ဘီလူးမွေးတဲ့ မတင်မြ(စ/ဆုံး)
——————————-
(ဒီအကြောင်းအရာလေးကတော့ လွန်ခဲ့တဲ့ 35 နှစ်လောက်က ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရွာကလေး တစ်ရွာမှာ တစ်ကယ် ဖြစ်ပျက်ခဲ့ပါသည်။
မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေရန် မရည်ရွယ်ပါ ။)
**************
သူမနာမည်က မတင်မြ။ မတင်မြက စမ်းချောင်းရွာသူ တစ်ယောက်ဖြစ်၏။ ရွာထိပ်ရှိ စမ်းချောင်းကို အစွဲ ပြု၍ စမ်းချောင်းရွာဟု ခေါ်ခြင်းပင် ။မတင်မြမှာ အသန်မစွမ်း ဖြစ်နေသော မိဘနှစ်ပါး ရှိသည်။ မတင်မြသည် ခြံထွက်သီးနှံများကို ရွာထဲ လှည့်လည်ရောင်းရင်း မိဘနှစ်ပါးကို လုပ်ကျွေးနေသူဖြစ်၏။
စမ်းချောင်းရွာ၌ မတင်မြ ဆိုသည် မသိသူမရှိသလောက် ပင်။ မတင်မြသည် ဆင်ရဲရှာသော်လည်း စိတ်ကောင်းရှိသည်။ လူတစ်ဖက်သားကို မဟုတ်တာမလုပ်။ သူမအပေါ် မဟုတ်တာလုပ်ရင်လည်း ငြိမ်ခံမနေတတ်ပေ။ မတင်မြတွင် အတူနေမောင်တစ်ယောက်ရှိသေးသည်။ သူနာမည်က ငွေလှ ပင်။ ငွေလှကလည်း မတင်မြလို စျေးမရောင်းသော်လည်း ပိုက်ဆံ ရရာ အကုန်လုပ်သူဖြစ်သည်။
ပျိုး နှုတ်ချိန်ရောက်လျှင် ငွေလှ က အငှားပျိုးလိုက်နှုတ်သည်။ မတင်မြက အငှားကောက်စိုက်သည်။
စပါးသိမ်းချိန်တွင်လည်း ထို့နည်းတူပင် မောင်နှမနှစ်ယောက် အငှားကောက် ရိတ်သည်။ ကောက်စိုင်ပုံ သယ်သည်။ နေပူသည် ၊မိုးရွာသည် မရွေးပဲ အလုပ်မှန်သမျှ အကုန်လုပ်ကြသူ ဖြစ်သည်။
မိုးရာသီ အလုပ်ပါးချိန် ရောက်ပြီဆိုရင်ဖြင့် ငွေလှတစ်ယောက် ပိုက်ကွန်များဖြင့် အလုပ်ရှုပ်တော့သည်။ မြစ်ထဲသို့သွား၍ ပိုက်မျှောတော့သည်။ (ပိုက်မျှောခြင်း ဆိုသည် ပိုက်၏အပေါ် စတွင် ဖော့တုံးများတပ်၍ ရေထဲချသောအခါ ပေါ်နေပြီး ငါးမိနေလျှင် ဖော့တုံးမြုပ်သွားသည်။ ထိုအခါ ငါးကို ဖြုတ်ယူရသည့် ငါးဖမ်းခြင်း) ။
ရေပြည့်ချိန်ရောက်ရင်တော့ မြောင်းပိတ်တော့သည်။ ရေပြည့်လျှင် ရေမြောင်းထိပ်ကို ပိုက်ဖြင့်ပိတ်၍ ပိုက်စကို ရွံ့ထဲသို့ မြှုပ်လိုက်သည်။ ရေစစ်သွားချိန်ရောက်တော့ေရ မြောင်းအတွင်းကျန်ခဲ့သော ငါးများကို ဖမ်းယူတော့သည်။ ထိုသို့ ဖမ်း၍ ရလာသော ငါးများကို မတင်မြက ရွာစဥ်လှည့်၍ ရောင်းချတော့သည်။
ထိုနည်းဖြင့်မောင်နှမ နှစ်ယောက် မိဘ နှစ်ပါးကိုလုက်ကျွေးနေကြလေသည်။ တစ်နေ့တွင်တော့ မတင်မြ၏ မိဘနှစ်ပါးမှာ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားရှာကြသည်။ သိပ်မကြာခင်မှာပဲ မောင်ဖြစ်သူ ငွေလှကလည်း တစ်ဖက်ရွာသူ ဖြင့်အိမ်ထောင်ကျ၍ မိန်းမအိမ်သို့ လိုက်နေခဲ့သည်။ ထိုအခါတွင်တော့ မတင်မြ တစ်ယောက်တည်းနေဖို့ မသင့်တော်တော့သဖြင့် ရွာထဲရှိ လူပျိုကြီး ကိုမြသောင်း နှင့် လက်ထပ်လိုက်သည်။
ကိုမြသောင်းသည် အရက်မသောက် ၊ကွမ်းမစား ၊ ဆေးလိပ်မသောက် ၊လောင်းကစား မှန်သမျှမလုပ်ပေ။ အလုပ်ကို ကြိုးကြိုးစားစား လုပ်သူဖြစ်သောကြောင့် မတင်မြစိတ်ချမ်းသာရသည်။ အိမ်ထောင်ကျချိန်မှာ ကိုမြသောင်းတွင် လယ်သုံးဧက ရှိ၍ မတင်မြ အရင်လို စျေးမရောင်းရတော့ပေ။
မတင်မြနှင့် ကိုမြသောင်း တို့ အိမ်ထောင်သက် ငါးနှစ်ကြာသည်အထိ ကလေးမရကြပေ ။ ကလေးလိုချင်လွန်း၍ ရွာအနောက်ဘက်ရှိ ညောင်ပင်ကြီးထံတွင် ညနေတိုင်း သားဆုပန်ကြသည်။ သားဆုပန်ရင်း ငါးလလောက် ကြာတော့ မတင်မြ ကိုယ်ဝန်ရှိလာသည်။ ကလေးရူး ရူးနေသော မတင်မြတို့ လင်မယား နှစ်ယောက် အပျော်ကြီး ပျော်ကြတော့သည်။
ကိုယ်ဝန်ရှိပြီး နှစ်လလောက်ကြာတော့ မတင်မြတစ်ယောက် ထူးထူးဆန်းဆန်း တွေဖြစ်လာသည်။ ထိုအရာကတော့ ချက်ပြီးသား ဟင်းတွေဆို မစားချင်တော့ ပေ။
“ဘာဖြစ်လို့လဲ… မတင်မြ… ထမင်းစားမကောင်းဘူးလား ”
“သိပါဘူးတော်…ကျုပ်ဒီဟင်းတွေ မစားချင်ဘူး ”
” မင်းဘာဟင်းစားချင်လို့လဲ…ပြောလေ…ငါချက်ကျွေးမယ် ”
“ကျုပ်… အမဲသား ဟင်းစားချင်တယ် ”
” ဟမ်…မင်းမှ အမဲသားမစားတာ… အသားဟင်းတောင် မင်းကစားတာမဟုတ်ဘူးလေ…”
” အခုကျုပ် အသီးအရွက်တွေ မစားချင်တော့ဘူး… အမဲသားတို့ အသားဟင်းတို့ စားချင်တယ် ”
“ဓာတ်ဆာတောင်း တာဖြစ်မှာပေါ့… ငါမနက်ဖြန်ကျရင် အမဲသား ဝယ်ခဲ့ပေးမယ် နော်… ”
ကိုမြသောင်း တစ်ယောက် မတင်မြကို မယုံနိုင်ဖြစ်နေသည်။ အရင်က အသားဟင်းဆိုရင် ငါးဟင်းတောင် မစားပေ။ ခြံထွက်အသီးအနှံ များကိုသာ ချက်စားသည်။ ယခု ကိုယ်ဝန်ရှိကာမှ အသားဟင်းများနေတိုင်းစားချင်နေသည်။ မိန်းမများ ကိုယ်ဝန်ရှိလျှင် တစ်ခုခုကို အမြဲစားချင် နေတတ်သည်ဟု ကြားဖူးနားဝါ ရှိထား၍ သူ့မိန်းမ မတင်မြ ကိုယ်ဝန်ရှိလို့ ဓာတ်ဆာ တောင်းသည်ဟု ပဲ တွေး၍ မိန်းမဖြစ်သူ စားချင်တာများသာ ရှာကျွေးသည်။
“မတင်မြရေ…ကိုယ် တောတက်ဦးမယ်နော် မင်းလည်းကိုယ်ဝန်ကြီးနဲ့ဆိုတော့ ငါအကြာကြီး မနေပါဘူး သုံးလေးရက်တော့ ကြာမယ်နော် ”
“အင်းပါ တော်… ကျုပ်ကို စိတ်မပူပါနဲ့ ”
ကိုမြသောင်း မိန်းမအတွက် လူပ်ပေးစရာများလုပ်ပေးပီး တောတက်သွားသည်။ ကိုယ်ဝန်ရင့်လျှင် တောတက်နိုင်တော့မည် မဟုတ်သဖြင့် ဒီတစ်ခေါက်ပင် တောတက်ဖြစ်လောက် မည်။
မတင်မြလည်း လုပ်စရာမရှိတော့ ပျင်းနေ၍ အိမ်ရှေ့၌ လမ်းလျှောက်နေ၏ ။
“မတင်မြ… လမ်းလျှောက် နေတာလား တော့ ”
“သြော်…မမြပါလား… ဘယ်တုန်းတော့ ”
“ရွာထဲလေတော် ”
” မမြခေါင်းပေါ်က ဘာတောင်းကြီးလဲ ”
” ဒီနေ့ ဟိုဘက်ရွာက ဦးတင်ထွန်း တို့ အမဲပေါ်လို့လေ…. အ့တာလိုက်ရောင်းနေတာ ”
“အမဲသား ဟုတ်လား ”
အမဲသားဆိုသည့်အသံကြောင့် မတင်မြ မျက်လုံးများ ဝင်းလက်သွားသည်။ ချက်ချင်းဆိုသလို အမဲသား စားချင်စိတ်များ ဖြစ်ပေါ်လာသည်။
” ကျုပ်ကို အမဲသား တစ်ပိဿာ ရောင်းထားခဲ့ ပိုက်ဆံ ကတော့ ပြန်မှဝင်ယူနော် ”
”ရပါတယ်တော်… ရော့… ယူထားလိုက် ”
မတင်မြ တစ်ယောက် မမြပေးသော အမဲသားတွဲအား ယူ၍ အိမ်နောက်ဖေးသို့ ဝင်လာခဲ့သည်။ ခုတ်ထစ်ပြီး ဒန်အိုးထဲထည့်ကာ ချက်တော့သည်။စားချင်သည့်စိတ်က များနေ၍ ချက်ရသည်ကိုပင် ကြာသည်ဟုထင်နေတော့သည်။ ကျက်သည်ထိ မစောင့်နိုင်တော့၍ ခွင်ပေါ်က ဟင်းအိုးအား ချကာ အမဲသားတုံးများအား မပူသည့် အတိုင်းပင် လက်ဖြင့်နှိုက်ကာ စားတော့သည်။
နောက်နေ့ များတွင်လည်း အမဲသား ၊ ဝက်သား ရောင်းသူလာလျှင် အမြဲဝယ်ပြီး ကျက်အောင်မချက်ပဲ စားတော့၏။ သုံးရက်လောက် နေတော့ ကိုမြသောင်းတောမှ ပြန်လာသည်။ ခင်ပွန်းဖြစ်သူ ပြန်ရောက်လာတော့ မတင်မြ အရင်လို အသားဟင်း မစားရတော့ပေ။
နေ့မှ လ သို့ တဖြည်းဖြည်း ကူးပြောင်းလာကာ မတင်မြ ကိုယ်ဝန်သည် ၇လသို့ပင်ရောက်လာခဲ့သည်။
” နင်ပြန်လာလို့… ငါဘာမှမစားရတော့တာ… နင့်ကိုမကျေနပ်ဘူး…သတ်ပစ်မယ်… ဟင်း…”
” အား…အား…ကယ်ကြပါဦး… ”
” ကိုမြသောင်း… ကိုမြသောင်း… ရှင်ဘာဖြစ်တာတုန်း ”
ညဘက် ကိုမြသောင်း ကျယ်လောင်စွာ ထအော်မိတော့သည်။
“ဟင်…ငါ…ငါ အိပ်မက်မက်နေတာပါလား ”
“ဘယ်လို မက်လို့တုန်းတော့… ”
“အိပ်မက်ထဲမှာ ငါ့ကို ဘီလူးတစ်ကောင် လည်ပင်းညှစ်လို့ဟ ”
” ရှင် စိတ်စွဲပီး မက်တာနေမှာပါတော်… ရေသောက်ပီး ပြန်အိပ်လိုက်နော် ”
မတင်မြ ပြန်အိပ်သွားသော်လည်း ကိုမြသောင်း အိပ်မပျော်တော့ပါ ။ ယခုလို အိပ်မက်မက်သည်မှာ ဒီတစ်ညပင်မဟုတ် ။ ညတိုင်းလိုလိုမက်နေတော့ ၏။ ဘာရယ်မဟုတ် မိန်းမ ဖြစ်သူရဲ့ ကိုယ်ဝန်ကို ကြည့်မိလိုက်ချိန်တွင် ကြက်သိများ ဖြန်းကနဲ ထသွားတော့သည်။
ကလေးအတွက်လည်း နမိတ်မကောင်းဘူးဟု ထင်မိလိုက်သည်။ ထို့နောက် အိပ်မက် ကိစ္စ ကို ခေါင်းထဲမှ ထုတ်ပစ်လိုက်တော့၏ ။ နောက်တစ်နေ့မှာတော့…
” မတင်မြရေ…ရွာထဲ က အမဲပေါ်လို့လေ ငါ အမဲသားဝယ်လာတယ်… ချက်ထားနှင့်…ငါ ဟိုဘက်ခဏသွားဦးမယ် “.
ပြောပြောဆိုဆိုနဲ့ ကိုမြသောင်း ထွက်သွားသည်။ ထိုအချိန်တွင် မတင်မြ တစ်ယောက် အိပ်ယာထဲမှ ထလာပြီး အမဲသားတွဲအား ယူလိုက်လေသည်။ အမဲသား ကို မြင်သည်နှင့် မတင်မြတစ်ယောက် လျှာကိုသပ်တင်ပီး သွားရည်များ ကျသည်အထိ စားချင်နေ၍ မချက်တော့ပဲ တစ်တွဲလုံး ကို ကုန်သည်အထိ အစိမ်းစားလိုက်လေတော့၏။
စားပြီးသည့်နောက် မသိသလို နဲ့ ပြန်ဝင်အိပ်နေလေ ၏။ အတန်ငယ်ကြာတော့ ကိုမြသောင်း အပြင်ကနေပြန်လာပြီး ကွပ်ပစ်ပေါ်တွင် ထိုင်ကာ အမောဖြေနေ၏။ သူပြန်လာချိန်ထိ မတင်မြ၏ အရိပ်ယောင်ကိုပင် မတွေ့ချေ။
“မတင်မြရေ…မတင်မြ ”
“ကျုပ် အိမ်ထဲမှာတော်ရေ နေသိပ်မကောင်းလို့ လှဲနေတယ် ”
မိန်းမဖြစ်သူအသံကြောင့် ကိုမြသောင်း အိမ်ပေါ်သို့ တက်လာပြီး မတင်မြကို ကိုယ်ပူစမ်းကြည့်၏။
” ကိုယ်လည်း မပူပါဘူးဟ …ရာသီဥတု ကြောင့် ဖြစ်မယ် …ဆေးသောက်ထားဦး ”
“အင်းပါတော်…”
” အမဲသားဟင်း ချက်ပြီးပြီလား ”
“ဘယ်က အမဲသားလဲတော့ ”
မတင်မြ မသိသလို ဟန်ဆောင်ကာမေးလိုက်၏ ။
“ဟိုဘက်ရွာက ငါဝယ်လာတဲ့ အမဲသားလေ မင်းကိုချက်ခိုင်းထားတာလေ ”
“ကျုပ်မသိပါဘူးတော် …မနက်ကတည်းက နေမကောင်းလို့ လှဲနေတာ ”
“ခွေးများ ဝင်ဆွဲသွားလား မသိပါဘူးကွာ …
ထားလိုက်တော့ …ခြံထဲက အသီးအရွက် ပဲ ခူးပီးချက်လိုက်မယ် ”
ထိုစဥ် ကိုမြသောင်း မွေးထားသော ကြက်ဖတစ်ကောင် မှာ အိမ်ပေါ်သို့ တက်လာလေ၏။ ကိုမြသောင်း ခြောက်ထုတ်ဖို့ ဟန်ရွယ်ကာ ရှိသေး အိပ်ယာထဲမှ မတင်မြ ထလာပီး ထိုကြက်အား တုတ်ဖြင့်ရိုက်လိုက်လေရာ ဆန့်ငင် တန့်ငင်ဖြင့် အကြောဆွဲကာ ငြိမ်ကျသွားတော့သည်။
လျှပ်တစ်ပြက် မို့ ကိုမြသောင်း တားချိန်မရလိုက် ပေ။ လျှင်မြန်လွန်းသည့်အတွက် ကိုမြသောင်း လည်း မည်သို့ဖြစ်သွားသည်ကိုပင် နားမလည်လိုက်ချေ။ အရင်က မတင်မြ ကြက်သတ်ဖို့ မပြောနှင့် ငါးကိုပင် မသတ်ချေ။ အသီးအရွက် တွေသာ စားသည်။ အခုမှ စိတ်တွေ ကြမ်းလာသည်။ ကြက်သတ်သည့် အထိပင်ရောက်လာ၏ ။
“ဘယ်လို လုပ်လိုက်တာလဲ မတင်မြ ”
” တော်ပဲ ဟင်းမရှိဘူးဆို အသီးအရွက် ကတော့ ကျုပ်မစားချင်ပါဘူးတော် …ဒီကြက်သားပဲ စားချင်တာ ”
ထိုသို့ပြောကာ ရယ်နေလေသည်။ ကိုမြသောင်းလည်း ဘာမှမပြေနိုင်တော့ပေ။ အချိန်တွေ ကုန်လာသည်နှင့် အမျှ မတင်မြ မီးဖွားသည့်ရက်လသို့ရောက်လာခဲ့သည်။
“မတင်မြ …ညှစ်ထား နော် မွေးတော့မှာ ”
“အမေရေ…ကယ်ပါဦး …အား…အား…”
” အူဝဲ…အူဝဲ …အူဝဲ ”
.”မွေးပီဟေ့ …ယောကျ်ားလေး”
ထိုအသံပဲကြားလိုက်ရသည် ။ လက်သည် ဒေါ်ဘုမ အသံ တိတ်သွား၏ ။
“ဒေါ်ဘုမရေ …ကျွန်တော့သားလေး ခြေလက်စုံပါရဲ့လားဗျ ကျွန်တော့်ကို လာပြပါဦး ”
“မြသောင်း …ဒီမှာ နင့်ကလေး ”
“ဟာ ”
ကိုမြသောင်း တစ်ယောက် ကလေးကိုမြင်ကာ နောက်သို့ လဲကျသွား၏။ ကလေးက ကလေးနှင့်မတူပေ။ မျက်လုံးက ပြူးပြူး ၊ နှာခေါင်းက ချွန်ပြီး အစွယ်လေးများ ပါလာ၏။ ချွန်ထက်သော လက်သည်းရှည်များ လည်း ပါလာ၏။
” ဘီ…ဘီ…ဘီလူး …ပါလား…ကျွန်တော့်သားလေးက ဘီလူးလေးလား ”
“ဟုတ်တယ်မြသောင်း …ဒီ ကိစ္စ နင့်မိန်းမ သိလို့မဖြစ်ဘူး …သွေးလန့်သွားလိမ့်မယ် …ငါရွာထဲက သိတဲ့သူတွေ သွားခေါ်လိုက်မယ် ”
ထိုသို့ပြောကာ ဒေါ်ဘုမ ထွက်သွားသည်။ ခဏကြာတော့ ရွာလူကြီးနဲ့ ရွားသားတွေရောက်လာပီး ထိုဘီလူးလေးအား နှစ်ပိုင်းပိုင်းကာ ချောင်းတစ်ဖက်ခြားစီ မြှုပ်လိုက်၏။ နောက်မှသိရသည်မှာ သားဆုပန်နေတဲ့အချိန် ထိုနားမှ ဘီလူးဝင်စားကြောင်း သိရလေ၏။ အဲ့နောက်မှာတော့ သားသမီး ရလျှင် ယူမည်။ မရလျှင်လည်း နေပါစေတော့ ဟု ဆုံးဖြတ်ကာ သားဆုပန်ခြင်း မပြုတော့ပေ။
အခုတော့ မတင်မြလည်း ကလေးသုံးယောက်မိခင်ဖြစ်နေပီး အိမ်ထောင်ပင် အသီးသီးကျကုန်လေ၏ ။ မြေးများပင် ကျောင်းနေအရွယ်ရောက် နေချေပီ။
အရင်ကအကြောင်းများတော့ မတင်မြရင်ထဲ ဘယ်တော့မှ မေ့မည်မဟုတ်ပေ။
ပြီးပါပြီ
ရေးသားသူ =ကြွေရုပ်လွှာ (Daw Lay Khin)