မောင်သံချောင်းရဲ့လွမ်းပုံပြင်

မောင်သံချောင်းရဲ့လွမ်းပုံပြင်(စ/ဆုံး)
———————————–

သူ့နာမည်က သံချောင်း
ဦးဖိုးခင်နဲ့ဒေါ်မယ်မြတို့လင်မယား အသက်ငါးဆယ်ကျော်မှကံပေါ်ပြီးရခဲ့တဲ့ တစ်ဦးတည်းသောသားလေး။ အိမ်ထောင်သက်နှစ်30အတွင်း သားသမီးမထွန်းကား၍ သားသမီးရူးမတတ်လိုချင်နေသော အင်္ရီးမြတို့လင်မယားအဖို့ အသက်ကြီးမှရလာသောဒီသားလေးကို ချစ်လို့မဝ။

ကံဆိုးစွာပင် သံချောင်းလေး 2နှစ်သားအရွယ်မှာ ဦးဖိုးခင် ပိုးထိပြီးဆုံးရှာသည် ။ အမေတစ်ခုသားတခုသာကျန်ခဲ့သောဘဝမှာ အရီးမြအတွက်တော့ ဒီသားလေးသာ သူ့ဘဝ သူ့ကမ္ဘာ ။ အသက်ကြီးမှမွေးလာသည့် ကလေးမို့လားမသိ သံချောင်းလေးမှာတစ်ခြားကလေးတွေလို ဥာဏ်ရည်မမှီရှာ လမ်းလျှောက်ရင်လည်း ခြေတဖက်ကဆာတာတာနဲ့ စကားပြောလျှင်လည်း စကားကထစ်ရသည့်အထဲ ပါးစပ်က သားရေကတတောက်တောက်။

ကံဆိုးရှာသော ဖတဆိုးသားလေးကိုကြည့်ရင်း အရီးမြမှာ မျက်ရည်လေးတစမ်းစမ်းနှင့် ဘဝအကျိုးပေးနည်းလှသော ဒီသားလေးကို ပို၍ပင်ဂရုဏာသက်စွာ အချစ်ပိုရသည်။
သံချောင်းလေး ကျောင်းနေရမည့်အရွယ်ရောက်လာတော့ သံချောင်းလေးမှာ သူများနည်းတူ ဥာဏ်ရည်မပြည့်သဖြင့် ကျောင်းထားလို့မရ။ သူများတွေဆော့တာတွေ့လျှင် သံချောင်းလည်းအတူဆော့ချင်သည် ။

ဟောကြည့် အခုလည်း………

”ဟျောင့်ဒွေ ငါ ငါလည်း အတူတူ ပါ ပါမယ်လေကွာ ငါ ငါလည်းဆော့ ဆော့ချင်တယ်ကွ ”

”ဟာ ဟေ့ကောင်သံချောင်းဝေးဝေးသွားစမ်းပါကွာ လာမရှုပ်စမ်းနဲ့ သွား သွား ”

” မင်း မင်းတို့ကလည်း လုပ် လုပ်ပါကွာ ငါ ငါလည်း အ အတူတူဆော့ ဆော့ပါရစေ ငါ ဆော့ ဆော့ချင်လို့ပါကွာ ”

”ကဲ မင်းဒီလောက်ပါချငိနေရင်လည်း ငါတို့ဆင်စီးတိုင်းကစားမယ်ကွာ မင်းက ဆင်လုပ် ငါတို့ကမင်းကျောပေါ်တက်စီးမယ် ဟုတ်ပြီလား ”

”အေး အေး ”

ဆော့ချင်တာတခုထဲသာသိတဲ့ ဥာဏ်ရည်မပြည့်ရှာသော သံချောင်းခမျာမှာတော့ သူ့ကိုအနိုင်ကျင့်ညစ်ပတ်တာလည်း သူနားမလည် ဆော့ကစားတဲ့ထဲသူပါ ပါရဖို့သာသူသိသည် ။ ကလေးတွေက တစ်ယောက်ပြီးတစ်ယောက်သံချောင်း ကျောပေါ်တက်စီးကြသည် ။

နကိုယ်ကတည်းကမှ ခြေထောက်ကမသန်ရသည့်အထဲ တယောက်ပြီးတယောက် ကျောပေါ်တက်ကာစီးနေကြတော့ သံချောင်းခမျာ ထတောင်မထနိုင်ရှာတော့ လေးဖက်ထောက်ကာသွားရသဖြင့် ဒူးတွေလည်းပွန်းပဲ့နေလေပြီ။ ချွေးဒီးဒီးကျကာ လူကလည်းဟောဟဲလိုက်နေသည် ။

”ဟေ့ ဟေ့ကောင်တွေ ငါ ငါ မ မဆော့တော့ဘူးကွာ မော မောနေပြီ”

”ဟာ ဟေ့ကောင်သံချောင်း မင်းပဲအတူဆော့ချင်တာဆို မရဘူး ဟေ့ကောင် ထကွာ လာစမ်း ငါ့အလှည့်ပိုးဦး ဟေ့ကောင် ထကွာ ထ”

”အီးးဟီးးဟီးး မင်းး မင်းတို့ အ အနိုင်မကျင့်နဲ့ကွာ အီးးဟီးးဟီးး ” ။

ရွာက ကလေးတွေကအဲ့လို သံချောင်းဆို အမြဲအနိုင်ကျင့် စနောက်တတ်ကြသည် ။ထိုသို့ အနိုင်ကျင့် စနောက်ကြသည့်အခါတိုင်း သံချောင်းရှေ့ကနေ အမြဲကာကွယ်ရပ်တည်ကာ ဆတ်ဆတ်ထိမခံ ခွန်းတုံ့ပြန်တတ်သူတစ်ယောက်တော့ ထွေးမြ ။ သံချောင်း၏ချစ်လှစွာသော တစ်ဦးတည်းသော သူငယ်ချင်းမလေး ။ ငယ်ငယ်ကတည်းက သံချောင်းကိုဂရုဏာသက်စွာဖြင့် အမြဲဖေးမပေးခဲ့သူ ။

”ဟဲ့ သံချောင်း နင်ကဘာကိစ္စ သူတို့အနိုင်ကျင့်တာအမြဲခံနေရတာတုန်း နောက်တခါဆို ပြန်ချကြားလား နင်ယောကျာ်းမဟုတ်ဘူးလား သူတို့မိဘတွေနဲ့လည်းသွားတိုင်လို့ရနေတာပဲဟာ နင်ကဘာလို့ အမြဲကြောက်နေရတာတုန်း ”

”သံချောင်းရယ် နင်ဘာမှဝမ်းမနည်းနဲ့သိလား ငါနင့်ဘေးမှာရှိတယ် နင်ဘာမှအားငယ်စရာမလိုဘူးကြားလား ” စတဲ့ စကားလုံးတွေနဲ့ သူ့ရှေ့ကအမြဲရပ်တည်ပေးခဲ့သော ချစ်သူငယ်ချင်းမလေး။ သံချောင်းဘဝအတွက်တော့ ထွေးမြကသူ့အတွက် သူငယ်ချင်းကောင်း သူရဲကောင်း မေတ္တာရှင် နတ်သမီးလေးတပါးပင်။

ထွေးမြကိုသူချစ်သည် ခင်တွယ်သည် အားကိုးသည်။ သံချောင်းပျောက်ပြီဟေ့ဆိုရင် တခြားသွားမရှာနဲ့ ထွေးမြဆီပဲရောက်ရောက်နေတတ်သည်။ သူကိုယ်တိုင်ကျောင်းမတက်ရပေမယ့် ထွေးမြကျောင်းသွားချိန်တိုင်းသံချောင်းဘေးကအမြဲပါသည်။ ထွေးမြပျော်လျှင် သူပျော်သည်။ထွေးမြငိုလျှင် ဘာမှန်းညာမှန်းမသိပေမယ့် သူပါလိုက်ငိုသည်။

”သံချောင်းကတော်လိုက်တာ လိမ်မာလိုက်တာ”ဟု ထွေးမြကချီးကျူးလိုက်သည့်နေ့များဆိုရင် သံချောင်းတို့များတဟီးဟီးနှင့် သဘောကျနေလိုက်တာ ပါးစပ်ပင်မစေ့နိုင်တော့ ။ တစ်ရွာလုံးမှာ အမေနှင့်ထွေးမြသာ သူ့ရဲ့အချစ်ဆုံးသောသူတွေ ။ ထွေးမြအထက်တန်းအောင်ပြီး မြို့ကို တက္ကသိုလ်တက်ရန်သွားသည့်နေ့တုန်းက သံချောင်းတို့များတနေလုံးငိုလို့ကိုမဆုံးတော့ ထွေးမြကလည်း တစ်လတခါတော့ရွာသို့ အလည်ပြန်လာရှာပါသည်။

အပျိုအရွယ်လှသွေးကြွယ်လာသော သူငယ်ချင်းမလေးကိုကြည့်ပြီး သံချောင်းတယောက် ဘာစိတ်ကူးပေါက်သည်မသိ။ အမေနေ့စဉ်ပေးသောမုန့်ဖိုးလေးတွေကို မစားရက်မသောက်ရက်နဲ့ဝါးကျည်တောက်တခုတွင် အမေမသိအောင်တိတ်တိတ်ကလေးထည့်ပြီးစုသည်။ နောက်ပြီးသူ့ဝါးကျည်တောက်ကိုဘယ်သူမှမသိအောင် အိမ်ခေါင်းရင်းမန်ကျည်းပင်ကြီးရဲ့ သစ်ခေါင်းထဲသွားဝှက်ထားသည်။

သူထွေးမြကို ပိတ်စလှလှလေးတွေဝယ်ပေးချင်သည် ထွေးမြကျောင်းပြီးလို့ ရွာကိုအပြီးပြန်လာတဲ့နေ့မှာ သူ့ဝါးကျည်တောက်လေးကိုခွဲပြီး ထွေးမြအတွက် ပိတ်စလှလှလေးတွေအများကြီးဝယ်ပေးမည်။ သူဝယ်လေးသောပိတ်စလေးတွေနှင့် အင်္ကျီချုပ်ဝတ်ကာလှနေမည့် သူငယ်ချင်းမလေးကိုမျက်စိထဲမြင်ယောင်မိတော့ သံချောင်းတစ်ယောက်ကျေနပ်မဆုံးတော့ ။

လကုန်ခါနီးတိုင်း ရွာထိပ်ကညောင်ပင်ကြီးအောက်မှာထွေးမြပြန်လာမည့်အချိန်ကို ထွက်စောင့်နေရတာကလည်း သူ့အတွက်အလုပ်တစ်ခု။ ဒီလိုနဲ့အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့တာ ထွေးမြပင်နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူကြီးဖြစ်လာခဲ့လေပြ။ီ

ဒီနှစ်ပြီး လျှင်တော့ထွေးမြကရွာကို အပြီးပြန်လာတော့မှာမို့ သံချောင်းတယောက် တွေးရင်းပျော်ရသည်။ ထွေးမြနောက်ဆုံးနှစ်စာမေးပွဲဖြေရန်လေးလလောက်အလိုမှာတော့ တစ်လတစ်ခါပြန်နေကြရွာကိုလည်းမပြန်ဖြစ်တော့ စာတွေကများလာလေပြီ။ စာမေးပွဲအတွက်အချိန်ပေးကာကြိုးစားနေရသောကြောင့် ထွေးမြရွာကိုခဏမေ့ထားရသည်။ စာမေးပွဲပြီးမှပင် ရွာကိုလွမ်းသမျှအတိုးချကာပြန်တော့မည်။

တစ်လတစ်ခါပြန်လာနေကျထွေးမြပေါ်မလာသဖြင့် သံချောင်းမှာတော့ထိုင်မရ ထမရ တငိုငို တရယ်ရယ်နှင့်။ ထွေးမြအိမ်က ထွေးမြစာမေးပွဲရှိလို့ ပြန်မလာနိုင်တာပါဟုပြောတာကိုလည်းလက်မခံ။နေ့တိုင်းမိုးလင်းတာနဲ့ရွာထိပ်ကညောင်ပင်အောက်မှ ထွေးမြပြန်အလာကိုသွားစောင့်သည်။ ညနေ နေစောင်းပြီဆိုမှပြန်လာလေ့ရှိသည်။ အရီးမြကလည်းဒီသားလေးစိတ်ချမ်းသာရင်ပြီးရော မကြည့်ရက်ပေမယ့်သားလေးစိတ်ချမ်းသာသလိုသာနေပါစေတော့ဟု လွှတ်ပေးထားရသည်။

တစ်ရက်-
ထုံးစံအတိုင်းမနက်မိုးလင်းတာနဲ့ မျက်နှာသစ်ပြီးအမေကြော်ပေးထားတဲ့ ထမင်းကြမ်းနဲ့ပဲပြုတ်ကိုစားပြီး ရွာထိပ်ကညောင်ပင်ကြီးဆီသို့ ထွက်လာသောသံချောင်းတယောက် ဖုန်တောထဲမှာကျနေသည့် သံချွန်တခုကိုမမြင်ပဲတက်နင်းမိလေသည်။ သံချွန်ကသေးသေးလေးမို့ ခြေထောက်မှာစူးနေသည့် သံစကိုဆွဲနှုတ်ပြီး သွားစရာရှိတာဆက်သွားသည်။ ငယ်ကတည်းက ခဏ ခဏချော်လဲကာဒဏ်ရာရတတ်သည့် သံချောင်းအဖို့ ဒီသံစစူးသည့် ဒဏ်ရာလောက်ကတော့ ထူး၍မပြောပလောက်တော့။

တစ်ရက် နှစ်ရက် သုံးရက်……

သံချောင်းခြေထောက်ကသံဆူးသည့် ဒဏ်ရာကတဖြည်းဖြည်းရောင်လာသည် လမ်းလျောက်လျှင်ပင် တော်တော်နာနေလေပြီ။ဒါပေမယ့် သံချောင်းတို့က ဝတ္တရားမပျက် ခြေထောက်နာနေသည့်ကြားမှ ညောင်ပင်အောက်သို့နေ့တိုင်းသွားကာထွေးမြပြန်အလာကိုစောင့်သည်။ သံချောင်းခြေထောက်သံစူးပြီး လေးရက်မြောက်နေ့ ထုံးစံအတိုင်း ရွာထိပ်ကညောင်ပင်အောက်မှသံချောင်းထိုင်နေတုန်း မိုးကအချိန်အခါမဟုတ်ရွာချလာသည်။ သံချောင်းကတော့ ထိုင်ရာကမထ မိုးရွာထဲမှာငုတ်တုတ်။

အဲ့နေ့ည မိုးမိသည့်အရှိန်နဲ့ရော ခြေထောက်ကသံစူးသည့်ဒဏ်ရာအရှိန်နဲ့ပါ သံချောင်းဖျားသည်။ အရီးမြလည်း သံချောင်းခြေထောက်ကဒဏ်ရာကို ယခုမှသာသတိထားမိလေတော့သည်။ ရွာကျန်းမာရေးဆေးခန်းက ဆရာလေးကိုခေါ်ပြကာ ကုသော်လည်းသံချောင်းကား အဖျားမကျ။ အဖျားကြီးကာကယောင်ကတန်းနှင့် ထွေးမြနာမည်သာတဖွဖွခေါ်ညည်းနေတတ်သည်။

”အင်းးးဟင်းးးဟင်းးးထွေးး ထွေးးမြ ထွေးမြ အင်းးဟင်းးး ”

သားဖြစ်သူအဖြစ်ကိုကြည့်ပြီး အရီးမြမှာမျက်ရည်မဆည်နိုင်ရှာ။ သံချောင်းအပြင်းဖျားပြီး နှစ်ရက်မြောက်နေ့မှာတော့ အဖျားအရှိန်နှင့် သံစူးသည့်ဒဏ်ရာမှမေးခိုင်ပိုးဝင်ကာ သံချောင်းတစ်ယောက် သူချစ်သောအမေနှင့်ထွေးမြကို ထာဝရကျောခိုင်းသွားရှာလေတော့သည်။

”အမလေးးသံချောင်းရဲ့ ငါ့သားလေးအဖြစ်ဆိုးလှချည့်လား ထွေးမြကိုမြင်ချင် တွေ့ချင်ပါသေးရဲ့ဆို အမေ့ကိုချစ်တယ်ဆို ခုတော့အမေ့ကို စိတ်ချလက်ချထားသွားပြီလား ငါ့သားရဲ့ အမလေးးငါ့သားလေးအဖြစ်ဆိုးလိုက်တာ”

အရီးမြမှာ အသက်ကြီးမှစိတ်ဖိစီးမှုကြီးရှာလေပြီ။ အဖမဲ့သားမောင်ကံဆိုးလေးအပေါ် ချစ်မဝခဲ့လေသမျှ ခုတော့ ဒီသားလေးက တစ်ဖန်ထားသွားရှာပြန်လေတော့ အရီးမြဖို့ရင်ကွဲပက်လက်ဖြေမဆည်နိုင်ပေ။သံချောင်းတစ်ယောက်ကတော့ရော သူချစ်သောအမေနှင့်ထွေးမြအပေါ်တကယ်ပဲ အစွဲအလမ်းမရှိထားသွားခဲ့လေပြီလားး
သံချောင်းအလောင်းမြေချသည့်နေ့အထိတော့ ဘာသံမှမကြားရ။
သံချောင်းရက်လည်သောနေ့မှာတော့……

”အူ အူ ဝူ ဝူ”
”ဝူ အူအူ အူ အူ ”

သံရှည်ဆွဲပြီးအူလိုက်သောခွေးအူသံတို့က ကြားရသူအဖို့ကျောချမ်းဖွယ်ရာ။

”ဘုတ်” ”ဘုတ်”

အရီးမြအိပ်နေရင်းမှ အိမ်ခေါင်းရင်းနံရံက်ိုလာပုတ်သောအသံကြောင့် နိုးလာရသည်။ ”ဘယ်သူလဲ” ”ဘယ်သူလဲ လို့မေးနေတယ်လေ ”

”ဟဲ့ ခေါင်းရင်းကဘယ်သူတုန်း”

”အ အမေ ”

”ဟင် သား ငါ့သားလေး သံချောင်း သား သား”

အရီးမြကမန်းကတန်းနှင့်အိမ်တံခါးဖွင့်ကာ အိမ်အောက်သို့ အပြေးကလေးဆင်းအကြည့်မှာတော့ ရွာလမ်းတလျောက် တဖြေးဖြေးထွက်ခွာသွားသည့် မှုံဝါးဝါးအရိပ်တစ်ခုကိုသာတွေ့လိုက်ရပါလေတော့သည်။

ထိုနေ့မှစ ရက်ခြားဆိုသလိုပင် ညဘက်ရောက်တိုင်း လျောက်သွားနေတတ်သည့်သံချောင်း၏ ဝိညာဉ်ကိုရွာသူ ရွာသားတချို့တွေ့တတ်ကြသည်။ တခါတရံမှာတော့ သူထိုင်နေကျညောင်ပင်ကြီးအောက်မှာ တွေတွေငေးငေးထိုင်နေတတ်လေ့ရှိသည့် သံချောင်းဝ်ိညာဉ်အားတွေ့ကြရပြန်သည်။ လူကဥာဏ်ရည်မပြည့်မီရရှာသည့်အထဲ အစွဲအလမ်းကြီးစွာသေသွားရရှာသော သံချောင်းတစ်ယောက်ကတော့ဖြင့် သာဓုခေါ်ဆိုဖို့ပင်မေ့လျော့နေလေသလား။ သို့မဟုတ် သူကိုယ်တိုင်ပဲသာဓုမခေါ်လေသလားမသိ။

အရီးမြ မည်မျှပင် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးစေကာမူ သံချောင်းတစ်ယောက်ကတော့ဖြင့် မကျွတ်နိုင်ရှာပေ။ကြာတော့အရီးမြလည်း အသက်အရွယ်အရရော စိတ်ဖိစီးမှုဒဏ်တွေကြောင့်ပါ သံချောင်းဆုံးပြီးနှစ်လအကြာ သံချောင်းနောက်သို့လိုက်သွားရရှာလေတော့သည်။

သူ့အတွက်ရည်ရွယ်ပြီး ကုသိုလ်လုပ်ပေးမည့်မိခင်ကြီးရှိတုန်းကတောင် မကျွတ်ရှာသည့်သံချောင်း ခုမိခင်ကြီးပါကွယ်လွန်သွားရှာလေတော့ပ်ိုဆိုးရှာလေပြီ။ မည်သူကပင်သူ့အတွက်ကုသိုလ်လုပ်ပြီး အမျှပေးနေပါစေ သံချောင်းကတော့ ဘာကြောင့်ရယ်မသိ လုံးဝသာဓုမခေါ်ပေ။ တစ်ခါတရံရွာထိပ်ကညောင်ပင်ကြီးအောက် တစ်ခါတရံသူတို့အိမ်ခေါင်းရင်းက မန်ကျည်းပင်ခြေရင်းနားမှာ ရက်ခြားဆိုသလို သံချောင်းကိုတွေ့ရတတ်လေ့ရှိသည်။

ဒီလိုနဲ့အချိန်တွေတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာခဲ့တာ ထွေးမြတောင်မှစာမေးပွဲကြီးပြီးလို့ မနက်ဖြန်ဆိုရွာကိုပြန်လာတော့မည်။ စာမေးပွဲတစ်ဖက်နှင့်ထွေးမြအား စိတ်မထိခိုက်စေလိုသဖြင့် သံချောင်းသေဆုံးသွားသည့်အကြောင်း မည်သူကမှအကြောင်းမကြားသဖြင့် သံချောင်းမရှိတော့ပြီဆိုတာထွေးမြမသိရှာ။ ရွာပြန်ရောက်မှ သံချောင်းအဖြစ်ဆိုးကိုကြားရပြီး ထွေးမြခမျာမျက်ရည်မဆည်နိုင်ရှာပေ။ မိမိပြန်အလာကိုနေ့တိုင်းစောင့်ရင်း အဖြစ်ဆိုးနဲ့ကြုံခဲ့ရရှာသည့် မိမိအပေါ်သံယောဇဉ်ကြီးလွန်းလှရှာသော သူငယ်ချင်းလေးအကြောင်းတွေးလိုက်မိတိုင်းလည်း မိမိကိုယ်မိမိလည်းအပြစ်မကင်းသလို ခံစားရသည်။

တစ်ည……
ထွေးမြ ညဘက်တရေးနိုးရေအိမ်သွားပြီး ပြန်လာခိုက်
”ထွေးး ထွေးမြ ”

”ဟင် အမလေးးးးသံချောင်း နင် နင်”

”ငါ့ ငါ့ကိုမကြောက်ပါနဲ့ သူ သူငယ်ချင်းရယ် ငါ ငါလေ နင် နင်ပြန်လာမယ့်ရက်ကို စောင့် စောင့်နေတာပါဟာ။ ငါ ငါနင့်အ အတွက် ပိတ် ပိတ်စလှလှလေးတွေဝယ် ဝယ်ပေးချင်လွန်းလို့ ပိုက်ဆံစု စုနေခဲ့တာ။ ငါ ငါသေ သေသွားတော့ အဲ့ပိုက်ဆံတွေရယ် နင် နင်ရယ်ကို စွဲလမ်းတဲ့စိတ်နဲ့ ငါ ငါသာဓု မခေါ်နိုင်ခဲ့ဘူး။ ခု ခုလေ ငါ ငါစောင့်နေခဲ့တဲ့ နင့် နင့်ကိုလည်းတွေ့ရပြီ ။ ငါ ငါပြောချင်တာတွေကိုလည်း ပြောပြီးသွားပြီ။ ငါ ငါဒီဘဝကကျွတ် ကျွတ်ချင်ပြီထွေးမြ ငါ့အိမ်ခေါင်းရင်းက မန်ကျည်းပင် အခေါင်းပေါက်ထဲမှာ ဝါး ဝါးကျည်တောက်နဲ့ထည့် ထည့်ထားတဲ့ပိုက်ဆံတွေ ရှိ ရှိတယ်။ တစ်ဝက်ကို နင် နင်ယူပါ။ တစ်ဝက်ကို ငါ့အတွက်ဘုန်းကြီးကျောင်းမှာ လှူပြီး အမျှဝေ ဝေပေးပါ။ ငါ ငါ စိတ် စိတ်ချပါရစေ ထွေးမြ။ ငါ ငါသွားတော့မယ် ”

သူပြောချင်တာပြောအပြီးမှာတော့ သံချောင်းက အမှောင်ထဲသို့ တဖြေးဖြေးဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။ထိုအခါမှပင် အသိဝင်လာသောထွေးမြမှာ သူ့အပေါ်စိတ်စွဲကာ မကျွတ်နိုင်ရှာသည့် သူငယ်ချင်းလေးအဖြစ်ကိုကြားသိရပြီး သနားလွန်းသဖြင့် ဝမ်းနည်းပက်လက်ငိုချပစ်လိုက်မိပါတော့သည်။

နောက်တစ်နေ့မနက်ရောက်တော့ သံချောင်းပြောခဲ့သည့်အတိုင်း သူ့အိမ်ခေါင်းရင်းက မန်ကျည်းပင်အခေါင်းပေါက်ထဲမှာသွားရှာကြည့်ကြတော့ ပြောသည့်အတိုင်းပင် ဝါးကျည်တောက်လေးထဲမှာထည့်ထားသည့် ပိုက်ဆံလိပ်ကလေးများကိုတွေ့ကြရသည်။

ထိုအခါမှပင်သံချောင်း သာဓုမခေါ်နိုင် မကျွတ်နိုင်ဖြစ်နေရရှာသည့် အကြောင်းရင်းမှန်ကိုသိပြီးတစ်ရွာလုံး စုတ်တသတ်သတ်နှင့်ရင်နင့်မဆုံးကြ။ ထွေးမြကတော့ သံချောင်းစိတ်ကျေနပ်စေရန် ထိုပိုက်ဆံများထဲမှ ပိတ်စတစ်စုံသာဝယ်ယူလိုက်ပြီး ပိုသည့်ပိုက်ဆံများအားလုံးကို ရွာဦးကျောင်းဆရာတော်ထံလှူပြီး သံချောင်းအတွက်ရည်စူးကာ ရေစက်ချ အမျှဝေပေးခဲ့သည်။

ထိုညထွေးမြအိပ်မက်ထဲမှာ သနပ်ခါးအဖွေးသားနဲ့ သူငယ်ချင်းလေးသံချောင်း သူ့ကို ပြုံးပြပြီးလက်ပြနှုတ်ဆက်သွားတာကို မြင်လိုက်ရသည်။ သံချောင်းတယောက် ဒီဘဝမှကျွတ်လွတ်ကာ ကောင်းရာ မွန်ရာရောက်ရှိကာသွားခဲ့လေပြီ ထင်ပါသည်။

”သြော် သံချောင်းရယ် ဖြစ်လေရာ ဘဝတိုင်းမှာ ဒီလိုအဖြစ်ဆိုးတွေကနေ ကင်းဝေးပြီး ကျန်းကျန်းမာမာသန်သန်စွမ်းစွမ်း လူသားတစ်ဦးအဖြစ်နဲ့ပဲ မွေးဖွားလာနိုင်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ် သူငယ်ချင်းလေးရယ် ငါဆုတောင်းပေးလိုက်ပါတယ်ဟာ။ ”

အမ်နိုင်းအမ်နိုင်း(oasis)
oasis