ပြန်လမ်းမဲ့တောမှ ပြန်လမ်းမဲ့ရွာ

ပြန်လမ်းမဲ့တောမှ ပြန်လမ်းမဲ့ရွာ(စ/ဆုံး)
———————————-
ဒီနေ့မှ နှင်းတွေကပိုကျလေသလား
အရင်က အတွေ့အကြုံမရှိတော့ တောပစ်ထွက်ရတာက
အခက်အခဲတွေများသား တောအကြောင်းလဲသေချာမသိ အလုပ်တစ်ခုကိုဗြုန်းစားကြီးလုပ်ရတာမို့ ချမ်းအေးတစ်ယောက် စိတ်တွေပါညစ်သည် အခုလဲ တောထဲ၀င်လာကတည်းက နှင်းတွေကျနေတာမို့ ပတ်၀န်းကျင်က မသဲမကွဲ
ရှေ့ဆက်သွားဖို့ကလည်း လမ်းသိတဲ့မိတ်ဆွေသူငယ်ချင်းကမပါ ချမ်းအေး ယခုအလုပ်ကို စိတ်ပါ၍လုပ်ခဲ့ခြင်းမဟုတ်တော့ ပိုအခက်တွေ့တာပေါ့

ချမ်းအေးမှာ အရင်က ကြက်မွေးမြူရေးလုပ်ခဲ့သည် အစတုန်းကအလုပ်အောင်အောင်မြင်မြင်ရှိခဲ့ပေမယ့် နောက်ပိုင်း ကြက်တွေရောဂါကျလာတော့ တဖြည်းဖြည်းအရင်းပြုတ်ရာမှ စီးပွားရေးပျက်ကိန်းဆိုက်တော့၏

အိမ်ကမိန်းမဆူ အမေတို့ကဆူနဲ့ ချမ်းအေးစိတ်တွေညစ်လာခဲ့သည် လက်ထဲနလန်ထူဖို့ ငွေအလုံအလောက်မရှိတော့ တစ်နေ့မိန်းမဖြစ်သူရဲ့အကို့မိတ်ဆွေတစ်ယောက်နဲ့ ဆက်သွယ်မိ၏

သူက တရုတ်လူမျိုးတစ်ယောက် ချမ်းအေးကို တောထဲက တောကောင်ကြီးကြီးကို ရှာပေးလျှင် တောကောင်အရေအတွက်အလိုက် ပိုက်ဆံပေးမည်ဟုပြောလာခဲ့သည်

ဆတ်တို့ ဒရယ်တို့ တစ်ကောင်လျှင် ငါးရာကျပ်မှ တစ်ထောင်အထိရမည်ဖြစ်၍ ချမ်းအေးစဥ်းစားမိသည် သူတို့ရွာနောက်ရှိ ရိုးတောထဲတွင်သားကောင်တွေအတော်ပေါ၏ အမဲလိုက်တဲ့လူရယ်လို့ မရှိတော့ ဒီအခွင့်အရေးက သူ့အတွက် အကောင်းဆုံးပင် ထို့ကြောင့် နောက်ဆက်တွဲ မတွေးတော့ဘဲ ယခုအလုပ်ကိုလက်ခံခဲ့သည်

အခုချိန်မှာတော့ ချမ်းအေး တောထဲ၀င်ရန်ပင် စိတ်ကုန်လာခဲ့၏ တောပစ်တဲ့အတွေ့အကြုံ
တောအကြောင်းတောင်အကြောင်းမသိ ပြီးတော့
သူထင်သလို ရိုးတောထဲ တောကောင်သိပ်မတွေ့
လူကြီးတွေပြောတော့ ရိုးတောအကျော် နတ်မွေ့တောတွင် တောကောပေါသည်ဟုပင်
သို့ပေမယ့် နတ်မွေ့တောသည် တောကြမ်းသည်
သာမန်လူတစ်ယောက်အဖို့ မသွားသင့်မသွားအပ်တဲ့နေရာတစ်ခုဖြစ်သဖြင့် ရွာကလူတွေမေ့ထားသည့်တောတစ်ခုဖြစ်၏

ချမ်းအေးစဥ်းစားမိသည် ရွာကလူတွေက ပါးစပ်ရာဇင်၀င်လိုသာပြောနေကြတာ တကယ်တမ်းဆို နတ်မွေ့တောကို တောကြမ်းတယ်ဟုပြောပေမယ့် မည်သူမျှ နတ်မွေ့တောအကြောင်းသေချာမသိ ဒါကြောင့် မည်သို့ရှိစေကာမူ တစ်ခါလောက်တော့နတ်မွေ့တောကိုသွားအုံးမည် တကယ်လို့ သူတို့ပြောတဲ့အတိုင်းဆို ပထမတစ်ခါပြီးရင် နောက်ထပ်မသွားလို့ရသေးတာပဲ

ချမ်းအေး စိတ်ပျက်လက်ပျက်ဖြင့်အိမ်ပြန်လာခဲ့၏
မိန်းမဖြစ်သူက အိမ်ပေါ်မျက်မှောင်ကြုတ်ကာ

” ဘယ်မလဲ တောကောင်
ဒီနေ့လဲ လက်ဗလာပဲမလား

ကြာရင် ကျုပ်တို့ငတ်ပြီးသေတော့မယ်
တင်းထဲက ဆန်တွေလဲကုန်နေပြီ”

ချမ်းအေးဘာမျှဆက်မပြော ခြေကုန်လက်ပန်းချပြီး ကွက်ပျစ်ပေါ်တွင် ဘုန်းခနဲလှဲချလိုက်သည်
သူ့စိတ်ထဲ မနက်ဖြန်နတ်မွေ့တောဆီကိုသွားပြီး သားကောင်တွေ အများကြီးပစ်မယ်ဟု တွေးထား၏
ပြီးနောက် လှဲရာမှထကာ

” မိန်းမ မနက်ဖြန် ထမင်းအစောကြီးချက်ထား

ငါ နတ်မွေ့တောဆီကိုသွားပြီး

သားကောင်သွားပစ်မလို့”

ထိုစကားကိုကြားတော့ မိန်းမဖြစ်သူ ကြည်ကြည်မှာ

“ဘာရယ်
နတ်မွေ့တောကိုသွားပြီး တောသွားပစ်မယ်

အိုတော်
ရှင်ရူးနေလား အဲ့တောအကြောင်း ရှင်မသိတာလဲမဟုတ်ဘဲနဲ့
ဒီလောက်တောကြမ်းလို့ လူတွေမသွားရဲတာကို”

” မင်းကလဲ တောကြမ်းတယ်လို့ပြောရအောင်

အဲတောထဲ မင်းရောက်ဖူးလို့လား

ရွာထဲကလူတွေလဲ ပြောသာပြောနေကြတာ
ဘယ်လိုတောကြမ်းတယ် ဘာတွေဖြစ်တယ်ဆိုတာ

ဘယ်သူသေချာသိလို့လဲ ငါပြောပြီးသားနော်

မနက်ကျရင် ထမင်းပဲ အစောကြီးချက်ထား

ညနေကျရင် သားကောင်တွေအများကြီးနဲ့ပြန်လာတာကို နင်မြင်ပြီသာမှတ် ”

ချမ်းအေးပြောရမှ လှည့်ခနဲထကာ ရေချိုးရန် အိမ်နောက်ဖေးကို၀င်လာခဲ့၏ ကြည်ကြည်မှာတော့ ခေါင်းမာတဲ့ သူ့ယောကျာ်းကိုကြည့်ရည်း သက်ပြင်းချမိတော့သည်

*******************

တောတောင်တစ်ခွင်မြူတွေဆိုင်းပြီး တိတ်ဆိတ်မှုတွေပြည့်နက်နေ၏ ဒီအချိန်​ချမ်းအေးတစ်ယောက်
ဘေးပတ်၀န်းကျင်ကိုကြည့်ပြီး ရိုးတောထဲ၀င်လာခဲ့သည် သူ့ရဲအဓိကဦးတည်ချက်မှာ နတ်မွေ့တောဆီပင်ဖြစ်၏ တဖြည်းဖြည်း နေရောင်သန်းလာတော့
မြူတွေ ကင်းစင်လာသည် ရှေ့လမ်းတစ်လျှောက်
ရှင်းရှင်းလင်းလင်းမြင်ရတော့ ပုံမှန်ထက်ခြေလှမ်းကို ခပ်မြန်မြန်လျှောက်လိုက်၏

ရိုးတောကို၀င်လာပြီး တဖြည်းဖြည်းတောနက်လာသည်ကို ချမ်းအေးသတိမထားမိပေ နတ်မွေ့တောဆီကိုသာ ရောက်လိုရောက်ငြား သွားနေသည် ရှေ့တွင်
နဂါးဗိုလ်ပင်များပြည့်နေရာ သွားမယ့်လမ်းက ပိတ်ထားသလိုဖြစ်နေ၏ ချမ်းအေး ဘာမှမတွေးပဲ ပါလာသည့်ဓားကို ထုတ်ကာ နဂါးဗိုလ်ပင်များကိုခုတ်ထွင်ရှင်းလင်းရတော့သည် နဂါးဗိုလ်ပင်များမှ ထွက်သည့်အဖြူရောင်အစေးတွေက ခန္ဓာကိုယ်အနှံ့အပြားတွင်ပြည့်နေတော့ ယားကျိကျိနှင့်ပင်

နဂါးဗိုလ်ပင်များကို ခုတ်ထွင်ပြီးတော့ လမ်းတွေရှင်းသွာ၏ ချမ်းအေးမှာ ရှေ့ကိုမျော်ကြည့်လိုက်စဥ် သူ့ရဲ့ခရီးဖြစ်တဲ့ နတ်မွေ့တောကိုမြင်နေရပြီဖြစ်သည် နောက်ထပ်ကွမ်းတယာညက်ခန့်ဆိုရင်
နတ်မွေ့တောကိုရောက်ပြီဖြစ်၏
ချမ်းအေးမှာ မမောနိုင်ပဲ အမြန်ရောက်ရန်သာ စိတ်ထဲလောနေတော့သည် ထိုစဥ် သူ့ရှေ့မှ လျှောက်လာသည့် လူတစ်ယောက်ကိုရုတ်တရက်မြင်လိုက်၏

” ဟင်

ဘယ်သူကများ နတ်မွေ့တောဆီကလာတာလဲ

ဧကန္တ ငါ့ထက်ဦးတဲ့ မုဆိုးတွေများရှိနေပြီလား”

ချမ်းအေးမှာ လျှောက်လာတဲ့လူဆီကို သွားပြီးမေးကြည့်ရန် ဟန်ပြင်လိုက်စဥ် ထိုသူကိုမှာ ချမ်းအေးဆီကိုသာ တမင်လာနေ၏ ချမ်းအေးလည်း ထိုသူ့ဆီကို သွားလိုက်သည် ထိုသူမှာ ချမ်းအေးနားရောတော့

“ဟင်

မုဆိုးလဲမဟုတ်ဘူး အဖိုးကြီးတစ်ယောက်ပါလား

နတ်မွေ့တောဆီမှာ လူတွေလဲနေတာလား”

ထိုအဖိုးကြီး အနားရောက်လာတော့

” ဗျို့ အဖိုးဘယ်ကလာတာလဲ”

ချမ်းအေးစပြီးမေးလိုက်ပေမယ့် ၎င်းအဖိုးကြီးမှာ အရေးတောင်မစိုက်ပဲ ချမ်းအေးရှေ့ကိုသာ လျှောက်လာသည် ချမ်းအေးနားကိုရောက်ခါနီးလေလေ မြန်သထက်မြန်လာလေဖြစ်၏

” အဖိုး ”

စကားမဆုံးခင်မှာပင် ထိုအဖိုးကြီးမှာ ချမ်းအေးကို၀င်တိုက်တော့သည်

ဘုန်း!!!

! အမယ်လေးဗျ

အရွယ်နဲ့မလိုက်အောင် အရှိန်အားကောင်းဖြင့် ၀င်တိုက်သဖြင့် ချမ်းအေးမှာ ဘုန်းခနဲမြည်အောင်လဲကျသွား၏

ချမ်းအေးလဲ ဒေါသထွက်သွားပြီး အဖိုးကြီးကိုကြည့်လိုက်တော့

” ဟာ
ဘယ်ရောက်သွားတာလဲ”

ခုနက၀င်တိုက်သည့်အဖိုးကြီးမှာ ထိုနေရာမှာပင် ပျောက်ချင်းမှမလှ​ပျောက်သွား၏ ချမ်းအေးတစ်ယောက် အံ့သြတုန်လှုပ်သွားသည်

” ဒါဆို ရွာကလူတွေပြောတဲ့ နတ်မွေ့တောက တကယ်ပဲ တောကြမ်းတာလား”

” အို
ဘာဖြစ်မှာမို့လဲ နာနာဘ၀ဆိုတာ လူကိုခြောက်လှန့်ရုံပဲတတ်နိုင်တာ
ဘာပဲဖြစ်ဖြစ် ငါတော့ဆက်သွားရမယ်”

ချမ်းအေး ကြောက်စိတ်ကိုဖယ်ထုတ်ပြီး ဘာမှမတွေးပဲ ဆက်ပြီးခရီးဆက်ရန် ထိုနေရာမှထကာ နတ်မွေ့တောဆီိကို လျှောက်လာတော့သည်

တဖြည်းဖြည်း နတ်မွေ့တော​အစရောက်လာတော့
တောကောင်ပစ်ရန် ဒူးလေးကိုအသင့်ပြင်ထားလိုက်သည် တောထဲဆက်၀င်လာရာ သစ်ပင်အမြင့်အကိုင်းတွင် မျောက်လွဲကျော်တို့ တစ်သိုက်ကိုတွေ့ရ၏ မျောက်တို့မှာ ချမ်းအေးကိုမြင်သည်နှင့် အော်သံအမျိုးမျိုးပေးကာ တောနက်ထဲ၀င်ရောက်ပျောက်ကွယ်သွားကြသည်

ချမ်းအေးမှာ တောထဲ၀င်ကတည်းက သတိကြီးစွာထားနေရ၏ တောဆိုသည်မှာမာယာများသည်
သတိလက်လွတ်နေလို့မရပေ ဒူးလေးကိုဟန်တပြင်ပြင်နှင့် လျှောက်လာရာ အရှေ့တွင်ခြုံတိုးသံတစ်ခုကြားလိုက်ရသည် ချမ်းအေးမှာ ပျော်ရွှင်တဲ့မျက်နှာထားဖြစ်သွား၏ သေချာသည်ဒီခြုံတိုးသည်မှာ တော၀က်ကြီးကြီးတစ်ကောင်ဖြစ်ရမယ် ဒူးလေးကို ခြုံဆီသို့ ချိန်ပြီး၀ှစ်ခနဲပစ်လိုက်၏
မြှား၀င်သွားပြီးသည်နှင့် ခြုံထဲက တော၀က်အသံထွက်လာခဲ့သည်

ချမ်းအေးခြုံထဲပြေး၀င်သွားရာ သူထင်ထားသလိုပင် နံစောင်တွင်မြှားစိုက်ပြီး လူးလဲနေသည့် တော၀က်တစ်ကောင် ချမ်းအေးမှာ ပါလာသည့်ဓားဖြင့် တော၀က်အားထိုးသတ်လိုက်၏ ဓားဖြင့်ထိုးလိုက်မှ တော၀က်မှာအသက်ပျောက်သွားတော့သည် ၎င်းတော၀က်အား နွယ်ဖြင့် ရစ်ပတ်ကာ သစ်ပင်ခြေရင်းတွင်ထားကာနောက်ထပ် သားကောင်ပစ်ရန် ၀င်လာခဲ့၏

မိနစ်၀က်ခန့်လျှောက်လာသော်လည်း တော၀က်မှလွဲပြီးနောက်ထပ်သားကောင်မတွေ့တော့ မောမောဖြင့် ရေသဖန်းပင်အောက်တွင်ထိုင်ချလိုက်၏
ခါးတွင်ချိတ်ထားသည့်ရေဘူးကိုအသင့်ထုတ်ယူကာ အမောပြေတစ်ငုံနှစ်ငုံသောက်လိုက်သည်

ထိုစဥ် သူ့နားထဲကို မိန်းမတစ်ယောက်သီချင်းဆိုသည့်အသံရုတ်တရက်ကြားလိုက်ရ၏ ချမ်းအေးသေချာနားစိုက်ထောင်လိုက်ရာ အသံမှာသူနှင့်မလှမ်းမကန်းမှလာနေခြင်းပင်ဖြစ်သည်

ချမ်းအေးသိချင်စိတ်ကိုမထိန်းနိုင်တော့ ယခုလိုတောကြီးမျက်မည်းထဲဘယ်ကမိန်းကလေးလာပြီးသီချင်းဆိုနေတာလဲဆိုသည့်မေးခွန်းက ချမ်းအေးကိုသိလိုစိတ်တွေပြင်းပြလာ၏
ချမ်းအေးနေရာမှထကာ ခြေသံတိုးတိုးဖြင့်အနားကိုကပ်လျှောက်သွားရာသို့ပေမယ့်အသံနားကိုရောက်ခါနီးလေအသံကပို​ေ၀းသလိုဖြစ်လာသည်
သီချင်းသံက ဆွဲငင်အားကောင်းလို့ပဲလားမသိ ချမ်းအေးမှာ သားကောင်ပစ်ရန်သတိမရဘဲ ထိုအသံနောက်က်သာ တဖြည်းဖြည်းလိုက်လာခဲ့၏
ချမ်းအေးခြေတစ်လှမ်းလှမ်းတိုင်း ကောင်းကင်ကပိုပြီးမှောင်သထက်မှောင်လာခဲ့သည်ကိုချမ်းအေးသတိမထားမိပေ တဖြည်းဖြည်းလိုက်လာတော့နောက်ဆုံး ရေတံခွန်အောက်တွင် သူ့အားကျောပေးပြီး ထမီရင်ချားဖြင့်ရေချိုးနေသည့် မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတော့သည်

“ဟင် နောက်ကကြည့်တော့
တယ်လှတဲ့မိန်းကလေးပါလား”

ယောကျာ်းတို့မည်သည်မှာ အလှအပအားကောင်းတဲ့မိန်းမကိုမြင်လျှင် မက်မောရိုးထုံးစံပင် ယခုလည်း ချမ်းအေးတစ်ယောက် ထိုမိန်းမကို မျက်တောင်ပင်မခတ်ပဲစိုက်ကြည့်နေ၏
သီချင်းသံဆုံးသည်နှင့် ထိုမိန်းမမှာ အနားရှိခြုံပ၀ါကိုလှမ်းဆွဲပြီး

” အမောင်ရောက်နေတာသိပါတယ်

ဘယ်ကလဲအမောင်

ကေသရီရဲ့အလှကိုကြိုက်လို့ ဒီလောက်ထိစိုက်ကြည့်နေတာလား”

ထိုစကားကြောင့် ချမ်းအေးမှာ လန့်သွားသလိုပင်

” ကျုပ်ရောက်တာ မိန်းကလေးက ဘယ်လိုသိတာလဲ”

“ဘယ်လိုသိသိပေါ့ အမောင်က ကေသရီ့ကိုပြန်မေးခွန်းထုတ်တာလား”

မျက်နှာကိုကျောခိုင်းပြီးပြောနေတဲ့ ထိုမိန်းမစကားသံမှာ ချမ်းအေးကိုညှို့ယူထားသလိုမျိုး

” မဟုတ်ပါဘူး ကျုပ်က မဲဇာရွာကပါ
ဒီကိုတောပစ်ထွက်လာရင်း မိန်းကလေးအသံကြားလို့ လာကြည့်တာ”

” အဲ့တာဆို အမောင် ကေသရီ့နဲ့နေလေ”

!အလိုဗျာ

” ဘာလဲ အမောင်က ကြောက်လို့လား

ခစ် ခစ် ခစ် ”

လှောင်ပြောင်ကျီစယ်သလိုပြောလိုက်သဖြင့် ချမ်းအေးမှာ ရှက်သလိုလိုဖြစ်သွားသည်

” မဟုတ်တာဗျာ ကျုပ်မှာ အိမ်ထောင်ရှိတယ်

ကျုပ်က မိန်းကလေးကိုကြိုက်တယ်ဆိုရင်တောင်

ဘယ်လိုဖြစ်နိုင်မှာလဲ

ကဲ မိန်းကလေးလဲ ပြန်တော့လေ ဘယ်မှာနေတာလဲ”

” ကေသရီက ဒီတောမှာနေတာလေ
ဘယ်ကိုပြန်ရမတုန်း
ပြီးတော့ အမောင်က ကေသရီ့ကိုကြိုက်တယ်ဆိုတော့ ကေသရီအမောင့်ကို ခေါ်ထားတော့မယ်”

“အလို!

စကားဆုံးသည်နှင့် ထိုမိန်းမမှာ ချမ်းအေးဘက်သို့
တဖြည်းဖြည်းလှည့်လာ၏
ပြီးနောက် ထိုမိန်းမမျက်နှာ ချမ်းအေးဆီသို့အရောက်

” ဟာ

ဘာ ဘာကြီးတုန်း”

မျက်နှာအရေပြားတို့ တွန့်လိမ်တွဲကျနေသည့် ထိုမိန်းမကိုမြင်တော့ ချမ်းအေးမှာ သွေးပျက်မတတ်ပင်

” အမောင်ပဲ ကေသရီ့ကိုကြိုက်တယ်ဆို

လာလေ ဟီး ဟီး ဟင်း ဟင်း”

ယခုတစ်ခေါက်ပြောလိုက်သည့်အသံမှာ အစတုန်းကပြောတဲ့ အသံချိုချိုမဟုတ်ဘဲ အက်တက်တက်ကွဲရှရှ အသံမျိုး

! အောင်မလေး ဘာကြီးလဲ

ငါ့နားမလာနဲ့ သွား”

ချမ်းအေးမှာ ထိုနေရာမှ ထပြီး ပြေးတော့သည်
သို့ပေမယ့် အပြန်တုန်းကလိုလင်းနေသည်မဟုတ်ဘဲ တောတစ်ခွင်လုံး အမှောင်ကျနေတော့ လမ်းကိုသေချာမမြင်ရတော့ပေ

” ဘယ်ကိုပြေးတာလဲ

လာခဲ့ မင်းဒီတောထဲက ပြေးလို့မလွတ်ဘူး

ဟား ဟား ဟား ”

တောတစ်ခုလုံး ထိုမိန်းမအသံကပြည့်နှက်နေ၏

ချမ်းအေးမှာ မောပန်းလွန်းသဖြင့် ဆက်ပြေးဖို့
အားအင်ကုန်ခမ်းနေသလိုပင် လာတုန်းကအတိုင်းခြေဦးတည့်ရာပြေးတော့ တော၀က်ကိုချည်ထားခဲ့တဲ့ သစ်ပင်နားကိုရောက်လာခဲ့သည် ချမ်းအေးသေချာကြည့်လိုက်တော့ နွယ်ပင်တွေမှာပြတ်နေပြီး တော၀က်မရှိတော့ပေ

“ဟင် တော၀က်ကိုငါသေချာ သတ်ဖြတ်ပြီးမှ
ချည်ထားခဲ့တာလေ
အခုဘယ်ကိုရောက်သွားတာလဲ”

ချမ်းအေးတကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထကာ
ထိုနေရာမှ ခြေကုန်သုတ်ပြေးပြန်ရတော့၏
ထိုစဥ် သူ့အရှေ့မှ ဆိုင်းသံဗုံသံများကိုထပ်ကြားရပြန်သည် ဆိုင်းသီချင်းသံနှင့် ဗုံသံတို့က ချမ်းအေးဆီကိုလာနေခြင်းပင်

” လူတွေများလား

ဟင် မဖြစ်နိုင်ဘူး ဘုရားဘုရား

ဘယ်လိုလုပ်ရတော့မလဲ”

ချမ်းအေးမှာ ဒူးလေးကိုအသင့်ပြင်ထားလိုက်၏
အကြောက်တရားတို့ပြည့်နေသဖြင့် ရင်တွေတုန် လက်တွေတုန်ကာ ဇောချွေးများပျံနေသည်
ဆိုင်းသံတို့မှာ သူ့အနားရောက်ခါနီးလိုက် အ​ေ၀းကအသံလိုမျိုးဖြစ်သွားလိုက်ဖြင့် ဖြစ်နေရာ ဆက်နေဖို့ရာမဖြစ်နိုင်တော့ ဖြစ်လိုရာဖြစ် ရှေ့ဆက်တိုးကာ ဆက်ပြေးတော့သည်

မည်မျှထိပြေးသည်မသိ ခြေလှမ်းဆုံးတော့ သူ့အရှေ့မှာ ရွာကြီးတစ်ရွာဘွားခနဲပေါ်လာခဲ့၏
သေချာသည်မှာ ယခုရွာသည် ချမ်းအေးတို့ရဲ့ရွာမဟုတ်ပေ ချမ်းအေးလည်း ရွာတစ်ရွာတွေ့တော့
နည်းနည်းစိတ်သက်သာရာရသွားသလိုပင် အကူအညီတောင်းပြီး ခေတ္တခနားရန် ထိုရွာထဲချမ်းအေး၀င်လာခဲ့သည်
သို့သော် ချမ်းအေး၀င်သွားသည်မှာ နတ်မွေ့တောသို့မဟုတ် ပြန်လမ်းမဲ့တောရဲ့ ပြန်လမ်းမဲရွာဖြစ်နေသည်ကို ချမ်းအေးတစ်ယောက် မသိခဲ့ချေ

*******************

ရွာထဲ၀င်လာသည်နှင့် အရှေ့ဘက်ဆီမှ ဆိုင်းသံဗြောသံတို့ ကြားရသည်

” ဒီရွာမှာ အလှူပွဲများရှိလို့လား”

ချမ်းအေး ကြောက်စိတ်ကမပြေသေးသဖြင့် ရွာထဲ အကူအညီတောင်းပြီး ခနတဖြုတ်နားရန် ရှားစောင်းပင်နှင့် ခြံ၀ိုင်းခတ်ထားသည့်အိမ်ဆီကို ၀င်လာခဲ့၏

အိမ်ရှေ့ကွက်ပျစ်တွင် လူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ကာ ကျောက်ရုပ်ပမာ ငြိမ်သက်နေသည်

” ဒီမှာ ခင်ဗျား ကျုပ်တောထဲက တောခြာက်ခံရလို့
လမ်းပျောက်ပြီး ရောက်လာခဲ့တာ
ကျုပ်က မဲဇာရွာကပါ
အဲ့တာ ဒီမှာခနနေလို့ရမလားဗျာ”

ချမ်းအေးထိုသို့ပြောလိုက်ပေမယ့် ၎င်းနှစ်ယောက်မှာ လှည့်တောင်မကြည့်ပေ ချမ်းအေးလည်း ဇ​ေ၀ဇ၀ါဖြစ်သွားပြီး

” ဒီလူတွေ ငါပြောတာကြားရဲ့သားနဲ့ တမင်အရေးမလုပ်တာလား”

တစ်ကိုယ်တည်းစိတ်ထဲရေရွတ်ရင်း သူတို့အနားလျှောက်သွားလိုက်သည်
ချမ်းအေးမှာ ထိုနှစ်ယောက်အနားကိုရောက်မှ ၎င်းနှစ်ယောက်က ပြိုင်တူလှည့်ကြည့်လိုက်ကြ၏
ပြီးနောက် ပိန်ပိန်သွယ်သွယ်လူက မဲ့ပြုံးတစ်ချက်ပြုံးကာ သူ့အရှေ့ကလူအား

” ဟီး ဟီး ဟီး”
“ငါတို့အတွက် အစာပေါ့နော်”

“ဗျာ ဘာပြောတာလဲ”

ချမ်းအေးမှာ နားမလည်နိုင်သဖြင့် ကြောင်တောင်တောင် ဖြစ်သွားမိသည်
ချမ်းအေးကိုကြည့်ပြီး ၀၀ဖန့်ဖန့်လူက

” အော် ဒီကရောင်းရင်းက လမ်းပျောက်လာတာလား ”

” ဟုတ်ကဲ့ နတ်မွေ့တောထဲ အမဲသွားပစ်တာ တောခြောက်ခံရလို့”

“ဘယ်လိုတောခြောက်ခံရတာလဲ”

ပိန်ပိန်သွယ်သွယ်လူက မေးလိုက်ရာ

“မိန်းမတစ်ယောက် ရေချိုးနေတာ ကျုပ်ကလူထင်ပြီး စကားပြောမိတယ် နောက်မှ အဲ့မိန်းမက လူမဟုတ်ဘဲ မကောင်းဆိုး၀ါးတစ်ကောင်ဖြစ်မှန်းသိတာ”

ချမ်းအေးစကားဆုံးတော့ ထိုနှစ်ယောက်က ပြုံးကာ

” အဲ့ဆို ဒီမှာခနနား နောက်မှ ရောင်းရင်းအိမ်ကိုပြန်ပေါ့ အေးဆေးပဲ”

” ရွှေရည်ရယ် ဒီမှာဧည့်သည်ရောက်နေလို့
ရေနွေးကြမ်းလေးယူခဲ့ပါအုံး”

” ကျုပ်နာမည်က အားဒင် ဒါက ခက်မောင်လို့ခေါ်တယ်”

” ဟုတ်ကဲ့ ကျုပ်နာမည်က ချမ်းအေးပါ”

တစ်ယောက်ကိုတစ်ယောက်မိတ်ဆက်ကြပြီးနောက်အားဒင်မှ

” ရောင်းရင်း ထမင်းတို့ရောစားခဲ့ပြီးပြီလား”

” ဟုတ်ကဲ့ တောထဲမလာခင်ကတည်းကစားခဲ့တာပါ”

“အော် အေးအေး
ဒါဆိုလည်း သက်သောင့်သက်သာ အနားယူဗျာ
ဟဲဟဲ”

အားဒင်စကားဆုံးတော့ အိမ်ထဲ မိန်းမတစ်ယောက်ထွက်လာကာ စားပွဲပေါ် ရေနွေးကြမ်းချပေးသည်

“ကျုပ်မေးစရာရှိလို့ ဒီရွာမှာ အလှူပွဲရှိလားဗျ

ဟို ရွာထဲ၀င်လာကတည်းက ဆိုင်းသံတွေကြားလို့”

ချမ်းအေးထိုသို့ပြောလိုက်တော့ အားဒင်နဲ့ ခက်မောင်ဆိုသူတို့က အားရပါးရရယ်မောရင်း

” ဘယ်ကလာ အလှူလဲ
အသုဘဗျ”

!ဟင်
“အသုဘ”

” ဟုတ်တယ် လူကတော့မသေသေးဘူး
ဒါပေမယ့် အဲ့လူသေဖို့အတွက် ကြိုပြီး အသုဘဆိုင်းတီးထားတာ ”

“ဗျာ”

ချမ်းအေးမှာ ထိုနှစ်ယောက်စကားကြောင့် အသည်းဗြောင်းဆန်အောင်ပင်ဖြစ်သွားရ၏
တစ်သက်နဲ့တစ်ကိုယ်ယခုလိုမျိုးမကြားဖူးသဖြင့်
တော်တော်ကြောက်ဖို့ကောင်းလှပါလားဟု အတွေးဆက်တိုက်ပင်၀င်လာခဲ့သည်

“ဒါက ကျုပ်တို့ရဲ့ထုံးစံလေ ”

” ​သြော် ဟုတ်ကဲ့”

ကြောင်တောင်တောင် ခေါင်းညိတ်ပြပြီး အိမ်၀ိုင်းကို မျက်စိကစားကာ တစ်ချက်​ေ၀့၀ိုက်ကြည့်လိုက်၏ အိမ်ခြံ၀ိုင်းမှာ တော်တော်ကျယ်သည်
၀ိုင်းထဲ ၀ါးပင်များပြည့်နေ၏ အိမ်မှာအိမ်ကြီးရခိုင်ဆောက်ထားသဖြင့် ခန့်ခန့်ကြီးပင်

” ဒါနဲ့ ဒီရွာကို ဘယ်လိုခေါ်လဲ
ကျုပ်တစ်ခါမရောက်ဖူးလို့”

ချမ်းအေးမေးလိုက်တော့ ခက်မောင်မှ

” နတ္ထိရွာလို့ခေါ်တယ်”

“ဟင် နတ္ထိရွာ ”

ရွာနာမည်က အတော်ဆန်းသည် နတ္ထိဆိုသည်မှာ ဗလာဟုဆိုလိုခြင်းဖြစ်သဖြင့် ယခုရွာက အတော်ဆန်းပြားသည်ဟုဆိုရမည်

“ရောင်းရင်းရဲ့ မဲဇာရွာတော့ ကျုပ်တို့သိတယ်

ကဲဗျာ ရောက်တုန်းရောက်ခိုက် နားနားနေနေ

နေနော် ကျုပ်အသုဘဆီကို ခနသွားလိုက်မယ်”

ပြောပြောဆိုဆိုဖြင့် ထိုနှစ်ယောက်မှာ နေရာမှထပြီး ခြံပြင်ထွက်ကာ ရွာအရှေ့ဆီသို့ထွက်သွားကြလေ၏
ချမ်းအေးမှာ မောလာသည့်ဒဏ်တွေကြောင့် မျက်လုံးတွေလေးလာကာ ထိုကွက်ပျစ်ပေါ်မှာပင် အိပ်မောကျသွားခဲ့သည်

—————-

မည်မျှထိအိပ်ပျော်သွားသည်မသိ တစ်ကိုယ်လုံးချမ်းစိမ့်စိမ့်ဖြစ်မှ ချမ်းအေးနိုးလာခဲ့၏
မျက်လုံးဖွင့်ကြည့်လိုက်တော့ အနားတွင်လူတွေအများကြီးရောက်နေသည်
ချမ်းအေးကပျာကယာထကာ သေချာကြည့်လိုက်တော့ နေတောင်မှောင်နေပြီ
ထိုလူများမှာ အငြိမ့်သမားလိုလို ၀တ်ဆင်ထားပြီး
ဘေးတွင်လည်းဆိုင်း၀ိုင်းများဖြင့်

” ဟင် ဘယ်လိုဖြစ်နေကြတာလဲ”

ခနနေတော့ အားဒင်နဲ့ ခက်မောင်အပါအ၀င် နောက်ထပ် လူတစ်ယောက်အားမောင်ရှေ့သို့ရောက်လာသည်

” မိုးလည်းချုပ်တော့မှာဆိုတော့
ရောင်းရင်း ဒီမှာညအိပ်ပြီး မနက်ကျမှ ပြန်လေ”

ခက်မောင်မှထိုသို့ပြောလိုက်ရာ ချမ်းအေးလည်း
အိမ်ကလူတွေစိတ်ပူမှာစိုးသဖြင့် အခုအိမ်ပြန်ရမည်ဖြစ်ကြောင်း ပြောပြရတော့၏

” ကျုပ်မပြန်ရင် အိမ်ကလူတွေစိတ်ပူနေမှာဗျ
အဲ့ဒါကြောင့် ကျုပ်အခုပဲပြန်ရတော့မယ်
မိုးချုပ်လည်း သွားရမှာပဲ”

ချမ်းအေးက ငြင်းလိုက်တော့ အားဒင်တို့မှာ ဒေါသထွက်သွားဟန်ဖြင့်

“မရဘူး ရောင်းရင်း
ရောင်းရင်း ဒီမှာညအိပ်ရမယ်
ကျုပ်တို့ပြောထားတယ်နော်
ရောင်းရင်း ဒီမှာညအိပ် တခြားဘာမှဆက်မပြောနဲ့”

အားဒင်မှ အမိန့်ပေးသည့်လေသံဖြင့်ပြောလိုက်ရာ ချမ်းအေးလည်း အနည်းငယ်ဒေါပွမိသည် ကိုယ်ပြန်ချင်တဲ့အချိန်ပြန်မှာကို သူတို့နဲ့ဘာဆိုင်လို့လဲ

” ကျုပ်ကိုမတားနဲ့ဗျာ ကျုပ်ကိုအခုလိုကူညီပေးတဲ့အတွက် ကျေးဇူးပါ နောက်အခါအခွင့်သင့်ရင်
ခင်များတို့ရွာကို အလည်ဖြစ်ဖြစ်လာခဲ့ပါမယ်”

“ဟား
ဟား
ဟား
ဘာပြောတယ် နောက်တစ်ခါလာမယ်
ဒီမှာ ခင်များနောက်ထပ်မပြောနဲ့
ဘယ်တော့မှ ဒီရွာကိုလာရမှာမဟုတ်သလို
ဒီရွာကလဲ ခများဘယ်တော့မှထွက်မသွားရဘူး”

အားဒင်တို့နဲ့ပါလာတဲ့တစ်ယောက်က ထိုသို့ပြောပြီးစကားဆုံးသည်နှင့် အိမ်၀ိုင်းတွင်ရောက်နေကြတဲ့
ဆိုင်းသမားတို့ က ဆိုင်းစတီးပါလေရော

ဆိုင်းသံတို့မှာ အလှူမင်္ဂလာပွဲတွင်တီးသည့် ဆိုင်းသံမျိုးမဟုတ်ဘဲ ကြက်သီးတဖြန်းဖြန်းထစရာကောင်းလောက်အောင် အသံမျိုးဖြင့်တီးခတ်ကြနေသည်

ချမ်းအေးလည်း အားဒင်တို့ကိုနားမလည်စွာနှင့် အနားကဆိုင်းသမားတို့သေချာကြည့်တော့
တစ်စုံတစ်ခုကိုအကဲခတ်မိတော့၏

ထိုအရာမှာ တခြားအရာမဟုတ် လူတိုင်းအားလုံး
​ဖိနပ်မစီးပဲ ခြေထောက်တွင်လည်းနီကြန့်ကြန့်အရောင်ကို ဆေးမှင်ကြောင်များထိုးထားသလိုမျိုးပင်

ချမ်းအေးလည်း ဘာမှဆက်မပြောတော့ဘဲ ထိုနေရာမှ အတင်းထကာ သွားရန်ပြင်တော့
အားဒင်တို့သုံးယောက်သား ဘုံးခနဲမည်အောင်
ပြန်တွန်းချလိုက်သည်

!ဘုန်း

အင့်!!

” ပြောထားတယ်မလား
သေချင်နေပြီလား
အခုတော့ခနစောင့်အုံး
ခများသေတော့မယ့် အချိန်ရောက်တော့မယ်”

ခက်မောင်စကားဆုံးတော့ အိမ်၀ိုင်းထဲ လူတစ်စု၀င်လာသည်ကိုတွေ့လိုက်ရ၏
ထိုလူစု၀င်လာတော့ အားဒင်တို့အပါအ၀င် ရှိသမျှလူအားလုံး ခေါင်းငုံ့ကာ အရိုအသေပေးသလိုလုပ်ကြသည်

ချမ်းအေး၀င်လာတဲ့လူစုကိုကြည့်တော့ အရှေ့က မိန်းမကို သေချာမြင်ဖူးသလိုစိတ်ထဲသိနေ၏
ထိုမိန်းမမှာ မျက်နှာကိုပ၀ါစအုပ်ထားပြီး ချမ်းအေးရှိရာကို ဦးတည်ပြီးလျှောက်လာသည်

ချမ်းအေးသေချာစဥ်းစားကြည့်မှ အသည်းတွေဗြောင်းဆန်သွားသလိုပင် ဘာလို့ဆို ထိုမိန်းမမှာ တခြားမဟုတ် တောထဲအမဲလိုက်တုန်းက ရေချိုးနေသည့် မကောင်းဆိုး၀ါးမကြီးသာဖြစ်သည်

” ဟင်
ဒါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ
ဒါဆို ဒီရှာက ဘာလဲ”

ထိုမိန်းမရှေ့သို့ရောက်တော့ ငုံ့နေကြသည့် လူတွေတပြိုင်နက် ခေါင်းမော့ကာ ချမ်းအေးဖက်ကိုမျက်နှာမူလာပြီး ရယ်နေတဲ့မျက်နှာကြီးတွေနဲ့
ပါးစပ်မှ ဘာတွေအော်မှန်းမသိအော်ကြကာ ချမ်းအေးကို စားတော့၀ါးတော့မည့်အကြည့်မျိုးနှင့်
တဟီးဟီးတဟားဟား လုပ်နေကြသည်

အနားမှ အားဒင်တို့မှာလည်း တဟီးဟီးဖြင့် လုပ်နေကြရာ ချမ်းအေးမှာကြောက်လွန်းလို့မျက်နှာ ဇီးရွက်လောက် သာရှိတော့၏

” ဟင်း
ဟင်း
ဟင်း
တောထဲမှာတုန်းက ငါ့လက်ကလွတ်ပြီလို့ထင်ပြီး
ပျော်နေခဲ့တာပေါ့
အခုကြည့်လိုက်စမ်း ဒီတစ်ရွာလုံးက မင်းရဲ့အသားနဲ့အောင်ပွဲခံကြတော့မယ်
ဟေ့
ဆိုင်းသမားတွေ အသုဘဆိုင်းတီးလိုက်ကြစမ်း”

ထိုမိန်းမက အမိန့်ပေးလိုက်တော့ တဟီးဟီးလုပ်နေကြသည့်ဆိုင်းသမားတို့မှာ တပြိုင်နက် ဆိုင်းတီးကြတော့၏

” ငါ့ကို ပြန်ခွင့်ပေး
ငါ့ကိုဘာလုပ်ကြမလို့လဲ ”

ချမ်းအေးပြောရင်းဆိုရင်း ပြန်ခုခံရန် ပါလာသည့်လေးကိုကောက်ရန်ပြင်တော့ မအိပ်ခင်အနားမှာချထားသည့် လေးမှာ မရှိတော့ပေ

ဟင်!

” ဟေ့ နင်တို့အရင်စားကြ ငါ့အတွက်
သူ့ရဲ့အသည်းနှလုံးကိုသာထားကြ”

ထိုမိန်းမမှာ ပြောရင်း အိမ်ပေါ်ကိုတတ်သွားတော့သည်

ထိုမိန်းမဆီမှ အမိန့်ရသည်နှင့် ဆိုင်းသမားတို့အပါ၀င် လူတွေအားလုံး အရှေ့ကိုလက်တွေဆန့်တန်းကာ ချမ်းအေးကိုသတ်ဖြတ်စားသောက်ရန်
လာကြတော့၏

” မလာကြနဲ့ မလာကြနဲ့

သွား သွား ငါ့အနားမလာနဲ့”

ချမ်းအေးမှာ အတင်းရုန်းသော်လည်း အားဒင်တို့က
လက်နှစ်ဖက်ချုပ်ထားသဖြင့် တုပ်တုပ်မျှမလှုပ်ပေ
ရှိသမျှလူတွေအားလုံး ချမ်းအေးကိုအလုအယက်လာဆွဲကြတော့သည်

” ချမ်းအေးရေ ချမ်းအေး မင်းဘယ်မှာလဲ”

တစ်စုံတစ်ယောက်အသံခေါ်သံကြားတော့ အလုအယက်ဆွဲနေကြသည့်လူတို့မှာ အသံလာရာဘက်ကို ရုတ်တရက်အာရုံရောက်သွား၏

“ချမ်းအေးရေ
ဗျို့ ချမ်းအေး”

ချမ်းအေးမှာခေါ်သံကြားပေမယ့် ပါးစပ်မှ အသံထွက်မလာ

တစူးတစိုက်ကြည့်နေကြသည့် ထိုမကောင်းဆိုး၀ါးတို့မှာ မြင်နေရသည့် မီးတုတ်တို့ကို တရူးရူးရန်ပြုနေကြသည်
ထိုစဥ်အိမ်ပေါ်မှ မိန်းမကြီးမှာ ပြေးဆင်းလာပြီး
ဒေါသတကြီးနှင့်

” တောက်
စားရကံကြုံကာမှ အနှောက်အယှက်တွေပေါ်လာတယ် သေနာကောင်တွေ”

ထိုသို့ဆဲဆိုရင်း မြေပြင်ကိုဖနောင့်တစ်ချက်ပေါက်လိုက်ရာ ရှိသမျှလူတွေအားလုံး ထိုနေရာမှအကုန်လုံးပျောက်ကွယ်သွားကြတော့သည်

” ဟေ့ ဟိုမှာ ချမ်းအေးမဟုတ်လား”

“ဟုတ်တယ်ဟ”

” ဟေ့လူတွေ ချမ်းအေးကိုတွေ့ပြီဟ”

မီးတုတ်ကိုယ်စီနှင့်လူတို့မှာ ချမ်းအေးဆီကိုပြေးလာကြပြီး ချမ်းအေးကိုလှုပ်နှိုးကြရာ
ချမ်းအေးမှာအားယူပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်သည်

” ဖေတင်တို့လား”

“ဟုတ်တယ် မင်းမနက်အစောကြီးကတည်းက
နတ်မွေ့တောကို တောသွားပစ်တာ မိုးချုပ်တဲ့အထိမရောက်လို့ ဘယ်သူမှ မလာရဲကြတဲ့ ဒီတောကို
အရဲစွန့်ပြီးမင်းကိုလာရှာကြတာ ဘုရားမပေလို့ပေါ့ကွာ”

” ခုနက မကောင်းဆိုး၀ါးတွေရော”

ချမ်းအေးပတ်၀န်းကျင်သေချာကြည့်လိုက်တော့
ရွာဆိုသည့်ယခုနေရာမှာ လျှိုမြောင်ကြီးတစ်ခုသာဖြစ်နေတော့၏
ဘယ်ဘက်လက်ဆီမှ နာကျင်လွန်းသဖြင့်ကြည့်တော့ အရိုးငေါင်းငေါင်းထွက်နေသည့် ပခုံးရိုး

” ဟင် ငါ့ ငါ့လက်”

ချမ်းအေးဘယ်လက်တစ်ဖက်မှာ တစ်ချောင်းလုံးမရှိတော့ပေ
နာကျင်လွန်းသဖြင့် အံကိုတင်းတင်းကြိတ်ထားရသည်

” မင်းတို့ငါ့ကို ဘယ်လိုရှာတွေ့တာလဲ”

“ငါတို့လာတော့ မင်းရေဘူးနဲ့ ဓားကိုတွေ့တာ
အဲ့တာကြောင့် ဒီဘက်ရှိများရှိမလားလို့ ရှာတော့
ဘုရားမလို့တွေ့တာ”

“ဒီနေရာက အမြန်ထွက်ကြရအောင်
မကောင်းဆိုး၀ါးတွေလာလိမ့်မယ်”

ပြောပြောဆိုဆို ဖေတင်နှင့် ရွာသားတစ်ချို့ ချမ်းအေး တွဲကာ ထိုနေရာမှ ခပ်သုတ်သုတ်ထွက်လာခဲ့ကြ၏

ချမ်းအေးတို့ ထိုနေရာမှထွက်သွားတော့ သူတို့အနောက် လျှိုမြောင်ကြီးဆီ လူတွေအော်ငိုသံများကို အတိုင်းသားကြားလိုက်ရသည်
______________________________________________

စာဖတ်သူတို့ ကျန်းမာချမ်းသာကြပါစေ