ပဥ္စလက်မောင်နှမ

ပဥ္စလက်မောင်နှမ(စ/ဆုံး)
———————

တစ်နေ့သ၌ မြန်မာပြည်မြောတ်ပိုင်း ရွာကလေးတစ်ရွာ၏ လွန်စွာကြီးမားသော အိမ်ဝိုင်းကြီးအတွင်းတွင် ရာဇဝတ်အုပ်လှဖေ ဆိုသူသည် ထန်းရည်ခါးနှင့်ကြက်သားကိုမြည်း၍ စည်းစိမ်ခံနေ လေ၏။

ထိုရွာ၏သူကြီးဦးမြစိန်သည် ရာဇဝတ်အုပ်လှဖေ၊ ဝါးကျည်ထောက်ထဲသို့ ထန်းရည်များ တစ်ခွက်ပြီးတစ်ခွက် ငှဲ့ပေး နေလေ၏။ ရာဇဝတ်အုပ်သည် ငွေရွှင်သောအချိန်များ၌ မြို့ပေါ်မှ မကောင်းသော မိန်းမများကို ခေါ်၍ သူကြီးဦးမြစိန်၏ရွာတွင် တည်းခိုလေ့ရှိ၏။
သူသည် ထန်းရည်ခါးနှင့်ကြက်သားကိုမြည်းကာ ဇရက်မင်းစည်းစိမ်ခံယူနေချိန်တွင် သူကြီးဦးမြစိန်၏ အိမ်ဝိုင်းရှေ့သို့ အရပ် မြင့်မြင့် ကိုယ်လုံးလှလှ မိန်းမလှတစ်ဦးလျှောက်လာ၏။ ရာဇဝတ် အုပ်သည် မိန်းမအား မျတ်လုံးကျွတ်မတတ် စူးစိုက်ကြည့်၍ သူကြီးဘက်သို့ လှည့်ကာ
…သူကြီး.. သူကြီး ဒါဒီရွာက မိန်းမလား ဟု မေးမြန်းလေ၏။ သူကြီးက ခါးညွတ်၍…ဟုတ်ပါ့ ရာဇဝတ်အုပ်မင်း၊ ဒါပေသိ အပျိုမဟုတ်ဘူးနော်၊ သူ့မှာ ယောက်ျားရှိတယ်၊ တင်မောင်တဲ့၊ ရွာပြင်မှာ ကိုင်းလုပ် တယ် ”
ဟုဖြေလေရာ ရာဇဝတ်အုပ်သည် သူကြီး
၏စကားကြောင့်မျက်နှာရှုံ့မဲ့သွားပြီး
…တောက်.. ဒီလောက်လှတဲ့မိန်းမ အပျို မဟုတ်တာနာတယ်ဗျာ၊ ဒီမှာသူကြီး ကျုပ်တော့ ဒီမိန်းမကို မြင်မြင်ချင်း စွဲသွားပြီ၊ ယောက်ျားရှိရှိ မရှိရှိ ရအောင်ကြံမယ်…
ဟု ကြုံးဝါးလေရာ သူကြီးက ရာဇဝတ်
အုပ်၏ မျက်နှာကိုမဝံ့မရဲကြည့်၍
“ ရွာမှာ အပျိုတွေအများကြီးရှိပါတယ် ရာဇဝတ်အုပ်မင်းရယ်၊ အပျိုမဟုတ်တာကို မကြံပါနဲ့၊ ချောမေထက် သာတာ တွေအများကြီးပါ ,,ဟုတားဆီးလေ၏။ တဏှာရူးရာဇဝတ်အုပ်က ခေါင်းတဆတ်
ဆတ်ညိတ်၍….နာမည်လေးက ချောမေတဲ့လား၊ လူနဲ့နာမည်နဲ့တော့ လိုက်ပါ့ဗျာ၊
ချောမေကိုမြင်တာနဲ့ ကျုပ်ရင်ထဲမှာ ဒိန်းတလိန်း နတ် ဖမ်းစားသွားတယ်၊ ဟဲဟဲ..လူပျိုကြီးဘဝကိုတောင် စွန့် လိုက်ချင်တယ်ဗျာ””
ဟု ကြုံးဝါးလေ၏။ အမှန်စင်စစ် ရာဇဝတ်အုပ်လှဖေသည် မည်သည့်မိန်းမကိုမျှ အတည်မယူဘဲ မိန်းမရွှင်များနှင့်သာ ပျော်ပါး နေသူဖြစ်၏။ ရာဇဝတ်အုပ်သည် မိန်းမလိုက်စားရာတွင် လွန်စွာ ဝါသနာ ထုံသဖြင့် အခြားသောမြို့များမှ မိန်းမရွှင်များကိုပင် ကြေးကြီးပေး၍ မှာယူလေ့ရှိ၏။
သူသည် လာဘ်ယူရာတွင် နာမည်ကြီးသော ရာဇဝတ်အုပ်တစ်ဦးဖြစ်သဖြင့် ငွေရေး
ကြေးရေးအတွက် အခက်အခဲမရှိပေ။ အောက်ပြည်အောက်ရွာရှိ မိန်းမရွှင်များသည် ရံဖန်ရံခါ အလုပ်အကိုင်
မကောင်းသောအခါ၌မူ ရာဇဝတ်အုပ်လှဖေထံ တစ်လ ကိုးသီတင်း လာရောက်နေထိုင်သည်ဟူ၏။

  1. ရာဇဝတ်အုပ်သည် နောက်တစ်နေ့တွင် မြို့သို့ပြန်သွားသော်လည်း ချေမေ၏မျက်နှာကိုသာ မြင်ယောင်နေ၏။ ဤမျှ စွဲမက်ဖွယ်ကောင်းသောမိန်းမမျိုး သူ့တစ်သက်တွင် မကြုံဖူး သေးပေ။ ထိုမိန်းမသည် လှရက်နိုင်လွန်းလှ၏။
    လူ၏စိတ်သည် လွန်စွာထူးဆန်းလှ၏။ ရာဇဝတ်အုပ်သည်မိန်းမချော မိန်းမလှများစွာကို ကြုံတွေ့ခဲ့ဖူး၏။ သို့သော် ရုပ်ရည် အသင့်အတင့်သာရှိသော ရွာသူမိန်းကလေးအား အစွဲကြီးစွဲသွား လေ၏။ ရာဇဝတ်အုပ်၏ မျက်လုံးထဲတွင် သူမသည် ပပဝတီကဲ့သို့ ချောမေလှပ၏။
    သူသည် ညစဉ် အိပ်မပျော်နိုင်ဘဲ တခဏ မြင်လိုက်ရသော ချောမေ၏ ရုပ်သွင်ကိုသာ စွဲလမ်းနေ၏။
    သူမ၏ တင့်တယ်သော ကိုယ်ဟန်ကို မြင်ယောင်ကာ သက်ပြင်းများ ကိုသာ တဟင်းဟင်း ချနေရ၏။
    ရာဇဝတ်အုပ်သည် တစ်ပတ်ခန့်ကြာသောအခါ မနေနိုင် မထိုင်နိုင်သည်နှင့် သူကြီးမြစိန်တို့ရွာသို့ သွားပြန်၏။
    သူကြီးနှင့်တွေ့ သောအခါ ချောမေကိုတွေ့လိုကြောင်း ပြောလေ၏။
    သူကြီးမြစိန် သည် အရည်အချင်းရှိ၍ သူကြီးဖြစ်လာသူမဟုတ်ဘဲ မြို့ပိုင်၊ နယ်ပိုင် များကို ကပ်ဖားရပ်ဖားလုပ်၍ သူကြီးရာထူးရလာသူဖြစ်သဖြင့် ရာဇဝတ်အုပ် လှဖေအား မလှန်ဝံ့ပေ။
    ရာဇဝတ်အုပ်က မြို့ပိုင်၊ နယ်ပိုင်များကို အတို့အထောင် လုပ်လျှင် ခက်ပလိမ့်မည်။
    သူကြီးရာထူးမပြုတ်အောင် ရာဇဝတ်အုပ်အား ကူညီရပေတော့မည်။ ထို့ကြောင့် ရာဇဝတ်အုပ်နှင့်ချောမေ တွေ့ဆုံနိုင်ရန် ဉာဏ်နီဉာဏ်နက်များကို အလျှင်အမြန်စဉ်းစားလိုက်၏။ ခဏကြာလျှင် သူကြီးကတော် ဒေါ်ဘုတ်ရံအားခေါ်လိုက်၏။ သူကြီးကတော် ဒေါ်ဘုတ်ဆုံသည် တစ်ရွာလုံးအား ငွေတိုးချေး၍ ခေါင်းပုံဖြတ် အမြတ်ကြီးစားနေသူ ဖြစ်၏။ သူမသည် စိတ်သဘောထား ယုတ်မာသူဖြစ်လေရာ ချောမေအား ရာဇ ဝတ်အုပ်နှင့် တွေ့ဆုံပေးရန် စီစဉ်လေ၏။
    ခဏကြာလျှင် သူကြီးကတော်က အခေါ်ခိုင်းသည်ဆိုသဖြင့် ချောမေကမန်းကတန်းပေါက်ချလာ၏။
    ရာဇဝတ်အုပ်သည် ချောမေ၏ တစ်ရစ်သောကိုယ်လုံးကို မသိမသာ ခိုးကြည့်နေ၏။ ချောမေ ဒေါ်ဘုတ်ဆုံရှေ့တွင်
    တင်ပလွှဲထိုင်၍
    “ ဘာကိစ္စလဲ ဒေါ်ဘုတ်ဆုံ ”” ဟု မေးမြန်းလေရာ ဒေါ်ဘုတ်ဆုံက တဟင်းဟင်းရယ်မော၍…ကိစ္စကတော့ ထူးထူးထွေထွေမရှိပါဘူး၊ ညည်းပေါင် ထားတဲ့ နားကပ်အကြောင်းပြောချင်လို့၊ ပေါင်ထားတာ ၆လရှိပြီ၊ ဘယ်တော့ရွေးမှာလဲ….
    ဟု မေးမြန်းလေ၏။ ချောမေက မျက်မှောင်ကြုတ်၍…ဒါများ မေးနေရသေးလား ဒေါ်ဘုတ်ဆုံရဲ့၊ ကျွန်မအတိုး မှန်မှန်ဆပ်နေတာပဲ၊ ဒီနှစ်စပါးပေါ်ရင် ပြန်ရွေးမှာပါ ”ဟုဖြေလေ၏။ ဒေါ်ဘုတ်ဆုံက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာ၍
    …ဒါဆိုရင်လဲ ပြီးတာပဲ၊ ငါက ညည်းမရွေးတော့ဘူးထင်လို့ မေးတာ၊ ကဲ… ရောက်တုန်းရောက်ခိုက် လက်ဖက်လေးဘာလေး စားပါဦး၊ အေးအေးဆေးဆေးမှပြန်ပါ၊ ငါက စကားပြောဖော်မရှိလို့ ပျင်းနေတာ..
    ဟု ပြောလေရာ ချောမေလည်း ရုတ်တရက်ပြန်ရန် မသင့်တော်သေးသဖြင့် ဖျာတွင်ဝင်ထိုင်လိုက်၏။ရာဇဝတ်အုပ်သည် အနီးရှိကုလားထိုင်မှ မျက်လုံးကျွတ် မတတ် စူးစိုက်ကြည့်နေ၏။ သူကြီးကတော်ဒေါ်ဘုတ်ဆုံက တဏှာ ရူးရာဇဝတ်အုပ်၏ အလိုကို
    သိသဖြင့် မျက်နှာကို ရွှင်ရွှင်ထားကာ
    …ဟဲ့ချောမေ၊ ဟောဒီမှာထိုင်နေတာ မြို့ပေါ်က ရာဇဝတ်အုပ်မင်းဦးလှဖေတဲ့၊ တို့ရွာကိုအလည်ရောက်လာတာ….ဟု ပြောလေရာ ချောမေက ရာဇဝတ်အုပ်၏ ရဲတင်းသော အကြည့်ကြောင့် ခေါင်းကိုငုံ့လိုက်ပြီး..ဟုတ်ကဲ့ ”ဟု တီးတိုးရေရွတ်လေ၏။ ရာဇဝတ်အုပ်လှဖေသည် ချောမေ
    ၏ အမူအရာကိုကြည့်၍ ရမ္မက်ဇောများ ကြွတက်လာကာ ““ ဟဲ ဟဲ… မိန်းကလေးလို အချောအလှလေးတွေမြင်တော့ ကျုပ်ဒီရွာက မခွာချင်တော့ဘူး”ဟု ရိသဲ့သဲ့ပြောလေ၏။ ချောမေသည် ရာဇဝတ်အုပ်၏ စကားကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ဒေါ်ဘုတ်ဆုံအား အကူ အညီတောင်းသည့်အနေဖြင့် လှမ်းကြည့်လေရာ ဒေါ်ဘုတ်ဆုံက မမြင်ဟန်ဆောင်နေသဖြင့်
    ထပြန်ရန်ပြင်လေ၏။ ထိုအခါ ဒေါ်ဘုတ်ဆုံက….ဟဲ့… နေပါဦးချောမေရယ်၊ လက်ဖက်ကုန်အောင်စားသွားပါဦး၊ ရာဇဝတ်အုပ်မင်းနဲ့စကားပြောနှင့်ဦး၊ ငါရွာထဲကို ခဏသွားလိုက်ဦးမယ်…
    ဟုဆိုကာ ချောမေအား ရာဇဝတ်အုပ်နှင့်ထားကာ အိမ်ပြင်သို့ရှောင်ထွက်သွားလေ၏။ ချောမေသည် အကြောက် အကန်ငြင်းဆန်ရန်မသင့်တော်သဖြင့် ဖျာပေါ်တွင် ခဏထိုင် နေလိုက်၏။ ရာဇဝတ်အုပ်သည် ချောမေ၏
    ခန္ဓာကိုယ်အား ရိုင်းစိုင်းသော အကြည့် ဖြင့်ကြည့်၍ ….နာမည်လေးက ချောမေတဲ့လား၊ နာမည်နဲ့လူနဲ့ လိုက်တယ်၊ ကျုပ်တော့စွဲသွားပြီ” ဟုပြောလေရာ ချောမေက ခေါင်းကိုသာ ငုံ့ထားလေ၏။ ရာဇဝတ်အုပ်က ရှေ့တစ်လှမ်းတိုး၍…နားကပ်ပေါင်ထားတာ ငွေလိုလို့လား၊ လိုသလောက်ငွေ ကို ကျုပ်ထုတ်ပေးမယ်၊ ကျုပ်ဆီက ယူပါ၊ ဒေါ်ဘုတ်ဆုံပိုက်ဆံ ပြန်ဆပ်လိုက်ပါ ”ဟုဆိုလေရာ ချောမေက ခေါင်းကိုမော့၍
    ….ဒီမှာရာဇဝတ်အုပ်မင်း၊ ကျွန်မအပျိုမဟုတ်ဘူး၊ ရိသဲ့သဲ့လုပ်ဖို့ မကြိုးစားနဲ့၊ ယောက်ျားရှိတယ်…
    ဟုလေသံမာမာဖြင့် ပြောလေ၏။ အရှက်မရှိသော ရာဇဝတ် အုပ်က တဟဲဟဲရယ်မော၍
    …အပျိုမဟုတ်တော့ရော ဘာဖြစ်သေးလဲ ချောမေရယ်၊ ဒါအရေးမကြီးပါဘူး၊ ကျုပ်က စေတနာသန့်သန့်နဲ့ကူညီတာပါ…ဟုပြောလေရာ ချောမေသည် စကားမဆက်တော့ဘဲ သူကြီးအိမ်မှ ဆူဆောင့်၍ထွက်ခဲ့လေ၏။ ထိုအခါမှပင် ဘုရားခန်းထဲတွင် ပုတီးစိပ်ဟန်ဆောင်နေသော သူကြီးထွက်လာပြီး ““ အဆင်ပြေရဲ့လား၊ ရာဇဝတ်အုပ်မင်း ”
    ဟု ပြုံးဖြီးဖြီးနှင့်မေးလေ၏။ ရာဇဝတ်အုပ်က ခေါင်းခါ၍
    …. မပြေသေးဘူးဗျ၊ ကျုပ်ကို ဆူဆောင့်ပြီးထွက်သွားတယ်၊ ဒီအကြိမ်မပြေရင် နောက်အကြိမ်ပေါ့ဗျာ ”
    ဟု အားမလျှော့တမ်းပြောလေ၏။ ရာဇဝတ်အုပ်သည် ထို ကိစ္စမျိုးနှင့်ပတ်သက်
    ၍ မျက်နှာရူးလုပ်ခဲ့ပေါင်းများလှပြီဖြစ်သဖြင့် ရှက်ရကောင်းမှန်း နားမလည်တော့ပေ။

နောက်တစ်နေ့မှစ၍ တဏှာရူး ရာဇဝတ်အုပ်သည် ရွာပြင် ဘိုတဲသို့ ပြောင်းရွှေ့သွားလေ၏။ ဘိုတဲသည် ရွာသူတို့ ရေခပ်သော ချောင်းအနီးရှိ ကုန်းမြင့်မြင့်တွင် တည်ရှိ၏။ ရာဇဝတ်အုပ်သည် တပည့်တစ်ဦးနှင့်အတူ ဘိုတဲတွင် နေထိုင်ရင်း ရွာသူအပျိုချောလေးများ ရေခပ်ဆင်းချိန်ကို စောင့်ကြည့် ၏။ သူသည် ရေခပ်ဆင်းလာသော ချောမေကို မပီဝိုးတဝါးသာမြင်ရသဖြင့် မကျေနပ်နိုင်ဘဲ တပည့်ကျော်အား တီးတိုးမှာ၍ မြို့သို့ ပြန်ခိုင်းလိုက်၏။
သူ၏တပည့် ပြန်ရောက်လာသောအခါ ရာဇဝတ်အုပ် လှဖေအတွက် အလွန်အသုံးဝင်သော ပစ္စည်းတစ်ခုပါလာ၏။
ယင်းမှာ စစ်သုံးမှန်ဘီလူးကြီးဖြစ်၏။
ထိုမှန်ဘီလူးကြီးကို အင်္ဂလိပ်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး ရောင်းစားသွားခြင်း ဖြစ်၏။ ရာဇဝတ်အုပ်လှဖေသည် မှန်ဘီလူးကြီးကို တစ်စစီဖြုတ်ပြီးတိုက်ချွတ်ဆေး
ကြော၏။
ရွာကလေးသည် သေးငယ်သော်လည်း အပျိုချောများ ပေါ များလှ၏။
ထို့ကြောင့် စစ်သုံးမှန်ဘီလူးကြီးသည် အသုံးဝင်လှ၏။ ရာဇဝတ်အုပ်နှင့် တဏှာရူးတပည့်သည် မှန်ဘီလူးတစ်လက်ကို တစ်ယောက်တစ်လှည့်ကြည့်ရင်း ကျေနပ်နေလေ၏။ ရာဇဝတ် အုပ်၏ မှန်ဘီလူးအတွင်း ချောမေသည် အပျိုချောလေးများနှင့် အလှချင်းပြိုင်နေ၏။ သူမ၏အလှသည် ဆွဲဆောင်နိုင်စွမ်း အပြည့် ရှိနေသေး၏။
ဤသို့ဖြင့် ကောက်ကျစ်ယုတ်မာသော ရာဇဝတ်အုပ် သည် ချောမေအား ရယူနိုင်ရန် နည်းလမ်းများကို မပြတ်စဉ်းစား ဆင်ခြင်နေတော့၏။

သူသည် ဘိုတဲတွင်နေထိုင်ရင်း တဏှာရူးစီမံကိန်းများ ရေး ဆွဲနေစဉ် ဓားပြမှုကြီးတစ်မှု ဖြစ်လာသဖြင့် မြို့ပေါ်သို့ ပြန်ပြေးရလေ၏။
ဓားပြမှုမှာ ထိုနယ်တကြောတွင် ဆီစက်၊ ဆန်စက်များစွာ ပိုင်ဆိုင်သော သူဌေးကြီး ဦးဘလှ၏နေအိမ်တွင် ဖြစ်ပွားခြင်း ဖြစ်၏။ ဓားပြများသည် ဓားပြတိုက်ရုံမက သူ့ဌေးကြီးဦးဘလှ၏ အငယ်ဆုံး မယားအား မတော်မတရားပြုကျင့်သွားသဖြင့် သူဌေးကြီးမှာ လွန်စွာ မခံချိမခံသာဖြစ်နေရှာ၏။
သူ၏အိမ်ကို ဓားပြတိုက်သောအဖွဲ့အား ဖမ်းဆီးမိလျှင် ပုလိပ် အဖွဲ့ကို ဆုတော်ငွေ ၅ဝဝိ/-ပေးမည်ဟု ကြော်ငြာထားလေ၏။
ရာဇဝတ်အုပ်လှဖေသည် ထိုအမှုကို အားကြိုးမာန်တက် လိုက်နေရသဖြင့် တစ်ရွာသူချောမေကို တခဏမျှ မေ့လျော့နေ လေ၏။ ရာဇဝတ်အုပ်သည် ဓားပြမှုကို တစ်လနီးပါး ခြေရာ ကောက်ကြည့်သော်လည်း မည်သည့်သဲလွန်စကိုမျှ မရသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်သွာလေ၏။
သူဌေးကြီး ဦးဘလှကလည်း ဓားပြများကို မဖမ်းမိနိုင်သေး သဖြင့် တဂျီဂျီလုပ်နေ၏။

တစ်နေ့သ၌ ရာဇဝတ်အုပ်လှဖေသည် သူဌေးဦးဘလှ၏ နေအိမ်တွင် ချောမေကို မထင် မှတ်ဘဲ တွေ့လိုက်ရသဖြင့် ဝမ်းမြောက်ဝမ်း
သာ မေးမြန်းကြည့်လေရာ ချောမေသည် ဦးဘလှ ကတော်၏ တူမတစ်ယောက် ဖြစ်မှန်း သိရလေ၏။
ချောမေသည် ရာဇဝတ်အုပ်အား မြို့ပေါ် တွင် ပြန်တွေ့သောအခါမှတ်မိသော်လည်း နှုတ်မဆက်ဘဲ ခပ်စိမ်းစိမ်းနေလေ၏။ သူမသည် သူဌေးကတော်ကြိး နေထိုင်မကောင်း၍ ပြုစုရန် အလို့ငှာ ရောက်ရှိနေခြင်းဖြစ်၏။
ရာဇဝတ်အုပ်သည် ချောမေ၏လှပသော
ရူပါရုံအား ပြန်လည်တွေ့ဆုံ ရသဖြင့် မေ့လျော့နေသော တဏှာရူးစိတ်များ ပြန်လည်ဝင်ရောက် လာ၏။
သူဌေးဦးဘလှနေအိမ်တွင် ချောမေရောက်နေသဖြင့် ချောမေ၏ ယောက်ျားဖြစ်သူ ကိုတင်မောင်သည် မကြာခဏ ဝင်ထွက်လေ့ရှိ ၏။ ရာဇဝတ်အုပ်သည် ကိုတင်မောင်ကိုမြင်သည်နှင့် ခေါင်းထဲသို့ ယုတ်မာသောအကြံအစည်တစ်ခု ဝင်ရောက်လာလေ၏။
ထိုအကြံအစည်မှာ ချောမေ၏ယောက်ျားကိုတင်မောင် အား ဓားပြမှုနှင့်ပတ်သက်၍
မသင်္ကာဟုအကြောင်းပြ၍ ဖမ်းဆီးရန်
ဖြစ်၏။
ကိုတင်မောင်အား ဖမ်းဆီးထားလျှင် သူ့အတွက် ချောမေနှင့် နီးစပ်နိုင်ရန် နည်းလမ်းများရှိ၏။
ချောမေသည် လင်တော်မောင်အား စိုးရိမ်စိတ်ဖြင့် သူ၏ ခြေသလုံးကိုဖက်၍ တောင်း
ပန်ပေလိမ့်မည်။ ထိုအခါ သူနှင့်ချောမေနီးစပ်မှုရှိနိုင်၏။

သူ၏လိုအင်ဆန္ဒများ ပြည့်၀လျှင် ချောမေ၏ယောက်ျားကိုတင်မောင်အား ပြန်လွှတ်ပေးလိုက်ရုံသာရှိ၏။ ရာဇဝတ်အုပ်သည် ယုတ်မာသောအကြံအစည်များကို တွေးတော၍ လွန်စွာသဘောကျသွားပြီး တဟားဟားရယ်မော လိုက်လေ၏။ နှုတ်မှလည်း…ဟားဟားဟား…. ချောမေ၊ ချောမေ၊ မင်းငါ့လက်က ပြေးမလွတ်တော့ဘူး… ဟု ကြုံးဝါးလိုက်လေတော့၏။ ၊

အပိုင်း ၂ ဆက်ရန်

မင်းမြတ်သူရ
ပဥ္စလက်မောင်နှမ
အပိုင်း (၂)

ရာဇဝတ်အုပ်လှဖေက ချောမေ၏ ယောက်ျားကိုတင်မောင်အား မသင်္ကာမှုနှင့် ဖမ်းဆီးလိုက်သောအခါ သူဌေးကြီး ဦးဘလှ မိသားစုပင် အံ့ဩ သွားလေ၏။
ချောမေသည် သူဌေးဦးဘလှ၏ ခြေသလုံးကိုဖက်၍ သူမ ယောက်ျားအပြစ်မရှိကြောင်း၊ မတရားဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ငိုယို၍ တိုင်တန်းလေ၏။ ဦးဘလှက ချောမေ၏ခေါင်းကိုပွတ်၍““ တင်မောင် ဒီလိုအလုပ်မျိုး မလုပ်တတ်ဘူးဆိုတာ ငါလဲ ရိပ်စားမိပါတယ် ချောမေ၊ ဒါပေမဲ့ ပုလိပ်ဘက်က မသင်္ကာလို့ စစ်ဆေးတယ်ဆိုတော့လဲ မပြောသာဘူးပေါ့၊ တင်မောင် အပြစ် မရှိရင် ပြန်လွတ်မှာပါ ,,..ဟု နှစ်သိမ့်လေ၏။ ချောမေက ခေါင်းခါ၍…အပြစ်မရှိလို့ ပြန်လွှတ်တာက နောက်၊ လောလောဆယ် ပုလိပ်တွေက ကိုတင်မောင်ကို ညှင်းပန်းနှိပ်စက်လိမ့်မယ်၊ ရာဇဝတ်အုပ်ကို ဦးလေးကိုယ်တိုင်ပြောပေးပါ…ဟု တောင်းပန်ရှာ၏။ သူဌေးဦးဘလှက ချောမေ၏ အဖြစ် ကို မကြည့်ရက်ဟန်ဖြင့် ““ ရာဇဝတ်အုပ်ကို ဦးလေးကိုယ်တိုင်ပြောပေးမယ် မပူနဲ့…
ဟုပြောလိုက်လေ၏။ သို့သော် နောက်တစ်နေ့သို့ ရောက် သောအခါ ဦးဘလှက ရာဇဝတ်အုပ်လှဖေကို အရက်ဝိုင်းဖြင့် ဧည့်ခံ၍ ကိုတင်မောင်သည် ချောမေကိုအကြောင်းပြု သူ၏အိမ်သို့ မကြာခဏဝင်ထွက်နေခြင်းမှာ မသင်္ကာဖွယ်ကောင်းကြောင်းတောဘက်ရှိ ဓားပြများနှင့် အဆက်အသွယ်ရှိသည်ဟု ယူဆကြောင်း၊ အကျင့် စာရိတ္တလည်း မကောင်းကြောင်း စသည်ဖြင့် ချောက်တွန်းလိုက် လေ၏။
သူဌေးဦးဘလှ၏ စကားကြောင့် ရာဇဝတ်
အုပ်လှဖေပင် ဇဝေဇဝါဖြစ်သွားလေ၏။
သူ ရမ်းသမ်း၍ ဖမ်းဆီးလိုက်သူမှာ အမှန်တကယ်ပင် ဓားပြတစ်ယောက် ဖြစ်နေသည်လားမသိ။ ဤသို့ဆိုလျှင် သူသည် စုတ်ရောလာဘ်ရော ဝင်ပေတော့မည်။
သူဌေးဦးဘလှသည် ချောမေ၏
ယောက်ျားကိုတင်မောင်အား ချောက်တွန်းရခြင်းမှာ အကြောင်းရှိ၏။
သူသည် ချောမေအား အိမ်ထောင်မကျမီကပင် တစ်နေ့ သူ၏တတိယမြောက်မယားဖြစ်ရမည်ဟု ရည်စူးထားသူဖြစ်။
သူကြံရွယ်သော စပါယ်ကုံးအား တစ်ရွာသား ကိုတင်မောင်က ခူးဆွတ်သွားသဖြင့် ရင်ထဲတွင် မခံချိမခံသာဖြစ်ပြီး ကျန်ရစ်ခဲ့လေ၏။
ထိုရာဇဝင်ကြွေးအား သူယခုဆပ်ရပေတော့မည်။ ချောမေ သည် ဆွဲဆောင်အား ကောင်းဆဲဖြစ်၏။ ကိုတင်မောင်ဓားပြမှုနှင့် ထောင်နန်းစံရလျှင် ချောမေအား ကယ်တင်ရှင်အမည်ခံ၍ သူကူညီနိုင်၏။
နောက်ဆုံးတွင် ချောမေသည် သူ၏လက်ထဲသို့ ရောက်ရပေတော့မည်။
ထိုအခါ သူ့ ဘဝသည် မယားလေးယောက်နှင့်အတူ ပျော် စရာအလွန်ကောင်းမည်ဟု တွေးတောလိုက်လေ၏။
ချောမေသည် လင်တော်မောင်အတွက် စိုးရိမ်သောက ဖြစ်ကာ မစားနိုင်မအိပ်နိုင် ဖြစ်နေရှာ၏။
ယခုအချိန်ဆိုလျှင် ကိုတင်မောင်ကို ပုလိပ်များ နှိပ် စက်ညှင်းပန်းနေမည်လား။
မပြောကောင်း မဆိုကောင်း ကိုတင်မောင် ဓားပြမှုနှင့် ထောင်နန်းစံရလျှင် သူမသည် လောက အလယ်တွင် မျက်စိသူငယ်နှင့် ကျန်ရစ်ခဲ့ပေမည်။
ချောမေသည် မရှိမဲ့ရှိမဲ့လေးများကို ထုခွဲရောင်းချ၍ မြို့နှင့် ရွာ ကူးချည်သန်းချည်လုပ်နေရှာ၏။
ယနေ့အထိ လင်တော် မောင်နှင့် တွေ့ခွင့်မရသေးဘဲ အဆက်အသွယ်ပြတ်နေ၏။
ထိုနေ့ညနေခင်းတွင် သူကြီးကတော် ဒေါ်ဘုတ်ဆုံသည်ချောမေထံသို့ ရောက်လာ
၏။ ဒေါ်ဘုတ်ဆုံက ငိုယိုနေသော ချော
မေကိုကြည့်၍
“ ညည်းအဖြစ်ကလဲ စိတ်မကောင်းစရာပါပဲဟယ်… ဟု ဆိုလိုက်ရာ ချောမေက အားကိုးတကြီးဖြင့်…ကယ်ပါဦး သူကြီးကတော်ရယ် ”ဟု တောင်းပန်လေ၏။ ဒေါ်ဘုတ်ဆုံက လေသံတီးတိုးဖြင့် “ ဟဲ့ ငါလဲ ဒိကိစ္စအတွက်ပဲ နင့်ဆီရောက်လာတာပဲ၊ တကယ်တော့ နင့်ယောက်ျားတင်မောင်ဟာ အပြစ်မရှိဘူးဆိုတာ ငါတို့လဲသိပါတယ်၊ ဒါကို ရာဇဝတ်အုပ်မင်းသိအောင် ပြောပြဖို့ပဲ လိုတယ်…ဟုပြောလေရာ ချောမေက မသိနားမလည်ဟန်ဖြင့်
““ ဘယ်လိုပြောရမှာလဲ ဒေါ်ဘုတ်ဆုံရယ် ” ဟု မေးမြန်းလေ၏။ ဒေါ်ဘုတ်ဆုံက
“ မနက်ဖြန်ရွာကို ရာဇဝတ်အုပ်မင်း ရောက်လိမ့်မယ်၊ ရွာပြင်ကဘိုတဲမှာ ရာဇဝတ်အုပ် ရှိလိမ့်မယ်၊ ညည်းကိုယ်တိုင် သွားခေါ် ကြည့်ပါလား၊ ဒီကိစ္စကို နှုတ်လုံဖို့တော့လိုမယ်နော်… ဟုပြောလေရာ ချောမေက မဝံ့မရဲဖြင့် ”
“ ဖြစ်ပါ့မလား ဒေါ်ဘုတ်ဆုံရယ်… ဟု ရေရွတ်လေရာ ဒေါ်ဘုတ်ဆုံက ခေါင်းညိတ်၍
““ ဖြစ်မှာပါအေ၊ရာဇဝတ်အုပ်မင်းက သဘောသိပ် ကောင်းတာ၊ ညည်းကိုသူမြင်ဖူးပြီးသားပဲ၊ သနားအောင်ပြောပြပေါ့ကျွန်မမှာ ကိုတင်မောင်မရှိရင် အခက်တွေ့ရမယ် ဘာညာပေါ့ဟယ် ,,
ဟု သင်ပြပေးလေ၏။ ဤသို့ဖြင့် ချောမေသည် ဒေါ်ဘုတ် ဆုံ၏စကားကို အဟုတ်မှတ်၍ တဏှာရူးရာဇဝတ်အုပ်နှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်လေ၏။ နောက်တစ်နေ့ညနေစောင်းတွင် ရာဇဝတ်အုပ်ရှိသည်ဆိုသော ဘိုတဲသို့ရောက်သောအခါ ဘိုတဲတံခါးပိတ်ထားလေ၏။ သူကြီးကတော်ကြီး၏ စကားပင် မှားယွင်းနေလေသလားမသိ။ ချောမေသည် မြို့ပေါ်သို့ရောက်လျင်လည်း ခရီးစရိတ်သာ ကုန်ပြီး လင်တော်မောင်နှင့် မတွေ့ရသဖြင့် ရာဇဝတ်အုပ်ကိုသာ ရွာ၌ စောင့်မျှော်နေမိ၏။ သူမသည် ထိုရက်ပိုင်းအတွင်း ဆိုးဝါးသောအိပ်မက်များကို မြင်မက်လေ၏။ သူမ၏အိပ်မက်ထဲတွင် ကိုတင်မောင်သည် ပုလိပ်များ၏မတရားနှိပ်စက်မှုကို ခံနေရလေ၏။
ရာဇဝတ်အုပ် ရွာသို့လာမည်ဆိုသော်လည်း သုံးရက်လွန် သည်အထိ ရောက်မလာသေးပေ။ ထို့ကြောင့် ချောမေသည် မြို့ ပေါ်သို့ လိုက်သွားရနိုးနိုးဖြစ်နေရှာ၏။
သူမ၏ကျန်းမာရေးကလည်း တစ်နေ့တခြား ဆိုးဝါးနေ၏။
ကိုတင်မောင်ဖမ်းဆီးခံရသည့်နေ့မှစ၍ အစားမမှန် အအိပ်မမှန်သဖြင့် တစ်ကိုယ်လုံး အားအင်ချိနဲ့နေ၏။ ရက်အနည်းငယ်ကြာသောအခါမှပင် ရာဇဝတ်အုပ် ရွာသို့ရောက်လာ၏။
ချောမေသည် နေဝင်ကာနီးသည်နှင့် ရာဇဝတ်အုပ်ရှိရာ ဘိုတဲသို့အရဲစွန့်၍ ထွက်ခဲ့လေ၏။ ထိုကိစ္စနှင့် ပတ်သက်၍ နှုတ်လုံရန် အရေးကြီးသည်ဆိုသဖြင့် မည်သူကိုမျှ အဖော်မခေါ်ရဲဘဲ တစ်ကိုယ်တည်းထွက်ခဲ့၏။ ဘိုတဲသို့ရောက်သောအခါရာဇဝတ်အုပ်၏ တပည့်ကသူ၏ ဆရာအတွင်းခန်းထဲတွင်ရှိကြောင်းပြော၍ ချောမေအားအတွင်း သို့ ဝင်စေ၏။
အခန်းထဲသို့ရောက်သောအခါ အရက်သောက်နေသောရာဇဝတ်အုပ်က သူမ၏
တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်၍
အာလေးလျှာလေးဖြင့်…ချောမေ ပါလား..
ဟု ရေရွတ်လေ၏။ ချောမေသည် အမူးလွန်နေသော ရာဇဝတ်အုပ်အား ကိုတင်မောင်နှင့်ပတ်သက်၍ ပြောသင့် မပြောသင့် ချိန်ဆ နေလေ၏။ ပြီးမှ အရဲစွန့်၍ “ ကျွန်မယောက်ျားနဲ့ပတ်သက်ပြီး ပြောချင်လို့ပါ၊ တကယ်တော့ ကိုတင်မောင်ဟာ လူရိုးလူကောင်းပါရာဇဝတ်အုပ်မင်း၊ သူဟာ ဘယ်တော့မှ မကောင်းမှုဒုစရိုက်အလုပ်ကို မလုပ်တတ် ပါဘူး၊ ဒါကို ကျွန်မအသိဆုံးပါ၊ ဒါကြောင့် ကိုတင်မောင် ကိုလွှတ်ပေးဖို့ ကျွန်မ တောင်းပန်တာပါ…
ဟု ပြောလေရာ ရာဇဝတ်အုပ်လှဖေက ခေါင်းကိုခါရမ်း၍
““ မရတော့ဘူးမိန်းကလေး၊ နောက်ကျသွားပြီ… ဟု တီးတိုးပြောလိုက်ရာ ချောမေ၏ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး
.. ဘာဖြစ်လို့လဲ ရာဇဝတ်အုပ်မင်း၊ ကျွန်မယောက်ျား ဘာဖြစ်လို့လဲ…ဟု အမောတကောမေးမြန်းလေ၏။
ရာဇဝတ်အုပ်လှဖေက ချောမေ၏မျက်နှာကို မျက်ထောင့်နီကြီးဖြင့်ကြည့်၍
““ ငါစိတ်မကောင်းပါဘူး၊ ဒီလိုဖြစ်မယ်လို့ ငါတို့လုံးဝ ထင် မထားဘူး၊ မင်းယောက်ျားကို ငါတို့စစ်ဆေးရင်း လက်လွန်သွားတယ်၊ မနေ့ညကပဲ တင်မောင်သေသွားပြီ..
ဟုပြောလိုက်ရာ ချောမေသည် သူမ၏နားကိုပင် မယုံနိုင်အောင် ဖြစ်သွားပြီး…
ကိုတင်မောင်သေပြီ ဟုတ်လား….
ဟု ရေရွတ်လိုက်လေ၏။ ရာဇဝတ်လှဖေက ခေါင်းညိတ်၍ “ ဟုတ်တယ် မင်းယောက်ျားသေသွားပြီ၊ ငါတို့အမှုတွေ .. စစ်ဆေးပေါင်းများလှပါပြီ၊ ဒီလိုမျိုးတစ်ခါမှ မဖြစ်သေးဘူး၊ သူကံပေါ့ဒီကိစ္စအတွက် ငါလဲခေါင်းခဲနေတယ်၊ အချုပ်သားတစ်ယောက် သေရင် ငါ့မှာတာဝန်ရှိတယ်…
ဟုပြောလေရာ ချောမေသည် ရင်ထဲတွင် မီးကဲ့သို့ ပူလောင်သွားပြီး မျက်ရည်ပေါက်များ စီးကျလာ၏။ အပြစ်မဲ့သော သူမ၏
ယောက်ျားသည် ပုလိပ်များ ညှင်းပန်းနှိပ်
စက်၍ သေဆုံးရလေပြီ။
ဤမျှ ရိုးသားအေးဆေးသောသူကိုမှ ပုလိပ်များရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ရက်၏။
သူမယောက်ျားသေဆုံးရခြင်း၏ အဓိကတရားခံမှာ ရာဇဝတ်အုပ်ဖြစ်၏။ လူယုတ်မာရာဇဝတ်အုပ်ကို အခွင့်ရေးရတုန်း ကလဲ့စားချေရပေမည်။
သူမသည် ဝမ်းပမ်းတနည်း ရှိုက်ငိုလိုက်ရင်း “ ခွေးကြီးရှင့်ကြောင့် ကျွန်မ ယောက်ျားသေရတာ၊ရှင်သတ်လို့ ကျွန်မယောက်ျားသေရတာ၊ ရှင့်ကိုလူပြည်မှာ အရှင်မထားဘူးသေပေတော့….
ဆိုကာ ခါးကြားတွင်ဖွက်၍ ဆောင်လာသော ဓားမြှောင်ကိုထုတ်၍ ရှေ့သို့တိုးလေရာ ရာဇဝတ်အုပ်သည် ထိတ်လန့်သွားပြီး
…ချောမေ… မလုပ်နဲ့၊ မလုပ်နဲ့ ဟု ဆိုကာ ထိုင်ရာမှထရန် ပြင်လိုက်၏။
သို့သော် သူနောက်ကျသွားပေပြီ၊ ချောမေ၏ ဓားမြှောင်သည်ရာဇ၀တ်အုပ်၏ခါးသို့ ထိုးစိုက်သွားလေ၏။
ရာဇ၀တ်အုပ်သည် အသံနက်ကြီးနှင့်အော်ရင်း မြေပေါ်သို့ လဲကျသွားလေ၏။ ချောမေသည် မျက်ရည်များပိုးပိုးပေါက်ပေါက် ကျရင်း..တဏှာရူးကြီး၊ ငရဲပြည်ကို သွားပေတော့.. ဟု ရေရွတ်ကာ ဘိုတဲပေါ်မှ ဆင်းခဲ့လေ၏။
ချောမေသည် ရင်ထဲတွင် ဗလောင်ဆူနေပြီး လမ်းသွားရင်း ငိုယိုနေလေ၏။ သူမသည် ရွာသို့မပြန်တော့ဘဲ ခြေဦးတည့်ရာသို့ လျှောက်လှမ်းလာခဲ့ရာ ရွာနှင့်တဖြည်းဖြည်း ဝေးကွာလာခဲ့၏။
ညမှောင်ရီသန်းစပြုလာပြီး အလင်းရောင်လည်း လျော့နည်းလာခဲ့၏။ သို့သော် ချောမေသည် မည်သည့်အန္တရာယ်ကိုမျှ ထိတ်
လန့်ခြင်းမရှိဘဲ အမှောင်ထုကြီးထဲသို့ တိုးဝင်နေ၏။
ကိုတင်မောင်၏ သနားဖွယ်အဖြစ်ကို တွေးတောမိတိုင်းရှိုက်ကြီးတငင် ငိုယိုနေမိပြန်၏။
ကိုတင်မောင်သည် လွန်စွာရိုးသား၍ သိုးတစ်ကောင်ကဲ့သို့ အပြစ်ကင်းစင်သူဖြစ်၏။ ဤမျှရိုးသားသောသူမှာ ပုလိပ်များ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရ၏။
သူမဘဝတွင် ကိုတင်မောင်မရှိလျှင် ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။ သူမသည် ကိုတင်မောင်နှင့် ချစ်ရည်လူးခဲ့စဉ် အချိန်များကို ပြန်လည်သတိရပြီး ငိုယိုနေမိပြန်၏။
ထိုညသည် လမိုက်ညဖြစ်သဖြင့် လမ်းကိုကောင်းစွာ မမြင်ရဘဲ ကျင်းများချိုင့်များထဲသို့ မကြာခဏ လိမ့်ကျနေ၏။ ချောမေသည် လူးလဲထပြီး ခြေဦးတည့်ရာသို့ လျှောက် လှမ်းနေမိပြန်၏။
ရွာနှင့်ဝေးကွာသောအရပ်သို့ ရောက်ရှိနေပေပြီ။ မည်သည့် အရပ်သို့ ရောက်ရှိနေမှန်း သူမ မခန့်မှန်းတတ်ပေ။ သူမတစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေ၏။ ဒဏ်ရာဒဏ်ချက်များကြောင့် နာကျင်နေ၏။
အအိပ်ပျက်၊ အစားပျက်ဒဏ်ကြောင့် အားအင်မရှိသလို ခံစားရ၏။ ခေါင်းတစ်ခုလုံးတဆစ်ဆစ်ကိုက်ခဲနေ၏။ သူမသည် ယိုးတိုးယိုင်တိုင်ဖြင့် လျှောက်လှမ်းလာခဲ့ရာ တစ်စုံတစ်ရာကို တိုက်မိပြီးမြေပေါ်သို့ လဲကျလေ၏။
သူမနှင့်တိုက်မိသောအရာမှာ သင်္ချိုင်းမြေပုံတစ်ခုဖြစ်၏။ သူမသည် လကွယ်ညသန်းခေါင်ယံတွင် လူသူကင်းမဲ့သော သင်္ချိုင်းတစ်ခုသို့ ရောက်ရှိနေလေပြီ။ ပတ်ဝန်းကျင်ကိုကြည့်၍ ထိတ်လန့်စိတ်ကြောင့် ကြက်သီးများတဖြန်းဖြန်းထလာ၏။
ထိုစဉ် မလှမ်းမကမ်းမှ မီးရောင်ကိုမြင်ရ၏။ မီးရောင်ရှိလျှင် လူသူအရိပ်အ
ယောင်ကို တွေ့မြင်နိုင်၏။ ချောမေသည် အားတင်း၍ မီးရောင်ရှိရာသို့ လျှောက်လှမ်းခဲ့၏။
မီးရောင်နှင့် တဖြည်းဖြည်းနီးလာသော
အခါ ဇရပ်ပျက် ပေါ်ရှိ မီးအိမ်တစ်လုံးဖြစ်မှန်းသိရ၏။
သူမသည် ဇရပ်ပျက်လှေကားပေါ်သို့ တက်ခဲ့ရာ ဇရပ်ပေါ် တွင် လူသူအရိပ်အယောင်မတွေ့ရပေ။
မီးအိမ်မှာ ကြမ်းပြင်ပေါ် တွင်ချ၍ ထွန်းထားခြင်းဖြစ်၏။ မီးရောင်နှင့်အတူမြင်ရသော အရာများကြောင့် ချောမေသည် လွန်စွာထိတ်လန့်တုန်လှုပ် သွား၏။ ကြမ်းပြင်ပေါ်တွင် လွန်စွာလှပသော ကတ္တီပါကော်ဇော တစ်ချပ်ကို ခင်းထားပြီး ကော်ဇောပေါ်တွင် အရိုးခေါင်းသုံးခုကို
ညီညာစွာချထား၏။
အရိုးခေါင်းများ၏အနီးတွင် ထိတ်လန့်ဖွယ် သူရဲတစ္ဆေပုံများကိုလည်း မြင်ရ၏။
ထို့ပြင် ထူးဆန်း၍ကြောက်မက်ဖွယ်ကောင်းသောခေါင်းပြတ်မိန်းမတစ်ယောက်၏ ပန်းချီကားတစ်ချပ်ကိုလည်း တွေ့ ရ၏။ ချောမေသည် ထိုအရာများကိုကြည့်၍ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး လဲကျမေ့မျောသွားလေတော့၏။
အပိုင်း၃ဆက်ရန်

မင်းမြတ်သူရ
ပဥ္စလက်မောင်နှမ
အပိုင်း (၃)
သူမသတိရလာသောအခါ သူမ၏အနီးတွင် ထိုင်နေသော လူငယ်တစ်ယောက်ကိုမြင်ရ၏။ လူငယ်က ချောမေ၏မျက်နှာကိုကြည့်၍ အစ်မ သတိရလာပြီ…ဟု ရေရွတ်လေ၏။
ချောမေက ညည်းညူရင်း လူငယ်ကိုကြည့်ကာ ငါဘယ်ရောက်နေလဲ..ဟု မေးမြန်းလေ၏။ လူငယ်က…အစ်မ ဇရပ်ပေါ်ရောက်နေတယ်လေ၊ ညက ဇရပ်ပေါ် တက်လာပြီး အစ်မမေ့လဲသွားတယ်၊ အစ်မက ဒုက္ခသည်နဲ့ တူတယ်၊ တစ်ကိုယ်လုံး ပွန်းရာပဲ့ရာတွေနဲ့ ,,
ဟုပြောလေ၏။ ထိုအခါချောမေသည် ညကဇရပ်ပျက်ပေါ်သို့ ရောက်ခဲ့ပြီး အရိုးခေါင်းများနှင့် ထိတ်လန့်ဖွယ်ပုံများကို မြင်၍ မေ့မျောသွားပုံကို ပြန်လည်သတိရလာ၏။ ချောမေက ပတ်ဝန်းကျင်ကို ငဲ့စောင်းကြည့်၍
….ညက ဒီဇရပ်ပေါ်မှာ အရိုးခေါင်းတွေနဲ့ သူရဲတစ္ဆေပုံကြီး တွေတွေ့တယ်၊ ဒါတွေဟာ….ဟု ဆိုလိုက်ရာ လူငယ်က စကားဖြတ်၍ ရယ်မောလိုက်ပြီး ဟားဟားဟား… ဒါတွေဟာ ကျွန်တော့်ပစ္စည်းတွေပါ.. ဟုဖြေလေ၏။ ချောမေက ထိတ်လန့်စွာဖြင့်….ဘာ…မင်းပစ္စည်းတွေ၊ ဟုတ်လား… ဟု ရေရွတ်လေ၏။ လူငယ်က ဟုတ်ပါတယ်အစ်မရဲ့၊ ကျွန်တော်က မြန်မာပြည်အနှံ့ လှည့်ပြီး မျက်လှည့်ပြတဲ့အလုပ်နဲ့ အသက်မွေးတယ်၊ ညကရွာကို ဝင်ဖို့ နောက်
ကျနေတာနဲ့ ဒီဇရပ်ပေါ်မှာပဲ အိပ်လိုက်တယ်၊ ကျွန်တော်တရေးနိုးလို့ ဇရပ်အောက်ဆင်းပြီး အပေါ့အပါး သွားနေတုန်း အစ်မရောက်လာတာပဲ…ဟု ရှင်းပြလေ၏။ ထိုအခါမှပင် ချောမေက သက်ပြင်းချ၍ မသိပါဘူးဟယ်ညကြီးသန်းခေါင်အချိန် သင်္ချိုင်းဇရပ် ပေါ်မှာ အရိုးခေါင်းနဲ့သူရဲတစ္ဆေပုံတွေမြင်တော့ လိပ်ပြာလွင့်လုမတတ်ဖြစ်သွားတယ်…..
ဟုပြောလေ၏။ လူငယ်က ချောမေအားကြည့်လျက်…ဒါနဲ့ အစ်မက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ…ဟု မေးမြန်းလေ၏။ ချောမေသည် လင်တော်မောင်၏ အဖြစ်ဆိုးကို ပြန်လည်မြင်ယောင်မိပြီး ဝမ်းနည်းကြေကွဲလာပြန်၏။ သူမ၏မျက်ဝန်းအစုံမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာ၏။ လူငယ်က သက်ပြင်းချ၍ အတိတ်မှာဖြစ်ခဲ့တဲ့ စိတ်ဆင်းရဲစရာတွေကို ပြန်လည် တွေးတောဖို့ ကြိုးစားသူဟာ မိုက်မဲသူလို့ အဘိုးကပြောဖူးတယ်၊ ကျွန်တော်ဟာ မိုက်မဲသူဖြစ်နေပြီထင်ပါရဲ့၊ အစ်မ မပြောချင်လဲ မပြောပါနဲ့တော့…ဟု ရေရွတ်လေ၏။ ချောမေက သက်ပြင်းချ၍…မင်းက ငါ့ရဲ့ကျေးဇူးရှင်ပဲ၊ ငါ့ဘဝနောက်ကြောင်းကိုပြောပြပါမယ်…
ဟုဆိုကာ သူမ၏ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်ဆိုးကို ပြန် လည်ပြောဆိုနေမိ၏။ လူငယ်က ချောမေ၏စကားကို စိတ်ဝင်
စားစွာ နားထောင်၍.. ဖြစ်မှဖြစ်ရလေ အစ်မရယ်၊ အစ်မဒုက္ခက မသေးပါလား၊အစ်မ ဘယ်သွားမယ် စိတ်ကူးလဲ….ဟုမေးမြန်းလေရာ ချောမေက ခေါင်းခါ၍
..ငါ့မှာ ဆွေမျိုးသားချင်းတွေလဲ မရှိဘူး၊ ဒါကြောင့် ခြေဦးတည့်ရာလျှောက်သွားနေတာ၊ ရောက်ရာပေါက်ရာပေါ့ဟယ်…
ဟုပြောလိုက်ရာ လူငယ်က
ဒါဆိုရင် အစ်မ ကျွန်တော်နဲ့ လိုက်ခဲ့ပါလား၊ မျက်လှည့် ဝိုင်းမှာ ကူညီပေးပေါ့…
ဖိတ်ခေါ်လေ၏။ ချောမေကသက်ပြင်းချ
၍…. ငါက လူသတ်မှုကျူးလွန်ခဲ့တဲ့ ရာဇဝတ်ကောင်ဆိုတာ နင်မေ့နေပြီလား…
ဟု ရေရွတ်လေ၏။ လူငယ်က ခေါင်းခါ၍
..ရာဇဝတ်အုပ်ဟာ အစ်မသတ်လို့သေတာမဟုတ်ပါဘူး၊ အဘိုးကပြောဖူးတယ်၊
သတ်ခြင်းမရှိဘူး၊ သေခြင်းပဲရှိတယ်တဲ့၊ ရာဇဝတ်အုပ်ဟာ သေချိန်တန်လို့သေသွားတာပါ….ဟု ပြောလေရာ ချောမေသည် လူငယ်၏စကားကြောင့် တွေဝေသွားပြီး
အင်း ဒါဆိုရင် ငါ့ယောက်ျား ကိုတင်မောင် သေရတာလဲသေချိန်တန်လို့ သေသွားတာများလား….
ဟု တီးတိုးရေရွတ်လိုက်လေ၏။ လူငယ်က ဆက်လက်၍ ….အဘိုးက မှာထားဖူးတယ်၊ ဒုက္ခရောက်နေသူကို ကူညီရမယ်တဲ့အစ်မ နေဖို့စားဖို့ အခက်အခဲရှိတယ်ပုလိပ်ရန်က လွတ်အောင်လဲ ရှောင်ရဦးမယ်၊ ဒါကြောင့် ကျွန်တော်နဲ့ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်၊ ကျွန်တော်ဟာ မျက်လှည့်ပညာနဲ့ အသက်မွေး ဝမ်းကြောင်း ပြုတယ်၊ ကမ္ဘာပေါ်မှာ မျက်လှည့် ဟာ ကျွန်တော်အမြတ်နိုးဆုံးပညာပဲ၊ စားတာသောက်တာကတော့ ဖြစ်သလိုပဲ စားသောက်ရမယ်၊ နေဖို့ထိုင်ဖို့ကတော့ ကမ္ဘာမြေကြီး ဟာ ကျွန်တော်ရဲ့အိမ်ပဲဟုပြောလေရာ ချောမေသည် လူငယ်နှင့် လိုက်သင့် မလိုက်သင့် စဉ်းစားနေ၏။ လူငယ်သည်ဆယ်ကျော်သက်အရွယ်သာ ရှိသော်လည်းကျားသတ္တဝါဖြစ်သဖြင့် သူမအား အန္တရာယ်ပြုနိုင်၏။
ကိုတင်မောင် မရှိသည့်နောက်ပိုင်းတွင် ဆန့်ကျင်ဘက်ယောက်ျားများနှင့် ခပ်ကင်းကင်းနေရန် စဉ်းစားမိ၏။ သို့သော် သူမသည် ခိုကိုးရာကင်းမဲ့နေပြီး ခြေဦးတည့်
ရာသွားလာနေရ၏။
ကြာလျှင် အန္တရာယ်နှင့်တွေ့ကြုံနိုင်၏။ ရာဇဝတ်အုပ် သေဆုံးမှုနှင့် ပတ်သက်၍ ပုလိပ်များကလည်း သူမကို ရှာဖွေနေ လောက်၏။ လူငယ်သည် ရိုးသားပွင့်လင်းသော အမူအရာရှိ သဖြင့် သူမအား အန္တရာယ် မပေးတန်ရာ။
လူငယ်သည် ချီတုံချတုံဖြစ်နေသော ချောမေအားကြည့်၍ ရယ်မောကာ အစ်မမျက်လုံးထဲမှာ မယုံသင်္ကာမှု အရိပ်အယောင်တွေကို တွေ့ရတယ်၊ အဘိုးကပြောဖူးတယ်၊ လူဆိုတဲ့သတ္တဝါဟာ ကောက်ကျစ်စဉ်းလဲမှုအများဆုံး သတ္တဝါဖြစ်သလို ကရုဏာစိတ် အများဆုံး သတ္တဝါလဲဖြစ်တယ်တဲ့၊ ကျွန်တော့်ရင်ထဲမှာ ကောက် ကျစ်စဉ်းလဲမှုမရှိဘူး၊ ကရုဏာစိတ်တွေပဲရှိတယ်။ အစ်မယုံရင် ကျွန်တော်နဲ့လိုက်ခဲ့၊ မယုံရင်လဲ နေခဲ့ရုံပဲရှိတာပေါ့….ဟု ဆိုလိုက်ရာ ချောမေသည် လောလောဆယ် လူငယ်နှင့် လိုက်ပါရန် ဆုံးဖြတ်လိုက်၏။ ရှေ့ဆက်ပြီး လူငယ်၏အရိပ်အခြည် ကို ကြည့်၍ လမ်းခွဲသင့်လျှင် ခွဲရမည်ဟု ဆုံးဖြတ်လိုက်၏၊ ထို့ကြောင့် ချောမေက
လောလောဆယ် မင်းနဲ့လိုက်ပါရစေမင်းအကောက်ကြံရင်တော့ ရာဇဝတ်အုပ်နောက် လိုက်သွားရမယ်၊ ခေါင်းငုံ့ခံမယ် မထင်နဲ့….ဟု ပြောဆိုလိုက်လေရာလူငယ်က ရယ်မော၍ ရာဇ၀တ်အုပ်နောက်လဲ မလိုက်ချင်ပါဘူး၊ အကောက်လဲ မကြံဝံ့ပါဘူး၊ အစ်မ ကျွန်တော့်နောက်လိုက်မယ်ဆိုတာ ဝမ်းသာပါ တယ်၊ ဝမ်းသာခြင်းအထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ မနက်စာ စားရအောင်….ဟုဆိုကာ သူ၏လွယ်အိတ်ကြီးထဲမှ ပေါင်မုန့်ကြီးတစ်လုံးကို ထုတ်၍ ဓားဖြင့်လှီးဖြတ်၏၊ ထို့နောက် ဇရပ်အောက်သို့ဆင်းကာ မီးမွှေးပြီး ငါးသေတ္တာတစ်ဘူးကို နွေးလေ၏။ ငါးသေတ္တာ နွေးလာသောအခါ ပေါင်မုန့်နှင့်တို့၍ စားသောက်ကြ၏၊ ပြီးနောက် လွယ် အိတ်ထဲမှ ဖီးကြမ်းငှက်ပျောသီးနှစ်လုံးကိုထုတ်၍ စားသောက်၏။ ရေဘူးမှ ရေကိုသောက်၏။
ဗိုက်ပြည့်သွားသောအခါ လူငယ်က ဆေးဘူးအနီလေးကို ထုတ်၍…ပွန်းရာပဲ့ရာတွေကို လိမ်းလိုက်ပါအစ်မ….ဟုဆိုကာ ဇရပ်အောက်သို့ ဆင်းသွားလေ၏၊ ချောမေသည် သူမ၏ဒဏ်ရာဒဏ်ချက်များကို ဆေးလူးလေ၏။
ခဏကြာလျှင် လူငယ်ပြန်ရောက်လာပြီးလျှင်…ကျွန်တော်တို့ ကားလမ်းကိုရောက်အောင်သွားပြီး ကားကြုံနဲ့ ဒိမြို့ကဝေးအောင် ပြေးကြမယ်၊ ဒါမှပုလိပ်တွေလက်က လွတ်မယ်… ဟုပြောလေရာ ချောမေက လူငယ်ကိုကြည့်၍ သက်ပြင်းချလိုက်ပြီး
… မင်းလဲငါ့အတွက်ကြောင့် ရာဇဝတ်မှု ကျူးလွန်တဲ့သူကိုအားပေးအားမြှောက်ပြုတဲ့သူ ဖြစ်နေပြီ….ဟုပြောလေ၏၊ လူငယ်ကရယ်မော၍.. ရာဇ၀တ်မှုကျူးလွန်ခြင်း၊ မကျူးလွန်ခြင်းဆိုတာ ကျွန်တော် နဲ့ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး၊ တရားသူကြီးနဲ့သာ ဆိုင်တဲ့ကိစ္စဖြစ်တယ်၊ ကျွန်တော့်ရှေ့မှာတော့ အစ်မဟာ ဒုက္ခသည်၊ ဒုက္ခရောက်နေသူကိုကူညီရမယ်လို့ အဘိုးကမှာကြားထားတယ်… ဟုပြောလေရာ ချောမေက မျက်မှောင်ကြုတ်၍
…မင်းစကားပြောရင် အဘိုးကပြောတယ်လို့ ထည့်ပြောတတ်တယ်၊ မင်းအဘိုးကဘယ်မှာလဲ…ဟုမေးမြန်းလေ၏။ လူငယ်က….သေပြီ ပေါ့ဗျ၊ ဒါပေမယ့် အဘိုးကပြောတယ်သေတယ် ဆိုတာ မရှိပါဘူးတဲ့၊ အခြင်းအရာလေးတစ်ခု ပြောင်းလဲသွား တာကို လူတွေက သေတယ်လို့ဆိုတာပါတဲ့၊ လူတွေဟာ ဘယ် တော့မှ မသေဘူးလို့ ပြောတယ်…ဟုပြောလေရာ လူငယ်၏ စကားကို နားမလည်သဖြင့် ချောမေက စကားဖြတ်လိုက်ပြီး ငါ့နာမည် ချောမေတဲ့၊ မင်းနာမည်ပြောပါဦး….
ဟုမိတ်ဆက်လိုက်၏။ လူငယ်က
…ကျွန်တော့်နာမည် မိုးစက်တဲ့၊ ကျွန်တော်နဲ့တွေ့တဲ့ သူတိုင်း မိုးစက်မိုးပေါက်လေးတွေနဲ့ပက်သလို အေးမြသွားစေမယ်ဆိုတဲ့ နိမိတ်ပေါ့….ဟုဆိုလိုက်ရာ ချောမေက ပြုံး၍…
ဟုတ်တယ်၊ မင်းနာမည်နဲ့မင်း သိပ်လိုက်ဖက်တာပဲ၊ မင်းကို မြင်မြင်ချင်း ငါ့ရင်ထဲမှာ ငြိမ်းချမ်းသွားတယ်၊ ဒါကြောင့် သူစိမ်း ယောက်ျားတစ်ယောက်နဲ့ လိုက်ဖို့ဆုံးဖြတ်ခဲ့တာပဲ….ဟုပြောလေ၏။
ထို့နောက်တွင်မူ ချောမေနှင့်မိုးစက်သည် ဇရပ်မှထွက်၍ ကားလမ်းမသို့ရောက်အောင် လျှောက်ခဲ့လေ၏။

အဝေးပြေးလမ်းမသို့ရောက်သောအခါ လော်ရီကားကြီး တစ်စီးကိုတား၍ လမ်းကြုံလိုက်ခဲ့လေ၏။ လော်ရီကားကြီးသည် မြန်မာပြည်အလယ်ပိုင်းမြို့များကို ကျော်ဖြတ်ခဲ့လေ၏။ မြို့တစ်မြို့ သို့ရောက်သောအခါ မိုးစက်က ဒရိုင်ဘာအား ကားခပေး၍ ကား ပေါ်မှ ဆင်းခဲ့လေ၏။ မိုးစက်က ချောမေ ဘက်သို့လှည့်၍
….ဟိုးအရင်က မျက်လှည့်ပြရင် ကျွန်တော်တစ်ယောက် တည်းရှိတော့ မျက်လှည့်ပြတဲ့အလုပ်နဲ့ ဘင်တီးတဲ့အလုပ်ကို တစ် လှည့်စီလုပ်ရတယ်၊ အခုတော့ ဘင်တီးတဲ့အလုပ်ကို အစ်မလုပ် ပေတော့….ဟုဆိုကာ ဈေးအနီးရှိ သစ်ပင်ရိပ်သို့သွားကာ မျက်လှည့် စတင်ရန် တရပတ်နှင့် ကတ္တီပါစကို ခင်းကျင်းပြင်ဆင်လေ၏၊ ကတ္တီပါစပေါ်သို့ မျက်လှည့်ပစ္စည်းများ ပြင်ဆင်ပြီးသောအခါ ချောမေက ဘင်ကိုထု၍ လူစုပေးလေ၏။ ခဏအကြာတွင် လူစုလူ ဝေးကြီး ဖြစ်သွားလေ၏။ ထိုအခါ မိုးစက်က မျက်လှည့်ပြကွက် များကို စတင်လေ၏။ မိုးစက်၏ မျက်လှည့်ပြကွက်များသည် စိတ်ဝင်စားဖွယ်ကောင်းလှသဖြင့် လူများသည် နှစ်သက်စွာ အား ပေးကြ၏။ စည်းဝိုင်းအတွင်းသို့ ငွေများပစ်ထည့်ပေးကြ၏။
မျက်လှည့်ပွဲပြီးသောအခါ ငွေ ၅ိ/ကျပ်နီးပါးရသဖြင့် ချောမေသည် မျက်လုံး
ပြူးသွားလေ၏။ မိုးစက်က ရယ်မော
၍ ….. ဘယ်လိုလဲအစ်မငွေရချောင်တယ် ထင်လို့လား၊ ဒီမြို့က စည်ကားတဲ့မြို့ဖြစ်လို့အခုလိုရတာ… ဟု ပြောလေ၏။ ချောမေက စဉ်းစားတွေးတောဟန်ဖြင့် မျက်လှည့်ဆိုတာ လိမ်တာပဲမဟုတ်လား… ဟုမေးမြန်းလေရာ မိုးစက်က..လိမ်တယ်လို့ မပြောပါနဲ့အစ်မ၊ လှည့်စားတယ်လို့ ပြောပါ၊ မျက်လှည့်ပညာရှင်တွေက ပရိသတ်ကို မရိုးသားတဲ့ သဘောနဲ့ လိမ်ညာစားတာမဟုတ်ပါဘူး၊ ပညာရပ်ရဲ့ ဂုဏ်သိက္ခာ ကို စောင့်သိရိုသေတဲ့သဘောနဲ့ လှည့်စားတာပါ၊ မျက်လှည့် ပညာရဲ့ သဘောဟာ မသိရင်အလွန်စဉ်းစားရကြပ်သလောက် သိသွားရင် အလွန်လွယ်ကူပါတယ်ဒါကြောင့် မျက်လှည့်ပွဲတွေမှာ ပြကွက်ရဲ့ လျှို့ဝှက်ချက်ကို သိတဲ့သူပါလာရင် နှုတ်စောင့်စည်းဖို့ အလွန်အရေးကြီးပါတယ်…
ဟု ရှင်းလင်းပြလေ၏။ မိုးစက်သည် ထိုမြို့၏ဈေးအတွင်းသို့ သွား၍ အင်္ဂလိပ်စစ်တပ်မှ ထုတ်ရောင်းသော ကာကီအင်္ကျီနှင့် ဘောင်းဘီများကို ဝယ်ယူလေ၏။ ပြီးနောက် ချောမေဘက်သို့လှည့်ကာ…အစ်မ၊ ကာကီအင်္ကျီနဲ့ ဘောင်းဘီကို ဝတ်လိုက်ပါအင်္ကျီရော ဘောင်းဘီပါအပွကြီးတွေမို့ အစ်မနဲ့တော်မှာပါ…ဟု ပြောလေရာ ချောမေက နှာခေါင်းရှုံ့၍ “ လုံချည်နဲ့နေလို့မရဘူးလား”ဟု မေးမြန်းလေ၏၊ မိုးစက်က
“ ကျွန်တော်တို့အလုပ်က ခြေသလုံးအိမ်တိုင် သွားလာနေရတာဗျ၊ ကာကီအင်္ကျီနဲ့ ဘောင်းဘီက အလွန်အကြမ်းခံတယ်၊ အပေအတေလဲ ခံနိုင်တယ်၊ လုံချည်ထက်ပိုပြီး လွတ်လွတ်လပ်လပ် နေလို့ရတယ်…
ဟု တိုက်တွန်းလေရာ ချောမေလည်း
မငြင်းသာတော့ဘဲ အမျိုးသမီးရေအိမ်သို့သွား၍ ကာကီအင်္ကျီနှင့်ဘောင်းဘီကို လဲလှယ်ဝတ်ဆင်လေ၏။
အဝတ်အစားများ လဲလှယ်ပြီးသောအခါ ကာကီရောင် ဝတ်စုံနှင့် ချောမေ၏ရုပ်သွင်မှာ လိုက်ဖက်ညီလွန်းသဖြင့် မိုးစက်ပင်
ပါးစပ် အဟောင်းသားဖြစ်သွားလေ၏၊ နှုတ်မှလည်း “ အစ်မနဲ့သိပ်လိုက်တာပဲ၊ ကြည့်လို့အလွန်ကောင်းတယ်…
ဟု ချီးမွမ်းလေရာ ချောမေသည် ရှက်ကိုးရှက်ကန်း ဖြစ်သွားလေ၏။
မိုးစက်သည် ချောမေ၏ရှည်လျားသောဆံပင်များကို ယောက်ျားတစ်ယောက်ကဲ့သို့ ဖြတ်ခိုင်းပြန်၏။ မိုးစက်က .. အစ်မက သိပ်ချောသိပ်လှတယ်၊ မိန်းကလေးတစ်ယောက်လို
နေရင် အန္တရာယ်များတယ်၊ ယောက်ျားတစ်ယောက်လို နေမှဖြစ်မယ်..
ဟုပြောလေ၏၊ ချောမေလည်း ဆံပင်တိုတိုညှပ်ပြီး ဦးထုပ် ဆောင်းလိုက်သောအခါ ယောက်ျားတစ်ယောက်ကဲ့သို့ ဖြစ်သွား
လေ၏။

ဤသို့ဖြင့် ချောမေနှင့် မျက်လှည့်ဆရာမိုးစက်သည် အဆွေခင်ပွန်းဖွဲ့၍ ဖြူစင်သန့်ရှင်းစွာနေထိုင်ခဲ့၏။ မိုးစက်သည် အနီးကပ် ပေါင်းကြည့်သောအခါ လွန်စွာရိုးသားတည်ကြည်သော လူငယ် တစ်ဦးဖြစ်မှန်း တွေ့ရလေ၏။ သူသည် အရွယ်နှင့်မလိုက်အောင် ရင့်ကျက်သူတစ်ဦးလည်းဖြစ်၏။

တစ်နေ့သ၌ မိုးစက်နှင့်ချောမေသည် ရှမ်းပြည်တောင်ပိုင်း မြို့ကလေးတစ်မြို့၌ မျက်လှည့်ပြရင်း ရောက်နေလေ၏။ မျက်လှည့် ပွဲပြီးသောအခါ ဘုန်းကြီး
ကျောင်းတစ်ကျောင်း၌ ခွင့်တောင်း၍
တည်းခိုလေ၏။

ချောမေသည် ယောက်ျားလေးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားပြီး သက္ကလပ်ဦးထုပ်ကို အမြဲဆောင်းထားသဖြင့် သူမအား အမျိုးသမီးတစ်ယောက်ဟု ထင်သူရှားလ၏။ ညသို့ရောက်သောအခါ ချောမေက..“ မိုးစက်၊ ဗိုက်ဆာတယ်ကွာ၊ မြို့ထဲကိုသွားပြီး တစ်ခုခု စားရအောင်၊ တရုတ်စာစားရင်ကောင်းမယ်….
ဟု ပူဆာသဖြင့် ချောမေတို့နှစ်ယောက်သည် မြို့စွန် ဘုန်းကြီးကျောင်းလေးမှ ထွက်ခဲ့လေ၏။ မြို့တွင်းသို့မဝင်မီ မီးရောင် မှိန်မှိန် လင်းနေသော တရုတ်ခေါက်ဆွဲဆိုင်ကလေးကိုမြင်သဖြင့် ဆိုင်ထဲသို့ ဝင်ခဲ့၏။ ဆိုင်ထဲတွင် မီးလင်းဖိုကြီးတစ်ဖို ဖိုထားပြီးလျှင် စားပွဲဝိုင်းတစ်ဝိုင်းတွင် အရက်သောက်နေသူ သုံးယောက်ကိုတွေ့ရ၏။ ဆိုင်ရှင် တရုတ်ကြီးသည် ငွေရှင်းစားပွဲတွင် အိပ်ငိုက်နေပြီး စားပွဲထိုးလူငယ် အနားသို့ရောက်လာ၏။
…ဘာစားမလဲ….
ဟု မေးမြန်းလေ၏။ ချောမေက ခေါက်
ဆွဲကြော်၊ အစိမ်း ကြော်နှင့် ထမင်းများကို မှာလေ၏။ မကြာမီ အငွေ့တထောင်း ထောင်းထနေသော စားသောက်ဖွယ်ရာများ ရောက်ရှိလာသဖြင့်ချောမေက
“ ဆာနေတာနဲ့အတော်ပဲ စားကြရအောင်.. ဟုဆိုကာ သူမ၏ဦးထုပ်ကိုချွတ်၍ စားပွဲပေါ်သို့ တင်လေ၏။ ထိုအခါ ချောမောလှပသော သူမ၏ရုပ်သွင်ပေါ်လာ၏။ မိုးစက်နှင့် ချောမေသည် တရုတ်ဟင်းလျာများကို ခေါင်းမဖော်တမ်း စားသောက်လေ၏။
စားသောက်ပြီးစီးသောအခါ မိုးစက်က စားပွဲထိုးလူငယ်ကိုခေါ်၍ “ ဘယ်လောက်ကျလဲ…ဟု မေးမြန်းလေရာ လူငယ်က ခေါင်းကုတ်၍ “ အစ်ကိုတို့ဝိုင်းကို ဟိုဘက်ဝိုင်းက ရှင်းလိုက်ပါပြီ .. ဆိုသဖြင့် မိုးစက်က လှည့်ကြည့်လိုက်သောအခါ ချောမေ၏ကိုယ်လုံးအား မျက်လုံးကျွတ်မတတ် စူးစိုက်ကြည့်နေ သော လူသုံးယောက်ကို တွေ့ရလေ၏။ ချောမေက စားပွဲထိုးဘက်သို့လှည့်၍ “ သူတို့ပိုက်ဆံကို ပြန်ပေးလိုက်ပါ၊ ငါတို့ဘာသာ ရှင်းမယ်” ဟု ဆိုလိုက်ရာ လူကြမ်းရုပ်ပေါက်နေသူက ရယ်မော၍ ချောမေအနီးသို့ရောက်လာပြီး…မင်းလို အချောအလှလေးတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ ချင်လို့ပါ၊ ငါ့နာမည်က အိုက်စံလို့ခေါ်တယ်၊ ဒီဒေသတဝိုက် မှာတော့ အိုက်စံကို မသိတဲ့သူမရှိဘူး… ဟုဆိုလိုက်ရာ ချောမေက ၎င်းကို စကားမတုံ့ပြန်ဘဲ ထိုင်ရာမှထရပ်၍ မိုးစက်အား ပြန်ရန်ပြောလေ၏။ မိုးစက်က ချောမေစကားကို မကြားဟန်ဖြင့်နေ၏။
ထိုအခါ လူကြမ်းနှင့်တူသူသည် ပိုမိုအတင့်ရဲလာပြီး “ မပြန်ပါနဲ့ဦးကွာ၊ ငါတို့နဲ့စကားပြောပါဦး” ဟုဆိုကာ ချောမေ၏လက်ကို ဆွဲ၍ ၎င်းတို့၏ဝိုင်းသို့ ဆွဲခေါ်လေ၏။ ချောမေသည် အိုက်စံ၏လက်မှ ရုန်းထွက်လိုက်ပြီး ၎င်း၏ပါးကို ဖြန်းကနဲမြည်အောင် ချလိုက်လေ၏။ အိုက်စံသည် မမျှော်လင့်ဘဲ ခံလိုက်ရသဖြင့် ဒေါသဖြစ်သွားပြီး
“ ကောင်မ၊ တော်တော်လက်သွက်ပါလား၊ မင်းကရမ်းတော့လဲ ငါတို့က ကြမ်းရတော့မှာပေါ့၊ ဒီနေ့ည နင့်ကို အရှင် လတ်လတ်
ငရဲပြည်ပို့ပေးမယ်…
ဟုဆိုကာ ချောမေအား မှောင်ရိပ်သို့ ဆွဲခေါ်လေ၏။ ၎င်း၏အဖော်နှစ်ဦးက တဟားဟားရယ်မော၍ ည အိပ်တည်းခိုသူများ အိပ်စက်လေ့ရှိသော ဖျာနှင့်ခေါင်းအုံးကို ခင်းကျင်းလေ၏။
၎င်းတို့သည် မိုးစက်အား လူငယ်တစ်ယောက်ဟု ယူဆကာ ဂရုစိုက်ဟန်မရှိပေ။ ထိုစဉ် မိုးစက်က ခါးကြားမှ တစ်စုံတစ်ရာ ကို ထုတ်၍ လေသံမာမာဖြင့်…ဟေ့ကောင်တွေ၊ တစ်ယောက်မှမလှုပ်နဲ့၊ ငရဲပြည်ရောက်သွားမယ်…
ဟု ကြိမ်းမောင်းလိုက်လေရာ လူကြမ်းသုံးယောက်သည် မိုးစက်အား တအံ့တဩလှည့်ကြည့်လေ၏။ ၎င်းတို့ အထင်သေးထားသောလူငယ်သည် ခြောက်လုံပြူးတစ်လက်ဖြင့် ချိန်ထားလေ၏။ မိုးစက်က ခြောက်လုံးပြူးကို ခေါင်မိုးပေါ်သို့ ဒိုင်းကနဲပစ်ကနဲ ပစ်ကာ…လွှတ်လိုက်စမ်း…
ဟု အမိန့်ပေးလိုက်လေ၏။ ထိုအခါ လူကြမ်းများသည် ထိတ်လန့်ပြီး ချောမေကို လွှတ်ပေးလိုက်လေ၏။ ချောမေအနီးသို့ ပြန်ရောက်သောအခါ မိုးစက်က
” ဟေ့လူတွေ၊ ကျုပ်စိတ်မပြောင်းခင် မျက်စိရှေ့က မြန်မြန်ထွက်သွားစမ်း…
ဟု ဆိုလိုက်ရာ လူကြမ်းများသည် ဆိုင်ထဲမှ အူရား ဖားယား ပြေးထွက်သွားကြလေ၏။၎င်းတို့ထွက်သွားသောအခါမှပင် ချောမေနှင့်မိုးစက်သည် ဆိုင်ထဲမှထွက်၍ တည်းခိုရာ ဘုန်းကြီးကျောင်းသို့ ပြန်ခဲ့လေ၏။ အပြန်လမ်းတွင် ချောမေက
“ နင့်မှာသေနတ်ရှိလို့ တော်သေးတာပေါ့၊ သေနတ်သာ မကယ်ရင် သေချင်းဆိုးတွေ စော်ကားတာကို ငါခံရမယ်၊ ဒါနဲ့ နင့်မှာ သေနတ်ရှိတာ ငါ့ကို ဘာလို့မပြောတာလဲ…
ဟု မေးမြန်းလေရာ မိုးစက်က တဟားဟားရယ်မော၍ ချောမေ၏လက်ထဲသို့ ခြောက်လုံးပြူးသေနတ်ထည့်ကာ
“ အစ်မ မနက်ကျရင် ဟောဒီသေနတ်ကို သေသေချာချာကြည့်၊ ဒါသေနတ်အစစ်မှမဟုတ်တာ၊ မျက်လှည့်ပြရင်သုံးတဲ့
သေနတ်ဗျ၊ ဟိုးအရင်က ဒီပြကွက်ကို ကျွန်တော်ပြလေ့ရှိတယ်၊ နောက်ပိုင်းတော့ ပုလိပ်တွေက စစ်လား ဆေးလားလုပ်တာနဲ့ မပြ တော့ဘူး…ဟုဆိုလေ၏။ ချောမေသည် မိုးစက်၏သေနတ်အတုကို သေချာစွာကိုင်တွယ်ကြည့်၍ ““ နင့်သေနတ်က အတုသာဆိုတယ်၊ ဆိုင်ထဲမှာ မိုးပေါ် ကိုထောင်ပြီး ပစ်လိုက်တာ အသံကြီး ဟိန်းထွက်သွားတာပဲ ဟုပြောဆိုလေရာ မိုးစက်က ထပ်မံရယ်မော၍ ,,
““ အဲဒါ မျက်လှည့်ပြလိုက်တာအစ်မရဲ့၊ ခေါင်မိုးကို ထောင်ပစ်ပေမဲ့ ခေါင်မိုးမှာ အပေါက်မှ ဖြစ်မသွားတာ၊ အိတ်ထဲမှာ အသင့် ဆောင်ထားတဲ့ ယမ်းအိုးကိုယူပြီး ဆေးလိပ်မီးနဲ့တို့ဖောက်လိုက် တာဗျ…
ဟုရှင်းလင်းပြလေရာ ချောမေသည် တအံ့တဩဖြစ်ပြီး ရယ်မောလေ၏။ မိုးစက်က ဆက်လက်၍
“ ဘုန်းကြီးကျောင်းမှာ အစ်မ ဗိုက်ဆာတယ်ပြောကတည်းက သေနတ်ကိုဆောင်ခဲ့ဖို့ သတိရတယ်ဗျ၊ ဒိနယ်တဝိုက်မှာ ညဘက်ဆို စိတ်မချရဘူး၊ ဒီလိုအန္တရာယ်မျိုး တွေ့ နိုင်တယ်ဆိုတာ ကြိုသိထားတယ်…
ဟု ပြောလေတော့၏။

ချောမေသည် မိုးစက်နှင့်အတူ နေထိုင်ရင်း သူမ၏ဘဝ နောက်ကြောင်းကို မေ့လျော့ထားလေ၏။ သူမသည် ပုလိပ်များ၏ ညှင်းပန်းနှိပ်စက်မှုခံရသော ကိုတင်မောင်
၏အဖြစ်ကို သတိရတိုင်း မျက်ရည်ပိုးပိုးပေါက်ပေါက်ကျ၏။ တဏှာရူးရာဇဝတ်အုပ်ကို သတ်ဖြတ်မှုကြောင့် ပုလိပ်များက သူမအားရှာဖွေနေဆဲလားမသိ။
သူမကတော့ ရာဇဝတ်ဘေးမှ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်၏။
ပိုးစက်နှင့်အတူနေရစဉ် ကာလများသည် ပျော်ရွှင်ဖွယ်အတိဖြစ်၏။ မိုးစက်သည် သူမအား အစ်မရင်းကဲ့သို့ သံယောဇဉ် ငြိတွယ်နေပုံရ၏။ ခရီးလမ်းတစ်လျှောက်လုံး လိုလေသေး မရှိ အောင်စောင့်ရှောက်၏။

မိုးစက်၏ဘဝသည် သူမဘဝနှင့်တူ၏။ သူသည် မိဘဆွေမျိုး များမရှိတော့ဘဲ တစ်ကောင်ကြွက်နေထိုင်သူဖြစ်ကြောင်း သိရ၏။ ယခုတော့ တစ်ကောင်ကြွက်နှစ်ဦးပေါင်းသင်းမိချေပြီ။
သူမသည် အားလပ်သောအချိန်များ၌ မိုးစက်ထံမှ မျက်လှည့်ပညာများကိုသင်ယူလေ၏။
မိုးစက်ကလည်း စိတ်ရှည်လက်ရှည်သင်ပြပေး၏။ မျက်လှည့်ပညာသည် သင်ယူရင်း စိတ်ဝင်စားဖွယ်ကောင်းလာပြီး လျှို့ဝှက်
နက်နဲကြောင်း သိလာ၏။

တစ်ခါတစ်ရံ မျက်လှည့်ဝိုင်းများတွင် သူမကိုယ်တိုင် ဝင်ရောက်၍ မျက်လှည့်ပြလေ၏။ သူမ၏ပြကွက်များသည် ရိုးစင်းသောပြကွက်များပင်ဖြစ်သော်လည်း ချဝ်စဖွယ်အမူအယာကြောင့် ပရိသတ်များ စွဲငြိကြ သည်။

ချောမေပြလေ့ရှိသော မျက်လှည့်နည်းများမှာ ရောင်စုံပူပေါင်းလေးများကို အဝါမှအနိအနီမှအပြာ စသည်ဖြင့် ပြောင်းလဲ ပြခြင်း၊ ပရိသတ်ထဲမှ ပိုက်ဆံတစ်ရွက်ကို တောင်းယူ၍ နှစ်ရွက် ဖြစ်အောင် ပြသခြင်း၊ ကြက်ဥတစ်လုံးကို ဇလုံထဲသို့ထည့်၍ အခြားဇလုံတစ်လုံးနှင့် အုပ်လိုက်သောအခါ ကြက်ဥများဆပွားလာခြင်းစသည့်ပြကွက်များပင်ဖြစ်၏။

♥♥♥♥♥

တစ်နေ့သ၌ မိုးစက်နှင့် ချောမေသည် မြေလတ်ပိုင်းမြို့တစ်မြို့သို့ လော်ရီကားကြီးဖြင့် လမ်းကြုံလိုက်ခဲ့လေ၏။ မြို့နှင့်နီးသောအရပ်သို့ ရောက်သောအခါ လော်ရီကား ကြီးသည် ဖွတ်ချက်ဖွတ်ချက်မြည်၍ ထိုးရပ်သွားလေ၏။ ဒရိုင်ဘာက
.. ကားပျက်ပြီဟေ့၊ မင်းတို့နှစ်ယောက် ဒီကနေဆင်းပြီး လျှောက်သွားပေတော့၊ ခဏကြာရင် မြို့ထဲကိုရောက်လိမ့်မယ် ဟုပြောလေ၏။ မိုးစက်တို့သည် မျက်လှည့်ပစ္စည်းများကိုသယ်ဆောင်၍ မြို့ဆီသို့ တရွေ့ရွေ့လှမ်းလျှောက်ခဲ့လေ၏။ ခဏကြာလျှင် ထမင်းဆိုင်တစ်ဆိုင်ကိုမြင်၍ နှစ်ယောက်သား ထမင်းဝင်စားလေ၏။ ထမင်းစားသောက်ပြီးစီးသောအခါ ညမှောင်ရီသန်းစပြုနေဖြစ်သဖြင့် မိုးစက်က ထမင်းဆိုင်ရှင် လူကြီးအားခေါ်၍
… ဦးလေး၊ ဒီနားမှာ တည်းခိုဖို့ ဘုန်းကြီး
ကျောင်းမရှိဘူးလား…
ဟုမေးမြန်းလေရာ လူကြီးက မျက်မှောင်
ကြုတ်၍ ..ရှိတော့ရှိတယ်၊ ဒါပေမဲ့ မင်းတို့ တည်းလို့ ဖြစ်မှာမဟုတ်ဘူး…
ဟု ပြောလေ၏။ လူကြီးစကားဆန်းနေသဖြင့် မိုးစက်က …ဘာဖြစ်လို့ တည်းမရတာလဲဦးလေးရဲ့၊ ဆရာတော်ကဧည့်သည်လက်မခံလို့လား…ဟုမေးမြန်းလေရာ လူကြီးက မျက်စိမျက်နှာပျက်သွားပြီး
…မဟုတ်ပါဘူးဗျာ၊ မင်းတို့တည်းလို့ကို မဖြစ်တာပါ၊ မြို့ ထဲကိုသာရောက်အောင် လျှောက်သွားကြပါ…ဟုပြောလေ၏။ မိုးစက်က မကျေနပ်နိုင်သေးဘဲ…ကျွန်တော်တို့ ဘုန်းကြီးကျောင်းမှာပဲ တည်းချင်တယ်ကျောင်းကိုပဲ လမ်းညွှန်ပေးပါ ”..ဟု ဆိုလိုက်ရာ လူကြီးက ထိတ်လန့်ဟန်ဖြင့်
…ဒီမှာသူငယ်၊ ကျုပ်စေတနာနဲ့ပြောတာ နားထောင်ပါကျုပ်ပြောတဲ့ကျောင်းက သူရဲအလွန်ခြောက်တယ်၊ ခြောက်တဲ့ သူရဲကလည်း ကျောင်းထိုင်ဦးနန္ဒကိုယ်တိုင်ပဲ၊ ဒီကျောင်းမှာ ကျောင်းထိုင်လုပ်ဖို့ရောက်
လာတာ၊ ဘုန်းကြီးငါးပါးရှိပြီဘုန်း ကြီးတွေအားလုံး ပြန်ပြေးရတာပဲ၊ ဒါကို ဒီမြို့တစ်မြို့လုံးသိ ကြတယ်၊ကျောင်းကြီးဟာ အလွန်ကြောက်စရာကောင်းလွန်းလို့ ညအချိန်မဆိုထားနဲ့ နေ့အချိန်မှာတောင် ဘယ်သူမှမသွားရဲ ကြဘူး…ဟုဆိုလိုက်ရာ ချောမေသည် ကြက်သီးတဖြန်းဖြန်းထသွားပြီး မိုးစက်၏အနီးသို့ တိုးကပ်လေ၏။အနီးသို့ရောက်လာသော ထမင်းဆိုင်ရှင် အဒေါ်ကြီးလည်း ဝင်ရောက်၍…ဟုတ်တယ်သူငယ်၊ ဦးနန္ဒဟာ လုံးဝမကျွတ်ဘူးဘုန်းကြီး တစ္ဆေဖြစ်နေတော့ ဘုရားစာတွေရွတ်လဲ မထူးဘူးပေါ့ ကွယ်…ဟုပြောလေရာ မိုးစက်က ခေါင်း
ညိတ်၍…စိတ်ဝင်စားစရာအလွန်ကောင်းတာပဲ၊ ဦးနန္ဒအကြောင်းပြောပြပါဦး””
ဟုဆိုလေ၏။ အဒေါ်ကြီးက ဆက်လက်၍ “ဦးနန္ဒ မပျံလွန်မိက တရားဟောအလွန်ကောင်းလို့ ဒီနယ်တကြောမှာ တရားပွဲမှန်ရန် ဦးနန္ဒမပါရင် မပြီးသလောက်ကို ဖြစ်နေတာကွယ့်၊ ဦးနန္ဒဟာ ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ပညာမှာပဲ တစ်ဖက် ကမ်းခတ်အောင်တော်တယ်၊ အသံဩဇာကောင်းပြီး သိလပေးကောင်းလွန်းလို့ ဒီနယ်တကြောက ရှင်ပြုပွဲ၊ ကထိန်ပွဲ၊ ကျောင်းရေ စက်ချပွဲတွေမှာ
ဦးနန္ဒမပါရင် ပွဲမစည်ဘူးလို့တောင် ပြောလို့ရတယ်၊ ပစ္စည်းလေးပါး ဒါယကာတွေ ပေါလွန်းလို့ ကျောင်းကြီးကို ဟည်း နေအောင် ဆောက်တာကွယ့်၊ ကျောင်းမှာ ပန်ကာရှိတယ်၊ ဦးနန္ဒစိး တဲ့ကားရှိတယ်၊ အဘိုးတန်ပစ္စည်းတွေ အများကြီးရှိတယ်၊ ဦးနန္ဒဟာ ရရှိထားတဲ့ ပစ္စည်းလာဘ်လာဘတွေအားလုံး စုထားတယ်လို့ ပြောတယ်၊ ပေးကမ်းလှူဒါန်းခြင်းလဲ မရှိဘူး၊ ဘာကုသိုလ်မှလဲ လုပ်မသွားဘူးတဲ့၊
ဒါကြောင့် သူ့ပစ္စည်း တွေကို တွယ်တာစွဲလန်းပြီး ကျောင်းတိုက်ထဲမှာပဲ ဘုန်းကြီးတစ္ဆေ ဖြစ်နေတာကွယ့်…ဟု ထိတ်လန့်ဖွယ် ပြောလေရာ ချောမေက မိုးစက်၏အနီးသို့ တဖြည်းဖြည်းတိုးကပ်လာ၏။ ဆိုင်ရှင်လူကြီးက ပြောပြန်၏။ ဦးနန္ဒဟာ …သံပုရာခွံ ဦးထုပ်ဖြူဆောင်းရတဲ့ တစ္ဆေဖြစ် နေတယ်လို့ ပြောတယ်ဒီမြို့မှာ အခြောက်ခံရတဲ့သူ တော်တော် များတယ်၊ သူဟာ ကျောင်းပေါ်ရောက်လာတဲ့သူကို မနေဝံ့အောင် ခြောက်လွှတ်တာပဲ…
မိုးစက်သည် ဘုန်းကြီးတစ္ဆေဖြစ်နေသည်ဆိုသော ဦးနန္ဒ၏ အကြောင်းကို သေချာ နားထောင်ပြီးနောက်…ဒီနေ့ည ဦးနန္ဒကျောင်းမှာ ကျွန်တော်သွားအိပ်ချင်တယ်၊ သူရဲတစ္ဆေတွေအကြောင်းကို အနယ်နယ်အရပ်ရပ်မှာ ကျွန်တော် လေ့လာနေတာကြာပြီ၊ အခုလိုပြောပြပေးတာ ကျေးဇူးတင် ပါတယ်….ဟုဆိုလိုက်ရာ ဆိုင်ရှင်လူကြီးလင်မယားသာမက ချောမေပင် မယုံနိုင်အောင် ဖြစ်သွားပြီးလျှင် သူမက
… မိုးစက်၊ နင်ရူးနေလား၊ ဘုန်းကြီးတစ္ဆေခြောက်မှာ မကြောက်ဘူးလား…ဟု အသံတုန်တုန်ယင်ယင်ဖြင့် မေးမြန်းလေ၏။
မိုးစက်ကသက်ပြင်းချ၍….ဝိညာဉ်တွေ နာနာဘာဝတွေအကြောင်းကို ကျွန်တော့်
အဘိုးရှိစဉ်ကတည်းက လေ့လာနေတာအစ်မရဲ့၊ ကျွန်တော့်မှာ အတွေ့အကြုံရှိပြီးသားပါ၊ ကျွန်တော့်အတွက် မစိုးရိမ်ပါနဲ့၊ အစ်မ ဒီနေ့ည ဒီဆိုင်မှာပဲ ညအိပ်တည်းခိုလိုက်ပါ၊ ဦးလေးတို့ လင်မယားက ကျွန်တော့် အစ်မကို စောင့်ရှောက်ပေးပါ၊ လိုအပ်တဲ့ အခကြေးငွေကို ကျွန်တော်ပေးပါမယ်…ဟု တောင်းပန်လေရာ သဘောကောင်းဟန်ရှိသော ထမင်းဆိုင်ရှင်လူကြီးက…တစ်ညတည်းခိုရုံနဲ့ ပိုက်ဆံမပေးရပါဘူးကွာ၊ မြန်မာလူ မျိုးအချင်းချင်း ရိုင်းပင်းရမယ့် ဝတ္တရားရှိပါတယ်၊ ဒါပေမဲ့ ဦးနန္ဒ ကျောင်း ကိုတော့တစ်ယောက်တည်း မသွားစေချင်ဘူးကွာ၊ တော်ကြကြောက်ရွံ့
ပြီး လိပ်ပြာလွင့်သွားမှာစိုးလို့ပါ….ဟု
တားဆီးလေ၏။ ချောမေကလည်း မိုးစက်၏လက်ကိုဆွဲ၍
“ ဟုတ်တယ်မိုးစက် မသွားပါနဲ့ဟယ်၊ နင့်ကိုငါ စိတ်မချဘူး၊နင်ဘာလို့ဒီလောက်တောင် သတ္တိရှိနေတာလဲ၊ ဘုန်းကြီး တစ္ဆေ နဲ့တွေ့တော့ရော နင့်အတွက် ဘာအကျိုးထူးမှာလဲ… ဟု မေးမြန်းလေ၏။ မိုးစက်က ခေါင်းခါ၍…. ကျွန်တော့်ကို မတားပါနဲ့အစ်မရယ်၊ မစိုးရိမ်ပါနဲ့၊ ကျွန်တော်ဘာမှမဖြစ်ဘဲ ဒီဆိုင်ကို ပြန်လာမယ်လို့ ကတိပေးတယ် ဗျာ…ဟုခေါင်းမာမာဖြင့်ဆိုလေ၏။ နောက်ဆုံးတွင် မိုးစက်အား မည်သို့မျှ တားမြစ်၍ မရသည့်အဆုံးတွင် ချောမေသည် စိုးရိမ် သောက ကြီးစွာဖြင့် ကျန်ရစ်ခဲ့ရှာ၏။
မိုးစက်သည် ဖျင်လွယ်အိတ် ကြီးထဲတွင် စောင်တစ်ထည်ကိုထည့်၍ သူရဲခြောက်သည်ဆိုသော ဘုန်းကြီးကျောင်းကြီးသို့ ရောက်ခဲ့လေ၏။
သူ၏လက်ထဲတွင် ထမင်းဆိုင်မှ ငှားရမ်းလာခဲ့သော မီးအိမ်နီလေးတစ်လုံးသာပါ၏။
မိုးစက်သည် ကားလမ်းမကြီးအတိုင်း မီးအိမ်နိလေးကိုကိုင်၍ တရွေ့ရွေ့ လျှောက်လှမ်းလာလေ၏။
အတန်ကြာသောအခါ ဦးနန္ဒ၏ ဘုန်းကြီးကျောင်းကြီးသို့ ရောက်လေ၏။ ကျောင်းကြီးသည် ကားလမ်းမနှင့် မနီးမဝေးရှိ တောလမ်းအဆုံးတွင်ရှိ၏။
အနီးပတ်ဝန်းကျင်တွင် လူနေအိမ်ခြေမရှိဘဲ ချုံနွယ်ပိတ် ပေါင်းများနှင့် သစ်ပင်ကြီးများသာရှိသဖြင့် ပတ်ဝန်းကျင်ကပင် ထိတ်လန့်ဖွယ်ကောင်းနေ၏။
ကျောင်းကြီးသည် ဝင်းတံခါးများပင်မရှိတော့ဘဲ ဟာလာ ဟင်းလင်းဖြစ်နေ၏။
မိုးစက်သည် ကျောင်းဝင်းထဲသို့ မီးအိမ်နီလေး၏ အလင်းရောင်ဖြင့် တဖြည်းဖြည်း လျှောက်လှမ်းခဲ့၏။ ကျောင်းတံခါးမကြီးကို တွန်းဖွင့်လိုက်ရာ ကျွီခနဲမြည်သော
အသံကပင် ထိတ်လန့်ဖွယ်ကောင်းနေ၏။ ကျောင်းတစ်ခုလုံး ဖုံအလိမ်းလိမ်းတက်
နေ၏။ ကြမ်းအချို့ကျိုးပဲ့နေ၏။
ကျောင်း၏ တံခါးမကြီးများ ဘုရားစင်နှင့် တိုင်များ၏ ဗိသုကာ လက်ရာများကိုကြည့်၍ ကျောင်းကြီးသည် ရှေးယခင် ကပင် အလွန် ခမ်းနားခဲ့ပုံရ၏။
သူသည် ထောင့်တစ်နေရာရှိ ဖုံများကို ခါလိုက်ပြီး အိပ်စက်ရန် စောင်ကို ခင်းကျင်းလိုက်၏။
မီးအိမ်နီလေးကို မီးမှိန်မှိန်ထွန်း၍ ထုတ်တန်းတွင် ချိတ်ဆွဲထားလိုက်၏။
ပြီးနောက် ကြမ်းပြင်ပေါ်တွင် ပက်လက်လှဲရင်း ဘုန်းကြီး တစ္ဆေကို စောင့်မျှော်နေလေ၏။
သူသည် ငယ်ရွယ်စဉ်ကပင် အဘိုးနှင့်လိုက်၍ မြန်မာပြည် အနှံ့ မျက်လှည့်ပြခဲ့စဉ် သူရဲခြောက်သည်ဆိုသော နေရာများကို ရောက်ခဲ့ဖူး၏။
သို့သော် အများစုမှာ လူတို့၏ချဲ့ကားပြောဆိုခြင်းသာဖြစ် ပြီး သူရဲတစ္ဆေ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။
တစ္ဆေဆိုသည်မှာ ဝိနာပါတိက အသူရာနတ်မျိုးဝင် ဘုမ္မစိုး နတ်တို့နှင့်အလားတူ
သယောင်ရှိသော ပြိတ္တာတစ်မျိုးပင်ဖြစ်သည် ဟု သူ၏အဘိုးကပြောဖူး၏။
ယခုလွန်စွာ လူပြောသူပြောများသော ဘုန်းကြီးတစ္ဆေနှင့်တွေ့ရပေတော့မည်.
အပိုင်း ၄ ဆက်ရန်

မင်းမြတ်သူရ
ပဥ္စလက်မောင်နှမ
အပိုင်း (၄)

မိုးစက်သည် အတွေ့အကြုံအသစ်အဆန်းကို တွေ့ကြုံချင်ဇောဖြင့် ရင်ခုန်နှုန်းများ မြန်နေမိ၏။ သူသည် အတန်ကြာအောင် လှဲလျောင်းနေပြီးမှ အိပ်ပျော် လုနီးအချိန်တွင် တစ်စုံတစ်ရာရောက်လာသည်ဟု ခံစားရ၏။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် ရပ်နေသူတစ်ဦးကိုမြင်လိုက်ရ၏။

မိုးစက်သည် သံပုရာခွံဦးထုပ်ဆောင်းထားသော သဏ္ဌာန် တစ်ခုကိုမြင်ရသဖြင့် ကြက်သီးများတဖြန်းဖြန်းထလာ၏။
ဘုန်းကြီးတစ္ဆေသည် မိုးစက်နှင့် မလှမ်း
မကမ်းမှ အတန်ကြာ အောင် စောင့်ကြည့်နေ၏။
ထို့နောက် ကျောင်းတံခါးပေါက်ဆီသို့ တရွေ့ရွေ့ ထွက်ခွာ သွား၏။ သူ၏သဏ္ဌာန်သည်ထင်ရှားလှသဖြင့် စိတ်၏လှည့်စား ချက်မဖြစ်နိုင်ပေ။
မိုးစက်သည် စူးစမ်းချင်စိတ်ဖြင့်ဘုန်းကြီး
တစ္ဆေနောက်မှ တကောက်ကောက်လိုက်ခဲ့လေ၏။
ဘုန်းကြီးတစ္ဆေသည် ကျောင်းဝင်းထဲသို့ ထွက်ခွာသွား၏။ သူသည် မိုးစက်အား ကိုယ်ယောင်ပြ၍ ကျောင်းပြင်ပသို့ ခေါ်ဆောင် လာပုံရ၏။
မိုးစက်သည် မီးအိမ်နီလေးကိုကိုင်၍ ဘုန်းကြီးတစ္ဆေနောက်မှ မကြောက်မရွံ့ လိုက်ခဲ့လေ၏။ ဘုန်းကြီးတစ္ဆေသည် ကျောင်းဝင်း အနောက်ဘက်ရှိ သရက်ပင်ကြီးအနီးသို့ ရောက်သောအခါ အပင် ခြေရင်းသို့ ငေးစိုက်ကြည့်ရှုနေလေ၏။

တစ္ဆေသည် မည်သည့်အရပ်ကိုမျှ မသွားတော့ဘဲ အပင်ခြေရင်း၌သာ တဝဲဝဲတလည်လည်ရှိနေ၏။ မိုးစက်သည် တစ္ဆေ၏မနီးမဝေးတွင်ထိုင်၍ အကဲခတ်နေလေ၏။ မနက်မိုးလင်းကာနီးသောအခါ တစ္ဆေပျောက်ကွယ်သွား လေ၏။
သူသည် အရုဏ်တက်အချိန်ရောက်မှပင် ဘုန်းကြီးကျောင်းပျက်ကြီးမှ ပြန်ထွက်ခဲ့လေ၏။ ထိုမြို့ကလေးတွင် လွန်စွာသတင်းကြီးသော ဘုန်းကြီးတစ္ဆေနှင့်
မမျှော်လင့်ဘဲတွေ့လိုက်ရလေ၏။
ဘုန်းကြီးတစ္ဆေအား ပျောက်ကွယ်သွားအောင် သူကြိုးပမ်း မည်ဟု ဆုံးဖြတ်လိုက်၏။ .

မိုးစက်သည် မနက်မိုးစင်စင်လင်းသော
အခါ ချောမေထံသို့ ပြန်ရောက်သွားလေ၏။ ချောမေသည် တစ်ညလုံး အိပ်
မပျော်နိုင်ဘဲ မိုးစက်အား ထိုင်စောင့်နေသည်ဟု ဆိုလေ၏။ ဆိုင်ရှင်လူကြီးက
..ဘယ်လိုလဲ မောင်ရင်၊ ဘုန်းကြီးတစ္ဆေနဲ့ တွေ့ ခဲ့သလား…ဟု မေးမြန်းလေ၏။
မိုးစက်က ခေါင်းညိတ်၍…တွေ့ခဲ့ပါတယ်ဗျာ၊ ကျွန်တော့်တစ်သက်မှာ အလွန်ထူး ဆန်းတဲ့ အတွေ့အကြုံတစ်ခု ရခဲ့တာပါပဲ..
ဟု ပြောလေ၏။ ဆိုင်ရှင်အဒေါ်ကြီးက ထိတ်လန့်တုန်လှုပ်ဟန်ဖြင့်…ဘုန်းကြီးတစ္ဆေက မောင်ရင်ကို ရန်မပြုဘူးလား၊ မသေကောင်း မပျောက်ကောင်းမောင်ရင်ရယ်…ဟု မေးမြန်းလေ၏။ မိုးစက်က သက်ပြင်းချ၍…ဘုန်းကြီးတစ္ဆေက ကျွန်တော်ကို ရန်မပြုပါဘူး၊ ဒါပေမဲ့ ဘုန်းကြီးတစ္ဆေကို ပျောက်ကွယ်သွားအောင်လုပ်ဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပြီ”….ဟု ပြောလေ၏။ ချောမေသည် မိုးစက်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်၍…မိုးစက်ရယ်… နင်ဘာတွေ လျှောက်လုပ်ဦးမလို့လဲ၊ ငါ ကြောက်တယ်နော်…ဟု တားမြစ်လေရာ မိုးစက်က ရယ်မော၍..“ အစ်မကလဲ သတ္တိနည်းလိုက်တာ ” ဟု နောက်ပြောင်လေ၏။ ချောမေက ခေါင်းခါ၍…သတ္တိနည်းတာမဟုတ်ဘူးဟဲ့၊ လူလူချင်းဆို ငါဘယ်သူ့ကိုမှ
မကြောက်ဘူး၊ တစ္ဆေသူရဲဆိုရင်တော့ ငယ်ငယ်ကတည်းက ကြောက်တယ်…
ဟုပြောလေ၏။ မိုးစက်က ရယ်မော၍
…မကြောက်ပါနဲ့ဗျာ၊ အစ်မကို မှည့်တစ်ပေါက်မစွန်းစေရဘူး၊ ကျွန်တော်တာဝန်ယူပါတယ်…ဟုပြောလေ၏။ ထို့နောက်တွင်မူ မိုးစက်တို့သည် ထမင်းဆိုင်ရှင်လူကြီးလင်မယားကို နှုတ်ဆက်၍ ထွက်ခွာလာခဲ့၏။
ပြီးနောက် မြို့လယ်ခေါင်တွင်ရှိသော ဈေးကြီးသို့ဝင်၍ ပေါက်တူး တစ်လက်ကို ဝယ်ယူလေ၏။ ချောမေသည် မိုးစက်ကို ကြည့်၍….ပေါက်တူးဝယ်ပြီး ဘာလုပ်ဦးမလို့လဲ ”ဟု မေးမြန်းလေ၏။ မိုးစက်က
…ညက ဘုန်းကြီးကျောင်းပျက်ကြီးကို ပြန်သွားမလို့၊ဘုန်းကြီးတစ္ဆေက သရက်ပင်ခြေရင်းမှာ ယောင်လည်လည်လုပ် နေတာနဲ့ ကျွန်တော်မသင်္ကာလို့ တူးကြည့်ချင်လို့၊ အစ်မ ကြောက်ရင်နေခဲ့လေ…
ဟုပြောလေ၏။ ချောမေသည် ထိတ်လန့်သော်လည်း မိုးစက် အားစိတ်မချ၍
..မိုးစက်ရယ်… နင့်ကိုတားလို့လဲ ရမှာမဟုတ်ဘူး၊ ဒါကြောင့် ငါပဲ ကြောက်ကြောက်နဲ့ လိုက်ခဲ့ပါ့မယ်၊ နင်ဘာလို့ ကိုယ်နဲ့မဆိုင်တဲ့အလုပ်တွေ လုပ်နေရတာလဲ…
ဟု မေးမြန်းလေ၏။ မိုးစက်က
…ကျွန်တော်ခဏကြာရင် ရှင်းပြနိုင်ပါလိမ့်မယ်၊ ကျွန်တော် ထင်တဲ့အတိုင်း ဖြစ်မယ်ဆိုရင်ပေါ့ဗျာ…ဟုပြောလေ၏။
မိုးစက်သည် ဘုန်းကြီးကျောင်းပျက်ကြီးသို့ ပြန်သွား၍ ကျောင်းဝင်းအနောက်ရှိ သရက်ပင်ခြေရင်းသို့ သွားလေ၏။
ချောမေသည် ကျောင်းပျက်ကြီးဘက်သို့ မဝံ့မရဲကြည့်၍ ထိတ်လန့် ဟန်ဖြင့် မိုးစက် အနီးသို့ တိုးကပ်လာ၏။ မိုးစက်က လေသံတီးတိုး ဖြင့်…. ညက ဘုန်းကြီးတစ္ဆေဟာ ဒီအပင်ခြေရင်းမှာ တဝဲဝဲ တ လည်လည်ဖြစ်နေတာဗျ… ဟုပြောလေရာ ချောမေသည် ပိုမို၍ ထိတ်လန့်သွားရှာ၏။ .
မိုးစက်က ပေါက်တူ.ဖြင့် အပင်ခြေရင်းရှိ နေရာများကို တူးဆွကြည့် နေ၏။ ခဏကြာအောင် တူးဆွပြီး မြေကြီးထဲမှ သေတ္တာတစ်လုံးကို တွေ့သဖြင့် မိုးစက်က
…ဟုတ်ပြီဗျို့၊ ကျွန်တော်ထင်တဲ့အတိုင်းဖြစ်နေပြီ… ဟုဆိုကာ သေတ္တာကို တဖြည်းဖြည်းဆွဲထုတ်လေ၏။

သေတ္တာမြေပေါ်သို့ ရောက်သောအခါ လွန်စွာရှေးကျ သော ကနုတ်ပန်းများဖြင့် စီခြယ်ထားကြောင်း တွေ့ရလေ၏။ သေတ္တာသည် တစ်ပေပတ်လည်ခန့် ရှိမည်ထင်ရ၏။ သေတ္တာကို အင်္ဂလန်လုပ်သော့အကောင်းစားဖြင့် ခတ်ထား၏။

မိုးစက်က သေတ္တာသော့ကိုရိုက်ချိုး၍ ဖွင့်ကြည့်သောအခါ သေတ္တာနှင့်အပြည့် ရွှေဒင်္ဂါးများကို တွေ့ရလေ၏။ ချောမေသည် ရွှေဒင်္ဂါးများကိုကြည့်၍ ဟာခနဲဖြစ်သွားလေ၏။

မိုးစက်က ရွှေဒင်္ဂါးသေတ္တာကို ပြန်ပိတ်၍ ပခုံးပေါ်တွင် ထမ်းကာ ဘုန်းကြီးကျောင်းပျက်ကြီးမှ ထွက်ခဲ့လေ၏။
ချောမေက သူ့ဘက်သို့လှည့်၍…မိုးစက် ဒီသေတ္တာကြီးကို ဘာလုပ်ဖို့ယူလာတာလဲဒါ ဘယ်သူ့ပစ္စည်းတွေလဲ…ဟုမေးမြန်းလေရာ မိုးစက်က..,, ဘုန်းကြီးတစ္ဆေရဲ့ပစ္စည်းတွေပါ….ဟုဖြေလေ၏။ ချောမေက ကြက်သီးထသွားပြီး “ ဟင်…. ဒါဆို နင်ဘာလို့ ယူလာတာလဲ…ဟု မေးမြန်းလေ၏။ မိုးစက်က သက်ပြင်းချ၍
“ ကျွန်တော်တို့ ထမင်းဆိုင်သွားပြီး မနက်စာစားကြမယ်၊ မနက်စာစားပြီးရင် အစ်မသိချင်တာအားလုံး ကျွန်တော်ရှင်းပြမယ်
ဟုဆိုကာ ထမင်းဆိုင်သို့သွား၍ မနက်စာ စားကြလေ၏။
ချောမေသည် စိတ်လှုပ်ရှားမှုကြောင့် ထမင်းကောင်းစွာ မစားနိုင် ရှာပေ။ ထမင်းဆိုင်သည် အရိပ်ကောင်းစွာ ရရှိသော ခြံဝင်းကြီးထဲတွင်ရှိသဖြင့် အေးချမ်းစွာ စကားပြောဆိုနိုင်၏။
မိုးစက်က…ဒိကျောင်းရဲ့ ကျောင်းထိုင် ဦးနန္ဒဟာ မပျံလွန်မီက ဗေဒင်ပညာကျွမ်းကျင်ပြီး တရားဟောကောင်းလွန်းလို့ ကြည်ညိုသူ အလွန်ပေါတယ်လို့ သိရတယ်၊ ပစ္စည်းလေးပါး ဒါယကာတွေ များလွန်းလို့ ကျောင်းကြီးကို ဟည်းနေအောင် ဆောက်ခဲ့တယ်၊ ကိုယ်ပိုင် ကားဝယ်စီးတယ်၊ ပစ္စည်းဥစ္စာတွေကိုလဲ ဘယ်ပုဂ္ဂိုလ်ကိုမှ
မလှူဒါန်းဘဲ သိမ်းဆည်းထားတယ်၊ ကုသိုလ် ကောင်းမှုလဲ လုပ်မသွားနိုင်ဘူး၊ သူဟာရရှိတဲ့ငွေကြေးတွေကို ရွှေဒင်္ဂါးတွေဝယ်ပြီး စုဆောင်းထားခဲ့တယ်၊ နောက်ပြီး ရွှေဒင်္ဂါးတွေကို ခိုးသားဓားပြတွေရန်က စိုးရိမ်ပြီး ကျောင်း အနောက်က သရက်ပင်ခြေရင်းမှာ မြှုပ်နှံထားခဲ့တယ်၊ ဒါကြောင့်
ဦးနန္ဒဟာ သူ့ပစ္စည်းတွေကို တွယ် တာစွဲလမ်းပြီး သူနေထိုင်သွားတဲ့ကျောင်းတိုက်
ထဲက မထွက်နိုင်တာလို့ ကျွန်တော် ထင်တယ်၊ သတ္တဝါတွေဟာ သေခါနီးဆဲဆဲ အချိန်ပိုင်းမှာ တစ်စုံတစ်ရာသံယောဇဉ်ကို စိတ်အာရုံ စွဲလမ်းနေရင် တမလွန် ဘဝအတွက် ခရီးမဖြောင့်ဖြစ်တတ်တယ်လို့ ကျွန်တော့် အဘိုးက ပြောဖူးတယ်၊ ဦးနန္ဒဟာ သူ့ရဲ့ ငွေသေတ္တာကို စွဲလမ်းနေတဲ့ အတွက် မကျွတ်လွတ်နိုင်ဘဲ သူနေထိုင်သွားတဲ့ ကျောင်းမှာ သံပုရာခွံဦးထုပ်ဖြူဆောင်းရတဲ့ ဘုန်းကြီးတစ္ဆေဖြစ်နေတာဗျ..ဟု ရှင်းလင်းပြလေ၏။ ချောမေက တအံ့တသြနားထောင်၍ …အဲဒီတော့ နင်က ဘာဆက်လုပ်မှာလဲ…
ဟု မေးမြန်းလေ၏။
“ ဦးနန္ဒကျောင်းဟာ သူရဲခြောက်တယ်လို့ နာမည်သတင်းကြီးခဲ့တယ်၊ ရပ်ရွာက ဒကာတွေက ဘုန်းကြီးတွေကိုပင့်ပြီး ကျောင်းတင်ကြတယ်၊ ဒါပေမဲ့ ကျောင်းပေါ်မှာ ကိုယ်ထင်ပြပြီး သွားလာ လှုပ်ရှားနေတဲ့ ဘုန်းကြီးတစ္ဆေကြီးကို ကြောက်လန့်ပြီး ကျောင်းပေါ်က ဆင်းပြေးကြတာများပါတယ်၊ ဒါကြောင့် ဦးနန္ဒရဲ့ ကျောင်းဟာ ကျောင်းပျက်ကြီးဖြစ်နေတာပေါ့၊ တကယ် တော့ ဦးနန္ဒဟာ လူတွေ၊ ဘုန်းကြီးတွေကို ကြောက်အောင် ခြောက်လန့်နေတာမဟုတ်ပါဘူး၊ သူဟာ မတော်တဆ ပြိတ္တာဘဝ ရောက်ပေမယ့် ဓမ္မကထိက စာတတ်ပုဂ္ဂိုလ်တစ်ပါးပါ၊ပြိတ္တာဘဝ လွတ်မြောက်နိုင်မယ့်လမ်းကို သူကိုယ်တိုင်သိ ပါတယ်၊ ဗုဒ္ဓစာပေကျမ်းဂန်တွေကို နှံ့စပ်တဲ့သူဖြစ်လို့ သူ့ကိုအကူအညီ ပေးမယ်သူ့ကို ရှာဖွေပြီး အကူ အညီတောင်းဖို့ ကြိုးစားကြည့် တယ်၊ ပြိတ္တာဘဝမှာ နတ်တွေလို ထိရောက်အောင် အိပ်မက်ပေးနိုင်စွမ်းလဲမရှိဘူး၊
ဒါကြောင့် ဦးနန္ဒကို လူအများက အထင်
မှားခဲ့ တယ်၊ အခုတော့ ဦးနန္ဒ ကျွတ်ချိန်တန်ပြီနဲ့တူပါတယ်၊ ကျွန်တော့် သူ့အတွက် သံဃာတော်တွေကို ကုသိုလ်ကောင်းမှုလုပ်ပြီး သပိတ်သွတ်ပေးမယ်၊ သူ့ရဲ့ ရွှေဒင်္ဂါးတွေကိုလဲ ထုခွဲ ရောင်းချပြီး ကုသိုလ် ကောင်းမှုပြုပေးမယ်….
ဟု ရှည်လျားစွာ ရှင်းလင်းပြလေ၏ရာ ချောမေသည် တအံ့တဩ နားထောင်လေ၏။

မှတ်ချက် ။ အထက်ပါအခန်းတွင်ပါသော ဘုန်းကြီး တစ္ဆေဦးနန္ဒ၏အကြောင်းသည် သဘာဝ ယုတ္တိမတန်သော စာရေးသူ၏စိတ်ကူး ယဉ်ရေးသားမှုမဟုတ်ပါ။
ဘုန်းကြီးတစ္ဆေ ဦးနန္ဒ၏ကျောင်းသည် ပြည်မြို့အရှေ့ဘက် ပေါက်ခေါင်းမြို့အနီး တွင် အမှန်တကယ်ရှိခဲ့ဖူးပါသည်။ အဆိုပါ ဘုန်းကြီးတစ္ဆေဦးနန္ဒ၏
အကြောင်းကို ကျေးဇူးရှင် တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ ရေးသား ဟောပြောခဲ့ဖူးပါသည်။
(စာရေးသူ)

ထို့နောက်တွင်မူ မိုးစက်သည် မန္တလေးမြို့သို့ တက်၍ ရွှေဒင်္ဂါးများကိုရောင်းချလေရာ ငွေတစ်သောင်းကျော်ရရှိ၏။ ထို့နောက် မြို့ကလေးသို့ပြန်ကာ
ဦးနန္ဒ၏ကျောင်းတွင် လွန်စွာ ကြီးကျယ် ခမ်းနားသော အလှူကြီးတစ်ခုကို ပြုလုပ်လေ၏။
မြို့ခံလူများသည် သူရဲခြောက်သော ဘုန်းကြီးကျောင်းပျက်ကြီးတွင် ဓာတ်စက်သံတညံညံဖြင့်.အလှူပြုလုပ်ရန် ကြံစည်နေသဖြင့် စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုကြ၏။ ပြီးနောက်အား
တက်သရော အကူအညီပေးလေ၏။
မိုးစက်နှင့်ချောမေအား ထူးဆန်းသော သူဌေးမောင်နှမနှစ်ဦးဟု တအံ့တသြပြောဆိုကြလေ၏။
မိုးစက်သည် အလှူတွင် ကြက်သား၊ ဝက်သား၊ ငါးသလောက်ပေါင်း၊ ကြံမဆိုင်ဟင်းချို စသည်ဖြင့် ဖွယ်ဖွယ်ရာရာ စီမံ ကျွေးမွေးလေ၏။
မြို့သူမြို့သားများသည် အလှူကြီးသို့ မြို့လုံးကျွတ် လာ ရောက်စားသောက်ကြ၏။ အလှူကျင်းပသောနေ့တွင် မိုးစက်က အောက်ပါအတိုင်းပြောလေ၏။
* ဒီဘုန်းကြီးကျောင်းဟာ တစ္ဆေခြောက်တယ်လို့ နာမည်ကြီးပြီး ကျောင်းထိုင်မမြဲခဲ့တာကြာပါပြီ၊ ကျောင်းကြီးလဲထိန်း
သိမ်းစောင့်ရှောက်မယ့်သူ မရှိလို့ ကျောင်းပျက်ကြီးဖြစ်နေ ပါပြီ၊ ဒါကြောင့် ဒီကျောင်းကြီးကို ပြန်လည်ပြုပြင်ပြီး ကျောင်းထိုင် ဘုန်းကြီးအသစ်တင်ဖို့ ကျွန်တော့်မှာအစီအစဉ်ရှိပါတယ်၊ ဟိုး အရင်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကျောင်းကြီးဟာ ဒီအချိန်ကစပြီး မိဘပြည်သူတွေကိုးကွယ်ဆည်းကပ်ဖို့ ဓမ္မရိပ်သာကြီး ဖြစ်စေ ရပါမယ်….
မိုးစက်၏စကားကြောင့် မြို့သူမြို့သားများသည် တအံ့ တဩ ဖြစ်သွားလေ၏။ အချို့က… ဘုန်းကြီးတစ္ဆေရှိတဲ့ကျောင်းမှာ ကျောင်းသစ်ဆောက်လဲ ကျောင်းထိုင်မြဲမှာမဟုတ်ပါဘူး၊ ဒီမောင်နှမဘာစိတ်ကူးနဲ့ ကျောင်းပျက်ကြီးကို ပြင်ဆောက်လဲမသိဘူး၊ နေရာသစ်တစ်ခုမှာ ကျောင်းသစ် ဆောက်လိုက်ရင် ပြီးတာပဲ….
ဟု မှတ်ချက်ချလေ၏။ အချို့ကလည်း
..ဒီမောင်နှမ တို့မြို့ကိုရောက်လာပုံဆန်းတယ်၊ အလှူကြီး ပေးလိုက်ပုံကလဲ အလွန်ရက်ရောတယ်၊ ကျုပ်အထင် ဥစ္စာစောင့် မောင်နှမနဲ့တူတယ်၊ ဒါကြောင့် ဘုန်းကြီးတစ္ဆေရှိတဲ့ကျောင်းမှာ အလှူလုပ်တာဖြစ်မှာပေါ့….ဟု ထင်ရာမြင်ရာ ပြောဆိုလေ၏။
မိုးစက်သည် ဘုန်းကြီးဦးနန္ဒအတွက် သပိတ်သွတ်ပြီး အမျှ အတန်းဝေပေးလိုက်၏။
ထိုညက အိပ်မက်ထဲသို့ ဘုန်းကြီးဦးနန္ဒရောက်လာပြီး မိုးစက်အား ကျေးဇူးတင်စကားပြောလေ၏။ သူသည် ပြိတ္တာဘဝမှ ကျွတ်လွတ်သွားပြီး အထက်ဘုံသို့သွားရ
တော့မည် ဆို၏။
မိုးစက်သည် ဆရာတော်ကြီးများနှင့် တိုင်ပင်၍ ရွှေဒင်္ဂါး များအကြောင်းကို လျှောက်ထားကာ ဦးနန္ဒ၏ ကျောင်းကြီးကို ပြန်လည်ပြုပြင်ခဲ့၏။ ကျောင်းဝင်းကြီးကိုလည်း သစ်ပင်ပန်းမာန် များဖြင့် စိမ်းစိမ်း စိုစိုဖြစ်အောင် ပြုပြင်ပေးခဲ့၏။

အလုံးစုံကို ပြုလုပ်ခဲ့ပြီးနောက် အနီးအနားမြို့တွင်ရှိသော စာပေကျမ်းဂန်တတ် ဘုန်းကြီးတစ်ပါးကို ကျောင်းထိုင်ပင့်၍ ကျောင်းကို ရေစက်ချလှူဒါန်းခဲ့လေ၏။
ကျောင်းလှူဒါန်းသောနေ့တွင် မိုးစက်က ဆရာတော်အား မြို့ကလေးမှ ထွက်ခွာတော့မည့်အကြောင်း လျှောက်ထားလေရာ ဆရာတော်က….ဒကာတို့ မောင်နှမက ဘယ်ကိုသွားမှာလဲ..” ဟု မေးမြန်းလေ၏။ မိုးစက်က သက်ပြင်းချ၍….တပည့်တော်တို့ မောင်နှမဟာ မြန်မာပြည်အနှံ့ လှည့် လည်ပြီး မျက်လှည့်ပြတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုပါ တယ်၊
ဒါကြောင့် ဘယ်ကိုသွားမယ်ဆိုတာ ပြောရခက်ပါတယ် ဘုရား၊ ခြေဦးတည့်ရာပါပဲ ””
ဟု လျှောက်လေရကျောင်းထိုင်ဆရာတော်
သည် အံ့ဩ သွားလေ၏။ ကျောင်းထိုင်ဆရာတော်၏သဘောကို ရိပ်စားမိ၍ မိုးစက်က
** ဘုန်းကြီး ဦးနန္ဒရဲ့ပစ္စည်းဥစ္စာတွေကို တပည့်တော်တို့ ကိုယ်ကျိုးစီးပွားအတွက် လုံးဝအသုံးမပြုပါဘူးဘုရား၊ အားလုံး လှူဒါန်းလိုက်ပါပြီ၊ ရွှေဒင်္ဂါးရောင်းတဲ့ငွေတွေဟာ ဒီနေ့ဒီအချိန်ကစပြီး တပည့်တော်လက်ထဲမှာ တစ်ပြားတစ်ချပ်မှ မရှိတော့ ပါဘူး….
ဟု လျှောက်တင်ပြန်၏။ ကျောင်းထိုင်ဆရာတော်က သာဓုခေါ်၍ “ ဒကာတို့မောင်နှမဟာ ပါရမီရှင်အစစ်တွေပါပဲ၊ ဒကာတို့စိတ်ဓာတ်ကို ဘုန်းကြီးချီးကျူးပါတယ်၊ အလွန်လဲ အံ့ဩဖို့ကောင်းပါတယ်….ဟု လှိုက်လှိုက်လှဲလှဲ ချီးမွမ်းလေ၏ထို့နောက်တွင်မူ မိုးစက်နှင့် ချောမေသည် ဆရာတော်ကို ဦးချကန်တော့၍ ကျောင်း ကြီးပေါ်မှ ဆင်းခဲ့လေ၏။ ကျောင်းနှင့် မလှမ်းမကမ်းသို့ရောက်သောအခါ ချောမေကရပ်၍ကြည့်လိုက်ပြီး မိုးစက်ရယ်.. ငါတို့ခြောက်လနီးနီး အပင်ပန်းခံပြီး ဆောက်ခဲ့တဲ့ကျောင်းကြီးဟာ သပ္ပာယ်စရာကောင်းလိုက်တာ နော် ”
ဟု ပြောလေ၏။ မိုးစက်သည် သစ်ပင်ပန်းမာန်များဖြင့် စိမ်းစိမ်း စိုစိုရှိသော ကျောင်းဝင်းကြီးနှင့် ပဏာရနေသော ကျောင်း တော်ကြီးကိုကြည့်၍
“ ပြီးတော့လဲ ပြီးသွားတာပါပဲ အစ်မရယ် ” ဟု တီးတိုးပြောလိုက်လေတော့သတည်း။
အပိုင်း ၅ ဆက်ရန်

ဆရာ မင်းမြတ်သူရ ကို
လေးစားစွာဖြင့် #Credit

မင်းမြတ်သူရ
#ပဥ္စလက်မောင်နှမ
အပိုင်း (၅။၆။၇။၈)
တစ်ညသ၌ မိုးစက်တို့သည် ဘုန်းကြီး
ကျောင်းတစ်ကျောင်း၌ တည်းခိုနေခိုက်တွင် လသာသောညတစ်ညဖြစ်၍ အိပ်မရနိုင်ဘဲရှိလေ၏။ ထို့ကြောင့် မိုးစက်သည် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ လမ်းလျှောက်ရင်း ကျောင်းဝင်းတစ်နေရာသို့ရောက်သောအခါ ခုံတန်းလျားတစ်ခုပေါ်တွင် ကျောမှီ၍ ထိုင်နေသော ချောမေကိုတွေ့ရလေ၏။

သူမသည် ကျောင်းအနောက်ဘက်ရှိ သိလရှင်ကျောင်း တွင်တည်းခိုနေခြင်းဖြစ်ပြီး အိပ်မပျော်သောကြောင့် ကျောင်းဝင်းထဲသို့ ထွက်လာပုံရ၏။ မိုးစက်ကသူမ၏အနီးတွင် ဝင်ထိုင်လိုက်ပြီး လေသံတီးတိုးဖြင့်..အစ်မ, အိပ်မပျော်ဘူးလား ,,
ဟုမေးမြန်းလိုက်ရာ သူမက မော့ကြည့်ပြီး
.. ဟုတ်တယ်၊ လသာတော့ အိပ်လို့မပျော်ဘူး၊ လမင်းကြီးကို မော့ကြည့်နေချင်တယ်….ဟုဖြေလေ၏။ မိုးစက်က သူမကိုကြည့်၍…..အစ်မ အိပ်ဖို့သင့်ပြီ၊ မနက်ကျ ခရီးထွက်ရဦးမယ် မဟုတ်လား….ဟုပြောလေ၏။ သူမက…. တို့အိပ်လို့ရအောင် ပုံပြင်တစ်ပုဒ်လောက် ပြောပြပါလား….
ဟု ပူဆာလေ၏။ မိုးစက်က ရယ်မော၍
…အစ်မက ကလေးမဟုတ်၊ သူငယ်မဟုတ် ပုံပြင်နားထောင်ချင်တယ်၊ ကျွန်တော်က ဘယ်လိုပုံပြင်မျိုးပြောရမှာလဲ….. ” ဟုမေးမြန်းလေ၏။ ချောမေက မိုးစက်၏
မျက်နှာကိုကြည့်၍….စိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ပေါ့၊ ဘယ် လိုအကြောင်းအရာမျိုးပဲဖြစ်ဖြစ်၊ စိတ်
ဝင်စားရင်ပြီးရော…..ဟုပြောလေ၏။ ထိုအခါ မိုးစက်က…..ဒါဆိုရင် ပဉ္စလက်ဖိုးလှိုင်ဆိုတဲ့သူအကြောင်း ပြောပြမယ်၊ ကျွန်တော်အခုပြနေတဲ့ မျက်လှည့်ပညာကလဲ ပဉ္စလက်ဖိုးလှိုင်ရဲ့ အတတ်ပညာနဲ့ ဆက်နွယ်နေပါတယ်….ဟုပြောလေ၏။ ချောမေက စိတ်ဝင်စားစွာဖြင့် ““ဒါဆိုရင် နင်ပြောမဲ့ပုံပြင်က တကယ့်အဖြစ်အပျက်ပေါ့””..ဟုပြောလေ၏။ မိုးစက်က ခေါင်း
ညိတ်၍…..ဟုတ်ပါတယ်တကယ့်အဖြစ်
အပျက်ပေမဲ့ ပဉ္စလက်ဖိုးလှိုင်ရဲ့အကြောင်းဟာ မယုံနိုင်စရာ၊ ထူးဆန်းအံ့ဩဖွယ် အကြောင်းအရာတွေပါလွန်းလို့ ဒဏ္ဍာရီ
ပုံပြင်ထက်တောင် စိတ်ဝင်စားဖို့ကောင်းတယ်၊ ကျွန်တော့်အဘိုးနဲ့ နေတုန်းက အဘိုးဆီမှာ ပဉ္စလက်ဖိုးလှိုင်ရဲ့ ဆီဆေးပန်းချီကားကြီးရှိတယ်၊ ဒီပန်းချီကားကြီးကို
မုံရွာဘက်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကျွန်တော်လှူလိုက်တယ်၊ တစ်နေ့ကြုံရင် အစ်မကို ပြဖို့ကြိုးစားမယ်”….ဟုပြောလေရာ ချောမေက စိတ်
ဝင်စားစွာဖြင့် ““ ဒါဆိုရင်လဲ ပဉ္စလက်ဖိုးလှိုင်အကြောင်းကို ပြောပြတော့ ကြားချင်လှပြီ…..ဟုပြောလေ၏။ မိုးစက်ကခေါင်း
ညိတ်၍…ပဉ္စလက်ဖိုးလှိုင်အကြောင်းက စိတ်ဝင်စားစရာ သိပ်ကောင်းတယ်၊ လျှို့ဝှက်ဆန်းကြယ်တွေလဲ အများကြီးပါတယ်၊ ဒါပေမဲ့ ပုံပြင်ရဲ့အဆုံးသတ်ကိုတော့ ကျွန်တော့်လဲ မသိလို့ ဘယ်လိုပြောရမှန်းတောင်မသိဘူး၊ ပုံပြင်အစက ဒီလိုအစ်မရဲ့ကဘော်ချိုင့်ဝှမ်းဒေသ တစ်မူးမြို့နယ်အတွင်းက ရွာသာလို့ခေါ်တဲ့ ရွာလေးတစ်ရွာမှာ ထူးဆန်းတဲ့ကလေးတစ်ယောက်ကိုမွေးလို့ တစ်ရွာလုံး အုပ်အော်သောင်းနင်းဖြစ်သွားတယ်၊ ဘာလို့လဲဆိုတော့ ကလေးရဲ့မြီးညှောင့်ရိုးမှာ ထူးဆန်းတဲ့အမြီးလေးတစ်ခု အပိုပါ နေလို့ပဲ၊ သူ့မိဘတွေက
ဒီကလေးကို အရွယ်ရောက်တော့ ထူးခြား တဲ့ကလေးဆိုပြီး သုံးပြည်ထောင်ဆရာ
တော်ဆီမှာ အပ်နှံခဲ့တယ်၊ ဆရာတော်ဟာ ဖိုးလှိုင်လေးကို မြင်မြင်ချင်းချစ်ခင်ခဲ့တယ်၊ ဆရာတော်ကြီးဟာ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ် သုံးပြည်ထောင် လှည့်ပြီး သီတင်း
သုံးတဲ့အတွက် သုံးပြည်ထောင်ဆရာတော်ရယ် လို့ နာမည်တွင်ရခြင်းဖြစ်တယ်၊ ဒိလိုနဲ့ ဖိုးလှိုင်လေးဟာ သုံးပြည်ထောင်ဆရာ
တော်ကြီးရဲ့ကျောင်းမှာ ဘုန်းကြီးကျောင်းသား အဖြစ်နဲ့ ကြီးပြင်းလာခဲ့ရတယ်၊ဆရာတော်ကြီးဟာ ဖိုးလှိုင်ကို ချစ်ခင်တဲ့အတွက် လက်ကတုံးတောင်ဝှေးအဖြစ် ဘယ်သွားသွား ခေါ်လေ့ရှိတယ်၊ တစ်နေ့တော့ သုံးပြည်ထောင်ဆရာတော်ကြီး သီဟိုဠ်ကိုပြန်ကြွကာနီးတော့ ဖိုးလှိုင်နဲ့ကျောင်းသားတစ် ယောက်ကိုခေါ်ပြီး ကြေးပုရပိုဒ်ကြီးတစ်ဆူကို ပေးရင်းတိုးတိုး တိတ်တိတ်မှာကြားခဲ့တယ်၊ မင်းတို့နှစ်ယောက် လကွယ်ည သန်း ခေါင်ယံမှာဒီကြေးပရပိုဒ်ကြီးကို ဘယ်သူမှမမြင်အောင် မြေကြီးထဲမှာ မြှုပ်လိုက်ကြ ကြားလား၊ ဒီအကြောင်းကို ဘယ်သူမှ မပြော ရဘူး၊ လျှို့ဝှက်ပြီးလုပ်ရမယ်လို့ဆိုတယ်၊ ဖိုးလှိုင်နဲ့ ကျောင်းသားလေးဟာ ဆရာကြီးခိုင်းတဲ့အတိုင်း လကွယ်ညသန်းခေါင်ယံ အချိန်မှာ ကြေးပုရပိုဒ်ကြီးကို လျှို့ဝှက်ပြီးမြေမြှုပ်ခဲ့တယ်၊ ဖိုးလှိုင်ဟာ ကြေးပုရပိုဒ်ကြီးမှာ လျှို့ဝှက်ထူးဆန်းတဲ့ ဂမ္ဘီရပညာရပ်တွေ ပါဝင်မယ် လို့ ခန့်မှန်းမိတယ်၊ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာပြီး သုံးပြည်ထောင်ဆရာတော်ကြီး ပျံလွန်တော်မူပြီးတဲ့နောက်ပိုင်းမှာ ဖိုးလှိုင်နဲ့ ဘုန်းကြီးကျောင်းသားလေးဟာ ကြေးပုရပိုဒ်ကြီးကို ပြန်လည် တူးဖော်ပြီး သူရသင့်တယ်၊ ငါရသင့်တယ်လို့ အငြင်းပွားကြတယ်၊နောက်ဆုံးမှာ ကြေးပုရပိုဒ်ကြီးရဲ့ ပဉ္စလက် အတတ်ပညာပိုင်းကို ဖိုးလှိုင်ကရသွားပြီး ဆေးပညာအပိုင်းကို ဘုန်းကြီးကျောင်းသားလေးက ရသွားတယ်၊ နောက်ပိုင်းမှာ ဘုန်းကြီးကျောင်းသားလေးဟာ သာသနာ့ဘောင်ဝင်ပြီး မန်စီ ဆရာတော်ဆိုပြီး ထင်ရှားလာတယ်၊ မန်စီဆရာတော်ဟာ သုံးပြည်ထောင်ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ တောရကျောင်းမှာပဲကျောင်းထိုင်ဆရာ
တော် ဖြစ်ခဲ့တယ်၊ဖိုးလှိုင်ကတော့ ပဉ္စလက် အတတ်ပညာပါတဲ့ ကြေးပုရပိုဒ် ကိုရသွားပြီး ဘုန်းကြီးကျောင်းက ထွက်သွားခဲ့တယ်၊ သူဟာ ပုရပိုဒ်ထဲက ပဉ္စလက်အတတ်ပညာ
ကိုကုန်စင်အောင် တတ် မြောက်သွားခဲ့တယ်၊ အဲဒီအချိန်ကစပြီး သူဟာ ပဉ္စလက်ဖိုးလှိုင် ဆိုပြီး နာမည်တွင်လာတော့တယ်၊ ပဉ္စလက်ဖိုးလှိုင်ဟာ မြန်မာ ပြည်အနှံ့ ခြေသလုံးအိမ်တိုင်လုပ်ပြီး လှည့်လည်သွားလာနေတော့တယ်၊ သူ့ရဲ့ပဉ္စလက်အတတ်ပညာဟာ အစွမ်းထက်လွန်းလို့ အစ်မကို ပြောပြရင် ယုံမယ်တောင်မထင်ဘူး၊ မယုံရင်လဲ ပုံပြင်လို့သာ မှတ်ပါအစ်မရယ်…..ဟုပြောလေရာ
ချောမေက စိတ်ဝင်တစားဖြင့် “ ယုံပါတယ်ဟယ်၊ ပြောမှာသာ ပြောစမ်းပါ….ဟုဆိုလေ၏။ မိုးစက်က ဆက်လက်၍
…ပဉ္စလက်ဖိုးလှိုင်ဟာ မြန်မာပြည်အနှံ့လှည့်လည်ပြီး သွားလာနေရင်း တစ်နေ့တော့ လှေထိုးသားအလုပ်ဝင်လုပ်တယ်၊ တစ်နှစ်လောက်ကြာတော့ လှေထိုးသားအလုပ်ကို သူ မပျော်တော့ဘူးသိတဲ့အတိုင်း လှေထိုးသားအလုပ်က နေပူထဲမှာ လုပ် ရတာ၊ သိပ်ပင်ပန်းတယ်၊ ဒါပေမဲ့ လှေသူကြီးက ပဉ္စလက်ဖိုးလှိုင် ကို အတော်ချစ်တယ်၊ လှေထိုးသားအလုပ်က ပြန်ထွက်ဖို့ခက် နေတယ်၊ ဖိုးလှိုင်ဟာ ပဉ္စလက်ပညာရှင်ဖြစ်လို့ ပင်ပင်ပန်းပန်း အလုပ်ကို မလုပ်ချင်တော့ဘူး၊ လှေသူကြီးကို ထွက်ဖို့ပြောတော့လဲ လှေသူကြီးက နေ့ရွှေ့ညရွှေ့လုပ်နေတယ်၊ ဒီတော့ ဖိုးလှိုင်က လှေထိုးသားအလုပ်က ထွက်ခွင့်ရဖို့ သူ့ရဲ့ပဉ္စလက်ပညာကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်၊ တစ်နေ့ လှေထိုးသားတွေနဲ့ လှေထိုး ရင်း ဖိုးလှိုင်တစ်ယောက် အရှိန်လွန်ပြီး ထိုးဝါးဟာ ဗိုက်ကစိုက် ပြီး နောက်ကျောက ပြန်ထွက်သွားတယ် ,,
ဟုပြောလေရာ ချောမေက ထိတ်လန့်ဟန်ဖြင့် မျက်လုံးပြူးကာ…ဟင်… ဒါဆို ဖိုးလှိုင်မသေဘူးလား….ဟုမေးမြန်းလေ၏။
မိုးစက်က…ပဉ္စလက်ပညာရှင်ပဲအစ်မရဲ့၊ ပညာနဲ့လှည့်စားလိုက်တာပေါ့၊ လှေသူကြီးဟာ ဖိုးလှိုင်ကိုချစ်လို့ အတော်စိတ်မကောင်း ဖြစ်သွားတယ်၊ ဒါပေမဲ့ ခရီးကလဲ ဆက်ရဦးမယ်ဆိုတော့ ဖိုးလှိုင် အလောင်းကို ရေထဲပစ်ချပြီး ခရီးဆက်ခဲ့တယ်၊ ဖိုးလှိုင်ရဲ့ အလောင်းဟာ ရေစီးထဲမှာ မျောပါသွားတယ်၊ ဒီလိုနဲ့လှေကို ဆက်ပြီး ခရီးထွက်လာရာကနေ ဆိပ်ကမ်းကိုရောက်တော့ လှေကိုကျောက်ချပြီး ကမ်းပေါ်ကိုရောက်တော့ ဆေးလိပ်ဖွာပြီး ပြုံးဖြဲဖြဲ ကြည့်နေတဲ့ ဖိုးလှိုင်ကိုတွေ့ရတယ်၊ ဒီတော့မှ လှေသူကြီးဟာ သဘောပေါက်သွားပြီး ဖိုးလှိုင်ကို ဆဲဆိုတော့တာပဲ၊ ဖိုးလှိုင်လဲ လှေထိုးသားအလုပ်က ထွက်ခွင့်ရသွားတယ်၊ ဒီလိုနဲ့ ခရီးဆက် ရင်း ဖောင်းပြင်ဘက်မှာ တောင်သူကြီးသမီးတစ်ယောက်နဲ့ အိမ် ထောင်ကျတယ်၊ ဖိုးလှိုင်ရဲ့ အကျင့်က အပျင်းထူတယ်၊ အလုပ်ကိုလက်ကြောတင်းအောင်မလုပ်တတ်ဘူး၊ ကြာတော့ ယောက္ခမ ကဆူ၊ မိန်းမကပူနဲ့ ဖိုးလှိုင်မပျော်တော့ဘူး၊ မိန်းမနဲ့ဝေးရာကို ပြေး ချင်စိတ်ပေါ်လာတယ်၊ ဒါပေမဲ့ ယောက္ခမကြီးကိုလဲ ကြောက်ရ တယ်ဆိုတော့ မပြေးရဲဘူး၊ သူ့ သမီးကိုယူပြီး ပစ်ပြေးရင် ယောက္ခမရဲ့လှံဖျားမှာ အသက်ပါသွားမယ်လေ၊ ဒီတော့ ပဉ္စလက်ပညာ ကိုပဲ အသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်တစ်နေ့တော့ မြစ်ဆိပ်မှာ ကျွဲကျောင်းရင်း ကျွဲတစ်ကောင်ဟာ စိတ်ဖောက်ပြီး ဖိုးလှိုင်ကို ဂျိနဲ့ခွေ့လိုက်တာ ဂျိုဖျားမှာ တန်းလန်းကြီးပါသွားတယ်၊ ဒါကို ယောက္ခမကြီးကမြင်တော့ သုံးလို့ မရတဲ့ကောင်၊ ဂျိုဖျားမှာ အသက်ပါသွားတာပဲကောင်းတယ်၊ ငါ့သမီး ဘာမှစိတ်မကောင်း
မဖြစ်နဲ့၊ နင့်ကို ဒီကောင့်ထက်သာတဲ့ကောင်နဲ့ ပေးစားမယ်ဆိုပြီး ဖိုးလှိုင်အလောင်းကို မြေကြီးထဲမှာ မြှုပ်လိုက်တယ်၊ ဖိုးလှိုင်ရဲ့ မိန်းမခမြာမှာတော့ ဝမ်းပန်းတနည်း ငိုရှာတာပေါ့၊ ဖိုးလှိုင်ရဲ့ မြေပုံ အနီးမှာ ဘယ်သူမှမရှိတော့မှ ဖိုးလှိုင်ဟာ မြေကြီးထဲက ကုန်းထပြီး ပြေးတော့တာပဲ…. ဟုပြောလေရာ ချောမေက တအံ့တဩနားထောင်၍…အတော်ထူးဆန်းတာပဲနော်၊ မယုံနိုင်စရာပဲ…ဟုရေရွတ်လေ၏။ မိုးစက်က ဆက်လက်၍ ….. မယုံရင်လဲ ပုံပြင်လို့သာ မှတ်ပါအစ်မရယ်၊ တကယ် တော့ ဒါဟာ ပုံပြင်မဟုတ်ပါဘူးပဉ္စလက်ဖိုးလှိုင်ရဲ့ပညာကို လက်တွေ့မြင်ဖူးတဲ့သူတွေ အများကြီးရှိတယ်၊ တစ်နေ့တော့ ဖိုးလှိုင်ဟာ မျက်လှည့်ဆရာအဖြစ် အသက်မွေးရင်း ရွာတစ်ရွာကို ရောက်သွားတယ်၊ အဲဒီရွာမှာ အပျိုကြီးမရွှေယုဆိုတာ အတော် နာမည်ကြီးတာပဲ၊ မရွှေယုဟာ ပိုက်ဆံကလဲရှိ၊ အလှဂုဏ်ကလဲ မောက်ပြီး ဘယ်ကာလသားကိုမှ
အရောမဝင်ဘဲနေသတဲ့၊ အပေါက်ဆိုးတဲ့နေရာမှာလဲ မရွှေယုအပြင် နှစ်ယောက်မရှိဘူး၊ သူ့တစ်သက်မှာ ကာလသားတွေကို ပါးရိုက်လွှတ်တာအယောက် (၃၀) ကျော်နေပြီတဲ့၊ ဒီသတင်းကို ဖိုးလှိုင်ကြားတော့ ဒီလောက်အပေါက်ဆိုးတဲ့အပျိုကြီး ငါနဲ့တွေ့မယ်၊ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြသေးတာပေါ့…လို့ ကြုံးဝါးပြီး အပျိုကြီးကို ချစ်ရေးသွားဆိုတယ်၊ အပျိုကြီးက သူ့ကို ပြစ်ပြစ်နှစ်နှစ်ပြောဆိုပြီး “ရှင့်လို ဖင်မှာအမြီးပေါက်နေတဲ့ မျက်လှည့်ဆရာလောက်ကို ကျွန်မက
မစဉ်းစားသေးဘူးလို့ပြောတယ်”၊ ဒီတော့ ဖိုးလှိုင်က “ဒါဆိုရင် ခင်ဗျားက ဘယ်လိုလူမျိုးကို အိမ်ထောင်ပြုမှာလဲ” လို့ မေးမြန်းလိုက်တယ်၊ အပျိုကြီးမရွှေယုက မျက်လုံးလေးဒေါင့်ကပ်ပြီး ခဏလောက်စဉ်းစားတယ်၊ ပြီးတော့မှ “ကျွန်မလို မိန်းမကောင်း မိန်းမမြတ်တစ်ယောက်ဟာ နတ်ပြည်က နတ်သားလောက်တောင် မစဉ်းစားသေးဘူး၊ သိကြားမင်းလောက်ဆိုရင် တော့စဉ်းစားမယ်လို့ပြောလိုက်တယ်၊ ဒိလိုနဲ့ ဖိုးလှိုင်ပြန်သွား ပြီး ညတစ်ညမှာ အပျိုကြီးရဲ့အိမ်ကို နတ်ဝတ်တန်ဆာတွေ ပြိုးပြိုးပြက်ပြက်ဝင်းလက်နေအောင် ဝတ်ဆင်ထားတဲ့ သိကြားမင်းကြီးဆင်းလာတယ်၊ အပျိုကြီးက “သင်ဘယ်သူလဲ”လို့မေးတော့၊ သိကြားမင်းက “နှမတော်ရဲ့ရူပါရုံကို စွဲလန်းလို့ နတ်ပြည်ကတောင် လာခဲ့ရတာပါဆိုပြီး ချစ်ခွင့်ပန်လိုက်တော့ အပျိုကြီး မရွှေယုလည်း သိကြားမင်းကို မငြင်းနိုင်တော့ဘူး၊ အဲဒိညမှာ အတူအိပ်ပြီး ချစ်ပွဲဝင်ခဲ့တယ်၊နောက်တစ်နေ့နံနက်မှာ သိကြားမင်းကို စမ်းသပ်ကြည့်တော့ ဖင်မှာ အမြီးကြီးမြင်တာနဲ့ ဖိုးလှိုင်မှန်းသိပြီး အော်ဟစ်ဆဲဆိုတော့မှပဲ ဖိုးလှိုင်လဲ အိမ်ပေါ်က ဆင်းပြေးခဲ့ တော့တယ်..ဟုပြောလေ၏။ ချောမေက နှစ်သက်ဟန်ဖြင့် တခစ်ခစ် ရယ်မော၍ .. မယုံနိုင်စရာပေမဲ့ နားထောင်လို့ကောင်းတယ် ”””ဟုပြောလေ၏။
မိုးစက်က ဆက်လက်၍ သူ၏ပုံပြင်ကိုပြောပြန်၏။…..သိပေါမင်းပါတော်မူပြီး အင်္ဂလိပ်လက်အောက်ရောက်တော့ မော်လိုက်ခရိုင်ရဲ့ စက်ရှင်တရားသူကြီးမင်းဟာ ဖိုးလှိုင်ရဲ့ သတင်းကိုကြားပြီး မျက်လှည့်ပညာကိုပြခိုင်းသတဲ့ဒီအခါမှာ ဖိုးလှိုင်က သရက်သီးကိုတောင်းနဲ့အုပ်လိုက်ရင် ယုန်လေးဖြစ်သွားတာတို့၊ အရိုးခေါင်းရုပ်ကို လက်ညှိုးထိုးပြီး ကခိုင်းတာတို့လောက် ပဲပြခဲ့တယ်၊ ဒီအခါမှာ စက်ရှင်မင်းကြီးက ခေါင်းခါပြီး နိုးနိုး၊ ဒါမျိုး တွေမကြည့်ချင်ဘူး၊ ထူးထူးဆန်းဆန်းကြည့်ချင်တယ်သာမန်မျက်လှည့်တွေက အိန္ဒိယမှာ အများကြီးကြည့်ခဲ့ပြီးပြီလို့ပြောတယ်၊ ဒီတော့ ဖိုးလှိုင်က… ကျွန်တော်မျိုး ဒီလောက်ပဲပြချင်ပါတယ်…လို့ ပြောလိုက်တော့ စက်ရှင်မင်းကြီးက အထင်သေးတဲ့ပုံစံနဲ့ ..မင်းပညာ ဒါအကုန်ပဲမဟုတ်လား…..လို့ မေးလိုက်တယ်၊ ဒီတော့ ဖိုးလှိုင်က မခံချင်ဖြစ်သွားပြီး…သခင်ကြီးစိတ်မဆိုးဘူးလို့ကတိပေးရင် ကျွန်တော်မျိုး တစ်ကွက်လောက် ပြချင်ပါတယ်…လို့ပြောတယ်၊ ဒီတော့မင်းကြီးက ကတိပေးတယ်၊ …ပြမှာသာပြစမ်းပါ….လို့ မယုံသင်္ကာတဲ့အမူအရာနဲ့ ပြောတယ်၊ ဖိုးလှိုင်ဟာ မင်းကြီးရုံးက အပ်ချည်တစ်လုံးကို တောင်းယူပြီး အထက်ကိုပစ်လိုက်တယ်၊ အပ်ချည်ကြိုးဟာ ကောင်းကင်ကို ထိုးတက်သွားပြီး ဖြောင့်တန်းနေ တယ်၊ မင်းကြီးနဲ့စစ်သားတွေဟာ အပ်ချည်ကြိုးကို တအံ့တဩ ကြည့်နေတုန်းမှာ ဖိုးလှိုင်က “မန်ကျည်းရွက်တစ်ဆုပ်ပေးပါလို့ တောင်းယူလိုက်တယ်၊ လက်ထဲကို မန်ကျည်းရွက်ရတဲ့အခါ ဂါထာ မန္တရားတွေ မန်းမှုတ်ပြီး ကောင်းကင်ကိုကြဲလိုက်တယ်၊ မန်ကျည်း ရွက်တွေဟာ အင်္ဂလိပ်စစ်သားတွေဖြစ်သွားပြီး အပ်ချည်ကြိုးကို တွယ်ဖက်ပြီး ကောင်းကင်ကို အလုအယက်ဆွဲတက်သွားကြ တယ်၊ဒီမြင်ကွင်းကို မျက်နှာဖြူမင်းကြီးက တအံ့တသြ ကြည့်ရှုပြီး ဖိုးလှိုင်ကို အလွန်ထိတ်လန့်သွားတယ်၊ ဒါကြောင့် အပြစ်မယူပါဘူးလို့ပေးထားတဲ့ကတိကိုဖျက်ပြီး.
…ဒီကောင်ဟာ မှော်ဆရာဖြစ်နေပြီ၊ ဒီကောင်ကိုဖမ်းကြ၊ သူဟာ အင်္ဂလိပ်အစိုးရကို တစ်နေ့ ပုန်ကန်လိမ့်မယ်…. လို့ အော်ဟစ်ပြောဆိုလိုက်တယ်။ ဒီတော့ ဖိုးလှိုင်က ရယ်မောပြီး…သခင်ကြီး မဖမ်းပါနဲ့ဦး၊ ကျွန်တော်မျိုး မျက်လှည့်ပွဲက. မပြီးသေးပါဘူးဆိုပြီး လက်နှစ်ဖက်ကို ဝှေ့ရမ်းလိုက်တော့ စက်ရှင်မင်းကြီးရဲ့ရုံးခန်းထဲကို ချင်းတွင်းမြစ်ရေတွေ ဒလဟောလျှံတက် လာတဲ့အတွက် မင်းကြီးနဲ့ပုလိပ်တွေဟာ ရေလုံးကြီးတွေထဲမှာ ကူးခတ်ပြီးနေရတယ်၊ အတန်ကြာအောင်အသေအလဲ ကူးခပ် ပြီးတော့မှ သူတို့ရေကူးနေတာ ရေထဲမှာမဟုတ်ဘဲ မြေပေါ်မှာ ကူးခပ်နေမှန်းသိလိုက်ရတယ်၊ ရေနစ်မှာထိတ်လန့်ပြီး ကူးခတ် နေရလို့ မင်းကြီးနဲ့ ပုလိပ်တွေဟာ ရင်ဘတ်တွေ၊ ဒူးတွေပွန်းပဲ့ပြီး သွေးသံရဲရဲဖြစ်နေကြတယ်၊ ဒီအချိန်ကစပြီး အင်္ဂလိပ်အစိုးရက ပဉ္စလက်ဖိုးလှိုင် မျက်လှည့်မပြရ၊ ပြရင်အရေးယူမယ်လို့ အမိန့် ထုတ်ထားသတဲ့၊ ပဉ္စလက်ဖိုးလှိုင်ဟာ အင်္ဂလိပ်အစိုးရရဲ့ ဖမ်းဆီးခံ ရမှာကြောက်လို့ နယ်စွန်နယ် ဖျားတွေမှာ ထွက်ပြေးတိမ်းရှောင်ပြီး နေရတယ်….ဟုပြောလေရာ မိုးစက်၏ စကားဆုံးသည်နှင့် ချောမေက ..
““ သိပ်ထူးဆန်းတာပဲ….. ဟု ရေရွတ်လေ၏။ မိုးစက် ဆက်လက်၍…အဲဒီအချိန်ကစပြီး ပဉ္စလက်ဖိုးလှိုင်ဟာ ပျောက်သွား လိုက်တာ အသက်(၇၀)ပြည့်တော့မှ ရွာကိုပြန်ရောက်
လာတယ်၊ ရွာဦးကျောင်းကိုပြန်ရောက်တော့ ရွာသူရွာသားတွေက ဝိုင်းပြီး မျက်လှည့်ပြခိုင်းတယ်၊ ဦးဖိုးလှိုင်ဟာ ငြင်းလို့မရဘူးဖြစ်နေတယ်၊ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် မျက်လှည့်ပြဖို့ တောင်းဆိုသတဲ့၊ ဒီတော့ ဦးဖိုးလှိုင်က မငြင်းတော့ဘဲ ကြက်ဥတစ်လုံးနဲ့ ဖလားတစ်လုံးကို တောင်းလိုက်သတဲ့၊ ကြက်ဥနဲ့ ဖလားရတဲ့အခါ မှာ မန်းမှုတ်လိုက်တော့ ဖလားထဲမှာ ကြက်ဥတွေပြည့်လျှံသွား တယ်၊ သူက ပထမဦးဆုံး ကြက်ဥကိုယူလိုက်ပြီး ရွာသူရွာသားတွေကို တစ်ယောက်တစ်လုံး ခွဲဝေပေးလိုက်သတဲ့၊ ပြီးတော့ကျောင်းထိုင်
ဆရာတော်ကို ကန်တော့လိုက်ပြီး “ အရှင်ဘုရား၊ ဒီတစ်ခါ တပည့်တော်ကို နောက်ဆုံး တွေ့ရခြင်းပါပဲ ” လို့ပြောပြီး ရွာကနေ ထွက်ခွာသွားတယ်၊ရွာသူရွာသားတွေဟာ ကြက်ဥတွေ ကိုင်ပြီး အိမ်ပြန်လာတော့ အပြန်လမ်းမှာတင် ကြက်ဥတွေ လက်ထဲက ပျောက်ကွယ်သွားလို့ အလွန်အံ့ဩသွားကြတယ်၊ဒီနေ့ကစ ပြီး ပဉ္စလက်ဖိုးလှိုင်ဟာ ပျောက်ချင်းမလှ ပျောက်သွားတယ်၊ သူ့အကြောင်းကိုလဲ မကြားရတော့ပါဘူး ,,…လို့ပြောပြီး ပုံပြင်ကို အဆုံးသတ်လိုက်လေ၏။
ချောမေ သည် မိုးစက်ပြောသောပုံပြင်ကို တအံ့တသြနားထောင်နေရာ အိပ်စက်ရန် အချိန်ကိုပင် မေ့လျော့နေလေ၏။ မိုးစက်က သူမ၏ ပခုံးကိုပုတ်၍….ကဲ… ပုံပြင်တော့ပြီးသွားပြီ၊ အစ်မအိပ်တော့နော် ” ဟု ဆိုကာ ဘုန်းကြီးကျောင်းဘက်သို့ ပြန်လည်ထွက်ခွာ သွားလေ၏။
ချောမေသည် မိုးစက်၏နောက်ကျောကိုကြည့်၍
….ပဉ္စလက်ဖိုးလှိုင်၊ ပဉ္စလက်ဖိုးလှိုင် သိပ်ထူးဆန်းတဲ့ လူကြီးပဲ….
ဟု ရေရွတ်နေလေတော့၏။
အပိုင်း ၆ ဆက်ရန်

မင်းမြတ်သူရ
ပဥ္စလက်မောင်နှမ
အပိုင်း (၆)
တစ်နေ့သ၌ မိုးစက်တို့သည် မြို့တစ်မြို့သို့ ရောက်နေခိုက်တွင် ချောမေ၏မွေးနေ့နှင့်တိုက်ဆိုင်နေရာ ရေမီးသက်စေ့လှူရန် အလို့ငှါ စေတီငယ်လေးတစ်ဆူသို့ ရောက်ခဲ့လေ၏။ စေတီလေး သည် ကုန်းမြင့်မြင့်လေးပေါ်တွင်ရှိသဖြင့် သပ္ပာယ်ဖွယ်အတိ ဖြစ် လေ၏။ ချောမေသည် ဘုရားအား ရေမီးသက်စေ့လှူဒါန်းပြီး နောက် မိုးစက်ဘက်သို့ လှည့်ကာ
““ ငါတို့လို မရှိဆင်းရဲသားတွေကတော့ မွေးနေ့ရောက်ရင် ဘုရားမှာပဲ ရေမီးသက်စေ့လှူပြီး ကျေနပ်လိုက်ရတယ်။ လူဂုဏ်ထံတွေဆို မွေးနေ့ပွဲကို ငွေတွေအများကြီးအကုန်ခံပြီး ခြံဝင်းကျယ်ကြီးထဲမှာ မီးရောင်စုံတွေထွန်း မွေးနေ့ကိတ်ကိုဓားနဲ့လှီးပြီး ခမ်းခမ်း နားနားလုပ်ကြတယ်…
ဟုပြောလေရာ မိုးစက်က သက်ပြင်းချ၍
….ဒါတွေကို အားကျစရာမလိုပါဘူးအစ်မရယ်၊ ဒီနေ့ ခေတ်လူတွေမွေးနေ့လုပ်တယ်ဆိုတာ သူတစ်ပါး ယဉ်ကျေးမှုကို အတုခိုးပြီးလုပ်ကြတာပါမြန်မာရာဇဝင်မှာ ပြန်ကြည့်ရင် ဘယ် မင်းမှ ဟက်ပီးဘက်ဒေးတူယူဆိုပြီး ကိတ်မုန့်ကို ဓားနဲ့မလှီးပါဘူး၊ အစ်မမှာ ငွေတွေအများကြီးတတ်နိုင်ရင် ခြံဝင်းကျယ်ကြီးထဲမှာ မွေးနေ့ပွဲကြီးကို ခမ်းခမ်းနားနားလုပ်နိုင်ပါတယ်၊ အပြစ်ပြောစရာ မရှိပါဘူး၊ မွေးနေ့ပွဲဆိုတာ ပျော်ရွှင်စရာကောင်းတဲ့အထိမ်း အမှတ်တစ်ခုပါမွေးနေ့ရှင်ကို မိတ်ဆွေအပေါင်းအသင်းတွေက လက်ဆောင်တွေပေးပြီး ချစ်ခင်ရင်းနှီးမှုကိုပြကြတယ်၊ ဒါပေမယ့် ဒါဟာ လူဂုဏ်ထံတွေရဲ့ အလုပ်ပါ၊ ဂုဏ်ပကာ
သနနဲ့ ပျော်ရွှင်မှု သက်သက်ပါ၊ မရှိဆင်းရဲ
သားတွေနဲ့ မဆိုင်ပါဘူး၊ အတုခိုးရင် မှားလိမ့်မယ်၊ ကိုယ့်မွေးနေ့မှာ အထိမ်းအမှတ်တစ်ခု သိပ်လုပ်ချင်ရင် ပိုပြီး အဓိပ္ပာယ်ရှိတဲ့အလုပ်တွေ လုပ်နိုင်ပါတယ်၊ မွေးနေ့ မှာ ကုသိုလ်ကောင်းမှုလုပ်နိုင်တယ်၊မရှိဆင်းရဲသားတွေကို လှူဒါန်းနိုင်တယ်၊ ကျေးဇူးရှင်ဆရာသမားတွေကို ဂါရဝပြုနိုင်တယ်၊ တစ်ခုခု စားသောက်ရမှ ကျေနပ်မယ်ဆိုရင်လဲ ကိုယ့် မိသားစုနဲ့ အတူချက်ပြုတ်စားသောက်နိုင်တယ်၊ အရင်းနှီးဆုံး သူငယ်ချင်းတွေကို ဖိတ်ကျွေးနိုင်တယ်၊ ကိုယ့်ဘဝအတွက် အရေးပါတဲ့လုပ်ငန်းတွေကို မွေးနေ့မှာစတင်ပြီးလုပ်ကိုင်နိုင်တယ်၊ စီမံကိန်း တွေ ချမှတ်နိုင်တယ်၊ ဥပမာ- ဒီနှစ်ငါ့မွေးနေ့ကစပြီး ရာသက်ပန် သက်သတ်လွတ်စားမယ်ပေါ့၊ ဒါမှမဟုတ် ဒီနှစ်မွေးနေ့ကပြီး တရုတ်ဘာသာကို စတင်လေ့လာတော့မယ် ဆိုတာမျိုးပေါ့၊ ဒါတွေဟာ အဓိပ္ပာယ်ရှိပြီး လက်တွေ့ကျတဲ့ အတွေးတွေပါ၊ လူဆင်းရဲ တစ်ယောက်ဟာ လူချမ်းသာကြီး တစ်ယောက်ရဲ့ ခမ်းနားတဲ့ မွေးနေ့ပွဲကြီးကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်နေရင် မှားမှာပေါ့၊အချို့သော ဝမရှိဘဲ ဝိလုပ်ချင်သူတွေဟာ ချေးငှား ပေါင်နှံပြီး မွေးနေ့ပွဲကို မဖြစ်ဖြစ်အောင်လုပ်ကြတယ်၊ ဒါဟာ ရယ်စရာကောင်းလွန်းပါတယ်၊ သနားဖို့လဲကောင်းပါတယ်၊ ကိုယ်လုပ်တဲ့ အလုပ်က အဓိပ္ပာယ်ရှိရဲ့လားဆိုတာတောင် မစဉ်းစားမိကြဘူး…..ဟုပြောလေရာ ချောမေက သေချာစွာနားထောင်၍ “ နင်ပြောတာ သိပ်ဟုတ်တာပဲ၊ မွေးနေ့မလုပ်ရရင်ဘဲ သေမလိုဖြစ်မဲ့လူမျိုး ငါတွေ့ဖူးတယ်သိပ်ရယ်ရတာပဲ၊ နင်အပြော ကောင်းလို့ ငါ့မွေးနေ့မှာ အရင်းနှီးဆုံးလူတစ်ယောက်နဲ့ ထမင်းလက်ဆုံ စားချင်တယ်၊ တရုတ်ဆိုင်ကောင်းကောင်းတစ်ခုရှာပြီး စား ကြရအောင်ဟယ်….ဟုပြောလေရာ ချောမေ၏စကားအဆုံးတွင် မိုးစက်ကရင်ပြင်မှ ခပ်လှမ်းလှမ်းသို့ကြည့်၍
…..အစ်မ ဟိုမှာကြည့်စမ်း၊ စေတီပေါ်ကို မိန်းကလေး တစ်ယောက်ပြေးတက်လာတယ်”….ဟုပြောလေရာ ချောမေက လှည့်ကြည့်၍ ဟုတ်တယ်ဟဲ့သူ့လက်ထဲမှာလဲ အရုပ်တစ်ခု ကိုင်ထားတယ်….ဟုပြောလေ၏။
စေတီသည် ကုန်းမြင့်ပေါ်တွင်ရှိ၍ မိန်း ကလေး၏သဏ္ဌာန်ကို အဝေးမှပင် လှမ်းမြင်ရ၏။
မိုးစက်သည် မိန်းကလေး၏နောက်ဘက်သို့ကြည့်လိုက်ပြီး
“ အစ်မရေ… အဆန်းတွေတော့ တွေ့ရတော့မယ်ထင်တယ်၊မိန်းကလေးနောက်မှာလူကြီးသုံးယောက်လိုက်လာတယ်” ဟုပြောလေ၏။ မိန်းမပျိုသည် စေတီပေါ်သို့ မောဟိုက်ပင်ပန်း
စွာဖြင့် တက်လာလေ၏။
မိန်းမပျိုသည် စေတီရှိရာ ကုန်း မြင့်ပေါ်သို့ ပြေးတက်လာသူများကိုကြည့်၍
ဟင်…. ဒီလူကြီးတွေ လိုက်လာကြပြီ၊ ဒုက္ခပါပဲ ဟု ရေရွတ်လေ၏။
ပြီးနောက် ချောမေနှင့်မိုးစက်ဘက်သို့လှည့်၍ကြည့်ကာ
“အစ်မရယ်…. ကျွန်မမှာအန္တရာယ်နဲ့ကြုံနေရလို့ ကျွန်မရဲ့ မြင်းဖြူရှင်ရုပ်ကလေးကို ခဏအပ်ထားပါရစေနော်…. ဟုဆိုကာ ကြောင်အမ်းအမ်းကြည့်နေသော ချောမေ၏
လက်ထဲသို့ မြင်းဖြူရှင်ရုပ်ကလေးထည့်၍ စေတီတစ်ဘက်ရှိ ကားလမ်းသို့ ပြေးဆင်းသွားလေ၏။
မိန်းမပျို၏နောက်မှလိုက်လာသော လူကြီးသုံးယောက်သည် မိန်းမပျိုဆင်းရာ ကားလမ်းဘက် သို့ အပြေးလိုက်ကြပြန်၏။
ချောမေသည် မိန်းမပျို၏ မြင်းဖြူရှင် ရုပ်ကလေး လက်ထဲတွင်ကိုင်၍ ကျန်ရစ်ခဲ့လေ၏။
မိန်းမပျိုသည် ကားလမ်းပေါ်သို့ရောက်သောအခါ မြင်းလှည်းတစ်စီးကို ငှားရမ်း၍ ဒုန်းစိုင်းမောင်းနှင်စေရာ လူသုံးယောက်လက်မှ လက်မတင်လေးလွတ်သွားလေ၏။
ချောမေသည် အဝေးသို့ရောက်သွားသော မြင်းလှည်းကိုကြည့်၍….ဟယ်တော်…. ငါ့လက်ထဲမှာ မြင်းဖြူရှင်ရုပ်ကလေး ကျန်ခဲ့ပြီ….ဟု ရေရွတ်လေ၏။
မြင်းဖြူရှင်ရုပ်မှာ နတ်ပွဲများတွင် ပြသ ထားလေ့ရှိသော အရုပ်မျိုးပင်ဖြစ်လေ၏
။ မိုးစက်က လူသုံး ယောက်ကိုကြည့်၍
““ ကောင်မလေးနောက်ကိုလိုက်တဲ့သူတွေဟာ လူကောင်း တွေဖြစ်ဟန်မတူဘူး၊လက်ထဲမှာ ဓားမြှောင်ကိုင်ထားတာတွေတယ်….
ဟုပြောလေ၏။
ချောမေက ခေါင်းကုတ်၍ ….ကောင်မလေးက မြင်းဖြူရှင်နတ်ရုပ်ကို အပ်ထားခဲ့တယ်၊ ငါတို့က ဘယ်လိုလုပ်ရမှာလဲ ဟုမေးမြန်းလေ၏။ မိုးစက်က တခဏမျှ စဉ်းစားဟန်ပြု၍
…ကျွန်တော်တို့အတွက် ဒီနတ်ရုပ်က အရေးမကြီးပေမယ့် ကာယကံရှင်အတွက် အရေးကြီးပုံရတယ်၊ဒီတော့ မြို့ကလေးမှာ မျက်လှည့်ပြရင်း သူ့ကိုစောင့်နေကြမယ်၊ လူဆိုးသုံးယောက်ဟာ ကောင်မလေး နတ်ရုပ်အပ်သွားတာ မြင်ပုံမရဘူး၊ မြင်သွားရင် ကျွန်တော် တို့ကိုတောင် ရန်ရှာနိုင်တယ်ဗျ….
ဟုပြောလေ၏။
မိုးစက်တို့သည် စေတီလေး၏အနီးအနား တွင် မျက်လှည့်ပြရင်း မြင်းဖြူရှင်နတ်ရုပ်ပိုင်ရှင်ကို စောင့်မျှော် နေလေ၏။
သုံးရက်ကြာအောင် စောင့်မျှော်သည်အထိ မြင်းဖြူရှင် နတ်ရုပ်ပိုင်ရှင် ရောက်မလာပေ။
ထိုရက်ပိုင်းအတွင်း မြင်းဖြူရှင်နတ်ရုပ်နှင့်ပတ်သက်၍ ထူးခြားမှုများဖြစ်ခဲ့လေ၏။
မိုးစက်တို့သည် မျက်လှည့်ပြနေစဉ် မြင်း ဖြူရှင်နတ်ရုပ်ကို အနီးရှိသစ်ကိုင်းတွင် ချိတ်ဆွဲထားလေ၏။
ထိုစဉ် မျက်လှည့်ဝိုင်းသို့ရောက်လာသော အရူးကြီး တစ်ယောက်က…ငါ့မြင်းဖြူရှင်ပြန်တွေ့ပြီ၊ မြင်းဖြူရှင်ပြန်ပေး ပြန်ပေး” ဟုဆိုကာ မြင်းဖြူရှင်နတ်ရုပ်ကို ဝင်ရောက်လုယက်လေရာ ပရိသတ်များက အရူးကြီးကို ချုပ်နှောင်ခေါ်သွားလေ၏။
နောက်ထူးခြားမှုမှာ မိုးစက်နှင့်ချောမေသည် မျက်လှည့်ဝိုင်းတွင် တစ်လှည့်စီ ပြသနေစဉ် ပရိသတ်ထဲမှ မျက်လှည့်ကြည့်သူ တစ်ဦးက အာဘောင်အာရင်းသန်သန်ဖြင့် ““ မြင်းဖြူရှင်မောင်နှမရဲ့ မျက်လှည့်ပြကွက်တွေကဆန်းပါ့ကွာ၊ အံ့မခန်းပါပဲ ”..ဟု ချီးမွမ်းလိုက်ရာ မျက်လှည့်ကြည့်သူများ၏နားတွင် မြင်းဖြူရှင်မောင်နှမဟူသောအမည် စွဲထင်သွားပြီး ထိုမြို့ကလေးတွင် မျက်လှည့်ပြသော သုံးရက်လုံးလုံး မိုးစက်တို့အား မြင်းဖြူရှင် မောင်နှမဟု ခေါ်တွင်လေ၏။
မိုးစက်နှင့်ချောမေတို့သည် မြင်းဖြူရှင်နတ်ရုပ်ပိုင်ရှင် မိန်းကလေးကို စောင့်မျှော်ရင်း မြို့ကလေးတွင် သောင်တင်နေလေ၏။
မိုးစက်တို့သည် ထိုမြို့တွင်နေထိုင်စဉ် ခေါက်ဆွဲဆိုင်တစ်ဆိုင်၏ နောက်ဖက်အခန်းငယ်လေးအား အခကြေးငွေပေး၍ နေထိုင်ခဲ့လေ၏။

နောက်တစ်နေ့သို့ရောက်သောအခါ မိုးစက်တို့သည် မြို့ကလေးမှထွက်ခွာရန်အတွက် အဝေးပြေးလမ်းမကြီးဆီသို့ ထွက်ခဲ့ လေ၏
လမ်းမကြီးအနီးရှိ ညောင်ပင်ကြီးအောက်တွင် ကားကြုံ စောင့်နေစဉ် ယောဂီဝတ်စုံဝတ် အဘွားကြီးတစ်ယောက်ကိုမြင်၏။
ချောမေက…မိုးစက်၊ အဘွားကြီးကို တစ်ခုခုလှူရအောင် ”.. ဟုဆိုသဖြင့် မိုးစက်က ဖျင်လွယ်အိတ်ကြီးထဲမှ ဖီးကြမ်း ငှက်ပျောသီးတစ်ဖီးကိုထုတ်၍ အဘွားကြီးအား လှူဒါန်းလေ၏။ ချောမေက
….အမေ၊ သမီးတို့မောင်နှမ အမေ့ကို ငှက်ပျောသီးတစ်ဖီး လှူဒါန်းပါတယ်….
ဟုဆိုလေရာ အဘွားကြီးက…. အေးကွယ် သာဓု၊ သာဓု ဘုန်းကြီးပါစေသက်ရှည်
ပါစေ…..ဟု ဆုတောင်းပေးလေ၏။
အဘွားကြီး၏မျက်နှာသည် ပူပင်သောကမရှိဘဲ အေးချမ်းလှ၏။
ချောမေက အဘွားကြီးကိုကြည့်၍
… အမေ့နာမည်ဘယ်လိုခေါ်သလဲ၊ အမေက ဘယ်မှာနေတာလဲ””..ဟု မေးမြန်းလေရာ အဘွားကြီးက အမေ့နာမည်….ဒေါ်ရွှေစံလို့ခေါ်တယ်၊ အမေက ဒီနားကရွာမှာနေတယ်…ဟုပြောလေ၏။
ချောမေက ဆက်လက်၍…ညောင်ပင်အောက်မှာ ဘာလို့လာထိုင်နေတာလဲ….ဟုမေးမြန်းလေ၏ ။ အဘွားကြီးက ညောင်ပင်နှင့်မလှမ်း မကမ်းသို့ လက်ညှိုးညွှန်ပြ၍……ခိုကလေးတွေကို အစာကျွေးနေတာလေ၊ အဘွား ညောင်ပင်ကြီးအောက်မှာ ခိုကလေးတွေကို အစာကျွေးခဲ့တာနှစ်ပေါင်း ၅ဝ ရှိပြီ ”
ဟုပြောလေ၏။
ချောမေက..အမေ့မှာ သားသမီးတွေမရှိဘူးလား….ဟု မေးမြန်းလေရာ အဘွားကြီးက
….မရှိပါဘူးကွယ်…..
…..ဒါဆိုရင် အမေရဲ့စားဝတ်နေရေးအတွက် ဘယ်သူတွေကတာဝန်ယူသလဲ ”….
.. ..ရွာက လူတွေကပဲ တာဝန်ယူတာပေါ့၊
အမေကလဲလူတွေ အခက်အခဲဖြစ်လို့ သိချင်တာလေးတွေရှိရင် ပြောပြပေးတယ်လေ၊
အမေ့စကားကို ဒီနယ်တကြောက လူတွေအားလုံးနားထောင်ကြတယ်….
အဘွားကြီး၏စကားကို နားထောင်၍မိုးစက်က မျက်လုံးပြူးသွားပြီး…အမေက အကြား
အမြင်ဆရာမကြီးနဲ့တူတယ် ..” ဟုရေရွတ်လေ၏။
အဘွားကြီးက သက်ပြင်းချ၍
…အကြားအမြင်တွေဘာတွေ အမေနားမလည်ပါဘူး၊ အမေ နားလည်တာက ခိုကလေးတွေကို အစာကျွေးပြီး သူတို့ရဲ့ အမူအရာတွေကိုကြည့်တယ်၊ ပြီးတော့ နိမိတ်ကောက်ပြီး လူတွေ ကို ပြန်ပြောပြတယ်….ဟုပြောလေရာ ချောမေသည် လွန်စွာအံ့ဩသွားပြီး….ခိုကလေးတွေကိုကြည့်ပြီး နိမိတ်ကောက်တယ်ဟုတ်လား၊ အံ့ဩစရာပဲ၊ ဒါဆိုရင် သမီးတို့မောင်နှမကိုလဲ ဟောကိန်း ထုတ်ပေးပါဦး…..
ဟု ပူဆာလေ၏။
အဘွားကြီးက ခိုသတ္တဝါလေးများ၏ အစာစားပုံ၊ ပျံတက်ပုံကိုကြည့်၍ လေသံတိုးတိုးဖြင့်….“သမီးတို့မောင်နှမဆီကို ကြာသပတေးနံနဲ့ စတဲ့ပစ္စည်း တစ်ခု ရောက်နေလိမ့်မယ်၊ သူတပါး ခဏအပ်ထားတာဖြစ်မယ်၊ ဒီပစ္စည်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေတယ်၊ သမီးတို့ စွန့်ပစ်လိုက်ပါ၊ အမြန်ဆုံး စွန့်ပစ်လိုက်ပါ..ဟု သတိပေးလေရာ မိုးစက်နှင့်ချောမေသည် ပါးစပ် အဟောင်းသားဖြစ်သွားလေ၏။
မိုးစက်က….အမေဟောတာ သိပ်မှန်တာပဲ…ဟု ချီးကျူးလေ၏။
ချောမေက
…အမေ ဒီပညာကို ဘယ်လိုတတ်ထားတာလဲ၊ သမီးတို့ဗဟုသုတရအောင် ပြောပြပါလား…. ဟု မေးမြန်းလေ၏။
အဘွားကြီးက ဟိုးအဝေးဆီသို့ငေး မောကြည့်၍
…သမီးသိချင်ရင် ပြောပြပါမယ်၊ အမေဒီပညာကို သင်ယူခဲ့ပုံက သိပ်ထူးဆန်းတယ်….ဟု အစချီလိုက်၏။
အပိုင်း ၇ ဆက်ရန်

မင်းမြတ်သူရ
ပဥ္စလက်မောင်နှမ
အပိုင်း (၇)

အဘွားကြီးက မိုးစက်တို့အား ခိုသတ္တဝါများ
နှင့် ပတ်သက်ပြီး နမိတ်ကောက်ပညာ သင်ယူခဲ့ခြင်း အကြောင်းကို ပြောပြလေ၏။
…ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) လောက်ကပေါ့၊ အမေငယ်စဉ်က မိဘတွေဆုံးပါးသွားလို့ စိတ်သဘော ထားယုတ်မာတဲ့ အဒေါ်တစ်ယောက်ရဲ့အိမ်မှာ နေရတယ်၊ အမေ့ အဒေါ်ဟာ ကလေးအရွယ်နဲ့မမျှအောင် အမေ့ကို အိမ်အလုပ်တွေ မတရားခိုင်းတယ်၊ တစ်နေကုန် ထင်းခွဲ၊ မရခပ်၊ မောင်းထောင်းလုပ်ရတယ်၊ ထမင်းကိုတော့ တစ်နေ့တစ်နပ်ပဲကျွေးတယ်၊ အမေက ပင်ပင်ပန်း ပန်းအလုပ်လုပ်ပြီး တစ်နေ့ထမင်းတစ်နပ်ပဲ စားရတယ် ဆိုတော့ ဘယ်ဝ ပါ့မလဲ၊ ဒါပေမယ့် ညှင်းပန်းနှိပ်စက်လွန်းတဲ့ အဒေါ်ကို ကြောက်ပြီး ပြောလဲမပြောဝံ့ဘူး၊ ထမင်းဆာတိုင်း ကြိတ်ပြီးငို ရတာပေါ့၊ အမေငယ်စဉ်က ခိုကလေးတွေကို သိပ်ချစ်တယ်၊ မောင်းထောင်း ဆန်ကြိတ်တဲ့အခါတိုင်း ခိုကလေးတွေကို အစာ ကျွေးလေ့ ရှိတယ်၊ နေ့စဉ်နေ့တိုင်း ဆန်တစ်ဆုပ်တော့ ရအောင် ရှာပြီး ခိုလေးတွေကိုကျွေးတယ်၊ ဒီလိုနဲ့နှစ်စဉ်နှစ်တိုင်းကျင်းပ လေ့ရှိတဲ့ ရွှေမြင်တင် ဘုရားပွဲတော်ရက်မှာ အမေ့အဒေါ်နဲ့ မိသားစု ဟာ ဘုရားပွဲကို ထွက်ခွာသွားတယ်၊ အမေ့ကိုတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အိမ်မှာ တစ်ယောက်တည်းထားခဲ့တယ်၊ စားဖို့ သောက်ဖို့လဲ ဘာမှချန်မထားခဲ့ဘူး၊ အမေဟာထမင်း စားချိန် ရောက်တော့ ဗိုက်ဆာလွန်းလို့ အူလိမ်နေတယ်၊ ရွာထဲက အိမ်တွေ မှာ လှည့်ပြီးတောင်းရမ်း စားသောက်ရမှာလဲ ရှက်ရွံ့နေမိတယ်၊ ဒီအချိန်မှာ အမေအစာ ကျွေးနေကျ ခိုကလေးတွေဟာ အစာစား ချိန်တန်လို့ အမေ့ရှေ့ကိုရောက် လာကြတယ်၊ အမေစားဖို့တောင် ဆန်တစ်စေ့မရှိတာ ခိုလေးတွေကို အမေဘယ်လိုလုပ် အစာကျွေးနိုင်ပါ့မလဲ၊ အမေဟာ ခိုကလေးတွေကိုကြည့်ပြီး ဝမ်းနည်းလွန်းလို ငိုယိုနေမိတယ်၊ ပြီးတော့ ဆာလောင်နေတဲ့ ခိုကလေးတွေကို မကြည့်ရက်တာနဲ့ ရွာပြင်ကို ထွက်ခဲ့တယ်….ဟုပြောလေရာ ချောမေက အဘွားအို၏ စကားကို စုတ် တသတ်
သတ်ဖြင့် နားထောင်၍…အမေ့အဖြစ်က အတော်သနားဖို့ကောင်းတာပဲ၊ ဆက်ပြောပါဦးအမေရယ်”.ဟု ပြောလေ၏။ အဘွားအိုက ဆက်၍..“အမေတို့ရွာပြင်မှာ ရေကန်ကြီးရှိတယ်၊ ရေကန်ကြီးအနီးမှာ သူရဿတိ
နတ်သမီးရဲ့ နတ်ကွန်းလဲရှိတယ်၊ အမေဟာ နတ်ကွန်းရှေ့ရောက်တော့ နတ်သမီးကို အမေ့ဒုက္ခတွေကို တိုင်တည်ပြီး ဆုတောင်းခဲ့တယ်၊ ခဏကြာတော့ နတ်ကွန်းရှေ့မှာပဲ အမေ အိပ်ပျော်သွားတယ်၊ အိပ်ပျော်ပြီးခဏကြာတော့ အမေအိပ်မက် မက်တယ်၊ အိပ်မက်ထဲမှာ အလွန်ချော အလွန်လှတဲ့ နတ်သမီး တစ်ပါးရောက်လာပြီး အမေ့ကို အိပ်ရာက နှိုးတယ်၊ နတ်သမီးက သမီးတော် ငါဟာ သူရဿတီနတ်သမီးပဲ၊ သမီးရဲ့ ဒုက္ခတွေကို ပပျောက်သွားအောင် ကယ်မတော်မူမယ်လို့ဆိုတော့ အမေလဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတာပေါ့၊ နတ်သမီးကို ဦးချကန်တော့ နေတုန်းမှာ နတ်သမီးက သမီးတော် ခိုသတ္တဝါလေးတွေကို ချစ်တဲ့သူဆိုတော့ ခိုတွေနဲ့ပတ်သက်တဲ့ ပညာကို သင်ပေးမယ်လို့ဆိုတယ်၊ လိုက်မှတ်ပေတော့လို့ဆိုတယ်ကွယ့်၊ ပြီးတော့ နတ်သမီးက သာယာချိုအေးတဲ့အသံတော်နဲ့ ခိုသတ္တဝါလေးတွေရဲ့ အစာစားဟန်၊ ပျံ တက်ဟန်၊ နားခိုဟန်တွေနဲ့ ပတ်သက်ပြီး ဖြစ်လေ့ရှိတဲ့ သဘော သဘာဝတွေကို နှုတ်တိုက်ရွတ်ပြတယ်၊ ထူးဆန်းတာက နတ်သမီး ရွတ်ပြတဲ့ပညာရပ်တွေဟာ ကျမ်းစာအုပ်တစ်အုပ်စာလောက်ရှိပေမဲ့
အမေဟာ တစ်လုံးမကျန်မှတ်မိနေတယ်၊
အမေဟာ မှတ်ဉာဏ်အလွန်နည်းတဲ့သူပါ၊ ဒါပေမဲ့ နတ်သမီးရဲ့ တန်ခိုးတော် ကြောင့်ထင်ပါတယ်၊ တစ်လုံးမကျန် အာဂုံဆောင်နိုင်ခဲ့တယ်.. ဟုဆိုလေရာ မိုးစက်က ခေါင်းတဆတ်ဆတ်ညိတ်၍…သိပ်ထူးဆန်းတာပဲ ပြောပါဦးအမေရယ်၊ ကျွန်တော်တို့ ကြားဖူးတာက သူရဿတီနတ်သမီးဟာ ပညာရပ်တွေကို စောင့် ရှောက်တယ်၊ နတ်သမီးဟာ ဟင်္သာရုပ်ကိုစီးပြီး လက်ထဲမှာ ပိဋကတ်သုံးပုံကို ကိုင်ထားတယ်’…’
ဟုပြောလေ၏။ အဘွားအိုကဆက်လက်
၍ “အမေအိပ်ရာက နိုးလာတော့ ခိုသတ္တဝါလေးတွေနဲ့ ပတ်သက်တဲ့ ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေခဲ့တယ်၊ အဲဒီနေ့ကစပြီး အမေဟာ ခိုကလေးတွေရဲ့ အမူအရာကိုကြည့်ပြီး ဟောကိန်းတွေ အမျိုးမျိုးထုတ်ခဲ့တယ်၊ ပထမတော့ ရွာကလူတွေဟာ လူမမယ်ကလေးငယ်သာဖြစ်တဲ့အမေ့ကို ဘယ်ယုံပါ့မလဲ၊ဒီလိုနဲ့ တစ်နေ့မှာ ရွာက လယ်ပိုင်ရှင်ကြီး ဦးဘောဂရဲ့ ပတ္တမြားလက်စွပ်ကြီး ပျောက်သွားတယ်၊ တကယ်တော့ ပတ္တမြား လက်စွပ်ကို ပြတင်းပေါက်မှာ ချွတ်ထားတုန်း ကျီးကန်း ချီသွားတာကွယ့်၊ အမေက ဦးဘောဂဆီသွားပြီး ဦးကြီးလက်စွပ် အိမ်ထဲမှာ မရှိဘူး၊ ရွာထိပ်က ညောင်ပင်ခွကြားမှာရောက်နေတယ်လို့ ပြောလိုက်တယ်၊ သူဌေး ဦးဘောဂဟာ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ တပည့်တွေကို သွားကြည့်ခိုင်းတယ်၊ အမေဟောတဲ့အတိုင်း တွေ့လို့ ကျေးဇူးတင်ပြီး အမေစားဖို့ ဆန်တစ်အိတ်ဆိတစ်ပုံးနဲ့ငါးခြောက်
တစ်ပိသာလာပို့ပေးတယ်၊ ဒီနေ့ကစပြီး အမေရဲ့ စားဝတ်နေရေးဟာ မပူပင်ရတော့ဘူး၊ ဝဝ လင်လင် စားသောက်ရတယ်….ဟုဆိုလေရာ ချောမေက အားတက်သရောဖြင့်…
စိတ်ဝင်စားစရာ ကောင်းလိုက်တာ အမေ၊ဟောပြောခဲ့တဲ့ အတွေ့အကြုံလေးတွေ ပြောပါဦး….
ဟု မေးမြန်းလေ၏။ အဘွားအိုက ဆက်
လက်၍…. အမေဟာ ရွာဦးကျောင်း ဆရာ
တော်ကြီး ပျံလွန်တော် မူမယ့်ရက်ကို တိတိ
ကျကျ ဟောနိုင်ခဲ့တယ်၊ ဒီ့အပြင် ဆန်ရေစပါး ပေါများမယ့်နှစ်တွေ၊ ရာသီဥတုပျက်မယ့် နှစ်တွေကို ဟောပြော နိုင်ခဲ့တယ်၊ ဆန်လှောင်၊ ပဲလှောင်ချင်တဲ့သူတွေဟာ အမေ့ကို မေးမြန်းပြီး အလုပ်လုပ်ရင် ဘယ်တော့မှ ရှုံးလေ့မရှိဘူး၊ သူဌေးကြီးဦးဘောဂကို မိန်းမ
သုံးယောက်မယူနဲ့ ယူရင်သေမယ်လို့ ဟောဖူးတယ်၊ ဦးဘောဂဟာ တဏှာလောဘကို
မထိန်းနိုင်ဘဲ တစ်ရွာသူညီအစ်မသုံးယောက်ကို တစ်ယောက်ပြီးတစ်ယောက် သိမ်း ပိုက်ခဲ့တယ်၊ အငယ်ဆုံးညီမကို ယူတဲ့ညမှာပဲ အိမ်နောက်ဘက်မှာ မြွေပေါက်ခံရပြီး သေဆုံးခဲ့တယ်၊ ရွာထဲက လူပျိုကြီး ဦးမြင့်ဆောင်ကို ထီထိုးပါ၊ တစ်သိန်းဆုပေါက်မယ်လို့ ဟောဖူးတယ်၊ ဦးမြင့်ဆောင်ဟာ ထီတစ်စောင်ပဲထိုးတယ်သူထိုးတဲ့ထီလက်မှတ်က တစ်သိန်းဆုပေါက်သွားတယ်၊ အမေ့ကို ငွေတစ်သောင်းလာလှူလို့ အမေက သူရဿတီနတ်သမီးရဲ့ နတ်ကွန်းကို အသစ်ပြန်ဆောက် ပေးခဲ့တယ်၊ အမေဟောခဲ့တဲ့ အတွေ့အကြုံတွေ အများကြီးသမီးရဲ့၊ ပြောရင်ဆုံးမှာမဟုတ်တော့ဘူး ,,…
ဟု ပြောလေရာ မိုးစက်ကဆက်လက်၍
…ခိုလေးတွေကို ရွာပြင်ထွက်ပြီး အစာကျွေးတဲ့ အကြောင်းပြောပါဦး….
ဟု မေးမြန်းလေရာ အဘွားအိုက… ရွာမှာ အိမ်ခြေတွေများလာလို့ ခိုသတ္တဝါလေးတွေကို အစာကျွေးဖို့ နေရာအခက်အခဲဖြစ်လာတယ်၊ ဒီညောင်ပင်ကြီးအောက်မှာတော့ အရိပ်အာဝါသလဲကောင်း နေရာလည်း ကျယ်ကျယ်ဝန်းဝန်းရှိလို့ ဒီနေရာမှာပြောင်းကျွေးတာပါ…..ဟုဖြေလေ၏။ မိုးစက်က မြင်းဖြူရှင် နတ်ရုပ်ကို အဘွားအိုကိုပြသ၍….အမေဟောတဲ့ သူတစ်ပါးလာအပ်ထားတဲ့ ပစ္စည်းဆိုတာ မြင်းဖြူရှင်နတ်ရုပ်ပါ၊ ဒီနတ်ရုပ်ကို အမြန်ဆုံးစွန့်ပစ်လိုက်ပါ့မယ်၊ မြင်းဖြူရှင်နဲ့ပတ်သက်ပြီး အမေသိသလောက် ဆက်ပြောပါဦး…..”
ဟု မေးမြန်းပြန်၏။ အဘွားအိုက မြင်းဖြူရှင်ရုပ်ကိုကြည့်၍ “…မြင်းဖြူရှင်ဟာ ရွာတော်ရင်နတ်ပါပဲ၊ ဒီအကြောင်းတွေနဲ့ ပတ်သက်ရင်
အမေ့ထက် အများကြီးပိုသိတဲ့ လူတစ်ယောက်ဆီ လမ်းညွှန်ပေးလိုက်မယ်၊ ဟောဒီကားလမ်းအတိုင်း ခဏကြာ အောင် လမ်း
လျှောက်သွားရင် တဲအိမ်လေးတစ်အိမ်ကိုတွေ့ လိမ့်မယ်အဲဒီအိမ်ထဲကို ဝင်သွားရင် ရွာတော်ရင် နတ်ရုပ်အကြောင်း ပြောနိုင်သူကိုတွေ့လိမ့်မယ်….ဟုပြောလေရာ မိုးစက်နှင့်ချောမေသည် အဘွားအိုကို နှုတ်ဆက်၍ ထွက်ခဲ့လေ၏။

ကားလမ်းအတိုင်း ခဏကြာအောင် လမ်း
လျှောက်ခဲ့ပြီးနောက် လွန်စွာအရိပ်အာဝါ
သကောင်းသော သစ်ပင်ကြီးများကို တွေ့ရလေ၏။ မိုးစက်တို့သည် နေပူထဲမှလျှောက်လာသူများ ဖြစ်၍ အရိပ်အောက်သို့ ရောက်သောအခါ ရင်ထဲတွင် အေးမြ သွားလေ၏။
ထိုနေရာတွင် မြက်ခင်းစိမ်းစိမ်းလေးများလည်း ပေါက်ရောက်နေ၏။ မြက်ခင်းများ၏အဆုံးတွင် သပ်ရပ်စွာဆောက်ထား သော တဲ့အိမ်ကလေးတစ်လုံးရှိ၏။

တဲအိမ်ကလေးရှေ့တွင် လွန်စွာသန့်ရှင်းသော ရေချမ်းစင် ကလေးများကိုမြင်ရ၏။ မိုးစက်တို့သည် ရေချမ်းစင်များကို တွေ့မြင် သောအခါ ရေသောက်ချင်စိတ်များ ဖြစ်ပေါ်လာ၏။ ချောမေသည် ရေအိုးထဲမှ ရေကို အုန်းမှုတ်ခွက်ဖြင့် ခပ်သောက်လေ၏။
မိုးစက်တို့ရေသောက်ပြီးသောအခါ ခြံဝင်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေသော အဘိုးအိုတစ်ယောက်ကို တွေ့ရလေ၏။ မိုးစက်က
…ဝင်ခွင့်ပြုပါ အဘိုး…
ဟု တောင်းပန်လိုက်လေရာ အဘိုးအိုက နှစ်လိုဖွယ်ပြုံး၍….ဝင်ခဲ့ပါ လူကလေး၊ကျုပ်
အိမ်မှာ တံခါးမရှိပါဘူး၊ သဘာဝလောကကြီးကိုယ်စား ဖိတ်ခေါ်ပါတယ်၊ မိခင်နဲ့တူတဲ့ ကမ္ဘာ မြေကြီးဟာ သတ္တဝါအားလုံးကို အယုတ်အလတ်အမြတ် မရွေး နေထိုင်ခွင့်ပြုတယ်၊ကျုပ်တို့က ကမ္ဘာမြေပေါ်မှာနေထိုင်ပြီး တံခါးကြီးတွေ ပိတ်ထားမယ်ဆိုရင် ရယ်စရာသိပ်ကောင်းနေမယ်….
ဟုပြောလေရာ ချောမေက စဉ်းစားဟန်ပြု၍..တံခါးမရှိရင် သူခိုးတွေကို ဖိတ်ခေါ်သလိုဖြစ်နေမှာပေါ့…
ဟု ပြောလေ၏။ အဘိုးအိုက ရယ်မော၍
…တံခါးတွေ၊ သော့တွေကသာ သူခိုးတွေကို ဖိတ်ခေါ်နေတာပါ၊ လူတွေဟာ ဖုံးကွယ်ထားတဲ့အရာကိုသာ စိတ်ဝင်စားပါ တယ်၊ ဖွင့်ထားတဲ့အရာကို စိတ်မဝင်စားဘူး…
ဟုပြောလေရာ မိုးစက်ကဝင်၍…အဘိုးပြောတာ သိပ်ဟုတ်တာပဲ၊ ကျွန်တော်တို့ မျက်လှည့်ပြတဲ့အခါ ဒီနည်းကို အသုံးပြုတာပေါ့၊ ကြိုးစလေးတစ်စ ကိုမြေမှာချပြီး တောင်းနဲ့အုပ်လိုက်ရင် လူတွေဟာစိတ်ဝင်စားပြီး တဖြည်းဖြည်းများလာတယ်၊ ကြိုးစကနေ ဘာဖြစ်သွားမလဲလို့ စိတ်ဝင်စားကြတယ်၊ ဖုံးကွယ်ထားတဲ့အရာကို လူတွေသိချင် ကြတယ်၊ မျက်လှည့်ပညာရဲ့ သော့ချက်ကအဲဒါပဲ…ဟုဆိုလေ၏။
အဘိုးအိုက…..မျက်လှည့်ပညာရဲ့ သော့ချက်တင်မကပါဘူး၊ အောင်မြင်မှုအားလုံးရဲ့ သော့ချက်ပါပဲ၊ အောင်မြင်တဲ့ စာရေးဆရာ၊ ပန်းချီဆရာစီးပွားရေးသမားတွေအားလုံး လူတွေကို ညှို့ငင်ပြီး ဆွဲဆောင်နိုင်ကြတယ်၊ ညှို့ငင်မှုနဲ့ ဖုံးကွယ်မှုဟာ သိမ်မွေ့စွာဆက်စပ်နေတယ်၊ ကဲ.. လူကလေးတို့လာရင်းကိစ္စကို ပြောပါဦး…..ဟု မေးမြန်းလေရာ မိုးစက်က အဘွားအိုဒေါ်ရွှေစံက မြင်းဖြူရှင်ရုပ်နှင့်ပတ်သက်၍ မေးမြန်းရန် လမ်းညွှန်လိုက်ကြောင်း ပြောလေ၏။
…..ခိုသတ္တဝါတွေရဲ့ လှုပ်ရှားသွားလာပုံကိုကြည့်ပြီး ဟောတဲ့ပညာရှင်တွေထဲမှာ ဒေါ်ရွှေစံဟာ အတော်ဆုံးပါပဲ၊ သူ့ပညာ ကို ကျမ်းတစ်စောင် ပေတစ်ဖွဲ့ ရေးဖွဲ့မှတ်တမ်းတင်ဖို့ သင့်တယ်”” ….ဟုပြောလေ၏။

မှတ်ချက် ။ ။ ခိုသတ္တဝါတို့၏ လှုပ်ရှားသွားလာပုံကိုကြည့် ၍ နမိတ်ကောက်ဟောပြောရသော ဒေါ်ရွှေစံ၏ ပညာနှင့်ဆင်တူသော ကျမ်းတစ်စောင်ရေးသား ထုတ်ဝေခဲ့ကြောင်း မှတ်သားဖူးပါသည်။
[စာရေးသူ]

အဘိုးအိုက မြင်းဖြူရှင်နတ်ရုပ်ကို တောင်းယူ၍ .. မြင်းဖြူရှင်အကြောင်းကို သိချင်လို့လား၊ မြင်းဖြူရှင် မြန်မာတွေရဲ့ မြို့စောင့်နတ်၊ ရွာစောင့်နတ်ပါပဲ၊ မြန်မာ ရွာတိုင်းမှာ မြင်းဖြူရှင်နတ်ကွန်းရှိတယ်၊ မြင်းဖြူရှင်နတ်ကွန်းကို ရွာရဲ့ အရှေ့ဘက် (သို့မဟုတ်) မြောက်ဘက်မှာ တည်ထား လေ့ရှိတယ်၊ နတ်ကွန်းကို ရွာတည်စကတည်းက စဆောက်လေ့ရှိ တယ်၊ နတ်ကွန်းမှာ ဝါးနှီးစလေးတွေကို ချိုးပြီး ဆက်သထားကြတယ်၊ ဝါးနှီးစလေးတွေကို ရေတွက်ကြည့်ရင် ရွာရဲ့လူဦးရေ စာရင်းကို တွေ့ရမယ်၊ ရွာသူရွာသားတစ်ယောက်မကျန် စောင့်ရှောက်ပေးပါလို့ အပ်နှံထားတဲ့သဘောပဲ၊ နတ်စင်မှာ ပန်းနဲ့မြင်းဖြူ ရှင်ရုပ်၊ သစ်သားဓားတစ်လက်ကို ဆက်သထားတယ်၊ဓားက တော့ ရပ်ရွာလုံခြုံရေးအတွက် အသုံးပြုဖို့ ဆိုတဲ့သဘောပေါ့…
ဟု ရှင်းလင်းပြလေရာ မိုးစက်က
….မြင်းဖြူရှင်ရဲ့ သမိုင်းကိုပြောပါဦး….”
ဟု တောင်းပန်လေ၏။ အဘိုးအိုက ဆက်
လက်၍…..မြင်းဖြူရှင်ရဲ့သမိုင်းအမျိုးမျိုးရှိတယ်၊ ထင်ရှားတဲ့သမိုင်း တစ်ခုကို ပြောပြမယ်၊ မြင်းဖြူရှင်ဟာ ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းရဲ့ အဆက်အနွယ်မင်းတစ်ပါးဖြစ်တယ်၊ သူဟာ ကနီ အရပ်မှာ မြို့တည်ပြီးနေတယ်၊ ပုဂံမင်းက လာတိုက်တဲ့အခါမှာ ရန်သူလက် မပါလိုတဲ့အတွက် ချင်းတွင်းမြစ်ထဲကို လူရော မြင်း ရော ခုန်ချပြီး အသေခံခဲ့တယ်၊ ကွယ်လွန်ပြီးနတ်ဖြစ်တော့ ကနီနယ်ဘက်မှာ ဖိုးမင်းဖြူနတ်၊ မြင်းဖြူရှင်နတ်၊ ရွှေမြင်းဖြူနတ် ဆိုပြီး အမည်တွင်ခဲ့တယ်…
ဟုပြောလေ၏။ ချောမေက ဝင်ရောက်၍
……မြင်းဖြူရှင်ဟာ လူတွေယုံကြည်ကိုးကွယ်သလို ရွာတွေ စောင့်ရှောက်နိုင်သလား….ဟု မေးမြန်းလေ၏။ အဘိုးအိုက ရယ်မော၍..မေးခွန်းတစ်ခုကို ဖြေမယ်ဆိုရင် အဖြေရဖို့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း အမျိုးမျိုးရှိတယ်၊ ဒီမေးခွန်းကိုဖြေဖို့ သဘာဝ ယုတ္တိနဲ့ အတွေးအခေါ်ပိုင်း၊ နာမ်ဝိညာဉ်အပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်းရှိတယ်၊ ဘယ်အပိုင်းက ဖြေရမှာလဲ…..
ဟု မေးမြန်းလေ၏။ ချောမေက မျက်မှောင်ကြုတ်၍ စဉ်းစား၍ သဘာဝယုတ္တိနဲ့ အတွေးအခေါ်ပိုင်းက ဖြေပေးပါ….ဟု တောင်းပန်လေ၏။ အဘိုးအိုက

….“ မြင်းဖြူရှင်ဟာ မြန်မာတွေရဲ့ ရွာစောင့်နတ်၊ မြို့စောင့် နတ်လို့ ပြောခဲ့တယ်၊ မြန်မာတွေဟာ ရွာတည်စကတည်းက မြင်းဖြူရှင် နတ်ကွန်းကို ဆောက်ခဲ့တယ်၊ ရွာစောင့်နတ် ဘာကြောင့်ဖြစ်လာသလဲ၊ ရွာသူရွာသားတွေဟာ လုံခြုံမှုကင်းမဲ့တဲ့သူတို့ရဲ့ဘဝမှာ အားကိုးရှာလိုက်တဲ့သဘောပါပဲ၊ ရွာစောင့်နတ် တစ်ပါး ဖန်တီးပြီး ပူဇော်ပသခဲ့ကြတယ်၊ မူလတုန်းကတော့ ရွာသူ ရွာသားတွေရဲ့ စိတ်ကူးနဲ့ ဖန်တီးလိုက်တယ်ဆိုတော့ ရွာနတ်ရဲ့ရုပ်ပုံလဲ မရှိသေးဘူး၊ အမည်လည်းမရှိသေးဘူး၊ စိတ်ကူးဉာဏ် ကွန့်မြူးတဲ့ ရွာသားတွေဟာ ရွာကိုစောင့်ရှောက်ဖို့ မြင်းဖြူ
တစ် ကောင်ဆက်သလိုက်တာနဲ့ မြင်းဖြူရှင်ရုပ်နဲ့ မြင်းဖြူရှင်အမည် တွင်လာတော့တယ်၊ရှေးဟောင်း ဂရိလူမျိုးတွေဟာ အချစ်ဆို တဲ့သက်မဲ့အယူအဆကို မြားနတ်မောင် အနေနဲ့ ဖန်တီးခဲ့တယ် ၊ရှေးဟောင်းရိုမင်တွေဟာ
လကို ဒိုင်ယာနာ ဆိုတဲ့အမျိုးသမီးနဲ့ ကိုယ်စားပြုခဲ့တယ်၊ ဒီထက်ပိုပြီး စိတ်ကူးဉာဏ်ကွန့်မြူးတဲ့သူ တွေက မြင်းဖြူရှင်ကို ရပ်ရွာ ကာကွယ်ရေးအတွက် ဆို သစ်သားဓားဆက်တယ်၊ လူတွေဟာ မိမိဆန္ဒရှိတဲ့အတိုင်း နတ်တွေကို ခိုင်းစေနေတာပဲ၊ ရပ်ရွာကာကွယ်ရေးအတွက် ဒီလောက် နဲ့မလုံလောက်သေးဘူးဆိုရင် လက်နက်တိုးချဲ့ တပ်ဆင်မယ့်သဘောတောင် ရှိတယ်….
ဟုပြောလေရာ မိုးစက်နှင့် ချောမေက ရယ်မောလေ၏။
အဘိုးအိုကဆက်လက်၍

“ ….မရယ်နဲ့လူကလေး၊ လွန်ခဲ့တဲ့နှစ်က
ကသာဘက်ကို ရောက်တော့ ရွာတစ်ရွာမှာ မြင်းဖြူရှင်ကို သစ်သားနဲ့လုပ်ထားတဲ့ လှံစွပ် တပ်ရိုင်ဖယ်တစ်လက်၊စက်သေနတ်တစ်လက်နဲ့ ဓားတစ်ချောင်းဆက်သထားတယ်၊
ဒါဟာ လက်နက်တိုးချဲ့တပ်ဆင်ပေးတဲ့ သဘောပဲ၊ နောက်ဆိုရင် လက်ပစ်ဗုံးတွေ အမြှောက်တွေပါ တိုးချဲ့ တပ်ဆင်ပေးတော့မယ်ထင်တယ်၊ အမှန်တော့ လူတွေဟာ ဖန်ဆင်းရှင်တွေပါပဲ၊ လူတွေဟာ နတ်ရုပ်တွေကို သာမက ဘုရားရုပ်တွေကိုပါ မိမိစိတ်ကူးနဲ့ ဖန်တီးလေ့ရှိတယ်၊ တရုတ်တွေ ဖန်တီးထားတဲ့ဘုရားက တရုတ်နဲ့တူတယ်၊ ကုလားတွေ ဖန်တီးထားတဲ့ ဘုရားက ကုလားနဲ့တူတယ်၊ ကပ္ပလီတွေ ဖန်တီးမယ့် ဘုရားဆိုရင် ကပ္ပလီနဲ့ တူမှာသေချာတယ်၊ လူပုလေးတွေ ဖန်တီးမယ့်ဘုရား ဆိုရင်လဲ ဘုရားက လူပုလေးဖြစ်ရင်ဖြစ်နေမှာ”…..

ဟုပြောဆိုကာ တဟားဟား ရယ်မောလေတော့၏။ အဘိုးအိုကိုကြည့်၍ မိုးစက်က
…အဘိုးပြောတဲ့စကားတွေက သိပ်မှတ်
သားစရာကောင်းတယ်၊ ပွင့်လင်းရဲတင်းမှုလဲရှိတယ်၊ အဘိုးဟာ ပညာရှိပါပဲ ”….
ဟု ချီးမွမ်းလေရာ အဘိုးအိုက ကမန်းက
တန်းလက်ကာ၍.

… နိုး.. နိုး.. လူကလေး၊ ကျုပ်ဟာ ပညာရှိမဟုတ်ဘူး၊ ကျုပ်ဟာ ဘာကိုမှ မသိသေးဘူး၊ လောကမှာ အရာရာကိုသိနိုင်တဲ့လူလဲ မရှိနိုင်ပါဘူး၊ လူအားလုံးဟာ မသိခြင်းကို ကိုယ်စားပြုတယ်၊ ကျုပ်ငယ်စဉ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကျောင်းသားလုပ်ရင်း ဆရာတော်ရဲ့ စာအုပ်တွေ အကုန်လုံးကိုဖတ်တယ်၊ အဲဒီအချိန်ကစပြီး စာဖတ်တဲ့အလုပ်ကို စွဲလမ်းသွားပြီး မြန်မာ ပြည်အနှံ့က ဘုန်းကြီးကျောင်းတွေ အကုန်လုံးလှည့်ပြီး စာအုပ်မျိုးစုံကို ဖတ်ခဲ့တယ်၊ ကျုပ်ဟာ တစ်သက်လုံးစာဖတ်ခဲ့တဲ့လူပဲ၊ မြန်မာပြည်မှာ ဖတ်စရာစာအုပ်တွေ မရှိတော့ဘူးလို့ ယူဆတဲ့ တစ်နေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ စာကြည့်တိုက်ကြီးတွေမှာ လှည့်ဖတ်ခဲ့တယ်၊ ကျုပ်ဟာ စာပေကို ရူးရူး မူးမူးဖတ်တဲ့အချိန်တုန်းက ကိုယ့်ကိုယ် ကိုယ် ပညာရှိလို့ ထင်တယ်၊ တစ်နေ့မှာ ကလေးငယ်တစ်ယောက် ရဲ့မေးခွန်းကြောင့် ကျုပ်ဘဝတစ်ခုလုံး ပြောင်းလဲခဲ့တယ်၊ အဲဒီ ကလေးဟာ ရွာထဲက ဆင်းရဲတဲ့အဘွားကြီးတစ်ယောက်ရဲ့ မြေးကလေးပါ၊ အဘွားကြီးက မြေးကလေးကို ကျုပ်ဆီမှာစာသင်ပေးဖို့ လာအပ်သွားတယ်၊ ကလေးဟာ အသက်ရှစ်နှစ်ရှိနေပြီ၊ စာမသင် ရသေးဘူး၊ ကလေးနာမည်က ဖိုးလုံးတဲ့၊ ဖိုးလုံးဟာ စာသင်ပေးတာကို နားမထောင်ဘဲ ကျုပ်ကိုမေးခွန်းတွေပြန်မေးတယ်၊ ကျုပ်က ပညာရှိပဲ၊ ကလေးတစ်ယောက်ရဲ့မေးခွန်းကို အေးအေးဆေးဆေး ဖြေနိုင်မယ်လို့ထင်ခဲ့တယ်၊ ဖိုးလုံးကိုကျုပ်က သရက်သီး ခွဲကျွေး တယ်၊ ၊ သူဟာ သရက်သီးကိုစားပြီး သရက်ပင်ကို လက်ညှိုးထိုးပြ တယ်၊ ….ဘဘကြီး သရက်ရွက်တွေက ဘာကြောင့် စိမ်းရတာလဲတဲ့၊ကျုပ်ကပညာရှိပဲ၊ ဒီလောက်မေးခွန်းတော့အပျော့ပေါ့၊ အပင်တွေ မှာ ကလိုရိုဖီးလ်ဓာတ်ရှိတယ်၊ ဒါကြောင့်အရွက်တွေ စိမ်းရတယ်…. လို့ဖြေလိုက်တယ်၊

ကလေးက မျက်မှောင်ကြုတ်ပြီး
…အဲဒီကလိုရို ဖီးလ်ဆိုတာ ဘာကြောင့်ရှိနေရတာလဲ၊မရှိလို့မဖြစ်ဘူးလားလို့ မေးတယ်၊ အသက်ရှစ်နှစ်သားလေးရဲ့ မေးခွန်းကို ကျုပ်မဖြေနိုင်ခဲ့ဘူး၊ဖိုးလုံးဟာ ဒီလောက်နဲ့
မကျေနပ်သေးဘူး၊ ရေခွက်ထဲကရေကို မော့သောက်တယ်၊ ပြီးတော့ ဘဘကြီး ကျွန်တော်သောက်တဲ့ရေ ကို ဘယ်လိုဖြစ်တာလဲလို့ မေးပြန်တယ်၊ ဒီမေးခွန်းက လွယ်လွယ် လေးပဲ၊ ကျုပ်ကရယ်မောပြီး အောက်စီဂျင်၊ ဟိုက်ဒရိုဂျင်နှစ်မျိုး ပေါင်းရင် ရေဖြစ်တယ်လို့ ဖြေလိုက်တယ်၊ ကလေးက ခေါင်းညိတ်ပြီး ဘာကြောင့် ပေါင်းလိုက်ရုံနဲ့ ရေဖြစ်တာလဲလို့မေးတယ်၊ ကျုပ်မဖြေ နိုင်ပြန်ဘူး၊ ကျုပ်ကိုကျုပ် ပညာရှိဆိုပြီး သွေးနထင်ရောက်ခဲ့တယ်၊ ကလေးတစ်ယောက်ရဲ့ မေးခွန်းကိုတောင် ကျုပ်မဖြေနိုင်ဘူး၊ ဒီအချိန်ကစပြီး ကျုပ်ကိုကျုပ် ပြန်သုံးသပ်ခဲ့တယ်၊ ငါဟာပညာရှိ ဆိုပြီး ဘာတစ်ခုမှ မသိသေးပါလားလို့ စဉ်းစားမိတယ်၊ ဒီအချိန်ကစပြီး ဘာစာအုပ်ကိုမှမဖတ်တော့ဘူး၊ ကျုပ်သိထားသမျှ အရာ အားလုံးကို လွှတ်ချထားလိုက်တယ်၊ဒီတော့မှ လောကကို အထင်းဆုံးအရှင်းဆုံးမြင်လာသလို ခံစားရတယ်၊အရင်ကဆိုရင် ကျုပ်ဟာ အသိပညာဆိုတဲ့ အခန်းကျဉ်းလေးထဲမှာမွန်းကြပ်နေတယ်၊ အခုတော့ အလွတ်လပ်ဆုံးလူသားဖြစ်သွားပြီ၊ ကျုပ်ဟာ ဘာတစ်ခုမှ ဆုပ်ကိုင် မထားဘူး၊ သိမ်းပိုက်မထားဘူး၊ ဒါကြောင့် အရာအားလုံးဟာ ကျုပ်နဲ့ တသားတည်းဖြစ်သွားတယ်၊ကျုပ်ရင်ထဲကို အတွေးအခေါ်တွေ အသိပညာတွေ တလဟောဝင် ရောက်လာတယ်၊ ဒါပေမဲ့ ကျုပ်ဟာ ပညာရှိမဟုတ်ဘူး ,,…

ဟု ရှည်လျားစွာ ရှင်းလင်းပြလေ၏။ မိုးစက်နှင့် ချောမေ သည် အဘိုးအို၏ မြင့်မားလေးနက်သော အတွေးအခေါ်ဒဿန များကို တအံ့တသြနားထောင်လေ၏။
ပြီးနောက်တွင်မူ မိုးစက်က မိန်းမပျိုလာအပ်ထားသော မြင်းဖြူရှင်နတ်ရုပ်ကလေးကိုပြ၍ အကျိုးအကြောင်းပြောပြလေရာ အဘိုးအိုက မြင်းဖြူရှင် နတ်ရုပ် ကို သေချာစွာကြည့်၍
…နတ်ရုပ်ရဲ့ ခွာလေးဘက်ဟာ တစ်ညီတစ်ညာမရှိဘူး၊ တွန့်လိမ်နေတယ်မြင်းရုပ်ရဲ့ ခွာလေးဘက်ကို စုစည်းကြည့်ရင်၊ လျှို့ဝှက်မြေပုံတစ်ပုံရဲ့ အပိုင်းအစတစ်ခုဖြစ်မယ်ထင်တယ်၊ ဘာပဲ ဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို စိတ်မဝင်စားတာ အကောင်းဆုံးပါပဲ လူကလေး၊ လူဟာ ကိုယ့်လမ်းကိုယ်သွားတာ အကောင်းဆုံးပဲ၊ အချို့သောသူတွေဟာ ကိုယ်လျှောက်မယ့်လမ်းကို စူးစိုက်
မလျှောက်ဘဲ ဟိုစပ်စပ်သည်စပ်စပ် လုပ်လေ့ရှိတယ်၊ ဒီလိုလူမျိုး ဟာ နောက်ဆုံးတော့ ဘာကိုမှမရဘဲ ဆုံးရှုံးတတ်တယ်….
ဟုပြောဆိုလေ၏။ မိုးစက်တို့သည် အဘိုးအိုအား ကျေးဇူး တင်စကားပြော၍ ခြံကလေးမှထွက်ခဲ့လေ၏။
ထိုနေ့တစ်နေ့လုံး ထူးဆန်းသော လူနှစ်ဦးနှင့် တွေ့ကြုံခဲ့ရ၏။ အဘိုးအိုနှင့် အဘွားအိုသည် လူတစ်ထောင်လျှင် တစ်ယောက်
မရှိအောင် ထူးခြားဆန်းကြယ်သူများဖြစ်၏။
အပိုင်း (၈) ဆက်ရန်

မင်းမြတ်သူရ
ပဥ္စလက်မောင်နှမ
အပိုင်း (၈)
မိုးစက်တို့သည် တောင်ငူမြို့သို့ ရောက်သောအခါ မြို့စွန် အိမ်ကြီးတစ်အိမ်ရှေ့တွင် နတ်ကနားပွဲကြီးတစ်ပွဲ ကျင်းပနေ ကြောင်းတွေ့ရ၏။ အိမ်ကြီးရှေ့ရှိညောင်ပင်ကြီးအောက်တွင် နတ်ကွန်းတစ်ခုရှိ၏။
ချောမေက နတ်ကွန်းကိုကြည့်၍ ,,…မြင်း
ဖြူရှင်နတ်ရုပ်ကို ဒီမှာစွန့်ထားရင် မကောင်းဘူးလား၊ ငါတို့လက်ထဲမှာ ကြာကြာထားရင် အန္တရာယ် ရှိတယ်ဆို..ဟုပြောလေရာ မိုးစက်ကလည်း ခေါင်းညိတ်၍
“ ကောင်းတယ် အစ်မ၊ ညောင်ပင်မှာ သွားချိတ်ထားရအောင်…ဟုဆိုကာ မြင်းဖြူရှင်နတ်ရုပ်ကို သစ်ကိုင်းတွင်ဆွဲ၍ စွန့်ပစ် လိုက်လေ၏။ ချောမေကရယ်မော၍…. အခုမှ ရင်ထဲမှာပေါ့သွားတယ်၊ ငါတို့ရှေ့နားမှာ မျက်
လှည့်ပြကြမယ်၊ ပြီးရင် ဈေးထဲကိုတစ်ပတ်လှည့်ပြီး ပစ္စည်း လေးဘာလေး ဝယ်ရ အောင်…..ဟုပြောလေ၏။
မိုးစက် တို့သည် ထို မြို့တွင် နှစ်ရက်ခန့်မျက်လှည့်ပြပြီးနောက် ထိုမြို့မှ ထွက်ခဲ့လေ၏။
အခြားမြို့သို့ ရောက်သောအခါ မြို့လယ်ခေါင် လူစည် ကားသော လက်ဖက်ရည်ဆိုင်ကြီးရှေ့တွင် မျက်လှည့်တစ်ပွဲ ပြသလေ၏။ မျက်လှည့်ပွဲပြီးသောအခါ ပစ္စည်းများကိုသိမ်းဆည်း၍ ချောမေက
…ဗိုက်ဆာတယ်ဟာ၊ ထမင်းဆိုင်မှာထမင်း
ထုပ်ဝယ်ပြီး မြို့စွန်က စေတီလေးမှာ ထမင်း
စားကြရအောင်၊ ပြီးရင် နင်နဲ့ငါ တစ်ယောက်တစ်လှည့်စောင့်ပြီး တရေးတမောအိပ်ကြတာပေါ့….
ဟုပြောလေ၏။ မိုးစက်တို့သည် ရောက်လေရာ မြို့များတွင် မြို့စွန်စေတီငယ်များ ဇရပ်ပျက်များတွင် နေ့လယ်ခင်း၌ တရေး တမောအိပ်လေ့ရှိ၏။
မိုးစက်တို့သည် စေတီငယ်လေးသို့ ရောက်သောအခါဘုရားဝတ်ပြု၍ ထမင်းထုပ်များကိုဖြည်ကာ မြိန်ရှက်စွာ စားသောက်ကြလေ၏။ ထမင်းစားပြီးသောအခါ ရေဘူးထဲမှ ရေဖြင့် လက်ဆေးပြီးနောက် ချောမေက…မိုးစက်၊ဟိုနားက စမ်းချောင်းလေးကိုသွားပြီး ကိုယ်လက်သုတ်သင်လိုက်ဦးမယ်၊ နင်ခဏစောင့်နေဦး….
ဟုဆိုကာ စေတီနှင့်ခပ်လှမ်းလှမ်းရှိ စမ်းချောင်းသို့သွားကာ ခြေလက်များကို ဆေးကြောလေ၏။ မျက်နှာကိုသန့်စင်၏။ ပြီး နောက် ကမ်းပေါ်သို့ ပြန်တက်လာသောအခါ သူမရှေ့တွင် လူသုံးယောက်ကိုတွေ့ရ၏။ ထိုသူတို့၏အမူအရာမှာ လူကောင်း သူကောင်း ဖြစ်ဟန်မတူပေ။
ချောမေက နောက်သို့ဆုတ်၍
..ရှင်… ရှင်တို့ ဘယ်သူတွေလဲ… ဟု အထိတ်ထိတ်အလန့်လန့် မေးမြန်းလေရာနှုတ်ခမ်းမွှေးစစနှင့်လူက..“ ကောင်မ စကားမရှည်နဲ့
ဟုဆိုကာ ချောမေ၏လက်ကို ကြမ်းတမ်းစွာ ဆွဲခေါ်လေ၏။
ချောမေသည် ရုန်းကန်၍
…..ရှင်တို့ မိုက်ရိုင်းလှချည်လား၊ လွှတ်လွှတ်…ဟု အော်ဟစ်လေ၏။ ထိုစဉ်လူဆိုး
တစ်ဦးက ခါးကြားမှဓားမြှောင်ကိုထုတ်၍
.. ငြိမ်ငြိမ်နေစမ်း၊ မလှုပ်နဲ့၊ ဗိုက်ထဲကို ဓားဝင်သွားမယ်၊လက်မရွံ့ မောင်သိန်းဆိုတာငါပဲ”ဟု ကြုံးဝါးကာ ချောမေအား စေတီရှိရာသို့ တရွတ်တိုက်ဆွဲခေါ်သွားလေ၏။
စေတီပေါ်သို့ ရောက်သောအခါ မိုးစက်က လှမ်းမျှော်ကြည့်၍ အိပ်ရာမှ ထလိုက်ပြီး
……ဟေ့လူတွေ ခင်ဗျားတို့ ဘာလုပ်တာလဲ ကျုပ်အစ်မကို လွှတ်လိုက်စမ်း….ဟုပြောလေရာ နှုတ်ခမ်းမွှေးစစနှင့်လူက….လွှတ်ပေးမယ်၊ မင်းယူသွားတဲ့ မြင်းဖြူရှင်ရုပ်ကို ငါတို့လက်ထဲထည့်…. ဟုပြောလေ၏။
မိုးစက်က ခေါင်းခါ၍….မြင်းဖြူရှင်ရုပ် ကျုပ်တို့မှာ မရှိတော့ဘူး၊ မိတ္ထီလာမြို့ကနတ်ကွန်းမှာ ကျန်ခဲ့ပြီ..ဟုပြောလေ၏။
ထိုသူကလက်မခံဘဲ….ဟေ့ကောင်ဝေ့လည်
ကြောင်ပတ်ပြောမနေနဲ့၊ မြင်းဖြူရှင်ရုပ်ကို ပေးမလား၊ မပေးဘူးလား၊ မပေးရင် ဒီကောင်မကို ဓားစာ ကျွေးလိုက်မယ်….ဟု ကြုံးဝါးကာ ချောမေအား ချုပ်နှောင်၍ လည်ပင်းကို ဓားမြှောင်နဲ့ ထောက်ထားလေ၏။
ချောမေသည် ဓားမြှောင်၏ စူးရှသောအထိအတွေ့ကြောင့်ထိတ်လန့်ပြီး မရုန်းကန်ရဲဘဲ ရှိလေ၏။ မိုးစက်က ခေါင်းကုတ်၍
….ကျုပ်တို့လက်ထဲမှာမရှိတော့ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ၊ လိုချင်ရင် မိတ္ထီလာမြို့က နတ်စင်မှာ သွားယူ….ဟုပြောလေ၏။နှုတ်ခမ်းမွှေးစစနှင့်လူက….ဟေ့ကောင် မင်း ခေါင်းမာနေတယ်ပေါ့၊ မြင်းဖြူရှင်ရုပ်မရရင် ဒီကောင်မကို ခေါ်သွားမယ်၊ မြင်းဖြူရှင်ရုပ်ရမှ ပြန်လွှတ် ပေးမယ်….ဟုဆိုကာ ချောမေအားဆွဲခေါ်ရန်ပြင်ဆင်လေ၏။
မိုးစက်က သက်ပြင်းချ၍…ကျုပ်အဘိုးက ရန်မဖြစ်ရဘူးတဲ့ရန်ဖြစ်တယ်ဆိုတာ အသိဉာဏ်မရှိတဲ့ တိရစ္ဆာန်တွေရဲ့အလုပ်တဲ့၊ အခုတော့ တိရစ္ဆာန် တွေနဲ့တွေ့လို့ ရန်ဖြစ်ရတော့မယ်.
ဟုဆိုကာ လူဆိုးများဘက်သို့ လက်ဆန့်တန်းလိုက်ရာ မျက်လှည့်ပြရာတွင် အသုံးပြုသော သစ်သားဘောလုံးလေးသည် လူဆိုးတစ်ဦး၏ နဖူးကို ထိမှန်လေရာ လူဆိုးလည်း နဖူးကို လက်ဖြင့် အုပ်၌ မေ့မျောသွားလေ၏။ ချောမေသည် လူဘိုးလက်မှ လွတ်သည်နှင့် မိုးစက်ဘက်သို့ ပြေးလေ၏။
သစ်သားဘောလုံး၌ သားရေကြိုးတပ်ဆင်ပြီး လက်ချောင်း များတွင် ချည်နှောင်ထားလေရာ ဘောလုံးသည် မိုးစက်လက်ထဲသို့ ပြန်ရောက်သွားလေ၏။
မိုးစက်သည် လူဆိုးတစ်ဦး၏နဖူးကို ဘောလုံးလက်နက်ဖြင့် တိုက်ခိုက်လိုက်ပြန်ရာ သစ်သားဘောလုံးထိမှန်၍ လူဆိုးမေ့မျော သွားပြန်၏။ မိုးစက်က ကြောင်အမ်း
အမ်းဖြစ်နေသော နှုတ်ခမ်း မွှေးစစနှင့် လူဘက်လှည့်၍…. ဒီမှာဟေ့လူ၊ ပညာမစုံဘဲ မြန်မာပြည်အနှံ့လှည့်ပြီး မျက်လှည့်မပြဘူး၊ မြင်းဖြူရှင်ရုပ်ကို လိုချင်ရင် မိတ္ထီလာမြို့က နတ်ကွန်းမှာ သွားရှာ၊ ကျုပ်တို့ စွန့်ပစ်ခဲ့ပြီ၊ နောက် ကျုပ်တို့ကို ဒုက္ခပေးရင် သည်းခံမှာမဟုတ်ဘူး……
ဟု ကြုံးဝါးကာ ချောမေကိုလက်ဆွဲ၍ စေတီပေါ်မှ ဆင်းခဲ့ လေ၏။ ချောမေက ရယ်မော၍…. မိုးစက်ရယ်… နင်ကစွမ်းလှချည်လား၊ သစ်သား ဘောလုံးလေးတွေနဲ့ လူဆိုးတွေကိုပစ်လိုက်တာ လှစ်ခနဲ၊ လှစ်ခ
နဲနေတာပဲ၊ လူဆိုးတွေနဖူးကွဲပြီး မေ့လဲသွားတယ်….. ဟု ချီးမွမ်းလေရာ မိုးစက် ခေါင်းညိတ်၍…..ကျွန်တော်မျက်လှည့်ပြတဲ့ ပစ္စည်းတွေအားလုံး လိုအပ်ရင် လက်နက်အဖြစ် အသုံးပြုလို့ရတယ်ဗျ၊ မျက်လှည့်ပညာကို စသင်ကတည်းက
အဘိုးကပြောဖူးတယ်၊ မျက်လှည့်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုမယ့်သူဟာ ခြေသလုံးအိမ်တိုင်အဖြစ် သွားလာနေရလို့ ရန်အမျိုးမျိုးနဲ့ တွေ့နိုင်တယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်မယ့်ပညာတွေသင်ထားရမယ်လို့ ပြောတယ် ကျွန်တော် သိုင်းပညာကိုလဲ ကျွမ်းကျွမ်းကျင်ကျင်တတ်တယ် ‘…..ဟုပြောလေ၏။ ချောမေက ဝမ်းသာအားရဖြင့် ဒါဆိုရင် နောက်တစ်ကြိမ်လူဆိုးတွေနဲ့တွေ့ရင် နင့်ရဲ့ပညာစွမ်းကို ထုတ်သုံး
လိုက်ပေတော့….ဟုဆိုလေရာ မိုးစက်က သက်ပြင်းချ၍
“ ဒီကောင်တွေဟာ လူညံ့တွေတော့မဟုတ်ဘူး အစ်မရဲ့၊ အတွေ့အကြုံရှိတဲ့ကောင်တွေကျွန်တော့်ကို အထင်သေးလို့ ခံလိုက်ရတာ…ဟုပြောလေ၏။
ထိုနောက်တွင်မူ မိုးစက်နှင့်ချောမေသည်
မြို့တစ်မြို့တွင် မျက်လှည့်ပြပြီးနောက် ထိုမြို့၏ဘူတာသို့သွားကာ ရထားလက်မှတ်ဝယ်၍ မီးရထားဖြင့် ခရီးဆက်ခဲ့ပြန်၏။
ရထားဘူတာသို့ ဆိုက်သောအခါ မိုးစက် ဆင်း၍ ထမင်း ထုပ်နှင့်လက်ဖက်ရည်ဝယ်၏။ ချောမေက ပြတင်းပေါက်မှ ခေါင်းပြူ ထွက်၍ ငှက်ပျောသီးတစ်ဖီးဝယ်လေ၏။
ခဏကြာလျှင် ရထားပေါ်သို့ မိုးစက် ကမန်း
ကတန်း ပြန်တက်လာပြီးလျှင် ချောမေလက်ကိုဆွဲ၍
….အစ်မရေ နှုတ်ခမ်းမွှေးနဲ့လူစု ကျုပ်တို့ နောက်ကို လိုက်လာပြန်ပြီ၊ အစ်မ အိမ်သာထဲဝင်ပုန်းနေလိုက်၊ ကျွန်တော် တွဲခေါင်မိုးပေါ် တက်ပုန်းမယ်….
ဟုပြောလေ၏။ ချောမေက အထိတ်ထိတ်အလန့်လန့်ဖြင့် မိုးစက်ရယ်..နင်က သိုင်းပညာကို ကျွမ်းကျွမ်းကျင်ကျင်တတ်တယ်ဆို…ဟုပြောလေ၏။ မိုးစက်က ခေါင်းကုတ်၍..ဟာ… သိုင်းတတ်တယ်ဆိုပေမဲ့ သူတို့က လူအင်အား များတယ်အစ်မရဲ့ ရှောင်နေတာကောင်းပါတယ်၊ ကျွန်တော် တစ်ယောက်တည်းဆို ကိစ္စမရှိဘူး၊ အစ်မက ပါနေသေးတယ်… ဟုဆိုကာ
ချောမေ၏လက်ကိုဆွဲ၍ အိမ်သာဆီသို့ ခေါ်ဆောင်သွားလေ၏။
အိမ်သာထဲသို့ ရောက်သောအခါ အိမ်သာထဲတွင် လူရှိနေ၏။ မိုးစက်က ခေါင်းကုတ်၍ ဒုက္ခပဲအိမ်သာထဲမှာ လူရှိနေတယ်၊ အိမ်သာတံခါး အမြန်ဖွင့်ပါပျို့၊ ဗိုက်နာလို့သေတော့မယ်၊ ဒီမှာ ဝမ်းနှုတ်ဆေးစား ထားလို့ဗျ…ဟုဆိုကာ အိမ်သာတံခါးကို တဝုန်းဝုန်းထုလေ၏။ချောမေက“ ငါတို့ ဟိုဘက်တွဲကို ကူးလို့မရဘူးလား…ဟု မေးမြန်းလေရာ မိုးစက်က ခေါင်းခါ၍….မရဘူးဗျ၊
ဒီကောင်တွေ ရှေ့နောက် လူစုခွဲပြီး လိုက်ရှာ နေတာ ကျွန်တော်တို့ ရထားနဲ့လိုက်လာတာကို သတင်းပေးတဲ့သူ ရှိပုံရတယ်….
ဟုဆိုလေ၏။ ထို့နောက် မိုးစက်က အိမ်သာတံခါးကို တဝုန်း ဝုန်းထုပြန်၏။ နှုတ်မှလည်း..“ မြန်မြန်ဖွင့်ပါဗျို့။ ဗိုက်နာလှပြီ… ဟု အော်ဟစ်လေရာ အိမ်သာတံခါး ရုတ်တရက် ပွင့်လာပြီး မိန်းမကြီးတစ်ယောက်ထွက်လာကာ…ဟေ့… သူငယ် မင်းမိုက်ရိုင်းလှချည်လား၊ လူမှုရေး နားမလည်ဘူးလား…….ဟု ရန်တွေ့လေရာ မိုးစက်က လက်ကာ၍…. လူမှုရေးနားလည်တာထက် အန္တရာယ်က ပိုအရေးကြီး တယ်ဗျ၊ ကဲ… အစ်မ ဝင်ပေတော့ ,,ဟုဆိုကာ ချောမေအား အိမ်သာထဲသို့ တွန်းပို့လေ၏။ ထိုအခါ အဒေါ်ကြီးက မျက်လုံးပြူးသွားပြီး
ဟင်… ဗိုက်နာတာက မင်းမဟုတ်ဘူးလား၊ စောစော ခွေးအော် ဝက်အော် အော်နေတာကတစ်ယောက်၊ အိမ်သာထဲ ဝင်တော့တစ်ယောက်၊ တတ်လဲတတ်နိုင်တဲ့ လူတွေ….
ဟု ရေရွတ်ကာ ကျန်ရစ်ခဲ့လေ၏။ မိုးစက်သည် အဒေါ်ကြီး ကို ဂရုမစိုက်တော့ဘဲ ပြတင်းပေါက်မှထွက်၍ တွဲခေါင်မိုးပေါ်သို့ တက်လိုက်လေ၏။
မိုးစက်သည် လက်မတင်လေလွတ်မြောက်
သွားသည်ဟုဆိုနိုင်၏။ မိုးစက် ခေါင်မိုးပေါ်သို့ တွဲလွဲခို၍ တက်လိုက်စဉ်မှာပင် နှုတ်ခမ်းမွှေးစစနှင့်လူသည် ၎င်းတို့တွဲအတွင်းသို့ ဝင်ရောက်လာ ၏။ ထိုသူသည် နောက်လိုက်နောက်ပါ နှစ်ဦးနှင့် တွဲအတွင်းသို့ ရောက်လာခြင်းဖြစ်၏။ထိုအခိုက်မှာပင်
တွဲအရှေ့ပိုင်းတွင် လှည့်လည်ရှာဖွေသူများလည်း ရောက်ရှိလာ၏။ နှုတ်ခမ်းမွှေးစစနှင့်လူက…..မတွေ့သေးဘူးလား၊ အံ့ဩဖို့ကောင်းနေပြီ၊ ငါတို့ကို သတင်းပေးတဲ့သူက အတိ
အကျပေးလိုက်တာကွ….
ဟု ပြောလေရာ တပည့်ဖြစ်သူတစ်ယောက်က“ ကြားဘူတာမှာ ဆင်းသွားလားမသိဘူး ”ဟု မှတ်ချက်ချလေ၏။ နှုတ်ခမ်းမွှေးစစနှင့်လူက ခေါင်းခါ၍…. ကြားဘူတာမှာ ရထားမှ မရပ်တာ၊ ငါတို့ တက်လိုက် လာတဲ့ဘူတာမှာ ဒီကောင်နဲ့ ကောင်မ မဆင်းတာသေချာတယ်..ဟုပြောလေ၏။ တပည့်တစ်ဦးက ကျွန်တော်တို့ တက်လိုက်လာတာသိလို့ ပုန်းနေလားမှမသိတာ….
ဟု ထင်ကြေးပေးလေရာ ကျန်တစ်ဦးက
….ရထားပေါ်မှာ ပုန်းစရာနေရာ ရှိလို့လားကွ… ဟု ဘုတောလေ၏။
၎င်းတို့၏စကားကို အတိုင်းသားကြားနေသော ချောမေသည် အိမ်သာထဲတွင်ထိုင်ရင်း ထိတ်လန့်နေ၏။ နှုတ်ခမ်းမွှေးစစ နှင့် လူက မကျေနပ်နိုင်သေးဘဲ
…ငါတို့အားလုံး ရှေ့ဆုံးတွဲကို ပြန်သွားပြီး တစ်ခေါက် ထပ်ရှာမယ် ”
ဟုဆိုကာ ရှေ့ဆုံးတွဲသို့ ထွက်သွားလေ၏။ လူဆိုးအဖွဲ့ ထွက်သွားသောအခါ
တွဲခေါင်မိုးပေါ်မှ မိုးစက် ပြန်ဆင်းလာပြီး ချောမေကိုခေါ်ကာ တွဲနောက်ဘက်သို့ ကူးသန်းသွားလေ၏။
ချောမေက မိုးစက်ဆွဲခေါ်ရာနောက်သို့ လိုက်ပါလာရင်း ,, ဟင်… မျက်လှည့်ပစ္စည်းတွေ တွဲထဲမှာ ကျန်ရစ်ပြီ….
ဟု ရေရွတ်လေရာ မိုးစက်က ခေါင်းခါရင်း
“ ဒီပစ္စည်းတွေ ပြန်ယူမနေနဲ့တော့ဗျာ လောလောဆယ် ပြေးဖို့က အရေးကြီးတယ်…ဟုပြောလေ၏။ လူဆိုးအုပ်စုသည် ရှေ့ဆုံးတွဲမှစ၍ တွဲ အစအဆုံး အိမ်သာပါမကျန် ရှာဖွေနေလေ၏။ မိုးစက်တို့ ပုန်းခိုခဲ့ သော တွဲဆီသို့ ရောက်သောအခါ မျက်လှည့်သေတ္တာကို မြင်သွား ပြီးလျှင်
““ဒီကောင်တွေ ရထားပေါ်မှာပါလာတာ ကြိမ်းသေတယ်၊ ငါတို့လူစုကိုမြင်လို့ ပုန်းနေတာဖြစ်မယ်၊ တွေ့ကြသေးတာပေါ့…
ဟု ရေရွတ်လေ၏။ လူဆိုးများသည် လူရှင်းနေသော တွဲများတွင် ခေါင်းမြီးခြုံ၍ အိပ်စက်နေသော ခရီးသည်များကိုပင် အလွတ်မပေးဘဲ အတင်းအဓမ္မ ရှာဖွေလေ၏။ တောင်းများ ပလုံး များကို လှန်လှောရှာဖွေလေ၏။
ထိုအချိန်တွင် မိုးစက်နှင့်ချောမေသည် ဂါတ်ဗိုလ်တွဲရှိရာသို့ ရောက်သွားလေ၏။
ဂါတ်ဗိုလ်နှင့် လက်မှတ်စစ်တစ်ဦးသည် စစ်ဘုရင်ခုံကို စိတ်ဝင်စားစွာ ငေးစိုက်ကြည့်နေ၏။
မိုးစက်က လွယ်အိတ်ထဲမှ ခြောက်လုံးပြူးသေနတ် အတု ကိုထုတ်၍
…ဟေ့လူတွေ၊ မလှုပ်နဲ့ လက်မြှောက်စမ်း…
ဟု အမိန့်ပေးလိုက်လေရာ ဂါတ်ဗိုလ်နှင့် လက်မှတ်စစ်သည် ကြောက်အားလန့်အားဖြင့် လက်မြှောက်လေ၏။ မိုးစက်က ချောမေဘက်သို့လှည့်လိုက်ပြီး…အစ်မ, ဟိုဘက်လှည့်နေစမ်းပါ…ဟု ပြောလေရာ ချောမေလည်း အူကြောင်ကြောင်ဖြင့် တစ်ဖက်သို့ လှည့်လိုက်၏။ မိုးစက်ကိုကြည့်၍ ထိတ်လန့်နေသော – ဂါတ်ဗိုလ်က
.. အသက်ကို ချမ်းသာပေးပါ…
ဟု တောင်းပန်လေ၏။ မိုးစက်လေသံမာမာဖြင့်….အသက်မသေချင်ရင် ခင်ဗျားတို့ကိုယ်ပေါ်က အဝတ် အစားတွေကို ချွတ်၊ တစ်ကနေ နှစ်ဆယ့်ငါးအထိ ရေမယ်၊ နှစ်ဆယ့် ငါးပြည့်လို့မှ အဝတ်တွေချွတ်မပြီးရင် အသေပစ်သတ်မယ်….
ဟု ကြိမ်းမောင်းပြီး စတင်ရေတွက်လေ၏။ တစ်, နှစ်, သုံး, လေး, ငါး ”
ထိုအခါ ဂါတ်ဗိုလ်နှင့် လက်မှတ်စစ်လည်း အင်္ကျီနှင့် ဘောင်းဘီကို လျှင်မြန်စွာချွတ်လေ၏။ ချောမေက မသိမသာ လှည့်ကြည့်၍ မျက်လုံးပြူးသွားပြီး
.. မိုးစက် နင်ဘာလုပ်မလို့လဲ….
ဟု မေးမြန်းလေ၏။ မိုးစက်က လက်ကာပြ၍ အတွင်းခံ ဘောင်းဘီကိုပါ ချွတ်ရန် ပြင်ဆင်နေသော ဂါတ်ဗိုလ်အား
“ ဟိုး.. ဟိုး… တော်ပြီ၊ အတွင်းခံဘောင်းဘီ ချွတ်စရာ မလိုဘူး…
ဟု အမိန့်ပေးကာ ဂါတ်ဗိုလ်နှင့် လက်မှတ်
စစ်အား တံခါးဝမှတွန်းချလိုက်လေ၏။ ၎င်းတို့နှစ်ဦးသည် မီးရထားလမ်းနဘေးရှိ သဲပုံထဲသို့ ထိုးကျသွားပြီး လက်သီးလက်
မောင်းတန်းကာ ကျန်ရစ်ခဲ့လေ၏။ မိုးစက်က….“ အစ်မရေ ကြောင်ကြည့်မနေနဲ့၊ အိမ်သာထဲဝင်ပြီး လက်မှတ်စစ် အဝတ်
အစားတွေ ဝတ်လိုက်၊ ကျွန်တော်က ဂါတ်ဗိုလ်အဝတ်တွေ ဝတ်မယ်၊ အချိန်မရှိတော့ဘူး….ဟုပြောလေ၏။ ခဏအကြာတွင် မိုးစက်နှင့်ချောမေသည်ဂါတ်ဗိုလ်နှင့် လက်မှတ်စစ်ဖြစ်သွားလေ၏။
ချောမေသည် သူမ၏ဆံပင်များကို ဦးထုပ်အတွင်းသို့ ခေါက်သွင်းထားသဖြင့် လက်မှတ်စစ်နှင့် တူသွားလေ၏။
မိုးစက်နှင့် ချောမေသည် ဂါတ်ဗိုလ်နှင့် လက်မှတ်စစ်သဖွယ် သရုပ်ဆောင်၍ စစ်ဘုရင်ခုံတွင် ထိုင်နေကြ၏။
ခဏအကြာတွင် နှုတ်ခမ်းမွှေးစစနှင့်လူ ခေါင်းဆောင်သော လူဆိုးသုံးဦး အခန်းဝသို့ ရောက်လာပြီးလျှင်
….ဒီမှာ၊ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကို တွေ့မိလား…ဟု မေးမြန်းလိုက်ရာ မိုးစက်က ခေါင်းမော့မကြည့်ဘဲ ချက် ..ဟု အော်ဟစ်ပြီး…ချက် ရှုံးနေရတဲ့အထဲ ဘာတွေလာမေးနေတာလဲ၊ ဂါတ်ဗိုလ်တွဲဗျ၊ ဒီတွဲထဲကို ဘယ်ခရီးသည်မှ ဝင်လာခွင့်မရှိဘူး၊ ဘယ်သူမှလည်း မလာဘူး ,,
ဟု ငေါက်ငမ်းလိုက်ရာ လူဆိုးများသည် အခန်းထဲမှ ထွက် သွားလေ၏။ ၎င်းတို့ ထွက်သွားသောအခါ ချောမေက ရယ်မော
၍ .. ပိုင်တယ်ကွာ၊ ဟိုကောင်ကြီးတွေ အူကြောင်ကြောင်ဖြစ်သွားပြီ…ဟု ချီးမွမ်းလေရာ မိုးစက်က…. ပိုင်တယ်လုပ်မနေနဲ့ အစ်မ၊ ကျွန်တော်တို့ ရှေ့ဘူတာ ရောက်ရင် ဆင်းပြီးပြေးရမယ်…ဟု ပြောလေရာ ချောမေက ဂါတ်ဗိုလ်၏ မှန်အိမ်ကိုကြည့်၍….ဂါတ်ဗိုလ်တွဲက မီးမပြရင် မီးရထားရပ်ပါ့မလား… ဟု မေးမြန်းလေ၏။ မိုးစက်က ရယ်မော၍…ဂါတ်ဗိုလ်အစား ကျွန်တော်တို့ ပြရမှာပေါ့””…
ဟု ပြောလေ၏။
ထိုအခိုက်မှာပင် မီးရထားသည် ဘူတာ သို့ ဝင်ကာနီးသဖြင့် အရှိန်ကိုလျော့လေ၏။ မိုးစက်က မှန်အိမ် ကြီးအား မီးရထားခေါင်းတွဲ
ဆီသို့ မြှောက်ပြလေရာ ရထားရပ် လေ၏။
မိုးစက်တို့သည် ရထားရပ်သည်နှင့်ဘူတာသို့ဆင်းခဲ့လေ၏။ ဘူတာထဲသို့ ရောက်သော
အခါ လူသူအရိပ်အယောင်ကို “ ကြည့်၍ အနီးဆုံးရွာတစ်ရွာသို့ ပြေးခဲ့၏။
ထိုအချိန်တွင် မီးရထားပေါ်သို့ ကုန်တင်
ကုန်ချကိစ္စများ ပြီးစီးနေပြီဖြစ်သဖြင့် စက်ခေါင်းဗိုလ်သည် မီးရထားထွက်ရန်ပြင်လေ၏။ သို့သော် ဂါတ်ဗိုလ်တွဲမှ မှန်အိမ်မြှောက်မပြသေးသဖြင့် လွန်စွာစိတ်တိုသွားပြီး ရန်ဖြစ်ရန် အလို့ငှာ ဂါတ်ဗိုလ်တွဲသို့ ထွက် ခဲ့လေ၏။ထိုအခါစက်ခေါင်းဗိုလ်သည် ဂါတ်ဗိုလ်ကို မတွေ့သဖြင့် မျက်လုံးပြူးသွားလေ၏။
မီးရထားသည် ဂါတ်ဗိုလ်မရှိသောကြောင့် မထွက်နိုင်ဘဲ ရှိနေစဉ် နှုတ်ခမ်းမွှေးစစနှင့်လူခေါင်းဆောင်သော လူဆိုးအဖွဲ့သည် တွေးရခက်ကြီး ဖြစ်နေလေ၏။ လူဆိုးတစ်ယောက်ကခေါင်းကုတ်၍…ကျွန်တော်တို့ ရထားတစ်စီးလုံး မြေလှန်ပြီးရှာတာ ဆရာ့အမြင်ပဲ၊ ဒီကောင်နဲ့ ကောင်မကို တွေ့ကို မတွေ့တာ…..
ဟုပြောလေရာ ကျန်လူဆိုးတစ်ယောက်ကလည်း…..ကျွန်တော်ဆို ခေါင်မိုးပေါ်မှာတောင် တက်ရှာသေး တယ်၊ သူတို့နှစ်ယောက် ရထားပေါ်က ခုန်ချပြေးသလား မသိဘူး….ဟု ရေရွတ်လေ၏။ လူဆိုးခေါင်းဆောင်က နှုတ်ခမ်းမွှေးကို လက်ဖြင့် ပွတ်သပ်၍
…ရထားပေါ်က ခုန်ချဖို့ဆိုတာ ယောက်ျားတစ်ယောက် ဆိုရင် ဖြစ်နိုင်မယ်၊ သူတို့က မိန်းမတစ်ယောက်ပါသေးတယ်၊မဖြစ်နိုင်ဘူး၊ ရထားပေါ်မှာ ပျောက်နေတာကတော့ ငါလဲ အံ့ဩနေတယ်….ဟု ရေရွတ်လေ၏။ ထိုအခိုက်မှာပင် တပည့်တစ်ဦးက ရထား ဂါတ်ဗိုလ်ပျောက်နေ၍ ရထားမထွက်နိုင်သေးကြောင်း သတင်းပို့လေ၏။ ထိုအခါ လူဆိုးခေါင်းဆောင်သည် တစ်စုံ တစ်ရာကို တွေးမိဟန်ဖြင့် တက်ခေါက်လိုက်ပြီး
.. တောက်ငါတို့ ခံလိုက်ရပြီ၊ ရထားပေါ်ကဆင်းဟေ့၊ ဒီကောင်နဲ့ ဒီကောင်မ ဒီအနီး
အနားမှာပဲ ရှိရမယ်တွေ့ရင်တော့ အသက်မသေရင်ပြီးရော ချသာချဟေ့၊ ခြောက်လုံး
ပြူးပါတယ်၊ ပြေးရင် ခြေထောက်ကို ပစ်ချိုးလိုက်….
ဟု ဒေါသတကြီး ပြောလေရာ တပည့်များက….ဆရာ ဘယ်ကို သဲလွန်စရလို့လဲ… ဟု မေးမြန်းလေရာ ခေါင်းဆောင်က
….ငါတို့ ဂါတ်ဗိုလ်တွဲကိုရောက်တော့ ဂါတ်ဗိုလ်နဲ့ လက် မှတ်စစ်တစ်ယောက် ချက်ထိုးနေတာ မြင်တယ်မဟုတ်လား၊ အဲဒါ ဒီကောင်နဲ့ ကောင်မပဲဖြစ်လိမ့်မယ်၊ ဂါတ်ဗိုလ်ဟာ အသက် အတော်ငယ်နေလို့ငါတောင်အံ့ဩမိတယ်၊ လက်မှတ်စစ်ကလဲ ငါတို့ကို နောက်ကျောပေးပြီး ခေါင်းငုံ့ ထားတယ်၊ လက်မှတ်စစ်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ဟာ နောက်ကနေကြည့်ရင် မိန်းမတစ်ယောက်နဲ့တူနေလို့ ငါတောင်အံ့ဩနေသေးတယ်…. ဟု ပြောလေ၏။ တပည့်တစ်ဦးက ခေါင်းကုတ်၍…ဒါဆိုရင် ဂါတ်ဗိုလ်နဲ့ လက်မှတ်စစ် ဘယ်ရောက်သွား
သလဲ….ဟု မေးမြန်းပြန်ရာ ခေါင်းဆောင်က မျက်နှာရှုံ့မဲ့၍
.. ညံ့ပါ့ကွာ ဂါတ်ဗိုလ်နဲ့ လက်မှတ်စစ်ကို
ဒီကောင်တွေ ရထားပေါ်က ကန်ချလိုက်ပြီနဲ့တူတယ်၊ မင်းတို့လဲ သတိထားပေတော့
မျက်လှည့်ဆရာကောင်လေးက အစွမ်းတော်တော် ထက်တယ်….ဟု သတိပေးလေ၏။ ၎င်းတို့သည် ဘူတာအနီးတဝိုက်တွင် စုံစမ်းလေရာ ဂါတ်ဗိုလ်နှင့် လက်မှတ်စစ်
သည် ရွာဘက်သို့ ထွက်ခွာသွားကြောင်း သတင်းရလေ၏။ ခေါင်းဆောင်က ၎င်းတို့အဖွဲ့ မှ လူတစ်ဦးအား သတင်းပို့ရန် ပြန်လွှတ်လိုက်ပြီး ရွာဘက်သို့ ကမန်းကတန်း လိုက်ခဲ့လေ၏။
အပိုင်း ၉ဆက်ရန်
ဆရာမင်းမြတ်သူရ ကို
လေးစားစွာဖြင့်
#Credit

မင်းမြတ်သူရ
#ပဥ္စလက်မောင်နှမ
အပိုင်း (၉။၁၀။၁၁)
မိုးစက်နှင့် ချောမေသည် လှည်းလမ်းအတိုင်း ရွာဘက်သို့ လမ်းလျှောက်လာခဲ့၏။
လမ်းခရီး၌ ဆာလောင်မွတ်သိပ်ပြီဖြစ်သဖြင့် လွယ်အိတ်ထဲမှ ငှက်ပျောသီးများကို ထုတ်စားပြီး ရေဘူးမှ ရေကိုသောက်လေ၏။
ထိုအခိုက်မှာပင် ၎င်းတို့အနီးသို့ လှည်းတစ်စီးကျော်တက် လာပြီး လှည်းသမားက မိုးစက်အား…..ဂါတ်ဗိုလ်ကြီး ဘူတာမှာ ဂါတ်
ဗိုလ်ကြီးကို လူတစ်စု လိုက်ရှာနေတယ်၊ အခုလမ်းအတိုင်း လိုက်လာနေပြီ၊ ဂါတ်ဗိုလ် ကြီးရဲ့ မိတ်ဆွေတွေထင်တယ်….ဟု အသိပေးလေရာ မိုးစက်က ခေါင်းကုတ်၍
…ဒုက္ခပဲ၊ ဟိုကောင်တွေ လိုက်လာပြီနဲ့ တူတယ်၊ကျွန်တော်တို့ လှည်းကြုံနဲ့ လိုက်ရတော့မှာပဲ….ဟု ရေရွတ်ကာ လှည်းသမားအား အခကြေးငွေပေး၍ လှည်းကြုံလိုက်ခဲ့လေ၏။ လှည်းသမားသည် သီချင်းတအေးအေး သီဆို၍ လှည်းကို ဖြည်းညှင်းစွာ မောင်းနှင်လေ၏။ လှည်းသည် တအိအိသွားလေ၏။
ရွာနှင့် ဘူတာ အတော်ပင် ခရီးဝေးသဖြင့် လှည်းကို အတန်ကြာအောင် မောင်းနှင်ရလေ၏။
တောင်ကြောတစ်ခုကို လှည်းဖြင့် ကွေ့ပတ်တက်လိုက် သောအခါ ချောမေက အောက်ဘက်တောင်ကြောသို့ ငုံ့ကြည့် လိုက်ပြီး
….ဗုဒ္ဓေါ… ဟိုကောင်တွေ လှည်းတစ်စီးနဲ့ လိုက်လာပြီ….
ဟု ရေရွတ်လေရာ မိုးစက်က ငုံ့ကြည့်၍
……လှည်းဆရာရေ၊ လှည်းကို အမြန်ဆုံးမောင်းပါဗျာ၊ နောက်မှာ သေမင်းလိုက်လာပြီ…..ဟု ပြောလေရာ လှည်းသမားလူပျင်းက….သီချင်းဆိုရတာ ဇိမ်ပျက်လိုက်တာ၊ ဘယ်က သေမင်းလဲ၊ နောက်မနေစမ်းပါနဲ့
ဟုဆိုကာ လွန်စွာပျင်းရိငြီးငွေ့ဖွယ်ကောင်း
သော ရှေး သီချင်းတစ်ပုဒ်ကို သီဆိုပြန်
၏။
ထိုအခါ မိုးစက်သည် လှည်းဆရာကို စိတ်မရှည်နိုင်တော့ တွန်းဖယ်၍ လှည်းကို ကိုယ်
တိုင်မောင်းနှင်လေ၏။
မိုးစက်တို့လှည်း လျှင်မြန်လာသောအခါ လူဆိုးများ၏လှည်းကလည်း အမီလိုက်လာ၏။
လှည်းသည် ရွာနှင့်နီးလာသောအခါ လော်စပီကာသီချင်းသံကိုကြားရ၍ ရွာတွင် အလှူရှိနေပုံရ၏။
မိုးစက်သည် လှည်းလမ်းအတိုင်း ရွာထဲသို့မောင်းနှင် လိုက်ပြီး တစ်နေရာသို့ရောက်သောအခါ လှည်းကိုရပ်လိုက်ပြီး
….အစ်မရေ အလှူအိမ်ကိုပြေးရအောင် လူများများရှိတဲ့ နေရာမှာဆို ဒီကောင်တွေ အနိုင်ကျင့်ရဲမှာမဟုတ်ဘူး….ဟု ဆိုကာ ချောမေ၏လက်ကိုဆွဲ၍ သီချင်းသံကြားရာ ဘက်သို့ ပြေးလေ၏။
မိုးစက်တို့သည် ရွာလယ်လမ်းမကြီးကိုပိတ်၍ မဏ္ဍပ်ထိုးထားသောကြောင့် အလှုကြီး၏
နောက်ကျောသို့ ရောက်သွားလေ၏။ ၎င်းတို့သည် ကွက်စိတ်ဟောသော စင်နောက်သို့ ရောက်သွားခြင်းဖြစ်၏။
ရွာသို့ဝင်ကာနီးတွင် ကြားရသောသီချင်းသံမှာ ကွက်စိတ် ဆရာက ဆိုင်းနှင့်တွဲဖက်
၍ ငိုချင်းသီဆိုနေခြင်းဖြစ်၏။

မှတ်ချက် ။ ရှေးက ရှင်ပြုရဟန်းခံအလှူများ၊ ဘုန်းကြီးပျံပွဲ များတွင် ကွက်စိတ်ဟောပွဲများပါလေ့ရှိ၏ကွက်စိတ်ဆရာသည် အသောအလွမ်း၊ အရှင် အရှမ်းတို့ကိုသာမက ဆိုင်းနှင့် တွဲဖက်၍ အဆို အငိုများပါ ထည်သွင်းဖျော်ဖြေလေ့ရှိ၏။ ဟောပြောလေ့ရှိသောဇာတ်လမ်းများမှာ ကာလသား၊ ကာလသမီးကြိုက်ဇာတ်ကွက် စကားများထည့်၍ အဆင်ပြေသော ဥပက ဆာဝါ၊ ဝိသာခါ၊ သီရိမာ၊ မဟောသဓာ၊ ဆဒ္ဒါန် ဆင်မင်း၊ စန္ဒကိန္နရီ၊ မင်းကုသ၊ ဥတေန စသည် ဖြင့် များစွာရှိပေ၏။
[စာရေးသူ]

ချောမေက ကွက်စိတ်ဟောသောစင်၏ နောက်ကျောကိုကြည့်၍…..ဒုက္ခပဲ၊ ငါတို့ရှေ့ဆက်ပြီး သွားစရာလမ်းမရှိတော့ဘူး..
ဟု ရေရွတ်လေ၏။
မိုးစက်က ခေါင်းကုတ်၍..ဟုတ်ပါရဲ့အစ်မရယ်၊ ကဲ… မထူးတော့ပါဘူး၊ နောက်မှာလဲ အန္တရာယ်ကပါလာပြီ၊ ဟိုမှာ ခွေးတိုးပေါက်လေးတစ်ပေါက် တွေ့တယ်မဟုတ်​၊အဲဒီအပေါက်ကနေ လေးဖက်ထောက်ပြီး ဝင်ကြမယ်၊ ဒါဆိုရင် ကျွန်တော်တို့ ကွက်စိတ်စင်အောက် ရောက်သွားမယ် ,,
ဟုပြောလေရာ ချောမေက နှာခေါင်းရှုံ့၍
မြင်းဖြူရှင်က ပေးတဲ့ဒုက္ခက မသေးပါလားဟယ်ဝဋ် ရှိတုန်းတော့ ခံလိုက်ကြတာပေါ့ဟာ…”
ဟု ညည်းညူလေ၏။ ထို့နောက်တွင်မူ ချောမေက ရှေ့မှ ဦးဆောင်၍ သံဃာစင်အောက်သို့ ဝင်ခဲ့လေ၏။
မိုးစက်က ချောမေ၏နောက်မှ လိုက်ခဲ့လေ၏။ ကွက်စိတ်ဟောသောစင်သည် သုံးပေခန့်သာ အမြင့်ရှိ သဖြင့် ချောမေတို့သည် စင်အောက်တွင် ကုန်းကုန်းကွကွ ဖြစ်နေ လေ၏။
သူမတို့သည် ကွက်စိတ်ဆရာ၏ အောက်တည့်တည့်သို့ ရောက်သွားလေ၏။
ထိုအချိန်တွင် နှုတ်ခမ်းမွှေးစစနှင့်လူ ခေါင်းဆောင်သော လူဆိုးလူမိုက်အဖွဲ့သည် ကွက်စိတ်နားထောင်သော ပရိသတ်ထဲ သို့ ရောက်နေလေ၏။ ၎င်းတို့သည် ပရိသတ်ထဲတွင် ချောမေနှင့် မိုးစက်ပုန်းအောင်းနေမည်ထင်၍ သဲကြီးမဲကြီး ရှာဖွေနေလေ၏။
ချောမေနှင့် မိုးစက်သည် စင်အောက်၌ မလှုပ်ဝံ့ဘဲ ရှိနေ၏။
ကွက်စိတ်ဟောသော စင်အောက်တွင်ကျဉ်းမြောင်းသည့် အပြင် သစ်ကိုင်းအကျိုးအပဲ့များနှင့် ရှုပ်ပွနေ၏။
ထိုသစ်ကိုင်းများမှာ ကွက်စိတ်စင်ဆောက်စဉ်က စင်နှင့် မလွတ်သော သစ်ကိုင်းများကို ရွာသားများက ခုတ်လှဲ၍ အလွယ် တကူ စင်အောက်သို့ ထိုးထည့်ထားခြင်းဖြစ်၏။
ချောမေသည် သစ်ရွက်သစ်ကိုင်းများကို ဖင်ခုထိုင်နေရာမှ ခြေထောက်တွင် ဆစ်ခနဲနာကျင်သွား၍ “အား” ဟု အော်ဟစ် လိုက်လေ၏။
မိုးစက်က သူမ၏ ပခုံးကိုကိုင်၍
“ အစ်မ၊ ဘာဖြစ်လို့လဲ”
ဟု မေးမြန်းလေရာ ချောမေက အလန့်
တကြားဖြင့်….ငါ့အောက်မှာ ခါချဉ်အုံရှိနေ
တယ်…အား…ကိုက်ပြန်ပြီ၊ အမလေး နာလိုက်တာ…ဟု ရေရွတ်လေ၏။
ချောမေ၏ ခြေဖမိုးပေါ်တွင် ခါချဉ် ကောင်များရောက်နေ၏။ မိုးစက်သည် ချောမေအတွက် စိုးရိမ်သွားပြီး ထွက်ပေါက်ရှာရန် ကွက်စိတ်စင်ရှေ့သို့ တိုးဝှေ့ကြည့်ရာ ပျဉ်းကတိုးချောင်းများနှင့် ခိုင်မာစွာ ရိုက်ပိတ်ထားကြောင်း တွေ့ရ၏။
နောက်သို့ ပြန်ဆုတ်ရန်မှာလည်း သစ်ရွက်သစ်ကိုင်းများတွင် ခါချဉ်ကောင်များ တရွရွရှိနေ၏။ ခါချဉ်များသည် မိုးစက်ကိုပင် ကိုက်ခဲစပြုနေပြီး အဆိပ်ပြင်းသောကြောင့် လွန်စွာနာကျင်လှ၏။
ထိုစဥ်ချောမေသည် အားခနဲ အော်ဟစ်လိုက်ပြန်ရာ မိုးစက်သည် သူမ၏အဖြစ်ကို မကြည့်ရက်တော့ဘဲ အံကြိတ်၍ တစ်စုံ တစ်ရာကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။

ထို့ကြောင့် ကျားခနဲ အော်ဟစ်၍ ကွက်စိတ်စင်၏ ဝါးကြမ်းခင်းများကို ထိုးခွဲလိုက်၏။ ထိုအချိန်တွင် စင်ပေါ်မှ ကွက် စိတ်ဆရာကလည်း
…..နန္ဒမင်းသားနဲ့ နှမတော် မိကလျာဟာ မြေလျှိုးမိုးပျံ နိုင်တဲ့ပညာရှင်များပီပီ မြေကိုလျှိုးလို့ ထွက်လာပါတော့တယ်”” ..ဟုဟောပြောနေရာမှ စင်အောက်မှ ကုန်းထွက်လာသောမိုးစက်တို့ကိုကြည့်၍
…..ဟဲ့… သောက်ပလုတ်တုတ်….
ဟု အလန့်တကြား ရေရွတ်လိုက်လေ၏။ မိုးစက်သည် ကျိုးပဲ့သွားသော ဝါးကြမ်း
ခင်းများကို တွန်းဖယ်၍ ချောမေ လက်ကိုဆွဲကာ စင်ပေါ်သို့ တက်ခဲ့လေ၏။
ကွက်စိတ်နားထောင်နေသော ပရိသတ်သည် စင်အောက် တက်လာသော ချောမေတို့စုံတွဲကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေလေ၏။ နှုတ်သွက်သော ကာလသားတစ်ယောက်က
“ နန္ဒမင်းသားနဲ့ နှမတော် မိကလျာ မြေကိုလျှိုးပြီး ထွက်လာတယ်ဟေ့…
ဟု အော်ဟစ်နောက်ပြောင်လေ၏။ မိုးစက်က စင်ပေါ်မှနေ၍ ကြောင်အမ်းအမ်းကြည့်နေသော ပရိသတ်များကို လက်မြှောက်၍ နှုတ်ဆက်လိုက်၏။ ထိုစဉ် နှုတ်ခမ်းမွှေးခေါင်းဆောင်သော လူဆိုးအဖွဲ့သည်
မိုးစက်တို့ကို မြင်သွားပြီး….လိုက်ကြ၊
ဟိုကောင်နဲ့ ဟိုကောင်မကို တွေ့ပြီဟေ့လိုက်ကြ….ဟု ညာသံပေးကာ အပြေးလိုက်ရန် ပြင်ဆင်လေ၏။
သို့ သော် ကွက်စိတ်နားထောင်နေသော ပရိသတ်ကို တိုးမပေါက်သဖြင့် ခရီးမတွင်ဘဲ ဖြစ်နေ၏။ မိုးစက်က ချောမေ၏
လက်ကို ဆွဲ၍ “ ပြေးကြစို့အစ်မရေ ”
ဟု ဆိုလိုက်စဉ် ဓားမြှောင်ကိုင်ထားသော လူဆိုးတစ်ဦးသည် ကွက်စိတ်စင်အနီးသို့ ရောက်လာလေ၏။ မိုးစက်က လွယ်အိတ်ထဲမှ ကြာပွတ်ကိုထုတ်၍ လူဆိုး၏ဓားကိုင်လက်ကို ရိုက်လိုက်သဖြင့် ဓားမြှောင်လွင့်စင်ထွက်သွား၏။
ချောမေက လက်နက်မဲ့သွားသောလူဆိုး၏ မေးရိုးကို စင်ပေါ်မှနေ၍ တအားကုန် ကျုံးကန်လိုက်ရာ လူဆိုးလည်း အားခနဲအော်၍ မြေပေါ်သို့ လဲကျသွားလေ၏။
ချောပေနှင့် မိုးစက်သည် ကွက်စိတ်စင်ပေါ်မှ ခုန်ချ၍ လူများကို တိုးဝှေ့ကာ ရွာလမ်းမကြီးအတိုင်း ပြေးခဲ့လေ၏။
ထိုအချိန်တွင် မြို့ကျောင်းတွင် ခုနှစ်တန်းအထိ နေဖူးသောကြောင့် စိတ်ကြီးဝင်နေသော သူကြီးသား အောင်မိုးနှင့် မြင့်ဦးသည် မြင်းအလှစီးရန် ဂျော်ကီများကဲ့သို့ အကျအနဝတ်ဆင်ပြီး ခြံရှေ့တွင် ဟန်ရေးပြနေလေ၏။
၎င်းတို့သည် ရွာသူမိန်းကလေးများ ရေခပ်ဆင်းချိန်ကို မှန်း၍ ညနေတိုင်း မြင်းကိုယ်
စီဖြင့် ဟန်ရေးပြနေကျဖြစ်၏။
ယခု ရေခပ်ဆင်းချိန်မှာ အနည်းငယ်စောနေသည်ထင်၍ သစ်ပင်ရိပ်တွင် ထိုင်စောင့်နေကြ၏။
ချောမေတို့သည် ရွာထိပ်သို့ရောက်သော
အခါ အိမ်ကြီး တစ်အိမ်ရှေ့တွင် မြင်းလှလှကြီးနှစ်ကောင်ကို မြင်သဖြင့် မိုးစက်က ,, …အစ်မရေ မြင်းကြီးနှစ်ကောင် အဆင်
သင့်ပဲ၊ တက်စီး သွားရအောင်….
ဟု ပြောလေရာ ချောမေက ခေါင်းညိတ်၍
….စီးတာတော့ ဟုတ်ပါပြီ ငါမှ မြင်းမစီးတတ်တာ….ဟု ပြောလေ၏။မိုးစက်က
….မြင်းစီးတာ ဘာမှ မခက်ဘူး၊ မြင်းပေါ်ရောက်ရင်ဇက်ကြိုးကို အသာကိုင်ပြီး လိုက်သွားရုံးပဲ၊ ဇက်ကြိုးကို သိပ်တင်းမထားနဲ့၊ ရပ်ချင်ရင် မြင်းဇက်ကြိုးကို ဆွဲလိုက်…ဟုပြောလေရာ ချောမေလည်း မြင်းတစ်ကောင်ပေါ်သို့ လွှားခနဲ ခုန်တက်လိုက်လေ၏။ မိုးစက်က လွယ်အိတ်ထဲမှကြာပွတ်ကို ထုတ်၍…အစ်မရေ မြဲမြဲကိုင်ထားနော် ”…ဟုဆိုကာ မြင်း၏တင်ပါးကို ကြာပွတ်ဖြင့် ရိုက်လိုက်ရာ မြင်းစတင်ပြေးလေ၏။
မိုးစက်သည် ချောမေနောက်သို့ ကျန်မြင်း တစ်ကောင်နှင့် ဒုန်းစိုင်း၍လိုက်ခဲ့ရာ သစ်ပင်ရိပ်အောက်တွင် ထိုင်ပြီးဟန်ရေးပြနေသော သူကြီးသားနှစ်ယောက်သည် ကြောင် အမ်းအမ်း ကြည့်နေရာမှ
…ဟေ့… ဟေ့ ဘာလုပ်တာလဲ ငါတို့မြင်း ပြန်ပေး….ပြန်ပေး….ဟုအော်ဟစ်ကာ ကျန်ရစ်ခဲ့လေ၏။ ချောမေသည် ကဆုန်
ပေါက်၍ ပြေးလွှားနေသော မြင်းကြီး ပေါ်တွင် လိုက်ပါလာရသောကြောင့် ထိတ်လန့်တုန်လှုပ်နေ၏။ သို့ သော် အတန်ကြာသောအခါ တဖြည်းဖြည်း ကြောက်စိတ် လျော့ပါးလာ၏။
မြင်းနှစ်ကောင်သည် မြင်းလိမ္မာကြီးများဖြစ်သဖြင့် ထိန်းကျောင်းရမခက်ခဲပေ။
မိုးစက်တို့သည် ညမှောင်ရီသန်းစပြုသောအခါ သစ်သား တံတားလေးရှိသော စမ်းချောင်းငယ်တစ်ခုသို့ ရောက်သွား၏။
မိုးစက်က…..အစ်မရေ၊ ကျွန်တော်တို့မြင်းတွေကို ဒီမှာထားခဲ့မယ်၊ ရှေ့ဆက်ပြီး ကုန်းကြောင်းပဲ နှင်ရတော့မယ်….
ဟု ပြောလေရာ ချောမေက မျက်နှာရှုံ့မဲ့၍ ….အကောင်းဆုံးပဲ၊ မြင်းစီးလို့ ငါ့ပေါင်တွေ ကွကုန်ပြီ၊ဒါထက် မြင်းကြီးတွေကို ဒီမှာထားခဲ့ရင် ပျောက်သွားမလား မသိဘူး….ဟု ပြောလေ၏။ မိုးစက်က ခေါင်းခါ၍
….မပျောက်ဘူး အစ်မ၊ မြင်းတွေက အတော်လိမ္မာတယ်၊ သူတို့ လာလမ်းအတိုင်း ရွာကို ပြန်သွားကြလိမ့်မယ်..
ဟုပြောလေ၏။ မိုးစက်တို့သည် မြင်းများကို ပြန်လွှတ် လိုက်ပြီး၊ စမ်းချောင်းကို ကျော်ကာ ခရီးနှင်ခဲ့ပြန်၏။ အတန်ကြာအောင် ခရီးနှင်ပြီးသောအခါ လမ်းခရီးတွင် အမှောင်လွှမ်းစပြုနေပြီဖြစ်သဖြင့် အိပ်စက်ရန် နေရာရှာရလေ၏
ချောမေသည် လူဆိုးများလက်မှ အသက်လု၍ ပြေးလွှား နေသဖြင့် နုနယ်သော မိန်းမသားပီပီ ပင်ပန်းနွမ်းနယ်နေဟန်ရှိ၏၊ ထိုအခိုက်မှာပင် ညအမှောင်ထဲတွင် မီးအိမ်တစ်လုံး၏ အလင်းရောင်ကိုမြင်ရသဖြင့် ချောမေက…. ” ဟယ်… ဟိုးရှေ့မှာ မီးရောင်မြင်ရတယ်လူရှိမယ်နဲ့တူတယ်…ဟု ဝမ်းသာအားရပြောလေ၏။ မိုးစက်တို့သည် မီးရောင် ရှိရာသို့ နီးကပ်လာသောအခါ မုဆိုးများ အမဲလိုက်ရာတွင် အသုံးပြုလေ့ရှိသော သစ်လုံးအိမ်ကလေးတစ်လုံးကို တွေ့ရ၏။
သစ်လုံးအိမ်၏တံခါးကို ခေါက်လိုက်သောအခါ ခါးကုန်း ကြီးတစ်ယောက်က တံခါးလာဖွင့်ပေးပြီး…ညနက်နေမှ ဘယ်က ဧည့်သည်ရောက်လာသလဲ….
ဟု ရေရွတ်လေ၏။ မိုးစက်က….ခရီးသွားရင်း မျက်စိလည်လာလို့ ကျွန်တော်တို့
မောင်နှမကို တစ်ညတည်းခိုခွင့်ပြုပါ….
ဟု တောင်းပန်လေ၏။ ခါးကုန်းကြီးက မှန်အိမ်၏ အလင်းရောင်ဖြင့် မိုးစက်တို့အား သေချာစွာကြည့်၍…..တစ်ညဆိုရင်တော့ ရပါတယ်…..
ဟု ဆိုကာ အိမ်ထဲသို့ ဝင်ခွင့်ပြုလိုက်လေ၏။ သစ်လုံးအိမ်ထဲတွင် အမဲလိုက်ရာတွင် အသုံးပြုသော သေနတ်အချို့ကို မြင်ရ၏။
ခါးကုန်းကြီးက ၎င်းတို့အား အိမ်ရှေ့ဝင်ပေါက်အနီးတွင် အိပ်စက်ရန် နေရာချထားပေးလေ၏။ ပြီးနောက်….မင်းတို့ ဘာမှ မစားရသေးဘူးနဲ့ တူတယ်၊ ငါထမင်းချက်လိုက်မယ်…ဟု ပြောလေရာ ချောမေက ဝမ်းသာအားရဖြင့်..ကျေးဇူးပါပဲရှင်၊ ကျွန်မဗိုက်ဆာလို့ အူလိန်နေပြီ၊ ကျသလောက်ငွေကိုပေးပါမယ်….
ဟု ပြောလေ၏။ ခါးကုန်းကြီးကခေါင်းခါ
၍ မလိုပါဘူး မိန်းကလေး၊ ဒုက္ခရောက်နေသူကို ကူညီရ မှာပါ….ဟုဆိုကာ ထမင်းတစ်အိုးချက်လေ၏။ ဆတ်သားခြောက် များကို နီရဲအောင်ဖုတ်၍ ဆီဆမ်းလေ၏။ ချောမေသည် ဆတ်သား ခြောက်၏ မွှေးပျံ့သောရနံ့ကြောင့် ဗိုက်ထဲတွင် ပိုမို ဆာလောင် လာ၏။
ခဏအကြာတွင် ထမင်းနှင့် ဆတ်သားခြောက်ဖုတ်များကို ခါးကုန်းကြီးက ဇလုံများနှင့် ထည့်ယူလာ၏။ မိုးစက်တို့ စားသောက်နေစဉ် ခါးကုန်းကြီးက အနီးသို့
ရောက်လာပြီး ရေနွေးခရားကိုပေးကာ
…ကျုပ်အိပ်တော့မယ်၊ စားသောက်ပြီးရင် ပန်းကန်တွေ ပြန်ဆေးထားလိုက်ပါ….
ဟု ပြောလေ၏။ ခါးကုန်းကြီးသည် စကားနည်းပုံရ၏။ မလိုအပ်ဘဲ စကားအပိုပြောလိုဟန်မရှိပေ။ ဤမျှ လူသူ အရောက် အပေါက်နည်းသောအရပ်တွင် မည်သည့်အတွက်
ကြောင့် နေထိုင် သည်မသိပေ။

စားသောက်ပြီးသောအခါ ချောမေက ပန်းကန်များကို ဆေးကြော၍ သစ်သားစင်များတွင် မှောက်ထားလိုက်၏။
ထို့နောက် ကြမ်းပြင်ပေါ်တွင် အိပ်စက်ရန် ပြင်ဆင်ကြ၏။ ချောမေက စောင်ခြုံ၍ လှဲနေရာမှ ခပ်လှမ်းလှမ်းတွင် အိပ်နေ သော မိုးစက်ဘက်သို့ လှည့်၍….မိုးစက် ငါတို့ ဒီလိုပဲ အမြဲပြေးနေတော့မှာလား”….
ဟု မေးမြန်းလေ၏။ မိုးစက်က သက်ပြင်း
ချ၍….မြင်းဖြူရှင်နတ်ရုပ်က စလိုက်တဲ့ပြဿနာက ဆုံးမှ မဆုံးသေးတာ၊ ပြေးနေရဦးမှာပေါ့၊ ကျွန်တော်တို့လက်ထဲမှာ မြင်းဖြူရှင်ရုပ်မရှိတော့ဘူးဆိုတာ ဒီကောင်တွေ ယုံမှမယုံတာ…ဟု ပြောလေ၏။
ချောမေက မိုးစက်ဘက်သို့လှည့်၍
…..သူတို့ကို မိတ္ထီလာမြို့က နတ်ကွန်းမှာ စွန့်ပစ်ခဲ့ပြီလို့ ပြောထားရက်သားနဲ့ ငါတို့နောက်ကို သဲကြီးမဲကြီးလိုက်နေတာ ဘာသဘောလဲ မသိဘူး၊ မြင်းဖြူရှင်ရုပ်က ဒီလောက်အရေးကြီး နေရင်လဲ မိတ္ထီလာမှာ ပြန်ရှာလိုက်ပေါ့၊ သူတို့မှာ လူအင်အားလဲ တောင့်တင်းတာပဲ….ဟု ပြောလေရာ
မိုးစက်က ခေါင်းညိတ်၍
…ကျွန်တော်လဲ အဲဒါကို စဉ်းစားနေတာပဲ၊ ကျွန်တော်တို့ နောက်ကိုလိုက်နေရင် အချိန်ကုန်ရုံပဲ ရှိမှာပဲ၊ သူတို့အဖွဲ့ဟာ ဒီ လောက်သဲကြီးမဲကြီး လိုက်နေပုံထောက်ရင် မြင်းဖြူရှင်ရုပ်ဟာ အတော် အဖိုးတန်မယ်ထင်တယ်….
ဟု မှတ်ချက်ချလေ၏။ ချောမေက ဆက်လက်၍ …သူတို့အဖွဲ့ဟာ လူဆိုးဓားပြအဖွဲ့တော့ ဟုတ်ပုံမရဘူးနော်…..
ဟု ပြောလေရာ မိုးစက်က ခေါင်းညိတ်၍ ဟုတ်တယ် လူအင်အားတောင့်တင်းပြီး စနစ်တကျရှိ တယ်၊ လူဆိုးဓားပြအဖွဲ့မဟုတ်တာတော့ သေချာတယ်…..
ဟု ပြောလေရာ ချောမေက စောင်ကို ခြုံလိုက်ရင်း..ငါ့ဘ၀တလျှောက်လုံး ပြေးနေရတာနဲ့ပဲ အချိန်ကုန်နေ တယ်၊ ရာဇဝတ်အုပ်အမှုနဲ့ ပြေးလို့မဆုံးသေးဘူး၊ ဟော… အခု မြင်းဖြူရှင်အတွက် ပြေးရပြန်ပြီ….
ဟု ပြောလေ၏။ မိုးစက်က ရယ်မော၍ “ …အစ်မ စိတ်ဓာတ်ကျနေပြီလား၊ ကျွန်တော့် အဘိုးက ပြောဖူးတယ်၊ လူ့ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေမှ အခက်အခဲ ကြားက ခွန်အားဖြစ်ပေါ်လာတာတဲ့၊ အရှုံးထဲက အမြတ်အနေနဲ့ ကျွန်တော်တို့မှာ အခက်အခဲတွေ့တိုင်း ရင်ဆိုင်နိုင်တဲ့ စွမ်းရည်မျိုး ဖြစ်ပေါ်လာပြီလေ…ဟု ပြောလေရာ ချောမေက ရယ်မော၍ ….ဟုတ်တယ်နော်၊ အရင်တုန်းကဆိုရင် အန္တရာယ်ကြားမှာ စွန့်စွန့်စားစား ပြေးလွှားနေဖို့ အိပ်မက်တောင်မမက်ဖူးဘူး၊ အခုတော့ ပုလိပ်လက်က ပြေးလိုက် လူဆိုးလက်က ပြေးလိုက်နဲ့ ငါတောင် တဖြည်းဖြည်း မိန်းမလူစွမ်းကောင်းဖြစ်လာပြီ ….,,ဟုပြောလေ၏။ မိုးစက်က ချောမေကိုကြည့်၍
…အစ်မ အိပ်တော့လေ….ဟု ပြောလေရာ ချောမေက သက်ပြင်းချ၍….အိပ်လို့ မရသေးဘူး၊ မျက်လုံးကြောင်နေသလိုပဲ…ဟုပြောလေရာ မိုးစက်က““ မနက်ကျရင် ခရီးဆက်ရဦးမယ်၊ အိပ်တော့နော်….ဟုဆိုကာ စောင်ကိုခြုံ၍ အိပ်စက်လေတော့၏။
ခဏကြာ လျှင်တခေါခေါမြည်လျက် အိပ်ပျော်သွားလေ၏။ မိုးစက်ကိုကြည့်၍ ချောမေ၏ရင်ထဲတွင် အမျိုးအမည်မသိသော ဝေဒနာတစ်မျိုးဖြစ်ပေါ်လာလေ၏။
ထိုဝေဒနာနှင့်အတူ ပုလိပ်များညှင်းပန်း နှိပ်စက်၍ သေဆုံးရရှာသော သူမ၏
ယောက်ျား ကိုတင်မောင်၏ မျက်နှာကို မြင်ယောင်လာလေ၏။
ရာဇဝတ်အုပ်ဘကြိုင် သေဆုံးမှုနှင့်ပတ်သက်၍ ပုလိပ်များက သူမအား ရှာဖွေနေဆဲပဲလားမသိ၊ ရွာမှထွက်ပြေးလာသည်မှာ နှစ်နှစ်တင်းတင်းရှိချေပြီ။ ထိုကာလများအတွင်း သူမသည် ရှောင်တိမ်းပြေး
လွှား၍သာ နေရ၏။ သူမအား ကူညီစောင့်
ရှောက် သော မိုးစက်ရှိနေ၍ တော်သေး၏။ မိုးစက်သည် သူမကို အစ်မရင်းကဲ့သို့ ချစ်ခင်ပုံရ၏။
အန္တရာယ်ကြားတွင် ပြေးရင်းလွှားရင်း မိုးစက်နှင့်သူမသည် ပိုမိုရင်းနှီးခဲ့ရ၏။ မြင်းဖြူရှင်ရုပ်က စလိုက်သောပြဿနာသည် ဘယ်သောအခါမှ ဆုံးလေမည်မသိ။
ထိုညက အတွေးလွန်နေ သဖြင့် ချောမေသည် ညအတော်နက်မှ အိပ်ပျော်သွားလေ၏။

နောက်တစ်နေ့နံနက်တွင် အိပ်ရာမှ စောစောထ၍ ခရီး ဆက်ရန် ပြင်ကြ၏။ မိုးစက်က ခါးကုန်းကြီးကိုကြည့်၍….တစ်ညတည်းခိုခွင့်ပြုတာ ကျေးဇူးတင်ပါတယ်၊ ညက ကျွန်တော်တို့ စားသောက်ထားတာကို ပြန်ဝယ်လို့ရအောင် ငွေတစ်ကျပ်ပေးခဲ့ပါတယ်….
ဟု ပြောလေရာ ခါးကုန်းကြီးက ခေါင်းခါ၍““ မလိုပါဘူးကွာ၊ သံသရာတစ်ကွေ့မှာ ကြုံဆုံတွေ့လို့ အလှူဒါနလုပ်တယ်လို့ သဘောထားလိုက်ပါ၊ ကဲ… သွားပေတော့…ဟုဆိုကာ မိုးစက်တို့အား အိမ်ထဲမှာ မောင်းထုတ်လိုက်လေ၏။
မိုးစက်နှင့်ချောမေသည် ခါးကုန်းကြီး၏
သစ်လုံးအိမ်မှ ခရီးဆက်ခဲ့ကြပြန်၏။ ခါးကုန်းကြီးသည် မိုးစက်တို့ထွက်ခွာသွား သောအခါ အိပ်ခန်းအတွင်းသို့ဝင်သွားပြီး လှောင်အိမ်ထဲမှ ခို သတ္တဝါကို ထုတ်လိုက်၏။ ထို့နောက် ခို၏ခြေထောက်တွင် ငွေ ကြုတ်ကလေးတစ်ခု ချိတ်ဆွဲ၍ ပြတင်းပေါက်မှ လွှတ်လိုက်လေ၏။
ခိုသတ္တဝါများကို ဘိန်းကျွေး၍ မွေးမြူစေပြီး လိုရာခိုင်းစေ နေခြင်းဖြစ်၏။
ယခုလည်း သူပို့ချင်သောသတင်းကို ခို၏
အကူ အညီဖြင့် လိုရာအရပ်သို့ ပို့ဆောင်လိုက်လေ၏။
အပိုင်း ၁၀ ဆက်ရန်

မင်းမြတ်သူရ
ပဥ္စလက်မောင်နှမ
အပိုင်း ( ၁၀)

မိုးစက်တို့သည် လှည်းလမ်းအတိုင်း ခရီးဆက်ခဲ့ရာ ရွာများတစ်ရွာပြီးတစ်ရွာ ဖြတ်ကျော်ခဲ့လေ၏။
ရွာများတွင် လှည့် လည်နေရခြင်းမှာ ၎င်းတို့နောက်သို့ တကောက်ကောက် လိုက် နေသော လူဆိုးလူမိုက်များ၏ရန်မှ ကာကွယ်နေခြင်းဖြစ်၏။
နှစ်ရက်ခန့်ကြာသောအခါ မြေလတ်ပိုင်းဒေသ၏ ပူပြင်း ခြောက်သွေ့သော သဲတောကြီးကို ဖြတ်ကျော်ရလေ၏။
ချောမေ ကဖုန်တောထဲတွင်ခြေလှမ်းများလေးကန်စွာဖြင့်လှမ်းလျှောက်ရင်း….. ပူလိုက်အိုက်လိုက်တာဟယ်၊ ခြေထောက်တွေ မသယ်ချင်တော့ဘူး၊ အခုနေများ အန္တရာယ်ကောင်တွေ ရောက်လာရင် ပြေးနိုင်မှာ မဟုတ်တော့ဘူး….ဟု ညည်းညူလေ၏။
ချောမေ၏စကားကြောင့် မိုးစက်က မျက်မှောက်ကြုတ်၍….. ဒီကောင်တွေ ကျွန်တော်တို့ကို မျက်ခြေပြတ်သွားပြီ ထင်တယ်၊ ဒါမှမဟုတ် မိတ္ထီလာမြို့မှာ စွန့်ပစ်ခဲ့တဲ့ မြင်းဖြူရှင်ရုပ်ကို ပြန်တွေ့ သွားပြီထင်တယ်….ဟု မှတ်ချက်ချလေရာ ချောမေက ခေါင်းညိတ်၍….ဒါဆိုရင်တော့ ဝမ်းသာစရာပဲပေါ့ဟယ်၊ ငါတို့လဲ ပြေး တဲ့ဝဋ်က ကျွတ်သွားတာပေါ့””…ဟု ရေရွတ်လေ၏။
မိုးစက်တို့သည် အတန်ကြာအောင် လမ်း
လျှောက်ပြီးနောက် အရိပ်ကောင်းစွာရရှိသော ဇရပ်တစ်ခုသို့ ရောက်ရှိသွားပြီး ဝင်ရောက်နားခိုလေ၏။
ဇရပ်လှေကားပေါ်သို့တက်ပြီးနောက် ချောမေက…..ဇရပ်ပေါ်ရောက်တာ အေးမြသွားတာပဲ၊ ငါတော့ တရေးတမောတောင် အိပ်လိုက်ချင်ပြီဟယ် ဟု ရေရွတ်၍ လှဲချရန် ပြင်ဆင်လိုက်စဉ် မိုးစက်က သူမ၏လက်ကိုဆွဲ၍…..အစ်မ နေဦး၊ ဒီဇရပ်ကို ကျွန်တော်မသင်္ကာဘူး” ….ဟုဆိုကာ ဇရပ်အောက်သို့ ပြန်ဆင်းရန်ကြိုးစားလိုက်၏၊
ထိုအခိုက်မှာပင် ဇရပ်အနောက်မှ လူဆိုးလူမိုက်များ ထွက်လာ ကြ၏။
၎င်းတို့၏လက်ထဲတွင်လည်း ဓား၊ လှံ၊ လက်နက်များသာ ခြောက်လုံးပြူး နှစ်လုံးပြူးစသော သေနတ်များကို တွေ့ရ၏။ မိုးစက်တို့အား ရန်သူများ အထပ်ထပ်ဝိုင်းရံထားခြင်းကို ခံလိုက်ရချေပြီ၊ မိုးစက်က သက်ပြင်းချ၍….ကျွန်တော်တို့ မလွတ်တော့ဘူး ….”ဟုတီးတိုးပြောလိုက်လေတော့၏။ လူဆိုးခေါင်းဆောင်မုတ်ဆိတ်ဖြူအဘိုးကြီးက ခေါင်းညိတ်၍
…..ဟုတ်တယ်လူကလေးတို့ မလွတ်တော့ဘူး၊ ပြေးဖို့မကြိုးစားနဲ့တော့….ဟုပြောလိုက်လေ၏။
မိုးစက်က မုတ်ဆိတ်ဖြူကြီးကိုကြည့် ၍ ဒေါသဖြစ်ဟန်ဖြင့်….“ နေပါဦး၊ ကျုပ်တို့ကိုဘာလို့ ဒီလောက်ရန်လိုနေတာလဲ၊ခင်ဗျားတို့လိုချင်တဲ့ မြင်းဖြူရှင်နတ်ရုပ်ကို မိတ္ထီလာမှာ စွန့်ပစ်ခဲ့ တာ မယုံဘူးလား၊ ကျုပ်တို့က ဒီနတ်ရုပ်အကြောင်းလဲ ဘာမှ မသိဘူး၊ စိတ်လဲမဝင်စားဘူး၊ လိုလဲမလိုချင်ဘူး…..ဟု ကြိမ်းမောင်းလိုက်ရာ မုတ်ဆိတ်ဖြူကြီးက ခေါင်းညိတ်၍ ….ယုံပါတယ် လူကလေးရယ်……ဟုပြောလိုက်လေ၏။
မိုးစက်ကမျက်မှောင်ကြုတ်
၍ ……ယုံရင် ကျုပ်တို့နောက်ကို ဘာလို့လိုက်နေလဲ…..ဟုမေးမြန်းလိုက်လေ၏။ မုတ်ဆိတ်ဖြူကြီးကသက်ပြင်းချ၍
…..ကျုပ်တို့မှာ အက်အခဲဖြစ်နေလို့ပါ၊ ဒီအကြောင်းတွေကို အေးအေးဆေးဆေးပြောပြပါရစေ၊ လူကလေးတို့ ဇရပ်ပေါ် တက်ပါဦး၊ ဖြစ်ပြီးတဲ့ကိစ္စအတွက် ကျုပ်တပည့်တွေရဲ့မိုက်မဲမှုကို တောင်းပန်ပါတယ်၊ ရှေ့ဆက်ပြီး လူကလေးတို့ မှည့်တစ်ပေါက်မှ မစွန်းရအောင် ကျုပ်တာဝန်ယူပါတယ်….
ဟုပြောလေ၏။ ချောမေနှင့် မိုးစက်သည် ၎င်းတို့နှင့်အတူ ဇရပ်ပေါ်သို့ လိုက်ခဲ့လေတော့၏။
ဇရပ်ပေါ်တွင် ထိုင်ကြသောအခါ မုတ်ဆိတ်ဖြူအဘိုးကြီးက ကျုပ်တို့အဖွဲ့ဟာ လက်နက်တွေ ကိုင်ထားပေမယ့် လူဆိုးဓားပြအဖွဲ့မဟုတ်ပါဘူး၊ အင်္ဂလိပ်အစိုးရကို လိုအပ်ရင် နည်းအမျိုးမျိုးနဲ့ တွန်းလှန်နိုင်ဖို့ ဖွဲ့စည်းထားတာပါ၊ မြင်းဖြူရှင် ပြဿနာပြီးသွားရင် သာယာဝတီခရိုင်ဘက်မှာ အင်္ဂလိပ်အစိုးရကို တော်လှန်နေတဲ့ ဂဠုန်ဆရာစံအဖွဲ့နဲ့ ပူးပေါင်းဖို့ ကြံစည် ထားပြီးသားပါ””….ဟု ပြောလေရာ ချောမေက နှာခေါင်းရှုံ့၍ ….“ ဒါဆိုရင် ဘာဖြစ်လို့ ကျွန်မတို့နောက်ကို လိုက်ပြီး သဲကြီး မဲကြီး ဒုက္ခပေးနေရတာလဲ…..
ဟု မေးမြန်းလေ၏။ မုတ်ဆိတ်ဖြူကြီးက လက်ကာပြ၍…. ကျုပ်စကားကို ဆုံးအောင်နားထောင်ပါ မိန်းကလေး၊ မြင်းဖြူရှင်နတ်ရုပ်နဲ့ပတ်သက်ပြီး ပြောရရင်အလွန်ရှည်ပါတယ်၊ ကျုပ်တို့အဖွဲ့ခေါင်းဆောင်က ဆရာကြီး ဦးမြတ်ထွန်းပါ၊ ဆရာကြီးကသီပေါဘုရင်လက်ထက်က လုပ်ကြံခံရတဲ့ မင်းညီမင်းသား အနွယ်တော်တစ်ယောက်ပါ၊ ဆရာကြီးဦးမြတ်ထွန်းမှာ ဦးလှထွန်း ဆိုတဲ့ ညီတစ်ယောက်ရှိပါတယ်၊ ဦးမြတ်ထွန်းတို့ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းရတဲ့ မြင်းဖြူရှင်နတ်ရုပ်လေး နှစ်ရုပ်ရှိပါတယ်၊ ဒီနတ်ရုပ် နှစ်ရုပ်ကို ဦးမြတ်ထွန်းနဲ့ ညီဖြစ်သူ ဦးလှထွန်းက တစ်ရုပ်စီ ထိန်းသိမ်းကြတယ်၊ ဆရာကြီး ဦးမြတ်ထွန်းနဲ့ ဦးလှထွန်းဟာ ညီအစ်ကို ဖြစ်ပေမဲ့ အကျင့်စရိုက်ခြင်း ကွာခြားတယ်၊ ဆရာကြီး ဦးမြတ်ထွန်းဟာ အမဲပစ်တာဝါသနာပါတယ်၊ ရှေးဟောင်းပစ္စည်းတွေကို စိတ် ဝင်စားတယ်၊ ရှားပါးပြီး တန်ဘိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်း ကို မရရအောင် ရှာပြီးဝယ်လေ့ရှိတယ်၊ ဦးလှထွန်းကတော့ အတွေး အခေါ်သမားသက်သက်ပဲ၊ ပန်းချီဆွဲဖို့ အလွန်ဝါသနာပါတယ်၊ ပန်းချီသာ ဆွဲနေရရင် ထမင်းမစားဘဲတောင် နေနိုင်တယ်၊ အင်္ဂလန်၊ ပြင်သစ်စတဲ့နိုင်ငံတွေကိုသွားပြီး ပန်းချီပြတိုက်တွေကို ကြည့်ရှုတယ်၊ ပန်းချီပညာကိုလေ့လာတယ်၊ ဦးမြတ်ထွန်းဟာ လူကြမ်းစိတ်ကြမ်း လက်တွေ့ သမား၊ ဦးလှထွန်းကတော့ အနုပညာသမားပီပီ စိတ်နု ကိုယ်နုပေါ့လေ၊ ဒီလိုနဲ့တစ်နေ့မှာ ဦးလှထွန်းထိန်းသိမ်းတဲ့ မြင်းဖြူရှင် နတ်ရုပ်ကလေးဟာ နတ်သမီး လိုလှပတဲ့ မိန်းမတစ်ယောက်ရဲ့ လှည့်စားမှုကြောင့် ပျောက်ဆုံး သွားခဲ့တယ်၊ ဦးလှထွန်းဟာ မြင်းဖြူရှင် နတ်ရုပ်ပျောက်
ဆုံး သွားပြီးတဲ့နောက် စိတ်ထိခိုက်ပြီး ရူးသွပ်သွားခဲ့တယ်၊ မုတ်ဆိတ်ဖြူကြီး၏စကားကိုနားထောင်၍ မိုးစက်နှင့် ချောမေသည် မြင်းဖြူရှင်နတ်ရုပ်ကို သစ်ကိုင်းတွင်ချိတ်ဆွဲ၍ မျက်လှည့်ပြနေစဉ် မြင်းဖြူရှင်နတ်ရုပ်ကို ဝင်ရောက်လုယက်သော အရူးကြီးတစ်ယောက်ကို မြင်ယောင်လာ၏။ မုတ်ဆိတ်ဖြူကြီးက ဆက်လက်၍…ဆရာကြီးမြတ်ထွန်းဟာ ဦးလှထွန်းရဲ့ မြင်းဖြူရှင် နတ်ရုပ်ကို ရှာဖွေနေတာ နှစ်ပေါင်းများစွာကြာပြီ၊ ဒါပေမဲ့ ဒီနေ့ အထိ အရိပ်အယောင်တောင် မတွေ့နိုင်သေးဘူး….ဟု ဆိုလိုက်ရာ မိုးစက်က ဝင်ရောက်၍…ဒါဆိုရင် ကျွန်တော်တို့ လက်ထဲကိုရောက်တဲ့ မြင်းဖြူ ရှင်ရုပ်ဟာ ဦးလှထွန်းပျောက်ဆုံးသွားတဲ့ နတ်ရုပ်လား… ဟု မေးမြန်းလေရာ မုတ်ဆိတ်ဖြူကြီးက ခေါင်းခါ၍….မဟုတ်ဘူးကွယ့် လူကလေးတို့လက်ထဲကို ရောက်ခဲ့တာ ဆရာကြီး ဦးမြတ်ထွန်းရဲ့ မြင်းဖြူရှင်ရုပ်…… ဟုဆိုလေ၏။ ချောမေက မျက်လုံးပြူးသွားပြီး……ဟင် ဒါဆိုရင် မြင်းဖြူရှင်နတ်ရုပ်နှစ်ရုပ်စလုံး ပျောက်နေပြီပေါ့…..ဟုမေးမြန်းလေရာ မုတ်ဆိတ်ဖြူကြီးက ခေါင်းညိတ်၍ ….ဟုတ်တယ်၊ မြင်းဖြူရှင်နတ်ရုပ်နှစ်ရုပ်စလုံး တို့လက်ထဲ မှာမရှိတော့ဘူး၊ ဆရာကြီးဦးမြတ်ထွန်းမှာ စိတ္တဇဝေဒနာဖြစ်နေတဲ့သမီးတစ်ယောက်ရှိတယ်၊ သမီးနာမည်က မမြနုတဲ့၊ မမြဲနုဟာ ဆရာကြီးက သူ့ကို ဂရုမစိုက်ဘဲ မြင်းဖြူရှင်နတ်ရုပ်ကိုပဲ အရိပ် တကြည့်ကြည့် လုပ်နေတယ်လို့ သံသယဖြစ်တယ်၊ ဒါကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြင်းဖြူရှင်ရုပ်ကိုခိုးပြီး အိမ်ကထွက် ပြေးခဲ့တယ်၊ မြို့ကထွက်ပြေးပြီး သုံးရက်အကြာမှာ စေတီလေး တစ်ဆူကိုရောက်တော့ လူကလေးတို့ မောင်နှမနဲ့တွေ့ပြီး မြင်းဖြူ ရှင်ရုပ်ကိုပေးခဲ့တယ်၊ မမြနုဟာ စိတ်ဝေဒနာရှင်ဆိုတော့ အပြစ်တင်ရမှာလဲ ခက်တယ် ,,
ဟုဆိုလိုက်ရာ မျက်လုံးပြူးသွားပြီး “ ဟင်… ကျွန်တော်တို့ လက်ထဲကို မြင်းဖြူရှင်နတ်ရုပ် ပေးခဲ့တာက မမြနုပေါ့၊ ဒါဆိုရင် မြင်းဖြူရှင်နတ်ရုပ်ဟာ မပျောက် နိုင်ပါဘူး၊ မိတ္ထီလာမြို့ပြင်က နတ်စင်မှာ ကျွန်တော်တို့ စွန့်ပစ်ခဲ့ တာပဲ”….ဟုပြောလေ၏။ မုတ်ဆိတ်ဖြူကြီးက ဆက်လက်၍….မိတ္ထီလာမြို့ပြင်က ခြံကြီးတစ်ခြံရှေ့မှာ လူကလေးတို့ စွန့်ပစ်ခဲ့တာသိပါတယ်၊ ဒါပေမဲ့ ကျုပ်တို့အဖွဲ့ ခြံရှေ့ကိုရောက်တော့ မိန်းကလေးတစ်စုဟာ မြင်းဖြူရှင်နတ်ရုပ်ကိုကိုင်ပြီး ခြံထဲကို ဝင်သွားတာ တွေ့လိုက်ရပါတယ်….ဟု ဆိုလိုက်ရာ ချောမေက တအံ့တဩဖြင့် “ဪ…ဒီလိုတွေ့ရဲ့သားနဲ့ မြင်းဖြူရှင်နတ်ရုပ်ကို ဘာလို့ရအောင် မတောင်းသလဲ၊ ဒါ ကျုပ်တို့ နတ်ရုပ်ပါ၊ စွန့်ပစ်ထားတာမဟုတ်ဘူး ဆိုပြီး ပြောရင် ရရက်သားနဲ့ရှင်…..ဟု ပြောလေ၏။ မုတ်ဆိတ်ဖြူကြီးက….ကျုပ်တို့အဖွဲ့ဟာ သူရသတ္တိအရာမှာ နည်းပါးတဲ့အဖွဲ့ မဟုတ်ပါဘူး၊ ရဲဝံ့စွန့်စားရဲပါတယ်၊ ဒါပေမဲ့ ဒီခြံထဲက လူတွေကိုတော့ လက်ဖျားနဲ့တောင် မထိရဲပါဘူး၊ ကုန်ကုန်ပြောရရင် ခြံရိပ် ကိုတောင် မနင်းရဲပါဘူး ,,…ဟု ဆိုလိုက်ရာ မိုးစက်က မျက်
မှောင်ကြုတ်၍..ဒီခြံထဲကလူတွေက ဘယ်သူတွေမို့လို့လဲ ကျုပ်တို့ သိတာက နတ်
ကနားပေးနေတဲ့လူတွေပဲ….ဟု မေးမြန်းလိုက်လေ၏။ မုတ်ဆိတ်ဖြူကြီးက သက်ပြင်းချ၍…..ဒိခြံကြီးရဲ့ ပိုင်ရှင်ဟာ ကျုပ်တို့ ဆရာကြီး ဦးမြတ်ထွန်း အလွန်ကြောက်ရတဲ့ ဒေါ်သူဇာဆိုတဲ့ မိန်းမကြီးဖြစ်နေလို့ပါ…ဟု ပြောလေ၏။ ချောမေကတဖန်… ရှင်တို့ ဆရာကြီးက သတ္တိနည်းလှချည်လား၊ နတ်ကနားပေးတဲ့ မိန်းမကြီးတစ်ယောက်ကို ကြောက်နေရသလား ,,
ဟု မေးမြန်းလိုက်ပြန်ရာ မုတ်ဆိတ်ဖြူကြီးက ခေါင်းခါ၍…..ဆရာကြီးဦးမြတ်ထွန်းဟာ သတ္တိမနည်းပါဘူး၊ အမဲ လိုက်ရင်း တောထဲမှာ ကျားနဲ့နပန်းလုံးဖူးပါတယ်၊ ဒေါ်သူဇာကိုဦးမြတ်ထွန်းကြောက်ရတာက သူအလွန်ချစ်တဲ့ ဇနီးဟောင်းဖြစ် နေလို့ပါပဲ၊ ဦးမြတ်ထွန်းနဲ့ ဒေါ်သူဇာဟာ တစ်ချိန်က အင်မတန် ချစ်တဲ့ ချစ်သူနှစ်ဦးပါ၊ ဦးမြတ်ထွန်းဟာ ဒေါ်သူဇာနဲ့လက်ထပ်ပြီး အတူနေပေမယ့် သူဝါသနာပါတဲ့ ရှေးဟောင်းသုတေသနလုပ်ငန်း၊ အမဲလိုက် အလုပ်တွေနဲ့ အချိန်ပြည့်အလုပ်ရှုပ်နေတတ်လို့ ဒေါ်သူဇာနဲ့ မကြာခဏ ကတောက်ကဆဖြစ်ပါတယ်၊ နောက်ပြီး ဦးမြတ်ထွန်းနဲ့ ဒေါ်သူဇာမှာ မတူညီတဲ့အချက်တစ်ချက်ရှိပါတယ်၊ အဲဒါကတော့ ဒေါ်သူဇာဟာ ရိုးရာနတ်တွေကို အလွန်ယုံကြည်ပြီး ပူဇော်ပသလေ့ရှိတယ်၊ သူကိုယ်တိုင်လဲ နတ်ကတော်တစ်ပိုင်း ဖြစ်နေသူပါ၊ ဦးမြတ်ထွန်းကတော့ နတ်တွေကို အယုံအကြည် မရှိပါဘူး၊ ဒါပေမဲ့ ဆရာကြီးဟာ ဒေါ်သူဇာကို အလွန်ချစ်တော့ အလိုလိုက်ထားခဲ့တယ်၊ ဒေါ်သူဇာဟာ ဦးမြတ်ထွန်းအလိုလိုက် မှန်းသိတော့ အဆိုးကြီးဆိုးခဲ့တယ်၊ နွဲ့ဆိုးဆိုးရာကနေ ရိုင်းပြတဲ့ အဆင့်ကိုရောက်လာတယ်၊ နောက်ဆုံးတော့ ဒေါ်သူဇာဟာ အိမ်ပေါ်ကဆင်းသွားပြီး မိတ္ထီလာမြို့မှာ ခြံကြီးတစ်ခြံဝယ်တယ်၊ နတ်ကတော်အလုပ်ကိုအကြီး အကျယ်
လုပ်ခဲ့တယ်၊ ဦးမြတ်ထွန်း ဟာ ဒေါ်သူဇာနဲ့ တစ်နေ့ပြန်ပေါင်းရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒေါ်သူဇာ စိတ်အနှောင့်အယှက်ဖြစ်အောင် ဘာတစ်ခုမှ မလုပ်ရဲ ဘူး၊ ဒေါ်သူဇာက ရှင်တို့ဂိုဏ်သားတွေ ကျွန်မခြံရိပ်ကိုတောင် မနင်းရဘူး၊ နင်းရင် ကျွန်မအကြောင်း ကောင်း
ကောင်း သိမယ်လို့ကြိမ်းဝါးထားဖူးတယ်….ဟု ရှင်းလင်းပြလေရာချောမေက ရယ်မော၍….
ရှင်တို့ ခေါင်းဆောင်ကြီးက မိန်းမကြောက်တဲ့နေရာမှ စံပါလား၊ ဒေါ်သူဇာက ရှင်တို့ ဂိုဏ်းသားတွေကို ဘယ်လိုခွဲခြားသိမှာလဲဟု မေးမြန်းလေ၏။ မုတ်ဆိတ်ဖြူ အဘိုးကြီးက သက်ပြင်းချ၍….ကျုပ်တို့ ဂိုဏ်းဟာ သူခိုးဓားပြအဖွဲ့မဟုတ်ဘူး၊ ယုံကြည် ချက်ရှိသူတွေ စုပေါင်းထားတဲ့အဖွဲ့ပါ၊ ဒါကြောင့် ဂိုဏ်းဝင်တိုင်းရဲ့ လက်ဖမိုးမှာ ကြောင်နက်ရုပ်လေးတွေ​ ဆေးမင်ကြောင်ထိုးထား တယ်••..ဟု ဆိုလိုက်ရာ ချောမေက မုတ်ဆိတ်ဖြူကြီး၏ လက်ဖမိုး ကို လှမ်းကြည့်လိုက်ရာ ကြောင်နက်ရုပ်တစ်ရုပ်ကို တွေ့လေ၏၊ မိုးစက်က မုတ်ဆိတ်ဖြူကြီး၏ စကားကို နား ထာင်၍
.. ဒီလိုဆိုရင် ခင်ဗျားတို့အဖွဲ့က ကျုပ်တို့မောင်နှမကို ဘာလို့ သဲကြီးမဲကြီး လိုက်နေရတာလဲ….ဟုမေးမြန်းလေရာ မုတ်ဆိတ်ဖြူကြီးက သက်ပြင်းချ၍….မောင်ရင်တို့ကို အကူအညီတောင်းမလို့ပါ… ဟုဆိုလိုက်လေရာ ချောမေက စိတ်ဆိုးဟန်ဖြင့်
…ဘာ…အကူအညီတောင်းမလို့ ဟုတ်လား၊ အကူအညီ တောင်းမဲ့လူတွေကလဲ သေနတ်တွေ ဓားတွေနဲ့ အမဲဖျက်မဲ့သူတွေ ကျနေတာပဲ…..ဟု ပြောလိုက်လေ၏။ မုတ်ဆိတ်ဖြူကြီးက လက်ကာ၍““ဒီအတွက် ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်တပည့်တွေနဲ့ နားလည်မှု
လွဲလို့ဖြစ်ရတာပါ”…
ဟုပြောလေ၏။ မိုးစက်က စကားဝိုင်းသို့ဝင်၍““ကဲ ကျုပ်တို့ကိုအကူအညီတောင်းမယ်ပဲ ထားလိုက်ပါတော့၊ ဘာကူအညီတောင်းမှာလဲ”….ဟုမေးမြန်းလေ၏။ မုတ်ဆိတ်ဖြူကြီးက
….မြင်းဖြူရှင်နတ်ရုပ်ဟာ ဒေါ်သူဇာရဲ့ ခြံဝင်းထဲမှာရှိနေမယ်လို့ ကျုပ်တို့ယူဆတယ်၊ ဒါကြောင့် မောင်ရင်တို့က မြင်းဖြူရှင် နတ်ရုပ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရအောင်ပြန်ယူပေးပါ၊ မြင်းဖြူ ရှင်ရုပ်ပြန်ရရင် မောင်ရင်တို့ကို ထိုက်ထိုက်တန်တန် ကျေးဇူးဆပ် ပါ့မယ်”….ဟုပြောလေ၏။ မုတ်ဆိတ်ဖြူကြီး၏ စကားအဆုံးတွင် ချောမေက ““မဖြစ်နိုင်ပါဘူး ကျွန်မတို့သူများအိမ်ထဲဝင်ပြီး သူခိုးအလုပ်မလုပ်နိုင်ဘူး၊ ရှင်တို့ ဒီ့ပြင်လူတွေရှာပြီးခိုင်းပါ” ဟု ငြင်းဆိုလိုက်လေ၏။ မိုးစက်ကမူ
““ဒီကိစ္စကို ကျုပ်တို့တိုင်ပင်ချင်ပါတယ်၊ ခင်ဗျားတို့ ဇရပ်အောက်ကို ခဏဆင်းပေးကြပါ” …ဟုပြောလိုက်လေ၏။ မုတ်ဆိတ်ဖြူကြီးတို့လူစု ဇရပ်အောက်သို့ ရောက်သွားသောအခါ မိုးစက်က လေသံတီးတိုးဖြင့်… အစ်မရေ ကျွန်တော်တို့မှာ ရွေးချယ်စရာ လမ်းမရှိဘူးဗျ ကျွန်တော်တို့ငြင်းလိုက်ရင် ကျွန်တော်တို့ကို အသေသတ်သွား လိမ့်မယ်၊ သူတို့အဖွဲ့ရဲ့ လျှို့ဝှက်ချက်တွေကို ကျွန်တော်တို့သိသွားပြီလေ၊ကျွန်တော်တို့ကို အရှင်ထားမှာမဟုတ်ဘူး၊ဒါကြောင့် ဒေါ်သူဇာခြံထဲကို ရတဲ့နည်းနဲ့ဝင်ပြီး မြင်းဖြူရှင်နတ်ရုပ် ပြန်ယူပေးလိုက်ရင်ကောင်းမယ်….ဟုရှင်းလင်းပြလေရာ
ချောမေသည် ထိတ်လန့်သွားပြီး
…ဟင်၊သူတို့ပြောတော့ လူဆိုးလူမိုက်တွေ မဟုတ်ဘူး ဆို အင်္ဂလိပ်အစိုးရကိုတွန်းလှန်
ဖို့ ဖွဲ့စည်းထားတာဆို….ဟုပြောလေရာ
မိုးစက်က ခေါင်းညိတ်၍
…လူဆိုးလူမိုက်အဖွဲ့မဟုတ်ပေမဲ့ သူတို့အဖွဲ့ဟာ လူဆိုး တစ်ပိုင်း ဖြစ်နေတာအစ်မရဲ့၊ ကျွန်တော်တို့နောက်ကို သဲကြီးမဲကြီး
လိုက်နေပြီး နှောက်ယှက်နေတာ ကြည့်ပါလား…ဟုရှင်းလင်းပြလေ၏။ ချောမေက နှာခေါင်းရှုံ့၍….“ဒါဆိုရင်ငါတို့က နတ်က
တော်အိမ်ဝင်ပြီး မြင်းဖြူရှင် နတ်ရုပ်ကို ခိုးရဦးမယ်ဆိုပါတော့၊ ဒါတို့ကို သက်သက်အကြပ်ကိုင်တာဟဲ့…ဟုပြောလေရာ
မိုးစက်က..“ကျွန်တော်တို့မှာ ရွေးချယ်စရာ လမ်းမရှိတော့ဘူးလေ၊ဒီတော့ လောလော
ဆယ် ပြဿနာပြေလည်သွားအောင် သူတို့ ပြောတဲ့ကိစ္စကို လက်ခံလိုက်မယ်””“
ဟုပြောကာ မုတ်ဆိတ်ဖြူကြီးအားခေါ်၍ မြင်းဖြူရှင် နတ်ရုပ်ကို ကြိုးစားရှာဖွေပေးမည်ဖြစ်ကြောင်း ပြောဆိုလေ၏။ မုတ်ဆိတ်ဖြူကြီးက ခေါင်းတညိတ်ညိတ်ဖြင့်….ကျုပ်တို့ကို အကြပ်ကိုင်တယ်လို့ မထင်ပါနဲ့၊ ဆရာကြီး ဦးမြတ်ထွန်းက ဒီကိစ္စအောင်မြင်ရင် မောင်ရင်တို့မောင်နှမကို ဆုတော်ငွေအဖြစ် ရွှေတစ်ပိဿာ ချီးမြှင့်ပါလိမ့်မယ်…..ဟုပြောလေ၏။ ချောမေက နှာခေါင်းရှုံ့၍
““ကျွန်မတို့ရွှေတစ်ပိဿာလဲ မလိုချင်ဘူး၊ စိတ်အေး လက်အေးနဲ့ လုပ်ကိုင်စားသောက်ချင်တယ်၊ ရှင်တို့လိုက်မနှောင့် ယှက်ဖို့ ကတိပေးပါ….ဟု ဆိုလိုက်ရာ မုတ်ဆိတ်ဖြူကြီးက…. ကတိပေးပါတယ် မိန်းကလေး ဆရာကြီးက ရွှေတစ်ပိဿာလဲ ပေးဖြစ်အောင်ပေးမှာပါ…ဟု ပြောလေတော့၏။

အပိုင်း ၁၁ ဆက်ရန်

မင်းမြတ်သူရ
ပဥ္စလက်မောင်နှမ
အပိုင်း (၁၁)
တစ်နေ့သ၌ မိတ္ထီလာမြို့စွန်ရှိ ကနားစီးဒေါ်သူဇာ၏ ခြံကျယ်ကြီးအတွင်း လွန်စွာကြီး
ကျယ်ခမ်းနားသော နတ်ကနား ပွဲကြီးတစ်ပွဲ ကျင်းပနေလေ၏။
နတ်ကနားပေးသူများမှာ မြင်းခြံမြို့မှ ဆေးလိပ်ခုံပိုင်ရှင် ညီအစ်မများဖြစ်၏။ သူမတို့သည် ချမ်းသာကြွယ်ဝသူများဖြစ်
၍ ကနားပွဲကို စည်စည်ကားကားကျင်းပနိုင်၏။
ကနားစီးဒေါ်သူဇာသည် အရောင်တဖိတ်
ဖိတ် တောက်ပြောင်နေသော နတ်စင်ကြီးရှေ့တွင် နတ်ဒိုးသံနှင့်အတူ ပျော်ရွှစွာကနေလေ၏။ ဒေါ်သူဇာသည် ငွေစက္ကူများကို ယပ်တောင်ကဲ့သို့ ဖြန့်ကျက်၍ကိုင်ထားရင်း ဤကဲ့သို့ စည်ကားသေ နတ်ပွဲများ မကြာခဏဖြစ်ပါစေဟု ဆုတောင်းနေလေ၏။
ဒေါ်သူဇာ၏ ကဟန်မှာပျော့ပျောင်းနွဲ့
နှောင်း၏။ အချို့ နတ်ကတော်များကဲ့သို့ စည်းလွတ်ဝါးလွတ်မရှိ၊ ဇာတ်သဘင် များတွင် အပျိုတော်များ ကကြိုးသွယ်သကဲ့
သို့ အနုပညာပါလှ၏။ ကနားရှင်အပျို
ကြီးညီအစ်မသုံးယောက်မှာ ဒေါ်သူဇာ၏
အနီးတွင် လက်အုပ်ချီ၍ ကျုံ့ကျုံ့လေးထိုင်နေရှာ၏။ သူမတို့၏ စီးပွားရေး ဒီရေအလားတိုးတက်လာရခြင်းမှာ မင်းကြီးမင်းလေး၏ မစမှုကြောင့်ဟုအထင်ရောက်လျက်ရှိရာ ဒေါ်သူဇာ၏မျက်နှာကိုကြည့်၍ ပီတိဖြစ်နေလေ၏။
ဒေါ်သူဇာသည် အပျိုကြီးသုံးယောက်ရှေ့တွင် ဟန်ပါပါဖြင့် စီးကရက်ကိုခဲလိုက်ရင်း
…“နှမတော်ကြီးတွေ ကိုယ်တော်ပျော်တယ်ကွယ်”” ဟု ဆိုလိုက်ရာ အစ်မကြီးက လက်အုပ်ချီ၍ ““အမိန့်ရှိပါကိုယ်တော်””
ဟု ပြောလေ၏။ ဒေါ်သူဇာက စီးကရက်ကိုဖွာလိုက်ပြီး ““မနှစ်က နှမတော်ကြီးတို့ ဒုက္ခရောက်တော့မယ်မှန်းသိလို့ကိုယ်တော်ကယ်လိုက်ရတာ၊ မှတ်မိတယ်မဟုတ်လား” ဟုမေးမြန်းလိုက်ရာ အပျိုကြီးညီအစ်မများအနက် အငယ်ဆုံးက “မှတ်မိပါတယ်ကိုယ်တော်၊ ကိုယ်တော့်ကျေးဇူးကို နှမ တော်တို့ အစဉ်အမြဲအောက်မေ့လျက်ပါ”
“ကိုယ်တော့်ကိုအောက်မေ့ရင် နှမတော်ပျော်တော်ဆက်ရမယ်နော်”
“စိတ်ချပါကိုယ်တော် နှမတော်တို့လဲ ကိုယ်တော်ကိုပဲ အားကိုးပါတယ်၊ စီးပွားလာဘ်လာဘတိုးအောင် မစတော်မူပါဦး””
မင်းကလေးနှင့်အပျိုကြီးညီအစ်မများ ခဏကြာအောင် အချီအချစကားပြောဆိုပြီးနောက် မင်းကလေးပြန်ကြွသွားလေ၏။ ထိုအခါ ဒေါ်သူဇာ၏အနီးသို့ တပည့်တပန်းများ ဝိုင်းအုံလာပြီး ယပ်ခတ်ပေးသူ ချွေးသုတ်ပေးသူနှင့် စည်စည်ကားကား ဖြစ်နေ လေ၏။
ဒေါ်သူဇာ၏နတ်ပွဲသို့ လာရောက်ကြည့်ရှုသော နတ် ဝါသနာအိုးများမှာလည်း ဒေါ်သူဇာအကကောင်းကြောင်း ချီးမွမ်း၍မဆုံးနိုင်
အောင်ရှိတော့၏။
ဆိုင်းဆရာစိန်ကုလားမှာလည်း ယနေ့ပွဲတွင် ဆိုင်းကြေး များများစားစားရသဖြင့် ပျော်တပြုံးပြုံး ဖြစ်နေလေ၏။
ထို အခိုက်မှာပင် ပရိသတ်ထဲမှ ချောမောလှပသော မိန်းမပျိုတစ်ဦး သည် ကနားရှင် ညီအစ်မများအနီးသို့ ရောက်လာပြီး မျက်ရည် လည်ရွှဲဖြင့် ဒူးထောက်ထိုင်ချလိုက်ကာ“ အစ်မတော်ရယ်… ညီမလေးတို့ကို မေ့နေပြီလား အစ်မတော်က စိမ်းရက်နိုင်ပေမဲ့ ညီမလေးတို့ကတော့ တစ်ရက်မှမေ့မရနိုင်
ပါဘူး။ အင်းပေါ့လေ အစ်မတော်က ဘဝချင်းခြားနားသွားပြီမို့ ဘယ်မှတ်မိတော့မလဲ””
ဟုဆိုလိုက်ရာ ပရိသတ်များသည် လွန်စွာအံ့ဩသွားလေ၏။ ကနားရှင်ညီအစ်မသုံးယောက်သည် မျက်လုံးပြူးမျက်ဆန်ပြူး နှင့် ကနားစီးဒေါ်သူဇာကို လှမ်းကြည့်လေ၏။ ဒေါ်သူဇာက….ဟဲ့… သိုက်ကလာတာ၊ သိုက်ကလာတာ၊ဘာတွေပြောမလဲ နားထောင်ကြည့်စမ်း ဘာမှမကြောက်နဲ့ ကျုပ်ရှိနေတာပဲ…ဟု အားပေးစကားပြောလေ၏။ ချောမောလှပသော မိန်းမပျိုက ဆက်လက်၍ ဝမ်းပမ်းတနည်းဖြင့်
,, လူ့ပြည်မှာခဏလေးနေခွင့်ပြုပါ၊ အချိန်တန်ရင် ပြန် လာခဲ့မယ်ဆို အစ်မတော်ရဲ့၊ ပေးထားတဲ့ ကတိတွေ မေ့နေပြီလား၊ နှမတော်နဲ့အတူ ရွှေမန်ကျည်းတောင့်တွေ ဆော့ကစားခဲ့တာ၊ ရွှေဒါန်းစီးပြီး သီချင်းဆိုခဲ့တာ၊ ‘မေ့နေပြီလား အစ်မတော်ရဲ့၊ အစ်မတော် ရက်စက်လိုက်တာ၊ နှမလေးတို့ကတော့ အချိန်တန်လို့ သိုက်နန်းကို ပြန်မလာရင် မရရအောင် ပြန်ခေါ်ရမှာပဲ၊ အစ်မ တော်နဲ့ ခွဲမနေနိုင်တော့ဘူး ,,
ဟုဆိုကာ ကနားရှင် ညီအစ်မများအနက် အငယ်ဆုံးညီမ ကို ဖက်၍ ငိုယိုပြီး မူးမေ့လဲကျသွားလေ၏။
ကနားရှင်ညီအစ်မများသည် ၎င်းတို့ညီမလေးသည် သိုက်နန်းအဆက်အနွယ်ဟု သိရပြီး သိုက်က ပြန်ခေါ်မည်ဆိုသဖြင့်ထိတ်လန့်
တုန်လှုပ်နေရှာ၏။
ဒေါ်သူဇာ၏အနီးသို့ တိုးကပ်၍ အားကိုး
တကြီးဖြင့် .. လုပ်ပါဦး အစ်မရယ်၊ ညီမလေးက သိုက်နန်းဆက်ဖြစ်နေတယ်ထင်တယ်
သိုက်ကပြန်ခေါ်မယ် ပြောနေတယ်””ဟု တောင်းပန်လေ၏။ ဒေါ်သူဇာက စီးကရက်တစ်လိပ်ကို မီးညှိ၍ ဟန်ပါပါ ဖွာရှိုက်လိုက်ပြီး…ညည်းတို့ကလဲဟယ်၊ ငါတစ်ယောက်လုံး ရှိနေတာတောင် ဘာလို့ ဒီလောက်ကြောက်နေရတာလဲ၊ ပြန်မခေါ်စေရဘူး၊ နောက်လထဲမှာ ကနားပွဲတစ်ပွဲ လုပ်ဖို့ ပြင်ထားပေတော့..ဟု ပြောလေရာ အစ်မကြီးဖြစ်သူက မယုံမရဲဖြင့်
.. ဖြစ်ပါ့မလား အမေဇာရယ်၊ ကျွန်မ ညီမလေးကို သိုက်က ပြန်ခေါ်သွားရင် ရင်ကျိုးရချည်ရဲ့ ,,ဟု ပြောဆိုပြန်၏။ ဒေါ်သူဇာက လေသံမာမာဖြင့်… ဟဲ့… စကားမရှည်နဲ့၊ ကနားပွဲတစ်ပွဲ ပေးဖို့သာပြင်၊ ညည်းညီမကို ဘယ်သိုက်ကမှ ပြန်မခေါ်စေရဘူး”
ဟု ပြောလေ၏။ ထိုအခိုက်မှာပင် ဥစ္စာ
စောင့်ဝင်ပူးသော မိန်းမချောလေးသည် သတိရလာလေ၏။
ဒေါ်သူဇာက သူမ၏တပည့်နှစ်ယောက်အား နတ်ပွဲကို ဆက်ကစေပြီး မိန်းမချောလေးကိုသူမ၏တိုက်အိမ်ကြီးသို့ ခေါ် ဆောင်သွားလေ၏။ အိမ်ကြီးထဲသို့ ရောက်သောအခါ ဒေါ်သူဇာက….ညည်းနာမည် ဘယ်လိုခေါ်သလဲ၊ ဒီမြို့ကတော့ ဟုတ်ပုံမရဘူး…
ဟု မေးမြန်းလေရာ မိန်းမချောလေးက…ကျွန်မနာမည် ချောမေလို့ခေါ်တယ်၊ ဒီမြို့ဇာတိ မဟုတ် ပါဘူး၊ အောက်ပြည်အောက်
ရွာကပါ..ဟု ဖြေလေ၏။ ဒေါ်သူဇာကမျက်မှောင်ကြုတ်၍
….အောက်ပြည် အောက်ရွာကနေ ဒီမြို့ကို ဘယ်လို လာတာလဲ ရောက်လာတာလဲ….
ဟု မေးမြန်းလေရာ ချောမေက မျက်ရည်ဝိုင်းလျက်.. ကျွန်မယောက်ျားဆုံးပြီးနောက်ပိုင်း အားကိုးရမယ့် ဆွေ မျိုးသားချင်းတွေလဲ မရှိတာနဲ့ အထက်မြန်မာပြည်ကို အရဲစွန့်ပြီး တက်လာတာပါ၊ အလုပ်တစ်ခု ရလိုရငြားပေါ့ရှင်….
ဟု ဖြေလေ၏။ ဒေါ်သူဇာသည် ချောမေ၏ ရုပ်ဆင်းသဏ္ဌာန်ကို ကြည့်ရှုရင်း ဥစ္စာစောင့်နှမတော်အဖြစ် သရုပ်ဆောင်ဟန်ကို ပြန်လည်မြင်ယောင်လာ၏။
ဤမိန်းကလေးသည် အပြောအဆို အမူအယာ ပိုင်နိုင် လှ၏။ ချစ်စဖွယ်လည်း
ကောင်း၏။ သူမကိုခေါ်၍ ပညာသင်ပေး
လိုက်လျှင် ဤနယ်တကြောတွင် ဟိုးဟိုး
ကျော်သွားနိုင်၏။ ထို့ကြောင့် ဒေါ်သူဇာက ချောင်းဟန့်၍
“ ဒါဆိုရင် ညည်းငါ့ဆီမှာနေမလား၊ နတ်ကဖို့ ဝါသနာပါရင် နတ်နဲ့ပတ်သက်တဲ့ ပညာတွေ သင်ပေးမယ်….ဟု ပြောလေရာ ချောမေက ဝမ်းသာအားရဟန်ဖြင့် “ ဝမ်းသာလိုက်တာ
အမေဇာရယ် ကျွန်မ အပျိုကတည်းက နတ်ကဖို့ ဝါသနာသိပ်ပါတာ၊ နတ်ကနားပွဲမြင်ရင် မကြည့်ဘဲ မနေနိုင်ဘူး၊ နတ်ဒိုးသံကြားရင်လဲ မကဘဲမနေနိုင်ဘူး၊ ယောက်ျားနဲ့ရန်ဖြစ်ပြီးကို ကြည့်တာ ,,ဟုပြောလေ၏။ ဒေါ်သူဇာသည် ချောမေ၏အပြောကြောင့် လွန်စွာ မနောခွေ့သွားလေ၏။
သူမအသက်အရွယ် ထောက်လာပြီဖြစ်သဖြင့် အားကိုရ မည့်တပည့်များ အလိုရှိနေသည်မှာ ကြာပေပြီ။ ထိုအခိုက်မှာပင် လွန်စွာကြည်လင်၍ ဆွဲဆောင်အားကောင်းသော နတ်ချင်းသံကို ကြားလိုက်ရလေ၏။
…မှိုင်းညိုငယ်မှ ဝေရီလေတောင်ပြုံးသာခေါင်၊ ကျွန်း ကြော့ဆောင်က နောင်တော်ညီတဲ့ ရင်သည်ငယ်မှ ကြော့လမ်း…
ဒေါ်သူဇာသည် မျက်လုံးပြူး၍ မဏ္ဍပ်ဘက်သို့ ကြည့်လိုက်ပြီး…
ဗုဒ္ဓေါ… ကောင်းလိုက်တဲ့ အဆိုနဲ့အသံ ဒီနေ့ ထူးထူး ခြားခြားတွေ တွေ့နေပါလား”…ဟု ရေရွတ်ကာ ချောမေကိုလက်ဆွဲ၍ မဏ္ဍပ်ရှိရာ ခြံဝင်း ထဲသို့ ခပ်သုတ်သုတ် ထွက်ခဲ့လေ၏။

မဏ္ဍပ်သို့ ရောက်သောအခါ ရှမ်းဘောင်း
ဘီအနက်ရောင် နှင့် အင်္ကျီအဖြူ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် အက တော်ဆက်နေသည်ကို မြင်လိုက်ရ၏။
လူငယ်၏ ကကြိုးသွယ်နေပုံကိုကြည့်၍ ဝါရင့် နတ်ကတော် ကြီးဒေါ်သူဇာပင် ရင်သပ်ရှုမော
ဖြစ်သွားလေ၏။
လူငယ်သည် ကြက်ပေါင်ကို ဗယ်လက်ကကိုင်၍ ညာဘက် ပုလင်းဆွဲပြီး ကနေဟန်မှာ ညင်ညင်သာသာ နွဲ့နွဲ့ပြောင်း ပြောင်းရှိလှ၏။
ဒေါ်သူဇာသည် နတ်ကတော်များ ကကြိုးမပိုင်ဘဲ ကြမ်း ကြမ်းတမ်းတမ်းကဟန်ကို လွန်စွာမုန်းတီး၏။ အပေါစားဆန်သည် ဟု ထင်မြင်၏။ လူငယ်သည် ဇာတ်သဘင်လောကမှ သဘာရင့် မင်းသားလေးလားဟု ထင်ယောင်မှားလောက်အောင် အကကောင်းလှ၏။
ဆိုင်းဆရာ စိန်ကုလားကလည်း ယိမ်းလိုက်နွဲ့လိုက်နှင့် စိတ်ပါလက်ပါ တီးခတ်ပေးနေ၏။
ကနားပွဲလာ ပရိသတ်များသည် လူငယ်၏ အကတော် ဆက်ပုံကို ကြည့်မဝနိုင်အောင်ရှိနေ၏။ ဒေါ်သူဇာက သူမ၏တပည့်ကျော်များကို မျက်ရိပ်ပြလိုက်ရာ တပည့်များက လူငယ်ကို အကမပျက်စေဘဲ ခေါင်းပေါင်းပေးခြင်း၊ ဝတ်လဲတော် ပုဆိုးစည်းပေးခြင်းစသော အမှုများကို လုပ်ပေးလေ၏။
လူငယ်သည် နတ်ဝတ်တန်ဆာများ ဝတ်
ဆင်ပြီးသောအခါ ပိုမိုကြည့်ကောင်းလာ
၏။ နတ်ပွဲလာ မိန်းမပရိသတ်မှာ လူငယ်အား မျက်တောင်မခတ်တမ်းကြည့်၍ ရင်သပ်
ရှုမောဖြစ်နေလေ၏။
လူငယ်၏ မင်းကလေးအသွင်ကဟန်မှာ ပီပြင်လွန်းလှ၏။
….ဝတ်လဲကြော့ရှင်း၊ ယဉ်ဘိခြင်းနှင့် မင်းအငယ်ကို လွယ် လွယ်တွေး၍ သေးသေးပေါ့ပေါ့၊ ထင်ကြသလားဟေ့….
ဟု ဓားကိုဝင်၍ ကြိမ်းမောင်းလိုက်သောဟန်မှာ နတ်ဝါ သနာအိုးများအား ဖိန့်ဖိန့်တုန်စေ၏။
ခဏကြာလျှင် အကတော်ဆက်နေသော လူငယ်၏ မျက်နှာသည် ကြောက်ရွံ့ဖွယ်ရာ တင်းတင်းမာမာကြီးဖြစ်လာ၏။ မျက်လုံးကိုပြူး၍ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ ပြီး နောက် နတ်ပွဲလာပရိသတ်များကို တစ်ဦးချင်းကြည့်လေရာ မျက် လုံးချင်းဆုံသူများသည် ကြက်သီးတဖြန်းဖြန်း ထသွားလေ၊ လူငယ်သည် ရှေ့ဆုံးတန်းတွင် ထိုင်နေသော အရေးပိုင် ကတော်ကြီးကို လက်ပြခေါ်ယူလိုက်ပြီး
…နှမတော် တော်တော်မိုက်တာပဲ၊ အိမ်မှာဘာလို့ အုန်၊မဆွဲတာလဲ….
ဟု ကြိမ်းမောင်းလေရာ အရေးပိုင်ကတော်ကြီးက ကြောက်ကြောက်ရွံ့ရွံ့ဖြင့်.. ဆွဲပါမယ် ကိုယ်တော်ကြီး၊ ရွှေစိတ်တော် မညိုညင်ပါနဲ့…ဟု တောင်းပန်လေ၏။
…အေး ဒါဆိုရင် အုန်းဆွဲရမယ်၊ ရိုးရာကို
မလေးမစား မလုပ်နဲ့၊ ကိုယ်တော်အကြောင်း သိတယ်မဟုတ်လား ,,
….သိပါတယ် ကိုယ်တော်ကြီးဘုရား၊
မလုပ်ဝံ့ပါဘူး နှမတော်က လိမ္မာရေးခြားရှိသလောက်ညီတော်က ခေါင်းမာချင်တာကိုး၊ ဟိုတလောက သေကောင်ပေါင်းလဲဖြစ်တုန်း က ကိုယ်တော်ပဲ ကယ်မထားရတယ်၊ မှတ်မိတယ်မဟုတ်လား “….
အရေးပိုင်ကတော်ကြီးသည် အရေးပိုင်မင်း အရက် သောက်လွန်၍ လေဖြတ်ချင်သလိုဖြစ်ပုံကို ပြန်လည်သတိရကာ ကပြာကယာ ခေါင်းညိတ်၍…….မှတ်မိပါတယ်ဘုရား၊ အမိုက်အမဲလေးမို့ ဗွေမယူပါနဲ့ ဆက်ပြီးကြည့်ရှု စောင့်ရှောက်ပါဦး… ,,
…… အရေးပိုင် ရာထူးကမြဲအောင်လဲ ကိုယ်တော်ပဲ လုပ်ပေး သိတယ်မဟုတ်လား၊ ကဲ… ငွေတော် (၁၀) ပိသာ ထားတာ၊ ဆက်စမ်း……
အရေးပိုင်ကတော်သည် သူမ၏ စလင်းဘက်အိတ်ကြို ကိုဖွင့်၍ ငွေ ၁ဝကျပ်ကိုထုတ်ကာ ဆက်သလိုက်လေ၏။ လူငယ်သည် အရေးပိုင်ကတော်ကြီး နောက်ဆုတ်သွားသောအခါ ရွှေပန်းထိမ်ပိုင်ရှင်လင်မယားကို ရှေ့သို့ခေါ်၍ ….ညီတော် ကိုယ်တော်ကို မလေးမခန့်လုပ်နေတယ်နော်” …..ဟုဆိုလိုက်ရာ ပန်းထိမ်ပိုင်ရှင်လူကြီးသည် ထိတ်လန့်သွား ပြီးလျှင်
….မလုပ်ဝံ့ပါကိုယ်တော်ကြီးဘုရား ,,ဟု တောင်းပန်လေရာ လူငယ်က မျက်ထောင့်နီကြီးနှင့်ကြည့်လျက်….ညီတော်မနေ့ညက ဘာတွေစားနေသလဲ၊ ကိုယ်တော့်ကို လိမ်လို့မရဘူး'”…ဟုဆိုလိုက်ရာ တရုတ်ခေါက်ဆွဲဆိုင်သို့ဝင်၍ အခေါက်ကင် နှင့် ထမင်းစားခဲ့သော ရွှေပန်းထိမ်ပိုင်ရှင်လူကြီးသည် မျက်လုံးပြူးသွားလေ၏။ ထို့ကြောင့် ကပြာကယာ တောင်းပန်လေ၏။
“ ညီတော်တောင်းပန်တော့လဲ ကိုယ်တော်က ကျေနပ်ရ တာပေါ့၊ နှမတော်ကို ချစ်လို့ခွင့်လွှတ်တာနော်၊ ငွေစင်တော်များ ဆက်စမ်းဟဲ့အနည်းဆုံး (၁၀) ပိသာနော် ….”
ဟုဆိုလိုက်ရာ ရွှေပန်းထိမ်ပိုင်ရှင် မိန်းမသည် စလင်းဘတ် အိတ်ကြီးထဲမှ ငွေ (၁၀) ကျပ်ကို တုန်တုန်ယင်ယင်နှင့် ထုတ် ပေးလေ၏။ သူမသည် လွန်စွာ ကပ်စေးနှဲသူတစ်ဦးဖြစ်ပြီး နေ့စဉ် ငါးပိရည်နှင့်တို့စရာကိုသာ ဟင်းလုပ်၍စားသောက်နေသူဖြစ်၏။ လူငယ်က မိန်းမကြီး၏ဦးခေါင်းကိုကိုင်၍….နှမတော်တို့ကို ပစ္စည်းကောင်းလေးတွေရအောင် လုပ်ပေးမယ်၊ ဆုံးသွားတဲ့ ပစ္စည်းတွေ အမြန်ဆုံးပြန်ရစေမယ်လာဘ် လာဘလဲရွှင်အောင် မမယ်….
ဟုဆိုလိုက်ရာ ကပ်စေးနှဲမိန်းမကြီးသည် သဘောခွေ့သွား လေ၏။ သူမသည် ဆင်းရဲသားများကို ခေါင်းပုံဖြတ် အမြတ်ထုတ် ၍ ငွေတိုးချေးစားသူတစ်ဦးဖြစ်
၏။ ထို့နောက် ဝက်လိုင်စင်ရထား သော တရုတ်ကြီးအရှောင်အား…ညီတော် တစ်လအတွင်းထီပေါက်မယ်၊ ဒီအလုပ်ကို စွန့်လိုက်တော့….ဟု အမိန့်ပေးပြန်ရာ တရုတ်ကြီးအရှောင်သည် အူကြောင် ကြောင်ဖြစ်သွား၏။ ထိပေါက်မည်ဆိုလျှင် ဤမကောင်းမှုအလုပ် ကြီးကို စွန့်လွှတ်ချင်လှ၏။လွန်စွာယောက်ျားလိုချင်နေသော အပျိုကြီးတစ်ယောက်အားလည်း
…. ကနားဆက်ပါမယ်လို့ အဓိဋ္ဌာန်ပြုလိုက်စမ်း နှမတော်၊ နှမတော် စုတ်ရော လာဘ်ပါဝင်အောင် ကိုယ်တော် မမယ် ” …ဟုဆိုလိုက်ရာ လင်တရူးအပျိုကြီးသည် ကနားဆက်ပါမည်ဟု ကတိပြုလေ၏။
ကနားစီးဒေါ်သူဇာသည် မျက်နှာစိမ်းလူငယ်ကို သဘောကျသွား၏။ ဤလူငယ်သည် အကညက်သလောက် အပြော လည်း ညက်လှ၏။ သူသည် ဤမြို့သားဖြစ်ဟန်မတူ၊ တစ်နယ် တကျေးမှ လာရောက်သူဖြစ်ပုံရ၏။
ဒေါ်သူဇာသည် လူငယ်နုတ်ထွက်သွားသောအခါ ချောမေ နည်းတူ အိမ်ကြီးထဲသို့ ခေါ်ဆောင်သွားပြီး …မောင်ရင်က ဘယ်ကလာတာလဲ၊ ဒီမြို့မှာ မမြင်ဖူးပါဘူး….
ဟု စတင်မေးမြန်းလိုက်လေရာ လူငယ်က ဒေါ်သူဇာကို ရိုသေလေးစားဟန်ဖြင့်
…ကျွန်တော်က အထက်အညာဘက်ကပါ၊ ကျွန်တော် ငယ်စဉ်က နတ်ဒိုးသံကြားရင် ကွေးနေအောင်ကရမှ ကျေနပ်တယ်၊ ကျွန်တော့်အဒေါ်အရင်းတွေက နတ်ဝင်သည်တွေကိုးဗျ ကျွန်တော် ငယ်ငယ်ကတည်းက နတ်ရုပ်တွေကြားမှာပဲ ကြီးပြင်းခဲ့ရတာ….
ဟု ဖြေလေ၏။ ဒေါ်သူဇာက လူငယ်
၏ဥပဓိရုပ်ကို အကဲခတ်ကာ ကျေနပ်နေမိ၏။ လူငယ်သည် ရုပ်ရည်၊ အပြောအဆို အမူအယာ မည်သည့်ဘက်ကမျှ အပြစ်
ပြောစရာမရှိ၊ ဒေါ်သူဇာ က….မင်းဒီမြို့ကို ဘာကိစ္စရောက်လာတာလဲ…..ဟု မေးမြန်းလေရာ လူငယ်က…ရေကြည်ရာ မြက်နုရာရှာဖွေပြီး အလုပ်ရအောင်ရှာနေတာဗျ၊ ကျွန်တော်တို့ အထက်အညာမှာ အလုပ်ရှားတယ်…. ဟုပြောလေ၏။ ဒေါ်သူဇာသည် ကြုံတောင့်ကြုံခဲ တွေ့ ဆုံရသောလူငယ်အားသူမ၏
အလုပ်တွင် အသုံးပြုရန် စဉ်းစားမိပြန်၏။
ထို့ကြောင့် လူငယ်၏မျက်နှာကို စေ့စေ့
ကြည့်၍…မင်း ငါ့ဆီမှာ အလုပ်လုပ်ပါလား
ဟု ဖိတ်ခေါ်လိုက်လေ၏။
လူငယ်က စဉ်းစားဟန်ပြု၍ ..ကျွန်တော်က ဘာလုပ်ရမှာလဲ… ဟု မေးမြန်းလေ၏။ ဒေါ်သူဇာက…မင်း အကတော်ဆက်တာ သိပ်ကြည့်ကောင်းတယ်၊အကလဲ အလွန်ညက်တယ်၊ ဒါကြောင့် ငါ့ဆီမှာ ကူညီပြီး က ပေး ဖို့ ပြောတာ၊ ငါခေါ်ထားတဲ့ကောင်မတွေက သိပ်ပြီး သုံးလို့မရဘူး၊ ယောက်ျားတွေလာရင် မြူဆွယ်ဖို့ပဲသိတယ်၊ ကြာရင် ငါတို့ နတ်လောက နာမည်ပျက်လိမ့်မယ်…ဟုပြောလေရာ လူငယ်က ခေါင်းညိတ်၍… ကျွန်တော်ဝါသနာပါတဲ့အလုပ်ဖြစ်နေလို့ လက်ခံပါတယ်၊ ဒါနဲ့ တစ်လကို လခ ဘယ်လိုရမှာလဲ….
ဟုမေးမြန်းလေ၏။ ဒေါ်သူဇာက…. လခမပေးဘူး၊ ကနားပွဲတစ်ပွဲဖြစ်ရင် ငွေ (၃၀) ပေးမယ်….ဟုပြောလေရာ လူငယ်က သဘောတူလက်ခံလိုက်လေ၏။ ဒေါ်သူဇာက လူငယ်ကို ခြံထောင့်တစ်နေရာရှိ အိမ်ငယ်လေးကို ညွှန်ပြ၍…ဖ မင်း အဲဒိအိမ်လေးမှာ နေရမယ်၊ အဲဒီအိမ်မှာ ခြံစောင့် လုပ်တဲ့ ညွန့်ခင်ရယ်၊ တောက်တိုမယ်ရ ခိုင်းတဲ့ မောင်အေးရယ် နဲ့ပေါင်းပြီးနေရမယ်၊ အိပ်ခန်း ၃ ခန်းရှိတော့ မင်းတို့နဲ့အတော် ဖြစ်သွားတာပေါ့၊ ဒါနဲ့ မင်းနာမည်ကို ပြောပါဦး”မေးမြန်းလေရာ လူငယ်က ပြုံး၍ “ ကျွန်တော့်နာမည်က မိုးစက်ပါ ”
ဟု ပြောလိုက်လေတော့၏။

ညနေစောင်းသောအခါ မိုးစက်နှင့်ချောမေသည် မိတ္ထီလာ ကန်နဘေးတွင် ဆုံကြပြီး တစ်ယောက်နှင့်တစ်ယောက် အပြန် အလှန် ချီးမွမ်းခန်းဖွင့်နေကြ၏။ မိုးစက်က ရယ်မော၍…““ အစ်မ ပြဇာတ်မင်းသမီးလုပ်စားပါလား၊ ဥစ္စာစောင့်မ လို သရုပ်
ဆောင်သွားတာ သိပ်ကောင်းတာပဲ၊ နတ်ပွဲကြည့်တဲ့ သူတွေတောင် မျက်ရည်တစမ်းစမ်းဖြစ်သွားတယ် ,,…ဟုပြောဆိုလေရာ ချောမေက မျက်စောင်းထိုး၍…..ငါ့ကိုလာမြှောက်နေပြန်ပြီ၊ နင်လဲ မျက်လှည့်ဆရာလုပ် စားမနေနဲ့၊ ကနားစီးလုပ်စားပါလား၊ မနက်က အကတော် ဆက်သွားတာ သိပ်ကြည့်လို့ကောင်းတာပဲ၊ ဒေါ်သူဇာကြီးတောင်အံ့ဩသွားတယ်၊ နေပါဦး…နင်က ဒီပညာတွေ ဘယ်တုန်းက တတ်နေတာလဲ ”
ဟု မေးမြန်းလေ၏။ မိုးစက်ရယ်မော၍
….ကျွန်တော်ငယ်စဉ်ကတည်းက အဘိုးခရီးထွက်တဲ့အခါတိုင်း အိမ်နီးချင်းနတ်ကတော်
ကြီးနဲ့ နေခဲ့ရတာဗျ၊ ကလေးဘဝ တုန်းက ကနားပွဲတွေမှာ ဝင်ကဖူးတယ်၊ အသက်ကြီးတော့မှ ရှက်လို့ မကတော့တာဗျ၊ အဘိုးကလဲ ဒီအလုပ်ကို အားမပေး ဘူး၊ ယောက်ျားဆိုတာ စွန့်လွှတ်စွန့်စားရမယ်၊ ရဲဝံ့ရမယ်တဲ့… ဟုပြောလေရာ ချောမေက နားထောင်နေပြီး….နင်ဒီမြို့ကိုရောက်တာမှ တစ်ရက်နှစ်ရက်ပဲရှိသေးတယ်၊ အရေးပိုင်ကတော်ကြီးနဲ့ ပန်းထိမ်ပိုင်ရှင်လင်မယားအကြောင်းကို ဘယ်လိုလုပ်သိနေတာလဲ၊ နတ်ဝင်ပြီးဟောလိုက်တာ မှန်လိုက်တာ…ဟု ချီးမွမ်းလေ၏။ မိုးစက်က…မြို့ကလေးက ကျဉ်းကျဉ်းလေးပဲ အစ်မရယ်၊ အရေးပိုင်ကြီး အရက်စွဲနေတာ တစ်မြို့လုံးသိတာပဲ၊ ပန်းထိမ်ပိုင်ရှင်လူကြီးကတော့ မနေ့ညက ခေါက်ဆွဲဆိုင်မှာ ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်စားပွဲမှာ အခေါက်ကင်မှာစားနေတာ မသိဘဲ နေမလား…ဟုဖြေလေ၏။ ချောမေက တဖန်
…အပျိုကြီးကို ဟောတာကျတော့ရော.. ဟု မေးမြန်းလေရာ မိုးစက်က ရယ်မော၍
…အပျိုကြီးတစ်ရာမှာ ကိုးဆယ့်ကိုးယောက်က လင်လို ချင်နေတာချည်းပဲဗျ၊ လင်မလိုချင်တဲ့သူဆိုတာ တစ်ရာမှာ တစ် ယောက်လောက်ပဲ ရှိတယ်…ဟု ပြောလေ
၏။ ထိုအခါ ချောမေက…..လင်မယူဘဲနေတဲ့အပျိုကြီးတွေ အများကြီးပါဟာ… ဟု စောဒကတက်လေရာ မိုးစက်က ရယ်မော၍…အဲဒါ ရတာမလို လိုတာမရလို့ဗျ၊ အပျိုကြီးတော်တော် များများဟာ အမူလွန်ပြီး အရွယ်ဟိုင်းသွားတာများတယ်၊ အရွယ်လွန်တော့မှ ဂုဏ်သိက္ခာကြောင့် လိုချင်ရက်နဲ့ ယူလို့ မရတော့ဘူး၊ လင်မလိုချင်တဲ့ အပျိုကြီးတစ်ရာမှာ တစ်ယောက် လောက်ပဲရှိတယ်၊ အဲဒီတစ်ယောက်ဟာလဲ လင်စိတ်
သားစိတ်ကုန်ခမ်းနေလို့ဗျ၊ ဆေးပညာသဘောအရ လိင်စိတ်ကင်းမဲ့သော ရောဂါ ခံစားနေသူများလို့ ခေါ်တယ် “ဟုပြောလေရာ ချောမေက ခေါင်းငုံ့၍ .. နင့်စကားတွေက နားရှက်စရာကြီး….ဟုပြောလေရာ မိုးစက်က ခေါင်းခါ၍…. ဒါရှက်စရာမဟုတ်ဘူးဗျ၊ ကျွန်တော့်အဘိုးကပြောဖူးတယ်၊ သဘောဝတရားကို ဆန့်ကျင်လို့မရဘူးတဲ့၊ လိင်စိတ်ဆိုတာ သဘာဝတရားထဲက တစ်ခုပဲ၊ တိရစ္ဆာန်တွေကြည့်ပါလား၊ သဘာဝ အတိုင်း နေတာပဲ…..ဟုပြောလေရာ ချောမေက မျက်နှာရှုံ့မဲ့၍… တိရစ္ဆာန်ဆိုတာ အသိဉာဏ်မှမရှိတာ၊ အရှက် အကြောက်ဘယ်ရှိပါ့မလဲ၊လူ ဆိုတာဟိရိသြတပ္ပတရားရှိရတယ်…ဟုပြောလေ၏။ မိုးစက်က တဖန်….မြန်မာအပါအဝင် အရှေ့တိုင်းသားတော်တော်များများဟာ မှားယွင်းတဲ့အရှက်အကြောက်ရှိမှုတွေ ရှိတယ်၊ အရှေ့တိုင်း မှာက ဒီလိုစိတ်မျိုးဆိုတာ ရှက်စရာ အလွန်ကောင်းတယ်၊ ချိုးနှိမ့် ထားရမယ်၊ ဒီစိတ်ရှိကြောင်း ထုတ်ဖော်ပြသတဲ့သူဟာ ဂုဏ်သိက္ခာကင်းမဲ့သူလို့ သတ်မှတ်ကြတယ်၊ ဒါဟာ အလွန်အင်အား ကြီးမားတဲ့ သဘာဝတရားကြီးကို တိုက်ခိုက် ဆန့်ကျင်လိုက်တာပဲ၊ သက်ရှိသတ္တဝါအားလုံး ခံစားမှုနဲ့ မကင်းနိုင်ကြဘူး၊ ကမ္ဘာလောကကြီးမှာ ကြိုးစားရုန်းကန်ပြီး အလုပ်လုပ်နေကြတာ အသစ်အသစ် တွေ တီထွင်ဖန်တီးနေတာတွေအားလုံးဟာ လိင်စိတ်ကြောင့်ဖြစ် တယ်၊ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေမှာ လိင်စိတ်တစ်ရက်လောက် ပျောက်သွားရင်၊ ကမ္ဘာလောကကြီးတစ်ခုလုံး ရပ်စဲသွားလိမ့်မယ်…..ဟု ရှင်းလင်းပြလေရာ ချောမေက ရှက်ကိုးရှက်ကန်းဖြင့်
… မဟုတ်နိုင်တာဟယ်၊ နင့်ကို ဒီလိုရှက်စရာကောင်းတဲ့ အတွေးတွေ ဘယ်သူသင်ပေးတာလဲ၊ ငါ နင်နဲ့နေရမှာ ကြောက် တောင်လာပြီ ,,ဟု ပြောလေ၏။ မိုးစက်က မျက်နှာတည်တည်ဖြင့….ဒီလိုအတွေးမျိုးတွေးတတ်အောင် ကျွန်တော့်အဘိုးက ,, သင်ပေးတာအစ်မရဲ့၊ ကျွန်တော်နဲ့ နေတုန်းက အစ်မကို မှည့် တစ်ပေါက်စွန်းဖူးလို့လား၊ သဘာဝလောကကြီးမှာ လိင်စိတ်ဟာ အရေးကြီးတယ်ဆိုပေမယ့် မှားယွင်းတဲ့လိင်စိတ်ကို မထောက်ခံဘူး၊မှန်ကန်တဲ့လိင်စိတ်ကိုသာ ထောက်ခံတာဖြစ်တယ်။ လူငယ် လူရွယ် တော်တော်များများဟာ လိင်စိတ်ကို မှန်ကန်တဲ့ဘက်မှာ အသုံးချလို့ တိုးတက်သွားတဲ့ သာဓကတွေရှိတယ်၊ ဘဝမှာပေါ့ပေါ့ နေ ပေါ့ပေါ့စားတဲ့လူငယ်လေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကိုချစ်မိတာနဲ့ သူ့ဘဝကိုသူပြုပြင်ပြီး တိုးတက်သွားတဲ့ သာဓကတွေ ရှိတယ်၊ မိန်းမပေးစားလိုက်မှ ခြေငြိမ်သွားတာပဲ၊ အလုပ်ကို ကြိုးစားလိုက်တာဆိုတဲ့ စကားမျိုး၊ ပတ်ဝန်းကျင်မှာ ကြားဖူးမှာပေါ့၊
ဒါဟာ လိင်စိတ်ကိုမှန်ကန်တဲ့နေရာမှာ အသုံးချ လို့ဗျ၊ လိင်စိတ်ကင်းမဲ့တဲ့ ရောဂါခံစားနေသူတွေဟာ အမှန်တကယ် အိမ်ထောင်မပြုချင်တဲ့ အပျိုကြီးလူပျိုကြီးတွေ ဖြစ်တတ် တယ်၊ ရပ်ကွက်ထဲမှာတော့ လင်စိတ်သားစိတ် ကုန်ခမ်းနေတယ်လို့ လွယ်လွယ်ပြောကြတာပေါ့၊
သာသဇ္ဇနာ့ဘောင်ထဲက ရသေ့ ရဟန်းတွေမှာလဲ လိင်စိတ်ကင်းမဲ့တဲ့ခံစားမှုမျိုးတွေ့ရတတ်တယ်၊ ကျောက်ခေတ်ကနေ လေယာဉ်ပျံခေတ်အထိ တိုးတက်ပြောင်းလဲ လာတာ လိင်စိတ်ကြောင့်ပဲဗျ၊ လိင်စိတ်ကင်းမဲ့တဲ့သူဟာ ခံစားမှုလည်းကင်းမဲ့လာလိမ့်မယ်၊ ဒါကြောင့်အစ်မကို မြန်မြန်လင်ပေးရမယ်…. ဟုဆိုလိုက်ရာ ချောမေကရယ်မော၍ မိုးစက်၏ပခုံးကို
ထုကာ…သေနာလေး၊ ကိုယ့်အစ်မကို
ဒီစကားမျိုးပြောရလား ငါက ငါ့ယောက်ျားကလွဲရင် ဘယ်သူကိုမှ မချစ်နိုင်ဘူး၊ ငါ့ရင်ထဲမှာ အချစ်မရှိတော့ဘူး….
ဟု ဆိုလေ၏။ မိုးစက်က ရယ်မော၍ .. ….အဲဒီစကားဟာ အလွန်မှားတဲ့စကားပဲဗျ၊ ရင်ထဲမှာ အချစ်မရှိတော့ဘူးဆိုတာ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာဆိုရင်တော့ အတော်နားထောင်လို့ကောင်းတဲ့စကားပဲ၊ ဒါပေမဲ့ အချစ်ဆိုတဲ့ အရာဟာ. ဘယ်တော့မှ မကုန်ခမ်းနိုင်တဲ့အရာပဲဗျ၊ ခံစားမှုရှိနေသရွေ့ အချစ်ရှိနေမှာပဲ၊ အချစ်ဟောင်းပြီး အချစ်သစ်တွေ ဖြစ်နိုင်တယ်၊ အချစ်ဆိုတာ လိင်စိတ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ဒါပေမဲ့ အချစ်ဟာ သီးခြားစွမ်းအင်တစ်ခုလဲဖြစ်တယ်ဗျ၊ အချို့က လိင်ဆိုတာ အချစ်လို့ထင်ကြတယ်၊ ဒါပေမဲ့ အချစ်ဟာ ဘဝရဲ့ သီးခြားစွမ်းအင်၊ သီးခြားခံစားမှုတစ်ခုပဲ၊ အတူတူနေတဲ့ လင် မယားတွေဟာ အချစ်မရှိတော့ဘူးဆိုရင် ခြောက်သွေ့သွားမယ်၊လိင်စိတ်သက်သက်ပဲဆိုရင် အဓိပ္ပာယ်မရှိတော့ဘူး…. ဟု ရှင်းလင်းပြန်လေရာ ချောမေက မျက်နှာရှုံ့မဲ့၍…တော်ပါတော့ အချစ်ပါရဂူကြီးရယ်၊ ပြန်ကြရအောင်၊ ငါတို့ကို ဒေါ်သူဇာ ရိပ်မိသွားလိမ့်မယ်..ဟုပြောလေ၏။ မိုးစက်က ခေါင်းညိတ်၍ ,, ကျွန်တော်တို့ နှစ်ယောက် ကိုယ်နည်းကိုယ့်ဟန်နဲ့ မြင်းဖြူရှင်ရုပ်လေးကို ရအောင်ရှာကြတာပေါ့ ,,ဟုပြောကာ ချောမေနှင့်လမ်းခွဲ၍ ဒေါ်သူဇာ၏ခြံသို့ ပြန်ခဲ့လေ၏။
အိမ်သို့ပြန်ရောက်သောအခါ ဒေါ်သူဇာက မိုးစက်နှင့် ချောမေအား ညစာစားပွဲနှင့် တည်ခင်းဧည့်ခံလေ၏။
ဒေါ်သူဇာ၏ ညစာစားပွဲတွင် ပေါက်ပေါက်ဆိုသော မိန်းမ လျာတစ်ဦး၊ ကံ့ကော်၊ နှင်းဆီ၊ ပိတောက်ဆိုသော မိန်းမသုံး ယောက်ပါဝင်၏။ ဒေါ်သူဇာက မိုးစက်နှင့်ချောမေအား ၎င်းတို့နှင့် မိတ်ဆက်ပေးသောအခါ မိန်းမလျာပေါက်ပေါက်မှလွဲ၍ ကျန်သော မိန်းမသုံးယောက်မှာ မျက်နှာမကြည်မသာရှိလေ၏။ ချောမေသည် အိမ်ကြီး၏အနောက်ဘက်ရှိ အခန်းငယ်လေးတွင် အိပ်စက်ရလေ၏။
ချောမေ၏အိပ်ခန်းသို့ မိန်းမလျာ ပေါက်ပေါက်က လိုက်လံ ပို့ဆောင်ပေးလေ၏။ပေါက်ပေါက်သည် အမျိုးသမီးတစ်ယောက်ကဲ့သို့ ဝတ်ဆင် ထားပြီး မျက်နှာအမူအရာ လှုပ်ရှားဟန်တို့မှာ မိန်းမနှင့်အလွန် တူလှ၏။ ပေါက်ပေါက်က အခန်းဝသို့ရောက်သောအခါ…ချောမေကို ပေါက်ပေါက်တော့ မြင်မြင်ချင်းခင်သွားပြီ၊ မနက်က သိုက်နန်းရှင်ဝင်ပူးပြီး ငိုယိုနေတုန်းကများ ပေါက်ပေါက် တောင်ဝမ်းနည်းလွန်းလို့ လိုက်ငိုမိတယ်၊ နောက်ဈေးသွားရင် ပေါက်ပေါက်ကိုအဖော်ခေါ်နော်၊ ပေါက်ပေါက်လိုက်ပေးမယ်”…ဟုပြောလေရာ ချောမေသည် ဖော်ရွေသော မိန်းမလျာ ပေါက်ပေါက်ကို ခင်မင်သွားလေ၏။
ပေါက်ပေါက်သည် စိတ်သဘောထားကောင်းမွန်ပုံရ၏၊ ချောမေက အခန်းတံခါးပိတ်ကာနီးတွင်… ပေါက်ပေါက်က ဘယ်မှာအိပ်တာလဲ….ဟု မေးမြန်းလေရာ မီးဖိုဆောင်ကို လက်ညှိုးထိုးပြ၍….မီးဖိုဆောင်နဲ့ကပ်လျက်အခန်းပဲ၊ ဟိုမိန်းမ သုံးယောက် ကတော့ ဒေါ်သူဇာနဲ့အတူ အပေါ်ထပ်မှာအိပ်တယ်….ဟု ဖြေလေ၏။
ချောမေသည် ပေါက်ပေါက်ထွက်သွားသော အခါ ကုတင်ပေါ်တွင် ခြေပစ်လက်
ပစ်လှဲချလိုက်လေ၏။ သူမသည် မျက်လုံးမှိတ်၍ အိပ်စက်ရန် ကြိုးစားသော်လည်း မျက်လုံးများကြောင်နေပြီး အိပ်စက်၍မပျော်ပေ။
ဤမျှကျယ်ဝန်းသော ခြံနှင့် အိမ်ကြီးတွင် မြင်းဖြူရှင်နတ်ရုပ်ကိုမည်သို့ရှာဖွေရမည်မသိ။အိမ်ကြီး၏ အနောက်တွင် ခြုံနွယ်ပိတ်ပေါင်းများရှိပြီး ခြံကြီးသည် (၁၀)ဧကနီးပါးကျယ်ဝန်းမည်ထင်ရ၏။ ချောမေသည် ထိုညက ညအတော်နက်မှ အိပ်စက်၍ပျော်သွားလေ၏။
အပိုင်း ၁၂ ဆက်ရန်
ဆရာ မင်းမြတ်သူရ ကို
လေးစားစွာဖြင့်
#Credit

မင်းမြတ်သူရ
#ပဥ္စလက်မောင်နှမ
အပိုင်း ( ၁၂။၁၃ ။၁၄)
နောက်တစ်နေ့တွင် ဒေါ်သူဇာက သူမကိုခေါ်၍ နတ်ဝင်သည်တို့ တပ်သင့်တတ်အပ်သော ပညာများကို စတင်သင်ကြားပေးလေ၏။…..ဒေါ်သူဇာက နတ်ကိုးကွယ်သူဟာ နှစ်မျိုးနှစ်စားရှိတယ် ချောမေ၊ တစ်မျိုးက မိရိုးဖလာအစဉ်အလာကိုးကွယ်တာကို မဆန့်ကျင်ရဲတာ နဲ့ သားစဉ်မြေးဆက်ကိုးကွယ်ကြတဲ့အမျိုး၊ နောက်တစ်မျိုးက နတ်ကိုးကွယ်ခြင်းဟာ လောကီစည်းစိမ်ချမ်းသာနဲ့ပတ်သက်လို့ အကူအညီအထောက်အပံ့ပေးနိုင်တယ်၊ အကျိုးပြုနိုင်တယ်လို့ ယုံကြည်ပြီး ပူဇော်ပသတဲ့အမျိုး၊ ဒုတိယအမျိုးအစားဟာ ငါတို့လို ကနားစီးတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေမယ့် စီးပွားဖက်တွေပဲ၊ အချို့က နတ်ဝင်သည်တွေဟာ လိမ်တယ်ညာတယ်လို့ စွတ်စွဲကြတယ်၊ ငါကတော့ ဒီနေ့အထိ လိမ်ညာလှည့်ဖြားတဲ့အလုပ်ကို မလုပ်ခဲ့ဘူး ,ဟုပြောလေ၏။ ဤသို့ဖြင့်ချောမေသည် ဒေါ်သူဇာထံတွင် နတ်ဝင်သည်တို့၏ပညာရပ်များကို တစ်ရက်ပြီးတစ်ရက်သင်ကြား ရလေ၏။
မိုးစက်ကမူ သူနှင့်တစ်အိမ်တည်းအတူနေထိုင်သော ခြံစောင့် ညွန့်ခင်၊ တောက်
တိုမယ်ရ လုပ်ကိုင်ရသော မောင်အေး တို့နှင့်အတူ ခြင်းခတ်ခြင်း၊ စစ်ဘုရင်ကစားခြင်း၊ ခြံသန့်ရှင်းရေး လုပ်ခြင်းစသောအမှုကိစ္စများကို လုပ်ကိုင်၍နေလေ၏။
မိုးစက်သည် ဒေါ်သူဇာ၏ကျယ်ဝန်းသောခြံကျယ်ကြီးတွင် လှည့်လည်၍ မြင်းဖြူရှင်နတ်ရုပ်၏ သဲလွန်စကို ရှာဖွေနေလေ၏၊
ချောမေသည် အိမ်ကြီးအတွင်းနေရာအနှံ့သွားလာ၍ မြင်းဖြူရှင် နတ်ရုပ်ကို ရှာဖွေလေ၏။
မိုးစက်ကမူ ထမင်းစားချိန်ရောက်မှသာ အိမ်ကြီးပေါ်သို့ တက်ခွင့်ရ၏။
တစ်ညသ၌ အိမ်ကြီး၏ နောက်ဖေးတံခါး ပွင့်သွားပြီး မဲမဲ သဏ္ဌာန်တစ်ခုသည် ခြံကျယ်ကြီး၏တစ်နေရာသို့ သွားလာနေ လေ၏။ မိုးစက်သည် ထိုသဏ္ဌာန်၏နောက်မှ
နောက်ယောင်ခံ၍လိုက်ခဲ့၏။

အိမ်ကြီးနှင့်အတော်အတန် ဝေးကွာလာသောအခါ တဲအိမ်ငယ်လေးတစ်လုံးရှေ့တွင် ရပ်လိုက်၏၊ တဲအိမ်ငယ်၏တံခါးကို ဖြည်းညှင်းစွာခေါက်လိုက်သောအခါ လူတစ်ယောက်က တံခါးဖွင့်ပေးပြီး မဲမဲသဏ္ဌာန်မှာ ဝင်ရောက်သွားလေ၏။ တဲအိမ်အထဲတွင် မှန်အိမ်တစ်လုံး၏ မီးရောင်ကို မြင်ရ၏။
မိုးစက်သည် တဲအိမ်၏အနီးသို့ ခြေသံလုံလုံဖြင့် တိုးကပ်သွားပြီး ဝါးထရံအကာကို ဓားဖြင့်ချဲ့၍ တဲအတွင်းသို့ ချောင်းမြောင်းကြည့်လေ၏။
ထိုအခါ အထဲတွင်မြင်ရသောမြင်ကွင်းကြောင့် မျက်လုံးပြူးသွားလေ၏။
တဲအတွင်းရှိ ဝါးကွပ်ပစ်ပေါ်တွင် သံဝါသ
ပြုရန် အားထုတ် ကြိုးပမ်းနေသော ကံ့ကော်ဆိုသောမိန်းမနှင့် ခြံစောင့်ညွန့်ခင်တို့ကို မြင်ရ၏။ ညွန့်ခင်သည် တဲအိမ်အတွင်းတွင် ကြိုတင်ရောက်နှင့် နေပုံရ၏။ခဏကြာသောအခါ ကံ့ကော်ဆိုသောမိန်းမက….ကျွန်မပြန်တော့မယ်၊ ကြာရင် နှင်းဆီနဲ့ပိတောက် ရိပ်မိသွားလိမ့်မယ်…..
ဟုဆိုလိုက်ရာ ညွန့်ခင်က တဟဲဟဲရယ်မော၍…နေပါဦးကွာ… တွေ့လို့မှ အားမရသေးဘူး..ဟု ပြောလေ၏။ ကံ့ကော်က ရုန်းထွက်လိုက်ပြီး…..ရှင်သိပ်မကဲနဲ့၊ ဘယ်နေ့လာရမလဲ ပြော….ဟုဆိုလိုက်ရာ ညွန့်ခင်က လက်လျှော့လိုက်ပြီး….အင်း အနောက်အပတ် စနေနေ့လာခဲ့ဦး၊ မမေ့နဲ့နော်၊ကိုယ်မျှော်နေမယ် ”
မိုးစက်သည် ၎င်းတို့ထံမှ မည်သည့်သဲလွန်စကိုမျှ မရသဖြင့် တဲအိမ်ငယ်ကိုကွေ့ပတ်၍ ထွက်ရန်ပြင်လိုက်စဉ် တဲအိမ် ငယ်၏တစ်ဘက်တွင် ၎င်းကဲ့သို့ ချောင်းမြောင်းနေသူတစ်ဦးနှင့် တိုက်မိလေ၏။
မိုးစက်သည် ရုတ်တရက် ရင်ထိတ်သွားပြီး ရန်သူကို တိုက် ခိုက်ရန်ပြင်လိုက်၏။ သို့သော်ရန်သူထံမှ ရရှိသောကိုယ်နံ့ကြောင့် တိုက်ခိုက်ရန်ရွယ်သောလက်ကို ရုတ်သိမ်း၍ ,. အစ်မ ကျွန်တော်ပါ..ဟုအသံပြုလိုက်၏။ တဲအိမ်တစ်ဖက်တွင် ချောင်းမြောင်း နေသူမှာ ချောမေဖြစ်၏။
ချောမေက လေသံတိုးတိုးဖြင့် လန့်လိုက်
ကာ မိုးစက်ရယ်ငါ ဟိုကောင်မနောက်ကို
နောက်ယောင်ခံပြီး လိုက်လာတာဟဲ့”…. ဟုပြောဆိုလေ၏။ မိုးစက်က..“ ကျွန်တော်လဲ ဒီလိုပဲဗျ၊ သူတို့နှစ်ယောက်ဆီက သဲလွန်စရလိုရငြား စောင့်ပြီးနားစွင့်နေတာ၊ အခုတော့ ဘာသဲလွန်စမှ မရဘဲ ရုပ်ရှင်ပဲကြည့်လိုက်ရတယ်….ဟုတိုးတိုးပြောလေရာ ချောမေက သူ၏ဗိုက်ကိုလိမ်ဆွဲ၏။ ပြီးမှ လေသံတိုးတိုးဖြင့်…ကဲ… ငါသွားမယ် မိုးစက်…ဟုပြောလေရာ မိုးစက်က သူမလက်ကိုဆွဲ၍…..အစ်မ နောက်ဆိုရင် ခြံထဲထိ ဆင်းလိုက်မလာနဲ့၊ အန္တရာယ်များတယ်အစ်မကို စိတ်မချဘူး… ,,ဟု မှာကြားလိုက်လေ၏။

တစ်ညသ၌ ဒေါ်သူဇာသည် မိုးစက်နှင့်ချောမေအား နတ်ကိုးကွယ်မှုနှင့်ပတ်သက်သည့် လေးနက်သော အတွေးအခေါ် တစ်ရပ်ကို ပြောပြလေ၏။ ဒေါ်သူဇာက
..တို့မြန်မာတွေဟာ ဗုဒ္ဓဘာသာ မကိုးကွယ်မီက နတ်ကိုးကွယ်တဲ့သူတွေဖြစ်ခဲ့တယ်၊ လူတွေဟာ မိမိတို့ရဲ့ လိုအင်ဆန္ဒ အလျာက် နတ်တွေကို အမျိုးမျိုးကိုးကွယ်ခဲ့ကြတယ်၊ တောစောင့် နတ်၊ တောင်စောင့်နတ်၊ အိမ်စောင့်နတ်ဆိုပြီး နတ်အမျိုးမျိုးပေါ် ထွန်းခဲ့တယ်၊ ဒီနောက်ပိုင်း ဗုဒ္ဓဘာသာဝင်တွေဖြစ်လာတော့ နတ်ယုံကြည်မှုဟာ ပျောက်ဆုံးမသွားခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာမှာ ဘုရားအဆူဆူပွင့်တယ်ဆိုတဲ့ အယူအဆရှိတယ်၊ သမ္မာဒေဝနတ်ကောင်းနတ်မြတ်ဆိုတာရှိတယ်၊ဒါ့အပြင် နတ်ကိုး ကွယ်သူတွေက ဗုဒ္ဓ
ဘာသာအယူအဆအရ အတွင်း ၃၇မင်းကို အတုယူပြီး အပြင် ၃၇ မင်းဆိုပြီး စုစည်းထားလိုက်တယ်၊ ဒါက ဗုဒ္ဓဘာသာနဲ့ နတ်ကိုးကွယ်မှု ကွာဟမှု လျော့နည်းသွား အောင် ကာကွယ်ထားတဲ့သဘောပဲ၊ ဒါ့အပြင် မတူညီတဲ့ ယုံကြည်မှု နှစ်ရပ်ကို အတူယှဉ်တွဲထားလို့မဖြစ်ဘူး၊ ယှဉ်တွဲထားမယ်ဆိုရင် လဲ ယုံကြည်မှုတစ်ခုက နိမ့်ကျတဲ့နေရာမှာ ရှိနေမှ ဖျက်ဆီးခံရတဲ့ ဘေးက ကင်းဝေးလိမ့်မယ်…´ ဟုပြောလေရာ ချောမေက ဒေါ်သူဇာ၏စကားကိုဖြတ်၍.. ဟုတ်တယ်နော်၊ နတ်ကိုးကွယ်တဲ့အိမ်တွေကိုကြည့် လိုက်ရင် နတ်စင်ကို ဘုရားစင်ထက် တစ်ဆင့်နိမ့်တဲ့နေရာမှာ ထားလေ့ရှိတယ်….ဟုပြောလေ၏။ ဒေါ်သူဇာက ခေါင်းညိတ်၍ ..ဟုတ်တယ်ဒါဟာ နတ်ကိုးကွယ်သူတွေက နတ်ဟာဘုရားထက်နိမ်ကျကြောင်း ပြထားတဲ့သဘောပါပဲ၊ ဒါ့အပြင် နတ် ကိုးကွယ်သူတွေဟာ ကိုးကွယ်မှုနဲ့ပတ်သက်ပြီး ဝေ့လည်ကြောင် ပတ်ပြောလေ့ရှိတယ်၊ အိမ်တွင်းအုန်းဆွဲထားတဲ့ မြန်မာတစ် ယောက်နဲ့တွေ့ရင် မင်းမဟာဂီရိနတ်ကို ကိုးကွယ်သလားလို့မေးကြည့်၊မကိုးကွယ်ပါဘူးလို့ ဖြေလိမ့်မယ်၊ ဒါဆိုရင် ဘာဖြစ်လို့ အုန်းဆွဲထားရသလဲလို့ ထပ်မေးကြည့်၊ ကိုးကွယ်တာမဟုတ်ပါဘူး၊ တင်မြှောက်ထားတာပါ၊ ရိုးရာမို့လို့ မဆန့်ကျင်ဝံ့တာနဲ့ ပူဇော်ပသ ထားတာပါလို့ ဖြေလိမ့်မယ်၊ တကယ်တော့ ပူဇော်ပသတာ၊ တင်မြှောက်တာတွေဟာ ကိုးကွယ်တာနဲ့ ဘာမှမထူးပါဘူး၊ အတူတူပါ ပဲ၊ ပခန်းဦးမင်းကျော်နဲ့ တောင်ပြုန်းမင်းညီနောင်ကို ပသတယ် ဆိုတာ သူတို့ကို အားထားလို့ ပူဇော်ပသထားတာပါ၊ အား ထားတယ်ဆိုတာ ကိုးကွယ်တာနဲ့ အတူတူပဲပေါ့….ဟုရှင်းလင်းပြရင်း ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက် လေ၏။ ပြီးမှ သူမ၏စကားကို ဆက်ပြန်၏။
…..ရိုးရာနတ်တွေကို ကြည့်ရင် ဘုရားဒါယိကာခံယူတာတို့၊ ဘုရားတည်ကျောင်းဆောက်တာတို့ ဆွမ်းလောင်း ဆွမ်းကျွေးပြီး ဥပုသ်ဆောင်ဝင်တာတွေ တွေ့ရမယ်၊ ဒါဟာ ဗုဒ္ဓ ဘာသာနဲ့ မဆန့်ကျင်အောင် နတ်ယုံကြည်သူတွေရဲ့ ဖန်တီးမှုတွေပါပဲ၊ တောင်ပြုန်းနတ်ပွဲကို ဝါခေါင်လဆန်း ၁ဝ ရက်ကနေ ၁၅ ရက်အထိ ကျင်းပတယ်၊ နတ်ပွဲပြီးလို့ ဝါခေါင်လပြည့်ကျော် ၈ရက်နေ့မှာ ရဟန်းသံဃာတွေကို နတ်နန်းမှာဆွမ်းကျွေးပြီး တရားပွဲလုပ်တယ်၊´ တကယ်တော့ နတ်ပွဲနဲ့ ဘုန်းကြီးဆွမ်းကျွေး ဘာမှမဆိုင်ပါဘူး၊ဝါဆိုလဆန်း ၁ဝ ရက်နေ့မှာ အမေရေယဉ်ဥပုသ်ဆောင်ဝင်တယ်၊ သတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာဥပုသ်ဆောင်ကထွက်ပြီး ဘုရားကို ဆွမ်းကပ်လှူဒါန်းတယ်၊အမေဂျမ်းနတ်ပွဲကို နယုန်လပြည့်ကျော် ၁၄ ရက်မှာ ကျင်းပတယ်၊ အဲဒီနေ့ အမေဂျမ်းတောင်ပေါ်မှာ သံဃာတော်တွေကို ဆွမ်းကပ်တယ်၊ ဒါဟာ နတ်ကိုးကွယ်သူတွေဟာ ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်မှုတွေနဲ့ ထိပ်တိုက်ရင်မဆိုင်ချင်တာနဲ့ သူတို့ရဲ့ယုံကြည်မှု အဖျက်ဆီးမခံရအောင် တစ်ဆင့်နိမ့်ထားတဲ့သဘောပဲ…
…ဟုပြောရင်း အာခြောက်ဟန်ဖြင့် ရေနွေးကြမ်းတစ်ခွက်ကို သောက်ပြန်၏။ မိုးစက်က စိတ်ဝင်တစားနားထောင်နေပြီး
““ ဒီနေ့ အဒေါ်ပြောတဲ့စကားတွေဟာ အင်
မတန် စိတ် ဝင်စားဖို့ကောင်းပြီး အလွန်သိမ်မွေ့တဲ့အတွေးအခေါ် အယူအဆ တွေကိုတွေ့ရတယ်..ဟုပြောလေ၏။ ဒေါ်သူဇာက သက်ပြင်းချ၍ “ ဒီထက်သိမ်မွေ့ပြီး တွေးခေါ်ယူဆဖို့သင့်တဲ့ အကြောင်းအရာတစ်ခုကို ပြောရဦးမယ်၊ အနော်ရထာမင်းလက်ထက်မှာ ဗုဒ္ဓရဲ့ တရားတော်တွေကို တိုင်းပြည်အုပ်ချုပ်သူက ကိုးကွယ်စေတဲ့အခါမှာ လူအများစုက လက်ခံကြပေမဲ့ လူအနည်းစုကတော့ လက်မခံလိုကြဘူး၊ ဒါပေမဲ့ လက်တွေ့လဲ မဆန့်ကျင်ဝံ့ဘူး၊ သူတို့ ရဲ့ မသိစိတ်မှာတော့ ဗုဒ္ဓဝါဒကို
အံတုဖက်ပြိုင်တဲ့ အပြုအမူလေး တွေရှိတယ်၊ ဒီအပြုအမူတွေကို သူတို့ဖန်တီးထားတဲ့ နတ်တွေ မှာတွေ့နိုင်တယ် ,,.
ဟုပြောလေရာ မိုးစက်က စိတ်ဝင်စားဟန်ဖြင့်“ ဘယ်လိုတွေ့နိုင်တာလဲ..ဟု မေးမြန်းလေ၏။ ဒေါ်သူဇာက ““ ဗုဒ္ဓဘာသာဝင်တစ်ယောက်မှာ အနိမ့်ဆုံးလိုက်နာရမယ့် စည်းကမ်းကတော့ ငါးပါးသီလမြဲခြင်း
ဖြစ်တယ်၊ ဒါပေမဲ့ ငါးပါးသီလ အားလုံးကို ပြောင်ပြောင်ကြီး ချိုးဖောက်လိုက်တဲ့ နတ်တစ်ပါး ရှိတယ်၊ သူကတော့ ပခန်းဦးမင်းကျော်ပဲဦးမင်းကျော်ဟာ အစ်ကို ဖြစ်သူကို သတ်တယ်၊ပန်းတောင်းပြည့်ရှင်နဲ့ ကူနီဒေဝီကို သတ်ပြီး နန်းလုတယ်၊ ရှမ်းပြည်ဘက်မှာ ပုန်ကန်မှုမရှိဘဲ လိမ်ညာပြီး ဘုရင်ကိုလျှောက်တင်တယ်၊ ကြက်တိုက်တယ်၊ ထန်းရည်သောက်တယ်၊ သူတစ်ပါးသားမယားကိုစော်ကားတယ်၊ ဒီလောက်အကျင့်စရိုက် မကောင်းတဲ့ နတ်တစ်ပါးကို နတ်ယုံကြည်သူတွေ ဘာလို့ ဖန်တီး ထားသလဲ၊ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ငါးပါးသီလ အားလုံးကို ဦးမင်းကျော်က ချိုးဖောက်လိုက်တယ်၊ ဒါဟာ နတ် ယုံကြည်သူတွေရဲ့ မသိစိတ်မှာဖြစ်ပေါ်နေတဲ့ ဗုဒ္ဓဝါဒဆန့်ကျင်မှုကို ပခန်းဦးမင်းကျော်ကတစ်ဆင့် ထင်ဟပ်ပြီး ပြလိုက်တဲ့သဘော ပါပဲ….ဟု ရှည်လျားစွာရှင်းလင်းပြလေရာ မိုးစက်နှင့် ချောမေ သည် ဒေါ်သူဇာ၏ စကားဆုံးသည်နှင့် အတွေးကိုယ်စီဖြင့် ငြိမ် သက်သွားလေ၏။
ချောမေသည် ထိုနေ့ည ညအတော်နက်သည်အထိ အိပ်မပျော်ဘဲ ဒေါ်သူဇာ၏ စကားများကို ကြားယောင်နေမိ၏။

ချောမေသည် ဒေါ်သူဇာ၏နေအိမ်တွင် နတ်ဝင်သည်တို့ တတ်သင့်တတ်အပ်သော ပညာရပ်များကို သင်ကြားရင်း အိမ် ကြီးသို့ တစ်ခန်းဝင်တစ်ခန်းထွက်ကာ မြင်းဖြူရှင်နတ်ရုပ်ကို ရှာဖွေ လေ၏။
သို့သော် ရက်ရှည်ကြာသည်အထိ မြင်းဖြူရှင်နတ်ရုပ်၏ သဲလွန်စကို မရရှိပေ။
ထိုရက်ပိုင်းအတွင်း ချောမေသည် ခင်မင် ဖွယ်ကောင်းသော မိန်းမလျာပေါက်ပေါက်နှင့် တပူးပူးတတွဲတွဲ ရှိလေ၏။
ပေါက်ပေါက်သည် ချောမေ ဈေးဝယ်သည့်အခါတိုင်း မြို့ထဲသို့ အဖော်လိုက်ပေးလေ့ရှိ၏။
ချောမေ ရေချိုးပြီးသည်နှင့် ပေါက်ပေါက်က အိပ်ခန်းထဲသို့ဝင်၍ သနပ်ခါးသွေးပြီး ဖြစ်နေ၏။ ညသို့ရောက်သောအခါ
လက်ဖက်သုတ်၊ ဂျင်းသုတ် စသည့်စားသောက်ဖွယ်ရာများကိုစီစဉ်၍ ချောမေ၏ အိပ်ခန်းသို့ ယူလာတတ်၏။
ပြီးလျှင် ကုတင်ပေါ်တွင် တင်ပလွဲထိုင်၍ မြို့တွင်းရှိ ဂုဏ်သရေရှိမိန်းမများ၏ အတင်းအဖျင်းမျိုးစုံကို ပြောဆိုလေ၏။

ချောမေသည် မိန်းမလျာပေါက်ပေါက်ထံမှ မြင်းဖြူရှင်ရုပ်နှင့်ပတ်သက်၍ သဲလွန်စ ရလိုရငြားဖြင့် သူ၏စကားများကို
နားထောင်နေမိ၏။
ကြာသောအခါ ပေါက်ပေါက်အား လိင်မတူသော မိန်းမလျာတစ်ဦးအဖြစ် မေ့လျော့နေပြီး မိန်းမသားတစ်ယောက် ဟူ၍သာ ထင်မြင်နေလေ၏။

တစ်ညသ၌ ချောမေသည် ပေါက်ပေါက်ယူလာသည့် ကော် ဖီတစ်ခွက်ကို သောက်ပြီးသည့်နောက်ပိုင်း တဝါးဝါးသန်းဝေ
လိုက်ပြီး…. ဒီည အရမ်းအိပ်ချင်တာပဲပေါက်ပေါက်ရယ်၊ ငါအိပ်တော့မယ်နင်လဲ နှင့်အခန်းနင်ပြန်တော့…. ဟုပြောလေရာ ပေါက်ပေါက်က မချိုမချဉ်ပြုံး၍““ တကယ်အိပ်ချင်လို့လား အစ်မရဲ့၊ပြောပါဦး…ဟုပြောလေရာ ချောမေက တဝါးဝါးသမ်း၍““ ငါမရတော့ဘူးဟဲ့၊ မျက်လုံးတွေ စင်းလာပြီ…ဟုဆိုကာ ပေါက်ပေါက်ကို အခန်းထဲမှ နှင်လွှတ်လိုက် လေ၏
။ သူမသည် မကြာမီအချိန်အတွင်း အိပ်ပျော်သွားလေ၏လာ၏။ ခဏအကြာတွင်သူမ၏အိပ်မက်ထဲသို့ မိုးစက်ရောက်
မိုးစက်သည် သူမတစ်ကိုယ်လုံးကို ပွေ့ဖက်
၍နမ်းရှုံ့နေ၏။
ချောမေသည် မိုးစက်၏ပြောင်းလဲသောအပြုအမူကို နားမလည် နိုင်ဟန်ဖြင့်ကြည့်
၍ ရင်ထဲတွင် တသိမ့်သိမ့်တုန်လာ၏။
မိုးစက်ရယ်… နင်ဘယ်လိုဖြစ်တာလဲ၊ ငါ့အပေါ်မှာစိတ်တွေပြောင်းလဲသွားပြီလား… ချောမေသည် ဗလုံးဗထွေးရေရွတ်၍ မိုးစက်ကို တွန်းဖယ် ရန်ကြိုးစား၏။ သို့သော် မိုးစက်က အချစ်နယ်ကျွံရန် ကြိုးစားလာ၏။ ချောမေသည် မိုးစက်အား အလိုလိုက်သင့် မလိုက်သင့် စဉ်းစားနေမိ၏။
ထိုအချိန်တွင် သူမအိပ်ရာမှ လန့်နိုးလာပြီး သူမအာ တစ်စုံတစ်ဦးက ပွေ့ဖက်၍ အဓမ္မပြုကျင့်ရန် ကြိုးစားနေကြောင်း
သိလိုကျရ၏။
ချောမေသည် ထိတ်လန့်သွားပြီး ထိုသူအား တအားကုန်တွန်းဖယ်၍ ကုတင်ပေါ်မှ လိမ့်ချလိုက်၏။
ထို့နောက် လုံချည်ကိုပြင်ဝတ်၍ အဓမ္မပြုကျင့်သူကို ကြည့် လိုက်ရာ မိန်းမလျာပေါက်ပေါက်ဖြစ်နေကြောင်း အံ့ဩဖွယ်မြင် လိုက်ရ၏။
ချောမေသည် ပေါက်ပေါက်ကို လွန်စွာရွံ့မုန်းသွားပြီး… ပေါက်ပေါက် နင်ယုတ်မာလှချည်းလား၊ ငါကတေ မိန်းမသားတစ်ယောက်လိုယုံကြည်လို့ ရင်းရင်းနှီးနှီးဆက်ဆံတယ်၊ ဒါကို အခွင့်ကောင်းယူပြီး နင်က ယုတ်မာတယ်ပေါ့လေ၊ သွားစမ်း နင့်မျက်နှာ ငါမကြည့်ချင်ဘူး….
ဟုမောင်းထုတ်လေရာ ပေါက်ပေါက်သည် ခေါင်းငိုက်စိုက်ကျနေပြီး..ပေါက်ပေါက်ကိုခွင့်လွှတ်ပါအစ်မ၊ ဒေါ်သူဇာကို ပြန်
တိုင်မပြောပါနဲ့၊ အစ်မက လှလွန်းလို့ စိတ်မထိန်းနိုင် ဖြစ်သွားတာပါ၊ နောက်ဒါမျိုး မဖြစ်စေရပါဘူး…ဟု တောင်းပန်လေရာ ချောမေက ခါးထောက်၍လေသံမာမာဖြင့်
“ နင်ဘယ်တော့မှ ငါ့အခန်းထဲမလာနဲ့ ,,
ဟု ပြောလိုက်လေတော့၏။
အပိုင်း ၁၃ ဆက်ရန်

မင်းမြတ်သူရ
ပဥလက်မောင်နှမ
အပိုင်း (၁၃)
ချောမေသည် နောက်တစ်နေ့မှစ၍ မိန်းမလျာပေါက်ပေါက်နှင့် အဆက်အဆံမလုပ်တော့ချေ။ မိန်းမလျာများ ကြောက်
မက်ဖွယ် ကောင်းပုံကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်မဟုတ်ပါလား။

တစ်နေ့သ၌ ချောမေသည် အိမ်ကြီး၏
အပေါ်ထပ်ရှိ တံခါး အမြဲပိတ်ထားသော အခန်းကြီးတစ်ခန်းကို သတိထားမိ၏။
ထို အခန်းကြီး၏တံခါးမှာ လွန်စွာရှေးကျသော ကနုတ်ပန်းများ၊ ဘီလူး ရုပ်များနှင့် တန်ဆာဆင်ထားကြောင်း သတိပြုမိ၏။ ထိုအခန်း တွင်းသို့ ဒေါ်သူဇာတစ်ယောက်သာ အဝင်အထွက်ရှိကြောင်း သိရ၏။
ထိုအခန်းထဲတွင် မြင်းဖြူရှင်နတ်ရုပ် ရှိလေမည်လားမသိ။ ထိုအခန်းနှင့်ပတ်သက်
၍ မိုးစက်အား ပြောပြလေရာမိုးစက်က ခေါင်းညိတ်၍…မနက်ဖြန် ဒေါ်သူဇာနဲ့ မိန်းမသုံးယောက် နတ်ပွဲ အတွက် ပစ္စည်းတွေထွက်ဝယ်လိမ့်မယ်၊ အစ်မ ခေါင်းမူးတယ်ဆိုပြီး လိုက်မသွားနဲ့၊ ကျွန်တော်တို့ အခန်းထဲ ခိုးဝင်ကြမယ်.. ဟုပြောလေရာ ချောမေက ခေါင်းညိတ်၍…အခန်းတံခါးကို ကြေးသော့ကြီးနဲ့ခတ်ထားတယ်၊ ဖြစ်ပါ့မလား….
ဟုပြောလေ၏။ နောက်တစ်နေ့သို့ ရောက်သောအခါ ချောမေသည် ခေါင်းမူးသည်ဆိုကာ အိပ်ခန်းထဲတွင် လှဲနေလေ၏။ ဒေါ်သူဇာက သူမအခန်းသို့လာရောက်၍
“ ညည်းကိုနတ်ပွဲအတွက် ဘယ်လိုဈေးဝယ်ရတယ်ဆိုတာ လက်တွေ့ သင်ပြပေးမလို့၊ ခေါင်းမူးတယ်ဆိုရင်လဲ ငါနဲ့ကံ့ကော်တို့ပဲ သွားတော့မယ်….
ဟုပြောလေ၏။ ခဏကြာလျှင် ချောမေသည် အခန်းထဲမှ ထွက်၍ ခြံဝင်းထဲတွင် အမှိုက်လှဲဟန်ဆောင်နေသော မိုးစက်အားလေချွန်
၍ခေါ်လိုက်၏။ မိုးစက်ရောက်လာသော
အခါ အိမ်ကြီး၏ အပေါ်ထပ်သို့တက်၍ ရှေးဆန်သောကျွန်းတံခါးကြီး ပိတ်ထား သောအခန်းကို ခေါ်ဆောင်သွားလေ၏။
မိုးစက်သည် ကြေးသော့ကြီး၏အမျိုးအစားကိုကြည့်ကာ သူ၏ အိတ်ထဲမှ သံချောင်းလေးတစ်ချောင်းကိုထုတ်ယူလိုက်၏။
ချောမေက မျက်မှောင်ကြုတ်၍
….ဘာလေးလဲ…ဟုမေးမြန်းလေရာ မိုးစက်က…..မာစတာကီးလို့ခေါ်တယ်၊
ဒီသံချောင်းလေးဟာ ဘယ်သော့မျိုးမဆို အမျိုးတူရင် အလွယ်တကူဖွင့်လို့ရတယ်… မိုးစက်၏စကားဆုံးသည်နှင့် ကြေးသော့ကြီးပွင့်သွားလေ၏။
မိုးစက်တို့သည် အခန်းတံခါးကို ဖြည်း
ညှင်းစွာဖွင့်၍ ဝင်ရောက်ခဲ့၏။ အခန်းထဲရှိ အလင်းရောင်ရရှိနိုင်သော မှန်ကျယ် ကြီးများအား ခန်းဆီးရှည်ကြီးများပိတ်ထား၍ မှောင်
မည်းနေ၏။
အခန်းထဲတွင် လူတစ်ရပ်နီးပါးရှိသော နတ်ရုပ်ကြီးများရှိ၏။ ချောမေက နတ်ရုပ်များကိုကြည့်၍ ကြက်သီးထသွားပြီး
.. မှောင်လိုက်တာ ခန်းဆီးတွေ ဖယ်လိုက်စမ်းပါ…..ဟုပြောလေ၏။
မိုးစက်က ခန်းဆီးများကို ဖယ်ရန်ကြိုး
စား လိုက်စဉ်…လူမိုက်တွေ ရပ်လိုက်စမ်း
ဟူသောအသံကို ကြားရ၍ နှစ်ယောက်သား ထိတ်လန့် တုန်လှုပ်သွားလေ၏။
နတ်ရုပ်များကြားတွင် ကျောခိုင်း၍ရပ်နေ သော လူတစ်ယောက်ရှိ၏။
ထိုသူမှာ ဒေါ်သူဇာပင်ဖြစ်၏။
ဒေါ်သူဇာသည် မိုးစက်တို့အနီးသို့လျှောက်လာပြီး….“ မင်းတို့နှစ်ယောက် ငါ့ဆီကို ရောက်တဲ့နေ့ကတည်းက မသင်္ကာဖြစ်နေတာ၊
ဒါကြောင့် မင်းတို့ကို အိမ်မှာခေါ်ထားပြီး အနီးကပ်စောင့်ကြည့်နေတာပဲ၊လက်စသတ်တော့ မင်းတို့က ငါ့ရဲ့ နတ်ဆေးဂမုန်းကို လာခိုးကြတာကိုး…
ဟုပြောလေရာ မိုးစက်နှင့်ချောမေသည် ဒေါ်သူဇာ၏မျက်နှာကို နားမလည်နိုင်ဟန်ဖြင့်ကြည့်၍ .. ဗျာ.. ဘယ်ကနတ်ဆေးဂမုန်းလဲ…ဟုပြောလေရာ ဒေါ်သူဇာက မျက်နှာကိုမဲ့၍ …လက်ပူးလက်ကြပ်မိနေတာတောင် ဗြောင်ငြင်းဦး မလို့လား….
ဟုကြိမ်းမောင်းလေ၏။ မိုးစက်က ခေါင်းခါ၍…ဒီမှာဒေါ်သူဇာ၊ ခင်ဗျားပြောတဲ့နတ်ဆေးဂမုန်းဆိုတာ ကျုပ်တို့ အခုမှ ကြားဖူးတာဗျ၊ ကျုပ်တို့လိုချင်တာ နတ်ဆေးဂမုန်း မဟုတ်ဘူး၊ မြင်းဖြူရှင်နတ်ရုပ်၊ မြင်းဖြူရှင်နတ်ရုပ် ဂြိုဟ်မွှေလို့ ကျုပ်တို့မောင်နှမ ဘာမဆိုင် ညာမဆိုင် အသက်လုပြီး ပြေးလွှား နေရတယ် ”
ဟု အစချီကာ မြင်းဖြူရှင်နတ်ရုပ်ကို ဘုရားပေါ်တွင် အရူးမလေးမမြနှက ပေးအပ်သွားပုံမှအစပြု၍ အန္တရာယ်အသွယ်သွယ် နှင့် ရင်ဆိုင်ခဲ့ရပုံများကို ရှင်းလင်းပြလေ၏မိုးစက်၏ စကားအဆုံးတွင် ဒေါ်သူဇာက
“ မင်းတို့က မြင်းဖြူရှင်နတ်ရုပ်အတွက် လာကြတာကိုး၊ဒီနတ်ရုပ်ဟာ ငါ့ခြံထဲကို ရောက်လာလို့ ငါက မြင်းဖြူရှင်ရုပ်ကို ခြံဝင်းထဲက မြင်းဖြူရှင်နတ်ကွန်းမှာ ချိတ်ဆွဲခိုင်းခဲ့တယ်၊ ဒါပေမယ့် နှစ်ရက်သုံးရက်အကြာမှာ မြင်းဖြူရှင်နတ်ရုပ် မရှိတော့ဘူးပျောက်ဆုံးသွားပြန်တယ်….
ဟုဆိုလိုက်ရာ ချောမေက ခေါင်းကုတ်၍
“ ဒုက္ခပါပဲဟယ်၊ အခုဘယ်လိုက်ရမှန်းမသိဖြစ်နေပြီ….ဟု ညည်းညူလေ၏။
မိုးစက်က သက်ပြင်းချ၍
မတတ်နိုင်ဘူးဗျာ၊ မုတ်ဆိတ်ဖြူကြီးကို
ဒီအတိုင်း ပြောပြရမှာပဲ၊ ဒေါ်သူဇာ ခြံထဲမှာ ခိုးကြောင်ခိုးဝှက်အလုပ်မျိုး လုပ်မိတာ၊ ကျွန်တော်တို့မောင်နှမကို ခွင့်လွှတ်ပါဗျာ၊ ကျွန်တော့် အဘိုးက ပြောဖူး၊ဘယ်၊ သူခိုးအလုပ်ဆိုတာ ရှေးအကျဆုံး အသက်မွေးဝမ်းကြောင်း အလုပ်တဲ့၊ ပိုင်ဆိုင်မှုရှိနေသရွှေ့ ခိုးယူမှု ဆိုတာလဲ ရှိနေမှာပဲ၊တဲ့ဒါပေမယ့် စွန့်လွှတ်စွန့်စားဝံ့တဲ့ ယောက်ျား ကောင်းတစ်ယောက်ဟာ သူခိုးအလုပ်ကို ဝေးဝေးက ရှောင်ကြဉ်ရ မယ်တဲ့….ဟုပြောလေရာ
ဒေါ်သူဇာက ခေါင်းညိတ်၍ …သိပ်ကောင်းတဲ့စကားပဲ မင်းအဘိုးက ဘယ်သူလဲ၊ ဘယ်မှာနေတာလဲ….ဟုမေးမြန်းလေ၏။ ထိုအခါ မိုးစက်က…..အဘိုးမှာ နာမည်မရှိဘူး၊ အဘိုးက နာမည်ဆိုတာကို ငါမယုံဘူးတဲ့၊ အဘိုးဟာ သူ့ကိုယ်သူ တိမ်လိုလွင့်သူလို့ ရည်ညွှန်း လေ့ရှိတယ်၊ သိမ်းပိုက်ခြင်းကင်းသူလို့လဲ ပြောလေ့ရှိတယ်၊ လေနဲ့ အတူသွားပြီး လေနဲ့အတူလာတယ်လို့လဲ ညွှန်းလေ့ရှိတယ် ဟုဆိုလိုက်ရာ ဒေါ်သူဇာ၏မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီး…ဟင်.. ဒါ ဒါဆိုရင် မိုးစက်လူလေးအဒေါ်အနားကို လာစမ်းပါ…
ဟု အမောတကော ပြောလေ၏။
မိုးစက်သည် အူကြောင်ကြောင်ဖြင့်
ဒေါ်သူဇာ၏အနီးသို့ တိုးကပ်သွား၏။
ဒေါ်သူဇာသည် မိုးစက်၏ ကာကီအင်္ကျီကြယ်သီးများကို ကမန်းကတန်းဖြုတ်၍ ရင်ဘတ်တစ်နေရာရှိ ဒင်္ဂါးပြားအရွယ်ခန့်ရှိ အမှတ်စက်ကြီးကို မြင်သောအခါ
…လူကလေး မင်းဟာ အမေ့ရဲ့ ပျောက်ဆုံးသွားတဲ့သားမောင်ကျော်စွာပါပဲကွယ်… ဟု ရေရွတ်ကာ မိုးစက်ကို ဖက်၍ ဝမ်းသာအားရ ငိုယိုလေ၏။ မိုးစက်က ခေါင်းကုတ်၍ “ ကျွန်တော် နားမလည်တော့ဘူးဗျာ၊ ကျွန်တော့်ကို ရှင်းပြပါဦး….
ဟု တောင်းပန်လေ၏။ ဒေါ်သူဇာက မျက်
ရည်များကို…““ မင်းကို မွေးစားထားတဲ့
အဘိုးနာမည်က ဦးဝေလုတဲ့၊ ဦးဝေလုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) လောက်က အလွန်တော်တဲ့ အင်္ဂလိပ်စာပြဆရာကြီးပါ၊
သူဟာ ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေက ကလေးတွေကို စာသင်ပြလေ့ရှိတယ်၊ သူစာသင်ပြတဲ့ သူတွေထဲမှာ မင်းအဖေ
ဦးမြတ်ထွန်းနဲ့ ဦးလှထွန်း ညီအစ်ကို လဲပါတယ်၊ တစ်နေ့တော့ မင်းအဖေ ဦးမြတ်ထွန်းရဲ့မွေးနေ့ပါတီပွဲကို သူ့ရဲ့ ခြံကျယ်ကြီးထဲမှာ ခမ်းခမ်းနားနားကျင်းပခဲ့တယ်၊ မင်းအဖေ ဦးမြတ်ထွန်းဟာ မွေးနေ့ပွဲကို လူကုံထံ မျက်နှာ
ကြီးတွေပဲ ရွေးဖိတ်ခဲ့တယ်၊ သူ့ကို စာပြပေးတဲ့ဆရာဦးဝေလုကို မဖိတ်ခဲ့ဖူး၊ ဒါပေမယ့် ပါးစပ်ဆော့တဲ့သူငယ်ချင်းတစ်ယောက်က မွေးနေ့ပွဲကို တက်ရောက်ဖို့ ဦးဝေလုကို သွားဖိတ်တယ်၊ ဦးဝေလုဟာ တပည့် ဖြစ်သူရဲ့ မွေးနေ့ပွဲဆိုပြီး ရောက်အောင်လာခဲ့တယ်၊ ဒါပေမယ့် အဲဒီမွေးနေ့ပွဲမှာ သူ့ကို ဘယ်သူမှ ဂရုမစိုက်ဘူး၊ အဝတ်အစားစုတ် စုတ်ပြတ်ပြတ်နဲ့ မွေးနေ့ပွဲထဲရောက်လာတဲ့ ဦးဝေလုကို အစေခံတွေကခြံပြင်ဆွဲထုတ်ခဲ့တယ်၊ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ပြောခဲ့တယ်၊ ဒီအဖြစ်အပျက်ကို မင်းအဖေ ဦးမြတ်ထွန်းက မြင်ပေမယ့် စုတ်စုတ်ပြတ်ပြတ်အဖိုးကြီးကို သူ့ဆရာလို့ ပြောရမှာ ရှက်လို့ ဝင်ရှင်းမပြခဲ့ဘူး၊ ဦးဝေလုဟာ အကြီးအကျယ် အရှက်ရပြီး မြို့ကလေးက ထွက်ခွာသွားခဲ့တယ်၊ ဦးဝေလုဟာ မင်းအဖေရဲ့ မွေးနေ့ပွဲမှာ လူကုံထံတွေအားလုံးရှေ့မှာ ကလဲ့စားချေမယ်လို့ ကြုံးဝါးခဲ့တယ်၊ မင်းအဖေဦးမြတ်ထွန်းနဲ့ အမေ လက်ထပ်ပြီး ငါ့သား (၂)နှစ်သားအရွယ်မှာ ကလေးကို ဦးဝေလု ခိုးသွားခဲ့တယ်၊စာတစ်စောင်လဲ ရေးသွားခဲ့တယ်၊ စာထဲမှာ မင်းတို့မိုက်ပြစ်ကို မင်းတို့ခံကြရပြီ၊ ငါ့ကိုလိုက်ရှာဖို့ မကြိုးစားနဲ့၊ ငါဟာ တိမ်လိုလွှင့် နေတယ်၊ လေနဲ့အတူသွားပြီး၊ လေနဲ့အတူလာတယ်၊ သိမ်းပိုက် ခြင်းကင်းသူလဲဖြစ်တယ်လို့ ရေးသွားခဲ့တယ်၊ သားရဲ့ ရင်ဘတ်က ဒင်္ဂါးပြားအမှတ်စက်ဟာ သားငယ်စဉ်ကတည်းက ထင်ထင် ရှားရှားကြီးကို ရှိနေတာကွယ့်၊ ငါ့သားနဲ့အမေ ပြန်တွေ့ရတာ ဝမ်းသာလိုက်တာကွယ်၊ မင်းအဖေ ဦးမြတ်ထွန်းနဲ့ အမေ အတူ မနေဖြစ်တာငါ့သားမရှိတာအဓိကအကြောင်း
ပါတယ်ကွဲ့….
ဟုရှည်လျားစွာ ရှင်းလင်းပြလေ၏။
မိုးစက်က ဒေါ်သူဇာ၏အတိတ်ဇာတ်ကြောင်းများကို နားဆင်ပြီး တအံတသြဖြင့် ခေါင်းတဆတ်ဆတ်ညိတ်၍
…. ဒါကြောင့် ကျွန်တော်မိဘတွေနဲ့ ပတ်သက်ပြီး အဘိုးကို မေးတိုင်း မင်းအဖေဟာ လူယုတ်မာကွ၊ သူ့အကြောင်းကိုမသိချင် ပါနဲ့ကွာလို့ ပြောလေ့ရှိတာကိုး၊ ဘာပဲဖြစ်ဖြစ် အမေနဲ့ပြန်တွေ့ရလို့ ဝမ်းသာလိုက်တာဗျာ….ဟုပြောလေ၏။ ချောမေသည် မိုးစက်နှင့်ဒေါ်သူဇာတို့ သားအမိအဖြစ်ကိုကြည့်၍ ကြည်နူးချမ်းမြေ့နေမိ၏။ ကံကြမ္မာ ဟူသည် ထူးခြားဆန်းကြယ်လှပါတကားဟု တွေးတောမိလေ၏။ ဒေါ်သူဇာက
…ငါ့သား မင်းအဖေနဲ့ သွားတွေ့လိုက်ပါ၊ သူသိရင် အင်မတန်ဝမ်းသာလိမ့်မယ်…
ဟုပြောလေရာ မိုးစက်က
““ ကျွန်တော်တို့ကို မြင်းဖြူရှင်နတ်ရုပ်လာပေးတဲ့ မမြနုဆိုတာ ကျွန်တော့်ညီမလားအမေ…ဟုမေးမြန်းလေ၏။ ဒေါ်သူဇာက
““ မဟုတ်ဘူးကွယ့်၊မမြနကမွေးစားသမီးပါ၊ အမေတို့မှာ သားတစ်ယောက်ပဲ ထွန်းကားတာပါ၊ ဒါကြောင့်သားနဲ့ မမျှော် လင့်ဘဲပြန်ဆုံတွေ့ရတာ အမေဝမ်းသာလိုက်တာ၊. ဒီနေ့ဟာ အမေ့ရဲ့ အပျော်ဆုံးနေ့ပါပဲ၊ ငါ့သားနဲ့သမီးကို အမေက နတ်ဆေးဂမုန်းလာ ခိုးတဲ့သူတွေလို့ အထင်မှားမိသေးတယ်….ဟုပြောလေ။ ချောမေက
“ နတ်ဆေးဂမုန်းဆိုတာ ဘာလဲအဒေါ်…
ဟု မေးမြန်းလေရာ ဒေါ်သူဇာက အခန်းတစ်နေရာသို့ ခေါ်ဆောင်သွားပြီး အစိမ်းရောင်ပန်းအိုးဖြင့် စိုက်ထားသော ထူးဆန်း
သော ဂမုန်းပင်ကို ပြသလေ၏။ ဒေါ်သူဇာက…နတ်ဆေးဂမုန်းစိုက်ထားတဲ့ပန်းအိုးက ကျောက်စိမ်း အစစ်ကွယ့်၊ ဒီအပင်ဟာ အလွန်အစွမ်းထက်တယ်၊ နတ်ဆေး ဂမုန်းက အရွက်သိပ်မရှိဘူးဒါပေမဲ့ သမားတော်တွေလက်လျော့ လိုက်ပြီဆိုတဲ့လူနာကိုတောင် နတ်ဆေးဂမုန်းတစ်ရွက် ဝါးစားလိုက်ရင် ငေါက်ခနဲ ထထိုင်လောက်အောင် အစွမ်းထက်တယ်ကိုးဆယ့် ခြောက်ပါးရောဂါကို ထူးခြားစွာနှိမ်နင်းနိုင်တယ်ကွယ့်ဒီအပင်ကို မျိုးပွားယူလို့လဲ မရတော့ဘူး၊ အပင်မှာ ထူးထူးခြားခြား ၉ ရွက်ပဲရှိတယ်၊ ဒီအရွက်တွေဟာ ကြွေလဲမကျဘူး၊ နောင်လဲ ထပ်မပေါက်တော့ဘူး၊ နတ်ဆေးဂမုန်းဟာ နေရောင်ခြည်လဲအထိ မခံနိုင်ဘူး၊ ဒါကြောင့် ပန်းအိုးထားတဲ့အခန်းကို မှောင်ချထား ရတယ်….
ဤသို့ဖြင့်မိုးစက်သည် အနှစ်(၂၀)နီးပါးကွဲကွာနေရသော မိခင်ကြီးနှင့်အတူ ပျော်ရွှင်စွာနေထိုင်ခဲ့လေ၏။
အပိုင်း ၁၄ဆက်ရန်

မင်းမြတ်သူရ
ပဥ္စလက်မောင်နှမ
အပိုင်း (၁၄)
တစ်နေ့သ၌ ဒေါ်သူဇာက
..ငါ့သား မင်းအဖေကို သွားမတွေ့ဘူးလား. ဟု မေးမြန်းလေရာ မိုးစက်က သက်ပြင်းချ၍
….ကျွန်တော်အဖေနဲ့မတွေ့ခင် အလုပ်တစ်ခုကို ကြိုးစား ပြီးလုပ်ကြည့်ချင်သေးတယ်….ဟု ပြောလေ၏။ ဒေါ်သူဇာက မျက်မှောင်ကြုတ်၍.ဘာအလုပ်လဲ ငါ့သားရဲ့ အမေ့ကိုပြောပါဦး… ဟု မေးလေ၏။ မိုးစက်က လေသံတီးတိုးဖြင့်……မြင်းဖြူရှင်နတ်ရုပ် နှစ်ရုပ်ကိုရအောင် ရှာပြီးမှ အဖေနဲ့ပြန်ဆုံတွေ့ချင်တယ်၊ အဖေတို့ မျိုးရိုးစဉ်ဆက်ထိန်းသိမ်းခဲ့တဲ့ ပစ္စည်းတွေကို ကျွန်တော့်အစွမ်းအစနဲ့ ရှာဖွေပေးချင်တယ်၊ နောက် ပြီး ကျွန်တော်က စွန့်စားသွားလာခြင်းကို ဝါသနာထုံတယ်..”
ဟုဆိုလိုက်ရာ မိုးစက်၏စကားကို ဒေါ်သူဇာက ပြီး၍ နားဆင်နေသော်လည်း ချောမေက ဝင်ရောက်၍ မိုးစက်၊ နင့်အဖေမှာ တပည့်
တပန်းတွေ အများကြီးရှိတယ်လေ…ဟု ဝင်ရောက်တားဆီးလေ၏။ ဒေါ်သူဇာက ခေါင်းတဆတ် ဆတ်ညိတ်၍
….မိုးစက်ကို မတားနဲ့သမီး တားလို့လဲရမှာမဟုတ်ဘူး၊ သူတို့သားအဖရဲ့ စိတ်ဓာတ်ကို၊ အဒေါ်အသိဆုံးပဲ၊ သူရှာချင် တာကို ကျေနပ်အောင်ရှာပါစေ၊ သူ့အဖေကလဲ ဒီလိုစိတ်
ဓာတ်မျိုး ရှိတဲ့ သားကိုသဘောကျမှာပါ
,,…ဟုပြောလေရာ မိုးစက်က ချောမေ၏
မျက်နှာကိုကြည့်၍….အစ်မ အမေနဲ့နေခဲ့ပါဗျာ၊ ကျွန်တော် မြင်းဖြူရှင်နတ် ရုပ်ကို သုံးနှစ်တိတိ ရှာလို့မှမတွေ့ ရင် အစ်မဆီပြန်လာခဲ့မယ်၊ အမေ ကျွန်တော့်အစ်မကို စောင့်ရှောက်လိုက်ပါဗျာ၊ အမေတတ်တဲ့ ပညာတွေ သင်ရင်လဲသင်ပေးပါ…
ဟုမှာကြားလေ၏။ ဒေါ်သူဇာက..သင်စရာမလိုတော့ဘူးငါ့သား၊ မင်းအဖေနဲ့အမေစိတ်
သဘောထားကွဲတာ နတ်ကိုးကွယ်မှုနဲ့လဲ သက်ဆိုင်တယ်ကွ၊ အမေက ငါ့သားနဲ့ ပြန်ဆုံတွေ့ရင် နတ်မကတော့ပါဘူးလို့ ကတိ ပေးထားတာရှိတယ်၊ ဒါကြောင့် အမေ့လုပ်ငန်း
ကို ရပ်စဲလိုက် တော့မယ်၊ ကံ့ကော်တို့ညီအစ်မကိုလဲ ထိုက်သင့်တဲ့အရင်းအနှီး ထုတ်ပေးပြီး ဒီအိမ်ကြီးက ထွက်ခွာခိုင်းလိုက်တော့မယ်၊ သူတို့ ညီအစ်မရဲ့ အကျင့်စာရိတ္တကို အမေမကြိုက်တာ ကြာပြီကွယ်၊ ယုံကြည်စိတ်ချရတဲ့လူ မရှိသေးလို့ မျက်စိမှိတ်ထားတာ…. ဟုပြောလေ၏။
ချောမေသည် မိုးစက်၏မျက်နှာကို ငူငူငိုင်ငိုင်ကြီးကြည့်လျက် ရင်ထဲတွင် ကြေကွဲသလို ခံစားနေရ၏။ မိုးစက်နှင့်သူမသည် သုံးနှစ်နီးပါး ဖြူစင်သန့်ရှင်းစွာနေထိုင်ခဲ့၏။ ယခု မိုးစက်နှင့် ခွဲခွာ ရပေတော့မည်။

မိုးစက်သည် နောက်တစ်နေ့နံနက်တွင် ထိုနေရာမှထွက်ခွာ ရန် ပြင်ဆင်လေ၏။
မိုးစက်ထွက်ခွာချိန်နီးသောအခါ ဒေါ်သူဇာ အနီးသို့ ရောက်လာပြီးလျှင်……ငါ့သားအတွက် အမေအလွန်တန်ဖိုးထားတဲ့ နတ်ဆေးဂမုန်းတစ်ရွက်ပေးလိုက်တယ်၊ အသက်ဘေးနဲ့တွေ့တဲ့အခါ အသုံးပြုပါ၊ နတ်ဆေးဂမုန်းဟာ ရောဂါတော်တော်များများကို ပျောက် ကင်း သက်သာနိုင်ပါတယ်၊ နတ်ဆေးဂမုန်းကို နေရောင်မထိ အောင် စက္ကူနဲ့ထုတ်ထားပါ…..ဟုဆိုကာ သူမ အလွန်တန်ဖိုးထားသော နတ်ဆေးဂမုန်း တစ်ရွက်ကိုပေးလေ၏။ ထိုအခိုက်မှာပင် ချောမေလည်း အနီးသို့ရောက်လာပြီးလျှင်….မိုးစက်ရယ်၊ နင်(သုံး)နှစ်ပြည့်ရင် ပြန်လာခဲ့ပါနော်၊ နင့်ကိုငါ အမြဲသတိရနေမယ် ,,ဟု မှာကြားလေ၏။
မိုးစက်ကပြုံး၍….သုံးနှစ်မကြာပါဘူးအစ်မရယ်၊ သုံးနှစ်အတွင်း မြင်းဖြူရှင် နတ်ရုပ်ပြန်ရရင် အစ်မဆီကို ကျွန်တော်အစောကြီးပြန် ရောက်မှာပါ၊ အစ်မသာ အမေနဲ့နေရစ်
လှည့်ပါ…ဟုပြောလိုက်လေတော့၏။

ဤသို့ဖြင့် မိုးစက်သည် မိခင်နှင့်ခွဲခွာခဲ့ပြီး မြင်းဖြူရှင်နတ်ရုပ်ကို ရှာဖွေရန်အလို့ငှာ မြန်မာပြည်အနှံ့ခရီးထွက်ခဲ့လေ၏။
သူသည် မျက်လှည့်ဆရာအဖြစ် အသက် မွေးဝမ်းကြောင်းပြုကာ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေခဲ့၏။
ရောက်လေရာအရပ်တွင် မြင်းဖြူရှင်နတ်ရုပ်၏ သဲလွန်စကို ရှာဖွေခဲ့သော်လည်း အရိပ်အယောင်မျှပင် မတွေ့ခဲ့ရပေ။
သူသည် မြန်မာရွာများစွာကို ရောက်ရှိခဲ့၍ မြို့စောင့်နတ်၊ ရွာစောင့်နတ်များဖြစ်သော မြင်းဖြူရှင်နတ်ရုပ်များစွာကို တွေ့ရှိခဲ့၏။ သို့သော် သူရှာဖွေနေသည့် ထူးဆန်းသည့် မြင်းဖြူရှင်နတ်ရုပ်မဟုတ်ပေ။

သူ့ဖခင်ပျောက်ဆုံးသွားသော မြင်းဖြူရှင်နတ်ရုပ်၏ ပန်းပု လက်ရာမှာ လွန်စွာကောင်းမွန်သေသပ်ပြီး အချိုးအစားကျန၏။ မြင်းဖြူရှင်ကို ဆေးခြယ်ထားပုံကပင်လျှင် အဆင့်
အတန်းမြင့်မား၏။ အခြားသောပြင်းဖြူရှင်နတ်ရုပ်များနှင့် များစွာခြားနား၏။

တစ်နေ့သ၌ မိုးစက်သည် တောင်ငူမြို့အလွန်ရှိ အဝေးပြေး လမ်းမတစ်နေရာတွင် တစ်ကိုယ်တော်မျက်လှည့်ပွဲပြသနေ၏။ သူ၏ မျက်လှည့်ကြည့်ပရိသတ်များမှာ အနီးအနားရွာများမှ ရွာသူ ရွာသားများဖြစ်၏။ မိုးစက်သည် ဘာမှမရှိသော မှော်သေတ္တာ လေးကို ပရိသတ်ဘက်သို့လှည့်၍ ဖွင့်ပြကာ
“မိဘပြည်သူများခင်ဗျား၊ ဟောဒိသေတ္တာလေးကို သေသေချာချာကြည့်ပါ၊ အတွင်းထဲမှာ ဘာမှမရှိတာမြင်ကြမှာပါ၊ ဒိလို ဗလာဖြစ်နေတဲ့သေတ္တာထဲကို သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တွေရဲ့ အကူအညီနဲ့ စားသောက်ဖွယ်ရာလေးတွေ ရောက်လာပါမယ်…ဟုပြောလိုက်လေ၏။ ထို့နောက်သေတ္တာကိုကို ပရိသတ် များအနီးသို့ လှည့်လည်ပြသလေ၏။ ထိုအခိုက်မှာပင် အင်္ဂလိပ် စစ်ကားကြီးတစ်စီးသည် မျက်လှည့်ဝိုင်းအနီးတွင် ဘီးပေါက်သွား လေ၏။ ကားဘီးများလဲလှယ်ရန် ပြင်ဆင်နေစဉ် စစ်သားအချို့ မျက်လှည့်ပိုင်းသို့ ရောက်လာကြ၏။ မိုးစက်သည် သူ၏
အဘိုးနှင့်နေထိုင်စဉ် အင်္ဂလိပ်စာနှင့်စကား
ပြောကို ကောင်းမွန်စွာသင်ကြား ဖူး၏။ ထို့ကြောင့် အင်္ဂလိပ်စစ်သားများ နားလည်စေရန် အင်္ဂလိပ် စကားနှင့် တစ်လှည့်ပြော၍
….မိဘပြည်သူများခင်ဗျာ၊ နေမွန်းတည့်လို့ ထမင်းစာချိန် လဲလွန်နေပါပြီကျွန်တော့်မှာ မျက်လှည့်ပြနေလို့ ထမင်းလဲ မစားရသေးဘူး၊ ဒါကြောင့် ခေါက်ဆွဲကြော်တစ်ထုပ်လောက် စားချင် ပါတယ်၊ ခေါက်ဆွဲကြော်စားပြီးရင် အအီပြေအောင် ဘိလပ်ရည် တစ်လုံးလောက် သောက်ချင်ပါသေးတယ်၊ နောက်ပြီး ပိုလို စီးကရက်လဲ တစ်လိပ်လောက် သောက်ချင်ပါသေးတယ်၊ ကျွန်တော့်ဆန္ဒကို နတ်ကောင်းနတ်မြတ်တွေက ဖြည့်ဆည်းပေးမှာ ပါခင်ဗျာ”
ဟုဆိုလိုက်ရာ ပရိသတ်ထဲမှ အင်္ဂလိပ်စစ်သားတစ်ဦးသည် မိုးစက်အား ဆဲဆိုလိုက်လေ၏။ မိုးစက်သည် အတွေ့အကြုံရှိသော မျက်လှည့်
ဆရာဖြစ်၍ ဆဲဆိုသံကို မကြားဟန်ပြကာ မှော် သေတ္တာလေးကို ဖြည်းညှင်းစွာဖွင့်လိုက်၏။ ပြီးနောက် သေတ္တာ ထဲသို့ လက်နှိုက်၍
..ဟောဒီမှာ ခေါက်ဆွဲကြော်တစ်ထုပ်…
ဟုဆိုလိုက်ရာ ပရိသတ်များ လက်ခုပ်တီးလေ၏။ မိုးစက်က ဆက်လက်၍…ဟောဒိမှာ ဘိလပ်ရည်တစ်လုံး၊ ဟောဒိမှာ ပိုလို
စီးကရက်တစ်ဘူး..ဟုဆိုလိုက်ရာ ပရိသတ်များသည် မိုးစက်၏မျက်လှည့်ကို လွန်စွာသဘောကျသွားပြီး ခွက်ထဲသို့ ပိုက်ဆံများပစ်ထည့်ပေး လေ၏။
မိုးစက်က ဆက်လက်၍ ပရိသတ်များထံမှ ငွေစက္ကူ တစ်ရွက်ကို ခဏတောင်းယူကာ…ဟောဒီက ငွေစက္ကူကို တစ်ရွက်ကနေ နှစ်ရွက်၊ နှစ်ရွက် ကနေ သုံးရွက် စသည်ဖြင့် ပွားများအောင် လုပ်ပြပါမယ်ခင်ဗျား” ဟုဆိုလိုက်ရာ ပရိသတ်များသည် စိတ်ဝင်စားစွာ စောင့်ကြည့်လေ၏။
မိုးစက်သည် သူ၏လက်ထဲရှိ ကျပ်တန်ကို ဝေ့ယမ်း လိုက်သောအခါ ကျပ်တန်နှစ်ရွက်ဖြစ်သွားလေ၏။ ထိုမှတဖန် လေထဲသို့ ဝေ့ယမ်းလိုက်တိုင်း နှစ်ရွက်မှ သုံးရွက်၊ သုံးရွက်မှ လေးရွက် စသည်ဖြင့် ၁၀ ရွက်အထိ ပွားများသွားလေရာ ပရိသတ်များသည် လွန်စွာသဘောကျကုန်၏။
မနေနိုင် မထိုင်နိုင် သော ကာလသားတစ်ယောက်က…. ဒီပညာတတ်ထားရင် အပိုင်ပဲကွာ၊ ဘာမှလုပ်စားစရာ မလိုဘူး၊ တစ်ကျပ်ကနေ တစ်ဆယ်ဖြစ်တယ်….
ဟုရေရွတ်လေ၏။ မိုးစက်၏ပြကွက်ကို အင်္ဂလိပ်စစ်သား များလည်း နှစ်သက်ဟန်ရှိသော်လည်း ၎င်းအားဆဲဆိုသော စစ်သားက ရှေ့သို့တိုးထွက်လာပြီး…ဟေ့ကောင် တောသားလူလိမ်၊ မင်းလိမ်နေတာ ငါသိတယ်၊ ဟောဒီမှာ ငါ့လက်ထဲမှာ ၁ ပေါင်တန်ငွေစက္ကူရှိတယ်၊၁ ပေါင်တန် ငွေစက္ကူကို ၁ဝ ပေါင်ဖြစ်အောင် လုပ်ပြစမ်း၊ မလုပ်ပြနိုင်ရင်တော့ မင်းလူလိမ်ဆိုတာ ဝန်ခံရလိမ့်မယ်….ဟု ဝင်ရောက်စော်ကားလေ၏။ မိုးစက်သည် အရက်မူးနေ ဟန်ရှိသော အင်္ဂလိပ်စစ်သားကိုကြည့်၍ သက်ပြင်းချလိုက်မိ၏။ ထိုသို့သောပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ကြိုတင်သင်ကြား ပေးသော အဘိုးအား စိတ်ထဲတွင် ကြိတ်၍ကျေးဇူးတင်နေမိ၏။ မိုးစက်က“ မင်းလက်ထဲက ၁ ပေါင်တန်စက္ကူကို ၁၀ ပေါင်ဖြစ်အောင် ကျုပ်က လုပ်ပြနိုင်တယ်ဆိုရင် မျက်လှည့်ဝိုင်းမှာ ဝင်စော် ကားခဲ့တဲ့အတွက် ကျုပ်ကို ပြန်တောင်းပန်ရမယ် ဘယ်လိုလဲ….ဟု စိန်ခေါ်လိုက်လေရာ အင်္ဂလိပ်စစ်သားက မျက်ထောင့်နီကြီးနှင့်ကြည့်လျက်….စိန်လိုက်….
ဟု ပြောလေ၏။

မိုးစက်သည် ပရိသတ်ဘက်သို့လှည့်၍ ၁ ပေါင်တန်ငွေစက္ကူအား ထောင်ပြကာ
…ဟောဒီငွေစက္ကူဟာ ဘိလပ်မှာ အင်္ဂလိပ်တွေ့အသုံးပြု တဲ့ ပိုက်ဆံပါ၊ ဟောဒီပိုက်ဆံကို ၁ ပေါင်ကနေ ၁ဝ ပေါင်ဖြစ် အောင် ပွားပြပါ့မယ်….ဟုဆိုကာ တစ်ပေါင်တန်ငွေစက္ကူကို လေထဲတွင် ဝှေ့ယမ်း လိုက်ရာ တစ်ရွက်ပြီးတစ်ရွက် ပွားလာပြီး ၁၀ ပေါင်တိတိဖြစ်သွားလေရာ အင်္ဂလိပ်စစ်သားများပင် မျက်လုံးပြူး၍
…ဝမ်းဒါးဖူးအံဩစရာပဲ…. ဟု ရေရွတ်လေ၏။ မိုးစက်က ၎င်းနှင့်စိန်ခေါ်သော
စစ်သားဘက်သို့လှည့်၍…ကဲ… ကတိအတိုင်းမင်းငါ့ကို ပြန်တောင်းပန်ပေတော့..
ဟုဆိုလိုက်ရာ စစ်သားက ညစ်ညမ်းစွာဆဲဆို၍ ….လူလိမ် မင်းကို မတောင်းပန်နိုင်ဘူး….ဟုဆိုကာ မိုးစက်အား လက်သီးဖြင့်စထိုးလေ၏၊ မိုးစက် သည် နောက်သို့တိမ်းရှောင်၍ စစ်သား၏ဗိုက်အား ပင့်ထိုးလိုက်ရာ ၎င်းသည် အွတ်ကနဲဖြစ်သွားလေ၏။ စစ်သားသည် ရှက်ရမ်း ရမ်း၍ နောက်တစ်ကြိမ် လက်သီးဖြင့်ထပ်ထိုးလေရာ မိုးစက်က သူ၏လက်ကောက်ဝတ်ကို ဖမ်းချုပ်၍ မြန်မာ့သိုင်းနည်းဖြင့် လိမ် ချိုးလိုက်ရာ ၎င်းသည် မိုးစက်ရှေ့တွင် ဒူးထောက်ကျသွားပြီး တအင်းအင်းညည်းညူနေလေ၏။ ကျန်သောစစ်သားများသည် ရန်ပွဲကို အူကြောင်ကြောင် ကြည့်နေလေ၏။

ထိုစဉ် ၎င်းတို့အနီးသို့ အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးရောက်လာ ပြီး ရန်ပွဲဖြစ်ပွားပုံကို မေးမြန်းလေရာ မိုးစက်က ရေလည်စွာ
ရှင်းလင်းပြလေ၏။ အင်္ဂလိပ်စစ်ဗိုလ်က နားထောင်၍ …ရိုင်းပြတဲ့စစ်သားအတွက် ကျုပ်တောင်းပန်ပါတယ်၊ သူ့ကို လွှတ်
လိုက်ပါ၊ တပ်ကိုရောက်ရင် စည်းကမ်းနဲ့အညီ အဖြစ် ပေးဦးမှာပါ”ဟု မွန်ရည်စွာ ပြောဆိုလေရာ မိုးစက်က စစ်သားအား လက်လိမ်ချိုးရာမှ လွှတ်ပေးလိုက်လေ၏။ အင်္ဂလိပ်စစ်ဗိုလ်က မိုးစက်ကို ခင်မင်ဟန်ဖြင့် ပြုံး၍….ကျုပ်က မျက်လှည့်ဝါသနာအိုးပါ၊ ကျုပ်ရဲ့တပ်သားတွေ ကို မျက်လှည့်ပညာနဲ့ဖြေဖျော်ချင်တာ ကြာပါပြီ၊ ဒါကြောင့် တပ်ထဲကို ဧည့်သည်အဖြစ် လိုက်ပါပြီး မျက်လှည့်ပြပေးဖို့ တောင်းပန်ချင်တယ်၊ လိုအပ်တဲ့အခကြေးငွေကိုလဲ ပေးပါ့မယ်…
ဟု ဖိတ်ခေါ်လေ၏။ မိုးစက်သည် အင်္ဂလိပ်စစ်တပ်တွင် မျက်လှည့်ပြရမည်ဆိုသောကြောင့် အတွေ့အကြုံအသစ်အဆန်း ဟု သဘောထားကာ ခေါင်းညိတ်လိုက်လေ၏။ အင်္ဂလိပ်စစ်ဗိုလ် သည် မိုးစက်အား လော်ရီကားကြီး၏ ခေါင်းခန်းတွင်တင်၍ တောင်ငူမြို့စွန်ရှိ စစ်တပ်ရှိရာသို့ ခေါ်ဆောင်သွားလေ၏။

ညသို့ရောက်သောအခါ စစ်တပ်အတွင်းရှိ မြေကွက်လပ် တစ်ခုတွင် မျက်လှည့်ပြရန် စင်မြင့်တစ်ခုဆောက်လုပ်၏။
အင်္ဂလိပ်စစ်သားနှင့် ကုလားစစ်သားများ
သည် မိုးစက်နှင့်အတူ အားတက်သရော ကူညီလုပ်ကိုင်ပေးလေ၏။ အင်္ဂလိပ်စစ်တပ်တွင် မီးလုံးများ စုံစုံလင်လင်ရှိသဖြင့် ဇာတ်စင်ကို မျက်စိပသာဒဖြစ်အောင် ပြင်ဆင်နိုင်လေ၏၊

မိုးစက်သည် နောက်တစ်နေ့ညမှစ၍ မျက်လှည့်ပွဲကိုစတင် လေ၏။ ကုလားစစ်သားများသည် မျက်လှည့်ပွဲကို ပိုမိုစည်ကားသွားအောင် ဘင်ကိုတဒုံးဒုံးတီး၍ ကူညီပေးကြ၏။ မိုးစက်သည် မျက်လှည့်ဝိုင်းတွင် အုတ်မှုတ်ခွက်နှင့်လုပ်ထားသော ကြိုးနှစ် ချောင်းသာပါသည့် တယောကိုထိုးပြခြင်း၊ နှင်းဆီပွင့်များကို ခြွေချ၍ လေထဲတွင် ဝေ့ယမ်းလိုက်သောအခါနှင်းဆီပန်းတစ်ပွင့် ပြန်ဖြစ်သွားခြင်း၊ ဖဲပွင့်လေးများကို စုစည်းပြီးအိတ်ထဲသို့ ထည့်လိုက်သောအခါ ကြက်ပေါက်စလေးများဖြစ်သွားခြင်း၊ ဖဲထုတ်အတွင်းမှ ဂျိုကာဖဲများကို လက်ဖျစ်တီး၍ ခုန်ထွက်စေခြင်း၊ ကျောက်သင်ပုန်းတွင် မြေဖြူဖြင့် အရိုးခေါင်းရုပ်ကိုရေးပြပြီး ဂါထာမန်းမှုတ်လိုက်သောအခါ အရိုးခေါင်းမှာထ၍ကခြင်း၊ ရောင်စုံစက္ကူစများကို ပါးစပ်ထဲတွင် ဝါးစား၍ ထွေးထုတ်လိုက် သောအခါ ဖဲပွင့်လေးများဖြစ်သွားခြင်း
စသည့် ပြကွက်များကို ပြသလေရာ စစ်သားများအားလုံး အကြိုက်တွေ့ခဲ့လေ၏။
မိုးစက်သည် အင်္ဂလိပ်စစ်တပ်တွင် သုံးညတိုင်တိုင်မျက်လှည့်ပညာများကို ပြသခဲ့လေ၏။
အင်္ဂလိပ်စစ်ဗိုလ်သည် မိုစက်၏မျက်လှည့်
ပြကွက်များကို နှစ်ထောင်းအားရ ရှိလွန်းသဖြင့် ဆုတော်ငွေများစွာပေးခဲ့၏။
မျက်လှည့်ပွဲ (၃) ညအတွက်ငွေ ၁၀၀ကျပ်ကိုလည်း သီးသန့်ပေးလေ၏။ မိုးစက်သည် နောက်တစ်နေ့နံနက်တွင် အင်္ဂလိပ်စစ်ဗိုလ်ရှိရာ ရုံးခန်းသို့သွား၍ နှုတ်ဆက်ပြီး စစ်တပ်မှထွက်ခွာလာခဲ့၏။

သူသည် စစ်တပ်အနောက်ဘက်ရှိ မလွယ်ပေါက်လေးမှ ထွက်ရန်ပြင်လိုက်စဉ် မြင်ကွင်းတစ်ခုကြောင့် ခြေလှမ်းများတုံ့ဆိုင်းသွားလေ၏။
ထိုမြင်ကွင်းမှာ အသက် ၁၃ နှစ်အရွယ်ရှိ မိန်းကလေး တစ်ဦးသည် လူတစ်ဦး၏ ခြေသလုံးကိုဖက်၍ ငိုယိုတောင်းပန် လေ၏။မိန်းကလေးကငိုယို၍
.. ကျွန်မကို သနားပါဦးလေးရယ်၊ ပိုက်ဆံနည်းနည်း လောက် ဖြစ်ဖြစ်ထုတ်ပေးပါ၊ ကျွန်မအဘိုး ဖျားပြီးအိပ်ယာထဲလဲ နေတာ သုံးရက်ရှိနေပါပြီ၊ ဆေးကုဖို့မပြောနဲ့ စားဖို့တောင်ပိုက်ဆံ မရှိလို့ အငတ်ခံနေရပါတယ်…ဟုဆိုလိုက်ရာ ထိုသူက ခြေထောက်ကိုရုန်းဖယ်လိုက်ပြီး…ဟဲ့ကောင်မလေး၊ ဒါကလေးကစားစရာမဟုတ်ဘူး၊ စစ်တပ်နဲ့အလုပ်လုပ်နေတာ တစ်လပြည့်မှ ပိုက်ဆံရှင်းပေးတာ ထုံးစံပဲ၊ ငါလဲစိုက်ရှင်းမပေးနိုင်ဘူး၊ ငါ့တာဝန်ကချက်ဖို့ပြုတ်ဖို့ တာဝန်ပဲ၊ ပိုက်ဆံရှင်းပေးရမှာ ငါနဲ့မဆိုင်ဘူး…ဟု လေသံမာမာဖြင့်ပြောလေ၏။ မိန်းကလေးက ငိုယို၍
“ ဒါဆိုရင် အင်္ဂလိပ်စစ်ဗိုလ်ကြီးကို ပြောပေးပါဦးလေးရယ်၊ ကျွန်မအဘိုးသေပါတော့မယ်…ဟု တောင်းပန်ပြန်၏။ထိုသူက ကရုဏာစိတ်ရှိဟန်မတူဘဲ ခေါင်းခါ၍
…..အို ငါမပြောရဲဘူး၊ လာမရှုပ်နဲ့ကောင်မလေး၊ ငါအလုပ် လုပ်ရဦးမယ် .. ဟု ငြင်းဆန်ကာ နောက်သို့ဆုတ်လေ၏။ မိုးစက်က ထိုသူ၏အနီးသို့သွား၍ .. ဘာဖြစ်လို့လဲဗျ….ဟု မေးမြန်းလေရာ ထိုသူက… ဘာမှမဟုတ်ပါဘူး၊ သူ့အဘိုးက အင်္ဂလိပ်စစ်တပ်ကို ဟင်းသီးဟင်းရွက်တွေ သွင်းတယ်ဗျာ၊ ပိုက်ဆံကတော့ ထုံးစံ အတိုင်း လရှင်းစနစ်ပေါ့ဗျာ၊ အခု (၇) ရက်ရှိပြီ၊ ဟင်းသီး ဟင်းရွက်တွေလဲ လာမသွင်းဘူး၊ သူ့အဘိုးနေမကောင်းလို ပိုက်ဆံထုတ်ပေးပါလို့ ပြောနေတယ်၊ အင်မတန်စည်းကမ်းစနစ်ကြီးတဲ့ အင်္ဂလိပ်တွေနဲ့ အလုပ်လုပ်နေရတာဗျ၊ ဒီလိုလုပ်လို့ ဘယ်ရ မလဲ….ဟုပြောလေရာ မိန်းကလေးက ငိုယို၍……. အဘိုး
နေမကောင်းလို့ ဟင်းသီးဟင်းရွက်တွေ မသွင်းနိုင်တာပါရှင်….ဟု သနားစဖွယ်ကောင်းပန်လေ၏။ မိုးစက်က သက်ပြင်းချ ၍ မိန်းကလေး၏အနိးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး
….မငိုပါနဲ့ ကလေးရယ်၊ ကလေးရဲ့အခက်အခဲတွေကိုဦးလေးကူညီပါမယ်၊ ကလေးအိမ်ကို ဦးလေးလိုက်ခဲ့မယ်၊ ဘာမှမပူနဲ့၊ ဦးလေးမှာ ပိုက်ဆံတွေအများကြီးပါတယ် ….ဟု ပြောလိုက်ရာ မိန်းကလေးက မယုံနိုင်ဟန်ဖြင့်….တကယ်လားဦးလေးရယ်၊ ကျွန်မအဘိုး အိပ်ရာထဲမှာ လဲနေတာ သုံးရက်ရှိပါပြီ”…ဟုပြောလေ၏။

မိုးစက်က မိန်းကလေး၏ပခုံးကိုဖက်၍ သူမ၏အိမ်သို့ လိုက်သွားလေ၏။ မိန်းကလေး၏အိမ်သည် စိမ်းစိမ်းစိုစိုရှိသော စိုက် ခင်းများအလယ်ရှိ ခနော်ခနဲ့ တဲအိမ်လေးဖြစ်၍ မိုးစက်သည် ယိုင်နဲ့နေသော တဲအိမ်လေးပေါ်သို့ ရောက်သောအခါ အဖျားတက်၍ မေ့မျောလုနီးနီးဖြစ်နေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရလေ၏။
အဘိုးအိုသည် အဖျားတက်ပြီး အစာရေစာ ပြတ်လပ်နေ သောကြောင့် လွန်စွာအင်အားချိနဲ့နေဟန်ရှိ၏။ အဘိုးအို၏အခြေအနေသည် လွန်စွာစိုးရိမ်ရသောအခြေအနေရှိ၏။ ထို့ကြောင့် မိန်းကလေးဘက်သို့လှည့်၍…
ဒီမှာကလေး၊ ဒီမြို့မှာဆေးဆရာ အိမ် ဘယ်မှာရှိသလဲ…ဟု မေးမြန်းလေရာ မိန်းကလေးက မြို့လယ်ခေါင်ရှိ လိပ်စာ တစ်ခုကို ရွတ်ပြလေ၏။ မိုးစက်သည် ဆေးဆရာရှိရာသို့ အပြေးနှင်ခဲ့လေ၏။
ဆေးဆရာသည် မြို့လယ်ခေါင်ရှိ ကြီးမားသော နှစ်ထပ် ပျဉ်ထောင်အိမ်ကြီးတွင် နေထိုင်လေ၏။ မိုးစက်က ဆေးဆရာ ပင့်လိုကြောင်း ပြောလေရာ ဘန်ကောက်လုံချည်နှင့် ပေတင်ရှူး ဖိနပ်စီးထားသော ဆေးဆရာက အထင်သေးဟန်ဖြင့် ကြည့်
၍…ခြေကြွခပေးနိုင်လို့လားမောင်ရင်၊ ဒါမျိုးတွေ ကြုံပေါင်း များလှပြီ၊ မောင်ရင်တို့လို အတန်းအစားတွေဟာ ဆေးဆရာကို အူယားဖားရားပင့်ပြီး ပိုက်ဆံပေးကာနီးတော့မှ ဟိုလိုလို ဒီလိုလို လုပ်တော့တာပဲ…
ဟုပြောလေရာ မိုးစက်သည် ဆေးဆရာလူကြီးကို လွန်စွာ စက်ဆုတ်သွားပြီး .. …ဒီမှာဆရာကြီး မြို့စွန်ကိုပင့်ရင် ခြေကြွခဘယ်လောက်ယူမလဲ….
ဟု မေးမြန်းလေရာ ဆရာကြီးက…ခြေကြွခတစ်မူးပေးရမယ်ဆေးဘိုးကတော့ ကျသလောက်ပေးရမယ်..ဟုပြောလေ၏။
မိုးစက်၏ အိတ်ထဲသို့ နှိုက်၍ ငွေတစ်ကျပ် ကိုထုတ်ကာ..ဒီမှာဆရာကြီး ခြေကြွခတစ်ကျပ်တိတိပေးမယ်၊ လူနာအရေး
ကြီးနေလို့ အမြန်ဆုံးလိုက်ခဲ့ပေတော့….
ဟုဆိုလိုက်ရာ ဆရာကြီးသည် ငွေတစ်ကျပ်ကို ဖင်ပြန် ခေါင်းပြန်ကြည့်၍ကမန်း ကတန်း ဆေးအိတ်ကိုဆွဲ၍ လိုက်ခဲ့လေ၏။
မိုးစက်သည် ဆေးဆရာကြီးကိုမြင်းလှည်းငှား၍ မြို့စွန်ခြံသို့ ပင့်ခဲ့လေ၏။
ဆေးဆရာကြီးသည် လူနာကို စမ်းသပ်ပြီးနောက် ခေါင်းခါ၍…မရတော့ဘူးမောင်ရင်ကျုပ်မပြောနဲ့ သိကြားမင်း ဆင်းကုတာတောင် မပျောက်တော့ဘူး၊ ဒီလူနာကိုကုရင် ကျုပ်ရဲ့ `ဆရာလှဆိုတဲ့ နာမည်ပျက်ဖို့ပဲရှိတယ် ,,ဟုဆိုကာ တစ်ကိုယ်ကောင်းဆန်စွာဖြင့် အိမ်ပေါ်မှ ဆင်းပြေးလေ၏။
မိုးစက်သည် သမားစိတ်မရှိသော ဆေးဆရာကို ဆွဲမထားလိုတော့ပေ။
မိန်းကလေးသည် မိုးစက်တို့ပြောစကားကို အစအဆုံး နားထောင်နေသူဖြစ်သဖြင့် ဝမ်းပန်းတနည်းရှိုက်ငိုလိုက်လေ၏။
မိုးစက်သည် ထိုအဖြစ်ကိုကြည့်၍ လွန်စွာစိတ်မကောင်းဖြစ်သွား၏။ ဤမြေးအဘိုးကို သူမည်သို့ကူညီရမည်နည်း။ လူ တစ်ဦးတစ်ယောက်၏ အသက်ကို သေလိုရာသေ၊ ရှင်လိုရာရှင်စေသော အစွမ်းသတ္တိရှိလျှင် မည်မျှကောင်းမည်နည်း။
ထိုအခိုက်မှာ ပင်သူ၏အိတ်ထဲတွင်ရှိသော နတ်ဆေးဂမုန်းရွက်လေးကို သတိရလိုက်
၏။
….ဘုရားမတာပဲ၊ ငါလဲထူပူနေပြီး အမေပေးတဲ့ နတ်ဆေး ဂမုန်းရွက်လေးကို မေ့နေတယ်၊ နတ်ဆေးဂမုန်းဟာ ကိုးဆယ့် ခြောက်ပါးဝေဒနာတွေအတွက် အသက်ကယ်ဆေးလို့ ပြောတယ်၊ ဟုတ်မဟုတ် ဒီနေရာမှာ စမ်းသပ်ကြည့်ရတော့မှာပဲ….
မိုးစက်သည် အတွေးဆုံးသည်နှင့် မီးဖို
ချောင်သို့ဝင်၍ စက္ကူဖြင့် သေချာစွာ ထုပ်သိမ်းထားသော နတ်ဆေးဂမုန်းရွက် လေးကို ဖန်ခွက်တစ်ခွက်ဖြင့် အရည်ညှစ်လေရာ ခြောက်သွေ့နေသော နတ်ဆေးဂမုန်းရွက်လေးမှ အစိမ်းရောင် အရည်များရ လေ၏။
သူသည် နတ်ဆေးဂမုန်းမှ အရည်ညှစ်ထားသော ဖန်ခွက် ကလေးကိုယူ၍ မိန်းကလေးအနီးသို့သွားကာ….ကလေး မငိုပါနဲ့ကွယ်၊ ဆေးဆရာကြီးက မကုတော့ဘူး ပြောပေမယ့် ဦးလေးမှာ အစွမ်းထက်တဲ့ ဆေးရှိပါတယ်၊ ဒီဆေးရည်ကို အဘိုးကို တိုက်ကြည့်ရအောင်….ဟုဆိုကာ အဘိုးကို၏ပါးစပ်ကိုဟ၍ အစိမ်းရောင်နတ်ဆေး ဂမုန်းများကို တိုက်လေ၏။ နတ်ဆေးဂမုန်းတိုက်ပြီး ၁ နာရီခန့်အကြာတွင် အဘိုးအို၏တစ်ကိုယ်လုံး တဖြည်းဖြည်းအေးပြလာ၏။ ဖြူဖတ်ဖြူရော်ဖြစ်နေသော မျက်နှာမှာလည်း ပြန်လည်နီမြန်းစပြုလာ၏။ သွေးခုန်နှုန်း ပုံမှန်ဖြစ်လာ၏။
မိုးစက်သည် နတ်ဆေးဂမုန်း၏ အံ့မခန်းအစွမ်းထက်မြက်ပုံကို လွန်စွာအံ့ဩဝမ်းသာသွားပြီး အရည်ညှစ်ထားသောဆေးရွက်ကို ယူ၍ အဘိုးအိုအား ဝါးစားခိုင်းလိုက်၏။
နောက်တစ်နာရီခန့်ကြာသောအခါ အဘိုးအို၏ အခြေ အနေသည် စိတ်ချရသော အနေအထားသို့ ရောက်လာလေ၏။ ထိုအခါမှပင် မိုးစက်သည် မြို့တွင်းသို့ပြေး၍ ကြက်ဥနွားနို့၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ဘီစကစ်၊ နို့ဆီ၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ကို ဝယ်ယူ၍ လှည်းဖြင့်တင်ကာ အိမ်သို့ပြန်ခဲ့၏။

ထို့နောက် နွားနို့ကိုကျိုကာ အဘိုးအိုအား ပူပူနွေးနွေး သောက်စေ၏။ မိန်းကလေးအား မီးမွှေး၍ ကြက်ဥကြော်စေပြီး ပေါင်မုန့်နှင့် အဆာပြေစားစေ၏။
မိန်းကလေးသည် သုံးရက်တိတိ အစာငတ်မွတ်နေသဖြင့် အငမ်းမရ စားသောက်လေ၏။ မိန်းကလေးစားသောက်နေစဉ် မိုးစက်က ထမင်းချက်၏။ ထမင်းကျက်သောအခါ ကြက်ဥ၊ ငါးခြောက်၊ အာလူးတို့ကို မဆလာနိုင်နိုင်ဖြင့် ချဉ်ရည်ဟင်းချက် လေ၏။ မိန်းကလေးသည် မိုးစက်ချက်ကျွေးသော ထမင်းဟင်းများကို မြိန်ရှက်စွာ စားသောက်ပြန်၏။

ပိုးစက်သည် ထိုညတွင် တဲအိမ်ကလေး၌
သာ အိပ်စက်ခဲ့ လေ၏။ သူသည် အဘိုးအိုအား တစ်ညလုံးကောင်းစွာ ပြုစု၏။
ခွန်အားရှိမည့် အစားအစာများ တဖြည်း
ဖြည်းကျွေးမွေးလေ၏။ အဘိုးအိုသည် အားတင်ပြည့်ပြီးလာ၏။ နောက်တစ်နေ့သို့ ရောက်သောအခါ အဖျားရောဂါ ကင်းစင်သွားပြီးစကား အနည်းငယ်ပြောဆိုလာနိုင်၏။
မိန်းကလေးသည် မိုးစက်ကူညီစောင့်
ရှောက်မှုများကို အဘိုးအိုအား ဝမ်းသာအားရပြောဆိုလေ။ အဘိုးကိုသည် အားယူ၍ နစ်လိုဖွယ်ပြီ ပြုံး၍….ကျုပ်တို့မြေးအဘိုးပေါ်မှာ ဒီလောက်တောင်ကောင်းနေ တဲ့လူကလေးဟာ လူသားစစ်စစ် ဟုတ်ရဲ့လားသိကြားမင်းများ လူယောင်ဖန်းဆင်းပြီး ရောက်လာသလား….
ဟုမေးမြန်းလေရာ မိုးစက်က ရယ်မော၍
….သိကြားမဟုတ်ပါဘူးအဘိုးရယ်၊ လူသားစစ်စစ်ပါး ဒုက္ခ ရောက်နေတဲ့သူကို ကူညီရန်ဝတ္တရားက လူသားတိုင်းမှာ ရှိပါ
တယ်….ဟုပြောဆိုလိုက်လေတော့၏။
မိုးစက်သည် အဘိုးအိုအား အတန်ကြာအောင် ပြုစုပြီးနောက် ဈေးသို့သွားကာ ကြက် တစ် ကောင်ကို ဝယ်ယူ၍ အသားအချို့ကို စွပ်ပြုတ်လုပ်လေ၏။ ကျန်သောအသားများကို ဆီပြန်ဟင်းချက်၏။
ထို့နောက် ခြံထဲမှ ချဉ်ပေါင်ရွက်များကိုခူးဆွတ်၍ ချဉ်ရည်ဟင်းချက်ပြီငါးပိရည်ကောင်းကောင်းဖျော်၏။ ထို့နောက် တို့စရာစုံစုံလင်လင်ဖြင့် မနက်စာ စီစဉ်လေ၏။ အဘိုးအိုအား ခွန်အားရှိစေရန် ကြက်စွပ်ပြုတ်တိုက်၏။ မိုးစက်နှင့်မိန်းကလေးကမူ ကြက်သားဟင်းနှင့်ထမင်းကို မြိန်ရှက်စွာစားသောက်ကြလေ၏။ ထမင်းစားသောက်ပြီးသောအခါ မိန်းကလေးကို တရေးတမောအိပ်စေပြီး မိုးစက်ကမူ ရေတွင်းမှ ရေကိုငင်၍
ခြံတွင်းရှိညိုးငယ်စပြုနေသော သီးပင်စားပင်များကို ရေလောင်းလေ၏။
ပေါင်းပြက်များကို ခုတ်ထွင်ရှင်းလင်းလေ၏။ သူသည် ညနေစောင်းသည်အထိ ခြံထဲတွင် အချိန်ကုန်လေ၏။ မိန်းကလေး အိပ်ရာမှ နိုးလာသောအခါ မိုးစက်က မြို့တွင်းသို့ ခေါ်ဆောင် သွားပြီး တရုတ်ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် တရုတ်စာများကို ကျွေး မွေးလေ၏။
ထို့နောက် ဈေးသို့သွား၍ မိန်းကလေးအတွက် လုံချည်နှင့် အင်္ကျီများကို ဝယ်ယူပေးလေ၏။ ဘီး၊ မှန်နှင့်မျက်နှာချေမှုန့်၊ ပေါင်ပါ အစရှိသော မိန်းမအသုံးအဆောင်ပစ္စည်းများကိုလည်း ဝယ်ယူ၏။
မိန်းကလေးသည် အပျိုပေါက်အရွယ်သို့ ရောက်ရှိနေရာ မိုးစက်ဝယ်ပေးသော ပစ္စည်းများအတွက် လွန်စွာမှပင် ဝမ်း မြောက်ဝမ်းသာဖြစ်လေ၏။
အိမ်သို့ပြန်ရောက်သောအခါ အဘိုး အိုအား ကြက်ဥ၊ နွားနို့နှင့် ကြက်သားစွပ်ပြုတ်ရည်ကို တိုက်ကျွေး လေ၏။
အဘိုးအိုသည် ထူထူထောင်ထောင်ဖြစ်လာလေ၏။ မိန်းကလေးသည် မိုးစက်ဝယ်ပေးသောပစ္စည်းများကို အဘိုးအိုအား ပျော်ရွှင်စွာပြသနေလေ၏။ မိုးစက်သည် နောက်တစ်နေ့မှစ၍ အဘိုးအို၏ ခြံထွက်ပစ္စည်းများကို ခူးဆွတ်၍ တွန်းလှည်းပေါ်သို့ တင်ကာ အင်္ဂလိပ်စစ်တပ်သို့ သွားပို့လေ၏။
စစ်တပ်ဝင်ပေါက်သို့ရောက်သောအခါ ၎င်းကိုမှတ်မိသေး အင်္ဂလိပ်စစ်သားများက
….မျက်လှည့်ဆရာကြီး ဘယ်လိုကြောင့် ဟင်းသီးဟင်းရွက် တွန်းလှည်းကြီးနဲ့ ရောက်လာတာလဲ…ဟုနောက်ပြောင်လေရာ မိုးစက်က ရယ်မော၍..မျက်လှည့်ပြမလို့….ဟုဆိုကာ မျက်လှည့်ပညာဖြင့် ငှက်ပျောသီးများကို လေထဲတွင် ဝှေ့ယမ်းရင်း တစ်လုံးမှနှစ်လုံး၊ နှစ်လုံးမှ သုံးလုံး ဖြစ်အောင်ပြလိုက်ရာ တပ်သားများသည် လွန်စွာသဘောကျ၍
လက်ခုပ်လက်ဝါးတီးလေ၏။
အပိုင်း ၁၅ ဇာတ်သိမ်း ဆက်ရန်

ဆရာ မင်းမြတ်သူရ ကို
လေးစားစွာဖြင့်
#Credit

မင်းမြတ်သူရ
#ပဥ္စလက်မောင်နှမ
အပိုင်း (၁၅)ဇာတ်သိမ်း

ဤသို့ဖြင့် မိုးစက်သည် ဒုက္ခသည် မြေး
အဘိုး၏နေအိမ်တွင် သောင်တင်နေလေ၏။ သူသည် ၎င်းတို့နှင့်နေထိုင်စဉ် အဘိုးအို၏ ယိုင်နဲ့နေသော ခြံစည်းရိုးများကို ဖျက်ချပြီး တွန်းလှည်းဖြင့် သစ်များကိုဝယ်ယူလာကာ ကိုယ်တိုင်ပြုပြင်ပေးလေ၏။
ပြီးနောက်တွင်မူ မိုးလုံလေမလုံဖြစ်နေသော ယိုင်နဲ့နဲ့ တဲ အိမ်ငယ်လေးကို ဖျက်၍ တဲအိမ်အသစ် ဆောက်လုပ်ပေးရန် ပြင်ဆင်သော
အခါအဘိုးအိုက…မလုပ်ပါနဲ့ လူကလေးရယ် လူကလေးကို အားနာလှပါပြီ၊ လူကလေးလဲ ပိုက်ဆံတွေကုန်လှပါပြီ….ဟုဆိုလေရာ မိုးစက်က ခေါင်းခါ၍
.. အားမနာပါနဲ့အဘိုးရယ်…ကျွန်တော် ပိုက်ဆံကုန်တာ အရေးမကြီးပါဘူးပိုက်ဆံဆိုတာ အချိန်မရွေးပြန်ရှာလို့ ရပါတယ်၊ အချို့သောလူတွေဟာ လက်ထဲမှာ ပိုက်ဆံတွေအများကြီးရှိမှ လောကကြီးမှာနေဖို့ သတ္တိရှိကြတယ်၊ အဲဒီအထဲမှာ ကျွန်တော် မပါဘူး၊ ကျွန်တော်ဟာ အစဉ်သဖြင့် လွတ်လပ်ပေါ့ပါးနေတယ်၊ ကျွန်တော့်ကို ချုပ်နှောင်ထားတဲ့အရာ တစ်ခုမှမရှိဘူး၊ ဘာကိုမှ ဆုပ်ကိုင်မထားဘူး၊ ဘာကိုမှလဲ မျှော်လင့်မထားဘူး၊ ဒါကြောင့်
ကျွန်တော့်အတွက် ပိုက်ဆံဟာ အရေးမကြီးပါဘူး၊ ပိုက်ဆံထက် အရေးကြီးတာက စိတ်ချမ်းသာမှုပါ၊ မေတ္တာနဲ့ မျှဝေခံစားနိုင်မှုပါ””ဟုပြောလေရာ အဘိုးအိုလည်း မိုးစက်ကို တားဆီး၍ မစွမ်းနိုင် အောင်ရှိတော့၏။

မိုးစက်သည် နောက်တစ်နေ့မှစ၍ တဲအိမ်ငယ်လေးကိုဖျက်ကာ တဲအိမ်သစ်ဆောက်လုပ်ရန် စီမံလေ၏။
မိုးစက်အား အဘိုးအိုနှင့်မြေးမလေးက ကူညီလုပ်ကိုင်ပေးလေ၏။
မိန်းကလေးသည် မိုးစက်စားရန် ထန်းလျက်နှင့် ရေနွေး ကြမ်းကို စီမံပေးရင်း…ညက မက်တဲ့ အိပ်မက်က ဆန်းလိုက်တာ ဦးလေး…ဟုဆိုလေရာ မိုးစက်က နားစွင့်ရင်း
..ဘယ်လိုအိပ်မက်လဲ ကလေး ,,
ဟုမေးမြန်းလေ၏။
မိန်းကလေးက စဉ်းစားဟန်ပြု၍
““ သမီးတို့ခြံရှေ့ကို ဆင်ကြီးတစ်ကောင်ရောက်လာတယ် ဦးလေးရဲ့၊ ဆင်ကြီးဟာခံ့ညားလိုက်တာ မပြောပါနဲ့တော့၊ အလွန် လှတဲ့ ကကြိုးတန်ဆာတွေလဲ ဆင်ယင်ထားတယ်၊ ဆင်ကြီးက သမီးရှေ့မှ ဝပ်ပေးတော့ သမီးလဲ လိုက်စီးသွားတာပေါ့၊ နောက်ပြီးတော့ တောင်မြင့်ကြီးတစ်လုံးပေါ်ကို ဆင်ကြီးနဲ့ တက်သွားတယ်၊တောင်ကြီးပေါ်လဲရောက်ရော သမီးလဲ လန့်နိုးသွားတယ်””. ဟုဆိုလေရာ အဘိုးအိုကဝင်၍..“ ဟင်း .. ဒါဆို အဘိုးနဲ့မြေးလေးနဲ့ ထူးဆန်းတဲ့အိပ်မက်ခြင်း မက်တာတူနေပြီ၊ အဘိုးတစ်သက်မှာ ဒီလိုအိပ်မက်မျိုး တစ်ခါဖူးမှ မမက်ဖူးပါဘူး၊
အဘိုးရဲ့ခြံထဲကို စဥ့်အိုးကြီးနဲ့အပြည့် ထောပတ်တွေ၊ ပျားရည်တွေ ရောက်လာတယ်၊ ထောပတ်နဲ့ ပျားရည်တွေကို ကော်ပြီးစားကြည့်တော့ အရသာအလွန်ရှိတာပဲ၊
ဒါကြောင့် အဘိုးလဲ ထောပတ်တွေ၊ ပျားရည်တွေကို တဝကြီး ထိုင်စားရတယ်လို့ အိပ်မက်မက်တယ်….
ဟုပြောလေ၏။ မိုးစက်က မြေးအဘိုးနှစ်ယောက်၏ အိပ် မက်ကို သေချာစွာနားထောင်၍ လက်ဖျစ်တီးတာ… ဝမ်းသာစရာပဲ အဘိုးရဲ့၊ အိပ်မက်တွေနဲ့ပတ်သက်ပြီး အတိတ်နိမိတ် ကောက်တဲ့ပညာကို ကျွန်တော့်အဘိုးက သင်ကြား ပေးဖူးတယ်၊ မြေးအဘိုးနှစ်ယောက်စလုံးရဲ့ အိပ်မက်က ဥစ္စာ စီးပွား တိုးတက်ပြီး ငွေအစုလိုက်အပုံလိုက်ရမယ့် နိမိတ်ပဲ၊ ဒါကြောင့် ဒီနေ့ပဲ မြို့ထဲကိုသွားပြီး ထိထိုးဖို့ အကြံပေးချင်တယ်၊ ထီထိုးတဲ့အခါ အဘိုးတို့မြေးအဘိုးကိုယ်တိုင်သွားပြီးထီထိုးပါ… ‘
ဟု အားတက်သရော အကြံပေးလေ၏။ ညနေစောင်း သောအခါ မြေးအဘိုးနှစ်ယောက်သည် မြို့တွင်းသို့ မြင်းလှည်းဖြင့် သွားကာထိ (၃) စောင်ထိုးလေ၏။
မိုးစက်သည် တဲအိမ်ကလေးကို မျက်စိပသာဒဖြစ်အောင် ကြိုးစား၍ ဆောက်လေ၏။
မိုးစက်ဆောက်သော တဲအိမ်ကလေးသည် ဝရန်တာငယ်လေးလည်းပါသဖြင့် လွန်စွာလှပ၏။ လွန်စွာမှလည်း စိတ်ကူးယဉ်ဆန်လှ၏။ မြေးအဘိုးနှစ်ယောက်သည် ထီလက်မှတ်သုံးစောင်ကို မိုးစက်လက်သို့ အပ်ထားလေ၏။
တစ်ပတ်ခန့်ကြာသောအခါ ထီဖွင့်ပြီဖြစ်၍ မိုးစက်သည် မြို့ထဲသို့သွားရင်း ထီဆိုင်ရှေ့တွင် လှည့်လည်ကြည့်ရှုလေရာ ထိ လက်မှတ် ၃ စောင်အနက် တစ်စောင်က (၅ဝဝဝိ/-) ဆုပေါက် နေကြောင်း ဝမ်းမြောက်ဖွယ်တွေ့ရ၏။

ထိုခေတ်က မြိတ်ထုံးရွှေဒင်္ဂါးတစ်ပြားလျှင် ၁၈ ကျပ်မျှသာ ရှိသောခေတ်ဖြစ်လေရာ
ငွေ ၅ဝဝဝ သည် တန်ဖိုးရှိသည်ဟု ဆိုနိုင်၏။
မိုးစက်သည် တဲအိမ်လေးသို့ အမြန်ပြန်ခဲ့ပြီး ထီပေါက်သည့် အကြောင်းကို မြေးအဘိုး
နှစ်ယောက်အား ပြောလေရာ ၎င်းတို့သည် လွန်စွာမှပင်ဝမ်းမြောက်ဝမ်းသာဖြစ်လေ၏။ မိန်းကလေးသည် ပျော်ရွှင်စွာ သီချင်းများအော်ဟစ်သီဆိုလေ၏။
အဘိုးအိုက..“တကယ်တော့
အဘိုးတို့ထိပေါက်တာ လူကလေး ကျေးဇူးကြောင့်ပါ၊ လူကလေးသာ ထီထိုးဖို့ အကြံမပေးခဲ့ရင် အဘိုး ထိပေါက်မှာမဟုတ်ဘူး၊ လူကလေးဟာ အဘိုးအသက်ကိုလဲ ကယ်ခဲ့တယ်၊ အသက်ကြီးလို့ ဘုရားသွားကျောင်းတက်ပြီး လှူနိုင် တန်းနိုင်အောင်လဲ ကူညီပေးခဲ့တယ်၊ လူကလေးကျေးဇူးတွေကို အဘိုး ဘယ်လိုဆပ်ရမှာလဲ….
ဟုပြောလေ၏။ ထိုအခါ မိန်းကလေးကလည်း စကားဝိုင်းသို့ဝင်၍…. ဒီအချိန်မှာ သမီးတို့အနားမှာ ဒေါ်လေးမြနန္ဒာရှိရင် သိပ်ကောင်းမှာပဲနော်….ဟု ရေရွတ်လေရာ အဘိုးအိုသည် ရီဝေသောမျက်လုံးများ ဖြင့် အဝေးသို့ငေးကြည့်၍
…“ မြနန္ဒာ၊မြနန္ဒာ အညိုးကြီးလိုက်တဲ့ သမီးမိုက်၊ ဘယ်ရောက်လို့ ဘယ်ပေါက်နေသလဲကွယ် …ဟု ရေရွတ်လေရာ မိုးစက်က မျက်မှောင်ကြုတ်၍
…မြနန္ဒာဆိုတာ ဘယ်သူလဲအဘိုး၊ ကျွန်တော်သိခွင့်ရရင်သိပါရစေ…. ဟု မေးမြန်းလေ၏။ အဘိုးအိုသက်ပြင်းချ၍
…..လူကလေးကို ပြောပြဖို့အဘိုးမှာ ရည်ရွယ်ချက် ရှိပြီးသားပါ၊ ညရောက်ရင် အေးအေးဆေးဆေး ပြောပြတာပေါ့ ညသို့ ရောက်သောအခါ မိုးစက်နှင့် မြေးအဘိုးသည် ဝရန် တာငယ်လေးတွင် ရေနွေးကြမ်း၊ လက်ဖက်သုပ်၊ ထန်းလျက် စသည့် စားသောက်ဖွယ်ရာများကို ယူဆောင်၍ အနားယူကြ လေ၏။ အဘိုးအိုက ရေနွေးကြမ်းတစ်ခွက်ကို သောက်ရင်း သူ၏ဘနောက်ကြောင်း
ကို ပြောပြလေ၏။
…အဘိုးမှာ မြသီတာနဲ့ မြနန္ဒာဆိုတဲ့ သမီးနှစ်ယောက်ရှိတယ်၊ အဘိုးရဲ့ဇနီးကတော့ သမီးငယ် မြနန္ဒာကိုမွေးရင်း မီးတွင်း ထဲမှာပဲ ဆုံးပါးသွားခဲ့တယ်၊ သမီးငယ်မြနန္ဒာကို အဘိုးရဲ့ ညီမရင်း ဒေါ်ပိုက မွေးစားဖို့ ခေါ်သွားတယ်၊ မြသီတာနဲ့ မြနန္ဒာဟာ ညီအစ်မဆိုပေမယ့် စိတ်သဘောထားကတော့ တစ်ယောက်နဲ့ တစ်ယောက် အတော်ကွာခြားတယ်၊ မြသီတာအေးဆေးတယ်၊ စိတ်သဘောထား သိမ်မွေ့တယ်၊ အရှက်အကြောက်ကြီးတယ်၊ သမီးငယ် မြနန္ဒာကတော့ ရုပ်ရည်အလွန် ချောသ
လောက် စိတ်ထက်တယ်၊ စိတ်မာတယ်၊အငြိုးအတေးကြီးတယ်၊ သမီးကြီး မြသီတာဟာ စက်ချုပ်နဲ့ ပန်းထိုးပညာသင်ဖို့ ဆွေမျိုးနီးစပ်တော်သူတစ်ယောက်နဲ့ အောက်ပြည်အောက်ရွာကို လိုက်သွားခဲ့ တယ်၊ သမီးဟာ စက်ချုပ်နဲ့ ပန်းထိုးသင်ရင်း ပန်းချီဆရာ တစ်ယောက်နဲ့ ခင်မင်ခဲ့တယ်၊ ပန်းချီဆရာဟာ ပိုက်ဆံအလွန် ချမ်းသာတဲ့ ဆွေကြီးမျိုးကြီးထဲက ပဲတဲ့၊ သူဟာ သမီးကို အခကြေးငွေပေးပြီး ကိုယ်ဟန်ပြပေးဖို့ တောင်းဆိုခဲ့တယ်၊
သူပေးတဲ့ငွေဟာ မက်မောစရာဖြစ်တဲ့အတွက် သမီး ကိုယ်ဟန်ပြပေးဖို့ သဘော တူခဲ့တယ်၊ ဒီလိုနဲ့ပန်းချီဆရာရဲ့ ခြေတော်တင်ခြင်းကို
ခံလိုက်ရ တယ်၊ သမီးဟာ ပန်းချီဆရာရဲ့ မတရားမှုကြောင့် မပေါ့မပါး ဖြစ်တဲ့အခါ လူယုတ်မာပန်းချီဆရာက တာဝန်ယူဖို့ ငြင်းဆန်ခဲ့ တယ်၊ သူတို့ဟာ မြို့မျက်နှာဖုံး ဆွေကြီးမျိုးကြီးတွေလေ၊ သာမန် စက်ချုပ်သမတစ်ယောက်ကို ဘယ်ယူချင်ပါ့မလဲ၊ သမီးမိုက်ဟာ ငိုကြီးချက်မနဲ့ အိမ်ကို ပြန်လာခဲ့တယ်၊အဘိုးတို့ မြေးအဘိုးဟာ လူယုတ်မာတစ်ယောက်ကြောင့် ခေါင်းမဖော်နိုင်အောင် အရှက်ရခဲ့တယ်၊ ပတ်ဝန်းကျင်က ကဲ့ရဲ့တင်းဆိုတဲ့ကြားက ဒီကလေးမလေး ကို မွေးခဲ့ရတယ်….
” ဟု ဆိုလိုက်ရာ မိုးစက်သည် မိန်းကလေး
၏ သနားဖွယ်အဖြစ်ကိုတွေး၍ စိတ်မကောင်းဖြစ်သွားလေ၏။ သူ၏နှုတ်မှလည်း…. ယုတ်မာလိုက်ကြတာဗျာ၊ အမျိုးယုတ်တွေ… ဟု ရေရွတ်လေ၏။ အဘိုးအိုကဆက်လက်၍….သမီးမိုက်ဟာ မြေးမလေးကိုမွေးပြီး မကြာပါဘူး။ စိတ်နှလုံးကြေကွဲတဲ့ဝေဒနာနဲ့ အသက်ဆုံးခဲ့ရတယ်၊ အဘိုးဟာ မြေးမလေးကို ကြီးပြင်းအောင် မွေးမြူခဲ့တယ်၊ ဒါကြောင့် မြို့လယ်ခေါင်ကနေ မြို့စွန်ကို ပြောင်းရွှေ့ပြီးနေခဲ့တယ်၊ အဘိုးနဲ့မြေးမလေး ရဲ့အဖြစ်ကို အဘိုးရဲ့ညီမရင်းက မွေးစားထားတဲ့ သမီးငယ်မြနန္ဒာ ကြားတဲ့အခါမှာ စိတ်ထက်သူပီပီ လူယုတ်မာ ပန်းချီဆရာကို မရရအောင် ရှာပြီးကလဲ့
စားချေမယ်ဆိုပြီး အိမ်ကထွက်သွားခဲ့ တယ်၊ မြနန္ဒာထွက်သွားတာ ၅ နှစ်တင်းတင်းပြည့်တော့မယ်၊ ဒီနေ့အထိ ပြန်ရောက်မလာသေးဘူး….
ဟု ရှင်းလင်းပြလေ၏။ မိုးစက်သည် ထိုညက ကောင်းစွာ အိပ်မပျော်ခဲ့ပေ။
အဘိုးအိုနှင့် မြေးမလေး၏ သနားစဖွယ်အဖြစ် ဆိုးကို တွေးတောနေမိ၍ ဖြစ်၏။ သူသည် မြင်းဖြူရှင်ရုပ်ကလေးကို ရှာဖွေနေသည်မှာ နှစ်နှစ်ကျော်နေပေပြီ။
ယနေ့အထိ မြင်းဖြူရှင် ရုပ်နှစ်ရုပ်ကို အရိပ်အယောင်မျှပင် မမြင်ရသေးပေ။
ချောမေသူ့ကို မျှော်နေပေရော့မည်။
သူသည် ထိုကာလ များအတွင်း ချောမေကို မကြာခဏ သတိရနေမိ၏။
ချောမေကို သူချစ်နေလေပြီလားမသိ။

မိုးစက်သည် မြေးအဘိုးနှစ်ယောက်၏ထီလက်မှတ်ကိုယူ၍…ရန်ကုန်မြို့သို့သွားကာ ငွေ ၅ဝဝဝ ကိုထုတ်ယူလေ၏။ ထို့နောက် ငွေ ၅၀၀ ကျပ်ကိုဖယ်ထားပြီး ကျန်ငွေ ၄၅ဝဝ ကျပ်ကို မက္ကဇင့်ဘဏ်တွင် အပ်နှံပေးလိုက်
၏။ ဘဏ်မှရရှိသော ဘဏ်တိုးငွေသည် မြေးအဘိုးနှစ်ယောက်အတွက် စားလောက်ရုံမျှမက ပိုလျှံ၍ပင်နေလေ၏။
မိုးစက်သည် အလုံးစုံကို ပြုလုပ်ပြီးသောအခါ မြေးအဘိုး နှစ်ယောက်ထံမှ ထွက်ခွာရန် ပြင်ဆင်ရလေ၏။ သူ၏တာဝန် ဝတ္တရားများ ကျန်ရှိနေသေး၏။ မြန်မာပြည်အနှံ့လှည့်လည်ကာ မြင်းဖြူရှင်ရုပ်နှစ်ရုပ်ကို ရှာဖွေရဦးမည်။
မြင်းဖြူရှင်ရုပ်နှစ်ရုပ်ကို ရှာဖွေရေးသည် သူတို့မိသားစု၊ အရေးအကြီးဆုံး တာဝန်
ဖြစ်၏။
မိုးစက် မြို့ကလေးမှ မထွက်ခွာမီ မြေး
အဘိုးနှစ်ယောက် သည် စားသောက်ဖွယ်ရာများ ၀ယ်ရန် ဈေးသို့ထွက်ခွာသွား၏။ မိုးစက်သည် ခြံထဲတွင် အပင်များကိုရေလောင်းရင်း အိမ်ကို စောင့်ကျန်ရစ်၏။
ထိုအခိုက်မှာပင် သူ၏နောက်သို့ တစ်စုံတစ်ယောက်ရောက်လာပြီးလျှင်
.. မင်းဘယ်သူလဲ….
ဟု မေးမြန်းလေရာ မိုးစက်က လှည့်ကြည့်လိုက်၏။ ထိုအခါ သားရေအိတ်ကြီးတစ်လုံးကို ပခုံးတွင်ထမ်း၍ ရပ်နေသော မိန်းမ တစ်ယောက်ကို မြင်လိုက်ရ၏။
ထိုမိန်းမသည် အသက် (၃၀) ပတ်ဝန်းကျင်မျှရှိပြီး လွန်စွာချောမော၍ လွန်စွာဆွဲဆောင်အား ကောင်းလှ၏။
သူမ၏အသားအရည်မှာ နေလောင်၍ နီမြန်းမြန်း ဖြစ်နေပြီး ဆံပင်များမှာလည်း ဖွာလန်ကြဲနေ၏။ အရပ်အမောင်း အလွန်ကောင်းပြီး ကိုယ်လုံးကိုယ်ပေါက်မှာ သန်မာထွားကျိုင်း လှ၏။ မိန်းမကြမ်းတစ်ယောက်၏ အမူအယာရှိပြီး ချောမောလှပသော မိန်းမက စိတ်မရှည်ဟန်ဖြင့်
…ပြောလေ၊ မင်းဘယ်သူလဲ၊ ငါ့အဖေနဲ့ ငါ့တူမရော ဘယ်မှာလဲ…
ဟုမေးမြန်းလေ၏။ မိုးစက်သည် ထိုမိန်းမမည်သူဆိုသည်ကို ရိပ်မိသွားလေ၏။
သူမသည် အစ်မအတွက် ကလဲ့စားချေရန် ထွက်သွားသော မြနန္ဒာပင်ဖြစ်လိမ့်မည်။ မိုးစက်က….ကျွန်တော်က ဒီခြံမှာ ကူညီပြီး လုပ်ကိုင်ပေးနေတာပါ၊ အဘိုးနဲ့မိန်းကလေး မြို့ထဲကိုသွားပါတယ်၊ ပြန်လာတော့မှာပါ… ဟု ဆိုလိုက်ရာ ထိုမိန်းမက ပခုံးတွန့်၍
“ ဪ… မင်းက ဒီခြံကအလုပ်သမားကိုးအဖေစီးပွားတက်နေပုံရတယ်၊အိမ်တွေဘာတွေပြင်ဆောက်ထားတယ်…. ဟုဆိုကာ အိမ်ထဲသို့ ဝင်ရောက်သွားလေ၏။
ခဏကြာလျှင် မြေးအဘိုးနှစ်ယောက် ပြန်ရောက်လာပြီးမြနန္ဒာနှင့်တွေ့ကာ ဝမ်းသာပျော်ရွှင်နေလေ၏။
မိုးစက်သည် မြနန္ဒာပြန်ရောက်လာသဖြင့် စိတ်လက် ပေါ့ပါးသွား၏။ မြေးအဘိုးနှစ်ယောက်ထံမှ စိတ်ချလက်ချ ထွက်ခွာ
နိုင်ပေတော့မည်။ ထိုအခိုက်မှာပင် အဘိုးဘို၏ မြေးမလေးအနားသို့ ရောက်လာပြီး မိုးစက်လက်ကိုဆွဲကာ….
….. ဦးလေး ထမင်းစားမယ် **ဟု ပြောလေ၏။ထမင်းဝိုင်းသို့ ရောက်သောအခါ အဘိုးအိုက လူကလေးကို…အဘိုးသမီး မြနန္ဒာနှင့် မိတ်ဆက်ပေးရမယ်….
ဟုဆိုလေ၏။ မြနန္ဒာသည် မိုးစက်၏
မျက်နှာကို ခပ်စိမ်းစိမ်း ကြည့်လေ၏။ သူမ၏အမူအရာမှာ ခြံအလုပ်သမားတစ်ယောက် နှင့် ဖက်လှဲတကင်း မိတ်ဆက်လိုဟန်မရှိချေ။ ထို့ကြောင့်သူမက….အဖေ မိတ်ဆက်ချင်လဲ ထမင်းစားပြီးမှ ဆက်ပေတော့၊ သမီးဗိုက်သိပ်ဆာနေပြီ၊ ဘယ်သူနဲ့မှစကားမပြောချင်သေးဘူး၊ထမင်းပဲစားချင်တယ်…ဟုဆိုကာ သူမ၏ပန်းကန်ထဲသို့ ဟင်းများကို ခပ်ထည့်လေ ၏။ ထို့နောက် ထမင်းဟင်းများကို ပလုပ်ပလောင်းစားသောက် လေ၏။ အဘိုးအိုက သက်ပြင်းချ၍.. သမီးဗိုက်သိပ်ဆာနေလဲ စားပါ၊ ပြီးမှ လူကလေးနဲ့ မိတ်ဆက်ပေးမယ် ” …ဟုပြောလေ၏။ မိုးစက်သည် မြနန္ဒာဆိုသော မိန်းမကြမ်းကို မသိမသာအကဲခတ်ရင်း ထမင်းကို တို့ကနန်း၊ ဆိတ်ကနန်း စားနေလေ၏။ ပြီးနောက် မန်ကျည်းရွက်ဟင်းချိုပန်းကန်ကို လက် လှမ်းလိုက်၏။
ထိုအခိုက်မှာပင် မိုးစက်၏ ထွန်းကိုင်ထားသောလက်ကို မြနန္ဒာက ဆုပ်ကိုင်လိုက်ပြီး မီးဝင်းဝင်းတောက်သော မျက်လုံး များနှင့် ကြည့်ကာ..““ မင်း ဘယ်သူလဲ၊ လူယုတ်မာကြီး ဦးလှထွန်းနဲ့ ဘာတော်သလဲ၊ ငါ့ကို မှန်မှန်ပြောစမ်း !…ဟု ဒေါသတကြီး မေး​လေ၏။ သူမ၏အပြုအမူကို အဘိုးအို နှင့် မြေးမလေးက အထိတ်တလန့်ကြည့်ကာ တားဆီးရန် ကြိုးစားလေ၏။
မိုးစက်က နားမလည်နိုင်ဟန်ဖြင့်
“… ဘယ်က ဦးလှထွန်းလဲ ”ဟု မေးမြန်းလေ၏။ မြနန္ဒာက အံကြိတ်ပြီး သူမကိုယ်နှင့်မကွာ ဆောင်ထားဟန်ရှိသောဓားမြှောင်
ကိုထုတ်၍ မိုးစက်၏ လည်ပင်းကို ထောက်လိုက်၏။……မင်းငါ့ကို လိမ်ညာဖို့
မကြိုးစားနဲ့၊ မင်းလက်စွပ်က ကျောက် သားပေါ်မှာ အနက်ရောင်ကြောင်နက်ရုပ်ရှိတယ်၊ဒါဟာ လူယုတ်မာမျိုးဆက်တွေရဲ့ အမှတ်အသားပဲ…..ဟု ပြောလေ၏။
မိုးစက်သည် အိမ်မှ ထွက်ခွာကာနီးတွင်
သူ၏မိခင် ဒေါ်သူဇာက ကြောင်နက်ရုပ်ပါသော လက်စွပ်ကိုပေး၍ ပြောခဲ့သော စကားများကို ပြန်လည်ကြားယောင်လာ၏။
…..ငါ့သားကို အမေတို့ မျိုးနွယ်ဝင်တွေဝတ်တဲ့ ကြောင်နက် ရုပ်လက်စွပ်တစ်ကွင်းပေးလိုက်မယ်၊ ဒါလေးကို အထိမ်းအမှတ် အနေနဲ့ တစ်သက်လုံး ဝတ်ထားပါ ငါ့သား..

မိုးစက်က မြနန္ဒာ၏မျက်နှာကို ရဲရဲဝံ့ဝံ့ကြည့်ရင်း…..အစ်မပြောတာတွေ ကျွန်တော်ဘာတစ်ခုမှ နားမလည် ဘူး၊ ကျွန်တော့်အဖေနဲ့
အမေက ဦးမြတ်ထွန်းနဲ့ ဒေါ်သူဇာ….ဟု ဖြေလိုက်လေရာ မြနန္ဒာက
….ဪ လူယုတ်မာရဲ့ မျိုးဆက်တွေဆိုတာ သေချာသွား ပြီပေါ့၊ အမျိုးယုတ်ကလေး၊ မင်းငါ့ခြံထဲက ထွက်သွားစမ်း၊ မင်းအဖေ ဦးမြတ်ထွန်းရဲ့ညီ ဦးလှထွန်းဆိုတာ ငါ့အစ်မကိုစော်ကားပြီး အရှက်တကွဲ အကျိုးနည်းဖြစ်အောင်လုပ်တဲ့သူပေါ့၊ လူယုတ်မာ ကြီး ဦးလှထွန်းကြောင့် ငါ့အစ်မဟာ စိတ်ထိခိုက်ပြီး သေဆုံးခဲ့ရ တယ်၊ ငါ့တူမလေးလဲ အဖေမပေါ်ဘဲ မွေးတဲ့သမီးဆိုပြီး ပတ်ဝန်းကျင်မှာအနှိမ်ခံခဲ့ရတယ်၊ ဒါကြောင့် လူယုတ်မာကြီးကို ငါ့ရဲ့ မာယာနဲ့ ဖြားယောင်းပြီး မင်းတို့မျိုးနွယ်စုတစ်ခုလုံး အင်မတန် တန်ဖိုးထားတဲ့
မြင်းဖြူရှင်ရုပ်ကို ရအောင်ယူခဲ့တာပဲ၊ငါ့ကြောင့် လူယုတ်မာ ကြီးဟာ မြင်းဖြူရှင်ရုပ်ပျောက်ဆုံးတဲ့စိတ်နဲ့ အရူးကြီးဖြစ်ခဲ့ရတယ်၊ ဟား ဟား ဟား. ကံကောင်းချင်တော့
မင်းအမေဒေါ်သူဇာရဲ့ခြံထဲက
မြင်းဖြူရှင်ရုပ်ကို ငါပဲရခဲ့တယ်၊ ဒါဟာ မင်းတို့ မျိုးဆက်ကို ကလဲ့စားချေတာပဲ၊
ကဲ့့​မင်းငါ့မျက်စိရှေ့က အမြန်ဆုံး ထွက်သွားစမ်း၊ ဒီနေ့ကစပြီး ဒီအိမ်ရိပ်ကိုတောင်နင်းဖို့
မကြိုးစားနဲ့…ဟုဆိုကာ မိုးစက်၏ လည်ပင်းတွင် ထောက်ထားသော ဓားမြောင်ကို ရုတ်သိမ်းလိုက်၏။ မိုးစက်သည် အခြေအနေအရပ်ရပ်ကို နားလည်သဘောပေါက်သွားပြီဖြစ်သဖြင့် သက်ပြင်းချကာ “…ကျွန်တော် မြန်မာပြည်အရပ်ရပ်ကို လှည့်ပြီး မြင်းဖြူရှင် ရုပ်ကို ရှာဖွေနေတာ သုံးနှစ်နီးပါးရှိပြီ၊
ကျွန်တော့်ဘဝရဲ့ အဓိက တာဝန်ဟာ မြင်းဖြူရှင်ရုပ်ကို ရှာဖွေဖို့ပဲ၊ မြင်းဖြူရှင်ရုပ်က အစ်မ ဆီမှာရောက်နေတာကိုး၊ ရှိပါစေတော့ အစ်မရယ်၊ ကျွန်တော်တို့ မျိုးဆက်က အစ်မတို့အပေါ် အပြစ်တွေ လုပ်မိထားပြီပဲ၊ အဲဒီအပြစ်ကို ကျွန်တော်တို့ ခံရတော့မှာပေါ့၊ မြင်းဖြူရှင်ရုပ်ကိုလဲ ကျွန်တော် မလိုချင်တော့ပါဘူး၊ ကျွန်တော်သွားပါတော့မယ်…
ဟုဆိုကာ ထွက်ခွာရန် ပြင်ဆင်လေ၏။ ထိုအခါ အဘိုးအို၏မြေးမလေးက
မိုးစက်၏ခြေသလုံးကိုဖက်၍
….ဦးလေး မသွားရဘူး၊ ဦးလေး မသွားရဘူး၊ ဒေါ်လေး ဦးလေးကို ဘယ်လိုပြောလိုက်တာလဲ၊ ဦးလေးဟာ သမီးတို့ရဲ့ ကျေးဇူးရှင်၊ ဦးလေးကျေးဇူးတွေကို သမီးတို့ တစ်သက်လုံး ဆပ်လို့ မကုန်နိုင်ဘူး….
ဟုပြောဆိုလေ၏။ အဘိုးအိုကလည်း
….ဟုတ်ပါတယ် သမီးရယ်၊ အဖေရဲ့ အသက်သခင် ကျေးဇူးရှင်တင်မကဘူး၊
ဒီအိမ်နဲ့ခြံကို လူကလေးကပဲ ပြုပြင်ပေးခဲ့တယ် ….”ဟု အစချီကာ မိုးစက်၏ ကျေးဇူးတရားများကို အစမှအဆုံးတိုင် အိပ်သွန်ဖာမှောက် ပြောပြလေ၏။ မြနန္ဒာသည် မိုးစက်အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ကြည့်၍ ငြိမ်သက်စွာ နားထောင်နေလေ၏။
အဘိုးအိုနှင့် မြေးမလေးသည် မိုးစက်၏ စိတ်သဘောထား ကောင်းမွန်ပုံ၊ ကိုယ်ကျိုးစွန့် အနစ်နာခံပုံများကို တစ်လှည့်စီပြော ပြလေ၏။
မြနန္ဒာသည် မြေးအဘိုးယောက်၏စကားကို အတန် ကြာအောင် နားထောင်နေပြီးနောက် တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်ဟန်ဖြင့် အခန်းတွင်းသို့ ဝင်သွားလေ၏။
ခဏကြာလျှင် သားရေအိတ်ကြီးတစ်လုံးကိုယူ၍ ပြန်ထွက် လာပြီး မိုးစက်ဘက်သို့ ပစ်ပေးလိုက်ရာ မိုးစက်က လှမ်းယူ လိုက်
၏။သူမက သက်ပြင်းချကာ
….အဲဒီအိတ်ထဲမှာ မြင်းဖြူရှင်နတ်ရုပ် နှစ်ရုပ်ရှိတယ်၊ မင်းတို့ မျိုးဆက်နဲ့ ငါတို့မျိုးဆက်ရဲ့ ရန်ငြိုးရန်စတွေကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပြီ….
ဟု တီးတိုးပြောကာ မျက်ဝန်းအစုံမှ မျက်ရည်များ စီးကျ လာလေ၏။
မိုးစက်သည် မြင်းဖြူရှင်နတ်ရုပ် နှစ်ရုပ်ပါသော သားရေ အိတ်ကြီးကို ဖက်ထားရင်း ရင်ထဲတွင် ဖော်မပြနိုင်သော ဝေဒနာတစ်မျိုးဖြစ်ပေါ်လာလေ၏။

အထက်ပါအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ၆ လခန့် အကြာတွင် မိတ္ထီလာမြို့စွန်ရှိ ဒေါ်သူဇာ၏ခြံကြီးတွင် စည်ကား သော မင်္ဂလာပွဲကြီးတစ်ခုကို ကျင်းပလေ၏။
မင်္ဂလာပွဲသို့ မြို့မိမြို့များနှင့် လူဂုဏ်ထံ မျက်နှာကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြလေ၏။ မင်္ဂလာပွဲလာပရိသတ်များကို ဒန်ပေါက်
ထမင်းနှင့် ဘိလပ်ရည် ကျွေးပြီး ပုဝါတစ်ပိုင်စီ လက်ဆောင်ပေးရလေ၏။
ညပိုင်းသို့ ရောက်သောအခါ မြို့သူမြို့သားများအား မြနှင်းဆီအငြိမ့်အဖွဲ့နှင့် ဖျော်ဖြေရန် စီစဉ်ထားသေး၏။
သတို့သားမိုးစက်သည် သတို့သမီး ချောမေ၏လက်ကိုဆွဲ၍ မင်္ဂလာပွဲလာ ပရိသတ်များကို ပျော်ရွှင်စွာ ဧည့်ခံနေလေ၏။ သတို့သား၏ ဖခင်နှင့်မိခင် ဖြစ်သော
ဦးမြတ်ထွန်းနှင့် ဒေါ်သူဇာသည် စည်ကား သော မင်္ဂလာပွဲကြီးကိုကြည့်၍ ကျေနပ်နေဟန်ဖြင့် အပြုံးကိုယ်စီ ရှိလေ၏။

ချောမေနှင့် မိုးစက်သည် ပရိသတ်များကို လိုက်လံနှုတ် ဆက်နေရာမှ စားပွဲတစ်လုံးသို့အရောက်တွင် မိန်းမကြီးတစ်ဦးနှင့် မျက်လုံးချင်းဆုံမိပြီး ချောမေ၏မျက်နှာ ကွက်ကနဲ ပျက်သွား လေ၏။
ချောမေသည် မိုးစက်၏ လက်ကို မသိမသာဆွဲ၍ ထိုစားပွဲဝိုင်းသို့ကျော်ခဲ့ပြီး လေသံတီးတိုးဖြင့်….မိုးစက် အစ်မ ငြီးစီစီကြီးဖြစ်လာလို့ ခဏနားဦးမယ်….
ဟုဆိုကာ အိမ်ကြီး၏ အပေါ်ထပ်သို့ ပြေးတက်ခဲ့လေ၏။ အပေါ်ထပ်အိပ်ခန်းသို့ ရောက်သောအခါ တံခါးကိုပိတ်လိုက်ပြီး မင်္ဂလာကုတင်ကြီးပေါ်တွင် ခြေပစ်လက်
ပစ် လှဲချလိုက်၏။
သူမ၏တစ်ကိုယ်လုံး ထိတ်လန့်မှုကြောင့် တဆတ်ဆတ် တုန်ယင်နေ၏။
ချွေးသီးချွေးပေါက်များလည်း ကျလာ၏။
ရင်သည် နိမ့်တုံ့မြင့်တုံ့ဖြစ်နေ၏။
မျက်ရည်စက်များလည်း ပိုးပိုးပေါက်ပေါက် ကျလာ၏။ နှုတ်မှလည်း
“ ငါ ဒီမင်္ဂလာပွဲမှာ ဆက်နေလို့ မဖြစ်တော့ဘူး၊ ပြေးမှ ဖြစ်မယ်၊ ငါ့အတွက်ကြောင့် မိုးစက်နဲ့ သူ့မိဘတွေ အရှက်တကွဲအကျိုးနည်း ဖြစ်လိမ့်မယ်…
ဟု ရေရွတ်ကာ လက်ဝတ်လက်စားများကို ချွတ်၍ မှန်တင်ခုံပေါ်တွင် တင်လေ၏။
မိုးစက်ကို သူမအလွန်ချစ်၏။
ယခု မမျှော်လင့်ဘဲ မိုးစက်နှင့် ခွဲခွာရပေတော့မည်။

မင်္ဂလာဧည့်ခံပွဲရှိ စားပွဲတစ်လုံးတွင် ထိုင်နေသူမှာ သူကြီးကတော် ဒေါ်ဘုတ်ဆုံဖြစ်၏။
သူကြီးကတော်သည် သူမအား ရာဇဝတ်အုပ်လှဖေကို သတ်သူအဖြစ် ဖော်ကောင်လုပ်ပေလိမ့်မည်။
ထိုအခါ လူသတ်မှုနှင့် ကြိုးစင်တက်ရပေမည်။ မိုးစက်နှင့် မိဘနှစ်ပါးလည်း အရှက်တကွဲ အကျိုးနည်းဖြစ်လိမ့်မည်။
ထို့ကြောင့် ဤနေရာမှ အမြန်ပြေးရန် ဆုံးဖြတ်လိုက်၏။

ချောမေသည် ကျွန်းလှေကားကြီးအတိုင်း အိမ်ကြီးပေါ်မှပြေးဆင်းလာခဲ့၏။
လှေကားရင်းသို့ ရောက်သောအခါ သူကြီးကတော်ဒေါ်ဘုတ်ဆုံကို မမျှော်လင့်ဘဲ ဘွားကနဲ တွေ့လိုက်ရ၏။ဒေါ်ဘုတ်ဆုံက
…ငါ့ကိုမြင်တာနဲ့ ညည်းမျက်နှာ ပျက်သွားတာမြင်လို့ မသင်္ကာပြီးလိုက်လာတာ၊
ငါထင်တဲ့အတိုင်း ညည်းထွက်ပြေးဦးမလို့ပေါ့လေ…..
ဟုဆိုလိုက်ရာ ချောမေအား ထိတ်လန့်စွာဖြင့် လက်အုပ်ချီ၍
…ကျွန်မကို သနားပါ ဒေါ်ဘုတ်ဆုံရယ်၊ ကျွန်မ ဒီနေရာက ထွက်ပြေးပါရစေ၊ ကျွန်မအတွက်ကြောင့် သတို့သားနဲ့ မိဘတွေ အရှက်ရမှာ
စိုးလို့ပါ”…
ဟုတောင်းပန်လေ၏။ ဒေါ်ဘုတ်ဆုံက သက်ပြင်းချ၍…. ချောမေ… ချောမေ၊ ညည်းမစူးစမ်း မဆင်ခြင်ဘဲ ပြေးချင်ရာပြေးလို့ ဒုက္ခရောက်ပေါင်းများလှပြီ၊ အခုလဲ ရာဇဝတ် အုပ်လှဖေက မသေဘူးဟဲ့၊ ဓားဒဏ်ရာကို ဆေးကုပြီး ပျောက်ကင်း သွားတယ်၊ ရာဇဝတ်အုပ်လှဖေဟာ ညည်းယောက်ျား တင်မောင် ကို ညှင်းပန်းနှိပ်စက်ရင်း မတော်တဆ သေဆုံးမှုနဲ့ အမှုဆိုင်နေရတယ်ဆိုတော့ သူ့ကို ပုလိပ်က မသင်္ကာဖြစ်မှာစိုးလို့ ညည်းဓားနဲ့ ထိုးတယ်လို့ မတိုင်ရဲဘူး၊ အမည်မသိ လူတစ်ဦးက ဓားနဲ့ထိုးတယ်လို့ပဲ ထွက်ဆိုခဲ့တယ်၊ ဒါကြောင့် ညည်းမှာ ဘာအပြစ်မှ
မရှိဘူး၊ရာဇဝတ်အုပ်လဲ ညည်းယောက်ျားအမှုနဲ့ပဲ ရာထူးကကျပြီး ဆင်းဆင်းရဲရဲနဲ့ သေဆုံးသွားရတယ်…
ဟုပြောလေရာ ချောမေသည် လွန်စွာမှပင် ဝမ်းမြောက် ဝမ်းသာဖြစ်သွားပြီးလျှင်
….ဝမ်းသာလိုက်ဟာ ဒေါ်ဘုတ်ဆုံရယ်”
ဟု ရေရွတ်လိုက်လေ၏။ ထိုအခိုက်မှာပင် ချောမေပျောက် ၍ လိုက်လံရှာဖွေနေသော မိုးစက်အနီးသို့ရောက်လာပြီး
…..အစ်မရယ်…ဧည့်ပရိသတ်တွေ များလှပြီ၊ ဧည့်ခံရအောင် လာလေဗျာ….
ဟု ဆိုလိုက်ရာ ချောမေက ပျော်ရွှင်စွာဖြင့် ရယ်မော၍
….ဧည့်ခံမယ်၊ ဧည့်ခံမယ် ဧည့်သည်တွေ လာချင်သလောက် လာစမ်း၊ တစ်နေကုန် ဧည့်ခံပစ်လိုက်မယ်မောင်လေးနဲ့ သာဆိုရင် အစ်မမှာ ပင်ပန်းတယ် ဘယ်တော့မှမရှိစေရဘူး….
ဟုပြောလေရာ မိုးစက်က နားမလည်နိုင်ဟန်ဖြင့် ပြုံးတုံ့တုံ့လုပ်ကာ
….အပြောင်းအလဲကတော့ မြန်ပါပေ့ဗျာ”
ဟု ပြောလိုက်လေတော့သတည်း။
အရာအားလုံးပြီးဆုံးသွားချေပြီ။

(မည်သည့်အရာမျှ သိမ်းပိုက်မထားသော)
မင်းမြတ်သူရ

ဆရာ မင်းမြတ်သူရ ကို
လေးစားစွာဖြင့်
#Credit