လူဝင်စားကျွန်မ

*လူဝင်စားကျွန်မ*📖📖📖

****************************

ဖြစ်ရပ်မှန်

ရေတွင်းကုန်းရွာထဲမှ မအေးသစ်တွင် အစ်ကိုဝမ်းကွဲတော်စပ်သူနှစ်ယောက်ရှိသည်။
အနှီနှစ်ယောက်အနက် တစ်ယောက်မှာ ကိုကြင်အေးဖြစ်ပြီး ၎င်းသည်အနေအထိုင်အလွန်ရိုးအေးပြီး အခြားရွာတစ်ရွာတွင် သူ့မိသားစုနှင့်သူ အိုးအိမ်ခွဲပြီးနေလေသည်။

ကျန်တစ်ယောက်မှာ ကိုဝင်းဖေဖြစ်သည်။
ကိုဝင်းဖေကတော့အသက်လေးဆယ်အရွယ်ခန့်ရှိပြီး အိမ်ထောင်မကျသေးသည့်လူပျိုကြီးတစ်ယောက်ဖြစ်သည်။
အနှီလူပျိုကြီးကိုဝင်းဖေသည်မိဘနှစ်ပါး
ကိုပြုစုလုပ်ကျွေးနေသူဖြစ်ပြီး ညီမဝမ်းကွဲတော်စပ်သူ မအေးသစ်ကိုလည်းအလွန်သံယောဇဥ်ကြီးမားသူတစ်ယောက်ဖြစ်သည်။

ထို့ကြောင့်မအေးသစ်နှင့် ရွာသုံးရွာခန့်ခြားနေသော်လည်း တစ်ပတ်ကိုတစ်ရက်လောက်တော့အမြဲရောက်လာပြီး ဆီ..စပါး..စသည်တို့ကိုပေးကမ်းထောက်ပံ့တတ်လေ့ရှိသည်။
မအေးသစ်ကို၎င်းက ချစ်စနိုးဖြင့် ချက်ကလေးဟုခေါ်လေ့ရှိသည်
တစ်နေ့သောအခါတွင်တော့ ကိုဝင်းဖေသည် သူ၏ချစ်သူက်ုတောင်းရမ်းပြီး..မင်္ဂလာဆောင်ရန် ရက်ကိုပင်သတိပြီးသည့်နောက် အိမ်ထောင်ပစ္စည်းများကိုဝယ်ရန်ပြင်ဆင်လေတော့သည်။

ထိုခေတ်ကာလက ဘက်စ်ကားများသိပ်မတွင်ကျယ်သေးသည်မို့ မြို့ပေါ်သို့တက်ရာ၌လှည်းကိုသာအားထားရသည်။
ထို့ကြောင့် မနက်လေးနာရီ အုံမောင်းခေါက်သံထွက်ပေါ်လာသည်နှင့်တပြိုင်နက် နွားလှည်းကိုပြင်ဆင်ပြီး မြန်အောင်မြို့ပေါ်သို့တက်ရန်ပြင်ဆင်ကြသည်။
သို့သော် ကိုဝင်းဖေမှာမူ ကျောကုန်းတွင်ပဆုပ်အနာကြီးပေါက်နေသည်မို့ မလိုက်နိုင်ဘဲကျန်ခဲ့သည်။

ညခုနှစ်နာရီထိုးချိန်တွင်တော့ ပစ္စည်းဝယ်သည့်လှည်းပြန်ရောက်လာသည်။
ကိုဝင်းဖေလည်း အိမ်ပေါ်မှဆင်းကာ လှည်းပေါ်မှပစ္စည်းများကိုသေချာကြည့်လေပြီး
“ဟာ ဒီဗီရိုကြီးမကြိုက်ဘူး ပြန်လဲချင်တယ်”
ယင်းသို့ပြောလေတော့ ၎င်း၏ဖခင် ဦးဝင်းကြိုင်က
“ဟကောင်ရ ဒီဗီရိုလည်း ကောင်းပါတယ်ကွ..”
“ဟာဗျာကျွန်တော်မကြိုက်ဘူး မနက်ဖြန်ပြန်လဲမယ်”
“သွားရတာအဝေးကြီးကွ..ဒါပဲသုံးစမ်းပါ”
“ဟာဗျာမရဘူး ဒါကြီးကျွန်တော်မကြိုက်ဘူး ”

ယင်းသို့ဆိုပြီး နောက်တစ်နေ့မနက်လင်းချင်းမှာပင် လှည်းကိုပြင်ဆင်လေသည်။
ကျောကုန်းမှအနာကလည်းဆိုးဝါးနေသည်မို့ အားလုံးကဝိုင်းတားကြသော်လည်း တစ်ခုခုဆို တဇွတ်ထိုး လုပ်တတ်သည့်ကိုဝင်းဖေသည် လှည်းကိုသူကိုယ်တိုင်မောင်း
ပြီးမြို့ပေါ်တက်ကာ ထိုဗီရိုကိုပြန်လဲလေသည်။
သို့ဖြင့်ညကိုးနာရီခန့်တွင်ကိုဝင်းဖေသည်
ဗီရိုအသစ်တစ်လုံးနှင့်ပြန်ရောက်လာသည်။

ရောက်ရောက်ချင်းမှာပင် ၎င်းကလှည်းကိုဖြုတ်ရင်း မိခင်​စြ်သူ ဒေါ်စံကိုညည်းသံကြီးဖြင့်ပြောလိုက်သည်။
“အမေရေ..ကျွန်တော်တော့အခြေအနေမကောင်းတော့ဘူးထင်တယ်”
“ဟဲ့ ဘာဖြစ်လို့လဲ”
“မြို့ပေါ်ကစျေးထဲရောက်တော့ အနာထဲအညော်ဝင်သွားလို့ မနည်းအားတင်းပြီး ဒီလိုပြန်မောင်းလာရတယ်”
ယင်းသို့ပြောပြီးသည့်နောက် ကိုဝင်းဖေသည်ထိုနေရာ၌ပင်လဲကျကာသတိလစ်သွားသည်။

“ဟဲ့..လုပ်ကြပါဦး ‘
ဒေါ်စံလည်း အော်ဟစ်ပြီး အကူအညီတောင်းလေရာ ဦးဝင်း​ကြိုင်လဘ်းအိမ်ပေါ်မှပြေးဆင်းလာပြီး ကိုဝင်းဖေကို တတ်သလောက် မှတ်သလောက်ပြုစုပေးသည်။
ယင်းလည်းဝင်းကိုဖေမှာသတိပြန်မရသေးသည်မို့ လှည်းကိုပြန်လည်ပြင်ဆင်ကာ သပြေကုန်းဆေးရုံသို့ပို့ကြသည်။
သို့သော်ဆေးရုံသို့ရောက်တော့ ကိုဝင်းဖေမှာ အသက်မရှိတော့ချေ။
ထို့နောက် အလောင်းကိုညတွင်းချင်းပြန်သယ်လာကြသည်။

ထိုစဥ်က ရွာအပြင်တွင်သေသည့်မသာကိုရွာထဲပြန်မသွင်းရ။ခိုက်တတ်သည်ဟု အယူအဆရှိကြသောကြောင့် အလောင်းကိုရွာအပြင်တွင်သာအစောင့်အချို့ဖြင့်ထားလိုက်ကြရတော့သည်။
မနက်နေထွက်ချိန်သို့ရောက်သည်နှင့်တပြိုင်နက် အလောင်းကိုမြေမြုပ်လိုက်ကြတော့သည်။
ထိုနေ့မှစပြီး ပြဿနာက ကြီးမားလာလေတော့သည်။

++++++++++++++++++++++
ကိုဝင်းဖေ၏အလောင်းကိုမြေမြုပ်ပြီးသည့်နောက် ထိုရွာထဲတွင် လူတွေ နှစ်ရက်တစ်ယာက်..သုံးရက်တစ်ယောက် ဆက်တိုက် သေဆုံးကြတော့သည်။
သေဆုံးသူများမှာ အကြောင်းအရင်းမည်မည်ရရမရှိပဲ ရုတ်တရက် လဲကျသေဆုံးကြသည်ချည်းဖြစ်သည်။
မူလက အားလုံးအမှုမဲ့အမှတ်မဲ့နေခဲ့ကြသော်လည်း လူသေနှုန်းက ဆက်လာတော့
ရွာသူရွာသားတွေလည်းလန့်လာကြ
သည်။
ပြီး..ရွာတွင်မကောင်းဆိုးဝါးဆိုက်ကပ်နေသလားဟုတွေးကာ ဘုန်းကြီးတွေပင့်ပြီး ပရိတ်တရားနာကြပြန်သည်။

ယင်းလည်း လူတွေက နှစ်ရက်ခြားတစ်ယောက်..သုံးရက်ခြားတစ်ယောက်သေပြန်လေရာ တစ်လအတွင်းမှာပင် ဆယ့်ရှစ်ယောက်ဝန်းကျင်ခန့်ရှိသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့်ရွာသားအချို့မှာလည်းကြောက်လန့်ပြီးမြို့သို့ပြောင်းပြေးကြလေတော့သည်။
ကိုဝင်းဖေ၏တစ်လပြည့်ရက်လည်ဆွမ်းသွပ်ပြီးသည့်ညတွင်တော့မိခင်၏အိပ်မက်ထဲသို့ ကိုဝင်းဖေရောက်လာသည်။

၎င်းက
“အမေ မနက်ရောက်ရင် ကျနော့်အလောင်းကိုပြန်ဖော်ပြီး မီးသင်္ဂြိုဟ်ပစ်လိုက်ပါ။အလောင်းက ရွာဘက်မျက်နှာမူနေတယ်”
ယင်းသို့ပြောတော့မိခင်ဖြစ်သူအံ့သြသွားသည်။
“ဟင် ဘယ်လိုဖြစ်လို့ ရွာဘက်မျက်နှာမူနေရတာတုံး”
“အလောင်းမြေချတဲ့ကောင်တွေလေ..မူးမူးနဲ့ပစ်ချသွားတာ..ဒါကြောင့် သူတို့ကိုအရင် ခေါ်လိုက်တာ”
ယင်းသို့ဆိုပြီး၎င်းက
“အမေ ကျွန်တော် ချက်ကလေးဆီသွားလိုက်ဦးမယ်..တကယ်လို့ မနက်ဖြန်
ချက်ကလေးက လာတောင်းရင် ကျွန်တော်အိမ်တင်မယ့်ပစ္စည်းတွေကိုအကုန်ပေးလိုက်ပါ”ဟုပြောပြီးပြန်ထွက်သွားသည်။

ယင်းအချိန်၌ပင် ရွာဦးကျောင်းမှအုံမောင်းခေါက်သံထွက်ပေါ်လာပြီး
ဒေါ်စံလည်းအိပ်ရာမှနိုးလာခဲ့သည်။
ထို့နောက် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး စောစောက အိပ်မက်ကိုပြန်စဥ်းစားနေမိပြီးယောက်ျားဖြစ်သူကိုပြန်ပြောပြလိုက်သည်။
ထိုမှတဖန်.. ရွာသူကြီးဆီသို့သွားပြန်
ကာ အကျိုးအကြောင်းပြောပြလိုက်သည်။

ထိုအခါရွာသူကြီးကတအံ့တသြဖြင့်
“ဟုတ်လား တော်တော်ထူးဆန်းတာပဲ..ဒါမျိုးအရင်က တစ်ခါမှမကြုံဖူးဘူး”
“ဟုတ်တယ် ကျွန်မလည်း အဲဒါကိုအံ့သြနေတာ ဘယ်လိုလုပ်ကြမလဲ အလောင်းကိုပြန်ဖော်ပြီးသင်္ဂြိုဟ်ကြမလား”
ရွာသူကြီးအနည်းငယ်စဥ်းစားလိုက်ပြီး
“အင်းပေါ့လေ အဲဒီလိုပဲလုပ်ကြရတာပေါ့”
ထို့နောက် ရွာသူကြီးလည်း ကာလသားတွေကိုခေါ်ကာ အကျိုးအကြောင်းပြောပြပြီး ကိူဝင်းဖေ၏အလောင်းကိုပြန်ဖော်စေလေသည်။

ယင်းသို့ဖော်ရာ၌ အံ့သြထိတ်လန့်ဖွယ်ရာဖြစ်ရပ်ကိုတွေ့လိုက်ကြရသည်။
ယင်းမှာ ကိုဝင်းဖေ၏အလောင်းသည် တစ်လတိတိပြည့်ခဲ့သော်လည်း မပုပ်၊မပျက်စီးသေးပဲ မနေ့ကမှကွယ်လွန်ထားသကဲ့သို့ပကတိအတိုင်းရှိနေသောကြောင့်ရယ်ပင်။
ထို့နောက် တစ်ယောက်တပေါက်စီပြောဆိုကြ ဝေဖန်ကြဖြင့် နောက်ဆုံးတွင်တော့ အလောင်းကိုမီးသင်္ဂြိုဟ်လိုက်ကြလေတော့သည်။

ညနေစောင်းအချိန်သို့ရောက်တော့ ဒေါ်စံ၏အိမ်သို့ မအေးသစ် လှည်းဖြင့်ရောက်လာသည်။
“အဒေါ်ရေ ညက ကိုဝင်းဖေအိပ်မက်ထဲရောက်လာပြီး ကျွန်မဆီမှာနေမလို့တဲ့..ဒါကြောင့်ဒီက သူ့ပစ္စည်းတွေကိုသွားယူလိုက်ပါတဲ့ ”
“ဟေ ဟုတ်လား”
“ဟုတ်တယ်အဒေါ်”
ထိုအခါမှ ဒေါ်စံလည်း ညကအိပ်မက်ထဲတွင်ကိုဝင်းဖေမှာသွားခဲ့သည်ကိုသတိရမိလိုက်ပြီး
“အေးအေး ဒါဆိုလည်းယူလေ”
ဟုဆိုကာ ဗီရိုကြီးအပါအဝင်
ကိုဝင်းဖေ၏ပစ္စည်းများအားလုံးကိုလှည်းပေါ်တင်ပေးလိုက်လေတော့သည်။

မအေးသစ်လည်း ရွာသို့ပြန်ရောက်သည့်အခါ၌ မူးဝေအော့အန်လာသည်မို့ ဆရာဝန်ဆီသို့သွားပြလေရာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းသိရသည်။
သို့ဖြင့် ကိုးလခန့်ကျော်ချိန်၌မိန်းကလေးတစ်ယောက်ကိုမွေးဖွားလေသည်။
ယင်းသို့မွေးဖွားသဘ့်နောက် ဒေါ်စံလည်း မအေးသစ်၏အိမ်သို့ရောက်လာပြီး ကလေးကိုသေချာကြည့်လေပြီး
“ဟုတ်ပါ့..ဒါငါ့သား ဝင်းဖေပဲ ..လက်ပြင်မှာ အမာရွတ်ကြီးရယ်..ပေါင်မှာ တက်တန့်ပေါက်လို့ခွဲထားတဲ့ဒဏ်ရာရယ်..ထင်းခွဲကောင်းလို့ခြေခုံပေါ်မှာ ပုဆိန်ကျထားတဲ့ဒဏ်ရာရယ်..အကုန်လုံးကွက်တိပဲ”ဟုဆိုလေသည်။

ဟုတ်လည်းဟုတ်သည်။ ကလေးမလေး၏ ခန္ဓာကိုယ်ပေါ်မှဒဏ်ရာတွေသည် ကိုဝင်းဖေလူ့ဘဝတုန်းကရှိခဲ့သည့်ဒဏ်ရာတွေနှင့်တစ်ထပ်တည်းဖြစ်နေသည်။
ဒေါ်စံက
“ဒါနင့်အစ်ကိုဝမ်းကွဲပဲ နင့်ကိုသံယောဇဥ်ကြီးလွန်းလို့လာဝင်စားတာ သေချာဂရုစိုက်ပါအေ”ဟုပြောပြီးပြန်ထွက်သွားလေတော့သည်။

ဒေါ်စံပြောသကဲ့သို့ပင် ထိုမိန်းကလေးသည် အရွယ်ရောက်လာသည့်အခါ၌ ကိုဝင်းဖေဘဝမှ ဖြစ်ပျက်သမျှကိုအကုန်
မှတ်မိကာပြန်ပြောပြနိုင်သည်။
ယင်းမှာ သူမ ဆယ်နှစ်သမီးအရွယ်ရောက်သည့်တိုင် ဖြစ်သည်။
ဆယ်နှစ်ကျော်လာတော့ တဖြည်းဖြည်းမေ့ပျောက်လာခဲ့တော့သည်။

+++++++++++++++++++++++
အမေပြောပြနေသည့်ဇာတ်လမ်းထဲမျောပါနေခဲ့သည့်ကျွန်မလည်းသိလိုစိတ်ကြောင့် ချက်ချင်းပြန်မေးမိသည်။
“ဒါဆို အဲဒီ ဦးဝင်းဖေဝင်စားတဲ့သူက သမီးပေါ့ ဟုတ်လားအမေ”
“သိပ်ဟုတ်တာပေါ့သမီးရယ်”
ယင်းသို့ဆိုပြီး အမေက ကျွန်မ၏လက်ပြင်..ပေါင်..ခြေခုံပေါ်မှအမှတ်ရာကြီးများကိုလက်ဖြင့်တစ်ခုချင်းစီထောက်ပြလေရင်း
“အဲဒါတွေက ကိုဝင်းဖေ လူ့ဘဝတုန်းက ရခဲ့တဲ့ဒဏ်ရာတွေလေ..ပြီးတော့ ဟောဟိုအိမ်ထောင့်က ဗီရိုကြီးရော သခွါးစေ့ပုံစံလက်စွပ်ရော သတိုးသမီးအတွက်ဝယ်ထားတဲ့နားဆွဲတစ်ရံရော

အဲဒါသူမင်္ဂလာဆောင်ခါနီးတုန်းက ဝယ်ခဲ့တာတွေပေါ့ အမေ့ဆီဝင်စားခါနီးမှာ အိပ်မက်ပေးပြီး သူ့အမေဆီက ယူခိုင်းတာလေ..လူပျိုကြီးပီသချက်..သူကြိုက်တာကို နောင်ဘဝအထိမက်မက်မောမောကိုယူတာ..ဒါတွေကို သမီး ဆယ်နှစ်လောက်အထိကောင်းကောင်းပြန်မှတ်မိနေသေးတယ်..အခုတော့ နှစ်ဆယ်ကျော်ပြီဆိုတော့ ဘယ်မှတ်မိတော့မတုန်း”
ယင်းသို့ဆိုပြီးနောက်အမေက

“နေပါဦး..ညည်းက အခုမှဒါတွေကိုပြန်မေးနေရအောင် ဘာလုပ်မလို့တုံး..စာပြန်ရေးမလို့လား”
“ဟုတ်..ဒါပေမယ့် သမီးရေးမှာတော့မဟုတ်ဘူး..ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုပြန်ရေးတဲ့စာရေးဆရာဆီလှမ်းပို့မလို့..သမီးနဲ့လည်းအရမ်းရင်နှီးတယ်”
“အေး..သဘောပဲအေ”
အမေဆက်မပြောတော့ဘဲ ဆေးပေါ့လိပ်ကိုသာမီးညှိပြီးဖွာရှိုက်နေတော့သည်။

ကျွန်မလည်းအမေ့ကိုနှုတ်ဆက်ကာ အိမ်သိူ့ပြန်လာခဲ့တော့သည်။
ပြီးနောက် ကျွန်မ၏လူဝင်စားဘဝအကြောင်းကို ကျွန်မနှင့်အလွန်ရင်းနှီးသည့်ဆရာဆွေ(တောင်တွင်း)ထံသို့ဇာတ်လမ်းသဖွယ်ပြန်လည်ရေးပို့ရန်ပြန်င်ဆင်လိုက်ပါတော့သည်။

(ဤသည်မှာ စာဖတ်ပရိသတ်တစ်ယောက်ပို့ပေးသည့် ကိုယ်တိုင်လူဝင်စားအဖြစ်အပျက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါ
လေတော့သည်။)
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)