မြူမှုန်ကင်းရွန်းလဲ့လပမာ

*** မြူမှုန်ကင်း ရွှန်းလဲ့ လပမာ ***📖📖📖

 

__________

******************************

(၁)

 

“အင်း အိပ်ရာထဲ လှဲနေလို့ မဖြစ်ချေဘူး။ ထတော့မှ ။ဈေးသွားရောင်းဖို့ မုန့်တွေက အဆင်သင့်ဖြစ်နေပြီ။ မနက်ခင်း ဆွမ်းလေးအတွက်ကတော့ ကိုယ်က ဝီရိယရှိပေအုံးမှပဲ။ သေရင် ဒါပဲပါမှာ”

 

အတွေးနှင့် အိပ်ရာက ထကာ လွှမ်းခြုံထားသည့် စောင်ကလေးကို သေသေသပ်သပ်ခေါက်လိုက်ကာ

နေရာတကျထားလိုက်သည်။ ဆောင်းရာသီမို့ လေအေးလေးထိမိလိုက်တာနှင့် ‌အအေးဓါတ်က စတင်ခံစားလိုက်ရသည်။မနေ့ညက ချွတ်ထားသည့် ခြေအိတ်ကလေးကို ပြန်ဝတ်လိုက်သည်။ အနွေးထည် ခပ်ထူထူတစ်ထည်ကို ထပ်ဝတ်လိုက်ရင်း အိမ်အောက်ထပ်ဆင်းလာခဲ့သည်။ပတ်ဝန်းကျင်တစ်ခုလုံးကတော့ အိပ်မောကျနေဆဲပင်။အေးခဲနေသည့်ရေကို အံတုလို့ မျက်နှာခပ်မြန်မြန်သစ်လိုက်သည်။စိတ်ထဲလန်းဆန်းသွားသလိုရှိမှ

မီးဖိုချောင်လေးထဲဝင်လာခဲ့သည်။

 

“အောက် အီး အီး အွတ်”

 

သူ့ထက် နောက်ကျမှ ထ၍တွန်လိုက်သော လင်းကြက်သံလေးကြောင့် ကြီးညို ပြုံးလိုက်မိသည်။စိတ်ထဲ၌လည်း ငါ့လောက် ဘယ်သူမှ ဇွဲမကောင်းကြပါဘူးလေလို့ တွေးကာ ကျေနပ်နေမိသည်။

မီးဖိုထဲရောက်တော့ မီးသွေးမီဖိုကို မီးစွဲအောင်လုပ်သည်။ ထမင်းအိုးထဲ ဆန်သုံးဘူးထည့်ကာ ရေဆေးလိုက်သည်။ မီးဖိုပေါ်တင်လိုက်ကာ ဆွမ်းဟင်းအတွက် ပြင်ဆင်ရတော့သည်။

 

(၂)

 

ကြီးညို (ခေါ်) ဒေါ်အမာညိုက သည်ရှမ်းပြည်ဇာတိပင်။မောင်နှမသုံးယောက်မှာ အငယ်ဆုံးသမီး။

အစ်ကိုနှစ်‌‌ယောက်ကတော့ အရွယ်ရောက်တာနှင့် အိမ်ထောင်ထူသွားကြကာ တစ်နယ်တကျေးသို့ ပြောင်းသွားကြပြီဖြစ်သည်။ အငယ်ဆုံးသမီး ကြီးညိုသာ မိဘနှစ်ပါးနှင့်အတူနေကာ သမီးအလိမ္မာလေးအဖြစ် အေးဆေးစွာနေခဲ့သည်။

 

“ငါ့သမီးလေး အိမ်ထောင်ပြုတော့။အဖေတို့ မရှိရင် ဒုက္ခများလိမ့်မယ်ကွယ်”

 

“ဟုတ်တယ် သမီးရေ။ အမေကတော့ သမီးလေးကို သင့်တော်တဲ့လူနဲ့ ဘဝတစ်ခု ထူထောင်စေချင်တယ်ကွယ်။ဒီလိုကြီးနေသွားလို့ မဖြစ်ချေဘူး”

 

အရွယ်လွန်လာပြီဖြစ်သည့် ကြီးညိုကို မိဘနှစ်ပါးလုံး နားချပေမယ့် ငြင်းဆန်ခဲ့သည်။ ပေတေပြီး‌နေခဲ့သည်။လာရောက်တောင်းရမ်းသူ၊ချစ်ရေးဆိုသူများကို အကြောင်းအမျိုးမျိုးပြကာ ရှောင်ခဲ့သည်။ ကြာလာတော့ မိဘနှစ်ပါးပင် လက်လျှော့လိုက်တော့သည်။ကြီးညိုကိုယ်တိုင် အိမ်ထောင်‌ရေးကို စိတ်မဝင်စား။ လွတ်လွတ်လပ်လပ် အပျိုကြီးဘဝကို ကျေကျေနပ်နပ်ခံယူကာ လူ့ဘဝကြီးမှာ နေပျော်ခဲ့သည် မဟုတ်ပါလား။

 

“ဟဲ့ အမာညို ဒီအတိုင်းနေတော့မှာလား။ ငါဆို ကလေးနှစ်ယောက်ရပြီနော်”

 

“ဟုတ်ပ ညည်း အသက်ကြီးမှသိမယ်”

 

“အသက်အရွယ်ရမှ စကားပြောရမယ် အမာညိုရေ”

 

သူငယ်ချင်းအပေါင်းအသင်းတွေ ဘယ်လိုပြောပြော ကြီးညို အပြုံးလေးနှင့် တုန့်ပြန်ရင်း နေနိုင်ခဲ့သည်။သည်လိုဘဝလေးကို ကိုယ်တိုင်ကျေနပ်မိတာမို့ နေရတာ အဓိပ္ပါယ်ရှိသည်ဟုထင်မိသည်။အင်း ခုတော့ ကြီးညို ခေါ် အမာညိုပင် အသက် ခြောက်ဆယ့်ငါးပြည့်ခဲ့ပြီ။ မိဘနှစ်ပါးလုံးမရှိကြတော့ပေ။အဝေးက အစ်ကိုနှစ်ယောက်၏ သားသမီးတွေကတေယ့ တစ်ခါတလေ လာကြသည်။သုံးလေးနှစ် တစ်ခေါက်လောက်မို့ လာသည့်အချိန် တူ၊တူမတွေနှင့် ပျော်အောင် နေလိုက်သည်။ကျန်အချိန်တွေကတော့ တရားဓမ္မလေးတွေကသာ ကြီးညိုအတွက်အဖော်ဖြစ်ခဲ့သည်။

 

(၃)

 

အတွေးလွန်နေတာမို့ မီးဖိုပေါ်က ထမင်းအိုးဝေကျမှ

အတွေးစဖျောက်ကာ ထမင်းအိုးငှဲ့လိုက်သည်။ထမင်းအိုးနပ်တော့ ဆီးမွှေးသပ်ကာ ပဲလိပ်ပြာလေးနှပ်လိုက်သည်။ပြီးရင် ငါးရောင်ခြောက်ကလေးကြော်မည်။ အတွေးလေးနှင့် ဆွမ်းဟင်းအတွက် ချက်ပြုတ်နေရတာမို့ စိတ်ထဲ တော်တော်ကြည်နူးမိသည်။

 

“အင်း ခြံနောက်မှာ စားပင်လေးထပ်စိုက်ရမယ်။ဘူး၊သခွါး၊ဖယုံက မပူရပေမယ့် ရာသီပေါ်လေးတွေ စိုက်ထားတော့ ကိုယ်တိုင်စားသုံးရသလို၊အိမ်နီးချင်းတွေလည်း ပေးရတော့ နေ့စဉ် ကုသိုလ်တစ်မျိုးပေါ့လေ”

 

ကြီးညိုတို့ အိမ်လေးက ပေတစ်ရာပတ်လည်ရှိသည်။ တစ်ထပ်အိမ်ကလေးကို မိဘတွေရှိစဉ်ကတည်းက ခိုင်ခိုင်ခန့်ခန့်ဆောက်ထားခဲ့တာမို့ ခုချိန်ထိ နေရတာ အဆင်ပြေသည်။အတန်းပညာတတ်ဖို့ ဉာဏ်မကောင်းခဲ့လေတော့ ရှစ်တန်းတစ်နှစ်ကျကတည်းက ပညာရေးနှင့်ဝေးခဲ့ရသည်။ဘဝဝမ်းစာရှာစားဖို့ အတွက် ဈေးရောင်းလုပ်ငန်းကသာ ကြီးညိုအတွက် အဆင်ပြေခဲ့သည်။မိဘတွေကလည်း သာမန်ဈေးသည်အလုပ်သမားတွေမို့ ကြီးညိုပုခုံးပြောင်းတာဝန်ယူခဲ့သည်။အစားအစာလေးတွေ ရောင်းချဖို့ စိတ်ဝင်စားသည့် ကြီးညိုအတွက်

အကြော်စုံ၊ထန်းလှီးမုန့်၊မုန့်လင်မယား တစ်မျိုးမဟုတ် တစ်မျိုးရောင်းသည်။ ကြီးညိုရောင်းသည့်နေရာလေးက ရပ်ကွက် အလယ်တန်းကျောင်းလေးနှင့်နီးတော့ အဆင်ပြေသည်။ရောင်းကောင်းသည်ဟု ဆိုရပေမည်။ မိဘနှစ်ပါးကို သည်ဈေးရောင်းလုပ်ငန်းလေးနှင့်ပင် သက်ဆုံးတိုင်ထိ လုပ်ကျွေးနိုင်ခဲ့သည်။ဆွမ်းဟင်းလေး အဆင်သင့်ဖြစ်ပြီမို့ ပန်းကန်လေးတွေထဲ ထည့်ထားလိုက်တော့သည်။

 

(၄)

 

“ငါ့ ညီမ တစ်ယောက်တည်း မနေတော့နဲ့ ငါတို့နဲ့လိုက်ခဲ့တော့”

 

“ဟုတ်တယ် အစ်ကိုကြီးနားနေနေ၊ငါ့နားနေနေ နင့်တစ်ယောက်စာအတွက် ဘာမှမဖြစ်ဘူး”

 

“အမှန်ပဲ ငါ့ ညီမ”

 

မိဘတွေ ဆုံးပါးသွားတော့ အစ်ကို နှစ်ယောက်က သူတို့နှင့် လာနေကြဖို့ ပြောပေမယ့် ကြီးညိုလိုက်မသွားခဲ့ပေ။ မိမိဇာတိမြေ ဒီအိမ်လေးမှာပဲ အသက်ထက်ဆုံးနေသွားချင်သည်။

 

“အညို ဘယ်မှ မလိုက်ပါရစေနဲ့ အစ်ကိုတို့ရယ်။အဖေ၊အမေ ခေါင်းချသွားတဲ့ နေရာမှာပဲနေပါရစေ။

အညိုမရှိတော့ရင် အစ်ကိုကြီးတို့ သည်အိမ်ကို ကြိုက်သလိုလုပ်ပါနော်။အညို ဒီအိမ်လေးမှာပဲ အေးအေးချမ်းချမ်းနေပါရစေတော့”

 

ခေါင်းမာလွန်းသည့် ညီမဖြစ်သူကို ဘာမှမပြောကြတော့ပေ။ သူတို့ကိုယ်တိုင်လည်း စီးပွားရေး အဆင်ပြေကြသူများမို့ ညီမဖြစ်သူ စိတ်ချမ်းသာသလို နေပါစေဟု လက်လျှော့လိုက်ကြပုံပေါက်သည်။ အသက်အရွယ်ကြီးလာလျှင် ဒုက္ခရောက်မယ်လို ပြောလည်း ချေပစရာစကားလုံးက အဆင်သင့်မို့ အစ်ကိုနှစ်ယောက်လုံး ကြီးညိုကို လက်မြှောက်အရှူံးပေးလိုက်ကြတော့သည်။

 

“ဒုက္ခကတော့ ကြီး၊ငယ်မရွေး ခံစားရတာပါပဲ အစ်ကိုတို့ရယ်။နောက်ပြီး ဆင်းရဲ၊ချမ်းသာ လူတန်းစားမရွေး တစ်နေ့တော့ ကြုံမှာပဲ။ဒါကို တွေးပူပြီး ကြောက်နေရင် လူဖြစ်ရှူံးသလိုပေါ့။ရတဲ့ ဘဝကို ကျေနပ်နိုင်ပြီး ကိုယ်တိုင် စိတ်ပျော်ရွှင်အောင် နေဖို့က အဓိကလို့ အညို သတ်မှတ်ထားတယ်။အညို တတ်နိုင်သလောက်လှူမယ်။ကျန်းမာရေးဂရုစိုက်မယ်။စိတ်ပျော်အောင်နေမယ်။စိတ်ချမ်းသာတဲ့ ဘဝမှာပိုပျော်တယ်”

 

တရားသဘောနှင့် ယှဉ်ကာ နေတတ်သည့် ကြီးညိုကို အစ်ကိုနှစ်ယောက်လုံး စိတ်ချသွားခဲ့သည်။ ကျေနပ်စွာပင် သည်အိမ်ကြီးကို ကြီးညိုကို အပိုင်ပေးသည်။ ကြီးညိုလက်မခံခဲ့ပေ။ ကြီးညို ဆုံးပါးသွားခဲ့လျှင် တူ၊တူမတွေကို အညီအမျှခွဲဝေပေးဖို့ ပြောခဲ့သည်။ ခုချိန်ထိ ရှာဖွေနေသည့် ငွေကြေးလေးနှင့်စုဆောင်းထားသည့် ငွေလေးတွေက လှူတန်းဖို့နှင့် ကြီးညို လိုအပ်တာ သုံးစွဲဖို့ လုံလောက်သည်ဟုထင်မိသည်။

 

“သူငယ်ချင်းရယ် နင့်ဘဝက အေးချမ်းတယ်ဟယ်။ငါတော့ လင်ပူရ၊သားသမီးပူရနဲ့ဟာ”

 

“ဟုတ်ပ ကိုယ့်အတွက် မလုပ်ရဘူး။သူတို့အရေးက အဓိကဖြစ်နေတာဟယ်”

 

“ဒါတောင် လင်ရကံကောင်းလို့ဟေ့။မဟုတ်ရင် မလွယ်လောက်ဘူး”

 

အိမ်ထောင်သည်သူငယ်ချင်းတွေ ရင်လာဖွင့်တော့ ပြုံး၍ သာ နားထောင်ပေးသည်။ဘဝဆိုတာ ကံစီမံရာလို့ လက်ခံထားတာမို့ ကြီးညို အားလုံးအပေါ်နားလည်ပေးနိုင်သည်။

 

(၅)

 

အလင်းရောင် ပေါ်လာပြီမို့ အိမ်ရှေ့ထွက်လာခဲ့သည်။ ခုံကလေးပေါ်မှာ ဆွမ်းအုပ်၊ဆွမ်းဟင်းခွက်များက အဆင်သင့်ပင်။မနက်ခင်းနေရောင်ခြည်က

ကျက်သရေရှိစွာ လှပနေသည်ဟုထင်မိသည်။

 

“ဆွမ်းတော်ဗျို့”

 

ကျောင်းသားလေး၏ အော်သံက နားထဲမှာ သကာရည်လောင်းသလို ချိုလွန်းသည်ဟုထင်မိသည်။ရွှေ ဝါရောင်သက်န်းတွေနှင့် သပ္ပါယ်လွန်းလှသည့် ဘုရားသားတော်တွေက မျက်လွှာလေးချလို့နေသည်။ကြည်ညိုလွန်း၍ ကြီးညို ဦးဘယ်နှစ်ကြိမ်ချမိမှန်းမသိပေ။ စိတ်ကြည်နူးစွာ သဒ္ဓါတရားအပြည့်ဖြင့် ဆွမ်း၊ဟင်း လောင်းလှူကာ နိဗ္ဗာန်ကိုသာရည်စူးမိသည်။

 

“အိုခြင်း၊နာခြင်း၊သေခြင်းကင်းဝေးရာ ခန္ဓာသိမ်းရာ မြတ်နိဗ္ဗာန်သို့ ရောက်ရပါလို့၏ဘုရား”

 

လှူတန်းတိုင်း စိတ်ထဲက အမြဲတမ်းတောင်းမိသည့် ဆုကလေးပင်ဖြစ်သည်။မနက်ခင်းအလှကို သဒ္ဓါတရားလေးနှင့် ရှင်သန်ခဲ့ရတာ ခုချိန်ထိမဟုတ်ပါလား။နေရသည့် အချိန်ခဏလေးမှာ လူဖြစ်ရကျိုးနပ်ချင်သည်။သောကအပူ ကင်းနိုင်သလောက်နေထိုင်ခဲ့သည်။စိတ်ချမ်းသာအောင် အမြဲတမ်း အရာရာကို နားလည်ပေးနိုင်ဖို့ ကျင့်ယူနိုင်ခဲ့သည်။ခုချိန်ထိ နေထိုင်ရသည့် ဘဝကို ကြီးညို ကျေနပ်နေမိသည်။

        တရွေ့ရွေ့ထွက်ခွါသွားသော သံဃာတန်းကြီးကို မြင်ကွင်းက ပျောက်ကွယ်သွားသည့်အထိ ကြီးညို ကြည့်နေမိသည်။တစ်နေ့တာ တာဝန်လေးအထမြောက်သွားပြီမို့ ကျေနပ်မိသည်။ခန္ဓာကြီး အသက်ဆက်ဖို့အတွက် အာဟာရဖြည့်တင်းရအုံးမည်။ကျန်းမာမှ အလုပ်လုပ်နိုင်မည်။ အလုပ်လုပ်မှ နေ့ရက်တိုင်း တတ်စွမ်းသလောက် အလှူလေးလုပ်ရမည်။ အတွေးနှင့်ကြည်နူးပီတိဖြာလျက် ဈေးရောင်းဖို့အတွက် လိုအပ်တာများယူကာ လမ်းထိပ်သို့ ထွက်လာခဲ့တော့သည်။

 

ပြီပါပြီ

 

စာရေးသူ ဆောင်းမာန်ဝင့်အောင်အားလေးစားလျက်