“ဖွတ်မင်းသိုက်စေတီ” (စ/ဆုံး)

“ဖွတ်မင်းသိုက်စေတီ” (စ/ဆုံး)

———————————————–

(၁)

မိုးဦးကျပြီ၊ မြန်မာပြည်အလယ်ပိုင်း ပဲခူးရိုးမအနီးတွင်မို့ မုတ်သုန်မိုးက အားကောင်းလွန်းလှပေသည်။ တစ်ညလုံး အညှိုးကြီးကြီးနှင့်ရွာထားသည့်မိုးက အခုမနက်တွင်တော့ သူမဟုတ်သည့်နှယ် တိတ်ဆိတ်နေလေတော့သည်။ မနက်ခင်းမှာပင် နေရောင်ခြည်နွေးနွေးများက ကောင်းကင်တစ်ခွင်ဖြန့်ကျက်ဖြာကျလျှက်ရှိနေလေသည်။ အိမ်အရှေ့အဖီကလေးတွင် မနက်စာစားနေသည့် စောဖိုးထူးတစ်ယောက် ထမင်းတစ်လုပ်ကို ပါးစပ်အတွင်းပစ်ထည့်လိုက်ရင်း ကောင်းကင်ပေါ်သို့မော့ကြည့်ကာ ရာသီဥတုအခြေအနေကိုခန့်မှန်းနေမိသည်။

အိမ်ခြေငါးဆယ်ခန့်ရှိသည့် ရေကြည်စမ်းရွာကလေးတွင် စောဖိုးထူးဆိုလျှင် မသိသူမရှိပေ၊ စောဖိုးထူးမှာ ကရင်တိုင်းရင်းသားးဖြစ်ကာ အသက်လေးဆယ်ခန့်ရှိပြီးတောင့်တောင့််ဖြောင့်ဖြောင့် သန်သန်မာမာနှင့်ဖြစ်ကာ အိမ်ထောင်မရှိဘဲ ယခုအချိန်အထိ တစ်ကိုယ်တည်းလူပျိုကြီးဖြစ်လေသည်။ မိဘလက်ငုပ်လက်ရင်းကျန်ခဲ့သည့် လယ်ယာလုပ်ငန်းကိုလုပ်ကိုင်ကာ တစ်ဖက်တွင်လည်း ဝါသနာအလျှောက် တောလည်အမဲလိုက်သည့် မုဆိုးတစ်ပိုင်းဖြစ်လေသည်။

ယခုလည်း မိုးအခြေအနေ၊ ရာသီဥတုအခြေအနေကိုကြည့်ရင်း တစ်ခုခုကိုခန့်မှန်းမိလိုက်သည်မို့ ထမင်းကိုကပျာကယာအမြန်စားပြီးနောက် ပလိုင်းကြီးတစ်လုံးကိုလွယ်ကာ အိမ်ပေါ်မှဆင်းလာခဲ့သည်၊ အိမ်အောက်တွင်ထောင်ထားသည့် သံတူရွင်းပြားကို လှမ်းယူလိုက်ပြီးနောက် လေတစ်ချက်ကို ရွှီခနဲမြည်အောင် ချွန်လိုက်လေရာ အိမ်အတင်အဆင်းလှေကားအောက်တွင် ပြားပြားဝပ်နေသည့် နီမတစ်ကောင်မှာ ခေါင်းထောင်လာခဲ့သည်။

“ဟဲ့ နီမ၊ တို့တွေ ဖွတ်ဥသွားဖော်မယ်ဟေ့”

ဖွတ်ဥဆိုသည့် အသံကြားလိုက်ရသည့်အခါ နီမအမည်ရ အမွှေးအမျှင်အနီရောင်အသွေးရှိသည့် ခွေးမတစ်ကောင်မှာ နှုတ်ခမ်းအားလျှာဖြင့်သပ်လိုက်ပြီး ငေါက်ခနဲထထိုင်ကာ လှေကားအောက်မှပြေးထွက်လာလေသည်။ ထို့နောက် နီမမှာ ခြံထဲမှ ခေါင်းမော့လည်ကော့ပြီးထွက်သွားလေရာ စောဖိုးထူးက တစ်ချက်ငေါက်လိုက်ရသေးသည်။

“ဟဲ့နီမ၊ ငါ့ကိုစောင့်အုံး”

ထို့နောက် စောဖိုးထူးနှင့် နီမတို့နှစ်ဦးသား ရွာအပြင်ဘက် တောတန်းဆီသို့ ဦးတည်ကာ လှမ်းလျှောက်လာခဲ့ကြသည်။

အချိန်ကာလာအားဖြင့် ၁၉၉၀ ပြည့်နှစ်ခန့်ဖြစ်သည်၊ ရေကြည်စမ်းရွာကလေးမှာ အလွန်ဝေးလံခေါင်သီသည့် ပဲခူးရိုးမတောင်ခြေတွင်တည်ရှိသည်။ ရေကြည်အိုင်၊ သစ်ဆိမ့်ကုန်း၊ ထောက်ရှာ၊ ခလောက်ရွာ စသည့်ရွာများအနီးတွင် တည်ရှိနေကာ ရွာသူရွာသားများမှာ လယ်စိုက်ခြင်း၊ ယာစိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံစိုက်ပျိုးခြင်းလုပ်ငန်းများဖြင့် အေးအေးချမ်းချမ်းအသက်မွေးမြူကြ လေသည်။ အထူးသဖြင့် ထိုဒေသတွင် ကွမ်းသီးခြံများပေါများလေသည်။ ရေကြည်စမ်းရွာကလေးမှာ ရိုးမတောင်ခြေမှာရွာကလေးဖြစ်သည်မို့ ရွာအပြင်ထွက်လိုက်သည်နှင့် သဘာဝသစ်တောကြီးက အုပ်အုပ်ဆိုင်းဆိုင်းနှင့််တည်ရှိနေလေသည်။ ရေကြည်စမ်းဆိုသည့် ရွာနာမည်အတိုင်း ရွာကိုကွေ့ဝိုက်လျှက် ရေကြည်ချောင်းကလေးတစ်ချောင်းက ဥဒဟိုစီးဆင်းနေလေသည။ စောဖိုးထူးနှင့်် နီမတို့ ချောင်းကမ်းပါးအတိုင်း ဖြတ်သန်းလျှောက်လာကြရင်း စိမ်းစိုနေသည့် လယ်ကွင်းများကိုဖြတ်သန်းပြီးသည့်အခါ တောအုပ်အတွင်းသို့ ရောက်လာခဲ့ကြသည်။

နီမမှာ အမဲလိုက်ခွေးပီပီ ခေါင်းကိုထောင်ကာ နှာခေါင်းကိုချွန်လျှက် လေထုအတွင်းအနံ့ခံကာ သွားလာနေလေသည်။ စောဖိုးထူးကတော့ နီမပါသည်မို့ အေးအေးလူလူပင် တူရွင်းပြားထမ်းရင်း လေကလေးချွန်လျှက်လာခဲ့သည်။ တောအုပ်အတွင်း ရေစပ်စပ်ရှိသည့် ချောင်းကလေးတစ်ခုအနီးဖြတ်သန်းချိန်တွင် နီမက ခြေရာတစ်ချို့ကိုတွေ့သဖြင့် အနံ့ခံကာ တဂီးဂီးနှင့်အသံပေးနေလေသည်။ စောဖိုးထူးက ထိုခြေရာကိုကြည့်လိုက်သည့်အခါ ချေငယ်၏ ခြေရာများဖြစ်ပုံရလေသည်။ နီမကတော့ ထိုခြေရာကို အနံ့ခံကာ ဆက်လိုက်ရန်ဟန်ပြင်နေတော့သည်။

“တော်ပြီ နီမ၊ ငါတို့လာတာ အမဲလိုက်ဖို့မဟုတ်ဘူး၊ ဖွတ်ဥတူးဖို့လာတာဟ၊ ဟိုးဘက် ဂလိုင်ကြောဖက်သွားကြမယ်”

စောဖိုးထူးက နီမကိုဟောက်လိုက်သည့်အခါမှ နီမမှာ တန့်သွားတော့သည်။ သို့သော်လည်း ချေခြေရာကိုလက်မလွှတ်ချင်ဘဲ လည်တပြန်ပြန်နှင့်လှည့်ကြည့်နေသေးသည်။ ထမင်းတစ်အိုးချက်ခန့် လျှောက်ခဲ့ပြီးသည့်နောက် ဂလိုင်ကြောဟုခေါ်သည့် တောင်ကြောကြီးတစ်ခုဆီသို့ရောက်လာခဲ့သည်။ တောင်ကြောပေါ်တွင် သစ်ပင်များထက် ဝါးရုံပင်ကြီးများက ပိုမိုထူထပ်စွာပေါက်ရောက်နေလေသည်။ ထိုဝါးရုံပင်ကြီးများအောက်ဘက်တွင်တော့ ကြီးမားလှသည့် ခြတောင်ပို့ကြီးများကိုတွေ့ရသည်။ နီမက တောင်ပို့များဆီသို့ ပြေးသွားကာ တစ်ခုပြီးတစ်ခု အနံ့လိုက်ခံကြည့်နေလေသည်။ တောင်ပို့တစ်ခုအရောက်တွင်တော့ ထိုတောင်ပို့အား သုံးလေးပတ်ခန့် ပတ်ကြည့်ပြီးနောက် စောဖိုးထူးကိုလှမ်းကြည့်ကာ တစ်ချက်နှစ်ချက်ဟောင်လိုက်လေသည်။

စောဖိုးထူးမှာ နီမခေါ်သည့်အနီးသို့သွားလိုက်ရင်း

“အောင်မယ်၊ ဒီတစ်ခါတော့ နင်ကငါ့ထက်ဦးနေပါလား၊ နင့်ကြည့်ရတာ ဖွတ်သားတို့ ဖွတ်ဥတို့ တော်တော်စားချင်နေပုံရတယ်”

စောဖိုးထူးက တောင်ပို့ကိုတစ်ချက်ကြည့်လိုက်လေသည်။ တောင်ပို့အောက်ခြေအနီးတွင် ဖွတ်ဝင်ထားသည့် စွပ်ကြောင်းရာကြီးကိုတွေ့သည့်အခါ စောဖိုးထူးက နီမကိုလှည့်ကြည့်လျှက် နှစ်နှစ်ကာကာပြုံးလိုက်လေတော့၏။

(၂)

“ဦးဖိုးထူး ဖွတ်ကြီးရလာတယ်ဟေ့”

စောဖိုးထူး ဖွတ်ထမ်းကာ ရွာသို့ဝင်လိုက်စဉ်မှာပင် ရွာထိပ်တွင်ဆော့ကစားနေသည့် ကလေးငယ်များက အော်ဟစ်ကြလေတော့သည်။ စောဖိုးထူးမှာ ကံကောင်းသဖြင့် ဖွတ်ဥအလုံးငါးဆယ်ခန့်အပြင် တစ်ပိဿခွဲခန့်ရှိသည့် ဖွတ်မကြီးကိုလည်းရလာခဲ့လေသည်။ တူရွင်းပြားတစ်ဖက်စွန်းတွင် ဖွတ်သေကောင်အား တွဲလောင်းချည်ကာ ဆွဲလာခဲ့သည်မို့ ရွာမှလူအတော်များများက စောဖိုးထူးအားထွက်ကြည့်ကြလေသည်။ စောဖိုးထူးမှာ ဖွတ်ရသည့်မျက်နှာဖြင့် ပြန်လည်ပြုံးပြရင်း ဆက်လက်လျှောက်လာခဲ့တော့သည်။

“မောင်ဖိုးထူးရေ၊ လာပါအုံးဟ”

သူကြီးအိမ်ရှေ့သို့အဖြတ်တွင် ဖိုးထူးအား ရွာသူကြီး ဦးပေါက လှမ်းခေါ်လိုက်လေသည်။ ဖိုးထူးက ခြံထဲသို့တစ်ချက်ကြည့်ရင်း

“ဟာ၊ ဦးလေးပေါ၊ ဖွတ်သားစားချင်လို့လားဗျ”

“မင်းဖွတ်ကိစ္စနောက်မှအသာထားစမ်းပါကွာ၊ ဒီမှာ မင်းဆီလာတဲ့ဧည့်သည်တွေရောက်နေတယ်ကွ”

စောဖိုးထူးလည်း ထူးဆန်းသွားပြီး

“ဟာဗျာ၊ ကျုပ်လို ဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက်ဆီကို ဘယ်ကဧည့်သည်လာမှာလဲ ဦးလေးပေါရ”

“မင်းစကားမရှည်နဲ့၊ လာလာ ငါ့ခြံထဲကိုဝင်လာခဲ့”

စောဖိုးထူးတစ်ယောက် ဖွတ်ထမ်းကာ ခြံထဲဝင်ခဲ့သည့်အခါ သူကြီးအိမ်အရှေ့ကွပ်ပျစ်တွင် လူနှစ်ဦးထိုင်နေသည်ကိုတွေ့ရလေသည်။ ထိုသူနှစ်ဦးကိုလည်း သူတစ်ခါမှ မမြင်ဖူးပေ၊ သို့နှင့် ကွပ်ပျစ်အနားသို့ကပ်လာခဲ့သည်၊ ဦးပေါက စောဖိုးထူးကိုကြည့်ရင်း

“ဖိုးထူး၊ မင်းဖွတ်ကြီး ခဏချထားလိုက်စမ်းပါ၊ ဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့ကွ၊ မနက်ကတည်းက ရောက်နေတာ၊ မင်းအိမ်မှာ မင်းကိုမတွေ့တာနဲ့ တောလည်နေတယ်ထင်လို့ ငါကခေါ်ထားလိုက်တာ”

စောဖိုးထူးလည်း ဖွတ်ကောင်ကိုချရင်း မျက်မှောင်ကြုတ်ကြည့်လိုက်ကာ

“ဦးလေးတို့က ဘယ်သူတွေလဲဗျ”

ထိုအခါ အသက်ကြီးကြီးနှင့် ဦးလေးကြီးက စောဖိုးထူးအားကြည့်ကာ

“ငါ့တူက စောဖိုးထူးများလားကွဲ့၊ ဒါထက် ငါ့တူဆီမှာ ခွေးတစ်ကောင်ရှိတယ်ဆို”

စောဖိုးထူးက ခေါင်းညိတ်လိုက်ကာ သူကြီးအိမ်ခြံဝတွင် ငုတ်တုတ်ထိုင်ကာ ကျန်နေခဲ့သည့် နီမကိုတစ်ချက်ကြည့်လိုက်ပြီး

“ဟုတ်ပါတယ်၊ အဲဒီ ကျုပ်ခွေးပါပဲ၊ ကဲ နီမရေ ဒီကိုလာခဲ့ဟေ့”

စောဖိုးထူးခေါ်လိုက်သည့်အခါမှ နီမတစ်ကောင်ခြံအတွင်းသို့ပြေးဝင်လာကာ စောဖိုးထူးခြေထောက်အနီးတွင် ရပ်နေလေသည်။ ထိုလူကြီးနှစ်ဦးက ခွေးအားသေချာကြည့်လိုက်ရင်း

“ဒီလိုပါ ဦးလေးတို့က ရေကြည်အိုင်ရွာကနေ လာခဲ့ကြတာပါ၊ မောင်ရင့်ဆီမှာ ဖွတ်လိုက်ကောင်းတဲ့ ခွေးတစ်ကောင်ရှိတယ်ကြားလို့ ဦးလေးတို့ရောက်လာတာပါ”

စောဖိုးထူးတစ်ယောက် အခြေအနေကိုနားလည်လိုက်ပြီဖြစ်သည်။

“ဦးလေးတို့က နီမကိုလိုချင်လို့လားဗျ”

ဦးလေးကြီးမှာ ပြုံးလျှက်

“ငါ့တူက သဘောပေါက်တာ မြန်သားပဲကွ၊ မင်းရဲ့နီမကို ဦးလေးတို့လိုချင်တယ်၊ သြော် ဒါနဲ့ ဒီခွေးက ဖွတ်လိုက်ကောင်းတာတော့ သေချာပါတယ်နော်”

“သေချာတာပေါ့ဗျာ၊ နီမက ဖွတ်လိုက်ခွေးသုံးဆက်မြောက်ဗျ၊ သူ့အဖေ ဂုတ်ကျားကြီးဆိုရင်လည်း ဖွတ်လိုက်တာ သိပ်တော်တာ၊ အခုပဲကြည့်၊ ကျုပ်ရလာတဲ့ဖွတ်နဲ့ ဖွတ်ဥတွေကို နီမပဲ အနံ့ခံပြီးရှာဖွေပေးတာဗျ”

ဦးလေးကြီးများမှာ ခေါင်းညိတ်လျှက်

“ဦးလေးတို့က သိပ်တော့မတတ်နိုင်ပါဘူးကွာ၊ ဒီတော့ မင်းရဲ့နီမကို ဦးလေးတို့ဆီကိုရောင်းပါ၊ ဦးလေးတို့ စပါးအစိတ်ပေးမယ်”

ဖွတ်လိုက်ကောင်းသည့်ခွေးများဆိုလျှင် ဈေးကောင်းရသည်က အဆန်းတော့မဟုတ်ပေ၊ ဖွတ်လိုက်ချင်သူများက ဖွတ်လိုက်ခွေးများကို ဈေးကောင်းပေးဝယ်ကာ တစ်ရာသီပတ်လုံး ဖွတ်လိုက်ခိုင်းကြလေ့ရှိသည်မှာ ထုံးစံပင်ဖြစ်သည်။ အခုလည်း နီမကို စပါးတင်းအစိတ်ဖြင့် ဈေးခေါ်ကာ ရောင်းခိုင်းနေပြီဖြစ်သည်။ သာမန်ခွေးတစ်ကောင်အတွက် တင်းအစိတ်ဆိုသည့်ဈေးက များကောင်းများနေနိုင်သော်လည်း နီမကဲ့သို့ ခွေးမျိုးအတွက် အလွန်နည်းနေမှန်းကို စောဖိုးထူးသိသည်။

“အားတော့နာပါတယ်ဦးလေး၊ ဒါပေမယ့် ကျုပ် နီမကို မရောင်းနိုင်ဘူး”

ထိုလူကြီးနှစ်ယောက်မှာ မျက်နှာပျက်သွားကြပြီး တစ်ဦးနှင့်တစ်ဦး တီးတိုးတိုင်ပင်ကြလေသည်။ ထို့နောက် စောဖိုးထူးဘက်သို့လှည့်ကြည့်ကာ

“ဒီလိုလုပ်ပါ မောင်ရင်ရာ၊ မောင်ရင်လည်း မနစ်နာရအောင်လို့ ဦးလေးတို့ စပါးတင်းငါးဆယ်ပေးမယ်ကွာ၊ ကျေနပ်တော့နော်”

စောဖိုးထူးက ဘာမှမပြောတော့ဘဲ ခေါင်းသာခါပြလိုက်သည်။ ထိုလူကြီးများမှာ ခေါင်းချင်းဆိုင်ကြပြန်လေသည်။

“တင်းတစ်ရာပေးမယ်မောင်ရင်၊ ဒါဦးလေးတို့ပေးနိုင်တဲ့ နောက်ဆုံးဈေးပဲ”

“တင်းတစ်ရာမကလို့ တင်းနှစ်ရာပေးလည်း ကျုပ်မရောင်းဘူးဗျာ၊ ကျုပ်ဦးလေးတို့ကိုပြောထားပြီးသားပဲ နီမကိုမရောင်းနိုင်ပါဘူးလို့”

ထိုအခါ လူကြီးတစ်ဦးက သူကြီးဘက်သို့လှည့်ပြီး

“လုပ်ပါအုံးသူကြီးရာ၊ သူ့ခွေးတစ်ကောင်က စပါးတင်းတစ်ရာတောင်တန်လို့လား၊ သူကြီးက နည်းနည်းပါးပါး ဖြောင်းဖြပေးစမ်းပါအုံးဗျာ”

ဦးပေါက ခေါင်းခါလျှက်

“ဒီမှာနောင်ကြီးတို့၊ ခင်ဗျားတို့ အရောင်းအဝယ်လုပ်တာ ကျုပ်နဲ့မှဘာမှမဆိုင်တာ၊ အခု ခင်ဗျားတို့ရှေ့မှာ ရောက်နေတာ ရောင်းမယ့်သူပဲလေဗျာ၊ ရောင်းသူဝယ်သူ အချင်းချင်းဆွေးနွေးကြပေါ့ဗျာ၊ ကျုပ်ကတော့ သူများအရောင်းအဝယ်ကိစ္စမှာ ကြားဝင်မစွက်နိုင်ပေါင်ဗျာ”

သူကြီးပြောလိုက်သည့်အခါ ထိုလူကြီးများမှာ စိတ်ဆိုးဒေါသထွက်လာကြလေသည်။ သို့နှင့် ထိုလူကြီးက စောဖိုးထူးဘက်သို့လှည့်ကြည့်ရင်း

“ဒီမှာမောင်ရင် မောင်ရင်လောဘကြီးရာမကျဘူးလား၊ စပါးတစ်ရာနဲ့ ခွေးတစ်ကောင်လဲပါမယ်ဆိုတာကို မောင်ရင်က ရှုံးတယ်လို့များတွက်နေတာလား”

စောဖိုးထူးက သက်ပြင်းတစ်ချက်ချလိုက်ကာ

“ဒီမှာဦးလေး၊ ကျုပ်တစ်ခုမေးမယ် ဦးလေးရဲ့သားသမီးကိုရော ဦးလေးစပါးဘယ်နှတင်းနဲ့ ရောင်းမလဲဗျာ”

ထိုဦးလေးကြီးမျက်လုံးပြူးသွားလေသည်။ စောဖိုးထူးက ဆက်လက်၍

“ကျုပ်က မရောင်းဘူးလို့ပြောပြီးသားဗျ၊ ခင်ဗျားတို့ပေးတာနည်းတယ်လို့ပြောတာမဟုတ်ဘူး၊ နောက်ပြီး နီမက ခင်ဗျားတို့အတွက်တော့ သာမန်ခွေးတစ်ကောင်ဆိုပေမယ့် ကျုပ်အတွက်ကတော့ ကျုပ်သားသမီးပဲဗျ၊ ဒီတော့ ဦးလေးရဲ့သားသမီးကို ဦးလေးမရောင်းနိုင်ဘူးဆိုရင် ကျုပ်ဆီကနေလည်း နီမကိုအတင်းမဝယ်ပါနဲ့တော့၊ ဦးလေးတို့ဘယ်လောက်ပေးပေး ကျုပ်နီမကို မရောင်းနိုင်ဘူး”

စောဖိုးထူးက ထိုသို့ပြောလိုက်ပြီးနောက် ဖွတ်သေကောင်ကိုထမ်းကာ ထိုနေရာမှထွက်လာခဲ့တော့သည်။ နီမမှာ ထိုကွပ်ပျစ်အနီးပေစောင်စောင်ဖြင့်ရပ်ကျန်နေခဲ့သဖြင့် နီမဘက်သို့လှည့်လိုက်ပြီး

“ကဲ နီမ၊ ငါတို့ပြန်မယ်”

အလွန်စကားနားထောင်သည့် နီမမှာ သခင်ဖြစ်သူ စောဖိုးထူးအမိန့်ရမှ ထထွက်လာကာ စောဖိုးထူးအနောက်သို့ လိုက်လာခဲ့သည်။

(၃)

စောဖိုးထူး ဖွတ်ရလာသည့်သတင်းကြားသဖြင့် ဖွတ်သားစားချင်သည့် ရွာသူရွာသားများမှာ စောဖိုးထူးအိမ်သို့အပြေးရောက်လာကြသည်။

“ဟယ်၊ ဖိုးထူး၊ နင့်ဇောတိက ကြီးက အကြီးကြီးပါလား”

ထိုအခါ ထိုမိန်းမကြိးနံဘေးတွင် ရပ်နေသည့် ကလေးတစ်ယောက်က

“ဟာ၊ အမေကလည်း ဖွတ်ကြီးပါဗျ”

ထိုအခါ ထိုမိန်းမက ကလေးငယ်၏ခေါင်းကိုလက်နှင့်ခေါက်ရင်း

“ဟင်၊ သေနာကောင်လေး၊ ဖွတ်ကို ဖွတ်လို့မခေါ်ရဘူးဟဲ့၊ ဖွတ်ကိုဖွတ်လို့ခေါ်ရင် မွဲတတ်တယ်ဟဲ့၊ ဟယ်တော်၊ ဒုက္ခပါပဲ၊ ငါတောင်နင့်ကိုပြောရင်း ဖွတ်ကိုဖွတ်လို့ပြောမိပြီ၊ ဖွဟဲ့ . . .ဖွဟဲ့”

ထိုမိန်းမကြီးမှာ ထိုကဲ့သို့ရေရွတ်ရင်း သူ့နှုတ်ခမ်းကိုသူ လက်နှင့်အသာကလေး ခပ်ဖွဖွရိုက်နေလေသည်။ စောဖိုးထူးလည်း ဖွတ်ကိုင်ရင်ပြင်ဆင်ရင်း ထိုမိန်းမကြီးကို တစ်ချက်မော့ကြည့်လိုက်ကာ

“ခင်ဗျားတို့က ဖွတ်ကို ဖွတ်လို့သာမခေါ်ချင်တာ၊ ဖွတ်သားကျတော့ စားချင်သတဲ့လား၊ ပါးစပ်နဲ့ခေါ်ရင်သာမွဲမှာ၊ ဗိုက်ထဲထည့်တော့ မမွဲတော့ဘူးတဲ့လား”

ထိုအခါ ထိုမိန်းမကြီးက ပြုံးလျှက်

“ဟာ၊ ဖိုးထူးကလည်း စကားကိုအဲဒီလိုအထအနမကောက်နဲ့လေ၊ ဒါနဲ့ နင့်ဇောတိက ကဘယ်ဈေးလဲ”

“အသားကတော့ နှစ်ကျပ်ဈေး၊ ဥကတော့ တစ်ဥ ငါးကျပ်”

ထိုအဒေါ်ကြီးမှာ မျက်နှာရှုံ့မဲ့သွားကာ

“အောင်မယ်လေးတော်၊ ကြက်ဥတစ်လုံးမှ ပြားခြောက်ဆယ်ပဲ ပေးရတယ်၊ နင့်ဖွတ် . . . အဲလေ၊ ဇောတိက ဥက ငါးကျပ်တဲ့လား”

“ခင်ဗျားဝယ်နေတာ ကြက်ဥမဟုတ်ဘူးဗျ၊ ဥတကာဥထဲမှာ အကောင်းဆုံး အမြတ်ဆုံးဆိုတဲ့ ဖွတ်ဥဗျ၊ ဖွတ်ဥ၊ လိပ်သည်း၊ ကျွဲနို့ခဲဆိုတဲ့ အဆိမ့်ဆုံးအရာတွေကို ခင်ဗျားမကြားဖူးဘူးလား၊ မတတ်နိုင်ရင် ဝယ်မစားနဲ့ဗျာ၊ ဖွတ်ဥက ဘယ်သွားရောင်းရောင်း ရောင်းလို့မလောက်ဘူးဗျ၊ ရေကြည်အိုင်ရွာဘက်သွားရောင်းရင် တစ်လုံးခြောက်ကျပ်တောင်မှ ရွာကိုနှစ်ပတ်မပတ်ရဘူးဆိုတာ သဘောပေါက်”

ထိုတော့မှ ထိုမိန်းမကြီးမှာ မျက်နှာငယ်ကလေးနှင့်

“အေးပါဖိုးထူးရယ်၊ နင်ကလည်း ဟောက်မယ်ဆိုတာချည်းပဲ၊ ကဲ ကဲ ငါ့ကိုဖွတ်သား အစိတ်သားနဲ့ ဖွတ်ဥနှစ်လုံးပေးဟာ”

စောဖိုးထူးက ခုတ်ထစ်ထားသည့် ဖွတ်သားများကို ဖက်နှင့်ထုပ်ကာပေးလိုက်လေသည်။ ထိုအဒေါ်ကြီးက ဖွတ်ဥများအတွင်းမှ အကြီးဆုံးအကောင်းဆုံးထင်သည့် ဖွတ်ဥနှစ်လုံးအား ရွေးယူသွားသည်။

“ကဲ ပိုက်ဆံပေး”

“ဟို၊ ဟိုလေ ခဏမှတ်ထားပေါ့ဟာ၊ နောက်တော့ပေးမှာပေါ့”

“ဟောဗျာ၊ ဈေးဦးက မပေါက်သေးဘူး၊ အကြွေးသမားနဲ့တိုးနေပြီ”

“နင်ကလည်း ကိုယ့်တစ်ရွာတည်းသားတွေအချင်းချင်းပဲဟာကို”

“အင်းပါဗျာ၊ ယူပါ၊ ယူပါ၊ တစ်ရွာတည်းသားချင်းမို့ အကြွေးရတယ်မှတ်ပါ၊ ပြန်မဆပ်လို့ကတော့ ဖိုးထူးဘယ်လိုကောင်လဲဆိုတာ သိသွားစေရမယ်”

ရွာခံများကိုရောင်းချပြီးသည့်အခါမှ အနီးအပါးရှိ ရေကြည်အိုင်ရွာသို့ ခြေဦးလှည့်ရသည်။ ဖွတ်ဥ ဖွတ်သားမှာ တကယ်ပင်ရောင်းမလောက်ပေ၊ တောသူတောင်သားများမှာ ဖွတ်ဥ၊ ဖွတ်သား၏ အရသာကိုသိသဖြင့်စားချင်သော်လည်း ဈေးကြီးသဖြင့်မတတ်နိုင်ကြပေ၊ တောသူဌေးနှင့် လူကုံထံများလောက်သာ စားနိုင်သောက်နိုင်ကြသည်။ ဖွတ်ဥအလုံးငါးဆယ်အနက် သုံးလုံးသာချန်ထားလိုက်ပြီး ဖွတ်ကောင်ကြီးမှာလည်း ခေါင်းနှင့်အမြီးသာကျန်တော့လေသည်။ နီမတစ်ယောက် ပါးစပ်ပြင်လျှက် စောဖိုးထူးအနောက်သို့ တကောက်ကောက်လိုက်နေလေသည်။

အိမ်သို့ပြန်ရောက်သည့်အခါ ထမင်းဆာလှပြီ၊ နေပင်မွန်းလွဲနေပြီဖြစ်သည်။ စောဖိုးထူးလည်း ထမင်းတစ်အိုးတည်လိုက်လေသည်။ အိုးတစ်လုံးထဲတွင်ရေထည့်ကာ ရေနွေးကိုဆူနေအောင်တည်ပြီး ဖွတ်ဥကို သုံးမိနစ်ခန့်ပစ်ထည့်လိုက်ကာ ပြန်ဆယ်ယူထားလိုက်သည်။ ဖွတ်ခေါင်းနှင့်် ဖွတ်အမြီးကို စပါးလင်နှင့် တောချက်ဆီပြန်ကလေးချက်ထားသည်မှာလည်း အလွန်မွှေးကြိုင်လှပေသည်။ အလားတူ တောအုပ်အတွင်းမှ ခူးယူလာသည့် မင်းပေါ်ဖူး၊ ဂုံမင်း၊ ကဒတ်ညွန့်၊ ကောက်ကောက်ညွန့်၊ ဇရစ်ရိုးများအားလုံးကို စုပေါင်းကာ တာလပေါ့ဟင်းတစ်ခွက်ချက်လိုက်ပြန်သည်။ ငါးပိအနည်းငယ်ကို မြေစလောင်းဖုံးတွင်ကပ်ကာ ကင်လိုက်ပြီး ငရုတ်သီးခြောက်အနည်းငယ်နှင့်် ထောင်းလိုက်သည့် ငါးပိထောင်းမှာလည်း အလွန်မွှေးကြိုင်နေလေသည်။

ဖွတ်ဥမှာ အခြားဥများကဲ့သို့ အနှစ်နှင့်အကာဟူ၍ သီးသန့်မရှိဘဲ အနှစ်ချည်းသာဖြစ်သည်။ ပြုတ်လိုက်သည့်အခါတွင်လည်း အခြားဥများကဲ့သို့ မာကျက်မသွားဘဲ အနှစ်ပျော့ပျော့ပျစ်ပျစ်ချွဲချွဲကလေးဖြစ်သည်။ ထမင်းစားပွဲဝိုင်းတစ်ခုပေါ်တွင် ဖွတ်သားဟင်း၊ တာလပေါ့နှင့် ငပိထောင်းတို့ကိုတင်လိုက်ပြီးနောက် ထမင်းပူပူတစ်ပန်းကန်မောက်မောက်ကိုယူလာခဲ့သည်။ ထိုထမင်းပူပူအပေါ်မှ ဖွတ်ဥပြုတ်ကိုအသာဖြန့်တင်ကာ ဆားအနည်းငယ်ဖြူးလိုက်ပြီး ထမင်းတစ်လုပ်ကိုကောက်ဝါးလိုက်လေတော့သည်။

“ကောင်းလိုက်တာ၊ ဒီအရသာ၊ ဒီအရသာ၊ ဒါကြောင့်လည်း ဘိုးရာဇာကြီးက ဖွတ်ဥအဆိမ့်ဆုံးလို့ပြောခဲ့တာကိုး၊ ဆားကလေးပါပါတော့ ပိုပြီးဆိမ့်သပေါ့”

တစ်ယောက်တည်းရေရွတ်ကာ စားသောက်နေသည့်အချိန် နီမမှာ ထမင်းဝိုင်းနံဘေးတွင် ငုတ်တိုင်ထိုင်ကာ ပါးစပ်တပြင်ပြင်နှင့်မျှော်နေသည်ကိုတွေ့ရသည်။ သို့နှင့် စောဖိုးထူးလည်း မြိုမကျတော့ဘဲ ကျန်နေသည့် ဖွတ်ဥတစ်လုံးအား နီမထံသို့ပစ်ပေးလိုက်ရာ နီမမှာဖွတ်ဥကိုလက်နှင့်ဖိရင်း တပြွတ်ပြွတ်နှင့်ဝါးစားနေလေတော့သည်။ စောဖိုးထူးမှာ နီမစားသောက်နေသည်ကိုကြည့်ရင်း

“နင်ဖွတ်ဥကြိုက်တာ ငါသိပါတယ်ဟာ၊ ဒါပေမယ့် စားဝတ်နေရေးဆိုတာက ရှိသေးတယ်မဟုတ်လား၊ နောက်နေ့တွေသာ ဖွတ်ဥဆက်တိုက်ရရင် နင့်ကိုအများကြီးကျွေးမယ် ဟုတ်ပြီလား”

နီမမှာ စောဖိုးထူးပြောသည်ကို နားလည်သည့်အလား ခေါင်းကလေးအသာညိတ်လိုက်ကာ ဖွတ်ဥများကို အားပါးတရဝါးနေတော့သည်။

(၄)

စားသောက်ပြီးသည့်အခါ စောဖိုးထူးတစ်ယောက် ကျန်နေသည့်ဖွတ်သားဟင်းများကိုပန်းကန်နှင့်ခပ်ကာ၊ နောက်ဆုံးလက်ကျန် ဖွတ်ဥပြုတ်တစ်လုံးအား သယ်ယူလျှက် ရွာထဲသို့ထွက်လာခဲ့သည်၊ နီမမှာတော့ ပင်ပန်းသွားသည်မို့ အိမ်အောက်တွင်ခွေအိပ်ကာ ကျန်နေခဲ့လေသည်။ စောဖိုးထူးဦးတည်သွားသည့်အိမ်မှာ သူကြီးဦးပေါအိမ်ဖြစ်သည်။

“ဗျို့၊ ဦးလေးပေါ၊ စားပြီးပြီလားဗျ”

“ဟာ၊ ဖိုးထူးပါလား၊ နေတောင်စောင်းတော့မယ်ကွ၊ မင်းမေးတာ နေ့လည်စာစားပြီးတာကိုမေးတာလား၊ ညနေစာ စားပြီးပြီလားလို့မေးတာလား”

စောဖိုးထူးလည်းရယ်မောရင်း ကွပ်ပျစ်တွင်ဝင်ထိုင်လိုက်လေသည်။ သူကြီးအိမ်မို့ ရပ်ရွာအတွင်းမှ အခြားလူကြီးများလည်း စုဝေးထိုင်နေကြလေသည်။

“ဆိုပါအုံးကွ၊ ဘာကိစ္စလဲ၊ မဟုတ်မှလွဲရော မင်းစိတ်ပြောင်းသွားပြီး နီမကိုရောင်းချင်လို့လားကွ၊ ဟိုလူတွေတော့ မရှိတော့ဘူးနော်၊ ပြန်သွားတာကြာပေါ့”

“မဟုတ်ပါဘူးဗျာ၊ ဦးလေးပေါအတွက် ဖွတ်ဟင်းလာပေးတာ”

သူကြီးမျက်နှာကြီးမှာ ပြုံးရွှင်သွားလေသည်။

“ဟောဒီမှာ ဖွတ်ဥလည်းပါသေးတယ်ဗျာ”

“စားရချည်သေးရဲ့ကွာ၊ မင်းကိုကျေးဇူးတင်ပါတယ်၊ ဖွတ်ဥက တစ်ဥငါးကျပ်ဆိုကွ ငါတော့ ဝယ်မစားနိုင်ဘူးဟေ့”

“သိပါတယ်ဗျာ၊ ဦးလေးပေါ ဟိုတစ်လောက နေမကောင်းဖြစ်ပြီး အားနည်းနေတယ်မဟုတ်လား၊ အဲဒီဖွတ်ဥကိုသာစားလိုက်ဗျာ၊ ဖွတ်ဥက အားသိပ်ရှိတာဗျ၊ အသက်ကြီးတဲ့လူတွေ ကလေးတွေကိုကျွေးရင် သိပ်အားဖြစ်တာပေါ့”

ထိုအခါ နံဘေးတွင်ထိုင်နေသည့် လူကြီးများက

“အံမယ်၊ ဖိုးထူးက မျက်နှာလိုက်တယ်ဟေ့၊ သူကြီးကျတော့ ဖွတ်ဥကျွေးတယ်၊ ငါတို့ကိုကျတော့မကျွေးဘူး”

“မဟုတ်ပါဘူးဗျာ၊ အားလုံးကိုကျွေးမှာပါ၊ နောက်ကျုပ်ဖွတ်ဥများများရရင် ဦးလေးတို့ကိုကျွေးပါ့မယ်”

“အေးကွာ၊ ငါတို့မှတ်ထားမယ်နော် ဖိုးထူး၊ ဒါနဲ့ မင်းဖွတ်ဥတွေ ရောင်းကုန်ပြီလားကွ”

“ကုန်ပါရောဗျာ၊ ရေကြည်အိုင်က မောင်ရိုးတင် အလုံးနှစ်ဆယ်လောက် ယူသွားသဗျ”

“ဟ၊ မောင်ရိုးက သူစားမှာမဟုတ်ဘူးကွ၊ ဒီကောင် ဖွတ်ဥတွေမြို့ကိုတက်ပြီး တစ်လုံးတစ်ဆယ်နဲ့ရောင်းတယ်ဆိုပဲကွ၊ မင်းဆီက ငါးကျပ်နဲ့ယူပြီး ဒီကောင်က အမြတ်ကြီးစားပြီး လုပ်စားနေတာကွ”

“ရောင်းလည်း ရောင်းပါစေဗျာ၊ ကျုပ်က သူ့လိုမြို့တက်နိုင်တာမှမဟုတ်တာ၊ စီးပွားရေးဆိုတာ ဒီလိုပဲ ကြံဖန်ရှာတတ်ရတာပေါ့ဗျာ”

ထိုအခါ လူကြီးများအကုန်လုံးက စောဖိုးထူးကိုချီးကျူးကြလေသည်။

“တကယ်ပါပဲဖိုးထူးရာ၊ မင်းကရိုးသားတဲ့နေရာမှာတော့ နှစ်ယောက်မရှိပါဘူးကွာ”

သူကြီးက ရေနွေးသောက်လိုက်ပြီးနောက်

“သြော်ဒါနဲ့ ခင်ဗျားတို့သိပြီးပြီလား၊ ရွာလယ်ပိုင်းက သာဝလေ၊ ပန်းသေပန်းညှိုးဖြစ်နေလို့တဲ့ဗျာ”

“ဟာဗျာ၊ အသက်က ငါးဆယ်ကျော်ပဲရှိသေးတာမဟုတ်လား”

“ပန်းသေတာက အသက်အရွယ်နဲ့မဆိုင်ပါဘူးကွ”

ထိုအခါ စောဖိုးထူးက စဉ်းစားရင်း

“ဟုတ်ပြီ၊ ကျုပ်ရဲ့ဖွတ်၊ အဲလေ၊ ဖွတ်က ပန်းသေပန်းညှိုးပျောက်တယ်ဗျ”

“ဟေ၊ ဟုတ်ရဲ့လား”

“ကျုပ်အဘကြီးတစ်ယောက်ပြောတာ ကြားဖူးတာပါဗျာ၊ ပန်းသေပန်းညှိုးဖြစ်ရင် ဇာတိပ္ဖိုလ်သီး တစ်သီးလုံးကို အမှုန့်ချပြီး ဖွတ်သေကို ဆီထုတ်ပြီးရတဲ့ ဖွတ်ဆီနဲ့ချက်ရတယ်တဲ့ဗျ၊ ချက်ပြီးရင် ယောက်ျားအင်္ဂါကို မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းရင် အကြောသေတာတို့၊ ပန်းသေပန်းညှိုးတို့ ပျောက်တယ်ဆိုပဲဗျာ၊ ရောဂါမရှိတဲ့လူလိမ်းရင် အထူးသန်မာတယ်ဆိုပဲ”

ထိုအခါ လူကြီးများက ပြုံးလျှက်

“ဟုတ်ပြီဖိုးထူးရေ၊ ဒီတစ်ခါ ငါတို့ ဇာတိပ္ဖိုလ်သီးရှာထားမယ်၊ မင်းဖွတ်ရရင် ပြောစမ်းကွာ၊ ဟား၊ ဟား”

“ဒါတင်မကသေးဘူးဗျာ၊ ဖွတ်သား၊ ဖွတ်ဥဆိုတာ ယောက်ျားတွေအတွက် သိပ်ကိုအားရှိတာတဲ့ဗျ၊ ဒါကြောင့်လည်း ရှေးခတ်က ဘုရင်ကြီးတွေကို စားတော်ကဲကြီးတွေက ဆက်သရသတဲ့ဗျာ၊ မှတ်ဉာဏ်အားကောင်းတယ်၊ အားကိုတိုးစေလို့ နာလန်ထတွေ၊ အားနည်းတဲ့လူတွေလည်း စားနိုင်တယ်ဗျ”

“ဖိုးထူးကတော့ ဖွတ်ဋီကာဖွင့်နေပြီဟေ့”

“ဖွတ်ဥအစိမ်းကို နေသုံးရက်လောက်လှမ်းလိုက်ရင် ဖွတ်ဥက မာကျောသွားမယ်ဗျ၊ အဲဒါကို ဖန်ပုလင်းထဲမှာ လေလုံအောင်ထည့်သိမ်းထားလို့ရတယ်၊ မိန်းကလေးတွေ ရင်သားမှာအကျိတ်ဖြစ်တာ၊ အဆီခဲဖြစ်တာ၊ နို့ကြောင်းပိတ်တာမျိုးဆိုရင် ခုနက ဖွတ်ဥကို ကျောက်ပြင်မှာ ရေသန့်သန့်နဲ့ ဒေါင်လိုက်သွေးပြီး တစ်နေ့နှစ်ကြိမ်လုံးရင်၊ ငါးရက်ဆိုရင် ပျောက်တာပဲဗျ၊ ကျုပ်ဆီမှာတောင် နှစ်ခုရှိသေးတယ်၊ တစ်လောက ရွာထဲက မသန်းတင့် နို့ကြောင်းပိတ်တယ်ဆိုလို့ တစ်လုံးယူသွားတာ ခုထိလာပြန်မပေးသေးဘူးဗျို့”

“ဒါဆိုတော်တော်စွမ်းတာပဲကွ”

“လက်တွေ့ပါဗျာ၊ နောက်ပြီးတော့ ဖွတ်ဥအခွံတွေကိုလည်း အနာအို၊ အနာဆွေးတွေအပေါ်မှာ အုံပြီးကပ်ပေးလိုက်လို့ရှိရင် အနာအကျက်မြန်တယ်ဗျ”

စောဖိုးထူးနှင့် လူကြီးတစ်သိုက်ပြောဆိုနေကြသည်ကို သူကြီးအိမ်တွင် တောက်တိုမယ်ရ ကူလုပ်ပေးသည့် မောင်လှတစ်ယောက် ကြားသွားလေသည်။ ထိုအခါ စောဖိုးထူးအနားသို့ကပ်လာပြီး

“ဒီလောက်အဖိုးတန်ပြီး ဈေးကောင်းရတဲ့ဖွတ်ဥကို ကျုပ်လည်းလိုက်တူးမယ်ဗျာ၊ ကိုဖိုးထူး ကျုပ်ကိုဖွတ်တူးနည်း ဖွတ်လိုက်နည်း သင်ပေးစမ်းပါဗျာ”

စောဖိုးထူးလည်းပြုံးလျှက်

“အေးပါကွ၊ ငါက ပညာစားမချန်ပါဘူး၊ ဒီလိုလုပ်ကွာ၊ ဖွတ်ဘယ်လိုလိုက်ရတယ်ဆိုတာကို ပါးစပ်နဲ့ပြောရင် မင်းသဘောပေါက်မှာမဟုတ်ဘူ၊ ဒီတော့ သန်ဘက်ခါ ငါဖွတ်ဥတူးမယ်၊ မင်းငါနဲ့လိုက်ခဲ့ပေါ့”

မောင်လှတစ်ယောက်ပျော်ရွှင်သွားလေတော့သည်။

“ဒါပေမယ့် တစ်ခုတော့ရှိတယ်မောင်လှ၊ မင်းငါ့နောက်လိုက်မယ်ဆို ငါပြောတာကိုနားထောင်ရမယ်၊ ငါ့စကားအတိုင်း မင်းလိုက်နာနိုင်ရမယ်”

မောင်လှတစ်ယောက် ခေါင်းကိုခပ်သွက်သွက်ညိတ်လိုက်လေတော့သည်။ စောဖိုးထူးလည်း သူကြီးအိမ်မှ ပြန်လာခဲ့လေသည်။

သို့နှင့် ချိန်းဆိုထားသည့် ရက်သို့ရောက်လာခဲ့သည်။ စောဖိုးထူးပင် မျက်နှာမသစ်ရသေးပေ၊ မောင်လှက အိမ်သို့တူရွင်းပြားတစ်ချောင်းဆွဲကာ ရောက်လာခဲ့ပြီဖြစ်သည်။ စောဖိုးထူးလည်း ကမန်းကတမ်းပြင်ဆင်ပြီးနောက် နီမကိုခေါ်ကာ တောအုပ်အတွင်းသို့ ဝင်ခဲ့ကြသည်။ ဂလိုင်ကြောဆီသို့ရောက်သည့်အခါ နေပင်ထန်းတစ်ဖျားမမြင့်သေးပေ၊

“ဖွတ်အမျိုးအစား ငါးမျိုးရှိတယ်ကွ၊ အဲဒါကတော့ ခပ်ချိုဖွတ်၊ ရုံးဖွတ်၊ ဖွတ်ကြည်၊ ဖွတ်ကြား၊ ဖွတ်ညှင်းလို့ခေါ်တဲ့ ဖွတ်မျိုးတွေပဲ၊ အဓိကကတော့ သူတို့ရဲ့အရောင်အသွေးကိုကြည့်ပြီးခေါ်တာပေါ့ကွာ၊ အဲဒီဖွတ်ငါးမျိုးထဲမှာလည်း မျိုးစိတ်တွေ သူ့ဟာနဲ့သူရှိသေးသကွ”

လမ်းလျှောက်လာရင်း မကြာမီ စောဖိုးထူးက တောင်ပို့တစ်ခုအနားကပ်ရင်း

“ဒီလိုမောင်လှရ၊ ဖွတ်မတွေက မိုးဦးကျတော့မယ်မိတ်လိုက်တတ်ကြတယ်ကွ၊ မိတ်လိုက်ပြီးလို့ ဖြစ်လာတဲ့ဥတွေကို ဒီလိုခြတောင်ပို့ကြီးတွေထဲမှာ သွားဥတတ်ကြတယ်၊ ဥဥပြီးရင်တော့ ဖွတ်မက တောင်ပို့ထဲကနေပြန်ထွက်သွားရောဟေ့၊ ဒီအခါ ဘာဖြစ်သလဲဆိုရင် ခြကောင်တွေက ဖွတ်မဝင်လာတဲ့နေရာကို ရွံနဲ့ပြန်ပိတ်ကြတယ်ကွ၊ ဖွတ်ဥကတော့ ဖွတ်မဒန်းဆိုရင် ဥပေါင်းသုံးဆယ်လောက်ဥတယ်၊ ပုံမှန်ဖွတ်မတွေကတော့ ဥငါးဆယ်လောက် ဥတတ်ကြတယ်ကွ”

“ထူးဆန်းပါ့ဗျာ”

“ဖွတ်ဥတွေက အထဲမှာကျန်ခဲ့ပြီးတော့ ခြတောင်ပို့ထဲက အပူဓါတ်နဲ့ ဓါတ်ပြုပြီးတော့ အကောင်ပေါက်လာတာပေါ့ကွာ၊ ဒါကြောင့် ဖွတ်ဥတူးမယ်ဆိုရင် ခြတောင်ပို့မှာလိုက်ရှာရတာထုံးစံပဲကိုးကွ၊ ဒါပေမယ့် တောင်ပို့တိုင်းလည်း ဖွတ်ဥ၊ ဖွတ်သိုက်မရှိဘူးကွ”

“ဟောဗျာ၊ ဒါဆို ဘယ်လိုလိုက်ရမှာလဲ”

“ဒါကြောင့် ခွေးလိုတာပေါ့ကွ၊ ဖွတ်လိုက်တတ်တဲ့ခွေးက ဒီတောင်ပို့ထဲမှာ ဖွတ်ရှိမရှိတန်းသိတယ်ကွ၊ ခွေးမရှိဘူးဆိုရင်တော့ တောင်ပို့ကိုပတ်ကြည့်ရတာပေါ့ကွာ၊ ခြကောင်တွေက ဖွတ်မဝင်သွားတဲ့နေရာကို ရွံ့နဲ့ပိတ်တယ်ဆိုပေမယ့် ဖွတ်မဝင်သွားပြီးတူးသွားတဲ့ စွပ်ကြောင်းကို ပြန်မပိတ်တတ်ဘူးကွ၊ ဒါကြောင့် စွပ်ကြောင်းတွေ့ရင် သိနိုင်တယ်ဆိုပါတော့”

စောဖိုးထူးနှင့် မောင်လှတို့ စကားကောင်းနေစဉ်တွင် နီမက တောင်ပို့ကြီးတစ်ခုကိုကြည့်ကာ ထိုးဟောင်နေလေသည်။ စောဖိုးထူးလည်း နီမတစ်ယောက် ဖွတ်တွေ့ပြီမှန်းသိလိုက်ပြီမို့ ထိုတောင်ပို့ကြီးဆီသို့ပြေးသွားလိုက်ကြသည်။ တောင်ပို့နားအရောက်တွင်တော့ အလွန်ကြီးမားသည့် ဖွတ်တစ်ကောင်ကိုတွေ့လိုက်ရသည်။ ဖွတ်အရောင်မှာပြောင်ချောနေကာ ဖွတ်၏ ကျောကုန်းတွင် ဒင်္ဂါးဝိုင်းခန့် အဝါရောင်အကွင်းများပါဝင်ပြီး ထိုအကွင်းများအလယ်တွင်တော့ ငရုတ်ကောင်းစေ့ခန့် အနက်ရောင်အစက်အပြောက်ကလေးတစ်ခု ပါဝင်လေသည်။ ထိုဖွတ်မျိုးမှာ ဖွတ်ရွှေဝါဟုခေါ်သည့် ဖွတ်တစ်မျိုးဖြစ်သည်။ တောင်ပို့မှာ တောင်ပို့ဟောင်းကြီးဖြစ်သည်။ အလွန်ကြီးမားကာ လူတစ်ရပ်နီးပါးအမြင့်ရှိသည်။ တောင်ပို့တစ်ဖက်ခြမ်းတွင်တော့ ဝါးရုံတစ်ရုံရှိကာ ထိုဝါးရုံကြီးက တောင်ပို့ကိုအုပ်မိုးနေလေသည်။ နီမပြသည့်နေရာကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် စောဖိုးထူးက စွပ်ကြောင်းရာအား မောင်လှကိုပြလိုက်လေသည်။

“ဒါဆို ဖွတ်ရှိတဲ့သဘောပဲဗျ၊ ကျုပ်တူးမယ်ဗျာ”

မောင်လှက တူရွင်းပြားကိုအသင့်ပြင်လိုက်လေရာ စောဖိုးထူးက လှမ်းတားလိုက်သည်။

“နေအုံးကွ၊ တူးတဲ့အခါလည်း ပညာသားပါတယ်၊ အပေါ်က မြေစာတွေပြိုမကျအောင် တူးနိုင်မှရမယ်၊ မဟုတ်ရင်တော့ ဖွတ်သိုက်ထဲကို ခြတောင်ပို့မြေစာတွေကျပြီး ဖွတ်ဥတွေအကုန်ကွဲကုန်မယ်ကွ”

စောဖိုးထူးက ပြောပြရင်း တောင်ပို့အားစတင်တူးတော့လေသည်။ တောင်ပို့ကြိးမို့ အောက်ခြေနားမှကပ်ကာ ဂလိုင်ပေါက်ပုံစံဖောက်ရင်း တူးယူသည်။ အတန်ကြာတူးပြီး ရှင်းလိုက်သည့်အခါတွင်တော့ ဖွေးဖွေးဖြူဆွတ်နေသည့် ဖွတ်ဥများကိုတွေ့လိုက်ရသည်။ ဖွတ်ဥများမှာ ခြတောင်ပို့မြေစာခဲများအကြားတွင် ကပ်ညပ်ကာ တည်ရှိနေကြသည်။ မောင်လှမှာ အလွန်ပျော်ရွှင်သွားပြီး ဖွတ်ဥများကို လက်နှင့်လှမ်းနှိုက်ရန် ပြင်ဆင်လိုက်သဖြင့် စောဖိုးထူးက မောင်လှလက်ကိုဖမ်းဆွဲလိုက်သည်။

“ဖွတ်ဥတွေ့ရင် ပျော်ပြီး ပြေးမဆွဲနဲ့ကွ၊ ခြတောင်ပို့ရဲ့ အပူချိန်ကြောင့် ဖွတ်ဥတွေက မာဆတ်ပြီးကြွပ်ရွနေတတ်တယ်၊ ဒီအချိန်လက်နဲ့နှိုက်လိုက်ရင် ဖွတ်ဥတွေကွဲကုန်မယ်”

စောဖိုးထူးက ပြောပြောဆိုဆိုနှင့် အနားမှသစ်ပင်ကြီးတစ်ပင်ထံမှ အရွက်ဖားဖားကြီးလေးငါးရွက်ကိုခူးယူလိုက်လေသည်။ ထို့နောက် ထိုအရွက်ဖားဖားကြီးများကို ယပ်တောင်ပုံစံပြုလုပ်ကာ ခြတောင်ပို့အတွင်းသို့ ယပ်ခပ်ထည့်လေသည်။ မောင်လှလည်း သစ်ရွက်များယူကာ ပြိုင်တူယပ်ခပ်ကြသည်။ ဆယ့်ငါးမိနစ်ခန့် ယပ်ခပ်ပြီးသည့်အခါမှ နှစ်ဦးသားရပ်လိုက်ကြတော့၏။

“ရပြီ၊ နည်းနည်းအေးသွားရင် ဖွတ်ဥတွေရဲ့အခွံက ခပ်ပျော့ပျော့လေးဖြစ်သွားတယ်၊ ဒီတော့မှ ကိုင်လို့တွယ်လို့ရတယ်ကွ”

ထိုတော့မှ မောင်လှနှင့် စောဖိုးထူးတို့နှစ်ယောက် ဖွတ်ဥများကို အသာတူးယူကြတော့သည်။ ဖွတ်သိုက်အတွင်း ဥအလုံးပေါင်းခြောက်ဆယ်ခန့်ရှိလေသည်။ ဖွတ်ဥများကိုကုန်စင်အောင် တူးခွာယူနေရင်း စောဖိုးထူးက တူရွင်းပြားနှင့်ခြတောင်ပို့အားထိုးလိုက်သည့်အခါ အတွင်းမှ ဝင်းဝင်းလက်လက်အရာတစ်ခုကိုမြင်တွေ့လိုက်ရလေသည်။ မောင်လှလည်း အံ့အားသင့်သွားပြီး ထိုအရာကိုကောက်ယူလိုက်လေသည်။

“ဟင်၊ ဒီဟာက ရွေ . . . ရွှေလားမသိဘူး”

မောင်လှလက်ထဲတွင် တစ်လက်မပတ်လည်အဝိုင်းခန့် ရွှေပြားကလေးတစ်ပြားပါလာလေသည်။ ရွှေပြားကလေးအပေါ်တွင်လည်း အလွန်ရှေးကျသည့် စာသားများကိုရေးဆွဲရိုက်နှိပ်ထားသည်ကိုတွေ့ရသည်။ မောင်လှမှာ ခြတောင်ပို့ကြမ်းပြင်ကို တူရွင်းပြားနှင့် ခပ်ဆတ်ဆတ်ထုလိုက်လေရာ ခြတောင်ပို့အလွှာလိုက်ကွာကျပြီးနောက် ရွှေပြားကလေးများ မြောက်များစွာကိုတွေ့လိုက်ရလေသည်။

“ဟာ၊ ကိုဖိုးထူး၊ ရွှေ . . . ရွှေအိုးကြီးဗျ”

စောဖိုးထူးလည်း ရွှေများကိုတစ်ချက်ကြည့်လိုက်လေသည်၊ ရွေပြားများမှာ ခြတောင်ပို့ကြမ်းပြင်အောက်တွင် ဖုံးအုပ်နေပြီး အိုးကဲ့သို့နှုတ်ခမ်းဘောင်ကိုလည်းတွေ့ရသည်။ စောဖိုးထူးက မျက်မှောင်တစ်ချက်ကြုတ်လိုက်ကာ

“မောင်လှရေ၊ တို့လာတာ ဖွတ်ဥတူးဖို့လာတာမဟုတ်လားကွ၊ ဖွတ်ဥရပြီဆိုတော့ ပြန်ကြစို့ကွာ”

မောင်လှက စောဖိုးထူးအား နားမလည်နိုင်သလိုကြည့်ပြီး

“ခင်ဗျားရူးနေတာလား ကိုဖိုးထူး၊ ဟောဒီမှာ ဖွတ်ဥတွေထက် အဆပေါင်းများစွာတန်ဖိုးရှိတဲ့ ရွှေအိုးကြီးဗျ၊ ရွှေပြားတွေတင် နည်းတာမဟုတ်ဘူးဗျာ”

“မင်းအသာနေစမ်းပါကွာ၊ တို့က ဖွတ်ဥလာတူးတာကွ၊ ရွှေလာရှာတာမဟုတ်ဘူး”

“ခင်ဗျားဗျာ၊ ရွှေအိုးကြီးက ခင်ဗျားရှေ့ရောက်နေရဲ့သားနဲ့၊ ခင်ဗျားဘယ်လိုလူလဲ”

စောဖိုးထူးမှာဒေါသထွက်သွားပြီး

“ငါပြောထားတယ်မဟုတ်လား မောင်လှ၊ ငါနဲ့လိုက်ရင် ငါ့စကားနားထောင်ရမယ်၊ ငါပြောတဲ့အတိုင်းလုပ်ရမယ်ဆိုတာလေ”

သို့နှင့် မောင်လှလည်းခေါင်းညိတ်လိုက်တော့သည်။

“အဲဒီရွှေပြားတွေကို အခုပြန်ထည့်လိုက်”

မောင်လှတစ်ယောက် တောင်ပို့ကြီးအတွင်းသို့ ရွှေပြားများကိုပြန်ပစ်ထည့်လိုက်လေသည်။ နှုတ်မှလည်း

“ကျုပ်တို့နဲ့ထိုက်လို့ ရတာကိုဗျာ”

ဟုရေရွတ်နေသေးသည်။ စောဖိုးထူးမှာ တောအုပ်အတွင်းမှပြန်ထွက်သွားသဖြင့် မောင်လှတစ်ယောက် စောဖိုးထူးအနောက်သို့ မကျေမနပ်နှင့်လိုက်လာခဲ့ရတော့သည်။

“ခင်ဗျား ဘာလို့ဒီလောက် တုံးအရတာလဲ ကိုဖိုးထူး”

မောင်လှက မေးလိုက်ရာ အရှေ့မှတူရွင်းပြားထမ်းပြီးသွားနေသည့် စောဖိုးထူးက

“ရောင့်ရဲတာက တုံးအတာမဟုတ်ဘူးကွ”

“ရွှေတွေတွေ့နေပြီလေဗျာ၊ ရွှေက အိုးတစ်အိုးတောင်မှမဟုတ်လားဗျ၊ အဲဒီလိုအိုးနဲ့ဆို ရွှေပြားတစ်ရာလောက်တော့ အသာကလေးပါနိုင်တယ်၊ ဒါကိုမယူဘဲနဲ့ လက်ရှောင်ထွက်ခဲ့တာ တုံးအတာမဟုတ်လို့ ဘာလဲဗျ”

“ငါပြောခဲ့ပြီးသားပဲကွာ၊ ဒီရွှေတွေက ငါတို့ပိုင်တာမှမဟုတ်တာ၊ သူများပိုင်တဲ့အရာတွေကို မလိုချင်စမ်းပါနဲ့ကွာ”

“ခင်ဗျားက ပြောလေခက်လေပဲ ကိုဖိုးထူးရာ၊ အရင်ကဘယ်သူပိုင်ပိုင် အခုက ပိုင်ရှင်မှမရှိတော့တာဗျ၊ ပြီးတော့ ကျုပ်တို့နဲ့ထိုက်လို့ ကျုပ်တို့တွေ့တာမဟုတ်လား”

“တော်တော့ မောင်လှ၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ငါ့ကိုဘာမှဆက်မပြောနဲ့တော့၊ ငါဘာမှမပြောချင်တော့ဘူး၊ ပြီးတော့ရွာထဲမှာလည်း ဒီအကြောင်းကိုမပြောနဲ့ ဟုတ်ပြီလား”

မောင်လှတစ်ယောက် မကျေနပ်သော်လည်း ပါးစပ်ပိတ်ကာ လိုက်လာခဲ့ရသည်။

(၅)

အိမ်သို့ပြန်ရောက်ခဲ့လေပြီ၊ မောင်လှတစ်ယောက် သူ့ဝေစုအရ ဥဆယ်လုံးရရှိသော်လည်း ထိုဥများကိုစိတ်မဝင်စားပေ၊ သူစိတ်ဝင်စားခဲ့သည်ကတော့ ရွှေအိုးပင်ဖြစ်လေသည်။ အိမ်ရောက်သည့်အခါ မောင်လှတစ်ယောက် စဉ်းစားခန်းဖွင့်နေလေသည်။

“ဒီလူ တော်တော်တုံးတဲ့လူပဲကွာ၊ ရွှေတစ်အိုးလုံးယူလိုက်လို့ကတော့ သူရောငါရော သူဌေးဖြစ်ပြိး ကောင်းစားသွားပြီမဟုတ်လား”

ဖျာပေါ်လှဲနေလိုက်ကာ စောဖိုးထူးကို အပြစ်တင်နေမိသည်။

“နေပါအုံး၊ သူလည်းလူပဲ၊ ရွှေတွေ့တော့ လိုချင်စိတ်ရှိမှာပဲ၊ မဟုတ်မှလွဲရော ဧကန္တ ငါနဲ့အတူတူ ရွှေအိုးကိုတူးရင် တစ်ယောက်တစ်ဝက်ခွဲပေးနေရမှာစိုးလို့များလား”

မောင်လှအတွေးနယ်ချဲ့နေမိသည်။

“ဟုတ်ပြီ၊ ဖြစ်နိုင်တယ်၊ ငါ့ကိုမယူနဲ့ဆိုပြီး နောက်တော့မှ သူတစ်ယောက်တည်း တောထဲသွားပြီး တစ်ယောက်တည်းအကုန်တူးယူမလို့နေမယ်”

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီလူရဲ့ဖျံကျတာကိုတော့မခံဘူး၊ ရွှေတွေက ငါတွေ့တာ၊ ငါလည်းရသင့်တယ်”

သို့နှင့် မောင်လှတစ်ယောက် တူရွင်းပြားကိုပြေးဆွဲကာ အိမ်မှပြေးထွက်လာခဲ့လေသည်။ စောဖိုးထူးအိမ်ရှေ့ရောက်သည့်အခါ စောဖိုးထူးတစ်ယောက် အိမ်တွင်ရှိနေမလားဟုတွေးကာ အော်ခေါ်မိသည်။

“ဗျို့၊ ကိုဖိုးထူး၊ ကိုဖိုးထူး”

အတန်ကြာအော်သော်လည်း တုံ့ပြန်မှုမရှိပေ၊

“ဟုတ်ပါပြီ၊ ဒီလူကြီး တောထဲပြန်သွားပြီး တစ်ယောက်တည်းသွားတူးနေပါပြီ”

မောင်လှလည်း တောအုပ်အတွင်းသို့ အလျှင်အမြန်ပြေးဝင်လာခဲ့သည်။ မောင်လှက တောအုပ်မှထွက်ကတည်းက ထိုတောင်ပို့နေရာသို့ လှို့ဝှက်ကာ လမ်းမှတ်သားခဲ့လေရာ တောင်ပို့ဆီသို့ ပြန်သွားရသည်မှာမခက်ပေ၊ လောဘဇောဖြင့် အားကုန်ပြေးခဲ့သည်မို့ သိပ်မကြာခင်မှာပင် တောင်ပို့ထံသို့ရောက်သွားလေတော့သည်။ တောင်ပို့အနီးတွင်မည်သူမှရှိမနေပေ၊ သူတို့တူးဖော်ထားသည့် ခြေရာလက်ရာများသာရှိသည်။ မောင်လှလည်း တူးဖော်ထားသည့်နေရာသို့ ပြေးလာခဲ့သည့်အခါ ရွှေပြားများကိုတွေ့ရလေသည်။ တူရွင်းဖြင့် မြေသားများကိုရှင်းလင်းလိုက်ပြီး အိုးအတွင်းမှ ရွှေပြားများကိုလက်တစ်ခုပ် ခပ်ယူလိုက်သည်။

“ဟား၊ ဟား ပွပြီဟေ့၊ ငါတော့ ပွပြီ၊ ငါတော့ ချမ်းသာပြီကွ”

မောင်လှရေရွတ်လိုက်ကာ အင်္ကျီအောက်အနားစအား လိပ်တင်လိုက်ကာ အိတ်ပုံစံပြုလုပ်လိုက်ပြီး ရွှေပြားများကို ထိုအင်္ကျီစအတွင်းသို့ ထိုးထည့်လေတော့သည်။ ရေအိုးမှာ စဉ့်အိုးကဲ့သို့ အိုးကြီးတစ်လုံးဖြစ်ပြီး မောင်လှနှိုက်သရွေ့ ရွှေပြားများက ထွက်ထွက်လာလေသည်။ မောင်လှလည်း ပုဆိုးကိုချွတ်လိုက်ကာ ရွှေပြားများကိုပုဆိုးကွင်းထဲသို့ ကျုံးကျုံးထည့်လေတော့သည်။ နှိုက်ရင်းနှိုက်ရင်း မကြာခင်မှာပင် ပျော့စိစိ အေးစက်စက် အရာတစ်ခုကိုစမ်းသပ်မိလိုက်တော့သည်။

“ဟင်၊ ဘာ၊ ဘာကြီးလဲ”

စဉ့်အိုးကြီးအတွင်းမှ ဖွတ်ကြီးတစ်ကောင်ထွက်လာလေသည်။ ဖွတ်လျှာမှာ မြေလျှာကဲ့သို့ တစ်လစ်တစ်လစ်ထုတ်ထားသည်။ ဖွတ်တစ်ကောင်လုံးမှာ ရွှေအဆင်းတစ်မျှ ဝင်းလက်နေလေသည်။ ထိုဖွတ်ကြီးမှာ မောင်လှ၏ လက်ချောင်းများကို သူ့ပါးစပ်နှင့်ကိုက်ထည့်လိုက်လေသည်။

“အား . . .”

မောင်လှတစ်ယောက် နာကျင်စွာအော်ဟစ်ကာ ထိုနေရာမှပြေးထွက်ရန်ကြံစည်လိုက်သည်။ သို့သော် သူသတိမထားမိသည့်အချိန်မှာပင် သူ့ပတ်ပတ်လည်တွင် ရွှေဝါရောင်ဖွတ်ကြီးများက သူ့အားဝန်းရံထားကြလေသည်။ ထိုဖွတ်ကြီးများမှာ အတော်ကြီးမားကာ အချို့အကောင်ကြီးများဆိုလျှင် လေးငါးတောင်ခန့်ရှိသည်။ ထိုဖွတ်ကြီးများက မောင်လှအား အလွန်ဒေါသထွက်စွာကြည့်ရင်း ပြေးဝင်လာကြလေသည်။ ထို့နောက် မောင်လှ၏ ခြေလက်များကို ကိုက်ဆွဲကြလေရာ မောင်လှလည်း ပြေးလွှားရင်းလဲကျသွားတော့သည်။ ထိုအခါ ဖွတ်ကြီးများက မောင်လှကိုယ်ပေါ်သို့ အလုအယက်ခုန်တက်ကြကာ ကိုက်ဖြတ်ကြလေတော့သည်။

ညနေစောင်းပြီဖြစ်သည်။ စောဖိုးထူးတစ်ယောက် ဖွတ်ဥများကို ရေကြည်အိုင်ရွာတွင် သွားရောက်ရောင်းချခဲ့ပြီးနောက် ရွာသို့ပြန်လာခဲ့သည်။ ရွာထိပ်အရက်ဆိုင်တွင် ချက်အရက်တစ်လုံးကိုဝယ်ယူခဲ့ကာ အိမ်သို့ပြန်ဝင်လာခဲ့သည်။ အိမ်သို့မရောက်မီ လမ်းမှာပင် သူကြီးဦးပေါနှင့် ဆုံတွေ့လေသည်။

“ဖိုးထူးရေ”

“ဟာ၊ ဦးလေးပေါပါလား”

“မင်းဘယ်က ပြန်လာတာလဲကွ”

“ကျုပ် ရေကြည်အိုင်ရွာမှာ ဖွတ်ဥသွားရောင်းတာလေ ဦးလေးရ၊ ဦးလေးအတွက်တောင် တစ်လုံးချန်လာသေးတယ်”

“ဖွတ်ဥက အရေးမကြီးပါဘူးကွာ၊ ဒါထက် မောင်လှပျောက်နေတယ်ကွ”

“ဗျာ၊ မနက်ကပဲ ကျုပ်နဲ့ဖွတ်ဥတူးပြီး ပြန်လာတာပါဗျ၊ သူ့ကိုတောင် ဖွတ်ဥဆယ်လုံးပေးလိုက်သေးတယ်”

“ဟုတ်လားကွ၊ မသိပါဘူး၊ ငါက မင်းနဲ့ပါသွားတယ်မှတ်တာ”

“သေချာရှာကြည့်ပါအုံးဗျာ၊ မြို့တက်ပြီး ဖွတ်ဥသွားရောင်းတာများလား”

ထိုစဉ် စောဖိုးထူးတစ်ယောက် မနက်ခင်းပိုင်းက ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်တစ်ခုအား ပြန်လည်သတိရသွားလေသည်။

“ဟာ၊ ရွှေ . . . ရွှေ . . . မဟုတ်မှလွဲရော”

သူကြီးဦးပေါက စောဖိုးထူးအားကြည့်ရင်း

“ဘာရွှေလဲကွ ဖိုးထူးရ”

“ဟုတ်ပြီ၊ မောင်လှ အဲဒီကိုသွားတာပဲဖြစ်မယ်ဗျာ၊ မိုက်လိုက်တဲ့ကောင်၊ ကျုပ်ဒီလောက်အတန်တန်တားရဲ့သားနဲ့”

“မင်းပြောတာတွေ ငါတစ်ခုမှ နားမလည်တော့ဘူး ဖိုးထူးရာ”

“နားမလည်လဲ အရေးမကြီးပါဘူးဗျာ၊ ကဲ ဦးလေးပေါ၊ ရွာသားတွေသာ များများခေါ်လာခဲ့၊ ကျုပ် မောင်လှသွားတဲ့နေရာကို ရိပ်စားမိပြီဗျ”

ရေကြည်စမ်းရွာကလေးမှ ရွာသူရွာသားများ စုပေါင်းကာ စောဖိုးထူးအနောက်သို့လိုက်လာခဲ့ကြသည်။ စောဖိုးထူးလည်းဆက်သွားရာ မကြာခင် ဂလိုင်ကြောတစ်ဖက်ခြမ်း တောင်ပို့ကြီးတစ်ခုအရှေ့တွင် သွေးအိုင်ထဲလဲကျနေသည့် လူတစ်ဦးကိုတွေ့ရလေသည်။ ထိုလူ၏ ရုပ်ရည်မှာ ပုံပျက်ပန်းပျက်ဖြစ်နေပြီး တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များက ဗရပွဖြစ်နေကာ သွေးများက ချင်းချင်းနီလျှက်စီးကျနေလေသည်။

“မောင်လှ၊ မောင်လှ”

သူကြီးက မောင်လှအလောင်းကိုပြေးဖက်လိုက်လေသည်။ မောင်လှမှာ အသက်မရှိတော့ပေ။

“မင်းတို့ ဘယ်လိုဖြစ်တာ ဖိုးထူးရာ”

“ကျုပ်သူ့ကိုတားခဲ့ပါသေးတယ်ဗျာ၊ ကျုပ်တို့ ဖွတ်ဥတွေတူးရင်း ဖွတ်မင်းသိုက်ကို တူးမိကြတယ်”

ရွာသားများအားလုံးက တအံ့တသြဖြင့် အော်ဟစ်ကြလေသည်။

“ကျုပ်က အဲဒီရွှေတွေကို မယူဖို့ပြောခဲ့ပါသေးတယ်၊ ဒါပေမယ့် မောင်လှကိုပြောမရဘူး၊ မောင်လှရဲ့လောဘကို မထိန်းနိုင်ဘူးလို့ပဲ ဆိုပါတော့ဗျာ”

ရွာသားအချို့က နားလည်သော်လည်း အသက်ငယ်ရွယ်သည့် ရွာသားများအတွက်မူ အထူးအဆန်းဖြစ်နေလေသည်။

“နေပါအုံး ကိုဖိုးထူးရ၊ ဖွတ်မင်းသိုက်ဆိုတာ ဘာလဲဗျ”

စောဖိုးထူးက သက်ပြင်းတစ်ချက်ချလိုက်ရင်း

“ကျုပ်အပါးတစ်ခါ ဖွတ်လိုက်ရင်းတွေ့ခဲ့ဖူးတယ်ဗျ၊ ဖွတ်မင်းသိုက်ဆိုတာ တစ်ကိုယ်လုံးရွှေရောင်အဆင်းရှိတဲ့ ဖွတ်မင်းကြီးတွေ နေကြတဲ့သိုက်ပေါ့ဗျာ၊ ဖွတ်မင်းကြီးတွေက ငါးတောင်နီးပါးလောက်တောင်ကြီးတယ်ဆိုပဲဗျ၊ သူတို့ဆီမှာ ရွှေတွေကိုပိုင်ဆိုင်ကြတယ်၊ သူတို့သိုက်ကိုလည်း အမြဲလိုလို ပြောင်းရွှေ့နေတတ်ကြတယ်တဲ့ဗျာ၊ အပါးတွေ့တုန်းကဆိုရင် ဖွတ်မင်းကြီးတွေက ရွှေပြားတွေကို ပါးစပ်ထဲကိုငုံပြီးတော့ ကျင်းကြီးတစ်ခုထဲကို ပြန်အန်ချပြီး အခေါက်ခေါက်အခါခါ ရွှေတွေကိုသယ်တယ်ဆိုပဲ”

“ဒါဆို အဲဒီရွှေတွေယူမိရင်ရောဗျာ”

“အခု မောင်လှဖြစ်သလို ဖြစ်သွားမှာပေါ့ဗျာ၊ ဖွတ်မင်းသိုက်ဆိုတာ ဒီရွာအနီးက ရှေ့မှီနောက်မှီလူကြီးတွေအကုန်လုံး သိကြတဲ့သိုက်တစ်ခုပေါ့ဗျာ၊ အဲဒီသိုက်ကို ကျိန်စာသင့်နေတဲ့ ဖွတ်ကြီးတွေစောင့်ကြတယ်၊ အဲဒီရွှေတွေကိုယူမိရင် အသေဆိုးနဲ့ သေကြရသတဲ့ဗျာ”

“ဒါဆိုရင်လည်း ခင်ဗျားမောင်လှကို သေချာပြောပြပေါ့ဗျာ”

“ကျုပ် . . . ကျုပ်အမှားပါဗျာ၊ ကျုပ်လည်း ဒီတောထဲတောင်ထဲမှာ ဖွတ်မင်းတွေရဲ့ ရတနာသိုက်အကြောင်း မပြောဝံ့ဘူးဗျ၊ ဒါကြောင့် သူရွှေပြားတွေ မယူမိအောင်ပဲ လှီးလွှဲပြောရတာပေါ့ဗျာ”

စောဖိုးထူးလည်း မောင်လှအလောင်းကိုကြည့်ရင်း အလွန်စိတ်မကောင်းဖြစ်နေလေသည်။ ရွာသားအချို့မှာ စောဖိုးထူးပြောသည့်စကားများကို မယုံနိုင်ကြပေ၊ သို့နှင့်တောင်ပို့ကြီးအား ဖြိုဖျက်ပြီးရှာဖွေကြည့်ကြလေရာ တောင်ပို့အောက်ဘက်နားတွင် စဉ့်အိုးကြီးတစ်လုံးကိုတွေ့လိုက်ရလေသည်။ စဉ့်အိုးကြီး၏ ဖင်အောက်တွင် အပေါက်ကြီးတစ်ပေါက်ဖြစ်နေကာ လူကြီးတစ်ဖက်ခန့်ကျယ်သည့် လှိုဏ်ခေါင်းကြီးတစ်ခုအားလည်း တွေ့ရသည်။ သို့ရာတွင် ထိုလှိုဏ်ခေါင်းအတွင်းသို့ မည်သူမှ မဆင်းဝံ့ကြသဖြင့် တောင်ပို့အားဖြိုဖျက်ထားသည့် မြေစာများနှင့် ဖုံးအုပ်ပိတ်ဆို့လိုက်ကြလေတော့သည်။

မောင်လှသေဆုံးပြီး သုံးလခန့် အကြာတွင်ဖြစ်သည်။ ဖွတ်ဥရာသီကုန်ဆုံးသွားပြီဖြစ်သဖြင့် စောဖိုးထူးလည်း ဖွတ်ဥမတူးဖြစ်တော့ပေ၊ ထို့အတူ လယ်ယာလုပ်ငန်းဖြင့် လုံးပမ်းနေရသည်မို့ ဝါသနာအရ အမဲလိုက်ခြင်းကို ခဏဘေးချိတ်ထားကာ လယ်ကိုသာ တစိုက်မတ်မတ်လုပ်ကိုင်ဖြစ်နေလေသည်။ တစ်ရက်တွင်တော့ စောဖိုးထူးတစ်ယောက် လယ်ထဲဟင်းစားအဖြစ် ငါးဖမ်းရင်း အိမ်ပြန်နောက်ကျသွားလေသည်။ ရွာသို့ပြန်ဝင်လာသည့်အချိန်တွင် ညနေခြောက်နာရီကျော်နေခဲ့ပြီဖြစ်သည်။ လယ်ကွင်းများကိုဖြတ်သန်းလာရင်း ရေကြည်စမ်းချောင်းကလေးအနီးရောက်သည့်အချိန်တွင် အနောက်မှခေါ်သံကြားလိုက်ရသည်။

“ကိုဖိုးထူး”

ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်သည့်အခါ သစ်ပင်ကြီးတစ်ပင်သာတွေ့ရပြီး လူသူတစ်ဦးတစ်ယောက်မှမတွေ့ရပေ၊ စောဖိုးထူးလည်း သေချာလှည့်ပတ်ကြည့်နေသေးသည်။

“ကိုဖိုးထူး၊ ကျုပ်ပါဗျ၊ မောင်လှပါ”

ထိုသို့အသံကြားလိုက်ရပြီး သစ်ပင်ကြီးအနောက်မှ တစ်တောင်ခန့်ရှိသည် ဖွတ်ကျားတစ်ကောင်ထွက်လာခဲ့လေသည်။ စောဖိုးထူးမှာ သူကြားခဲ့သည့်အသံကိုပင် မယုံနိုင်ဖြစ်နေသည်။ ဖွတ်ကြီးက စောဖိုးထူးအားကြည့်ရင်း

“ကျုပ် မောင်လှလေဗျာ၊ ကျုပ်ကိုမမှတ်မိတော့ဘူးလား”

ဖွတ်မှာ လူစကားပြောနေသဖြင့် စောဖိုးထူးအတော်အံ့သြနေမိသည်။

“အေး . . . အေး မှတ်မိပါတယ်ကွ”

“ဖွတ်မင်းတွေက ရိုးသားတဲ့လူတစ်ယောက်ကိုရှာနေကြတယ်၊ အဲဒါကြောင့် ကျုပ်လည်း ကိုဖိုးထူးဆီကိုလာခဲ့တာပါ”

“ဟေ၊ ဘာဖြစ်လို့လဲကွ”

“ဖွတ်မင်းတွေက ဘုရားစေတီတစ်ဆူတည်ချင်တယ်လို့ပြောတယ်၊ တောင်ပေါ်မှာ စေတီပျက်ကုန်းကြီးတစ်ခုရှိတယ်၊ အဲဒါကို ကိုဖိုးထူးကိ ပြန်ပြင်ပေးရမယ်”

“အေးကွာ၊ ငါက ဗုဒ္ဓဘာသာမဟုတ်ပေမယ့် ကူညီရမယ်ဆိုရင် ကူညီပေးချင်ပါတယ်”

“ကူညီပါဗျာ၊ လာမည့်လပြည့်ည ဂလိုင်တောင်ကြောပေါ်ကိုတက်ခဲ့ပါ၊ ကျုပ်သေခဲ့တဲ့ နေရာကို ကိုဖိုးထူးမှတ်မိမှာပါ၊ အဲဒီကိုတစ်ယောက်တည်းလာခဲ့ရမယ်၊ ဖွတ်မင်းတွေက ကိုဖိုးထူးကို ရွှေတွေပေးလိမ့်မယ်၊ ကိုဖိုးထူးက အဲဒီရွှေတွေရောင်းရတဲ့ငွေနဲ့ စေတီပြန်ပြင်ပေးဖို့ပါပဲဗျာ”

“အေး၊ အေး ငါလုပ်ပေးပ့ါမယ်ကွာ”

“ကျုပ်ကိုကူညီပါဗျာ၊ ကျုပ်က ဒီကိစ္စပြီးမှ သွားရမှာတဲ့ဗျ”

ထို့နောက် ထိုဖွတ်မှာ သစ်ပင်ကြီးအနောက်သို့ ပြန်လည်ဝင်ရောက်သွားလေတော့သည်။ စောဖိုးထူးတစ်ယောက် ငါးတွဲကြိးကိုင်လျှက် ထိုနေရာတွင် အတန်ကြာအောင် ငူငူကြီးရပ်နေမိရာ နီမဟောင်တော့မှ သတိပြန်ကပ်လေတော့သည်။

“ခုနက ဖြစ်တာက တကယ်လား၊ ငါစိတ်ထင်တာများလား”

စောဖိုးထူး ဝေခွဲမတတ်တော့ပေ၊ အိမ်သို့ရောက်သည့်အခါတွင်လည်း အိပ်မပျော်ဘဲ ထိုအကြောင်းအရာများကိုသာ စဉ်းစားနေမိသည်။ မောင်လှအကြောင်းကို တွေးမိသည့်အခါ စိတ်မကောင်းပေ။

“အို၊ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သွားကြည့်တာတော့ မမှားဘူးထင်ပါရဲ့”

သို့နှင့် လပြည့်ညသို့ရောက်သည့်အခါ စောဖိုးထူးတစ်ယောက် တောင်ပေါ်သို့တက်ခဲ့သည်။ လရောင်ကြောင့် တောင်ကြောတစ်ခွင်ထိန်လင်းနေလေသည်။ တောင်ကြောပေါ်သို့ အမြဲသွားလာနေကြမို့ ဘယ်နေရာဘာရှိသည်ကို ခြေထောက်က အလွတ်ရနေလေသည်။ ထိုမျှမကသေး အားကိုးရသည့် နီမကလည်း ပါနေသည်မို့ စောဖိုးထူးတစ်ယောက် ကြောက်လန့်စိတ်မရှိသည်က အမှန်ပင်ဖြစ်သည်။ မကြာခင် မောင်လှသေဆုံးဖူးသည့် ဝါးရုံပင်ကြီးနားသို့ရောက်ခဲ့လေသည်။ ဝါးရုံပင်ကြီးအောက်တွင် မတ်တပ်ရပ်နေရင်း နီမက ဝါးရုံပင်အပြင်ဘက် တစ်နေရာသို့ ထိုးဟောင်နေလေတော့သည်။

နီမဟောင်သည့်နေရာသို့ကြည့်နေစဉ် လရောင်အောက်သို့ ရွှေရောင်အဆင်းဖြင့်ဝင်းလက်နေသည့် ဖွတ်ကြီးတစ်ကောင်က ဆင်းလာခဲ့လေသည်။ ဖွတ်ကြီးမှာအတော်ကြီးမားပြီး ငါးတောင်ခန့်ပင်ရှိသည်။ လရောင်အောက်မြေပြောင်ပြောင်ပေါ်တွင် ရပ်တန့်လိုက်ပြီးနောက် ပါးစပ်ကိုဟကာ တအင့်အင့်နှင့် အန်ချမလိုလုပ်နေလေသည်။ မကြာခင်မှာပင် ဖွတ်ကြီးပါးစပ်အတွင်းမှ ရွှေပြားများက တချွင်ချွင်နှင့်ကျလာသည်ကို လရောင်အောက်တွင် အတိုင်းသားမြင်နေရသည်။ ဖွတ်ကြီးမှာ ရွှေပြားများ အန်ချပြီးသည့်အခါ စောဖိုးထူးကိုတစ်ချက်ကြည့်ပြီး သစ်ပင်များအကြားသို့ တိုးဝင်သွားတော့သည်။

အတန်ကြာမှ စောဖိုးထူး သတိဝင်လာပြီး ရွှေပြားများကိုပြေးကောက်လိုက်သည်။ ရွှေပြားပေါင်း သုံးဆယ်အတိရှိသည်။ စောဖိုးထူးလည်း ရွှေပြားများကို ယူဆောင်ကာ တောင်ပေါ်မှပြန်ဆင်းလာခဲ့သည်။ နောက်တစ်နေ့မနက်တွင်တော့ စောဖိုးထူးတစ်ယောက် ရွာလူကြီးထံသို့ချဉ်းကပ်ရသည်။ ရွှေပြားများကိုပြလိုက်သည့်အခါ ရွာလူကြီးမှာ အလွန်အံ့အားသင့်နေမိသည်။

“အဖြစ်ကတော့ အဲဒါပါပဲ ဦးလေးပေါရယ်၊ ကျုပ်ပြောတာ အမှန်ဆိုတာတော့ ဦးလေးပေါ ယုံပေးပါ၊ ပြိးတော့ ဘုရားတည်တာတို့ဘာတို့ကျတော့ ကျုပ်လည်းမလုပ်တတ်ဘူးဗျ၊ အဲဒါ ဦးလေးပေါပဲ စီမံပေးပါဗျာ”

“အေး၊ ကောင်းပါပြီ ဖိုးထူးရေ၊ ငါကတော့ မင်းနဲ့တွေ့မှ ထူးထူးဆန်းဆန်းတွေ၊ မြင်ဖူး၊ ကြားဖူးတာပဲကွာ”

ရွာမှ ရွာခံလူကြီးများတိုင်ပင်ပြီးနောက် ထိုရွှေများကိုထုခွဲရောင်းချကြလေသည်။ ရွာ၏အနောက်ဘက် တောင်ကုန်းကလေးအပေါ်ရှိ ကုန်းရိုးတစ်ခုကို ရှင်းလင်းလိုက်သည့်အခါ ပထမအင်းဝခေတ်ခန့်က တည်ထားပုံရသည့် စေတီဟောင်းတစ်ဆူကို တူးဖော်မိကြလေသည်။ ရွာသူရွာသားများမှ ဦးဆောင်ကာ ထိုစေတီအား အသစ်ပြန်လည်မွမ်းမံရေး ကြိုးပမ်းကြလေသည်။ ထူးဆန်းသည်မှာ ရွှေပြားများရောင်းချရာမှ ရရှိလာသည့် ငွေသည် စေတီအားပြုပြင်ပြီးစီးသည့်အခါ တစ်ပြားတစ်ချပ်မှ အပိုအလိုမရှိဘဲ ကွက်တိဖြစ်နေခြင်းပင်ဖြစ်သည်။

ခြောက်လခန့်ကြာသည့်အခါ စေတီပြင်ဆင်ခြင်းပြီးဆုံးသွားလေသည်။ စေတီအား ထီးတော်အသစ်တင်လှူခြင်းနှင့် ပူဇနိယပွဲတော် ကျင်းပကြလေသည်။ ထိုသို့ကျင်းပပြီးနောက် အမျှအတန်းပေးဝေသည့်အခါ ဖွတ်မင်းများနှင့် မောင်လှကိုပါ အမှူးထား၍ အမျှအတန်းပေပးဝေလိုက်လေသည်။ နောက်တစ်နေ့တွင် မိုးကြီးသည်းထန်စွာရွာသွန်းလေတော့သည်။ မိုးရွာသွန်းပြီးသည့်အခါ စောဖိုးထူးတစ်ယောက်မှာ ဘာရယ်မဟုတ်ဘဲ စေတီထံသို့ သွားလာချင်စိတ်များဖြစ်လာသဖြင့် ထိုနေ့မနက် လယ်ထဲမဆင်းတော့ဘဲ စေတီထံသို့ နီမနှင့်အတူတူလာခဲ့လိုက်သည်။

ဘုရားရင်ပြင်တော်ပေါ်ရောက်သည့်အခါ တနင်္ဂနွေထောင့်တွင် ဖွတ်မင်းကြီးငါးကောင်မှာ ဘုရားဘက်သို့ ဦးတည်လျှက် အလားလိုက်လဲလျှောင်းနေကြလေသည်။ စောဖိုးထူးလည်း အလွန်အံ့သြစွာကြည့်နေမိသည်။ သို့သော် ဖွတ်ကြီးများက ငြိမ်သက်လွန်းနေသဖြင့် သွားရောက်စမ်းသပ်ကြည့်သည့်အခါမှ ဖွတ်ကြီးများအားလုံးမှာ သေဆုံးနေသည်ကိုတွေ့ရသည်။ ထိုဖွတ်ကြီးများအနီးတွင် တစ်တောင်ခန့်ရှိသည့် ဖွတ်ကျားကလေးတစ်ကောင်မှာလည်း သေဆုံးနေလေသည်။ ဖွတ်သားကြိုက်သည့် နီမမှာ ထိုဖွတ်ကျားကလေးအား ပြေးဆွဲကာ ဘုရားရင်ပြင်တစ်နေရာတွင် ကိုက်ဝါးလျှက်စားသောက်နေတော့သည်။

ထိုဖွတ်မင်းကြီးများကို ဘုရားရင်ပြင်အနီးတွင်ပင် မြှုပ်နှံပေးလိုက်ကြသည်။ ဖွတ်မင်းကြီးများအထိမ်းအမှတ်အဖြစ် ရွာသားအချို့က အင်္ဂတေများဖြင့် ဖွတ်ရုပ်ကြီးများကို တနင်္ဂနွေထောင့်တွင် ထုလုပ်ပေးထားကြသည်။

ယခုအချိန်တွင် ရေကြည်စမ်းရွာကလေးမှာ အတော်အတန်တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ ရေကြည်စမ်းရွာကလေးနှင့် ခပ်လှမ်းလှမ်းတွင်တော့ ရွှေရောင်အဆင်းနှင့် စေတီတစ်ဆူကို သပ္ပါယ်စွာ ဖူးတွေ့မြင်နိုင်လေသည်။ ထိုစေတီအား “လိုရာပြည့်၀ ဇောတိက” စေတီဟု ဘွဲ့အမည်တပ်ထားသော်လည်း အနီးပတ်ဝန်းကျင်မှ ရွာသားများမှာ ဖွတ်မင်းသိုက်ဘုရား၊ ဖွတ်ပြစေတီ စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြလေသည်။ ထိုစေတီ၏ တနင်္ဂနွေထောင့်တွင် ရွှေချထားသည့် ဖွတ်ရုပ်ကြီးများကိုလည်း တွေ့မြင်နိုင်သလို ထိုစေတီကလေး၏ ဂန္ဓကုဋီတိုက် တန်စောင်းအတွင်းတွင်တော့ ပုတီးစိပ်လျှက်ရှိသည့် အဘကြီးတစ်ဦးကိုတွေ့မြင်နိုင်သေးသည်။ ထိုအဘကြီးမှာတော့ တစ်ချိန်က စောဖိုးထူးတစ်ဖြစ်လဲ အဘကြီး ဦးထူးပင်ဖြစ်ပါတော့သည်။

ပြီးပါပြီ။

ရေးသားသူ-အဂ္ဂဇော်

#crd