ရှင်ကွဲ

ရှင်ကွဲ(စ/ဆုံး)

———-

တမာပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းကလေးထဲကို မြင်းလှည်း ချိုးကွေ့၀င်လိုက်တာနဲ့ အိမ်ရဲ့အနံ့ကို ကျွန်မရတယ်။ ဟိုး….. လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က ကျစ်ဆံမြီး နှစ်ဖက်ချထားတဲ့ ကောလိပ်ကျောင်းသူဘ၀နဲ့ ပြန်လာတုန်းကလည်း သည်အနံ့ပါပဲ။ လုံခြုံနွေးထွေးတဲ့ အိမ်ရဲ့အနံ့ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးထင်ပါရဲ့။ ပြောင်းလဲသွားတာကတော့ ကျွန်မပဲပေါ့။ မျက်နှာချင်းဆိုင် မြင်းလှည်း မှန်ချပ်လေးထဲမှာ နဖူးဆံစတွေ ဖြူဖွေးစ ပြုနေတဲ့ အသက်ငါးဆယ်ကျော် မိန်းမတယောက်။

အိုး… ဟိုမှာ ကျွန်မတို့ အိမ်ကို မြင်ရပြီ။ ရေနံတွေ မည်းဝနေတဲ့ နှစ်ထပ်အိမ်ကြီးထဲမှာ ကျွန်မအဖေရယ်၊ အမေရယ်၊ မမကြီးရယ် ရှိတယ်။ ၀မ်းနည်းစရာနဲ့ ပြန်ပြန်၊ ၀မ်းသာစရာနဲ့ ပြန်ပြန် အိမ်ကိုမြင်လိုက်တာနဲ့ ဘာဖြစ်လို့များ အားရှိ လုံခြုံသွားရတာ ပါလိမ့်နော်။

မန်းကျည်းပင်၊ သရက်ပင်တွေကြားမှာ ငြိမ်သက် တိတ်ဆိတ်နေတဲ့ အိမ်ရှေ့မှာ ခဏ ကျွန်မရပ်နေပြီးမှ ၀င်းတံခါး တွန်းဖွင့် ၀င်လိုက်တာနဲ့ ကျွန်မရင်တွေ တဒိတ်ဒိတ် ခုန်လာတယ်။ အမေ … အမေ့ကို ကျွန်မ ဘယ်လို တွေ့ရမှာပါလိမ့်။ သူ အင်မတန် ချစ်တယ်ဆိုတဲ့ အငယ်ဆုံးသမီး ကျွန်မကို အမေ ဘယ်လို ဆက်ဆံမှာပါလိမ့်နော်။

‘မမကြီး’

အိမ်ရှေ့ တံခါးနားကနေ မမကြီးကို ကျွန်မ တိုးတိုးခေါ်လိုက်တယ်။ မမကြီး ကျွန်မကို မျှော်နေတယ် ထင်ပါရဲ့။ ချက်ချင်းပဲ အောက်ထပ် အိပ်ခန်းထဲကနေ ထွက်လာတယ်။ အဲသည် အိပ်ခန်းဟာ အဖေနဲ့ အမေ့ အိပ်ခန်း။

‘ညည်း မိုးချုပ်မှ ရောက်မယ်ထင်လို့’
မျက်နှာထားတင်းတင်း၊ စကားပြတ်ပြတ် ပြောတတ်ပြီး အင်မတန် ပါးလှပ်တဲ့ နှုပ်ခမ်းနဲ့ အင်မတန် ပါးလှပ်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်သူ ကျွန်မရဲ့ မမကြီးဟာ ဘာမှ မပြောင်းလဲသလိုပဲ။ ကျွန်မ မလာဖြစ်တဲ့ တနှစ်အတွင်းမှာ ပြောင်းလဲသွားတာကတော့ မမကြီးရဲ့ ဖွေးဖွေးလှုပ်နေတဲ့ ဆံပင်တွေပဲ။ မနှစ်က အဖေနဲ့ အမေရဲ့ ရှစ်ဆယ့်ကိုးနှစ်ပြည့် မွေးနေ့အလှူမှာတုန်းက မမကြီးဆံပင်တွေ ဒါလောက် မဖြူသေးပါဘူး။ မမကြီးက ကျွန်မအထက်က အဖတ်မတင်တဲ့ အစ်မနှစ်ယောက်ရဲ့ အထက်၊ အေးလေ မမကြီး ငါးဆယ့်ရှစ်နှစ် ရှိပြီပဲ။ ခြောက်ဆယ်နားနီးပေါ့။ ဒါဆို အစ်ကိုကြီးက အသက်ခြောက်ဆယ် ရှိခဲ့ပြီပေါ့နော်။

‘အမေရော မမကြီး’
‘ဒေါ်လေးတို့ အိမ်မှာ သူတို့ ညီမတွေ ငယ်ငယ်ကဟာတွေ သတိရတယ် ထင်ပါရဲ့အေ။ ဘုရားပွဲ သွားမလို့တဲ့ ပိုးလုံခြည်တွေ ဘာတွေ ထုတ်၀တ်ပြီး ဇွတ်ထွက်သွားတာပဲ’
ကျွန်မရင်ထဲ တမျိုးကြီး ခံစားရတယ်။ ပြီးတော့ အဖေ့ကို ချက်ချင်းသတိရလိုက်မိတယ်။

‘အဖေကိုရော မမကြီး ဘယ်လိုလဲဟင်’
အလျင်စလို မေးလိုက်တဲ့ ကျွန်မကို မမကြီးက ဘာမှ မပြောပဲ အသံပြတ်နဲ့ ‘လာ’ တဲ့။ အဖေနဲ့ အမေ အိပ်ခန်းထဲကို ရှေ့က ၀င်သွားတယ်။ မြန်မာဆေးနံ့၊ ဘုရားပန်းနံ့၊ ပြီးတော့ အဖေနဲ့ အမေနဲ့ အနံ့တွေ လွှမ်းခြုံထားတဲ့ အခန်းထဲက ကနုတ်ပန်းအခက်အနွယ်တွေနဲ့ ဟောင်းနွမ်းရှေးကျ ခံ့ညားလှတဲ့ ကျွန်းခုတင်ကြီး ပေါ်မှာ အဖေ အိပ်ပျော်နေရှာတယ်။

‘အဖေနေမကောင်းဘူးလား၊ ဒူးနာတာကရော’
‘အေး… ဟုတ်တယ်၊ ဒူးကတော့ ဒီလိုပါပဲအေ၊ အမေက အဖေ့ကို လုံးလုံး မမှတ်မိတော့ဘူး’
‘ဘာရယ်’
အို…. တကယ်ပဲလား။ မဖြစ်နိုင်လိုက်တာ။ အမေကလား။ အဖေ့ကို။

‘ညည်း ဒီမှာ ကြာကြာနေနိုင်ရင်တော့ ကောင်းမှာပဲ’
‘နေနိုင်ပါတယ်၊ နေလဲ နေရမှာပဲ မမကြီးရယ်၊ ကျွန်မ…’
အားကိုးတိုင်တည်ဖို့ ဟန်ပြင်လိုက်တဲ့ ကျွန်မစကားတွေကို မမကြီး ဘယ်တော့မှ နားမထောင်ပါဘူး။
‘ငါ အမေ့ကို သွားခေါ်လိုက်ဦးမယ်၊ ညည်းအဖေ့နား စောင့်လိုက်ဦး၊ ပြန်မှ ထမင်းစားကြတာပေါ့။ အစ်ကိုကြီးတို့အိမ်က ထမင်းပို့တယ်၊ လာရင် ယူထားလိုက်’

စကားဆုံးတာနဲ့ မမကြီးခန္ဓာကိုယ် ပါးပါးလေး အခန်းပြင်ဘက်ကို လှစ်ခနဲ ပျောက်ကွယ်သွားခဲ့တယ်။ အဖေ့ ခုတင်ဘေးက ပက်လက်ကုလားထိုင်လေးပေါ်မှာ ကျွန်မကိုယ်ခန္ဓာကို ပုံချလိုက်မိတယ်။ မမကြီးဟာ ကျွန်မတို့ နှစ်ယောက်ကို ခုထိ ခွင့်မလွှတ်နိုင်သေးဘူးလား။ မမကြီးမှာ တရားမရှိနိုင်သေးဘူးလား။ အနွေးထည် အင်္ကျီအိတ်ထောင်ထဲက ကျွန်မရဲ့ ခရီးဆောင် စာအုပ်လေးကို ထုတ်လိုက်တယ်။ ‘ဗုဒ္ဓယဉ်ကျေးမှုအခြေခံ’ တဲ့။ စာအုပ်ရဲ့ ပထမစာမျက်နှာမှာ မမကြီးနဲ့ အဖေတို့ အမေတို့က မုန်းတဲ့ ကျွန်မချစ်လင်ရဲ့ လက်ရေးစောင်းစောင်း တွေကို မြင်ရတယ်။ ‘ချစ်ဇနီး ခင်ထွေးရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့သို့’ တဲ့။ ဘုရားရှိမခိုးတဲ့၊ ဘုရားစာမရတဲ့၊ တရားလဲမထိုင်၊ ပုတီးလည်း မစိပ်တဲ့ ကျွန်မချစ်လင်ရဲ့ အံ့သြစရာ မွေးနေ့လက်ဆောင်။ လွန်ခဲ့တဲ့ တပါတ်က ကျရောက်ခဲ့တဲ့ ငါးဆယ့်နှစ်နှစ်ပြည့် ကျွန်မရဲ့ မွေးနေ့မှာ အထီးကျန်ခြင်းကို ကျွန်မအတွက် မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ ကျွန်မရဲ့ ချစ်လင်။

စာအုပ်လေးကို တဖျပ်ဖျပ်လှန်လှောရင်း ‘ဓာရဏပရိတ်’ ကို အာရုံပြု ရွတ်ဖတ်ဖို့ ကျွန်မကြိုးစားတယ်။

ဆယ့်ငါးပေ၊ ပေငါးဆယ်ရှိတဲ့ အခန်းလေးတခု၊ ခပ်နွမ်းနွမ်း ပရိဘောဂအနည်းငယ်။ ကျွန်မနဲ့ တချို့ လူတွေ မုန်းပြီး သူမြတ်နိုးကိုးကွယ်တဲ့ စာအုပ်တွေအပြည့်။ နေရာအနှံ့ ပုံစံအမျိုးမျိုး ဆေးလိပ်ခွက်တွေ။ အလွန် သပ္ပာယ်တဲ့ ဘုရားဆောင်လေးတခုလဲ ရှိတဲ့ ဒီအခန်းလေးထဲမှာ အိမ်ထောင်သက် အနှစ်သုံးဆယ်နီးပါး ကျွန်မတို့ ဖြတ်သန်း ခဲ့တယ်။ ကျွန်မ ကောလိပ်ကျောင်းသူဘ၀ တပိုင်းတစနဲ့ သူ့နောက် ခိုးရာလိုက်ခဲ့ကတည်းက တဖက်က ကျူရှင်ပြရင်း သူလုပ်ချင်တာတွေ လုပ်ရင်း ချို့တဲ့မှုဒဏ်ကို ခါးစည်းမခံနိုင်တဲ့ ကျွန်မက အိမ်ပြန်လက်ဖြန့်ရင် သည်အခန်းလေးထဲမှာ ‘သင်း သွေးကို ငါတို့ ချစ်နေရဦးမယ်၊ နင်တို့ သားသမီးမရစေနဲ့’ လို့ ဆိုတဲ့ မမကြီး ကျိန်စာကလည်း ကျွန်မတို့ကို ထိခဲ့တာကိုးနော်။

စာအုပ်လေးကို ကျွန်မ ပိတ်လိုက်တယ်။ မသိမသာ လူးလွန့်လိုက်တဲ့ အဖေ့ကို ကြည့်ရင်း ကျွန်မ၀မ်းနည်းလာတယ်။ ကျွန်မ ဘယ်သူ့ကို ပြောရမလဲ။ ညသန်းခေါင်ရဲ့ ဆူညံလှုပ်ခါနေတဲ့ လူခေါ် ကြေးခေါင်းလောင်းသံ။ ပြီးတော့ သူစိမ်းတွေ။ သူစိမ်းတွေနဲ့အတူ ကျွန်မရှေ့က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး အထီးကျန်ခြင်းကို ကျွန်မအတွက် ထားရစ်ခဲ့တဲ့ ကျွန်မချစ်လင်။ ကျွန်မ သိပ်ကြောက်တာပဲ အဖေ။ သူသာဆိုရင်တော့ ကျွန်မကို ပြောဦးမယ်။ ‘မင်းဟာ ဘယ်တော့မှ ကြီးပြင်မယ့် မိန်းမ မဟုတ်ဘူး လို့’။

မှောင်စပြုလာတဲ့ အခန်းထဲမှာ မီးဖွင့်ဖို့ ကျွန်မ ထလိုက်တယ်။ မီးဖွင့်ပြီး အဖေ့ခုတင်နား ကျွန်မပြန်လာ တော့ အဖေရယ် နိုးနေပြီ။ ဒါပေမယ့် အဖေကျွန်မကို ဘာမှ မပြောခဲ့ပါ။ သူ့မျက်လုံးတွေ ဟိုဟိုသည်သည် လိုက်ကြည့်နေတယ်။ ပြီးတော့မှ ‘ညည်းအမေရော’ တဲ့။ ကျွန်မ ငယ်ဘ၀ တလျှောက်လုံး ကြားခဲ့ရတဲ့ အဖေ့ ရေရွတ်သံ။ ကျွန်မ ဘာပြောရမလဲ။

‘အမေလား အဖေ’
ကျွန်မ စကားထစ်နေဆဲ အဖေ့မျက်နှာ ဖျတ်ခနဲ ညှိုးနွမ်းသွားပြီး မျက်လုံးတွေ ပြန်မှိတ်ပစ်လိုက်တယ်။ ခုတင်ဘေး စားပွဲလေးပေါ် ဓာတ်ဗူးလေးထဲက နွားနို့ကို အဖေသောက်နေကျ လက်ဖက်ရည်ပန်းကန်ပြား အပက်လေးထဲ ကျွန်မငှဲ့ထည့်လိုက်တုန်း……။

‘စိတ်ချ၊ နက်ဖြန်ကျ လိုက်ပို့ပါ့မယ်လို့ဆို’
ဟော မမကြီးအသံ။ အမေလာပြီလား။ အဖေ့မျက်လုံးတွေ ပြန်ပွင့်လာတယ်။ ကျွန်မရင်တွေလဲ တဒိတ်ဒိတ် ပြန်ခုန်လာတယ်။ အမေ ဘယ်လို ဖြစ်နေမှာလဲ။

‘လာပါအမေရဲ့’
အခန်း၀မှာ မမကြီးနဲ့အမေ ရုတ်တရက် ပေါ်လာတယ်။
‘အမေ ‘
ပါးရေတွန့် ပါးပြင်မှာ သနပ်ခါးတွေနဲ့ အမေက ကျွန်မကို စိမ်းစိမ်းကြည့်နေတယ်။ လန်းဆန်းတက်ကြွမှု တမျိုး ပူးကပ်နေတဲ့ အသက်ကိုးဆယ်အရွယ်၊ ကျွန်မရဲ့ အမေဟာ ကျွန်မကို ကြည့်ရာက အဖေ့ဆီကို ဖျတ်ခနဲ လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ကျွန်မ ငှဲ့လက်စ နွားနို့ပန်းကန်ပြားလေးပေါ်။ အို…. အမေ သတိရပါစေ။ ကျွန်မမျက်စိထဲမှာ အဖေ့မေးစေ့အောက်မှာ လက်ကိုင်ပုဝါလေးခံပြီး နွားနို့ ပန်းကန်ပြားလေးကို တိုက်နေတဲ့ အမေ။ အဖေ့ဒူးကို အမြဲတမ်း နှိပ်ပေးနေတဲ့ အမေ။ ‘နင့်အဖေရော’ ဆိုတဲ့ အမေ့ပူပန်သံနဲ့ ပျာယာခတ် အမူအရာ၊ ကျွန်မအမေ့ကို မျှော်လင့်တကြီး ကြည့်မိတယ်။ ပြီးတော့ နွားနို့ပန်းကန်ကို ကျွန်မကောက်ကိုင်လိုက်ရင်း……

‘ရော့လေ အမေ၊ အဖေ့ကို’
ကျွန်မစကားမဆုံးခင်မှာပဲ အမေဟာ အဖေ့ကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်တယ်။
‘ဒီအဘိုးကြီးက ဘယ်ကလဲ၊ သူများအိမ်မှာ ဘာလာလုပ်နေတာလဲ။ ခုထိမပြန်သေးဘူးလား၊ မိုးချုပ်လှပြီ’
‘အို….. အမေ’
မျက်စိစုံမှိတ်လိုက်တဲ့ အဖေ့မျက်နှာကို ကျွန်မ တသက်မမေ့နိုင်တော့ပါ။
‘ဟဲ့ အဘိုကြီး ကိုယ့်အိမ်ကို ပြန်လေ။ မိုးချုပ်လှပြီဆို၊ အသားအရေတွေက ဖြူဖပ်ဖြူရော်နဲ့ အဲ့ဒါ ဘယ်က တရုတ်အဖိုးကြီးလဲ ဟင်၊ ဘယ်ကလဲ’
မမကြီးက အမေ့ကို အတင်းဆွဲခေါ်သွားတယ်။ ‘အဖိုးကြီး ပြန်တော့’ ဆိုတဲ့ အမေ့အော်သံသဲ့သဲ့ကို ကျွန်မ တကယ်ကြားနေရတာပါလား။ အမေဟာ အဖေ့ကို လုံးလုံး မမှတ်မိတော့ဘူး။ ဖြစ်နိုင်ပါ့မလား။ အိမ်ထောင်သက် အနှစ်ငါးဆယ်ကျော် တလျှောက်လုံး အမေဟာ အဖေ့ကို ဘယ်လောက် မြတ်နိုးခဲ့သလဲ။ ဘယ်လောက် ယုယခဲ့သလဲ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“ညည်းတို့အမေ၊ ညည်းတို့အဖေကို ယုယပုံများတော့ ငါတို့ တသက် တွေ့ဖူးပေါင်အေ၊ အရိပ်ကြည့်နေ တယ်ဆိုတာမျိုးပေါ့။ ညည်းတို့ အဖေဟာလေ ထမင်းတို့ ဟင်းတို့၊ လက်ဖက်ရည်ချိုတို့၊ ကော်ဖီတို့ ဆိုတာတွေဟာ ပန်းကန်ပြား၊ ပန်းကန်လုံးထဲမှာ ဖြစ်တာလို့ သိတော့တာ။ သူ့ရှေ့မှာ စားစရာ သောက်စရာ ချထားရင် မစားတတ်တော့ဘူး။ ညည်းအမေက ကောက်ယူပြီး ‘ရော့ … ကိုမောင်သန်း စားလေ’ ဆိုတော့မှ စားတာ။ တခါများ ညည်းတို့အမေက ထမင်းပွဲ ပြင်ပေးခဲ့ပြီး ဧည့်သည်လာလို့ ဧည့်သည်နဲ့ စကားပြောနေတယ်။ တော်တော်လည်း ကြာသွားတယ်။ ဧည့်သည်ပြန်တော့မှ ထမင်းစားပွဲဆီ ၀င်လာတော့….. အမယ်လေးတော် ပြောချင်ဘူး။ မောင်မင်းကြီးသား ထမင်းဝိုင်းမှာ သည်အတိုင်း ငုတ်တုတ်။ ညည်းအမေက ‘စား’ လို့ မပြောသေးလို့။ အဖြစ်က။

တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာမို့လား မသိပါဘူးအေ စီးပွါးကလဲ ဖြစ်လိုက်တာ။ ညည်းအမေ မထိုက်ကလည်း တော်ပါပေတယ်။ သန်းထိုက် သစ်စက်ဆိုတာ တနယ်လုံး ဟိုးဟိုးကျော်ပေါ့။

အဲ …. ညည်းအဖေ ဒူးမဖြတ်ရတာလဲ ညည်းအမေကြောင့်ပဲ။ ညည်းမွေးပြီးစလေးပေါ့။ ညည်းအဖေ ဖြစ်တာ။ မြို့ပြင် သံလမ်းတွေဆီသွားပြီး ကန်ထရိုက်သွင်းရဖို့ ဇလီဖားတုံးတွေကို သွားကြည့်တာလေ။ မြို့၀င်လမ်းမှာ မန်းကျည်းပင်ကြီးတွေကို လှဲပြီး ထင်းလုပ်နေကြသတဲ့။ ညည်းအဖေက ကားလေးနဲ့တဲ့။ မောင်းတဲ့ လူလဲ ရှိပါတယ်။ အဲ့ဒါ လွတ်ပါတယ်ဆိုပြီး ကားဖြတ်မောင်းတာ တခါတည်း မန်းကျည်းပင်ကြီးတပင်က သူ့ကားပေါ် တည့်တည့်ကျတော့တာပဲ။ ကားလေးဟာ တခါတည်း ပြားချပ်သွားတော့တာပဲ။ မောင်းတဲ့လူကတော့ ပွဲချင်းပြီးပေါ့။ ညည်းအဖေက နောက်ခန်းမှာ ထိုင်လာတော့ လူတော့ မသေဘူး။ ကားထဲမှာ ခြေထောက်တွေ ညှပ်နေတာ ဆွဲထုတ်လို့ မရဘူး။ အမလေး … ညည်းအမေက ဘယ်လောက်သတ္တိကောင်းတယ် မှတ်လဲ။ ဒါလောက်ချစ်တဲ့ ယောက်ျားနော်။ ဦးမောင်သန်းကြီးကား မန်ကျည်းပင် ပိလို့တဲ့ဗျို့ ဆိုပြီးကြားတော့ ငိုလိမ့်မယ် မှတ်လား။ ညည်းကို ရင်ခွင်ထဲက ချပြီး သစ်စက်ကို ပြေးတာပဲ။ သစ်စက်က ရှိသမျှလူခေါ်၊ သစ်လုံးမတဲ့ ဟာကြီးတွေ ယူဆိုပြီး အကုန်စီစဉ်တာ။ ဟိုရောက်တော့ ညည်းအဖေကလေ ပေါ်နေတဲ့ ခေါင်းလေး တယမ်းယမ်းနဲ့တဲ့။

‘ဟာ … မထိုက်၊ ငါပြန်လာပေါ့ကွာ၊ ဘာလို့ လိုက်လာတာလဲ’ လို့ ပြောသေးသတဲ့။ တခါတည်း တစချင်း ဆွဲဖယ်ပြီးမှ လူကို ထုတ်ရတာ။ ခြေထောက်နှစ်ဖက်စလုံး အရိုးတွေ ကျိုးကုန်တယ်။ အိုး….. ကုလိုက်ရတဲ့ အမျိုး။ မရွှေထိုက်တို့ကတော့ လူ အားရော၊ ငွေ အားရော၊ ဒါပေမယ့် ဆရာ၀န်က မရဘူး။ ဖြတ်ပစ်ရမယ် ဆိုပြီး ပြောရော။ အဲ့ဒါ ညည်းအမေက မဖြတ်ပါရစေနဲ့ဦး။ သူကြိုးစား ကြည့်ပါရစေဦးဆိုပြီး ဆေးဆရာ ရှာတာလေ။ နောက်ဆုံး ညည်းအမေ မေတ္တာကြောင့် ထင်ပါရဲ့။ ရှမ်းဆရာကြီးတယောက်နဲ့ တွေ့ပြီး ဆေးစည်းတာနဲ့ အရိုးတွေ ပြန်ဆက်ပြီး ခြေထောက် မဖြတ်ရတော့ဘူး။ အဲဒီကတည်းက ညည်းအမေ ညည်းအဖေ ခြေထောက်တွေကို အမြဲတမ်း နှိပ်ပေးတဲ့ အကျင့်ဖြစ်သွားတော့တာပဲ။ ညည်းအဖေ ပက်လက်ကုလားထိုင်ပေါ် ထိုင်တာနဲ့ ဘေးကနေပြီး နှိပ်ပေးနေတော့တာပဲ။ သစ်စက်အလုပ်တွေကိုလဲ မလုပ်ခိုင်းတော့ဘူး။”

ကျွန်မတို့ ငယ်ငယ်တုန်းက မေမေ့ညီမ ဒေါ်လေးသိုက် ပြောပြတတ်တဲ့ အဖေနဲ့ အမေအကြောင်းဟာ အိပ်ရာ၀င် ပုံပြင်တွေလို နားထောင်လို့ သိတ်ကောင်းခဲ့တာပေါ့။ ကျွန်မတို့ ကြီးတဲ့အထိလဲ သမီးတွေ ကျွေးတာ တောင် မစားပဲ အမေကျွေးမှ စားတာတဲ့။ ခဏလေး အမေ့မမြင်တာနဲ့ ‘ညည်းအမေရော’ လို့ မေးတတ်တဲ့ အဖေ့ကို ကျွန်မတို့ ရယ်ပွဲဖွဲ့လို့ မဆုံးနိုင်ခဲ့ပါဘူး။

အဖေနဲ့အမေ ညအိပ်ညနေခွဲပြီး ခရီးသွားတာကိုလည်း ကျွန်မသိတတ်စ အရွယ်ကတည်းက တခါမှ မတွေ့ခဲ့ဘူးပါဘူး။ အမေ သစ်စက်သွားတဲ့ အချိန်လောက်ပဲ ခဏ ခွဲနေတာ။ အစ်ကိုကြီး အိမ်ထောင်ကျပြီး သစ်စက်ကို ဦးစီးနိုင်တာနဲ့ အဖေ့နားမှာပဲ အချိန်ပြည့် နေတော့တာပဲ။ ပက်လက်ကုလားထိုင်ပေါ်မှာ အဖေထိုင်ပြီး၊ ကြမ်းပေါ်မှာ အမေက ကျုံ့ကျုံ့ကလေးထိုင်လို့ အဖေ့ခြေထောက်တွေကို နှိပ်ပေးနေတဲ့ မြင်ကွင်းဟာ ကျွန်မတို့ အမြဲတမ်း တွေ့နေကျ မြင်ကွင်းပေါ့။

အမေရယ်။ အိပ်မပျော်နိုင်တဲ့ ကျွန်မ စိပ်ပုတီးတချောက်ချောက် စိပ်ရင်းဘယ်ညာ လူးလှိမ့်နေမိတယ်။ အဖေ အိပ်ပျော်ရှာရဲ့လား။ အဖေနဲ့ အမေ တခါမှ ခွဲမအိပ်ဖူးဘူးနော်။ အထီးကျန်ခြင်း ဝေဒနာ ဆိုတာကို အမေမသိပါဘူး အမေရယ်။ သိပ်၀မ်းနည်းစရာ ကောင်းတာ။ အဖေ့ ချောင်းဆိုးသံက ကျွန်မကို ပို၀မ်းနည်းလာ စေတယ်။ စိမ့်ကျလာတဲ့ မျက်ရည်တွေကို ကျွန်မ လက်နဲ့ ပွတ်သုတ်လိုက်တော့ စိပ်ပုတီးမှာပါ မျက်ရည်တွေ ရောနှော စွတ်စိုကုန်တယ်။

‘နည်းနည်းလောက်တော့ သောက်လိုက်ပါ အဖေရယ်နော်၊ အဖေ ညကလည်း ဘာမှ စားတာ မဟုတ်ဘူး၊ နွားနို့လေး နည်းနည်းလေးနော်… အဖေနော်’

မနက်လင်းတယ် ဆိုကတည်းက ကျွန်မဘယ်လိုပဲ ကြိုးစားတိုက်တိုက် နွားနို့ပန်းကန်ကို အဖေ ခေါင်းယမ်းလို့ချည်း နေတော့တယ်။ ပါးစပ်က မမေးပေမယ့် အဖေ့မျက်လုံးတွေက အခန်း၀ကိုချည်း ကြည့်လို့နေတယ်။ အဖေရယ်။

‘ပက်လက်ကုလားထိုင်ပေါ် ပြောင်းထိုင်ရအောင်နော် အဖေ၊ ကျွန်မရွှေ့ပေးမယ်၊ ဒါမှ အဖေ အညောင်း မမိမှာ’
အဖေခေါင်းယမ်းနေတဲ့ ကြားထဲကပဲ ကျွန်မအဖေ့ကို ပက်လက်ကုလားထိုင်ပေါ်ကို အသာအယာတွဲပို့ဖို့ ကြိုးစားနေတုန်း
‘ဟေ့ …. အဖိုးကြီး မပြန်သေးဘူးလား’
အခန်း၀ကနေ ရုတ်တရက် ပေါ်လာတဲ့ အမေ့အသံ ကျယ်ကျယ်ကြောင့် အဖေရော ကျွန်မပါ လန့်ဖျပ်တုန်ယင် သွားခဲ့ပါတယ်။ ပိုးလုံချည် အစိမ်းတွန့်တွန့် ဖြူညစ်ညစ်ပုဝါကို ကျကျနန ခြုံထားတဲ့ အမေက အဖေ့ကို ကြည့်နေတယ်။ အဖေကတော့ အမေ့ကို မကြည့်ပါဘူး။ အဖေ့ကို ပက်လက်ကုလားထိုင်ပေါ် တွဲချ ထိုင်ခိုင်းပြီးတာနဲ့ အခန်းထဲကို ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ ၀င်လာတယ်။ ပြီးတော့ အဖေ့ဘေးနား ကြမ်းပေါ်မှာ ထိုင်ချလိုက်တယ်။ ပြီးတော့ အဖေ့ခြေထောက်တွေကို ဖြည်းဖြည်း…. ဖြည်းဖြည်းချင်း။

‘အို …. အမေ’
ကျွန်မရဲ့ ၀မ်းသာအားရသံနဲ့ အတူ အဖေ့ မျက်နှာကြည်လင်သွားပုံဟာလည်း မယုံနိုင်လောက်အောင် ပါပဲ။ ဒါပေမယ့် အမေကလေ……

‘ဒီ အဘိုးကြီးက တို့အိမ်ဘာလို့ လာနေတာလဲ၊ သူ့မှာ အိမ်မရှိဘူးလား၊ မြန်မြန် ပြန်လွှတ်လိုက်စမ်း၊ ဘယ်ကလဲ ဒီအဖိုးကြီးဟာ…’
အမေရယ် ပါးစပ်က ပြောချင်တာတွေ တွင်တွင်ပြောပြီး အဖေ့ခြေထောက်တွေကို ဖြည်းဖြည်းချင်း တယုတယ နှိပ်ပေးနေတဲ့ အမေ့ကို မကြည့်ချင်တော့ပါဘူး။
အမေအခန်းထဲက ပြန်ထွက်သွားတာနဲ့ ခုတင်ပေါ်က ဇာခြင်ထောင် ထူထူအောက်ကို အဖေပြန်၀င်သွား ခဲ့တယ်။ ဘာမှလဲ ကျွေးလို့ မရဘူး။

နေ့လယ်လောက်ကျတော့ အဖေ့ကို နွားနို့နဲ့ မုန့်လေးကျွေးဖို့ ကျွန်မနဲ့ မမကြီး ကြိုးစားရပြန်တယ်။ အဖေကတော့ ခေါင်းယမ်းမြဲ။ အပေါ့အပါး သွားပြီးတာနဲ့ ခြင်ထောင်အောက်ကိုပဲ ပြန်၀င်ဖို့ လုပ်တော့တာပဲ။ ပက်လက်ကုလားထိုင်ပေါ်ကို ရွှေ့လို့ အဖေ ပက်လက်ကုလားထိုင်ပေါ် ရောက်တာနဲ့ အမေရယ်လေ ဗြုန်းဆို ပေါက်ချလာပြီး…….
‘ဒီအဖိုးကြီး မပြန်သေးဘူးလား၊ ဘယ်ကလဲ ဒီအဖိုးကြီးနဲ့’ ပါးစပ်က ဘာတွေ ပြောပြော အမေက အဖေ့ ပက်လက်ကုလားထိုင်ဘေးမှာ ထိုင်ပြီး ယုယုယယ နှိပ်နေပါပြီ။ အမေရယ်။ မမကြီးက မျက်ရည်ကျ နေတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ညနေကျတော့လည်း ခြင်ထောင်ထဲက မထွက်တော့တဲ့ အဖေ့ကို ကျွန်မ ဇွတ် ချော့မော့ပြီး အပြင်ကို ခေါ်ထုတ်ရပြန်တယ်။ ကျွန်မ မျက်ရည်တဝဲ၀ဲနဲ့ တိုက်တဲ့ နွားနို့ပန်းကန်ကို သည်တခါတော့ အဖေက ကြည့်တယ်။ ပြီးတော့ ကျွန်မကို သေချာ စိုက်ကြည့်နေပြီး ပက်လက်ကုလားထိုင်ပေါ် ပို့ဖို့ ပြတယ်။
ကုလားထိုင်ပေါ်ရောက်ပြီးမှ အဖေ ပြန်ထတယ်။ အိပ်ရာပေါ်ကို ဇွတ်လက်ညှိုးထိုးပြနေတယ်။ ‘ပို့ ပို့’ တဲ့။

‘အဖေကလဲ နွားနို့လေး သောက်ပြီးမှ ပြန်အိပ်ပါ။ ဒီမှာ ခဏလေး နေလိုက်ပါဦး’
အဖေခေါင်းကို ယမ်းပြီး ကျွန်မကို သနားစရာ ကြေကွဲစရာ အကြည့်နဲ့ မော့ကြည့်တယ်။ ပြီးတော့မှ တိုးတိုးလေး ‘ညည်းအမေ မြင်ရင် အဖေ့ကို နှင်လိမ့်မယ်’ တဲ့။ အို…. အဖေရယ်။

ကျွန်မ ရုတ်တရက် ဘာမှ ပြန်မပြောနိုင်အောင် စိတ်ထိခိုက်ရတယ်။ အေးစက်စက် အဖေ့လက်တွေကို ကျွန်မ ကြင်ကြင်နာနာ ကိုင်ထားလိုက်တုန်းမှာပဲ အမေရယ်လေ….

‘မိသိုက်ကအေ သိပ်ညစ်တာပဲ၊ တော်ပြီ ဒီကောင်မနဲ့ နောက်မကစားဘူး’
ဒေါ်လေးသိုက်တို့ အိမ်က အပြန် အကြီးအကျယ် အော်ဟစ်သောင်းကျန်းလာတဲ့ အမေက အဖေ့အခန်း၀ကိုတော့ တန်းတန်းမတ်မတ်လာတယ်။ ပက်လက်ကုလားထိုင်ဆီကိုလဲ တန်းတန်းမတ်မတ်။ ပြီးတော့ အဖေ့ခြေထောက်တွေကိုလည်း တယုတယ။ ဒါပေမယ့် အဖေ့ကို စူးစူးကြည့်လို့…..

‘ဟဲ့ အဘိုးကြီး သူများအိမ်ကို အားမနာဘူးလား၊ မရှက်ဘူးလား၊ ပြန်ပါတော့လား၊ ကိုယ့်အိမ်ကို မပြန်ရင်လေ မပြန်ရင်’

အမေက နှိပ်နေတာကို ရပ်ပြီး ခဏ စဉ်းစားတယ်။ ပြီးတော့မှ အားရပါးရ ဆက်နှိပ်ရင်း ‘ရိုက်ထုတ်မယ်၊ ရိုက်ထုတ်မယ်ဟေ့’ တဲ့။

‘အမေကလဲနော်’
မမကြီးနဲ့ ကျွန်မက စိတ်ထိခိုက် ညစ်ညူးပေမယ့် အဖေဟာ ဒီတခါတော့ ထူးထူးဆန်းဆန်း မျက်နှာ မလွှဲပဲ အမေ့ကို စိုက်ကြည့်နေခဲ့တယ်။ ဒါပေမယ့် အဖေ့ မျက်နှာကတော့ ကြေကွဲစရာ အကောင်းဆုံး၊ ၀မ်းနည်းစရာ အကောင်းဆုံး မျက်နှာ။
အဲ့သည်ညမှာပဲ အဖေ ဆုံးသွားရှာပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြတင်းပေါက်က ၀င်တဲ့ လေအရှိန်နဲ့ တဖျပ်ဖျပ်လွင့်နေတဲ့ ဇာခြင်ထောင်ကို ကျွန်မနဲ့ မမကြီး မွေ့ရာအောက်မှာ သပ်သပ်ရပ်ရပ် ဖိလိုက်ကြတယ်။ ပက်လက်ကုလားထိုင်ကိုလည်း နေသားတကျ။ ခုတင်ဘေးက စားပွဲလေးပေါ်မှာလည်း နွားနို့ဓါတ်ဗူးနဲ့ ပန်းကန်ပြားလေးကို အဖေရှိနေတုန်းကလိုပဲ သေသေသပ်သပ် ချထားပါတယ်။ အခန်း၀က ကြည့်လိုက်ရင် ခြင်ထောင်ထဲမှာ အဖေရှိနေသလို ပေါ့နော်။ မမကြီးဆီက ကြိတ်ပြီး ရှိုက်သံ ကြားရတယ်။

‘ငါ့ကို ဘာဖြစ်လို့ မိသိုက်တို့အိမ် ညအိပ်ခိုင်းရတာလဲ၊ ပြောစမ်းပါဟဲ့’
ဟော အမေပြန်လာပြီ။ အမေပြန်လာရှာပြီ။ မမကြီးက မျက်ရည်တွေကို ကဗျာကယာ သုတ်တယ်။ အမေ့ကို ခေါ်လာတဲ့ အစ်ကိုကြီးရဲ့ ‘အမေကလဲဗျာ’ ဆိုတဲ့ စိတ်မကောင်းသံကို ကြားရတယ်။

‘သူများအိမ်မှာ အပျိုအရွယ်လေး ည သွားအိပ်လို့ မကောင်းဘူးဆိုတာ နင်တို့ မသိဘူးလား။ ငါတစက်မှ အိပ်မပျော်ဘူး။ ဒီနေ့ညသာ ဆက်အိပ်ရရင် မိသိုက်တို့အိမ် မီးနဲ့ အရှို့ပဲ’
ကျွန်မနဲ့ မမကြီး အခန်းထဲက မြန်မြန်ထွက်လိုက်ကြတယ်။ ဧည့်ခန်းထဲမှာ အမေက ဆွဲထားတဲ့ အစ်ကိုကြီးလက်တွေကို ရုန်းဖယ်လို့။

‘ဒီမှာ ထိုင်ရအောင်လေ အမေ’
အမေက ခေါင်းကို သွက်သွက်ခါ ယမ်းရင်း ကျွန်မနဲ့ မမကြီးကို လှမ်းကြည့်တယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်ကြားက ဖြတ်ပြီး အိပ်ခန်းဆီကို တန်းတန်းမတ်မတ်။

‘အမေ’
ကျွန်မ လွှတ်ခနဲ ခေါ်လိုက်ရင်း အမေ့နောက် မြန်မြန် လိုက်ခဲ့တယ်။ အမေက အခန်း၀မှာ ရပ်ပြီး ခုတင်ကို ငေးကြည့်နေတယ်။ ပြီးတော့ အခန်းထဲ ဖြည်းဖြည်းချင်း ၀င်သွားတဲ့ အမေ့ကို နောက်ကနေ ကျွန်မတို့ မောင်နှမသုံးယောက် အသက်မရှူဘဲ ကြည့်နေမိကြတယ်။ အမေက ခုတင်ကို တပတ်ပတ်လိုက်တယ်။ ပြီးတော့ ပက်လက်ကုလားထိုင်လေးကို လက်နဲ့ ထိကြည့်တယ်။ ပြီးတော့ အခန်းထဲကို လှည့်ပတ်ကြည့်ရင်း ဘုရားစင် စားပွဲခုံပေါ် ထောင်ထားတဲ့ အဖေ့ဓါတ်ပုံကို မြင်တော့ ဟက်ဟက်ပက်ပက် ရယ်ချလိုက်တယ်။

‘အမေကလည်းဗျာ’
အစ်ကိုကြီးက သက်ပြင်းတချက်ကို ချလို့ ခုတင်ဘေးက ပက်လက်ကုလားထိုင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။
အဖေ့ဓါတ်ပုံကို ကြည့်နေတဲ့ အမေဟာ သည်ဘက်လှည့်လိုက်တာနဲ့ ပက်လက်ကုလားထိုင်ပေါ်က အစ်ကိုကြီးကိုလည်း မြင်ရော အံ့သြသလို မျက်နှာပြောင်းလဲသွားရင်း ပက်လက်ကုလားထိုင်ဘေးကို ချက်ချင်း ရောက်လာတော့တယ်။ ပြီးတော့ ကျုံ့ကျုံ့ကလေးနဲ့ အစ်ကိုကြီး ခြေထောက်တွေကို ဖြည်းဖြည်းချင်း တယုတယ နှိပ်တော့တာပါပဲ။

‘အမေ’
အစ်ကိုကြီးက သူ့မျက်နှာကို လက်ဝါးနဲ့ အုပ်လိုက်တယ်။ အမေကတော့ အားရပါးရ နှိပ်နေရင်းကနေ အစ်ကိုကြီးဆီက တအစ်အစ်နဲ့ ရှိုက်သံထွက်လာတော့ ဖြည်းဖြည်းချင်း အစ်ကိုကြီးကို မော့ကြည့်တယ်။ ပြီးတော့ ဘာမှ မဖြစ်သလို ဆက်နှိပ်ပြန်တယ်။ ဒါပေမယ့် တဖြည်းဖြည်း လှုပ်ရှားနေတဲ့ အမေ့လက်ချောင်း ပိန်ပိန်လေးတွေ နှေးကွေးသွားပြီး ခဏနေတော့ ဆတ်ခနဲ ထပြီး အခန်းထဲက ထွက်သွားတော့တယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

‘ခင်ထွေး …. သမီး’
အဖေ့အိပ်ရာဆီကို လှမ်းလိုက်တဲ့အမေကြောင့် ကျွန်မတကိုယ်လုံး တုန်လှုပ်သွားခဲ့တယ်။ အမေ။ နံနက်လင်းစ မှောင်ရီရီ အလင်းရောင်အောက်မှာ အမေရယ်လေ။ ခြင်ထောင်ဘေးမှာ ရပ်လို့။ အမေမနိုးခင် အဖေ့အိပ်ရာကို နေသားတကျ ဖြစ်အောင်လို့ ကျွန်မ အစောကြီး ထလာခဲ့တာ။

‘အမေ’
ခုတင်ဘေးမှာ တည်ငြိမ်ခံ့ညားစွာ စိုးရိမ်ပူပန်ကြီးတတ်တဲ့ အမူအရာနဲ့ ရပ်နေတဲ့ အမေဟာ ကျွန်မတို့ရဲ့ အလျင်က အမေ ပေပဲလား။
‘သမီး’
ကျွန်မ နားကြားမလွဲပါဘူးနော်။ အမေ့နားကို တိုးကပ်ရင်း အမေ့လက်တွေကို ၀မ်းသာအားရ ကျွန်မ ဆွဲယူမိလိုက်တယ်။

‘အို အမေ့လက်တွေ အေးစက်နေတာပဲ’
‘ဖယ်စမ်းပါ’
အမေက သူ့လက်တွေကို ပြန်ဆွဲယူရင်း အလျင်စလို နိုင်လှတဲ့ ဟိုတုန်းက အမေ့လေသံနဲ့…
‘ညည်းအဖေရော’
‘ဟင်’
‘ညည်းအဖေ ဘယ်မှာလဲ၊ ညည်းအဖေ ဘယ်ရောက်သွားလဲ’
ဘုရား ဘုရား၊ ကျွန်မ ဘာပြောရမလဲ။ အမေလေ ကျွန်မလက်တွေကို ဆွဲခါလှုပ်ရမ်းနေတယ်။
‘ပြောလေ၊ ညည်းအဖေရော လို့ဆို’
‘အဖေ ရှိပါတယ်’
‘ဘယ်မှာလဲ’
‘ရှိပါတယ်’
‘အို မရှိပါဘူး၊ ငါ အရုဏ်တက်ကတည်းက ညည်းတို့ မနိုးခင်ကတည်းက လိုက်ရှာနေတာ၊ တအိမ်လုံးနှံ့နေပြီ’
‘ပြောစမ်းပါအေ ဘယ်မှာလဲ’
‘………..’
‘ညည်းတို့ ဘယ်ကို ပို့ထားကြသလဲ ဟင်’
‘မပို့ပါဘူး အမေရယ်’
‘အို အေ’

မျက်ရည်တွေ လိမ့်ဆင်းကျလာတဲ့ ကျွန်မကို အမေက စိတ်မရှည်သလို တွန်းလိုက်ပြီး အမေ့ခန္ဓာကိုယ် လေးဟာ ခုတင်ပေါ်ကို အ၀တ်ပျော့လေးတခုလို ပုံကျသွားခဲ့တယ်။ အမေတင်ထားတဲ့ ဇာခြင်ထောင်အောက်က အိပ်ရာရဲ့ ဘယ်ဘက်ခြမ်းပေါ်မှာ ခွေခွေလေး။ အမေ့မျက်နှာက အဆမတန် အိုမင်းနွမ်းနယ်နေပြီး အမေ့ မျက်လုံးမှာ ဒေါသနဲ့ စိုးရိမ်သောကတွေ။ အမေ့ဆီမှာ ပူးကပ်နေတဲ့ လန်းဆန်းတက်ကြွမှုတမျိုး ဘယ်ရောက် သွားပြီလဲ။
အမေက ခြင်ထောင်အမိုးကို အကြာကြီး စိုက်ကြည့်နေရာကနေ ကျွန်မဘက်ကို ဆတ်ခနဲ လှည့်ကြည့် လိုက်တယ်။

‘အသက်ရှင်ရက်တော့ ငါတို့ကို ခွဲမထားကြပါနဲ့အေ’
အမေ့ရဲ့ တောင်းပန်ညည်းညူသံဟာ ကျွန်မကို နာကျင်စေပါတယ်။
‘ရှင်ကွဲ, ကွဲရတဲ့ဒုက္ခကို ညည်းတို့ မသိပါဘူး’

အို …… အမေရယ်။ ကျွန်မ မသိဘဲ ရှိပါ့မလား။ ကျွန်မခံစားနေရတာပဲ အမေ။ အမေ့လို ကျွန်မ ပေါက်ကွဲ ပါရစေတော့။ အမေ နားထောင်ပါနော်။
တဖက်စောင်းသွားတဲ့ အမေ့ရဲ့ လက်တွေကို ကျွန်မ ဆွဲယူလိုက်တဲ့အခါ အမေ အသက်မရှိတော့ပါဘူး။

နုနုရည်(အင်း၀)
#နုနုရည်(အင်းဝ)ဝတ္ထုတိုများ မှ