မြေခွေး

မြေခွေး(စ/ဆုံး)

————-
ကိုကျောက်စီ ဆိုတဲ့လူကို တစ်နယ်လုံးက သိကြတာတော့ မဟုတ်ဘူး။ သူနေတဲ့ တဲကလေးနဲ့ တော်တော်လေး လှမ်းတဲ့ တန်းလျား လေးငါးလုံးက လူတွေ (မသကာ ရှိလှရင် လူခြောက်ဆယ်လောက်) ကပဲ သိတာပါ။ကျောက်စီ ဆိုတဲ့ နာမည်ကိုလည်း တချို့က ကျောက်စိ တဲ့၊ တချို့က ကျောက်စီ တဲ့။ ကိုကျောက်စီကလည်း ထူးလိုက်တာပါပဲ။
သူ့ဟာသူတောင် ကျောက်စိ လား၊ ကျောက်စီ လား၊ ကျောက်စည် လား သိတာ မဟုတ်ဘူး။

သူ့ပုံက ကျောက်ပွင့်ကလေးတွေ စီထားတဲ့ ကျောက်စီတော့ မဖြစ်နိုင်ဘူး။ ဘုန်းကြီးကျောင်းတွေက အင်ကြင်းပင်ကြီးတွေ သိပ်ကြီး သွားလို့ ကျောက်ဖြစ်သွားတဲ့ အခါ လုပ်လေ့ရှိတဲ့ ကျောက်စည် ထိုးတဲ့ ကျောက်တုံးကြီး တစ်တုံးနဲ့ တူလို့ ဖြစ်ချင်းဖြစ်ရင် ကျောက်စည် ဆိုတဲ့ နာမည်နဲ့က ပိုလိုက်တယ်။

ထားပါတော့၊ ကျောက်စီပဲ ။ လူက မည်းလိုက်တာ သပိတ်ကိုသာ ကြည့်တော့။ ခေါင်းတုံးကလည်း အမြဲရိတ်တော့ ဦးပြည်းဟာ ဘယ်တော့မဆို ပြောင်နေလေ့ ရှိတယ်။ ရုပ်ကလည်း ဇာတ်ထဲက ဘီလူးခေါင်းစွပ်ကို တွေ့ဖူးတယ် မဟုတ်လား၊ အဲဒီ ရုပ်မျိုး။ မျက်ခုံးနဲ့ မျက်လုံးတွေက အပေါ်ကို ထောင်တက်နေတော့ အမြဲတမ်း ရန်လိုနေတဲ့ မျက်နှာပေးက ထင်းခနဲ ပေါ်နေတတ်တယ်။

ရင်ဘတ်မှာက မင်ကြောင်ထိုး နဂါးတစ်ကောင် ရှိတယ်။ မည်းနေတဲ့ အသားပေါ်က စိမ်းဖန့်ဖန့် ဆေးမင်ရယ်၊ နဂါးအကြေးနဲ့ ဟင်္သပြဒါး အနီရယ်ဟာ ရုတ်တရက် ကြည့်ရင် မပေါ်ချင်ဘူး။ ဒါပေမဲ့ နဂါးခေါင်းကတော့ သေသေချာချာ ကြည့်ရင် သိပ်အနုစိတ်တဲ့ ခေါင်းမျိုး ဗမာနဂါးလည်း မဟုတ်ဘူး။ အကွေးအတွန့်တွေနဲ့ အမွေးအမှင်တွေများတဲ့ စိန့်တိုင်းက နဂါးရုပ်မျိုး။

အကြေးခွံတွေ အထပ်ထပ်နဲ့ နဂါးကိုယ်လုံးဟာ သူ့ ရင်ဘတ်ကတစ်ဆင့် ညာဘက် လက်မောင်းကနေ ဆင်းသွားလိုက်တာ ညာဘက် လက်ခုံပေါ်မှာ ဆုံးတယ်။ ရင်ဘတ်က နဂါးခေါင်းက အောက်ဘက်ကို ပါးစပ်ဖြဲ လှည့်ထားတော့ ဝမ်းဗိုက်တစ်ခုလုံး နီးပါးဟာ နဂါးခေါင်းနဲ့ ပြည့်နေလေရဲ့။

“ကျောက်စီတို့ကတော့ ‘နတ်၊ ပြာ၊ တွဲ – တောင်’ တို့၊ ‘တော်၊ ကျွတ်၊ မုန်း – ရှေ့’ တို့ မဟုတ်ဘူးဗျ။ အမြဲတမ်း နဂါးခေါင်း အောက်ကို လှည့်တယ်”
လို့ မူးလာရင် အမြဲ ပြောတတ်တယ်။ အမြဲ ပြောနိုင်ဖို့ကလည်း အမြဲ မူးနေဖို့ လိုတယ်လို့လည်း တွက်ထားဟန်တူပါရဲ့။ အရက်နဲ့ မျက်နှာသစ်၊ အရက်နဲ့ ပလုတ်ကျင်း၊ အရက်နဲ့ပဲ ထမင်းစား၊ အရက်နဲ့ပဲ ခြေဆေးတယ် ဆိုတဲ့လူ။

လောလောဆယ်တော့ သူဟာ လူသူနဲ့ဝေးဝေး တောအုပ် ညို့ညို့ကြီးထဲက တဲကလေး တစ်လုံးမှာ နေတယ်။ သူ့ပတ်ဝန်းကျင်မှာ အင်မတန် နက်ရှိုင်းတဲ့ ကျင်းကြီး၊ ချိုင့်ကြီးတွေ ရှိတယ်။ အတော်အတန် ကြီးတဲ့ သစ်ပင်ကြီးတွေ ရှိတယ်။ တောင်ကုန်း မြင့်မြင့်ကြီးတွေ ရှိတယ်။ ပြီးတော့ သူ တာဝန်ယူ စောင့်ရတဲ့ မြေကော်တဲ့ ယန္တရားကြီး တစ်လုံးလည်း ရှိတယ်။

ဒီယန္တရားကြီးဟာ အဲသည် ပတ်ဝန်းကျင်က တောတွေ၊ တောင်ကုန်းတွေကို ဖြိုတဲ့ ယန္တရားကြီးပဲ။ ကျင်းတွေ၊ ချိုင့်တွေဟာ အဲသည် ယန္တရားကြီးရဲ့ လက်ချက်ပဲ။ အမြဲတမ်းတော့ မဟုတ်ဘူး၊ လိုအပ်တဲ့အခါ ယန္တရား မောင်းတဲ့လူ ရောက်လာပြီး ကော်တော့တာပဲ၊ ဖြိုတော့တာပဲ၊ တူးတော့တာပဲ။

မလိုအပ်တဲ့အခါ သုံးလေးလ မလာပြန်ဘူး။

ဘာပဲဖြစ်ဖြစ် ကိုကျောက်စီက ပစ္စည်းတွေ မပျောက်ပျက်အောင် စောင့်ရတယ်။ စက်ကြီးက တောထဲမှာ နှစ်ပေါက်အောင် ရှိနေတတ် တော့ သူကလည်း နှစ်ပေါက် နေနေရ တော့တယ်။ သည်တောထဲမှာကိုပဲ သူနေရတာ ရှစ်နှစ် ပြည့်တော့မယ်။ သောက်ရေအိုး အညှိတက် တစ်လုံး၊ သင်ဖြူးဟောင်း တစ်ချပ်နဲ့ မီးဖိုချောင် ပစ္စည်းလေး အနည်းအကျဉ်းက လွဲရင် တဲထဲမှာလည်း ဘာမှ မရှိဘူး။

ယန္တရားကြီး အလုပ်ရှိတဲ့အခါ သူ အူစိုတယ်၊ ဆီလေး ဘာလေးလည်း ရတယ်၊ ပိုက်ဆံလေး ဘာလေးလည်း ရတယ်။ ကျန်တဲ့ အချိန်ကတော့ ကလေးတွေ ပြောသလို လက်ချည်းပဲ။ ရတဲ့ လခကလေးနဲ့ စားရတာပဲ။ တစ်လ တစ်လ ရတဲ့ လခကလေးဟာ မနီးမဝေး တန်းလျားက အိမ်ဆိုင်ကလေးကို အရက်ဖိုး ဆပ်တာနဲ့ ကုန်တာပါပဲ။ လဆန်းရင် ပြန်စ၊ လကုန်ရင် အတိုးဆပ် … သည်လိုနဲ့ လည်ပတ် နေတာပါပဲ။

အိမ်ဆိုင်ကလေး ကလည်း အရက်ကောင်းကောင်း ရောင်းတာ မဟုတ်ဘူး၊ တာဇံလို့ ခေါ်တဲ့ ကောက်ညှင်းအရက် ခေါ်မလား၊ ထန်းလျက်အရက် ခေါ်မလား၊ အဲဒါပဲ ရတာ။ ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ ညနေစောင်းရင် သူ့တဲကလေးကနေ နာရီဝက် မရှိတရှိလောက် လျှောက်လာ၊ တန်းလျားခန်းတွေ ထဲကို ဝင်၊ တစ်ခွက် တစ်ဖလား သောက်၊ ပြီးရင် ပြန် … ဒါဟာ နေ့စဉ် သူလုပ်နေကျပဲ။

အရင်တုန်းကတော့ (သည် ယန္တရားကြီးကို လုံခြုံရေး မစောင့်ရခင်တုန်း ကတော့) ဘဝ တော်တော် များများမှာ ကျင်လည်ခဲ့တာ ထားပါတော့၊ အခု ဒီဘက် ရှစ်နှစ်လောက်ကတော့ သူ့မှာ မနက်-ည သည် တန်းလျားလေးကို လာပြီး အရက်သောက်၊ ပြီးရင် ပြန်ပဲ။ တောထဲက တဲကလေးထဲမှာ ညဘက် ဒီဇယ်ဆီ မီးခွက်ကလေးနဲ့ မှိတ်တုတ်မှိတ်တုတ် နေတော့တာပါပဲ။

ခက်တာက ယန္တရားကြီး မလည်ရတာ ကြာပြန်ပြီ။ ယန္တရားမောင်းတဲ့လူ ကလည်း ယန္တရား မလည်တော့ မလာတော့ဘူး။ သည်တော့ သူ့မှာ တခြား ဝင်ငွေလည်း မရှိဘူး။

အစားမှန်မှန် မစားတာရော၊ အရက်တွေ ထောင်းထအောင် သောက်တာရောကြောင့် သူလည်း တစ်စတစ်စ ပိန်ချုံးသထက် ပိန်ချုံး လာတယ်။

သူ ပိန်ချုံးလာတော့ သူ့ရင်ဘတ်က နဂါးကြီးကလည်း ပိန်ချုံး လာတော့တာပဲ။ လက်တွေ ခြေတွေလည်း တုန်လာတယ်။ မကြာ မကြာလည်း အအေးမိတယ်။ အဆုတ်ကလည်း ပွချင်တယ်။ ခြင်တွေ၊ ဖြုတ်တွေကလည်း သီးနေအောင် ကိုက်ထားတော့ အရေပြားတွေ မှာလည်း အနာ့ပဆုပ်တွေ၊ ပွေးတွေ၊ ဝဲစိုတွေ၊ ညှင်းကြီးကွက်တွေနဲ့ အပြည့်ပဲ။

ရေ ဆိုတာကလည်း တူးထားတဲ့ ချိုင့်တွေထဲက တင်နေတဲ့ မိုးရေကို ချိုးရင် ချိုး၊ သောက်ရင် သောက်၊ ဒါပဲ။ ဘယ်ကမှ ရေသန့်သန့် မရနိုင်ဘူး။

အဲသလိုနဲ့ …

အဝါရင့်ရောင် ယန္တရားကြီးရယ်၊ တဲကလေးတစ်လုံးရယ်၊ သူရယ်၊ သူ့ရင်ဘတ်က နဂါးတစ်ကောင်ရယ်၊ ကျင်းတွေ ချိုင့်တွေရယ်၊

သစ်တော ညို့ညို့ရယ်၊ ဖျာတစ်ချပ် ရေအိုးတစ်လုံးရယ်၊ တာဇံထည့်တဲ့ ပုလင်းလွတ် လေးငါးလုံးရယ်က လွဲရင် သူ့မှာ တွယ်တာစရာ ဘာ သံယောဇဉ်မှ မရှိဘဲ နေလာတာကိုက ပြောခဲ့ပါပြီကော၊ ရှစ်နှစ်လောက် ရှိပြီလို့။

(၂)
ရေတမာရွက် ကြမ်းကြမ်းတွေ ကြားက နှင်းဆီပွင့်တွေဟာ ရောင်စုံပဲ။ လှလိုက်တာလည်း မပြောနဲ့တော့။

အဝါလည်း ပါတယ်၊ ပန်းသွေး နုနုတွေလည်း ပါရဲ့၊ ကြက်သွေးရောင် စိုစိုဖတ်ဖတ်ကြီးတွေ ဆိုတာကလည်း မနည်းဘူး၊ နှင်းဆီရနံ့တွေ ကလည်း သူ့တဲကလေးထဲမှာ ကြိုင်လို့ လှိုင်လို့။

လှချင်တိုင်း လှနေတဲ့ နှင်းဆီပွင့်တွေကို ကိုကျောက်စီ ငေးတောင် နေမိတယ်။ အပွင့် ရောင်စုံတွေကိုလည်း သူ့လက် ကြမ်းကြမ်းကြီး တွေနဲ့ တယုတယ ပွတ်သပ် ကြည့်မိသေးတယ်။

ကိုကျောက်စီက သူ့ရဲ့ ကတုန်ကယင် လက်တွေနဲ့ နှင်းဆီပွင့်ကလေးတွေကို အသာအယာ ဆွဲနုတ်တယ်။ အဝါတွေကို သတ်သတ် ဖယ်တယ်၊

ပန်းရောင် အဖူးကလေးတွေကို သီးသန့် ထားတယ်။ ကြက်သွေးရောင် နီညိုညို အပွင့်ကြီးတွေကိုတော့ များလွန်းလို့ နှီးစမျှင်မျှင်ကလေး တွေနဲ့ အရင် စည်းတယ်။ ငါးပွင့် တစ်စည်း၊ လေးပွင့် တစ်စည်း စည်းတယ်။ ဖြစ်သင့်တာက ဆန်ကောလို၊ လင်ပန်းလို အချပ်ကြီးထဲမှာ စီပြီး ထည့်ထားရမှာ။

သူ့မှာ ဆန်ကော မရှိဘူး။ သည်တော့ တောငှက်ပျောရွက်ကြီးတွေနဲ့ တစ်ရောင်စီ ခွဲထုတ်တယ်။

ရေညှိတက်နေတဲ့ သောက်ရေအိုးက ရေတစ်ခွက် ခပ်တယ်။ တစ်ဝက်ကို သောက်တယ်။ တစ်ဝက်ကို ပန်းတွေအပေါ် ဖျန်းတယ်။

တဲအပြင်ထွက်ပြီး အလင်းရောင်ကို ကြည့်တယ်။ အချိန် ရှိသေးတယ်၊ ရှိလှမှ သုံးနာရီခွဲပဲ။

သူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တယ်။ တာဇံနည်းနည်း သောက်လိုက်တယ်။ ပြီးတော့ တန်းလျားဘက်ကို နှင်းဆီဖက်တွေ ပိုက်ပြီး ထွက်လာခဲ့တယ်။

တစ်သက်နဲ့ တစ်ကိုယ် ကိုကျောက်စီ ပန်းရောင်းတာ မတွေ့ဖူးကြတဲ့ တန်းလျားထဲက လူတွေ ကိုကျောက်စီ ပန်းလာရောင်းတယ် ဆိုတော့ အထူးအဆန်းကို ဖြစ်လို့။ ဘယ်လို ဖြစ်တာလဲ၊ ဘာသဘောလဲ၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ပန်းရောင်း ဖြစ်သွားတာလဲ … အဲသလို တွေးကြတယ်။

“ကိုင်း … ပန်းတွေဗျို့ … ခြံပန်း လတ်လတ်ဆတ်ဆတ်တွေ၊ နှင်းဆီတွေ …”

တချို့ကလည်း ရယ်ကြတယ်၊ တချို့ကလည်း သနားကြတယ်၊ တချို့ကလည်း ဒီကောင် လုပ်လာ ပြန်ပြီလို့ တွက်ကြဟန် တူပါရဲ့ ခပ်တည်တည်ပဲ။

မည်းချိပ်နေတဲ့ အသား၊ အင်္ကျီမပါ၊ ဖိနပ်မပါ၊ ပုဆိုးတိုတို (အဲဒီ ပုဆိုးကလည်း နှစ်ပေါက် ပုဆိုးပဲ) နဲ့ နှင်းဆီပန်း ရောင်စုံနဲ့က ဘယ်လို မှကို ဆက်စပ် ကြည့်လို့ မရဘူး မဟုတ်လား။

တန်းလျား ဟိုဘက်ထိပ်က ဒီဘက်ထိပ်ကို တစ်ခေါက်ပဲ လျှောက်ရတယ်၊ နှင်းဆီပန်းတွေ လုယူလိုက်သလို ကုန်သွားတယ်။

အဲသည် ဝယ်ကြတဲ့ မိန်းမတွေထဲမှာ သူ လာသောက်နေကျ တာဇံ ရောင်းတဲ့ဆိုင်က မိန်းမကိုတော့ သူ မရောင်းဘူး။ အဲဒီမိန်းမက နှင်းဆီအဝါ တစ်စည်းကို လာကိုင်တယ်။ သူက အတင်း ပြန်ယူလိုက်တယ်။ ဘာမှတော့ မပြောဘူး။

အဲသည် မိန်းမက “ရှင့် အရက်ကြွေးနဲ့ မနှိမ်ပါဘူး၊ ပိုက်ဆံ ပေးမှာပါ” လို့ ပြောတဲ့ကြားကကို သူ မရောင်းတာ။ “ခင်ဗျားကို သတ်သတ် အလကား ပေးပါ့မယ်၊ နောက်မှ ယူပါဗျာ” လို့ပဲ ပြောတယ်။

အဲသည် မိန်းမလည်း စိတ်ဆိုး သွားတယ်နဲ့ တူပါတယ်၊ “သောက်ကြီး သောက်ကျယ်” လို့ တစ်ခွန်းပဲ ပြောပြီး ပြန်သွားတယ်။ ဒါပါပဲ။

ကျန်တဲ့ မိန်းမတွေ အားလုံးကို ရောင်းလိုက်တာပါပဲ။ ဈေးထဲမှာ တစ်စည်းကို ခုနစ်ကျပ် ရှစ်ကျပ် ပေးရမယ့် အစည်းတွေကို လေးကျပ် ငါးကျပ်နဲ့ ရောင်းတော့ နှင်းဆီပန်းတွေ အားလုံးဟာ ခဏကလေးနဲ့ ကုန်သွားတယ်။

ကိုကျောက်စီရဲ့ စိတ်တွေဟာလည်း ပေါ့ပါးလွတ်လပ် သွားတယ်။ အဘွားကြီး တစ်ယောက်ကတော့ လူကြီး မဟုတ်လား၊ ကိုကျောက်စီ ပန်းရောင်းတယ် ဆိုတော့ ဝမ်းသာလို့ အားပေးတဲ့ အနေနဲ့ တစ်စည်း ဝယ်တယ်။

“ငါ့တူ ကျောက်စီလည်း မရောင်းစဖူး ပန်းတွေ ဘာတွေ ရောင်းလို့ပါလား။ သာဓုတော် … သာဓု … ကိုယ်တော်လေး ဆက်ရမယ် … မှန်း တစ်စည်းကို ဘယ်လို ရောင်းတုံး”
လို့လည်း ပြောတယ်။ မရောင်းစဖူး ဆိုတာ အဓိပ္ပါယ် ရှိတယ်။ ကောင်းရောင်း ကောင်းဝယ် လုပ်စား နေပါရောလားလို့ ပြောလိုက် တာလည်း ဖြစ်တယ်။

သူတို့ သိထားတဲ့ ကျောက်စီဟာ ဘယ်တုန်းကမှ ကောင်းရောင်း ကောင်းဝယ် ရှိခဲ့တာမှ မဟုတ်တာကိုး။

မနက် မိုးလင်းအောင် သောက်ပြီးရင် စရိုက်ကြမ်းကြမ်းနဲ့ ရိုက်ဖို့နှက်ဖို့လောက် စဉ်းစားနေတဲ့လူ၊ ခိုးဖို့ဝှက်ဖို့ ကြည့်နေတဲ့လူ မဟုတ်လား။ သူ့တဲနဲ့ မနီးမဝေး တောထဲမှာ ကိုးကျင်းကိုးကြောင်း လျှောက်သွားနေတဲ့ နွားတစ်ကောင်ရဲ့ တင်ပါးသားတွေချည်းပဲ ရဲတင်းနဲ့ ခုတ်ယူရင် ယူလိုက်တဲ့လူ မဟုတ်လား။ တင်းပါးဆုံသား အိအိကြီးတွေ ပါမလာတဲ့ နွားတွေဟာ နည်းတာမှ မဟုတ်တာ။ ပိုင်ရှင်တွေက ကိုကျောက်စီ လက်ချက်မှန်းလည်း သိပါတယ်၊ ခက်တာက ကိုယ်တိုင် မမြင်ဘူးလေ၊ ပြောလည်း မပြောရဲဘူးလေ။

နောက် လုပ်နေကျ ရှိသေးတယ်။ ဟိုဘက်ထိပ် ဒီဘက်ထိပ် ငုတ်ရိုက်၊ လေးခွသားရေ တင်းတင်းဆွဲချည်၊ ပြီးရင် ထစ်ကလေးတစ်ခု ခံပြီး ကြိုးနဲ့ ခပ်ဝေးဝေးကို ဆွဲထား၊ သားရေကြိုး ပတ်လည်မှာ ဆန်စေ့တွေ ကြဲထား၊ စာကလေးတွေက အုပ်လိုက် ဝင်စားပြီ ဆိုတော့မှ ကြိုးနဲ့ ခလုတ်ကို ဖြုတ်လိုက်ရင် စာကလေး ဆယ်ကောင်လောက်ဟာ တုံးလုံးပက်လက် ကျန်ရစ်ခဲ့ရော။ ဒါဟာ ကိုကျောက်စီအတွက် အမြည်းပဲ။ အဲသည် ညနေဟာ တာဇံနဲ့ စာကလေးကင် ညနေပဲ။

သည့်အရင်ကလည်း ပန်းရန်နောက်လိုက် ဆိုပြီး တစ်ရက် နှစ်ရက် ပန်းရန် လိုက်လုပ်ဖူးတယ်။ နောက်တစ်နေ့ မလိုက်ရတော့ဘူး။ ပန်းရန်ဆရာ ခေါင်းဆောင်ရဲ့ ညို့သကျည်းကို ခုတ်တူနဲ့ ခုတ်ပစ်ခဲ့လို့ တဲ့။

ကိုကျောက်စီအတွက် တစ်ခု ကောင်းတာက သူ့မိခင်ဌာနက သူရှိနေတဲ့ တဲကလေးနဲ့ တော်တော်ကြီး ဝေးတဲ့ နေရာမှာ ရှိနေတာပဲ။ သည် ယန္တရားကြီးနဲ့ ကိုကျောက်စီ ရှိတဲ့ နေရာကို တော်ရုံတန်ရုံ တာဝန်ရှိတဲ့ လူကလည်း ရောက်လာလေ့ မရှိဘူး။ ယန္တရားကြီးက ပစ္စည်း မပျောက်သရွေ့ ကိုကျောက်စီဟာ ယန္တရားနဲ့အတူ ရှိသလား မရှိဘူးလား၊ ဂရုတစိုက် စောင့်ကြည့်သလား မစောင့်ကြပ် ဘူးလားလည်း သိပ်စစ်ဆေးလေ့ မရှိဘူး။

သည်တော့ သူ စိတ်ကူးတည့်ရာ လုပ်လေ့ရှိတယ်။ ယန္တရားကြီးကို ပစ်ထားလေ့ ရှိတယ်။ ယန္တရားကြီးကို ပစ်ထားပြီး သွားချင်ရာ သွားနေတာပဲ။

လုပ်ချင်တဲ့အလုပ် ထွက်လုပ်နေတာပဲ။ လုပ်တိုင်းလည်း ဇာတ်သိမ်းက မကောင်းဘူး။ ပြဿနာနဲ့ ဆုံးတာချည်းပဲ။

တော်ရုံတန်ရုံလည်း ကိုကျောက်စီရဲ့ ပုံပန်းသဏ္ဌာန်နဲ့ သူ့ရင်ဘတ်က နဂါးကြီးကို ကြောက်လို့ မပြောဖြစ်ကြတော့ဘူး။ နောက်တစ်ခါ မဆက်ဆံတာပဲ ရှိတယ်။ သူကတော့ စုံတယ်။ မိန်းမပျက် တချို့ကို ဆက်သွယ်ပေးတဲ့ အလုပ်လည်း လုပ်တယ်၊ ဝက်သေးအိမ်နဲ့ တာဇံ သယ်ပေးတာလည်း လုပ်တယ်၊ အငှား ဝက်ပေါ် နွားပေါ်ဖို့ ရဲတင်း တစ်လက်နဲ့ အသင့် စောင့်နေတတ်တာလည်း ရှိတယ်၊ ခပ်တည်တည်နဲ့ မိုက်ကြေး ခွဲတတ်တာလည်း ရှိတယ်၊ တာဇံ ဆိုင်လေးမှာ ခွက်တစ်လုံးနဲ့ လိုက်တောင်းပြီး သူများ သောက်စားနေတဲ့ အထဲက ဆိုးခနဲ ဆတ်ခနဲ နှိုက်စား လိုက်တာလည်း ရှိတယ်။

တန်းလျားထဲက လူတွေ သိတဲ့ ကိုကျောက်စီက အဲသလို ကိုကျောက်စီကိုး … အခု ပန်းရောင်းတယ် ဆိုတော့ နားမလည်နိုင်ကြဘူး။ ဘာပဲဖြစ်ဖြစ် ပန်းရောင်းတာဟာ ကောင်းတဲ့ အလုပ်ပဲ။ နူးညံ့ပျော့ပျောင်း လာတဲ့ သဘောပဲ။

ကိုကျောက်စီဟာ သည်လိုနည်းနဲ့ သူ့ဘဝကို ပြုပြင်လာတယ် ဆိုရင် ပြီးတာပဲ။ လူဆိုတာ မှားတုန်းက မှားခဲ့တာပဲ။ ကောင်းလာပြီ ဆိုရင်လည်း ဘာပြောစရာ ရှိမလဲ ခွင့်လွှတ်လိုက်ကြ ရတာပဲ မဟုတ်လား။

အဲသည် ညနေက ကိုကျောက်စီ အဘွားကြီးကို ပန်းတစ်စည်း အပိုပေးတယ်။ အဘွားကြီးကို မူးမူးနဲ့ ထိုင်လည်း ကန်တော့လိုက် သေးတယ်။

သူ့အတွက်ပါ ပန်းကပ်ပေးပါ ဆိုပြီး တစ်စည်းသတ်သတ် ပေးလိုက်သေးတယ်။ အဘွားကြီး ဆိုတာ သာဓုချင်း မိုးမွှန်သွားတာပဲ။

ကိုကျောက်စီ ပြန်လာတော့ လက်ထဲမှာ ငွေလေးဆယ်ကျော်ကျော် ပါလာတယ်။ တာဇံရောင်းတဲ့ အိမ်ကလေးဆီကို သွားတယ်။

တာဇံရောင်းတဲ့ မိန်းမက သူ့ကို ပန်းမရောင်းလို့ မကျေနပ်ပေမယ့် လက်ငင်းပေး သောက်တော့ ရောင်းတာပါပဲ။ တစ်ပိုင်း သောက်တယ်၊ တစ်ပိုင်းကို ပုလင်းငှား ထည့်လာပြီး ယူလာခဲ့တယ်။ သူ့တဲကလေးထဲ ရောက်တော့ ထပ်သောက်တယ်။ အူလည်း မြူးနေတယ်။ ပျော်လည်း ပျော်နေတယ်။

အဲသည် ညက ကိုကျောက်စီ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်တယ်။ ခြင်တွေ ဖြုတ်တွေ တစ်ကိုယ်လုံးမှာ သီးနေတဲ့ကြားက အိပ်မက်တွေတောင် မက်နေလိုက်သေးတယ်။

(၃)
နောက်တစ်ရက်မှာတော့ နှင်းဆီပန်းတွေ မဟုတ်ပြန်ဘူး၊ ပန်းတော့ ပန်းပဲ။ ဂန္ဓမာတွေ … ရောင်စုံလည်း မဟုတ်ဘူး၊ အဖြူတွေချည်း သန့်သန့်။

ဂန္ဓမာဖြူ ပွင့်တွေဟာလည်း အပွင့် ထွားထွားကြီးတွေ ပါပဲ။ လှနေတာပါပဲ။

ဂန္ဓမာပွင့်တွေ ကိုလည်း တောငှက်ပျောဖက်နဲ့ သေသေသပ်သပ် ထုပ်တယ်။ ရေဖျန်းတယ်။ တန်းလျားဘက်ကို ထွက်ရောင်းတယ်။

“ဟော … ကိုကျောက်စီကြီး … နှင်းဆီပန်း မရတော့ဘူးလား”
“အင်း … ကနေ့ ဂန္ဓမာပဲ ရလာလို့ … ကောင်းလိုက်တာ၊ ဂန္ဓမာတွေ ယူပါဦး”
“နေပါဦး … ဘယ်ကယူရောင်းတာလဲ”
“ခြံက … သူငယ်ချင်းခြံက … အဝေးကြီးပါဗျာ။ မတတ်နိုင်ဘူးဗျာ၊ တစ်နေ့ နှစ်ဆယ်ကျန်ကျန် အစိတ်ကျန်ကျန် လုပ်ရတော့တာပဲ”
“ကောင်းတာပေါ့ … ဒီအစည်းကြီးက ဘယ်လိုရောင်းတုံး”
“ငါးကျပ်နဲ့ပဲ ယူ”

သည်လိုနဲ့ ဂန္ဓမာတွေလည်း ကုန်သွားတာပဲ။

အဲသည် နေ့ကလည်း ကိုကျောက်စီ မြက်မြက်ကလေး ရတယ်။ ငါးဆယ်ကျော်ကျော် ရတယ်။ သည်ကနေ့ တန်းလျားက မိန်းမဆိုင်မှာ သွားမသောက်တော့ဘူး။ ကိုမောင်ကွန့် ဘီအီးဆိုင်ဘက်ကို သွားတယ်။ ပဲခြမ်းသုပ်ကလေးနဲ့ ဘီအီးတစ်ပိုင်းနဲ့ ထိုင်နေလိုက်တာ ညနေ ခြောက်နာရီ ကပ်နေပြီ ဆိုတော့မှ ထတယ်။

အဲသည် ညက ဘီအီး သောက်လာပေမယ့် တဲကိုရောက်တော့ တာဇံနဲ့ ပိတ်တယ်။ တော်တော်လေး မူးတော့မှ ရပ်တယ်။ သူ့မျက်နှာကြီး ဟာ အဲသည်ညက တော်တော် ကြောက်စရာ ကောင်းနေတယ်။ အရက်မူးနေတဲ့ ဘီလူးတစ်ကောင်နဲ့လည်း တူနေတယ်။ အဲသည်ညက တဲအပြင်မှာ ထိုင်နေရင်းက ပန်းရောင်းရတဲ့ ငွေတွေကို ရေတယ်။ တဲခေါင်မိုးမှာ ပိုက်ဆံခေါက်ကို ညှပ်တယ်။ ဘာစိတ်ကူးပေါက်လို့လဲ မသိဘူး၊ ကိုကျောက်စီ တဲရှေ့က ကွင်းပြင်ကို ကြည့်ရင်း ရယ်တယ်။ အားရပါးရကို ရယ်တာ။ တောတွေ၊ တောင်ကမူတွေ၊ ချိုင့်ဝှမ်းတွေ ကြားမှာ အဲသည်ညက ကိုကျောက်စီရဲ့ ရယ်သံဟာ ချောက်ချားစရာ ကောင်းနေတယ်။ ကိုကျောက်စီရဲ့ ဝမ်းဗိုက်ပေါ်က နဂါးကြီး ဟာလည်း အဲသည်ညက မာန်စွယ် တဖွေးဖွေးနဲ့ … တလှုပ်လှုပ်နဲ့ … ထိလိုက်ရင် ပေါက်လိုက်မယ့် အစွယ်တွေနဲ့ … မျက်စောင်း တစ်ချက် ထိုးလိုက်ရင် ပြာဖြစ်သွားလောက်တဲ့ မျက်လုံးတွေနဲ့ …

နောက်နေ့တွေ နောက်နေ့တွေမှာလည်း ကိုကျောက်စီ ပန်းရောင်း ထွက်တာပါပဲ။ ညနေတိုင်း တောငှက်ပျောရွက်ကလေးနဲ့ စည်းလာတဲ့ အစည်းထဲမှာ ပန်းတွေသာ ပြောင်းသွားတယ်၊ ပန်းတွေတော့ ပါတာချည်းပဲ။

တစ်ခါတစ်ခေါက်တော့လည်း ပန်းပြတ်သွားတာလည်း ပါတယ်။ မလာဖြစ်ဘူး။ တစ်ခါတစ်ခေါက်လည်း ဆက်တိုက် ရောင်းဖြစ် နေပြန်ရော။

ပန်းရရင် ရသလို ဆိုပါတော့။

ပန်းတွေကတော့ အမျိုးမျိုးပေါ့လေ။

တစ်ခါတစ်ခါ နှင်းဆီ၊ တစ်ခါတစ်ခါ ဂန္ဓမာ၊ တစ်ခါတစ်ခါ ဖယောင်းပန်း ရိုးတံရှည် အနီ-အဖြူ၊ တစ်ခါတစ်ခါ ဟော်လန်ဒေစီ၊ တစ်ခါတစ်ခါ အာဖရိကန်ဒေစီ …။

(၄)
ပထမတော့ ကိုကျောက်စီ ပန်းလာမရောင်းတဲ့ နှစ်ရက်လောက်ကို တန်းလျားစုက လူတွေက သတိမထားမိကြဘူး။ ပန်းမရတဲ့ နေ့တွေမှာ ကိုကျောက်စီ လာလေ့မှ မရှိတာကိုး။

ကိုကျောက်စီ သောက်နေကျ တာဇံဆိုင်ကလေးကိုလည်း နှစ်ရက်လောက် မရောက်ဖြစ်ဘူး။ ဒါလည်း ကိုမောင်ကွန့် ဆိုင်ဘက် လှည့်နေတာ ဖြစ်မှာပဲ လို့ တွက်လို့ ရနိုင်တာကိုး။

ကိုကျောက်စီ နှစ်ရက်လောက် ပန်းလာမရောင်းတာဟာ ဘာမှလည်း ထူးဆန်းတာ မဟုတ်ဘူး။ ဒါပေမဲ့ မဟုတ်ဘူး … အဲသည်ညနေမှာပဲ ချောက်ချားဖွယ် သတင်းတစ်ခုက တန်းလျားခန်းကလေးတွေ ဆီကို ရောက်လာတယ်။

ကိုကျောက်စီဟာ သူ့တဲကလေးထဲမှာ သေနေတာ နှစ်ရက်ရှိပြီ ဆိုတဲ့ သတင်းပဲ။ တိုက်တိုက်ဆိုင်ဆိုင် ယန္တရားကြီးကို စက်နှိုးဖို့ ရောက်လာတဲ့ အော်ပရေတာက အလောင်းကို တွေ့တာလို့လည်း ဆိုတယ်။ မြေကော် ယန္တရားကြီးကို စက်နှိုးဖို့များ မရှိရင် ကိုကျောက်စီရဲ့ ရုပ်အလောင်းဟာ ဘယ်လောက်အထိ လူမသိ သူမသိ ရှိနေမလဲတောင် မသိနိုင်ဘူး။

သည်သတင်းကို ကြားစက တန်းလျားက လူတွေဟာ ငြိမ်သက် သွားကြတယ်။ အင်္ကျီမပါ ဘာမပါနဲ့ မိုးကလေး တဖြောက်ဖြောက် ကြားမှာ ပုဆိုးကြမ်းကလေး ခြုံပြီး တင်းတင်းတောင့်တောင့် သေနေတဲ့ ကိုကျောက်စီကိုလည်း သွားကြည့်ကြဖို့ စိုင်းပြင်းကြတယ်။ ကိုကျောက်စီရဲ့ မိခင်ဌာနက တာဝန်ရှိတဲ့ လူတွေလည်း ရောက်နေကြတယ်။

ဝမ်းဗိုက်ကြီးဟာ ကျောက်ပျဉ် တစ်ချပ်လို မာကျော စူထွက်နေတဲ့ ကိုကျောက်စီရဲ့ ရုပ်အလောင်းကိုလည်း သယ်ဆောင် သွားကြတယ်။
တန်းလျားကလူ တော်တော် များများဟာ ကိုကျောက်စီရဲ့ တဲကလေးရှိရာ ရောက်နေကြချိန်မှာတော့ အလောင်း မရှိတော့ဘူး။ ဒါပေမဲ့ လူ တော်တော်များများရဲ့ မျက်လုံးတွေက ကိုကျောက်စီရဲ့ တဲကလေးနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်မိသွားကြတယ်။

ဘာမှတော့ မဟုတ်ပါဘူး၊ ပန်းခြောက်တွေ …

နှင်းဆီပန်းခြောက်တွေ၊ ဂန္ဓမာပန်းခြောက်တွေ၊ ဟော်လန်ဒေစီ ပန်းခြောက်တွေ၊ ဒေလီယာပန်းခြောက်တွေ၊ အင်မတန် များပြားတဲ့ ရေတမာ ရွက်ခြောက်တွေ၊ လွမ်းသူ့ပန်းခွေ လုပ်တဲ့ ဝါးစ အဟောင်းတွေ၊ ကြိမ်ခွေတွေ၊ နှီးစတွေ၊ စက္ကူရောင်စုံ အစတွေ၊ ဖဲပြား အနက်စတွေ …

အဲသည်မှာတင် လူတွေဟာ ကိုယ့်အခန်းကို ကိုယ် လေရဲ့ပြင်းထန်တဲ့ အဟုန်မျိုးနဲ့ ပြန်လာကြတယ်။ ဘုရားစင်ပေါ်က ပန်းတွေ၊ နတ်စင်ပေါ်က ပန်းတွေကို ဆွဲချကြတယ်။

ဘုရားစင်၊ နတ်စင်တွေကို ရေဆေးကြတယ်။ အမွှေးနံ့သာတွေ ပက်ကြတယ်။ တောင်းပန် တိုးလျှိုးကြတယ်။ ကန်တော့ပွဲတွေ ထိုးကြတယ်။

ရေစင်အိုးတွေ၊ နတ်အုန်းသီးတွေ လဲကြတယ်။ တချို့မိန်းမတွေက ကျိန်ဆဲကြတယ်၊ တချို့မိန်းမတွေက ငိုကြတယ်၊ တချို့မိန်းမတွေက ဒေါသအမျက် ချောင်းချောင်း ထွက်ကြတယ်၊ တချို့မိန်းမတွေက နံ့သာဖြူ ကရမက် သွေးရင်း ပါးစပ်က တတွတ်တွတ် ရွတ်ကြတယ်။

အဲသည် ညနေက တန်းလျားကလေးမှာ ဆူညံပွက်ထ သွားတာ အမှန်ပဲ။

ကိုကျောက်စီ ပန်းမရောင်းလို့ မဝယ်ဖြစ်တဲ့ တာဇံရောင်းတဲ့ မိန်းမက လွဲလို့ ကျန်တဲ့မိန်းမတွေဟာ ကြက်သီးမွေးညင်း ထကုန်ကြတယ်။

တာဇံရောင်းတဲ့ မိန်းမက သူ့ဆီမှာ အရက်အကြွေး သောက်နိုင်ဖို့ အတွက် မသန့်တဲ့ ပန်းတွေကို မရောင်းဘဲ ကျေးဇူးသိသွားရှာတဲ့ ကိုကျောက်စီရဲ့ စေတနာကို အခုမှ သဘောပေါက်သွားတယ်။

ကျန်တဲ့ မိန်းမတွေညအားလုံးကတော့ စောစောကများ သိရင် ကိုကျောက်စီရဲ့ အလောင်းကိုတောင် တစ်စစီ ဆုတ်ဖြဲ ပစ်ကြတော့မလား မှတ်ရအောင် ဒေါသတွေဖြစ်နေကြတယ်။ အဲဒီအကြောင်းကို ရက် တော်တော်ကြာတဲ့အထိ တချို့က ကြေကြေကွဲကွဲ ပြောကြတယ်။

(၅)
တန်းလျားခန်းကလေးက လူတွေဟာ သည်ဖြစ်ရပ်ကို မမေ့နိုင်ကြဘူး။

လူဆိုတာကလည်း ခက်သားပဲ။ ဘယ်လောက်ပဲ ကြာကြာ ကောင်းတဲ့ လူတွေကိုလည်း အောက်မေ့ သတိရနေတတ်တယ်၊ ကောက်ကျစ် စဉ်းလဲတဲ့ လူတွေကိုလည်း အောက်မေ့ သတိရနေတယ် မဟုတ်လား။ တန်းလျားက လူတွေ အားလုံးဟာ ကိုကျောက်စီကို သတိရနေကြတုန်းပဲ။

နေဝင်းမြင့်
Crd##