“မောင်ထင်ပေါ် နှင့် ကလေးသရဲ”(စ/ဆုံး)

“မောင်ထင်ပေါ် နှင့် ကလေးသရဲ”(စ/ဆုံး)

—————————————————

ဇီးချုံကျေးရွာ။ ထိုကျေးရွာသည်အိမ်ခြေများပြားပြီး လူနေထူထပ်သောရွာလေးဖြစ်၏။ လှည်းလမ်းမကြီးနှင့် နီးသဖြင့် ကုန်သည်ပေါင်းစုံတို့လည်း ခြေချင်းလိမ်နေသည့်ရွာလေးဖြစ်၏။ ကုန်သည်များကကုန်ပစ္စည်းအမျိုးမျိုးတင်သွင်းကြရင်း ထိုရွာမှထွက်သော ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူသွားလေ့ရှိ၏။ ထိုရွာ၏အဓိက စီးပွားရေးလုပ်ငန်းကား သနပ်ဖက်ခြောက်ဖြစ်၏။ ဆေးလိပ်၏အဓိကကုန်ကြမ်းဖြစ်သော သနပ်ဖက်ခြောက်ကို အိမ်တိုင်း၏စီးပွားရေး ထောက်တိုင်တစ်ခုအဖြစ် ဇောက်ချလုပ်ကိုင်ကြ၏။

ထိုရွာတွင်ကုန်သည်ပေါင်းစုံ ရောက်လာကြသဖြင့် အစားအသောက်ပေါင်းစုံလည်းပေါများ၏။ အရက်၊ဘီယာ၊ဘိန်း၊ဘင်း၊ကစော်တို့လည်း ဤရွာလေးတွင် ဖောဖောသီသီရနေရာ ရွာရှိလူကြီးလူငယ်အပေါင်းတို့သည် လမ်းမှားကိုလိုက်ပြီး ရှိသမျှပေါင်နှံရောင်းချကာ အသူရာနွံထဲ နစ်မွှန်းကြကုန်၏။ လူညွှန့်တုံးစေသော ဘိန်းကစော်များကို သုံးစွဲကြရင်း သားမှန်းမယားမှန်းမသိ အချင်းချင်း ခိုက်ရန်ဖြစ်ပွားကြကုန်သည်။

ထိုမျှမကသေး လူကိုချွတ်ခြုံမွဲကျစေနိုင်သော လောင်းကစားဝိုင်းသည်လည်း နေ့စဉ်မပြတ်ရှိလေရာ ယောကျာ်းမိန်းမ မရွေး ထိုလောင်းကစားဝိုင်း၌သာ ဘဝနစ်မွှန်းကြရလေသည်။ ပင်ပင်ပန်းပန်းဖြင့် ရှာဖွေလုပ်ကိုင်သမျှ အဓိပ္ပါယ်မဲ့သော လုပ်ရပ်များကြောင့် ခဲလေသမျှသဲရေကျရကုန်သည်။

ထိုရွာတွင် ဖြူနုဟူသော မိန်းမတစ်ယောက်လည်းရှိ၏။ ဖြူနုသည် အမည်နှင့်လိုက်အောင် အသားဖြူပြီး ရိုက်ကြီးငင်ဖိုအသွယ်သွယ်တို့ဖြင့် ပုရိသတို့ကိုဖမ်းစားနိုင်သူတစ်ယောက်ဖြစ်၏။ သို့သော်ဖြူနုက မိန်းမပျိုတစ်ယောက်တော့မဟုတ်ချေ။ လင် သုံးယောက်ကွာထားသော သုံးခုလပ်မိန်းမတစ်ယောက်ဖြစ်သည်။ ဒါကလူသိရှင်ကြားလက်ထပ်ယူထားသော ယောကျာ်းများဖြစ်ပြီး လူမသိသူမသိယူထားသော ယောကျာ်းများလည်းမရေမတွက်နိုင်အောင် ရှိသည်။ စင်စစ်အားဖြင့် ဖြူနုသည် မိန်းမကောင်းတစ်ယောက်တော့ မဟုတ်ချေ။

ဖြူနုတွင် ဘယ်လင်နှင့်ရထားမှန်းမသိသော ငါးနှစ်အရွယ်သားလေးတစ်ယောက်ရှိသည်။ ထိုကလေးသည်ကား ကိုယ်ဝန်နုနယ်စဉ်က အကြိမ်ကြိမ်တုတ်အချွန်ဖြင့် ထိုးထျဖျက်ဆီးခြင်းခံထားရသော ကလေးတစ်ယောက်။ သို့သော်ထိုကလေး၏ လူဖြစ်ကံကမြင့်နေသဖြင့် ကိုယ်ဝန်မပျက်ကျဘဲ သန္ဓေအောင်ပြီး လူဖြစ်လာရခြင်းပင်။ ကံဆိုးလေရာ မိုးလိုက်၍ရွာ ဆိုသကဲ့သို့ ထိုကလေးသည် သန်သန်မာမာမဟုတ်ဘဲ ပိုလီယိုရောဂါခံစားနေရရှာသည်။

ဖြူနုသည် ထိုကလေးငယ်အား မမွေးချင်မွေးချင်ဖြင့်မွေးလာခဲ့ရပြီး ယခုလိုပိုလီယိုရောဂါလည်း ဖြစ်နေသဖြင့် ပို၍ပင်မချစ်တော့ပေ။ ထိုကလေးကိုလူသိရှင်ကြားနေရာသို့ ခေါ်မသွားရဲပေ။ ရှက်ဖို့ကောင်းသည်ဟုဆိုသည်။ အမှန်ကသူမကိုယ်သူမ မိခင်တစ်ယောက်အဖြစ် ကုန်သည်ပုရိသများကို မသိစေလိုပေ။ သူ၏ပစ်မှတ်သည် ထိုရွာ၌လာသော ကုန်သည်များကို မြူဆွယ်မည်။ ရသမျှအမြတ်ဆိုကာ ခန္ဓာကိုယ်နှင့်ရင်းပြီးအလုပ်လုပ်သည်။ တစ်နေ့၌မြို့မှကုန်သည်သုံးယောက်သည် ဇီးချုံရွာသို့ ရောက်လာခဲ့သည်။

ထိုကုန်သည်သုံးယောက်က ဤရွာကိုတစ်ခါမှမရောက်ဖူးကြချေ။ ယခုမှရေကြည်ရာမြက်နုရာ ရှာရင်းရောက်လာကြခြင်းဖြစ်သည်။ ဖြူနုသည် ရွာသို့ရောက်လာသော ကုန်သည်သုံးယောက်ကိုမျက်စိကျပြီး သူ့အကွက်ထဲဝင်ရန် နည်းအမျိုးမျိုးဖြင့်ကြံတော့သည်။ ထိုကုန်သည်တို့ထဲမှပါလာသော ပစ္စည်းများကို တမျိုးပြီးတမျိုး ဝယ်ယူသည်။ လှလှပပပြင်ကာ သူမကိုမျက်စိကျအောင်လုပ်သည်။ အသားမစားသောကျားမရှိသဖြင့် ထိုကုန်သည်တို့ကလည်း ဖြူနု၏မာယာကျော့ကွင်းထဲသို့ သက်ဆင်းကြတော့သည်။

ကုန်သည်တို့ကိုမြူဆွယ်ပြီးနောက် ဖြူနုက အိမ်သို့ပြန်လာသည်။ ညနေလောက်တွင် ကုန်သည်သုံးယောက်အား ချိန်းဆိုထားသဖြင့် မိမိ၏အိမ်ကိုအသန့်ရှင်းဆုံးဖြစ်အောင် သိမ်းဆည်းနေ၏။ အရာအားလုံးကသူမဖြစ်စေချင်သည့်အတိုင်း ဖြစ်လာသော်လည်း သူမ၏ပိုလီယိုသားငယ်ကိုကား ဘယ်နေရာသွားထားရမှန်းမသိဖြစ်နေသည်။ သူမကိုကလေးအမေမှန်းသိလျှင် ကုန်သည်တို့မကြိုက်မည် စိုးသဖြင့် သားငယ်အား စောင်ဖြင့်အထပ်ထပ်ပတ်ကာ အိမ်ထဲရှိ သနပ်ဖက်ခြောက်ထည့်သည့် ဖို(ခြင်းတောင်းကြီး) ထဲထည့်ထားလိုက်သည်။

ညနေသုံးနာရီထိုးချိန်၌ ကုန်သည်သုံးယောက်သည် ဖြူနု၏အိမ်သို့ရောက်လာခဲ့ကြသည်။ ဖြူနုကအပျိုရှုံးအောင် ပြင်ဆင်လိမ်းခြယ်ထားပြီး အထူးဧည့်သည်ကိုဧည့်ခံနေ၏။ ထိုစဉ်အခန်းထဲရှိ သနပ်ဖက်ဖိုထဲမှ ကလေးငယ်သည် ဗိုက်ဆာလာသဖြင့် ရုန်းကန်ရင်းငိုနေရှာ၏။ သို့သော် ကလေးငယ်က အဝတ်စဖြင့်ထုတ်ပိုးခံထားရသဖြင့် ငိုသံမှာအပြင်သို့ကျယ်လောင်စွာထွက်မလာခဲ့ချေ။

” အီး…အီး…အင့်…အင့်…”

ဟူသောအူံလေးသာမပီဝိုးတဝါးထွက်နိုင်တော့၏။ ထိုအသံကိုဧည့်သည်က သတိမပြုမိသော်လည်း ဖြူနုကားသတိထားမိလေ၏။ သို့ကြောင့်စိတ်ထဲ၌ ငါ့အလုပ်ကိုဖျက်မဲ့အကောင် ဟုတွေးပြီး

” အစ်ကိုတို့ခဏနေခဲ့ကြဦးနော်…သနပ်ဖက်ဖိုလ်ထဲကြွက်သိုက်ရှိတယ်ထင်တယ်…ကြွက်သံတွေကြားနေရလို့ သွားရှင်းလိုက်ဦးမယ်…”

ဆိုကာ အိမ်ထဲဝင်သွားပြီး သနပ်ဖက်ဖိုအား သယ်ကာ ခြံထဲဆင်းသွားခဲ့၏။ ခြံသည်ကားအတော်ကျယ်ဝန်းသည့်အပြင် သနပ်ဖက်ခင်းလည်းဖြစ်နေသဖြင့် ပိန်းပိတ်အောင်မှောင်နေ၏။ ခြံ၏ ထောင့်တစ်နေရာတွင်ကား ဝါးရုံကြီးတစ်ရုံရှိ၏။ ထိုဝါးရုံပင်အောက်ရောက်သော် ဖြူနုသည်ဖိုကိုပစ်ချပြီးသားငယ်ကိုထုတ်လိုက်၏။

” ဟင်း…ကောင်းကျိုးမပေးတဲ့သေနာလေး…နင့်ကြောင့်ငါအလုပ်ပျက်တော့မယ်..နင့်ကိုတိတ်တိတ်နေလို့ငါမပြောထားဘူးလား…”

ဆိုပြီးအဝတ်စကိုဖြေပေးလိုက်၏။ ထိုအခါကလေးငယ်မှာမျက်ရည်လေးစမ်းစမ်းဖြင့် မိခင်ကိုပြန်ကြည့်ပြီး

” သား…သား…ဗိုက်ဆာလို့ပါအမေရယ်…”

” ဘာ! ဗိုက်ဆာတယ်ဟုတ်လား…နင့်ကိုငါမနက်ကတည်းက အဝကျွေးထားတယ်လေ…အဲဒါကိုဗိုက်ဆာနေသေးတာလား…”

” အီးဟီးဟီး…သားကိုမဆူပါနဲ့မေမေ…သားဗိုက်ဆာလွန်းလို့်ပါ…”

” တော်စမ်း…နင်ကလေ…ငါမလိုချင်တဲ့ကြားက ငါ့ဘဝထဲအတင်းဝင်လာခဲ့တဲ့ကလေးဘဲ…ငါ့ကိုဂြိုလ်မွှေလို့ကိုမပြီးတော့ဘူး…ခုငါအချီကြီးရမဲ့အချိန်ကျမှ ငါ့အလုပ်ကိုလာဖျက်တယ်…နင်ကလူ့လောကမှာမနေသင့်တဲ့ကလေးဘဲ…”

” နင်ရှိနေသေးသ၍ ငါကနင့်ကိုပြုစုနေရဦးမှာ…ငါ့အလုပ်တွေပျက်နေဦးမှာဘဲ…ဒီတော့နင်မရှိမှဖြစ်မယ်…နင်သေမှအေးမယ်…”

ဆိုပြီး ဖြူနုသည် ခြောက်သွေ့နေသောဝါးတစ်ချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သားဖြစ်သူကို ရိုက်သတ်လိုက်တော့သည်။

” ဒုတ်…ဒုတ်…ဒုတ်…”

” အား….”

ဖြူနုသည် မိခင်စိတ်လုံးဝမရှိဘဲ ဘီလူးသဘက်စွဲကပ်သကဲ့သို့ မျက်လုံးများနီရဲကာ သနားညှာတာမှုကင်းမဲ့စွာဖြင့် မိမိ၏ရင်သွေးငယ်လေးအား မသေမချင်းရိုက်သတ်မိတော့သည်။ ကလေးငယ်ကား အားဟုသာအော်နိုင်ပြီး မိခင်၏ရက်စက်မှုအောက်ဝယ်သွေးအလိမ်းလိမ်းဖြင့် အသက်ပေးလိုက်ရတော့သည်။ ဖြူနုသည်မိမိ၏ကလေးကိုပြန်သတ်ပြီး ဝါးရွက်ခြောက်များဖြင့် ဖုံးအုပ်ထားခဲ့သည်။ ပြီးနောက်အိမ်ပေါ်သို့ ကျော့မော့စွာတက်လာခဲ့သည်။ သူ၏အသိစိတ်တို့သည်ကား သရဲသဘက်စီးသကဲ့သို့ ရှိနေလေသည်။

တစ်ခုသောညနေခင်း၌ မိုးတိမ်မိုးရိပ်တို့သည်တလိပ်လိပ်တက်လာနေ၏။ နေ့လည်ခင်းအထိသာနေသောနေမင်းကြီးသည်လည်း မိုးရိပ်တို့ဝါးမျိုခြင်းခံရပြီး ပတ်ဝန်းကျင်တစ်ခွင်မည်းမှောင်နေတော့သည်။ လျှပ်ပန်းလျှပ်နွယ်တို့ကလည်း မီးရှူးမီးပန်းပမာ တလက်လက်ဖြင့် လင်းထိန်နေ၏။ လေနီကြမ်းကလည်း အိမ်ခေါင်မိုးပြိုကျလုမတတ် ကြမ်းတမ်းစွာတိုက်ခတ်နေ၏။ တစ်ရွာလုံးကလည်း ရွာထဲ၌မဟုတ်မမှန်သည့်အရာတစ်ခုခုဖြစ်ပျက်နေပြီဖြစ်ကြောင်း တွက်ဆကြကုန်၏။ ရပ်ရွာထဲ၌ မဟုတ်မမှန်သော ကိစ္စပြုလုပ်ပါက နတ်တို့ဒဏ်ခတ်တတ်သည်ဟု အယူအဆရှိကြသောကြောင့်ပင်။

ထိုသို့မိုးများ၊လေများကြမ်းတမ်းစွာရွာသွန်းတိုက်ခတ်နေချိန်၌ ဖြူနုသည်အိမ်ထဲ၌ငုတ်တုတ်ထိုင်နေ၏။ သားဖြစ်သူကိုလူမဆန်စွာရိုက်သတ်ပြီးနောက် သူမသည်အိမ်ထဲမှ အိမ်ပြင်သို့မထွက်တော့ဘဲ ငူငိုင်ငိုင်ကြီးဖြင့်သာထိုင်နေ၏။

” ဝေါ….ဝေါ….ဝေါ…”

” ဂျိန်း….ဒလိမ်း…ဂျိန်း…”

လေသံမိုးသံတို့ကလည်း ပတ်ဝန်းကျင်ရှိအသံများဖုံးလွှမ်းသွားလောက်အောင်ပင် ရွာသွန်းတိုက်ခတ်နေ၏။ ထိုစဉ်

” အ….အ…မေ…သား…ဗိုက်ဆာတယ်…သားဗိုက်ဆာတယ်…”

ဟူသောအသံသည် လေသံမိုးသံကိုခွင်းလျှက် ဖြူနု၏နားထဲသို့ရောက်လာ၏။

” ဟင်…ဘယ်သူလဲ…ဘယ်သူခေါ်နေတာလဲ…”

ဆိုပြီး ဘေးဘီဝဲယာသို့အရူးသဖွယ် လိုက်ကြည့်နေ၏။

” ဗိုက်…ဆာ….တယ်….ဗိုက်…ဆာ…တယ်…သားကို…ထမင်းကျွေး…”

ဟူသောအသံသည်အိမ်တံစင်မြိတ်အောက်မှပေါ်ထွက်လာခဲ့၏။

” ဒိုင်း…..”

” ဝေါ…..ဝေါ…”

ထိုစဉ်လျှပ်စီးမိုးကြိုးကလည်း ဂျိန်းခနဲမြည်အောင် ပစ်ချနေ၏။ ဖြူနုသည် အမှတ်မထင်အိမ်ရှေ့သို့ကြည့်မိ၏။ ထိုအခါမိုးရေထဲမှ ရပ်နေသောခြေလိမ်နေသောကလေးငယ်တစ်ယောက်ကို လျှပ်စီး၏အလင်းရောင်နှင့်အတူတွေ့လိုက်ရ၏။

” ဟင်…မဟုတ်ဘူး…မဟုတ်ဘူး…သူကသေနေပြီဘဲ..”

ဆိုပြီးကယောင်ကတမ်းဖြင့် တံခါးကို ဝုန်းခနဲမြည်အောင်ပြေးကာပိတ်လိုက်၏။

” သား….ဗိုက်…ဆာ…တယ်….”

” ဂျစ်…ဂျစ်…ဂျစ်….”

အပြင်ဘက်၌ကား ကလေးငယ်၏အသံနှင့်အတူ တံခါးကုတ်ခြစ်သံတို့ ကြက်သီးထံဖွယ်ကြားလိုက်ရ၏။

” အား….မဟုတ်ဘူး….သွား….သွား…နင်ကငါ့သားမဟုတ်ဘူး….”

ဖြူနုကနားနှစ်ဖက်ကို လက်ဖြင့်ပိတ်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။ သို့သော် အသံကပျောက်မသွားဘဲ

“အ…မေ….သား…ကို…သတ်…တယ်…အီး…ဟီး…အမေ…သားကို…သတ်ရက်တယ်..”

” အမေ…သားကိုသတ်တယ်…”

” ဂျစ်….ဂျစ်…ဂျစ်…”

ကလေးငယ်၏အသံသည် တဖြေးဖြေးဖြင့် ဒေါသထွက်သည့်အသံဖြစ်လာပြီး တံခါးကိုလည်း တဂျစ်ဂျစ်ကုတ်ခြစ်နေ၏။

” သွား…ထွက်သွား…နင်ကငါ့သားမဟုတ်ဘူး…ထွက်သွား…”

ဖြူနုတစ်ယောက် သူရူးမတစ်ယောက်နှယ် အော်ဟစ်နေ၏။ သို့သော်သူမ၏အသံကို မည်သူတစ်ဦးတစ်ယောက်မှ မကြားနိုင်ချေ။ သူမပြုခဲ့သည့်အရိပ်ဆိုးသည် သူမအားပြန်လည်ခြောက်လှန့်နေလေပြီ။ သူမ၏စိတ်တို့သည်လည်း ကယောင်ချောက်ချားဖြစ်ကာ ဆောက်တည်ရာမရဖြစ်နေလေသည်။

အလှတို့၏ထိပ်ခေါင်ဘုရင်မ ဖြူနုသည်ကား ယခုမူပိန်ချုံးကာကြောင်တောင်တောင်ဖြစ်နေ၏။ ကြောက်မက်ဖွယ်အရိပ်ဆိုးကြီးသည်ကား သူ့နောက်ဝယ်အရိပ်ပမာလိုက်လံ ခြောက်လှန့်နေပေပြီ။ စိတ်ဓာတ်ကျပြီး စိတ်ချောက်ချားနေသော ဖြူနုသည်ကား မည်သူမှမစောင့်ရှောက်ကြချေ။ ခြေလိမ်နေသောကလေးသရဲသည်ကား ရွာထဲတွင်သောင်းကျန်းနေတော့သည်။

အာကာသတစ်ခွင်မှောင်မိုက်နေသော လမိုက်ညတစ်ည၌ အရက်သမား ကိုဖိုးပိန်သည် ရွာလယ်အရက်ဆိုင်မှ ဒယီးဒယိုင်ဖြင့်ပြန်လာနေ၏။ ဖိနပ်နှစ်ဖက်ကို လက်ကောက်ဝတ်၌လျှိုထားသေး၏။ ပုဆိုးကိုလည်း စလွယ်သိုင်းကာ အရက်ပုလင်းနှင့် ကြက်ကင်အမြည်းလေးလည်း ကိုင်ထားသေး၏။

” အေ့…ဂေ့…ဒီအရက်သမားကို ဘယ်သူမှ လာမကြိုကြဘူးလားကွာ…ဂေ့…ဒီညကဘာလို့မှောင်မဲနေရတာလဲ…အေ့…ထွီး…
လမ်းကလည်း နိမ့်ခြည်မြင့်ခြည်ပါလား…ဘယ်လိုဖြစ်နေတာလဲ…ဂေ့…”

ဖိုးပိန်တစ်ယောက် လမ်းပြည့်နေအောင်လျှောက်ရင်း တစ်ယောက်တည်းစကားပြောနေ၏။ ထိုစဉ် သူရှေ့မှ ကလေးတစ်ယောက်ပေါ်လာပြီး

” ဗိုက်…ဆာ…တယ်…အ…သား…ကင်…ပေး…စား…”

ဟူသောအသံနှင့်အတူကလေးလေးတစ်ယောက် လက်ဖြန့်ပြီးသူ့ထံမှအသားကင်ကိုတောင်းစားနေ၏။ ဖိုးပိန်လည်း မူးမူးဖြင့်

” အေ့…သောက်ကလေး…ညကြီးမင်းကြီး လမ်းပေါ်ထွက်ပြီး တောင်းစားရသလားကွ…ဟမ်…မပေးဘူးကွာ…သွား…သွား….”

” ပေး…အသားကင်ပေး….ဗိုက်ဆာတယ်….”

သူမောင်းထုတ်သောလည်း ကလေးကသူ့ရှေ့မှတစ်ဖဝါးမခွာရှိနေသေး၏။ သို့ကြောင့် ဖိုးပိန်ဒေါသထွက်သွားပြီး

” တောက်! ဘာလဲကွာ…ငါမူးနေတာနော်…ရိုက်မိလိမ့်မယ်…သွား…ကိုယ့်မိဘဆီ ကိုယ်ပြန်တောင်းစား…”

ဆိုပြီးထပ်မံမောင်းထုတ်လိုက်ရာ သူ့ရှေ့မှခြေလိမ်နေသောကလေးငယ်မှာ
မျက်လုံးနှစ်ဖက်နီရဲလာပြီးမျက်ဖြူလန်ကာ သွေးများပေကျံနေသောလက်ဖြင့် သူ့ဆီမှကြက်ကင်အား အတင်းလုစားတော့၏။

” ဟင်…အမလေး…သ…သရဲ….သရဲလေး…”

ထိုမြင်ကွင်းကြောင့် ဖိုးပိန်တစ်ယောက် ကြောက်စိတ်ငယ်ထိပ်ရောက်သွားပြီး အမူးပြေကာ ဖနှောင့်နှင့်တင်ပါးတစ်သားတည်းကျအောင်ပြေးလေတော့သည်။ အိမ်ရောက်သော်ဖိုးပိန်တစ်ယောက် စကားမေး၍မရတော့ဘဲ လန့်ဖျားဖျားကာ ဘဝတစ်ပါးသို့ကူးသွားလေတော့သည်။

ဒေါ်သိန်းတင်တစ်ယောက် ဖက်ရွက်များကိုအညှာချွေနေ၏။ ပြီးသော်အထပ်လိုက်ထပ်ထားလိုက်သည်။ ညရောက်လျှင် မီးဖို၌ဖက်ရွက်များကို အခြောက်တိုက်ရမည်။ သို့ကြောင့် မီးဖိုအောက်မီးမွေးထားပြီး ဖက်လှော်သည့်အိုးကင်းပြားများ အသင့်တင်ထားလိုက်သည်။ ဖက်လှော်သည့်အခါအပေါ်မှ ဖိရသောသဲများကိုလည်း ထီးရွက်ဖြင့်သေချာထုပ်ထားလိုက်သည်။ ဒေါ်သိန်းတင်က တစ်ကိုယ်ရေတစ်ကာရ သမားဖြစ်သဖြင့် ကိုယ်လုပ်မှကိုယ်စားရသည်။ သားသမီးများကလည်း သူ့အိမ်ထောင်နှင့်သူဖြစ်နေသဖြင့် အပူမပေးချင်၍လည်းပါသည်။

ညရောက်သော်ဒေါ်သိန်းတင်သည် အညှာချွေထားသောဖက်ရွက်ကို အပူတိုက်ထားသောအိုးကင်းပေါ်သို့ညီညာစွာဖြန့်ခင်းပြီး သဲထုပ်ဖြင့်ဖိထားလိုက်၏။ မီးဖိုပေါ်မှအိုးကင်းပြားမှာ နှစ်လုံးတန်းစီ ဖြစ်ပြီးအားလုံးပေါင်းအိုးကင်းပြားခြောက်လုံးရှိ၏။ ဒေါ်သိန်းတင်က ထိုအိုးကင်းခြောက်လုံးထဲသို့သနပ်ဖက်ရွက်ကိုထည့်ကာအခြောက်တိုက်နေ၏။ ညဆယ်နာရီခန့်ရောက်သော် လူကအိပ်ငိုက်ချင်သလိုလိုဖြစ်သွားသဖြင့် အိပ်ငိုက်ပြေအောင် ဖက်ကြမ်းတစ်လိပ်ကိုမီးညှိကာ ထိုင်ဖွာနေ၏။ အိပ်ငိုက်ပြေသော် ဗိုက်ကဆာလာသလိုဖြစ်လာသဖြင့် ထမင်းကြမ်းခူးပြီး ညကကျန်နေသည့် အမဲအူကြမ်းဟင်းဖြင့် ထမင်းစားလိုက်၏။

” ရှပ်…ရှပ်…ရှပ်…”

ထိုစဉ်တဲအပြင်ဘက်မှ လမ်းလျှောက်သံလိုလိုကြားလိုက်ရသဖြင့် စားလက်စထမင်းကိုရပ်ပြီး ဒေါ်သိန်းတင် အပြင်ဘက်သို့နားစွင့်လိုက်၏။ ခြေသံမှာတဲပတ်ပတ်လည်မှ ထွက်လာနေခြင်းဖြစ်၏။

” ဘုတ်…ဘုတ်…ဘုတ်…”

ထိုစဉ်တဲအပြင်ဘက်မှ နံရံကိုပုတ်နေသည့်အသံကိုပါကြားလိုက်ရသဖြင့် ဒေါ်သိန်းတင်လန့်သွား၏။ သို့ကြောင့်ဓားမကိုယူပြီး မတ်တတ်ရပ်လိုက်၏။

” ဖွား…ဖွားသိန်းတင်…သား…သားကိုထမင်းကျွေး…သားဗိုက်ဆာတယ်…”

ဟူသောကလေးအသံသည် အပြင်ဘက်မှ ထွက်ပေါ်လာလေရာ ဒေါ်သိန်းတင်တစ်ယောက် သရဲအခြောက်ခံရပြီဖြစ်မှန်းသဘောပေါက်လိုက်၏။ သို့ကြောင့် ဘုရား ကိုအာရုံစိုက်ကာ

” သံဗုဒ္ဓေ…အဋ္ဌဝီသဉ္စ…”

ဟုအစချီပြီး သံဗုဒ္ဓေဂါထာတော်ကြီးကို အသံထွက်ရွတ်ဖတ်လိုက်၏။ မည်မျှကြာအောင်ရွတ်မိသည် မသိ။ ဒေါ်သိန်းတင် သတိထားမိချိန်တွင်တော့ အပြင်မှအသံသည် လုံးတိတ်ဆိတ်သွားချေပြီ။

” ဟူး….တော်ပါသေးရဲ့ဘုရားကယ်ပေလို့…”

ဆိုပြီး သက်ပြင်းချနိုင်တော့၏။ ဤကဲ့သို့ ခြေလိမ်သရဲလေးသည် တစ်ယောက်ပြီးတစ်ယောက်ခြောက်လှန့်နေကြသဖြင့် ရွာသူရွာသားများလည်း ညနေညခင်းတွင် အပြင်မထွက်ရဲကြဘဲရှိနေတော့၏။ ကုန်သည်များလည်း သရဲအခြောက်ကြမ်းသည့် ထိုရွာလေးတွင် ကြာကြာမနေရဲကြတော့ချေ။ သို့ကြောင့် ရွာသူရွာသားများစီးပွားရေးကြပ်တည်းလာကြ၏။ အရူးမဖြူနုကား လမ်းမပေါ်၌ လမ်းသလားနေတော့၏။

တစ်နေ့မောင်ထင်ပေါ်က ငွေတောင်ရွာမှထွက်လာခဲ့ပြီး ခရီးဆက်ခဲ့ရာ ဇီးချုံရွာသို့ရောက်လာခဲ့၏။ ထိုစဉ်ရွာသားနှစ်ယောက်သည် ရွာထိပ်ရှိသစ်ပင်အောက်၌နားနေရင်း ကလေးသရဲအကြောင်းပြောနေကြ၏။ ထိုရွာသားနှစ်ယောက်က နွားကျောင်းနေကြခြင်းဖြစ်၏။

” ငါတော့အဲဒီခြေလိမ်ကလေးသရဲကို တွေ့ဖူးချင်သပကွာ…သူလုပ်လို့တစ်ရွာလုံးလည်းစီးပွားရေးကြပ်တည်းနေပြီကွ…”

” အပြောကောင်းမနေနဲ့စိုးအောင်…အဲဒီခြေလိမ်သရဲက အတော်ဆိုးတာနော်…နင့်ကိုလာခြောက်မှလိပ်ပြာနုတ်ခံနေရဦးမယ်…”

” ငါမကြောက်တတ်ပါဘူးသီဟရာ…အဲဒီကလေးသရဲကိုငါက ဟောဒီလို…ဟောဒီလိုလုပ်ပစ်ချင်တာကွ…”

” ဟားဟားဟား…တော်စမ်းပါကွာ…နေ့ဘက်မို့နင်ဒီလိုပြောရဲတာ…ညဘက်ဆိုရင်တော့ နင်အပြင်တောင်ထွက်ရဲမှာမဟုတ်ဘူးကွာ…”

စိုးအောင်ဆိုသူက လက်ဟန်ခြေဟန်ဖြင့် ကလေးသရဲအား နိုင်နင်းပစ်မည့်အကြောင်း ဟန်ပါပါပြောနေသည်ကို သူငယ်ချင်းဖြစ်သူသီဟက ပြန်ပြောနေခြင်းဖြစ်၏။ မောင်ထင်ပေါ်ကလည်း သစ်ပင်အောက်တွင်ဝင်နားရင်း ထိုနှစ်ယောက်ပြောသည့်စကားများကို နားစွင့်နေ၏။ သို့ကြောင့်ကလေးသရဲအကြောင်းကို စိတ်ဝင်စားလာပြီး ထိုနှစ်ယောက်ထံမေးမြန်းလိုက်၏။

” ဒီကအစ်ကိုတို့ ဘာတွေပြောနေကြတာလဲဗျ…”

” ဟော…မျက်နှာစိမ်းဧည့်သည်ပါလား..အစ်ကိုတို့ ကလေးသရဲအကြောင်းပြောနေတာပါဗျာ…”

ဆိုပြီးသီဟကပြန်ဖြေ၏။

” ဗျာ…ကလေးသရဲဟုတ်လား..”

” အင်းဟုတ်တယ်ကွ…အဲဒီကလေးက ဘယ်လိုသေခဲ့တယ်မသိဘူး…ခုရွာထဲမှာအတော်သောင်းကျန်းနေလို့ ရွာသူရွာသားတွေ သူ့ကိုကြောက်နေရတာဗျ…”

” သူကဘယ်လိုလုပ်လို့လဲဗျ..”

” တွေ့သမျှလူကို အစားလိုက်တောင်းတာဗျာ…မပေးရင်သူကရုပ်ပျက်ဆင်းပျင်ကြီးနဲ့ခြောက်လှန့်တော့တာဗျ…သူ့ကြောင့် ရွာသားတွေလန့်ပြီး သေတာတောင်ဖြစ်နေပြီဗျ…”

” ဟုတ်လား…ဒါဆိုအတော်ဆိုးနေပြီဘဲ…ဒါနဲ့ရွာသူရွာသားတွေက အဲသရဲကိုမမောင်းထုတ်ကြဘူးလားဗျ…”

” မမောင်းထုတ်ရဲကြဘူးထင်ရှဲ့ဗျာ…ခုထိမောင်းထုတ်ကြမဲ့အသံမကြားရဘူးဘဲ…”

” မောင်းထုတ်ပေးမဲ့လူရှိရင်ကော လက်ခံကြပါ့မလား…”

” ဟာ…ဘယ်လိုပြောလိုက်တာလဲဗျ…သရဲကိုမောင်းထုတ်နိုင်တဲ့သူဆိုမှတော့ လက်ခံပြီးသားပေါ့ဗျာ…”

” ဒါဆိုကျွန်တော့်ကိုရွာထဲခေါ်သွားပေး…ဒီညဘဲအဲဒီသရဲကိုမောင်းထုတ်ပေးမယ်…”

” ဟေ…တကယ်မောင်းထုတ်နိုင်လို့လားကွ…ဟုတ်မှလည်းလုပ်ပါဗျာ…”

” ကျွန်တော်အတည်ပြောတာဗျ…”

” ဒါဆိုလိုက်ခဲ့ဗျာ…ကျုပ်တို့ရွာထဲခေါ်သွားမယ်…ဟုတ်မဟုတ်လက်တွေ့ကြည့်ရတာပေါ့…”

ဆိုပြီးမောင်ထင်ပေါ်ကို ရွာထဲခေါ်သွားလိုက်၏။ သူကြီးအိမ်သို့ခေါ်သွားပြီး အကျိုးအကြောင်းပြောပြထားလိုက်၏။ သူကြီးလည်း မောင်းထုပြီး သရဲမောင်းမည့်အကြောင်း တစ်ရွာလုံးကို မောင်းထုကြေငြာထားလိုက်၏။

ညရောက်သော်မောင်ထင်ပေါ်က ဘုရားရှိခိုးပြီးအမျှအတမ်းပေးဝေလိုက်၏။ အားလုံးပြီးစီးသော် သရဲခေါ်အင်းကို သုံးပြီးကလေးသရဲကိုဆင့်ခေါ်လိုက်၏။ ရွာသူရွာသားတို့ကား ကြောက်သော်လည်းစပ်စုချင်သဖြင့် လာရောက်ကြည့်ရှုကြ၏။ မောင်ထင်ပေါ်အမိန့်ပြန်ပြီးခဏ၌ ရွာထဲရှိခွေးများ ဆွဲဆွဲငင်ငင်အူနေကြ၏။ ခဏကြာသော် ရွာသားထဲမှတစ်ယောက်သည် ပိုလီယိုဖြစ်နေသည့်ပုံစံဖြင့် မောင်ထင်ပေါ်ရှေ့လာရပ်နေ၏။ မောင်ထင်ပေါ်က သရဲလေးရောက်နေမှန်းသိသွားပြီး

” ရောက်လာပြီလား…နင်ကဘယ်သူလဲ…”

” အီးဟီးဟီး…ဗိုက်ဆာတယ်… ထမင်းစားချင်တယ်..”

ဆိုပြီးကလေးသံထွက်လာ၏။ ထိုအခါရွာသူရွာသားများ ကြောက်သွားကြပြီး

” အမလေး…သရဲလေးတကယ်လာတယ်တော့…”

” အမလေး…ကြောက်လိုက်တာ…သူကအစာတောင်စားနေတယ်တော့…”

ဆိုပြီးတစ်ယောက်တစ်ပေါက်ဖြင့်ဆူညံစွာ ပြောနေကြ၏။

” အဟမ်း…တိတ်တိတ်နေပေးကြပါဗျ..”

ဆိုပြီးမောင်ထင်ပေါ်က ဟန့်လိုက်မှအားလုံးငြိမ်ကျသွား၏။

” ငါမေးတာဖြေရင် နင့်ကိုထမင်းကျွေးမယ်…နင်ကဘယ်သူလဲ…ဘာလို့ရွာထဲဝင်လာရတာလဲ…”

” သားက ဖိုးပြည့်…သားဗိုက်ဆာလို့ ဝင်လာတာကို သူတို့ကသားကိုအစာမကျွေးကြဘူး…အီးဟီးဟီး…သားဗိုက်ဆာတယ်…”

” နင်ကဘာလို့ဒီဘဝရောက်နေရတာလဲ…အစ်ကို့ကိုပြောပြ…”

” အမေသတ်တာ…သားကို အမေကရိုက်သတ်လိုက်တာ…”

” ဟင်…”

” ဟာ…”

သရဲလေး၏အဖြေကြောင့် ရွာသူရွာသားတို့အံ့ဩကြကုန်၏။ မောင်ထင်ပေါ်က

” မညာနဲ့…ဘယ်မိဘကကိုယ့်သားသမီးကိုသတ်ရက်မှာလဲ…အမှန်တိုင်းဖြေ… ”

” သားတကယ်ပြောတာ…သားဗိုက်ဆာလို့အစားလေးတောင်းစားတာကိုအမေက စိတ်ဆိုးပြီးသားကို ရိုက်သတ်ပစ်တယ်…”

” အဲဆိုနင့်အမေကဘယ်သူလဲ…”

” ဖြူနုပါ…သားအမေကဖြူနု…အမေကသားကိုဟိုးသားသန္ဓေတည်ခါရင်း သတ်ချင်နေတာ…သားကိုအချွန်တွေနဲ့ထိုးတယ်…သားအရမ်းနာကျင်ခဲ့တယ်….ဒါပေမဲ့သားသေကံမပါလို့မသေခဲ့ဘူး…သားမွေးလာတော့အမေကသားကိုမချစ်ဘူး…သားကမသန်စွမ်းတဲ့ပိုလီယိုဆိုတော့လေ…”

ကလေးလေး၏အဖြေကြောင့် မောင်ထင်ပေါ်ကမိမိ၏ငယ်ဘဝကိုပြန်အမှတ်ရမိသွား၏။ သည်ကလေးလည်းသူ့နည်းတူမိဘမေတ္တာမကခဲ့သောကလေးတစ်ယောက်ဖြစ်မှန်းသဘောပေါက်လိုက်၏။ ရွာသူရွာသားတို့လည်းယခုမှအဖြစ်မှန်ကိုသိသွားကြပြီး ဖြူနုကိုဒေါသထွက်သွားကြ၏။ မောင်ထင်ပေါ်က

” ကဲပါ…သားအမေ့ကိုမုန်းလား…”

” မမုန်းပါဘူး…သားကိုမွေးလာပေးတဲ့အမေ့ကိုသားချစ်တယ်…အမေသားကိုဘယ်လောက်မုန်းမုန်း…သားအမေ့ကိုချစ်တယ်..”

” အေးပါကွာ…သားဒီဘဝကနေမကျွတ်လွတ်ချင်ဘူးလား…”

” သားဒီဝမှာမနေချင်ဘူး…လူတွေကသားဗိုက်ဆာလို့တောင်းစားတာကို သားကိုကြောက်ကြတယ်…သားစိတ်ညစ်တယ်…သားဗိုက်အရမ်းဆာတယ်…”

” သားကိုအစ်ကိုကထမင်းကျွေးမယ်…သားစားပြီးရင် ဒီနေရာကနေထွက်သွားမလား…နောက်နေ့သားကိုအလှူအတန်းလုပ်ပေးလို့အစ်ကိုခေါ်မှပြန်လာ…အဲလို့လုပ်နိုင်မလား…”

” အစ်ကိုသားကိုထမင်းတကယ်ကျွေးမှာလား…အဲဆို အစ်ကိုပြောသလိုသားလုပ်မယ်လေ…”

” အစ်ကိုမလိမ်ဘူး…သားကိုထမင်းတကယ်ကျွေးမယ်…ဟုတ်ပြီလား…”

” အစ်ကို့ကိုချစ်သွားပြီ…အစ်ကိုသူများလိုသားကိုမမောင်းထုတ်ဘူး…ထမင်းလည်းကျွေးတယ်..ခုထမင်းစားချင်လို့သားကိုကျွေးပါလား…”

” ကျွေးပါ့မယ်ဗျာ…စားပြီးရင်တော့တစ်နေရာမှာသွားနေနော်..ရွာသားတွေဆီထပ်မတောင်းစားရဘူးကြားလား…ကဲဦးကြီးကျုပ်ကိုထမင်းနဲ့ဟင်းရောပြီးခူးပေးဗျာ…”

ဆိုပြီး သူကြီးအားထမင်းနဲ့ဟင်းခူးခပ်စေလိုက်၏။ သူကြီးလည်းထမင်းနဲ့ကြက်ကာလသားဟင်းကိုပန်းကန်ထဲခူးလာပေးကာမောင်ထင်ပေါ်ကိုကမ်းပေးလိုက်၏။

” ကဲရော့..သားအကြိုက်စားဗျာ…လိုရင်ပြောအစ်ကိုထပ်ထည့်ပေးမယ်..”

ဆိုပြီးထမင်းပန်းကန်ကိုလှမ်းပေးလိုက်၏။ ကလေးသရဲဝင်ပူးနေသောရွာသားမှာ ထမင်းကိုဟင်းနဲ့နယ်ပြီး ခေါင်းမဖော်တမ်းစားလေတော့၏။ တအောင့်အကြာ၌ ထမင်းအားလုံးကုန်စင်သွား၏။

” သားဝပြီအစ်ကို… သားသွားတော့မယ်နော်…အစ်ကိုခေါ်မှသားထပ်လာခဲ့မယ်…”

ဆိုပြီး ထွက်သွားလေရာ ရွာသားမှာ လဲကျသွား၏။ မောင်ထင်ပေါ်ကထိုလူအား ရေစင်ဖျန်းပြီး နှာနှပ်ယူလိုက်ရာ ပြန်လည်သတိရသွား၏။

နောက်နေ့တွင်ကား မောင်ထင်ပေါ်ကကလေးငယ်အတွက် လိုအပ်မည့်အလှူပစ္စည်းကိုဝယ်ခိုင်းလိုက်ပြီး ဘုန်းကြီးပင့်ကာ ရေစက်ချအမျှဝေပေးလိုက်၏။ မဖြူနုသည်ကား သက်ဆိုင်ရာဥပဒေဘောင်အတွင်း၌ အပြစ်ခံယူရင်း အသက်သေဆုံးသွားတော့သည်။….။

( ဖြစ်ရပ်မှန်ကိုအခြေခံထားသည်။ စာရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာကြစေသောဝ်)

# ပြီး
# ခွန်း