မုခ်ဦးစောင့်မောင်နှမ

မုခ်ဦးစောင့်မောင်နှမ(စ/ဆုံး)

—————————

နာမည်က လက်ပွား။ သူ၏လက်၌ လက်ပွားလေးတစ်ခုပါရှိသည်အားအစွဲပြုကာ အားလုံးက လက်ပွားဟုသာ ခေါ်ဆိုကြ၏။

” မောင်လက်ပွားရေ နောက်တစ်ပတ်ထဲမှာ အန်တီ့သားတွေရဲ့ ရှင်ပြုအလှူရှိတယ် ၊ လာကူပေးအုံးနော် ”

” ဟာ ကူရမှာပေါ့ဗျာ ၊ ဒီလူတွေမှ မကူရင် ဘယ်သူ့ကို ကူရမှာလဲ ”

” လက်ပွားရယ် မင်းက အဲ့လိုပြောတော့ အန်တီဖြင့် အားရှိလိုက်တာ …တို့တွေငယ်ငယ်က ရွာတွေမှာ ကာလသားခေါင်းဆိုတာရှိတယ် …ရပ်ရွာထဲ သာရေးနာရေးမှန်သမျှ အကုန်လုံးကာလသားခေါင်းကို အားကိုးရတာ၊ ခုက မြို့ပြဆိုပေမဲ့ ဒီရပ်ကွက်ထဲ သာရေးနာရေးမှန်သမျှ ပရဟိတစိတ်အပြည့်နဲ့ ဦးစီးလုပ်ကိုင်ပေးတာ မင်းပဲ ရှိတော့ မင်းကိုပဲ အားကိုးရမှာ ”

” စိတ်ချပါအန်တီရာ အလှူနေ့ အတိအကျသာ ပြော ၊ လက်ပွားက ကူပြီးသား ၊ ကျန်တဲ့ သူတွေကိုလဲ ကြိုပြောထားလိုက်မယ်”

” ကျေးဇူးပါလက်ပွားရယ်”

” မလိုပါဘူးအန်တီ”

နေ၏အလင်းရောင်သည် ပေတရာလမ်းမကြီးထက် အရှိန်ပြင်းစွာ ကျရောက်လျက်ရှိရာ အပူရှိန်သည် တလျှပ်လျှပ် ထနေသကဲ့သို့ ခံစားရ၏။

လက်ပွားလဲ ဈေးဆိုင်အတွင်းမှ ၀ယ်ယူထားသည့် ပစ္စည်းထုတ်အား ဆိုင်ကယ်နောက်သို့ တင်ကာ ကြိုးဖြင့်ချည်လိုက်၏။
ထို့နောက် နဖူးမှ ချွေးအား သူ့ပုဆိုးဖြင့်သုတ်ကာ ပုဆိုးအား ပြင်၀တ်လိုက်ပြီးနောက် ဆိုင်ကယ်ပေါ်တက်လိုက်၏။

သူ၏ဆိုင်ကယ်လေးသည် မကြာမီ ဘုန်းကြီးကျောင်းတစ်ခုအတွင်းသို့ ကွေ့၀င်သွားလေသည်။

ထိုဘုန်းကြီးကျောင်းသည် ပေလမ်းမကြီး၏ဘေး၌ တည်ရှိ၏။
ထိုအနီး၀န်းကျင်၌ စက်ရုံကြီးများရှိကာ ထိုရပ်ကွက်၌ စက်ရုံ၀န်ထမ်းများ အများဆုံးနေထိုင်ကြလေသည်။
ရပ်ကွက်ဟုဆိုပင်ညား ရပ်ကွက်အလယ်ရှိ ပေလမ်းမကြီး၌ အဝေးပြေးကားများလည်း ဖြတ်သန်းသွားလာလျက် ရှိသကဲ့သို့ တွဲကားများသည်လည်း နေ့စဉ်ဖြတ်သန်းသွားလာလေ့ရှိ၏။
ထို့ကြောင့်လည်း ယခင်က တစ်လမ်းသွားလမ်းလေးသည် ယခုအချိန်၌ နှစ်လမ်းသွားအဖြစ် ပြုပြင်ထားပြီး ဖြစ်လေသည်။
နှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးတက်လာသည့်အလျောက် ယာဉ်အသွားအလာများလည်း ပိုမိုစည်ကားလာလေရာ ထိုလမ်း‌ဘေး၀န်းကျင်၌ ဈေးများရောင်းချသော ဆိုင်ခန်းများလည်း အလျှိုလျှို ပေါ်ပေါက်လာလေတော့သည်။

အထူးသဖြင့် လက်ပွား၀င်သွားသော ဘုန်းကြီးကျောင်း၏ ဘယ်ညာများ၌ ဆိုင်ခန်းများဖြင့် စည်ကားလျက်ရှိလေသည်။
ထိုဘုန်းကြီးကျောင်းကား မဏိကာရုံဘုန်းကြီးကျောင်းတည်း။

မဏိကာရုံဘုန်းကြီးကျောင်း၏ ဘေးရှိ ဆိုင်ခန်းများသည် စီးပွားရေးကောင်းမွန်ကြသည်မို့ ထိုဘုန်းကြီးကျောင်း၌လည်း လှူဒါန်းသူများ ပေါများ၏။
ယခုလည်း ဈေးဆိုင်ပိုင်ရှင် ဒေါ်မြသီသည် သူ၏သားသုံး‌ယောက်အား မဏိကာရုံကျောင်း၌ ရှင်ပြုအလှူလုပ်ရန်စီစဉ်နေလေသည်။

လက်ပွားတို့မိသားစုသည် စက်ရုံ၀န်ထမ်းမိသားစုများမဟုတ်ကြသော်လည်း ထိုရပ်ကွက်၌ နေထိုင်လာကြသည်မှာ လက်ပွားတစ်သက်ပင်ရှိလေပြီ။
အထူးသဖြင့် လက်ပွားသည် ပရဟိတစိတ်ရှိကာ ရပ်ကွက်အတွင်း သာရေး၊နာရေးမှန်သမျှ၌လည်း မညည်းမညူကူညီလုပ်ကိုင်ပေးတတ်သဖြင့် ပြောင်းလာသမျှလူတိုင်းက လက်ပွားအား အားကိုးကြသည်။
ယခုပင် ဒေါ်မြသီသည် သူ့အလှူအတွက် လက်ပွားအား ဖိတ်ကြားထားခဲ့ပြီ မဟုတ်လော။

အလှူရက်မတိုင်မီ မဏိကာရုံကျောင်းမှ ဆရာတော်သည် သူ၏ကျောင်းအတွင်း ပြင်ဆင်စရာအချို့ရှိသည်အား ပြင်ဆင်ရန် လက်ပွားအားတာ၀န်ပေးထားလေသည်။
ထို့‌ကြောင့် လက်ပွားလည်း ကျောင်းအတွက် လိုအပ်သည်များအား ၀ယ်ခြမ်းကာ ကျောင်းအတွင်း ၀င်သွားခြင်းဖြစ်၏။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၂)

” ဟဲ့သား နေမကောင်းဘူးလား”

“ကောင်းပါတယ် အမေရာ ”

” ဟွန့် ကောင်းတယ်သာဆိုသာ နင့်မျက်နှာကလဲ မကြည်မလင်နဲ့”

” ခုတလော အိမ်မက်တွေ မကောင်းဘူးအမေရာ ”

” ဟင် ဟုတ်လား ၊ ဘယ်လိုတွေ မက်လို့တုန်း ”

” ဘာမှမဟုတ်ပါဘူးအမေရာ၊ အိပ်ရေးပျက်ပါများလို့ ကယောက်ကယက် အိမ်မက်မက်တာနေမှာပါ ”

” ခုတလော ညပိုင်းခွေးတွေကတော့ အရမ်းအူတာ အမှန်ပဲသား ၊ အူတာကလဲ ဘုန်းကြီးကျောင်းဘက်ကနေအူလာတာ အိမ်ရှေ့အထိပဲ၊ ဂရုတော့စိုက်ပေါ့သားရယ်”

” ဟုတ်ကဲ့ပါအမေ”

သူ့မိခင်ဆိုသည့်အတိုင်းပင် ယခုတလော ညဘက်၌ ခွေးများက အူလွန်း၏။
လက်ပွားကြားခဲ့ဖူးသည်မှာ ထိုသို့ခွေးများ အူသောလမ်း၌ လူသေတတ်၏။
လူတစ်ယောက်သေဆုံးပြီးမှ ခွေးအူခြင်းလဲ ရပ်တံ့သွားတတ်လေသည်။

သူတွေးနေရင်း ညက အိမ်မက်အား ပြန်လည်မြင်ယောင်လာမိ၏။
ထိုအိမ်မက်သည် တစ်ကြိမ်တည်းသာ မက်ခဲ့ပါလျှင် အကြောင်းမဆန်းလှ။
ယခုမူကား ထိုအိမ်မက်တစ်ခုအား သုံးလေးကြိမ်မျှမက်သဖြင့် မှတ်မိနေလေပြီ။

” ဟူးးးး”

သူစိတ်ညစ်ညူးစွာဖြင့် သက်မရှည်ကြီးအား ချလိုက်မိ၏။

” ဟဲ့သား ဒီနေ့ ဆရာတော်ရဲ့ကျောင်းကို မသွားဘူးလား၊ ဆရာတော်သားကိုခိုင်းထားတာတွေ လုပ်ပေးလိုက်အုံးလေ ”

” ဟုတ်အမေ ခဏနေသွားမှာပါ၊ ခု လန်းသွားအောင်ရေချိုးလိုက်အုံးမယ်”

ပြောနေရင်း လေးလံသော ခြေလှမ်းများဖြင့် ရေချိုးခန်းဘက်၀င်သွားသော သားဖြစ်သူအားကြည့်ကာ မိခင်ဖြစ်သူမှာ စိတ်မချမ်းသာလှ။
ယခင်က မည်သည့်အလုပ်မဆို တက်ကြွလွန်းသော သားဖြစ်သူက ယခုတလော ငေးငေးငိုင်ငိုင်ရှိလှ၏။အထူးသဖြင့် မဏိကာရုံ ဘုန်းကြီးကျောင်းသို့ သွားလိုသည့်ဟန်မရှိပေ။

” အင်း အိမ်မက်မကောင်းဘူးဆိုလို့ နေလို့မပျော်တာနေမှာ၊ နောက်ရက်မှ သားကိုချော့မေးကြည့်ရမယ်၊ ဘာအိမ်မက်တွေများမက်လို့ပါလိမ့် ”

လက်ပွား၏ မိခင်သည် သားဖြစ်သူအား စိုးရိမ်စိတ်ဖြင့် ကြည့်ရင်း သက်မရှည်ကြီးအား ချလိုက်လေသည်။

လက်ပွား၏ဆိုင်ကယ်လေးသည် ဘုန်းကြီးကျောင်းမုခ်ဦးထံအရောက် မုခ်ဦးဘေး၌ ရပ်ကာ သူ့အားညှိုးငယ်စွာကြည့်နေသူတစ်‌ဦးအားတွေ့လိုက်ရ၏။
သူလဲ လန့်သွားကာ ဘရိတ်အားဆွဲအုပ်လိုက်၏။

“ကျွီ”

ထိုအချိန်၌ သူ့အားကြည့်နေသော သူမှာ သူ၏မျက်စိရှေ့၌တင် ရုတ်တရက်ကွယ်ပျောက်သွားလေသည်။

” ဟင် ငါ ငါ အမြင်များမှားတာလား ၊ ငါ့မျက်စိနဲ့ သေချာတွေ့လိုက်တာပါ …ခုဘယ်ရောက်သွားပါလိမ့် ”

သူလည်းဆိုင်ကယ်ရပ်ကာ ဟိုကြည့်ဒီကြည့်လုပ်နေမိသည်။

” ဟာ ဒကာလေး ၊ ဆရာတော်က ဒကာလေးကိုမ‌ေတွ့မိဘူးလားလို့ ဥူးဇင်းကို ခုပဲမေးနေတာ၊ ဆရာတော်ဆီသွားလိုက်အုံး”

” တင်ပါ့ဘုရား”

ဘုန်းကြီးကျောင်းထဲမှ ကြွလာသော ဥူးဇင်းတစ်ပါးက မိန့်သောကြောင့် လက်ပွားလဲ ဆိုင်ကယ်အား စက်ပြန်နိုးကာ ဆရာတော်ကျောင်းဘက် မောင်းနှင်လာခဲ့၏။

ဆရာတော်ကျောင်းသို့ရောက်သောအခါ ဒေါ်မြသီအားလည်းတွေ့ရ၏။
မနက်ဖြန်၌ အလှူအ၀င်ရက်မို့ ဒေါ်မြသီက လက်ပွားအား ကျောင်းသို့ စောစောလာပေးရန် အဖန်ဖန်မှာကြား နေလေသည်။

လက်ပွားလဲ ဒေါ်မြသီ၏အလှူအတွက် စီစဉ်စရာရှိသည်အား ကူညီကာစီစဉ်နေရသည်မို့ မုခ်ဦး၌ တွေ့ခဲ့သောသူအကြောင်းအား သတိမရတော့ပါချေ။

ထိုနေ့က ညခုနစ်နာရီခန့်အချိန်မှလက်ပွားတစ်ယောက် အိမ်ပြန်ရောက်လေတော့သည်။

” သားရေ နောက်ကျတယ်နော်၊ သားအတွက် ကြောင်အိမ်ထဲမှာ ငါးကြော်ခွဲထားတယ် ”

” တော်ပြီအမေ ၊ သား ဒေါ်မြသီအိမ်က စားခဲ့ပြီ၊ ဒါနဲ့ အငယ်မရော မတွေ့ပါလား”

“မင်းညီမ သူ့အခန်းထဲမှာ ၀တ္ထုဖတ်နေလေရဲ့”

” ဩ ”

သူ၏ မွေးစားညီမဖြစ်သူအားမေးခြင်းဖြစ်သည်။

လက်ပွား၏ မိဘများသည် သမီးမိန်းခလေးမရှိသဖြင့် ဆွေမျိုးထဲမှ ကလေးတစ်ဦးအား မွေးစားထား၏။
လက်ပွားသည်လဲ ထိုကလေးအား အတော်ပင်ချစ်ရှာလေသည်။

“အမေ သားကို မနက်ဖြန်မနက် ငါးနာရီလောက်နိုးအုံး…ဒေါ်မြသီအလှူအတွက်သား သွားကူရမှာမို့”

” အေးအေး ….မနက်ကြရင် အမေလဲ ဆွမ်းချိုင့်ကျလို့ အစောကြီးထရမှာ၊ အမေထရင် သားကိုနိုးလိုက်မယ်”

” ဟုတ်အမေ၊ ဒါဆိုသားပင်ပန်းလာလို့ စောစော အိပ်တော့မယ် ”

” အေး အေး ”

ထိုနေ့ညက လက်ပွားတစ်ယောက် စောစောအိပ်ရာ၀င်ခဲ့လေသည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၃)

” အူး ဝူး ဝူးးး”

တိတ်ဆိတ်နေသော ညက ခွေးအူသံများကြောင့် အကျည်းတန်သွားလေသည်။
လဆုတ်ရက်မို့ ကောင်းကင်၌ ကြယ်အချို့က မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းနေရှာ၏။

ညအမှောင်ထု၏ သိပ်သည်းမှုက ခွေးအူသံများကြောင့် ပို၍ ခြောက်ခြားဖွယ်ရာကောင်းနေလေသည်။

‘ရှပ် ရှပ် ရှပ်”

သူ၏အခန်းအပြင်ဘက်၌ ခြေသံအချို့အား ကြားလိုက်ရ၏။
ထိုခြေသံပိုင်ရှင်အား သူထမကြည့်ပဲ သိနေလေပြီ။
ထိုခြေသံသည် သူ့ဆီမကြာခဏ ရောက်လာတတ်သည် မဟုတ်လော။

” လက်ပွားရေ လက်ပွား”

” ဟင် ခင်ဗျား ရောက်လာပြန်ပြီလား”

ထိုသူသည် ညှိုးငယ်သောမျက်နှာဖြင့် သူ့အားကြည့်နေရှာသည်။

ထိုသူမှာ ပုဆိုးအကွက်အဆင်အား၀တ်ကာ ကတောင်းကျိုက်ထား၍ အင်္ကျီမှာ အဝါရောင်ခပ်ညစ်ညစ်အား၀တ်ဆင်ထား၏။ထိုသူ၏ အသက်မှာ ငါးဆယ်အရွယ်ခန့်ရှိပြီဟုထင်ရကာ ကြည့်ရသည်မှာ လွန်စွာ သနားဖွယ်ကောင်းလေသည်။

” လက်ပွားရယ် ငါ့နေရာမှာ စောင့်ပေးပါကွာ၊ အဲ့ဒီနေရာမှာ နေရတာလဲကြာလှပြီ၊ ငါခု တစ်နေရာကိုသွားချင်လှပြီ၊ မင်းငါ့နေရာမှာ စောင့်ပေးမှ ငါကသွားခွင့်ရမှာမို့ပါကွာ ၊ ငါ မင်းကို ရှိကြီးခိုးပါရဲ့ ”

ပြောနေရင်းမှ ထိုသူသည် သူ့အား ထိုင်ကန်တော့ရန် ပြင်နေသည်မို့

” ဟာ ဦးလေး မ…မလုပ်ပါနဲ့ ၊ ကျုပ်ငရဲကြီးပါ့မယ် ၊ ကဲပါဗျာ ဒီလောက်ထိ ဖြစ်နေမှတော့ ကျုပ်ခင်ဗျားနေရာမှာ စောင့်ပေးပါ့မယ် ”

” ဟာ ၀မ်းသာလိုက်တာ လက်ပွားရာ ၊ ကျေးဇူးပါကွာ ”

ထိုသူသည် ၀မ်းသာအားရဖြင့် ခုန်ပေါက်ကာ အိမ်ပေါ်မှ ဆင်းသွားလေသည်။
ထိုသူတစ်ချက်ခုန်လျင် လူလက်တစ်ဖောင်ခန့်မြင့်သည်အား အံ့ဩစွာတွေ့ရလေသည်။

သူလဲ ထိုသူအားကြည့်ကာ ပြုံးနေမိ၏။
မိမိကြောင့် လူတစ်ဦးပြုံးပျော်သွားခဲ့သည် မဟုတ်လော။

” သားရေ သား ထတော့ ၊ မနက်ငါးနာရီထိုးပြီ၊ ဘာတွေ အိမ်မက်ယောင်ပြီးပြုံးနေတာလဲ ”

” ဟင် အမေ ဟို ဟိုလူကြီးရော ”

” ဘယ်လူကြီးလဲ သားရဲ့ ”

ထိုအခါမှ လက်ပွားလဲ သူ့အိမ်မက်အကြောင်းအား မိခင်ဖြစ်သူအား ပြောပြလိုက်၏။

” ဟင် သားရယ် ဘာလို့များ စောင့်ပေးမယ်ပြောလိုက်ရတာလဲ”

” အမေရာ သူက အမြဲလာလာပြောနေတာ ၊ သူက သနားစရာကောင်းတယ်အမေ၊ သား…ရှေ့ရက်က သူ့ကို ကတိမပေးနိုင်တော့ စိတ်တွေ ညှိုးနွမ်းနေတာ၊ ခုမှပဲ စိတ်ထဲ ပေါ့သွားတယ်၊ ဟာ …ငါးနာရီ ဆယ်မိနစ်တောင်ရှိပြီ၊ သားမျက်နှာသွားသစ်တော့မယ် ၊ သားပြန်လာမှ စကားပြောကြတာပေါ့အမေ”

လက်ပွားလည်း မျက်နှာသစ်ကာ အ၀တ်များလဲပြီးနောက် အိမ်မှထွက်လာခဲ့၏။
သူထွက်လာသည့်အချိန်က မနက်ငါးနာရီမိနစ်နှစ်ဆယ်ခန့်အချိန်မို့ အလင်းရောင်ကောင်းစွာ မရသေးပေ။
သူ့ဆိုင်ကယ်အား မောင်းနှင်လာသည့်လမ်းသည် မဏိကာရုံဘုန်းကြီးကျောင်း၏မုခ်ဦးနှင့် မျက်နှာချင်းဆိုင်ရှိ လမ်းသွယ်မှဖြစ်၏။
ထိုအချိန်၌ ဘုန်းကြီးကျောင်း၏ ဘေးရှိ လက်ဖက်ရည်ဆိုင်သာဖွင့်သေး၏။
သူလဲ လမ်းသွယ်မှထွက်လာကာ လမ်းကြောတစ်ခုအားဖြတ်ပြီးနောက် နောက်ထပ်လမ်းကြောတစ်ခုအားဖြတ်မည်ပြုစဉ် ခရီးသည်တင် express ကားတစ်စီးလာနေသည်အားတွေ့လိုက်ရသဖြင့် လမ်းကြောနှစ်ခုအလယ်၌ သူ၏ 125ဆိုင်ကယ်လေးအား ရပ်ကာစောင့်နေလေသည်။

ထိုစဉ် express ကားနောက်မှ အိမ်စီးကားလေးသည် express ကားအား‌ရုတ်တရက်ကျော်တက်လိုက်၏။
ထိုအိမ်စီးကားလေးကြောင့် express ကားသည် လမ်းကြောမှ အနည်းငယ်ကပ်ရှောင်လိုက်ရလေသည်။

” ဟာ လူတိုက်မိပြီ လူတိုက်မိသွားပြီ ”

လက်ဖက်ရည်ဆိုင်ထဲမှ လူအချို့၏ အော်သံက ၀န်းကျင်တစ်ခုလုံး၌ ဟိန်းထွက်လာ၏။

“ကျွီ”

ထိုအော်သံများအဆုံး၌ ကား၏ ဘရိတ်အုပ်သံက ဆူညံစွာထွက်ပေါ်လာသည်။ကားသည် ပေတရာပေါ်မှ တစ်ဘက် မြေသားလမ်းပေါ်အထိ ရောက်သွားလေသည်။

ကားဘရိတ်အုပ်သံအဆုံး၌ လူအချို့သည် ပြေးလာကြကာ ကားအောက်အား ငုံ့ကြည့်လိုက်ရာ

” ဟာ သွား ….သွားပြီ”

” ဟာ အပေါ်ပိုင်းတောင်မရှိရှာတော့ဘူး ”

” ဟာ အသားစတွေ ပျံ့ကြဲပြီး ခါးက အူတွေနဲ့ အောက်ပိုင်းပဲ ကျန်တယ် ”

” ဟာ အော့ ဝေါ့ …ငါ့ ခြေထောက်အောက်မှ အသားစဖတ်တွေ အပုံလိုက်”

ထိုမနက်ခင်းသည် ဆိုးရွားသော ယာဉ်တိုက်မှုတစ်ခုကြောင့် လွန်စွာ အကျည်းတန်သွားလေသည်။

125ဆိုင်ကယ်လေးသည် လမ်းပေါ်၌ လဲလျက်အနေအထားမပျက်ရှိသော်လည်း ထိုဆိုင်ကယ်ပိုင်ရှင်သည်ကား ခါးအောက်ပိုင်းသာ ကျန်သည်အထိ express ကား၏ ပွတ်တိုက်ကြိတ်ဆွဲသွားခြင်းအား ခံလိုက်ရလေသည်။

“ဆိုင်ကယ်က အကောင်း…လူက ဘယ်လိုကြောင့် ကားအောက်၀င်သွားတာလဲ ”

” ကျုပ်လဲ သေချာသတိထားမောင်းတာပဲ အိမ်စီးကားကို တိမ်းပေးရင်း ကားက တစ်ခုခုကို တိုက်မိသလိုဖြစ်သွားပြီး အတော်နဲ့လဲထိန်းမရတော့ဘူး၊ ကားအောက်ထဲ တစ်ခုခု လှိမ့်၀င်လာတယ်ထင်တာ၊ ဆိုင်ကယ်ပေါ်က ကောင်လေးလို့ လုံး၀မထင်ဘူးဗျာ ”

ကားသမားသည် ထိတ်လန့်တုန်လှုပ်စွာ ဆိုရှာလေသည်။

” ဘာ ငါ့သားလက်ပွား ကားကြိတ်ခံရလို့ဟုတ်လား ”

လက်ပွား၏ မိခင်ခဗျာ ဆွမ်းချိုင့်အား ပစ်ချကာ အခင်းဖြစ်ပွားရာနေရာသို့ ကမျောကသောပြေးလေတော့သည်။

“ဟာ ဒါ ငါ့ ငါ့သား မဟုတ်ဘူး၊ အမယ်လေး ခန္ဓာကိုယ်အပေါ်ပိုင်းတောင်မရှိတော့တာ ငါ့သားလက်ပွားတဲ့လား …အမေ ဘယ်လိုလုပ်ကြည့်ရက်မှာလဲ သားရယ်၊ အလောင်းတောင် အင်္ဂါမစုံတော့တဲ့ ငါ့သား၊ လူတွေ အပေါ် အမြဲကူညီပေးတဲ့ ငါ့သား၊ သေတော့ ဒီလို ရုပ်ပျက် ဆင်းပျက်ကြီးနဲ့တဲ့လား ၊ မဟုတ်ဘူး၊ ငါ့သားလေး ဒီလိုမသေရဘူး အီး ဟီး ဟီး”

လက်ပွား၏ မိခင်သည် သားဖြစ်သူ၏ အဖြစ်ဆိုးအားကြည့်ကာ ရင်ထုမနာ ဖြစ်နေလေသည်။

” ဒါ ဒါ ဟို ဟိုအိမ်မက်ထဲက လူကြီးကြောင့် ၊ သူ သူ နေရာလဲခိုင်းတာကြောင့် ”

လက်ပွား၏ မိခင်က တတွတ်တွတ်ဆိုနေလေသည်။

” မနှင်းမေရယ် စိတ်ထိန်းပါကွာ ၊ ငါ့သားလေး ကောင်းရာသုဂတိ လားမှာပါကွာ ၊ အသေဆိုးနဲ့ သေရမယ့် ၀ဋ်ကြွေး ဒီဘ၀ ဒီမျှနဲ့သာ ကြေပါစေ သားရာ”

လက်ပွား၏ ဖခင်သည် သူ့မိန်းမအား ထိန်းကာ ကြေကွဲနေရှာလေသည်။

မကြာမီ ပရဟိတကားများရောက်လာကြကာ အလောင်းအား ဆေးရုံသို့သယ်သွားကြ၏။
အချို့က ထိုနေရာ၌ သန့်ရှင်းရေး လုပ်ကြလေသည်။

ဆေးရုံ ၌ သားဖြစ်သူ၏ အလောင်းအားကြည့်ကာ ရင်နာမဆုံးဖြစ်နေရသူမှာ ဒေါ်နှင်းမေဖြစ်၏။

“ငါ့သားလက်ပွားလေးရဲ့ နောက်ဆုံးခရီးမှာ ဒီခန္ဓာကိုယ်အောက်ပိုင်းကြီးနဲ့ ဘယ်လိုများ ပြင်ဆင်ပေးရပါ့”

နောက်ဆုံး လက်ပွား၏ခန္ဓာကိုယ်အပေါ်ပိုင်းအား အရုပ်ကဲ့သို့ ပတ်တီးများဖြင့်ဖြည့်ကာ သဂြိုဟ်လိုက်ရလေသည်။

ညနေခင်းဘက်၌ လက်ပွားအား ကားတိုက်ထားသော လမ်းဘေး၌ ခွေးများက အသားစများအား လိုက်လံရှာဖွေကာ စားသောက်နေသည်အားလဲ စိတ်မချမ်းမြေ့ဖွယ် တွေ့ကြရ၏။

” အူး ဝူး ဝူး”

ညအချိန်၌ ခွေးများက ဆွဲဆွဲငင်ငင်အူနေလေသည်။

” ရှပ် ရှပ် ရှပ် ”

အိမ်ရှေ့၌ ခြေသံအားကြားနေရ၏။

“ဘယ်သူလဲ အိမ်ရှေ့ကဘယ်သူလဲ ”

” အမေ ”

“ဟင် …သား သားလေး လက်ပွားလား”

အိမ်ရှေ့ ပိတောက်ပင်ကြီးအောက်၌ လူတစ်ယောက်၏ အရိပ်သဏ္ဍာန်အား တွေ့ရလေသည်။

” အမေ သားခု မုခ်ဦးမှာစောင့်နေရတယ် ”

” ဟင် မဏိကာရုံ ဘုန်းကြီးကျောင်းရဲ့ မုခ်ဦးမှာလား ”

” ဟုတ်တယ်အမေ ဒါပေမဲ့ သားတစ်ယောက်တည်းတော့မဟုတ်ဘူး နောက်တစ်ယောက်ထပ်ခေါ်လိမ့်မယ် အမျိုးတွေကို ဂရုစိုက်ကြဖို့ပြောပေးပါအမေ”

” ဟင် နောက်တစ်ယောက်ထပ်ခေါ်အုံးမယ်ဟုတ်လား ”

” ဟုတ်တယ်အမေ သားသွားမှရတော့မယ် ”

ခန္ဓာကိုယ်အောက်ပိုင်းသာ ရှိသောအရိပ်ကြီးသည် လွင့်မျောသွား၏။

” သား သားရေ နေ နေပါအုံး ”

“မနှင်းမေ …အိပ်မက် မက်နေတာလား ”

” ဟုတ် ဟုတ်တယ်အစ်ကို…သားလေးလက်ပွားက မုခ်ဦးမှာ စောင့်နေရတယ်တဲ့ …”

” ဟေ ဟုတ်လား ”

” ခုက သူတစ်ယောက်တည်းမဟုတ်ဘူး နောက်တစ်ယောက် ထပ်ခေါ်အုံးမယ်တဲ့ ၊ အာ့ကြောင့် အမျိုးတွေကို ဂရုစိုက်ဖို့ ပြောပေးပါတဲ့”

” ဟင် ဟုတ်လား ”

“သားလေးက ကျွန်မတို့ကနေတဆင့် သတိလာပေးရှာတာ နေမှာ ”

” ဒါဆိုနောက်တစ်ယောက်ကလဲ အမျိုးတွေထဲကပဲလား မနှင်းမေ ”

“မပြောတတ်ဘူးအစ်ကို …သတိဆိုတာ ပိုတယ်မရှိဘူး ၊ အမျိုးတွေကိုတော့ သတိပေးထားရင်ကောင်းမယ် ”

” အမှန်ပဲ နှင်းမေ ”

နောက်ရက်၌ လက်ပွား၏ မိခင်နှင့်ဖခင်တို့က ဆွေမျိုးများအားသတိပေးမှာကြားလေရာ အချို့ကတော့ ယုံကြသလို အချို့က မယုံကြပေ။

ဒေါ်နှင်းမေတစ်ယောက် ညက အိပ်ရေးပျက်ထားသဖြင့် နေ့ခင်းဘက် အိမ်ရှေ့ရှိ ခုံတန်းလေး၌ လဲလျောင်းနေမိသည်။
မနက်ဖြန် သားဖြစ်သူ၏ ရက်လည်အတွက်လဲ ပြင်ဆင်ထားပြီးဖြစ်၏။
မကြာမီ မျက်လုံးများက လေးလံလာလေသည်။

“အမေ အမေ ”

” ဟင် လက်ပွားလား'”

” သားရက်လည်တာနဲ့ နောက်တစ်ယောက် ထပ်ခေါ်မှာ ၊ ညီမလေးတွေကို ဂရုစိုက်ပါ …အဲ့ ဒါ သတိလာပေးတာ ”

” သား သား ”

” အမေ အမေ နေ့ခင်းကြီး အိမ်မက်မက်နေတာလား ”

ဒေါ်နှင်းမေသည် လန့်နိုးလာပြီးနောက် သမီးဖြစ်သူအား ဖက်ထားလိုက်၏။

” အမေ ဘာဖြစ်လို့လဲဟင်”

” သမီးအစ်ကိုက လာပြောတယ် နောက်တစ်ယောက် အစောင့်က သူရက်လည်မှာ ခေါ်မှာတဲ့ ၊ ညီမလေးတွေကို ဂရုစိုက်တဲ့ ၊ အမေ့မှာ သားကိုရုတ်တရက် ဆုံးရှုံးပြီးပြီ သမီးကို ထပ်အဆုံးရှုံးမခံနိုင်ဘူး ”

” မငိုပါနဲ့ အမေ၊ သမီးအမေ့ကို ခွဲမသွားပါဘူး ၊ အစ်ကိုကြီးက သတိပေးတော့ သမီးလဲ သတိထားရတာပေါ့ ၊ စိတ်ချအမေ သမီးဒီရက်ပိုင်း အပြင်မထွက်ဘူး ”

” အင်းပါ သမီးရယ်…မနက်ဖြန်က သမီးအစ်ကိုသေတာ ခုနစ်ရက်ပြည့်ပြီ မနက်ဖြန်ရက်လည်ပဲ၊ သမီးအစ်ကို ပြောပုံအရ သူ့ရက်လည်တာနဲ့ အစောင့်နောက်တစ်ယောက်ထပ်ခေါ်မယ်တဲ့လေ အမေရင်ထဲ မကောင်းဘူးသမီးရယ်”

” ကဲပါ အမေရယ် တွေးမနေပါနဲ့ ၊ လာ ထမင်းစားရအောင်နော် ”

ဒေါ်နှင်းမေတစ်ယောက် ထမင်းသာ စားနေရသော်လည်း သားဖြစ်သူပြောသော စကားကိုသာ ပြန်လည်ကြားယောင်နေမိ၏။
သားဖြစ်သူကဲ့သို့ အဖြစ်ဆိုးမျိုးအား မည်သူ့ကိုမှ ထပ်မ‌ဖြစ်စေလိုပေ။

ဆက်ရန်
လေးစားလျက်
စာရေးသူနန်းကြာညို

****မုခ်ဦးစောင့် မောင်နှမ****

အပိုင်း(၂) ဇာတ်သိမ်း

အခန်း(၄)

“ဒီနေ့ငါ့သားလေးလက်ပွားရဲ့ ရက်လည်ပါလား…သားလေးကောင်းရာသုဂတိလားပါစေကွယ်”

ဒေါ်နှင်းမေတစ်ယောက် မနက်စောစော အိပ်ရာမှနိုးလျှင်နိုးချင်း သားဖြစ်သူအတွက်ဆုတောင်းနေမိသည်။
ဤနေ့သည် သားဖြစ်သူရက်လည်ရက်ဖြစ်သည့်အ‌လျောက် အလှူပြုရန်အတွက် လိုအပ်သည်များအား ပြုလုပ်ပြင်ဆင်ရန် အိပ်ရာမှထလာခဲ့၏။

” သားလေးသေဆုံးပြီးတဲ့ညကတည်းက သားကငါ့ကိုညတိုင်း အိမ်မက်ပေးခဲ့တယ်၊ ဒီနေ့ရက်လည်ပြီးရင် သားကိုအိမ်မက်တောင် မက်ခွင့်ရပါတော့မလားမသိဘူး”

လူကသာ အလုပ်လုပ်နေသော်လည်း အတွေး၌ သားဖြစ်သူအကြောင်းကသာ ကြီးစိုးနေ၏။
မကြာမီ ဆွေမျိုးများရောက်လာကြသဖြင့် လက်ပွားတို့အိမ်သည် မစည်ကားသင့်ပဲ စည်ကားနေလေတော့သည်။

‌” ဒီနေ့ သားလေး လက်ပွား ရက်လည်နေ့ ၊ သူက သူ့အမေကို ညက အိမ်မက်ပေးတယ်၊ ညီမလေးတွေကို ဂရုစိုက်တဲ့၊ သူက မဏိကာရုံ ဘုန်းကြီးကျောင်းမုခ်ဦးမှာ စောင့်နေရရှာတာတဲ့၊ သူ့အပြင် နောက်တစ်ယောက် ထပ်‌ခေါ်မယ်တဲ့ ဒါကြောင့် အကုန်လုံးသတိထားပြီးသွားလာကြပေါ့ ၊ အထူးသဖြင့် သူ့ရဲ့ ညီမဖြစ်တဲ့ ဆွေဆွေတို့ သင်းသင်းတို့ ဂရုစိုက်ကြ”

ဆွေဆွေဆိုသူမှာ လက်ပွား ဖခင်၏ညီမမှမွေးသော လက်ပွား၏ညီမ၀မ်းကွဲတော်စပ်သူဖြစ်ကာ သင်းသင်းမှာ လက်ပွား၏ မွေးစားညီမဖြစ်၏။

ထိုအခါဆွေဆွေက

” အမယ်လေး ဦးကြီးရယ် သင်းသင်းကိုသာ ဂရုစိုက်ပါ၊ သူ့ညီမသင်းသင်းကို ကိုကြီးလက်ပွားက အရမ်းချစ်တာ၊ သူသတိပေးတယ်ဆိုတာကလဲ သင်းသင်းကိုပဲနေမှာ၊ သမီးတို့တော့ ကိုကြီးကို အိမ်မက်လဲမမက်ဘူး၊ ဦးကြီးသမီးကိုသာ ဂရုစိုက်၊ တော်ကြာ မုခ်ဦးစောင့်မောင်နှမဆိုပြီး ရာဇ၀င်တွင်နေမယ် ”

” ဟဲ့ မိဆွေ ညည်းငါ့အစ်ကိုကို ဘယ်လိုပြန်ပြောနေတာလဲ၊ ငါကမွေးလို့ ညည်းလူဖြစ်လာတာပါအေ၊ လူကြီးတွေက စိုးရိမ်လို့ သတိပေးတာ၊ ညည်းက ဘာတွေပြန်ပြောနေတာလဲ ၊ ငါ့တူလေး လက်ပွားသာသိရင် ညည်းကို စိတ်တိုမှာအေ၊ သူ့ခဗျာ သေပြီးတာတောင် စိုးရိမ်နေရှာတာ ”

ထိုစဉ် ဘုန်းကြီးများ တရားဟောရန်ကြွလာသဖြင့် ဆွေဆွေတို့သားအမိ၏ အခြေအတင်ပြောဆိုမှုများ ငြိမ်သက်သွားလေတော့သည်။

ရေစက်သွန်းချ အမျှပေးဝေပြီးနောက် ဆွေမျိုးများသည်လည်း မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်သွားကြပြီးဖြစ်လေသည်။

” သင်းသင်း ”

” ရှင်…မေမေ”

” သမီး ဒီနေ့ ဘယ်မှမသွားနဲ့နော် ”

” ဟုတ်စိတ်ချပါမေမေ ”

” မေမေ့မှာ သားလေးတစ်ယောက်လုံး ဆုံးရှုံးသွားခဲ့ပြီးပြီ၊ သမီးလေးကိုပါ ထပ်ပြီးဆုံးရှုံးရရင် မေမေသေလိမ့်မယ်ကွယ်”

” မငိုပါနဲ့ မေမေရယ် ၊ သမီးလေ မေမေ့အနားမှာ တစ်သက်လုံး စောင့်ရှောက်မှာပါ”

သင်းသင်းတစ်ယောက် မိခင်ဖြစ်သူ၏ မျက်၀န်းမှ စီးကျနေသောမျက်ရည်များအား ကြင်နာစွာသုတ်ပေးလိုက်၏။
ထို့နောက် သူ၏မိခင်အား တင်းကြပ်စွာထွေးဖက်ထားလိုက်သည်။
သင်းသင်းသည် သူ၏ မျက်၀န်းမှ မျက်ရည်များအား သူ့မိခင်အား မမြင်တွေ့စေလိုပေ။

အခန်း၏ ပြတင်းပေါက်မှ တိုး၀င်တိုက်ခတ်လာသော လေနုအေးက အမျိုးသမီးနှစ်ဦး၏ရင်ထဲက အပူများအား အေးချမ်းသွားအောင် မစွမ်းဆောင်‌နိုင်ပါချေ။

ထိုအမျိုးသမီးအား အခန်း၏ လိပ်ကာနောက်မှ ချောင်းကြည့်နေသော အမျိုးသားကြီး၏ မျက်၀န်း၌လည်း မျက်ရည်များက ခိုတွဲလျက်။

မရဏာလမ်းကို အမှတ်မထင် လျှောက်လှမ်းသွားသော သူတစ်ဦးအတွက် ကျန်ရစ်သူများ၏ သောက က ကိုယ်တိုင်ကြုံဖူးသူများမှသာလျှင် ကိုယ်ချင်းစာတတ်လိမ့်မည်ထင်သည်။

အမေ ည ခုနစ်နာရီတောင် ထိုးတော့မယ်၊ ညစာစား‌ရအောင်နော်။

” အမေ မဆာပါဘူးသမီးရယ်၊ ဒီညက သမီးအစ်ကို အမေတို့ကို နောက်ဆုံးလာနှုတ်ဆက်မယ့်ည မို့လား ….အမေ့ သားလေးကိုနောက်ဆုံးတွေ့ချင်ပါတယ်၊ သားလေး ဘယ်လိုပုံစံနဲ့ လာနှုတ်ဆက်ပါစေ….”

ပြောနေရင်း အသံများတိမ်၀င်သွားသော ဒေါ်နှင်းမေအားကြည့်က သင်းသင်းက ခေါင်းအား ဖြည်းညင်းစွာ ညိမ့်ပြလိုက်ပြီးနောက်

” စောင့်ပါအမေရယ် စောင့်ပါ၊ ခုက ညခုနစ်နာရီပဲ ရှိသေးတယ် ၊ ထမင်းလေးစားပြီး ကိုကို့ကို တစ်ညလုံးထိုင်စောင့်ပါ ၊ သမီးလဲ မေမေ့ဘေးမှာ စောင့်ကူပါ့မယ် ”

” အင်း ခုနစ်နာရီတောင်ထိုးပြီ ၊ တော်သေးတယ် အမေ့သမီးလေး ခုထိ ဘာမှမဖြစ်လို့ ”

ဒေါ်နှင်းမေ၏စကားကြောင့် သင်းသင်းက ခပ်ယဲ့ ယဲ့ ပြုံးလိုက်ပြီးနောက်

” သမီးက ဘာမှမဖြစ်ပါဘူးမေမေရယ် …လာ ထမင်းစားရအောင်နော် မေမေ”

ဒေါ်နှင်းမေလဲ သမီးနှင့်အတူ မီးဖိုခန်းသို့ လာခဲ့လေသည်။

အချိန်က ညခုနစ်နာရီကျော်ခန့်
မဏိကာရုံဘုန်းကြီးကျောင်း၏တောင်ဘက်။
လက်ပွားအား ကားတိုက်သွားသည့်နေရာနှင့် တစ်ပြခန့်အကွာ၌
မိန်းခလေးတစ်ဦးသည် 110ဆိုင်ကယ်လေးဖြင့် လမ်းပြောင်းပြန်စီးလာစဉ်

“တီ တီ”

တွဲကားတစ်စီးထံမှ ကျယ်လောင်သော ဟွန်းသံက ထွက်ပေါ်လာ၏။

” ဟာ ဆရာ တိုက်ပြီ ”

” သေပြီနေမှာ…”

ထိုတွဲကားသည် မိန်းခလေးအားတိုက်မိသဖြင့် ကြောက်လန့်တကြား အရှိန်ပြင်းစွာ မောင်းနှင်သွားလေသည်။
ဆိုင်ကယ်ပေါ်မှ မိန်းခလေးသည် ပါးစပ်မှသွေးများထွက်ကျလာကာ သူ့နှုတ်ခမ်းအား ဖိကိုက်လိုက်ပြီး မောင်းပြေးသွားသော တွဲကားကြီးအား မျက်ထောင့်ဖြင့် မကျေမနပ် လှမ်းကြည့်ရင်း ငြိမ်သက်သွားလေတော့သည်။

” ဟာ ကလေးမတစ်ယောက် ကားတက်ကြိတ်ခံလိုက်ရပြီ”

“ဟာ ခြေထောက်တွေတောင် လိမ်ကွေးလို့ပါလား”

” သူ့ကိုတိုက်တဲ့ကားလဲ မောင်းပြေးသွားပြီ ၊ ကြည့်စမ်းကလေးမက မျက်လုံးကြီးပြူးပြီး နှုတ်ခမ်းတောင်ကိုက်ထားသေးတယ် ”

လူများက ထိုမိန်းခလေးအား ကြည့်ကာ တစ်ယောက်တစ်ခွန်း ပြောနေကြ၏။

ဒေါ်နှင်းမေတို့ သားအမိထမင်းစားနေကြစဉ်

” မိန်းမရေ မိန်းမ ”

” ဟင် ဘာဖြစ်လာတာလဲ အလန့်တကြားနဲ့ ”

” တူမလေး ဆွေဆွေ ကားတိုက်ခံရလို့သေပြီ ”

” ဟင် ”

” ဘာဆွေဆွေသေပြီဟုတ်လား ”

” ဟုတ်တယ်မိန်းမ ငါ ..ငါ့ညီမအိမ်သွားနေတုန်း ငါ့တူမဆွေဆွေက မာလာဟင်းစားချင်လို့ သွား၀ယ်မယ်ဆိုပြီး ဆိုင်ကယ်လေးနဲ့ အိမ်ကထွက်သွားတာ ၊ ခု ခုတော့ သူ့အစ်ကို လက်ပွားလိုပဲ အဲ့ဒီနေရာနဲ့ တစ်ပြလောက်အကွာမှာ ကားနဲ့ကြိတ်မိပြီး သေရှာပြီ၊ သူ့ကိုတိုက်တဲ့တွဲကားကလဲ မောင်းပြေးသွားတယ်၊ ဆွေဆွေကလဲ လမ်းပြောင်းပြန်မောင်းတာတဲ့ ဒါကြောင့် ကားနဲ့ ခေါင်းချင်းဆိုင် တိုက်မိတာနေမှာ ”

” ဒါ ဒါဆို သားလေးပြောတာ အမှန်တွေပေါ့၊ သူနဲ့ နောက်ထပ်မုခ်ဦးစောင့်ရမယ့်သူက ဆွေဆွေမှန်းသိလို့ ညီမလေးတွေကို ဂရုစိုက်ပါလို့ပြောခဲ့တာနေမှာ ”

” ဆွေဆွေရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက ကြည့်ရက်စရာတောင်မရှိဘူးကွာ ”

ပြောရင်းဖြင့် အသံများတိမ်၀င်သွားသော ခင်ပွန်းဖြစ်သူအားကြည့်ကာ ဒေါ်နှင်းမေလဲ မျက်ရည်များကျလာသည်။
သင်းသင်းသည်ကား တသိမ့်သိမ့်ရှိုက်ငိုနေ၏။

” ဆွေဆွေ့အမေကို ကိုယ်ချင်းစာလိုက်တာ အစ်ကိုရယ်၊ နှင်းတုန်းကလိုပဲ သူလဲ သူ့ သမီးအလောင်းကို ကြည့်ပြီး ရူးမတတ် ခံစားနေရရှာမှာ၊ နှစ်သိမ့်စရာ စကားတောင်ရှာမရပါဘူး အစ်ကိုရယ်”

ဆွေဆွေသည် မနက်ကပင် လက်ပွား၏ ဖခင်အား မုခ်ဦးစောင့်မောင်နှမဟူသော အသုံးအနှုန်းဖြင့် ပြောခဲ့သေး၏။
ထိုအစောင့်သည် သူကိုယ်တိုင်ဖြစ်လိမ့်မည်ဟု ထင်ခဲ့ပုံမရ။
တစ်ခါတစ်ရံ သေခြင်းတရားသည် ဆန်းကြယ်လွန်းလှပေသည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၅)

ညအချိန်၌ ခရမ်းချဉ်သီးများ တင်ဆောင်ထားသော တွဲကားကြီးတစ်စီးသည် ပေလမ်းမကြီး၌ တရိပ်ရိပ်ပြေးလျက်ရှိ၏။

ခေါင်းခန်းထဲမှ ကားမောင်းသူနှင့် ဘေးမှ ထိုင်နေသော လူတို့သည် စကားပြောလျက်ရှိ၏။
ထိုစဉ် မိန်းခလေး မောင်းနှင်သော ဆိုင်ကယ်တစ်စီးသည် သူတို့ကားရှေ့တည့်တည့်သို့ ၀င်ရောက်လာသည်မို့

” ဟာ လူ လူ တိုက်တော့မယ်”

ဘေးမှလူ၏ အော်သံကြောင့် ကားဆရာလဲ ဘရိတ်အား ဆွဲလိုက်၏။

” ကျွီ….ဝုန်း ”

” ဟာ ခရမ်းချဉ်သီး တွဲကား မှောက်ပြီဟေ့ ”

ထိုကားသည် ဘေးတိုက်လဲနေ၏။

” ကားဆရာဘာဖြစ်သွားလဲ …ခင်ဗျားဘေးကလူရော ‘”

” ကျုပ်တို့ကားနဲ့ မိန်းခလေးတစ်ယောက်ကို တိုက်မိပြီနေမှာ …သူ သူသေပြီလား ”

တွဲကားဆရာ၏ စကားကြောင့် လူအများလည်း အံ့ဩသွားကြ၏။
” ဘယ်သူမှမသေဘူး ၊ ဘယ်သူ့ကိုမှ မတိုက်မိဘူး၊ ခင်ဗျားတို့ တစ်စီးထဲ ဘရိတ်တွေ ပိတ်အုပ်ရင်း မှောက်တာ ”

ကားဆရာ၏ စကားကြောင့် ကားဆရာပြောသော ထိုမိန်းခလေးမှာ မကြာသေးမီကပင် တွဲကားတိုက်၍ သေဆုံးသွားသော ဆွေဆွေဟူ‌သော မိန်းခလေး ပင်ဖြစ်ကြောင်းသိလိုက်ရ၏။

ထိုနေရာ၌ မကြာခဏဆိုသလိုပင် တွဲကားများမှောက်လေတော့သည်။

ကားမှောက်ကြသော ကားဆရာများအားလုံး တညီတညွတ်တည်း ပြောကြသည်မှာ
မိန်းခလေးတစ်ဦးသည် ဆိုင်ကယ်စီးကာ လမ်းပြောင်းပြန်မောင်းလျက် သူတို့၏ ကားရှေ့သို့ ၀င်လာသဖြင့် ထိုမိန်းခလေးအား တိမ်းရှောင်ရင်း ကားမှောက်မှုများ ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရလေသည်။

‌” ငါ့ရင်မှာ ဒီအတိုင်း …xxx မင်းက ရှင်သန်နေမှာပဲ xxx
တစ်ကယ်လို့ အိမ်မက်ဖြစ်နေလဲ xxxxx နိုးမထလိုက်ပါနဲ့ xxx”

ကောင်လေးနှစ်ယောက်သည် သီချင်းများဆိုညည်းကာ ဆိုင်ကယ်အား မောင်းနှင်လာ၏။

” ငအောင် ရှေ့မှာ စော်လေးတစ်ပွေကွ အလန်းလေး ”

” အေး ဟုတ်ပ ဒီအချိန်ကြီး သင်းကွဲလာတာလား မသိဘူး ”

“သူ့ကို မှီအောင်လိုက်ကွာ ဘေးကကပ်လိုက် ”

သူတို့နှစ်‌ဦးလဲ ထိုမိန်းခလေး၏ ဆိုင်ကယ်ဘေးမှ ကပ်လိုက်ကာ မောင်းနှင်ရင်း

” ငအောင် သူ့ သူ့ခြေထောက်တွေ ကြည့် ”

” ဟာ လိမ်နေပါလား ”

ထိုမိန်းခလေးသည် ဆိုင်ကယ်မောင်းနေရင်း သူတို့အား မျက်ထောင့်နီကြီးဖြင့် လှမ်းကြည့်လာရာ

” ဟာ သရဲ သရဲမကြီး မောင်း မောင်း ”

ထိုမိန်းခလေးသည် ခြေထောက်က ယိုင်တိယိုင်တိုင်ဖြင့် သူတို့ဆိုင်ကယ်နောက်မှ ပြေးလိုက်လာသည်မို့

” အမယ်လေး သောက်ကျိုးနဲ ပြေးလိုက်လာပြီဟ မောင်း မောင်း ”

” ဝုန်း ”

ဆိုင်ကယ်လဲ ရုတ်တရက်မှောက်သွားကာ ထိုလူငယ်နှစ်ဦးသည်လဲ သတိလစ်မေ့မျောသွားလေတော့သည်။

” ဒီအတိုင်းဆို မရတော့ဘူး ၊ ကောင်မလေးသေတဲ့နေရာမှာ တရားနာမှရတော့မယ်”

” ဟုတ်တယ် …လက်ပွားသေတုန်းက ဘာမှမဖြစ်ကြပေမဲ့ ခု ဟိုကောင်မလေး သေပြီးမှ ခြောက်လိုက်တာလဲ ၀က်၀က်ကွဲ ၊ မှောက်လိုက်တဲ့တွဲကား ကလဲ နေ့တိုင်းနီးပါးပဲ ”

” ဟုတ်တယ် ကောင်မလေး ကားတိုက်သေတဲ့နေရာမှာ တရားနာပေးဖို့ မဏိကာရုံကျောင်းက ဆရာတော်ကို လျှောက်ထားရအောင် ”

” အဲ့ဒီလိုလုပ်မှပဲ ရတော့မှာ မဟုတ်ရင် ဘယ်နေ့ ဘယ်သူတွေ ဘာဖြစ်မလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ ၊ဒီနားမှာ နေရတာလဲ ကြာရင် နှလုံးရောဂါ ရတော့မယ် ”

အားလုံးက တိုင်ပင်ပြီးနောက် လက်ပွား၏မိဘနှစ်ပါးနှင့် ဆွေဆွေ၏ မိဘများမှ ဦးဆောင်ကာ ‌ဆွေဆွေသေဆုံးသည့်နေရာ၌ သေဆုံးသူများအားရည်စူးကာ ပရိတ်တရားနာယူနိုင်ရန်စီစဉ်ကြလေတော့သည်။

တရားနာသည့်နေ့၌ ဆွေဆွေသေဆုံးခဲ့သည့်နေရာ၌ ရာဇမတ်ကွက်များကာရံထားကာ ပရိတ်သတ်များက လည်းဆရာတော်များကြွလှမ်းလာမှုအား စောင့်နေကြ၏။
မကြာမီ သံဃာတော်ငါးပါးကြွလှမ်းလာလေသည်။

သံဃာတော်များက တရားဟောရန် အစပြုသည်နှင့်

သင်းသင်း၏ ခန္ဓာကိုယ်သည် နတ်ပူးသကဲ့သို့ တဆတ်ဆတ်တုတ်ရင်လာကာ

” အီး ဟီး ဟီး ….အမေ အမေ”

သင်းသင်း၏အဖြစ်ကြောင့် လူအများက ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

လက်ပွားမိခင်က

” သား သားလေး လက်ပွားလား ”

ဆွေဆွေ၏မိခင်က

” သမီး သမီးလေး ဆွေဆွေလား”

နှစ်ဦးသား အပြိုင်အဆိုင်မေးကြလေရာ ဆရာတော်က ချောင်းတစ်ချက်ဟန့်ကာ ဩဇာရှိသောအသံဖြင့်

” ဒီကလေးမခန္ဓာကိုယ်ထဲ ပူးကပ်နေတာ ဘယ်သူလဲ ”

” အရှင်ဘုရား တပည့်တော်ကလက်ပွားပါဘုရား ”

ထိုအခါ ဆရာတော်သည် စိတ်မကောင်းဟန်ဖြစ်သွားကာ

” ဩ ဒကာလက်ပွား ဘာများပြောစရာရှိလို့လဲ “ဟု မိန့်ကြား၏။
လက်ပွားသက်ရှိထင်ရှား ရှိစဉ်အချိန်က လက်ပွားသည် ဆရာတော့်ကျောင်း၌ လိုအပ်မှု ဟူသမျှအား အတတ်နိုင်ဆုံးဖြည့်ဆည်းရင်း ကုသိုလ်ပြုခဲ့ရှာသည်။

ဆရာတော်၏ အမေးကြောင့် လက်ပွား၏ ဝိညာဉ်ပူးကပ်နေသော သင်းသင်းသည် သူ၏မိခင်ဘက်လှည့်ကာ

” အမေဗျာ သားအတန်တန်သတိပေးခဲ့သားနဲ့ဗျာ၊ ညီမလေးတွေကို ဂရုစိုက်ပါဆို ခုတော့ ဆွေဆွေပါ သားနဲ့ မုခ်ဦးလာစောင့်နေရပြီ ၊ သူ့ကို တွဲကားတိုက်ခဲ့တာမို့ သူက မကျေနပ်ပဲ တွဲကားလာတိုင်း နှောင့်ယှက်နေတော့တာ ၊ ခုသားက ဆွေဆွေ့ကို တရားနာဖို့ ဒီကိုခေ့ါ်လာပြီ၊ သူအခုသားဘေးမှာရှိနေတယ်”

ထို့နောက်သူသည် သံဃာတော်များဖက်လှည့်ကာ ဦးခိုက်လျက်

“သူ့ကို နောက်ထပ် လမ်းပေါ်မှာ မနှောင့်ယှက်ဖို့ ဆရာတော်ဘုရားက သေချာတရားပြပေးပါ ”

“..ကောင်းပါပြီ … သေချာ တရားပြပေးပါ့မယ်”

ထိုအခါမှ သင်းသင်းသည် တစ်ချက်သန်းဝေကာ သတိပြန်လည်လာလေတော့သည်။

ဆရာတော်က ဆွေဆွေနှင့် လက်ပွားတို့၏ အမည်အား အကြိမ်ကြိမ်ဖိတ်ကြားကာ တရားဟောလေသည်။
ထို့နောက် ပရိတ်တရားများလဲ ‌ရွတ်ပွားကာ အမျှဝေပေးကြလေတော့သည်။

” အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု ”

ထိုသို့ သာဓုအနုမောဒနာ သုံးကြိမ်ခေါ်ဆိုပြီးချိန်၌ တရားနာရာ အနီး၌ ဆောင့်ကြောင့်ထိုင်နေသော ခွေးနက်ကြီးတစ်ကောင်သည်
ဆွဲဆွဲငင်ငင်ထအူလေတော့သည်။
ထိုခွေးသည် အူလျှက် မဏိကာရုံဘုန်းကြီးကျောင်းဘက် ပြေးသွားလေသည်။
ကျောင်း၏ မုခ်ပေါက်၀ရောက်မှ အူခြင်းအား ရပ်နားလိုက်လေတော့သည်။

ထိုအချိန်မှစ၍ မဏိကာရုံဘုန်းကြီးကျောင်းရှေ့ ပေလမ်းမကြီး၌ ကားမှောက်ခြင်းများ မရှိတော့ပါချေ။

သို့သော် မုခ်ဦးစောင့်မောင်နှမ နှစ်ဦး၏ အဖြစ်ဆိုးကိုမူ ယနေ့ထက်တိုင် မမေ့နိုင်ကြသေးပေ။
ဘုန်းကြီးကျောင်း၏ မုခ်ဦးကို မြင်လေတိုင်း မုခ်ဦးစောင့်မောင်နှမနှစ်ယောက် အကြောင်းအား သတိရနေကြဆဲ ၀မ်းနည်းမြဲပင် ဖြစ်လေတော့သတည်း။

လေးစားလျက်
စာရေးသူ နန်းကြာညို