ဘဝဆိုးလေသောသရဲမလှမေ

ထွန်းမောင်သည် စိတ်ဆတ်၏။
မိခင်နှင့်နှမဖြစ်သူအပေါ် အလွန်တွယ်တာပေသည်။
တခါက ဦးလေးတော်စပ်သူမှ မိခင်ဖြစ်သူကို
ရိုင်းပြစွာပြော၍ထွန်းမောင်၏လက်ချက်ကြောင့်
ခေါင်းကွဲခဲ့ရသည်။
မင်းမြင်ရွာရှိလူများမှာ ထွန်းမောင်ကို ကြောက်ရွံ့ကြသည်။
ထွန်းမောင်သည်မိခင်နှင့်နှမကို ဆတ််ဆတ်ထိမခံသူဖြစ်၍
သူ့အား မစနောက်ရဲကြ။
အတင့်ရဲပြီးယောက်ဖဟုခေါ်မိသူများမှာလည်း
ထွန်းမောင်လက်ချက်ကြောင့် လက်ကျိုး၊ခြေကျိုးယုံမက
ခေါင်းကွဲတဲ့အထိပါဖြစ်သောကြောင့် ဒေါ်ဘုမမှာ
ငွေထုပ်ပိုက်၍လျော်ပေးရသေး၏။
သားဖြစ်သူ၏စိတ်ကိုသိလေသော ဒေါ်ဘုမ မှာတော့
မိမိသာမရှိလျှင်ဟုသောအတွေးဖြင့်
သားနဲ့သမီးကို စိတ်မချနိုင်ဖြစ်နေရရှာသည်။

မင်းမြင်ရွာရှိကာလသားတို့သည် လှမေကို
ပိုးပန်းဖို့ရန်မဝံ့ကြ။
လှမေကို ပိုးမည်ဟုတွေးလိုက်လျှင် သူ၏
အစ်ကိုဖြစ်သော ထွန်းမောင်ကိုပြေးမြင်မိကြ၍
လက်လျော့လိုက်ကြသူများ၏။
ထိုကာလသားတို့ထဲ၌ စံလင်းဟုခေါ်သူသည်
လှမေအားအလွန်သဘောကျနေရှာသည်။
ထွန်းမောင်အားကြောက်ရွံ့သော်လည်း လှမေအတွက်ဆို
မည်သည့်အရာကိုမှ မမူဟု ဆုံးဖြတ်ထားသူပင်။
ထို့ကြောင့် လှမေကိုအခါခွင့်ကြုံတိုင်းချစ်ကြောင်း…သဘောကျကြောင်းများပြောတတ်ပေသည်။
တစ်ရက် လှမေဘုန်းကြီးကျောင်းသို့ဆွမ်းချိုင့်ပို့ပြီး
အပြန်လမ်း၌ စံလင်းနှင့်ဆုံလေသည်။
ဆုံလေသည်ဆိုတာထက် စံလင်းမှာလှမေနှင့်တွေ့ရဖို့
စောင့်နေခြင်းပင်။

“လှမေ…”

“သြော်…ကိုစံလင်း”

“လှမေ…ဆွမ်းလာပို့တာလား”

“ဟုတ်ကဲ့…”

လှမေမှာ စံလင်းအားသဘောမကျပေ။
စံလင်းသည် မိဘမဲ့တကောင်ကြွက်ဖြစ်၏။
ထိုအကြောင်းအရာထက် စံလင်းသည်
အလုပ်ကိုလက်ကြောမတင်းဘဲ
အရက်သေရည်ကိုနှစ်ခြိုက်သူတယောက်ဖြစ်
နေခြင်းကြောင့်ပင်။

“ဟိုတနေ့ကအဖြေ…အဖြေမပေးသေးလို့လေ ”

ဟု…စံလင်းသည် ပြုံးဖြီးဖြီးမျက်နှာထားဖြင့်
လှမေကိုပြော၏။
လှမေမှာ ခေါင်းကိုကုပ်၍ စိတ်ရှုပ်ဟန်ဖြင့်…

“ကျုပ်အဲ့နေ့က ပြောလိုက်တယ်လေ ကိုစံလင်းရဲ့…
တော့်ကို ကျုပ်မချစ်ပါဘူးဆိုတာ…”

ဟုပြောလေတော့ စံလင်းမှာလှမေ၏
အနားသို့တိုးကပ်လာပြီး…

“လှမေလေးက ကိုစံလင်းကို ရှက်နေတာလား…
ကြည့်စမ်းပါဦး…လှမေမျက်နှာလေးပန်းရောင်လေးသန်းလို့…”

“ဟင်…ကျုပ်က ဘာကိုရှက်ရမှာလဲ…
ကိုစံလင်း ကျုပ်ကိုဆက်မနှောက်ယှက်ပါနဲ့တော့…
တော်နေကျုပ်အစ်ကိုနဲ့တွေ့ရင်မလိုလားအပ်တာတွေဖြစ်ကုန်မှာဆိုးလို့ပါတော်…”

လှမေသည် စံလင်းအားတောင်းဆိုလေတော့…

“လှမေလေးက ကိုစံလင်းကိုစိုးရိမ်တယ်ပေါ့..
စိတ်ချပါလှမေ…ကိုစံလင်းလေ လှမေအတွက်ဆိုရင်
ဘယ်ကောင့်ကိုမှဂရုမစိုက်ဘူး…”

ဟုအော်ဟစ်ပြောလိုက်ချိန် လှမေမှာမျက်လုံးပြူးသွားရ၏။
အကြောင်းမှာ စံလင်း၏အနောက်ဆီမှ ပုဆိုးကိုခပ်တိုတိုပြင်ဝတ်ရင်း ဒေါသတကြီးလျှောက်လာသော
ထွန်းမောင်ကြောင့်ပင်။

“အစ်ကို…အစ်ကိုလာပြီ…တော်သွားတော့ ကိုစံလင်း…
သွားတော့…….”

ဟု…လှမေ စံလင်းကိုအတင်းနှင်ထုတ်တော့၏။
စံလင်းမှာ နောက်သို့လှည့်ကြည့်ကာ ပြုံးရယ်လိုက်ပြီး
ထွန်းမောင်အား…

“ယောက်ဖ…လာဟ…ဒီမှာမင်းနှမက ငါ့ကိုစိုးရိမ်နေတာ”

ဟုပြောလေတော့ ထွန်းမောင်မှာဒေါသများပို၍ထွက်ကာ…

“ခွေးမသား…ဒီနေ့မင်းအသေပဲ”

“ခွပ်….”

“အ…”

“အစ်ကို…အစ်ကိုလွန်ကုန်မယ်နော်…အစ်ကို”

ထွန်းမောင်မှာ စံလင်းကို
သည်းကြီးမည်းကြီးထိုးကြိတ်တော့၏။
အရက်သမားစံလင်းမှာ
ထွန်းမောင်၏ထိုးနှက်ချက်များကိုပြန်၍တန်ပြန်မခုခံနိုင်။
လှမေခမြာမှာလည်း အစ်ကိုဖြစ်သူထွန်းမောင်ကိုတားဆီးသော်လည်းအရာမထင်ပေ။
သူတို့၏အသံများကြောင့် အနီးအနားမှလူများရောက်လာပြီး
ထွန်းမောင်ကို ဝိုင်းဆွဲကြလေမှ စံလင်းသက်သာရာရပေသည်။
သို့သော် စံလင်းမျက်နှာတခုလုံးသွေးများဖြင့်
ဖူး​ယောင်ကာနေလေ၏။
ထွန်းမောင်မှာ လူများဆွဲတားခြင်းက်ိုရုန်းကန်ပြီး
နှမဖြစ်သူ လှမေ၏လက်ကို…

“လာ…လိုက်ခဲ့…….”

ဟုပြောရင်း ဆွဲဆောင့်ကာခေါ်သွားတော့၏။
ကျန်လူများမှာတော့ စံလင်းကိုအသာမချီ၍ ဆေးဆရာအိမ်သို့သွားကြလေသည်။

“လာ…ထိုင်စမ်း”

“ဟဲ့…ဘာဖြစ်လာကြတာလဲ”

ထွန်းမောင်တို့၏အသံကြောင့် ဒေါ်ဘုမ အထိန်တလန့်ဖြင့်
မေးလေသည်။
ကွပ်ပျစ်ပေါ်သို့တက်မထိုင်ဘဲ အံတကြိတ်ကြိတ်ဖြစ်နေသောထွန်းမောင်နှင့် မျက်ရည်တွဲလဲဖြစ်နေသော လှမေတို့ကို
ဒေါ်ဘုမကြည့်ကာ ရင်တွင်းမှတလှုပ်လှုပ်ဖြင့်
စိုးရိမ်နေလေသည်။

“ဘာဖြစ်လာကြတာလဲဟဲ့…ပြောကြပါဦး…
ဒီအမေရင်ပူလှပေါ့”

ဟု…ထပ်ပြောလေတော့ ထွန်းမောင်မှ…

“အမေ့သမီးပဲမေးကြည့်တော့…”

ဟုဆိုလေသည်။

ဒေါ်ဘုမလည်းသမီးဖြစ်သူကိုကြည့်လေတော့
မျက်ရည်ဆွဲလဲဖြင့်လှမေမှာ…

“ကျုပ်…ကျုပ် ဆွမ်းချိုင့်ပို့ပြီးအပြန်လမ်းမှာ
ကိုစံလင်းနဲ့တွေ့တာ…ကျုပ်ကိုသူကစကားပြောနေတုန်း
အစ်ကိုရောက်လာပြီး ထိုးကြကြိတ်ကြတော့တာပဲအမေရယ်”

ဟု…ငိုကြီးချက်မဖြင့်ပြောလေတော့ ဒေါ်ဘုမမှာမျက်လုံးများ
ဝိုင်းစက်၍သွားကာ…

“ငါ့သား လက်လွန်​ခြေလွန်များဖြစ်ကုန်ပြီလား”

ဟု…ဒေါ်ဘုမစိုးရိမ်စွာမေးလေတော့ ထွန်းမောင်မှာ…

“ကျုပ်စိတ်အလိုသာဆိုရင်ဒီကောင့်ကို
အသေလုပ်ချင်တာအမေ…ဒီကောင်မကသူ့အကောင်ကိုထိလို့
ကျုပ်ကိုတားတာတကြောင်း၊ဘေးလူတွေဆွဲတာတကြောင်းမို့
ဒင်းလွတ်သွားရတာ……..”

ဟု…မကျေနပ်သံဖြင့်ပြောသောထွန်းမောင်စကားကြောင့်
လှမေမှာ ခေါင်းကိုခါရမ်းပြီး…

“ကျုပ်နဲ့ကိုစံလင်းဘာမှပတ်သတ်ပါဘူးအစ်ကိုရယ်…
ကျုပ်ကိုတွေ့တိုင်းသူကအဖြေတောင်းလွန်းလို့ကျုပ်မှာ
အမြဲငြင်းထားရတာပါ…
ဒါကိုသူကလက်မလျော့နိုင်ဖြစ်နေတာပါတော်….”

လှမေဖြေရှင်းလေသော စကားကြောင့်
ဒေါ်ဘုမ စိတ်အေးသွားရသည်။

“အေး…အမေ့သမီးကိုအမေယုံတယ်…
ဒီအကောင်စံလင်းက အကျင့်ကောင်းတာမဟုတ်ဘူး
ငါ့သားရဲ့…မင်းနှမကအဲ့လိုဘိန်းစားကိုကြိုက်မလား…
အေး…ကြိုက်ခဲ့ရင်လည်း အမေကဒင်းကိုလှည့်ကိုမကြည့်ဘူး…
ခုတော့ငါ့သားလည်းစိတ်လျော့လိုက်ပါတော့ကွယ်”

ဒေါ်ဘုမစကားကြောင့် ထွန်းမောင်
အိမ်အပေါ်ထပ်သို့တက်သွားတော့သည်။
လှမေမှာ​တော့ မိခင်ကြီးကိုဖက်၍ ငိုလေသောအခါ
ဒေါ်ဘုမမှာသမီးဖြစ်သူကိုချော့မြူနေရလေသည်။

ရက်ပိုင်းခန့်ကြာတော့ စံလင်းမှာထွန်းမောင်လက်ချက်ကြောင့်
ဖူး​ယောင်နေသည်များသက်သာလာခဲ့၏။
ထိုသို့သက်သာလာလေသောအခါ
သူနှင့်လှမေတို့ချိန်းတွေ့နေကြသည်ကို ထွန်းမောင်တွေ့၍
သူ့အားထိုးနှက်ခြင်းဖြစ်ကြောင်း ရွာထဲ၌သတင်းလွှင့်ပေသည်။
သူနှင့်လှမေတို့၏ချစ်ခြင်းကိုထွန်းမောင်မှ
မရမကလိုက်၍ခွဲကြောင်းများကိုပါ
သတင်းလွှင့်လေတော့သတင်းကြားရသူများမှာ
ယုံရခက်၊မယုံရခက်ဖြစ်ကုန်တော့၏။
ထိုသတင်းအားထွန်းမောင်ကြားလေတော့ နှမဖြစ်သူ
လှမေကို မကျေမနပ်ဖြစ်ကာမေးတော့သည်။
လှမေမှာလည်း သူနှင့်စံလင်းမည်သို့မှ
မပတ်သတ်ကြောင်းငြင်းဆန်ရှာသည်။
နောက်ဆုံးမှာ​တော့ ဒေါ်ဘုမကိုယ်တိုင်ရွာသူကြီးနှင့်
တိုင်ပင်၍စံလင်း၏သတင်းမှားလွှင့်ခြင်းကိုရှင်းလင်းရတော့၏။
ရွာသူကြီးမှစံလင်းက်ိုခေါ်ယူကာ…

“ဒီမှာစံလင်း…မင်းလွှင့်တဲ့သတင်းက
မိန်းမသားတ​ယောက်ကိုဘယ်လော​က်ထိနစ်နာသွားစေသလဲမင်းသိလား…။
အေး…အခုမင်းကိုခေါ်တွေ့တာ မင်းလုပ်ရပ်တွေရပ်ရင်ရပ်…
မရပ်ရင်တော့ငါကိုယ်တိုင်မင်းကိုမြို့ဂတ်ကိုပို့ပစ်မယ်
နားလည်သလား”

“ဟုတ်ကဲ့ပါသူကြီး…နောက်မဖြစ်စေရပါဘူး”

စံလင်းမှာ ရွာသူကြီးကိုမကျေနပ်သော်လည်း
ပြန်၍မပြောရဲ။
ထို့ကြောင့် ခေါင်းညိတ်လိုက်ရတော့သည်။

စံလင်း၏မဟုတ်မမှန်သည့်သတင်းကို
တရွာလုံးနားလည်သွားကြပြီးနောက် စံလင်းကို
ဖယ်ကျဥ်ကြတော့သည်။
ဒေါ်ဘုမမှာလည်း သမီးဖြစ်သူကို တဖက်ရွာမှမိမိ၏ငယ်သူငယ်ချင်း၏သားဖြစ်သူနှင့်နေရာချပေးဖို့စီစဥ်ပေတော့သည်။
ထိုသူ၏အမည်မှာမောင်ကောင်းကြွယ်ဟုခေါ်၏။
ကောင်းကြွယ်သည် မိဘများချမ်းသာသော်လည်း
ကိုယ်ဒူးကိုယ်ချွန်ကာ အလုပ်ကြိုးစားရှာသည်။
ယခုဆို မိဘများ၏အလုပ်များကို
ကိုယ်တိုင်ဦးဆောင်နိုင်သူဖြစ်နေပေပြီ။
ဒေါ်ဘုမတို့လူကြီးများကလည်း လှမေနှင့်ကောင်းကြွယ်တို့ကို
လူငယ်ချင်းအရင်တွေ့ခိုင်း၏။
တစ်ဦးနှင့်တစ်ဦးသဘောကျလေမှ လက်ထပ်ပေးမည်ဖြစ်ကြောင်းလူကြီးများက ပြောဆိုထားကြသည်။
လှမေမှာလည်း ကောင်းကြွယ်ကိုသဘောကျသကဲ့သို့
ကောင်းကြွယ်သည်လည်းလှမေအားသဘောကျရှာသည်။
ထိုသို့ဖြင့်မိဘများသည်
သူတို့နှစ်ဦး၏မင်္ဂလာပွဲကို နှစ်ရွာလုံးမီးခိုးတိတ်
ခန်းနားစွာကျင်းပပေးလေသည်။
ထွန်းမောင်မှာ​တော့ နှမဖြစ်သူအတွက်
အပျော်ကြီးပျော်ရှာသည်။ယောက်ဖဖြစ်သူ ကောင်းကြွယ်ကိုလည်း ညီအရင်းကဲ့သို့ချစ်ခင်ရှာပြီးကောင်းကြွယ်မှာလည်း ထွန်းမောင်သဘောကျလောက်တဲ့ထိ
လိမ္မာရိုးအေးပေသည်။
လက်ထပ်ပြီးလေတော့ သျှောင်နောက်ဆံထုံးပါဆိုသလို
လှမေမှာ ကောင်းကြွယ်၏ရွာသို့လိုက်ပါသွားတော့လေသည်။

***********************************

“ဗျို့…အရီးဝင်း…ဘွားအိမ်မှာရှိသလားဗျ”

ခြံထံသို့မဝင်သေးခင်ခြံပြင်မှအော်မေးလေသော
မောင်တိုးကြောင့်ဒေါ်ဝင်းမှာ ကွပ်ပျစ်မှထိုင်နေရင်း…

“ရှိတယ်မောင်တိုးရေ…မင့်အဘွား
နောက်ဖေးမှာရေချိုးနေလေရဲ့”

ဟုဖြေလေသည်။
ခြံဝိုင်းထဲမှတဆင့်ကွပ်ပျစ်အနီးရောက်လာလေသော
မောင်တိုးမှာ ကွပ်ပျစ်စင်ဘေး၌ရှိသော ထန်းလက်ခုံတွင်ဝင်ထိုင်ပြီး…

“နောက်မှာသူကြီးနဲ့ဧည့်သည်တ​ယောက်ပါလာတယ်ဗျ”

“ဟေ…ဘယ်သူများလဲ”

“မင်းမြင်ရွာကတဲ့…ဘွားနဲ့အရေးတကြီးတွေ့ချင်တယ်ဆိုပဲ…
ကျုပ်ကအရင်ကြိုလာပြောတာဗျ”

“အေး…အေး…ဒါဆိုအရီးလက်ဖက်ပွဲပြင်လိုက်ဦးမယ်…
ငါ့တူက ကွပ်ပျစ်ကိုနည်းနည်းရှင်းလင်းပေးဦး”

“ဟုတ်ကဲ့အရီး….”

မောင်တိုးကိုပြောပြီးနောက်
ဒေါ်ဝင်းမီးဖိုချောင်သို့ဝင်သွားလေသည်။
မောင်တိုးမှာလည်း ကွပ်ပျစ်ပေါ်ရှိကွမ်းအစ်များ…
ရေနွေးကြမ်းအိုးများကိုနေရာချပြီး…
ဖုန်များလှည်းကျင်းလေ၏။
ရေချိုးပြီးသောဘွားမယ်စိန်မှာအိမ်အပေါ်သို့တက်ရန်ကွပ်ပျစ်နားရောက်လေတော့ မောင်တိုးကိုမြင်သွားပြီး…

“မောင်ရင်ရောက်နေတာလား”

ဟုမေးလေသည်။

“ဘွားဆီကိုတော်နေသူကြီးနဲ့ဧည့်သည်လာမှာမို့
ကျုပ်ကအရင်လာပြောတာ”

“သြော်…အေးကွယ်…ဒီလိုဆိုလည်း
ဘွားအပေါ်ခဏတက်လိုက်ဦးမယ်…”

ဟုဆိုကာ အိမ်အပေါ်ထပ်သို့တက်သွားတော့သည်။

ခဏမျှကြာလေတော့ သူကြီးဦးနောင်ချိုနှင့်အတူအသက်သုံးဆယ်အရွယ်အမျိုးသားတစ်ယောက်တို့
ရောက်ရှိလာကြတော့သည်။
သူတို့ရောက်ရှိလာချိန်၌ ဘွားမယ်စိန်မှာကွပ်ပျစ်ခင်း၌
ရောက်နေပြီဖြစ်၏။

“လာ…ထိုင်ကြကွဲ့…မောင်ရင်တို့လာမယ်ဆိုလို့
ဘွားကမျှော်နေတာ”

ဟုပြောလေတော့ သူကြီးဦးနောင်ချိုသည်
ဧည့်သည်အမျိုးသားကို ကွပ်ပျစ်ခင်း၌အရင်ဝင်ထိုင်စေပြီး
ထိုအမျိုးသား၏ဘေး၌ပင်ဝင်ထိုင်ရင်း…

“ဟုတ်တယ်ဗျ…သူက ကျုပ်နဲ့ဆွေမျိုးနီးစပ်တော်သူပဲဘွားရဲ့…
သူရောက်လာတော့ထမင်းမစားရသေးတာနဲ့
ကျုပ်တို့လည်းထမင်းခူးခပ်ကျွေးပြီး
မောင်တိုးကိုအရင်အပြောခိုင်းလိုက်ရတာပဲဗျာ”

ဟု…
သူကြီးဦးနောင်ချိုကဖြေလေသည်။

မောင်တိုးမှာထန်းလက်ခုံ၌ထိုင်နေပြီး
ဒေါ်ဝင်းမှာတော့လက်ဖက်အုပ်ချပြီးသည်နှင့်
အိမ်လည်ထွက်နေသော
နန်းကြိုင်လေးဆီကိုသွားလေပြီဖြစ်သည်။
ဘွားမယ်စိန်သည်ဧည့်သည်အမျိုးသားကိုကြည့်ပြီး…

“မောင်ရင်ကဧည့်သည်ဆိုတော့ ဘယ်ရွာကများလဲ”

ဟုမေးလေတော့…

” ကျုပ်ကမင်းမြင်ရွာကပါ…ဦးလေးနောင်ချိုနဲ့က
တူတဝမ်းကွဲတော်ပါတယ်…”

“မောင်နောင်ချိုဧည့်သည်က ဘွားဆီရောက်လာတာဆိုတော့
ဘာအကြောင်းများရှိလို့လဲ”

ဘွားမယ်စိန်၏အမေးကြောင့် ထိုအမျိုးသားသည်
သူကြီးဦးနောင်ချိုကိုတချက်ကြည့်၏။
သူကြီးဦးနောင်ချိုက…

“ငါ့တူမင်းအခက်အခဲကိုပြောလိုက်လေကွာ…”

ဟုဆိုလေတော့ အမျိုးသားသည်
ဘွားမယ်စိန်ကိုကြည့်၍…

“ကျုပ်နာမည်က ထွန်းမောင်လို့ခေါ်ပါတယ်…
ကျုပ်ကအစောကဘွားကိုပြောတဲ့မင်းမြင်ရွာသားပါ…
အခုလာရတဲ့အကြောင်းကလည်း ကျုပ်တို့ရွာမှာဖြစ်နေတဲ့အခက်အခဲလေးကြောင့်ပါ”

ဟု…ဆိုပြန်လေတော့ ဘွားမယ်စိန်မှ…

“ဘယ်လိုအခက်အခဲများလဲကွဲ့”

ဟု…မေးလေသောအခါ၌ ထွန်းမောင်သည်
မျက်နှာအနည်းငယ်ညိုးနွမ်းသွားပြီး…

“ရွာပြင်ကကွမ်းစပ်မှာ သရဲခြောက်လို့ပါဘွား”

“ဟေ..သရဲခြောက်လို့…သရဲကဘယ်လောက်ထိများခြောက်လို့
အခက်ကြုံနေကြရတာလဲကွဲ့”

“အဲ့သရဲကအခြားသူမဟုတ်ပါဘူးဘွား…
ကျုပ်နှမလေးပါ…သူ့နာမည်က လှမေလို့ခေါ်ပါတယ်ဘွား”

“အလို…သူက မောင်ရင့်နှမလေးဟုတ်သလား…”

“ဟုတ်ပါတယ်ဘွား…ကျုပ်နှမလေးပါ…
ကျုပ်အခုလာရတာကလည်း
ကျုပ်နှမလေးအတွက်စိတ်မကောင်းလို့
သူ့ရဲ့ဘဝဆိုးကနေကယ်ထုတ်ချင်တာကြောင့်ပါ…
အဲ့တာကြောင့် ကျုပ်ရဲ့ဆွေမျိုးတွေကိုတိုင်ပင်ကြည့်တော့
ဒီက ကျုပ်ဦးလေးရွာမှာနေတဲ့
ဘွားရဲ့အကြောင်းကိုသိတာနဲ့လိုက်လာခဲ့ရတာပါပဲ”

“အင်းလေ…ဘွားဘက်ကကူညီနိုင်တာကိုကူညီပေးရမှာပေါ့…
ဒါနဲ့မောင်ရင့်နှမရဲ့အကြောင်းလေးကိုတော့ဘွားကိုပြောပြပေးပါဦး…ဒါမှဘွားကူညီနိုင်မှာပေါ့ကွယ်…”

“ဟုတ်ကဲ့ပါဘွား…ကျုပ်ပြောပြပေးပါ့မယ်…ဒီလိုပါ…..”
လှမေသည် မောင်ကောင်းကြွယ်၏ရွာ၌
မောင်ကောင်းကြွယ်၏မိဘများနှင့်အတူနေထိုင်လေသည်။
စီးပွားရှာကောင်းပြီး ဇနီးသည်အပေါ်ချစ်ခင်ရှာသော
မောင်ကောင်းကြွယ်ကြောင့်လှမေကို ကံကောင်းကြသည်ဟုအများကဆိုကြသည်။
ထိုသူတို့ပြောသည့်အတိုင်းပင်လှမေမှာလည်း
မောင်ကောင်းကြွယ်အပေါ်၌ချစ်ခင်ရှာ၏။
ခင်ပွန်းအပေါ်ယောက္ခမ များအပေါ်၌ လေးစားရိုသေသော
လှမေကိုလည်း ယောက္ခမများကလွန်စွာချစ်ကြလေသည်။
ထိုကဲ့သို့အဆင်ပြေအေးချမ်းလှသော လှမေ၏ဘဝသို့
မမျှော်လင့်ထားခဲ့သော ကံကြမ္မာဆိုးတခုဝင်ရောက်လာခဲ့တော့သည်။
ထိုသည်က မောင်ကောင်းကြွယ်တစ်ယောက်
မင်းမြင်ရွာသို့မနက်အစောပိုင်း၌ထွက်သွားလေရာ
ညမိုးချုပ်သည်အထိပြန်ရောက်မလာခြင်းပင်။
ခါတိုင်းရက်များ၌ထိုသို့သွားတတ်ပါသော်လည်း
ညမိုးချုပ်သည့်အထိမနေဖူးသောကြောင့်
လှမေတို့စိုးရိမ်စိတ်ဖြင့် မင်းမြင်ရွာသို့လူလွှတ်ကာ
မေးကြရသည်။လှမေတို့လွှတ်လိုက်သောလူနှင့်အတူ
လှမေအစ်ကိုထွန်းမောင်လည်းလိုက်ပါလာခဲ့၏။
အစ်ကိုဖြစ်သူကိုမြင်သော လှမေမှာ…

“အစ်ကို…အစ်ကို့ညီကောပါလာပြီလား….ဟင်”

ဟု…စိုးရိမ်တကြီးမေးလေတော့ ထွန်းမောင်မှာ…

“အေး…အဲ့သည်ကိစ္စသိသိခြင်းအစ်ကိုလိုက်လာတာငါ့ညီမရဲ့…
ငါ့ညီကောင်းကြွယ်မနက်ပိုင်းကခဏလာပြီး
ပြန်သွားတယ်လေ…
အခုထိသူပြန်မရောက်သေးဘူးဆိုတော့ ဒီကောင်ဘယ်များသွားနေတာလဲ”

“ဟင်…သူ…သူမနက်က အမေ့ဆီကမျိုးစေ့ထုပ်သွားယူမယ်ဆိုပြီးသွားတာလေအစ်ကိုရဲ့…အခုထိသူက
ဘာလို့ပြန်မရောက်လာသေးရတာလဲ…”

“အင်း…ကဲပါလေ…အစ်ကိုတို့လူစုပြီးရှာပါ့မယ်…
ငါ့ညီမစိတ်အေးအေးသာနေ…ကြားလား”

အစ်ကိုဖြစ်သူ၏အားပေးစကားကိုကြားရသော်လည်း
လှမေအတွက်စိတ်မအေးနိုင်ရှာ။
ငိုကြီးချက်မဖြင့် ခင်ပွန်းဖြစ်သူအတွက်
သောကများရောက်နေရှာသည်။
မိုးလင်းသည်အထိ ထွန်းမောင်တို့လူစုပြန်မရောက်လာကြ။
ရောက်လာသည့်အချိန်၌လည်း မည်သည့်သတင်းမှမထူးခြားဟူသောကြောင့် လှမေတို့မှာသူကြီးကိုတိုင်ပင်၍
မြို့ဂတ်သို့အကြောင်းကြားရလေသည်။
မောင်ကောင်းကြွယ်ပျောက်ဆုံးပြီးတပတ်ကြာလေသောအခါ
လှမေမှာ မအိပ်နိုင်မစားနိုင်ဖြင့် သောကမီးများတောက်လောင်နေရှာသည်။
ယောက္ခမများမှာလည်း သားအတွက်တင်မက
ချွေးမဖြစ်သူအတွက်ပါစိတ်မကောင်းဖြစ်ကြရှာ၏။
တစ်ရက်၌…

“အမေ…ကျုပ်…ကျုပ်ရဲ့ရွာကိုခဏပြန်ပါရစေ”

ဟု..ယောက္ခမဖြစ်သူကိုပြောလေသည်။

“ဘာလို့လဲသမီးရယ်…အမေတို့ဆီမှာနေရတာ
မပျော်လို့လားကွယ်”

“မဟုတ်ပါဘူးအမေ…သမီးဒီမှာနေတဲ့အချိန်တိုင်း
သမီးယောကျာ်းကိုသတိရတဲ့စိတ်ကြောင့်ပိုပြီးပင်ပန်းလို့ပါ…
စိတ်ချပါ သမီးအမေတို့ကိုအကြာကြီးပစ်မထားပါဘူး
တစ်ရက်နှစ်ရက်မို့ခွင့်ပြုပေးပါအမေ”

ဟုတောင်းဆိုလေသည်။
ထိုအခါ ယောက္ခမဖြစ်သူမှာလည်း စိတ်မကောင်းစွာဖြင့်…

“အင်းလေ…ငါ့သမီးကဒီလိုပြောတော့လည်းအမေတို့
ခွင့်ပြုပေးရမှာပေါ့…ဒါဖြင့်လည်းအမေ
သာကျော်ကိုလှည်းနဲ့လိုက်ပို့ခိုင်းလိုက်ပါ့မယ်”

“နေပါအမေ…သမီး ခြေလျင်ပဲပြန်ပါရစေ”

“အို…လမ်းမှာစိတ်ချရပါ့မလားသမီးရယ်”

“ရွာခြင်းကနီးနီးလေးပဲအမေရယ်…
သမီးကိုစိတ်မပူပါနဲ့နော်”

လှမေမှာ အတင်းငြင်းဆန်နေ၍
ယောက္ခမဖြစ်သူမှာစိတ်ကိုလျော့လိုက်ရပြီး…

“အင်းပါလေ…ငါ့သမီးစိတ်တိုင်းကျသာလုပ်ပါ”

ဟုဆိုလေတော့လှမေမှာယောက္ခမများကိုကန်တော့ပြီး
မည်သည့်ပစ္စည်း မည်သည့်အဝတ်အစားမျှမယူဆောင်ဘဲ
မိဘအိမ်သို့ခြေလျင်ပြန်၏။
ရွာခြင်းမှာနီး၍ လှမေခြေလျင်သာလာခြင်းဖြစ်သည်။
မင်းမြင်ရွာထိပ်ရှိလယ်ကွင်းမှဖြတ်သန်းစဥ်အချိန်မှာ
နေပင်စောင်းလေပြီ။
အပူဒဏ်သက်သာချင်၍နေအေးချိန်၌
လှမေပြန်လာခဲ့ခြင်းဖြစ်၏။
ရွာသို့ပြန်သော နွားအုပ်များကြောင့်
ရွာလမ်းမထက်၌ ဖုန်များထောင်းထောင်းထနေချေသည်။
ထို့ကြောင့်လှမေ ကွင်းစပ်ရှိသစ်ပင်အောက်တွင်
ခဏမျှထိုင်နေခဲ့၏။
လှမေထိုင်နေသောနေရာနှင့်မလှမ်းမကမ်း၌
ထန်းတောရှိလေသည်။
ထိုစဥ်ထန်းတောမှထွက်လာသော
လူတဦးသည်လှမေကို ကိုမြင်လိုက်လျှင်
ထန်းတောအတွင်းသို့ချက်ချင်းပြန်ဝင်သွား၏။
ထိုသူမှာအခြားသူမဟုတ် လှမေကိုလွန်စွာချစ်ခင်ခဲ့သော
စံလင်းဖြစ်ပေသည်။
စံလင်းသည်.ထန်းတောသို့ပြန်ရောက်သည်နှင့်
ထန်းရည်ရောင်းသော ကိုတက်လူ အား…

“ဗျို့…ကိုတက်လူ…ကျုပ်ကိုဓားမ ငှားစမ်းပါ”

စံလင်း၏စကားကြောင့် ကိုတက်လူမှာ…

“ဟ…ဓားမငှားပြီး မင်းကဘာလုပ်မလို့တုန်းစံလင်းရဲ့”

ဟုမေးလေသောအခါ…

“ကျုပ်…သစ်ကိုင်းခုတ်ချင်လို့ပါ…
ဒီနားတင်မို့ပေးသာပေးစမ်းပါဗျာ…”

စံလင်းမှာစိတ်မရှည်သယောင်မို့
ကိုတက်လူမှာ အမူးသမားနှင့်အငြင်းမပွားချင်၍…

“အေး…ဟိုနားမှာယူသွား…ပြန်တော့လာပေးနော် စံလင်း”

“စိတ်ချ…”

စံလင်းပုဆိုးကိုတိုသထက်တိုအောင်ပြင်ဝတ်ပြီး
ကိုတက်လူ၏ဓားမကိုယူသွားတော့သည်။
လှမေထိုင်နေသော.လယ်ကွင်းစပ်ကို လှမ်းကြည့်ရင်း…

“ထွီ…….”

ခနဲ တံတွေးကိုထွေး၍ လှမေဆီသို့ ဘီလူးဆိုင်းတီး၍
ထွက်လာခဲ့တော့၏။
လှမေသည်က ခင်ပွန်းဖြစ်သူကိုလွမ်းဆွေးနေရင်း
စံလင်းလာရာသို့ကျောပေးကာထိုင်နေရှာသည်။

လှမေအနီးသို့စံလင်းရောက်လာချိန်၌…

“လှမေ………..”

ဟု ခေါ်လိုက်ပြီး လှမေမှာ တဖက်သို့လှည့်လာချိန်၌
စံလင်းကိုတွေ့လိုက်သောအခါတွင်
စံလင်း၏လက်ရှိဓားမသည် လှမေ၏ လည်ပင်းကို
အငြိုးတကြီးဖြင့် ပိုင်းဖြတ်၍သွားတော့၏။
လှမေမှာအော်ချိန်ပင်မရလိုက် မျက်လုံးအပြူးသား၊ပါးစပ်အဟောင်းသားနှင့် ခန္ဓာကိုယ် နဲ့ခေါင်းဟာ တခြားဆီဖြစ်၍သွားရှာသည်။
လည်ပင်းငုတ်တိုကြီးမှသွေးများ ထိန်းမရအောင်
ဒလဟောစီးကျနေခဲ့ပြီး ခေါင်းပြတ်ကြီးမှာတော့ လယ်ကွင်းထဲသို့လွှင့်စင်ကာကျသွားလေသည်။
လှမေ၏ခေါင်းပြတ်ကြီးကို စံလင်းစိုက်ကြည့်ပြီး…

“မှတ်ထား…ဒါငါ့ရဲ့အချစ်ကိုစောက်ရေးမလုပ်တဲ့
နင့်အတွက်တန်​ကြေးပဲ……”

ဟုပြောလိုက်ပြန်သည်။
ထိုအချိန် နွားတအုပ်ကိုရွာထဲသို့သွင်းဖို့ကွင်းစပ်မှဖြတ်လာသောနွားကျောင်းသာနှစ်ဦးမှာ စံလင်းနှင့်လှမေတို့၏အဖြစ်ကို
တွေ့ရှိသွားပြီး…

“လာကြပါဦး…ဒီမှာ…ဒီမှာမလှမေကို ကိုစံလင်းသတ်လိုက်ပြီ…
လာကြပါဦးဗျို့…….”

ဟု…အော်ဟစ်ပြေးလွှားကာ ပြောတော့၏။
ထိုအခါစံလင်းလည်း လူများတွေ့ရှိသွားလေသည်ကိုသိတော့
ဓားမကိုလွှတ်ချ၍ နေရာမှထွက်ပြေးလေသည်။
သို့သော် ထန်းတော၌ ထန်းရည်သောက်နေသူများနှင့်
ရွာထဲမှ အပြေးထွက်လာကြသူများ၏ ဝိုင်းဝန်းဖမ်းဆီးမှု
ကြောင့် စံလင်းကိုဖမ်းမိသွားကြတော့သည်။
သမီးဖြစ်သူ၏သတင်းကြောင့် ဒေါ်ဘုမမှာ အမောတကြီး
အပြေးလာခဲ့ရှာသလို ထွန်းမောင်မှာလည်း ဖမ်းဆီးထားသော
စံလင်းအား အသားကုန်ထိုးကြိတ်တော့သည်။
ဒေါ်ဘုမမှာ ရင်ဘတ်ကိုစည်းတီး၍
သမီးဇောဖြင့်ငိုကြွေးရှာ၏။

“အမလေးးးးးးး…..ငါ့သမီးရဲ့…..အီးးးးဟီးးးးးဟီးးးးးး….
အဖြစ်ဆိုးလှပေါ့လား…….အမေဘယ်လိုဖြေရမလဲ
ငါ့သမီးလေးရဲ့…အမလေးတော့်….အီးးးဟီးးးဟီးးး…….”

ထွန်းမောင်ကိုလည်း ရွာသူကြီးနှင့်ရွာသားများမှ
ဝိုင်းဝန်းထိန်းသိမ်းကာ…

“ထွန်းမောင်…ဒီကောင့်ကိုမင်းသတ်လို့…
မင်းထောင်ကျတာပဲအဖက်တင်လိမ့်မယ်…။
ဒီတော့မင်းစိတ်ချကွာ…ဒီကောင်သူ့အပြစ်အတွက်
ငါကိုယ်တိုင်မြို့ဂတ်ကိုပို့ပြီး
အပြစ်ပေးခိုင်းပါ့မယ်ငါ့တူရာ…..”

ဟု…ရွာသူကြီးမှတောင်းဆိုလေသည်။
ထိုအခါမှ ထွန်းမောင်သည် မိခင်ကြီးကိုဖက်၍
ညီမဖြစ်သူအတွက်ငိုကြွေးရှာတော့၏။
ရွာနှစ်ရွာလုံးမှာလည်းထိုအဖြစ်ကြောင့်စိတ်မကောင်းဖြစ်ကြရသလို…စံလင်းကိုလည်းကျိန်စဲ ကြလေသည်။
စံလင်းကိုမြို့ဂတ်ပို့ပြီးနောက် ထပ်မံ၍ကြားရသောသတင်းမှာ…
စံလင်းသည် လှမေသာမက…
မောင်ကောင်းကြွယ်ကိုပါ
သတ်ခဲ့သည်ဟုသောအကြောင်းပင်။
မြို့ဂတ်၌ စစ်ဆေးရာမှ စံလင်းဝန်ခံသော သတင်းကြောင့်
ရွာသူကြီးမှထွန်းမောင်တို့ကိုခေါ်ယူပြောလေသည်။
မောင်ကောင်းကြွယ်ရွာမှအပြန်လမ်း၌
စံလင်းသည်အ​နောက်မှအလှစ်ဝင်ကာတုတ်ဖြင့်ရိုက်သတ်လိုက်သည်ဆိုသည့်အကြောင်း…။
မောင်ကောင်းကြွယ်၏အလောင်းကို တောစပ်၌
သွားမြုပ်လိုက်သည့်အကြောင်းများကြောင့်….
မောင်ကောင်းကြွယ်၏အလောင်းမြုပ်ရာနေရာကို
ပြန်ဖော်ကြရသည်။
စံလင်းဝန်ခံသည့်အတိုင်းပင်အလောင်းအားတွေ့ရှိလေ​တော့
တစ်ပူပေါ်နှစ်ပူဆင့်ကာ ဒေါ်ဘုမတို့ ခံစားကြရပြန်၏။
အားလုံးလည်းစံလင်းကြောင့် အဖြစ်ဆိုးရှာသော လှမေတို့
ဇနီးမောင်နှံအတွက် စိတ်မကောင်းရှာပေ။

ထိုအဖြစ်အပျက်ကြီးဖြစ်ပျက်ပြီးနောက် လှမေသေဆုံးရာ
လယ်တောစပ်၌ အခြောက်အလန့်ကြမ်းသည်ဟူသော
သတင်းများက တဖြေးဖြေးကြီးထွားလာခဲ့၏။
ထိုထဲမှ ညဘက်ထန်းတောမှ မူးမူးဖြင့်ပြန်လာသော
ကိုဖိုးကြွက်တစ်​ယောက်၏အဖြစ်ကိုပြောပါရစေ။
ကိုဖိုးကြွက်မှာမှောင်ရိပ်လေးသန်းလာချိန်၌ ထန်းတောမှ
တစ်​ယောက်ထဲပြန်လာခဲ့၏။
လှမေ သေဆုံးရာ ကွင်းစပ်ရှိသစ်ပင်အောက်ရောက်လေတော့
မိန်းကလေးတစ်ဦးသူ့အားကျောပေး၍ထိုင်နေသည်ကို
တွေ့လေသည်။
ကိုဖိုးကြွက်မိမိ၏ရွာမှရွာသူပေလားဟုသော
အတွေးဖြင့်…

“ဟိတ်…ဘယ်သူလဲ…ဒီချိန်ကြီးဘာလာလုပ်နေတာလဲ…
မတော် လူသူမကောင်းတာနဲ့တွေ့ရင်ဒုက္ခရောက်ဦးမယ်”

ဟု…စေတနာဖြင့်ပြောလေတော့ ကျောပေးရာမှ
လှည့်လာသောအခါတွေ့လိုက်ရသူကြောင့်…

“ဟ…လှမေ…ညည်းဒီမှာ ဘာလုပ်နေတာလဲ”

လို့မေးလေတော့…

“ကျုပ်ယောကျ်ားကိုတွေ့မိသလား”

ဟုမေးလေတော့ ကိုဖိုးကြွက်မှတွေးတွေးစစဖြင့်…

“ဟ…နင့်ယောကျာ်းက….ဟင်….ဟင်….
လှမေ….လှမေ….နင်….နင်က သေပြီး…သေပြီးသားလေ……”

ကိုဖိုးကြွက်ထိုအခါမှ လှမေအဖြစ်ကိုသတိရ၍
အကြောက်ကြီးကြောက်ကာသွားတော့၏။
လှမေမှာလည်း လည်ပင်းမှသွေးများ စီးကျပြီး
ကိုဖိုးကြွက်ကိုပြုံးရယ်ပြနေလေသည်။
ကိုဖိုးကြွက်လည်းမြင်ရသော အသွင်အပြင်ကြောင့် ရှေ့သို့ပင်ဆက်မသွားနိုင်…နောက်ကြောင်းသို့ပြန်လှည့်ပြေးတော့၏။
နောက်တစ်ရက်မနက်၌ ကိုဖိုးကြွက်တစ်ယောက်
​ကြောက်လန့်စိတ်ကြောင့်ဘုန်းကြီးကျောင်း၌သွားရောက်နေထိုင်ရှာလေသည်။

နောက်တစ်ဦးမှာက တဖက်ရွာမှ ကိုမျိုးတင့်ဖြစ်၏။
ထိုသူမှာက ဖဲသမားဖြစ်သည်။
မင်းမြင်ရွာရှိအသုဘပွဲ၌ ဖဲရိုက်လာပြီး
အရှုံးကြီးရှုံး၍ ညတွင်းချင်းပင် အိမ်သို့​ပြန်လေသည်။
အိမ်ပြန်ရာလမ်း၌ ဖဲရှုံး၍ မကျေမနပ်ဖြစ်ကာ
တောက်လေးက တတောက်တောက် ခေါက်လာခဲ့သည်။

“​တောက်…”

ဟုခေါက်ရင်းလျှောက်လာခဲ့ရင်းမှ
လှမေသေရာလယ်ကွင်းစပ်သို့ရောက်လာခဲ့တော့သည်။
ကိုမျိုးတင့်ထိုနေရာမှဖြတ်တော့ လယ်ကွင်းစပ်ရှိသစ်ပင်သည်
ရုတ်တရက်လှုပ်ရမ်းသွားသည်မို့ ကိုမျိုးတင့် အထိတ်တလန့်ဖြစ်သွားရ၏။
ဖဲရှူံး၍မကျေနပ်စိတ်များပင်ချက်ချင်း
ပျောက်ကွယ်သွားလေသည်။
လက်အတွင်းပါလာသော မီးတုတ်ဖြင့်
သစ်ပင်ရှိရာဆီသေချာကြည့်နေစဥ်…

“ဘုတ်” ခနဲမြည်သံနှင့်အတူ သစ်ပင်ထက်မှ
တစုံတခုပြုတ်ကျလာခဲ့လေသည်။
ထိုအရာအား ကိုမျိုးတင့် မီးတုတ်အလင်းဖြင့်ကြည့်လိုက်လေတော့….

“အမလေးဗျ……. ခေါင်း….ခေါင်းပြတ်ကြီး……..”

ဟု…အော်ဟစ်ကာ မီးတုတ်ပင်ဆက်မကိုင်နိုင်….
မိမိရွာဆီသို့ တချိုးထဲထွက်ပြေးတော့၏။
ထိုကိုမျိုးတင့်မှာ အကြောက်ကြီးကြောက်၍ အဖျားဝင်ကာ
ဆေးဆရာနှင့်ပင်အတော်ကြီးကုသလိုက်ကြရသေးပေသည်။
ကိုမျိုးတင့်ပြန်ပြောပုံမှာက…

“အမလေး…လေး….လှမေ…လှမေ ခေါင်းပြတ်ကြီးက
ငါ့ကိုပြုံး…ပြုံးပြနေတာဟ………”

ဟုပင်တည်း….။

လှမေ၏ခြောက်လန့်မှုများကိုခံရသည်ကတစ်ယောက်နှစ်​ယောက်မကတော့ပေ။
တခါကရွာနှစ်ရွာကို ကူးလူး၍ အမဲသားရောင်းလေသော
မမြင့်စိန်ဆိုသော မိန်းမကြီး၏
ဟင်းတောင်းကို အပင်ထက်မှ ဆွဲလုခံရလေသည်။
ထိုနေ့မှစ၍ မမြင့်စိန်မှာလည်း မင်းမြင်ရွာသို့
အမဲသားလာမရောင်းရဲတော့ပေ။
လှမေခြောက်လျှင် တချို့ကိုသူ၏ခေါင်းပြတ်ကြီးဖြင့်ပစ်ပေါက်တက်၏။
တခါတရံထိုခေါင်းပြတ်ကြီးမှ
သူ့ယောကျော်းကိုတွေ့မိသလားဟုမေးတတ်ပြန်သည်။

သမီးဖြစ်သူ၏အဖြစ်ကိုကြားသိနေရသော ဒေါ်ဘုမ မှာလည်း
စိတ်မချမ်းသာရှာ။
သမီးစိတ်ဖြင့် အိပ်ရာထဲ ဘုန်းဘုန်းလဲရှာ၏။
သားဖြစ်သူထွန်းမောင်ကိုလည်း…

“ငါ့သား…အမေဘယ်လိုမှ စိတ်မချမ်းသာဘူးကွယ်…
ဖြစ်နိုင်ရင် မင်းညီမကို ဒီလိူအဖြစ်ဆိုးကနေလွတ်မြောက်အောင် ကူညီပေးပါကွယ်…”

ဟု နေ့ရှိသ၍ပြောလေသည်။
ထွန်းမောင်မှာလည်း လူကြီးများနှင့်တိုင်ပင်ရ၏။
လှမေ သေဆုံးသောလယ်ကွင်းစပ်သို့ ဘုန်းကြီးပင့်၍
တရားနာပေးကြလေသည်။
သို့သော်လည်းမထူးခြားဘဲ လှမေမှာခြောက်လန့်နေစဲဖြစ်သည်။
ထို့ကြောင့် ထွန်းမောင်မှာ ဦးလေးတော်စပ်သော
သောင်ထွန်းရွာသူကြီး ဦးနောင်ချိုထံသို့ရောက်ရှိလာရှာတော့၏။

*********************************

အဖြစ်အပျက်များကိုသိရှိသွားသော ဘွားမယ်စိန်မှာ
လှမေကိုသနားနေရှာသည်။
မောင်တိုးမှာလည်းမျက်ရည်များပင်ဝဲနေရှာ၏။

“ကဲ…ဒီလိုဆိုရင်ဖြင့် မောင်ရင်တို့ရွာကိုဘွားလိုက်ခဲ့ပါ့မယ်…”

“ကျေးဇူးတင်လိုက်တာဘွားရယ်…ကျေးဇူးပါဗျာ”

ဘွားမယ်စိန်မှလက်ခံလေတော့ ထွန်းမောင်ကျေးဇူးတင်စကားကို ထပ်ခါတလဲလဲပြော၏။
သူကြီးဦးနောင်ချိုမှာက ကျေနပ်ပြုံးများဖြင့်ပြုံးနေလေသည်။

“မနက်ဖြန်သွားကြတာပေါ့လေ…
မောင်ရင်လည်းရောက်တုန်းရောက်ခိုက်နားဦးပေါ့…
ဟဲ့…မောင်တိုး”

“ဗျာ…ဘွား…”

“အေး…ဘွားတို့မနက်ဖြန်ခရီးထွက်မယ့်အ​ကြောင်း
မောင်အုန်းကိုပြောလိုက်ဦးနော့…”

“ဟုတ်ကဲ့ဘွား…ကျုပ်ဒီကပြန်တာနဲ့ဝင်ပြောမလို့ပါ…”

“အေး…အေး…”

အတော်လေးကြာတော့ သူကြီးဦးနောင်ချိုနှင့်ထွန်းမောင်တို့ပြန်သွားကြသည်။
မောင်တိုးမှာက ဒေါ်ဝင်းအတွက် ထင်းခွဲပေးနေလေ၏။
ထင်းခွဲရင်း…

“အရီး…တလောက ဘုရားပွဲက
ဇာတ်မင်းသားအတော်ချောဆိုဗျ”

ဟု…စကားစလေတော့ ချဥ်ပေါင်ရွက်သင်ရင်းထိုင်နေသော
ဒေါ်ဝင်းမှ…

“ချောတာကချောပါတယ်ဟဲ့…”

“ချောတာကချောပါတယ်ဆိုတော့ ဘာများလိုနေလို့လဲ
အရီးရဲ့”

“အမလေး…ပြောမပြောချင်ပါဘူးဟယ်…
ဇာတ်မင်းသားကချောတာတော့အတော်ချောပါရဲ့…
ဒါပေမယ့်…သူ့အသံကမနှဲလေးရဲ့ကြီးတော်လို့
​ဖြစ်နေတော့…နားထောင်ရဆိုးသဟဲ့…….”

“အလိုလေး…အဲ့လိုကြီးလားအရီးရ…
ကျုပ်ကြားမိသလောက်အဲ့ဇာတ်မင်းသားကအတော်နာမည်ကြီးသတဲ့ဆိုပဲ…”

“ဒါကတော့ဟယ်…ရုပ်ကြောင့်လူရာဝင်တာထင်ပါရဲ့”

ဒေါ်ဝင်းစကားကြောင့် မောင်တိုးမှာခေါင်းတညိတ်ညိတ်ဖြင့်
ထင်းဆက်ခွဲနေတော့သည်။
ဒေါ်ဝင်းမှာ မောင်တိုးကိုကြည့်နေခဲ့သည်။
ရှေ့ဆံပင်ကို မရမကစုစည်းထားသောမောင်တိုးအား…

“ဟဲ့မောင်တိုး…နင်ကောဇာတ်မင်းသားမဖြစ်ချင်ဘူးလား”

“အလိုဗျာ ကျုပ်ကဘယ်နားကဇာတ်မင်းသားရုပ်ပေါက်နေလို့လဲအရီးရ”

“နင့်ကြည့်ရတာ…ဇာတ်မင်းသားရုပ်ထက်
သူငယ်တော်ရုပ်ပေါက်နေလို့ပေါ့ဟဲ့…
ဟား…ဟား…ဟား..ဟား”

“ဟာဗျာ…အရီးကလည်း”

ဒေါ်ဝင်းမှာမောင်တိုးကိုစနောက်ရင်းရယ်မောတော့သည်။
မောင်တိုးမှာလည်းရယ်ရယ်မောမောဖြင့် ထင်းခွဲနေတော့၏။

နောက်ရက်မနက်အစောပိုင်း၌ မောင်အုန်းနဲ့မောင်တိုးတို့မှာ
ဘွားမယ်စိန်နှင့်ခရီးသွားဖို့လှည်းကိုဘွားမယ်စိန်အိမ်ပေါက်ဝ၌
အသင့်ပြင်ထားကြသည်။
ဘွားမယ်စိန်မှာလည်းယူဆောင်စရာရှ်ိသည်များကို
ယူဆောင်၍ ဒေါ်ဝင်းတို့သားအမိကိုမှာကြားခဲ့ပြီးနောက်
လှည်းအထက်သို့ တက်လေသည်။
ထွန်းမောင်တို့ကတော့ရွာထိပ်မှစောင့်နေကြမည်ဖြစ်၏။
ဘွားမယ်စိန်တို့လှည်းကလေးရွာလမ်းမ
အတိုင်းမောင်းနှင်လာသောအခါ၌ နှုတ်ဆက်သူများက
နှုတ်ဆက်နေကြသည်။
နွားလှည်းနှင့်ဘွားမယ်စိန်သွားပြီဆိုလျှင်
ခရီးထွက်ခြင်းဖြစ်ကြောင်းတရွာလုံးသိ၏။
အလာတုန်းကတယောက်ထဲပင်ဖြစ်သော်ငြား
ယခုတော့ထွန်းမောင်နှင့်အတူ ရွာသူကြီးဦးနောင်ချိုပါလိုက်ပါလာခဲ့လေသည်။
ရွာအရေးကိုတော့ ဦးဘစီနှင့်သာ လွှဲထားခဲ့ပုံရ၏။
ထွန်းမောင်တို့နွားလှည်းလေးရှေ့မှအသောနှင်နေသည်မှာ
ဖုန်များတထောင်းထောင်းထနေပေသည်။
ဖုန်များကြောင့်ဘွားမယ်စိန်မှာ တဘက်စလေးကိုခေါင်းပေါင်းထားရ၏။
မောင်တိုးနှင့်မောင်အုန်းမှာတော့ အပိုပါလာသော
ပုဆိုးကြီးများကိုကိုယ်၌ခြုံထားယုံမက ခေါင်း၌လည်း
ဝါးခမောက်များကိုဆောင်းထားကြလေသည်။
ထိုသို့ဖြင့် မနက်အစောပိုင်းထွက်လာကြသည့်ခရီးသည့်
နေ့လယ်ပိုင်း၌ မင်းမြင်ရွာသို့ရောက်ရှိလာခဲ့တော့၏။
သောင်ထွန်းရွာမှာမင်းမြင်ရွာ၏အနောက်ဘက်တွင်ရှိသည်မို့
ရွာအနောက်တံခါးမှဝင်လာခဲ့ကြလေသည်။
ထွန်းမောင်၏အိမ်ဆီသို့ရောက်လာလေ​တော့
ဆွေမျိုးသားချင်းများက ခရီးဦးကြိုပြုကြရှာသည်။
လက်ဖက်ပွဲ၊မုန့်ပွဲ၊အကြော်ပွဲ၊အသီးပွဲများဖြင့်စုံလင်စွာပြင်ဆင်ပေးထားကြသည်မို့ ဘွားမယ်စိန်တို့မှာ
အားပင်နာကြရလေသည်။
ခဏကြာတော့
ဧည့်သည်များနေရခက်မည်ဆိုးသောကြောင့်
လူကြီးသုံးဦးမျှသာ ထွန်းမောင်အိမ်၌ နေခဲ့ရှာသည်။

“ဘွား…ဒါက ကျုပ်အမေရဲ့အစ်မပါ။
လေးလေးမကြည်ဒါ လေးလေးနောင်ချိုတို့ဆီက
ကျုပ်ပင့်လာတာ
ဘွားနာမည်က ဘွားမယ်စိန်တဲ့”

“အေး…ငါသိပါတယ်ထွန်းမောင်ရယ်…
ဒီက ဘွားကို ကျုပ်တူမလေးအတွက်အားကိုးပါတယ်တော်”

“ဒါက လေးလေးမကြည်ရဲ့ယောကျာ်းဘိုးဘအောင်တဲ့ဘွား”

ထွန်းမောင်သည် လူကြီးများနှင့်မိတ်ဆက်ပေး၏။
ဒေါ်ဘုမမှာလည်း အိပ်ရာအထက်မှလူးလဲထလာပြီး
ဘွားမယ်စိန်ကို…

“ကျုပ်သမီးလေးအတွက်ဘွားကိုအားကိုးပါရစေတော်…
ကျုပ်သမီးလေးဒီလိုဘဝဆိုးရောက်တာကျုပ်မကြည့်ရက်လို့ပါဘွားရယ်…”

ဟု…ငိုကြီးချက်မဖြင့်အကူအညီတောင်းရှာသည်။
ဘွားမယ်စိန်မှလည်း သူကူညီပေးမည့်အကြောင်းများဖြင့်
နှစ်သိမ့်ပေးရှာ၏။
အားလုံးနှင့်စကားပြောရင်း လှမေအတွက်မည်သို့
လုပ်ဆောင်မည်ဆိုသည်များကိုပြောလေတော့သည်။

“ဘွား…ညကျရင်လှမေနေတဲ့လယ်ကွင်းစပ်ကို
သွားဖို့တွေးထားတယ်…။
သူနဲ့တွေ့ပြီးမှဘာဆက်လုပ်ရမယ်ဆိုတာ
ဘွားစီစဥ်ပေးပါ့မယ်…”

ဟုပြောလေတော့ ထွန်းမောင်မှာ…

“ဘွားသဘောပါဗျာ…ကျုပ်တို့ဘက်ကရော
ဘာများလုပ်ပေးရဦးလဲဆိုတာပြောပြပါဦးဘွား”

“လောလောဆယ်တော့မောင်ရင်တို့လုပ်စရာမရှိသေးပါဘူး။
ဘွားဘက်ကပဲအရင်စီစဥ်ပါဦးမယ်”

“ဟုတ်ကဲ့ဘွား…”

ထိုသို့ဖြင့် ခရီးပန်းလာကြ၍ အမောဖြေအနားယူကြတော့သည်။
ထမင်းဟင်းများကိုလည်း
ဖွယ်ဖွယ်ရာရာပြင်ဆင်ကျွေးကြ၏။
သူကြီးဦးနောင်ချိုမှာလည်းဆွေမျိုးများနှင့်စကားလက်ဆုံကြနေခဲ့ရှာသည်။

ညမိုးချုပ်လေတော့ ဘွားမယ်စိန်သည်
ထွန်းမောင်၊မောင်တိုး၊မောင်အုန်းတို့နှင့်အတူ ရွာပြင်ရှိလယ်ကွင်းဆီသို့ထွက်လာခဲ့ကြသည်။
ကျန်လူကြီးများမှာအိမ်၌သတင်းကိုစောင့်မျှော်နေခဲ့ကြ၏။
လှမေဆုံးသော လယ်ကွင်းစပ်ရှိသစ်ပင်နှင့်မလှမ်းမကမ်းနေရာသို့ ​ရောက်လေတော့ ထွန်းမောင်မှာ…

“ဟိုအရှေ့ကသစ်ပင်ပဲဘွား…”

ဟုညွှန်ပြလေသည်။
မောင်တိုး၊မောင်အုန်းတို့မှာ မီးတုတ်များကိုကိုင်ရင်း
သစ်ပင်ဆီသို့ကြည့်လေတော့ မိမိတို့ကိုယ်၌
ကြက်သီးများပင်ထလာသည်ဟုထင်မိကြလေသည်။

“ကဲ…ဒီလိုဆိုရင်မောင်ရင်တို့ဟောသည်
နေရာမှာပဲနေခဲ့ကြပေတော့…”

ဟုဆိုကာ ရှေ့သို့ဘွားမယ်စိန်တစ်ယောက်ထဲ
ဆက်သွားတော့၏။
ထွန်းမောင်မှာ…

“ဘွား…ဘွား တစ်ယောက်ထဲ ဖြစ်ပါ့မလား”

ဟုမေးလေတော့ မောင်တိုးတို့မှာ…

“ဘွား…သွားပါစေကိုထွန်းမောင်…
ကျုပ်တို့ဘွားကဒီကိစ္စတွေမှာ
အတော်လေးပညာရှိပါတယ်…ဒီအတွက်မပူပါနဲ့”

ဟုပြောလေမှ ထွန်းမောင်ခေါင်းညိတ်လက်ခံလိုက်သည်။
သို့သော် သူတို့သုံးဦးစလုံး ရင်ခုန်လှုပ်ရှားနေကြပေသည်။

ဘွားမယ်စိန်မှာဖြေးဖြေးမှန်မှန်ဖြင့်သစ်ပင်ဆီသို့ရောက်လာခဲ့၏။
ဘွားမယ်စိန်သစ်ပင်ရှိရာသို့ရောက်တော့ သစ်ပင်တခုလုံး
ကိုင်ဆွဲဆောင့်ခံရသလို လှုပ်ရမ်း၍နေလေသည်။
ထိုအဖြစ်ကိုအဝေးမှထွန်းမောင်တို့လည်းမြင်ကြ၏။
ဘွားမယ်စိန်မှာက သူ၏တောင်ဝှေးကိုထောက်၍
မျက်မှောင်ကျုံ့ကာ သစ်ပင်ကိုမော့ကြည့်နေလေသည်။
ထိုသို့ကြည့်နေရင်း…

“ဘုတ်…”

ခနဲ ပြုတ်ကျလာသောအရာကြောင့်
ထိုအရာကိုဘွားမယ်စိန်ကြည့်လိုက်လေတော့ ထိုအရာမှာ
လှမေ၏ခေါင်းပြတ်ကြီးဖြစ်နေပေသည်။
ခေါင်းပြတ်ကြီးသည်ပြုံးရယ်ပြနေခဲ့၏။
သစ်ပင်ထက်မှလည်း ခေါင်းမပါသော ကိုယ်ကြီးသည်
ဇောက်ထိုးကြီးဆင်းလာပြန်ပေသည်။
ထိုမြင်ကွင်းကိုကြည့်နေသောဘွားမယ်စိန်ကိုကြောက်လန့်စေဖို့
ခြောက်လန့်နေသော လှမေသရဲမကို ဘွားမယ်စိန်မှ…

“လှမေ…သမီး…ညည်း​ခြောက်နိုင်တာ ဒါအကုန်ပဲလားအေ့”

ဟုဆိုလေတော့ ပြုံးရယ်နေသောလှမေ၏ခေါင်းပြတ်ကြီးမှာ
ချက်ချင်းတည်သွားတော့၏။

“ကိုယ်ဘယ်ဘဝမှာရောက်နေသလဲဆိုတာလည်း
ညည်းသိတယ်…ဒါကိုဆက်ပြီးဒီဘဝမှာပျော်ရွှင်နေတာလား”

ဟု…ဘွားမယ်စိန်ထပ်မေးလေတော့ လှမေခေါင်းပြတ်ကြီးနှင့်
ခေါင်းမဲ့ကိုယ်ကြီးသည်ဖျောက်ခနဲပျောက်ကွယ်သွား၏။

“ညည်းရှိနေတာကိုဘွားသိတယ်…ညည်းရဲ့ခုဖြစ်တည်နေတဲ့
ဘဝဆိုးကနေလွတ်မြောက်ဖို့ ညည်းအမေကိုယ်တိုင်
ငိုကြီးချက်မနဲ့ ဘွားကိုအကူအညီတောင်းထားရှာတာအေ့”

ဟုဆိုလိုက်ပြန်တော့ ဘွားမယ်စိန်နှင့်မျက်နှာခြင်းဆိုင်၌
လှမေပြန်ပေါ်လာ၏။
လှမေ၏ပုံသဏ္ဍန် မှာ မသေဆုံးခင်ကကဲ့သို့လှလှပပလေး
ဖြစ်နေလေသည်။

“အမေ…ကျုပ်အမေက အကူအညီ​တောင်းတယ်…
ဟုတ်လား”

ဟု..ဝမ်းသာတကြီးမေးသည်။
ထိုအခါဘွားမယ်စိန်ခေါင်းညိတ်ရင်း…

“ဟုတ်တယ်သမီး…ညည်းကြောင့်ညည်းအမေခမျာ
မစား၊မအိပ်နဲ့ဝေဒနာကိုမွေးမြူနေရှာတယ်…”

ဟုဆိုတော့ လှမေစိတ်မကောင်းဟန်ဖြင့်…

“ကျုပ်…ကျုပ်ယောကျာ်းကိုရှာနေတာပါ…”

“အင်း..လူတစ်​​ယောက်သေဆုံးသွားရင် သူသေခါနီး
စွဲမိတဲ့အစွဲတခုက သူ့ရဲ့ရှေ့ဖြစ်မယ့်ဘဝကိုရွေးချယ်သွားတာ…
ညည်းအခုဘဝမှာညည်းယောကျာ်းနဲ့မဆုံတွေ့ဖူးဆိုတာ
သူကညည်းလို့ဘဝမှာရှိမနေလို့ပဲ…ဒီတော့ငါ့သမီး
ညည်းရဲ့ဘဝကိုလည်းဒီလိုအစွဲတခုကြောင့်
ဆက်ပြီးမနှစ်မြုပ်ပါနဲ့တော့…ခုကိစ္စကညည်းတင်မကဘူး ညည်းအမေနဲ့ပါသက်ဆိုင်လိမ့်မယ်…
ညည်းဒီလိုသာဆက်သွားနေရင်
ညည်းအမေလည်းသမီးဇောနဲ့ညည်းနဲ့
ဘဝတူသွားလိမ့်မယ်နော်”

လှမေမှာ ဘွားမယ်စိန်စကားကြောင့်တွေဝေသွားရှာသည်။
လှမေ၏မျက်နှာထက်၌ မျက်ရည်များကစီးကျနေခဲ့ပြန်သည်။

“ကျုပ်…ကျုပ်…ဘာဆက်လုပ်ရမှာလဲတော်…”

ဟု…လှမေမေးလေတော့…

“ငါ့သမီး…ညည်းအခုလုပ်ရမှာကဒီဘဝကနေ
ကျွတ်လွှတ်နိုင်ဖို့ပဲ…ဒီအတွက်လည်းဘွားပြောတာညည်းနားထောင်နိုင်ရမယ်…”

ဟုဘွားမယ်စိန်ပြောလေတော့ လှမေမှာ ခေါင်းကိုအဆက်မပြတ်ညိတ်၍…

“ကျုပ်…ကျုပ်အမေအတွက် ကျုပ်နားထောင်ပါ့မယ်”

ဟုဆိုရှာသည်။

“ကောင်းပြီလေ…ဒီလိုဆိုရင် နောက်သုံးရက်နေရင်
ညည်းအတွက်ကုသိုလ်ပြုအမျှအတန်းဝေပေးပါ့မယ်…
အဲ့အချ်ိန်ကျရင် ညည်းအမေလည်းအခုလိုမဟုတ်ဘဲ
ပြန်ကျန်းမာလာစေရမယ်…
အမျှအတန်းပေးဝေရင်တော့ညည်းကိုယ်တိုင်
သာဓုခေါ်ပေးရလိမ့်မယ်…ဒီလိုဆိုဖြစ်သလား”

“ဖြစ်ပါတယ်…ကျုပ်အမေသာ ကျုပ်ကြောင့်
စိတ်မဆင်းရဲရရင်ဖြစ်ပါတယ်တော်…”

ဟုလှမေပြောတော့ဘွားမယ်စိန်ခေါင်းကိုညိတ်၍…

“ကောင်းပြီ..ဒီလိုဆိုဘွားပြန်မယ်…
အလှူပြုမယ့်နေ့ကြရင်ဘွားကိုယ်တိုင်လာခေါ်မယ်”

ဟုပြောပြီးနေရာမှထွက်လာခဲ့တော့သည်။
ဘွားမယ်စိန်ထိုနေရာမှထွက်လာလေတော့လှမေလည်းပျောက်ကွယ်သွားတော့၏။
ထွန်းမောင်တို့သုံးဦးမှာ​တော့လှမေကိုလည်းမမြင်ကြသလို
ဘွားမယ်စိန်တဦးထဲစကားပြောနေသည်ကိုသာ
တွေ့ကြရလေသည်။
ရွာသို့ပြန်ရာလမ်း၌ ဘွားမယ်စိန်မှာမည်သည့်စကားမှမပြောသည်မို့ သုံး​​ယောက်လုံးသိချင်စိတ်ကိုအောင့်အီးကာ
ထားကြရရှာသည်။
အိမ်သို့ရောက်လေမှ လူကြီးများနှင့်ဒေါ်ဘုမကို
ဘွားမယ်စိန်မှအကြောင်းစုံပြောပြလေတော့ ဒေါ်ဘုမမှာ
မျက်ရည်များဖြင့်ဝမ်းသာနေရှာသည်။

“ကျုပ်သမီးလေးက ကျုပ်အတွက်ကြည့်ပေးရှာတာပဲ…
စိတ်ချပါဘွား…အလှူနေ့ကြရင်ကျုပ်
ကျန်းမာစေရပါမယ်တော်”

ဟုအားရဝမ်းသာစွာပြောလေတော့ ထွန်းမောင်တို့တတွေ
ပျော်ရွှင်ကျေနပ်သွားကြတော့၏။
ထိုသို့ဖြင့် ဘုန်းကြီးကျောင်း၌ လှမေအတွက်ရည်စူးကာ
လှူဒါန်းဖို့ပြင်ဆင်ကြ၏။
သုံးရက်မြောက်သောနေ့ရဲ့
မနက်အစောပိုင်း၌
ဘွားမယ်စိန်သည် လှမေနေသော လယ်ကွင်းစပ်ရှိသစ်ပင်၌
လှမေ၏အမည်ကိုခေါ်၍ တရားနာလိုက်ခဲ့ဖို့ခေါ်လေသည်။
ဘုန်းကြီးများနှင့်ရေစက်သွန်းချအမျှပေးဝေပြီးနောက်
မှာ​တော့အားလုံးစိတ်များပေါ့ပါးသွားကြသည်။
ထိုနေ့ညပိုင်း၌ ဒေါ်ဘုမတယောက်အိပ်ရာမှနိုးလာလာခြင်း

“ကျုပ်…ကျုပ်သမီးလေး…ကျုပ်ကိုပြုံးပြနေတယ်တော့်…
ကျုပ်အိမ်မက်ထဲမှာလေ…ကျုပ်သမီးလေးကအဝတ်အစားအကောင်းစားကြီးတွေဝတ်ပြီးပြုံးပြသွားတာတော့်”

ဟုအော်ဟစ်ကာဝမ်းသာတကြီးပြောလေတော့ ဘွားမယ်စိန်တို့မှာလည်း လှမေတစ်ယောက်ဘဝဆိုးမှလွတ်မြောက်၍
မိခင်ဖြစ်သူအားလာရောက်နှုတ်ဆက်ခြင်းဟုသိရှိသွားကြတော့၏။
လှမေကျွတ်လွတ်သွားကြောင်းသေချာသောနောက်တရက်၌
ဘွားမယ်စိန်တို့ရွာသို့ပြန်လာခဲ့ကြတော့၏။
သူတို့၏လှည်းအထက်၌ ဒေါ်ဘုမနှင့်ဆွေမျိုးများမှ
ပေးသောလက်ဆောင်များကအပြည့်ပင်ဖြစ်ပေသည်။
ငြင်းဆန်သော်လည်းမရသည်မို့ယူဆောင်လာခဲ့ရခြင်းဖြစ်၏။

ပြီးပါပြီ။
စာဖတ်သူတို့ကျေနပ်ကြပါစေ။

ယဥ်မင်း(ကန့်ဘလူ)