မကျွတ်မလွတ်တဲ့ ဒေါ်ခင်ကြီး

မကျွတ်မလွတ်တဲ့ ဒေါ်ခင်ကြီး(စ/ဆုံး)

———————————-

“သမီး ထားသခင်ရေ ပြင်လို့ဆင်လို့ ပြီးပြီလား။ ဒီမှာ သမီးအဖေ စောင့်နေတာအတော်ကြာနေပြီ။ မြို့က ညည်းဒေါ်လေး အိမ်သွားမှာနော်။ ယောက္ခမအိမ် သွားမှာ မဟုတ်ဘူး။” သမီးဖြစ်သူ ထားသခင်အလှပြင်တာ ကြာလွန်းသဖြင့် ဒေါ်ခင်ကြီးမှ စနောက်ကာ ပြောလေသည်။

“ပြီးပါပြီ မေကြီးရဲ့။” မိခင်ဖြစ်သူ ဒေါ်ခင်ကြီး စကားကြောင့် ထားသခင် ရှက်ပြုံးပြုံးဖြင့် အိမ်ပေါ်မှ ပြေးဆင်းလာကာ အောက်ဆုံး လှေကားထစ်တွင် ခြေချော်ကျလေသည်။
“အမယ်လေးတော့…….” ခြေထောက်နည်းနည်းနာသွားသဖြင့် ထားသခင်မှ ညည်းညူမိလေသည်။

“တယ်…ဒီကောင်မလေးတော့ လုပ်လိုက်ရင် ရှက်ပြာရှက်ပြာ နဲ့။” အိမ်ရှေ့ကွပ်ပျစ်တွင် “ဦးကာက ဒေါ်စိန်”
လက်ဖက်နှပ် ထိုင်မြည်းနေသော ဦးထွန်းရှိန်မှ ဆူလိုက်လေသည်။ ဖခင်ဖြစ်သူ ဦးထွန်းရှိန်ဆူသဖြင့် အကူအညီတောင်းရန် မိခင်ဖြစ်သူ ဒေါ်ခင်ကြီးဘက်သို့ ထားသခင်တစ်ယောက် လှည့်ကြည့်လိုက်လေသည်။

“ကဲ ထ…ထ…ထ။ ငါ့သမီးကတော့….။” သမီးဖြစ်သူ ထားသခင်အား ပွေ့ထူလိုက်လေသည်။
“ဗျို့…ဦးလေး ထွန်းရှိန်ရေ။ ရွာထိပ် ကားရောက်နေပြီဗျ။ သွားရအောင်” ရွာထဲမှ ကာလသားခေါင်း သာဂိမှ လာခေါ်ခြင်းဖြစ်သည်။

“အေး…အေး။ ဟဲ့ သမီး ထားသခင် အထုပ်တွေယူ။ ကဲ ခင်ကြီးရေ ကျုပ်တို့သွားပြီ။”
“ဟုတ်ကဲ့ပါ ကိုထွန်းရှိန်ရေ။ ဖြည်းဖြည်းသွားကြဦး။ ပြီးတော့ ကျုပ်သမီးလေး ထားသခင်ကို
သေချာဂရုစိုက်ခေါ်သွားဦးနော်။ သာဂိရေ မင်း ဦးလေး နဲ့ ညီမကို သေချာဂရုစိုက်ခေါ်သွားပေးပါဦး။”
“ဟုတ်ကဲ့ပါ အရီးရယ်။ ကျုပ်သေချာ ခေါ်သွားပေးပါ့မယ်ဗျ။ စိတ်ချပါ။ အရီးလည်း ကျန်းမာရေးဂရုစိုက်ဦး။ ဦးလေး ထွန်းရှိန်ကိုလည်း လွမ်းမနေနဲ့ဦးဗျ။” ဒေါ်ခင်ကြီး ဦးထွန်းရှိန်ကို ချစ်လွန်းတာသိသဖြင့် သာဂိမှ စနောက်ကာနှုတ်ဆက်လေသည်။

“ဝုတ်…ဝုတ်…အူ…အူ…အူ” ရုတ်တရက် နေ့ခင်းကြောင်တောင် ရွာထဲရှိ ခွေးများက ဦးထွန်းရှိန်တို့ အဖွဲ့အား ထိုးဟောင်ကာ အူလေသည်။
“တယ်…ဒီခွေးတွေကတော့ နေ့ခင်းကြောင်တောင်ကြီး ဘာကိစ္စအူနေရတာလဲ။” ပြောပြောဆိုဆိုနှင့် သာဂိက ခွေးများအား ခဲများနဲ့ ကောက်ထုလေသည်။ ဘယ်လိုပင် သာဂိ ခဲများ နှင့် ထုသော်လည်း ခွေးများကမူ
ဦးထွန်းရှိန်တို့ သွားသည့် နောက်သို့ လိုက်ကာ ထိုးဟောင်ပြီး အူလေသည်။

ညသို့ ရောက်သောအခါ…….
“မေကြီး…မေကြီး…မေကြီး။ သမီးတို့ကို ကယ်ပါဦး။ ဟီး…ဟီး…ဟီး” အခန်းတံခါးပေါက်ဝတွင် ငိုယိုနေသော သမီးဖြစ်သူ ထားသခင်အား မြင်လိုက်လေသည်။ တစ်ကိုယ်လုံး သွေးများစိုရွှဲကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ထားသခင်မြင်ပြီး ဒေါ်ခင်ကြီးကြက်သေသေသွားသည်။

“ဟဲ့ ခင်ကြီး။” ရုတ်တရက် ခင်ပွန်းဖြစ်သူ ဦးထွန်းရှိန်သံကြားသဖြင့် သတိဝင်လာကာ ကျောထဲစိမ့်ချမ်းလာလေသည်။ တုန်ယင်သော အသံများဖြင့်
“ဒါ…ဒါ…ဒါ ဘယ်လိုဖြစ်လာကြတာလဲဟင်” ရင်ထဲတွင် မိခင်စိတ်ဖြင့် ပူပန်နေရုံသာမက ဇနီးမယားတစ်ယောက်အနေနဲ့လည်း သောကများဖြင့် စိုးထိတ်စွာ မေးခွန်းထုတ်လေသည်။

“ကျုပ်တို့ သားအဖ ခင်ကြီးကို လာနှုတ်ဆက်တာပါ။ ခင်ကြီး ကျန်းမာရေးကို ဂရုစိုက်ပါ။”
“ဟင့်အင်း…ဟင့်အင်း…ဟင့်အင်း။ ရှင်ဘာတွေ ပြောနေတာလဲ ကိုထွန်းရှိန်” ဝမ်းနည်းပူဆွေးမှုတို့ဖြင့်
မျက်ဝန်းမှ မျက်ရည်များ ကျလာသည်။

“ဗျို့…အရီး ခင်။ အိပ်နေတာလားဗျ။” ရုတ်တရက် အိမ်အောက်ထပ်မှ ခေါ်သံကြောင့် ဦးထွန်းရှိန်တို့ ပျောက်ကွယ်သွားလေသည်။ ကြက်သေသေနေသော ဒေါ်ခင်ကြီးကို ရွာထဲမှ လူများအပါအဝင် တူဖြစ်သူ ဖိုးထူးက…

“အရီးခင်…အဆင်ပြေရဲ့လားဗျ။ ကျုပ် အရီးကို အသိပေးစရာရှိလို့ လာတာဗျ။ အရီး စိတ်ခိုင်ခိုင်ထားနော်။”
“မဟုတ်ပါစေနဲ့။ ကျုပ်ထင်သလို မဖြစ်ပါစေနဲ့။ ဘုရား…ဘုရား…ဘုရား” ဒေါ်ခင်ကြီးစိတ်ထဲတွင် ကြိတ်မှိတ်ကာ ဆုတောင်းလေသည်။

“ဦးလေး ထွန်းရှိန်တို့ပါတဲ့ မြို့တက်တဲ့ကား ချောက်ထဲကျပြီး ဦလေးထွန်းရှိန်အပါအဝင် ကားထဲက လူတွေအားလုံး သေပြီဗျ။” ဆို့နင့်နေသော အသံဖြင့် ဖိုးထူးမှ ဒေါ်ခင်ကြီးအား အသိပေးလေသည်။
“ဟီး…ဟီး…ဟီး” ဒေါ်ခင်ကြီးတစ်ယောက် ငိုပွဲဆင်ကာ သတိလစ်သွားလေသည်။

ဒေါ်ခင်ကြီးတွင်မူ တွယ်နှောင်စရာ ခင်ပွန်းဖြစ်သူ ဦးထွန်းရှိန် နဲ့ သမီးဖြစ်သူ ထားသခင်သည်သာရှိသည်။ ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝကိုမူ ကံကြမ္မာ၏ ရက်စက်မှုတို့ဖြင့် ဖြိုခွဲကာ
ဒေါ်ခင်ကြီးကို အထီးကျန်ဆန်စေခဲ့သည်။

*** မကျွတ်မလွတ်တဲ့ ဒေါ်ခင်ကြီး***
(Part -2)

တစ်လကြာပြီးနောက်……

သေဆုံးသည့် ညတွင် ဦးထွန်းရှိန် နှင့် ထားသခင်တို့ ဒေါ်ခင်ကြီးအား နောက်ဆုံးနှုတ်ဆက်ခြင်းပင်ဖြစ်သည်။
နောက်ပိုင်းတွင် အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။ ကြီးကျယ်ခမ်းနားသော အိမ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်စွာ အထီးကျန်ဆန်လွန်းလှသည်။ ဦးထွန်းရှိန် နှင့် ထားသခင် သေဆုံးပြီးသည့်နောက် ဒေါ်ခင်ကြီးသည် ရွာထဲသို့လည်း မသွား၊ ရွာထဲမှ လူများ နဲ့ လည်း စကားမပြောဘဲ အထီးကျန်ဆန်စွာ
နေထိုင်လေသည်။

“ကိုထွန်းရှိန် ရှင်က သိပ်ရက်စက်ပြီး ပြတ်သားလွန်းတယ်ရှင်။ ကျုပ်သမီးလေးကိုလည်း ကျုပ်အနားက
တစ်ပါတည်းခေါ်သွားတဲ့အပြင် ကျုပ်ကိုပါ တစ်ယောက်တည်း အထီးကျန်စွာ နေခိုင်းတယ်။ ဒီအိမ်ကြီးထဲမှာ ကျုပ်ဘယ်လို အသက်ဆက်ရှင်ရမှာလဲ။ ကျုပ်လို မိမရှိ၊ ဖမရှိတဲ့ မိန်းမကို ရှင်က
လက်ထပ်ပြီး ပျော်ရွှင်အောင်ထားတယ်။ ဟော ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်တဲ့ ကျုပ်သမီး
လေး ထားသခင်ကလည်း ကျုပ်တို့နှစ်ယောက်ကို သိပ်ချစ်တယ်။” အရူးတစ်ယောက်ကို စကားပြောနေသော
ဒေါ်ခင်ကြီးမှာ သနားစဖွယ်ကောင်းလှသည်။

“ကျုပ်အသက်ဆက်မရှင်ချင်တော့ဘူး။ ကိုထွန်းရှိန်ရယ်…….” ဒေါ်ခင်ကြီးတစ်ယောက် နေ့စဉ်နေ့တိုင်း ဝမ်းနည်းပူဆွေးစွာ ငိုယိုနေခဲ့သည်။

နောက်တစ်နေ့ ညနေစောင်းသို့ ရောက်သော်အခါ…….

“ဗျို့…အရီးခင်…အရီးခင်…အရီးခင်။ အိမ်ထဲမှာ ရှိလားဗျ။” ခြံဝမှ ဖိုးထူး လှမ်းခေါ်လေသည်။
“ကျွီ…ကျွီ…ကျွီ” (တံခါးပွင့်လာသံ)
အမှောင်ထုကြောင့် အိမ်ထဲသို့ သေချာရှင်းလင်းစွာ မမြင်ရပေ။ မှောင်မည်းနေသည့် အိမ်ထဲသို့ ကြည့်နေစဥ် ရုတ်တရက် အသားရောင် ဖျင်အင်္ကျီ၊ ချည်ထဘီ အမည်းရောင် ဝတ်ဆင်ထားသော ဒေါ်ခင်ကြီး ပေါ်လာလေသည်။

“ဪ အရီးခင် ရှိသားပဲ။ ကျုပ်ဝင်ခဲ့မယ်နော်။ ဒီနေ့ ကျုပ် အမဲပေါ်လို့ အရီးအတွက် ဟင်းစားလာပေးတာ။” ဖိုးထူး ပြောသည်ကို တစ်စုံတစ်ရာမှ ပြန်မဖြေဘဲ အသားတွဲကို စားပွဲပေါ်ထားခဲ့ရန် ဒေါ်ခင်ကြီး လက်ဟန်ပြလိုက်လေသည်။

“ဟုတ်ကဲ့ ကျုပ်စားပွဲပေါ် အသားတွဲ ထားခဲ့မယ်နော် အရီး။ ကျုပ်လည်း မအားဖြစ်တာ နဲ့ အရီးဆီ အလည်မလာဖြစ်ဘူး။ အရီး အဆင်ရောပြေရဲ့လား” ဖိုးထူးအမေးကို စိတ်မရှည်ဟန်ဖြင့် ဒေါ်ခင်ကြီးမှ ကျောချမ်းဖွယ်ကောင်းလှသော မျက်လုံးကြီးများဖြင့် စိုက်ကြည့်လေသည်။ ဖိုးထူးလည်း စိတ်ထဲတစ်မျိုးဖြစ်လာကာ ကျောထဲစိမ့်ချမ်းလာသည်။ ရုတ်တရက်ဆိုသလို အကြောင်းအရင်းမရှိ ကြက်သီးမွေးညင်းများ ထလာသည်။

“အရီး ကျုပ်ပြန်ပြီနော်။ တစ်ခုခု လိုတာရှိရင် ကျုပ်ကို ပြောနော်အရီး” ဒေါ်ခင်ကြီး ခေါင်းတစ်ချက် ညိတ်ပြသဖြင့် ဖိုးထူးလည်း စိတ်ချစွာ အိမ်ပြင်သို့ ထွက်ခဲ့သည်။ စိတ်ထဲမှာ ထူးဆန်းစွာ ခံစားရသဖြင့် နောက်သို့လှည့်ကြည့်
လိုက်သည်။
“ဟာ…အရီး…အရီး…အရီးက ဘာဖြစ်လို့ အသားစိမ်းတွေကို စားနေတာလဲ။ အရီး ရူးသွားတာတော့ မဟုတ်ပါဘူးနော်။ ဒါ…ဒါ…ဒါမှမဟုတ် ဦးလေး ထွန်းရှိန် နဲ့ ထားသခင်တို့ကို သရဲအဖြစ်မွေးနေတာလား” စိတ်ထဲတွေးရင်း တစ်ကိုယ်လုံး ချွေးများကျလာကာ ကြက်သေသေမိသည်။ အခြေအနေကို ဒေါ်ခင်ကြီး ရိပ်စားမိသွားသဖြင့် တံခါးကို အမိန့်ပေးသဟန် ကြည့်လိုက်လေသည်။“ဝုန်း” တံခါးဟာ သူ့အလိုလို ပိတ်သွားသည်။ ဖိုးထူးလည်း ကြောက်ဒူးတုန်လာကာ အိမ်သို့ အပြေးပြန်လေသည်။ အဒေါ်ဖြစ်သူ ဒေါ်ခင်ကြီးအဖြစ်ကို သနားသဖြင့် ဖိုးထူးသည် မည်သူ့ကိုမျှ ဖွင့်ဟပြောခြင်း မရှိခဲ့ချေ။

***မကျွတ်မလွတ်တဲ့ ဒေါ်ခင်ကြီး***

(ဇာတ်သိမ်းပိုင်း)
“ဟဲ့ ကြည်ပြာရေ။ မခင်ကြီးတို့ ခြံနားက ဝါးပင်တွေမှာ မျှစ်တွေ ပေါ်နေပြီကြားတယ်။ ညည်းသွားချိုး
ချေဦး။” ဒေါ်ကြိုင်မှ သမီးဖြစ်သူ ကြည်ပြာကို ပြောလိုက်သည်။
“အမေကလည်း။ အရီးခင်က ကြိုက်ပါ့မလား။”
“ဪ ဒီကလေးမကလည်း ဟိုးအရင်ကတည်းက သူ့ခြံနားက မျှစ်တွေကို လာချိုးဖို့ မခင်ကြီးက ပြောထားပြီးသားလေ။ ပြီးတော့လည်း သူက အဲ့မျှစ်တွေရှိရင် မြွေတွေပိုလာမှာ ကြောက်လို့
အချိန်မရွေးလာချိုးဖို့ ပြောထားတာကို ညည်းမေ့နေတာလား”

“အမေကလည်း အရီးခင်က ဦးလေးထွန်းရှိန် နဲ့ ထားသခင်တို့ ဆုံးပြီးကတည်းက အိမ်ထဲက အိမ်အပြင် မထွက်တော့တဲ့အပြင် ရွာထဲက လူတွေနဲ့လည်း အဆက်အဆံ မလုပ်တော့တာ အမေလည်း သိသားနဲ့”
“တော်…ညည်း လျှာရှည်မနေနဲ့။ ညည်းပျင်းတိုင်း ဆင်ခြေတွေပေးနေတာ။ ညနေမစောင်းခင် သွားချိုးချေ။ တော်ကြာ သူများချိုးသွားမှဖြင့် မျှစ်မရောင်းရဘဲ နေမယ်။”
“ဟုတ်ကဲ့ပါ အမေရယ်။ ကျုပ် ခုသွားချိုးပေးပါ့မယ်။”
“ဟဲ့ နေဦး။ ညည်းတစ်ယောက်တည်း သွားချိုးနော်။ လျှာရှည်ပြီး ဂျမ်းပုံမတို့ကို ခေါ်မသွားနဲ့။ ဟိုဟာမတွေက ညည်းထက် လည်တယ်။ ငါပြောတာ ကြားလား။”
“ဟုတ်ကဲ့ပါ အမေရယ်။” အမေဖြစ်သူ ဒေါ်ကြိုင်ကို ကြောက်သဖြင့် ကြည်ပြာတစ်ယောက် မျှစ်ချိုးရန် ဒေါ်ခင်ကြီးတို့ ခြံနားသို့ သွားလေသည်။

အိမ်နားသို့ ရောက်သောအခါ…….
“အင်း…အရီးခင်ကို အရင် ခွင့်တောင်းပြီးမှ မျှစ်သွားချိုးရင် ကောင်းမလား။” ကြည်ပြာ တစ်ယောက်တွေးနေစဉ် အိမ်အပေါ်ထပ် ပြတင်းပေါက်ဆီသို့ အကြည့်ရောက်မိလေသည်။ အိမ်အပေါ်ထပ် ပြတင်းပေါက်မှ ဒေါ်ခင်ကြီး စိုက်ကြည့်နေသည်နှင့် မျက်လုံးချင်း ဆုံမိလေသည်။ ကြည်ပြာတစ်ယောက် ဒေါ်ခင်ကြီးအား ပြုံးပြနှုတ်ဆက်သော်လည်း ဒေါ်ခင်ကြီးမှာမူ အင်းမလှုပ်အဲမလှုပ်ဘဲ လူသေမျက်နှာလို အေးစက်စွာ စိုက်ကြည့်နေသည်။ဒေါ်ခင်ကြီး ပုံစံမှာ ကျောချမ်းဖွယ်ကောင်းလှသည်။ ကြည်ပြာလည်း ကျောထဲစိမ့်ချမ်းလာသဖြင့် မျှစ်များ ချိုးရန် ပြင်လေသည်။

ကြည်ပြာတစ်ယောက် မျှစ်ချိုးကောင်းကောင်းနှင့် ချိုးနေသည်မှာ အလင်းထု ပြိုပျက်ကာ မှောင်ရိပ်သမ်းချိန်ရောက်သည်ကိုပင် သတိမထားမိချေ။
“အူ…အူ…အူ” ရုတ်တရက်ခွေးများ အူသံကြောင့် ကြည်ပြာတစ်ယောက် မျှစ်ချိုးရပ်လိုက်လေသည်။
“ဟယ်တော်…ငါ လောဘကြီးပြီး မျှစ်ချိုးကောင်းကောင်း နဲ့ ချိုးနေတာ မှောင်တောင်နေပြီ။ တော်ပါသေးရဲ့။ အရီးခင်တို့ အိမ်နားဆိုတော့အန္တရာယ်ကင်းပေလို့ပဲ။ အင်း…အရီးခင်ကို အပြန်ဝင်နှုတ်ဆက် ဦးမှပါလေ။” ချိုးနေသော မျှစ်များကို လက်စသတ်ပြီး အိမ်ပြန်ရန် ပြင်လေသည်။

အိမ်ပြန်လာစဉ်….
“ဒါနဲ့ ခွေးတွေက ဘာဖြစ်လို့ အရီးခင်တို့ အိမ်ကိုပဲ ဝိုင်းထိုးဟောင်ပြီး အူနေကြတာလဲ။ ဦးလေးထွန်းရှိန် နဲ့
ထားသခင်တို့ ဆုံးပြီးကတည်းက အရီးခင်ပုံစံက ပြောင်းလဲသွားလိုက်တာ။ အရီးခင်တို့အိမ်ကလည်း တိတ်ဆိတ်ပြီး မှောင်မည်းနေတာပဲ။ အမယ်လေး ပြောရင်းဆိုရင်း ကြက်သီးတွေတောင် ထလာပြီ။”

ထိုအချိန်…
“ဟီး…ဟီး…ဟီး…”
“အမယ်လေး…..အရီးခင်တို့ ခြံရှေ့က မည်းမည်း နဲ့ ကုန်းကုန်းကြီး ထိုင်ပြီး ညည်းနေတာ ဘယ်သူတုန်း”
တစ်ကိုယ်လုံး ကြောက်ချွေးများပြန်လာကာ တုန်ယင်နေသည်။
“ကြည်ပြာ…သမီးလေး။ အရီးခင်ကို အဖော်ပြုပေးပါဦး သမီးရဲ့။ အရီးခင် ဗိုက်တွေ အရမ်းဆာနေတာ။ သမီးအသားလေးက စားကောင်းမယ့်ပုံပဲနော်။ ဟား…ဟား…ဟား” ကြောက်မက်ဖွယ်ရာ အသံဖြင့်
ခြောက်လန့်လေသည်။ ဒေါ်ခင်ကြီး အသွင်မှာ ဆံပင်ဖားလျားချပြီး လျှာတန်းလန်းထွက်နေသည်။ ခန္ဓာကိုယ်မှလည်း ပုပ်နံများထွက်ကာ အန်ချင်စရာကောင်းလှသည်။

“အမေရေ ကယ်ပါဦး။ အရီးခင်က သရဲကြီးဖြစ်နေပြီ…” ကြည်ပြာတစ်ယောက် ပြောပြောဆိုဆို နှင့်
ချိုးထားသော မျှစ်များပစ်ချကာ ဖနောင့် နဲ့ တင်ပါးတစ်သားတည်းကျအောင် ပြေးလေသည်။
“နေပါဦး သမီးကြည်ပြာလေးရဲ့။ ဟား…ဟား…ဟား။ အရီးခင်ဆီ လာပါဦး။” မြေပြင်ပေါ်သို့ဆောင့်ကြောင့်
ထိုင်ပြီး လက်နှစ်ဖက်ထောက်ကာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ကြည်ပြာနောက်သို့တွားသွားကာ ပြေးလိုက်လေသည်။

အိမ်သို့ရောက်သော်အခါ…….
“အမေရေ…ကျုပ်ကို ကယ်ပါဦး။ ဟီး…ဟီး…ဟီး” ဖရိုဖရဲနှင့် လက်ဗလာမဲ့ကာ အမောတကော ပြေးလာသော သမီးဖြစ်သူ ကြည်ပြာကို တွေ့သဖြင့် ဒေါ်ကြိုင်မှ……
“ဟဲ့ မိကြည်ပြာ။ ညည်း…ညည်း ဘယ်လိုဖြစ်လာတာလဲ။ ရင်တွေ ပူလိုက်တာအေ။ ညည်းကို ဘယ်သူ အနိုင်ကျင့် လိုက်လို့လဲအေ။ ငါ့ကို ပြောစမ်းပါ။”
“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ အမေထင်သလို မဟုတ်ပါဘူးအမေရဲ့။ ကျုပ်…ကျုပ်…ကျုပ်”
ကြည်ပြာတစ်ယောက် ချောက်ချားလွန်း၍ စကားများပင် ထစ်နေလေသည်။
“အရီးခင် သရဲကို တွေ့ခဲ့တယ်။”
“ဟဲ့ ညည်း ဘာတွေ ပေါက်တတ်ကရပြောနေတာလဲ။”
“ကျုပ်အမှန်တွေပြောနေတာ အမေရဲ့။ အရီးခင်က သရဲကြီးဖြစ်နေပြီး ကျုပ်နောက်လိုက်လာတာ။”
“ဟေ…ညည်းတကယ်ပြောနေတာလား မိကြည်ပြာ။ မခင်ကြီး ဆုံးတယ်ဆိုတဲ့ အသံလည်းမကြားမိပါဘူး။
ခု ညည်းမြင်ခဲ့တာက မခင်ကြီးမဟုတ်ဘဲ ဦးထွန်းရှိန် နဲ့ ထားသခင်တစ်ယောက်ယောက်များ ဖြစ်နေမလား။”
“ဟာ အမေကလည်း မဖြစ်နိုင်ပါဘူး။ ဦးလေးထွန်းရှိန် နဲ့ ထားသခင်တို့ ဆုံးတာက ကြာပြီလေ။ ရွာထဲမှာလည်း
သူတို့ အရိပ်အယောင် တစ်ခါမှ မမြင်ဖူးကြဘူး။ ခြောက်တယ်ဆိုတဲ့ အသံလည်းမကြားဘူး။”
“စဉ်းစားစရာတော့ ဖြစ်နေပြီအေ။ မခင်ကြီးတို့ ခြံနားက သရဲခြောက်တယ်ဆိုတာ ရှိကိုမရှိဖူးဘူး။
မခင်ကြီးဆုံးတယ်ဆိုတာလဲ မကြားမိဘူးဆိုတော့…….”
“အမေ…”
“ဟဲ့ လန့်တာအေ။ ဖြည်းဖြည်းခေါ်ပါဟဲ့။”
“ဧကန်န အရီးခင် ဆုံးတာကို ဘယ်သူမှ မသိတာရော မဖြစ်နိုင်ဘူးလားဟင်။ အရီးခင်က အိမ်ထဲက အိမ်ပြင်မထွက်တဲ့ အပြင် ဘယ်သူနဲ့မှလည်း အဆက်အဆံ မရှိတော့လေ…….”
ဒေါ်ကြိုင် နှင့် ကြည်ပြာတို့ စဉ်းစားနေရင်း ရုတ်တရက် “ဝုန်း” အိမ်ရှေ့ခြံ တံခါးပိတ်သွားသည်။
“ဟဲ့ ကြည်ပြာ။ ထူးတော့ ထူးနေပြီ။ မနက်ကျမှ လူကြီးတွေကို အကြောင်းစုံပြောပြပြီး မခင်ကြီးအိမ် သွားကြည့်ကြတာပေါ့။ အခုတော့ အိပ်ရအောင်အေ။” ပြောပြောဆိုဆိုနှင့် ဘုရားစင်ရှေ့ကြမ်းပြင်ပေါ်သို့ သားအမိနှစ်ယောက် ထိုးအိပ်လေသည်။

မနက်သို့ ရောက်သော်အခါ…….
ဒေါ်ကြိုင် နှင့် ကြည်ပြာတို့သည် ရွာလူကြီးအား အကြောင်းစုံပြောပြသည်။ ရွာလူကြီးအပါအဝင် ဒေါ်ကြိုင်၊ ကြည်ပြာ နှင့် ရွာထဲက လူတချို့သည် ဒေါ်ခင်ကြီး အိမ်သို့ သွားရောက်စစ်ဆေးရန်
ထွက်လာခဲ့ကြသည်။

“ဗျို့…မခင်ကြီး။ မခင်ကြီး။ မခင်ကြီးအိမ်ထဲမှာ ရှိလားဗျ။” ရွာလူကြီး ခေါ်သော်လည်း အိမ်ထဲမှ တစ်စုံတစ်ရာမှ မထူးခြားသဖြင့် အိမ်ထဲသို့ ဝင်ကြည့်လိုက်သည်။

“ဟာ……” “ဟင်…….” ရွာလူကြီး နှင့် ရွာက လူများသည် အံ့အားသင့်ဖွယ်ကောင်းပြီး မနှစ်မြို့စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်သည်။ ချွေးများပြန်လာကာခေါင်းနားပန်းကြီးသွားသည်။
ထိုမြင်ကွင်းမှာ ကြိုးဆွဲချသေဆုံးနေသော ဒေါ်ခင်ကြီးအလောင်းပင်ဖြစ်သည်။ အထီးကျန်မှုတို့ကို
မခံစားနိုင်သော ဒေါ်ခင်ကြီးသည် ကြိုးဆွဲချကာ သူကိုယ်တိုင် ဘဝနိဂုံးချုပ်ခဲ့သည်။ ဦးထွန်းရှိန် နှင့် ထားသခင်တို့ သေဆုံးပြီးသည့်နောက် ဒေါ်ခင်ကြီးသည် အိမ်ထဲက အိမ်အပြင် မထွက်တော့သည့်အပြင် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ အဆက်အဆံမပြုလုပ်ခဲ့တော့ချေ။ ဒေါ်ခင်ကြီး သေဆုံးသည်မှာ ရက်အတော်ကြာပြီဖြစ်သဖြင့် ပုပ်ပွနေပြီဖြစ်သည်။ ပုပ်ပွဆွေးမြည့်နေသဖြင့် ခေါင်းသည်သာ ကြိုးတွင်ရှိပြီး ခန္ဓာကိုယ်မှာမူ ပြတ်ကျ၍ ကြမ်းပြင်ပေါ်သို့ ကျနေပြီဖြစ်သည်။ ဒေါ်ခင်ကြီးသည် အသေမလှခဲ့သည့်အပြင် အိမ်ကြီးကို စွဲလန်းကာ မကျွတ်မလွတ်ဖြစ်ခဲ့ရှာလေသည်။

———–

ပြီးပါပြီ