ဘွားမယ်စိန်နှင့်လူတစ်ရာကိုစားမယ့်ဘီလူး

ဘွားမယ်စိန်နှင့်လူတစ်ရာကိုစားမယ့်ဘီလူး
စာမူ…၁၂၉
စဆုံး
“ဘွား…ကျုပ်တို့ကိုခေါ်တယ်ဆို…”
ဟူသောအသံနှင့်အတူဝိုင်းထဲကိုအရင်ဝင်လာသည်က
မောင်တိုးဖြစ်သည်။
မောင်အုန်းကလည်းမောင်တိုးရဲ့အနောက်မှအတူ
လိုက်လာခဲ့၏။
“ဟုတ်တယ်ကွဲ့…ဘွားခေါ်ခိုင်းလိုက်တာပါ…
လာကြ…ထိုင်ကြကွဲ့…”
ဟု…ဘွားမယ်စိန်ကပြောလေတော့မောင်တိုးတို့လည်း
ကွပ်ပျစ်ခင်း၌ဝင်ကာထိုင်ကြသည်။
နံနက်အစော၌ ဒေါ်ဝင်းကိုယ်တိုင်လာခေါ်ထားခြင်းဖြစ်၍
ယခုလိုရောက်လာကြခြင်းဖြစ်သည်။
“အေး…ဘွားလည်းအလောတကြီးခေါ်လိုက်ရတာကွဲ့…
မောင်ရင်တို့အားကောအားကြရဲ့လား”
“အားတာကအားပါတယ်ဗျာ…
ဘွားမှာ အရေးတကြီးကိစ္စတစ်ခုခုတော့
ရှိနေပြီထင်လို့အပြေးလာခဲ့ကြဗျ…”
ဟု…မောင်တိုးကပြောလေတော့ ဘွားမယ်စိန်က
ရေနွေးကြမ်းကိုမော့သောက်လိုက်ပြီး
“ဟင်း…”
ခနဲသက်ပြင်းကိုချပြန်၏။
“ဒီလိုကွဲ့…ပြီးခဲ့တဲ့လတုန်းက ဘွားတို့သားအမိတွေ
မြို့စျေး​ သွားခဲ့ကြသေးတယ်လေ…”
ဟု…စကားကိုအစချီတော့မောင်တိုးက…
“အဲ့သည်တုန်းက ကျုပ်ကိုယ်တိုင်လိုက်ပို့ခဲ့တာလေ…
ကိုကြီးအုန်းတောင် မအားလို့မလိုက်ဖြစ်ခဲ့တဲ့
အခေါက်မလားဘွားရဲ့…”
ဟု..​ပြောလေတော့ ဘွားမယ်စိန်ကခေါင်းညိတ်၍…
“အေး…အေး…အဲ့သည်အခေါက်ကွဲ့…
ဘွားက…မိဝင်းနဲ့စျေးထဲမှာလိုတာလိုက်ဝယ်နေတုန်း…
လမ်းမှာလူတစ်​ယောက်နဲ့တိုက်မိခဲ့သေးတယ်ကွဲ့…”
“ဗျာ…”
“အေး…ဘာမှမမေးကြနဲ့ဦး…
ဘွားပြောပြမယ်…”
မောင်တိုးနဲ့ဒေါ်ဝင်းတို့ပါးစပ်များဟလာ၍
ဘွားမယ်စိန်ကထိုသို့ကြိုကာပြောလိုက်လေသည်။
ဆက်၍..
“အဲ့သည်တုန်းက…ဘွားနဲ့တိုက်မိတဲ့လူက
သာမာန်လူမဟုတ်ဘူးလို့ဘွားစိတ်ထဲကအလိုလိုသိနေတာ…
သူကလည်းဘွားကိုကြည့်…ဘွားကလည်း
သူ့ကိုကြည့်နဲ့ပေါ့လေ…
နောက်ပြီးသူ့လမ်းသူသွား…ကိုယ့်လမ်းကိုသွားကြတာပေါ့…
ဒါပေမယ့် မနေ့ညတုန်းကမှ ဒီလူကသာမာန်လူ
မဟုတ်ဘူးဆိုတာ ဘွားသိလိုက်ရတာ…”
“ဒီလူကသာမာန်လူမဟုတ်ဘူးဆိုတော့
ဒါဆို ဒီလူကဘာကြီးလဲဗျ…”
မောင်တိုးက မနေနိုင်စွာမေးလိုက်တော့သည်။
“ဒီလူက သာမာန်လူမဟုတ်ဘူး…
ဘီလူး ကွဲ့…ဘီလူး…ဘီလူးတောင်မှနော်…
သာမာန်ဘီလူးမဟုတ်ဘူး…လူတစ်ရာကိုစားမယ့်ဘီလူးကွဲ့…”
“ဗျာ…လူတစ်ရာကိုစားမယ့်ဘီလူး….”
ဘွားမယ်စိန်စကားကြောင့် မောင်တိုး၊မောင်အုန်းတို့အပြင်
ဒေါ်ဝင်းတို့သားအမိပါထိတ်လန့်ကုန်ကြသည်။
ဘွားမယ်စိန်ကအကြမ်းရေလေးကိုငှဲ့ရင်း…
“ဟုတ်တယ်…ဘွားတို့သူ့ကိုရှာရမယ်ကွဲ့…”
“ဘယ်လိုရှာကြမှာလဲဘွား…”
“အင်း…ညက ဘွားဆီကိုဘွားရဲ့ဆရာလာသွားတယ်…
ဆရာသခင်ကိုယ်တိုင်ဘွားကို ဒီဘီလူးကိုဖယ်ရှားပစ်ဖို့တာဝန်ပေးခဲ့တာကွဲ့…ဒါကြောင့်လည်း ဒီဘီလူးရှိနေတဲ့နေရာကို
ဘွားသိထားပြီမလို့…ဘွားတို့ဘက်ကသွားဖို့ပဲ
လိုတော့တယ်ကွဲ့…”
ဟု…ဘွားမယ်စိန်ကပြောလိုက်သည်။
“ဒါဖြင့် ကျုပ်တို့ဘယ်တော့သွားကြမလဲဘွား”
“လပြည့်ညမတိုင်ခင်အမီသွားရမှာဆိုတော့
မနက်ဖြန်လောက်သွားဖို့ဘွားစဥ်းစားထားတယ်…
မောင်ရင်တို့ကောလိုက်နိုင်ကြရဲ့လားကွဲ့…”
“ကျုပ်တို့ကလိုက်နိုင်ပါတယ်ဘွားရယ်…
ဒီအတွက်ဘာမှစိတ်မပူပါနဲ့ဗျ…”
“အေးကွယ်…ဒါဖြင့်လည်း မနက်စောစော
ခရီးထွက်ကြတာပေါ့…အဝတ်အစားလေးဘာလေးလည်း
ပြင်ဆင်ထားကြပေါ့ကွယ်…”
“ဟုတ်ကဲ့ဘွား…”
ယခုတစ်ခေါက်ကိစ္စသည်ဘွားမယ်စိန်အတွက်အလွန်အရေးကြီးဟန်ရ၏။
ဆရာသခင်ဖြစ်သူကပေးအပ်ခဲ့သောတာဝန်ဖြစ်တာမို့
ပို၍ ဂရုစိုက်ဟန်ရလည်းရသည်။
“အမေ…ကျုပ်​မေးချင်တယ်တော်…”
“အေး…ဘာမေးမှာလဲပြောလေ…”
ဒေါ်ဝင်းက ဘွားမယ်စိန်ကိုသေချာကြည့်နေသည်။
နန်းကြိုင်လေးကလည်းအလိုက်သိစွာငြိမ်နားထောင်နေခဲ့၏။
“အမေ့ကိုကြည့်ရတာ ဒီတစ်ခေါက်ကိစ္စက
အတော်အရေးကြီးပုံရတယ်…
အမေတို့ဘယ်ကိုခရီးထွက်ရမှာလဲအမေ…
နောက်ပြီးရက်ရှည်သွားရမှာလားဆိုတာ
ကျုပ်သိချင်တယ်တော်”
ဟု…ဒေါ်ဝင်းက​မေးလိုက်သည်။
မောင်တိုးနဲ့မောင်အုန်းကလည်း ဘွားမယ်စိန်ဖြေမည့်
စကားကိုသိချင်နေကြလေသည်။
“သွားရမှာကတော့ မြို့တစ်မြို့ကိုပဲအေ့…
ရက်ကတော့ကြာမယ်မထင်ပါဘူးမိဝင်းရယ်…
လပြည့်ညကလည်းရောက်တော့မယ်မဟုတ်လား…
လပြည့်ညမတိုင်ခင်ဒီဘီလူးကိုမရှင်းနိုင်ရင်
ဒီဘီလူးကပိုပြီးအင်အားကြီးလာတော့မှာလေအေ…”
“အင်းပါအမေရယ်…
ဂရုတော့စိုက်ကြပေါ့…
ကျုပ်ကတော့စိတ်ပူတယ်အမေ”
“အိုအေ…စိတ်မပူပါနဲ့…
အမေတို့အဆင်ပြေပြေပြန်လာခဲ့မှာပါ…
ဘာမှမပူနဲ့ကြားလား…”
“ဟုတ်ကဲ့အမေ…”
ဘွားမယ်စိန်ကထိုသို့ပြောလိုက်လေတော့ ဒေါ်ဝင်းလည်း
စိတ်ချလက်ချဖြစ်သွားလေသည်။
ဘွားမယ်စိန်ကပြောပြီးသွားတော့အိမ်မပြန်သေးသော
မောင်တိုးနဲ့မောင်အုန်းတို့သည် ဒေါ်ဝင်းအတွက်
ထင်းများကူကာခွဲပေးကြလေ၏။
ထင်းများဝိုင်းကူခွဲပြီးလေတော့မှ အိမ်သို့ပြန်သွားကြတော့သည်။
နောက်တစ်နေ့နံနက်စောစောအချိန်၌…
ဘွားမယ်စိန်သည်မောင်တိုး၊မောင်အုန်းတို့နဲ့အတူ သောင်ထွန်းရွာမှနွားလှည်းကလေးဖြင့် ခရီးထွက်လာခဲ့ကြသည်။
“ဘွား…ဒီလူကဘီလူးဆိုတော့ကျုပ်တို့ဘက်က
ဘာတွေပြင်ဆင်ထားသင့်လဲဗျ…”
မောင်တိုးကလှည်းမောင်းနေရင်းမေးလေတော့
ဘွားမယ်စိန်ကပြုံးလေသည်။
မောင်တိုးမေးသည့်စကားကိုသဘောကျသွား
ဟန်တူပေသည်။
သူ့ရဲ့ခေါင်းကိုခါ၍…
“ဘာမှပြင်ဆင်စရာမလိုပါဘူးကွယ်…
ဘွားတို့ဘက်ကသူ့အကြောင်းကိုစုံစမ်းပြီးရင်
သူနဲ့ထိပ်တိုက်တွေ့ဖို့ပဲလိုတာပါ…
ဒီဘီလူးက လူသားစားကိုစားမှာဆိုတော့
ဘွားတို့ဘက်ကစုံစမ်းရခက်မယ်မထင်ဘူးကွဲ့…”
ဟုပြောလေတော့မောင်တိုးတို့လည်း
သဘောပေါက်သွားကြသည်။
***********************************
ရွာအမည်က မင်းလှရွာဟုခေါ်သည်။
ထိုရွာ၌ ပုံမှန်မဟုတ်သောကိစ္စတစ်ခုဖြစ်ပေါ်နေ၍
ရွာသူ၊ရွာသားတို့သည် မင်းလှရွာသူကြီး၏နေအိမ်၌
စုဝေးနေခဲ့ကြ၏။
“သူကြီး…ခင်ဗျားဘယ်လိုလုပ်မယ်စဥ်းစားထားသေးလဲ…
ဒီတိုင်းပဲနေနေတော့မှာလားဗျ…”
ဟု…ရွာသားတစ်ယောက်က ဒေါသသံဖြင့်မေးလေတော့
ရွာသူကြီးက…
“မင်းတို့ပြောတာတွေအမှန်ပါလို့
မင်းတို့သက်သေပြနိုင်ကြလား…
ဒါမျိုးတွေကို ငါဘက်မယုံနိုင်ဘူး…အယုံအကြည်လည်း
မရှိဘူးကွာ…”
“ဟ…ခင်ဗျားမယုံတိုင်း ကျုပ်တို့ပြောတာမှားတယ်လို့
ထင်နေတာလား…ရွာမှာလူတွေသေနေတာ
ဆယ်ယောက်ထက်မနည်းတော့ဘူး…
သေတဲ့သူရဲ့အလောင်းတွေလည်း အစအနပျောက်ပြီး
အသုဘတောင်ပြီးအောင်မလုပ်ရတာလည်း ခင်ဗျားမြင်တာပဲလေဗျာ….”
မင်းလှရွာသူကြီးကတော့ရွာသားတွေအပြောမှာ
ငြိမ်ကျသွားခဲ့သည်။
“ခင်ဗျား တူဆိုတဲ့လူကို ကျုပ်သဘောမကျဘူး…
ဒီလူရောက်လာမှ ကျုပ်တို့ရွာမှာအခုလိုဖြစ်ရတာ…
ခင်ဗျားဘယ်လိုရှင်းပေးမှာလဲသူကြီး”
“မင်းတို့ကွာ…ဘာမှမဆိုင်တဲ့ငါ့တူကို ဒီကိစ္စထဲ
ဆွဲမထည့်ကြစမ်းပါနဲ့… အေး…ငါရွာကိစ္စကို
စဥ်းစားပေးမယ်…အခုတော့မင်းတို့ပြန်ကြတော့…
ဟေ့…ငါပြောနေတယ်လေ…ပြန်ကြတော့…”
ရွာသူကြီးကနှင်လွှတ်၍ ရွာသူ၊ရွာသားတွေလည်း
မကျေမနပ်ဖြစ်ပြီးပြန်သွားကြတော့သည်။
မင်းလှရွာ၌…လူများအကြောင်းအရင်းမရှိသေဆုံးနေကြသည်။
သေသူ၏အသုဘကိုပြင်ဆင်ပြီး သေသူအား
အခေါင်းထဲထည့်ထားကြ၏။
သို့သော် နောက်ရက်မနက်၌ အလောင်းက
ထိုအသုဘအခေါင်းထဲ၌ ရှိမနေတော့ပေ။
ပျောက်ခြင်းမလှပျောက်သွားသောအလောင်းများမှာ
တစ်​ယောက်၊နှစ်ယောက်မကဘဲ
သေဆုံးသူတိုင်းလိုလိုဖြစ်နေခဲ့သည်။
ရွာသူ၊ရွာသားတွေ၏စိတ်အတွင်း၌ ရွာသူကြီး၏
မြို့မှလာသော တူဖြစ်သူကို သင်္ကာမကင်းဖြစ်နေကြ၏။
ထိုလူသည် အသက်အားဖြင့်သုံးဆယ်ကျော်ဝန်းကျင်ခန့်ဖြစ်သော်လည်း ထိုသူ၏အကြည့်များကအေးစက်လွန်းသည်။
သာမာန်နှင့်မတူဘဲ ဦးလေးဖြစ်သောသူကြီးကိုပင်
စကားကိုလေးလုံးမျှပြည့်အောင်မပြောဘဲ အချိန်ရှိသ၍
တစ်နေရာ၌ခွေကာအိပ်နေတတ်သည်။
ရွာသူကြီးကလည်းယခုရွာ၌ဖြစ်နေသော
ကိစ္စနှင့်ပတ်သတ်ပြီးခေါင်းခဲနေရှာ၏။
ညဘက်များ၌တူဖြစ်သူကိုရွာထဲ၌သွားလာနေတာမြင်သည်ဟု
လာပြောကြသူများကလည်းရှိ​နေပြန်သည်။
ရွာအရေးနှင့်စပ်ဆက်ကာစဥ်းစားရင်း
ခေါင်းကကိုက်ရလေသည်။
**********************************
ဘွားမယ်စိန်တို့လည်းမြို့ပေါ်သို့ရောက်လာကြသည်။
ဇရပ်တစ်ခု၌အနားယူနေကြစဥ် မောင်တိုးတစ်ယောက်
သတင်းစုံစမ်းဖို့ထွက်သွားခဲ့သည်။
မောင်အုန်းကနွားများကိုအစာကျွေး…ရေတိုက်ပြုလုပ်နေပြီး ဘွားမယ်စိန်သည်က ဇရပ်၌ထိုင်ကာ သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွာရှိုက်နေခဲ့သည်။
“ဘွား…ငတိုးသွားတာအတော်ကြာနေပြီဗျ…
ဒီကောင်လမ်းကောမှတ်မိရဲ့လားမသိပါဘူးဗျာ…”
ဟု…မောင်အုန်းက မောင်တိုးကိုစိုးရိမ်စွာပြောနေခဲ့သည်။
ဘွားမယ်စိန်က…
“ခဏစောင့်လိုက်ပါကွယ်…
မောင်ရင့်ညီပြန်လာမှာပါ…”
ဟုသာပြော၏။
ဘွားမယ်စိန်ပြောသည့်အတိုင်းခဏမျှကြာတော့
မောင်တိုးပြန်ရောက်လာသည်။
မောင်တိုးနှင့်အတူ လူတစ်​ယောက်လည်းအတူပါလာခဲ့၏။
“ဘွားရေ…ကျုပ်ကဒီမြို့မှာဘာတွေထူးထူးခြားခြား
ဖြစ်နေသလဲဆိုပြီးမေးကြည့်ရာက ဒီကအစ်ကိုနဲ့ဆုံခဲ့တာဗျ”
ဟု…မောင်တိုးကပြောသည်။
ဆက်၍လည်း…
“ဒီမြို့ကဘာမှမထူးခြားဘူးဗျ…
အယ်…ထူးခြားနေတာက ဒီက အစ်ကိုတို့ရွာဆိုပဲဘွားရဲ့…
အဲ့တာနဲ့ကျုပ်လည်းသူ့ကိုပါခေါ်လာခဲ့လိုက်တာ…”
ဟုပြောလေသည်။
ဘွားမယ်စိန်က မောင်တိုးခေါ်လာသောလူကိုကြည့်၍…
“မောင်ရင့်ရွာကဘာများထူးခြားနေတာလဲကွဲ့…”
ဟုမေးလေတော့…
“ကျုပ်က ဒီမြို့မှာစျေးရောင်းပြီးအသက်မွေးနေတဲ့သူပါ…
ကျုပ်ရွာကသတင်းတွေကြားနေရလို့ ဒီကညီလေး
လာမေးတာနဲ့ပြောမိတာပါအမေကြီး…
ညီလေးပြောပြလို့အမေကြီးတို့အကြောင်းကိုလည်း
သိထားရပါတယ်…ပြောရမယ်ဆိုရင်
ကျုပ်တို့ရွာမှာလူတွေအသေအပျောက်များနေတယ်ဗျ…
ရောဂါရယ်လို့မဟုတ်ဘဲနဲ့ မနက်အကောင်း ညမှဆုံးသွားကြတာများပါတယ်…နောက်ပြီးအဲ့သည်လိုဆုံးတဲ့လူတွေရဲ့
အလောင်းတွေလည်းပျောက်ပျောက်သွားတယ်လို့
သိရတယ်ခင်ဗျ…”
ဟု​ပြောသောထိုလူရဲ့စကားကြောင့်ဘွားမယ်စိန်၊မောင်တိုး၊မောင်အုန်းတို့သုံး​ယောက်အကြည့်ဆုံသွားခဲ့ကြသည်။
ပြီးလေမှဘွားမယ်စိန်က…
“ဘွားတို့တွေရှာနေတဲ့အရာက ဒီမြို့ပေါ်မှာမဟုတ်ဘဲ
မောင်ရင်တို့ရွာမှာပဲ ရှိလိမ့်မယ်ကွဲ့…
အင်း…ဘွားတို့ကိုမောင်ရင်တို့ရွာဆီလမ်းညွှန်ပေးလို့
ရနိုင်မလား…”
ဟု…ပြောလေတော့ ထိုလူက ဝမ်းသာအားရဖြင့်…
“အမေကြီးတို့သွားမယ်ဆိုရင်…
လမ်းပြပေးယုံတင်မကဘူး…ကျုပ်ပါအတူတူ
လိုက်ခဲ့ပါ့မယ်အမေကြီး…
ကျုပ်ကလည်းကျုပ်မိဘတွေကိုရွာမှာစိတ်မချလို့မြို့ကို
ခေါ်ချင်နေတာဗျ…အခုလိုအမေကြီးတို့သွားမယ်ဆိုတော့
ကျုပ်ဖြင့်ဝမ်းသာမိပါရဲ့ဗျာ…စိတ်ချအမေကြီး…
ကျုပ်လိုက်ပို့ပါ့မယ်…”
ဟုပြောလေသည်။
ထိုသို့စကားများပြောပြီးလေမှ သူ၏အမည်မှာကျော်တင့်ဖြစ်သည်ဟုမိတ်ဆက်ပြီး ဘွားမယ်စိန်တို့ကို သူနေထိုင်ရာ
အိမ်ဆီသို့ခေါ်သွားလေသည်။
ဘွားမယ်စိန်တို့လည်း ကိုကျော်တင့်၏နေအိမ်သို့
လိုက်သွားကြပြီးနောက် ကိုကျော်တင့်၏ရွာဖြစ်သော
မင်းလှရွာသို့ ခရီးထွက်လာခဲ့ကြ၏။
မင်းလှရွာမှာမြို့နှင့်နီး၍ လှည်းအကြာကြီးမစီးခဲ့ရပေ။
ဘွားမယ်စိန်တို့မင်းလှရွာကိုရောက်တော့
မိုးပင်ချုပ်နေပြီဖြစ်သည်။
“ဟေ့…ဘယ်ကလှည်းလဲ…”
ရွာထိပ်ရှိ ကင်းတဲစောင့်နေသူများက ဘွားမယ်စိန်တို့နွားလှည်းကိုတားဆီးကာမေးကြသည်။
ကိုကျော်တင့်ကနွားလှည်းပေါ်မှဆင်း၍…
“ငါပါကွ…ကျော်တင့်ပါ…”
ဟုပြောလေတော့…
“ဟာ…ကျော်တင့်…ရွာပြန်လာတာလား…”
“အေးကွ…”
“မင်းကလည်းကွာ…ညကြီးမိုးချုပ်ပြန်လာရသလား”
“ငါ့ဧည့်သည်တွေကောပါတယ်ဟ…
အိမ်ခေါ်သွားလိုက်ဦးမယ်…မနက်မှဆုံကြမယ်ကွာ…”
ကိုကျော်တင့်နဲ့ရွာသားတွေစကားပြောကောင်းနေကြသည်။
ကိုကျော်တင့်ကဘွားမယ်စိန်တို့ကိုအားနာ၍
ရွာသားတွေကိုနှုတ်ဆက်ပြီး လှည်းပေါ်သို့
​ပြန်တက်လာခဲ့ရှာသည်။
ဘွားမယ်စိန်ကတော့နွားလှည်းအထက်၌ထိုင်လိုက်လာရင်း
ရွာကိုသေချာလိုက်ကြည့်နေခဲ့သည်။
ကိုကျော်တင့်တို့အိမ်သို့ရောက်လေတော့…
“အမေကြီး…ဒါကျုပ်အိမ်ဗျ…
အမေ…အဖေ…ကျုပ်ပြန်လာတယ်ဗျ”
ဟုအော်ကာခေါ်လေတော့ကိုကျော်တင့်မိဘတွေလည်း
အိပ်နေရာမှနိုးလာခဲ့ကြသည်။
ကိုကျော်တင့်ကမိဘတွေနှင့်ဘွားမယ်စိန်တို့ကိုမိတ်ဆက်ပေးပြီး
ဘွားမယ်စိန်တို့အနားယူဖို့ရန်ပြင်ဆင်ပေး၏။
ထိုညတွင်ဘွားမယ်စိန်တို့လည်း ကိုကျော်တင့်မိဘများရဲ့
နှစ်ထပ်ပျဥ်ထောင်အိမ်ကြီး၏အပေါ်ထပ်၌
အနားယူအိပ်စက်ခဲ့ကြလေသည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့…
“သားရေ…မင်းဦးကြီးတော့ဆုံးပြီသားရဲ့…”
ဟူသောအသံကြောင့်ဘွားမယ်စိန်တို့အိမ်ထဲမှ
ထွက်လာခဲ့ကြသည်။
ကိုကျော်တင့်အမေက ငိုကြီးချက်မဖြင့် ပြောနေခြင်းဖြစ်၏။
ကိုကျော်တင့်ခမျာလည်းဦးကြီးဖြစ်သူဆုံးသွားပြီဟုသိရတော့
စိတ်မကောင်းဖြစ်နေရှာသည်။
“ဘွား…ကျုပ်ဦးကြီးလည်းဆုံးသွားပြီဗျ…
ကျုပ်တော့ဒီကိစ္စတွေဖြစ်စေတဲ့တရားခံကို
မကျေနပ်ဘူးဗျာ…မကျေနပ်ဘူး…တောက်…”
ကိုကျော်တင့်တစ်ယောက်ပေါက်ကွဲလေပြီ…
အမေဖြစ်သူကလည်းငိုယိုနေသည်မလို့ ဘွားမယ်စိန်တို့လည်း
စိတ်မကောင်းစွာကြည့်နေခဲ့ရသည်။
ထိုနေ့က ဘွားမယ်စိန်တို့လည်း အသုဘအိမ်၌
သွားနေခဲ့ကြသည်။
မောင်တိုးနဲ့မောင်အုန်းတို့က ကိုကျော်တင့်နှင့်အတူ
လိုအပ်ရာကိုဝိုင်းကူလုပ်ကိုင်ပေးနေကြသလို
ဘွားမယ်စိန်ကတော့လူကြီးများနှင့်အကြမ်းရည်သောက်ရင်း
စကားပြောနေခဲ့ပေသည်။
“မိချိုတို့အိမ်ကဧည့်သည်တွေလည်းအလကားမနေရရှာဘူး
ဝိုင်းကူလုပ်နေကြရှာတာ…”
“ဟုတ်ပအေ…ကောင်လေးတွေက
အတော်ဖော်ဖော်ရွေရွေရှိတယ်အေ့…
တို့ရွာကကောင်တွေများနဲ့တခြားဆီပါအေ…”
ဟု..အဘွားကြီးများကမောင်တိုးတို့ကိုချီးမွှန်းလေတော့
ဘွားမယ်စိန်ကပြုံး၍နားထောင်နေခဲ့သည်။
“ပြောရဦးမယ်အေ့…
ညတုန်းက ကျုပ်အပေါ့သွားတုန်း…
ဟောသည် ဘိုးသိန်းတို့အိမ်အရှေ့မှာလူတစ်ယောက်
ရပ်နေတာတွေ့တယ်တော့်…ညကြီးအချိန်မတော်
တွေ့ရတာဆိုတော့ ငါဖြင့်ကြောက်ကြောက်နဲ့
အိမ်ထဲအသာပြန်ဝင်ရတာအေ…”
“ဟဲ့…ညည်းတွေ့တာဘယ်လိုပုံစံလဲ”
“မျက်နှာမမြင်ဘူးအေ့…နောက်ကျောကိုပဲမြင်ရတာ…
အရပ်ကတော့ရှည်ပုံရတယ်…”
“ဟုတ်နေပါပြီအေ…တို့ရွာကလူတွေသေရတာ
အဲ့သည်လူလက်ချက်ပဲဖြစ်ရမယ်…
ဒီလူကြောင့်ကိုဘိုးသိန်းသေရတာဆိုတာ
သေချာသွားပြီအေ့…”
ဟု…အဘွားကြီးများကပြောနေခဲ့ကြသည်။
ဘွားမယ်စိန်ကတော့အဘွားကြီးများပြောသမျှကို
နားထောင်နေခဲ့လေသည်။
နေ့လယ်ခင်းသို့ရောက်တော့ ကိုကျော်တင့်က
ဘွားမယ်စိန်တို့နှင့်အတူ လာထိုင်လေသည်။
ဖျာကြမ်းများခင်းထားပြီးအသုဘလာမေးသူများအတွက်
စားပွဲဝိုင်းများစီကာချပေးထား၏။
ထိုထဲမှ စားပွဲဝိုင်းတစ်ခု၌ ဘွားမယ်စိန်၊မောင်တိုး၊
မောင်အုန်းနှင့် ကိုကျော်တင့်တို့သာရှိနေခဲ့သည်။
“အမေကြီး…ကျုပ်ကိုခေါ်တယ်ဆိုလို့…”
“အေးကွဲ့…ဘွားဘက်ကစီစဥ်ထားတာလေး
ပြောချင်လို့ပါ”
“အမေကြီးကဘယ်လိုစီစဥ်ထားလို့လဲဗျ…”
“အင်း…ဘွားတို့ဘက်က ညအတွက်လက်ဦးမှု
တစ်ခုယူထားမှရလိမ့်မယ်…
မဟုတ်ရင် မောင်ရင့်ဦးကြီးအလောင်းလည်း ရှေ့ကလူတွေလိုပျောက်သွားလိမ့်မယ်ကွဲ့”
“ဒါဖြင့်…အမေကြီးကဘယ်လိုများစဥ်းစားထားတာလဲဗျ”
ဘွားမယ်စိန်နှင့်ကိုကျော်တင့်တို့လည်း ဘီလူးဖမ်းမည့်ကိစ္စအတွက်တိုင်ပင်နေကြတော့သည်။
ညနေပိုင်းသို့ရောက်တော့…
“ဟော…သူကြီးရောက်လာတာပဲ…”
ဟုသောအသံကြောင့်ဘွားမယ်စိန်လှမ်းကြည့်လိုက်လေသည်။
မင်းလှရွာသူကြီးနှင့်အတူပါလာသောသူထံ ဘွားမယ်စိန်၏
အကြည့်များရောက်သွားခဲ့၏။
ထိုလူကတော့ဘွားမယ်စိန်ကိုသတိမထားမိပေ။
ဘွားမယ်စိန်ကတခြားသောအဘွားကြီးများနှင့်စကားပြောရင်း
ထိူလူ့ကိုအကဲခတ်နေခဲ့လေသည်။
ညသို့ရောက်တော့ အသုဘစောင့်သူများသာကျန်ရစ်ခဲ့၏။
ဘွားမယ်စိန်…ကိုကျော်တင့်အမေနှင့်အသုဘရှင်တို့က
စကားပြောနေခဲ့သလို…ကိုကျော်တင့်နဲ့မောင်တိုးတို့ကလည်း
သက်သက်စီခွဲ၍ထိုင်နေခဲ့ကြသည်။
ဖဲဝိုင်း၌တော့ရွာသားများ၏အသံများကဆူညံကာနေခဲ့၏။
အချိန်ကသန်းခေါင်ယံသို့ရောက်ခါနီး၌ မောင်တိုးနဲ့
မောင်အုန်းသည် အလောင်းထားရာအခေါင်းကြီး၏နံဘေးတွင်
လှဲအိပ်နေကြတော့သည်။
ခဏမျှကြာလေတော့ဖဲဝိုင်းမှဆူညံသံများ
တိတ်ဆိတ်သွားခဲ့၏။
အသံများတိတ်သွားသည်မလို့ မောင်တိုးမျက်လုံးကို
အနည်းငယ်ဖွင့်ဟကြည့်တော့
အားလုံးအိပ်မောကျနေကြသည်ကိုတွေ့လိုက်ရပေသည်။
ထိုအချိန်မှာပင်ခြံဝိုင်းထဲသို့ဝင်လာသောခြေသံကိုကြားလိုက်၏။
ခြေသံသည် ခြံဝိုင်းထဲမှတဆင့် အလောင်းရှိရာသို့
လျှောက်လာသံကို မောင်တိုးနဲ့မောင်အုန်းတို့ကြားနေရသည်။
သို့သော်အိပ်ပျော်နေသယောင်ဖြင့်ငြိမ်ကာနေကြလေသည်။
ခြေသံပိုင်ရှင်သည် အိပ်ပျော်နေသောလူများကို
သေချာစူးစိုက်ကြည့်နေခဲ့သည်။
ကြည့်ပြီးလေမှ စ်ိတ်ချလေဟန်ဖြင့် အလောင်းဆီသို့
သွားလေတော့သည်။
အလောင်းထည့်ထားသော
သစ်သားအခေါင်းအားဖွင့်လိုက်ရာ…
“ဟင်…….တောက်….”
အံ့သြသံနှင့်အတူ ဒေါသတကြီးတောက်ခေါက်သံပါ
ထွက်လာခဲ့သည်။
အကြောင်းက သစ်သားအခေါင်းအတွင်း၌အလောင်းရှိ
မနေခြင်းကြောင့်ဖြစ်ပေသည်။
“ဟဲ့…ရှာမနေနဲ့…နင်စားချင်တဲ့အလောင်းကအဲ့သည်မှာ
မဟုတ်ဘူးဟဲ့…”
ဟူသောအသံကြောင့် ခြေသံပိုင်ရှင်သည် နောက်သို့လှမ်းကြည့်ရာ ဘွားမယ်စိန်ကိုတွေ့သွားလေသည်။
ဘွားမယ်စိန်ကိုဒေါသတကြီးစိုက်ကြည့်ပြီး
ရန်ပြုဖို့ရန်သွားဖို့အလှမ်း…
“ဘုန်း…အင့်…”
“အား…”
မောင်တိုးနဲ့မောင်အုန်းတို့ကုန်းကြုံးထ၍ဘွားမယ်စိန်အနောက်သို့ပြေးလေပြီ။
ဘီလူးသည်က မောင်တိုးနဲ့မောင်အုန်းတို့ တားပေးခဲ့သော
စည်းဝိုင်းထဲ၌ပိတ်မိနေခဲ့၏။
ထွက်မရသောကြောင့် မျက်တောက်နီကြီးဖြင့် ဘွားမယ်စိန်တို့ကိုစိုက်ကြည့်နေခဲ့သည်။
“ဟဲ့အကောင်…နင်စားလို့ဒီရွာကလူတွေလည်း
ကုန်တော့မယ်…နင့်ကိုအပြတ်ရှင်းပစ်ဖို့ငါလာခဲ့တာဟဲ့…
ကဲ…နင်အခုဘာတတ်နိုင်သေးလဲ…”
ဟုပြောလိုက်သည်။
မောင်တိုးနဲ့မောင်အုန်းတို့ကတော့ဘွားမယ်စိန်ပြောထားသည့်အတိုင်း ရေမန်းများကိုယူ၍ အိပ်ပျော်​နေသူတို့
အားနိုးလေသည်။
ထိုအထဲ၌ ကိုကျော်တင့်လည်းပါ၏။
အားလုံးနိုးလာချိန်မှာတော့ ကိုကျော်တင့်ကရှင်းပြလေတော့…
“ဒါသူကြီးတူပဲ…
အဘွားကြီးတွေပြောတာမှန်တယ်ဗျ…
ဒီလူ့ကြောင့်ကျုပ်တို့ရွာကလူတွေသေရတာ…”
ရွာသားတွေကတုတ်ဆွဲ…ဓားဆွဲဖြင့် ဘီလူးကိုသတ်ပစ်မည်ဟု
ကြုံးဝါးနေကြသည်။
“ဟေ့…ဒါမင်းတို့လုပ်စရာမလိုပါဘူးကွ…
အမေကြီးရှင်းပေးပါလိမ့်မယ်…
မင်းတို့ကဒီတိုင်းပဲအသာရပ်ကြည့်နေကြစမ်းပါကွာ…”
ဟုကိုကျော်တင့်ကတားလေမှအကုန်ငြိမ်သွားခဲ့သည်။
ရွာသားတချို့ကတော့သူကြီးနှင့်ရွာလူကြီးများကို
အပြေးသွားခေါ်ကြသည်။
ဘီလူးသည် သူ့အားပြောဆိုနေကြသောသူများကို
အာရုံမထားဘဲ ဘွားမယ်စိန်ကိုသာစိုက်ကြည့်နေခဲ့၏။
“ခင်ဗျားတို့ကျုပ်တူကိုဘာလုပ်ထားကြတာလဲ”
ရွာသူကြီးရောက်လာချိန်၌ပြသာဒ်နာကပို၍
ရှုပ်ထွေးသွားခဲ့သည်။
“ဦးကြီး…ကျုပ်ကို လာခေါ်ပါဦးဗျာ…
ဒီလူတွေကျုပ်ကိုအနိုင်ကျင့်နေကြတယ်ဗျ…”
ဟု…စည်းဝိုင်းထဲမှသနားစရာဟန်ဖြင့်ပြောလေတော့
အားလုံးပင်အံ့သြကုန်ကြ​လေသည်။
“သူကြီး…ဒီလူပြောတာမယုံနဲ့ဗျ…
စောစောကကျုပ်တို့ကိုသတ်စားတော့မယ့်
အတိုင်းကြည့်နေတာ…
ဒီလူက လူမဟုတ်ဘူး…ဘီလူးဗျ…ဘီလူး”
“မဖြစ်နိုင်တာကွာ…
ဒါငါ့တူပါကွ…”
ဟုပြောရင်း သူ​ကြီးသည်အားလုံးတားမြစ်နေသည့်ကြားမှ
တူဖြစ်သူဆီသို့သွားလေသည်။
“အခုရပ်လိုက်ပါသူကြီး…
ဒါမောင်ရင့်တူမဟုတ်တော့ဘူးကွဲ့…
သူကဘီလူးအတတ်ကိုအောင်ထားတဲ့
ဘီလူးတစ်ကောင်ဖြစ်နေပြီ…
သူ့စိတ်ကဘီလူးစိတ်ပဲရှိတော့တယ်…”
ဟု…ဘွားမယ်စိန်ကတားမြစ်ချိန်သူကြီးသည်တူဖြစ်သူအနီးရောက်သွား၍စည်းဝိုင်းကပျက်သွားခဲ့တော့၏။
“အားလုံးအမြန် အ​နောက်ဆုတ်ကြတော့…”
ဘွားမယ်စိန်ကသတိပေးလိုက်ချိန် ဘီလူးသည်
ပြုံးရယ်လျှက်သူကြီးကိုတွန်းဖယ်၍ရှေ့သို့ထွက်လာခဲ့၏။
“နင့်အသားစားပြီးမှ ငါပြန်မယ်…”
ဘွားမယ်စိန်ကိုလက်ညိုးကြီးထိုး၍ပြောလိုက်လေသည်။
“ငါ့အသားစားပြီးဒီထက်စွမ်းချင်တယ်ပေါ့…
ကဲ…လာစမ်း…ဒီမယ်ကြီးအိုမရဲ့အသားကို
စားချင်ရင်လာခဲ့စမ်းဟဲ့…”
ဟုဘွားမယ်စိန်ကပြောလိုက်ချိန်မှာပင် ဘီလူးသည်
လျင်မြန်သော ရွေ့လျားမှုဖြင့်ဘွားမယ်စိန်အနီးရောက်လာခဲ့သည်။ဘွားမယ်စိန်နှင့်မျက်နှာခြင်းနီးကပ်နေပြီး
ဘွားမယ်စိန်၏လည်ပင်းကိုဆွဲညစ်ဖို့လုပ်ချိန်…
“ဒုတ်…”
ဘွားမယ်စိန်ကပြုံးလျှက်သူ၏တောင်ဝှေးကိုမြေပေါ်
ဆောင့်ချလိုက်​လေရာ…
“ဘုန်း”
ဘီလူးသည်အဝေးသို့လွှင့်စင်ထွက်သွားခဲ့တော့၏။
“သူကြီး…လာလေဗျာ…ကြားက
သေချင်နေတာလား”
ကိုကျော်တင့်က ကြောက်​ကြောက်လန့်လန့်ဖြစ်နေသော
သူကြီးကိုအပြေးသွားခေါ်ရသေးသည်။
“တောက်…”
ဘီလူးသည် မြေပေါ်မှလူးလှဲထလာ၏။
ဘွားမယ်စိန်ကိုမကျေမနပ်စိုက်ကြည့်ပြီး ယှဥ်၍မရမှန်းသိလေတော့ နောက်ကြောင်းလှည့်ပြေးဖို့ကြိုးစားတော့သည်။
သို့သော် ဘွားမယ်စိန်ထံမှပစ်လိုက်သော
အင်းတစ်ချပ်သည် ဘီလူး၏ကိုယ်သို့သွားရောက်ကပ်တွယ်လေသည်။
“ဟင်…”
ဘီလူးသည်အင်းချပ်ကိုမြင်တော့
အထိတ်ထိတ်အလန့်လန့်ဖြစ်သွားစဥ်…
“ဝုန်း…”
အင်းချပ်မှကူးစက်လာသောမီးတောက်ကြီးသည်
ဘီလူး၏တစ်ကိုယ်လုံးကိုဝါးမြိုတောက်လောင်နေခဲ့၏။
မီးတောက်ကြောင့် ဘီလူးမြေပေါ်သို့ လူးလှိမ့်နေစဥ်
ဘွားမယ်စိန်၏နှုတ်မှဂါထာများကိုအဆက်မပြတ်ရွှတ်ဆို
တော့သည်။
ဂါထာရွှတ်ဆိုနေရင်းမှဘွားမယ်စိန်သည် သူ၏လွယ်အိတ်အတွင်းမှဓားတိုလေးတစ်ချောင်းကိုထုတ်လိုက်၏။
ဓားသွားအထက်၌ မနုဿီဟအရုပ်ကိုဆွဲလို့ထားသော
ဓားတိုလေးပင်ဖြစ်သည်။
ထိုဓားသည်ဘွားမယ်စိန်ဂါထာရွှတ်ဆိုသံကြောင့်
တဆတ်ဆတ်တုန်ခါလာပြီး…
“ဝီးးး….”
လျင်မြန်သောအရှိန်ဖြင့် မြေပေါ်လူးလိမ့်နေသော
ဘီလူး၏နှလုံးတည့်တည့်သို့သွား၍ထိုးစိုက်လေသည်။
ထိုအခါ၌ လူးလိမ့်နေသောဘီလူးသည်ငြိမ်ကျသွားတော့၏။
မီးတောက်များကလည်းတဗြစ်ဗြစ်အသံပေး၍
ဘီလူး၏ခန္ဓာကိုယ်အား ဝါးမြိုနေခဲ့လေသည်။
ကိုကျော်တင့်တို့လူစုသည်ဘွားမယ်စိန်အနီးထွက်လာခဲ့ပြီး…
“ဘွား…သေသွားပြီလားဗျ”
ဟုမေးလေတော့ ဘွားမယ်စိန်ကခေါင်းညိတ်ပြလေသည်။
“ကျုပ်တူလေး…အမယ်လေးဗျာ…
အဖြစ်ဆိုးရချည်လား”
သူကြီးက ဝမ်းနည်းစွာအော်ဟစ်ငိုလေသည်။
“ကျုပ်မသိဘူးဗျာ…
ဒီကောင်ကမိမရှိဖမရှိမို့ကျုပ်ကအသနားပိုနေတာဗျ…
ကျုပ်ဆီရောက်လာတော့သူ့ကိုကောင်းကောင်း
စောင့်ရှောက်ပေးမယ်လို့ ဆုံးဖြတ်ထားတာ
အခုတော့ဗျာ…”
“မောင်ရင့်ရဲ့တူက ဘီလူးမှော်အတတ်ကိုအောင်ထားတာ…
ဒီဘီလူးကိုအခုမသတ်နိုင်ရင်နောက်ဆိုရှင်းပစ်ဖို့
ပိုခက်တော့မယ်…ဒါကြောင့် မောင်ရင့်
စိတ်ကိုထိန်းပါလို့ပဲပြောရတော့မယ်ကွယ်…”
ဟုသာဘွားမယ်စိန်ကပြောလိုက်သည်။
ဘီလူး၏အလောင်းပြာဖြစ်ချိန်မှာတော့
ထိုပြာပုံထဲကိုဘွားမယ်စိန်ကလက်နှိက်၍
သူ၏ဓားလေးကိုပြန်ယူခဲ့သည်။
နောက်ရက်၌ ကိုကျော်တင့်၏ဦးကြီးရဲ့အလောင်းကိုလည်း
မြေချပေးနိုင်ခဲ့ကြသည်။
အလောင်းမပျောက်၍တစ်ရွာလုံးလည်း
အသုဘလိုက်ပို့ပေးခဲ့ရှာသည်။
ဘွားမယ်စိန်ကျေးဇူးကြောင့် ဘီလူးစားခံရမည့်အရေးမှ
လွှတ်ခဲ့ရသည်မလို့ဘွားမယ်စိန်ကိုကျေးဇူးတင်လို့
မဆုံးဖြစ်နေကြသည်။
ဘွားမယ်စိန်တို့ကတော့နောက်တစ်ရက်၌ အားလုံးကို
နှုတ်ဆက်ပြီးသောင်ထွန်းရွာသို့ပြန်လာခဲ့ကြလေသည်။
ဘွားမယ်စိန်တို့နွားလှည်းအထက်၌…
ဆန်၊ဆီ၊ပဲ၊ပြောင်းများက မင်းလှရွာလက်ဆောင်အဖြစ်
ပါလာခဲ့တော့၏။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)