မပုပ်နိုင်သောအလောင်းကောင်

*မပုပ်နိုင်သေးသော အလောင်းကောင်*📖📖📖
(ဖြစ်ရပ်မှန်)

******************************
တစ်ချိန်က လူဆိုးလူမိုက်များစွာ ပေါ်ထွက်လေ့ရှိသည်ဟူသော သာယာဝတီခရိုင်ဘက်တွက် ဘကြီးကျော်တစ်ယောက် စခန်းမှူးကြီးဘဝဖြင့် တာဝန်ထမ်းဆောင်နေခဲ့သည့် ကာလပင်ဖြစ်လေသည်။ တစ်နေ့ ဘကြီးကျော်တစ်ယောက် စခန်းအတွင်း ပြီးဆုံးခဲ့ပြီးသော အမှူတွဲကြီးများအား ပြန်လည်လေ့လာနေခဲ့စဉ် အချိန်အတွင်း နယ်ထိန်းအရာရှိကြီး ကိုဌေးလွင်တစ်ယောက် စခန်းအတွင်းသို့ အရေးကြီးသုတ်ပြာဖြင့် ရောက်ရှိလာခဲ့လေ၏။

“ဟင် … ကိုဌေးလွှင် အရေးတကြီး ဘာများဖြစ်လာတာတုန်းဗျ။”
“ဖြစ်တယ်ဆရာရေ …ဖြစ်တယ်။”
“အင်း… ဆိုစမ်းပါဦး …ဘာများပါလိမ့်။”
“ဆင်အင်းရွာဘက်မှာ အလောင်းတစ်လောင်း တွေ့တယ်လို့ ကျွန်တော့်ဆီမနက်က ကိုမြင့်မောင်အကြောင်းကြားတာနဲ့ ကျွန်တော်လိုက်သွားခဲ့တယ်ဆရာ။ ဟုတ်တယ်… ဆရာ … တော်တော်လေးကို ထူးဆန်းတဲ့ အလောင်းပါပဲဆရာ။”

“ဟင် …ဘယ်လိုများ ထူးဆန်းလို့တုန်းဗျ။”
“ဒီလိုဆရာရ။ အလောင်းကို အကဲခတ်ကြည့်လိုက်တော့ … နှစ်ကာလ တော်တော်ကြာနေပြီဆရာ။ အရိုးတွေမရှိတော့ဘူး။ အသားအရည်တွေလည်း မရှိတော့ဘူး။ ဒါပေမယ့် သူ့ရဲ့အရည်ပြားကတော့… လူတစ်ယောက်လုံးရဲ့ အစိတ်အပိုင်းအတိုင်း အကောင်းကြီးရှိနေသေးတယ်ဆရာ။”
“ဟင် …. လူတစ်ယောက်လုံးရဲ့ အစိတ်အပိုင်းအတိုင်း အကောင်းချည်း ရှိနေသေးတယ်ဟုတ်လား။”
“ဟုတ်ပါတယ်ဆရာ။ အရိုးတွေဆွေးကုန်ပေမယ့် ခေါင်းအရည်ပြားကနေ စပြီး ခြေထောက်အထိ အရည်ပြားတွေအားလုံး အကောင်းတိုင်းရှိနေတယ်ဆရာ။ ပြီးတော့ သူ့အရည်ပြားမှာလည်း နေရာအလွတ်မရှိနေအောင် အင်းကွက်တွေ ထိုးထားတယ်ဆရာ။”
“ဟင် … အရည်ပြားမှာလည်း အင်းကွက်တွေရှိနေတယ် ဟုတ်လား။”
“ဟုတ်ပါတယ်ဆရာ။”

“အင်း … တယ်ထူးဆန်းပါလား။ ကိုင်း… အခုရော… အဲ့ဒီအလောင်းဘယ်မှာရှိနေလဲ။’
“ဆင်းအင်းရွာထိပ်မှာပဲရှိပါသေးတယ်ဆရာ။ ကိုမြင့်မောင်တို့အဖွဲ့ကို အစောင့်ချထားခိုင်းပြီး ထူးထူးဆန်းဆန်းဖြစ်နေလို့ ဆရာ့ဆီကို လာပြန်ပြောတာ…။”
“အင်း… ကောင်းပြီကောင်းပြီ။ ဒါဆို ကျုပ်လည်းအခုပဲလိုက်ခဲ့မယ်။”

          ဒုရဲအုပ်အရာရှိကြီး ကိုမြင့်မောင်၏ အကြောင်းကြားချက်များကြောင့် နယ်ထိန်းအရာရှိကြီး ကိုဌေးလွင် အလောင်းတွေ့ရှိရာ ဆင်အင်းရွာဆီသို့ လိုက်ပါသွားရောက်ခဲ့လေ၏။ ထိုအခါ ဘကြီးကျော်အား ပြောပြသကဲ့သို့သော် ထူးဆန်းသည့် အလောင်းကောင်ကြီးဖြစ်နေခဲ့သည်အား သိရှိခဲ့ရလေသည်။ ထို့ကြောင့် ဘကြီးကျော်သည်လည်း ဤကဲ့သို့ ထူးဆန်းသည့် အလောင်းကောင်ကြီးအား အကဲခတ်ရန်အတွက် နယ်ထိန်းအရာရှိကြီး ကိုဌေးလွှင်နှင့်အတူ ဆင်အင်းရွာဆီသို့ လိုက်ပါသွားခဲ့လေတော့သည်။

          ဘကြီးကျော်၏ ဂျစ်ကားလေးဖြင့် သာယာဝတီမြို့ပေါ်မှတဆင့် ဆင်အင်းရွာဆီသို့ နာရီဝက်ခန့် မောင်းနှင်ခဲ့ပြီးနောက် လူစုလူဝေးဖြစ်နေခဲ့သော ဆင်းအင်းရွာထိပ်ဆီသို့ စိုက်မြိုက်စွာဖြင့် ရောက်ရှိလာခဲ့ပေတော့သည်။

“သြော်…. စခန်းမှူးကြီးတို့ ရောက်လာကြပြီ။ ကြွပါဆရာ … ကြွပါ။”
“ဒီမှာပါဆရာ …”
သာယာဝတီရိုင်ဘက်တွင် အကြီးဆုံးအရာရှိကြီးဟူ၍ ထိုအချိန်က ဘကြီးတစ်ဦးတည်းသာလျင် ရှိနေခဲ့ပေသည်။ တချို့သော အရာရှိကြီးများမှာ အမဲရောင်နယ်မြေဖြစ်သည့် သာယာဝတီခရိုင်ဘက်တွင် ကြာကြာမနေရဲ နယ်မြေအသစ်များဆီသို့ ပြောင်းလဲသွားခဲ့ခြင်းကြောင့် ဖြစ်လေ၏။

          ဘကြီးကျော်ဟာ ဂမ္ဘီရဆန်သည့် အကြောင်းအရာများအားလည်း ရေးသားမှတ်တမ်းတင်ထားရင်း သာယာဝတီခရိုင်ဘက်တွင် နာမည်ပျက်မရှိ တာဝန်ထမ်းဆောင်နေခဲ့ခြင်းကြောင့် သူ့အား ခရိုင်တစ်ခုလုံးမှ ချစ်ကြောက်ရိုသေကြပေသည်။

          ဘကြီးကျော်ရောက်ရှိလာခဲ့သည်နှင့် ရဲအရာရှိကြီးများ ဝန်းရံကာရံထားခဲ့သော အလောင်းကောင်ကြီးရှိနေသည့် နေရာဆီသို့ ခေါ်ဆောင်ပြသလေခဲ့သည်။ ထိုအခါ ဘကြီးကျော်သည်လည်း ကိုဌေးလွှင်၏ပြောပြချက်များကြောင့် ထူးဆန်းသည့် အလောင်းကောင်ကြီးအား မြင်တွေ့ချင်စိတ်ဖြင့် ကြည့်ရှု့မိလိုက်လေသည်။

“ဟင် … ဟာ …. ထူးဆန်းလှချည်လား။”
“ဟုတ်တယ်ဆရာ … ထူးဆန်းတာကတော့ … တော်တော်လေးကို ထူးဆန်းတယ်။ ကျွန်တော်တို့စစ်ဆေးရေး လုပ်ရင်းနဲ့ သူ့ပုံစံအနေအထား နည်းနည်းပါးပါးတော့ ရွှေ့သွားတယ်ဆရာ။ ဒါပေမယ့် … သူ့အရည်ပြားအပေါ်ကို ခဲလုံးကြီးတွေ လိမ့်ကျပြုတ်ကျသွားခဲ့ပေမယ့်လည်း ပျက်စီးသွားတာမျိုး မတွေ့ရဘူးဆရာ။”
“အင်း ဘယ်လိုကြောင့်ပါလိမ့်။ ကဲကဲ … ဟုတ်ပြီဟုတ်ပြီ။ ဆေးရုံကိုပို့ပြီး ဆရာဝန်ရဲ့ စစ်ချက်ကိုတစ်ချက်လောက် စောင့်ကြည့်ကြရတာပေါ့။ ပြီးတော့မှ ဘာဆက်လုပ်မယ်ဆိုတာ စီစဉ်ကြမယ်။”
“ဟုတ်ကဲ့ပါဆရာ။”

          သို့နှင့် အရည်ပြားအကောင်းချည်းနှင့် မပုပ်သိုးနိုင်သေးသော အလောင်းကောင်ကြီးအား ဘကြီးကျော်၏ စေခိုင်းချက်များကြောင့် ရဲအရာရှိကြီးများသည်လည်း သာယာဝတီဆေးရုံးကြီးပေါ်သို့ ပို့ဆောင်လိုက်ကြပေသည်။ ဆရာဝန်ကြီး၏ စစ်ချက်များအားလည်း နေ့တွင်းချင်းပင်လျင် စောင့်စားနေခဲ့ရင်း အလောင်းကောင်ကြီး စတင်တွေ့ရှိခဲ့သည့် အဖြစ်ပျက်များအား မေးမြန်းခဲ့လေ၏။

“အင်း … ဒါနဲ့နေပါဦးဗျ။ ဘယ်ကနေ ဘယ်လို အဲ့ဒီအလောင်းကြီးကို တွေ့ခဲ့ကြတာတုန်း။”
“ဒီလိုပါဆရာ။ ကျွန်တော့်ဆီကို ရွာသားတွေအကြောင်းကြားကြတာပါ။ ရွာလုံခြုံရေးအတွက် ခြံစည်းရိုးကာဖို့ မလွတ်တဲ့အပင်တွေ အမှိုက်တွေရှင်းနေတုန်း အမှိုက်စတွေ မြေမြှုပ်ဖို့အတွက် ရွာထိပ်မှာ ကျင်းတူးကြတယ်။ ကျင်းတူးရာကနေ ထူးထူးဆန်းဆန်း လူပုံစံအဝတ်ကြီးတစ်ခုကို တွေ့တယ်ဆိုပြီး ရွာသားတွေက စခန်းကို အကြောင်းကြားလာတာပါ။ ကျွန်တော်တို့သွားစစ်ကြည့်တော့ အဝတ်မဟုတ်ပဲ မပုပ်သေးတဲ့ လူ့အရည်ပြားဖြစ်နေတာကို သိခဲ့ရတာပါဆရာ။”
“သြော်….”

“ဆရာ … ဆရာဝန်ကြီးဆီက စစ်ချက်ရပါပြီဆရာ။”
“အင်း … ဘာများတုန်းဗျ။”
“ဟုတ်ကဲ့ဆရာ … ဆေးစစ်ချက်ထဲမှာ ဒီအလောင်းက နှစ်ပေါင်း(၃၀)ကျော်နေပြီလို့ သိရပါတယ်ဆရာ။’”
“ဟင် … နှစ်ပေါင်း(၃၀)တောင်ကျော်နေပြီဟုတ်လား။”
“ဟုတ်ပါတယ်ဆရာ။ ပြီးတော့ သူ့ကိုယ်ပေါ်က အင်းကွက်ဆေးမှင်ကြောင်တွေကလည်း အောက်လမ်းအတတ်ပညာတွေနဲ့ စီစဉ်ထားတဲ့ အင်းကွက်တွေလို့သိခဲ့ရပါတယ်ဆရာ။”
“ဟင် … အောက်လမ်းအတတ်ပညာတွေနဲ့ စီစဉ်ထားတဲ့ အင်းကွက်တွေဟုတ်လား။”
“ဟုတ်ပါတယ်ဆရာ … အဲ့ဒီအင်းကွက်တွေက ဓားပြီးတုတ်ပြီး ပြီးတော့ … ဘယ်လိုအရာမျိုးနဲ့မှ သူ့ကိုသတ်လို့မရအောင် စီစဉ်ပြီး ထိုးထားပုံရတယ်လို့ ဆရာတော်ဦးဇိတ္တက မိန့်ပါတယ်ဆရာ။”

‘အင်း … ဟုတ်ပြီ။ ကျုပ်တို့အဲ့ဒီရွာဘက်ကို တစ်ချက်လောက် သွားပြီးလေ့လာရအောင်ဗျာ။ ကိုမြင့်မောင်တို့ … ကိုဌေးလွှင်တို့လည်း အဖော်လိုက်ခဲ့ပေးပေါ့။ ထူးထူးဆန်းဆန်း ဖြစ်ရပ်ဖြစ်နေတော့လည်း ကျုပ်ဖြင့် မှတ်တမ်းတင်ထားခြင်းသေးတယ်ဗျ။”
‘ဟာ … ရတာပေါ့ဆရာရယ်။ ကျွန်တော်တို့လည်း အဲ့ဒီအကြောင်းကို သိပ်သိချင်နေကြတာဗျ။ ဆရာက သွားစုံစမ်းမယ်ဆိုတော့ … အတိုင်းအထက်အလွန်ပေါ့ဗျာ။”

          ပြစ်မှု့မဟုတ်သော်လည်း ထူးဆန်းသည့် အရည်ပြားကြီးနှင့်ပတ်သတ်ပြီး ဆင်အင်းရွာဆီသို့ သွားရောက်စုံစမ်ရန်အတွက် စခန်းမှူးကြီး ဘကြီးကျော်နှင့်အတူ ရဲအရာရှိများအားလုံး ဦးတည်ထွက်ခွာလာခဲ့ကြလေသည်။ ဆင်အင်းရွာဆီသို့ ရောက်ရှိလာခဲ့သည်နှင့် ရပ်ရွာလူကြီး၏ နေအိမ်ဆီသို့ ဦးတည်ခဲ့ကြရင်း ရွာလူကြီးနှင့် ဆုံတွေ့ခဲ့ကြလေသည်။

“သြော် …ဆရာတို့… ကြွကြပါခင်ဗျ။ ကြွကြပါ။”
“အင်း … စခန်းမှူးကြီးတို့ ကျွန်တော့်ဆီကို ရောက်လာပုံကြည့်ရရင် ရွာထိပ်က အလောင်းကောင်ကြီးနဲ့များ ပတ်သတ်နေလိမ့်မယ်လို့ထင်တယ်။”
“ဟုတ်ပါ့ဗျာ။ ဒါကြောင့်လည်း လူကြီးက ဆင်အင်းရွာလူကြီးဖြစ်နေတာကိုးဗျ။ ဟုတ်ပါတယ်။ အဲ့ဒီအရည်ပြားကြီးက ဘယ်သူလဲ… ဘယ်ကလဲဆိုတာ သိချင်လို့ လူကြီးဆီကိုရောက်လာကြတာဗျို့။”
“ဟုတ်ပါပြီဗျာ။ … ကဲ … အကြမ်းရည်လေးနဲ့ ထန်းလျှက်လေး သုံးဆောင်ကြပါဦး။ စကားလည်းပြောကြတာပေါ့။’

          ရွာလူကြီး၏ နေအိမ်အပေါ်၌ ဘကြီးကျော်နှင့်အဖွဲ့မှာ အကြမ်းရည်လေးနှင့်အတူ ဒေသထွက်သည့် အစားအစာလေးများ သုံးဆောင်နေကြရင်း လာရောက်ကြသည့် အကြောင်းရင်းကိုပင် ဆက်လက်ပြောဆိုခဲ့ကြ၏။

“လူကြီး …ဆိုစမ်းပါဦးဗျ။ အဲ့ဒီအရည်ပြားပိုင်ရှင်က ဘယ်သူတုန်း၊ ဘယ်လိုဖြစ်ပြီး နှစ်ပေါင်း(၃၀)ကျော်နေတာတောင် သူ့အရည်ပြားက ဘာဖြစ်လို့မပုပ်နိုင်ရသေးတာလဲ။’
“အဲ့ဒါ … အဲ့ဒါတော့ … ကျွန်တော်လည်း တိတိကျကျမသိဘူးဗျ။ နှစ်ပေါင်း(၃၀)တောင် ကျော်နေပြီဆိုတော့… ကျွန်တော်အသက် (၂၀)လောက်တုန်းက ဒီလူသေသွားတာဖြစ်မယ်။ အသက်(၂၀)တုန်းက ကျွန်တော်လည်း ဒီရွာကိုမရောက်လာသေးဘူး။ ကျွန်တော်ဒီရွာကိုပြောင်းလာတာ … (၂၅)နှစ်ကျော်ကျော်ပဲရှိသေးတယ်။’
“ဟင် … ဒါဆိုရင် သိနိုင်တဲ့သူ ဘယ်သူရှိနိုင်သေးလဲဗျ။”
“ဟားဟားဟား… စခန်းမှူးကြီးကိုကြည့်ရတာ … တော်တော်လေးကို ဒီအရည်ပြားကြီးနဲ့ပတ်သတ်ပြီး သိချင်နေပုံရတယ်။ နေပါဦး … ရွာဦးဆရာတော်ဘုရားကတော့ … သိနိုင်မယ်ထင်တယ်ဗျ။ သူက ဒီရွာမှာ မွေးကတည်းကနေလာတာ … အခုပဲ သက်တော်(၇၀)ကျော်နေပြီဆိုတော့… ဟုတ်ပြီဗျ။ သူသိလောက်မယ်။ ကိုင်းကိုင်း … ဆရာတို့ စားသောက်ပြီးကြရင် ရွာဦးကျောင်းကို သွားမယ်ဗျာ။’

          ရွာလူကြီးမသိနိုင်သည့် အကြောင်းအရာပင်ဖြစ်သည်ကြောင့် သိရှိနိုင်လိမ့်မည်ဖြစ်သော ဆင်အင်းရွာဦးကျောင်း ဆရာတော်ထံသို့ စခန်းမှူးကြီးနှင့်အဖွဲ့အား ရွာလူကြီးမှာ ဦးဆောင်ခေါ်ဆောင်သွားခဲ့လေသည်။ ရွာဦးကျောင်းဆရာတော် ဘုရားသည်လည်း ဆွမ်းစားပြီးသည့်အချိန်ပင်ဖြစ်ပြီး တရားထိုင်နေပြီဖြစ်သော်ကြောင့် အချိန်ခေတ္တ စောင့်စားနေခဲ့ရသေးသည်။ ထို့နောက်မှသာလျင် ဆရာတော်သည်လည်း စခန်းမှူးကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံလျက် ရောက်ရှိလာကြသည့် အကြောင်းအရင်းများကိုပင် မေးမြန်းလေးတော့သည်။

          ထိုအခါ ဘကြီးကျော်နှင့်အဖွဲ့သည်လည်း ဆရာတော်ထံသို့ ရောက်ရှိလာခဲ့ရသော အကြောင်းအရင်းများကိုပင် အသေးစိတ်လျောက်တင်လေခဲ့၏။ ဘကြီးကျော်နှင့်အဖွဲ့ လျောက်တင်မှု့့များအဆုံး ကျောင်းထိုင်ဆရာတော်ဘုရားမှာ အဝေးဆီသို့ ငေးမော်ကြည့်ရှု့လိုက်သော် မျက်ဝန်းတစ်စုံနှင့် သက်ပြင်းတစ်ချက်အားလည်း ခပ်ပြင်းပြင်းကလေး ချလိုက်လေသည်။ ထို့နောက် …

“အင်း … ဘုန်းကြီးလည်း ရွာထိပ်က အဖြစ်ပျက်ကို ကြားပြီးသွားပါပြီ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဒကာကြီးတို့ ဘုန်းကြီးဆီရောက်လာကြလိမ့်မယ်ဆိုတာလည်း ဘုန်းကြီးကြိုတွေးပြီးသားပါ။ ဟုတ်တယ်ကွယ့် … တကယ်တော့ ဘုန်းကြီးတို့ရွာထိပ်က တစ်ချိန်တုန်းကတော့ … ရွာသင်္ချိုင်းကြီးပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀)လောက်တုန်းက သင်္ချိုင်းပေါ့လေ။ အချိန်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ သင်္ချိုင်းလဲပြောင်းရွှေ့သွားတယ်။ ဒကာကြီးတို့က အရည်ပြားပိုင်ရှင်အကြောင်း မေးလာကြပြီဆိုတော့… အင်း…. ဘုန်းကြီးလည်း အတိတ်ကအကြောင်းတွေကို ပြန်ပြောရတော့မှာပေါ့။ တစ်ချိန်တုန်းက ဘုန်းကြီးကလည်း ဒီခရိုင်ပေါ်မှာရှိတဲ့ ဆေးရုံကြီးက ဆရာဝန်တစ်ယောက်ပါ။ အရည်ပြားပိုင်ရှင်နာမည်က ဖိုးထောင်လို့ခေါ်တယ်။ အသက်(၂၀)လူငယ်။ ဆိုးသွမ်းချင်တိုင်း ဆိုးသွမ်းကောင်းနေတဲ့ ခေတ်ကာလကလည်း ဖြစ်တယ်။ အဲ့ဒီအချိန်တုန်းကတော့ … ရွာတွေ…ရွာတွေမှာ လူမိုက်၊လူရမ်းကားတွေ ပေါသလို … စုန်းတို့၊ အောက်လမ်းတို့ကလည်း အလွန်ပေါပေါ့။ ဖိုးထောင်က တစ်ကောင်ကြွက်၊ သူမွေးကတည်းက သူ့မိဘတွေက ဘုန်းကြီးတို့ရွာထိပ် သင်္ချိုင်းထဲမှာ လာပစ်သွားကြတာ။ ခေတ်ကာလ အခြေအနေကလည်း မကောင်း၊ တစ်နေ့တစ်နေ့ စကားဖို့သောက်ဖို့ မနည်းရှာနေကြရတဲ့ အချိန်ဆိုတော့ … ကလေးတစ်ယောက်ကို ကောက်မွေးစားဖို့ဆိုတာ မဖြစ်နိုင်ကြဘူးလေ။”

“ဒီတော့ … လူ့လောကထဲကို ရောက်လာကတည်းက သင်္ချိုင်းထဲမှာ အစွန့်ပစ်ခံလိုက်ရတဲ့ ဖိုးထောင်လေးကို မွေးစားမယ့်သူ မရှိခဲ့ဘူး။ ဘုန်းကြီးတို့ရွာထိပ်မှာနေတဲ့ အရက်သမား တင်အေးမောင်ကခေါ်ပြီး အဲ့ဒီကလေးကို မွေးစားခဲ့တယ်လေ။ အရက်သမားဆိုတော့ ကလေးကို ကျောင်းလည်းကောင်းကောင်း မထားပေးနိုင်ခဲ့ဘူး။ ဒီခြားထဲ ရွာထဲက ကလေးတွေက ရွယ်တူအချင်းချင်းဖြစ်တဲ့ ဖိုးထောင်လေးကို အနိုင်ကျင့်ကြတယ်။ ကျောင်းထားပေးပင်မယ့်လည်း ရေးတတ်ဖတ်တတ်တဲ့ အချိန်လောက်ကြတော့… တင်အေးမောင်က ဖိုးထောင်လေးကို ကျောင်းထုတ်ပြီး သူနဲ့အတူတူ လယ်စာရင်းငှားလုပ်ခိုင်းတယ်။ ဖိုးထောင်က တစ်ရွာလုံးရဲ့ ခိုင်းဖက်အဖြစ်နဲ့ပေါ့။”

“ရွာထိပ်မှာ ကြက်တိုက်တဲ့ လူငယ်တွေရိုက်လွတ်လိုက်လို့တဲ့ ….ဘယ်သူ့ကိုလဲ ဖိုးထောင်၊ ရေထမ်းပေးရင်းနဲ့ ပစ္စည်းဝင်ခိုးပါတယ်ဆိုပြီး ရိုက်လွတ်လိုက်တာ ခေါင်းကွဲသွားတယ်တဲ့ … ဘယ်သူလဲ ဖိုးထောင်၊ ရေထမ်းပေးပြီး ရေထမ်းဖိုး ပိုက်ဆံတောင်းရမလားဆိုပြီး ရိုက်လွတ်လိုက်လို့ ဘယ်သူလဲ … ဖိုးထောင်။ ဒီတော့ … ဖိုးထောင်ခေါင်းမှာ ဒဏ်ရာတွေဆိုတာ အနာကြတ်သွားတယ်ဆိုတာကို မရှိခဲ့ဘူး။ ဒီလိုအနိုင်ကျင့်ခံနေရတော့… မွေးစားအဖေဖြစ်တဲ့ တင်အေးမောင်ကလည်း ကြာတော့ စိတ်ဆိုးပြီး သူ့သားကိုခေါ်၊ တစ်ဖက်ရွာက နာမည်ကြီး စုန်းအောက်လမ်းဆရာမကြီးဆီသွားပြီး ဓားပြီးတုတ်ပြီးဆိုတဲ့ အောက်လမ်းဆေးတွေကို ဖိုးထောင်ရဲ့ ခန္ဓာကိုယ်နေရာအလွတ်မရှိအောင်ကို ထိုးပေးခဲ့တယ်။ တစ်ကိုယ်လုံးမှာ ဂျူးဘာသာစကားတွေနဲ့ အောက်လမ်းဆေး ဆေးမှင်ကြောင်တွေ အပြည့်နဲ့ပေါ့။”

“အဲ့ဒီအောက်လမ်းဆေးတွေ ထိုးပြီးတဲ့နောက်ပိုင်း ဖိုးထောင်ကို ရွာထဲကလူတွေ ရိုက်သမျှ ဖိုးထောင်တစ်ယောက် ဘာဒဏ်ရာမှ မရတော့ဘူး။ အနိုင်ကျင့်ခံရပေါင်းများလာတဲ့ ဖိုးထောင်ကလည်း ကြာတော့ … သည်းမခံတော့ပဲ ပြန်ခုခံလာတယ်။ တစ်ရွာလုံးနဲ့တစ်ယောက် လုံးဝဂရုမစိုက်တော့ဘူး။ သူ့ကိုတုတ်နဲ့ရိုက်လည်း မကွဲ၊ ဓားနဲ့ထိုးလည်း သွေးထွက်သံယို ဖြစ်ဖို့နေသာသာ သူ့အရည်ပြားကို လုံးဝမထိခိုက်ဘူး။ ဆေးက တကယ့်ကို အောက်လမ်းဆေးစစ်စစ် စုန်းပညာဆေးတွေဖြစ်နေတော့… ဖိုးထောင်အဖို့ မိုက်ကောင်းတိုင်း မိုက်နေခဲ့ပြီပေါ့လေ။”

“မွေးစားအဖေ အရက်သမားကြီးနဲ့ အတူတူနေပြီး ကြီးပြင်းလာခဲ့ရတဲ့ ဖိုးထောင်ဟာ လူမိုက်ဘဝကိုရောက်ပြီး ဘုရားမသိ၊ တရားမသိနဲ့ မိုက်ချင်တိုင်းမိုက်ရင်း ဘုရားဌာပနာတွေဖောက် လူဆိုးတွေကြားမှာ ခေါင်းဆောင်ဖြစ်ပြီး သူ့ကိုအနိုင်ကျင့်ခဲ့တဲ့ ဒီရွာကိုပြန်ပြီး လက်စားချေခဲ့တယ်။ သားပျိုသမီးပျိုတွေကိုလည်း ဖျက်စီးတဲ့အဆင့်ထိရောက်လာခဲ့တယ်။ ဒီလိုနဲ့ မိုက်သက်ရင့်လာတဲ့ ဖိုးထောင်လည်း အသက်တွေကြီး၊ အချိန်တွေကြာနဲ့ နေလာခဲ့တာ … တစ်နေ့ ဖိုးထောင်တစ်ယောက် ဗိုက်အောင့်တယ် … အောင့်တယ်ဆိုပြီးဖြစ်ပါလေရော…။”

“ဒီနယ်ဘက်မှာ ဖိုးထောင်ကို အံတုရဲတဲ့ လူမိုက်ဆိုတာ မရှိဘူး။ နယ်မြေထိန်းချုပ်ကြတဲ့ အာဏာပိုင်တွေကလည်း ဖိုးထောင်ကို ကြောက်ကြတယ်။ သူ့ကို ဓားနဲ့ထိုးလည်း မပေါက်၊ သေနတ်နဲ့ပစ်လည်း မသေဆိုတော့ … အာဏာပိုင်တွေကအစ ဖိုးထောင်ကို လန့်နေကြတယ်လေ။ တစ်နေ့ ဖိုးထောင်တစ်ယောက် အသည်းအသန် ဗိုက်အောင့်လို့ဆိုပြီး ခရိုင်ဆေးရုံပေါ်ကို သူ့တပည့်တွေက စိုးရိမ်တကြီးနဲ့ လာပို့ခဲ့ကြတယ်။ ဆရာဝန်တွေကလည်း ဖိုးထောင်ရဲ့ အကြောင်းကိုသိထားကြပါတယ်။ ဒါပေမယ့် အရေးကြုံလာတော့ လူဆိုး၊ လူမိုက်၊ လူကောင်းရယ်လို့ ခွဲခြားမနေတော့ပဲ ဖိုးထောင်ကို ဆေးကုပေးဖို့အတွက် ဆုံးဖြတ်လိုက်ကြတယ်။

“ဖိုးထောင် ဗိုက်အောင့်တာက ရိုးရိုးဗိုက်အောင့်တာမျိုးမဟုတ်ဘူး။ အူမကြီးအတတ်ပေါက်တာ … ဆေးရုံကို အချိန်မှီရောက်လာပေမယ့်လည်း ခွဲစိတ်ဖို့အတွက် ဖိုးထောင်ရဲ့ အရည်ပြားကို ခွဲစိတ်ဓားမပေါက်ခဲ့ဘူး။ အူအတတ်ပေါက်တယ်ဆိုတာ … ဒကာကြီးတို့လည်း သိတဲ့အတိုင်းပဲလေ … အချိန်မှီခွဲစိတ်နိုင်မှ အသက်ဘေးကနေ လွတ်မြောက်နိုင်မှာမဟုတ်လား။ ဒါပေမယ့် ဓားပြီးတုတ်ပြီး၊ သေနတ်ပြီးပြီး သူ့အရည်ပြားကို ဘယ်လက်နတ်မှ မတိုးနိုင်တဲ့ ဖိုးထောင်တစ်ယောက် အူအတတ်ပေါက်ရောဂါနဲ့ပဲ ဆေးရုံပေါ်မှာ သေသွားခဲ့တယ်လေ။”

“သူသေသွားတော့ … ခရိုင်တစ်ခုလုံး ငြိမ်သတ်သွားခဲ့ပါတယ်။ ဖိုးထောင်ရဲ့ အဖြစ်က တစ်ကယ့်ကို ငိုအားထက် ရယ်အားသန်ခဲ့ရတယ်။ ဓားပြီး၊တုတ်ပြီး၊ အရည်ပြားကို ဘယ်အရာနဲ့မှ မထိုးဖောက်နိုင်တဲ့ ဖိုးထောင်တစ်ယောက် အူအတတ်ပေါက်ပြီး ခွဲစိတ်ဓားမတိုးလို့ အသက်ဆုံးရှုံးခဲ့ရတယ်။ သူ့အလောင်းကို သူ့ကိုကောက်ရခဲ့တဲ့ ရွာထိပ်က သင်္ချိုင်းထဲမှာပဲမြှုပ်ထားခဲ့တာ … အခုဆိုရင် နှစ်ပေါင်း(၃၀)ကျော်ရှိပြီပေါ့။ ဒါပေမယ့် သိပ်ကိုစွမ်းတဲ့ အောက်လမ်းဆေးတွေဟာ ဖိုးထောင်ရဲ့အရည်ပြားကို အခုချိန်ထိ ဘယ်အရာမှမတိုးနိုင်အောင် ကာကွယ်ပေးနေတုန်းပါပဲလေ။”

ပြီးပါပြီ။
စာရေးသူ – ထီးကလေးအားလေးစားလျက်
(ရင်နှင့်ရင်း၍ရေးသားသည်။)