ဘီးလင်းနယ်က အင်းဝိဇ္ဇာရှာပုံတော်

*ဘီးလင်းနယ်က အင်းဝိဇ္ဇာရှာပုံတော်*📖📖📖

***************************************
~~~~~~~~~~~~~~~~~~~~~~~~

(၁)

               မြင်မြင်သမျှ မြူတွေအုံ့ဆိုင်းနေတဲ့သတ္တလောကတစ်နေရာမှာ လူတစ်ယောက်က သူ့ရဲ့နိစ္စဓူဝအလုပ်တွေကိုလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်ခြယ်သပြင်ဆင်နေခဲ့ပါတယ် ။

              စိတ်တိုင်းကျပြင်ဆင်လို့ပြီးတော့ ထိုလူက စံအိမ်အပြင်ထွက်လာပြီး အရောင်အသွေးစုံအောင်ဖူးပွင့်နေတဲ့ပန်းခင်းကြီးကိုကြည့်ကာ သက်ပြင်းရှည်တစ်ချက်ကို လေးလေးပင်ပင် ချလိုက်ပြန်ပါတယ် ။

” ဟင်း နေ့တိုင်း ဒါတွေပဲမြင်နေရတော့ စိတ်ပျက်စရာ ကောင်းလိုက်တာ “

             ရွှေရောင်ပေါက်ပြားလေးတစ်ခုကိုကောက်ကိုင်ပြီး ပန်းခင်းထဲဝင်လာတော့ အပူအပင်မရှိပြေးလွှားဆော့ကစားနေတဲ့ ပျား ၊ ပိတုန်း ၊ လိပ်ပြာလေးတွေက သူ့ကို သိနေကြတဲ့အလား လာရောက်နှုတ်ဆက်ကြပါလေရော ။

” မင်းတို့ တစ်နေ့တစ်နေ့ ဒီပန်းခင်းထဲ ပြေးလွှားနေရတာ မငြီးငွေ့ကြဘူးလား “

          အဆိုပါလူက ကောက်ကာငင်ကာမေးလိုက်တော့ ဝတ်ရည်စုပ် ပျားပိတုန်းတစ်ကောင်က သူ့အနားတိုးကပ်လာပြီး မာဂဓဘာသာနဲ့ အခုလို ပြန်ဖြေပေးခဲ့တယ် ။

” အသင်ဥယျာဥ်မှူး သင် အဘယ်သို့သောမေးခွန်းကို ဆိုလိုက်သနည်း သင့်အမေးဟာ အသိသတိကင်းမဲ့တဲ့မနုဿလူသားတွေလို ဖြစ်နေတယ် ဆင်ခြင်ပါ ဥယျာဥ်မှူး  “

” အို… ကျုပ် ငြီးငွေ့လို့ ငြီးငွေ့တယ်ပြောတာပဲ ပိတုန်းနတ်မင်းရဲ့ ဘာကိုဆင်ခြင်ရမှာလဲ “

” ဥယျာဥ်မှူး သင် စဥ်းစားကြည့်ပါ ကျွန်ုပ်တို့နေတဲ့ဒီနေရာဟာ လူသားတွေရောက်ချင်တာတောင် မရောက်နိုင်တဲ့ နေချင်စဖွယ်နေရာတစ်ခုပါ ဒီလိုနေရာကို ငြီးငွေ့တယ်ဆိုတော့ သင့်မှာ သက်တမ်းကုန်ခါနီးပြီထင်တယ် “

” ဘယ်လို ပိတုန်းနတ်မင်း ကျုပ်သက်တမ်းက ကုန်တော့မယ် ဟုတ်စ “

” ဟုတ်တယ် ဥယျာဥ်မှူး ကျွန်ုပ်ရဲ့အတွေ့အကြုံအရပြောရရင် သင့်အနေနဲ့ အရှင်စိတ္တကို သွားတွေ့ဖို့ အကြံပေးချင်တယ် “

” အို… ကျုပ် ကျုပ် အရှင့်ကို မျက်နာချင်းမဆိုင်ရဲဘူး ပိတုန်းနတ်မင်းရဲ့အရှင့်ရဲ့မျက်လုံးတွေက တစ်ခြားနတ်မင်းတွေထက် ပိုစူးရှနေတာ “

” သာမှပေါ့ အရှင်က တစ်ခြားနတ်မင်းတွေလို ကာမဂုဏ်အာရုံမှာအမြဲမပျော်ပဲ ဂေါတမဘုရားရှင်ရဲ့တရားတော်တွေကို နှလုံးသွင်းဆင်ခြင်နေတာကိုး “

” ချွင်!!!! ” ” ချွင်!!! “

         သူတို့စကားပြောနေတုန်းမှာပဲ သာယာလှတဲ့ခြေကျင်းဆည်းလည်းသံလေးတွေက ကောင်းကင်နေရာအနှံ့ကနေပေါ်လာတာမလို့ ပိတုန်းနတ်မင်းလဲ ဥယျာဥ်မှူးကို အလျှင်အမြန်နှုတ်ဆက်ပြီး သူ့အဖော်တွေရှိရာကို ထွက်သွားခဲ့တယ် ။

         ပိတုန်နတ်ထွက်သွားပြီးမရှေးမနှောင်းမှာပဲ ပန်းလာခူးတဲ့အပျိုတော်တွေက ပန်းခင်းထဲကို ရွှေဟင်္သာငှက်လေးတွေလို ဝဲခနဲဆင်းလာကြပါတယ် ။ အဲ့ဒီနောက် ကောင်းနိုးရာရာ ပန်းတွေ သစ်သီးတွေကို လူခွဲပြီး ခူးဆွတ်နေတဲ့အချိန် ဥယျာဥ်မှူးက

” ချစ်နှမတို့က ဘယ်နတ်မင်းရဲ့ အခြွေအရံအပျိုတော်တွေလဲကွယ့် ” လို့ မေးလိုက်တယ် ။

” သြော် … ဥယျာဥ်းမှူးကြီးပါလား …. နှမတို့ သုံးဦးက ကဏ္ဍကနတ်မင်းရဲ့ အခြွေအရံတွေလေ ကျန်တဲ့အပျိုတော်တွေကတော့ အသူရာမင်းရဲ့သမီးတော် ဦးမာဃရဲ့လေးဦးမြောက်မိဖုရား အရှင်မသုဇာတာရဲ့ အပျိုတော်တွေပေါ့ “

” နေပါဦး ချစ်နှမ ကဏ္ဍကနတ်မင်းဆိုတာ ဂေါတမမြတ်စွာဘုရား အလောင်းတော်မင်းသားဘဝက စီးခဲ့တဲ့မြင်းကြီးကို ပြောတာလား   “

” သိပ်ဟုတ်တာပေါ့ ရှင့် ဒါပေမယ့် မြင်းဘဝကလာတယ်ဆိုပြီး အထင်တော့မသေးလေနဲ့ ဥယျာဥ်မှူးကြီးရေ ဘုန်းတန်ခိုးကြီးမားပုံက ဦးမာဃနဲ့ မတိမ်းမယိမ်းတော့် ဟင်း ဟင်း ဟင်း “

” သြော် ကောင်းလှပါတယ်လေ ကောင်းလှပါတယ် ကဲ့ပါ ကျုပ်နဲ့ စကားပြောနေရလို့ ပန်းဆက်ချိန်နှောင့်နှေးနေပါ့မယ် ဆက်ခူးကြ ဆက်ခူးကြ “

             အပျိုတော်တွေက သူတို့လိုအပ်တဲ့ သစ်သီးပန်းမာန်တွေအလုံအလောက်ရတော့ ဥယျာဥ်မှူးကို နှုတ်ဆက်ပြီး လာရာဘုံနန်းတွေဆီ အသီးသီးပြန်ထွက်သွားခဲ့ကြတယ် ။ သူတို့ပြန်သွားတော့ အလားတူစွာပဲ နောက်ထပ်အပျိုတော်တွေကလည်း ထပ်ရောက်လာပြီး ဆိုင်ရာနတ်နန်းတွေအတွက် ပန်းတွေလာခူးကြပြန်ပါတယ် ။

         အားလုံးကိုယ်စီကိုယ်စီပြန်သွားကြတော့ ဥယျဥ်မှူးလည်း တစ်ရက်တာ လုပ်လက်စအလုပ်တွေကို ရပ်နားပြီး စံအိမ်တော်ရှိရာ ပြန်လာခဲ့လိုက်တယ် ။ အိမ်တော်ထဲရောက်တော့ ပိတုန်းနတ်မင်းပြောခဲ့တဲ့စကားတွေက ခေါင်းထဲပြန်ပေါ်လာတာမို့ သူလဲ ဘာလုပ်ရမှန်းမသိအောင် စိတ်တွေက ပိုရှုပ်ထွေးလာခဲ့တယ် ။

” အို မထူးတော့ပါဘူး အခုပဲ အရှင်စိတ္တကို သွားတွေ့လိုက်တာပဲကောင်းပါတယ်လေ ကြုံတုန်း အရှင့်အကြိုက် သရဖီပန်းတွေလည်း ယူသွားရမယ် “

            မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကိုတွေ့ရတော့မှာဆိုတော့ ဥယျာဥ်မှူးတစ်ယောက် ရင်တွေတစ်ဒိတ်ဒိတ်ခုန်နေပြီး ပန်းထည့်လာတဲ့ ရွှေကလပ်လေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားလိုက်မိတယ် ။ ထည်ဝါလှတဲ့ဗိမ္မာန်ရှေ့ကို ဥယျာဥ်မှူးတစ်ယောက်က မရောက်စဖူးရောက်လာတော့ အစောင့်စစ်သည်တော်တွေလည်း လာရတဲ့အကြောင်းအရင်းကို အဆင့်ဆင့်စစ်မေးကြပါလေရော ။

” ဥယျာဥ်မှူး သင်ဘာကြောင့် ဒီနေရာကို ရောက်လာရတာလဲ ဒီအရပ်နဲ့ သင်ဟာ လားလားမျှမသက်ဆိုင်တာ သိပါသလား “

” သိပါတယ် တပ်မှူးကြီး သို့ပေမယ့် ကျုပ်မှာ အရှင့်ကိုတင်ပြစရာရှိနေလို့ပါ ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ် “

” ကောင်းပါပြီ ဥယျာဥ်မှူး… သင်ဟာ… ရှိနေတဲ့ ဣဒ္ဓိပါဒ်တန်ခိုးနဲ့ ကျွန်ုပ်တို့ကို ဂရုမစိုက်ပဲ သွားလာလို့ရပါလျှက် မထင်မရှားအနေနဲ့ ရောက်လာလို့ မေးမြန်းရခြင်းပါ ခွင့်ပြုပါတယ် သွားပါ “

               အစောင့်စစ်သည်တော်တွေမေးမြန်းသမျှကို အကြိမ်ကြိမ်ဖြေကြားလို့ပြီးတော့ ရတနာမျိုးစုံစီခြယ်ထားတဲ့ ဗိမ္မာန်တံခါးမကြီးက အလိုလိုပွင့်လာလို့ ဥယျာဥ်မှူးလဲ အထဲကို အလိုက်သင့်ဝင်သွားလိုက်တယ် ။

            နာကြားဖူးတဲ့ ဗုဒ္ဓနုဿတိတရားတော်ကို နှလုံးသွင်းဆင်ခြင်နေတုန်း နှာခေါင်းထဲကို သင်းပျံ့တဲ့ သရဖီပန်းနံ့တစ်ချို့က အဆက်မပြတ်ဝင်လာလို့ သူရိယစိတ္တနတ်မင်းလဲ မျက်လွှာကိုပင့်ကြည့်လိုက်တဲ့အချိန်…..

” အလို ဥယျာဥ်မှူးကြီးသိင်္ခပါလား “

” မှန်ပါ ဟုတ်မှန်ကြောင်းပါ အရှင် “

” အဘယ်သို့သောအရေးကြောင့် ငါကိုယ်တော့်ရှေ့ကို အခစားရောက်လာရသလဲ ဥယျာဥ်မှူးကြီး “

         ဥယျာဥ်မှူးက လာရင်းကိစ္စကို အကြောင်းစုံလျှောက်တင်လိုက်တော့ စိတ္တနတ်မင်းလည်း သူ့ရဲ့စူးရှတောက်ပနေတဲ့ တတိယမျက်လုံးတော်ကိုဖွင့်ပြီး
အခြေနေအရပ်ရပ်ကို သုံးသပ်ကြည့်လိုက်တယ် ။

” အို အမောင်သိင်္ခ သင့်ရဲ့နတ်သက်တမ်းဟာ ဧဝကံကို ကုန်ခါနီးပြီဖြစ်တယ် ဒါကြောင့် သင်ဟာ နေ့စဥ်လုပ်နေရတဲ့ တာဝန်တွေမှာ စိတ်ပျက်ငြီးငွေ့လာတာပါ “

” မှန်လှပါ  အရှင် အရှင်မိန့်သလိုမျိုး ပိတုန်းနတ်သားကလဲ ကျနော်မျိုးကို ပြောပြပါသေးတယ် ကျနော်မျိုး ဘာဆက်လုပ်ရပါမလဲ အရှင် “

” အင်း…ငါကိုယ်တော်ရဲ့ဗိမ္မာန်နဲ့ ဘုရားကျောင်းဆောင်တစ်ခွင်ကိုသင်းပျံလှပဖို့ သင့်ရဲ့ပန်းတွေက ကူညီပေးခဲ့တယ် သိင်္ခ ဒါကြောင့် သင့်အား လူသားအဖြစ် ဝင်စားဖို့ ကူညီလိုက်မယ် ယခုပင်စုတေ၍ သာသနာထွန်းကားရာ အရပ်မှာ လောကကောင်းကျိုးတွေ သွားပြုပေတော့ “

              စိတ္တနတ်မင်းက အဲ့ဒီလိုမိန့်လိုက်တာနဲ့ နတ်ဥယျာဥ်မှူးသိင်္ခလဲ ရွှေရောင်အလင်းလုံးလေးအဖြစ်ပြောင်းသွားပြီး ကမ္ဘာမြေဘက်ကို တစ်ရှိန်ထိုး ထိုးဆင်းသွားခဲ့တယ် ။

(၂)

               အချိန်က မနက်လေးနာရီထိုးဖို့နာရီဝက်အလို ၊ မှိန်ဖျော့ဖျော့မီးတုတ်အလင်းရောင်လေးကိုအားပြုလို့ လူရိပ်သုံးခုက မြစ်ကမ်းနားဘေးတစ်နေရာကို အားကြိုးမာန်တက် တူးဖော်နေကြပါတယ် ။ တူးနေရင်း လူကြီးခါးလောက်ရှိတဲ့အနက်ကိုရောက်တော့ လူရိပ်တစ်ခုက ကျင်းအပေါ်ကုတ်တက်သွားပြီး ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်ကာ လေသံမတိုးမကျယ်နဲ့ အခုလို​ပြောလိုက်တယ် ။

” တူးစမ်းပါဟ မြန်မြန်လေး “

” တူးနေပါတယ်ဆရာကြီးရယ် ဘာလို့ အဲ့လောက်တောင် လောနေရတာလဲ လူသံကြားလို့လား “

” မကြားပါဘူး ငါ့တပည့်ရယ် မင်းတို့သိတဲ့အတိုင်း ဒီအလုပ်ဆိုတာ လူသိခံလို့မရသလို မြန်မြန်ဆန်ဆန်လည်း လုပ်ရတယ်မဟုတ်လား  “

” ဟုတ်တော့လည်း ဟုတ်ပါတယ်လေ ဒါပေမယ့် လူတွေလာလဲ ဘာအရေးစိုက်စရာရှိလဲ ဆရာကြီးရဲ့ ဆရာကြီးတပည့် ကျုပ်က ဒင်းတို့ကို မရဏလမ်းပို့လိုက်မှာပေါ့ “

            ​ကျောမှာလွယ်ထားတဲ့ သိုင်းဓါးရှည်ကို မသိမသာလှုပ်ပြရင်း ပြောလိုက်တဲ့တပည့်ဖြစ်သူရဲ့စကားကြောင့် ဆရာကြီးလည်း မာနေတဲ့သူ့လေသံကိုချက်ချင်းပြင်ပြီး လေသံအေးအေးနဲ့

” ငါ့တပည့်လက်စလက်နကို ဆရာကြီးယုံပါတယ်ကွယ် ဟော့ ဟော့ သေတ္တာအစွန်းကို ထိတဲ့အသံကြားတယ် ဆက်တူး တပည့် ဆက်တူး “

” ရပြီ ဆရာကြီး ဟော့ဒီမှာ ဆရာကြီးလိုချင်နေတဲ့ ကျွန်းသေတ္တာ အထဲမှာဘာတွေများပါလို့ အဲ့လောက် တောင်အလျင်စလို ဖြစ်နေရတာလဲ “

” အိမ်း ငါ့တပည့်တွေသိချင်တာကို အိမ်ရောက်တော့ ဆရာကြီး အကုန်ပြောပြပါ့မယ်ကွယ် လောလောဆယ်တော့ မင်းတို့တူးထားတဲ့ မြေစာတွေကို ပုံမပျက် ပြန်ဖို့လိုက် ပြီးရင် မြန်မြန်ပြန်ကြမယ် “

” ပြီးပြီ ဆရာကြီး “

” အေး အေး အဲ့ဒါဆို လာကြ “

          လူရိပ်သုံးခုက သူတို့လိုချင်တာရသွားတာနဲ့ ပါလာတဲ့ ပေါက်တူးပေါက်ပြားတွေကို မြစ်ထဲပစ်ချလိုက်ပြီး ခြေရာလက်ရာတွေဖျောက်ပစ်လိုက်ကြတယ် ။ အဲ့ဒီနောက် အလျားနှစ်ပေလောက်ရှိတဲ့ကျွန်းသေတ္တာကို တပည့်လို့ထင်ရတဲ့လူနှစ်ယောက်က တစ်ယောက်တစ်လှည့်စီထမ်းရင်း ကျန်တစ်ယောက်နဲ့အတူ အမှောင်ထုထဲ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့တယ် ။

           အရှေ့ဘက်ကောင်းကင်ကနေ ရောင်နီပျိုးလို့ မိုးစင်စင်လင်းလာခဲ့ပြီ ။  နံနက်ခင်းရဲ့ရောင်စဥ်တန်းတွေအောက်မှာတော့ ကရင်ပြည်နယ်ကနေမြစ်ဖျားခံလာပြီး ကေလာသတောင်တန်းနဲ့ ဘီးလင်းတောင်တန်းကို သွယ်ဝှိုက်စီးဆင်းနေတဲ့ ဘီးလင်းမြစ်ကြီးက သဘာဝအတိုင်း ဣန္ဒြေရရ စီးဆင်းနေပါတယ် ။

” ဟေ့ ကျော်ထွေး စောစောစီးစီးကွန်တွေဘာတွေပစ်နေပါလားကွ အတော်ရနေပြီလား “

” ဘယ်ကလာ…ကိုဝင်းလွင်ရယ် ငါးလူးအုပ်လေးနည်းနည်းရလို့ပျော်မယ်ကြံနေတာ ဒီမှာကြည့်လေ ကွန်က ပြဲသွားပြီ မိသမျှငါးက ကျေးဇူးပါလို့ လာမပြောရုံတမယ်ပဲ “

” ဟေ!!! ဟုတ်လား ဘာနဲ့ငြိသွားလို့လဲကွ ကျော်ထွေးရ “

” ဘယ်လိုအောက်တန်းစားတွေက မြစ်အထက်ကနေ ပေါက်တူးနဲ့ဂေါ်ပြားတွေပစ်ချလိုက်လဲမသိပါဘူးကိုဝင်းလွင်ရာ ကျနော့် ကွန်နဲ့လာငြိပြီး ဟက်တက်ကြီး ပြဲတော့တာပဲ တော်တော်ဆိုးတဲ့လူတွေဗျာ “

          မြစ်ကိုအမှီပြုပြီး ငါးရှာနေတဲ့ ကျော်ထွေးက စိတ်ပျက်လက်ပျက်နဲ့ အဲ့လိုပြောလိုက်တော့ လှော်တက်လေး ပခုံးပေါ်ထမ်းပြီးပြန်လာတဲ့ ကိုဝင်လွင်လည်း မျက်မှောင်တစ်ချက်ကုတ်ရင်း အခုလိုပဲ အားပေးစကားပြောလိုက်တယ် ။

” စိတ်လျှော့စမ်းပါ ငါ့ညီရယ် မင်းဆဲနေတော့ရော ကွန်က ပြန်ကောင်းလာမှာမိုလို့လား အကုသိုလ်များပါတယ်ဟ ဒီလိုလုပ်လေ ညနေ ငါ့အိမ်မှာ မတ်ကြိုး(ပိုက်ကွန်ဖာကြိုး) လာယူပြီး ရသလောက်ဖာကြည့်ပါလား “

” ဟုတ်ကဲ့ ကိုဝင်းလွင် အစ်ကိုရော ကူးတို့ပို့ရတာအဆင်ပြေတယ်မဟုတ်လား “

” မဆိုးဘူးလို့ ပြောရမှာပဲ ငါ့ညီရေ ဒါဖြင့်ငါပြန်ဦးမယ်ကွာ ငါ့ညီလေး ဗိုက်ဆာနေလောက်ပြီ ထင်တယ် “

” ခင်ဗျားလည်း ဝဍ်ကြွေးပဲနော် ကိုဝင်းလွင် ထားပါတော့လေ ကျနော်မပြောလဲ ခင်ဗျားသိပြီးသားပဲမဟုတ်လား ဟား ဟား ဟား “

” အေးပါကွာ အစ်ကိုသိပါတယ် မောင်မင်းကြီးသား ဒီနေ့ရော ဘာပြဿနာရှာထားပြန်ပြီလဲမသိဘူးဟေ့ ဒါပေမယ့်လည်း ကိုယ့်ညီအရင်းဆိုတော့ ချစ်နေရတာပါပဲ “

           ကိုဝင်းလွင်တစ်ယောက် အသိတံငါသည်ကိုနှုတ်ဆက်ပြီး သီချင်းတစ်အေးအေးနဲ့ အိမ်ပြန်ရောက်လာတော့ ညီဖြစ်သူသီဟက အိပ်ရာတောင်မနိုးသေး ။ အပြစ်ကင်းလှတဲ့မျက်နာပေးနဲ့ အိပ်ပျော်နေတဲ့ ညီဖြစ်သူကိုမြင်တော့မှ တစ်လမ်းလုံးပူလာတဲ့စိတ်တွေကို “ဟူး´´ခနဲ သက်ပြင်းချပြီး လုပ်စရာရှိတာတွေ စလုပ်လိုက်တယ် ။

         ကူးတို့ဆိပ်မှာ လှေလှော်ရင်း အသိတစ်ချို့ကရက်ရက်ရောရောပေးသွားတဲ့ ဟင်းရွက်ကန်စွန်းတွေကို ကြော်သင့်တာကြော် ချက်သင့်တာချက်ပြီး ထမင်းစားခုံပေါ်တင်နေတုန်း မီးဖိုခန်းထဲထားနေကျ ပေါက်တူး ပျောက်နေတာကို ကိုဝင်းလွင် သတိထားမိသွားတယ် ။

” အဲ့ပေါက်တူးက ငါ သုံးပြီးတာနဲ့ ဒီနားမှာပဲ ပြန်ထားနေကျပါ ဘယ်ရောက်သွားပါလိမ့် အို ထားလိုက်ပါ ဘေးအိမ်တစ်အိမ်က လာငှားသွားတာလဲ ဖြစ်နိုင်တာပဲ ငါ့ညီနိုးမှ မေးကြည့်လိုက်မယ် “

         ထမင်းဟင်းတွေ ချက်ပြုတ်လို့ပြီးတဲ့အထိ ညီဖြစ်သူက အိပ်ရာမထသေးတော့ ကိုဝင်းလွင်လဲ နဖူးမှာစို့နေတဲ့ချွေးစေးတစ်ချို့ကို လက်ခုံနဲ့သုတ်ရင်း မချိပြုံးလေး ထပ်ပြုံးလိုက်မိတယ် ။

”  ဟင် ငါ့ညီခြေထောက်မှာ ရွှံ့တွေနဲ့ပါလား ဒီကလေး ဘယ်တွေလျှောက်သွားထားပြန်ပြီလဲမသိပါဘူး “

           မိဘတွေရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားကတည်းက အိမ်ရဲ့ မိဘနေရာမှနေနေရတဲ့ ကိုဝင်းလွင်လည်း သီဟခြေထောက်မှာပေနေတဲ့ ရွှံ့မြေစာတွေကို အဝတ်စိုတစ်ခုနဲ့ပြောင်အောင်သုတ်ပေးနေတဲ့အချိန် သီဟက မျက်လုံးပွင့်လာပြီး

” အစ်ကို ပြန်ရောက်နေတာကြာပြီလား ” လို့ လှမ်းမေးလိုက်တယ် ။

” အေး ကြာပြီလေ ညီလေးရဲ့ ထမင်းဟင်းတွေလည်း အကုန်ကျက်နေပြီ ဘာလဲ ဗိုက်ဆာလို့လား ဗိုက်ဆာရင် သွား မျက်နှာသွားသစ်ချေ တို့ညီအစ်ကို နှစ်ယောက် ထမင်း အတူတူစားကြမယ် “

             ကိုဝင်းလွင်က အပျင်းကြီးနေတဲ့ညီဖြစ်သူလက်ကိုဆွဲထူပေးရင်းပြောလိုက်တော့ သီဟက

” အစ်ကို “

” ဘာလဲ ညီလေး ဘာပြောမလို့လဲ “

” ငါ အိပ်မက်တစ်ခုကို အိပ်လိုက်တိုင်း မက်နေတာကြာပြီ အိပ်မက်ထဲမှာ လက်တွေအများကြီးနဲ့လူက ငါ့ကို သေချာစူးစိုက်ကြည့်နေတာ လက်ညိုးတစ်ထိုးထိုးနဲ့ စကားတွေလည်း ပြောတယ် “

” ဟေ ဟုတ်လား သူ့ပုံစံက ဘယ်လိုလဲ ခေါင်းမှာ ချို(ဂျို) လိုအချွန်ကြီးတွေရှိလား  “

” မရှိပါဘူး သူ့ခေါင်းမှာ ပတ္တမြားလို ကျောက်လှလှလေးတွေကွပ်ထားတဲ့ ရွှေရောင်မကိုဍ်ပဲ ဆောင်းထားတာ လူကလဲ လင်းထိန်နေတာပဲ “

” ဒါ ငါ့ညီလေးကို သတိပေးနေတာဖြစ်မယ်ကွ ငါ့ညီလေးက ဆယ်စုနှစ်ကျော်ကျော်လောက် တစ်ခြားသူတွေအမြင်မှာ မဆိုစလောက်လေး ဆိုးနေခဲ့တာမလား ဟင်း ဟင်း ဟင်း “

” အဲ့ဒါတွေ ပြောမနေစမ်းပါနဲ့ဗျာ ဘာချက်လဲ ဗိုက်ဆာပြီ “

” ဟိုးထားဆရာ မျက်နာအရင်သွားသစ်ပါ မသစ်ရင် နတ်တွေကျိန်ဆဲလိမ့်မယ် ညီလေးက လိမ္မာပါတယ်ကွာ “

” ခင်ဗျားဗျာ တော်တော်ကို အလုပ်ရှုပ်တယ်  “

              မချေမငံတွေပြောပြီး ရေတွင်းဘက်ကို ထွက်သွားတဲ့ ညီဖြစ်သူကိုကြည့်ရင်း ကိုဝင်းလွင်တစ်ယောက် သဘောကျစွာ ပြုံးနေမိတယ် ။ ညီဖြစ်သူက သူနဲ့ အသက်၈နှစ်လောက်ကွာပေမယ့် အမေလုပ်သူက အသက်ကြီးမှ ကိုယ်ဝန်ဆောင်ပြီး မွေးထားခဲ့တော့ တစ်ဦးတည်းသောသားဖြစ်တဲ့ သူ့မှာ ညီလေးအပေါ်ချစ်လို့ မဝနိုင်ခဲ့ ။ ဒါကြောင့်လည်း သူ့အပေါ်ဘယ်လောက်ပဲ ဆိုးဆိုး အမြဲသည်းခံခွင့်လွှတ်ပေးနေခဲ့တာပါ ။

        အခုတစ်လော ညီလေးက စံကားရွာထဲက တရားသမားယောင်ယောင် ဆေးဆရာယောင်ယောင် ဦးအံ့ကြီးဆိုသူနဲ့ တစ်ပူးပူးတစ်တွဲတွဲပေါင်းသင်းနေတာကို ကိုဝင်းလွင်သတိထားမိနေတယ် ။  ဦးအံ့ကြီးတို့မျိုးရိုးက ခေတ်အဆက်ဆက် ဓားပြတိုက် လူသတ်ပြီး လက်စဖျောက်တဲ့အလုပ်ကို မကြာခဏလုပ်တတ်သူတွေမို့ အကြောင်းသိတဲ့သူတော်တော်များများက ခပ်ဝေးဝေးကနေ ရှောင်ကြပါတယ် ။ ဒါကို ညီဖြစ်သူက မသိပဲ ဒေဝဒတ်ကိုဆရာတင်နေလို့ ကိုဝင်းလွင်လဲ ကြုံရင်ကြုံသလို ရသလောက်ဆုံးမကြည့်ပါသေးတယ် ။ သို့ပေမယ့် သီဟက စိတ်ညှို့ခံထားရတဲ့လူလို အချိန်တန်တာနဲ့ ဦးအံ့ကြီးတို့အိမ်ကို ရောက်ရောက်သွားပြီး အစ်ကိုလုပ်သူကိုလဲ မချေမငံတွေပြန်ပြောတတ်လာခဲ့ပါတယ် ။

          ဘီးလင်းမြို့ဂတ်က ပုလိပ်အဖွဲ့ကလည်း ဦးအံ့ကြီးတို့မိသားစုကို အမြဲစောင့်ကြည့်နေပြီး မဟုတ်တာတစ်ခုခုလုပ်တာနဲ့ အကြောင်းကြားဖို့ ရွာလူကြီးဦးဌေးလွင်ဆီ ညွန်ကြားထားပါသေးတယ် ။ ထမင်းစားနေရင်း ညီလေးသီဟအကြောင်းကို အချိန်ဘယ်လောက်ကြာကြာ စဥ်းစားနေတယ်သူမသိတော့ ၊ ညီဖြစ်သူက သူ့ထုံးစံအတိုင်းအပြင်ထွက်ဖို့လုပ်တော့မှ သတိဝင်လာပြီး ပျောက်နေတဲ့ပေါက်တူးကို လှမ်းမေးကြည့်လိုက်တယ် ။

” ​​ ညီလေး ဘယ်သွားမလို့လဲ အစ်ကို တစ်ခုမေးချင်လို့ “

” ကျုပ်ဟာကျုပ် သွားချင်တဲ့နေရာသွားမယ် ခင်ဗျားမေးတိုင်း ဖြေစရာလား ပြော ဘာမေးမလို့လဲ  “

” သြော် မနေ့က အစ်ကိုမရှိတုန်း မီးဖိုချောင်မှာထားတဲ့ ပေါက်တူးကို ဘယ်သူလာငှားသေးလဲ  “

          အစ်ကိုဖြစ်သူက သူ့ပေါက်တူးနဲ့ဂေါ်ပြားအကြောင်းမေးလာတော့ သီဟလဲ မျက်နာကွက်ခနဲပျက်သွားပြီး မနက်က သူလုပ်ခဲ့တာတွေကို ပြန်သတိရသွားခဲ့တယ် ။

” ဘယ် ဘယ်သူမှ မငှားဘူး သိလဲမသိဘူး ဒါပဲမဟုတ်လား ကျုပ်သွားမယ် “

” အေးပါ မသိဘူးဆိုလဲ ထားလိုက်ပါတော့ “

          သူဘာပဲလုပ်လုပ် အမြဲခွင့်လွှတ်ပေးခဲ့ပေမယ့် မိဘတွေအမွေပေးခဲ့တဲ့ပစ္စည်းတွေကိုထိရင်တော့ အစ်ကိုဖြစ်သူ စိတ်မကောင်းဖြစ်တတ်မှန်း သီဟ သဘောပေါက်ပါတယ်။ ဒါကြောင့်လည်း ဆရာအံ့ကြီးအိမ်မသွားခင် မြစ်ထဲဘက်အမြန်သွားပြီး မနက်ကတူးခဲ့တဲ့နေရာအနားကို မယောင်မလည်သွားကြည့်လိုက်မိတယ် ။

           ပုံစံပျက်နေတဲ့မြေစာပွပွတွေကို စိုက်ကြည့်နေတဲ့အချိန် မြစ်ထဲငါးရှာနေတဲ့ ရွယ်တူတံငါသည်တစ်ယောက်က
” ဟေ့ကောင်ကြီး သီဟ ဘာတွေ လိုက်ရှာနေတာလဲကွ ” လို့ လှမ်းမေးတာ ခံလိုက်ရတယ် ။

” ဟာ ငစိုး မင်း ဒီနားမှာ ငါးရှာနေတာ ကြာပြီလား “

” တစ်နာရီလောက်တော့ရှိပြီလေ ဘာလို့လဲ ငါးဝယ်မလို့လား “

” မဟုတ်ပါဘူး မင်း ကွန်ပစ်ရင်း ပေါက်တူးတစ်လက်နဲ့ ဂေါ်ပြားတစ်လက်တွေ့မိလားလို့ မေးမလို့ပါကွ “

” ဘာ ပေါက်တူး ဟုတ်လား…သီဟရယ် ကြံကြံဖန်ဖန်မေးတတ်လိုက်တာကွာ ရေထဲငါးရှာနေတဲ့လူနဲ့ မြေကြီးပေါက်တဲ့ပေါက်တူး ဘာမှလဲမဆိုင်ပါဘူးကွာ နေပါဦး ဘာလို့ အဲ့ဒါတွေကို အသဲအသန်လိုက်ရှာနေတာလဲ “

” ဒီလို ငါ့ကောင်ရေ မနေ့က ငါအရက်သောက်ဖို့ အမြည်းမရှိတာနဲ့ ပုရစ်လိုက်တူးရင်း အဲ့ဒါတွေ မြစ်ထဲပြုတ်ကျသွားလို့ပါကွာ အခု ငါ့အစ်ကိုကသိသွားလို့ မေးနေပြီ ခါတိုင်း တစ်ခုခုပျောက်ရင် သူမသိချင်ယောင်ဆောင်တာများပါတယ် အခုက ခဏခဏကို မေးနေလို့ဟေ့ “

” ဟာ ဟုတ်လား မင်းတော်တော်ဆိုးပါလား သီဟရာ အစ်ကိုဝင်းလွင်က မင်းကို ဒီလောက်ချစ်တာတောင်… နေဦးကွ ပေါက်တူး ပေါက်တူး ဟာ ဟုတ်တယ် ဂေါ်ပြားတစ်လက်နဲ့ ပေါက်တူးတစ်လက်… ကိုကျော်ထွေးလှေထဲမှာ ငါတွေ့လိုက်တယ် သူပြောတာ သူ့ကွန်နဲ့ငြိပါလာတာတဲ့  “

” အေး အေး ကျေးဇူးပါပဲ သူငယ်ချင်းရာ ငါအခုပဲ သူ့ဆီသွားမေးလိုက်မယ် “

         သီဟတစ်ယောက် ခြေလှမ်းကျဲကြီးတွေနဲ့ ရွာထဲဘက်ပြန်ရောက်လာတော့ ပုခုံးပေါ်မှာ ကွန်တစ်လက်ထမ်းပြီး ဆေးပြင်းလိပ်တစ်လိပ်ကိုဟန်ကျပန်ကျဖွာလာတဲ့ ကိုကျော်ထွေးနဲ့ အမှတ်မထင်ဆုံသွားခဲ့တယ် ။

” ကိုကျော်ထွေး “

” ဟေ ဘာလဲ သီဟ “

” ဟိုလေ အစ်ကိုမနက်က ကွန်ပစ်ရင်း ဂေါ်ပြားတစ်လက်နဲ့ ပေါက်တူးတစ်လက် ရလာတယ်ဆို “

” ဟုတ်တယ်လေ အဲ့ဒါ ဘာဖြစ်လို့လဲ “

” ဘာမှတော့မဖြစ်ပါဘူး ကျုပ်မနေ့က ပုရစ်သွားတူးရင်း မြစ်ထဲကျသွားတဲ့ ကျုပ်ဟာတွေများလားလို့ မေးကြည့်တာပါ “

” မဖြစ်နိုင်ဘူးထင်တယ် သီဟရဲ့ အဲ့ဒါတွေကို မနက်က မင်းအစ်ကို ကိုဝင်းလွင်လဲ မြင်လိုက်သေးတယ်ကွ မင်းတို့အိမ်ကဟာတွေဆို သူမှတ်မိရမှာပေါ့ ဒါနဲ့ မင်းတို့ဟာတွေက ဘာအရိုး(ပေါက်တူးအရိုး) တပ်ထားတာလဲ “

” သစ်သားရိုးပဲ ထင်တယ် သေချာတော့မသိဘူး မှတ်မိတာကတော့ အရိုးသားက  လေးလေးကြီးမဟုတ်ဘူးဗျ ပန်းပွတ်ပညာနဲ့ ကနုတ်ပန်းတွေလည်း ထွင်းထားတယ် “

” အဲ့ဒါဆိုရင်တော့ မဟုတ်ဘူး သီဟရ ငါရလာတဲ့ပေါက်တူးအရိုးက ဝါးရိုးနဲ့ ဘာကနုတ်ပန်းမှမပါဘူး “

” ဟာ စိတ်ရှုပ်လိုက်တာကွာ တော်ပြီ မရှာတော့ဘူး အသစ်ပဲဝယ်သုံးလို့ ပြောလိုက်တော့မယ် ဒါပဲ ကျုပ်သွားပြီ “

        ​သီဟက အဲ့လိုပြောပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ထွက်သွားတော့ အကြောင်းသိပြီးသားကိုကျော်ထွေးလဲ ဘာမှထပ်မပြောတော့ပဲ မီးသေနေပြီဖြစ်တဲ့ ဆေးလိပ်တိုကို မီးထပ်ညှိကာ ကိုယ့်အိမ်ကိုပြန်လာခဲ့လိုက်တယ် ။ ညီဖြစ်သူက မလိမ္မာပေမယ့် အစ်ကိုလုပ်သူရဲ့ကျေးဇူးတွေ​က သူ့အပေါ်များလွန်းနေတော့ ကိုကျော်ထွေးလဲ သီဟကို မသိချင်ယောင်ဆောင်လိုက်တာပါ ။

(၃)

” သေတ္တာအထဲမှာ ဘာတွေပါလဲ ဆရာကြီး “

” ဟော မောင်သီဟပါလား ဝင်လာလေကွာ တစ်မနက်လုံးပျောက်နေပါလား အိပ်ကောင်းနေတာလားကွ “

” ဆိုပါတော့ ဆရာကြီးရယ် ကျနော်မေးတာလေးဖြေပါဦး “

” အေး မောင်သီဟ မင်းကိုယ်တိုင်ပဲ လာကြည့်လိုက်ပါကွယ် ကမ်းပါးစွန်းမှာ တစ်စွန်းတစ်စပေါ်နေတယ်ဆိုလို့ ငါတို့မှာ လူခြေတိတ်ချိန်လေး သွားတူးကြည့်ပါတယ် အထဲမှာ အဖိုးတန်ရတနာတစ်ခုမှမပါတဲ့အပြင် ငါတောင် နားမလည်တဲ့ ပေစာလိုလို အင်းချပ်လိုလို ပုရပိုက်လိုလို ဟာတွေပဲပါလာတယ်ဟေ့ “

” ဟုတ်တယ် ကိုသီဟရေ အိပ်ရေးပျက်တာပဲ အဖက်တင်တယ်ဗျာ “

          ဆရာကြီးရဲ့တူဖြစ်သူ သူရက ပြောပြောဆိုဆို ဖွင့်ထားပြီးသားသေတ္တာကို သူ့ဘက်ထိုးပေးလိုက်တော့ သီဟလဲ အံ့အားသင့်တဲ့မျက်လုံးတွေနဲ့ ငုံ့ကြည့်လိုက်တဲ့အချိန် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျှော်လင့်ချက်တွေအားလုံး ရေစုန်မျောသွားသလို ခံစားလိုက်ရပါတယ် ။ သူတို့ပြောသလိုပါပဲ သေတ္တာထဲမှာ အဖိုးတန်ရွှေငွေရတနာတွေအစား ပျက်စီးလုပြီဖြစ်တဲ့ ရှေးဟောင်းအင်းစမပုရပိုက်တွေကိုသာ သီဟတွေ့လိုက်ရပါတယ် ။

” ဟာ တကယ်ကို ဘာမှမပါဘူးပဲ ဘာဆင်လုပ်ကြမလဲ ဆရာကြီး “

” ဘာလုပ်ရမလဲ တပည့်ကျော်သီဟရယ် အရင်လိုပဲ ကားလမ်းမပေါ် အလှူခံကြရုံပဲပေါ့ “

” ကောင်းတယ်ဆရာကြီး ဘယ်နေ့သွားရမလဲဆိုတာ ညွန်ကြားပေးပါ “

” အခြေနေကြည့်ရမှာပေါ့ကွယ် အခုတစ်လော ပုလိပ်အဖွဲ့ကလည်း ရွာကိုမကြာမကြာ လာနေတာဆိုတော့ အစစအရာရာ သတိထားကြ ကြားလား “

” ဟုတ် ကြားပါတယ် ဆရာကြီး ဒါနဲ့ ဒီသေတ္တာကြီးက အသုံးလဲမဝင်ဘူး မီးရှို့လိုက်ရမလား ဆရာကြီး “

” အေး အဆင်ပြေသလိုသာလုပ်လိုက် တပည့်ရေ မီးရှို့မယ်ဆို ဒီခြံထဲမှာတော့မရှို့နဲ့ လူတွေက နဂိုကတည်းကမှ ငါ့ကို ယုန်ထင်ကြောင်ထင် ထင်နေကြတာ မင်းအိမ်ပြန်ယူသွားပြီး မီးမွှေးတဲ့နေရာမှာသုံးလိုက် “

             ဆရာဖြစ်သူစကားဆို မြေဝယ်မကျနားထောင်တတ်တဲ့သီဟတစ်ယောက် သေတ္တာကြီးကိုထမ်းပြီးပြန်သွားတာနဲ့ ဦးအံ့ကြီးနဲ့ သူရလည်း တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါပါပြုံးပြပြီး တံခါးအနောက်မှာ ဖွက်ထားတဲ့ အထုပ်နှစ်ထုပ်ကို အညီအမျှခွဲယူလိုက်ကြပါတယ် ။

” ဟော ငါ့ညီလေး ဘာသေတ္တာကြီးလဲကွ လာ လာ အစ်ကိုချကူမယ် “

” အထဲမှာ အသုံးမဝင်တဲ့ စက္ကူတွေပါတယ် ခင်ဗျား မီးမွှေးရင်သုံးဖို့ ဆရာကြီးပေးလိုက်တာ “

” ဟုတ်လား ညီလေး ဟင် ဒီသေတ္တာအဖုံးက ကနုတ်ပန်းတွေကို ဘယ်မှာမြင်ဖူးပါလိမ့် ဟာ မှတ်မိပြီ တို့အိမ်ကပျောက်သွားတဲ့ ပေါက်ပြားအရိုးမှာပါတဲ့ ကနုတ်ပန်းတွေနဲ့ ဆင်နေပါလား မှန်းစမ်း အထဲမှာ ဘာတွေပါလဲ “

           ကိုဝင်းလွင်က သေတ္တာကိုဆွဲဖွင့်ပြီး ဝါကျင်ကျင်ပေရွက်တစ်ရွက်ကို ကောက်ယူဖတ်ကြည့်လိုက်တော့ သူ့မျက်နာက သိသိသာသာဝင်းလက်သွားပြီး

” ညီလေး ဒီစာကို ဖတ်ကြည့်စမ်း ” လို့ လှမ်းပြောလိုက်တယ် ။

” ဘာရေးထားလို့လဲ ပေးစမ်း!! ဟမ်!! သိသူဖော်စားမသိသူကျော်သွား…. ရတနာမတ်သူက ရတနာကိုယူပါ  အဖိုးမဖြတ်နိုင်တဲ့ အင်းပညာရပ်တွေ လိုချင်ပါက ပြထားတဲ့အဆင့်အတိုင်း လေ့ကျင့်ပါ ဆိုပါလား ဒါဆို ဟိုလူတွေက အပေါ်ကရတနာတွေကိုယူပြီး ငါ့ကို ဘာမှမပါဘူးလို့ ပြောလိုက်တာပေါ့ တောက်!!! “

” ကဲ့ အခုတော့ ဖွတ်ထွက်မှ တောင်ပို့မှန်းသိပြီလား ညီလေး တော်သေးတာပေါ့ ငါ့ညီလေးကို ဘာအန္တရာယ်မှမပြုလိုက်လို့ “

” လုပ်ရဲလုပ်ကြည့်ပါလား သူသေကိုယ်သေ လုပ်ပစ်မှာပေါ့ ဒါသက်သက်လူပါးဝတာ ဟိုတစ်ခါက ကာလမ်းမတစ်ခုမှာ ဘာပစ္စည်းမှရမလာလို့ အခုဝေစုကို မပေးတာဖြစ်မယ် ငါ့အိမ်က ပေါက်တူးနဲ့ ဂေါ်ပြားတောင် အစစ်ပါသွားသေးတယ် အောက်တန်းစားတွေ ဒင်းတို့ကို အခုပဲ သွားသတ်မယ် တောက် “

”  အို စိတ်ထိန်းစမ်းပါ ညီလေးရယ် မသွားပါနဲ့တော့ ပြေးကြည့်မှ ဒီအိမ်မှာ တို့ညီအစ်ကိုနှစ်ယောက်ပဲရှိတာပါ ငါ့ညီလေးတစ်ခုခုဖြစ်သွားရင် အစ်ကိုဘယ်လိုမှ မဖြေနိုင်ဘူး အစ်ကိုပါ လိုက်သေမှာနော် “

         အစ်ကိုလုပ်သူက အဲ့လိုပြောလိုက်တော့ သီဟလဲ စိတ်ကိုဖြည်းဖြည်းချင်းလျှော့ချလိုက်ပြီး အိမ်တိုင်ကို လက်သီးနဲ့ “တစ်ဒုန်းဒုန်း´´ ထိုးကာ ဒေါသတွေကို ဖြေပစ်လိုက်တယ် ။

” ရေလေးက အေးနေတာပဲနော် ဖိုးဖိုး ကြည်လဲကြည်တယ် ဒါဘာမြစ်လဲဟင် “

” ဖိုးဖိုးလဲ အခုမှရောက်ဖူးတာလေ မြေးလေးရဲ့ မင်းဆရာကို မေးကြည့်ပါလား “

” ဒါဘီးလင်းမြစ်လေ အောင်ညို … တောင်တန်းတွေကိုပတ်ပြီးစီးလာတာဆိုတော့ အေးစိမ်းနေတာပေါ့ “

” ဟုတ်လား ဆရာ ကျုပ်လဲ အညာမှာနေတုန်းက မြစ်နဲ့နီးပြီး ရေမချိုးဖူးဘူးဗျ “

” မင်း အဖေနတ်ဘီလူးလှမောင်က အဲ့တုန်းက ဖုတ်ကောင်လေ အောင်ညိုရဲ့ မင်းကိုစိတ်မချလို့ မသွားခိုင်းတာနေမှာပေါ့ “

” ဟီး ဆရာကလဲ ပြောပြန်ပြီဗျာ  အား “

” ဟင် မြေးလေး ဘာဖြစ်တာလဲ “

” ဖိုးဖိုး ဆရာ ကျုပ်ခြေထောက်ကို ဘာကောင်လဲမသိဘူး ကိုက်သွားသလိုပဲ နာလိုက်တာ အား ကျွတ် ကျွတ် ကျွတ် “

           အကောင်တစ်ကောင်လို့အသံကြားတော့ ဦးအောင်မောင်းလဲ ရေချိုးနေတာကိုချက်ချင်းရပ်ပြီး  မြေးနှစ်ယောက်ကို လက်ဆွဲကာ ကုန်းပေါ်မြန်မြန်တက်သွားခဲ့တယ် ။

” ဟာ မြေးလေးခြေဖဝါးက ဟက်တက်ကြီးကွဲသွားတာပဲ ဒါအကောင်ကိုက်တာမှမဟုတ်တာ ရေထဲမြုပ်နေတဲ့ ဓားတို့ဘာတို့ နင်းမိတာထင်တယ် “

          ဦးအောင်မောင်းက ​အဲ့လိုပြောပြီး အောင့်ညိုဒဏ်ရာကို သွေးအမြန်တိတ်အောင် နီးစပ်ရာ မန်းလေးရွက် တစ်ချို့နဲ့ ဖိပေးနေတဲ့အချိန် သိန်းခေါင်က မြစ်ရေပြင်ကိုစူးစိုက်ကြည့်ပြီး

” နတ်ဥယျာဥ်မှူး သိင်္ခရဲ့လက်နက်တွေက ဒီမြစ်ထဲကို ဘယ်လိုရောက်နေတာလဲ ”  လို့ တုံးတိတိကြီးပြောချလိုက်တယ် ။

” ဟမ် ဘယ်သူ မြေး  နတ်ဥယျာဥ်မှူး ဟုတ်လား သူက လူ့ပြည်မှာလား “

” ဟုတ်တယ် အဖိုး ကံမရွာက ဟိုနတ်မိစ္ဆာကို ဆုံးမဖို့သွားတုန်းက ​လမ်းမှာ ကျနော်တို့ကားကို ဓားပြတိုက်တဲ့အဖွဲ့ထဲ သူပါတယ်လေ “

” သြော် ငါ့မြေးကို သေနက်နဲ့ချိန်တဲ့တစ်ယောက်ထင်တယ် နေပါဦး သူက ဒီလောက်နေချင်စရာကောင်းတဲ့ နေရာမှာ အေးဆေးမနေပဲ ရှုပ်ထွေးပွေလီလှတဲ့လူ့ပြည်ကို ဘာလာလုပ်တာလဲ “

” ​အလို အဖိုးရဲ့ နတ်တို့မည်သည် အတိတ်ကုသိုလ်ကံအရှိန်ကုန်ရင် စုတေ(နတ်သက်ကြွေ) ရတယ်လေကွယ် အခု  နတ်ဥယျာဥ်မှူးသိင်္ခကလဲ သူစံစားရတဲ့ နတ်ဥယျာဥ်မှာ မပျော်ပိုက်တော့လို့ ဖြစ်မှာပေါ့ “

” တယ်လဲဆန်းကြယ်ပါလား ဆရာရဲ့ အဲ့ဒါမျိုးကို ထန်းပင်စုရွာက ကျုပ်လက်ဦးဆရာဖြစ်တဲ့ ဆရာတော်ကြီးလဲ ပြောဖူးတယ်ဗျ “

” သူ့ပစ္စည်းတွေက ဒီမှာဆိုတော့ သူလဲ ဒီနားက ရွာတစ်ရွာမှာ နေတယ်ထင်တယ် ခဏလေး အောင်ညို ငါအမိန့်ပြန်လိုက်ဦးမယ် “

            သိန်းခေါင်က ပြောပြောဆိုဆို ရေစပ်နားကိုသွားရပ်ပြီး နှုတ်ကနေ စကားတစ်ချို့ကိုတစ်တွတ်တွတ်ပြောလိုက်တော့ အရောင်တစ်ဖျပ်ဖျပ်လက်နေတဲ့ ရွှေရောင်ပေါက်တူးတစ်လက်နဲ့ ငွေရောင်ဂေါ်ပြားတစ်လက်က ရေပြင်ပေါ်ပေါ်လာတာ ဦးအောင်မောင်းမြင်လိုက်ရတယ် ။

” လာခဲ့ လာခဲ့ သင်တို့က ရေထဲမှာနေရမှာမဟုတ်ဘူး နောင်တစ်ချိန် အင်းဝိဇ္ဇာဘိုးတော်သီဖြစ်လာမယ့် လူသားဆီမှာ ရှိနေရမှာ လာခဲ့ “

          ထူးထူးဆန်းဆန်းရေပေါ်ပေါ်နေတဲ့ ပေါက်တူးနဲ့ဂေါ်ပြားက တော်တော်နဲ့ ကမ်းမကပ်လာတော့ သိန်းခေါင်လဲ အဆိုပါပစ္စည်းတွေကို ကလေးချော့သလို ချော့ခေါ်နေရပါတယ် ။ အတန်ကြာအောင်ချော့ခေါ်တော့မှ ရေထဲတစ်ဝဲလည်လည်လုပ်နေတဲ့ ပစ္စည်းတွေက လှိုင်းရိုက်သလိုလိုနဲ့ ကမ်းဘက်ကို တစ်လှုပ်လှုပ်ကပ်လာခဲ့ကြပါတယ် ။

” ကြည့်ရတာ သခင်ကိုယ်တိုင်က စွှန့်ပစ်သွားလို့ သူတို့ စိတ်နာသွားတာဖြစ်မယ် ….အောင်ညို မင်းခြေထောက်ဒီနားကိုလာ… သူတို့လုပ်တာဆိုတော့ သူတို့ကို ပြန်ကုခိုင်းရမယ် “

         ဆရာဖြစ်သူကလှမ်းခေါ်တော့ အောင်ညိုလဲခြေထောက်ကို ကလေးတွေဆော့သလိုခုန်ဆွခုန်ဆွလုပ်ပြီး အနားကိုရောက်လာခဲ့တယ် ။ သိန်းခေါင်လဲ ရွှေရောင်အရိုးတပ်ပေါက်တူးကို ဦးအောင်မောင်းကိုခဏကိုင်ခိုင်းလိုက်ပြီး ငွေရောင်ဂေါ်ပြားနဲ့ ရေအနည်းခပ်ကာ အောင်ညိုခြေထောက်ပေါ်လောင်းချပေးလိုက်တယ် ။

” အား စပ်တယ် ဆရာ စပ်တယ် “

” ဒဏ်ရာအမြန်ပျောက်ချင်ရင်တော့ အနာခံရမှာပဲ အောင်ညို ဒါကို သံသေဒဇရေစင်လို့ ခေါ်တယ် မင်း ဒဏ်ရာက ခဏနေ လူကောင်းလို ခြေပြန်ထောက်နိုင်လိမ့်မယ် ထပ်လောင်းမယ်နော် အောင့်ခံ “

” အား “

         အောင်ညို့အော်သံက မြစ်ကမ်းတစ်လျှောက်မှာ ပေါက်ရောက်နေတဲ့ သဘာဝပေါက်ပင်မျိုးစုံနဲ့ ဒေသခံတွေစိုက်ပျိုးထားဟန်တူတဲ့ သီးပင်စားပင်တွေကြားမှာ ပဲ့တင်ထပ်ရင်း ပျောက်ကွယ်သွားခဲ့ချေပြီ ။ အသစ်ပေါ်လာမယ့် စောင့်ရှောက်သူက စံကားရွာထဲမှာ ရှိနေတာသိရတော့ ကမ်းနားကလူသုံးယောက်ကလည်း ယာခင်းတွေကြားက လူသွားလမ်းလေးအတိုင်း ရွာရှိရာကို တစ်ဖြည်းဖြည်းလျှောက်လာခဲ့ကြတယ် ။

         စံကားရွာလေးက မိရိုးဖလာ တောင်သူအလုပ် တံငါအလုပ် ကူးတို့ပို့အလုပ် စတဲ့ ကောင်းရောင်းကောင်းဝယ် သမားရိုးကျအလုပ်တွေများစွာရှိတဲ့အပြင် ဒေသခံတွေကလည်း သဘောကောင်းကြတာမို့ သိန်းခေါင်တစ်ယောက် ဘာရယ်မသိ သဘောတွေ ကျနေမိတယ် ။

         ရာမညတိုင်း ၊ မွန်တို့ဌာနီကလူတွေဟာ ဘာသာရေးမှာလည်း စံထားရလောက်တဲ့သူတွေမို့ ရွာထဲဝင်လိုက်တာနဲ့ ထုံးဖြူစေတီအစုလေးက ဆည်းလည်းသံ ” တစ်ချွင်ချွင် ” ပေးလို့ ဆီးကြိုနေပြန်ပါတယ် ။

          အဲ့ဒီအချိန် ” ဒုန်း ” ခနဲ တုန်ခါသွားတဲ့ မြေပြင်အခြေအနေကြောင့် လမ်းမပေါ်လှုပ်ရှားသွားလာနေကြတဲ့ လူတွေလည်း အထိတ်ထိတ်ပြာပြာနဲ့ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်ကြပါတယ် ။

” ကယ်ကြပါဦး ကယ်ကြပါဦး ကျုပ်ကို ဘာကောင်မှန်းမသိတဲ့အကောင်က လိုက်သတ်နေလို့ပါ ကြောက်လွန်းလို့ပါ ကယ်ကြပါ “

           အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက် ၊မျက်နာမှာလဲ သွေးအလိမ်းလိမ်းထွက်နေပြီး တစ်စုံတစ်ရာကိုကြောက်လန့်နေတဲ့အလား မြင်မြင်သမျှလူတွေကို အော်ဟစ်အကူအညီတောင်းခံနေခဲ့တယ် ။ ရုပ်ရည်သနားကမားလူငယ်ကိုသေချာကြည့်လိုက်တော့ တစ်ရွာလုံးရဲ့ချဥ်ဖက်သီဟ ဖြစ်နေခဲ့ပါတယ် ။

” ဟဲ့ အငေး အဲ့ကောင်လေးက ဘယ်လိုဖြစ်တာလဲ “

” အရက်မူးမူးနဲ့ ဦးအံ့ကြီးတို့အိမ်ကို ဓားကြိမ်းသွားကြိမ်းရာက  တစ်ညလုံး အဲ့လိုဖြစ်နေတာ အခုထိပဲ နဂိုကမှ အောက်လမ်းဆရာလိုလို ဘာလိုလိုလူကြီးကို သူမို့ သွားကြိမ်းရဲတယ်  “

” ကယ်ကြပါ ရပ်ကြည့်မနေကြပါနဲ့ ကျုပ် ကျုပ် ရူးနေတာမဟုတ်ပါဘူး ကျုပ်နောက်မှာ ရုပ်ဆိုးဆိုးအကောင်တွေအများကြီး တကယ်လိုက်နေတာပါ ကယ်ကြပါဗျာ အား  “

” ဟဲ့ သိင်္ခဒေဝ(သိန်ခဒေဝ) သတိကပ်စမ်း  “

           ချိုကြည်အေးနေတဲ့ အမိန့်ပေးသံတစ်သံကြောင့် အရူးတစ်ယောက်လို ပြေးလွှားနေတဲ့လူငယ်လဲ တုံ့ခနဲရပ်သွားပြီး အသံလာရာကို ​လှည့်ပတ်ရှာဖွေလိုက်တယ် ။ အသံရှင်က အသားလက်လက် မျက်ခုံးကောင်းကောင်း ရုပ်ရည်သန့်သန့်နဲ့မို့ သီဟလဲ သူ့ကိုတစ်နေရာရာမှာ မြင်ဖူးသလိုလို စိုက်ကြည့်နေမိတယ် ။

” ဘာတွေငေးနေတာလဲ သိင်္ခဒေဝ ငါတို့တစ်ခါဆုံဖူးတယ်လေ သင့်ကို မပေါင်းသင်းအပ်တဲ့လူနဲ့ မပေါင်းပါနဲ့လို့ အတန်တန်​ မှာလိုက်ရဲ့သားနဲ့ အခုတော့ခံရပြီမလား “

” ဟင် အ အ ရှင် စိတ်  “

” တိတ်စမ်း အဲ့လိုမခေါ်နဲ့ လူတွေကြည့်နေတယ် ငါ့ကို မြန်မြန်ပြန်ရအောင် လုပ်နေတာလား “

” မ မဟုတ်ပါဘူး အ အရှင် အဲ့ ဆ ဆရာလေး ကျုပ် ကျုပ် သတိလွတ်သွားလို့ပါ အခု အခု ကျုပ်ကို ကယ်ပေးပါ ဆရာလေး… လူယုတ်မာ အံ့ကြီးက သူမွေးထားတဲ့ နာနာဘာဝတွေနဲ့ ကျုပ်ကို သတ်ခိုင်းနေတယ် ကယ်ပါ ဆရာလေး အဟီး ဟီး ဟီး “

”  ​ကောင်းပြီ ငါကူညီမယ် ဒါပေမယ့် မင်းကိုယ်မင်း ပြန်ကယ်ရမှာ ရော့ မင်း လွှင့်ပစ်ခဲ့တဲ့ လက်နက်တွေ ငါအသက်ပြန်သွင်းပေးပြီးပြီ ယူသွား မိစ္ဆာစည်းကိုဖျက်ချလိုက် သွား “

              သူ့အရပ်ထက်အနည်းငယ်မြင့်တဲ့လူငယ်က တစ်ပေသာသာလောက်ရှိတဲ့ ငွေရောင်ဂေါ်ပြားလေးတစ်လက်ကိုထုတ်ပေးတော့ သီဟမျက်နာလဲ ဝင်းလက်သွားပြီး ဆတ်ခနဲဆွဲယူကာ သူ့အနောက်မလှမ်းမကမ်းမှာရှိနေတဲ့ နာနာဘာဝတွေကို ” တစ်ဖြောင်းဖြောင်း ” မြည်အောင် လိုက်ရိုက်ပါတော့တယ် ။

           အသွားငွေရောင်ရှိတဲ့ဂေါ်ပြားဒဏ်မိသွားတဲ့ နာနာဘာဝတွေလည်း ခြေပြတ်တဲ့အကောင်ကပြတ် ခေါင်းပြတ်တဲ့အကောင်ကပြတ် ဖြစ်ကုန်တာမို့ နောက်ကိုတပ်ပြန်ခေါက်ပြီး ကစဥ့်ကလျားထွက်ပြေးကုန်ကြပါတယ် ။ သီဟတစ်ယောက် ဘာမှမရှိတဲ့ လေဟာနယ်ကို ဂေါ်ပြားသေးသေးလေးနဲ့ ခုတ်လိုက် ” တစ်ဟီးဟီး ” နဲ့ ရယ်လိုက်လုပ်နေတာကြောင့် လမ်းသွားလမ်းလာတွေလည်း သူ့ကို ရူးသွားပြီအထင်နဲ့ တစ်ယောက်မှ ဂရုမစိုက်ကြတော့ ။

            အဲ့ဒီအချိန် ပုဆိုးကိုဒူးခေါင်းလောက်ဝတ်ထားတဲ့လူလတ်ပိုင်းအရွယ်လူတစ်ယောက်က အူးယားဖားယားပြေးချလာပြီး သီဟကိုမြင်တာနဲ့

” ညီ ညီလေး စိတ်ထိန်းပါဦးကွာ အစ်ကိုနဲ့ ပြန်လိုက်ခဲ့ပါနော် ညီလေးနော် “

” အစ်ကို ခင်ဗျား ဖယ်စမ်း ငါ သရဲတွေနဲ့ တိုက်နေတာ သွား နောက်က ငါ့ဆရာတွေနားမှာ သွားနေ “

          ညီဖြစ်သူစကားက ထူးဆန်းနေလို့ ကိုဝင်းလွင်လဲ သူပြောတဲ့နေရာကိုမသိမသာလှမ်းကြည့်လိုက်တော့ အသက်အရွယ်မတူတဲ့ လူသုံးယောက်က သူတို့နှစ်ယောက်ကို ပြုံးပြုံးကြီးရပ်ကြည့်နေတာ မြင်လိုက်ရတယ် ။ အဲ့ဒါနဲ့ သူလဲ အဆိုပါလူသုံးယောက်နားကိုပြေးသွားပြီး အသက်ကြီးကြီးလူတစ်ယောက်ကို စကားစပြောလိုက်တယ် ။

” ဦးကြီး ဦးကြီးတို့က ဆေးဆရာတွေလားဟင် ကျနော့် ကျနော့်ညီလေးကို ကယ်ပေးပါလားဗျာ “

” စိတ်အေးအေးထားပါမောင်ရင် မင်း ညီလေးပြောတာတွေက အမှန်တွေပါ သူတကယ်ပဲ မမြင်အပ်တဲ့အရာတွေနဲ့တိုက်နေတာကွယ့် သူ့လက်ထဲကိုကြည့်လိုက် အဲ့ဒါ မောင်ရင်တို့အိမ်က ပျောက်သွားတဲ့ ပစ္စည်းတွေမဟုတ်လား “

” ဟာ ဟုတ်တယ် ဦးကြီး ဒါ ဒါပေမယ့် ဘာလို့ သေးသေးလေးတွေဖြစ်သွားတာလဲ မပျောက်ခင်တုန်းက ယာထဲမှာသုံးတဲ့ဟာလို အကြီးကြီးတွေပါ “

” လာ မောင်ရင် မောင်ရင့်အိမ်ကို သွားရအောင် “

” ကျ ကျနော့်ညီလေးကိုရော မခေါ်တော့ဘူးလား ဦးကြီး “

” ထားခဲ့လိုက်ပါ အချိန်တန်ရင်ပြန်လာမှာပေါ့ လာပါ မောင်ရင် ဘာမှနောက်ဆံမတင်းပါနဲ့ “

အခုမှမြင်ဖူးတဲ့ လူစိမ်းအဖိုးကြီးက ညီဖြစ်သူဘက်ကနေ ယတိပြတ်ထောက်ခံနေတော့ ကိုဝင်းလွင်လဲ တစ်ခုခုကို သဘောပေါက်သွားတဲ့ဟန်နဲ့ ဧည့်သည်တွေအားလုံးကို အိမ်ခေါ်သွားလိုက်တယ် ။ အိမ်ရောက်တော့ ရေနွေးဗန်းနဲ့စားစရာတစ်ချို့ကိုချပေးပြီး သူသိချင်တာကို အခုလိုပဲ ကောက်မေးလိုက်တယ် ။

” ပြောပြပါ ဦးကြီး ကျနော့်ညီလေးက ဘာလို့ နာနာဘာဝတွေနဲ့ တိုက်ခိုက်နေရတာလဲ “

         ကိုဝင်းလွင်ကမေးတော့ အသက်ခြောက်ဆယ်အရွယ်အဖိုးကြီးချက်ချင်းမဖြေပဲ ရေနွေးကြမ်းတစ်ခွက်ကိုအရင်သောက်ပြီး

” မောင်ရင်မေးတာကိုမဖြေခင် ဦးကြီး မေးတာကို အရင်ဖြေပါ “

” ဟုတ်ကဲ့ မေးပါ “

” မောင်ရင့်ညီမွေးတုန်းက ထူးခြားမှုတွေရှိလား “

” ဟာ ရှိပါသကောဦးကြီးရယ် ညီလေးမွေးတဲ့ညက  သရဖီပန်းနံ့တွေအရမ်းမွေးတာ ပိုပြီးထူးခြားတာက ခြံထဲမှာ သရဖီပန်းနဲ့တူတဲ့အပင် လုံးဝမရှိဘူး နောက်တစ်ခုက တော်တော်ထူးဆန်းတယ် ညီလေးမွေးပြီး နောက်နေ့ အိမ်ရှေ့မှာ အဲ့ဒီ ဂေါ်ပြားနဲ့ ပေါက်တူးက သူ့အလိုလိုရောက်လာတာ အဖေကမြင်တော့ အိမ်နီးနားချင်းတွေလိုက်မေးတာပေါ့ ဘယ်သူ့ဟာလဲ ဘာညာပေါ့ ဒါပေမယ့် ဘယ်သူ့ပဲမေးမေး အဲ့ပစ္စည်းတွေရဲ့ပိုင်ရှင်မရှိဘူးဗျ “

” ဟုတ်ပြီ မောင်ရင် နောက်တစ်ခုထပ်မေးမယ်နော် မောင်ရင့်ညီလေးမွေးပြီးနောက်ပိုင်း အိမ်ရဲ့စီးပွားရေးတွေ တိုးလာရော ရှိလား “

” ဟင် ဦး ဦးကြီးကဘယ်လိုသိတာလဲ ဟုတ်တယ်  ညီလေးမွေးပြီးနောက်ပိုင်း အဖေတို့ဘိုးစဥ်ဘောင်ဆက်လုပ်လာတဲ့ ကူးတို့ပို့ ပစ္စည်းပို့အလုပ်ကော အမေ့ရဲ့ ဥယျာဥ်ခြံမြေအလုပ်ကော ငွေတွေအလုံးအရင်းလိုက်ဝင်လာတယ် ဒီနေ့အထိပဲဆိုပါတော့ “

” အဲ့ဒီကတည်းက သိလိုက်တော့ပေါ့မောင်ရင်ရဲ့ မောင့်ရင့်ညီသီဟက သာမန်လူမဟုတ်ဘူးလေ “

” ဒါ ဒါဆို ညီလေးက ဘာကောင်လဲ ဦးကြီး “

” သီဟလေးက လောကကောင်းကျိုးတွေကို ထူးခြားတဲ့ပညာရပ်တွေနဲ့ အကျိုးပြုမဲ့ လူထူးဆန်းပုဂ္ဂိုလ်ထူးပေါ့ကွယ် သူ့အချိန်အခါကိုမရောက်သေးတော့ အခုလိုပဲ ဆိုးပေတေပြီး လူ့ဂွစာဖြစ်နေရရှာတာပါ “

” ဟာ မဟုတ်ဘူး ဦးကြီး ညီလေးက အရင်က အဲ့လောက်မဆိုးပါဘူး ဟိုဓားပြ အဲ့ အဲ့ ဦး ဦးအံ့ကြီးဆိုတဲ့လူကြီးနဲ့ပေါင်းပြီးမှ ပိုဆိုးလာတာပါ “

” အင်း ဖြစ်တတ်ပါတယ်လေ ဒါပေမယ့် မောင်ရင်စိတ်ချပါတော့ မောင်ရင့်ညီလေးက ဒီနေ့ဒီအချိန်ကစပြီး လူကောင်းသူကောင်းဖြစ်သွားပါပြီ ဒါနဲ့ ဒီအိမ်မှာသိပ်မကြာသေးခင်ကမှ ထူးထူးဆန်းဆန်းရောက်လာတဲ့ ကျွန်းသေတ္တာတစ်လုံးရှိတယ်မဟုတ်လား “

” ဗျ ဗျာ ဟုတ် ဟုတ် ရှိပါတယ် ညီ ညီလေးပြောတာ ဦး ဦးအံ့ကြီးက မီးမွှေးရင်သုံးဖို့ ပေးလိုက်တာတဲ့ ဟော ဟိုအနောက်က သေတ္တာပါပဲဗျာ “

” သြော် ကဲ့ ဒီကလေးကတော့ အဖိုးမဖြတ်နိုင်တဲ့ပညာရပ်တွေကိုများ ဖျက်ဆီးဖို့ ကြံနေသေးတယ်ပေါ့လေ “

” ဟုတ်တယ် ဦးကြီး အဲ့ဒီသေတ္တာရောက်တဲ့နေ့ကတည်းက ကျနော်လဲ ထူးဆန်းနေတယ်လို့ ထင်နေတာ သူ ဘာမှမလုပ်ရသေးပါဘူး ကျနော်သိမ်းထားလို့ အကုန်အကောင်းအတိုင်း ရှိနေပါသေးတယ် ကြည့်ကြည့်ပါ “

              ကိုဝင်းလွင်က ပြောပြောဆိုဆို သေတ္တာကိုဖွင့်ပြတော့ ဧည့်သည်အဖိုးကြီးနဲ့အတူပါလာတဲ့ ရုပ်ရည်သန့်သန့်နဲ့ လူငယ်က ပေစာထုပ်တစ်ထုပ်ကိုကောက်ကိုင်လိုက်ပြီး

” ဒါက အင်းပညာအခြေခံရေးနည်း ပုတီးစိပ်နည်း အဓိဌာန်ဝင်နည်းတွေရေးထားတဲ့ ပေစာထုပ်ပဲ အစ်ကို အစ်ကို့ညီကို ​သေချာပြောပြလိုက်ပါ သူက နဓိုကတည်းက ထက်မြတ်ပြီးသားလူဆိုတော့ မြင်ရုံနဲ့ သိလွယ်တတ်လွယ်မှာပါ “

” ဒီကညီလေးက လူသာငယ်တာ တော်တော်ဗဟုသုတကြွယ်ပုံရတယ်နော် ပြောပါ အစ်ကိုအကုန်မှတ်ထားပေးပါ့မယ် “

” ဟုတ်ကဲ့ အစ်ကို ကိုသီဟနဲ့ ကျနော်က ပဌာန်းဆက်ရှိတယ်လို့ဆိုရမှာပေါ့ ဒါတွေထားပါလေ ကျနော်ဆက်ပြောပြမယ်နော် ဒီအထုပ်က အရမ်းအရေးကြီးတယ်ဗျ ဒါက ဒိဗ္ဗစက္ခု ဒီဗ္ဗသောတဆိုတဲ့ အကြားအမြင်ကျင့်စဥ်ပညာရပ်တွေပါတဲ့ ပေစာထုပ်ပဲ ဒီတစ်ခုကတော့ ….

လူငယ်လေးက ပြောနေတဲ့စကားကိုရပ်ပြီး ခြံပြင်တစ်နေရာကိုငေးကြည့်နေတာမလို့ ကိုဝင်းလွင်လဲ ​လှမ်းကြည့်လိုက်တဲ့အချိန် ညီဖြစ်သူသီဟက ချစ်စရာအပြုံးလေးနဲ့ ခြံထဲဝင်လာနေတာကို မြင်လိုက်ရတယ် ။

” ဟာ ညီလေး ငါ့ညီလေး ပြန်လာပြီ ညီလေး မင်း မင်းဘာမှမဖြစ်ဘူးနော် “

” ကျုပ် အဲ့ ကျနော်က ဘာဖြစ်ရမှာလဲ အစ်ကိုရယ် ကျနော် ဘာမှမဖြစ်ပါဘူး အရင်က အစ်ကိုနဲ့ လူတွေအပေါ် မိုက်ရိုင်းခဲ့သမျှ အတိုးချပြီး လိမ်လိမ်မာမာနေတော့မယ်နော် “

” ဟာ ဟာ ငါ ငါအိပ်မက်မက်နေတာများလား ညီ ညီလေး အစ်ကို့ကို နောက်တစ်ခါလောက် ပြန်ပြောပါဦး လုပ်ပါ ထပ်ကြားချင်လို့ပါ “

” ကျနော် လိမ္မာသွားပါပြီ အစ်ကို ဒီနေ့ကစပြီး ကျနော့်ကြောင့်နဲ့ အစ်ကို စိတ်မဆင်းရဲစေရတော့ဘူးနော် “

” အစ်ကို အစ်ကိုဝမ်းသာလိုက်တာ ညီလေးရာ ဘယ်လိုဖြစ်ပြီး ချက်ချင်းပြောင်းလဲသွားတာလဲ “

” ဆရာ့ကြောင့်ပေါ့ အစ်ကိုရယ် ကျနော်အရင်ကပြော​ဖူးတယ်လေ အိပ်မက်ထဲက လက်တွေအများကြီးနဲ့ လူဆိုတာ အခု အစ်ကို့ရှေ့မှာမြင်နေရတဲ့လူက သူပဲလေ “

           ညီဖြစ်သူရဲ့ ထူးထူးဆန်းဆန်းစကားကြောင့် ကိုဝင်းလွင်လဲ ပါးစပ်အဟောင်းသားနဲ့ ညီဖြစ်သူကိုတစ်လှည့် ဧည့်သည်လူငယ်လေးတစ်လှည့်ကြည့်ကြည့်ရင်း

” ထူးဆန်းလိုက်တာ ညီလေးရယ်  သူ အဲ့  ဒီညီလေးက လူမဟုတ်ဘူးလား “

” ဟင်း ဟင်း ဟင်း လူစစ်စစ်ပါ အစ်ကိုရဲ့ ထားပါတော့ ကိုသီဟ ဒီကိုလာ ကျနော်ပြောစရာရှိတယ် “

” ဟုတ်ကဲ့ ပြောပါ ဆရာ “

”  မနက်ဖြန်ဆို တပေါင်းလပြည့်နေ့ရောက်ပြီ အချိန်ကောင်းအခါကောင်းမှာ ခင်ဗျား သက်သက်လွတ်စားပြီး ဒီပေစာထုပ်ထဲက ဂါထာတွေကို ပုတီးစစိပ်ရမယ် လုပ်နိုင်လား “

” ဆရာကိုယ်တိုင်လာပြီးဆုံးမနေမှတော့ မလုပ်နိုင်ခဲ့ရင် နတ်ဥယျာဥ်မှူးသိင်္ခဆိုတဲ့ ကျနော်သီဟက လူလုံးဝမဖြစ်သင့်တော့ဘူး မရရအောင် ကြိုးစားပါ့မယ်ဆရာ “

” အစ်ကိုသီဟက ကံကောင်းလိုက်တာဗျာ ကျုပ်တုန်းကဆို ဆရာက ဒီလောက်ထိမကူညီဘူးဗျ ကျုပ်ဟာကျုပ် လေ့ကျင့်ခဲ့ရတာ “

” သြော် ညီလေးကလဲ ဆရာလေးရဲ့တပည့်ပဲလား “

” ဟုတ်တယ်မောင်ရင် ဒီကလေးကလဲ တစ်ချိန်မှာ မန္တာဝိဇ္ဇာအဖြစ် ထွန်းတောက်လာမယ့် ကလေးပါပဲ မောင်ရင့်ညီလေး သီဟကတော့ နောင်တစ်ချိန် ဟောဒီ ရာမညနယ်တစ်ခွင်မှာ အင်းအိုင်လက်ဖွဲ့ဆရာတစ်ဆူဖြစ်လာမယ့်သူပေါ့ “

” ကြားရတာ ဝမ်းသာလိုက်တာ ဦးကြီးရယ် သြော် မေ့နေလိုက်တာ ညနေတောင်စောင်းတော့မယ် ဦးကြီးတို့ ထမင်းဆာနေရောပေါ့ အဆာပြေ လက်ဖက်သုပ်လေးအရင်စားနှင့်ပါနော် ကျနော် ဟင်းသွားချက်လိုက်ဦးမယ် ခွင့်ပြုပါဦး “

” အထွေအထူးတွေ လုပ်မနေပါနဲ့ မောင်ရင် ဦးကြီးတို့ ဖြစ်သလိုစားတတ်ပါတယ် “

” အို မရပါဘူး ကြုံတုန်း ကျနော့်ဆရာတွေကို ထမင်းဟင်းတော့ ကောင်းကောင်းလေး ကျွေးပါရစေ  သွားမယ် အစ်ကို ကျနော်လဲ ချက်ကူမယ် “

            မီးဖိုထဲ ရယ်ရယ်မောမောနဲ့ဝင်သွားတဲ့ ညီအစ်ကိုနှစ်ယောက်ကိုကြည့်ပြီး အောင်ညိုတစ်ယောက် သဘောတွေကျလွန်းလို့ ပီတိမျက်ရည်တွေဝဲလာခဲ့တယ် ။  လူငါးယောက်စားတဲ့ညစာထမင်းဝိုင်းလေး သိမ်းပြီးတဲ့အချိန် သိန်းခေါင်က သီဟရဲ့ ပညာသင်ပထမခြေလှမ်းကို စတင်သင်ကြားပေးလိုက်တယ် ။

         ဘုရားစင်ရှေ့မှာထိုင်ပြီး အပေါ်အင်္ကျီအဖြူ အောက်ကယောဂီပုဆိုးဝတ်ထားတဲ့သီဟက အမှတ်မထင်ကြည့်လိုက်ရင် အထက်လမ်းဆရာကြီးတစ်ယောက်လိုပုံစံဖြစ်နေတာမို့ ကိုဝင်းလွင်လဲ ညီဖြစ်သူကို တစ်စိမ့်စိမ့်ကြည့်ရင်း ကြည်နူးနေခဲ့မိတယ် ။ တစ်ဆက်ထဲမှာပဲ လိမ္မာသွားတဲ့ညီလေးကို မမြင်သွားလိုက်ရတဲ့ မိဘတွေကို သတိရလာတာမို့ မျက်ရည်တွေကလည်း သူ့အလိုလို စီးလာခဲ့ပါတော့တယ် ။

               နောက်တစ်နေ့မနက်ရောက်တော့ ထူးထူးဆန်းဆန်းရောက်လာတဲ့ လူစိမ်းဧည့်သည်တွေနဲ့ ညီဖြစ်သူကို အရိပ်အယောင်သေးသေးလေးတောင် မမြင်ရလို့ ကိုဝင်းလွင်တစ်ယောက် ဟိုရှာဒီရှာနဲ့ စိတ်ပူသွားခဲ့မိတယ် ။ တစ်ရွာလုံးလှည့်ပတ်ရှာရင်း သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ကူးတို့ဆိပ်ကိုရောက်တော့ ညီဖြစ်သူကို အမှတ်မထင်တွေ့လိုက်ရတယ် ။

” ညီလေး မင်းက ဒီရောက်နေတာကိုး “

” ကျနော်ပြောပြီးပြီလေ အစ်ကိုရဲ့ ကျနော်လိမ္မာသွားပါပြီလို့ ဒါကြောင့် ဆရာတို့ကိုလိုက်ပို့ရင်း ဒီမှာ စာရင်းလာကိုင်နေတာ လာ ထိုင်လေအစ်ကို အဲ့ဒီမှာ အကြော်လေးဘာလေးစား “

” သြော် သူတို့က ပြန်သွားကြပြီလား အစ်ကိုကိုတောင် နှုတ်မဆက်သွားကြဘူးကွာ “

” ကျိုက်ထိုဘက်မှာ အရေးကြီးကိစ္စပေါ်လာလို့တဲ့ အစ်ကိုရဲ့ အစ်ကို့ကိုလဲ ကျေးဇူးတင်ပါတယ်လို့ ပြောသွားပါတယ် “

              ညီဖြစ်သူရဲ့စကားဆုံးတာနဲ့ ကိုဝင်းလွင်လဲ ဘူးသီးကြော်တစ်ခုကိုကောက်ယူပြီး တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်တဲ့အချိန် အသက်အရွယ်မတူတဲ့ လူသုံးယောက်ရဲ့နောက်ကျောကို ခပ်ရေးရေးလေး လှမ်းမြင်လိုက်ရပါတယ် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျနော် အလုပ်လေးတွေရှုပ်နေလို့ အပိုင်းသစ်နောက်ကျသွားပါတယ် ။ ရှည်ရှည်လေးရေးပြီး တောင်းပန်ပါတယ် ခင်ဗျာ ။ နောက်တစ်ပိုင်းမှာတော့ သိန်းခေါင်တို့မြေးအဖိုးတစ်သိုက် ကျိုက်ထိုနယ်က နတ်ဘီလူးတစ်ကောင်ကို ဘယ်လိုနှိမ်နင်းပေးသွားမလဲ ဖော်ပြပေးပါမယ် ။ အားလုံးကို ကျေးဇူးထင်ပါတယ်ခင်ဗျာ ။

မောင်လူလှ ~ ကညင်မြေ