မနှင်းဖြူလူပေလော

*စုန်းထီးကြီးဦးဘသာနှင့် မနှင်းဖြူလူပေလော*📖📖📖

************************************************

(၁)
“ဟာ အလတ်ကောင်၊ စောစောစီးစီး ရောက်လာပုံထောက်တော့ ကိစ္စတော့ထူးပြီထင်တယ်”
ဦးဘသာအိမ်ထဲကို ကျုပ်လှမ်းဝင်လိုက်တော့ ဦးဘသာက အိမ်ရှေ့ရေအိုးနားမှာ ဆောင့်ကြောင့်ထိုင်နေပြီး လက်ထဲမှာဆားတစ်ပုံပုံလို့ သွားတိုက်ဖို့လုပ်နေတယ်၊ ကျုပ်လည်း စိတ်ညစ်ညစ်နဲ့ ဦးဘသာတို့အိမ်အတက်အဆင်း လှေကားနားမှာထားတဲ့ သောက်ရေအိုးစင်ကနေ သောက်ရေတစ်ခွက် ခပ်သောက်လိုက်တယ်၊ သောက်ရေအိုးက ရေကချိုပြီးတော့ အေးနေတာပါပဲဗျာ။
“ကိစ္စကတော့ တခြားမဟုတ်ပါဘူး ဦးဘသာ၊ အိမ်ကအမေပေါ့ဗျ”
ဦးဘသာက မျက်နှာကိုရှုဲ့မဲ့လိုက်ပြီး
“မင်းအိမ်ပေါ်ကဆင်းလာပြန်ပြီမဟုတ်လား”
ကျုပ်လည်း ခေါင်းပဲညိတ်ပြလိုက်တယ်၊ စိတ်ညစ်ညစ်နဲ့ တိုင်ကိုမှီပြီးထိုင်နေတုန်းမှာ ဦးဘသာက အေးအေးလူလူပဲ သွားတိုက်မျက်နှာသစ်ပြီး သဘက်စုတ်ကလေးပုခုံးပေါ်တင်လို့ အိမ်ပေါ်ကိုတက်လာခဲ့တယ်။
“ဘာကြောင့်ဆင်းလာတယ်ဆိုတာ ဦးဘသာမသိချင်ဘူးလား”
ဦးဘသာက သောက်ရေတစ်ခွက်ခပ်ရင်း
“မသိချင်ပါဘူးကွာ၊ မင်းတို့သားအမိကြားက ကိစ္စတွေကို သိလည်းမသိချင်ဘူး ဝင်လည်းဝင်မပါချင်ဘူးကွ၊ ဒါပေမယ့် ထစ်ခနဲရှိရင် အိမ်ပေါ်ကဆင်းတတ်တာတော့ မကောင်းဘူးပေါ့အလတ်ကောင်ရာ”
“ဆင်းဖို့လိုအပ်လို့ ဆင်းလာတာပေါ့ဦးဘသာရ၊ မလိုအပ်ပဲနဲ့တော့ ဘယ်သူကအိမ်ပေါ်ကနေဆင်းပါ့မလဲ”
“လိုအပ်လို့ဆင်းဆင်း မလိုအပ်လို့ဆင်းဆင်း ဒါနဲ့ မင်းအခု မနက်စာမစားရသေးဘူးမဟုတ်လား”
“ဟုတ်တယ်ဦးဘသာ၊ ဗိုက်ကလည်းဆာလိုက်တာ ဟီး ဟီး”
“အားရင် ငါ့ကိုပဲ ဒုက္ခပေးနေလိုက်စမ်းအလတ်ကောင်ရာ၊ ကဲထမင်းဝိုင်းပြင်မယ် မနက်စာကတော့ မင်းတို့အိမ်ကလောက် စိုပြေမှာမဟုတ်ဘူးနော်ကွ”
ဦးဘသာက အိမ်နောက်ဖေးဝင်သွားပြီးတော့ ထမင်းအိုးကလေးတစ်လုံးနဲ့ ဒန်ပန်းကန်ပြားနှစ်ချပ်ယူလာတယ်၊ ဒန်ပန်းကန်ပြားအပေါ်မှာတော့ ပန်းကန်လုံးကလေးနှစ်လုံးတင်လာတယ်။ နောက်ပြီးတော့ ကျုပ်အနားမှလာထိုင်ချလိုက်တယ်။
“ဘာဟင်းလဲဗျ”
“ငါးခြောက်ဖုတ်ဆီဆမ်းရယ်၊ ပဲပြုတ်ဆီဆမ်းရယ် ဒါပဲအလတ်ကောင်”
“ဒါပဲလားဦးဘသာရာ ငရုတ်သီးထောင်းကလေးဘာလေးမပါဘူးလားဗျ”
“ဟ၊ မနက်စာဆိုတာ ပူပူစပ်စပ်တွေမစားရဘူးကွ၊ အပူအစပ်တွေစားရင် ရင်ပူတယ် အစပ်ကန်တတ်လို့ လည်ချောင်းထဲစပ်ဖျဉ်းဖျဉ်းနဲ့ဖြစ်နေတတ်တယ်ကွ၊ လျှာမရှည်နဲ့ အလတ်ကောင်ရာ၊ ဒါမင်းအမေအိမ်မဟုတ်ဘူးကွ၊ စားစရာရှိတာသာစား”
“ဟင်းတွေကလည်း မကောင်းဘူးဗျာ၊ စားလို့တောင်ဝင်ပါ့မလားပဲ၊ ဆာလို့သာစားရတာ”
ဦးဘသာက ကျုပ်အတွက်ထမင်းခူးပေးတယ်၊ ကျုပ်လည်း ထမင်းထဲကို ငါးခြောက်ဖုတ်ဆီလေးဆမ်းလိုက်ပြီးတော့ ထမင်းနဲ့နယ်ဖတ်ပြီး စားလိုက်တာပါပဲဗျာ၊ ဆာနေလို့လားတော့မသိဘူး ထမင်းကတော်တော်စားကောင်းကောင်းဗျ၊ ဦးဘသာက ဆန်ကောင်းကောင်းမှစားတတ်တဲ့လူ၊ ဆန်ကောင်းကောင်းကို ခပ်ပျော့ပျော့ကော့ကော့လေးချက်ထားတော့ ထမင်းတစ်လုပ်တစ်လုပ်က ရွတ်ခနဲရွတ်ခနဲ ဝင်မှန်းမသိဝင်သွားလို့ အနားက ထမင်းအိုးကိုယူပြီး ထမင်းထပ်ထည့်ရတယ်။ ဆီကလေးကလည်း ပဲဆီစစ်စစ်မွှေးမွှေးကလေးနဲ့ ဆိုတော့ စားရတာ လျှောခနဲလျှောခနဲပဲဗျာ။
စားကောင်းကောင်းနဲ့စားလိုက်တာ ဦးဘသာချက်ထားတဲ့ ဆန်နှစ်လုံးချက်က ပြိုက်ခနဲကုန်သွားတာပါပဲဗျာ၊ ဦးဘသာက ထမင်းအိုးထဲကျန်တဲ့ ထမင်းအကပ်အသတ်ကလေးတွေကို လက်နဲ့သိမ်းယူရင်း
“အလတ်ကောင်တို့များ ဟင်းမကောင်းပေလို့ပဲ၊ ဟင်းများကောင်းလို့ကတော့ တစ်ပြည်ချက်လောက်ကို တစ်ယောက်တည်းစားမလားမသိဘူး၊ မင်းလိုကောင်မျိုးကို အိမ်မှာတစ်လလောက်ခေါ်ထားရင်တော့ ငါမွဲသေမှာပဲ”
ကျုပ်လည်း ရှက်ပြုံးပြုံးရင်း
“ဦးဘသာကလည်း သားသမီးမရှိ အပူအပင်မရှိနဲ့ တစ်ယောက်တည်းနေပြီးတော့ ညည်းလိုက်တာလည်းလွန်ပါရော၊ ဦးဘသာ တစ်နှစ်တစ်နှစ် စပါးရောင်းလို့ရတဲ့ငွေတွေ ဘယ်ရောက်ကုန်ပြီလဲ”
“ဟ၊ အဲဒါကတော့ အလှူလေးအတန်းလေးလုပ်ဖို့ ချန်ထားရတာပေါ့ကွ”
“ဟား၊ ဟား စုန်းကများအလှူအတန်းလုပ်မယ်တဲ့ဗျာ၊ အံ့ရော၊ ကဲပါ တခြားလူကိုမလှူခင် ကျုပ်ကိုအရင်လှူတယ်သဘောထားပေါ့ဗျာ”
ထမင်းစားသောက်လက်ဆေးပြီးတော့ ရေသောက်ချင်တာနဲ့ ဦးဘသာလှေကားအတက်ဆင်းက သောက်ရေအိုးကလေးဆီကိုသွားရတာပါပဲ၊ သောက်ရေအိုးပေါ်ဖုံးထားတဲ့ ဝါးခမောက်နဲ့ပုံစံတူတဲ့ ခပ်ချွန်ချွန်ရေအိုးအဖုံးကို ချွတ်ပြိးခေါင်းပေါ်ဆောင်းလိုက်တယ်၊ နောက်တော့ ကြွေရည်သုတ်ရေခွက်ကိုကိုင်ပြီး ရေအိုးအဖုံးသံပန်းကန်ပြားကို လက်တစ်ဖက်ကဖွင့်လို့ သောက်ရေအိုးထဲ ရေခပ်ဖို့လုပ်လိုက်တယ်ဆိုရင်ပဲ ကျုပ်အတော်လန့်သွားမိတယ်။
“ဟာ ဦးဘသာရေအိုးက ဘာဖြစ်တာလဲ”
“ဘာဖြစ်လို့လဲကွ”
“ခုနကတုန်းက ကျုပ်အိမ်ရောက်တော့လည်း တစ်ခွက်သောက်လိုက်သေးတယ်၊ ပြီးတော့ ဦးဘသာလည်း မျက်နှာသစ်ပြီးတစ်ခွက်သောက်သေးတယ်မဟုတ်လား၊ အဲဒါကို အခုကျုပ်ရေခပ်သောက်မယ်လုပ်တော့ ရေအိုးကအပြည့်ကြီးဖြစ်နေပါလား”
ဦးဘသာက ခပ်ပြုံးပြုံးလုပ်နေတယ်။
“ဒီကြားထဲမှာ ရေလည်းမဖြည့်ပဲနဲ့ ဒီရေအိုးက ဘယ်လိုလုပ်ပြီးရေပြည့်နေတာများလဲ”
ကျုပ်မတွေးတတ်အောင်ဖြစ်နေတဲ့အချိန်မှာပဲ ဦးဘသာက ကွမ်းအစ်ဖွင့်ရင်း
“အဲဒါ လျှံအိုးလို့ခေါ်တယ်အလတ်ကောင်ရ”
“လျှံအိုးဆိုတာ ဘာလဲဗျ”
“အိုးထဲကနေ အမြဲမပြတ်ထွက်နေတဲ့အိုးကို ပြောတာကွ၊ ရေတွေအမြဲလျှံနေတဲ့အိုးကိုတော့ ရေလျှံအိုးပေါ့ကွာ၊ ဆီတွေအမြဲထွက်နေတဲ့အိုးကိုတော့ ဆီလျှံအိုးလို့ခေါ်သကွ၊ မြစ်ဝကျွန်းပေါ်ဘက်တွေတော့ ငံပြာရည်လျှံအိုးတို့ ငပိလျှံတဲ့အိုး၊ ဆားလျှံတဲ့အိုးဆိုပြီးရှိတယ်”
ကျုပ်တောင်ထူးဆန်းသွားတာနဲ့ လက်ထဲကရေခွက်ကိုပြန်ချပြီး ဦးဘသာအနားကိုထိုင်လိုက်တယ်။
“တော်တော်ထူးဆန်းတာပဲဗျာ၊ နေပါအုံး အဲဒီအိုးတွေက တစ်ခုခုလုပ်ထားတာလား”
“လောကီပညာနဲ့စီရင်ထားတဲ့အိုးတွေပေါ့ကွာ၊ ဟိုးရှေးက သူဌေးကြီးတွေက လျှံအိုးဘယ်နှအိုးပိုင်တယ်ဆိုပြီး နာမည်ကြီးတတ်တယ်ကွ၊ လျှံအိုးဆိုတာ အဲဒီအိုးထဲကအရာကိုဘယ်လောက်ခပ်ခပ် အချိန်တန်ရင်ပြန်ပြီးပြည့်လာတာပဲကွ”
“ဒါဆို ဦးဘသာရဲ့ရေအိုးကလည်း လျှံအိုးပဲပေါ့”
“အဲဒီသောက်ရေအိုးက နှယ်နှယ်ရရမဟုတ်ဘူး အလတ်ကောင်ရေ၊ ငါ့အမေဒေါ်ပျင်းကြီးကို ဘွားချမ်းသာက လက်ဆောင်ပေးသွားတဲ့ သောက်ရေအိုးပဲကွ၊ အထဲကရေက ဘယ်လောက်ခပ်ခပ်ကုန်သွားတယ်မရှိဘဲ သူ့အလိုလိုပြည့်လာတယ်၊ ရေကလည်း စမ်းပေါက်ကထွက်တဲ့ရေလို ချိုချိုအေးအေးကလေးကွ”
“ဘွားချမ်းသာက ဘယ်သူလဲဗျ”
“မင်းတို့အရပ်အခေါ်တော့ အမေဂျမ်းပေါ့ကွာ”
“သြော်၊ သိပြီ၊ နတ်ကရင် နတ်ကတော်ကို ဝင်ပူးပြီးတော့ စကားပြောရင် ဆဲဆဲပြီးပြောတဲ့နတ်မဟုတ်လားဗျ”
“အေး၊ ဟုတ်တယ်၊ ငါတို့အမေက ဘွားချမ်းသာနဲ့ ရင်းနှီးခဲ့ဖူးတယ်ပြောတယ်ကွ၊ အဲဒီအိုးက ဘွားချမ်းသာပေးခဲ့တာပဲ၊ ငါ့တစ်သက် သူများတွေသောက်ရေခက်နေတဲ့အချိန်မှာတောင်မှ သောက်ရေငင်တယ်ဆိုတာ မရှိခဲ့ဖူးဘူးကွ”
ဦးဘသာပြောမှ ကျုပ်လည်းသတိထားမိတယ်၊ ဟုတ်တယ်ဗျ၊ ဦးဘသာက သူများတွေလို သောက်ရေတွင်းမှာ ရေတွေဘာတွေမခပ်တတ်ဘူး၊ သုံးရေလောက်ပဲခပ်တာများတယ်၊ ဦးဘသာသောက်ရေခပ်တယ်ဆိုတာ ကျုပ်တစ်သက်မှာ မမြင်ဖူးခဲ့ဘူး၊ လတ်စသတ်တော့ သူ့မှာ လျှံအိုးရှိနေတာကိုးဗျ၊ ကျုပ်အခုမှပဲရိပ်စားမိတော့တယ်၊ ဒါပေမယ့် သူ့အိုးက စုန်းပညာနဲ့လုပ်ထားတယ်ဆိုတော့ ကျုပ်တောင်မှ သောက်ရမှာခပ်လန့်လန့်ပဲဗျ။
“အခုမှကြောက်မနေပါနဲ့ကွာ၊ ငါ့ရေအိုးကရေကို မင်းသောက်လာတာပဲဆယ်နှစ်မကတော့ဘူး၊ ဘာမှမဖြစ်ပါဘူးကွာ၊ သောက်စရာရှိတာသာသောက်စမ်းပါ”
“ဒါနဲ့ဦးဘသာအိမ်မှာ တခြားလျှံအိုးရော ရှိသေးလား”
“ရှိတယ်ကွ၊ ခုနက မင်းစားတဲ့ငါးခြောက်ဖုတ်ကို ဆမ်းထားတဲ့ဆီကို ဘယ်ကရတယ်ထင်သလဲကွ”
ဦးဘသာပြောမှ ကျုပ်မျက်လုံးပြူးသွားတယ်။
“ဒါဆို ဦးဘသာဆီမှာ ဆီလျှံအိုးလည်းရှိတာပေါ့ ဟုတ်လား”
“ဒါပေါ့ကွ၊ အဲဒီဆီအိုးကတော့ မြိုင်သာမှာနေတုန်း ကုလားကြီးတွေ လက်ဖွဲ့သွားတာလို့ အမေကပြောဖူးတယ်ကွ၊ ဒီအိုးက ပိုပြီးတော့တောင်ထူးဆန်းသေးသကွာ၊ တစ်နှစ်မှာ သုံးလက ပဲဆီထွက်ပြီး သုံးလက နှမ်းဆီထွက်တယ်ကွ၊ တစ်နှစ်လေးကြိမ် ဆီကသူ့အလိုလိုအလှည့်အပြောင်းဖြစ်နေတာ”
“ဟုတ်ပြီ၊ ကျုပ်လည်း အခုမှသိပြီ၊ ဒါကြောင့် ဦးဘသာကြီးက ဘယ်တော့မှဆီမဝယ်စားတာကိုး၊ ကိုယ်တိုင်လည်းပဲမစိုက်ဘဲနဲ့ ဆီဝယ်စားစရာမလိုတာ ဒါကြောင့်ကိုးဗျာ”
“မင်းသိရင် ဝမ်းထဲမှာပဲထားအလတ်ကောင်၊ လျှောက်မပြောနဲ့ ဒါမျိုးတွေက သူများသိလို့မကောင်းဘူးကွ”
ဦးဘသာနဲ့စကားပြောနေတုန်း ဦးဘသာအိမ်ရှေ့ကနေ နွားလှည်းတစ်စီးက တကျွီကျွီနဲ့ဖြတ်သွားတယ်၊ ဦးဘသာက နွားလှည်းကိုအိမ်ပေါ်ကနေလှမ်းကြည့်ရင်း
“ဟင် . . . နွားလှည်းပေါ်မှာလိုက်သွားတာ နှင်းဝေမဟုတ်လား”
ကျုပ်လည်း လှည်းပေါ်ကိုလှမ်းကြည့်လိုက်တယ်ဗျ၊ လှည်းအနောက်မှာ ယောက်ျားကြီးတစ်ယောက်ရယ်၊ အဒေါ်ကြီးတစ်ယောက်ရယ်၊ သူတို့အလယ်မှာတော့ အသားဖြူဖြူနဲ့မိန်းကလေးတစ်ယောက်ထိုင်နေတယ်ဗျ၊ ကျုပ်ကြည့်နေတုန်းမှာပဲ ဦးဘသာက ဗြုန်းခနဲမတ်တပ်ထရပ်ပြီးတော့ အိမ်အပြင်ကို ငူငူကြီးပြေးထွက်သွားတယ်၊ ကျုပ်လည်း ဦးဘသာဘာလုပ်မှန်းမသိတာနဲ့ သူ့အနောက်လိုက်ခဲ့ရတာပေါ့၊ ဦးဘသာက နွားလှည်းနောက်ကို ခြေလှမ်းကျဲကြီးနဲ့လိုက်သွားရင်း အရပ်ထဲက အဘွားကြီးတစ်ယောက်ကလည်း ခြံထဲကနေပြေးထွက်လာတယ်။
“မတင်သောင်း၊ လှည်းပေါ်ကလူက နှင်းဝေမဟုတ်လား”
“ဟုတ်ပါ့ဦးဘသာ၊ ကျုပ်တောင်မှ တံမြက်စည်းလှဲရင်း သူ့ကိုမြင်လိုက်လို့ လန့််သွားတာနဲ့ထွက်လာခဲ့တာ”
“အေးဗျာ၊ နှင်းဝေကတော့ နှင်းဝေပဲ၊ ဒါပေမယ့် နှင်းဝေအစစ်တော့မဖြစ်နိုင်ဘူး၊ နှင်းဝေက သေသွားတာ အနှစ်နှစ်ဆယ်ကျော်ပြီမဟုတ်လား”
“တိတိကျကျပြောရင်တော့ နှစ်ဆယ့်ခုနစ်နှစ်ရှိပြီ”
“အေးဗျာ၊ လူဝင်စားပြီးတော့များ ပြန်လာတာလားပဲ၊ သူတို့ဘယ်သွားသလဲသိအောင် လိုက်သွားကြည့်မှရမယ်”
ဦးဘသာက လှည်းနောက်ကိုလိုက်တော့ ဒေါ်တင်သောင်းကလည်း တံမြက်စည်းကို ခြံစည်းရိုးမှာထောင်ထားလိုက်ပြီးတော့ လှည်းနောက်ကိုလိုက်လာခဲ့တယ်၊ ဦးဘသာတို့ လိုက်လာသလိုမျိုးပဲ ရပ်ထဲရွာထဲက လူကြီးပိုင်းတွေအကုန် လှည်းပေါ်က မိန်းကလေးကိုမြင်တာနဲ့ ခြံထဲကနေထွက်ကြည့်ကြတယ်၊ တစ်ချို့က အိမ်ပြတင်းပေါက်ကနေထွက်ကြည့်တယ်၊ ဦးဘသာလို လှည်းနောက်ကိုလိုက်လာတဲ့လူလည်းမနည်းဘူးဗျို့၊ လှည်းက မောင်းနေရင်းနဲ့ ကျုပ်တို့ခြံထဲကိုဝင်သွားတယ်၊ ကျုပ်လည်း အမေနဲ့မတည့်လို့ အိမ်ပေါ်ကဆင်းလာပေမယ့် အခုကိစ္စကို သိပ်သိချင်လို့ ခြံထဲဝင်ခဲ့တယ်ဆိုပါတော့။
အဖေက အိမ်ရှေ့စားပွဲမှာထိုင်နေတယ်၊ အခုမှမနက်စာ စားပြီးကြပုံရတယ်ဗျ၊ အမေကစားပွဲပေါ်က ပန်းကန်တွေကိုသိမ်းဆည်းနေတယ်၊ ဒီအချိန်လှည်းပေါ်ကလူကိုတွေ့လိုက်တော့ အမေ့ပါးစပ်က အဟောင်းအသားဖြစ်သွားပြီး လက်ထဲကိုင်ထားတဲ့ပန်းကန်တွေလည်း မြေကြီးပေါ်ကိုပြုတ်ကျကုန်တယ်။
“နှင်းေ၀ . . . ညည်း နှင်းဝေမဟုတ်လား”
အမေအော်လို့ အဖေက လှည်းဆီတစ်ချက်ကြည့်ပြီး အဖေလည်း ပါးစပ်အဟောင်းသားနဲ့ဖြစ်သွားပြန်တယ်။ နောက်တော့လှည်းပေါ်ကလူသုံးယောက်ဆင်းလာပြီး အဖေ့ရှေ့ထိုင်တယ်၊ အနောက်ကလိုက်လာတဲ့လူတစ်သိုက်လည်း ဘေးနားမှာ ဝိုင်းအုံပြီးကြည့်နေကြတယ်။
“ဘာများကူညီပေးရမလဲ”
“ကျုပ်တို့ဒီရွာကိုလာတာ သမီးလေးခေါ်လို့လိုက်လာခဲ့တာပါပဲ၊ အကြောင်းကတော့ သူ့ရဲ့ချစ်သူကို ရှာမယ်ဆိုပြီးလိုက်လာတာပါပဲ”
အမေက အဖေ့စားပွဲကိုလက်နဲ့ပုတ်လိုက်ပြီး
“သူ့ချစ်သူဆိုတာ ထွန်းမောင်မဟုတ်လား၊ ယောက်ျား ရှင့်ညီထွန်းမောင်ကိုပြောတာမဟုတ်လား”
ဟိုလူကြီးတွေကလည်း ကြောင်စီစီနဲ့မိန်းကလေးကိုကြည့်လိုက်ကြတယ်၊ မိန်းကလေးက ရှက်ပြုံးလေးပြုံးပြီး ခေါင်းညိတ်တယ်ဗျ၊ အသက်ကြီးပိုင်းတွေကတော့ နားလည်ကြပေမယ့် ကျုပ်ကတော့ ဘာမှကိုနားမလည်ဘူးဗျာ။ အကိုကြီးက ယာထဲဆင်းဖို့ အိမ်လှေကားပေါ်ကဆင်းလာတယ်၊ အောက်ရောက်တော့ အဲဒီမိန်းကလေးကိုမြင်တာနဲ့
“ဟာ မမနှင်းဝေနဲ့တူလိုက်တာအဖေရာ”
“အကြီးကောင် မင်းဦးလေး ထွန်းမောင်ကိုသွားခေါ်လာခဲ့စမ်းပါကွာ”
အကိုကြီးက ပြာပြာသလဲနဲ့ထွက်သွားတယ်၊ ကျုပ်လည်း သိချင်တာနဲ့ လူပုံအလယ်ကိုထွက်လာပြီး
“နေကြပါအုံး၊ အဖေတို့ဘာတွေပြောနေကြတာလဲ၊ နှင်းဝေဆိုတာကရော ဘယ်သူလဲ ကျုပ်တော့ ဘာမှနားမလည်တော့ဘူး”
ဒီအခါ မိန်းကလေးနဲ့ပါလာတဲ့ လူကြီးနဲ့ အဒေါ်ကြီးကလည်း ခေါင်းညိတ်ရင်း
“ဟုတ်ပါတယ်ရှင်၊ ကျွန်မတို့လည်း အကြောင်းအရင်းအစုံကို ဂဃနဏ သိချင်ပါတယ်၊ သမီးလေးကလည်း ဘာမှမပြောဘဲ ဒီရွာကိုပဲသွားမယ်လို့ပူဆာနေတာကြာပါပြီ၊ နောက်ဆုံးတော့ မတတ်သာတဲ့အဆုံးလိုက်လာခဲ့ရတာပါ”
အဒေါ်ကြီးပြောတော့မှ အဖေက ခေါင်းညိတ်ရင်း
“ပြောရမယ်ဆိုရင်တော့ ခင်ဗျားတို့ယုံနိုင်မှာတောင်မဟုတ်ဘူးဗျ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် . . . တိတိကျကျပြောရရင်တော့ နှစ်ဆယ့်ခုနစ်နှစ်လောက်ကပေါ့ဗျာ”
အဖေက အစချီပြီး ချက်ချင်းစကားမပြောသေးဘဲ ရေနွေးခွက်ကိုငှဲ့နေတယ်။ ကျုပ်လည်းစိတ်မရှည်တာနဲ့
“အဖေရာ ပြောစရာရှိလည်းမြန်မြန်ပြောပါ ဗမာကားထဲကလို အိုက်တင်ခံမနေစမ်းပါနဲ့”
အဖေ့အိုက်တင်ပျက်သွားပြီးတော့ အဖေက ရှက်ကိုးရှက်ကန်းဖြစ်သွားတယ်။
“ပြောပါ့မယ်ကွာ၊ ပြောပါ့မယ်”
(၂)
“အရင်က ငါတို့ရွာမှာ နှင်းဝေဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်၊ ရုပ်ရည်ကတော့ ဟောဒီကမိန်းကလေးနဲ့ တစ်ပုံစံတည်းပါပဲ၊ တူတာမှ ဘယ်ဖက်ပါးမှာ စပယ်တင်မှဲ့ကလေးပါတာကအစတူတာပါ”
“သမီးလေးနာမည်ကိုလည်း ဖြူဖြူဖွေးဖွေးကလေးမို့ နှင်းဖြူလို့ နာမည်ပေးထားပါတယ်”
“ကြည့်စမ်းဗျာ၊ တိုက်ဆိုင်လိုက်တာ”
ရပ်ကြည့်နေတဲ့လူတွေလည်း တစ်ယောက်တစ်ပေါက်နဲ့ဝင်ပြီးပြောဆိုကြတယ်။
“အဲဒီမနှင်းဝေနဲ့ ကျုပ်ရဲ့ညီတစ်ဝမ်းကွဲတော်တဲ့ ထွန်းမောင်နဲ့က အဲဒီတုန်းက အသက်ရွယ်တူနီးပါးလောက်ရှိတယ်၊ ထွန်းမောင်နဲ့နှင်းဝေက ငယ်ငယ်ကတည်းက ဆော့ဖော်ဆော့ဖက်သူငယ်ချင်းတွေဖြစ်သလို ကြီးလာတဲ့အခါကျတော့လည်း တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ကြိုးတွေနှောင်တွယ်ရစ်ပြီး ချစ်သွားကြကတယ်ဆိုပါတော့ဗျာ၊ နှစ်ဖက်မိဘကလည်း သဘောတူတယ်၊ တစ်ယောက်နဲ့တစ်ယောက်ကလည်း နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီလို့ ကျုပ်တို့ရွာမှာ ထွန်းမောင်နဲ့နှင်းဝေဆိုရင် လူတိုင်းက လက်ခံသဘောကျတဲ့အထိကိုဖြစ်ခဲ့တာပါ၊ အဲဒီလိုနဲ့ နှစ်ဦးနှစ်ဖက် နားဖောက်ပြီးတဲ့အခါ တန်ခူးလရောက်ရင် မင်္ဂလာဆောင်ကြဖို့အထိ အားလုံးစီစဉ်ပြီးနေတဲ့အချိန်မှာပေါ့ဗျာ”
အဖေက ပြောဆိုနေရင်း ကောလိပ်ဂျင်နေဝင်းစတိုင်နဲ့ ဟိုးအဝေးကိုတစ်ချက်ငေးကြည့်နေသေးတယ်၊ ပြီးတော့ သက်ပြင်းချပြီး ဆက်ပြောတယ်။
“ကျုပ်တို့ရွာနဲ့ ခပ်လှမ်းလှမ်းမှာ တောင်ရိုးကလေးတစ်ခုရှိတယ်၊ အဲဒီတောင်ရိုးပေါ်မှာ ရှေးဟောင်းစေတီတစ်ဆူရှိတယ်၊ အဲဒီစေတီက ဘုရားပွဲကို နှစ်စဉ် တပေါင်းလလောက်ရောက်တိုင်း ပြုလုပ်ကြတယ်၊ ဇာတ်ပွဲတွေသွင်း၊ အငြိမ့်တွေ၊ ဆပ်ကပ်တွေနဲ့ဆိုတော့ တော်တော်စည်ကားတဲ့ပွဲတစ်ခုပေါ့ဗျာ၊ လူငယ်ဘာသာဘာ၀ နှင်းဝေကလည်း ပွဲကြည့်ချင်တယ်ပေါ့၊ အဲဒီမှာ ထွန်းမောင်နဲ့အတူတူနှစ်ယောက်သား ဘုရားပွဲကိုထွက်လည်ကြတယ်”
“ကံဆိုးမိုးမှောင်ကျချင်တော့ နှင်းဝေနဲ့ထွန်းမောင်တို့ ဘုရားပွဲမစခင် တောင်ပေါ်ဘုရားကိုတက်ဖူးကြတဲ့အချိန်မှာ တောင်တက်လမ်းတစ်နေရာရောက်တော့ နှင်းဝေက ခြေချော်ကျပြီး ဘေးနားကချောက်ထဲကို ပြုတ်ကျသွားတော့တာပါပဲ၊ ထွန်းမောင်တို့ရော ဘုရားပွဲကလူတွေပါ ထိတ်လန့်ပြီး နှင်းဝေကိုရှာပေမယ့် ဘယ်လိုမှကိုရှာမတွေ့ဘူး”
“နေစမ်းပါအုံးအဖေရ၊ အဲဒီချောက်က သိပ်လည်းမနက်သလို တောလည်းအဲဒီလောက်မထူပါဘူးဗျာ၊ ဒါကိုရှာမတွေ့ဘူးတဲ့လား”
“တကယ်ပြောတာအလတ်ကောင်ရ၊ ရွာကလူတွေဆိုရင် နှင်းဝေပျောက်တာကို မခံချိမခံသာဖြစ်လို့ သုံးရက်တိတိတောနင်းရှာကြတာ၊ အဲဒီချောက်ဆိုရင်လည်း နေရာလွတ်မကျန်အောင်ကို လူတွေရော ခွေးတွေရောအားသုံးပြီးရှာကြတာဟေ့ သုံးရက်တိတိရှာမတွေ့တော့မှ နောက်ဆုံးလက်လျှော့လိုက်ကြတာ၊ ထွန်းမောင်ဆိုရင် အရူးမီးဝိုင်းသလိုကိုဖြစ်နေတာပေါ့ကွာ၊ လူတွေကလည်း သို့လောသို့လောပြောကြတာပေါ့၊ နောက်တော့ ဘုရားပွဲကိုလာတဲ့ ရသေ့ကြီးတစ်ယောက်က ပြောတယ်ကွ၊ နှင်းဝေက သိုက်ကလာတာတဲ့၊ တောင်ပေါ်ဘုရားအောက်ခြေမှာ ပတ္တမြားလုံးတွေချည်း ဌာပနာထားတဲ့သိုက်တစ်ခုရှိတယ်၊ အဲဒီသိုက်ကလာတာတဲ့ကွ၊ နှင်းဝေကို အိမ်ထောင်ကျမှာ စိုးလို့ပြန်ခေါ်လိုက်တာတဲ့လေ၊ ဒါနဲ့ပဲ ရသေ့ကြီးအစီအရင်နဲ့ သိုက်ပွဲတွေပေးပြီး ပြန်တောင်းပန်တော့မှ ချောက်အောက်ဘက်မှာ နှင်းဝေအလောင်းကိုပြန်တွေ့တယ်၊ အလောင်းကိုပြန်တွေ့တာလည်း သိပ်ဆန်းတယ်၊ သုံးရက်ကြာပေမယ့် အလောင်းက ဘယ်လိုမှကိုမနေဘဲ လောလောလတ်လတ်သေထားသလိုဖြစ်နေတယ်၊ ထမီတွေ အဝတ်အစားတွေကလည်း တစ်စတောင်ပြဲစုတ်တာမရှိဘဲ ရင်ဘတ်ပေါ်မှာ လက်နှစ်ဖက်ကို လက်အုပ်ချီပြီး တောင်ရိုးပေါ်က ဘုရားကိုဦးတိုက်လို့ မှောက်ခုံကြီးသေနေတာကွ၊ မင်းတို့မြင်အောင်ပြောရရင်ကွာ သုမေဓါရသေ့ ဘုရားကိုတံတားခင်းပေးတဲ့ပုံစံမျိုးပေါ့”
“ဒါဆိုတကယ်ပဲ မနှင်းဝေက သိုက်ကလာတာဖြစ်မှာပေါ့နော်အဖေ”
အဖေက ဘာမှမပြောတော့ဘဲ နှင်းဖြူဆိုတဲ့မိန်းကလေးကိုကြည့်လိုက်တယ်၊ နှင်းဖြူကလည်း အသားဖြူဖြူပဲဗျ၊ ဆံပင်ကြီးတွေက အရှည်ကြီးပဲ၊ မျက်ခုံးကလည်း စင်ယော်တောင်မျက်ခုံးကလေးဗျာ၊ ပါးမှာလည်း စပယ်တင်မှဲ့ကလေးနဲ့ဆိုတော့ ယဉ်ယဉ်ကလေးနဲ့လှတဲ့ပုံစံမျိုးဗျ။ အသက်ကတော့ ဆယ့်ရှစ်နှစ်လောက်ရှိမယ်ထင်ရတာပဲ။
ဒီအခါ နှင်းဖြူဘေးနားက မိန်းမကြီးက ထပြောတယ်ဗျ။
“ကျွန်မနာမည် ဒေါ်စိန်ဖြူလို့ခေါ်ပါတယ်၊ ဒီကလေးရဲ့အဒေါ်တော်ပါတယ်၊ ဟောဟိုကတော့ ကျွန်မနဲ့ဆွေမျိုးမကင်းတော်တဲ့အကိုကြီးပါ ဦးတိုက်စိုးလို့ခေါ်ပါတယ်ရှင်၊ ဒီကလေးကို မမွေးခင်မှာပဲ သူ့အဖေက ပိုးထိပြီးဆုံးသွားပါတယ်၊ ဒီကလေးရဲ့အမေက သူ့ကို ကိုယ်ဝန်ရခါနီးအချိန်မှာ သိုက်နန်းရှင်တစ်ယောက်နဲ့အတူ ဟောဒီသမီးကလေးက လိုက်ပါလာတယ်လို့ပြောပါတယ်၊ သိုက်နန်းရှင်က သူတို့ညီမကို ရှင့်ဆီမှာခဏထားခဲ့မယ်ဆိုပြီး ပြောပြီးတော့ သမီးလေးကို ကိုယ်ဝန်ရတာပဲလို့ပြောပါတယ်”
အဖေက ခေါင်းညိတ်ပြီး
“ဒါနဲ့ သူ့အဖေက သေသွားတယ်ဆိုတော့ သူ့အမေကရောမရှိတော့ဘူးလား”
“သူ့အမေက အိပ်ရာထဲလဲနေခဲ့တာကြာပါပြီ”
ကျုပ်တောင် တော်တော်အံ့သြသွားတယ်။
“ဒါဆို သူက သိုက်ကလာတာပေါ့”
“ဟုတ်ပါတယ်၊ သမီးကလေးက ငယ်ငယ်ကတည်းက တအားချူချာပါတယ်၊ အသက်ရှစ်နှစ်ကိုးနှစ်လောက်ရောက်တဲ့အထိလည်း စကားများများမပြောပါဘူး၊ တခါတလေ တစ်နေရာကိုကြည့်ရင်း တစ်ယောက်တည်းရယ်လိုက် ပြုံးလိုက်နဲ့လုပ်နေပါတယ်၊ လွန်ခဲ့တဲ့လက အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးတဲ့အချိန်မှာတော့ သူ့မှာချစ်သူရှိတယ်၊ သူ့ချစ်သူရှိတဲ့ရွာကို လိုက်ပို့ပေးပါဆိုပြီးတော့ ပူဆာရှာပါတယ်၊ ကျွန်မတို့ကလည်း သူ့စကားကိုမယုံပါဘူး၊ ဒီလိုနဲ့သမီးလေးဟာ စိတ်ကောက်ရာကနေ နောက်ဆုံး ထမင်းမစားဟင်းမစားဖြစ်လာတာနဲ့ ကြာလာရင် ရောဂါရလာမှာစိုးလို့ သမီးကလေးလမ်းညွှန်တဲ့အတိုင်း ဒီရွာကိုလာခဲ့ကြတာပါ”
အဖေက မိန်းကလေးကိုသေချာအကဲခတ်ရင်း
“ကံတရားဆိုတာကလည်း ဆန်းကြယ်တယ်မဟုတ်လား၊ ကျုပ်အထင်တော့ ဒီကမိန်းကလေးက နှင်းဝေပြန်ဝင်စားတာများလားလို့ သံသယရှိနေတယ်၊ ဒါပေမယ့် အားလုံးပဲ မပူကြပါနဲ့၊ ထွန်းမောင်လာတဲ့အခါ အားလုံးရှင်းလင်းသွားမှာပါ၊ ကျုပ်တစ်ခုသိချင်တာက ဒီမိန်းကလေးက စကားမပြောဘူးလား”
“မပြောပါဘူးရှင်၊ အခုအသက်အရွယ်အထိ တစ်ခွန်းတစ်လေပဲပြောပါတယ်”
ရွာသားတွေတစ်ယောက်တစ်ပေါက်နဲ့ပြောနေကြတဲ့အချိန် အကိုကြီးနဲ့အတူ ဦးထွန်းမောင်ခြံထဲကိုဝင်လာတယ်၊ ဦးထွန်းမောင်လို့ခေါ်ရတဲ့အကြောင်းက အသက်က လေးဆယ်ကျော် ငါးဆယ်နားကပ်နေပြီကိုး၊ ဦးထွန်းမောင်က လူပျိုကြီးဗျ၊ အနေအထိုင်ကလည်းသပ်ရပ်တော့ နဖူးနည်းနည်းပြောင်တာကလွဲရင် ရုပ်သိပ်မကျဘူးလို့ပြောလို့ရတယ်၊ ဦးထွန်းမောင်က ခြံထဲဝင်လာပြီး အဖေတို့ခုံတန်းနားလည်းရောက်ရော ခုံပေါ်မှာထိုင်နေတဲ့မိန်းကလေးကိုကြည့်ရင်း အတော်တုန်လှုှုပ်သွားပုံရတယ်။
ဒါပေမယ့် လူကြီးဆိုတော့စိတ်ကိုထိန်းလိုက်ပြီး ဟန်မပျက်ဘဲ အဖေ့အနားကိုသွားရပ်လိုက်တယ်။
“သူကြီး ကျုပ်ကိုခေါ်တယ်ဆို”
“ဟုတ်တယ် ထွန်းမောင်ခင်ဗျားကို ကိစ္စတစ်ခုအတည်ပြုချင်လို့ခေါ်လိုက်တာ၊ ဟောဟိုက မိန်းကလေးက နှင်းဝေနဲ့မတူဘူးလား”
“တူပါတယ်သူကြီး”
“သူက သူ့ချစ်သူ ဒီရွာမှာရှိတယ်ဆိုပြီး မိဘကိုပူဆာလို့ ဒီရွာရောက်လာတာတဲ့ဗျာ”
“သူကြီးပြောချင်တာကို ကျုပ်နားလည်ပါတယ်၊ ဒါပေမယ့် ဒီမိန်းကလေးက သေသွားတဲ့နှင်းဝေနဲ့တူတိုင်း ကျုပ်ရဲ့ဘဝခြားက ချစ်သူလို့ ပြောလို့ဘယ်ရပါ့မလဲသူကြီး”
ဒီအခါ မိန်းကလေးက တဟင့်ဟင့်နဲ့ငိုတယ်ဗျ၊ ပြီးတော့ ဦးထွန်းမောင်ကိုကြည့်ပြီး
“အကိုကျုပ်ကို မေ့သွားပြီလား၊ ကျုပ်က အကို့ရဲ့ချစ်သူမဟုတ်တော့ဘူးတဲ့လား”
ပြောရင်း ငိုပါလေရောဗျာ၊ ကျုပ်တို့အားလုံး ကြောင်ပြီးတော့ကြည့်နေမိတယ်၊ ဦးထွန်းမောင်က
“ကလေးမ၊ မင်းက နှင်းဝေမဖြစ်နိုင်ဘူး၊ နှင်းဝေဆိုရင် သူဆုံးတဲ့ရက်စွဲအတိအကျကိုမှတ်မိနေရမှာပေါ့”
ဒီအခါ နှင်းဖြူက ရက်စွဲတစ်ခုကိုပြောပြတယ်ဗျ၊ အဲဒီရက်စွဲကိုကြားတော့ ဦးထွန်းမောင်က မျက်လုံးပြူးသွားတယ်။
“ဒီရက်စွဲသိရုံနဲ့တင် မင်းဟာနှင်းဝေပါလို့ ပြောလို့မရဘူး၊ တကယ်ဆိုရင် မင်းအဲဒီနေ့က ဖြစ်ပျက်ခဲ့တာတွေကို ပြောပြနိုင်ရမယ်”
နှင်းဖြူက မျက်ရည်စက်လက်နဲ့
“ပြောပါ့မယ်အကို၊ အဲဒီနေ့က အကိုနဲ့ကျုပ်လှည်းစီးပြီး တောင်ရိုးခြေရင်းရောက်တော့ အကို့သူငယ်ချင်း ဖိုးဝေက အရက်ဖိုးဆိုပြီး အကို့ဆီက တစ်မတ်ချေးပါတယ်၊ အကိုက တစ်မတ်မပေးဘဲ ဆယ်ပြားပဲပေးလိုက်တယ်မဟုတ်လား၊ နောက်တော့ ဘုရားပေါ်တက်ခါနီး ဘူးသီးငါးပေါင်းကြော်တွေ ဝယ်စားကြသေးတယ်လေ၊ အကိုက ကျုပ်ကိုလက်ဆောင်အဖြစ်နဲ့ ငွေနဲ့လုပ်ထားတဲ့ဆံညှပ်ကလေးတစ်ခု ဝယ်ပေးခဲ့တယ်”
ဦးထွန်းမောင်မှာ မတ်တပ်ရပ်နေရင်း လဲကျတော့မလိုဖြစ်သွားတယ်၊ ပြီးတော့ နှင်းဖြူအရှေ့မှာထိုင်လိုက်ရင်း
“နှင်းဝေ၊ နောက်ဆုံးတော့ နှင်းဝေအကို့ဆီကိုပြန်လာခဲ့ပြီပေါ့နော်”
“နှင်းေ၀ ကတိပေးတဲ့အတိုင်းတည်ပါတယ်အကို၊ အကိုသာ ဒီရွာမှာ တခြားလူတွေနဲ့အိမ်ထောင်ရက်သားကျနေပြီလား”
ဦးထွန်းမောင်က ခေါင်းခါရင်း
“မဟုတ်ဘူး နှင်းဝေ၊ နှင်းဝေပြန်လာမယ်ဆိုလို့ အကိုအခုအချိန်အထိ နှင်းဝေအပေါ်သစ္စာမပျက်ဘဲ ဘယ်သူနဲ့မှ လက်ထပ်ဘဲစောင့်နေခဲ့တာ နှစ်ဆယ့်ခုနစ်နှစ်ကျော်ပါပြီနှင်းဝေရယ်”
ဘဝခြားက ချစ်သူနှစ်ဦး ဒီဘဝမှာပြန်တွေ့ပြီး ငိုကြတာပေါ့ဗျာ၊ အဖေက တအံ့တသြနဲ့
“နေအုံးထွန်းမောင်၊ သူပြန်လာမယ်ဆိုတာက ဘာကိုပြောတာလဲ”
“နှင်းဝေသေပြီး တစ်ပတ်လောက်ကြာတော့ သူက ကျုပ်ကိုအိပ်မက်ပေးပါတယ်သူကြီး၊ အိပ်မက်ထဲမှာ နှင်းဝေက လှလှပပကလေးဝတ်ထားပြီးတော့ အကို့ဆီဆက်ဆက်ပြန်လာပါ့မယ် စောင့်နေပါဆိုပြီး အိပ်မက်ပေးသွားပါတယ်သူကြီး၊ တခြားလူတွေမယုံမှာစိုးလို့ ကျုပ်မပြောပြတာပါ”
တစ်သက်လုံး စကားတစ်ခွန်းစ နှစ်ခွန်းစပဲပြောတဲ့ နှင်းဖြူက အခုတော့ ဦးထွန်းမောင်နဲ့ စကားတွေဖောင်ဖွဲ့ပြီးပြောနေလိုက်တာများ အံ့သြစရာကြီးပါဗျာ၊ ဘေးနားက ဦးတိုက်စိုးဆိုတဲ့လူကြီးက နှင်းဖြူကို သိုက်အကြောင်းတွေ မေးမြန်းနေပါရော၊ သိုက်ကဘယ်လိုပုံစံရှိတယ်၊ သိုက်နန်းထဲမှာ ဘာတွေရှိတယ် စသဖြင့်ပေါ့ဗျာ၊ နှင်းဖြူကလည်း အားရဝမ်းသာနဲ့ ပြန်ပြောရှာတယ်။
“သိုက်နန်းထဲမှာ ကျုပ်အပါအဝင်ညီမငါးယောက်ရှိတယ်၊ ကျုပ်ကတော့ အငယ်ဆုံးပါ၊ ဟိုတစ်ခေါက်လူ့ပြည်လာတုန်းက အိမ်ထောင်ပြုမယ်ဆိုပြီး ခွင့်မတောင်းဘဲ ခဏဆိုပြီးလာခဲ့တာမို့လို့ အမကြီးက မကျေနပ်လို့ပြန်ခေါ်တာပါ၊ အခုကတော့ သိုက်ချုပ်ဘိုးဘိုးဆီမှာ လူ့ပြည်မှာအိမ်ထောင်ရက်သားပြုပြီး သာသနာပြုလုပ်ငန်းတွေလုပ်မယ်ဆိုပြီးတော့ ခွင့်ပန်ပြီး လာခဲ့တာပါ”
“သိုက်ထဲမှာ ဘာတွေရှိသလဲဟင်၊ ဦးကြီးက သိချင်လို့ပါ”
“သိုက်ထဲက ရွှေကလပ်ပေါ်မှာ ခရမ်းချဉ်သီးကြီးလောက်အရွယ်ရှိတဲ့ ပြည်တန်ပတ္တမြားကြီး နှစ်ဆယ့်ခုနစ်လုံးတိတိရှိပါတယ်”
ဒီအခါ ဦးဘသာကရှေ့ထွက်လာပြီးတော့
“ဟေ့ကလေးမ တော်တော့၊ မင်းစကားတွေကိုရပ်လိုက်တော့”
ဦးဘသာတားလိုက်လို့ ဘေးနားကနားထောင်နေတဲ့လူတွေအကုန်လုံး ဦးဘသာဆီကိုကြည့်လိုက်ကြတယ်။
“သိုက်နန်းရှင်တွေက မင်းကိုစကားနည်းအောင်လုပ်ထားတာက သိုက်နန်းအကြောင်းတွေကို သူများတွေကိုပြောပြမှာစိုးရိမ်လို့ အားစေးကပ်ပြီးလုပ်ထားတာပဲ၊ ဒါကြောင့်မင်းက သိုက်နန်းအကြောင်းတွေမပြောရဘူး၊ မသမာသူတွေကြားသွားရင် မင်းတို့သိုက်နန်းမှာ အန္တရာယ်ရှိနိုင်တယ်”
ဦးဘသာက ပြောရင်း ဦးတိုက်စိုးဆိုတဲ့လူကြီးကိုကြည့်လိုက်တယ်။ ဦးတိုက်စိုးက မျက်စိမျက်နှာပျက်သွားတယ်။ ပြီးတော့ အဖေ့ကိုကြည့်ပြီး
“ကဲ သူကြီး၊ ဒီကိစ္စကိုဘယ်လိုဆက်လုပ်ကြမှာလဲ”
အဖေက တစ်ချက်စဉ်းစားရင်း
“ဒီကိစ္စက နှစ်ဖက်ဆွေမျိုးတွေနဲ့ ကာယကံရှင်တွေ အတန်တန်တိုင်ပင်ပြီး ဆုံးဖြတ်ရမှာဆိုတော့ စိတ်လောလို့တော့မရဘူးပေါ့၊ ကဲပါ ခင်ဗျားတို့ဧည့်သည်တွေ လောလောဆယ် ကျုပ်အိမ်မှာတည်းနေကြပေါ့၊ ထွန်းမောင်တို့နဲ့တိုင်ပင်ပြီး ရှေ့ဘာဆက်လုပ်သင့်တယ်ဆိုတာကို ခေါင်းအေးအေးနဲ့သေချာစဉ်းစားကြတာပေါ့”
ဇာတ်ရည်လည်သွားပြီဆိုတော့ အိမ်ကိုရောက်နေတဲ့လူတွေအားလုံးပြန်သွားကြတယ်၊ ကျုပ်လည်း အိမ်ပေါ်တက်မယ်လုပ်လိုက်တော့ အမေက လှေကားဝရှေ့မှာ ခါးထောက်ပြီး ပိတ်ရပ်လိုက်တယ်။
“ဟဲ့ အလတ်ကောင် ဒါကဘယ်တုန်း”
“အိမ်ပေါ်တက်မလို့လေ”
“အောင်မာ၊ မနက်ကကျတော့ အမေတို့နဲ့မနေနိုင်တော့ပါဘူးဆိုပြီး အိမ်ပေါ်ကဆင်းသွားတယ်မဟုတ်လား၊ ဘာအခုမှလာပြီးတော့ အိမ်ပေါ်ကို ရောယောင်ပြီးတက်မှာလဲ၊ သွား အခုပြန်ထွက်သွား”
အမေက ငေါက်တော့ ကျုပ်မာနကိုထိခိုက်လာတာနဲ့ ကျုပ်လည်း အိမ်ကနေထွက်လာခဲ့လိုက်တယ်၊ ခပ်လှမ်းလှမ်းရောက်နေတဲ့ဦးဘသာအနောက်ကိုပြေးသွားပြီး ဦးဘသာကြီးပုခုံးကိုဖက်လိုက်တော့ ဦးဘသာက လန့်သွားပြီး
“အလတ်ကောင်၊ မင်း ကိုယ့်အိမ်ကိုယ်မပြန်ဘူးလား”
“အမေက နှင်ချထားတယ်လေဗျာ၊ ဒါကြောင့် အမေစိတ်ဆိုးမပြေမချင်း ကျုပ်ဦးဘသာအိမ်မှာပဲ နေရမှာ”
“သေလိုက်ပါတော့ကွာ၊ ငါကမင်းပြန်သွားပြီဆိုပြီးတော့ ပျော်နေတာကွ၊ အခုတော့ ဒီမနက် ထမင်းတစ်ပြည်လောက်ချက်ရတော့မှာပဲ”
ဦးဘသာကပြောရင်း သူ့နဖူးသူပြန်ရိုက်လိုက်တယ်ဗျ။ အဲဒီနေ့က ဦးဘသာပြောတဲ့အတိုင်းပဲ ထမင်းစားလို့ကောင်းချက်ပဲဗျာ မနက်ခင်းထမင်းတင်လေးဗူးချက်လောက်ကုန်တယ်၊ ထမင်းစားပြီးတော့ ရေနွေးကြမ်းသောက် ထန်းလျက်ခဲဝါပြီး ထမင်းလုံးစီနေရင်းနဲ့
“လျှံအိုးတွေရှိနေတာပဲဦးဘသာရာ၊ ရေကတော့ထားလိုက်ပါတော့၊ ဆီကိုတော့ ခပ်ခပ်ပြီးရောင်းလို့မရဘူးလားဗျ၊ ပြန်ပြန်ပြည့်တယ်ဆိုဗျာ”
“အလတ်ကောင် မင်းကတော့ သိပ်ဂွင်မြင်တဲ့ကောင်၊ လောဘတက်တဲ့ကောင်ပဲကွ၊ မှတ်ထား လျှံအိုးဆိုတာ စားလောက်ရုံပဲသုံးရတာကွ၊ မြစ်ဝကျွန်းပေါ်ဘက်မှာ လျှံအိုးထဲက ငံပြာရည်တွေကို ခပ်ခပ်ပြီးရောင်းလိုက်မိလို့ လျှံအိုးပျက်သွားတဲ့အဖြစ်တစ်ခု ငါကြားဖူးတယ်၊ ဒီအိုးတွေက မိသားစုစားလောက်ရုံပဲသုံးတာကောင်းတယ်၊ လောဘတက်ရင် အိုးပျက်မှာပဲကွ”
ပြောရင်းဆိုရင်း လေကလေးတဖြူးဖြူးနဲ့ မျက်စိတွေမှေးစင်းလာပြီး နေ့လည်ခင်းတစ်ကြောအိပ်ချလိုက်တာပဲဗျို့၊ အိမ်မှာနေရင် နေ့လည်ခင်းအိပ်ဖို့မပြောနဲ့ အလုပ်နဲ့လက်နဲ့မပြတ်ရတာ၊ ဦးဘသာအိမ်ရောက်တော့မှ ဇိမ်ပဲဗျို့။
(၃)
ညနေရောက်တော့ ဦးဘသာက အိမ်အပြင်ကနေပြန်လာပြီး ကျုပ်အရှေ့လာထိုင်တယ်၊ ကွမ်းအစ်ထဲက ကွမ်းတစ်ရာကိုယာလိုက်ပြီးတော့ တစ်ချက်နှစ်ချက်ဝါးပြီး ပါးစောင်ထဲမှာခဲထားတယ်။
“အလတ်ကောင်၊ အဲဒီ တိုက်စိုးဆိုတဲ့လူကို မင်းဘယ်လိုမြင်သလဲ”
“ဘယ်လိုမြင်ရမှာလဲဗျ၊ လူပဲပေါ့”
ဦးဘသာက ခေါင်းခါရင်း
“မဟုတ်ဘူးကွ၊ ငါသူ့ကိုကောင်းကောင်းကြီးသိနေသလိုခံစားရတယ်”
“ဦးဘသာကတော့ လုပ်ပြန်ပြီဗျာ၊ ဘာလဲ သူနဲ့ဦးဘသာကရော သိုက်ဆက်ပဋ္ဌာန်းဆက်ပဲလား”
“မင်းကတော့ မဟုတ်တာတွေပြောတော့မယ်အလတ်ကောင်ရာ၊ ငါသူ့ကိုတော်တော်သိနေတာကွ၊ ဘယ်မှာမြင်ဖူးသလဲတော့မသိဘူး”
“ဒါက ဒီလိုပဲထင်တတ်ကြပါတယ်ဗျာ”
ဦးဘသာက ထိုင်ပြီးစဉ်းစားနေတယ်ဗျ၊ တစ်ညနေလုံးလည်း ငူငူငေါင်ငေါင်နဲ့ဘာတွေစဉ်းစားနေသလဲမသိဘူး၊ ညစာစားတော့လည်း ထမင်းဝိုင်းမှာ ဘာစကားမှမပြောနိုင်ဘဲနဲ့ စဉ်းစားရင်း ထမင်းပဲကြိတ်စားနေတာ။ ဟော နောက်ဆုံးအိပ်ရာထဲရောက်တော့လည်း ခြင်ထောင်ထဲမှာ နဖူးပေါ်လက်တင်ရင်းစဉ်းစားနေပြန်ပါရော၊ ဦးဘသာအိမ်မှာ ဧည့်သည်လာလေ့မရှိတော့ ခြင်ထောင်ကတစ်လုံးတည်းရှိတာဗျ၊ ဒီတော့ ကျုပ်က ဦးဘသာနဲ့အတူတူအိပ်ရတယ်၊ ဦးဘသာလည်း တောင်တွေးမြောက်တွေးနဲ့အိပ်မပျော်သလို ကျုပ်ကလည်း နေ့လည်ခင်းက တစ်နေ့ခင်းလုံးအိပ်ထားတာဆိုတော့ မျက်စိကြောင်နေတယ်။
သက်ကြီးခေါင်းချ ကြက်တွန်သံကြားပြီး အတော်ကြာတော့မှ ဦးဘသာက ကျုပ်ပေါင်ကို ဖြန်းခနဲပုတ်ထည့်လိုက်တယ်၊ ကျုပ်ဖြင့်နာလိုက်တာ အောင့်သွားတာပဲဗျာ။
“ဦးဘသာ ဘာလုပ်တာလဲဗျ”
“ငါသတိရပြီ၊ ငါသတိရပြီကွ အလတ်ကောင်ရ”
“သတိရတာကလည်းဗျာ၊ သူများပေါင်ကို အားကြီးနဲ့ရိုက်ထည့်လိုက်တာ နာလိုက်တာဗျာ”
“မဟုတ်ဘူးအလတ်ကောင်ရ၊ ခုနက တိုက်စိုးဆိုတဲ့လူက တခြားလူမဟုတ်ဘူး၊ သိုက်ဆရာကြီးကွ၊ တို့မြိုင်သာက ရွှေမြင်တင်ဘုရားသိုက်ကို သူဖောက်ခဲ့တာပဲကွ၊ အဲဒီတုန်းက ငါက မြိုင်သာရောက်နေတဲ့အချိန်၊ သူတို့သိုက်ဖောက်တဲ့ဟာကို မြိုင်သာစုန်းကောင်စီကလူတွေနဲ့အတူတူ ဝင်တားကြတာကွ၊ ငါတို့အချိန်မီရောက်လို့ သိုက်မပေါက်ဘဲ သူတို့ထွက်ပြေးသွားကြရတာ”
“ဟာ၊ ဟုတ်ရဲ့လားဗျာ”
“ငါမှတ်ဉာဏ်ကောင်းပါသေးတယ်ကွ၊ ဟုတ်တယ်၊ သူမှ သူအစစ်ပဲ၊ အခုက အသက်နည်းနည်းရသွားလို့ လူကြီးရုပ်ပေါက်သွားတယ်ဆိုပေမယ့် သူဆိုတာသေချာတယ်၊ ပြီးတော့ မနက်ကလည်း နှင်းဖြူကို သိုက်အကြောင်းတွေ၊ သိုက်နန်းရှင်အကြောင်းတွေ၊ သိုက်ထဲမှာဘာတွေရှိလဲဆိုတာတွေ မေးနေတယ်ဆိုတော့ ငါကတော့ သူလို့ပဲထင်တယ်”
“ဟုတ်ချင်ဟုတ်မှာနော်ဗျ”
“ဟုတ်မဟုတ်သိရအောင် တို့သွားကြည့်ကြစို့ဟေ့”
“ဘယ်ကိုသွားမှာလဲ ဦးဘသာရ”
“တောင်ရိုးပေါ်က ဘုရားသိုက်ကိုပေါ့ကွာ၊ အဲဒီလူသာ သိုက်တူးသမားတိုက်စိုးမှန်တယ်ဆိုရင်တော့ သူကြာကြာအချိန်ဆွဲနေမှာမဟုတ်ဘူးကွ၊ အဲဒီသိုက်ကို သူခပ်မြန်မြန်တူးပြီး တို့ရွာကနေလစ်မှာပဲဟေ့”
ဦးဘသာက ခြင်ထောင်ထဲကကုန်းထွက်ပြီး ခေါင်းပေါင်းပြင်ဝတ်၊ ပုဆိုးပြင်ဝတ်ပြီး အိမ်ပေါ်ကဆင်းသွားလို့ ကျုပ်လည်း သူ့အနောက်ကနေ လိုက်လာခဲ့ရတယ်ဗျာ။ ဦးဘသာခြေလှမ်းတွေများ သွက်လိုက်တာပြောမနေပါနဲ့ ကျုပ်တောင်သူ့အနောက်က မနည်းပြေးလိုက်ရတယ်၊ ရွာအပြင်ချောင်းကူးတံတားနားရောက်တော့ ကျုပ်မောနေပြီဗျ။
“ဦးဘသာ ကျုပ်ကိုစောင့်ပါအုံးဗျာ၊ တောင်ရိုးက ခပ်လှမ်းလှမ်းရယ်ဗျ၊ ဒီအချိန်သွားရင် သန်းခေါင်လောက်မှရောက်မှာ”
“မင်းကလည်း နှေးလိုက်တာ အလတ်ကောင်ရာ၊ ကဲလာ ငါ့ခါးကိုကိုင်ထား”
ကျုပ်လည်း ဦးဘသာခါးကို လက်နှစ်ဖက်နဲ့အနောက်ကနေဖက်လိုက်တယ်၊ ဦးဘသာက လမ်းလျှောက်တယ်ဆိုပေမယ့် ယုန်တစ်ကောင်လို လေပေါ်မြောက်တက်သွားတယ်ဗျာ၊ ဘယ်လောက်မြင့်သလဲဆို လူနှစ်ရပ်စာလောက်ကို မြင့်တက်သွားတာဗျ၊ ပြီးတော့ မြေပေါ်ကိုပြန်ကျတယ်၊ ဦးဘသာက ခြေထောက်တစ်ဖက်နဲ့ထောက်လိုက်ပြန်တော့ တစ်ခါ ခုန်သွားပြန်ရောဗျို့၊ ကျုပ်နဲ့ဦးဘသာ နှစ်ယောက်ပူးကြီး ယုန်တစ်ကောင်လို ခုန်ဆွခုန်ဆွနဲ့သွားလိုက်တာ နာရီဝက်မကြာပါဘူး တောင်ရိုးဆီကိုရောက်ရောဗျို့။
တောင်ခြေတစ်နေရာမှာ မီးတွေလင်းနေတယ်ဗျ၊ လူရိပ်လူသံတွေလည်းကြားရတာနဲ့ ကျုပ်တို့နှစ်ယောက် သစ်ပင်ချုံပင်တွေကို အကာအကွယ်ပြုလို့ အသာကလေးချောင်းကြည့်ကြရတယ်၊ တောင်ခြေ ကျောက်ချပ်ကြီးတွေအနားမှာ လူလေးငါးယောက် ငုတ်တုတ်ထိုင်နေကြတယ်၊ သူတို့အရှေ့မှာလည်း ကန်တော့ပွဲတွေ၊ အုန်းပွဲငှက်ပျောပွဲတွေနဲ့ ဆီမီး၊ ဖယောင်းတိုင်တွေ၊ အမွှေးနံ့သာတိုင်တွေ ထွန်းထားကြတယ်၊ လူငါးယောက်ရဲ့အရှေ့မှာတော့ ဦးတိုက်စိုးဆိုတဲ့လူကြီးက ဟန်ပါပါနဲ့ရပ်ပြီး လက်အုပ်ချီပြီးတော့ တခုခုကိုရေရွတ်နေတယ်ဗျ။
နောက်တော့ ကန်တော့ပွဲအရှေ့နားချထားတဲ့ ရေခွက်တစ်ခွက်ကိုယူပြီး အရှေ့က ကျောက်ချပ်ကြီးကို ရေနဲ့ပက်လိုက်တော့ ကျောက်ချပ်ကြီးနှစ်ချပ်က တဂျိန်းဂျိန်းနဲ့လှုှုပ်ယမ်းလာပြီးတော့ သူ့အလိုလိုကွာထွက်သွားတယ်ဗျာ၊ ကျောက်ချပ်နှစ်ချပ်ကြားမှာ လူတစ်ယောက်ဝင်စာလောက် အပေါက်တစ်ခုဖြစ်သွားတယ်။
“ဟေ့ သိုက်နန်းရှင်တွေထွက်လာခဲ့ကြ၊ အသင်တို့ကိုငါဆင့်ခေါ်တယ်၊ အသင်တို့မလာရင် အသင်တို့ညီမကို ညှင်းပန်းနှိပ်စက်ရလိမ့်မယ်”
ကျုပ်မြင်နေရတဲ့နေရာက မြင်ကွင်းမကောင်းဘူးဆိုတော့ တစ်နေရာကိုရွှေ့ကြည့်ရတယ်ဗျ၊ ဒီတော့မှ လူငါးယောက်ထဲမှာ နှင်းဖြူကအလယ်မှာထိုင်နေပြီး ဘေးနားက သိုက်ဆရာလေးယောက်က ဝိုင်းထားတာကိုမြင်လိုက်ရတယ်၊ ကျောက်ချပ်ကြီးအနားမှာ တိတ်ဆိတ်နေတာနဲ့ ဦးတိုက်စိုးက သူ့လူတွေက အမိန့်ပေးလိုက်တယ်။
“ကဲ ကောင်မလေးကို ညှင်းပန်းကြဟေ့”
သိုက်ဆရာတွေက လက်သန်းလုံးလောက်ရှိတဲ့ ကြိမ်လုံးတွေနဲ့ မိန်းကလေးကိုဝိုင်းရိုက်ကြတယ်၊ ရိုက်တယ်ဆိုပေမယ့် သာသာကလေးထိရုံလောက်ပဲထိတာပါ၊ ဒါပေမယ့် နှင်းဖြူက ငိုယိုပြီးလူးလွန့်နေလိုက်တာ ပြောမနေပါနဲ့တော့။
“အောင်မယ်လေး သေပါပြီ အမတော်တို့ရဲ့ ညီမကိုဒီအတိုင်းပစ်ထားတော့မှာလား”
နှင်းဖြူငိုတာ သနားစရာလေးဗျာ၊ ဒီအချိန်ကျောက်ချပ်တံခါးကြီးပွင့်ပြီး မြေကြီးတစ်ကောင်ထွက်လာတယ်၊ မြွေကြီးက တော်တော်ကြီးတဲ့အကောင်ကြီးဗျာ၊ ဒါပေမယ့် ကျောက်ဖျာအပြင်ကိုရောက်တာနဲ့ မြွေကြီးလူးလွန့်နေတယ်၊ ဦးတိုက်စိုးက ရယ်မောရင်း မန္တန်တစ်ခုရွတ်လိုက်တော့ မြွေကြီးကနေ မိန်းကလေးတစ်ယောက်ဖြစ်သွားတယ်၊ သူ့ကိုယ်မှာလည်း ကြိုးအဝါတွေပတ်လို့ဗျ။
“မင်းမြွေအဖြစ်နဲ့ထွက်လာမယ်မှန်းသိလို့ ငါက ကျောက်ချပ်အပေါက်ဝမှာ ကြိုးကွင်းတွေနဲ့ လျှောထောင်ချောက်လုပ်ထားတာကွ”
ဦးတိုက်စိုးက ပြောဆိုပြီးရယ်မောလိုက်တယ်၊ ပြီးတော့ ညီအမနှစ်ယောက်ကို ခုနက ကြိမ်လုံးတွေနဲ့ထပ်ရိုက်တော့တာပဲ၊ ညီအမနှစ်ယောက်လည်း အော်ဟစ်လူးလွန့်နေတုန်း နောက်ထပ်ညီအမတစ်ယောက်ထွက်လာတယ်၊ ဒီတစ်ယောက်ကိုလည်း ဦးတိုက်စိုးက ပညာစက်တစ်ခုနဲ့ချုပ်ကိုင်လိုက်ပြန်ပါရော၊ နောက်ဆုံး ညီအမလေးယောက်စလုံးကို ဖမ်းမိသွားတော့ အမအကြီးဆုံးက ထွက်လာတယ်၊ ခေါင်းမှာ ရွှေရောင်ဝင်းလက်နေတဲ့ မကိုဋ်တစ်ခုကိုဆောင်းထားတယ်ဗျ၊ အမကြီးက ဦးတိုက်စိုးကိုမြင်တော့ စက်လက်နက်တွေနဲ့လှမ်းပစ်တယ်၊ ဒါပေမယ့် သူ့စက်လက်နက်တွေက လက်တစ်ကမ်းလောက်ရောက်တယ်ဆိုရင်ပဲ သူ့အလိုလိုကွဲထွက်ပြီး ပျက်စီးကုန်ကြပါရောဗျာ။
ဦးတိုက်စိုးက ခါးထောက်ပြီး အားရပါးရရယ်တယ်။
“ဟား၊ ဟား ဟောဒီနေရာတစ်ဝိုက်မှာ ငါကစည်းခုနစ်တန် တားထားပြီးသားဟဲ့၊ ဒီစည်းဝိုင်းအတွင်းမှာဆို နင်တို့မပြောနဲ့ တန်ခိုးရှိလှပါတယ်ဆိုတဲ့ သိုက်နန်းရှင်ဒေဝီကြီးတွေတောင်မှ မစွမ်းနိုင်ဘူးဟဲ့”
ဦးတိုက်စိုးကပြောဆိုပြီးတော့ သိုက်နန်းရှင်ဆီကို ချည်ကြိုးတစ်ကြိုးနဲ့ပစ်လွတ်လိုက်တယ်၊ ရောင်စုံချည်တွေပါတဲ့ ချည်ကြိုးက သိုက်နန်းရှင်ကို ရစ်ပတ်ချည်နှောင်လိုက်တယ်။
“ကဲ ငါအကြမ်းနည်းမသုံးချင်ဘူး၊ နင်တို့သိုက်နန်းမပျက်စီးချင်ရင် ပြည်တန်ပတ္တမြားတစ်လုံးထုတ်ပေးရမယ်”
“ဟဲ့ ဆရာစုတ်၊ ဒီပစ္စည်းတွေက နောက်ဘုရားပွင့်ရင် သာသနာပြုဖို့လှူဒါန်းခဲ့တဲ့ပစ္စည်းတွေဟဲ့၊ နင်တို့နဲ့ထိုက်မယ်လို့ထင်နေသလား”
ဦးတိုက်စိုးက သိုက်နန်းရှင်ကိုလက်ညှီုးထိုးလိုက်တဲ့အခါ သူ့ကိုယ်မှာရစ်နေတဲ့ကြိုးတွေက တဖြည်းဖြည်းရစ်ဝင်ပြီး သိုက်နန်းရှင်ရဲ့အသားစိုင်တွေထဲအထိ တိုးဝင်စူးနစ်သွားအောင်တင်းကြပ်သွားတယ်၊ သိုက်နန်းရှင်ကလည်း အော်လိုက်တာပြောမနေပါနဲ့။
“ငါအများကြီးမတောင်းပါဘူးဟာ၊ ငါ့ကို ပတ္တမြားတစ်လုံးပဲပေးစမ်းပါ”
“မပေးဘူး၊ ဒီပတ္တမြားက ဘယ်လောက်တန်တယ်ဆိုတာ နင်သိသလား၊ နင်တို့သားစဉ်မြေးဆက်မပြောနဲ့ ဇီးကုန်းရွာတစ်ရွာလုံးကလူတွေ မျိုးရိုးဆယ်ဆက် စားလို့သောက်လို့မကုန်နိုင်ဘူးဆိုတာနင်သိသလား”
“သိတယ်လေ သိပ်သိတာပေါ့၊ ဒါကြောင့်လည်း နင့်ဆီကတောင်းနေတာ၊ နင်မပေးဘူးဆိုရင် နင်တို့ညီအမတွေကို ငါသတ်မယ်၊ နင်တို့သိုက်ထဲက ရတနာတွေယူပြီး နင်တို့သိုက်ကိုဖျက်မယ်ဟဲ့”
“လုပ်ကြည့်စမ်း၊ နင်စွမ်းရင် လုပ်ကြည့်လိုက်စမ်း”
“ဟေ့ကောင်တွေ၊ လုပ်လိုက်စမ်းဟေ့”
ဟိုလူတွေက ကျောက်ချပ်ကြီးကို ကြိမ်လုံးနဲ့တရွှမ်းရွှမ်းရိုက်ကြတယ်၊ ကျောက်ချပ်ကြီးက တဖြည်းဖြည်းတုန်လှုပ်လာပြီးတော့ တော်လဲသံလို အသံကျယ်ကြီးကြားလိုက်ရတယ်၊ ကျုပ်တို့ဒီအတိုင်းကြည့်နေလို့မဖြစ်တော့ဘူး၊ ဒီအတိုင်းဆိုရင် ကြာရင်သိုက်ကြီးပျက်သွားနိုင်တယ်၊ ဒါနဲ့ ဦးဘသာကိုလှည့်ကြည့်လိုက်တော့ ဦးဘသာက ဘယ်ရောက်သွားမှန်းကိုမသိပါဘူးဗျာ၊ ဦးဘသာကိုလိုက်ရှာနေတုန်း ဦးဘသာက ဦးတိုက်စိုးတို့အရှေ့နားကိုရောက်နေပြီဗျ။
“တိုက်စိုး . . . တိုက်စိုး၊ မင်းကတိုက်စိုးဆိုတဲ့နာမည်ကနေ သိုက်ကိုပိုင်ချင်တဲ့ သိုက်စိုးဖြစ်ချင်တယ်ပေါ့ဟုတ်သလား”
ဦးတိုက်စိုးက ဦးဘသာကိုကြည့်ရင်း
“ခင်ဗျားဘယ်သူလဲ ခင်ဗျားနဲ့ဘာဆိုင်လို့ဝင်ရှုပ်တာလဲ၊ မသေချင်ရင် အသာဖယ်နေအဘကြီး”
“မင်းငါ့ကိုမမှတ်မိဘူးထင်ပါတယ်၊ ငါက အခုမှမင်းကိုတားတာမဟုတ်ဘူးကွ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်လောက်တုန်းကလည်း မြိုင်သာရွှေမြင်တင်ဘုရားသိုက်မှာ မင်းကိုတစ်ခါတားဖူးတယ်”
ဦးတိုက်စိုးက ပြန်သတိရသွားတဲ့ပုံစံနဲ့ အံကြိတ်ပြီး ဒေါသထွက်လာတယ်။
“အဘကြီး၊ အရင်တုန်းက ခင်ဗျားကျုပ်ကိုတားနိုင်ခဲ့ပေမယ့် ဒီတစ်ခေါက်တော့ ခင်ဗျားကြီးသေရမယ်ဗျ”
“သိပ်မလောစမ်းပါနဲ့ တိုက်စိုးရာ၊ အရင်တစ်ခါ မင်းခွေးပြေးဝက်ပြေးထွက်ပြေးခဲ့ရသလို၊ အခုလည်း မင်းထွက်ပြေးရအုံးမှာပါကွ”
ဦးတိုက်စိုးက သူ့လူတွေကိုကြည့်လိုက်ပြီး
“ဟေ့ကောင်တွေ ဒီကောင့်ကိုရိုက်ကြစမ်း”
ဟိုလူလေးယောက်က ကြိမ်လုံးတွေဝင့်ပြီးတော့ ဦးဘသာကိုဝင်ရိုက်ကြတယ်၊ ဦးဘသာက ဒီလူလေးယောက်ကိုလက်ညှိုးထိုးပေမယ့် ဒီလူတွေက မရပ်တန့်သွားဘဲနဲ့ ဦးဘသာအနားကိုတိုးကပ်လာကြတယ်၊ ဦးဘသာက နည်းနည်းကြောင်အမ်းအမ်းဖြစ်နေတယ်။ ဦးတိုက်စိုးက လက်ညှိုးထိုးပြီးတော့ ရယ်မောတယ်ဗျ။
“ဟား ဟား၊ ရွှေမြင်တင်သိုက်ကို ခင်ဗျားတို့စုန်းတွေဝင်ရှုပ်ကတည်းက ကျုပ်က နောက်ဆိုရင် စုန်းပညာစက်တွေကာကွယ်နိုင်အောင်လို့ စည်းချထားခဲ့တာပဲ၊ ဟောဒီစည်းဝိုင်းထဲမှာ သိုက်နန်းရှင်တွေ၊ စုန်းတွေမပြောနဲ့၊ နတ်တွေ နဂါးတွေတောင်မှ မစွမ်းနိုင်ဘူးဆိုတာ ခင်ဗျားသိထား”
ဟိုလူလေးယောက်က ဦးဘသာကို တအားဝင်ရိုက်ပါရောဗျာ၊ ဦးဘသာက သူ့ဆီဝင်လာတဲ့လူတစ်ယောက်ရဲ့လက်ကို ဖမ်းဆွဲလိုက်ပြီး လက်ကိုလှန်ထည့်လိုက်တော့ ဟိုလူက အနောက်ကိုလဲကျသွားတယ်၊ အနောက်ကနေပြေးဝင်ရိုက်တဲ့လူရဲ့လက်ကို ငုံ့ရှောင်ပြီးတော့ ဒီလူရဲ့အရှိုက်ကိုတံတောင်နဲ့နောက်ပြန်တွယ်ပေးထည့်လိုက်တာ ဟိုလူလည်း ပက်လက်လန်ကျသွားပါလေရောဗျာ၊ တစ်ခါဘေးကနေဖြတ်ဝင်လာတဲ့လူကိုတော့ လက်ကနေဆွဲပြီး ပုခုံးအားနဲ့ ဆွဲပီး ကိုင်ပေါက်ထည့်လိုက်တာ ဟိုလူခမျာ မြေပြင်ပေါ်ကို ဘုန်းခနဲကျပြီး ကားယားကြီးဖြစ်သွားတော့တာပဲ၊ ဒီအခါ ကျန်တဲ့လူတစ်ယောက်က မဝင်ရဲတော့ဘဲ နည်းနည်းရှိန်နေတယ်။
ဦးဘသာက မောနေတယ်ဆိုပေမယ့် လက်ကိုတိုက်ခိုက်ဖို့အသင့်ပြင်ထားတယ်ဗျ။ ဦးဘသာကိုကြည့်ရတာ ကရာတေးကစားသမားလို ဂျူဒိုကစားသမားလိုပုံစံနဲ့ဗျ။
“လာစမ်းပါကွ၊ စုန်းပညာမသုံးရလည်း မင်းတို့ကောင်တွေလောက်ကတော့ တစ်ယောက်ချင်းလှဲသိပ်လို့ရပါသေးတယ်”
ဦးတိုက်စိုးက နည်းနည်းတော့ ထိတ်ထိတ်ပြာပြာဖြစ်သွားတယ်၊ ပြီးတော့ ဦးဘသာဆီကို ကြိုးတွေလှမ်းပစ်တာပဲဗျာ၊ ဦးဘသာက ယောင်ပြီး အဲဒီကြိုးတွေကို လက်သီးနဲ့လှမ်းထိုးဖို့လုပ်တယ်၊ ကြိုးတွေက ဦးဘသာလက်နဲ့ထိတဲ့အခါ ရှဲခနဲအသံမြည်ပြီး ဦးဘသာလက်တွေပူသွားပုံရတယ်ဗျ၊ တစ်ချိန်တည်းမှာပဲ ဟိုလူလေးယောက်က ကုန်းထလာပြီးတော့ ဦးဘသာဆီကို ကြိုးတွေပစ်ပြန်တယ်၊ ကြိုးတွေနဲ့ထိတော့ ဦးဘသာလည်း မနေနိုင်တော့ဘဲနဲ့ မြေပေါ်ကိုအခွေလိုက်လဲကျသွားတယ်။
“ဟား၊ ဟား ခင်ဗျားအခုတော့ ဘာတတ်နိုင်သေးလဲ၊ ကဲ ငါ့တပည့်တို့ ဒီလူကြီး မင်းတို့ကိုလုပ်ခဲ့တာတွေကို အတိုးရောအရင်းပါပြန်ပေါင်းပေးလိုက်ကြစမ်းဟေ့”
ဦးတိုက်စိုးရယ်မောလိုက်တဲ့အချိန်မှာ ဟိုလူလေးယောက်က ဦးဘသာကို ကြိမ်လုံးတွေနဲ့ပိတ်ရိုက်တာပဲဗျာ၊ ဦးဘသာက အော်တော့မအော်ပေမယ့် အံကြိတ်ပြီးခံရှာတယ်၊ ဟိုလူတွေက ကြိမ်လုံးနဲ့ရိုက်ရတာ အားမရလို့ ဦးဘသာကို ခြေထောက်တွေနဲ့ပါ ကန်ကြောက်ကြသေးတယ်။
ကျုပ်ဒီအတိုင်းနေလို့မဖြစ်တော့ဘူးလေဗျာ၊ ဦးဘသာကို ကယ်ရတော့မယ်မဟုတ်လား၊ ဒါနဲ့ပဲ လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး ဒီလူတွေဆီကိုပြေးသွားလိုက်တယ်။ အဲဒီလူတွေအနားမရောက်ခင် သစ်ပင်နှစ်ပင်ကြားအဖြတ်မှာ ကျုပ်ခြေထောက်ကို ကြိုးတွေနဲ့ငြိပြီးတော့ ကျုပ်လည်းအရှေ့ကိုဟပ်ထိုးလဲကျသွားတယ်၊
ခြေလွတ်လက်လွတ်လဲကျသွားတာဆိုတော့ မြေကြီးနဲ့နှာခေါင်းနဲ့ တိုက်ရိုက်ပဲဗျာ၊ နှာခေါင်းက ပူခနဲဖြစ်သွားပြီးတော့ စေးကပ်ကပ်အရည်တွေစီးကျလာတယ်၊ ကျုပ်လက်နဲ့သုတ်လိုက်တော့မှ သွေးတွေဖြစ်နေတယ်ဗျာ။
ကျုပ်မြေကြီးပေါ်လက်ထောက်ပြီး ရုန်းထလိုက်တော့ ခြေထောက်ကို ကြိုးတွေငြိနေတယ်ဗျ၊ ကြိုးတွေက ရက်ကန်းရက်တဲ့အခါသုံးတဲ့ ချည်ကြိုးတွေလဲပါတယ်၊ ပြီးတော့ ဖယောင်းတိုင်မီးစာကြိုးလောက်ရှိတဲ့ ချည်လုံးတွေလဲပါတယ်၊ ကျုပ်ခြေထောက်ကို လုံးထွေးပြီးရစ်ပတ်နေတာ ကျုပ်တောင်ဘယ်လိုဖြေရမှန်းမသိဘူးဗျို့။
ဦးဘသာကလည်း တော်တော်ခံနေရပြီဆိုတော့ ကျုပ်ကုန်းထပြီး ကြိုးတွေကိုဆောင့်ဆွဲလိုက်တာပဲဗျာ၊ ကြိုးတွေက ကျုပ်ဆွဲလေလေပိုရှည်လေလေဖြစ်လာပြီး ကျုပ်လက်တွေမှာရော တစ်ကိုယ်လုံးကိုပါ ရစ်ပတ်သွားတယ်၊ တော်တော်ရှုပ်တဲ့ကြိုးတွေဗျာ၊ ကျုပ်ရုန်းကန်ရင်း လှိမ့်ချထည့်လိုက်တော့ ကြိုးတွေက တထောင်းထောင်းနဲ့ပြတ်ထွက်ပြီး လူလည်းလိမ့်ပြီးတော့ သိုက်တူးတဲ့လူတွေအနားကိုရောက်သွားတယ်၊ ဟိုလူတွေက ကျုပ်ကိုတွေ့တော့ကြောင်ပြီးကြည့်နေကြတယ်၊ ကြည့်လဲကြည့်ချင်စရာပဲလေဗျာ၊ ကျုပ်တစ်ကိုယ်လုံးမှာ အနီရောင်၊ အဝါရောင်၊ အဖြူရောင်နဲ့ အရောင်စုံတဲ့ကြိုးတွေက တစ်ကိုယ်လုံးကိုရစ်ပတ်နေတာကိုးဗျ၊ ကျုပ်က ဟိုလူတွေကိုလက်ညှိုးထိုးရင်း
“ဦးဘသာကိုခင်ဗျားတို့လွှတ်လိုက်ကြ၊ မဟုတ်ရင် ခင်ဗျားတို့နဲ့ကျုပ်နဲ့တွေ့မယ်”
“ဘယ်ကကောင်ဝင်ရှုပ်တာလဲ၊ ဒီကောင်လဲစုန်းပဲဖြစ်မယ်၊ ကြာပါတယ်ကွာ၊ ဒီကောင့်ကိုပါရိုက်ကွာ”
ဟိုလူလေးယောက်က ပြေးလာပြီးကျုပ်ကိုရိုက်တယ်ဗျ၊ ကျုပ်က ဒီလူတွေကိုထိုးဖို့လုပ်ပေမယ့် လက်မှာကြိုးတွေငြိပြီး လက်သီးက မထွက်ဘူးဗျို့၊ ဟိုလူတွေက ကျုပ်ကိုဝိုင်းရိုက်ပေမယ့် ကြိမ်လုံးနဲ့ရိုက်တာဆိုတော့ စပ်ဖျဉ်းဖျဉ်းနဲ့ဗျ။
“ဟေ့ကောင်တွေ ရပ်လိုက်ကြစမ်း”
အော်သံနဲ့အတူ လူတစ်ယောက်က ခုန်ဝင်လာတယ်ဗျ၊ အဲဒီလူက ဦးထွန်းမောင်ကြီးပဲဗျ၊ ဦးထွန်းမောင်က ကျုပ်ကိုကြိမ်လုံးနဲ့ရိုက်နေတဲ့လူတွေကို လက်သီးနဲ့ဝင်ပြီးထိုးကြိတ်ပါရောဗျာ၊ ဦးထွန်းမောင်က ဘယ်ကနေဘယ်လိုရောက်လာသလဲမသိပါဘူး၊ သူဝင်ထိုးတာနဲ့ ကျုပ်လည်း ဝင်ပြီးထိုးရတော့တယ်။
ဒီအချိန်ဝုန်းခဲမြည်သံကြီးကြားလိုက်ရပြီးတော့ နှင်းဖြူက မတ်တပ်ထရပ်လိုက်တယ်၊ ဟိုလူတွေက တခြားသိုက်နန်းရှင်တွေကိုသာ ကြိုးတွေနဲ့ချုပ်ထားကြပေမယ့် နှင်းဖြူကိုတော့ လူဆိုပြီးမချုပ်ထားကြဘူးမဟုတ်လား။ ဦးတိုက်စိုးက အရမ်းလန့်သွားတဲ့ပုံပဲဗျ။
“ဟာ သွားပြီ၊ ဟိုကောင်၊ ဟိုကောင့်ကိုယ်မှာ ငြိနေတဲ့ကြိုးတွေက ငါတို့စည်းချထားတဲ့ ကြိုးတွေမဟုတ်လား”
ကျုပ်ကိုဝိုင်းရိုက်နေတဲ့လူလေးယောက်လည်း တော်တော်ထိတ်လန့်သွားကြတယ်။
“ဟုတ်တယ်ဆရာကြီး၊ ဒီကြိုးတွေက ကျုပ်တို့ဒီနားက သစ်ပင်တွေနဲ့ပူးချည်ပြီး စည်းချထားတဲ့ စက်ပညာကြိုးတွေပဲ”
နှင်းဖြူက ဒီလူလေးယောက်စီကို လက်ညှိုးညွှန်လိုက်ပြီး
“လောဘသားတွေ သေကြစမ်းဟေ့”
အဲဒီလိုအော်ပြီးတော့ လက်ညှိုးထိုးလိုက်တော့ လက်ညှိုးထိပ်ကနေ လောက်စာလုံးအရွယ်လောက်ရှိတဲ့ စိမ်းစိမ်းအလုံးကလေးတွေ နီနီအလုံးကလေးတွေပျံထွက်လာပြီး ဟိုလူတွေခြေထောက်အနားကိုကျသွားတယ်၊ မြေပြင်မှာ တဖောင်းဖောင်းနဲ့ပေါက်တော့ ဟိုလူတွေမှာ ကြောက်ကြောက်နဲ့မျောက်လိုခုန်ကြတယ်၊
“စည်းပေါက်ပြီဟေ့၊ စည်းပေါက်သွားပြီဟေ့”
ဒီလူလေးယောက်က အော်ဟစ်ပြီးတော့ တောထဲကိုဝင်ပြေးတာ တန်းနေတာပါပဲဗျာ။ ဦးထွန်းမောင်နဲ့ကျုပ်နဲ့က မြေပေါ်လဲကျနေတဲ့ ဦးဘသာကိုတွဲထူလိုက်တယ်။ ဦးဘသာကိုယ်လုံးမှာ ပတ်နေတဲ့ကြိုးတွေကို ကျုပ်ကဖြေချပေးလိုက်တယ်၊ နှင်းဖြူက ဦးတိုက်စိုးကိုကြည့်ပြီး
“ယုတ်မာတဲ့လူ၊ လူယုတ်မာကြီး၊ ကျုပ်အဒေါ်နဲ့ပေါင်းပြီးတော့ ကျုပ်ကိုဒုက္ခပေးဖို့၊ ကျုပ်အမတွေရဲ့သိုက်ကို တူးဖို့ကြံစည်တာ ရှင်မဟုတ်လား”
“ဟား၊ ဟား ဟုတ်တာပေါ့ကွာ၊ မင်းဒီရွာကိုသိပ်သွားချင်ပါတယ်ဆိုပြီး ပူဆာပေမယ့် မင်းအမေက မင်းကိုမလွှတ်ဘူးမဟုတ်လား၊ မင်းအဒေါ်က ငါ့ကိုလာတိုင်ပင်တော့ ငါလည်း မင်းကဒီသိုက်ကပဲဆိုတာ သိလိုက်ပြီး အခုလိုကြံစည်လိုက်ရတာပဲဟေ့၊ ဘယ်လိုလဲနှင်းဖြူ မင်းဒီရွာကိုရောက်တော့ ပျော်တယ်မဟုတ်လား၊ မင်းချစ်တဲ့သူနဲ့တွေ့ရပြီမို့လို့ မင်းပျော်ပျော်နေလိုက်စမ်းပါကွ”
နှင်းဖြူက ဒေါသတကြီးနဲ့
“လူယုတ်မာကြီး ရှင့်ကိုသတ်မယ်၊ ရှင့်ကိုကျုပ်သတ်မယ်”
နှင်းဖြူက အော်ဟစ်ပြီးတော့ အလုံးလေးတွေနဲ့ထပ်ပစ်ပြန်တယ်ဗျ၊ ဦးတိုက်စိုးက သူ့ဆီကိုပျံလာတဲ့အလုံးကလေးတွေကို အေးအေးလူလူပဲ တစ်လုံးချင်းလက်နဲ့ပုတ်ချလိုက်တယ်၊ ပြီးတော့နှင်းဖြူဆီကို ချည်မန်းကွင်းကလေးတွေနဲ့ပစ်လိုက်ပြန်ရော၊ ချည်မန်းကွင်းကလေးတွေက လေပေါ်ပျံရင်း နှင်းဖြူလက်တွေကို ပြေးစွပ်သွားတယ်။
“ဟဲ့ သိုက်နန်းရှင်မ၊ ငါ့စည်းပေါက်သွားပြီဆိုပေမယ့် ငါ့ပညာတွေကတော့ စွမ်းပါသေးတယ်ဟဲ့”
နှင်းဖြူက ဘယ်လိုမှကို မလှုပ်ရှားနိုင်တော့ဘူး၊ ဒီတော့ ဦးဘသာကပဲ အရှေ့ထွက်လာခဲ့ရတော့တယ်။
“မင်းလုပ်ရပ်တွေ ရပ်တန်းကရပ်ပြီး ဟောဒီနေရာကထွက်သွားဖို့ ငါမေတ္တာရပ်ခံပါတယ် တိုက်စိုး”
“အောင်မယ် ခင်ဗျားက စကားပြောတာကြီးကြီးကျယ်ကျယ်နဲ့ပါလားဗျ၊ ဒီမှာ ကျုပ်က ခင်ဗျားလွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်က အနိုင်ယူခဲ့တဲ့ တိုက်စိုးမဟုတ်တော့ဘူးဗျ၊ ခင်ဗျား စွမ်းမယ်ထင်ရင် ရှေ့တိုးလာခဲ့၊ ကျုပ်ကတော့ နောက်ဆုတ်မှာ မဟုတ်ဘူး”
“ပြောမရဘူးဆိုတော့လည်း မင်းထိုက်နဲ့မင်းကံပေါ့ကွာ”
ဦးဘသာက အရှေ့တိုးလိုက်တော့ ဦးတိုက်စိုးက သူ့လွယ်အိတ်ထဲက ချည်မန်းကွင်းကလေးတွေထုတ်လိုက်ပြန်တယ်၊ ချည်မန်းကွင်းကလေးတွေက လက်ကောက်ဝတ်ကိုစွပ်လို့ရတဲ့အရွယ် အကွင်းကလေးတွေပါ၊ အကွင်းကလေးတွေက လေပေါ်မှာတဝှစ်ဝှစ်နဲ့ဦးဘသာဆီကိုပျံသန်းလာခဲ့ပေမယ့် ဦးဘသာကိုမထိဘဲ အနားရောက်တော့ သူ့အလိုလိုကွင်းပြီး ဘေးနားကိုပဲပြုတ်ကျတယ်။
“မင်း ငါ့ကိုထိအောင်တောင် မပစ်နိုင်ဘူးလားကွ”
ဦးတိုက်စိုးက လွယ်အိတ်ထဲကနေ ကြိုးကွင်းတစ်ခုထုတ်ပြန်တယ်ဗျ။ ဒီကြိုးကွင်းကတော့ တစ်တောင်လောက်ရှိတဲ့ကြိုးကွင်းဗျ၊ အနီနဲ့အဖြူနဲ့လိမ်ကျစ်ထားတဲ့ကြိုးကွင်းကို လေပေါ်ဝေ့ပြီး ပစ်ထည့်လိုက်တယ်၊ ကြိုးက တည့်တည့်ဝဲပျံလာပြီးတော့ ဦးဘသာခေါင်းကိုစွပ်သွားတယ်၊ ဒါပေမယ့် ဦးဘသာက ဘယ်လိုမှမနေဘူးဗျ၊ ကြိုးကွင်းစွပ်ပြီး မကြာခင်မှာပဲ အဲဒီကြိုးကွင်းကို တစ်ယောက်ယောက်ကမီးရှို့လိုက်သလိုမျိုး မီးတွေထလောင်ပြီးတော့ ကြိုးတွေအကုန်ပြတ်ကျသွားတယ်။
ဒီအချိန် ကျုပ်နဲ့ဦးထွန်းမောင်နဲ့က ဖမ်းချုပ်ခံထားရတဲ့ နှင်းဖြူဆီကိုသွားပြီး ကြိုးတွေဖြေပေးလိုက်တယ်၊ နှင်းဖြူက ကြိုးတွေပြေတော့ သူ့အမဆီကိုပြေးသွားပြီး သူ့အမသိုက်နန်းရှင်တွေရဲ့ကြိုးတွေကို ကိုင်တယ်၊ ဒါပေမယ့် ကြိုးတွေက သူ့လက်နဲ့ထိမရတော့ ကျုပ်နဲ့ဦးထွန်းမောင်နဲ့ပဲ သိုက်နန်းရှင်တွေကို ကြိုးတွေဖြေပေးရတယ်။
သိုက်နန်းရှင်တွေအနားက ပန်းနံ့လိုလို နံ့သာဖြူ ကရမက်လို သစ်မွှေးနှံလိုလိုမွှေးကြိုင်နေတာပဲဗျာ၊ ကြိုးဖြေရတာဆိုတော့ သိုက်နန်းရှင်မိန်းကလေးတွေရဲ့အသားနဲ့ လက်နဲ့ထိမိတယ်၊ သူတို့အသားကလည်း တစ်မျိုးပဲဗျ၊ ပျော့ပျော့စိစိနဲ့ အိအိကလေးဗျ၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင်တော့ ခုခေတ်မိတ်ကပ်ဘူးတွေမှာပါတဲ့ မိတ်ကပ်လိမ်းတဲ့ တို့ဖတ်ရေမြှုပ်ပျော့ပျော့ကလေးကို ကိုင်ရတဲ့အတိုင်းပဲ၊ အသားက ချောမွတ်နေပြီးတော့ လက်နဲ့ထိရင် အိဝင်သွားမလိုကို ပျော့တာဗျာ။ ကြိုးတွေဖြေပြီးတဲ့အချိန် ဦးဘသာတို့ကိုကြည့်လိုက်တော့ ဦးဘသာက ဦးတိုက်စိုးကိုဖမ်းချုပ်ပြီးနေပြီ၊ ဦးတိုက်စိုးက ဦးဘသာအရှေ့မှာ တောင့်တောင့်ကြီးရပ်လို့ပေါ့ဗျာ။
“မသတ်ပါနဲ့ဗျာ၊ ကျုပ်ကိုမသတ်ပါနဲ့”
ဦးတိုက်စိုးက တောင်းပန်ရှာတယ်၊ နဖူးမှာလည်း ဇောချွေးတွေပြန်လို့ဗျို့။
“မင်းကိုငါမသတ်ပါဘူးကွ”
ဦးဘသာက သူများအသတ်ကိုသတ်တဲ့လူမဟုတ်တော့ ဦးတိုက်စိုးကိုလည်းသတ်ဖို့စိတ်ကူးမရှိဘူး။ ဒီအချိန် သိုက်နန်းရှင်အငယ်မတစ်ယောက်က ဒေါသထွက်ထွက်နဲ့
“သူမသတ်ပေမယ့် ရှင့်ကိုကျုပ်သတ်မယ်၊ သိုက်နန်းကိုထိပါးလာတဲ့လူမှန်သမျှကို ကျုပ်သတ်မယ်”
သိုက်နန်းရှင်က မြွေကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားတယ်၊ မြေကြီးက အတော်ခပ်ကြီးကြီးဗျ၊ လုံးပတ်တင် လူကြီးတစ်ကိုယ်စာလောက်ရှိတယ်၊ အဲဒီမြွေကြီးက ဦးတိုက်စိုးအရှေ့မှာရပ်လိုက်ပြီးတော့ ခေါင်းကိုထောင်လိုက်တယ်ဗျ၊ ဦးတိုက်စိုးဆိုရင် ကြောက်လန့်ပြီး ငယ်သံပါအောင်ကိုအော်တာ၊ မြွေကြီးက ပါးစပ်ကိုဖြဲလိုက်ပြီးတော့ ဦးတိုက်စိုးရဲ့ခေါင်းကို ပါးစပ်ပြဲကြီးနဲ့အုပ်ချလိုက်တယ်၊ ပြီးတော့ ဦးတိုက်စိုးကို မတ်တပ်ကြီးပဲ တဖြည်းဖြည်းမြိုချသွားတာဗျာ၊ မြိုပြီးတာနဲ့ မြွေကြီးက ကျောက်ချပ်ကြီးကြားထဲကို ပြန်ဝင်သွားတယ်။
ိမကိုဋ်ဆောင်းထားတဲ့ သိုက်နန်းရှင်အမကြီးက နှင်းဖြူလက်ကိုဆွဲလိုက်ပြီးတော့
“နှင်းလေး၊ မင်းက ငါတို့သိုက်နန်းကိုထင်ပေါ်စေခဲ့ပြီမို့လို့ မင်းကိုလူ့ဘဝမှာဆက်ထားလို့မဖြစ်နိုင်တော့ဘူး”
အဲဒီလိုပြောပြီးတော့ နှင်းဖြူနဖူးကို လက်နဲ့ပုတ်လိုက်တာ၊ နှင်းဖြူရဲ့ ခေါင်းမှာ ရွှေရောင်လက်နေတဲ့ စည်းပုံကလေးတစ်ခုပေါ်လာပြီး ဝတ်စားထားတဲ့အဝတ်အစားကလည်း သိုက်နန်းရှင်တွေဝတ်စားသလို အဝတ်အစားဖြစ်သွားတယ်။ ဒီအချိန် ကျောက်ချပ်ကြီးဆီက တဂျိန်းဂျိန်းနဲ့အသံတွေမြည်လာခဲ့တယ်။
“သိုက်နန်းတံခါးကြီးပိတ်တော့မယ်၊ ပြန်ကြစို့ ညီမတော်တို့”
သိုက်နန်းရှင်တွေက ပြန်ဝင်သွားဖို့လုပ်တဲ့အခါ နှင်းဖြူက အနောက်မှာရပ်နေတဲ့ ဦးထွန်းမောင်ကိုတစ်ချက်လှည့်ကြည့်တယ်။
“အကို၊ အကိုနဲ့ညီမက ပေါင်းစပ်ဖို့ကံမပါဘူးထင်ပါတယ်၊ အခုလည်း ညီမပြန်သွားရတော့မယ်၊ အကို့ဆီကို ညီမဘယ်တော့မှပြန်လာလို့ရမှာမဟုတ်တော့ဘူး၊ အကို့ကိုညီမခွင့်လွတ်ပါတယ်၊ အကိုတခြားမိန်းမတွေနဲ့ အိမ်ရာထူထောင်ပြီး လက်ထပ်မယ်ဆိုရင်လည်း ညီမခွင့်ပြုပါတယ်”
ဦးထွန်းမောင်က အရှေ့ကိုတိုးမလို့လုပ်တော့ ကျုပ်က ဦးထွန်းမောင်လက်မောင်းကို တအားဖမ်းဆွဲထားလိုက်ရတယ်။
“မဟုတ်ဘူးညီမ၊ အကို ဒီအသက်အရွယ်အထိ တခြားလူတွေကိုမစဉ်းစားဘဲနဲ့ ညီမကိုစောင့်ခဲ့သေးတာပဲ၊ အကိုစောင့်မယ်၊ အကိုဘယ်ဘဝရောက်ရောက် ညီမကိုစောင့်နေမယ်၊ ညီမပြန်လာမယ့်အချိန်ကိုစောင့်နေမယ်”
ပြောရင်း ဦးထွန်းမောင်က မျက်ရည်တွေကျနေတယ်ဗျ၊ နှင်းဖြူက ဦးထွန်းမောင်ကိုလက်ပြနှုတ်ဆက်လိုက်ပြီး
“ဒီဘဝမှာတော့ အကိုနဲ့ညီမနဲ့ ဆုံစည်းဖို့ရာအကြောင်းမရှိတော့ပါဘူးအကိုရယ်”
အဲဒီလိုပြောပြီး ကျောက်ချပ်ကြီးနှစ်ချပ်ကြားထဲကိုဝင်သွားတယ်၊ ကျန်တဲ့သိုက်နန်းရှင်တွေလည်း ဝင်သွားကြတော့ ကျောက်ချပ်ကြီးက တဖြည်းဖြည်းနဲ့သူ့အလိုလိုပြန်စေ့ပြီး ပိတ်နေပါရောဗျာ။ ဦးထွန်းမောင်က မပြောမဆိုနဲ့ ကျုပ်မျက်နှာကို တံတောင်နဲ့နောက်ပြန်ဆော်ထည့်လိုက်တယ်၊ ကျုပ်လန့်ပြီးအနောက်ကိုဆုတ်သွားတဲ့အချိန်မှာ
“အကိုလာပြီညီမ၊ အကို့ကိုမထားခဲ့ပါ၊ အကိုညီမနဲ့လိုက်ခဲ့မယ်”
အဲဒီလိုအော်ဟစ်ရင်း ကျောက်ချပ်ကြီးနှစ်ခုဆီကိုပြေးဝင်သွားတယ်။
“ဦးဘသာ တားပါအုံး၊ ဦးထွန်းမောင်ကို တားပါအုံးဗျာ”
ကျုပ်လဲကျနေရာက ထလိုက်ပြီး ဦးထွန်းမောင်အနောက်ကို အမြန်ပြေးလိုက်တယ်၊ ကျောက်ချပ်ကြီးက လူတစ်ကိုယ်ဝင်စာမရှိတော့ဘူးဗျ၊ ဦးထွန်းမောင်က ကျောက်ချပ်နှစ်ချပ်ကြားကို ဘေးတိုက်ဝင်တိုးသွားတယ်၊ ကျုပ်ရောက်သွားတော့ ကျောက်ချပ်နှစ်ချပ်အကြားက တစ်ထွာတောင်မကျယ်တော့ဘူး။
“ဦးထွန်းမောင် ခင်ဗျားပြန်လာခဲ့၊ ခင်ဗျားပြန်ထွက်လာခဲ့”
ကျုပ်အော်နေတဲ့အချိန်မှာပဲ ကျောက်ချပ်ကြီးနှစ်ချပ်က ဂျိန်းခနဲစေ့သွားတော့တာပါပဲ၊ ကျောက်ချပ်နှစ်ချပ်အကြားမှာ လက်နှစ်လုံးလောက်ပဲ ဟနေတော့တယ်၊ ကျုပ်လက်နှစ်ဖက်နဲ့ အားကုန်ဆွဲပေမယ့် ကျောက်ချပ်က လှုပ်တောင်မလှုပ်တော့ဘူးဗျ။ ဒီအချိန် ဦးဘသာက ကျုပ်အနောက်ရောက်လာပြီးတော့ ကျုပ်ပုခုံးကိုပုတ်လိုက်တယ်။
“ထားလိုက်တော့အလတ်ကောင်၊ ထားလိုက်ပါတော့ကွာ”
“ဦးဘသာ ဘယ်လိုပြောလိုက်တာလဲဗျာ၊ ဦးထွန်းမောင် ဒီထဲဝင်သွားရင် သေမှာဗျ”
“သူအပြင်လောကမှာ အသက်ရှင်နေရလို့ရော ပျော်မယ်လို့မင်းထင်သလား”
ကျုပ်တွေတွေကြီးဖြစ်သွားတယ်။
“ထွန်းမောင်က လူ့လောကမှာ နှင်းဝေကို နှစ်ပေါင်းများစွာစောင့်နေခဲ့ရတာကွ၊ အခုပြန်တွေ့တော့လည်း ခဏလေးပဲတွေ့ပြီး ခွဲခွာသွားရတယ်ဆိုရင် သူဆက်ပြီးရှင်သန်ဖို့အတွက် ခွန်အားရှိပါတော့မလားကွ၊ ငါ့အထင်တော့ သူ့ကိုယ်သူသေကြောင်းကြံရင်ကြံမယ်၊ မဟုတ်ရင်လည်း စိတ်ဓါတ်ကျပြီးတော့ အအိပ်ပျက်အစားပျက်ပြီး သေမယ် ဒီလမ်းပဲရှိတာကွ”
“ဟုတ်တော့လည်း ဟုတ်ပါတယ်ဗျာ”
“လူ့ဘဝမှာမပေါင်းရမယ့်အတူတူ သူတို့နှစ်ယောက် သိုက်နန်းရှင်ဘဝမှာပေါင်းဖက်ကြပါစေတော့ကွာ၊ ဒါကြောင့် ငါသူ့ကိုမတားလိုက်တာကွ”
ဦးဘသာပြောတာလည်း မှန်နေတာနဲ့ ကျုပ်လည်းကျောက်ချပ်ကြီးကိုတစ်ချက်လှည့်ကြည့်လိုက်တယ်။
“ခင်ဗျားအဲဒီမှာ ပျော်နေမှာပါ ဦးထွန်းမောင်ရာ”
ပြောရင်း ဦးဘသာအနောက်ကိုပြေးလိုက်ခဲ့တယ်၊ ဦးဘသာက ခပ်လှမ်းလှမ်းတောင် ရောက်နေပြီဗျ။
အိမ်ကိုဘယ်အချိန်ပြန်ရောက်ပြီး ဘယ်လိုအိပ်ပျော်သွားမှန်းကိုမသိဘူးဗျာ။
“ဟဲ့အလတ်ကောင် . . . အလတ်ကောင် နင်ဘယ်မှာအိပ်နေတာလဲ”
အမေ့အသံကြားလို့ ကျုပ်မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျုပ် အိမ်ရှေ့ကွပ်ပျစ်မှာရောက်နေတာဗျ။ ကျုပ်စိတ်ထဲတော့ ဦးဘသာလက်ချက်လို့ပဲထင်တယ်။
“အခုတော့နင်သိပြီမဟုတ်လား၊ နင့်လိုအသုံးမကျတဲ့ကောင်ကို မိဘအိမ်ကလွဲလို့ ဘယ်ဆွေမျိုးသားချင်းကမှ လက်သင့်မခံဘူးဆိုတာ နင်သိပြီမဟုတ်လား”
ကျုပ်လဲ ငုတ်တုတ်ထိုင်ပြီးတော့ ခေါင်းညိတ်လိုက်တော့တယ်၊ အမေက ကျုပ်အနားကိုတိုးလာပြီး ကျုပ်နားရွက်ကိုလိမ်ဆွဲရင်း
“ပြန်လာမယ်ဆိုရင်လည်း ညနေကတည်းကပြန်လာတာမဟုတ်ဘူး၊ ခြင်တောကြီးထဲမှာ လာအိပ်နေရတယ်လို့ဟယ်၊ မတော်လို့ ငှက်ဖျားဖြစ်တော့ ဘယ့်နှယ့်လုပ်မလဲ”
“အံမယ်၊ အမေက ကျုပ်ငှက်ဖျားဖြစ်မှာကိုစိုးရိမ်တယ်ပေါ့ဟုတ်လား၊ အမေကျုပ်ကို ဘာလို့ဒီလောက် စိုးရိမ်နေတာလဲ၊ အမေကျုပ်ကိုချစ်လို့မဟုတ်လား”
“တိတ်စမ်းအလတ်ကောင်၊ နင်ငှက်ဖျားဖြစ်တော့ ငါတို့ပဲပိုက်ဆံအကုန်ခံပြီးကုရမှာဟဲ့၊ နင့်ကိုချစ်လွန်းလို့ စိတ်ပူတယ်လို့မထင်နဲ့၊ သွား သွား ဒီနားလာအိပ်မနေနဲ့၊ အိပ်ချင်အိမ်ပေါ်တက်အိပ်”
အမေ့စိတ်ကို ကျုပ်သိပါတယ်ဗျာ၊ အမေက ပါးစပ်ကြမ်းပေမယ့် ကျုပ်ကိုတော့ သိပ်ချစ်ရှာတယ်မဟုတ်လား၊ ဒါနဲ့ကျုပ်လည်း ကွပ်ပျစ်ပေါ်ကနေထလိုက်လိုက်ပြီးတော့ အိမ်ပေါ်ကိုပြေးတက်လိုက်တယ်၊ ညက အိပ်ရေးပျက်ထားတာဆိုတော့ ဒီမနက်ခင်းတော့ အတိုးချပြီးအိပ်တော့မယ်ဆိုတဲ့အကြံနဲ့ပေါ့ဗျာ။
နှင်းဖြူနဲ့ဦးတိုက်စိုးပျောက်ချင်းမလှပျောက်သွားတဲ့အပေါ် လူတွေထူးဆန်းနေကြတယ်၊ သူ့အဒေါ်လုပ်တဲ့လူကလည်း ငိုကြီးချက်မနဲ့ပြန်သွားလေရဲ့ဗျာ၊ ဒီကြားထဲ ဦးထွန်းမောင်တစ်ယောက်ပါ ပျောက်သွားတယ်ဆိုတော့ ရွာကလူတွေအကုန်လုံးက ဦးထွန်းမောင်က နှင်းဖြူကို ခိုးပြေးတယ်လို့ပဲ အားလုံးကယူဆလိုက်ကြတယ်။ ရွာမှာ သိုက်နန်းရှင်အကြောင်းပြောကြရင် အခုထက်ထိ ဦးထွန်းမောင်နဲ့မနှင်းဝေအကြောင်းကို ပုံပြင်တစ်ခုလိုပြောဆိုနေကြပါသေးတယ်ဗျာ။
ပြီးပါပြီ။