေတာသိရတဲ့ အတွက် ထောင်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါတယ်။

စမ်းချောင်းသား ဆေးရုံရောက်တော့ ဆေးရုံမှာ လူနာတွေ ပြည့်နေလို့ သူ့ကို လက်ပါးတိုက်ထဲ ထည့်လိုက်တယ်။ အဲဒီ အချိန်က လက်ပါးတိုက်ကို တန်းစီးလုပ်နေ တဲ့သူက ပိုးဟပ်ဖြူလို့ ခေါ်ပါတယ်။ ပိုးဟပ်ဖြူဆိုတာ တစ်ချိန်က ကြံတောသင်္ချိုင်းမှာ ဘိန်းဖြူလက်ကားရောင်းချတဲ့ ဆရာကြီးတစ်ဆူ ဖြစ်ပါတယ်။ သူက လက်ပရိုဆီ ရောဂါ ရှိနေပေမယ့် လူပုံက သန့်ပြန့်နေပါတယ်။ လက်ပရိုဆီမှာ အစိုနဲ့ အခြောက် ရောဂါ နှစ်မျိုးရှိပြီး သူက လက်ပရိုဆီ အခြောက်အမျိုးအစား ဖြစ်တဲ့ အတွက် လက်လေးတွေ ကွေးကောက်နေတာကလွဲ လို့ သာမန်လူကောင်းလိုပါပဲ။ ကြံတော သင်္ချိုင်းမှာ နှစ်ပေါင်းများစွာ ဘိန်းဖြူရောင်း ချခဲ့လို့ ငွေကြေးချမ်းသာသလို နာနတ် တောရပ်ကွက် တစ်ဝုိက်မှာလည်း သြဇာ ကြီးမားပါတယ်။

ပြီးတော့ သူဟာ လူမိုက် ဧရာကြီး (အင်းစိန်ထောင်မှ ဂန္ထ၀င်လူမိုက် ကြီးများတွင် ဖော်ပြပြီး)ရဲ့ ယောက်္ခမဖြစ် သလို မလက်တိုအောင်၀င်း (အင်းစိန် ထောင်မှ ဂန္ထ၀င်လူမိုက်ကြီးများတွင် ဖော်ပြပြီး) ရဲ့ ဆရာအရင်းလည်း ဖြစ်ပါတယ်။ ၁၄ ရက် တစ်ကြိမ် သူ့ရဲ့ဇနီးက ထောင်၀င်စာအိတ်ကြီး အိတ်ငယ်တွေနဲ့ လာတွေ့ပါတယ်။ သူ့ရဲ့ဇနီးကလည်း သူနဲ့ မအပ်စပ် လောက်အောင်ကို အင်မတန် ချောမောလှပကြောင်း ထောင်၀င်စာတာ၀န်ကျ ၀န်ထမ်းတွေက ပြောပြလေ့ရှိပါတယ်။

ပိုးဟပ်ဖြူက စမ်းချောင်းသားကို အပိုင်သားတွေဖြစ်တဲ့အတွက် သေချာဂရု စိုက်စောင့်ရှောက်ပေးပါတယ်။ သူ့ကို HIV ဝေဒနာသည်တွေနဲ့ ရောရောနှောနှော မနေရအောင် စီစဉ်ပေးတယ်။ ဒါပေမဲ့ ၅ တိုက်၊ ၂၂ ခန်းက အရှိန် ကြောင့် စမ်းချောင်းသားလည်း ဆေးရုံ ရောက်တဲ့အချိန်ထိ ကြောင်တောင်တောင် ဖြစ်နေတုန်းပဲ။ သူက ပိုးဟပ်ဖြူကို အခန်းထဲမှာ တစ်ယောက်တည်း မထားဖို့ တောင်းဆိုတယ်။ ပိုးဟပ်ဖြူကလည်း စမ်းချောင်းသားကို လက်ကောက် ဘောက်ချာတွေနေတဲ့ အခန်းထဲ ပို့ပေးလိုက်တယ်။ ဆေးရုံ ရောက်ရောက်ချင်း သူ့ကို သွေးပေါင်ချိန်တိုင်းပြီး စိတ်ငြိမ်ဆေးတွေ ထိုးပေးတယ်။ စမ်းချောင်းသား ဘာမှလည်း ထပ်မဖြစ်တော့ပါဘူး။ အားလုံးအေး အေးဆေးဆေး ဖြစ်သွားပြီ။

ခက်တာက စမ်းချောင်းသားက နိုင်ငံရေး အကျဉ်းသား ဖြစ်နေတာကြောင့် ဆေးရုံကို ဘောက်ချာနဲ့လာနေတဲ့ လက်ကောက်တွေနဲ့တော့ သိပ်မရောဘူး။ သူ့ဟာသူ ဘာသိဘာသာပဲ နေတယ်။ သူ ၅ တိုက်မှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကိုလည်း ဘယ်သူ့ကိုမှ မပြောဘူး။ ဒီလိုနဲ့ ဆေးရုံရောက် ရောက်ချင်းနေ့ဟာ အဆင်ပြေပြေ ကုန်ဆုံးသွားခဲ့ပါတယ်။ ညဘက်ရောက်တော့လည်း အေးအေးဆေးဆေးပါပဲ။ သူ့ရဲ့ အခန်းဖော် ဘောက်ချာနှစ်ယောက်အနက် တစ်ယောက်က ရန်ကုန်မြို့ရဲ့ နာမည်ကြီး ချဲဒိုင်တစ်ဦးဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ အပက ၃ နဲ့ ထောင်ကျလာသူဖြစ်ပါတယ်။ သူတို့ကတော့ ဆေးရုံမီးဖိုက ရေနွေးယူခိုင်း ပြီး ကော်ဖီဖျော်သောက်လိုက်၊ နို့ထမင်း ဖျော်သောက်လိုက်နဲ့ ဇိမ်ကျနေပါတယ်။ စမ်းချောင်းသားကိုလည်း ကျွေးမွေးဧည့် ၀တ်ပြုပါတယ်။

ဆေးရုံရောက်တဲ့ ညကတော့ တိုက်မှာမအိပ်ခဲ့ရတဲ့အတွက်ရော၊ ပင်ပန်းနွမ်းနယ်ခဲ့ရတဲ့ အတွက်ရော နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ တစ်ချိုး တည်း အိပ်လိုက်တာ မနက်လင်းအားကြီး လောက်ရောက်မှ အသံတချို့ကြောင့် ရုတ်တရက် နိုးလာတယ်။ အသံတွေက ဆေးရုံ အောက်ထပ်ကလိုလို၊ ရင်ခွဲတိုက်ဘက်က လိုလို ကြားနေရတာပါ။ ဒါပေမဲ့ ချောက်ချားစရာ အသံတွေ မဟုတ်ပါဘူး။ ကလေးတွေ ဆော့နေတဲ့အသံတွေ ဖြစ်ပါတယ်။
ထောင်ဆိုပေမယ့် ကံဆိုးတဲ့ ကလေးတွေ ရှိပါတယ်။

အမေကိုယ်၀န်သည် ထောင်ကျပြီး ထောင်ထဲရောက်မှ မွေးတဲ့ကလေး ရှိသလို အပြင်ဘက်မှာ ပြုစုစောင့်ရှောက်မယ့်သူ မရှိလို့ ထောင်ကျမိခင်က ရင်ခွင် ပိုက်ကလေးတွေ ထောင်ထဲခေါ်လာရတဲ့ အဖြစ်မျိုးတွေ ရှိပါတယ်။ ဒီကလေးတွေဟာ အပြစ်မရှိပေမယ့် ထောင်ထဲမှာ နေထိုင်ကြီးပြင်းရတာ ဖြစ်ပါတယ်။ ထောင်ကတော့ အရွယ် ရောက်လာတဲ့ ကလေးတွေကို ထောင်ထဲမှာတင် စာသင်ပေးတာ၊ အသက် မွေး၀မ်းကျောင်းပညာ သင်ပေးတာမျိုးတွေ လုပ်ဆောင်ပေးပါတယ်။ အဲဒီညကတော့ ဘာလို့ ကလေးသံတွေကြားရသလဲဆိုတာ စမ်းချောင်းသား နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ဆေးရုံကို ရောဂါအမျိုးမျိုးနဲ့ ရောက်နေတဲ့ ကလေးတွေ ဆော့တာများလားလို့လည်း ထင်လိုက်မိသေးတယ်။
နောက်တစ်နေ့ရောက်မှ ညဘက် တာ၀န်ကျ၀န်ထမ်းကို မေးကြည့်တော့ ဆေးရုံမှာ ကလေးတစ်ယောက်မှ မရှိပါဘူး လို့ ဖြေတယ်။ “ကလေးတွေ ဆော့တဲ့အသံ ကြားရတယ်” လို့ပြောတော့ “အဲဒါ … ခင်ဗျားကို လူသစ်မို့လို့ အသံပေးတာ” လို့ ပြောတယ်။
သူ့စကားကြောင့် စမ်းချောင်းသား ခမျာ ဆေးရုံကနေ တိုက်ကို အမြန်ဆင်း ပြေးဆင်းချင်တဲ့စိတ် ချက်ချင်း ဖြစ်ပေါ်လာပါတယ်။

 

အပ်ချလောင်း သော့ဝိဇ္ဇာသူခိုးကြီး မြင့်သိန်း
_________________________________________

လက်ပါးတိုက်မှာ ခက်ခဲတဲ့ နေ့တွေကို စမ်းချောင်းသား ဖြတ်သန်းနေတဲ့ အချိန်မှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့ ထပ်မံ ဆုံတွေ့ခဲ့ရပြန်ပါတယ်။ သူ့ကို တိုက်တန်းစီးဖြစ်တဲ့ ပိုးဟပ်ဖြူက မိတ်ဆက်ပေးတာပါ။ သူကတော့ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ သူ့ကိုယ်သူ “သူခိုးကြီးမြင့်သိန်း” လို့ မိတ်ဆက်ပါတယ်။

သူက ရန်ကုန် သူခိုးလောကထဲမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကတည်းက ကျင်လည်နေတဲ့သူဖြစ်ပါတယ်။ ထောင်ထဲကို ၀င်ခလုတ် ထွက်ခလုတ် လုပ်နေရင်းက သင်္ဃန်းကျွန်းမှာရှိတဲ့ မြန်မာ့ စီးပွားရေးဘဏ်ကို ခေါင်မိုးက ဖောက်ပြီး ငွေတွေ ခိုးခဲ့တဲ့အတွက် နှစ်ကြီးထောင် ကျခဲ့ရတာဖြစ်ပါတယ်။ သူက ဉာဏ်ကောင်းတယ်။ အလုပ်တစ်ခုလုပ်ရင် သေချာလေ့လာပြီး ပိုင်မှလုပ်တယ်။ သင်္ဃန်းကျွန်းဘဏ်ကို မဖောက်ခင် ရက်ပေါင်းများစွာ လေ့လာပြီးမှ သပ်သပ်ရပ်ရပ် ဖောက်ထွင်းခဲ့တာ ဖြစ်တယ်။

ဖောက်ထွင်းမယ့် ရက်ကိုလည်း ၀န်ထမ်းတွေ ရုံးမတက်တဲ့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ကိုချိန်ပြီး သောကြာနေ့ ညမှာ ဖောက်ထွင်းခဲ့တာ ဖြစ်တယ်။ ဖောက်ထွင်းတဲ့နေရာမှာ ဒီလိုဉာဏ်ကောင်းပေမယ့် မတရားသဖြင့် ရရှိလာတဲ့ငွေတွေကို လောဘ မသတ်နိုင်ဘဲ အသုံးအဖြုန်းကြီး တဲ့အတွက်ကြောင့် ထုံးစံအတိုင်း ရဲတွေရိပ် မိပြီး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူက ထောင်ထဲရောက်တဲ့အခါ သင်္ဃန်းကျွန်း ဘဏ် ဖောက်ထွင်းမယ့်ကိစ်္စနဲ့ပတ်သက်ပြီး “သူခိုးလက်ကသူဝှက်လု” ခံရတဲ့ အကြောင်းကိုလည်း မချိတင်ကဲ ပြန်ပြောပြလေ့ရှိပါတယ်။ တကယ်တော့ သူဖောက်ထွင်းပြီး ဘဏ်ကယူသွားတဲ့ ငွေပမာဏထက် ကျော်လွန်ပြီး ဘဏ်၀န်ထမ်းတွေက စာရင်းပိုပြခဲ့တဲ့အတွက် ဒီပွဲမှာ သူနှပ်ပျစ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြောင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူခိုးကြီး မြင့်သိန်း လွတ်သွားပေမယ့် ထုံးစံအတိုင်း ဒီလောကထဲမှာပဲ ကျင်လည်နေတာဖြစ်တဲ့အတွက် နောက်ခိုးမှုတစ်ခုနဲ့ ထောင်ပြန်ကျခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ သင်္ဃန်းကျွန်းဘဏ်အမှုနဲ့ ထောင်ကျနေရာကနေ ရဲဘက်ထွက်ရတယ်။ နောက်တော့ ရဲဘက်ကနေ လွတ်လာတယ်။ အပြင်ပြန်ရောက်တော့ တခြား အသက်မွေး၀မ်းကျောင်း လုပ်ကိုင်မစားတတ်တော့ဘူး။ ဒီတော့ ညတစ်ည လမ်းမတော်မြို့နယ်မှာရှိတဲ့ အိမ်တစ်အိမ်ကို ၀င်ခိုးတယ်။

ကံဆိုးချင်တော့ အိမ်တွင်းရတနာ ပစ္စည်းတွေ ခိုးနေတုန်းမှာ အိမ်ရှင်အဘွားကြီး နိုးသွားတယ်။ ဒီတော့ အဘွားကြီးကိုပါ ခြေလွန် လက်လွန်ရိုက်လိုက်မိတယ်။ အဘွားကြီးက အဲဒီခေတ်က အငြိမ်းစားတပ်အရာ ရှိကြီးတစ်ဦးရဲ့ဇနီး ဖြစ်တာကြောင့် ဒီအမှုကို ရဲက ကြပ်ကြပ်မတ်မတ် စုံစမ်းအရေးယူတယ်။ နောက်ဆုံး သူခိုးကြီးမြင့်သိန်း လက်ရာမှန်း သိသွားပြီး ခိုးမှုရော၊ ရိုက်မှုပါ နှစ်မှုလုံးနဲ့ ထောင်ကျလာတယ်။ အခုတော့ အင်းစိန်ထောင်ထဲမှာ ကျင်လည်နေတာပေါ့။

စမ်းချောင်းသားက ဘောက်ချာတွေကို အရောမ၀င်ပေမယ့် ဆေးလိပ်တော့ အရမ်းသောက်တယ်။ နေ့ဘက် ဆေးလိပ် သောက်ရတာ မခက်ခဲပေမယ့် ညဘက်ကျရင် အကျဉ်းသား မီးခြစ်မကိုင်ရလို့ ဆေးလိပ်သောက်ရတာ အရမ်းခက်ခဲတယ်။ ဒီအကြောင်းကို သူခိုးကြီးမြင့်သိန်းသိတော့ “မင်းကွာ ဒီအတွက်များ သောကဖြစ်နေ သေးတယ်။ ဝါဒါတွေကို ဘာမှအောက်ကျခံ စရာမလိုဘူး။ ငါပြမယ်။ ဒီမှာကြည့်” လို့ ပြောပြီး ဝါယာကြိုး အနီနဲ့အနက် နှစ်ချောင်း ယူလာတယ်။ ပြီးတော့ အထဲက သွပ်နန်းကြိုး အမျှင်လေးတွေကို ထုတ်လိုက်တယ်။ အဲ့လိုထုတ်ပြီး တိုက်ခန်း၀မှာရှိတဲ့ သံတိုင်မှာ ခတ်လိုက်တော့ ဝါယာကြိုးမှာ မီးလာ တောက်တယ်။ သူက အဲ့ဒီမီးတောက်နဲ့ ဆေးလိပ်မီးညှိပြတယ်။

ဒီမှာတင် စမ်းချောင်းသားက သူခိုးကြီးမြင့်သိန်းကို တော်တော်အထင်ကြီးသွားတယ်။ သူခိုးကြီး မြင့်သိန်းကလည်း စမ်းချောင်းသား လိုအပ်တဲ့ ဝါယာကြိုးကို ဘယ်ကဘယ်လိုရှာလာမှန်း မသိရှာပေးတယ်။ ဒီလိုနဲ့ ညဘက် ဆေးလိပ်သောက်ရတာ အဆင်ပြေသွားတယ်။ တစ်ရက်တော့ သူခိုးကြီးမြင့်သိန်းနဲ့ စမ်းချောင်းသားတို့ ကံဆိုးမိုးမှောင်ကျမယ့် နေ့တစ်နေ့ ပေါ်ပေါက်လာတယ်။ ဖြစ်ပုံကတော့ အမျိုးသမီးထောင်က စတာပါပဲ။

အမျိုးသမီးထောင်မှာလည်း ထောင်တွင်း ပြစ်ဒဏ်လုပ်ရင် တိုက်ပိတ်တဲ့ပြစ်ဒဏ် ရှိတယ်။ တစ်ခါက နိုင်ငံရေးအကျဉ်းသူ တစ်ဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်း သားသမဂ္ဂ(ရကသ)က ကျောင်းသူ တင်တင်ညိုဟာ မိန်းမဆောင်တန်းစီး ခင်စိန်နဲ့ ရန်ဖြစ်ကြတဲ့အတွက် တန်းစီးခင်စိန် ဆီးအိမ်ထိသွားတယ်။ (ယင်းအဖြစ်အပျက်ကို အင်းစိန်ထောင်မှ ဂန္တွ၀င်လူမိုက်ကြီးစာအုပ်တွင် ဖော်ပြပြီး) ဒီအတွက်ကြောင့် ရကသ ကျောင်းသူ တင်တင်ညိုကို တစ်လ တိုက်ပိတ်လိုက်တယ်။ ပြစ်ဒဏ်ပြည့်တဲ့နေ့မှာတော့ တင်တင်ညိုကို တိုက်ဖွင့်ပေးဖို့ မိန်းမထောင်မှူးတွေကို ထောင်ပိုင်ကြီးက အမိန့် ပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီမှာပြဿနာ စတတ်တော့တာပဲ။

တင်တင်ညိုရဲ့ တိုက်အခန်းတံခါးကို ဖွင့်တော့ ဖွင့်လို့မရဘူး။ သော့က ကြောင်သွားတာလား။ သော့တံတွေကပဲ သံချေးတက်နေတာလား။ ဂျမ်းဖြစ်သွားပြီး သော့ကဖွင့်မရဘူး ဖြစ်နေတယ်။ ဒီဇယ်ဆီတွေ၊ အုန်းဆီတွေထည့်ပြီး ဖွင့်တော့လည်းမရဘူး။ ဂတ်ကြီးမှာရှိတဲ့ မာစတာကီးကိုယူပြီး ဖွင့်တော့လည်း သော့က မပွင့်ဘူး။

ဒီတော့ ထောင်မှူးမတွေလည်း ချွေးပြန်နေပြီ။ တိုက်ထဲမှာရှိတဲ့ တင်တင်ညိုကလည်း ပြစ်ဒဏ်ပြည့်ရဲ့သားနဲ့ တိုက်ဖွင့်မပေးရင် ပြဿနာရှာမယ်ဆိုပြီး ကြိမ်းဝါးနေပြီ။ မကြာခင် ဒီပြဿနာက တစ်ထောင်လုံး ပြန့်သွားပြီး နိုင်ငံရေး အကျဉ်းသားတွေသိရင် ပေါက်ကွဲတော့မယ့် အခြေအနေပါပဲ။

မတတ်သာတဲ့အဆုံး ထောင်မှူးမတွေက ထောင်ပိုင်ကြီးကို သွားတင်ပြတယ်။ ထောင်ပိုင်ကလည်း ဂဟေတို့ပြီး သံတိုင်တွေဘာတွေ ဖြတ်ရရင် ရုံးချုပ်ရဲ့ သဘောတူညီချက် လိုအပ်တယ်။ အသိမပေးဘဲ လုပ်လို့ သိသွားရင် ထုချေလွှာ အတောင်းခံရနိုင်တယ်။ အခန့်မသင့်ရင် ရာထူးတောင် ပြုတ်သွားနိုင်တယ်။ ထောင် ပိုင်လည်း ရုတ်တရက် ဘာလုပ်ရမှန်းမသိဘူး။

နောက်ဆုံး တိုက်ထောင်မှူးကြီးက ထောင်ပိုင်ကြီးကို တင်ပြတယ်။ သူ့ဆီမှာ သော့ဝိဇ္ဇာတစ်ဦးဖြစ်တဲ့ အပ်ချလောင်း(ခ) မာစတာကီး သူခိုးကြီး မြင့်သိန်း ဆိုတာရှိတဲ့ အကြောင်းနဲ့ သူ့ကို မိန်းမထောင်ခေါ်ပြီး ဖွင့်ခိုင်းရင်ရနိုင်တဲ့အကြောင်း တင်ပြတော့ ထောင်ပိုင်က ချက်ချင်းသဘောတူတယ်။

ဒါကြောင့် တိုက်ထောင်မှူးကြီးနဲ့ ၀န်ထမ်းတွေ သူခိုးကြီးမြင့်သိန်းဆီ ရောက်လာကြတယ်။ ပြီးတော့ မိန်းမထောင်က တိုက်တံခါးသော့ကို ဖွင့်ပေးဖို့ပြောတော့ သူခိုးကြီးမြင့်သိန်းက အသည်းအသန်ငြင်းတယ်။ ဘာလို့လဲဆိုတော့ ထောင်ထဲမှာ သော့ဝိဇ္ဇာမှန်းသိရင် ထောင်ဝါဒါတွေက စိတ်မချတော့ဘဲ အရေးကြီးတဲ့ အကျဉ်းသားအရာရှိ ရာထူးနေရာမှာထားဖို့ ငြင်းပယ်လေ့ ရှိပါတယ်။

ဒါကို သူခိုးကြီးမြင့်သိန်းက ကြိုမြင်ထားတော့ သူ့ရဲ့ သော့ဝိဇ္ဇာဂုဏ်ပုဒ်ကို ထောင်ထဲမှာ အသာဖျောက်ထားတယ်။ ဒါကြောင့်လည်း ဆေးရုံမှာ နေရာတစ်ခုရ ပြီး အနေချောင် အစားချောင်နေတာပေါ့။ အခုတော့ အကုလိုလ်ဂြိုဟ်စီးပြီး တိုင်ပတ်မယ့်အမှု သူ့ထံကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီ။ သူခိုးကြီးမြင့်သိန်းက ထောင်မှူးကြီး အကူအညီ တောင်းတာကို အသည်းအသန်ငြင်းတယ်။ သူခိုးကြီး ဘာကြောင့် ငြင်းတယ်ဆိုတာကို ထောင်မှူးကြီး နဲ့အတူပါလာတဲ့ ထောင်မှူးအောင်စိုးကလည်း သဘောပေါက်သွားတယ်။ ဒီတော့ သူခိုးကြီးကို တစ်ချက်လှမ်းထောက်တယ်။

“ကဲ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် သူခိုးကြီး။ မင်း မိန်းမထောင်က သော့ကို ဖွင့်နိုင်ရင်လည်း မင်းကို ထောင်မှာ အနေချောင်အောင် ငါအာမခံတယ်။ အေး ဖွင့်နိုင်ရဲ့သားနဲ့ လက်ကောက်ကျတယ် ဆိုရင်တော့ ရှေ့တစ်ပတ်ကျရင် ရဲဘက်ထွက်ဖို့ ပြင်ထားပေတော့”

ထောင်မှူးအောင်စိုးရဲ့ စကားကြောင့် သူခိုးကြီး ဆတ်ဆတ်ခါသွားတယ်။ နောက်ဆုံး သော့လိုက်ဖွင့်ပေးမယ်လို့ ကတိပေး လိုက်ရတယ်။ ထောင်က သော့ဖွင့်ဖို့ ဘာကိရိယာတွေ လိုသလဲဆိုပြီး သူခိုးကြီးကိုမေးတော့ ကြီးကြီးကျယ်ကျယ် ဘာမှမတောင်းဘဲ စက်ဘီး စမုတ်တံလေးတစ်ချောင်းသာ တောင်းတယ်။

ထောင်မှူးကြီးက သူ့ကို မယုံရဲ ယုံရဲနဲ့ စက်ဘီးစမုတ်တံ ပေးလိုက်တယ်။ သူခိုးကြီးမြင့်သိန်းလည်း တင်တင်ညို တိုက်ခန်းသော့ကို စက်ဘီးစမုတ်တံနဲ့ အမျိုးမျိုးစမ်းပြီး ဖွင့်လိုက်တာ ၁၅ မိနစ် အတွင်းမှာ သော့ပွင့်သွားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ထောင်ရဲ့အကြပ်အတည်းတစ်ခုကို သူခိုးကြီးမြင့်သိန်းက ကယ်တင်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ သူလည်း ထောင်မှာ အပ်ချလောင်း သော့ဝိဇ္ဇာဆိုပြီး နာမည်ကြီး သွားတယ်။ ထောင်က ကတိစကားအတိုင်း သူခိုးကြီးမြင့်သိန်းကို ပိုနေမြဲ ကျားနေမြဲ ထားလိုက်တော့ သူလည်း နည်းနည်းဘ၀င် ခိုက်သွားတယ်။ မြောက်လည်း မြောက်သွားတယ်။

ဒါပေမဲ့ သူခိုးကြီးမြင့်သိန်းက စမ်းချောင်းသားအပေါ်မှာတော့ အခင်အမင် မပျက်ဘူး။ စမ်းချောင်းသား လိုအပ်တဲ့ အကူအညီကို အမြဲပေးလေ့ရှိတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် ကံဆိုးမယ့်နေ့ တစ်နေ့ ရောက်ရှိလာပါပြီ။

ထောင်မှာ အကျဉ်းသားတစ်ယောက်အတွက် အသားစားရက် တစ်ရက် ပေးသလို တစ်ကိုယ်ရည် သန့်ရှင်းရေး အတွက် လက်သုံးသစ်ခန့်ရှိတဲ့ ရွှေဝါဆပ်ပြာ အတုံးသေး တစ်တုံးကိုလည်း ပေးပါတယ်။ ဒီအတုံး တစ်တုံးဟာ လျှော်ဖို့ဖွပ်ဖို့အတွက် တစ်ပတ်စာ ဖြစ်ပါတယ်။

တကယ်တော့ အကျဉ်းသား တစ်ယောက်အတွက် ဒီလောက် ရွှေဝါဆပ်ပြာ အတုံး တစ်တုံးဟာ မလောက်ငပါဘူး။ ထောင်ကပေးတဲ့ အကျဉ်းသား ၀တ်စုံတွေဟာ ချည်ကြမ်းတဲ့အတွက် အ၀တ်လျှော်ဖို့ ဆပ်ပြာသုံးရင် အတော်ကုန်ပါတယ်။ ဒါပေမဲ့ ရွှေဝါဆပ်ပြာ မလောက်ငကြောင်း ဘယ်အကျဉ်းသားကမှ ထောင်အာဏာပိုင်ကို မတင်ပြရဲပါဘူး။ တင်ပြရင်လည်း ထောင်၀န်ထမ်းတွေက တခြားတစ် နည်းနည်းနဲ့ ပညာပေးလေ့ရှိပါတယ်။

တစ်ခါကတော့ စစ်ခွေးတိုက်မှာ ပုံစံဆပ်ပြာ မလောက်လို့ ထောင်ပိုင်ကို တင်ပြချင်တဲ့ အကျဉ်းသားတစ်ယောက်ဖြစ်တဲ့ သုံးခွသား သားသား ဆိုသူဟာ ထောင်ပိုင် မလာတဲ့ အတွက် အခန်းဖော် တောင်ဥက္ကလာသား လှဦးကို ဘာရန်ငြိုးရန်စမှမရှိဘဲ ဂန်ဖလား အောက်မှာ ခုထားတဲ့ အုတ်နီခဲနဲ့ ထုသတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။

အခုလည်း စမ်းချောင်းသားအတွက် ပုံစံဆပ်ပြာဟာ မလောက်ငပါဘူး။ ဒါကြောင့် သူခိုးကြီးမြင့် သိန်းက ဆေးရုံမှာ လူနာတွေ ရေချိုးလျှော် ဖွပ်ရင်း ကျန်ခဲ့တဲ့ ရွှေဝါဆပ်ပြာအတိုအစ အတုံးအခဲလေးတွေကို လုံးလုံးပြီး နေလှန်း ထားတယ်။ သူ့ကိုဘာလုပ်တာလဲမေးတော့ “ဒါဟာ စွန့်ပစ်ပစ်္စည်းတွေကို ပြန်အသုံးချဖို့ လုပ်တာ။ ထောင်ဥပဒေအရ ဘာနဲ့မှ ဒုက်္ခ ပေးလို့မရဘူး။ ဒီဆပ်ပြာခဲလေးတွေက တန်းစီးတွေရှာတဲ့ အပူစာနဲ့ တခြားစီပဲကွ” လို့လည်း ပြောလေ့ရှိတယ်။ ရွှေဝါဆပ်ပြာ အခဲလေးတွေ ခြောက်တော့မှ စမ်းချောင်း သားကို လျှော်ဖို့ဖွပ်ဖို့ သွားသွားပေးတယ်။ စမ်းချောင်းသားကလည်း သူခိုးကြီးမြင့်သိန်းကို ကျေးဇူးတင်နေတာပေါ့။

တစ်ရက်တော့ သူခိုးကြီးမြင့်သိန်းဟာ စမ်းချောင်းသားကို အရင်ပေးနေကျ ရွှေဝါဆပ်ပြာခဲထက် ပိုကြီးတဲ့ ဆပ်ပြာခဲလေးကို ပေးတယ်။ ပြီးတော့ ထူးထူးဆန်းဆန်းစကား တစ်ခွန်းပြောတယ်။

“ဒီဆပ်ပြာကိုတော့ မင်းမသုံးနဲ့ကွာ။ ငါ့အတွက် သိမ်းထားပေးပါ”
“ခင်ဗျား ဘာလုပ်မလို့လဲ”

သူခိုးကြီးမြင့်သိန်းက ရယ်စရာမဟုတ် တာကို ရယ်လိုက်တယ်။ ပြီးတော့မှ ဆက် ပြောတယ်။

“ငါလည်း လောဘနည်းနည်းတက် သွားတယ်။ စောင်တွေ ဘာတွေ လျှော်တဲ့ အခါကျ ဒီဆပ်ပြာတုံးကို မင်းဆီက ပြန် တောင်းမလို့ သိမ်းထားပေးဖို့ ပြောတာ”

စမ်းချောင်းသားလည်း သူခိုးကြီးမြင့်သိန်း ပြောတဲ့အတိုင်း သူပြောတဲ့ ရွှေဝါဆပ်ပြာခဲကို သိမ်းထားပေးလိုက်တယ်။ အဲဒီအချိန် (၄) ဆောင် တောင်ယာထဲမှာ ဘိန်းဖြူတွေမိတဲ့သတင်း ရောက်လာတယ်။ ထောင်က အတွင်းထဲကို ဘိန်းဖြူတွေ ဘယ်လို ခိုးသွင်းနေသလဲဆိုတာ လိုက်စုံစမ်းနေတယ်။ ၀န်ထမ်းတွေလည်း မချောင်ဘူး။

သတင်းတွေကတော့ အမျိုးမျိုး ဖြစ်နေတာပဲ။ ဒီသတင်းတွေထဲမှာ ဘိန်းဖြူနဲ့ ပတ်သက်ပြီး ကျော်စောသတင်းရှိတဲ့ တိုက်တန်းစီး ပိုးဟပ်ဖြူတို့လည်း ပါနေတယ်။ ဒါပေမဲ့ ဒီကိစ္စက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဘာမှမဆိုင်တာမို့ စမ်းချောင်းသားလည်း လက်ပါးတိုက်မှာ အေးအေးဆေးဆေးပဲရှိ နေပါတယ်။

တစ်မနက်တော့ လက်ပါးတိုက်ကို ၀န်ထမ်း ၂၀ လောက်ရောက်လာပြီး တလာစီတယ်။ တလာစီတယ်ဆိုတာ ကုလား စကား ဖြစ်ပြီး ရှာဖွေရေးလုပ်တာကို ပြောတာပါ။ “ပုံစံ” လက်ပါးတိုက်တစ်ခုလုံးကို တစ်စစီဖြစ်အောင် မွှေတယ်။ အဓိကက ပိုးဟပ်ဖြူကို ထောင်ကဖမ်းတာ။

ဒါပေမဲ့ ကြိုသတင်းရထားတဲ့ ပိုးဟပ်ဖြူက အားလုံး ဖျောက်ထားပြီးပြီ။ ဘာပစ္စည်းမှ ရှာမတွေ့ဘူး။ အဲဒီအချိန်မှာပဲ ကံဆိုးချင်တော့ စမ်းချောင်းသား အခန်းထဲက ပုံသဏ္ဌာန်မကျတဲ့ ရွှေဝါဆပ်ပြာကို ဝါဒါတွေ တွေ့သွားတယ်။ ၀န်ထမ်းက ထောင်မှူးကို ဒီရွှေဝါဆပ်ပြာက လုံးထားတယ်ဆိုပြီး သွားပြတယ်။ စမ်း ချောင်းသားက လှမ်းတားတယ်။

“မလုပ်ပါနဲ့ဗျာ။ ဒီဆပ်ပြာတုံးက စောင်လျှော်ရင် သုံးဖို့။ လူတစ်ယောက် လာအပ်ထားတာ”

ထောင်မှူးက ဘယ်သူ အပ်တာလဲမေးတော့ လွယ်လွယ်ပဲ ကိုမြင့်သိန်းလို့ ဖြေ လိုက်တယ်။

ဘယ်မြင့်သိန်းလဲလို့ ထပ်မေးတော့ သူခိုးကြီးမြင့်သိန်းလို့ ဖြေလိုက်တယ်။ စကား လည်းဆုံးရော ထောင်မှူးက ရွှေဝါ ဆပ်ပြာခဲကို ခွဲလိုက်တယ်။ ရွှေဝါဆပ်ပြာတုံးထဲက ထွက်လာတဲ့ စက်ဘီးစမုတ်တံ အတိုလေး ကြောင့် စမ်းချောင်းသား အံ့သြသွားတယ်။ ဒီပစ္စည်းကို တွေ့သွားပြီးပြီးချင်း ထောင်မှူးက သူခိုးကြီးမြင့်သိန်းကို ချက်ချင်း ခေါ်လိုက်တယ်။ သူခိုးကြီး မြင့်သိန်းကလည်း ဒီ ပစ်္စည်းဟာ သူ့ပစ္စည်းဆိုတာ ၀န်ခံတယ်။

“မင်းဘာလုပ်ဖို့လဲ” လို့ မေးတော့ သူခိုးကြီးက ဆပ်ပြာတုံးလေးတွေ လုံးတဲ့အခါ ခိုင်အောင်လို့ထည့်ထားတာပါလို့ ဖြေတယ်။ သူခိုးကြီး ဖြေသံလည်းဆုံးရော ထောင်မှူးတွေ ဝါဒါတွေက တအုန်းအုန်းနဲ့ ရိုက်တော့တာပါပဲ။ တိုတိုပြောရရင် သူခိုးကြီးမြင့်သိန်းကို ရုံးတင်တယ်။ ပြီးတော့ စက်ဘီးစမုတ်တံ တရားမ၀င် ကိုင်ဆောင်မှုနဲ့ တိုက်ပိတ်လိုက်တယ်။ သူခိုးကြီးမြင့်သိန်းရဲ့ စက်ဘီးစမုတ်တံကို သိမ်းထားပေးတဲ့ စမ်းချောင်းသားကိုလည်း လက်ပါးတိုက်မှာ ဒီအတိုင်းမထားတော့ဘူး။ နောက်ဆုံး စမ်းချောင်းသားကို တွဲဖက်ထောင် (၂) တိုက် အနောက်ခြမ်းကို ပို့လိုက်တယ်။

အဲဒီမှာ စမ်းချောင်းသားတစ်ယောက် မကျွတ်လွတ်တဲ့သူတွေနဲ့ ဆုံတွေ့ရတော့တာပါပဲ။

 

#တွဲဖက်ထောင်မှညဉ့်သန်းခေါင်ယံတောက်ခေါက်သံ

——————————–

လျှို့ဝှက်နက်နဲတဲ့ ပရလောကအကြောင်းကို အလောင်းအစား ပြုလုပ်ရာကနေ ဆန်းကြယ်တဲ့ ကုသိုလ် ကံကြမ္မာဆိုးကြောင့် စမ်းချောင်းသားခမျာ အင်းစိန် ထောင်မကြီးရဲ့ဘေးက တွဲဖက်ထောင် (၂) တိုက် အနောက်ဘက်ခြမ်းမှာ အထီးကျန်စွာ ရောက်ရှိနေပါတယ်။ ထပ်ပြီးကံဆိုးသွားတာက (၂) တိုက် အနောက်ဘက်ခြမ်း ၁ဝ ခန်းတွဲမှာ နိုင်ငံရေး အကျဉ်းသားဆိုလို့ သူတစ်ယောက်တည်း
သာရှိပြီး တခြားအကျဉ်းသားသုံးယောက်ကတော့ ဒေါ်လာငွေမှောင်ခိုမှုနဲ့ အချုပ်ကျနေတဲ့သူတွေ ဖြစ်ပါတယ်။ သူက နိုင်ငံရေးအကျဉ်းသား ဖြစ်နေတော့ သတင်းပြန့်မှာစိုးလို့ စီးပွားရေး ၅ ညတွေနဲ့
ကပ်မထားဘဲ ဟိုဘက်အစွန်၊ ဒီဘက်အစွန် အခန်းတွေမှာ နေရာချထားလိုက်တယ်။ ဒီတော့ စကားပြောဖော်လည်း မရှိတော့ဘူး။ ကိုယ့်ဘာသာကိုယ် အခန်းထဲမှာ လမ်းလျှောက်လိုက်၊ အိပ်လိုက်နဲ့ အချိန် ဖြုန်းတီးနေရတယ်။ အားအားရှိ အိပ်နေရတော့ ညဘက်တွေဆိုရင်လည်း တစ်ခါတစ်ရံအိပ်ရေး အဝလွန်ပြီး မျက်လုံးကြောင်နေလေ့ရှိတယ်။

တစ်ညတော့ ညသန်းခေါင်ယံအထိ အိပ်မပျော်နိုင်ဘဲ ဟိုတွေး ဒီတွေးတွေးနေမိတယ်။ ညဘက် တာဝန်ကျ အကျဉ်းဦးစီး ဝန်ထမ်းတွေ ရံဖန်ရံခါ လာလာစစ်ပေမယ့် ညဉ့်နက်လာတော့ သူတို့ မလာတော့ဘူး။ ၂ တိုက်ရှေ့ သွားပြီး အိပ်ငိုက်နေကြမှာပေါ့။ တစ်ထောင်လုံးကတော့ ၁၅ မိနစ် တစ်ကြိမ် သံချောင်းခေါက်သံက လွဲပြီး အားလုံးအိပ်မောကျလို့ တိတ်ဆိတ် ငြိမ်သက်နေတယ်။ စမ်းချောင်းသားလည်း အိပ်ရာ ထဲမှာ လူးလိမ့်နေတုန်း ခြေသံတရှပ်ရှပ် ကြားလိုက်ရတယ်။ ညတာဝန်ကျ ဝန်ထမ်း ကင်းလှည့် လာတယ်ထင်လို့ စမ်းချောင်းသား ကမန်းကတမ်း ထပြီး ဆေးလိပ်မီး တောင်းဖို့ စောင့်နေလိုက်တယ်။ ဒါပေမဲ့ ခြေသံက တိုက်ခန်းတွဲ အလယ်လောက်မှာ ပျောက်သွား တယ်။ အဲဒါနဲ့ စိတ်ဓာတ်ကျပြီး အိပ်ရာပေါ် ပြန်လှဲနေလိုက်တယ်။ အတန်ကြာတော့ မှေးမှေးလေး အိပ်ပျော်ခါနီးမှာ တိုက်ခန်းတွဲ ဟိုဘက်ထိပ်က တောက်ခေါက် သံကြားလိုက်ရတယ်။ တောက် ခေါက်သံက တော်တော်ပြင်းထန် အားပါတယ်။ ဒါကြောင့် ဘာဖြစ်ပါလိမ့်ဆိုပြီး ထကြည့်မိတယ်။ ဘာထူးခြားမှုမှမရှိဘူး။ ဝါဒါ အိပ် ပျော်နေတာ အထက်အရာရှိတွေ့ သွားပြီး ဒေါသဖြစ်လို့ တောက် ခေါက်တယ်ဆိုရင်လည်း ခေါ်သံ၊ နှိုးသံ၊ ဆဲဆိုသံတွေ ကြားရမှာပေါ့။ ဒါပေမဲ့ ဘာမှဆက်ပြီးမကြားရ တော့ဘူး။ ဒီလိုနဲ့ စမ်းချောင်းသားလည်း အိပ်ရာပေါ် ပြန်လှဲလိုက်ရပြန်တယ်။

နောက်တစ်နေ့ရောက်တော့ ထောင်က အားလုံးပုံမှန်ပါပဲ။ စမ်းချောင်းသားလည်း ညကကိစ္စ ကိုမေ့ပြီး အမှုမဲ့အမှတ်မဲ့ နေလိုက်တယ်။ အခုထိတော့ ထောင်အာ ဏာပိုင်တွေက သူ့ကို ထောင်မ ကြီးပြန်ပို့မယ့် အရိပ်အခြေအနေ မတွေ့ရသေးဘူး။ ထောင်ဝင်စာတွေ့ဖို့ ရက်ကလည်း လိုသေးတော့ အခြေအနေတွေက ဘာမှန်းမသိ ရဘူး။ စမ်းချောင်းသားခမျာ စိတ်ဓာတ် ကျနေပေမယ့် ညနေရောက်တော့ အားတင်းပြီး တာလပေါ ဟင်းနဲ့ထမင်းနဲ့ တစ်ပန်းကန် ဝင်အောင်စားလိုက်တယ်။ ဘာဟင်းမှ မရှိတော့ သူတို့ပေးတဲ့ ငါးပိကို တာလပေါဟင်းထဲ ရောမွှေပြီး စားပစ်လိုက်တယ်။ တာလပေါ ဟင်းလို့သာ ပြောတာ တကယ်တော့ ကန်စွန်းရွက်တွေကို ရေနွေးနဲ့ကျို ဆားထည့်ပြီး ပေးလိုက် တာပါပဲ။ တစ်ခါတစ်ရံ တာလပေါ ဟင်းထဲမှာ စင်ကြယ်ဖိနပ် သဲကြိုး အစအနတွေနဲ့ ဂုန်နီအိတ် အစတွေတောင် ပါလာတတ်ပါ တယ်။ ဒါပေမဲ့ ထောင်ဆိုတော့ ဘာမှ စောဒကတက်လို့မရပါဘူး။ ဒီနေ့ညတော့ စမ်းချောင်းသား တစ်ယောက် ထမင်း အများကြီး စားလိုက်လို့လား မသိဘူး။ ဗိုက်လေးပြီး စောစောစီးစီး အိပ်ချင်နေတယ်။ ဒါကြောင့် ဘုရားရှိခိုးပြီး အိပ်ရာ စောစောဝင်လိုက်တယ်။ တကယ်လည်း ထောင်အိပ်ချိန် မပေးခင်ကတည်းက အိပ်ပျော်သွားတယ်။ ဘယ်လောက်အထိ အိပ်ပျော်သွားမှန်း မသိဘူး။ အလွန်ကျယ်ပြီး လိုဏ်သံပေါက်နေတဲ့ တောက်ခေါက်သံကြောင့် လန့်နိုးသွားရတယ်။

”တောက်”

စမ်းချောင်းသား ချက်ချင်းပဲ ခေါင်းနားပန်း ကြီးသွားတယ်။ တောက်ခေါက်သံရဲ့ အဆုံးမှာ ဘာသံများ ကြားရမလဲဆိုပြီး အိပ်ရာပေါ်က ကမန်းကတမ်းထ သံတိုင်နားကို ပြေးကပ်ပြီး နားစွင့် ကြည့်လိုက်တယ်။ တော်တော် ထူးဆန်းတာက မနေ့ညကလိုပဲ တောက်ခေါက်သံ ပြီးတဲ့နောက် ဘာစကားသံမှ မကြားရတော့ပြန်ဘူး။ အသိရခက်တဲ့ တောက်ခေါက်သံကြောင့် စမ်းချောင်းသား စိတ်ထဲမှာ ရှုပ်ထွေး နောက်ကျိသွားရင်း အိပ်ရာပေါ် ပြန်လှဲလိုက်တယ်။ တောက်ခေါက်သံ နောက်တစ်ချက် မကြားရတော့တဲ့အတွက် ပြန်အိပ်လိုက်တယ်။ စမ်းချောင်းသား အိပ်ပျော်လု ပျော်ခင်မှာပဲ အခန်းရှေ့ကို ဖြတ်လျှောက်လာတဲ့ ခြေသံတရှပ်ရှပ်ကို ကြားလိုက်ရတယ်။ ဒီတစ်ခါတော့ ခြေသံက တိုက်ခန်းတွဲ အလယ်လောက်မှာ ရပ်မသွားဘူး။ ဆက်ကြားနေရတယ်။ ဒါပေမဲ့ အိပ်ရာထဲက မထချင်တော့တာမို့ မျက်လုံးလေး အသာမှေးပြီး ကြည့်နေလိုက်တယ်။

“ဟာ”

သူ့အခန်းရှေ့က ဖြတ်လျှောက်သွားတဲ့ လူရဲ့ ပုံသဏ္ဌာန်ကြောင့် စမ်းချောင်းသား ခေါင်းနားပန်း ကြီးသွားတယ်။ ဘာလို့လဲဆိုတော့ ဖြတ်လျှောက်သွားတဲ့သူက စစ်ရောင် ယူနီဖောင်း ဝတ်ထားပေမယ့် လက်နှစ်ဖက်လုံး မရှိတော့လို့ပဲ။ ပြီးတော့ သူ့ကိုလည်း တစ်ချက်မှ လှည့်မကြည့်ဘဲ ထွက်သွားတယ်။
စမ်းချောင်းသားလည်း ဦးနှောက် ခြောက်သွားတယ်။ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အကျဉ်းဦးစီးဌာနကို တပ်မတော်က ဒဏ်ရာရတဲ့သူတွေ၊ ဂန်းရှော့တွေကို ဌာနပြောင်းအဖြစ် ရောက်လာတဲ့သူတွေ ရှိပါတယ်။ ၁၉၉ဝ တစ်ဝိုက်က စစ်တပ်ခေတ် ကောင်းနေတဲ့အချိန် ဆိုတော့ တပ်မတော်က အကျဉ်းဦးစီးကို ပြောင်းရွှေ့လာတဲ့ သူတွေဆိုရင် ရာထူးတစ်ဆင့် တိုးမြှင့်ရကြပါတယ်။ တပ်မတော်မှာ ဗိုလ်ကြီးဆိုရင် အကျဉ်းဦးစီးဌာနမှာ ဗိုလ်မှူးအဆင့်နဲ့ ထောင်ပိုင်လေး၊ ထောင်မှူးကြီး ရာထူးတွေ ရကြပါတယ်။

တပ်ကပြောင်းလာတဲ့ အရာခံဗိုလ်အဆင့်ဆိုရင် ထောင်မှာ ထောင်မှူး ရာထူးရပါတယ်။ ဒါကြောင့် အခန်းရှေ့က ဖြတ်လျှောက်သွားတဲ့ ဝန်ထမ်းဟာ တပ်ကပြောင်းလာတဲ့ သူပဲလို့ စမ်း ချောင်းသားတွေးမိတယ်။ ဒါပေမဲ့ ထောင်ဝန်ထမ်းတွေထဲမှာ ခြေထောက်ပြတ်လို့ ခြေတုတပ်ပြီး တာဝန်ထမ်းဆောင်တဲ့ သူတွေတော့ မြင်ဖူးတယ်။ လက်စုံပြတ်နေတဲ့ ဝန်ထမ်းတော့ မမြင်ဖူးဘူး။ ရှုပ်ထွေးနောက်ကျိနေတဲ့ စိတ်ကြောင့် အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေတဲ့ စမ်းချောင်းသားဟာ နောက်တစ်နေ့ ထောင်မဖွင့်ခင် ကတည်းက ညက အဖြစ်အပျက်ကြောင့် အိပ်ရာက နိုးနေပါတယ်။ ထောင်ဖွင့်တဲ့အချိန် နေ့နဲ့ည ဝန်ထမ်းတွေ တာဝန်လွှဲပြီးတဲ့ အခါမှာတော့ မနက်စာ ဆန်ပြုတ် ရောက်လာပါတယ်။ စမ်းချောင်းသားလည်း ဆန်ပြုတ်လာပို့တဲ့ အကျဉ်းသားကို ထောင်ဝန်ထမ်း တွေထဲမှာ လက်နှစ်ဖက် ပြတ်နေတဲ့သူ ရှိလားလို့ မေးကြည့်တော့ စကားမပြောရဲတဲ့ ပုံစံနဲ့ ခေါင်းခါပြပြီး ချက်ချင်းထွက်သွားတယ်။ သူတို့ကို ၅ ညတွေနဲ့ စကားမပြောဖို့ ထောင်က မှာထားတယ်။ စမ်းချောင်းသားလည်း စိတ်ထဲမှာ တနုံ့နုံ့ဖြစ်ပြီးကျန်ခဲ့တယ်။ မနက် မျက်နှာသစ်၊ မိလ္လာ ချဖွင့်တော့မှ တာဝန်ကျဝန်ထမ်းက တပြုံးပြုံးနဲ့ သဘောကောင်းတဲ့ ဒုတပ်ကြပ်ဝင်းမြင့် ဖြစ်နေတယ်။ စမ်းချောင်းသားလည်း မျက်နှာသစ်ပြီး အခန်းထဲ ပြန်အဝင်မှာ သူသိချင်တာကို ချက်ချင်း မေးကြည့်လိုက်တယ်။

“ဆရာ…ညဝန်ထမ်းတွေထဲမှာ လက်နှစ်ဖက်မရှိတဲ့ ဝန်ထမ်း ရှိလား”

စမ်းချောင်းသား စကားအဆုံးမှာ ဒုတပ်ကြပ်ဝင်းမြင့်က ချက်ချင်း ခေါင်းခါပြတယ်။

“ဟာ ..ဘယ်ကရှိရမှာလဲ။ တပ်ကနေ အကျဉ်းဦးစီး ပြောင်းလာတဲ့ သူတွေထဲမှာ ဂန်းရှော့တွေ၊ ခြေထောက် ပြတ်တဲ့ သူတွေပဲ ရှိတယ်။ လက်ပြတ်နေတဲ့သူကိုတော့ ငါတစ်ခါမှ မတွေ့ဖူးဘူး။ ညဆိုင်းထဲမှာလည်း မရှိပါဘူးကွာ”

ဒုတပ်ကြပ် ဝင်းမြင့် အဖြေဆုံးတော့ စမ်းချောင်းသားလည်း ဘာပြောရမှန်း မသိတော့ဘူး။ ထောင်ဝန်ထမ်းက သူ့မေးခွန်း ကို စိတ်ဝင်စားသွားပြီး ပြန်မေးတယ်။

“နေစမ်းပါဦး … မင်း ဘယ်မှာ တွေ့လိုက်လို့လဲ”

“ကျွန်တော် မှေးမှေးလေး အိပ်ပျော်နေတုန်း တောက်ခေါက်သံ တစ်ချက် ကြားလိုက်ရတယ်။ အဲဒီနောက် ခြေသံကြားတော့ ညတာဝန်ကျ ဝန်ထမ်း ကင်းပတ်တယ်ထင်ပြီး ကြည့်နေတုန်း ကာကီရောင် စစ်ဝတ်စုံနဲ့ လက်နှစ်ဖက် ပြတ်နေတဲ့ လူတစ်ယောက် အခန်းရှေ့က ဖြတ်လျှောက်သွားတာပဲ”

“မင်းဟာက သေချာလို့လားကွာ”

“သေချာပါတယ်ဗျာ။ ကျွန်တော် အိပ်မက်မက်နေတာလည်း မဟုတ်ဘူး။ အမြင်မှားနေတာလည်း မဟုတ်ဘူး။ ကျွန်တော့် အခန်းရှေ့က ထင်ထင်ရှားရှားကြီး ဖြတ်လျှောက်သွားတာ”

စမ်းချောင်းသားစကား ဆုံးတဲ့အခါ ဒုတပ်ကြပ် ဝင်းမြင့်တစ်ယောက် တစ်စုံတစ်ရာကို တွေးမိပြီး လက်နဲ့ ပေါင်ကို ပုတ်လိုက်ပါတယ်။ ပြီးတော့ အဖြေတွေ့သွားပုံနဲ့ စမ်းချောင်းသားကို ချက်ချင်း လှမ်းပြောလိုက်တယ်။

“ဟာ ငါတို့ (၂) တိုက်ကို ဇင်ဘိုလာသွားတာပဲကွ”

စမ်းချောင်းသား အံ့သြသွားတယ်။ သိချင်စိတ်တွေလည်း ငယ်ထိပ်ရောက်သွားတယ်။

“ဗျာ … ဆရာ ဘယ်က ဇင်ဘိုလဲ”

ထောင်ဝါဒါ ဒုတပ်ကြပ် ဝင်းမြင့်က တိုက်ဘေးဘီဝဲယာကို လေ့လာ အကဲခတ်ပြီးမှ စမ်းချောင်းသား အခန်းရဲ့ သံတိုင်အနီးကို ကပ်လိုက်တယ်။ ပြီးတော့မှ လေသံ တိုးတိုးလေးနဲ့ ရှင်းပြတယ်။

“မင်း ငါပြောတယ်လို့တော့ ဘယ်သူမှ လျှောက်မပြောနဲ့။ အခု မင်းနေတဲ့ တိုက်ခန်းရဲ့ ဘယ်ဘက်မှာ ကင်မင်ချူးနေတဲ့ ပျဉ်ထောင်အိမ်ရှိတယ်။ အဲဒီကို ဒီကောင်လာတာ ဖြစ်မယ်ကွ”

“ဗျာ … ဘယ်လို ကျွန် တော် တော်တော်နားရှုပ်သွားပြီ ဗျာ။ ဘာနာမည်တွေလဲ ဘယ်သူတွေလဲဗျ”

“ဟာကွာ …မင်းကလည်း နိုင်ငံရေးသမား လုပ်ပြီး မသိဘူးလား။ ဒီကောင်တွေက မြောက်ကိုရီးယားက လာပြီး အာဇာနည်ကုန်းမှာ ဗုံးခွဲခဲ့တဲ့ ကောင်တွေလေကွာ”

“ဒါတော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ အဲ့ဒီထဲက တစ်ယောက်ကို သေဒဏ်ပေးလိုက်တယ် ဆိုလားလို့”

“အေး ဟုတ်တယ်။ မြန်မာ နိုင်ငံလာပြီး ဗုံးခွဲတဲ့ သုံးယောက်ထဲမှာ တစ်ယောက်သေသွားတယ်။ ငါတို့အင်းစိန်ထောင်ကို နှစ်ယောက် ရောက်လာတယ်။ နှစ်ယောက်လုံး လက်ပစ်ဗုံးကွဲလို့ လက်တွေခြေထောက်တွေ ပြတ်နေကြတယ်။ သေဒဏ် ပေးလိုက်တဲ့သူက ဗိုလ်မှူးအဆင့်ရှိတယ်။ ဇင်ဘိုတဲ့။ အခု ဟိုဘက် ပျဉ်ထောင်အိမ်မှာ နေတဲ့သူက ကင်မင်ချူးတဲ့။ ဗမာစကားတောင် တော်တော်မွှတ်နေပြီ”

ဒုတပ်ကြပ်ဝင်းမြင့် စကားဆုံးတော့ သူပေးတဲ့ အချက်အလက်တွေကို ဆက်စပ် စဉ်းစားကြည့်မိတယ်။ ဘယ်လိုဖြစ်တာလဲ။ စမ်းချောင်းသား ငယ်ငယ်ကတည်းက အာဇာနည်ကုန်း ဗုံးကွဲတာကို မှတ်မိနေတယ်။ လူတွေ သေကုန်လို့ ရုံးတွေ၊ ကျောင်းတွေမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ကျောင်းမှာ နိုင်ငံတော်အလံတိုင် တစ်ဝက် လွှင့်ထူခဲ့တာကို မှတ်မိနေတယ်။ ဒါကြောင့် သိချင်စိတ်ကို ချိုးနှိမ်လို့ မရတော့ဘူး။

“တစ္ဆေတွေ၊ သရဲတွေကိုတော့ ကျွန်တော်သိပ်မယုံပါဘူး။ ဒါပေမဲ့ သေသွားတဲ့ ဇင်ဘိုက ဘာလို့ ဒီကိုလာရတာလဲ။ သူ့ သူငယ်ချင်းကို သိပ်ချစ်လို့လား”

“ဟာ …ဘယ်က ချစ်လို့ ဟုတ်ရမှာလဲ။ ဇင်ဘိုက ကင်မင်ချူးကို အရမ်းမုန်းတာ။ သတ်ပစ်ချင်လောက်အောင်ကို မုန်းတာ။ သူက တရားရုံးမှာ အမှုရင်ဆိုင်တော့ ဘာဖြောင့်ချက်မှ မပေးဘူး။ ရေငုံနှုတ်ပိတ် နေခဲ့တယ်။ ဒါပေမဲ့ အခုအသက်ရှင်နေတဲ့ ကင်မင်ချူးကတော့ နိုင်ငံတော် တရားရုံးမှာ ဖြောင့်ချက်ပေးပြီး သူတို့ ကျူးလွန်ပုံတွေကို အသေးစိတ် ပြောပြခဲ့တယ်။ ဒါကြောင့် မြောက်ကိုရီးယား လက်ချက်ဆိုတာ ပေါ်ပေါက်သွားပြီး နိုင်ငံတကာမှာ ဒို့နိုင်ငံ အသက်ရှူ ချောင်သွားတာ”

ဒုတပ်ကြပ်ဝင်းမြင့်က စကားပြောတာ ကြာသွားလို့ အခြေအနေကို အကဲခတ်ပြီး ပြန်ဖို့ ခြေလှမ်းပြင်လိုက်တယ်။

“တော်ပြီကွာ။ စကားပြောတာ တော်တော်ကြာသွားပြီ။ ငါသွားတော့မယ်”

စမ်းချောင်းသားက သိချင်စိတ်ကို ဆက်ချုပ်တည်း မထားနိုင်တော့ဘူး။ ဝါဒါဝင်းမြင့်ရဲ့ အင်္ကျီ လက်မောင်းကို လှမ်းဆွဲထားတယ်။ ပြီးတော့ သူသိချင်တာကို ဆက်မေးလိုက်တယ်။

“အဲ့လိုတော့ တိုးလို့တန်းလန်းကြီး မထားခဲ့နဲ့ဆရာရယ်။ သူတို့ အကြောင်းလေးတော့ ပြီးအောင် ပြောပြပေးခဲ့ပါ။ ဇင်ဘိုကို သေဒဏ်ပေးလိုက်ပြီး ကင်မင်ချူးကိုကျ ဘာလို့ သေဒဏ်မပေးတာလဲ”

“ကင်မင်ချူးက မြောက်ကိုရီးယား စစ်တပ်ကလို့ ဝန်ခံလိုက်တော့ အစိုးရ သက်သေ ဖြစ်သွားတယ်လေကွာ။ ဒီတော့ သူ့တို့ နှစ်ယောက်ကို သေဒဏ်ပေးခဲ့ပေမယ့် ကင်မင်ချူးကိုတော့ ထောင်ဒဏ် တစ်သက်ပြစ်ဒဏ် ပြောင်းလဲပေးခဲ့တယ်။ အဲဒီတုန်းက ငါလည်း အင်းစိန်ထောင်မှာ ဝန်ထမ်းဖြစ်ခါစပဲ။ ဇင်ဘိုဆိုရင် ကင်မင်ချူးကို မုန်းလွန်းလို့ တရားရုံးမှာ လှည့်လည်း မကြည့်ဘူး။ စကားလည်း မပြောကြတော့ဘူး။ နောက်ဆုံး ဇင်ဘိုက ကင်မင်ချူးကို မြန်မာလို သစ္စာဖောက်လို့တောင် မသေခင် ပြောသွားခဲ့တယ်”

ဒုတပ်ကြပ်ဝင်းမြင့် စကား အဆုံးမှာ စမ်းချောင်းသား ကြက် သီးမွေးညင်း ထသွားတယ်။ ပြီး တော့ တုန်ယင်နေတဲ့ အသံနဲ့ လှမ်းပြောလိုက်တယ်။

“ဟာ ..ဒါဆို ဒါဆို ညည တောက်ခေါက်နေတာ သူပေါ့”

ဒုတပ်ကြပ်ဝင်းမြင့်က ဘာမှ ပြန်မဖြေတော့ဘူး။ စမ်းချောင်းသားကို ကိုယ်ချင်းစာတဲ့ အကြည့်နဲ့ လှမ်းကြည့်နေတယ်။ ပြီးတော့ စမ်းချောင်းသား မကြောက်အောင် တတ်သမျှမှတ်သမျှ ကြိုးစားပြီး ဖြေသိမ့်လိုက်တယ်။

“ဒါတွေက သူတို့ကိစ္စရှိမှာ ပေါ့ကွာ။ ဇင်ဘိုက ကြိုးပေးခံရ တဲ့ အချိန်အထိ ကင်မင်ချူးကို အခဲကျေမသွားခဲ့ဘူး။ မဆိုင်တဲ့ သူတွေကိုတော့ သူဘာမှလုပ်မှာ မဟုတ်ပါဘူး။ မင်းလည်း ည ဘက် တစ်ယောက်တည်း ချောက်ချားနေရင် တရားလေးဘာလေး မှတ်၊ သီချင်းလေးဘာလေး ဆိုပြီး နေပေါ့”

စမ်းချောင်းသားက ဒုတပ်ကြပ်ဝင်းမြင့်ကို ချက်ချင်းဆိုသလို ခေါင်းခါယမ်းပြတယ်။

“တော်ပါပြီဗျာ။ ဘာသီချင်းမှ ဆိုချင်စိတ် မရှိတော့ပါဘူး။ အထူးသဖြင့် ဟောဒီထောင်ထဲက မထွက်မချင်း ဂန္ဓဝင်စိမ်းသီချင်းကို ဘယ်တော့မှမဆိုတော့ဘူး”

“ဘာဖြစ်လို့လဲ”

“ဒီ ဂန္ဓဝင်စိမ်းသီချင်းကြောင့် ဒီထောင်ထဲမှာ မမြင်သင့်တာတွေ မြင်ပြီး ကျွန်တော် ဒုက္ခရောက်နေတာလို့ ထင်တယ်”

“အဲလိုလည်း စိတ်မစွဲပါနဲ့ကွာ။ တချို့ပရလောကသားတွေက အသံပေးတာရှိတယ်။ အရိပ် အရောင်ပြတာ ရှိတယ်။ လူလုံးပြတာ ရှိတယ်။ ဒါပေမဲ့ ငါသိရသလောက် ဘယ်သူ့ကိုမှ ဒုက္ခ မပေးပါဘူး။ ဥပမာ ဇင်ဘိုကိုပဲကြည့်။ မင်းကို ဘာဒုက္ခမှမပေး ဘူးမဟုတ်လား”

စမ်းချောင်းသားက ဘာမှ စောဒကမတက်တော့ဘဲ ဒုတပ်ကြပ်ဝင်းမြင့်ကို တိုက်ခန်းထဲကနေ ငေးကြည့်နေပါတယ်။ ဒုတပ်ကြပ်ဝင်းမြင့် သူ့အခန်းရှေ့က ထွက်ခွာသွားပြီးမှ တစ်စုံတစ်ရာ ပြောချင်ပုံနဲ့ နောက်ကြောင်းပြန် လှည့်လာတယ်။ ပြီးတော့ စမ်းချောင်းသားကို ကြည့်ပြီး လှမ်းပြောလိုက်တယ်။

“ဇင်ဘိုရဲ့ နောက်ဆုံးနေ့ရက် တွေကို ငါမီလိုက်တယ်။ သူဘယ်လို သေသွားလဲ …မင်းသိချင်လား”

ဒုတပ်ကြပ်စကားအဆုံးမှာတော့ စမ်းချောင်းသား တစ်ယောက် သိချင်စိတ်နဲ့ တစ်ကိုယ်လုံး တုန်လှုပ်သွားပါတယ်။

 

တမလွန်ဘ၀တိုင် အမုန်းကမ္ဘာ မကျေသူ ဇင်ဘို၏ နောက်ဆုံးနေ့များ

—————————-

လူ့လောကဟာ အင်မတန်ကို ဆန်းကြယ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ထောင်တစ်ခုမှာ မြောက်ကိုရီးယား တပ်မတော်က ဗိုလ်မှူးအဆင့်ရှိတဲ့ လူတစ်ယောက်ကို သေဒဏ်ပေး ကွပ်မျက်ခဲ့ရတဲ့ ဖြစ်ရပ်ဟာ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ထူးခြားဖြစ်စဉ်အဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ ၁၉၈၃ ခု၊ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံကို အငြိမ်းစား ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက အုပ်ချုပ်နေတဲ့ ကာလ ဖြစ်ပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့မှာ တောင်ကိုရီးယား သမ္မတ ချန်ဒူး၀မ်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို ချစ်ကြည်ရေး အလည်အပတ် ရောက်ရှိလာခဲ့ပါတယ်။

မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ထုံးစံအတိုင်း လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို ဂူသွင်းမြှုပ်နှံထားတဲ့ အာဇာနည်ဗိမာန်ကို တောင်ကိုရီးယား သမ္မတဟာ လွမ်းသူ့ပန်းခွေချဖို့ အောက်တိုဘာလ ၉ ရက်နေ့မှာ စီစဉ်ထားပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ ၀န်ကြီး တချို့နဲ့ အစိုးရပိုင် သတင်းစာတိုက်မှ သတင်းထောက်တွေ၊ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားတွေဟာ အာဇာနည်ကုန်းကို ကြိုတင်ပြီး ရောက်ရှိနေကြပါတယ်။ မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှာတော့ တောင်ကိုရီးယား သမ္မတကြီး မလာခင် ရှေ့ပြေးအဖွဲ့ ရောက်ရှိလာခဲ့ပါတယ်။

အမှန်တကယ်ကတော့ အချိန်ကိုက်ရောက်ရှိဖို့ ဖြစ်ပေမယ့် တောင်ကိုရီးယား သမ္မတကြီး ချန်ဒူး၀မ်ရဲ့ မော်တော်ယာဉ်တန်းဟာ ဦးဝိစာရလမ်း တစ်လျှောက် ယာဉ်ကြောပိတ်ဆို့နေတဲ့ အတွက် အာဇာနည်ကုန်းကို အချိန်မီ မရောက်ဘဲ မိနစ်အနည်းငယ် နောက်ကျနေခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတကြီး မရောက်ခင် ငါးမိနစ် အလိုမှာပဲ အာဇာနည် ကုန်းပေါ်မှာရှိတဲ့ အာဇာနည် ဗိမာန်မှာ အလွန် ကျယ်လောင်တဲ့ ပေါက်ကွဲ သံကြီးတစ်ခု ကြားလိုက်ရပါတယ်။ ပေါက်ကွဲသံကြားပြီး လုံခြုံရေးတပ်ဖွဲ့၀င်တွေက လုပ်ကြံမှုအဖြစ် ချက်ချင်း သိသွားပါတယ်။ ဒါကြောင့် တောင်ကိုရီးယား သမ္မတကြီးရဲ့ ယာဉ်တန်းကို နောက်ကြောင်း လှည့်ပြန်စေခဲ့ပါတယ်။ အာဇာနည်ဗိမာန်ဟာ ဗုံးဒဏ်ကြောင့် ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီး လူပေါင်းများစွာဟာ ဒဏ်ရာတွေနဲ့ လဲကျနေခဲ့ပါတယ်။

ဆေးတပ်ဖွဲ့၀င်တွေ ချက်ချင်း ရောက်လာခဲ့ပြီး အနီးဆုံး တပ်မတော်ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ အာဇာနည်ကုန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ကြိုတင် ရောက်ရှိနေတဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့၀င် ၀န်ကြီးများအပါ အ၀င် ကိုရီးယား၊ မြန်မာ စုစုပေါင်း ၁၉ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီလုပ်ကြံမှုမှာ တောင်ကိုရီးယား အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ ၀န်ကြီးတွေဖြစ်တဲ့ စီးပွားရေး စီမံကိန်းနှင့် ဒုတိယ၀န် ကြီးချုပ်၊ နိုင်ငံခြားရေး၀န်ကြီး၊ ကူးသန်း ရောင်း၀ယ်ရေးနှင့် စက်မှုရေးရာ၀န်ကြီး၊ စွမ်းအင်နှင့် သယံဇာတပစ္စည်းရေးရာ ၀န်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး အပါအ၀င် ကိုရီးယားလူမျိုး ၁၆ ဦး သေဆုံးခဲ့ကြသလို မြန်မာ သတင်းစာဆရာ သုံးဦးလည်း သေဆုံးခဲ့ကြရပါတယ်။

အခင်းဖြစ်ပွားပြီးလျှင်ပြီးချင်း တောင်ကိုရီးယားသမ္မတကြီး ချန်ဒူး၀မ်နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ သွားရောက်မယ့် ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းကလည်း အစိုးရ ဧည့်ဂေဟာကို ချက်ချင်း သွားရောက်ပြီး တောင်ကိုရီးယား သမ္မတကြီးကို ယခုဖြစ်ရပ်အတွက် အလွန် ၀မ်းနည်းကြောင်း သွားရောက်ပြောဆိုခဲ့ပါတယ်။

သမ္မတက တောင်ကိုရီးယား တစ်နိုင်ငံလုံးကို စစ်ရေးအရ အမြင့်ဆုံးတပ်လှန့် ထားခဲ့ပြီး ဒဏ်ရာရတဲ့ တောင်ကိုရီးယား လူမျိုးတွေကို မိခင်နိုင်ငံ ပြန်သယ်ဆောင်ရန် အတွက် တောင်ကိုရီးယား စစ်တပ်မှ ၇၄၇ ဘိုးရင်း ဆေးရုံလေယာဉ်ကြီး တစ်စင်းနဲ့ တိုက်လေယာဉ်တွေကို ခေါ်ယူလိုက်ပါတယ်။ တောင်ကိုရီးယား သမ္မတကြီးနဲ့ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အစိုးရအဖွဲ့၀င်တွေဟာ အဲဒီနေ့ ညနေ ၄ နာရီ ၃၅ မိနစ်မှာပဲ တိုက်လေယာဉ်တွေ ခြံရံထားတဲ့ အထူးလေယာဉ်နဲ့ ချက်ချင်းထွက်ခွာသွားပါတယ်။ တောင်ကိုရီးယား ချစ်ကြည်ရေး အဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးစန်းယုနဲ့ ဇနီး၊ နိုင်ငံတော်ကောင်စီ ဦးအေးကိုနဲ့ ဇနီး၊ နိုင်ငံတော် ကောင်စီ ဦးစိန်လွင်နဲ့ ဇနီး၊ ၀န်ကြီးချုပ် ဦးမောင်မောင်ခနှင့် နိုင်ငံခြားရေး၀န်ကြီး ဦးချစ်လှိုင်တို့က လေဆိပ်ကို လိုက်လံပို့ဆောင်ခဲ့ပါတယ်။

ဒဏ်ရာရနေတဲ့ သူတွေကို တပ်မတော် အမှတ်(၂) ဆေးရုံကြီးကနေ ဆေးရုံ လေယာဉ်ပေါ်ကို ပို့ဆောင်ပေးပြီးတဲ့နောက် အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းမှာပဲ ကိုရီးယားကို ပြန်လည် သယ်ဆောင်သွားခဲ့ပါတယ်။ အဲဒီည ၈ နာရီ သတင်း ထုတ်ပြန်ချက်မှာ ကိုရီးယား သမ္မတနိုင်ငံမှ ချစ်ကြည်ရေးခရီး လာရောက်စဉ်အတွင်း သူရဲဘောကြောင်စွာ အကြမ်းဖက်ခဲ့မှုကြောင့် ဗုံးပေါက်ပြီး အသက် ဆုံးရှုံးခဲ့ရတဲ့ ကိုရီးယားသမ္မတ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၀င်များအတွက် အထူး ကြေကွဲ၀မ်းနည်းပါကြောင်း နိုင်ငံတော် သမ္မတ ဦးစန်းယု လက်မှတ်နဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ သုံး ရက်ဆက်တိုက် အစိုးရရုံး၊ စက်ရုံ အလုပ်ရုံ၊ ကျောင်းတွေမှာ ၀မ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံတော်အလံကို တိုင်၀က် လွှင့်တင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန် စီအိုင်အေနဲ့ နိုင်ငံတကာ ထောက်လှမ်းရေး အဖွဲ့၀င်တွေက တောင်ကိုရီးယားရဲ့ ရန်ဘက် မြောက်ကိုရီးယားလက်ချက် ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောကြားခဲ့ကြပေမယ့် လက်ဆုပ် လက်ကိုင်မပြ နိုင်ခဲ့တဲ့အတွက်ကြောင့် မြန်မာ အစိုးရဟာ နိုင်ငံတကာ ဖိအားအောက်မှာ မျက်နှာ ငယ်ခဲ့ရပါတယ်။ ဗုံးခွဲတရားခံ လက်သည်ကို စမ်းတဝါးဝါး ရှာဖွေနေစဉ်မှာ မြန်မာအစိုးရဘက်ကို ကံကြမ္မာ အလှည့်ပေးခဲ့ပါတယ်။ အဲဒါကတော့ အာဇာနည်ကုန်း ပေါက်ကွဲ သံအပြီး မြေနီကုန်း တာယာဆိုင်ရှေ့မှာ နိုင်ငံခြားသား နှစ်ဦးဟာ လက်သီးလက်မောင်းတန်းပြီး “ချီဘာ…ချီဘာ”လို့ အော်ဟစ်ခဲ့တာကို ဆိုင်ရှင်က သတိထားမိခဲ့ပါတယ်။ ဒီသဲလွန်စပေါ် အခြေခံပြီး ထောက်လှမ်းရေးတွေက တရားခံကို အသည်းအသန် ရှာဖွေခဲ့ကြပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ ည ၉ နာရီခွဲခန့်မှာ ပုဇွန်တောင် ချောင်းအတွင်းထဲကနေ ရေကူးပြီး ရန်ကုန်မြစ်၀ကို ထွက်ဖို့ ကြိုးစားနေတဲ့ လူမျိုးခြားတစ်ယောက်ကို ညောင်တန်း သင်္ဘောဆိပ်မှာရှိတဲ့ ဒေါ်စန်းရီ ဆိုတဲ့ အမျိုးသမီးကြီးက အမှတ်မထင် တွေ့ရှိသွားတာပဲ ဖြစ်ပါတယ်။ ဒေါ်စန်းရီရဲ့ အော်သံကြောင့် ဘေးနားက လူတွေ စုရုံးလာကြပြီး မြစ်၀ကိုထွက်ဖို့ ကြိုးစားနေတဲ့သူကို လှမ်းခေါ်ပါတယ်။ ဒါပေမဲ့ သူက ပြန်မလာဘဲ ရေကူး ထွက်ပြေးနေတဲ့အတွက် ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားတွေနဲ့ ရပ်ကွက်လူထုက ဝုိင်း၀န်းဖမ်းဆီးဖို့ ကြိုးစားပါတော့တယ်။ သူက လူအုပ်ကြီး ရှဲသွားအောင် သူ့လက်ထဲက လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ဖို့ ကြိုးစားပါတယ်။ နောက်ထပ် ဗုံးတစ်လုံးကတော့ သူစနက်တံ ဖြုတ်နေတုန်းမှာပဲ လက်ထဲမှာ ပေါက်ကွဲသွားခဲ့ပါတယ်။ ဒဏ်ရာရလို့ ရေမကူးနိုင်တော့တဲ့ အတွက် ရေလယ်ရှိ တိုင်တစ်တိုင်ကို မှီထားတဲ့ အချိန်မှာပဲ စက်ပြင်ဆရာ ဦးဘိုကြီးနဲ့ လူတချို့က ရေထဲဆင်းပြီး ဖမ်းဆီးခဲ့ပါတယ်။

သူ့ကို ကမ်းစပ်ခေါ်လာတဲ့ အချိန်မှာပဲ ရဲတပ်ဖွဲ့၀င်တွေ ရောက်ရှိလာပြီး ချက်ချင်းဆိုသလို တပ်မတော် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ သူဟာ ကိုရီးယားလူမျိုးမှန်း သိပြီးတဲ့နောက်မှာတော့ ခွဲစိတ် ဆရာ၀န်ကြီးနဲ့ အဖွဲ့ဟာ သူအသက်ရှင်အောင် အသည်းအသန် ခွဲစိတ်ကုသပေးခဲ့ရပါတယ်။ လူနာဟာ ဗုံးဒဏ်ကြောင့် မျက်လုံးနှစ်လုံး ကွယ်ပြီး လက်တွေပြတ်ခဲ့ပေမယ့် သူဟာ မြောက်ကိုရီးယား တပ်မတော်က ကွန်မန်ဒို ဗိုလ်မှူး တစ်ယောက် ဖြစ်ပြီး အမည်ကတော့ ဇင်ဘိုဖြစ်ကြောင်း သိလိုက်ရပါတယ်။ သူနဲ့အတူ အခြား ကွန်မန်ဒိုနှစ်ယောက် ပါရှိနေတဲ့အကြောင်း သိလိုက်ရပြီးတဲ့ နောက်မှာ အမိအရ ဖမ်းမိဖို့နဲ့ ပင်လယ် ထွက်ပေါက်လမ်းတွေကို ပိတ်ဆို့ဖို့ နိုင်ငံတော်သမ္မတက အမိန့်ပေးလိုက်ပါတယ်။ ဒါကြောင့် အာဇာနည်ကုန်း ဗုံးခွဲလုပ်ကြံမှုအတွက် တရားခံများကို ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ပြီး ရှာဖွေဖို့ တပ်မတော်တပ်ရင်းများနဲ့ တပ်မတော်(ရေ)တို့ကို တာ၀န်ပေးအပ်ခဲ့ပါတယ်။

ဒီတာ၀န်တွေထဲမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တွံတေး တောကြီးတန်း အခြေစိုက် ခလရ ၇၀ ကို အထူးတာ၀န်အဖြစ် ပေးအပ်လိုက်ပြီး ကွန်မန်ဒါအဖြစ် ဗိုလ်မှူးကြီးမျိုးညွန့် (န၀တခေတ်တွင် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်)ကို ခန့်အပ်ခဲ့ပါတယ်။ ဗိုလ်မှူးကြီးမျိုးညွန့်က အထူးကွန်မန်ဒို လက်ရွေးစင်တွေကို ရွေးထုတ် ဖွဲ့စည်းပြီး ရန်သူကိုတွေ့ရင် မပစ်ဘဲ အရှင်ဖမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ပြီးတော့ ကွန်မန်ဒိုတွေကို ရဟတ်ယာဉ်ပေါ် တင်ဆောင်ပြီး ရွှေတိဂုံဘုရားကို လက်ယာရစ် မောင်းနှင်စေပြီး သရဏဂုံတင် ပေးခဲ့ပါတယ်။ ကြိုတင် တွက်ဆထားတဲ့ အတိုင်း အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့်မှာ ကော့မှူးမြို့နယ်၊ သခွတ်ပင် ကျေးရွာမှာ အစာရေစာ ပြတ်နေတဲ့ မြောက်ကိုရီးယား နှစ်ယောက်ကို ရွာသားတွေ တွေ့သွားပါတယ်။

အဲဒီနောက် အဆင့်ဆင့် သတင်းပေးပို့မှုကြောင့် ဒေသခံပြည်သူ ရဲတပ်ဖွဲ့၀င်လေးဦးက ဖမ်းဆီးပြီး စစ်ဆေးဖို့ခေါ်လာစဉ်မှာပဲ တစ်ဦးက လက်ပစ်ဗုံးနဲ့ပစ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့၀င်တွေက သေနတ်နဲ့ ပြန်လည်ပစ်ခတ် ဖမ်းဆီးတဲ့အတွက် တစ်ဦးကို အသေမိပြီး တစ်ဦး ထွက်ပြေးလွတ် မြောက်သွားခဲ့ပါတယ်။ လွတ်မြောက်သွားတဲ့သူကို ဗိုလ်ကြီး မောင်မောင်အောင်ဦးစီးတဲ့ ကွန်မန်ဒို အထူးတပ်ဖွဲ့က တောနင်း ရှာဖွေရာမှာ အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်မှာ ထွက်ပြေး လွတ်မြောက်သွားတဲ့ တရားခံကို ကော့မှူးမြို့နယ်၊ ကွင်းဝုိင်းရွာ မြောက်ဘက်မှာ ဖမ်းဆီး ရမိခဲ့ပါတယ်။

အရှင်ဖမ်းဆီးရန် မြန်မာကွန်မန်ဒိုတွေ ကြိုးပမ်းစဉ်မှာ လက်ပစ်ဗုံးခွဲရန် လုပ်ဆောင်တဲ့ အတွက် သူ အသက်မသေဖို့ တပ်မတော်သား တစ်ဦးက အသေခံပြီး ဗုံးကို ကာကွယ်ခဲ့ပါတယ်။ ဒါကြောင့် တရားခံဟာ လက်နဲ့ ၀မ်းဗိုက်မှာ အကြီးအကျယ် ဒဏ်ရာရသွားပေမယ့် အရှင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ မြန်မာ့ တပ်မတော်သား သုံးဦး အသက် ပေးလှူခဲ့ရပါတယ်။ တရားခံတွေကို အရှင်ရအောင်ဖမ်းဆီး ပေးနိုင်ခဲ့တဲ့ အတွက် ညောင်တန်း သင်္ဘောဆိပ်က ဒေါ်စန်းရီနဲ့ ကျဆုံးသွားသော တပ်မတော်သားတွေကို နိုင်ငံတော်က သူရဲကောင်း ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ နောက်ဆုံး မြောက်ကိုရီးယား ကွန်မန်ဒိုအဖွဲ့၀င် သုံးဦးအနက် တစ်ဦးအသေ၊ နှစ်ဦး အရှင်ဖမ်းဆီးရမိပြီးတဲ့ နောက်မှာတော့ အာဇာနည် ဗိမာန်ဗုံးခွဲ လုပ်ကြံတဲ့ စစ်ဆင်ရေး အသေးစိတ်ကို မြန်မာနိုင်ငံက ကမ္ဘာသိ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

အားလုံးကို စစ်ဆေးပြီးတဲ့ နောက်မှာ ဒီလုပ်ကြံမှုဟာ မြောက်ကိုရီးယား တပ်မတော်မှ ဗိုလ်ချုပ် ကင်ချန်စု၏ တာ၀န်ပေးချက်အရ ဗိုလ်မှူး ဇင်ဘို၊ ဗိုလ်ကြီး ကင်မင်ချူးနှင့် ဗိုလ်ကြီး ဆင်ကီချူးတို့ သုံးဦးဟာ ကုန်သင်္ဘော တစ်စင်းနဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး တောင်ကိုရီးယား အစိုးရအဖွဲ့ကို လုပ်ကြံခဲ့ကြောင်း သိရှိရပါတယ်။ တောင်ကိုရီးယား အစိုးရအဖွဲ့ လွမ်းသူ့ပန်းခွေမချခင် နှစ်ရက်ခန့်ကတည်းက ကြိုတင်ပြီး အာဇာနည်ဗိမာန်ရဲ့ မျက်နှာကြက်မှာ မြောက်ကိုရီးယားသံရုံးက ပေးလိုက်တဲ့ ချိန်ကိုက်ဗုံး သုံးလုံးကို ကြိုတင်ထည့်သွင်း ဝှက်ထားခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာ လ ၉ ရက်နေ့မှာ ချိန်ကိုက်ဗုံး ဖောက်ခွဲဖို့ မြောက်ကိုရီးယား တစ်ဦးဟာ ဦးဝိစာရလမ်းပေါ်က ရွှေလင်းယုန် မော်တော်ကား ဆားဗစ်၀င်းအတွင်းမှာ မော်တော်ကား ပြုပြင်ဟန်ဆောင်ပြီး စောင့်နေခဲ့ပါတယ်။ အာဇာနည်ကုန်းပေါ်က တောင်ကိုရီးယား သမ္မတကြီး မရောက်ခင် အလေးပြုရန် အစမ်း လေ့ကျင့်နေတဲ့ ခရာသံကို ကြားလိုက်ရပြီးတဲ့နောက် တောင်ကိုရီးယား သမ္မတ ရောက်ပြီ အထင်နဲ့ အဝေးထိန်း ခလုတ်နှိပ်ပြီး ဗုံးသုံးလုံးအနက် တစ်လုံးကို ဖောက်ခွဲလိုက်ပါတယ်။

အဲဒီနောက် မြန်မာလို သူရဲကောင်းလို့ အဓိပ္ပာယ်ရတဲ့ ကိုရီးယားစကား “ချီဘာ …ချီဘာ” ဆိုပြီး အော်ဟစ် အောင်ပွဲခံခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ ချန်ဒူး၀မ်ကတော့ အသက်ဘေးက သီသီလေး လွတ်မြောက်သွားခဲ့ပါတယ်။ သူတို့ရဲ့ သေမင်းတမန် စစ်ဆင်ရေးပြီး ဆုံးသွားပြီးတဲ့နောက် လူစုခွဲပြီး မြောက်ကိုရီးယားက တိတ်တဆိတ် စောင့်ဆိုင်းနေတဲ့ ရေငုပ်သင်္ဘောဆီကိုသွားဖို့ ရန်ကုန်မြစ်၀မှာ ပြန်ဆုံရန် ချိန်းဆိုခဲ့ပါတယ်။ နောက်ဆုံး ရေငုပ်သင်္ဘောဆီ မသွားနိုင်တော့သလို သူတို့ကိုပေးလိုက်တဲ့ လက်ပစ်ဗုံးတွေကလည်း စနက်တံ ဖြုတ်ပြီးပြီးချင်း ချက်ချင်းကွဲတယ် ဆိုတာကို စစ်ဌာနချုပ်က မပြောခဲ့လို့ လက်တွေ ခြေထောက်တွေ ပြတ်ခဲ့ကြရပါတယ်။ ဖမ်းမိတဲ့ ဇင်ဘိုဟာ ဒီလုပ်ကြံမှုနဲ့ ပတ်သက်ပြီး ဖြောင့်ချက်မပေးဘဲ ရေငုံနှုတ်ပိတ် နေခဲ့ပေမယ့် ကင်မင်ချူးကတော့ သူတို့ကို ပေးလိုက်တဲ့ လက်ပစ်ဗုံးတွေဟာ လက်ထဲမှာပဲ ပေါက်ကွဲ တတ်တယ် ဆိုတာကို ကြိုမပြောလိုက်တဲ့အတွက် မြောက်ကိုရီးယား စစ်တပ်ကို အသည်းနာသွားခဲ့ပါတယ်။

ဒီအချက်ကပဲ သူ့ကို ဒီလုပ်ကြံမှုနဲ့ ပတ်သက်ပြီး အသေးစိတ် ကျူးလွန်ခဲ့ပုံတွေကို ဖြောင့်ချက်ပေးဖို့ တွန်းအား ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ လုံခြုံရေးအား နည်းမှုကြောင့် နိုင်ငံတကာအလယ်မှာ မျက်နှာပျက်ခဲ့ရတဲ့ မြန်မာ နိုင်ငံဟာ ဒီဗုံးခွဲလုပ်ကြံမှုအတွက် မြောက်ကိုရီးယားမှာ တာ၀န်ရှိကြောင်း သတင်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အကျိုးဆက်တွေ အနေနဲ့ မြန်မာက မြောက်ကိုရီးယားကို သံအဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး သံအဖွဲ့ကို နိုင်ငံက မောင်းထုတ်ခဲ့ပါတယ်။ နောက်ဆုံး အရေးယူမှု တစ်ရပ်ကတော့ လုံခြုံရေးအတွက် တာ၀န်ရှိတဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးအောင်ကိုး နေရာမှာ ဗိုလ်မှူးကြီးခင်ညွန့်နဲ့ အစားထိုး လဲလှယ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

တရားရုံးက ဇင်ဘိုကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကတော့ အစိုးရသက်သေ ဖြစ်တဲ့အတွက် ထောင်ဒဏ် တစ်သက်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဇင်ဘိုဟာ ကင်မင်ချူးကို သစ္စာဖောက်ဟု ဆိုကာ စကားပြောဆိုခြင်း မပြုတော့ပါဘူး။ လက်ပစ်ဗုံးကွဲမှုကြောင့် ခြေထောက်ကော၊ လက်ပါ ပြတ်တောက်ခဲ့ရတဲ့ ကင်မင်ချူးကလည်း သွားလာရလွယ်ကူအောင် မော်တော်ကား ကျွတ်တစ်ခုကို တင်ပါးအောက်ခံပြီး တစ်နေရာက တစ်နေရာကို သွားရပါတယ်။ နောက်ဆုံး သူ့ကို တွဲဖက်ထောင်မှာ သီးခြား ပျဉ်ထောင် အိမ်တစ်လုံးနဲ့ နေထိုင်ခွင့် ပေးခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် အရောက် ဒီမိုကရေစီ တောင်းဆိုမှုကြောင့် နိုင်ငံရေး သမားတွေ ထောင်ထဲ တဖွဲဖွဲ၀င်လာချိန်မှာ သူနဲ့အဆက် အသွယ်ရသွားမှာ စိုးတဲ့အတွက်ကြောင့် သူ့ကို အင်းစိန်ထောင်မ ကြီးထဲက NLD မှ ဗိုလ်ချုပ်ကြီး တင်ဦး၊ ဟံသာ၀တီ ဦး၀င်းတင်၊ မင်းကိုနိုင်တို့ကို ထားတဲ့ အထူး၀င်းထဲကို ပြောင်းရွှေ့လိုက်ပါတယ်။

သေဒဏ်ကျခံထားရတဲ့ ဇင်ဘိုကို တိုက်၀င်းထဲက သေဒဏ်တိုက်ဖြစ်တဲ့ ၂ တိုက်မှာ ထားရှိခဲ့ပါတယ်။ ဇင်ဘိုဟာ ကြိုးတိုက်ထဲမှာ အခြားကြိုးသမားတွေနဲ့ ရောရောနှောနှော နေလေ့မရှိပါဘူး။ နောက်ပိုင်းတော့ မြန်မာ စကား အနည်းငယ် ပြောတတ်လာပါတယ်။ တစ်ရက်တော့ ကြိုးတိုက်ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ထောင်ပိုင်တွေ၊ ထောင်မှူးတွေနဲ့ ရောက်လာပြီး စစ်ဆေးကြည့်ရှုပါတယ်။ ဒီလိုနဲ့ ဇင်ဘိုအခန်းရှေ့ရောက်တော့ (၂)တိုက် ထောင်မှူးက တင်ပြစရာရှိကြောင်း သတင်းပို့ပါတယ်။ ညွှန်ချုပ်က မျက်လုံးလည်း မမြင်၊ လက်နှစ်ဖက်လည်း ပြတ်နေတဲ့ ဇင်ဘိုကိုကြည့်ပြီး ညင်ညင်သာသာ လှမ်းပြောလိုက်ပါတယ်။

“ကဲ … ဘာတင်ပြစရာ ရှိသလဲ”

“ကျွန်တော့်ကို အမြန်သတ် ပေးဖို့ တင်ပြချင်ပါတယ်”

ဇင်ဘိုရဲ့ စကားသံအဆုံးမှာ ညွှန်ချုပ်နဲ့ အဖွဲ့သားအားလုံး ရုတ်တရတ် ငြိမ်သက်သွားပါတယ်။ နောက်တော့ ညွှန်ချုပ်က ဇင်ဘိုကို ရှင်းပြပါတယ်။

“တို့ပြည်ထဲရေး ၀န်ကြီးဌာနမှာ သေဒဏ်ကျ အကျဉ်းသား တစ်ယောက်က တောင်းဆိုတိုင်း လိုက်လျောလို့ မရပါဘူး။ ဒီလို ဆုံးဖြတ်ချက်ဆိုတာ နိုင်ငံတော် အကြီးအကဲက နောက်ဆုံးအဆုံး အဖြတ်ပေးလေ့ရှိတယ်”

ညွှန်ချုပ်စကားအဆုံးမှာ ဇင်ဘိုက စိတ်ကျေနပ် ဟန်မတူပါဘူး။ ဒါကြောင့် ညွှန်ချုပ်ရှိရာကို မျက်နှာမူရင်း နောက်တစ်ခွန်း ထပ်ပြောပါတယ်။

“ဒါဆို ကျွန်တော်ဟာကျွန်တော် သတ်သေလိုက်မယ်”

ဇင်ဘိုစကားအဆုံးမှာ ထောင်ပိုင်တွေ၊ ထောင်မှူးတွေထံက ရယ်သံသဲ့သဲ့ထွက်လာတယ်။ ဘာလို့လဲဆိုတော့ မျက်စိကွယ်ပြီး လက်နှစ်ဖက်ပြတ်နေတဲ့ ဇင်ဘိုက ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်ဆိုတာကို မယုံလို့ လှောင်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီရယ်သံသဲ့သဲ့ကို ဇင်ဘို ကြားသွားသလားမသိပါဘူး။ ညွှန်ချုပ် အခန်းရှေ့က မထွက်ခင် ရုတ်တရက် သူ့ခြေထောက်တစ်ဖက်ကို မြှောက်ပြီး သူ့လည်ပင်းကို ထောက်ထားလိုက်ပါတယ်။ သူ့ခြေမက ခြေသည်းကို အရှည်ထားပြီး ဓားလို ချွန်ထက်အောင် လုပ်ထားပါတယ်။ အဲဒီခြေသည်းက သူ့လည်ပင်း အသားထဲကို နစ်၀င်နေပြီး သွေးတောင်စို့နေပါပြီ။ ဒီမြင်ကွင်းကို ကြည့်ပြီး ညွှန်ချုပ်နဲ့ ထောင်မှူးထောင်ပိုင်တွေလည်း အတော်လန့်သွားတယ်။ ဇင်ဘိုဖြစ်ချင်တာကို အထက်အဆင့်ဆင့် တင်ပေးမယ်လို့ ဖြောင်းဖြချော့မော့ပြောဆိုပြီး ချက်ခြင်းဆိုသလို ထွက်ခွာသွားတယ်။

“တောက်”

သူတို့ ထွက်ခွာသွားတဲ့ အချိန်မှာ ဇင်ဘိုအခန်းကနေ တောက်ခေါက်သံတစ်ချက် ကြားလိုက်ရတယ်။ ဒီတောက်ခေါက်သံဟာ တောင်ကိုရီးယား သမ္မတ ချန်ဒူး၀မ်ကို မလုပ်ကြံနိုင်ခဲ့တဲ့အတွက် မကျေနပ်လို့ တောက်ခေါက်တာလား။ ဒါမှမဟုတ် သူတို့ရဲ့ စစ်ဆင်ရေးကို အူမချေးကားမကျန် ဖြောင့်ချက်ပေးလိုက်တဲ့ ကင်မင်ချူးကို နာကျဉ်းမုန်းတီးလို့ တောက်ခေါက်တာလား။ ဘယ်သူ့မှ အဓိပ္ပာယ် မကောက်နိုင်ခဲ့ပါဘူး။

ဇင်ဘိုအကြောင်းကို ခရေတွင်းကျ ပြောပြပြီးတဲ့နောက် ဒုတပ်ကြပ်၀င်းမြင့်ဟာ ကင်းချိန်းဖို့ ထလိုက်တယ်။ ဒါပေမယ့် စမ်းချောင်းသားက မချင့်မရဲနဲ့ မေးခွန်းထုတ်လိုက်တယ်။

“ဟာ … ဒါပဲလား။ နောက်ဆုံး ဇင်ဘို ဘာဖြစ်သွားသလဲ”

“အဲဒီနောက် ညွှန်ချုပ်က အရေးပေါ် တင်ပြလိုက်လို့လား မသိဘူး။ ဇင်ဘိုတင်ထားတဲ့ အသနားခံစာကို သမ္မတက ပယ်ဖျက်လိုက်ပြီး သေဒဏ် ပေးလိုက်တယ်။ သေဒဏ်ပေးတဲ့ ကိစ္စကိုတော့ အင်းစိန်ကြိုးတိုက် သမိုင်းမှာ အလျှို့ဝှက်ဆုံး နိုင်ငံတော်အဆင့် လုပ်ခဲ့တာဆိုတော့ ငါတို့တောင် အနားကပ်လို့ မရဘူး။ ဒါပေမယ့် ဇင်ဘိုက ကြိုးစင်ပေါ်ကနေ ကင်မင်ချူးကို သစ္စာဖောက်လို့ အော်သွားခဲ့တာကိုတော့ သိခဲ့ရတယ်”

ဒုတပ်ကြပ်ရဲ့ စကားအဆုံးမှာတော့ စမ်းချောင်းသားလည်း ခြေကုန် လက်ပန်းကျသွားသလို ဘာမှမေးခွန်း မမေးနိုင်တော့ပါဘူး။ သူမမေးပေမယ့် ဒုတပ်ကြပ်၀င်းမြင့်က ဆက်ပြောလိုက်သေးတယ်။

“ဇင်ဘိုကို ကြိုးပေးပြီး နှစ်လသုံးလကြာတဲ့ အခါမှာတော့ ဒီတွဲဖက်ထောင်မှာရှိတဲ့ ကင်မင်ချူး တစ်ယောက် ကောင်းကောင်း မအိပ်ရတော့ဘူး။ ညဖက်ညဖက်ဆို ထထအော်နေလို့ သူ့အိမ်မှာ ကင်းလုံခြုံရေးကို အင်အားနှစ်ဆ တိုးပြီး ချပေးခဲ့တာ ဒီနေ့ဒီအချိန်ထိပဲ။ ပရိတ်ရေတွေဖြန်း၊ ကမ္မဝါတွေ ဖတ်လည်း သူ့ကို ခြောက်လှန့်တာက လုံး၀ရပ်မသွားဘူး။ တစ်လတစ်ကြိမ်နှစ်ကြိမ်တော့ ဖြစ်နေကြပဲ”

စမ်းချောင်းသားလည်း သူ့အခန်းရှေ့က လက်ပြတ်နေပြီး ကာကီရောင် စစ်၀တ်စုံနဲ့ ဖြတ်လျှောက်သွားတဲ့မြင်ကွင်းကို အခုချိန်ထိ မျက်လုံးထဲက ဖျောက်လို့ မရနိုင်သေးဘူး။ နောက်ဆုံး ဒီလို အထီးကျန်ပြီး ခြောက်ခြားစရာ ဖြစ်ရပ်တွေပြည့်နေတဲ့ သီးသန့်ထောင် တိုက်အနောက်ဘက်ခြမ်းကနေ အမြန်ပြောင်းခွင့်ရပါစေလို့ ဆုတောင်းလိုက်ရတော့တယ်။

စမ်းချောင်းသားရဲ့ ဆုတောင်းက ရက်အနည်းငယ် အကြာမှာ ပြည့်၀လာပါတော့တယ်။ အင်းစိန်အကျဉ်းထောင် ထောင်ပိုင်ကြီးက စမ်းချောင်းသားကို ပြစ်ဒဏ် ပြည့်မြောက်သွားလို့ တွဲဖက်ထောင်ကနေ ထောင်မကြီး တိုက်၀င်းထဲကို ပြန်လည် ပြောင်းရွှေ့ဖို့ အမိန့်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ စမ်းချောင်းသားလည်း သူ့ကို ပရလောကနဲ့ မိတ်ဆက်ပေးတဲ့ ၅ တိုက်၊ ၂၂ ခန်းကို ထူးခြားဆန်း ကြယ်စွာ ပြန်လည်ရောက်ရှိလာ ပါတော့တယ်။

 

”အိပ်ချိန် သံချောင်းခေါက်ရင် မနှင်းဆီ လာမည်”

________________________________

စမ်းချောင်းသားကို ထောင်ပိတ်ခါနီး အချိန်ရောက်မှ ထောင်မကြီးထဲက ၅ တိုက်၊ ၂၂ ခန်းကို ပြန်ပို့လိုက်တယ်။ ပိန်ချုံးပြီး လူရုပ်မပေါက်တော့တဲ့ စမ်းချောင်းသားကို ရှေ့နေကြီးတုိ့ သုံးယောက်လုံးက အံ့သြမှင်သက်ပြီး ငေးကြည့်နေမိတယ်။ နောက်မှ ပဲခူးသားက သူ့ရဲ့အိပ်ရာလိပ်ကို ကူဆွဲပြီး အခန်းပေါ် တင်လိုက်တယ်။ လေး ယောက်သား မထင်မှတ်ဘဲ ပြန်ဆုံတော့ ၀မ်းသာနေကြတယ်။ စမ်းချောင်းသားက အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်ပြီး ပြောရှာတယ်။

 

“ ဒီတိုက် ပြန်လာရတာကလည်း ခပ်လန့်လန့်ပဲ”

 

ရှေ့နေကြီးက စမ်းချောင်း သားကို ပခုံးဖက် ခေါ်လိုက်ပြီး နေရာချပေးတယ်။

 

“ ဘာမှ မရှိတော့ပါဘူးကွာ။ ငါတို့ကလည်း နေ့တိုင်းမေတ္တာပို့ အမျှဝေတယ်။ သူတို့ကိုလည်း ဒုက္ခမပေးဘူး။ သူတို့ကလည်း မနှောင့်ယှက်တော့ဘူး”

 

ပဲခူးသားကတော့ စမ်းချောင်းသားကို စချင်နောက်ချင်တဲ့ ပုံစံနဲ့ စကားတစ်ခွန်း လှမ်းပြောတယ်။

 

“မင်းရောက်လာတာ ကောင်းလိုက်တာကွာ။ ငါတို့လည်း တစ်နေ့တစ်နေ့ ဘာမှလည်း မလုပ်ရ ဘာသတင်းမှလည်း မရနဲ့ ပျင်းနေတာ အရည်ပျော်တော့မယ်။ မင်းလာမှ ညကျရင် ဂန္ထ၀င်စိမ်းလေး ဘာလေး ဆိုပြီး ပျော်ကြမယ်”

 

ပဲခူးသားစကား အဆုံးမှာ အားလုံး မတိုင်ပင်ဘဲ ရယ်လိုက်မိတယ်။ ဒါပေမဲ့ စမ်းချောင်းသားကတော့ မရယ်တဲ့ အပြင် လက်ဝါးကာပြပြီး ပဲခူးသားကို အလေးအနက် ပြန်ပြောတယ်။

 

“ တော်ပါတော့ဗျာ။ ဒီသီချင်းကြောင့် ခင်ဗျားတို့နဲ့ ရင်းနှီးခင်မင်ခဲ့ရသလို ဒီသီချင်းကြောင့်ပဲ မမြင်သင့်တာတွေ၊ မကြားသင့်တာတွေ မြင်ခဲ့ကြားခဲ့ရတာ၊ ဒီသီချင်းကိုတော့ မဆိုချင်တော့ပါဘူး”

 

အဲဒီညက လေးယောက်သား စကားတွေ ဖောင်ဖွဲ့အောင် ပြောဖြစ်ကြတယ်။ စမ်းချောင်းသားကလည်း တွဲဖက်ထောင်မှာ တစ်ယောက်တည်း ကြုံခဲ့ရတဲ့ ဇာတ်လမ်းကိုပြောပြတယ်။ ရှေ့နေကြီးတို့ကလည်း သူတို့ သိသမျှ ကြားသမျှတွေကို ဖလှယ်ကြတယ်။ အထီးကျန်ပြီး စိတ်ဆင်းရဲခဲ့မှုကြောင့် လူပါ ချုံးချုံးကျ ဖြစ်သွားတဲ့ စမ်းချောင်းသားခမျာ မိတ်ဆွေ နိုင်ကျဉ်းတွေနဲ့ အတူပြန်နေရတော့ အတော်ပျော်နေပုံပေါ်တယ်။ နှစ်ရက် သုံးရက်အတွင်း မျက်နှာလည်း သွေးရောင် လွှမ်းလာသလို ဝိတ်လည်း ပြန်တက်လာတယ်။ ကျန်းမာရေးလည်း ကောင်းလာတယ်။ အခန်း ၂၂ မှာလည်း ဘယ်ပရသားကမှ အနှောင့်အယှက် မပေးတော့ဘူး။

 

ဒီလို သာယာနေတဲ့ အချိန်မှာပဲ ထောင်မှာတော့ ရုတ်တရက် မုန်တိုင်း တိုက်လာတယ်။ ဒီမုန်တိုင်းကတော့ ၁၉၉၀ ခုနှစ်မှာ ပတ္တနိက္ကုဇန ကံဆောင်သပိတ်ကို ဆရာတော် သံဃာတော်ကြီးများ ပြုလုပ်ပြီး န၀တ အစိုးရကို သပိတ်မှောက်တော်မူတဲ့အတွက် ဖမ်းဆီးလိုက်တဲ့ သတင်းပါပဲ။ ဒီကံဆောင် သပိတ်ကြောင့် မြန်မာနိုင်ငံရဲ့ သာသနာ့နယ်ပယ်မှာ ထင်ရှားကျော်ကြားတဲ့ ဆရာတော်ကြီးတွေအပြင် လူပုဂိ်္ဂုလ် အတော်များများလည်း ဖမ်းဆီးခံရတဲ့ သတင်းတွေ ၀င်လာပါတယ်။ ဒါရဲ့နောက် ဆက်တွဲအဖြစ် နောက်ထပ် ဖမ်းဆီးတဲ့ လူတွေကို ထားဖို့ အင်းစိန်ထောင် တိုက်ထဲမှာရှိတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ရိုးရိုးအကျဉ်းသားတွေ နေထိုင်တဲ့ အဆောင်တွေကို ရွှေ့ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုရွှေ့ပြောင်းလိုက်မှုကြောင့် ၅ တိုက် ၂၂ ခန်းမှာရှိတဲ့ သူတို့ လေးယောက်ဟာ လူစုကွဲသွားပြီး စမ်းချောင်းသားကတော့ အချုပ်သားတွေထားတဲ့ ၁ ဆောင်ကို ရောက်ရှိသွားပါတယ်။

 

၁ ဆောင်ဆိုတာက အချုပ်သမားကြီးတွေကို ထားတဲ့ နှစ်ထပ်ဆောင် ဖြစ်ပါတယ်။ အောက်ထပ် ရှစ်ခန်း၊ အပေါ်ထပ် ရှစ်ခန်း အခန်း စုစုပေါင်း ၁၆ ခန်း ရှိပြီး အကျဉ်းသား ၁၆၀၀ လောက် ထားပါတယ်။ ၁၉၈၈ အရေးအခင်း ကာလမှာ ထောင်ဆူပူမှု ဖြစ်ပွားပြီး အကျဉ်းသားတွေက ထောင်ကို မီးရှို့တဲ့အတွက် အဆောင်ငါးဆောင် ရှိရာမှာ ကျန်လေးဆောင်လုံး မီးလောင်သွားပြီး ၁ ဆောင် တစ်ဆောင်သာ ကိုလိုနီခေတ် လက်ရာအတိုင်း အကောင်းပကတိ ကျန်ရစ်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတိုက်ပွဲ ဆန္ဒပြမှုတွေကြောင့် အာဏာသိမ်း အစိုးရက လူဖမ်းပွဲကြီးလုပ်လို့ ထောင်ထဲကို ၁၉၈၉ မှာ ကျောင်းသားတွေ အလုံးအရင်းနဲ့ ရောက်ရှိလာပါတယ်။

 

အင်းစိန်ထောင်ရဲ့ မူဝါဒအသစ်အရ နိုင်ငံရေး အကျဉ်းသားတွေကို တစ်စုတစည်းတည်းထားရင် ပြဿနာရှာပြီး အုပ်ချုပ်ရခက်ခဲတဲ့ အတွက် ရိုးရိုး အကျဉ်းသားတွေနဲ့ ရောနှော ထားလိုက်ပါတယ်။ ဒါကြောင့် ၁ ဆောင်မှာ နိုင်ငံရေး အကျဉ်းသားတွေထဲက အစဉ်အလာ ကြီးမားတဲ့ နိုင်ငံရေး သမားကြီးတွေထဲက ခရမ်းသုံးခွက ဦးစိန်၀င်း (၁၉၅၉ တကသ ဥက္ကဋ္ဌဟောင်း) အပါအ၀င် ပျံလွှား (ရန်ကင်း ကျောက်ကုန်း ဆန္ဒပြပွဲမှာ သေနတ်မှန်၍ အသံ အိုးပျက်သွားသူ)၊ တာမွေက သီဟ(ခ)ဆိတ်သိုး၊ ဖိုးဇော်(ခ)ကျော်မြင့်ဇော်၊ တိုက်ကြီး သက်ဦး (ကြမ်းတမ်းသော စစ်ပွဲနှင့် နူးညံ့သော နှလုံးသား၀တ္တုတွင် ဖော်ပြပြီး)၊ ကြည့်မြင်တိုင်က ညီညီလှိုင် (ကြမ်းတမ်းသောစစ်ပွဲနှင့် နူးညံ့ သောနှလုံးသား၀တ္ထုတွင် ဖော်ပြပြီး)၊ ပုသိမ်စိုးနိုင် (ကွယ်လွန်)၊ မြောက်ဥက္ကလာက အောင်ထူး (လက်ရှိ USA) တို့ ရှိကြတယ်။

 

သူတို့က ပြောင်းလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။ ဒါပေမဲ့ ၁ ဆောင် ဆိုတာ ထောင်ရဲ့ ပုံစံဆောင်ဖြစ်တဲ့ အတွက် ထောင်က ခန့်ထားတဲ့ အကျဉ်းသား အရာရှိ (တန်းစီး၊ အခန်းလူကြီး၊ စည်းကမ်းထိန်း) ဆိုသူတွေက နှိပ်စက်လွန်း အားကြီးလို့ အချုပ်သားတွေအတွက် အရမ်းချောက်ချားဖို့ ကောင်းတယ်။ ၁ ဆောင်ကို ရောက်လာတဲ့ အကျဉ်းသားတွေ ကို ရောက်ရောက်ချင်း ပုံစံခန်းထဲ ကို ခေါင်းငုံ့ပြီး၀င်ရတယ်။ အခန်း ထဲ သွင်းတဲ့အခါမှာလည်း တုတ် တွေနဲ့ရိုက်၊ သားရေခါးပတ်တွေ နဲ့ ရိုက်ပြီးမှသွင်းတယ်။ ရိုက်တဲ့ အခါမှာ လူမရွေးဘဲ အပြစ်ရှိရှိ မရှိရှိ ရိုက်တယ်။ သဘောကတော့ ထောင်ကိုရောက် လာတဲ့ သူတွေ ဟာ မတစ်ထောင်သားတွေဖြစ်တဲ့ အတွက် ဦးချိုးထားမှ ဖြစ်မယ် ဆိုပြီး ရိုက်တာပါပဲ။

 

ဒါပေမဲ့ ဒီ အကြောင်းပြချက်ရဲ့ နောက်မှာ တော့ သက်သေမပြနိုင်တဲ့ လက် မည်းကြီး ရှိနေတယ်။ အဲဒါက တော့ တန်းစီး တွေနဲ့ ထောင်ပိုင် တွေ၊ ထောင်မှူးတွေ ပညာပြမှု အရ ထောင်ကိုရောက်လာတဲ့ အချုပ်သားတွေဟာ အရိုက်မခံရ ဖို့ ထောင်ထဲမှာ သက်သက်သာ သာနေရဖို့ သူတို့နဲ့ အပေးအယူ လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒီ အပေးအယူဟာ အတိုင်းအတာ ပမာဏ မဖော်ပြနိုင်တဲ့ ငွေကြေး တွေပါပဲ။ ဒီငွေတွေနဲ့ တန်းစီးတွေ၊ အခန်းလူကြီးတွေဟာ ထောင်မှူး ထောင်ပိုင်တွေကို လုပ်ကိုင်ကျွေး မွေးနေရတာဖြစ်ပါတယ်။

၁ ဆောင်မှာ ထောင်မကျ သေးတဲ့ နိုင်ငံရေးအကျဉ်းသား တွေရှိသလို အင်းစိန်ထောင်မှာ နာမည်ကြီးပြီး ဇရှိတဲ့လူဆိုးတွေ လည်းအများကြီးရှိတယ်။ အဓိက ၁ ဆောင်ကို အုပ်ချုပ်နေတဲ့သူ ကတော့ စိုးမြတ်ကြီး (အင်းစိန် ထောင်မှ ဂန္ထ၀င်လူမိုက်ကြီးများ ၀တ္ထုတွင်ဖော်ပြပြီး)၊ ကျော်သူ(ခ)မြွေဖြူလေး (အင်းစိန်ထောင်မှ ဂန္ထ၀င် လူမိုက်ကြီးများ၀တ္ထုတွင် ဖော်ပြပြီး)၊ ဧရာကြီး (အင်းစိန် ထောင်မှ ဂန္ထု၀င်လူမိုက်ကြီးများ ၀တ္ထုတွင်ဖော်ပြပြီး)၊ လူလိမ်ဝိဇ္ဇာကျော်မြင့် (အင်းစိန်ထောင်မှ ဂန္ထု၀င်လူမိုက်ကြီးများ ၀တ္ထုတွင် ဖော်ပြပြီး) တို့လည်း ရှိကြတယ်။ စမ်းချောင်းသားတို့ကို လူမိုက်ကြီး တွေက ပုံစံခန်းမှာ သင်ခန်းစာ ပေးပေမယ့် နဂိုရောက်နှင့်နေတဲ့ ပျံလွှားနဲ့ သီဟတို့က စိုးမြတ်ကြီးကို ကြိုတင်ပြောဆိုထားတော့ ကြမ်း ကြမ်းတမ်းတမ်းရိုက်နှက်တာ မခံ ရတော့ဘူး။ နောက်တော့ စမ်း ချောင်းသားကို ပျံလွှားက စိုးမြတ် ကြီးနဲ့ မိတ်ဆက်ပေးတယ်။ စိုး မြတ်ကြီးက စကားပြော ကောင်း ပြီး ဖော်ရွေတယ်။

 

“မင်းက စမ်းချောင်းသား ဆိုတော့ အပိုင်စားပဲပေါ့။ ငါက အလုံသား၊ ၁ ဆောင်မှာတော့ ငါအုပ်ချုပ်တာမို့ ထောင်ကို တရားရိပ်သာလို့ သဘောထားပြီး မင်းနေလို့ရတယ်။ ဒါပေမဲ့ မဂ် ဖိုလ် နိဗ်္ဗာန်ကို ရောက်အောင် တော့ လုပ်ကွာ”

 

တန်းစီး စိုးမြတ်ကြီးရဲ့ စကားအဆုံးမှာ နိုင်ငံရေး သမားဖြစ်တဲ့ စမ်းချောင်းသား ကြွေသွားပါတယ်။ နောက်တော့ သူ ဒီလို တောကီကောင်းလို့ အင်းစိန်လို အရှေ့တောင်အာရှရဲ့ အကြီးဆုံးထောင်မှာ ဗိုလ်လုပ်ပြီး နေနိုင်တာပဲလို့ အောက်မေ့လိုက်တယ်။ တကယ်တော့ ထောင်ဆိုတာ လူဆိုး လူမိုက်တွေ မတစ်ရာသားတွေ စုဝေးရာနယ်ပယ် ဖြစ်ပေမယ့် အုပ်ချုပ်တဲ့သူတွေရော၊ အကျဉ်းသားတွေရော အနုပညာမြောက်အောင် စကားပြော ကောင်းကြပါတယ်။ ထောင်မှာ ဘာအလုပ်မှ မည်မည်ရရမရှိတော့ အမြဲတမ်း စကားပြောပဲ လေ့ကျင့်နေသလားလို့ ထင်ရတယ်။ တန်းစီးတွေ အတော်များများက စကားပြော ကောင်းကြတယ်။ ကျော်သူဆိုရင်လည်း လူကသာ အေးစက်စက်နဲ့ စကားပြော အရမ်းကောင်းတယ်။ ဆေးရုံကြီးစိန်၀င်းက သူ့ကို ချွတ်နဲ့ ထိုးတော့ “ ကျွန်တော့်ကို သတ်ရင် နှလုံးသားတည့်တည့်ကို တစ်ချက်တည်း ကိစ္စတုံးအောင် ထိုးပေး၊ နှလုံးသားကို ထိရင် ဒီဘ၀ ဆုတောင်းတာတွေ နောင်ဘ၀ကျ ပြည့်တတ်တယ်ဆိုလို့ပါ” လို့ ပြောတဲ့စကားဟာ ထောင်မှာ ကျန်ရစ်ခဲ့တယ်။

 

ထောင်ထဲမှာ သေသွားတဲ့ ငရှဉ့်ကလည်း “အမြစ်ရှည်တဲ့ သစ်ပင်ဆိုတာ တစ်နွေ နှစ်နွေ ရေမရှိရင်လည်း ရှင်တယ်ကွ” လို့ ပြောခဲ့ဖူးတယ်။ ဗလကြီးဆိုရင် အခန်းလူကြီး အသိအမှတ်ပြု အရစ်သုံးရစ်ပါ တံဆိပ်ကိုရင် ဘတ်မှာ ချိတ်ထားရင် “ အပင်မြင့်ရင်တော့ လေတိုက်ခံရမှာပဲ။ လေတိုက်မှာ မကြောက်လို့ တောင်ပေါ်တက်နေတာ။ ငါ့ နာမည် ဗလကြီး” လို့ အကျဉ်းသားတွေရှေ့မှာ မှာတမ်းခြွေလေ့ရှိတယ်။

 

အုပ်ချုပ်တဲ့ ထောင်မှူး ထောင်ပိုင်တွေရဲ့ တော်ကီတွေက လည်း ဒီနေ့အထိ ကျန်ရစ်ခဲ့ပါတယ်။ ထောင်မှူးကြီးတစ်ယောက်က သူ့တပည့်ဟောင်းကို ကန်ထုတ်တဲ့အခါ “ မြေခွေးဆိုတာ အမဲလိုက်ပြီးရင် အရေခွံဆုတ်ပစ် ရတာမျိုး” လို့ မှတ်ချက်ပေးဖူးတယ်။ အဲဒီအချိန်က အင်းစိန်ထောင်ကို အုပ်ချုပ်တဲ့ ထောင်ပိုင် ကြီးကတော့ “ ဟေ့မင်းတို့အကျဉ်း သားတစ်ယောက် သေရင် ငါ့မှာ စာရွက်နှစ်ရွက်ပဲ ကုန်တယ်ကွ” လို့ ပြောခဲ့ဖူးပါတယ်။

 

ဒီလို ထောင်ထဲမှာ စကား ပြောကောင်းတဲ့သူတွေ ရှိသလို ရှစ်လေးလုံးအရေးတော်ပုံကာလက ဦးဆောင်ဦးရွက် ပြုခဲ့တဲ့သူတွေရဲ့ စကားလုံးတွေဟာလည်း ဒီနေ့ခေတ်အထိ သမိုင်းမှတ်တမ်း ကျန်ရစ်ခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံရဲ့ သမိုင်းအစကို ပြောရင် စက်မှုတက္ကသိုလ်ကျောင်းသား ဘုန်းမော် လုံ/ထိန်းတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွား တာဟာလည်း အချက်တစ်ချက် အနေနဲ့ ပါ၀င်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဘုန်းမော် ကျဆုံးလို့ ကျောင်းသားတွေ ဆန္ဒပြရာကနေ မဆလအစိုးရ ပြုတ်ကျသွားပြီး န၀တ အစိုးရတက် လာတော့ ၁၉၈၉ မှာ ဘုန်းမော်အမှတ်တရပွဲကို ပြုလုပ်ခဲ့ပါတယ်။

 

အဲဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် (လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂိ်္ဂုလ်) တက်ရောက် ဟောပြောခဲ့သလို ပါတီခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေလည်း အသီးသီး တက်ရောက်ပြောကြားခဲ့ပါတယ်။ အဲဒီပွဲမှာ ပြည်သူ့ အရေးတော်ပုံပါတီ ဥက္ကဋ္ဌ ကိုကိုးကျွန်းပြန် ဦးခင်မောင်မြင့် ပြောတဲ့ မိန့်ခွန်းထဲက စကားလုံးတွေဟာ ဒီနေ့ဒီအချိန်ထိ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေရဲ့နှလုံးသားထဲမှာ စွဲထင် ကျန်ရစ်ခဲ့ပါတယ်။

 

“ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံဆိုတာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူ လူထုတစ်ရပ်လုံးက အာဏာရှင်ကို ဖြုတ်ချလိုက်တဲ့ လူထုတော်လှန်ရေးကြီး ဖြစ်တယ်။ လူထုတော်လှန်ရေးကြီးဖြစ်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေး တော်ပုံက မဆလပါတီကို ဖြုတ်ချလိုက်တယ်။ ပြည်သူတွေလည်း နိုင်ခဲ့တယ်။ အခု အာဏာရှင် တောင်ကြီး စပြိုနေပြီ။ ဒီတောင်ကြီး ပြိုနေတာကို လက်ကျန် စစ်အာဏာရှင် ပေါက်စတွေက လက်နဲ့ကာဖို့ မကြိုးစားပါနဲ့။ ခင်ဗျားတို့ပါ ရောပါသွားမယ်”

ဦးခင်မောင်မြင့်

(ပြည်သူ့အရေးတော်ပုံပါတီ)

 

အဲဒီပွဲမှာပဲ ဗကသ ကျောင်းသားခေါင်းဆောင်နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မိုးသီးဇွန် ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာလည်း ကျန်ရစ်ခဲ့တဲ့ စကားလုံး တွေရှိပါတယ်။

 

“ ကျုပ်တို့က ဒီမိုကရေစီလိုချင်လို့ တောင်းဆိုတာဖြစ်တယ်။ ဒါကို ခင်ဗျားတို့က ရွှေရည်စိမ် ဒီမိုကရေစီ ပေးပြီး အတုအယောင်နဲ့ လာမလှည့်စားနဲ့။ ကျုပ်တို့လိုချင်တာ ပဒုံမန်္တီလို မိန်းမမျိုး။ ငှက်ပျောတုံးကို ထဘီပတ်ပြီး လာမပေးနဲ့ မရဘူး”

မိုးသီးဇွန် (ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ)

 

နောက်တစ်ယောက်ကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသဥက္ကဋ္ဌ) မင်းကိုနိုင်ရဲ့ မိန့်ခွန်းဖြစ်ပါတယ်။

 

“ ကျွန်တော်တို့တွေက ဒီမိုကရေစီ တောင်းတယ်။ ခင်ဗျားတို့တွေက ဒီမိုကရေစီအစား လက်ထိပ်တွေ ပေးတယ်။ ကျွန်တော်တို့တွေက လူ့အခွင့်အရေး တောင်းတယ်။ ခင်ဗျားတို့တွေက ထောင်အုတ်ရိုးပေးတယ်။ ကျွန်တော်တို့က လွတ်လပ်ရေးကို တောင်းတယ်။ လွတ်လပ်ရေးရဖို့ ပေတစ်ရာလမ်းမပေါ် ထွက်လာတဲ့ အခါ ခင်ဗျားတို့က မီးခိုးဗုံးနဲ့ ထုတယ်။ သေနတ်နဲ့ပစ်တယ်။ ပေတစ်ရာလမ်းမပေါ်မှာ ပြည်သူတွေ အတုံးအရုန်း သေကြရတယ်။ သွေးပင်လယ်ကြီး ဖြစ်သွားတယ်။ ဒါပေမဲ့ ပေတစ်ရာလမ်းမပေါ်က သွေးကွက်တွေဟာ သွေးငွေ့တွေ အဖြစ်နဲ့ မိုးကောင်းကင်ပေါ် တက်သွားတယ်။ ကောင်းကင်ပေါ် ရောက်တဲ့အခါ သွေးတိမ်တောင်ကြီး ဖြစ်သွားတယ်။ အဲဒီသွေးတိမ်တောင် အစိုင်အခဲကြီးဟာ ခင်ဗျားတို့ အာဏာရှင်ဖိနှိပ်နေတဲ့ လူတန်းစားတွေရဲ့ ခန္ဓာကိုယ်ပေါ်ကို သွေးမိုးတွေအဖြစ် ရွာချပြီး ကလဲ့စားချေကြလိမ့်မယ်”

မင်းကိုနိုင် (ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ)

 

ဒီမိန့်ခွန်းဟာ အနုပညာ ဆန်လွန်းတဲ့အတွက် မိန့်ခွန်းကနေ သီချင်းအဖြစ် သမိုင်းတွင် ကျန်ရစ် ခဲ့ပါတယ်။ အဲဒီသီချင်းကို သံစဉ်ထည့်ပြီး ရဲနည်က မွမ်းမံခဲ့ကာ မွန်းအောင် သီဆိုတဲ့ “ သွေးမုန်တိုင်း” သီချင်း ဖြစ်သွားပါတယ်။

 

ဒီစကားလုံးတွေကို ဒီနေ့အထိ မှတ်မိနေတာကတော့ နိုင်ငံရေး မုန်တိုင်းထဲက အနုပညာ မိန့်ခွန်းတွေ ဖြစ်ခဲ့လို့ပါ။ လူတွေ အများကြီးကို ယုံကြည်ပြီး တိမ်းညွှတ်အောင် ပြောနိုင်တဲ့သူတွေမှာ နူးညံ့တဲ့ခံစားမှုနဲ့ မာကျောတဲ့ စိတ်လှုပ်ရှားမှုတွေ ရှိနေကြပါတယ်။ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေက တစ်ဆင့် ထွက်လာတဲ့ စကားလုံးတွေဟာ နားထောင်တဲ့ သူတွေကို အရည်ပျော်သွားစေပါတယ်။ ကမ္ဘာ့သမိုင်းထဲက စကား ပြောကောင်းတဲ့ သူတွေဟာ လူဆိုးထဲမှာရော လူကောင်းထဲမှာရော ရှိကြပါတယ်။ အမေရိကန် ပြည်ထောင်စုကို တည်ထောင်ခဲ့တဲ့ အီဗရာဟင်လင်ကွန်း စကားပြောကောင်းသလို ဒုတိယကမ္ဘာစစ်ကြီးကို မီးမွှေးခဲ့တဲ့ ဟစ်တလာလည်း စကားပြော ကောင်းတာပါပဲ။

 

ဒါကြောင့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ခေတ်စနစ်တွေပြောင်းလဲဖို့ ပြောခဲ့တဲ့ လူထုခေါင်းဆောင်တွေရဲ့ စကားလုံးတွေဟာ ကျန်ရစ်ခဲ့သလို လူဆိုးလူမိုက်ထဲက စိုးမြတ်ကြီးရဲ့ စကားလုံးတွေဟာလည်း အင်းစိန်ထောင်မှာ ကျန်ရစ်ခဲ့ပါတယ်။ စိုးမြတ်ကြီးပြောလေ့ရှိတဲ့ စကားကလည်း လှပါတယ်။

 

“ငါ့ညီတို့ကို တစ်ခုပြောချင်တယ်။ စာရေးဆရာမင်းသိင်္ခ ၀တ္ထုတွေ ဖတ်ဖူးမှာပေါ့။ သူ့စာအုပ်ထဲမှာ ပြည်သူတွေကို အကာအကွယ်ပေးနေတဲ့ ရဲတစ်ယောက် ရှိတယ်။ သူကတော့ ဆားပုလင်း နှင်းမောင်လို့ ခေါ်တယ်။ ဒီလိုပဲ သူ့စာအုပ်ထဲမှာ ပြည်သူတွေကို အကာအကွယ်ပေးနေတဲ့ လူမိုက် တစ်ယောက်လည်း ရှိတယ်။ သူကတော့ စနေမောင်မောင်။ အခုအချိန်ထိ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဆားပုလင်းနှင်း မောင်လို ရဲမျိုး ပုလိပ်ဌာနမှာ တစ်ယောက်မှ မပေါ်သေးဘူး။ ဒါပေမဲ့ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ စနေမောင်မောင်လို လူမိုက်တစ်ယောက်ကတော့ ပေါ်နေပြီ။ သူကတော့ စိုးမြတ်ကြီးလို့ခေါ်တဲ့ ကျုပ်ပဲ”

 

သူ့စကားလုံးတွေဟာ တော်ရုံတန်ရုံ အကျဉ်းသားတွေကို အရည်ပျော်သွားစေပါတယ်။ စိုးမြတ်ကြီးလိုပဲ လူမမြင်ရပေမယ့် ချောက်ချားစရာကောင်းပြီး ကြေကွဲစရာဖြစ်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ စကားတစ်ခွန်းဟာလည်း ထောင်မှာကျန်ရစ်နေပါတယ်။

 

“ ကျွန်မ မောင့်ကို ထောင်ထဲမှာ စိတ်မချဘူး။ ထောင်မှာ ယောက်ျား မိန်းမ အတူနေခွင့်ပေးရင် ထောင်အကျခံ လိုက်လာပြီး ရှင့်ကို ဟင်းချက်ကျွေးချင်လိုက်တာ”

 

ဒီလိုပြောခဲ့တဲ့သူကတော့ ထောင်ထဲမှာရှိတဲ့ ယောက်ျားတွေကို ၀င်၀င်စီးပြီး မွှေနေတဲ့ ပရလောကသား ဖြစ်ပါတယ်။

သူ့နာမည်ကတော့ “ မနှင်းဆီ” တဲ့။

 

(လက်ဆင့်ကမ်း သယ်ဆောင်လာသော မနှင်းဆီ (ခ) ကရင်မ ဒဏ္ဍာရီ)

—————————–

“ဆရာ၀န်တွေ ကတော့ ဒီလို Ejaculation (တစ်ကိုယ်ရည် ကာမအရသာ ပြီးမြောက်ခြင်း) ဖြစ်စဉ်ဟာ အသက်အရွယ်နဲ့ ခန္ဓာဗေဒဆိုင်ရာ လိုအပ်ချက် (Body Need) အရ ဖြစ်တတ်ကြောင်းနဲ့ ထောင်ထဲက သရဲမတစ်ယောက်က ဒီလိုမျိုး လာကျီစားတယ် ဆိုတာဟာ ဒဏ္ဍာရီ ပုံပြင်သဖွယ် ဖြစ်နေကြောင်း ပြောပါတယ်”

“ ၃ တိုက်မှာ မိန်းမတစ်ယောက် မြင်လိုက်ရတယ်”

“ ၃ တိုက်မှာ မိန်းမတစ်ယောက် မြင်လိုက်ရတယ်”

၁၉၈၉ ခုနှစ်၊ ရှစ်လေးလုံးနှစ်ပတ်လည် မရောက်ခင် အထက်ပါ သတင်းစကားဟာ တစ်ထောင်လုံး ကိုပျံ့နှံ သွားပါတယ်။ ဆိုးပေ့မိုက်ပေ့ဆိုတဲ့ မတစ်ထောင်သား၊ ယောက်ျားတွေချည်း နေတဲ့ ထောင်မှာ မိန်းမ တစ်ယောက် တွေ့လိုက်ရတယ်ဆိုတာ တိုက်၀င်းမှာတော့ အထူးအဆန်းပါပဲ။ ညဖက် အိပ်မပျော်တဲ့ နိုင်ငံရေး အကျဉ်းသားတစ်ယောက် စတွေ့ လိုက်တာက စတဲ့ဇာတ်လမ်းပါပဲ။

ဒီသတင်းဟာ ထောင်အတွင်းကို တောမီးပမာ ပျံ့နှံ့သွားပါတယ်။ တိုက်တစ်တိုက်နဲ့တစ်တိုက် ဆက်သွယ်လို့ မရအောင် အုတ်တံတိုင်းတွေ၊ သံဆန်ခါတွေ အမျိုးမျိုး ကန့်သတ်ထားပေမယ့် သန့်ရှင်းရေးလုပ်တဲ့ ဘောက်ဆင်းတွေ၊ မိလ္လာသမားတွေ၊ ထမင်းဘုတ်ကိုင်တွေကတစ်ဆင့် ဒီသတင်းဟာ အင်းစိန်ထောင်၀င်း အတွင်း ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ ဒီသတင်းကြောင့် တိုက်ထောင်မှူးကြီး မောင်ပြုံးက စတွေ့လိုက်တယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားကို ခေါ်စစ်ပါတယ်။

သူကတော့ ၁၉၈၈ ခုနှစ်၊ ဒလ ရဲစခန်းကို ၀င်ရောက် စီးနင်းမှုမှာပါတယ် ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ၀င်းရွှေ ဖြစ်ပါတယ်။ ၀င်းရွှေ ကို စစ်ဆေးမေးမြန်းတဲ့အခါ သူက ညဖက် ရေထသောက်တဲ့အချိန် ညသန်းခေါင်လောက် ၃ တိုက် ရှေ့မှာ လက်နောက်ပစ်ပြီး လမ်းလျှောက် နေတဲ့ အမျိုးသမီးတစ် ယောက်ကို သေချာမြင်လိုက်ရတယ်လို့ အခိုင်အမာ ပြောပါတယ်။ ထောင်မှူးကြီးက ကောလာဟလသတင်း ထုတ် လွှင့်ပြီး ထောင်ဆူပူမှုဖြစ်အောင် ရည်ရွယ်ပြီး လုပ်သလားဆိုတဲ့ သံသယနဲ့ စစ်ဆေးပေမယ့် တစ္ဆေသရဲ အယုံ အကြည်မရှိတဲ့ ၀င်းရွှေက တိတိကျကျပြောနေတဲ့အတွက် သူကိုယ်တိုင် ယုံကြည်သွားပါတယ်။

ဒီသတင်း ရုတ်ချည်း ပျံ့နှံ့သွား ပြီးတဲ့ နောက်မှာတော့ ထောင်သမ္ဘာတွေရဲ့ မှတ်ချက်နဲ့အတူ ဖြစ်နိုင်တဲ့ ဒဏ္ဍာရီတွေလည်း ဆက်တိုက် ထွက်ပေါ်လာပါတယ်။ ဒီဒဏ္ဍာရီ အမျိုးမျိုးထဲက တစ်ထောင်လုံး လက်ခံလိုက်တဲ့ ဇာတ်လမ်းကတော့ ၃ တိုက်မှာ တွေ့လိုက်ရတဲ့ အမျိုးသမီးဟာ မနှင်းဆီ (ခ) ကရင်မ ဖြစ်ရမယ်ဆိုတဲ့ ယူဆချက်ပဲ ဖြစ်ပါတယ်။ ဒီဖြစ် ရပ်မတိုင်ခင် ၁ ဆောင်မှာ ထူးခြားတဲ့ အဖြစ်အပျက်နှစ်ခု ဖြစ်ခဲ့ပါသေးတယ်။ ပထမအဖြစ်အပျက်ကတော့ အရေးအခင်းမှာ ပြည်သူတွေနဲ့ ပူးပေါင်းလာတဲ့ တပ်မတော်သားတွေရဲ့ သေနတ်တွေကို သရက်တော ကျောင်းတိုက် အတွင်းမှာ သိမ်းဆည်းထိန်းသိမ်းပေးခဲ့တဲ့ အတွက်ကြောင့် ထောင်ခုနစ်နှစ် ချမှတ်ခံရတဲ့ ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒကျောင်းသား မင်းလွင် ကြုံခဲ့ရတာ ဖြစ်ပါတယ်။

မင်းလွင်ဟာ အင်းစိန်ထောင် ၁ တိုက်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး သူနဲ့အတူ ရုပ်ရှင်မင်းသားကြီး အောင်လွင်၊ စံဇာဏီဘို၊ နောင်ရိုး တင်၀င်း၊ ကျောင်းသားခေါင်းဆောင်တွေထဲက တင်ဆန်း (ရကသ)၊ ပြုံးချို (ရကသ)၊ မင်းဇေယျ (မကသ)၊ ယဉ်ထွေး (လူ့ ဘောင်သစ်)၊ တင်အေး၊ BBC နေမင်း၊ ဦးတိုက်မောင်း စသဖြင့် ရှိကြပါတယ်။ မင်းလွင်ကတော့ ၁ တိုက် အစွန်ဆုံးအခန်းမှာ နေရပြီး အပြင် ထွက်ခွင့်မရှိပါဘူး။ ဒါကြောင့် တံခါးနှစ်ထပ်ရှိပေမယ့် တိုက်အရှေ့က ၀င်းတံခါးကိုတော့ သော့ခတ်မထားဘဲ ဖွင့်ပေးထားပါတယ်။ သူ့မှာ ပဲခူးအချုပ်ကပါလာတဲ့ ဆေးလိပ်ထုပ်ပါလာပါတယ်။ ထောင်ဗူး၀က မီးခြစ်သိမ်းထားလိုက်တယ်။

မင်းလွင်က ဆေးလိပ် အရမ်းကြိုက်တယ်။ ဒါကြောင့် အခန်းသံတိုင်ကိုကိုင်ပြီး တိုက်ရှေ့က ဖြတ်သွားသမျှ ၀န်ထမ်းတွေ၊ ဘောက်ဆင်းတွေဆီက ဆေးလိပ်မီး တောင်းလေ့ရှိတယ်။ အချို့ကလည်း သနားတော့ သူ့ကို သောက်လက်စ ဆေးပေါ့လိပ်လေးတွေနဲ့ မီးပေးသွားလေ့ရှိပါ တယ်။ ဒါပေမဲ့ ခက်တာက မီးတို့ ရတဲ့ကိစ္စပဲ။ အကျဉ်းသားတွေက အရေးအခင်းမှာ ထောင်ကိုမီးရှို့ တဲ့အတွက် နှစ်ထပ်ဆောင်တွေ အတော်များများ မီး လောင်ပျက် စီးသွားတယ်။ အဲဒီကတည်းက အကျဉ်းသားတွေကို မီးခြစ်ကိုင်ဆောင်ခွင့် မပေးတော့ပါဘူး။ ဒါ ကြောင့် ညဘက်ဆိုရင် ကင်းစောင့်တဲ့ဝါဒါတွေဆီက ဆေးလိပ် မီးတောင်းရလေ့ရှိပါတယ်။

တစ်ညမှာတော့ မင်းလွင်က ဆေးလိပ် အရမ်းသောက်ချင်နေတယ်။ ဒါပေမဲ့ ဘယ်ကင်းသမားမှ တိုက်ရှေ့ကို တော်တော်နဲ့ရောက် မလာဘူး။ ဒီတော့ ဆေးပေါ့လိပ် အတိုကိုင်ပြီး ကင်းသမားကိုမျှော် ရင်း သူတစ်ချက် အိပ်ငိုက်သွား တယ်။ ရုတ်တရက် သူ့အခန်းရှေ့ မှာ ခြေသံကြားတော့ အိပ်ချင်မူးတူးနဲ့ လှမ်းအော်လိုက်တယ်။

“ဆရာရေ ဆေးလိပ်မီး တစ်တို့လောက်”

သူ့စကား ဆုံးတဲ့အခါမှာတော့ အခန်းရှေ့ကို လူတစ်ယောက် လာရပ်တယ်။ သံတိုင်ကြားကနေပြီး သူ့ကို ဆေးလိပ်မီး လှမ်းပေးလိုက်တယ်။ သူကလည်း ဆေးလိပ်သောက်ချင်ဇောနဲ့ လူကို မကြည့်မိဘဲ ဆေးလိပ်မီးကို အလောတကြီး ညှိလိုက်တယ်။ သူ့ဆေးလိပ်ကို ပြန်ပေးလိုက်ရော အဲဒီလူက ဘာမှမပြောဘဲ ပြန်ထွက်သွား တယ်။ ဒီလူ့ရဲ့လက်က အရှည်ကြီး ဆိုတာတော့ သတိထားမိတယ်။ မင်းလွင်လည်း ဆေးလိပ်မီးလေးရတုန်း အရသာခံပြီး အားပါးတရဖွာနေတုန်းမှာ သူ့တိုက်ခန်းရှေ့၀င်းတံခါးအ၀မှာ ညတာ၀န်ကျ၀န်ထမ်း ပေါ်လာတယ်။

“ ဟေ့ အကျဉ်းသား ညဘက် အချိန်မတော် ဘာလို့ ဆေးလိပ် သောက်နေတာလဲကွ”

သူ့စကားဆုံးတဲ့အခါ မင်းလွင်လည်း နဝေတိမ်တောင် ဖြစ်သွားတယ်။ သူထင်တာက ဆေးလိပ်မီးကို ညတာ၀န်ကျ ၀န်ထမ်းပဲ စေတနာဗရပွနဲ့ လာပေးတာလို့ ထင်နေတုန်းပါ။ ဒါကြောင့် သူက ပြန်ရှင်းပြလိုက်တယ်။

“ ဆရာပဲ ဆေးလိပ်မီး လာပေးလို့ သောက်နေတာလေ”

သူ့စကား ဆုံးဆုံးချင်း ၀န်ထမ်းက စိတ်ဆိုးမာန်ဆိုးနဲ့ သံတိုင်တံခါး၀အထိ လျှောက်လာတယ်။

“ ဟေ့ကောင် လျှောက်ပြော မနေနဲ့။ ငါဒီတိုက်မှာ ဘယ်သူ့ကိုမှ ဆေးလိပ်မီး မပေးသေးဘူးကွ”

မင်းလွင်ကလည်း မခံဘူး။ သူ့ကို ဆေးလိပ်မီးပေးခဲ့တယ်လို့ ယုံကြည်လို့ ခံပြောတယ်။

“ ခင်ဗျား မပေးဘဲ ဒီမီးကို ဘယ်ကတို့ရမလဲဗျ”

ဒီဖြစ်ရပ်ကြောင့် ညတာ၀န် ကျ၀န်ထမ်းက ထောင်မှူးကြီးဆီကို ထူးခြားဖြစ်စဉ်အဖြစ် အစီရင်ခံတင်ပြပါတယ်။ နောက်တစ်နေ့မှာ ထောင်မှူးကြီး မောင်ပြုံးက တိုက်မှာ တာ၀န်ကျတဲ့ည၀န်ထမ်းတွေကို ခေါ်ယူ စစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးတဲ့အခါ ဘယ်သူကမှ မင်းလွင်ဆီကို သွားပြီး ဆေးလိပ်မီး မပေးကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ မင်းလွင်ကိုစစ်ပြီး ၀န်ထမ်းတွေကို ခေါ်ပြတဲ့အခါမှာလည်း ဆေးလိပ်မီးပေးတဲ့ သူရဲ့ မျက်နှာကို မကြည့်ခဲ့တာကြောင့် ဘာမှမပြောနိုင်ခဲ့ပါဘူး။

ဒုတိယ အဖြစ်အပျက်ကတော့ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ၁ တိုက်မှာ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ထောင်ကျပြီးသားတွေရော၊ ပုဒ်မ ၁၀ (က) နဲ့ ထိန်းသိမ်းထားသူတွေရော ရှိနေပါတယ်။ ဦးအောင်လွင်ရဲ့ အခန်းထဲမှာ နောင်ရိုးတင်၀င်း (မာလာတင်၀င်း) နဲ့ ကျောင်းသား ခေါင်းဆောင်တင်ဆန်းတို့ ရှိပါတယ်။ အဲဒီအချိန်က ရှစ်လေးလုံး တစ်နှစ်ပြည့်လု ပြည့်ခင်ကာလ ဖြစ်ပါတယ်။ ဒီတိုက်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အတွေး အခေါ် အယူအဆ အားကောင်း သူတွေဖြစ်ပြီး တချို့ဟာ နိုင်ငံကျော် ပုဂိ်္ဂုလ်တွေ ဖြစ်ပါတယ်။

သူတို့ထဲက အများစုဟာ ထောင်ထဲက ပါးစပ်ပြော ဒဏ္ဍာရီတွေကိုလည်း ယုံကြည်သူတွေ မဟုတ်ပါဘူး။ ဒါကြောင့် မင်းလွင်ကို ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်က ဆေးလိပ်မီး ပေးခဲ့တာကိုလည်း ဟာသလိုပဲ သဘောထားပါတယ်။ ဒါပေမဲ့ ညတစ်ညမှာတော့ သူတို့ရဲ့ ယုတ်္တိဗေဒတွေးခေါ်စဉ်းစား မှုကို စိန်ခေါ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ညသန်းခေါင်ကျော် အချိန်ကြီး ၁ တိုက်မှာ အသံနက်ကြီးနဲ့အော်သံ တစ်ခု ကြားလိုက်ရတာက စပါတယ်။ စတင်အော်တဲ့သူကတော့ BBC ဦးနေမင်း ဖြစ်ပါတယ်။ ဦးနေမင်းရဲ့ အော်သံဟာ ဘေး အခန်းတွေကို ကူးစက်သွားပြီး အဲဒီအခန်းက လူတွေကလည်း ဆက်အော်ပါတယ်။ ဒီလိုအော်တဲ့ အချိန်မှာ ဦးအောင်လွင်က ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်နေတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ဘေးမှာ အိပ်နေတဲ့ နောင်ရိုးတင်၀င်းနဲ့ ကိုတင်ဆန်းက ထအော်ပါတယ်။

တစ်ဆက်တည်းမှာပဲ နောင်ရိုးတင်၀င်းက အိပ်ချင်မူး တူးနဲ့ အပြင်ကို လက်ညှိုးထိုးပြီး “၀င်လာပြီ ၀င်လာပြီ ဖြူဖြူ အကောင်ကြီး ၀င်လာပြီ” ဆိုပြီး အော်ပါတော့တယ်။ ဦးအောင်လွင်က နှစ်ယောက်လုံးကို အိပ် ရာကနိုးအောင် ညဘက် ပရိတ်ရွတ်ပြီး ထည့်ထားတဲ့ ရေခွက်ထဲက ပရိတ်ရေနဲ့ လှမ်းပက်ပါတယ်။

ဒါပေမဲ့ သူတို့ကနတ်ပူးသလို တုန်ယင်နေပြီး ပါးစပ်ကလည်း ဆက်အော်နေကြတယ်။ လှမ်းသတိပေးလို့ မရတော့တဲ့အဆုံး ဦးအောင်လွင်က သူတို့နှစ်ယောက်ရဲ့ ရင်ဘတ်ကို လက်သီးနဲ့ ထိုးလိုက်တယ်။ ပြီးတော့ ပါးစပ်ကလည်း တစ်ဆက်တည်း အော်လိုက်တယ်။

“ သွားကြ မင်းတို့ထွက်သွား ကြ ငါတို့ကိုဘာမှအန္တရာယ်မပေးနဲ့”

ဦးအောင်လွင်ရဲ့ လက်သီးချက်ဒဏ် ခံလိုက်ရလို့လားမသိဘူး။ နောင်ရိုးတင်၀င်းလည်း အော်သံ တိတ်သွားတယ်။ ကိုတင်ဆန်းလည်း သတိ ပြန်လည်လာတယ်။ အဲဒီညက ၁ ဆောင်မှာ သရဲစီးတယ်ဆိုပြီး တိုက်၀င်း တစ်ခုလုံး သတင်းပျံ့နှံ့သွားတယ်။ ၁ ဆောင်မှာရှိတဲ့ သူတွေကလည်း တကယ် ကြုံတွေ့လိုက်ရတာကြောင့် ဒီဖြစ်ရပ်ကို ဆန့်ကျင်ပြီး မှတ်ချက်ပေးတာတွေ မလုပ်ကြတော့ဘူး။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၃၀ နီးပါးကြာမှ ဦးအောင်လွင်က အခုလို ပြန်ပြောပြတယ်။

“တကယ်တော့ ၁တိုက်က တိုက်၀င်းထဲမှာ အစွန်ကျတယ်။ ဒီတော့ လူသွားလူလာလည်း နည်းတာပေါ့။ ဒါပေမဲ့ ပရလောကသားတွေရဲ့ အရိပ်အယောင် တစ်ခါ မှ မတွေ့ခဲ့ရဘူး။ အဲဒီတစ်ညပဲ ကမ္ဘာပျက်သလို ဆူညံသွားခဲ့တာ။ နောက်တော့ ဒါဘာလို့ဖြစ်တာလဲဆိုပြီး စုံစမ်းကြည့်လိုက်တော့ ၁၉၈၈ ခု၊ သြဂုတ်လ ၂၆ ရက်နေ့က အင်းစိန်ထောင်မှာ ထောင်ဆူပူမှု ဖြစ်ပွားတယ်လို့ သိခဲ့ရတယ်။ အဲဒီဆူပူမှုမှာလည်း လူတွေ၊ ထောင်သားတွေအတော် သေခဲ့တယ်။ ၁ တိုက်မှာ ပိတ်မိနေတဲ့သူတွေကလည်း စားစရာ မရှိတော့လို့ ခွေးတွေကြောင်တွေကိုပါ သတ်စားရတဲ့အထိ ဖြစ်ခဲ့ကြတယ်။ နောက်တော့ ဒီလူတွေလည်း သေကုန်ကြတာပါပဲ။ ကျွန်တော် သိရသလောက် ရှော်ဖီရဲ့ အမှုတွဲတွေလောက်ပဲ အသက်ရှင်ခဲ့တယ်”

ဦးအောင်လွင်ရဲ့ မှတ်ချက်ကို တိုက်၀င်းမှာ နေဖူးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား တော်တော်များများက ငြင်းဆန်ခြင်း မပြုကြပါဘူး။ ဒါကြောင့်လည်း အသိရခက်တဲ့ ဆန်းကြယ်မှုတွေနဲ့ ပြည့်စုံနေတဲ့ အင်းစိန် ထောင်ကြီးရဲ့ ၃ တိုက်ရှေ့က အမျိုးသမီးတစ်ယောက် လမ်းလျှောက်သွားတာကို မဝေဖန်ကြတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို နိဂုံးချုပ် လိုက်တော့ မနှင်းဆီ (ခ) ကရင်မလို့ အားလုံးက လက်ခံလိုက်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ မကရင်မဟာ စိတ်လိုရင်လိုသလို ညဘက် ရောက်ရင် ထောင်ကျ အကျဉ်းသားတွေရဲ့အပေါ်ကို ခွတက်ပြီး ကျီစားတတ်တယ်ဆိုတဲ့ သတင်း စကားကလည်း ရှိနေပါတယ်။ ဒီလိုမျိုး ညဘက် ကရင်မရဲ့ကျီစားခြင်းကို ခံရပြီးတဲ့သူတွေဟာ ရှက်ကိုးရှက်ကန်းနဲ့ မနက်ရောက်ရင် ရေကန်မှာ ပုဆိုးတွေလျှော်၊ အိပ်ရာခင်း တွေလျှော်ပြီး သူငယ်ချင်းတွေက မေးမြန်းတဲ့အခါ “ညက ကရင်မ တော်တော်ဆိုးတယ်ဗျာ” လို့ ပြောလေ့ရှိကြပါတယ်။

ဒီလို ပြောတဲ့သူဟာ အမှန်တကယ် ညက ကရင်မနဲ့တွေ့ခဲ့လို့ ပြောတာလား။ သူ့ဘာသာသူ အရှက်ကို ကာကွယ်ဖို့ ပြောတာလား ဆိုတာ ဘယ်သူမှမခွဲခြားနိုင်ပါဘူး။ ထောင်ထဲကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ ဆရာ၀န်တွေ ကတော့ ဒီလို Ejaculation (တစ်ကိုယ်ရည် ကာမအရသာ ပြီးမြောက်ခြင်း) ဖြစ်စဉ်ဟာ လူတွေရဲ့ အသက်အရွယ်နဲ့ ခန္ဓာဗေဒဆိုင်ရာ လိုအပ်ချက် (Body Need) အရ ဖြစ်တတ်ကြောင်းနဲ့ ထောင်ထဲက သရဲမတစ်ယောက်က ဒီလိုမျိုး လာကျီစားတယ် ဆိုတာဟာ ဒဏ္ဍာရီ ပုံပြင်သဖွယ် ဖြစ်နေကြောင်း ပြောပါတယ်။

aဆးပညာ သဘောအရ အသက်အရွယ် ငယ်ရွယ်တဲ့ ယောက်ျား လေးတစ်ယောက်ဟာ တစ်ပတ်ကို လေးကြိမ်လောက် ကာမအာသာ ဖြေဖျောက်ရန်လိုအပ်ပြီး အသက်အရွယ် ကြီးရင့်သူဟာ အနည်းဆုံး တစ်ကြိမ် ဖြေဖျောက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကံဆိုးမိုးမှောင်ကျမှုအရ ထောင်ထဲကို ရောက်လာတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ ထိတွေ့ ဆက်ဆံမှု မရတော့တဲ့အတွက် ခန္ဓာဗေဒ ဖြစ်စဉ်အရ လက်ဖြင့် ဖြေဖျောက်ခြင်း (Masturbation) လုပ်ရင်လုပ်၊ မလုပ်ရင် သူ့အလိုလို သုက်လျှံခြင်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ အခန်းဖော်မိတ်ဆွေ သူငယ်ချင်းတွေကြား အရှက်မရအောင် ကာကွယ်ဖို့ ကရင်မ ဇာတ်လမ်းကို Cover Story လုပ်ကြတယ်လို့ ဝေဖန်ကြပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၁ တိုက်ကို ရောက်နေတဲ့ စမ်းချောင်းသားတို့ အုပ်စုကလည်း အရမ်း စိတ်၀င်စားနေ ပါတယ်။ စမ်းချောင်းသားကိုယ်တိုင် ၅ တိုက် ၂၂ ခန်းက ပရလောကသားတွေ နဲ့ ကြုံတွေ့ခဲ့ရတဲ့ လောလော လတ်လတ် ဇာတ်လမ်းတွေရှိနေ တော့ ၃ တိုက်ရှေ့မှာ အမျိုးသမီး တစ်ယောက် တွေ့လိုက်ရတယ်ဆိုတဲ့ ၀င်းရွှေရဲ့ ကိုယ်တွေ့ ဖြစ်စဉ်ကို သူက လုံးဝထောက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ၁ တိုက်ကို ရောက်နေတဲ့ နိုင်ငံရေးအကျဉ်း သားတွေထဲက ကြည့်မြင်တိုင်သား ညီညီလှိုင်က မဖြစ်နိုင်ဘူးဆိုပြီး ဇွတ်ငြင်းနေပါတယ်။

ဒါကြောင့် ဆရာ၀န်တွေပြောသလို အရှက်မရအောင် ဖန်တီးထားတဲ့ လုပ်ကြံပုံပြင်တွေ ဖြစ်နိုင်တယ်ဆိုပြီး ၁ တိုက် ညောင်ပင်အောက်မှာ ငြင်းခုံနေကြပါတယ်။ သူတို့ရဲ့ ငြင်းခုံပွဲဟာ တဖြည်းဖြည်းအရှိန် မြင့်လာတယ်။ နိုင်ငံရေးအကျဉ်း သားတွေတင် မကတော့ဘူး။ ရိုးရိုးအကျဉ်းသားတွေလည်း ပါလာတယ်။ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတဲ့ အချိန်မှာပဲ ရင်ဘတ်မှာ အတန်းသုံးတန်းပါတဲ့ တံဆိပ် ထိုးထားတဲ့ လူတစ်ယောက် ရောက်လာပြီး အားလုံးကို ပြောတယ်။

“ကရင်မ တကယ်ရှိမရှိ ငြင်းမနေကြပါနဲ့ကွာ။ ငါက အင်းစိန်ထောင်ကို အရေးအခင်းပြီးမှ ရောက်လာတဲ့သူ မဟုတ်ဘူး။ အရေးအခင်း မတိုင်ခင်ကတည်းက ဒီထောင်မှာ အကြာကြီး နေလာခဲ့တာ။ ကရင်မဆိုတာ တကယ်ရှိတယ်။ ဘာလို့လဲဆိုတော့ ကရင်မယောက်ျား၀င်းမြင့်နဲ့ ငါ အကြာကြီးနေခဲ့ရတာကွ။ ၀င်းမြင့် ထောင်က လွတ်သွားပေမယ့် ကရင်မကတော့ ဒီထောင်ထဲမှာ မကျွတ်ဘဲ ကျန်နေခဲ့တယ် ဆိုတာ ငါရဲရဲကြီး ပြောရဲတယ်”

အဲဒီလိုပြောလိုက်တဲ့သူက တော့ ၁ တိုက် တန်းစီးတစ် ယောက်ဖြစ်တဲ့ လူလိမ်ဝိဇ္ဇာကျော်မြင့်ပဲ ဖြစ်ပါတယ်။

 

 

[ထောင်ဗူး၀လမ်းပေါ်မှာ ကျိန်စာသင့်ခဲ့သော မနှင်းဆီ]

———————————-

လူလိမ်ဝိဇ္ဇာကျော်မြင့်ရဲ့ စကားတစ်ခွန်းကြောင့် ကရင်မ (ခ) မနှင်းဆီအပေါ် ထင်မြင်ယူဆချက် အမျိုးမျိုး ပြောဆိုနေမှုတွေအားလုံး အသံတိတ်သွား ပါတယ်။ စမ်းချောင်းသား အပါအ၀င် အနားမှာ ရှိနေသူအားလုံးက (၁) ဆောင်တန်းစီးရဲ့အနီးကို ရောက်ရှိသွားပါတယ်။ ကျော်မြင့်က လွန်ခဲ့တဲ့ ခုနစ် နှစ်လောက်က ကြေကွဲစရာ ကောင်းတဲ့ ကို၀င်းမြင့်နဲ့ မနှင်းဆီရဲ့ဇာတ်လမ်းလေးကို ပြောပြပါတယ်။

၁၉၈၀ ကျော်ခုနှစ် ၀န်းကျင်လောက် က စမ်းချောင်းဝေဠု၀န်အိမ်ရာမှာ ရိုးသားအေးဆေးတဲ့ ဇနီးမောင်နှံ နှစ်ယောက် ရှိ တယ်။ ယောက်ျားဖြစ်တဲ့ ကို၀င်းမြင့်က ဆက်သွယ်ရေးရုံးမှာ ရုံးအုပ်ကြီးဖြစ်ပြီး ဇနီးဖြစ်သူ မနှင်းဆီကတော့ စာရင်းရုံးမှာ အလုပ်လုပ်တယ်။ အဲဒီခေတ်က မြန်မာငွေ တန်ဖိုးရှိသေးတော့ နှစ်ယောက်လုံး အလုပ် လုပ်တဲ့ မိသားစုတွေဟာ ချောင်လည်ကြပါ တယ်။ ကို၀င်းမြင့်တို့ လင်မယားက အပိုလည်း ကုန်စရာ မရှိတော့ ငွေလေးကြေး လေး စုဆောင်းမိတယ်။ သူတို့မိသားစု အတွက် အကြီးမားဆုံးလိုအပ်နေတဲ့ ကွက်လပ် ကတော့ ရင်သွေးရတနာလေး ရရှိဖို့ ပါပဲ။

 

မနှင်းဆီရဲ့ အိမ်နာမည်က ကရင်မ လို့ ခေါ်ပြီး ဧရာ၀တီတိုင်း ဝါးခယ်မကနေ ရန်ကုန်ကို ရောက်ရှိလာ တာဖြစ် ပါတယ်။ အသက် ၄၀ အရွယ် ကို၀င်းမြင့်နဲ့ တွေ့ တော့ မနှင်းဆီရဲ့အသက်က ၃၆ နှစ်လောက် ရှိရော့မယ်။ ဒီတော့ အိမ်ထောင်ကျ နောက် ကျတယ်ဆိုရမှာပေါ့။ ကလေးရဖို့ အသည်း အသန် ကြိုးစားကြတယ်။ နာမည်ကြီးတဲ့ ဗေဒင်ဆရာတွေဆီကို သွားမေးကြတယ်။ ရှိရှိသမျှရုက္ခစိုးကို တိုင်တည်ဆုတောင်းဆို တော့ လည်းလုပ်လိုက်တာပဲ။ ယတြာပေါင်း စုံလည်း ချေနေတာပဲ။ ဒါပေမဲ့ ထူးခြား မလာပါဘူး။ မနှင်းဆီလည်း ကလေးမရ တော့ တငိုငိုတရယ်ရယ်နဲ့ပေါ့။

 

နောက်ဆုံး ကို၀င်းမြင့်ရဲ့ သူငယ်ချင်းတစ်ယောက် အကြံပေးလို့ အထူးကုဆရာ၀န်ကြီးတစ် ယောက်နဲ့ ပြကြည့်တယ်။ ဆရာ၀န်ကြီးက ကလေးရဖို့ နှစ်ယောက်လုံးမှာ ဘာလိုအပ် ချက်မှမရှိဘဲ ပြည့်စုံတယ်လို့ ပြောတယ်။ ကလေးမရတဲ့ အကြောင်းရင်းကို ဆန်းစစ် ကြည့်လိုက်တော့ နှစ်ယောက်လုံးရုံးအလုပ်တွေနဲ့ အိမ်အလုပ်တွေ ဖိစီးနေတာဖြစ်နိုင်တယ်လို့ ပြောပြတယ်။ ဆရာ၀န်ကြီး ပြောလည်း ပြောစရာပဲ။ မနှင်းဆီခမျာ မနက် မိုးလင်းရင် စျေးကိုပြေးပြီး ၀ယ်ရခြမ်းရ တယ်။ ပြီးတော့ ရုံးအမီချက်ရပြုတ်ရတယ်။ နှစ်ယောက်လုံး ထမင်းဘူးကိုယ်စီနဲ့ ရုံး သွားကြပြီး တစ်နေကုန် ရုံးအလုပ်တွေ လုပ်ရပြန်တယ်။ အိမ်ရောက်တော့ ကို၀င်း မြင့်က အေးအေးလူလူ အနားရပေမယ့် မနှင်းဆီခမျာ မနားရပြန်ဘူး။ လင်မယား နှစ်ယောက်လုံးရဲ့ အ၀တ်ဟောင်းတွေ လျှော်ချင်လျှော်၊ ဒါမှမဟုတ် အိမ်သန့်ရှင်း ရေးလုပ်၊ ဒါမှမဟုတ် ချက်ပြုတ်ကြော်လှော် နဲ့ လုပ်စရာတွေ အပြည့် ပါပဲ။ ဒီအခြေအနေ တွေကြောင့် ညဘက်ရောက်တော့ နှစ် ယောက်လုံး မောပန်းပြီး အိပ်မောကျသွား တော့ တယ်။ ဒီပုံစံကိုပြောင်းလဲပစ်ဖို့ ဆရာ၀န်က အကြံပေးတယ်။ ခရီးသွားဖို့လည်း အကြံပေးတယ်။ ဒါပေမဲ့ ရုံး၀န်ထမ်းတွေ ဆိုတော့ ခရီးသွားဖို့ဆိုတာ ရုတ်တရက် မလွယ်ပါဘူး။ ဒီတော့ ကို၀င်းမြင့်က သူ့ ဇနီးရဲ့အလုပ် တွေ နည်းသွားအောင် ဘယ် လိုလုပ်ရမလဲဆိုတာ စဉ်းစားတယ်။ နောက် ဆုံး အိမ်မှာ အိမ်မှုကိစ္စ ဗာဟီရတွေကို ကူ လုပ်ဖို့ ကူဖော်လောင်ဖက် တစ်ယောက် ထားဖို့ အကြံရသွားတယ်။

 

အဲဒီခေတ်က အိမ်ဖော်လို့ပဲဆိုဆို အိမ် အကူလို့ပဲပြောပြော ရှာရတာ အရမ်းလွယ် တယ်။ ခုခေတ်လို ပွဲစားတွေဘာတွေလည်း မရှိဘူး။ နယ်ဘက် တောဘက်က ရိုးသား ပြီး ငွေလိုနေတဲ့ မိန်းကလေးတွေ မရချင်မှ အဆုံး၊ ပေါမှပေါပဲ။ စာရိတ္တပိုင်းမှာလည်း ပြောစရာမရှိဘူး။ တချို့ဆိုရင် နှစ်တွေကြာ လာတာနဲ့အမျှ မိသားစုလိုတောင်ဖြစ်သွား ကြတယ်။ အခုလည်း ကို၀င်းမြင့်နဲ့မနှင်းဆီ တို့အတွက် အိမ်အကူရှာတဲ့အခါ ပဲခူးဘက် ကနေ အလုပ်လာရှာတဲ့ မစန်းဆိုတာ တွေ့ သွားတယ်။ မစန်းက အသက်အစိတ် လောက်ရှိပြီ။ ရုပ်ကတော့ သာမန်ရွက်ကြမ်း ရေကျိုပဲ။ အိမ်အလုပ်ကိုတော့ တရစပ် လုပ်နိုင်တယ်။ မစန်းရောက်လာကတည်း က မနှင်းဆီလည်း တော်တော်အနားရသွား တယ်။ အိမ်ကိုလည်း မျက်နှာလွှဲထားနိုင် တယ်။ ခင်ပွန်းဖြစ်သူက လည်း လူရိုးလူ အေးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မစန်းနဲ့ စိတ်ချတယ်။ ဒီလိုနဲ့ ရင်သွေးငယ်လေး ရောက်လာမယ့် နေ့ကို စိတ်ကူးယဉ် စောင့်မျှော်နေကြတယ်။

 

တစ်ရက်မှာတော့ အေးချမ်းသာယာ နေတဲ့ ကို၀င်းမြင့်တို့ မိသားစုလေးကို မုန် တိုင်းတစ်ခု မထင်မှတ်ဘဲ၀င် ရောက်လာခဲ့ တယ်။ အဲဒါကတော့ မနှင်းဆီတစ်ယောက် ဗီရိုရှင်းရင်းက စတာပါပဲ။

 

“ ဟယ် … အစ်ကိုရေ နှင်းဆီရဲ့ အ၀တ်အစားတွေ လျော့နေတယ်။ အစ်ကို ဗီရိုရှင်းသေးလား”

 

ကို၀င်းမြင့်လည်း ဇနီးဖြစ်သူရဲ့ဗီရိုကို ကြည့်ရင်း ပြာပြာသလဲ ငြင်းတယ်။

 

“ ကတ်သီးကတ်သတ် အစ်ကို ညီမ အ၀တ်အစားတွေ လက်ဖျားနဲ့တောင်မထိ ဘူး”

 

မနှင်းဆီက သူ့အ၀တ်အစားတွေကို ဆက်စစ်ဆေးကြည့်တယ်။ ပြီးတော့ စိတ် ပျက်လက်ပျက်နဲ့ ခင်ပွန်းသည်ကို လှမ်း ပြောတယ်။

 

“ သေချာတယ် အစ်ကို မနှင်းဆီရဲ့ အ၀တ်အစားတွေပျောက်နေတယ်။ အစ်ကို့ အ၀တ်အစားတွေလည်း စစ်ကြည့်လိုက်ဦး မယ်”

 

လင်မယားနှစ်ယောက် ဗီရိုထဲက အ၀တ်အစားတွေကို စစ်ကြည့်ကြတယ်။ အဲဒီတော့မှ ကို၀င်းမြင့်နဲ့ စတစ်အင်္ကျီတချို့ နဲ့ ပုဆိုးတွေလည်း ပျောက်နေတာကို တွေ့ ရတယ်။ တကယ်တော့ လူသုံးယောက်သာ ရှိတဲ့အိမ်မှာ သူစိမ်းလူလည်းအ၀င်အထွက် မရှိဘူး။ သူစိမ်းဆိုလို့ မစန်းပဲ သတ္တုချရ တော့မယ်။ ကို၀င်းမြင့် ကတော့ သေသေ ချာချာမသိဘဲ မစန်းကိုမစွပ်စွဲစေချင်ဘူး။ မနှင်းဆီက မစန်းကို တိုးတိုးတိတ်တိတ် ခေါ်မေးတော့လည်း မစန်းက သူလုံး၀မသိ တဲ့အကြောင်း၊ ပြီးတော့ဒီလိုအကျင့်စာရိတ္တမျိုး သူ့မှာမရှိတဲ့ အကြောင်း အကြောက် အကန် ငြင်းတယ်။ နောက်ဆုံး အ၀တ် အစားပျောက်တဲ့ ပြဿနာက ဒီမှာပဲပြီး သွားတယ်ဆိုပါစို့။

 

ကို၀င်းမြင့်နဲ့ မနှင်းဆီတို့လည်း ဒီကိစ္စကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။ သားသမီးရတနာ ရလာဖို့ကတော့ မထူး ခြားသေးဘူး။ ရုံးပိတ်ရက်တစ်ရက်ရောက် လာတော့ မနှင်းဆီက ဗီရိုတွေ၊ သေတ္တာတွေ ရှင်းပြန်တယ်။ ရှင်းရင်းနဲ့ ခင်ပွန်းဖြစ် သူကို အလန့်တကြားလှမ်းခေါ်တယ်။

 

“ အစ်ကိုရေ လာပါဦး”

 

ကို၀င်းမြင့် ရောက်လာတော့ ဗီရိုကို ဖွင့်ပြပြီး ပြောလိုက်တယ်။

 

“ အစ်ကိုရေ အ၀တ်အစားတွေ ထပ် ပျောက်ပြန်ပြီ”

 

ဒီပြဿနာ ပြန်ပေါ်လာပြီး သူတို့လင် မယားနှစ်ယောက် ခေါင်းခဲသွားတယ်။ မစန်းကိုလည်း ထပ်မစစ်ချင် တော့ဘူး။ မနှင်းဆီက စိတ်ရှုပ်လာတာကြောင့် မစန်း ကို ပဲခူးပြန်ပို့ဖို့တိုင်ပင်တယ်။ ကို၀င်းမြင့်က မစန်း ခိုးမခိုး မသေချာဘဲ ပြန်မပို့စေချင် ဘူး။ မစန်းပြန်သွားရင် သူ့မိန်းမပဲ အလုပ် ပင်ပန်းမှာကို သိနေတယ်။ မနှင်းဆီလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။ နောက် ဆုံးတော့ သူအကြံတစ်ခုရသွားတယ်။

 

တစ် ရက်မှာ ရုံးသွားချင်ယောင်ဆောင်ပြီး နာ နတ်တောလမ်း တစ်နေရာကနေ မစန်း အခြေအနေကို စောင့်ကြည့်တယ်။ မွန်းလွဲ ချိန်လောက်မှာ အိမ်ထဲကနေ မစန်းထွက် လာတယ်။ ဘေးပတ်၀န်းကျင်ကို ကျီးကန်း တောင်းမှောက် ကြည့်ပြီး ကြည့်မြင်တိုင် ညစျေးဘက်ကို ထွက်သွားတယ်။ မနှင်းဆီ လည်း မစန်းနောက်ကို ထက်ကြပ်မကွာ လိုက်တာပေါ့။ မစန်းက ရထားလမ်းကူးပြီး ညစျေးရောက်တော့ ညစျေးတန်းက အမျိုး သား အမျိုးသမီးတွေက မစန်းကို အတင်း ဝုိင်းခေါ်ကြတယ်။

 

“ ဟေ့ ဖောက်သည်ကြီး ဒီလာ”

 

“ ကျွန်တော်တို့ဆီလည်း လာလို့ရတယ် နော်”

 

စျေးသည်တွေရဲ့ မစန်းအပေါ်ထူးခြား တဲ့ ဖော်ရွေမှုကြောင့် မနှင်းဆီ တွေးရခက် သွားတယ်။ ဒါပေမဲ့ ဇာတ်လမ်းကို လိပ် ပတ်လည်အောင် ဆက်စောင့်ကြည့်လိုက် တယ်။ မစန်းက အမျိုးသမီးတစ်ယောက်ရဲ့ ဆိုင်ထဲကို ၀င်သွားတယ်။ သိပ်မကြာခင်ပဲ မစန်းနဲ့ အဲဒီအမျိုးသမီး ပြန်ထွက်လာပြီး ညစျေးတန်း အိမ်သာ ဘက်ကို ခေါ်သွား တယ်။ ဆိုင်ကိုပြန်လာတော့ ဆိုင်ရှင်အမျိုး သမီးလက်ထဲမှာ အ၀တ်အစားအထုပ်တစ် ထုပ် ပါလာတယ်။ မစန်းပြန်သွားတော့ မနှင်းဆီ တွေဝေနေသေးတယ်။ နောက် တော့ အဲဒီအ၀တ်အစား အဟောင်း ဆိုင် သွားပြီး စျေး၀ယ်သူပုံစံမျိုး လေ့လာကြည့် လိုက်တယ်။ အဲဒီမှာပဲ သူ့ရဲ့အ၀တ်အစား တချို့ကို တွေ့လိုက်ရ တယ်။ မနှင်းဆီက ရှေ့ကထွက်သွားတဲ့ မစန်းလက်ကို ဆွဲပြီး တစ်ခါတည်းဖမ်းရင် ကောင်းမလားလို့ စဉ်းစား သေးတယ်။

 

ဒါပေမဲ့ လူကြားထဲမှာ သူရှက်ပါလိမ့်မယ်ဆိုပြီး လွှတ်ပေးလိုက် တယ်။ ညဘက်ရောက်မှ ခင်ပွန်းဖြစ်သူ ကို၀င်းမြင့်ကို အကျိုးအကြောင်း ပြောပြ လိုက်တယ်။ ကို၀င်းမြင့်လည်း ကြားကြား ချင်း အံ့သြနေသေးတယ်။ နောက်တော့ စိတ်ဆိုးသွားပြီး ညတွင်းချင်းရှင်းဖို့ဆုံးဖြတ် လိုက်တယ်။ ဒါကြောင့် မစန်းကို ခေါ်လိုက် တယ်။ နေ့လယ်ကအဖြစ်အပျက်တွေကို အသေးစိတ် မနှင်းဆီကပြောပြလိုက်တယ်။ အစပိုင်းမှာ မစန်းက ရှက်ရမ်း ရမ်းပြီး ဘူး ကွယ်နေသေးတယ်။ မနှင်းဆီက ဆက် သည်းမခံနိုင်တော့ဘူး။

 

“ ညည်းကို ငါ လက်ပူးလက်ကြပ် မဖော်ချင်ဘူး မစန်း။ အဲဒီဆိုင် ညည်းကို ခေါ်သွားပြီး စစ်ဆေးလိုက်ရင် ညည်းလည်း ဒုက္ခရောက်မယ်။ အဲဒီဆိုင်လည်း သူခိုးလက်ခံဆိုပြီး ဒုက်္ခရောက်မယ်။ ဒီတော့ အမှန်အတိုင်း ပြော”

 

မစန်းက မပြောဘဲ မျက်ရည်တွေကျ နေတယ်။ ကို၀င်းမြင့်ကတော့ မစန်းကို ကြည့်ပြီး စိတ်ပျက်နေပြီ။ ဒီတော့ စကား ကို အပြတ်ပြောချလိုက်တယ်။

 

“ ရှုပ်တယ်ဟာ ငါတို့လည်း ဒီလောက် ဆို အကြောင်းစုံသိပြီ။ အဲဒီတော့ နင်ရသင့် ရထိုက်တဲ့လခကို ပေးလိုက်မယ်။ နင်ဒီမှာ ဆက်မနေနဲ့တော့”

 

ကို၀င်းမြင့်စကားလည်းဆုံးရော မစန်း က ချုံးပွဲချငိုတယ်။ သူ့မှာ နေမကောင်း ဖြစ်နေတဲ့ အမေအိုရှိနေလို့ အလုပ်မဖြုတ် ပါနဲ့လို့ တောင်းပန်တယ်။ ဒါပေမဲ့ ကို၀င်း မြင့်က ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ဘူး။ ဒီလို ခိုးတတ်ဝှက်တတ်တဲ့ အကျင့်စာရိတ္တ ရှိသူကို အိမ်တစ်အိမ်လုံး အပ်ထားရမှာကို လည်း ၀န်လေးတယ်။ အခုတောင် အ၀တ် အစားလောက်ပဲ ပျောက်တာမို့လို့ ရုံး ရောက် ဂါတ်ရောက် မဖြစ်တာ။ တန်ဖိုး ကြီးတဲ့ ရတနာပစ္စည်းတွေ၊ ငွေတွေသာ ပျောက်ရင် ဒီထက် ပြဿနာကြီးမှာကို ကြိုတင် မြင်ယောင်နေတယ်။ ဒါကြောင့် မစန်းဘယ်လိုပဲအသနားခံခံ ကို၀င်းမြင့်က လက်မခံဘူး။ ပဲခူးပြန်ဖို့ကိုပဲ ပြောနေ တယ်။ အဲဒီအချိန်မှာ မစန်းက ကို၀င်းမြင့်နဲ့ မနှင်းဆီတို့နှစ်ယောက်လုံးကို လက်အုပ်ချီ ကန်တော့ပြီး သူ့ကိုခွင့်လွှတ်ဖို့ ထပ်ပြော တယ်။ ဒါပေမဲ့ မနှင်းဆီက စိတ်ဆိုးဒေါသ ထွက်လာလို့ ခါးခါးသီးသီး ငြင်းလိုက် တယ်။

 

“ တော်ပြီ မစန်း၊ မနက် ပဲခူးပြန်ဖို့ အ၀တ်အစားတွေ သိမ်းတော့”

 

မနှင်းဆီစကားဆုံးဆုံးချင်းမှာပဲ မစန်း က ဝုန်းခနဲ မတ်တတ်ထရပ်လိုက်တယ်။ သူ့မျက်နှာကလည်း ခုနက တိုးလျှိုးတောင်း ပန်နေတဲ့မျက်နှာမျိုးမဟုတ်တော့ဘဲ ဒေါသ ကြောင့် မျက်လုံးတွေက မီး၀င်း၀င်းတောက် နေတယ်။ ပြီးတော့ မနှင်းဆီကို ပြန်ပြီး အော်လိုက်တယ်။

 

“ အစ်မက ကျွန်မ ဒီလောက်တောင်း ပန်နေတာတောင် မကျေနပ်ဘူးပေါ့ ဟုတ် လား။ ကောင်းပြီလေ၊ ဒါဆို ကျွန်မအ ကြောင်းပြရတာပေါ့။ မနက်ဖြန်အထိလည်း အစ်မတို့အိမ်မှာ မနေပါဘူး။ အခု အ၀တ် အစားသိမ်းပြီး ပြန်မှာပါ”

 

စကားဆုံးဆုံးချင်း မစန်းက ဝုန်းဒိုင်း ကျဲပြီး သူတို့ရှေ့ကထွက်သွားတယ်။ မစန်း ရဲ့ အပြုအမူကြောင့် မနှင်းဆီနဲ့ ကို၀င်းမြင့် တို့လည်း အံ့အားသင့်ပြီး ကျန်ရစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ မပြင်တော့ဘူး။ နောက်ထပ် အကျင့်စာရိတ္တကောင်းတဲ့ အိမ်အကူတစ်ယောက်ရအောင် ရှာဖို့ကိုပဲ စိတ်ကူးထားတယ်။ မစန်းက သူ ပြောထားတဲ့စကားအတိုင်း ညတွင်းချင်းပဲ အ၀တ်အစားတွေ ထုပ်ပိုးပြီး ကို၀င်းမြင့်နဲ့ မနှင်းဆီအိမ်ပေါ်ကနေ ဆင်းသွားတယ်။ ညဘက် ဘယ်ကိုသွားနေမလဲဆိုတာ မသိ ပေမယ့် သူ့ကိုလည်း မေးမနေတော့ဘူး။ မစန်းထွက်သွားတော့ မနှင်းဆီနဲ့ကို၀င်းမြင့် လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြတယ်။ မနှင်းဆီက ကို၀င်းမြင့် ကို နှစ်သိမ့်ဖျောင်းဖျတဲ့အနေနဲ့ လက်ကို ကိုင်လိုက်ရင်း ပြောတယ်။

 

“ အရမ်းလည်း စိတ်ညစ်မသွားပါနဲ့ အစ်ကိုရယ်။ မနက်ဖြန် နှင်းဆီကိုယ်တိုင် စျေးသွားပြီး အစ်ကို့ကို ဟင်းချက်ကျွေးပါ့ မယ်”

“ ရပါတယ် နှင်းဆီရယ်။ အိမ်အလုပ် တွေ အစ်ကိုကူမှာပေါ့။ နောက်ထပ် အိမ် ဖော် မရမချင်း ဝုိင်းလုပ် ပေးနိုင်ပါတယ်”

 

ဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖေးမရင်း ညသန်းခေါင်ကျော် တော့ အိပ်ပျော် သွားကြပါတယ်။ ညဘက် က ပြဿနာတွေရှင်းနေရတဲ့အတွက်ကြောင့် အိပ်ရာ၀င် နောက်ကျလို့လား မသိဘူး။ မနက်ရောက်တော့ မနှင်းဆီရော ကို၀င်း မြင့်ရော တော်တော်နဲ့ မနိုးကြသေးဘူး။ အဲဒီအချိန်မှာပဲ အိမ်တံခါး ခေါက်သံ ပေါ် လာတယ်။ ကြမ်းကြမ်းတမ်းတမ်း ခေါက် နေတာကြောင့် ကို၀င်းမြင့်လည်း အိပ်မှုန် စုံမွှားနဲ့ တံခါးထဖွင့်ပေးလိုက်တယ်။ အိမ် ရှေ့မှာ ရောက်နေသူတွေကိုကြည့်ပြီး သူ ကြက်သေသေသွားတယ်။ ရောက်နေတဲ့ သူတွေကတော့ ရဲအရာရှိနဲ့ ရဲသားတချို့ ရယ်၊ ရပ်ကွက်လူကြီးတချို့ရယ် ဖြစ်ပါ တယ်။ ကို၀င်းမြင့်က ယောင်တိယောင်နနဲ့ အိမ်ထဲ ဖိတ်ခေါ်လိုက်တယ်။ ပြီးတော့မှ မေးလိုက်တယ်။

 

“ ဘာကိစ္စရှိပါသလဲ ခင်ဗျာ”

 

ရဲအရာရှိက ကို၀င်းမြင့်ကိုကြည့်ပြီး သေချာအောင် လှမ်းမေးတယ်။

 

“ ဒီက နောင်ကြီးက ကို၀င်းမြင့်ဆိုတာ လား”

 

“ ဟုတ်ပါတယ်ခင်ဗျာ”

 

ရဲအရာရှိက အားနာနေပုံ ရပေမယ့် အိတ်ထဲက လက်ထိပ်ကို ထုတ်ယူလိုက် တယ်။

 

“ အားနာပါတယ်ဗျာ။ နောင်ကြီးကို အမျိုးသမီးတစ်ယောက်က မုဒိမ်းမှုနဲ့ အမှု ဖွင့်ထားလို့ လာခေါ်တာပါ”

 

ရဲအရာရှိစကား ဆုံးတဲ့အခါမှာတော့ ဒီအဖြစ်အပျက်ကို မယုံကြည်နိုင်ပုံနဲ့ မနှင်း ဆီက စူးစူးဝါးဝါးထအော်တယ်။ ဒီလိုအမှု ဆိုတာ ရပ်ကွက်ထဲကလို ဖြေရှင်းရတဲ့အမှု မျိုးမဟုတ်ဘဲ စခန်းရောက်မှ ရှင်းရလင်းရ တဲ့ အမှုမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေအရ မုဒိမ်းမှုလိုမျိုးဟာ အမှုကြီး အမျိုးအစားထဲမှာ ပါ၀င်နေပါတယ်။

အဆုံးမှာတော့ ကို၀င်းမြင့်ကို လက် ထိပ်ခတ်လိုက်တဲ့အချိန် မနှင်းဆီကတော့ မြေကြီးပေါ်ပစ်လဲသွားပြီး ပဒါမြေလူး ဖြစ်သွားတယ်။

အိမ်မှာ မနှင်းဆီ လဲကျကျန်ရစ်ခဲ့ပေမယ့် ကို၀င်းမြင့်ကတော့ လောလောဆယ် ရဲတွေရဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါတယ်။ ကို၀င်းမြင့်က အိမ်ဖော်မစန်းကို မုဒိမ်းမှု ကျူးလွန်တယ်၊ မကျူးလွန်ဘူး ဆိုတာကို အဲဒီခေတ်က ဓာတုဗေဒနည်းအရ စစ်ဆေးဖို့ဆိုတာ ချက်ချင်းလက်ငင်း အဆုံးအဖြတ် မပေးနိုင်ပါဘူး။ အချိန်လည်းပေးရပါတယ်။ မစန်းဟာ မုဒိမ်းမှု တကယ် ကျူးလွန်ခံရခြင်း ရှိမရှိ မှုခင်းဆရာ၀န်ရဲ့ စစ်ဆေးမှုကလည်း လိုအပ်နေပြန်ပါတယ်။ ဒီလိုအခြေအနေက ကို၀င်းမြင့်ကို သံတိုင်ရဲ့နောက်ကွယ် ပို့လိုက်မယ့် ဇာတ်လမ်းပါ။

 

တစ်သက်လုံး ရိုးရိုးသားသား နေထိုင်ခဲ့တဲ့ ကို၀င်းမြင့်ရဲ့သတင်းကိုကြားတော့ သူ့ရဲ့ မိတ်ဆွေအပေါင်း အသင်းတွေက မယုံကြည်ကြပါဘူး။ ဒါဟာ တမင်သက်သက် ခွင်ဆင်ခံရတယ်လို့လည်း ဝေဖန် မှတ်ချက် ပေးကြပါတယ်။ ဒါပေမဲ့ ကို၀င်းမြင့်ကတော့ စမ်းချောင်း ရဲစခန်းမှာ နှစ်ရက်သာနေရပြီး သောကြာနေ့ ညနေမှာ တော့ အင်းစိန်ထောင်ကြီးကို ပို့ဆောင်ခြင်း ခံလိုက်ရပါတယ်။

 

ကို၀င်းမြင့် ရောက်သွားတဲ့ နေရာကတော့ အင်းစိန်ထောင်က အချုပ်သားတွေကို ထားတဲ့ အမှတ် ၁ အိပ်ဆောင် ဖြစ်ပါတယ်။ အဲဒီအချိန်က ၁ ဆောင်ဟာ နှစ်ထပ်ဖြစ်ပြီး အပေါ်မှာ လေးခန်း၊ အောက်မှာ လေးခန်း ရှိပါတယ်။ ဒီအဆောင်မှာ အချုပ်သား တစ်ထောင်ကျော် ရှိနေပါတယ်။ ထောင်ဆိုတာ မိမိနဲ့ ဘယ်လိုမှ ပတ်သက် ဆက်စပ်ခြင်း မရှိနိုင်ဘူးလို့ တွေးထင်ခဲ့တဲ့ ကို၀င်းမြင့်ခမျာ အင်းစိန်ထောင်ကြီးထဲကို နဖူးတွေ့ဒူးတွေ့ ရောက်လာတော့ ခြေတွေတုန်၊ လက်တွေတုန်ပြီး သွေးလန့် ချောက်ချားလျက်ရှိပါတယ်။ နယ်ပယ်စုံက မိုက်ပေ့ဆိုတဲ့ မတစ်ထောင်သားတွေ စုဝေးရာနေရာဖြစ်သလို အကျဉ်းထောင်ရဲ့ စနစ်အရ အကျဉ်းသားတွေကို အကျဉ်းသားတွေနဲ့ ပြန်လည် အုပ်ချုပ်ခိုင်းတဲ့အတွက်ကြောင့် ရက်စက်ကြမ်းတမ်းမှုတွေ အပြည့်ရှိနေပါတယ်။ မိမိမျက်စိရှေ့မှာပဲ အပေါ် အကျီချွတ်ထားတဲ့ အကျဉ်းသားတွေကို သရေခါးပတ်ပြားနဲ့ တရွမ်းရွမ်း ရိုက်နေတာကို မြင်ရတော့ ရောမခေတ်က သုံ့ပန်းတွေကို ညဉ်းပန်းနေတဲ့ ရုပ်ရှင်တွေကို ပြန်သတိရမိတယ်။

 

ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်နေတဲ့ ကို၀င်းမြင့်ရဲ့ တုန်လှုပ် ချောက်ချားနေတာတွေကို သတိပြုမိသွားတာကတော့ ရန်ကုန်မြို့က ထောင်ဂျပိုး လူလိမ်ဝိဇ္ဖာကျော်မြင့်ပဲ ဖြစ်ပါတယ်။ လူလိမ်ကျော်မြင့်က ၁ ဆောင် ၃ ခန်းမှာ အခန်းလူကြီး ဖြစ်နေတော့ ကို၀င်းမြင့်ကို ဘာအလုပ် လုပ်သလဲ မေးတယ်။ ကို၀င်းမြင့်ကို ဆက်သွယ်ရေးရုံးက စာရေးကြီးမှန်း သိသွားတော့ ချက်ချင်းပဲ သူ့အခန်းစာရေးအဖြစ် ခန့်လိုက်တယ်။ ဘာပဲပြောပြော ၁ ဆောင်မှာ တခြား အလုပ်ကြမ်းတွေ လုပ်ရတာထက်စာရင် အခန်းစာရေးဆိုတော့ တော်သေးတာပေါ့။ ပြီးတော့ သူနဲ့အတူတူ စားခိုင်းတဲ့အတွက် စာရေးသောက်ရေးလည်း ပြေလည်သွားတယ်။ ကို၀င်းမြင့်ကတော့ ထောင်ရောက်စမှာ မှိုင်မှိုင်တွေတွေ ဖြစ်နေတယ်။ ရုံးမထုတ်သေးတော့ ဇနီးဖြစ်တဲ့ မနှင်းဆီနဲ့လည်း မတွေ့ရသေးဘူး။

 

အမှု အခြေအနေက ဘယ်လိုမှန်းလည်း မသိရသေးဘူး။ ကျော်မြင့်ကတော့ ကို၀င်းမြင့် အမှုအခြေအနေကို မေးမြန်းကြည့်ပြီး ကို၀င်းမြင့်ဟာ တကယ် မစန်းကို မကျူးလွန်ဘူးဆိုတာ ချက်ချင်း သိသွားတယ်။ ဒါကြောင့် ကို၀င်းမြင့်ကို ဘာမှ စိတ်မပူဖို့ အားပေးနှစ်သိမ့်တယ်။ ဘယ်လိုပဲပြောပြော ကျော်မြင့်က ကို၀င်းမြင့်ရဲ့ စိတ်သောကတွေကိုတော့ ဖြေဖျောက်ပေးနိုင်ခြင်း မရှိပါဘူး။ ဒီလိုနဲ့ ကို၀င်းမြင့် ရုံးထွက်နေ့ကို ရောက်လာတယ်။

 

စမ်းချောင်းတရားရုံးကို ရုံးထွက်ရတော့ အင်းစိန် ထောင်ဗူးဝြကီးရှေ့ကနေ ရဲကား အပြာကြီးနဲ့ အချုပ်သားတွေ စုပြီး စီးရတယ်။ တစ်ယောက်ချင်းစီကို လက်ထိပ် မခတ်နိုင်တဲ့အတွက် ကြိုးအရှည်ကြီး တစ်ချောင်းနဲ့ ရဲတွေက အချုပ်သား တစ်ယောက်စီကို ကြိုးချည်ပြီး တွဲထားတယ်။ တကယ့်ကို တိရစ္ဆာန်သာသာပါပဲ။ ကိုယ့်ဘ၀ အခြေအနေကို ကြည့်ပြီး ၀မ်းနည်းနေပေမယ့် ဒါဟာ အတိတ်ဘ၀ ၀ဋ်ကြွေးလို့ပဲ ကို၀င်းမြင့်တစ်ယောက် နှလုံး သွင်းလိုက်ပါတယ်။ တရားရုံးရောက်ရင် ဇနီးဖြစ်သူ မနှင်းဆီနဲ့ တွေ့ရမှာဆိုတော့ ရင်ထဲမှာ အားအင်တွေ ပြည့်လာတယ်။

 

စမ်းချောင်းတရားရုံးလည်း ရောက်ရော မနှင်းဆီနဲ့ အိမ်နီးနားချင်း မိတ်ဆွေတွေအားလုံး စောင့်နေတာ တွေ့လိုက်ရတယ်။ မနှင်းဆီက လူတွေကို ကြိုးတန်းလန်း ချည်ပြီး ခေါ်လာတဲ့အထဲမှာ ခင်ပွန်း ဖြစ်သူကို တွေ့ရတော့ မချိတင်ကဲ ဖြစ်သွားတယ်။ ထိန်းထားတဲ့ကြားက မျက်ရည်တွေ တသွင်သွင်ကျလာတယ်။ ယိုင်လဲမသွားအောင် ပါလာတဲ့ အမျိုးသမီးအဖော်တွေက ဖေးမထားရတယ်။ ကို၀င်းမြင့်လည်း ဇနီး ဖြစ်သူကို တွေ့တွေ့ချင်း ရင်ထဲမှာဆို့နင့် လှိုက်လဲပြီး စကားမဆိုနိုင်ဘူး။ တစ်ယောက် ကိုတစ်ယောက် ၀မ်းနည်းပက်လက် အပြန်အလှန် ကြည့်နေကြတယ်။

 

မနှင်းဆီရဲ့ လက်ထဲမှာတော့ ကို၀င်းမြင့်စားဖို့၊ ဆေးတွေ၊ အစားအသောက် အထုပ်တွေ ကိုင်ထားတယ်။ တရားရုံးက ကို၀င်းမြင့်ရဲ့အမှုကို စွဲချက်တင်သင့်မတင်သင့် ရဲစခန်းရဲ့ အမှု တွဲတင်ပြချက်ကို လေ့လာပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုရှယ်လစ်ခေတ်ရဲ့ တရားစီရင်ရေး သဘောတရားအတိုင်း အရမ်းနှေးကွေးနေပါတယ်။ ကို၀င်းမြင့်ကို တရားရုံးက မခေါ်ခင်မှာ မနှင်းဆီနဲ့ ခဏတာ တွေ့ရတယ်။ ကို၀င်းမြင့်က မနှင်းဆီကို တွေ့တွေ့ချင်း စကားတစ်ခွန်း ဆီးပြောလိုက်တယ်။

 

“ နှင်းဆီ …မစန်းကို အစ်ကို စိတ်နဲ့တောင် မပြစ်မှားဖူးဘူး”

 

ကို၀င်းမြင့်စကားဆုံးဆုံးချင်း မနှင်းဆီက ငိုလိုက်ပြန်တယ်။ ပြီးတော့ ခေါင်းညိတ် ပြတယ်။

 

“ယုံတယ်အစ်ကို၊ ညီမတို့ အိမ်ထောင်သက်တမ်း တစ်လျှောက်မှာ အစ်ကို့စိတ်ကို ညီမအသိဆုံး။ ဒါ တမင်သက်သက် ထောင်ချောက်ဆင် ခံရတာ”

 

မနှင်းဆီက ပြောလည်းပြော ငိုလည်းငိုရင်း ကို၀င်းမြင့်ကို ဖက်ထားတယ်။ ကို၀င်းမြင့်က ရဲတွေရော၊ အခြားသူစိမ်းတွေရော ဝုိင်းကြည့်နေတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေတယ်။ ဒါကြောင့် ကို၀င်းမြင့်က ထောင်ထဲမှာ နေရတာ အဆင်ပြေကြောင်း သူ့အတွက်ဘာမှ မပူဖို့ စကားလမ်းကြောင်း လွှဲရင်း ဇနီးသည်ကို ပြောပါတယ်။ မနှင်းဆီကတော့ ကို၀င်းမြင့်မျက်နှာကို မချိတင်ကဲ သေချာ စူးစိုက်ကြည့်နေရင်းက –

 

“ပိန်သွားလိုက်တာ အစ်ကိုရယ်။ ထောင်ထဲမှာ အဆင်ပြေတယ်ဆိုတာ မနှင်းဆီ စိတ်ချမ်းသာအောင် တမင် ပြောတာ မဟုတ်လား”

 

“တကယ်အဆင်ပြေပါတယ်။ ကိုကျော်မြင့်ဆိုတဲ့ ဆရာကြီးတစ်ယောက်က အစ်ကို့ကို ကြည့်ရှု စောင့်ရှောက်ထားတော့ စားရသောက်ရတာလည်း ကောင်းတယ်”

 

ကို၀င်းမြင့် စကားအဆုံးမှာ မနှင်းဆီက ချုံးပွဲချ ငိုချလိုက်ပြန်တယ်။ သူတို့ကို ဘေးကလူတွေရော၊ ရဲတွေရော ဝုိင်းကြည့်နေကြတယ်။ အဖော်ပါလာတဲ့သူတွေက မနှင်းဆီ တက်မသွားအောင် ဖြေသိမ့်ပြီး ရှုဆေးတွေပေး၊ လက်တွေချိုး လုပ်ပေးနေရတယ်။ မနှင်းဆီက ငိုသံကြီးနဲ့ ဆက်ပြောတယ်။

 

“အစ်ကိုထောင်ထဲရောက်ရတာ နှင်းဆီကြောင့်၊ ဘာလို့လဲဆိုတော့ မစန်းကို တစ်ရက် နှစ်ရက်လောက် အိမ်မှာ နေခွင့်ပေးလိုက်ရင် သူစိတ်ဆိုးမှာ မဟုတ်ဘူး။ အဲဒါဆိုရင် အစ်ကို့ကိုလည်း ရန်ရှာမှာ မဟုတ်ဘူး”

 

မနှင်းဆီ အခုလို ဥပဒါန်စွဲသွားတာမျိုးကို ကို၀င်းမြင့် အကြောက်ဆုံးပါပဲ။ သူ့မိန်းမဟာ တကယ့်ကို စိတ်ကြီးပြီး သူ့အပေါ်ကို နစ်နစ်နဲနဲချစ်တယ်ဆိုတာ သေချာသိထားတယ်။ ဒီ ဥပါဒါန်ကြောင့် မနှင်းဆီ ကျန်းမာရေး တစ်စုံတစ်ရာ ထိခိုက်သွားမှာကိုလည်း စိုးရိမ်တယ်။ ကုသိုလ်ကံအကြောင်း မလှလို့ အခုလို ပြဿနာနဲ့ ကြုံတွေ့နေရပေမယ့် အဖြစ်မှန်ဟာ တစ်နေ့တော့ ပေါ်ပေါက်လာမယ်ဆိုတာကို သိနေပါတယ်။ နောက်တော့ တရားရုံးက ကို၀င်းမြင့်ကို ခေါ်တယ်။

 

မနှင်းဆီတို့က ကို၀င်းမြင့်အတွက် ရှေ့နေတစ်ဦး ငှားပေးထားတယ်။ ဒါပေမဲ့ တရားရုံးက ဘာမှမဆုံးဖြတ်ဘဲ နောက်တစ်ပတ် ချိန်းလိုက်ပြန်တယ်။ ရှေ့နေကြီးကတော့ အမှုအခြေအနေကိုကြည့်ပြီး လွတ်ကိုလွတ်မယ်လို့ အာမခံလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကို၀င်းမြင့်ခမျာ အင်းစိန် ထောင်ထဲကို ရမန်ကြီးတစ်ပတ် ပြန်၀င်ရဦးမှာပေါ့။ ရမန်ကြီး တစ်ပတ်ဆိုတာ ၁၄ ရက်ရှိပါတယ်။ ဒီသတင်းလည်းကြားရော မနှင်းဆီက ပွဲကြမ်းတော့တာပါပဲ။ အပြစ်မရှိတဲ့ သူ့ယောက်ျားကို အင်းစိန်ထောင် ပြန်ခေါ်သွားမယ်လည်း လုပ်ရော ရဲတွေ လက်ထဲကနေ လိုက်ဆွဲတော့တာပါပဲ။

 

ရဲတွေကလည်း အဲဒီလိုတော့ လုပ်လို့မရဘူးဆိုပြီး မနှင်းဆီကို တွန်းထုတ်တယ်။ ပထမတော့ ဖြည်းဖြည်းသက်သာပဲ။ နောက်တော့ မနှင်းဆီက ကြမ်းလာလို့ စောင့်တွန်းထုတ်လိုက်တယ်။ မနှင်းဆီလည်း တရားရုံးရှေ့မှာ လဲကျသွားတယ်။ ဒီအဖြစ်အပျက်ကို တရားရုံးကို ရောက်နေတဲ့လူတွေက စိတ်၀င်စားပြီး ဘုရားပွဲလို ဝုိင်းကြည့်နေကြတယ်။ ကို၀င်းမြင့်ကတော့ ရှက်လွန်းလို့ ခေါင်းကိုငုံ့ထားတယ်။ ရဲကားပေါ် တက်တော့ ကားအပေါက်လေးကနေ သူ့ဇနီးဖြစ်တဲ့ မနှင်းဆီအခြေအနေကို အလုအယက် တိုးဝှေ့ကြည့်တယ်။ မနှင်းဆီကို အိမ်နီးချင်းတွေက ဖေးမထားတယ်။ မနှင်းဆီကတော့ သူ့အမည်ကို အသံအကျယ်ကြီး အော်ခေါ်နေတယ်။ ကို၀င်းမြင့်စိတ်ထဲမှာ အချုပ်ကားကို မြန်မြန်သွားပါတော့လို့ တွေးနေမိတယ်။

 

သူ့မိန်းမရဲ့မြင်ကွင်းကို ဆက်မကြည့်ရက်တော့ဘူး။ လက်ထဲမှာတော့ မနှင်းဆီ ပေးလိုက်တဲ့ ထောင်၀င်စာ အထုပ်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားတယ်။ ကို၀င်းမြင့်ခမျာ ထိန်းချုပ်ထားတဲ့ ကြားက သူ့လက်ခုံနဲ့ ထောင်၀င်စာထုတ်ပေါ်ကို မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတယ်။ သူတို့ဘ၀ ကံကြမ္မာ ဆိုးလှချည့်လို့ တွေးမိလိုက်တယ်။ အင်းစိန်ထောင်ထဲ ပြန်၀င်ရတော့ ခံစားချက်တွေက ထုံကျဉ်နေတယ်။ ကို၀င်းမြင့်ရဲ့ အခြေအနေကို ကြည့်ပြီး လူလိမ်ဝိဇ္ဇာ ကျော်မြင့်က စိတ်မကောင်းဖြစ်နေတယ်။ နောက်ဆုံး စိတ်လွှတ်လိုက်ပြီး ကို၀င်းမြင့် တစ်ယောက် ချုံးပွဲချငိုမိတယ်။

 

အဲဒီအချိန်မှာ မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခုကလည်း ဖြစ်ပျက်သွားတယ်။ တရားရုံးရှေ့မှာ ကျန်ရစ်ခဲ့တဲ့ မနှင်းဆီ လက်ထဲမှာ သွေးတိုးရောဂါရှိတဲ့ ခင်ပွန်းသည်အတွက် သောက်ရမယ့် ဆေးထုပ် ကျန်ရစ်ခဲ့တယ်။ ဒါကြောင့် ထောင်လိုက်ပေးမယ်ဆိုပြီး မိတ်ဆွေတွေ တားဆီးနေတဲ့ ကြားက သူ့ယောက်ျားရှိတဲ့ အင်းစိန်ထောင်ကို လိုက်သွားမယ်ဆိုပြီး ဇွတ်ထွက်သွားတယ်။ ဘယ်သူမှ မတားလိုက်နိုင်ဘူး။ ဒီလိုနဲ့ အင်းစိန်ထောင်ဗူးတံခါး ရှေ့ကို ရောက်သွားတယ်။ မနှင်းဆီက ဗူးတံခါးရှေ့မှာ ရှိနေတဲ့ အကျဉ်းဦးစီး၀န်ထမ်းတွေကို မေးမြန်းပြီး သူ့ခင်ပွန်း ကို၀င်းမြင့်အတွက် ဆေးထုပ်လေး ပေးချင်လို့ အသနားခံတယ်။ ဒါပေမဲ့ စုံစမ်းကြည့်တော့ လူပေါင်း ထောင်ချီ ရှိနေတဲ့ အင်းစိန်ထောင်ထဲမှာ ကို၀င်းမြင့်ကို ဘယ်လိုရှာရမှန်း မသိတော့ဘူး။ ၀န်ထမ်းတွေက ကို၀င်းမြင့်နာမည်နဲ့ ဘယ်အဆောင်မှာနေလဲ မေးတော့လည်း မနှင်းဆီက မဖြေတတ်ဘူး။ ထောင်ဝါဒါတွေဆီက စမ်းချောင်းတရားရုံး လမ်းကြောင်းကား ပြန်လာပြီး ကို၀င်းမြင့်တို့ အချုပ်သားတွေက ထောင်ထဲကို ပြန်၀င်သွားပြီဆိုတာပဲ သိလိုက်ရတယ်။ မနှင်းဆီကတော့ ထောင်ရှေ့မှာ သူ့ယောက်ျားနာမည်ကို တဖွဖွခေါ်ပြီး ငိုယိုနေတာပေါ့။

 

ဒါပေမဲ့ အကျဉ်းဦးစီး ၀န်ထမ်းတွေဆိုတာ ဒီလိုမြင်ကွင်းမျိုး၊ ဒီလိုအဖြစ်အပျက်မျိုးကို မြင်နေကျဆိုတော့ မနှင်းဆီကို ထူးပြီး စာနာမနေနိုင်တော့ဘူး။ ဒီလိုပဲ ခံစားချက်မဲ့တဲ့ မျက်နှာတွေနဲ့ မကူညီဘဲ ကြည့်နေကြတယ်။ အတော်ကြာတော့မှ မနှင်းဆီလည်း မောသွားလို့ ထင်ပါရဲ့။ စိတ်လျှော့လိုက်ပြီး ထောင်ဗူးတံခါး ရှေ့ကနေ အင်းစိန်လမ်းမကြီးရှိရာ ထောင်ဂိတ်ကို ထွက်သွားတယ်။

 

“ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ စကားပုံဟာ အလကားပေါ် ခဲ့တာမဟုတ်ဘူးဆိုတာ မနှင်းဆီရဲ့ ဘ၀ ဇာတ်သိမ်းကို မြင်တော့မှ သေချာနားလည် ခဲ့ပါတယ်။ ထောင်ဗူးရှေ့လမ်းမကြီးအတိုင်း လမ်းလျှောက်လာ တဲ့ မနှင်းဆီကို ထောင်ရိက္ခာဆန်အိတ်တွေ တင်လာတဲ့ တီအီးကားကြီးက နောက်ကနေ ရုတ်တရက် ဖြတ်တိုက်လိုက်တော့တယ်။ တီအီးကားကြီးက မတိုက်မိခင်မှာ ဟွန်းတီးပါသေးတယ်။ ယောက်ျားအပူ မိနေတဲ့ မနှင်းဆီက ကားဟွန်းသံကို မကြားလိုက်မိဘူး။ ကားကလည်း အရှိန်ပါတော့ ဘေးကို ဆွဲချလိုက်ပေမယ့် မမီတော့ဘူး။ တိုက်လိုက်တဲ့အရှိန်ကြောင့် မနှင်းဆီလွှင့်သွားပြီး ကတ္တရာ လမ်းမပေါ်မှာ သုံးလေးပတ်လိမ့် ထွက်သွားတယ်။ ကတ္တရာလမ်းနဲ့ ဦးခေါင်း ဆောင့်မိသွားပြီး လမ်းပေါ်မှာ သွေးတွေ ဒလဟောထွက်လာတယ်။ ဖြစ်ဖြစ်ချင်း ဘေးနားမှာရှိနေတဲ့ လူတွေ ကူညီဖို့ပြေးလာကြပါတယ်။ ဒါပေမဲ့ မနှင်းဆီကို စစ်ကြည့်တော့ အသက် မရှိတော့ဘူး။ ဘယ်ကမှန်းလဲမသိ၊ ဘယ်သူ မှန်းလဲမသိတော့ ထောင်လည်း တော်တော် အလုပ် ရှုပ်သွားတယ်။

 

ဒီအဖြစ်အပျက်တွေကို ထောင်ထဲမှာရှိတဲ့ ကို၀င်းမြင့်က မသိရှာဘူး။ ရုံးထွက်မှာ ဇနီးသည် မနှင်းဆီပေးလိုက်တဲ့ ထောင်၀င် စာထုပ်လေးကို ဖွင့်ကြည့်လိုက်တော့ သူ စားဖို့ ဗာလချောင်ကြော်တွေ၊ ငါးပိကြော်တွေ၊ သရက်သီး သနပ်တွေအပြင် သူ ညဘက်ဆိုရင် မြည်းလေ့ရှိတဲ့ ငါးရံခြောက်ဖုတ်နဲ့ လက်ဖက်ထုပ်လေးတွေပါ တွေ့လိုက်ရတော့ ထပ်ပြီးရင်ထဲမှာစို့သွားတယ်။ အထုပ်လေးတွေကို မဖြေနိုင်သေးဘဲ လက်တွေတုန်နေတယ်။ ကိုကျော်မြင့်က ကို၀င်းမြင့်ရဲ့ ခံစားချက်ကို နားလည်သဘောပေါက်ပုံနဲ့ ပခုံးဖက်ပြီး အားပေးလိုက်ပါတယ်။ ညဘက်ရောက်တော့မှ ကို၀င်းမြင့် အခြေအနေက ပုံမှန်ဖြစ်သွားတယ်။ အချုပ်သားတွေဟာ ညနေ ထောင်ပိတ်ချိန်မှာ ဘုရား ရှိခိုးရပြီး ထွေရာလေးပါး စကားပြောကြ၊ သီချင်းဆိုကြနဲ့ အခန်းဟာ ဆူညံနေလေ့ ရှိတယ်။ တစ်ထောင်လုံးက အကျဉ်းသားတွေဟာ ည ၉ နာရီရောက်မှ အိပ်ကြရတာပါ။

 

ကို၀င်းမြင့်လည်း မနှင်းဆီ ထည့်ပေးလိုက်တဲ့ ငါးရံ့ခြောက်ဖုတ်နဲ့ လက်ဖက်ကို ကိုကျော်မြင့် နှပ်ပေးထားတဲ့ ရေနွေးကြမ်းလေးနဲ့ နှစ်ယောက်သားမြည်းနေကြတယ်။ ရှေ့တစ်ပတ်မှာတော့ ကို၀င်းမြင့်ရဲ့အမှု မခိုင်လုံတဲ့ အတွက်လွတ်နိုင်တယ်လို့ ရှေ့နေက ပြောလိုက်တဲ့အကြောင်း ကိုကျော်မြင့်ကို ဖောက်သည်ချနေတယ်။ အချိန်က ည ၈ နာရီတစ်မောင်း ရှိသွားပြီ။ အခန်းထဲက အကျဉ်းသားတွေကတော့ စကားတွေ ဖောင်ဖွဲ့ရင်း ဆူညံနေတယ်။ အဲဒီအချိန်မှာပဲ ထောင်မှူးနဲ့ ညတာ၀န်ကျ ၀န်ထမ်းနှစ်ယောက် ၀င်လာလို့ စည်းကမ်းထိန်းက အကျဉ်းသားတွေကို လှမ်းအော်လိုက်တယ်။

 

“ ပုံစ ံ”

 

အော်သံကြောင့် တစ်ခန်းလုံးဟာ မီးကိုရေနဲ့ ငြှိမ်းသတ်လိုက်သလို စကားသံတွေ တိတ်ဆိတ်သွားတယ်။ ထောင်မှူးက သံတိုင်ပေါက်ရှေ့ကရပ်ပြီး အခန်းထဲကို လှမ်းအကဲခတ်လိုက်တယ်။ ပြီးတော့မှ ကိုကျော်မြင့်ကို လှမ်းမေးတယ်။

 

“ အခန်းလူကြီး …မင်းအခန်းမှာ ၀င်းမြင့် (အဘ)ဦးတင်ဆောင်ဆိုတဲ့ အချုပ်သား ရှိလား”

 

လူလိမ်ဝိဇ္ဇာကျော်မြင့်က ထောင်မှူး ရှေ့ကို ပုံစံနဲ့ ရိုရိုသေသေမတ်တတ်ရပ်ရင်း ဖြေလိုက်တယ်။

 

“ရှိပါတယ် ဆရာ၊ ၀င်းမြင့်ဆိုတာ သူပဲ”

 

ထောင်မှူးက ကို၀င်းမြင့်ကို စိတ်မကောင်းတဲ့ပုံစံနဲ့ လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ၀င်းမြင့်ကို လှမ်းခေါ်ပြီး အခန်းထဲ က အကျဉ်းသားတွေ မကြားအောင် ခပ်တိုးတိုး ပြောလိုက်တယ်။

 

“၀င်းမြင့် မင်းမိန်းမ ညနေက ဆုံးသွားပြီ”

 

“ ခင်ဗျာ”

 

“ ညနေက မင်းမိန်းမ ကားတိုက်ပြီးတော့ ဆုံးသွားတယ်ကွ။ အဲဒါလာပြောတာ”

 

ထောင်မှူးစကားဆုံးဆုံးချင်း ကို၀င်းမြင့် လက်ထဲက စားလက်စ ငါးရံ့ခြောက်ဖုတ်လေး ပြုတ်ကျသွားတယ်။ ပြီးတော့ ထောင်မှူးစကားကို မယုံကြည်ပုံနဲ့ ယောင်တိယောင်န ကြည့်နေတော့တယ်။

 

[မနှင်းဆီအတွက် အမျှမဝေပါနဲ့ အစ်ကို]

———————————

“အစ်ကို ညီမ တောင်းပန်ပါတယ်။ နှင်းဆီတောင်းပန်ပါတယ်။ မနက်ဖြန်ကျရင် နှင်းဆီအတွက် ဆွမ်းသွတ်ကြမှာကို သိတယ်။ ဒါပေမဲ့ နှင်းဆီကို သနားရင် အမျှမဝေပါနဲ့ အစ်ကို”

မနှင်းဆီရဲ့ ထိတ်လန့်ကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်ကို ကြားပြီးတဲ့နောက် ခင်ပွန်းဖြစ်တဲ့ ကို၀င်းမြင့်လည်း ရူးကြောင်ကြောင်ဖြစ်သွားတယ်။ ၁ ဆောင် တစ်ဆောင်လုံးက အကျဉ်းသားတွေကလည်း ကို၀င်းမြင့်ကို သနားနေကြတယ်။ ကို၀င်းမြင့် လက်ရှိအခြေအနေထက် ပိုဆိုး မသွားအောင် အခန်းလူကြီး ကျော်မြင့်က နှစ်သိမ့် ဖျောင်းဖျထားလို့သာ တော်တော့တယ်။

ကို၀င်းမြင့် က ငိုရလွန်းလို့ နီရဲနေတဲ့မျက်လုံးတွေနဲ့ သူ့မိန်းမရဲ့ ဓာတ်ပုံလေးကို ထုတ်ထုတ်ကြည့်တယ်။ သူ့ဘေးနားမှာ နေတဲ့ အချုပ်သားတွေကလည်း မနှင်းဆီရဲ့ ပုံပန်း သဏ္ဌာန်ကို အရမ်းမြင်ချင်နေတော့ ကို၀င်းမြင့် ထုတ်ထုတ်ကြည့်တုန်း ဘေးကနေ ခိုးကြည့်ကြတယ်။ မနှင်းဆီက ဧရာ၀တီတိုင်းသူ ကရင်လူမျိုးဆိုတော့ အသား ဖြူတယ်။ ခန္ဓာကိုယ် တောင့်တင်းတယ်။ မျက်နှာက ရုပ်ရှင်မင်းသမီး စံရှားတင် နဲ့ ခပ်ဆင်ဆင်တူတယ်။ အခုလို အရွယ်ကောင်းမှာ မထင်မှတ်ဘဲ ကားတိုက်သေ သွားတဲ့အတွက် ကို၀င်းမြင့်မပြောနဲ့ ဘေးလူတွေတောင် ယူကျုံးမရဖြစ်ကြရတယ်။

နောက်တစ်နေ့မနက် ထမင်းစားကြတော့ အခန်းထဲကလူတွေက ကို၀င်းမြင့်ကို စာနာတဲ့အနေနဲ့ သူတို့စားတဲ့ ဟင်းကောင်း ဟင်းခွက်တွေ ပို့ပေးတယ်။ ဒါပေမဲ့ ကို၀င်းမြင့်က မစားနိုင်ပါဘူး။ ထမင်းမ၀င်ရင် လဲသွားမှာစိုးလို့ ကိုကျော်မြင့်က ဇွတ်စားခိုင်းတယ်။ ကို၀င်းမြင့်က ရုံးထုတ်မှာ မနှင်းဆီပေးခဲ့တဲ့ ထောင်၀င်စာထုပ်ကိုသာ ကြည့်ရင်း မျက်ရည်ကျနေသေးတယ်။ ကိုကျော် မြင့်တို့ ထမင်းဝုိင်းမှာ လူငါးယောက်ရှိတယ်။ အခန်းလူကြီး ကိုကျော်မြင့်ရယ်၊ အခန်းစာရေးကို၀င်းမြင့်ရယ်၊ အခြား တောက်တိုမည်ရ အလုပ်တွေလုပ်ဖို့ တောင်ဥက္ကလာက ချဲရောင်းတဲ့ ဇန်မြင့်ရယ်၊ ဟင်းချက်ပေးတဲ့ ဖိုထဲက ဇော်၀င်းချစ်ရယ်၊ ဘုရားလူကြီး ဦးချင်းရယ် အတူ တူ စားကြတယ်။ ထောင်ဝေါဟာရနဲ့ ပြောရရင် “အိုးစား” တွေပေါ့။

အချုပ်သားအားလုံး ထောင်ရှေ့စင်္ကြံလမ်းပေါ်မှာ ထမင်းခွက်တွေ ဟင်းခွက်တွေချပြီး စားကြရပေမယ့် လူလိမ်ဝိဇ္ဇာ ကျော်မြင့်က အခန်းလူကြီးဆိုတဲ့ အရှိန်အဝါရှိတော့ အခန်းထဲမှာ စားကြတယ်။ အဲဒီနေ့က ဟင်းခွက်တွေကတော့ လေးငါးရှစ်မျိုးပါပဲ။ ကို၀င်းမြင့်က ထမင်းကို စိတ်မပါ လက်မပါ လက်နဲ့ချေနေရင်းက အမှတ်တမဲ့ ဘေးဝုိင်းက ပို့ပေးတဲ့ ၀က်ဆီဖတ်ဟင်းကို လှမ်းခပ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဗြုန်းဆို သူ့လက်ကို တစ်စုံတစ်ယောက်က ပုတ်ချလိုက်တဲ့အတိုင်း ဟင်းတွေ ဖျာပေါ်ကို ကျသွားတယ်။ ဦးချင်းက ဟင်းတွေကိုလက်နဲ့ဖယ်ရင်း
ကို၀င်းမြင့်ကို လှမ်းပြောတယ်။

“ရတယ် ဘာမှမဖြစ်ဘူး။ စားစား ၀င်းမြင့်”

ကို၀င်းမြင့်လည်း ဝုိင်းသားတွေကို အားနာသွားပြီး ကြက်သားနဲ့ ဂေါ်ဖီ ရော ကြော်ထားတဲ့ အစိမ်းကြော်ကို လှမ်းနှိုက် လိုက်ပြန်တယ်။

“ဖောင်း”

ဒီတစ်ခါမှာလည်း ကို၀င်းမြင့်လက်ကို တစ်စုံတစ်ယောက်က လှမ်းကန်လိုက်သလို ခါထွက်သွားပြီး အစိမ်းကြော်ပန်းကန် လည်း မှောက်သွားတယ်။ ဒီဖြစ်ရပ်ကြောင့် အားလုံး အံ့အားသင့်ပြီး ကြောင်နေကြတယ်။ ကိုကျော်မြင့် မျက်နှာတစ်ချက် ပျက်သွားပေမယ့် ဣနြေ္ဒ ဆယ်လိုက်တယ်။ မှောက်သွားတဲ့ ဟင်းတွေကို ဇန်မြင့်က တံမြက်စည်းယူပြီး လှည်းကျင်းသန့်ရှင်း လိုက်တယ်။ ကို၀င်းမြင့်လည်း တခြားဟင်း တွေ မနှိုက်တော့ဘူး။ မနှင်းဆီပေးခဲ့တဲ့ ထောင်၀င်စာထုပ်ထဲက ဘာလချောင်ကြော် နဲ့ပဲ ထမင်းကိုနယ်ပြီးစားလိုက်တယ်။ အဲဒီအခါမှာ ဘာမှ မဖြစ်တော့ပါဘူး။

ညနေဘက်ရောက်တော့ ကိုကျော်မြင့် အခန်းမှာ အခန်းလူကြီးတချို့ အစည်းအဝေး လုပ်တယ်။ ဒီအစည်းအဝေးကို ၁ ဆောင်မှာ ရှိတဲ့ ဘုရား၀င်းထဲက လူကြီးတွေလည်း ဖိတ်တယ်။ သူတို့ အစည်းအဝေး လုပ်ပြီးတော့ ကို၀င်းမြင့်ကို ခေါ်ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မနှင်းဆီက အစိမ်းသေ သေတာဆိုတော့ ထောင်ထဲမှာ ဆွမ်းကျွေး တရားနာလေး လုပ်ဖို့နဲ့ အမျှအတမ်း ပေးဝြေပီး ကောင်းရာမွန်ရာရောက်ဖို့ လုပ်ကြမယ်ပေါ့။ လိုအပ်တဲ့ ငွေကြေးကိုလည်း အခန်းသားတွေ လှူဒါန်းငွေနဲ့ စီစဉ်မယ်လို့ ကိုကျော်မြင့်က အသိပေးလိုက်တယ်။ ကို၀င်းမြင့်ကလည်း သူ့ဇနီးအတွက် ထောင်က ဝုိင်း၀န်းကူညီတာဖြစ်လို့ ကျေကျေနပ်နပ် လက်ခံပါတယ်။ ဒါကြောင့် နောက်တစ်နေ့ ဘုရား၀င်းထဲမှာ ဆွမ်းကျွေး၊ တရားနာဖို့ စီစဉ်ထားတယ်။ တိုက်တိုက်ဆိုင်ဆိုင် ၁ ဆောင်မှာ ဒေါ်လာမှုနဲ့ အထိန်းသိမ်းခံထားရတဲ့ ဘုန်းကြီးတစ်ပါးလည်း ရောက်နေတယ်။ ဒီဘုန်းကြီးကို ဆွမ်းကပ်ဖို့ စီစဉ်တယ်။ ကို၀င်းမြင့်က ဒုက္ခရောက်တဲ့အချိန် ဝုိင်း၀န်း ကူညီဖေးမကြတဲ့ ထောင်သားတွေ ကို ကျေးဇူး အထပ်ထပ်အခါခါ တင်နေတော့တယ်။

ညဘက်ရောက်တော့ ထောင်ဝါဒါနဲ့ မှာလိုက်တဲ့ ပစ္စည်းတွေ ရောက်လာတယ်။ ဒီပစ်္စည်းတွေကတော့ အချိုမှုန့်ထုပ်၊ ငရုတ်သီးမှုန့်ထုပ်၊ ပုစွန်ခြောက်မှုန့်ထုပ်၊ ဂေါ်ဖီ၊ ပဲသီး စတာတွေပါပဲ။ ပြီးတော့ အချိုပွဲ အတွက် ကိတ်မုန့်နဲ့ ဘီစကွတ်ထုပ်တွေ ပါလာသေးတယ်။ အမှန်တကယ်ဆိုရင် ထောင်ကြီး ဗူး၀ကနေ ဒီပစ္စည်းတွေကို ထောင်ထဲ သယ်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကို၀င်းမြင့်သတင်းကို တစ်ထောင်လုံးက သိနေလို့ သူ့ဇနီးအတွက် ကုသိုလ်ကောင်းမှု လုပ်တာကို မသိချင်ယောင်ဆောင်ပြီး ခွင့် ပြုပေးလိုက်တာဖြစ်ပါတယ်။

ဒီပစ္စည်းတွေကို မနက် ဖိုကြီးဆင်းတဲ့ အကျဉ်းသားတွေနဲ့ ထည့်ပေးပြီး ဟင်းချက်ရမှာ ဖြစ်ပါတယ်။ ကို၀င်းမြင့်ကတော့ ဘယ်သူနဲ့မှ စကား မပြောဘဲ အချုပ်ခန်း သံတိုင်ကို မှီပြီး အဝေးကို ငေးနေတယ်။ သူနဲ့ မနှင်းဆီ အခုလို သေကွဲ ကွဲရမယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။ အင်မတန်ငြိမ်းချမ်းပြီး ပူပန် သောကမရှိတဲ့ သူတို့ဘ၀ထဲကို မစန်းဆိုတဲ့ အမျိုးသမီး တစ်ယောက် ၀င်လာပြီးမှ အခုလို ကြေကွဲစရာတွေ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ မနှင်းဆီ မကွယ်လွန်ခင် တစ်ပတ်လောက်က သူ့ကို ထူးထူးခြားခြား ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ အခု မဆီမဆိုင် အဲဒါကို ကို၀င်းမြင့် အမှတ်ရနေတယ်။ မနှင်းဆီက သူတို့ကလေးရဖို့အတွက် ဧရာ၀တီတိုင်းကိုပြန်ပြီး သူ့ရဲ့ရွာမှာ နတ်စားရမယ်လို့ ပြောခဲ့တယ်။ ရွာကိုသွားရင် ရုံးကိုခွင့်ယူပြီး လိုက်ခဲ့ရမယ်လို့ ကို၀င်းမြင့်ကို မှာခဲ့ဖူးတယ်။ တကယ်လို့များ အခုလို အဖြစ်ဆိုးနဲ့ မကြုံရင် သူတို့လင်မယား နှစ်ယောက်ဟာ ဝါးခယ်မမြို့က ခလောက်သိုက်ရွာကို အခုအချိန် နတ်စားဖို့ ပျော်ပျော်ရွှင်ရွှင် ရောက်နေလောက်ပြီလို့ အောက်မေ့နေမိ တယ်။ ဒီလိုနဲ့ ည ၉ နာရီ သံချောင်းခေါက်တော့ ကို၀င်းမြင့် ပင်ပန်းပြီး အိပ်ပျော်သွားတယ်။ တစ်ထောင်လုံးမှာလည်း ဘာယာတွေရဲ့ သတင်းပို့သံက လွဲပြီး အားလုံး တိတ်ဆိတ်သွားတယ်။

ညသန်းခေါင်ယံရောက်တော့ ကို၀င်းမြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာကနေ လန့်နိုးသလို ဖြစ်သွားတယ်။ ဒါပေမဲ့ အိပ်တစ်၀က် နိုးတစ်၀က်ဖြစ်နေတဲ့အခိုက်မှာ သူ့လက်မောင်းပေါ်ကို နွေးခနဲ အထိ အတွေ့တစ်ခု ခံစားလိုက်ရတယ်။ ဒါကြောင့် မျက်လုံးဖွင့်ပြီး ကြည့်ဖို့ ကြိုးစားပေမယ့် မျက်ခွံက တအားလေးပင်နေပြီး ဖွင့်လို့မရဘူး။ စကားပြောဖို့ ကြိုးစားတော့ လည်း ရင်ဘတ်ကို တစ်စုံတစ်ယောက်က လက်နဲ့ဖိထားသလို ဖြစ်နေလို့ စကားပြောလို့ မရပြန်ဘူး။ ဒီအချိန်မှာပဲ သူ့နားအ၀ကို လေတိုးသံလေးနဲ့ ပြောနေသံ ကြားလိုက်ရတယ်။ အသံကို ကြားလိုက်ရတဲ့အခါမှာ ကို၀င်းမြင့် ကြက်သီးမွေးညင်း ထသွားတယ်။ ဒီအသံက သူတစ်သက်မမေ့နိုင်တဲ့ အသံ။ ညတိုင်း သူ့ဘေးနားမှာ ကြားခဲ့ရတဲ့ မနှင်းဆီရဲ့ အသံ။ အခုတော့ မနှင်းဆီရဲ့ အသံက ၀မ်းနည်းကြေကွဲပြီး ငိုသံပါနေတယ်။

“အစ်ကို ညီမ တောင်းပန်ပါတယ်။ နှင်းဆီတောင်းပန်ပါတယ်။ မနက်ဖြန်ကျရင် နှင်းဆီအတွက် ဆွမ်းသွတ်ကြမှာကို သိတယ်။ ဒါပေမဲ့ နှင်းဆီကို သနားရင် အမျှမဝေပါနဲ့ အစ်ကို”

မနှင်းဆီရဲ့ တောင်းဆိုမှုကြောင့် ကို၀င်းမြင့် လန့်သွားတယ်။ မနှင်းဆီပြောတာကို လက်မခံဘူးလို့ ပြောဖို့ကြိုးစားပေမယ့် နှုတ်ခမ်းတွေက လှုပ်လို့မရဘူး။ တစ်စုံတစ်ရာ လေးလေးပင်ပင် ချုပ်ကိုင်ထားတယ်။ ဒါကြောင့် ခေါင်းခါပြီး အမူအရာနဲ့ ပြဖို့ ကြိုးစားတယ်။ မနှင်းဆီကတော့ မျက် ရည်တွေ ပိုးပိုးပေါက်ပေါက်ကြပြီး သူ့ကို ဆက်တောင်းပန်နေတယ်။

“နှင်းဆီ သေတော့ အမေတို့ရှိတဲ့ ခလောက်သိုက်ရွာကို သွားတယ်။ ဒါပေမဲ့ ရွာက အ၀င်မခံဘူး။ အစ်ကို့ကိုလည်း မခွဲနိုင်ဘူး။ ဒါကြောင့် အစ်ကိုရှိတဲ့ အင်းစိန်ထောင်ကိုပဲ လိုက်လာတာ”

ကို၀င်းမြင့်ရဲ့ ဝူးဝူးဝါးဝါး အသံတွေ အခန်းထဲမှာ ပေါ်ထွက်လာတယ်။ ညသန်းခေါင်ယံဆိုတော့ အခန်းထဲကလူတွေ လန့်ပြီး နိုးလာကြတယ်။ ကို၀င်းမြင့်က မျက်လုံးကြီး စုံမှိတ်ပြီး ခေါင်းကို ခါယမ်းနေဆဲပါပဲ။ မနှင်းဆီကလည်း ဆက်ပြောတယ်။

“အစ်ကို နှင်းဆီတို့ နတ်စားမသွားခဲ့ရဘူးနော်။ ဒါကြောင့် ခိုက်တာ၊ ၀မ်းမနည်း နဲ့။ အခု နှင်းဆီကိုသနားရင် ကွမ်းတစ်ရာလောက် ကျွေးပါ အစ်ကိုရယ်”

ကို၀င်းမြင့်ရဲ့ အဖြစ်အပျက်ကြောင့် ဘေးမှာရှိတဲ့ ဦးချင်းနဲ့ အခြားလူတွေက လှုပ်နှိုးကြတယ်။

“ဟေ့ကောင် ၀င်းမြင့် ထစမ်းထစမ်း သတိထားစမ်း”

ပြောပြောဆိုဆို ဦးချင်းက အခန်းရှေ့က ဘုရားစင်မှာ ပူဇော်ထားတဲ့ ရေတော်ခွက်ကိုယူပြီး အဲဒီထဲက ရေနဲ့ ကို၀င်းမြင့် မျက်နှာကို ပက်လိုက်တယ်။ အတော်ကြာမှ ကို၀င်းမြင့် သတိလည်လာပြီး တစ်ခန်းလုံးကို ကြောင်တောင်တောင်နဲ့ ကြည့်နေတယ်။ ပြီးတော့ ဦးချင်းရဲ့ ဒူးခေါင်းကိုကိုင် ပြီး အရူးတစ်ယောက်လို အော်ဟစ်တော့တယ်။

“မလုပ်ပါနဲ့ မနက်ဖြန် သူ့အတွက် ဆွမ်းမကျွေးပါနဲ့။ သူ့မှာ နေစရာမရှိဘူး။ ကျွန်တော်နဲ့ သူ့ကိုမခွဲပါနဲ့”

အခန်းလူကြီး ကျော်မြင့်က ဘေးအခန်းတွေ သတိမထားမိအောင် ၀င်းမြင့် ပါးစပ်ကို လက်နဲ့ပိတ်လိုက်တယ်။

“သိပ်မအော်နဲ့ ၀င်းမြင့်၊ ထောင်ပိုင်တွေ သိသွားရင် မင်း တိုက်ပိတ်ခံရလိမ့်မယ်”

ကျော်မြင့်စကားအဆုံးမှာ ၀င်းမြင့်ကတော့ ဝူးဝူးဝါးဝါးအော်နေဆဲပါပဲ။ အတန်ကြာမှ အားကုန်ခန်းသွားသလို ငြိမ်ကျသွားတယ်။ ပြီးတော့ မျက်ရည်တွေနဲ့ ကျော်မြင့်ကို လက်အုပ်ချီပြီး တိုးလျှိုးတောင်းပန်တယ်။

“ခုနက မနှင်းဆီ လာသွားတယ်။ သူက တရားမနာဖို့နဲ့ အမျှမဝေဖို့လာပြော သွားတယ်”

“ဟာကွာ မဟုတ်တာ။ ဆွမ်းမကျွေးရင် ကောင်းရာမွန်ရာဘ၀ကို ဘယ်ရောက်မလဲကွာ။ ပြီးတော့ သူကျွတ်မှာ မဟုတ်ဘူး”

ကျော်မြင့် ဘယ်လိုပဲ ဖျောင်းဖျပြောပြော ၀င်းမြင့်က ခေါင်းပဲ ခါယမ်းနေတယ်။

“သူ့ရွာကလည်း လက်မခံဘူး။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့် မိန်းမကို သနားတယ်။ သူ့မှာ နေစရာမရှိဘူး။ ကျွန်တော်တို့ နှစ်ယောက် ခွဲလည်း မခွဲနိုင်ဘူး။ ဖြစ်နိုင်ရင် မနက်ဖြန် အမျှ မဝေပါနဲ့လားဗျာ”

၀င်းမြင့်ရဲ့ တောင်းပန်သံက တိတ်ဆိတ်တဲ့ အခန်းထဲမှာ အချုပ်သားအားလုံး ကြားနေရတယ်။ အချို့က ၀င်းမြင့်ကို တော်တော် သနားနေတယ်။ ဒါပေမဲ့ အများစုက ဗုဒ္ဓဘာသာ၀င်တွေ ဖြစ်နေတော့ ၀င်းမြင့်ပြောတာကို မလိုက်လျောချင်ကြပါဘူး။ သူတို့လင်မယားနှစ်ယောက် ရဲ့ သံယောဇဉ်ကို စာနာ နားလည်ပေမယ့် ဘ၀ချင်း မတူတော့တဲ့အတွက် ၀င်းမြင့်နဲ့ မနှင်းဆီကို အဆက်ဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အသည်းအသန် တောင်းပန်နေတဲ့ ၀င်းမြင့်ကြောင့် ဘယ်သူကမှ လက်မခံကြောင်း မပြောတော့ဘူး။ အချင်းချင်း မျက်နှာရိပ်မျက်နှာကဲပြပြီး ခေါင်းညိတ်လိုက်ကြတယ်။ ၀င်းမြင့်ကိုတော့ ထပ်ပြီး အော်ကြီးဟစ်ကျယ်မဖြစ်ဖို့ အခန်းသား တစ်ယောက်ဆီက အိပ်ဆေး တောင်းပြီး တိုက်လိုက်တယ်။ ၀င်းမြင့်ကတော့ အရူး တစ်ယောက်လို တတွတ်တွတ်နဲ့ ရေရွတ်နေတုန်းပါပဲ။

“နှင်းဆီကို အမျှမပေးပါနဲ့။ နှင်းဆီကို အမျှမပေးပါနဲ့။ နှင်းဆီကို အမျှမပေးပါ နဲ့”

နောက်တော့ ၀င်းမြင့်လည်း ဆေးအရှိန်ကြောင့် အိပ်ပျော်သွားတယ်။ အခန်းလူကြီး ကျော်မြင့်ကတော့ ဦးချင်းကို တိုင်ပင်ပြီး မနက် ၄ နာရီ ဖိုကြီးမှာ အလုပ်ဆင်းရမယ့် အချုပ်သားပါကြီးလက်ထဲကို ဆွမ်းကပ်မယ့် ဟင်းထုပ်တွေ ထည့်ပေးလိုက်တယ်။ ဦးချင်းကလည်း အခန်းလူကြီးနဲ့ တိုင်ပင်ပြီး မနက်ဖြန်မှာ မနှင်းဆီအတွက် မဖြစ်မနေ ဆွမ်းကပ်ပြီး အမျှဝေဖို့ ဆုံးဖြတ်ထားတယ်။ ဘာလို့လဲဆိုတော့ မနှင်းဆီ (ခ) ကရင်မဟာ သူ့ယောက်ျား ကို၀င်းမြင့်ကို စွဲလမ်းလွန်းလို့ သေတာတောင်မကျွတ်ဘဲ ရောက်လာတာကို အားလုံးသဘော ပေါက်လိုက်တယ်။ ဦးချင်းဆိုတာကလည်း သစ်မှုနဲ့ အချုပ် ကျနေပေမယ့် ဘာသာရေး လိုင်းမှာတော့ နက်နက်ရှိုင်းရှိုင်းရှိတယ်။ သူ့ကို ၁ ဆောင်မှာ ၀င်ပူးထွက်ပူး ဦးချင်းလို့ ခေါ်တယ်။ သူက နေ့စဉ် ဘုရား၀င်းထဲမှာနေပြီး ဘုရားဝေယျာ၀စ္စနဲ့ ဘာသာရေးကိစ္စတွေပဲ လုပ်တယ်။ သူပြောတဲ့ တရားထဲမှာ ဝိသာခါကျောင်းအမကြီး တရားက အချုပ်သားတွေ သဘောကျကြတယ်။ သူပြောလေ့ရှိတာက ဝိသာခါ ကျောင်းအမကြီးဟာ ၀က်မဘ၀ ဖြစ်ခဲ့စဉ်က ကိလေသာကို စိတ်ကုန်လွန်းလို့ ၀က်သိုးတွေ အန္တရာယ်က ထွက်ပြေးခဲ့တာ တောင် ၀ဋ်ကျွေးမကုန်လို့ ဝါးရုံပင်ကြား ခေါင်းညပ်ပြီး ၀က်သိုးတွေရဲ့ မေထုံမှီဝဲခြင်းကို ခံခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ခဏ ခဏ ပြောတယ်။

အခု ကို၀င်းမြင့်နဲ့ မနှင်းဆီ ဇာတ်လမ်းကို ဦးချင်း ဘယ်လို ကိုင်တွယ်မလဲဆိုတာ တစ်ဆောင်လုံးက စိတ်၀င်စားနေတယ်။ အခန်းလူကြီးကျော်မြင့်ကလည်း ၀င်းမြင့်ကျေနပ်အောင် အမျှ မဝေဘူးလို့ ပြောထားပေမယ့် နောက်တစ်နေ့မှာ တရားနာပြီး အမျှဝေဖို့ စီစဉ်ထားတယ်။ ဒါဆိုရင် မနှင်းဆီလည်း ကျွတ်လွတ်သွားပြီး ကောင်းရာမွန်ရာဘ၀ကို ရောက်သွားမယ်လို့ အားလုံးယုံကြည်ထားကြတယ်။
ဒါပေမဲ့ ၁ ဆောင် ဘုရား၀င်းမှာ အဲဒီနေ့က တကယ်အမျှဝေလိုက်တော့ …………………. ………။

 

၀င်ပူးထွက်ပူး ဦးချင်းနှင့် ဆရာ “ငိုသံကြား”
—————————————————————

နောက်တစ်နေ့ အိပ်ဆောင်ဖွင့်တော့ အခန်းလူကြီးကျော်မြင့် မျက်လုံး ပြူးသွားတယ်။ ဘာလို့လဲဆိုတော့ သူ့အခန် းအပေါက်တိုင်းက သံတိုင်တွေပေါ်မှာ ကွမ်းယာတွေတင်ထားတာကို တွေ့လိုက်လို့ပါပဲ။ တရားခံ ကိုကြည့်လိုက်တော့ ၀င်းမြင့်။ အိပ်ရာကို နိုးနိုးချင်း သွေးရူးသွေးတမ်းနဲ့ သူ့ကွမ်းအစ် ကိုယူကာ ကွမ်းယာ တွေ ယာပြီး သံတိုင်ဘောင်ပေါ်ကို လျှောက်တင်နေတယ်။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ရေရွတ်နေတယ်။ ဒါကြောင့်၀န်ထမ်းတွေ ရောက်မလာခင် လှမ်းဟန့်လိုက်ရတယ်။

“ ဟေ့ကောင် ၀င်းမြင့် ဘာတွေလျှောက် လုပ်နေတာလဲ”

၀င်းမြင့်က အသိလွတ်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကိုပြန်ကြည့်လိုက်တယ်။ ဒါပေမဲ့ လက်ကတော့ ကွမ်း အယာ မပျက်ဘူး။ နောက်ဆုံး အခန်းထဲမှာရှိတဲ့ စည်းကမ်း ထိန်းတွေနဲ့ ဘာယာတွေက ၀င်းမြင့်ကို ချော့မော့ပြီး သူ့လက်ထဲက ကွမ်းအစ်ကို ပြန်လုယူလိုက်တယ်။ သံတိုင်ပေါ်က ကွမ်းယာတွေကို လိုက်သိမ်းတော့ ၀င်းမြင့်က အရူးတစ်ယောက်လို အော်ဟစ်ပြီး တားတယ်။

“ ဟေ့လူတွေ မလုပ်နဲ့။ နှင်းဆီ စားချင်တယ်ဆိုလို့ ကျုပ် ယာကျွေးထားတာ။ ခင်ဗျားတို့ ဘာဖြစ်နေတာလဲ။ ဗမာလူမျိုးတွေ ဖြစ်ပြီး ကွမ်းတစ်ယာတောင် မသဒ္ဓါတော့ဘူးလား”

၀င်းမြင့်ကြောင့် တစ်ခန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ။ နောက်ဆုံး ထောင်မဖွင့်ခင် ၀င်းမြင့်ကို ချော့မော့ ဖျောင်းဖျရတယ်။ သံတိုင်ပေါ်ကို ကွမ်းယာတွေ ပြန်တင်ပေးမှ ၀င်းမြင့်လည်း ငြိမ်သွားတယ်။ ဘယ်လောက်တောင် ငြိမ်သွားသလဲဆိုရင် မနှင်းဆီအတွက် သက်ပျောက်ဆွမ်းကပ်တဲ့ အချိန်ထိ ဘယ်သူ့ကိုမှ စကားမပြောတော့ဘူး။ တစ်ယောက်တည်း ငူငူကြီးထိုင်နေတယ်။ ဖိုကြီးထဲက ပါကြီးရဲ့ ဘာလချောင် ကြော်တွေ၊ အစိမ်းကြော်တွေ ရောက်လာတော့ ဦးချင်းတို့က ဆွမ်းကပ်ဖို့ ဘုရား၀င်းထဲမှာ ပြင်ကြဆင်ကြတယ်။

ဒီလိုကိစ္စမျိုးတွေပေါ် လာရင် ဦးချင်းက ဦးစီးပြီးလုပ်ပေး နေကျဆိုတော့ အဆင်ပြေပါတယ်။ နံနက် ၁၀ နာရီခွဲ လောက်မှာ ထမင်းပုံးရောက် လာတယ်။ အချုပ်သားတွေကို ဝေမပေးခင် ဦးဦးဖျားဖျား ခူးလိုက်ပြီး ဘုရား၀င်းထဲမှာ ဆွမ်းကပ်တယ်။ ဒေါ်လာမှုနဲ့ ရောက်လာတဲ့ ဦးပဉ္စင်းကလည်း ၀င်းမြင့်နဲ့တကွ ၁ ဆောင်က အခန်းလူကြီးတွေ ဘုရား၀င်းထဲက သူတွေကို ငါးပါးသီလပေးပြီး တရားဟောတယ်။ ဒီအထိ အားလုံး အဆင်ပြေပြေပါပဲ။ ဒါပေမဲ့ ကို၀င်းမြင့်ကို သွားခေါ်တော့ မလိုက်ဘူး။ ဇွတ်ငြင်းတယ်။ နောက်တော့ အခန်း လူကြီး ကျော်မြင့် ကိုယ်တိုင်ခေါ်မှ စိတ်မပါလက်မပါနဲ့ လိုက်လာတယ်။ မျက်ရည်တွေ ဝဲနေရင်းတရားနာတယ်။ ရေစက်ချတဲ့ အခါရောက်တော့ ပြဿနာ စတော့တာပဲ။ ဘုန်းကြီးက မနှင်းဆီ ကောင်းရာ မွန်ရာဘဝရောက်ဖို့ ကို၀င်းမြင့်ကို ရေစက်ချ အမျှပေးဝေခိုင်းတဲ့အခါမှာ အမျှမဝေဘဲ ရေစက်ခွက်ကို ရုတ်တရက် မှောက်ချ လိုက်တယ်။

“ ဟာ ”

ကို၀င်းမြင့်ရဲ့လုပ်ရပ်ကြောင့် တရားနာနေတဲ့ လူတွေအကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။ အရင်ဆုံး သတိ၀င်လာတဲ့ သူကတော့ ဦးချင်းပါပဲ။ ဦးချင်းက ကို၀င်းမြင့်မှောက်လိုက်တဲ့ ရေစက်ခွက်ကို ကောက်လိုက်ရင်း လှမ်းပြောတယ်။

“၀င်းမြင့် မင်းက ဗုဒ္ဓဘာသာနော်။ ဗုဒ္ဓဘာသာ၀င်ဆိုရင် အဲ့လိုမလုပ်ရဘူးနော်။ မင်း …သံယောဇဉ်ဖြတ်၊ ရေစက် ဖြတ်ကွာ”

ဒါပေမဲ့ ကို၀င်းမြင့်က ဦးချင်းရဲ့ စကားတွေကို ဂရုစိုက်ပုံမပေါ်ပါဘူး။ သူ့မျက်လုံးတွေကလည်း အာခံတဲ့ပုံစံနဲ့ ၀င်း၀င်းတောက်နေတယ်။ ကိုကျော်မြင့်က သူ့လူတွေကို အရိပ်အခြေပြလိုက်တော့ သူတို့ထမင်းဝုိင်းက ဇော်၀င်းချစ်နဲ့ ဇန်မြင့်က ကို၀င်းမြင့်ကို ချိုင်းက တစ်ဖက်တစ်ချက်မပြီး ဘုရား၀င်းထဲက ဆွဲထုတ်သွားတယ်။ အမျှပေးနေတဲ့ ဘုန်းကြီးက အခြေအနေတွေကို အကဲခတ်နေတုန်းမှာပဲ ဦးချင်းက ကို၀င်းမြင့် မှောက်ချလိုက်တဲ့ ရေစက်ခွက်ကို ရေပြန်ဖြည့်ပြီး တရားဆက်နာတယ်။ ကို၀င်းမြင့်က ဇော်၀င်းချစ်တို့ လက်ထဲမှာ ရုန်းကန်ရင်း ဦးချင်းကို လှမ်းအော်တယ်။

“ ဦးချင်း ခင်ဗျားကို ကျုပ်ပြောထား ပြီးသားနော်။ ရေစက်မချနဲ့လို့။ ခင်ဗျား ရေစက်ချလို့ မနှင်းဆီ ဒီထောင်မှာ မနေရရင် ခင်ဗျားနဲ့ကျုပ်တွေ့မယ်”

စိပ်ပုတီး အကြီးကြီးကို လည်ပင်းမှာ ဆွဲထားတဲ့ ဦးချင်းက ကို၀င်းမြင့်စကားကို ဂရုစိုက်ဟန် လုံး၀မပြပါဘူး။ သူလုပ်စရာ ရှိတဲ့ အမှုကိစ္စကိုပဲ ဆက်လုပ်နေပါတယ်။ ဒါကြောင့်လည်း ၀င်ပူးထွက်ပူး ဦးချင်းလို့ နာမည်ကြီး နေတာဖြစ်ပါလိမ့်မယ်။ ဦးချင်းက ရေစက်ခွက် အဆင်သင့်ဖြစ်တဲ့အခါ ဘုန်းကြီးကို လျှောက်တင်လိုက်တယ်။ ဒါကြောင့် ဘုန်းကြီးက ရေစက်ချ အမျှပေးတယ်။ လူလိမ်ဝိဇ္ဇာကျော်မြင့်ရဲ့ ဘ၀တစ်လျှောက် ရေစက်ချ အမျှပေးဝေတဲ့ အချိန်မှာ သေဆုံးသူ ဘ၀သစ်ကို ကျွတ်လွတ်သွားမှာ ကြောက်လို့ ရေစက်ခွက် မှောက်ပစ်တဲ့ ၀င်းမြင့်လို လူမျိုးကို မတွေ့ဖူးသေးပါဘူး။ ဒါကြောင့် ဒီမြင်ကွင်းကို ကြည့်ပြီး သူ့စိတ်ထဲမှာ တုန်လှုပ်ချောက်ချား နေတယ်။

ဒီလိုနဲ့ ကွယ်လွန်သူ မနှင်းဆီအတွက် ထောင်ထဲမှာ သက်ပျောက်ဆွမ်းသွတ်တဲ့ ကိစ္စ ခက်ခက်ခဲခဲပြီး သွားတယ်လို့ မှတ်ယူနိုင်ပါတယ်။ ကို၀င်းမြင့်ကိုလည်း အခန်းထဲကနေ အပြင်ပေးမထွက်ခိုင်းဘူး။ သူ့ကို စောင့်ကြည့်ဖို့ စည်းကမ်းထိန်း တစ်ယောက်နဲ့ အခန်းဘောက်ဆင်း တစ်ယောက်ကို တာ၀န်ပေးထားတယ်။ ကို၀င်းမြင့်ကလည်း ပြန်ငြိမ်သွားတယ်။ အခန်းလူကြီး ကျော်မြင့်ဆီက ကွမ်းအစ်ကိုလုပြီး မနှင်းဆီကို ကွမ်းယာကျွေးတာတွေ ဘာတွေ မလုပ်တော့ဘူး။ ဦးချင်းကလည်း သူလုပ်ရမယ့် အမှုကိစ္စ အောင်မြင်အောင် လုပ်ပြီးသွားလို့ စိတ်အေးသွားပုံပဲ။ ဒါပေမဲ့ အခန်းထဲမှာ ၀င်းမြင့်ရဲ့ အရိပ်အခြေကိုတော့ မလွတ်တမ်း အကဲခတ် နေတယ်။ ထူးဆန်းတာ တစ်ခုက ၁ ဆောင်အချုပ်ခန်း ရောက်ရောက်ချင်း ဦးချင်းကို လေးစားခင်မင်ပြီး စကား တပြောပြောနေတဲ့ ၀င်းမြင့်က ဆွမ်းသွတ်တရားနာပြီး ကတည်းက ဦးချင်းကို စကား မပြောတော့ဘူး။ ထမင်းစား ခေါ်တော့လည်း မဆာဘူးဆိုပြီး ၀င်းမြင့်တစ်ယောက် လာမစားဘူး။ ကျော်မြင့်ကတော့ ၀င်းမြင့် အခြေအနေကို အကဲခတ်ပြီး “သူ့ ဘာသာသူ တစ်ယောက်တည်း လွှတ်ထားလိုက်” လို့ သူ့လူတွေကို ပြောထားတယ်။ အဲဒီနေ့တစ်နေ့လုံး ဘာမှမဖြစ်ပါဘူး။

ညရောက်တော့ ကို၀င်းမြင့် တစ်ယောက် ထုံးစံအတိုင်း ပြတင်းပေါက် သံတိုင်ကို ကိုင်ပြီး အပြင်ကို ငေးကြည့်နေတယ်။ တစ်ခန်းလုံးမှာရှိတဲ့ အချုပ်သားတွေကတော့ စကားပြောတဲ့သူပြော၊ သီချင်းဆိုတဲ့ သူဆို၊ ဘုရားရှိခိုးတဲ့သူ ရှိခိုးနဲ့ ဆူညံနေတယ်။ ဦးချင်းကတော့ သူ့ရဲ့ထုံးစံအတိုင်း ချုပ်သစ်တွေ၊ ဘောက်ဆင်းတွေကို ခေါ်ပြီး အနှိပ်ခံလေ့ရှိတယ်။ တစ်ခါအနှိပ်ခံရင် ထောင်ကရောင်းတဲ့ မကျင်လှ (နွား) ဆေးလိပ် နှစ်လိပ် ပေးရတယ်။ အဲဒီညကလည်း ဦးချင်းတစ်ယောက် ဆွမ်းကပ်တဲ့ကိစ္စနဲ့ ပင်ပန်းလို့လားမသိဘူး။ နေကျော်လို့ ခေါ်တဲ့ ဘာယာလေးကိုခေါ်ပြီး အနင်းအနှိပ် ခံနေတယ်။ ဦးချင်းက အနှိပ်သာခံတာ သူ့ထုံးစံအတိုင်း အလွန်ကြီးတဲ့ သူ့ပုတီးကြီးကို လက်ထဲမှာ ကိုင်ရင်ကိုင်၊ ဒါမှမဟုတ် လည်ပင်းမှာ ဆွဲရင်ဆွဲ သူနဲ့မခွဲမခွာထား တယ်။ အခုလည်း အနှိပ်ခံနေတုန်း ပုတီးကို လည်ပင်းမှာဆွဲထားတယ်။ တစ်ခန်းလုံး ဆူညံနေပေမယ့် ဦးချင်းကတော့ မျက်စိ မှိတ်ထားတယ်။

ဦးချင်းကို နှိပ်ပေးတဲ့ နေကျော်က ခိုးမှုနဲ့အချုပ်ကျနေတာ ဖြစ်ပါတယ်။ သူက လူကောင်ကလည်း ထောင်ထောင် မောင်းမောင်း၊ ပေါင်မှာလည်း အရုပ်တွေရှိတယ်။ လက်မောင်းမှာ ပခုံးမှာလည်း ဆေးမင်ကြောင်အရုပ်တွေ ဗရပွနဲ့။ ဒါပေမဲ့ နေကျော်က စကားပြော အင်မတန် ယဉ်ကျေးတယ်။ လူကြီး သူမတွေကိုလည်း ရိုသေတယ်။ ဒါကြောင့် ထောင်၀င်စာ မလာတဲ့ ၁၃ D ဆိုပေမယ့် “ပုန်း” မကြောင်ဘူး။ သူ့ကို ပေးမယ့် ကျွေးမယ့်သူတွေ ၁ ဆောင်မှာ အပြည့်ပဲ။ တချို့ကတော့ နေကျော်ဟာ ခြေဆော့လက်ဆော့ ရှိပေမယ့် လူတွေအပေါ် ရိုရိုကျိုးကျိုးရှိလို့ ခင်မင်ကြတယ်။ သူက ခိုးတဲ့အခါမှာ အင်မတန် လျင်မြန်တယ်။ ဒါပေမဲ့ ထောင်ထဲမှာတော့ ဘယ်ပစ္စည်းမှ သူမခိုးပါဘူး။ ခိုးလို့မိရင်လည်း တိုက်ပိတ်ခံမှာ သေချာတယ်။ ဒါကြောင့် သူ့စား၀တ်နေရေး အတွက် ထောင်ထဲမှာ အနှိပ်သည်လုပ်ရင်း အသက်မွေး ၀မ်းကျောင်းတယ်။ နေကျော်ရဲ့ ဘ၀ဇာတ်ကြောင်းကလည်း တော်တော်စိတ်၀င်စားဖို့ ကောင်းတယ်။ သူ့ကို ပဲခူးတိုင်းအရှေ့ ဘက်ခြမ်း ရိုးမတောင်ပေါ်မှာ ရှိတဲ့ တောင်ပေါ်ရွာ ၁၄ ရွာထဲက တစ်ရွာမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

စနေသားဖြစ်လို့ သူ့ကို မိဘတွေက “ နေကျော်” လို့ အမည်မှည့်ခဲ့တယ်။ ဒါပေမဲ့ တစ်ညမှာ နေကျော်တို့ တောင်ယာထဲက တဲကို တောဆင်ရိုင်းတွေ လာဖျက်ဆီးတော့ နေကျော်ကလွဲပြီး တစ်မိသားစုလုံး ဆင်နင်းခံရလို့ သေသွားကြတယ်။ မိဘမဲ့သွားတဲ့ နေကျော်ကို ဘေးနား တောင်ယာမှာနေတဲ့ မုဆိုးမ ဒေါ်ငွေယုံ ဆိုတဲ့ အဘွားကြီးက မွေးစားပြီး ပြုစု စောင့်ရှောက်ထားလိုက်တယ်။ ဒေါ်ငွေယုံက ဆင်းရဲပေမယ့် နေကျော်ကို မြေးတစ်ယောက်လို သားတစ်ယောက်လို ချစ်တယ်။ နောက်တော့ ရိုးမတောင်ပေါ်မှာ နေရတာ မလုံခြုံတဲ့ အတွက် ဖြူး၊ ကညွတ်ကွင်းနယ်ထဲက ငါးပတ်အိုင်ရွာကို ရွှေ့ပြောင်းလာတယ်။ အဲဒီမှာ ဒေါ်ငွေယုံက ကုန်စုံဆိုင် လေးဖွင့်ပြီး ဘ၀ ၀မ်းကျောင်းတယ်။ ဒေါ်ငွေယုံတို့ ပြောင်းရွှေ့လာတဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ ဆိုရမယ်။ ဒေါ်ငွေယုံနဲ့ နေကျော်အတွက် စား၀တ်နေရေးက ရိုးမ တောင်ပေါ်တုန်းကလောက် မခက်ခဲ မကြမ်းတမ်းတော့ဘူး။ ဒါကြောင့် အေးအေးချမ်းချမ်း နေထိုင်ကြတယ်။ ဒါပေမဲ့ ဒေါ်ငွေယုံရဲ့ အားနည်းချက် တစ်ခုကတော့ နတ်တွေ၊ စုန်းတွေကို အလွန်အမင်း ယုံကြည်ကိုးကွယ်တာပါပဲ။ အခုလည်း ရွာမှာ ပွဲထိုးလိုက်၊ နတ်ကန္နားပေးလိုက် လုပ်နေရင်း ဒေးစွန်ပါက လူတွေနဲ့ အဆက်အသွယ် အချိတ်အဆက်ရလာတယ်။ ဒေးစွန်ပါဆိုတာ ပဲခူးတိုင်း၊ ဘုရားကြီးနားမှာရှိပါတယ်။

ဒေးစွန်ပါမှာ အထက်လမ်း၊ အောက်လမ်း ဆရာတွေကတစ်ဆင့် ထိတွေ့မမြင်ရတဲ့ ပရလောကက သူတွေ၊ သိုက်နန်းတွေ၊ နတ်တွေ၊ စုန်းကဝေ စသဖြင့် အစုံချိတ်ဆက်လို့ရတယ်။ ဒေါ်ငွေယုံက မွေးစားသားနေကျော်နဲ့ ဒေးစွန်ပါရောက်သွားတော့ ဒေါ်ငွေယုံ ဆရာတွေက နေကျော်မှာ ထူးခြားတဲ့ နက္ခတ်ရှိနေတယ်လို့ ပြောကြ တယ်။ ဒီအချိန်မှာပဲ ဒေါ်ငွေယုံက ရိုးမတောင်ပေါ်မှာ နေထိုင်ခဲ့စဉ်က နေကျော်ရဲ့ ထူးခြားတဲ့ လုပ်ရပ်တစ်ခုကို ချက်ချင်း သတိရသွားတယ်။ အဲဒါကတော့ တစ်ရက်မှာ နေကျော် ညဘက်အပေါ့သွားတော့ တောစပ်မှာ ၀င်း၀င်းတောက်နေတဲ့ မျက်လုံးနှစ်လုံးကို မြင်လိုက်ရတယ်။ ချက်ချင်းပဲ ဒါဟာ တောကောင်မှန်း သိသွားတယ်။ အဲဒါကြောင့် တဲထဲကဓာတ်မီးကို သွားယူပြီး တောကောင်ဆီ သွားတယ်။ ပြီးတော့ မီးတောက်ပြီး သူ့အိမ်ဝုိင်းထဲ မရောက် ရောက်အောင် ညှို့ခေါ်ခဲ့ဖူးတယ်။ အဲဒီ တောကောင်က တကယ်တော့ ချေပေါက်လေးပါ။ အိမ်ထဲလည်း ရောက်ရော နေကျော် တစ်ယောက် ဓာတ်မီးပစ်ချပြီး ချေပေါက်လေးကို ၀င်လုံးတော့တာပဲ။ ချေပေါက်ကလည်း ရုန်း၊ သူကလည်းချုပ်နဲ့ ပတ်၀န်းကျင် တစ်ခုလုံး ဆူညံသွားတယ်။ အသံတွေကြောင့် ဘေးနားကလူတွေ နိုးလာပြီး နေကျော်ကို၀င်ကူလို့ ချေပေါက်တစ်ကောင် ရခဲ့ဖူးတယ်။

အဲဒီကတည်းက ဒေါ်ငွေယုံက နေကျော်ရဲ့ “ဇ”ကို သဘောကျနေခဲ့တာပါ။ အခုလည်း ဒေါ်ငွေယုံက သူ့မွေးစားသားကို သာမန်လူတွေထက် ထူးတဲ့ လူစွမ်းကောင်း တစ်ယောက် ဖြစ်စေချင်တယ်။ ဒါကြောင့် ဒေးစွန်ပါမှာရှိတဲ့ အထက်ဆရာတွေကို ပူဇော်ပသပြီး သူ့မွေးစားသားကို “မ”ဖို့ တောင်းဆိုတယ်။ ဒေါ်ငွေယုံဆရာတွေကလည်း နေကျော်ရဲ့ မွေးနေ့၊ မွေးနံ၊ ဂြိုဟ်စီး၊ ဂြိုဟ်နင်း၊ နက္ခတ် စတာတွေကို လေ့လာကြည့်ပြီး လောကကို စောင့်ရှောက်တဲ့ ထူးခြားတဲ့ လူတစ်ယောက်ဖြစ်အောင် စီရင်ပေးမယ်လို့ ကတိပေးလိုက်တယ်။ အဲဒီနောက် ကတိကိုအကောင်အထည်ဖော်ဖို့ ဒေါ်ငွေယုံတစ်ယောက် ဒေးစွန်ပါမှာ ခုနစ်ရက် ခုနစ်လီ ပွဲပေးရတယ်။ ပြီးတော့ အောက်လမ်းဆရာသမားတွေက နေကျော်ရဲ့ ပေါင်နှစ်ဖက်မှာ ကြောင်ဆင်း ကြောင်တက်အရုပ် နှစ်ရုပ်ကို ထိုးပေးလိုက်တယ်။ ဒီလိုထိုးဖို့ အတွက် စီရင်ထားတဲ့ဆေးက ဒီလောက,က လူတွေ ကြားဖူးနား၀ရှိတဲ့ “ ကြောင်မျက်ရှင်” ဆေးနဲ့ ကွဲပြားခြားနားပါတယ်။ ကြောင် မျက်ရှင်ဆေးက ကြောင်သေသွားပေမယ့် မျက်လုံးက ရှင်နေတာကို ယူပြီးစီရင်ရတာ ဖြစ်ပါတယ်။ နေကျော်ကို ထိုးတဲ့ဆေးကတော့ သေသွားတဲ့ ကြောင်နက်ကို စီရင်ထားတာ ဖြစ်ပါတယ်။

ဒီကြောင်နက်ဟာ တစ်ကိုယ်လုံး နက်မှောင်နေရုံသာမက ခြေသည်း လက်သည်းတွေကပါ မည်းနေတာကြောင့် ထူးခြားတဲ့စွမ်းအင်ရှိတယ်လို့ ယုံကြည်နေကြတာပါ။ နေကျော်ကို ကြောင်ရုပ်ထိုးပြီး ဆေးစီရင်ပြီးတဲ့နောက် ဆေးအောင် မအောင်ကိုပါ တစ်ပါတည်းစမ်းသပ် ရပါတယ်။ ဘယ်လိုစမ်းသပ်ရသလဲဆိုရင် ဒေးစွန်ပါ တောတွင်းတစ်နေရာက လူနှစ်ရပ် သုံးရပ်မြင့်တဲ့ တောင်ထိပ်တစ်ခုပေါ်ကနေ နေကျော်ကို တွန်းချပြီး စမ်းသပ်မှာ။ ဒါပေမဲ့ သူ့တစ်ယောက်တည်းတော့ တောင်အောက်ကို မချဘူး။ ဆေးစီရင်ထားတဲ့ဓား တစ်လက်နဲ့ နေကျော်ကို ပြိုင်တူ တောင် အောက်ကိုချလိုက်တာ ဖြစ်ပါတယ်။ ဒီလို အချိန်မှာ ပိုင်ရာဆိုင်ရာတွေ၊ ရွာတော်ရှင်၊ နယ်တော်ရှင်၊ ကိုးမြို့ရှင် အကုန်လုံးကို ပင့်ဖိတ်ပြီး တောင်ပေါ်မှာရော တောင် အောက်မှာရော ဆေးအောင် မအောင် အကဲဖြတ်တဲ့ ဆရာကြီးငယ်တွေ စောင့် ကြည့်နေကြပါတယ်။ အဲဒီနေ့က နေကျော်နဲ့ ဓားကို ပြိုင်တူချလိုက်တော့ နေကျော်က ဓားထက် အရင် တောင်အောက်ရောက်သွားတယ်။

တောင်အောက်ရောက်တော့ လည်း ညင်ညင်သာသာပဲ။ ဘာဒဏ်ရာမှ မရဘူး။ ဒီမှာတင် ဆေးစီရင်ပေးတဲ့ ဆရာတွေရော၊ ဒေါ်ငွေယုံရော ၀မ်းသာအားရနဲ့ “အောင်ပြီအောင်ပြီ” ဆိုပြီး ဟစ်ကြွေးကြတာပေါ့။ ဒေါ်ငွေယုံလည်း သူ့မွေးစားသားလေးကို အရိပ်တကြည့်ကြည့်နဲ့ ကညွတ်ကွင်းကို ပြန်ခေါ်လာတယ်။ တစ်နေ့နေ့ တော့ သူ့သားနေကျော်တစ်ယောက် ဆေးစွမ်းပြမှာပဲလို့လည်း အပြည့်အ၀ ယုံကြည်ထားတယ်။

အဲဒီနောက် ရက်အနည်းငယ်အကြာမှာ ဒေါ်ငွေယုံရဲ့ အိမ်နားနီးချင်းတွေ ပြဿနာတက်တော့တာပါပဲ။ ခေါင်းရင်းအိမ်က ထဘီပျောက်သွားသလို၊ ခြေရင်းအိမ်က အပျိုပေါက်စတွေရဲ့ အိမ်နောက်ဖေးမှာ လှန်းထားတဲ့ ရှင်မီးအင်္ကျီတွေ ပျောက်သွားတယ်။ နောက်တစ်ရက်နှစ်ရက် အတွင်းမှာ သုံးအိမ်ကျော်က မိန်းမတွေရဲ့ အတွင်းခံ၊ လေးအိမ်ကျော်က ဘော်လီတွေ ပျောက်ပြန်တယ်။ ဒီလို ရက်ဆက် အမျိုးသမီး အသုံးအဆောင် အ၀တ်အထည်တွေ ပျောက်နေလို့ ရပ်ကွက်ထဲမှာ ပူညံပူညံဖြစ် နေစဉ်မှာပဲ ဒေါ်ငွေယုံတစ်ယောက် နေကျော်ရဲ့ သံသေတ္တာထဲကနေ ပျောက်နေတဲ့ အမျိုးသမီးအ၀တ်အထည်တွေကို ရုတ်တရက် တွေ့လိုက်ရတဲ့အခါမှာ အသက်ရှူ ရပ်မတတ် ဖြစ်တော့တာပဲ။

နောက်ဆုံး နေကျော်ကိုခေါ်ပြီး “ဘာလို့ဒါတွေကိုခိုးတာလဲ” လို့ တိတ်တိတ် ကျိတ်မေးရတယ်။ နေကျော်က “ညဘက်ရောက်ရင် အဲဒီ ပစ္စည်းတွေကို မခိုးရမနေနိုင်လို့ လိုက်ခိုးနေတာ” လို့ ၀န်ခံပါတယ်။ နေကျော် စကားလည်း ကြားရော ဒေးစွန်ပါမှာလုပ်ခဲ့တဲ့ အစီအရင်တွေမှာ တစ်ခုခုမှားသွားပြီလို့ ဒေါ်ငွေယုံ နားလည် လိုက်တယ်။ ဒါကြောင့် ရက်မဆိုင်းဘဲ နေကျော်ကို ဆရာတွေဆီ ခေါ်သွားပြီး သူ့ကိုလုပ်ထားတဲ့ အစီအရင်တွေ ဖျက်ပေးဖို့ ပြန်တောင်းဆိုတော့တယ်။ ဆရာတွေဟာလည်း နေကျော်အစီအရင်မှာ စောရနက္ခတ်ရသွားပေမယ့် ဗွေဖောက်ပြီး ခိုးမယ့်ခိုးတော့ တန်ဖိုးကြီးတာတွေ မခိုးဘဲ မိန်းမထဘီတွေ၊ ဘော်လီတွေ ခိုးနေတော့ တော်တော် စိတ်ပျက်သွားတယ်။

ဒါကြောင့် နေကျော်ပေါင်ပေါ်မှာ ထိုးထားတဲ့ ကြောင်ဆင်းကြောင်တက်က ကြောင်မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်တယ်။ အဆုံးတော့ ရပ်ကွက်ထဲမှာ မိန်းမ ထဘီ၊ အင်္ကျီတွေ ပျောက်တာရပ်သွားတယ်။ နေကျော်လည်း အစီအရင်တွေ ဖျက်လိုက်တော့ မိန်းမ၀တ်တွေ ယူချင်စိတ်မရှိတော့ဘူး။ ဒါပေမဲ့ ခိုးချင်တဲ့စိတ် ကတော့ဖျောက် မရတော့ဘူး။ တန်ဖိုးသေးတာပဲဖြစ်ဖြစ်၊ တန်ဖိုးကြီးတာပဲဖြစ်ဖြစ် နေကျော်က ဗီဇ မဖျောက်နိုင်တော့ဘူး။ နောက်ဆုံးတော့ ဆေးကြွင်းဆေးကျန်တွေကြောင့် သူခိုးဘ၀ ရောက်သွားတယ်။ ဒေါ်ငွေယုံလည်း မွေးစားသားဘ၀ကို ကြည့်ပြီး ရင်ထုမနာ ဖြစ်သွားတယ်။ ဘယ်လိုပဲ ဆုံးမဆုံးမ မရတော့ဘူး။ အိမ်မှာ စားစရာရှိလည်း နေကျော်က တော့ လိုက်ခိုးနေတာပဲ။ ကြာတော့ ရပ်ကွက်ထဲမှာရော မြို့မှာရော “ကျော်စော” သတင်းဖြစ်လာတယ်။ တခြားမှာ ခိုးမှုဖြစ်လည်း ရဲတွေက နေကျော်ကိုပဲ လာရှာတယ်။ နောက်တော့ အိမ်နဲ့ အချုပ်၊ အချုပ်နဲ့ထောင် ယဉ်ပါးလာတယ်။ ဒေါ်ငွေယုံလည်း အဲဒီဥပါဒါန်စိတ်နဲ့ ယူကျုံးမရဖြစ်ပြီး ဆုံးပါးသွားတယ်။ နေကျော်ကတော့ အချုပ်နဲ့ ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်ပမာ ဖြစ်လာတော့တယ်။ အခုလည်း မင်္ဂလာဒုံဘက်မှာ လျှပ်စစ်မီးကြိုးတွေခိုးလို့ အင်းစိန်ထောင်မှာ အချုပ်ကျလာတာ ဖြစ်ပါတယ်။

အဲဒီညက သူခိုးနေကျော်ဟာ ဦးချင်းကို နှိပ်ပေးရင်းနဲ့ မပြောမဆို ရုတ်တရက် အသံနက်ကြီးနဲ့အော်ပြီး ဦးချင်းရဲ့ မတော်ရာကို လက်နဲ့ညှစ်လိုက်တယ်။ ဦးချင်းလည်း လန့်ဖျပ်ပြီး အော်တော့တာပေါ့။ ဦးချင်းရဲ့ အော်သံကြောင့် တစ်ခန်းလုံးက အလန့်တကြား ဝုိင်းကြည့်လိုက်တယ်။ ဒါပေမဲ့ နေကျော်က ဦးချင်းရဲ့ငယ်ပါကို ကိုင်ထားတာကို လုံး၀လွှတ်မပေးဘူး။ နာလို့ ဦးချင်းက ပိုအော်တယ်။ နေကျော်ကလည်း အော်လေ ညှစ်လေပဲ။ ပြီးတော့ သူ့မျက်နှာက ဒေါသထွက်နေပုံနဲ့ ဦးချင်းကို စူးစူးဝါးဝါးကြည့်ပြီး ပါးစပ်ကလည်း ဗလုံးဗထွေး ပြောနေတယ်။ အသံလည်းပြောင်း သွားတယ်။

“နင်က ဘုရားဒကာလား။ နင့်အလုပ် ဘာရှိလဲ။ ငါနဲ့ ငါ့ယောက်ျားနဲ့ အဆင်ပြေနေတာပဲ။ နင်က ကြားထဲက ဘာ၀င်ဖျက်တာလဲ”
နေကျော်ရဲ့ မျက်နှာသွင်ပြင်နဲ့ ပြောဟန်ဆိုဟန်ကြောင့် ဦးချင်းလန့်သွားတယ်။ ပါးစပ်ကလည်း အခန်းထဲက လူတွေကို အကူအညီ တောင်းလိုက်တယ်။

“ ဟာ လုပ်ကြပါဦးဟ။ ကယ်ကြပါဦး။ နေကျော်ကို ၀င်ပူးနေပြီထင်တယ်”
ဦးချင်းစကားကြောင့် တစ်ခန်းလုံးက အံ့သြပြီး ငေးကြောင်နေတယ်။ နေကျော် ကတော့ ဦးချင်းကို ဆက်ညှစ်ပြီး ဒေါသ တကြီး ပြောနေတုန်းပဲ။

“နင်ဘာလို့ အမျှဝေတာလဲ။ ငါဒီမှာ ရှိနေတာ ဘာဖြစ်လို့လဲ။ နင့်အကျိုးယုတ်အောင် ငါမလုပ်ဖူးဘူး။ ငါ့ကိုလည်း မလုပ်နဲ့”

နေကျော်ရဲ့ဒေါသနဲ့ ညှစ်အားကြောင့် ဦးချင်းတဆတ်ဆတ်တုန်ပြီး နာကျင်လွန်းလို့ မျက်ရည်တွေကျ လာပါတယ်။ ဒီအချိန်ကျမှ အခန်းလူကြီး ကျော်မြင့်သတိ၀င်လာပြီး ဦးချင်းခန္ဓာကိုယ်ပေါ်ကို ခွစီးထားတဲ့ နေကျော်ကို ခြေထောက်နဲ့ ဆောင့်ကန်ပစ် လိုက်တယ်။ ပြင်းထန်တဲ့ အရှိန်ကြောင့် နေကျော် ဦးချင်း ကိုယ်ပေါ်က လွင့်ကျသွားတယ်။ လဲနေတဲ့ နေကျော်ကို အခန်းသားတွေက ဝုိင်းချုပ်ပြီး သတိလည်လာအောင် လုပ်ပေးကြတယ်။ ၀င်ပူးပြီး ထွက်သွားတော့ နေကျော် သတိလည်လာပြီး တစ်ကိုယ်လုံး ရေချိုးထားသလို ချွေးစီး ချွေးပေါက်တွေ ထွက်နေတယ်။ သူ့ကိုယ်သူလည်း ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး။ ဦးချင်း ခမျာလည်း နာကျင်လွန်းလို့ မျက်ရည်တွေ တောက်တောက်ကျနေတယ်။

ဒီလိုတစ်ခန်းလုံး ယောက်ယက်ခတ် နေပေမယ့် မနှင်းဆီယောက်ျား ကို၀င်းမြင့်ကတော့ အခန်းထောင့် တစ်နေရာမှာ အေးအေးဆေးဆေးပဲ ဦးချင်းတို့ မြင်ကွင်းကို ထိုင်ကြည့်နေတယ်။ ဘုရားလူကြီး ၀င်ပူး ထွက်ပူး ဦးချင်း မျက်ရည် တောက်တောက်ကျအောင် နှိပ်ပေးခဲ့တဲ့ သူခိုးကြီး နေကျော်ကိုတော့ အင်းစိန်ထောင်က နောက်တစ်နေ့မှာ နာမည်တစ်ခုပေးပြီး ဂုဏ်ပြုခဲ့တယ်။ အဲဒီနာမည်ကတော့ “ဆရာငိုသံကြား”တဲ့။ နေကျော်ခမျာ ဒီ နာမည်ကြောင့် ထောင်ထဲမှာ နာမည်ကြီး သွားခဲ့ပေမယ့် လူတွေက ဒီနာမည်နဲ့ သူ့ကို ခေါ်ရင် အရမ်း စိတ်ဆိုးတယ်။ ဒါပေမဲ့ ၁ ဆောင်မှာ သူနဲ့အတူနေတဲ့ “ဆွိ” ဆိုတဲ့ တစ်ယောက်ကတော့ အဆဲခံ အထိုးခံပြီး နေကျော်ကို “ဆရာငိုသံကြား” လို့ အမြဲ ခေါ်တယ်။ ဒီလိုအစသန်တဲ့အတွက်ကြောင့် ၁ ဆောင်မှာ ဆွိရဲ့အလှည့် မကြာခင် ရောက်လာတော့တယ်။

 

“ ၀င်းမြင့် ထောင်ကလွတ်သွားပေမယ့် ဒီမှာ မနှင်းဆီ ကျန်ခဲ့တယ်”

*တို့ချစ်ခြင်းကို ..ကွင်းအောင် တစ်စေ, မီးလိုမွှေတဲ့ နရသိန်,*
————————————————————————
အင်းစိန်ထောင်ထဲကို မြို့နယ်အသီးသီးက တရားရုံးတွေ မှာ အမှုရင်ဆိုင်ဖို့သွားတဲ့ အချုပ်သားတွေ တဖွဲဖွဲပြန် ၀င်လာကြပြီဖြစ်ပါတယ်။ ၁ ဆောင်က အချုပ်သားတွေဟာ မိန်းဂျေးလ်မှာ သတင်းပို့ပြီးအဆောင်ထဲကို ပြန်၀င်ဖို့ တန်းစီ နေကြပါတယ်။ ဒီအချိန်မှာပဲမြို့ထဲကပြန်လာတဲ့ အချုပ်သားတွေက ၁ ဆောင်ထဲကို သတင်းတစ်ခု လှမ်း အော်ပြောလိုက်တယ်။

“ ၀င်းမြင့် လွတ်သွားပြီ”

ဒီသတင်းကိုကြားတဲ့ ၁ ဆောင် အချုပ် သားတွေဆီက ၀မ်းသာအားရ “ ဟေး” ခနဲ အော်သံတွေ ထွက် လာပါ တယ်။ ဘာလို့လဲ ဆိုတော့ သူတို့ အားလုံးက ၀င်းမြင့်ကို သနားကရုဏာသက်နေလို့ ဖြစ်ပါတယ်။ ဒါ့အပြင် မစန်း လုပ်ကြံလီဆယ်ထားတဲ့ မုဒိမ်းမှုမှာ ၀င်းမြင့်အပြစ်မရှိတာကို အလို လိုသိနေကြလို့ ဖြစ်ပါတယ်။

၀င်းမြင့်ကို အမှုမခိုင်လုံတဲ့အတွက် စမ်းချောင်းမြို့နယ် တရားရုံးက စွဲချက်မတင်ဘဲ ချက်ချင်းလွှတ် ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီသတင်းကို ကြားရတဲ့အခါ ၀င်းမြင့်နဲ့ တစ်ဝုိင်းတည်းစား တဲ့ အခန်းလူကြီးကျော်မြင့်ရော၊ ၀င်ပူး ထွက်ပူးဦးချင်းရော၊ ကျန်တဲ့ဝုိင်းသားတွေ ရော ၀မ်းနည်း ၀မ်းသာ ဖြစ်ကြရတယ်။ ၀မ်းသာရတာကတော့ ၀င်းမြင့်လွတ်သွားလို့ ဖြစ်ပြီး ၀မ်းနည်းရတာကတော့ သောကြာ နေ့ညနေ ထမင်းစားကြတဲ့အခါ ဝုိင်းသား တစ်ယောက် လစ်လပ်သွားလို့ ရင်ထဲမှာ ဟာပြီး ၀မ်းနည်းနေတာ ဖြစ်ပါတယ်။ ဦးချင်းကတော့ ထမင်းစားရင်း လေးလေး နက်နက် စကားတစ်ခွန်း ပြောချလိုက်တယ်။

“ အင်း … ၀င်းမြင့်လွတ်သွားပြီဆို တော့ မနှင်းဆီလည်း သူ့နောက် လိုက်သွား လောက်ပြီပေါ့”

ဦးချင်းရဲ့စကားကို ဘယ်သူကမှ မှတ် ချက်မပေးရဲပါဘူး။ အားလုံး တိတ်တိတ် ဆိတ်ဆိတ် ငြိမ်ပြီး ထမင်း ဆက်စားနေကြပါ တယ်။ သူတို့အတွက်တော့ ၀င်းမြင့်ဟာ ခဏတစ်ဖြုတ်တွေ့ခဲ့ရတဲ့ အချုပ်သားတစ် ယောက် ဖြစ်ပေမယ့် စိတ်လှုပ်ရှားစရာတွေ အများကြီးဖြစ်ပေါ်စေခဲ့တဲ့ လူတစ်ယောက် အဖြစ် ဘယ်တော့မှ မေ့မှာမဟုတ် တော့ပါ ဘူး။

၀င်းမြင့် လွတ်သွားပြီးတဲ့နောက် တကယ်လည်း ကရင်မ (ခ) မနှင်းဆီရဲ့ အရိပ်အယောင်တွေ ၁ ဆောင်မှာ မတွေ့ ရတော့ပါဘူး။ ဒါပေမဲ့ အနှိပ်ဆရာနေကျော် ကတော့ မနှင်းဆီရဲ့ ကောင်းမှုနဲ့ “ ဆရာ ငိုသံကြား” ဆိုပြီး နာမည်တစ်လုံး ကျန်ရစ် ခဲ့ပါတယ်။

နေကျော်က သူခိုးဆိုပေမယ့် သူ့ကို ဒီနာမည်ခေါ်ရင်အရမ်းစိတ်ဆိုးလေ့ ရှိတယ်။ ဒါကို သူနဲ့အတူ အချုပ်ကျနေတဲ့ စိုးကြီး (ခ) ဆွိက သိတယ်။ စိုးကြီးဆိုတဲ့ ကောင်ကလည်း ဘယ်လောက်တောင် လောင်းကစား စွဲသလဲဆိုရင် ထောင်က ရိုက်နှက်နှိပ်စက်၊ တိုက်ပိတ်တာတောင် ဝါသနာမဖျောက်လွန်းလို့ ထောင်က လက် လျှော့ထား ရတဲ့လူတစ်ယောက်။

အမြဲတမ်း အန်စာခေါက်နေပေမယ့် မျက်နှာလေးက ချိုပြီး အပြောကောင်းလို့ သူ့ကို အားလုံး က ဆွိလို့ခေါ်တယ်။ အပြင်မှာတော့ သူက လည်း သူခိုးပဲ။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ ကို အလစ်သုတ်တယ်။ ပြီးရင် ၀ပ်ရှော့ပ် သွား တစ်စစီဖြုတ်ပြီး ပုံစံဖျက်လိုက်တယ်။ ပြီးမှ စက်ပစ်္စည်း အပိုင်းအစတွေကို မြေနီ ကုန်း၊ ပုဇွန်တောင်(ကြက်တန်း)၊ သာကေတ စသဖြင့် နေရာတွေခွဲပြီးရောင်းစားတဲ့ သူခိုး တစ်ယောက်ပါ။

သူ့အားနည်းချက်က အလွန်အစအနောက်သန်တယ်။ ပြီးတော့ ထောင်စကားနဲ့ ပြောရရင် ဆွိက “ဘက် ဆုတ်” နေတယ်။ ဘက်ဆုတ်တယ် ဆိုတာ မိန်းမစိတ်၀င်နေတာကို ထောင်ထဲမှာပြော တဲ့ ဗန်းစကား ဖြစ်ပါတယ်။ ဆွိရဲ့ ပုံပန်း သဏ္ဌာန်ကိုကြည့်လိုက်ရင်တော့ ကျားကျား လျားလျား၊ လက်မောင်းတွေ၊ ကျောတွေမှာ တက်တူးတွေနဲ့။ အပြင်မှာ တွေ့ရင် ကျော ချမ်းစရာပါပဲ။

ဒါပေမဲ့ သူက မိန်းမလျာ စစ်စစ်တစ်ယောက် ဖြစ်ပါတယ်။ သူက ထောင်ကို ၀င်ခလုတ်ထွက်ခလုတ် လုပ်နေ တဲ့သူဆိုတော့ ထောင်ထဲမှာ ခွင်ဖန်တယ်။ ခွင်ဖန်တယ်ဆိုတာ သူ့အတွက် သား ကောင်ရှာတာကို ပြောတာ ဖြစ်ပါတယ်။ သူ့ရဲ့သားကောင်တွေကတော့ ထောင်ထဲကို မူးယစ်ဆေးသုံးစွဲလို့ ၀င်လာတဲ့ ချာတိတ် လေးတွေ၊ မိသားစုကျောထောက်နောက်ခံ မရှိလို့ ခြေချုပ်ပုဒ်မနဲ့ ၀င်လာတဲ့ ချာတိတ် လေးတွေ ဖြစ်ပါတယ်။

ခြေချုပ်ပုဒ်မဖြစ်တဲ့ ၅/၁ (စ)(ဆ) ဟာ အာမခံပေးလို့ရပေမယ့် အိမ်က လာ မထုတ်ဘူးဆိုရင် ထောင်ထဲမှာနေရမှာ ဖြစ်ပါတယ်။ တကယ်တော့ ၅/၁(စ)(ဆ) ဆိုတာ ဥပဒေချိုးဖောက်လို့ အဖမ်းခံရတာ မဟုတ်ဘဲ ဥပဒေမချိုး ဖောက်အောင် ရဲစ ခန်းက ထိန်းသိမ်းဖို့ ထုတ်ထားတဲ့ ပုဒ်မ တစ်ခုသာ ဖြစ်ပါတယ်။ ဒီကောင်လေးတွေ အဆောင် ကို ရောက်လာရင် ဆွိ ကစား စရာဖန်တီးပေးတယ်။

၀တ်စရာ ဆင်ယင် ပေးတယ်။ အလုပ်လေဘာချထားရင်လည်း သက်သာတဲ့အလုပ်တွေရအောင် ပြောပေး ထားတယ်။ ပြီးတော့ သူနဲ့တစ်ဝုိင်းတည်း စားစေတယ်။ ဒုက်္ခရောက်နေတဲ့ ချာတိတ် တွေကလည်း ဆွိရဲ့ နွေးထွေး တဲ့အကူအညီ တွေကြောင့် နောက်ဆုံး သူခိုင်းတာလုပ်၊ သူကျွေးတာစားရတဲ့ “အိုးစား” ဖြစ်သွား တယ်။ ထောင်ထဲမှာ ဥပဒေဆိုတာကတော့ “ နိုင်ရာစား” ပဲဖြစ်ပါတယ်။

ဒီလိုပတ်၀န်း ကျင်မှာ ဆွိအတွက် သားကောင်တွေကို စည်းရုံးရတာ အင်မတန်လွယ်ပါတယ်။ သူ့ ရဲ့ မဟာဗျူဟာ ကတော့ သီချင်းလေးတွေ နဲ့ ညှို့တတ်တာပါပဲ။ သူညှို့တဲ့ သီချင်း လေးတွေကလည်း တော်တော်မိုက်ပါတယ်။ တစ်ခါတစ်ရံမေဆွိရဲ့ “ကမ်းစပ် မင်းဟာ ကမ်းစပ် …ဒို့ဟာ ရေလှိုင်းလေးပေါ့ အချစ်ရယ်” သီချင်းနဲ့ ညှို့တတ်တယ်။

တစ်ခါတစ်ရံ သားကောင်ဟာ နယ်ဘက်က ဆိုရင် မောင်ကြေးမုံရေးစပ်ပြီး မေဆွိဆိုတဲ့ “ ပုစွန်ဆိတ်လေး ဘယ်လိုငယ် ပင်လယ်ကူး တတ်တယ်” ဆိုတဲ့သီချင်းနဲ့ ညှို့တတ်တယ်။ သူ့ရဲ့စက်၀န်းထဲမှာ အညှို့ခံမိသွားတဲ့သူ ဆိုတာ သေချာသွားပြီဆိုရင် ဒီကောင်လေး ကို ရေချိုးရင်လည်း ချေးတွန်းပေးတာတို့၊ အ၀တ်လျှော်ပေးတာတို့၊ ထမင်းစားရင် လည်း ဆီပြန်ဟင်းတွေ ၀ယ်ကျွေးတာတို့၊ ဆေးလိပ်သောက်ရင်လည်း အဖြူလို့ခေါ်တဲ့ စီးကရက်ကို ရအောင်ရှာပြီး တိုက်တာတို့ အကုန်လုပ်ပေးတယ်။

နောက်ဆုံးတော့ သူ ညှို့ထားတဲ့ကောင်လေးဟာ သူ့လိုအင်ကို လိုက်ရတော့တာပါပဲ။ ဒါကြောင့်လည်း ဆွိက “လူ့အခွင့်အရေးဆိုတာ အင်းစိန် ထောင်ထဲမှာပဲ ရှိတယ်” လို့ မကြာခဏ ကြွေးကြော်နေတာပေါ့။ ဆွိရဲ့ နေပုံထိုင်ပုံ လုပ်ပုံကိုင်ပုံကို လုံးဝြကည့်မရတာကတော့ ဘာသာရေးသမားကြီး ဦးချင်းပဲ။ သူက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဆွိကို ခေါ်ပြီး ဆုံးမတယ်။

ဆွိက ရုပ်ရှင်ရိုက်တတ် တယ်။ ဦးချင်း ဆုံးမပြီးတဲ့အခါ သူ့ဘ၀ အတွက် ယူကြုံးမရဖြစ်ရပုံနဲ့ “နောက်တရ ပါပြီ” လို့ ပြောပြောဆိုဆို ငိုပြတယ်။ ဦးချင်း က ဆွိကိုသနားသွားတော့ အိမ်ကပါလာ တဲ့ မုန့်တွေ၊ သကြားတွေ၊ ကော်ဖီမှုန့် တွေ ပေးတယ်။ တစ်ခါတစ်ရံ ပုံစံတက်ထရွန် အင်္ကျီ ပုဆိုးအဖြူတွေကို ပေးကမ်းစွန့်ကြဲ တယ်။ ဆွိက ဦးချင်းဆီက မျက်ရည်စက် လက်နဲ့ယူပြီး တစ်လလောက်ကြာတဲ့အခါ နောက်ထပ် သူတွေ့ထားတဲ့ သားကောင် အသစ်ကို ပေးကမ်းစွန့်ကြဲ လိုက်တော့ တယ်။

သူ့ရဲ့ အကောင်းစား ပုံစံအင်္ကျီပုဆိုး တွေ အိုးစားတစ်ယောက်၀တ်တာ တွေ့ပြီ ဆိုရင်တော့ ဦးချင်းနဲ့ ဆွိတို့ရဲ့ ပူညံပူညံ စကားများသံကို ၁ ဆောင်မှာ မကြားချင်မှ အဆုံးပဲ။ အဲ့ဒီလို စကားများပြီဆိုရင်လည်း ဆွိက “အရွယ်ရောက်လို့ ယောက်ျားယူတာ ဘာဆန်းသလဲ”လို့ ပြောပြီး ဦးချင်းကိုအနိုင် ယူတတ်တယ်။ သုံးလေး ငါးရက် မခေါ် မပြော နေရာကနေ ဆွိက ဦးချင်းရဲ့ အင်္ကျီ ပုဆိုးတွေ၊ စောင်တွေ ဇွတ်ယူ လျှော်ပေး လိုက်တဲ့ အခါမှာတော့ နှစ်ယောက်လုံး ပြန် တည့်သွားတတ်တယ်။

တစ်ခါက နှစ်ယောက်လုံးစိတ်ကောင်း ၀င်နေတဲ့အချိန် ညဘက် ဆွိက ဦးချင်းကို နှိပ်ပေးနေတယ်။ ဦးချင်းက ထုံးစံအတိုင်း ယောက်ျားဆိုတာ “ ဘုရားဆုပန် မင်း ယောက်ျား” ဆိုပြီး ဆွိကိုဆုံးမတယ်။ အစ ပိုင်းတော့ ဆွိက အသာတကြည်နားထောင် နေတာပဲ။ တော်တော်ကြာလာတော့ စိတ် အချဉ်ပေါက်လာတယ် တူပါရဲ့။ ဦးချင်း ခြေထောက် နှိပ်နယ်ပေးရင်းနဲ့ တစ်ခွန်း လှမ်းမေးတယ်။

“ အဘ …အဘဘယ်လောက်သတိ်္တ ရှိလဲ”

ဆွိစကားကြောင့် မျက်လုံးမှေးပြီး ဇိမ် ခံနေတဲ့ဦးချင်း မျက်လုံးကျယ်သွားတယ်။ ပြီးတော့ ဆွိကို ခပ်စပ်စပ်လေး ပြန်ပြော လိုက်တယ်။
“ ဟာ …ဘာလို့ သတိ်္တမရှိရမှာလဲ။ ယောက်ျားဖြစ်မှတော့ သတိ်္တဆိုတာ အလို လို ရှိပြီးသားပဲ”
“ ဒါဆို အဘ ဘာမဆိုလုပ်ရဲလား”
ဦးချင်းက သူ့ကို လေအေးလေးနဲ့မေး နေတဲ့ဆွိကို စိတ်တိုလာတယ်။ ဒါကြောင့် အနှိပ်မခံတော့ဘဲ ငုတ်တုတ် ထထိုင်ပြီး ပြန်ပြောတယ်။

“ မှန်တယ်ထင်ရင် လုပ်ရဲတာပေါ့ကွ။ထောင်ထဲရောက်လာတဲ့သူမှန်သမျှ ဇရှိလို့ ရောက်လာတာချည်းပဲ”

ဆွိက အမူအရာမပျက်ပါဘူး။ ဦးချင်း ကို ပြုံးကြည့်ပြီးနောက် တစ်ခွန်းထပ်မေး တယ်။

“ ကဲ စိတ်မဆိုးနဲ့ အဘရယ်။ နောက် ဆုံးတစ်ခွန်းတော့ မေးပါရစေ။ အဘ ဘာ မဆို လုပ်ရဲတယ်လို့ ၁ ဆောင်မှာ သတိ်္တရှိရှိ ကြွေးကြော်ရဲလား”

ဆွိစကားကြောင့် ဦးချင်း တွေဝေသွား တယ်။ ဆွိရဲ့ မေးခွန်းတွေက ဒုက်္ခရောက် စေမယ့် ထောင်ချောက် တွေပါ မှန်း ဦးချင်း ရိပ်မိသလိုလို ရှိသွားတယ်။ ဒါကြောင့် သံ သယနဲ့ ပြန်မေးလိုက်တယ်။

“ ဘာအတွက်ကြွေးကြော်ရမှာလဲကွ”

ဆွိက အပြုံးချိုချိုလေသံ အေးအေး လေးနဲ့ ဖြေတယ်။

“ကျွန်တော့်လို အဘလုပ်ဖူးလား”

ဆွိစကားကြောင့် ဦးချင်းရဲ့ ဒေါသ တွေ ငယ်ထိပ်ရောက်သွားတယ်။ ဆွိကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်လိုက် တယ်။
“မင်း မမိုက်ရိုင်းနဲ့ မင်းလုပ်နေတဲ့ဟာ က ထွက်ပေါက်ကွ။ ထွက်ပေါက် … ၀င်ပေါက် မဟုတ်ဘူး။ နားလည်လား ဟေ့ ကောင်။ အမယ်လေးဗျာ အသက်ကြီးမှ ဒီဘဝရောက်အောင် တွန်းချတဲ့ကောင်နဲ့ လာတွေ့နေတယ်”
ဦးချင်းရဲ့ ဒေါသတွေ အကြီးအကျယ် ပေါက်ကွဲတော့မှ ဆွိလည်း အခန်းထောင့်ကို အသာလစ်ထွက်သွားတယ်။ ဆွိဆိုတာ အဲ့ဒီလိုအချုပ်သားပါ။ ၀င်ပူးထွက်ပူးဦးချင်း လို ဘာသာရေးသမားကြီးကိုတောင် သွေး အေးအေးနဲ့ နောက်ပြောင်ရဲတဲ့ သတိ်္တ အပြည့်ရှိတယ်။

တစ်ဖက်မှာလည်း ဆွိနဲ့ နေကျော် ဆို တာ ၁ ဆောင်မှာ သက်တူ ရွယ်တူတွေ၊ သူခိုးချင်းလည်း ဖြစ်တယ်။ နေ့စဉ် တစ် ယောက်ရှိတာ တစ်ယောက်စား နောက် ပြောင်နေတာပဲ။ ကို၀င်းမြင့်ရောက်လာပြီး မနှင်းဆီကိစ္စ ပေါ်လာမှ ဒီကောင်တွေ အချင်းချင်း ပြဿနာစပေါ်တော့တယ်။

တစ်ချိန်က သူခိုးဘ၀ချင်း တူပေမယ့် နေ ကျော်က ဆွိကို “ အခြောက်” ဆိုပြီး နှိမ် လေ့ရှိတယ်။ ဆွိကလည်း သဘောကောင်း တာမို့ သည်းခံပါတယ်။ တစ်ခါတစ်ရံလည်း သူက ပြန်စတာပဲ။ ဒါပေမဲ့ ၁ ဆောင်မှာ ဦးချင်းကိုနှိပ်ပေးရင်း နေကျော်ကို မနှင်းဆီ ၀င်ပူးလို့ ဦးချင်းရဲ့မတော်ရာကို ညှစ်ပြီးတဲ့ နောက် နေကျော်က ဆရာငိုသံကြားဆိုပြီး နာမည်ကြီးသွားတာ အားလုံးအသိပဲ။

အဲဒီ နောက် အမြဲတမ်း နေကျော်ရဲ့ အစ အနောက် အနှိမ်ခံနေရတဲ့ ဆွိ အထက်စီး ရောက်သွားတယ်။ ဒီပြဿနာ ဖြစ်ပြီးတဲ့ နောက် ဆွိက နေကျော်ကို နာမည်မခေါ် တော့ဘူး။ အားလုံးက နောက်ကွယ်မှာ ပေးထားတဲ့နာမည် ဆရာငိုသံကြားလို့ပဲ ခေါ်တယ်။ ဒီလိုခေါ်တိုင်း နေကျော်က ဆွိကို တအုန်းအုန်းနဲ့ လိုက်ထိုးတယ်။ ဆွိ ကလည်း အနာခံအထိုးခံပြီး စတယ်။
တစ်ညမှာတော့ အဆောင်ပိတ်ခါစ မိုးကလည်း တဖွဲဖွဲရွာနေတယ်။ အချုပ်သား အားလုံးလည်း ကိုယ့်နေရာ မှာကိုယ် အနား ယူနေကြတယ်။ အဲဒီအချိန်မှာပဲ မိုးကာ အင်္ကျီ၀တ်ထားတဲ့ ည၀န်ထမ်း ဝါဒါတစ် ယောက် အထုပ်တစ်ထုပ်ကိုင်ပြီး အခန်း လူကြီးကျော်မြင့်ကိုလာရှာတယ်။ ကျော်မြင့် ကို တွေ့တော့ လက်ထဲက မုန့်ထုပ်နဲ့ ကွမ်း ယာထုပ်ကို လှမ်းပေးလိုက်တယ်။

“ ရော့ … ကျော်မြင့်၊ မင်းကို လွတ် သွားတဲ့ ၀င်းမြင့်က ပေးခိုင်းလိုက်တာ”

၀န်ထမ်းစကားဆုံးတော့ ကျော်မြင့် တော်တော်၀မ်းသာသွားတယ်။ ၀င်းမြင့် ရုံး ထွက်တဲ့နေ့က သေချာ စကားမပြောလိုက် ရသလို နှုတ်မဆက်လိုက်ရဘူး။ ဒါကြောင့် စိတ်ထဲမှာ တနုံ့နုံ့ ဖြစ်နေတယ်။ အခုလို သူတို့ အပေါ် သတိရပြီး လူကြုံနဲ့ စားစရာ တွေ ပေးလိုက်တယ်ဆိုတော့ စိတ်ထဲမှာ ၀မ်းသာပီတိ ဖြစ်သွားတယ်။ ဒါကြောင့် သူ့ဝုိင်းသားတွေဖြစ်တဲ့ ဦးချင်းတို့ လှ၀င်း ချစ်တို့၊ ဇန်မြင့်တို့ကို ခွဲဝေကျွေးလိုက်တယ်။

ပြီးတော့မှ အပြင်ကပို့ပေးတဲ့ယာ ကွမ်းထုပ် ကို ဖောက်ဖို့လုပ်ရင်း တစ်စုံတစ်ရာကို သတိရပြီး လက်တွန့် သွားတယ်။ ဘာလို့လဲ ဆိုတော့ မနက်လင်းအားကြီးမှာ သူ့ကွမ်း အစ်ကိုယူပြီး ၀င်းမြင့်တစ်ယောက် အရူး ကြီးလို ကွမ်းယာတွေယာ သူ့ချစ်ဇနီး မနှင်း ဆီကို ကျွေးခဲ့တဲ့မြင်ကွင်းတွေကို အမှတ်ရ သွားလို့ပါပဲ။ ဒါပေမဲ့ သက်ပြင်း အသာချပြီး ၀င်းမြင့်ပေးလိုက်တဲ့ ယာကွမ်းကို ပါးစပ်ထဲ အသာအယာထည့်လိုက်တယ်။

အဲဒီအချိန် အခန်းထောင့်မှာ ဆွိက သူ့ဘာသာသူနေတဲ့ နေကျော်ကို မကြား တကြားစနေတယ်။

“ ဆရာငိုသံကြား … ညောင်းလွန်း လို့ နှိပ်ပေးမလား”

ဆွိပြောတာကို နေကျော်က မကြား ချင်ယောင် ဆောင်နေသေးတယ်။ ဒါ ကြောင့် ဆွိက ထပ်ပြောတယ်။

“ နှိပ်ပေးစမ်းပါ ဆရာငိုသံကြားရဲ့၊ နွား နှစ်လိပ်ပေးမယ်”

“ ဆွိ အဲ့ဒီနာမည် မခေါ်နဲ့လို့ မင်းကို ငါပြောထားပြီးပြီနော်။ ထပ်ပြောရင် မင်း နှုတ်သီးကို ငါဖြတ်ရိုက်တော့မှာ”

နေကျော် သူ့အိပ်ရာက ထလာပြီး ဆွိလက်မောင်းကို သုံးလေးချက် ဆင့်ထိုး လိုက်တယ်။ ဆွိက လက်မောင်း ပွတ်ရင်း မျက်နှာရှုံ့မဲ့နေပေမယ့် ထပ်ပြောလိုက်ပြန် တယ်။

“ အား ကျွတ် …ကျွတ်၊ မင်းက အခန်းလူကြီးတို့ ဦးချင်းတို့ ခေါ်ရင် ဘာမှ မပြောဘူး။ ငါခေါ်တော့ကျတော့ မခံနိုင် ဘူး ဟုတ်လား”

“ အေး သူတို့ကိုတော့ ငါ ကြောက်လို့ ငြိမ်နေတာလေ။ မင်းကိုတော့ မကြောက် လို့ ထိုးတာကွ။ ရှင်းလား”

“ ရှင်းပါပြီ။ ဆရာငိုသံကြားရယ်”

ဆွိစကား အဆုံးမှာ နေကျော်က ကျောကုန်းကို ဖနောင့်နဲ့ ပေါက်လိုက်ပြန် ပါတယ်။ ဆွိကလည်း နာနေတဲ့ကြားက ဆက်ပြောတယ်။

“ အား .. နာတယ်။ ဖြည်းဖြည်းလုပ် ပါဟ ဆရာငိုသံကြားရယ်”

ဆွိစကားကြောင့် နေကျော် တော် တော် ဒေါသထွက်နေပြီ။ ဆက်လည်းမထိုး နိုင်တော့ဘူး မောနေပြီ။ ဒါကြောင့် မနိုင် နိုင်ရာကို အမှတ်တမဲ့ ပြောလိုက်တယ်။

“ အေး ဒီလောက်တောင် ငါ့ကို စချင် တဲ့ကောင်၊ ဒီနေ့ည မနှင်းဆီလာပြီး မင်း လည်ပင်းကို ညှစ်ပါစေကွာ”

နေကျော်က စကားဆုံးဆုံးချင်း ဆွိနဲ့ ဝေးရာကို ထွက်သွားတယ်။ ဆွိကတော့ ဘာမှအကြောက်အလန့်မရှိတဲ့ပုံစံနဲ့ ဟီး ဟီး ဟားဟား လုပ်ပြီး ကျန်ရစ်ခဲ့တယ်။ ပြီးတော့ ထုံးစံအတိုင်း သူငယ်လေးတွေဆီ ရောက်သွားတယ်။

ဦးချင်းတို့၊ ကျော်မြင့်တို့လည်း ၀င်းမြင့် ထည့်ပေးလိုက်တဲ့ ယာကွမ်းကို စားပြီး စကားပြောနေကြတယ်။ ၀င်းမြင့်တစ် ယောက် အပြင်လောက ရောက်သွားပေ မယ့်သူ့ဇနီးက လိုက်ပြီး အနှောင့်အယှက် ပေးဦးမလား ဆိုပြီး စိတ်ပူတဲ့အကြောင်း တစ်ယောက်တစ်ပေါက် ပြောနေကြတယ်။ အဲဒီအချိန်မှာ ဆွိက ကောင်လေးတွေကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားအကြောင်း ပြောပြနေတယ်။

နေအောင်နဲ့ ခင်သန်းနုရဲ့ သရုပ်ဆောင်တဲ့ အမူအရာတွေ၊ ဇင်ဝုိင်းနဲ့ ဇော်၀မ်းရဲ့အမူအရာတွေကို သရုပ်ဆောင် ပြနေတယ်။ ဒီလိုပြော နေတုန်းမှာပဲ ရုတ် တရက် အသက်ရှူကျပ်လာတဲ့ပုံစံနဲ့ လည် ပင်းကို ကိုင်ပြီး တအစ်အစ်နဲ့ လဲကျသွား တယ်။ နားထောင်နေတဲ့လူတွေက သရုပ် ဆောင်တာလားဆိုပြီး ဝေခွဲမရ ကြည့်နေ သေးတယ်။ ပြီးမှ ဆွိက လဲကျသွားရာက အသံနက်ကြီးနဲ့ အော်တော့တယ်။

“ အား … မလုပ်ပါနဲ့။ ငါ့လည်ပင်း မညှစ်ပါနဲ့”

ဆွိရဲ့ အော်သံကြောင့် တစ်ခန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ပြီးတော့ သမံတလင်းပေါ်မှာ ဆက်အော်တယ်။

“ အား … အသက်ရှူလို့ မရတော့ ဘူး။ ကယ်ကြပါဦးဗျို့”

ဒီအသံကြောင့် တစ်ခန်းလုံး စကား ပြောဆိုနေတာတွေ ရပ်သွားပြီး တိတ်ဆိတ် သွားတယ်။ ပြီးတော့ ဆွိရဲ့လေသံက ချိန်း သွားတယ်။ သူ့ရဲ့ ပင်ကိုအသံကနေ မနှဲ လေးလိုအသံမျိုး ပြောင်းသွားတယ်။ နတ် ပူးသလို တစ်ကိုယ်လုံးတုန်ယင်နေပြီး မျက် ရည်တွေလည်း ပါးပြင်ပေါ်ကိုကျလာတယ်။ အားလုံးက ကြောင်ကြည့် နေတုန်းမှာပဲ ဆွိရဲ့ မျက်နှာနဲ့ မျက်လုံးက မိန်းကလေး တစ်ယောက်ရဲ့ မျက်နှာကျမျိုး ဖြစ်သွား တယ်။

“ ငါ့ယောက်ျားကို ပြန်ခေါ်ပေးပါ .. ငါတို့ကို မခွဲပါနဲ့”

ပြောရင်း ဆွိက လက်နဲ့ ကြမ်းပြင်ပေါ် ကဖျာကို ရိုက်နေတယ်။ ရိုက်သံက တော် တော်ကျယ်တယ်။ ဆွိရဲ့ အဖြစ်အပျက်ကို အားလုံးကြောင်ကြည့်နေတုန်းမှာပဲ အခန်း လူကြီး ကျော်မြင့်နဲ့ ဦးချင်း အပြေးအလွှား ရောက်လာတယ်။

ကျော်မြင့်က ဗြုန်းခနဲ ဆွိကို ပခုံးကနေ ချုပ်လိုက်တယ်။ ဆွိက တော့ သူ့ထက်အားကြီးတဲ့ ကျော်မြင့်လက် က ရုန်းပြီး မိန်းမသံနဲ့ ကုတ်ခြစ်အော်ဟစ် နေတုန်းပဲ။ ဦးချင်းက သူ့လက်ထဲကပုတီး ကို ဆွိခေါင်းပေါ်ကနေ စွပ်ချလိုက်တယ်။ အဲဒီအချိန်မှာပဲ ဆွိပါးစပ်ထဲက အမြှုပ်တွေ ထွက်လာသလို နှာခေါင်းထဲက နှာရည်တွေ ထွက်လာတယ်။ ဦးချင်းက ဆွိရဲ့ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပြီး သတိလည်လာ အောင် လုပ်လိုက်တယ်။ ပြီးတော့ တတွတ် တွတ်နဲ့ ပြောလိုက်တယ်။

“ နင်မလာနဲ့ ကရင်မ။ နင်သွားတော့။ နင့်ယောက်ျား ၀င်းမြင့်လည်း ထောင်မှာ မရှိတော့ဘူး။ နင်နဲ့လည်း ဘဝြခားသွားပြီ။ သွားစမ်း … ခု..ထွက်သွားစမ်း”

ဦးချင်းစကားအဆုံးမှာ ဆွိတစ်ကိုယ် လုံး တဆတ်ဆတ်တုန်ပြီး ငြိမ်ကျသွားတယ်။ ဘေးက လူတွေက သူ့ပါးစပ်က အမြှုပ် တွေကိုသုတ်ပေးပြီး သတိလည်လာအောင် လုပ်ပေးတယ်။ သတိလည်လာတော့ ဆွိက အားလုံးကို ငေးတိငေးကြောင်နဲ့ ကြည့်နေ တယ်။ နေကျော်လည်း ကြောက်လို့ ဒူးတွေ တုန်နေတယ်။ ဦးချင်းကတော့ ဆွိအခြေ အနေ ကောင်းသွားတာ သေချာတော့မှ လည်ပင်းက ပုတီးကိုပြန်ယူလိုက်ပြီး ခေါင်း ခါလိုက်ကာ ခပ်တိုးတိုး ပြောတယ်။

“ ၀င်းမြင့် ထောင်ကလွတ်သွားပေမယ့် ဒီမှာ မနှင်းဆီ ကျန်ခဲ့တယ်”

 

(ကွယ်လွန်သူအလှအတွက် အပတ်စဉ်ပို့နေတဲ့ ဟင်းတစ်ခွက်)

—————————————–

“ဒါဆို အင်းစိန်ထောင်ထဲမှာ မနှင်းဆီ က အခုချိန်ထိ ရှိနေတာပေါ့”

ဒီစကားကို အံ့သြတကြီး ပြောလိုက်သူကတော့ အတိတ်ကနေ လန့်နိုးလာတဲ့ စမ်းချောင်းသား ဖြစ်ပါတယ်။

 

“သေချာတာပေါ့ကွာ”

 

၁ ဆောင် အခန်းလူကြီး လူလိမ်ဝိဇ္ဇာ ကျော်မြင့်ကလည်း ကရင်မ(ခ) မနှင်းဆီရဲ့ အဖြစ်အပျက်တွေကို ခရေစေ့တွင်းကျ ပြောလိုက်ရတဲ့အတွက် မောသွားဟန်နဲ့ နွားဆေးပေါ့လိပ်ကို ကောက်ဖွာရှိုက်လိုက်ပါတယ်။ ဘေးမှာ နားထောင်နေတဲ့ အချုပ်သားတွေကလည်း မနှင်းဆီရဲ့ ကြေကွဲစရာ ဇာတ်သိမ်းကို နားထောင်ပြီး ဆွံ့အနေပါတော့တယ်။ ကျော်မြင့်က ဖွာလက်စ ဆေးလိပ်အတိုကို ခြေထောက်နဲ့ နင်းချေ မီးသတ်လိုက်ပြီး ဆက်ပြောပါတယ်။

 

“မနှင်းဆီက ထောင်ထဲမှာသူရှိကြောင်း မကြာခဏပြပေမယ့် လူတွေကို ဒုက္ခမပေးဘူး။ ၀န်ထမ်းတွေကိုလည်း ကူညီတယ်။ အရင်တစ်ခေါက် ငါလွတ်သွားပြီး ဒီတစ် ခေါက် ပြန်လာတော့လည်း သူရှိနေတာပဲ။ ပြီးခဲ့တဲ့ တစ်လလောက်က ၃ တိုက်မှာနေတဲ့ ဆရာမင်းသိင်္ခကိုတောင် ပညာ လာစမ်းလိုက်သေးတယ်။ အဖို့ပါလာတော့ ကရင်မ ကြည့်ရတာ ဒီထောင်ထဲက တော်ရုံနဲ့လွတ်ဖို့ ကျွတ်ဖို့ မမြင်သေးဘူးကွ”

 

စကားလည်းဆုံးရော အခန်းလူကြီး ကျော်မြင့်လည်း အဆောင်ဘက် ပြန်သွားတယ်။ စမ်းချောင်းသားနဲ့ သူငယ်ချင်းတွေ ကတော့ မနှင်းဆီအကြောင်းကို ဆက်တွေးရင်း ငူငူငေါင်ငေါင်နဲ့ကျန်ခဲ့တယ်။ အင်းစိန်ထောင်ရဲ့ ပရလောကသားတွေနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရတဲ့ စမ်းချောင်းသားက လူများတဲ့ ၁ ဆောင်ရောက်မှ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတော့တယ်။ တိုက်မှာ အမျိုးမျိုး ပညာစမ်းခံခဲ့ရပေမယ့် ၁ ဆောင်မှာတော့ ဘာမှမဖြစ်တဲ့အပြင် သတင်းကြီးတဲ့ မနှင်းဆီရဲ့ ကျီစယ်ခြင်းကိုလည်း မခံခဲ့ရပါဘူး။ ဒီလိုနဲ့ စစ်တရားရုံးထွက်ရင်း ထောင်ချမယ့် နေ့ရက်ကိုသာ မျှော်လင့်နေရပါတော့တယ်။

 

တစ်ရက်တော့ ၁ ဆောင် စင်္ကြံမှာ စမ်းချောင်းသားနဲ့ ၅ (ည) တချို့ ထွေရာလေးပါး စကားပြောနေတယ်။ ရေကန်မှာတော့ အပြင်ရုံးထွက်ပြန်လာတဲ့ အချုပ်သားတွေ ရေချိုးနေကြတယ်။ ရေကန်ပေါင်ပေါ်မှာ အရုပ်တွေ ခန္ဓာကိုယ် အပြည့်တက်တူး ထိုးထားတဲ့ ရေကန်ဗာယာက “ခပ်…တစ်ခွက် …ခပ် …တစ်ခွက်” ဆိုပြီး တိုင်ပေးနေတယ်။ အဲဒီအချိန်မှာပဲ သူတိုင်ပေးတဲ့ အတိုင်း မချိုးဘဲ ရေတစ်ခွက် ကြိုခပ်လိုက်တဲ့ အချုပ်သားတစ်ယောက်ကို ရေကန်ဗာယာက သူစီးတဲ့ ဆင်ကြယ်ဖိနပ်နဲ့ လှမ်းပေါက်လိုက်တယ်။

 

“ဟေ့ ဘိန်းစား …. ခပ်တစ်ခွက် အော်နေတာ မကြားဘူးလား”

 

ဆင်ကြယ်ဖိနပ်နဲ့ အပေါက်ခံရတဲ့ အချုပ်သားက ကြောက်လန့်နေတဲ့ မျက်လုံးနဲ့ ဗာယာကို ကြောင်ကြည့်နေတယ်။ ရေကန် ဗာယာက သူစီးထားတဲ့ နောက်ထပ်ဖိနပ် တစ်ဖက်နဲ့ အချုပ်သားရဲ့မျက်နှာကို ထပ်ရိုက်ဖို့ ရွယ်လိုက်တယ်။ ရေကန်က ပူညံ ဆူညံ အသံတွေကြောင့် စမ်းချောင်းသားတို့လည်း လှမ်းကြည့်လိုက်တယ်။ တစ်ကိုယ်လုံး မြင်မကောင်းအောင် ဝဲတွေ အနာတွေ ပေါက်နေတဲ့ အချုပ်သားကို ကြည့်ပြီး စမ်းချောင်းသား အလန့်တကြား ထအော်လိုက်တယ်။

 

“ဟာ …အလှ”

 

စကားလည်းအဆုံး စမ်းချောင်းသားလည်း ရေကန်ပေါ် ရောက်သွားတယ်။ ပြီးတော့ ရေကန်ဗာယာကို လှမ်းပြောလိုက်တယ်။

 

“ဗာယာ ..စောက်ရမ်း စောက်ရမ်း မလုပ်နဲ့ …ဒါ ငါ့အပိုင်သားကွ”

 

စမ်းချောင်းသားစကားကြောင့် ရေကန်ဗာယာ ကိုယ်ရှိန်တန့်သွားတယ်။ ၅(ည) တွေကိုတော့ သူတို့ “ကျွတ်” ကြတယ်။ ပြီး တော့ စမ်းချောင်းသားကို ရယ်ပြပြီး ရွယ်ထားတဲ့ဖိနပ်ကို ပြန်စီးလိုက်တယ်။

 

“ဒါဆိုလည်း …ဘောက်ချာတွေ အပိုင်သားတွေပါရင် ကြိုပြော … ကျွန်တော်တို့က မရိုင်းဘူး။ အထာရှိတယ်”

 

စမ်းချောင်းသား ၀င်ကယ်လိုက်တဲ့ အတွက် အလှဆိုတဲ့ သူ့အပိုင်သား သက်သာသွားတယ်။ ရေလည်းချိုးပြီးရော တစ်ကိုယ်လုံး “ဂိ” ပြီး “ဝဲ” ပေါက်နေတဲ့ အလှကို စမ်းချောင်းသားက သူ့အခန်းထဲခေါ်သွားတယ်။ တစ်ကိုယ်လုံး မည်းသဲပြီး လူရုပ် မပေါ်တဲ့ အလှကိုကြည့်ပြီး စမ်းချောင်းသား မချိတင်ကဲ ဖြစ်သွားတယ်။

 

“ဘယ်လိုဖြစ်ရတာလဲ အလှရယ်”

 

စမ်းချောင်းသား စကားဆုံးတော့ အလှက ဘာမှပြန်မဖြေဘဲ ခေါင်းငုံ့လိုက်တယ်။ အခန်းသမံတလင်းပေါ်ကို အလှရဲ့ မျက်ရည်တွေ ပေါက်ခနဲပေါက်ခနဲ ကျနေတယ်။ စမ်းချောင်းသားက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရပ်ကွက်ထဲမှာ ငွေကြေး ချမ်းသာပြီး ရုပ်ရည်ချောမောလှပတဲ့ အလှရဲ့ဘ၀ကို ကြည့်ပြီး အံ့သြတကြီး ဖြစ်နေတယ်။ တကယ်တော့ အလှတို့မိသားစုဟာ စမ်းချောင်း ကျွန်းတောအလယ်ရပ်ကွက်ထဲမှာ ငွေကြေးကြွယ်ဝြပီး မိဘတွေက ရပ်မိရပ်ဖတွေ ဖြစ်ကြပါတယ်။ သူတို့မိသားစုက ရေနံဆီအရောင်းအ၀ယ်နဲ့ ချမ်းသာလာတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် မဆလခေတ် ဆိုတော့ ရှားပါးတဲ့ ပစ်္စည်းတွေဆိုရင် လူကြီးလက်မှတ်နဲ့ သမဝါယမဆိုင်မှာ ထုတ်မှရတယ်။ အဲဒီတုန်းက ရွှေဝါ၊ သကြား၊ ဒူးယား၊ အိမ်သုံးဆေး အမျိုးမျိုး စတာတွေကို သမဝါယမဆိုင်က ၀ယ်ရင် စျေးချိုပြီး မှောင်ခိုစျေးကွက်မှာက သုံးလေးဆ စျေးကြီးတယ်။ အိမ်မှာသုံးတဲ့ ရေနွေးဓာတ်ဘူးလိုမျိုးဆိုရင် ရပ်ကွက်သူ ရပ်ကွက်သားတွေ မဲနှိုက်ပြီး ကံထူးပြီးပေါက်မှ သုံးခွင့်ရကြတာဖြစ်ပါတယ်။

 

အဲဒီအချိန်က သမဝါယမဆိုင်တွေဟာ အိမ်ထောင်စု စာရင်းစာအုပ်တွေ လုပ်ခိုင်းပြီး တစ်အိမ် ထောင်အလိုက် ရှားပါးတဲ့ ပစ္စည်းတွေကို ရောင်းချပေးလေ့ရှိတယ်။ ဒီအထဲမှာ အိမ်တိုင်း မရှိမဖြစ်အသုံးပြုတဲ့ “ရေနံဆီ”လည်း ပါပါတယ်။ ရေနံဆီကို ဘာကြောင့် မရှိမဖြစ်လို့ ပြောရတာလည်းဆိုရင် အဲဒီအချိန်က လျှပ်စစ်မီး အမြဲမရဘဲ မီးပျက်ရင် ရေနံဆီမီးနဲ့ ညဘက်မှာ ကျောင်းသား၊ ကျောင်းသူတွေ စာကျက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေနံဆီက ရွှေလိုရှားပါး နေတာ ဖြစ်ပါတယ်။ အလှတို့ မိသားစုက ရပ်ကွက်ထဲမှာ သမဝါယမဆိုင်က ထုတ်ပေးတဲ့ ရေနံဆီတွေကို အမြတ်ပေးပြီး ပြန် ၀ယ်တယ်။ ပြီးမှ အမြောက်အမြားစုဆောင်းပြီး မှောင်ခိုစျေးကွက်မှာ တစ်ဆင့်ပြန်လည် ဖြန့်ဖြူးတယ်။

 

ဒီလိုနဲ့ ချမ်းသာကြွယ်၀လာတာ ဖြစ်ပါတယ်။ အဖေ အမေတွေက မွေးချင်း ခြောက်ယောက်မှာ မိန်းကလေးက ငါးယောက်မွေးပြီး ယောက်ျားလေးဆိုလို့ အလှတစ်ယောက်ပဲ ပါတဲ့အတွက် အငယ်ဆုံး သားလေးကို ပုံပြီးချစ်ကြတာ ဖြစ်ပါတယ်။ မွေးခါစက ဗေဒင်ကိန်းခန်းအရ “လှထိန်” လို့ အမည်ပေးခဲ့ပေမယ့် အရမ်း ချစ်လွန်းတဲ့ အတွက် အိမ်မှာ အလှ၊ အလှလို့ ခေါ်ရင်း လှထိန်နာမည်ပျောက်သွားပြီး “အလှ” လို့ ရပ်ကွက်ထဲမှာရော၊ ကျောင်းမှာရော အမည်တွင်ခဲ့တာ ဖြစ်ပါတယ်။

 

မိဘတွေက ပိုက်ဆံရှိလာတဲ့အတွက် ထုံးစံအတိုင်း အလှကို အလိုလိုက်တယ်။ ဒီတော့ ဘယ်ခံနိုင်မလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အလှ ပျက်စီးသွားတယ်။ ဆယ်တန်းကို တဗုန်းဗုန်းကျပြီး လုပ်ချင်ရာတွေလုပ်တယ်။ နောက်ဆုံး နံပါတ်ဖိုးဆိုတဲ့ မူးယစ်ဆေးကို သွားတွေ့တယ်။ လွယ်လွယ်သုံးပြီးတော့ လွယ်လွယ်ငြိသွားတယ်။ နောက်ဆုံးတော့ မူးယစ်ဆေးရဲ့သားကောင် ဖြစ်ခဲ့ရတာပါပဲ။ အဲဒီအချိန်က စမ်းချောင်းသားတို့မိသားစုဟာ စား၀တ်နေရေးအတွက် အတော် ရုန်းကန်ခဲ့ရတာပါ။ ဖခင်ဖြစ်သူရဲ့ ရုံးလခ မလောက်ငတဲ့အတွက် မိခင်ဖြစ်သူက လမ်းထိပ်မှာ အသုပ်ဆိုင်လေးဖွင့်ပြီး အပို၀င်ငွေ ရှာခဲ့ရပါတယ်။

 

စမ်းချောင်းသား အရွယ်ရောက်မှ စီးပွားရေးချောင်လည်လာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူ့ရှေ့က အလှဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်းတောရပ် ကွက်ထဲမှာ လူသိထင်ရှား ပေါ်ပြူလာဖြစ်ခဲ့တဲ့ သူဌေးသားအလှလို့ ဘယ်သူမှယုံနိုင်မှာ မဟုတ်တော့ပါဘူး။ အလှရဲ့ မျက်နှာဟာ ပိန်ချုံး မည်းခြောက်နေသလို လက်တွေ၊ တံတောင်ဆစ်တွေမှာလည်း ဝဲတွေ၊ အနာတွေ ပြည့်နေပါတယ်။ လက်မှာ ပြည်တွေနဲ့ ၀င်းမှည့်နေတဲ့ အနာတွေကိုကြည့်ပြီး စမ်းချောင်းသား သူ့ကို တော်တော်ကရုဏာ သက်သွားပါတယ်။

 

အလှကတော့ စမ်းချောင်းသားကို ရှက်ကလည်းရှက်၊ သူ့ဘ၀ကိုလည်း ၀မ်းနည်းနေလို့လား မသိဘူး။ တစ်ခွန်းမှ ပြန်မပြောဘူး။ နောက်ဆုံး စမ်းချောင်းသားက သူနဲ့ထမင်းတစ်ဝိုင်းတည်း စားတဲ့ နိုင်ငံရေးသမား ၅ (ည) တွေကို မေတ္တာရပ်ခံပြီး အလှကို ထမင်းဝုိင်းမှာ ခေါ်ထားလိုက်တယ်။ ပြီးတော့ သူတို့မှာရှိတဲ့ ဆေးဝါးတွေနဲ့ အလှရဲ့ ဝဲတွေ၊ အနာတွေ ပျောက်အောင် ဆေးကုပေးတယ်။ အလှက ဘိန်းစားဖြစ်သွား ကတည်းက သူ့အိမ်ရဲ့ စီးပွားရေးက ကျသွားတယ်။ ပြီးတော့ အသက်တွေကလည်း ကြီးကုန်ပြီ။

 

အလှက မူးယစ်ဆေးကြောင့် ထောင်ကျလိုက်၊ အချုပ်ကျလိုက် ဖြစ်နေတော့ သူ့အစ်မတွေကလည်း အဆက်အသွယ်ဖြတ်ပြီး မလာတော့ဘူး။ သူ့အဖေကလည်း လေဖြတ်နေတယ်။ နောက်ဆုံး အလှကို အရမ်းချစ်တဲ့ အမေ တစ်ယောက်ပဲ ထောင်၀င်စာ လာတွေ့နိုင်တယ်။ စီးပွားရေးမကောင်းပေမယ့် အလှ အမေကတော့ သူ့သားကို နှစ်ပတ်တစ်ခါ ထောင်၀င်စာ မပျက်မကွက် တွေ့တယ်။ ဒါပေမဲ့ သူ့သားအလှက လုံး၀မလိမ္မာဘူး။ မိခင်အိုကြီးပို့တဲ့ ထောင်၀င်စာကို ၁ ဆောင်မှာ ဆေးနဲ့အကုန်လဲပြီးရှူတယ်။

ထိုးတယ်။ ထောင်၀င်စာ ကုန်ရင် ထောင်ကကျွေးတဲ့ တာလပေါဟင်းနဲ့ ပုံစံငါးပိကို မျက်စိမှိတ် စားတယ်။ ကြာလာတော့ ကိုယ်ခံအားကျပြီး အနာတွေ ပေါက်လာတော့တာပေါ့။

 

စမ်းချောင်းသားတို့ ထမင်းဝုိင်းထဲကို ရောက်လာတော့ အလှက သူ့ရဲ့ ပစ္စလက်ခတ် နေပုံထိုင်ပုံတွေကို ကြိုးစား ပြင်လိုက်တယ်။ စမ်းချောင်းသားက တစ်ရပ်ကွက်သားချင်း ဖြစ်တဲ့အပြင် နိုင်ငံရေးသမားတွေနဲ့ အတူစားတော့ သူလည်း ရှိန်တာပေါ့။ ဒါကြောင့် သူတို့ စည်းကမ်းတွေကို လိုက်နာတယ်။ ဒီလိုနဲ့ ရက်အတန်ကြာလာတော့ အလှရဲ့ အနာတွေ၊ ဝဲတွေ ပျောက်သွားတယ်။ အစားအသောက် ကောင်းကောင်း စားရတော့ လူလည်း ပြည့်လာပြီး အသွေးအရောင် တောက်ပြောင်လာတယ်။ ပြောရရင် သူဌေးရုပ် ပြန်ထွက်လာတယ်။ တစ်နေ့တော့ ထမင်းဝုိင်းမှာ အလှကိုကြည့်ပြီး စမ်းချောင်းသားက စကားတစ်ခွန်း ပြောတယ်။

 

“အလှ …အခု မင်းငါတို့နဲ့နေတော့ အနာတွေလည်း ပျောက်ပြီ။ လူလည်း ရုပ်ပေါက်လာပြီ။ ဒီတော့ အခုချိန်ကစပြီး မင်းသိပ်ကြိုက်တဲ့ ဆေးကို ဖြတ်ပစ်လိုက်တော့။ ဘ၀ကို ပြန်တည်ဆောက်တော့ကွာ”

 

စမ်းချောင်းသား စကားဆုံးတော့ ထမင်းစားနေတဲ့အလှက ဘာမှပြန်မပြောဘူး။ အင်းမလှုပ်၊ အဲမလှုပ်နဲ့ တုံနိဘာဝေ လုပ်နေတယ်။ ပြီးတော့ ခေါင်းကြီးငုံ့ ထမင်း ခပ်မြန်မြန်စားပြီး ဝုိင်းက ထထွက်သွားတယ်။ စမ်းချောင်းသားကတော့ သူ့အပိုင်သားကို စေတနာနဲ့ဆုံးမပြီး အမှုမဲ့အမှတ်မဲ့ပါပဲ။ နောက်တစ်နေ့ နေ့လယ် ထမင်းစားတော့ ဝုိင်းမှာ လူတစ်ယောက် လစ်လပ်နေတယ်။ အဲဒီ သူကတော့ အလှပါပဲ။ ထမင်း ဝုိင်းကလူတွေက အလှ ဘာလို့ထမင်းလာ မစားသလဲဆိုပြီး ပဟေဠိဖြစ်သွားတယ်။

 

စမ်းချောင်းသားလည်း ဘယ်လိုမှ မတွေးတတ်အောင် ဖြစ်သွားတယ်။ ဒါကြောင့် အလှဘာလို့ ထမင်းလာမစားသလဲဆိုတာ သိရအောင် ၁ ဆောင်ကို ပတ်ပြီးလိုက်ရှာတယ်။ နောက်ဆုံးတော့ အလှကို ၁ ဆောင် ရေစင်အောက်က တောင်ယာခင်းထဲမှာ ထမင်းစားနေတာ သွားတွေ့လိုက်တယ်။

 

“အဲဒါ ဘာလုပ်တာလဲ အလှ”

 

အလှရဲ့ထမင်းပန်းကန်ထဲမှာ ပုံစံငါးပိနဲ့ ပဲဟင်းပဲရှိတယ်။ အလှက ထမင်းစားရင်း စမ်းချောင်းသားကို မျက်နှာလွှဲထားတယ်။ စမ်းချောင်းသားက အလှရဲ့ လုပ်ပုံကိုင်ပုံကြောင့် တော်တော်ဒေါသထွက်နေပြီ။

 

“မင်းဘာလုပ်တာလဲလို့ ငါမေးနေတယ်လေ”

 

အလှက စားလက်စထမင်းကို လက်စသတ်ပြီး ရှင်းပြလိုက်တယ်။

“မနေ့က မင်း ငါ့ကို လိမ်လိမ်မာမာ နေပြီး ဘ၀သစ်စဖို့ ပြောခဲ့တယ်နော်။ ည ဘက်ရောက်တော့ ငါလည်းစဉ်းစားတယ်။ ဒီတစ်ခါ ထောင်ကထွက်ရင် လိမ္မာတော့မယ်လို့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မညာတမ်း မေးကြည့်တော့ ငါဆေးမဖြတ်နိုင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အပြင်ပြန်ရောက်လည်း ငါဆေးပြန်ငြိမှာပဲ။ ဒီတော့ ပြန်ငြိမယ့်အတူတူ မင်းတို့ကို အားနာတယ်။ ဒါကြောင့် ထမင်းလာမစားတော့တာ”

အလှစကားကြောင့် စမ်းချောင်းသား မချိတင်ကဲ ဖြစ်သွားတယ်။

 

“အလှ …မင်းကတော့ကွာ”

 

“ဟုတ်တယ်လေ။ ၁ ဆောင်မှာ နိဗ္ဗာန် ရောက်ဖို့ ဘုရားတရားလုပ်နေတဲ့သူတွေ အများကြီးပဲ။ ဒါပေမဲ့ ငါတို့အတွက်တော့ တရားအားမထုတ်ဘဲ သာသာယာယာ ရောက်နိုင်တဲ့ စတုတ္ထနိဗ်္ဗာန်က ရှိနေတယ်လေကွာ”

 

“ဖြောင်း”

 

အလှစကားမဆုံးခင်မှာပဲ စမ်းချောင်းသားက ပါးကိုဖြတ်ရိုက်လိုက်တယ်။

 

“အေး ငါတို့စေတနာ မင်းနဲ့ မတန်ဘူး”

 

စကားလည်းဆုံးရော စမ်းချောင်းသားလည်း ဒေါသတွေနဲ့ ပြန်ထွက်သွားတယ်။ အဲဒီနောက် စမ်းချောင်းသားနဲ့ အလှ စကားပြောဆိုခြင်း မရှိတော့ဘူး။ အလှက လည်း သူ့ရဲ့မူလဗီဇအတိုင်း ထောင်ထဲမှာ လမ်းကြောင်းအသီးသီးနဲ့ ခိုးသွင်းလာတဲ့ ဆေးတွေကို ရှိတဲ့ ပစ္စည်းနဲ့ လဲပြီး သုံးစွဲနေတယ်။ လူရုပ်လည်း တဖြည်းဖြည်း မွဲခြောက်လာတယ်။

တစ်ရက်တော့ ထောင်မှာ တစ်ရေး တစ်မောအိပ်ချိန်ပေးတဲ့ နေ့လယ်ဘက်ကြီး မှာ ၁ ဆောင် မိလ္လာကြီးဘက်က အော်သံ ကြားလိုက်ရတယ်။

 

“လာကြပါဦး ဗျို့ … ဒီမှာ လူသေနေတယ်။ လာကြပါဦးဗျို့ …”

 

အကျဉ်းသားတစ်ယောက်ရဲ့ အော်သံကြောင့် တာ၀န်ကျနေတဲ့ ဝါဒါတွေနဲ့ အကျဉ်းသားအရာရှိတွေ မိလ္လာကြီးဘက်ကို ပြေးသွားကြတယ်။ ဟိုရောက်တော့ မိလ္လာထဲမှာ မူးယစ်ဆေး အထိုးလွန်ပြီး ပါးစပ်မှ အမြှုပ်တွေထွက်နေတဲ့ အလှကတော့ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ကျောထောက် နောက်ခံမရှိ ဆေးတစ်ခုတည်းကိုသာ စွဲလမ်းခဲ့တဲ့ ဘိန်းစားတစ်ယောက် သေဆုံးသွားတာဟာ လူတစ်သောင်းကျော်နေထိုင်တဲ့ အင်းစိန်ထောင်မှာ စိတ်၀င်စားစရာ ကောင်းတဲ့ သတင်းတစ်ခု မဟုတ်ခဲ့ပါဘူး။ နောက်ဆုံး သေစာရင်း စာရွက်နှစ်ရွက်ရေးပြီး ဆေးထိုးလွန်ပြီးသေတဲ့ အချုပ်သား တစ်ယောက်ကို ဖျာလိပ်နဲ့ ပတ်ပြီး ထောင်ရဲ့ အနောက်ပေါက်က ထုတ်လိုက်တာပါပဲ။ စမ်းချောင်းသားတို့လည်း အလှဇာတ်သိမ်း အတွက် စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။

 

အလှသေတဲ့သတင်းကို ထောင်၀င်စာမှာ စမ်းချောင်းသားက သူ့အိမ်ကို ပြောပြပြီး အလှရဲ့အမေကို သက်ပျောက်ဆွမ်းသွတ် ကုသိုလ်ကောင်းမှုလေးလုပ်ဖို့ မှာလိုက်တယ်။ နောက်တစ်ခေါက် ထောင်၀င်စာလာတော့ ပြဿနာတက်နေမှန်း သိရတော့တယ်။ ဘယ်လိုလဲဆိုတော့ အလှအမေက အလှကို အရမ်းချစ်တယ်။ ဒီတော့ သူ့သား အင်းစိန်ထောင်ထဲမှာ နံပါတ်ဖိုးအထိုးလွန်ပြီး သေသွားတယ်ဆိုတဲ့ အကြောင်း သွားပြောတာကို လုံး၀လက်မခံဘူး။ သူ့သား ထောင်ထဲမှာ ကျန်းကျန်းမာမာရှိပြီး လူမှားပြီး ပြောတာလို့ ဇွတ်ပြောနေတယ်။ ရပ်ကွက်ထဲက ကျန်းမာရေး ဗဟုသုတရှိတဲ့လူ တွေကတော့ အလှအမေဟာ အရမ်းစိတ် ထိခိုက်သွားတဲ့အတွက် သူ့ဦးနှောက်က အလှသေတာကို လက်မခံနိုင်တာလို့ ဆိုတယ်။ ဒါကြောင့် ထောင်ထဲမှာ အလှ သေသွားတဲ့အကြောင်း သူ့အမေကို ဇွတ်အတင်း ကာရော မပြောကြတော့ဘူး။

 

ဒါပေမဲ့ ပြဿနာက အလှအမေဟာသူ့သားအတွက် ဟင်းတစ်ခွက်တစ်ခွက် ထောင်၀င်စာလူကြုံ ထည့်ပေးနေတာပါပဲ။ စမ်းချောင်းသားရဲ့ မိဘတွေကလည်း အလှအမေကို သနားလွန်းလို့ အလှသေသွားတာကို လက်ခံဖို့ ပြောရမှာ ခက်နေတယ်။ ဒီတော့ အလှ အမေ ပေးတဲ့ဟင်းကို ထောင်၀င်စာ ယူလာပေးတယ်။ အလှအမေကလည်း နောက်တစ်ခေါက် ထောင်၀င်စာမှာ ဘာစားချင်သလဲလို့ သူ့သားကို အမြဲမှာလိုက်တယ်။ စမ်းချောင်းသားကလည်း သနားလွန်းလို့ အလှ မရှိတော့ပေမယ့် သူ့အမေပေးတဲ့ ဟင်းတစ်ခွက်ကို အမြဲယူနေရတယ်။ ပြီးတော့ တစ်ခေါက်နဲ့တစ်ခေါက် ဟင်းမထပ်အောင်လည်း မှာရသေးတယ်။

 

ဒီလိုနဲ့ စမ်းချောင်းသား အချုပ်ကနေ ထောင် ၅ နှစ်ကျ၊ အင်းစိန်ထောင်ကနေ သရက်ထောင် ပြောင်းမှပဲ အလှအမေ ထောင်၀င်စာပို့နေတဲ့ ဟင်းတစ်ခွက်က ကိစ္စပြတ်သွားတယ်။

ထောင်ထဲမှာ ကြေကွဲစရာ ဇာတ်လမ်းတွေ အပြည့်ပါပဲ။ နောက်ဆုံးတော့ ..။

 

 

ရုပ်ရှင်မင်းသားကြီးဦးအောင်လွင်ကို မနှင်းဆီပြောတဲ့ “ တပီလာအယ်ဒေါအော်အီး”

————————————

နောက်ဆုံးတော့ အကျဉ်းသားတွေ ကြုံတွေ့ခဲ့ရတဲ့ ပရလောကသားတွေထဲမှာ ကြေကွဲစရာ အကောင်းဆုံး သူကတော့ “ ကရင်မ” လို့ အများကခေါ်တဲ့ မနှင်းဆီပဲလို့ အားလုံးက တညီတညွတ် တည်း ပြောကြပါတယ်။ အင်းစိန်ထောင်ထဲမှာ မနှင်းဆီကို တစ်နည်းတစ်ဖုံကြုံတွေ့ခဲ့ရတဲ့ ထောင် သားတွေထဲမှာ နိုင်ငံရေး အကျဉ်း သားတွေတောင် မလွတ်ခဲ့ပါဘူး။ သူတို့တွေထဲမှာ အဲဒီအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အလုပ်အမှု ဆောင်တစ်ဦးဖြစ်ခဲ့တဲ့ နိုင်ငံကျော်ရုပ်ရှင်မင်းသား ကြီး အောင်လွင်၊ နိုင်ငံကျော်ဗေဒင်လက်္ခဏာပညာရှင် ဆရာစံ-ဇာဏီဘို၊ ဒလ (၈၈) အရေး အခင်းကြောင့် နှစ်ရှည်ထောင်ဒဏ်ကျခဲ့သူ၀င်းရွှေနဲ့ သရက်တော ကျောင်းတိုက်အတွင်းမှာ တပ်မတော်သားတွေရဲ့ လက်နက်တွေကို ထိန်းသိမ်းပေးခဲ့တဲ့အတွက်ကြောင့် ထောင်ခုနစ် နှစ် ကျခဲ့တဲ့ ရန်ကုန်တက်္ကသိုလ် ရုက္ခဗေဒတတိယနှစ်ကျောင်းသား မင်းလွင်တို့ ပါ၀င်ခဲ့ကြ ပါတယ်။

၃ တိုက်မှာ မနှင်းဆီကို ကိုယ်တိုင် တွေ့လိုက်ရတဲ့သူကတော့ ၀င်းရွှေဖြစ်ပြီး ဒီအကြောင်းကို ရှေ့မှာ ရေးသား ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ၁ တိုက်မှာ ဆေးလိပ်အရမ်း သောက်ချင်နေတဲ့ မင်းလွင်ကို ကရင်မ မီးလာပေးလို့ ၀န်ထမ်းတွေကြား ပြဿနာ တက်ခဲ့ရတာလည်း ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကရင်မနဲ့ အင်းစိန်ထောင်ထဲ မှာ ဆုံခဲ့ရပုံကို ယနေ့အချိန်ထိ မမေ့ဘဲ တဖွဖွပြောနေတဲ့သူတွေထဲမှာ ဦးအောင် လွင်နဲ့ ဆရာစံ-ဇာဏီဘိုတို့ ပါပါတယ်။ ဆရာစံဇာဏီဘိုဆိုရင် ကရင်မရဲ့ ပုံပန်း သဏ္ဌာန်ကို သူရေးခဲ့တဲ့ “ ၁ ထောင် ၅ ည ပုံပြင်များ” စာအုပ်ထဲမှာ အခုလို ဖော်ပြခဲ့ ပါတယ်။

အထက် အောက် အဖြူရောင်၀မ်း ဆက် ၀တ်လေ့ရှိသည်။ ရင်စေ့အင်္ကျီခပ်ပွပွ ၀တ်လင့်ကစား ကြော့ရှင်း၏။ ထဘီကို ခပ်ကျပ်ကျပ်ဆွဲ၍ ခြေသလုံးသား ပေါ် အောင် ၀တ်၏။ ၁၉၇၀ ခုနှစ် ခေတ်ဦး စတိုင်လ် ပေါင်သလုံး ပေါ်စတိုင်လ်၀တ်၏။ စတူဒီယိုခေတ်ဦး တက်္ကသိုလ်ထွန်းနောင် တေးသီချင်းများထဲမှ ဆံတိုကုပ်ဝဲပုံဖြစ်၏။ ခါးသေးသေး၊ ၀မ်းချပ်ချပ်၊ တင်ရင်အလှ ပြည့်ဖြိုးလှပ၏။ သန်စွမ်းနက်မှောင်သော ကုပ်ဝဲဆံပင်၊ ထူထဲသော မျက်ခုံး၊ ဝါ၀င်း သော အသားအရေနှင့် အရွယ်လတ် မိန်းမသားတစ်ဦးပင် ဖြစ်လင့်ကစား ရွှန်း သစ်နုပျိုခြင်းနှင့် ဆွဲဆောင်မှု အပြည့်ရှိ သည်။

ကွမ်းကို မပြတ်တမြုံ့မြုံ့စားသူဖြစ် လေရကား လှပသော နှုတ်ခမ်းတို့သည် ကွမ်းဖတ်၊ ကွမ်းချေးအောက်၌ နီစွေးစွေးရှိ ၏။ ခံတွင်းဟလိုက်လျှင် ရဲဗလောင်းခတ် နေသော ခံတွင်းနှင့် လျှာ၊ ကွမ်းချိုးတက်၍ ရဲရဲနီသော သွားနှင့်ဖြစ်၏။ ဤသည်ပင် လျှင် ဆွဲဆောင်မှုတစ်မျိုး ဖြစ်ပေသည်။ အင်းစိန်ထောင်၀င်းအတွင်း နေ့မရွေး၊ ည မရွေး အချိန်ကာလမရွေး၊ တံခါးမရှိ၊ ဓား မရှိ သွားလာ၏။ နေ့အခါ၌တွေ့ရန်ခက်ခဲ သည်။ ညအခါ၌သာလျှင် အသွားအလာ များသည်။ မြင်တွေ့ရန် လွန်စွာခဲယဉ်း သည်။ တွေ့ဖူးသူတို့ သွေးပျက်ခြင်း၊ အရူး အမူးဖြစ်ခြင်း များ ကြုံသည်။ နာနာဘာ၀ သရဲမပင်ဖြစ်လင့်ကစား ဥစ်္စာစောင့်မများ ကဲ့သို့ လှပကာ လူသားတို့၏ ဝိညာဉ်လိပ် ပြာကို ဆွဲခါလှုပ်နိုင်စွမ်းရှိသူ ဖြစ်သည်။ တွေ့ဖူးသောသူများအနက် (၁) တိုက်တွင် နေထိုင်သော ကိုသောင်းထိုက် ရူးသွပ် မတတ် ဖြစ်ခဲ့သည်။ ရုပ်ရှင်မင်းသား အောင်လွင်သည်ကား သွေးလည်းမပျက်၊ အရူးအမူးလည်း မဟုတ် သည့်အပြင် ထောင် အတွင်း၌ ရှားပါးလှသည့် ကွမ်းယာကိုပင် ပုံမှန်ပေးကာ ကရင်မကို စားသုံးစေခဲ့ သည်။

ဆရာစံ-ဇာဏီဘို ပြောလည်း ပြော စရာပင်။ အရှေ့တောင်အာရှတွင် မြန်မာ့ ရုပ်ရှင် ရွှေထီးဆောင်းစဉ်ကာလ ဆရာ ရွှေဒုန်းဘီအောင်၏ တပည့်အရင်း ရုပ်ရှင် မင်းသား၀င်းဦးနှင့်အတူတွဲဖက်ကာ ရုပ်ရှင် ကားပေါင်း မြောက်မြားစွာ ရိုက်ကူးသရုပ် ဆောင်ခဲ့သူ မြန်မာနိုင်ငံ၏ ရေခဲတောင် တွင် ပထမဦးဆုံး ရုပ်ရှင်ရိုက်ခဲ့သူ ဘကြီး အောင် (ခ) ဒါရိုက်တာစံရွှေမောင် (ခ) အကယ်ဒမီအောင်လွင်ဟာ အသက် (၈၃) နှစ်ရောက် နေပြီဖြစ် သော်ငြား လည်း ယနေ့ အချိန်ထိ ကျန်းမာသန်စွမ်းလျက် သူချစ် သော အနုပညာအလုပ်များကို မရပ်မနား လုပ်နေဆဲဖြစ် ပါတယ်။

သူ့ကို မနှင်းဆီ(ခ)ကရင်မရဲ့အကြောင်း မေးကြည့်တဲ့အခါမှာ အင်းစိန်ထောင်ထဲမှာ ၁၀ (က) နဲ့ အချုပ် ကျနေစဉ်ကာလက မနှင်းဆီနှင့် တွေ့ဆုံခဲ့ ပြီး အမှတ်တရ အဖြစ်အပျက်များ ရှိခဲ့ ကြောင်း ပြောပြခဲ့ပါတယ်။ တကယ်တော့ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်ဟာ စာ အလွန်ဖတ်သူဖြစ်ပြီး သရဲတစ္ဆေ ဝိညာဉ် လောက တွေကိုလည်း အယုံအကြည်ရှိခဲ့သူ မဟုတ်ပါဘူး။ သူတို့ခေတ်အချိန်အခါက နိုင်ငံရေး အားကောင်းပြီး လက်ဝဲစာပေ တွေ ထွန်းကားတဲ့အချိန်ဖြစ်တော့ ဘကြီး အောင်ရဲ့ အတွေးအခေါ်ဟာ လက်တွေ့ ကျပြီး ပိုပြီးတော့ ရုပ်ဝါဒဆန်ပါတယ်။

ဒါပေမဲ့ အင်းစိန်ထောင် ၁ တိုက်မှာ မနှင်း ဆီရဲ့ ကျီစယ်ခြင်းကို ခံခဲ့ရပြီးတဲ့နောက်မှာ ပရလောကရဲ့ ဖြစ်တည်မှုကို ယုံကြည် လက်ခံခဲ့ပါတယ်။ ထောင်ထဲမှာ ပထမဦး ဆုံး ကြုံခဲ့ရတာကတော့ “ သရဲစီး”တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဘကြီးအောင်ဟာ သူ့ အခန်းထဲမှာ ကျောင်းသားခေါင်းဆောင် တင့်ဆန်း၊ နောင်ရိုးတင်၀င်းတို့နဲ့ အတူ နေတာဖြစ်ပြီး ညသန်းခေါင် ဘေးခန်းက အော်သံကြီး စတင်ကြားပြီးတဲ့နောက် သူ့ အခန်းထဲက နောင်ရိုး တင်၀င်းနဲ့ ကိုတင် ဆန်းဆီကို ကူးစက်လာတာကို မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရသူဖြစ်ပါတယ်။ အဲဒီ နောက်မှာ တော့ ကရင်မကို ကိုယ်တိုင်ကြုံ လိုက်ရတော့တာပါပဲ။ နွေရာသီညတစ်ည မှာ ပူအိုက်လွန်းတဲ့အတွက် ဦးအောင်လွင် က လေရတဲ့ တိုက်ခန်းသံတိုင်ကို ကျော ပေးပြီး မှီအိပ်နေပါတယ်။ အချိန်ကတော့ ညနက်သန်းခေါင် ဖြစ်နေပါပြီ။

ဘေးခန်း တွေလည်း တိတ်ဆိတ်နေသလို တာ၀န်ကျ ၀န်ထမ်းရဲ့ ခြေသံကိုတောင်မှ မကြားရ တော့ပါဘူး။ လေကလည်း ငြိမ်ပြီးတိတ်ဆိတ် နေပါတယ်။ အဲဒီအချိန်မှာပဲ ဦးအောင်လွင် တို့အခန်းရဲ့ တံခါးသော့က တဂျောက် ဂျောက် မြည်လာတယ်။ အင်းစိန်ထောင် တိုက်က အခန်းသော့တွေဟာ အင်္ဂလိပ် ကိုလိုနီခေတ် ကတည်းက တည်ဆောက် ထားတာဖြစ်တဲ့အတွက် နံရံကိုထွင်းပြီး တံခါးသော့ကို ပြုလုပ်ထားပါတယ်။ အင် မတန်ကြီးမားတဲ့ ကြေးသော့ခလောက်ကြီး တွေဟာ သာမန်လူတစ်ယောက် လှုပ်ရင် တောင်မှ အသံထွက်လေ့မရှိပါဘူး။

ဒါပေ မဲ့ အခုတော့ သော့နဲ့ နံရံ ထိခတ်နေသံ “ တဂျောက်ဂျောက်” ကြားနေရပါတယ်။ လေမတိုက်ဘဲ အသံမြည်နေတဲ့အတွက် ဦးအောင်လွင်စိတ်ထဲမှာ တစ်ခုခုပဲဆိုတာ အလိုလို သိလိုက်ပါတယ်။ အိပ်ရာကထ ပြီး မျက်လုံးဖွင့်ကြည့်တော့လည်း သော့ခ လောက်အသံက ရပ်မသွားပါဘူး။ ဒါ ကြောင့် ဦးအောင်လွင်က အခန်းအပြင်ကို လှမ်းအကဲခတ်ပြီး လေသံခပ်အုပ်အုပ်နဲ့ ပြောလိုက်တယ်။

“ ပြန်တော့ ပြန်တော့ ငါတို့ကို လာ မနှောင့်ယှက်နဲ့”

ဦးအောင်လွင်စကားဆုံးတဲ့ အခါမှာ သော့ခလောက်မြည်သံ ရပ်သွားပါတယ်။ ဒါကြောင့် သူလည်း စိတ်အေးသွားပြီး ပြန် အိပ်ဖို့ ကြိုးစားလိုက်တယ်။ ဒီအချိန်မှာပဲ သော့ခလောက်သံက တဂျောက်ဂျောက် မြည်လာ ပြန်တယ်။

“ သြော် .. ပြန်တော့လို့ဆို။ တစ်ခုခု လိုချင်ရင်လည်း ပြော၊ ကုသိုလ်လိုချင်ရင် အမျှဝေပေးမယ်။ စားစရာ လိုချင်ရင် မနက်ဖြန်မှ ကျွေးမယ်”

ဘကြီးအောင်ရဲ့စကားဆုံးတော့ ထုံးစံ အတိုင်း သော့ခလောက်မြည်သံ ရပ်သွား ပြန်ပါတယ်။ ဘကြီးအောင်ကတော့ ဒီပရ လောကသားဟာ ဉဉ်ကောင်းတယ်။ သူ့ စကားကိုတော့ နားထောင်သားပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားပါတယ်။ ဒါ ကြောင့် ပြန်ပြီးအိပ်ဖို့ ကြိုးစားလိုက်ပြန်ပါ တယ်။ ဒီဖြစ်ရပ်ကို ဦးအောင်လွင်ရဲ့အခန်း ဖော်တွေဖြစ်တဲ့ နောင်ရိုးတင်၀င်းနဲ့ ကိုတင့် ဆန်းတို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်တဲ့အတွက် မသိပါဘူး။ ဒီလိုပါပဲ ဘေးအခန်းကအသံ တွေလည်း တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါ တယ်။

ဦးအောင်လွင်လည်း အိပ်ပျော်ခါနီး မှေးလုမှေးခင် ဖြစ်နေတဲ့အချိန်မှာပဲ သူ့ရင် ဘတ်ကို လေးလံတဲ့ ခန္ဓာကိုယ်တစ်ခု တက် ဖိထားသလို ခံစားရပြီး အသက်ရှူမ၀လို့ လက်နဲ့ တွန်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ သူ့အပေါ်ဖိထားတဲ့အရာက ပျောက်မသွား ဘူး။ ဒီလိုနဲ့ အသက်ရှူရပ်လုနီးပါးဖြစ်လာ တယ်။ ဝေဒနာကြောင့် ဘေးလူတွေ သတိ ထားမိအောင် အသံထွက် အော်တယ်။ ဒါပေမဲ့ အော်သံက လည်ချောင်းထဲမှာပဲ ပျောက်ဆုံး သွားပြီး အပြင်ကို ထွက်မလာ ဘူး။ တစ်ကိုယ်လုံး ချွေးစေးတွေပြန်ပြီး တဆတ်ဆတ် တုန်နေတဲ့အချိန်ရောက်မှ ရင်ခေါင်းထဲက အော်လိုက်တဲ့အသံကြီး ဟိန်းထွက်သွားတယ်။

“ အား ……”

ဘကြီးအောင်ရဲ့ အော်သံကြောင့် သူ့အခန်းဖော်တွေ ပထမ နိုးလာတယ်။ နောင်ရိုးတင်၀င်းနဲ့ ကိုတင့်ဆန်းက ဘကြီး အောင် သတိပြန်လည်လာဖို့ ဘေးကနေ ဝုိင်းနှိုးတယ်။ သူတို့ရဲ့ အသံဗလံတွေကြောင့် ဘေးခန်းက လူတွေလည်း နိုးကုန်ကြတယ်။ ဒါပေမဲ့ ဘကြီးအောင်ကတော့ အသိပြန် လည်မလာသေးပါဘူး။ အဆက်မပြတ် အော်နေရာကနေ တိုင်းရင်းသားဘာသာ စကားတစ်မျိုးနဲ့ ထပ်အော်နေတယ်။

“ တပီလာ အယ်ဒေါအော် အီး”

အဆက်မပြတ် အော်နေတဲ့ ဘကြီး အောင်ကြောင့် တာ၀န်ကျ၀န်ထမ်းလည်း ပြေးလာတယ်။ ညသန်းခေါင်မှာ ဘကြီး အောင်ရဲ့ အော်သံက တစ်တိုက်လုံးသာမက တခြားတိုက်ကသူတွေပါ ကြားနေရတယ်။ တိုက်မှာရှိတဲ့ သေဒဏ်ကြိုးလွတ် KNU အဖွဲ့၀င် ၀င်းထူးစောက ဦးအောင်လွင် အော်နေတာ ကရင်စကားမှန်း တန်းသိ လိုက်တယ်။ ဦးအောင်လွင် တိုက်ခန်းရှေ့မှာ တော့ ၀န်ထမ်းလည်း ရောက်နေပြီ။

“ ဘာဖြစ်တာလဲ …”

“ ဘကြီးအောင် ဘာဖြစ်တာလဲ သတိ ထားပါဦး”

ဘကြီးအောင်ကတော့ ခုနက စကား ဖြစ်တဲ့ “ တပီလာအယ်ဒေါအော်အီး” စကား ကိုပဲ ထပ်ခါထပ်ခါ ပြောနေတယ်။ ၀င်းထူး စောက သူ့အခန်းကနေ အားလုံးကြား အောင် ပြောလိုက်တယ်။

“ ဘကြီးအောင် ပြောနေတာ ကရင် စကားဗျ။ ဗမာလိုဆို ကွမ်းစားချင်တယ်လို့ ပြောနေတာ”

၀င်းထူးစော ရှင်းပြလိုက်တော့မှ တစ် တိုက်လုံး သဘောပေါက်သွားတယ်။ တကယ်တော့ ဦးအောင်လွင်ကို ကရင်မ ၀င်စီးနေတာဖြစ်ပါတယ်။ ဦးအောင်လွင်ကို ရေနဲ့ပက်လိုက်တော့မှ သတိပြန်လည်လာ ပါတယ်။ ၀န်ထမ်းရော၊ တစ်တိုက်လုံး အအုပ်ကောင်းလို့ ဒီအဖြစ်အပျက်ကို မိန်း ဂျေးလ်ကရော ထောင်ပိုင်ကြီးကပါ မသိ လိုက်ပါဘူး။ ၁ တိုက် တစ်တိုက်တည်းပဲ နိုးလို့ သိသွားတာဖြစ်ပါတယ်။ ဒါကြောင့် ဦးအောင်လွင်လည်း ထောင်က အရေးယူ ပြီး တိုက်ပိတ်အရေးယူမယ့် ပြစ်ဒဏ်က လွတ်မြောက်သွားပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ ဦး အောင်လွင်ကို တစ်တိုက်လုံးက အကျိုး အကြောင်းမေးကြတယ်။ ဦးအောင်လွင်က အိပ်တစ်၀က် နိုးတစ်၀က် ဖြစ်နေတုန်း သော့ခလောက် လာလှုပ်တာရယ်၊ အိပ် ပျော်သွား တဲ့အခါမှာ အလွန်ဖြောင့်တဲ့ ကရင်မတစ်ယောက်က ကရင်လိုပြောပြီး ကွမ်းလာတောင်းစားတာကို ရှင်းပြပါ တယ်။ ကွမ်းမရှိဘူးလို့ ပြောတဲ့အခါ ဒေါသထွက် သွားပုံနဲ့ သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ လည် ပင်းရင်းကဖြုတ်ပြီး ဦးအောင်လွင်မျက်နှာ နား အတင်းထိုးပြီး ကွမ်းကျွေးလို့ အော် တယ်လို့သိရတယ်။

တချို့က ဦးအောင်လွင် ဇာတ်လမ်းကို ကြောက်ပေမယ့် တချို့က တော့ ဦးအောင်လွင်ကို စနောက်နေကြ တယ်။ ဒီအဖြစ်အပျက် ကြုံပြီးတဲ့နောက် ဦးအောင်လွင်က ၁ တိုက်က နိုင်ငံရေး ရဲဘော် ရဲဘက်တွေ စတာနောက်တာကို မခံတော့ဘူး။ သူကိုယ်တိုင် ကရင်မထောင် ထဲမှာ မလွတ်မကျွတ်ဘဲ တကယ်ရှိတာကို ယုံကြည်သွားတယ်။ အဲဒီနောက် ထူးဆန်း တဲ့အဖြစ်အပျက်တွေကိုလည်း ကြုံခဲ့ရသေး တယ်။ တစ်ရက်မှာ တိုက်ထဲက ၀န်ထမ်း တစ်ယောက် ဖျားလို့ ယာယီအစားထိုးပြီး ၀န်ထမ်းတစ်ယောက်ကို တာ၀န်ချလိုက် တယ်။ သူက ဟိန္ဒူလူမျိုး ဖြစ်ပါတယ်။ သူက ထောင်ထဲက နိုင်ငံရေးသမားတွေကို လည်း မသိပါဘူး။

ဒါပေမဲ့ ၁ တိုက်ရှေ့က ဗာဒံပင်အောက်ကို ရောက်သွားတဲ့အခါ မှာ ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ ကွမ်းထုပ် တစ်ထုပ်ကို တွေ့လိုက်တယ်။ ဒါကြောင့် ဘယ်သူကျနေခဲ့သလဲဆိုပြီးစုံစမ်းဖို့ ကွမ်း ထုပ်ကို ကောက်ယူ လိုက်တယ်။ ပြီးတော့ ၁ တိုက်ထဲကို ၀င်သွားတယ်။ အဲဒီအချိန်မှာ ဦးအောင်လွင်က ဘာရယ်မဟုတ်ဘူး။ ၀န် ထမ်းကို လက်ယပ် လှမ်းခေါ်လိုက်တယ်။ ဒီတော့ ဟိန်္ဒူကုလားကြီးကလည်း ဒီကွမ်း ထုပ်ဟာ ဦးအောင်လွင် ပစ္စည်းပဲဖြစ်မယ် လို့ ယုံကြည်ပြီး ဘာမှမမေးတော့ဘဲ ကွမ်း ထုပ်ပစ်ပေးသွားတယ်။ ချက်ချင်းဆိုသလို ဘကြီး အောင် ဘာမှမမေးခင် ပြန်ထွက် သွားတယ်။ ဒီလိုနဲ့ သူ့လက်ထဲ ကွမ်းထုပ် ရောက်လာတော့ အခန်းဖော်တွေက ၀မ်း သာအားရ ကွမ်းတောင်းစားတယ်။ ဦး အောင်လွင်က အားလုံးကိုမပေးဘဲ ကွမ်း ထုပ်ထဲက ကွမ်းယာ တစ်ယာကို ထုတ်ပြီး သံတိုင်ပေါ် တင်လိုက်တယ်။ ပြီးတော့ အားလုံးထင်မှတ်မထားတဲ့စကားကို ပြော လိုက်တယ်။

“ ကဲ … ကရင်မ၊ ကွမ်းလာစား တော့”

ဦးအောင်လွင်စကားကြောင့် နောင်ရိုး တင်၀င်းတို့ ကွမ်းစားရင်း လန့်သွားသေး တယ်။ ဒါပေမဲ့ လေးနက် တည်ကြည်နေတဲ့ ဦးအောင်လွင်ကို ဘာမှအထွန့်မတက်တော့ ဘူး။ ၀န်ထမ်းကုလားကြီးက တိုက်ထဲ ပြန် မ၀င်ရတော့တဲ့အတွက် ကွမ်းထုပ် ဘယ်က ရသလဲ ဆိုတဲ့အကြောင်းလည်း သဲလွန်စ ပြတ်သွားတယ်။ နောက်တစ်ခါကျတော့ အတော်အံ့သြဖို့ကောင်းတယ်။

သူကတော့ ရိုးရိုး၀န်ထမ်း မဟုတ်ဘဲ ထောင်မှူးကြီး ဦးစံရကိုယ်တိုင် ဖြစ်နေတယ်။ ဦးစံရက ထောင်ထဲမှာ အလွန်စည်းကမ်းကြီးပြီး ပြဿနာရှာတတ်လွန်းတော့ သူ့ကို “ဦးစံ ရစ်” လို့တောင် အကျဉ်းသားတွေက ခေါ် ကြတယ်။ တစ်ရက်တော့ ၁ တိုက်ကို ဦးစံရ ရောက်လာတယ်။ တစ်တိုက်လုံးကို လိုက်စစ်ဆေးတယ်။ ဦးအောင်လွင်တို့ အခန်းရှေ့ရောက်တော့ ပြုံးပြနှုတ်ဆက်ပြီး ဘာမပြောညာမပြောနဲ့ သူ့ဘောင်းဘီအိတ် ထဲက ကွမ်းထုပ်တစ်ထုပ်ကို သံတိုင်ကြား က ပစ်ပေးသွားတယ်။ ပြီးတော့လှမ်းပြော သွားသေးတယ်။

“ ဒီကွမ်းက ထောင်ထဲကယာတဲ့ အဖြစ် ကွမ်းမဟုတ်ဘူး။ ဗမာဆေး၊ ဆေးမွှေး၊ ဆစ်ကနယ်နဲ့ ကျကျနန ယာထားတာ… မင်းသားကြီးအတွက် .. ရော့”

ဘကြီးအောင်တို့လည်း ထူးထူးခြား ခြား သဘောကောင်းနေတဲ့ ထောင်မှူးကြီး ရဲ့ အမူအရာနဲ့ အပြင်က ယာကွမ်းကိုကြည့် ပြီး အံ့သြနေကြတယ်။ ဘကြီးအောင်ရဲ့ ကွမ်းထုပ်ကို နောင်ရိုးတင်၀င်းက ဖြည်မယ် လုပ်တော့ ဘကြီးအောင်က လက်ကိုပုတ် ချလိုက်တယ်။

“ ဒါ ခင်ဗျားတို့စားဖို့ မဟုတ်ဘူး။ ကရင်မက သူစားဖို့ ဦးစံရစ်ကို ညှို့လိုက် တာဖြစ်မယ်”

ဦးအောင်လွင်က စကားလည်း ဆုံး ရော ထုံးစံအတိုင်း ကွမ်းထုပ်ထဲက ကွမ်း ယာတစ်ယာကို ထုတ်ပြီး သံတိုင် ပေါ်တင် လိုက်ပါတယ်။

“ ကဲ ..ကွမ်းကြိုက်တဲ့ ကရင်မရေ … နင့်အစွမ်းနဲ့ ရတာမို့ ဦးဦးဖျားဖျား ငါတို့ကျွေးတယ်နော်”

အခန်းထဲက သူတွေကတော့ ကွမ်း ထုပ်ထဲက ကွမ်းယာကို မနှိုက်ရဲဘဲ သံတိုင် ပေါ် တင်လိုက်တဲ့ ကွမ်းယာလေးကိုသာ ငေးမောကြည့်နေကြပါတော့တယ်။

 

 

(ဆရာစံ-ဇာဏီဘို၊ ကရင်မနှင့် တစ်ချက်တစ်ကောင် ချစ်လေးမောင်)

———————————-

မနှင်းဆီ (ခ) ကရင်မဟာ သူ့ယောက်ျား ကို၀င်းမြင့် လွတ်သွားပြီး နောက်ပိုင်း အဆောင်မှာ လူများလို့လားမသိဘူး။ နှစ်တွေကြာလာတော့ သူ့ရဲ့အရိပ်အယောင် ကျဲပါးသွားတယ်။ ဒါပေမဲ့ လူနည်းနည်းပဲရှိပြီး သီးခြားစီချုပ်နှောင်ထားတဲ့ တိုက်၀င်းထဲမှာတော့ သူ့ရဲ့သတင်းက မပြော မဖြစ် ခေါင်းကြီးပိုင်းမှာရှိနေပါတယ်။ အထူးသဖြင့် မနှင်းဆီ (ခ) ကရင်မ ပျော်တဲ့ နေရာကတော့ ၁ တိုက်ဖြစ်ပုံရပါတယ်။ ရံဖန်ရံခါ ၃ တိုက်၊ အခန်း ၁၃ မှာရှိတဲ့ ဆရာမင်းသိင်္ခဆီကို ရောက်တယ်ဆိုတဲ့ သတင်းတွေလည်း တိုက်တစ်၀င်းလုံးပြန့်နေပါတယ်။ ဆရာခက ဝိဇ်္ဇာလိုင်းနဲ့ ပရလောက အကြောင်းကို အရည်ကျိုသောက်ထားတာကြောင့် ကရင်မလောက်တော့ မှုမှာမဟုတ်ပါဘူး။

နောက်ဆုံးတော့ ၁၉၉၀ တစ်ဝုိက် ဒီမိုကရေစီတောင်းဆိုမှုကြောင့် ထောင်ထဲ ရောက်နေရတဲ့ နိုင်ငံရေးအကျဉ်းသား အများစုနေတဲ့ တိုက်တွေထဲမှာ မနှင်းဆီ က ၁ တိုက်မှာသာ ပျော်ပုံရပါတယ်။ ၁ တိုက်မှာ နေခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသား တွေကလည်း ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်တစ်ယောက် မနှင်းဆီနဲ့ ကြုံဆုံခဲ့ရပြီး တဲ့နောက် တစ် တိုက်လုံး ငါ့အလှည့်များ ရောက်လာတော့မလား ဆို တဲ့ စိုးရိမ်စိတ်နဲ့ သတိအနေအထားနေခဲ့ ကြပါတယ်။ ဒါပေမဲ့ ၁ တိုက်မှာရှိတဲ့ နိုင် ကျဉ်းတွေထဲက ဗေဒင်လက်္ခဏာ ကဝိ ကျော် ဆရာစံ-ဇာဏီဘို တစ်ယောက်က တော့ လုံးလုံးလျားလျား မနှင်းဆီကို စိတ် ၀င်စားခြင်းမရှိပါဘူး။ တစ်နေ့တစ်နေ့ သူ အလွန်တန်ဖိုးထားတဲ့ ဆံပင်ရှည်ကို တတ် နိုင်သမျှ ထောင်အာဏာပိုင်တွေ အာရုံ မစိုက်အောင် ရှောင်ရှားရင်း ထိန်းသိမ်းနေ တာနဲ့ပဲ အချိန်ကုန်လေ့ရှိပါတယ်။ ဒါပေမဲ့ ဆရာကအနာဂတ်အကြောင်း ဟောတဲ့အခါ သူ့ရဲ့ ကြီးမားတဲ့အသံသြဇာနဲ့ မျက်နှာပေါ် ဝဲကျလာတဲ့ဆံပင်ကို ပင့်ကာသပ်ကာ ပြော တဲ့စတိုင်က တစ်ဖက်လူကို လွှမ်းမိုးထားနိုင် ပါတယ်။ သူ့ရဲ့ဟန်ပန်ကြောင့် တစ်ဖက်လူ က အပြည့်အ၀ယုံကြည်မှုရပြီး ဆရာ့ကို အားကိုးလိုတဲ့စိတ် အလိုလိုပေါ်လာလေ့ ရှိပါတယ်။ ဆရာ့ရဲ့ပညာ၊ အသံသြဇာနဲ့ ဟန်ပန်အမူအရာတွေက တစ်ဖက်သားကို အရမ်းဆွဲဆောင်နိုင်ပေမယ့် စကားဆုံးတဲ့ အခါ နားရွက်ဖုံးနေတဲ့ဆံပင်ကို လက်နဲ့ဆွဲ ပြီး နားအနောက်ကို သိမ်းလိုက်တဲ့ လုပ်ရပ် တစ်ခုကပဲ ဆိုးတာဖြစ်ပါတယ်။ ဒီ အဆုံး သတ် အမူအရာက သူဟန်ထုတ်လိုက်တာ အရမ်းသိသာနေလို့ပါပဲ။ သူ့ကို နိုင်ငံရေး အကျဉ်းသား အများစုက ကိုဇာကြီးလို့ ချစ် စနိုးနဲ့ခေါ်လေ့ရှိပါတယ်။ သူကလည်း နိုင်ငံ ရေး လောကဓံကို ခံနိုင်ရည်ရှိပြီး အလွန် အကြောမာသူဖြစ်ပါတယ်။

တစ်ညတော့ မနှင်းဆီ (ခ) ကရင်မ ဟာ ဆရာ စံ-ဇာဏီဘိုနဲ့ တည့်တည့်တိုးပါ တော့တယ်။ အဲဒီညက ၁ တိုက် တာ၀န်ကျ ဝါဒါဟာ ကျော်ဦးလို့ ခေါ်ပါတယ်။ ဝါဒါ ကျော်ဦးရဲ့နှာခေါင်းမှာ ဘုကြီးတစ်ခုရှိနေ တာကြောင့် နာမည်တူတွေရှိနေတဲ့ ၀န် ထမ်းတွေထဲမှာ သူ့ကို အားလုံးက “ဘု ကျော်ဦး” လို့ ခပ်လွယ်လွယ် အမည်ပေး လိုက်တယ်။ ဘုကျော်ဦးကလည်း အလွန် ပေတယ်။ အပြင်မှာလည်း လိုင်းခန်းထဲမှာ ၀က်မွေးတယ်။ သူ့၀က်တွေကို အစာမကျွေး နိုင်တော့ ထောင်ထဲက ဖိုကြီးထဲမှာ ည ဘက် ထမင်းယူတယ်။ တစ်ခါတစ်ရံ ဗူး၀ မှာ စစ်လို့မိရင် ထောင်ပိုင်ရဲ့ အဆဲအဆို တွေ ခံရတော့တာပဲ။ တစ်ခါတစ်ရံ ည ဂျူတီ၀င်ရင် အမြဲမူးလာတယ်။ တိုက်ခန်း တွေက သူ့အခန်းနဲ့သူ သော့ခတ်ထားတာ ဆိုတော့ ညဘက်တာ၀န်ကျ၀န်ထမ်းတွေ အတွက် ကြီးကြီးမားမား တာ၀န်မရှိပါဘူး။ အများစုကတော့ တိုက်မှာ ကင်းကျရင် အိပ်ကြတာပါပဲ။ ၁ တိုက်ရဲ့ ကင်းသမား တွေထဲမှာ ပင်တိုင်ကင်းကျတဲ့သူနှစ်ယောက် ပဲ ရှိပါတယ်။ အဲဒါကတော့ ဘုကျော်ဦးနဲ့ ဒန်သွားပါပဲ။ ဒန်သွားရဲ့ နာမည်ရင်းက စိုးဌေးလို့ခေါ်ပါတယ်။ သူက ကျိုးနေတဲ့ သွားနေရာမှာ ငွေသွားစိုက်ထားတယ်။ ဒါ ပေမဲ့ သူက ဘုကျော်ဦးလောက် နိုင်ငံရေး အကျဉ်းသားတွေအပေါ်မှာ မကောင်းဘူး။

ထောင်ပိုင်ထောင်မှူးတွေကို ချွန်ချင် တက် ချင်တယ်။ သတင်းအပို့အယူ လုပ်တယ်။ ဒါကြောင့် တိုက်မှာရှိတဲ့သူတွေက စိုးဌေး ကို ငွေသွားစိုက်ထားမှန်းသိပေမယ့် တမင် နှိမ်ပြီး “ဒန်သွား” ဆိုပြီး နာမည်ပေးထား တယ်။ ညဘက် ကင်းကျရင် အိပ်တာက တော့ ကျော်ဦးရော၊ ဒန်သွားရော နှစ် ယောက်လုံး အတူတူပါပဲ။
တစ်ညတော့ ဘုကျော်ဦး တာ၀န်ကျ နေတယ်။ ဘုကျော်ဦးက အိပ်ချိန်မပေးခင် ၁ တိုက်က အခန်းစေ့လိုက်ပြီး ဆေးလိပ်မီး ပေးတယ်။ ပြီးရင်တော့ ကိုဇာကြီးတို့ရဲ့ အခန်းနားကခုံမှာ တစ်ချိုးတည်း အိပ် တော့တာပါပဲ။ တိုက်ကလူတွေကလည်း ဆေးလိပ်လေးသောက်၊ ဘုရားလေးရှိခိုး ပြီး အိပ်ကြတော့တာပါပဲ။ အဲဒီညကတော့ မိုးတွင်းဆိုပေမယ့် ပူအိုက်နေလို့ ဆရာစံ-ဇာဏီဘိုက အိပ်မပျော်ဘူး ဖြစ်နေတယ်။ အခန်းဖော်တွေကတော့ အိပ်သွားကြပြီ။ သူကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေတွေနဲ့နက်္ခတ်တွေကို တွက်ချက်ကြည့် နေတယ်။ မြန်မာနိုင်ငံရဲ့နိမိတ်ကမကောင်း သေးတာကို စိတ်မကောင်းစွာ တွေ့နေရ တယ်။ ဒီလိုနဲ့ တွက်ချက်နေလိုက်တာ။

အချိန်ကုန်လို့ကုန်မှန်း မသိဘူး။ ညဉ့်နက် သန်းခေါင် ရောက်သွားတယ်။ တိုက်၀င်း တစ်၀င်းလုံးလည်း တိတ်ဆိတ်နေတယ်။ ၁၅ မိနစ်တစ်ကြိမ် ဂတ်ကြီးပေါ်က သံ ချောင်းခေါက်သံပဲ မှန်မှန်ကြားနေရတယ်။ ကိုဇာကြီးက ကိန်းဂဏန်းတွေထဲမှာ စိတ် ၀င်စားနေတုန်း ၁ တိုက်ရှေ့မှာ “ဝုန်းခနဲ”လဲပြိုသံကြားလိုက်ရတယ်။ ကိုဇာကြီးက အိပ်ရာကထပြီး အသံခပ်အုပ်အုပ်နဲ့ ဝါဒါ ကျော်ဦးကို လှမ်းခေါ်လိုက်တယ်။

“ကျော်ဦး ဟေ့ကောင် ဘာဖြစ်တာ လဲ”

ဘုကျော်ဦးက ကိုဇာကြီးကို လေသံ တိုးတိုးနဲ့ လှမ်းပြောတယ်။

“ဘာမှမဟုတ်ဘူး နောက်မှ ရှင်းပြ မယ်။ ကိုဇာကြီး ခေါင်းချအိပ်နေလိုက် တော့။ တစ်ယောက်ယောက် ကင်းစစ်ဖို့ လှည့်လာလိမ့်မယ်”

ကိုဇာကြီးလည်း ကျော်ဦး ပြောတဲ့ အတိုင်း ခေါင်းချပြီးအိပ်ချင်ယောင်ဆောင် နေလိုက်တယ်။ ကျော်ဦးလည်း ဖိနပ်တွေ ကြိုးပြန်စီး၊ နံရံမှာထောင်ထားတဲ့ နံပါတ် တုတ်ကို အမြန်ပြန်ယူ ဦးထုပ်ဆောင်းပြီး ၁ တိုက်ရှေ့မှာ လမ်းလျှောက်နေတာတွေ့ တယ်။ သိပ်မကြာခင်မှာပဲ ခြေသံတွေကို ကြားလိုက်ရတယ်။ “ကင်းသမား … သတင်းပို့” ဆိုတဲ့အသံလည်း ကြားလိုက်ရ တယ်။ ဘုကျော်ဦးက သတိဆွဲပြီး သတင်း ပို့သံ ကြားလိုက်ရတယ်။

“သတိ ..အင်းစိန်ထောင်၊ ၁ တိုက်၊ အိပ်ဆောင်၊ တာ၀န်ကျ၀န်ထမ်းကိုယ်ပိုင် အမှတ် ၂၂၂၄၊ ဒုတပ်ကြပ် ကျော်ဦး၊ အကျဉ်းသား ၂၃ ယောက် ဖျားနာသူမရှိ၊ အားလုံးကောင်းပါတယ် တာ၀န်မှူးကြီး”

ထောင်ပိုင်ကြီးကိုယ်တိုင် ညကင်း သမားတွေကို လိုက်လံစစ်ဆေးနေတာဖြစ် ပါတယ်။ ညဘက်၀န်ထမ်းတွေ ၀တ်စုံ အပြည့် ၀တ်ဆင်ခြင်းရှိမရှိ နိုးနိုးကြားကြား ရှိမရှိ ရှောင်တခင် လိုက်စစ်တာဖြစ်ပြီး အိပ်နေတဲ့သူတွေ့ရင်တော့ နောက်တစ်နေ့ ရုံးတင်ခံရမှာဖြစ်ပါတယ်။ ၁ တိုက်မှာတော့ ၀တ်စုံပြည့် ၀တ်ဆင်ပြီး ကင်းလှည့်နေတဲ့ ဘုကျော်ဦးကိုကြည့်ပြီး ထောင်ပိုင်ကသဘော ကျသွားပုံပေါ်ပါတယ်။

“ကျော်ဦး မင်းတစ်ယောက်ပဲ နိုးနိုး ကြားကြားရှိတယ်။ ၆ တိုက်က စိုးဌေးက တော့ အိပ်လိုက်တာ သိုးနေတာပဲ။ ဒီ ကောင်ကိုတော့ ရုံးတင်ရမှာပဲ”

ထောင်ပိုင်က ကျော်ဦးကို ချီးကျူးပြီး ဇင်ဇင်းစီးကရက်တစ်ဗူးပေးကာ ပြန်ထွက် သွားပါတယ်။ ထောင်ပိုင် ထွက်သွားမှ ကျော်ဦးက သက်ပြင်းရှည်ကြီးကို မှုတ် ထုတ်လိုက်တယ်။ ပြီးတော့ နံရံမှာ နံပါတ် တုတ်ကို ပြန်ထောင်လိုက်ရင်း ရေရွတ်လိုက် တယ်။

“တော်သေးတယ်။ ကရင်မကယ်လို့”

ညဘက် တိတ်ဆိတ်နေတာကြောင့် ကျော်ဦးပြောတဲ့အသံကို ကိုဇာကြီး ပီပီ သသကြားလိုက်ရတယ်။ ဒါကြောင့် အခန်း သံတိုင် နားကိုကပ်ရင်း လှမ်းမေးရတယ်။

“ဘာပြောတယ် ဆရာဘု”

“ကရင်မ နားရင်းရိုက်ပြီးနှိုးလို့ ကျွန် တော် ကံကောင်းသွားတာ ကိုဇာကြီးရေ”

ဘုကျော်ဦး စကားကြောင့် ဆရာစံ-ဇာဏီဘို မျက်လုံးကျယ်သွားတယ်။ ဒါ ကြောင့် သေချာအောင် ထပ်မေးလိုက် တယ်။

“မင်းဟာက ..ဟုတ်ရဲ့လားကွာ”

“ဟုတ်ပါတယ်။ ကရင်မက ဘော်ဒါ စိတ်ရှိတယ်။
ကင်းလာစစ်တဲ့အချိန် အိပ် နေတဲ့ ဝါဒါတွေရှိရင် လှုပ်ပြီး သတိပေး တယ်။ အဲဒါမှမနိုးရင် နားရင်းရိုက်တယ်။ အခု ကျွန်တော့်ကို နားရင်းရိုက်သွားတာ လေ”

ဘုကျော်ဦးစကားကြောင့် ကိုဇာကြီး ကရင်မကို တော်တော် စိတ်၀င်စားသွား တယ်။ သူက ထောင်ထဲမှာမကျွတ်ဘဲရှိနေ ပေမယ့် သူနဲ့ထိစပ်နေတဲ့ ၀န်ထမ်းတွေ အကျဉ်းသားတွေကို ဒုက်္ခပေးချင်တဲ့စိတ် မရှိဘူးဆိုတာ လက်တွေ့သိလိုက်ရတယ်။ ကျော်ဦးက စီးကရက် မီးညှိသောက်ရင်း ထောင်ပိုင်ပေးသွားတဲ့ ဇင်ဇင်းစီးကရက်ဗူး ထဲက နှစ်လိပ်ကို ဆရာစံ-ဇာဏီဘိုအတွက် လှမ်းပေးလိုက်တယ်။ ပြီးတော့ သူ့လက်ထဲ မှာ တစ်လိပ်ကိုင်ထားသေးတယ်။ ကိုဇာ ကြီးက သိချင်လို့ လှမ်းမေးလိုက်တယ်။

“လက်ထဲက တစ်လိပ်က ဘယ်သူ့ အတွက်လဲ”

ဘုကျော်ဦးက စီးကရက်ချင်း မီးကူး ပြီး ထောင်ပြတယ်။

“ကရင်မအတွက်လေ”

စကားဆုံးတာနဲ့ ၁ တိုက်အဆုံး သံ ဆူးကြိုးစည်းရိုးကို သွားတယ်။ ပြီးတော့ သံဆူးကြိုးတန်းပေါ်က ထောင်နေတဲ့ သံ ချောင်းပေါ်မှာ စီးကရက်ဖင်ဆီခံကို စွပ်ချ လိုက်တယ်။ စီးကရက်မီးက ခပ်ဖြည်းဖြည်း တိုက်နေတဲ့ လေနဲ့အတူ ရဲခနဲဖြစ်သွားတယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်း တိုသွားတယ်။ ဆရာစံ-ဇာဏီဘိုလည်း ဘုကျော်ဦးပေးတဲ့ ဇင်ဇင်းစီးကရက်ကို အားပါးတရ ဖွာရင်း မနှင်းဆီ (ခ) ကရင်မရဲ့ အကြောင်းကို သိချင်စိတ်က ပိုပြီးပြင်းပြလာတယ်။ ပရ လောကသားတွေ ဝိညာဉ်တွေကို အများစု က ကြောက်လန့်ကြပေမယ့် ကျော်ဦးတို့လို ဝါဒါတွေ၊ ဦးအောင်လွင်လို နိုင်ငံရေးအကျဉ်း သားတွေက ကရင်မကို မကြောက်ကြဘူး။

ကရုဏာသက်နေကြတယ်။ ဒါကြောင့် ကရင်မရဲ့ ၀ဋ်ကြွေးအဖို့ပါကနဲ့ ကံကြမ်္မာကို စစ်ဆေးကြည့်ချင်လာတယ်။ အဲဒီလို တွေး နေတုန်း အခန်းရှေ့ကို ကျော်ဦးထပ်ရောက် လာပြန်တယ်။ သူ့လက်ထဲမှာ စီးကရက် အတိုလေးတစ်ခု ကိုင်ထားတယ်။ ပြီးတော့ ကိုဇာကြီး အခန်းထဲကို လှမ်းပစ်ပေးလိုက် တယ်။

“ဒါကရင်မ သောက်သွားတာ ဆရာ။ လေ့လာကြည့်လိုက်”

ကိုဇာကြီးလည်း မနှင်းဆီ(ခ)ကရင်မ ရဲ့ မွေးနေ့၊ မွေးလ၊ မွေးရက်တွေကို မသိ တော့ သူ့ရဲ့စီးကရက်တိုလေးကိုပဲ လေ့လာ ကြည့်လိုက်တယ်။ အမှတ်တမဲ့ကြည့်ရင် တော့ ဘာမှထူးခြားတာမတွေ့ရဘူး။ ဖင် ဆီခံအလယ်မှာ ပေါက်နေတာက ကျော်ဦး သံဆူးကြိုးပေါ်မှာ စွပ်ထားလို့ပါ။ ဒါပေမဲ့ ဖင်ဆီခံကိုသေချာကြည့်လိုက်တော့မှ သွား နဲ့ ကိုက်ထားတဲ့ အရာလေးကို တွေ့လိုက် တယ်။ ဖင်ဆီခံကို နမ်းကြည့်လိုက်တော့ ကွမ်းယာနံ့ရတယ်။ ဒါကြောင့် ကရင်မဟာ ပရလောက ရောက်နေတာတောင် ကွမ်း တစ်ယာနဲ့ ဆေးလိပ်ဖွာရတာကိုတော့ ကြိုက်နေတဲ့ပုံပါပဲ။

အဲဒီညက ကရင်မနဲ့ ဘုကျော်ဦးရဲ့ ဆက်သွယ်မှုတွေကို မျက်ဝါးထင်ထင်မြင် လိုက်ရတဲ့ ဆရာစံ-ဇာဏီဘိုတစ်ယောက် နောက်တစ်နေ့မှာလည်း သူ့ခေါင်းထဲမှာ ကရင်မအကြောင်းပဲ စိတ်စွဲနေတယ်။ ရေ ချိုးချတဲ့အချိန်မှာ ဦးအောင်လွင်နဲ့ သွား တွေ့ပြီး ကရင်မအကြောင်းကို ထပ်မေး ကြည့်ရတယ်။ ဦးအောင်လွင်က ကိုဇာကြီး ကို ထူးဆန်းတဲ့ပုံနဲ့ကြည့်ပြီး ခပ်ဆတ်ဆတ် ပြန်ပြောတယ်။

“ခင်ဗျား ဘာလုပ်မလို့လဲ။ ကရင်မကို ဒုက်္ခသွားမပေးပါနဲ့ဗျာ”

ဆရာစံ-ဇာဏီဘိုက ပရလောကသား တစ်ယောက်ဖြစ်တဲ့ ကရင်မကို အကာ အကွယ်ပေးနေတဲ့ ရုပ်ရှင်မင်းသားကြီးကို အံ့သြတကြီး ကြည့်နေတယ်။ ပြီးမှ ညက ကရင်မနဲ့ ကျော်ဦးနဲ့ အဖြစ်အပျက်တွေ အကြောင်းပြောပြလိုက်တယ်။ ဒီအကြောင်း တွေ ကြားရပေမယ့် ဦးအောင်လွင်က အံ့သြတဲ့ပုံမပေါ်ဘူး။ သူ့ကိုတောင်နှစ်သိမ့် ဖျောင်းဖျလိုက်သေးတယ်။

“အေးလေ အဲဒါ ဘာဆန်းလို့လဲ။ ကရင်မက လူတိုင်းကို ကူညီနေတဲ့ဟာ ခင်ဗျားရဲ့ အစီအရင်တွေနဲ့ သူ့ကို မနှင်ပါ နဲ့။ သူပျော်ရင် နေပါစေလားဗျာ”

“ကျွန်တော်ဘာမှမလုပ်ပါဘူး ဘကြီး အောင်ရဲ့။ သူ့အကြောင်း သိချင်ရုံသက် သက်ပါ။ ဒါကြောင့် ဘယ်သူများ ကရင်မ အကြောင်း ပြောနိုင်မလဲဆိုပြီး စုံစမ်းကြည့် တာ”

ဦးအောင်လွင်ကတော့ ဘာမှဆက်မ ပြောတော့ဘဲ ခေါင်းအသာအယာခါပြပါ တယ်။ ၁ တိုက်မှာတော့ ကရင်မနဲ့ ပတ် သက်ပြီး ဘာအချက်အလက်မှ ထပ်မရလို့ ကိုဇာကြီးလည်း လက်မြှောက်ရမလိုဖြစ်ခဲ့ ရပါတယ်။ ဒါပေမဲ့ တစ်ရက်တော့ အမြန် လမ်း ရဲဘက်စခန်းကနေ အင်းစိန်ထောင် ကို ပြောင်းရွှေ့လာတဲ့ ကရင်ကြီး ဝါဒါစော ထူးလေးနဲ့ စကားစပ်မိရင်း ကရင်မရဲ့ဘ၀ တစ်စိတ်တစ်ဒေသကို သိလိုက်ရတယ်။ စောထူးလေးက အသက် ၆၀ နား ကပ် နေပါပြီ။ မကြာခင် ပင်စင်ယူတော့မှာပါ။ ဒါပေမဲ့ သူက ကရင်လူမျိုးဖြစ်ပြီး ထောင် ပေါက် ၀န်ထမ်းဖြစ်တဲ့အတွက် ကရင်လူမျိုး တွေအကြောင်းကိုတော့ မှတ်မှတ်သားသား ရှိတယ်။

ပဲခူးရိုးမမှာ ကွန်မြူနစ်ပါတီကို တိုက်ထုတ်တော့ တေဇစစ်ဆင်ရေးမှာမိလာ တဲ့ ကရင်တွေကို သေဒဏ်ပေးတဲ့အကြောင်း လည်း အသေးစိတ်သိတယ်။ မြန်မာ့အသံ ကို လက်ပစ်ဗုံးနဲ့ထုဖို့ကြိုးစားတဲ့ မန်းဒါ၀တ် အကြောင်းလည်း သိတယ်။ ဒီအကြောင်း တွေ ပြောရင်း ကရင်မအကြောင်းကိုလည်း စကားစပ်မိသွားတယ်။ အဲဒီတော့မှ ကရင်မ ရဲ့ အစ်ကိုတစ်ယောက်ဟာ KNU ထဲက နာမည်ကြီး စစ်ဗိုလ် တစ်ချက်တစ်ကောင် ချစ်လေးမောင် ဖြစ်နေမှန်း သိလိုက်ရတော့ တယ်။ ချစ်လေးမောင် လက်ဖြောင့် သေနတ်သမားဖြစ်ပြီး မြစ်၀ကျွန်းပေါ်က ထော်ပိုင်စစ်ဆင်ရေးမှာ သူ့လက်ချက်နဲ့ မြန်မာစစ်သားအများအပြား ကျဆုံးထိခိုက် ဒဏ်ရာရခဲ့ရပါတယ်။

ချစ်လေးမောင်ကို အစိုးရက အသေရရ အရှင်ရရ အလိုရှိခဲ့ တဲ့အတွက် မနှင်းဆီဟာ ရန်ကုန်မှာ သိုသို သိပ်သိပ် နေထိုင်ခဲ့ပုံရပါတယ်။ တစ်ဖက် မှာလည်း သူ့ရဲ့ မငြိမ်းချမ်းတဲ့ဘ၀ကို ပြည် ဖုံးကားချပြီး ကို၀င်းမြင့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အိမ်ထောင်တစ်ခု ထူထောင်သွားလိုတဲ့ ရည်ရွယ်ချက်လည်း ရှိခဲ့ပုံရပါတယ်။ ဒါပေ မဲ့ သူတို့ရဲ့ဘ၀ထဲကို “မစန်း”ဆိုတဲ့ စေတန် နတ်ဆိုးတစ်ယောက် ရောက်လာတဲ့အတွက် ကြေကွဲစရာဇာတ်သိမ်းကို ကြုံခဲ့ရတာ ဖြစ် ပါတယ်။
မနှင်းဆီ သူ့ယောက်ျား ကို၀င်းမြင့်ကို KNU စစ်ဗိုလ် ချစ်လေးမောင်ရဲ့ညီမဖြစ် တယ်ဆိုတာကို ပြောပြခဲ့သလား။ မပြောပြ ဘဲ လျှို့ဝှက်ထားခဲ့သလား ဆိုတာကတော့ အသက်ရှင်လျက်ရှိတဲ့ ကို၀င်းမြင့်ကိုယ်တိုင် သာ အဖြေပေးနိုင်ပါလိမ့်မယ်။

 

[မွှေးနီ နက်ကျော်နဲ့ ၀င်းမြင့်တို့ အုတ်ရိုးပေါ်မှာ ရှိသလား။
“ နောက်ဆုံး ကရင်မယောက်ျား ကို၀င်းမြင့် ဘာဖြစ်သွားသလဲ”]

စမ်းချောင်းသားရဲ့စကားကို လူလိမ် ဝိဇ္ဇာကျော်မြင့် ချက်ချင်းပြန်မဖြေနိုင်ပါဘူး။ သူ့မျက်နှာက ၀မ်းနည်းမှုတွေ၊ ကြေကွဲမှု တွေနဲ့ အသားတွေ တုန်လာတယ်။ ပြီး တော့ အတိတ်ကအရိပ်တွေ ပြန်မြင်လာတယ်။

အဲဒီနေ့က အဆောင်ကို ညတာ၀န်ကျ လာတဲ့ ၀န်ထမ်းတစ်ယောက်က လူလိမ် ဝိဇ္ဇာကျော်မြင့်ရဲ့ အခန်းကို ရေးကြီးသုတ် ပြာရောက်လာတယ်။ ပြီးတော့ ထောင်ရှေ့ မှာ ၀င်းမြင့်ကိုတွေ့ခဲ့တယ်လို့ ပြောတယ်။

“ မင်းကောင် ၀င်းမြင့်ပုံစံက မူမမှန် ဘူးကွ။ လူကလည်း ညှင်းသိုးသိုးနဲ့ ဖိနပ် လည်း မပါဘူး။ ငါတို့ ညဂျူတီ၀င်ခါနီး တွေ့တော့ သူ့မှာရှိတဲ့ ဆေးလိပ်တိုလေး တွေ လိုက်တိုက်တယ်။ ပြီးတော့ မနှင်းဆီ ကို ခေါ်လာခဲ့ပါဗျာလို့ပြောတယ်။ ငါလည်း ဘာပြောလို့ပြောရမှန်းမသိတာနဲ့ ထောင် ထဲ အမြန်၀င်လာခဲ့တာ”

ည၀န်ထမ်း ဝါဒါဇော်နီရဲ့ စကားဆုံး တော့ ကျော်မြင့် ဘာစကားမှပြန်မပြော နိုင်ဘူး။ စိတ်ထဲမှာတော့ “ မနှင်းဆီရယ် နင်လုပ်လိုက်တာ ထောင်တင် မကဘူး။ နင့်ယောက်ျားပါ ဒုက္ခ ရောက်နေပြီ” ဆိုပြီး အောက်မေ့လိုက်မိတယ်။ နောက်ပိုင်းကျ တော့ ၀င်းမြင့်ရဲ့အကြောင်း နေ့စဉ်ရက် ဆက်ဆိုသလို ဆက်တိုက်ကြားလာရတယ်။
ထောင်ဗူး၀မှာ တွေ့သမျှ ယူနီဖောင်းနဲ့လူ တွေကို မနှင်းဆီကို စောင့်ရှောက်ဖို့ ပြော လိုပြော၊ မနှင်းဆီကို တွေ့ချင်တယ်လို့ ပြော လိုပြော။ လူကလည်း အာဟာရပြတ်လပ်ပြီး ပိန်ချုံးနေတယ်လို့ ဆိုကြတယ်။ အကြောင်း သိတဲ့ ထောင်ဝါဒါတွေကတော့ ထောင်ဗူး၀ မှာ အမြဲလိုလိုရှိနေတဲ့ ၀င်းမြင့်ကို ဆေး လိပ်လေးတွေ တိုက်လိုက်၊ မုန့်လေးတွေ ကျွေးလိုက်နဲ့ သနားလို့ ကူညီကြပါတယ်။

ဒါပေမဲ့ သူ့စိတ်ပြေပျောက်အောင်တော့ ဘယ်သူကမှ နှစ်သိမ့်စကား မပြောနိုင်ပါ ဘူး။ မနှင်းဆီယောက်ျား ကို၀င်းမြင့်ကတော့ မိုးရွာရွာ၊ နေပူပူ အင်းစိန်ထောင် ဗူးဝြကီး ရှေ့က လမ်းမပေါ်မှာ အမြဲရှိတယ်ဆိုတာ ထောင်ထဲ က ကြားနေရတယ်။ အင်္ကျီတွေ၊ ပုဆိုးတွေကတော့ ဟောင်းနွမ်း စုတ်ပြတ် လို့။ ခြေဖဝါးဗလာနဲ့ တစ်ခါတစ်ခါ မနှင်းဆီ ကားတိုက်ခံရတဲ့ နေရာလေးမှာ ငုတ်တုတ် ထိုင်ပြီး ရယ်လိုက်ငိုလိုက် လုပ်နေတယ်။ အရမ်းအေးတဲ့ ဒီဇင်ဘာညတစ်ညမှာတော့ ၀င်းမြင့်သေသွားပြီ ဆိုတဲ့သတင်း ထောင် ထဲရောက်လာတယ်။ အအေးပတ်ပြီး သေ တာတဲ့။

ဒါပေမဲ့ ၁ ဆောင် အခန်းလူကြီး လူလိမ်ဝိဇ္ဇာကျော်မြင့်ကတော့ ၀င်းမြင့် အအေးပတ်ပြီး သေတယ်ဆိုတာကို လက် မခံဘူး။ အချုပ်သားတွေကမေးတော့ ဒီလို ဖြေတယ်။

“ ၀င်းမြင့်က သူ့မိန်းမကို ချစ်လွန်းလို့ ရင်ကွဲနာကျပြီး သေသွားတာ”

တချို့က ကျော်မြင့်ရဲ့စကားကို စော ဒကမတက်ရဲဘူး။ ဘာလို့လဲဆိုတော့ ကျော် မြင့်ရဲ့မျက်နှာမှာ ၀င်းမြင့်အတွက် မချိတင် ကဲ ခံစားနေရတာ ကိုယ်ချင်းစာလို့ပါပဲ။ လူလိမ်ဝိဇ်္ဇာကျော်မြင့် ဘ၀မှာလည်း ခံစား ချက်တွေ ရှိနေပါ တယ်။ သူ့ရဲ့မိခင် ဒေါ် ကြည်ဟာ လှိုင်မြစ်တစ်ဖက်ကမ်း ဒလဘက် ကနေ ပန်းဆိုးတန်းဆိပ်ကမ်းမှာ သင်္ဘော သီးစိပ်ရောင်းရတဲ့ စျေးသည်ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်ထမ်းတဲ့အလုပ်သမားတွေက ဒေါ်ကြည်ရဲ့ သင်္ဘောသီးမှ မစားရရင် အာသာမပြေပါဘူး။ ဒေါ်ကြည်ကတော့ သင်္ဘောသီးကို ဓားကလေးနဲ့ခွဲလိုက်၊ ရေ ဇလုံထဲမှာ နှစ်လိုက် နဲ့ တစ်နေ့လုံး လက်မ လည်အောင် ရောင်းချရပါတယ်။

အဲဒီ အချိန်က ကလေးသာသာ ကျော်မြင့်က နောက်ဆုံး မိခင်ဖြစ်သူဒေါ်ကြည်က ဓား ဆေးတဲ့ရေခွက်ထဲကို ဆေးသကြားခဲတွေ ခိုးထည့်ထားတာကို တွေ့ခဲ့ရပြီးတဲ့နောက် လူတွေကို လိမ်ရတဲ့အရသာကို သိသွားခဲ့ပါ တယ်။မနှင်းဆီ(ခ) ကရင်မနဲ့ ကို၀င်းမြင့်တို့ ဇနီးမောင်နှံ တစ်ယောက်ကိုတစ်ယောက် အသည်း ပေါက် မတတ်ချစ်ပေမယ့် ကုသိုလ် ကြမ်္မာဆိုးလှတာကြောင့် အင်းစိန်ထောင်ကို ဗဟိုပြုပြီး ဇာတ်သိမ်းခဲ့ရတဲ့ ဘဝြဖစ်အင်ကတော့ ကြေကွဲစရာဒဏ္ဍာရီတစ်ပုဒ်အဖြစ် မှတ်တမ်း၀င်သွားခဲ့ပါတယ်။

မနှင်းဆီရဲ့ ဘဝြကမ္မာမကောင်းခဲ့ သလို သူ့အစ်ကိုဖြစ်တဲ့ တစ်ချက်တစ်ကောင် ချစ်လေးမောင်ရဲ့ ဘ၀ကလည်း ၀မ်းနည်းဖို့ ကောင်းလှပါတယ်။ တကယ်တော့ သူတို့ မောင်နှမနှစ်ယောက်ဟာ မျိုးချစ်စိတ်ပြင်း တဲ့ ကရင်လူမျိုး တွေဖြစ်ပါတယ်။ မနှင်းဆီ ရဲ့အစ်ကို ချစ်လေးမောင်ဟာ အဲ့ဒီအချိန် က ကရင်လွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်နေတဲ့KPLAတပ်ရင်း (၂)၊ တပ်ခွဲမှူး ဗိုလ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ သူက သေနတ်ပစ် အင်မတန် လက်ဖြောင့်တဲ့သူ ဖြစ်လို့ ဗမာစစ်သား အတော်များများဟာ သူနဲ့ရင်ဆိုင်တွေ့ရင် သူ့လက်ချက်နဲ့ကျဆုံး ခဲ့ရတာများပါတယ်။

ဒါကြောင့် ဧရာ၀တီ တိုင်းမှာ ကရင်ဗိုလ်ကြီးချစ်လေးမောင်ဟာ တစ်ချက်တစ်ကောင်ချစ်လေးမောင်အဖြစ် နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ လည်း ၁၉၆၈ ခုနှစ်ကနေ ၁၉၇၂ ခုနှစ် အထိ အစိုးရကပြုလုပ်တဲ့ မြစ်၀ကျွန်းပေါ် ဖြတ်လေးဖြတ် ပိတ်ဆို့ရေးမှာ အစိုးရတပ်နဲ့ ရင်ဆိုင်တွေ့ပြီး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါ တယ်။ အဲဒီအချိန်က ဧရာ၀တီတိုင်းမှာရှိတဲ့ ကော်သူးလေ မျိုးချစ်လွတ်မြောက်ရေး တပ်မတော် (KPLA)အပါအ၀င် (KPGF) က ဗိုလ်မှူးကြီးကွက်ကော့၊ ဒုဗိုလ်မှူးကြီး ဂါးမင်း၊ တပ်မဟာမှူး ဗိုလ်မှူးကြီး ဖန်း ရှောင်း၊ ဗိုလ်မှူးစောဂျက်၊ ဗိုလ်ကြီးသန်းရှိန်၊ အမှတ် (၇) ခရိုင်အတွင်းရေးမှူး မန်းဘခင် နဲ့ ပန်းတနော်မြို့နယ်ဥက္ကဋ္ဌ မန်းရှန်ဖောင်း တို့ဟာ ဖြတ်လေးဖြတ် စစ်ဆင်ရေးမှာ ကရင်မျိုးချစ်တပ်သား အမြောက်အမြား ကျဆုံးခဲ့ရ တာဖြစ်ပါတယ်။

အခုအချိန်အထိ အင်းစိန် နှစ်ကြီး အကျဉ်းသားတချို့ကတော့ ထောင်ထဲမှာ မနှင်းဆီ(ခ)ကရင်မ ရှိနေတုန်းပဲလို့ အခိုင် အမာ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ငြင်း ခုံနေကြတာလည်း ရှိပါတယ်။ မြန်မာ နိုင်ငံမှာရှိတဲ့ ထောင်ရာဇ ၀င်နဲ့ပတ်သက်ပြီး အရည်ကျိုသောက်ထားတဲ့ လူတချို့က တော့ နှစ်ကြီးအကျဉ်းသားတွေပြောတာကို ခြွင်းချက် မရှိ လက်ခံပါတယ်။ ဘာလို့လဲဆို တော့ အင်္ဂလိပ်ခေတ်လက်ထက်ကတည်း က မြန်မာနိုင်ငံမှာ စတင်တည် ဆောက်ခဲ့ တဲ့ ထောင်တွေဟာ တချို့ဆိုရင် နှစ် ၁၀၀ ကျော် သက်တမ်းရှိနေပါပြီ။

မြန်မာနိုင်ငံ မှာ ထောင်ပေါင်း ၄၅ ထောင် ရှိပေမယ့် ထိန်းသိမ်းထားနိုင်တဲ့ အကျဉ်းသားအရေ အတွက်ကို လိုက်ပြီး ကကြီးထောင်၊ ခခွေး ထောင်၊ ဂငယ်ထောင်ဆိုပြီး အဆင့်တွေ ခွဲခြားထားပါတယ်။ ကကြီးထောင် ဆိုတာ ကတော့ လူဦးရေ ၅၀၀ အထက် ထိန်းသိမ်း ထားပြီး အင်္ဂလိပ်လက်ထက်က ဆောက် ခဲ့တဲ့ ထောင်ကြီး တွေ များပါတယ်။

ဥပမာ အားဖြင့် သာယာ၀တီ၊ တောင်ငူ၊ သရက်၊ မြင်းခြံ၊ ဟင်္သာတ၊ ပုသိမ်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ မြိတ်၊ စစ်တွေ စတဲ့ထောင် တွေဟာ ကကြီးအဆင့်ထောင်တွေဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ခံ အကျဉ်းဦးစီး ဌာနမှာ ကကြီးအဆင့် ထောင်တွေမှာပဲ ကြိုးစင်တွေ ရှိပါတယ်။ သဘောကတော့ ကကြီးအဆင့်ထောင်ပိုင်တွေကပဲ သေဒဏ် ကျအကျဉ်းသားကို ကြိုးပေးကွပ်မျက်လို့ ရတာဖြစ်ပါတယ်။

သေဒဏ်ကျ အကျဉ်း သား တစ်ယောက်ကို ကြိုးပေးတဲ့အခါမှာ လည်း လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်း တွေ အများကြီးရှိပါတယ်။ ပရလောက စာအုပ်အစပိုင်းမှာ ဒီအကြောင်းတွေကို ရေးသားဖော်ပြခဲ့ပြီးပါပြီ။ အခုပြောချင် တာက တချို့ ကြိုးပေးခံရတဲ့အကျဉ်းသား တွေကိုပေးတဲ့ ပြစ်ဒဏ်ဟာ တစ်ခါတစ်ရံ တစ်ကြိုးပြစ်ဒဏ် မဟုတ်ဘဲ နှစ် ကြိုးနဲ့ ထောင်ဒဏ် ဘယ်နှနှစ် ဆိုတာမျိုးလည်း တရားသူ ကြီးက ချမှတ်တတ်ပါတယ်။

သဘောကတော့ ကျူးလွန် တဲ့ အပြစ်ကြီးမားလွန်းတဲ့ အခါ ဒီလိုပြစ်ဒဏ်မျိုး ချမှတ်လေ့ရှိပါတယ်။ ဒီလိုပြစ် ဒဏ်မျိုး အ ပေးခံရတဲ့ အကျဉ်း သားခမျာ ကြိုး တစ်ခါ ပေးလို့ မသေဘဲ လွတ် မြောက်ခဲ့ရင် တောင် ပြစ်ဒဏ် က မလွတ်မြောက်တဲ့အတွက် နောက် တစ်ကြိမ်ကြိုးဒဏ်အတွက် အပြစ်ပေး ခံရမှာ ဖြစ်ပါတယ်။ နှစ်ကြိုးပြစ်ဒဏ် ကျပြီး တစ်ကြိမ်ကြိုးပေးလို့ သေသွားရင် အား လုံးက ပြစ်ဒဏ် အားလုံး ပြီးပြီလို့ ထင်ကြတယ်။ အမှန် တကယ် တော့ အဲ့ဒီလိုမဟုတ် ပါဘူး။ တစ်ကြိုးပြစ် ဒဏ်နဲ့ပိုတဲ့ သေဒဏ် ကျအကျဉ်းသားတွေဟာ သေပြီးရင်တောင် သူ့ရဲ့ ဝိညာဉ်ကို ထောင်က ၀ရမ်း ကို ထိန်းသိမ်းထားပြီး အ ကျဉ်းချပိုင်ခွင့်ရှိတယ်လို့ ဆိုပါ တယ်။

တစ်ခါတစ်ရံမှာ ထောင် က ကြိုးမိန့်ပေးပြီး သေသွားတဲ့ သူရဲ့ဝိညာဉ်တွေကိုတောင် ထောင် ပိုင်တွေက ထောင်ထဲမှာ လိုရာ ခိုင်းဖို့ လေဘာချထားလေ့ရှိတယ်လို့ သိရပါတယ်။ ထောင်ထဲမှာ သူတို့ကိုအများ အားဖြင့် လေဘာ ချထားတာကတော့ ထောင်အုတ်ရိုးတွေ ပေါ်မှာပဲဖြစ်ပါတယ်။ ထောင်အုတ်ရိုးတွေဟာ အနည်းဆုံး ၁၈ ပေခန့်မြင့် ပြီး အရင်းတုတ်ပြီး အပေါ်ပိုင်း ရှူးပါတယ်။ ဒါပေမဲ့ အပေါ်မှာ အုတ်ခဲတစ်ခဲ တင်လို့ရအောင် အကျယ် အ၀န်းရှိပြီး အုတ်ခဲတွေကို လည်း တစ်ခဲနဲ့တစ်ခဲ မေးတင်ပြီး စီထားလေ့ရှိပါတယ်။

တချို့က တော့ ထောင်အုတ်ရိုးပေါ်မှာ လူ တက်ထိုင်လို့ရတယ်လို့ပြောပါတယ်။ တချို့ ကကြီးအဆင့် ထောင်တွေမှာ အကျဉ်းသား တွေဟာ ထောင်ထဲကလွတ်ဖို့ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ကြတာတွေ ရှိပါတယ်။ တချို့လည်း အံ့သြစရာကောင်းလောက် အောင် လွတ်မြောက်သွားတာတွေ ရှိပါ တယ်။ တချို့လည်း ညကင်းတွေ မိသွား တာတွေ ရှိပါတယ်။ ထူးခြားတာတစ်ခုက တော့ တချို့ထောင်တွေမှာ အုတ်ရိုးပေါ် ကျော်တက်ပြီး ထွက်ပြေးတဲ့ အကျဉ်းသား တချို့ကို အပြင်ရောက်ခါနီးမှ အုတ်ရိုးပေါ် ကတွန်းချလို့ ထောင်ထဲပြန်ကျပြီး လူမိသွား တဲ့ဖြစ်ရပ်တွေလည်း သက်သေအထောက် အထားနဲ့ ရှိပါတယ်။

အဲဒီဖြစ်ရပ်တွေကို တော့ ထောင်ကစီရင်ထားတဲ့ အစောင့်သရဲ တွေက ပြန်တွန်းချတာလို့ ယုံကြည်ကြပါ တယ်။ အင်္ဂလိပ်အစိုးရလက်ထက်ကတည်း က ထောင်ကို တည်ဆောက်တဲ့အခါမှာ ပရလောကနဲ့ ပတ်သက်တဲ့ အစီအမံတွေ၊ အောက်လမ်းနည်းတွေကို အင်္ဂလိပ်တွေ ကိုယ်တိုင် ယုံယုံကြည်ကြည် လက်ခံပြီး လုပ်ခဲ့တာ တွေရှိပါတယ်။ တချို့နေရာတွေ မှာ အုတ်ရိုးအောက်မှာ အစီအမံတွေလုပ်၊ လူတွေကို မြှုပ်လုပ်သွား တာတွေလည်း ရှိ တယ်လို့ ပါးစပ်ဒဏ္ဍာရီတွေ ကြားခဲ့ရပါ တယ်။

သူတို့ဟာ မလွတ်မကျွတ်တော့ဘဲ အုတ်ရိုးစောင့်ရပြီး အကျဉ်းသားတွေ မလွတ်အောင် ကင်းစောင့်ပြီး တာ၀န်ထမ်း ရွက်ရပါတယ်။ အင်းစိန်ထောင်မှာဆိုရင် ထောင်ထဲ၀င်လာတဲ့ အကျဉ်းသားရဲ့ ဘုန်း တန်ခိုး၊ ကံကြမ်္မာစန်း၊ နက်္ခတ်နိမ့်ကျအောင် တံခါး ၉ ပေါက်ကို ၀င်ရတဲ့ အစီအမံ လုပ် ထားတာ ယနေ့အချိန်ထိ အထင်အရှားရှိပါ တယ်။ တချို့တံခါးတွေဟာ သာမန်လူအရပ် ထက် ပိုသေးအောင် တည်ဆောက်ထားပြီး အချုပ်သား အကျဉ်းသားတွေကို နာမ်နှိမ် တဲ့အနေနဲ့ ခေါင်းငုံ့၀င်စေပါတယ်။

ထောင်မှာလိုပဲ အင်္ဂလိပ်တွေဟာ တံတားဆောက်ရင် လူတွေ စတေးပြီး တံတားအစောင့်ထားခဲ့တယ်။ လမ်းဖောက် ရင်လည်း စတေးပြီး လမ်းစောင့်ထားခဲ့တယ် လို့ဆိုပါတယ်။ ဒါကြောင့် ထောင်မှာလည်း စတေးခံခဲ့ရတဲ့ သေဆုံးသူတွေရဲ့ ဝိညာဉ် တွေ လှည့်လည်နေပါတယ်။ ဒီဝိညာဉ်တွေ ထဲက ထောင်ကျ အကျဉ်းသားတွေနဲ့ မစိမ်း တဲ့ ပရလောကသားနှစ်ယောက် ရှိခဲ့ပါ တယ်။ သူတို့နှစ်ယောက်ရဲ့ အမည်ကတော့ နက်ကျော်နဲ့ မွှေးနီလို့ ခေါ်ပါတယ်။ နက် ကျော်ရဲ့ နာမည်အရင်းက နက်တုံး။

သူက ဧရာ၀တီသား။ ထောင်ထဲမှာသူ့ကိုအင်္ဂလိပ် အစိုးရလက်ထက်ကတည်းက လေဘာချ ထားတယ်လို့ ပြောတယ်။ သူ့ကို တစ်ခါ တစ်ရံမှာ တချို့အကျဉ်းသားတွေ တွေ့ကြ ရတယ်။ တွေ့တဲ့အခါမှာတော့ အနက်တုံး ကြီးတစ်တုံးပဲ။ ပရလောကထဲမှာ အမည်း ဆုံး။ ဒါကြောင့် သူ့ကို ထောင်ထဲမှာ နက် တုံးလို့ ခေါ်တယ်။ နောက်တစ်ယောက်က တော့ တင်မောင်နီ။ သူက လွတ်လပ်ရေးရ ပြီးနောက်ပိုင်း ဗမာအစိုးရတွေလက်ထက် ရောက်မှ သေဒဏ်ကျတယ်။ သူကလည်း အတော်ထူးဆန်းတယ်။ ထောင်ထဲမှာရှိတဲ့ ထောင်စောင့်သရဲ ပရလောကသားတွေထဲ မှာ အထူးဆန်းဆုံးလို့ ဆိုရမယ်။ သူ့တစ် ကိုယ်လုံးမှာ အမွေးတွေရှိပြီး နီရဲနေတယ်။ ဒါကြောင့် သူ့ကို သရဲမွေးနီလို့ ခေါ်တယ်။ သူလည်း တင်မောင်နီကနေ မွှေးနီဖြစ်သွား တယ်။ နက်တုံးကလည်း နက်ကျော် ဖြစ် သွားတယ်။ သူတို့က ထောင်ကို သေချာ စောင့်ရှောက်ပြီး အုတ်ရိုးကျော်တက်ပြေး တဲ့ အကျဉ်းသားဆိုရင် တွန်းချတာတို့၊ လည်ပင်းညှစ်တာတို့ လုပ်တယ်။

တောင်ငူထောင်မှာဆိုရင်လည်း သေ ဒဏ်ပေးခံလိုက်ရတဲ့ သံတောင်ကရင်မ ဆို တာရှိတယ်။ သူ့ အကြောင်းကို တောင်ငူ ထောင်မှာ နေခဲ့တဲ့သူတိုင်း ကြားဖူးကြပါ တယ်။ ကရင်မက သံတောင်ဇာတိဖြစ်ပြီး တောင်ငူမြို့ကို ဗုံးခွဲဖို့ လက်ပစ်ဗုံးတွေကို ကွမ်းသီးတောင်းထဲထည့်သယ်လာပြီး ခွဲခဲ့ တာလို့ သိရတယ်။ သူလည်း မဆလခေတ် က သေဒဏ်ပေးခံရပြီး တောင်ငူထောင် အစောင့်အဖြစ် အခုထိရှိနေတုန်းပဲလို့ ဆို တယ်။

ပြစ်ဒဏ်မလွတ်သေးတဲ့ ဝိညာဉ်တွေ ကို ချုပ်ထားတဲ့ ၀ရမ်းတွေကို အင်းစိန် ထောင် ရိက်္ခာဂိုဒေါင်အပေါ်ထပ်မှာ သိမ်း ထားတယ်။ သူတို့တွေကို လွှတ်ပေးသင့်တဲ့ အချိန်ရောက်ရင် အပေါ်ထပ်တက် ၀ရမ်း ယူပြီး ထောင်ကနေ အမိန့်ပြန်တမ်းနဲ့ ကောင်းရာမွန်ရာဘ၀ကိုရောက်ရှိဖို့ စီမံ ပေးလေ့ရှိတယ်။

တချို့ကြိုးဒဏ်နဲ့ ထောင် ဒဏ် ကျန်သေးတဲ့ ဝိညာဉ်တွေကိုတော့ လွှတ်မပေးဘဲ ရုံးမှာထိန်းသိမ်းထားတယ်။ ဒီလိုထိန်းသိမ်းခံထားရတဲ့ ဝိညာဉ်တွေဟာ ထောင်ထဲမှာပဲနေပြီး တချို့ကို ထောင်ကျ အကျဉ်းသားတွေ ကြုံဆုံခဲ့ကြရတာ ဖြစ်ပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထောင်ထဲက ပရလောကသားတွေရဲ့ အကြောင်းကတော့ ယခုအချိန်အထိ ထောင်ကျ အကျဉ်းသား တွေရဲ့ ပါးစပ်ဖျားမှာ ရှိနေမြဲပါပဲ။

(သူတို့ပြောသော ထောင်အတွင်းမှ ပရလောကသားများ ဇာတ်လမ်းတွင် အသေးစိတ်ရေးသားဖော်ပြရမည့် လူလိမ် ဝိဇ္ဇာဖြစ်ခဲ့ရသည့် ကျော်မြင့် နှင့် မိခင် ဒေါ်ကြည်၏ ဘ၀ဇာတ်လမ်းစုံ၊ ထောင် အုတ်တံတိုင်းပေါ်က ထွက်ပြေးတဲ့ အကျဉ်း သားတိုင်းကို ထောင်ထဲပြန်တွန်းချတဲ့ သရဲ မွှေးနီ၊ နက်တုံး၊ သံတောင်ကရင်မနှင့် ကကြီးထောင်တွေမှာ ကျင်လည်နေသော ပရလောကသားများအကြောင်းကို မကြာခင်ထွက်ရှိမည့် လုံးချင်း ၀တ္ထုတွင် အပြည့်အစုံ ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း စာဖတ်သူများအား လေးစားစွာအသိပေး အပ်ပါသည်။)

(ပြီးပါပြီ)

“END”👋

#ဇော်သက်ထွေး