မျက်လုံးအလျော်အစား

မျက်လုံးအလျော်အစား(စ/ဆုံး)

————————-

ရာသီဥတုကဆောင်းအကုန်နွေအကူးကာလဖြစ်သည်။

ကျွန်ုပ်တို့ဆရာတပည့်သုံးယောက်မှာအမဲပစ်ရန်တောတွင်းဝင်ရောက်လာခဲ့ကြသည်။

 

မနက်ပိုင်းနေမထွက်မှီတောင်စဥ်တောင်တန်းကြီးများမှာမြူခိုးများရစ်သိုင်းလွမ်းခြုနေသည်။

 

ကျွန်ုပ်တို့မှာရွာချောင်းရိုးအတိုင်းအပေါ်ဖက်အရပ်သို့စုန်တက်သွားနေကြခြင်းဖြစ်သည်။ရွာချောင်းဖျားတစ်နေ့ကုန်သွားရသောအရပ်တွင်တောပြုန်းတီးခြင်းမရှိသေးရာသားကောင်မျိုးစုံရရှိနိူင်သည့်အတွက်ထိုအရပ်သို့

ဦးတည်သွားနေကြခြင်းဖြစ်၏။

 

မိုးပြတ်သည့်အချိန်မို့တောင်ကျချောင်းကားရေနည်းပါးကာ

သဲသောင်ခုံကြီးများပေါ်ထွန်းကာချောင်းရေကမြောင်းသာသာခန့်သာရှိနေသည်။

 

မိုးရာသီဆိုလျှင်ကားတောင်ကျရေများဖြင့်ပြည့်လျှံနေကာ မိုးရွာနေချိန်မျိုးတွင်ချောင်းကမ်းနဖူးထိရေပြည့်ကာရေများဒရဟောအရှိန်ပြင်းစွာ

စီးဆင်းနေတတ်သည်။

 

ဥတုရာသီတောကိုမှီသည်စကားကအလွန်မှန်၏။ ကျွန်ုပ်တို့အရပ်တွင်ရှေးယခင်ကျွန်ုပ်ငယ်စဥ်က ရာသီဥတုဒဏ်ကိုခံရသည်ကနည်းပါးသည်။

 

နောက်ပိုင်းသစ်ဝါးများအတိုင်းအဆမရှိခုတ်ထစ်နေကြခြင်းကြောင့်သစ်ပင်ကြီးများမရှိရာလေပြင်းဒဏ်ကိုအကာအကွယ်ပေးသောသစ်ပင်ကြီးများမရှိရာမုန်တိုင်းဆိုလျှင်တိုက်ရိုက်ခံရသလို ၊ မိုးရွာသွားလျှင်သစ်ပင်ကြီးများမရှိသောတောင်ပေါ်ကျလာသောရေများကချောင်းသို့အရှိန်ဖြင့်စီးဆင်းကြရာ၊မိုးရာသီဆိုပါကရွာတွင်ရေတက်ကာဒုက္ခကြုံရသည်။

 

ရေနဲ့အတူပါလာသောမြွေဆိုးများကြောင့်အသက်ဆုံးရှုံးရသည်များလည်းရှိသည်။

 

ကျွန်ုပ်တို့သွားသည့်ချောင်းဘေးတလျှောက်တွင်ရွာငယ်လေးများတွေ့ရသည်။ တောင်ယာလုပ်ငန်း၊ကိုင်းလုပ်ငန်းများလုပ်ကိုင်နေကြသောရွာများဖြစ်ကြသည်။ တစ်နေကုန်ခရီးဆက်လာကြပြီးညနေပိုင်း ဆေးရိုးကြီး

ဟုခေါ်သောရွာသို့ရောက်ကာ ကျွန်ုပ်အသိမိတ်ဆွေအိမ်တွင်တစ်ညအိပ်ပြီး

ခရီးဆက်ခဲ့ကြပြန်သည်။

 

နောက်တစ်နေ့မနက်စောစောမိုးလင်းသည်နှင့်ရွာမှထွက်လာခဲ့ကြသည်။

 

” ကိုကြီး ဟိုကျောက်တုံးကြီးက ရာဝင်စဥ့်အိုးကြီးတွေပုံစံဖြစ်နေပါလား။.. ”

 

” ဟိုမှာလည်းကျောက်လှေကြီးတစ်စီးဗျ….”

 

မဲလုံးနှင့်သာဝမှာရာဝင်စဥ့်အိုးကြီးပုံ

ဖြစ်နေသောကျောက်ကြီးတစ်လုံးနှင့်ကျောက်လှေကြီးကိုကြည့်ကာအံ့သြစကားဆိုနေကြသည်။

 

” ပြောသံကြားဖူးတာကဒီအရပ်ကို

ရှေးကဘုရင်တပါးစစ်ရှုံးလို့ရှောင်ပြေးလာတယ်ကြားဖူးတယ်။ ပါးစပ်ရာဇဝင်အရဟုတ်မဟုတ်တော့မသိဘူး…. ”

 

” ဟုတ်မယ်ထင်တယ်ကိုကြီးရဟိုမှာတောကွမ်းရွက်ပင်၊ငရုတ်ပင်၊ သရက်ပင်တွေပေါက်နေကြတယ်…။လူတွေနေသွားပုံရတယ်…”

 

”ရှေးတုန်းက လူနေသွားလား၊မသွားလားကျွန်ုပ်လည်းအတိအကျမသိလို့မပြောပြတတ်ဘူးသာဝရယ်….”

 

လူခါးလောက်အမြင့်ငရုတ်ပင်ကြီးများက တောထပေါက်နေသလို၊တောကွမ်းရွက်၊ သရက်ပင်များပေါက်နေသောနေရာသို့ကျွန်ုပ်တို့ရောက်လာကြသည်။ တောကွမ်းရွှက်များမှာအရွှက်သေးပြီးအရသာကစပ်သောကြောင့်

လူမစားကြပေ။ ငရုတ်ပင်ကြီးများမှာ

မြေဆီမြေရိုင်းတွင်ပေါက်နေသောကြောင့်အားကောင်းရှင်သန်စွာဖြင့်၊အသီးများမှာလည်းပြွတ်ခဲစွာဖြင့်ရင့်တချို့မှည့်တချို့ရှိနေကြသည်။

 

သရက်ပင်တွင်သီးကင်းများစွာဖြင့်ရှိနေကြသည်။ သာဝနှင့်မဲလုံးမှာလက်လှမ်းမှီရာမှသရက်သီးများကိုခူးသလိုငရုတ်သီးများလည်းခူးဆွတ်နေကြသည်။

 

ထိုအချိန်တောတွင်းမှလူကြီးတစ်ဦး

ကျွန်ုပ်တို့ရှိရာသို့လျောက်လာသည်ကို

မြင်တွေ့လိုက်ရ၏။ လူကြီးကကျွန်ုပ်တို့ဘေးမနီးမဝေးတွင်ရပ်တန့်ကာစကားစတင်ပြောလာသည်။

 

” လူလေးတို့ဒီအရပ်က မဟုတ်ဘူးထင်တယ် …”

 

” …ဟုတ်တယ်အဘ၊ကျွန်ုပ်တို့ကအမဲလိုက်မုဆိုးတွေပါ… ”

 

” ..သြော်…ထင်တော့ထင်တယ် ။ ဒီနယ်သားတွေဆိုရင်ဒီနေရာက အသီးအနှံတွေမခူးရဲကြဘူးကွယ့်….”

 

” ဘယ်လိုအဘ၊ဒီနေရာကအသီးအနှံတွေကိုမခူးရဲကြဘူးဟုတ်လား….”

 

လူကြီးထံမှထူးဆန်းသောစကားကြောင့် ငရုတ်သီး၊သရက်သီးများခူးယူနေကြသောမဲလုံးနှင့်သာဝမှာခူးလက်စအသီးအနှံများဆက်မခူးကြပဲရပ်ကာ

လူကြီးပြောလာမည့်စကားကိုနားစွင့်နေကြသည်ကိုတွေ့ရသည်။

 

” ဒီနေရာကိုနန်းယာကုန်းလို့ခေါ်တယ်ကွယ့်။ ဒီနေရာကအသီးအနှံခူးဆွတ်သူတွေအခြောက်အလှန့်ကြုံကြရတယ်။

ပြောရရင်ဒီနေရာက ပရလောကသားတွေရှိတယ်။ သူတို့နေရာကအသီးအနှံခူးတာမကြိုက်လို့ပေါ့။ ….”

 

” ကျွန်ုပ်တို့လည်းမသိလို့ခူးမိတာပါ။

ခုတော့ပြန်တောင်းပန်ရတော့မှာပေါ့… ။”

 

လူကြီးမှာကျွန်ုပ်တို့ကိုသတိပေးစကားပြောပြီးတပြိုင်နက်တောတွင်းပြန်ဝင်ရောက်ပျောက်ကွယ်သွားသည်။

 

” ကျွန်တော်တို့ကတော့ ဒုက္ခပဲဗျာ။

ဘယ်လိုလုပ်ကြမလဲကိုကြီး…”

 

” ပြသာနာပါပဲ အလကားနေရင်းထိုင်ရင်း ပြသာနာရှာသလိုဖြစ်နေပြီ။ ဒီအသီးတွေတနေရာမှာထားလိုက်တော့မယ်….”

 

မဲလုံးနှင့်သာဝမှာမျက်နှာငယ်လေးများဖြင့်ကြောက်လန့်ဟန်ပြောလာကြခြင်းဖြစ်သည်။ ထိုအချိန်မှာပင်တောတခုလုံးမိုးမှောင်ကျလာသလိုဖြစ်ကာ

ကာသရက်ပင်ကြီးများမှာလေမတိုက်ပါပဲ တဝုန်းဝုန်းဖြင့်လှုပ်ခပ်လာကြသည်။ ကျွန်ုပ်တို့ဘေးပတ်ဝန်းကျင်တောများမှသစ်ပင်ကြီးများလဲကျသလိုအသံများကြားနေရသည်။

 

အနက်ရောင်တောကြောင်ကြီးများမှာလည်းသရက်ပင်များအပေါ်ဟိုမှဒီမှခုန်ကူးနေကြသည်ကိုတွေ့ရ၏။ အခြောက်အလှန့်စတင်နေပြီဖြစ်ကြောင်းသိလိုက်ရသောကြောင့်မဲလုံးနှင့်သာဝမှာကျွန်ုပ်အနီးပြေးကပ်လာကြသည်။

 

” ဘာမှမကြောက်ကြနဲ့ ​မသိလို့ခူးမိကြောင်းတောင်းပန်စကားပြောကြ။

 

ကျွန်ုပ်တို့တွေဟာဒီနေရာအကြောင်းမသိသူတွေမို့ဒီနေရာကအသီးအနှံတွေကိုခူးဆွတ်မိခြင်းသာဖြစ်ပါတယ်။ ဒီအတွက်ဒီနေရာမှာရှိသူတွေကိုစိတ်ဆိုးဒေါသဖြစ်သွားရင်တောင်းပန်အပ်ပါတယ်….”

 

” ကျွန်တော်တို့နောက်မခူးတော့ပါဘူး။ မသိလို့ခူးဆွတ်မိတာတောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ… ”

 

” ပထမတကြိမ်မသိလို့ဖြစ်သွားမို့တကြိမ်တော့ခွင့်လွှတ်ပေးပါ။နောက်မဖြစ်စေရတော့ပါဘူး။ တောင်းပန်ပါတယ်ခင်ဗျ….”

 

ကျွန်ုပ်နောက်မှသာဝနှင့်မဲလုံးအသံကျယ်ကျယ်ဖြင့်အော်ဟစ်

တောင်းပန်ကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့မှာသုံးကြိမ်သုံးခါတောင်းပန်ပြီးချိန်

ပတ်ဝန်းကျင်အခြေတစတစပြောင်းလဲလာ၏။ မိုးမှောင်ကျနေသောပတ်ဝန်းကျကတဖြည်းဖြည်းကြည်လင်လာသလို၊ သရက်ပင်များလှုပ်ရှားနေခြင်းကတိခနဲရပ်ကာငြိမ်သွားကာ၊အပင်များလဲကျနေသံကလည်းပျောက်ကွယ်သွားသည်။ ကျွန်ုပ်မှာခူးထားသောအသီးအနှံများတနေရာတွင်စုပုံထားခိုင်းပြီးသောအခါထိုနေရာမှထွက်လာ

ခဲ့ကြတော့သည် ။

 

” တော်သေးတာပေါ့၊တောင်းပန်လို့အခြေအနေတွေငြိမ်သွားလို့ပေါ့။ ကြောက်စရာကောင်းလိုက်တာ…. ”

 

” ဟုတ်ပ အခြေအနေကချက်ခြင်းကြီးပြောင်းလဲသွားတာ၊ကျွန်တော်ကတော့အခုထိကြောက်နေတုန်းပဲ…..”

 

လမ်းတွင်မဲလုံးနှင့်သာဝတောမှောက်ခြင်းအတွက်ကြောက်လန့်စကားဆိုနေကြခြင်းဖြစ်သည်။

 

” ဒါမျိုးတွေက တောတွင်းဖြစ်တတ်ပါတယ်။မင်းတို့မကြုံဖူးကြသေးလို့ပါ…. လာဒီမှာခဏနားရင်း ​ကျွန်ုပ်တို့အခုဖြစ်သွားသလိုအဖြစ်မျိုးနဲ့ဆင်ဆင်တူတဲ့အဖြစ်အပျက်တခုပြောပြမယ်…”

 

ကျွန်ုပ်တို့မှာသစ်ပင်ကြီးတစ်ပင်အောက်ခဏဝင်နားကြရင်းကျွန်ုပ်ငယ်စဥ်ကလေးအရွယ်က အဘိုးပြောပြဖူးသောတောင်ပေါ်ရွာငယ်လေးတစ်ရွာမှ

အကြောင်းအရာကိုသာဝနှင့်မဲလုံးကိုပြောပြရန်အစပြုလိုက်သည်။

 

သိမ်ကုန်းရွာမှာရိုးမတောတွင်းရွာငယ်တစ်ရွာဖြစ်ကာအိမ်ခြေကလည်းနှစ်ဆယ်ခန့်ရှိသည်။ တအိမ်နှင့်တအိမ်မှာလည်းအနည်းငယ်အလှမ်းဝေးသောနေရာတွင်ရှိကာ အစီအစဥ်တကျတည်

ထောင်ထားသောရွာမဟုတ်ပဲ၊ဟိုတအိမ်၊ဒီတအိမ်တည်ထောင်ထားခြင်းဖြစ်သည်။ အိမ်များမှာ ကျားရန်ကိုကြောက်သည့်အတွက်ခြေတံခြေအိမ်

များဆောက်လုပ်ထားကြ၏။

 

ရွာသားများမှာတောင်ယာခုတ်ထွင်စိုက်ပျိုးခြင်း၊အမဲလိုက်ကာ အသက်မွေးဝမ်းကျောင်းမှုပြုကြသည်။ ကာလသားများမှာအရွယ်ရောက်လျှင်တောင်ယာခုတ်ခြင်းအတွက်မိဘများကိုကူညီလုပ်ကိုင်ကြကာ အားလပ်ချိန်များတွင်ထောင်ချောက်သုတ်ကိုင်းများထောင်ကြသလိုလေးနဲ့မြားကိုကာအမဲလိုက်ကြသည်။

 

မိန်းခလေးများမှာဗိုင်းငင်၊ဆန်ဖွတ်

မောင်းထောင်းခြင်းအလုပ်များလုပ်ကိုင်ကြသည်။ အပျိုများစုဝေးကာ

တောတွင်းဝင်၍ဟင်းသီးဟင်းရွက်ရှာခြင်း။ထင်းခွေခြင်းများပြုလုပ်ကြသည်။

 

တစ်ခုသောနေ့ရက်သိမ်ကုန်းရွာမှအပျိုကြီးခင်သက်နှင့်အပျိုလေးငါးယောက်မှာတောတွင်းဟင်းသီးဟင်းရွှက်လည်းရှာရင်းထင်းလည်းခွေရင်းဟု

ဆိုကာလူစုပြီးရွာမှထွက်လာကြသည်။

 

မိန်းမသားများချည်းသာဆိုသော်လည်းသွားလာနေကျတောတောင်များမို့အကြောက်အလန့်မရှိကြ၊ သီချင်းဆိုသူကဆို ၊ရည်းစားရှိသူများကသူ့ရည်းစားကိုယ့်ရည်းစားအကြောင်းပြောရင်းလက်ပံပင်ဆက်ရက်ကျသည်အလားဆူညံ့စွာဖြင့်တောတွင်းဝင်လာခဲ့ကြသည်။

 

ရိုးမတောကြီးကားတောကိုမှီခိုအားထားနေသူများအတွက်အသက်သခင်ကျေးဇူးရှင်ပင်ဖြစ်သည်။ အိမ်ဆောက်ရန်သစ်၊ဝါးကြိမ်နွယ်များတောတွင်းမှခုတ်ယူရသလို။ ဥယျာဥ်၊တောင်ယာများစိုက်ပျိုးရန်မြေနေရာကိုလည်းအခမဲ့ရနေသည်။

 

တောတွင်းမှီခိုနေထိုင်သောသားကောင်မျိုးစုံက မုဆိုးများအတွက်

အဆင်ပြေသလို ရာသီအလိုက်သီးနှံများကလည်းစျေးကြီးတခုလိုရှိနေသည်။

 

တောမီးလောင်ပြီးစ

အချိန်များတွင်ကဒတ်ညွန့်များ၊ပဒတ်စာပွင့်များမီးလောင်မြေနေရာများတွင်

အစီအရီပေါက်နေတတ်ကြသည်။ ပဒတ်စာမှာနွေရာသီဆိုပါကအပွင့်အဖြစ်

မြေကြီးကိုထိုးခွဲကာပွင့်လာကြသည်။

 

မိုးရာသီတွင်ကားအပွင့်ကအပင်အဖြစ်တဖြည်းဖြည်းပြောင်းလဲသွားသည်။ အပွင့်ကိုစား၍ရသလိုအပင်ကိုလည်းအခွံမာများဖယ်ကာအတွင်းသားနူနူကိုချက်ပြုတ်စားကြည်။

 

ကဒတ်ညွန့်ကိုနွေရာသီတွင်အစားများပြီးမိုးရာသီတွင်ဥကိုတူးယူစားကြသည်။တချို့နေရာများတွင်ဥကိုထုထောင်းကာအခြောက်လှန်း၍ကြော်စားတတ်ကြသည်။

 

ရွာသူမိန်းခလေးများမှာပဒတ်စာပွင့်များကိုဓားဖြင့်တူးကာယူနေကြသလို၊ကဒတ်ညွန့်များနှင့်တခြားသောအညွန့်များလည်းခူးနေကြသည်။ တစုတစည်းထဲသွားလျှင်အရနည်းသည်မို့တောတွင်းဟင်းရှာမည့်နေရာရောက်သည်နှင့်

လူစုခွဲကာဟင်းရှာနေကြသည်။

 

တယောက်နှင့်တယောက်အဝေးကြီးခွဲသွားခြင်းမဟုတ်ပဲခေါ်သံကိုပီသစွာကြားနိူင်သောအကွာအဝေးလောက်သာ

သွားနေကြခြင်းဖြစ်သည်။

 

နွယ်နွယ်ဟုခေါ်သောမိန်းကလေးမှာ

တောတွင်းဟင်းသီးဟင်းရွက်များရှာရင်သွားနေရာမျက်လုံးကဟိုဒီသို့မျက်လုံးဝေ့ကြည့်နေရာမှထူးဆန်းသောမြင်ကွင်းတခုကြောင့်ပါးစပ်အဟောင်းသားဖြင့်ငေးကြောင်ကြည့်နေမိသည်။

 

သူတွေ့ရသည်မှာကားလူပုံစံအရွယ်အစားအတိုင်းတူညီစွာထုဆစ်ထားသော ရုပ်တုတစ်ခုကိုတွေ့လိုက်ရခြင်းဖြစ်သည် ။

 

နေရောင်ဖြင့်ရုပ်တုမျက်လုံးများဝင်းလက်သွားရာ နွယ်နွယ်မှာစိတ်ဝင်စားစွာဖြင့်ရုပ်တုအနီးတိုးကပ်ကြည့်မိသည်။ အနီးရောက်တော့မှရုပ်တုမှာမိန်းမတယောက်ပုံရုပ်တုမှန်းသိလိုက်ရသည်။

 

လှပသောကိုယ်နေဟန်ထားတွင်မင်းသမီးအဝတ်အစားများဝတ်ဆင်ထားပုံရုပ်တုကညီညာသောကျောက်သားပေါ်တွင်ရပ်နေသည်။ ကိုင်တွယ်စမ်းသပ်ကြည့်သောအခါကျောက်သားကိုထုဆစ်ထားမှန်းသိလိုက်ရသည်။

 

မျက်လုံးကိုကြည့်မိသောနွယ်နွယ်

တယောက်ရင်တဒိန်းဒိန်းခုန်သွားသည်။

ဟုတ်ပါ့မလားတွေးကာအသေအချာပြန်ကြည့်သော်လည်းသူ့အမြင်မမှားကြောင်းနွယ်နွယ်သိလိုက်ရ၏။

ရုပ်တုမျက်လုံးများမှာအနီရောင်ကျောက်ကိုထည့်ထားသည်ကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည် ။

 

နွယ်နွယ်မှာမြို့တွင်ကျောင်းတက်ဖူးရာတန်ဖိုးကြီးရတနာပစ္စည်းများအကြောင်းကိုမြင်ဖူး၊ကြားဖူးရှိသူတယောက်ဖြစ်သည်။ ယခုမင်းသမီးမျက်လုံးမှကျောက်နီမှာလည်းတန်ဖိုးရှိနိူင်ကြောင်းတွေးကာလောဘစိတ်များ

တရိပ်ရိပ်တက်လာသည်။

 

ယခုကျောက်နီနှစ်လုံးကတန်ဖိုးမရှိလျှင်လည်းသူ့အတွက်နစ်နာစရာမရှိ။အကယ်၍တန်ဖိုးကြီးကျောက်များသာ

ဖြစ်နေပါကချမ်းသာမည့်အရေးတွေးကာလောဘစိတ်ဝင်နေခြင်းကြောင့်ကျောက်နီနှစ်လုံးကိုထုတ်ယူရန်တွေး

လိုက်သည်။

 

ထို့ကြောင့်…ကျောက်ကိုထုတ်ယူရန်ပဒတ်စာတူးသောဓားမြောင်တိုလေးကိုထုတ်ယူလိုက်သည်။ ရုပ်တုအနီးကပ်သောအခါ နွယ်နွယ်အရပ်ကအနည်းငယ်တိုနေ၍ကျောက်နီကိုထုတ်ရန်အခက်တွေ့နေသောကြောင့်၊ဘေးဘီဝဲယာကြည့်ပြီးလိုက်ရှာကြည့်ရာလူတယောက်ဖက်ကျောက်တုံးတစ်တုံးတွေ့ရသောကြောင့်လှိမ့်၍ယူလာပြီးကျောက်တုံးပေါ်တက်ရပ်ကာ ဓားဦးဖြင့်ကျောက်ကိုထုတ်ယူရန်ကြိုးစားနေသည်။

 

သို့ရာတွင်ကျောက်သားတွင်မြုတ်ထားသောကျောက်နီကအလွယ်တကူထုတ်မရသောကြောင့်နွယ်နွယ်အခက်

တွေ့ရပြန်သည်။

 

ကျောက်တုံးပေါ်မှပြန်ဆင်းကာလက်တကိုင်စာအရွယ်တော့ကျောက်ခဲတလုံးရှာပြီးဓားရိုးဖင်ထိပ်ကိုကျောက်ခဲဖြင့်ရိုက်နေသည်။ ကျောက်နီ၏အောက်ခြေအစပ်နေရာများကိုရိုက်နေရာ မကြာမှီကျောက်နီတလုံးမှာဓားဦးဖြင့်ကလော်စဥ်ကျွတ်ထွက်ပါလာသည် ။

 

လူတယောက်မျက်လုံးအရွယ်အစားကျောက်ကနွယ်နွယ်လက်ဝါးပြင်တခုလုံးတွင်သွေးရောင်လွမ်းခြုံလျှက်ရှိနေသည်။

နွယ်နွယ်မှဝမ်းသာလောဘစိတ်ဖြင့်ကျန်နေသောနောက်ကျောက်နီတလုံးကို

ပထမနည်းအတိုင်းထုတ်ယူလိုက်ကာ

ကျောက်နီနှစ်လုံးကိုကြည့်ကာဝမ်းသာအားရရှိသည်။

 

….ဝေး….ဟေး…..ဝေး…..ဟေး….ဟေး…..

 

တယောက်နှင့်တယောက်အချက်ပြအော်ခေါ်သံများကြောင့်နွယ်နွယ်မှာကျောက်နီနှစ်လုံးကိုဟင်းရွက်ထည့်သောပလိုင်းအောက်ခြေတွင်ထည့်လိုက်ကာအပေါ်မှဟင်းများဖြင့်ဖုံးထားလိုက်၏။

 

….ဟင်….

 

ရွာသူအဖော်များထံသွားရန်ဟန်ပြင်နေသော နွယ်နွယ်မှာရုပ်တုကိုအမှတ်မထင်ကြည့်လိုက်မိရာ အံ့သြထိတ်လန့်စိတ်ဝင်သွားရ၏။ ရုပ်တုမျက်လုံးနှစ်လုံးနေရာကကျောက်နီထုတ်ယူလိုက်ခြင်းကြောင့်ဟောက်ပက်ကြီးဖြစ်နေသောမျက်လုံးနှစ်လုံးနေရာမှသွေးများ

စီးကျနေသည်ကိုအံ့သြဖွယ်ရာမြင်တွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်။

 

ကြောက်လန့်စိတ်များဝင်လာသောကြောင့်နွယ်နွယ်တယောက်ထိုနေရာမှ

တချိုးတည်းပြေးထွက်လာခဲ့တော့သည်။ ရွာမှအဖော်များနှင့်ဆုံရန်သတ်မှတ်ထားသောနေရာရောက်သောအခါ တခြားသူများအားလုံးရောက်နေကြပြီဖြစ်သည်။

 

” နွယ်နွယ်ရယ်..ငါတို့ကနင့်ကိုစိုးရိမ်နေတာ၊ခေါ်မကြား၊အော်မကြားနဲ့ဘာများဖြစ်နေပြီလဲလို့ ၊ငါတို့အချက်ပေးအော်သံပြုနေတာမကြားဘူးလား။ တချက်မှတုန့်ပြန်သံပြန်မမေးဘူး။နောက်နင်ဒီလိုလုပ်ရင်ငါတို့တောတက်ရင်

နင့်ကိုခေါ်မသွားတော့ဘူးနော်….”

 

” မဟုတ်ပါဘူး မခင်သက်ရယ် ။

ခေါ်သံကြားပြီးပြန်မတုန့်ပြန်တာက

မြွေနဲ့တွေ့ပြီးကြောက်လို့အသံတောင်မထွက်ဘူးဖြစ်သွားတယ်။ ဒါကြောင့်ပြန်အသံမပေးဖြစ်တာ၊စိတ်မဆိုးကြပါနဲ့နော်….”

 

” တကတည်းတော် တောသူဖြစ်ပြီး

မြွေကြောက်ရတယ်လို့၊ မြွေနဲ့တွေ့တာများစကားထဲထည့်ပြောနေတယ်…”

 

အပျိုကြီးခင်သက်မှာနွယ်နွယ်ကိုပြစ်တင်စကားပြောနေခြင်းဖြစ်သည်။ အကယ်၍မိန်းခလေးများတခုခုဖြစ်သွားလျှင် ခေါင်းဆောင်ဖြစ်သောသူ့အပေါ်ဝိုင်း၍အပြစ်တင်ခံရမည်ဖြစ်သောကြောင့်ပင်။ နွယ်နွယ်ကားရွာပြန်လာရာလမ်းတလျောက်ပျော်လွန်း၍ကခုန်ချင်စိတ်ပင်ဖြစ်နေသည်။

 

သူ့ စိတ်အတွင်းတခြားသူများသူဟင်းပလိုင်းတောင်းတွင် ကျောက်နီနှစ်လုံးထည့်လာသည်ကိုရိပ်မိသွားမည်လည်းစိုးရိမ်စိတ်များဝင်နေကာ တခြားသူများနောက်မှသာလိုက်ပါလာသည်။

 

ရွာပြန်ရောက်သောအခါအားလုံးကိုယ်စီလမ်းခွဲကာမိမိတို့အိမ်သို့ပြန်ကြသည်။ နွယ်နွယ်မှာအိမ်ရောက်သောအခါ ဝမ်းသာအားရအိမ်ပေါ်ပြေးတက်ရင်းဘေးဘီဝဲယာကြည့်ကာအိမ်တံခါးများပိတ်လိုက်သည်။

 

” ဟေ့…သမီး ဘာဖြစ်လို့အိမ်တံခါးတွေပိတ်နေတာလဲ နေ့ခင်းကြောင်တောင်ကြီး၊ဘာဖြစ်လာလို့လဲ….”

 

” အမေ ၊ အဖေနှင့်ကိုကြီးရောပြန်မလာကြသေးဘူးလား….”

 

” တောင်ယာထဲကမှောင်ခါနီးမှအမြဲပြန်ရောက်တာ၊ခုနေ့မှအထူးအဆန်းလုပ်လို့တောထဲကအမှောင့်ပယောဂများကပ်လာလား….”

 

နွယ်နွယ်မိခင်ကြီးမှာသမီးဖြစ်သူ၏ထူးထူးဆန်းဆန်းဖြစ်ပျက်နေပုံကြောင့်

စိုးရိမ်စိတ်ဖြင့်သမီးဖြစ်သူကိုကြည့်နေ၏။

 

” ဝမ်းသာစရာပြောစရာရှိလို့အမေရယ်။ဒီမှာကြည့်ပါအုံး….”

 

…..ဟင်……

 

နွယ်နွယ်မိခင်ကြီးမှာနွယ်နွယ်ပြလာသော ကျောက်နီကြီးနှစ်လုံးကိုကြည့်ကာမျက်လုံးအပြူးသားပါးစပ်အဟောင်းသားရှိနေသည်။

 

…ဒါတွေဘယ်ကရလာတာလဲ ၊သမီး…

ခိုးလာတာမဟုတ်လား….ဘုရား…ဘုရား….

 

…အမေကလည်းဒီလိုတန်ဖိုးကြီးပစ္စည်း

ဒီရွာမှာဘယ်သူဆီမှာရှိမှာလဲ၊တောထဲမှာကံကောင်းလို့ရလာခဲ့တာ….

 

စိုးရိမ်စိတ်ဖြင့်မေးလာသောမိခင်ကြီးကိုနွယ်နွယ်မှကျောက်နီနှစ်လုံးရလာသောအကြောင်းအကုန်အစင်ပြောပြလိုက်သည်။

 

” ဒီအကြောင်းဘယ်သူကိုပြောပြီးပြီလဲ ။ အမေတို့လက်ထဲဒီလိုတန်ဖိုးကြီးပစ္စည်းရှိနေမှန်းလူတွေသိသွားရင်

သူခိုး၊ဓားပြရန်ကြောက်ရတယ်….”

 

” သမီးဒီပစ္စည်းတွေရလာတာဘယ်သူမှမသိဘူးအမေ၊ဝှက်ယူလာတာ….. ”

 

…အေး..အေး…နင့်အဖေလာမှဘာဆက်လုပ်ရမလဲတိုင်ပင်ရမယ် ။ အမေကဒီလိုတန်ဖိုးကြီးပစ္စည်းမျိုးကိုယ်တိုင်ကိုယ်ကျခုမှမြင်ဖူးတာ၊ဘာဆက်လုပ်ရမှန်းမသိဘူး။ဝမ်းသာလုံးဆို့ပြီးဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိတော့ပါဘူးကွယ်….

 

သားအမိနှစ်ယောက်မှာဝမ်းသာလုံးဆို့ကာ ညနေစာထမင်းကိုပင်မချက်နိူင်တော့ပဲ ဖခင်ကြီးအလာထိုင်စောင့်နေကြသည်။

 

ဆန်အိုးအတွင်းထည့်ထားသောကျောက်နီကြီးကိုစိတ်မချစွာမကြာခဏထုတ်ကြည့်နေကြသည်။အိမ်တံခါးကိုလည်းပိတ်ထားကြ၏။ညနေစောင်းချိန်တွင်နွယ်နွယ်ခင်နှင့်အစ်ကိုမှာတောင်ယာမှအိမ်သို့ရောက်နေကြသည်။

 

အိမ်တံခါးပိတ်ထားလျှက်ထိုင်နေကြသောသားအမိကိုကြည့်ကာ နွယ်နွယ်ဖခင်နှင့်အစ်ကိုအံ့သြနေကြသည်။

 

နွယ်နွယ်ထုတ်ပြလာသောကျောက်နီနှစ်လုံးကိုတွေ့ရသောအခါသားဖနှစ်ယောက်အံ့သြမူဖြင့်

ပါးစပ်အဟောင်းသားဖြင့်ရှိနေကြသည်။ ကျောက်နီနှစ်လုံးရလာသည့်အကြောင်းနွယ်နွယ်မှဒုတိယအကြိမ်ပြန်ပြောသည်ကိုစိတ်ဝင်တစားအံ့သြမူဖြင့်နားထောင်နေကြ၏။ နွယ်နွယ်ကားသူ့ကျောက်နီရလာသောဇာတ်လမ်းတွင်

ရုပ်တုမျက်လုံးမှသွေးစီးကျလာသည့်အကြောင်းများထိန်ချန်ထားလိုက်သည်။

 

” တောထဲအရုပ်ကမျက်လုံးထုတ်လာတာဆိုတော့ ၊ တခုခုဖြစ်မှာတော့စိုးရိမ်မိတယ်။ ဒီအရုပ်ကဘာလဲ။နောက်ကြောင်းဘယ်လိုရှိလဲမသိနိူင်ဘူးလေ…. ”

 

” အိုတော်ကလဲ ဘာစိုးရိမ်စရာလိုလို့

လဲ၊ကျုပ်တို့သမီးနဲ့ထိုက်လို့တောစောင့်နတ်၊တောင်စောင့်နတ်တွေကူညီပေးလိုက်တာနေမှာ။တော့်တသက်၊ကျုပ်တသက်တောတောင်ထဲလှည့်ပတ်သွားကြတာဘာများရလို့လဲ။

အယူသီးပြီးကြောက်စရာကောင်းတာတွေမတွေးစမ်း၊မပြောစမ်းပါနဲ့….”

 

နွယ်နွယ်ဖခင်ကြီးကစိုးရိမ်စကားပြောနေသည်ကိုမိခင်မှချက်ကျ၊လက်ကျပြန်တုန့်ပြန်စကားဆိုလိုက်ရာ

ဖခင်ကြီးငြိမ်ကျသွားသည်။

 

နွယ်နွယ်ဖခင်ဖက်မှဆွေမျိုးတယောက်မြို့တွင်ရှိနေရာ၊ထိုလူကိုအကူအညီတောင်းကာကျောက်နီနှစ်လုံးသွားရောင်းကြမည်ဟုတိုင်ပင်ထားကြသည်။

မိသားစုလိုက်တိုင်ပင်ထားကြသောစိတ်ကူးမှာ သူတို့မိသားစုလိုက်မြို့သို့ဘုရားဖူးသွားမည်ဆိုကာရွာတွင်သတင်းလွင့်ထားမည်။ အကယ်၍ကျောက်နီနှစ်လုံးသာတန်ဖိုးကြီးကျောက်များမဟုတ်ပါက ရွာသို့ပြန်လာပြီးနဂိုအတိုင်းနေကြသွားကြရန်။ ကျောက်နီနှစ်လုံးသာတန်ဖိုးကြီး

ကျောက်များဖြစ်နေပါက၊ရွာသို့ပြန်မလာပဲမြို့တွင်အခြေချနေသွားကြမည်တိုင်ပင်ထားကြသည်။

 

တမိသားစုလုံးဝမ်းသာနေကြသလို၊ကျောက်နီနှစ်လုံးရှိနေခြင်းကြောင့်နွယ်နွယ်အဖေနှင့်အစ်ကိုမှာတယောက်တလှည့်ကင်းစောင့်ကြရန်တိုင်ပင်ကာ ဓား၊လှံများကိုင်ကာညဖက်တွင်တယောက်တလှည့်ကင်းစောင့်ကြတော့သည်။

 

နွယ်နွယ်မိခင်ကြီးနှင့်နွယ်နွယ်မှာအိပ်သည်ဆိုသော်လည်းအိပ်မပျော်ကြ

ဝမ်းသာစိတ်လှုပ်ရှားနေသောကြောင့်အိပ်မပျော်။ နောက်တစ်ရက်စီစဥ်စရာရှိသည်များစီစဥ်ကာမြို့တက်ရန်တိုင်ပင်ထားကြသည်။

 

နွယ်နွယ်ကားအိပ်ယာထဲလူးလှိမ့်ရင်းမှေးခနဲတချက်အိပ်ပျော်သွားစဥ်၊ထူးဆန်းကြောက်လန့်ဖွယ်အိပ်မက်တခုကိုမက်နေသည်။

 

နွယ်နွယ်တယောက်မြူခြေများဆိုင်းနေသောတောအုပ်အတွင်းရောက်နေသည်။ သူ့အနေဖြင့်တခါမှမရောက်ဖူးသောတောအတွင်းကြောက်လန့်စိတ်ဖြင့်စမ်းတဝါးဝါးလျှောက်နေ၏။

 

.သူ့ရှေ့မလှမ်းမကမ်းတွင်လူရိပ်တခု

တွေ့လိုက်ရသောကြောင့်ဝမ်းသာအားတက်ကာထိုနေရာသို့ပြေးသွားမိသည်။ ရှေးခေတ်မင်းသမီး အဝတ်အစားများ

ဝတ်ဆင်ထားသောမိန်းမတယောက်မှာနွယ်နွယ်ကိုကျောပေးရပ်နေ၏။

 

…ဒီနေရာဘယ်နေရာလဲ ၊ကျွန်မဘယ်ကိုရောက်နေတာလဲ၊ကျွန်မကိုကူညီပေးပါရှင်…..

 

နွယ်နွယ်ပြောစကားကိုထိုမိန်းမကမကြားသည့်အလားကျောခိုင်းရပ်နေရာနွယ်နွယ်မှာသုံးလေးကြိမ်သူ့ပြောစကားကိုတုန့်ပြန်မှုမရှိ၊ရပ်မြဲရပ်နေသောထိုမိန်းမအားစိတ်မရှည်စွာ

ပခုံးကိုကိုင်လှည့်လိုက်ရာထိုမိန်းမခန္ဓာကိုယ်ကအလိုက်သင့်လှည့်ကာနွယ်နွယ်နှင့်မျက်နှာခြင်းဆိုင်အနေအထားမျိုးဖြစ်သွားသည်။

 

….ဟင်…အောင်မယ်လေး….

 

နွယ်နွယ်ကြောက်လန့်တကြားအော်ရင်းနောက်ဆုတ်လိုက်မိသည်။

ထိုမိန်းမမျက်လုံးသည်ချိုင့်ဝင်နေပြီး

လတ်လတ်ဆတ်ဆတ်သွေးများစီးကျနေသည်ကိုတွေ့လိုက်ရခြင်းကြောင့်

ဖြစ်သည်။

 

…နင့်ငါ့မျက်လုံးကိုဖောက်ထုတ်ယူသွားတယ်။ ဒီအတွက်နင်ပြန်ပေးဆပ်ရလိမ့်မယ်။ နင့်မျက်လုံးကိုအစားပြန်လျှော်ရလိမ့်မယ်….။…

 

….မလုပ်ပါနဲ့….နင်နဲ့ငါနဲ့ခုမှတွေ့တာလေ။နင့်မျက်လုံးကိုဖောက်တာငါမဟုတ်ဘူးနော်။ နင်လူမှားနေတာဖြစ်လိမ့်မယ်….အမေ့…..

 

ထိုမိန်းမကလျှပ်တပျက်ရှေ့သို့တက်လာပြီးနောက်ဆုတ်၊နောက်ဆုတ်

ပြုလုပ်နေသောနွယ်နွယ်ရင်ဘတ်ကိုဆောင့်တွန်းလိုက်ရာ နွယ်နွယ်မှာဖင်ထိုင်ရက်သားလဲကျသွား၏။

 

….မလုပ်နဲ့…အား….

 

…သမီး….သမီး….ဘာဖြစ်လို့လဲ….

 

…အိပ်မက်ဆိုးတွေမက်နေတာလားသမီး၊ရေသောက်လိုက်၊ရေသောက်လိုက်…..

 

နွယ်နွယ်ဖင်ထိုင်ရက်လဲကျသွားချိန်တပြိုက်နက်ရှည်လျားကောက်ကွေးသောလက်သည်းများရှိသောလက်နှစ်ဖက်မှလက်သည်းများကနွယ်နွယ်မျက်လုံးကိုဖောက်ထွင်းဝင်ရောက်

သွားရာနွယ်နွယ်တယောက်ကြောက်လန့်၊နာကျင်စွာအော်ဟစ်လိုက်ရာမိဘများစိုးရိမ်တကြီးရောက်လာကြခြင်းဖြစ်သည်။

 

နွယ်နွယ်မှာကြောက်လန့်စရာအိပ်မက်ဆိုးကြီးကြောင့်အိပ်မပျော်နိူင်ပဲအိပ်မက်အကြောင်းတွေးနေမိ၏။

 

သူ့အိပ်မက်တွင်းမျက်လုံးကန်းနေသောအမျိုးသမီးမှာ ကျောက်နီနှစ်လုံးကိုထုတ်လာသောရုပ်တုများဖြစ်လေမလားတွေးမိသော်လည်း၊ထိုအတွေးကစိတ်ကူးယဥ်ဆန်သောကြောင့်ခေါင်းယမ်းလိုက်ရင်းကျောက်နီနှစ်လုံးနှင့်ပတ်သက်၍စိတ်စွဲလမ်းကာမက်သော

အိပ်မက်ဟုသာတွေးနေမိသည်။

 

….ဘုံး….ဘုံး….

 

…ဘာဖြစ်တာလဲ…အမေ

 

….ငလျှင်လှုပ်နေတာလားမသိပါဘူးသမီးရယ်….

 

…မဟုတ်ဘူးအိမ်ကိုတယောက်ယောက်

လာပုတ်နေတာ၊ ဘယ်သူလဲကွအိမ်ကို

လာပုတ်နေတာ သွားကြည့်ရအောင်သား…..

 

…သတိထားကြနော်ဘယ်သူတွေလဲမသိဘူး.။ တို့ကျောက်ရတာသိထားလို့တမင်လာလုပ်နေတာလားမသိဘူး

သတိထားကြနော်….

 

အိမ်နံရံကိုပုတ်နေသံနဲ့အတူ။ အိမ်ကငလျှင်လှုပ်သလိုသုံးလေးကြိမ်လှုပ်သွားရာတမိသားစုလုံးလှုပ်ရွရွဖြစ်သွားကြသည်။

 

နွယ်နွယ်ဖခင်ကြီးမှာအိမ်နံရံကိုတယောက်လာပုတ်နေသည်ဆိုကာသားဖြစ်သူကိုလက်နှိတ်ဓာတ်မီးပြခိုင်းပြီးလှံကိုကိုင်ကာအောက်ဆင်းရန်ဟန်ပြန်နေစဥ်နွယ်နွယ်မိခင်မှသတိထားကြရန်

ပြောနေသည်။

 

အဖေဖြစ်သူကလှံကိုင်၊သားဖြစ်သူကဓားတချောင်းကိုင်ပြီးအိမ်အောက်သို့

ဆင်းသွားကြစဥ်နွယ်နွယ်တို့သားအမိနှစ်ယောက်မှာစိုးရိမ်ကြောက်လန့်စွာရှိနေကြသည်။

 

နွယ်နွယ်မိခင်ကြီးမှာကားကျောက်နီနှစ်လုံးကိုဘူးတစ်ခုအတွင်းထည့်ကာ

လက်နှစ်ဖက်ဖြင့်တင်းတင်းကြပ်ဆုတ်ကိုင်ထားသည်။

 

နွယ်နွယ်ဖခင်နှင့်အစ်ကိုမှာအိမ်နံရံကိုလာပုတ်သည့်ခေါင်းရင်းပိုင်းသို့လျှောက်ကြသည်။ ခြေတံရှည်အိမ်ကိုလာပုတ်နိူင်သည့်လူအရပ်ကိုလည်းသူတို့စိတ်အတွင်းအံ့သြနေကြသည်။

 

” ဟာ…အဖေ….​ဘာ…ဘာ..ကြီးလဲဗျ…”

 

…ဟင်…

 

အိမ်ခေါင်းရင်းပိုင်းပတ်ဝန်းကျင်ကိုလက်နှိတ်ဓာတ်မီးဖြင့်ထွန်းကြည့်နေသော

နွယ်နွယ်အစ်ကိုဖြစ်သူမှာမြင်လိုက်ရသောမြင်ကွင်းကြောင့်ထိုနေရာကိုလက်နှိတ်ဓာတ်မီးဖြင့်ထွန်းကာဖခင်ဖြစ်သူကိုကြောက်လန့်တကြားစကားပြောနေရာဖခင်ဖြစ်သူလည်းလက်နှိတ်ဓာတ်မီးရောင်အောက်မြင်လိုက်ရသော

မြင်ကွင်းကြောင့်ပါးစပ်အဟောင်းသား

အံ့သြထိတ်လန့်စွာရှိနေ၏။

 

သားအဖနှစ်ယောက်တွေ့လိုက်ရသောမြင်ကွင်းမှာကား ထန်းပင်လောက်မြင့်သောအရပ်။ တစ်ထွာခန့်ရှည်သော

အမွှေးအမှင်။ စပါးထည့်ပုတ်တောင်းခန့်ရှိသောခေါင်း။ လက်ညိူးခန့်အရွှယ်ရှိပြီးတစ်ထွာခန့်ရှည်သောအစွယ်။ အကြမ်းသောက်ပန်းကန်လုံးအရွှယ်မျက်လုံးနီကြီးဖြင့်ကြီးမားသောမကောင်းဆိုးဝါးကောင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်။

 

မကောင်းဆိုးဝါးကြီးမှာသားဖနှစ်ယောက်ကိုတခဏမျရပ်တန့်ကြည့်ကာ

ထွက်ခွာသွားသည်။

 

မကောင်းဆိုးဝါးကြီးထွက်ခွာသွားပြီးတစ်မိနစ်ခန့်အကြာရောက်မှ ကြောက်လန့်စိတ်ကြောင့်မှက်သက်နေကြသော

သားအဖနှစ်ယောက် သတိဝင်လာပြီး

အိမ်ပေါ်တက်ပြေးကြတော့သည်။

 

သားအဖနှစ်ယောက်မှာသူတို့မြင်တွေ့လာရသည်ကိုနွယ်နွယ်တို့သားအမိကို

ပြန်ပြောပြရာ သားအမိနှစ်ယောက်လည်းကြောက်ရွံ့ထိတ်လန့်ကုန်သည်။

 

နွယ်နွယ်တို့မိသားစုကားကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့်မအိပ်ကြပဲမိသားစု

ဝိုင်းဖွဲ့ထိုင်ကာ မိုးလင်းသည်အထိငုတ်တုတ်ထိုင်နေကြသည်။

 

မိုးလင်းသောအခါ နွယ်နွယ်ဖခင်နှင့်မိခင်ကြီးမှာလိုအပ်သည်များပြင်ဆင်ကြတော့သည်။

 

တစ်နေ့တာလိုအပ်သည်များပြင်ဆင်ပြီး နောက်တနေ့ခရီးထွက်ရန်အားလုံးအဆင်သင့်ပြင်ဆင်ထားကြပြီဖြစ်သည်။ ကြောက်လန့်စရာမကောင်းဆိုးဝါးကြီးမြင်တွေ့ခဲ့ရသော်လည်းကျောက်နီကြီးနှစ်လုံးကြောင့်ကြောက်လန့်စိတ်များပျောက်နေကြသည်။ မကြာမှီချမ်းသာတော့မည်ဟူသောလောဘစိတ်က သူတို့စိတ်အတွင်းကိန်းအောင်းနေသောကြောင့်

ကြောက်လန့်စရာများကိုမေ့လျောကုန်ကြခြင်းဖြစ်သည်။

 

ညသည်ပိန်းပိတ်အောင်မှောင်မဲနေ၏။ ညဆယ်နာရီခန့်သာရှိသေးသော်လည်း သိမ်ကုန်းတစ်ရွာလုံးလူသံ၊သူသံမကြားရပဲတိတ်ဆိတ်စွာရှိနေကြသည်။

 

တရွာလုံးအလုပ်ကြမ်းလုပ်ကိုင်ကြသူများမို့ မနက်စောစောထကာလုပ်ငန်းခွင်ဝင်ကြရပြီးညဖက်စောအိပ်ကြခြင်းဖြစ်သည်။

 

သိမ်ကုန်းရွာတွင်နေ့စဥ်ဟောင်နေကျ၊ အူနေကြခွေးများမှာယနေ့တိတ်ဆိတ်ငြိမ်သက်စွာရှိနေကြသည်။

 

ပိုးပရစ်အော်သံ၊ ညတွင်ကျက်စားသောညငှက်အော်သံများလည်းယခုညတွင်မကြားရချေ။ တရွာလုံးမှာသုသာန်တစပြင်အလားတိတ်ဆိတ်ခြောက်ကပ်စွာရှိနေသောညဖြစ်၏ ။

 

နွယ်နွယ်ဖခင်နှင့်အစ်ကိုဖြစ်သူမှာ

ဆီမီးခွက်ကြီးထွန်းလျက်ကင်းစောင့်နေကြသည်။လူငယ်ဖြစ်သောနွယ်နွယ်အစ်ကိုမှာ ညကအိပ်ရေးပျက်ထားသည်မို့ငိုက်မျည်းနေသော်လည်းဖခင်ဖြစ်သူကားလှံကိုဘေးချကာ အကြမ်းရည်တစ်အိုးကိုတစ်ခွက်ပြီးတစ်ခွက်ငှဲ့သောက်နေသည်။

 

နွယ်နွယ်မှာအစပထမအိပ်မပျော်ပဲရှိနေရာမှဖျတ်ခနဲလန့်နိူးလာသည်။ အိပ်မက်ဆိုးထပ်မမက်သည့်အတွက်လည်းစိတ်သက်သာရာရနေ၏။

 

တပေါ့တပါးသွားလိုသောကြောင့်

လက်နှိတ်ဓာတ်မီးကိုယူကာအိပ်ခန်းမှ

ထွက်လာခဲ့သည်။

 

…သမီး ဘယ်သွားမလို့လဲ….

 

…အပေါ့အပါးသွားဖို့အောက်ခဏဆင်းမလို့အဖေ….

 

…တယောက်တည်းသွားလို့ရလား။

ကြောက်ရင်အဖေအဖော် လိုက်ခဲ့မယ်လေ….

 

…ကိုယ့်အိမ်ဝိုင်းထဲဘာကိုကြောက်ရမှာလဲအဖေရယ်။ငယ်ငယ်တည်းကသွားလာနေတာပဲဟာ…..

 

….အေး..အေး….တခုခုအရေးအကြောင်းကြုံရင်လှမ်းအော်လိုက်နော်သမီး…..

 

နွယ်နွယ်မှာဖခင်ကြီးနှင့်စကားပြောဆိုပြီးလက်နှိတ်ဓာတ်မီးလေးထွန်းလျှက်

အိမ်အောက်သို့ဆင်းလာခဲ့သည်။

 

အိမ်သာနှင့်အိမ်မှာတစ်မိနစ်ခန့်သာသွားရသောအကွာအဝေးတွင်တည်ရှိသည်။

 

နွယ်နွယ်မှာအပေါ့အပါးသွားပြီးအိမ်ဖက်ပြန်လာစဥ်သူရှေ့တွင်ကျောပေးရပ်နေသော မိန်းမတယောက်ကိုတွေ့လိုက်ရသောကြောင့်ရင်ထိတ်သွားကာ

ခြေလှမ်းများရပ်တန့်သွားသည်။

 

ရှည်လျားမဲနက်ကာအုံကောင်းသောဆံနွယ်။ရှေးခေတ်မင်းသမီးတယောက်အဝတ်အစားများဖြင့်ရှိနေသောမိန်းမတယောက်။ နွယ်နွယ်ဘုရားတလိုက်မိသည်။ယခုသူမြင်တွေ့နေရသောမိန်းမက အိပ်မက်အတွင်းသူ့မျက်လုံးကိုထိုးဖောက်သွားသောမိန်းမနှင့်တထေရာတည်းတူညီနေသောကြောင့်ပင်ဖြစ်၏။

 

ကျောခိုင်းထားသောမိန်းမကနွယ်နွယ်ဖက်သို့တဖြည်းဖြည်းလှည့်လာသည်။

 

…ဟင်….

 

နွယ်နွယ်ကြောက်လန့်စိတ်ဖြင့်တကိုယ်လုံးတုန်တက်ကာလက်နှိတ်ဓတ်မီးကသူမဖက်လှည့်လာသောမိန်းမမျက်နှာကိုတည့်တည့်ထွန်းလျှက်ရှိနေပါသည်။

 

မျက်တွင်းဟောက်ပက်မျက်လုံးနှစ်လုံးနေရာမှသွေးစိမ်းရှင်ရှင်စီးကျနေသောမိန်းမတယောက်။ထိုမိန်းမကိုနွယ်နွယ်သိနေသည်။ ကုန်လွန်ခဲ့သောညက

သူမမျက်လုံးကို ထိုမိန်းမထိုးဖောက်ခဲ့ကြောင်းလည်းကြောက်လန့်ထိတ်ရွံ့စွာအမှတ်ရမိနေသည်။

 

နွယ်နွယ်ကြောက်လန့်သောစိတ်ဖြင့်ပြေးလွားသည်။သို့ရာတွင်သူမခြေကနေရာမှတလက်မပင်မရွေ့။ အသံကုန်ခြစ်အော်ဟစ်ကြည့်သည်။ သို့ရာတွင် ရင်ဘတ်အတွင်းမှလာသောအသံကလည်ချောင်းတွင်တစ်ဆို့ပျောက်ကွယ်ကုန်၏။

 

…နင့်ငါ့မျက်လုံးကိုဖောက်ထုတ်ယူသွားတယ်။ ဒီအတွက်နင်ပြန်ပေးဆပ်ရလိမ့်မယ်။ နင့်မျက်လုံးကိုအစားပြန်လျှော်ရလိမ့်မယ်….။…

 

…..အား….အား…..အား….အား……..

 

မျက်လုံးဟောက်ပက်မိန်းမမှာရက်စက်စွာပြုံးလိုက်ရင်းမာကျောခက်ထန်သောစကားဆိုလာရင်းတပြိုင်နက်တည်းအိမ်ဘေးမန်ကျည်းပင်တွင်မည်သည့်အချိန်ကရောက်နေမှန်းမသိသောကျီးကန်းများမှာနားမခံသာအော်ဟစ်ကာ နွယ်နွယ်ရှိရာဦးတည်ပျံသန်းလာကာနွယ်နွယ်မျက်နှာတည့်တည့်ဝင်ရောက်ကာ တချို့ကျီးကန်းများကမျက်နှာကိုကုတ်ခြစ်ကာတချို့ကျီးကန်းများကမျက်လုံးကိုနူတ်သီးများဖြင့်ပေါက်။ ခြေသည်းများဖြင့်ကုတ်ဆွဲနေကြရာနွယ်နွယ်နာကျင်စွာအော်သံနှင့်ကျီးကန်းအော်သံများရောထွေးကုန်တော့သည်။

 

ကျီးကန်းများအော်သံနွယ်နွယ်အော်သံကြောင့်နွယ်နွယ်မိဘနှစ်ပါးနှင့်အစ်ကိုဖြစ်သူရောက်လာချိန်တွင်ကား မျက်လုံးများဖောက်ထုတ်ခံထားရပြီးမျက်လုံးမှသွေးစိမ်းရှင်ရှင်စီးကျကာသတိလစ်နေသောနွယ်နွယ်အဖြစ်ကို

ရင်ထုမနာတွေ့လိုက်ကြရသည်။

 

နွယ်နွယ်ဘေးတွင်ကားမည်သူမှရှိမနေပေ။ ကျီးကန်းများမှာလည်းတကောင်တလေပင်မတွေ့ရပဲရှိနေသည်။

 

နွယ်နွယ်မျက်လုံးဖောက်ခံလိုက်ရသောကြောင့်မိသားစုတစ်စုလုံးရင်ထုမနာရှိနေကြသည်။ ဆေးဆရာကိုအရေးပေါ်ခေါ်ပြီးမျက်လုံးကိုစစ်ဆေးကြည့်ရာ မျက်လုံးနှစ်လုံးစလုံးဖောက်ထုတ်ခံသွားရကြောင်းသိလိုက်ရသည်။

 

နွယ်နွယ်မှာသတိရလာချိန်သူမမျက်လုံးနှစ်လုံးဆုံးရှုံးသွားမှန်းသိရာ

ရင်ထုမနာ၊ဖြေမဆည်နိူင်ဖြင့်ရှိနေပါသည်။

 

အံ့သြစရာကောင်းသည့်အချက်တချက်ကား မနက်မိုးလင်းချိန်တွင်သိမ်းဆည်းဝှက်ထားသောနေရာတွင်

ကျောက်နီနှစ်လုံးကျောက်နီနှစ်လုံးထူးဆန်းစွာပျောက်ဆုံးနေကြောင်းတွေ့လိုက်ကြရတော့သည်။

 

နွယ်နွယ်မျက်လုံးကိုဖောက်ထုတ်ယူသွားသောတရားခံကိုဆွေမျိုးများစုံစမ်းကြသော်လည်းနှစ်အတန်ကြာအထိပေါ်မလာသောကြောင့်လက်လျော့လိုက်ရပါတော့သည်။

 

ကျောက်နီနှစ်လုံးပျောက်ဆုံးမှု၊နွယ်နွယ်မျက်လုံးနှစ်လုံးဖောက်ထုတ်ခံရမူမှာမိသားစုပြသာနာအဖြစ်နှစ်အတန်ကြာရှိနေသော်လည်းလိုချင်သောအဖြေကားပျောက်ဆုံးနေသည်မှာ

ယနေ့တိုင်ပင်ဖြစ်သည်။

 

သို့ရာတွင် နွယ်နွယ်တယောက်သာသိသောလျှို့ဝှက်ချက်တခုရှိနေပြန်သည်။

 

မင်းသမီးရုပ်တုတွင်မျက်လုံးအဖြစ်တပ်ဆင်ထားသောကျောက်နီနှစ်လုံးကိုထုတ်ယူမိသည်။ ထို့အတွက် ပြန်ကာသူမမျက်လုံးကိုလာထုတ်ယူခြင်းဟုပြန်တွေးမိခြင်းဖြစ်သည်။

 

ကျွန်ုပ်ကြားဖူးသော မျက်လုံးအလျှော်အစားဇာတ်လမ်းကဤမျှသာဖြစ်၏။

 

” ကြောက်စရာကြီးပါလားကိုကြီးရ

မင်းသမီးရုပ်တုကမျက်လုံးကိုထုတ်ယူမိလို့မျက်လုံးပြန်ထုတ်ယူခံရတာ။

ဟမ္မူရာဘီရဲ့ကိုဒဥပဒေလိုပါလား…”

 

ကျွန်ုပ်ဇာတ်လမ်းအဆုံးသတ်တွင်

သာဝပြောလာသောစကားဖြစ်၏ ။

 

” ဒါနဲ့အဲဒီမင်းသမီးကျောက်ရုပ်တုက

အသက်ဝင်နေတာလား။ သူ့ရာဇဝင်နောက်ကြောင်းကဘယ်လိုရှိတာလဲ

ကိုကြီး…”

 

” မင်းသမီးရုပ်တုရဲ့နောက်ကြောင်းရာဇဝင်ကိုမင်းလိုစိတ်ဝင်စားလို့ကျွန်ုပ်လည်းမေးဖူးတယ် မဲလုံး၊ ဒါပေမယ့်

ကာယကံရှင်နွယ်နွယ်ပြောတဲ့မင်းသမီးရုပ်တုတည်ရှိရာနေရာသွားရှာကြတော့

ရုပ်တုတောင်ရှိမနေဘူးလူကြီးတွေပြောကြတယ်။ သူတို့ပဲရှာတဲ့နေရာလွဲနေတာလား ။ရုပ်တုကပဲနေရာရွေ့သွားပြောဖို့အတော်ခက်တယ်…။

ရုပ်တုတောင်ရှာမတွေ့မှတော့ရုပ်တုသမိုင်းဆိုတာက သိဖို့ဝေလာဝေးပါပဲကွာ….”

 

” …ဒါဆိုဒီကိစ္စတွေက ပဟေဠိမေးခွန်းအဖြစ်ပဲရှိနေမှာပေါ့နော်ကိုကြီး…”

 

” မှန်တာပေါ့သာဝရာ ၊တခါတလေလောကကြီးမှာ လက်တွေ့ရုပ်ဝါဒီသဘောတရား တနည်းအားဖြင့်ဆိုသိပ္ပံသဘောတရားနဲ့သက်သေပြလို့မရတဲ့အဖြစ်အပျက်တွေအများကြီးပါပဲ။

ကဲ…အမောလည်းပြေပြီအချိန်လည်း

မနည်းတော့ဘူး။ သားကောင်လိုက်ရှာကြစို့…”

 

ကျွန်ုပ်တို့ဆရာတပည့်သုံးယောက်မှာ

ပရလောကသားများနယ်မြေမှသစ်သီးဝလံများခူးမိရာမှတဆင့် မင်းသမီးရုပ်တုမှကျောက်နီမျက်လုံးနှစ်လုံးကိုထုတ်မိ၍မျက်လုံးပြန်ဖောက်ထုတ်ခံရသောမိန်းမတယောက်အကြောင်း၊ကျွန်ုပ်ကသာဝတို့ကိုပြောအပြီးတွင်အမဲပစ်ရန်တောအတွင်းဆက်ဝင်ခဲ့ကြပါတော့သည်။

 

============================

 

ပြီးပါပြီ

 

စာရေးသူ =မြူခိုးအလင်္ကာ