ရင်ကွဲလိပ်ပြာ

ရင်ကွဲလိပ်ပြာ(စ/ဆုံး)

————————–

“အပြုံး နေမကောင်းဘူးလားဟင် ညနေကလဲထမင်းမစားဘူးဆို”

အပြုံးနံဘေးမှာ အသာလာလှဲအိပ်ရင်း မေးလာတဲ့ ကြင်နာယုယတဲ့ အထွန်းအသံကြောင့် ဘယ်ကပေါ်လာမှန်းမသိတဲ့မျက်ရည်တွေက တရဟောစီးကျလို့လာခဲ့ပြန်ပါပြီ။

ခါးပေါ်ကိုရစ်ဖွဲ့လာတဲ့ သူ့လက်တွေကို အသာဆွဲဖယ်ချရင်း
“အထွန်း နေသာသလိုနေပါ ဘာမှမဖြစ်ဘူး အပြုံးအတွက်ဘာမှနောက်ဆံမတင်းနဲ့နော် ”
အဲ့သလိုပြောလိုက်ရပေမယ့် ဒါဟာ အပြုံးအတွက်စစ်မှန်တဲ့ ခံစားမှူဟုတ်မဟုတ် ကိုယ်တိုင်လဲသေချာမသိခဲ့ပါ။

“အပြုံးရာ”
မချင့်မရဲ ရေရွတ်သံနဲ့အတူ နားသယ်စပ်ဆီ အနမ်းတစ်ပွင့်ခြွေလိုက်တဲ့အထွန်းကို အပြုံးက ကျေနပ်ခြင်း နာကျင်ခံစားရခြင်းတို့ကို မခွဲခြားနိုင်တော့တဲ့မဲ့ပြုံးတစ်ချက်နဲ့ကြည့်မိရပြန်သည်။

“ဒီညတော့ အပြုံးတစ်ယောက်ထဲ နေပါရစေ..နော်အထွန်း”
အပြုံးသူ့ကို ပြန်ကျောခိုင်းလိုက်ပါသည်။
ဘယ်ဖြစ်ပါ့မလဲ။
အပြုံး မျက်ရည်တွေသူမြင်လို့ဘယ်ဖြစ်ပါ့မလဲလေ။

တအောင့်ကြီးကြီးအကြာမှာတော့ ဟင်းကနဲ သက်ပြင်းချသံတစ်ချက်နဲ့အတူ အထွန်းထထွက်သွားသံ သောက်ရေအိုးဖုံးကိုဂွမ်းကနဲဖွင့်သံ ရေသွန်ချသံတွေနဲ့အတူ ဝေါကနဲ ဆိုင်ကယ်လီဗာကို မိုင်ကုန်တင်ပြီး ထွက်သွားသံတွေက အပြုံးနားထဲကို သံရည်ပူလောင်းခံရသလို နာကျင်လွန်းလှချည့်။

သူဘယ်ကိုသွားမယ်ဆိုတာ အပြုံးသိနေပြီးသားပဲလေ။ ထပ်၍ထပ်ကာ နာကျင်ရခြင်းတွေများလာတော့ တုံးသောလက်နက်နဲ့ တကိုယ်လုံးအရိုက်ခံထားရသူလို ခွန်အားမဲ့နေခဲ့ရပါပြီ။

သူငယ်တိတ်ဆိတ်ချိန်ကနေ ငိုခဲ့ရတဲ့ အပြုံး သက်ကြီးခေါင်းချချိန်ရောက်ပါပေါ့လား။
မကြာခင် လင်းကြက်တွန်တဲ့ရောင်နီလာတော့မယ်အထွန်းရေ။

အတိတ်ကို ပြန်တွေးတိုင်း အတူပျော်ခဲ့ဘူးတဲ့ရွှေရောင်ရက်စွဲတွေကိုသတိရမိပြန်တော့ တစစ်စစ်နာကျင်ရခြင်းတွေကိုတောင့်ခံမထားနိုင်တော့ဘူးအထွန်း။

ရှေ့ကိုလှမ်းမျှော်ကြည့်ပြန်တော့လဲ ပိန်းပိတ်မှောင်နေတဲ့ အနာဂတ်တစ်ခုကသာ အပြုံးအတွက် ကျန်တော့သတဲ့လား။

ဒီတော့ ပျော်ရွှင်ကြည်နူးခဲ့ဘူးတဲ့ အတိတ်ရထားပေါ်မှာပဲ အပြုံးပျော်တော့မယ်အထွန်းရေ။

×××××

“ဟဲ့ ကောင်မတွေ ဆန်မရှိသောက်စားကြီးမတွေ အဆာကျယ်မတွေရဲ့
နင်တို့ တတွေ ငါ့ဆီ မျက်နှာပြောင်တိုက် ငွေလာယူတုန်းက ဒီအခွက်လား၊။
အချိုးကို ခုပြင်စမ်း။
လက်ထဲမယ် ငွေယားလေးတစိုးတစိရှိတာနဲ့ အိတ်ဖောင်းလို့စိတ်ပြောင်းမယ်မကြံနဲ့ဟဲ့ မိပြုံးတဲ့ တစ်ပြုံးထဲရှိတယ်ဟေ့”

ရွာကလေးရဲ့ အရုဏ်ဦးကျက်သရေ ဖရုဿဝါစာ ဆဲနည်းမျိုးစုံကို နှူတ်တက်ရွရွ ရွတ်ဖတ်သရဇ္ဇယ်နေသူက အခြားလူဟုတ်ပါရိုးလား။

ပုဆိုးအဆင်မက ထမီအဆင်လဲမကျတဲ့ လုံချည်ကို ဗိုက်ပူပူဖုံးအောင် ရင်ခေါင်းထိတက်ဝတ်ပြီး သနပ်ခါးဘဲကျား နှူတ်ခမ်းနီအရဲသားနဲ့ လက်တစ်ဖက်ကအကြွေးစာရင်းစာအုပ် ကျန်တစ်ဖက်က လုံချည်စွန်တောင်ဆွဲထားတဲ့ အပြုံးပဲပေါ့။

သူ ဇာတ်တော်ခင်းနေတာကို အကြွေးတောင်းခံရသူတင်မက ဘေးနားကလူတွေပါနားမဆန့်အောင် ဝအီနေကြတာသိပေမယ့်လဲ မတတ်နိုင်ဘူး။
ဒီအဆင်နဲ့ဒီအပြင်က ရွာသူရွာသားတွေအဖို့ ရိုးနေကြပြီကိုး။

“ဘာအေ့..ငါ့ပါးစပ်နတ်မစောင့်ရအောင် မိပြုံးတို့က မနက်အစောထပြီး ကိုယ်မနာကြားနိုင်ပေမယ့် အိမ်စောင့်နတ်တွေ နာရအောင် ပရိတ်ပဌာန်းခွေဖွင့်ခဲ့သဟဲ့။
ညည်းအိမ်ပေါ်တက်ဆဲနေတာမဟုတ်ဘူးမိရွှေမ
ရွာဘုံလမ်းမှာဆဲတာဟေ့ ညည်းတို့အပေါက်တွေသာ နတ်စောင့်အောင်ကြိုးစားကြ ဂန်းနာမတွေရဲ့”

ကိုင်း သူများအကြွေးတောင်းလို့မရရတဲ့အထဲ လျှာဝင်ရှည်တဲ့ မိရွှေတို့ညီအမကို အဲ့သလိုလှည့်ပြီး ကလော်တုတ်ပစ်လိုက်တယ် မှတ်ကရော။

“နင့်တစ်ပြုံးထဲမကပါဘူးဟာ နောက်တစ်ပြုံးကျန်ပါသေးတယ် တောင်ပြုန်းလေ ဟားဟား ”

ဟော..လာပြန်ပြီ။
လူ့ဂလန့်ဂွစာ လူပါပြို အိမ်ပါပြိုတော့မယ့် ကာလသားခေါင်းမင်းလူပျိုကြီး ကိုတောမောင်။
အရှင်နှစ်ပါးနဲ့ တောင်ပြုန်းကိုထိရင် မခံတတ်တဲ့ အပြုံးကို ဒင်းက အညှာကိုင်ပြီး မခံချင်အောင် စတာ။

“အမယ်လေး..အရှင်ကြီးအရှင်ကောင်းတို့..
နားကွယ်တော်မူပါ မျက်နှာလွှဲတော်မူပါ။
ပြုံးနဲ့ပြုန်းချင်းခြေရာမတိုင်းဝံ့ပါဖျာ့။

မသိလို့ပြောမိတဲ့အမိုက်မဲညီဘွားကို ကြည်သာနှလုံး ရွှင်ပြုံးစွာ ခွင့်လွှတ်ပေးပါ…

ဒင်းကအသက်ကြီးပြီး အချိန်မစီးတဲ့ လူ့ဂွစာပါဖျာ့။ အရှင်တို့မွေးလို့ကြီး အရှင်တို့ကျွေးလို့ဝ အရှင်တို့ဆင်လို့သာ လှရတဲ့ သူတွေပါဖျာ့ ..။

နင်အဲ့လိုကြပ်ကြပ်လုပ် တောမောင်..နတ်ကိုင်ခံရမှ မိန်းမက မရရတဲ့အထဲ ပါးရွဲ့နားပဲ့ဖြစ်သွားမယ်မှတ်..ငါ့နှယ်..ပြောရတာဆိုတာများ အာကိုပူချက်အေ…ပေးစမ်းဟဲ့ ရေတစ်ခွက်”

ဘေးကဝိုင်းနားထောင်နေကြသူဆီက အုန်းကနဲ ရယ်သံတွေကြား အကြွေးတောင်းခံရသူက ကိုယ်ယောင်ဖျောက်ပြီးလစ်သွားပြီ။

ဒါကို လှစ်လှစ်ထနေအောင် ပါးနပ်တဲ့အပြုံးကမြင်လိုက်ပေမယ့် ဘိုးရာကျော်နဲ့ဘမြင်းဖြူရှင်ကတားထားလို့ ထပ်မဆဲတော့တာပါ။ အပြုံးလဲစိတ်ပြေသွားပြီကိုး။

×××××

အပြုံးတို့ရွာလေးက ရွာဆိုပေမယ့် တိုက်နယ်ဆေးရုံ၊ ရဲစခန်း၊ လက်ဖက်ရည်ဆိုင် ထမင်းဆိုင်တွေနဲ့အိမ်ခြေထောင်ချီရှိတဲ့ရွာကြီးပါ။

မြစ်နားမောနားရွာဆိုတော့ အသားငါးလဲမရှား စိုစိုစ်ိမ်းစိမ်း အသီးအရွက်တွေကလဲ ပေါမှပေါ။ ကားလမ်းဘေးဆိုတော့ စျေးလေးဘာလေး ရောင်းရင်းချရင်း မိရိုးဖလာ တောင်သူလုပ်ငန်းတဖက်နဲ့ သောင်သာသူများကြပါတယ်။

ခုဆို မြစ်သာတမံကြီးစပြီး လာဆောက်နေပြီဆိုတော့ ပိုစည်ကားနေတာပေါ့။

အမတွေလေးယောက်ကြား ကြီးပြင်းလာခဲ့ရတဲ့ အပြုံးကို တအိမ်လုံးက ချစ်စနိုးနဲ့ အပြုံး…အပြုံးလို့ခေါ်ကြရင်း နံမယ်အရင်း ပြုံးမောင် ဆိုတာပျောက်ပြီး တရွာလုံးကပါ အပြုံးလို့နှူတ်စွဲနေကြတော့တာပါ။

အပြုံးကလဲအပြုံးလေ။ ငယ်ကတည်းက အမတွေလို လုံချည်ဝတ် သနပ်ခါးဖွေးနေအောင်လူးပြီး မိန်းကလေးတွေလို နှူတ်သီးကောင်းလျှာပါးရယ်။
အဖေနဲ့အကိုကြီးက ငေါက်ငမ်း နားပန်ကျင်းလဲ မဖြုံရေးချမဖြုံ။ အဲ့လိုတွေကြောင့် သူတို့နဲ့အပြုံးမနေခြင်တာ။

မိဘတွေဆုံးပါးပြီး အမွေခွဲဝေကြတော့ အပြုံးကရွာလယ်က အုတ်ခံပျဉ်ထောင်နှစ်ထပ်အိမ်နဲ့ နွားမတစ်အုပ်အမွေရခဲ့သလေ။

တကိုယ်ရည်တကာယပေမယ့် ရေရှည်မှာ ဒီလိုထိုင်စားလို့ကတော့မဖြစ်ချေပေဘူးပေါ့။ ဒီတော့ နွားမတစ်အုပ်ကိုရောင်း ရပ်ထဲရွာထဲ သီးနှံပေါ်ချိန်လေးမှာ အချီကောက်ဝယ်လိုဝယ်၊တချို့ကိုလဲ ကြေးတိုးတင်းတိုးချတဲ့ဘဝကနေစခဲ့ရတာ။

ကိုယ်တွေက အငြိမ်မနေတတ် အကွက်မြင်တတ်တဲ့သူဆိုတော့ ရွာထဲကရသမျှ ဖွတ်ဥ၊ဖား၊ငါး၊ပုတပ်ခြောက်ကအစ မှိူ၊မျှစ်တွေ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေကို စျေးခံတောင်းကြီးနဲ့ရွက်ပြီး မြစ်သာဆည်ကြီးပေါ် အနယ်နယ်အရပ်ရပ်ကဝန်ထမ်းတွေ လုပ်သားတွေဆီ တက်ရောင်းရတာပေါ့။

စရောင်းကာစကတော့ ရှက်တက်တက်ကြီးရယ်ပါ။
တဖြေးဖြေး စျေးမှော်ကဝင်လာ ရောင်းသမျှအကုန်စွံလာတော့ စျေးမရောင်းရမနေနိုင်တော့ဘူးလေ။

ဆည်ပေါ်က ဝန်ထမ်းတွေကလဲ သွက်လက်ချက်ခြာပြီး ခင်ဖို့ကောင်းတဲ့ မတွန့့်တိုတတ်တဲ့အပြုံးကို အားပေးကြရင်း အားလုံးနဲ့လဲ ခင်နေကြပြီလေ။

တခါတလေ သူတို့လိုအပ်တာလေးတွေလဲ ရွာထဲကမရမက ရှာဖွေယူလာပေးရသေးတယ်။

ဆေးလိပ်ဆို အောင်ကျားညွန့်၊ ခြူးနဂါး၊ ငါးသုံးလုံး ပိုလိုစီးကရက် ဆိုတာကအစ တောအရက်၊ ဘီအီးအဆီဆိုလား..အဲ့တာတွေရော အိမ်သုံးဆေးဝါးတွေ အလယ်၊ နှစ်လုံးသုံးလုံးတွေပါ တိတ်တိတ်ပုန်း ချဲဒိုင်တွေဆီတင်ပေးရသေးတာပါ။

ရှင်..ဟိုဟာလား။
အိုတော်…ကိုယ်တွေက အဲ့ဒါတွေစိတ်မဝင်စားဘူး သိလဲမသိဘူးလေ။

“ဒီယောနယ်မှာတော့ ရိုးရိုးသားသားပဲ ရှာဖွေစားသောက်ကြတာ ရှင်တို့ပြောတဲ့ ဟိုဟာ ဆိုတာ ကြားတောင်မကြားမိဘူး” လို့အပြတ်ပြောထားရတာ။
တော်တော်ဆိုးတဲ့လူတွေ။

အင်းလေ..လူအမျိုးမျိုး စိတ်အထွေထွေ နယ်ပေါင်းစုံကလူတွေစုဝေးနေကြရတာကိုး။ တချို့ကမိသားစုလိုက်၊တချို့လည်းမိသားစုက အဝေးမှာဆိုတော့ မပြောတတ်တော့ပါဘူးတော်။

အဲ့သမှာ သူနဲ့ မုန်းရခက်ကြီး ဇာတ်လမ်းစခဲ့ရတာပေါ့။

သူဆိုတာက ဆည်ကြီးပေါ်ကလူ အထွန်းတဲ့။ မျက်နှာထားကခပ်ချိုချို အသားကညိုညို ထောင်ထောင်မောင်းမောင်း သူနဲ့ အစက မျက်မှန်းတန်းမိယုံရယ်။

တစ်ရက်တော့ အပြုံးရဲ့စျေးစက်ဘီးရှေ့သူကပိတ်ရပ်ပြီး “စီးကရက်ပါလား “တဲ့၊။

“စီးကရက်လဲမပါဘူး..ဘီးစပတ်လဲမပါဘူး အောင်ကျားညွန့်နဲ့ခြူးနဂါးပဲပါတယ်။ အစည်းလိုက်ယူရင်နှစ်ရာသက်သာမယ်။အလိပ်ကြွေယူရင်တော့ စျေးပိုသတော့”

အဲ့လိုပြောလိုက်တော့ သူလေ…အပြုံးရှေ့မှာ ခါးထောက်ခေါင်းမော့ပြီးရယ်လိုက်တဲ့ပုံစံဟာ ဘယ်လိုလေးကြည့်ကောင်းမှန်းမသိ။ ရင်ထဲတလှပ်လှပ်နဲ့ လူကိုတမျိုးဖြစ်သွားတာပဲ။

တခါတလေ ရွာထဲက လမ်းလေးမြေညှိချင်ရင်၊ လယ်လေးဘာလေးတည်ခြင်ရင် သူ့ဘတ်ဖိုးဆိုလား ဘတ်ဟိုးဆိုလား အဲ့ဒါကြီးနဲ့လာပြီး မြေကုပ်ကူညီပေးတတ်တော့ ပိုပြီးတွေ့ရဖန်များလာတာပေါ့။

သြော်..ဖူးစာဆိုတာများ သိကြားမင်းကြီး နားကင်းတီးပြီးဖျက်ရင်တောင်မရဘူးဆိုတာ ယုံပါပြီတော်။

ဘာပဲဖြစ်ဖြစ် ဒီဆည်ကြီးကြောင့် စက်ဘီးလေး ကချောက်ကချက်နင်းပြီး စျေးရောင်းတဲ့ဘဝက လော်ဂျားဝမ်းတူးဖိုက်ကလေးနဲ့ အဆင့်မြင့်ခဲ့ရတာပါ။

အထွန်းက တခါတလေ အပြုံးကို သနားလို့တဲ့။ သူအလုပ်အားချိန်ကလေးတွေ ရွာကိုလိုက်ပို့တတ်သေးတယ်။
အိမ်ရောက်ပြန်တော့လဲ နေ့တဓူဝ ဆိုင်ထမင်းဟင်းစားနေရရှာတဲ့သူ့ကို အိမ်ထမင်းအိမ်ဟင်းကို တောချက်ကလေးပြင်ကျွေးချင်သေးတာပါ။

ဒီလိုနဲ့ နှစ်ဦးကြား ခိုင်မြဲတဲ့သံယောဇာဉ်ကြိုးတစ်ချောင်းက အမြင့်ဆုံးဒီကရီရောက်ခဲ့ရပြန်တယ်လေ။

ရွာထဲမှာတော့ သူ့ကိုအပြုံးရဲ့ “လင်ကလေး”လို့ကြိတ်ဟားနေကြတာသူသိသွားမှာစိုးရပြန်တယ်။

ကိုယ်တွေလား…
ဝန်ခံရရင် စိတ်မဆိုးတဲ့အပြင် ရင်တွေတဆတ်ဆတ်ခုန်နေတာ။

မှတ်မိပါသေးရဲ့ ဝါဆိုဦးတစ်ရက်ကပေါ့။
ရေချိုးဖို့ အပြုံးကိုသူကိုယ်တိုင် ရေတွင်းကရေငင်ပေးနေချိန်။ ဆိုင်းမဆင့်ဗုံမပါ ကောက်ထမေးလိုက်ပုံက “ခင်ဗျားနဲ့ကျုပ်ကို ရွာထဲကသမုတ်နေကြတာ သိသလား” တဲ့။

သူကဒဲ့မေးမှတော့ ကိုယ်ကလဲဒဲ့ပဲဖြေလိုက်တယ်။
“အင်း..သိတယ်လေ..”လို့။

ရေငင်နေတဲ့ သူ့လက်မောင်းအိုးကြွက်သားအဖုဖုကို ထုထုပြီးကို ခရာပစ်ခြင်လိုက်သမှ…ဒီက အရိုင်းစံပါယ်စစ်စစ်လေ သိတယ်မဟုတ်လား။

ငေးမိငေးရာ ငေးကြည့်နေတဲ့ ကိုယ်တွေကို သူက တစ်ချက်ပြုံးကြည့်လိုက်ရင်း

“ခင်ဗျားကတော့မသိဘူး..ကျုပ်က ရင်ဖိုတယ်ဗျ”

အမလေး အထွန်းရယ်…အပြုံးရူးရပါတော့မယ်။

အဲ့နေ့က လမ်းမှာမိုးချော်နေမှာစိုးရိမ်လို့ ညအိပ်တားမိလေသလား
သူနဲ့မခွဲခြင်တော့လားဆိုတာ မသိတော့တဲ့ ကိုယ်တွေရဲ့စိတ်လှူပ်ရှားခံစားမိခဲ့ရတာတွေများရယ်ပါ။

အို…ဝန်းကျင်တစ်ခုလုံး အုံးခြိမ့်လို့မှောင်နေပါရော့လား။
ဒေဝါအမ္ဗုန်ရှင်ကပဲ အပြုံးတို့အပေါ် ကောင်းချီးပေးနေလေရော့သလားကွယ်။

ဘုရားစူးရပါစီ။
ကိုယ်တွေရဲ့ အချစ်ဇာတ်လမ်းက မိုးသည်းနေပေမယ့် ရုပ်ရှင်ထဲကလို မီးလဲမပျက်၊
ပန်းအိုးလဲကျမကွဲ
ပန်းပွင့်လဲမကြွေ
သမင်ကိုကျားကခုန်အုပ်ခန်းလဲ မပါလေတော့ မင်းသမီး အော့အန်ခန်း မူးလဲကျတဲ့အခန်းတွေလဲ ဆက်မရိုက်ရတော့ဘူးပေါ့တော်။

×××××

မြစ်သာဆည်ကြီး နဲ့အထွန်းကို အပြုံးရှိတဲ့နေရာကိုလာပြီးအရောက်ပို့ပေးတဲ့ အရှင်နှစ်ပါး၊ ဘိုးရာကျော်၊ဘမြင်းဖြူရှင်တို့ကိုလဲ ဖျာ့ကျွန်တော်မျိုးမကြီးအပြုံးဦးတင်ပါတယ်ဖျာ့။

ခွန်ရှိလဲ ခွန်မကိုး အားရှိလဲအားမကိုးပါဖျာ့။
အရှင်တို့ကိုပဲ ကျွန်တော်မျိုးမ အားကိုးပါတယ်ဖျာ့။ လက်ဖက်ဦးနဲ့ဖူးပါတယ်။ထန်းရေဦးနဲ့လဲမြူးတော်မူပါဖျာ့ …။

ညီဘွားစနေသားကြီးကိုလဲ အပေါင်းအဖော် မောင်းမတော်တွေနဲ့ ကင်းကင်းရှင်းရှင်းရှိရအောင် အရှင့်စီးတော်ကျားရဲ့အမြီးတော်ဖျားနဲ့ဝှေ့ပေးပါရမ်းပေးတော်မူပါဖျာ့”

အဲ့ဒါကြောင့်လဲ အပြုံးတို့က ကြီးမစံပုလို့ခေါ်တဲ့ ရွာနီးစပ်ချုပ်အားလုံးရဲ့ အားကိုးအားထားစရာ တစ်ဦးတည်းသောနတ်ကတော်ကြီးကပြောတာပေါ့ ။

“နတ်နဲ့နဂါး မလှည့်စားကြနဲ့အေ့…
တို့များပုံတောင်ပုံညာနယ်ကိုအမေရေယာဉ်စောင့့်သဟဲ့…
ဖျာ့ကျွန်တော်မျိုးမ ချစ်တင်းပြောပါတယ်အမေကြီးကို မုန်းတင်းမဆိုဝန့်ပါ။
အဲ့ဒါကြောင့်တို့ယောနယ်မှာ ပိုးထိလို့သေတဲ့လူရှိသလားပြောကြစမ်း

အမေ့မြွေနဂါးက တို့ဖက်ကိုအမြီးလှည့်တယ်
ခေါင်းက ဟိုး..အောက်ပြေအောက်ရွာဆီလှည့်တော့ အဆိပ်က သူရို့ဆီပါသွားတာပေါ့အေ။ တို့ဖက်က တောကြီးမြွေဟောက်၊ငန်းတော်ကျားတို့ပဲရှိတာ ဘယ်မလဲမြွေပွေး..ကဲ”

မေးငေါ့လိုက် နှူတ်သီးစူလိုက်နဲ့ ကြီးမစံပုရဲ့ နတ်သမိုင်းစပါပြီ။

ဒါပေသိ ကောင်းခန်းရောက်ရင် တမင် ဆက်မပြောပဲ ထင်ကရေးချီ (အထာကိုင်)တတ်တဲ့ သူ့အကြောင်းကိုသိကြလို့ သန်းရင်မက ဆံပင်ဖြူနှူတ်ပေးရတာနဲ့ ဖြူတုတ်က သန်းရှာပေးရတာနဲ့ အလှေးဆိတ်ခံ ဇိမ်ခံနေကျ ကြီးမစံပုရဲ့စတိုင်ပါ။

အပြုံးလဲ နတ်ပွဲကျ လက်ဖက်သုပ်ကလေးကို နှမ်းဆီစစ်စစ်လေးနစ်နေအောင်အပြေးဆမ်းပြီးသကာလ မြစ်ငါးလေးတွေကြွပ်ကြွပ်ကြော်ထားတဲ့အမြည်းတစ်ခွက်ပါအဆစ်ထည့်ခဲ့ရသေးတာ။

အမြည်းခွက်ကိုမျက်စိတစ်ချက်ကစားရင်းက ဆက်ပါပြီ သူ့နတ်သမိုင်း။

“တို့ရွာတွေဖက်ကျပြန်တော့ ဘိုးရာကျော်နဲ့ ဘမြင်းဖြူရှင် တို့ပါဝိုင်းစောင့်ရှောက်ပေးကြတာ”

“ဟင် အမေကြီးစောင့်ရှောက်တာဆို ကြီးမစံပုရဲ့ ” တကယ်မသိလို့မေးတဲ့ ဖြူတုတ်ကို `အ´ရန်ကောဆိုတဲ့ အကြည့်နဲ့မျက်စောင်းခဲရင်း

“ဟဲ့ ငဒူမရဲ့ ဒါက အပိုစောင့်ရှောက်ပေးကြတာအေ့
အမလေး..လေ အရပ်ကတို့။
ညည်းလုပ်လို့ ငါ့မယ် ရွာတော့်ရှင် တစ်ပွဲတင်ပြီးတောင်းပန်ရပြန်တော့မယ်”

အင်း ဒီပုံအရဆို ကြီးမစံပုဆီမနက်ဖြန်တော့တစ်အိမ် ဆန်တစလယ်စီ ထည့်ဖို့သာပြင်ကြပေရော့။

သူမုဒ်ကောင်းနေတုန်းကျရင် သူ့နတ်သမိုင်းကအဆင်ကိုချောလို့။
အဲ..သူ့စိတ်တွေတိမ်ထူလာရင်တော့ ကျိုက်ထီးရိုးက ရွှေနန်းကျင်ကို ဗိုလ်တထောင်ပို့လိုပို့
ဗိုလ်တထောင်က မြနန်းနွယ်လဲ ကျိုက်ထီးရိုးဘုရားဖူးပို့လိုပို့နဲ့ ဆိုတော့ အပြုံးမှာ သူ့ကိုအမှားလဲမထောက်ရဲ။

“ဟိုတလောက သားလျှောလို့ အစိမ်းသေသွားတဲ့ကျော့ခင်ဆိုရင် အနောက်မယ်တော် မတင်လိုက်မိတာလေ..ငါကသတိပေးသား အေတို့ရဲ့
သူကမထီမထာလုပ်တော့ လိပ်ပြာနှူတ်ခံရတော့တာပေါ့

“ဟင်..ဟုတ်လား ကြီးမစံပု”

“အမလေး သေချာလိုက်သမှအေ..သူမဆုံးခင်ညက မိန်းမသူတစ်ယောက်လုံချည်ရင်လျားကြီးနဲ့ မီးဖိုထဲကနေ သူ့ကိုစိုက်ကြည့်နေပါတယ် အော်နေကတည်းက ငါကသိလိုက်ပြီလေ
ရွာသူကိုလွှတ်ပြီး လုပ်ခိုင်းပြီ လက်လွန်သွားပြီဆိုတာ”

အပြုံး၊ ဖြူတုတ်နဲ့သန်းရင်မတို့ ကြီးမစံပုအနား တိုးသထက်တိုးလာကြရပြီ။

“အနောက်ကတော် ဆိုတဲ့မယ်တော်ကြီးက ရွာသူ့ခေါင်ချုပ်ကြီးလေ မိန်းမသူတွေအားလုံးနဲ့ဆိုင်တယ်
မီးဖွားဖို့ဆို ကိုယ်ဝန်ကို ညည်းတို့ အိုဂျီဆိုတာမအပ်ခင်သူ့အရင်အပ်မှသူကကျေနပ်တာကိုး။

နောက်ပြီးတော့ တို့ယောနယ်မှာမင်္ဂလာဆောင် ပြီးရင် နေ့မကူးစေရဘူး..ကြက်သားဆန်ြပုတ်ဖြစ်ဖြစ် မရည်ဆိုတဲ့မနဲနဲ့ ဖြစ်ဖြစ် နှူတ်သီးစုန်းခေါက်ရတာအေတို့ရဲ့
လင်တော့လိုခြင် နှူတ်သီးစုန်းကျမခေါက်ခြင်ရင်တော့ ကိုယ်ဖြစ်ကိုယ်ခံကြပေါ့အေ”

အဲ့သလို စကားကောင်းနေတုန်း အိမ်ရှေ့ခန်းက အထွန်းချောင်းဟန့်သံကြောင့် ကြီးမစံပုက သူ့အသံကို တန်ပိုပြန်နှိမ့်လိုက်ပြီ။

အထွန်းက စုန်းတွေ နတ်တွေ ရွာသူတွေအယူလုံးဝမရှိသူ ဆိုတော့ နတ်ကတော်မန်ဘာတွေကို လဲကြည့်မရဘူးလေ။

“ကြီးမစံပုကလဲဗျာ..ကျော့ခင်က ကလေးဖျက်ချတာပါ။သွေးတွေသွန်နေတာကြီးကို ဆေးရုံကျ မသွားပဲ အိမ်မှာရမ်းကုနဲ့ကြိတ်ကုနေတော့ မေးခိုင်ပိုးဝင်၊ အနာပိုးဝင်သွေးဆိပ်တက်ပြီးသေရတာပါ
သားအိမ်ပေါက်တာလားဘာလားလဲမသိရ။
ဘယ့်နှယ် အနောက်ကတော်မတင်လို့ဖြစ်ရမှာလဲဗျ
လက်သည်က ကောက်စိုက်ရာကထလိုက်လာပြီး မသန့်ရှင်းတဲ့ တုတ်နဲ့သားအိမ်ကိုထိုးမွှေဖျက်ချမှတော့ ဘယ်သူခံနိုင်မလဲ သေပြီပေါ့ ဆေးရုံက်ိုအပို့နောက်ကျတာလေဗျာ”

ဆယ်တန်းထိရောက်ခဲ့တဲ့မြို့သား အထွန်းကပြောတော့လဲ အားလုံးဇဝေဇဝါတွေဖြစ်ကြပြန်ရော။

ဒါပေမယ့်ဒီရွာနားတဝိုက်ရဲ့ နတ်နေကြီး နတ်ဝါသမ္ဘာကြီးဖြစ်တဲ့ ကြီးမစံပုက အလျှော့မပေးသေး။

ဘယ်သူ့လှေကားရင်းမှာ အောက်လမ်းဆရာကြီးဆရာခ က အင်းမြှူပ်ထားခဲ့တဲ့အကြောင်း၊

အသူရာကယ်ဘုံထဲပါတဲ့ စုန်းပညာကို ဆရာတော်ကြီးကအလှူခံတာ သားစဉ်မြေးဆက် အမွေပေးရမှာမို့ ဒေါ်ဇာယုက မလှူပါရစေနဲ့ငြင်းတဲ့အကြောင်း

အလောင်းတော်ကဿပ ဘုရားဖူးသွားကြတော့ အဲ့မိန်းမကြီးဘုရားတွေ မမြင်ခဲ့ရ မဖူးခဲ့ရတဲ့အကြောင်း
ဆရာတော်ကြီးကို ငိုယိုပြီးတောင်းပန်ရကြောင်းတွေသာမက

ရွာထဲက အောင်ညို ရည်းစားနှစ်ယောက် ပြိုင်ထားမ်ိရာက တစ်ယောက်မှာ ဆယ့်နှစ်ကြိုးကဝေ ဝမ်းတွင်းစုန်းအတတ်ပညာပါခဲ့တဲ့အကြောင်း

ပြိုင်ဖက်အပျိုကို ရူးအောင်နှမ်းအောင် “ဘူးသွင်း”လိုက်တဲ့အကြောင်း

ကောင်မလေးခမြာ ဝတ်လစ်စလစ်နဲ့ ရွာရိုးကိုးပေါက်ပြေးနေလို့ အိမ်မှာကြိုးတုပ်ထားရတဲ့အကြောင်းတွေကို တိုးတစ်ခါကျယ်တလှည့်ပြောနေပုံက သူ့တံတွေးတွေတောင် အပြုံးတို့ဆီကို လာလာစင်နေပါသည်။

အင်းလေ ကျယ်ကျယ်ပြောမိရင်လဲ ကာယကံရှင်ကသူတို့ကို စုန်းယိုးပါတယ်ဆိုပြီး ငွေတောင်းသလောက်လျှော်ပေးရတဲ့ယောထုံးစံရှိသကိုး။

စုန်းကဏ္ဍပြီးပြန်တော့ လာပါချေပြီ ရှိရှိသမျှ အတွင်းအပြင် အထက်အောက်နတ်မျိုးစုံကဏ္ဍ။

အိမ်တွင်းအုန်းပွဲကို မှန်မှန်လဲပေး ယပ်လေတော်အေး သွင်းပေးတဲ့ ဖိုးလေးဘတူမိသားစု ချဲထီငါးရာဖိုးပေါက်ပြီး

နတ်အုန်းသီးကိုမူးမူးနဲ့ ခွဲစားတဲ့ သာဗျောကျတော့ မြစ်သာမြစ်ထဲ မိုင်းခွဲငါးဖမ်းတာ လက်ထဲတင် မိုင်းကပေါက်ပြီး လက်ဖြတ်ရတဲ့အကြောင်းက သူ့ပါးစပ်ထဲ လတ်တလော ခေတ်စားနေတာလေ။

ဟိုဖက်ရွာက မိစိန်ပုက သူ့ခြေရာကိုတိုင်းခြင်ကြောင်း သူ့အတုခိုးပြီး နတ်ကတော်ဝင်လုပ်တာ စာရိတ္တမကောင်းသူမို့ လိပ်ပြာမလှလို့ လိပ်ပြာရှင်ဝင်ပူးကပ်လို့မရကြောင်းကလဲပါသေးရဲ့။

သူ့ရှေ့အမြည်းခွက်က မကုန်သေးတော့ ဇာတ်တော်ခင်းတာက မပြီးသေးဘူးလေ။

လမိုက်ည တချို့မှာ ရွာ့အပြင်ဖက်က နတ်ဆေးနွားတွေတွန်သံကြားရတတ်ကြောင်းကနေစပြီး သူ့ဇာတ်တော်ကို ကြီးမစံပုစပြန်ချေပြီ။

ထိုနတ်ဆေးနွားလိပ်ပြာရှင်က ကလေးသူငယ်တွေရဲ့ လိပ်ပြာနုနုလေးတွေ ဖမ်းစားတတ်ကြောင်း ကလေးတွေတညလုံးငိုကြလို့ သူပါတညလုံးမအိပ်ပဲ ကန်တော့ပွဲထိုးပြီးတောင်းပန်ရကြောင်း

မိုးလင်းမှ တအိမ်တက်ဆင်းနဲ့ဆန်တစလယ်စီကောက်ခံရာမှာ တချို့က မထည့်ခြင်ကြကြောင်း သတင်းအစုံအလင် အို..စုံစီနဖာ ပဒေသာစကားဝိုင်းကြီးက စည်သထက်စည်လာပြီကော။

ဒီရွာနီးစပ်ချုပ် တဝိုက်မှာ သူရှိနေခြင်းက ရွာ့ဂုဏ်ဆောင်နေတာဖြစ်ကြောင်းနဲ့ အပြုံးပဲ သူ့လက်ကျမီကြောင်း သူ့နတ်ပညာကို နှောင်းလူတွေအမွေပေးခဲ့ခြင်ကြောင်းကလဲပါသေး။
အပြုံးမှာလဲ ကြီးမစံပုပြောတာနားထောင်ရင်း ရင်တထိတ်ထိတ်ပေါ့။
ဘေးကနားထောင်နေသူတွေကြောက်လေ ကြီးမစံပုကဖြဲခြောက်လေလေရယ်ပါ။

“ဟိုတနေ့က ကွမ်းယာသည် စန်းခင်ကြည့်ပါလား
ငါကပြောတာပေါ့့အေ..စန်းခင်..ညည်းတို့ကွမ်းတွေအရောင်းတက်နေတာ တခြားမဟုတ်ဘူး အရှင်တို့မစတာဟဲ့။
ညည်းတို့မယ်ရှားပါးလှတာလဲမဟုတ်ပါဘူး အဲ့သဟာကြောင့်
ကိုကြီးကျော်စားတော်ပွဲလေးတိုက်ပေးပါလားလို့
အရှင့်ကျေးဇူးသိတတ်ဖို့ စေတနာနဲ့ပြောလိုက်မိပါတယ် သူ့ယောက်ျားထွန်းကျော်လေ မူးရူးပြီးဘာပြောတယ် မှတ်သလဲ”

ဇာတ်ရှိန်တက်ချိန် သူကလက်ဟန်ခြေဟန်နဲ့ အဖွာတော်ဆက်ခိုင်းနေလို့ အပြုံးပဲ အိမ်ဆိုင်ကလေးထဲကဆေးပေါ့လိပ်ကို ဖြိုးဖြိုးဖျတ်ဖျတ်နဲ့ ထ မီးညှိပေးလိုက်ရသေး။ နို့မို့ သူ့နောက်ဆက်တွဲလျိူ့ဝှက်သည်းဖို ဒေဿနာတွေဆက်မနာကြားရပဲနေမှာ အပြုံးစိုးလှသလေ။

“အဲ့ ထွန်းကျော်ဆိုတဲ့ဘုဂလန့်ကဘာပြောသတုန်း..ကြီးမစံပုရဲ့” ဆေးလိပ်ကိုလှမ်းပေးရင်းသူ့ကို ကပြာကရာ တရားက ထောက်ရသေးတာ ။

ကြီးမစံပုက မဲ့ကာရွဲ့ကာနဲ့

“ဒင်းကပြောတယ်လေ ဖွဖွရေခြားပေးပါမြေခြားပေးပါအရှင်တို့ ဖျာ့ကျွန်မပြောတာမဟုတ်ပါဘူး

ဒင်းကလေ ခင်ဗျားတို့ အရှင်တွေမစတာ ဟုတ်မနေဘူး ကျုပ်တို့လင်မယားကြိုးစားပမ်းစားရှာဖွေထားရတာ သူတို့ကိုဆက်မဲ့အရက်နဲ့ကြက်ကြော်ကို ကျုပ်သောက်ပစ်တာကမှ အကျိုးရှိဦးမယ်တဲ့အေ မိုက်ကန်းလိုက်တဲ့လူ။

မကြာပါဘူး။ ဒင်း အူအတက်ပေါက်လို့ ဆေးရုံတက်ခွဲလိုက်ရပါပကောလား။
အဲ့ဒါအရှင်နှစ်ပါးစီးတော်ကျားရဲ့အမြီးတော်ဖျားနဲ့ အရိုက်ခံရတာအေ့ ဘာအူအတက်မှမဟုတ်ဘူး ”

ချွဲသလိပ်တစ်ချက်ဟပ်ထုတ်ရင်း ကြီးမစံပု အရှိန်တက်လာပါပြီ။
သူ့အရှင်တွေစော်ကားသူကို ဖြစ်နိုင်ရင်ဓားနဲ့နုတ်နုတ်စဉ်းပစ်ခြင်တဲ့ပုံ။

အပြုံးလဲ လက်အုပ်ကလေးချီရင်းတောင်းပန်ရတာပေါ့။ မတော် ကိုယ်ပါအမှူတွဲထဲပါပြီး မြင်းဖြူရှင်ကခွာနဲ့ခုတ်မှာ အရှင်နှစ်ပါးကစီးတော်ကျားနဲ့တိုက်မှာ ပူရသကိုး။

အရှင်တို့မကြစကြလို့သာ အထွန်းနဲ့အပြုံးတို့စီးပွားရေးကတရိပ်ရိပ်တက်လာတော့ ရွှေလက်တွဲကာ မောင်မယ်စုံည်ီ ပျော်ခဲ့ကြရသည်ပေါ့လေ။ သူအလုပ်ပြီးချိန် သူကြိုက်တတ်တဲ့ သောက်တော်ဗူးနဲ့ အမြည်းစုံစီနဖာကိုလဲ အပြုံးက ကြည်ဖြူစွာ ပါရမီဖြည့်ခဲ့သူပါ။

အို…သူ့လက်ကိုတွဲပြီး ရွာရိုးကိုးပေါက်လျှောက်ရင်း ပြိုင်ဖက်မ မိရွှေတို့ညီအမရှေ့ရောက်တိုင်း အပြုံးတို့က တမင်ခေါင်းမော့ရင်ကော့ပစ်ရတဲ့အရသာက ဘာနဲ့မှကိုမတူတာပါ။

×××××

“အထွန်း…နေမကောင်းဘူးလားဟင် ခုတလောတမှိူင်မှိုင်နဲ့ပါလား အပြုံးဘာများအပြစ်လုပ်မိလို့လဲအထွန်းရယ် အပြုံးရင်တွေပူလှပြီ”
သူ့မျက်နှာကို မှန်လိုကြည့်နေတဲ့ အပြုံးက ခုတလောအထွန်းမူပျက်နေလို့မေးမိတာပါ။

အဲ့လိုဆိုတော့လဲ အပြုံးကိုသူ့ရင်ခွင်ထဲဆွဲသွင်းရင်း “ဘာမှမဖြစ်ဘူး မိန်းမရာ..ပျော်အောင်နေ”တဲ့။

အင်းလေ ဟိုနေ့က စပါးပွဲစားဖိုးထောင်တို့နဲ့ ဝိုင်းထောင်ရင်း အမူးနာ သွားတာနေမှာပေါ့။ သူ့အတွက် ဖွယ်ဖွယ်ရာရာကလေးတွေချက်ထားတဲ့ သူစားမြိန်မယ်ထင်တဲ့ ထမင်းဝိုင်းလေးဆင်ဖို့ သူ့ရင်ခွင်ထဲက အသာထွက်လာခဲ့မိတယ်။

“အပြုံး”
သူ့ခေါ်သံကြောင့်အပြုံးလှည့်အကြည့်
“အထွန်းအတွက် အိမ်မှာပုလင်းမပြင်နဲ့တော့ အပြုံးပင်ပမ်းပါတယ် မိရွှေအိမ်မှာပဲ ဖိုးထောင်တို့နဲ့သွားသောက်ပါ့မယ်နော် မိန်းမ”

…ဟင်။

အရက်သည်မ မိရွှေတခုလပ်မက ပြင်ဆင်ထားတာများ မင်းသမီးရှူံးချက်။
ညိုစိမ့်စိမ့်လုံးကြီးပေါက်လှ ခန္ဓာကိုယ်အပေါ် အဟိုက်အပြဲတွေကဝတ်ထားသေးတော့ကောက်ညှင်းထုပ်ကြီးကျနေတာ။ စိတ်မချပါဘူးဒီကောင်မတွေနဲ့။

အင်း…အထွန်းကိုမပြောရက်ပါဘူးလေ။
စကားလုံးတွေကို အပြုံးပြန်မြိုချလိုက်ရပြန်တယ်။

ဒါပေမယ့် အဲ့နေ့ကစပြီး ညနေတိုင်း ခြံရှေ့သရက်ပင်အောက်မှာ အထွန်း သောက်ဝိုင်းဆင်တဲ့အနား တီတီတာတာလေးတွေပြောရင်း အမြည်းနှိူက်စားရင်းအဖော်လုပ်ပေးခွင့်လေးကို အပြုံးဆုံးရှူံးခဲ့ရပါပြီကော။

အစက ညနေပိုင်းအပြန်နောက်ကျတတ်လာရာက ညတွေတချို့ပြန်မလာတတ်တော့တာကိုလဲ အပြုံးဘာမှ မပြောရက်ခဲ့ပါဘူးအထွန်းရယ်။

အင်းလေ..သူမို့သာ ကိုယ့်လိုလူကို သည်းခံပေါင်းနေရှာတာပါ။

မြစ်သာဆည်ကြီးပြီးလို့ ဝန်ထမ်းတွေအသီးသီး ကိုယ့်နေရပ်ကို ပြန်ကြတော့ သူ့ခမြာ အပြုံးကြောင့် ဒီယောမြေမှာပဲ နေရစ်ပေးခဲ့ရတာနဲ့တင် အပြုံးကျေနပ်ပါပြီ။

ယောက်ျားပိုင်းလုံးဘာညာ ဝေဖန်ပြစ်တင်ကြတဲ့ အပြုံးရဲ့ဆွေမျိူးတွေအပေါ်လဲ သည်းခံပေးခဲ့တဲ့ အထွန်းကို ထပ်၍ထပ်ကာ ကျေးဇူးတင်ပါတယ်အထွန်းရေ။

×××××

“ဘာ..ဘာရယ်..ကြီးမစံပု..အ..အ..အထွန်းက မိရွှေနဲ့ ဟုတ်လား” ကြီးမစံပုကသက်ပြင်းတစ်ချက်အသာချရင်း

” အေး..တရွာလုံးက ညည်းပါးစပ်ကြောက်လို့ မပြောကြတာ ငါက ညည်းစိတ်ရင်းကိုသိလို့ အမုန်းခံပြောရတာ ကိုယ့်လူကိုအသာအယာချော့ပြောဟဲ့
အော်ကြီးဟစ်ကျယ် ပါးဆွဲနားကိုက်တော့မလုပ်ပါနဲ့အေရယ်”

ကြီးမစံပုတားနေတဲ့ကြားက အပြုံးဒေါသတွေပွက်ပွက်ဆူလာပါပြီ။
ဟင့်အင်း။
မိရွှေ ဒါငါ့ကိုသက်သက်ကြောတာ။
ငါ့ကိုချိုးခြင်လို့ငါ့လင်ကိုမြှူဆွယ်တာ။
အထွန်းကအဲ့လိုလူစားမဟုတ်ဘူး။

အခုပေါင်းသင်းနေတဲ့သုံးနှစ်အတွင်း အထွန်း မိန်းမကိစ္စကင်းတာအပြုံးအသိ။
အရက်ကြိုက်တတ်လို့အရက်သည်မ နဲ့သမုတ်ကြတာများလား။
အထွန်းကို မပြောရက်ဘူး
ဒီကိစ္စမိရွှေနဲ့ရှင်းရမယ် သောက်ကောင်မ ငါနဲ့တွေ့မယ်။

×××××

“ဟဲ့လင်ခိုးမ စနိုက်ကြော်မ တခုလပ်မ
ခုထွက်ခဲ့စမ်း
နင့်မှာယူစရာလင်ရှားသလားဟဲ့
သူများအိုးအိမ်ကို ခေါင်တက်ဖြိုခြင်တဲ့မိန်းမ
နင်မဖြိုခင် ငါအရင်ဖြိုပြမယ်မိရွှေမရဲ့
ငါ့့အရှင်တွေရဲ့ နတ်ဆေးနွားတွန်သံကြားရင် နင့်လိပ်ပြာနှူတ်ပြီးသားသာမှတ်”

အေးခိုက်နေတဲ့ဆောင်းမနက်ခင်းမှာ အိပ်ယာထဲဇိမ်နဲ့နှပ်နေတဲ့ ရွာသူရွာသားတွေ နားဘဝင်ထဲ အက်ကွဲတုန်ယင်နေတဲ့ အပြုံးရဲ့ နံက်ခင်းအကြို စစ်တံပိုးမှူတ်သံကြီးကြောင့် အားလုံးလူးလဲထကြရင်း ပွဲကြီးပွဲကောင်းကြည့်ဖို့ သူ့ထက်ငါဖျာဦးကြပြီကော။

မိရွှေကလဲ ပွဲကြည့်ပရိတ်သတ်စုံညီနေတဲ့ တိုက်ပွဲခေါ်သံဇာတ်ကြမ်းမှာ သူရှူံးလို့လုံးဝမဖြစ်ဘူးဆိုပြီး ရှိသမျှအကြောအခြင် မောင်းတင်ပြီးထွက်လာပါပြီ။

“ဟဲ့ ဟိုမရောက်ဒီမရောက်မ နွားအိုမြက်နုကြိုက်မ ညည်းလင်ညည်းထိန်းလေ တခုလပ်မကလို့ ဆယ်ခုလပ်ဖြစ်ဖြစ် အခုငါကလွတ်လပ်သူ ငါကြိုက်တဲ့လင်ငါယူလို့ရတယ် ညည်းလင်က ငါမှငါ တမ်းတမ်းစွဲဖြစ်နေတာ ပြန်မေးကြည့်နော် အဟင်းဟင်း”

ဆံပင်အကြေကောက်ဖွာလန်ကြဲ မိတ်ကပ်မျက်နှာ စပန့့်ဂါဝန်အကျားကြီးနဲ့ သရဲမပုံပေါက်နေတဲ့ မိရွှေပါးစပ်က မခိုးမခန့်လှောင်ရယ်သံကြောင့် အပြုံးမျက်စိတွေပြာဝေသွားပြီ။

မိရွှေဆီ ပြေးခုန်အုပ်ပစ်ပြီး သူ့ဆံပင်ကိုလက်ရစ်ထည့်ဆွဲ ကြမ်းနဲ့နဖူးကိုဘယ်နှစ်ခါဆောင့်ပစ်လိုက်တယ်မသိ။

လူတွေဝိုင်းဆွဲနေတဲ့ကြားက မိရွှေကိုက်လိုက်တဲ့ သူ့လက်မောင်းဆီက ဟက်တက်ကွဲဒဏ်ရာကလဲ သွားအကွင်းရာအတိုင်း။ သွေးတွေမြင်ရလေ စိတ်ကကြွလာလေ။

“ဟာ..ဆွဲကြပါဟ ဟေ့ကောင်တွေ”
ကာလသားခေါင်းမင်းကြီးလဲ ပုဆိုးကျွတ်ကျပြီ။

“အမလေး..ကိုထွန်းရေ..အရွှေ့မှာတော့ အိမ်ထိလာစော်ကားခံရသတော့ ကယ်ပါဦး ကိုထွန်းရဲ့ “။

ပွဲကြည့်ပရိတ်သတ်အားလုံးရဲ့မြင်ကွင်းထဲ ဇာတ်လိုက်မင်းသားအထွန်းရောက်ရှိလာပါပြီ။

အပြုံး စပြီး ကလော်တုတ်ကတည်းက မိရွှေအိပ်ခန်းထဲက သူအကုန်ကြားပြီးသား။

အိမ်ရောက်မှ တဖြေးဖြေး နားချဖွင့်ပြောဖို့ကြံခဲ့ပေမယ့် အလှူမဝင်ခင် မဏ္ဍပ်တိုင်တက်ပြလိုက်တဲ့ မိရွှေကြောင့် တိုက်ပွဲပြင်းထန်သွားခဲ့ရတာလေ။

“အပြုံး…”
ဟင်..သူအပြုံးကိုစခေါ်တယ်။

လူအုပ်ကြီးလက်ထဲက ရုန်းကန်နေတဲ့ လင်ပူမိနေတဲ့ အပြုံးလေ အထွန်းရဲ့ခေါ်သံတစ်ခွန်းအောက်မှာ ငြိမ်သက်ဝပ်ဆင်းသွားခဲ့ပါပြီအထွန်း။
အားလုံးကလဲ အပြုံးငြိမ်သွားလို့စိတ်အေးသွားကြရပြီလေ။

“အပြုံးနဲ့ပြန်လိုက်ခဲ့ပါအထွန်းရယ် အထွန်းမရှိရင်အပြုံးသေမှာအထွန်းရဲ့ ”

ခေါင်းကိုဖြည်းလေးစွာခါလိုက်တဲ့ အထွန်းကြောင့် အပြုံးအသည်းတွေ တစစီလွင့်ထွက်သွားရပါပြီ။

သူ အပြုံးကိုချစ်ခဲ့သံယောဇာဉ်ထားခဲ့ စီးပွားအတုရှာခဲ့ကြတာမှန်ပါတယ်တဲ့။
ဒါပေမယ့် သူက..သူကလေ သားသမီးတွေနဲ့သာယာချမ်းမြေ့တဲ့ မိသားစုကလေးဘဝကို တောင့်တမိခဲ့သတဲ့။

မိရွှေလို မိန်းမစစ်စစ် တစ်ယောက်ရဲ့ဖောဌဗ္ဖနွံအိုင်မှာသာယာမိတာလဲ ဝန်ခံပါသတဲ့။

အပြုံးကိုသနားမိသလို မိရွှေက်ိုလဲ ချစ်သတဲ့။

ဒါနဲ့များအထွန်းရယ်
ဘာလို့များ အစကတည်းက အပြုံးဘဝထဲဝင်ပြီး အိပ်မက်မိုးတိမ်တွေဆင်ပေးခဲ့ရတာလဲဟင်။

ခုတော့ တိမ်တွေပြိုတဲ့နေ့ အပြုံးရဲ့အချစ်ကမ္ဘာပျက်တဲ့နေ့ရောက်ခဲ့ရပါပကော။

×××××

လင်းကြက်တို့ကတာဝန်ကျေစွာ တွန်ကျူးချိန်နဲ့တဆက်တည်း ဆရာတော့်ကျောင်းက အုန်းမောင်းခေါက်သံကြားရပါပကောလား။

အမိုက်မှောင်တွေဖုံးနေတဲ့အမိုက်မကြီးကို ဒီမနက်အရုဏ်ဆွမ်းအတွက် ကန်တော့ပါဘုရား။

ဒီနေ့ပါနဲ့ဆို အိပ်ယာထဲ အပြုံးဘုန်းဘုန်းလဲခဲ့တာဆယ်ရက်ရှိခဲ့ပါပြီ။
နေ့မသိ ညမရှိ အချိန်တွေမသိတော့တဲ့အပြုံးဘဝ အထွန်းမရှိမှတော့ အသက်ရှင်နေလို့ရောဘာထူးဦးမှာတဲ့လဲ။

ပါးပြင်ပေါ်က မျက်ရည်ပူတွေကို အထွန်းရဲ့ပုဆိုးလေးနဲ့အသာသုတ်ရင်း သူ့ကိုစိုးရိမ်နေကြရှာတဲ့ သူ့အမတွေ အကိုနဲ့ တူ/တူမတွေကိုလဲဒုက္ခမပေးရက်တော့ပါဘူး။
အပြုံးဘာဆက်လုပ်ရတော့မလဲ အထွန်း။

×××××

“အမလေး..လာကြပါဦး…ကြီးမစံပုတို့ ကိုကြီးထွန်းကျော်တို့ရေ..ဟောဒီမယ် လေးလေးအပြုံးကြွက်သတ်ဆေးတွေ သောက်လိုက်ပြီ..အီးဟီးဟီး..”

တူမငယ်ငိုသံက အပြုံးနားထဲမဝင်တစ်ချက် ဝင်တစ်ချက်။
အား..ရင်ထဲက ပူလိုက်တာ။
ဘုရား..ဘုရား..ငါမှားပြီထင်ပါရဲ့ ငါသေရတော့မှာပါလား။
နှူတ်ဆက်ခဲ့ပါတယ်အထွန်းရေ..အပြုံးသွားတော့မယ်နော်

×××××

ဟင်…ငါ့ခန္ဓာကိုယ်က ပေါ့ပါးလိုက်တာ။ ငါလွတ်မြောက်သွားပြီလား။
“ငါ့မြေး..မင်းမလွတ်မြောက်သေးပါဘူးကွယ်”

ဟင်..ဘယ်ကအသံပါလိမ့်။
အသံသာကြားရပြီး လုုကမမြင်ရ။ငါ့ကိုလဲ သိနေသလိုပဲ။

“ဘယ်မြင်ရမလဲ ငါ့မြေး
ရွှေပြည်ဆိပ်ဦးဘုရားကြီးဆွမ်းလောင်းပွဲတုန်းက ငါ့မြေးရဲ့ကုသိုလ်အမျှဝေပေးခဲ့တာကို အဘိုးကသာဓုခေါ်ခဲ့ဘူးလို့ အခုလိုငါ့မြေးကိုသိတာပေါ့ကွယ်”

“ဟင် အပြုံးစိတ်ထဲက ပြောနေတာအဘိုးသိတယ်”
“သိတာပေါ့မြေးရယ် ငါ့မြေးက ရတနာသုံးပါးဆည်းကပ်တယ်
သံဃာတွေကိုနိစ္စပါတ်ဝတ်ဆွမ်း အမြဲကုသိုလ်ပြုခဲ့တယ်
မိဘတွေကိုလဲပြုစုလုပ်ကျွေးခဲ့တယ်။ သမ္မာအာဇီဝနဲ့ပဲစီးပွားရှာခဲ့တယ်လေ

တစ်ခုပဲမြေးရေ..
ကျန်တဲ့ပုဂ္ဂိုလ်များ နတ်များကို မေတ္တာပို့သအမျှဝေလို့ ရပါတယ် အစွန်းတော့မရောက်စေခြင်ဘူး။

မြတ်စွာဘုရားရဲ့ရုပ်ပွားတော်မြတ်ကို ပရိဘောဂစေတီ အမှတ်နဲ့ဂုဏ်တော်ကိုနှလုံးသွင်းကာပူဇော်လို့ရပေမယ့် ရတနာသုံးပါးကလွဲရင် ကျန်တဲ့ရုပ်တုတွေကို ကိုးကွယ်သူဟာ သရဏဂုံပျက်ပြီး မိစ္ဆာဒိဌိမည်သကွဲ့”

“ဟုတ်ကဲ့ပါအဖိုးရယ်”

” ပြီးတော့ ငါ့မြေးဟာ အတိတ်ဘဝတစ်ခုခုက သူတပါးသားပျိုသမီးပျို သို့ဟုတ် ကာမပိုင်ရှိတဲ့ မိန်းမတွေကိုပြစ်မှားစော်ကားခဲ့ဘူးလို့ ဒီဘဝမှာ ယောက်ျားစင်စစ်ဧကန်ဖြစ်ပါရက်နဲ့ ဒီလိုနပုဏ္ဍသကဘဝကိုရောက်ခဲ့ရတယ်။

ဒီဝဋ်ကြွေးကို ခုဘဝမှာတင်အကြေဆပ်ပေတော့ငါမြေးရေ…ဝဋ်ကြွေးအသစ်ကိုထပ်မံမယူနဲ့တော့နော်”

“ဟင် သမီးမသိခဲ့ပါလားအဘိုးရယ် သမီးဟာ သရဏဂုံတည်ထိုက်သူဖြစ်ပါတော့မလားအဘိုး။ သမီးကိုလမ်းမှန်ရောက်အောင် ပဲ့ပြင်ဆုံးမပေးတဲ့အဘိုးကိုသမီးကန်တော့ပါတယ်ရှင်”

“သာဓုသာဓုသာဓု..အမှားကိုသိချိန် အမှန်ကိုပြုပြင်ဖို့ရာ အချိန်မနှောင်းသေးပါဘူး။
ဟော..ဟိုရှေ့မှာလမ်းနှစ်သွယ်ရှိတယ်ငါ့မြေးရဲ့..
မင်းရဲ့အိမ်ပြန်လမ်းကို ဥာဏ်ရှိသလို ရွေးချယ်လိုိ့ု့သာပြန်ပါလေတော့ကွယ်။

ငါ့မြေးရေ..ရခဲလှတဲ့လူ့ဘဝကိုတခဏတာ အလည်ရောက်တုန်း ကုသိုလ်စိတ်နဲ့ပဲ ရှင်သန်နိုင်ပါစေ။

အခုလုပ်ခဲ့သလို ဥပစ္ဆေဒကကံမျိုး ထပ်မံမကျူးလွန်မိပါစေနဲ့
အဖန်ငါးရာငါးကမ္ဘာ လိုက်မီရာဘဝထိ အကုသိုလ်က ကွင်းဆက်လိုက်လာတတ်သကွဲ့မြေးရေ”

×××××

ိုအလို ဟိုအရှေ့မှာ သန့်ရှင်းပြောင်လက်နေတဲ့လမ်းနဲ့ ခြုံနွယ်တွေပိန်းပိတ်နေတဲ့လမ်းကနှစ်သွယ်ပါကလား။
လမ်းအိုကိုတော့ငါမလိုက်ဘူး။
လမ်းကောင်းကပဲ ဆက်သွားမယ်။

ဟင် ငါ့စိတ်ထဲတွေးလိုက်တာနဲ့ ယာဉ်တစ်ခုပေါ်ကို အလိုလိုရောက်သွားပြန်ပါပေါ့။
မြန်လိုက်တာကလဲ တရိပ်ရိပ်နဲ့ ဘာမှလဲမမြင်ရတော့ပါလား။

သွေးညှီနံ့တွေကလဲ နံလိုက်တာ။

ဟင် ဟိုရှေ့မှာ သံရည်ပူတွေပေါ်ဖြတ်ပြေးနေရသူက ဟိုတလောကမှဆုံးသွားတဲ့ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ညွန့်ပါလား။
သူ့နောက်ကခွေးနက်ကြီးတွေကလဲ အစွယ်တွေအဖွေးသားနဲ့လိုက်လို့
အမလေး..အူအသည်းတွေပြုတ်ကျမတတ်ကြောက်လိုက်တာ။

ရှင်..အလေးချိန်ခွင် တင်းတောင်းတွေကို ရောင်းတာတစ်ခု ဝယ်တာတစ်ခုထားပြီးအလေးခိုးခဲ့လို့ ခုလိုခံရတာတဲ့လား။

ဘုရား..ဘုရား သံဆူးချွန်ကြီးတွေရှိတဲ့လက်ပံပင်ပေါ်ကို သွေးတွေယိုစီးလို့ ခွေးအော်နွားအော်တက်နေရသူက ရွာလူကြီးဦးဘခင်။
သူဆုံးခဲ့တာကြာလှပြီလေ ဘာလို့ခုချိန်ထိငရဲခံနေရတာတဲ့လဲ နားမလည်နိုင်တော့ဘူး။

သြော်..ပြည်သူပိုင်ပစ္စည်းတွေ ဘုရားအလှူငွေတွေနဲ့ တမိသားစုလုံးကို စိန်ရွှေငွေအပြည့်နဲ့ထားပြီး လုပ်ကျွေးခဲ့တာ ငရဲခံရတော့ သူတစ်ယောက်ထဲ သူ့မိသားစုကဝင်ခံပေးလို့မရတဲ့ အကုသိုလ်တဲ့။

ဒီငရဲကလွတ်မြောက်ရင်တောင် ပြည်သူပိုင်ပစ္စည်းတွေခိုးယူခဲ့တဲ့အကုသိုလ်အတွက် နိုင်ငံပိုင်ကျွန်းသစ်တွေကို ဆင်ဘဝနဲ့သစ်ဆွဲရင်း သေသည်အထိတိရစ္ဆာန်ဘဝနဲ့ပေးဆပ်ရဦးမတဲ့။

ဆီပူဒယ်အိုးကြီးတွေထဲ မြုပ်လိုက်ပေါ်လိုက်နဲ့ အော်ဟစ် ငိုယိုနေတဲ့လူတွေကလဲ ဟိုမှာသည်မှာ အများကြီး။
ဘုရား..ဘုရား..ကြောက်စရာ တရားရစရာတွေပါလား

ဟင်..ငါဘုရားတ လိုက်မိတာနဲ့ ဘုရားဆည်းလည်းသံတချွင်ချွင်ကြားရတဲ့ ရွာထိပ်က ရွှေပြည်ဆိပ်ဦးစေတီဆီငါပြန်ရောက်သွားပြန်ပြီ။
ဘုရားဝင်ဖူးဦးမှပါလေ။

×××××

“ဟော အပြုံး သတိရလာပြီငါ့တူမကြီး
တော်ပါသေးရဲ့ ကြွက်သတ်ဆေးက ဆန်မှူန့်ရောထားတဲ့အတုတွေမို့အေ
ငါက ကန်စွန်းရွက်နဲ့နှမ်းဆီကိုထုထောင်းတိုက်လို့ ပြန်အန်ထွက်လို့ ညည်းကံကောင်းသွားတာ။
နတ်စင်က ရေတစ်ခွက်ခပ်ခဲ့ကြစမ်းဟဲ့”

ကြီးမစံပုရဲ့ဝမ်းသာအားရအသံကြောင့် အပြုံး အသာအယာပြုံးမိပါသည်။
အင်း ကိုယ်တွေ့ကြုံခဲ့ရတဲ့ ပြောပြစရာတွေ အားလုံးကို ကုသိုလ်ယူပြောပြရတော့မှာပေါ့လေ။

×××××

ဒီနေ့ အပြုံးစိတ်တွေကြည်လင်နေတယ်။

မိဘအမွေကလွဲပြီး အထွန်းနဲ့အပြုံး ဒိုးတူပေါင်ဖက်ရှာလို့ရသမျှ အားလုံးရဲ့တဝက်ကို အထွန်းနဲ့မိရွှေတို့လင်မယားလက်ထဲ ရွာလူကြီးတွေရှေ့ ကြည်ဖြူစွာပေးအပ်ခဲ့ပြီးပါပြီ။

ကျန်ငွေကို အပြုံးတို့ရွာဦးဘုန်းတော်ကြီးကျောင်းအတွက် အုတ်တံတိုင်းကာဖို့ အလှူငွေ၊
စာသင်ကျောင်းအတွက် ပညာပဒေသာပင်အလှူငွေ၊ တိုက်နယ်ဆေးရုံလေးအတွက် ထာဝရဆေးပဒေသာပင်အလှူငွေပေးအပ်လှူဒါန်းကုသိုလ်ပြု ရေစက်ချပွဲအတွက် တရွာလုံး ဝိုင်းကြဝန်းကြ ကူညီကြနဲ့ စိတ်ကြည်နူးစွာ အောင်မြင်ပြီးမြောက်ခဲ့ပါပြီ။

အိမ်ရှေ့ခန်းက နတ်ရုပ်တုတွေနဲ့ အိပ်ခန်းထဲက နှစ်ယောက်အိပ်ယာခမ်းနားတွေကိုတော့ မိန်းမသူတစ်စုက အလိုက်တသိ ရှင်းလင်းခဲ့ကြပြီးပါပြီ။

×××××××

အလှူကြီးပြီးတဲ့ နောက်တနေ့မနက်က စပြီးရွာထဲက ယာ တောသွား တောပြန်ကြသူတွေရဲ့မြင်ကွင်းထဲ

ဆံပင်ဘိုကေ ယောပုဆိုးခပ်တိုတိုနဲ့ လူတစ်ယောက်ဟာ သူ့အိမ်ရှေ့မှာ ဧရာမလင်ပန်းကြီးချပြီး

ထမင်းပူပူဆီဆမ်းကို ပဲပြုတ်လွှမ်းထားတဲ့ မနက်စာအဆာပြေ

ညနေပိုင်းကျပြန်တော့ ပေါက်ပေါက်ထန်းလျှက်၊ မြေပဲဆန်ကြော်၊လက်ဖက်သုပ်၊ ငှက်ပျောသီး၊ပိန္နဲသီးစတဲ့စားစရာတမျိုးမျိုးကို
ရေနွေးကြမ်းပူပူလေးနဲ့ တည်ခင်းပြီး

သူ့အိမ်ရှေ့ ရောက်လာသမျှလူတွေ အမောပြေစေဖို့ အတင်းခေါ်ပြီး ကုသိုလ်ယူနေတဲ့ မြင်ကွင်းကို
နေ့စဉ် ထာဝရမြင်တွေ့ကြရပါတော့သည်။ ။

×××××

အကြင်သူ(ယောမြေ)၏
“ရွာသူ့အပင်းနှင့် အခြားဝတ္တုတိုများ”
စာအုပ်မှ ပြန်လည်တင်ပြပေးခြင်းပါ ချစ်တို့ရေ…