” ဖုတ်ဝင်သူ ” (စ/ဆုံး)

” ဖုတ်ဝင်သူ ” (စ/ဆုံး)

==========================

လက်လုပ်လက်စားအများစုသာ နေထိုင်ကြသည့်ရပ်ကွက်လေးအတွင်း၌ ထူးဆန်းသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေသည်။ သူ့နာမည်ကကိုထွန်းခိုင် အသက်က၃၀ကျော်ရှိပြီး၊အိမ်ထောင်သည်ဖြစ်ပြီးသားသမီး၂ ယောက်လည်းရှိလေသည်။ မိခင်ဖြစ်သူဒေါ်တင်စိုးအားအိမ်မှာပင်နေစေကာတင်ကျွေးထားလေသည်။

ကိုထွန်းခိုင်ကသာမာန်လက်လုပ်လက်စားအလုပ်သမားတစ်ယောက်ဖြစ်ပြီး ဇနီးသည်မခိုင်မာသည်လည်း အကြော်ရောင်းပြီးတစ်ဖက်တစ်လမ်းက ဝင်ငွေရှာခဲ့လေသည်။ ကိုထွန်းခိုင်၏မိခင်ဒေါ်တင်စိုးကလည်း မြေး၂ယောက်ရဲ့ဝေယျာဝစ္စအဝဝကို လုပ်ကိုင်ပေးရင်းအိမ်မှာနေခဲ့သည်။ ကိုထွန်းခိုင်တို့မိသားစုလေးမှာ ချမ်းချမ်းသာသာမရှိပေမယ့် မပူမပင် မကြောင့်မကျနေနိုင်ခဲ့လေသည်။

သားနဲ့သမီးကိုလည်းသူများတန်းတူ ထားနိုင်ခဲ့သည်။ ယခုလိုအေးချမ်းနေသည့် ကိုထွန်းခိုင်တို့မိသားစုလေးဆီသို့ ကံကြမ္မာဆိုးကကျရောက်လာခဲ့သည်။ ကိုထွန်းခိုင်တစ်ယောက် အကောင်းကြီးကနေရုတ်တရက် ကျန်းမာရေးကဖောက်ယွင်းလာသည်။ ဘာစားစားအန်သည်။ အရည်သောက်ပါကအရည်အန်သည် အဖတ်စားပါကအဖတ်အန်သည် ဘာမှအန်စရာမရှိလျှင်လေတွေ တဝေါ့ဝေါ့အန်လေသည်။ ထို့ကြောင့်ကိုထွန်းခိုင်တစ်ယောက် အစာစားရမည်ကိုပင်ကြောက်လာသည် ဆေးရုံဆေးခန်းခဏခဏသွားရလွန်း၍ ရှိစုမဲ့စုငွေကြေးလေးများ ကုန်လာကာ ကြွေးပင်တင်လာတော့သည်။

ကိုထွန်းခိုင်ရဲ့မိခင်ဖြစ်သူဒေါ်တင်စိုး လည်းသားဖြစ်သူကိုကြည့်ပြီးစိတ်မ ကောင်းဖြစ်နေတော့သည်။ ဇနီးသည်မခိုင်မာကလည်း မယားကောင်းပီသစွာပြုစုလုပ်ကိုင်ပေး ရှာသည်။ အကြော်ရောင်းရ၊ခင်ပွန်းသည်အား ပြုစုရနှင့်ပင်ပန်းရှာလေသည်။ ဒေါ်တင်စိုးကသားဖြစ်သူကို ပြုစုလုပ်ကိုင်ပေးပေမယ့် ကိုထွန်းခိုင်က မိခင်ကြီးကဒုက္ခမပေးရက်သဖြင့် လုပ်မပေးရန်တောင်းပန်ရှာလေသည်။
ကျင်ကြီးကျင်ငယ်ကအစလုပ်ပေးရ သဖြင့်ရှက်သည်လည်းပါလေသည်။ ဇနီးသည်ကိုတော့မယားတစ်ယောက် ဖြစ်သည့်အတွက်မိခင်လောက်တော့ မရှက်ဝံ့တော့ပေ။ တဖြည်းဖြည်းနဲ့ကိုထွန်းခိုင်၏ အခြေအနေကဆိုးဝါးလာခဲ့သည်။
အရိုးပေါ်အရေတင်ကာလူပုံက ကြောက်ဖို့ပင်ကောင်းလာခဲ့သည်။ ဒေါ်တင်စိုးနဲ့မခိုင်မာလည်း ကိုထွန်းခိုင်အားနေ့လားညလားလို့ပင် တွေးလာရတော့သည်။
အိမ်နီးချင်းအချို့လည်းကိုထွန်းခိုင်၏ အခြေအနေကိုသိနေကြသည်။

“ဂီးဂီး”

ညဥ့်ငှက်ဆိုးတစ်ကောင်၏ ဆိုးဆိုးရွားရွားအော်မြည်သံအား ကြားလိုက်ရသည်။ မခိုင်မာနဲ့ဒေါ်တင်စိုးလည်းမအိပ်နိုင်ကြသေးပေ။ ကုတင်ပေါ်၌အသက်ကိုပင်မနည်းရှူနေရသည့်ကိုထွန်းခိုင်၏အခြေအနေအား စောင့်ကြည့်နေကြသည်။ ကလေး၂ယောက်ကတော့ အိပ်မောကျနေကြလေသည်။ ကိုထွန်းခိုင်ရဲ့မျက်ဝန်းများက မိသားစုကိုနှုတ်ဆက်ရတော့မည်ကို သိနေသည့်အလားတစ်ဦးပြီးတစ်ဦး လိုက်လံကြည့်ရှုနေသည်။ ကိုထွန်းခိုင်တစ်ယောက်မျက်ဖြူလန်ကာ ငြိမ်သက်သွားတော့သည်။ မခိုင်မာနဲ့ဒေါ်တင်စိုးလည်း ကိုထွန်းခိုင်အားဆုံးရှုံးလိုက်ရပြီဟု ယုံကြည်မိလိုက်သည်။

“ဖြစ်မှဖြစ်ရလေ ကိုထွန်းခိုင်ရယ်”

“သားလေးရေ သွားနှင့်ပေဦးတော့သားရေ”

မခိုင်မာနဲ့ဒေါ်တင်စိုးလည်း ကိုထွန်းခိုင်ရဲ့လက်လေးတွေကိုကိုင်ပြီး တိုးတိုးတိတ်တိတ်ငိုနေမိကြသည်။ နဂိုကတည်းကဒီလိုဖြစ်လာမည်ကို ကြိုတင်တွေးပြီးပြင်ဆင်ထားသဖြင့် အော်ကြီးဟစ်ကျယ်ဖြင့်ခံစားမနေတော့ပေ။

“ဟင်း ဟင်း”

ရုတ်တရက်ကိုထွန်းခိုင်တစ်ယောက် အသက်ပြင်းပြင်းရှုထုတ်ကာလှုပ်ရှား လာသည်။ မခိုင်မာနဲ့ဒေါ်တင်စိုးလည်းမျက်ရည်များကြားကအံ့သြနေမိကြသည်။

“သား သားလေးမသေဘူးနော်”

“အမယ်လေး ကိုထွန်းခိုင်ရယ် ရှင့်ကိုဆုံးရှုံးလိုက်ရပြီလို့ထင်နေတာ”

“အမေသားကိုထမင်းကျွေးပါ”

“ဟေ”
မခိုင်မာနဲ့ဒေါ်တင်စိုးတို့နှစ်ဦးသား တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ကိုထွန်းခိုင်တစ်ယောက်ထမင်းလုံးဝမစားတော့သည်မှာအတော်ကြာခဲ့ပြီ ဖြစ်သည်။ ယခုတွင်မူသတိပြန်လည်လာလာခြင်း ထမင်းကိုတောင်းနေသည်။ မခိုင်မာနဲ့ဒေါ်တင်စိုးတို့လည်း ဝမ်းပန်းတသာဖြင့်ထမင်းခူးကျွေး လိုက်ကြသည်။ ကိုထွန်းခိုင်လည်းခူးကျွေးသည့် ထမင်းပန်းကန်ထဲမှထမင်းနဲ့ဟင်းများကို အားပါးတရစားလိုက်လေသည်။

ထမင်းတစ်ပန်းကန်တစ်ခဏအတွင်းမှာ ကုန်သွားသည်။ နောက်ထပ်ခူးကျွေးရန်ပြောသဖြင့် ဒေါ်တင်စိုးလည်းခူးပေးလိုက်သည်။ ဒုတိယအကြိမ်ထမင်းတစ်ပန်းကန် လည်းပြိုက်ခနဲကုန်သွားလေသည်။ နောက်ထပ်ထပ်မံပြီးခူးခိုင်းသဖြင့် ၃ကြိမ်မြောက်ခူးကျွေးလိုက်ရသည်။ ဒါတောင်နောက်ထပ်စားချင်ပါသည်ဟု ပြောရာထမင်းမရှိတော့ဟု ပြောလိုက်ရသည်။

ထိုနေ့မှစပြီးကိုထွန်းခိုင် တစ်ယောက်ထမင်းပြန်စားလာသည် ခန္ဓာကိုယ်သည်လည်းတဖြည်းဖြည်းနဲ့ ကျန်းမာဝဖြိုးလာသည်။ မခိုင်မာနဲ့ဒေါ်တင်စိုးလည်း ကိုထွန်းခိုင်၏အခြေအနေကိုကြည့်ကာ ဝမ်းသာနေကြသည်။

ပတ်ဝန်းကျင်ကလူများကလည်း ကိုထွန်းခိုင်ရဲ့အခြေအနေကိုကြည့်ပြီး မကြာခင်ပြန်လည်ကောင်းမွန်လာလိမ့် မည်ဟုယုံကြည်နေကြသည်။
သို့ပေမယ့်အိပ်ရာထက်မှာ လပေါင်းများစွာနေခဲ့ရသည်မို့ လမ်းကိုကောင်းကောင်းမလျှောက်နိုင်ပေ။
ထို့ကြောင့်ကိုထွန်းခိုင် စားသောက်ဖို့အတွက်အိပ်ရာပေါ်ထိ ချကျွေးရလေသည်။
ကိုထွန်းခိုင်သည်လည်းယခင်ကနှင့်မတူ အသားငါးများကိုစားချင်ပါသည်ဟု တောင်းဆိုလာသဖြင့် မခိုင်မာလည်း ချက်ပြုတ်ပေးရသည်။

“သားရေ လာပါအုံးကွ အဖေ့ကိုနင်းပေးပါအုံးသားရယ် ခြေသလုံးတွေကတအား ညောင်းကိုက်နေလို့”

“ဟုတ်ကဲ့သားနင်းပေးပါ့မယ်”
“အေးအေး”
“သားအမေနင်းပေးရမလား”
“ရတယ်အမေ သားကိုပဲနင်းခိုင်းပါ့မယ် အမေပင်ပန်းနေပါ့မယ်”

ကိုထွန်းခိုင်၏သားကဖခင်အား နာရီဝက်ခန့်ကြာအောင်နင်းပေးလေ သည်။

“ကိုထွန်းခိုင် ရှင်ညောင်းနေလို့လား”

“အေးကွာ အမြဲတမ်းအိပ်ရာထဲမှာ လှဲနေရတော့ ခြေထောက်တွေက ထုံပြီးဘယ်လိုကြီးဖြစ်နေမှန်းမသိပါဘူး ကွာ”

“ကျွန်မညကြရင်ဆေးလိမ်းပေးမယ်လေ “အေးကောင်းတာပေါ့ကွာ ဒါနဲ့ငါချက်ခိုင်းတဲ့ဆိတ်ကလီစာဟင်း ချက်ထားသေးလားမိန်းမ”

“ချက်ထားပါတယ်တော်”

“အေးအေး”

“ကဲတစ်ခါတည်းညစာစား လိုက်ကြမလား”

“ကောင်းတာပေါ့ဟာ”
မခိုင်မာကညစာအတွက်ခူးခပ်ကာ ကိုထွန်းခိုင်အားကျွေးလေသည်။ ဆိတ်ကလီစာဟင်းနှင့်အားပါးတရ စားနေသော ကိုထွန်းခိုင်ကိုကြည့်ပြီး မိသားစုတွေပြုံးနေကြသည်။

“အမေ့ဘာတွေပြုံးပြီးသားကိုကြည့်နေတာလဲဗျ”

“သြော်,သားအခုလိုမစားနိုင်တာ ဘယ်လောက်ကြာနေပြီလဲ၊အခုအားပါး တရစားနေတာကိုမြင်ရတော့ အမေဝမ်းသာလို့ပါသားရယ်”

“ဟုတ်တယ်အဖေရဲ့အဖေနေပြန် ကောင်းလာတော့သားတို့လည်း ပျော်တယ်ဗျ။

“အေးပါအေးပါ နောက်မှအဖေကဟင်းကောင်းတွေပဲ နေ့တိုင်းချက်ခိုင်းလို့ စိတ်မညစ်သွားကြနဲ့နော်”

“မညစ်ပါဘူးကိုထွန်းခိုင်ရယ် ရှင်စားချင်တာကျွေးခွင့်ရလို့ ကျွန်မတို့ဝမ်းသာလှပါပြီ”

စားကောင်းကောင်းနဲ့စားလိုက်သည်မှာ ဆိတ်ကလီစာဟင်းတစ်အိုးလုံးနီးပါး ကုန်သွားသည်။ ကျန်ရှိသည့်ဟင်းကပ်လေးများဖြင့်သာ မခိုင်မာတို့လေးယောက်စားလိုက်ရ သည်။ ====================

“ဂလုံ ဂွမ်း”

“ဟဲ့ဘာသံလဲ ခိုင်မာထကြည့်စမ်း”

“မီးဖိုထဲကပဲ အမေရဲ့ နေနေ သမီးသွားကြည့်လိုက်မယ်”

မခိုင်မာလည်းဓာတ်မီးယူပြီး မီးဖိုချောင်ထဲသို့ထိုးပြီးကြည့်လိုက် သည်။

“ဟင်,

မီးဖိုထဲတွင်ကိုထွန်းခိုင်တစ်ယောက် လဲကျနေသည်။ ကိုထွန်းခိုင်၏နံဘေးတွင်လည်း ဟင်းဖက်များဖြင့်ပေကျံနေလေသည်။

“အပေါ့သွားချင်လို့ ထတာမသွားနိုင်လို့ ငါ့ကိုကူပါအုံးမိန်းမရာ”

“သြော်,အင်းအင်း”

မခိုင်မာလည်းကြောင်အမ်းအမ်းဖြစ်နေရာမှသတိဝင်လာပြီး ကိုထွန်းခိုင်အား တွဲထူပေးလိုက်သည်။
အပေါ့အပါးသွားပြီးသည်နှင့်ကိုထွန်းခိုင်အားအိပ်ရာဆီသို့တွဲပြီးပို့ပေးလိုက်သည်။ မခိုင်မာလည်းအိပ်ရာထဲပြန်ဝင်ခဲ့ပြီး အိပ်မရတော့ပဲအတွေးပေါင်းစုံက ဝင်လာခဲ့သည်။

“ဒီအချိန်ကြီးရောက်မှ တစ်ခါမှ သူအပေါ့ထမပေါက်ဖူးပါဘူး။
ပြီးတော့အိမ်သာသွားတဲ့လမ်းနဲ့ မီးဖိုချောင်နဲ့ကတခြားဆီပါ ဘယ်လိုပါလိမ့် တစ်ခုခုတော့တစ်ခုခုပဲ မီးဖိုချောင်မှာတုန်းကမြင်လိုက်ရတဲ့ မျက်လုံးတွေကကိုထွန်းခိုင်ရဲ့ အကြည့်မျိုးနဲ့မတူဘူး။

ဒါပုံမှန်မဟုတ်နိုင်ဘူး ငါသူ့ကိုစောင့်ကြည့်မှဖြစ်မယ် အရင်ကလည်းအမဲသားစိမ်းတွေ ပျောက်ချင်းမလှပျောက်ခဲ့ဖူးတယ် လက်သည်မပေါ်ဘူး။
ဟုတ်တယ် ဟုတ်တယ် သူပဲဖြစ်ရမယ် ဒါကိုထွန်းခိုင်အစစ်မဟုတ်ဘူး”

မနက်လင်းခါနီးမှမခိုင်မာလည်း အိပ်ပျော်သွားတော့သည်။ ====================

“ဟုတ်ပါ့မလား ခိုင်မာရယ် ငါ့သားကဖုတ်ဝင်တာမဟုတ်လောက် ပါဘူး။

“အမေပဲစဥ်းစားကြည့်လေ အရင်ကကိုထွန်းခိုင်နဲ့အခုကိုထွန်းခိုင်နဲ့ ဘယ်မှာတူလို့လဲ။ သူအရင်ကငါးမစားဘူး၊ကလီစာတွေမစားဘူးလေ။ အခုအသားငါးအကုန်စားတယ် စားလိုက်ရင်လည်းပိဿလိုက်နီးပါး အကုန်ကုန်တယ်။ အရင်ကကိုထွန်းခိုင်စားရင်အလွန်ဆုံး သုံးတုံးပေါ့အမေရဲ့”

“အေးဒါတော့ဟုတ်တယ်အေ့ ငါလည်းသူနေပြန်ကောင်းပြီဆိုပြီး ဝမ်းသာနေတာနဲ့သတိမထားမိဘူး။ မနေ့ညကဖြစ်တဲ့ကိစ္စရယ် ညည်းပြောတာတွေကိုပြန်စဥ်းစားရင် ဒါသွေးရိုးသားရိုးမဖြစ်နိုင်ဘူး။
အမေတို့နားလည်တတ်ကျွမ်းတဲ့ ဆရာကိုအမြန်ရှာပြီးပြမှဖြစ်တော့မယ် ကြာလာရင်လူတွေကိုပါထိခိုက်လာနိုင်တယ်”

ဒေါ်တင်စိုးနဲ့မခိုင်မာလည်း ဟန်မပျက်နေရင်းဆရာအားကြိတ်ပြီး ရှာဖွေခဲ့လေသည်။ ၁ပတ်ခန့်ကြာတော့ ဆရာတစ်ယောက်အားရှာပြီးပင့်နိုင်ခဲ့ သည်။

“ဆရာဒါကျွန်မတို့အိမ်ပါပဲရှင့်”

မခိုင်မာကဆရာဖြစ်သူအား အိမ်ထဲသို့ခေါ်လေသည်။
ဆရာကအိမ်ထဲသို့ချက်ချင်းမဝင်ပဲ အိမ်ပတ်ပတ်လည်အားကြည့်နေသည်။

“ဆရာဘာဖြစ်လို့လဲရှင့်”

“ငါ့တူမကြီးတို့အိမ်မှာ မကောင်းတဲ့ အငွေ့အသက်တွေလွှမ်းခြုံနေတယ် ပြီးတော့အိမ်ပတ်ပတ်လည်မှာ နေပျောက်မဝင်နိုင်လောက်အောင် မှောင်လွန်းနေတယ်။
ဒါမကောင်းတဲ့နာနာဘာဝတွေရဲ့ အကြိုက်ဖြစ်နေတယ်ကွဲ့ ကဲအိမ်ထဲသွားကြတာပေါ့”

“ဟား ဟား ဟား”

“နင်တို့ကငါ့ကိုရိပ်မိသွားကြပြီပေါ့ ဟုတ်လား၊ရတယ် ဘယ်လိုဆရာပဲ ဖြစ်ဖြစ်ခေါ်ခဲ့စမ်းပါ ငါကကြောက်လိမ့်မယ်လို့ထင်နေလား”

“ဆရာကြားလားဖုတ်ကောင်က ကျွန်မတို့တောင်အိမ်ထဲမရောက်သေးဘူးသူကျွန်မတို့ကိုခြိမ်းခြောက်နေတယ်”

“သူပြောချင်တာပြောပါစေ ဆရာနဲ့တွေ့ရင်သူ့ဟာသူဘာကြီးပဲ ဖြစ်နေပါစေ ထွက်ကိုထွက်သွားစေရမယ်”

ဆရာကြီးလည်အိမ်ထဲသို့ ခပ်တည်တည်ပင်ဝင်လာခဲ့သည်။ အိမ်ထဲရောက်တော့ဒေါ်တင်စိုးက ဆရာကြီးအားကြိုဆိုလေသည်။

“ကြွပါဆရာကြီးကြွပါ”

ဆရာကြီးလည်းရောက်ရောက်ချင်း ဘုရားခန်းသို့တန်းပြီးသွားလေသည်။ ဘုရားအားရှိခိုးကန်တော့လိုက်သည် ပြီးမှစကားစ၍ပြောလေသည်။

“ဘာမှစိတ်မပူကြနဲ့ ဆရာကြီးအားလုံးကိုဖြေရှင်းပေးပါ့မယ် ”

အားကိုးပါတယ်ဆရာကြီးရှင့် ကျွန်မသားကိုပူးကပ်နေတဲ့ဖုတ်ကောင်ကိုအမြန်ဆုံးသာထုတ်ပေးပါတော့ရှင်”

“စိတ်ချပါ ဒေါ်ကြီးကျွန်တော် နှင်ထုတ်ပေးပါ့မယ်”

“ဆရာ ကိုထွန်းခိုင်က ဟိုဘက်ခန်းမှာရှိပါတယ်”

“ကောင်းပါပြီ”

ဆရာကြီးလည်းကိုထွန်းခိုင်ရှိသည့် အခန်းထဲသို့ဝင်လာခဲ့သည်။ အခန်းထဲရောက်တော့ကုတင်ပေါ်၌ မျက်လုံးပြူးကြီးဖြင့်စိုက်ကြည့်နေသည့် ကိုထွန်းခိုင်အားမြင်လိုက်ရသည်။

“ဆရာမေတ္တာနဲ့ပဲမင်းကိုပြောပါ့မယ် ဘာကြောင့်အခုလိုပူးကပ်ပြီးနေနေရ တာလဲ”

“မင်းလိုဆရာလောက်နဲ့ငါ့ကိုလာပြီး မွေးခွန်းထုတ်နေစရာမလိုဘူး”

“ကောင်းပြီလေ ဆရာကအသာတကြည်မေးတာ မင်းကမဖြေတော့ဖြေအောင် လုပ်ရတာပေါ့။

ဆရာကြီးကလွယ်အိတ်ထဲမှ ဆေးတောင့်အားကိုထွန်းခိုင်(သို့မဟုတ်) ပူးကပ်နေသောဖုတ်ကောင်အားမြင်အောင်ပြသလိုက်သည်။

“ဟင်”

ဆေးတောင့်အားမြင်လိုက်သည်နှင့် ပြာပြာသလဲဖြစ်သွားလေသည်။

“ကဲ,ဘယ်လိုလဲ အာခံပြီးနေဦးမှာလား”

“ကျွန် ကျွန်တော်ပြောပြပါ့မယ်ဆရာ”

“ကောင်းပြီပြော”

“ကျွန်တော်တို့ဖုတ်တစ္ဆေတွေဟာ အစားအစာအင်မတန်မှငတ်မွတ်ပါ တယ်ဆရာ။ လူတကာထွေးတဲ့တံတွေး၊ပြည်၊မစင်၊သွေးတို့ကိုသာစားသောက်ရပါတယ်။ အဲသလိုစားရသည့်အခါတိုင်းလည်း သူဦးတာငါဦးတာဆိုပြီးလုရက်ပြီးမှ စားရသောက်ရပါတယ်ဆရာ ဒါကြောင့်အစာရှာရင်းနဲ့ဒီအိမ်မှာ သေတော့မယ့်လူမမာကိုတွေ့တာနဲ့ ဖုတ်ဝင်ပူးပြီးနေထိုင်စားသောက်နေရတာပါဆရာ”

“အိမ်း,မင်းတို့ဘဝကိုဆရာ သနားမိပါတယ်၊ဒါပေမယ့်လူသားတွေဆီကနေ
တဆင့် ရှာဖွေမစားရဘူးလို့မင်းတို့ကိုအုပ်ချုပ်တဲ့သူကစည်းကမ်းထုတ်ထားတယ်မလား’

“ထုတ်ထားပါတယ်ဆရာကြီး”

“ဒါကြောင့်မင်းအနေနဲ့ ထွန်းခိုင်ခန္ဓာကိုယ်ထဲမှာပူးကပ်ပြီး စားသောက်နေတားချမှတ်ထားတဲ့ စည်းကမ်းကိုဖောက်ဖျက်တာနဲ့အတူတူပဲ။

ဆရာအနေနဲ့မင်းတို့ကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်ကိုတိုင်တည်ပြီး ပြောလိုက်ရင်မင်းဘာဖြစ်သွားမယ်ဆိုတာသိတယ်နော်”

“သိ သိပါတယ်ဆရာကြီး ခေါင်းဆောင်ကြီးကိုတော့မတိုင်ပါနဲ့ ဒီခန္ဓာကိုယ်ထဲကထွက်သွားပေးပါ့မယ် နောင်ကိုလည်းအခုလိုမလုပ်တော့ပါဘူး ဆရာ”

“ကောင်းပြီ ဆရာအနေနဲ့ မင်းကို သနားသောအားဖြင့်နောက်ဆုံးအနေနဲ့ အစာဝအောင်ကျွေးပါ့မယ်။
နေမွန်းတည့်တာနဲ့မင်းထွက်သွားရမယ်”

“ဟုတ်ကဲ့ဆရာကြီး ကျေးဇူးကြီးလှပါတယ်ဆရာ”

ဆရာကြီးရဲ့တောင်းဆိုချက်ကြောင့် ကိုထွန်းခိုင်ခန္ဓာကိုယ်၌ပူးကပ်နေသော ဖုတ်ကောင်အားထမင်းနဲ့ဟင်းများ ကျွေးလိုက်သည်။
ဖုတ်ကောင်သည်လည်း မကြာခင် လူ့ခန္ဓာကိုယ်မှထွက်ရမည်ကို သိနေသဖြင့်ထမင်းနဲ့ဟင်းများကို အားပါးတရစားနေတော့သည်။
နေမွန်းတည့်တော့ဆရာကြီးက ကိုထွန်းခိုင်အနီး၌ထိုင်ပြီးပါးစပ်မှ တတွတ်တွတ်ရွတ်ဆိုနေလေသည်။
နေမွန်းတည့်သည်နှင့်တပြိုင်နက် ကိုထွန်းခိုင်အားပူးကပ်နေသည့် ဖုတ်ကောင်လည်းထွက်ခွာသွားလေ သည်။

ဖုတ်ထွက်သွားသည်နှင့်ကိုထွန်းခိုင်၏ ခန္ဓာကိုယ်ကြီးလည်းလေလျှော့သွား သည့်ပူဖောင်းသဖွယ်ပိန်လှီကာ အပုပ်နံ့ကထောင်းခနဲထွက်လာသည်။

သေနေတာကြာပြီဖြစ်သည့်အတွက် အချိန်ဆွဲမနေတော့ပဲ ကိုထွန်းခိုင်ရဲ့ခန္ဓာကိုယ်အား ဖျာနှင့်လိပ်ကာသုသာန်သို့ပို့လိုက်ကြ သည်။

သင်္ဂြိုလ်ခါနီးတော့မခိုင်မာနဲ့သားသမီး ၂ယောက်လည်းကိုထွန်းခိုင်အလောင်း အားထိုင်ပြီးရှိခိုးလိုက်ကြသည်။

“ကောင်းရာမွန်ရာဘုံဘဝကို ရောင်ရှိပါစေ ကိုထွန်းခိုင်ရေ”

“သားလေးရေ ဘဝဆက်တိုင်း အနာရောဂါကင်းရှင်းပြီး သက်တမ်းစေ့ နေရပါစေသားရေ”

ရင်ထဲမှဆုတောင်းသံများအား ကိုထွန်းခိုင်တစ်ယောက်ကြားသိပါစေ ဟုဆန္ဒပြုလျက်။

ရေးသားသူ- အောင်ဓူဝံ

#crd