ဘွားမယ်စိန်နှင့် တစ္ဆေလန့်တဲ့ည

ဘွားမယ်စိန်နှင့် တစ္ဆေလန့်တဲ့ည
စာမူ…၁၃၁
စဆုံး
အချိန်က ညသန်းခေါင်ကျော်ပြီဖြစ်သည်။
ထိုအချိန်ကြီးတွင် အင်တိုင်းရွာ၌…
“အီးးးးဟီးးးးးးးးးဟီးးးးးးးးဟီးးးးးးးး”
ဆိုသည့် ကလေးငိုသံများထွက်ပေါ်နေခဲ့သည်။
“ကလေးတွေဘာလို့ငိုနေကြတာလဲ…
အောင်ကြီးနဲ့အောင်လေး…ငါ့သားတွေဘာဖြစ်လို့လဲ”
မိဘတွေကလည်း ငိုယိုနေကြသောကလေးနှစ်ဦးကို
စိုးရိမ်တကြီးမေးကြရှာသည်။
ငိုယိုနေကြသောကလေးများမှာ
ဆယ်နှစ်အရွယ်နှင့် ခြောက်နှစ်အရွယ်
ကလေးတွေဖြစ်သည်။
ကလေးငိုသံတို့ကြောင့် ဘေးဝိုင်းများကပါနိုးလာကြပြီး…
“ကလေးတွေကဘာဖြစ်တာလဲဗျ”
ဟု…လာကာမေးကြလေသည်။
“ကျုပ်တို့လည်းမသိဘူးဗျို့…ကျုပ်တို့လည်းသူတို့ငိုလို့
နိုးလာကြတာ..​.မေးလို့ကိုမရဘူးဗျာ”
ဟု…အောင်ကြီး၊အောင်လေးတို့၏အဖေဖြစ်သူ​က
ပြောလေသည်။
“အကြီးကောင်…ဘာဖြစ်တာလဲငါ့သားရယ်…
အမေ့ကိုပြောစမ်းပါသားရဲ့”
ဟု…မိခင်ဖြစ်သူကချော့ကာမေးလေတော့…
“ဟို…ဟိုမှာ မျက်လုံးနီကြီး…
သားတို့ခြေထောက်တွေကိုဆွဲ…ဆွဲချနေတာ…
အီးးးးးဟီးးးးးဟီးးးးးးးးးးးးးး”
ဟု…ပြတင်းတံခါးဆီသို့
လက်ညိုးထိုးပြီး အောင်ကြီးကပြောလေသည်။
ကလေးတွေလက်ညိုးထိုးပြနေသည့်
အိမ်အပြင်ဘက်ဆီကိုလူကြီးများကြည့်ကြသော်လည်း မည်သည့်အရာကိုမှမတွေ့မမြင်ရပေ။
“ဟာ…ဒီကလေးတွေတော့အပမှီပြီထင်တယ်…”
“အပမှီတယ်ဆိုရင်ဘယ်လိုလုပ်ရပါ့ဗျာ…
ဒီအတိုင်းသာဆိုရင် ဒီကလေးတွေတော့
လန့်ဖြန့်ပြီး တစ်ခုခုဖြစ်ကုန်တော့မှာပဲ…”
လူကြီးများမှာကလေးတွေအတွက် စိုးရိမ်သွားကြသည်။
ကလေးများမှာ မျက်လုံးများစုံမှိတ်၍
အော်ဟစ်ကာငိုယိုနေရှာသည်။
“ခင်ဗျားတို့…ဒီအတိုင်းပဲနေကြတော့မှာလား…
အပမှီတယ်ဆိုရင် သောင်ထွန်းရွာက ဘွားမယ်စိန်ကို
သွားပင့်မှရမှာပေါ့ဗျာ…”
“ညဘက်ကြီးပင့်လို့ကောင်းပါ့မလားကွာ…”
“ဟာဗျာ…ရွာသူကြီးကိုအကျိုးအကြောင်းပြောပြီး
အတူခေါ်ရမှာပေါ့ ….မဟုတ်ဖူးလားဗျ”
ရွာသားတွေအကြံပေးသည့်အတိုင်း အင်တိုင်းရွာသူကြီး
ဦးဖိုးမှန်အိမ်ဆီ အပြေးသွားကြသည်။
အင်တိုင်းရွာသူကြီး ဦးဖိုးမှန်ကိုနိုးယူပြီး…
“သူကြီး…ကျုပ်သားတွေအပမှီနေတယ်ဗျ…
အဲ့တာ သောင်ထွန်းရွာက ဘွားမယ်စိန်ကို ကျုပ်တို့
သွားပင့်ရမယ်သူကြီး…”
ဟု…အောင်ကြီးတို့အဖေ ကိုသန်း က
ရွာသူကြီးဦးဖိုးမှန်ကိုရှင်းပြလေသည်။
“အေး…ဒါဆိုလည်းသောင်ထွန်းရွာကို
ငါလိုက်ခဲ့ပါ့မယ်ကွာ…
မင်းတို့နွားလှည်းရောအသင့်ပဲလား”
“အသင့်ပဲသူကြီး…”
“အေး…အေး…ဒါဆိုလည်းသွားကြတာပေါ့…”
ရွာသူကြီး ဦးဖိုးမှန်ကိုယ်တိုင် သောင်ထွန်းရွာကို
လိုက်လာခဲ့သည်။
အချိန်ကညသန်းခေါင်ကျော်ကြီးပေမို့ မီးတုတ်အလင်းဖြင့်
နွားလှည်းလေးကိုမောင်းလာခဲ့ကြ၏။
သောင်ထွန်းရွာရှိ ဘွားမယ်စိန်အိမ်ဆီကို တန်းမတ်စွာ
မောင်းလာခဲ့ကြပြီး…
“ဘွား…ဘွားရေ…ကျုပ်ပါ အင်တိုင်းရွာက
သူကြီးဦးဖိုးမှန်ပါဗျ…”
ဟုခြံဝိုင်းရှေ့မှအော်ခေါ်လေတော့…
“မိဝင်း…ခြံရှေ့ကအသံကြားလား”
ဘွားမယ်စိန်အိပ်ပျော်နေရာမှနိုးလာခဲ့သည်။
“ကျုပ်ကြားတယ်အမေ…
မီးခွက်ထွန်းနေလို့…ကျုပ်သွားကြည့်လိုက်မယ်…”
ဟု…ပြောကာ ဒေါ်ဝင်းသည် ဆီမီးခွက်ကိုကိုင်၍
ခြံဝိုင်းထဲဆင်းလာခဲ့၏။
“ဘယ်သူတွေလဲ…”
“ကျုပ်ပါဗျာ…အင်တိုင်းရွာကသူကြီး ဦးဖိုးမှန်ပါဗျ”
“ဟယ်…သူကြီးဦးဖိုးမှန်…ညဘက်ကြီး
ရောက်ချလာတာပါလားတော်…”
ဟု…ဒေါ်ဝင်းက​ပြောတော့…
“ဟုတ်တယ်ဗျ…ရွာမှာ ကလေးတွေငိုနေကြလို့…
အဲ့တာ ဘွားကိုအရေးတကြီးလာပင့်ရတာပါ…”
“ဒါဖြင့်လည်း ခြံထဲဝင်ကြပါဦး…
အမေလည်းနိုးနေပါပြီ…”
ဒေါ်ဝင်းက သူကြီးဦးဖိုးမှန်တို့ကိုခြံဝိုင်းထဲဝင်ခိုင်းလေသည်။
“မောင်ဖိုးမှန်လားကွဲ့….”
“ဟုတ်တယ်ဘွား…ကျုပ်ဖိုးမှန်ပါဗျ…”
ဘွားမယ်စိန်ကအိမ်အပေါ်မှဆင်းလာရင်းမေးရှာသည်။
“ညကြီးသန်းခေါင်ဘာတွေများအရေးကြီးနေတာလဲကွဲ့”
ဟုမေးတော့…
“ကလေး‌နှစ်ယောက်ညဘက်ကြီးအော်ငိုနေကြလို့ဗျ…
ကြည့်ရတာကလေးတွေကိုတစ်ခုခုက‌ခြောက်နေပုံရတယ်”
“ဟင်…ဘယ်အကောင်ကများကလေးတွေကို
ဒုက္ခပေးနေရတာလဲ”
“ကျုပ်တို့လည်းအဲ့တာကြောင့်ဘွားကိုလာပင့်ရတာဗျ”
“အေးလေ…သွားကြတာပေါ့…
မိဝင်းခြံတံခါးကိုသေချာပိတ်ထားနော်…
အမေလိုက်သွားချေဦးမယ်”
“ဟုတ်ကဲ့အမေ…”
ဒေါ်၀င်းကခြံတံခါးအနီးထိလိုက်ပို့ပေးရှာသည်။
ဘွားမယ်စိန်ကတော့ အင်တိုင်းရွာသို့ သူကြီးဦးဖိုးမှန်တို့နှင့်အတူနွားလှည်းကလေးဖြင့် လိုက်လာခဲ့၏။
အင်တိုင်းရွာသို့ရောက်လေတော့…
“ဘွား…ဒါ ကျုပ်အိမ်ပါ…
ကျုပ်သားလေးတွေကိုကြည့်ပေးပါဦးဗျာ…”
ဟု…ကိုသန်းကပြောလေသည်။
ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…
“ဘွားကြည့်ပေးပါ့မယ်ကွယ်…”
ဟု…ပြောပြီး အိမ်ထဲသို့ဝင်လာခဲ့သည်။
“အီးးးးး…….ဟီးးးးးးဟီးးးးးး….
အမေသားကြောက်တယ်…
သားကြောက်တယ်….”
ဟုမိခင်ကိုဖက်တွယ်ထားပြီး ကလေးများက
ငိုယိုနေကြသည်။
တောင်ဝှေးကြီးထောက်၍ဝင်လာသော ဘွားမယ်စိန်ကို
မြင်သော ရွာသူ၊ရွာသားတို့မှာ နံဘေးသို့ကပ်ကာ
လမ်း‌ဖယ်ပေးကြသည်။
ဘွားမယ်စိန်သည်ကတော့ ပြတင်းတံခါးကိုကြည့်၍ငိုယိုနေသော ကလေးများအား ရပ်ကြည့်နေခဲ့သည်။
ထိုသို့ကြည့်နေရင်း….
“ကဲ…မြေးလေးတွေ ဒီအဘွားကြီးဆီကိုလာကြပါဦးကွယ်…”
ဟုပြောကာ ဘွားမယ်စိန်ကအောင်ကြီးနှင့်အောင်လေး
ညီအစ်ကိုအားခေါ်လိုက်သည်။
“သားတို့ အမေကြီးဆီသွားကြလေ…
အမေကြီးကသားတို့မကြောက်အောင်လုပ်ပေးမှာတဲ့….
သွား…သွား…အမေကြီးဆီကို…”
ဟု…မိခင်ဖြစ်သူက ပြောလေတော့ အောင်ကြီးတို့ညီအစ်ကိုလည်း ဘွားမယ်စိန်နားကိုသွားကြသည်။
“ငါ့မြေး‌တွေကိုဘယ်သူက ဘယ်လို‌
ခြောက်လန့်တာလဲ….ဘွားကိုပြောပြစမ်း…
ဘွားသူ့ကိုမြေးလေးတို့အစားဆုံးမပေးပါ့မယ်ကွယ်…”
ဟုပြောလေတော့ အောင်ကြီးက ကြောက်သော်လည်း
လက်ညိုးလေးကိုထိုးပြီး…
“ဟို…အုန်းပင်ပေါ်ကမျက်လုံးနီနီကြီးနဲ့လူကြီးက
သားတို့အိပ်နေတာကို ခြေထောက်တွေဆွဲချတယ်…
ခေါင်းကြီးသေးလိုက်…ကြီးလိုက်နဲ့သားတို့ကြောက်အောင်
ခြောက်တယ်ဘွားဘွားကြီး…”
ဟုပြောလေသည်။
“ဟုတ်ပြီ…ဒါဆို…အဲ့သည်အကောင်ကို
ဘွားကခေါ်ပြီးမေးကြည့်မယ်…
ကဲ…အခုချက်ချင်းငါ့ရှေ့မှောက်အရောက်လာစမ်းဟဲ့…”
“ဒုန်း”
ဘွားမယ်စိန်ကတောင်ဝှေးကြီးကိုမြေပေါ်သို့ ဒုန်းခနဲချ၍
အမိန့်ပေး၍ခေါ်လိုက်သည်။
ထိုသို့ခေါ်လေတော့ ချက်ချင်းပင်နံဘေး၌ရပ်နေသော
ရွာသူအမျိုးသမီး၏ ခန္ဓာကိုယ်သည် ဆတ်ခနဲတုန်ခါသွားပြီးနောက် ကြမ်းပေါ်၌ ဆောင့်ကြောင့်ကြီး
ထိုင်လိုက်လေသည်။
ခေါင်းကြီးငိုက်စိုက်ကြီးဖြစ်နေသော
ထိုရွာသူအမျိုးသမီးကို….
“ရောက်ပြီလား…
ပြောစမ်း…ဘာလို့ကလေးတွေကို‌ခြောက်လန့်နေရတာလဲ”
ဟု…ဘွားမယ်စိန်ကမေးတော့…
“မကျေနပ်ဖူး…မကျေနပ်ဖူးးးးးး…”
ဟု…ဒေါသတကြီးဖြင့်အော်လေသည်။
“ဟဲ့…ဘာကိုမကျေနပ်တာလဲ…”
ဟု…ဘွားမယ်စိန်ကပြောလေတော့…
“ဒင်းတို့ကိုမကျေနပ်တာ…
ဒင်းတို့ကိုမကျေနပ်တာ…”
ဘွားမယ်စိန်ကိုဖက်၍ဘွားမယ်စိန်ကိုယ်လုံးဖြင့်ကွယ်ကာကြည့်နေကြသော အောင်ကြီးနှင့်အောင်လေးညီအစ်ကိုအား လက်ညိုးကြီးထိုးကာ အော်ဟစ်လေသည်။
“ဒုန်းးး…”
“အမယ်လေး….”
“နင်ကဘာကိုမကျေနပ်ရတာလဲ…
ပြောစမ်းငါ့ကို…”
ဟု…ဘွားမယ်စိန်ကတောင်ဝှေးကိုကြမ်းပေါ်သို့
ဆောင့်ချပြီး မေးလေတော့ဝင်ပူးနေသူလည်း…
“ညနေတုန်းက…ကျုပ်ဘာသာထိုင်နေတာကို
ဒီကောင်လေးက ကျုပ်ကိုဝင်တိုက်တယ်…
ဝင်တိုက်ယုံနဲ့အားမရသေးဘူး…
ဒီအကြီးကောင်က ကျုပ်ကိုတံတွေးနဲ့
ထွေးသွားသေးတယ်….”
ဟုပြောလေတော့ ကိုသန်းတို့လင်မယားအပါအဝင်
ရပ်‌ကြည့်နေကြသူများအံ့ဩကုန်ကြသည်။
“တစ်ဖက်ထဲစကားနဲ့တော့မယုံနိုင်သေးဘူး…
ငါသူတို့ကိုမေးကြည့်မယ်…”
ဟုဆိုကာ ဘွားမယ်စိန်က အောင်ကြီးကို…
“မြေးလေး…သူပြောတာဟုတ်လား”
ဟု…မေးလေတော့…
“သားသူ့ကိုတံ‌တွေးလည်းမထွေးဘူး…
မြင်လည်းမြင်ဘူး…
ညနေကသားနဲ့ညီလေးတို့ပြေးတိုင်းဆော့ရင်း
ညီလေးလဲသွားလို့သွားထူပေးပြီး
ဖက်ဖက်လုပ်ပေးတာဘွားဘွား…”
ဟု…အောင်ကြီးကပြောလေတော့ ဘွားမယ်စိန်က
ခေါင်းညိတ်ပြီး…
“ကလေးတွေကမမြင်လို့…
မသိလို့ဖြစ်တာပဲကွယ်…
ခွင့်လွှတ်ပေးလိုက်ပါ…”
ဟု…ဘွားမယ်စိန်ကပြောသော်လည်း
မည်သည့်စကားမှပြန်မပြောဘဲနှုတ်ဆိတ်နေခဲ့သည်။
“ကဲ…ငါပြောတာကိုမှအဖက်မလုပ်ရင်…
ဒီကလေးတွေကို‌ခြောက်လန့်တဲ့အတွက်…
နင့်ကိုအပြစ်ပေးရလိမ့်မယ်…”
ဟု…ဘွားမယ်စိန်က လေသံမာမာဖြင့်ပြောလေတော့…
“မလုပ်…မလုပ်ပါနဲ့ဗျာ…
ကျုပ်ကိုတံတွေးနဲ့ထွေးလို့ဒေါသနဲ့‌
ခြောက်လန့်ခဲ့မိတာပါ”
“ကလေးတွေဆိုတော့
ဘယ်သိမလဲကွယ်…
နောက်ဆိုတွေ့လေရာမှာတံတွေးမထွေးဖို့…
ထွေးမိရင်တောင် ကန့်တော့…ကန်တော့ပြောဖို့လည်းမှာထားပေးပါ့မယ်ကွယ်…”
“အမေကြီးကို ကျုပ်လေးစားလို့
ဒီကလေးတွေကို ခွင့်လွှတ်ပေးလိုက်ပါ့မယ်…
ကျုပ်ပြန်မယ်ဗျာ…”
ဟုပြောကာ ရွာသူအမျိုးသမီးလဲကျသွားတော့သည်။
“ကဲ…မြေးလေးတို့ တွေ့တယ်နော်…
အခုလိုဖြစ်ရတာလူကြီးတွေကြောင့်ကွယ်…
ကလေးတွေလဲရင် ဖက်ဖက်လုပ်…တံတွေး
ထွေးခိုင်းတာက အမှောင့်ပယောဂ…သရဲတွေ
မပူးကပ်ဖူးလို့ထင်နေကြတာ…
သူတို့လည်းတံတွေးနဲ့ထွေးခံရရင်
စိတ်ဆိုးကြမှာပေါ့ကွယ်…
နောက်ကိုတံတွေးကိုတွေ့ရာမထွေးကြလေနဲ့…
အချိန်အားဖြင့်ဆိုရင်တော့ညနေ
နေဝင်ရီတရောလောက်ပေါ့ကွယ်…”
“ဟုတ်ကဲ့ဗျ…ကျုပ်တို့ကလေးတွေကို
မှာထားလိုက်ပါ့မယ်”
သရဲလည်းထွက်သွားပြီမလို့ ဘွားမယ်စိန်က
ရွာသူ၊ရွာသားတွေကိုမှာနေခဲ့ခြင်းဖြစ်သည်။
အောင်ကြီးနှင့်အောင်လေးအတွက်လည်း
အဆောင်လက်ပတ်ကြိုးလေးများဆွဲပေးလိုက်၏။
အောင်ကြီးနဲ့အောင်လေးလည်း
အကြောက်ပြေသွားကြရှာပြီမလို့ ဘွားမယ်စိန်ကို
ကန်တော့ကြလေသည်။
လာရသည့်ကိစ္စလည်းရှင်းလင်းပြီးသွားပြီမလို့
သူကြီးဦးဖိုးမှန်က ဘွားမယ်စိန်ကို သူ့အိမ်သို့
ခေါ်သွားခဲ့သည်။
မကြာခင်၌လင်းကြက်လည်းတွန်တော့မည်မလို့
ဘွားမယ်စိန်လည်းသူကြီးဦးဖိုးမှန်နှင့်စကားပြောနေခဲ့၏။
မိုးလင်းလေတော့ ဘွားမယ်စိန်ကို
နံနက်စာဖွယ်ဖွယ်ရာရာပြင်ဆင်ကျွေးမွေးပြီးလေမှ
သူကြီးဦးဖိုးမှန်ကိုယ်တိုင်သောင်ထွန်းရွာသို့
ပြန်လိုက်ပို့ပေးရှာသည်။
ထိုသို့ဖြင့် စာမူလေးလည်းပြီးဆုံးသွားပါသည်။
ယဉ်မင်း(ကန့်ဘလူ)