နဂါးသိုက်မှ လာသူ

နဂါးသိုက်မှ လာသူ(စ/ဆုံး)

————————-
“တီ တီ ´´

“ဒိန်း……´´

“ဖျော………´´

“အား………………´´

“ဟာ ဟိုမှာ ဟိုမှာ မိန်းကလေးတစ်ယောက်ဆိုင်ကယ်လဲကျသွားတယ် ဘာဖြစ်သွားသေးလဲအမြန်ကြည့်ပါဟ´´

“အေးဟာ ဟုတ်ပါရဲ့လမ်းကြီးရှင်းနေတာကို တစ်ယောက်တည်းပစ်လဲရတယ်လို့´´

ရန်ကုန်မြို့ ရွာသာသာရက်ကွက်တစ်ခုထဲတွင် မိန်းကလေးတစ်ယောက် ခပ်မြန်မြန်စီးလာသောဆိုင်ကယ်သည် တိုက်မှုခိုက်မှုမရှိကပါပဲ အလိုအလျောက်လဲကျသွားခြင်းဖြစ်ပါသည်။

“မိန်းကလေးထထ ဘယ်အနားနာသွားသေးလဲ´´

“ဟုတ် ရ ရပါတယ်ဦးလေး ဘာမှမဖြစ်ပါဘူး´´

မိန်းကလေးမှာ ရှက်၍ဘာမှမဖြစ်ဘူးဟု ပြောလိုက်သော်ငြားလည်း သူမ၏လက်မောင်းနှင့်ဒူးခေါင်းတော့ အနည်းငယ်ပွန်းပဲ့သွားရလေသည်။

သူမဆိုင်ကိုယ်အပေါ်အသာအယာတက်ထိုင်ပြီး ခပ်မှန်မှန်လေးမောင်းထွက်ခဲ့လေသည်။ လူအများနဲ့ဝေးရာရောက်မှသစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ ဆိုင်ကယ်ကိုထိုးရပ်လိုက်ပြီး အမောဖြေကာ ခြေလက်များမှဒါဏ်ရာများကို အလျင်အမြန်ပွတ်သပ်နေမိလေသည်။

သူမထိုသို့ထိုင်ပွတ်နေမိရင်း သူမဘဝရဲ့အတိတ်ကို ပြန်လည်တွေးတောနေမိလေသည်။ သူမဘယ်သူလဲ သူမဆိုတာက အမြဲတစေအထီးကျန်ဆန်နေရတဲ့ အထီးကျန်မင်းသမီးလေးမိနွေမ။

**နွေမ၏အတိတ်**

“အား အမေ အမေ အု အု အု´´

“ဟာ အမေ အမေ”

” ဟိုမှာ ညီမလေး ညီမလေးနွေမ ရေနစ်နေတယ်´´

“ဟယ် သမီး သမီးလေး အမေ့သမီးလေး´´

ရန်ကုန်ကန်တော်ကြီးအတွင်း မိသားစုလေးယောက်အလည်ရောက်လာခဲ့ကြပါသည်။ မိသားစုလေးယောက်မှာ သမီးအပျိုနှစ်ယောက်နှင့်အသက်လေးဆယ်မိခင်ကြီးရယ် သုံးနှစ်အရွယ်သမီးလေးကတော့ အငယ်ဆုံးဖြစ်ပေသည်။

ယခုမှာ သုံးနှစ်အရွယ်သမီးလေးဟာ တပေမျှသာနက်သောရေထဲသို့ ဘယ်ကဘယ်ပုံနစ်မှန်းမသိထူးထူးဆန်းဆန်းနစ်မြုပ်သွားရခြင်းဖြစ်ပေသည်။ မိခင်ကြီးကအလျင်အမြန် လက်နှင့်လိုက်စမ်းကာဖမ်းလိုက်သောကြောင့် အသက်ဘေးကသီသီလေးလွတ်ခဲ့ရလေသည်။ အဲ့ဒီကလေးမလေးက နွေမတဲ့။

နွေမဘဝမှာ ဖြေစရာတစ်ခုမျှမရှိပေ။ ဘာကြောင့်လဲ။ ဘာလို့လဲ။ ဘယ်လိုတွေများကံဆိုးမှု ဝမ်းနည်းကြေကွဲမှုတွေကြုံခဲ့ရပါလို့လဲ….?

နွေမလေးဟာ ကျိန်စာသင့်နေသူတစ်ယောက်လား။ ဒါမှမဟုတ်ဝမ်းတွင်း စုန်းပညာကိုတတ်မြောက်လာသူပေပဲလား။ ဘာလို့ထိုသို့ တွေးထင်ရပါသလဲဆိုတော့ နွေမအပျိုဘော်ဝင်အသက် ၁၄/၁၅အရွယ်မှာ

ရွာ့အပြင် တောစပ်လေးအနီးမှမိန်းကလေးတစ်ယောက်လျှောက်လာစဉ် သူမလာနေသောလမ်းရဲ့ရှေ့တည့်တည့်ဆီမှထန်းရည်မူးနေသောအမျိုးသားသုံးယောက်ဟာ ကယိမ်းကယိုင်နဲ့လျှောက်လာကြရင်း မိန်းကလေးကိုမြင်လိုက်တဲ့အခါ

“ အာစိ ဟို ဟိုမှာ အာစိရဲ့နွေမလေး လာနေတယ်´´

“ဟေ ဘယ်မလဲ ဘယ်မလဲဟနွေမ´´

“ဟိုမှာလေအာစိရဲ့သစ်ပင်တန်းလေးအနားမှာ ဒီဘက်ကိုနီးလာနေပြီ ကျနော်တို့ရှောင်ပေးမယ် တစ်ခါတည်းရင်ဖွင့်ပစ်လိုက်ဗျာ´´

ကောင်းမြတ်မျက်စေ့နှစ်ဖက်အား လက်နှင့်ပွတ်ကြည့်လိုက်ကာ

“အော် အေးအေး တွေ့ပြီ ကောင်းတယ် ကောင်းတယ် မင်းတို့နှစ်ယောက် အမြန်ပုန်းနေကြ´´

“စိတ်ချပါအာစိ အာစိကိုလည်း စိတ်ချမယ်နော်´´

“အေးပါကွာ သွား သွားအမြန်ပုန်းနေကြ ဟိုမှာနွေမနီးလာပြီ´´

“ပြေးပြီအာစိ´´

ကောင်းမြတ်ရဲ့သူငယ်ချင်းနှစ်ယောက်က လျင်မြန်စွာဖြင့် ခြုံပုတ်အကွယ်သို့ပြေးဝင်သွားကြလေတော့သည်။ ထိုစဉ်ကောင်းမြတ်အနီးသို့ နွေမရောက်လာရာ

“ ဟေ့နွေမ ´´

“ဘာလဲကောင်းမြတ် ငါအမေခိုင်းထားတာလေးရှိလို့ မအားဘူး´´

“ဟာ နွေမရာ ခဏလေးပါ ငါစကားလေးပြောစရာရှိလို့ပါ´´

“ဘာလဲကောင်းမြတ် ဒါဆိုမြန်မြန်ပြော´´

“အေးဟနွေမ ငါနင့်ကို ချစ် ချစ်လို့ပါ´´

“ဘာ ဘာပြောတယ်ကောင်းမြတ်´´

“နင့်ကို ငါချစ်တယ်လို့ပြောတာပါနွေမ နင် နင်ငါ့ကို ပြန်ချစ်ပါဟာ´´

“သွားစမ်းပါကောင်းမြတ် နင့်လိုမနက်မိုးလင်းကမိုးချုပ် ရွာရိုးကိုးပေါက်ပတ် ထန်းတောတကာမှာထန်းရေသောက် အချိန်ပြည့်မူးရူးနေသူကို ငါကပြန်ချစ်စရာလား´´

“ဟာ နွေမရယ် ငါကသူဌေးသားမို့ အလုပ်လုပ်စရာမလိုလို့ အခုလိုနေတာပါ နင်ငါ့ကို ပြန်ချစ်ပါဟာ နော် နော်နွေမ´´

“ကောင်းမြတ် နင် နင်နော် ပြောလေကဲလေပါလား ငါ့လက်ကိုလွှတ်နော်´´

ကောင်းမြတ်မှာမူးနေသောအရှိန်နှင့်လက်ရဲဇတ်ရဲဖြစ်လာကာ

“ပြော ပြောပါနွေမ နင်ချစ်တယ်ဆိုမှ ငါလွှတ်မယ်´´

“ကောင်းမြတ် နင် နောက်မှငါ့အဆိုးမဆိုနဲ့နော်´´

“နင်ဘာပြောပြော ငါမလွှတ်နိုင်ဘူး ချစ်တယ်ဆိုမှလွှတ်မယ်´´

“ကောင်းမြတ်´´

နွေမက ကောင်းမြတ်အားဒေါသနှင့်ခပ်ပြတ်ပြတ်ခေါ်ပြီး စူးစိုက်ကြည့်လိုက်ရာ ဘယ်ရယ်ကြောင့်မသိ ကောင်းမြတ်ရင်ထဲမှထိတ်ခနဲဖြစ်ကာ နွေမလက်အားလွှတ်လိုက်ပြီး အနောက်သို့ဆတ်ခနဲဆုတ်ပေးလိုက်မိလေသည်။ ဒီတော့မှနွေမလည်းသူမလမ်းအားသူမ ဆက်လျှောက်သွားလေတော့သည်။********
*******
“ဘာ ကောင်းမြတ် ကောင်းမြတ်ဆုံးသွားပြီဟုတ်လား´´

“ဟုတ်တယ် အခုလေးပဲ သူတို့အိမ်ဘက်က ငါဖြတ်လျှောက်လာတာ အဲ့ဒါကောင်းမြတ်အမေ ငိုနေသံကြောင့် ငါဝင်ကြည့်ခဲ့တာ ကောင်းမြတ်တစ်ကိုယ်လုံးဟာ မီးကျွမ်းလောင်သလို မဲပြာပြီးသေဆုံးနေတာကို တွေ့ခဲ့ရတယ်ကွ´´

“ဟင် ဘာ ဘာလို့ ဒီလိုဖြစ်ရတာလဲ´´

“ဒါတော့ ငါလည်းမသိဘူးကွ သိချင်သူ့အမေသွားမေးလေ´´

“အေးဟုတ်တယ် မေးကြည့်ကမယ်´´

“အေးပါမေးမေး ငါလည်းအလုပ်လေးရှိသေးလို့ သွားအုံးမယ်´´

“အေးပါ အေးပါ သွားသွား´´
©©©©©©©

“ဟေ ဟုတ်ကော ဟုတ်ရဲ့လား´´

“ဟုတ်မဟုတ်တော့မသိဘူး မနေ့ညနေက ရွာ့အပြင်တောစပ်မှာ ဟိုဘက်ရွာကိုသွားတဲ့နွေမကို ထန်းတောကထန်းရေသောက်ပြီးပြန်လာတဲ့ကောင်းမြတ်က မူးမူးရူးရူးနဲ့ရည်းစားစကားလိုက်ပြောတယ်တဲ့ အဲ့ဒီမှာနွေမက မကျေမနပ်ဖြစ်ပြီး နင်ငါ့ကိုနှောက်ယှက်တဲ့အတွက် ဒုက္ခကောင်းကောင်းရောက်လိမ့်မယ်လို့ ပြောသွားတယ်တဲ့ သူတို့နှစ်ယောက်ပြောတာကို ကောင်းမြတ်သူငယ်ချင်းက ြံခုံအကွယ်ကနေပြီး ချောင်းနားထောင်နေလို့ အလုံးစုံပြန်ပြောပြနိုင်တာပါ´´

“ဟုတ်ကော ဟုတ်လို့လား သူဒီလိုလေးပြောတာနဲ့ကောင်းမြတ်သေတာ ဖြစ်နိုင်ပါ့မလား တိုက်ဆိုင်လို့ဖြစ်ပါလိမ့်မယ်´´

“ဒါတော့တို့လည်းမသိဘူး တို့သိတာကတော့ ကောင်းမြတ်လူကောင်းပကတိကနေ အခုလိုရုတ်တရက်ဆုံးပါးသွားတာကို အရမ်းအံ့သြနေမိတာတစ်ခုပဲသိတယ်´´

ကောင်းမြတ်ထိုသို့ သေဆုံးပြီးနောက်ပိုင်း နွေမကိုလူအများပို၍သတိထားကြည့်လာမိလေသည်။ နွေမလုပ်ကိုင်ပြောဆိုသမျှကိုလည်း အထူးအဆန်းရယ်လို့ ထင်မြင်လာလေတော့သည်။တစ်ညနွေမအိပ်ပျော်နေစဉ် အိပ်မက်ထဲသို့ အမျိုးသမီးကြီးတစ်ဦးရောက်ရှိလာပါသည်။

သူရောက်လာတဲ့သဏ္ဍာန်ကလည်းအထူးအဆန်းပင် သူမတကိုယ်လုံးမှာအဘိုးတန်ကျောက်မြတ်ရတနာများကိုဝတ်ဆင်ထားပြီး အဝတ်အစားများကလည်း ရှေးခေတ်နန်းဝတ်နန်းစားများနဲ့ ရောက်လာရင်သူက နွေမအားနှစ်လိုဖွယ်ပြုံးပြပြီး

“ သမီး အမေ့ကိုမမှတ်မိဘူးလား အမေကဘဝခြားနေပေမဲ့သမီးလေးကို အမြဲသတိရနေပါတယ် ဒါကြောင့်အခုလိုလာတွေ့တာပါ´´

“ရှင် အန်တီက နွေမရဲ့အမေလား ဒါဆိုအန်တီနာမည်ဘယ်လိုခေါ်လဲ……?

“အမှန်ပေါ့သမီး သမီးဟာအမေ့ရဲ့သမီးလေးပါ အမေ့အမည်က နန်းကြာဟဲလေ သမီးမမှတ်မိတော့ဘူးလား´´

“နန်းကြာဟဲ နန်းကြာဟဲ´´

နွေမတစ်ယောက်နန်းကြာဟဲဆိုသည့်အမည်အား တီးတိုးရေရွတ်ရင်း စိတ်ထဲမှာမှတ်မိလာသလိုလိုဖြစ်လာလေတော့သည်။

“သမီး အမေ့ကိုမှတ်မိပြီလား လာလာ သမီးကိုအမေပြမယ်´´

အမျိုးသမီးကြီးက ထိုသို့ပြောကာ နွေမရဲ့လက်ကိုကိုင်ပြီး မတ်တပ်ရပ်နေလျှက်ကနေ လေထဲသို့မြောက်တက်သွားလေသည်။ အမှတ်တမဲ့ဆိုလျှင် ကော်ဇောပျံတစ်ခုကို စီးနေရသလိုလိုပင်။ အမျိုးသမီးကြီးကနွေမရဲ့လက်ကိုကိုင်ဖားသောကြောင့် နွေမဟာအမျိုးသမီးကြီးရဲ့အနီးကပ်လျှက်ကဘေးချင်းယှဉ်ကာ ပါလာခဲ့လေသည်။

အမျိုးသမီးကြီးရဲ့အနောက်မှာတော့ ရုပ်ရည်ပြေပျစ်ပြီး ဗလကောင်းကောင်းနှင့်အသက်နှစ်ဆယ်ကျော် သုံးဆယ်ခန့်လူရွယ်တစ်ယောက်ဟာလည်း မင်းညီမင်းသားဝတ်စုံနှင့်ကပ်ကာပါလာခဲ့လေသည်။

ဒီလိုနဲ့အမျိုးသမီးကြီးဟာ တစ်နေရာကိုရောက်တော့ မြေပြင်သို့ဆင်းသက်ပြီးတစ်နေရာသို့နွေမကိုခေါ်သွားပြီး လက်ညှိုးညွှန်ပြလေရာ နွေမကြည့်လိုက်သည့်အခါမှာတော့ ရတနာများတောင်ပုံရာပုံ ပုံအောနေပြီး ရတနာများရဲ့ဘေးလေးဘက်လေးတန်တွင် အကြည့်စူးစူးနှင့်မာန်ထနေသော နဂါးရုပ်ထုကြီးများကိုလည်းတွေ့လိုက်ရပေသည်။

“ဟင် ရ ရတနာတွေ´´

မှန်ပါသည် ရတနာများဟာ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး၊ဆွဲသီး၊ရင်ထိုး၊ ရွှေဘီး မရေမတွက်နိုင်လောက်အောင်အမျိုးအမည်များပြားပြီး အဖုံးဖွင့်ဟလျှက် သေတ္တာကြီးများအတွင်းမှအပြင်သို့ပင် လျှံကာကျနေလေသည်။ နွေမကရတနာများကိုတလှည့် အမျိုးသမီးကြီးအား တလှည့်ကြည့်နေမိရာ

“ဒီရတနာတွေကို အမေတို့စောင့်နေတာသမီး တစ်နေ့ကြရင်သမီးလည်း ဒီကိုပြန်လာရလိမ့်မယ်´´

“ရှင်……ဒါဆိုသမီးက လူမဟုတ်ဘူးလား အခုသမီးမှာ အမေရှိတယ်လေ´´

နွေမထိုသို့ပြောသောအခါ အမျိုးသမီးကြီးက နွေမရဲ့မျက်နာအား ဂရုနာသပ်စွာ စိုက်ကြည့်လိုက်ပြီး

“မှန်ပါတယ်သမီး အခုလက်ရှိသမီးရဲ့အမေဟာ လူ့ဘဝကအမေပါ အခုသမီးရှေ့ကအမေကတော့ သမီးရဲ့ဘဝဟောင်းကအမေပါ တကယ်တော့သမီးလေးက အမေတို့ရဲ့သိုက်ကဖြစ်ပါတယ်´´

“ရှင် သိုက် သိုက်ကလာတာ´´

အမျိူးသမီးကြီးရဲ့စကားကြားလိုက်တဲ့အခါ နွေမတစ်ယောက် အထစ်ထစ်အငေါ့ငေါ့နဲ့ပြန်မေးလိုက်တဲ့အခါ

“ဟုတ်တယ်သမီး သမီးလေးကသိုက်မှာနေကတာပျင်းလို့ လူ့ပြည်ကိုအလည်သွားချင်တယ်ဆိုလို့ အမေတို့ခွင့်ပြုလိုက်လို့ အခုလိုလူ့ဘဝကိုရောက်နေရခြင်းဖြစ်တယ်သမီးလေး´´

“ဒါဆို သမီးကိုမေမေတို့ ပြန်ခေါ်မှာလား´´

နွေမမှာ စကားပြောရင်းကနေ ထိုအမျိုးသမီးကြီးအား ခင်မင်လာမိကာ နှုတ်ကအလိုအလျောက် အမေဟုခေါ်ဝေါ်သုံးစွဲလာမိလေသည်။

“ဒါကတော့သမီး သမီးကတိမဖောက်ဖျက်သ၍အမေတို့က သမီးကိုပြန်မခေါ်ပါဘူး´´

“ဘာကတိလဲမေမေ´´

“ဘာကတိလဲ ဆိုတော့သမီးလူ့ပြည်သွားကာနီးမှာသမီးကို သတိပေးလိုက်တယ် အဲ့ဒါကတော့သမီးဟာ လူ့ပြည်မှာ အိမ်ထောင်မပြုပါဘူးလို့ ဖြစ်တယ်သမီး´´

“ ရှင်…… အိမ်ထောင်မပြုရဘူး´´

“မှန်တယ်သမီး အဲ့ဒါလူ့ပြည်သွားကာနီး အမေ့ကိုသမီးပေးထားခဲ့တဲ့ကတိပါ´´

နန်းကြာဟဲဆိုသောအမျိုးသမီးကြီးက ထိုသို့ပြောသောအခါ နွေမတစ်ယောက် ချစ်သူရဲ့မျက်နာလေးအားအတွေးထဲတွင်ဖျတ်ခနဲမြင်လိုက်မိလေသည်။ အော်ဒါဆိုရင် သူမဘဝကမြင်သာမြင် မကြင်ရတဲ့အဖြစ်ပေါ့……။

“ကဲ သမီးကြည့်ပြီးရင် ပြန်စို့လာ လာသမီး´´

အမျိုးသမီးကြီးက အထက်ပါအတိုင်းပြောပြီး နွေမရဲ့လက်ကိုကိုင်ကာ လာစဉ်ကအတိုင်း ကောင်းကင်ယံကနေ နွေမကိုပြန်ပို့ပေးလေသည်။ ထိုသို့နွေမအား အိမ်အရောက်ပြန်ပို့ပြီးလျှင်

“သမီးအမေပြန်အုံးမယ် အမေလွမ်းလို့လာခဲ့တာပါ အခုလောက်ဆိုအမေအလွမ်းပြေပါပြီ´´

“ဟုတ် ဟုတ်မေမေ နောက်တစ်ခါမေမေ လာလည်မှာကို သမီးမျှော်နေပါ့မယ်´´

“ကောင်းပါပြီသမီးလေး´´

အမျိုးသမီးကြီးက နွေမရဲ့နဖူးပြင်သို့ ကြင်နာစွာဖွဖွလေးတစ်ချက်နမ်းရှိုက်လိုက်ကာ

“အမေပြန်ပြီသမီးလေး´´

“ဟုတ် ဟုတ်မေမေ´´

“ကဲ သားကြီးပြန်စို့´´

“ဟုတ်မေမေ´´

ဒီလိုနဲ့အမျိုးသမီးကြီးနန်းကြာဟဲက သူနှင့်အတူပါလာသောလူရွယ်အားခေါ်ဆောင်ကာ ပြန်သွားလေတော့သည်။ အဲ့ဒီမှာထူးဆန်းတာက အမျိုးသမီးကြီးဟာ ကရင်ဘာသာစကားနှင့်ပြောခြင်းဖြစ်ပါသည်။ ဒါကိုအားလုံးနွေမနားလည်လေသည်။ နောက်ပြီးပြန်လည်ပြီးလည်း ပြောဆိုနိုင်ပါသည်။ တကယ့်တကယ်အပြင်မှာက နွေမကရင်စကားမတတ် ကရင်စကားအားနားမလည်ပါ။ အခုအိပ်မက်အထဲမှာတော့ အမျိုးသမီးကြီးပြောသမျှကို နွေမတစ်လုံးမကျန်နားလည်နေတာက တကယ်ကိုအံ့သြစရာပင်မဟုတ်ပါလော……။

တစ်နေ့ပေါ့ အဲ့ဒီနေ့က နွေမစိတ်အရမ်းညစ်နေချိန် စိတ်ညစ်ဆို အလုပ်ကလည်းလတ်တလောပြတ်လပ်နေချိန် သုံးစရာလည်းမရှိ ကျန်းမာရေးကလည်းနေထိုင်ရတာ မကြည်မသာ ဒါနဲ့နွေမတစ်ယောက်စိတ်ညစ်ညစ်နဲ့

“ဘာလဲဟာအမျိုးတွေ ရွှေတွေငွေရတနာတွေကို စောင့်နေရပြီး ဒီမှာဒီလောက်ဒုက္ခရောက်နေကတာကို ကြည့်ရက်တယ်လား ဥပေက္ခာပြုထားကြတယ်လား ကြာရင်သေချင်စိတ်ပေါက်လာပြီ´´

နွေမတစ်ယောက် စိတ်ညစ်ညစ်နဲ့ရင်ထဲရှိသမျှ ဖောက်ခွဲအော်ဟစ်ပစ်လိုက်လေသည်။ ထိုသို့နွေမအော်ဟစ်ပေါက်ကွဲအပြီး နောက်နေ့မနက်အိပ်ရာကထ အိမ်ဝိုင်းအတွင်းတံဗျက်စည်းလှည်းနေစဉ်

“ဖျော ဖျော ဖျော´´

“ဟယ် ဘာလေးပါလိမ့်´´

နွေမအမှိုက်လှည်းနေသောမြေပြင်မှပြောင်ပြောင် ပြောင်ပြောင်နဲ့တစွန်းတစ်စပေါ်နေရာ နွေမအသာအယာကုန်းကောက်ယူလိုက်တဲ့အခါမှာတော့

“ဟယ် ဆွဲကြိုး ရွှေဆွဲကြိုးလေးပါလား ဒါ ဒါ´´

နွေမကောက်ယူပြီး အသေအချာကြည့်လိုက်ရာ ဧကန်စင်စစ်ရွှေဆွဲကြိုးလေးတစ်ကုံးအမှန်ပင်ဖြစ်လေသည်။ နွေမမနေ့ညနေက သူမအော်ဟစ်ဖောက်ခွဲညီးတွားခဲ့မိတာကို ပြန်လည်သတိရမိလေသည်။ ဒါဆိုသူမအတွက် သိုက်စောင့်နေကလေသော မိခင်ကြီးနန်းကြာဟဲက ပေးတာပေလော။ နွေမမဝေခွဲနိုင်ပါ။ သို့ပေမဲ့နွေမရဲ့လတ်တလောအခက်အခဲများကတော့ ပြေလည်သွားရပေပြီ။ ထိုဆွဲကြိုးလေးအား ရွှေပန်းထိမ်တစ်ခုသို့သွားရောင်းရာ ရွှေမှာအရည်အသွေးကောင်းမွန်လှသောရှေးရွှေဖြစ်ပြီး အလေးချိန်၁,ကျပ်သားခန့်ရှိရာ အမေနန်းကြာဟဲအား နွေမအထူးကျေးဇူးတင်နေမိလေတော့သည်။

နွေမ ခြေလက်က ပွန်းပဲ့သည့်ဒါဏ်ရာများအား ပွတ်သပ်နေရင်း သူမဘဝအား တွေးတောနေရာ အချိန်အတော်လေးကြာသွားပြီမို့ သစ်ပင်အရိပ်မှထကာ ဆိုင်ကယ်ပေါ်တက်ခွပြီး အိမ်သို့ပြန်ခဲ့လေတော့သည်။

ဇာတ်သိမ်းပိုင်းဆက်လက်အားပေးပါအုံးခင်မျာ။ စိုင်းကိုmessengerကနေ အစ်မတစ်ယောက်က သူ့ဘဝအားလာရောက်ရင်ဖွင့်သည်ကို ဖတ်ရှုအဆင်ပြေအောင် အနည်းငယ်ပြုပြင်သည်ကလွဲ၍ကျန်တာအားလုံးက လုံးဝအဖြစ်မှန်/ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါသည်ခင်မျာ။

စာရှုသူများကျမ္မာ ချမ်းသာပါစေ။
“အတွေးတစ်စ,စိုင်း´´
2018 April 8-5:37pmခေတ္တမလေး

*နဂါးသိုက်မှ လာသူ*
%””%”””%”””%”””%”””%
(ဖြစ်ရပ်မှန်-ဇာတ်သိမ်းပိုင်း)

နွေမဘဝဟာ အမြဲလိုလိုအထီးကျန်ဆန်နေခဲ့ရပါလေသည်။ နွေမလည်းအသွေးနဲ့ အသားနဲ့နှလုံးသားနဲ့လူသားတစ်ယောက်ပေပဲမို့ ဆန့်ကျင်ဘက်လိင်အားချစ်ခင်မြတ်နိုးတတ်ပါသည်။ သို့ပေမဲ့နွေမဘဝက ကျိမ်စာမိတဲ့ပုံသဏ္ဍာန်မျိုးပေပဲလား။

ဘာကြောင့်လဲဆိုတော့ နွေမချစ်သူတစ်ယောက်လောက်ထားမယ်လို့ စိတ်ကူးလိုက်တာနဲ့ တစ်ခုမဟုတ်တစ်ခု ကြံဖန်ပြီးကံဆိုးမှုတစ်ခုခု ထိခိုက်မှုတစ်ခုခုအား မလွဲမသွေကြုံရခြင်းကြောင့်ဖြစ်ပါသည်။

တနေ့မွန်ပြည်နယ်သို့နွေမ ရောက်လာခဲ့ပါသည်။ မွန်ပြည်နယ်ရှိ တောကျောင်းတစ်ကျောင်းတွင်ဖြစ်ပါသည်။ တောတွင်းကစေတီလေးနဲ့ကျောင်းလေးအတွင်းမှာကဘုန်းဘုရားဆရာတော်ကြီးတစ်ပါးသတင်းသုံးနေထိုင်လျှက်ရှိပါသည်။ ကျောင်းဝန်းလေးဟာ သစ်ပင်ဝေပင်များဝန်းရံပြီး စိတ်ကြည်လင်အေးဆေး၍တရားအားထုတ်လို့ကောင်းသောနေရာဒေသလေးဖြစ်ပါသည်။

တစ်နေ့ညနေခင်းဆိတ်ငြိမ်သောအချိန်တွင် နွေမတစ်ယောက်ငါးပါးသီလခံယူပြီး ငြိမ်သက်စွာတရားထိုင် မေတ္တာပွားနေမိလေသည်။ထိုအချိန် နွေမနှာခေါင်းအတွင်းသို့ အမွှေးရနံ့များသင်းပျံစွာရလာပြီး သူမနောက်ကျောဘက်မှတရှပ်ရှပ်နှင့်ခြေသံများကိုလည်း နွေမကြားနေရပါသည်။ သို့ပေမဲ့နွေမ လှည့်မကြည့်ပါမိမိအဓိဌာန်အတိုင်း အချိန်စေ့သည်အထိ တရားထိုင်နေလိုက်ပါသည်။

ထိုသို့ထိုင်နေရင်း နောက်ကျောဘက်မှပုဂ္ဂိုလ်များ ပြန်လည်ထွက်ခွါသွားကြသည်ကိုလည်း နွေမတစ်ယောက်လှည့်မကြည့်ပါပဲ စိတ်ထဲမှအလိုလိုသိနေခဲ့ရလေသည်။ ဘာသာတရားအားကိုင်းရှိုင်းရိုသေလွန်း၍အထက်ပုဂ္ဂိုလ်များလာရောက်ကြည့်ရှုဆောင်မခြင်းဖြစ်တယ်ဆိုတာ နွေမမနောအတွင်းကအလိုလိုသိနေလေသည်။

ထိုသို့တရားအားထုတ်ရင်းကျောင်းဝန်းလေးရဲ့အနောက်ဖက်မှာ ယောဂီမယ်တော်တစ်ပါးတရားအားထုတ်နေသည်ကိုလည်း နွေမမနောစိတ်သဏ္ဍာန်မှာအလိုလျှောက်လာရောက်ပေါ်လွင်လေသည်။ ဒါနဲ့နွေမလည်း ဆရာတော်ကြီးရှေ့ရောက်တဲ့အခါမှာတော့

“အရှင်ဘုရား ကျောင်းရဲ့အနောက်ဖက်မှာ ယောဂီမယ်တော်ကြီးတစ်ပါးတရားအားထုတ် နေထိုင်တယ်လို့ တပည့်တော်မစိတ်အထဲက သိနေရပါတယ်ဘုရား´´

နွေမထိုသို့လျှောက်တင်သောအခါ ဆရာတော်ကြီးကတစ်စုံတစ်ရာ ပြန်လည်မိန့်ကြားခြင်းမရှိပဲ ပြုံးရုံလေးသာ ပြုံးပြီးနွေမကိုအသာအယာကြည့်နေခဲ့လေသည်။ တကယ်တန်းဆိုလျှင် နွေမဒီကျောင်းကိုရောက်ဖူးခြင်းဟာ အခုပထမဆုံးပင် ကျောင်းအနောက်ဖက်မှာယောဂီမကြီးနေထိုင်တယ်လို့လည်း တစ်စုံတစ်ယောက်ကမှနွေမကို ပြောမပြခဲ့ကြပါ။ အခုနွေမသိတယ်ဆိုတာက နွေမအာရုံထဲတွင် အလိုအလျှောက်ပေါ်ပေါက်လာသောကြောင့်သာဖြစ်ပါသည်။

နောက်ရက်များကြမှကျောင်းသို့လာသောလူများနှင့်စကားစပ်မိပြီး ထိုယာဂီမကြီးအကြောင်းသိရတဲ့အခါ နွေမအံ့သြခဲ့ရလေသည်။ ဘာကြောင့်ဆိုသော်ထိုယောဂီမကြီးဟာ လွန်ခဲ့တဲ့တစ်ပတ်ကျော်ကျော်လေးကပဲ ပျံလွန်တော်မူသွားခဲ့ပြီဆိုတဲ့အကြောင်းကို နွေမသိခဲ့ရခြင်းကြောင့်ဖြစ်ပါသည်။

နွေမမှာထူးခြားသောစွမ်းအင်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။ ထိုအရာကတော့ နွေမအနား နီးစပ်ရာလူတစ်ယောက်ယောက် တစ်စုံတစ်ခုဖြစ်မည်ဆိုလျှင် နွေမကအလိုအလျှောက်ကြိုတင်ကာ နမိတ်မြင်လေသည်။ နွေမနမိတ်မြင်ပြီးတာနဲ့ထိုသူလည်း တကယ်ပင်ကြုံတွေ့ရခြင်းဖြစ်ပါသည်။

တစ်ချိန်ကလည်း နွေမအိမ်ရဲ့မျက်စောင်းထိုးမှလူတစ်ယောက်အား ကားတိုက်သည်ဟု စိတ်ထဲမှာပေါ်လာရာ ထိုသူအားနွေမက အသွားအလာဆင်ခြင်ဖို့ ကားတအားရှုပ်သောနေရာများအားမသွားဖို့သတိပေးလိုက်လေသည်။ သို့သော်ထိုသူက အလေးမထားပါ ။ အလေးမထား၍လည်းအတိဒုက္ခရောက်ခဲ့ရလေသည်။

ထိုသူသွားလာရင်း စက်ဘီးနှင့်ကားတိုက်မိရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့ရလေသည်။ ထိုသို့ဖြစ်တာကို နွေမကကြိုတင်နမိတ်ရလို့ပြောပြတာ ထိုသူ့မိသားစုနှင့်လူအများသိပါသည်။ အခုထိုသူအဖြစ်ဆိုးကြုံသောအခါ နွေမအားကျေးဇူးမတင်တဲ့အပြင် နွေမပြောပြလို့သာ စကားနောက်တရားပါဖြစ်ရတယ်ဆိုပြီး နွေမအားမလိုအမုန်းများပွားခဲ့လေသည်။

နောက်ထူးဆန်းတာကတော့ နွေမဘဝဟာ နွေမဆိုသည့်အမည်နှင့်လိုက်ဖက်အောင် ပူလောင်လွန်းလှပါသည်။ တိုးတက်လာတဲ့ခေတ်မှာ ခေတ်ရေစီးကြောင်းအရ အများFACE BOOKသုံးသလို နွေမလည်းသုံးစွဲခဲ့ပါသည်။ ဒါကိုလူတွေက နွေမအားအမျိုးမျိုးပုတ်ခတ်စောင်းမြောင်းကာ အပြင်လောကမှာ သမားရိုးကျလင်မရသောကြောင့် လိုင်းပေါ်တက်လင်ရှာသည်ဟုလည်း မကြားဝံ့မနာသာစောင်းမြောင်း ပုတ်ခတ်ပြောဆိုခဲ့ကြပါသည်။

တစ်ခါတစ်လေနွေမ လူတွေကိုကြောက်ရွံ့နေမိလေသည်။ ကြာလာတော့နွေမဟာလည်း လူတစ်ယောက်နှင့်မတူပဲ တိရစ္ဆာန်တစ်ကောင်နှင့်ပို၍တူနေသလို မိမိကိုယ်ကိုမိမိတွေးထင်နေမိလေသည်။ ဘာကြောင့်လည်းဆိုတော့ နွေမအားဖေးကူသူမရှိ ကြင်ကြင်နာနာဆက်ဆံမည့်သူမရှိ တွေ့သမျှလူအများက မျက်စောင်းတခဲခဲ အံတကြိတ်ကြိတ် ရန်တထောင်ထောင် နွေမဘယ်လိုခံစားရမည်နည်း။ ဘယ်လိုခံနိုင်ရည်နှင့်ရှေ့ဆက်အသက်ရှင်ရတော့မည်နည်း။

နွေမဟာ ဘယ်သူဘာပြောပြောသီးခံခြင်းတရားကိုသာ နှလုံးသွင်း၍နေခဲ့ပါသည်။ နွေမမခံနိုင်သည့်အဆုံး ´အေး ပြောကြပါ ပြောထားကြပါ နင်တို့သာ ငါ့လိုအပြောမခံရပါစေနဲ့ နင်တို့သာ ငါပူလောင်သလို မပူလောင်ကြပါစေနဲ့` ဘာရယ်မဟုတ် နွေမရင်ထဲက ခံစားချက်အား ဖောက်ခွဲရင်း မေတ္တာပို့သကဲ့သို့ပြောဆိုမိခြင်းဖြစ်ပါသည်။

သို့ပေမဲ့ အဲ့ဒီစကား နွေမရဲ့အဲ့ဒီအပြောက ကြောက်စရာ တကယ်ကိုကြောက်ရွံ့ထိတ်လန့်ဖွယ်ရာအတိ။ ဘာကြောင့်လဲသိလား။ နွေမက အဲ့ဒီလောက်လေးပဲပြောတာ တဖက်ကအပြောခံရသူရဲ့ဘဝမှာတော့ ကျွမ်းထိုးမှောက်ခုံတွေဖြစ်ရတဲ့အထိ ဒုက္ခတွေနဲ့ရင်ဆိုင်တွေ့ကြုံရသောကြောင့်ဖြစ်ပါသည်။

ဝဇီဗေဒထိတိုင်းရှဆိုတာ နွေမကိုများ ညွှန်းဆိုထားခဲ့ရော့လေသလား။ ဒါကြောင့်နွေမဘယ်တော့မှစကားလွယ်လွယ်မပြောတတ် အထူးသဖြင့်မေတ္တာပို့သလို စကားမျိုးကိုနွေမသတိထားရှောင်ရှားလေသည်။ နွေမကမေတ္တာပို့သလိုပြောသော်လည်း နွေမရဲ့ဝဇီဟာ ထက်လွန်းနေတာမို့ တဖက်သားအတွက်တော့ ဘဝနဲ့ရင်းလိုက်ရသည့်ကျိမ်စာတစ်ခုအလားရယ်ပါ။

နွေမအရမ်းအေးချမ်းချင်ပါသည်။ ဒါကြောင့်လည်းမိမိရဲ့ချွေးနှဲစာနှင့်ရှာဖွေရရှိသောငွေကျေးဖြင့် မွန်ပြည်နယ်အတွင်းမှာ ကိုးတောင်ပြည့်စေတီတစ်ဆူတည်ထားကိုးကွယ်ခဲ့လေသည်။

(မှတ်ချက်-ထိုအစ်မပြောပြစဉ်က နေရာဒေသအတိအကျပါပါသည်။ အခုထည့်မရေးရခြင်းမှာ အဲ့ဒီအစ်မပြောပြခဲ့တာ ၁နှစ်ကျော်လောက်ကြာခဲ့ပြီမို့ ကျနော်မမှတ်မိတော့၍သာ ရွာနှင့်ဒေသနေရာအတိအကျအား ချပ်လှပ်ခဲ့ရခြင်းဖြစ်ပါသည်။ စာရေးသူ)

နောက်ပြီး ထူးဆန်းတာက နွေမအလုပ်လက်မဲ့ဖြစ်နေချိန် နွေမအလုပ်တစ်ခုခုရလိုရငြား တစ်နေကုန်တစ်နေခန်း ပတ်ရှာသော်လည်းခြေညောင်းတာသာအဖတ်တင်တယ်။ အလုပ်ကမရပါ။ အလုပ်မရခြင်းမှာ နွေမကလည်း တန်ရာတန်ကျေးထက် နိမ့်ကျစွာပေးသော လုပ်ငန်းများကို လက်မခံ မယူလို မလုပ်လိုသောကြောင့်ဖြစ်ပါသည်။

ဒါပေမဲ့ နွေမအလုပ်ရှာလို့မရပေမဲ့ တကယ့်တကယ် အလုပ်လိုအပ်သောသူကတော့ နွေမကိုအိမ်အထိလာကာ အလုပ်ပေးလေ့ရှိပါသည်။ နောက်ပြီးတော့ထိုအလုပ်များဟာလည်း တန်ရာတန်ကျေးရသည်ဆိုရုံမက သူတကာလုပ်အားခထက် နှစ်ဆမျှရသောအလုပ်များပင်ဖြစ်လေသည်။ ဒါဟာလည်းနွေမရဲ့ထူးဆန်းသောဖြစ်ရပ်တစ်ပင်ဖြစ်လေသည်။

ဒီလိုနေလာရင်း နွေမဟာအခက်အခဲပေါင်းစုံ အကြပ်အတည်းပေါင်းစုံကိုကြုံကသော်လည်း မိန်းမသားတစ်ယောက်ဖြစ်ပေမဲ့ စိတ်ပျက်အားလျှော့ခြင်း အလျင်းကင်းကာ တွေ့ကြုံလာသည့် ဒုက္ခအခက်အခဲအပေါင်းကို ကြံ့ကြံ့ခံကာ ခါးစီးခံတွန်းလှန်ခဲ့ပါသည်။

နွေမဟာ ထူးခြားသူတစ်ယောက်ဆိုတာ မှန်သော်ငြားလည်း အသွေးနဲ့အသားနဲ့ နှလုံးသားနှင့်ဖွဲ့စည်းထားသော သာမန်လူသားတစ်ယောက်ပေပဲမို့ အချစ်နဲ့မကင်းနိုင်ခဲ့ပါလေ။

နွေမအခက်အခဲ အကြပ်အတည်းများအား ရင်ဆိုင်ဖြတ်သန်းရင်း သူမဘဝအား အမြဲနားလည်ပေးလေ့ရှိသော အမျိုးသားတစ်ယောက်နှင့်မေတ္တာမျှခဲ့လေတော့သည်။ ထိုအမျိုးသားကတော့ ကိုရေချမ်း………တဲ့။

`နွေ´

`ကို ပြောလေ ဘာပြောမို့လဲ´

`ဘာပြောကမလဲနွေရယ် ကိုယ်လေနွေနဲ့အတူနေချင်ပြီ ကို့မိဘတွေရှိတုန်း မိဘစုံညီနဲ့လက်ထပ်ချင်တယ်နွေရယ်´

အခုတော့ နွေမပျော်ရွှင်နေခဲ့ပါသည်။ ဘာ့ကြောင့်လဲ။ နွေမဘဝမှာ သူမအပေါ် အလေးထားဆက်ဆံသူအင်မတန်နည်းပါးလှပါသည်။ ယခုတော့ ယောကျာ်းပီသသောယောကျာ်းတစ်ယောက်က နွေမဘဝအား အစစနားလည်ပေးပြီး နွေမကိုအရိပ်ပမာကြည့်ကာ ချစ်ခဲ့လေသည်။

ထိုသူကတော့ နွေမရဲ့ချစ်သူကိုရေချမ်းပင်ဖြစ်ပါသည်။ ကိုရေချမ်းကချစ်သလို နွေမကလည်း ကိုရေချမ်းကို အရမ်းချစ်ပါသည်။ တူနှစ်ကိုယ်တိုင်းပြည်မဟုတ်တောင် တူနှစ်ကိုယ်ဘဝလေးကိုတော့ နွေမပိုင်ဆိုင်ချင်မိပါသည်။ ယခုလိုချစ်သူက သူ့ဆန္ဒအား ဖွင့်ဟလာသည့်အခါမှာတော့………

`အော် အကိုရယ် နွေလည်းအကိုနဲ့အတူနေချင်လှပါပြီ ဒါပေမယ့် နွေမမှာ လုပ်စရာကိုင်စရာလေးတွေက လက်စမသိမ်းနိုင်သေးဘူးလေ ဒါကြောင့်ခဏတော့ စောင့်ပါအုံးကိုရယ် နော်´

ကိုရေချမ်းမှာ ချစ်သူကတန်းပြီးလက်မခံသေးသော်လည်း အခုလို နွေလည်းအတူနေချင်တာပေါ့ဆိုသည့် စကားလေးနှင့်ပင်ကျေနပ်နေခဲ့ရလေတော့သည်။
*******

`ဝေါ ဝေါ ဝေါ´

`ဟင်´

နွေမအထိတ်တလန့်ဖြစ်သွားရလေသည်။ အကြောင်းမှာ နွေမနှင့်ကိုရေချမ်းတို့ ကြည်နူးစွာ အတူရှိနေချိန် နွေမတို့ရှိရာသို့ ကောင်းကင်ယံကနေ နဂါးကြီးနှစ်ကောင်ဆင်းသက်လာခဲ့သောကြောင့်ဖြစ်ပါသည်။

နဂါးကြီးများဟာ ကောင်းကင်ယံကနေအရှိန်အဟုန်ပြင်းစွာနှင့်နွေမတို့ရှိရာသို့ ဆင်းသက်လာပြီး အနားရောက်သည့်အခါမှာတော့ ဗြုန်းစားကြီးလူသဏ္ဍာန်သို့ပြောင်းသွားရာ

`ဟင် မေမေ မေမေနန်း နန်းကြာဟဲ´

`ဟုတ်တယ်သမီး ဘာလဲသမီးကဘဝဟောင်းကိုမေ့ပြီး လူ့ဘဝမှာချစ်သူနဲ့ပျော်နေပြီလား´

`မဟုတ် မဟုတ်ပါဘူးမေမေ´

`သမီးက မဟုတ်ဘူးဆိုပေမဲ့ အခုသမီးလုပ်ရပ်တွေက သက်သေပြနေတယ် ´

`သမီး သမီး´

နွေမမှာ အမေနန်းကြာဟဲပြောသည်မှာ မှန်နေသဖြင့် နွေမဘာဆက်ပြောကမှန်းမသိ စကားအထစ်ထစ်ငေါ့ငေါ့ဖြစ်နေလေရာ

`ဒီမှာသမီး အမေတို့ကိုသမီးကတိပေးထားခဲ့တာ သမီးမမေ့ပါနဲ့ သမီးမေ့နေမယ်ဆိုရင်တော့ အမေတို့က သမီးကိုဘယ်နည်းနဲ့မှအိမ်ထောင်ပြုခွင့်မပေးနိုင်ဘူး ဒီလိုပြောထားပါရဲ့နဲ့သမီးဆက်တိုးမယ်ဆိုရင်တော့ အမေတို့ကသမီးကိုပြန်ခေါ်ရလိမ့်မယ် ဒါမှမဟုတ်ရင်………?

အမေနန်းကြာဟဲက စကားအားအဆုံးထိမပြောပဲ ကိုရေချမ်းရှိရာသို့ အဓိပ္ပာယ်ပါပါစိုက်ကြည့်နေရာ

`ခွင့်လွှတ်ပါအမေ အကိုရေချမ်းကိုလည်းခွင့်လွှတ်ပေးပါ သမီး သမီးကတိကိုသမီးတည်ပါ့မယ်´

`ကောင်းပြီလေသမီး သမီးကတိ သမီးတည်မယ်ဆိုရင် လူ့ဘဝမှာသမီးပြုလုပ်ချင်တဲ့ ကောင်းမှုကုသိုလ်တွေ ဆက်လုပ်ခွင့်ရမှာပါ မဟုတ်ရင်တော့ သမီးကိုလူ့ပြည်လူ့ရွာမှာ ဆက်မထားနိုင်တော့ဘူး ကဲသမီး မေမေပြန်မယ်´´

“ ဟုတ်မေမေ ´´

“သားကြီး ပြန်စို့´´

အမျိုးသမီးကြီးဟာ စကားဆုံးသည်နှင့်ဗြုန်းခနဲ လူအဖြစ်ကနေနဂါးအသွင်သို့ပြောင်းကာ နှစ်ဦးသား ကောင်းကင်ယံအထက်သို့ ထိုးတက်သွားလေသောအခါ နွေမရင်ထဲမှာ ဟာကျန်ခဲ့ရပြီး ကောင်းကင်ကိုမော့ပြီး

“မေမေ မေမေ ´´

“ဟင် ငါ ငါ အိပ်မက် မက်နေတာပါလား´´

နွေမကိုယ်ခန္ဓာတစ်ခုလုံး ချွေးစေးတို့ဖြင့် ရွှဲရွှဲစိုကာနိုးထလာခဲ့ရလေသည်။ နိုးလျှင်နိုးချင်းနွေမတစ်ယောက် မိမိရဲ့ရှေ့ရေးကို တွေးတောမိလိုက်လေသည်။ ဒီပုံအတိုင်းဆိုရင်တော့ မိမိနှင့်ကိုရေချမ်းရဲ့ချစ်ခရီးလမ်းဟာလည်း ရှေဆက်လို့ရမယ်မထင်။ သို့ပေမဲ့အခုကအိပ်မက်ဆိုတော့ အိပ်မက်ဟာသွေးလေချောက်ချားတာတို့ အစွဲအလန်းကြီးလွန်းတာတို့ရှိရင်လည်း မက်တတ်တာမို့ ကျိမ်းသေဖြစ်လာမည်လို့ အတပ်ပြော၍မရနိုင်သေးပါ နွေမထိုသို့တွေးမိသောအခါမှာတော့ နွေမရဲ့ပူပင်သောကစိတ် အနည်းငယ်ဖြေသာပါသေးသည်။
*********

`ကျွီ ကျွီ ဒုန်း အား……………?

` ဟာ တိုက်ပြန်ပဟ လုပ်ကြ ကြည့်ကြပါဟ ဆိုင်ကယ်သမားဘာများဖြစ်သွားသေးလဲ´

`အား ကျွတ် ကျွတ်´

`မောင်ရင် မောင်ရင်ဘာဖြစ်သွားသေးလဲ ဦးကားကဗြုန်းခနဲဘရိတ်မမိလိုက်လို့ပါကွယ် ဦးတောင်းပန်ပါတယ်´

`ဟာ ရ ရပါတယ်ဦးလေး ကျနော်ဘာမှမဖြစ်ပါဘူး´

`ဟုတ်ပါ့မလဲကွယ် ဦးကြောင့်ဖြစ်တာ ဦးတာဝန်ယူရမှာပေါ့ လာလာကားပေါ်တက် ဆေးခန်းကိုဦးလိုက်ပို့ပေးမယ်´

`နေ နေပါစေဦး အား ကျွတ် ကျွတ်´

`ကဲ တွေ့လား မောင်ရင်လမ်းကောင်းကောင်းမလျှောက်နိုင်ဘူး လာပါဦးကိုဘာမှအားမနာနဲ့ ဦးအစစတာဝန်ယူပါတယ် မောင်ရင့်ဆိုင်ကယ်ကိုတော့ ဦးတပည့်တစ်ယောက်ယောက်ကို အယူခိုင်းလိုက်ပါ့မယ် နောက်ပြီးတစ်ခါတည်း အပြင်ခိုင်းလိုက်ပါ့မယ်´

`ဟုတ် ကျေးဇူးပါခင်မျာ ခြေထောက်ဖြစ်သွားတာအခုမှသိတယ်´

`ဒါ့ကြောင့် ဆေးခန်းသွားဖို့လိုတာပေါ့ ကဲကားပေါ်တက်ပါ´

`ဟုတ်ဟုတ်ဦးလေး´

ကိုရေချမ်းမှာကံကောင်း၍အသက်မသေခြင်းဖြစ်ပါသည်။ ဆိုင်ကယ်ကိုကားက ကန့်လန့်ဖြတ်ဝင်တိုက်မိခြင်းဖြစ်ပါသည်။ ကိုရေချမ်းကားပေါ်တက်နေစဉ် ကားပိုင်ရှင်အမျိုးသားကြီးက ဖုန်းခဏပြောပြီးမှကားပေါ်တက်ထိုင်လိုက်လေသည်။ ထိုအချိန်လူငယ်နှစ်ယောက်ဆိုင်ကယ်နဲ့ရောက်လာပြီး ကိုရေချမ်းဆိုင်ကယ်ကိုလာယူခြင်းဖြစ်ပါသည်။ အမျိုးသားကြီးက သူ့လူများကိုမှာစရာရှိသည်မှာပြီး နေရာမှမောင်းထွက်ခဲ့လေတော့သည်။

ထိုအခါမှလမ်းဘေးတွင် ရပ်ကြည့်နေသူတို့ လှုပ်လှုပ်ရှားရှားဖြစ်လာကာ

`ကံကောင်းလို့ မသေတာ´

`အေးကွာဟုတ်ပ့ နည်းနည်းနောနောအရှိန်နဲ့တိုက်မိတာမဟုတ်ဘူး´

`အေးလေနော့ ကားသမားကလည်း သိတတ်သူမို့ တော်သေးတယ် တချို့ဆို တာဝန်မယူပဲထွက်ပြေးကြတာ အခုကတော့ သူ့ကြောင့်ဖြစ်တာကို အစစသူတာဝန်ယူတယ်ဆိုတော့ အတိုက်ခံရသူဖက်က ဖြေသာသေးတာပေါ့´

`အေးပေါ့ ဒီလိုပါပဲ လောကမှာ တာဝန်မယူ ထွက်ပြေးသူတွေရှိသလို အခုလိုမိမိတာဝန် မိမိယူရဲတဲ့သူတွေလည်း အများကြီးရှိပါသေးတယ်ကွ´

`ဟုတ်တယ်နော် လောကကြီးက အဆိုးနဲ့အကောင်းမမြဲဒွန်တွဲနေတယ်ဆိုတာ´

`ဒါပေါ့ကွာ ဒါပေါ့ ဒီလိုပဲ ငါတို့ဘဝတွေလည်း အခုဆင်းရဲနေပေမဲ့တစ်နေ့ ချမ်းသာမလာဘူးလို့ ပြောလို့မရပါဘူး´

`အေး ဒါတော့အမှန်ပဲဟေ့ ကဲ ကဲ လုပ်စရာရှိတာလေးတွေ ဆက်လုပ်စို့ကွာ သူတို့လည်းထွက်သွားကြပြီဆိုတော့´

`အေးဟုတ်တယ် လာလာကိုဟ့်အလုပ် ကိုယ်လုပ်စို့´

လမ်းဘေးရှိလူအများ မိမိတို့အလုပ်ရှိရာ လမ်းဘေးဆိုင်များဆီသို့အသီးသီးထွက်ခွာသွားကြလေတော့သည်။
********

ကိုရေချမ်းထိုသို့ဖြစ်သည်ကို နွေမတစ်ယောက်ကြားပြီးတဲ့အခါမှာတော့ နွေမဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချပစ်လိုက်လေသည်။ မချလို့လည်းမဖြစ်တော့ သူမသူထိုသို့မလုပ်လျှင် သူမနှင့်သူမချစ်သောကိုရေချမ်းတို့ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ အတိဒုက္ခရောက်ကတော့မှာ မလွဲပေ။ ထို့ကြောင့် မပေါင်းရအတူတူ သေကွဲ ကွဲရမည့်အစား မိမိလည်းမသေ မိမိချစ်သူလည်းမသေ နှစ်ဦးစလုံးလူ့လောကတွင် ဆက်လက်ရှင်သန်နေစေဖို့ သူမယခုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ရခြင်းဖြစ်ပါသည်။ နွေမရွေးချယ်ခဲ့သည့်လမ်းကတော့………?

`တူ ဝေ ဝေ ဝေ ဝေ ဝေ´

`သတဝါတွေ ကျန်းမာကြပါစေ ချမ်းသာကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ´

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ´

`တူဝေ ဝေ ဝေ ဝေ ဝေ ဝေ´

မွန်ပြည်နယ် ဗျိုင်းနှစ်ကောင်ရွာအနီးက တောထဲရှိ တောကျောင်းလေးတစ်ကျောင်းအတွင်းမှ ထုံးဖြူဖြူနှင့်ကိုးတောင်ပြည့်စေတီလေးရဲ့မျက်နာစာတွင် အသက်သုံးဆယ်ပါတ်ဝန်းကျင်အရွယ် ယောဂီတစ်ပါးသည် ဘုရားကိုအာရုံပြုပြီးတည်ငြိမ်အေးချမ်းစွာဖြင့် တရားဘာဝနာများ ပွားများအားထုတ်နေတာက မြင်ကသူဘဝင်နှလုံးပင် အေးချမ်းရသည့်အထိပင်။

ထိုယောဂီသူတော်စင်ဟာ ဆွမ်းစားချိန်နှင့်ဘုရားဝေရာဝစ္စလုပ်ချိန်လောက်သာ အနားယူပြီး ကျန်တဲ့အချိန်များမှာတော့ နေ့ညအိပ်သည်ပင်သိပ်မရှိပဲ အမြဲလိုလိုစေတီလေးရဲ့မျက်နာစာမှာပင် တရားဘာဝနာများအားထုတ်ရင်း ရခဲလှသည့်လူ့ဘဝသက်တမ်းကို အကျိုးရှိရှိအသုံးချနေလေတော့သည်။

ထိုယောဂီသူတော်စင်ဟာ နေ့ညမပြတ် တရားဘာဝနာပွားများအားထုတ်နေစဉ် သူမနောက်ကျောနှင့်ပါတ်ဝန်းကျင်မှာ အမွှေးရနံ့များအစဉ်ရနေပြီး တရှပ်ရှပ်နဲ့ခြေသံများကိုလည်း အမြဲလိုလိုကြားနေခဲ့ရလေသည်။ သူမသိလိုက်ပါပြီ လူ့ဘဝရဲ့အေးချမ်းမှုအစစ်ဟာ ဘယ်အရာလဲဆိုတာကို သူမတစ်သက်လုံး အသက်နဲ့ခန္ဓာတည်သရွေ့ ယောဂီအဖြစ်ကနေ ဘယ်သို့သောအချိန်မှပြောင်းလဲတော့မည်မဟုတ်ပေ။ သူမတရားအားထုတ်နေသည့်ဘေးတွင် ပီတိအပြုံးနှင့်စိုက်ကြည့်နေသော အမေနန်းကြာဟဲရှိနေသည်ဆိုတာကိုတော့ သူမ(လုံးဝ) လုံးဝမသိပါချေ။ ဒီနေရာလေးမှာပဲ ကျနော်စိုင်းဇာနည်ရေးသားတင်ပြအပ်သော “နဂါးဘဝမှ လာသူ´´ ဇာတ်လမ်းလေး နိဂုံးကပါတ်အဆုံးသတ်ပါပြီခင်မျာ။ ဖတ်ရှုအားပေးခြင်းကို အထူးကျေးဇူးတင်ပါသည်။

“အတွေးတစ်စ,စိုင်း´´
2018 April 12-6:07amခေတ္တမလေး