ပိုးဟတ်နှင့်တူသောဆရာတစ်ယောက်

*ပိုးဟပ်နှင့်တူသော ဆရာတစ်ယောက်*📖📖📖 (စ-ဆုံး)

********************************************

မင်းသိင်္ခ

ပိုးဟပ်သည် ဗလက်တီးဒီး မျိုးရင်းတွင်ပါ၍ ဩသော်ပတာရာမျိုးစဉ်တွင် ပါဝင်သည်ဟု ပိုးမွှားနှင့် ပတ်သက်သော ပညာရှင်တစ်ဦးက ထုတ်ဖော်ပြောဆို၏။

ကျွန်ုပ်သည် ‘ဗလက်တီးဒီး’ ဆိုသည်ကိုလည်းကောင်း၊ ‘ဩသော်ပတာရာ’ ဆိုသည်ကိုလည်းကောင်း မသိပါ။ ကျွန်ုပ်သိရမည့် အရာများ ဟူ၍လည်း တစ်ကြိမ်တစ်ခါမျှ မှတ်ယူခြင်း မပြုပါ။ ထိုအရာများကိုလည်း မည်သည့်အရာများဟု နားမလည်ပါ။

တစ်ဦးသော ပိုးဟပ်ပညာရှင်ကမူ ပိုးဟပ်သည် အရွယ်အစား ပမာဏ အချိုးအစား တူညီသော အတောင်လေးခုပါသည်ဟုဆို၏။

ကျွန်ုပ်သည် ပိုးဟပ်ကို အကြိမ်ပေါင်းများစွာ မြင်ဖူးသော်လည်း အတောင် မည်ရွေ့မည်မျှပါသည်ကို မသိပါ။ ထို့ပြင် အခြား သော ပညာရှင်တစ်ဦးကမူ ပိုးဟပ်မများသည် ဥများကို တစ်နေရာ၌ သိုဝှက်ထားခဲ့ပြီး ခရီးသွားသည်ဟု ဆို၏။

အခြားသော ပညာရှင်တစ်ဦးကမူ ထိုသို့မဟုတ်၊ ပိုးဟပ်မ၏ အင်္ဂါစပ်အနီးတွင် ဥများကို သယ်ဆောင်ရန် အိတ်ကလေးတစ်အိတ် ပါသည်ဟု ဆို၏။

ကျွန်ုပ်အနေနှင့်မူ ပိုးဟပ်ထီးနှင့် ပိုးဟပ်မကိုပင် ခွဲခြား၍ မသိပါ။ ပိုးဟပ်အကြောင်းသိမှ လူရာဝင်မည်ဆိုလျှင် ကျွန်ုပ်သည် ဤတစ်သက်၌ လူရာဝင်မည့်စာရင်း၌ပါမည် မဟုတ်တော့ပေ။ ပိုးဟပ်အကြောင်းသိမှ ပညာရှိဖြစ်မည်ဆိုလျှင်လည် ကျွန်ုပ်သည် နလပိန်းတုံးစာရင်းမှ တက်လိမ့်မည် မဟုတ်၊ ပိုးဟပ်အကြောင်းသိမှ အလုပ်ရမည်ဆိုလျှင်လည်း အလုပ်လက်မဲ့တစ်ဦး ဖြစ်နိုင်ဖွယ်ရာရှိ၏။ ပိုးဟပ်အကြောင်း သိမှ မိန်းမရမည်ဆိုလျှင် ကျွန်ုပ်သည် လူပျိုကြီးဘဝနှင့်ပင် အသက်ထက်ဆုံး နေသွားရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ပိုးဟပ်အကြောင်းကို ဂဃနဏ မသိသောကြောင့် ဖြစ်၏။ သို့ရာတွင် ကျွန်ုပ်၌ ငယ်ဆရာတစ်ဦး ရှိ၏။ ထိုဆရာကို အများသူငါက “ပိုးဟပ်ဖြူ” ဟု ခေါ်၏။

ကျွန်ုပ်၏ မျက်စိ၌လည်း ထိုဆရာကို ကြည့်ရသည်မှာ ပိုးဟပ်ဖြူတစ်ကောင်နှင့် လွန်စွာတူ၏။ ထို့ကြောင့် ပိုးဟပ်အကြောင်း မသိသော ကျွန်ုပ်၌ “ပိုးဟပ်နှင့်တူသော ဆရာတစ်ဦး” ရှိခဲ့ဖူးလေ၏။ ထိုအချိန်က ကျွန်ုပ်သည် ခြောက်တန်းကျောင်းသားမျှသာ ရှိသေး၏။ ကျောင်းတက်ခေါင်းလောင်းထိုးသံကို ကြားနိုင်လောက် သည့်နေရာတွင် မြောက်ပန်းဝိုင်းရှိသဖြင့် ကျွန်ုပ်နှင့် ကျွန်ုပ်၏ သူငယ်ချင်း လှဖေတို့သည် မြောက်ပန်းဝင်၍ လှန်နေကြ၏။ ထိုမြောက်ပန်းဝိုင်းတွင် ကျောင်းသားဆို၍ ကျွန်ုပ်တို့နှစ်ဦးသာရှိ၏။

ကျန်လူများမှာ ဆိုက်ကားသမားများနှင့် ဈေးမှ ကူလီများ ဖြစ်၏။ ကျွန်ုပ်က စည်းခင်း။ စည်းနီးသောအခါ၌ လှဖေက ဝင်၍ လှန်ရ၏။

မြောက်ပန်းလှန်ရာ၌ “ဘတ်” ဟုခေါ်သည့် အရာတစ်ခုသည် လို၏။ ထိုအရာမှာ တစ်မိုက်ခန့်ရှိ ဝါးခြမ်းပြားသာ ဖြစ်၏။ ထို ဝါးခြမ်းပြားပေါ်တွင် စည်းအနီး လူသားအားလုံး၏ ပိုက်ဆံများကို စီ၍တင်ကာ အပေါ်သို့ မြှောက်ရ၏။ ထိုသို့ မြှောက်ပြီးနောက် အောက်သို့ ပြန်၍ ကျလာသောအခါတွင် ခေါင်းဘက်ကကျသော ပိုက်ဆံများကို ယူရ၏။ ပန်းကျသော ပိုက်ဆံများကို ဒုတိယကျသောလူက ဆက်၍ လှန်ရ၏။ ထိုသူလည်း ခေါင်းကျသည့် ပိုက်ဆံများကို ယူ၍ ပန်းကျသည့် ပိုက်ဆံများကို တတိယလူက ဆက်၍ လှန်ရ၏။

ထို့ကြောင့် မြောက်ပန်းလှန်သော လောင်းကစားနည်းတွင် စည်းကို အနီးဆုံးရအောင် ခင်းရန်နှင့် ခေါင်းအများဆုံးကျရန် လှန်နိုင်သော ကျွမ်းကျင်မှုနှစ်ခုသည် လိုအပ်လှ၏။ ကျွန်ုပ်သည် အချိန်ရှိသရွေ့ စည်းနီးအောင် လေ့ကျင့်ထားသည်ဖြစ်ရာ ခင်းတိုင်း ပထမရလေ၏။ သို့ရာတွင် လှဖေသည် ဘတ်လှန်သော နေရာ၌ လေ့ကျင့်ထားခြင်း မရှိရကား ပထမလှန်ခွင့်ရသော်လည်း ပန်းအကျများသောကြောင့် ကျွန်ုပ်တို့နှစ်ဦးသည် အရှုံးပေါ်နေ၏။

ကျွန်ုပ်သည် မြောက်ပန်းလှန်ရန်အတွက် ဝါးခြမ်းပြားကို အကျအန ဓားဖြင့် သတ်၍ ကိုင်၍ ကောင်းစေရန် လုပ်ထား၏။ ထိုဘတ်ကို လှဖေအား ပေး၍ လေ့ကျင့်ခိုင်းထား၏။ သို့ရာတွင် လှဖေသည် လေ့ကျင့်ခြင်း မပြုရုံမျှမက ဘတ်ကို ဖျောက်ပစ်လိုက်၏။

ယခု မြောက်ပန်းဝိုင်းတွင် ကိုယ့်ဘတ်နှင့်ကိုယ် လှန်ရမည်။ ဘတ်မငှားကြေးဟု ဆိုသောကြောင့် လှဖေသည် ကျောင်းသုံးပေတံကို တစ်ဝက်ချိုး၍ ဘတ်အဖြစ် အသုံးပြုကာ လှန်လေ၏။ ထို့ကြောင့် ချိန်သားမကိုက်ဘဲ ပန်းချည်း ကျနေလေ၏။

ကျွန်ုပ်သည် လှဖေအပေါ် ဒေါပွလျက် ရှိလေ၏။

   “မင်း မလှန်နဲ့ကွာ၊ ငါက စည်းနီးအောင် ဘယ်လောက်ပဲ ခင်းထား … ခင်းထား၊ မင်းလုပ်ပုံကတော့ ကုန်မှာပဲ”
ဟု ပြောရာ ဆိုက်ကားသမားတစ်ဦးက …
“ဟေ့ကောင်၊ ဒီကောင်လှန်ပုံမျိုးနဲ့ဆိုရင်တော့ ဆာဖိုးသာတောင် ငိုသွားလိမ့်မယ်၊ မင်းတို့ပိုက်ဆံကို တင်းနဲ့ချင်ပြီး ယူလာရင် တောင် လောက်မှာ မဟုတ်ဘူး”
ဟု ပြောလေ၏။ ကျွန်ုပ်မှာ လေ့ကျင့်ထားသောကြောင့် စည်းခင်းရန် ကျွန်ုပ်၏ ပိုက်ဆံကို ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်၏ ပိုက်ဆံပြားကလေးသည် စည်းပေါ်တွင် အုပ်၍နေသည့်တိုင်အောင် အနီးဆုံးနေရာကို ရရှိလေ၏။ ထိုအခါမျိုး၌ ကျွန်ုပ်က ဝမ်းသာအားရ လှမ်း၍ အော်လိုက်လျှင် ကျန်ကစားသမားများက …
“ဟေ့ကောင်ရာ .. ဘယ်လောက်ပဲ မင်းက နီးအောင်လုပ်လုပ်၊ လှဖေက ပန်းတွေဖြစ်အောင် လုပ်ပစ်မှာပါကွာ”
ဟု ပြောဆိုရယ်မောကြလေ၏။

မှန်ပေသည်။ လှဖေသည် ပေတံအကျိုးပေါ်၌ ပိုက်ဆံများကို စီ၍ တင်ကာ မြှောက်လိုက်ရာ အားလုံးလိုလို ပန်းများ ဖြစ်ကုန်၏။ ထိုအခါ၌ ကျွန်ုပ်သည် လွန်စွာ စိတ်ဆိုး၏။ အခြားသူများက ကျွန်ုပ်၏ အဖြစ်ကို ကြည့်၍ လှောင်ပြောင်ကြ၏။ ကျွန်ုပ်တို့မှာ ရှုံး၍ အလှောင်အပြောင်လည်း ခံနေရ၏။ ထိုအချိန်မှာပင် ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားရ လေတော့၏ထိုအခါ ကျွန်ုပ်က …
“ဟေ့ကောင် လှဖေ၊ ခေါင်းလောင်းထိုးပြီ”
ဟု ပြောလိုက်ရာ လှဖေက …
“ထိုး ထိုးကွာ … ဒီမှာ ရှုံးနေတာ မင်းအသိသားပဲ၊ ပြီးတော့ ဒီနေ့ဟာ ဆရာမ ဒေါ်မေရီ အလှည့်ပါကွ”
ဟု ပြောလိုက်လေ၏။ မှန်ပေသည်။ ဒေါ်မေရီသည် လွန်စွာ သဘောကောင်း၏။ ကျွန်ုပ်တို့ အား ရိုက်သည်ဟူ၍ မရှိပေ။ စာသင်ခန်းတွင်းသို့ ဝင်လာပြီးနောက် …
“မင်းတို့ မဆူကြနဲ့၊ မှတ်စုလိုက်ပြီး ကူးကြ၊ တင်ရှိန်လံဘား၊ ဟောဒီမှာ စာအုပ်ယူပြီး သင်ပုန်းပေါ်မှာ ကူးစမ်း”
ဟု ဆိုလေ၏။ တင်ရှိန်လီဘားလည်း ဆရာမ၏ မှတ်စုကိုယူ၍ သင်ပုန်းပေါ်တွင် ရေးလေ၏။ ကျွန်ုပ်တို့က လိုက်၍ ကူးရ၏။ သင်ပုန်းပေါ်တွင် မှတ်စုကူးရသော အလုပ်ကို တင်ရှိန်လံဘားက အစဉ်သဖြင့် လုပ်ရလေ၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်တို့ အတန်းထဲတွင် အရပ်အရှည်ဆုံးကျောင်းသားဖြစ်၍ သင်ပုန်း၏ အပေါ်ဆုံးနေရာအထိ သူ၏လက်က မီလေ၏။

တင်ရှိန်သည် သင်ပုန်းပေါ်တွင် မှတ်စုများ ရေးရလွန်းသော ကြောင့် သူ၏ လက်ရေးသည် ပုံသေကာ ဝိုင်းစက်နေပြီ ဖြစ်၏။ ကျွန်ုပ်မှာမူကား စာအုပ်ထဲတွင်ရေးသော လက်ရေး မညံ့လှသော်လည်း သင်ပုန်းပေါ်တွင် ရေးသောလက်ရေးသည် မည်သို့ဖြစ်သည်မသိ၊ လွန်စွာ လက်ရေးညံ့သွားလေ၏။ ထို့ကြောင့် ကျွန်ုပ်ရေးရသော အလှည့်များတွင် ကျန်သော ကျောင်းသားများက …
“ဟေ့ကောင် မဖတ်တတ်ဘူး”
ဟု ဝိုင်း၍ အော်လေ့ရှိ၏။ ကျန်သော ကျောင်းသားများ ရေးလျှင်လည်း ကျွန်ုပ်ကဲ့သို့ပင် အအော်ခံရတတ်လေ၏။ တင်ရှိန်ရေးလျှင်မူ ကျွန်ုပ်တို့အားလုံးက ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ မြေဖြူလက်ရေးသည် ဝါရင့်ဆရာတစ်ဦးကဲ့သို့ လှနေသောကြောင့် ဖြစ်၏။

ဒေါ်မေရီသည် စာသင်ခန်းတွင်းသို့ ရောက်သည်နှင့်တစ်ပြိုင် နက် တင်ရှိန်အား မှတ်စုစာအုပ်ကို အပ်လိုက်၏။ တင်ရှိန်က သင်ပုန်းပေါ်တွင် ရေးလေတော့၏။ ကျွန်ုပ်တို့ကလည်း ကူးကြလေတော့၏။ ဆရာမ ဒေါ်မေရီမှာမူ စာအုပ်တစ်အုပ်ကို ထုတ်၍ ဖတ်နေပြီ ဖြစ်၏။ အတန်းပြောင်း၊ ခေါင်းလောင်းထိုးသောအခါ၌ တင်ရှိန် လက်ထဲမှ စာအုပ်ကို ပြန်၍ တောင်းပြီး ကျွန်ုပ်တို့အား နှုတ်ဆက်ကာ ထွက်သွားလေ၏။ ကျွန်ုပ်တို့ကလည်း ဆရာမ ဒေါ်မေရီအား နှုတ်ဆက်လိုက်ကြ၏။ ထိုအခါကျမှပင် တင်ရှိန်သည် သူ့အတွက် မှတ်စုကူးရန် ကျွန်ုပ်တို့ထံတွင် စာအုပ်ငှားရလေတော့၏။ ထိုအခါ ကျွန်ုပ်တို့က တင်ရှိန်အား …
“မင်းက တတ်ပြီးသားပါကွာ၊ ကူးဖို့ မလိုပါဘူး”
ဟု ပြောဆိုကာ မှတ်စုစာအုပ်ကို မငှားဘဲ နေကြလေတော့၏။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး၏ စာအုပ်တွင် မှတ်စုများ ပြည့်စုံစွာ ရှိ၏။ ဤသို့ မှတ်စုများ ပြည့်စုံစွာ ရှိရန်အတွက် သင်ပုန်း၌ မြေဖြူဖြင့် ရေးပေးခဲ့ရသော တင်ရှိန်၌မူ မှတ်စုများ မစုံရှာပေ။

တင်ရှိန်သည် ဆရာ၊ ဆရာမများ၏ လက်ထောက်အတန်းအုပ် မော်နီတာ၊ တင်ရှိန် လံဘားက အတန်းကို ထိန်းထားရ၏။ တင်ရှိန်က …
“ဟေ့ကောင်တွေ မဆူနဲ့”
ဟု ပြော၏။ ကျွန်ုပ်တို့က ဆူ၏။

တင်ရှိန်က …
“ဟေ့ကောင်တွေ မဆော့နဲ့”
ဟု ပြော၏။ ကျွန်ုပ်တို့က ဆော့၏။ အခြားကျောင်းများ၌ မည်သို့ရှိသည် မသိ၊ ကျွန်ုပ်တို့ ကျောင်း၌မူ မော်နီတာလုပ်သူသည် လူအဟု အားလုံးက တညီတညွတ်တည်း သဘောထားကြလေ၏။ သူသည် ကျောင်းသား ဖြစ်ပါလျက် ဆရာ၊ ဆရာမများ၏ အလုပ်များကို လုပ်နေသည်ကပင် သူ၏ ပါးရည်နပ်ရည် မရှိမှုကို ဖော်ပြသည်ဟု ကျွန်ုပ်တို့က နားလည်၏။

ဆရာမများသည် အတန်းပြောင်းသောအခါ၌ စာအုပ်များကို သယ်၍ မသွား၊ မော်နီတာက စာအုပ်များကို ပွေ့ပိုက်၍ နောက်က လိုက်ပို့ရ၏။ အချို့ ဆရာမများသည် ကျောင်းတက် ရယ်ဂျစ်စတာကို ကိုယ်တိုင်မခေါ် ၊ မော်နီတာကို ခေါ်ခိုင်း၏။ ဆရာ ဆရာမများ ကိုယ်တိုင် ကျောင်းတက်စာရင်းခေါ်လျှင်မူ ကျွန်ုပ်တို့က …
“ရှိပါတယ်ခင်ဗျ”
ဟု ထူးလေ၏။ ဆရာ ဆရာမကိုယ်စား မော်နီတာ ခေါ်လျှင်မူ …
“ရှိ”
ဟုသာ တစ်လုံးတည်း ထူးကြ၏။ “ခင်ဗျာ”ဟူသော ရိုသေသမှုအတွက် သုံးသော စကားကို ဖြုတ်ပစ်လိုက်၏။

ထိုအချိန်က မော်နီတာ လုပ်ရအောင် နုံလွန်းအလွန်းသော ငနုံအအား ရိုသေစရာမလိုဟု ကျွန်ုပ်၏ စိတ်၌ မှတ်ထင်ထား၏။

ကျွန်ုပ်တို့၏ အတန်း၌မူ မော်နီတာအပေါ်၌ထားသော သဘောထားသည် ကျွန်ုပ်နှင့် ထပ်တူထပ်မျှ ရှိ၏။ ကျွန်ုပ်တို့သည် မော်နီတာ ဆိုသူများအပေါ် အထင်သေးသော အခြားအကြောင်းလည်း ရှိသေး၏။ ထိုအကြောင်းမှာ မော်နီတာဆိုသူများသည် စာမေးပွဲကျလေ့ရှိ၏။ စာမေးပွဲကျ၍ အတန်းထဲတွင် အသက်ကြီး၍ ကျန်ခဲ့သော ကျောင်းသားများသာ မော်နီတာလုပ်လေ့ရှိသည်ဟု ကျွန်ုပ်တို့အနေနှင့် သဘောပေါက်ထား၏။

ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်၌ မော်နီတာဆိုသူများသည် စာညံ့သူများ၊ ထိုသို့စာညံ့ပါလျက် ငြိမ်ငြိမ်မနေဘဲ ဆရာလုပ်လိုသူများ၊ ဆရာ၊ ဆရာမများအား အကြောင်းမဲ့ မျက်နှာလို မျက်နှာရလုပ်သူများဟု နားလည်ထား၏။

ထိုအချိန်က ကျွန်ုပ်တို့သည် ကျောင်းပြေးသောအခါ၌ မီးရထား ကို ခိုးစီးလေ့ရှိ၏။ ထိုသို့ ခိုးစီးသည့်အခါတိုင်း၌ လက်မှတ်စစ်သည် လိုက်၍ ဖမ်း၏။ ထို့ကြောင့် ကျွန်ုပ်တို့ ကျောင်းပြေးသော ကျောင်းသားများသည် လက်မှတ်စစ်ကို မုန်းကြ၏။ ထိုလက်မှတ်စစ်တို့ အထဲတွင် ‘စံလင်း’ ဆိုသော လက်မှတ်စစ်သည် ကျွန်ုပ်တို့အား အဖမ်းဆုံး ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့ ကျောင်းသားများအဖို့ လက်မှတ်စစ် စံလင်းကို အမုန်းဆုံး ဖြစ်ကြ၏။ ထို့ကြောင့် ရထားတွဲများပေါ်တွင် စံလင်းကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲထားသော စာများကို ကျောင်းသားတိုင်း ရေးသွားကြ၏။

ကျွန်ုပ်တို့သည် မီးရထားလက်မှတ်စစ်များကို မုန်းသကဲ့သို့ အတန်းထဲတွင် လူတွင်ကျယ်လုပ်သော မော်နီတာများကိုလည်းမုန်းကြ၏။ လက်မှတ်စစ်သည် ကျွန်ုပ်တို့ လက်မှတ်မပါဘဲ ရထား ခိုးစီးသောကြောင့်ဖမ်း၏။ မည်သည့်အကြောင်းနှင့်ဖမ်းဖမ်း ကျွန်ုပ်တို့အနေနှင့် ဖမ်းသည်ဆိုခြင်းကို မကြိုက်။ ထို့ကြောင့် မုန်းခြင်းဖြစ် တန်ရာ၏။

ထို့အတူ မော်နီတာများသည်လည်း ကျွန်ုပ်တို့အတန်းထဲတွင် ဆော့ခြင်းကို အတန်းပိုင် ဆရာကိုယ်စား ဖမ်း၏။ ထို့ကြောင့် မော်နီ တာကိုလည်း မုန်းခြင်းဖြစ်၏။ သို့ရာတွင် လက်မှတ်စစ်သည် တစိမ်းဖြစ်၍ မော်နီတာသည် သူငယ်ချင်းဖြစ်သောကြောင့် မော်နီတာကို လက်မှတ်စစ်အား မုန်းသလောက်တော့ မမုန်းပေ။

လှဖေက …
“ကိစ္စမရှိပါဘူးကွာဒီနေ့က ဒေါ်မေရီအလှည့်ပါ”
ဟု ပြော သောကြောင့် ကျွန်ုပ်သည်လည်း အရေးမကြီးဟု သဘောထားကာ မြောက်ပန်းဆက်၍ လှန်နေ၏။

လှဖေသည် ကျင့်သားအတော်အတန် ရလာပြီဖြစ်သောကြောင့် ယခင်ကကဲ့သို့ ပန်းများများ မကျတော့ဘဲ ခေါင်းများများကျလာ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယခင်ကကဲ့သို့ မရှုံးတော့ဘဲ နိုင်စပြုလာ ၏။ ထိုအချိန်၌မှာပင် ကျွန်ုပ်၏နား၌ …
“ရွှမ်း … ရွှမ်း”
ဟု အသံကြားလိုက်ရပြီး ကျော၌လည်း ပူခနဲဖြစ်သွား၏။ ထို့ကြောင့် ကျွန်ုပ်၏ ကျောသည် ကော့သွား၏။

ကျွန်ုပ်သည် လှဖေကိုလှမ်း၍ ကြည့်လိုက်ရာ လှဖေလည်း ကျောကော့၍ သွားသည်ကို တွေ့ ရ၏။ ကျွန်ုပ်တို့၏ကျောင်းမှ “ပိုးဟပ်ဖြူ”ဟု နာမည်ပေးထားသော ဆရာက ကျွန်ုပ်တို့အား ကြိမ်ဖြင့်ရိုက်လိုက်ခြင်းဖြစ်၏။ ကျွန်ုပ်တို့က ထ၍ပြေးမည်ဟု ကြံလိုက်၏။ သို့ရာတွင် ဆရာပိုးဟပ်ဖြူက ….
“ဟေ့ကောင်တွေ မပြေးနဲ့၊ ဟိုမှာကပ်စမ်း”
ဟု ဆိုကာ အနီးရှိ ကုက္ကိုပင်ကြီးတွင် ကျွန်ုပ်တို့နှစ်ဦးအား ကပ်ခိုင်းပြီးလျှင် စိတ်ကြိုက် ရိုက်လေတော့၏။ ကျွန်ုပ်တို့အား ရိုက်နှက်ပြီးနောက် ကျွန်ုပ်တို့နှင့် ကစားဘက်ဖြစ်သော ဆိုက်ကားသမားများနှင့် ဈေးကူလီများအား …
“ခင်ဗျားတို့ကလဲ၊ ဘာဖြစ်လို့ ဒီကလေးနှစ်ယောက်ကို လက်ခံ ကစားရတာလဲ၊ ကျောင်းသားတွေမှန်းသိရင် မောင်းထုတ်လိုက်ပေါ့ဗျာ”
ဟု ပြောရာ ဆိုက်ကားသမားတစ်ဦးက …
“ကျုပ်တို့က ခင်ဗျားကျောင်းသားတွေ မဟုတ်ဘူး၊ ကျုပ်တို့ကို လာပြီး မာန်လားမဲလား လုပ်မနေနဲ့”
ဟု ဘုဆတ်ဆတ် ပြောလေ၏။ ထိုအခါ ဆရာက …
“ခင်ဗျားတို့ကို မာန်တာမဲတာမဟုတ်ပါဘူး၊ ဒီကလေးတွေ ပညာတတ်ဖို့လိုတယ်၊ တိုင်းပြည်မှာ ပညာတတ်တဲ့လူပေါလာမှ တိုင်းပြည်အတွက် ကောင်းမှာမဟုတ်လား၊ ခင်ဗျားတို့လဲ မြန်မာတွေပဲ မဟုတ်လား၊ ကိုယ့်မြန်မာလေးတွေ မပျက်စီးတန်တာ မပျက်စီးရ အောင် တာဝန်ရှိတာပေါ့”
ဟု ပြောလိုက်ရာ အခြားသော ဆိုက်ကား သမားတစ်ဦးက …
“ကျုပ်တို့ကိုလာပြီး နိုင်ငံရေးတရား ဟောမနေနဲ့၊ ခင်ဗျား တပည့်နှစ်ယောက်သာ ခင်ဗျားခေါ်သွား၊ ကျုပ်တို့ကတော့ ကစားမှာပဲ၊ ကျောင်းသားပဲ လာလာ၊ ဆရာပဲ လာလာ၊ ကျုပ်တို့ အလုပ် မဟုတ်ဘူး”
ဟု ပြောလိုက်ရာ ကျွန်ုပ်တို့၏ ဆရာပိုးဟပ်ဖြူသည် ဒေါသကို မထိန်းနိုင်ဘဲ လက်တွင်းမှ ကြိမ်လုံးဖြင့် ထိုဆိုက်ကားသမား၏ မျက်နှာကိုဖြတ်၍ ‘ရွှမ်း’ခနဲ ရိုက်လိုက်လေတော့၏။ ထိုအခါ ဆိုက်ကားသမားများက ဆရာအား ဝိုင်းဝန်းထိုးကြိတ်ကြလေတော့၏။ တကယ့်တကယ်ဖြစ်လာသောအခါ၌ လှဖေနှင့် ကျွန်ုပ်လည်း မနေနိုင်တော့ပေ။ မိမိဆရာအား ထိလာသောအခါ၌ အနီးရှိ ကျောက်ခဲများကိုယူကာ ဆိုက်ကားသမားများကို ဝင်၍ထုကြလေတော့၏။ ထို့နောက်တွင်ကား ဆိုက်ကားသမားများ၊ ကူလီများနှင့်အတူ ကျွန်ုပ် တို့ဆရာတပည့် သုံးဦးလည်း ဂါတ်သို့ ရောက်သွားကြလေတော့၏။ ဂါတ်မှတစ်ဆင့် ဆေးရုံသို့ရောက်ကြ၏။ ဆေးရုံတွင် ဆေးထည့်၍ပြီးသောအခါ၌ ပတ်တီးခေါင်းပေါင်းများဖြင့် ကျွန်ုပ်တို့ဆရာတပည့်သုံးဦးသည် ကျောင်းသို့ ပြန်လာခဲ့ကြလေတော့၏။ ကျောင်းသို့ရောက်သောအခါ ကျောင်းအုပ်ဆရာကြီးက ဆရာပိုးဟပ်ဖြူအား …
“ဆရာ့နှယ်ဗျာ၊ လမ်းဘေးကလူတွေနဲ့ ရန်ဖြစ်ရတယ်လို့”
ဟု အပြစ်တင်လေ၏။ ကျွန်ုပ်နှင့် လှဖေမှာမူ အတန်းထဲသို့ ဝင်လိုက်သည် နှင့် ကျန်သောကျောင်းသားများက ခေါင်းတွင်စည်းလာသော ပတ်တီးခေါင်းပေါင်းများကို အကြောင်းပြု၍ …
“ဂရိတ် ဘိုးစိန်တွေ”
ဟု မကြားတကြား နောက်ကြလေ၏။ ဆရာ ဆရာမ အချို့ကမူ၊ ဆရာပိုးဟပ်ဖြူအား အပြစ်တင်လေ၏။ ထိုအထဲတွင် ဒေါ်မေရီသည် အဆိုးဆုံးဖြစ်၏။ ဒေါ်မေရီသည် မျက်နှာကို မဲ့ရွဲ့၍ …
“ဆရာလုပ်နေပြီး မြောက်ပန်းဝိုင်းက ကူလီတွေနဲ့ ရန်သွားဖြစ် တာ သူ့အဆင့်အတန်းကိုပြတာပဲ”
ဟု ပြောလေ၏။

ကျွန်ုပ်တို့၏ မော်နီတာ တင်ရှိန်လံဘားကမူ ကျွန်ုပ်တို့နှစ်ဦးအား …
“မင်းတို့နှစ်ယောက် ကျောင်းပြေးတာကိုး၊ ဆရာဆရာမ စကား နားမထောင်တဲ့ကောင်တွေ ဒီလိုပဲဖြစ်မှာပေါ့…”
ဟုပြောရာ ကျွန်ုပ်က တစ်စုံတစ်ရာပြန်၍ မချေပသော်လည်း လှဖေက …
“မင်းကတော့ ဆရာ ဆရာမစကား နားထောင်လို့ တစ်တန်းမှာ နှစ်နှစ်နေတာပေါ့၊ မင်းဆယ်တန်းအောင်တဲ့အချိန်ဟာ လူအိုရုံရောက်တဲ့ အချိန်ဖြစ်မှာပဲ”
ဟု ပြောလိုက်ရာ တစ်တန်းလုံးက ‘ဝါး’ခနဲ ရယ်မောလိုက်လေ၏။ တင်ရှိန်လည်း ငြိမ်သွားလေ၏။ ထိုအခိုက် ကျောင်းသားတစ်ဦးက ….
“မော်နီတာ တော်ပြီကွာ”
ဟု ပြောလိုက်ပြန်လေ၏။ ဆရာပိုးဟပ်ဖြူသည် ကျွန်ုပ်တို့အား ကျောင်းတက်ခြင်း ရှိမရှိ လာ၍ ချောင်း၏။ ထို့နောက် …
“မင်းတို့မှာ ဒဏ်ရာဘာမှ မကြီးဘူး၊ ခွင့်ယူရင် ငါနဲ့တွေ့မယ်”
ဟု ဆရာပိုးဟပ်ဖြူက ကြိမ်းလေ၏။ ထို့ကြောင့် ကျွန်ုပ်တို့လည်း ခွင့်မယူရဲကြတော့ပေ။

ကျွန်ုပ်တို့အား ခွင့်မယူခိုင်းသကဲ့သို့ ၎င်းကိုယ်တိုင်လည်း ခွင့်မယူခဲ့ပေ။ ခေါင်းတွင် ပတ်တီးကြီးစည်းလျက်သားဖြင့် စာသင်၏။ ကျန်သော ဆရာ ဆရာမများက ၎င်းအား နောက်မှနေ၍ မေးငေါ့ကာ မဲ့ပြသွား၏။

ဆရာပိုးဟပ်ဖြူသည် ကျွန်ုပ်တို့၏ အတန်းအတွင်းသို့ ဝင်လာ ၏။ ထို့နောက် ဘလက်ဘုတ်အား ကြိမ်လုံးဖြင့် “ဖြန်း.. ဖြန်း” ဟု ရိုက်လိုက်၏။

ထို “ဖြန်း… ဖြန်း” ဟူသော အသံသည် ကျွန်ုပ်တို့ ကျောင်းသားများအဖို့ အမင်္ဂလာအသံပင်ဖြစ်၏။ ထိုအသံကို ကြားလိုက်သည်နှင့် …
“ပိုးဟပ် လာပြီဟေ့”
ဟု အချင်းချင်း ကျိတ်၍ပြောကာ ကျောင်းသားအားလုံး ငြိမ်၍ သွားကြလေ၏။

ဆရာပိုးဟပ်ဖြူသည် အခန်းတွင်းသို့ဝင်၍ သင်ပုန်းကို ဤသို့ လျှင် “ဖြန်း.. ဖြန်း” ဟု ရိုက်ပြီးသည်နှင့် စာများကို မနားတမ်း သင်လေတော့၏။ ဆရာပိုးဟပ်ဖြူ ပြသော ဘာသာရပ်မှာ သင်္ချာ ဖြစ်၏။ ဆရာသည် သင်္ချာကို သင်ပုန်းပေါ်တွင် တွက်ပြ၏။ ရှင်းပြ၏။ ထို့နောက် ပြန်တွက်ခိုင်း၏။ တွက်နေစဉ်အတွင်း ကျောင်းသား တစ်ဦးစီကို လိုက်၍ကြည့်၏။ ကိုးရိုးကားရားဖြစ်နေသည်ကို တွေ့လျှင် ချက်ချင်းရိုက်၏။

   “ပုစ္ဆာကို သေသေချာချာဖတ်စမ်း၊ အခုငါမေးထားတဲ့ ပုစ္ဆာဟာ နည်းရမယ့် ပုစ္ဆာလား၊ များရမယ့်ပုစ္ဆာလား၊ နည်းရမှာဆို အနည်းလို အများစားခြေ၊ များရမှာဆို အနည်းစားခြေ၊ ဒါလေးတောင် မသိဘူးလား”
ဟုဆိုကာ မတွက်တတ်၍ အူကြောင်ကြောင်ဖြစ်နေသော ကျောင်းသားတိုင်းကို ရိုက်၏။ ထို့ကြောင့် ဆရာပိုးဟပ်ဖြူ၏ အချိန်တွင် ကျွန်ုပ်တို့၏ စာသင်ခန်းသည် ဘီလူးဝင်သော ဝေသာလီပြည် ကဲ့သို့ အထိတ်တလန့် ဖြစ်ကြရကုန်၏။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး နှစ်လခန့်ကြာသော အခါ၌ ကျွန်ုပ်နှင့် လှဖေသည် ကျောင်းသို့လာစဉ် ဈေးအနီးမှတိုက်ရိပ်တစ်ခုတွင် ဈေးကူလီကုလားကလေးများနှင့်အတူဝင်၍ ဂျင်ဂလီ ခေါက်၏။ ဂျင်ဂလီခေါက်သည်ဆိုသည်မှာ ပိုက်ဆံကို လက်ပေါ်တွင် တင်၍ သံမန်တလင်းပေါ်သို့ ခေါက်ချရ၏။ ထိုသို့ခေါက်ချ၍ ခေါင်းကျလျှင်ရပြီး၊ ပန်းကျလျှင် အစားခံရသော ကစားနည်းဖြစ်၏။

ကျွန်ုပ်တို့ ကစားနေစဉ်အတွင်း အခြားသောကျောင်းမှကျောင်း သားနှစ်ဦးလည်း ကျောင်းသို့ဆက်၍ မသွားဘဲ ကျွန်ုပ်တို့နှင့်အတူ ဂျင်ဂလိဝင်၍ ခေါက်၏။ ထိုအခါ ဈေးကူလီကုလားလေးများသည် ကျွန်ုပ်တို့ဝိုင်းမှ ထွက်သွားကြ၏။ ကျွန်ုပ်တို့ ကျောင်းသားလေးဦးသာလျှင် ဆက်၍ကစားနေကြရ၏။ အခြားကျောင်းမှ ကျောင်းသားနှစ်ဦးသည် ရှုံးလေတော့၏။ ထိုအခါ ကျွန်ုပ်က ထိုကျောင်းသားနှစ် ဦးအား …
“မင်းတို့ကုန်ပြီမဟုတ်လား၊ ကုန်ရင်သွားမယ်”
ဟု ပြောရာ ကျောင်းသားနှစ်ဦးအနက် လက်တွင်လက်ပတ်နာရီ ပတ်ထားသော ကျောင်းသားက …
“မင်းတို့ ဒီမှာစောင့်နေမလား၊ ငါ့အိမ်မှာ ပိုက်ဆံရှိသေးတယ် ငါပြန်ယူမယ်”
ဟု ပြောရာ လှဖေက …
“မစောင့်နိုင်ဘူး၊ မင်းလက်ကနာရီ ပေါင်မလား၊ ပေါင်မယ် ဆိုရင် ငါ့ဆီမှာ ရှစ်ကျပ်ရှိတယ်၊ မင်းအနေနဲ့ အချိန်မရွေး ပြန်ရွေး လို့ရတယ်၊ ခြောက်တန်း (အေ) က လှဖေနဲ့ အောင်ထွန်းဆိုရင် လူတိုင်းသိတယ်”
ဟုပြောရာ ထိုကျောင်းသားက နာရီကို ချွတ်၍ပေးလေ၏။ လှဖေနှင့် ကျွန်ုပ်က ငွေလေးကျပ်စီစပ်၍ ပေးလိုက်လေ၏။ ထို့နောက် နာရီကိုမည်သူပတ်ထားရမည်ကို လှဖေနှင့်ကျွန်ုပ် ခေါင်း ပန်းလှန်၍ ဆုံးဖြတ်ကြလေ၏။ ကျွန်ုပ် ရှုံးသွားသဖြင့် လှဖေသည် လက်ပတ်နာရီကို ပတ်ခွင့်ရသွားလေတော့၏။ လှဖေသည် နာရီကို ပတ်ခွင့်ရလျှင် မပတ်သေးဘဲ သော့သီးကို လျှောက်၍ လှည့်နေ၏။ ထို့ကြောင့် နာရီပိုင်ရှင်က …
“ဟေ့ကောင် လျှောက်ပြီး ကလိမနေနဲ့၊ သံပတ်ပြတ်သွား ရင် မင်းလျှော်ရမယ်”
ဟု ပြောလိုက်ရာ လှဖေက …
“ကိုယ်ပိုင်နေတုန်းတော့ ကိုယ်ပစ္စည်းပဲကွ၊ နည်းနည်းပါးပါး တော့ လုပ်ကြည့်ရမှာပဲ”
ဟု ပြောလေ၏။ ထို့နောက် ကျွန်ုပ်တို့သည် ဆက်၍ ဂျင်ဂလိခေါက်ကြလေ၏။ ထိုကျောင်းသားများသည် ငွေသုံးကျပ်ထပ်၍ ရှုံးသွား၏။ ထိုအချိန်၌မှာပင်၊ လှဖေနှင့် ထိုကျောင်းသားနှစ်ယောက်မှာ စကားများရာမှအစ ထိုးကြိတ်သည်အထိ ဖြစ်သွားရ လေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်း ဝင်ပါရလေတော့၏။

ကျွန်ုပ်တို့လေးဦးသည် ထွေးလုံးရစ်ပတ် ဖြစ်နေကြ၏။ ထိုသို့ ဖြစ်နေရာမှ နာရီပိုင်ရှင် ကျောင်းသားက လမ်းဘေးမှ အုတ်ခဲပိုင်း တစ်ခုကို ကောက်၍ကိုင်လိုက်လေ၏။ ထိုအခါ လှဖေက နာရီကို ကိုင်မြှောက်၍ ထိုကျောင်းသားအား …
“ဟေ့ကောင် မင်း ငါ့ကို ခဲနဲ့ပစ်ရင် မင်းနာရီကို ပေါက်ခွဲလိုက်မယ်”
ဟု ပြောလိုက်ရာ ထိုကျောင်းသားလည်း လက်ထဲမှ အုတ်ခဲပိုင်းကြီးကို ချလိုက်လေတော့၏။ ထိုအခါ လှဖေက …
“ဟေ့ကောင် .. လာ ကျောင်းသွားမယ်”
ဟုဆိုသဖြင့် ကျွန်ုပ်တို့ နှစ်ဦးသည် ကျောင်းဘက်ဆီသို့ ထွက်လာခဲ့ကြလေတော့၏။

ကျွန်ုပ်တို့သည် စာသင်ချိန် နှစ်ချိန် လွတ်၍သွား၏။ ကျွန်ုပ်တို့ ရောက်ပြီး များမကြာမီ၌ပင် ကျွန်ုပ်တို့အတန်းသို့ ဆရာပိုးဟပ်ဖြူ ရောက်လာလေတော့၏။ ပြီးလျှင်ကြိမ်လုံးဖြင့် သင်ပုန်းကို တဖြန်းဖြန်း ရိုက်လေတော့၏။ ထို့နောက် စာသင်လေတော့၏။

ကျွန်ုပ်သည် ဆရာသင်သည်ကို လိုက်၍ကြည့်၏။ ထို့နောက် သင်ပုန်းပေါ်မှစာကို ကူးလေ၏။ လှဖေသည် သင်ပုန်းပေါ်မှစာကို မကြည့်၊ နာရီကိုသာမကြာခဏ ကြည့်နေ၏။ ထိုသို့ကြည့်ပြီးနောက်လည်း အငြိမ်မနေ၊ သော့သီးကို ကလိပြန်၏။ ကလိပြီး ပြန်လျှင်လည်း အငြိမ်မနေ၊ ကွန်ပါစူးချွန်ဖြင့် နာရီကိုဖွင့်ရန် ကြိုးစားနေပြန်၏။

ထိုအခါ ၎င်း၏နောက်တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်း မသိသော ဆရာပိုးဟပ်ဖြူသည် လှဖေ၏ ကျောကို ကြိမ်ဖြင့် “ရွှမ်း” ခနဲ ရိုက်လိုက်လေ၏။ ထို့နောက် နာရီကို တွေ့မြင်သွားပြီးလျှင် …
“မင်းမှာ အရင်က နာရီမရှိပါဘူး၊ ဘယ်လိုကဘယ်လို နာရီရလာသလဲ”
ဟု မေးလေ၏။ ထိုအခါ လှဖေက …
“ကျွန်တော့်ဦးလေး ထီပေါက်လို့ ဝယ်ပေးတာပါဆရာ”
ဟု ပြောလိုက်လေ၏။

ထိုအချိန်၌မှာပင် ပုလိပ်နှစ်ဦးသည် ကျွန်ုပ်တို့ကျောင်းဝင်း အတွင်းသို့ ဝင်လာလေ၏။ ပုလိပ်နှစ်ဦးနှင့်အတူ မိန်းမကြီးတစ်ယောက်၊ ကျွန်ုပ်တို့နှင့်အတူ ဂျင်ဂလီခေါက်ခဲ့သော ကျောင်းသားနှစ်ယောက်လည်း လိုက်ပါလာကြလေ၏။ ထိုသူတို့သည် ကျောင်းအုပ်ဆရာကြီး ရုံးခန်းသို့ တန်းတန်းမတ်မတ်ကြီး သွားကြလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် လှဖေအား တံတောင်ဖြင့်တွက်ပြီး ထိုသူရှိရာသို့ ပြလိုက်လေ၏။ ထိုအခါ လှဖေက …
“တို့ဆီက နာရီကို ငွေရှစ်ကျပ်ပြန်မပေးရင် လုံးဝမပေးဘူး၊ ဘာပဲဖြစ်ဖြစ် သူတို့ကို နာရီပြန်မပေးခင် နာရီကိုဖွင့်ကြည့်ရမယ်ကွ၊ အရေးထဲ နာရီကလဲဖွင့်လို့ မရဘူး၊ မင်းနည်းနည်း ကြိုးစားကြည့် စမ်းပါကွာ”
ဟု ကျွန်ုပ်အား ပြောလေ၏။

   “ငါမလုပ်တတ်ဘူးကွ၊ မင်းဘာသာ မင်းလုပ်”
ဟု ကျွန်ုပ်က ပြောရာ လှဖေသည် ကြိုးစား၍ ဖွင့်လေ၏။ ဆရာပိုးဟပ်ဖြူမှာမူ သင်္ချာများကို တစ်ပုဒ်ပြီး တစ်ပုဒ်တွက်ပြနေ၏။ ထိုစဉ် လှဖေသည် …
“ပွင့်ပြီဟေ့”
ဟု ပြောလိုက်လေ။ ထိုအချိန်၌မှာပင် ကျောင်းအုပ်ဆရာကြီးနှင့် ပုလိပ်နှစ်ဦးသည် အတန်းတွင်းသို့ ဝင်လာလေ၏။ မိန်းမကြီးနှင့် ကျောင်းသားနှစ်ဦးလည်း ပါလာလေ၏။ ပုလိပ် တစ်ဦးက ကျောင်းသားနှစ်ဦးအား ….
“မင်းတို့မှတ်မိတယ်ဆိုတာ ဘယ်မှာလဲ ပြလေ”
ဟု ပြောလိုက် ရာ ကျွန်ုပ်နှင့် လှဖေအား ထိုကျောင်းသားနှစ်ဦးက ပြလိုက်လေ၏။ ထိုသို့ ပြလိုက်သည်နှင့် ပုလိက်တစ်ဦးသည် လက်ထိပ်ကိုကိုင်ကာ ကျွန်ုပ်တို့နှစ်ဦးဆီသို့ လျှောက်လာလေ၏။ ထိုအခါ ကျွန်ုပ်တို့၏ ဆရာပိုးဟပ်ဖြူက ထိုပုလိပ်အား …
“ဟေ့လူ ရှေ့မတိုးနဲ့၊ ကျုပ်ကျောင်းသားတွေကို လက်ဖျားနဲ့ တောင် မထိနဲ့၊ ဘာကိစ္စရှိသလဲကျုပ်ကိုပြောပါဗျ”
ဟု ပြောလိုက်ရာ ထိုပုလိပ်က …
“အဲဒီကျောင်းသားနှစ်ယောက်က ဟောဒီကျောင်းသားနှစ်ယောက်ကို ထိုးကြိတ်ပြီး နာရီကိုလုယက်သွားတယ်။ အဲဒါ လုယက်မှုပဲ”
ဟု ပြောလိုက်လေ၏။

   “လုယက်မှုမကလို့၊ လူသတ်မှုပဲဖြစ်ဖြစ် ကျုပ်ကိုပြောရမယ်၊ ကျုပ်ဟာ ဒီအတန်းရဲ့အတန်းပိုင်ဆရာပဲ၊ ကျုပ်စာသင်နေတုန်း ကျုပ်အတန်းထဲက ကျောင်းသားကို ကျုပ်ခွင့်ပြုချက်မရဘဲ ဖမ်းလား ဆီးလား လက်ထိပ်ခတ်လား လုပ်ခွင့်မရှိဘူး။ လိုအပ်ရင် ကျုပ်ကိုယ်တိုင် ဂါတ်ကိုလာပို့မယ်။ ကျုပ်ကျောင်းသားတွေ ထွက်မပြေးဖို့ ကျုပ်မှာ တာဝန်ရှိတယ်”
ဟု ဆရာပိုးဟပ်ဖြူက ပြောလိုက်ရာ ပုလိပ်သည် လွန်စွာစိတ်ဆိုး၍ သွား၏။ ထို့ကြောင့် ထိုပုလိပ်က …
“ဒီမှာဆရာ၊ ကျွန်တော် တာဝန်ဝတ္တရားနဲ့ လာတာ၊ လုယက်မှုတရားခံနှစ်ယောက်ကို ဖမ်းဆီးဖို့လာတာ၊ တရားခံဖမ်းရာမှာ တရားခံလွတ်မြောက် ထွက်ပြေးနိုင်အောင် ကူညီသည်ဖြစ်စေ ဖမ်းဆီးမယ့်သူကို အဟန့်အတားလုပ်သည်ဖြစ်စေ၊ ဥပဒေအရ အရေးယူနိုင်တယ်ဆိုတာ ဆရာသိမှာပေါ့”
ဟု ပြောလိုက်ရာ ကျွန်ုပ် တို့၏ ဆရာပိုးဟပ်ဖြူ မျက်နှာသည် ဖြူဖတ်ဖြူရောင် အရောင်မှ ဟင်္သာပြဒါးရောင်ကဲ့သို့ နီမြန်းသွားလေတော့၏။ ထို့နောက် ….
“ကျုပ်ကျောင်းသားတွေကို ခင်ဗျားပုဒ်ထီးတွေ၊ ပုဒ်မတွေနဲ့ ပုံကြီးချဲ့မနေနဲ့၊ ကျောင်းသားတွေဟာ ခင်ဗျားပြောသလို တရားခံတွေဟုတ်မှာ မဟုတ်ဘူး၊ ကျုပ်ကျောင်းသားတွေကို ကျုပ်မေးကြည့်မယ်”
ဟု ဆိုကာ ကျွန်ုပ်တို့ဘက်သို့ လှည့်ပြီးလျှင် ကျွန်ုပ်တို့အား ….
“ကဲ.. ငါ့တပည့်တို့၊ သူတို့ပြောတဲ့အတိုင်း ဟုတ်တယ်ဆို ရင်တော့ မတတ်နိုင်ဘူး၊ အပြစ်ရှိတဲ့အတိုင်း ခံကြပေတော့၊ ဘယ်လိုဖြစ်တာလဲ မှန်မှန်ပြောကြ”
ဟု မေးလိုက်ရာ လှဖေက …
“လုတာမဟုတ်ဘူးဆရာ၊ သူတို့က ပေါင်တာ၊ ပေါင်ပြီး ကျွန်တော်တို့နဲ့ ဂျင်ဂလီကစားတာ၊ သူတို့ရှုံးလို့ ညစ်တာဆရာ၊ ကျွန်တော်ကတော့ ငွေရှစ်ကျပ်ရရင် အခုပြန်ပေးမယ်၊ ဒါတောင် အတိုးမယူဘူး၊ အရင်းအတိုင်း ပြန်ပေးတာ”
ဟု ပြောပြီးလျှင် နာရီပိုင်ရှင် ကျောင်းသားဘက်သို့ လှည့်ကာ ….
“ဟေ့ကောင် မင်းက ဘာချောက်တွန်းတာလဲ”
ဟု မေးလိုက်ရာ ပုလိပ်တို့နှင့် ပါလာသော မိန်းမကြီးက …
“နာရီကော ရှိသေးရဲ့လားရှင်မေးပါဦး”
ဟု ပုလိပ်များအား ပြောလိုက်လေ၏။ ထိုအခါ ပုလိပ်က လှဖေအား …
“မင်းဆီမှာ အဲဒီနာရီ ရှိသေးလား”
ဟု မေးရာ လှဖေက …
“ရှိတာပေါ့ဗျ”
ဟု ပြောလေ၏။ ထိုအခါ ပုလိပ်က …
“အဲ့ဒါ သက်သေခံပစ္စည်းပဲ၊ သိမ်းရမယ်”
ဟု ဆိုကာ ရှေ့သို့ တိုးသွားလေ၏။ သို့ရာတွင် ဆရာပိုးဟပ်ဖြူက ပုလိပ်၏ဂုတ်အား ဖမ်း၍ ဆွဲထားပြီးလျှင် မျက်နှာကို လက်ဝါးဖြင့် ‘ဖျန်း’ခနဲ ရိုက်လိုက်လေတော့၏။ ထိုအခါ လာ၍ဖမ်းသော ပုလိပ်က ကျွန်ုပ်တို့၏ ဆရာပိုးဟပ်ဖြူအား တတောင်ဖြင့်လှည့်၍ တွက်၏။ ထိုသို့ တွက်သည် ဆိုလျှင် လှဖေသည် ဝုန်းခနဲထကာ ခုံစောင်းများကို ခုန်၍ကျော်သွားပြီးလျှင် ပုလိပ်အား ကန်လေ၏။ ကျွန်ုပ်ကလည်း သံပေတံဖြင့် ပြေး၍ခုတ်၏။ ကျန်သောကျောင်းသားများမှာ မနေနိုင်တော့ဘဲ ထိုပုလိပ်အား ဝိုင်း၍ကိုက်သူကိုက်၊ ရိုက်သူရိုက်ကြ၏။ ပုလိပ်ခမျာမှာမူ မသေမရှင်ဖြစ်နေသော ယင်ကောင်ကို ပုရွက်ဆိတ်များ ဝိုင်း၍ ဆွဲသကဲ့သို့ ယက်ကန်ယက်ကန် ဖြစ်နေရှာတော့၏။

ထိုအခါ ကျောင်းအုပ်ဆရာကြီးသည် ကျွန်ုပ်တို့အား ကြိမ်လုံး ဖြင့်ရိုက်၍ လူစုခွဲလေ၏။ ထိုသို့ လုံးလားထွေးလား ဖြစ်နေစဉ်၌ပင် လှဖေသည် ကျောင်းသားနှစ်ဦးကို ဝင်ထိုးပြီး နာရီကိုလည်း ပေါက်ခွဲ ပြီးသားဖြစ်နေလေတော့၏။ နာရီမှာ နဂိုကပင်ဖြုတ်ထားပြီး ဖြစ်ရာ တစ်စစီဖြစ်သွားလေတော့၏။

ထို့နောက်တွင်ကား ကျွန်ုပ်နှင့် လှဖေအား လုယက်မှုဖြင့် ဖမ်းလိုက်ကြ၏။ ဆရာပိုးဟပ်ဖြူကိုမူ ဝတ္တရားနှောင့်ယှက်မှုဖြင့် တရားစွဲထား၏။ ဆရာပိုးဟပ်ဖြူကလည်း စာသင်နေစဉ် စာသင်ခန်းတွင်းသို့ ဝင်ရောက်နှောင့်ယှက်မှုဖြင့် တရားစွဲဆိုထား၏။ ကျောင်းအုပ်ဆရာကြီးသည် ဆရာပိုးဟပ်ဖြူအား အကြီးအကျယ် ဆူပူ၏။

   “ကျုပ်တစ်ယောက်လုံး ပါလာတာပဲဗျာ၊ ဟိုကျောင်းသား နှစ်ယောက်ဟာ လုယက်မှုဖြစ်ကြောင်း ထင်ရှားနေတာပဲ၊ ပုလိပ်လက် သာအပ်ရမှာ၊ ခင်ဗျားက ဘာလို့ကာကွယ်နေရတာလဲ”
ဟု ဆရာကြီးက ပြောရာ …
“အဲဒါ ဆရာကြီးမှားတာပေါ့၊ တကယ်ဆို ကျွန်တော့်ကို ဆရာကြီးရုံးခန်းကို ခေါ်ရမှာ၊ ကျွန်တော်က ကျောင်းသားနှစ်ယောက်ကို ခေါ်ပြီး ဆရာကြီးဆီလာပြီးမှ ကျွန်တော်ကိုယ်တိုင် ဂါတ်ကိုလိုက် ပို့ရမှာပေါ့၊ ခုတော့ ဆရာကြီးကိုယ်တိုင်က ပုလိပ်ကို စာသင်ခန်းထဲကို ခေါ်လာပြီး တခြားကျောင်းသားတွေရှေ့မှာ ဒီကလေးနှစ်ယောက်ကို ဖမ်းလားဆီးလား လုပ်ခိုင်းတယ်၊ ဒါကို ကျွန်တော် ကြည့်မနေနိုင်ဘူး။ ကျွန်တော့်ကျောင်းသားတွေဟာ ပြုပြင်လို့ရတဲ့ အခြေအနေမှာရှိရင် ကျွန်တော်တို့က ပြုပြင်ပေးရမယ်၊ စာသင်ခန်းထဲကနေ ဒီကလေးတွေကို ပုလိပ်ကဖမ်းသွားရင် တခြားကျောင်းသားတွေက ဒီကလေးနှစ် ယောက်ကို လူဆိုးလေးတွေလို့ သတ်မှတ်သွားကြလိမ့်မယ်။ ကလေးတွေကိုယ်တိုင်ကလဲ သူတို့ကိုယ်သူတို့ လူဆိုးတွေလို့ ခံယူသွား ကြလိမ့်မယ်၊ အဲဒါကို ကျွန်တော် မခံနိုင်ဘူး။ ကျောင်းဆရာဟာ ကလေးတွေကို စာသင်ရုံနဲ့ တာဝန်မကျေဘူး၊ ကလေးတွေရဲ့စိတ်ဓာတ်ကို မြင့်မားအောင် လုပ်ပေးဖို့လဲ တာဝန်ရှိတယ်”
ဟု ပြောလိုက်လေ၏။

ထို့နောက် ကျောင်းသားများသည် အမှုတွဲတွင် ပါသောကြောင့် ကျောင်းသားမိဘများပါ ပါလာ၏။ ထိုအခါ ပုလိပ်ဘက်မှ ရပ်ကွက် နှင့် ပြဿနာဖြစ်မည်ကို စိုးရိမ်လာလေ၏။ ထို့ကြောင့် ပုလိပ်ဘက်မှ အကြီးအကဲများ ကျောင်းသားမိဘများ ညှိနှိုင်းကာ အမှုကို ရုပ်သိမ်းလိုက်ကြလေ၏။

ဤသို့နှင့်ပင် စာမေးပွဲဖြေသောအချိန်သို့ ရောက်လာ၏။ ကျွန်ုပ်တို့ကလည်း စာမေးပွဲဖြေဆိုကြ၏။ ကျွန်ုပ်တို့အားလုံး စာမေးပွဲအောင်ကြ၏။ မော်နီတာလုပ်သော တင်ရှိန်လံဘားကြီးသာ စာမေးပွဲကျ၍ ကျန်ခဲ့လေ၏။

ခုနစ်တန်းရောက်သောနှစ်တွင် လှဖေ၏အိတ်ထဲ၌ ဆေးပေါ့လိပ်နှင့် မီးခြစ်များ ပါလာလေတော့၏။ ထို့နောက် လှဖေသည် ကျွန်ုပ်အား ကန်တော်ကြီးသို့ ခေါ်သွားကာ ဆေးလိပ်သောက်ပြလေ၏။ ကျွန်ုပ်ကိုလည်း ဆေးလိပ်တစ်လိပ်ပေး၏။ ထို့ကြောင့် ကျွန်ုပ် လည်း ဆေးလိပ်ကို မဖွာတတ် ဖွာတတ်နှင့် ဖွာလေ၏။ ဤသို့လျှင် ရက်အတန်ကြာ ဆေးလိပ်သောက် ကျင့်ခဲ့ရာ ဆေးလိပ်စွဲလေတော့ ၏။ ထို့ကြောင့် ကျွန်ုပ်က …
“ဟေ့ကောင် လှဖေ ဆေးလိပ်ပေးပါဦး”
ဟု တောင်းရာ လှဖေက …
“မပါဘူးကွ၊ မင်းမှာ ပိုက်ဆံပါရင် ဝယ်လိုက်”
ဟု ပြောရာ ကျွန်ုပ်လည်း ဝယ်ရလေ၏။ ကျွန်ုပ်တို့၏ ကျောင်းမုန့်ဖိုးသည် မုန့် စားရသည် မရှိ၊ ဆေးလိပ်ဖိုးနှင့်သာ ကုန်ကြရလေ၏။

တစ်နေ့တွင် ကျွန်ုပ်နှင့် လှဖေသည် ဆေးလိပ် တစ်ယောက် တစ်လိပ်စီ ဖွာကာ စကားတပြောပြောနှင့် လျှောက်လာ၏။ ထိုအချိန် ၌မှာပင် ကျွန်ုပ်တို့အနီးမှ ဖြတ်၍ ဘတ်စ်ကားတစ်စီး ဖြတ်၍ သွား၏။ တအောင့်မျှကြာသောအခါ ကျွန်ုပ်တို့၏ ဇက်ပိုးကို တစ်စုံတစ်ယောက်က နောက်မှ အုပ်လိုက်ရာ ပါးစပ်ထဲမှ ဆေးလိပ်များပင် လွင့်ကျသွား၏။ ကျွန်ုပ်နှင့် လှဖေသည် အလန့်တကြားဖြင့် ထိုသူကို ငဲ့ကြည့်လိုက်ရာ ကျွန်ုပ်တို့၏ဆရာ ပိုးဟပ်ဖြူ ဖြစ်နေ၏။

   “ခွေးမျိုးတွေ၊ မင်းတို့တွေ ဆေးလိပ်သောက်တာတွေ့တာနဲ့ ရှေ့မှာဆင်းပြီး စောင့်နေတာ၊ မကောင်းတဲ့အတတ်ကို တစ်ခုပြီးတစ်ခု တတ်တဲ့ကောင်တွေ”
ဟု ဆိုကာ လမ်းလယ်ကောင်တွင် ပယ်ပယ်နယ်နယ် ရိုက်လေတော့၏။ ထိုသို့ ရိုက်ပြီးနောက်…
“နောက်ဆေးလိပ်သောက်တာတွေ့ရင် သတ်ပစ်မယ်”
ဟု ကြိမ်းလေ၏။

ကျွန်ုပ်တို့လည်း ထိုနေ့မှစ၍ ဆေးလိပ်ကို ရဲရဲတင်းတင်း မသောက်ရဲ၊ ဆရာပိုးဟပ်ဖြူ မည်သည့်အရပ်မှ ပေါ်လာမည်နည်းဟု တွေးရင်း မရဲတရဲ သောက်ရလေတော့၏။ တစ်နေ့တွင်လည်း ခုနစ်တန်း ခြောက်လပတ်စာမေးပွဲတွင် လှဖေကော ကျွန်ုပ်ပါ သင်္ချာတွင် အမှတ်လေးဆယ်ရ၍ အောင်ရုံသာ အောင်လေ၏။ သို့ရာတွင် ကျွန်ုပ်တို့သည် အောင်ပြီဆိုရုံနှင့်ပင် ကျေနပ်ကြလေ၏။ ထို့ကြောင့် ကျွန်ုပ်နှင့် လှဖေမှာ စကားတပြောပြောနှင့် လမ်းလျှောက်လာရာ ဆရာပိုးဟပ်ဖြူနှင့် လမ်းတွင် ပက်ပင်းသွား၍ တိုးလေတော့၏။ ထိုအခါ ဆရာပိုးဟပ်ဖြူက …
“အတော်ပဲ .. အတော်ပဲ၊ မင်းတို့နှစ်ကောင်နဲ့ တွေ့ချင်နေတာ၊ ခြောက်လပတ်စာမေးပွဲမှာ ဂဏန်းသင်္ချာမှာ အမှတ်လေးဆယ်ပဲ ရတယ်ဆို၊ မင်းတို့မေးခွန်းတွေကို ငါဖတ်ကြည့်ပြီးပြီ။ ဒါတွေကို ငါသင်ပေးပြီးသား၊ မဖြေနိုင်စရာ ဘာမှ မရှိဘူး၊ ငါ့အတန်းက တက်သွားတဲ့ ကောင်တွေအားလုံး အမှတ်ခုနစ်ဆယ် အနည်းဆုံး ရှိတယ်။ မင်းတို့နှစ်ယောက်တည်း လေးဆယ်ရတဲ့လူ ရှိတယ်ကဲ ညံ့ဦးကွာ၊ ညံ့ဦးကွာ”
ဟု ဆိုကာ ကျွန်ုပ်နှင့် လှဖေ နှစ်ယောက်စလုံး ကို လမ်းလယ်ကောင်တွင် ရိုက်ပြန်လေ၏။

ထို့နောက် ဆရာပိုးဟပ်ဖြူက …
“အတန်းတင်စာမေးပွဲမှာ ဂဏန်းသင်္ချာများ ကျတယ်ဆိုလို့ကတော့ မင်းတို့အသက် ဖက်နဲ့ထုပ်ထား”
ဟု ကြိမ်းသွားသေး၏။ ထို့ကြောင့် လှဖေကော ကျွန်ုပ်ပါ ဂဏန်းသင်္ချာကို ကြိုးစားကြလေ၏။ လှဖေကမူ …
“အောင်ထွန်းရေ … စာမေးပွဲမအောင်လို့ အတန်းမတက်ရရင် အကြောင်းမဟုတ်ဘူးကွ၊ ဂဏန်းသင်္ချာကျရင် နာလိမ့်မယ်။ ကြိုးစားထားကွ”
ဟု ပြောလေ့ရှိ၏။

ကျွန်ုပ်တို့ထက် အတန်းကြီးသော ကျောင်းသားကြီးများအား ဆရာပိုးဟပ်ဖြူအကြောင်း မေးကြည့်ရာ ဆယ်တန်းကျောင်းသားကြီး တစ်ဦးက …
“ဟာ… ဆရာ ပိုးဟပ်ဖြူလား၊ မလွယ်ဘူးကွ၊ ငါတို့လဲ အခုထက်ထိ အရိုက်ခံနေရတုန်းပဲ”
ဟု ပြောလေ၏။

ဤသို့နှင့်ပင် ကျွန်ုပ်တို့သည် ဆယ်တန်းသို့ ရောက်လာခဲ့ ကြ၏။ ကျွန်ုပ်သည် ဆယ်တန်းဖြေပြီးသည်နှင့် တစ်ပြိုင်နက် တပ်ထဲသို့ ဝင်သွား၏။ လှဖေကြီးကမူ ပုလိပ်ထဲသို့ ဝင်သွားလေ၏။

နှစ်အတန်ကြာသောအခါ၌ ကျွန်ုပ်သည် စစ်တပ်မှ ထွက်ခဲ့ ရ၏။ လှဖေကြီးမှာမူ ပုလိပ်ထဲတွင် မြဲနေ၏။ လှဖေကြီးသည် အလုပ်တစ်ဘက်နှင့် ကျောင်းတက်၏။

ကျွန်ုပ်မှာမူကား စာသင်ကျောင်းနှင့် သေခန်းပြတ်သွားလေတော့၏။ ဈေးရောင်းသည့်အခါတွင် ရောင်းနေရ၏။ အလုပ်ကြမ်းလုပ်သည့် အခါတွင် လုပ်နေရ၏။

တစ်နေ့တွင် ကျွန်ုသည် ဒူးရင်းသီးရောင်းရန်အတွက် ဒူးရင်းသီး ပွဲရုံသို့ သွား၏။ ထိုသို့သွားရာတွင် ထမင်းလခကြွေးများ၊ အိမ်ခန်းခကြွေးများနှင့် ငွေတိုးချေးထားသော အတိုးများကို စဉ်းစားရင်း ဆေးလိပ်တိုကလေးကို ပါးစောင်တွင်ခဲရင်း ရွှေတောင်တန်းလမ်း အတိုင်း လျှောက်၍သွားရာ ဆရာပိုးဟပ်ဖြူနှင့် ပက်ပင်းတိုးလေတော့၏။ ဆရာသည် ကျွန်ုပ်၏ ပါးစောင်ထဲမှ ဆေးလိပ်တိုကို ခတ်ခနဲ ဆွဲယူ၍ လွှင့်ပစ်လိုက်၏။ ၎င်းနောက်မှ …
“မင်းဘာလုပ်နေလဲ”
ဟု မေးလေ၏။

   “ကျွန်တော်ပွဲရုံက ဒူးရင်းသီးတစ်ခြင်းကို ဆယ့်ရှစ်ကျပ်နဲ့ ယူပြီး၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ လက်လီပြန်ရောင်းနေတယ် ဆရာ”
ဟု ကျွန်ုပ်ကပြောလိုက်ရာ ဆရာပိုးဟပ်ဖြူက …
“ဘယ်လောက်မြတ်သလဲကွာ”
ဟု မေးလေ၏။

   “တစ်ခါတစ်လေ ဆယ့်ငါးကျပ်လောက် မြတ်တယ်တစ်ခါ တစ်လေ နှစ်ဆယ်လောက်မြတ်တယ် ဆရာ၊ အမှန်မရှိဘူးဆရာ”
ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ ထိုအခါ ဆရာကြီးပိုးဟပ်ဖြူက …
“ကောင်းပြီ၊ ဆယ့်ရှစ်ကျပ်နဲ့ဝယ်တဲ့ ဒူးရင်းသီးတစ်ခြင်းက နှစ်ဆယ်မြတ်တယ်ပဲ ထားပါတော့ကွာ၊ တစ်လုံးကို ငါးကျပ်ရတဲ့အလုံးက သုံးလုံးပါတယ်၊ ကိုးကျပ်ရတဲ့အလုံးက နှစ်လုံးပါတယ်။ မရောင်းရသေးတာ နှစ်လုံးကျန်တယ်၊ အဲဒါ တစ်လုံးကို ဘယ်လောက်နဲ့ ရောင်းရင် ဘယ်နှစ်ဆယ် မြတ်မလဲကွာ”
ဟု မေးလေ၏။

ကျွန်ုပ်မှာ အလွန်ဦးနှောက်ခြောက်သွား၏။ ကြွေးစာရင်းများ တွက်၍မှ မဆုံးမီ မမျှော်လင့်ဘဲ ဆရာပိုးဟပ်ဖြူနှင့် တွေ့ရ၏။ ပါးစပ်ထဲမှ၊ ဆေးလိပ်ကို ဆွဲ၍ လွှတ်ပစ်ခံရ၏။ ထို့နောက် သင်္ချာပုစ္ဆာ အမေးခံရပြန်၏။ ကျွန်ုပ်သည် စိတ်တွက်နှင့် တွက်နေသော်လည်း မရပေ။ ပိုးဟပ်ဖြူက ခေါင်းကို လှမ်း၍ ခေါက်၏။

   “ခွေးကောင် ဒါလေးတောင် မတွက်တတ်ဘူးလား၊ မင်းတို့ကို သင်္ချာတော်အောင် သင်ပေးတာတွေ သဲထဲရေသွန် ဖြစ်သွားပြီ”
ဟုဆရာပိုးဟပ်ဖြူက ပြောရင်း ခေါက်ပြန်၏။ ထိုနောက် ဆရာပိုးဟပ်ဖြူကပင် …
“မင်းဟာမင်း ဒူးရင်းသီးပဲ ရောင်းရောင်း၊ ငှက်ပျောသီးပဲ ရောင်းရောင်း၊ အတွက်အချက်နိုင်ရမယ်ကွ၊ ငါက ဒီလောက် လေ့ကျင့်ပေးထားပါလျက် မင်းက ဒီလောက်ညံ့ရလား၊ ဒါလေးဟာ စိတ်တွက်နဲ့ကို တွက်နိုင်ရမယ်၊ ဆယ်တန်းလေး ဘာလေး ဖြေပါဦးလား၊ သံချေးတက်ခံရလား”
ဟု ပြောကာ တစ်ချက် ခေါက်ပြန်၏။ ထို့နောက် ဆရာပိုးဟပ်ဖြူ ထွက်သွား၏။

ကျွန်ုပ်သည် ဒူးရင်းသီးရောင်း၍ ထိုနေ့အဖို့ မြတ်မည် မမြတ်မည် မသိပါ။ ခေါင်း၌မူ လေးချက် အမြတ်ရခဲ့ပြီ ဖြစ်၏။ ထို့နောက်တွင်ကား ဆရာပိုးဟပ်ဖြူနှင့် မတွေ့တော့ပါ။

ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ဘဝအမျိုးမျိုးကို ကျင်လည်ခဲ့ရ၏။ နောက်ဆုံးတွင် စာရေးဆရာ ဖြစ်လာ၏။ တစ်နေ့တွင် ကျွန်ုပ်၏ အိမ်ရှေ့၌ ရဲကားတစ်စီးလာ၍ ရပ်လေ၏။ ရဲကားပေါ်မှ ဗိုက်ရွှဲ၍ ရဲအရာရှိတစ်ဦး ဆင်းလာ၏။ ထို့နောက် ကျွန်ုပ်၏ အိမ်ပေါ်သို့ တက်လာ၏။ ကျွန်ုပ်မှာ မျက်စိမှုန်နေပြီ ဖြစ်၏။ ထို့ကြောင့် မည်သူမည်ဝါဟု မသိပါ။ ထိုအချိန်၌မှာပင် ထိုရဲအရာရှိက …
“ဟေ့ကောင် အောင်ထွန်း”
ဟု ခေါ်လိုက်သဖြင့် ကျွန်ုပ် ကောင်းစွာ မှတ်မိသွား၏။

   “ဟေ့ လှဖေ”
ဟု ကျွန်ုပ်က ပြန်၍ ခေါ်လိုက်၏။

   “ငါက မင်းကို မသိပါဘူးကွာ၊ ငါ့တပည့်တွေက မင်းရေးတဲ့ ဆားပုလင်းနှင်းမောင်ကို ဖတ်ပြီး သဘောကျနေကြတယ်၊ နောက်တော့မှ ငါ့တပည့်တစ်ယောက်က စာအုပ်ကြော်ငြာက မင်းပုံယူလာပြမှ မင်းမှန်း သိရတာကွ၊ ငါလဲ အခုနယ်က ပြောင်းလာပြီး တစ်သက်လုံး စုဆောင်းထားတဲ့ ငွေကလေးနဲ့ အခန်းလေးတစ်ခန်း ဝယ်မလို့ဟာ အခန်းရှင်က သူရောင်းချင်တာ နှစ်ခန်းတဲ့၊ နှစ်ခန်းစလုံးယူမှ ရောင်းမယ်တဲ့၊ ငါကလဲ နှစ်ခန်းဖိုး မတတ်နိုင်ဘူးကွ၊ အဲဒါနဲ့ ငါကလဲ စိတ်ပျက်ပျက်နဲ့ ထွက်လာတာ”
ဟု လှဖေက ပြောလေ၏။

   “ပိုက်ဆံလိုရင် ဈေးထိပ်မှာ ဂျင်ဂလိ ခေါက်ရအောင်ကွာ”
ဟု ကျွန်ုပ်က ပြောလိုက်ရာ လှဖေကြီးက လက်ခုပ်လက်ဝါးတီး၍ ရယ်ပြီးလျှင် …
“ပြောရဦးမယ်ဟေ့၊ အဲဒီကောင်နဲ့ ငါနဲ့ ပြန်တွေ့ သေးတယ်ကွ၊ ဒီကောင် အခု နာမည်ကြီး လူလိမ်ပေါ့ကွာ၊ ဖိုးတွမ်တီးအမှုနဲ့ ငါ့တပည့်တွေ ဖမ်းလာလို့ ငါနဲ့ ပြန်တွေ့ ရသေးတယ်ကွ”
ဟု ပြောလေ၏။

   “ဒါနဲ့ မင်းက အငြိုးနဲ့ ကျောင်းတော်က ရန်စကို သတိရပြီး နားသယ်ကို နှစ်ချက်လောက် ရိုက်လိုက်သေးတယ်ပေါ့”
ဟု ကျွန်ုပ်က ပြောလိုက်ရာ လှဖေက …
“ဒီလို လုပ်လို့ ရမလားကွာ၊ ငါ့ကိုနိုင်ငံတော်က ယုံကြည်လို့ ခန့် အပ်ထားတဲ့ ရဲအရာရှိကွ၊ အငြိုးအမှတ်နဲ့ ရိုက်လားနှက်လား လုပ်လို့မရဘူး၊ အပြစ်မရှိရင် ပြန်လွှတ်မယ်၊ အပြစ်ရှိရင် ရုံးကိုပို့မယ်။ အပြစ်ရှိတယ် မရှိဘူးဆိုတာလဲ ငါ့အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ ရုံးတော်ကဆုံးဖြတ်လိမ့်မယ်။ ဒါပေမယ့်ကွာ .. ဒီကောင်ကငါ့ကို မချေ မငံပြောတာနဲ့ တစ်ချက်လောက်တော့ တွယ်လိုက်သေးတယ်ကွ၊ အဲဒါကတော့ ရဲအရာရှိအနေနဲ့ တွယ်တာမဟုတ်ဘူး၊ လှဖေအနေနဲ့ မခံချင်လို့ တွယ်တာဟေ့၊ ဒီလိုအူကြောင်ကြောင်လုပ်လို့ကတော့ လူမရွေး နေရာမရွေးတွယ်ရမှာပဲ”
ဟု ပြောလေ၏။ ထို့နောက် လှဖေကြီးသည် ကျွန်ုပ်အား ထမင်းကျွေးရန် ခေါ်သွားလေ၏။ ထမင်းစားရင်း ကျွန်ုပ်က …
”ငါလဲအခန်းရှာနေတာ
ဟု ပြောလိုက်ရာ လှဖေက …
”ဒါဖြင့် ငါယူမယ့်အခန်းဘေးက တစ်ခန်းကို မင်းယူကွာ၊ ငါနဲ့မင်းနဲ့ နီးနီးနားနား နေရတာပေါ့”
ဟု ပြောလေ၏။ ထမင်းစားပြီး သောအခါ၌ ကျွန်ုပ်လည်း လှဖေနှင့်အတူ အခန်းကိုလိုက်ကြည့်၏။

မျက်နှာချင်းဆိုင် အိမ်တန်းမရှိခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ မြို့လယ်ကောင်ဖြစ်ခြင်းတို့ကြောင့် ကျွန်ုပ်ထိုအခန်းကို ကြိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က …
“ငါယူမယ်ကွာ”
ဟု ပြောဆိုလိုက်ရာ လှဖေကအိမ်ရှင်အား ငွေလာချေမည့်ရက်ကို ချိန်းဆိုလေ၏။ အိမ်ရှင်မှာ လွန်စွာသဘော ကောင်း၏။

   “လာခဲ့ပါ၊ ဆရာတို့လာခဲ့ပါ၊ ကျွန်တော်စောင့်နေပါ့မယ်”
ဟု အိမ်ရှင်က ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်နှင့် လှဖေသည် ချိန်းဆိုထားသောနေ့၌ ငွေထုပ်များပိုက်ကာ အိမ်ရှင်ထံသို့ သွားလေ၏။ အိမ်ရှင်သည် ကျွန်ုပ်တို့နှစ်ဦးအား ချက်နို့ဆီဖြင့်ဖျော်သော လက်ဖက်ရည်ဖြင့် ဧည့်ခံထား၏။ ကျွန်ုပ်က …
“ကျွန်တော်လက်ဖက်ရည် မကြိုက်ဘူး၊ ဟော့ဒီကောင်ကြီးက လက်ဖက်ရည် သိပ်ကြိုက်တာ၊ သူနှစ်ခွက် သောက်လိမ့်မယ်”
ဟု ပြောဆိုကာ လက်ဖက်ရည်ခွက်ကို လှဖေဘက်သို့ ထိုးပေးလိုက်လေ၏။ လှဖေသည် စာချုပ်များကိုထုတ်၍ ငွေများကိုရေလေ၏။ ထိုအခါ အိမ်ရှင်က …
“သက်သေအဖြစ် လက်မှတ်ထိုးဖို့ အပိုင်ကောင်စီကို ခေါ်ထားပါတယ်ဟော ပြောရင်းဆိုရင်းလာပြီ”
ဟု ဆိုသဖြင့် ကျွန်ုပ်ကော လှဖေပါ အပိုင်ကောင်စီအား လှမ်း၍ ကြည့်လိုက်လေ၏။ ကျွန်ုပ်တို့နှစ်ဦး အစဉ်ထာဝရ နေမည်ဖြစ်၍ အပိုင်ကောင်စီအား ရင်းနှီးရန်လို၏။ ထို့ကြောင့် ကျွန်ုပ်တို့က …
“ကြွပါခင်ဗျား… ကြွပါ”
ဟု ပြောလိုက်ရာ အပိုင်ကောင်စီလည်း ကျွန်ုပ်တို့နှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်၍ ထိုင်လေ၏။ ကျွန်ုပ်ကော လှဖေပါ ထိုအပိုင်ကောင်စီ၏ မျက်နှာကို မြင်သောအခါ “ဟိုက်” ဟူ၍ ပြိုင်တူယောင်၍ အော်လိုက်ကြ၏။ ထို့နောက် လှဖေက ထိုသူ၏ မျက်နှာကို သေသေချာချာကြည့်ကာ …
“မော်နီတာ”
ဟု ခေါ်လိုက်လေ၏။

မှန်ပေသည်။ ထိုအပိုင်ကောင်စီသည် ကျွန်ုပ်တို့ကျောင်းနေစဉ် စားလည်းလွန်စွာညံ့၍ လွန်စွာမှလည်း ရိုးသားနုံအလှသော တင်ရှိန်လံဘားကြီး ဖြစ်နေလေတော့၏။ ထိုအခါ မော်နီတာတင်ရှိန် လံဘားလည်း ကျွန်ုပ်တို့ကို ကောင်းစွာ မှတ်မိသွားပြီး …
“ဘယ်သူတွေများလဲ မှတ်တယ်၊ လက်စသတ်တော့ မင်းတို့ နှစ်ကောင်ကိုး၊ ကောင်းပါတယ်ကွာ၊ ငါ့အပိုင်ထဲ မင်းတို့ရောက်လာတာ၊ တခြားအပိုင်ထဲ မင်းတို့နှစ်ယောက်တွဲရင် ပြဿနာတက်မှာ”
ဟု ပြောလေ၏။ ထိုအခါ လှဖေကြီးက …
“ကျွန်တော်တို့နှစ်ယောက်ကို စောင့်ရှောက်ပါ မော်နီတာကြီးရယ်”
ဟု ခပ်ငေါ့ငေါ့ပြန်၍ ပြောလေ၏။ သို့ရာတွင် မော်နီတာကြီးမှာ ငေါ့မှန်းမသိဘဲ …
“စောင့်ရှောက်ရမှာပေါ့ကွာ၊ မင်းတို့နှစ်ကောင်ကို ငါကျောင်း ကတည်းက အုပ်ချုပ်ခဲ့တာပဲ”
ဟု ပြောလေ၏။ ထို့နောက် မော်နီတာကြီးသည် စာချုပ်တွင် သက်သေအဖြစ် လက်မှတ်ထိုး၍ ပြန်သွားလေ၏။ ထိုအခါ လှဖေကြီးက …
“အစက ငါ ဒီကောင်ကြီးနဲ့ နီးမှန်းသိရင် ဒီအခန်းကို မဝယ်ပါဘူးကွာ၊ ဒီကောင်ကြီး အခုထက်ထိ ဘာမှမပြောင်းလဲသေးဘူးကွ၊ ကျောင်းတုန်းက အတိုင်းပဲ၊ နုံလိုက်အလိုက်တာလဲ လွန်ပါရောကွာ”
ဟု ဆိုကာ သူ၏အိတ်တွင်းမှ ဒူးယားဘူးကိုထုတ်၍ စီးကရက်တစ်လိပ်ကို မီးညှိပြီး ဘူးကို ကျွန်ုပ်ဘက်သို့တွန်း၍ ပေးလိုက်၏။ ထိုအခါ ကျွန်ုပ်က ဒူးယားဘူးကိုပြန်၍ ပေးရင်း ကျွန်ုပ်၏ အိတ်အတွင်းမှ ငါးသုံးလုံးဘူးကို ထုတ်၍ တစ်လိပ်ကို မီးညှိလေ၏။ ထိုအခါ လှဖေကြီးက …
“လုပ်ပေါ့ကွာ၊ တို့က လခစားဆိုတော့ တိုင်းပြီးသုံးရတာ”
ဟု ပြောလေ၏။ ထို့နောက် ကျွန်ုပ်တို့သည် စီးကရက်တစ်လိပ်ကို ဖွာ၍ ရောက်တတ်ရာရာများ ပြောနေကြစဉ် တစ်စုံတစ်ယောက်သည် အခန်းတွင်းသို့ ဝင်လာ၏။

ထိုသူဝင်လာသည်နှင့် တစ်ပြိုင်နက် လှဖေသည် ပါးစပ်မှ စီးကရက်ကို ဖြုတ်၍ နောက်သို့ဝှက်လိုက်လေ၏။ ကျွန်ုပ်သည် ကြောင်၍နေစဉ် ထိုသူသည် ကျွန်ုပ်ပါးစပ်တွင်းမှ ဆေးလိပ်ကိုယူ၍ ဝရံတာပေါ်မှ ကျော်၍ ပစ်လိုက်လေတော့၏။ ထိုအခါကျမှပင် ကျွန်ုပ်က …
“ဆရာ”
ဟု ခေါ်လိုက်မိလေ၏။

ဆရာ ပိုးဟပ်ဖြူသည် ကျွန်ုပ်တို့နှစ်ဦးကိုတွေ့၍ ဝမ်းသာနေ၏။

   “မင်းတို့နှစ်ကောင် ဒီကိုရောက်နေတယ်လို့ အခုပဲ တင်ရှိန်က ပြောလို့ ငါတက်လာတာကွ”
ဟု ဆရာပိုးဟပ်ဖြူက ပြောလေ၏။ ထိုအခါ လှဖေက …
“ဆရာက ဘယ်မှာနေလို့လဲ”
ဟု မေးလိုက်လေ၏။

   “နေတာကတော့ သင်္ဃန်းကျွန်းမှာကွ၊ ပင်စင်လခနဲ့ မလောက်တာနဲ့ မင်းတို့အိမ်ရှေ့က ပလက်ဖောင်းမှာ စာအုပ်ဟောင်းလေးတွေ လာပြီး ရောင်းနေရတာ”
ဟု ဆရာပိုးဟပ်ဖြူက ပြောလေ၏။ လှဖေကြီးသည် မယောင်မလည်နှင့် ဝရံတာအနီးသို့ ထသွားကာ သူ၏လက်အတွင်းမှ စီးကရက်ကို လွှတ်ပစ်လိုက်၏။ ထိုသို့လွှတ်ပစ်လိုက်သည်ကို ဆရာပိုးဟပ်ဖြူက လှမ်း၍မြင်လိုက်၏။ ထို့ကြောင့် ပြုံးလိုက်၏။

   “ကဲ.. ကဲ.. တပည့်တို့ ထိုင်ကြ၊ မင်းတို့တွေလဲ လူကြီးတွေဖြစ်နေကြပြီပဲကွာ၊ အရက်လဲသောက်ချင် သောက်ကြပေမပေါ့။ ဆေးလိပ်လဲ သောက်ချင်သောက်ပေမပေါ့။ ဒါကိုဆရာသိပါတယ်၊ ဒါပေမယ့် ကျောင်းတုန်းက ဆေးလိပ်သောက်တာ မကောင်းဘူးလို့ တားမြစ်ခဲ့တဲ့ တားမြစ်ချက်ဟာ ကျောင်းအပြင်ကို ရောက်လို့ ကိုယ့်တပည့်က ကိုယ့်ရှေ့မှာ ဆေးလိပ်သောက်တာကို အရေးမယူခဲ့ရင် ကျောင်းတုန်းက ပြောခဲ့တဲ့စကားဟာ အလကားဖြစ်သွားမယ်။ ကျောင်းမှာတုန်းက ဆေးလိပ်မသောက်နဲ့လို့ ပြောတာ၊ ငါကကျောင်းဆရာ ဖြစ်နေလို့ ပြောရတာပါ၊ ပြောချင်လို့ ပြောတာမဟုတ်ဘူး၊ တာဝန်ရှိလို့သာ ပြောတဲ့သဘောလို့ အဓိပ္ပာယ်ရသွားလိမ့်မယ်။ အဲ့ဒီတုန်းက မင်းတို့ကို ဆေးလိပ် မသောက်စေချင်တာဟာ တာဝန်အရ ဆေးလိပ်မသောက်စေချင်တဲ့ သဘောမဟုတ်ဘူး၊ အဲဒီတုန်းက မင်းတို့ကို စာတော်စေချင်တာဟာလဲ ငါကကျောင်းဆရာ ဖြစ်နေလို့ တော်စေချင်တာမဟုတ်ဘူး၊ ငါ့ရဲ့ရင်ထဲအသည်းထဲကကိုက တော်စေချင်တာ၊ ငါမှန်းလဲသိရော လှဖေကြီးက သူသောက်တဲ့ စီးကရက်ကို နောက်ကိုဆတ်ခနဲ ဝှက်လိုက်တယ်။ အဲ့ဒါ ငါ့ကို လေးစားတယ်လို့ ပြောလိုက်တာပဲ။ ငါ့ကို အခုထိကြောက်နေသေးတယ်လို့ ပြလိုက်တာဟာ ငါ့ကိုအခုထိ ချစ်နေသေးတယ်လို့ ပြောလိုက်တာပဲ၊ ငါသိပ်ပြီး ပီတိ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါကလဲ ငါ့ရဲ့ ကျောင်းသားတွေကို အခုထက်ထိ ချစ်နေလို့ပဲ၊ အခုထက်ထိ တော်စေချင် တတ်စေချင်တုန်းပဲ။ မင်းတို့တွေက ငါ့ကိုချစ်တဲ့ ကြောက်တဲ့၊ ရိုသေတဲ့ အမူအရာ တွေကိုပြတာ မြင်ရတာဟာ ငါ့အနေနဲ့ ရှင်းမပြနိုင်တဲ့ ဝမ်းမြောက်မှုကို ရရှိပါတယ်။ ငါ့တပည့်ကြီးများ ကျန်းမာချမ်းသာပြီး၊ ဆရာကောင်း တပည့် ပန်းကောင်းပန်ဆိုတဲ့ စကားအတိုင်း ခုထက်ပိုပြီး တိုင်းကျိုး ပြည်ကျိုး၊ လူမျိုးဘာသာအကျိုး ဆောင်ရွက်နိုင်ပါစေကွာ၊ ငါ ဝမ်းသာတယ်၊ ကဲ ငါသွားမယ်ကွာ”
ဟု ဆိုကာ ထိုင်ရာမှထလေ၏။ ထိုအခါ ကျွန်ုပ်က ….

   “ဆရာ ရောင်းလို့ ဝယ်လို့ကောင်းရဲ့လား”
ဟု မေးလိုက်ရာ ဆရာပိုးဟပ်ဖြူက …

   “ကောင်းတော့ ကောင်းပါတယ်ကွာ၊ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်ကတော့ ဂဠုန်သိမ်းသွားလို့ ငါ့စာအုပ်တွေပါသွားလေရဲ့၊ သူတို့က မလွန်ပါဘူးကွာဒီလိုမလုပ်ရင်လဲ ပလက်ဖောင်းပေါ်မှာ လူလျှောက်လို့တောင် ရမှာမဟုတ်တော့ဘူး၊ တို့တွေကလဲ တို့တွေပဲဟေ့၊ ပြီးတော့ အခုငါတို့ ဈေးရောင်းတဲ့နေရာက မော်နီတာ တင်ရှိန်ရဲ့အပိုင်လေကွာ၊ သူ့စကားလဲ နားထောင်ရတယ်ကွ။ သူက မထွက်ပါနဲ့ဆရာရယ် ဆိုရင်လဲ မထွက်ဘဲ နေရတယ်ကွ၊ သူက ဘာမှမပြောရင်လဲ တို့က ထွက်ပြန်ရောဟေ့၊ သူ့လဲ အပြစ်တင်လို့ မဖြစ်ပေဘူးကွ။ ဒီကောင်က ကျောင်းကတည်းက မင်းတို့လို မဟုတ်ဘူးကွ၊ စည်းကမ်းရှိတဲ့ ကျောင်းသား၊ အခုလဲ စည်းကမ်း အတိုင်းပဲဟေ့၊ စည်းကမ်းကို နည်းနည်းမှအထိမခံဘူး၊ ဒါလဲကောင်းတဲ့ အမူအကျင့် တစ်ခု မဟုတ်ပါလားကွာ၊ ကဲ စာအုပ်တွေ ဂဠုန်မ,သွားဦးမယ်”
ဟု ဆိုကာ ကုန်းကုန်း ကုန်းကုန်းနှင့် ဆင်းသွားလေ တော့၏။

ထိုအခါကျမှပင် ကျွန်ုပ်ကောလှဖေပါ စီးကရက်တစ်လိပ်စီကို ထုတ်၍မီးညှိကြလေတော့၏။

ပိုးဟပ်သည် ဗလက်တီးဒီးမျိုးရင်းတွင်ပါ၍ ဩသော်ပတာရားမျိုးစဉ်တွင် ပါသည်ဟု ပိုးမွှားနှင့်ပတ်သက်သော ပညာရှင်တစ်ဦးက ထုတ်ဖော်ပြောဆို၏။ ကျွန်ုပ်သည် ဗလက်တီးဒီးဆိုသည်ကိုလည်းကောင်း၊ ဩသော်ပတာရာဆိုသည်ကိုလည်းကောင်း မသိပါ။ ထို့အတူ မကြာခဏ တွေ့မြင်ဖူးသော ပိုးဟပ်အကြောင်းကိုလည်း ဂဃနဏ မသိပါ။ ပိုးဟပ်အကြောင်းသိမှ လူရာဝင်မည်ဆိုလျှင် ကျွန်ုပ်သည် ဤတစ်သက်၌ လူရာဝင်မည့် စာရင်း၌ ပါမည်မဟုတ်တော့ပေ။

ပိုးဟပ်အကြောင်းသိမှ ပညာရှိဖြစ်မည်ဆိုလျှင်လည်း ကျွန်ုပ် သည် နလပိန်းတုံးစာရင်းမှ တက်လိမ့်မည်မဟုတ်။ ပိုးဟပ်အကြောင်း သိမှအလုပ်ရမည်ဟုဆိုလျှင်လည်း ကျွန်ုပ်

သည် အလုပ်လက်မဲ့တစ်ဦး ဖြစ်ဖွယ်ရာရှိ၏။ ပိုးဟပ်အကြောင်းသိမှ မိန်းမရမည်ဆိုလျှင်လည်း ကျွန်ုပ်သည် တစ်သက်လုံး လူပျိုကြီးဘဝနှင့်ပင် နေသွားရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ပိုးဟပ်အကြောင်းကို မသိသောကြောင့်ဖြစ်၏။

ထိုးဟပ်အကြောင်းကို မသိသော ကျွန်ုပ်၌ “ပိုးဟပ်နှင့်တူသော ဆရာတစ်ဦး” ရှိခဲ့ဖူးပါသည်။ ထိုဆရာကို ကျွန်ုပ်သည် ယခုထက်တိုင် ကြောက်နေဆဲ။ ယခုထက်တိုင် ရိုသေနေရဆဲ။ ယခုထက်တိုင် ချစ်နေရဆဲ ရှိပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုပိုးဟပ်နှင့်တူသော ဆရာ၏ ကိုယ်ထဲတွင်၊ မြတ်နိုးဖွယ်ရာ ကောင်းသော အရာတစ်ခုရှိသောကြောင့် ဖြစ်ပေသတည်။

🙏 သဗေ သတာ ကမသကာ 🙏

✍ မင်းသိင်္ခ

📖 တူသောဝတ္ထုတိုများ