ပြန်မလာပါနဲ့မေမေ(စ/ဆုံး)
————————
“နှင်းပွင့်လေးရေ…နှင်းပွင့်ရေ..”
အိမ်ရှေ့ဆီမှ မေမေ့အသံကို အမှတ်မထင်ကြားလိုက်ရ၍ နှင်းပွင့်၏ရင်သည် ဒိန်းခနဲခုန်သွားသည်။ညီမလေးနှင့် ဆော့ကစားနေရင်း အယောင်ယောင်အမှားမှားဖြင့် ထိုင်ရမလို ထရမလို ဖြစ်သွားသည်။မေမေ့အသံကြောင့် အိမ်ရှေ့ခန်းသို့ထွက်လာသော တီတီမေ၏မျက်နှာသည် တင်းလွန်းလှသည်။
“နှင်းပွင့်ကိုခေါ်မလို့.. ဝင်လာပြီနော်”
ခွင့်တောင်းစကားကို မချိုမချဥ် မျက်နှာပေးနှင့်ပြောရင်းမေမေသည် အိမ်ထဲသို့တစ်လှမ်းခြင်းလှမ်းဝင်လာသည်။ရှပ်အင်္ကျီလှလှလေးကိုစကပ်အတိုအကျပ်နှင့်တွဲဝတ်ထားသောမေမေသည် ယခင်ကကဲ့သို လှပဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။ဆေးရောင်ပါးပါးထည့်ထားသောဆံပင်နှင့် လိုက်ဖက်စွာပြင်ဆင်ထားသောမျက်နှာသည် ကလေးတစ်ယောက်အမေဟုပင်ထင်ရက်စရာမရှိ။ဒေါက်ချွန်ချွန်ကိုစမတ်ကျကျစီးရင်း လှပသောခန္ဓာကိုယ်ပေါ်လွင်အောင် ကနွဲ့ကလျလည်း လမ်းလျှောက်တတ်ပြန်သည်။ အိမ်ထဲသို့ဝင်လာသောမေမေ့အား တီတီမေသည် မျက်နှာထားတင်းတင်းနှင့်ရပ်ကြည့်နေသည်။ သူတို့နှစ်ယောက်ကိုကြည့်ရင်း နှင်းပွင့်၏ခြေဖျားလက်ဖျားများအေးစက်လာသည်။ဘုရား တရား မ၍ ဘာပြဿနာမှမတက်ပါစေနှင့်ဟု စိတ်ထဲက ဆုတောင်းမိသည်မှာအထပ်ထပ် အခါခါပင်ဖြစ်တော့သည်။
“နှင်းပွင့်ငယ်.. အမေလာခေါ်တယ်ဆိုတော့လိုက်သွားလေ”
တီတီမေ့ခွင့်ပြုသံက အေးစက်စက်နိုင်သည်။နှင်းလေးဟုခေါ်နေကြ နာမ်စားနေရာတွင် နာမည်အပြည့်အစုံအခေါ်ခံလိုက်ရ၍ နှင်းပွင့်ရင်ထဲလှိုက်ခနဲ ဝမ်းနည်းသွားသည်။
“သွားရအောင်လေသမီး..မေမေ့သမီးလေးကလှလာလိုက်တာ…အသားအရေလေးကဖြူဥပြီး မျက်နှာလေးကလည်း မင်းသမီးတွေရှုံးလောက်တယ်..အမေတူလေး”
မေမေသည် ထိုစကားကို ရယ်မော၍ ပြောရင်း ညီမလေးအား သိသိသာသာပင် မျက်လုံးမှေး၍ကြည့်ပြန်ရာ တီတီမေ့ မျက်နှာသည် ပြိုတော့မည့်မိုးပမာနှယ် မည်းမှောင်သွားရပြန်သည်။နှင်းပွင့်သည် အသက်နှစ်နှစ်အရွယ်သာရှိသေးသောညီမလေး၏ အသားညိုညိုလေးကိုကြည့်ရင်း အားနာမျက်နှာပူမိပြန်သည်။အနေရခက် ကျဥ်းကျပ်လှစွာဖြင့် နှင်းပွင့်သည် ပြေးထွက်သွားချင်လှပေသည်။
“သွားမယ်လေမေမေ..တီတီမေ နှင်းလေးခဏလိုက်သွားမယ်နော်”
ပြောပြောဆိုဆိုနှင့်ပင် မေမေ့ကိုမစောင့်ဘဲသူမ အိမ်ရှေ့သို့ထွက်လာခဲ့သည်။သူမနောက်တွင်တော့ မေမေသည် အောင်နိုင်သူတစ်ယောက်ပမာပြုံးရင်းလိုက်လာမည်ကိုတော့ လှည့်မကြည့်ပဲနှင်းပွင့်သိနှင့်နေသည်။
မေမေ့ကားပေါ်ရောက်မှ နှင်းပွင့်အသက်ဝဝရှူနိုင်တော့သည်။မေမေ့မျက်နှာလှလှအားလည်း ထိုအခါမှပင် အားပါးတရ အလွမ်းပြေ ကြည့်နိုင်တော့သည်။သုံးလတစ်ခါ သို့မဟုတ် ခြောက်လတစ်ခါမှ မေမေနှင့်ဆုံခွင့်ရသည်မဟုတ်ပါလား။
“သမီးအတွက် မေမေလက်ဆောင်တွေအများကြီးဝယ်လာတယ်။မေမေ့သမီးတောင် အရမ်းထွားလာတာပဲ။ရှစ်တန်းတက်ရတော့မှာမလား သမီး။”
မေမေ့အမေးစကားကြောင့် နှင်းပွင့်စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။မေမေသည် ဘယ်သောအခါမှ နှင်းပွင့်တက်နေသော အတန်းကို မှတ်မှတ်သားသားမရှိတတ်။
“ခုနစ်တန်းပါ မေမေရယ်…”
မေမေ့ကို စိတ်ပျက်လက်ပျက်နှင့်ပြန်ဖြေရင်း ခုနစ်တန်းကျူရှင်အတွက်တစ်နေကုန် ပြေးလွှားစုံစမ်းပေးသောတီတီမေ့မျက်နှာကိုပြန်မြင်ယောင်မိပြန်သည်။တီတီမေ နှင်းပွင့်ကို စိတ်ဆိုးနေမည်လားမသိ။အတွေးနှင့်ပင် နှင်းပွင့် ငိုချင်လာရပြန်သည်။
(၂)
မေမေ့ကို အမှတ်ရစွာ စတင်တွေ့ဆုံခဲ့ရသောအချိန်သည် နှင်းပွင့် သူငယ်တန်းတက်နေစဥ်ဖြစ်သည်။ထိုနေ့ညနေကျောင်းဆင်းချိန်တွင် ကျောင်းလာကြိုသောဘွားဘွားနှင့်အတူ မိန်းကလေးလှလှလေးတစ်ယောက်ကိုပါတွေ့ရသည်။ထို မိန်းကလေးသည် နှင်းပွင့်၏မေမေဖြစ်သည်ဟု အဘွားက ပြောသောအခါ နှင်းပွင့်သည် အလွန်ပျော်ရွှင်သဘောကျသွားရသည်။အဘွား၏ ကိုယ်လုံးနောက်တွင်ပုန်းကွယ်ရင်း မေမေလှလှလေးအား ခိုးကြည့်ရသည်ကို နှင်းပွင့်သဘောကျနေလေသည်။
“မေမေ့ဆီလာပါဦး နှင်းပွင့်လေးရဲ့..”
မေမေက လက်ကမ်းကြိုသော်လည်း နှင်းပွင့်မှာ မဝံ့မရဲဖြစ်နေပြန်သည်။
“ကလေးကို ဇွတ်ခေါ်မနေနဲ့အေ..ညည်းက ကိုယ့်သားသမီးရယ်လို့ အမြဲဆက်သွယ် လာတွေ့နေတာလည်းမဟုတ်ဘူး…စိတ်ကူးပေါက်မှဖုန်းဆက် စိတ်ကူးပေါက်မှပြန်လာတော့ ကလေးကဘယ်မှတ်မိမလဲ စိမ်းနေမှာပေါ.။”
“အို အမေကလည်း စိမ့်လည်းကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာကို..အရင်ကလည်းလာတွေ့တာပဲ.. သမီးလေးကငယ်သေးတော့မမှတ်မိတာပဲကို”
“ညည်း ကလေးကို ကိုးလနဲ့ ငါ့လက်ထဲပစ်သွားပြီး လာတွေ့တာ အခုနဲ့မှလေးခါပါအေ..နှစ်နှစ်တုန်းကနှစ်ခါ သုံးနှစ်ကျော်ကတစ်ခါ..ပြီးတော့နှစ်နှစ်လောက်အဆက်အသွယ်ဖြတ်ပြီး အခုမှပေါ်လာတာမဟုတ်လား”
ဘွားဘွားကရန်တွေ့နေသော်လည်း မေမေကဘာမှပြန်မပြောပဲ နှင်းပွင့်ကိုသာချီပွေ့မြှူနေသည်ကိုလည်း နှင်းပွင့်မှတ်မိနေပြန်သည်။ထိုစဥ်က နှင်းပွင့်အလွန်ပျော်ခဲ့သည်။မေမေ့အခန်းထဲတွင် မေမေ့ကိုဖက်အိပ်ရင်း မေမေဝယ်လာသော အဝတ်အစားများကိုပျော်ရွှင်စွာဝတ်ရင်း မေမေအလှပြင်နေသည်ကိုတစိမ့်စိမ့်ထိုင်ကြည့်ရင်း အလွန်ပင်ပျော်စရာကောင်းခဲ့ပါသည်။ကျောင်းသွားချိန်တွင် မေမေ့လက်ကိုဆွဲ၍ကျောင်းဝန်းထဲဝင်ရသည့်အပျော်ကိုလည်း ယခုထိမမေ့နိုင်ခဲ့ပေ။
“နှင်းပွင့်ငယ်အမေက အရမ်းလှတာပဲနော်”
ဟုသူငယ်ချင်းများကပြောသောအခါ နှင်းပွင့်မှာ ကျေနပ်၍မဆုံးဖြစ်ရပြန်သည်။
သို့သော်နှင်းပွင့်၏ပျော်ရွှင်မှုများသည် ကြာရှည်မခံခဲ့ပါ။ဖေဖေခရီးထွက်ရာမှပြန်ရောက်လျှင် မေမေသည် နှင်းပွင့်နှင့်အတူဖေဖေ့အိမ်သို့ လိုက်နေမည်ဟု နှင်းပွင့်ထင်ခဲ့သည်။ဖေဖေမရှိ၍သာ ဘွားဘွားအိမ်တွင်ခဏနေသည်ဟု ထင်ခဲ့သည်။သို့သော် ဖေဖေခရီးထွက်ရာမှ ပြန်ရောက်သောအခါ မေမေသည် ဖေဖေ့အိမ်သို့မလိုက်နေပါ။ဖေဖေသည်လည်း နှင်းပွင့်ကို ယခင်ကလို လာမခေါ်ပါ။မေမေပြန်သွားမှလာခေါ်မည်ဟုသာပြောသည်။ထိုအချိန်တွင်နှင်းပွင့်သိလိုက်သည်မှာ ဖေဖေနှင့်မေမေသည် အတူမနေကြပါ။နှင်းပွင့်စိတ်ကူးယဥ်ထားသော ဖေဖေ၊မေမေနှင့် နှင်းပွင့်တို့သုံးယောက်နေရသော ဘဝလေးသည်လည်း မရနိုင်တော့ပါ။
မေမေပြန်သွားသောအခါနှင်းပွင့်ငိုသည်။အဖျားများတက်လာ၍ဆေးခန်းသို့ ဖေဖေက ပို့ပေးသည်။မေမေ့ကိုလွမ်းရင်နှင့်ပင် အချိန်များသည် တစ်ရက်ပြီးတစ်ရက်ကုန်သွားသည်။မေမေ့ကိုလည်း နှင်းပွင့်မေ့လျော့စပြုလာသည်။ပြန်သွားခါစတွင် မေမေသည် ဖုန်းခဏခဏဆက်သော်လည်း ကြာသောအခါ မေမေ့ထုံးစံအတိုင်းတစ်လ၊နှစ်လကြာမှ တစ်ခါသာဆက်ချင်ဆက်သည်။နှင်းပွင့်သည် သူငယ်ချင်းများနှင့်ဆော့ကစားရင်း ဖေဖေဆီတစ်လှည့် ဘွားဘွားဆီတစ်လှည့်နေရင်းနှင့် မေမေ့ကိုတစ်ခါတစ်ရံမှသာသတိရတော့သည်။ထိုကဲ့သို့ နှင်းပွင့်သည်နေသားတကျဖြစ်ချိန်တွင် မေမေသည် နှင်းပွင့်ဘဝထဲသို့ ရုတ်တရက်ပြန်ပေါ်လာတတ်ပြန်သည်။
(၃)
နှင်းပွင့် အရွယ်ရောက်လာသည်နှင့်အမျှ မေမေနှင့်မကြာမကြာတွေ့ခွင့်ရလာသည်။မေမေ့အကြောင်းများကိုလည်း တစ်စ တစ်စသိလာရတော့သည်။မေမေသည် အလှကြိုက်သည်။အကောင်းကြိုက်သည်။ထို့ပြင် ရည်းစားလည်းများသည်။မေမေနှင့် အတူတစ်ခါအပြင်ထွက်တိုင်း ပတ်ဝန်းကျင်၏အကြည့်နှင့် တီးတိုးသံများကို နှင်းပွင့် ခံစားတတ်လာသည်။ရှက်တတ်လာသည်။သို့သော် မေမေ့ကို နှင်းပွင့် သိပ်ချစ်သည်။စီးကရက်ကိုဟန်ပါပါဖွာတတ်သော၊ အရက်ခွက်ကိုလှပစွာကိုင်မြှောက်တတ်သော မေမေသည် နှင်းပွင့်မျက်လုံးထဲတွင်တော့ အရိုင်းဆန်စွာလှနေသည်ဟုထင်ရသည်။တစ်ရက်တွင် နှင်းပွင့်သည် မေမေ့အလှပြင် ပစ္စည်းများကိုယူ၍ မျက်နှာကိုခြယ်သသည်။ မေမေ့စီးကရက်ဘူးကိုယူ၍ မေမေ့ကဲ့သို့ လှပစွာသောက်ကြည့်သည်ကို ဘွားဘွားမြင်သွားလေသည်။ထိုနေ့က ဘွားဘွားသည် နှင်းပွင့်ကို ရိုက်သည်။ဖွာလန်ကျဲနေသောတံမြက်စည်းစများ၊ ကျိုးပဲ့နေသော အဝတ်ချိတ်များကြား နှင်းပွင့်ငိုရှိုက်နေစဥ် အိမ်ရှေ့ခန်းမှ ဘွားဘွားသည်ငိုသံနှင့်အတူ မေမေ့အားအော်ဟစ်ပြောဆိုနေသံတို့ကို ကြားရသည်။
“ငါ့မြေးကိုတော့ ညည်းရဲ့ပျက်စီးနေတဲ့စရိုက်တွေမကူးပါစေနဲ့အေ။ငါ့ဘဝမှာ ညည်းကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခဲ့ရတာတွေလည်းမနည်းတော့ဘူး။ညည်းကိုငါ ပြည့်စုံတယ်ဆိုတာထက်ပိုပြီး ကျွေးခဲ့ဆင်ခဲ့တယ်။အဲ့ဒါကိုအရွယ်မရောက်သေးဘဲ ညည်းကယောက်ျားနောက်လိုက်ပြေးတယ်။ယူတဲ့ယောက်ျားကလည်း ရှာနိုင်ဖွေနိုင်ပါရက်နဲ့ ညည်းကိုသားမှတ်မှတ်မယားမှတ်မှတ်ပေါင်းပါရက်နဲ့ ညည်းက ကလေးတစ်ယောက်နဲ့သူ့ကိုပစ်ပြေးတယ်။အားလုံးကိုအဆက်အသွယ်ဖြတ်ပြီး ညည်းဘဝကို ညည်းပျော်သလိုနေခဲ့တာလေ။အခု ညည်းကို လက်ခံတယ်ဆိုတာလည်း ကလေးမျက်နှာကြောင့်ငါကပြန်လက်ခံခဲ့တာ။သမီးကချွေးမဖြစ်ပြီး သားမက်ကသားဖြစ်နေတဲ့ငါ့ဘဝကိုငါရင်နာတယ်ဟဲ့။ဒီကလေးအတွက်လည်း ညည်း အထောက်အပံ့တစ်ပြားမှမလိုဘူး။သူ့အဖေလည်းရှာနိုင်တယ်။ငါလည်းစုဆောင်းထားတဲ့ပစ္စည်းတွေရှိသေးတယ်။နောက်ကိုညည်းလာရင် ကလေးရှေ့မှာ အရက်သောက်တာ၊ဆေးလိပ်သောက်တာညည်းကောင်တွေနဲ့ ဖုန်းပြောတာမျိုးဆင်ခြင်ပါ။မဆင်ခြင်နိုင်ရင် ညည်းငါ့အိမ်ရိပ်ကိုလာမနင်းနဲ့တော့အေ”
ထိုနေ့က မေမေသည် ဘွားဘွားအားခွန်းတုံ့မပြန် ငြိမ်သက်နေပြီး နောက်တစ်နေ့မနက်စောစောတွင်တော့ နှင်းပွင့်ကိုပင်နှုတ်မဆက်ဘဲပြန်သွားလေတော့သည်။
နှင်းပွင့် သုံးတန်းနှစ်တွင် ဖေဖေနောက်အိမ်ထောင်ပြုသည်။နှင်းပွင့်သည် ဖေဖေ့နောက်မိန်းမအား တီတီမေဟုခေါ်သည်။တီတီမေသည် မေမေ့ကဲ့သို့ မလှပါ။ထို့ပြင် နှင်းပွင့်တို့ထက်ချို့တဲ့သည်ဟု ဘွားဘွားက ကရုဏာသက်စွာပြောသည်ကိုလည်းနှင်းပွင့်ကြားဖူးသည်။အလုပ်တစ်ဖက်နှင့်ကျောင်းပြီးအောင်တက်ရသည်ဟု လည်းပြောသည်။နှင်းပွင့်သည် တီတီမေနှင့် တစ်လအကြာလောက်တွင် အသားကျရင်းနှီးသွားသည်။နှင်းပွင့်စားမည့် အစားအသောက်မှစ၊အဝတ်အစားပါမကျန် အစစအရာရာ တီတီမေက ဂရုစိုက်ပေးသည်။နှင်းပွင့်သည် ဘွားဘွားနှင့်နေသောနေ့ရက်တို့နည်းလာသည်။ ဖေဖေတို့နှင့်အတူနေရသည်ကိုပိုသဘောကျလာသည်။ဘွားဘွားသည်လည်း နှင်းပွင့်အားစိတ်ချရပြီဟုဆိုကာ မကြာမကြာ ရက်ရှည်တရားစခန်းများဝင်နေတော့သည်။
တီတီမေသည် နှင်းပွင့်အား ဖေဖေရှိသည်ဖြစ်စေ၊ ခရီးထွက်နေသည်ဖြစ်စေ ကြင်ကြင်နာနာဆက်ဆံသည်။နှင်းပွင့်သိသော မိထွေးဆိုးများကဲ့သို့ ဖေဖေရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးမဆက်ဆံပေ။ထို့ကြောင့်နှင်းပွင့်သည် တီတီမေ့အားချစ်သည်။တွယ်တာသည်။အမှားတစ်ခုခု လုပ်မိ၍ တီတီမေဆူလျှင်ပင် စိတ်မဆိုးပေ။တီတီမေသည် ညီမလေးကို ကိုယ်ဝန်ဆောင်နေစဥ်မှာရော မွေးဖွားပြီးချိန်အထိ နှင်းပွင့်အားအချစ်မလျော့ခဲ့ပေ။တစ်ခါတစ်ရံ ကလေးပီပီ ဖေဖေနှင့်တီတီမေ ညီမလေးအပေါ်ပိုချစ်သွားမည်ကို ဝန်တိုစိုးရိမ်မိသည်ရှိသော်လည်း ဖေဖေနှင့်တီတီမေ၏ အလိုလိုက်ချစ်ခင်ယုယမှုများကြောင့် ဝမ်းနည်းဝန်တိုမှုများသည်လည်းကွယ်ပျောက်သွားမြဲဖြစ်သည်။
သို့သော် နှင်းပွင့်၏သာယာသော ကမ္ဘာလေးအား လာရောက်လှုပ်ခတ်တတ်သူမှာနှင်းပွင့်ချစ်သော မေမေဖြစ်နေပြန်သည်။
(၄)
မေမေသည် ဖေဖေနောက်အိမ်ထောင်ပြုပြီးနောက်တွင် နှင်းပွင့်ထံသို မကြာခဏ လာရောက်တတ်သည်။ဖေဖေမှတစ်ဆင့်လည်း ဖုန်းမကြာ မကြာဆက်လာသည်။မေမေလာလည်တိုင်း ပျက်ယွင်းနေသော တီတီမေ့မျက်နှာ၊ အေးစက်သွားသောတီတီမေ့အပြုအမူများကို တစ်နှစ်ထက်တစ်နှစ် နှင်းပွင့် ပိုခံစားမိလာသည်။ထို့ပြင် ပတ်ဝန်းကျင်မှ အကြည့်များနှင့် မကြားတကြားစကားသံများ သူငယ်ချင်းများ၏မိဘအချို့ထံမှ ခွဲခြားဆက်ဆံမှုများသည် နှင်းပွင့်ရင်ထဲတွင် သိမ်ငယ်မှုဆူးလေးများအား တစ်စတစ်စတိုး၍ စိုက်ပေးနေသကဲ့သို့ဖြစ်နေသည်။
“သူ့အမေက အကြီးစားပိုင်းလုံး…”
“သူ့အမေက ပျက်တက်တက်စရိုက်…”
“ရုပ်လေးကမအေတူနော်..စရိုက်ပါမအေတူနေရင် ကိုယ့်သားသမီးတွေပါ မကောင်းတဲ့စရိုက်တွေဝင်ကုန်မှဖြင့်..”
ထိုစကားများထက် ပိုဆိုးဝါးသော မှတ်ချက်များ၊ရှက်ရွံ့သိမ်ငယ်စရာကောင်းသော မေမေ့အလုပ်အကိုင် စသည်တို့အား နှင်းပွင့်အရွယ်ရောက်လာသောအခါ နားလည်သည်ထက်ပိုလာသည်။သိမ်ငယ်သည်ထက်ပိုလာသည်။နာကျင်သည်ထက်ပိုလာသည်။
နှင်းပွင့် ငါးတန်း၊ခြောက်တန်းလောက်တွင် မေမေနှင့်အပြင်အတူထွက်ရမည်ကို ကြောက်ရွံ့လာသည်။ရှက်တက်လာသည်။မေမေပြန်သွားသောအခါ ပတ်ဝန်းကျင်မှအကြည့်၊သူငယ်ချင်းများ၏စပ်စုသံတို့ဖြင့် နှင်းပွင့်ဘဝသည် စိတ်ပျက်စရာကောင်းအောင်လှုပ်ခတ်နေဦးမည်ဖြစ်သည်။အဆိုးဆုံးကတော့ တီတီမေ၏ အေးစက်စိမ်းသက်သော ဆက်ဆံရေးထဲတွင် နှင်းပွင့်အနေကျပ်စွာ တစ်လခန့်နေရပေဦးမည်။ထိုရက်များကို နှင်းပွင့်မုန်းသည်။
(၅)
“သမီးအတွက် မေမေ အဝတ်အစားဆန်းဆန်းလေးတွေဝယ်လာတယ် သိလား”
မေမေသည် ကားပေါ်မှ အထုတ်များကို သယ်ရင်းပြောသည်။
“ဟုတ် မေမေ”
မေမေအဝတ်များဝယ်လာလျှင် တီတီမေသည် အမြင်မရိုင်းသောအဝတ်များသာချန်၍ တိုနံ့နံ့စကတ်များနှင့် အဟိုက်၊အကျပ်အင်္ကျီများကို သူများပေးပစ်သည်ကိုသတိရမိသည်။ပြီးလျှင် နှင်းပွင့်ကျေနပ်အောင် အသစ်ထပ်ဝယ်ပေးတတ်ပြန်သည်။
“သမီး ညအိပ်ဝတ်မပါရင် သမီးဖေဖေကိုလာပို့ခိုင်းလိုက်လေ။သူ့မိန်းမဖုန်းကိုဆက်ပြောလိုက်”
နှင်းပွင့် မေမေ့ကိုကြည့်ရင်း ငိုချင်လာသည်။မေမေဘာတွေတွေးနေသည်ကို နှင်းပွင့်နားလည်သောအရွယ်ရောက်နေပြီလေ။မေမေသည် တီတီမေသိအောင် ဖေဖေ့ကို အကြောင်းအမျိုးမျိုးပြ၍ ခေါ်သည်။ဖေဖေရောက်လာလျှင် အချိန်ကုန်အောင်ဆွဲထားတတ်ပြန်သည်။စကားမရှိစကားရှာ၍ ပြောနေဦးမယ်။ခေါင်းစဥ်တပ်ရလျှင်တော့ နှင်းပွင့်ငယ်၏ရှေ့ရေးအတွက်ပေါ့။ တီတီမေ့အား သဝန်တိုစိတ်ဖြင့်ပူပန်ဒေါသထွက်နေစေရန် မေမေတမင်လုပ်နေသည်ကို နှင်းပွင့်သိသည်။ထို့ကြောင့်ပင် မေမေပြန်သွားလျှင် တီတီမေသည် နှင်းပွင့်အားအေးစက်သွားခြင်းဖြစ်ပေမည်။
“မေမေ”
“ပြောလေ နှင်းပွင့်လေး”
နှင်းပွင့်သည် ဝဲတက်လာသော မျက်ရည်ကို မျက်တောင်များ နှင့် သိမ်းရင်း စကားတစ်ခွန်းပြောရန် အားယူလိုက်သည်။တဆတ်ဆတ်တုန်နေသောရင်သည် မောလျနေပြန်သည်။အေးစက်နေသော လက်ဖျားများကို တစ်ဖက်နှင့်တစ်ဖက် ပွတ်ချေနေမိပြန်သည်။
“နှင်းပွင့် မေမေနဲ့အတူ လိုက်နေချင်တယ်”
စကားသံသည် နှုတ်ဖျားမှတစ်ဆင့် တိုးလျအားပျော့စွာထွက်ကျလာသည်။ထို့နောက်တွင်တော့ နှင်းပွင့်သည် သေမိန့်ချခံရမည်ကိုသိနေသော တရားခံပမာ မေမေ့စကားသံအား ငံ့လင့်နေမိသည်။သို့သော ဆံချည်မျှင်မျှလောက်သော မျှော်လင့်ချက်ကလေးသည် ရင်တွင်း၌ ဆွဲငင်လွန်းထိုးနေပြန်သည်။
“အို..ဘယ်ဖြစ်မလဲသမီးရယ်..မေမေ့မှာ အလုပ်တစ်ဖက်နဲ့ သမီးကိုမကြည့်အားဘူးလေ။ပြီးတော့ခရီးတွေက ခဏခဏ ထွက်နေရတာကို..သမီးဖေဖေနဲ့ပဲနေနော်။မေမေ့သမီးလေး ဘာလိုချင်လဲ..ဘာသုံးချင်လဲ.. ဘာစားချင်လဲ..မေမေအကုန်ဖြည့်ဆည်းပေးမှာ..”
အကြောက်အကန်ငြင်းဆန်နေသော မေမေ့မျက်နှာအားကြည့်ရင်း နှင်းပွင့်ရင်းထဲမှ မျှော်လင့်ခြင်းဆံချည်မျှင်ကလေးသည် အပိုင်းပိုင်းအစစ ပြတ်တောက်သွားရတော့သည်။ဒီအဖြေရမည်ကိုသိ၍ ဒီစကားကိုဆိုခဲ့ခြင်းဖြစ်သည့်အတွက် နှင်းပွင့်နောင်တတော့မရပါ။မေမေ့အား နောက်ထပ်ပြောမည့်စကားတစ်ခွန်းအတွက် ဒီစကားသည် လမ်းခင်းသည့်စကားမဟုတ်ပါလား။သို့သော် နှင်းပွင့်ငိုသည် ။အားပါးတရ ငိုသည်။ပွေ့ဖက်လာသည့် မေမေ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ရင်း မေမေ့ကိုယ်နံ့သင်းသင်းအား ရှူရှိုက်ရင်းငိုသည်။
နောက်တစ်နေ့တွင်တော့ နှင်းပွင့်သည် မေမေနှင့်အတူ မြို့ထဲအနှံ့လျှောက်လည်မည်ဖြစ်သည်။မေမေ့စကားသံ ချိုချိုလေးများကို တစ်ဝကြီးနားထောင်ရင်း မေမေ့မျက်နှာလှလှအား တစ်ဝကြီးငေးကြည့်မည်။တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နှင့်အဝတ်များဝယ်မည်။မုန့်များအတူစားကြမည်။ညဘက်တွင်မေမေနှင့်အတူ ဝရံတာတွင်ထိုင်၍ ညနက်သည်အထိ စကားများပြောကြမည်။ထို့နောက်တွင် မေမေ့ရင်ခွင်နွေးနွေးလေးတွင်
တိုးဝင်အိပ်စက်မည်။ထိုမျှဆိုလျှင် နှင်းပွင့်အတွက်လုံလောက်ပြီဖြစ်သည်။
ထို့နောက်တွင်တော့ မေမေအတွက် နှင်းပွင့်ရည်ရွယ်ထားသော စကားလေးတစ်ခွန်းပြောဖြစ်အောင်ပြောလိုက်မည်။မေမေပြန်လာ၍ ခဏတာပျော်ရွှင်ရခြင်းနှင့် မညီမျှစွာ သိမ်ငယ်၊အရှက်ရစေသော ပတ်ဝန်းကျင်၏အသံများအတွက်၊သူငယ်ချင်းများ၏ မေးငေါ့မှုများအတွက်၊ဖေဖေနှင့် တီတီမေ၏ အိပ်ခန်းတွင်းမှ တိုးတိုးကြိတ်ကြိတ်ရန်ပွဲများအတွက်၊တီတီမေ၏ အေးစက်တင်းမာသော ဆက်ဆံရေးများအတွက်..ထိုအရာများစွာအတွက် နှင်းပွင့်ရင်သည် ခံနိုင်ရည်မရှိသည့်အတွက် နှင်းပွင့်သိပ်ချစ်ရသော နှင်းပွင့်မြတ်နိုးရသောမေမေ အတွက် စကားတစ်ခွန်းတော့ နှင်းပွင့်ဆိုရပေဦးမည်။
“ပြန်မလာပါနဲ့…မေမေ”……….။ ။
ခင်နေခြည်စိုး(21.3.2023/2:39pm)