ရထားလမ်းမှာနေပါတယ်{စ/ဆုံး}
———————————–
“ဟေ့ကောင်…အောင်အောင်…မြန်မြန်လာ..
လက်ဖက်ရည်ဖိုးရှင်းလိုက်တော့…လစ်မယ်…”
“အမ်..ဘယ်ကိုလစ်မှာလည်း ဟ..လာရမှာက မင်းတို့လေ ငါကရောက်နေတာကြာပြီ…မင်းတို့ကိုစောင့်နေတာလေ…”
“စကားရှည်မနေနဲ့ မြန်မြန်လုပ်…ဘူတာမှာ လူတစ်ယောက်ရထားအကြိတ်ခံရလို့ သေပြီတဲ့…အခုလေးတင်ဖြစ်တာ လာမကောက်ရသေးဘူး…မှီသေးတယ်…အဲဒါ သွားကြည့်မလို့…”
“အော်… ဘာများလဲလို့…သူ့ဘာသာဖြစ်တာ ငါ တို့နဲ့ ဘာဆိုင်လို့ သွားကြည့်မှာလဲ…လာပါ ထိုင်စမ်းပါ…အေးအေးဆေးဆေး စကားပြောရအောင်…”
“မဟုတ်ဘူး အောင်အောင် ငါတို့ ရထားအကြိတ်ခံရတာ တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူးဟ.မင်းမလိုက်ရင်နေခဲ့ ငါတို့တော့သွားတော့မယ်…မင်းဝင်ခေါ်တာနဲ့ မမှီပဲနေအုံးမယ်…”
“ဒီကောင် ကြောက်ပြီး မကြည့်ရဲတာနေမယ်…လာ မင်းသူ မင်းနဲ့ငါပဲသွားမယ်..ဒါမျိုးက မြင်ရခဲတယ် ကွ…ဘယ်လိုပုံစုံဖြစ်နေမလဲဆိုတာ သွားကြည့်ရအောင်…”
“ဟေ့ကောင်တွေ ဟေ့ကောင်တွေ ခဏလေးနေအုံး မသွားပါနဲ့ဆိုကွာ…ပြောမရလည်းသွားကွာ ငါဒီကပဲ စောင့့်မယ် ပြန်တော့လာခဲ့ကြအုံးနော်…”
ပြောပြောဆိုဆို မင်းသူနှင့် သူရနှစ်ယောက်သား ကျနော့်စကားပင် ဆုံးအောင်မစောင့်ပဲ လစ်ထွက်သွားကြသည်…
ဘူတာနှင့် ကျနော်တို့ထိုင်နေကြ လက်ဖက်ရည်ဆိုင်က သိပ်တော့မဝေးလှ…
၁၅မိနစ်လောက်ကြာတော့ သူရတစ်ယောက်ထဲ မျက်စိပျက် မျက်နှာပျက်ပုံစံမျိုးနဲ့ ဆိုင်ထဲကိုပြန်ဝင်လာတာ
တွေ့လိုက်တယ်..
“ဟေ့ကောင် သူရ…မင်းတစ်ယောက်ထဲလား ဟိုကောင် မင်းသူ
ကော..”
“ငါလည်းမသိဘူး…အတူတူကြည့်နေရင်း ပျောက်သွားလို့…ငါ့မစောင့်ပဲ ဒီပြန်လာတယ်ထင်လို့ တင်းပြီးလိုက်လာတာ…”
“ဟာ…မင်းတို့ကလည်း ၂ယောက်သွားပြီး တစ်ယောက်နဲ့ တစ်ယောက်လူချင်းကွဲသွားရတယ်လို့ကွာ…မင်းသူ အခုထိမလာသေးဘူး မင်းအရင်ရောက်တာ…ဖုန်းမဆက်ကြည့်ဘူးလား ဟ…အိမ်များပြန်သွားတာလား မသိဘူး…”
“ဆက်တယ်…ဖုန်းမကိုင်ဘူး…အဲ့ လဒကို ငါပေါက်နေတာ…”
“ထပ်ဆက်ကွာ…အခု…”
“အေးပါကွာ…အခုထပ်ခေါ်ကြည့်လိုက်မယ်…”
“တူ..တူ…”
“တွေ့လား မကိုင်ပြန်ဘူး…”
“ခက်တော့ ခက်နေပြီ…စိတ်တောင်ပူလာပြီ… သူ့အိမ်လိုက်သွားကြည့်ရင် ကောင်းမလား…သူရ”
“ခဏတော့ စောင့်ကြည့်လိုက်ပါအုံးကွာ…လာရင်လည်း လာမှာပေါ့…”
“အေးပါ ဒါဆိုလဲ ခဏစောင့်ကြတာပေါ့…ဒါနဲ့ မင်းတို့သွားကြည့်တော့ ဘာတွေ့လဲ ရထားအကြိတ်ခံရတဲ့ လူက ငါတို့အသိထဲကပဲလား…”
“သြော်အေး အဲ့ ကိစ္စ…ပြောမလို့…
မင်းမလိုက်တာကောင်းတယ်…
ကြည့်ရ မြင်ရတာ စိတ်မချမ်းသာစရာကြီးပါကွာ… ဘယ်သူဘယ်ဝါဆိုတာတော့ ငါလည်းသေချာမသိဘူး…ငါတို့အပိုင်းထဲကတော့ ဟုတ်မယ်မထင်ဘူး…
နေအုံး ငါကြားခဲ့တာပြောပြမလို့…
အဲဒီလူကြီး ရထားတိုက်ခံရတဲ့ ပုံက ထူးဆန်းတယ်လို့ပြောနေကြတယ်ကွ…
အစက အဲဒီလူက တခြားလူတွေလိုပဲ ရထားစီးဖို့စောင့်နေတာတဲ့…ရထားမလာခင်ကလေးကမှ အပေါ့သွားတာလား အလေးသွားတာလားတော့ မပြောတတ်ဘူး ဘူတာအကျော်က မှောင်တဲ့ဘက်ကို ထထွက်သွားတာတဲ့…ရထားလည်း လာရော အဲဒီလူက ရထားဆီတည့်တည့်ကြီးပြေးလာတာ ဘေးက လူတွေကဝိုင်း အော်ပြီးတားတာလည်း မကြားတာလား ဘာလားတော့ မသိဘူး ရထားကိုတည့်တည့်ကြီးဝင်တိုးတာ ရထားက တစ်ခါတည်းကြိတ်ထည့်လိုက်ရောတဲ့လေ…
ရထားမောင်းသမားပြောသွားတာကတော့ အဲဒီလူကို သူတို့ရုတ်တရက်တွေ့လိုက်တဲ့ အချိန်မှာ ရထားကလည်း ရပ်ခါနီးအရှိန်တော်တော်သေနေလို့ ဘရိတ်စောင့်အုပ်သေးတယ်တဲ့…ဒါတောင် မမှီလိုက်ဖူး… ကြိတ်ဖြစ်အောင်ကြိတ်လိုက်မိတာတဲ့ကွာ..
အဲဒီလူကို ကြိတ်အပြီးနဲ့ ရထားရပ်သွားတဲ့ အချိန်နဲ့က ကွက်တိလောက်ကိုဖြစ်သွားတာ
လို့ပြောတယ်…”
“အင်း ထူးဆန်းတယ်နော်…သူ့ကိုသူသတ်သေတာများလား…”
“ငါလည်း ဝိုင်းကြည့်နေတဲ့ သူတွေပြောတော့ မင်းထင်သလိုပဲ ထင်လိုက်သေးတယ်…အမှန်က အဲဒီလို မဟုတ်ဘူး…သရဲဝင်စီးတာဖြစ်ဖို့များတယ်…ဘာဖြစ်လို့လဲဆိုတော့ ရထားမောင်းတဲ့ ဦးလေးကြီးက ဘူတာရုံစောင့် စာရေးကြီးကို ပြောသွားတယ်တဲ့…အဲဒီလူကို မကြိတ်ခင်ကလေးမှာ သူတို့တွေ့လိုက်တာက အဲဒီအကြိတ်ခံရတဲ့ လူရဲ့နောက်ဘက်မှာ အရိပ်မည်းမည်းကြီးတစ်ခုတွေ့လိုက်ရတယ်လိ့ု့ိပြောသွားတယ်…အဲဒါ သူတို့အချင်းချင်းပဲပြောသွားတာနော်…တခြားလူတွေ မသိဘူး…ငါတောင် အဲဒီ ရုံစောင့်ကြီးက သူ့သူငယ်ချင်းလား ဘာလားတော့မသိဘူး ဦးလေးကြီးတစ်ယောက်နဲ့ အဒေါ်ကြီးတစ်ယောက်ကို ပြောပြနေတာကို နားစွံနားဖြားကြားလိုက်တာ…အဲလိုကြားလိုက်လို့ ငါလည်း ပိုစိတ်ဝင်စားသွားပြီး ရထားအကြိတ်ခံရတဲ့ လူကြီးကို သေခြာသွားကြည့်တော့…အပါးးပါးး ပြောရမှာတောင် မျက်စိထဲပြန်မြင်ယောင်ပြီး ကြက်သီးပါထလာပြီ…ဝေါ့…”
“ဘာလည်းဟ မင်းဟာက ကြက်သီးထတယ်လည်းပြောသေး အန်ချင်လိ့ု ပျို့နေတဲ့ ပုံစံနဲ့…”
“ဟုတ်တယ် ကြက်သီးထတာကော ပျို့ပါတက်လာတာကော ၂ခုစလုံးပဲ…ငါ့နေရာမှာ မင်းဆိုလည်း အခုလိုပဲ ဖြစ်မှာသေချာတယ် အောင်အောင်… ဟိုကောင်မင်းသူလည်း အဲဒီရထားကြိတ်ခံရတဲ့ လူကြီးကိုမြင်ပြီး အိမ်ပြန်ပြေးတာပဲနေလိမ့်မယ်…”
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့…ပြောမှာသာ ပြောစမ်းပါ အဲဒီလူကြီးပုံစံက ဘယ်လိုဖြစ်နေလို့လဲ…”
“သုံးပိုင်းပြတ်နေတာ ငါ့ကောင်ရေ…ပြတ်တာမှ ခေါင်းကတခြား လက်တွေခြေထောက်တွေကတခြား…ပြီးတော့ အူတွေပါထွက်ကျနေတယ်…ပိုပြီးကြောက်ဖို့ကောင်းတာက အဲဒီလူကြီးရဲ့ ပြတ်နေတဲ့ခေါင်းက မျက်စိကြီးပြူ းပြီး သူ့ကိုဝိုင်းကြည့်နေတဲ့ လူတွေကို ပြန်ကြည့်နေတဲ့ပုံစံ မျိုးကြီးဖြစ်နေတာ…နောက်ပြီး ဟုတ်မဟုတ်တော့ မသိဘူး…စဖြစ်ဖြစ်ခြင်းတုန်းကဆို အဲဒီခေါင်းပြတ်ကြီးက လုပ်ကြပါအုံး ကယ်ကြပါအုံးလို့တောင် ထအော်နေသေးတာတဲ့လေ…မျက်စိကလည်း ဖွင့်လိုက်ပိတ်လိုက် လုပ်နေသေးတယ်လိ့ုပြောနေကြတယ်..”
“ဟုတ် မဟုတ်… မဟုတ်ဘူး…သူရ.. အဲဒီလူတွေပြောတာဖြစ်နိုင်တယ် …ငါလည်း အရင်က ရထားအကြိတ်ခံရလို့ ပြတ်ထွက်သွားတဲ့ လူရဲ့ခေါင်းက အဲဒီလိုစကားထပြောတာမျိုးရှိတယ်လို့ ကြားဖူးတယ်…ဖြစ်ဖြစ်ချင်းဆိုတော့ အကြောတွေမသေသေးလို့လား ဒါမှမဟုတ်အပမိတာလားတော့ မပြောတတ်ဘူး…အဲဒါကြောင့် ငါ မင်းတို့ကိုတားနေတာပေါ့…ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စသွားမကြည့်ပါနဲ့ဆိုတာ…အခုကြည့်ပြီး မင်းတို့အတွက် ဘာကောင်းကျိုးရှိလဲ…ငါက အဲဒါမျိုးမြင်ဘူး ကြုံဘူးလို့မင်းတို့ကိုမသွားဖိ့ုတားတာပေါ့…”
ထိုစဉ်…
“တူ…တူ…တူ ”
“သူရ မင်းဖုန်းလာနေတယ်…ကိုင်လိုက်အုံး…”
“ဟာ…မင်းသူဆက်တာကွ..ကောပေးလိုက်အုံး အသာနေ…”
“ပြော လဒ..မင်းအခုဘယ်မှာ…မှာ…”
“အာ…ကန်တော့ အန်တီ…မင်းသူမှတ်လို့..အော်…ဟုတ်ကဲ့…သားတု့ိ အခုလာခဲ့မယ် အန်တီ…ဟုတ်…စိတ်ချပါ…”
“အောင်အောင်…ပိုက်ဆံရှင်းလိုက်တော့ မင်းသူအိမ်အမြန်လိုက်သွားရအောင်…
ဟိုကောင့်ကို သရဲဝင်ပူးနေလို့ဆိုလားပဲ…”
“ဟာ..တကယ်ကြီးလား…”
“ဒါ နောက်စရာလား ဟ..တကယ်ပြောနေတာကွ..”
လက်ဖက်ရည်ဖိုး အမြန်ရှင်းပြီးတာနဲ့ မင်းသူအိမ်သို့ အပြေးတပိုင်းချီတက်သွားကြသည်…
“အန်တီ…မင်းသူ ဘယ်မှာလဲ ဟင်…”
“ဟိုမှာရှိတယ်…တိုးတိုးနေ ဘုန်းဘုန်းမေးနေတယ်…”
မင်းသူအိမ်ရောက်တော့ မင်းသူ အဖေသွားပင့်လာတဲ့…ဘုန်းကြီးတစ်ပါးပါ ရောက်နှင့်နေပြီ…မင်းသူအမေက တိတ်တိတ်နေရန်ပြောသဖြင့် ကျနော်တို့လည်း စကားမပြောပဲ…မင်းသူနှင့် ဘုန်းဘုန်းအပြန်အလှန်ပြောနေသည်များကို နားထောင်နေလိုက်တယ်…
“မင်း ဘာကြောင့် ဒီလိပ်ပြာရှင်ကို နှောက်ယှက်ရတာလဲ…မင်း ဘာဖြစ်ချင် ဘာလိုချင်လို့လဲ…”ဘုန်းဘုန်းကမေးနေသည်…
“ကျုနော် ဗိုက်ဆာလို့ပါ…အစာစားပြီးရင် ပြန်မှာပါ…နှောက်ယှက်တာ မဟုတ်ပါဘူး…”
“ကောင်းပြီ…မင်းစကား မင်းတည်ရင် ကျွေးမယ်…ဒါနဲ့ မင်းက ဘယ်သူလဲ ဘယ်နေရာမှာနေတာလဲ…
ဘာလို့မကျွတ်မလွတ်တဲ့ ဘဝရောက်နေရတာလဲဆိုတာ
အရင်ပြောအုံး…”
“ကျနော့် နာမည် ထွန်းစိန်ပါ…နေတာက ရထားလမ်းမှာပါ…မကျွတ်သေးတာက အလှည့်မကျသေးလို့ပါ…ကျနော့်လိုပဲ ရထားလမ်းမှာ မကျွတ်မလွတ်သူတွေ အများကြီးရှိပါတယ်…ဒီညတော့ အသစ်တစ်ယောက်ရောက်လာလို့ အဟောင်းတစ်ယောက်ကျွတ်သွားပါပြီ…”
“နေအုံး ခဏ မင်းပြောတာ မရှင်းဘူး…သေချာနားလည်အောင်ပြောစမ်း…”
“ဒီလိုပါ…ကျနော်တို့က ရထားလမ်းပေါ်မှာ အစောင့်သဘောမျိုးနဲ့ နေ နေရတာပါ…ကျနော့်လိုပဲ တခြားမကျွတ်သေးတဲ့ သူတွေအများကြီးရှိပါတယ်…လွန်ခဲ့တဲ့ တစ်နာရီလောက်က ကျွတ်ချိန်ရောက်နေတဲ့ တစ်ယောက်က သူ့နေရာမှာ ဆက်စောင့်ဖို့ တခြားလူတစ်ယောက်ကို ပူးပြီးရထားအကြိတ်ခံရအောင် လုပ်လိုက်ပါတယ်…အဲဒီလူက သေသွားလို့ ဟိုတစ်ယောက်က ကျွတ်သွားပါပြီ…အခုမှ သေတဲ့ လူက သူ့နေရာမှာ ထပ်စောင့်ရင်း သူ့ကျွတ်ချိန်တန်မှ နောက်ထပ်တစ်ယောက်နဲ့ လူစားလဲရမှာပါ…ကျနော့်တုန်းကလည်း အဲလိုပဲ ခံခဲ့ရတာပါ…အစောင့်လဲတဲ့ သဘောပါ…”
“ဘုရား ဘုရား…ဒါဆို မင်းတို့ဟာက မလွယ်ပါလား…တစ်ယောက်သေမှ တစ်ယောက်လွတ်တာမျိုးကြီးပေါ့…”
“ဟုတ်ပါတယ်…ကျနော်တို့ ရထားလမ်းပေါ်မှာနေနေရတဲ့ မကျွတ်မလွတ်သူတွေကို ဘယ်သူကမှလည်း အစားအစာလာမကျွေးကြသလို…ကျွတ်အောင်လွတ်အောင်လည်း အမျှ အတန်းဝေမပေးကြပါဘူး…ဒါကြောင့် ကျနော့်တို့နည်း ကျနော်တို့ ဟန်နဲ့ပဲ ကျွတ်အောင် လုပ်နေရသလို အစားအစာကိုလည်း ဖြစ်တဲ့ နည်းနဲ့ရှာစားနေကြရတာပါ…အခုလည်း ဟိုရထားအကြိတ်ခံရတဲ့ လူကို လာကြည့်ကြတဲ့ အထဲက ဒီကောင်လေးက ကံနိမ့်နေလို့ သူ့ကိုမှာ ကပ်ပြီးလိုက်လာတာပါ…ကျနော်က ဗိုက်ဆာလွန်းလို့ လုပ်ရတာပါ…တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး…”
“ကောင်းပြီလေ…စားပြီးရင်တော့ အေးဆေးပြန်မှာ မှတ်လား…လိပ်ပြာရှင်ကို ဘာဒုက္ခမှမပေးခဲ့ဘူးဆိုတာ သေချာတယ်နော်…ကတိပေးလား…”
“ကတိပေးပါတယ်…ဘာမှ မလုပ်ပါဘူး…အစာသာကျွေးပါ…”
“ဘာစားချင်တာလဲပြော…”
“ဘာပဲဖြစ်ဖြစ်ရပါတယ်…များများတော့ ကျွေးပါ…အစားမစားရတာ နှစ်ချီနေပါပြီ…”
“ကဲကဲ…ဒကာတို့ အိမ်မှာ ဘာစားစရာရှိလဲ ရှိတာသာ ချကျွေးလိုက်…”
“တင်ပါ့ဘုရား…”
ဘုန်းဘုန်းက ချကျွေးလိုက်လို့ ပြောသဖြင့်…မင်းသူ အဖေနဲ့ အမေက ကျန်နေသေးတဲ့ ထမင်းတွေ ဟင်းတွေအကုန်ချကျွေးသည်…မင်းသူရှေ့ ချပေးသမျှ မျက်စိတမှိတ်လေးအတွင်းမှာပင် ကုန်ကုန်သွားသည်…ကုန်သွားလျှင် မဝသေးဟု ပြောကာထပ်တောင်းသည်…နောက်ဆုံး အသီးအနှံတွေကော မုန့်တွေပါ ချကျွေးလိုက်သည်…ကျွေးသမျှ စားလို့ကုန်သွားတာတောင် မဝသေးဘူးလို့ပြောနေသေးသဖြင့်…
စားစရာဘာမှ မရှိတော့ကြောင်းရှင်းပြရသည်..
ဘုန်းဘုန်းကလည်း ဒီလောက်နဲ့ပဲ ကြေနပ်ရန်ပြောမှ…ဟုတ်ကဲ့ပါ…သူ့ကို အခုလိုအစားကျွေးတဲ့ အတွက်ကော ဘာမှမလုပ်တဲ့ အတွက်ပါ ကျေးဇူးတင်လို့မှာခဲ့ပါစေ…နောက်နောင် အသွားအလာအနေအထိုင်နဲ့ အပြောအဆိုဆင်ခြင်ကြပါ…အထူးသဖြင့် ရထားလမ်းပေါ်မှာ မကျွတ်မလွတ်သူတွေများစွာရှိနေလို့ ရထားလမ်းတွေပေါ်မှာ အမှားအယွင်းမလုပ်မိစေနဲ့…
ကျနော်ကဗိုက်ဆာလို့ အခုလိုလုပ်တာဖြစ်ပေမယ့်…တခြားခြားသော မကျွတ်မလွတ်သူတွေဆိုရင် လိပ်ပြာနုတ်တာ လူစားလဲတာနဲ့လိပ်ပြာရှင်ကို ဒုက္ခရောက်အောင်လုပ်ခဲ့တာတွေ
ကြုံရနိုင်ပါတယ်…ဒါကြောင့် ဆင်ခြင်ကြပါ…
ဒါပါပဲ သွားပါတော့မယ်…”
သွားပါတော့မယ်လို့ ပြောပြီးတာနဲ့ မင်းသူလည်း ထိုင်နေရာမှခွေကနည်းလဲကျသွားပြီး ချက်ချင်းဆိုသလိုပြန်ထထိုင်ပြီး..အိပ်ယာမှ နိုးလာသူတစ်ယောက်လို သူဘာဖြစ်ခဲ့သည်ဆိုတာကို မသိသည့် အမူအရာဖြင့် ကြောင်တောင်တောင်အမူအရာနှင့် လိုက်ကြည့်နေသည်…ကျနော်တို့ကို မြင်တော့ ဘာဖြစ်တာလဲမေးသည့် အနေဖြင့် မေးငေါ့ပြီး မျက်စပစ်ပြနေသေးတယ်…
ဘုန်းဘုန်းက ပရိတ်ရွတ်… ဘုရားသောက်တော်ရေကိုစွန့်ကာ မင်းသူကိုတိုက်ပြီး…လုပ်စရာရှိတာ မှာစရာရှိတာများလုပ်ပေးပြီး ပြန်ကြွသွားသည်..
ဘုန်းဘုန်းလည်းပြန်ကြွသွားပြီးတာနဲ့
မင်းသူအမေက နေရာတကာပါချင်အုံးဆိုပြီး
ကျနော်တို့ကို ဆူပါလေရော…
ကျနော်နဲ့မဆိုင်ပေမယ့် ပြောပြနေရင် ပိုရှုပ်ကုန်မှာစိုးလို့ ဘာမှမပြောပဲ…ငြိမ်နားထောင်နေလိုက်ရတယ်..
ထိုနေ့ညက အဖြစ်အပျက်က ရလိုက်တဲ့ သင်္ခန်းစာတွေကြောင့် အခုဆို အက်စီးဒန့်တစ်ခုခုဖြစ်တယ်…အစိမ်းသေသေတယ် ကြားတာနဲ့ ကျနော်တို့ သူငယ်ချင်း၃ယောက်စလုံး ဝေါင်ဝေါင်ကရွှေး ဝေးဝေးကရှောင်ပါတော့တယ်…
ပြီးပါပြီ……..
#မူရင်းရေးသားသူကို #CRD ပေးပါတယ်
#crd