နဂါးမျက်စောင်း

နဂါးမျက်စောင်း (စ/ဆုံး)

——————-

 

(၁)

မအေးသွယ်က ရှိစုမဲ့စု ထမီဟောင်းလေး သုံးထည်ကို ကြွပ်ကြွပ်အိတ် အနွမ်းလေးထဲထည့်လိပ်ရင်း

 

“ဘယ်နှယ့်လုပ်ကြမလဲ . . ကိုစိန်ဖေ ဒီနေရာကနေပြောင်းရရင် ကျုပ်တို့ ဘယ်ခွေးကတက်မှာ သွားနေရမှာတုန်း . . တော့”

 

ကိုစိန်ဖေကတော့ ခပ်လှမ်းလှမ်းက တောင်ပူစာကို မျက်စိတစ်ဆုံး ဟီးထနေတဲ့ အမှိုက်ပုံကြီးဆီကိုငေးကြည့်ရင်း သူ့မိန်းမမအေးသွယ်ရဲ့ စကားသံကို မကြားသလိုလုပ်နေတယ်။ သူ ငေးမောနေတဲ့ပုံက ဟိုးအဝေးကြီးကလာမယ့် မမြင်နိုင်တဲ့ တစ်စုံတစ်ရာကို စောင့်မျှော်နေသလိုမျိုးပဲ။ ကိုစိန်ဖေ့အမေ ဖွားဒေါ်ဆုံကတော့ အိုမင်းပြီး မျက်ပျဉ်းတွေတွဲကျနေတဲ့ ဝေ၀သီသီမျက်လုံးမွဲမွဲတွေနဲ့ အမှိုက်ပုံကကောက်ရလာတဲ့ ပလတ်စတစ်စ တွေကို ရေဆေးရင်း သားနဲ့ချွေးမကို မသိမသာ အကဲခတ်နေတယ်။ အိုကြီးအိုမနဲ့ တလှုပ်လှုပ်လုပ်နေရှာတဲ့ သူ့အမေကိုမြင်ရတော့ ကိုစိန်ဖေက . . .

 

“သြော် . . အမေကလည်း၊ ခက်တော့တာပဲဗျာ နေကလည်းကောင်းတာမဟုတ်ဘဲနဲ့ အဲဒါတွေ မလုပ်ပါနဲ့ဆို ဟိုကောင် ဖိုးနီကို ခေါ်ပြီး ဆေး ခိုင်း ဖိုးနီ ဘယ်များ…”

 

ပြောပြောဆိုဆိုနဲ့သူ့သား ဖိုးနီကို တကြော်ကြော်အောင်ခေါ်လေရဲ့။ အမှိုက်ပုံကြီးကို တုတ်တစ်ချောင်းနဲ့ထိုးဆွပြီး ရှာဖွေနေတဲ့ ဖိုးနီလည်း သူ့အဖေခေါ်သံကြောင့် ပြေးချလာတယ်။ မအေးသွယ်ကတော့ မှုန်ကုပ်ကုပ်နဲ့ကြည့်ရင်း

 

“တော့် . . ဒီမှာ၊ ကျုပ်မေးတာဖြေစမ်းပါဦးတော့်၊ ကျုပ်တို့ ဘယ်မှာ သွားနေကြမလဲဆိုတာ”

 

ဆောင့်ဆောင့် အောင့်အောင့် မေးသံကြောင့် ကိုစိန်ဖေလည်း စိတ်တိုသလိုဖြစ်သွားပြီး

 

“ဟာ . . ခက်တဲ့မိန်းမနှယ် ဒီလိုပဲ ကြံရဖန်ရမှာပေါ့ဟ သူများနည်းတူဖြစ်တဲ့ဟာပဲ ဘာတတ်နိုင်မှာလဲ”

 

“တော့်ကို ပြောလိုက်ရင် ဒီလိုချည်းပဲ ငေါက်ချင် ငမ်းချင်ရတာနဲ့ ရေရေရာရာတော့ဖြင့် ခုထိဘာမှမရှိသေးဘူး မနက်ဖြန် သန်ဘက်ခါဆိုရင်ပဲ ဒုက္ခ ရောက်တော့မယ့်ဥစ္စာကို . . .”

 

မအေးသွယ်ရဲ့အသံက ပြောရင်းနဲ့ငိုသံရှိုက်သံထွက်လာတယ်။ ကိုစိန်ဖေကတော့ ငူတူတူငိုင်တိုင်တိုင်ပဲ။ သူ့သား ဖိုးနီတစ်ယောက် ပလတ်စတစ်စတွေ ကို ရေဆေးပြီး နေရောင်အောက်မှာ ဖြန့်လှန်းနေတာကို တစ်ခါမှ မမြင်ဘူးတဲ့ လူတစ်ယောက်လို ငေးကြည့်နေလေရဲ့။ ဒီကနေ့မှ နေရောင်က ပိုလင်းလင်းချင်းချင်းဖြစ်နေပါကလား . . လို့ အောက်မေ့တာ။ အမှန်တော့ သူတို့ ရှေ့မြေကွက်လပ်ကိုအရိပ်ကွယ်နေတဲ့ အိမ်နီးနားချင်းတဲတွေတစ်လုံးမှ မရှိတော့ဘူး . .ဆိုတာ နောက်မှသတိထားမိသွားတယ်။ ဟော . . ဟုတ်ပါရဲ့၊ ဟိုဘက် ရေမြောင်းကြီးအစပ်နားက ကိုသောင်းတို့ တဲကိုတောင် ဝါးလုံးတန်းတွေ တာလပတ်စတွေဆွဲချပြီး ဖျက်နေပါကကောလား။ သူတို့ကော ဘယ်များသွားကြမှာပါလိမ့်။

 

“အဟွတ် . . အဟွတ် . . .ဟင်း . . ဟင်း . . အဟွတ်”

 

တောင်စဉ်ရေမရ တစ်စစီပျံ့လွင်နေတဲ့ ကိုစိန်ဖေရဲ့အတွေးစတွေဟာ အမေ့ချောင်းဆိုးသံကို ကြားလိုက်ရတော့မှပဲ ရိုက်ပုတ်လှန့်နိုးခံလိုက်ရသူလို ဖြစ် သွားတယ်။ အမေကတော့ ပန်းနာရင်ကြပ်သမားပီပီ တစ်ခါ တစ်ခါ ချောင်းဆိုမိပြီဆိုရင် မပြီးတော့ဘူး။ ဒါ့အပြင် အသက်ရှုတဲ့အသံက “ဂရူး . . ဂရူး”နဲ့ မြည်ပြီး ကျပ်ဆို့ နေတတ်တာ။ အသက်ရှူရတာကိုလည်းမ၀လို့ထင်ပါရဲ့။ ပါးစပ်ဟဟပြီးရှူရတယ်။ ပြီးရင် . . အကြာကြီးနှလုံးတုန်ပြီး မောနေတော့တာပဲ။

 

“အမေ . . အမေ”

 

ခေါ်သံနဲ့အတူ ကိုစိန်ဖေတစ်ယောက် ထိုင်ရာကမထနိုင်ခင်မှာဘဲ ဖွားဒေါ်ဆုံအနားမှာရှိနေတဲ့ မအေးသွယ်က ယောက္ခမဖြစ်သူကို ပွေ့ထားလိုက်ပြီး ဒေါ်ဆုံ ပါးစပ်က ထွေးချတဲ့ အကျိအချွဲတွေကို ဝါးကြမ်းခင်းအပေါက်ကြားကျအောင် လက်ညှိုးနဲ့သပ်ချလိုက်တယ်။

ကိုစိန်ဖေက

 

“အဲဒါကြောင့် အမေ့ကို ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်နေပါ . . လို့ ပြောတာပေါ့ အမေ့ဟာက တစ်ခါတစ်ခါ ထဖြစ်လိုက်မှဖြင့် သေကောင်ပေါင်းလဲချည်းဥစ္စာ ခွကျတာပဲဗျာ”

 

ဖွားဒေါ်ဆုံကတော့ ဘာမှပြန်မပြောနိုင်ဘူး။ ဟောဟဲဆိုက်ပြီး လှိုင်းဘောင်ဘင်ထနေတဲ့ ရင်အုံပြားချပ်ချပ်လေးနဲ့ အသက်ကို မနည်းလုရှူနေရတာ။ တကယ်တော့ . . ကိုစိန်ဖေတစ်ယောက် ပါးစပ်ထဲတွေ့ကရာတွေကိုသာ ကရုဏာဒေါသောနဲ့မို့ တွန်းပြီးပြောနေရရှာတာ။ သူ့အမေဒေါ်ဆုံရဲ့ ရောဂါက ငြိမ်ငြိမ်နေနေ မနေနေ . . ကောင်းလာစရာ အကြောင်းမရှိတော့ဘူး ဆိုတာကို နည်းနည်းပါးပါးတော့ ရိပ်မိပြီးသား။ နှစ်ပေါင်းမနည်းမနောကြာပဲကြာလှမင့်ဟာ။ ဆေးမြီးတိုလေးနဲ့ ကွမ်းရွက်ပြုတ်လေးနဲ့လောက်တော့ ဘယ်ရလိမ့်မလဲ။ ဒီပန်းနာရင်ကျပ်ဆိုတာမျိုးက အသက်ရှူစက်တွေ၊ အောက်စီဂျင်ဗူးတွေ၊ စားဆေး၊ ထိုးဆေးတွေ အစုံအစုံကို ရွှေကိုယ်လေး ငွေကိုယ်လေးနဲ့ ဆက်ပြီးကုတာတောင်မှ နည်းနည်း လောက်ခုသာခံသာရှိတာမျိုးရယ် . . ။ ကိုစိန်ဖေတို့ အနေအစားမျိုးနဲ့ကတော့ ဘယ်လွယ်လိမ့်မတုန်း။ ခုချိန်ထိ ဖွားဒေါ်ဆုံကြီးရဲ့ နှလုံးတွေအဆုပ်တွေ အုံလိုက်ပြုတ်မထွက်သွားသေးတာကို ပဲ ကံကောင်းလှချေရဲ့လို့ အောက်မေ့ရမှာ။

 

“ဟင်း …”

 

ကိုစိန်ဖေက သူ့အမေဘေးက ဝါးကပ်ကျဲကျဲကြမ်းခင်းကို ညွှတ်ပဲ့ ညွှတ်ပဲ့ဖြစ်သွားတဲ့အထိ စိတ်ပျက်လက်ပျက် ဆောင့်ကြောင့် ထိုင်ချလိုက်ရင် သက်ပြင်း ကိုစိတ်ပျက်လက်ပျက်မှုတ်ထုတ်လိုက်တယ်။ မအေးသွယ်ကတော့ ယောက္ခမဖြစ်သူရဲ့ ကိုယ်ခန္ဓာပါးပါးလှပ်လှပ်လေးကို ဖေးထူထားရင်း

 

“အမေ့ကိုချည်းပြောမနေနဲ့ဦး၊ ရှင့်ကိစ္စကိုကော ဘယ့်နှယ်လုပ်မှာတုန်းတော့”

 

ပုဆိုးကို ဒူးပေါ်ပေါင်ပေါ်မတင်ထားရင်း ဆောင့်ကြောင့်ကြီးကြောင်ငေးနေတဲ့ ကိုစိန်ဖေက “ရှင့်ကိစ္စ . . .” ဆိုတဲ့စကားကြောင့် ဆတ်ခနဲထရမလို ထိုင်ရမလိုဖြစ်သွားတယ်။ တကယ်ဆို . . . သူ့တစ်ယောက်တည်းရဲ့ “ကိစ္စ” မှ မဟုတ်ဘဲ။ တစ်မိသားစုလုံးရဲ့ ကိစ္စ။ အို . . အားလုံးရဲ့ “ကိစ္စ”ပဲ မဟုတ်လား။ ဒါပေမယ့် . . သူ့မိန်းမကို စကားနိုင်လုပြီး ပြန်ငြင်းမနေချင်တော့ဘူး။ ခေါင်းကိုလေးလေးတွဲ့တွဲ့နဲ့ တလှုပ်လှုပ်ငြိမ့်ရင်းက

 

“အေးပါဟာ၊ ကိုကျင်ဟုတ်ဆီမှာ ငါသွားပြီး အကူအညီတောင်းကြည့်ပါဦးမယ်”

 

သူ . . ဒါပဲပြောနိုင်တော့တယ်။

 

(၂)

 

“ဒုံး . . နောင်ဂျမ်း” . . “ဒုံး . .နောင်ဂျမ်း” နဲ့ ဆူညံ့ ဆူညံ့မြည်နေတဲ့ တရုတ်ဗုံသံ မောင်းသံ၊ လင်းကွင်းသံတွေကို ကြားလိုက်ရတော့ ကိုစိန်ဖေတစ်ယောက် လမ်းလျှောက်နေတဲ့ သူ့ခြေထောက်တွေကို ပိုပြီး သွက်လိုက်ရမလား အရှိန်လျော့ချလိုက်ရမလားဆိုတာ မစဉ်းစားတတ်အောင် ဇဝေဇ၀ါဖြစ်သွားတယ်။ သူ လည်ကိုဆန့်ပြီး လှမ်းကြည့်လိုက်တော့ ကိုကျင်ဟုတ်ရဲ့အိမ်ရှေ့မှာ လူငယ်တွေကော လူကြီးတွေကော ရုံးစုရုံးစုနဲ့ . . .။ တရုတ်ဗုံသံနဲ့ လင်းကွင်းသံတွေကလည်း အဲဒီလူအုပ်ကြီးထဲကနေလာတဲ့အသံပဲ။ တရုတ်နှစ်သစ်ကူးနေ့နီးနေပြီကိုး . . ဆိုတာ ကိုစိန်ဖေအလိုလိုသိလိုက်တယ်။ နှစ်ကူးနေ့နီးတာ မနီးတာက အကြောင်းမဟုတ်ပါဘူး။ တစ်ခါ တစ်ခါ ကိုကျင်ဟုတ် စိတ်လိုလက်ရရှိတဲ့ နှစ်တွေမှာဆိုရင် နှစ်ကူးပြီဆိုတာနဲ့ စာအိတ်အနီရောင်လေးထဲမှာ နှစ်ရာတန်အသစ်လေးတစ်ရွက်ထည့်ပြီး “အန်ပေါင်း” ဆိုလား ပေးတတ်တာကိုး။ ကိုစိန်ဖေရဖူးတာကိုပြောတာပါ။ သူများတွေတော့ ဘယ်လောက်ရသလဲ မပြောတတ်ဘူး။ “သူများတွေ . .”ဆိုတာက ကိုကျင်ဟုတ်ဆီမှာ ပလတ်စတစ်ပြန် ပြန်သွင်းတဲ့ ကိုစိန်ဖေလိုဘ၀တူ “ရှာဖွေရေးသမား”တွေပဲ ဆိုပါတော့။ အယောက်သုံးဆယ်လောက်တော့ ရှိမယ်ထင်ပါရဲ့။ ကိုစိန်ဖေတစ်ယောက် ဇဝေဇ၀ါဖြစ်နေရတာက တခြားကြောင့်တော့မဟုတ်ဘူး။ အခုလို နှစ်ကူးရက်နီးပြီဆိုရင် ကိုကျင်ဟုတ်က အလုပ်ရှုပ်တတ်တယ်။ သူတို့ဓလေ့ထုံးစံထင်ပါရဲ့။ တရုတ်နဂါးကတာတို့ . . ဘာတို့ပေါ့။ အဲဒါတွေကို ကမကထလုပ်ဖို့လည်းပဲ ကိုကျင်ဟုတ်ပဲဦးစီးရပုံပေါ်တယ်။ တရုတ်နဂါးကဖို့ လေ့ကျင့်ရတာကအစ ကိုကျင်ဟုတ်အိမ်ရှေ့ခြံ၀င်းထဲမှာပဲ လုပ် ကြတာများတယ်။ အခုလည်း ဗုံသံတွေ လင်းကွင်းသံတွေ တဒုံးဒုံးတဂွမ်းဂွမ်းကြားနေရပုံထောက်ရင် ချာတိတ်တွေ တရုတ်နဂါးအကတိုက်နေကြပြီထင်ပါရဲ့။ ကိုကျင်ဟုတ်လည်း ထုံးစံအတိုင်း အလုပ်ရှုပ်နေမှာသေချာတယ်။

 

“ဒီလိုမျိုး သူအလုပ်ရှုပ်နေတဲ့အချိန်မှာ အကူအညီသွားတောင်းရင် ကိုကျင်ဟုတ်တစ်ယောက် စိတ်တိုပြီးတော့များ အော်ငေါက်လွှတ်လေမလား”

 

သိမ်ငယ်စိတ်နဲ့ဆိုတော့ အဲဒီလိုတွေးပြီးခြေလှမ်းလည်းတွန့်မိသား။ အကောင်းဘက်က လှည့်တွေးကြည်တော့လည်း “နှစ်ကူးခါနီးဆိုတော့ သူစိတ်လက်ရွှင်ရွှင်ရှိတုန်းမို့ အကူအညီပေးတန်ကောင်းပါရဲ့လေ” ဆိုတဲ့ထင်ကြေးက ခြေလှမ်းသွက်ချင်စရာ။ ဘာပဲဖြစ်ဖြစ် ရွေးချယ်စရာမရှိမှတော့ မထူးဘူးလေ။ လင်းကွင်းသံတဂျမ်းဂျမ်း ဆူညံနေတဲ့ ကိုကျင်ဟုတ်ရဲ့ခြံ၀င်းထဲကို လှမ်း၀င်လိုက်တယ်။ ဟုတ်ပါရဲ့။ နီညိုရောင်တရုတ်ဘောင်းဘီပွပွနဲ့ စွပ်ကျယ်လက်စက၀တ်ထားတဲ့ အသားဖြူဖြူ လူငယ်လေးတွေဟာ ချွေးတလုံးလုံးနဲ့ . . ပြေးလိုက်လွှားလိုက်၊ ဝုန်းဆိုခုန်လိုက်၊ ရုတ်တရက် ကိုယ်ကို ကိုင်းညွှတ်ပြီး ယိမ်းနွဲ့လိုက်။ အားလုံးတစ်ပြိုင်တည်းဆိုပေမယ့် ယိမ်းကသလို ညီတူညာတူ လှုပ်ရှားနေကြတာတော့ မဟုတ်ဘူး။ ရှေ့ဆုံးကတစ်ယောက်က အပေါ်ကို ဆတ်ခနဲခုန်းလိုက် ချိန်မှာ ဒုတိယတစ်ယောက်က လက်ကို သာသာလေးမြှောက်ပြီး ကိုယ်ကိုဘေးဖက်ဆီ ယိမ်းနွဲ့လိုက်တယ်။ တတိယတစ်ယောက်ကျတော့ ဖျတ်ခနဲ ဒူးကွေးထိုင်ချလိုက်ရဲ့။ အဲ . . သူ့နောက်ကတစ်ယောက်ကတော့ ဒုတိယလူ ကိုယ်ဟန်ယိမ်းတဲ့ဘက်နဲ့ ဆန့်ကျင့် ဖက်ဆီကို လွှားခနဲခုန်လည်းခုန်၊ တိမ်းလည်းတိမ်းပေါ့။ သူတို့လက်ထဲမှာလည်း တစ်တောင်ခွဲသာသာလောက်ရှိမယ့် တုတ်ရှည်ရှည်တစ်ချောင်းစီကို ထိပ်မှာ ပြည်တောင်းအရွယ်လောက် ဝါးနှီးခြင်းတောင်းလို ဟာမျိုးစွပ်ပြီး ထောင်လျက် ကိုင်မြှောက်ထားကြလေရဲ့။ လေထဲမှာ တုတ်နဲ့ထောက်ပြီး မြှောက်ထားတဲ့ ဝါးနှီးခြင်းတောင်းလေးတွေကို ရှေ့နောက်တန်းစီပြီး ရောင်စုံဘော်ကြယ်တွေ အကွက်ဖော်ဆေးခြယ်ထားတဲ့ အ၀တ်စရှည်ရှည်ကြီးနဲ့ အလျားလိုက်အုပ်လိုက်ရင် အင်မတန်လှပတဲ့ တရုတ်နဂါးကြီးတစ်ကောင်ပုံပေါ်လာမှာပဲ . . လို့ ကိုစိန်ဖေ့ မျက်စိထဲမြင်ယောင်ကြည့်နေ တယ်။ ချာတိတ်လေးတွေကတော့ နဂါးကြီးရဲ့ ကိုယ်လုံးထည်တစ်လျောက်ကို တုတ်နဲ့ထောက်မထားတဲ့ဟန်ပေါ့။ သူတို့ လက်ထဲက တုတ်ချောင်းတွေရဲ့ အနှုတ် အသိမ်း အရွှေ့အပြောင်းဟာ နဂါးကြီးရဲ့ ကိုယ်ဟန်ကအယိမ်းအနွဲ့ပဲ။ ခုဟာကတော့ လေ့ကျင့်နေကြတာပဲဆိုတော့ အပေါ်က နဂါးရုပ်အ၀တ်ကြီးအုပ်မထားသေးဘူးပေါ့။ အလွတ်သက်သက် တုတ်တွေကိုင်ပြီး မြှောက်လိုက် နှိမ့်လိုက် စောင်းလိုက် ဝုိက်လိုက်နဲ့ လေ့ကျင့်နေကြတာ။ ချာတိတ်လေးတွေက ခုနှစ်ယောက်၊ရှစ်ယောက်လောက်တော့ ရှိမယ်ထင်တယ်။ ရှေ့ဆုံးက အရွယ်ကြီးကြီး လူငယ်လေးက နဂါးရဲ့ဦးခေါင်းကို ကိုင်ရမှာထင်ပါရဲ့။ နောက်ဆုံးကချာတိတ်လေးကတော့ နဂါးအမြီးဖြစ်မှာပေါ့လေ။ သူတို့ကို သင်ပေးနေတဲ့လူကတော့ ကိုကျင်ဟုတ်ပဲ။

 

“နဂါးခေါင်းက ဟိုဖက်ကိုစောင်းလိုက်ရင် နင်က ဒီဖက်ကိုပြေးလာခဲ့ နဂါးခေါင်းက ဒီဖက်ကိုစောင်းရင် နင် ဟိုဖက်ကို ပြန်ပြေးသွား သဘောပေါက်လား”

 

နဂါးအမြီးနေရာမှာ နေရတဲ့ချာတိတ်လေးကို ကိုကျင်ဟုတ်က တတွတ်တွတ်မှာနေလေရဲ့။ ဒါနဲ့ ကိုစိန်ဖေလည်း အဲဒီချာတိတ်လေးကို သေသေချာချာသတိထားပြီး ကြည့်မိသွားတယ်။ ခမျာမှာ ချွေးတွေသံတွေနဲ့ အတော်လေးဖတ်ဖတ်မောနေရှာပုံ ပဲ။ ဟုတ်မှာပေါ့လေ။ သူက နဂါးအမြီးနေရာမှာနေရရှာတာမဟုတ်လား။ နဂါးခေါင်းကသာ နည်းနည်းလေးစောင်းရုံစောင်းလိုက်တာ။ အမြီးကျတော့ ခေါင်းငဲ့ တာနဲ့ လိုက်ဖက်အောင် သေလုမျောပါးပြေးလွှားနေရတာကလား။

 

(၃)

 

ကိုကျင်ဟုတ်က ချာတိတ်ကလေးကိုသင်ပေးနေရင်းက ဒီဖက်ကို မျက်နှာလှန်ကြည့်လိုက်တော့ လူအုပ်ထဲမှာရပ်ကြည့်နေတဲ့ ကိုစိန်ဖေကိုမြင်တယ်နဲ့ တူပါ ရဲ့။ မျက်နှာက တစ်မျိုးဖြစ်သွားသလိုပဲ။ ဘာရယ်တော့ မပြောတတ်ဘူး။ ကိုစိန်ဖေလည်း လူတွေကြားထဲမှာပဲ မိုးတိုးမတ်တပ်ရပ်ရင်း၊ မျက်နှာသေကလေးလုပ်ထားရင်းနဲ့ ကိုကျင်ဟုတ်အကဲကိုခတ်နေရတယ်။

 

“ကဲ . . ကဲ၊ နောက်တစ်ခေါက်ပြန်စကြမယ် ဟေ့”

 

ကိုကျင်ဟုတ်ရဲ့ စကားအဆုံးမှာ ဗုံသံတွေ၊ မောင်းသံ၊ လင်းကွင်းသံတွေ “ဒုံး နောင် ဂျမ်း . . ဒုံး နောင် ဂျမ်း ”နဲ့အတူ ချာတိတ်လေးတွေက ပြေးကြလွှားကြ ယိမ်းကြနွဲ့ကြနဲ့ လုပ်ရပြန်ပါရော။ ခဏကြာတော့ ကိုကျင်ဟုတ်က လေ့ကျင့်နေတဲ့လူငယ်တွေကို ထားပစ်ခဲ့ပြီး ဒီဖက်ပြန်လျောက်လာတယ်။ လူအုပ်ထဲကို လှမ်းကြည့်လိုက်တဲ့ သူ့အကြည့်က ကိုစိန်ဖေနဲ့မျက်လုံးချင်းဆုံသွားတော့ ကိုကျင်ဟုတ်က အသိအမှတ်ပြုသလိုမျိုး ခေါင်းတစ်ချက်ဆတ်ပြီး ငြိမ့်ပြလေရဲ့။ ကိုစိန်ဖေကလည်း အရိပ်အကဲကိုကြည့်ရင်း အိမ်ထဲ၀င်သွားတဲ့ ကိုကျင်ဟုတ်ရဲ့နောက်ကို ခပ်ယို့ယို့ကလေးလိုက်သွားတယ်။ ကိုကျင်ဟုတ်ရဲ့ နောက်မှာ လက်ကလေးနှစ်ဖက်နောက်ပစ်ပြီး ရပ်မိတော့ ကိုကျင်ဟုတ်က

 

“နင်တို့တွေ ဟိုဒင်းဖြစ်ကြရမယ် ဆို . . ”။

 

ကိုကျင်ဟုတ်က ဗမာရည် လည်ပေမယ့် စကားပြောရင်တော့ သူတို့တရုတ်ထုံးစံအတိုင်း “နင်” တွေ “ငါ” တွေသုံးပြီးပြောတတ်တယ်။ ကိုစိန်ဖေက ဘာမှပြန်မဖြေဘဲ ခေါင်းကြီးငိုက်စိုက်ချပြီး တုံဏှိဘာဝေလုပ်နေတယ်။ အကူအညီတောင်းဘို့ စကားကို ဘယ်လိုစရမယ်မှန်းမသိဘူး။ ဘာကို ကူညီစေချင်တာမှန်းလည်း သူ့ဖာသာသူ မသဲကွဲသေးဘူး။ ကိုကျင်ဟုတ်က ဆက်ပြီး

 

“ ငါ့ကိုလည်း သိန်းဒန်လာပြောလို့သိတာ သိန်းဒန်တောင် နေစရာမရှိဘူးဆိုလို့ ငါ့ ဘဲခြံမှာ သွားနေခိုင်းလိုက်ရတယ်”

 

အဲဒီစကားကြောင့် မြို့ပြင်က အဝေးပြေးလမ်းမကြီးဘေးမှာ ကိုကျင်ဟုတ်ပိုင်တဲ့ ဘဲခြံတွေရှိတာကို ကိုစိန်ဖေသတိရလာတယ်။ ငါတို့ မိသားစုကော အဲဒီမှာသွားနေခွင့်ရနိုင်ဦးမလား . . ဆိုတဲ့ အတွေးက ကိုစိန်ဖေ့ဦးနှောက်ထဲမှာ ကောက်ရိုးတစ်မျှင်လိုပေါ်လာလေရဲ့။ ယာယီပဲပြော ပြော၊ ဘာပဲပြောပြော . . အခိုက်အတန့်အားဖြင့်တော့ ဒုက္ခက အထိုက်အလျောက် သက်သာရာရမှာပဲလေ။ ဒါပေမယ့် . . . အဲဒီလောက် အဝေးကြီးမှာ သွားနေရရင် နေ့စဉ် ပလတ်စတစ်သွင်းတဲ့ အလုပ်ကို ဘယ်လိုဆက်လုပ်မလဲ။ ဒါက . . နေ့တိုင်း ထမင်းကျွေးနေတဲ့အလုပ်။ မိသားစုလေးယောက်ရဲ့ ပါးစပ်ပေါက်ကို နေ့စဉ်ပုံမှန်၀င်ငွေမရှိဘဲ ဘယ်လိုထမင်းကျွေးရမှာတုန်း။ ဘဲခြံထဲမှာနေပြီး ဘဲတွေလို အစာရှာစားတတ်ရင် လည်း အကောင်းသား . . လို့ ကိုစိန်ဖေတွေးနေမိတယ်။ လောလောဆယ်မှာ ရွေးချယ်စရာက သိပ်ရှိလှတာမဟုတ်ဘူး။ အရင်လာတဲ့ ဒုက္ခကို အရင်ရှင်းရမှာပဲ။ ပစ္စုပ္ပန်ကိုကို တည့်တည့်ရှုတယ်ဆိုတာဒါမျိုးလား။ အင်းလေ . . ပစ္စုပ္ပန်ကိုပဲရှုရမှာပေါ့။ အနာဂတ်မှ မရှိတာ။

ကိုစိန်ဖေက . .

 

“ကျွန်တော်တို့ မိသားစုလည်း အတော်ဒုက္ခများနေတယ် . . ဆရာကိုကျင်ဟုတ်ရယ် ကျွန်တော်တို့ကိုကော သိန်းဒန်တို့လို ဘဲခြံမှာခဏထားပေးလို့ မရ ဘူးလား ကယ်နိုင်ရင် ကယ်ပါဦးဗျာ”

 

အလောတကြီး ပြောလိုက်တဲ့လေသံကြောင့် ကိုကျင်ဟုတ်က မျက်ခုံးပင့်ပြီးကြည့်တယ်။

 

“ဟ . . ခင်ဗျားပြောပုံက လွယ်လှချည်လား” . .

 

လို့ အပြစ်တင်ချင်တဲ့ အကြည့်မျိုး။ ဒါပေမယ့် ကိုစိန်ဖေရဲ့မျက်လုံးအစုံထဲက တစ်စုံတစ်ရာကို မျှော်လင့်အားကိုးနေတဲ့ အငွေ့တလူလူလေးကို တွေ့လိုက်ရလို့လားမသိဘူး။ ကိုကျင်ဟုတ်က ချောင်း တစ်ချက်ဟန့်လိုက်ပြီး ငြိမ်သက်နေတယ်။ ပြီးတော့မှ . . .

 

“အမှန်တော့ . . ငါ့ ဘဲခြံမှာက လူများများစားစားမလိုဘူး နောက်ပြီး . . ဘဲခြံထဲမှာနေရင် ဘဲကျောင်းတာတို့၊ သန့်ရှင်းရေးလုပ်တာတို့၊ ငါ့ဘဲတွေ သူများလာမခိုးအောင် စောင့်ရတာတို့၊ ဘာညာအစုံလုပ်နိုင်ဦးမှ ဟူး . . မလွယ်ဘူး”

 

ကိုကျင်ဟုတ်က ခပ်ညည်းညည်းပြောတယ်။ ဒီလောက်ပြောပြီဆိုရင်ဘဲ ကိုစိန်ဖေက အလိုက်သိတာပေါ့။

 

“လုပ်ပါ . . ဆရာကိုကျင်ဟုတ်ရယ် ကျေးဇူးမမေ့ပါဘူး ဘဲခြံထဲက လုပ်စရာတွေကိုလည်း ကျွန်တော်တို့ မိသားစုတာ၀န်ပဲထားလိုက်ပါ ကျွန်တော့် သား ဖိုးနီကိုလည်း ခိုင်းလို့ရပါတယ်”

 

“ဒါဖြင့် . . နင်တို့ ပလတ်စတစ်ရှာတဲ့ အလုပ်ကျတော့ကော ဘယ်နှယ်လုပ်မလဲ နေ့တိုင်းလာဘို့တော့မလွယ်ဘူးနော် ဟိုနဲ့ဒီသွားတာ ပြန်တာနဲ့တင် တစ်ရက်လုံးလုံးကုန်မှာ”

 

ကိုစိန်ဖေက သက်ပြင်းကို ကျိတ်ပြီးချလိုက်တယ်။ ပြီးတော့ . . တံတွေးကို ကမန်းကတန်းမျိုချရင်း

 

“နေတိုင်းတော့ မလာနိုင်ဘူးပေါ့ . . ဆရာကိုကျင်ဟုတ်ရယ် နှစ်ရက်တစ်ခါလောက်တော့ ကျွန်တော့်မိန်းမ မအေးသွယ်ကိုလွှတ်ပါမယ် လောလောဆယ် အသက်ရှူပေါက်ကလေးရရင်တော်ပါပြီ ဒီနှစ်ရက်၊ သုံးရက်အတွင်းမှာမှ ခြေချစရာမရှိရင် ဒုက္ခရောက်တော့မှာမို့လို့ပါ”

 

ကိုကျင်ဟုတ်က ခေါင်းကိုကုတ်လိုက်တယ်။ သူ့ကိုကြည့်ရတာ စိတ်ရှုပ်နေသလို အလုပ်လည်းများနေသလိုပဲ။ ပြီးတော့ . . . သူက

 

“ကျွတ် . . ကဲ . .၊ ငါလည်း အခု အလုပ်ရှုပ်နေတယ် နင်တို့ အဲဒီမှာ ခဏတဖြုတ်နေချင်လည်းနေကြပေါ့ ဆက်ထားဘို့၊ မထားဘို့ကတော့ နောက်မှပဲ နင်နဲ့ သေသေချာချာစကားပြောမယ် ကဲ . . ရော့”

 

ကိုကျင်ဟုတ်က သူ့အိတ်ကပ်ထဲက ပိုက်ဆံငါးရာတန်တစ်ရွက်ထုတ်ပြီး ကိုစိန်ဖေကိုလှမ်းပေးတယ်။ ဘာအတွက်ပေးမှန်းတော့ မသိဘူး။ ကိုစိန်ဖေလည်း ယောင်နနနဲ့ လှမ်းယူလိုက်ရဲ့။ ကိုစိန်ဖေခမျာ ကျေးဇူးတင်ရတာတောင်မှ ယောင်တောင်တောင်နဲ့ရယ်။ ကိုကျင်ဟုတ်က ပိုက်ဆံပေးပြီး လှည့်ထွက်မယ်အလုပ်မှာ ကိုစိန်ဖေက မဝံ့မရဲလေသံနဲ့

 

“ဆရာ. . ဆရာကိုကျင်ဟုတ်၊ ကျွန်တော်တို့ ပြောင်းဘို့ ရွှေ့ဘို့က ဟိုဒင်း . . ဘယ်လို . . အဲ . . အဲဒါ”

 

ကိုစိန်ဖေက လက်ထဲက ငါးရာတန်လေးကို ကျစ်ကျစ်ပါအောင်လိပ်လိုက် ဖြန့်လိုက်လုပ်ရင်း မဝံ့မရဲစကားစရှာတယ်။ ဟုတ်တယ်လေ။ တစ်အိမ်ထောင် ပြောင်းဘို့ ရွှေဘို့ ဆိုတာ လွယ်တာမှမဟုတ်တာ။ အိုးတွေ ခွက်တွေ အထုပ်အပိုးတွေရွက်ပြီး ခြေလျင်လျှောက်ရမှာလား။ ကိုကျင်ဟုတ်ကလည်း သူဌေးပဲ။ ချက်ဆို နားခွက်က မီးတောက်တာပေါ့။ ကိုစိန်ဖေဘာပြောချင်သလဲဆိုတာကို တန်းပြီးသဘောပေါက်တယ်။ ဒါနဲ့ . . ကိုကျင်ဟုတ်က ခေါင်းရှုပ်မခံချင်တဲ့လေသံနဲ့ . .

 

“အင်း . . အင်း . . သဘောပေါက်ပြီ။ ဘဲတွေတင်တဲ့ ဒေါ့ဂျစ်ကားနဲ့ပဲ နင်တို့ ပစ္စည်းတွေတင်ပြီးလိုက်သွားကြ မနက်ဖြန် မနက်သုံးနာရီလောက်ဆို ဒေါ့ဂျစ်မောင်းတဲ့ အန်းကောက်က ခြံထဲက ဘဲတွေသွားယူမှာ အဲဒီကားနဲ့ နင်တို့ကို ၀င်ခေါ်သွားဘို့ ငါမှာထားလိုက်မယ် မနက်သုံးနာရီမထိုးခင် နင်တို့ အဆင့် သင့်ပြင်ထား နောက်မကျစေနဲ့နော် အန်းကောက်က စျေးချိန်အမီပြန်လာရမှာ”

 

မောင်မင်းကြီးသား . . ကျေးဇူးကြီးလှပါပေ့လို့ ကိုစိန်ဖေက တွေးလိုက်မိတယ်။ ဘုရားမတာပဲလား၊ ကိုကျင်ဟုတ်က မတာပဲလားတော့မသိဘူး။ လောလောဆယ်တော့ သူ့အတွက် ဧရာမမီးခဲကြီးတစ်ခုကို ပြာနဲ့ဖုံးပစ်လိုက်နိုင်ပြီ။ ကိုစိန်ဖေရဲ့ခြေလှမ်းတွေက ပေါ့ပြီးသွက်နေတယ်။ မသွက်လို့လည်း မဖြစ်ဘူးလေ။ ဒီတစ်ညအတွင်း ဖျက်စရာရှိတာဖျက်ရမယ်၊ သိမ်းစရာရှိတာ သိမ်းရမယ်မဟုတ်လား။ ခပ်သုတ်သုတ်လုပ်မှဖြစ်မယ်။

 

(၄)

 

မှောင်နေပြီဆိုတော့ သစ်သားချောင်းဆင့်ခံပြီးရိုက်ထားတဲ့ ဝါးကြမ်းခင်းက သံချက်တွေကို ကော်ထုတ်ရတာ အလုပ်မတွင်ဘူးဖြစ်နေတယ်။ မတော်တဆ သံစူးမိမှာလည်း စိုးရသေးတယ်။ ဘေးက ၀င်ကူနေတဲ့သူ့သားဖိုးနီကိုလည်း “တဟဲ့ . . ဟဲ့” နဲ့ အရမ်း အရမ်း မလုပ်ဘို့ ဟန့်နေရသေးရဲ့။ စူးမိရှိမိမှဖြင့် ကိုယ့်အခြေအနေနဲ့ ဘယ်နှယ်လုပ်ပြီး ဆေးခန်းသွားမလဲ။

 

“ဖိုးနီ၊ ဒီဘက်နားကို မီးရောင်သေသေချာချာပြထားစမ်း”

 

“ကျွတ် . . ဂလောက် . . ဖြောင်း”

 

ဟာ . . သွားပြီ။ ဂရုစိုက်ြပီးလုပ်နေတဲ့ကြားက သစ်သားချောင်းက ပဲ့ထွက်သွားသေးတယ်။ နှမျောလိုက်တာ . . .။ သစ်သားလည်းသစ်သားအလျောက် တန်ဘိုးရှိတာမဟုတ်လား။ တစ်ချောင်း တစ်ချောင်းဆို စျေးက နည်းတာမဟုတ်ဘူး။ ဒီအဟောင်းလေးတွေပဲ ပြန်ပြီး သုံးနိုင်မှ တော်ကာကျမှာ။ ကိုစိန်ဖေတစ်ယောက် သစ်သားအပဲ့အရွဲ့စကို ငိုင်ပြီးကြည့်နေတုန်းမှာပဲ မအေးသွယ်က စိတ်ပူနေတဲ့ မျက်နှာနဲ့ အနားကိုရောက်လာပြီး

 

“တော့် . . ကိုစိန်ဖေ၊ အမေ့ကိုလာကြည့်ဦးတော့ အမေက မနည်းဖြစ်နေတာ”

 

မအေးသွယ်ရဲ့စကားကြောင့် ကိုစိန်ဖေရင်ထဲမှာ ထိတ်ခနဲဖြစ်သွားတယ်။ ဟုတ်တယ်။ ညဦးပိုင်းကတည်းက အမေက အမောဖောက်ဖော်နေတာ။ သူ့မိန်းမ မအေးသွယ်လည်း အထုပ်အပိုးလေးတွေ ထုပ်ဟယ်၊ ထည့်ဟယ်၊ လုပ်လိုက်။ အမေ့ကို ပြေးပြေးပြီးပြုစုလိုက်နဲ့ တစ်ညလုံး ဗျာများနေလိုက်တာ ဆိုတာများ။ ကိုစိန်ဖေက သုတ်ခနဲထသွားပြီး သူ့အမေနားမှာ ထိုင်ချလိုက်တယ်။ မြင်ရတာကတော့ စိတ်မသက်သာစရာပဲ။ ဖွားဒေါ်ဆုံကတော့ အသက်ရှူကျပ်လွန်းလို့ထင်ပါရဲ့။ လှဲပြီးတောင် မအိပ်နိုင်ဘူး။ ထောင်ထားတဲ့ ဒူးခေါင်းနှစ်လုံးပေါ်မှာ မည်းတူညစ်ပေနေတဲ့ ခေါင်းအုံး စုတ်ကလေးကိုခုပြီး ရင်ဘတ်နဲ့ဖိလို့ ကုန်းကုန်းလေးပဲနေရရှာတယ်။

 

“အမေ . . အမေ . .၊ ဘယ့်နှယ်လဲဟင်၊ သက်သာရဲ့လား”

 

သားဖြစ်တဲ့ကိုစိန်ဖေရဲ့စကားကိုလည်း ဖွားဒေါ်ဆုံတစ်ယောက်ပြန်မဖြေနိုင်ဘူး။ ပါးစပ်ဟဟပြီး အသက်ရှူနေပုံက ကုန်းပေါ်ပစ်တင်ခံထားရတဲ့ ငါးတစ် ကောင်ရဲ့ ပါးဟက်တွေလှုပ်နေပုံမျိုးပဲ။ ကိုစိန်ဖေက သက်ပြင်းကို ကျိတ်ပြီးမှုတ်ထုတ်လိုက်တယ်။ ခါတိုင်း သူ့အမေဆိုးဆိုးရွားရွား အသက်ရှူကျပ်ပြီဆိုရင် အခုလိုမျိုး ခါးလေးကုန်းပြီး တစ်ညလုံး ငုတ်တုတ်ထိုင်နေရတာမျိုးကြုံဖူးသားပဲ။ ဖြစ်နိုင်ရင် သူ့အမေရင်ဘတ်ထဲက ရောဂါကို လက်နဲ့တစ်ဆုံးနှိုက်ယူပြီး သူ့ပါးစပ်ထဲ မျိုချပစ်လိုက်ချင်တယ်။ အဲသလောက် တောင် . . .။ ဟုတ်တယ်။ အမေ့ဖြစ်နေပုံကို မမြင်ရက်လွန်းလို့ ကိုယ်တိုင်သာဖြစ်ပစ်လိုက်ချင်တော့တာ။ ကိုစိန်ဖေက သူ့မိန်းမ မအေးသွယ်ကို လက်ယပ်ပြကာ အနားကိုခေါ်လိုက်ပြီး

 

“အမေ့ကို ဟိုလျက်ဆားနဲ့ ကွမ်းရွက်လေးတိုက်ထားလိုက်ဦးဟာ ငါ . . နောက်ဖေးမှာ ကာထားတဲ့ တာလပတ်စကြီး သွားဖြုတ်ပြီး လိပ်သိမ်းလိုက်ဦးမယ်”

 

“တော်ကလည်းရှင်၊ အရေးကြီးနေလိုက်တာ . .”

 

“ဟ . . အရေးမကြီးလို့ရမလားဟ အချိန်နဲ့လုပ်ရမှာ ဟိုက လာခေါ်တဲ့အချိန်မှာ အားလုံးသိမ်းပြီး၊ ဆည်းပြီးဖြစ်မနေရင် သောင်ပြင်လွှတ်တဲ့ခွေးလို ဒုက္ခ ရောက်ပြီးကျန်ခဲ့မှာ နင့်လင် အန်းကောက်က စောင့်ပြီးခေါ်မှာမဟုတ်ဘူး”

 

ဒေါပွပွနဲ့ မိန်းမကိုပဲ ဖိပြီးကြိမ်းရတော့တယ်။ ဟုတ်တယ်လေ . .၊ အခုကိုပဲ အချိန်က သန်းခေါင်နားကပ်နေပြီ။ နောက်ထပ်နှစ်နာရီသာသာပဲ လုပ်ချိန် ကိုင် ချိန်ရတော့တာ။ တဲသာသာ အိမ်ကလေးဆိုပေမယ့် ဗာဟီရတော့ အများသား။ တန်းထိုးထားတဲ့ ဝါးလုံးတွေကို နှီးချက်တွေဖြည်ချ၊ တွင်းတူးပြီး ရိုက်ထားတဲ့ မဓမတိုင်တွေကိုနှုတ်ရ၊ ဓနိပျစ်တွေကို ခွာရနဲ့ သန်းကောင်ကျော် မှောင်ကြီး မည်းကြီးထဲမှာ ကိုစိန်ဖေချွေးတလုံးလုံးဖြစ်နေတယ်။ ဒန်အိုး ဒန်ခွက် သုံးလေးလုံးကိုတော့ ဆင့်ကဲ ဆင့်ကဲ အကြီးထဲ အသေးထည့်ပြီး ပုဆိုးအဟောင်းနဲ့ ပတ်ချည်လိုက်ရဲ့။ ပြီးတော့ ဓါးမကိုလည်း ခါးကြားထိုး ထားလိုက်တယ်။ ဒီ ဓါးမက ပျောက်လို့မဖြစ်ဘူး။ သိပ်အသုံး၀င်တာ။ ဟင်းတွေ ဘာတွေခုတ်ရင် ထစ်ရင်လည်း ဒီဓါးမပဲ။ ထင်းခြောက် ဝါးလုံးခြောက်လေး ခွဲရခြမ်းရရင်လည်း ဒီဓါးမပဲ။ တိုင်တွေ ငုတ်တွေစိုက်ချင်လို့ မြေကြီး မှာ တူးရဆွရရင်လည်း ဒီဓါးမပဲ။ နောက်ပြီး . . သူတို့ မိသားစုမှာက ချက်ဘို့ပြုတ်ဘို့ ယောက်မတွေ ဘာတွေကလည်းရှိတာ မဟုတ်တော့ ဟင်းအိုးမွှေရင်လည်းဒီဓါးမပဲလေ။ ကိုစိန်ဖေက ဓါးမတိုလေးကို တခုတ်တရ ခါးကြားထိုးလိုက်ပြီးတော့ သူ့သားဖိုးနီကို

 

“သား၊ လူလေး ဟောဟိုက ဒန်အိုးကြီးတွေမလာခဲ့ကွာ”

 

သူကိုယ်တိုင်ကတော့ တာလပတ်စနဲ့လိပ်ပြီး ပလတ်စတစ်ကြိုးနဲ့ ချည်ထားတဲ့ဝါးလုံးတိုင်တွေ မဓမတိုင်တွေကို ထမ်းသယ်ပြီး ကားလမ်းမဘေးမှာ ပုံထား လိုက်တယ်။ ပြီးတော့ . . ပုဆိုးဟောင်းနဲ့ထုပ်ထားတဲ့ ဒန်ပန်းကန်ပြားအဟောင်းတွေရယ်၊ ခေါင်းအုံးစုတ်၊ စောင်စုတ်တွေရယ်ကို သယ်ရပြန်တယ်။ ဖိုးနီကတော့ ဘုရား ပုံတော်ပါတဲ့ ပြက္ခဒိန်စာရွက်အနွမ်းနဲ့ သောက်ရေအိုးပဲ့ကို မနိုင်တနိုင်သယ်လာလေရဲ့။ သားအဖနှစ်ယောက် လေး ငါး ခေါက်လောက် တက်ညီ လက်ညီသယ်လိုက်တော့ ကားလမ်းဘေးမှာ ပစ္စည်းပစ္စယတွေ အတော်စုံစုံလင်လင် ပုံထားပြီးသား ဖြစ်သွားပြီ။

 

“ဂွီ . . ဂွီ . . ”

 

မပီမသ အက်ကွဲကွဲမြည်နေတဲ့ ကားဟွန်းသံကြားလို့ လှမ်းကြည့်လိုက်တော့ ရှေ့မီးကြီးနှစ်လုံးထိုးပြီး သူတို့ရှိရာဆီကို တည့်တည့်လာနေတဲ့ ဒေါ့ဂျစ်ကား အိုကြီးကို မြင်နေရပြီ။ ကားစက်သံ တဂျုံးဂျုံး တဂျိမ်းဂျိမ်းကလည်း ဆူညံလို့။

 

“သား၊ အဲဒီဒေါ့ဂျစ်ကားပေါ်ကို ဖေဖေတို့ ပစ္စည်းတွေတင်ထားနှင့် မေမေနဲ့ဖွားဖွားကို ဖေကြီး သွားခေါ်လိုက်ဦးမယ်”

 

ဖိုးနီကို မှာထားပစ်ခဲ့ပြီး တဲရှိရာဆီကို ကိုစိန်ဖေတစ်ယောက် ခြေလှမ်းကျဲကြီးတွေနဲ့ ပြန်လှည့်လာခဲ့တယ်။ တဲထဲကို ငုံ၀င်လိုက်တာနဲ့ . . .

 

“ကိုစိန်ဖေ . . ကိုစိန်ဖေ၊ ဒီမှာ . . အမေ့ကို ကြည့်ပါဦး

အမေလေ . . အမေ . . ”

 

သူ့မိန်းမ မအေးသွယ်ရဲ့ ဆို့ဆို့အက်အက်အသံဆိုကြီးက ကိုစိန်ဖေကို ခေါင်းနပန်းကြီးသွားစေတယ်။ “ဘာဖြစ်ပြီ . .” ဆိုတာကိုလည်း ရင်ထဲက ထိတ်ခနဲသိလိုက်တယ်။ အဲဒီ အသိကြောင့် စိတ်ဟာ မှိုင်းညို့မဲမှောင်ပြီး လူတစ်ကိုယ်လုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလိုပဲ။

 

“အမေ . . အမေ . . ”

 

အမေ့နားကို အပြေးကလေးထိုင်ချလိုက်ပြီး လှုပ်လှုပ်နှိုးနှိုးခေါ်ကြည့်လိုက်တယ်။ အမေဟာ တိတ်ဆိတ်ငြိမ်သက်လွန်းနေရဲ့။ မအေးသွယ်ဆီကနေ . . . “ဖြစ်ရလေ . . အမေရယ် . .” ဆိုတဲ့ ငိုသံအက်အက်အပျိုးအစမှာတင် ကိုစိန်ဖေက

 

“ဟဲ့ . . ကောင်မ၊ နင့်ပါးစပ်ပေါက်ကို ပိတ်ထားစမ်း အသံတစ်စက်မှ မထွက်နဲ့ သုတ်စမ်း နင့်မျက်ရည်တွေကို အခုသုတ်”

 

ကိုစိန်ဖေရဲ့ စကားသံက ခက်ထန်ကြမ်းတမ်းလွန်းနေတယ်။ မအေးသွယ်တောင်မှ တစ်ကိုယ်လုံး တုန်ခနဲဖြစ်သွားပြီး ပါးစပ်အဟောင်းသားနဲ့ ပြန်ငေးစိုက်ကြည့်နေမိလေရဲ့။ ကိုစိန်ဖေက အံကြိတ်သံနဲ့

 

“သွားစမ်း . . အိမ်ရှေ့ကို ဟိုမှာ . . ကလေးတစ်ယောက်တည်း မနိုင်မနင်းနဲ့ ပစ္စည်းတွေ ကားပေါ်တင်နေရတာ သွားလုပ်ပေးလိုက် မျက်ရည်မထွက်နဲ့နော် ကြားလား လုံး၀အပူအယာမပျက်စေနဲ့”

 

တင်းမာလွန်းတဲ့ ကိုစိန်ဖေအသံက နာနာကျင်ကျင်ရယ်။ ဟုတ်တယ်။ ဒီစက္ကန့်ပိုင်းလေးအတွင်း ကိုစိန်ဖေ့ ဦးနှောက်ထဲမှာ အများကြီး . . အများကြီး . . စဉ်းစားပြီးသွားပြီ။ တွက်ချက်ပြီးသွားပြီ။ ဒီလို အခြေအနေမျိုးနဲ့ဆို . . . ကားပေါ်ကို ဘယ်သူက ခေါ်တင်ချင်မှာလဲ။ ထားပစ်ခဲ့မှာသေချာတယ်။ ဒါဆို . . ခက်ရချည်ရဲ့။ ပြီးတော့. . ကိုကျင်ဟုတ်ရဲ့ ဘဲခြံထဲကို ဒီပုံစံနဲ့ အမေနဲ့ ပေါ်ပေါ်ထင်ထင်သယ်ပြီး ၀င်သွားလို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတုန်း။ ဟိုမှာရှိနေတဲ့ လူတွေက “ရွာနာ” တယ်ဆိုပြီး နှင်လွှတ်မှာပေါ့။ ကိုကျင်ဟုတ်သိသွားရင် ပြဿနာအကြီးအကျယ်တက်မှာ . . .။ အိမ်ရှေ့မှာ ကားပေါ်ကိုပစ္စည်းတွေ အားလုံးနေသားတကျတင်ထားပြီးလောက်ပြီ။ ကိုစိန်ဖေက အမေ့ကို စောင်နဲ့အသေအချာခြုံလိုက်တယ်။ ပြီးတော့ ပုခုံးအောက်က လက်တစ်ဖက်လျှို၊ ဒူးခေါင်းအောက်က လက်တစ်ဖက်ကို လျှိုပြီး လူမမာပွေ့သလို တယုတယပွေ့ချီိုလို့ ကားဆီကို လျှောက်လာခဲ့တယ်။ ကားနောက်ဖက် ခြေနင်းခုံပေါ်လှမ်းအတက်မှာ အမေ့မျက်နှာပေါ်လွှမ်းထားတဲ့ စောင်စက ဖတ်ခနဲလျောကျသွားလို့ ကမန်းကတန်းပြန်ဖုံးလိုက်ရသေးရဲ့ ပြီးတော့ . . . ငိုချင်သလို ပြုချင်သလိုဖြစ်နေတဲ့ သူ့မိန်းမ မအေးသွယ်ကိုလည်း မျက်ထောင့်နီကြီးနဲ့ လှမ်းဟန့်လိုက်ရသေးတယ်။ ပြီးတော့ . . ကိုစိန်ဖေက

 

“ဟဲ့ . . အေးသွယ် ဟိုဘက်တိုးစမ်း အမေနဲ့ငါ ဒီဖက်မှာထိုင်မလို့”

 

မအေးသွယ်က ကမန်းကတန်းပစ္စည်းတွေရွှေ့ပြီး နေရာဖယ်ပေးတယ်။ ကိုစိန်ဖေက အမေ့ကို သူ့ဘေးနားမှာထိုင်လျက်သားချလိုက်ပြီး ပြိုလဲကျမသွားအောင် အမေ့ခါးကို နောက်ကပွေ့လို့ အသာထိန်းထားလိုက်တယ်။ အမေ့ ဦးခေါင်းကိုတော့ သူ့ပုခုံးပေါ်မှာ ခပ်မှီမှီလေးတင်ထားလိုက်ရဲ့။ တော်ပါသေးရဲ့ . . .။ အန်းကောက်က ကားရှေ့ခန်းကနေ သူတို့ဖက်လုံး၀လှည့်လည်းမကြည့်၊ စိတ်လည်းမ၀င်စားလို့ ကားစက်နှိုးလိုက်တော့ . . အမေ့ ခန္ဓာကိုယ်က ကိုစိန်ဖေအပေါ် ယိုင်ကျဆင်းလာလို့ အသာမှေးပြီး တောင့်ထားလိုက်ရတယ်။ ဘာကိုမှ မရိပ်မိတဲ့ သားလေးဖိုးနီက ထွက်ခါစပြုနေတဲ့ ဒေါ့ဂျစ်ကားအိုကြီးရဲ့ နောက်မြီးကိုတွဲလွဲခိုရင်း “ဆွဲ . . ဆရာ့ရေ” လို့ အော်လိုက်တယ်။

 

မင်းခိုက်စိုးစံ

 

The Idea Forge

#နဂါးမျက်စောင်း