မိခင်ကိုစားသောဝမ်းဗိုက်ထဲကဘီလူးလေး

*မိခင်ကိုစားသော ဝမ်းဗိုက်ထဲကဘီလူးလေး*📖📖📖

*************************************
ဖြစ်ရပ်ဆန်းကြယ်

   ပဲခူးတိုင်း    သနပ်ပင်မြို့နယ် (    )ရွာ၌  ကိုကုလားနှင့်  မနီဆိုသည့်   လင်မယားနှစ်ယောက်ရှိ့ကြသည် ။ နှစ်ယောက်စလုံးစရိုက်ကြမ်းကြပြီး   ကြုံရာကျပန်းအလုပ်များ   လုပ်ကိုင်စားသောက်ကြသည် ။ ကိုကု လားက   အရက်ကိုစွဲစွဲမြဲမြဲ   သောက်သူဖြစ်ပြီး    နွားသတ်သမားတစ်ဦးလည်းဖြစ်သည် ။ သူသည်  ထိုနယ်တစ်နယ်လုံးမှာ   နွားသတ်အကျွမ်းကျင်ဆုံးနှင့်  နွားသတ်သမားလောကတွင်   ဘွဲ့ထူးအစုံ ရထားသူလဲဖြစ်သည် ။ သူတို့အရပ်တွင်  နွားသတ်သမားများ၏  ကဏ္ဌကလည်း   အရေးပါလှသည် ။
နွားသတ်သမားဆိုရုံနှင့်လည်း  တော်ရုံနှင့်တော့ မပြီးပေ ။သူအဆင့်နှင့်သူ   ဘွဲ့ထူးဂုဏ်ထူးများလည်း  ရှိ့ကြသည် ။ ထိုကဲ့သို့ဘွဲ့ထူးဂုဏ်ထူး  တစ်ခုခုရထားမှလည်း   နွားသတ်သမားကောင်းဟု   အသိအမှတ်ပြုကြသည် ။ အကောင်းဆုံးနွားသတ်သမားတစ်ဦးထံမှာလည်း   တပည်ခံချင်ကြသူတွေလည်း  များသည် ။  ထိုအထဲမှာမှ   အတော်ဆုံးတပည့်တစ်ယောက်နှစ်ယောက်ကို   နွားသတ်ဆရာ၏  လက်ထောက်အဖြစ်ထားရှိ့တယ် ။ ထိုကဲ့သို့   လက်ထောက်အဖြစ်နဲ့  နှစ်များစွာကြာအောင်လုပ်ခဲ့ပြီး    နွားအကောင်ရေများစွာ  သတ်ဖြတ်ခဲ့ပြီးမှ   နွားသတ်ဆရာ   အဖြစ်သို့ရောက်ရှိ့ကြသည် ။

   ထိုအလုပ်မှာ  အရင်းမစိုက်ရသော  အလုပ်ဟု  ယူဆထားကြသော်လည်း   အကုသိုလ်များလှပြီး   ဘေးအန္တာရယ်လဲ  သိပ်များသည် ။ နွားသတ်သောနေရာသို့   ရောက်လာသော    တစ္ဆေ   သရဲ    ဖုတ်   ပြိတ္တာ   ဘီလူးတို့အန္တာရယ်ကလည်း     ကြောက်စရာအလွန်ကောင်းလှသည် ။ သို့ကြောင့် နွားသတ်သမားများမှာ  နွားသတ်ပေးရုံနှင့်မပြီး ။ အမှောင့် ပယောဂ  အနှောင့်အရှက်များကိုလည်း  အနည်းအပါး   ဖယ်ရှားပေးနိုင်ကြသည် ။

တစ်နေ့တော့ ကိုကုလားမှာ  အနှောင့်အရှက်ဝင်လာသည် ။ ညအချိန်သူတစ်ယောက်ထဲ  အိပ်နေစဉ်   အိမ်ထရံကို  တဗုန်းဗုန်းနှင့်  လာပုတ်သဖြင့်  နိုးလာသည် ။

  ” ဘယ်သူတွေလဲကွ ” အိပ်ချင်မူးတူးအသံဖြင့်  မေးလိုက်သည် ။

   ” ဗုန်း…ဗုန်း…ဗုန်း…”

” ဘာကိစွရှိ့လို့  ဒီလောက်လာထုနေတာလဲ   နွားသတ်စရာရှိ့ရင်   မနက်လင်းမှသတ်ပေးမယ် ။ ဒီအချိန်မကောင်းဘူး “

    သူစိတ်ထဲမှာ  နွားသတ်ပေးရန်  လာနိုးနေသည်ထင်သဖြင့်     ပြောလိုက်ပြီး   ပြန်အိပ်ရန်ပြင်သော်လည်း    မရပြန်ပေ ။ ဒီတစ်ကြိမ်တော့  အိမ်ထရံကို    ပုတ်ရုံသာမကပဲ    အိမ်ပြိုမတတ်   အိမ်ကိုဆွဲလူပ်နေပြန်သည် ။

  ” ဝုန်း…ဝုန်း…ဝုန်း…”

” ဘယ်ကလူတွေလာပြီး    နှောင့်ရှက်နေတာလဲကွ “

   သို့ကလိုပြောရင်း   ခေါင်းရင်းမှာဆောင်ထားသော   လှံကိုဆွဲယူပြီး   နေရာမှထကြည့်လိုက်သည် ။ အိမ်ပေါက်ဝမှာ  ရပ်နေသူက   လူမဟုတ်ပေ ။  ဘီးလူးမျက်နှာမျိုးနှင့်   ကြောက်စရာကောင်းသော   မကောင်းဆိုးဝါး  တစ်ကောင်ပင်ဖြစ်၏ ။  လူနှစ်ရပ်ခန့်မြင့်ပြီး   တစ်ကိုယ်လုံး  အမွေးရှည်များက   ဖုံးထားသည် ။ မျက်လုံးနှစ်လုံးက  နီရဲနေပြီး   ကျယ်လှသောပါးစပ်ထဲမှ  အစွယ်များငေါထွက်နေသည် ။ ကိုကုလားမှာ  သရဲသဘက်များနှင့်  အမြဲတွေ့မြင်နေသူ ဖြစ်သဖြင့်  ကြောက်လှန့်တတ်သူတော့ မဟုတ်ပေ ။

   ” မင်း   ဘာကောင်လဲ “

” …………………… ”
အသံသြသြကြီးဖြင့်  ပြန်ပြောသည် ။

” မြေဖုတ်ဘီလူးက  ငါ့ဆီဘာလာလုပ်တာလဲ “

” ………………………… ”
“ငါတို့ဆီမှာနေချင်လို့  ဟုတ်လား “

” ……………………… “

” ဘာ ငါတို့ဆီမှာမနေရရင်    ငါ့ကိုစားမယ် ဟုတ်လား ။ ငါ့ကိုတော့ စားလို့မရဘူး  ။  လှံစာပဲ  ကျွေးလိုက်မယ် ။

   သို့ကလိုပြောပြီး  လက်ထဲမှ  လှံဖြင့်ထိုးလိုက်သည် ။ သို့သော်  ဖွဲအိတ်ကြီးထိုးရသကဲ့သို့   ကျွံ့့ဝင်သွားသည် ။စိတ်မကျေနပ်သဖြင့်  ဓားဖြင့်ထွတ်ခုတ်တော့လဲ   အရာမရောက်ပေ ။ နောက်ဆုံးဘယ်လိုမှနှင်ထုတ်၍  မရတော့သဖြင့်  လာနေချင်လဲ  လာနေ ဟု  ပြောလိုက်တော့မှ    ထွက်သွားလေတော့သည် ။

ထိုသို့ဖြစ်ပွားပြီး  များမကြာမီ   မနီမှာပထမဦးဆုံး   ကိုယ်ဝန်ကိုလွယ်ထားရလေပြီ ။ ထိုအချိန်မှစ၍  မနီအစားအသောက်ကြမ်းလာတယ် ။ သားစိမ်းငါးစားများသာ  စားသောက်လိုသော   ချင်ခြင်းရှိ့လာသည် ။ အမဲသားဟင်းများချက်လျှင်   တစ်ပွက်နှစ်ပွက် ဆူရုံမျှနှင့် စားသောက်တတ်သည် ။  အမဲသားဟင်းများမှာ  မကျက်ပဲနှင့်  အစိမ်းအတိုင်းရှိ့နေရာ  တစ်ချက်ကိုက်လိုက်တာနှင့်    သွေးစသွေးနများပင်  ထွက်လာ၏ ။ မနီကထိုသို့စားရသည်ကို  များစွာသဘောကြသည် ။ ကိုကုလားကလည်း  “စားချင်တာသာစား   ဗိုက်ထဲက  ကလေးအားရှိ့တာပေါ့”ဟုပဲပြောသည် ။ သို့သော်လည်း ကိုယ်ဝန်ရင့်မာလာချိန်တွင်  မနီ ဘယ်လောက်ပဲစားစား   အသားမဖြစ်တော့ပဲ   တစ်နေ့တစ်ခြား   အရိုးပေါ်အရေတင်သာ   ပိန်းချုံးကြလာသည် ။ထိုကဲ့သို့  လူရုပ်မပေါ်တော့ပဲ    ကမ္မဋ္ဌာန်းရုပ်ကဲ့သို့   ပိန်ချုံးကြလာသောလည်း    အစားအသောက်ကတော့   မလျှော့ပေ ။ တွေ့သမျှသားစိမ်းငါးစိမ်းများကို   အကုန်စား၏ ။ထိုအခါယောကျာင်္ဖြစ်သူက  ပြောလိုက်သည် ။

” နင့်ဟာ  ဖုတ်များဝင်နေရော့သလား ။ ခါတိုင်းထက်လည်းစားနေသေးတယ် ။ လူကလဲ  အရိုးပေါ် အရေတင်နေပြီ “

  သို့ကလိုပြောလိုက်သောအခါ   ဘာမှပြန်မပြောပေ ။

နောက်တစ်ရက်မှာတော့   မနီတစ်ယောက်  ရုတ်တရက်သေဆုံးသွားခဲ့သည် ။
ထိုအခါ  ဝမ်းဆွဲသည်များက    လူကြီးသေပြီးသော်လည်း   ဗိုက်ထဲမှာရှိ့သော  ကလေးက  မသေပဲရှိ့နေနိုင်ကြောင်း   ပြောသဖြင့်  ဝမ်းဗိုက်ခွဲကြည့်ကြတယ် ။ ဗိုက်ထဲတွင်  ဗိုက်ဖောင်းနေပြီး   သွားနှင့်အစွယ်များ ထွက်နေသော  ဘီလူးလေးကို  တွေ့ကြရတယ် ။ ထိုဘီလူးလေးက  မျက်စိမှိတ်ကာ  သေချင်ဟန်ဆောင်နေလေသည် ။ ဘီလူးလေးကို  တွေ့ရတော့  မနီဘာကြောင့်  သေရသည်ကို  သိကြရလေတော့သည် ။ မိခင်ဖြစ်သူမနီ၏ ဝမ်းဗိုက်ထဲမှာရှိ့သော  ကလီစာအချို့နှင့်  အသွေးအသားတို့မှာ  ဘာမှမရှိ့တော့ပေ ။ အသွေးအသားများ  ခမ်းခြောက်နေပြီး   အရိုးနှင့်အရေသာ  ကျန်တော့သည် ။ ဗိုက်ထဲမှာရှိ့သော  ဘီလူးလေးကတော့  စိုပြည်ကြီးထွားပြီး   ဝမ်းဗိုက်မှာလည်းဖောင်းကားနေလေသည် ။  ဘီလူးလေးလည်း   သေနေပြီထင်သောကြောင့်  လူကြီးရောကလေးပါ   သုသာန်သို့သွားကာ   မြှပ်နှံ့လိုက်ကြလေသည် ။
ထိုသတင်းက  တစ်ယောက်စကားတစ်ယောက်ကြားဖြင့်  တောမီးလောင်သကဲ့သို့    ချက်ချင်းပင်  ပျံ့နှံ့သွားတယ် ။ အဲ့ဒီနောက် နှစ်ရက်သုံးရက်ကြာသောအခါ   အခြားရွာမှာ  ပယောဂ ဆရာတစ်ယောက်ရောက်လာရင်းမေးမြန်းတယ် ။

   ” မင်းတို့ဘီလူးလေးကို  ဘယ်လိုမြှုပ်လိုက်ကြသလဲ “

  ” ဒီအတိုင်းပဲ  မြေကျင်းတူးပြီး   မြှပ်ထားခဲ့တာပဲ “

” ဒီလိုမြှပ်ခဲ့လို့  မပြီးဘူး။ တကယ်လို့  ဘီလူးမှန်ရင်   ခုနှစ်ရက်ပြည့်တာနဲ့  ပြန်ထလာလိမ့်မယ် ။  အဲ့ဒီလိုပြန်ထလာပြီးရင်   တစ်ရွာလုံး  ဘီလူးစားလို့  သေကုန်ကြလိမ့်မယ် “

” ဒီတော့ ဘယ်လိုလုပ်ရမလဲ”

” အလောင်းကို  ပြန်ဖော်ပြီးတော့  သုံးပိုင်းပိုင်းပစ်ရမယ် ။ အဲ့ဒီလို  ပိုင်းပြီး  တစ်ပိုင်းစီကို   တစ်နေရာစီခွဲမြှပ်မှသေမှာ ” ဟုပြောသဖြင့်  သုသာန်သို့  တစ်ခေါက်ပြန်သွားကာ  မြှပ်ထားသော  အလောင်းကို   ပြန်ဖော်ကြည့်ကြသည် ။ သူတို့မြှပ်ထားခဲ့စဉ်က  အလောင်းမ  ပက်လက်အနေအထားဖြစ်သော်လည်း  ယခုပြန်တူးကြည့်တော့  ဘေးစောင်းအနေအထား   ဖြစ်နေပြီး   တစ်ကိုယ်လုံးလည်း   အမွှေးများထွက်စပြုနေလေသည် ။ သို့ဖြင့်  သုံးပိုင်းပိုင်းရန်  ပေါက်တူးဖြင့်  အပေါ်သို့ဆွဲတင်လိုက်သောအခါ  မျက်လုံးတစ်ချက် ဖွင့်ကြည့်လေသည် ။ မျက်လုံးမှာနီရဲနေသောကြောင့်  နံဘေးမှာရှိ့နေသူများပင်   လန့်ဖျပ်ပြီး   နောက်သို့ဆုတ်သွားကြသည် ။ အရက်မူးနေသော  ကိုကုလားကတော့ ထွေထွေထူးထူးတွေးမနေတော့ပဲ   ဓားဖြင့်သုံးပိုင်းပိုင်းဖြတ်လိုက်သည် ။ကိုယ်မှထွက်လာသော   သွေးများမှာ  သွေးစိမ်းရှင်ရှင်များဖြစ်ပြီး  ကလေးဝမ်းဗိုက်ထဲမှ  မိခင်၏ အူ   အသည်း  နှလုံးများကို   စားသောက်ထားသော  အပိုင်းအစအချို့ကိုလည်း   တွေ့ကြရသည် ။  သုံးပိုင်းခွဲပြီးမြေမြှပ်ပါက  ပြန်ဆက်ပြီးထလာမည်ကို   စိုးကြသဖြင့်  မီးရှို့ဖျတ်ဆီးပစ်လိုက်ကြသည် ။ ညဘက်ရောက်တော့  ကိုကုလားမှာ  အရက်မူးမူးနှင့်  အိပ်ပျော်နေစဉ်  အိမ်မက်မက်လေသည် ။ အိမ်မက်ထဲမှာ  ဘီးလူးတစ်ကောင်က   ရောက်လာပြီး  ကြိမ်းမောင်းပြောဆိုလေသည် ။  ‘ နင်တို့ကံကောင်းလို့သာ  ငါ့လက်က  လွှတ်သွားကြတယ် မှတိပါ ။ ငါလာတုန်းက  တစ်ရွာလုံးကို  စားမလို့  လာခဲ့တာ” ဟုပြောဆိုကြိမ်းမောင်းပြီး  ပျောက်ကွယ်သွားလေတော့တယ် ။

                         ဆုံကြအုံးမယ်ကွယ်

                                                   ထွဋ်ခေါင်( အိမ်မဲ )