ဖိုးထူးနှင့်ရသေ့သရဲ

*ဖိုးထူးနှင့်ရသေ့သရဲ*📖📖📖
~~~~~~~~~~~~~~~~~~~~~~

သီတင်းကျွတ်လကုန်၍….တန်ဆောင်မုန်းရာသီမို့ မနက်ဝေလီဝေလင်းအချိန်ခါတွင် နှင်းစက် နှင်းမှုံလေးများ အနည်းငယ် ကျဆင်းနေသည်။

“သား..”
“လူလေး..ဖိုးထူး မထသေဘူးလား….”
“သားလေး…ငါးထောင်ထားတာ သွားဖော်ချေလေ…အမေက စျေးချိန်အမှီ ရောင်းရအုန်းမှာ”

ဖိုးထူး၏ မိခင် ဒေါ်စာပတီး က စောင်ပါးလေးခြုံ၍ ကွေးနေရှာသော ဖိုးထူးအား လယ်ကွင်းထဲတွင် ငါးထောင်ထားသည် ကို ဖော်ရန် နိုးနေခြင်းဖြစ်သည်။

ဖိုးထူး တစ်ယောက် “အင်း…အဲ…”အပျင်းကြောဆန့်၍ အိပ်ရာထဲမှ ထကာ တဲအိမ်လေး၏ အနောက်ဖက် ရေစည်ပိုင်းရှိရာသို့ သွား၍ မျက်နှာသစ်လိုက်သည်။

ပြီးနောက် မိခင်ဖြစ်သူ ခူးခပ်ပေးထားသော ထမင်းကြမ်းခဲ နှင့် ငပိရေကျဲ ကိုဇလုံးတစ်လုံး စားလိုက် ပြန်  သည်။

ထို့နောက် ငါးထည့်ရန်နှီးပလိုင်းလေး နှင့် ငါးထိုးမှိန်းကို ယူ၍ ငါးမြှုံးများထောင်ထားရာ လယ်ကွင်းထဲရှိ တာပေါင်သို့ သွက်လက်စွာထွက်လာခဲ့လိုက်သည်။

ကောက်ကွေးရွာရှိ လယ်များသည် မြေဆီသြဇာကောင်းမွန်လှသဖြင့် စပါးသီးနှံများသာမက မတ်ပဲ၊ပြောင်းနှင့်အခြားသီးနှံများ စိုက်ပျိုးဖြစ်ထွန်းလေသည်။

ဆည်ရေပေးဝေသော ဆည်ပေါင်များ နှင့် ဆယ်နှစ့်ရာသီ ရေ ရသော ချောင်းရိုးလေး တစ်ခုကြောင့်လည်း သီးနှံများဖြစ်ထွန်းခြင်းပင်တည်း။

~~~~~~~~~~~~©

ဖိုးထူး တစ်ယောက် လယ်ကွက်များကို ဖြတ်ကျော်ကာ ငါးထောင်ထားသည့် တမံ ရှိရာသို့ ခပ်သုတ်သုတ်လေးသွားနေသောကြောင့်အနည်းငယ် ချွေးလေးများပင်စို့လာသည်။

လျှောက်ရင်း ငါးထောင်ထားသည့်နေရာသို့ရောက်လာလေသည်။

“ဟာ…..ငါ့မြှုံးတွေ ခြေရာလက်ရာ ပျက်နေပါ့လား….”

ဖိုးထူးသည် သူငါးထောင်ထားသည့် မြှုံးများ ကစဥ်ကလျား ပုံများကြောင့် အနည်းငယ်စိတ်ထင့်သွားသည်။

ထို့နောက် ငါးမြှုံးများကို ဖော်၍ ကြည့်လိုက်ရာ….။

တောက်….ီးတဲ့မ ပဲ….ငါ့ ငါးတွေကို ဘယ်သူခိုး ခိုးဖော်သွားလဲ မသိဘူး။

ငါးမြှုံးများထဲတွင် ပုစွန်လုံး သုံးလေးကောင်မှအပ မည်သည့် ငါး မှကိုမတွေ့ရသောကြောင့် ဖိုးထူးဒေါသထွက်သွားလေသည်။

အရင်နေ့ကဆို မြှုံးတစ်ပုံး လျှင်ငါးသေးအဖွဲများနှင့်  ငါးရံ့၊ငါးခူ၊ကသပိုး၊ငါးကျည်း များရော ရာငါး တစ်ပိသာ ခန့်ရတတ်လေသည်။

ယခုအခါတွင်မူ မည်သည့်ငါးကိုမျှမတွေ့ရချေ။

ကျန်ထောင်ထားသည့် မြှုံးများတွင်လည်း မည်သည့် ငါးမျှမတွေ့ရချေ။

ဖိုးထူးလဲ မိုးမွှန်အောင် ဆဲဆို၍ အနီးဝန်းကျင်သို့ သူခိုး၏ ခြေရာလက်ရာများကို လိုက်၍ ကြည့်ရှု့လိုက်သည်။

သူငါးထောင်ထားသည့် တာမံ ဘေးတစ်နေရာတွင် ငါးခေါင်းများ ငါးအရိုးများကို သွေးသံတရဲရဲ ဖြင့် အပုံလိုက်ကလေးတွေ့လိုက်ရသည်။

“ဟင်…ဘယ်လိုသူခိုးလဲ……”
ဖိုးထူး တစ်ကိုယ်ထဲ စိတ်ထဲကရေ ရွတ်လိုက်သည်။

“ခွေးမသား..သူခိုး…ငါးကို သူ ယူသွားယုံတင် မကဘူး..ခွေးပါ ချကျွေးသွားတယ်.”ဟု ဆဲရေးတိုင်း ထွှာလိုက်ပြန်သည်။

ထို့နောက် ငါးပုံများကို စနစ်တကျ ပြန်၍ ထောင်လိုက်ပြီးနောက် အိမ်သို့ လက်ဗလာနှင့်ပြန်လာခဲ့တော့သည်။

“အမေရေ”
“ဒီကနေ့တော့ ငါးရောင်းမထွက်နဲ့တော့ သားဘာ ငါးမှ မရခဲ့ဘူး”. …။

အိမ်အဝင်ဝရှိ ကွပ်ပစ်ပေါ်သို့ ငါးပလိုင်းကို ပစ်တင်၍ သူ၏အမေဒေါ်စာပုတီးကို ငါးမရကြောင်း ပြောလိုက်သည်။

~~~~~~~~~~©

နောက်တစ်ရက် အရောက်တွင်လည်း ထိုနည်းတူစွာ ဖိုးထူး၏ ငါးမြှုံးများမှ ငါးများအခိုးခံရပြန်သည်။

“တောက်…. ခွေးမသား သူခိုး…”
“ခု ညတော့ ငါနဲ့တွေ့ကြသေးတာပေါ့ကွာ”။

ငါးများနေ့စဥ်ရက်ဆက် ပျောက်သောကြောင့်ဖိုးထူးသည် အိမ်သို့ ဒေါသတကြီး ပြန်လာ၍ ထရံတွင် ထိုးထားသော ငှက်ကြီးတောင်ဓားကို ယူကာအိမ်နောက်ဖက်ရေစည်ပိုင်းရှိရာသို့ ဆင်းသွားပြန်သည်။

ထို့နောက် ဓားသွေးကျောက်ဖြင့် သေချာစွာ မြည့်နေအောင် အထပ်ထပ်အခါခါသွေးနေသည်။

သူ၏ စိတ်ကြိုက်ဓားသွေးပြီးနောက် ဓားကို ထရံတွင်ပြန်ထိုးထားပြီး ကိုသာလှ၏ အရက်ပုန်းဆိုင်သို့ ထွက်သွားပြန်သည်။

အရက်ဆိုင်တွင် အရက်ကိုအနည်းငယ်သောက်၍ ပါဆယ် တစ်လုံးဆွဲကာ အိမ်သို့ပြန်၍ ထမင်းစားပြီး အိပ်လိုက်သည်။

တစ်ညလုံး သူခိုးစောင့်ရန် အားမွေးနေခြင်းပင်။

ညနေစောင်းသောအခါ ရေမိုးချိုး ထမင်းစား၍ လောက်လေးခွထည့်ထားသော လွယ်အိပ်၊ ငါးထိုးမှိန်း၊ ဓားနှင့် ဓာတ်မီးကို သေချာစွာ ယူလိုက်သည်။

ပြီးနောက်ရွာလယ်လမ်းမှ လွယ်ကွင်းများရှိရာ ရွာနောက်ပိုင်းသို့ ထွက်သွားလေသည်။

~~~~~~~~~~~©

ညဘက်ဖြစ်သောကြောင့် လယ်ကွင်းထဲတွင် ပိုးကောင်ငယ်လေးများ၏ အော်သံများမှအပ အရာရာတိတ်ဆိတ်နေသည်။

ညဘက်အစာရှာထွက်လာသော လင်းဝက်များ၊လင်ကောင်ပိုးငှက်များ ၊ဇီးကွက်ငှက်များ၏ အော်သံများကိုသာတစ်ချက်တစ်ချက်ကြားနေရသည်။

ဖိုးထူးသည် လယ်ကွင်းစပ်ရှိ တာမံဘေးတွင် ပုန်းကွယ်ကာ ငါးသူခိုးကို စောင့်ဆိုင်းနေသည်။

ညဥ့်နက်လာလေ အအေးဓာတ်ကပိုလာလေဖြစ်သောကြောင့် အိမ်မှယူလာသော စောင်ပိုင်းလေးကို ခြုံကာ ငါးမြှုံးများထောင်ထားရာ ဘက်သို့ ဇွဲကောင်းကောင်းဖြင့် ကြည့်နေသည်။

“ဝီ…ဝီ…..”
ခြင်များသည် သွေးလာရောက်လှူဒါန်းသလိုဖြစ်နေသော ဖိုးထူး၏ ခန္ဓာကိုယ် နှင့် ဘေးပတ်ပတ်လည်တွင် ပျံဝဲကိုက်ခဲနေကြသည်။

ဖိုးထူးသည် အအေးဒဏ်နှင့် ခြင်ကိုက်သည့် ဒါဏ်များကို အလူးအလဲခံနေရသော်လည်း ယနေ့ည ငါးခိုးဖော်သည့် သူခိုးကို ဖမ်းမိရေးသာ အာရုံစိုက်လျက်ရှိနေသည်။

ဖိုးထူးစောင့်ဆိုင်းနေသည်မှာ မနက်အာရုဏ်တက်ချိန်သို့ပင် ရောက်လာသည်။

“ဟူး….မ*ိုးသူခိုးမလာတော့ဘူးလားမသိဘူး”

စိတ်ထဲမှ ငြီးတွားရေရွတ်ကာ ခဏစောင့်ကြည့်၍ သူခိူးမလာလျှင်ငါးများ ဖော်၍ ပြန်ရန်စိတ်ကူးလိုက်သည်။

“ရွှီ……..”
လေတိုးဝှေ့သလိုလို..မြွေတစ်ကောင်၏ တွန်သံလိုလို အသံတစ်သံ ကို ဖိုးထူးကြားလိုက်ရသည်။
ချက်ခြင်းဆ်ိုသလိုပင် ပတ်ဝန်းကျင်တစ်ခုလုံးရှိအသံများ ငြိမ်သက်တိတ်ဆိတ်သွားသလို အအေးဓာတ်များပို၍ သိပ်သည်းလာသည်ဟု ဖိုးထူးအောက်မေ့လိုက်သည်။

သူ၏ ခန္ဓာကိုယ် ရှိ အမွှေးမျှင်များ ထောင်သွားသလိုခံစားလိုက်ရ၍ ခေါင်းနပမ်းများပါ ကျင်တက်သွားလေသည်။

ဖိုးထူးလဲ ပျံ့လွှင့်သွားသော စိတ်ခံစားချက်ကို သေချာစွာထိန်းချူပ်၍ သူ၏ ငါးထောင်မြှုံးများရှိရာသို့ အာရုံစိုက်၍ ကြည့်လိုက်သည်။

“ဟင်”. ……။
သူ၏ ငါးများ ကို ခိုးဖော်နေသည့် သူခိုးကို ဖိုးထူးမြင်တွေ့လိုက်ရသည်။

တွေ့ကြသေးတာပေါ့ ကွာ……ဟု ဖိုးထူးကြိမ်းဝါးလိုက်၍ လက်နှိပ်ဓာတ်မီးနှင့် ငါးသူခိုးကို မီးစိုက်၍ ထိုးလိုက်သည်။

မီးအလင်းရောင်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်သွားသလို ငါးများကို ခိုးယူနေသော သူခိုးကလဲ ဖိုးထူး၏ မီးရောင်ကို လှည့်၍ ကြည့်လိုက်သည်။

“ဟာ…….”
မီးရောင်ကို စူးစိုက်ကြည့်လိုက်သည့် သူခိုး၏ ပုံသဏ္ဍန် ကြောင့်ဖိုးထူး ထိတ်လန့်အံသြတုန်လှုပ်သွားသည်။

ဒေါက်ချာအကျိုးပဲ့ကြီးကို စောင်းထား၍ စူးရှသော မျက်လုံးစိမ်းနှစ်လုံးနှင့်အတူ တိုပြတ်နေသော နှာခေါင်း၊ ငါး အညှီအချွဲများ အသားဖတ်များနှင့် သွေးများပေနေသည့် ပြဲအာနေသော ပါးစပ်နှင့် ရသေ့ကြီးတစ်ပါးကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

ထို ငါးသူခိုး၏ ကြောက်စရာအသွင်ပြင်ကြောင့်ဖိုးထူး ကြောင်၍ ကြည့်နေမ်ိသည်။

ခဏအကြာတွင် ထို ကြောက်စရာ ပုံသဏ္ဍန် နှင့်ရသေ့ကြီးသည် မီးရောင်အောက်မှကုန်း၍ ထလိုက်ကာ ဖိုးထူးရှိရာသို့ လှမ်းလာလေသည်။

“တောက်….သူခိုးက ငါ့ကိုရန်ပြုချင်သေးတယ်ပေါ့”. …။

ဖိုးထူးလဲ ဒေါသထွက်သွားကာ ငှက်ကြီးတောင် ဓားကို ကိုင်၍ သူခိုးရှိရာသို့ ပြေးထွက်သွားကာ ဓားဖြင့် အားကုန်ပိုင်းချလိုက်သည်။

“ဒုတ်…..”
ဖိုးထူး၏ ဓားချက်သည် ကြောက်စရာရသေ့ကြီး၏ လည်ပင်းကို ပိုင်ပိုင်နိုင်နိုင်ကြီးခုတ်မိသော်လည်း သားရေလုံးကြီးကို ဓားနှင့်ထိသလို ဓားက ပြန်ကန်ထွက်လာသည်။

ကြောက်စရာ ရသေ့ကြီးသည် ဖိုးထူးကို အတင်းဝင်၍ နပန်းလုံးလေတော့သည်။

လူချင်းပူးကပ်၍ လုံးထွေးနေသောကြောင့် ဖိုးထူး၏ ငှက်ကြီးတောင်ဓားမှာ အသုံးမဝင်တော့ပဲ လက်သီးဖြင့်သာ ဖိုးထူး ပြန်လည် ခုခံနေရသည်။

သူ၏ ထိုးချက်များသည် ရသေ့ကြီးကိုထိသော်လည်း ရသေ့သရဲကြီးက ဘာမှမဖြစ်သလို အေးအေးဆေးဆေးပင် ဖိုးထူးနှင့်နပန်းလုံးလေတော့သည်။

အချိန်အနည်းငယ်ကြာ နပန်းလုံးနေပြီးနောက် တွင် ကြောက်စရာ ရသေ့ကြီးသည် ဖိုးထူး၏ လည်ပင်းကို သူ၏ အမွှေးမျှင်ထူထပ်သော လက်ကြမ်းကြီးနှင့် ညှစ်ထားလေသည်။

ဖိုးထူးလဲ လည်ချောင်းများပေါက်ကွဲမတတ် ပြင်းထန်သော ဝေဒနါကို အလူးလဲ ခံစားနေရသည်။

“လူလေးတို့ မှတ်ထားကွဲ့။ သရဲတစ္ဆေ တွေဆိုတာ သူတို့၍ အပေါ်ပိုင်းခန္ဓာကိုယ်အတ္တဘောကို သူတို့ရဲ့ တန်ခိုးနဲ့ လိုသလို ဖန်ဆင်းလို့ရတယ်”

“သူတို့ရဲ့ အားနည်းချက်က ခြေမျက်စိနဲ့ ခြေဖမိုးပဲ “. …..။

ဖိုးထူး၏ စိတ် ထဲတွင် ရွာထဲမှ ရှေ့မှီနောက်မှီ ဘကြီးထွန်းလှ၏ ပြောကြားသည့် စကားတစ်ခုကို အမှတ်ရလိုက်သည်။

ထို့ကြောင့် ရှိသမျှ အားကို စုစည်းကာ သူ၏ လည်ပင်းကို ညစ်ထားသော ကြောက်စရာရသေ့ကြီး၏ လက်များကို ရုန်းဖယ်လိုက်သည်။

ပြီးနောက် တာမံပေါင် ပေါ်တွင် ကျနေသော ငှက်ကြီးတောက်ဓားကို ကောက်ယူ၍ ကြောက်စရာ ရသေ့ကြီး၏ ခြေမျက်စိ နားကို အားကုန် လွှဲ၍ ခုတ်ချလိုက်သည်။

“အား……ဝူး…အူး…”
ကြောက်စရာ ရသေ့ကြီး၏ အော်ဟစ်သံသည် လယ်ကွင်းထဲ တွင် ပြန့်နှံ့သွားကာ ထိုရသေ့ကြီးသည် တာမံဘေးရှိ သခွပ်ပင်ကြီးဆီသို့ ပြေးကာ ပျောက်ကွယ်သွားလေသည်။

ဖိုးထူးလဲ ထိုအခါမှပင် အသက်ကိုဝအောင်ရှူ၍ ဓာတ်မီးနှင့်ဓားကို ယူကာ ရွာဘက်သို့သုတ်ခြေတင်၍ ပြေးကာ ပြန်ခဲ့လေသည်။

~~~~~~~~©

ဖိုးထူးလဲ အိမ်သို့ရောက်သောအခါ ညက ကျန်သည့် အရက်ကို ကောက်၍ မော့သောက်လိုက်သည်။

ထိုအခါမှပင် ကြောက်စိတ်များ အနည်းငယ် ပြောလျော့သွားလေတော့သည်။

“လူလေး….”
“ဘာဖြစ်လာတာလဲ အလန့်တကြားနဲ့”
” တစ်ညလုံးလဲ အိမ်ပြန်မလာဘူး အမေ စိတ်ပူနေတာ”ဟု မီးဖိုချောင်အတွင်းမှ ဒေါ်စာပုတီး က ထွက်လာ၍ မေးလိုက်သည်။

ဖိုးထူးလဲ အမောဖြေ လိုက်ကာ သူ ကြုံတွေ့ခဲ့ရသော ကြောက်စရာ အဖြစ်ပျက်ကို သူ၏ မိခင်အားပြန်လည် ပြောပြလိုက်လေသည်။

“ဘုရား..ဘုရား….အဲ့ဒါဆို ငါ့သား ပရလောကသား နဲ့ ကြုံတွေ့ခဲ့ရတာပေါ့….”

“မသေကောင်းမပျောက်ကောင်း သားရယ်”ဟု ဒေါ်စာပုတီးက ရေရွတ်လိုက်တော့သည်။

ဖိုးထူးလဲ နေရောင်လာသော အခါ ဘေးအိမ်မှ ကိုရဲဝင်းကို ခေါ်ကာ သူ၏ ငါးထောင်ထားသော တာမံဘောင်သို့ သွားကြည့်ပြန်သည်။

တာရိုးဘောင်သို့ ရောက်သောအခါ ညက ကြောက်စရာ ရသေ့ကြီးပြေးသွားသည့် သခွပ်ပင်ကြီးအောက်သို့ သွား၍ ကြည့်ရှူ့ ပြန်သည်။

သခွပ်ပင်ကြီး၏ အောက်တွင် တော့ ခေါင်းပြတ်၍ သေနေသည့် ပုတ်သင်ညို တစ်ကောင်မှ အပ မည်သည့် အရာမျှမတွေ့ရချေ။

ထိုခေါင်ပြတ်၍ သေနေသော ပုတ်သင်ညို သည် ကိုဖိုးထူးနှင့် နပန်းလုံးခဲ့သော ကြောက်စရာ ရသေ့သရဲ ကြီး ပင်ဖြစ်လိမ်မည်ဟု စာဖတ်သူများကို ပြောပြရန် လိုတော့မည် မဟုတ်ပါလား။

~~~~~~~~~~The End~~~~~~~

စာဖတ်သူများကို လေးစားလျက်
မောင်နတ်ဆေး(မင်းလှ)