မစ္ဆရိယ၏နောက်ကွယ်

“မစ္ဆရိယ ၏နောက်ကွယ်”📖📖📖

******************************

          “မုန်းတီးခြင်းသည် အနည်ထိုင်နေသော ဒေါသ”
ဟု ဆီစာရိုက ဆို၏။ထိုသို့ ဆိုလျှင် မနာလိုဝန်တိုသော မစ္ဆရိယ စိတ်သည်ကား မုန်းတီးခြင်း၏ အစပင်ဖြစ်ချေ လိမ့်မည် ဟုထင်ပါသည်။အကြောင်းမူ လူတစ်ဦးနှင့်
တစ်ဦး ဥစ္စာချင်း ပြိုင်၊ပကာသနချင်း ပြိုင်၊မာန်မာနချင်း
ပြိုင်။ဟော မနိူင်တော့ ကိုယ့်ထက်သာ မနာလို ဆိုသော
စကားလို မနာလိုရှုစိမ့်ဖြစ်ကာ နောက်ဆုံးတွင် မုန်းတီး
၍ အမျိုးမျိုး မကောင်းကြံတတ်ကြလေတော့သည်။ထို
စကားအား အကြောင်းမဲ့ ပြောခြင်းမဟုတ်ပါ။စာရေးသူ
ကျွန်တော် တောင်ကြီးမြို့သို့ သွားခဲ့စဉ်က တွေ့ဆုံခဲ့ရ သော ဆိုင်ရှင် အသိမိတ်ဆွေအကြောင်း ကြားရသည်မှာ ကြက်သီးပင် ထစရာကောင်းလှပါသည်။

          စာရေးသူ ကျွန်တော်တို့ တောင်ကြီးနှင့်ဟိုပုန်းမြို့
ကြားရှိ လေးမိုင်ကားကွင်းတွင် သွားရောက်လုပ်ကိုင်ခဲ့စဉ်
က ခင်မင်ခဲ့ကြခြင်း ဖြစ်သည်။စရောက်ရောက်ချင်း တောင်ကြီးမြို့၏ အေးစိမ့်မှုက ဆီးကြိုနေသည်။ အပူပိုင်း ဒေသမှ ကျွန်တော်တို့အဖို့ ခံနိူင်ရည်မရှိသဖြင့် နီးစပ်ရာ ကော်ဖီဆိုင်သို့ အပြေးသွားကာ ကော်ဖီ၊ရှမ်းခေါက်ဆွဲ စသည်ဖြင့် အသီးသီးမှာယူပြီး ရေနွေးခပ်ပူပူကို အငမ်းမရ သောက်ကြရင်း အအေးဓာတ်ဖြေကြရသည်။စားသောက် ပြီး အချမ်းပြေတော့မှ ဆိုင်ရှင်တွေကို ကြည့်မိတော့ ကျွန်တော် တို့ကို ကြည့်ကာသဘောကျနေကြသည်။ ဆိုင်က မကြီးမသေးဆိုတော့ ဆိုင်ရှင်လင်မယားနှင့် အမျိုးသမီးငယ်  တစ်ယောက်သာ ရှိသည်။

           “တစ်ခါမှ မရောက်ဖူးကြဘူး ထင်တယ်နော်”
ဆိုင်ရှင်အမျိုးသမီးက ခပ်ပြုံးပြုံး စကားဆိုတော့
ကျွန်တော့် အကိုမှ-
“ဟုတ်တယ်..အမရေ၊အေးလိုက်တာ “သွေးခဲမ
တတ်အေးတယ်” ဆိုတာ အခုမှပဲ ခံစားဖူးတာဗျ”
“ဆောင်းတွင်းနဲ့ တိုက်နေလို့ပါ ငါ့မောင်ရယ်၊
အမတို့လည်း ရောက်ကာစတုန်းက ဒီလိုပါပဲ နောက်တော့
လည်းနေသားကျသွားမှာပါ”
သူ. သဘောကျစွာပြောလိုက်တော့မှ သတိထားမိ သည်။ဟုတ်ပါ၏။ကျွန်တော်တို့ ရောက်လာတာ ဒီဇင်ဘာ
လ၊အအေးဆုံးသော လပေပဲ။

           နောက်နေ့များတွင်တော့ မနက်စာ ထိုဆိုင်မှာပဲ
စားဖြစ်ကြသည်။နေ့လယ် နေ့ခင်းတွင် အခြားသူများက
အိပ်စက်ကြသည်။တစ်နာရီ အလုပ်စကာနီးမှ ကော်ဖီ
သောက်ကာ လုပ်ငန်းခွင်ဝင်ကြသည်။ကျွန်တော်ကတော့
နေ့လယ်ဘက် အိပ်လေ့မရှိတာကြောင့် ထိုဆိုင်သို့ သွားကာ
စကားလက်ဆုံကျလေ့ရှိသည်။ထိုဝန်းထဲတွင် ဆိုင် လေး ငါးဆိုင် ရှိသော်လည်း သူတို့ဆိုင်က အားပေးသူ များသည်။ သူတို့ လင်မယားကလည်း အလွန်ဖော်ရွေပြီး စကားပြောကောင်းတာက တစ်ကြောင်း ခင်မင်လာတာက တစ်ကြောင်းကြောင့် ၊တစ်နေ့တော့ ကျွန်တော် စလိုက်မိသည်။

        “အမတို့ ဆိုင်ကလူဝယ်များတယ်နော်၊များဆို စကား
ပြောကကောင်း မျက်နှာက ချိုဆိုတော့ ရောင်းရတာ
လက်ရော လည်ရဲ့လား ပိုက်ဆံတွေတော့ ထားစရာ ရှိမှာ
မဟုတ်တော့ဘူး”
“ဒါကတော့ ငါ့မောင်ရယ်၊စျေးရောင်သူမှ မဟုတ်ဘူး
ဘယ်သူပဲဖြစ်ဖြစ် အပြောချိုတော့ကောင်းတာပေါ့၊လူချစ်
အောင်နေရတာ မလွယ်ပေမယ့် လူမုန်းအောင်နေဖို့က
အရမ်းလွယ်တာ”
“လူချစ်ခင်ဖို့ တစ်ယောက်ချင်း လိုက်ပေးကျွေးရင်
တောင် တချို့က ဖားတယ်ထင်ကြပြန်တယ်၊အဲ မုန်းဖို့ကျ
တော့ အခုလမ်းပေါ် ထွက်ဆဲ ခဏလေးပဲလေ”
ထိုအမ ပြောတာ ကျွန်တော်သဘောကျ၍ ရယ်မိ
သည်။ဒါကိုပဲ သူကဆက်၍-
“မရယ်နဲ့ ငါ့မောင် အမှန်ပြောတာ၊ပြီးတော့ ကိုယ့်မှာ
ရှိတာလေး ဝတ်စားရင်တောင် ကြွားတယ်ထင်ပြီး ပြောကြ
ပြန်တယ်၊မရှိသလို နေတာကောင်းပါတယ် ငါ့မောင်ရယ်
တော်ကြာ သူများစိတ်မြင်ရတာ မဟုတ်ဘူးလေ၊ကိုယ့်ကို
ဘယ်သူက မနာလိုမှန်း ဘယ်သိမလဲ”
“အမရယ်..ကိုယ့်ရှိလို့ ကိုယ်ဝတ်တာပဲ၊ဘာဖြစ်
လို့လဲဗျ”
ကျွန်တော် ထိုသို့ပြောလိုက်တော့ ဆိုင်ရှင်အမက
အနားလာထိုင်ပြီး-
“အမလေး…ငါ့မောင်ရယ်၊ကြောက်လွန်းလို့ပါ၊ကိုယ့်
မရှိတုန်းကတောင် မနာလိုဖြစ်ပြီး အလုပ်ခံရတာ ကြောက်
လှပါပြီ အမတို့လက်တွေ့ပဲ”
“ဟုတ်လား အမ၊ပြောပြပါလား”
ကျွန်တော်စိတ်ဝင်စားတာကို ရိပ်မိသောကြောင့်
သူ့ယောကျာ်းကို တစ်ချက် မေ့ငေါ့ပြကာ-
“မင်း..အကိုကြီးလေ၊ကြည့်ပါလား ခုမှ နာလန်ထ
တာ ၃ လပဲရှိသေးတယ်”
ဟုတ်သည်။ဆိုင်ရှင်အကိုကြီး၏ ပုံစံက အလုပ်မ
လုပ်ရသောကြောင့် အသားအရေလတ်နေပေမယ့် လူပုံ
က ရောဂါတစ်ခုကို အပြင်းအထန် ခံစားထားရသည့်ပုံ။
“အကိုက ဘာဖြစ်တာလဲ အမ ပြောပြပါလား
ကျွန်တော် သိချင်လို့ပါ”
“အေးပါ..မကြီးလည်း ပြောပြချင်နေတာ” ဟု အစ
ချီကာ သူတို့ အကြောင်းကို ပြောပြလေတော့သည်။
****************************
သူ့နာမည် ကိုထွန်းလှ။မိန်းမက မလှရီ။စနေ ဗုဒ္ဓဟူး
ရူးတောင် ထမင်းမငတ် ဆိုသလို အိမ်ထောင်ကျသည်မှာ
ဆယ်နှစ်ကျော် ကြာလာပြီး သားနှစ်ယောက် သမီးတစ်
ယောက် ရသည်အထိ အပူအပင်မရှိ ကြောင့်ကြမဲ့ နေခဲ့
ကြရ၏။ ကိုထွန်းလှက အသောက်အစား မရှိသလို အလုပ် ကြိုးစားသောကြောင့်လည်း ဖြစ်မည်ထင်ပါသည်။
ကွမ်း
ယာပိုတော့ သူကြိုက်သည်။ သူတို့
နေထိုင်တာက လှိုင်သာယာမြို့ ကျန်စစ်သား ရပ်ကွက်တွင်
ဖြစ်သည်။သူ့အလုပ်က ဆောက်လုပ်ရေး ကန်ထရိုက်တာ
တစ်ယောက်ထံတွင် ခေါင်းဆောင်တစ်ဦး။အလုပ်
ကြိုးစားသလို လုပ်ငန်းကျွမ်းကျင်မှုရှိသောကြောင့် ခေါင်း
ဆောင် နှစ်ဦးရှိရာတွင် သူ့ကို ပိုအားကိုးသည်။လုပ်ငန်းတွင်
အမြတ်အစွန်း များများရလျှင် ကိုထွန်းလှကို အစုသဘော
ဖြင့် ငွေပိုပေးတတ်သည်။ဒါကလည်း အခြားသော အလုပ်
သမားတွေ မသိအောင်ပေးခြင်းဖြစ်သည်။

           တစ်နေ့တော့
သူတို့ လုပ်ကွက်ပေါ်ရာ နေပြည်တော်သို့ ခရီးထွက်ခဲ့ကြရ
သည်။ကန်ထရိုက်တာနှင့် သူတို့ ခေါင်းဆောင်နှစ်ဦး အပါ
အဝင် အားလုံး ၁၈ ယောက်။သို့သော် ၆ရက်ခန့်အကြာ
ကိုထွန်းလှ   အိမ်သို့ပြန်ရောက်လာသည်။တရှောင်ရှောင်
နှင့်မေးမရပြုမရနှင့်ရှိနေလေ၏။ရှိသမျှဆေးရုံဆေးခန်း
ပြသော်လည်း တီဘီလား၊ဘာလား မသိရ။သွေး၊သလိပ်
အစုံစစ်သော်လည်း ရောဂါရှာမတွေ့။သို့သော် တီဘီဆေး
ကိုတော့ သောက်ရသည်။ရောဂါလက္ခဏာ ရှိ၍ဟုဆို၏။
အလုပ်ကပျက်၊ကလေးတွေ ကျောင်းတစ်ဖက်နှင့်
ဗျာများနေသော ဇနီးသည်ကိုကြည့်ကာ ကိုထွန်းလှ တစ်
ယောက် စိတ်မကောင်းဖြစ်မိသည်။

           “မိန်းမ.  ငါသေသွားရင်ကောင်းမယ်နော် ”
အားနဲသည့်ကြားက ဆိုလာသည့် ခင်ပွန်းကို
ကြည့်ရင်းမလှရီ ငိုမိသည်။လူက အရိုးပေါ်အရေတင်နေ
သောကြောင့် လူနှင့်ပင်မတူတော့ချေ။
“မဟုတ်တာ ယောက်ျားရယ် ကျွန်မတို့ အခု
မြန်မာနိူင်ငံက ပါမောက္ခ ဆရာဝန်ကြီးနဲ့ သွားပြကြမယ်
အဲဒီအခါ အဖြေသိရမှာပါ”
ဒါက သူ့အတွက် နောက်ဆုံး အဖြေ။တခြားစကား
ဆိုစရာ မရှိတော့။ပတ်ဝန်းကျင်မှ အကြံပေးသောကြောင့်
ပါမောက္ခကြီးဆီသို့ တိုက်ရိုက် သွားပြကြည့်ကြသောအခါ
ဆရာဝန်ကြီးမှ-
“တီဘီ ဆေးဘယ်သူသောက်ခိုင်းတာလဲ၊လူနာက
လူနာပဲ ဒါပေမယ့် ဘာရောဂါမှ မရှိဘူး၊အဲဒီဆရာဝန်တွေ
တရားစွဲချင်သလားပြော ဆရာလုပ်ပေးမယ်”
“မလုပ်ချင်ပါဘူး ဆရာကြီးရယ်၊ကျွန်မယောက်ျား
ဘာဖြစ်နေတယ်ဆိုတာရယ် ဘာလုပ်ရမလဲဆိုတာရယ်ပဲ
အကြံပေးစေချင်ပါတယ်”
အတွေ့အကြုံရော ပညာရော ပြည့်စုံသော
ဆရာဝန်ကြီးက-
“ဘာရောဂါမှ မရှိဘူး၊ဒါပေမယ့် မြန်မာ ပယောဂ
ဆရာနဲ့ ဖြစ်ဖြစ် ဆရာတော် တစ်ပါးဖြစ်ဖြစ် ပြကြည့်တာ
ပိုကောင်းလိမ့်မယ်၊အဲဒီ တီဘီဆေးတွေ မသောက်နဲ့တော့
ဆရာ အကြံပေးချင်တာ ကူညီနိူင်တာ ဒါပါပဲ”
“ကျေးဇူး တင်ပါတယ် ဆရာကြီးရယ် ပြန်ခွင့်ပြုပါ
အုံးနော်”
“အေး..အေး အဆင်ပြေကြပါစေကွယ်”
အိမ်ပြန်ရောက်တော့ နီးစပ်ရာ အသိများထံစုံစမ်း၍
ရွှေရင်ကျော် ဂိုဏ်းမှ အဘတစ်ဦးကို ပင့်ခေါ် စစ်ဆေး
ကြည့်သည်။ဆရာက အိမ်ဝအဝင်ရောက်တွင် လက်ထဲမှ
ဆန်မန်း တချို့အား ပက်ဖြန်းလိုက်တော့ အိပ်ယာထဲမှ
ကိုထွန်းလှ ထထိုင်လေသည်။

           “အား…ပူတယ်..ပူတယ်”
အားလုံး လန့်သွားသည်။အသံက ကိုထွန်းလှ အသံ
မဟုတ်ဘဲ အခြားသောသူ တစ်ယောက်အသံ။
“သမီးရေ ပယောဂမှန်တယ်၊ဘုရားစင်ရှေ့
ကန်တော့ပွဲပြင်ပေတော့”
“ဟုတ် အဘ”
ချက်ချင်း စျေးထဲသွားကာ ဝယ်ရသည်။အိမ်နီး
ချင်းများကလည်း လာ၍ကူညီကြသည်။ဘုရားစင်ရှေ့
အဘကထိုင်ကာ ကိုယ်တိုင် ပူဇော်သည်။ထို့နောက်-
“ယခု စနေသားအား နှောက်ယှက်နေသော
သူ အမြန်ဝင်ရောက်စေ”
ကိုထွန်းလှ ဘုရားစင်ရှေ့ ရောက်လာသည်။သို့
သော် ရပ်၍သာနေသည်။ထိုအခါ ဆရာအဘမှ-
“ဘုရား ဝတ်ပြုလေ”
မလှုပ်မယှက် ခေါင်းငုံ့နေသည်။

          “မင်း ဘယ်သူလဲ ဘာကြောင့် ဒီစနေသားကို
ဒုက္ခပေးရတာလဲ”
ဘာမှ ပြန်မပြော။ထို့ကြောင့် ဆရာမှ လက်ထဲတွင်
ကိုင်ထားသော ကြိမ်လုံးလေးဖြင့် ချိန်ရွယ်ရင်း နှုတ်မှ
ခပ်တိုးတိုး ရွတ်ဆိုလိုက်ရာ-
“အား..!!!
“ပူတယ်..ပူတယ် မလုပ်ပါနဲ့”
“မင်း ဘယ်သူလဲ၊ဘယ်ကလဲ ဘာကြောင့် လုပ်ရ
တာလဲ ဖြေ ဘုရားအရင် ရှိခိုး”
ကိုထွန်းလှ ခပ်ကျုံ့ကျုံ့ထိုင်ကာ ဘုရားဝတ်ပြုသည်။
“ငါတို့က မေတ္တာနဲ့ပဲ ဆက်ဆံချင်တယ်၊အဲဒီတော့
မေးတာကို အေးအေးဆေးဆေး ဖြေပေးပါ”
အသံက သူ့အသံမဟုတ်သော တခြားလူအသံဖြင့်-
“နေပြည်တော်ကပါ၊သူ့ကို မနာလိုလို့ လုပ်ခိုင်းတာ
ပါ၊အသေ လုပ်ခိုင်းတာ သူ့မှာ စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်
ရှိနေလို့ အခုထိ အသက်ရှင်နေတာ”
“ဘယ်သူက လုပ်ခိုင်းတာလဲ”
“အဲဒါ ပြောလို့ မရပါဘူး၊သူသိမှာပါ”
“ဒါဖြင့် ဘာနဲ့ လုပ်သလဲ”
“ကွမ်းယာနဲ့ပါ”
“ဒီလို လုပ်တာ မကောင်းဘူး သိရဲ့လား၊အဲဒီတော့
မင်းရဲ့ ပညာတွေနဲ့ ပယောဂတွေ ပြန်နှုတ်ပေးဖို့ မေတ္တာရပ်
ခံချင်တယ်”
“ဟုတ်ကဲ့ လုပ်ပေးပါ့မယ်”
ထိုလူ ထွက်သွားတော့ ကိုထွန်းလှ မေ့လဲသွားသည်။ထို့ကြောင့် အိပ်ယာထဲ ပြန်ပို့ထားပြီး-
“ကဲ..သမီးရေ အဘစီစဉ်စရာ ရှိတာ စီစဉ်ပေး
ခဲ့မယ်၊ဘုရားတရား များများလုပ်ခိုင်းပါ”
“ဟုတ်ကဲ့ပါ အဘ”
ခဏနေတော့ ကိုထွန်းလှ သတိရလာသည်။

         “ယောက်ျား ဘယ်လိုနေသေးလဲ”
“ဘာမှတော့ မဖြစိပါဘူဲး၊ဗိုက်ဆာတယ် ထမင်းစား
လို့ရလား”
“ရတာပေါ့ အကုန်စားလို့ရတယ်တဲ့”
တစ်မိသားစုလုံး ပျော်နေကြသည်။၃ ရက်လောက်
ကြာတော့ လမ်းလျှောက်နိူင်လာသည်။
“ကိုထွန်းလှ… နေပြည်တော်မှာ ဘယ်သူ့ဆီက
ကွမ်းယာ စားခဲ့သေးလဲ”
“ကို မင်းသူ ဆီကပဲ စားခဲ့တယ်၊တခြားလူတွေက
ငါကပဲကျွေးရတာ သူက ခေါင်းဆောင်ဆိုတော့ လာကျွေး
တာနဲ့ စားလိုက်မိတာ ဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲ ရှင့်ကို မနာလိုလို့ လူပြုစားခံရတာ
ဘယ်လိုလုပ်တာထင်လဲ”
“မသိဘူးလေ ဘယ်လိုလုပ်တာတုန်း”
“ရှင့်ကို ကွမ်းယာ ကျွေးပြီးလုပ်တာတဲ့လေ”
“ဟေ”
ကိုထွန်းလှ အသံထွက်အောင်ကိုပင် အံသြသွားရ
လေသည်။သူ ဘယ်လိုမှ ထင်မထားသော ကိစ္စဖြစ်နေ၍
မျက်လုံးပင် ပြူး၍သွားရ၏။
“ဟုတ်လို့ပေါ့ ကိုထွန်းလှရယ်၊ရှင် ဘယ်ဆေးတွေ
ဘယ်လိုကုကု ရခဲ့လို့လား၊တော်သေးတာပေါ့ ဟိုဆရာဝန်
ကြီးက တော်တော်နားလည် တတ်ကျွမ်းလို့သာပဲ နို့မို့ဆို
ရှင် တီဘီဆေး သောက်ရလွန်းလို့ သေမှာပဲ”
“အေး ဟုတ်တာပေါ့ နေကောင်းရင် သွားကန်တော့
ရအောင်လေ ဟိုအဘကိုရောပေါ့”
ကွမ်းယာ ကြိုက်တတ်သော ကိုထွန်းလှ ကွမ်းယာ
စားရမှာ ခပ်လန့်လန့် ဖြစ်သွားသည်။တစ်လခန့် ကွမ်း ယာကို ရှောင်လိုက်သေးသည်။သို့သော် နေပြန်ကောင်းပြီး နှစ်လကြာတော့ ပြန်စား၏။သိုပေမယ့် သူ့မိန်းမ မလှရီ အိမ်က
ထုပ်ပေးသော ကွမ်းယာကုန်လျှင် အခြားသောမည်သည့် ကွမ်းယာကိုမျှ သူမစားတော့ချေ။

************
စိတ်ရှည်လက်ရှည် ရှင်းပြရ၍ မောသွားဟန်ဖြင့်
ရေတစ်ခွက်ထသောက်သည်။ပြီးမှ-
“အဲဒါပါပဲ ငါ့မောင်ရေ လူတွေရဲ့ အတွင်းစိတ်ဓာတ်က
မမြင်ရတော့ အရမ်းကြောက် ဖို့ကောင်းတယ် ဒါကြောင့်
စကားကိုလည်း ချိုချိုသာပြောတယ်၊အနေအထိုင်လည်း
ဆင်ခြင်ရတာပေါ့”
တစ်ခွန်းမှ ဝင်မပြောသော ဆိုင်ရှင် အကိုမှ-
“ဟုတ်တယ် ညီလေးရေ အကိုဆို ထင်ကိုမထားတာ
ကိုယ့်ကို မနာလိုမှန်း ဘယ်သိပါ့မလဲ”
“ဟုတ်တာပေါ့ အကိုရယ်၊ဒါနဲ့အဲဒီလူ လုပ်တာသေချာတယ်ဆိုတာ အကို ဘယ်လိုသိရတာလဲ”
“သူနဲ့က ခေါင်းဆောင် တွေဆိုတော့ သိရတာပေါ့
လက်အောက်ငယ်သားတွေ ပြောကတည်းက အကိုရိပ်မိ
ပါတယ် အခုလို လုပ်မယ်တော့ ထင်မထားဘူးပေါ့”
“ကန်ထရိုက်တာက အစစအရာရာ အကို့ကို အား
ကိုးတယ်လေ၊စိတ်လည်းချတယ် ပိုက်ဆံမြတ်ရင်လည်း
မသိမသာခေါ်ပေးတယ်၊ စေတနာ ရောင်ပြန် ဟပ်တာပေါ့
ကွာ၊အဲဒါကို သူတို့လင်မယားက ဖားတယ် ဘာညာဆိုပြီး
မနာလိုဖြစ်ကြတာပေါ့”
“နောက်တော့ သူတို့လင်မယားလည်း ကန်ထရိုက်က
အလုပ်ဖြုတ်လိုက်တယ်လေ၊အဲဒီတော့မှ လာတောင်းပန်
ကြတာပေါ့၊ အကိုတိုက ခွင့်လွှတ်ပါတယ်၊အခု သားတွေ
သမီးတွေကိုလည်း စကားကို ချိုချိုသာသာ ပြောအောင်
အနေအထိုင် ယဉ်ကျေးအောင် သင်ခန်းစာ ပေးပြီးပြောပြ
ရတာပေါ့”
“သြော် ဟုတ်ကဲ့ပါ၊အခုလို စိတ်ပါလက်ပါ ပြောပြ
ပေးတဲ့ အကိုနဲ့ အမကို ကျေးဇူးတင်ပါတယ်၊အလုပ်စတော့
မှာမို့ ကျွန်တော့်ကို ခွင့်ပြုပါအုံး”
“အေး..အေး ငါ့ညီရေ၊ဘာလုပ်လုပ် ဘာပဲပြောပြော
သတိနဲ့ ဆင်ခြင်ပြောပေါ့၊သူများစိတ်ကို ကိုယ်ကမြင်ရတာ
မှ မဟုတ်တာ၊လိုသူတွေ ရှိသလို မလိုသူတွေ ရှိနေတတ်တယ်ဟေ့”
“ဟုတ်ကဲ့ပါ အကိုရေ၊သွားပြီဗျ”
စာရေးသူ အလုပ်စတော့မှာမို့ လုပ်ငန်း ခွင် ရှိရာသို့
ပြန်လာခဲ့သော်လည်း စိတ်ထဲတွင်ကား မနာလိုဝန်တို
တတ်သော အတွင်း မစ္ဆေရိယစိတ် ကြောက်မက်ဖွယ်
ကောင်းပုံနှင့် နောက်ဆက်တွဲ ကြောက်ဖွယ်ကောင်းပုံကို
တွေးရင်း လူလူချင်း မုဒိတာ ပွားနိူင်ကြပါစေ ဟုသာ
ဆုတောင်းပေးနေမိတော့သည်။

မှတ်ချက်။   ။နေရပ်နှင့် အမည်များ လွှဲပြောင်းထားပါ
သည်။ဖြစ်ရပ်မှန်ပြောပြပေးသော အကိုနှင့် အမအား
အထူးကျေးဇူး တင်ရှိပါသည်။

                             လကာင်္ဒီပ ( ဆလိုင်း )