မြင့်ဆောင် နှင့် လင်ပျောက်ရှာသည့်တစ္ဆေမ
*********************************************
(၁)
ငတူးတစ်ယောက် သူ့အဖေဦးသံချောင်း၏ မကောင်းမှု့ကြောင့် အရက်သမားငတူးအဖြစ်မှ ငှက်ကြီးငတူးဖြစ်သွားပြီး သူလည်းထိုနာမည်နှင့်လိုက်အောင်ပင် ဟိုပျံဒီပျံ ပတ်ပျံနေတော့သည် ရွာထဲမှာပင်သိပ်မနေတော့ သူ့အကြောင်းပြချက်ကတော့ သူဟာအရှက်အကြောက်ကြီးသူမို့ရွာထဲမှာ မျက်နှာမပြရဲပဲ ရွာအပြင်မှာသာ မျက်နှာပြရဲတော့သည်ဟုဆိုသည်။
ဒါကြောင့် မနက်လင်းသည်နှင့်အိမ်မှထွက်သွားပြီး ညမိုးချုပ်မှအိမ်ပြန်လာတတ်သည် နေ့လည်နေ့ခင်း သူ့ကိုေတွ့ချင်လျှင် အနီးအနားရွာများသို့မဟုတ်ကိုမြင့်ဆောင်တဲမှာ ရှာဖွေနိုင်ပြီး သူ့နှင့်အတူ အရူးစိန်မင်းကိုပါ တွေ့ရှိနိုင်မည်ဖြစ်သည် စိန်မင်းလည်း သူ့လောဘကြောင့် ပေတလူ၏ရိုက်နှက်ခြင်းကိုခံလိုက်ရသလို ကြောက်ရွံ့နေသည့်အချိန် တစ္ဆေဖိုးခေါင်ကြီး၏မျက်နှာကြီးကိုပါ အနီးကပ်မြင်လိုက်ရပြီး အကြောက်လွန်ကာ စိတ်မနှံသလိုဖြစ်သွားချင်းဖြစ်သည်။
ထိုနေ့က ပေတလူတို့သားအမိရွာပြန်သွားသည့်အချိန် စိန်မင်းတစ်ယောက် ဖိုးခေါင်ကြီး၏ တရွတ်တိုက်ဆွဲခြင်းကို ဆက်လက်ခံနေရဆဲဖြစ်သည် သူလည်းပေတလူရိုက်နှက်ထား၍ တစ်ကိုယ်လုံးနာကျင်လွန်းပြီးထိတ်လန့်ကြောက်ရွံ့နေသည့်အချိန် သူ့လက်ကိုဆွဲထားသော ဖိုးခေါင်ကြီးက ရုတ်တရက်သူ့မျက်နှာနားကပ်၍ သူ၏တစ္ဆေသရဲမျက်နှာကြီးကို ဖော်ပြလိုက်ပြီး ထိုမျက်နှာကြီးကို မြင်လိုက်တာနဲ့ စိန်မင်းလည်း အသံနက်ကြီးနဲ့အော်ကာ အကြောက်လွန့်ပြီး သတိလစ်မေ့မြောသွားသည်။
စိန်မင်းသတိပြန်ရလာတော့ ကိုမြင့်ဆောင်တဲမှာရောက်နေပြီး သူလည်းသတိရရချင်း ကြောက်ကြော်လန့်လန့်ဖြင့်အော်ကာ တဲပေါ်မှဆင်းပြေးတော့သည် ထို့နောက် ရက်အတော်ကြာအောင်ပျောက်ဆုံးနေပြီး ယခုငတူးကိုမြင့်ဆောင်တဲမှာလာနေသည့်အချိန် သူပါရောက်လာခြင်းဖြစ်သည်။
ကိုမြင့်ဆောင်လည်း သူ့တဲရောက်လာသော ငတူးနဲ့စိန်မင်းကို ညူစူချင်းမရှိပဲ ကောင်းမွန်စွာလက်ခံထားသည် သူလည်း အရူးစိန်မင်းကို တစ်ရွာတည်းသားလည်းဖြစ် ကြည့်ရှုစောင့်ရှောက်မည်သူလည်းမရှိသဖြင့်သနား၍ သူ့တဲ၌ လက်ခံထားခြင်းဖြစ်ပြီး စိန်မင်းသည်လည်း လူကောင်းဘဝတုန်းကသာ လူဆိုးလူပေဖြစ်ပေမဲ့ အခုသူရူးဘဝရောက်သွားတော့ သူမဟုတ်သည့်အတိုင်းပင် လိမ္မာရေးချားရှိနေပြီး ကိုမြင့်ဆောင်ကိုလည်း သူနိုင်သည့်တာဝန်များကို လုပ်ကိုင်ကူတတ်သည်။
ငှက်ကြီးငတူးကတော့ ကိုမြင့်ဆောင်နှင့်အစကတည်းက ခင်မင်သူဖြစ်ပြီး အကြောင်းမရှိအကြောင်းရှာ၍ လာနေချင်းဖြစ်သည် သူ့အကြောင်းပြချက်ကတော့ ကိုမြင့်ဆောင် သူ့အဖေကိုပြောလိုက်၍ သူ့အကြောင်းကို ရွာထဲကလူများသိရှိသွားပြီး ငှက်ကြီးငတူးဟုနာမည်ပေးလိုက်သည်ကို မကျေနပ်၍လာနေချင်းဖြစ်သည်ဟုသာဆိုသည်။
အမှန်တော့ ငတူးတစ်ယောက် ဤသို့နေရသည်မှာသက်သာလှ၍ဖြစ်ပြီး နွားမကျောင်းရဘာမကျောင်းရဖြင့် အိပ်ချင်အိပ် စားချင်စား သွားချင်သွားဖြင့် လွပ်လွပ်လပ်လပ်ဖြစ်နေသည် ဦးသံချောင်းလည်း သူ့သားငတူးအကြောင်းသိ၍ ဘာမှပြောမနေတော့ပဲ ဒီအတိုင်းပင်လွှတ်ထားလိုက်သည် နောက်ပြီး ကိုမြင့်ဆောင်တဲမှာနေလျှင်ငတူးတစ်ယောက် အရက်မသောက်ရဲ ဒါကြောင့် ထိုအချက်ကိုလည်းသဘောကြ၍ နေချင်သလောက်နေဟုသာ ပြောထားလိုက်သည်။
ကိုမြင့်ဆောင်လည်း သူ့တဲတွင်လူသုံးယောက်ဖြစ်လာ၍ နဂိုရှိရင်း အကျယ်အဝန်းနဲ့မလုံလောက်တော့ပဲ နွာချည်သည့်အခန်းနှစ်ခန်းကိုပါ အခင်းခင်းပြီး အကာအရံနှင့်ပူတင်းေပါက်များလုပ်ပေးထားရသည် ဒါကြောင့်သူ့တဲသည် တဲနှင့်မတူတော့ပဲ အိမ်ငယ်လေးလိုပင်ဖြစ်သွားပြီး နွားကြီးနှစ်ကောင်ကိုတော့ တဲေနာက်ဘက်မှာပင်အမိုးမိုး၍ သပ်သပ်ခွဲထားရပြီး နွားစာကျွေးသည့်စင်လေးကတော့ သူတို့သုံးယောက် ညဘက်ထွက်ထိုင်သည့် လသာဆောင်ဖြစ်သွားတော့သည်။
(၂)
“စိန်မင်း ထမင်းစားပြီးလားကွ”
ကပ္ပိယကြီးလည်း ကိုမြင့်ဆောင်တဲရှေ့တွင် ထင်းဖြတ်နေသော စိန်မင်းကိုကြည့်၍ မေးလိုက်သည် စိန်မင်းလည်း သူ့ကိုမော့ကြည့်၍ ခေါင်းညိတ်ပြပြီး သွားကြီးဖြဲလျှက် ပြုံးပြနေသည် ကပ္ပိယကြီးလည်း သူ့ကိုပြန်ပြုံးပြပြီး တဲပေါ်တက်လာခဲ့သည် သူတဲပေါ်ရောက်တော့
“ကပ္ပိယကြီးလာဗျာ ရေနွေးကြမ်းသောက်ပါဦး”
တဲပေါ်မှာရှိနေသော ငတူးက စားပွဲဝိုင်းငယ်ပေါ်ရှိ ရေနွေးကြမ်းအိုးထဲမှ ရေနွေးကြမ်းတစ်ခွက်ငှဲ့၍ ကပ္ပိယကြီးရှေ့ချပေးရင်း ပြောလိုက်သည် ကပ္ပိယကြီးလည်း စားပွဲဝိုင်းငယ်ဘေးမှာထိုင်ရင်း
“မြင့်ဆောင်ကို မေတွ့ပါလားကွ ဒီကောင်ဘယ်သွားနေတုန်း”
“ကိုမြင့်ဆောင် ထိမ်ပင်ရွာဘက်ခဏထွက်သွားတယ်ဗျာ့ မကြာခင်ပြန်လာတော့မှာပါ”
“ဟုတ်လားကွ ဒါနဲ့နေပါဦး မင်းကအိမ်မပြန်သေးဘူးလား ဒီမှာပဲအမြဲနေတော့မလိုလား ”
“အမြဲတော့မနေပါဘူးဗျာ ရွာထဲကလူတွေ ကျွန်ေတာ့်ကိုငှက်ကြီးငတူးလို့မခေါ်တော့ရင် အိမ်ပြန်မှာပါ ခေါ်ရင်တော့ဒီမှာပဲဆက်နေဦးမှာ”
“ကောင်းကွာ ဒါနဲ့ စိန်မင်းနဲ့အတူနေရတာရော အဆင်ပြေရဲ့လားကွ”
“ပြေပါတယ်ဗျာ ပြေပါတယ် ဒီလူကအခုတော်တော်သဘောကောင်းနေပြီဗျာ့ အရင်လိုမဟုတ်တော့ဘူး”
“အင်း ဒီကောင်လည်း ငယ်ငယ်ကငါ့နဲ့အတူကျောင်းမှာ နေခဲ့ဘူးတဲ့ကောင်ပဲကွ အဲ့ဒီတုန်းကတော့ လူကောင်းသူကောင်းလေးပဲ နောက်သူ့အဖေနဲ့ ဟိုလိုက်ဒီလိုက် လိုက်ရင်းက မကောင်းတဲ့အတတ်တွေတတ်ပြီး မကောင်းတဲ့အလုပ်တွေ လုပ်တော့တာပဲကွာ”
ကပ္ပိယကြီးလည်း တဲပြူတင်းပေါက်ငယ်လေးမှ လှမ်းမြင်နေရသော စိန်မင်းကိုကြည့်၍ပြောလိုက်သည် စိန်မင်းကတော့ သူတို့ပြောနေတာတွေကို မကြားသလိုမသိသလိုဖြင့် ထင်းများကိုသာဆက်ဖြတ်နေသည်။
ဒီလိုနဲ့ အချိန်အတော်ကြာတော့ ကိုမြင့်ဆောင် တဲပြန်ရောက်လာပြီး
“စိန်မင်း မင်းမနားသေးဘူးလားကွ တော်တော့လေကွာ”
ကိုမြင့်ဆောင်လည်း သူတဲကထွက်သွားကတည်းက ထင်းဖြတ်နေသော စိန်မင်းကိုကြည့်၍ပြောလိုက်ပြီး တဲပေါ်တက်လာသည် စိန်မင်းလည်း သူ့နောက်မှလိုက်တက်လာပြီး သူတို့နှစ်ယောက်တဲပေါ်ရောက်တော့
“မြင့်ဆောင် ထိမ်ပင်ရွာဘာသွားလုပ်တာတုန်းကွ”
“ဘာရယ်လို့ မဟုတ်ပါဘူးဗျာ ဒီနှစ်ကောင်တဲမှာရှိတုန်း ကျုပ်လည်းရွာလည်လေးဘာလေး သွားတာပါ ဒါနဲ့ ကပ္ပိယကြီး တဲရောက်နေတာကြာပြီလားဗျာ့”
“ကြာတော့မကြာသေးဘူးကွ မင်းေရာ ထိမ်ပင်ရွာမှာဘာသတင်းတွေကြားခဲ့တုန်း”
“ကြားခဲ့တယ်ဗျာ့ ထိမ်ပင်ရွာမှာ ညဘက်အမျိုးသမီးတစ်ယောက် ရွာဘေးအတိုင်းပတ်ပြီး စိန်မင်းနားမည်ကိုခေါ်နေလို့တဲ့ဗျာ့ အဲ့ဒါသူတို့ကတော့ တစ္ဆေသရဲမတစ်ကောင်လို့ပြောတာပဲ”
ကိုမြင့်ဆောင်လည်း တဲပြူတင်းပေါက်ဘေးနားမှာထိုင်ရင်း ပြောလိုက်သည် စိန်မင်းကတော့ တဲနောက်ခန်းမှာထိုင်ပြီး သူတို့ပြောတာတွေကို နားထောင်နေသည်။
“ဟုတ်တယ်ကွ ငါလည်း မနက်က ဦးစိန်တင်ကျောင်းရောက်တုန်းပြောလို့ အဲ့ဒီအကြောင်းကို သိခဲ့ပြီးပြီ အဲ့ဒါအခုညမင်းနဲ့အတူ သူတို့ရွာကိုလာခဲ့ပါဦးဆိုလို့ ငါထွက်လာတာ”
“ဟုတ်လား ဒါဆိုလည်း ညဘက်ရောက်တော့သွားကြည့်တာပေါ့ဗျာ ဒါနဲ့ အဲ့ဒီအမျိုးသမီးက စိန်မင်းနာမည်ကို ခေါ်နေတယ်ဆိုတော့ စိန်မင်းနဲ့များပတ်သက်နေမလားပဲ”
“ငါလည်း အဲ့ဒီလိုပဲထင်တယ်ကွ ဒါကြောင့် ညဘက်ဒို့သွားရင် စိန်မင်းကိုပါခေါ်သွားဖို့စဉ်းစားထားတယ်”
“ကောင်းပါတယ်ဗျာ သူ့ကို တခါတည်းခေါ်သွားတော့လည်း သူ့ကိုမြင်ရင် ဘယ်လိုပတ်သက်တယ်ဆိုတာ တန်းသိရတာပေါ့”
ကိုမြင့်ဆောင်လည်း ကပ္ပိယကြီးကိုပြောရင်း စိန်မင်းဘက်လှည့်ကြည့်လိုက်သည် စိန်မင်းကတော့ သူ့တို့ပြောတာတွေကို နားလည်သည့်ပုံမပေါ်ပဲ နားထောင်နေသည်။
ထိုနေ့ညမိုးချုပ်တော့ ကပ္ပိယကြီးနဲ့ကိုမြင့်ဆောင်လည်း စိန်မင်းကို ခေါ်ကာ ထိမ်ပင်ရွာဘက်ကိုထွက်လာခဲ့သည်။
ငှက်ကြီးငတူးကတော့ တဲမှာလည်းတစ်ယောက်တည်းမနေရဲ ကပ္ပိယကြီးတို့နဲ့ လိုက်သွားလျှင်လည်း သရဲမကိုမြင်တွေ့ရမည်ဆိုး၍ ရွာကိုသာပြန်လာခဲ့တော့သည်။
(၃)
ငတူးရွာပြန်လာတော့ မိုးပင်အတော်ချုပ်နေပြီဖြစ်ပြီးသူလည်းတစ်ယောက်တည်းမို့ အနည်းငယ်တော့ ကြောက်စိတ်ဝင်နေမိသည် ဒါကြောင့် သင်္ချိုင်းကိုဖြတ်ရမည့် လှည်းလမ်းအတိုင်းမပြန်ပဲ ခြေကျင်လူသွားလမ်းလေးအတိုင်းပြန်လာခဲ့သည် သူထိုလမ်းလေးအတိုင်းလာနေရင်း တောစလွန်၍ လယ်ကန်သင်းလမ်းပေါ်အရောက် သူ့နောက်မှနေပြီး
“ကိုစိန်မင်း ရှင်ဘယ်သွားနေတာတုန်း ကျုပ်ရှင့်ကိုလိုက်ရှာနေတာ”
မိန်းမတစ်ယောက်၏ ခံစားချက်မဲ့ အေးစက်စက်အသံကြီးနဲ့ ပြောလိုက်တာကိုကြားရပြီး ငတူးလည်း ဆတ်ကနဲ့နောက်လှည့်ကြည့်မိလိုက်သည် ထိုအခါ သူ့ဆီကိုတရွေ့ရွေ့လာနေသော မိန်းမတစ်ယောက်မြင်လိုက်ရပြီး ထိုမိန်းမသည် ဆံပင်ဖားလျှားချထားပြီး လက်နှစ်ဖက်ကိုလှုပ်ရမ်းချင်းမရှိပဲ စန့်စန့်ကြီးရွေ့လာသည် ငတူးလည်းထိုမိန်းမကို မြင်လိုက်တာနဲ့ နေ့လည်က ကပ္ပိယကြီးနဲ့ကိုမြင့်ဆောင်တို့ပြောနေကြသည့် ထိမ်ပင်ရွာအပြင်ဘက်ကနေပြီး စိန်မင်းနာမည်ကိုခေါ်နေသည့် သရဲမဖြစ်မည်ဆိုတာသိလိုက်သည် ဒါကြောင့် စီးထားသောဖိနပ်နှစ်ဖက်ကို ကောက်ချွတ်လိုက်ပြီး လက်နှစ်ဖက်မှကိုင်လိုက်သည် ထို့နောက်ပုဆိုးကိုစလွယ်သိုင်း၍
“သရဲမ ငါစိန်မင်းမဟုတ်ဘူး စိန်မင်းကိုတွေ့ချင်ရင် ထိမ်ပင်ရွာကိုပြန်သွား ငါ့နောက်မလိုက်ခဲ့နဲ့”
ငတူးလည်း စိန်မင်းရှိသည့်နေရာအား သရဲမကိုပြောလိုက်ပြီး ရွာကိုစပြေးလာခဲ့သည် သူပြေးတာကိုမြင်တော့
“ကိုစိန်မင်း မပြေးနဲ့ ကျုပ်နဲ့ပြန်လိုက်ခဲ့ပါ”
သရဲမလည်း သူ့နောက်ကိုတန်းနေအောင်လိုက်လာသည် ငတူးလည်း နောက်ကိုလှည့်မကြည့်တော့ပဲ ရွာကိုရောက်အောင်ပြေးလာရင်း
“စိန်မင်း နင့်ကိုငါပြောနေတယ် မပြေးနဲ့”
သရဲမလည်း သူ့နောက်လိုက်ရင်း ဒေါသဖြစ်လာပုံရသည် ဒါကြောင့် နင်တွေငါတွေပင်ဖြစ်လာပြီး ငတူးလည်း
“ငါစိန်မင်းမဟုတ်ဘူးလို့ ငါ့နောက်မလိုက်ခဲ့နဲ့ နင့်စိန်မင်းက ဟို”
“ဒုတ်”
“ဟာကွာ ယီးပဲပြောမယ် ယီးပဲပြောမယ်”
ငတူးလည်း ပြေးလွှားလာရ၍မောနေရသည့်အထဲ ခလုတ်ပါတိုက်လိုက်တော့ သရဲမကိုဒေါသဖြစ်ပြီး နေရာကိုမပြောတော့ပဲ ဆဲ၍ ရွာထဲပြေးဝင်လာခဲ့သည် သရဲမလည်းသူ့နောက်လိုက်လာရင်း ရွာအပြင်မှာရပ်ကျန်ခဲ့သည် သူရွာထဲရောက်လာတော့
“ဟာ ငှက်ကြီး တရောသောပါးနဲ့ပါလားကွ ဘယ်လိုဖြစ်လာတာတုန်း”
“သိချင်ရင် ရွာအပြင်ထွက်ကြည့်ဗျာ ကျုပ်ကိုလာမေးမနေနဲ့”
ငတူးလည်း သူ့ကိုဝိုင်းအပြင်ထွက်၍မေးလိုက်သော ကိုလှမောင်ကြီးကိုပင် ကောင်းကောင်းပြန်မဖြေနိုင်တော့ပဲ အိမ်ကိုတကြိုးတည်းပြေးလာခဲ့သည်။
ကိုလှမောင်လည်း ငတူးပြောသည့်အတိုင်း ရွာအပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီး ခပ်ဖြေးဖြေးလျှောက်လာသည် သူ့နောက်ကိုတော့ အနီးအပါမှခွေးများဟောင်၍လိုက်လာပြီး သူလည်းရွာထဲမှနေ၍ ရွာအပြင်ကိုလှမ်းကြည့်လိုက်သည် ထိုအခါ ငတူးနောက်လာသော သရဲမကိုမြင်လိုက်ရပြီး သူကတော့သရဲမမှန်းမသိ ဒါကြောင့်စိတ်ထဲမှာနေ၍
“အင်း ဒီအမျိုးသမီး ငတူးနောက်လိုက်လာတာပဲဖြစ်ရမယ် ငတူးနဲ့ဘယ်လိုများပတ်သက်နေပါလိမ့် ဧကန္တ ငတူး ရွာထဲမှာမနေတာ ဒီအမျိုးသမီးနဲ့သွားတွေ့နေလို့ပဲဖြစ်မယ် အခုတော့ဘာတွေအစဉ်မပြေဖြစ်ကြတုန်းမသိဘူး”
ကိုလှမောင်လည်း ရွာအပြင်မှာရပ်နေသည့် အမျိုးသမီးကိုကြည့်ရင်း စိတ်ထဲမှာအမျိုးမျိုးတွေးနေမိသည် ထိုအချိန်အမျိုးသမီးဆီမှနေပြီး
“ကိုစိန်မင်း ကျုပ်နဲ့ပြန်လိုက်ခဲ့ပါ ကျုပ်ရှင့်ကို လာရှာတာ”
အမျိုးသမီးဆီမှ ပုံမှန်မဟုတ်သောအသံကြီးဖြင့်ပြောလိုက်တာကို ကြားရပြီး
“ဟာ ငါစိန်မင်းမဟုတ်ဘူးဟ လှမောင် သရဲမပဲ အမလေး”
ကိုလှမောင်လည်း ထိုအမျိုးသမီးကို သရဲမမှန်းသိသွားသည်နှင့် ချက်ခြင်းပဲ နောက်ပြန်ဆုတ်လာပြီး အိမ်ဝိုင်းထဲပြန်ဝင်နေလိုက်သည် သူ့နောက်လိုက်လာသော ခွေးများကတော့ ထိုသရဲမကိုကြည့်၍ ဝိုင်းဟောင်နေဆဲပဲဖြစ်သည်။
(၄)
“ရွာအနောက်ပိုင်းက ခွေးတွေဟောင်လှချည်လားဟ ဧကန္တနင့်သားနောက် မကောင်းဆိုးဝါလိုက်လာပြီနဲ့တူတယ်”
ဦးသံချောင်းလည်း အိမ်ကိုအမောတကောပြေးလာသော ငတူးနှင့်အတူခွေးဟောင်သံများပါ တဆက်တည်းကြားလိုက်ရ၍ ခန့်မှန်းပြောဆိုလိုက်ပြီး ငတူးက
“ဟုတ်တယ်ဗျ့ာ့ ကျုပ်နောက်ကိုသရဲမလိုက်လာတာ”
“လိုက်လာမှာပေါ့ကွာ မင်းကအချိန်နဲ့အခါနဲ့မှ ပြန်မလာတာ တခါတည်း ဟိုမှာနေမှာဖြင့်ဟိုမှာနေတာမဟုတ်ဘူး ဟိုကူးလိုက်ဒီကူးလိုက် နောက်ဆိုမင်းနောက်ကို သရဲပါမကဘူး ဘီလူးပါလိုက်လာဦးမှာ”
ဦးသံချောင်းလည်း သရဲအလိုက်ခံရသော ငတူးကိုမသနားသည့်အပြင် လမ်းကူးကြွက်လုပ်နေ၍ ဒေါသဖြစ်ဖြစ်နှင့်ပြောလိုက်တော့
“မဟုတ်ဘူးဗျာ့အဖေရ ဒီသရဲမက ကျုပ်သရဲမမဟုတ်ဘူး ကိုစိန်မင်းသရဲမ သူ့ကိုလိုက်ရှာနေရင်း ကျုပ်နောက်ကို လူမှားပြီးလိုက်လာတာ”
ငတူးပြောတာကိုနားထောင်ပြီး ဦးသံချောင်းက
“မင်းတို့ကောင်တွေက သူ့သရဲမငါ့သရဲမ ခွဲခြားနေရအောင် သရဲမတွေနဲ့ ဘယ်လိုပတ်သက်နေလို့တုန်း မင်းတို့တောထဲသွားနေတာ ရိုးရောရိုးရဲ့လားကွာ”
ဦးသံချောင်းလည်း သူ့သရဲ့မငါ့သရဲမ ခွဲခြားေပြာလိုက်သော ငတူးအားသင်္ကာမကင်းသောမျက်လုံးဖြင့်ကြည့်ရင်း မေးလိုက်သည်
“ရိုးပါတယ်ဗျာ ရိုးပါတယ် ရိုးလွန်းအားကြီးလို့လည်း ကျွန်တော့်ကို ရွာထဲကလူတွေက မောင်မောင်လူရိုးလေးလို့ခေါ်တာပေါ့”
“တော်စမ်းပါကွာ ပေါက်တက်ကရတွေလျှောက်ပြောမနေနဲ့ လာ မင်းနောက်လိုက်လာတဲ့ သရဲမကိုသွားကြည့်ရအောင်”
ဦးသံချောင်း သရဲမသွားကြည့်ဖို့ခေါ်လိုက်တော့
“မလှပါဘူးအဖေရာ သွားကြည့်မနေပါနဲ့ ကိုယ့်အိမ်မှာကို အေးဆေးနေစမ်းပါ”
“ဟ ငါလှမလှသွားကြည့်မှာ မဟုတ်ဘူးကွ မင်းနောက်လိုက်လာတဲ့သရဲမ ရွာကိုဒုက္ခပေးမပေးဆိုတာသွားကြည့်မလို့”
“ဒုက္ခပေးတော့ရော အဖေဘာလုပ်တတ်လို့တုန်း”
“ငါကတော့ ဘာမှမလုပ်တတ်ဘူးပေါ့ကွာ ဒါပေမဲ့ လုပ်တတ်တဲ့လူသွာခေါ်ရမှာပေါ့”
“သွားခေါ်မနေနဲ့အဖေဘယ်သူမှမရှိဘူး ကိုမြင့်ဆောင်ရောကပ္ပိယကြီးရော ထိမ်ပင်ရွာရောက်နေပြီ သူတို့လည်း ဒီသရဲမနဲ့တွေ့ဖို့သွားတာ အခုသရဲမ ဒီရောက်နေပြီဆိုတော့ သူတို့လည်းတွေ့မှာမဟုတ်ဘူး အဲ့ဒါတစ်ညလုံး အဲ့ဒီရွာမှာပဲ နေကြလိမ့်မယ် မနက်လင်းမှပဲ အဖေကိုမြင့်ဆောင်တဲသွားပြီး အကျိုးအကြောင်းပြောလိုက်ပေ့ါ”
“ငါသွားစရာ လိုလို့လားကွ မနက်မင်းအဲ့ဒီတဲသွားဦးမှာမဟုတ်ဘူးလား အဲ့ဒီအခါကြမှ တခါတည်းပြောလိုက်ပေါ့”
“ကျုပ်မသွားတော့ဘူးဗျာ တော်ကြာဒီသရဲမ ကိုစိန်မင်းဆီရောက်ရင်ရောက်နေမှာ အဲ့ဒါဆို သူ့ကိုဆဲထားလို့ ကျုပ်ကိုဒေါသဖြစ်ပြီး ဂုတ်ချိုးသတ်ရင်သတ်မှာဗျာ့”
ငတူးလည်း အခုမှသရဲမအားဆဲခဲ့တာကို ပြန်တွေး၍ ကြောက်နေမိပြီး ဦးသံချောင်းကတော့
“သတ်တော့လည်း သေလိုက်ပေါ့ကွာ”
ဦးသံချောင်းလည်း ထိုမျှနဲ့စကားစဖြတ်ပြီး ခွေးဟောင်သံများကို နားထောင်နေသည် ထိုအချိန်ထိရွာအနောက်ဘက်ပိုင်းမှခွေးများ၏ဟောင်သံကိုကြားနေရဆဲဖြစ်ပြီး တချက်တချက်ထိုခွေးဟောင်သံများကြားမှာနေ၍ မိန်းမတစ်ယောက်၏ ခြောက်ကပ်ကပ်အက်ကွဲကွဲ အသံကြီးဖြင့် စိန်မင်း စိန်မင်း ဟုခေါ်နေသံကြီးကိုပါ ကြားနေရသည် ထိုခွေးဟောင်သံနှင့်လူခေါ်သံကြီးကိုကြားတော့ ရွာထဲရှိအိမ်များ မီးများကို မှိတ်လိုက်ကြပြီး အလျှိုအလျှိုတိုးတိုးတိုးတိုးဖြင့်ပြောဆိုနေကြသည် လူခေါ်သံကြီးသည်လည်း တဖြည်းဖြည်းပိုကျယ်လာပြီး ရွာအနောက်ဘက်မှနေ၍ ရွာတောင်ဘက်အပိုင်း ထိုမှတဆင့်အရှေ့ပိုင်း ရွာမြောက်ပိုင်း စသည်ဖြင့်ရွာကိုပတ်၍ခေါ်နေသည်။
ထိုသရဲမကို ကိုယ်တိုင်မြင်ခဲ့သော ကိုလှမောင်လည်း ဒီအတိုင်းနေ၍မဖြစ်တော့ဘူးဆိုပြီး အိမ်ဝိုင်းထဲမှထွက်လာခဲ့သည် ထိုအချိန် သရဲမ၏ခေါ်သံကိုလည်း ရွာမြောက်ဘက်ပိုင်းမှကြားနေရပြီး မကြာခင်ရွာအနောက်ဘက်ပိုင်းကို ပြန်ရောက်လာတော့မည်ဖြစ်သည် ဒါကြောင့်ကိုလှမောင်လည်း သူ့ဘက်အပိုင်းကိုမရောက်ခင် ထိုသရဲမကိုရွားနားမှ ထွက်သွားစေချင်နေသည် ဒါကြောင့် အိမ်ဝိုင်းထဲမှထွက်လာပြီး သရဲအခြောက်ခံရဘူးသူအားလုံးကိုလိုက်ခေါ်သည် ထိုသို့ခေါ်ရသည်မှာလည်း အတွေ့အကြုံအရ သရဲအခြောက်ခံရဘူးသူတိုင်း နောက်ထပ်သရဲနှင့်တွေ့မည်ကို သိပ်မကြောက်တော့ဘူးထင်၍ လိုက်ခေါ်ခြင်းဖြစ်ပြီး သူအထင်မှားယွင်းနေကြောင်းကို တစ်ရွာလုံးလိုက်ခေါ်မှ သူတစ်ယောက်သာလမ်းပေါ်ရောက်နေခြင်းကိုကြည့်၍သိနိုင်သည် ယုတ်စွအဆုံး သရဲနဲ့နပန်းဖက်လုံးခဲ့ဘူးသော ကိုပြူးပင်လျှင် သူသွားခေါ်သည့်အခါ
“ငပြူးအိပ်နေပြီကွ”
ထိုစကားကို ငပြူး သူကိုယ်တိုင်ထပြောပြီး ထို့နောက်မှ
“ဟဲ့ နင်ပြောလိုက်လေဟယ်”
ဟူသော စကားကို ထပ်ကြားရပြန်သည် ဒါကြောင့် ကိုလှမောင်လည်း အိပ်ပျော်နေသူတစ်ယောက်က မိမိအိပ်ပျော်နေသည့်အကြောင်းကို တခြားလူအား ထပြောနိုင်မလားဆိုတာကို စဉ်းစားရင်း ပြန်လာခဲ့ရသလို မိမိအိပ်ပျော်နေသည့်အကြောင်းကို တခြားလူအားတဆင့်ပြောခိုင်းနိုင်မလားဆိုတာပါစဉ်းစားရင်း သူ့အိမ်ဝိုင်းထဲပြန်ရောက်လာသည်။
ထိုအချိန် ရွာအပြင်မှ စိန်မင်းအားခေါ်နေသော သရဲမသည်လည်း သူ့ရွာနောက်ဘက်ပိုင်းကိုပြန်ရောက်လာပြီး
“ကိုစိန်မင်း ကျွန်မနောက်လိုက်ခဲ့ပါ ကျွန်မရှင့်ကိုလာခေါ်တာ”
“ဘယ်ကစိန်မင်းတုန်း စိန်မင်းဒီမှာမရှိဘူးဟေ့”
ကိုလှမောင် စိတ်ပေါက်ပေါက်နဲ့ ထအော်လိုက်တော့
“ကိုစိန်မင်း ရှင်လား ကျွန်မဆီကိုလာခဲ့ပါ ကျွန်မစောင့်နေပါတယ်”
သရဲမလည်း သူအားပြန်ပြောလိုက်သည့်အသံကိုကြားတော့ အားတက်သွားပြီး ပို၍ပင်ကျယ်ကျယ်လောင်လောင်အော်ခေါ်နေသည် ကိုလှမောင်လည်း သရဲမသူ့ကို စကားပြန်ပြောလိုက်တော့ ကျက်သီးတဖြန်းဖြန်းထသွားပြီး ပါးစပ်ကိုပိတ်ကာ အိမ်ပေါ်တက်သွားသည် ထို့နောက်ပိုင်းဘာသံကြားကြားထမကြည့်တော့ပဲ စောင်ကိုခေါင်းမြီးခြုံ၍သာနေနေတော့သည်။
(၅)
နောက်နေ့မနက်ရောက်တော့ သလဲကုန်းတစ်ရွာလုံး ညက သရဲမခေါ်သည့်အကြောင်းကိုသာ ပြောနေကြပြီး ဦးသံချောင်းအိမ်၌လည်း
“ဒါ စိန်မင်းရဲ့ သရဲမတဲ့ကွ သူစိန်မင်းကိုလိုက်ရှာနေတာတဲ့”
“ဒါကတော့ ဦးလေးမပြောလည်း သိပါတယ်ဗျာ ညကတည်းက သူ့ပါးစပ်က တတွတ်တွတ်လှမ်းခေါ်နေတာကို ကျုပ်တို့သိချင်တာက သူဘာကြောင့် စိန်မင်းကို လိုက်ရှာနေတာလဲဆိုတာကို သိချင်တာဗျာ့”
“ဟုတ်လားကွာ ဒီလိုဆိုရင်လည်းပြောရသေးတာပေါ့ ငါအထင်ပြောရရင် ဒီကောင်ပေတလူကို လုပ်သလိုမျိုး သူနဲ့ပတ်သက်တဲ့လူတစ်ယောက်ကို ဓါးစားခံလုပ်ပြီး ရွှေငွေသွားတောင်းတယ်ထင်တယ်ကွ ဒါကြောင့်သူ့ကို မကျေနပ်လို့တခုခုလုပ်ဖို့ လိုက်လာတယ်ထင်တာပဲ”
ဦးသံချောင်း သူ့အမြင်ကိုပြောလိုက်တော့
“ဒီလိုဆိုရင်လည်း သူ့အသံကတင်းမာခက်ထန်နေမှာပေါ့ အခုဟာက သရဲသံဖြစ်နေတာကလွဲပြီး သူပြောတာဆိုတာက ချောမွေ့နေတာပဲ”
“အေး ဒါလည်းဟုတ်တယ်ကွ ငါဒီအချက်ကို သတိမထားမိလိုက်ဘူး ဒါဆိုမင်းရောဘယ်လိုထင်တုန်း”
ဦးသံချောင်းလည်း သူ့မှားကွက်ကိုထောက်ပြလိုက်သော ကိုလှမောင်၏အမြင်ကို ပြန်မေးလိုက်သည် ထိုအခါ ကိုလှမောင်က
“ကျုပ်အမြင်ကတော့ ဒီကောင်ဒီသရဲမနဲ့ မရှင်းမရှင်း ဖြစ်ခဲ့ဘူးတယ်ထင်တယ်ဗျာ့ ဒါကြောင့် အခုသူ့နောက်လိုက်လာတာပဲဖြစ်ရမယ်”
“အေး ဒါလည်းဖြစ်နိုင်တယ်ကွ ငါ့သားငတူးပြောတာကတော့ ဒါသူ့ရဲ့သရဲမ မဟုတ်ဘူးတဲ့ စိန်မင်းသရဲမတဲ့ကွ ဒီကောင်တွေကွာ တောထဲတောင်ထဲသွားပြီး ဘာတွေလျှောက်လုပ်နေမှန်းမသိဘူး”
ဦးသံချောင်းလည်း တလွဲတွေး၍တစ်မျိုးမြင်ပြီးပြောလိုက်တော့
“ဦးလေးက ဘယ်လိုထင်လို့တုန်းဗျာ့ ကျုပ်ပြောတာက ဒီသရဲမလူ့ဘဝတုန်းက စိန်မင်းနဲ့တစ်ခုခုပတ်သက်ခဲ့လိမ့်မယ်ဆိုတာကိုပြောတာဗျာ့ သရဲဘဝရောက်မှတော့ ဘယ်သူသွားပတ်သက်မှာတုန်း”
“အေး ဒါလည်းဖြစ်နိုင်တယ်ကွ ငါထင်တာက ဒီကောင်တွေ သရဲမဘဝရောက်မှ သွားပတ်သတ်နေတာလားလို့”
ဦးသံချောင်းလည်း အခုမှစိတ်ချသွားသည့်ပုံစံဖြင့် သက်ပြင်းကို ဟင်းကနဲချလိုက်ပြီး သူလည်း ငတူးကိုကြည့်သာမရတာ ငတူးတစ်ခုခုဖြစ်မှာကိုတော့ စိုးရိမ်မိသည် ဒါကြောင့် သူလည်း
“ကဲ ငတူး သွားကွာ ဒီအကြောင်းကို မြင့်ဆောင်ကိုသွားပြောချေ နောက်ပြီးသူ့ကိုပါ တစ်ခါတည်းခေါ်လာခဲ့”
“ဟာဗျာ ကျုပ်ညတည်းက အဖေ့ကိုမသွားရဲဘူးလို့ပြောထားတာကို ဘာလို့သွားခိုင်းနေရတာတုန်း”
“မသွားလို့ဖြစ်မလားကွ ဒါမင်းနောက်ပါလာတဲ့သရဲမ မင်းပဲသူ့ကိုတာဝန်ယူရမှာပေါ့”
“မဟုတ်သေးပါဘူးဗျာ့ ကျုပ်နောက်ပါလာပေမဲ့ ကျုပ်တို့ချင်းဘာမှ မဖြစ်ဘူးဗျာ့ အခုဟာက ကျုပ်ကိုတမင်သက်သက်လိုက်နှောက်ယှက်နေတာ”
ငတူးလည်း သူ့အဖေကို သူမသွားရဲကြောင်းထပ်ပြောလိုက်ပြီး သူတို့သားအဖပြောနေသည့်ပုံမှာ မိန်းမပျိုလေးတစ်ယောက်လိုက်လာ၍ ထိုမိန်းမပျိုလေး၏ အရှက်နဲ့သိက္ခာအတွက် သူ့သားကိုတာဝန်ယူခိုင်းနေသည့်ပုံမျိုးဖြစ်နေသည် သူတို့သားအဖနှစ်ယောက်ထိုသို့ဖြစ်နေတာကိုမြင်တော့
“ကဲ ဘယ်သူမှသွားမနေနဲ့ ခဏနေကပ္ပိယကြီး ပြန်လာမှာပဲ သူလာမှသူ့ကိုပြောလိုက်တာပေါ့”
ကိုလှမောင် ဝင်ပြောလိုက်မှ သူတို့သားအဖညိမ်သွားပြီး
“အေး ဟုတ်သားပဲကွ ငါဒီအချက်ကို သတိမထားမိလိုက်ဘူး မင်းရောကပ္ပိယကြီး မြင့်ဆောင်ဆီသွားမှန်း ဘယ်လိုလုပ်သိတာတုန်း”
ဦးသံချောင်းလည်း ညတုန်းကတည်းက ငတူးပြောပြ၍ ကပ္ပိယကြီး ကိုမြင့်ဆောင်တဲရောက်နေမှန်းသိနေပြီး သူသတိမထားမိသောအချက်ကို သိနေသောကိုလှမောင်အား ပြန်မေးလိုက်သည် ကိုလှမောင်လည်း
“ဘယ်လိုမှ သိတာမဟုတ်ဘူး မနေ့ကကျုပ်အိမ်ရှေ့ကဖြတ်သွားလို့ လှမ်းနှက်ဆက်ရင်းသိတာ ကဲကျုပ်လည်းပြန်တော့မယ် ခင်ဗျားတို့သားအဖလည်း ရန်ဆက်ဖြစ်မနေတော့နဲ့”
ကိုလှမောင်လည်း ပြောပြောဆိုဆို ဦးသံချောင်းအိမ်မှ ထပြန်လာခဲ့သည်။
ကိုလှမောင် အိမ်ပြန်ရောက်တော့ ကပ္ပိယကြီးပါမက ကိုမြင့်ဆောင်နဲ့စိန်မင်းပါ ရွာထဲလိုက်လာတာမြင်လိုက်ရပြီး
“ဟာ မြင့်ဆောင်တို့ရောလိုက်လာပါလား အတော်ပဲဟေ့ ဒီကိုလာကြပါဦး ရေနွေးကြမ်းသောက်ရင်းစကားလေးဘာလေးပြောရအောင်လို့”
ကိုလှမောင်လှမ်းခေါ်လိုက်တော့ ကပ္ပိယကြီးနဲ့ကိုမြင့်ဆောင်တို့လည်း ကိုလှမောင်အိမ်ကိုဝင်လာခဲ့ပြီး
“ကဲ ဆိုစမ်းပါဦး သရဲမတစ်ကောင်ရွာနား ရောက်လာတယ်မဟုတ်လား”
ကပ္ပိယကြီးလည်း သူကိုတိုင်မေးပြီး သူကိုတိုင်ဖြေလိုက်တော့
“ဟုတ်တယ်ဗျာ့ ညတုန်းကသရဲမတစ်ကောင် ရွာနားရောက်လာပြီး စိန်မင်းကိုလှမ်းခေါ်နေလို့”
“အေး ငါတို့လည်း အခုညအဲ့ဒီကိစ္စဖြေရှင်းရအောင်လို့ စိန်မင်းကိုပါခေါ်လာခဲ့တာ ညတုန်းကတော့ငါ့တို့ ထိမ်ပင်ရွာကိုရောက်နေတာကွ အဲ့ဒီရွာမှာအဲ့ဒီသရဲမရှိနေတယ်ဆိုလို့ ဒါပေမဲ့ မိုးလင်းခါနီးထိအောင်ရောက်မလာပါဘူးကွာ ဒို့တဲ ပြန်ရောက်တော့မှ ဒီဘက်ကခွေးဟောင်သံတွေကြားလို့ ဒီရွာကိုရောက်နေမှန်း ခန့်မှန်းမိလိုက်တာကွ သိပ်တော့ဆိုးဆိုးဝါးဝါးကြီး မဖြစ်ဘူးမို့လား”
“သိပ်တော့ ဆိုးဆိုးဝါးဝါးကြီးမဟုတ်ဘူးဗျာ့ ရွာဘေးအတိုင်းပတ်ခေါ်နေလို့ ရွာထဲကလူတွေ မအိပ်ရဲတာလောက်ပဲရှိတယ်”
“ဘာပဲဖြစ်ဖြစ် တစ္ဆေရွာနားကပ်လာတာတော့ မကောင်းဘူးပေါ့ကွာ ဒီညတော့အဲ့ဒီသရဲမကို တွေ့အောင်ရှာပြီး သူကိစ္စကို ဖြေရှင်းပေရမှာပဲ”
ကပ္ပိယကြီးနဲ့ကိုမြင့်ဆောင်လည်း ကိုလှမောင်အိမ်မှာရေနွေးကြမ်းသောက်ရင်း စကားပြောဆိုနေကြသည်မှာ နေဝင်မိုးချုပ်အချိန်သို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည် ထိုအချိန်ရောက်တော့ ကိုမြင့်ဆောင်လည်း စိန်မင်းကိုခေါ်ကာ အိမ်ကိုထမင်းပြန်စားဖို့လုပ်သည် ဒါပေမဲ့ ကိုလှမောင်က သူ့အိမ်မှာပင်ထမင်းစားခိုင်းပြီး သရဲမလာမည့်အချိန်ကို စောင့်နေကြသည် သူတို့ထမင်းစားသောက်ပြီး၍ တစ်အောင့်လောက်ကြာတော့
“ကိုစိန်မင်း ကိုစိန်မင်း”
ရွာအပြင်ဘက်မှနေ၍ စိန်မင်းအားခေါ်လိုက်သည့် အသံကိုကြားရပြီး သူတို့သုံးယောက်သာမက စိန်မင်းပါထိုအသံကို နားစွင့်ထောင်နေသည် သူ့ကိုကြည့်ရသည်မှာလည်း တစ်စုံတစ်ခုကို သေချာစဉ်းစားနေသလိုရှိပြီး
“စိန်မင်း မင်းဒီအသံကို သိလားကွ”
ကိုမြင့်ဆောင်မေးလိုက်တော့ စိန်မင်းလည်း သူ့ကိုပြန်လှည့်ကြည့်ပြီး ခေါင်းညိတ်ရမလိုခေါင်းခါရမလိုဖြစ်နေသည် သူ့စိတ်ထဲမှာလည်း ဒီအသံကို ဇဝေဇဝါဖြစ်နေပြီး သေသေချာချာတိတိကြကြမသိ ဒါကြောင့်ဒီအတိုင်းပင် နေနေပြီး ကိုမြင့်ဆောင်က
“ကဲ စိန်မင်း ဒို့သွားကြည့်ရအောင်ကွာ”
ပြောပြောဆိုဆို ကိုမြင့်ဆောင် တန်းလျှားပေါ်မှထလိုက်သည် စိန်မင်းလည်း သူနှင့်အတူဆတ်ကနဲထလိုက်ပြီး ဦးအောင်ထွက်သွားဖို့ ပြင်လိုက်သလိုပင်ရှိသည် ကပ္ပိယကြီးလည်း စိန်မင်း၏ပုံကိုကြည့်ပြီး တခုခုထူးခြားနေမှန်းသိလိုက်သည် သူ၏စိတ်သည်လည်း သွက်သွက်ခါအောင်ရူးသွပ်နေခြင်းမဟုတ်ပဲ အကြောက်လွန်၍ စိတ်မနှံသလိုဖြစ်သွားခြင်းသာဖြစ်ပြီး သူနှင့်ပတ်သက်ခဲ့ဘူးသော အသံကိုကြားတော့ ထိုအသံနောက်လိုက်ပြီး တစ်စုံတစ်ခုကို ခပ်ရေးရေးစဉ်းစားမိနေပုံရသည် ဒါကြောင့်ထိုအသံပိုင်ရှင်ကိုပါ မြင်ခြင်နေပြီး သူ၏လှုပ်ရှားမှုမှာလည်းစိတ်၏ခံစားချက်အတိုင်းသွက်လက်နေသည်။
ကပ္ပိယကြီးလည်း ခေါင်းတညိတ်ညိတ်ဖြင့် တန်းလျှားပေါ်မှထလိုက်ပြီး ကိုမြင့်ဆောင်နှင့်စိန်မင်းနောက်ကိုလိုက်သွားသည်။
(၆)
သူတို့သုံးယောက် ရွာအပြင်ကိုရောက်တော့
“ကိုစိန်မင်း ရှင် ကျုပ်နဲ့ပြန်လိုက်ခဲ့ပါ ရှင့်သားလည်း ရှင့်ကိုမျှော်နေပြီ ကျွန်မလည်းအခုနေကောင်းသွားပါပြီ ဆေးကုပေးစရာမလိုတော့ပါဘူး”
တစ္ဆေမထံမှ ထူးထူးဆန်းဆန်း စကားသံကိုကြားလိုက်ရတော့ ကိုမြင့်ဆောင်လည်း
“ဒီမယ်ဗျာ့ စိန်မင်းက ခင်ဗျားနဲ့ဘယ်လိုပတ်သက်နေတာတုန်း နောက်ပြီး ခင်ဗျားကို ဆေးကုပေးစရာမလိုတော့ဘူးဆိုတာ ဘာကိုပြောတာတုန်း”
ကိုမြင့်ဆောင်လည်း စိန်မင်းကို မေးလို့မရမှန်းသိတော့ သူသိချင်သည့်အကြောင်းကို တစ္ဆေမအားမေးလိုက်သည်
“ကျွန်မက ကိုစိန်မင်းရဲ့မိန်းမပါ သူကျွန်မနေမကောင်းတာကိုဆေးကုပေးဖို့ ငွေရှာမယ်ဆိုပြီးရွာကထွက်သွားတာ ပြန်ရောက်မလာလို့ သူ့နောက်လိုက်လာတာပါ”
တစ္ဆေမလည်း သူနှင့်စိန်မင်းအကြောင်းကိုပြောပြီး စိန်မင်းကိုကြည့်ကာ
“ကိုစိန်မင်း ကျွန်မတို့ရွာပြန်ရအောင် ရှင့်သားလည်းရှင့်ကိုမျှော်နေလောက်ပြီ သူ့ကိုကျွန်မတစ်ယောက်တည်း ထားခဲ့ရတာ”
တစ္ဆေမလည်း စိန်မင်းကိုကြည့်ကာ ရွာပြန်ဖို့ပြောလိုက်တော့ စိန်မင်းလည်း တစ္ဆေမကို တွေတွေကြီးစိုက်ကြည့်နေပြီး
“မနီ နင်မနီလား”
စိန်မင်းပါးစပ်မှ ဖြေးဖြေးချင်းပြောလိုက်ပြီး မနီထံသွားဖို့ပြင်လိုက်သည် ထိုအခါ တစ္ဆေမက
“ဟုတ်တယ်လေ ကျွန်မ ရှင့်မိန်းမ မနီပဲ ရှင်ကျွန်မကို မမှတ်မိဘူးလား”
တစ္ဆေမ ပါးစပ်မှ အံ့ဩသလိုခပ်မြန်မြန်ထွက်လာပြီး စိန်မင်းလည်း
“မနီ နင်ငါ့နောက်ဘာလို့လိုက်လာတာတုန်း နင်နေမှ မကောင်းတဲ့ဟာ”
စိန်မင်းလည်း နေမကောင်းပဲ သူ့နောက်လိုက်လာသော သူမိန်းမ မနီကို ဂရုနာဒေါသသံဖြင့်ပြောလိုက်တော့
“ကျုပ် အခုနေကောင်းသွားပါပြီ ဒါကြောင့်ရှင့်နောက်လိုက်လာနိုင်တာပေါ့ ရှင်ဒီမှာလုပ်စရှိတော့ဘူးဆို ရွာပြန်ရအောင်”
စိန်မင်းလည်း တစ္ဆေမ ပြောလိုက်သော စကားကြောင့် သူရွာကိုပြန်လာပြီး ဒေါ်ဖွားရင်ကိုဖမ်းချုပ်၍ တစ္ဆေပေတလူထံ ငွေဒင်္ဂါးပြားများတောင်းသည့်ကိစ္စကိုပါ ပြန်အမှတ်ရလိုက်ပြီး
“မြင့်ဆောင် ငါဒီကိုပြန်လာတာ ငါ့မိန်းမကိုဆေကုပေးဖို့ ငွေလာရှာတာကွ သူနေမကောင်းဘူး အဲ့ဒါကြောင့်ငါလည်း ငွေများများရဖို့ တစ္ဆေပေတလူ့ဆီကငွေဒင်္ဂါးတွေလာတောင်းတာ”
စိန်မင်းလည်း ကိုမြင့်ဆောင်ကိုထိုမျှသာပြောပြီး တစ္ဆေမ မနီကိုကြည့်ကာ
“မနီ ငါဒီမှာရှိတယ်ဆိုတာ နင့်ကိုဘယ်သူပြောတာတုန်း”
“ရှင့်နဲ့အတူသွားတဲ့ အောက်လမ်းဆရာပြောလို့ သိရတာလေ ရှင်ရောဘာလို့သူနဲ့ တစ်ခါတည်းမလိုက်လာတာတုန်း”
တစ္ဆေမ မနီလည်း သူ့ယောက်ျားစိန်မင်းကို အပြစ်တင်ချင်သလိုပြောလိုက်ပြီး စိန်မင်းကတော့
“မြင့်ဆောင် ငါဘယ်လို လုပ်ရမတုန်း”
သူလည်း အခုချိန်ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီမို့ သူ့မိန်းမဘယ်ဘဝရောက်နေသည်ကို သိရှိသွားပြီး ကိုမြင့်ဆောင်ကို မည်သို့လုပ်ရမည်ဆိုတာမေးလိုက်သည် ထိုအခါ ကိုမြင့်ဆောင်လည်း
“မင်းဆီမှာ သားရှိတယ်ဆို”
“ဟုတ်တယ်ကွ ငါ့မှာသားတစ်ယောက်ရှိတယ်”
“ဒါဆိုလည်း မင်းသူနဲ့ပြန်လိုက်သွားပေါ့ကွာ ဟိုရောက်တော့ သူ့အတွက်ရည်စူးပြီး ကောင်မှုကုသိုလ်လုပ်ပေလိုက်ပေါ့ နောက်ပြီးမင်းရဲ့သားကိုလည်း မင်းပဲစောင့်ရှောက်ရမှာမဟုတ်လား”
“ဟုတ်ပါတယ်ကွာ ငါသူနဲ့ပြန်လိုက်သွားမှာပါ ဒါပေမဲ့ မင်းကိုတော့ ကျေးဇူးတင်စကားပြောခဲ့ရဦးမယ့်ကွ”
စိန်မင်းလည်း သူစိတ်နှောက်နေသည့်အချိန် သူ့ကိုကူညီစောင့်ရှောက်ပေးထာသေား ကိုမြင့်ဆောင်ကို ကျေးဇူးတင်စကားပြောပြီး
“ကပ္ပိယကြီး ကျုပ်သွားတော့မယ်ဗျာ”
ကပ္ပိယကြီးကိုပါ တခါတည်းနှုတ်ဆက်လိုက်တော့
“စိန်မင်း မင်းအစကတည်းကသာ ရိုးရိုးသားသားရွာပြန်လာပြီး အကူအညီတောင်းရင် အခုလိုဖြစ်မှာမဟုတ်ဘူး အခုတော့မင်းမိန်းမက မင်းစိတ်နဲ့သေဆုံးသွားပြီး မကျွတ်မလွတ်ပဲ တစ္ဆေသရဲဘဝရောက်နေပြီ အခုလိုဖြစ်ရတာ အာလုံးမင်းကြောင့်လို့ပဲ ငါမြင်မိတယ် ဒါကြောင့် နောင်ကိုမင်းရိုးရိုးသားသားနဲ့ ကောင်းကောင်းမွန်မွန်ပဲနေပါတော့ကွာ အကူအညီလိုရင်လည်း ငါတို့ဆီလာတောင်းလှည့် မင်းရိုးသားရင်တော့ ငါတို့အားလုံးကူညီဖို့ အသင့်ပါပဲ ”
ကပ္ပိယကြီး ဆုံးမစကားပြောလိုက်တော့ စိန်မင်းလည်း
“ကောင်းပါပြီ ကပ္ပိယကြီး ကျုပ်နောင်ကို ကပ္ပိယပြောသလို နေပါတော့မယ် အခုတော့ ကျုပ်သားနဲ့တွေ့ချင်လို့ ကျုပ်ကိုခွင့်ပြုပါဦးဗျာ”
သားဇောကပ်သွားသော စိန်မင်းလည်း မကြောက်မရွံ့သူ့မိန်းမ တစ္ဆေမ မနီနှင့်အတူ သူသားရှိရာ သူ့မိန်းမကိုရွာကိုပြန်လိုက်သွားပြီး ကပ္ပိယကြီးနဲ့ကိုမြင့်ဆောင်ကတော့ သူတို့နှစ်ယောက်ကို မျက်စိတစ်ဆုံးလိုက်ကြည့်နေမိေတာ့သည်။
စာစဉ် (၅၂)ကို မကြာမီ တင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။
ကိုမြင်ဆောင်