“ဘွားမယ်စိန်နှင့်လောဘတစ္ဆေ”(စ/ဆုံး)

“ဘွားမယ်စိန်နှင့်လောဘတစ္ဆေ”(စ/ဆုံး)

==============================

ဘွားမယ်စိန်၏အိမ်၌ ဒေါ်ဝင်းတို့မှာ
ယပ်တောင်လေးတဖျက်ဖျက်ဖြင့်
ကွပ်ပျစ်ခင်းပေါ်လှဲနေကြသည်။

“မိုးကိုမရွာတာပါအေ…
အတော်ကိုပူတာပါ”

ဟုဒေါ်ဝင်းကငြီးငြူနေသည်။
ဘွားမယ်စိန်ကတော့ကွမ်းမြုံရင်း
ယပ်တောင်ကိုအသာခတ်နေခဲ့၏။

“ရာသီဥတုတွေဖောက်တာလည်းမပြောနဲ့လေ…
လူတွေကမှတရားနဲ့အညီမနေနိုင်ကြတော့တာအေ့…
ဘုန်းကြီးကျောင်းဆိုတို့လူကြီးတွေကြီးပဲ…”

“အမေရယ်…အမေဘုန်းကြီးကျောင်းသွားနိုင်ဖို့
ကျုပ်ကဆွမ်းချိုင့်ပြင်ဆင်ပေးရတော့
ဘယ်လိုက်နိုင်မလဲ…မီးဖိုထဲချွေးတလုံးလုံးနဲ့
.ချက်ပြုတ်ပြီးမှတော့မလိုက်ချင်ပါဘူးတော်…”

“အင်း…ဒါလည်းညည်းဆင်ခြင်ပေါ့အေ”

ဟု…ဘွားမယ်စိန်ကပြောတော့နန်းကြိုင်လေးကပြုံးနေသည်။
ဒေါ်ဝင်းဘုန်းကြီးကျောင်းမလိုက်၍ဘွားမယ်စိန်က
ဆူပူနေခြင်းကို နန်းကြိုင်မှာသဘောကျနေခဲ့သည်။

ညနေ နေဝင်ရီတရောအချိန်သို့ရောက်တော့
နွားလှည်းတစ်စီးရွာထဲသို့မောင်းလာခဲ့သည်။
နွားလှည်းမှာဘွားမယ်စိန်၏နေအိမ်သို့
တန်းမတ်စွာမောင်းလာခဲ့၏။
ဘွားမယ်စိန်တို့ခြံရှေ့သို့ရောက်တော့လည်း…

“ဘွားမယ်စိန်ရှိလားဗျို့…”

ဟုအော်ကာခေါ်ပြန်သည်။
နန်းကြိုင်လေးကခြံတံခါးအနီးသို့အပြေးထွက်လာပြီး…

“ဘွားရှိပါတယ်…ဘယ်သူတွေလဲရှင့်…”

“အေး…တူမကြီး…ဦးကြီးကရွာသစ်ကသူကြီး
ဦးမျိုးသစ်ပါကွဲ့…”

“ဟုတ်ကဲ့…ဝင်ခဲ့ကြပါရှင့်…”

နန်းကြိုင်လေးကခြံတံခါးဖွင့်ပေးလိုက်သည်။
နွားလှည်းဖြုတ်ပြီးလေတော့ ရွာသူကြီးဦးမျိုးသစ်နှင့်အတူ
အမျိုးသမီးနှစ်ဦးအပြင်အမျိုးသားတစ်ဦးပါ
ခြံထဲသို့ဝင်လာကြသည်။

“လာကြကွယ်…အဆင်ပြေသလိုထိုင်ကြပါ”

ကွပ်ပျစ်ခင်း၌ထိုင်နေသောဘွားမယ်စိန်ကပြောလိုက်သည်။

“ဘွားအိမ်မှာရှိနေတာကျုပ်တို့
ကံကောင်းတယ်ဗျာ… ”

ဟုသူကြီးဦးမျိုးသစ်ကပြောတော့…

“ရာသီဥတုပူတာနဲ့ဘယ်မှမသွားဖြစ်ပါဘူးကွယ်…
ဒါနဲ့သူကြီးတို့ကရောဘာအကြောင်းများရှိလို့
ရောက်လာခဲ့ကြတာလဲကွဲ့…”

“ပြောရဦးမယ်ဗျာ…ဟောဒါကျုပ်တူနဲ့တူမပါ…
သူတို့ကတခြားရွာမှာနေကြတာပါ…
ဒါကတော့ကျုပ်တူရဲ့မိန်းမခင်ဗျ…”

“သြော်…အေး…အေး…”

ဘွားမယ်စိန်က အမျိုးသမီးတစ်ဦးကို
သေချာစူးစိုက်ကြည့်နေခဲ့၏။
ပြီးနောက်…

“ကလေးမ…ညည်းနာမည်ဘယ်လိုခေါ်လဲ”

ဟုမေးတော့…

“ကျုပ်နာမည်က မတင်ကြည်ပါ…”

“ညည်းမှာအမှောင်ဓာတ်တွေများနေတယ်…
ညည်းကိုမကျေနပ်တဲ့သူရှိနေတယ်ကလေးမ…”

“ကျုပ်တို့လည်းအဲ့တာကြောင့်လာကြတာပါခင်ဗျာ…
ကျုပ်အစ်မ နေထိုင်မကောင်းဖြစ်ပြီးကတည်းက
သူမဟုတ်သလိုဖြစ်လာလို့ပါ…”

“ဘယ်လိုမျိုးတွေဖြစ်တာလဲကွဲ့…”

“ဖြစ်ပုံကဗျာ…
တစ်ခါတစ်လေကျုပ်တို့ကိုဒေါသတွေထွက်နေတတ်တယ်…
အကြောင်းအရင်းမရှိဘဲပစ္စည်းတွေကိုပေါက်ခွဲတယ်…
အယ်နောက်ပြီးသူမဟုတ်သလို…ဘာမှမမှတ်မိပြန်ဘူးဗျာ…
တစ်ခါတစ်​လေကျပြန်တော့ ထမင်းတွေဟင်းတွေက်ို
အားရပါးရစားပြန်တယ်…လူငါးယောက်စာထမင်းဟင်းကို
သူကတခဏနဲ့စားနိုင်တယ်ဗျ…
ပိုဆိုးတာကညဘက်တွေလမ်းထလျှောက်ပြီး
မနက်ချက်ဖို့ထားတဲ့ဟင်းစိမ်းတွေကို
ယူယူစားတာပဲအမေကြီးရဲ့”

ဟု…မောင်ဖြစ်သူကပြောပြလေသည်။
ရွာသူကြီးဦးမျိုးသစ်ကလည်း…

“ဟုတ်တယ်ဗျ…ကျုပ်တူမကြည့်ရတာ
မမြင်အပ်တာတွေဝင်စီးနေပုံရတယ်…
အဲ့သည်ဟာတွေဝင်စီးပြီးစားချင်တာစားပြီးရင်
သူဘာမှမမှတ်မိဘူးဖြစ်နေတာ…
ကျုပ်တူကသူ့အစ်မအကြောင်းပြောပြတော့
ကျုပ်လည်းဘွားဆီကိုအပြေးခေါ်လာခဲ့ရတာပဲဗျာ…”

ဟုပြောပြန်တော့ဘွားမယ်စိန်ကခေါင်းညိတ်သည်။
မတင်ကြည်ကိုကြည့်ပြီးလည်း…

“ဘွားမြင်ပါတယ်…
သူ့ကိုမကျေနပ်တဲ့သူရှိနေတယ်…
ကဲ…ထားပါ…အရင်ဆုံးမောင်ရင်တို့
အကြောင်းလေးပြောပါဦး…”

ဟု…ပြောလေတော့ ငဖေက …

“အမေကြီးသိချင်ရင်…
ကျုပ်ပြောပြပါမယ်ဗျာ…”

ဟု…အစချီကာ​ပြောပြလေတော့သည်။

******************************

“​တောက်…”

“ဟဲ့…ငဖေ ဘာဖြစ်လာပြန်တာလဲ”

ပုဆိုးစကိုလက်၌ကိုင်ပြီးဒေါကြီးမောကြီးဖြင့်
ရောက်လာသော မောင်ဖြစ်သူကို
မတင်ကြည်ကမေးလိုက်သည်။

“ဘာဖြစ်ရမှာလဲအစ်မရာ…
ကျုပ်ကို ဟိုကောင်အောင်ကျော်တို့အုပ်စုပေါ့”

“ဟဲ့…ဒင်းတို့ကနင့်ကိုဘာလုပ်လိုက်လို့တုန်း”

မတင်ကြည်က ထိုင်နေရာမှချက်ချင်းထ၍မေးလိုက်သည်။

“ငါမေးနေတယ်လေ ငဖေ…”

မတင်ကြည်က ငဖေ့ကိိုစိတ်မရှည်ဖြစ်လာပြီး…
အော်လိုက်တော့သည်။

“အဲ့ကောင်တွေကျုပ်ကိုဝိုင်းပြီးအနိုင်ကျင့်တယ်အစ်မ…
ကျုပ်အရက်သောက်နေတာကို
ကျုပ်အရက်တွေယူသောက်ပြီး…ဝိုင်းဟားကြတယ်”

“ဘာပြောတယ်…
ဒါကိုနင်ကငြိမ်ခံနေခဲ့တာပေါ့လေ…
ဟုတ်လားငဖေ…”

“သူတို့က ငါးယောက်တောင်အစ်မရဲ့”

“လာစမ်း…နင်သာငြိမ်ခံနိုင်မယ်…တင်ကြည်ဆိုတဲ့
ကောင်မက မောင်ကိုထိဓားကြည့်ပဲ”

“ဟာ….အစ်မ…”

မတင်ကြည်က ထဘီကိုခပ်တိိုတိုပြင်ဝတ်သည်။
ပြီးနောက်ဝါးရင်းတုတ်ကိုဆွဲပြီး ဒေါနဲ့မောနဲ့
ထွက်သွားတော့၏။
ငဖေကလည်းအစ်မဖြစ်သူနောက်မှ
အထိတ်ထိတ်အလန့်လန့်လိုက်သွားခဲ့ရသည်။
အရက်ဆိုင်သို့ရောက်တော့…

“ဟေ့..ငါ့မောင် ငဖေကိုအနိုင်ကျင့်တဲ့
အကောင်တွေထွက်ခဲ့ကြစမ်း”

ဟု…ဒေါသ သံဖြင့်အော်​ပြောလိုက်သည်။
အရက်ဆိုင်ထဲမှလူတွေကလည်း မတင်ကြည်အသံကြား၍
ထွက်လာခဲ့ကြ၏။
ထိုအထဲမှသရော်သလိုမျက်နှာထားဖြင့်ထွက်လာသော
အောင်ကျော်တို့အုပ်စုကိုမတင်ကြည်တွေ့သွားပြီး…

“အောင်ကျော်နင်ငါ့မောင်ကိုအနိုင်ကျင့်လိုက်တာမလား”

ဟုမေးတော့အောင်ကျော်က ပြုံးစစဖြင့်…

“အစ်မတင်ကြည်ရယ်…
ကျုပ်တို့ကအစ်မမောင်ကိုယောကျာ်းထင်နေတာ…
ဟား….ဟားး…တကယ်တော့ဒီကောင်က
ထဘီကြားဝင်နေတဲ့ကောင်ပဲဗျ…
ဟားး…ဟား…ဟားး…ဟားးးးးးးးးးးးး”m

“ဖီ…နင်လိုအကောင်ထက်တော့သာသေးတယ်ဟဲ့”

“ခွပ်…ဘုန်း…အုန်း”

“အင့်…အားးး”

မတင်ကြည်က အောင်ကျော်တို့ကိုဝါးရင်းတုတ်ဖြင့်
လွှဲကာရိုက်တော့သည်။
အလစ်ငိုက်သွားသောအောင်ကျော်တို့လည်း
ဝါးရင်းတုတ်စာမိကုန်ကြ၏။
ပြီးနောက်ငါးယောက်သားမတင်ကြည်ကိုဝိုင်းချုပ်၍
ထိုးနှက်ဖို့လုပ်​လေတော့ ငဖေကအောင်ကျော်ကို
လက်သီးဖြင့်ဝင်ထိုးတော့သည်။
ငါးယောက်နှစ်ယောက်ပေမယ့် မတင်ကြည်တို့မောင်နှမက
အောင်ကျော်တို့ကိုအသေအလဲရိုက်၍…ထိုးနှက်နေကြ၏။
ထိုရန်ပွဲသည်ရွာသူကြီးနှင့်နံဘေးမှလူများဝိုင်းဆွဲလေမှ
အဆုံးသတ်ခဲ့ရ၏။
မတင်​ကြည်တို့ဘက်မှတမင်ရန်စကာရန်ပွဲဖြစ်ရသည်ဟူသော
ရွာသူကြီး၏ဆုံးဖြတ်ချက်ဖြင့် ငဖေတစ်ယောက်
ထိပ်တုံးခတ်ခံရသည်။

“တင်ကြည်…နင်ကမိန်းမဖြစ်နေလို့သာပဲ…
ကိုယ့်မောင်ရန်ဖြစ်တာကိုမဆွဲပဲနဲ့
နင်ကပါဝင်ရိုက်နေရတယ်လို့ဟာ”

“သူကြီး…ဒါ…ကျုပ်မောင်အမှားမဟုတ်ပါဘူး…
ဒီကောင်တွေဘက်ကအရင်
ကျုပ်မောင်ကိုအနိုင်ကျင့်လို့…ကျုပ်မခံချင်လို့ဖြစ်ရတာပါ”

“ဘာပဲဖြစ်ဖြစ်ဒါနင်တို့အမှားပဲ…
ဒီကောင့်ကိုမှတ်လောက်အောင်ထိပ်တုံးခတ်ထားရမယ်…
ပြီးရင်ဟိုဘက်အတွက်ဆေးဖိုးဝါးခလျော်ရမယ်…
အဲ့ပိုက်ဆံနင်လာပေး တင်ကြည်…”

“ကျုပ်သိပါတယ်…သူကြီးဆိုတာကလည်း
မျက်နှာကြီးရာဟင်းဖက်ပါတဲ့အမျိုးပဲလေ…”

“ဟဲ့တင်ကြည်…”

“အစ်မ…သွား…သွားအိမ်ပြန်တော့”

မတင်ကြည်နှင့်ရွာသူကြီးတို့ရန်ဖြစ်ကြတော့မည်မလို့…
ငဖေကအစ်မဖြစ်သူကိုအိမ်ပြန်စေသည်။
မတင်ကြည်ခမျာလည်း မောင်ဖြစ်သူကို
လှည့်ကြည့်လှည့်ကြည့်ဖြင့်ပြန်သွားရှာတော့သည်။

ထိုသို့တစ်ဦးနှင့်တစ်ဦးချစ်ခင်ရှာသော
မတင်ကြည်တို့မောင်နှမကို တစ်ရွာလုံးကလက်လန်ကြ၏။
မတင်ကြည်ကလည်းမိဘများမရှိတော့၍
သွေးသားဖြစ်သောမောင်ဖြစ်သူကိုချစ်ရှာသလို…
မောင်ဖြစ်သူကလည်းမတင်ကြ​ည်ကိုအလွန်ချစ်ရှာသည်။

တစ်ရက်၌…

“အစ်မ…ကျုပ်ကိုမိန်းမတောင်းပေးတော့ဗျာ…”

“ဟေ…နင်ကဘယ်သူ့ကိုယူမှာတုန်း”

“ဟာဗျာ…ရွာလယ်ပိုင်းက ခင်ဝင်းလေ…
ကျုပ်သူနဲ့ချစ်သူဖြစ်နေတာလည်းအစ်မသိတာပဲဟာကို”

“အမယ်လေး…မသိပါဘူးဟယ်…
နင်နဲ့ခင်ဝင်းကရန်ဖြစ်နေတာများတော့
တခြားကောင်မကိုများလိုက်တောင်းခိုင်းတာလားလို့”

“မဟုတ်တာဗျာ…”

“တောင်းတာကရပါတယ်…
သူ့မိဘတွေကလည်းနင်နဲ့ချစ်ကြိုက်နေတာသိနေတာပဲဟာ…”

“အဲ့တာကြောင့်…ကျုပ်ခင်ဝင်းကိုယူချင်နေပြီအစ်မရဲ့”

“ဟင်း…ဟင်း…မသိဘူးထင်နေသလား…
တဖက်ရွာကကောင်တွေခင်ဝင်း
အနားလာလာကပ်နေကြတယ်မလား…
တော်နေခင်ဝင်းစိတ်ပြောင်းသွားရင်
နင်ထိုင်ငိုနေရမှာကြောက်လို့မဟုတ်ဘူးလားဟဲ့”

“အစ်မကလည်း…သိနေတာပဲဟာ…
ဟီး…ဟီးးးး…”

မတင်ကြည်လည်းမောင်ဖြစ်သူ၏အပူကပ်မှုကြောင့်
မခင်ဝင်းကိုလိုက်လံတောင်းရမ်းပေး၏။
မိဘများထားခဲ့သော လယ်မြေတချို့ဖြင့်
တင်တောင်းပေးယုံမက
နွားတစ်ရှည်းကိုပါထည့်ပေးလိုက်လေတော့
မခင်ဝင်းမိဘများမှာ သဘောအကျကြီးကျနေခဲ့သည်။

မင်္ဂလာဆောင်ပြီးလေတော့
သျှောင်နောက်ဆံထုံးပါဆိုသလို
မခင်ဝင်းက ငဖေတို့နှင့်အတူလာနေရသည်။
မတင်ကြည်ကလည်းမခင်ဝင်းကိုချစ်ရှာပြီးအစစအရာရာဂရုစိုက်ပေး၏။

“အစ်မ…”

“ဟေ…ညီမလေး”

“ကျုပ်အမေတို့အိမ်သွားမလို့…”

“ဒီအချိန်ကြီးလား…နေကလည်းပူနေတာကို
နေအေးမှသွားပါလားအေ…”

“ဟုတ်…ဟုတ်…”

မတင်ကြည်ကမခင်ဝင်းကိုဂရုစိုက်သလို…
ငဖေကလည်း လယ်လုပ်ငန်းကို
ဦးစီးဦးဆောင်လုပ်ကိုင်ပေးနေရှာသည်။
အိမ်ထောင်ကျပြီးနော​က်ယခင်ကလို
သောက်စားခြင်းကိုရှောင်ကျဥ်လာသည်။
ဒါကိုပင်မတင်ကြည်မှာဝမ်းသာနေရရှာ၏။

“ဒါညီမလေးကြောင့်…ညီမလေးကြောင့်
အစ်မမောင်ပြောင်းလဲလာတာ…”

ဟု…မတင်ကြည်ကပြောလေသည်။

တစ်နေ့မှာတော့
မခင်ဝင်းသည်မိဘအိမ်သို့အလည်ရောက်နေခဲ့သည်။

“ခင်ဝင်း…”

“ရှင်အမေ…”

“ညည်းမှာပိုက်ဆံလေးဘာလေးအပိုအလျှံရှိနေပြီလားအေ့”

“ဘယ်ကပိုက်ဆံလဲအမေ”

“အိုအေ…ညည်းလင်ကပိုက်ဆံမအပ်ဘူးလားညည်းကို”

“သြော်အမေရယ်…
ကျုပ်ယောကျာ်းကလယ်တောဆင်းတယ်…
အစ်မကအိမ်မှာဟင်းချက်…ထမင်းချက်လိုတာအကုန်လုပ်နေတဲ့သူလေ…ကျုပ်ကအိမ်အလုပ်လည်းမလုပ်ရ
ဘာမှလည်းလုပ်စရာမရှိတော့ဘယ်ငွေရှိမှာလဲတော်”

“ဟယ်…ဒီလိုကြီးလား…
ညည်း အ လှချည်လား ခင်ဝင်းရဲ့…”

“အမေဘာတွေပြောနေတာလဲ…
အမေပြောတာကျုပ်နားမလည်ဘူး”

“ဘယ်နားလည်မလဲ…
ဟိုကောင်မတင်ကြည်ကချော့လိုက်မြူလိုက်လုပ်နေတော့
ညည်းစုံလုံးကန်းနေတာပေါ့…
ဒီမယ်ခင်ဝင်းရဲ့…နင့်လင်ရဲ့အစ်မကလေ…
နင်တို့ရမယ့် အမွေတွေကိုသူ့လက်ထဲမှာ
ဟဲ့လိုအုပ်ထားတာဟဲ့…”

မခင်ဝင်းအမေ…ဒေါ်မြက စိတ်ဆိုးမာန်ဆိုးဖြင့်
ပြောနေခဲ့သည်။

“အမေကလည်း…ကျုပ်တို့ဒီအတိုင်းလေးလည်း
အဆင်ပြေပါတယ်…အစ်မတင်ကြည်က
အမေပြောသလောက်လည်း
မဟုတ်ပါဘူးအမေရယ်…”

“အေးပေါ့…လူကြီးကသိနေလို့ပြောနေတာကို
လက်မခံမှတော့နင့်ထိုက်နင့်ကံပေါ့အေ”

ဒေါ်မြက မခင်ဝင်းကိုမည်သည့်စကားမှဆက်မပြောတော့ချေ။
သို့သော်မခင်ဝင်းအိမ်သို့လာတိုင်း
ထိုစကားများကိုထပ်မံကာပြောလာသည်။
တစ်ကြိမ်မကပြောလာတော့မခင်ဝင်းစိတ်ထဲလည်း
မတင်ကြည်ကိုယခင်ကဲ့သို့ချစ်ခင်စိတ်များမရှိတော့ဘဲ
ဒေါ်မြပြောသည်များကိုသာအမှန်ဟုထင်လာခဲ့သည်။

“ယောကျာ်း…”

“ဟေ…”

“ကျုပ်တို့ အိမ်ခွဲနေကြရအောင်တော်…”

“ဟ…ဘာဖြစ်လို့လဲ…ဒီမှာလည်း
အားလုံးအဆင်ပြေနေတာကိုကွာ…”

“တော်မသိပါဘူး…
အစ်မတင်ကြည်က တော််အပေါ်လည်းနိုင်စားလွန်းတယ်…
ဒါတွေကိုကျုပ်ဆက်ပြီးသည်းမခံနိုင်တော့ဘူး”

“ဘာကွ…ငါ့အစ်မလောက်ဒီလောက်
ငါ့အပေါ်ကောင်းတာကို…မင်းမလို့ပြောတတ်တယ်…”

“အို…ဘာပဲဖြစ်ဖြစ်ကျုပ်ဒီအိမ်မှာဆက်မနေချင်ဘူး…
တော်ရသင့်တဲ့အမွေကိုတောင်းပြီး ကျုပ်တို့အိမ်ခွဲနေကြမယ်…”

မခင်ဝင်းက ယောကျာ်းဖြစ်သူကို
စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။
ငဖေကလည်းစဥ်းစား၏။
ခဏကြာလေမှ…

“အေး…ဒီလိုဆိုရင်တော့ ငါပြောမယ်…
မင်းမနေချင်ရင်မင်းမိဘအိမ်မင်းသွားနေ…
ငါကတော့ငါ့အစ်မနဲ့ခွဲမနေနိုင်ဘူး”

“ဘာ…ရှင်…ရှင်…ဘာပြောတယ်…”

“တော်လိုက်တော့ခင်ဝင်း…
မင်းစကားတွေကိုအ​ကောင်းမှတ်ပြီးနားထောင်နေတာ…
ငါ့ဒေါသထွက်မလာခင်…
မင်းပါးစပ်ပိတ်နေတာကောင်းမယ်…”

ဟု…ငဖေက ဟောက်လိုက်တော့မခင်ဝင်း၏
မျက်နှာသည်အလိုမကျမှုများဖြစ်နေပြီး
စိတ်ထဲမှာလည်းမတင်ကြည်ကိုပို၍မုန်းလာခဲ့တော့သည်။

ငဖေကတော့အစ်မဖြစ်သူအကြောင်းသိ၍
မခင်ဝင်းပြောတာကိုလက်မခံနိုင်ပေ။

ထိုသို့ဖြင့် တစ်ရက်မှာတော့ မတင်ကြည်တစ်ယောက်
အသည်းအသန်ဖျားတော့သည်။

“အမယ်လေး…နာလှချည်ရဲ့….မလုပ်ကြပါနဲ့…
အမယ်လေးနာလိုက်တာ….”

“အစ်မ…အစ်မ…သတိထားလေအစ်မ…
ဆရာလုပ်ပါဦးကျုပ်အစ်မ
ကယောင်ကတမ်းတွေအော်နေတယ်ဗျ…”

ငဖေမှာအစ်မအနားမှတစ်ဖဝါးမှမခွာဘဲပြုစုရှာသည်။
ဆေးဆရာပင့်ပြီးကုပါသော်လည်း
မတင်ကြည်ခမျာ အော်ဟစ်လို့နေရတုန်းပင်။
နေထိုင်မကောင်းပြီးတစ်ပတ်မျှကြာတော့
မတင်ကြည်သက်သာလာပုံရသည်။
သို့သော်မတင်ကြည်၏ မျက်လုံးများက
မျက်လုံးအသေကြီးအတိုင်းကြည့်တတ်သည်။
ခန္ဓာကိုယ်လှုပ်ရှားမှုလည်းမရှိ
အခန်းထဲ၌ငုပ်တုတ်ကြီးထိုင်နေတတ်သေးသည်။

“အစ်မ…သက်သာပြီလား”

ငဖေကမေးတော့ မတင်ကြည်ခေါင်းညိတ်ပြသည်။
မတင်ကြည်၏ပုံစံကိုငဖေသဘောမကျပေ။

“အစ်မ…နင့်ကြည့်ရတာတမျိုးပဲ…
တကယ်ကောသက်သာရဲ့လားဟာ…”

ဟု…ငဖေကထပ်မေးလေတော့…

“သက်သာပါတယ်…”

ဟု…အေးစက်စက်အသံကြီးဖြင့်ဖြေသည်။

“ဒါဆိုလည်းထမင်းစားကြမယ်လေ…
နင်ကြိုက်တဲ့ဝက်သားဟင်းလေးငါချက်ပေးထားတယ်ဟ”

“ထမင်း…အေး…အေး…စားမယ်”

မတင်ကြည်ကထမင်းစားမည်ဆိုတော့
ပျော်သွားဟန်ရသည်။
ချက်ချင်းထိုင်နေရာမှထလာခဲ့၏။
ငဖေလည်း…မခင်ဝင်းကို…

“မိန်းမရေ…ထမင်းခူးဟေ့…
အစ်မကထမင်းစားမယ်တဲ့”

ဟုအော်ကာပြောတော့မခင်ဝင်း ထမင်းဝိုင်းပြင်ရသည်။
ထမင်းစားတော့လည်းမတင်ကြည်ကအတော်လေး
ခံတွင်းမိန်နေပုံရသည်။

“ထမင်း…ထမင်းထည့်ပေး…
ဟင်း…ဟင်းကောထပ်ထည့်…”

ထမင်းခဏခဏယူပြီးဟင်းဖက်များဖြင့်
အားရပါးရနယ်စားနေသောမတင်ကြည်ကိုကြည့်ပြီး
ငဖေပြုံး​၍

“အစ်မတို့များနေထိုင်မကောင်းတာကြာတော့
အခုမှထမင်းစားမိန်နေပုံရတယ်ဟ…
ဟင်းလည်းတစ်အိုးကုန်ပြီ…
မနက်ဖြန်မှအစ်မကိုထပ်ချက်ကျွေးဦးမယ်…”

ဟု…ပြောလေသည်။

သို့သော် မခင်ဝင်းက…

“ယောကျ်ား…တော့်အစ်မကဟုတ်ကောဟုတ်ရဲ့လား”

“ဟ…ဘာဖြစ်ပြန်တာလဲကွ”

“မဟုတ်ပါဘူး…အစ်မတစ်ခုခုများဖြစ်နေသလားလို့”

“မဟုတ်တာကွာ…
အခုမှကျန်းမာလာတော့ ပုံမှန်အတိုင်းမဖြစ်သေးတာပါကွာ”

“အင်းပါတော်…”

မခင်ဝင်းကတော့ မတင်ကြည်ကို မသင်္ကာဖြစ်လို့နေသည်။
ယောကျာ်းဖြစ်သူကိုပြောလျှင်လည်း အစ်မဖြစ်သူကို
မလိုလား၍ပြောသည်ဟုထင်မှာလည်းစိုးမိ၏။

တစ်ညမှာတော့…

မခင်ဝင်းညနက်သန်းခေါင်ရေဆာ၍နိုးလာခဲ့သည်။

သောက်ရေအိုးထားရာသို့ရောက်တော့ မီးဖိုအတွင်းမှ
အသံများထွက်နေသည်ကိုကြားလိုက်ရသည်။

“ကြောင်များလား”

ဟုအတွေးဖြင့် မခင်ဝင်းမီးခွက်လေးကိုင်ပြီး
မီးဖိုထဲဝင်လေတော့…

“ဟင်…”

ကြမ်းပြင်ပေါ်၌ မနက်ချက်ရန်ဝယ်ထားသော
ဝက်သားများက အပုံလိုက်ကျနေခဲ့သည်။
ထိုဝက်သားများကိုအားရပါးရစားနေသော
မတင်ကြည်ကိုမြင်လေတော့…

“အမယ်လေးတော့်…”

ဟု…မခင်ဝင်းမှာအလန့်တကြားအော်တော့သည်။
မခင်ဝင်းကိုမြင်တော့မတင်ကြည်သည် လက်ထဲမှ
ဝက်သားဖက်များကိုချ၍ခွေခနဲလဲကျသွားတော့၏။
မတင်ကြည်လဲကျသွားတော့မခင်ဝင်းပို၍ ….
အလန့်တကြားဖြစ်သွားကာ…

“ယောကျာ်းရေ…လာပါဦး….လာပါဦးတော်….
အစ်မ…အစ်မ…”

ဟု…အော်ဟစ်တော့၏။

ငဖေလည်းအလန့်တကြားဖြင့်နိုးလာခဲ့ပြီး
အသံကြားရာဆီကိုအပြေးလာခဲ့သည်။

“ဟင်…ဘာဖြစ်တာလဲ”

“အစ်မ…အစ်မကိုခေါ်ကြည့်ပါဦး”

ငဖေတို့လည်းမတင်ကြည်လဲကျနေ၍
ပြာယာခက်ကုန်ကြသည်။
ညနက်သန်းခေါင်ဆေးဆရာပြေးပင့်ရပြန်၏။

နောက်ရက်များ၌လည်းမတင်ကြည်က
ဒေါသတကြီးဖြင့်ပစ္စည်းများကိုပေါက်ခွဲပြန်သည်။
ငဖေမှာအစ်မကိုဆွဲထိန်းထားရ၏။
ထိန်းမရသည့်အဆုံးတိုင်၌ကြိုးတုပ်ထားရလေသည်။
တိုင်၌ကြိုးတုပ်ထားတော့…

“ဟဲ့ငဖေ…ငါ့ကိုဘာလို့တိုင်မှာတုပ်ထားတာလဲ…”

ဟုလေသံပျော့လေးနဲ့မေးမှ…

“အစ်မ…နင်အစောကသောင်းကျန်းနေတာလေ…
နင့်ကိုထိန်းမရလို့ကြိုးတုပ်ထားရတာပါဟာ…”

“ငါ…ငါမသိဘူး…ငါဘာမှမသိပါလား”

“ဟေ…နင်မသိဘူးဆိုတာဘာကိုပြောတာလဲ”

“နင်စောစောကပြောတာတွေငါမသိဘူးငဖေ…
ငါဘာတွေသောင်းကျန်းခဲ့တာလည်း”

မတင်ကြည်စကားကြောင့်ငဖေစဥ်းစားရကြပ်သွား၏။
အစ်မဖြစ်သူကိုတိုင်မှကြိုးကိုဖြုတ်ပေးပြီး…

“နင်နေမကောင်းတော့စိတ်နဲ့ကိုယ်နဲ့မကပ်တာနေမှာပါဟာ…”

ဟုပြောလေသည်။
သို့သော်သူ့စိတ်ထဲမှာတော့လုံးဝမသင်္ကာတော့ပေ။

“အဲ့လိုကနေ…ကျုပ်ဦးကြီးကိိုလာတိုင်ပင်ကြည့်ရာက
ဦးကြီးကအမေကြီးဆီခေါ်လာခဲ့တာပါ…”

ငဖေပြောပြသော အကြောင်းများကိုနားထောင်ပြီး
ဘွားမယ်စိန်ကခေါင်းညိတ်သည်။

“အင်း…ကလေးမ…ဘွားအရှေ့ကိုတိုးခဲ့”

ဟုမတင်ကြည်ကိုခေါ်လိုက်သည်။

“ညည်းကိုယ်ထဲကအကောင်ဒီဝိုင်းထဲကိုလိုက်မလာရဲပါဘူး…
ဘွား…ဒင်းကိုခေါ်ပြီးမေးစမ်းမယ် …”

ဟု​ပြော၍မတင်ကြည်ခေါင်းပေါ်သို့လက်ကိုတင်ပြီး

“ဘာနေ့သမီးလဲ”

“စနေသမီးပါ…”

“ဟုတ်ပြီ…စနေသမီးကိုနှောက်ယှက်နေတဲ့…
ဟောသည်စနေသမီးကိုပူးကပ်နှောက်ယှက်နေတဲ့
ပုဂ္ဂိုလ်အခုချက်ချင်းအရောက်လာပါ…
ပုန်းစရာမရှိပြေးစရာမရှိစေရဟဲ့…သောင်ထွန်းရွာက
မယ်စိန့်အရှေ့အခုချက်ချင်းအရောက်လာစမ်းဟဲ့…”

ဟု…ပြတ်သားမာကျောသောလေသံဖြင့်ပြောလိုက်သည်။
မတင်ကြည်၏ခန္ဓာကိုယ်သည်တုန်ရီလာပြီး
ခေါင်းကြီးကိုငိုက်စိုက်ကျသွား၏။

“ဟင်း……ဟင်း…
ဟင်းးးးးးး” ဟုလည်း ငြီးတွားလို့နေပြန်သည်။

“ရောက်ပြီလားဟဲ့…
ဘယ်သူတုန်း…
ဒီကလေးမကိုဘယ်သူကဒုက္ခပေးခိုင်းနေတာလဲပြောစမ်း”

ဘွားမယ်စိန်ကမေးတော့ ခေါင်းကိုအသာမော့ပြီး…

“ကျုပ်…ကျုပ်ကိုတော့ ချမ်းသာပေးပါဗျာ…
ခိုင်း….ခိုင်းလို့လုပ်ရတာပါဗျာ…”

ဟု…အသနားခံနေပြန်သည်။

“ကဲ…ဒါဆိုမဆိုင်သူဖယ်ဟဲ့…
ဆိုင်တဲ့လူကိုငါခေါ်မယ်…
ဒီကလေးမကိုဒုက္ခပေးထားတဲ့အောက်လမ်းသည်
ငါ့ရှေ့မှောက်အရောက်လာစမ်း…
ကြားစေသိစေ…အမိန့်ကိုနာခံစေဟဲ့…”

ဟု…ပြောလိုက်ပြန်တော့ မတင်ကြည်၏ခန္ဓာကိုယ်သည်
လှုပ်ခါရမ်းသွားတော့၏။
မတင်ကြည်ကဘွားမယ်စိန်ကိုစားတော့ဝါးတော့မတတ်
စိုက်ကြည့်နေပြန်သည်။

“ရောက်ပြီ​လားဟဲ့…ဟမ်…
ဒီကလေးမကိုဘာကြောင့်နင်ဒုက္ခပေးနေရတာလဲ…
ပြောစမ်းဟဲ့…”

ဟုမေးသောအခါ စူးစိုက်ကြည့်နေပြီးမည်သည့်
စကားမှမ​ဖြေပေ။

“အောင်မယ်…ဒင်းကအတော်မာန်တက်နေတာပဲဟဲ့…
အေး…အေး…အေး….မယ်စိန်တဲ့ဟဲ့”

ဟုပြောကာဘွားမယ်စိန်ကမတင်ကြည်ကို
စူးစိုက်ကြည့်သည်။
ဘွားမယ်စိန်စိုက်ကြည့်နေစဥ်မတင်ကြည်လှုပ်ယွလာသည်။

“အား….အမယ်လေး….”

ဟု…သူ၏လက်များ…သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို
လက်ဖြင့်ပွတ်သပ်၍အော်ဟစ်တော့သည်။

“အမယ်လေးပူလိုက်တာ…
ပူလိုက်တာတော့်…အမယ်လေးးးးးးးးးးး”

ဟု…အချိန်အတော်ကြာအော်ဟစ်နေသည်။
ကွပ်ပျစ်ခင်းပေါ်၌လူးကာလှိမ့်၍နောက်ဆုံးမြေပေါ်သို့ကျ၍
လူးလှိမ့်နေပြန်သည်။
မတင်ကြည်လူးလှိမ့်နေရာကိုဘွားမယ်စိန်ကထ၍လိုက်လာခဲ့သည်။

“ကဲ…ဖြေမှာလား…မဖြေဘူးလား
ပြောစမ်းဟဲ့…”

ဟုထပ်မေးလေတော့…

“ဖြေ…ဖြေပါ့မယ်…”

ဟုအားမရှိသောအသံဖြင့်ပြောလေသည်။

“အေး…ကောင်းပြီ…”

ဘွားမယ်စိန်လက်ခံလိုက်တော့ချက်ချင်းပင်မတင်ကြည်သက်သာသွားသည်။
မြေပေါ်၌ထိုင်နေသောမတင်ကြည်က…

“ကျုပ်…ကျုပ်ကိုအခကြေးငွေပေးလို့
လုပ်ရတာပါ…”

“ညည်းကိုဘယ်သူခိုင်းတာလဲ…”

“ဟို…ဟိုလေ…မပြောလို့မရဘူးလားရှင်…”

“အေး…မပြောလို့လည်းရပါတယ်အေ့…
ငါညည်းပညာကိုဖျက်စီးပြီးမှညည်းဒီကလေးမကိုယ်ထဲက
ထွက်လို့ရမယ်ဆိုတာတော့မမေ့နဲ့ပေါ့အေ”

“အမယ်လေး…ကျုပ်ပညာကိုတော့မဖျက်စီးပါနဲ့အမေကြီးရယ်…နောက်ထပ်လည်းဘယ်သူ့ကိုမှဒုက္ခမပေးတော့ပါဘူး
ကျုပ်ကိုခွင့်လွှတ်ပေးပါအမေကြီးရယ်…”

ဟုငိုကာယိုကာပြော​လေသည်။

“အေး…ဒါဆိုရင်ညည်းကိုဘယ်သူခိုင်းသလဲဆိုတာ
ပြောပေါ့အေ…”

ဟု…မေးတော့ဖြေရခက်နေသောမျက်ဝန်းများဖြင့်
မခင်ဝင်းကိုကြည့်လေသည်။
လကျညိုးကိုထိုး၍…

“သူ့…သူ့အမေဒေါ်မြပါ…”

ဟုပြောလေတော့မခင်ဝင်းမှာအလွန်အံ့သြသွားသလို
ငဖေမှာလည်းအံ့သြခြင်းနှင့်အတူဒေါသများပါထွက်လာခဲ့၏။

“ဘာပြောတယ်…သူ့အမေဟုတ်လား…
ခင်ဝင်း…ဒါတွေနင်သိတယ်ပေါ့”

ဟုငဖေကမခင်ဝင်းကိုအော်ကာမေးသည်။
မခင်ဝင်းကလက်အုပ်လေးချီပြီး…

“ကျိန်ဆိုကျိန်ရဲပါတယ်တော်…
ကျုပ်ဘာမှမသိပါဘူး…
ကျုပ်ဘာမှမသိဘူးတော်…
ကျုပ်ပြောတာယုံပါတော်”

ဟုငိုကာယိုကာပြောလေသည်။

“ကဲ…မောင်ရင်တို့အသာနေကြဦး…
ညည်းလိမ်နေတာလား…ငါ့ကိုစမ်းနေတာလားဟဲ့”

“မဟုတ်…မဟုတ်ပါဘူးအမေကြီးရယ်…
ကျုပ်မလိမ်ဝံ့ပါဘူးတော်…”

“အင်း…လူ့ဘဝကလည်းရှုပ်ထွေးပါရဲ့ အေ…
ကဲ…ဒါဆိုရင်ညည်းအမှန်အတိုင်းဝန်ခံတဲ့အတွက်
ညည်းကိုခွင့်လွှတ်ပေးမယ်…
ဒီကလေးမကိုညည်းပြုစားထားသမျှအကုန်ပြန်ထုတ်ခဲ့…
နောက်နောင်ဒုက္ခမပေးပါဘူးလို့လည်းသစ္စာရေသောက်…”

“ဟုတ်ကဲ့”

ဘွားမယ်စိန်က မတင်ကြည်ကိုပြုစားထားသော
ရွာသူကိုအပင်းများထုတ်စေ၏။
ပြုစားထားသမျှမကျန်လေမှ…
သစ္စာရေတိုက်၍ကျိန်ခိုင်းသည်။
ပြီးနောက်မတင်ကြည်၏ခန္ဓာကိုယ်အတွင်းမှထွက်သွားစေ၏။
မတင်ကြည်လည်းလူကောင်းပကတိအတိုင်းဖြစ်လာတော့
မခင်ဝင်းကမတင်ကြည်၏ထဘီစကိုဆွဲ၍…

“အစ်မ…ကျုပ်တကယ်မသိပါဘူးအစ်မရယ်…
ကျုပ်လေအစ်မအပေါ်မှာအမေပြောလို့
အထင်မှားမိယုံပဲရှိခဲ့တာပါ…
အခုလိုတွေထိတော့ကျုပ်မလုပ်ပါဘူးအစ်မရယ်…”

ဟုတောင်းပန်လေသည်။

“ညီမလေး…
ညည်းအမေစိတ်ထားဆိုးသလောက်ငါ့ညီမ​လေးစိတ်ထားကောင်းတာကို အစ်မသိပါတယ်အေ…
အခုဖြစ်တာလည်းအစ်မဝဋ်ကြွေးရှိလို့ခံရတယ်လို့ပဲ
မှတ်ပါတယ်…အစ်မကြောင့်တော့အစ်မမောင်ရဲ့
အိမ်ထောင်ရေးကိုမဖျက်ဆီးချင်ပါဘူး…”

“ကျုပ်ကတော့ခွင့်မလွှတ်ဘူးအစ်မ…
ကျုပ်နဲ့ကျုပ်အစ်မကြားကိုလည်း
စိတ်ဝမ်းကွဲအောင်လုပ်သလို…
အစ်မရဲ့အသက်ကိုလည်းအခုလိုဒုက္ခပေးထားတာ
ကျုပ်ဘယ်လိုမှခွင့်မလွှတ်နိုင်ဘူး…
ဟေ့ခင်ဝင်း…ဒီမှာငါဆိုတဲ့ကောင်ကအစ်မကိုထိရင်
ဘယ်တော့မှခွင့်မလွှတ်ဘူး…
နင်….နင့်အမေတို့နဲ့ပတ်သတ်ချင်ရင်ငါ့နဲ့မပေါင်းသင်းနဲ့…
အေးဒီလိုမှမလုပ်ချင်ရင်တော့နင့်မိဘတွေနဲ့
လုံးဝမပတ်သတ်မိစေနဲ့…”

ဟု…ငဖေကပြောတော့မတင်ကြည်ကစိတ်မကောင်းဖြစ်နေသလို …မခင်ဝင်းကလည်းငို၍သာနေတော့သည်။
ဘွားမယ်စိန်တို့ကတော့သူများမိသားစုအရေးပေမို့
ဝင်ကာမပြောကြတော့။

“ကဲ…ငါ့မောင်စိတ်လေးကိုလျော့….
အမေကြီးကအစ်မကိုကယ်ပေးထားတာ…
အမေကြီးကိုကန်တော့ရအောင်…”

ဟု…မတင်ကြည်ကပြောလေတော့ မခင်ဝင်းတို့
ငဖေတို့လည်းဘွားမယ်စိန်ကိုကန်တော့ကြသည်။

“ကဲ…ဖြစ်ပြီးမှတော့မတတ်နိုင်ဘူးလေ
ဘဝဆိုတာဒီနားပဲရပ်နေမှာမဟုတ်ဘူး…
ရှေ့ဆက်ဖို့ဆိုရင်တစ်ယောက်နဲ့တစ်ယောက်နားလည်ရမယ်…
ခွင့်လွှတ်တတ်ရမယ်…
အမှားကိုဝန်ခံလာရင်တော့ခွင့်လွှတ်ပေးလိုက်ပါကွယ်…”

ဟု…ဘွားမယ်စိန်ကပြောတော့ငဖေက
ခေါင်းကိုညိတ်ပြီး…

“ဟုတ်ကဲ့ပါအမေကြီး…”

ဟုသာပြောလေသည်။

ဒေါ်ဝင်းကတော့မတင်ကြည်နဲ့ငဖေတို့ကိုကြည့်ပြီး
မျက်ရည်ဝဲနေ၏။
နှုတ်မှလည်း…

“ငါ့မောင်သာငါ့အပေါ်ငဖေလော​က်သိရင်
ဘယ်လောက်ကောင်းလိုက်မလဲဟယ်…”

ဟုပြောနေရှာသည်။
ဒါကိုကြားသောဘွားမယ်စိန်မှ…

“လူဆိုတာဘဝပေးကံမတူဘူးငါ့သမီးရဲ့…
ဟော…မတင်ကြည်မှာမောင်ကောင်းတစ်​ယောက်ရှိသလို…
အမေ့မှာလည်းသမီးအလိမ္မာ…မြေးအလိမ္မာရှိတယ်လေအေ…
ဒီလိုပဲပေါ့”

ဟုနှစ်သိမ့်ပေးရှာ၏။
ထိုအခါမှဒေါ်ဝင်းလည်းကျေနပ်အပြုံးများပြုံးလို့နေတော့သည်။

မတင်ကြည်တို့လည်းဘွားမယ်စိန်တို့နှင့်
စကားခဏထိုင်ပြောပြီးနှုတ်ဆက်၍
ပြန်သွားကြတော့၏။

ထိုသို့ဖြင့်စာမူလေးလည်းပြီးဆုံးသွားတော့သည်။

ငဖေတစ်ယောက်မခင်ဝင်းအပေါ်မည်သို့ဆုံးဖြတ်မလဲဆိုတာ
စာဖတ်သူများနည်းတူစာရေးသူလည်းသိချင်ပါရဲ့…။

ယဥ်မင်း(ကန့်ဘလူ)