မမြင်နိုင်သောအရာ

မမြင်နိုင်သောအရာ(စ/ဆုံး)
————————

ခရီးထွက်ခြင်းအားဖြင့် မမြင်နိုင်သောအရာတခုကို ကျွန်မ တွေ့ရှိခဲ့ပြန်လေသည်။

လွန်ခဲ့သောနှစ် ဧပြီလတွင် ကျွန်မသည် ချင်းတွင်းမြစ်ကို စုန်ဆင်း၍ လာခဲ့သည်။ ချင်းတွင်းသည် ကွေ့ကောက်၏။ ရေစီးသန်၏။ ကမ်းပါးသည် စောက်၏။ သို့သော် မြင်ကွင်းများသည် လှပလေသည်။ ကျောက်ကမ်းပါးအထက်တွင် စိတ်ကူးကောင်းသူသည် ဘုရားဖြူဖြူကို တည်ရစ်ခဲ့၏။ မြစ်ကိုကွေ့၍ သင်္ဘောက ရွှေ့သွားတိုင်း ဘုရားစေတီဖြူဖြူသည် ကျောက်ကမ်းပါးယံထက်တွင် လည်၍ကျန်ရစ်ခဲ့သည်။ တစ်ခါတစ်ရံတွင်လည်း ကမ်းပါးတို့သည် ပြေပြေလျော့၍ သဲသောင်ပြင်သည် မြစ်လယ်သို့ ထိတွေ့လာသည်။ သောင်ပြင်သည် အရောင်လက်လက်ထ၍ လေကလည် ပူပြင်းလှသည်။ ရေပေါ်တွင် ခရီးသွားလာနေရသော်လည်း အတွေ့သည် သဲကန္တာရနှင့်တူပေသည်။ သို့သော် ကမ်းပါးရှိအလှအပများသည် ပျင်းရိသွေ့ခြောက်သော ဤလမ်းခရီးကို စိုပြည်သာယာစေပေသည်။

သင်္ဘောခန်းထဲတွင် အိပ်စက်နားနေရခြင်းသည်လည်း နားရာ မရောက်ပေ။ ချွေးပြိုက်ပြိုက်ကျ၍ မောဟိုက်လွန်းသောကြောင့် အပြင်သို့ အမြဲထွက်နေရ၏။ မော်လိုက်တွင် သင်္ဘောရပ်နားလိုက်၏။ ကျွန်မနှင့် ဘေးတိုက် အခန်းတွင် ခရီးသည်တစ်ဦး တက်၍ လာပြန်သည်။ ခရီးသည်သည် အဘိုးအို လူကုံထံတစ်ယောက်ဖြစ်၍ ကျွန်မလို ငယ်ရွယ်သူနှင့် စကားမှ ဆုံနိုင်ပါမည်လားဟူ၍ ကျွန်မက တွေးတောပူပင်မိလေသည်။ သူသည် အသက် ၆၀ နီးပါးခန့် ရှိပုံရသော်လည်း အသားအရေမှာ စိုပြည်လတ်ဆတ်၍ ဗိုက်အနည်းငယ်ရွှဲရုံ ဝ၍နေလေသည်။ မျက်နှာသည် အိုကြောင်းများ ယှက်သမ်း၍နေသော်လည်း ပြည့်တင်း၍နေပေသည်။ သူ့နှုတ်ခမ်းများသည် ဖော်ရွေဟန်ပေမယ့် မျက်လုံးများကမူ အရောင်မွဲမှုန်လွန်းသည်ဟု ထင်ပေသည်။ သို့သော် တစ်ညတွင်မူ သူ့မျက်လုံးများသည် ကောင်းမွန်စွာ မြင်ရသေးကြောင်းကို သူက စတင်၍ စကားပြောလာသည်။

ကျွန်မနှင့်အဘတို့ စကားပြောနေချိန်တွင် မြစ်သည် လှပစွာ ခွေရစ်၍ နေပုံရလေသည်။ နေရောင်သည် ဖျော့သွား၍ သူ၏နုပျော့သော ပဝါနုနှင့် ရေပြင်ကို လွှမ်းခြုံ၍ထားလေသည်။ လှိုင်းလေတို့သည်လည်း နေခြည်မျှင်ဖြင့် ရက်လုပ်သော ပဝါပါးကို ထိနမ်းကြ၏။ အေးစပြုလာသော လေများကလည်း လှိုင်းလေတို့ဖြင့် တို့ထိကစားကြသည်။ ကမ်းပါးကြီးများသည်လည်း တစ်ခါတစ်ရံ အစိမ်းရောင်သမ်းလာ၍ ထန်းပင်အုပ်တို့နှင့် တောတန်းတို့ကို မြင်၍လာရလေသည်။ တဖြည်းဖြည်းနှင့် သွေ့ခြောက်လွန်းသော အပူပိုင်းကို ကျော်လွန်လာဟန်ရှိလေသည်။

သင်္ဘောသည် မြစ်အကွေ့တစ်ခုကို ကျော်လိုက်လျှင် ကျောက်ကမ်းပါးတစ်ခုကို ဘွားကနဲ မြင်ရပါသည်။ ကမ်းပါးထိပ်တွင် တစ်ဆူတည်းသောစေတီသည် ကျလုဆဲဆဲ နေရောင်အောက်တွင် သပ္ပာယ်စွာ တည်ရှိ၍နေပေသည်။ သင်္ဘောပေါ်မှ ကြည့်လိုက်လျှင် စေတီအဖြူနောက်ခံသည် ပြာသောကောင်းကင်ဖြစ်၍ စေတီ၏ရှုခင်းမှာ သာလွန်ပြတ်သား တင့်တယ်လှပေသည်။

“အဘ … များသောအားဖြင့်ဆိုရင် အညာမြစ်ရိုးတစ်လျှောက် ကမ်းပါးထိပ်တွေမှာ ဘုရားတည်ထားကြတယ်နော်။ တည်သူတွေရဲ့ စိတ်ကူးတော့မသိဘူး၊ ခရီးသွားသူတွေအဖို့တော့ အတော်ကြည်နူးစရာကောင်းတယ်နော်”

အဘသည် မျက်ခုံးရှုံ့၍ စေတီကျန်ရှိရစ်သော သင်္ဘောနောက်ဘက် ကုန်းဆီသို့ မျှော်၍ကြည့်လိုက်ပြန်သည်။

“အေးပါကွယ်၊ စိတ်ကူးလေးတွေပေါ့။ စိတ်ကူးလေးတွေက သိပ်မဆိုးပါဘူး။ များသောအားဖြင့်တော့ စေတီတွေရဲ့ဘွဲ့ဟာ လွမ်းစေတီတို့ ဆင်ဖြူရှင်တို့ များတာပဲ”

“လွမ်းစေတီလို့ ဘွဲ့ပေးတာဟာ လွမ်းတဲ့အထိမ်းအမှတ်ပေါ့နော်။ ဆင်ဖြူရှင်ကတော့ ဘုန်းတန်ခိုးရဲ့ အထိမ်းအမှတ်ထင်တယ် အဘ”

ကျွန်မသည် တကယ်ပင် အမျိုးတော်နေသော အဘလို သူ့အား ရင်းရင်းနှီးနှီး မေးလိုက်၏။ အဘသည် ပက်လက်ကုလားထိုင်တွင် မှီ၍ထိုင်ရင်း ဆေးတံကို ခဲနေပြန်သည်။

“ဟုတ်ပေလိမ့်မပေါ့ မိန်းကလေးရဲ့။ တို့များ ဗမာဆိုတာ သူတို့ရဲ့စိတ်မှာဖြစ်ပေါ်ရာကို အထိမ်းအမှတ်တစ်ခုခု လုပ်လုပ်ထားတတ်ကြတာပဲ။ ဘုန်းတော်ကြောင့်ပဲဖြစ်ဖြစ်၊ လွမ်းလို့ပဲဖြစ်ဖြစ်ပေါ့ကွယ်၊ ဒီလိုအထိမ်းအမှတ် လုပ်လို့ရတာဟာ တော်တာပေါ့။ တချို့ ကိစ္စတွေကျတော့ ဘာနဲ့မှလည်း ကိုယ်စားရည်ပြီး အထိမ်းအမှတ်လုပ်လို့မရဘူး”

“ဘယ်လို အဘရဲ့၊ အဘစကားနှယ် ကောင်းလိုက်တာနော်”

ကျွန်မသည် စာရေးသူပီပီ အဘ စကားလုံးများရွေးပုံကို နှစ်ခြိုက်သဘောကျ၍သွား၏။

“တချို့အရာတွေဟာ ဘာနဲ့မှ ကိုယ်စားရည်မရဘူး”

ကျွန်မသည် ထပ်၍ရွတ်ဆိုပေမယ့် အဘစကားလုံးများနှင့် ထပ်တူကျ၍မသွားပေ။

“အဘတွေ့လာတာလဲကြာပြီ။ အဘ အခု အသက် (၆၀)နီးပြီ။ အဲဒါကိုများ တစ်ခုခု အမှတ်တရအထိမ်းအမှတ်ပေါ့လေ၊ ပုံဖော်နိုင်လေမလားလို့ စဉ်းစားခဲ့တာပဲ။ အေး ဆံပင်တွေသာ တစ်ချောင်းပြီးတစ်ချောင်း ဖြူလာတယ်၊ အဲဒါကို တွေးလို့မရဘူး”

“အဲဒါဆိုတာ ဘာလဲ အဘ”

အဘသည် ကျွန်မကို လှမ်းကြည့်လိုက်၏။ သူ့မျက်လုံးများသည် ကျွန်မကိုမမြင် အတိတ်တစ်ခုကို ကျက်စားနေဟန်ရှိပေသည်။

“အဲဒါ” အကြောင်းကို အဘပြောပြသောအချိန်တွင် ကျွန်မသည် ဝတ္ထုအဖြစ် အဘစကားလုံးများကို ပြောင်း၍ပြောင်း၍ ပစ်လိုက်၏။ ထိုအချိန်တွင် နေလုံးသည် ကွယ်ပျောက်၍ အနောက်မိုးကုပ်စက်ဝိုင်းတွင် အလင်းရောင်သာ ရေးရေးမျှ ကျန်ရစ်ခဲ့ပေသည်။

* * *

“သခင်မကို သူတို့တွေ့ချင်လို့ပါ”

မမယ်ရာသည် ဦးခေါင်းကိုညိတ်ပြီး အခန်းဝမှနေ၍ ပြောလေသည်။

သခင်မသည် သူ၏ကော့ဝန်းသော မျက်တောင်များကို သ၍နေဆဲပင်ဖြစ်၏။

“မယ်ရာ”

“ဖုရား”

သခင်မက ခေါ်တိုင်း မမယ်ရာသည် ဖုရား ထူးရ၏။ မမယ်ရာသည် သခင်မထက် အသက်လည်းငယ်ပေသည်။ ရုပ်လည်းဆိုးပေသည်။ ဂုဏ်ကလည်း မဲ့ပေသည်။

“မယ်ရာ သူတို့အားလုံး ဘယ်နှစ်ယောက်လဲ”

“ငါးယောက်ပါ ဖုရား”

သခင်မသည် မျက်နှာထားတင်းတင်းနှင့် မှန်ကိုကြည့်ကာ လက်ထဲမှ သွားပွတ်တံကို ပစ်ချလိုက်၏။

“သူတို့အားလုံး ကတော်တွေပဲမို့လား”

“လေးယောက်ကသာ ကတော်ပါ။ တစ်ယောက်ကတော့ မြေပိုင်ရှင် ဦးလူဖေ သမီးလို့ ထင်ပါတယ်ဘုရား”

“အေးပေါ့။ ဦးလူဖေသမီးက ဖေဖေကြီးဆီ လယ်တွေ ပေါင်ထားတာ အတိုးလျှော့ဖို့ လာပြောမယ်။ ဟိုကတော်တွေက သူတို့လင်တွေ ရာထူးတက်ဖို့ တိုင်းမင်းကြီးဆီမှာ ပြောခိုင်းမလို့ပါ။ ထွီ အားလုံး အားလုံး တစ်ယောက်မှ ကောင်းတဲ့ကောင်မတွေမဟုတ်ဘူး”

သခင်မသည် အခန်းထဲမှ ခပ်ဆောင့်ဆောင့် ထွက်သွားသောအခါတွင် မယ်ရာသည် သက်ပြင်းချ၍နေမိ၏။ သခင်မ ခြေချသွားသောနေရာတို့တွင် အကယ်၍သာ ကြာပန်းများချထားပါက မီးထ၍တောက်မတတ် သခင်မ၏ခြေနင်းပုံသည် ပြင်းထန်လှပေသည်။

* * *

“သခင်မလေးအတွက် လက်ဆောင်ကို ကုန်သည်ကြီး ဦးအောင်ဇံက ပို့လိုက်ပါတယ်”

သခင်မသည် ကြက်တူရွေးကို အစာကျွေးရာမှ မယ်ရာကို လှမ်းကြည့်လိုက်၏။ မယ်ရာ၏လက်တွင် ပိုးနှင့်ကတ္တီပါစတို့မှာ အိနွဲ့ ​ပျော့ကျ၍ အရောင်ကလည်း တဖိတ်ဖိတ်တောက်ပ၍နေပေသည်။

သခင်မသည် လက်ဆောင်များကိုမြင်လျှင် မျက်လုံးမှာ တလက်လက် တောက်ပလာကာ မယ်ရာရှိရာသို့ လျှောက်၍လာ၏။ ပိုးများကို ကိုင်တွယ်ကြည့်ရင်း အားမရသလို မ,ယူလိုက်၏။

“ ဦးအောင်ဇံက ပို့လိုက်တာ”

“မှန်ပါ။ အခု သူ အောက်ဧည့်ခန်းမှာ ရှိပါတယ်။ သခင်မကို သူ့သမီးရဲ့ လက်ထပ်ပွဲကို ဖိတ်ချင်လို့တဲ့။ ဖေဖေကြီးကိုလည်း ဆုံးမစကားပြောဖို့ ဖိတ်လိုက်ပါတယ်”

သခင်မသည် ပိုးစများကို ခပ်လှမ်းလှမ်းရှိ ခုတင်ပေါ် ပစ်တင်လိုက်ရင်း ဟက်ဟက်ပက်ပက် ရယ်လိုက်၏။

“ငါ့အဖေလို ချမ်းသာတာ ဒီမြို့မပြောနဲ့ မြန်မာတစ်ပြည်လုံးတောင် ရှိမှာမဟုတ်ဘူး။ အဖေ့မှာ ရွှေတွေအများကြီး၊ ငွေတွေကလည်း သောက်သောက်လဲ၊ မြေကြီးတွေကလည်း ပြည့်လို့၊ ဒီတော့ ဘယ်အရာရှိဖြစ်ဖြစ် အဖေ့ကို ဦးညွတ်ရတယ်။ ဖေဖေကြီးရဲ့ ဂုဏ်တွေ ပစ္စည်းတွေကြောင့် တစ်မြို့လုံးက ငါ့ကို ဦးညွတ်တာ၊ လူတွေကလည်း ဒီငွေတွေ ဂုဏ်တွေကြောင့် ငါ့ကိုပေါင်းတာ မယ်ရာရဲ့ သိလား”

“လူတိုင်း ဟုတ်မယ်မထင်ပါဘူး ဖုရား”

မယ်ရာသည် ခေါင်းကိုငုံ့၍ ပြော၏။ သခင်မသည် သူ့အဖြေကို နှစ်သက်ဟန်မတူပေ။

သူသည် ကိုယ်ကိုယို့၍ အခန်းပြင်သို့ ထွက်သွားတော့သည်။

* * *

သခင်မ၏ မွေးနေ့ပွဲကျင်းပမည့်ရက်မှာ နီးကပ်၍လာလေသည်။ ဖခင်ဖြစ်သူမှာ သူဌေးကြီးတစ်ယောက်ဖြစ်၍ သခင်မထံသို့ ပို့သောလက်ဆောင်များမှာ မွေးနေ့ပွဲမတိုင်ခင်ပင် သီးသန့်အခန်းတစ်ခုဖြင့် ပြည့်လုလုဖြစ်၍ လာလေသည်။ သူဌေးကြီးတို့နေရာသည် အညာဒေသရှိ အရေးပိုင်ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သဖြင့် ဧည့်သည် အသိအကျွမ်း အဝင်အထွက်မှာလည်း များသည်ထက်များ၍ လာလေသည်။

မယ်ရာသည် သူနှင့်သက်ဆိုင်ရာအလုပ်များကို မအားမလပ်အောင် လုပ်နေရ၍ သခင်မ၏လက်ဆောင်များကိုပင် မကြည့်အားပေ။ သူဌေးကြီးသည် မိတဆိုးသမီးမို့ စိတ်ကျေနပ်သလိုလုပ်ရန် အလိုလိုက်၍ထားပေသည်။

မွေးနေ့မတိုင်မီ တစ်ရက်တွင်မူ သခင်မအခန်းထဲမှ မိန်းမကြီးတစ်ယောက်သည် မျက်နှာညှိုးငယ်စွာနှင့် ထွက်၍လာလေသည်။ မယ်ရာသည် လှေကားမှ ထိုမိန်းမအား လှမ်း၍မြင်လိုက်လေသည်။

“မင်းကတော် ပြန်တော့မလို့လား။ ညအထိ နေပါအုံး၊ သခင်မလေးမွေးနေ့ပွဲကို ကြိုတင်လာရောက်ကူညီတဲ့ လူတွေကို ညကျရင် ကြာဇံနဲ့ ဘဲသားဟင်းချိုတိုက်ဖို့ ဖေဖေကြီးက ပြောထားပါတယ်”

အဒေါ်ကြီးသည် မမယ်ရာကို ကြည့်ရင်း မျက်နှာမှာ အို၍လာသည်။

“ညအထိလည်း မနေပါရစေနဲ့။ ဘယ်တော့မှလည်း ဒီအိမ်ကို မလာတော့ဘူး”

“အလို ဘာဖြစ်လို့လဲ”

မမယ်ရာသည် ထိတ်ထိတ်ပျာပျာနှင့် မင်းကတော်နားသို့ ကပ်သွားလေသည်။

“ဘာဖြစ်ရမလဲ၊ ညည်းတို့သခင်မက ကျုပ်ကို ထဘီချုပ်ခိုင်းတယ်၊ ဖိနပ်တိုက်ခိုင်းတယ်။ ကျုပ်ဟာ အသက်(၅၀)နား နီးလာပြီ။ ညည်းသခင်မနဲ့ အသက်နှစ်ဆလောက် ကွာတယ်။ ကူညီချင်လို့ စေတနာနဲ့လာပေမယ့် ဒီအလုပ်မျိုးတော့ လုပ်ခိုင်းဖို့ မသင့်ပါဘူး”

ခပ်ကျယ်ကျယ် အော်ပြော၍ မိန်းမကြီးသည် လှေကားမှ ဆင်း၍သွားလေသည်။ မမယ်ရာသည် တောင်းပန်တိုးလျှိုးဖို့ကိုသော်လည်းကောင်း၊ တစ်စုံတစ်ခုပြောဖို့ကိုသော်လည်းကောင်း သတိမရနိုင်ဘဲ ကြက်သေသေ၍ နေလေသည်။

သူသည် ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်ရင်း သူ့သခင်မအခန်းသို့ လျှောက်၍လာလေသည်။

အခန်းထဲတွင် မြို့ပေါ်ရှိ မျက်နှာဖုံးများ၊ အရာရှိသမီး၊ ဇနီးတို့သည် သခင်မလေး၏ဝေယျာဝစ္စများကို လုပ်လျက်ရှိ၏။ တချို့ကမူ မွေးနေ့တွင်ဝတ်ရန် ချုပ်ပြီးစအဝတ်မှ ကျန်ရှိနေသော အပ်ချည်စများကို ကိုက်ဖြတ်လျက်ရှိ၏။ တချို့က ပန်းခိုင်များကို ခိုင်၍နေကြသည်။ မိန်းမဖော် သုံးလေးဦးမှာမူ သခင်မအနားတွင် ဝိုင်းဖွဲ့ကာ သခင်မလေး ပျော်ရွှင်အောင် ရယ်မောစရာစကားများကို ပြော၍နေကြသည်။

မမယ်ရာသည် တစ်ခုပြီးတစ်ခု လိုက်၍ကြည့်လိုက်၏။ ရေချိုးခန်းဝတွင် သမင်မွေးရောင် ကတ္တီပါ ပိန်းတန်းဖိနပ်တစ်ရံကို တောက်တောက်ပပ တွေ့ရ၏။

“မယ်ရာ အဲဒီဖိနပ် သိမ်းလိုက်စမ်း၊ ဟို အအိုကောင်မကြီးက တိုက်ပြီး မသိမ်းခဲ့ဘူး”

မယ်ရာသည် ကြက်သီးများ ဖြန်းဖြန်းထ၍သွားလေသည်။

* * *

ထိုနေ့ညသည် သခင်မ၏ မွေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပပြီးသွားသော ညဥ့်ဖြစ်လေသည်။ သခင်မလေးသည်လည်း တစ်နေ့လုံး ဧည့်ခံခဲ့ရ၍ နွမ်းလျလွန်းသောကြောင့် အိပ်ခန်းတွင် အနားယူနေချိန် ဖြစ်ပေသည်။

မမယ်ရာ သခင်မအခန်းသို့ ဖြည်းညှင်းစွာ ဝင်၍လာ၏။

“မယ်ရာ အားလုံး သိမ်းဆည်းပြီးပလား”

“မှန်ပါ။ ပြီးပါပြီ”

“ငါ့ခြေသလုံးကို လာနှိပ်စမ်း”

မမယ်ရာသည် အိပ်ရာဘေးတွင်ထိုင်၍ ခြေသလုံးကို ဆုပ်နယ်နေလေသည်။

“ဒါနဲ့ ဟို အအိုမကြီးကို ဧည့်ခံပွဲမှာ ငါမတွေ့ပါဘူး”

“မင်းကတော် ဒေါ်ငွေတင်လား”

“အေး ဟုတ်တယ်”

“ကျွန်မ စိတ်ထင်တော့ ဒေါ်ငွေတင်ဟာ စိတ်မကောင်းဖြစ်သွားရှာတယ် ထင်တယ်။ ဟိုတစ်နေ့က လူငယ်တွေ၊ ကတော်တွေရှေ့မှာ သူ့ကို မမက ဖိနပ်တိုက်ခိုင်းတာ နည်းနည်း အရုပ်ဆိုးသွားတယ် ထင်တယ်” .

“ဟား…ဟား…ဟား…ဟား မိမယ်ရာရယ်၊ နင်က လူဝါးဝလိုက်တာ၊ သူတို့က ငါရဲ့ဂုဏ်တွေ ပိုက်ဆံတွေကြောင့် ငါ့ဆီလာတာ။ ငါခိုင်းချင်တာခိုင်းမယ်၊ သူတို့ကလည်း ဆန်ပေးလို့ ဆေးရတာပါဟယ်။ သူတို့ကိစ္စတွေကျ ငါအားလုံး လုပ်ပေးရတယ် မဟုတ်လား”

“လူတိုင်းတော့ မဟုတ်ဘူးသခင်မ”

“ဘာ”

သခင်မသည် ငေါက်၍မေးလိုက်၏။

“လူတိုင်းတော့ မဟုတ်ပါဘူး သခင်မ”

“ဒီစကားလုံးကို ငါ့ရှေ့မှာ ထပ်ကာထပ်ကာ မပြောနဲ့”

“ဒီလိုပါ သခင်မ၊ တချို့ကလည်း သခင်မရဲ့ ကွယ်လွန်သွားတဲ့အမေနဲ့ ခင်မင်ရင်းနှီးစွဲ စေတနာရှိကြလို့ ဝိုင်းဝန်းကူညီကြတာ၊ သခင်မလေးကို ချစ်ကြတာပါ။ အခါခပ်သိမ်း ငါ့ကို ခင်မင်ကြ ပြုစုကြတာဟာ ငါ့ဂုဏ်၊ ငါ့ပိုက်ဆံကြောင့်လို့ ထင်ရင်မှားလိမ့်မယ်”

“အောင်မယ် မယ်ရာ၊ ငါ့ကို ဆရာလာမလုပ်နဲ့”

“သခင်မအပေါ် စေတနာရှိလို့ ပြောတာပါ။ တကယ်ပဲ ဂုဏ်ပကာသနကြောင့် လာမြှောက်စားတဲ့လူတွေကို သခင်မလေးက ချိုးမယ်၊ ဒီစိတ်အတိုင်း ထားမယ်ဆိုရင် အရေးမကြီးပါဘူး။ စေတနာကြောင့် လာရောက်ကူညီသူတွေကို သခင်မလေးက နှိမ်နှိမ်ချိုးချိုး ယခုလို လုပ်မယ်ဆိုရင် စိတ်နာစရာဖြစ်ပြီး ဘယ်သူမှ လာမှာမဟုတ်ပါဘူး”

“အို ဘယ်သူလာလာ မလာလာ၊ ဂုဏ်နဲ့ပိုက်ဆံအောက်က ဘယ်သူမှမပြေးပါဘူး မယ်ရာ။ ဒီမိန်းမကြီး ဖိနပ်တိုက်ခိုင်းတာ ညည်းက တလင်မယားမို့လို့ နာသလား၊ သွားစမ်း။ ဒီည ငါ စိတ်ချမ်းချမ်းသာသာ အိပ်ချင်တယ်”

သခင်မသည် ခြေထောက်ကိုဆန့်၍ ကန်လိုက်သောကြောင့် မမယ်ရာမှာ အနားမှထ၍ သွားရလေသည်။

* * *

“လောကမှာ ဂုဏ်နဲ့ငွေရှိလာရင် အာဏာဟာ အလိုလို သက်ရောက်လာတာပဲ။ ဒီကောင်မတွေ ငါ့အဖေကို မပြုစုချင်နေ၊ ငွေနဲ့ ဆရာမနှစ်ယောက် ငှားလိုက်ရင် ဒူးနှံ့ပြီးတောင် နေရသေးတယ်”

သခင်မသည် မျက်ထောင့်နီနီနှင့် ကြုံးဝါး၍နေလေသည်။ သခင်မပြောသည်မှာ မှန်ပေသည်။ ညနေတွင် ဆရာမတစ်ယောက် ညဉ့်အိပ်စောင့်ရန် ဆရာဝန်က လာ၍ပို့လေသည်။

မိုးသည် တဖြောက်ဖြောက်ရွာနေ၍ သူဌေးကြီး အိမ်ခန်းမှာ ပိုမိုတိတ်ဆိတ်သလို ဖြစ်၍နေပေသည်။ သူဌေးကြီးကလည်း အိပ်ရာထက်တွင်လှဲကာ အသက်ကိုပင် ဖြည်းညှင်းစွာ ရှူရှိုက်၍ နေရလေသည်။ အနားတွင်မူ ပိုက်ဆံနှင့်ငှားထားရသော ဆရာမတစ်ယောက်တည်းသာ ရှိလေသည်။

“အမှန်တော့ သခင်မလိုအိမ်များမှာဆိုရင် နာရေး ဖျားတာအတွက် အခုလို ပြုစုမယ့်လူတွေမရှိဘဲ သွေ့ခြောက်ခြောက်ကြီး ဖြစ်နေတာဟာ ဝမ်းနည်းစရာပဲ”

သူဌေးကြီးအခန်းမှ ထွက်လာသော မမယ်ရာသည် သခင်မအား ပြော၍ပြသည်။

“ဘာဖြစ်လို့ ဝမ်းနည်းရမှာလဲ၊ ပိုက်ဆံနဲ့ငှားရင် ဆရာမတွေ ရိုက်သတ်လို့တောင် မကုန်ဘူး၊ သူတို့ ဟိုကောင်မတွေလာပြုစုရင် သေးအိုးသွန်ရရင်ပဲ နှာခေါင်းရှုံ့ချင်တယ်”

“သခင်မတောင် မလုပ်ချင်တဲ့အလုပ်တစ်ခုကို တစိမ်းတွေက ဘယ်လုပ်ချင်မလဲ။ ဒါပေမယ့် တကယ့်စေတနာရှိတဲ့လူတွေ ရှိပါတယ်”

“ဘာပြောတယ်”

“အဲဒီလူတွေကျတော့လည်း သခင်မက ငါ့ဂုဏ်ကြောင့် ငါ့ကို လာခတာထင်ပြီး သိပ်ချိုးတာကိုး”

“မယ်ရာ နင်ပြောတာတွေဟာ တရားလွန်ပြီ”

“မလွန်ပါဘူး သခင်မ၊ တစ်နေ့ကဆိုရင် ဖေဖေကြီးကို လာပြုစုတဲ့ မင်းကတော်မမကြီးကို သခင်မ ခေါင်းလျှော်ခိုင်းတာ သတိရမှာပေါ့။ ဒါတွေဟာ မလုပ်သင့်ပါဘူး”

“နင်ကအစ လူတွေဟာ ပိုက်ဆံနဲ့ဂုဏ်ကြောင့် ခယနေတော့။ ဒီနေ့ကစပြီး နင့်ကို ငါမမြင်ချင်ဘူး မယ်ရာ၊ ငါ့အိမ်ရိပ်မှာ မြင်ရရင်တော့ နင့်ကိုအသတ်ပဲ”

မယ်ရာသည် သခင်မ အိပ်ခန်းမှ နောက်ဆုတ်၍ ထွက်လာခဲ့လေသည်။

၃-နှစ်တိုင်တိုင် မိုးလင်းအထိ စောင့်ရှောက်ပြုစုခဲ့ရသော သူဌေးကြီးအား မယ်ရာသည် သွား၍ကန်တော့၏။ ပြီးလျှင် သူသည် တဖြောက်ဖြောက် ရွာနေသော မိုးရေထဲသို့ ပြေးထွက်သွားလေသည်။

* * *

မယ်ရာနှင့် သူဌေးကြီးအိမ် အဆက်ပြတ်၍နေသည်မှာ ကြာမြင့်ခဲ့လေသည်။ လယ်ထွန်ရင်းသော်လည်းကောင်း၊ မျိုးကြဲ ကောက်စိုက်ရင်းသော်လည်းကောင်း အိမ်ကြီးအကြောင်းကို မယ်ရာက တွေး၍နေမိ၏။ ညဉ့်တွင်လည်း သခင်မ၊ ဖေဖေကြီးနှင့် အိမ်ကြီးအကြောင်းကို တလှည့်စီ အိပ်မက်မက်၍ နေတတ်ပေသည်။

နွေဦးပေါက် တစ်နေ့တွင် မယ်ရာသည် မြို့သို့တက်၍ လာသည်။ မြို့ရောက်လျှင် သူဌေးကြီးဆုံးသည့်အကြောင်းကို ကြားရလေသည်။ သခင်မက မလာနှင့်ဆိုပေမယ့် မယ်ရာ၏ခြေလှမ်းများသည် အိမ်ကြီးဘက်သို့ ရှေ့ရှု၍လှမ်းနေပေသည်။

အိမ်ဝင်းဝတွင် ရှုပ်ထွေးနေသော ခြံကြီးကို သူတွေ့ရ၏။ သူရှိစဉ်က ပန်းပွင့်များဝေဆာနေသော ပန်းချုံလေးများသည် ယခုအခါတွင် အရိုးပြိုင်းပြိုင်းနှင့် သွေ့ခြောက်၍နေလေသည်။

အိမ်အဝင်တွင်လည်း ဖုံသုတ်ခုံမရှိဘဲ ခြေရာနှင့် ဖုံများသည် လှေကားတွင် ရှုပ်ထွေး၍နေပေသည်။ လှေကားလက်ရမ်းများသည် လက်နှင့်ပွတ်တိုက်၍ သွားသောနေရာမှာပင် ဖုံများကပ်၍ နေပေသေးသည်။

တစ်အိမ်လုံးသည် ဖရိုဖရဲနိုင်လွန်း၍ သခင်မအိမ်မှ ဟုတ်ပါလေစဟူ၍ မယ်ရာက တွေးမိပေသည်။ အပေါ်သို့တက်၍ ယခင်က သခင်မအိပ်ခန်းရှိရာသို့ လျှောက်သွားသည်အထိ လူသံ သူသံ၊ လူရိပ် လူခြည်ကို မတွေ့ရပေ။

သူသည် ညင်သာစွာနင်း၍ သခင်မ အိပ်ခန်းဝတွင် သွား၍ရပ်သည်။ ခန်းဆီးသည် သူရှိစဉ်က ဖဲပွင့်အစိမ်းရောင်များဖြစ်သော်လည်း နေလောင်၍ အရောင်အဆင်းပျက်ကာ ဖဲပွင့်များကို ကွင်း၍ ကွင်း၍ ပိုးများကိုက်ထားလေသည်။

သူသည် ခန်းဆီးကို မ၍ အခန်းထဲသို့ ကြည့်ရင်း ခဏငြိမ်သက်၍ ရပ်နေမိသည်။

အခန်းထဲရှိ ခုတင်ပေါ်တွင် သခင်မသည် ပက်လက်နေ၍ အသက်ကို အားယူကာ ရှူနေလေသည်။ ချိုင့်ဝင်နေသော ပါးကွက်များမှာ သခင်မဟူ၍ ယုံကြည်ဖို့ခဲယဉ်းလောက်အောင် အရုပ်ဆိုး၍နေလေသည်။ သခင်မအပါးတွင်မူ တစ်ယောက်တည်းသောသူသည် ဆေးဖျော်နေဟန်တူပေသည်။ ထိုသူမှာ သခင်မ တခါက ဖိနပ်တိုက်ခိုင်းသော မင်းကတော် ဒေါ်ငွေတင်ဖြစ်လေသည်။ မမယ်ရာသည် ခြေထောက်များ လှုပ်ရှား၍မရနိုင်အောင်ပင် သူ့စိတ်များသည် အံ့သြ၍နေပေသည်။

ဒေါ်ငွေတင်သည် ဆေးပန်းကန်လုံးကိုယူ၍ ဆေးစက်များကို သခင်မပါးစပ်ထဲသို့ တစ်စက်စီ လက်ခလယ်နှင့် ချ၍ပေးသည်။ သခင်မသည် ဆေးကို လျှာနှင့် သိမ်း၍သိမ်း၍ ယူ၏။ ဆေးစက်ကိုချလိုက်တိုင်း ပိန်ချိသောရင်အုံမှာ ပြင်းထန်စွာ လှုပ်ရှားသလိုထင်ရ၏။ ဆေးတိုက်ပြီးလျှင် မင်းကတော်သည် အဝတ်ဖြူစနှင့် သခင်မနှုတ်ခမ်းကို ယုယစွာ သုတ်၍ပေး၏။ သခင်မသည် မျက်လုံးကိုမှေးကာ ငြိမ်သက်စွာ မှိန်း၍နေလေသည်။

မမယ်ရာသည် အခန်းထဲသို့ ခြေသံမကြားအောင် ဝင်လာ၏။ ဒေါ်ငွေတင်သည် ဆေးပန်းကန်ကိုကိုင်ရင်း သူ့ကိုမြင်လျှင် ကြက်သေသေ၍နေသည်။

သူတို့နှစ်ယောက်သည် ဖြည်းညှင်းစွာ အခန်းပြင်သို့ လျှောက်လာကြလေသည်။ အခန်းအပြင် ဝရန်တာတွင် သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ဝမ်းနည်းဝမ်းသာ ကြည့်နေကြသည်။

“သခင်မလေး ဘယ်တုန်းက မမာနေလဲ”

“ကြာပြီ ကြာပြီ”

“သူဌေးကြီး ဆုံးတုန်းကလား”

“မဟုတ်ဘူး။ ပစ္စည်းတွေလျှောမှ”

“ဪ သူတို့ပစ္စည်းတွေ လျှောကုန်ပြီ”

“ဟုတ်တယ်။ ရောဂါဖြစ်စက အမျိုးမျိုးကုသေးတယ်လို့ သတင်းကြားတယ်။ နောက်တော့ ပြုစုမယ့်သူမှမရှိဘဲ”

“ဟင် ဆရာမတွေ ဘာတွေ ခေါ်မကုဘူးလား”

“ဒီဆရာမကို ဘယ်သူပိုက်ဆံပေးမလဲ”

“ပိုက်ဆံ”

မယ်ရာသည် ထိုစကားလုံးလေးကို ထပ်၍ ရွတ်လိုက်မိ၏။

“ဒေါ်ဒေါ်လည်း သူ့သတင်းတွေကြားပြီး ဒီလိုဖြစ်နေတယ် ဆိုတော့ မနေနိုင်ဘူး။ ဒါနဲ့ လာပြီး ပြုစုနေတာ၊ လွန်ခဲ့တဲ့အပတ်နဲ့စာရင် အခု အတော်သက်သာလာတယ်”

မမယ်ရာသည် မင်းကတော်ကြီး၏လက်ကို ဆုပ်ရင်း ကြည်ညိုလေးစားစွာနှင့် ကြည့်၍နေမိသည်။

“ကဲ မမယ်ရာ ခဏ လူနာကို စောင့်နေဦး။ သူ့လုံချည်ဟောင်းတွေကို ဒေါ်ဒေါ်သွားလျှော်ဦးမယ်”

“ဟင် မဖြစ်ဘူးဒေါ်ဒေါ် ။ ဒေါ်ဒေါ်ဒီမှာ စောင့်ရစ်။ မယ်ရာ သွားလျှော်ပါ့မယ်။ မယ်ရာ ရွာကိုမပြန်ဘူး၊ သခင်မ နေကောင်းတဲ့အထိ နေမယ်”

သူတို့နှစ်ယောက်သည် အိပ်ခန်းသို့ ပြန်ဝင်ခဲ့ပေသည်။ သခင်မ၏မျက်လုံးများ ပွင့်နေ၍ သူတို့သည် အနားသို့ ကပ်၍သွားသည်။ သူတို့နှစ်ယောက်ကို မြင်သည်နှင့်တစ်ပြိုင်နက် သခင်မမျက်လုံးများ အားနည်းနေရာမှ ကြည်လင်တောက်ပ၍လာသည်။ မင်းကတော်ကြီးသည် နို့ပန်းကန်ထဲမှ နို့များကို အစက်ချ၍ သခင်မလေးအား တိုက်ကျွေး၍နေပေသည်။ သခင်မ၏မျက်လုံးများသည် တစ်စုံတစ်ခုကို တွေ့ရှိနေသလိုပင် စူးစိုက်ကြည့်နေယင်း နှစ်သိမ့်ဟန်မှာ မျက်နှာတွင် ပေါ်လွင်၍လာလေသည်။

* * *

အဘသည် သူ၏ “အဲဒါ” အကြောင်းကို ဤနေရာတွင် ရပ်၍ပစ်လိုက်၏။

“အဘ ပုံကလည်း ဒီတင်ပဲပြီးပြီလား”

“ပြီးပြီပေါ့။ ပုံက ရိုးလွန်းလို့လား”

“အို ရိုးပေမယ့် တမျိုးပဲ။ ဘဘက စကားစ,ထားလို့ပါ။ ကိုယ်စားပြုရမယ်ဆို ဘာကိုကိုယ်စားပြုရမှာလဲ”

“ဪ ဟုတ်တယ်။ အဲဒီသခင်မလေးဟာ နောက်ဆုံး ဘာကို ကြည့်နေတယ်လို့ ထင်သလဲ”

ကျွန်မက ခေါင်းခါ၍ ပြလိုက်၏။

“မယ်ရာနဲ့ မင်းကတော်ကြီးရဲ့ စေတနာကို သူနားလည်သွားတယ်။ လောကကြီးမှာ အာဏာ၊ ငွေနဲ့ဂုဏ်တွင် ရှိတာမဟုတ်ဘူး။ အင်မတန်သိမ်မွေ့ပြီး မမြင်နိုင်တဲ့ စေတနာ၊ မေတ္တာဆိုတာတွေလည်း လူတစ်ချို့ရဲ့ အသည်းနှလုံးမှာ ရှိနေသေးတာကို သခင်မလေးက မြင်သွားတယ်။ အေးကွယ် မြင်တယ်ပဲဆိုပါတော့ ငါ့မြေးရဲ့။ အမှန်တော့ အကောင်အထည်လိုက်တော့ မမြင်ရပါဘူး။ သခင်မလေး ကျန်းမာလာတော့ အဲဒီမယ်ရာနဲ့ မင်းကတော်ရဲ့ စေတနာကို ဘယ်လိုကိုယ်စားရည်ပြီး အထိမ်းအမှတ်လုပ်ရမှန်း မသိဘူးတဲ့။ ဒါပေမယ့် သူ့နှလုံးသားမှာတော့ အမြဲရှိနေတယ်ကွယ်။ ကဲ အဘအိပ်တော့မယ်”

အဘသည် ရုတ်တရက်ထ၍သွားရာ ကျွန်မမှာ နောက်ထပ် ​မေးခွန်းများကို မမေးနိုင်တော့ပေ။ ဤသခင်မအား ခွင့်လွှတ်တတ်သော မင်းကတော်ကြီးနှင့် သစ္စာရှိသော မမယ်ရာတို့ကို မြင်လို တွေ့ လိုပါ၏။

သို့သော် ချင်းတွင်းမြစ်ကမ်းဘေးတို့သည် မှောင်အတိကျ၍ သင်္ဘောပတ်ဝန်းကျင်တွင်လည်း ဘာကိုမျှ မမြင်ရတော့ပေ။
———————–
#ခင်နှင်းယု
၁၉၅၅၊ ဩဂုတ်လ။
(​ကြေးမုံရိပ်သွင်နှင့် အခြားဝတ္ထုတိုများမှ)

မေတ္တာဖြင့်
သောကြာကြိုက်သောစာစုများ စာပေပေ့ခ်ျထဲမှ
တဆင့် ကူးယူမျှဝေပေးပါသည်။

ချစ်ခြင်းများစွာဖြင့်