ပွဲကြိုက်တဲ့ခင် (စ/ဆုံး)
——————–
မြန်မာပြည်မှာ အစည်ကားဆုံးပွဲဈေးများထဲတွင် ပဲခူးရွှေမော်ဓေါ ပွဲဈေးတစ်ခုလဲ အပါအဝင်ဖြစ်သည်။ နာရီစင်မှနေ၍ လမ်းတစ်လျှောက်ဆိုင်ခန်းများခင်းထားပြီး အလွန်စည်ကားလှသည်။ ဒါတင်မက ဘုရားခြေရင်း ကွင်းပြင်ကြီးတွင်လဲ ဇတ်ရုံများထိုးကာ ဇတ်ပွဲများကို ကပြကြသည်။ ထူးဆန်းသော တိရစ္ဆာန်များပြခန်း၊ ရုပ်သေးပွဲများနှင့် မျက်လှည့်ပြပွဲများလဲ ရှိကြသည်။ သို့သော် လူကြိုက်အများဆုံးကတော့ ဇတ်ပွဲများဖြစ်ကြသည်။
ပဲခူးသူ၊ ပဲခူးသားများ ဇတ်ပွဲအလွန်ကြိုက်ကြသည်။ သုံးညလုံး ဒီဇတ်ကိုပဲ ကပြသည့်တိုင် သုံးညလုံးမလွတ်တမ်းသွားကြည့်ကြသည်။ ထို့အပြင် ဇတ်မင်းသားမင်းသမီးများကိုလဲ လက်ဆောင်ပစ္စည်းများ၊ ဆုတော်ငွေများ ချကြသည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်ကဖြစ်ပါသည်။
အောင်မော်နှင့် ရွှေရည်မှာ သမီးရည်းစားများဖြစ်ကြသည်။ ရွှေရည်က မြို့သစ်တွင်နေထိုင်သည်။ အောင်မော်ကတော့ ပဲခူးမြို့သားမဟုတ်။ သို့သော် အလုပ်ကိစ္စဖြင့် ပဲခူးတွင်နေထိုင်သူဖြစ်သည်။ အောင်မော်နှင့် ရွှေရည်တို့က သမီးရည်းစားဖြစ်တာ ၃နှစ်ခန့်ရှိပြီမို့ အိမ်က လူကြီးများပါ သိကြသည်။ အောင်မော်ကလဲ ရိုးသားယဉ်ကျေးသည့် လူငယ်တစ်ယောက်ဖြစ်သည်မို့ ရွှေရည်မိဘများကတော့ ဘာမှကန့်ကွက်စရာမရှိ။ သို့သော် အောင်မော်တို့နှစ်ဦးရည်မှန်းထားသည့် ရည်မှန်းချက်များ မပြည့်သေးသည်မို့ လက်ထပ်ဖို့ကတော့ အချိန်ယူနေရသည်။
ထိုနေ့က သောကြာနေ့ဖြစ်သည်။ ရွှေမော်ဓေါဘုရားပွဲကလဲ စည်ကားလှသည်။ အောင်မော်က ရန်ုကုန်မှ ကုမ္မဏီတစ်ခု၏ ပဲခူးရုံးခွဲတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ဘုရားပွဲမှာ နှစ်ရက်ခန့်ရှိနေသော်လည်း ရွှေရည်ကို လိုက်မပို့ရသေးသဖြင့် ရွှေရည်က စိတ်ကောက်နေလေသည်။ ထိုနေ့တော့ သောကြာနေ့မို့ ရုံးဆင်းတာနဲ့ ရွှေရည်နဲ့အတူတူပွဲဈေးလျှောက်မည်။ ညလုံးပေါက် ရွှေရည်ကြိုက်သည့် ဇတ်ပွဲကြည့်ပြီး ချော့မည်ဟု ဆုံးဖြတ်ထားသည်။
“ရွှေရည် ညနေကျရင် နာရီစင်နားကိုလာခဲ့လေ။ ဘုရားပွဲဈေးလျှောက်ရအောင်”
အောင်မော်က ဖုန်းဆက်ပြီးပြောလိုက်သည်။ ရွှေရည်က နှုတ်ခမ်းစူလိုက်သည်။
“သွားပါ။ သူများတွေ ပွဲဈေးလျှောက်လည်ပြီးတာကြာနေပြီ၊ ခုမှလာပြီးခေါ်မနေနဲ့”
“မလုပ်ပါနဲ့ ရွှေရည်ရယ်၊ ကိုယ်လဲ အလုပ်တွေမအားလို့ပါ၊ ဒီလိုလုပ်လေ ညနေကျရင် နာရီစင်နားကိုလာခဲ့နော်၊ ကိုယ်ရုံးက ပြန်တာနဲ့စောင့်နေမယ်၊ ရွှေရည်ကြိုက်တဲ့ ဇတ်မင်းသားပွဲလဲ သွားကြည့်ကြမယ်”
“ဟယ် . . . တကယ်ပြောတာလား”
“တကယ်ပေါ့”
“ဒါဆိုလဲ ပြီးရောနော်၊ ညနေ နောက်ကျမနေနဲ့ ရွှေရည် စောင့်မနေချင်ဘူး”
ဖုန်းချပြီးတော့ ရွှေရည်ပျော်သွားသည်။ သူကြိုက်သည့် ဇတ်ပွဲလဲကြည့်ရမည်။ နောက်ပြီးချစ်သူနှင့်အတူဖြစ်သည်။ ရွှေရည်က သူငယ်ချင်းများနှင့် ပွဲဈေးလည်လို့ရသော်လည်း ချစ်သူနှင့်အတူ နှစ်တိုင်းလည်နေကျဖြစ်သဖြင့် အောင်မော်ကို စောင့်နေသည်။ ဖြစ်ချင်တော့ အောင်မော်တို့ အလုပ်ကလဲ အခုရက်ပိုင်းမှာ အလုပ်တွေများနေသဖြင့် အခုထိပွဲမလည်ရသေး။
အချိန်တွေက ကုန်တာနှေးလွန်းသည်ဟုထင်နေသည်။ ညနေရောက်တော့ ရွှေရည်က ရေမိုးချိုးပြီး အဝါရောင်ဝမ်းဆက်လှလှလေးကို ဝတ်ဆင်လိုက်သည်။ ထို့နောက် မိတ်ကပ်ပါးပါးလိမ်းပြီး အပေါ်က သနပ်ခါးပါးကွက်ကွက်လိုက်သည်။ အကျီနှင့် လိုက်ဖက်စေရန် ဆလင်းဘတ်အဝါကလေးနှင့် ကတ္တီပါဖိနပ်အဝါလေးကို ဝတ်ဆင်လိုက်သည်။ ခေါင်းတွင်လဲ ဖဲပြားအကြီးကြီးတစ်ခုကို ပန်လိုက်သည်။ ညနေ ၄နာရီခွဲပြီးပြီ။ အောင်မော်က ငါးနာရီအလုပ်ဆင်းမည်ဖြစ်သဖြင့် ရွှေရည်လဲ ဆိုင်ကယ် ကယ်ရီတစ်စီးကို ငှားလိုက်သည်။ ရွှေရည်တွင် ဆိုင်ကယ်ရှိသော်လည်း ပွဲရှိသည်ကတစ်ကြောင်း၊ ပွဲဈေးတိုးပြီး အချိန်ကြာမည်က တစ်ကြောင်းမို့ ဆိုင်ကယ်ကယ်ရီနှင့် သွားလိုက်ခြင်းဖြစ်သည်။
(၂)
အောင်မော်က ရုံးကထွက်လာပြီး နာရီစင်နားတွင် စောင့်နေလိုက်သည်။ ငါးနာရီခွဲတော့မည် ရွှေရည်က ခုထိမလာသေး။ မြို့သစ်နှင့် မြို့ထဲမှာ သိပ်မဝေးသည်မို့ လာရင်အချိန်သိပ်မကြာပေ။ သို့သော် ထုံးစံအတိုင်း ရွှေရည်က အလှပြင်ရင်း နောက်ကျနေသည်ဟု ထင်လိုက်သည်။ သူများကိုနောက်မကျဖို့ပြောပြီး သူက နောက်ကျနေသည်မို့ လာရင်တော့ ရန်တွေ့ပြစ်လိုက်မည်ဟု အောင်မော်က ကြိမ်းဝါးလိုက်သည်။
“အကို ရောက်နေတာကြာပြီလား”
သူတောင်သတိမထားမိလိုက်။ ရွှေရည်က သူ့ဘေးနားရောက်နေပြီဖြစ်သည်။
“ရွှေရည်ကလဲ နောက်ကျလိုက်တာ”
သူပြောလိုက်တော့ ရွှေရည်က ရှက်သွားသလိုဖြစ်သွားသည်။ ထို့ကြောင့် အောင်မော်က ဆက်မပြောတော့ဘဲ ပွဲဈေးတန်းဖက် ထွက်ခဲ့သည်။
ပွဲဈေးတန်းက ညနေစောင်းပဲရှိသေးသဖြင့် လူသိပ်မစည်ကားသေး။ ဆိုင်ခန်းတွေကတော့ မီးရောင်စုံတွေနှင့် စည်ကားနေပြီဖြစ်သည်။
“ရွှေရည် ဘာလိုချင်လဲ၊ ဘာစားချင်လဲပြော၊ ကိုယ့်မှာ အပြည့်”
အောင်မော်က ပြောလိုက်ကာ သူ့ကျောပိုးအိတ်ကို ပုတ်ပြလိုက်သည်။ ထို့နောက် ပွဲဈေးတန်းတစ်လျှောက် လမ်းလျှောက်လာလိုက်သည်။ ဝက်သားတုတ်ထိုးဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များ၊ အကြော်ဆိုင်များ၊ မြန်မာမုန့်မျိုးစုံရောင်းသောဆိုင်များဖြင့် စည်ကားနေသည်။ အောင်မော်က လမ်းလျှောက်ရင်း ဗိုက်ဆာလာပြီဖြစ်သည်။
“ရွှေရည် ကိုယ်ဗိုက်ဆာတယ်ကွာ တစ်ခုခုစားရအောင်”
ရွှေရည်က ခေါင်းညိတ်လိုက်ပြီးတော့ ဟိုဟိုဒီဒီကြည့်လိုက်သည်။ ထို့နောက် အမဲအူသုပ်၊ အမဲအူပြုတ် ဆိုင်ကို လက်ညှိုးထိုးပြလိုက်သည်။ အောင်မော်က ထူးဆန်းသွားသည်။
“ရွှေရည်က အမဲသားစားလို့လား”
“ရွှေရည်စားချင်တယ်၊ သရေယိုစရာကြီး”
သို့နှင့် အမဲအူသုတ်ဆိုင်ကို ထိုင်လိုက်ကြသည်။ ဆိုင်မှာ တွန်းလှည်းကလေးဖြစ်ပြီး လှည်းပေါ်တွင် အမဲအူများကို ပုံထားပြီး ပြုတ်ထားသည်။ ရွှေရည်က ဆိုင်တွင်ထိုင်လိုက်ပြီးနောက် တုတ်ဖြင့် ထိုးထားသော အမဲအူများကို စားသောက်လေသည်။ ရွှေရည်မှာ အမဲအူများ၊ အသားများ၊ အရွတ်များနှင့် ကလီစာများကို တချောင်းပြီးတစ်ချောင်း အားရပါးရစားသောက်နေလေသည်။ အချဉ်ရည်တောင် မတို့ပေ။
“စားလှချည်လား ရွှေရည်ရဲ့ အဲဒီလောက်တောင် စားချင်နေတာလား”
ရွှေရည်က ပါးစပ်ပလုပ်ပလောင်းဖြင့် သူ့ကိုရယ်ပြလေသည်။ အောင်မော်လဲ အမဲအူသုတ်နှစ်ပွဲမှာလိုက်သည်။ အောင်မော်က အမဲသားတော့ သိပ်မစားဖြစ်၊ ရှောင်ထားတာမဟုတ်သော်လည်း သိပ်မကြိုက်သဖြင့်ဖြစ်သည်။ အမဲအူပြုတ် အရည်များသာ သောက်ဖြစ်နေသည်။
ရွှေရည်ကတော့ အားရပါးရစားသောက်နေသည်မှာ တုတ်ချောင်းတွေ ပုံနေပြီဖြစ်သည်။ အမဲအူရောင်းတဲ့ လူတောင် လက်မလည်အောင် တုတ်ချောင်းတွေထိုးနေရသည်။ အောင်မော်လဲ ရွှေရည်စားနေတာကို ထူးဆန်းပြီးကြည့်နေလိုက်သည်။ နာရီဝက်လောက်စားပြီးတော့ ရွှေရည်က ရပ်လိုက်သည်။ ထို့နောက် ထပြီး ထမီကိုပြင်ဝတ်လိုက်သည်။ ရွှေရည်ဗိုက်က သိသိသာသာစူထွက်နေသည်။
“ရွှေရည်က အမဲအူသိပ်ကြိုက်တာပဲနော်”
“အဲဒီလိုတော့မဟုတ်ပါဘူး။ မစားရတာကြာလို့ စားချင်နေတာ၊ ခုမှပဲ ဆန္ဒပြည့်သွားတော့တယ်”
ပြီးတော့ ပွဲဈေးဆက်လျှောက်ကြသည်။ တစ်နေရာရောက်တော့ မိန်းကလေးဖန်စီပစ္စည်းများ ရောင်းချနေသည့်ဆိုင်ကိုတွေ့လိုက်ရသည်။ အောင်မော်က ထိုဆိုင်ကိုဝင်လိုက်ပြီး ရွှေရည်အတွက် ဖန်စီပစ္စည်းများကို ရွေးချယ်ပေးနေသည်။ ရွှေရည်ကလဲ ဟိုဟာကောက်ကိုင်လိုက် ဒီဟာကောက်ကိုင်လိုက်နှင့် ကြည့်နေသည်။ ဖန်စီရောင်းသည့် ကောင်မလေးများက အောင်မော်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။ ယောက်ျားကြီးက ရွေးနေသည်မို့ ကြည့်ချင်းလားတော့မသိ။ အောင်မော်လဲ ဂရုမစိုက်ဘဲ ဆက်ရွေးချယ်နေလိုက်သည်။ ထို့နောက် ရွှေရည်ကြိုက်သည့် ပစ္စည်းများကို ဝယ်ပေးလိုက်သည်။
(၃)
“မြောင်းမြ ဒေါ်ခင် မုန့်ဟင်းခါး”
မုန့်ဟင်းခါးဆိုင်ကြီးက နေရာအကျယ်ကြီးယူထားသည်။ မုန့်ဖတ်တွေ၊ ပဲကြော်တွေကို ပုံထားသည်။ စားနေသည့်လူများမှာလဲ မနည်းမနော။ မုန့်ဟင်ခါးဟင်းရည်အိုးကြီးကလဲ ပွက်ပွက်ဆူနေကာ မွှေးကြိုင်နေလေသည်။ ရွှေရည်က ထိုဆိုင်ရှေ့တွင် ရပ်ကြည့်နေလေသည်။
“ရွှေရည် စားချင်လို့လား”
ရွှေရည်က ခေါင်းကို ညိတ်လိုက်သည်။ ထို့ကြောင့် မုန့်ဟင်းခါးဆိုင်ထဲဝင်ခဲ့သည်။
“ပဲကြော် အိုးဘဲဥနဲ့ နှစ်ပွဲပေးပါ”
အောင်မော်က မှာပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။ မကြာမီ စားပွဲထိုးကလေးက အငွေ့တထောင်းထောင်းထနေသော မုန့်ဟင်းခါး နှစ်ပန်းကန်ကို ယူလာလေသည်။ သူတို့ခုံတွင် ချလိုက်သောအခါ ရွှေရည်မျက်လုံးတွေက အရောင်လက်သွားလေသည်။ အောင်မော်က မုန့်ဟင်းခါးတစ်ဇွန်းခပ်ပြီး ပူလွန်းသဖြင့် မှုတ်နေချိန်၊ ရွှေရည်ကတော့ မုန့်ဟင်းခါးတွေကို ဇွန်းနှင့် သုံးလေးဇွန်းခပ်စားလေသည်။ အောင်မော် သုံးဇွန်းလောက်စားပြီးချိန်တွင် ရွှေရည်က မုန့်ဟင်းခါးတစ်ပွဲလုံးပြောင်သွားပြီ။
“ရွှေရည်ရယ် မြန်လိုက်တာ ဘယ်လိုစားလိုက်တာလဲ”
ရွှေရည်က သူ့ကိုပြန်ပြုံးပြနေသည်။ အောင်မော်လဲ ရွှေရည်ကို နောက်တစ်ပွဲထပ်မှာပေးလိုက်သည်။ ဆယ်မိနစ်အတွင်း မုန့်ဟင်းခါး ငါးပွဲကုန်အောင်စားနိုင်သည့် ရွှေရည်ကို အောင်မော်ထိတ်လန့်နေပြီဖြစ်သည်။ စားပွဲပေါ်တွင် စားပြီးသားမုန့်ဟင်းခါးပန်းကန်များကိုထပ်ထားသည်။
“ရွှေရည်ရယ် မောင်နဲ့တွေ့ရင် စိတ်ကြိုက်စားမယ်ဆိုပြီး ဝမ်းများနှုတ်လာသလား”
ရွှေရည်နှင့် မုန့်ဟင်းခါးဆိုင်မှ ထလိုက်တော့ ရွှေရည်ဗိုက်က ဗိုက်ကြီးသည်လို ပူထွက်နေသည်။ ဆိုင်မှလူများကော လမ်းပေါ်မှလူများပါ သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်ကြသည်။
“ရွှေရည်ရယ် နင့်ဗိုက်ကွဲထွက်တော့မည့် အတိုင်းပဲ”
ထို့နောက် နှစ်ယောက်အတူလမ်းလျှောက်လာကြသည်။ ဘုရားခြေရင်း ပွဲဈေး ဆိုင်ခန်းတွေကို လှည့်ပတ်ကြည့်ရှုကြသည်။
“ရွှေရည် ဘုရားပေါ်တက်ဦးမလား”
ရွှေရည်မျက်နှာမှာ အလွန်ထိတ်လန့်သွားသော မျက်နှာဖြစ်သွားလေသည်။
“ဘာလုပ်ရမှာလဲ ဘုရားပေါ်မတက်ဘူး”
ရွှေရည်က ခေါင်းတခါခါနှင့် အကြောက်အကန်ပြောနေသဖြင့် အောင်မော် ဘာမှထပ်မပြောတော့။
“မသိပါဘူး၊ ရွှေရည်တက်ချင်နေမလားလို့ မေးကြည့်တာပါ။ လာ ပွဲထဲဝင်ရအောင်”
ထိုသို့ပြောပြီးတော့ ဇတ်ရုံကြီးတွေရှေ့လာခဲ့သည်။ ရွှေရည်ကြိုက်သည့် မင်းသားပါသည့် ဇတ်ပွဲ၏ ဖျာကိုဝယ်လိုက်သည်။ အထူးတန်းဖျာကိုဝယ်လိုက်ပြီး ပွဲထဲဝင်ခဲ့သည်။ ဇတ်ကတော့ မစသေးသော်လည်း ဇတ်အဖွဲ့ထဲမှလူများက သီချင်းတွေသီဆိုနေကြသည်။ နှစ်ယောက်ထဲမို့ ဖျာက ကျယ်ကျယ်ဝန်းဝန်းရှိသည်။ သူတို့ဘေးနားတွင်တော့ ကလေးတစ်သိုက်နှင့် အဒေါ်ကြီးများအဖွဲ့၊ သူတို့အနောက်တွင် ယောက်ျားလေးများ လေးယောက်လောက်ရှိသည့်တစ်ဖွဲ့ရှိသည်။
ရွှေရည်နှင့် သူနှင့်အတူတူထိုင်လိုက်ကြသည်။ အောင်မော်က ပွဲကိုကြည့်နေသော်လည်း ရွှေရည်က ဂဏာမငြိမ်ဖြစ်နေသည်။ သူတို့ဘေးဖျာရှိ ကလေးလေးတစ်ယောက်က ကြက်ကြော်နီနီကြီးကို ကိုက်နေလေသည်။ ရွှေရည်က ထိုကလေးလေးဆီမှ ကြက်ကြော်ကိုတောင်းနေလေသည်။ အောင်မော်လဲ အစပိုင်းက ရွှေရည်က ကလေးလေးကို စနေသည်ဟု ထင်လိုက်သည်။ နောက်ပိုင်းတွင်တော့ တစ်ကယ်တောင်းနေမှန်းသိလိုက်ပြီး ရွှေရည်ကလဲ ဒေါသတွေထွက်နေသည်။
“ရွှေရည် ကြက်ကြော်စားချင်လို့လား ကိုယ်သွားဝယ်ပေးမယ်လေ”
ထိုသို့ပြောပြီး အောင်မော်က ဇတ်ရုံအပြင်ပြေးထွက်လိုက်သည်။ ဇတ်ရုံအပြင် ပွဲဈေးတွင် ကြက်ကြော်များ၊ စာကလေးကြော်၊ ငုံးကြော်များ ကြော်နေသည့် ဆိုင်ကြီးရှိသည်။ အောင်မော်က တစ်ညလုံးစားရန် ကြက်အကောင်ကြီး နှစ်ကောင်ဝယ်လိုက်သည်။ ငုံးလေးကောင်ကိုလဲ ဝယ်လိုက်သည်။
ပွဲခင်းထဲပြန်ရောက်သည်နှင့် ရွှေရည်က သူ့လက်ထဲမှ အိတ်ကိုလုကာ ကြက်ကြော်တစ်ကောင်ကို စပြီးစားလေသည်။ တစ်ညလုံးစားရန် ဝယ်ထားသောကြက်မှာ မိနစ်နှစ်ဆယ်နှင့် အကုန်ကုန်လေသည်။ အောင်မော်လဲ လက်မြန်သဖြင့် ငုံးတစ်ကောင်သာ စားလိုက်ရသည်။ အားလုံးကို ရွှေရည်က စားလိုက်သည်။
(၄)
မင်းသား၊ မင်းသမီးတွေ သီချင်းထွက်ဆိုတော့ ပရိတ်သတ်က အားပေးကြသည်။ ညကလဲ နက်နေပြီဖြစ်သည်။ ထိုစဉ် အောင်မော်အနောက်မှ ကောင်လေးများက တခွီခွီဖြင့် လုပ်နေကြသည်။ ထို့ကြောင့်ရွှေရည်ကို အရှေ့ကိုထိုင်ခိုင်းလိုက်ပြီး အောင်မော်က အနောက်က ထိုင်ကာ ထိုကောင်လေးများကို ကာထားလိုက်သည်။ ပွဲခင်းထဲတွင် ယောက်ျားလေးများက မိန်းကလေးများကို စနောက်တတ်ကြသည်။ အချို့ရန်ဖြစ်ကြသည်။
ရွှေရည် ခြေထောက်ကို အနောက်က ကောင်လေးတစ်ယောက်က လက်ဖြင့်လာပြီး ထိလိုက်သည်။ အောင်မော်လဲ ထိုကောင်လေးများကို တစ်ချက်လှည့်ကြည့်လိုက်သည်။
“ဟေ့ကောင်တွေ မင်းတို့ဘာလုပ်တာလဲ”
“မတော်လို့ ဖြစ်သွားတာအကို ဆောရီး . . . ဆောရီး . . .. ဟီး . . .ဟီး””
ထိုသို့ပြောပြီးတော့ ထိုကောင်လေးများက တဟီးဟီးနှင့်ရယ်နေကြသည်။ နောက်တစ်ခါ လက်က ရောက်လာပြန်သည်။ အော်မော်က ဒေါသဖြင့် လှည့်ကြည့်လိုက်သည်။ ကောင်ကလေး လေးယောက်က သူ့ကိုထိတ်လန့်စွာဖြင့် ပြန်ကြည့်ကြသည်။ သူကလဲ လက်သီးကို ဆုပ်ပြလိုက်သည်။ ကောင်လေး လေးယောက်က အလွန်ကြောက်ရွံ့စွာဖြင့် ပွဲခင်းထဲမှာ မတ်တပ်ရပ်ပြီး ဒရောသောပါး ပြေးသွားကြသည်။
“ကောင်းတယ်၊ သွားကြ၊ နို့မို့ဆို ငါ့လက်သီးစာမိနေမယ်”
အောင်မော်က ကြိမ်းမောင်းလိုက်ပြီး ပွဲပြန်ကြည့်နေလိုက်သည်။
ပွဲကြည့်ရင်း ညသန်းခေါင်ရောက်တော့ ဘေးနားက ကလေးများကလဲ အိပ်နေကြပြီဖြစ်သည်။ ရွှေရည်ကလဲ အိပ်ချင်သည်ဟုဆိုကာ သူ့ပေါင်ပေါ်တွင် ခေါင်းအုံးထားလေသည်။ ထိုစဉ်ကလေးတစ်ယောက်က ထပြီး အော်ငိုလေသည်။
“အမေရေ . . . လက်ကြီး . . . လက်ကြီး”
ကလေးက လန့်ပြီး နိုးလာသည်။ အမေကတော့ ကလေးကိုချီလိုက်ပြီးတော့ ပြန်ပြီး သိပ်လိုက်သည်။ ကလေးမှာ ငိုရင်း ရှိုက်ရင်း ပြန်အိပ်ပျော်သွားသည်။ ထို့နောက် ကလေးအမေက စတီးချိုင့်ကြီးကိုဖွင့်လိုက်ပြီးကြည့်လိုက်သည်။
“ဟောတော် . . . ချိုင့်ထဲက လက်ဖက်သုတ်တွေ ဘယ်ရောက်ကုန်လဲ”
ထိုကလေးတစ်သိုက်က ပွက်လောရိုက်နေသဖြင့် ပွဲခင်းထဲကလူတွေ ကွက်ကြည့်ကွက်ကြည့်လုပ်ကြသည်။
ညနက်တော့ တစ်ခန်းရပ်ပြဇတ်ကသည်။ အောင်မော်က ပွဲကို သိပ်ဝါသနာမပါသော်လည်း ပြဇတ်ကလေးကတော့ ကြည့်ကောင်းသဖြင့် ကြည့်နေသည်။ လူရွှင်တော်များ၏ ဟာသပြကွက်များဖြင့် ပြဇတ်က ကြည့်ကောင်းနေလေသည်။ ရွှေရည်ကတော့ သူ့ပေါင်ကို ဘေးတစ်စောင်းခေါင်းအုံးထားပြီး ပွဲကြည့်နေလား အိပ်နေသလားတော့မသိ။ အောင်မော်က ကြည့်နေရင်း ရွှေရည်လက်ကလေးကို ကိုင်ထားပြီး ပွတ်နေမိသည်။ ပွတ်ရင်း ပွတ်ရင်း ရွှေရည်၏ လက်တွေကြမ်းလာသည်ဟု ထင်နေသည်။
ဒါနဲ့ ရွှေရည့်လက်ကို ပွဲခင်းမီးရောင် မသဲမကွဲဖြင့်ကြည့်လိုက်သည်။ ရွှေရည်လက်တွေမှာ အရိုးခြောက်လက်ကြီးတွေလိုဖြစ်နေပြီး လက်သည်းတွေကလဲ ခြောက်လက်မလောက် အရှည်ကြီးဖြစ်နေသည်။
“ရွှေရည် . . . ရွှေရည်””
အောင်မော်က ကြောက်လန့်စွာဖြင့် ရွှေရည်ကို ခေါ်လိုက်သည်။ ရွှေရည်က ပြန်မထူး။ ဒါနဲ့ ရွှေရည်၏ ခေါင်းကိုအသာကိုင်ပြီး သူ့ဖက်ကိုလှည့်ကြည့်လိုက်မိသည်။
ရွှေရည်မျက်နှာကြီးက အဖွားကြီးတစ်ယောက်၏ မျက်နှာလိုဖြစ်နေသည်။ ပါးရေတွေတွန့်နေပြီး နဖူးမှာ အစင်းကြောင်းကြီးတွေဖြစ်နေသည်။ မျက်လုံးကြီးက ပြုးနေပြီး ပါးစပ်ကလဲ ပွင့်နေသည်။ ပါးစပ်ထဲတွင်လဲ သွားတွေက ကျိုးသည့်အချောင်းက ကျိုးနေသည်။
အောင်မော်လဲ အလွန်ထိတ်လန့်သွားပြီး ဟုတ်မဟုတ် တစ်ခါသေချာပြန်ကြည့်လိုက်သည်။
“အောင်မယ်လေး သရဲ . .. သရဲ”
အောင်မော်က ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ ကျောပိုးအိတ်ကိုဆွဲပြီး ပွဲခင်းအပြင်ကို ထွက်ပြေးလေတော့သည်။ ထိုင်ကြည့်နေသည့်လူများကိုလဲ အကုန်ဝင်တိုက်ပြီး ကမူးရူးထိုးဖြင့် ဇတ်ရုံအပြင်သို့ပြေးထွက်လေသည်။ ဇတ်ရုံထဲက ကျန်ခဲ့သည့်သူတွေကတော့ လဲပြိုကုန်ပြီး သူ့ကိုအကုန် ဝိုင်းဆဲကြသည်။
သူလဲ ပွဲခင်းအပြင်ကို ပြေးထွက်ပြီးတော ဇတ်ရုံအပြင်ရောက်သည်နှင့် တွေဝေနေတော့သည်။
“ကို . . . . ဘယ်သွားတာလဲ”
အနောက်မှ ခေါ်သံကြားသဖြင့် ထိတ်လန့်စွာဖြင့် လှည့်ကြည့်လိုက်မိသည်။ ရွှေရည်က မတ်တပ်ရပ်နေပြီး သူ့ကိုကြည့်နေလေသည်။
“သရဲမ ငါ့ဆီမလာနဲ့ သွား . . . သွား”
ထိုသို့ အော်ဟစ်ပြီးပြောဆိုလိုက်သည်။ ဇတ်ရုံအပြင်တွင် ဆိုင်တွေနည်းသွားပြီး ပိတ်သည့်ဆိုင်က ပိတ်နေပြီဖြစ်သည်။ သို့သော် လူတွေကတော့ ရှိနေဆဲဖြစ်သည်။ ရွှေရည်က တစ်လှမ်းခြင်းသူ့ဆီကိုလှမ်းလျှောက်လာသည်။
“သရဲမ . . . မလာနဲ့ . . . . သရဲမ”
အောင်မော်က ရွှေရည်ကို လက်ညှိုးထိုးပြီး အော်ဟစ်ပြောဆိုနေသည်။ ထိုအနားမှာ ရှိနေသည့်လူများက သူ့ကို ဝိုင်းကြည့်နေကြသည်။
ကံကောင်းချင်တော့ ထိုနေရာနှင့် မနီးမဝေးတွေ အလှူငွေကောက်သည့် ဂေါပကရုံးခန်းနှင့် ဘုရားပွဲအတွက် မီးသတ်များ၊ ရဲများရှိသည့်နေရာရှိသည်။ အောင်မော်က ထိုနေရာသို့ပြေးသွားလိုက်သည်။
“ကိုရေ . . . လာပါဦး . . . ရွှေရည့်ဆီ လာပါဦး””
ရွှေရည်ကလဲ ပြောရင်း သူ့နောက်က ပြေးလိုက်လာလေသည်။ အောင်မော်က ပြေးပြီးတော့ အလှူခံမဏ္ဍပ်ထဲ ပြေးဝင်သွားသည်။ အရန်မီးသတ်နှင့် ရဲများက သူ့ကိုဝိုင်းပြီးဆွဲထားလိုက်ကြသည်။ အောင်မော်က နောက်လှည့်ကြည့်ပြီး ရွှေရည်ကို လက်ညှိုးထိုးပြီး အော်ဟစ်ပြောဆိုလိုက်သည်။
“သရဲမ . . . မလာနဲ့ . . . သရဲမ”
ထိုသို့အော်ဟစ်ရင်း အောင်မော်မှာ မေ့မျောသွာေးလသည်။ အော်မော်ကို ဝိုင်းဆွဲထားသည့် ရဲများ၊ အရန်မီးသတ်များက အောင်မော်လက်ညှိုးထိုးပြသည့် နေရာကိုကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့ရ။
ကြက်ခြေနီများက ဝိုင်းပြီးပြုစုပြီး သူ့ကိုဆေးရုံပို့လိုက်ကြသည်။ နံနက်လင်းအားကြီးတော့ သတိပြန်ရလာပြီ။ သူ့အနားတွင် ရုံးက သူငယ်ချင်းများက ရှိသည်။ သူကလဲ အိပ်ယာကနေ ထလိုက်ပြီး ဆေးရုံထဲမှပြေးထွက်လိုက်သည်။
“အော်မော် . . . ဘယ်သွားမလို့လဲ”
သူငယ်ချင်းများက အောင်မော်ကို အော်ခေါ်သော်လည်း အောင်မော်ကတော့ ဆေးရုံထဲက ပြေးထွက်သွားပြီဖြစ်သည်။
ဆေးရုံရှေ့က ဆိုင်ကယ်ကယ်ရီငှားလိုက်ပြီး အောင်မော်ထွက်သွားလိုက်သည်။ သူသွားနေသည့်နေရာက မြို့သစ်က ရွှေရည်၏ အိမ်ကိုဖြစ်သည်။ သူ့ခေါင်းတွေက မူးနောက်ပြီး ရီဝေနေသည်။ မကြာခင် မြို့သစ်က ရွှေရည်တို့ လမ်းထဲကိုချိုးဝင်လိုက်သည်။
“ဟာ”
အောင်မော်အလွန်အံ့သြသွားသည်။ ရွှေရည်တို့ ခြံတံခါးများပွင့်နေပြီး အိမ်ရှေ့တွင် ကျောက်သင်ပုန်းကြီးတစ်ခုဖြင့် စာများရေးထားလေသည်။
“မရွှေရည် အသက်(၂၅)နှစ်”
အောင်မော်လဲ ဆိုင်ကယ်ပေါ်မှဆင်းလိုက်ပြီး တစ်ကိုယ်လုံးပျော့ခွေသွားတော့သည်။ အိမ်ရှေ့တွင် ချထားသည့် သင်ပုန်းမှ စာများကိုကြည့်ပြီး မယုံနိုင်စွာဖြင့် အိမ်ထဲကိုပြေးဝင်လိုက်သည်။ အိမ်ထဲတွင် ရွှေရည့်အမျိုးတွေက အလုပ်ရှုပ်နေသည်။ ရွှေရည် အမေက သူဝင်လာတာကိုကြည့်ပြီးတော့ အတိုးချပြီးငိုတော့သည်။
“အန်တီ. . . ရွှေ . . . ရွှေရည် ဘာဖြစ်တာလဲ””
“”မနေ့က ညနေက ပွဲဈေးသွားမယ်ဆိုပြီး ဆိုင်ကယ်ကယ်ရီငှားစီးသွားတာ၊ ကယ်ရီသမားကလဲ အရက်မူးနေတယ်ထင်ပါတယ်။ ကားလမ်းမကြီးကိုအတက်မှာ တစ်ဖက်ယာဉ်ကြောက လာတဲ့ကားကြီးတစ်စီးနဲ့ တိုက်မိပြီး ကားအောက်ရောက်သွားသတဲ့ . . . အီး . .. ဟီး””
ရွှေရည်အမေပြောပြီးတော့ အောင်မော်လဲ ခေါင်းတွေ ချာချာလည်မူးသွားပြီးနောက် လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားပါတော့သည်။
(၅)
“တင်ပါ့ဘုရား၊ အရှင်ဘုရားရဲ့ အဖြစ်က ထူးဆန်းပါတယ်ဘုရား”
“ဦးဇင်းလဲ ချစ်ရသူနဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဒုက္ခတွေကို တစ်နှစ်လောက် အလူးအလဲခံစားလိုက်ရတယ်၊ နောက်ဆုံးတော့ ဦးဇင်းလဲ ဇာတိမြေကိုပြန်ခဲ့ပြီးတော့ သာသနာ့ဘောင်ထဲဝင်လိုက်တယ်၊ ဒီတော့မှ ဦးဇင်းရဲ့ အပူမီးတွေအကုန် ငြိမ်းအေးသွားတော့တယ်”
“တင်ပါ့ဘုရား”
“ဦးဇင်းလဲ အစကတော့ ရက်ပိုင်း လပိုင်းလောက် ဝတ်မလို့စိတ်ကူးခဲ့တာ၊ ဒါပေမယ့် သာသနာ့ဘောင်ထဲရောက်ပြီး မြတ်စွာဘုရားရဲ့ တရားဓမ္မရဲ့ အေးချမ်းမှုကိုသိလိုက်ရတဲ့အခါ ဦးဇင်းလဲ လဲ တစ်သက်လုံး တရားဓမ္မနဲ့ပဲ နေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အခုဆို ၈ ဝါ နီးပါးရနေပြီ ဒကာလေးရဲ့”
“တင်ပါ့ဘုရား”
“ရွှေရည်ကိုလဲ ကောင်းရာမွန်ရာရောက်ပါစေဆိုပြီး အမြဲအမျှဝေပေးတယ်၊ မေတ္တာပို့ပေးတယ်။ ဦးဇင်းဒီလို တရားဓမ္မကိုရှာတွေ့ပြီး သာသနာ့ဘောင်ထဲဝင်လိုက်နိုင်တာ ရွှေရည်ကြောင့်ပဲ မဟုတ်လား”
တရားရိပ်သာကလေးက သစ်ရိပ်ဝါးရိပ်များဖြင့် အေးချမ်းနေသည်။ သို့သော် တစ်ချိန်က အောင်မော်ဖြစ်ခဲ့သော ဦးဇင်း ဦးအာစာရ၏ ရင်တွင်းမှ တရားဓမ္မအရိပ်က ထိုသစ်ရိပ်ဝါးရိပ်များထက် ပိုပြီး အေးချမ်းလျှက် ရှိနေပါတော့သည်။
စာကြွင်း။ ထိုသရဲမမှာ ရွှေရည်မဟုတ်ဘဲ ရွှေရည်ဟန်ဆောင်ထားသည့် သရဲမကြီးတစ်ကောင်ဖြစ်ပါသည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
#အဂ္ဂဇော်