မင်းအောင်နှင့်ကာမေသုသူရောင်

*မင်းအောင်နှင့်ကာမေသုသူယောင်*📖📖📖

***************************************
++++++++++++++++++

  သူရိယနေမင်းကြီး၏လင်းရောင်ခြည်တို့သည်ကား အုံ့ဆိုင်းနေသောသစ်ပင်ကြီးများအား ထိုးဖောက်ကာ ဝါဖန့်ဖန့်အရောင်ရှိသော မြေသားလမ်းမကြီးပေါ်သို့ ဖြန့်ကျက်ကာကျရောက်လျက်ရှိနေ၏။ ထိုမြေသားလမ်းမကြီးပေါ်သို့ စျေးတောင်းကိုရွက်ထားသော အမျိုးသမီးတစ်ဦး လျှောက်လှမ်းလာနေသည်။ ၎င်းအမျိုးသမီးသည် ရွာလမ်းမကြီးဘေးရှိ ညောင်ပင်ကြီးအောက်သို့ရောက်သောအခါ မောပမ်းဟန်ဖြင့် ထိုင်ချကာနားလိုက်ပြီး..

” ဟူး… စျေးရောင်းရတာလည်းမလွယ်ပါလားနော်…အခုထိပဲပြုတ်တွေကျန်သေးတယ် “

ဟု စိတ်ပျက်စွာ ညီးညူလိုက်သည်။

ထိုအမျိုးသမီး၏အမည်သည်ကား မခင်မာချိုပင်ဖြစ်သည်။ မခင်မာချိုသည် လင်ယောက်ျားရှိသော်လည်း အားကိုးမရပေ။ ယောက်ျားဖြစ်သူ ကိုစိုးသန်းမှာ အရက်သမား၊ဖဲသမားဖြစ်သဖြင့် သူရှာသည့်ငွေမှာ သူပြန်သု့ံး၍ပင်မလောက်ပေ။
လင်ဆိုးမယားတဖားဖား ဆိုသည့်စကားပုံအတိုင်း မခင်မာချိုမှာ အိမ်၏စားစရိတ်၊အသုံးစရိတ်မှန်သမျှ မိမိဖာသာ ပဲပြုတ်ရောင်းငွေရှာရင်း ဖြေရှင်းရလေသည်။ လင်ယောက်ျားဖြစ်သူအရက်သမားကို စိတ်ကုန်၍ကွာရှင်းမည်ဟု စဉ်းစားမိသော်
လည်း မိမိတို့၌ ယမင်းဟုခေါ်သော ၁၃နှစ်အရွယ်သမီးလေးတစ်ယောက်ရှိသည် မဟုတ်ပါလား။
သမီးလေးယမင်း၏ ဘဝရှေ့ရေးကိုမျှော်တွေးကာ ကိုစိုးသန်းအား သည်းခံ၍သာပေါင်းနေရခြင်းဖြစ်သည်။ မခင်မာချိုတစ်ယောက် မိမိရဲ့ဘဝဇာတ်ကြောင်းများအား ပြန်လည်တွေးတောရင်း ရင်ထဲ၌စို့တက်လာကာ မျက်ဝန်းအိမ်မှမျက်ရည်စများပင် လျှံထွက်လာလေသည်။ ၎င်းမျက်ရည်စများအား ပုခုံးပေါ်၌အသင့်ပါလာသော ခပ်နွမ်းနွမ်းပုဆိုးတထည်ဖြင့်သုတ်လိုက်ပြီး..

” ဘာပဲဖြစ်ဖြစ် သမီးလေးအတွက် ငါကြိုးစားရမယ် “

ဟု မိမိကိုယ်ကို စိတ်ဓာတ်ခွန်အားပေးရင်း ပဲပြုတ်တောင်းကိုခေါင်းပေါ်သို့ပင့်လိုက်ပြီး ထမည်အလုပ် မခင်မာချို၏မျက်လုံးအကြည့်က  ညောင်ပင်၏အောက်ခြေသို့ရောက်သွား၏။

” ဟယ်..အဘဘိုးမင်းခေါင်ရုပ်တုကြီးတော့ ”

ဟုရေရွတ်လိုက်၏။

၎င်းရုပ်တုနားသို့သွားကာ ရုပ်တုကိုကောက်ယူလိုက်ပြီး မခင်မာချို၏စိတ်ထဲ၌ ….

” ရုပ်တုကအကောင်းကြီးရှိသေးတယ် အိမ်ကိုယူသွားပြီး ပူဇော်ထားရမယ်”

ဆိုသောအတွေးတစ်ခုဝင်လာပြီး  ၎င်းရုပ်တုအား အိမ်သို့ယူဆောင်လာ၏။
++++++++++++

ညသည် နက်သည်ထက်နက်ကာ မှောင်မိုက်လာ၏။ တစ်ရွာလုံးသည်လည်း တိတ်ဆိတ်လျက် ငြိမ်သက်နေလေပြီ။ သို့သော် ရွာအစွန်ဘက်ရှိတဲအိမ်တစ်အိမ်၌မူ မှိတ်တုတ်တုတ်ဆီမီးခွက် အလင်းရောင်နှင့်အတူ မခင်မာချိုတစ်ယောက်အလုပ်ရှုပ်နေ၏။ အကြောင်းမှာ မနက်ပြုတ်ဖို့အတွက် စားတော်ပဲများအား စနစ်တကျပြင်ဆင်ထားနေရသောကြောင့်ပင်ဖြစ်သည်။ မခင်မာချိုတစ်ယောက်လည်း မိမိလုပ်ကိုင်ရမည့်ကိစ္စများ ပြီးစီးသွားသောအခါ၌ မီးခွက်အားမှုတ်လိုက်ကာ အိပ်ယာအတွင်းသို့ဝင်လိုက်၏။ အိပ်ယာအတွင်းတွင် အစောပိုင်းထဲကအိပ်ပျော်နေသော သမီးဖြစ်သူ၏မျက်နှာလေးကိုကြည့်ရင်း တစ်နေကုန်မိမိပင်ပမ်းခဲ့သမျှတွေ ပြေပျောက်ခဲ့ရလေပြီ။
တစ်နေကုန်ပင်ပမ်းထားသည်မို့ ခေါင်းချသည်နှင့်ပင် မျက်ခွံများလေးလံလာကာ အိပ်ပျော်သွားလေသည်။ အချိန်ခနကြာသော်

” သမီး.. ထ.. ထ ” ဆိုသောအသံနှင့်အတူ မခင်မာချိုအား ယောဂီရောင်ဝတ်လူကြီးတစ်ဦးမှ လှုပ်နှိုးလေ၏။ ထိုအခါမခင်မာချိုလည်း

” ရှင်ကဘယ်သူလဲ …ဘာလို့ကျမခြင်ထောင်ထဲရောက်နေတာလဲ “

ဟုဆိုရာ ၎င်းလူကြီးမှ

” အဘက သမီးကိုကယ်တင်ဖို့လာတာပါကွယ် “

” ရှင် ….ကျမကိုကယ်တင်ဖို့ဟုတ်လား “

မခင်မာချိုလည်း မိမိအားကယ်တင်ဖို့ဆိုသော စကားကြောင့် စိတ်လှုပ်ရှားသွား၏။

” ဟုတ်တယ်သမီး…သမီးအခုလိုပင်ပင်ပမ်းပမ်းလုပ်ကိုင်စားသောက်နေရတာကို အဘမကြည့်ရက်လို့ကွဲ့ “

ထိုလူကြီး၏စကားကြောင့် မခင်မာချို၏မျက်နှာမှာလဲ အားကိုးလိုသော အရိပ်အယောင်များ ဖြစ်ပေါ်သွား၏။

” ဒါနဲ့… အဘက ကျမကို ဘယ်လိုကယ်တယ်မှာလဲ ”
ဟု ပြန်မေးလိုက်၏။

” သမီးကို ချမ်းသာအောင်လို့ အဘ မစမယ်ကွဲ့ … မနက်ဖြန်ကြရင် သမီး၇၅တစ်ကွက်ထဲထိုး “

” ဟုတ်ကဲ့ပါအဘ.. အဘ …အဘ “

ဆိုသော အော်ခေါ်သံနှင့်အတူ မခင်မာချိုတစ်ယောက် အိပ်ယာကနေလန့်နိုးလာ၏။

” သြော်.. ငါအိမ်မက်မက်နေတာကို ”

ဟု တီးတိုးစွာရေရွတ်လိုက်ပြီး အိမ်ရှေ့အခန်းအား လှမ်းကြည့်လိုက်ရာ လင်တော်မောင် ကိုစိုးသန်းကြီးအား မတွေ့ရပေ။ မခင်မာချိုလည်း ယောက်ျားဖြစ်သူ၏အကြောင်းကိုသိပြီးသားဖြစ်သဖြင့် စိတ်တော့မပူချေ။ အကြောင်းကား  ကိုစိုးသန်းတစ်ယောက်သည် မသာအိမ်၌ ဖဲရိုက်နေပြီမဟုတ်ပါသလား။ ရပ်ရွာထဲတွင် အသုဘရှိပါက အသုဘကခုနှစ်ရက်ဆို ကိုစိုးသန်းက ရှစ်ရက်နေတတ်၏။သို့မျှပင်မကသေး မိမိရွာ၌အသုဘအိမ်မရှိလျှင် တခြားရွာရှိအသုဘအိမ်သို့ သွားကာ ဖဲရိုက်တတ်သေးသည်။

ဤသို့ဖြင့် မနက်မိုးသောက်အလင်းရောက်သော် မခင်မာချိုတစ်ယောက် ညကအိမ်မက်အကြောင်းစဉ်းစားရင်း ခေါင်းထဲ၌အတွေးတစ်ခုပေါ်လာ၏။

” ငါအိမ်မက်ထဲက အဘပြောတဲ့အတိုင်း နှစ်လုံးထီဂဏန်းကို ထိုးရင်ကောင်းမလား.၊ တော်ကြာမပေါက်ရင် …. “

ဟုတွေးတောကာ ချီတုံချတုံဖြစ်နေ၏။ ခနအကြာစဉ်းစားပြီးမှ

” ဖြစ်ချင်ရာဖြစ်ဟာ ငါအခုလိုဆင်းဆင်းရဲရဲနေရတဲ့ဘဝကလွတ်နိုင်တာ ဒီတစ်လမ်းပဲရှိတယ် “

  ဟု ဆုံးဖြတ်ချက်ချလိုက်ပြီး အိမ်မက်ဂဏန်းဖြစ်သော ၇၅အား ရှိစုမဲ့စုငွေလေးများဖြင့် ပုံအောကာ နှစ်လုံးထီထိုးလိုက်၏။

သာယာလှပနေသော နေ့လယ်ခင်းတစ်ခု၌ မခင်မာချိုတစ်ယောက် မျောက်မီးခဲကိုင်မိသလိုဖြစ်နေ၏။ အကြောင်းမှာ နှစ်လုံးထီထွက်ခါနီးသောကြောင့်ပင်ဖြစ်သည်။

” ခင်မာချိုရေ …ခင်မာချို … ညည်းပေါက်ပြီဟေ့ ”

ဆိုသောအသံနှင့်အတူ မိန်းမတစ်ဦးသည် ခင်မာချို၏ ခြံဝိုင်းထဲသို့ အမောတကော ပြေးဝင်လာ၏။။

” မရီမြင့်တကယ်လားတော့.. ကျုပ်ကိုမနောက်နဲ့နော် “

” တကယ်ပေါ့ဟဲ့.. ညည်းထိုးတဲ့၇၅က ဒဲ့ကြီးကိုထွက်တာဟဲ့ “

” ဝမ်းသာလိုက်တာရှင်….အိမ်မက်ထဲမှာဂဏန်းလာပေးတဲ့အဘ ကျန်းမာပါစေ၊ချမ်းသာပါစေ တော်… ”

ဟုပြောကာ လက်အုပ်လေးချီလိုက်၏။ ခင်မာချိုလည်း အင်မတန်ဝမ်းသာသွား၏။ နှစ်လုံးထီပေါက်သော ငွေသည်အတော်များပြား၏။
++++++++++++++
အခန်း ၂

ဤသို့ဖြင့် မခင်မာချိုတစ်ယောက်သည် ခနခနနှစ်လုံးထီပေါက်၏။ ထိုသို့ နှစ်လုံးထီပေါက်ရခြင်း အကြောင်းရင်းမှာလဲ အိမ်မက်ထဲ၌ ယောဂီရောင်ဝတ်ပုဂ္ဂိုလ်မှ နှစ်လုံးထီဂဏန်းများအား လာလာပေးသောကြောင့်ပင်ဖြစ်၏။

လအနည်းငယ်အတွင်း၌ပင် မခင်မာချိုသည် တဲအိမ်လေးကနေ ပျဉ်းကတိုးတိုင်များဖြင့်ဆောက်လုပ်ထားသော လေးပင်အိမ်ကြီးကို ဆောက်လုပ်နိုင်ခဲ့လေသည်။ မခင်မာချိုရဲ့ လက်နှစ်ဖက်မှာလည်း ” တချွင်ချွင် တချွံချွံ “ဖြင့် ရွှေလက်ကောက်များနှင့်အတူ လှပနေ၏။ မခင်မာချို၏ဘဝသည်ပဲပြုတ်သည်ဘဝမှ ချမ်းသာသောလူတစ်ယောက်အဖြစ် တဆစ်ချိုးပြောင်းလဲခဲ့လေပြီ။ ကိုစိုးသန်းသည်ကား မိန်းမဖြစ်သူမခင်မာချိုထံမှလိုသောငွေများအားတောင်းယူပြီး  အိမ်မကပ်တော့ပေ။၊ အပြင်မှာသာ အရက်သောက်၊ဖဲရိုက်ဖြင့် အချိန်ကုန်လေသည်။ မခင်မာချိုလည်း ယောက်ျားဖြစ်သူကိုစိုးသန်းအား ဘာမှမပြော..။ ယောက်ျားမရှိလည်း ငွေရှိတာပဲဟူသော ငွေကို အားကိုးသောစိတ်သာ ရှိနေ၏။ မိမိယခုလို အဆင်ပြေလာသည်မှာလဲ ညောင်ပင်အောက်မှ ကောက်ယူလာသော အဘဘိုးမင်းခေါင် ရုပ်တုကြောင့်ပင်ဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် ၎င်းရုပ်တုအား ရေနွေးကြမ်း၊ဆေးလိပ်၊ကွမ်းယာ၊အမွှေးနံသာတို့ဖြင့် လိုလေသေးမရှိ ပူဇော်ပသလေသည်။
++++++++++

ညတစ်ည၌ မခင်မာချို၏အိမ်မက်ထဲသို့ ယောဂီယောင်ဝတ်ပုဂ္ဂိုလ်ကြီး ရောက်လာပြန်၏။

” သမီးရေ ထပါအုံးကွဲ့ “

” ရှင်.. အဘပါလား၊ သမီးဆီလာတာ နှစ်လုံးထီဂဏန်းပေးမလို့လားဟင် “

” မဟုတ်ဘူးကွဲ့…. သမီးနှစ်လုံးထီတွေမထိုးနဲ့တော့၊ဗေဒင်ဟောခန်းဖွင့်ပြီး ဗေဒင်ဟောကွဲ့ “

” ဟာ.. အဘကလဲ… သမီးမှ ဗေဒင်မဟောတတ်တာကို ဘယ်လိုလုပ်ပြီးဗေဒင်ဟောရမလဲ “

” အဘ ကူညီမှပေါ့ကွဲ့.၊ သမီးက… အဲတာလေးတွေလုပ်ထားယုံပဲ “

ဟု ၎င်းလူကြီးမှ မခင်မာချိုအား ဘယ်လိုလုပ်ဘယ်လိုကိုင် ဆိုသောအရာများအား သင်ကြားပေးလေသည်။
+++++++++++

ထိုသို့ဖြင့် မနက်မိုးသောက်အလင်းရောက်သော် မခင်မာချိုလည်း အိမ်ရှေ့ဘုရားခန်းရှေ့၌ စားပွဲခုံအပုလေးတစ်ခုကို ချထားလိုက်ပြီးထိုစားပွဲခုံပေါ်တွင် အပြာရောင်ခုံခင်းတစ်ခုကိုခင်းလိုက်၏။ ၎င်းအပေါ်၌ ပန်းအိုးတစ်လုံး၊အမွှေးတိုင်သုံးတိုင်တို့အား ထားရှိလိုက်၏။ အိမ်ရှေ့၌လည်း ဗေဒင်ဟောသည်ဆိုသော ဆိုင်းဘုတ်ကလေးအား ချိတ်ဆွဲထားလိုက်သည်။ ဤသို့ဖြင့်သူမ၏ဗေဒင်ဟောခန်းမှာနာမည်ရလာပြီးအလုပ်ဖြစ်နေ၏။ ခနကြာသော် ဗေဒင်မေးမည့်လူများရောက်လာ၏။ မခင်မာချိုလည်း ဆရာမကြီးအထာဖြင့်ဟောကြားလေသည်။ ထိုကဲ့သို့ ဟောနိုင်သည်မှာလည်း မခင်မာချို၏စိတ်အာရုံထဲသို့ ယောဂီရောင်ဝတ်လူကြီးမှလာရောက်၍ ဗေဒင်ဟောရမည့်အကြောင်းအရာများအား ပြောပြနေသောကြောင့်ပင်ဖြစ်၏။ တနည်းအားဖြင့် အကြားအမြင်ရသည်ဟု ဆိုနိုင်သည်။

မခင်မာချို၏ဟောချက်ပြောချက်များမှာ တိကျမှန်ကန်သဖြင့် အချိန်ခနတာအတွင်းပင် အကြားအမြင်ဆရာမကြီး မခင်မာချို ဟုနာမည်ကြီးလေတော့သည်။ ဤသို့ဖြင့် မခင်မာချိုဗေဒင်ဟောရင်း လအနည်းငယ်ကြာလာတော့ ယောဂီရောင်ဝတ်ပုဂ္ဂိုလ်ကြီးနှင့် အတော်ရင်းနှီးလာ၏။
++++++++++++

တစ်နေ့သ၌ မခင်မာချိုတစ်ယောက် နေသိပ်မကောင်းသဖြင့် ဗေဒင်ဟောခန်းအားပိတ်ကာ အိပ်ယာထဲ၌ ဘေးတစောင်းအိပ်၍ အနားယူနေလေသည်။ သမီးဖြစ်သူ ယမင်းလေးမှာ အတန်းကျောင်းတက်နေ၏။ယောက်ျားဖြစ်သူ ကိုစိုးသန်းတစ်ယောက်လည်း ဘယ်ရောက်နေမှန်းပင် မသိ..။ ဤသို့အနားယူနေစဉ် သူမ၏မျက်လုံးများမှာ လေးလံလာကာ ကော်နှင့်ကပ်ထားတကဲ့သို့ စေးကပ်လာပြီး ဖွင့်မရတော့ပေ။ မခင်မာချို၏စိတ်ထဲ၌…

” ငါ သွေးများတိုးနေသလားမသိဘူး၊ မျက်စိကို ..မဖွင့်နိုင်ဘူး၊ဟိုသေနာကြီးကလဲ ဘယ်ရောက်နေလဲမသိဘူးနော် ”

ဟု ယောက်ျားဖြစ်သူအား တမ်းတမိ၏။ ဤသို့ တမ်းတနေစဉ်အတွင်း မိမိရဲ့ခါးပေါ်သို့ အေးစက်စပြုနေသော လက်ဝါးပြင်တစ်ခုကျရောက်လာ၏။ မခင်မာချိုလည်း ယောက်ျားဖြစ်သူ ကိုစိုးသန်းပြန်ရောက်ပြီအမှတ်ဖြင့် ဘာမှမပြောပဲ ငြိမ်နေလိုက်၏။ ထိုလက်ဝါးပြင်သည် ခါးမှတစ်ဆင့် တင်စိုင်များဆီသို့ရောက်ရှိသွားကာ ပွတ်သပ်နေ၏။ မခင်မာချိုစိတ်ထဲတွင်လည်း အတော်ထူးဆန်းနေ၏။ အကြောင်းမှာ မိမိယောက်ျားသည် မိမိအား ယခုကဲ့သို့မပြုမူဖူးပေ။
ယခုမှာမူတခြားလူတစ်ယောက် ပြောင်းသွားသကဲ့သို့ ဖြစ်နေလေသည်။ မခင်မာချိုလည်း မျက်လုံးကိုအားတင်း၍ဖွင့်သော်လည်း မရပေ။ နှုတ်မှလဲ အသံမထွက်နှိုင်..။ ဤသို့ဖြင့် မေထုံ..အမှုကိစ္စအား ကျုးလွန်ဖြစ်လေသည်။ မခင်မာချိုသည် ယခုအချိန်မှာ အိပ်တဝက်နိုးတဝက် အနေထားဖြစ်နေလေ၏။
++++++++

ထိုသို့ဖြင့် နောက်နေ့ရောက်သော် မခင်မာချိုတစ်ယောက် မိမိကြုံတွေ့ရသည်များအား ပြန်လည်စဉ်းစားရင်း အိမ်မက်လိုလို တကယ်လိုလိုဖြင့် ဒွိဟစိတ်များဖြစ်ပေါ်နေလေသည်။ စိတ်ထဲ၌လည်း

” အိမ်မက်သာဖြစ်ပါစေ ” ဟု ကျိတ်ပြီးဆုတောင်းမိ၏။ အိမ်မက်မဟုတ်ဘဲ တကယ်သာဆိုလျှင် မိမိအတွက် ကိုယ်ကျိုးနည်းမည်။ အဘယ့်ကြောင့်ဆိုလျှင် မိမိနှင့်အတူအိပ်သွားသူမှာ မည်သူမည်ဝါဟု မသိလိုက်ရသောကြောင့်ပင်။

ဤသို့ဖြင့် မခင်မာချို တစ်ယောက်ထဲအိပ်နေခိုက်တွင် အလားတူဖြစ်ရပ်မျိုးများ ကြုံရလေသည်။ ထိုအကြောင်းအား လင်ယောက်ျားဖြစ်သူကိုလဲ မပြောရဲ။ ယောက်ျားဖြစ်သူအား ပြောလိုက်ပါက ဝုန်းဒိုင်းကြဲကာ ပြသနာကြီးထွားပေမည်။ ယခုအချိန်တွင် အရင်လိုပဲပြုတ်သည်(သယ်)မဟုတ် အကြားအမြင်ဆရာမကြီး တစ်ဦးပင်ဖြစ်နေသောကြောင့်အရှက်သိက္ခာကျဆင်းမည့် ဖြစ်ရပ်မျိုးများအား ရှောင်ရှားရပေမည်။ သို့ဖြစ်ပါသောကြောင့် မိမိကြုံတွေ့နေရသည့်အကြောင်းအရာအား မည်သူ့ကိုမှမပြောပဲ တစ်ယောက်ထဲသာ ရေငုံနှုတ်ပိတ်နေလေသည်။

+++++++++++
အခန်း၃

တစ်နေ့သ၌ သာယာလှပတော့ မနက်ခင်းတစ်ခုတွင်

” အော့.. ဝေါ.့. ” ဆိုသော ပျို့တက်အသံနှင့်အတူ မခင်မာချိုတစ်ယောက် ပျို့အန်လေ၏။

အန်လို့ပြီးသွားသောအခါ၌ မခင်မာချိုလည်း ကိစ္စတစ်ခုအားတွေးမိကာ စိုးရိမ်သွားပြီး မိမိဆံပင်အဖျားများကို ကိုင်၍ကြည့်လိုက်သည်။

” အမယ်လေး … ” ဟူသော အာမေဋိတ်အသံပင်ထွက်လာ၏။
အကြောင်းမှာ ဆံပင်အဖျားတွေခြောက်သွေ့နေပြီး၊ ဆံပင်အဖျားများမှာနှစ်ခွဖြစ်နေ၏။ မိမိသွေးသားများမှာလဲ ပုံမှန်မဟုတ်တော့သည်ကို သတိထားမိသွားပြီး

” တပည့်တော်မ.. ထင်သလို မဖြစ်ပါစေနဲ့အရှင်ဘုရား ”

လို့သာ စိတ်ထဲကနေ မြတ်စွာဘုရားထံ အကြိမ်ကြိမ် ဆုတောင်းမိလေ၏။ ဤသို့ဖြင့် လအနည်းငယ်ကြာသော် မခင်မာချိုတစ်ယောက် စိတ်ညစ်စရာနှင့် ကြုံရလေသည်။ ထိုကိစ္စမှာ သူမ၏ဝမ်းဗိုက်မှာ တဖြည်းဖြည်းပူလာသော ကိစ္စပင်ဖြစ်သည်။
+++++++++++++

ဤသို့ဖြင့် တစ်နေ့သ၌ …

” တောက်…ရှက်ဖို့ကောင်းလိုက်တာ၊ မိခင်မာ..ဒီကိုယ်ဝန် ဘယ်သူနဲ့ရတာလဲ.. ငါ့ကိုမှန်မှန်ဖြေနော် “

” ကိုစိုးသန်း..ရှင်..စကားကိုကြည့်ပြောနော်..၊ ကျမကိုယ်ဝန်က ရှင်နဲ့မရလို့ ဘယ်သူနဲ့ရရမှာတုံး “

” ဟား..ဟား..မိခင်မာ မိခင်မာ… နင် ငါ့ကိုနွားများအောက့်မေ့နေသလား၊ နင်နဲ့ငါနဲ့ အတူမအိပ်တာ ဘယ်လောက်ကြာပြီလဲ..။ နင်မှန်မှန်ဖြေစမ်း. ဘယ်ကောင်နဲ့ ကြိတ်ပုန်းခုတ်ထားတာလဲ “

” ရှင်ကျမသိက္ခာကို မစော်ကားနဲ့နော်…ကျမဘယ်လိုမိန်းမမျိုးဆိုတာ ရှင်အသိဆုံးပါ “

” ဟား..ဟား.. ဟား….ဟသုံးလုံးဆင့်ပြီး ဟက်ဟက်ပက်ပက်ရီလိုက်မယ်ကွာ၊ သိက္ခာ သိက္ခာနဲ့ ..မင်းရဲ့သိက္ခာက အိပ်ယာပေါ်မှာ အကျုံးမဝင်ခဲ့လို အခုလိုကိစ္စတွေပေါ်လာတာပေါ့ကွ “

” ဒီမှာ..ကိုစိုးသန်း ရှင့် စကားတွေကို.. ဒီနေရာမှာရပ်တန်းကရပ်လိုက်ရင် ကောင်းမယ်၊ ကျမ မဟုတ်တာ မလုပ်ထားသည့်အတွက် လိပ်ပြာလုံတယ်၊ ရှင်မယုံလည်း မတက်နိုင်ဘူး “

” အေးပေါ့လေ.. ငါ့ဘက်က သက်သေမပြနိုင်သေးတော့လဲ..၊  နင်ကလိမ်ကကျစ်လုပ်ထားအုံးပေါ့ ..။ငါသက်သေပြနိုင်တဲ့နေ့ကြရင် နင်ရော နင့်အကောင်ကိုပါ ငါသတ်ပြစ်မယ်.. တောက်..  ”

ဆိုသော တောက်ခတ်အသံနှင့်အတူ ကိုစိုးသန်းတစ်ယောက် အိမ်ပေါ်ကနေ ဆင်းသွား၏။ မခင်မာချိုလည်း အိမ်ပေါ်ကဆင်းသွားသော ကိုစိုးသန်း၏ကျောပြင်အား ငေးမောကြည့်ရင်း မျက်ဝန်းအိမ်မှ မျက်ရည်စများသည်အထိန်းအကွပ်မဲ့စွာ လျှံထွက်လာလေသည်။ မိမိကိုယ်ဝန်သည်လည်း မည်သူဖြင့်ရလေသည်ကို မိမိကိုယ်တိုင်ပင်မသိ..။

ဤသို့ဖြင့် မိမိဗိုက်အား မြို့ဆေးရုံများသို့တက်ပြသော်လည်း အဖြေမှာမရေရာပေ။ ဆရာဝန်များသည် မခင်မာချိုဗိုက်အား ကိုယ်ဝန်ဖြစ်နိုင်ချေရှိသည်ဟူ၍လည်းကောင်း သို့မဟုတ် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်သည်ဟူ၍လည်းကောင်း၊ရေဖျင်းစွဲသည်ဟူ၍တဖုံဖြင့် အမျိုးမျိုးသုံးသပ်လေသည်။ မခင်မာချိုလည်း မြို့ဆေးရုံသွားရသည်မှာ ငွေကုန်ရုံသာအဖတ်တင်၏။ ထိုသို့ဖြင့် မိမိရွာသို့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာလိုက်လေသည်။
+++++++++++
အခန်း ၄

ဟေဝန်ရွာ၏ဇရပ်တွင် လူနှစ်ဦး၏စကားသံများဖြင့် သက်ဝင်လှုပ်ရှားနေ၏။ ၎င်းလူတို့၏စကားသံများသည် ဇရပ်အပြင်သို့ ပျံလွင့်နေလေသည်။

” ဆရာ.. ကျွန်တော်တို့ ဘယ်ကိုခရီးဆက်ကြမလဲဗျ “

” လောလောဆယ်တော့.. ဒီဇရပ်မှာပဲနေရအုံးမယ် ပြည့်ဖြိုးရေ “

” ဆရာ အခုလိုပြောပုံထောက်ရင်…အကြောင်းအရင်း တစ်ခုတော့ရှိမယ်ထင်တယ် “

” ဟုတ်တယ်ပြည့်ဖြိုး… အထက်ဆရာသခင်တွေက ငါ့ကို ဒီဇရပ်ကိုလာဖို့ မိန့်ထားတာပဲ၊ ဘာကိစ္စလည်းဆိုတာတော့ ငါလည်းမသိရသေးဘူးကွ “

” ဟုတ်ကဲ့ပါ ဆရာ…  ကျွန်တော်ကတော့ ဆရာနဲ့သာဆိုရင် ဘယ်လိုနေရာမျိုးဖြစ်ဖြစ် သွားရဲတယ်..၊ ဘယ်လိုအန္တာရယ်မျိုးဖြစ်ဖြစ် ရင်ဆိုင်ဖို့အသင့်ပဲဗျ ”

ဟု ပြည့်ဖြိုးမှ ဆရာဖြစ်သူအား ပြောလိုက်ရာ မင်းအောင်လည်း ပြည့်ဖြိုး၏စကားကြောင့် နှစ်လိုဖွယ်အပြုံးတစ်ခုအား ဖန်တီးလိုက်၏။

ညသည် နက်သည်ထက်နက်ကာ မှောင်မိုက်လာ၏။ ဇရပ်တစ်ခွင်လုံး၌လည်း တိတ်ဆိတ်လျက် ငြိမ်သက်လေပြီ..။ ဇရပ်အတွင်း၌ ” ခလော ခလော ” ဆိုသော ဟောက်သံတို့မှာ စည်းချက်ညီစွာ ထွက်ပေါ်နေလေသည်။ ၎င်းအသံပိုင်ရှင်တို့မှာ မင်းအောင်နှင့်ပြည့်ဖြိုးပင် ဖြစ်သည်။ ထိုသို့အိပ်နေစဉ်…

” လူလေး ထ..ထ..”

ဆိုသော အသံနှင့်အတူ အဖြူရောင်ဝတ် အဖိုးအိုတစ်ဦးသည် မင်းအောင်အား လှုပ်နှိုးလေသည်။

” ဟာ .. အဘပါလား၊  ဘယ်အရေးကိစ္စများရှိလို့ ကျွန်တော့်ဆီကြွလာတာလဲဗျ “

” ဒီလိုလူလေးရေ… လူလေးကို ဝိဇ္ဇာကြီးတွေက တာဝန်တစ်ခု ပေးလိုက်တယ်ကွဲ့..”

” ဟုတ်ကဲ့ပါ အဘ..၊ ကျွန်တော် ဘယ်လိုတာဝန်မျိုးကို ထမ်းဆောင်ရမလဲဆိုတာ အမိန့်ရှိပါ “

ဟု ကျွန်တော်လည်း အဘကိုမေးလိုက်၏။

” လူလေး ထမ်းဆောင်ရမဲ့တာဝန်က…………အဲဒါပဲကွဲ့ ”

ဟု ပိတ်ဖြူဝတ်အဖိုးအိုက မင်းအောင်အား ကိစ္စတစ်ခုကိုအစအဆုံး အသေးစိတ်ပြောပြလိုက်၏။

” ဟုတ်ကဲ့ပါ အဘ …  ” ဟု ပြောလိုက်ပြီး

ကျွန်တော်လည်း အဘကို ထိုင်ကန်တော့လိုက်၏။ အဘလည်း ကျွန်တော့်ကိုနှုတ်ဆက်ပြီး ပျောက်ကွယ်သွားလေ၏။
ကျွန်တော်ရဲ့ဘေးမှာတော့ ပြည့်ဖြိုးတစ်ယောက် ကွေးကွေးလေး အိပ်ပျော်နေသေးသည်။ အချိန်အားဖြင့် ညည့်နက်သန်းခေါင်ယံသာ ရှိသေးသဖြင့် ကျွန်တော်လည်းပြန်အိပ်လိုက်၏။
++++++++++

ဤသို့ဖြင့် မနက်မိုးသောက်အလင်းရောက်သော်..

ကျွန်တော်နှင့်ပြည့်ဖြိုးလည်း ဇရပ်မှထွက်လာကာ ဟေဝန်ရွာအတွင်းသို့ ဝင်လာလိုက်၏။

” ပြည့်ဖြိုး… ငါတို့သွားရမဲ့အိမ်က ဟိုးအရှေ့ကအိမ်ပဲကွ၊ အိမ်ပိုင်ရှင်နာမည်က မခင်မာချိုတဲ့ “

” ဟုတ်ကဲ့ဆရာ..၊  ဒါနဲ့ … ”

ဟုပြောကာ ပြည့်ဖြိုးလည်း စကားစဖြတ်လိုက်၏။ မင်းအောင်လည်း အကင်းပါးသူပီပီ..

” ပြည့်ဖြိုး…ငါ မခင်မာချိုအိမ်ကို သွားရတဲ့ အကြောင်းကို မင်းသိချင်နေတာ မဟုတ်လား “

” ဟုတ်တယ်ဆရာ..၊ နောက်ပြီး အဲဒီအိမ်ပိုင်ရှင်နာမည်က မခင်မာချိုဆိုတာ.. ဆရာဘယ်လိုလုပ်ပြီး သိနေတာလဲလို့ .. ကျွန်တော်တွေးနေတာဗျ “

” ဒီလိုကွ ပြည့်ဖြိုးရ.. အဘ ညက လာပြောပြသွားတာကွ..၊ မခင်မာချိုရဲ့ အကြောင်းတွေကိုပေါ့ကွာ… “

” ဒါဆို.. မခင်မာချိုမှာ အနှောက်ပရောဂါ တစ်ခုခုရှိနေလို့ပေါ့နော် “

” ဟုတ်တယ်ပြည့်ဖြိုး အမှောင့်ပရောဂါမှ အကြီးကြီးကွ..၊ အဲဒီကိစ္စကိုဖြေရှင်းဖို့အတွက် အထက်ဆရာသခင်တွေက ငါတို့ကို တာဝန်ပေးလိုက်တယ်ကွ “

” သြော် ..ဒါနဲ့ဆရာကို.. ညက လာပြောပြသွားတယ်ဆိုတဲ့ အဘက …ဆရာ့ရဲ့ဆရာ မန္တာန်ဝိဇ္ဇာဘိုးအောင် လား “

” ဟုတ်တယ် ပြည့်ဖြိုး…ငါ့ရဲ့ ဥပဇ္စျယ်ဆရာဖြစ်တဲ့ မန္တာန်ဝိဇ္ဇာဘိုးအောင် ပဲ ”

( မန္တာန်ဝိဇ္ဇာဘိုးအောင် အကြောင်းသိချင်ရင်တော့..*မင်းအောင်နှင့်ပညာသင်ခန်း * ဆိုတဲ့ ဇာတ်လမ်းလေးတွင် ပြန်လည်ဖတ်ရှုနိုင်သည်)

ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်လည်း စကားတပြောပြောဖြင့် လျှောက်လာရာ မခင်မာချို၏ ခြံဝန်းရှေ့သို့ရောက်လာလေ၏။
မခင်မာချို၏ခြံဝန်းသည် အတော်အတန်ကျယ်ပြီးပြန့်ပြူး၏။ သစ်ကြီးဝါးကြီးများဖြင့် အရိပ်အာဝါသကောင်းလှ၏။
ဇာတ်သိမ်းပိုင်း

ကျွန်တော်နဲ့ပြည့်ဖြိုးလည်း ထိုခြံအတွင်းသို့ ဝင်လာလိုက်သည်။ ၎င်းခြံအတွင်းတွင်တော့
ပျဉ်းကတိုးတိုင်များဖြင့် ဆောက်လုပ်ထားသော သစ်သားအိမ်ကြီးတစ်လုံးကို တွေ့လိုက်ရပြီး.. သစ်သားအိမ်ကြီးရဲ့ အရှေ့မျက်နှာစာတွင်တော့ *ဗေဒင်ဟောသည် * ဆိုသည့် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားတာကို တွေ့လိုက်ရ၏။ ကျွန်တော်လည်း ..

” အိမ်ရှင်တို့ …အိမ်ရှင်တို့ ရှိလားဗျ “

ဟု အော်ခေါ်လိုက်လေရာ

” ရှိတယ်… ဘာကိစ္စလဲ “ဟု  စိတ်မရှည်ဟန်ပါသော အသံနှင့်အတူ အသက်လတ်ပိုင်းအမျိုးသမီးတစ်ဦးသည် အိမ်အဝသို့ ထွက်လာ၏။ ထိုအခါ ကျွန်တော်လည်း…

” အမက..အကြားအမြင်ဆရာမကြီး ဒေါ်ခင်မာချိုလားဗျ ” ဟု မေးလိုက်ရာ

” ဟုတ်တယ်… ဘာကိစ္စလဲ ဗေဒင်မေးမလို့လား ” ဟု  ခပ်ပြတ်ပြတ်ပြော၏။

” ဟုတ်တယ်ဗျ.. ကျွန်တော် ဗေဒင်မေးချင်လို့ပါ “

” အဲဒါဆိုရင် ပြန်လိုက်တော့..၊ ဗေဒင် ဒီနေ့မဟောဘူး “

ဟုပြောက အိမ်ထဲဝင်မည်အလုပ်..၊ ကျွန်တော်လည်း..

” အဲလိုတော့ မလုပ်ပါနဲ့ဗျာ.. ၊  ကျွန်တော်တို့က ဗေဒင်မေးချင်လို့ အဝေးကနေလာခဲ့ရတာဗျ “

လို့ ပြန်ပြောလိုက်၏။ ထိုအချိန်၌..

” ငါ့ညီတို့က ဧည့်သည်တွေထင်တယ် ”

ဆိုသောအသံနှင့်အတူ လူတစ်ယောက်သည် ခြံအတွင်းသို့ ဝင်လာလေ၏။ ကျွန်တော်လည်း ထိုလူအား

” ဟုတ်ပါတယ်ဗျာ…ကျွန်တော်တို့က ဧည့်သည်တွေပါ..။ ဒီကဆရာမဆီလာပြီး ဗေဒင်လာမေးတာ၊ ဆရာမက ဘယ်ဗေဒင်မဟောဘူးဆိုလို့ အခက်တွေ့နေတာဗျ “

” သြော်.. ငါညီတို့က ဗေဒင်လာမေးတဲ့သူတွေကို.. ။ အိမ်ပေါ်တက်ပါအုံး…”

ဟုပြောကာ ထိုလူသည် ကျွန်တော်တို့ရှေ့ကနေ အိမ်ပေါ်သို့ တက်သွား၏။
ထို့နောက်…

” ငါ့ညီတို့ လာလေ “

ဟု လက်ယပ်ခေါ်လေသည်။ မခင်မာချိုသည်ကား ကျွန်တော်တို့ဘက်သို့လှည့်ကာ မနှစ်မြို့ဟန်ဖြင့် မျက်စောင်းသဲ့သဲ့ထိုးလိုက်ပြီး.. အိမ်အတွင်းသို့ ဝင်သွား၏။ ကျွန်တော်တို့လည်း အိမ်ပေါ်သို့တက်လိုက်ရာ ပြင်းထန်သောစက်လှိုင်းတစ်ခုက ရိုက်ခက်လာ၏။ သို့သော် တုန်လှုပ်ခြင်း အလျဉ်းမရှိ..။

အိမ်ပေါ်သို့ရောက်သော် ဘုရားဆောင်သို့ကြည့်လိုက်ရာ… တံခွန်၊ကုက္ကား စုံလင်စွာထိုးထားသော သုံးဖီးကန်တော့ပွဲအား တွေ့လိုက်ရ၏။ ဘုရားဆောင်၏ ညာဘက်အောက်ခြေတွင် အဘဘိုးမင်ခေါင်ရုပ်တု ထားရှိသည်ကို တွေ့လိုက်ရ၏။ ထိုရုပ်တုမှ နီညိုရောင်အခိုးအငွေ့များ ထွက်နေလေ၏။

” ငါ့ညီတို့ ..ထိုင်ကြလေကွာ ”

ဟူသော စကားသံကြောင့် …ကျွန်တော်လည်း မတ်တပ်ရပ်နေရာမှ သင့်တော်သောနေရာ၌ ထိုင်လိုက်၏။ ထို့လူမှ

” ငါ့ညီတို့က ဘယ်ကနေ လာခဲ့ကြတာလဲ ”
ဟုမေးလေရာ

” ကျွန်တော်တို့က ခရီးသွားတွေဗျ…အကြားအမြင်ဆရာမကြီး ဒေါ်ခင်မာချိုဆိုပြီး နာမည်ကြီးနေတာနဲ့ဒီကို ..ဗေဒင်မေးမယ်ဆိုပြီး ရောက်လာတာဗျ… ဒါနဲ့ ဆရာမကြီးက ဘာလို့ကျွန်တော်တို့ကို ဗေဒင်မဟောတာလဲ ..”

ဟု ကျွန်တော်လည်း စကားနှိုက်မေးလိုက်ရာ

” ဒီလို ငါညီတို့ရ …ဆရာမကြီးကနေသိပ်မကောင်းလို့ ဗေဒင်မဟောတာပါ “

ဟု ပြန်ဖြေလေ၏။

” သြော်.. ဆရာမကြီးက နေမကောင်းဘူးကို…ဒါဆို အတော်ပဲဗျို့ .. ကျွန်တော်တို့က တိုင်းရင်းဆေးဆရာတွေပါ… ဒီက အကိုတို့ ခွင့်ပြုမယ်ဆိုရင် ဆရာမကြီးကို ဆေးကုသပေးပါရစေ “

ဟု ထိုလူကို ကျွန်တော်လည်း ပြောလိုက်၏။

” အဲ…အဲဒါက.. ဟိုလိုရှိတယ်ကွ…ငါညီတို့ရ..”

ဟု ထိုလူသည် စကားအား အစမရှိအဆုံးမရှိ ပြောလေ၏။ ကျွန်တော်လည်း ထိုလူ့အား

” မခင်မာချိုမှာဖြစ်ပေါ်နေတဲ့ ရောဂါတွေအားလုံးကို၊  ကျွန်တော် အကုန်ကုသပေးနိုင်ပါတယ်ဗျ.. ကိုစိုးသန်းကြီးရ.. “

ဟု ကျွန်တော်လည်း တည်ကြည်အေးမြသော အသံဖြင့်ပြောလိုက်လေရာ

” ဟာ… အစ်ကို့နာမည်ကိုပါ သိနေတယ်ဟုတ်စ ၊ နောက်ပြီး… “

” ကျွန်တော်က အကိုတို့ အခုကြုံနေရတဲ့ကိစ္စတွေကို ဖြေရှင်းပေးဖို့အတွက် ရောက်လာရခြင်းဖြစ်တယ် “

ဟု ကိုစိုးသန်းအား ပြောလိုက်ရာ

” ဒါဆို ငါ့ညီတို့က…လောကီဆရာတွေလား “

ကိုစိုးသန်း၏အမေးအား ကျွန်တော်လည်း

” ဟုတ်ပါတယ်ဗျာ..ကျွန်တော်တို့က..
လောကအလယ်မှာ သောကကြွယ်နေတဲ့
အပူသယ်တွေကို ကူညီကယ်တင်နေတဲ့ သူတွေဆိုပါတော့ဗျာ “

ဟု ဖြေလိုက်ရာ

” ဒါဆိုရင် အစ်ကို့်ကို ကူညီပါနော် “

ဟုပြောကာ ကျွန်တော်အား မခင်မာချိုအကြောင်းကို အသေးစိပ်ပြောပြလေသည်။ ကျွန်တော်လည်း ကိုစိုးသန်းအား အောက်ပါအတိုင်း ရှင်းပြလိုက်၏။

မခင်မာချို၏ ဗိုက်မှာ ကိုယ်ဝန်ရှိ၍သွေးရိုးသားရိုး ပူနေသည်မဟုတ်။
တစ်စုံတစ်ဦး၏ ပညာစက်ကြောင့် ပူနေရခြင်းဖြစ်ကြောင်း ၎င်း တစ်စုံတစ်ဦးဆိုသည်မှာ မခင်မာချိုအိမ်မက်ထဲ၌ လာလာပြီး နှစ်လုံးထီဂဏန်းများပေးနေသော ယောဂီရောင်ဝတ်လူကြီးပင်ဖြစ်ကြောင်း ၎င်း ယောဂီရောင်ဝတ်လူကြီးသည် မခင်မာချိုတစ်ယောက် ညောင်ပင်အောက်ကနေ
ကောက်ယူလာသော အဘဘိုးမင်းခေါင်ရုပ်တု၌ ကပ်ပါလာသော သူယောင်ကြီးပင် ဖြစ်ဟု ပြောပြလိုက်၏။

ကျွန်တော်တို့လည်း ကိုစိုးသန်းနှင့်အတန်ကြာအောင် စကားပြောပြီးနောက် မခင်မာချိုအား ဆေးကုသခြင်း စတင်လိုက်၏။

+++++++++++++

တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်၌

” ဟား..ဟား..ဟား..”

ဆိုသော လှောင်ရယ်သံမှာ ပျံ့လွင့်နေလေ၏။ ထိုအသံသည်ကား သစ်အိမ်ကြီးအတွင်းရှိ မခင်မာချိုထံမှ ထွက်ပေါ်လာခြင်းဖြစ်၏။

” ဦးစံလှ ခဗျားပညာစက်တွေကို.. ခဗျားပြန်ယူသွားပါ ၊ ဒီတနင်္လာသမီးကို ပြုစားထားတာတွေ အကုန်ပြန်ယူသွားပါ “

ဟု မင်းအောင်လည်း ပြောလိုက်ရာ သူယောင်ကြီးဦးစံလှ ဝင်ရောက်ပူးကပ်နေသော မခင်မာချိုမှာ တင်ပလ္လင်ခွေထချိတ်ကာ

” မင်းခိုင်းတိုင်း ငါက လုပ်ရမှာလားကွ…  မင်းလို မလောက်လေးမလောက်စား ဆရာပေါက်စ ကများ.. ဟား..ဟား “

ဟု ရီမောကာ လက်ခမောင်း ထခတ်ရောကျွန်တော်လည်း

” ဦးစံလှ …ဦးစံလှ ..၊ ခဗျား ရီဗျာ.. ဝအောင်သာ ရီထား..ဘာလို့ဆိုရင် ခဗျား ခနနေရင် ရီနိုင်မှာမဟုတ်တော့လို့ပဲဗျ.. ”

ဟု မင်းအောင်သည် ဒေါသစိတ်မဖြစ်ပဲ မခင်မာချိုထံဝင်ပူးနေသော သူယောင်ကြီးဦးစံလှအား ထိုသို့ပြောလိုက်၏။ ထိုအခါ ဦးစံလှမှ

” စံလှ ဘာကောင်လဲဆိုတာ… ပြရသေးတာပေါ့ “.

ဟုပြောကာ  ၎င်း၏လက်ဝါးအား  ဝှေ့ရမ်းလိုက်ရာ အိမ်ခေါင်မိုးအောက်ရှိ ထုတ်တန်းများမှာ ” ဝုန်းကနဲ ..ဖျောင်းကနဲ ” ဖြင့် ကျိုးပဲ့ကြေမွကာ အောက်သို့ ပြုတ်ကျလာသည်။ ထိုအခါ ၎င်းစံလှဆိုသူမှ မင်းအောင်အား ခနဲ့တဲ့တဲ့ နိုင်သောအကြည့်ဖြင့်ကြည့်ကာ

” ဘယ်လိုလဲ ဆရာလေး..၊ လန့်သွားပြီလား..”

” ခဗျားလုပ်ပြတဲ့အရာက…ကျုပ်အတွက်တော့ မျက်လှည့်တစ်ခု ကြည့်နေရယုံပါပဲဗျာ ”

ဟု ကျွန်တော်လည်း ပြန်ပြောလိုက်ရာ ထိုအခါ ဦးစံလှဆိုသူမှာ မျက်နှာပျက်သွား၏။

” ဒီမယ် ဦးစံလှ… ခဗျားဟာ လင်ရှိမယားကိုပြစ်မှားတဲ့အတွက် ကာမေသုမိစ္ဆာစာရာ ကံကိုမြောက်နေပြီ…အဲဒီတော့ ထိုက်တန်တဲ့အပြစ်ကို ခဗျား ခံပေတော့ ”

ဟု ပြောလိုက်ပြီး ကျွန်တော်လည်း

” ပဋ္ဌမံဆရာကြီး အဘအောင်နှင့်တကွ၊ လက်ယာကိုးသိန်း၊လက်ဝဲကိုးသိန်း ဆရာသခင်များသည်လည်း သားတပည့်ကြာသပတေးသား၏ ဦးခေါင်း၌တည်ပါစေသား…

အဘဆရာသခင်များ စုံလင်စွာကြွရောက်ပြီးပါက ..အဘဆရာများထံသို့ လင်ရှိမယားအားပြစ်မှားစော်ကားနေသော သူယောင်ကြီးဦးစံလှအား အပ်နှံပါ၏။ ဆရာသခင်များအနေနှင့် ဦးစံလှအား ရေခြားမြေခြားသို့ ပို့ပေးပါ။ ထိုက်သင့်သော ပြစ်ဒဏ်များလဲ ပေးသနားတော်မူပါ … “

ဟု တိုင်တည်လိုက်ရာ…

ကျွန်တော်၏ဦးခေါင်းအထက် အပေါ်ပိုင်းတွင်အလင်းရောင်များ ထွက်လာလေသည်။ ထိုအလင်းရောင်များကြားတွင် အပေါ်ဖြူအောက်ဖြူဖြင့် အခန့်သား တပလ္လင်ခွေထိုင်နေသော အဘဘိုးဘိုးအောင်အား ဖူးမျှော်လိုက်ရ၏။ ထို့နောက် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသော ပုဂ္ဂိုလ်နှစ်ဦးပေါ်လာလေ၏။ ထိုပုဂ္ဂိုလ်နှစ်ဦး၏လက်ထဲတွင် အဆူးတွေပါသော ကြာဆူးကြာပွတ် တစ်ချောင်းစီ ပါရှိ၏။ ခန၌ ” ရွှီး..ဖြန်း ..ဖြန်း.. ” ဆိုသောအသံနှင့်တူ အဆူးများပါရှိသော ကြာဆူးကြာပွတ်သည် ဦးစံလှကိုယ်ပေါ်သို့ကျရောက်သွား၏။

” အဲမယ်လေး သေပါပြီဗျ…ကြောက်ပါပြီဗျ “

ဟု အော်ကာ သူယောင်ကြီးဦးစံလှဝင်ပူးနေသော မခင်မာချိုမှာ လူးလှိမ့်နေ၏။ ထိုအခါ ကျွန်တော်လည်း

” ဦးစံလှ…ခဗျား မခင်မာချိုအပေါ်  ပြုစားထားတဲ့ အရာတွေကို  ခဗျားပြန်ယူသွားပါ ” ဟု ပြောလိုက်ရာ

” ကောင်းပါပြီ…ကျုပ်ပြန်ယူသွားပါ့မယ် ”

ပြောသဖြင့် ကျွန်တော်လည်း ထွေးခံတစ်ခုအား ယူပေးလိုက်၏။ မခင်မာချိုလည်း ၎င်းထွေးခံအတွင်းသို့ တဝေါ့ဝေါ့ဖြင့် အန်ချလိုက်သည်။ အန်ချသောအရာများမှာ နီညိုရောင် ပြစ်ချွဲချွဲ အရည်များပင်ဖြစ်သည်။
ထိုသို့ အန်ပြီးသောအခါ၌  မခင်မာချို၏ခန္ဓာကိုယ်မှ ထွက်ခွာသွားလေရာ အသင့်စောင့်နေသောပုဂ္ဂိုလ်နှစ်ဦးက သူယောင်ကြီးဦးစံလှအား ကြာဆူးကြာပွတ်ဖြင့် ချည်နှောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားလေ၏။

ထို့နောက် မခင်မာချိုအား သူယောင်စက်ဖြတ် စမတစ်ချပ်အား ရေစိမ်ကာတိုက်လိုက်သည်။ ကိုစိုးသန်းတစ်ယောက်ကတော့ ကျွန်တော်တို့ပရောဂါကုသနေပုံကို ဘေးကနေ တအံ့တဩငေးမောကြည့်နေ၏။

” ကဲ …ပူနေတဲ့ဗိုက်ရှိသေးရဲ့လား မခင်မာချို “

ဟု ပြောလိုက်ရာမခင်မာချိုတစ်ယောက်လည်း မိမိရဲ့ဝမ်းဗိုက်အားစမ်းကြည့်လိုက်ရာ ” ဟာ.. ” ဆိုသောအသံနှင့်အတူ အင်မတန်ဝမ်းသာသွား၏။ မိမိဝမ်းဗိုက်မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားသောကြောင့် ဖြစ်၏။

” ဝမ်းသာလိုက်တာရှင်… အမရဲ့ ပူနေတဲ့ဗိုက်က မရှိတော့ဘူး…ဒီက ဆရာလေးတို့ကို ကျေးဇူးတင်လိုက်တာ ရှင် ”

ဟုပြောကာ မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား ထိုင်ကန်တော့၏။

” ရပါတယ်ဗျာ… မခင်မာချို ကျေးဇူးတင်ချင်ရင် အထက်ဝိဇ္ဇာဆရာကြီးတွေကိုသာ ကျေးဇူးတင်ဗျို့… ကျွန်တော်တို့ကို ဆရာသခင်တွေလွှတ်လို့ ဒီကိုရောက်လာရတာပဲ..”

” ဟုတ်ကဲ့ပါရှင်… အစ်မကလေ အထက်ဝိဇ္ဇာဆရာကြီးတွေကို အရမ်းယုံကြည်တာအဲဒါကြောင့်လဲ အဘဘိုးမင်းခေါင်ရုပ်တုကို အိမ်မှာပူဇော်ခဲ့တာပေါ့..”

ဟု အားငယ်သောပါသော လေသံဖြင့် ပြောလေသည်။

” ဒီလိုရှိတယ်ဗျ… ဝိဇ္ဇာကြီးတွေရဲ့ရုပ်တုတွေကို ကိုးကွယ်မယ်ဆိုရင် ရုပ်တုအသစ်ကိုသာ ကိုးကွယ်သင့်တယ်ဗျ.. ဘာလို့ဆိုရင် ညောင်ပင်အောက်တို့ အခြားသောနေရာတို့က အစွန့်ခံထားရတဲ့ ရုပ်တုတွေမှာ သူယောင် ဒါမှမဟုတ် လမိုင်း
တွေက မှီမြန်းပြီး နေတတ်ကြတယ်ဗျ “

ဟု ကျွန်တော်လည်း ပြောပြလိုက်၏။

” သူယောင်ဆိုတာ.. ဘယ်လိုပုဂ္ဂိုလ်မျိုးကိုပြောတာလဲ.. ဆရာလေး ”

ဟု ဘေးတွင်ထိုင်နေသော ကိုစိုးသန်းမှ စိတ်ဝင်တစား ဝင်မေးရာ ကျွန်တော်က

” ဒီလိုဗျ ကိုစိုးသန်းရ.. လောကီဆရာတွေသေခါနီး အစွဲလမ်းကြီးရင် နောက်ဘဝကျရင် သူယောင်ဖြစ်တာပေါ့ဗျာ…တကယ်တော့သူယောင်ဆိုတာက အသူရကယ်ဘုံထဲကပါပဲ…ဒါပေမဲ့ သူ့မှာက လူ့ဘဝတုံးကကျင့်ကြံခဲ့တဲ့ ဆေးစွမ်း၊ အင်းစွမ်း၊သမထအစွမ်းတွေကြောင့် သိဒ္ဒိ၊မဟိဒ္ဒိတွေက မြင့်မားတယ်လေ… အတွင်း၃၇မင်းအပြင်၃၇မင်းနတ်တွေကိုတောင် နိုင်နင်းကြတယ်ဗျ.. နောက်ပြီး သူယောင်မှာက ဘုန်းကြီးသူယောင်၊ဆေးသူယောင်၊ ကာမေသုသူယောင်ရယ်လို့ ရှိကြတယ်.. ”

ဟု ကျွန်တော်လည်း ကိုစိုးသန်းအားရှင်းပြလိုက်၏။

” သြော်..ဆရာလေးပြောပြမှပဲ သိရတော့တယ် … အခု ကျွန်တော့အမျိုးသမီးကို နောင့်က်ယှက်တဲ့ သူယောင်ကြတော့ ကာမေသုသူယောင်ပေါ့နော် “

” ဟုတ်တယ် ကိုစိုးသန်း..သူယောင်ကြီးဦးစံလှက  ဒီအိမ်ရောက်တော့ သူ့ကိုသူ အထက်ဝိဇ္ဇာအယောင်ဆောင်ပြီး မခင်မာချိုကိုအိမ်မက်ပေး၊ဗေဒင်ဟောလို့ရအောင်ကူညီနဲ့…နောက်တော့… ” ဟုပြောကာ ကျွန်တော်လည်းစကားစဖြတ်လိုက်တော့

” နောက်တော့ ဘာဆက်ဖြစ်လဲ စကားဆက်ပါအုံးဆရာလေးရ…” ဟု ကိုစိုးသန်းမှ စိတ်ဝင်တစားမေးလေ၏။

” နောက်တော့ ကိုစိုးသန်းမရှိတုံး… မခင်မာချိုကိုအိပ်ငွေ့ချပြီး အိပ်ယာထဲ ဝင်အိပ်တော့တာပေါ့ဗျာ..၊ ကာမေသုသူယောင်တွေရဲ့ထူးခြားတဲ့စွမ်းအင်လို့ပြောရမယ်ဗျ ..လူသားမိန်းမတွေနဲ့ မေထုံအမှုကို ပြုလုပ်နိုင်တယ်လေ… ဒါပေမဲ့ သူယောင်ဆိုတာကလည်း.. နာမ်တရားပဲရှိတဲ့အတွက် သန္ဓသေားမရနိုင်ပါဘူး… ဗိုက်ပူလာအောင်က သူတို့ပညာစက်နဲ့ သက်သက်လုပ်ထားတာဗျ “

” သြော် အဲသလိုကိုး.. ဒါနဲ့ဆရာလေး သူကဘာဖြစ်လို့ ဗိုက်ပူလာအောင်လုပ်ရတာလဲ “

ဟု ဘေးတွင်ထိုင်နေသော မခင်မာချိုမှ ဝင်မေးလိုက်ရာ

” ဒီလိုဗျ မခင်မာချိုရ..အခုလိုဗိုက်ပူလာတော့ မခင်မာချိုတို့လင်မယား စကားများရန်ဖြစ်၊ နောက်ဆုံးကွဲကြတယ်ဆိုပါတော့ဗျာ အဲဒီကြမှ သူယောင်ကြီးက မခင်မာချိုအနားမှာ အချိန်ပြည့် တွယ်ကပ်နေနိုင်မှာလေ “

” သြော်.. တယ်လဲ..ကြောက်စရာကောင်းပါလားနော် … “

# ပြီး #

ရေးသားသူ= ပိုင်လေး (မအူပင်မြေ)

# သတ္တဝါတစ်ခု ကံတစ်ခု #

ဤဇာတ်လမ်းလေးသည် ကျွန်တော်စာရေးသူပိုင်လေး(မအူပင်မြေ)မှ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုအား အခြေခံကာ ဖော်ကြူးရေးသားထားသည်။

သို့ဖြစ်ပါသောကြောင့် စာဖတ်သူများအနေဖြင့် ဗဟုသုတ ရစေရန်အတွက် ရည်ရွယ်ပြီးရေးသားတင်ဆက်လိုက်ပါသည်။

တစ်စုံတစ်ရာ အမှားအယွင်းပါခဲ့ပါက စာရေးသူ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။

စာဖတ်သူများ အားလုံးစိတ္တသုခ၊ကာယသုခ နှစ်ဖြာသောသုခများဖြင့် ပြီးပြည့်စုံနိုင်ကြပါစေလို့ ကျွန်တော်စာရေးသူ ပိုင်လေး(မအူပင်မြေ) မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဤ စာမူအား စာစစ်ပေးခြင်း၊ပို့စ်တင်ပေးခြင်း ပြုလုပ်ပေးပါသော အခွန်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။